အခန်း (၈၅၆-၈၅၈)
Vol. 58 Ch. 856-858
အခန်း ၈၅၆ - ဆရာကြီး ပြန်ပေါ်လာပြီ
ပြင်းထန်လှသော ပြိုင်ဆိုင်မှုများအကြောင်း ပြောရလျှင် စကြဝဠာတစ်ခုလုံးတွင် ဟွာရှားလူမျိုးများကို ယှဉ်နိုင်သူ မရှိချေ။
ကျန်းမုန့်လောင်သည် ဈေးနှုန်းများကို ထပ်မံလျှော့ချလိုက်လေရာ အခြားလူများမှာ အရှုံးပေါ်မည်ကို စိုးရိမ်ကြရသော်လည်း ကျန်းမုန့်လောင်အတွက်မူ ထိုအချက်ကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။ ပိုက်ဆံရှိလျှင် ဘာမဆိုဖြစ်နိုင်သည်မဟုတ်ပါလား။
"သူရူးနေတာပဲ။ ဒီလူ တကယ်ရူးနေတာ"
"သူက ဒီလိုနည်းနဲ့ မျိုးနွယ်စုကုန်သွယ်ရေးဈေးကွက်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"
"သူ့မှာ ဂြိုဟ်တွေ ဘယ်လောက်တောင် ပိုင်ထားလို့လဲ။ အခုဆိုရင် ဘီလီယံနဲ့ချီပြီး ရောင်းပြီးသွားပြီ မဟုတ်လား"
ကျန်းမုန့်လောင် သတ်မှတ်ထားသော ဈေးနှုန်းမှာ ဈေးကွက်ပေါက်ဈေး၏ သုံးဆယ်ရာခိုင်နှုန်းခန့်သာ ရှိသဖြင့် သတင်းကြားသူများမှာ တဖွဲဖွဲရောက်လာကြသည်။ ဤမျှတန်လွန်းလှသော အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ပါက နောင်တွင် ဤကဲ့သို့သော အခွင့်အရေးမျိုး ထပ်ရရန် ခဲယဉ်းပေလိမ့်မည်။
ကျန်းမုန့်လောင် ပိုင်ဆိုင်ထားသော မျိုးနွယ်စုများမှာ မကြာမီကုန်ဆုံးသွားလိမ့်မည်ဟု လူအများက ထင်မှတ်ထားကြသော်လည်း သူ့ပိုင်ဆိုင်မှုမှာ ကုန်ခန်းသွားခြင်းမရှိဘဲ အဆုံးမရှိ ထွက်ပေါ်နေသလိုပင်။
အခြားဈေးဆိုင်ပိုင်ရှင်များမှာ ကျန်းမုန့်လောင်နှင့် မတူဘဲ အများဆုံးရှိမှ ဂြိုဟ်ပေါင်း သန်းဂဏန်းအနည်းငယ် သို့မဟုတ် ဆယ်ဂဏန်းမျှသာ ရှိကြသည်ဖြစ်ရာ ထိုအရာများ ကုန်သွားသည်နှင့် ထပ်မံရောင်းချရန် မရှိတော့သဖြင့် ကျန်းမုန့်လောင်နှင့် ဈေးနှုန်းတိုက်ပွဲဆင်နွှဲရန် မဝံ့ရဲကြပေ။
အကယ်၍ ကျန်းခိုင်သာ ကျန်းမုန့်လောင် ယခုလုပ်နေသည့်ကိစ္စကို သိသွားပါက သူ့ကို ထိုနေရာမှာပင် ရိုက်သတ်မိပေလိမ့်မည်။ သူ အပင်ပန်းခံ၍ တည်ဆောက်ခဲ့ရသော စီးပွားရေးလုပ်ငန်းမှာ ကျန်းမုန့်လောင်လက်ချက်ဖြင့် ပျက်စီးနေရပြီဖြစ်ရာ ဤသည်မှာ မည်သို့သော သားမြေးမျိုးဆက်လေလဲ။
"မဟုတ်သေးဘူး... ပိုက်ဆံရှာတဲ့နှုန်းက နှေးလွန်းနေသေးတယ်"
ကျန်းမုန့်လောင်မှာ ဂြိုဟ်ပေါင်းဘီလီယံ ရာနှင့်ချီ၍ ရောင်းချခဲ့သော်လည်း အမှောင်ဒင်္ဂါး ဘီလီယံအနည်းငယ်သာ ရသေးသည်။
အမှန်အတိုင်းပြောရလျှင် ကျန်းမုန့်လောင်၏ ဈေးနှုန်းမှာ ချိုသာသော်လည်း လူအများစုမှာ တန်ဖိုးနည်းနည်းဖြင့် အမြတ်ထုတ်လိုသော စိတ်ဖြင့်သာ ဝယ်ယူနေကြခြင်းဖြစ်၏။ သူတို့သည် ရင်းနှီးမြှုပ်နှံမှုအနေနှင့် အနည်းငယ်သာ ဝယ်ယူကြပြီး မိမိတို့၏ ပိုင်ဆိုင်မှုအားလုံးကို ပုံအောရန် မလိုအပ်ပေ။
သူတို့ကို အမှန်တကယ် စိတ်လှုပ်ရှားစေသည့်အရာမှာ အဂ္ဂိရတ်ပညာရှင်များ သွန်းလုပ်ထားသော လက်နက်များ၊ မျိုးရိုးဗီဇ ကူးပြောင်းခြင်းကို အားပေးသည့် ဆေးဝါးများနှင့် သိုင်းကျမ်းစာများကဲ့သို့ အဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များသာ။
သို့သော် ဤပစ္စည်းများမှာ ကုန်စည်ပြပွဲ တရားဝင်စတင်မှသာ ထွက်ပေါ်လာလေ့ရှိပြီး အဆင့်မြင့်လေလေ လေလံပွဲများတွင်သာ ပါဝင်လာလေလေ ဖြစ်သဖြင့် မြေအောက်စကြဝဠာကုန်စည်ပြပွဲတိုင်းသည် အမြဲတမ်းလိုလို သေရေးရှင်ရေးတမျှ ပြင်းထန်လှသော တိုက်ပွဲတစ်ခုနှယ်ပင်။
ထို့ကြောင့် သူတို့စုဆောင်းထားသော အမှောင်ဒင်္ဂါးများမှာ ထိုအရာများကို အရယူရန်အတွက်သာ။
"ငါ ဘာရောင်းရင်ကောင်းမလဲ"
ကျန်းမုန့်လောင် အတွေးနက်သွားချေသည်။ လက်နက်များ သွန်းလုပ်ရန်အတွက် သူ့လက်ထဲတွင် ကုန်ကြမ်းနှင့် ကိရိယာများ မရှိသဖြင့် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ လုပ်နိုင်သည်မှာ ဆေးလုံးများ ဖော်စပ်ရန်သာ ရှိတော့သည်။
စကြဝဠာမျိုးနွယ်စုတစ်ခု၏ ဆိုင်ခန်းတစ်ခုတွင် အဂ္ဂိရတ်နည်းပညာဖြင့် ဖော်စပ်ထားသော ဆေးတစ်မျိုးကို သူ မြင်ခဲ့ရသည်။ ကျန်းမုန့်လောင်၏ အမြင်တွင်မူ ၎င်းမှာ အမှိုက်တစ်ခုမျှသာဖြစ်ပြီး အဆင့်လေးအမတဆေး၏ အာနိသင်ကိုပင် မမီပေ။
၎င်း၏အစွမ်းမှာ အဆင့်လေးသက်ရှိများ၏ မျိုးရိုးဗီဇလုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံခြင်းအာနိသင်ကို ကောင်းမွန်စေရုံမျှသာ။ အမှန်စင်စစ်တွင် ၎င်းမှာ စိတ်ကူးယဉ်ဝတ္ထုများထဲမှ အဆင့်မြင့်ချီစွမ်းအင်စုစည်းရေးဆေးလုံးနှင့်ပင် ဆင်တူလေသည်။
သို့သော် ကြမ်းခင်းဈေးမှာ စကြဝဠာဒင်္ဂါးငါးရာဘီလီယံဖြစ်ပြီး ၎င်းမှာ အဆင့်လေးမျိုးနွယ်စုအသေးစားလေးတစ်ခု၏ ပိုင်ဆိုင်မှုနှင့် ညီမျှပေသည်။
ထို့ပြင် ထိုဆေးဓာတ်ကြွင်းများကို စားပွဲပေါ် တင်လိုက်သည်နှင့်တစ်ပြိုင်နက် လူအများက အလုအယက်ဝယ်ယူကြလေရာ လေလံစနစ်ဖြင့်ပင် ရောင်းချခဲ့ရသည်။ နောက်ဆုံးတွင် အဆင့်လေးသက်ရှိတစ်ဦးက အမှောင်ဒင်္ဂါး၆၂သန်းဖြင့် ဝယ်ယူသွားခဲ့သည်။
ဤငွေပမာဏကို ရရှိရန်အတွက် ကျန်းမုန့်လောင်အနေနှင့် အနည်းဆုံး မျိုးနွယ်စုဂြိုဟ် သန်းပေါင်းဆယ်ဂဏန်းမျှ ရောင်းချရမည်ဖြစ်၏။
"ဒါကမှ မြန်မြန်ချမ်းသာမယ့် နည်းလမ်းအစစ်ပဲ"
ကျန်းမုန့်လောင်လည်း စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်သပ်လိုက်သည်။
ဝတ္ထုထဲမှ ဆေးပညာရှင်ယောင်ချန်းမှာ အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သည်။ ဤကမ္ဘာတွင် အဆင့်ရှစ်ဆေးလုံးဆိုသည်မှာ အဆင့်ရှစ်သက်ရှိတစ်ယောက်ကိုပင် အထောက်အကူပြုနိုင်သည့် ရတနာတစ်ပါးပင်။
စကြဝဠာတစ်ခုလုံးတွင် အဆင့်ရှစ်သက်ရှိ မည်မျှရှိပါမည်နည်း။ လက်ချိုးရေတွက်၍ပင် ရနိုင်လေရာ အပြည့်အဝ ပုံတူကူးထားသော သူ့အဂ္ဂိရတ်ပညာရပ်မှာ အရာအားလုံးကို အနိုင်ယူနိုင်စွမ်းရှိ၏။
ဤနည်းလမ်းမှာ ဝယ်ယူရောင်းချခြင်း သို့မဟုတ် လုယက်ခြင်းတို့ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လှပေသည်။
ကျန်းမုန့်လောင်သည် ဤကုန်သွယ်ရေးဈေးကွက်တွင် ဆေးဘက်ဝင်အပင်များစွာကို တွေ့ထားသည်။ ဆေးလုံးအမျိုးအစားတစ်ခုစီတွင် ပါဝင်ပစ္စည်းဖော်မြူလာများ သတ်မှတ်ထားသော်လည်း အမှန်စင်စစ်တွင်မူ ဆေးဖက်ဝင်အပင် အများအပြားမှာ အာနိသင်တူညီကြသဖြင့် တစ်ခုနှင့်တစ်ခု အစားထိုး၍ အသုံးပြုနိုင်သည်။
"ဆေးဖက်ဝင်အပင်များ ပမာဏအမြောက်အများ ဝယ်ယူသည်။ အမျိုးအစားမရွေး အကုန်ဝယ်ယူသည်"
ကျန်းမုန့်လောင်လည်း ဆိုင်းဘုတ်တစ်ခု ထောင်ထားလိုက်သည်။
"အစ်ကို... အစ်ကိုက ဆေးဖက်ဝင်အပင်တွေလည်း ဝယ်တာလား"
ဘေးဆိုင်ရှိ ဆိုင်ရှင်ခမျာ မျက်လုံးများ အရောင်တောက်သွားလေတော့သည်။ ဤလူမှာ တကယ့်ငတုံးတစ်ယောက်ပင် ဖြစ်ရာ သူ့ဆီကမှ ပိုက်ဆံမရှာလျှင် မည်သူ့ဆီက ရှာရတော့မည်နည်း။
"ဟုတ်တယ်။ မင်းမှာရှိလို့လား"
"ကျွန်တော့်မှာ စကြဝဠာမဟာမိတ်အဖွဲ့က အသိအမှတ်ပြုထားတဲ့ ဆေးဖက်ဝင်အပင်တွေအများကြီး ရှိပါတယ်။ ခင်ဗျားစိတ်ကြိုက် စစ်ဆေးနိုင်ပါတယ်"
ထိုဆိုင်ရှင်၏ ဆိုင်ခန်းတွင် ဆေးဖက်ဝင်အပင်များစွာ ရှိသော်လည်း ကျန်းမုန့်လောင်အနေနှင့် ထိုအပင်များ၏ နာမည် သို့မဟုတ် အာနိသင်များကို မသိသော်ငြား ဆရာယောင်ချန်းထံမှ သင်ယူထားသော အတတ်ပညာမှာ အလကားမဟုတ်ပေ။
ကျန်းမုန့်လောင်၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ဆေးဖက်ဝင်အပင်များကို စကန်ဖတ်လိုက်သည်နှင့် ဆေးဖက်ဝင်အာနိသင်ရှိသော အပင်များကို ချက်ချင်းခွဲခြားနိုင်ခဲ့သည်။
"ဘုရားမတာပဲဟေ့... ဒီအပင်က နှစ်နှစ်ရာသက်တမ်းရှိတဲ့ နဂါးမုတ်ဆိတ်မြက်လို အာနိသင်ရှိတာပဲ"
"သြော်... ဒါက ရေခဲဝိညာဉ်သီးရဲ့ အာနိသင်လား။ အနည်းဆုံး နှစ်၁၈၀ သက်တမ်းလောက်တော့ ရှိမှာပဲ"
ကျန်းမုန့်လောင်က တစ်ခုချင်းစီကို စစ်ဆေးကြည့်ရာတွင် အရည်အသွေးမပြည့်မီသော အရာတချို့ကိုလည်း တွေ့ရှိခဲ့သည်။
သူသည် ဆေးဖက်ဝင်အပင်တချို့ကို ရွေးချယ်ပြီး မေးလိုက်၏။
"ညီအစ်ကို... ဒါတွေကို ငါ ယူမယ်။ ဘယ်လောက်လဲ။ စကြဝဠာဒင်္ဂါးနဲ့ ပေးလို့ရလား"
"စကြဝဠာဒင်္ဂါးနဲ့ ပေးမယ်ဆိုရင်တော့ ၁၂ဘီလီယံ ကျပါမယ်"
"ကောင်းပြီ။ ငါယူမယ်"
ကျန်းမုန့်လောင် ဈေးမဆစ်တော့ပေ။ အကြောင်းမှာ ဆေးလုံးဖော်စပ်ပြီးသွားလျှင် ဤငွေပမာဏမှာ သူရရှိမည့် အမြတ်၏ အစွန်းထွက်မျှပင် မရှိတော့ကြောင်း သိသောကြောင့်ပင်။ ထို့ပြင် စကြဝဠာဒင်္ဂါး၁၂ ဘီလီယံမှာ သူ့အတွက် ဘာမှမပြောပလောက်ပေ။
"ဘုရားရေ... ဒီအပင်လေးတွေက ၁၂ဘီလီယံတောင် တန်တာလား။ ငါ့အမြင်တော့ အများဆုံး ၈ဘီလီယံပဲ တန်တာပါ"
"ဟုတ်တယ်။ စကြဝဠာကုန်သွယ်ရေးဈေးကွက်မှာဆိုရင် အများကြီး ပိုသက်သာတယ်။ မင်းတော့ အလိမ်ခံလိုက်ရပြီ"
ဘေးပတ်ဝန်းကျင်ရှိ ပြောဆိုသံများကို ကျန်းမုန့်လောင် လုံးဝဂရုမစိုက်ချေ။ စကြဝဠာ ကုန်သွယ်ရေးဈေးကွက်တွင် ပိုဈေးသက်သာနိုင်သော်လည်း ပစ္စည်းရောက်ရန် အချိန်အများကြီးပေးရမည်ဖြစ်ရာ သူ့အချိန်မှာ ထိုငွေများထက် ပိုတန်ဖိုးရှိလှပေသည်။
သို့သော် ဤကဲ့သို့ လက်ဖျားမှာ ငွေသီးနေသကဲ့သို့ သုံးစွဲနေခြင်းကြောင့်ပင် ကျန်းမုန့်လောင်၏ဆိုင်ခန်းသို့ လူများ ပိုမိုရောက်ရှိလာကြပြီး မကြာခင်မှာပင် ဆေးဖက်ဝင်အပင် အမျိုးမျိုးနှင့် ပြည့်နှက်သွားတော့သည်။
အမှန်စင်စစ်တွင် ဆေးဖက်ဝင်အပင်အများအပြားမှာ အလွန်အဖိုးတန်ပြီး နှစ်ပေါင်း သောင်းနှင့်ချီ သို့မဟုတ် သိန်းနှင့်ချီ၍ သက်တမ်းရှိကြသည်။ သို့သော် ကမ္ဘာ့အမြင်များ မတူညီကြသဖြင့် ထိုစိတ်ကူးယဉ်ဝတ္ထုများရှိ ကမ္ဘာများနှင့် နှိုင်းယှဉ်လျှင် ဤစကြဝဠာမှာ စွမ်းအင်နည်းပါးလှလေရာ နှစ်ပေါင်း သောင်းနှင့်ချီ၍ သက်တမ်းရှိသော အပင်တစ်ပင်မှာ ဝတ္ထုထဲရှိ ဆယ်စုနှစ်အနည်းငယ်မျှသာရှိသော ဆေးဖက်ဝင်အပင်နှင့်သာ အာနိသင်ညီမျှပေလိမ့်မည်။
သို့သော် ဆေးအာနိသင် လုံလောက်နေသရွေ့ ကျန်းမုန့်လောင်အတွက် ကြောက်စရာမရှိပါချေ။
"ဒါတွေနဲ့ဆိုရင်တော့ အဆင့်အတန်းတစ်ခုရှိတဲ့ ဆေးလုံးဖော်ဖို့ လုံလောက်ပါပြီ"
ကျန်းမုန့်လောင်က ထိုသို့ဆိုရင်း ဆေးဖက်ဝင်အပင်များကို အမျိုးအစားခွဲပြီး သူ့ဆရာထံမှ သင်ယူထားသော ဖော်မြူလာများနှင့် တိုက်စစ်ဆေးပြီးနောက် ဆေးပင်တစ်သုတ်ကို ရွေးချယ်လိုက်သည်။
"သူ ဘာလုပ်မလို့လဲ"
ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ရှင်များနှင့် စောင့်ကြည့်နေသူများမှာ ကျန်းမုန့်လောင်ကို စူးစမ်းလေ့လာနေကြသည်။
သူဝယ်ယူခဲ့သော ဆေးဖက်ဝင်အပင်များမှာ ဈေးကွက်ပေါက်ဈေးထက် ၂၀ရာခိုင်နှုန်းခန့် ပိုများနေသဖြင့် သူသည် အမြတ်ထုတ်ရန် ပြန်လည်ရောင်းချမည့်သူ မဟုတ်သည်မှာ ထင်ရှားပေသည်။ သို့သော် ဤမြေအောက်ပြပွဲမှ ထွက်သွားလျှင်လည်း သူ့အနေနှင့် ပိုအရှုံးပေါ်ပေလိမ့်မည်။
သူတို့ လုံးဝ နားမလည်နိုင်ကြတော့ပေ။
"အားလုံးပဲ... လမ်းဖယ်ပေးကြပါဦး"
ကျန်းမုန့်လောင်က ထိုသို့အော်ဟစ်လိုက်ပြီးနောက် လက်ဝါးပေါ်တွင် မီးတောက်တစ်ခု ဖန်ဆင်းလိုက်သည်။ အဂ္ဂိရတ်ပညာရှင်ကြီး၏ အဂ္ဂိရတ်ပညာရပ်မှာ သူ့အတွက် ဆေးကျိုအိုးပင် မလိုအပ်တော့သည့် အဆင့်သို့ ရောက်နေပြီဖြစ်၏။
ပြင်းထန်သော အပူရှိန်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ချက်ချင်း ဘေးဖယ်ပေးလိုက်ရသည်။ ထိုမီးတောက်မှာ လူတိုင်း၏အာရုံကို ဖမ်းစားထားသည်။
"ဒီမီးတောက်ကို ရင်းနှီးနေသလိုပဲ..တစ်နေရာရာမှာ မြင်ဖူးသလိုလိုပဲ"
ဈေးကွက်ထဲရှိ လူများထဲတွင် စကြဝဠာအဂ္ဂိရတ်ပညာရှင်များအသင်းသို့ ရောက်ဖူးသူအများအပြား ပါဝင်သည်။
ကျန်းမုန့်လောင်က သူ့ပုံပန်းသဏ္ဌာန်နှင့် အရှိန်အဝါကို ပြောင်းလဲထားသော်လည်း မီးတောက်၏ သဘောသဘာဝကိုမူ ပြောင်းလဲ၍ မရပေ။
လူအများအပြားမှာ သတင်းကြား၍ အပြေးအလွှား ရောက်လာကြသော်လည်း ကျန်းမုန့်လောင်တို့မှာ ထွက်ခွာသွားပြီဖြစ်ရာ ထိုပါရမီရှင်အဂ္ဂိရတ်ဆရာကြီးကို မတွေ့လိုက်ရသဖြင့် နောင်တရနေခဲ့ကြသော်လည်း ယခုမူ ဤဈေးကွက်ထဲတွင် မထင်မှတ်ဘဲ ပြန်တွေ့လိုက်ရသည်။
"ဒါ... ဒါက အဲ့ဒီအဂ္ဂိရတ်ပညာရှင်ကြီး မဟုတ်လား"
"ဟာ... ဒါ အဲ့ဒီဆရာသခင်ပဲ။ ဆရာသခင် ပြန်ပေါ်လာပြီ!"
"ဆရာသခင်က ဒီတစ်ခါ ဘာလုပ်မလို့လဲ။ လက်နက်တွေ သွန်းလုပ်မလို့လား။ ဒါပေမဲ့ ဒီမှာ ဘာကိရိယာမှ မရှိဘူးလေ"
"နေဦး။ ဆရာသခင့်ဘေးနားက ပစ္စည်းတွေက ဆေးဖက်ဝင်အပင်တွေပဲ။ သူ ဆေးဖော်စပ်မလို့လား"
"ဆရာသခင်က လက်နက်တွေတင် သွန်းလုပ်နိုင်တာ မဟုတ်ဘူး။ ဆေးလုံးတွေကိုလည်း ဖော်စပ်နိုင်တာပဲ"
"ဘုရားရေ... ငါတော့ ကိုယ့်ကိုယ်ကိုယ် ဒီကမ္ဘာပေါ်မှာ လူဦးရေပြည့်အောင် မွေးဖွားပေးရတဲ့လူလို့ ခံစားနေရပြီ"
********************
အခန်း ၈၅၇ - ဈေးလျှော့ရောင်းလိုက်မိတာပဲ
ကျန်းမုန့်လောင်သည် သူ့ထိန်းချုပ်မှုအောက်မှာပင် ဆေးဖက်ဝင်အပင်တစ်ပင်စီ၏ အနှစ်သာရများကို ထုတ်ယူလိုက်ပြီးနောက် ကျွမ်းကျင်လှသော လက်လှုပ်ရှားမှုများဖြင့် ကြည်လင်တောက်ပသည့် အရည်စက်လေးများအဖြစ် ပေါင်းစပ်လိုက်သည်။
ထိုအရည်စက်လေးများအားလုံးမှာ တစ်ဖန်ပြန်လည်ပေါင်းစည်းသွားပြီး အရောင်အသွေးစုံလင်စွာ တောက်ပနေသော အရည်စက်ကြီးကား လေထုထဲတွင် လွင့်မျောနေပြီး မွှေးပျံ့လှသော ရနံ့များကို ထုတ်လွှတ်နေတော့သည်။
"ဒါက ဘယ်လိုပညာရပ်လဲ။ အရင်က တစ်ခါမှ မမြင်ဖူးဘူး"
"ဟုတ်တယ်။ ငါ ကြားဖူးတာတော့ အဂ္ဂိရတ်ပညာရှင်တွေက ဆေးဖော်စပ်ဖို့အတွက် အစွမ်းထက်တဲ့ မီးတောက်တွေတင်မကဘူး။ ကိရိယာတန်ဆာပလာအများကြီးရဲ့ အကူအညီကိုလည်း ယူရတယ်တဲ့။ ပါဝင်ပစ္စည်းတစ်ခုချင်းစီရဲ့ အချိုးအစားကလည်း အရမ်းတိကျရတယ်။ မဟုတ်ရင် ဆေးအာနိသင်ကို အပြည့်အဝမရနိုင်ဘူးဆိုပဲ။ ဒီလို နည်းလမ်းမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးဘူး"
"ငါကြားတာတော့ ဒီဆရာသခင်က လက်နက်တွေ သွန်းလုပ်တုန်းကလည်း လုံးဝထူးခြားတဲ့ နည်းစနစ်တစ်ခုကို သုံးခဲ့တာတဲ့။ သူ့မှာ ဆေးဖော်စပ်ဖို့အတွက်ပါ ထူးခြားတဲ့ နည်းလမ်းတစ်ခုခုရှိနေတာလား"
"အနံ့ကတော့ အံ့သြဖို့ကောင်းတယ်။ ဒီဆေးရဲ့ အနှစ်သာရက ဘာတွေလုပ်နိုင်မလဲဆိုတာ သိချင်မိတယ်"
"ဆရာသခင်က ဘာလို့ အခုထိမရပ်သေးတာလဲ"
လူအများစုမှာ ဇဝေဇဝါ ဖြစ်နေကြလေသည်။ အဂ္ဂိရတ်ပညာရှင်ဟု ခေါ်တွင်သူများမှာ မွှေးပျံ့သော မီးတောက်များကို အသုံးပြု၍ ဆေးအနှစ်သာရများကို ထုတ်ယူကာ ဆေးရည်အဖြစ် ပေါင်းစပ်ပြီးနောက် လူ့ခန္ဓာကိုယ်ထဲသို့ ထိုးဆေးကဲ့သို့သော နည်းလမ်းဖြင့် ထည့်သွင်းလေ့ရှိသည်။
သူတို့၏အမြင်တွင်မူ ထိုဆေးရည်မှာ အလွန်မြင့်မားသော သန့်စင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျန်းမုန့်လောင်က ဘာကြောင့် မရပ်သေးသလဲဟု တွေးနေမိကြသည်။ သူ့အနေနှင့် အရာအားလုံးကို အငွေ့ပျံသွားအောင် လုပ်တော့မည်လော။ ထိုသို့ဆိုလျှင် သူ့ကြိုးပမ်းမှုများမှာ အလဟဿဖြစ်သွားမည် မဟုတ်ပါလော။
"ဒီလူတွေက ဘာဖြစ်နေကြတာလဲ"
ကျန်းမုန့်လောင်က သူတို့ကို နားမလည်နိုင်ဟန်အမူအရာဖြင့် ကြည့်လိုက်သည်။
"မဟုတ်မှလွဲရော... သူတို့တွေ ဆေးဖော်စပ်နည်းကို မသိကြတာလား"
"ကျောင်းအုပ်ကြီး... စကြဝဠာထဲက မျိုးနွယ်စုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အခုနောက်ပိုင်းမှာ နည်းပညာအပေါ်မှာပဲ အခြေခံတာများတယ်။ အဂ္ဂိရတ်ပညာဆိုတာ ဒီစကြဝဠာအတွက်တော့ အစိမ်းသက်သက်ဖြစ်နေတယ်လေ"
ကောထန်က ရှင်းပြချေသည်။
"သူတို့ရဲ့အဂ္ဂိရတ်ပညာအပေါ် နားလည်မှုက ဆေးဝါးတွေ ဒါမှမဟုတ် တခြားအရာတွေကနေ အနှစ်သာရကို ထုတ်ယူပြီး ထိုးဆေး ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ လူသားမျိုးဗီဇကို မြှင့်တင်ပေးတာပါပဲ။ သိပ္ပံပညာရဲ့ အဆုံးသတ်က ဂမ္ဘီရပညာရပ်လို့ ဆိုကြတဲ့အတိုင်း အဂ္ဂိရတ်ပညာဆိုတာ သိပ္ပံပညာနဲ့ ယှဉ်လိုက်ရင် ဂမ္ဘီရပညာရပ်နဲ့ တော်တော်နီးစပ်တယ်လေ"
"ဒါဆိုရင်လည်း သူတို့ကို တကယ့်ပညာအစစ်ကို ပြရသေးတာပေါ့"
"ဆေးလုံး ဖြစ်လာပြီ"
ကျန်းမုန့်လောင်က လက်ဟန်တစ်ခု ပုံဖော်လိုက်သည်နှင့်တစ်ပြိုင်နက် စွမ်းအင် အမြောက်အမြားမှာ ထိုအရည်စက်ထဲသို့ စုပြုံသွားတော့သည်။
"မင်းတို့ ခံစားမိလား။ အဲ့ဒီအရာက စွမ်းအင်တွေကို စုပ်ယူနေတာ"
"ဒါက ဘာကြီးလဲ"
"ဆေးရည်က ခဲလာပြီ"
လူတိုင်းကို အံ့အားသင့်စေသည်မှာ ခရမ်းရောင်ဆေးလုံးသုံးလုံး ပုံပေါ်လာခြင်းပင်။ ဆေးလုံးများပေါ်တွင် ရှုပ်ထွေးသော ပုံစံများဖြင့် ဖုံးလွှမ်းနေပြီး ထူးကဲသော ရနံ့များကို ထုတ်လွှတ်နေလေ၏။
ဤသည်မှာ 'ကောင်းကင်ဘုံစစ်ပွဲ'ဝတ္ထုထဲရှိ အဆင့်၆ဆေးလုံးဖြစ်သည့် သိုင်းဝိညာဉ်ဆေးလုံးပင်။ ၎င်း၏အာနိသင်မှာ သိုင်းဧကရာဇ်အဆင့်ရှိသူတစ်ဦးကို နောက်တစ်ဆင့်သို့ တက်လှမ်းသွားစေရန် ကူညီပေးနိုင်ပေသည်။
သို့သော် ဤကမ္ဘာတွင်မူ သူ့အာနိသင်မှာ မည်သို့ရှိမည်ဖြစ်ကြောင်း ကျန်းမုန့်လောင် မသိပါချေ။
အဆင့်တစ် ချီစွမ်းအင်စုစည်းရေးဆေးလုံးပင်လျှင် သာမန်စွမ်းအားရှင်တစ်ဦးကို နတ်ဘုရားအဆင့်သို့ ရောက်ရှိစေရန် ကူညီပေးနိုင်ခဲ့ကြောင်း ကျန်းမုန့်လောင် မှတ်မိသေးသည်။ ထို့ကြောင့် ဤအဆင့်၆ဆေးလုံးမှာ အဆင့်ခြောက်သက်ရှိတစ်ယောက်အတွက်လည်း အကျိုးကျေးဇူးများစွာ ရှိလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။
ကျန်းမုန့်လောင်သည် ဖော်စပ်ပြီးသော ဆေးလုံးသုံးလုံးကို အလွန်လက်ရာမြောက်သည့် သေတ္တာလေးသုံးလုံးထဲသို့ ထည့်ပြီးနောက် သူ့ဆိုင်းဘုတ်ကို အသစ်ပြင်လိုက်ပြန်သည်။
စွမ်းအင်ဆေးလုံး
ဈေးနှုန်း : တစ်လုံးလျှင် အမှောင်ဒင်္ဂါး ၁၀ဘီလီယံ
"ဝိုး"
ထိုဈေးနှုန်းမှာ လူတိုင်းကို အံ့သြသွားစေခဲ့သည်။
အမှောင်ဒင်္ဂါး ၁၀ဘီလီယံဆိုသည်မှာ စကြဝဠာဒင်္ဂါး တစ်ရာထရီလီယံနှင့် ညီမျှသည်။ ထိုပမာဏမှာ အဆင့်၅မျိုးနွယ်စု တစ်ခု၏ ပေါက်ဈေးပင်ဖြစ်လေရာ ဤဆေးလုံးတစ်လုံး၏ ကုန်ကျစရိတ်မှာ အလွန်ဆုံးရှိမှ စကြဝဠာဒင်္ဂါး ဘီလီယံအနည်းငယ်သာ ရှိလိမ့်မည်ဖြစ်သဖြင့် ဤဈေးနှုန်းမှာ အဓိပ္ပာယ်မရှိဟု ထင်မြင်နေကြသည်။
အရေးကြီးဆုံးအချက်မှာ ဤဆေးလုံးက ဘာအတွက် ကောင်းသလဲ သို့မဟုတ် စားလိုက်လျှင် မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ကို မည်သူမှမသိကြသဖြင့် မည်သူကမှ ဤကဲ့သို့သောအရာမျိုးကို ပိုက်ဆံအကုန်အကျခံ၍ စမ်းသပ်လိုစိတ်မရှိကြပေ။
လူတိုင်းက ဝိုင်းအုံကြည့်နေကြသော်လည်း မည်သူကမှ ထိုဆေးလုံးသုံးလုံးကို ဝယ်ယူရန် ဆန္ဒမရှိကြပါချေ။
"ဆရာသခင်... ဒီတစ်ခါ ဘာဆေးကို ဖော်စပ်လိုက်တာလဲ"
တစ်စုံတစ်ယောက်က စူးစမ်းစွာ မေးမြန်းလိုက်သည်။
"'တာ့လီ"
"တာ့လီ.. တာ့လီဆိုတာက ဘာလဲ"
"လုံ့လစိုက်ထုတ်မှုက အံ့ဖွယ်တွေကို ဖန်တီးပေးနိုင်တယ်။ ဒါပေမဲ့ ငါပြောပြလည်း မင်းတို့ နားလည်မှာ မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်လေသည်။
"ဒီအရာက အံ့ဖွယ်တွေကို ဖန်တီးပေးနိုင်တယ်။ ဝယ်စားကြည့်လိုက်ရင် သိပါလိမ့်မယ်"
"အံ့ဖွယ် ဟုတ်လား"
ကျန်းမုန့်လောင်ပြောချင်သော အံ့ဖွယ်ဖြစ်ရပ်ဟူသည့် အဓိပ္ပာယ်ကို လူအုပ်ကြီးက ဝိုင်းဝန်း ဆွေးနွေးနေကြ၏။
"ဆရာသခင်... ကျွန်တော် တစ်လုံးဝယ်ချင်ပါတယ်"
ထိုအချိန်တွင် လူအုပ်ထဲမှ ကတုံးပြောင်ပြောင် လူတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုလူမှာ ဗလတောင့်ပြီး အရေပြားပေါ်တွင် အနက်ရောင်အစင်းကြောင်းများ ပါရှိသည်ဖြစ်ရာ အလွန်ထူးခြားလှသော မျိုးနွယ်စုမှ ဖြစ်ဟန်တူသည်။
"ဟာ... တကယ်ကြီး အလိမ်ခံမယ့်လူလည်း ရှိတာလား"
ကျန်းမုန့်လောင်ပင် သူ့ခန့်မှန်းချက်မှန်မမှန် မသေချာပါချေ။ သူသည် သိုင်းဝိညာဉ်ဆေးလုံးကို ပထမဆုံးအကြိမ် ဖော်စပ်ခြင်းဖြစ်လေရာ တကယ်ဝယ်ယူလာလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားပေ။
အကယ်၍ မည်သူမှမဝယ်ပါက ကံကောင်းသော ကြည့်ရှုသူတစ်ဦးကို ကျပန်းပေးလိုက်ရန်ပင် သူ စဉ်းစားထားသည်။ အာနိသင်ကို မြင်တွေ့သွားသည်နှင့် အရာအားလုံးက အလိုလိုအဆင်ပြေသွားမည် မဟုတ်ပါလော။
"သူတို့က အိုကွီမျိုးနွယ်စုရဲ့ တော်ဝင်မိသားစုလား"
"ဟုတ်တယ်။ အနီရောင်အရေပြားနဲ့ အနက်ရောင်အစင်းကြောင်းတွေ... သူတို့က အိုကွီမျိုးနွယ်စုရဲ့ တော်ဝင်မိသားစုဝင်တွေပဲ"
"ကျစ်... ကျစ်... ကျစ်... အဆင့်ငါးသက်ရှိတစ်ယောက်က ဒီလောက်များတဲ့ငွေကို ပေးနိုင်တာပဲ။ ထိပ်တန်းအဆင့်ငါးမျိုးနွယ်စု ပီသပါပေတယ်"
"ဒါပေမဲ့ ပိုက်ဆံရှိတိုင်းလည်း ဒီလိုမသုံးသင့်ဘူးလေ။ ဒါက ဘာမှအသုံးမဝင်တဲ့ အရာအတွက် ပိုက်ဆံတွေကို ရေထဲပစ်ချလိုက်သလိုပဲ မဟုတ်လား"
"ဆရာသခင်... ကျွန်တော် ပိုက်ဆံလွှဲလိုက်ပါပြီ"
အိုကွီမျိုးနွယ်စုရှိ ကတုံးနှင့်လူက ရိုသေစွာ ပြောလိုက်၏။
စကြဝဠာအဂ္ဂိရတ်ပညာရှင်များအသင်း၏ အပေါ်ဆုံးထပ်တွင် ဤလူမှာ မရေမတွက်နိုင်သော ကြည့်ရှုသူများထဲမှ တစ်ဦးဖြစ်ခဲ့လေရာ ကျန်းမုန့်လောင်က အဆင့်ခြောက်လက်နက်များမှ အကျိုးအပဲ့များကို အသုံးပြု၍ အဆင့်၇လက်နက်တစ်ခုကို နာရီအနည်းငယ်အတွင်း သွန်းလုပ်ခဲ့ကြောင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ဤသည်မှာ ကြယ်ဆယ်ပွင့်မျှ တန်ဖိုးရှိသော ကုန်ကြမ်းပစ္စည်းများကို အဆပေါင်းတစ်သောင်းခန့် တန်ဖိုးတက်သွားစေခြင်းပင်။
သူ့အမြင်တွင် ဤအရာအားလုံးမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအလားပင်။
ယခု ကျန်းမုန့်လောင်သည် ဤဆေးလုံးမှာ အံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးနိုင်သည်ဟု ဆိုထားလေရာ အခြားလူများက မယုံကြည်သော်လည်း သူကမူ ယုံကြည်လေ၏။
အမှန်စင်စစ်တွင် ဤသည်မှာ အလောင်းကစားတစ်ခုပင် ဖြစ်လေရာ အကယ်၍ သူ ရှုံးနိမ့်သွားပါက ဘာမှပြောစရာ မရှိသော်လည်း အနိုင်ရခဲ့ပါက ကြီးမားသော ဆုလာဘ်ကို ရရှိနိုင်မည်ဖြစ်၏။
"ညီလေး... မင်းရဲ့အမြင်ကတော့ တကယ်စူးရှတာပဲ"
ကျန်းမုန့်လောင်က အမှောင်ဒင်္ဂါးတစ်ဆယ်ဘီလီယံကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ ဤသည်မှာ ဂြိုဟ်များဝယ်ယူရောင်းချခြင်းထက် အဆပေါင်းများစွာ အမြတ်ပိုများလှသည်။
အိုကွီမျိုးနွယ်စုရှိ ထိုလူသည် ဆေးလုံးကိုယူပြီး မေးလိုက်၏။
"ဆရာသခင်... ဒါကို..."
"စားလိုက်လေ"
"ကောင်းပါပြီ"
သူလည်း မဆိုင်းမတွဘဲ ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ဆေးလုံး၏ အာနိသင်မှာ သူ့ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပျံ့နှံ့သွားပြီး တည်ငြိမ်နေသော သူ့မျက်နှာမှာ ရုတ်တရက် လှုပ်ခတ်သွားတော့သည်။
"ကျွန်တော့်ရဲ့ မျိုးရိုးဗီဇလုပ်ဆောင်မှုတွေက..."
သက်ရှိအဆင့် တိုးတက်လာခြင်းဆိုသည်မှာ မျိုးရိုးဗီဇများ အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်ပြီး သက်ရှိအဆင့် တိုးတက်မှုတိုင်းတွင် မျိုးရိုးဗီဇလှုပ်ရှားမှုများ ပေါက်ကွဲထွက်လာလေ့ရှိသည်။ ထိုခဏဝယ် သူ့မျိုးရိုးဗီဇများမှာ အဆတစ်ရာမက ပိုမိုအစွမ်းထက်လာသည်ကို ခံစားလိုက်ရသည်။
"ထပ်ပြီးတိုးတက်နေတုန်းပဲ"
ဤအိုကွီတော်ဝင်မိသားစုဝင်မှာ အဆင့်၅ သက်ရှိအဆင့်တွင် နှစ်ပေါင်းသောင်းနှင့်ချီ၍ တစ်ဆို့နေခဲ့သည်။ လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားပါက သူ့သက်တမ်းကုန်ဆုံးချိန်အထိ အဆင့်၆သက်ရှိအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။
သို့သော် ယခုမူ သူ့သက်ရှိအဆင့်မှာ စတင် မြင့်တက်လာပြီဖြစ်ကြောင်း သူ အမှန်တကယ် ခံစားရသည်။
ဤဆေးလုံးမှာ သူ့အား အဆင့်၅သက်ရှိမှ အဆင့်၆သက်ရှိသို့ တိုးတက်သွားစေရန် အမှန်တကယ် ကူညီပေးနိုင်သည်။
ထိုခဏဝယ် သူ့မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသာပီတိဖြစ်နေလေဟန် အမူအရာများ ထွက်ပေါ်လာသည်။
အဆင့်၆သက်ရှိတစ်ဦး၏ ပိုင်ဆိုင်မှုမှာ အဆင့်၅မျိုးနွယ်စု တစ်ခုမျှသာ ရှိနိုင်သော်လည်း ကိုယ်စားပြုတန်ဖိုးမှာမူ အဆင့်၅မျိုးနွယ်စုတစ်ခုထက် အဆပေါင်းများစွာ သာလွန်လှပေသည်။
အဆင့်၅သက်ရှိအဆင့်ကို ကျော်လွန်သွားသည်နှင့် ထိုလူသည် ထာဝရရှင်သန်သူ ဖြစ်လာပြီး သက်တမ်းကလည်း အဆုံးမဲ့ဖြစ်သွားကာ စကြဝဠာတစ်ခုလုံးက လေးစားရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်သာ။ ဤအရာမှာ ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်သော အရာပင်။
ကြယ်သန်းပေါင်းများစွာ အကုန်အကျခံလျှင်ပင် အဆင့်၅မှ အဆင့်၆သို့ရောက်ရန် မဖြစ်နိုင်သော်လည်း ယခုအခါတွင်မူ ကျန်းမုန့်လောင်၏ တာ့လီဆေးလုံးက ယင်းကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးလိုက်ပြီ ဖြစ်၏။
"လုံ့လစိုက်ထုတ်ရင် အံ့ဖွယ်ဖြစ်ရပ်တွေ ဖြစ်လာတတ်တယ်ဆိုတာ တကယ်ပဲကိုး။ ဒါက တကယ့်အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ"
သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများနှင့် သက်စောင့်စွမ်းအားများ ပြင်းထန်စွာ တိုးပွားလာသည်ကို ခံစားရင်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
"ဟားဟားဟား... ငါ့ဘဝမှာ အဆင့်၆သက်ရှိတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ဟားဟားဟား"
"ဝူးဟူး... ဒီဆေးက အဲ့ဒီလောက်တောင် အစွမ်းထက်တာလား"
ကျန်းမုန့်လောင်ကတော့ လုံးဝအံ့သြပုံမရဘဲ ဆိုလိုက်လေသည်။
"ကြည့်ရတာ ငါ ဈေးလျှော့ရောင်းလိုက်မိတာပဲ"
"ညီအစ်ကိုတို့ရေ... ဆရာသခင်က ကုန်သွယ်ရေးဈေးကွက်မှာ ဆေးလုံးတွေ ဖော်စပ်နေပြီ။ မြန်မြန်လာကြ"
**********************
အခန်း ၈၅၈ - လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀က ဒဏ္ဍာရီ
ကျန်းမုန့်လောင်၏ မိဘများမှာ အသက်လေးဆယ်ကျော်အရွယ်သာ ရှိသေးသော်လည်း အဆင့်၉သက်ရှိများကို အဘယ်ကြောင့် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သလဲဆိုသည်ကို ယခုတော့ သူ သဘောပေါက်သွားလေပြီ။
အဆင့်၆သိုင်းဝိညာဉ်ဆေးလုံးတစ်လုံးတည်းဖြင့်ပင် အဆင့်၅သက်ရှိတစ်ယောက်ကို အဆင့်၆သက်ရှိအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။ အကယ်၍ ဤဆေးလုံးများကိုသာ ထပ်မံသောက်သုံးမည်ဆိုပါက အရာအားလုံး လွယ်ကူချောမွေ့သွားမည်မဟုတ်ပါလော။
အဆင့်၅သက်ရှိတစ်ယောက်၏ အဆင့်တက်လှမ်းခြင်းမှာ ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်ပြီး စွမ်းအင်လှိုင်းလုံးများကြောင့် ဂြိုဟ်တစ်ခုလုံးကိုပါ တုန်ခါသွားစေနိုင်စွမ်းရှိ၏။
"ဘာတွေဖြစ်နေတာလဲ"
"တစ်ယောက်ယောက် ပြဿနာရှာနေတာလား"
ရုတ်တရက်ဆိုသလို ဤဂြိုဟ်ပေါ်ရှိ စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူထားသော အဆင့်၆သက်ရှိက သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်ဝယ် မျက်နှာထက်တွင် အံ့အားသင့်သွားလေဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
"ဒီနေရာမှာ တစ်ယောက်ယောက်က အဆင့်၆သက်ရှိဖြစ်လာဖို့ အဆင့်တက်နေတာလား။ စိတ်ဝင်စားစရာပဲ"
သူလည်း မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။
"ဘာတွေဖြစ်ကုန်တာလဲ။ သူက ဆရာသခင်ရဲ့ဆေးလုံးကို မျိုချလိုက်တာလေ။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ"
"မသိဘူးလေ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတစ်ခု နိုးထလာသလိုပဲ။ "
ဘေးနားက ကြည့်ရှုနေသူများမှာ ဘာဖြစ်နေသလဲဆိုသည်ကို သတိမထားမိဟန်တူသည်။ အကြောင်းမူကား သူတို့ထဲရှိ လူအများစုမှာ တစ်သက်နှင့်တစ်ကိုယ် အဆင့်ခြောက်သက်ရှိဟူ၍ တစ်ခါမှမမြင်ဖူးခဲ့ကြသောကြောင့်ပင်။
"သူ... သူက သက်ရှိအဆင့်ပြောင်းလဲမှုကို ခံယူနေတာနဲ့တူတယ်"
"ဘာ.. မင်းဘာပြောလိုက်တာလဲ"
"ငါ့ဆရာက အဆင့်ခြောက်သက်ရှိလေ။ သူ အဆင့်ငါးရဲ့အထွတ်အထိပ်မှာ ရှိနေကတည်းက ငါ သူ့တပည့်အဖြစ် ခံယူခဲ့တာ။ အဲဒီတုန်းက မြင်ကွင်းက အခုနဲ့ တစ်ပုံစံတည်းပဲ"
"မင်းပြောချင်တာက သူက အဲဒီဆေးလုံးကို သောက်လိုက်ရုံနဲ့ အဆင့်ငါးသက်ရှိကနေ အဆင့်ခြောက်သက်ရှိကို ခုန်တက်သွားတယ်ပေါ့"
"မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်တာ။ စကြဝဠာထဲက အတော်ဆုံးအဂ္ဂိရတ်ပညာရှင်တောင် ဒါမျိုးမလုပ်နိုင်ဘူး။ တိုက်ဆိုင်မှုများ ဖြစ်နေမလား"
"တိုက်ဆိုင်မှုတဲ့လား။ ဒီကမ္ဘာမှာ အဲဒီလိုတိုက်ဆိုင်မှုမျိုး တကယ်ရှိနိုင်လို့လား"
ဤလုပ်ငန်းစဉ်မှာ နာရီဝက်ခန့်ကြာမြင့်ပြီးနောက် အားချီမျိုးနွယ်စု တော်ဝင်အဖွဲ့ဝင်၏ အရှိန်အဝါမှာ အမှန်တကယ် တည်ငြိမ်သွားခဲ့သည်။ သူသည် ကျန်းမုန့်လောင်ကို ရိုသေလေးစားမှုနှင့် ကျေးဇူးတင်မှုများ ပြည့်နှက်နေသော မျက်ဝန်းဖြင့် ကြည့်လိုက်သည်။
"ဆရာသခင်.. ဒီတစ်ခေါက်တော့ ဆရာသခင်ရဲ့ စွမ်းအင်ဆေးလုံးကြောင့် ကျွန်တော် အကျိုးခံစားလိုက်ရပါပြီ။ ဒါက အံ့ဖွယ်ဖြစ်ရပ်တွေကို တကယ်ဖန်တီးနိုင်တာပဲ။ ကျွန်တော့်ဘဝမှာ ဒီလောက်မြန်မြန်ကြီး အဆင့်ခြောက်သက်ရှိအဖြစ် အသွင်ပြောင်းနိုင်လိမ့်မယ်လို့ လုံးဝမထင်ထားဘူး"
"ဝိုး"
ပါဝင်စမ်းသပ်သူ၏ ဝန်ခံစကားအပြီး ထိုနေရာတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။
"သူ့ကို သက်ရှိအဆင့်ပြောင်းလဲသွားစေတာက ဒီဆေးလုံးရဲ့ စွမ်းအင်ကြောင့်လား"
"မယုံနိုင်စရာပဲ။ တကယ်မယုံနိုင်စရာပဲ"
"ဟား.. မင်းတို့ မသိကြလောက်သေးဘူး။ ဆရာသခင်က အဆင့်ခြောက်ကုန်ကြမ်းပစ္စည်းတွေကိုသုံးပြီး အဆင့်ခုနစ်သိုင်းလက်နက်တွေကိုတောင် ဖန်တီးခဲ့တာ။ ဒါက ဘာများကြီးကျယ်နေလို့လဲ။ သူ့အတွက်တော့ ပုံမှန်အလုပ်တစ်ခုပဲကွ"
"အဆင့်ခြောက်သက်ရှိဖြစ်လာဖို့ စကြဝဠာဒင်္ဂါးပြား တစ်ရာထရီလီယံတည်း လိုတာလား။ ငါ အခုချက်ချင်း ပိုက်ဆံသွားစုတော့မယ်"
"ဒါက အံ့ဖွယ်ဖြစ်ရပ်ပဲ။ အဆင့်ငါးအထွတ်အထိပ်မှာ ရှိနေတဲ့လူတွေသာ ဒါကိုသိသွားရင် သူတို့ပိုင်ဆိုင်သမျှ အကုန်ရောင်းပြီး ဒီဟာကိုဝယ်ကြမှာ ကျိန်းသေတယ်"
"စကြဝဠာဒင်္ဂါးတစ်ရာထရီလီယံဆိုတဲ့ ဈေးနှုန်းက အရမ်းသက်သာလွန်းတယ်"
ထိုအချိန်တွင် ကျန်းမုန့်လောင်သည် သိုင်းဝိညာဉ်ဆေးလုံးကို ယခင်ဈေးဖြင့် ရောင်းချခြင်းမှာ ကြီးမားလှသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ကြောင်း နားလည်သွားသဖြင့် မူလဈေးနှုန်း၏နောက်တွင် သုညတစ်လုံးကို တိတ်တိတ်လေး ထပ်တိုးလိုက်သည်။
"တစ်လုံးကို အမှောင်ဒင်္ဂါးတစ်ရာဘီလီယံလား"
"ဒါတောင် ဈေးပေါနေသေးတယ်"
"တကယ်ပါပဲ။ စကြဝဠာမျိုးနွယ်စုတွေထဲမှာ ချမ်းသာတဲ့လူတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ အဲဒီပင်မမျိုးနွယ်စုကြီးတွေဆိုရင် အဆင့်ငါးအခြေခံမျိုးနွယ်စု ရာပေါင်းများစွာနဲ့ညီမျှတဲ့ ပိုင်ဆိုင်မှုတွေ ရှိကြတာလေ။ ဒီလောက်ပိုက်ဆံလေးကတော့ သူတို့အတွက် ဘာမှမပြောပလောက်ပါဘူး"
"ကြည့်စမ်း။ ကြီးကြပ်သူတောင် သတိထားမိသွားပြီ"
"ရှူး"
ခြေသံများနှင့်အတူ အားချီမျိုးနွယ်စု တော်ဝင်အဖွဲ့ဝင်ထက် ပိုသြဇာညောင်းသော အရှိန်အဝါပိုင်ရှင်တစ်ယောက်က ကျန်းမုန့်လောင်၏ ဆိုင်ခန်းနားသို့ လျှောက်လှမ်းလာလေသည်။
စကြဝဠာမြေအောက်ပြပွဲတွင် အလွန်ပါရမီထူးသော လူငယ်အဂ္ဂိရတ်ပညာရှင်တစ်ဦး ပေါ်ထွန်းလာကြောင်း သတင်းပြန့်နေလေရာ ထိုသတင်းက သူ့နားထဲကိုလည်း ရောက်လာသည်။ ဆရာသခင်က ဤနေရာတွင် အစွမ်းထက်လှသော စွမ်းရည်နောက်တစ်ခုကို ထုတ်ပြလိမ့်မည်ဟု သူ မျှော်လင့်မထားချေ။
အဆင့်ငါးသက်ရှိတစ်ယောက်က အဆင့်ခြောက်သက်ရှိအဖြစ် အောင်မြင်စွာ အဆင့်တက်လှမ်းသွားကြောင်း သူကိုယ်တိုင်ကိုယ်ကျ ဘေးနားတွင် အချိန်ပြည့်စောင့်ကြည့်နေခဲ့သည်။ ဤအဆင့်သို့ရောက်ရန် နှစ်သန်းပေါင်းများစွာ အချိန်ယူခဲ့ရသူများအတွက်မူ ဤကိစ္စကား အလွန်အံ့သြမှင်တက်စရာပင်။
ထိုသိုင်းဝိညာဉ်ဆေးလုံးသည် သူ့အတွက်တော့ နတ်ဆေးတစ်ခွက်အလားပင်။
အရေးအကြီးဆုံးအချက်မှာ လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀၀ကတည်းက စကြဝဠာတစ်ခွင် လက်ဆင့်ကမ်းလာခဲ့သော ဒဏ္ဍာရီတစ်ခုကို သူ ရုတ်တရက်အမှတ်ရလိုက်သည်။
ထိုဒဏ္ဍာရီကား နာမည်၊ ဇာစ်မြစ်နှင့် မည်သည့်နေရာတွင်ရှိကြောင်း မည်သူမှမသိနိုင်သည့် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်အကြောင်းပင်တည်း။
တချို့က သူ့ကို အစွမ်းထက်လှသော သိုင်းပညာရှင်တစ်ဦးဟု ဆိုကြပြီး အချို့ကမူ သူ့ကို ကြောက်မက်ဖွယ်ကောင်းသော ဘဏ္ဍာရေးပါရမီရှင် သို့မဟုတ် အရည်အချင်းရှိသော အဂ္ဂိရတ်ပညာရှင်တစ်ဦးဟု ဆိုကြသည်။
သူသည် စကြဝဠာမျိုးနွယ်စုများကြားတွင် နှစ်ပေါင်းထောင်ဂဏန်းအနည်းငယ်သာ ပေါ်ပေါက်ခဲ့သော်လည်း ရေတွက်၍မရနိုင်သော ဒဏ္ဍာရီများကို ချန်ထားရစ်ခဲ့လေသည်။
အကျော်ကြားဆုံးဒဏ္ဍာရီမှာ သူ့အဂ္ဂိရတ်ပါရမီအကြောင်းပင်။
သူသည် နှစ်ကြိမ်မျှသာ လှုပ်ရှားခဲ့သည်ဟု ဆိုကြ၏။
ပထမအကြိမ်တွင် သူသည် အဆင့်ကိုးသိုင်းလက်နက်တစ်ခုကို ဖန်တီးခဲ့ပြီး သိုင်းပညာရှင်ပေါင်းများစွာမှာ အချင်းချင်း တိုက်ခိုက်ခဲ့ကြရသည်။ အချို့ဆိုလျှင် သူနှင့် အဖိုးအခကြီးကြီးမားမားပေး၍ လဲလှယ်အရောင်းအဝယ် ပြုခဲ့ကြသည်။
ဒုတိယအကြိမ်တွင် အဆင့်ခုနစ်သက်ရှိတစ်ယောက်အား မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး အဆင့်ရှစ်သက်ရှိအဆင့်သို့ ရောက်သွားစေနိုင်သည့် ဆေးလုံးတစ်လုံးကို ဖန်တီးပေးခဲ့သည်။
နောက်ပိုင်းတွင် စကြဝဠာတစ်ခွင်ရှိ လူတိုင်းက သူ့ကို လိုက်ရှာခဲ့ကြသည်။ စကြဝဠာဂလက်ဆီဥက္ကဋ္ဌ၊ စကြဝဠာမဟာမိတ်အဖွဲ့ကို တည်ထောင်သူနှင့် စကြဝဠာသိုင်းပညာရှင်အဖွဲ့အစည်းဥက္ကဋ္ဌတို့အထိ ပါသော်လည်း မည်သူကမှ သူ့ကို ထပ်မတွေ့ရတော့ပေ။
ထို့ပြင် သူ့ရှေ့ရှိ လူငယ်လေးမှာ ထိုပုဂ္ဂိုလ်နှင့် တူနေချေသည်။
သူသည် ဤနေရာတွင် စည်းကမ်းထိန်းသိမ်းရေးတာဝန်ကို ယူမထားခဲ့ပါက ဤကဲ့သို့သော ကံကောင်းမှုမျိုး သူ့ထံရောက်လာမည်မဟုတ်ကြောင်း သိထားသဖြင့် သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။
ဤကဲ့သို့သော ပစ္စည်းမျိုးမှာ စကြဝဠာမြေအောက်ပြပွဲရှိ လေလံပွဲတစ်ခုတွင် အဓိကဆွဲဆောင်မှုတစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ပင်။
"ဆရာသခင်.. ကျွန်တော် ဆေးတစ်လုံးလောက် ဝယ်လို့ရမလား"
"ရတာပေါ့။ ပိုက်ဆံပေးရင် ခင်ဗျားအတွက်ပါပဲ"
ကျန်းမုန့်လောင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ သူ့ထံတွင် နောက်ထပ် ဆေးလုံးနှစ်ဒါဇင်၊ သုံးဒါဇင်ခန့်နှင့် အဆင့်မြင့်အဆင့်ခုနစ်ဆေးရည်အချို့အတွက်ပါ လုံလောက်သော ဆေးဖက်ဝင်အပင်များ ရှိနေသေးသည်။ အခြားသူများ ရှားပါးလှသည်ဟု ယူဆထားသော အရာများမှာ သူ့အတွက်တော့ ပေါင်းပင်များနှင့် မခြားပေ။
"ဆရာသခင်.. ဒီမှာ အမှောင်ဒင်္ဂါးတစ်ထောင်ဘီလီယံပါ"
ကြီးကြပ်သူက အမှောင်ဒင်္ဂါးပြားများ သိမ်းဆည်းထားသည့် အထူးသလင်းကျောက်ကတ်တစ်ခုကို ကျန်းမုန့်လောင်ထံသို့ တရိုတသေ ကမ်းပေးလိုက်သည်။
"ရော့ ဒါကခင်ဗျားအတွက်"
ကျန်းမုန့်လောင်လည်း သိုင်းဝိညာဉ်ဆေးလုံးတစ်လုံးကို သူ့ထံသို့ အေးအေးလူလူ ကမ်းပေးလိုက်သည်။
တစ်စုံတစ်ယောက် လုယူသွားမည်ကို စိုးရိမ်သောကြောင့် သူ့ခမျာ ဆေးလုံးကို ချက်ချင်းမျိုချလိုက်သည်။
အဆင့်ခြောက်သက်ရှိအဖြစ် နှစ်တစ်သန်းကြာအောင် နေထိုင်လာခဲ့ပြီးနောက် အကယ်၍ အတွေ့အကြုံမှတ်တိုင်တစ်ခုသာ ရှိခဲ့လျှင် အဆင့်ခုနစ်သက်ရှိဖြစ်လာရန် သူသည် ၁၇ရာခိုင်နှုန်းအထိသာ ရောက်သေးသည်။
ဤသိုင်းဝိညာဉ်ဆေးလုံး တစ်လုံးတည်းကပင် သူ့သက်ရှိအဆင့်ကို သိသိသာသာ ခုန်တက်သွားစေပြီး အဆင့်ခုနစ်သက်ရှိတစ်ယောက်အဖြစ် ချက်ချင်းမပြောင်းလဲပေးနိုင်လျှင်ပင် သူ့သက်ရှိအဆင့်ကို ၂၀ရာခိုင်နှုန်းခန့်အထိ မြင့်တက်သွားစေခဲ့သည်။
ဆေးတစ်လုံးတည်း သောက်လိုက်ခြင်းဖြင့် နှစ်တစ်သန်းနှစ်သန်းကြာသည်အထိ စုဆောင်းရသည့် ပမာဏနှင့် တူညီလုနီးနီးပင်။
ဤသတင်းသာ အဆင့်ခြောက်နှင့်အထက် သက်ရှိများအကြား ပျံ့နှံ့သွားမည်ဆိုပါက မည်မျှဆူညံပွက်လောရိုက်သွားမည်ကို တွေးကြည့်၍ ရနိုင်သည်။
အကယ်၍တဲ့လား။ မဟုတ်ပေ။ ပျံ့နှံ့နေလောက်ချေပြီ။
လွန်ခဲ့သည့် မိနစ်ပိုင်းကတည်းက သတင်းစကားက ပျံ့နှံ့သွားပြီဖြစ်၏။
"ကုန်သွယ်ရေးဈေးကွက်မှာ အဂ္ဂိရတ်ပညာရှင်တစ်ယောက် ပေါ်လာတယ်။ သူက အဆင့်ငါးအထွတ်အထိပ်က သက်ရှိတွေကို အဆင့်ခြောက်ကိုရောက်အောင် ကူညီပေးနိုင်တဲ့ စွမ်းအင်ဆေးလုံးဆိုတဲ့အရာကို ဖန်တီးခဲ့ပြီး အမှောင်ဒင်္ဂါးပြား တစ်ထောင်ဘီလီယံတည်းနဲ့ ရောင်းနေတာ"
"အဆင့်ခြောက်ကြီးကြပ်သူတစ်ယောက်တောင် ဆေးတစ်လုံးဝယ်သွားပြီ။ ဒါက သူ့ရဲ့ နှစ်တစ်သန်းစာကျင့်ကြံမှုကို သက်သာသွားစေတယ်လို့တောင် ပြောသွားသေးတယ်"
...
"ဘာ။ အဆင့်ငါးအထွတ်အထိပ်သက်ရှိတွေကို အဆင့်ခြောက်ရောက်အောင် ကူညီပေးနိုင်တယ်ပေါ့။ တစ်လုံးပဲ ကျန်တော့တာလား။ ငါ့သားအတွက် တစ်လုံးလောက်တော့ ပြင်ထားမှဖြစ်မယ်"
"ဟားဟားဟား.. ကံကြမ္မာက ငါ့ကို မျက်နှာသာပေးနေပြီပဲ။ ငါ့သက်တမ်းက နှစ်ပေါင်းထောင်ဂဏန်းလောက်ပဲ ကျန်တော့တာ။ ဒါက ငါ့အတွက် အမတဖြစ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ"
"မြန်မြန်လုပ်ကြ။ ပိုင်ဆိုင်မှုတွေအကုန်ထုတ်ထား။ ရောင်းလို့ရတာတွေ အကုန်ရောင်းပြီး အမှောင်ဒင်္ဂါးပြား တစ်ထောင်ဘီလီယံကို အချိန်တိုအတွင်း စုဆောင်းလိုက်"
"မြန်မြန်လုပ်ကြ။ နောက်ဆုံးကျန်တဲ့ စွမ်းအင်ဆေးလုံးကို ရအောင်ဝယ်ရမယ်"
ချက်ချင်းဆိုသလိုပင် အဆင့်ငါးအထွတ်အထိပ်တွင် တစ်ဆို့နေသူများနှင့် အဆင့်ခြောက်သက်ရှိများအားလုံးမှာ အရူးအမူးဖြစ်ကုန်ကြတော့သည်။