အခန်း (၃၉၆)
Vol. 36 Ch. 396
"တောက်... အားလုံး ပျက်စီးကုန်ပြီ"
ဖန်ထျန်ဖားသည် ကျိန်ဆဲလိုက်ရင်း "ငါတို့ရဲ့ စီစဉ်မှုတွေက အပြစ်ပြောစရာမရှိအောင် ကျစ်လျစ်နေတာ။ ဘယ်သူက ထင်မှာလဲ... ဒီနေ့မှ လီဂုန်း ရုတ်တရက် ပေါ်လာပြီး ငါတို့ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့"
"လေးယောက်မြောက် ဦးလေးတော်နဲ့ ရှစ်ယောက်မြောက် ဦးလေးတော်တို့ကတော့ တကယ့်ကို ရူးနေကြပြီ။ ဒီလောက်အထိ ရက်စက်တဲ့ အကွက်ကို သုံးရဲတယ်ပေါ့"
ချောင်ဖန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။ "သူတို့သာ ဖော်ထုတ်ခံလိုက်ရရင် သူတို့လည်း သေရမှာပဲ"
"မှန်တယ်"
ဆွေချုံယီက ထောက်ခံလိုက်သည်။ "တကယ်လို့ ဖော်ထုတ်မခံရရင်တောင် ဧကရာဇ်မင်းမြတ်က သူတို့ကို သံသယဝင်သွားမှာပဲ။ ဒါဟာ နောင်တစ်ချိန်မှာ သူတို့အတွက် လုံးဝ အကျိုးရှိမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ငါလည်း နားမလည်တာ တစ်ခုရှိတယ်..."
ချောင်ဖန်က ဆိုသည်။ "သူတို့က လီဂုန်း ကို ဘယ်ကနေ ရှာလာတာလဲ။ ငါက ဗိုလ်ချုပ်မုန်နဲ့အတူ သူ့နောက်ကို လိုက်ဖမ်းခဲ့တာ၊ အဲ့ဒီတုန်းက သူက လေထဲမှာတင် အငွေ့ပျံသွားသလို ပျောက်သွားခဲ့တာလေ"
"ဒီနေ့ရော အတူတူပဲ မဟုတ်လား"
ဖန်ထျန်ဖားက မျက်လုံးကို မှေးလိုက်ရင်း "စစ်နတ်ဘုရား နှစ်ယောက် လိုက်တာတောင် မမိဘူးဆိုတော့... ထားလိုက်ပါတော့။ အခုတော့ အဆုံးအဖြတ်ပေးရမယ့် အချိန် ရောက်လာပြီ"
အဆုံးအဖြတ်ပေးရမယ့် အချိန်...
ချန်ဆန်းရှီ နားထောင်နေမိသည်။
အိမ်ရှေ့စံကတော့ အရာအားလုံးကို ပုံအောပြီး တိုက်တော့မည် ဖြစ်သည်။
ဒါပေမဲ့ ဒီ ဖန်ထျန်ဖားက မနက်ဖြန်မှာ စစ်ထွက်ရမှာလေ။ သူက ဒီညမှာတင် လှုပ်ရှားတော့မှာလား။ ဒါဟာ အလွန်ကို အလျင်စလို ဖြစ်လွန်းနေသည်။
ပြီးတော့ သူ့မှာ အင်အား မလုံလောက်ဘူး မဟုတ်လား။
ဧကရာဇ်မင်းမြတ် ကိုယ်တိုင်အပြင် သူ့ဘေးမှာ မိန်းမစိုး စစ်နတ်ဘုရား တစ်ယောက် ရှိနေသေးသည်။ ကျင်းယီအစောင့် သေနာပတိကျိယွမ်ပို ကလည်း စစ်နတ်ဘုရား တစ်ယောက်ဖြစ်သလို ကျင်းယီအစောင့်ထဲမှာလည်းမင်းသားဆယ့်နှစ်ရဲ့ ဦးလေးလို့ ပြောကြတဲ့ စစ်နတ်ဘုရား တစ်ယောက် ရှိနေသေးသည်။
စုစုပေါင်းဆိုလျှင် စစ်နတ်ဘုရား သုံးယောက် ရှိနေတာ ဖြစ်သည်။
ဒီ ပျက်စီးနေတဲ့ ဘုရားကျောင်းထဲမှာတော့ ဖန်ထျန်ဖားတစ်ယောက်ပဲ ရှိနေပုံရသည်။
သူက သေတွင်းထဲ ဆင်းမလို့လား။
"လာရမယ့်လူတွေ အကုန် မရောက်သေးဘူးလား"
ချန်ဆန်းရှီက မေးလိုက်သည်။ "ဒီသူရဲကောင်းကြီးရဲ့ အချိန်တွေကို အလဟဿ မဖြုန်းစမ်းပါနဲ့"
"သူရဲကောင်းကျန်းရဲ့ မျက်လုံးထဲက ဘာမှ မလွတ်ပါလား"
ရက်ပိုင်းအတွင်းမှာတင် ချောင်ဖန်ဟာ မာန်မာနတွေကို လျှော့ချပြီး နှိမ့်ချစွာ ပြောတတ်လာသည်။ "ခဏလောက် ထပ်စောင့်ပေးပါ သူရဲကောင်းကျန်း။ ငါတို့ ပုန်ကန်မှုမှာ ပါဝင်မယ့် နောက်ထပ် စစ်နတ်ဘုရား နှစ်ယောက် မကြာခင် ရောက်လာပါလိမ့်မယ်"
ပျက်စီးနေတဲ့ ဘုရားကျောင်းထဲမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
တံခါးဝတွင် အမွှေးတိုင် နတ်ဘုရားဂိုဏ်း က လူနှစ်ယောက်က အကဲခတ်နေကြသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ ခြေသံများ ထွက်ပေါ်လာသည်။
ထို့နောက် လူရိပ်နှစ်ခု ခန်းမထဲသို့ ဝင်လာကြသည်။
ရှေ့ဆုံးကလူမှာ ဝတ်စုံနက်ဝတ်ထားသည့် ဘုန်းကြီးတစ်ပါးဖြစ်ပြီး လက်တွင် ပုတီးစိပ်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လှသော ခရမ်းရောင်ချီများ ကိန်းအောင်းနေပြီး ခန့်မှန်းရ ခက်လှသည်။
နောက်တစ်ယောက်မှာမူ...
ကြမ်းတမ်းသော လျှော်တေဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်အလွန်မြင့်မားလှသဖြင့် တံခါးထဲသို့ ဝင်လာသောအခါ ခေါင်းကို အနည်းငယ် ငုံ့ဝင်လိုက်ရသည်။ သူ လှမ်းလာသည့် ခြေလှမ်းတိုင်းတွင် ပြောမပြတတ်သော ဖိအားတစ်ခု ပါဝင်နေသည်။
စီနီယာ အစ်ကိုကြီး။
လူကျိီ။
မနေ့ကတင်။
စတုတ္ထစီနီယာအစ်ကိုဖန်ချင်းယွမ် က ချန်ဆန်းရှီကို ပြောပြခဲ့သည်။ မကြာခင် ရက်ပိုင်းအတွင်းမှာ စီနီယာ အစ်ကိုကြီးဟာလည်း ဘိသိက်ခံပွဲကို တက်ရောက်ပြီး ဆုလာဘ်တွေ လက်ခံရယူလိမ့်မည်ဟု ဆိုခဲ့သည်။
သူ ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ပေ။
ချန်ဆန်းရှီ၏ မျက်နှာမှာ မပြောင်းလဲသော်လည်း ရင်ထဲမှာတော့ လှိုင်းထန်သွားခဲ့သည်။
ဒါပေမဲ့ ပြန်စဉ်းစားကြည့်လျှင်။
ဒါဟာ မထင်မှတ်ထားပေမဲ့ အလွန်ပဲ ကျိုးကြောင်းဆီလျော်လှသည်။
ပြိုင်ပွဲမှာတုန်းက ချောင်ဖန် ဟာ ချန်ဆန်းရှီရဲ့ လှံပညာကို ချေဖျက်နိုင်ခဲ့တာကို သူ မှတ်မိနေသည်။ အဲ့ဒီအချိန်မှာ ချောင်ဖန်ကို ဒီပညာတွေ သင်ပေးနိုင်တဲ့သူ ဘယ်သူရှိဦးမှာလဲ။
ကြည့်ရတာ စီနီယာ အစ်ကိုကြီးဟာ အိမ်ရှေ့စံဘက်တော်သားအဖြစ် ဝင်ရောက်နေတာ ကြာလှပြီ ဖြစ်ရမည်။
ဒါကို... ဆရာ သိသလား မသိဘူးလား။
ဆရာက ဘာလို့ ဝင်မတားတာလဲ။
သာမန်အားဖြင့် အိမ်ရှေ့စံနဲ့ ပတ်သက်တာက ပြဿနာမရှိပေမဲ့ အခုက...
ဒါဟာ ဆွေမျိုးကိုးဆက်အထိ သတ်နိုင်တဲ့ ပုန်ကန်မှုကြီးလေ။
သူကရော ဒီထဲမှာ ပါဝင်တော့မှာလား။
တစ်ခုခု မှားယွင်းသွားခဲ့ရင် တပ်စခန်းရှစ်ခုတစ်ခုလုံးပါ ပါသွားနိုင်ခြေ ရှိနေသည်။
"အစ်ကိုလူ"
ချောင်ဖန်က ဝမ်းသာအားရဖြင့် ရှေ့သို့ တိုးသွားကာ ရင်းနှီးစွာ ခေါ်လိုက်သည်။ "အစ်ကိုကြီး... နောက်ဆုံးတော့ ရောက်လာပြီပဲ"
"အင်း"
လူကျိီက ခေါင်းကို အနည်းငယ် ငြိတ်ပြသည်။ "လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ တောရိုင်းမြေပြင်ကို တပ်ဖွဲ့တစ်ခု ဦးဆောင်ပြီး သွားခဲ့ရသေးလို့ တိုက်ပွဲနှစ်ပွဲ တိုက်ပြီးမှ ပြန်လာတာ၊ ဒါကြောင့် နည်းနည်း နောက်ကျသွားတယ်"
"အစ်ကိုကြီး"
ချောင်ဖန်က မိတ်ဆက်ပေးသည်။ "ဒါကတော့ လျှို့ဝှက်စာထဲမှာ ကျွန်တော် ပြောပြခဲ့တဲ့ ကျန်းလိုင်ဇီ ၊ သူရဲကောင်းကျန်းပဲ"
လူကျိီက ချန်ဆန်းရှီကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းငြိတ်ကာ နှုတ်ဆက်လိုက်သည်။
ချန်ဆန်းရှီကတော့ သူ့ကို ဂရုမစိုက်သလို ဟန်ဆောင်ကာ မျက်လုံးလွှဲထားလိုက်သည်။
"စိတ်ထဲမထားပါနဲ့ အစ်ကိုကြီး"
ချောင်ဖန်က အမြန်ပင် ကြားဝင် ညှိနှိုင်းပေးသည်။ "သူရဲကောင်းကျန်းက နည်းနည်းတော့ မာနကြီးတယ်၊ ဒါပေမဲ့ သူက တကယ့်ကို ယုံကြည်ရတဲ့သူပါ"
"ကိစ္စမရှိပါဘူး"
လူကျိီက တည်ကြည်စွာ ဆိုသည်။ "ဒီကို ရောက်လာတဲ့သူတိုင်းက သစ္စာဆိုထားကြတဲ့ မဟာမိတ်တွေပဲ၊ ဒီလို ကိစ္စအသေးအဖွဲတွေကို ငါ စိတ်ထဲ မထားပါဘူး"
ချန်ဆန်းရှီ တိတ်ဆိတ်စွာ တွေးနေမိသည်။
နောက်ထပ် စစ်နတ်ဘုရား တစ်ယောက် ရောက်မလာသေးဘူး...
လင်းကျိုး နယ်မြေ တစ်ဝိုက်မှာဆိုရင် သူ တခြား ဘယ်သူ့ကိုမှ စဉ်းစားမရပေ။
တခြားနေရာကနေ ခေါ်ထားတဲ့သူလား။
ကျန်းနန်မင်းသား က အိမ်ရှေ့စံနဲ့ ရင်းနှီးတယ်လို့ ကြားဖူးတယ်၊ ဒါဆို ကျန်းနန်မင်းသားလား။
"အော်မီထော်ဖော်"
ဝတ်စုံနက်ဝတ် ဘုန်းကြီးက ပုတီးစိပ်ရင်း အလေးအနက် ဆိုသည်။ "နောက်ဆုံး တစ်ယောက် ရောက်လာပါပြီ"
နောက်ဆုံးလူ။
တည်ငြိမ်သော ခြေလှမ်းများ၊ ဖြောင့်မတ်သော ကိုယ်ဟန်နှင့် အရှိန်အဝါ တစ်ခု ထွက်ပေါ်နေသည်။ သူသည် ဘုရားကျောင်းတံခါးဝသို့ ရောက်သောအခါ ခဏမျှ တုံ့ဆိုင်းနေဟန်ရှိသော်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပုံရကာ ခြေလှမ်းကို လှမ်းဝင်လိုက်တော့သည်။
"ဗိုလ်ချုပ်မုန်"
ချောင်ဖန်က အပြေးအလွှား သွားရောက် ကြိုဆိုလိုက်သည်။ "ဒီတစ်ကြိမ်မှာတော့ အားလုံးက ဗိုလ်ချုပ်အပေါ်မှာပဲ မူတည်နေပါတယ်"
"မှန်တာပေါ့ မုန်အိုကြီးရာ"
ဖန်ထျန်ဖားက စိတ်လှုပ်ရှားစွာ ဆိုသည်။ "ဘယ်သူက ထင်မှာလဲ... အဆုံးအဖြတ်ပေးရမယ့် အချိန်မှာ ခင်ဗျားက ငါတို့နဲ့အတူ ပူးပေါင်းဖို့ သဘောတူလိမ့်မယ်လို့"
"မုန်ကတော့ သူ့ဘဝမှာ မီးနဲ့ကစားရတာကို တစ်ခါမှ မကြိုက်ခဲ့ဘူး"
မုန်ချူကျီက နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခုနှင့် ဆိုသည်။ "ငါ့ဘဝမှာ စွန့်စားခဲ့တာ နှစ်ကြိမ်ပဲ ရှိတယ်။ ပထမတစ်ခုက ချန်ဆန်းရှီ နဲ့အတူ စစ်ပွဲတွေ တိုက်ခဲ့တာ၊ ဒုတိယတစ်ခုကတော့ အခု မင်းတို့နဲ့အတူ ဒီပုန်ကန်မှုမှာ ပါဝင်ဖို့ သဘောတူလိုက်တာပဲ"
မုန်ချူကျီ။
ချန်ဆန်းရှီ ခုနက တွေးနေမိတာ ဒါပင် ဖြစ်သည်။
သူတို့ဘက်မှာ စစ်နတ်ဘုရား သုံးယောက် စုစည်းနိုင်ရင်တောင်။
အဲ့ဒီနောက်မှာရော ဘာဆက်ဖြစ်မှာလဲ။
အရှေ့ဘက်တပ်မတော် က စစ်သည် နှစ်သောင်း ရှိနေသေးတာလေ။
ဟူပန်တပ်မတော် က လူတွေ လင်းကျိုး ကနေ ထွက်ခွာသွားပြီးတဲ့နောက်မှာ သူတို့မှာ အရှေ့ဘက်တပ်မတော်ကို ရင်ဆိုင်ဖို့ နောက်ထပ် စစ်သည် နှစ်သောင်း ဘယ်ကနေ ရမှာလဲ။
ဒါပေမဲ့ မထင်မှတ်ထားတာကတော့။
မုန်ချူကျီဟာ အိမ်ရှေ့စံဘက်ကို တကယ်ပဲ ကူးပြောင်းသွားခဲ့ခြင်းပင်။
"ဗိုလ်ချုပ်မုန်"
ချောင်ဖန်က ကတိပေးသည်။ "ဒီကိစ္စ ပြီးသွားရင် ဗိုလ်ချုပ်ကို အနည်းဆုံး နယ်စားအဆင့် အထိ မြှင့်တင်ပေးပါ့မယ်"
"ထားလိုက်ပါတော့"
မုန်ချူကျီ၏ အကြည့်မှာ နက်နဲလှသည်။ "ငါ ဒါကို သဘောတူလိုက်တာကဘွဲ့ထူးဂုဏ်ထူးတွေအတွက် မဟုတ်ပါဘူး။ အဲ့ဒီလူကို ဒီရာထူးမှာ ဆက်ပြီး ရှိနေခွင့် မပေးသင့်တော့ဘူးလို့ ငါ ခံစားမိလို့ပဲ။ ယူနန်ပြည်နယ် က ဆယ်ရက်တာ တိုက်ပွဲအတွင်းမှာတင် နယ်စပ်စောင့် စစ်သည်တွေ ဘယ်လောက်တောင် အလဟဿ အသက်စွန့်ခဲ့ရလဲ။"
"သူတို့က ငါ့ကို ဆုတ်ခွာတတ်တဲ့ ဗိုလ်ချုပ်လို့ ပြောကြတယ်။"
"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါက ထပ်ပြီး ပုန်းနေမှာ မဟုတ်တော့ဘူး"
"ဗိုလ်ချုပ်မုန်ရဲ့ တရားမျှတမှုပါပဲ"
ဖန်ထျန်ဖားက ဆိုသည်။ "ယူနန်ပြည်နယ်က ကိစ္စတွေအားလုံးက အစကတည်းက ထူးဆန်းနေတာ။ အန်းသောင် နဲ့ ဟန်ကန် ပြည်နယ်က လူတွေ ရုတ်တရက်ကြီး လက်နက်ချလိုက်တာတွေဟာ နောက်ကွယ်က တစ်စုံတစ်ယောက်ရဲ့ အစီအစဉ်တွေပဲ။ အဲ့ဒီတုန်းက အိမ်ရှေ့စံက သေသေချာချာ စစ်ဆေးချင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့..."
"အော်မီထော်ဖော်"
ဝတ်စုံနက်ဝတ် ဘုန်းကြီးက ကြားဝင် ပြောလိုက်သည်။ "အခု လူစုံပြီဆိုတော့ အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးကြရအောင်"