အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
အခန်း-(၂၁၄)
ကုရှကျယ်က ခေါင်းကိုယမ်းရင်း "ကျွန်တော်အသက်ကို ကယ်ခဲ့တဲ့အတွက် ကပ္ပတိန်ဝေကို ရေလျှော့ဈေးနဲ့ရောင်းခဲ့တာ"
ခေတ္တတိတ်ဆိတ်သွားပြီးနောက် ဗိုလ်မှူးကြီးက “ဒါဆို မင်းဘယ်လောက်လိုချင်လဲ” လို့မေးတယ်။
"ဗိုလ်မှူးကြီးကလူတိုင်းကိုကူညီဖို့ရေဝယ်ချင်တာကြောင့် ကျွန်တော်ကလျှော့စျေးနဲ့ပေးပါ့မယ်။ ရေတစ်လီတာမှာ အမြုတေ တစ်ခု" ဟု ကုရှကျယ်က ကော်ဖီကို နောက်တစ်ခေါက်မသောက်မီတွင် ပြောလိုက်တယ်။
သူ ထိုစကားကိုပြောပြီးသည်နှင့် တပ်မတော်သား အများအပြားက မျက်မှောင်ကြုတ်သွားကြတယ်။ သူတို့ထဲက တစ်ယောက်က “ရဲဘော်၊ အရေးပေါ်ကာလမှာ ငါတို့ အတူတူ အလုပ် လုပ်သင့်တယ်။ ဒီလောက်ကြီးတဲ့ ဈေးကို ဘယ်လိုလုပ်ပြီး တောင်းနိုင်ရတာလဲ”
ကုရှကျယ်က ကော်ဖီကိုအရင် ပြီးအောင် သောက်ပြီး "ဆရာ ကျွန်တော်က စွမ်းရည်အသုံးပြုသူ ဖြစ်ပေမယ့်လည်း ရေအများကြီးပေးရတာက မလွယ်ဘူး။ ကျွန်တော့်ရဲ့ စွမ်းအင်ကို အလွန်အကျွံသုံးစွဲတာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ နာကျင်တာ၊ မူးဝေတာနဲ့ ခေါင်းကိုက်ခြင်းတွေကို ဖြစ်စေတယ်။ လူကောင်းတစ်ယောက်အဖြစ် ချီးကျူးခံရရုံနဲ့ ဒုက္ခအရောက်ခံမှာတော့ မဟုတ်ဘူး"
"ကျွန်တော်ရဲ့စျေးနှုန်းကို ပြောပြပြီးပြီ။ လက်ခံရင် ဒီဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ မဟုတ်ရင်တော့ အဲဒါကို မေ့ထားလို့လည်းရတယ်။ကျွန်တော်ကတော့ တခြားသူတွေကို ရေအမြဲရောင်းလို့ရတယ်"
ပြီးဒါနဲ့ သူကမတ်တပ်ထရပ်ပြီး “ဗိုလ်မှူးကြီး၊ ဒီနေ့ ကျွန်တော်နဲ့ အဖော်ကို ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မနက်ဖြန်မှာ ထွက်သွားတော့မှာမို့ ရေဝယ်ချင်ရင်တော့ မကြာခင်မှာပဲ ဆုံးဖြတ်ချက်ကို ချရလိမ့်မယ်”
ထွက်ခွာမသွားမီတွင် ပိုင်ရီကျီးနှင့် ဝေယင်းတို့ကို တစ်ချက်ကြည့်လိုက်တယ်။
သူတို့ထွက်သွားပြီးနောက်မှာပဲ ချူကျိမြောင်က သူမ အကူအညီပေးနိုင်တာကို ပြောချင်တယ်။ သို့သော် သူမ စကားတစ်ခွန်းမှ မပြောမီတွင်ပဲ လီယောင်က သူမရဲ့လက်ကို စားပွဲအောက်မှ ဆုပ်ကိုင်ကာ ခေါင်းယမ်းပြတယ်။ ဒါကိုမြင်တော့ သူမရဲ့စကားတွေကို မျိုချလိုက်ပြီး ငြိမ်သက်နေလိုက်တယ်။
ပိုင်ရီကျီးက ကော်ဖီက်ိုသောက်ပြီးတာနဲ့ "ဗိုလ်မှူးကြီးမှာ လုပ်စရာတွေရှိနေသေးတော့ ကျွန်တော်တို့အဖွဲ့ကပဲ အရင်သွား တော့မယ်။ အစားအသောက်အတွက် ကျေးဇူးတင်ပါတယ်"
ပြောပြီး မတ်တပ်ရပ်ကာ ထွက်သွားတာနဲ့ သူ့အဖွဲ့ကလည်း လိုက်လာတယ်။ ဒါကိုမြင်တော့ ဝေယင်းကလည်း စစ်ဘက်အရာရှိများစွာနဲ့အတူရုံးခန်းထဲက ထွက်လာတယ်။
ဆယ်မိနစ်အကြာတွင်တော့ ဗိုလ်မှူးကြီးနှင့် သူ့လက်အောက်ငယ်သားများသာ အခန်းထဲတွင် ကျန်ခဲ့ တော့သည်။ တိတ်ဆိတ်နေကြပြီးနောက်မှ "လူတိုင်းပဲ ငါတို့ ဘာလုပ်သင့်တယ်ထင်လဲ" ဗိုလ်မှူးကြီးက ရုတ်တရက် မေးလိုက်တယ်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ သူတို့ထဲကတစ်ယောက်က “ဗိုလ်မှူးကြီး၊ စခန်းက လက်ရှိပေါက်ဈေးနဲ့ယှဉ်ရင် ဈေးနှုန်းက မြင့်နေပေမယ့် ရေပြန်ရောင်းလို့ အမြတ်ကျန်သေးတယ်”
နောက်တစ်ယောက်ကလည်း "ဗိုလ်မှူးကြီး၊ မနက်ဖြန်ကြရင် သူတို့က ထွက်သွားတော့မှာ ကျွန်တော်တို့က ဒီအခွင့်အရေးကို တတ်နိုင်သလောက် ရအောင်ယူရမယ်။ ကျင်းဝူမြို့က လူတွေ နှစ်ရက်အကြာမှာရောက်လာရင် ကျွန်တော်တို့မှာ ရောင်းဖို့ ရေတွေအဆင်သင့်ရှိရမယ်။ အဲဒီအခါမှာမှ ကျွန်တော်တို့ ဈေးတင်နိုင်သလို တခြားပစ္စည်းတွေနဲ့လည်း လဲလှယ်လို့ရတယ်"
သူတို့ရဲ့အကြံပြုချက်တွေကို ကြားတော့ ဗိုလ်မှူးကြီးက အတွေးထဲ နစ်သွားခဲ့တယ် “ကောင်းပြီ၊ မင်းတို့အကြံပြုတဲ့အတိုင်း ငါတို့ဆက်လုပ်မယ်။ အနည်းဆုံး ရေ ၅၀၀၀၀ လီတာလိုတယ်။ ဖြစ်နိုင်ရင် ပိုယူခဲ့” ဟုပြောသည်။
သူ့ရဲ့စကားက အခန်းထဲရှိလူအားလုံးကို အံ့အားသင့်စေခဲ့သည်။ ခဏကြာတော့မှ သူတို့ထဲက တစ်ယောက်ကပြောလာတယ် "ဗိုလ်မှူးကြီး၊ ကျွန်တော်တို့မှာက အမြုတေတွေ ဒီလောက်အများကြီးမရှိမှာကို ကြောက်တယ်"
ဗိုလ်မှူးကြီးက ပြတ်ပြတ်သားသား တစ်ချက်ကြည့်လိုက်ပြီး "ရေအရင်ယူလိုက်။ ငါတို့ရပြီးပြီဆိုရင် ငွေပေးချေရမယ့်နည်းလမ်းက ရှိလာလိမ့်မယ်"
ဗိုလ်မှူးကြီးက ဘယ်လိုငွေပေးချေမှုမျိုးကို ဆိုလိုသည်ကို နားလည်သဖြင့် သူတို့ နှုတ်ဆိတ်သွားကြတယ်။
ဗိုလ်မှူးကြီးက သူ့လက်ကိုဝှေ့ယမ်းပြီး “အစည်းအဝေး ရွှေ့လိုက်ပြီ”
အခန်းထဲက မထွက်ခင်မှာ အရင်ဆုံး တပ်မတော်သားတွေက မတ်တပ်ရပ်ပြီး အလေးပြုကြတယ်။
ထိုအချိန်တွင် ရုံးခန်းမှထွက်လာပြီးနောက်တွင် ပိုင်ရီကျီး နှင့် သူ့အဖွဲ့ဟာ စခန်းအနှံ့ လမ်းလျှောက်ထွက်ခဲ့သည်။ သူတို့ လမ်းလျှောက်လာရင်းမှာ ချူကျိမြောင်က ရုတ်တရက် မေးလိုက်တယ် "လီယောင် နင်က ဘာလို့ ငါ့ကိုတားတာလဲ"
ပြန်မဖြေခင်မှာ လီယောင်က ဟန်ကျီယင်းကို ဖျတ်ခနဲကြည့်လိုက်ပြီး "ဒီကိစ္စမှာ မင်းကိုယ်တိုင် ဝင်ပတ်သက်ဖို့က မသင့်တော်ဘူး။ မင်းရဲ့အကူအညီရဖိူ့အတွက် သူတို့က မင်းကို တွယ်ကပ်ပြီး အမြဲတောင်းဆိုနေရင် မင်းဘာလုပ်မှာလဲ"
ချူကျိမြောင်က မျက်မှောင်ကြုတ်ကာ "သူတို့က စစ်သားတွေပဲ။ သူတို့ကတော့ ဒီလောက်ထိ အရှက်မရှိတာမျိူး မလုပ် လောက်ဘူး မဟုတ်လား"
" မြောင်မြောင်၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ဖြစ်ပျက်ခဲ့တာ တွေကို မင်းမြင်ပြီးပြီ။ မသေရဖို့ဆိုရင် မိဘတွေက သူတို့ရဲ့သမီးတွေကို ဘီစကွတ်တစ်ဗူးနဲ့ ရေတစ်ပုလင်းအတွက်တောင် ရောင်းစားခဲ့တယ်။ လက်ရှိအခြေအနေနဲ့ဆို နိရောဓတရားစံနှုန်းတွေကို မင်းကျင့်သုံးလို့မရဘူး" ဟု လီယောင် က ရှင်းပြတယ်။
"ဒါပေမယ့် စစ်သားတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ"
သူမ စကားမပြီးခင်မှာပဲ လီယောင်က သူမကို စကားဖြတ်လိုက်တယ် " မြောင်မြောင်၊ မင်းပြောချင်တာကို ငါကောင်းကောင်းသိတယ်။ ဒါပေမယ့် တခြားသူတွေကို ကူညီချင်တယ်ဆိုရင် အရင်ဆုံး မင်းမှာလုပ်နိုင်စွမ်းရှိရမယ်"
"လူတစ်ယောက်ကို ကူညီနိုင်ပေမယ့် ကျန်တဲ့လူတွေကို မကူညီပေးနိုင်ရင် မင်းရဲ့ကန့်သတ်ချက်တွေကို နားလည်ပေးမယ့်အစား တစ်ချို့က မကူညီတဲ့အတွက် မင်းကိုပဲ မကောင်းမြင်နေနိုင်တယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ထက် ကိုယ့်ရဲ့အသက်ရှင်ရေးကိုပဲ အရင်စဉ်းစားရမယ်"
ခေတ္တနားပြီးနောက် ချူကျိမြောင်ကမေးလိုက်တယ် "ဒါကြောင့် စီနီယာကုက ရေကို အလကားပေးမယ့်အစား အမြုတေ တောင်းတာလား"
လီယောင်က ခေါင်းညိတ်ပြီး ပြန်ပြောတယ် "ရေရောင်းတာနဲ့ ပေးကမ်းတာချင်းက မတူဘူး။ မင်းကသာ ရောင်းရင် ပစ္စည်းတွေ ဒါမှမဟုတ် အမြုတေ မရှိတဲ့သူတွေက မင်းကို ဒုက္ခမပေးရဲတော့ဘူး။ ဒီလိုအချိန်မျိုးမှာ အလကားရယ့် စားစရာနဲ့ ရေကို ဘယ်သူကမှ မမျှော်လင့်နိုင်ပါဘူး"
ချူကျိမြောင်က ခေါင်းညိတ်ပြပြီး အကြာကြီးစဉ်းစားလိုက်တယ် "လီယောင် ၊ ငါနားလည်ပြီ"
ဒါကိုကြားတော့ လီယောင်က သူမရဲ့ဆံပင်ကို သပ်ရပ်အောင် ပြင်ပေးပြီး "ဒါက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုဖြစ်ပေမယ့်၊ ငါတို့ရဲ့အဓိကအချက်ကို ဆုပ်ကိုင်ထားဖို့က လိုပါသေးတယ်။ သူငယ်ချင်းတွေနဲ့ မိသားစုအပေါ်မှာသစ္စာစောင့်သိပြီး ပြန်ပေးဆပ်ရမယ့် အရာတွေကို ငါတို့ ဘယ်တော့မှ မမေ့သင့်ဘူး"
သူစကားပြောနေစဉ်မှာပဲ သူ့အကြည့်က ဟန်ကျီယင်းဆီသို့ ရွေ့သွားပြီး တစ်ဖက်လူရဲ့ မျက်လုံးများထဲက ထိတ်လန့်တုန်လှုပ်သွားတာကို သတိပြုမိလိုက်သည်။
စခန်းအတွင်းမှာ လှည့်ပတ်ကြည့်ရှုလို့ပြီးတာနဲ့ အဖွဲ့ဟာ သူတို့ရဲ့ ကိစ္စများကိုဆောင်ရွက်ရန်အတွက် အခန်းများသို့ ပြန်ခဲ့ကြသည်။ မနက်ဖြန်ကြရင် စခန်းက ထွက်သွားတော့မှာဖြစ်ပြီး ပြင်ဆင်မှုတွေက လုပ်နေတုန်းပါပဲ။
တစ်ချိန်တည်းမှာပင် စစ်ဘက်အရာရှိအများအပြားဟာလည်း ကုရှကျယ်ဆီသို့ ရောက်လာခဲ့ကြသည်။
ဧည့်ခန်းထဲတွင် ထိုင်နေသော သူတို့ထဲမှ တစ်ယောက်က "ရဲဘော်ကု မင်းတောင်းဆြိတဲ့ စျေးနှုန်းကို ငါတို့လက်ခံတယ်။ မနက်ဖြန် နောက်ဆုံးထားပြီး အနည်းဆုံး ရေလီတာ ၅၀၀၀၀ လိုတယ်။မင်း အဲဒါကို လက်ခံနိုင်လား"
ကုရှကျယ်က ခေါင်းမညိတ်ပြမီတွင် အတိုချုံးတွက်ချက်ပြီး "ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ရေမပေးရခင် ငွေ ကြိုပေးစေချင်ပါတယ်"လို့ ပြောလိုက်တယ်။
အရာရှိများက သူ့စကားကြောင့်အံ့အားသင့်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။
အခန်း-(၂၁၅)
ခဏလောက် ငြိမ်သက်သွားပြီးနောက်မှ စစ်အရာရှိတစ်ဦးကပြောတယ် "ရဲဘော်ကု ငါတို့မှာ အမြုတေတွေစုဆောင်းဖို့အတွက် အချိန်လိုတယ်၊ ဒါပေမယ့် ငါတို့မှာက အခုကို ရေအရေးတကြီး လိုအပ်နေတယ်။ မင်းအနေနဲ့ ရေကို အရင်ပေးလို့ရမလား ၊ ငါတို့မှာ အမြုတေတွေရပြီဆိုတာနဲ့ ငါတို့မင်းဆီကို ချက်ချင်းပို့ပေးမယ်"
သူ့စကားကိုကြားတော့ ကုရှကျယ်က ရယ်မောပြီး "ရဲဘော်၊ ကျွန်တော်တို့က အချင်းချင်းမသိကြဘူး၊ ဒါကြောင့် ကျွန်တော်က မင်းကို လွယ်လွယ်နဲ့မယုံနိုင်ပါဘူး၊ မင်းတို့ကို ရေပေးလိုက်ပြီးတာနဲ့ မင်းတို့ကဆပ်ဖို့ ငြင်းရင် ဘယ်လိုလုပ်မလဲ"
“ဒီစခန်းကို ချုပ်ကိုင်ထားသူတွေအနေနဲ့ မင်းတို့ရဲ့စကားကို ပြန်ပြင်ဖို့က လွယ်လိမ့်မယ်။ဒါပေမယ့် မင်းတို့ကသာ ကျွန်တော်ကို ကြိုပေးထားရင် မင်းတို့ရဲ့လူတွေနဲ့ ပြည့်နေတာမို့ ဒီစခန်းက ကျွန်တော်ပြေးလို့မရဘူး"
သူက ခပ်ဖျော့ဖျော့ပြုံးပြီး "ဒါလိုမျိူး မင်းတို့ကသာ အရင်ပေးချေလိုက်ရင် ငါတို့နှစ်ဖက်လုံးအတွက် ပိုမကောင်းသွားဘူးလား"
အရာရှိများရဲ့ စိတ်မသက်မသာဖြစ်နေတဲ့ အမူအရာများကို ကြည့်ရင်း သူက အသံအေးလေးနဲ့ဆက်ပြောလိုက်တယ် "ဒါမှမဟုတ် ဗိုလ်မှူးကြီးက ငါ့ကို အခပေးချေဖို့ လုံးဝမရည်ရွယ်ထားဘဲ ငါ့ကို လှည့်စားဖို့ ကြံနေတာများလား"
သူပြောပြီးတာနှင့် သတ်ပစ်ရန်ရည်ရွယ်ချက်က သူ့မျက်လုံးထဲတွင် တောက်ပလာပြီး လေထုက တင်းမာလာတယ်။
သူ့အနားတွင်ရှိနေတဲ့ ရုန်မိုအာကတော့ သူမရဲ့လက်ကို မြှောက်လိုက်တာနဲ့ သူမရဲ့လက်ဖဝါးပေါ်တွင် မီးလုံးကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူမရဲ့မက်ဆေ့ချ်က ရှင်းပါတယ်။ သူ့ရည်းစားကို လှည့်စားဖို့ သတ္တိရှိရင် မီးရှို့ပစ်မှာဆိုတာပဲ။
အခန်းတွင်းက အပူချိန်မြင့်တက်လာတော့ အရာရှိများရဲ့ နဖူးနှင့် ကျောတို့တွင် ချွေးအေးများ စိမ့်ထွက်လာသည်။ သူတို့ရဲ့ ရာထူးက ဘယ်လောက်ပဲ မြင့်နေပါစေ၊ သူတို့က သာမန်လူတွေပဲလေ။ စွမ်းရည်အသုံးပြုသူများရဲ့ မျက်နှာ အရှေ့တွင် သူတို့ ပေါ့ပေါ့ဆဆ ပြုမူဝံ့ခြင်းမရှိပေ။
အခြေအနေတွေက ထိန်းမနိုင်သိမ်းမရဖြစ်သွားမှာကို ကြောက်လို့ အရာရှိတစ်ယောက်ကဝင်ဖျောင်းဖျတယ် "ရဲဘော်ကု အဲဒါက နားလည်မှုလွဲနေတာပါ စိတ်အေးအေးထားပါ"
ကုရှကျယ်က မျက်ခုံးပင့်ကာ "တကယ် နားလည်မှုလွဲနေတာလား" လို့ မေးလိုက်တယ်။ အရာရှိက ခေါင်းညိတ်ပြပြီး "ရဲဘော်ကု ငါတို့က အမြုတေတွေကို တတ်နိုင်သမျှအမြန်ဆုံး ပို့ပေးမယ်။ ကျေးဇူးပြုပြီးဒီကြားထဲမှာတော့ အနားယူပြီး မင်းရဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ထားပါ"
ရုန်မိုအာက ကုရှကျယ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သောအခါမှသာ သူမရဲ့ မီးလုံးအား ငြိမ်းစေလိုက်သည်။ အရာရှိများသည် ထိုအခါမှသာ သက်တောင့်သက်သာဖြင့် အသက်ရှူထုတ်ကာ ချွေးများကို သုတ်လိုက်သည်။
"ဒါဆို ငါစောင့်မယ်" ကုရှကျယ်က ပေါ့ပေါ့ပါးပါးပဲ့ ပြောလိုက်တယ်။
အရာရှိများက လျင်မြန်စွာ ခေါင်းညိတ်ကာ ခပ်ကျယ်ကျယ် ခြေလှမ်းများဖြင့် ထွက်ခွာသွားကြသည်။ သူတို့ ထွက်သွားပြီးနောက်မှာပဲ အခြားအခန်းများတွင် တည်းခိုနေသော အခြားစွမ်းရည်အသုံးပြုသူ အများအပြား ရောက်လာသည်။ သူတို့ထဲက တစ်ယောက်က “အစ်ကို၊ မင်းက ရေအမျိုးအစား စွမ်းရည်အသုံးပြုသူလား” ဟု မေးသည်။
ကုရှကျယ်က ခေါင်းညိတ်ပြီး "ဘာဖြစ်လို့လဲ"
" ကျွန်မတို့ကို ရေရောင်းပေးနိုင်မလား" အမျိုးသမီးငယ်တစ်ယောက်က မေးတယ်။
"ပြဿနာမရှိပါဘူး။ တစ်လီတာကို အမြုတေတစ်ခု" ဟုသူပြန်ဖြေသည်။
"အစ်ကို ၊ ကျွန်တော်တို့မှာက အမြုတေတွေအများကြီး မရှိဘူး၊ တခြားပစ္စည်းတွေနဲ့ ပေးလို့ရလား" လူတစ်ယောက်က မေးတယ်။
ကုရှကျယ်က ခဏလောက်စဉ်းစားပြီး "ပစ္စည်းလေးတွေ အရင်ပြပါဦး။ ပြီးမှ ဈေးနှုန်းအကြောင်းပြောမယ်"
တခြားသူတွေက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြပြီး သူတို့ပစ္စည်းတွေ ယူဖို့သွားကြတယ်။ များမကြာမီတွင်ပဲ ရိက္ခာများစွာကိုထုပ်ပိုးပြီး ဧည့်ခန်းထဲကို ဝင်ရောက်လာခဲ့ကြသည်။
"မိုအာ၊ သွားပြီး မင်းလိုအပ်တာတစ်ခုခုရှိမရှိကို ကြည့်လိုက်" ဟု ကုရှကျယ်က ပြောတယ်။
ရုန်မိုအာက ပစ္စည်းများကို ကြည့်ရှုလိုက်ပြီး သန့်ရှင်းရေးသုံး Pad နှစ်ထုပ်၊ အကိုက်အခဲပျောက်ဆေးတစ်ထုပ်နှင့် အမျိုးသမီးငယ်ရဲ့ ပစ္စည်းအပုံထံမှ အမျိုးသမီးအတွင်းခံတစ်ထည်ကို ရွေးချယ်ခဲ့သည်။
နောက်တော့ လူငယ်ရဲ့ပစ္စည်းများထဲမှ ခေါင်းလျှော်ရည်တစ်ပုလင်းနှင့် တစ်ကိုယ်ရေသုံးဆေးရည်တစ်ပုလင်းကို ယူခဲ့သည်။ လက်ကျန်ပစ္စည်းများမှလည်း ယောက်ျားရော မိန်းမအတွက်ပါ အဝတ်အစားတစ်ထည်ကို ရွေးထုတ်လိုက်သည်။
ကုရှကျယ်က ပစ္စည်းတွေကို ကြည့်လိုက်ပြီး "မင်းရဲ့ ရေဗူးကို ယူခဲ့" လို့ပြောလိုက်တယ်။
"ကောင်းပြီ"
မိနစ်အနည်းငယ်အကြာတွင် အမျိုးသမီးငယ်က ဂါလံအလွတ် နှစ်ဗူးနဲ့ ပြန်လာပြီး "အစ်ကို ၊ မင်းရည်းစားက ဆေးနဲ့ လစဉ်သုံးပစ္စည်းတွေ ယူသွားတယ်။ အဲဒါတွေအတွက် ရေနှစ်ဂါလံ ရနိုင်မလား"
ကုရှကျယ်က ခေါင်းညိတ်ပြီး "ငါ မင်းကို လေးဂါလံပေးမယ်။ ဆေးက ရှာရခက်တယ်"
အမျိုးသမီးငယ်ရဲ့ မျက်လုံးများက တောက်ပလာကာ နောက်ထပ် ဂါလံလွတ် ဗူးနှစ်ဗူး ထပ်ယူရန် အမြန်ပြေးသွားခဲ့သည်။ သူ့ရဲ့စေတနာကိုမြင်တော့ ယောက်ျားတွေကလည်း အပိုထည့်ဖို့ ဗူးတွေကို အမြန်ရှာကြတယ်။ ကုရှကျယ် ၎င်းတို့အား ရေနှစ်ဂါလံစီ အပိုပေးခဲ့သည်။
အရောင်းအ၀ယ်တွေ ပြီးသွားတဲ့အခါမှာတော့ "ဒီနေ့အတွက် အားကုန်သွားပါပြီ။ ရေထပ်မရောင်းတော့ပါဘူး" လို့ ကြေငြာခဲ့တယ်။
ရေအမျိုးအစား စွမ်းရည်အသုံးပြုသူအများစုက တစ်နေ့လျှင် ငါးဂါလံခန့်သာ ထုတ်လုပ်နိုင်တာကို သိရှိထားကြတာကြောင့် မည်သူကမျှ သူ့ကို သံသယမရှိကြပေ။ စျေးကွက်ရှိ မောက်မာသော ရေအမျိုးအစား စွမ်းရည်အသုံးပြုသူများနှင့် နှိုင်းယှဉ်ပါက ဤလူက ပို၍ ရက်ရောပြီး အစွမ်းထက်နေပြီဖြစ်သည်။
ကုရှကျယ်က ရေရောင်းရင်း အလုပ်ရှုပ်နေချိန်တွင် ဝေယင်း က စစ်သားများနှင့်အတူ အသက်ရှင်ကျန်ရစ်သူများကို ရေဝေပေးနေသည်။ အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အဖျားရှိသူများကို ဦးစားပေးခဲ့သည်။
နတ်ဆိုးအဖွဲ့ထံမှ ဖုတ်ကောင်ဗီဇပြောင်းခြင်းရဲ့ လက္ခဏာများကို သိရှိခဲ့ပြီးနောက်ေတာ့ သူသည် အဖျားကြီးသောမည်သူ့ကိုမဆို သီးခြားအခန်းတွင် သီးသန့်းခွဲထားရန် အမိန့်ပေးကာ ဆယ့်ငါးမိနစ်တိုင်း အပူချိန်ကို စစ်ဆေးရန် ဝန်ထမ်းများကို တာဝန်ပေးအပ်ခဲ့သည်။
၎င်းတို့ကို စောင့်ကြည့်ရန်အတွက်တော့ ထိုနေရာတွင် သူ့လူများဖြင့်စခန်းချထားပြီး ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကသာ ဖုတ်ကောင်ဖြစ်သွားပါက လျင်မြန်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် ဝေယင်းက အစီရင်ခံစာကို ပြန်လည်သုံးသပ်နေပြီး "လူနာတွေ နေကောင်းလား" ဟု မေးသည်။
"ဗိုလ်ကြီးဝေ လူ ၈၉ ယောက်မှာ ၊ ၇၅ ယောက်က ဖုတ်ကောင်တွေ ဖြစ်သွားတယ်။ အများစုက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ ကျန်တဲ့ ၁၄ ယောက်ကတော့ အဖျားကြီးနေသေးပေမယ့် ပြန်ကောင်းလာတဲ့ လက္ခဏာတွေ ပြနေတယ်" ဟု စစ်တပ်ဆရာဝန်က ပြန်ဖြေသည်။
နံပါတ်စဥ်များကိုကြားတော့ ဝေယင်းက သက်ပြင်းချလိုက်တယ်။ လူ ၈၉ ဦးတွင် ၁၄ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
စစ်ဆရာဝန်ထံကို အစီရင်ခံစာပြန်ပေးလိုက်ပြီး "ငါတို့က ဆေးဝါးတွေ ပြန်ယူလာတယ်၊ ရေလည်း လုံလုံလောက်လောက်ရှိတယ်။ သူတို့ကို သေချာဂရုစိုက်လိုက် အစားအသောက်၊ ရေ၊ ဆေးဝါးတွေကို မတွန့်တိုပါနဲ့"
“နားလည်ပါပြီ” ဟု ဆရာဝန်က ပြန်ဖြေပြီးနောက်တွင် လူနာများကို စစ်ဆေးရန် ပြန်လာခဲ့သည်။
သူထွက်သွားပြီးနောက်မှာပဲ နောက်ထပ်စစ်သားတစ်ယောက်က ရောက်လာပြီး "ဗိုလ်ကြီး၊ ဗိုလ်မှူးကြီးရဲ့ အရာရှိနှစ်ယောက်က ကုရှကျယ်ကို သွားတွေ့ခဲ့တယ်။ ဒါပေမယ့် သူတို့ အမြန်ထွက်သွားခဲ့တယ်" အဲဒါကိုကြားတော့ ဝေယင်းက လှောင်ပြောင်ပြီးပြောလိုက်တယ် "ဒီမြေခွေးက ကုရှကျယ် ကို အခွင့်ကောင်းယူနိုင်မယ်လို့ တကယ်ထင်နေတာပဲ။ သူက သူ့ကိုယ်သူ အထင်ကြီးနေတာ ကုမိသားစုထဲက ဘယ်သူမဆို လွယ်လွယ်နဲ့ ဆက်ဆံနိုင်တဲ့သူ မဟုတ်ဘူး"
"ကပ္ပတိန်၊ ကုရှကျယ်ရဲ့နောက်ခံက ရှုပ်ထွေးနေတာလား" စစ်သားက စိတ်ဝင်တစား မေးသည်။
ဝေယင်းက သူ့ကိုကြည့်ကာ အေးစက်စွာပြောသည် "သိချင်စိတ်က ကြောင်ကိုသတ်တယ်" ဆိုတဲ့ စကားကို မင်းသိလား ၊ သိတာများလွန်းရင် မင်းသေသွားနိုင်တယ် "
စစ်သားက သတိပေးသံကို ကြားတာနဲ့ ချက်ချင်း တည့်တည့်မတ်မတ်ရပ်ပြီး "ဗိုလ်ကြီး၊ စည်းကျော်သွားတဲ့အတွက် တောင်းပန်ပါတယ်" လို့ ပြောလာတယ်။
"မင်းရဲ့ပြစ်ဒဏ်ကို ခံယူဖို့သွားတော့" ဝေယင်းက သူ့လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ ဗိုလ်ကြီး"
အခန်း-(၂၁၆)
ထိုအချိန်တွင် ရဲမှူးကြီးဟာလည်း သူ့ရဲ့လက်အောက်ငယ်သားများထံမှ အစီရင်ခံစာကို လက်ခံရရှိနေပါသည်။
သတင်းပို့ပြီးသောအခါတွင် လက်အောက်ငယ်သားမှာဟာ မတ်မတ်ရပ်ကာ ခေါင်းငုံ့ထားပြီး ကျယ်လောင်စွာ အသက်မရှုဝံ့ပေ။
ဗိုလ်မှူးကြီးက သူ့လက်ကို စားပွဲပေါ်ရိုက်ချလိုက်ပြီး အံကြိတ်ကာ ပြောလိုက်တယ် "ကုရှကျယ်က သူ့အတွက် ဘာကကောင်းမှန်းကို မသိဘူး၊ သူက ငါ့ကို ထပ်ခါထပ်ခါ အံတုဝံ့တယ်။ ငါတို့ကသာ သူ့ကို သင်ခန်းစာမပေးရင် သူ့နေရာကို သူဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး"
ခဏအကြာတွင်မှ သူ့လက်အောက်ငယ်သားတစ်ဦးက အရှေ့သို့ တိုးလာပြီး "ဗိုလ်မှူးကြီး၊ ကျွန်တော်တို့ သူ့ကို ဖမ်းတော့မလား၊ သူ့အသက်က ကျွန်တော်တို့လက်ထဲမှာ ရှိနေသရွေ့တော့ အမိန့်ကို ကျေကျေနပ်နပ်ကြီး လိုက်နာဖို့ကလွဲလို့ ရွေးစရာမရှိဘူး" လို့ အကြံပေးတယ်။
ဗိုလ်မှူးကြီးက ဒီအတွေးကိုစဉ်းစားရင်း ခဏလောက်ငြိမ်သက်သွားပြီးမှ “ဒီညပဲ အကြောင်းပြချက်ရှာပြီး ဖမ်းမယ်” လို့ပြောလိုက်တယ်။
"နားလည်ပြီ" လက်အောက်ငယ်သားများက တညီတညွတ်တည်း အလေးပြုပြီး ရုံးခန်းထဲမှ ထွက်လာကြသည်။
တစ်ယောက်တည်းကျန်ခဲ့တဲ့အခါကြမှ ဗိုလ်မှူးကြီးက ထရပ်လိုက်ပြီး ပြတင်းပေါက်ကနေတဆင့် အောက်ဘက်က လူစည်ကားနေတဲ့ လမ်းကိုကြည့်လိုက်တယ်။ စစ်သေနာပတိချုပ် သေဆုံးမှုသာမရှိခဲ့ရင် ဒီရာထူးအဆင့်ကို သူဘယ်တော့မှ ရောက်နိုင်မဟုတ်ဘူး။
သူ့ရဲ့အသက်မွေးဝမ်းကြောင်းက အကြီးမားဆုံးအတားအဆီးကို အောင်မြင်စွာဖယ်ရှားနိုင်ခဲ့သောကြောင့် ကုရှကျယ်ကဲ့သို့ အရေးမပါသော တစ်စုံတစ်ဦးနှင့် ဆက်ဆံရသည်က သူအတွက် ဘာမှမဟုတ်ပေ။
စခန်းရဲ့ ရေထောက်ပံ့ရေးကို သူ ထိန်းချုပ်နိုင်ပြီဆိုတာနဲ့၊ နောက်ထပ် အင်အားကြီးတဲ့ လဲလှယ်ရေးအရာတစ်ခု ရရှိလာမှာပဲ။ စခန်းတစ်ခုလုံးက သူ့လက်အောက် ခိုင်ခိုင်မာမာရောက်သွားတဲ့အခါကြရင် ဝေယင်းနဲ့ သူ့အဖွဲ့တွေတောင် ဦးညွှတ်ပြီး သူ့အမိန့်ကို လိုက်နာရမှာပဲ။
ဤအစီအစဥ်ကို ကျေနပ်သဖြင့် ဗိုလ်မှူးကြီးရဲ့ စိတ်အခြေအနေက တိုးတက်လာခဲ့သည်။ သူ စီးကရက်တစ်လိပ်ကို အိတ်ကပ်ထဲမှဆွဲထုတ်ကာ မီးညှိလိုက်ချိန်တွင် သူ့မျက်လုံးထဲမှာတော့ ရည်မှန်းချက်ပန်းတိုင်တွေကြောင့် တောက်ပနေသည့် အလင်းရောင်ဖျော့ဖျော့လေးရှိနေတယ်။
တစ်ချိန်တည်းမှာပဲ ကုရှကျယ် နှင့် ရုန်မိုအာတို့ကလည်း ဝေယင်းထံကို အလည်အပတ်သွားကြသည်။ ဆင်းရဲသားရပ်ကွက်တွင် သူတို့ရောက်ရှိနေခြင်းက ထိုနေရာတွင် စခန်းချနေသော လင်းယုန်အဖွဲ့၀င်များကို အံ့အားသင့်စေခဲ့သည်။
စခန်းတစ်ခုလုံးတွင် ဤနေရာက အညစ်ပတ်ဆုံးနှင့် ဥပဒေအမဲ့ဆုံးနေရာဖြစ်သည်။ အမြုတေများ သို့မဟုတ် နေထိုင်ရန် အထောက်အပံ့ပစ္စည်းများကို ရောင်းဝယ်ရန် မတတ်နိုင်သော အသက်ရှင်ကျန်ရစ်သူများကို ဤနေရာတွင် နေရာချပေးထားပါတယ်။
အရင်းအမြစ်များ ပြင်းထန်စွာချို့တဲ့မှုကြောင့် ဤနေရာရှိ လူများက မကြာခဏ ညိုးနွမ်း၊ အားနည်းကြပြီး စိတ်ပျက်အားငယ်နေခဲ့ကြသည်။ ဆင်းရဲသားရပ်ကွက်များက အန္တရာယ်များသောနေရာဖြစ်လာသောကြောင့် လင်းယုန်အဖွဲ့ဟာ စနစ်တကျထိန်းသိမ်းရန်အတွက် လှည့်ပတ်ကင်းများကို ပုံမှန်လုပ်ခဲ့ကြသည်။
"အစ်ကိုကု၊ ညီမရုန် မင်းတို့ကို ဘယ်အရာကများ ဒီနေရာကိုရောက်လာစေတာလဲ" လင်းယုန်အဖွဲ့ထဲက တစ်ယောက်က မေးတယ်။
ကုရှကျယ်က ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး "ကျွန်တော်က ဗိုလ်ကြီးဝေနဲ့ စကားပြောဖို့ လာတာ။ သူ့ကို အခုချက်ချင်း တွေ့နိုင်ပါ့မလားလို့ တွေးမိတယ်" ဟု ပြန်ပြောသည်။
စစ်သားက ခေါင်းခါပြပြီး "ဗိုလ်ကြီးက အလုပ်ရှုပ်နေတယ်။ မင်းအရင်ပြန်သွားလိုက်ပါ ကျွန်တော်အကြောင်းကြားလိုက်မယ်။ လူလွတ်ပြီး မင်းဆီကို ပြန်အကြောင်းကြားမယ်" လို့ ပြောတယ်။
ကုရှကျယ်က ပြုံးကာ ခေါင်းညိတ်ပြီး "ဗိုလ်ကြီးဝေက အလုပ်ရှုပ်နေတော့ နောက်တစ်ခေါက်မှ စကားပြောလိုက်မယ်။ မင်းရဲ့တာဝန်ကို ဆက်လုပ်လိုက်ပါ။မိုအာ နဲ့ ငါပြန်လိုက်မယ်"
“ကောင်းပြီ” စစ်သားက ခေါင်းညိတ်ပြပြီး လှည့်ကင်းသို့ ပြန်သွားခဲ့သည်။
သို့သော်လည်း ကုရှကျယ် နှင့် ရုန်မိုအာတို့က ဆင်းရဲသားရပ်ကွက်မှ မထွက်ခွာခဲ့ပေ။ အဲဒီအစား သူတို့က အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် နယ်မြေကို လှည့်လည်သွားကြသည်။
ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအပြင် အလုပ်လုပ်ကိုင်နိုင်သူ ယောက်ျားလေးများလည်း အများအပြားရှိသည်။
ဗိုလ်မှူးကြီးရဲ့ သဘောထားက ချမ်းသာတဲ့သူတွေကို လိုက်လျောညီထွေဖြစ်စေပြီး အားနည်းသူတွေကို နှိမ်ချတာကြောင့် စခန်းစီမံခန့်ခွဲမှုတွေက ရှုပ်ပွပြီး အကျင့်ပျက်ခြစားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဒီလူတွေက စခန်းဆောက်လုပ်ရေးမှာ အလုပ်သွားလုပ်တုန်းကတောင် တစ်နေကုန်လုပ်အားအတွက် ရေတစ်ပုလင်းနဲ့ ဘီစကွတ်နှစ်ထုပ်ပဲ ပေးတယ်။
ဒီပမာဏက သူတို့မိသားစုနဲ့ မျှဝေဖို့နေနေသာသာ သူတို့အတွက်တောင် မလုံလောက်ပါဘူး။ နောက်ဆုံးတွင်တော့ အလုပ်လုပ်ချင်းက လူများစွအတွက် အဓိပ္ပါယ်မရှိတော့ပေ။
ဒါပေမယ့် အလုပ်မလုပ်ဒါကလည်း အဖြေမဟုတ်ဘူးလေ။
အလုပ်မရှိရင် ရိက္ခာရှာဖို့ စခန်းကနေ ထွက်ခွာရတယ်။ စွမ်းအင်မရှိဘဲ အပြင်ထွက်တာက လက်တွေ့ကျတဲ့ သေဒဏ်ပဲ။ ဒါက ဆိုးရွားတဲ့ စက်ဝန်းတစ်ခုဖြစ်ပြီး ဖြတ်သန်းတဲ့နေ့ရက်တိုင်းမှာ အခြေအနေတွေက ပိုဆိုးလာခဲ့တယ်။
ဗိုလ်မှူးကြီးနဲ့တွေ့ဆုံခဲ့ပြီး နောက်လိုက်တွေရဲ့လာရောက်လည်ပတ်မှုကို ကြုံတွေ့ရပြီးနောက်တွင် အကျိုးဆက်မရှိဘဲ သူတို့ကို ဆက်ငြင်းဆန်ဖို့ မကြာခင်မှာ မဖြစ်နိုင်တော့မှာကို ကုရှကျယ် သဘောပေါက်လိုက်တယ်။ ပြီးတော့ သူသဘောတူညီခဲ့ရင်တောင် သူတို့ကသူ့ကို အခငွေပေးချေမယ်လို့ အာမခံချက်မရှိဘူး။
ထို့ကြောင့် သူနှင့် သူ့ရည်းစား စခန်းမှမထွက်ခွာမီတွင် ဗိုလ်မှူးကြီးအား အာဏာမှဖယ်ရှားရန် နည်းလမ်းရှာပြီး ဝေယင်းအား ဦးစီးချုပ်အဖြစ် ခန့်အပ်နိုင်ရန် တွန်းအားပေးရမည်။ သို့မှသာ လိုက်၍လုပ်ကြံခံရမည်ကို မကြောက်ရဘဲ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။
နောက်ဆုံးတော့ တစ်နာရီအကြာမှာ ကုရှကျယ်က ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ရည်းစားဆီကို ချဉ်းကပ်ပြီး "မိုအာ တခြားသူတွေကို ငါတို့အဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်မယ့်အကြောင်းကို ဘယ်လိုထင်လဲ" လို့ မေးလိုက်တယ်။
ရုန်မိုအာက သူ့ကို လှည့်ကြည့်ပြီး " ရှကျယ် မင်းက ကြေးစားအဖွဲ့ကို စတင်ဖို့ စဉ်းစားနေတာလား " လို့ မေးလိုက်တယ်။
ကုရှကျယ်က ခေါင်းညိတ်ပြပြီး "ငါတို့နှစ်ယောက်တည်း အပြင်ထွက်ဖို့ကတော့ ရေရှည်ဖြေရှင်းချက်မဟုတ်ဘူး။ ငါတို့ဆီမှာ လူများများရှိရင်၊ ငါတို့ရဲ့ ရှင်သန်နိုင်ခြေကလည်း ပိုကောင်းလာလိမ့်မယ်"
"ဒါ့အပြင် မင်းမိသားစုရဲ့ တည်နေရာအတိအကျကိုလည်း ငါတို့မသိသေးဘူး။ တစ်နေရာတည်းမှာ အကြာကြီး အခြေချဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဒါပေမယ့် ငါတို့သာ ကိုယ့်အဖွဲ့ဖွဲ့လိုက်မယ်ဆိုရင် အကျိုးအမြတ်က အန္တရာယ်တွေထက် ပိုများမယ်ဆိုတာ သေချာပါတယ်"
ရုန်မိုအာက "ရှကျယ် ငါတို့ရဲ့အဖွဲ့ဝင်တွေကို စုဆောင်းချင်တယ်ဆိုရင်တောင်၊ စွမ်းရည်အသုံးပြုသူအများစုက အဖွဲ့တွေရှိပြီးသားပဲ။ ငါတို့ရဲ့အဖွဲ့ဝင်အသစ်ကို ဘယ်မှာတွေ့နိုင်မှာလဲ" ဟု ရုန်မိုအာက သူ့စကားကို ခဏလောက်စဉ်းစားခဲ့ပြီးမှ ပြန်မေးသည်။
ကုရှကျယ်က အနီးနားက လူတွေကို တစ်ချက်ကြည့်လိုက်ပြီး "ငါတို့ရှိနေတဲ့ ဒီနေရာက အဆင်ပြေနေပြီ မဟုတ်လား" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ရုန်မိုအာ အံ့သြသွားတယ် "ရှကျယ်၊ မင်းက ဒီလူတွေကို စုဆောင်းချင်တာလား" ဟု မမေးခင် တုံ့ပြန်ရန် အချိန်အတော်ကြာခဲ့သည်။
တိုက်ရိုက်ပြန်ဖြေမယ့်အစား ကုရှကျယ်က သူမကိုကြည့်ပြီး "မိုအာ နင်ငါ့ကိုယုံလား" လို့မေးတယ်။
"အင်း ငါမင်းကိုယုံတယ်" လို့ မဆိုင်းမတွ ပြန်ဖြေတယ်။
"ဒါဆို ငါ့ရဲ့ဦးတည်ရာကို လိုက်ခဲ့ပေါ့" လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီး သူမလက်ကိုဆွဲကိုင်လိုက်ကာ ကလေးအုပ်စုဆီ လျှောက်သွားသည်။
ကလေးတွေက သူတို့နှစ်ယောက် ချဉ်းကပ်လာတာကို မြင်တဲ့အခါမှာ ခဏလောက်သာကြည့်ပြီး ခေါင်းကို ပြန်ငုံ့ချလိုက်ကြတယ်။
သူတို့ခန္ဓာကိုယ်တွေကပိန်ပါးပြီး မျက်နှာတွေ ညှိုးကာ နှုတ်ခမ်းတွေ ဖြူဖျော့နေတယ်။ သူတို့အခြေအနေအရဆို အစားအသောက် ဒါမှမဟုတ် ရေမရရင် နောက်တစ်ရက်ပြီးသွားတာနှင့် သေသွားနိုင်တယ်။