← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း ၁၀၃ - အဆင့်မြှင့်တင်ခြင်း၏ အကျိုးကျေးဇူးများ

အိုင်ဗီက သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် သာယာကြည်လင်သော အသံတစ်ခုကို ကြားလိုက်ရသည်။

[အမိန့်ကို စတင်ဆောင်ရွက်နေပါသည်... အမှားတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆင့်မလုံလောက်ပါ။]

"တစ်ခန်းတွဲ တိုက်ခန်းတစ်ခန်း ဆောက်ပေးပါ" ဟု အိုင်ဗီက ဆက်လက်ခိုင်းစေလိုက်သည်။

[အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းကို ၁ KBဖြင့် ဆောက်လုပ်မှာလား]

"ဟုတ်တယ်" အိုင်ဗီက လက်မလျှော့ဘဲ ပြန်ဖြေလိုက်သည်။ မိမိ၏ အကန့်အသတ်ကိုသာ ကျော်ဖြတ်နိုင်ခဲ့လျှင် သူမ အိပ်မက်မက်နေသော အမြင့်ပျံနိုင်သည့် အခြေအနေသို့ မကြာမီ ရောက်ရှိလိမ့်မည်ဟု သူမ အစဉ်တစိုက် ခံစားနေမိသည်။

ဒီတစ်ခါတော့ သူမ၏ ကြိုးစားအားထုတ်မှု က အရာထင်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်တွင် ထိုသာယာသော အသံက ထပ်မံထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

[အမိန့်ကို စတင်ဆောင်ရွက်နေပါသည်... တည်ဆောက်မှု ပြီးစီးပါပြီ။]

အိုင်ဗီ၏ ရင်ခုန်သံတို့ မြန်ဆန်သွားရသည်။ သူမသည် ရေချိုးခန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ ထောင့်မှန်စတုဂံပုံစံ သေတ္တာငယ်လေးနှင့်တူသော အဆောက်အအုံတစ်ခုကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။

၎င်းသည် အဆောက်အအုံတိုင်း၏ အခြေခံပုံစံငယ်နှင့် တူနေသော်လည်း အိုင်ဗီမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ရှေ့ဆက်၍ပင် မစဉ်းစားနိုင်တော့ပေ။

သူမသည် သစ်သားဖြင့် ပြုလုပ်ထားသော ထိုအိမ်ကြီးထံသို့ ပြေးသွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။ အထဲသို့ ရောက်ရှိသွားချိန်တွင်မူ သူမ အနည်းငယ် စိတ်ပျက်သွားရသည်။

၎င်းမှာ ဧည့်ခန်းနှင့် မီးဖိုချောင်ပါဝင်သော တိုက်ခန်းတစ်ခု ဖြစ်သော်လည်း အဓိက ပြဿနာမှာ အရာအားလုံးကို သစ်သားဖြင့်သာ ပြုလုပ်ထားခြင်းပင်။

ရေချိုးခန်းထဲမှာကဲ့သို့ ပရိဘောဂများ သို့မဟုတ် အလှဆင်ပစ္စည်း တစ်စုံတစ်ရာမျှ မရှိပေ။ လက်မလျှော့လိုသော အိုင်ဗီက ရုတ်တရက် မေးလိုက်သည်။

"ရှင့်ဆီမှာ ဆိုဖာတွေ၊ ကုတင်တွေ ဒါမှမဟုတ် အဲဒီလို အလှဆင်ပစ္စည်းနဲ့ ပရိဘောဂတွေရှိလား"

[စွမ်းအင်သိုလှောင်ခန်း၏ ဈေးဝယ်စနစ်ကို ကြည့်ရှုလိုပါသလား။]

ဈေးဝယ်စနစ်တဲ့လား။ ဒီလို အရာမျိုး ရှိနေခဲ့တာလား။ ဒါမှမဟုတ် ဒါက ဝှက်ထားတဲ့ လုပ်ဆောင်ချက်တစ်ခုလား။ သူမ မှတ်မိသလောက်ဆိုလျှင် ဒီဟင်းလင်းပြင်၏ လမ်းညွှန်ချက်အားလုံးကို သူမ ဖတ်ရှုပြီးခဲ့ပြီ ဖြစ်သည်။

တောက်စ် သူ‌တောင်းစား စနစ်။

ထပ်မံသေချာစေရန်အတွက် အိုင်ဗီသည် လမ်းညွှန်စာအုပ်ငယ်ကို ပြန်လည်ဖွင့်ကြည့်လိုက်သည်။

ထိုစာအုပ်ငယ်မှာ သူမအနေဖြင့် အသံဖြင့် ရှင်းပြချက်များကို နားထောင်ရန် အချိန်မရှိကြောင်းနှင့် စာသားဖြင့်သာ သိလိုကြောင်း ပြောခဲ့စဉ်က ဟင်းလင်းပြင်မှ ချပေးခဲ့သော စာအုပ်ငယ်ဖြစ်သည်။

လမ်းညွှန်ချက်များကို ဖတ်ကြည့်ရင်း စည်းကမ်းချက်အတော်များများ ပြောင်းလဲသွားသည်ကို တွေ့ရသဖြင့် အိုင်ဗီ အံ့အားသင့်သွားရသည်။

[သက်ရှိဝတ္ထုများကို သိုလှောင်နိုင်ပါသည်၊ သို့သော် ၎င်းတို့သည် အထဲတွင် ၄ ရက်သာ နေထိုင်နိုင်မည်ဖြစ်ပြီး ၉၆ နာရီ ပြည့်သွားပါက အပြင်သို့ ထုတ်ပယ်ခြင်း ခံရပါမည်။]

ယခင်က သက်ရှိဝတ္ထုများကို သိုလှောင်နိုင်သည့် အချိန်က ၂ ရက်သာ ဖြစ်သော်လည်း ယခုအခါ ၄ ရက်အထိ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

[သို့သော် ပိုင်ရှင်ဖြစ်သူမှာမူ ရက်ပေါင်း ၂၀ အထိ နေထိုင်နိုင်ပါသည်။]

ယခင်က အကန့်အသတ်မှာ ၅ ရက် မလား။ ဘယ်အချိန်က ၁၀ ရက်အထိ ခုန်တက်သွားရတာလဲ။

ထို့နောက် သူမ၏ အာရုံကို ဖမ်းစားလိုက်သော နောက်ထပ် စည်းကမ်းတစ်ခု ရှိနေသေးသည်။ သူမ မှတ်မိသမျှ မှန်ကန်သည်ဟု အိုင်ဗီ ကျိန်ဆိုရဲသည်။

[ဤနေရာတွင် အရာဝတ္ထုများကို ဖန်တီးနိုင်ပါသည်။ ပွားများခြင်းကို ပြုလုပ်နိုင်သော်လည်း ၎င်းအတွက် စွမ်းအင် လိုအပ်ပါသည်။ ဟင်းလင်းပြင် သိုလှောင်ခန်းအတွင်း အမှတ် (KB)တိုင်းကိရိယာတစ်ခုကို ထည့်သွင်းထားပြီး ၎င်းသည် ကုသိုလ် ဒါမီမဟုတ် ကံ၏ စွမ်းအင်များကို ဖမ်းယူသိုလှောင်ကာ နောက်ပိုင်းတွင် အသွင်ပြောင်းလဲမှုများအတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။]

ယခင်က ဘယ်အရာကိုမျှ ဖန်တီး၍မရဟု ဖော်ပြထားကြောင်း သူမ သေချာပေါက် မှတ်မိနေသော်လည်း အခုက ဖန်တီးနိုင်သည်ဟု ဆိုနေပြန်သည်။

ဒီဟင်းလင်းပြင်က ဘာကြောင့် ဒီလောက်အထိ မရေမရာဖြစ်နေရာတာလဲ။

မဟုတ်မှလွဲရော... ၎င်းကိုယ်တိုင်ပင်လျှင် ၎င်း၏ အကန့်အသတ်ကို မသိရှိခြင်းများလား။ ဒါဆိုရင်တော့ သူမအနေဖြင့် ဟင်းလင်းပြင်ကို အပြစ်တင်၍မရပေ။ သူမ၏ မျက်ဝန်းတို့သည် အသစ်ပေါ်လာသော စာသားတစ်ကြောင်းပေါ်သို့ ကျရောက်သွားသည်။

[ယခုအခါ ပိုင်ရှင်သည် ဈေးဝယ်စနစ်ကို အသုံးပြုနိုင်ပါပြီ။]

ဒီအ‌ရာက အဆင့်မြှင့်တင်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့သည်မှာ အမှန်ပင်။ အိုင်ဗီသည် ဒီစနစ်နှင့် ၎င်း၏ ပုံစံပေါ်လာမည့် အနေအထားကို စိတ်ဝင်စားမိသည်။ ထို့ကြောင့် သူမ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့၊ ဈေးဝယ်စနစ်ကို ကြည့်ချင်ပါတယ်" သူမ၏ အသံတွင် စိတ်လှုပ်ရှားမှုတို့ အပြည့်ပါဝင်နေပြီး သူမ အံ့သြသွားရသည်မှာ သူမရှေ့တွင် အပြာရောင် သုံးဖက်မြင် စနစ်မျက်နှာပြင်တစ်ခု ပေါ်လာခြင်းပင်။

ရုတ်တရက်ဆိုသလို သူမသည် တစ်မျိုးမျိုးသော စနစ်တစ်ခုနှင့် မသိမသာ ချိတ်ဆက်မိသွားခြင်းလားဟု တွေးတောမိသော်လည်း မကြာမီမှာပင် ထိုအတွေးကို ပြန်လည်ဖယ်ထုတ်လိုက်သည်။

နောက်နေခြင်းမဟုတ်ပေ၊ သူမထံတွင် ဘယ် တာဝန် ဘယ် မစ်ရှင်မှ ပေးအပ်ထားခြင်း မရှိပါ။ အလွန်ဆုံးရှိလျှင် ဟင်းလင်းပြင်က အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို သတိပေးခြင်းသာ ရှိသည်။

ထိုသို့တွေးရင်း သက်ပြင်းချကာ ဈေးဝယ်စနစ်ပေါ်သို့သာ အာရုံစိုက်လိုက်သည်။ ၎င်း၏ အမည်နှင့်အညီပင် သူမ ဝယ်ယူနိုင်သော ပစ္စည်းများစွာ ရှိနေသည်။ တစ်ခုတည်းသော ပြဿနာမှာ... ၎င်းတို့ကို ဝယ်ယူရန် KB များ သုံးစွဲရမည်ဖြစ်သည်။

ကွန်ကရစ်အုတ်များ၊ မြေအုတ်များနှင့် အခြားသော အုတ်အမျိုးအစားများ ရှိနေသည်။ ၎င်းတို့ကို ၁၀၀၀ ခန့် ဝယ်ယူရန်ပင် ၁ KB ကုန်ကျမည် ဖြစ်သည်။

အားတက်စရာတစ်ခုမှာ တစ်ခန်းတွဲ တိုက်ခန်းတစ်ခန်းကို အုတ်အလုံးပေါင်း ၁၀၀၀ ဖြင့် ဆောက်လုပ်နိုင်ခြင်းပင်။

အားနည်းချက်မှာမူ ကုန်ကျစရိတ်သည် ၂ KBမှ ၃ KBသို့ တိုးသွားမည် ဖြစ်သည်။

ဂွမ်း၊ သိုးမွေး၊ ချည်ထည်၊ ပိုးထည်နှင့် အခြားသော အထည်အလိပ်များလည်း ရှိသော်လည်း ၎င်းတို့ကို အမြောက်အမြား ဝယ်ယူ၍မရဘဲ ကုတင်၊ ဆိုဖာ သို့မဟုတ် ခေါင်းအုံးများ ပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သည်။

သို့သော် ထိုသို့ပြုလုပ်ရန် ရေမြှုပ်နှင့် သစ်သားများ လိုအပ်ပါသေးသည်။

ပစ္စည်းတစ်ခုစီကို ပုံသင်္ကေတလေးများဖြင့် ပြသထားပြီး ၎င်းတို့၏ အောက်တွင် ဈေးနှုန်းနှင့် ဖော်ပြချက်များ ပါရှိသည်။

၎င်းကို နှိပ်လိုက်ပါက ပစ္စည်းဝယ်ယူနိုင်သော မျက်နှာပြင်နှင့် အရေအတွက် တိုးမြှင့်နိုင်သော အတန်းတစ်ခု ပေါ်လာသည်။

အိုင်ဗီ ပိုကြည့်လေလေ၊ သူမ ပို၍ သေချာလာလေလေပင်။ ကောင်းမွန်သော တစ်ခန်းတွဲ တိုက်ခန်းတစ်ခန်း ဖြစ်လာစေရန်အတွက် ၃ KBထက် ပိုမိုကုန်ကျမည်မှာ သေချာလှသည်။

နောက်ဆုံးထွက်ကုန်သည် ဘယ်လို ပုံစံမျိုးဖြင့် ပေါ်လာမည်ကို သူမ သိချင်နေမိသဖြင့် သူမ၏ သိချင်စိတ်ကို ဖြေဖျောက်ရန် ပြတင်းပေါက်အချို့ကို ဝယ်ယူလိုက်သည်။

သူမ အံ့သြသွားရသည်မှာ သူမရှေ့ရှိ မျက်နှာပြင်သည် သူမ ရပ်နေသော အခန်း၏ ပုံစံသို့ ပြောင်းလဲသွားခြင်းပင်။ အဲ့ဒါက သူမကို အတော်လေး အထင်ကြီးသွားစေသည်။

သူမသည် ဝန်လေးခြင်းမရှိဘဲ အပြာရောင် သုံးဖက်မြင် မျက်နှာပြင်ပေါ်တွင် ပြသထားသော ဘယ်ဘက်နံရံ၌ ပြတင်းပေါက်ကို တပ်ဆင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ဘယ်ဘက်နံရံသည် ခဏ လင်းလက်သွားပြီး ပြတင်းပေါက်အသစ်များ တပ်ဆင်ပြီးသား ဖြစ်သွားသည်။ အပြင်ဘက် မြင်ကွင်းကိုလည်း သူမ ရှင်းလင်းစွာ မြင်လိုက်ရသည်။

စမ်းသပ်မှုတစ်ခုအနေဖြင့် အိုင်ဗီသည် အေးစက်စက်နိုင်လှသော ထိုတစ်ခန်းတွဲ တိုက်ခန်းကို အလှဆင်လိုက်သည်။

ပထမဦးစွာ သစ်သားများကို ကွန်ကရစ်အုတ်များဖြင့် လဲလှယ်ကာ ဆေးသုတ်လိုက်ပြီးနောက် ကုတင်၊ ဆိုဖာ၊ ဗီရို၊ ထမင်းစားပွဲ၊ ဖိနပ်စင်နှင့် မှန်တစ်ချပ်တို့ကို ဝယ်ယူလိုက်သည်။

ရေချိုးခန်းနှင့် အိမ်သာခန်းတို့အတွက်

အိုင်ဗီသည် ကွန်ကရစ်နံရံကို ရှာဖွေရာ တွေ့ရှိသွားခဲ့သည်။ သူမ ဝန်လေးခြင်းမရှိဘဲ ဝယ်ယူကာ အခန်းထဲတွင် တပ်ဆင်လိုက်သည်။

ရေချိုးခန်းနှင့် အိမ်သာအတွက် သီးသန့်နေရာတစ်ခု ဖန်တီးပြီးသည်နှင့် အိမ်သာထဲတွင် ဘိုထိုင်အိမ်သာတစ်လုံးနှင့် ရေချိုးခန်းထဲတွင် ရေပန်းတစ်ခုကို တပ်ဆင်လိုက်သည်။

နွေးထွေးလှသော အိမ်လေးကို ကြည့်ရင်း အိုင်ဗီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်လိုက်သည်။ သူမ၏ ရင်ထဲ သွေးစိမ်းရှင်ရှင် ထွက်သကဲ့သို့ ခံစားလိုက်ရသည်။

ဒီလောက် သေးငယ်လှတဲ့ တစ်ခန်းတွဲ တိုက်ခန်းလေးကို အလှဆင်ဖို့တင် ၁၀ KBနီးပါး သုံးလိုက်ရတာ‌လေ။ သူမရဲ့ နှလုံးသား နာကျင်မှုကို ထိန်းချုပ်ရင်း အဲ့ဒါကို အသုံးပြုနိုင်မည့် နည်းလမ်းများအကြောင်း တွေးတောကာ သက်ပြင်းချလိုက်သည်။

သူမ၏ ကံကို စမ်းသပ်သည့်အနေဖြင့် အိုင်ဗီသည် ဈေးဝယ်စနစ်ထဲတွင် ဆိုလာပြားများနှင့် လျှပ်စစ်မီးစက်များကို ရှာဖွေကြည့်သော်လည်း မည်သည့်ရလဒ်မှ ပေါ်မလာသဖြင့် စိတ်ပျက်သွားရတော့သည်။

အခန်း ၁၀၄ - ဟင်းလင်းပြင် အမြူတေများကို စုပ်ယူခြင်း

သူမက အစားအသောက်များကိုလဲ ဝယ်ယူရန် ကြိုးစားကြည့်သော်လည်း ဘယ်အရာမျိုးမှ မရှိကြောင်း သိလိုက်ရသည်။ ဆေးဝါးများ၊ စက်ကိရိယာများ၊ လက်နက်များ နဲ့ နေ့စဉ်သုံးပစ္စည်းများလည်း မရှိပေ။

သို့သော် သူမ စိတ်မပျက်မိပါ။ အဆင့်မြှင့်တင်ပြီးနောက်တွင် ရရှိလိုက်သောအရာများက များပြားလှသည်။ ယခုဆိုလျှင် ကမ္ဘာပျက်ကပ်အတွင်း ဗိုလ်ကျစိုးမိုးနိုင်မည့် အင်အားစုများထဲမှ တစ်ဦးဖြစ်လာရန် အရင်းအနှီးများ ရရှိခဲ့ပြီလေ။

စိတ်ကြည်လင်နေသော အိုင်ဗီသည် ရာဗင်ခရောဖ် မိသားစုဝင်များကို နှိပ်စက်လိုက်ပြီး ၎င်းတို့ကို တစ်ဦးနှင့်တစ်ဦး ပြန်လည်တိုက်ခိုက်စေကာ သူမ၏ KB လက်ကျန် ၁၀၀ အထိ ပြည့်အောင် လုပ်ဆောင်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့် ဆန်များကို ပွားများရန် စတင်လိုက်တော့သည်။

ပစ္စည်းများ ပွားများရာတွင် ဟာကွက်တစ်ခုရှိနေသည်ကို သူမ မကြာခင် သိလိုက်ရသည်။ ပစ္စည်းတစ်ခုကို ပွားထားခြင်း မရှိသေးလျှင် ဒါမှမဟုတ် ပွားထားသော ပစ္စည်းမဟုတ်လျှင်သာ ထပ်မံပွား၍ ရခြင်းဖြစ်သည်။

ဆိုလိုသည်မှာက အကယ်၍ သူမတွင် ဆားနှစ်ထုပ်ပါသော အထုပ်နှစ်ထုပ်ရှိပါက ပွားလိုက်လျှင် ဆားအထုပ် ၁၀၀ ရရှိမည်ဖြစ်သည်။ သို့သော် ထိုရရှိလာသော ဆားအထုပ် ၁၀၀ ကို အဆ ၅၀ ထပ်မံပွားများ၍ မရတော့ပေ။

အနည်းဆုံးတော့ အိုင်ဗီ နားလည်ထားသည်မှာ ထိုသို့ဖြစ်ပြီး နောင်တွင် ပြောင်းလဲသွားမလားဆိုသည်ကိုမူ သူမ မသိသေးပါ။ အလုပ်များ ပြီးစီးသွားချိန်တွင် သူမ၏ KB လက်ကျန်မှာ ၅ အထိ ကျဆင်းသွားခဲ့သည်။

ဒါက သူမ၏ ရည်မှန်းချက် ပြည့်ဝသွား၍မဟုတ်ဘဲ သူမ စုဆောင်းထားသမျှ KBအားလုံး သုံးစွဲလိုက်လျှင်ပင် မလုံလောက်နိုင်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။

ဆန်ထုပ်ပေါင်း ၉၀၀ ခန့်နှင့် ဆားထုပ်ပေါင်း ၅၀၀၀ ခန့် ရှိနေသည်။ ၎င်းတို့ကို ပွားများရန်အတွက်ဆိုလျှင် KB ၅၉၀၀ ခန့် လိုအပ်မည်ဖြစ်သည်။

ယခင်က KB ၁၀၀၀ ရရှိရန်ပင် အတော်လေး ကြိုးစားအားထုတ်ခဲ့ရတာမလား။ အခုတော့... အိုင်ဗီသည် သူမ၏ နားထင်ကို နှိပ်လိုက်မိသည်။

ထိုစဉ်မှာပင် သူမ၏ မျက်ဝန်းတို့မှာ ရုတ်တရက် ဝေဝါးသွားပြီး မတ်တပ်ရပ်လိုက်မိသည်။ သူမသည် အပြင်သို့ လျှေက်သွားရာ စခန်း၏ နောက်ဘက်ရှိ တောအုပ်အတွင်းသို့ မသွားနိုင်အောင် တားဆီးထားသည့် နံရံဆီသို့ မကြာမီ ရောက်ရှိသွားသည်။

သူမ၏ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လျက် နံရံပေါ်သို့ တွယ်တက်သွားပြီး တစ်ဖက်ခြမ်းသို့ ရောက်ရှိသွားတော့သည်။

ခဏအကြာတွင် အိုင်ဗီ၏ မျက်ဝန်းရှိ ဝေဝါးနေသော အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး သူမ၏ ထူးခြားစွမ်းအင်ကို ကျိန်ဆဲလိုက်ရင်း ၁၅ မိနစ်ဟူသော အချိန်မှတ်စက်ကို ကြည့်လိုက်သည်။

“သောက် စနစ်”

မြေပြင်သည် မိနစ်အနည်းငယ်မျှ လင်းလက်သွားပြီးနောက် ဆန်ထုပ်အမျိုးမျိုး မြေပြင်ပေါ်တွင် ပေါ်လာသဖြင့် အိုင်ဗီ ဝမ်းသာသွားရသည်။

ယခင် အတွေ့အကြုံများအရ သူမသည် ဆန်ထုပ်များကို လျင်မြန်စွာ ကောက်ယူလိုက်ရာ ၁၅ မိနစ်အတွင်းမှာပင် ထုပ်ပေါင်း ၁၀၀၀ ကျော် ရရှိခဲ့သည်။

ခေတ္တမျှ အနားယူပြီးနောက် အိုင်ဗီသည် ရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်များကို စဉ်းစားလိုက်သည်။ မကြာမီမှာပင် ဆိုင်းလပ်စ်၏ တိုက်ခန်းသို့ ပြန်လာပြီး ဟင်းလင်းပြင်အမြူတေများကို စုပ်ယူရန် စတင်လိုက်တော့သည်။

အမြူတေ တစ်လုံးကို ကောက်ယူကာ မျက်စိမှိတ်လိုက်ပြီး အမြူတေအတွင်းမှ စွမ်းအင်များကို သူမ၏ သွေးကြောများအတွင်းသို့ စီးဝင်လာစေရန် အာရုံဖြင့် ဆွဲဆောင်လိုက်သည်။

မကြာမီမှာပင် အေးမြသော စွမ်းအင်တစ်ခုက သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး အမြူတေသည် ဖြည်းည်းစွာ အရောင်မှိန်သွားကာ နောက်ဆုံးတွင် နုညက်သော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အိုင်ဗီသည် အမြူတေများကို တစ်လုံးပြီးတစ်လုံး စုပ်ယူလိုက်ရာ အားလုံးပြီးစီးသွားချိန်တွင် ညနေစောင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူမသည် လေ့ကျင့်ခန်းအချို့ကို လျင်မြန်စွာ လုပ်ဆောင်ကြည့်ရာ မိမိကိုယ်မိမိ သိသိသာသာ ပြောင်းလဲသွားကြောင်း တွေ့ရသည်။ အတိတ်ဘဝမှ ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံများကြောင့် အိုင်ဗီတွင် ဖျတ်လတ်မှုနှင့် တိုက်ခိုက်ရေး ဗဟုသုတများ ရှိနေပြီးသား ဖြစ်သည်။

သို့သော် ယခင်က အားနည်းသော ခန္ဓာကိုယ်၏ အကန့်အသတ်ကြောင့် သူမ အလွယ်တကူ မောပန်းတတ်သည်။ ယခုမူ သူမသည် ပိုမိုအင်အားရှိလာပြီး ခန္ဓာကိုယ်မှာလည်း ပိုမို ပျော့ပျောင်းလာခဲ့ပြီ ဖြစ်သည်။

…

နောက်တစ်နေ့တွင် အိုင်ဗီသည် စကိုင်းလိုင်း လူနေရပ်ကွက်သို့ သွားရောက်ကာ ဒေါ်လေးဂျူးန်၏ အိမ်သို့ ရောက်ရှိသွားသည်။ တံခါးကို ခေါက်လိုက်ပြီး တံခါးပွင့်လာသည်အထိ စောင့်ဆိုင်းကာ ပြုံးပြလိုက်သည်။

"ဒေါ်လေး၊ အိမ်ရှေ့မှာ အိတ်တစ်အိတ် တွေ့လို့။ ဒီလို အစားအသောက်တွေ အပြည့်ပါတဲ့ အိတ်ကို အပြင်မှာ ဒီအတိုင်း မထားသင့်ဘူးလေ၊ မဟုတ်ရင်..."

အိုင်ဗီ စကားမဆုံးခင်မှာပင် ဒေါ်လေးဂျူးန်က သူမကို ဆွဲဖက်လိုက်ပြီး ခပ်တိုးတိုး ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အိုင်ဗီရယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။ အရင်တစ်ခေါက် ညည်း အိတ်ပေးတုန်းက ဒေါ်လေးတို့ အိမ်ရှင်ကပဲ အပြင်ထွက်ပြီး အစားအသောက် သွားရှာလာတယ် ထင်နေတာ။ သူပြန်လာတော့မှ သူထားခဲ့တာ မဟုတ်ဘူးဆိုတာ သိလိုက်ရတာ"

အိုင်ဗီသည် ပထမအကြိမ် ဒေါ်လေးဂျူးန်ထံမှ KB ၄၀ ရရှိခဲ့ခြင်းမှာ သူမအနေဖြင့် အစားအသောက်ကို ခိုးယူခြင်းမပြုဘဲ သတိပေးခဲ့ရုံသာဖြစ်သည်ဟု ဒေါ်လေးဂျူးန်က ထင်မှတ်ခဲ့သောကြောင့်ဖြစ်ကြောင်း ရုတ်တရက် နားလည်လိုက်သည်။

သို့သော် နောက်ပိုင်းတွင် အိုင်ဗီသည်သာ အစားအသောက်များ ပေးခဲ့သူဖြစ်ကြောင်း သိရှိသွားချိန်တွင် အလွန်အမင်း ကျေးဇူးတင်ရှိသွားသဖြင့် နောက်ထပ် KBများစွာ ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

ဒေါ်လေးဂျူးန်က ဖက်ထားရာမှ လွှတ်လိုက်ပြီး ပြုံးလျက် "အထဲဝင်ပါဦး။ ဒေါ်လေး ညည်းအတွက် ကော်ပြန့်လေးတွေ လုပ်ပေးမယ်" ဟု ဆိုသည်။

အိုင်ဗီက ခေါင်းခါယမ်းလိုက်ရင်း လက်ထဲက အိတ်ကို မြှောက်ပြလိုက်သည်။ "ဒါလေး ပေးဖို့ လာတာပါ"

ယခုဆိုလျှင် သူမက ကူညီနေသည်မှာ ပေါ်လွင်နေပြီဖြစ်သဖြင့် ဖုံးကွယ်ထားရန် မလိုတော့ကြောင်း အိုင်ဗီ သိသည်။ သူမအနေဖြင့် အစားအသောက် အမြောက်အမြား ပေးဝေနေခြင်းမျိုး မဟုတ်သဖြင့် အရင်းမြစ်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။

အိတ်ထဲတွင် ဆန် ၁၂ ကီလိုဂရမ်၊ ဆား ၄ ထုပ်၊ ဟင်းခတ်မှုန့်အချို့၊ အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက် စည်သွပ်ဗူးများနှင့် ငါး ၁၀ ကောင် ပါဝင်သည်။ တစ်လစာအတွက် လုံလောက်ပြီး အကယ်၍ ချွေချွေတာတာ စားသုံးမည်ဆိုလျှင် ၃ လဆက်တိုက် အစားအသောက်အတွက် ပူစရာမလိုပေ။

ဒါက အတော်လေး လေးသော်လည်း ထူးခြားစွမ်းအင်ရှင် တစ်ဦးဖြစ်လာသော အိုင်ဗီအတွက်မူ မခက်ခဲလှပါ။

ဒေါ်လေးဂျူးန်မှာ မှင်တက်သွားပြီး ခေါင်းကို တရစပ် ခါယမ်းနေမိသည်။ "မဖြစ်ဘူး အိုင်ဗီ၊ ဒေါ်လေး ညည်းဆီက အစားအသောက်တွေ ဒီထက်ပိုပြီး မယူနိုင်တော့ဘူး။ ညည်း ပေးထားတာတွေလည်း လုံလောက်နေပါပြီ။ ဒေါ်လေးမှာ ညည်းကို ပြန်ပေးဆပ်ဖို့ ရွှေတောင် အလုံအလောက် မရှိပါဘူး"

အိုင်ဗီက ပြုံးလိုက်ပြီး အိတ်ကို အိမ်ထဲသို့ တွန်းပို့လိုက်သည်။ "ဒေါ်လေးကလည်း ဘာလို့ ကျွန်မကို ဒီလောက် အားနာနေရတာလဲ။ ကျွန်မ ငယ်ငယ်တုန်းကဆိုရင် ဒေါ်လေးက ကျွန်မအတွက် အစားအသောက်တွေကို အမြဲတမ်း တိတ်တိတ်လေး ဖယ်ထားပေးခဲ့တာလေ။ အဲဒီတုန်းက ဒေါ်လေး ဘာမှ ပြန်မတောင်းခဲ့ပါဘူး။ အခု ကျွန်မ ပေးတာကိုလည်း ဒေါ်လေး ယူလိုက်ပါ"

သို့သော် ဒေါ်လေးဂျူးန်က အတင်း ငြင်းဆိုဆဲဖြစ်ပြီး အစားအသောက်အိတ်ကိုပင် ပြန်တွန်းထုတ်ရန် ကြိုးစားနေသည်။ သို့သော် သူမ ရုတ်တရက် ငြိမ်သက်သွားရသည်။

အခုနလေးတင် ပြုံးနေသော အိုင်ဗီသည် ရုတ်တရက်ဆိုသလို ဒေါ်လေးဂျူးန်ကို မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ သူမ၏ မျက်နှာလေး ညိုးငယ်သွားကာ ချစ်စဖွယ် နှုတ်ခမ်းလေးကို ဆူထားမိသည်။

ဒါက ငယ်စဉ်က ဒေါ်လေးဂျူးန်က သူမကို အသားစားရန် အတင်းအကျပ် ခိုင်းစေချိန်တိုင်း ပြုလုပ်တတ်သော အမူအရာမျိုး ဖြစ်သည်။ ငယ်ရွယ်သော အိုင်ဗီအတွက် အသားမှာ ဈေးကြီးသဖြင့် သူမသည် အသားဟင်းများကို စားခဲလှသည်။

ထိုအခါတိုင်း ဒေါ်လေးဂျူးန်က သူမကို တင်းတင်းမာမာ ဆူပူတတ်ပြီး သူမအတွက် ငွေမစုထားရန်ပင် ပြောတတ်သည်။ သို့သော် အိုင်ဗီ၏ ချစ်စဖွယ် နှုတ်ခမ်းဆူနေသော အမူအရာကို မြင်လိုက်ရလျှင် ဒေါ်လေးဂျူးန်၏ စိတ်အစဉ်မှာ အမြဲတမ်း အရည်ပျော်သွားတတ်စမြဲ။

ယခု အရွယ်ရောက်ပြီးသော အိုင်ဗီ့ထံမှ ထိုအမူအရာကို ထပ်မံမြင်လိုက်ရသောအခါ ဒေါ်လေးဂျူးန်၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ အိုင်ဗီသည် သူမအတွက် အစားအသောက်များကို မချွေတာရန် ဒေါ်လေးဂျူးန်ကို သတိပေးနေခြင်းပင် ဖြစ်သည်။

All Chapters