အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း။ ၁၇၉
ဝူး... ဝူး... ဝူး...
လေမုန်တိုင်းလေဖိနပ်ကို ဝတ်ဆင်ထားသော စုန်ယန်သည် လေဟုန်စီး၍ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ သူသည် ယခင်က ပန်းသေတ္တာတောင်သို့ ရောက်ဖူးသဖြင့် ဤလမ်းကြောင်းကို အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
ရက်အတော်ကြာ အနားမနေဘဲ ခရီးနှင်ခဲ့ပြီးနောက် သူသည် ဖျက်ဆီးခြင်းတောရိုင်းမြေနှင့် အတော်လေး နီးကပ်လာပြီဖြစ်သည်။ ညချမ်းအချိန်သို့ ရောက်ရှိလာသောအခါ အားအင်ပြန်လည်ဖြည့်တင်းရန်အတွက် တောအုပ်တစ်ခုအတွင်းရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
ခဏမျှ အနားယူပြီးနောက် သူ၏ အာရုံကို သူ၏ ကျင့်ကြံမှုအကွက်ဆီသို့ ပို့လိုက်သည်။ ရကအနည်းငယ်ကြာ အားထုတ်ခဲ့ပြီးနောက်တွင် ထူးကဲသော နှလုံးသားကျင့်စဉ်သည် နောက်ဆုံးတွင် စနစ်၏ ကျင့်ကြံမှုအကွက်ပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထူးဆန်းသည်မှာ စနစ်ပေါ်တွင် ပေါ်လာသည်မှာ ကျင့်စဉ်စာရင်းအနေဖြင့် မဟုတ်ဘဲ မှော်
အတတ်စာရင်းအောက်တွင် ဝိညာဉ်ဖွင့်မျက်လုံးဟူသော အမည်ဖြင့် ပေါ်လာခြင်းပင်။ နန်ဝူဓားဂိုဏ်း၏ ဂိုဏ်းချုပ် ယွီလျော့ရှန်းသည် နှစ်ပေါင်းတစ်ထောင်လုံးလုံး မည်သည့်အရာကို လျှောက်ဖန်တီးထားခဲ့သည်ကို ဤအချက်က သက်သေပြနေသည်။ ဂိုဏ်းသားအားလုံးမှာ တစ်စုံတစ်ခုကို မျက်စိမှိတ်၍ ကျင့်ကြံနေခဲ့ကြခြင်းပင်။
စုန်ယန်သည် နတ်ဘုရားဓားတော် စိတ်ကူးပုံဖော်မြေပုံကို စိတ်ထဲတွင် အသေအချာ မှတ်သားထားသည်။ သူသည် ဝိညာဉ်ဖွင့်မျက်လုံးကို အရင်ဆုံး ကျင့်ကြံပြီးမှသာ ထိုမြေပုံကို ဆက်လက် လေ့လာရန် ဆုံးဖြတ်လိုက်သည်။
သူ၏ မျက်စိရှေ့တွင် ရင်းနှီးနေကျ စာသားများ ပေါ်လာတော့သည်။
[ကျေးဇူးပြု၍ ရင်းနှီးမြှုပ်နှံမည့် သက်တမ်းပမာဏကို ရွေးချယ်ပါ]
[၂၁ နှစ်မြောက်တွင် သင်သည် ဝိညာဉ်ဖွင့်မျက်လုံးကို အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံအောင်မြင်သွားပြီဖြစ်သည်။ မျက်လုံးမှိတ်ထားလျှင်ပင် ဝိညာဉ်လောကကို မြင်နိုင်သော အခြားမျက်လုံးတစ်စုံကို ပိုင်ဆိုင်သွားကြောင်း သင်သဘောပေါက်လိုက်သည်။ ဒြပ်ရှိသည်ဖြစ်စေ၊ ဒြပ်မဲ့သည်ဖြစ်စေ လေလွင့်ဝိညာဉ်ဟူသမျှသည် သင့်မျက်စိအောက်မှ မည်သို့မျှ မလွတ်မြောက်နိုင်တော့ချေ]
စုန်ယန်သည် လေလွင့်ဝိညာဉ်များနှင့် ပတ်သက်၍ ယခင်ကတည်းက ဗဟုသုတရှိခဲ့သူဖြစ်သည်။ အရိပ်ရုပ်သေးအတတ်ကို အသုံးပြုစဉ်က ထိုဝိညာဉ်များကို သူဆင့်ခေါ်နိုင်ခဲ့သော်လည်း ယခင်ကမူ ဆင့်ခေါ်ရုံသာ တတ်နိုင်ပြီး ထိုဝိညာဉ်များကို ကိုယ်တိုင် မြင်တွေ့နိုင်စွမ်း မရှိခဲ့ချေ။
ယခုမူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ လူတစ်ယောက် သေဆုံးသွားသောအခါ စိတ်ဝိညာဉ်နှင့် ဘဝဟောင်းက ကံတရားအကြွင်းအကျန်များမှာ တဖြည်းဖြည်း ကွဲကွာသွားကြသည်။ ၇ ရက်အကြာတွင် စိတ်ဝိညာဉ်မှာ သံသရာထဲသို့ ကူးပြောင်းသွားသော်လည်း ကံတရားအကြွင်းအကျန်များမှာမူ လူ့လောကထဲတွင် ကျန်ရစ်ခဲ့တတ်သည်။ ထိုအကြွင်းအကျန်
များသည် အားကောင်းသော ထူးကဲစွမ်းအင်နှင့် တွေ့ဆုံမိပါက မိစ္ဆာစွမ်းအင်ဖြစ်လာပြီး သာမန်နေရာများတွင်မူ လေလွင့်ဝိညာဉ်များအဖြစ် အသွင်ပြောင်းသွားကြသည်။
စုန်ယန် မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လရောင်အောက်က တောအုပ်ကြီးမှာ ယခင်ကနှင့်မတူဘဲ ထူးဆန်းစွာ ပြည့်ကျပ်နေသည်ကို မြင်လိုက်ရသည်။ သာမန်အချိန်တွင် ဗလာနတ္ထိဖြစ်နေသော လေထုထဲ၌ အဖြူရောင် ဝိညာဉ်မြူခိုးလေးများ လွင့်မျောနေကြသည်။ စုန်ယန် လျှောက်လှမ်းသွားသည့် နေရာတိုင်းတွင် ထိုမြူခိုးများသည် ကြောက်လန့်တကြား ဖယ်ရှားပေးကြသည်။
မြူခိုးများအပြင် မျက်နှာပုံသဏ္ဌာန်များ ပေါ်လာကာ အသိစိတ်မရှိဘဲ ရည်ရွယ်ချက်မဲ့ လွင့်မျောနေသည့် လေလွင့်ဝိညာဉ်များကိုလည်း သူ မြင်လာရသည်။ ထိုဝိညာဉ်များသည် တောရိုင်းသားရဲများကို မြင်လျှင် မသိစိတ်ဖြင့် ဆွဲဆောင်ခံရကာ အနားသို့ ကပ်သွားတတ်ကြသော်လည်း သားရဲ၏ ခန္ဓာကိုယ်အတွင်းသို့မူ ဝင်ရောက်နိုင်စွမ်း မရှိကြချေ။ သွေးသားခန္ဓာကိုယ်မှာ ခံစစ်ခံတပ်တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
စုန်ယန်သည် စိတ်ကို ပြန်လည်တည်ငြိမ်စေပြီး တင်ပျဉ်ခွေပြန်ထိုင်လိုက်သည်။ စိတ်ထဲမှလည်း တိုးတိုးလေး ရွတ်ဆို လိုက်သည်။
"ဝိညာဉ်ဖွင့်မျက်လုံးအတတ်ကို အသုံးပြုပြီး နတ်ဘုရားဓားတော် စိတ်ကူးပုံဖော်မြေပုံကို အာရုံပြုမယ်။ ကျင့်ကြံမှုကို အခုပဲ စတင်မယ်..."
ခရမ်းရောင်နန်းဆောင်အဆင့်သို့ မည်သို့ရောက်ရမည်ကို သူတိတိကျကျ မသိသေးသော်လည်း နန်ဝူဓားဂိုဏ်း၏ ထူးကဲသော နှလုံးသားကျင့်စဉ်လမ်းစဉ်အတိုင်း စမ်းသပ်ကြည့်ရန် သူဆုံးဖြတ်လိုက်တော့သည်။
[သင်သည် အဝေးတစ်နေရာမှ ဆင်းရဲဒုက္ခပင်လယ်ပြင်ကို စိုက်ကြည့်နေသည်။ သင်၏ ဝိညာဉ်သည် ခန္ဓာကိုယ်ပြင်ပသို့ လွင့်ထွက်သွားပြီး ထိုပင်လယ်ပြင်သို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်]
[ပင်လယ်ကမ်းစပ်သို့ မရောက်မီမှာပင် ဆင်းရဲဒုက္ခပင်လယ်မှ တိုက်ခတ်လာသော ပင်လယ်လေပြင်းများက သင်၏ ဝိညာဉ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ သင့်စိတ်ထဲတွင် မူးဝေနောက်ကျိလာကာ သင့်နှင့်မသက်ဆိုင်သော အတွေးအာရုံပေါင်းစုံ အလုံးအရင်းနှင့် ဝငရောက်လာပြီးနောက် သင်သည် ရူးသွပ်သွားခဲ့ရသည်]
[ရင်းနှီးမြှုပ်နှံထားသော သက်တမ်းကို ပြန်လည်ရယူလိုက်သည်...]
စုန်ယန်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
"ဒါကြောင့်ကိုး..."
နန်ဝူဓားဂိုဏ်း၏ ဂိုဏ်းချုပ် ယွီလျော့ရှန်း တစ်ယောက် ခရမ်းရောင်နန်းဆောင်အဆင့်ရှိသူများသာ ဝင်ရောက်နိုင်သည့် တားမြစ်နယ်မြေအတွင်းသို့ ခိုးကြည့်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့်အရာမှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။
ထူးကဲသော နှလုံးသားကျင့်စဉ်က ကျင့်စဉ်တစ်ခု မဟုတ်သည်မှာ ထားပါဦး နတ်ဘုရားဓားတော် စိတ်ကူးပုံဖော်မြေပုံထဲရှိ နတ်ဘုရားဓားဆိုသည်မှာလည်း အစွန်းရောက်လှအောင် လွဲမှားနေသည်။
၎င်းမှာ ဓားတစ်လက် မဟုတ်ရုံတင်မကဘဲ အဆုံးအစမရှိသော ပင်လယ်ပြင်ကြီးတစ်ခု ဖြစ်နေသည်။
ဆင်းရဲဒုက္ခပင်လယ်….
ဤကမ္ဘာပြင်ပမှ ဆင်းရဲဒုက္ခပင်လယ်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုမှန်း သူအတိအကျ မသိသော်လည်း ဤအရာကို စိတ်ကူးပုံဖော်ကြည့်ရုံနှင့်ပင် ရူးသွပ်မသွားရန်မှာ အတော်လေး ခက်ခဲလှသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်လုံးလုံး ဓားဂိုဏ်းတွင် ခရမ်းရောင်နန်းဆောင်အဆင့် ပညာရှင်တစ်ဦးမျှ ပေါ်ထွက်မလာခြင်းမှာ မဆန်းတော့ချေ။ သူတို့အားလုံးမှာ ဘိုးဘေးများ၏ လှည့်စားခြင်းကို အကြီးအကျယ် ခံခဲ့ကြရခြင်းပင်။
ဒီလောက်အထိ အခြေအနေ ဆိုးနေပြီဆိုရင်...ရုပ်သေးဂိုဏ်းကရော ဘယ်လိုရှိနေမလဲ။
အခန်း။ ၁၈၀
အကြိမ်ကြိမ် အားထုတ်စမ်းသပ်ကြည့်ပြီးနောက်တွင်မူ နန်ဝူဓားဂိုဏ်း၏ ထူးကဲသော နှလုံးသားကျင့်စဉ်နှင့် နတ်ဘုရားဓားတော် စိတ်ကူးပုံဖော်မြေပုံတို့မှာ အနှစ်သာရကင်းမဲ့လှသော ရယ်စရာကိစ္စရပ်များသာဖြစ်သည်ဟု စုန်ယန်က မှတ်ချက်ပြုလိုက်သည်။
သို့သော် သူသည် ထိုအရာအားလုံးကို လုံးဝဥပေက္ခာပြု၍ ဖယ်ချလိုက်ခြင်းမျိုးတော့ မဟုတ်ပေ။
အကြောင်းမှာ ထိုကျင့်စဉ်များသည် ဟိုစပ်စပ် သည်စပ်စပ်ဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း ဝိညာဉ်ဖွင့်မျက်လုံး၊ ဆင်းရဲဒုက္ခပင်လယ်နှင့် ထူးကဲသော နှလုံးသားသည် ကျင့်ကြံမှုအတွင်း ဒုက္ခဝေဒနာကို ခံစားရမည်။ စိတ်ဝိညာဉ်သည် ကောင်းကင်နှင့် မြေကြီးနှင့် ဦးစွာ တစ်သားတည်း ဖြစ်ရမည်ဟူသော အချက်အလက်များမှာမူ အစစ်အမှန်များ ဖြစ်နေသောကြောင့်ပင်။ ဤအချက်များသည် ပထမဆုံးဂိုဏ်းချုပ် ယွီလျော့ရှန်း တစ်ယောက် ခရမ်းရောင်နန်းဆောင်အဆင့်နှင့် ပတ်သက်၍ အမှန်တကယ် ရရှိခဲ့သည့် အဖိုးတန်သတင်းစကားများ ဖြစ်သည်။
သို့ရာတွင် ယွီလျော့ရှန်း၌ ထိုအချက်အလက် အစအနအချို့သာ ရှိခဲ့သဖြင့် သူ့စိတ်ကူးဖြင့်သာ အဆင်ပြေအောင် ဖာထေးစပ်ဟပ်ကာ အမည်နာမများ ပေးခဲ့ခြင်းပင်။ ထိုမှတစ်ဆင့် နှစ်ပေါင်းတစ်ထောင်ကျော်ကာလအတွင်း ဓားဂိုဏ်းသားအဆက်ဆက်၏ ဖြည့်စွက်ပြင်ဆင်မှုများကြောင့်သာ ယခုကဲ့သို့သော ပုံသဏ္ဌာန်သို့ ရောက်ရှိလာခဲ့ခြင်းပင်။
ဤနေရာတွင် စုန်ယန်သည် သူ၏ ကျန်ရှိသက်တမ်းတာအိုအသီး၏ နောက်ထပ် အားသာချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်။ ၎င်းမှာ အရေးကြီးသော သတင်းအချက်အလက်များကို ပေးစွမ်းနိုင်ခြင်းပင်။
သူသည် မြေပုံပေါ်က မီးခိုးရောင်မျဉ်းမှာ ဓားတစ်လက်မဟုတ်ဘဲ ဆင်းရဲဒုက္ခပင်လယဖြစ်ကြောင်း ယခင်က မသိရှိခဲ့သော်လည်း ကျင့်ကြံမှုအခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်သည့်အခါတွင်မူ ထိုအမှန်တရားကို တိုက်ရိုက် သိရှိသွားခဲ့ရသည်။ ယခင်က သူစုပ်ယူခဲ့သော အမည်မသိသွေးမှာ ချန်ဝမ်ကျား၏ သွေးဖြစ်ကြောင်းကိုလည်း ဤနည်းဖြင့် သိရှိခဲ့ခြင်းပင်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်းက ဓားဂိုဏ်း၏ ပါရမီရှင်များသည်သာ ထိုနတ်ဘုရားဓားဆိုသည်မှာ ဆင်းရဲဒုက္ခပင်လယ်ဖြစ်ကြောင်း သိခဲ့ပါက ယခုကဲ့သို့ မိုက်မိုက်မဲမဲ ကျင့်ကြံနေကြမည် မဟုတ်ပေ။ အကြောင်းမှာ ထိုအရာသည် ဘေးအန္တရာယ်ကြီးမားလှကြောင်း အထင်အရှား သိသာနေသောကြောင့်ပင်။ ဤသည်မှာ သတင်းအချက်အလက် မှန်ကန်မှု၏ အရေးပါပုံပင်။ စကားလုံးတစ်လုံး အမှားအယွင်းမှာပင် ပျက်စီးခြင်းသို့ ဦးတည်သွားစေနိုင်သည်။
စုန်ယန်သည် ယခင်က ခရမ်းရောင်နန်းတော်အဆင့်တွင် ဟာကွက်တစ်ခုကို အသုံးချကာ ဆေးအဆိပ်သင့်မှုကို ရှောင်ရှားပြီး အနှစ်သာရသွေးကို ထုတ်ယူနိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုလည်း ဆင်းရဲဒုက္ခပင်လယ်တွင် ဟာကွက်တစ်ခုခု ရှိနိုင်မလားဟု အကြိမ်ပေါင်း တစ်ထောင်ခန့် ထပ်မံစမ်းသပ်ကြည့်ခဲ့သော်လည်း မည်သည့်ထူးခြားမှုမျှ မတွေ့ရှိခဲ့ပေ။
သို့သော် သူသည် လက်ဗလာနှင့် ပြန်လာခဲ့ခြင်းတော့ မဟုတ်ပေ။ အနည်းဆုံးတော့ သူသည် ဆင်းရဲဒုက္ခပင်လယ်၏ သဘောတရားကို နားလည်သွားခဲ့ပြီဖြစ်သည်။
"ဆင်းရဲဒုက္ခပင်လယ်မှ တိုက်ခတ်လာသော လေပြင်းများတွင် ကြောက်မက်ဖွယ်ကောင်းသော စွဲလမ်းမှုများကိန်းအောင်းနေသည်။ ထိုစွဲလမ်းမှုများနှင့် ထိတွေ့မိပါက ကျင့်ကြံသူ၏ ဝိညာဉ်
သည် အခြားသူများ၏ မေ့မရနိုင်သော ဘဝအတွေ့အကြုံများထဲသို့ ဆွဲနှစ်ခြင်း ခံရလိမ့်မည်"
အလွန်အမင်း ဝမ်းသာခြင်း၊ အလွန်အမင်း ဒေါသထွက်ခြင်း၊ အလွန်အမင်း ဝမ်းနည်းခြင်းနှင့် အလွန်အမင်း ပျော်ရွှင်ခြင်းစသည့် ဘဝ၏ အစွန်းရောက် ခံစားချက်ပေါင်းစုံကို ကိုယ်တိုင် ကြုံတွေ့ရသကဲ့သို့ ခံစားရစေသည်။ ထိုသို့သော အတွေ့အကြုံမျိုးကို တစ်ကြိမ်တစ်ခါ ကြုံတွေ့ရပါက သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်သေးသော်လည်း ဆယ်ကြိမ်၊ အကြိမ်တစ်ရာ သို့မဟုတ် အကြိမ်တစ်ထောင် ကြုံတွေ့ရပါကမူ မည်သူမျှ သူ၏ အသိစိတ်ကို ထိန်းထားနိုင်တော့မည်မဟုတ်ဘဲ ရူးသွပ်သွားရမည်မှာ အမှန်ပင်။
လမင်းသည် ကောင်းကင်အလယ်ဗဟိုမှ နိမ့်ဆင်းသွားပြီး လရောင်ခြည်များမှာ ကြွေကျနေသော သစ်ရွက်ခြောက်များအလား တောအုပ်အတွင်း ပျံ့ကျဲနေသည်။
စုန်ယန်သည် သစ်ပင်အိုကြီးကို မှီလျက် ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ကျင့်ကြံမှုနည်းလမ်းကို ရဲရဲဝံ့ဝံ့ ပြုပြင်ပြောင်းလဲလိုက်သည်။
"ဝိညာဉ်ဖွင့်မျက်လုံးအတတ်ကို အသုံးပြုပြီး ဆင်းရဲဒုက္ခပင်လယ်ကို စိတ်ကူးပုံဖော်မယ်။ အအေးကမ္ဘာငရဲလက်ပတ်နဲ့ ချန်ဝမ်ကျားသွေးထဲမှာ ရှိနေတဲ့ ခရမ်းရောင်နန်းတော်အဆင့်အောက် ဝိညာဉ်ပေါင်း ၂,၈၈၂ ကောင်ကို အကာအကွယ်အဖြစ် အသုံးချပြီး ကျင့်ကြံမှုကို စတင်မယ်..."
အကယ်၍ ကျင့်ကြံမှု အောင်မြင်ပါက ထိုဝိညာဉ်များမှာ လောင်စာအဖြစ် ကုန်ဆုံးသွားမည်
ဖြစ်ပြီး ကျရှုံးခဲ့ပါကမူ မည်သည့်အရာမျှ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ဤစည်းမျဉ်းကို စုန်ယန်သည် အကြိမ်ပေါင်းများစွာသော ဆင်ခြင်သုံးသပ်မှုများမှတစ်ဆင့် သိရှိထားပြီးဖြစ်သည်။
[သင်သည် ဝေးလံလှသော ဆင်းရဲဒုက္ခပင်လယ်ပြင်ကို စိုက်ကြည့်နေသည်။ သင်၏ ဝိညာဉ်သည် ခန္ဓာကိုယ်ပြင်ပသို့ ထွက်ခွာသွားသော်လည်း ဤတစ်ကြိမ်တွင်မူ သင့်နောက်၌ စုစုပေါင်း ဝိညာဉ်တပ်သားပေါင်း ၂,၈၈၂ ကောင် ပါရှိနေသည်]
[ပင်လယ်ကမ်းစပ်သို့ မရောက်မီမှာပင် ဆင်းရဲဒုက္ခပင်လယ်မှ လေပြင်းများက သင်၏ဝိညာဉ်ထံသို့ တိုးဝင်လာသည်။ သင့်ရှေ့မှ ဝိညာဉ်တပ်သားများသည် သင့်အတွက် ဒိုင်းသဖွယ် အကာအကွယ်ပေးရင်း တစ်ဦးပြီးတစ်ဦး လဲပြိုပျက်စီးသွားကြသည်]
[ခြောက်ရှိုက်စာ အချိန်အတွင်းမှာပင် ဝိညာဉ်တပ်သားအားလုံး ကုန်ဆုံးသွားသည်။ သင်သည် ထိုလေပြင်းများကို တိုက်ရိုက်ရင်ဆိုင်လိုက်ရပြီး သင့်နှင့်မသက်ဆိုင်သော အစွန်းရောက်သော စွဲလမ်းမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာသဖြင့် နောက်ဆုံးတွင် သင် ရူးသွပ်သွားခဲ့ရပြန်သည်]
[ကျန်ရှိသက်တမ်းကို ပြန်လည်ရယူလိုက်သည်...]
စုန်ယန်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး အတော်ကြာအောင် တိတ်ဆိတ်နေမိသည်။
"ဝိညာဉ်ပေါင်း သုံးထောင်နီးပါးက ခြောက်ရှိုက်စာအချိန်တောင် မခံဘူးလား"
သူသည် ဆင်းရဲဒုက္ခပင်လယ်၏ အနားသတ်မှာပင် များစွာခရီးမပေါက်ခဲ့ချေ။ ယခုအတိုင်းဆိုလျှင် ဤနည်းလမ်းမှာ မဖြစ်နိုင်သေးကြောင်း သူနားလည်လိုက်သည်။ သူသည် ဆက်လက်ကြိုးစားရန် စိတ်ကူးကို ခေတ္တမျှ ဘေးဖယ်ထားလိုက်သည်။
ပထမဆုံးအကြိမ် ကြိုးပမ်းမှုတွင်ပင် ဤမျှအထိ သိရှိလိုက်ရခြင်းမှာ သူ၏အတွက် ကျေနပ်
ဖွယ်ရလဒ်ပင်။ ဖျက်ဆီးခြင်းတောရိုင်းမြေတိုက်ပွဲအပြီးတွင် သူသည် ရုပ်သေးဂိုဏ်းချုပ်အဖြစ် မိစ္ဆာဂိုဏ်းချုပ်ဟောင်းများ၏ လျှို့ဝှက်မှတ်တမ်းများကို သွားရောက်ရှာဖွေမည်။
ထို့အပြင် နိုင်ငံသုံးခုအတွင်းရှိ အစွမ်းထက်သော တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အတွေ့အကြုံများကိုလည်း သူ လိုက်လံစုံစမ်းမည်ပင်။
ဤသို့ ဆုံးဖြတ်ပြီးနောက် စုန်ယန်သည် အားအင်များကို ပြန်လည်ဖြည့်တင်းရင်း ရှေ့တွင် စောင့်ကြိုနေသော တိုက်ပွဲအတွက် အာရုံစိုက်လိုက်သည်။ ဤတိုက်ပွဲသည် သူ၏ စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့သော်လည်း အလွန်ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။
ရန်သူသည် ပြင်ဆင်ထားပြီးဖြစ်သလို ပေါ့ဆမှုလည်း မရှိတော့ပေ။
ဆောင်းဦးပေါက်ကာလတွင် မြက်ရှည်များ ညှိုးနွမ်းခြောက်သွေ့နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုံးတိတုံးအောက် ဖြစ်နေသည်။ နယ်စပ်မြို့လေးတွင် အိမ်တိုင်းသည် တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြပြီး မီးစာများကို ငြှိမ်းသတ်ထားကြသည်။ မိစ္ဆာစုန်ဟူသော နာမည်ဆိုးမှာ ထိုဒေသအပေါ်တွင် အမှောင်ထုတစ်ခုအလား ဖုံးလွှမ်းနေသည်။ ကလေးငယ်များမှာ ညဘက်တွင် မငိုရဲကြတော့သလို သန်မာသော အမျိုးသားများပင် အပြင်မထွက်ရဲကြချေ။
သာမန်လူများမှာ ကျင့်ကြံခြင်းလောက၏ အစစ်အမှန်နှင့် အတုအယောင်ကို ခွဲခြားနိုင်စွမ်း မရှိကြပေ။ သူတို့သိသည်မှာ စုန်ယန်ဟူသော မိစ္ဆာကြီးသည် ကြေးခေါင်း၊ သံလက်ရုံးရှိပြီး ဦးခေါင်းသုံးလုံးနှင့် လက်ခြေခြောက်ဖက် ရှိသည်ဟူ၍သာ။ ထိုမိစ္ဆာသည် လူအရှင်
လတ်လတ်ကို စားရသည်ကို နှစ်သက်ပြီး ရုပ်ချောသော အမျိုးသား၊ အမျိုးသမီးများအဖြစ် အသွင်ပြောင်းကာ လူမိုက်များကို ဖြားယောင်းဖမ်းစားတတ်သည်ဟု ယုံကြည်နေကြသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်မှန်သမျှမှာလည်း မိစ္ဆာစုန်နှင့်သာ ဆက်စပ်နေတော့သည်။
ဖျက်ဆီးခြင်းတောရိုင်းမြေ၏ အဝင်ဝတွင် မြက်ရှည်များကြား၌ သစ်ပင်အိုကြီးတစ်ပင် ရှိသည်။ ထိုသစ်ပင်အောက်တွင် ဆူးချွန်ပါသော သံချပ်ကာကို ဝတ်ဆင်ထားသည့် ဧရာမအရိပ်ကြီးတစ်ခု ထိုင်နေသည်။ လရောင်အောက်တွင် သူ၏ ပခုံးပေါ်ရှိ ကြောက်မက်ဖွယကောင်းသော ဝံပုလွေခေါင်းမှာ ထင်ရှားနေသလို သူ၏ဘေးတွင်မူ ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော မြေခွေးတစ်ကောင် ထိုင်နေသည်။
ရုတ်တရက် ဝံပုလွေကြီးက မကျေမနပ်ဖြင့် မတ်တတ်ရပ်ကာ လှည့်ကြည့်ပြီး မေးလိုက်သည်။
"ဘာလို့ သူ့ကိုသွားရှာဖို့ တောင်ဘက်ကို မဆင်းတာလဲ ကြောက်လို့လား မဖြစ်နိုင်တာ..."
ပိုးထည်ဝတ်စုံနှင့် မြေခွေးက ပြန်ဖြေသည်။
"မမေးနဲ့... မမေးနဲ့... ဒါက ကြောက်တာမဟုတ်ဘူး၊ ဒီမှာ ဆက်နေဖို့ မလိုအပ်တော့လို့ပဲ"
"ဘာကို ဆိုလိုတာလဲ"
ဝံပုလွေကြီးက သူ၏အဖော်ဖြစ်သူ စကားဝှက်များဖြင့် ပြောနေသည်ကို အတော်လေး မကျေမနပ် ဖြစ်နေပုံပင်။
"ဒါက ဘိုးဘေးတွေရဲ့ အလိုဆန္ဒပဲ။"
"ဘိုးဘေးတွေ ရောက်လာတာလား"
ဝံပုလွေကြီးမှာ အံ့အားသင့်သွားပြီး "ဒီလောက်တောင် မြန်မြန်လား မဖြစ်နိုင်တာ..."
"ဟဲဟဲဟဲ..."
မြေခွေးက ခေါင်းညိတ်ခြင်းလည်းမပြု ခါခြင်းလည်းမရှိဘဲ ဆက်ပြောသည်။
"ငါတို့ မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်တွေ ပူးပေါင်းပြီး ချန်ဝမ်ကျားမျိုးနွယ်ကို ဖြုတ်ချနိုင်ခဲ့တာဟာ လျှို့ဝှက်ချက်တွေကြောင့်ပဲ။ အဲဒီအတွက် ဘိုးဘေးတွေက စည်းမျဉ်းတွေ ချမှတ်ခဲ့ပြီးသား။ အဲဒါက ဘာလဲဆိုတာ မင်း မှတ်မိသေးရဲ့လား"
ဝံပုလွေကြီး၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး "အပြင်ဘက်က အလုပ်တွေအတွက် ဝံပုလွေမျိုးနွယ်တွေကို တိုင်ပင်မနေနဲ့။ သူတို့ကို အများကြီးလည်း အသိမပေးနဲ့... ဟုတ်တယ်မလား"
ထိုသို့ပြောပြီးနောက် ဝံပုလွေကြီးမှာ တတွတ်တွတ် ရေရွတ်နေတော့သည်။ သို့သော်လည်း သူသည် မြေခွေးမိစ္ဆာနောက်သို့ လိုက်ပါကာ မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားရင်း မြက်တောကြီးအတွင်း၌ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
တစ်လကျော်ကြာအောင် ရှာဖွေခဲ့သော်လည်း စုန်ယန်သည် ဖျက်ဆီးခြင်းတောရိုင်းမြေတစ်ဝိုက်ရှိ မြို့ရွာများတွင် မြေခွေးမိစ္ဆာနှင့် ဝံပုလွေမိစ္ဆာတို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရတော့ပေ။ ထို့ပြင် သူတို့၏ ရာဇဝတ်မှုကျူးလွန်မှုများမှာလည်း လုံးဝရပ်တန့်သွားခဲ့ပြီဖြစ်သည်။ စုန်ယန်သည် အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်သော်လည်း နူးညံ့သော ဂွမ်းပုံကြီးကို ထိုးမိသကဲ့သို့ အရာမထင် ဖြစ်ခဲ့ရသည်။
စုန်ယန်သည် သွေးအဘွားအိုနှင့် စစ်သူကြီးကုတို့ကို ဆင့်ခေါ်စစ်ဆေးကြည့်သောအခါ မြောက်ဘက်ဒေသမှ မြေခွေးနှင့် ဝံပုလွေတို့သည် သူက အဘွားအိုနှင့် စစ်သူကြီးကို သတ်လိုက်ရုံမျှဖြင့် ထွက်ပြေးသွားမည့်သူများ မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ အဘယ်ကြောင့် ထွက်ပြေးသွားသည်ကိုမူ မည်သူမျှ တိတိကျကျ မခန့်မှန်းနိုင်သော်လည်း စုန်ယန် ပေါ့ဆသွားမည့်အချိန်ကို စောင့်ဆိုင်း၍ အသေသတ်ရန် ပုန်းအောင်းနေခြင်းသာ ဖြစ်နိုင်ပေသည်။ စုန်ယန်သည် ထိုမိစ္ဆာနှစ်ကောင် မည်သည့်နေရာသို့ ရောက်သွားသည်ကို အသေအချာမသိသော်လည်း ဤနေရာ၌ အချိန်ထပ်မပေးနိုင်တော့သဖြင့် သတိဝီရိယဖြင့်သာ ရုပ်သေးဂိုဏ်းသို့ အမြန်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
လမ်းခရီးတွင် မမျှော်လင့်သော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ သူသည် ယခင်က သူ၏ကျင့်ကြံဖော်အဖြစ် စတင်ပတ်သက်ခဲ့ဖူးသော အမျိုးသမီး ချိုးလျန်ယွဲ့နှင့် ဆုံတွေ့ခဲ့ခြင်းပင်။ သူမ၏ ကုန်သည်အဖွဲ့မှာ ကျင်းနိုင်ငံစစ်တပ်၏ ဝိုင်းရံခြင်းကို ခံနေရသည်။ ကျင်းစစ်သည်များက ကုန်သည်အဖွဲ့တွင် ဝုနိုင်ငံ၏ စာရွက်စာတမ်းများကို တွေ့ရှိသဖြင့် တိုက်ရိုက်လုယက်ရန် ပြင်ဆင်နေကြသည်။ ထိုအရေးပေါ်အခြေအနေတွင် ချိုးလျန်ယွဲ့က “ရုပ်သေးဂိုဏ်းချုပ် စုန်ယန်က ငါ့လူပဲ။ ဘယ်သူက ငါ့ကို ထိရဲလဲ" ဟု အော်ဟစ်လိုက်သော်လည်း ကျင်းစစ်သည်များက သူမကို ရယ်စရာတစ်ခုလိုသာ သဘောထားခဲ့ကြသည်။
ရုပ်သေးဂိုဏ်း၏ အရှင်သခင် အပြောင်းအလဲမှာ ကျင်းနိုင်ငံအတွက် ကောင်းကင်ပြိုသကဲ့သို့ အရေးကြီးသော ဖြစ်ရပ်တစ်ခု ဖြစ်သဖြင့် စုန်ယန်ဟူသော အမည်မှာ စစ်သည်များနှင့် ဝန်ကြီးများ၏ စိတ်ထဲတွင် ဘုရင်ထက်ပင် ပိုမိုမြင့်မားကာ မည်သူမျှ မထိရဲသော တည်ရှိမှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ သို့သော် စုန်ယန်သည် လူကိုယ်တိုင် ထွက်မလာဘဲ အဝေးမှနေ၍ မိစ္ဆာအရှိန်အဝါပါသော ရုပ်သေးဂိုဏ်း တံဆိပ်ပြားတစ်ခုနှင့် ခေါင်းနှစ်လုံး ဝံပုလွေ အရိပ်ရုပ်သေးတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုတံဆိပ်ပြားနှင့် ရုပ်သေးမှာ ချိုးလျန်ယွဲ့၏ ရှေ့မှောက်တွင် တိတ်တဆိတ် ပေါ်လာပြီး လမ်းကို ပိတ်ဆို့ထားလိုက်သည်။
သာမန်စစ်သည်များက သတိမထားမိသော်လည်း စစ်ဗိုလ်ဖြစ်သူကမူ တံဆိပ်ပြားပေါ်ရှိ မိစ္ဆာစွမ်းအင်နှင့် ရုပ်သေးဟူသော စာလုံးကို မြင်သည်နှင့် တစ်ပြိုင်နက် အခြေအနေကို သဘောပေါက်သွားတော့သည်။ သူသည် စစ်သည်များကို ဆက်မတိုးရန် တားမြစ်လိုက်ပြီး ချိုးလျန်ယွဲ့ကို ရိုသေစွာဖြင့် "ဒါတွေက နားလည်မှုလွဲတာပါ" ဟု ပြောကာ စစ်တပ်ကို ပြန်လည်ဆုတ်ခွာစေခဲ့သည်။
တံဆိပ်ပြားနှင့် ရုပ်သေးပေါ်ရှိ မိစ္ဆာစွမ်းအင်များ ပျောက်ကွယ်သွားသောအခါ ချိုးလျန်ယွဲ့သည် သူတို့ကို ကောက်ယူကြည့်ရှုရင်း နန်ကျူးတောင်ထိပ်ရှိ ဂူဗိမာန်အတွင်း ထိုအမျိုးသားအတွက် ရုပ်သေးများ လုပ်ပေးခဲ့ရသည့် အတိတ်ကာလများကို ပြန်လည်အောက်မေ့သွားခဲ့သည်။ သူမသည် "ဂိုဏ်းချုပ်စုန် ဂိုဏ်းချုပ်စုန်" ဟု ကောင်းကင်သို့ အော်ဟစ်ခေါ်ဆိုသော်လည်း မည်
သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။ သူမ၏ အခြွေအရံများမှာမူ မိစ္ဆာစုန်ဟူသော အမည်ကို ကြားရုံနှင့်ပင် ကြောက်လန့်တုန်ရင်နေကြတော့သည်။
စုန်ယန်သည် လူကိုယ်တိုင် ထွက်မပြဘဲ တိတ်တဆိတ်သာ ထွက်ခွာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားများ တိုက်ခိုက်လျှင် သာမန်လူများ ဒုက္ခရောက်တတ်သည်ဟူသော စကားအတိုင်း သူနှင့် ထပ်မံပတ်သက်မိခြင်းမှာ သူမအတွက် ဘေးဒုက္ခများသာ သယ်ဆောင်လာနိုင်သောကြောင့်ပင်။ အမည်မပါသော ရုပ်သေးဂိုဏ်း တံဆိပ်ပြားတစ်ခုမှာ သူမအား လူ့လောကအတွင်း ဘေးကင်းစွာ သွားလာနိုင်ရန် လုံလောက်သော အကာအကွယ် ဖြစ်စေမည်ဖြစ်ပြီး အရိပ်ရုပ်သေးမှာမူ အမှတ်တရတစ်ခုအဖြစ်သာ ကျန်ရစ်ပေလိမ့်မည်။
ချိုးလျန်ယွဲ့သည် တံဆိပ်ပြားနှင့် ရုပ်သေးကို တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။ သူမ၏ အစေခံမလေးက "သခင်မ... တကယ်ပဲ အဲဒီ... မိစ္ဆာစုန်နဲ့ ပတ်သက်နေတာလား" ဟု တိုးတိုးလေး မေးမြန်းလာသည်။ ချိုးလျန်ယွဲ့သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလျက် ဖြေလိုက်သည်။
"အရင်က ရုပ်သေးဂိုဏ်းမှာ အစေခံလုပ်ခဲ့တုန်းက ဆူပူသောင်းကျန်းမှုတွေကြားမှာ ပစ္စည်းတချို့ ယူပြီး ထွက်ပြေးလာခဲ့တာ။ အခုလို အသုံးဝင်လာမယ်လို့ မထင်ထားမိဘူး။ ကျင်းစစ်တပ်ကို ကြောက်သွားအောင် အဲဒီနာမည်ကို အသုံးချလိုက်ရုံတင်ပါ။ ငါလို လူသားတစ်ယောက်က အဲဒီလို မသေမျိုး အရှင်သခင်တစ်ယောက်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ"