← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း ၁၀၅ - ချို့ယွင်းချက်

ဒေါ်လေးဂျူးန်၏ မျက်ဝန်းအစုံမှာ မျက်ရည်များဖြင့် ပူလောင်နေပြီး လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ အဖန်တလဲလဲ ကူညီခဲ့ဖူးသော ဆွေမျိုးများက ဒုက္ခရောက်ချိန်တွင် ကျောခိုင်းသွားကြသော်လည်း သူမ အမှတ်မထင် ကူညီခဲ့ဖူးသည့် ကလေးငယ်တစ်ဦးကမူ သူမ၏ ကျေးဇူးကို အမှတ်ရနေခြင်းမှာ ဒေါ်လေးဂျူးန်ကို ငိုချင်စိတ် ပေါက်သွားစေသည်။

သို့သော် သူမ ထိန်းထားလိုက်သည်။ သူမသည် လူကြီးတစ်ယောက် မဟုတ်လား။ ကလေးတစ်ယောက်ရှေ့တွင် မငိုသင့်ပေ။

သို့သော် သူမ မျက်ရည်များကို မထိန်းနိုင်ခင်မှာပင် အိုင်ဗီက အိမ်ထဲသို့ ဝင်လာကာ တံခါးပိတ်လိုက်ပြီး ဒေါ်လေးဂျူးန်ကို ဖက်ထားလိုက်သည်။

"ရပါတယ် ဒေါ်လေးရယ်၊ ကျွန်မ ရှိနေတာပဲ။ မငိုပါနဲ့တော့။ အရာအားလုံး အဆင်ပြေသွားမှာပါ"

ကမ္ဘာပျက်ကပ်၏ ဖိအားများနှင့် အိမ်တွင်းရှိ အစားအသောက်အတွက် စိုးရိမ်ပူပန်နေရမှုများအားလုံး တစ်ပြိုင်နက်တည်း ပြိုဆင်းလာကာ ဒေါ်လေးဂျူးန်မှာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

သူမ၏ ရှိုက်သံများကြောင့် အိုင်ဗီ့ရင်ထဲ တုန်လှုပ်သွားရပြီး စိတ်မကောင်းဖြစ်ကာ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားမိသည်။ သူမသည် ဒေါ်လေးဂျူးန်၏ ကျောကို အသာအယာ ပုတ်ပေးရင်း နှစ်သိမ့်ပေးနေခဲ့သည်။

၁၀ မိနစ်ခန့်အကြာတွင် ဒေါ်လေးဂျူးန် စိတ်အေးသွားပြီး ရှက်ကိုးရှက်ကန်း မျက်နှာပေးဖြင့် ဖက်ထားရာမှ ခွာလိုက်သည်။ "အာ... ညည်းအတွက် သောက်စရာ တစ်ခုခု သွားယူပေးဦးမယ်"

ထိုသို့ပြောပြီးနောက် သူမ အလောတကြီး ထွက်သွားသည်။ အိုင်ဗီကမူ သူမကို မတားမြစ်ခဲ့ပေ။ ဒေါ်လေးဂျူးန်အတွက် စိတ်လက်ပေါ့ပါးသွားစေရန် အချိန်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ရင်းနှီးနေသော အိမ်လေးကို ကြည့်ရင်း အိုင်ဗီသည် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ ငယ်စဉ်ဒီအိမ်သို့ ခဏခဏ လာခဲ့ဖူးတယ်‌ လေ။

[ဒေါင်။ သင် KB ၁၀၀ ရရှိပါသည်။]

အိုင်ဗီသည် ထူးထူးခြားခြား ဝမ်းမသာမိပါ။

မိမိ၏ နီးစပ်သူများ ဒုက္ခရောက်နေသည်ကို မြင်တွေ့ပြီးမှ ရရှိလာသော အမှတ်များမှာ သူမ၏ နှလုံးသားကိုသာ နာကျင်စေပါသည်။

မကြာမီမှာပင် ဒေါ်လေးဂျူးန်သည် ရေတစ်ခွက်နှင့် ပြန်လာသည်။ ယခုအချိန်တွင် သန့်ရှင်းသော ရေပင်လျှင် ရှားပါးနေပြီဖြစ်ကြောင်း အိုင်ဗီ သဘောပေါက်လိုက်သည်။

ပလတ်စတစ် ဗူးခံအလွတ်များ မရှိသည့်အတွက် သူမ နောင်တရမိသည်။ ရှိခဲ့လျှင် ဒေါ်လေးဂျူးန်အတွက် ရေများ ထည့်ပေးထားခဲ့နိုင်သည်။

သို့သော် ယခုလိုအပ်ချက်ကို သူမ သတိပြုမိသွားပြီဖြစ်သဖြင့် နောက်တစ်ကြိမ်တွင် သေချာပေါက် ပြင်ဆင်လာမည်ဟု ဆုံးဖြတ်လိုက်သည်။ သူမသည် ရေကို မသောက်ဘဲ ပြောလိုက်သည်။

"ကျွန်မ နောက်ကျနေပြီမို့ သွားတော့မယ်နော်။ ဦးလေး ပြန်လာရင်လည်း ကျွန်မကိုယ်စား နှုတ်ဆက်ပေးပါဦး"

ဒေါ်လေးဂျူးန်က အိုင်ဗီ့ကို အိမ်ထဲမှာပဲ နေစေချင်သည်။ စင်္ကြံလမ်းတစ်လျှောက်တွင် သွားလာနေသော ဇမ်ဘီများမှာ ကြောက်စရာကောင်းလှပြီး ရင်ဆိုင်ရန် ခက်ခဲလွန်းလှသဖြင့် သူမကိုယ်တိုင်ပင် အိမ်ပြင်သို့ မထွက်ရဲပေ။

သို့သော် အိုင်ဗီက သူမကို စိတ်ချရန် ပြောဆိုပြီး ထွက်လာခဲ့သည်။ အိုင်ဗီ၏ နောက်ထပ်ပန်းတိုင်မှာ အဘိုးအိုနှင့် အဘွားအို ဇနီးမောင်နှံ၏ အိမ်ပင်ဖြစ်သည်။ သူတို့က ယခင်ဘဝက အိုင်ဗီမှာ အကြောက်လွန်ပြီး ထောင့်တစ်နေရာတွင် ပိတ်မိနေစဉ် သူမကို ကယ်တင်ပေးခဲ့ဖူးသူများ ဖြစ်သည်။

သူတို့အမည်များမှာ ပေါလ်ဒေါ်နယ်နှင့် လင်ဒါဒေါ်နယ်တို့ ဖြစ်ကြသည်။

အစားအသောက်အိတ်ကို ကိုင်ထားသော အိုင်ဗီ့ကို မြင်သောအခါ သူတို့နှစ်ဦးမှာ အံ့အားသင့်သွားကြသည်။ ယခင်ကဆိုလျှင် ဘာမေးခွန်းမှ မမေးဘဲ အစားအသောက်များကို ယူလေ့ရှိသော ပေါလ်သည် ယခုတစ်ကြိမ်တွင်မူ အိုင်ဗီ့လက်ထဲမှ အိတ်ကို မယူဘဲ ဝေခွဲမရ ဖြစ်နေသည်။

"ငါတို့ ဒါကို မယူနိုင်ဘူး။ ဒါတွေက အရမ်း တန်ဖိုးရှိလွန်းတယ်" ပေါလ်က ခေါင်းခါလိုက်သည်။ သူတို့၏ ရိက္ခာများ ပြတ်လပ်လုနီးပါးဖြစ်နေပြီး အစားအသောက်ကို အငမ်းမရ လိုချင်နေကြသော်လည်း အိုင်ဗီ့ဆီမှ အလကား မယူရက်ကြပေ။

ယခုအချိန်တွင် အစားအသောက် ဝယ်ယူခြင်းမှာ ဒိုင်နိုဆော ရှာဖွေရသကဲ့သို့ ခက်ခဲနေပြီ ဖြစ်သည်။ ဘယ်သူကမှ အစားအသောက်ကို မရောင်းလိုကြပေ။ ရောင်းချလိုသူများကလည်း ဆန် ၂ ကီလိုဂရမ်အတွက် ရွှေ ၂၀ ဂရမ်အထိ တောင်းဆိုနေကြသည်။

သူတို့ စုဆောင်းထားသမျှအားလုံးကို သုံးလျှင်ပင် တစ်လစာ ရိက္ခာကိုပင် ဝယ်နိုင်မည်မဟုတ်ပါ။ ထိုသို့သော အခြေအနေတွင် အိုင်ဗီက သူတို့ကို အလကား ပေးနေခြင်းပင်။

"သမီး၊ ညည်း စိတ်ထားကောင်းတာကို ဦးလေး နားလည်ပါတယ်။ ဒါပေမဲ့ အစားအသောက်တွေကို ဒီအတိုင်း လျှောက်မပေးသင့်ဘူး။ မကောင်းတဲ့ စိတ်ရှိတဲ့သူတွေက ညည်းဆီကနေ အစားအသောက်တွေ ခိုးယူဖို့အတွက် ကျေးဇူးတရားတွေနဲ့ ဖိအားပေးပြီး အသုံးချသွားနိုင်တယ်" ပေါလ်က စေတနာဖြင့် အကြံပေးလိုက်သည်။

အိုင်ဗီက အပြစ်ကင်းပြီး စိတ်ထားကောင်းသော ကလေးမလေးတစ်ဦး ဖြစ်သည်။ အကယ်၍ သူမသာ မသမာသူများနှင့် တွေ့ခဲ့လျှင် ဘယ်လို ဖြစ်သွားမလဲ။

အိုင်ဗီ၏ နှိပ်စက်မှုကို ခံခဲ့ရသူများက "..."

မဟုတ်ပါဘူး အဘိုးကြီးရာ၊ တစ်ခုခုတော့ မှားနေပြီ။

အိုင်ဗီသည် ထိုအဘိုးအိုမှာ အမှန်တကယ် ချစ်စရာကောင်းသည်ဟု ခံစားရကာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး အပြစ်ကင်းသော အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဦးလေးကလည်း သမီးအတွက် စိတ်မပူပါနဲ့။ ဒီအစားအသောက်တွေက ကြာရင် ပုပ်ကုန်မှာလေ၊ သမီးတစ်ယောက်တည်းလည်း ကုန်အောင် မစားနိုင်တော့ ဦးလေးတို့ကို ပေးတာပါ"

ပေါလ်က "..." ဆန်ထုပ်တွေကို ငါ မမြင်ဘူးလို့ ထင်နေတာလား။

လင်ဒါက "..." ဒီကလေးက အရမ်း အပြစ်ကင်းလွန်းနေပြီ။ ငါ သူ့ကို သင်ပေးရမယ်။

ပေါလ်နှင့် လင်ဒါတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အိုင်ဗီ့ကို အိမ်ထဲသို့ ခေါ်ဆောင်သွားကြသည်။

သူတို့က ဆုံးမစကားများကို စတင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် အိုင်ဗီ၏ မျက်ဝန်းများမှာ မျက်ရည်ဝိုင်းလာပြီး ရှိုက်လျက် ပြောလိုက်သည်။ "သမီး တစ်ခုခု မှားနေလို့လား။ သမီးက ဦးလေးတို့ နှစ်ယောက်လုံးကို ဂရုစိုက်ပေးချင်ရုံတင်ပါ။ ဘာလို့ သမီးရဲ့ စေတနာကို နားမလည်ပေးကြတာလဲ... ဟင့်... ဟင့်..."

သူမ၏ ငိုသံကို ကြားသောအခါ ပေါလ်နှင့် လင်ဒါတို့မှာ ဆွံ့အသွားရသည်။ အနည်းငယ်ကြာတဲ့အထိ သူတို့မှာ စကားတစ်လုံးမှ မဟနိုင်ဘဲ ပါးစပ်အဟောင်းသားနှင့်သာ အိုင်ဗီ့ကို ကြည့်နေမိကြသည်။

သတိပြန်ဝင်လာသောအခါမှ သူမကို ဝိုင်းဝန်းနှစ်သိမ့်ကြပြီး အစားအသောက်များကို ယူပါ့မည်ဟု ကတိပေးလိုက်ရတော့သည်။ အိုင်ဗီ ထွက်သွားချိန်တွင်မှ အဘိုးအို ဇနီးမောင်နှံမှာ သူတို့ လှည့်စားခံလိုက်ရမှန်း သိလိုက်ရသည်။

သို့သော် သူတို့ ဒေါသမထွက်ဘဲ ခပ်တိုးတိုး ရယ်မောမိကြသည်။ ပေါလ်က သက်ပြင်းချလိုက်ပြီး "သူက ငါတို့ကိုတောင် လှည့်စားနိုင်တယ်ဆိုတော့ တခြားသူတွေ အနိုင်ကျင့်လို့ရမယ့် အပြစ်ကင်းတဲ့ ယုန်သူငယ်လေးတော့ မဟုတ်တာ သေချာပါတယ်" ဟု ဆိုသည်။

"ဟုတ်ပ။ ကျွန်မလည်း အခုမှပဲ စိတ်အေးရတော့တယ်" ဟု လင်ဒါက ဆိုသည်။ ထို့နောက် သူမသည် အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲမှ ပစ္စည်းများကို မြင်ပြီး မှင်တက်သွားကာ ပေါလ်၏ လက်ကို အံ့သြစွာ ပုတ်လိုက်သည်။ "ဘုရားရေ။ ဒါကို ကြည့်စမ်းဦး"

ပေါလ်လည်း ချောင်းကြည့်လိုက်ပြီး အံ့သြသွားရသည်။ ဆန် ၁၀ ကီလိုဂရမ်၊ ဆား ၂ ထုပ်၊ ဟင်းသီးဟင်းရွက် စည်သွပ်ဗူးများနှင့် ငါး ၃ ကောင်။

ချွေတာစားလျှင် နောက်ထပ် ၃ လစာအတွက် အစားအသောက် ပူစရာမလိုတော့ပေ။

သက်ပြင်းချလိုက်ပြီး “ဒါတွေက များလွန်းတယ်။ သူ့ကို အချို့ ပြန်ပေးသင့်တယ်" လင်ဒါက အကြံပြုသည်။ သူမ၏ ရင်ထဲတွင် အိုင်ဗီ့အပေါ် အားနာစိတ်နှင့်အတူ ကျေးဇူးတင်လွန်းသဖြင့် စိတ်လှုပ်ရှားနေမိသည်။

သူမ၏ မြေးများ လာခေါ်ချိန်တွင် အိုင်ဗီ့ကို သေချာပေါက် ပြန်လည်ပေးဆပ်မည်ဟုလည်း ကျိန်ဆိုလိုက်သည်။ ပေါလ်ကလည်း ထိုအတွေးမျိုးတူတူ။

"ပြန်ပေးဖို့ မလိုပါဘူး။ ငါတို့ မြေးတွေ ရောက်လာရင် အိုင်ဗီ့ကို ရွှေတွေနဲ့ ပြန်ဆပ်ခိုင်းရမယ်။ သူက ငါတို့ကို ဒီလောက်အထိ ပေးတယ်ဆိုကတည်းက သူ့စိတ်ထဲမှာ အစီအစဉ်တစ်ခုခု ရှိလို့ ဖြစ်လိမ့်မယ်"

လင်ဒါက ခေတ္တစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"သူ့ကျေးဇူးကြောင့်သာ ငါတို့ မြေးတွေ ရောက်လာတဲ့အထိ တောင့်ခံနိုင်တော့မှာ"

ပေါလ်ကိုယ်တိုင်ပင် အိုင်ဗီ၏ စေတနာအပေါ် စိတ်လှုပ်ရှားနေမိသည်။

အလားတူ မြင်ကွင်းမျိုး ဒေါ်လေးဂျူးန်၏ အိမ်တွင်လည်း ဖြစ်ပျက်ခဲ့သည်။ အိုင်ဗီသည် နောက်ထပ် ၃ လစာ လုံလောက်သော အစားအသောက်များကို ထားခဲ့ကြောင်း သူမ သိရှိသွားချိန်တွင် ဖြစ်သည်။

.........

[ဒေါင်။ သင် KB ၅၀၀ ရရှိပါသည်။]

[ဒေါင်။ သင် KB ၅၀၀ ရရှိပါသည်။]

[ဒေါင်။ သင် KB ၅၀၀ ရရှိပါသည်။]

[ဒေါင်။ သင် KB ၅၀၀ ရရှိပါသည်။]

အဆက်မပြတ် ဝင်လာသော မက်ဆေ့ခ်ျများကို ကြားလိုက်ရသဖြင့် အိုင်ဗီမှာ မှင်တက်သွားရသည်။ ၄ ကြိမ်တောင်လား။ ဟင်းလင်းပြင် သိုလှောင်ခန်းမှာ တစ်စုံတစ်ရာ ချို့ယွင်းချက် ဖြစ်သွားတာများလား။

အခန်း ၁၀၆ - ဆူဆန်

သူတို့ထဲမှ နှစ်ဦးမှာ ပေါလ်နှင့် လင်ဒါတို့ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ သို့သော် ကျန်နှစ်ဦးမှာ... ဟင် ဒေါ်လေးဂျူးန်နှင့် သူမ၏ခင်ပွန်းတို့ဆီကလား။

ထိုသို့ဖြစ်နိုင်ခြေမှာ အများဆုံးပင်။ သို့သော် အိုင်ဗီသည် ထိုအကြောင်းကို အလေးအနက်မတွေးတော့ဘဲ သူမ၏ လက်ကျန်မှတ်ကိုသာ စစ်ဆေးလိုက်သည်။ ၂၁၀၅ KB။

အိုင်ဗီဟာ ပေါ့ပါးသောခြေလှမ်းများဖြင့် ကားဆီသို့ အေးအေးလူလူ လျှောက်သွားပြီး အထဲသို့ဝင်လိုက်သည်။ သူမ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လူရိပ်တစ်ခုက ကားရှေ့သို့ ရုတ်တရက် ပြေးဝင်လာသဖြင့် ထိတ်လန့်တကြား ဘရိတ်အုပ်လိုက်ရသည်။

သူမ၏မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ကားပေါ်မှ ဆင်းလိုက်ရာ ထိုသူကို မြင်သည်နှင့် အိုင်ဗီ၏အကြည့်တို့က အေးစက်သွားတော့သည်။

"မစ္စဆူဆန်... ရှင့်ရဲ့ ဦးနှောက်ကို ဇမ်ဘီတွေ စားသွားလို့ ကားရှေ့ကို ဒီအတိုင်း တိုးဝင်လာတာလား

ဆူဆန်သည် ဆံပင်အနက်ရောင်နှင့် မျက်လုံးညိုညိုရှိသော လူလတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး တုန်တုန်ရင်ရင်ဖြင့် အိုင်ဗီ့နားသို့ တိုးကပ်လာသည်။ သူမ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား လိုက်ကြည့်နေပုံကပင် ဇမ်ဘီများကို ဘယ်လောက်ကြောက်ရွံ့နေသည်ကို ဖော်ပြနေသည်။

သူမသည် အိုင်ဗီ့နောက်တွင် ပုန်းကွယ်လိုက်ပြီး မျက်နှာလိုမျက်နှာရ အပြုံးမျိုးဖြင့် ဆိုသည်။ "အိုင်ဗီလေးရယ်... ဘာလို့ အဲဒီလို ပြောရတာလဲ ငါက ညည်းအမေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲဟာကို"

အိုင်ဗီက ရွံရှာစွာဖြင့် မျက်လုံးလှန်လိုက်မိသည်။ ဆူဆန်ကို သူမ ဘယ်လိုမေ့နိုင်ပါ့မလဲ တခြားသူတွေဆီက အခွင့်အရေးယူရတာကို ဝါသနာပါတဲ့ ဆာဖီနာရဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ သူမက ဘယ်လောက်တောင် အရှက်မရှိသလဲဆိုရင် အပိုငွေအနည်းငယ်ရဖို့အတွက် အိုင်ဗီ့ရဲ့ အတွင်းခံကိုတောင် ခိုးယူပြီး ကာမစိတ်ဖောက်ပြန်သူတစ်ဦးဆီ ရောင်းစားခဲ့ဖူးသူလေ။

"အို... အိုင်ဗီလေးကလည်း၊ ဘာလို့ ငါ့အပေါ် ဒီလောက် ရိုင်းပျနေရတာလဲ" ဆူဆန်က သူမကိုယ်သူမ လုံခြုံအောင် ပုန်းရင်း ဖားသည့်အမူအရာဖြင့် ပြောနေသည်။

ထိုရုပ်ပျက်ဆင်းပျက် သတ္တဝါကြီးများကို ကြည့်ရင်း သူမ၏ရင်ထဲတွင် ကြောက်စိတ်ဖြင့် တုန်လှုပ်နေမိသလို၊ ထိုဇမ်ဘီများက အိုင်ဗီ့ကို ဘာကြောင့် လုံးဝမတိုက်ခိုက်တာလဲ ဆိုတာကိုလည်း သူမ တွေးတောနေမိသည်။

"ဖယ်စမ်း" အိုင်ဗီသည် ဆူဆန်၏မျက်နှာကို ကြည့်ရုံဖြင့် သူမ ဘာတွေးနေသည်ကို သိနေသည်။ အတိတ်ဘဝတွင် ဆက်ဆံရေး အကန့်အသတ်ရှိခဲ့သော်လည်း ဆူဆန်၏ စရိုက်ကိုမူ သူမ ကောင်းကောင်းသိသည်။

"ဖယ်ပါ့မယ်" ဆူဆန်က နားလည်ပေးတတ်သည့် လူကြီးတစ်ဦးကဲ့သို့ ခေါင်းညိတ်ပြရင်း "ဒါပေမဲ့ အဲဒါမတိုင်ခင် ငါ့ကို အစားအသောက်လေး နည်းနည်းလောက် ပေးပါဦးလား ညည်း ဟိုအဘိုးကြီးပေါလ်ကို ကူညီနေတာ ငါမြင်သားပဲ၊ ငါ့အတွက်လည်း အစားအသောက် ရှိမှာပါနော်၊ ဟုတ်တယ်မလား"

အိုင်ဗီက ပျင်းရိငြီးငွေ့စွာဖြင့် ဆူဆန်ကို တွန်းဖယ်လိုက်ပြီး ဆိုလိုက်သည်။ "ကျွန်မမှာ အစားအသောက် ရှိနေရင်တောင် ရှင့်ကိုတော့ မပေးနိုင်ဘူး"

"အမလေး" ဆူဆန်သည် ဇမ်ဘီတစ်ကောင်၏ရှေ့တွင် လဲကျသွားမတတ် ဖြစ်သွားသဖြင့် လန့်ဖျပ်သွားသည်။ သူမ ချက်ချင်း နောက်ဆုတ်လိုက်ပြီး အိုင်ဗီ့ကို အော်ဟစ်ဆဲဆိုချင်သွားသည်။

သို့သော် သူမ၏အော်သံကြောင့် ထိုအရုပ်ဆိုးလှသော သတ္တဝါများ ရောက်လာနိုင်သည်ကို သတိရသွားသဖြင့် မကျေနပ်ချက်ကို မျိုသိပ်ကာ နှုတ်ခမ်းကို ကိုက်လိုက်ရင်း

"အိုင်ဗီ... ဒါ လူကြီးတစ်ယောက်အပေါ် ပြုမူရမယ့် အကျင့်လား။ ညည်းအမေသာ သိရင် ညည်းအပေါ် အရမ်း စိတ်ပျက်သွားမှာပဲ" သူမ၏ စကားလုံးများထဲတွင် သွယ်ဝိုက်သော ခြိမ်းခြောက်မှုများ ပါဝင်နေသည်။

"သူကလား မဝံ့ရဲပါဘူး" အိုင်ဗီသည် နားလည်ရခက်သော စကားတစ်ခွန်းကို ချန်ထားခဲ့ကာ ကားထဲသို့ ဝင်လိုက်သည်။ ဆူဆန်ကဲ့သို့သော လူစားမျိုးကို ဆက်ဆံနေရန် သူမ အာရုံမရှိပေ။

ဆူဆန်က နှုတ်ခမ်းကို ကိုက်ကာ ကားတံခါးကို ဆွဲထားပြီး အိုင်ဗီ ပိတ်မရအောင် တားဆီးထားသည်။ "အိုင်ဗီ... ငါ သတိပေးလိုက်မယ်နော်၊ ငါသာ ဆာဖီနာကို ပြောလိုက်ရင် သူ ညည်းကို အသက်ထွက်လုနီးပါး ဖြစ်အောင် ရိုက်လိမ့်မယ်"

အိုင်ဗီ မျက်လုံးလှန်လိုက်မိပြန်သည်။

စိတ်မချမ်းမြေ့စရာကောင်းပြီး တုန်လှုပ်စရာကောင်းသည့် အတိတ်အမှတ်ရစရာအချို့ သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။ ဆူဆန် ဘာကြောင့် ဒီလောက် ယုံကြည်မှုရှိနေသလဲဆိုတာ သူမ နားလည်သည်။

အကြောင်းမှာ ဆာဖီနာက ဆူဆန်ကို အလိုလိုက်လွန်းသောကြောင့် ဖြစ်သည်။ ဆူဆန်ကပင် ဆာဖီနာ၏ သမီးဖြစ်နေသကဲ့သို့ပင်။ အိုင်ဗီ့၏ တုံ့ပြန်မှု နှေးကွေးခြင်းအပေါ် ဆူဆန်က မကျေမနပ်ဖြစ်လျှင်ပင် ဆာဖီနာက အိုင်ဗီ့ကို အကြိမ်ကြိမ် အရိုက်အနှက် ပြုခဲ့ဖူးသည်။

ပထမတော့ အိုင်ဗီက ဘာကြောင့်လဲဆိုတာ နားမလည်ခဲ့ပေ။ သို့သော် ဆာဖီနာက ဆူဆန်ကို နမ်းနေတာကို မြင်လိုက်ရသည့် တစ်နေ့တွင်မှသာ ဆာဖီနာမှာ လိင်တူလိင်ကွဲ နှစ်မျိုးလုံး စိတ်ဝင်စားတဲ့ နှစ်ဖက်ချွန်မ ဖြစ်ကြောင်း သိခဲ့ရသည်။

ပိုဆိုးသည်မှာ... မက်ဂနပ်စ်ကပင် ထိုအကြောင်းကို သိထားခြင်းပင်။ သူတို့ဟာ ကောလိပ်တုန်းက ဘယ်လောက် ပျော်ရွှင်ခဲ့ကြကြောင်းကိုတောင် ဆွေးနွေးခဲ့ကြသေးသည်။

ဆာဖီနာ၊ မက်ဂနပ်စ်နှင့် ဆူဆန်တို့ဟာ တစ်ချိန်က သုံးယောက်တစ်တွဲ ပတ်သက်ခဲ့ကြသော်လည်း မကြာမီမှာပင် ဆူဆန်သည် တခြားအမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်သွားကာ ထိုအုပ်စုမှ ထွက်ခွာသွားခဲ့သည်။

နောက်ပိုင်းတွင် ဆာဖီနာနှင့် မက်ဂနပ်စ်တို့ စကိုင်းလိုင်းလူနေရပ်ကွက်တွင် တိုက်ခန်းဝယ်သောအခါ ဆူဆန်ကို ပြန်တွေ့ပြီး သူတို့၏ ဇာတ်လမ်းကို ပြန်စခဲ့ကြသည်။

ဆာဖီနာရဲ့ ဒီတွယ်တာမှုကို အသုံးချ၍ ဆူဆန်က အိုင်ဗီ့ကို အတော်လေး နှိပ်စက်ခဲ့သည်။ အိုင်ဗီ့ကို ဘာကြောင့် ဒီလောက်အထိ ညှဉ်းပန်းနှိပ်စက်ချင်နေရသလဲဆိုသည့် အကြောင်းရင်းမှာ မရှင်းလင်းသော်လည်း ဆူဆန်တွင် စိတ်မမှန်သော စရိုက်များ ရှိနေလိမ့်မည်ဟု အိုင်ဗီ သံသယရှိခဲ့သည်။

အတွေးများထဲမှ သတိပြန်ဝင်လာပြီးနောက် သူမသည် ကားတံခါးကို အားဖြင့် ဆွဲပိတ်လိုက်ရာ ဆူဆန်မှာ အရှိန်ဖြင့် ယိုင်သွားတော့သည်။

မှန်ကို အောက်ချလိုက်ပြီး အိုင်ဗီသည် ဆူဆန်ကို စက်ဆုပ်ရွံရှာသော အမူအရာဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။ "ရှင် မသိသေးရင် သိအောင် ပြောပြရဦးမယ်... ကျွန်မက စိတ်ပုပ်ပြီး အငြိုး အရမ်းကြီးတတ်တာ"

ထိုသို့ပြောပြီးနောက် အိုင်ဗီသည် ဇမ်ဘီများ အာရုံစိုက်လာစေရန် ကားဟွန်းကို တမင်တကာ ပြင်းပြင်းထန်ထန် တီးလိုက်ပြီး အရှိန်ဖြင့် မောင်းထွက်သွားတော့သည်။ ဆူဆန်၏ မျက်နှာမှာ ဖြူလျော်သွားပြီး အိုင်ဗီ့ကို ကျိန်ဆဲနေတော့သည်။

အိုင်ဗီသည် ဆူဆန်ကို လုံးဝ အလေးမထားတော့ပါ။ သူမအနေဖြင့် အပြင်းအထန် တိုက်ခိုက်ပြီးမှ အဆောက်အအုံထဲ ရောက်သွားမလား၊ ဒါမှမဟုတ် လမ်းခုလတ်မှာတင် ကူးစက်ခံရမလားဆိုသည်မှာ သူမ၏ ကိစ္စမဟုတ်တော့ပေ။ သူမသည် လမ်းတစ်လျှောက် လေချွန်ရင်း စိတ်လက်ပေါ့ပါးစွာဖြင့် စစ်ဘက်နယ်မြေအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တိုက်ခန်းသို့ ပြန်ရောက်သောအခါ သူမသည် အိပ်ခန်းထဲသို့ဝင်ပြီး ရာဗင်ခရောဖ် မိသားစုကို နှိပ်စက်ခြင်းဖြင့် အချိန်ဖြုန်းလိုက်သည်။ စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာပြီးနောက် သူမက ဆိုလာပြားရောင်းသူနှင့် ဆက်သွယ်ကာ မနက်ဖြန်အတွက် ချိန်းဆိုလိုက်သည်။

သူမ၏ကံကောင်းမှုကြောင့် ထူးခြားစွမ်းအင်ဖြင့် ပစ္စည်းကောက်ယူခြင်းက ထပ်မံဖြစ်ပေါ်လာပြန်ပြီး အခုတစ်ကြိမ်မှာလည်း ဆိုင်းလပ်စ်၏အိမ်မှာပင် ဖြစ်သည်။

အခုတစ်ခါလည်း ဆန်ထုပ်တွေပဲ။

အိုင်ဗီက သူမ၏ စိတ်ကူးယဉ်မှုလား ဒါမှမဟုတ် တစ်ခုခုလားဆိုတာကို မသိသော်လည်း... သူမ တစ်ခုခုကို အလိုရှိနေလျှင် နှစ်ရက် သုံးရက်အတွင်းမှာပင် အ့ဒါကို ရရှိနေသကဲ့သို့ ခံစားနေရသည်။

ဆေးဝါးတွေလိုမျိုး... ဆန်တွေလိုမျိုးပေါ့... ဒါဆိုရင် သူမသာ ဆိုလာပြားတွေ ဒါမှမဟုတ် ဆိုလာမီးဖိုတွေ လိုချင်တယ်လို့ တောင်းဆိုလိုက်ရင်ကော ပြည့်လာနိုင်မလား

အိုင်ဗီက အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးသဖြင့် ထိုယူဆချက်ကို လုံးဝ မယုံကြည်ရဲသေးပေ။

အဲ့ဒီအစား သူမက ဆန်ထုပ်များကိုသာ အာရုံစိုက် ကောက်ယူလိုက်ရာ ဆန်ထုပ်ပေါင်း ၂၉၈၁ ထုပ်အထိ ရရှိသွားခဲ့သည်။

KB ၁၅၀၀ ကို အသုံးပြု၍ ဆန်ထုပ် ၁၅၀၀ ကို ပွားများလိုက်ရာ သူမ၏ ဆန်ထုပ်စုစုပေါင်းမှာ ၇၅၀၀၀ အထိ ရောက်ရှိသွားသည်။ ။

ယင်းမှာ ဆန် ကီလိုဂရမ် ၃၀၀၀၀ နီးပါးပင် ဖြစ်သည်။

ဆိုလာပြားနှင့် ဆိုလာလျှပ်စစ်မီးစက် တစ်ခုအတွက် ဆန် ၁ ကီလိုဂရမ်နှင့် ဆား ၁ ထုပ်။ ဆိုလာမီးဖိုနှင့် ဆိုလာမီးဖိုငယ်များအတွက် ဆန် ၅၀၀ ဂရမ်နှင့် ဆားတစ်ဝက်။

ဒီလောက်များပြားတဲ့ ပစ္စည်းတွေနဲ့ဆိုရင် သူမအနေနဲ့ ဆိုလာပြားနဲ့ မီးစက်ပေါင်း ၁၀၀၀၀ ကျော်၊ ပြီးတော့ ဆိုလာမီးဖိုပေါင်း ၅၀၀၀ ကျော်ကို အလွယ်တကူ ဝယ်ယူနိုင်ပြီလေ။

အိုင်ဗီဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း နောက်တစ်နေ့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

ထို့နောက် သူမ ဆိုင်းလပ်စ်ကို သတိရသွားပြီး သူ့အတွက် အစားအသောက်အချို့ သွားပေးရန် ဆုံးဖြတ်လိုက်သည်။

.......

ပတ်ဝန်းကျင်ကို ကင်းလှည့်ရန် တာဝန်ကျနေသော ဆိုင်းလပ်စ်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ အပူရှိန်တစ်ခု တက်လာသလို ခံစားနေရသည်။ အကြောင်းရင်းကို မသိရသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူဟာ စိတ်တိုလွယ်နေခဲ့သည်။

All Chapters