အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
အခန်း-(၂၂၀)
ကုရှကျယ်ရဲ့ တိုက်ခိုက်မှုများကြောင့် အခြားစွမ်းရည်အသုံးပြုသူများက အံ့အားသင့်ခဲ့ကြပြီး ပြေးမလား၊ တိုက်မလား မသေချာတော့တာမို့ သူတို့တုံ့ဆိုင်းသွားကြတယ်။ ဒါပေမယ့် ကုရှကျယ်က သူတို့ကို မစောင့်ခဲ့ပါဘူး။ သူ့ရဲ့လျှပ်စစ် နံပါတ်တုတ်ကို ဆွဲထုတ်ပြီး နောက်ထပ် ရေဘောလုံးကို သူတို့ဆီ ပစ်လိုက်တယ်။
အစပိုင်းတွင်တော့ စွမ်းရည်အသုံးပြုသူများဟာ အန္တရာယ်မရှိသော လှုပ်ရှားမှုတစ်ခု ၊ ရေမျှသာဟု ထင်ခဲ့ကြသည်။ သူရဲ့ "အားနည်းသော" တိုက်ခိုက်မှုကိုပင် ရယ်မောလိုက်ကြသေးတယ်။ ဒါပေမယ့် သူတို့ ဘာမှမတတ်နိုင်ခင်မှာပဲ ကုရှကျယ် က သူ့တို့ရဲ့ ခြေထောက်အောက်က ဗွက်အိုင်ထဲကို သူ့ရဲ့လျှပ်စစ်တုတ်ကို ထိုးချလိုက်တယ်။
စွမ်းရည်အသုံးပြုသူများအတွက်ပင် ဓာတ်လိုက်ခြင်းက ဟာသတစ်ခုမဟုတ်ပေ။ စက္ကန့်နှစ်ဆယ်အတွင်းမှာပဲ သူတို့အဖွဲ့ဟာ မျက်လုံးတွေမှိတ်ပြီး မူးလဲသွားကြတယ်။
အရှက်မဲ့တဲ့တိုက်ခိုက်မှုကို ကြည့်ရှုသူတိုင်းက အံ့ဩသွားကြတယ်။ တိုက်ပွဲတွင် သူရဲ့ "အသုံးမကျသော" ရေစွမ်းရည်ဟာ မည်မျှတောင် အန္တရာယ်ရှိနိုင်ကြောင်းကို သူတို့လျှော့တွက်ခဲ့ကြသည်။
အရင်ကလည်း ဒီလိုနည်းနဲ့ ဖုတ်ကောင်တွေကိုတိုက်ခိုက်တာ မြင်ဖူးတဲ့ လင်းယုန်အဖွဲ့ကတော့ ရွှင်ရွှင်ပျပျ အားပေးနေကြတယ်။
ရန်သူစွမ်းရည်အသုံးပြုသူများနှင့် တိုက်ခိုက်ပြီးနောက်တော့ ကုရှကျယ်က သူ့ရဲ့လက်ချောင်းများကို လက်သီးအဖြစ်ဆုပ်လိုက်သည်။ ဗိုလ်မှူးကြီးကို အသက်ရှူကျပ်စေတဲ့ ရေတွေက ပေါက်ကွဲသွားတယ်။ ပေါက်ကွဲမှုက အံသွားများကို ကျိူးထွက်သွားစေပြီး သူ့နှာခေါင်းနှင့် ပါးတို့မှ သွေးများ စီးကျလာသည်၏။
ဒါကိုမြင်တော့ ဗိုလ်မှူးကြီးရဲ့လက်ထောက်တွေက ဒေါသတကြီး ဖြစ်သွားကြတယ်။သူတို့ဆီက လူသတ်ချင်စိတ်တွေ ဖြာ ထွက်နေပြီး ဓားမြှောင်များဆွဲကာ ရုန်မိုအာဆီ ချီတက်တိုက်ခိုက်ကာ ဗိုလ်မှူးကြီးကို ကယ်ဖို့ ကြိုးစားကြတယ်။
အရေအတွက်က သူတို့ကို အသာစီးရစေလိမ့်မယ်လို့ ထင်နေကြတယ်။ သို့သော် ရုန်မိုအာက သတိလစ်နေသော ဗိုလ်မှူးကြီးကို လူသားဒိုင်းအဖြစ် အသုံးပြု၍ သူတို့ကို တာူဆီးလိုက်တယ်။
ဗိုလ်မှူးကြီး ဒဏ်ရာရသွားမှာကြောက်လို့ သူတို့က အလိုလို ပြန်ဆုတ်လိုက်ကြတယ်။ အဲဒီစက္ကန့်ပိုင်းအတွင်းမှာပဲ ရုန်မိုအာက သူတို့အနောက်မှာပေါ်လာပြီး သူမလက်ကိုလွှဲကာ တစ်ချက်ရိုက်လိုက်တာနှင့် တစ်ယောက်လဲကျသွားအောင်လုပ်နိုင်သည်။
ငါးမိနစ်အတွင်းမှာပဲ သူမနှင့် ကုရှကျယ်က ဗိုလ်မှူးကြီးရဲ့လူအားလုံးကို ဖြုတ်ချနိုင်ခဲ့တယ်။
တစ်ဖက်သတ်တိုက်ပွဲအပြီးတွင် ကုရှကျယ်က လင်းယုန်အဖွဲ့ဘက်သို့လှည့်ပြီး " မင်းတို့ရဲ့ရေကန်ကိုဖြည့်ပေးတဲ့အတွက် ကျွန်တော်ကိုကျေးဇူးဆပ်ပါ၊ ဒီလူတွေကို ဖမ်းဖို့ကူညီပေးပါ" လို့ပြောလာတယ်။
"ကောင်းပြီ" လင်းယုန်အဖွဲ့သားများကလည်း အဆင်သင့်ပဲ သဘောတူကြသည်။
ဗိုလ်မှူးကြီးနှင့် သူရဲ့လူများကို ကြိုးချည်ပြီးသောအခါတွင်ပဲ ဝေယင်းနှင့်အဖွဲ့က စခန်းသို့ ပြန်ရောက်လာကြသည်။ ဗိုလ်မှူးကြီးနှင့်အဖွဲ့ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုအကြောင်းကို သူကြားလိုက်သည့်အခိုက်မှာပဲ သူ့မျက်လုံးများက အေးစက်သွားတယ်။
သူ့ရဲ့အထက်လူကြီးကို ရင်ဆိုင်ရန်အတွက် အဆင်သင့်ဖြစ်နေသော်လည်း ရေသိုလှောင်ရုံသို့ ရောက်သောအခါတွင်တော့ ဗိုလ်မှူးကြီးနှင့် သူရဲ့လူများဟာ မြေပြင်ပေါ်တွင် ဖက်ထုပ်လို ချည်နှောင်ခံထားရတာကို တွေ့လိုက်ရတယ်။
သူ့ကိုမြင်တော့ ကုရှကျယ်က လက်ကိုဝှေ့ယမ်းပြီး "ဗိုလ်ကြီးဝေ၊ မင်းနောက်ဆုံးတော့ ပြန်လာပြီ" လို့ပြောလိုက်တယ်။
"ဟင်... ဘာဖြစ်နေတာလဲ" ဝေယင်းက မေးသည်။
"မင်းကို စခန်းရှင်းဖို့ ငါကူညီပေးခဲ့တယ်။ အခုကစပြီး မင်းကဒီမှာ တာဝန်ခံဖြစ်လာတော့မယ်။ မင်းရဲ့အဖွဲ့၀င်တွေက ကျန်တဲ့ ဗိုလ်မှူးကြီးရဲ့လူတွေကို ထိန်းသိမ်းထားပြီး ဂိုဒေါင်တွေကို သိမ်းပြီးသွားပြီ" လို့ ကုရှကျယ်က ပေါ့ပေါ့ပါးပါးနဲ့ ပြန်ဖြေတယ်။
တစ်စုံတစ်ခုကို သတိရသောအခါ ဝေယင်းက “ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ကော ဘယ်လိုလဲ"လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ကုရှကျယ်က "မွန်းတည့်ချိန်တုန်းကပဲ စခန်းက ထွက်သွားတယ်။ မြို့တော်ကလူတွေအတွက် စိတ်ပူစရာ မလိုဘူး။ အခုဆို ဆက်သွယ်ရေးက ဘယ်လောက်တောင် ဆိုးနေလဲ ၊ တပ်ရင်းက စခန်းတိုင်းကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဗိုလ်ကြီးဝေ၊ လိုအပ်တဲ့အချက်အလက်တွေရတာနဲ့ ငါ့အဖွဲ့က ထွက်သွားတော့မှာ။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူတွေကို ကာကွယ်ဖို့အတွက်တော့ မင်းက ဒီစခန်းကို သိမ်းပိုက်ဖို့လိုတယ်။ မင်းမရှိရင် အဲဒီလူတွေ အသက်ရှင်မှာမဟုတ်ဘူး"
ဝေယင်းက "နားလည်ပါတယ်။ ငါခေါင်းဆောင်ရာထူးကိုယူပြီး စခန်းကို ပြန်လည်ဖွဲ့စည်းမယ်။ ဒါပေမယ့် ဗိုလ်မှူးကြီးနဲ့သူ့လူတွေကို ငါတို့ ဘာလုပ်သင့်လဲ"
"သူနဲ့ သူ့လူတွေက လူတွေကို ဖုတ်ကောင်တွေမြှူဖို့ ငါးစာအဖြစ်သုံးတာကို သဘောကျတဲ့အတွက် သူတို့ကိုယ်တိုင်ကိုလည်း တွေ့ကြုံခံစားခွင့်ပေးသင့်တယ်။ ဒါပေမဲ့ ဒုက္ခမပေးနိုင်အောင်လို့ ပေါင်းပင်တွေကိုဆွဲထုတ်တဲ့အခါမှာ အမြစ်တွေကိုလည်း ဆွဲထုတ်ရမယ်" ဟု ကုရှကျယ်က ပြောသည်။
သူ့စကားကြောင့် ဝေယင်းနှင့် သူ့အဖွဲ့ဝင်များရဲ့ မျက်နှာများတွင် အံ့သြမှုအရိပ်ယောင်များ ထွက်ပေါ်လာသည်။ ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် ဝေယင်းက “ငါ ဘာလုပ်ရမယ်မှန်း သိပြီ”လို့ ပြောတယ်။
သူ့အဖွဲ့ဘက်ကို လှည့်ပြီး “သူတို့ကို ဂရုစိုက်လိုက်ပါ” လို့ အမိန့်ပေးတယ်။
သူ့အဖွဲ့သားတွေက ခေါင်းတညိတ်ညိတ်နဲ့ ဗိုလ်မှူးကြီးနဲ့ သူ့လူတွေကို တုံ့ဆိုင်းမနေဘဲ ဆွဲခေါ်သွားတယ်။ ဒီတစ်ခါတော့ လွှတ်မပေးတော့ဘူး။
"စွမ်းရည်အသုံးပြုသူတွေကော" ရုန်မိုအာက မေးသည်။
"သူတို့က အသုံးဝင်တုန်းပဲ" ဝေယင်းက ပြုံးပြီးပြောသည်။
သူ့အဖွဲ့ဝင်များက ရေအမျိုးအစား စွမ်းရည်အသုံးပြုသူများကို သစ်သားအိမ်ထဲသို့ ဆွဲခေါ်သွားကာ သံကြိုးများဖြင့် ချည်နှောင်ထားသည်။ ယခုမှစ၍ နေ့စဉ်အစာကျွေးပြီး ရေပေးမည် ဖြစ်သော်လည်း စခန်းအတွက် အသုံးပြုရန် ရေထုတ်ပေးရန် လိုအပ်သည်။
ဗိုလ်မှူးကြီးနှင့် စွမ်းရည်အသုံးပြုသူများကိစ္စပြီးသည်နှင့် ဝေယင်းက ကုရှကျယ်ကို အမြုတေအိတ်တစ်ထုပ်ပေးကာ "ရဲဘော်ကု ဒါ ဒီနေ့တွေ့တဲ့ အမြုတေတွေပါ။ ရေကန်တွေကို ထပ်ဖြည့်ဖို့တော့ မင်းကို ဒုက္ခ ပေးရဦးမယ်"
ကုရှကျယ်က အမြုတေတွေကို လက်ခံပြီး "ကောင်းပြီ" လို့ ပြန်ဖြေတယ်။
ဝေယင်းက အံ့သြသွားပြီး သူ့အဖွဲ့ကို ကြည့်လိုက်တယ်။ သူကြည့်တာကိုတွေ့တော့ သူတို့က ခေါင်းညိတ်ပြတာကြောင့် ကုရှကျယ်က သူ့ကို ဘာတစ်ခုမှ ပြန်မတောင်းဘဲ ကူညီပေးခဲ့တာကို သူသိလိုက်ရတယ်။ ထိုအခိုက်အတန့်တွင် သူရဲ့ နှလုံးသားထဲ၌ ကျေးဇူးတင်ခြင်းများနှင့် ပြည့်နှက်နေသည်။
မထွက်သွားခင်မှာ ကုရှကျယ်က "ဗိုလ်ကြီးဝေ၊ မင်းကို ကျွန်တော်မေးထားတဲ့ အချက်အလက်တွေလေ ဘယ်အချိန်ရမှာလဲ" လို့ မေးလိုက်တယ်။
"မနက်ဖြန်ညနေ နောက်ဆုံးထားပြီး လွှဲပေးပါ့မယ်"
ကုရှကျယ်က ခေါင်းညိတ်ကာ "ဒါဆို တစ်ရက်နေအုံးမယ်။ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးဝေ"
နောက်ဆုံးတော့ လင်းယုန်အဖွဲ့က စခန်းကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်သောအခါတွင် ကောင်းကင်က မှောင်နေပြီဖြစ်သည်။ ဗိုလ်မှူးကြီးနှင့် သူရဲ့လူများပျောက်ဆုံးမှုအကြောင်းကောလဟာလက လျင်မြန်စွာပဲ ပျံ့နှံ့သွားသည်။လူအများအပြားကတော့ သူတို့နှင့်အတူ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားပြီး စခန်းကို စွန့်ခွာသွားခဲ့သည်ဟု ယူဆကြတယ်။
ဗိုလ်မှူးကြီးထံမှ ရေနှင့် ရိက္ခာများဝယ်ယူရန် လာရောက်ကြသူများပင် တုန်လှုပ်ခြောက်ခြားသွားကြတယ်။ ခေါင်းဆောင်ပိုင်းတွေ လက်ပြောင်းမှုကြောင့် ဘာမှမဝယ်နိုင်ကြတော့ဘဲ ရောက်ပြီးမကြာခင်မှာဘဲ စခန်းကနေ ထွက်သွားကြတယ်။
အခြေအနေ နှင့် ပတ်သက်၍ ဆွေးနွေးမှုများကြားတွင်ပဲ နောက်ရက်များစွာက ကုန်ဆုံးသွားခဲ့သည်။
နောက်နေ့မနက်စောစောမှာတော့ တံခါးခေါက်သံကြောင့် ကုရှကျယ် နိုးလာပါတယ်။ ကိုယ့်ဟာကိုအားတင်း တံခါးကိုဖွင့်လိုက်တယ်။
အပြင်မှာရပ်နေတဲ့ စစ်သားတစ်ယောက်ကိုတွေ့တော့ "ရဲဘော်၊ မင်း ဘာလိုလို့လဲ" လို့ မေးတယ်။
စစ်သားကအလေးပြုပြီး "ရဲဘော်၊ ဒါ မင်းတောင်းထားတဲ့ အချက်အလက်ပဲ" ဟု ပြန်ပြောသည်။
ဒီစကားကိုကြားတာနဲ့ ကုရှကျယ်ရဲ့ မျက်လုံးတွေထဲက အိပ်ငိုက်ခြင်းတွေပျောက်သွားတယ်။ ဖိုင်တွဲကိုယူ၍ စတင်ဖတ်သည်။ ဝေယင်းဟာ လက်ရှိအခြေအနေအကြောင်းကို အတိုချုံးသာ ရှင်းပြမယ်လို့ သူမျှော်လင့်ထားခဲ့တယ်။
အခန်း-(၂၂၁)
စာရွက်စာတမ်းများတွင် လင်အန်းမြို့နဲ့ ပတ်ဝန်းကျင်ဒေသများအကြောင်း အသေးစိတ်အချက်အလက်များသာမကဘဲ ဒေသအသီးသီးရှိ ဖုတ်ကောင် ကောင်ရေကိုလည်း ခန့်မှန်းပြသသည့်မြေပုံတစ်ခုပါရှိသည်။
ထို့အပြင် မြို့တော်က ကုမိသားစုအကြောင်း သတင်းတစ်ပုဒ်လည်းရှိနေတယ်။ သတင်းကိုဖတ်ပြီးနောက်မှာတော့ သူ့မိသားစုကလုံခြုံပြီး နေကောင်းတာကိုသိလိုက်တော့ ကုရှကျယ်က သက်ပြင်းတစ်ချက်ချလိုက်တယ်။ အခုတော့ သူ့ကောင်မလေးရဲ့ မိသားစုကိုရှာဖွေဖို့ပဲ အပြည့်အဝ အာရုံစိုက်နိုင်နေပြီလေ။
နောက်ဆုံးစာရွက်ကို လှန်ကြည့်လိုက်တော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ပျံ့နှံ့သွားတယ်။ သူက ဖိုင်တွဲကိုပိတ်ပြီး "ကျေးဇူးပဲ ၊ ကျွန်တော်မသွားခင်မှာ ဗိုလ်ကြီးဝေကို ကူညီဖို့အတွက် ကျေးဇူးတင်လက်ဆောင်အဖြစ် ရေတိုင်ကီကို နောက်ဆုံးအကြိမ် ဖြည့်ပေးမယ်"
စစ်သားက ခေါင်းညိတ်ပြပြီး "ကျေးဇူးတင်ပါတယ် ရဲဘော်"
ကုရှကျယ်တို့အဖွဲ့က အသက်ရှင်ကျန်ရစ်သူစခန်းမှထွက်ခွာရန်ပြင်ဆင်နေချိန်တွင် ကျင်းရွှီယန်းတို့အဖွဲ့ကတော့ စျေးဝယ်စင်တာရှိဖုတ်ကောင်အားလုံးကိုရှင်းလင်းခြင်းပြီးဆုံးသွားခဲ့သည်။
ကျိူးလီဇီရဲ့ အာကာသစွမ်းရည်ကိုအဖွဲ့ဝင်များသိရှိပြီးနောက်တော့ ရိက္ခာများစုဆောင်းခြင်းအချိန်သို့ရောက်သွားသောအခါတိုင်းတွင် သူတို့သည် နောက်ပြန်ဆုတ်သွားခြင်းမရှိတော့ပေ။
သူမက ရွှီချွန်းတို့အဖွဲ့ကို ကျန်နေတဲ့ဖုတ်ကောင်များသတ်ရန် ခေါ်ဆောင်သွားမှာဖြစ်ပြီး အရာအားလုံးကို အမြန်သိမ်းဆည်းမှာပါ။ သူမနဲ့ယှဉ်ရင် သူတို့တွေက ပိုပြီးလို့တောင် ကြမ်းတမ်းတယ်။ အိမ်မွေးတိရစ္ဆာန်အစာ အိတ်တစ်အိတ်ကိုတောင် မချန်ခဲ့ချင်ဘူး။
နေမြင့်လာတော့ သူတို့ အဆောက်အဦးမှ ထွက်လာကြသည်။ ဖုန်းယွင်က သူတို့ရဲ့ကားတွေကို ထုတ်ပေးပြီးနောက်တွင် အားလုံးက ကားပေါ်တက်လိုက်ကြတယ်။ မထွက်ခွာမီတွင် အရင်ဆုံး ကျင်းရွှီယန်းက သူ့ရဲ့အဖွဲ့သားတစ်ဦးစီနှင့် ရွှီချွန်း အား စကားပြောစက်များပေးအပ်ခဲ့သည်။
သူ့ကားအပြင်ဘက်မှာ ရပ်နေတဲ့ ရွှီချွန်းက "ကပ္ပတိန်ကျင်း ငါတို့စခန်းကိုပဲ တည့်တည့်မတ်မတ်ပြန်သွားမယ်။ ငါတို့ ထွက်လာတာ ရက်တော်တော်ကြာနေပြီး နောက်ကျသွားရင် ရိက္ခာတွေက ကြာကြာခံမှာ မဟုတ်တော့ဘူး"
ကျင်းရွှီယန်းက နားလည်မှုဖြင့် ခေါင်းညိတ်ပြီး "ကောင်းပြီ၊ မင်းအဖွဲ့နောက်ကို လိုက်လာမယ်"
အတိုချုံးပြောဆိုပြီးနောက်တွင် ရွှီချွန်းရဲ့အဖွဲ့က အပြန်ခရီးတွင် ဦးဆောင်ခဲ့သည်။ စီးပွားရေးရပ်ကွက်ကနေ အခြေစိုက်စခန်းကိုရောက်ဖို့ ဆယ်နာရီကြာတယ်။
ရွှီချွန်းတို့ အခြေစိုက်စခန်းမှလူများက လမ်းကိုတစ်စိတ်တစ်ပိုင်းရှင်းလင်းထားသော်လည်း ဖုတ်ကောင်များက လှည့်ပတ်သွားလာနေကြဆဲဖြစ်ပြီး ထောက်ပံ့ရေးပစ္စည်းများရှာဖွေရာတွင် သာမန်အသက်ရှင်ကျန်ရစ်သူများအတွက် အန္တရာယ်များလွန်းလှသည်။
မြို့ပြင်ဘက်နယ်စပ်မှာတည်ရှိတဲ့ အစိုးရတည်ဆောက်ထားတဲ့ အသက်ရှင်ကျန်ရစ်သူစခန်းနဲ့မတူဘဲ ဒီစခန်းဟာ မြို့ရဲ့တတိယပတ်လမ်းမှာ တည်ရှိတယ်။ ဗဟိုချက်နေရာမှာ တည်ရှိမနေပေမယ့်လည်း သိပ်လည်းဝေးလွန်းတယ်လို့တော့ မဟုတ်ပါဘူး။
ကျိူးလီဇီက အဝေးမှနေ၍ လူနေအိမ်အဆောက်အအုံရဲ့နံရံများအနီးရှိ သစ်သားကင်းမျှော်စင်အများအပြားကို သတိပြုမိလိုက်သည်။ မျှော်စင်တစ်ခုစီတွင် အစောင့်နှစ်ယောက်ရှိ နေတယ်။
နံရံကို ပြန်လည်အားဖြည့်ထားတာဖြစ်ပြီး အနည်းဆုံးတော့ သုံးမီတာအမြင့်နဲ့ မီတာဝက်လောက်ထူထဲတယ်။ ထိပ်မှာတော့ ချွန်ထက်တဲ့သံချောင်းတွေ ထိုးထွက်နေပြီး အပိုအကာအကွယ်တစ်လွှာအဖြစ် ဆောင်ရွက်ပေးနေသည်။
ဂိတ်ပေါက်ကို သူတို့မရောက်ခင်မှာပဲ ရွှီချွန်းရဲ့အသံက ဝေါ်ကီတော်ကီကတစ်ဆင့် ထွက်လာတယ် "ကပ္ပတိန်ကျင်း စခန်းထဲကို မဝင်ခင် စစ်ဆေးမှုတွေ လုပ်ရမယ်"
"ကောင်းပြီ" ကျင်းရွှီယန်းက ပြန်ဖြေတယ်။
ဂိတ်ဝသို့ရောက်သောအခါတွင် စစ်သားများက အတားအဆီးများအပြင်ဘက်တွင်ရပ်ပြီး ပြတင်းပေါက်ကို ခေါက်လိုက်ကြသည်။ ရွှီချွန်းကိုမြင်တော့ မှတ်မိသွားပြီး မျက်လုံးများ တောက်ပလာတယ်။
"ကပ္ပတိန်ရွှီ နောက်ဆုံးတော့ မင်းပြန်လာပြီ" စစ်သားတစ်ယောက်က ဝမ်းသာအားရအော်တယ်။
ရွှီချွန်းက ခေါင်းညိတ်ပြပြီး "ငါ့အဖွဲ့က ခေါ်လာတဲ့လူတွေကို နေရာချထားပြီးပြီလား" လို့ မေးလိုက်တယ်။
စစ်သားက "ဗိုလ်ကြီးရွှီ မြို့တော်ဝန်က သူတို့ကို ပြန်လွှတ်လိုက်ပြီ။ စခန်းက အဲဒီလူတွေကို မထောက်ပံ့နိုင်ဘူးလို့ ပြောတယ်။ မင်းတို့အဖွဲ့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဂိတ်တွေကို ပိတ်ခိုင်းလိုက်တယ်"
သူ့စကားကြောင့် ရွှီချွန်းကမျက်မှောင်ကြုတ်ပြီး မေးလိုက်တယ် "ငါ့အဖွဲ့က ထောက်ပံ့ရေးပစ္စည်းအများကြီးကို ပြန်ယူလာခဲ့တာ မဟုတ်ဘူးလား ၊ အဲဒါက လူတိုင်းကို ခဏလောက် ထောက်ပံ့ဖို့ လုံလောက်ပြီလေ "
“ဒါ…” စစ်သားက ရွှီချွန်းရဲ့ အကြည့်ကိုရှောင်ရင်း ခေါင်းကုတ်လိုက်တယ်။
တစ်ခုခုကို အာရုံခံလိုက်မိပြီး ရွှီချွန်းက "ဘာဖြစ်နေတာလဲ" လို့ မေးလိုက်တယ်။
သူရဲ့တင်းမာသောအကြည့်အောက်တွင် နောက်ဆုံးတော့ စစ်သားကပြောလိုက်ရတယ် "ဗိုလ်ကြီးရွှီ မင်းရဲ့အဖွဲ့ကို ပြန်လာတဲ့နေ့မှာပဲ မြို့တော်ဝန်က ဖမ်းထားတယ်။ အောက်ခြေစည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ပြောတယ်"
"မင်းတို့အဖွဲ့ ပြန်သယ်လာတဲ့ ထောက်ပံ့ရေးရိက္ခာတွေကိုတော့ မြို့တော်ဝန်က အားလုံးကို သိမ်းသွားတယ်။ ဂိုဒေါင် ၊ လက်နက်တိုက်နှင့် ရေလှောင်ကန်တွေအားလုံးက အခုဆို သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"
ဤသတင်းကိုကြားသောအခါတွင် ရွှီချွန်းရဲ့အမူအရာက အေးစက်သွားခဲ့သည်။
မြို့တော်ဝန်က ဘယ်လောက်ပဲ အာဏာကိုဆာလောင်နေပါစေ စစ်သားတွေကိုအန္တရာယ်ပြုဖို့ ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေကိုစွန့်ပစ်ဖို့ လုပ်မှာမဟုတ်ဘူးလို့ သူယုံကြည်ခဲ့တယ်။ ဒါပေမယ့် သူမှားခဲ့တယ်။ ကမ္ဘာပျက်ကပ်အချိန်များတွင်တော့ လူ့သဘာဝရဲ့ဆိုးအယုတ်များကို ၎င်းတို့ကိုယ်တိုင်ပဲ ထုတ်ဖော်ပြသကြသည်။
သူကိုယ်တိုင်ရဲ့ တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်များအတွက် မြို့တော်ဝန်က ယုံကြည်မှုကို သစ္စာဖောက်ခဲ့သည်။စခန်းကိုသာ ထိုကဲ့သို့သောပုဂ္ဂိုလ်တစ်ဦး ဆက်လက်တာဝန်ယူနေပါက ဘေးဒုက္ခက ရှောင်လွဲလို့ရနိုင်မှာ မဟုတ်တော့ဘူး။
နောက်ဆုံးတော့ အတန်ကြာအောင် ငြိမ်သက်သွားပြီးနောက်တော့မှ ရွှီချွန်းက "ငါ ဒီကိစ္စကို ဂရုစိုက်လိုက်မယ်။ လောလောဆယ်တော့ ငါ့ရဲ့အမိန့်ကို စစ်သားတွေဆီ ပြန်ပို့ပေးပါ။ သတိရှိရှိနဲ့ နောက်ထပ်အမိန့်တွေကို စောင့်။ မကြာခင်မှာ စစ်ဥပဒေကိုသုံးရလိမ့်မယ်"
ထိုစကားကိုကြားသောအခါ စစ်သားများက အံ့အားသင့်သွားကြသည်။ သို့သော် စစ်သားများဟာ အမိန့်များကို လိုက်နာရန် တင်းတင်းကြပ်ကြပ် လေ့ကျင့်ထားရသည်။ ထို့ကြောင့် သူတို့သည် မည်သည့်မေးခွန်းမျှမမေးဘဲ အလေးပြုကာ “နားလည်ပြီ” ဟု တညီတညွတ်တည်း ပြန်ဖြေကြားခဲ့တယ်။
အကျဉ်းချုံးစကားစမြည်ပြောဆိုပြီးနောက်တော့ စစ်သားများဟာ သူတို့ကို အထဲသို့ပေးမ၀င်မီတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ရွှီချွန်းတို့အဖွဲ့နောက်မှလိုက်ပြီး အခြေစိုက်စခန်းထဲသို့ မောင်းနှင်လာစဉ်တွင် ထိုဒေသရှိ အသက်ရှင်ကျန်ရစ်သူများရဲ့ ရေဓာတ်ခန်းခြောက်ပြီး အာဟာရချို့တဲ့နေပုံကို ကျိူးလီဇီ သတိပြုမိသည်။ ကမ္ဘာပျက်ကပ်တွင် အားနည်းခြင်းမှာ ပုံမှန်ဖြစ်သော်လည်း၊ သဘာဝဘေးအန္တရာယ် စတင်ချိန်မှာ နှစ်ပတ်သာ ရှိသေးသည်။
ယုတ္တိကျကျပြောရရင်တော့ ပြင်ပကမ္ဘာက မည်မျှပင်အန္တရာယ်ရှိစေကာမူ စစ်သားများဟာ ထောက်ပံ့ရေးပစ္စည်းများကို စုဆောင်းနိုင်သင့်သည်။ အထူးသဖြင့် စခန်းဟာ အရင်းအမြစ်များပေါများသော ဤမြို့လယ်အနီးတွင်တည်ရှိသောကြောင့် အသက်ရှင်ကျန်ရစ်သူများရဲ့ အခြေအနေသည် ဤအတိုင်းအတာအထိ မဆိုးရွားသင့်ပါ။
အခြေစိုက်စခန်းခေါင်းဆောင်များကြားတွင် ပဋိပက္ခဖြစ်နိုင်ခြေကို သူမစဉ်းစားနေစဉ်တွင် နတ်ဆိုးအဖွဲ့သားများမှာလည်း အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေသည်။
တစ်ချိန်တည်းမှာပဲ လွန်ခဲ့သည့်နှစ်ရက်အတွင်းမှာ အဖျားကြီးခဲ့သော လီစီခိုင် နှင့် ယင်းယွီရှန်းတို့လည်း မနေ့ညက သတိပြန်လည်လာခဲ့တယ်။
နှစ်ယောက်စလုံးတွင် စွမ်းရည်များနိုးထလာခဲ့ပြီး ယင်းယွီရှန်းက သစ်သားအမျိုးအစားစွမ်းရည်ကို ရရှိခဲ့ကာ လီစီခိုင်က လျှပ်စီးအမျိုးအစားစွမ်းရည်ကို ရရှိခဲ့သည်။
ထိုအချိန်တွင် ယင်းယွီရှန်းက ကျို့ဟွာကျဲရဲ့စပျစ်နွယ်ပင်ကို စူးစူးစိုက်စိုက်ကြည့်ကာ "ဟွာကျဲ မင်းဒီစပျစ်နွယ်ပင်ကို ဘယ်လိုဖန်တီးခဲ့တာလဲ" လို့မေးတယ်။
"ငါမသေချာဘူး။ ငါ့ရဲ့စွမ်းအင်တွေကို ငါ့လက်ချောင်းထိပ်ကို ပို့လိုက်ပြီးတာနဲ့ စပျစ်နွယ်ပင်တွေ ပေါ်လာတယ်။ ယွီရှန်း မင်းရဲ့စွမ်းအင်တွေကိုလည်း ဒီနည်းအတိုင်းပဲ ဘာလို့ မကြိုးစားကြည့်တာလဲ"
တခဏမျှတုံ့ဆိုင်းသွားပြီးနောက် ယင်းယွီရှန်းက ခေါင်းညိတ်ကာ "ကောင်းပြီ" ဟု ပြောသည်။
အခန်း-(၂၂၂)
ဆယ်မိနစ်အကြာတွင် ယင်းယွီရှန်းရဲ့ နဖူးနှင့် နောက်ကျောမှာ ချွေးပါးပါးလေးများက ဖုံးလွှမ်းသွားသည်။ သူ့ကြိုးစားအားထုတ်မှုကြောင့် သူ့လက်ချောင်းထိပ်တွေမှာ အစိမ်းရောင်တောက်တောက်လေး ထွက်လာတာမှလွဲ၍ ဘာတစ်ခုမှ မဖြစ်ပေါ်လာပေ။
အားကုန်သွားသည်နှင့် ရပ်တန့်ကာ သက်ပြင်းချလိုက်ပြီး "ကြည့်ရတာ ငါ့သစ်သားစွမ်းရည်က မင်းနဲ့မတူဘူး"လို့ ပြောလိုက်တယ်။
ကျို့ဟွာကျဲက သူ့ပခုံးကို ပွတ်သပ်ပြီး " မင်းရဲ့ စွမ်းရည်ကို နိုးထလိုက်နိုင်တာပဲ ၊ အပြည့်အဝပြန်ကောင်းလာပြီဆိုရင် မင်းလည်း ငါ့လိုစပျစ်နွယ်ပင်ကို ဖန်တီးနိုင်လိမ့်မယ်" လို့ပြောလိုက်တယ်။
ယင်းယွီရှန်းက သံသယရှိသော်လည်း ခေါင်းညိတ်လိုက်ကာ တုံ့ပြန်ခြင်းမပြုတော့ပေ။
သူ့ညီအစ်ကိုရဲ့ စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသဖြင့် ကျို့ဟွာကျဲက သူ့အား နောက်ထပ်တွန်းအားမပေးတော့ရန် ရွေးချယ်ခဲ့ပြီး သူ့ရဲ့စွမ်းရည်ကို ပိုမိုစဉ်းစားနိုင်စေရန် အချိန်ပေးခဲ့သည်။
ဦးနှောက်ထဲမှာဝှက်နေတဲ့ အစိမ်းရောင်စွမ်းအင်ငယ်လေးဟာ စိတ်လှုပ်ရှားမှုနဲ့အတူ ရုတ်တရက် တုန်လှုပ်သွားတာကို ကျို့ဟွာကျဲမသိလိုက်ပေ။ အစိမ်းရောင်စွမ်းအင်ငယ်လေးက သူရဲ့ မဒီတျန်လမ်းကြောင်းကိုအသုံးပြု၍ သူ့လက်ချောင်းထိပ်သို့ ရွေ့လျားလာသည်။
ကျို့ဟွာကျဲရဲ့လက်ချောင်းများက ယင်းယွီရှန်းရဲ့ လက်မောင်းကို ပွတ်တိုက်မိသောအခါတွင် အစိမ်းရောင်စွမ်းအင်များက ယင်းယွီရှန်းရဲ့ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ်ဝင်ရောက်န်ုင်ရန်အတွက် အခွင့်အရေးကို ဆုပ်ကိုင်ထားလိုက်သည်။ စွမ်းအင်ပမာဏက အလွန်သေးငယ်သောကြောင့် ပြောင်းလဲသွားတာကို ၎င်းတို့နှစ်ဦးလုံးက သတိမထားမိခဲ့ကြပေ။
အစိမ်းရောင်စွမ်းအင်တွေဟာ ယင်းယွီရှန်းရဲ့ ခန္ဓာကိုယ်ထဲကိုရောက်တာနဲ့ သူ့ဦးနှောက်ထဲမှာရှိတဲ့နက်မှောင်တဲ့ အစိမ်းရောင် စွမ်းအင်တွေနဲ့ပေါင်းစပ်သွားပြီး နောက်တခဏမှာတော့ သေးငယ်တဲ့ အညှောက်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားပါတယ်။
ဒီပြောင်းလဲမှုဖြစ်ပေါ်လာတဲ့အခါတွင်ပဲ ရုတ်တရက်ကြီး သူ့စိတ်ထဲမှာရှင်းလင်းသွားသလို ယင်းယွီရှန်း ခံစားလိုက်ရတယ်။ စိတ်တိုစိတ်ဆတ်မှုနဲ့ ပင်ပန်းနွမ်းလျမှုတွေဟာ ချက်ချင်းပျောက်ကွယ်သွားပြီး၊ တက်ကြွလန်းဆန်းစေတဲ့ ရေချိုးခြင်းပြုလုပ်လိုက်တာမျိူး ဒါမှမဟုတ် စိတ်ငြိမ်သက်စေတဲ့ ဆေးဝါးတစ်မျိုးမျိုးသောက်ထားသလို ခံစားလိုက်ရတယ်။
သူ့လက်ကောက်ဝတ်ကို ငုံ့ကြည့်မိကာ နေကြာပန်းပုံသဏ္ဍာန်ရှိသည့်တက်တူးကို သတိပြုမိလိုက်တယ်။ သူစိုက်ကြည့်နေတုန်းမှာပဲ သူ့လက်ဖဝါးပေါ်မှာ အညှောက်ပေါက်လေး ပေါ်လာသည်။
"ဟမ် ၊ ဒါကဘာလဲ"
သူ့စကားကိုကြားလို့ လှည့်ကြည့်လိုက်တဲ့ ကျို့ဟွာကျဲလည်း အညွှန့်လေးကို တွေ့လိုက်ရတယ် "ဒါက မင်းရဲ့စွမ်းရည်ဖြစ်နိုင်တယ်" လို့ ပြောရင်း သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။
စူးစမ်းလိုစိတ်ဖြင့် ယင်းယွီရှန်းက အညွှန့်လေးကို ပုတ်လိုက်တယ်။ သူ့လက်ချောင်းထိပ်ဖြင့် ထိလိုက်တာနဲ့ အစိမ်းရောင် အရွက်နှစ်ရွက် ထွက်လာပြီး သူ့လက်ချောင်းမှာ ရစ်ပတ်လိုက်တယ်။ လက်ကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့ သူ့လက်ချောင်းထိပ်က ဒဏ်ရာလေးတွေ ပျောက်သွားတာ တွေ့လိုက်ကြတယ်။
နှစ်ယောက်စလုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငေးကြည့်နေမိတယ် "ဟွာကျဲ အဲဒါကို မင်းမြင်လား" လို့ မမေးခင်မှာ အချိန်ခဏလောက်တော့ ကြာသွားတယ်။
ကျို့ဟွာကျဲက ခေါင်းညိတ်ပြီး "မြင်တယ်" လို့ ပြန်ဖြေတယ်။
ခဏအကြာမှ ကျို့ဟွာကျဲက ဆက်ပြောလာတယ် "ယွီရှန်း မင်းရဲ့သစ်သားစွမ်းရည်က ကုသဖို့စွမ်းဆောင်နိုင်ပုံပါပဲ။ ငါတို့မှာ အစ်မကျောင်း ရှိပြီးသားဆိုပေမယ့်၊ နောက်ထပ် ကုသပေးသူရှိတာကလည်း ငါတို့အဖွဲ့အတွက် ကြီးမားတဲ့ ကောင်းချီးတစ်ခုပဲ"
သူ့အသံက စိတ်လှုပ်ရှားနေတာကိုကြားတော့ တခြားသူတွေက “ဘာဖြစ်နေတာလဲ” လို့ မမေးဘဲ မနေနိုင်တော့ဘူး။
"အစ်ကိုယွီရှန်းက သူ့စွမ်းရည်ကို ဘယ်လိုသုံးရမယ်ဆိုတာ သိသွားပြီလား" ရှောင်ချီက အော်ဟစ်လိုက်တယ်။
ကျို့ဟွာကျဲက ခေါင်းညိတ်လိုက်ပြီး အဖြစ်အပျက်ကို အမြန်ရှင်းပြသည်။
သူတို့တွင် ကုသပေးသူ နောက်တစ်ယောက်ရရှိကြောင်းကို သိရှိရသောအခါတွင် ဝမ်းသာအားရ အော်ဟစ်ကြသည်။ ဆေးဝါးတွေက ဘယ်လောက်တောင် ရှားပါးလာတယ်ဆိုတာကို အားလုံးသိတယ်။ ဒုတိယကုသပေးသူဆိုသည်မှာ သူတို့ရဲ့ ရှင်သန်မှုအတွက် နောက်ထပ်အကာအကွယ်တစ်ခု ဖြစ်သည်။
အပင်ပေါက်လေးရဲ့ အနာကျက်ခြင်းလုပ်ဆောင်ချက်ကို သူတို့ အတည်ပြုလိုက်ပြီးသည်နှင့် သတင်းကို ကျင်းရွှီယန်းဆီသို့ ချက်ချင်း ပို့လိုက်ကြတယ်။
သတင်းရရှိပြီး သိပ်မကြာခင်မှာပဲ နှစ်ထပ်အိမ်တစ်လုံးကို သူတို့ရောက်လာကြတယ်။
ကားပေါ်မှ ဆင်းပြီးနောက်တွင် ရွှီချွန်းဟာ နတ်ဆိုးအဖွဲ့ ချဉ်းကပ်လာတာ စောင့်ဆိုင်းပြီးမှ "ကပ္ပတိန်ကျင်း ဒီအိမ်က မင်းတို့အဖွဲ့အတွက်ပဲ အကုန် အဆင်သင့်ဖြစ်နေပြီ။ ငါ့အဖွဲ့က နံဘေးမှာ နေတယ်" လို့ ပြောလာတယ်။
ကျိူးလီဇီက အိမ်ထဲကို ကြည့်လိုက်ပြီး "ဗိုလ်ကြီးရွှီ အသက်ရှင်ကျန်သူတွေကကော ဘယ်လိုလဲ" လို့ မေးတယ်။
ရွှီချွန်းက ပြုံးပြီး "ဒီစခန်းက ဧရိယာကျယ်ဝန်းပါတယ်။ ဗီလာဇုန်သုံးခု၊ အိမ်ရာလုပ်ကွက် ရှစ်ကွက်နဲ့ တိုက်ခန်းအိမ်ရာနှစ်ဆယ်ဆိုပြီး ပိုင်းခြားထားတယ်"
"ငါတို့က ဗီလာဇုန်တစ်ခု၊ အိမ်ရာသုံးကွက်နဲ့ တိုက်ခန်းအိမ်ရာ နှစ်ခုကို ပြန်လည်သိမ်းယူထားပါပြီး။ အသက်ရှင်ကျန်ရစ်သူတွေကိုတော့ တိုက်ခန်းဧရိယာတွေမှာ ထားတယ်။ ဗီလာနဲ့ အိမ်ယာတွေကိုတော့ ခေါင်းဆောင်တွေ၊ စွမ်းရည်အသုံးပြုသူတွေနဲ့ စစ်သားတွေအတွက် သီးသန့်ထားတယ်"
ကျိူးလီဇီက ခေါင်းညိတ်လိုက်ပြီး "စွမ်းရည်အသုံးပြုသူတွေ ဒါမှမဟုတ် သာမန်လူတွေတွေ့ရှိတဲ့ ရိက္ခာတွေနဲ့ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းတွေရော ရှိလား"
ရွှီချွန်းက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး "အခုချိန်ထိတော့ ငါတို့မှာ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းထားတာမျိူး မရှိသေးဘူး။ စွမ်းရည်အသုံးပြုသူတွေ ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေ ရှာတွေ့သမျှ ရိက္ခာတွေက သူတို့ပိုင်တယ်"
ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ကာ မေးတယ် "ဗိုလ်ကြီး ရွှီ၊ စစ်သားတွေစုဆောင်းထားတဲ့ ရိက္ခာတွေကို အခြေစိုက်စခန်းကို ထောက်ပံ့ဖို့ သုံးတယ်လို့ ပြောနေပေမယ့် စခန်းကရော ဘာမှပြန်မပေးဘူးလား"
"ကျွန်တော်က ဒီကိစ္စကို မပြောခဲ့တာ မဟုတ်ဘူး" ဟု ရွှီချွန်း က ပြောတယ်။ "ဒါပေမယ့် မြို့တော်ဝန်ကတော့ ခေါင်းဆောင်တွေအနေနဲ့ စေတနာထားရမယ်၊ အခြားသူတွေရဲ့ အလုပ်ကြိုးစားမှုရလဒ်အဖြစ် ရထားတဲ့ထောက်ပံ့ရေးပစ္စည်းတွေကို မကိုင်တွယ်သင့်ဘူးလို့အခိုင်အမာဆိုပါတယ်"
သူပြောပြီးတာနဲ့ သူ့အဖွဲ့ထဲက တစ်ယောက်က လှောင်ပြောင်ပြီး "အဲဒီလူကြီးက သူ့ဂုဏ်သိက္ခာကို တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ဘယ်လိုအသုံးချရမလဲဆိုတာပဲ သိတယ်။ သူက အရမ်းရက်ရောတယ်ဆိုရင် သူ့လူတွေကို ဘာလို့ မလွှတ်တာလဲ"
"အဲဒီပစ္စည်းတွေကိုရဖို့ ရဲဘော်တွေရဲ့ အသက်အများကြီးကို ဆုံးရှုံးခဲ့ရပြီး အဆုံးမှာတော့ ကျေးဇူးတင်စကား တစ်ခွန်းတောင်မရလိုက်ဘဲ အဲဒီ ဖော်လံဖားလူတွေထက်တောင် ထောက်ပံ့မှုက နည်းသွားသေးတယ်"
ရွှီချွန်းတို့အဖွဲ့ရဲ့ ကျန်အဖွဲ့သားများကပါ လျင်မြန်စွာ ပါဝင်လာကာ စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်နေကြသည်။
"လုံလောက်ပြီ" ရွှီချွန်းက သူတို့စကားကို ဖြတ်ပြီး "နည်းနည်းပဲပြော မဟုတ်ရင် မင်းတို့ဒုက္ခပိုရောက်လိမ့်မယ်" လို့ သတိပေးလိုက်တယ်။
သူတို့ရဲ့တိုင်ကြားချက်များကိုကြားပြီးနောက်တွင် ကျင်းရွှီယန်းက "ဗိုလ်ကြီးရွှီ မင်းရဲ့ကိုယ်ပိုင်ကိစ္စတွေကို ကိုင်တွယ်ပြီးရင်တော့ နောက်ပိုင်းကြရင် ထောက်ပံ့ရေးကိစ္စတွေနဲ့ပတ်သက်တာတွေကို ငါတို့အတူ ဆွေးနွေးနိုင်မှာပါ"
ဆိုလိုရင်းကို နားလည်တော့ ရွှီချွန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ အရာအားလုံးကို ဖြေရှင်းပြီးတာနဲ့ မင်းကို ငါလာရှာမယ်" လို့ ပြန်ဖြေလိုက်တယ်။
"ကောင်းပြီ"
အတိုချုံးစကားစမြည်ပြောဆိုပြီးနောက်တွင် ရွှီချွန်းနှင့်အဖွဲ့က မြို့တော်ဝန်ထံသွားခဲ့ပြီး ကျင်းရွှီယန်းနှင့်အဖွဲ့က အိမ်ကိုစစ်ဆေးရန်သွားခဲ့သည်။ ကြမ်းပြင်နှင့် ပရိဘောဂများတွင် ဖုန်မှုန့်အလွှာနှင့် သွေးစွန်းထင်းနေသော်လည်း အိမ် အခြေအနေကောင်းနေသေးသည်။
အိမ်ကိုစစ်ဆေးပြီးသောအခါတွင် ကျင်းရွှီယန်းက "အဘိုးကြီးချင် ငါတို့ကို ဖုန်မှုန့်တွေ သန့်စင်ပေးစမ်းပါ။ ဝိန့်ခိုင်၊ ဝိန့်မို မင်းတို့နှစ်ယောက်က ရေပိုက်တွေနဲ့ အပေါက်တွေကို ပိတ်လိုက်ကြ ၊ အဘိုးကြီးကျန်း မင်းက နံရံတွေကို အားဖြည့်ဖို့သွား"
"နားလည်ပြီ"
အမိန့်ပြီးဆုံးပြီးနောက်တွင် ကျိူးလီဇီက ရှောင်ချီကို သံအိုးများထုတ်ပေးခိုင်းပြီး ရေဖြည့်ပေးသည်။
တစ်ချိန်တည်းမှာပဲ ချင်လူဇီက ခြံဝင်းထဲတွင်ရပ်နေပြီး သူ့လက်ကိုဝှေ့ယမ်းလိုက်တာနဲ့ လေဆင်နှာမောင်းလေးတစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။
သူက လေဆင်နှာမောင်းကို ထိန်းချုပ်ပြီး အိမ်အတွင်းရှိ ဖုန်မှုန့်အားလုံးကို စုပ်ထုတ်ခဲ့သည်။ လေနှင့် လေဖိအားကို ထိန်းချုပ်နိုင်သောကြောင့် ဖုန်စုပ်စက် လုံးဝမလိုအပ်ပါ။