အခန်း (၃၉၁)
Vol. 36 Ch. 391
လူအုပ်ကြီးကြားထဲတွင် တစ်စုံတစ်ယောက်က လုပ်ကြံသူ၏ ရုပ်သွင်ကို မြင်သည်နှင့် ချင်နိုင်ငံ၏ မင်းသား လီဂုန်း ဖြစ်မှန်း ချက်ချင်း မှတ်မိသွားကြသည်။
လီဂုန်း ဟုတ်လား။
ချန်ဆန်းရှီသည် ဤလူကို တစ်ခါမှ မမြင်ဖူးပေ။
ယုံလဲ့ခရိုင်မြို့တော် ကျဆုံးပြီးနောက် လီဂုန်းသည် အစအနမကျန် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် ယခုကဲ့သို့ အရေးကြီးသည့် နေရာမျိုးတွင် ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ထိုစဉ်က မြို့ကို ဝိုင်းရံတိုက်ခိုက်ရာတွင် မုန်ချူကျီက တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ ချန်ဆန်းရှီ သိထားသလောက်ဆိုလျှင် မုန်ချူကျီသည် အရှေ့ဘက်နယ်မြေတွင် ဧကရာဇ် ယုံကြည်ရသည့် တစ်ဦးတည်းသော လက်ရုံး ဖြစ်သည်။
ဧကရာဇ်က မိမိကိုယ်ကို ပြန်လုပ်ကြံရန် လူတစ်ယောက်ကို ဖမ်းဆီးခိုင်းထားစရာ အကြောင်းမရှိပေ။
ဒါဆိုလျှင်... အိမ်ရှေ့စံလား။
သို့သော် ပြဿနာမှာ ဤဖြစ်ရပ်ကြောင့် အိမ်ရှေ့စံအတွက် ဘာအကျိုးအမြတ်မှ မရှိခြင်းပင်။
နက်နဲပုံရိပ်အဆင့် သုံးယောက်နှင့် စစ်နတ်ဘုရား တစ်ယောက်။
ထိုအဆင့်မြင့် သိုင်းပညာရှင် လေးဦးကို ဖယ်ရှားပြီးနောက် အရပ်မျက်နှာ အနှံ့အပြားမှ မျက်နှာဖုံးစွပ် လုပ်ကြံသူ အများအပြား ထပ်မံ ထွက်ပေါ်လာပြီး တွေ့သမျှလူကို ရမ်းကား သတ်ဖြတ်ကြတော့သည်။
"ဗုန်း—"
ခဏမျှ တိုက်ခိုက်ပြီးနောက်တွင်တော့။
ကျင်းယီအစောင့်၊ ဟူပန် တပ်မတော် နှင့် အနောက်ဘက် နန်းတွင်းဌာန တို့ အပါအဝင် တပ်ဖွဲ့အသီးသီး ရောက်ရှိလာကြသည်။
လီဂုန်းသည် လွယ်လွယ်နှင့် လက်မလျှော့ပေ။ သူသည် စစ်နတ်ဘုရား နှစ်ဦး၏ ကြားညှပ် တိုက်ခိုက်မှုကို ခုခံရင်း ကမ်းပါးယံပေါ်မှ ခုန်ချကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဟွမ်ဟုန် နှင့် ဖန်ထျန်ဖားတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ထိုလူ့နောက်သို့ အပြေး လိုက်သွားကြတော့သည်။ ကျန်ရှိနေသည့် တပ်ဖွဲ့များကတော့ ကျန်ရှိနေသည့် လုပ်ကြံသူ သုံးဦးကို ဝိုင်းရံလိုက်ကြသည်။
"အရှင်မင်းမြတ်ကို ကာကွယ်ကြ"
ချန်ဆန်းရှီသည် အနီရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နက်မဲ့ အခြေအနေဖြင့် ဧကရာဇ်၏ ရှေ့တွင် ကာကွယ်ရပ်တည်နေသည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ပါးစပ်ထောင့်မှ သွေးစများ စီးကျနေသည်။
"ခမည်းတော်"
ထိုအချိန်မှသာ ချင်မင်းသားနှင့် ချီမင်းသားတို့ သတိဝင်လာကြပြီး ကျင်းယီအစောင့်ထံမှ ဓားကို လုယူကာ ဧကရာဇ်၏ ရှေ့တွင် ရပ်လိုက်ကြရင်း "ခမည်းတော်... မကြောက်ပါနဲ့။ ကျွန်တော်မျိုးတို့ ရှိနေသရွေ့ လုပ်ကြံသူတွေက ခမည်းတော်ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်စေမှာ မဟုတ်ပါဘူး" ဟု ဆိုကြသည်။
"ခမည်းတော်"
ကျင်းယီအစောင့် သေနာပတိဖြစ်သူ မင်းသားဆယ့်နှစ်ချောင်ကျိီလည်း ဓားကို ကိုင်ကာ အပြေးရောက်လာသည်။ သူသည် ချန်ဆန်းရှီကို စိုးရိမ်တကြီး တစ်ချက် ကြည့်လိုက်ပြီးနောက် လုပ်ကြံသူများကို ဝင်ရောက် တိုက်ခိုက်တော့သည်။
လက်နက်ချင်း ထိတွေ့သံများနှင့် သံချပ်ကာများ ပြဲထွက်သံများ ဆူညံသွားခဲ့သည်။
လုပ်ကြံသူ သုံးဦးမှာ မကြာခင်မှာပင် အရေးနိမ့်သွားခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းမိလိုက်သည်။
ပရမ်းပတာ ဖြစ်ရပ်မှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
"အရှင်မင်းမြတ်"
ထိတ်လန့်နေကြသော အရာရှိများက "အရှင်မင်းမြတ် တစ်စုံတစ်ရာ ထိခိုက်မှု ရှိပါသလား" ဟု တစ်ယောက်တစ်ပေါက် မေးမြန်းနေကြသည်။
"ကျွန်တော်မျိုးတို့ သေထိုက်ပါတယ်"
"ကျွန်တော်မျိုးတို့ သေထိုက်ပါတယ်"
"နန်းတွင်းသမားတော်... နန်းတွင်းသမားတော်ကို အမြန်ခေါ်ကြစမ်း"
"..."
"ဗုန်း.."
တောအုပ်အတွင်းမှ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ နန်းတွင်းသမားတော် အချို့သည် လုပ်ကြံသူ၏ အလောင်းကို ထမ်းလာကြရင်း ဧကရာဇ်၏ အနားသို့ ချဉ်းကပ်လာကြသည်။
အစမှ အဆုံးအထိ။
လုံချင်ဧကရာဇ်သည် နေရာမှ မရွေ့ဘဲ အရာအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ သူနှင့် ဘာမှ မသက်ဆိုင်သကဲ့သို့ပင်။ အခြေအနေအားလုံး ငြိမ်သက်သွားမှသာ သူသည် လူအုပ်ကြီးဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
သူသည် မြေပြင်ပေါ်ရှိ သတ္တမမင်းသား၏ အလောင်းကို ကြည့်လိုက်သော်လည်း သူ၏ မျက်ဝန်းများမှာ တည်ငြိမ်နေပြီး မည်သည့် ခံစားချက်ကိုမျှ ဖော်ပြခြင်း မရှိပေ။
"မြန်မြန်"
မိန်းမစိုးအချို့က "အရှင်မင်းမြတ်ကို နန်းဆောင်ဆီကို ပြန်လည် ပို့ဆောင်ပေးကြစမ်း" ဟု အော်ဟစ်လိုက်ကြသည်။
"နန်းဆောင် ဟုတ်လား"
နောက်ဆုံးတွင် လုံချင်ဧကရာဇ် စကားပြောလိုက်သည်။ သူ၏ အသံမှာ အေးစက်လှပြီး ငရဲမှ လာသော နဂါးတစ်ကောင်၏ အသံကဲ့သို့ပင်။ "ယန်ရှင်းခန်းမ... ညီလာခံ ကျင်းပမယ်"
"ညီလာခံ"
"ဘာစောင့်နေကြတာလဲ... အရာရှိတွေအားလုံး ညီလာခံ တက်ကြရမယ်"
"..."
ကျင်းယီအစောင့်များနှင့် တခြားသူများကတော့ ကျန်ရှိနေသည့် အရေးကိစ္စများကို ရှင်းလင်းရန် ကျန်ရစ်ခဲ့ကြသည်။
အရာရှိများသည် ယန်ရှင်းခန်းမ ဆီသို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။
"ညီငယ်... အဆင်ပြေရဲ့လား"
ဖန်ချင်းယွမ်က ဝှီးချဲကို တွန်းရင်း အနားသို့ တိုးလာကာ "ဒဏ်ရာက ပြင်းထန်သလား" ဟု မေးလိုက်သည်။
"ရပါတယ်"
ချန်ဆန်းရှီသည် အခြေအနေကို ထိန်းချုပ်ထားနိုင်သဖြင့် နောက်ပိုင်း လုပ်ဆောင်ရမည့် တာဝန်များကို ထိခိုက်လိမ့်မည် မဟုတ်ပေ။ သို့သော် သူ အမှန်တကယ်ပင် ဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်သည်။
သူသည် ဤအရှုပ်အထွေးထဲတွင် မပါဝင်ချင်ခဲ့ပေ။
သို့သော် ပြဿနာမှာ လုပ်ကြံသူသည် သူနှင့် ဧကရာဇ် အတူတူ လမ်းလျှောက်နေသည့် အချိန်ကိုမှ ရွေးချယ်ပြီး တိုက်ခိုက်ခဲ့ခြင်းပင်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ့မှာ ရွေးချယ်စရာ မရှိပေ။
တကယ်လို့ သူသာ ဧကရာဇ်ကို မကာကွယ်ခဲ့ရင် ဒါဟာ သေဒဏ်ပေးခံရနိုင်တဲ့ ပြစ်မှုမျိုး ဖြစ်နေသည်။
သူသည် ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဆောင်ပြဖို့ လိုအပ်နေသည်။
"တောက်"
ဝမ်ကျိီက လူမရှိသည့် အချိန်တွင် အသံကို နှိမ့်ကာ ဆိုသည်။ "ဒါကို ဘယ်သူလုပ်တယ်လို့ မင်း ထင်လဲ။ အိမ်ရှေ့စံကတော့ ဒီလောက်အထိ မိုက်မဲမှာ မဟုတ်ဘူး။ တကယ်လို့ ဒါက ထောင်ချောက်ဆင်တာဆိုရင်လည်း နည်းလမ်းတွေက တကယ့်ကို ကြမ်းတမ်းလွန်းတယ်"
"စောင့်ကြည့်ရုံပဲ ရှိတာပေါ့"
ဖန်ချင်းယွမ်က အေးဆေးစွာ ဆိုသည်။ "ဒါကငါတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
အရာရှိအားလုံး ယန်ရှင်းခန်းမ အတွင်းသို့ ရောက်ရှိလာကြသောအခါ။
လုံချင်ဧကရာဇ်သည် အသစ်စက်စက် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီ ဖြစ်သည်။
ဤနဂါးပလ္လင်ကို လွန်ခဲ့သော နှစ်ဝက်ခန့်က မြို့တော်မှ သယ်ဆောင်လာရန်အတွက် အရင်းအနှီး အမြောက်အမြား အသုံးပြုခဲ့ရခြင်းပင်။
မိန်းမစိုး၏ အချက်ပြမှုအရ။
အမတ်မင်းများက ဂါရဝပြုကြသည်။
"ဧကရာဇ်မင်းမြတ် သက်တော် ရာကျော်၊ ထောင်ကျော်၊ သောင်းကျော် ရှည်ပါစေ"
သို့သော် သောင်းကျော်ရှည်ပါစေဟု ဟစ်အော်နေကြသော်လည်း အမတ်အများစုမှာ တုန်လှုပ်နေကြဆဲ ဖြစ်သည်။ ခုနကတင် ဘေးနားမှာ စကားပြောနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အခုတော့ သွေးအိုင်ထဲမှာ လဲလျောင်းနေကြပြီ မဟုတ်ပါလား။ သူတို့၏ အသံများမှာ တုန်ယင်နေကြတော့သည်။
လုံချင်ဧကရာဇ်သည် ဘာမှ မပြောဘဲ လက်ကို မြှောက်ကာ အားလုံးကို ထခိုင်းလိုက်သည်။
ထို့နောက် သူသည် အားလုံးကို နှစ်နာရီကြာအောင် ဒီအတိုင်း ထားထားခဲ့သည်။
ဧကရာဇ်အိုကြီးကိုယ်တိုင်ကလည်း နဂါးပလ္လင်ပေါ်တွင် မှီလျက် မျက်လုံးမှိတ်ကာ အနားယူနေပြီး စကားတစ်ခွန်းမှ မပြောပေ။
နေဝင်ဖျိုးဖျအချိန်ရောက်မှသာ နေရောင်ခြည်က ခန်းမထဲသို့ ဝင်လာသောအခါ။
မိန်းမစိုးချုပ် ဟွမ် နှင့် ဟူပန် တပ်မတော် သေနာပတိ ဖန်ထျန်ဖားတို့သည် မုန်ချူကျီနှင့်အတူ အခြေအနေကို တင်ပြရန် အလောတကြီး ပြန်ရောက်လာကြသည်။
"အခြေအနေက ဘယ်လိုလဲ"
ယန်မောက်ရှင်း က ပြင်းထန်စွာ မေးလိုက်သည်။ "လုပ်ကြံသူကို ဖမ်းမိပြီလား"
"အရှင်မင်းမြတ်... ကျွန်တော်မျိုး သေထိုက်ပါတယ်"
မုန်ချူကျီသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းဖြင့် မြေပြင်ကို တဗုန်းဗုန်း တိုက်ရင်း "လုပ်ကြံသူ... လုပ်ကြံသူ လွတ်သွားပါပြီ" ဟု ဆိုသည်။
"လွတ်သွားပြီ ဟုတ်လား"
တစ်ခန်းမလုံး ဆူညံသွားတော့သည်။
"ဒါက ဘာပေါက်ကရ စကားလဲ။ ဘယ်လိုလုပ်ပြီး လွတ်သွားရတာလဲ"
ချင်မင်းသား ထရပ်ကာ မေးလိုက်သည်။ "တောင်ပေါ်တောင်အောက်မှာ စစ်သည် နှစ်သောင်းကျော် ရှိနေတာ၊ ခင်ဗျားတို့ စစ်နတ်ဘုရား သုံးယောက်လုံး ရှိနေပါလျက်နဲ့ လီဂုန်း တစ်ယောက်တည်းကို လွတ်အောင် လွှတ်လိုက်တယ် ဟုတ်လား"
"အရှင်မင်းမြတ်... ကျွန်တော်မျိုးတို့ အရည်အချင်း မရှိလို့ပါ"
ဖန်ထျန်ဖားက နောင်တရစွာ ဆိုသည်။ "ကမ်းပါးယံအထိ လိုက်ဖမ်းခဲ့ပေမဲ့လီဂုန်းက မှော်အတတ်ကို သုံးပြီး လေထဲမှာတင် ပျောက်ကွယ်သွားခဲ့တာပါ"
"မိန်းမစိုးချုပ် ဟွမ်"
ဆံပင်ဖြူနှင့် ဝန်ကြီးချုပ် ယန်လျန် သည် မျက်လုံးကို ဖြည်းဖြည်းချင်း မော့ကြည့်ကာ မေးလိုက်သည်။
ဧကရာဇ်နှင့်အတူ ကြီးပြင်းလာခဲ့သည့် ဝတ်ပြုရေးဌာန မိန်းမစိုးချုပ် ဟွမ် က ဆိုသည်။ "အရှင်မင်းမြတ်... ဗိုလ်ချုပ်ဖန် နဲ့ ဗိုလ်ချုပ်မု ပြောတာတွေက အမှန်တရားပါပဲ။ လီဂုန်းတကယ်ပဲ ပျောက်ကွယ်သွားခဲ့ပါတယ်"
"ရယ်စရာပဲ"
ယန်မောက်ရှင်း က ဒေါသတကြီးဖြင့် စွပ်စွဲလိုက်သည်။ "ရန်သူနိုင်ငံက လုပ်ကြံသူတစ်ယောက်က အရာရှိ အများအပြားကို သတ်သွားတယ်၊ အဲ့ဒီထဲမှာ မင်းသားတစ်ပါးတောင် ပါသေးတယ်။ ပြီးတော့မှ... ဒီအတိုင်း လွတ်သွားတယ် ဟုတ်လား။ ဒါဟာ သေချာပေါက် အတွင်းလူ ပါနေလို့ပဲ ဖြစ်ရမယ်၊ အတွင်းလူ ရှိနေတာ သေချာတယ်"
"မှန်တယ်... မှန်တယ်"
"သေချာပေါက် အတွင်းလူ ရှိနေရမယ်"
"မဟုတ်ရင် သူ တောင်ပေါ်ကိုတောင် တက်လာနိုင်မှာ မဟုတ်ဘူး"