အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁) လက်တစ်ဖက် လှန်လိုက်ရင် နေမင်း၊ နောက်တစ်ဖက် လှန်လိုက်ရင် လမင်း
"ပျက်စီးသွားပြီ..."
ဤမြင်ကွင်းကို မြင်သောအခါ အားလုံး၏ စိတ်ထဲတွင် ဤအတွေးတစ်ခုတည်းသာ ပေါ်လာခဲ့သည်။
နင်းဖန်၏ လက်များက အရမ်း မြန်ဆန်လွန်းနေသည်ပင်။
ဖျက်ဆီး၍မရသော ရွှေရောင် အရိုး နှင့် အဆင့်ကိုးဆင့် နီဗားနား မြက် ကို သူ ဆေးမီးဖို ထဲသို့ ပစ်ထည့် လိုက်ပြီဖြစ်ရာ ယခု နောက်ပြန်လှည့်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
နောက်ဆက်တွဲ မြင်ကွင်းမှာ အလွန် အန္တရာယ်များပေလိမ့်မည်။
ကမ္ဘာဦး အပျက်အစီး ဆေးမီးဖို အတွင်းရှိ ဝင်္ကပါ များသည် ပစ္စည်းများ ဆေးမီးဖို ထဲသို့ ဝင်ရောက် လာကြောင်း သိရှိသွားသည်နှင့် ထွင်းထုထားသော အဆင့်မြင့် မီးစွဲလမ်းကြောင်း ဝင်္ကပါ သည် မလွဲမသွေ အသက်ဝင်လာမည်ပင် ဖြစ်သည်။
ထိုသို့သော ဝင်္ကပါ အတွင်းရှိ မီးတောက်များမှာ သာမန် မီး မဟုတ်ချေ။
ကမ္ဘာဦး အပျက်အစီး ဆေးမီးဖို သည် ဒသမအဆင့် ဆေးမီးဖို တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံအဆင့် နတ်ဘုရား လက်နက်တစ်ခုနှင့် ယှဉ်နိုင်သော အမြင့်ဆုံး ရတနာတစ်ခုဖြစ်ကြောင်း သင် သိထားရမည် ဖြစ်သည်။
၎င်းကို ဖန်တီးခဲ့သူမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ထိုက်ရီအစစ်အမှန်ဂိုဏ်း ၏ နာမည်ကြီး နတ်ဘုရားအဆင့် မှော်လက်နက်ဖန်တီးသူ တစ်ဦး ဖြစ်၏။
ဤလူသည် လက်ရှိ ထျန်းကုန်းတောင်ထိပ် ၏ တောင်ထိပ်အရှင်သခင် လီချန်မင် ၏ ဘိုးဘေးလည်း ဖြစ်ပေသည်။
ထိုအချိန်က ဤလီ မိသားစု ဘိုးဘေးသည် သူ၏ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။ ဂိုဏ်းကို အကျိုးပြုရန်အတွက် ဆေးခန်းမ အတွက် အမြင့်ဆုံး ရတနာတစ်ခု ချန်ထားခဲ့ရန် သူ ဆုံးဖြတ်ခဲ့၏။
ထို့ကြောင့် သူသည် အန္တရာယ်များသော နယ်မြေများသို့ တစ်ယောက်တည်း စွန့်စားသွားကာ ကမ္ဘာမြေ ၏ အဆုံးစွန်အထိ ခရီးသွားပြီး အမျိုးမျိုးသော ရှားပါး ပစ္စည်းများ ကို ရယူရန် သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ရလေသည်။
နောက်ဆုံးတွင် ဤနတ်ဘုရား ဆေးမီးဖို ကို သူ သွန်းလုပ်နိုင်ခဲ့ပေ၏။
ထို့အပြင် သူသည် ၎င်း၏ ဝင်္ကပါ အူတိုင် အတွင်း၌ အမျိုးမျိုးသော ထူးဆန်းသည့် မီးတောက်များ၏ မူလအစများကို ချိတ်ပိတ်ထားခဲ့လေသည်။
၎င်းတို့သည် ဆေးဆရာ ၏ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုအပေါ် မူတည်၍ မတူညီသော ဓာတ်များဖြင့် အမျိုးမျိုးသော မီးတောက် အကျိုးသက်ရောက်မှုများအဖြစ် ပေါက်ကွဲထွက်လာနိုင်ပေသည်။
ဥပမာအားဖြင့် အစွန်းရောက် အစစ်အမှန် နေမင်း မီးတောက်၊ အစွန်းရောက် အစစ်အမှန် လမင်း မီးတောက် ၊ အမျိုးမျိုးသော ကာမဂုဏ် အတွေးများကို သယ်ဆောင်လာသည့် ဆိုးယုတ်သော ဆန္ဒများ ၏ မီးတောက်၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခန့်မှန်း၍မရနိုင်သော အေးစက်သည့် မီးတောက်...။
၎င်းတွင် ကမ္ဘာပေါ်ရှိ ထူးဆန်းသော မီးတောက်တိုင်း ပါဝင်သည်ဟု ပြောရန်မှာ မမှန်သော်လည်း ၎င်းတွင် ကိုးဆယ်ရာခိုင်နှုန်း ပါဝင်ပေသည်။
ကမ္ဘာဦး အပျက်အစီး ဆေးမီးဖို သည် ဆေးခန်းမ ကို အကျိုးပြုရုံသာမက ကျင့်ကြံခြင်း ဆေးလုံးများ ရာတွင် ယခင် ခန်းမသခင် များကို နတ်ဘုရားအဆင့် အကူအညီ ပေးစွမ်းရုံသာမက မီးဓာတ် မှော်ပညာ ကျင့်ကြံသူများစွာကိုလည်း သူတို့၏ ကျင့်ကြံခြင်းနှင့် သိမြင်နားလည်မှုတွင် ကူညီပေးခဲ့လေသည်။
ထိုစဉ်က မဟာအကြီးအကဲ ကျီးယန် သည် သူ၏ တာအိုကို သတ်မှတ်ရန် ကမ္ဘာဦး အပျက်အစီး ဆေးမီးဖို ရှေ့တွင် နှစ်ပေါင်းများစွာ ထိုင်ကာ ဤ ဝင်္ကပါ အတွင်းရှိ ယခင်လူများ ချန်ရစ်ခဲ့သော ထူးဆန်း သည့် မီးတောက် မူလအစ အများအပြားကို လေ့လာခဲ့သည်ဟူသော ကောလာဟလများပင် ရှိခဲ့၏။
အဆုံးတွင် ကောင်းကင်နှင့် ချိတ်ဆက်ထားသော အတွေးတစ်ချက်ဖြင့် သူ၏ ကိုယ်ပိုင် မီးဓာတ် မှော်ပညာ မဟာတာအို ကို သူ ဖန်တီးနိုင်ခဲ့လေသည်။
ထို့ကြောင့် ဤ မီးစွဲလမ်းကြောင်း ဝင်္ကပါ ပွင့်သွားသည်နှင့် ၎င်းမှာ သာမန်လူတစ်ယောက် ထိန်းချုပ်နိုင် သောအရာ လုံးဝ မဟုတ်တော့ချေ။
နင်းဖန်၏ အချိုးမကျသော ဆေးသန့်စင်ခြင်း နည်းစနစ်များဖြင့် သူ၏ ကိုယ်ပိုင် ခြေလက်များကဲ့သို့ အလွယ်တကူ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
နောက်တစ်စက္ကန့်တွင် ကျပန်း လောင်ကျွမ်းသွားသော ထူးဆန်းသည့် မီးတောက်သည် ဝုန်းကနဲ ပေါက်ကွဲသွားဖွယ် ရှိချေသည်။
ကမ္ဘာဦး အပျက်အစီး ဆေးမီးဖို ကိုယ်တိုင်မှာမူ သဘာဝကျစွာပင် ထိခိုက်မည် မဟုတ်ချေ။
သို့သော် ရှောင်ချာ ပြောခဲ့သကဲ့သို့ပင် ထိုပြင်းထန်သော စွမ်းအင် ရိုက်ခတ်မှု အခိုက်အတန့်သည် အလွန် နီးကပ်သော အကွာအဝေးတွင် ရှိနေသည့် နင်းဖန်ကို ချက်ချင်း အရည်ပျော်သွားစေမည်သာ ဖြစ်သည်။
ဤသည်ကို တွေးမိသောအခါ အကြီးအကဲများစွာသည် သူတို့၏ နှလုံးသားထဲတွင် နာကျင်မှု တစ်ချက် ကို ခံစားလိုက်ရလေ၏။
မည်သို့ပင်ဆိုစေ သူတို့သည် လျှို့ဝှက်နယ်မြေ အတွင်း နင်းဖန်ကို ရက်အတော်ကြာ စောင့်ကြည့်ခဲ့ကြပြီး ဂိုဏ်းအတွက် ပြုစုပျိုးထောင်ရမည့် ဆက်ခံသူ တစ်ဦးအဖြစ် သူ့ကို ရှုမြင်ခဲ့ကြသည်...။
သူ့အပေါ် သံယောဇဉ် မရှိဘူးဟု ပြောလျှင် ၎င်းမှာ လိမ်လည်ခြင်းပင် ဖြစ်ပေလိမ့်မည်။
သို့သော် နင်းဖန်သည် ဆေးသန့်စင်ခြင်း ကို ဇွတ်လုပ်ခဲ့ပြီး ဤအဆင့်သို့ ရောက်လာခဲ့ပြီဖြစ်ရာ သူ မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။
အနီးအနားရှိ အမျိုးသမီး တပည့်အချို့သည် ဆက်လက် မကြည့်ရက်တော့ဘဲ သူတို့၏ ခေါင်းများကို တစ်ဖက်သို့ လှည့်သွားခဲ့ကြလေသည်။
သို့သော် စက္ကန့်အနည်းငယ် ကုန်လွန်သွားခဲ့၏။
သို့သော်လည်း မျှော်လင့်ထားသော ပေါက်ကွဲသံကြီးကတော့ ထွက်ပေါ်မလာခဲ့ချေ။
ထို အမျိုးသမီး တပည့်များသည် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ရာ ပတ်ဝန်းကျင်ရှိ အကြီးအကဲများ အားလုံး အောက်ဘက်သို့ ငေးကြောင်စွာ စိုက်ကြည့်နေကြသည်ကိုသာ တွေ့လိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်များမှာ အေးခဲစေသော မှော်ပညာ တစ်ခု အတိုက်ခံရသကဲ့သို့ ငြိမ်သက်နေခဲ့၏။
"ဘာဖြစ်သွားတာလဲ…။"
သူတို့ မျက်တောင်ခတ်ကာ အောက်ဘက်သို့ အလျင်အမြန် ကြည့်လိုက်ကြလေသည်။
ဆေးဖော်စပ်သည့် အခန်း အတွင်း၌ နင်းဖန်သည် တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်ပြီး သူ၏ နှင်းကဲ့သို့ ဖြူစွတ် နေသော အစစ်အမှန်တပည့် ဝတ်ရုံများမှာ ဖုန်မှုန့် တစ်စက်မျှပင် မစွန်းထင်းနေသည်ကို သူတို့ မြင်တွေ့ လိုက်ရလေ၏။
သူ့ရှေ့ရှိ ဆေးမီးဖို ကို သူ ကြည့်နေစဉ် သူ၏ အကြည့်မှာ အလွန် လေးနက်နေခဲ့လေသည်။
လက်ဖဝါး နှစ်ဖက်စလုံးကို ဆန့်ထုတ်ထားကာ သူသည် ဝင်္ကပါ ပုံစံများကို လမ်းညွှန်ပေးပြီး လွယ်ကူစွာ ထိန်းချုပ်နေခဲ့သည်ပင်။
ထို့အပြင် ဆေးမီးဖို အတွင်း၌ နွေးထွေးသော အဖြူရောင် မီးတောက်တစ်ခု ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေခဲ့လေသည်။
ထိန်းချုပ်မှု ကင်းမဲ့နေသည့် အရိပ်အယောင် လုံးဝ မရှိချေ...။ ၎င်းမှာ အလွန် ယဉ်ပါးနေပုံရလေသည်။
ယခုအချိန်တွင် ၎င်းသည် ထို ဖျက်ဆီး၍မရသော ရွှေရောင် အရိုး ကို မီးကင်နေခဲ့လေ၏။
"ဒါဘယ်လိုအခြေအနေလဲ...။"
အမျိုးသမီး တပည့်များမှာ မှင်တက်သွားကြပြီး ဟိုဟိုဒီဒီ ကြည့်ရန် ခေါင်းများကို လှည့်လိုက်ကြလေ သည်။
အခြားလူများ အားလုံးတွင် တူညီသော တုံ့ပြန်မှု ရှိနေပြီး သူတို့၏ မျက်လုံးများတွင် အံ့သြမှုနှင့် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေသည်ကို သူတို့ တွေ့ရှိခဲ့ရလေ၏။
ဆေးသန့်စင်ခြင်း နည်းစနစ်တွင် ကျွမ်းကျင်သော အစစ်အမှန်တပည့် အချို့မှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် တစ်စုံတစ်ယောက်က နောက်ဆုံးတွင် စကားပြောလိုက်လေသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...။"
"သူ... သူက ကမ္ဘာဦး အပျက်အစီး ဆေးမီးဖို ကို တကယ်ပဲ ထိန်းချုပ်နိုင်တာလား...။"
"ငါ မမှားဘူးဆိုရင် အဲဒီ နွေးထွေးတဲ့ အဖြူရောင် မီးတောက်က အစစ်အမှန် နေမင်း မီးတောက် ပဲ...။ သာမန် အရာတွေက အဲဒါနဲ့ ထိလိုက်တာနဲ့ ဖျက်ဆီးခံရတာပဲ...။"
"ဟုတ်တယ်...၊ ဆေးဖော်စပ်ဖို့ ဒီမီးကို သုံးတာက ကြိုးပေါ်မှာ ကနေရသလိုပဲ...။ အမှား နည်းနည်းလေး လုပ်မိတာနဲ့ ပစ္စည်း တွေ အားလုံး ပြာဖြစ်သွားလိမ့်မယ်...။"
"နင်းဖန်က အခု အရမ်း သက်သောင့်သက်သာနဲ့ ပြေလျော့နေတယ်၊ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေ တာလဲ...။"
"ဝိညာဉ် ပြန်လည်နာလန်ထူခြင်း ဆေးလုံး တစ်လုံးကို သန့်စင်ရုံနဲ့ သူ့ရဲ့ ဆေးမီးဖို ကို အကြိမ်ပေါင်းများ စွာ ပေါက်ကွဲစေခဲ့တဲ့ တပည့်ခေါင်းဆောင် နင်း ကော ဟုတ်သေးရဲ့လား...။"
"သူ့ကို ဆေးသန့်စင်ခြင်း ဘိုးဘေး ဝင်ပူးနေတယ်လို့ မင်း ပြောရင်တောင် ငါ ယုံမိမှာပဲ...။"
တပည့်များ အားလုံး အံ့အားသင့်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများတွင် နားမလည်နိုင်မှု များဖြင့် ပြည့်နှက်နေခဲ့လေသည်။
ဆေးသန့်စင်ခြင်း တာအို ကို ယခုမှ စတင် သင်ယူခဲ့ပြီး ဝိညာဉ် ပြန်လည်နာလန်ထူခြင်း ဆေးလုံး တစ်လုံး ကိုပင် ကောင်းကောင်း မသန့်စင်နိုင်သော လူတစ်ယောက်။
ဒသမအဆင့် ဆေးမီးဖို တစ်ခုကို ရရှိပြီးနောက် ထူးဆန်းသည့် မီးတောက်ကြောင့် လွင့်စင်မသွားရုံသာ မက အမှန်တကယ် လွယ်လွယ်ကူကူ လုပ်ဆောင်နေခဲ့လေသည်။
"အဲဒါက အဓိပ္ပာယ်ရော ရှိရဲ့လား….။"
အကြီးအကဲများလည်း ဇဝေဇဝါ ဖြစ်နေကြလေသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး ဇဝေဇဝါ ဖြစ်နေကြ၏။
လီချန်မင် သည် သူ၏ တံတောင်ကို အသုံးပြု၍ သစ်သား ကြက်ဖကြီးတစ်ကောင်ကဲ့သို့ ရပ်နေသော ကျောက်ရုပ်ဖြစ်နေသည့် ရှောင်ချာ ကို တွတ်ပြီး မေးလိုက်လေသည်။
"ဂျူနီယာညီလေးရှောင်...၊ နိုးပါဦး... အတိအကျ ဘာတွေဖြစ်နေတာလဲ...။"
"ငါ... ငါလည်း မသိဘူး...။"
ရှောင်ချာ သတိပြန်ဝင်လာပြီးနောက် သူ၏ အာခေါင် ခြောက်သွေ့သွားသည်ကို ခံစားလိုက်ရသည်... ။ နင်းဖန်၏ နည်းစနစ်က မျက်စိတစ်မှိတ်အတွင်း ဘာကြောင့် ဤမျှ ကျွမ်းကျင်လာရသနည်း ဆိုသည်ကို သူ လုံးဝ နားမလည်နိုင်တော့ချေ။
မကြာသေးမီက ဤ ကမ္ဘာဦး အပျက်အစီး ဆေးမီးဖို ကို အသုံးပြုခဲ့သူမှာ သူ ဖြစ်ပေသည်။
ထို့ကြောင့် ဤဆေးမီးဖို အတွင်းရှိ မီးစွဲလမ်းကြောင်း ဝင်္ကပါ ၏ စွမ်းအားကို သူ ကောင်းကောင်း သိထား ၏။
သူ နဝမအဆင့် ဆေးဆရာ အဖြစ် ပထမဆုံး ရာထူးတိုးခံရစဉ်ကပင် ၎င်းကို လွတ်လပ်စွာ ထိန်းချုပ်ရန် ကြိုးစားခြင်းမှာ အလွန် ခက်ခဲခဲ့သည်ပင်။
သို့သော် ယခု နင်းဖန်သည် ၎င်းကို အကြိမ်ဆယ်သန်းပေါင်းများစွာ အသုံးပြုခဲ့ဖူးသကဲ့သို့ ကျွမ်းကျင်နေ ခဲ့သည်ပင်။
ထို ဖျက်ဆီး၍မရသော ရွှေရောင် အရိုး ပင်လျှင် အပူရှိန်အပေါ် သူ၏ ကျွမ်းကျင်မှုကို ပြသကာ တိကျစွာ မီးကင်ခံနေရ၏။
"နေပါဦး... သူက ဘာလို့ မီးအပူချိန်ကို တိုးနေတာလဲ…။"
နင်းဖန်၏ မီး ထိန်းချုပ်မှု နည်းစနစ်ကြောင့် ရှောင်ချာ အံ့အားသင့်နေစဉ် ဆေးမီးဖို အတွင်းရှိ အစစ်အမှန် နေမင်း မီးတောက် ၏ အရှိန်အဟုန်သည် ပြင်းထန်စွာ မြင့်တက်လာကြောင်း သူ ရုတ်တရက် သတိပြုမိ လိုက်လေသည်။
"မကောင်းတော့ဘူး ဆေးမီးဖို က ပေါက်ကွဲတော့မယ်...။"
အနီးအနားရှိ စွန်းချီယွမ် သည် ပထမဆုံး စကားပြောလိုက်ခြင်း ဖြစ်လေသည်။
ဆေးသန့်စင်ခြင်း တာအို ကိုလည်း ကျွမ်းကျင်သော ဆေးဖက်ဝင် အပင်များ သခင်တစ်ဦးအနေဖြင့် လက်ရှိ အခြေအနေကို သူ သဘာဝကျစွာ မြင်တွေ့နိုင်သည်။
အကြောင်းပြချက် တစ်ခုခုကြောင့် နင်းဖန်သည် ရုတ်တရက် အစစ်အမှန် မီးတောက် ကို ထိန်းချုပ်မှု မရှိဘဲ လောင်ကျွမ်းစေခဲ့ပြီး ပစ္စည်း များသည် သူတို့၏ အကန့်အသတ်အထိ လောင်ကျွမ်းတော့မည့်ပုံ ပေါ်နေ၏။
ဤအတွက် ရလဒ် တစ်ခုတည်းသာ ရှိလေသည် ။ ဆေးမီးဖိုသည် ပေါက်ကွဲသွားမည် ဖြစ်၏။
"ဒါပေမယ့် သူက ဘယ်လိုလုပ် ဒီလို အမှားမျိုး လုပ်နိုင်မှာလဲ….။"
"စောစောက သူ့ရဲ့ လွယ်ကူပြီး ကျွမ်းကျင်တဲ့ အသွင်အပြင်က တကယ်တော့ ကံကောင်းမှု သက်သက်ပဲ လား…။"
"သူက ဝိညာဉ် ပြန်လည်နာလန်ထူခြင်း ဆေးလုံး တစ်လုံးကိုတောင် သေချာ မသန့်စင်နိုင်တဲ့ အဲဒီ အဆင့် မှာပဲ ရှိနေသေးတာလား…။"
စွန်းချီယွမ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
ဤစကားများကို ကြားသောအခါ အားလုံးလည်း ထိတ်လန့်သွားခဲ့ကြလေ၏။
ပတ်ဝန်းကျင်ရှိ တပည့်များသည်လည်း ထိတ်လန့်သွားကြသည်။
အထူးသဖြင့် ဆေးသန့်စင်ခြင်း တာအို ကို လေ့လာနေသော တပည့်များ...။ နီးကပ်လာနေသော ပေါက်ကွဲမှု၏ လက္ခဏာများကို သူတို့ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
အစစ်အမှန် နေမင်း မီးတောက် သည် အရမ်း မြန်လွန်း၏။ အများဆုံး အသက်ရှူသုံးခါ အတွင်း ပစ္စည်း များကို ပေါက်ကွဲသွားစေပေလိမ့်မည်။
"ဒီဆေးလုံးက ပျက်စီးသွားပြီ...။"
တစ်စုံတစ်ယောက်က သူတို့၏ နှလုံးသားထဲတွင် အကဲဖြတ်လိုက်ပြီး ခြယ်လှယ်ရန် နေရာမရှိတော့ ကြောင်း သေချာသွားခဲ့သည်။
ရှောင်ချာ မှာလည်း စိုးရိမ်မှုကြောင့် ချွေးများ ရွှဲနစ်နေခဲ့သည်။ ယခုအချိန်တွင် ပေါက်ကွဲမှု မတိုင်မီ အသက်တစ်ခါရှူစာသာ ကျန်တော့လေသည်။
ထို့အပြင် ဤ အရေးကြီးသော အချိန်လေး၌ပင်၊ ဆေးမီးဖို ရှေ့တွင် ထိုင်နေသော နင်းဖန်သည် သူ၏ လက်ဖဝါးကို အနည်းငယ် လှန်လိုက်ရာ သူ၏ ဝိညာဉ်ချီ က မီးစွဲလမ်းကြောင်း ဝင်္ကပါ ကို အစပျိုးလိုက် ၏။
အလွန် သိမ်မွေ့သော ထိန်းချုပ်မှုဖြင့် အစစ်အမှန် နေမင်း မီးတောက် ၏ စွမ်းအားကို ချက်ချင်း ပြန့်ကျဲ သွားစေပြီး လျင်မြန်စွာ အားနည်းသွားစေခဲ့သည်။
ထိုနောက် ချက်ချင်းပင် လ အေးစက်သော ချီ ပါဝင်သည့် အပြာရောင် မီးတောက်တစ်ခုသည် မီးစွဲ လမ်းကြောင်း ဝင်္ကပါ မှ ထွက်ပေါ်လာခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းသည် အစစ်အမှန် နေမင်း မီးတောက် နေရာတွင် အစားထိုး ဝင်ရောက် လာပြီး ဆေးမီးဖို ကို ပြန်လည် ဖြည့်တင်းလိုက်လေသည်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ သည် သေမတတ် တိတ်ဆိတ်သွားခဲ့လေ၏။
အားလုံး နောက်တစ်ကြိမ် အေးခဲသွားခဲ့ကြသည်။
လက်တစ်ဖက်ဖြင့် နေမင်းကို ယူဆောင်လာပြီး နောက်တစ်ဖက်ဖြင့် လမင်းကို ယူဆောင်လာသော နင်းဖန်၏ အလွန်ကောင်းမွန်သော ကျွမ်းကျင်မှုကြောင့် အားလုံး မှင်တက်သွားကြခြင်းဖြစ်လေသည်။
အခန်း (၇၂) ရှေးဟောင်း အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း
"အဲဒါ ဘယ်လို ဆေးသန့်စင်ခြင်း နည်းစနစ် မျိုးလဲ...။"
အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က နောက်ဆုံးတွင် အော်ဟစ်လိုက်လေသည်။
ထို မှတ်ချက် တစ်ခုတည်းက ရေကန်ထဲသို့ ပစ်ချလိုက်သော ကျောက်စရစ်ခဲ တစ်ခုကဲ့သို့ လှိုင်း ဂယက်များ ထပ်ခါတလဲလဲ ထွက်ပေါ်လာစေခဲ့သည်။
တပည့်များနှင့် အကြီးအကဲများသည် ၎င်းကို စတင် ဆွေးနွေးလာကြလေသည်။
ထိုနေရာသည် စျေးကွက်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ အသံများ ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေခဲ့၏။
သို့သော် ဆူညံသံကို မည်သူကမျှ ဂရုမစိုက်ကြချေ...။ နင်းဖန်၏ လှုပ်ရှားမှုသည် သာမန် အသိတရား အားလုံးကို ဖီဆန်လွန်းနေခဲ့သည်ပင်။
၎င်းက လူတစ်ဦးစီတိုင်းကို တုန်လှုပ်သွားခြင်းဆိုသည်မှာ ဘာလဲဆိုသည်ကို စစ်မှန်ပြီး နက်နက်ရှိုင်းရှိုင်း ခံစားရစေခဲ့သည်။
ယွီရူရွှမ်း၊ ဂိုဏ်းချုပ်၊ လီချန်မင်...၊ တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲ များ တစ်ယောက် ပြီးတစ်ယောက် သူတို့၏ တည်ငြိမ်မှုများ ပြိုကွဲသွားသည်ကို တွေ့ရှိခဲ့ကြလေသည်။
အဆုံးတွင် သူတို့သည် သူတို့၏ စုပေါင်း အကြည့်များကို ရှောင်ချာ အပေါ်သို့သာ လွှဲချနိုင်တော့၏။
မည်သို့ပင်ဆိုစေ ထိုက်ရီအစစ်အမှန်ဂိုဏ်း တစ်ခုလုံးတွင် သူ တစ်ယောက်တည်းသာ နဝမအဆင့် ဆေးဆရာ ဖြစ်ပေသည်။
ယခုအချိန်တွင် ရှောင်ချာ သည် အသက်ကို ခက်ခဲစွာ ရှူသွင်းနေပြီး သူ၏ လက်များ တုန်ယင်နေခဲ့၏။
သူ့ကိုယ်သူ တည်ငြိမ်အောင် အချိန်အတော်ကြာ ကြိုးစားပြီးနောက်မှသာ သူက လေးနက်စွာ ကြေညာ လိုက်လေသည်...။
"ငါ သူ့ကို အထင်လွဲခဲ့တာ...၊ နင်းဖန် အသုံးပြုနေတာက ဆေးသန့်စင်ခြင်း တာအို က အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း ပဲ... ။ဒါပေမယ့် နင်းဖန်ရဲ့ နည်းလမ်းက တခြားသူတွေနဲ့ မတူဘူး...။"
"အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း က ပုံစံနှစ်မျိုး ခွဲခြားထားတယ်...။ ပထမတစ်ခုက နောက်ပိုင်း ခေတ် တိုးတက်လာတဲ့ ဗားရှင်းပဲ။ ပစ္စည်း တွေကို သန့်စင်ဖို့ မီးတောက်ကို လမ်းညွှန်ပေးတဲ့ ဝင်္ကပါ တစ်ခုကတစ်ဆင့် မတူညီတဲ့ မီးတောက် ကိုးခုကို ပို့ဆောင်ပေးတာ...။"
"ဒီချဉ်းကပ်မှုက ဘေးကင်းမှုနဲ့ တည်ငြိမ်မှုမှာ အနိုင်ရတယ် ဒါကြောင့် လူတော်တော်များများက ဒါကို ရွေးချယ်ကြတယ်...။ သဘာဝကျစွာပဲ အခက်အခဲကို လျှော့ချလိုက်တာနဲ့ တန်ဖိုးတစ်ခု ပေးရတယ်..၊ နောက်ဆုံး ကျင့်ကြံခြင်း ဆေးလုံး ရဲ့ အရည်အသွေးက အနည်းငယ်တော့ နိမ့်ကျသွားလိမ့်မယ်...။"
ဤနေရာတွင် အားလုံး၏ မျက်လုံးများတွင် နားလည်မှုများ ပေါ်လာခဲ့လေသည်။
သူတို့သည် ဆေးလုံးများ တာအို တွင် ကျွမ်းကျင်သူများ မဟုတ်သော်လည်း ထိပ်တန်းအဆင့် အဆင့်ကိုး ဆင့် မီးဖုတ်ခြင်း နည်းလမ်း အကြောင်း သူတို့ ကြားဖူးကြလေသည်။
အသေးစိတ် အချက်အလက်များကိုသာ သူတို့ မသိခဲ့ခြင်း ဖြစ်၏။
ယခု ရှောင်ချာ က သူတို့ကို သင်ခန်းစာ တစ်ခု ပေးလိုက်ပြီ ဖြစ်သည်။
လီချန်မင် က စိတ်ဝင်တစားဖြင့် မေးလိုက်သည်...။
"ဂျူနီယာညီလေးရှောင်...၊ ဒါဆို ဒုတိယ ပုံစံက ဘယ်လို အလုပ်လုပ်လဲ...။"
ရှောင်ချာ သည် ကြားဖြတ်ပြောခြင်းကို ဂရုမစိုက်ချေ။ ခဏမျှ စဉ်းစားပြီးနောက် သူ ဆက်ပြောလေ သည်။
"ဒုတိယတစ်ခုက မူလအစ ဆေးဆရာ နည်းစနစ်ပဲ။ အဲဒါက မီးဖုတ်ဖို့အတွက် အချင်းချင်း ထိန်းချုပ် နေတဲ့ မီးတောက် နှစ်ခုကိုပဲ အသုံးပြုတယ်...။ ကမ္ဘာဦး အပျက်အစီး ကင်းမဲ့သော ခန္ဓာကိုယ် မူလအစ ဆေးလုံး က ရှေးဟောင်း ဖော်မြူလာ တစ်ခုပါ...။"
"အဲဒီရဲ့ လုပ်ငန်းစဉ်မှာ အစစ်အမှန် နေမင်း မီးတောက် နဲ့ အစစ်အမှန် လမင်း မီးတောက် တို့ အလှည့်ကျ ဖြစ်ရမယ်လို့ ရှင်းလင်းစွာ ဖော်ပြထားတယ်...။ အဲဒါက ဒီဒုတိယ ပုံစံကို ရည်ညွှန်းတာပဲ...၊ ဒါပေမယ့် ရှေးဟောင်း အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း တောင်မှ ဒီလောက် အစွန်းရောက်တဲ့အထိ တွန်းအား မပေးခဲ့ဘူး...။"
"မီးတောက်တွေရဲ့ ဂုဏ်သတ္တိတွေ နီးကပ်နေချိန်မှာ ပြောင်းလဲမှုကို လုပ်ဆောင်နိုင်တယ်... ၊ အဓိပ္ပာယ် မရှိတဲ့ အပိုင်းကတော့ နင်းဖန်က ဆေးမီးဖို ပေါက်ကွဲမယ့် အခိုက်အတန့်လေးမှာတင် ပြောင်းလဲမှု တစ်ခု စီတိုင်းကို အချိန်ကိုက် လုပ်နေတာပဲ။ သူ့အတွက် အမှားလုပ်ခွင့် လုံးဝ မချန်ထားဘူး...။"
"ပြီးတော့ ဒီလုပ်ငန်းစဉ်ကို သူ နောက်ထပ် ခုနစ်ကြိမ် လုပ်ရဦးမယ်...။"
ဤနေရာတွင် ရှောင်ချာ ၏ ပါးစပ်မှာ ခြောက်သွေ့နေပြီး သူ၏ ဦးရေပြားများ ထုံကျင်နေခဲ့သည်။
"နင်းဖန်က ကြောက်စရာကောင်းတယ်…။"
ဤကဲ့သို့သော အစွန်းရောက် အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း ကို အသုံးပြုခြင်းက နောက်ဆုံး အရည်အသွေးကို အမှန်တကယ် မြှင့်တင်ပေးမည် ဖြစ်သော်လည်း အန္တရာယ်မှာ ကြီးမားလှပေသည်။
ဆံချည်တစ်မျှင်စာ သွေဖည်သွားရုံဖြင့် အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။
သမိုင်းတွင် နာမည်ကြီးသော နတ်ဘုရားအဆင့် ဆေးဆရာ များပင်လျှင် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ဘယ်သောအခါမျှ မလုပ်ရဲခဲ့ကြချေ။ ၎င်းမှာ ဓားသွားပေါ်တွင် ကနေရသည်နှင့် မကွာခြားချေ။
ချီ ထိန်းချုပ်မှု အနည်းငယ် လျော့ကျသွားရုံဖြင့် ဆေးမီးဖို ကို ချက်ချင်း ပေါက်ကွဲသွားစေမည် ဖြစ်၏။
ထို့အပြင် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးအတွက် ပစ္စည်း များမှာ ရရှိရန် ခက်ခဲ လေ သည်...။ များသောအားဖြင့် အခွင့်အရေး တစ်ကြိမ်သာ ရှိလေ၏။
ထို့ကြောင့် တည်ငြိမ်သော သတိထားမှုသည် အသိဉာဏ်ရှိသော ရွေးချယ်မှုသာ ဖြစ်လေသည်။
နင်းဖန် လုပ်နေသကဲ့သို့ ကြိုးတန်းပေါ် လမ်းလျှောက်မည့်သူမှာ အရူးတစ်ယောက်မှလွဲ၍ မည်သူ ရှိမည်နည်း…။
ရှောင်ချာ ဤမျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ အကြီးအကဲများ နားလည်သွားကြသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားမပြောနိုင်လောက်အောင် မှင်တက် သွားခဲ့ကြလေ၏။
"ဒါဆို နင်းဖန်က ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို တကယ် သန့်စင်နိုင်လောက်တယ် လို့ မင်း ပြောချင်နေတာလား...။"
"မဖြစ်နိုင်ပါဘူး...၊ သူ့မှာ ရှင်သန်ဖို့ နောက်ထပ် ခုနစ်ကြိမ် ကျန်သေးတယ်လို့ အဘိုးကြီးရှောင် အခုလေး တင် ပြောခဲ့တယ်လေ...။"
"သူ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို ထုတ်လုပ်နိုင်မလား ဆိုတာက အဲဒီ ခုနစ်ကြိမ် ကို သူ ခံနိုင်ရည်ရှိမရှိ ဆိုတဲ့အပေါ်မှာ မူတည်တယ်...။"
"ဒါပေမယ့် ဒီကောင်လေးရဲ့ ဆေးသန့်စင်ခြင်း ပါရမီက ဘာလို့ ဒီလောက် နားလည်ရခက်နေရတာလဲ...။ သူက ပထမအဆင့် ဝိညာဉ် ပြန်လည်နာလန်ထူခြင်း ဆေးလုံး တစ်လုံးကို သန့်စင်ရင်း ဆေးမီးဖို ကို အကြိမ်ပေါင်းများစွာ ပေါက်ကွဲစေခဲ့တယ်။ ဒါပေမယ့် သူက ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးမှာ မူလအစ အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း ကို လုပ်ဆောင်နိုင်တယ်...။"
"သူ့ကို နားမလည်နိုင်ဘူး...၊ သူ့ကို တကယ်နားလည်လို့ကို မရဘူး...။"
"..."
အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း သည် ယန်-မီး ဖြင့် စတင်ပြီး ယင်-မီး သို့ အလှည့်ကျ ပြောင်းလဲ ကာ ပစ္စည်း များကို ကိုးကြိမ်တိုင်တိုင် မီးဖုတ်ပြီးသည်အထိ ထပ်ခါတလဲလဲ လုပ်ဆောင်ရလေသည်။
ထို့ကြောင့် ၎င်းသည် ယန်-မီး ဖြင့်သာ အဆုံးသတ်သည်။ စုစုပေါင်း ယန် ငါးကြိမ်၊ ယင် လေးကြိမ် ဖြစ်၏။
မီးတောက် ပြောင်းလဲမှု ရှစ်ကြိမ် လိုအပ်ပေသည်။
နင်းဖန်သည် တစ်ကြိမ် ပြီးစီးသွားပြီဖြစ်ပြီး နောက်ထပ် ခုနစ်ကြိမ် ကျန်ရှိနေသေး၏။
အကယ်၍ ပြောင်းလဲမှု တိုင်းကို ဤကဲ့သို့ အကန့်အသတ်အထိ တွန်းအားပေးမည်ဆိုပါက အခက်အခဲမှာ စိတ်ကူးယဉ်၍မရနိုင်ချေ။
အကြီးအကဲများ စိုးရိမ်နေကြသော်လည်း သူ၏ ပါရမီကို နားမလည်နိုင်ကြချေ။
နင်းဖန်သည် အဆင့်နိမ့် ဆေးလုံးများ တွင် ကျရှုံးခဲ့သော်လည်း ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို ဤမျှ တက်ကြွစွာ ကိုင်တွယ်နိုင်ပုံကို မည်သူကမျှ နားမလည်နိုင်ကြချေ။
အကြီးအကဲများ ဇဝေဇဝါ ဖြစ်နေကြသည်၊ တပည့်များ ဆွံ့အသွားကြ၏။
အထူးသဖြင့် ဆေးသန့်စင်ခြင်း တွင် ကျွမ်းကျင်သော ဆေးခန်းမ မှ အလုပ်သင်များ ဖြစ်သည်။ သူတို့ သည် မျက်လုံးများပြူးကာ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးသူငယ်အိမ်များ ပြုတ်ကျလုမတတ် ဖြစ်နေခဲ့၏။
"မူလအစ ဆေးဆရာ တွေရဲ့ အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း...၊ ရှေးဟောင်း စာအုပ်တွေထဲမှာပဲ ငါ ဖတ်ဖူးတယ်...။"
"ဘုရားရေ ဒီဒဏ္ဍာရီလာ နည်းစနစ်ကြီးက ငါ့မျက်စိရှေ့မှာ ပေါ်လာလိမ့်မယ်လို့ တွေးမိဖို့က...။"
"ငါတို့ရဲ့ အကြီးအကဲရှောင် တောင် ဒီလို တစ်ခါမှ မလုပ်ဖူးလောက်ဘူးနော် ဟုတ်တယ်မလား...။"
"သေချာပေါက် မလုပ်ဖူးဘူးပေါ့...၊ နဝမအဆင့် ဆေးလုံး တစ်လုံးအတွက် ပစ္စည်းတွေက ဘယ်လောက် တောင် အဖိုးတန်လဲ...။ တစ်ခါ ဆုံးရှုံးသွားရင် ပြန်စုဆောင်းဖို့ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်ဘူး...။"
"မူလအစ နည်းလမ်းက ပိုကောင်းတဲ့ အရည်အသွေးကို ပေးစွမ်းနိုင်ပေမယ့် ဒီလို အစွန်းရောက်မှုတွေ မပါဘဲနဲ့လည်း မင်း အောင်မြင်နိုင်သေးတာပဲ။ ဘယ်ရွေးချယ်မှုက ပိုဘေးကင်းလဲဆိုတာ အရူးတောင် သိတယ်...။"
"မင်းက နင်းဖန်ကို အရူးလို့ ခေါ်နေတာလား...။"
"မဟုတ်ဘူး….၊ သူ့ရဲ့ ကျွမ်းကျင်မှုက ကြီးမားလို့ သူ ရဲရင့်နေတာ...။"
"သူ သေချာပေါက် ကြီးမား ပါတယ် သူက ဝိညာဉ် ပြန်လည်နာလန်ထူခြင်း ဆေးလုံး တွေ သန့်စင်ရင်း ဆေးမီးဖို ကို အကြိမ်ပေါင်းများစွာ ပေါက်ကွဲစေခဲ့တာ...။"
"နင်းဖန်ရဲ့ ပါရမီက အထူးများဖြစ်နေမလား...။ သူက အဆင့်မြင့် ဆေးလုံးတွေကိုပဲ သန့်စင်နိုင်တာများ လား...။"
အစစ်အမှန်တပည့်များနှင့် အတွင်းစည်း ဂုဏ်ထူးဆောင် တပည့်များ တတွတ်တွတ် ပြောနေကြ၏။
သူတို့အားလုံး ထိုမြင်ကွင်းကို အံ့သြနေကြသည်။
သူတော်စင် ဇူယွင်ကျယ် သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ မျက်လုံးများ လင်းလက်သွားခဲ့၏။
"ငါ သိသားပဲ...။"
သူသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ အားသစ်လောင်းလာပုံရပြီး နင်းဖန်ကို စိုက်ကြည့်နေခဲ့သည်။
ဤလူသည် ထူးဆန်းလှသည်။ အခြားသူများက သူ့ကို မလုပ်နိုင်ဘူးဟု ထင်သောအခါ သူ အောင်မြင် သည်။ သို့သော် သူ လုပ်နိုင်သည်ဟု သင် ယုံကြည်ပါက သူ ကျရှုံးပြန်သည်။
အတိုချုပ်ပြောရလျှင် သူသည် လုံးဝ ခန့်မှန်း၍မရနိုင်ချေ။
ထို့ကြောင့် ဇူယွင်ကျယ် ၏ ကိုယ်တိုင် တီထွင်ထားသော "မယုံကြည်ခြင်း နိယာမ" သည် ယခု ၎င်း၏ တန်ဖိုးကို သက်သေပြနေပြီ ဖြစ်၏။
သူ၏ ယိမ်းယိုင်နေသော တာအို နှလုံးသား ခိုင်မာသွားခဲ့လေသည်။
"မင်း ငါ့ကို နောက်တစ်ကြိမ် လှုပ်ခတ်နိုင်တော့မှာ မဟုတ်ဘူး... ။"
သူတော်စင်သည် သူ့ဘာသာသူ ပြောလိုက်ပြီး သူ၏ ဆန္ဒသည် ယခု ခိုင်မာသွားပြီဟု သေချာနေခဲ့သည်။
သို့သော် အကြောင်းပြချက် တစ်ခုခုကြောင့် ပတ်ဝန်းကျင်ရှိ တပည့်များ နင်းဖန်ကို ချီးကျူးနေသည်ကို ကြားသောအခါ သူ့ကို ဟာတာတာ ခံစားရစေခဲ့၏။
သူ၏ ဆုံးဖြတ်ချက်က မလုံလောက်သေးတာများလား။ သူတော်စင်သည် ဇဝေဇဝါဖြစ်စွာ ရပ်နေပြီး အတွေးနက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်
အတွင်းစက်ဝိုင်းမှ သတင်းများသည် အပြင်စည်း သို့ တဖြည်းဖြည်း ရောက်ရှိသွားခဲ့သည်။
အကြီးအကဲများ၏ တုန်လှုပ်မှု၊ ရှောင်ချာ ၏ ရှင်းပြချက်၊ နင်းဖန်၏ လှုပ်ရှားမှု။ အသေးစိတ် အချက် အလက်တိုင်းသည် တပည့်များ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။
အံ့သြစရာ မဟုတ်ဘဲ ဆူညံသံတစ်ခု ပေါက်ကွဲထွက်လာခဲ့လေသည်။
လူတစ်သိန်းကျော် မှင်တက်သွားကြ၏။
"ဒါဆို နင်းဖန်က ငါတို့ကို ကစားဖို့သက်သက် အဲဒီ ဆေးမီးဖို တွေကို ပေါက်ကွဲစေခဲ့တာလား...။"
"ငါလည်း အဲဒီလို ထင်တယ်...။ ပြန်စဉ်းစားကြည့်ရင် ဆေးမီးဖို ပေါက်ကွဲသွားတိုင်း သူက လုံးဝ တည်ငြိမ်နေပြီး စိတ်ပျက်တဲ့ အရိပ်အယောင် တစ်ချက်လေးတောင် မရှိဘူးလေ...။"
"ဖြစ်နိုင်တယ်...။ တကယ်လို့ သူ့မှာ ယုံကြည်မှု မရှိရင် သူ အဲဒီလောက် ပြေလျော့နေနိုင်ပါ့မလား...။"
"ဖြစ်နိုင်တာတွေ လာမပြောနဲ့...။ နင်းဖန်က ငါတို့ ဘယ်မှာရှိနေလဲဆိုတာတောင် မသိဘူးလေ။ သူက လေဟာနယ်ကို နောက်ပြောင်နေတာလား...။"
"ဒါဆို သူက သူ့ကိုယ်သူ ဖျော်ဖြေနေတာပေါ့။ အဲဒါကို တခြား ဘယ်လို ရှင်းပြမလဲ...။"
"တပည့်ခေါင်းဆောင် နင်း ဆိုတဲ့ နတ်ဘုရားမှာ သူ့ရဲ့ ကိုယ်ပိုင် နတ်ဘုရားနည်းလမ်းတွေ ရှိတယ်လို့ပဲ ငါတို့ ပြောနိုင်တော့တယ်...။"
"ကြည့်စမ်း... ဒါက နောက်ဆုံး မီးတောက် ပြောင်းလဲမှုပဲ။ နောက်ထပ် ဘာလာအုန်းမလဲ...။"
တပည့်များက ထင်မြင်ချက် အမျိုးမျိုး ပေးနေကြ၏။
သူတို့ စကားပြောနေစဉ် ဆေးခန်းမ အတွင်းရှိ နင်းဖန်သည် အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း ၏ နောက်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်လေသည်။
အစစ်အမှန် နေမင်း မီးတောက် သို့ သူ၏ နောက်ဆုံး ပြောင်းလဲမှုအပြီးတွင် သူသည် ကျောက်စိမ်း ပုလင်းတစ်လုံးကို လေးနက်စွာ ထုတ်ယူလိုက်၏။
၎င်းအတွင်းတွင် အဓိက ပါဝင်ပစ္စည်း၊ မူလအစ ကမ္ဘာဦး အကြွင်းအကျန်များ တစ်မျှင် ရှိနေသည်။
ဤသည်မှာ အရေးကြီးဆုံး အဆင့် ဖြစ်သည်။ ဆေးလုံးကို ပုံဖော်ခြင်းပင်။
ရှောင်ချာ က လေးနက်သော စိုးရိမ်ပူပန်မှုဖြင့် စကားပြောလိုက်သည်...။
"ဆေးလုံး စတင် စုစည်းလာဖို့အတွက် ကမ္ဘာဦး အပျက်အစီး ကင်းမဲ့သော ခန္ဓာကိုယ် မူလ အစ ဆေးလုံး ကို ဆေးမီးဖို ထဲကို ထိုးသွင်းလိုက်ပါ...။ ကမ္ဘာဦး အပျက်အစီး မုန်တိုင်းတစ်ခု အတွင်းမှာ ပေါက်ကွဲလာ လိမ့်မယ်...။"
"နတ်ဘုရားအဆင့် ဆေးဆရာ တစ်ယောက်ပဲ အဲဒါကို ထိန်းချုပ်နိုင်တယ်...။ မုန်တိုင်းကို ဖိနှိပ်ထားရင်း အခြား အဓိက ပစ္စည်း နှစ်ခုဖြစ်တဲ့ မူလအစ အဝါရောင် မိခင် ချီ နဲ့ စစ်မှန်သော နဂါး ပြောင်းပြန် အကြေးခွံ ကို တစ်ပြိုင်နက်တည်း ထည့်ရမယ်...။"
"ဒီနှစ်ခုက ယဉ်ပါးအောင် လုပ်ဖို့ ခက်တယ်၊ အထူးသဖြင့် စစ်မှန်သော နဂါး ပြောင်းပြန် အကြေးခွံ ပေါ့... အဲဒါက နတ်ဘုရားသားရဲ နဂါး ရဲ့ စွမ်းအားကို သယ်ဆောင်ထားပြီး နာမ်ဝိညာဉ် တစ်မျှင်ကို ပိုင်ဆိုင်ထား လို့ နှိမ်နင်းဖို့ အခက်ခဲဆုံးပဲ...။"
"အဲဒါကို အတင်းအဓမ္မ သန့်စင်တာက တန်ပြန်တိုက်ခိုက်မှုကို ဖိတ်ခေါ်တာပဲ...။ အဲဒါကို ဖိနှိပ်ဖို့ အလွန်ကောင်းမွန်တဲ့ ဆေးသန့်စင်ခြင်း ကျွမ်းကျင်မှု လိုအပ်တယ်...။ ဒီအဆင့်ရဲ့ အန္တရာယ်က အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း ထက် အများကြီး သာလွန်တယ်...။"