အခန်း (၃၈၉)
Vol. 36 Ch. 389
"အဲ့ဒီအတွက် စိတ်မပူပါနဲ့"
ချန်ဆန်းရှီက ဆိုသည်။ "စတုတ္ထအစ်ကိုကြီးကို အရင်စစ်ခိုင်းလိုက်ပါ။ တကယ်လို့ ပြဿနာမရှိဘူးဆိုရင် အစ်ကို့သိုင်းပညာတွေ ပြန်လေ့ကျင့်လို့ ရတော့မှာပါ"
"ငါ... ငါ..."
ဝမ်ကျိီသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။
"ဟေ့... စတုတ္ထအစ်ကိုကြီး... ဒါ တကယ်ပဲလားဗျ"
"ငါလည်း ဘယ်သိမလဲ"
ဖန်ချင်းယွမ်က လက်ကို ဖြန့်ပြရင်း "မင်း တကယ် ကံကောင်းတာပဲ ကောင်လေးရာ" ဟု ဆိုသည်။
"တကယ်လို့ ဒါသာ အစစ်ဆိုရင် ငါ တစ်နှစ်ပဲ လိုတယ်၊ မဟုတ်ဘူး... တစ်နှစ်တောင် မလိုဘူး"
ဝမ်ကျိီသည် ကြွေပုလင်းလေးကို တင်းတင်းဆုပ်ကိုင်ထားရင်း "ငါ နက်နဲပုံရိပ်အဆင့် ရဲ့ ပြီးပြည့်စုံခြင်းကို ပြန်ရောက်နိုင်တယ်" ဟု ကြုံးဝါးလိုက်သည်။
"ဒီလောက်တောင် မြန်တာလား" ချန်ဆန်းရှီက စပ်စုလိုက်သည်။
"ဒါပေါ့"
ဝမ်ကျိီက ဆိုသည်"ငါ ကျင့်ကြံခဲ့တဲ့ သိုင်းပညာတွေက ငါ့ဦးနှောက်ထဲမှာ စွဲနေပြီးသားပဲ။ ငါ့ရဲ့ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကသာ ငါ့ကို ဆွဲထားခဲ့တာ။ တကယ်လို့ ဒါတွေသာ ပြန်ကောင်းသွားရင် ငါ တစ်လကို အဆင့်တစ်ခုနှုန်းနဲ့ တက်နိုင်တယ်"
"ဆဋ္ဌမညီလေး"
ဖန်ချင်းယွမ်က တည်ကြည်စွာ ဆိုသည်။
"ခွန်အားတွေ ပြန်ရလာရင်လည်း အပြင်မှာ သွားပြီး သောင်းကျန်းမနေနဲ့ဦး"
"ဘာလို့လဲ"
ဝမ်ကျိီက နားမလည်နိုင်ပေ "ကျွန်တော် နှစ်တွေအကြာကြီး အောင့်သက်သက် ဖြစ်နေခဲ့ရတာ၊ အခုတော့ တစ်လောကလုံးကို ကျွန်တော့်အစွမ်းတွေ ပြရတော့မယ်လေ"
"စစ်ကူတွေ ရောက်လာတာ အဆုံးသတ်တော့မယ်"
ဖန်ချင်းယွမ်က သူ့မျက်လုံးကို စိုက်ကြည့်ရင်း "ငါတို့ လင်ကျိုး ကနေ လျန်ကျိုး ကို ပြန်သွားတဲ့အခါ မြောက်ဘက်နယ်မြေရဲ့ အပြောင်းအလဲသစ်တွေကို ရင်ဆိုင်ရတော့မှာ၊ နားလည်လား"
"ဒါကတော့..."
ဝမ်ကျိီက ခေါင်းညိတ်ပြသည်။ "အစ်ကိုကြီး ဘာကို ဆိုလိုလဲဆိုတာ ကျွန်တော် အခုမှ နားလည်တော့တယ်"
"ဒါ့အပြင် ငါတို့ရဲ့ စီနီယာ အစ်ကိုကြီးလည်း မင်ပြည်နယ် တိုက်ပွဲမှာ အဓိက ပါဝင်ခဲ့တဲ့သူ တစ်ယောက်ပဲ။ သူ ဒီကို လာနေပြီ၊ ရောက်လာတဲ့အခါ သွားတွေ့ဖို့ မမေ့နဲ့ဦး။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ စီနီယာ အစ်ကိုကြီး မဟုတ်လား"
ဖန်ချင်းယွမ်က ဝှီးချဲကို လက်ဖြင့် တွန်းရင်း "ကဲ... အားလုံး စောစော အနားယူကြတော့။ မနက်ဖြန် မနက်ကျရင် အရပ်ဘက် စစ်ဘက် အရာရှိတွေ အားလုံး ယန်ရှင်းခန်းမ က ညီလာခံကို တက်ရမယ်။ နောက်မကျစေနဲ့ဦး"
နန်းတွင်း ညီလာခံ တက်ရခြင်း။
ဒါဟာ ချန်ဆန်းရှီအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
သူ၏ အရာရှိဝတ်စုံကိုပင် လွန်ခဲ့သော ရက်အနည်းငယ်ကမှ စာရေးဝန်ထမ်းတစ်ဦးက လာပို့ပေးခဲ့ခြင်းပင်။
သူ့စိတ်ထဲမှာတော့ သိပ်ပြီး စိတ်မပါလှပေ။ အကြောင်းမရှိဘဲ ဘယ်သူက သူတစ်ပါးကို ဒူးထောက် ဦးချချင်မှာလဲ။
မနက်ဖြန် ညီလာခံမှာတော့ ပွဲကောင်းတစ်ပွဲ ကြည့်ရဖို့ ရှိနေသည်။
ချင်မင်းသားနဲ့ ချီမင်းသားတို့က အိမ်ရှေ့စံကို ဘယ်လို စွပ်စွဲ ပြစ်တင်ကြမလဲဆိုတာ မသိရသေးပေ။
နှစ်ပေါင်းလေးဆယ်ကြာအောင် အုပ်ချုပ်ရေးပိုင်းကို ကိုင်တွယ်ခဲ့တဲ့ အိမ်ရှေ့စံကို စာတိုပေစလေးတွေ၊ စကားလုံးလေးတွေနဲ့ ဖြုတ်ချဖို့ဆိုတာ မလွယ်ကူလှပေ။ သူတို့လက်ထဲမှာ ပေါက်ကွဲအားပြင်းတဲ့ အထောက်အထား တစ်ခုခု ရှိနေရမည်။ အဲ့ဒါက ဘာလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပေ။
ညဘက်။
ချန်ဆန်းရှီသည် ခြံဝင်းထဲတွင် လေ့ကျင့်နေသည်။
မန္တန်တွေကို မြှင့်တင်နေသလို သူ၏ သိုင်းပညာ အဆင့်အတန်းကိုလည်း လျစ်လျူရှု၍ မရပေ။
ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေအရ သာမန် ကျင့်ကြံသူ တစ်ဦးကို ရင်ဆိုင်ရလျှင်ပင် စစ်နတ်ဘုရား တစ်ဦးအနေဖြင့် ပြန်လည် တိုက်ခိုက်နိုင်
သည့် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (မဟာသွေးကြောအဆင့်-သေးငယ်သောအောင်မြင်မှု့)]
[တိုးတက်မှု့ - ၁၆၅၀/၂၀၀၀]
...
နောက်တစ်နေ့။
သူ စောစောနိုးလာပြီး အရာရှိဝတ်စုံကို အတော်လေး ကြိုးစား ဝတ်ဆင်လိုက်ရသည်။
ချန်ဆန်းရှီသည် ယခုအခါ တတိယအဆင့်ရှိသော "ဟဲယွမ် ဗိုလ်ချုပ်"အဖြစ် ခန့်အပ်ခြင်း ခံထားရသဖြင့် ကျားရုပ်ပါသော အနီရဲရဲ အရာရှိဝတ်စုံကို ဝတ်ဆင်ကာ မှူးမတ်အရာရှိ အဆင့်အတန်းအတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဖန်ချင်းယွမ် ၏ ဝတ်စုံမှာမူ ပထမအဆင့်နှင့် ဒုတိယအဆင့်များတွင်သာ အသုံးပြုလေ့ရှိသော ခြင်္သေ့ရုပ် ထိုးထားသဖြင့် သူ၏ ရည်မွန်သော အသွင်အပြင်နှင့် အနည်းငယ် မလိုက်ဖက်သလို ဖြစ်နေသည်။
ဇီဝေတောင်ခြေတွင်။
အရာရှိများအားလုံး စောစောစီးစီး ရောက်ရှိနေကြပြီ ဖြစ်သည်။
ယနေ့တွင် ဧကရာဇ်မင်းမြတ်သည် တောင်ပေါ်သို့ ခြေကျင်တက်ကာ နန်းတက်ပွဲ အထိမ်းအမှတ် လမ်းကြောင်းအတိုင်း ပြန်လည် လျှောက်လှမ်းမည် ဖြစ်သည်။
ဤကဲ့သို့ အရေးကြီးသော နေ့ရက်မျိုးတွင် မည်သူကမျှ နောက်မကျရဲကြပေ။
"ဗိုလ်ချုပ်ချန်"
"ဗိုလ်ချုပ်ဖန်"
"တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"
...
"စစ်သည် သုံးထောင်နဲ့ လူတစ်သိန်းကို အနိုင်ယူခဲ့တာ၊ တကယ့်ကို မကြုံစဖူး ဖြစ်ရပ်ပဲ"
"ကျွန်တော် ကြားတာကတော့ ဗိုလ်ချုပ်ဖန်က ဒီပွဲပြီးရင် ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်ခံရတော့မယ်ဆိုပဲ"
"..."
ညီလာခံ တရားဝင် မစတင်မီ။
အရာရှိများသည် အချင်းချင်း မိတ်ဖွဲ့ ဆက်ဆံနေကြသည်။
"ဗိုလ်ချုပ်ချန်"
အနီရောင် ဝတ်စုံဝတ်ထားသော အရပ်ဘက် အရာရှိတစ်ဦး အနားသို့ တိုးလာကာ "ကျွန်တော့်ကို မှတ်မိလား" ဟု မေးလိုက်သည်။
"ဒီလူကြီးမင်းက..."
ချန်ဆန်းရှီက ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
"ဘယ်သူများပါလဲ ခင်ဗျာ"
"ကျွန်တော်က တန်ရန် ပါ၊ လက်ရှိ နန်းတွင်း ဝတ်ပြုရေးဌာန ဝန်ကြီး အဖြစ် တာဝန်ယူထားပါတယ်"
ထိုအရာရှိက ယဉ်ကျေးစွာ ဆိုသည်။ "ဗိုလ်ချုပ်ချန်... ကျွန်တော့်သားကို စစ်မြေပြင်မှာ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန် နန်းတွင်းမှာ ကျွန်တော် ကူညီပေးနိုင်တာ ရှိရင် အားမနာတမ်း ပြောပါ"
"ဪ... အစ်ကိုတန် ရဲ့ အဖေကိုး"
ချန်ဆန်းရှီက မေးလိုက်သည်။ "အစ်ကိုတန် မလာဘူးလား"
"မလာပါဘူး"
တန်ရန် က ဆိုသည်။ "သူက..."
"ဧကရာဇ်မင်းမြတ် ကြွချီလာပါပြီ"
ကြည်လင်ပြတ်သားသော ဟစ်အော်သံနှင့်အတူ။
လူပေါင်း ရာချီ စောင့်စားနေသည့် ဧကရာဇ်မင်းမြတ်မှာ နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။
ဒါဟာ ချန်ဆန်းရှီအတွက် ဧကရာဇ်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူနှင့် ရင်းနှီးနေသလို ခံစားရသော်လည်း တကယ်တမ်းတွင် တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ့ဖူးပေ။
အသက် ကိုးဆယ့်ရှစ်နှစ် ရှိပြီဖြစ်သော ဧကရာဇ်သည် ဆံပင်ဖြူများကြားတွင် ဆံပင်နက်အချို့ ပြန်လည် ပေါက်ထွက်နေပြီး ဤကဲ့သို့ တရားဝင် အခမ်းအနားမျိုးတွင် နဂါးဝတ်စုံကို ဝတ်ဆင်မထားဘဲ အဖြူအမည်း ရောယှက်နေသော တာအိုဝတ်စုံကိုသာ ဝတ်ဆင်ထားကာ လက်တွင် သားမြီးယပ်ကို ကိုင်ဆောင်ထားသည်။ သူသည် သွက်လက်စွာ လမ်းလျှောက်နေပြီး သူ၏ နောက်ကွယ်တွင်မူ အိမ်ရှေ့စံသည် တောင်ဝှေးကို အားပြုကာ အမောတကော လိုက်နေရသည်။ သူတို့၏ နောက်တွင်မှ ချင်မင်းသား၊ ချီမင်းသားနှင့် တခြားသော မင်းသားများ လိုက်ပါလာကြသည်။
"ဒါက..."
"ဒါက ဘယ်လို အစဉ်အလာမျိုးလဲ"
"တာအိုဝတ်စုံကို ဘယ်လိုလုပ် ဝတ်ထားရတာလဲ"
"မြင့်မြတ်လှတဲ့ ဧကရာဇ်မင်းမြတ်က..."
"..."
အရာရှိများ အချင်းချင်း တီးတိုး ဝေဖန်နေကြသည်။ အထူးသဖြင့် ဝတ်ပြုရေးဌာနက လူများပင် ဖြစ်သည်။ တန်ရန် သည် ရှေ့သို့ ပြေးထွက်သွားရန် ပြင်သော်လည်း တခြားသော အရာရှိ မိတ်ဆွေနှစ်ဦးက သူ့ကို တင်းတင်းကြပ်ကြပ် ဆွဲထားလိုက်ရသည်။
"ကျွန်တော်မျိုး အမတ်မင်းများ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"
အရာရှိ တစ်ရာကျော်မှာ တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး အသံကျယ်ကြီးဖြင့် ရွတ်ဆိုလိုက်ကြသည်။
"ဧကရာဇ်မင်းမြတ် သက်တော် ရာကျော် ရှည်ပါစေ... သက်တော် ရာကျော်၊ ထောင်ကျော်၊ သောင်းကျော် ရှည်ပါစေ..."
လုံချင်ဧကရာဇ်သည် မည်သူ့ကိုမျှ အသိအမှတ်မပြုဘဲ အားလုံး၏ ရှေ့မှ ဖြတ်ကျော် လျှောက်လှမ်းသွားခဲ့သည်။
ဝတ်ပြုရေးဌာနက မိန်းမစိုးများက အားလုံးကို နောက်ကနေ လိုက်ခဲ့ရန် အမြန် အချက်ပြလိုက်သည်။
"ဧကရာဇ်မင်းမြတ်က စိတ်ကြည်လင်နေပုံရတယ်"
"သူက တောင်ပေါ်တက်ပြီး ရှုခင်းတွေ ကြည့်ပြီးမှ ညီလာခံ ကျင်းပဖို့ စီစဉ်နေတာ"
"လိုက်ခဲ့ကြ... မြန်မြန်"
"..."
ယန်ရှင်းခန်းမ သည် တောင်တစ်ဝက်ခန့်တွင် ရှိနေပြီး လမ်းလျှောက်လျှင် တစ်နာရီကျော်သာ ကြာမြင့်မည် ဖြစ်သည်။
သို့သော် တောင်ထိပ်သို့ သွားမည့် လမ်းမှာ ပို၍ မတ်စောက်လှသဖြင့် အနည်းဆုံး တစ်နေ့ဝက်ခန့် အချိန်ပေးရမည် ဖြစ်သည်။ သို့သော် ဧကရာဇ်က သဘောကျနေသဖြင့် မည်သူမျှ ကန့်ကွက်စကား မပြောရဲကြပေ။
ထို့ကြောင့်။
အရပ်ဘက် စစ်ဘက် အရာရှိများသည် သူနှင့်အတူ သုံးနာရီကြာအောင် တောင်ပေါ်သို့ တက်ခဲ့ကြရသည်။
စစ်ဘက် အရာရှိများမှာမူ အေးဆေးစွာ လျှောက်လှမ်းနိုင်ကြသော်လည်း။
သိုင်းပညာ မလေ့ကျင့်ဖူးသော သို့မဟုတ် အသက်ကြီးသော အရပ်ဘက် အရာရှိများမှာမူ ပြင်းထန်သော ဒုက္ခကို ခံစားနေကြရသည်။ အိမ်ရှေ့စံမှာမူ အကြိမ်ကြိမ် မူးမေ့လဲမတတ် ဖြစ်သော်လည်း သွားကို တင်းတင်းကြိတ်ကာ အဆုံးအထိ အားတင်း လိုက်ပါခဲ့သည်။
နောက်ဆုံးတွင်တော့။
မွန်းတည့်ချိန်ခန့်တွင်။
သူတို့ တောင်ထိပ်သို့ ရောက်ရှိသွားခဲ့သည်။
လုံချင်ဧကရာဇ်သည် တောင်ကမ်းပါးယံရှေ့တွင် ရပ်တန့်လိုက်ပြီး တိမ်တိုက်များကြားထဲအထိ မြင့်မားနေသော တောင်ထွတ်များကို ကြည့်ကာ ခမ်းနားလှသော ရှုခင်းအလှကို ခံစားရန် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။