အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉) ညီမလေး၊ မင်းက ဘယ်သူလဲ
နင်းဖန်သည် ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်းရှိ အငြင်းပွားမှု အသီးသီးကို သဘာဝကျစွာပင် မသိရှိခဲ့ချေ။
သူတော်စင်မိန်းမပျို နန်းတော် သို့ ပြန်ရောက်ပြီးနောက် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ လေ၏။
ရက်အတော်ကြာ ဆက်တိုက် ဆေးသန့်စင်ခြင်း နှင့် ကျင့်ကြံပြီးနောက် သူသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်း နွမ်းနယ်နေခဲ့ပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် သည် ရုပ်ခန္ဓာကိုယ် ကို သန်မာစေပြီး စိတ်ဝိညာဉ် ကိုတော့ မဟုတ်ချေ။
ရက်အတော်ကြာ မအိပ်မနားဘဲ နေခြင်းက လူတစ်ဦးကို ပင်ပန်းနွမ်းနယ်စေဆဲ ဖြစ်ပေ၏။ ထို့ကြောင့် ဤအိပ်စက်ခြင်းသည် နာရီပေါင်း ဆယ်ဂဏန်းခန့် ကြာမြင့်ခဲ့လေ၏။
နေမင်းကြီး ကောင်းကင်ယံတွင် မြင့်တက်လာပြီး ပြတင်းပေါက်မှ နေရောင်ခြည်များ သူ၏ ပါးပြင်ပေါ် သို့ ကျရောက်လာချိန်မှသာ သူ နိုးလာမည့် လက္ခဏာများ ပြသခဲ့လေသည်။
တစ်ဝက်တစ်ပျက် နိုးနေသော အခြေအနေတွင် သူ၏ တစ်ကိုယ်လုံးကို နေရောင်က နွေးထွေးစေပြီး အလွန် သက်သောင့်သက်သာ ရှိသည်ကို သူ ခံစားနိုင်ပေသည်။
တစ်ခုခုက သူ့ကို အကြိမ်ကြိမ် လာထိနေသကဲ့သို့ ယားယံနေသော သူ၏ နှာခေါင်းမှလွဲ၍ပေါ့။
"ရပ်လိုက်စမ်းပါ...။"
နင်းဖန်သည် မျက်လုံးများကို မှုန်ကုပ်ကုပ် ဖွင့်လိုက်သည်၊ မှိန်းမောနေစဉ် သူသည် မြေခွေးမြီးမြက် တစ်ပင်ကို ကိုင်ထားသော မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရပုံရပြီး သူ မသိစိတ်ကနေ စကားပြော လိုက်လေ၏။
"နေပါဦး...။ "
"မိန်းကလေးတစ်ယောက်လား….။"
"မိန်းကလေးတစ်ယောက်က ဘယ်က ရောက်လာတာလဲ…။"
နောက်ကျမှ သဘောပေါက်သွားပြီး နင်းဖန်သည် သူ၏ ဦးရေပြားများ ထုံကျင်သွားကာ သူ၏ အိပ်ချင် စိတ်မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေတော့ေသည်။
သူ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုလေ၏။ ကုတင်ခေါင်းရင်းတွင် မိန်းကလေးတစ်ဦး အမှန် တကယ် ရပ်နေသည်ကိုသာ တွေ့လိုက်ရလေသည်။
သူမသည် ဆယ်ကျော်သက်အရွယ် ရှိပုံရပြီး သိမ်မွေ့သော မျက်နှာသွင်ပြင်များဖြင့် တောက်ပကာ လှုပ်ရှားနေခဲ့၏။ သူမသည် ခါးကိုင်းကာ သူ၏ အကြည့်များနှင့် ဆုံသောအခါ သူမ၏ ဝိုင်းစက်ပြီး သိချင်စိတ်ပြင်းပြသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေခဲ့သည်ပင်။
သူမလက်ထဲရှိ မြေခွေးမြီးမြက် သည် နင်းဖန်၏ နှာခေါင်းပေါ်တွင် ဟိုမှာဒီဘက် လှုပ်ယမ်းနေခဲ့၏။
နင်းဖန် မျက်လုံးဖွင့်လာသည်ကို မြင်သောအခါ သူမက အသံထွက်လာပြီး အလျင်အမြန် မတ်တတ်ရပ် လိုက်၏။
သူမ၏ လက်များကို နောက်ပစ်ကာ သူ၏ မျက်လုံးများတွင် ရှက်ရွံ့မှု အရိပ်အယောင်များဖြင့် သူ့ကို ကြည့်နေခဲ့လေ၏။
"ညီမလေး၊ မင်းက ဘယ်သူလဲ...။"
နင်းဖန် မှင်တက်သွားခဲ့သည်။
"ဒီသက်ရှိလူက ဘယ်ကများ ထွက်လာတာလဲ…။"
"ဂိုဏ်းမှာ သူ တစ်ယောက်တည်း ကျန်ခဲ့တယ်လို့ သိထားတာ မဟုတ်ဘူးလား…။"
"မင်... မင်္ဂလာပါ ..."
သူ့ရှေ့ရှိ မိန်းကလေးမှာ နင်းဖန်၏ မေးခွန်းကို ကြားပြီးနောက် အနည်းငယ် ပြာယာခတ်သွားပုံရ၏။
သူမသည် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်ကာ ကြောက်ရွံ့စွာ စကားပြောလိုက်သည်၊ ၎င်းမှာ လူမှုရေးအရ စိုးရိမ်ပူပန်မှုရှိသူ တစ်ဦး၏ ပုံမှန် တုံ့ပြန်မှု ဖြစ်လေသည်။
"ငါ အဆင်မပြေဘူး...။"
နင်းဖန် ခေါင်းခါကာ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
"ငါ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။ တစ်ယောက်ယောက်က ငါ့ကုတင်နားကို တိတ်တဆိတ် ရောက် လာတာလေ...။"
"ဟင်..."
မိန်းကလေးမှာ မှင်တက်သွားပြီး သူမ၏ မျက်လုံးများ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကာ မည်သို့ တုံ့ပြန်ရမည်ကို မသိပုံရလေ၏။
နင်းဖန်သည် ဤအသေးအမွှား အချက်အလက်များကို ဂရုမစိုက်ချေ။ သူသည် မိန်းကလေးကို သေချာ စွာ လေ့လာလိုက်လေသည်။
အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်၊ တပည့်တစ်ယောက်၏ တာအို ဝတ်ရုံကို ဝတ်ဆင် ထားပြီး သူတော်စင်မိန်းမပျို နန်းတော်တွင် ပေါ်လာသည်...။
"ဒီမိန်းကလေးက သူတော်စင်မိန်းမပျိုများ ဖြစ်နေမလား…။"
ထိုအတွေးက သူ၏ စိတ်ထဲတွင် ဖြတ်သန်းသွားသော်လည်း နင်းဖန်သည် ၎င်းကို ချက်ချင်း ပယ်ဖျက် လိုက်လေ၏။
ပထမအချက်အနေဖြင့် ထို သူတော်စင်မိန်းမပျိုသည် အချိန်အတော်ကြာကတည်းက နာမည်ကြီးခဲ့ပြီး အနည်းဆုံး သူမသည် ဆယ်ဂဏန်းအရွယ်တွင် ရှိနေပြီ ဖြစ်လေသည်။
ဒုတိယအချက်အနေဖြင့် သူတော်စင်မိန်းမပျို၏ ကျင့်ကြံမှုမှာ အားကောင်းပြီး သူမ၏ ကိုယ်ရည်ကိုယ် သွေးမှာ မြင့်မားသော တောင်ကြောပေါ်ရှိ ပန်းတစ်ပွင့်ကဲ့သို့ အေးစက်လေသည်။ လုံးဝ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ပုံစံမျိုး ဖြစ်လေ၏။
သူ့ရှေ့ရှိ မိန်းကလေးမှာ ပထမအချက်ကြည့်လိုက်လျှင် အလွန် လှပသော်လည်း အနီးကပ် ကြည့်လိုက် သောအခါ ကလေးဆန်မှုများ ကျန်ရှိနေသေးကြောင်း တွေ့ရသည်၊ သူမ လုံးဝ ရင့်ကျက်မနေသေး ကြောင်း ရှင်းလင်းပေသည်။
သူမသည် အိမ်နီးချင်း မိန်းကလေး ပုံစံမျိုးဖြစ်ပြီး ဖြူစင်ကာ ချစ်စရာကောင်းလှ၏။
ဤအချက်များမှ အကဲဖြတ်ရလျှင် ဤသူမှာ သေချာပေါက် သူတော်စင်မိန်းမပျို မဟုတ်ချေ။
"ဖြစ်နိုင်တာက... ငါ့လိုပဲ ကံမကောင်းစွာနဲ့ ဂိုဏ်းက မခေါ်သွားတဲ့ တပည့်တစ်ယောက်များလား…။"
နင်းဖန်၏ အတွေးများသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာ လည်ပတ်နေခဲ့၏။
အချိန်တိုလေးအတွင်းတွင် အမျိုးမျိုးသော အခြေအနေများကို သူ စိတ်ကူးယဉ်နေခဲ့လေ၏။
သို့သော် အဆုံးတွင် သူက တိုက်ရိုက် မေးရန်သာ ရွေးချယ်လိုက်လေသည်...။
"မင်းနာမည် ဘယ်လိုခေါ်လဲ...။"
"ကျ... ကျွန်မလား...။"
မိန်းကလေးမှာ အနည်းငယ် စိုးရိမ်နေခဲ့လေသည်။
နင်းဖန်ကို စကားမပြောနိုင်တော့ချေ...။
"မင်းကလွဲပြီး ဒီမှာ တခြားလူ မြင်လို့လား...။"
"အို၊ ဟုတ်သားပဲ...။"
မိန်းကလေးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်လေသည်...။
"ကျွန်မ နာမည်က ကျန်းထျန် ပါ...။"
"ကျန်းထျန် လား….။"
နင်းဖန် မျက်မှောင်ကြုတ်သွားခဲ့၏။ ထင်သည့်အတိုင်းပင် သူတော်စင်မိန်းမပျို မဟုတ်ချေ။
"ဒါပေမယ့် သူမက သူတော်စင်မိန်းမပျိုနဲ့ မျိုးရိုးနာမည် တူနေတယ်... ဆက်စပ်မှု တစ်ခုခုများ ရှိနေ မလား….။"
ဤသို့တွေးရင်း သူ မမေးဘဲ မနေနိုင်တော့ချေ...၊
"မင်း သူတော်စင်မိန်းမပျို နန်းတော် ကို ဘယ်လို ရောက်လာတာလဲ၊ ပြီးတော့ ဂိုဏ်းထဲမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ခဲ့လဲဆိုတာ မင်း သိလား...။"
သူ စကားပြောလိုက်သည်နှင့်။
ကျန်းထျန် ဟု အမည်ရသော မိန်းကလေးသည် သူမ၏ ပန်းပွင့်ပုံစံ ဂါဝန်စွန်းများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်လေ၏။
"ကျွန်မ နိုးလာပြီးနောက် ကျွန်မက သူတော်စင်မိန်းမပျို နန်းတော် ထဲမှာ ရောက်နေတာပဲ...။"
"ကျွန်မ အများကြီး သေချာ မမှတ်မိဘူး...၊ ဒီနေရာက ထိုက်ရီအစစ်အမှန်ဂိုဏ်း ဆိုတာပဲ သိတယ်၊ ပြီးတော့...။"
သူမသည် ထိုနေရာတွင် ရပ်တန့်သွားလေ၏။
နင်းဖန် အလျင်အမြန် မေးလိုက်လေသည်...၊
"ပြီးတော့ ဘာဖြစ်လဲ...။"
မိန်းကလေး တုံ့ဆိုင်းသွားပြီး သူမ ပြောသင့်မပြောသင့် ချိန်ဆနေပုံရလေ၏။ သို့သော် အဆုံးတွင် သူမ အံကြိတ်ကာ ပြတ်သားစွာ ပြန်ဖြေလိုက်လေသည်...။
"ပြီးတော့ ကျွန်မက အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးရမယ် ဆိုတာပါပဲ...။"
"ကျွန်မ နိုးလာကတည်းက ဒီအတွေးက ကျွန်မရဲ့ စိတ်ထဲမှာ အရမ်း အားကောင်းနေတယ်...၊ ဘာလို့လဲ ဆိုတာတော့ ကျွန်မ မသိဘူး...။"
တစ်သက်ရှူတည်းနှင့် ဤမျှလောက် ပြောဆိုခြင်းက လူမှုရေးအရ စိုးရိမ်ပူပန်မှုရှိသော မိန်းကလေး၏ စွမ်းအင် အားလုံးကို ကုန်ခန်းသွားစေသကဲ့သို့ ပုံပေါ်နေ၏။
ထို့ကြောင့် စကားပြောပြီးနောက် သူမ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြီး နင်းဖန်ကို ကြောက်ရွံ့စွာ ကြည့်နေခဲ့လေသည်။
"အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးရမယ်...ဟုတ်လား…။"
နင်းဖန် မှင်တက်သွားခဲ့သည်၊ ရုတ်တရက် ပေါ်လာသော ဤမိန်းကလေး၏ စိတ်ထဲတွင် အကြီးမားဆုံး အတွေးမှာ ဤအရာဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူ သူမကို အထက်အောက် မကြည့်ဘဲ မနေနိုင်တော့ချေ...။
"ညီမလေး၊ မင်းက သေးသေးလေးနဲ့ စကားကြီးစကားကျယ် ပြောနေတာပဲ...။"
"အမြင့်ဆုံး အခြေခံအုတ်မြစ် အကြောင်း ပြောရဲအောင် မင်းရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ လက်မောင်း အင်အားက ဘယ်လောက်လဲ...။"
ဤစကားများကို ကြားသောအခါ။
သူမသည် သူမ၏ ချစ်စရာကောင်းသော ခေါင်းလေးကို စောင်းကာ စဉ်းစားလိုက်သည်...။
"ကျွန်မက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအလွှာ မှာ ရှိမယ် ထင်တယ်၊ ပြီးတော့ ကျွန်မရဲ့ လက်မောင်း အင်အားက ဂျင် ခုနစ်သိန်း ဖြစ်ရမယ်...။"
"ဘယ်လောက်...။"
နင်းဖန်၏ မျက်လုံးများ ချက်ချင်း ပြူးထွက်သွားခဲ့လေ၏။
"ဒီကောင်မလေးက နူးညံ့ပြီး အားနည်းပုံရတယ်၊ ဒါပေမယ့် သူမရဲ့ လက်တစ်ဖက်တည်း အင်အားက တကယ်ပဲ ဂျင် ခုနစ်သိန်း တဲ့လား။ ပြီးတော့ သူမရဲ့ နယ်မြေ က သူ့ထက် မြင့်နေတယ်ပေါ့….။"
"နေပါဦး... ဒါ မှန်ရဲ့လား….။"
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအလွှာ တွင် ဂျင် ခုနစ်သိန်း ဆိုသည်မှာ နဝမအလွှာ သို့ ချိုးဖောက်ဝင် ရောက်ပြီးနောက် ဂျင် (၁.၄) သန်း ဖြစ်သည်။
ဤသည်မှာ ပုံစံတူ အမြင့်ဆုံး အခြေခံအုတ်မြစ် အတွက် စံနှုန်း ဖြစ်နေပြီ ဖြစ်၏။
နင်းဖန်သည် သူ၏ ကျင့်ကြံခြင်းနည်းစနစ် ကို ချက်ချင်း လည်ပတ်စေကာ သူမကို သေချာစွာ လေ့လာ ကြည့်လိုက်ရာ မိန်းကလေး၏ သက်စွမ်းအားနှင့် သွေးများမှာ အမှန်တကယ်ပင် ပေါများနေကြောင်း တွေ့ရှိရလေသည်။
သူမ လိမ်ပြောနေခြင်း မဟုတ်ချေ...
"ဒါက မဟာ ကမ္ဘာတစ်ထောင် ရဲ့ ထိပ်တန်း ဂိုဏ်းတစ်ခုလား...၊ တကယ်ကို ကျားဝပ်နဂါးကိန်း အောင်း နေတဲ့ နေရာပဲ...။ ကျပန်း မိန်းကလေး တစ်ယောက်တောင် ဒီလို အင်အားမျိုး ရှိနေတာပဲ...။"
နင်းဖန်၏ စိတ်များ တုန်လှုပ်သွားခဲ့လေ၏။
ထိုက်ရီအစစ်အမှန်ဂိုဏ်း သည် ကြောက်စရာကောင်းလွန်းလှသည်။
အစစ်အမှန်တပည့် တစ်ယောက် ဖြစ်နိုင်ခြေရှိသော ကျပန်း မိန်းကလေးတစ်ယောက်မှာ ပုံစံတူ အမြင့် ဆုံး အခြေခံအုတ်မြစ် ရှိနေ၏။
ဂိုဏ်း၏ စစ်မှန်သော သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့မှာ မည်မျှ အားကောင်းမည်ကို စိတ်ကူး ကြည့်ရန်ပင် ခက်ခဲလှပေသည်။
ဂိုဏ်းကြီး၏ နက်ရှိုင်းသော အမွေအနှစ်များကို နင်းဖန် အံ့သြနေစဉ်မှာပင်။
သူ့ရှေ့ရှိ မိန်းကလေးက ရုတ်တရက် ရဲရင့်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်...။
"စီနီယာအစ်ကို...၊ ကျွန်မကို ကျင့်ကြံဖို့ ခေါ်သွားလို့ ရမလား...။ ဂိုဏ်းထဲမှာ အကြီးအကဲ တွေ ဒါမှ မဟုတ် တပည့်တွေ မရှိတော့ဘူး...။ အရမ်း ကြောက်စရာကောင်းတယ်...။"
"စီနီယာအစ်ကို…။"
ဤ အခေါ်အဝေါ်ကို ကြားသောအခါ နင်းဖန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြတ်သန်း သွားခဲ့လေ၏။
အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေး၏ ပါရမီဖြင့် သူမသည် ဂိုဏ်း၏ စစ်မှန်သော အစစ်အမှန် တပည့် တစ်ယောက် ဖြစ်သင့်သောကြောင့်ပင်။
သူကတော့ ခွင့်ပြုချက်မရှိဘဲ ဒီအဝတ်အစားများကို ဝတ်ဆင်ထားသော အတုအယောင် တစ်ယောက် သာ ဖြစ်ပြီး၊ အမှန်တကယ်တော့ သူသည် အပြင်စည်း အစမ်းခန့်တပည့် တစ်ယောက်သာ ဖြစ်နေဆဲ သာဖြစ်၏။
အမှန်တကယ်တွင် သူက ဤမိန်းကလေးကို စီနီယာအစ်မတော် ဟု ခေါ်သင့်ပေသည်။
"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခြေအနေက အခု ပြောင်းလဲသွားပြီလေ၊ ပြီးတော့ မိန်းကလေးရဲ့ ဖြူစင်ပြီး မသိနားမလည်တဲ့ ကိုယ်ရည်ကိုယ်သွေးအရ သူမက စီနီယာအစ်မတော် တစ်ယောက်ရဲ့ အသွင်အပြင် ကို ဘယ်လိုမှ သယ်ဆောင်နိုင်မှာ မဟုတ်ဘူး…။"
ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်လေသည်...
"ကောင်းပြီလေ၊ ဒါဆိုရင် ဒီ စီနီယာအစ်ကို က မင်းကို ကျင့်ကြံဖို့ ခေါ်သွားမယ်...။ ဒါပေမယ့် မင်း မှတ်မိ သမျှ အားလုံးကို အတိအကျ ပြောပြရမယ်...။"
"ဂိုဏ်းက အခု အလွတ်ဖြစ်နေပြီဆိုတော့ ငါတို့ အချင်းချင်းပဲ အားကိုးစရာ ရှိတော့တယ်...။ မင်း သတင်းအချက်အလက် ပိုပေးနိုင်လေ ပိုကောင်းလေပဲ...။ ဒါနဲ့ ဒီ စီနီယာအစ်ကို ရဲ့ မျိုးရိုးနာမည်က နင်း၊ နာမည်က ဖန်၊ ပြီးတော့ ယဉ်ကျေးတဲ့ နာမည်က ယန်ဇူ...။"
နင်းဖန်သည် ကျန်းထျန် ကို သူတော်စင်မိန်းမပျို နန်းတော် မှ ခေါ်ထုတ်လာပြီး ဂိုဏ်းကို လေ့လာရင်း သတင်းအချက်အလက်များ ရှာဖွေနေခဲ့လေ၏။
ထင်သည့်အတိုင်းပင် ၎င်းမှာ အလွတ်ဖြစ်နေဆဲ ဖြစ်သည်။
"ဒါဆို ဒီ ကျန်းထျန် က ကမ္ဘာပေါ်မှာ ဘယ်ကများ ရောက်လာတာလဲ….။"
နင်းဖန် လုံးဝ ဇဝေဇဝါ ဖြစ်နေခဲ့သည်... တစ်ချိန်တည်းမှာပင်။
အထက်ရှိ ဧရာမ လျှို့ဝှက်နယ်မြေ တွင်။
အကြီးအကဲများစွာသည် ရုတ်တရက် ပေါ်လာသော လှပသည့် ပုံရိပ်ကို ကြည့်နေကြပြီး သူတို့ တစ်ဦးစီ တိုင်းမှာ ချုပ်နှောင်ခြင်း မှော်ပညာ အတိုက်ခံထားရသကဲ့သို့ ပုံပေါ်နေကြ၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဂိုဏ်းချုပ် က စိတ်ဝိညာဉ်ကို ရှာဖွေသော မေးခွန်းတစ်ခု ကို ပထမဆုံး မေးလိုက်လေသည်...။
"သူတော်စင်မိန်းမပျိုက သူမရဲ့ အသက်ဆယ့်ရှစ်နှစ် အရွယ်ကို ဘာလို့ ပြန်ပြောင်းသွားရတာလဲဆိုတာ တစ်ယောက်ယောက် ငါ့ကို ပြောပြလို့ရနိုင်မလား...။"
အခန်း (၈၀) ဒါက ကောင်းတဲ့ကိစ္စပဲ
သတင်းကောင်း - သူတော်စင်မိန်းမပျိုက နောက်ဆုံးတော့ တရားကျင့်ရာကနေ ထွက်လာပြီ။
သတင်းဆိုး - သူတော်စင်မိန်းမပျိုက သူမရဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားပြီး သူမရဲ့ ခန္ဓာကိုယ်က အသက်ဆယ့်ရှစ်နှစ် အရွယ်ကို ပြန်ရောက်သွားတယ်။
သူမသည် အသက်ဆယ့်ရှစ်နှစ် အရွယ်သို့ အမှန်တကယ် ပြန်ရောက်သွားခဲ့လေသည်၊ သူမ၏ ကျင့်ကြံ မှုပင်လျှင် ထိုကာလသို့ ပြန်ရောက်သွားခဲ့လေ၏။
ဂိုဏ်းချုပ် ၏ မျက်နှာသည် ဤမြင်ကွင်းကို ကြည့်ရင်း ပြာနှမ်းနေခဲ့လေသည်။
ယနေ့နံနက် သူတော်စင်မိန်းမပျို၏ ပုံရိပ် သူတော်စင်မိန်းမပျို နန်းတော် တွင် ရုတ်တရက် ပေါ်လာသည် ကို သူတို့ မြင်တွေ့လိုက်ရသောအခါ သူတို့ မည်မျှ စိတ်လှုပ်ရှားခဲ့ကြသည်ကို ကောင်းကင်ဘုံသာ သိပေ လိမ့်မည်။
ဒီ ကျိန်ဆဲခံရမည့် လျှို့ဝှက်နယ်မြေ မှ နောက်ဆုံးတော့ ထွက်ခွာနိုင်ပြီဟု အားလုံး ထင်ခဲ့ကြလေ၏။
မည်သို့ပင်ဆိုစေ သူတော်စင်မိန်းမပျို၏ ဉာဏ်ရည်ဖြင့် ဂိုဏ်းအတွင်းရှိ အပြောင်းအလဲများကို သူမ မခန့်မှန်းနိုင်ရန်မှာ မဖြစ်နိုင်ချေ။
အရန် လျှို့ဝှက်ကျောက်စိမ်း ကို သူမ ရရှိသရွေ့ ထိုက်ရီအကြွင်းအကျန်နယ်မြေ ကို အပြင်ဘက်မှ သူမ ဖွင့်နိုင်ပေသည်။
ဒါပေမယ့် အခု လက်ရှိ ရလဒ်က ဘာဖြစ်သွားတာလဲ။
သူတော်စင်မိန်းမပျိုက သူတို့ကို မကယ်ဆယ်ခဲ့ရုံသာမက သူမ၏ အသက်ဆယ့်ရှစ်နှစ် အရွယ် လူငယ် ဘဝသို့ ပြန်ရောက်သွားပြီး နင်းဖန်ကို သူမ၏ စီနီယာအစ်ကို အဖြစ် အသိအမှတ်ပြုလိုက်သည်တကား။
"ဒါ အမှန်ပဲလား..."
အကြီးအကဲများ အားလုံး ထုံကျင်သွားကြလေ၏။ ပတ်ဝန်းကျင်ရှိ အစစ်အမှန်တပည့် များသည်လည်း မှင်တက်သွားကြလေသည်။
"ဒါ... ဒါက သူတော်စင်မိန်းမပျို ငယ်ငယ်တုန်းက ပုံစံ မဟုတ်ဘူးလား...။"
"သူတော်စင်မိန်းမပျိုရဲ့ ကျင့်ကြံမှုက ဘာလို့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအလွှာ ကို ပြန်ရောက်သွား ရတာလဲ...။"
"ငါ မှတ်ဉာဏ် ဆုံးရှုံးသွားတာလား...။ သူမ အရှင်မြတ် သူတော်စင်မိန်းမပျို ရဲ့ နာမည်က ကျန်းချင်းဟန် မဟုတ်ဘူးလား...။ သူမ နာမည်က ကျန်းထျန် လို့ သူမက ဘာလို့ ပြောတာလဲ...။"
"အဲဒါက အဓိက မဟုတ်ဘူး...၊ အဓိကက နင်းဖန်က သူ့ကို စီနီယာအစ်ကို လို့ ခေါ်ဖို့ သူတော်စင် မိန်းမပျိုကို တကယ်ပဲ လှည့်စားခဲ့တာ...။ သူ့ရဲ့ အရှက်တရားက ဘယ်မှာလဲ...။"
"အင်း... သူတော်စင်မိန်းမပျိုက သူ့ကို အဲဒီလိုခေါ်ဖို့ ကိုယ်တိုင် စတင်ခဲ့တာ မဟုတ်ဘူးလား...။"
"သူမက သူ့ကို အဲဒီလိုခေါ်တော့ သူက လက်ခံလိုက်တာလား...။ အခြေအနေကို သူ မရှင်းပြနိုင်ဘူး လား...။"
"နင်းဖန်က သူတော်စင်မိန်းမပျိုကို အတူတူ ကျင့်ကြံဖို့တောင် ခေါ်သွားချင်သေးတယ်...။ ငါ ရယ်ချင် တယ်...၊ သူတော်စင်မိန်းမပျို အလယ်ပိုင်း ဒေသ မှာ နာမည်ကြီးနေတုန်းက နင်းဖန်က တစ်နေရာရာမှာ နို့စို့နေတုန်းပဲ ရှိသေးတယ်...။"
အစစ်အမှန်တပည့် များ အားလုံး ဂနာမငြိမ် ဖြစ်နေကြ၏။
အထူးသဖြင့် ယောက်ျားလေး တပည့်များ၊ သူတို့သည် သူ့ကို တပည့်ခေါင်းဆောင် နင်း ဟု မခေါ်တော့ ဘဲ သူ၏ နာမည်အပြည့်အစုံဖြင့်သာ ခေါ်ဝေါ်ကြပြီး သူတို့၏ မျက်လုံးများမှာ ရန်လိုမှုများဖြင့် တောက်ပနေခဲ့လေသည်။
လက်ရှိ အခြေအနေက တကယ်ကို မှားယွင်းလွန်းနေပြီဖြစ်၏။
ဤ လျှို့ဝှက်နယ်မြေ သို့ ဝင်ရောက်၍ သိမြင်နားလည်စဉ်အတွင်း သူတော်စင် တစ်ဦးတည်းသာ တပည့်များ၏ အရှေ့ဆုံးတွင် ရပ်နေခဲ့၏။
ထို့ကြောင့် သူတော်စင်မိန်းမပျို မလာခဲ့ကြောင်း အားလုံး သိကြလေသည်။ အားလုံးသည် သူတော်စင် မိန်းမပျို ထွက်ပေါ်လာမည်ကို အချိန်အတော်ကြာ မျှော်လင့်နေခဲ့ကြလေ၏။
သို့သော် သူမ အမှန်တကယ် ထွက်ပေါ်လာပြီးနောက် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။
ရေခဲတောင်တစ်ခုကဲ့သို့ အရှိန်အဝါရှိသော ထိုတည်ငြိမ်ပြီး အေးစက်ကာ မြင့်မြတ်သော သူတော်စင် မိန်းမပျို သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေ၏။
ယင်းအစား သူမ၏ ခန္ဓာကိုယ်သည် သူမ၏ ယခင် ဆယ်ကျော်သက် အရွယ်သို့ ပြန်လည်ရောက်ရှိ သွားသည်။ မက်မွန်သီးသည် မရင့်ကျက်တော့ဘဲ စိမ်းလန်းမှုများဖြင့် ပြည့်နှက်နေခဲ့၏။
သဘာဝကျစွာပင် ဤသည်မှာ ဆိုးရွားသည်ဟု မဆိုလိုချေ။
နုပျိုသော သူတော်စင်မိန်းမပျိုသည် လောကီကမ္ဘာ၏ ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဖြစ်နေဆဲဖြစ်ပြီး သူမ၏ အရိုးများရှိ ဖြူစင်မှုသည် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိပေသည်။
ထို့ကြောင့် သူမ၏ အသွင်အပြင် မည်မျှပင် ပြောင်းလဲသွားစေကာမူ အားလုံး လက်ခံနိုင်ကြပေ၏။
သို့ပေမယ့် သူမ၏ ကျင့်ကြံမှုနှင့် မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားသည်က မှားယွင်းနေသည် မဟုတ်ပါ လား။
လက်ရှိ သူတော်စင်မိန်းမပျိုသည် စက္ကူဖြူ တစ်ရွက်ကဲ့သို့ ရှင်းလင်းနေခဲ့လေသည်။
ပြီးတော့ သူမသည် နင်းဖန်၏ လှည့်စားမှုကြောင့် သူ့ကို စီနီယာအစ်ကို ဟု ခေါ်ကာ သူနှင့်အတူ ကျင့်ကြံ လိုနေခဲ့လေ၏။
"ဂိုဏ်းတစ်ခုလုံးက ဒီအပေါ်မှာ ပိတ်မိနေပြီး ငေးကြောင်စွာ ကြည့်နေရချိန်မှာ မင်းတို့နှစ်ယောက်က အောက်မှာ တစ်ကိုယ်တည်း ယောက်ျားနဲ့ မိန်းမ အနေနဲ့ ကျင့်ကြံနေကြတယ်….။"
"ဒါက မှန်နိုင်ပါ့မလား…။"
ထို့အပြင် ယောက်ျားလေး တပည့်များသည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ အမြဲတမ်း ပြင်းထန်သော အလိုလို သိမြင်မှု ရှိကြလေသည်။
ထို့ကြောင့် သူတို့အားလုံး သူတို့၏ နှလုံးသားထဲတွင် ထိတ်လန့်နေခဲ့ကြခြင်းဖြစ်လေ၏။
သူတို့ ဂိုဏ်း၏ သူတော်စင်မိန်းမပျို အန္တရာယ်ရှိနေသည်ဟု သူတို့ ခံစားနေခဲ့ကြရလေသည်။
အမျိုးသမီး တပည့်များကမူ ထိုမျှလောက် မတွေးခဲ့ကြချေ။
ယင်းအစား နင်းဖန်သည် ချောမောပြီး ပါရမီရှိကြောင်း သူတို့ ခံစားရပြီး သူတော်စင်မိန်းမပျိုနှင့် ရပ်နေ သောအခါ သူတို့သည် လိုက်ဖက်သော စုံတွဲတစ်တွဲ ဖြစ်သည်ဟု ထင်မြင်ကြ၏။
ယောက်ျားလေးနှင့် မိန်းကလေး တပည့်များ၏ ဤလုံးဝ ကွဲပြားသော တုံ့ပြန်မှုများသည် ဒိုမီနို အတုံး များ လဲကျသကဲ့သို့ အပြင်ဘက် ပတ်ဝန်းကျင်သို့ မကြာမီ ပြန့်နှံ့သွားခဲ့လေသည်။
အပြင်စည်းတပည့် များစွာသည် ရုတ်တရက် ပေါ်လာသော ဤမိန်းကလေး၏ မည်သူမည်ဝါဖြစ် ကြောင်းကို တွေးတောနေကြဆဲ ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ သူတော်စင်မိန်းမပျို၏ အဆင့်အတန်းမှာ မြင့်မြတ်ပြီး သူမ၏ စစ်မှန်သော မျက်နှာကို လူတိုင်း မမြင်ဖူးကြချေ။
သို့သော် ယခု အဓိက စက်ဝိုင်းမှ သတင်းများကို ကြားသောအခါ အားလုံး မှင်တက်သွားကြ၏။
"ငါတို့ရှေ့က ဒီကောင်မလေးက တကယ်ပဲ သူတော်စင်မိန်းမပျို လား….။"
"ပြီးတော့ အဲဒါက သူတော်စင်မိန်းမပျို ငယ်ငယ်တုန်းက ပုံစံလား…။"
"ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ…။"
သိန်းနှင့်ချီသော တပည့်များသည် ချက်ချင်းပင် ကမောက်ကမ ဆွေးနွေးမှုများအဖြစ် ကွဲထွက်သွား ကြ၏။
တစ်ချိန်တည်းမှာပင် ဤမြင်ကွင်းကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြပေသည်။
အချို့က သူတော်စင်မိန်းမပျို အဘယ်ကြောင့် ဤသို့ ဖြစ်သွားရသနည်းနှင့် ပတ်သက်၍ ထူးဆန်းသော သီအိုရီများ ရှိကြ၏။
အခြားသူများမှာမူ မနာလိုမှုများဖြင့် ပေါက်ကွဲနေကြပြီး ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတော်စင် မိန်းမပျိုနှင့် တိုက်ဆိုင်စွာ တစ်ကိုယ်တည်း နေနိုင်သော နင်းဖန်၏ ကံကောင်းမှုကို မုန်းတီးနေကြသည်။
အတိုချုပ်ပြောရလျှင် ဆွေးနွေးမှု ဆူညံသံများ ကောင်းကင်သို့ ရောက်ရှိသွားပြီး အမျိုးမျိုးသော မတူညီ သည့် ထင်မြင်ချက်များ ရှိနေခဲ့၏။
ထိုအချိန်လေးမှာပင်။
အနီရောင် မီးလုံးတစ်လုံးသည် ကောင်းကင်ယံကို ရုတ်တရက် ဖြတ်သန်းသွားပြီး အင်အားကြီးမား သော ဖိအားတစ်ခု တိုက်ခတ်လာကာ ဆူညံသံများ အားလုံးကို ချက်ချင်း ဖိနှိပ်လိုက်သည်။
မဟာအကြီးအကဲ ပင် ဖြစ်လေသည်။
တပည့်များစွာသည် ချက်ချင်း ထပ်မံ စကားမပြောရဲကြတော့ချေ။ သူတို့သည် အပြင်စည်း ဖြစ်စေ အတွင်းစည်း ဖြစ်စေ အားလုံး သူတို့၏ ပါးစပ်များကို ပိတ်ထားလိုက်ကြလေ၏။
အနီရောင် အလင်းတန်းသည် အဓိက စက်ဝိုင်း အတွင်းသို့ တည့်တည့် ကျဆင်းလာပြီး ကျီးယန် ၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
"မဟာအကြီးအကဲ ကို ဂါရဝပြုပါတယ်...။"
သူ့ပတ်လည်ရှိ ဂိုဏ်း၏ အဆင့်မြင့် အရာရှိများ အားလုံး တညီတညွတ်တည်း ဦးညွှတ်လိုက်ကြ၏။
ကျီးယန် က သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ဂိုဏ်းချုပ် ကို ကြည့်ပြီး ပြောလိုက်လေ၏..။
"သူတော်စင်မိန်းမပျိုရဲ့ လက်ရှိ ပြောင်းလဲမှုက နဂါးသတ် ချောက်ကမ်းပါး နဲ့ သက်ဆိုင်တယ်...။"
ဤစကားများ ပြောလိုက်သည်နှင့် အားလုံး အံ့အားသင့်သွားကြလေ၏။
ဂိုဏ်းချုပ် က ပို၍ပင် အလျင်စလို ညွှန်ကြားမှု တောင်းခံလိုက်လေသည်...။
"ကျေးဇူးပြုပြီး ရှင်းပြပါ မဟာအကြီးအကဲ...။"
ကျီးယန် ခေါင်းညိတ်လိုက်လေသည်။ ခဏတာ တွေးတောပြီးနောက် သူသည် တုန်လှုပ်ဖွယ်ရာ စကားများကို ပြောလိုက်လေသည်...
"နဂါးသတ် ချောက်ကမ်းပါး အောက်မှာ နဂါးမျိုးနွယ်စု နတ်ဘုရားစွမ်းရည် တွေကို ရရှိနိုင်တယ်ဆိုတဲ့ သတင်းက တကယ်ပဲ အစစ်အမှန်ပါ...။"
"ဘာ...။"
ဤသည်ကို ကြားသော အကြီးအကဲများ အားလုံး သူတို့၏ မျက်လုံးများတွင် တုန်လှုပ်မှုများ ပြသလာ ကြလေ၏။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဤသတင်း၏ ရိုက်ခတ်မှုကြောင့် စကားမပြော နိုင် ဖြစ်သွားကြသည်။
နဂါးသတ် ချောက်ကမ်းပါး အောက်တွင် အခွင့်အရေးများ ရှိသည်ဟူသော ကောလာဟလသည် အချိန် မည်မျှ ကြာအောင် ပျံ့နှံ့နေခဲ့မှန်း မသိခဲ့ချေ။
သူတို့ တပည့်ဘဝကပင် ၎င်းအကြောင်းကို ကြားဖူးခဲ့ကြပေ၏။
သို့သော် ဤနှစ်များတစ်လျှောက်လုံးတွင် ထိုနေရာ၌ မည်သူကမျှ အခွင့်အရေးတစ်ခုကို အမှန်တကယ် မရရှိခဲ့ဖူးချေ။
ထို့ကြောင့် အားလုံးက ၎င်းကို ကောလာဟလတစ်ခုအဖြစ်သာ သတ်မှတ်ထားခဲ့ကြသည်။
ယနေ့ မဟာအကြီးအကဲ ၏ ပါးစပ်မှ အပြုသဘောဆောင်သော အဖြေတစ်ခု ရရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။ ကျီးယန် သည် ဤရလဒ်ကို မျှော်လင့်ထားပုံရလေ၏။
အားလုံးကို ချေဖျက်ရန် အချိန်အနည်းငယ် ပေးပြီးနောက် သူ နောက်ဆုံးတွင် ပြောလိုက်သည်...။
"နဂါးသတ် ချောက်ကမ်းပါး ရဲ့ အောက်မှာ နဂါးမျိုးနွယ်စု နတ်ဘုရားစွမ်းရည် သုံးမျိုး ရှိတယ်... ။"
"အဲဒါတွေက ကောင်းကင်ဘုံ အလယ်အလတ်အဆင့် 'အစစ်အမှန်နဂါးအသွင်ပြောင်းခြင်း နည်းစနစ်'၊ ကောင်းကင်ဘုံ အဆင့်မြင့် 'အစစ်အမှန်နဂါး၏ အသွင်ပြောင်းလဲခြင်းကိုးခု' နဲ့ ကောင်းကင်ဘုံ အဆင့်မြင့် 'ပြောင်းပြန် အကြေးခွံ အသက် နောက်ပြန်ဆုတ်ခြင်း ကျမ်းစာ' တို့ပဲ...။"
"ပထမ နှစ်ခုအကြောင်း အသေးစိတ် မပြောတော့ဘူး၊ တတိယတစ်ခုကိုပဲ ပြောမယ်...။ ဒီ နတ်ဘုရား စွမ်းရည် ကို နဂါးတစ်ကောင် ကျဆုံးခဲ့တဲ့ နေရာမှာပဲ သင်ယူနိုင်တယ်...။"
"အဲဒါကို တစ်သက်မှာ တစ်ခါပဲ သုံးလို့ရတယ်...။ နတ်ဘုရားစွမ်းရည် အသက်ဝင်တဲ့အခါ အဲဒါက ကျင့်ကြံသူကို 'နဂါး အရေခွံကျွတ်ခြင်း' နဲ့ ဆင်တူတဲ့ ဘဝနောက်ပြန်ဆုတ်ခြင်း လုပ်ငန်းစဉ် တစ်ခုကို ဖြတ်သန်းဖို့ အတင်းအကျပ် ခိုင်းစေပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ကျင့်ကြံခြင်း နယ်မြေ ကို သူတို့ရဲ့ ဘဝက တိကျတဲ့ အမှတ်တစ်ခုဆီ ပြန်ရောက်သွားစေတယ်... ။"
"အဲဒီ အမှတ်က အသက် ဆယ့်ရှစ်နှစ်ပဲ...။ ယေဘုယျအားဖြင့် ပြောရရင် ဒီ နတ်ဘုရားစွမ်းရည် ဟာ သူတို့ရဲ့ ကိုယ်ပိုင် တာအို ငြိမ်းသတ်ခံရတော့မယ့် ကျင့်ကြံသူတွေက ဒုတိယ ဘဝတစ်ခုကို နေထိုင်ဖို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုပဲ...။"
ဤမျှလောက် ပြောပြီးသောအခါ။
ဘာတွေဖြစ်နေလဲဆိုသည်ကို အားလုံး နားလည်သွားခဲ့ကြလေတော့၏။
ယွီရူရွှမ်း သဘောပေါက်သွားသည်...
"ဒါကြောင့် ချင်းဟန် က ဒီ နတ်ဘုရားစွမ်းရည် ကို ရရှိခဲ့ပြီး နီဗားနား ကို လက်လျှော့လိုက်ကာ အမြင့် ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးဖို့အတွက် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းကြောင်းကို ပြန်လျှောက်ဖို့ အဲဒါကို ကျွမ်းကျင်ပြီးနောက် အသက်ဆယ့်ရှစ်နှစ်ကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တာပဲ...။"
"မှန်တယ်...။"
ကျီးယန် ခေါင်းညိတ်လိုက်လေသည်။
နီဗားနား အဟန့်အတား များသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း၊ စိတ်ဝိညာဉ်သန့်စင်ခြင်း နှင့် စိတ်ဝိညာဉ် ပုံသွင်းခြင်း ဟူသော နယ်မြေ သုံးခု၏ ကျင့်ကြံခြင်း ရလဒ်များကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်း ဖြစ်ပေသည်။
တစ်စုံတစ်ဦးသည် အဟန့်အတားများကို ချိုးဖျက်ပြီးသည်နှင့် သူတို့သည် ခရမ်းစံအိမ် သို့ တိုက်ရိုက် ဝင်ရောက်နိုင်ပြီး ထိုအချိန်မှစ၍ သူတို့၏ အခြေခံအုတ်မြစ် ၏ အင်အားကို သတ်မှတ်ပေးပေသည်။
သူတော်စင်မိန်းမပျို၏ ပါရမီသည် အဲဒီတုန်းက ကမ္ဘာကို တုန်လှုပ်စေခဲ့သော်လည်း သူမသည် အမျိုး မျိုးသော အရင်းအမြစ်များဖြင့် ပုံစံတူ အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးရန်သာ စွမ်းဆောင်နိုင် ခဲ့လေ၏။
ထိုကဲ့သို့သော ပါရမီမျိုးက ကောင်းမွန်သော်လည်း မဟာတာအို သို့ တိုက်ရိုက် မညွှန်ပြနိုင်ချေ။
ထို့အပြင် သူတော်စင်မိန်းမပျိုသည် အလွန် ရည်မှန်းချက်ကြီးလေသည်..။. သူမ သယ်ဆောင်လာသော အမျိုးမျိုးသော ကံတရား များနှင့် ပေါင်းစပ်လိုက်သောအခါ ထိုကဲ့သို့သော ရလဒ်မျိုးဖြင့် သူမ ဘယ်သောအခါမျှ ကျေနပ်မည် မဟုတ်ချေ။
ယခု သူမသည် ထိုကဲ့သို့သော နဂါးမျိုးနွယ်စု နတ်ဘုရားစွမ်းရည် ကို ရရှိခဲ့ပြီဖြစ်ရာ သူမ စိတ်မလှုပ်ရှား ဘူးဟု ပြောလျှင် လိမ်လည်ခြင်းပင် ဖြစ်ပေလိမ့်မည်။
အသက် ဆယ့်ရှစ်နှစ်တွင် သူမသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအလွှာ တွင် ရှိနေခဲ့သည်ပင်။
သူမ၏ လက်ရှိ အတွေ့အကြုံဖြင့် ပြန်လည် ကျင့်ကြံခြင်းနှင့် အမြင့်ဆုံး အခြေခံအုတ်မြစ် ၏ စံနှုန်းသို့ ရောက်ရှိရန် ကြိုးပမ်းခြင်းသည် အမှန်တကယ်ပင် အောင်မြင်နိုင်ပေသည်။
ထို့ကြောင့် သူတော်စင်မိန်းမပျိုက ၎င်းကို ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။
လုပ်ငန်းစဉ်အတွင်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကသာ မမျှော်လင့်ထားသောအရာ ဖြစ်၏။
"ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး မွေးဖွားလာတဲ့ အချိန်က ထူးဆန်းတဲ့ ဖြစ်ရပ်ရဲ့ လွှမ်းမိုးမှု ဖြစ်သင့်တယ်...။ အဲဒါက သူတော်စင်မိန်းမပျိုရဲ့ နည်းစနစ် နောက်ဆုံးအဆင့်မှာ ချို့ယွင်းချက်တစ်ခု ဖြစ်စေခဲ့ပြီး သူမရဲ့ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးသွားစေတာပဲ...။"
ကျီးယန် သည် သူ၏ လက်များကို နောက်ပစ်ကာ ရှင်းပြချက် တစ်ခု ပေးရင်း စကားပြောလိုက်သည်။
ခဏတာ ရပ်တန့်ပြီးနောက် သူ ဆက်ပြောလိုက်လေသည်...။
"ဒါပေမယ့် စိုးရိမ်စရာ မလိုပါဘူး... ။ပြောင်းပြန် အကြေးခွံ အသက် နောက်ပြန်ဆုတ်ခြင်း ကျမ်းစာ က ရုပ်ပိုင်းဆိုင်ရာ အသက်အရွယ်ကိုပဲ သက်ရောက်မှု ရှိပြီး စိတ်ဝိညာဉ် အင်အား ဒါမှမဟုတ် နတ်ဘုရား စိတ်အာရုံ ကို ပြန်လည် မသတ်မှတ်နိုင်ပါဘူး...။"
"ဒါကြောင့် သူမ ပြန်လည် ကျင့်ကြံရင်တောင် သူမရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက အလွန် မြန်ဆန်ပါလိမ့် မယ်...။ စိတ်ဝိညာဉ်သန့်စင်ခြင်း နဲ့ စိတ်ဝိညာဉ်ပုံသွင်းခြင်း အဆင့်တွေမှာ အခြေခံအားဖြင့် ဖြတ်သန်း သွားရုံပဲ ဖြစ်လိမ့်မယ်... ။"
"ပြီးတော့ သူမရဲ့ နယ်မြေ ပြန်လည်ကောင်းမွန်လာတာနဲ့အမျှ သူတော်စင်မိန်းမပျိုရဲ့ ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေလည်း တဖြည်းဖြည်း ပြန်လည် ရရှိလာပါလိမ့်မယ်...။"
ဤသည်ကို ကြားသောအခါ နောက်ဆုံးတွင် အားလုံး သက်ပြင်းရှည်ကြီးတစ်ခု ချနိုင်ခဲ့ကြလေတော့ ၏။
ကျုံးတင်း တစ်ယောက်တည်းသာ နောင်တရစွာဖြင့် ခြေဆောင့်ကာ ပြောလိုက်လေသည်...။
"အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး...။ သူတော်စင်မိန်းမပျို သူမရဲ့ အထွတ်အထိပ်ကို ပြန်ရောက်ဖို့ အချိန်တစ်ခု ယူရလိမ့်မယ်...။ ငါတို့ ပိတ်မိနေဦးမှာပဲ မဟုတ်ဘူးလား...။"
သူသည် သူ၏ အစားအစာအတွက် စိုးရိမ်နေပြီး ထွက်ခွာရန် အလွန် စိတ်အားထက်သန်နေခဲ့သည်။
သူ့ဘေးတွင် ရွှီယိုဝေက ဤသည်ကို ကြားပြီးနောက် ခေါင်းခါကာ ပြန်ပြောလိုက်လေသည်...။
"ဂျူနီယာညီလေးကျုံး...၊ အဲဒီစကားတွေက မှားနေတယ်...။ သူတော်စင်မိန်းမပျို ပြန်လည် ကျင့်ကြံ တာက ကောင်းတဲ့ကိစ္စပဲလေ...။"