အခန်း (၈၅၉-၈၆၁)
Vol. 58 Ch. 859-861
အခန်း ၈၅၉ - ကြီးမားသောခွန်အားက အံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးနိုင်တယ်
အဆင့်၇သိုင်းလက်နက်တစ်ခု ဖန်တီးလိုက်ခြင်းမှာ လူအများကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်ဆိုလျှင် အဆင့်ငါးသက်ရှိများကို အဆင့်ခြောက်သို့ ခုန်တက်သွားစေနိုင်သည့် ဤအံ့ဖွယ်ဆေးရည်ကတော့ ပေါက်ကွဲမှုကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
အဆင့်ခုနစ်သိုင်းလက်နက်များက မည်မျှအစွမ်းထက်နေပါစေ အပြင်ပန်းပစ္စည်းမျှသာ ဖြစ်၏။ သင့်ဆီမှာသာ ငွေကြေးလုံလုံလောက်လောက် ရှိနေမည်ဆိုလျှင် သင်လိုချင်သော ဘယ်လိုသိုင်းလက်နက်မျိုးကိုမဆို ဝယ်ယူနိုင်သည်။
သို့သော် လူတစ်ယောက်၏ သက်ရှိအဆင့်ဆိုသည်မှာ အခြေခံအကျဆုံးအရာဖြစ်ပြီး ဘယ်လိုအပြင်ပန်းပစ္စည်းနှင့်မှ နှိုင်းယှဉ်၍မရသလို ငွေနှင့်လည်း ဝယ်မရချေ။ ဤအရာအတွက် ထူးချွန်လှသောပါရမီ၊ ကောင်းမွန်လှသောဆရာများနှင့် အခွင့်အရေးများလည်း လိုအပ်ပြီး ထိုအရာအားလုံးမှာ မရှိမဖြစ်လိုအပ်ပေသည်။
ယခုအချိန်အထိ သိုင်းဝိညာဉ်ဆေးများမှာ လူ့မျိုးရိုးဗီဇလှုပ်ရှားမှုကိုသာ တိုးမြှင့်ပေးနိုင်ပြီး ထိုမှတစ်ဆင့် သက်ရှိအဆင့်တက်ရန် ဖြစ်နိုင်ခြေကို တိုးစေခြင်းပင်။ မည်သည့်အရာကမှ တစ်စုံတစ်ယောက်ကို အဆင့်ခြောက်သက်ရှိအဖြစ် ရောက်ရှိသွားအောင် အာမခံချက်မပေးနိုင်ပေ။
ကျန်းမုန့်လောင်၏ စွမ်းအင်ဆေးလုံးက ဤလောကရှိ သိုင်းဝိညာဉ်ဆေးများအပေါ် ထားရှိသည့် မူလအယူအဆကို ချိုးဖျက်ပစ်လိုက်သည်။
အမှန်အတိုင်းပြောရလျှင် ကျန်းမုန့်လောင် သတ်မှတ်ထားသော ဈေးနှုန်းနှင့်ဆိုလျှင် အဆင့်ခြောက်အောက်ရှိသော သက်ရှိအများစုက မဝယ်နိုင်ကြချေ။ သာမန်အဆင့်ငါးမျိုးနွယ်စုခေါင်းဆောင်များပင် မတတ်နိုင်ကြပေ။
အဆင့်ခြောက်အထက် သက်ရှိများအတွက်မူ သူတို့၏ သက်ရှိအဆင့်များမှာ အဆုံးအစမဲ့သက်တမ်းဟူသော အတိုင်းအတာအထိ ရောက်နေချေပြီ။ အရေးတကြီး မြှင့်တင်ရန် လိုအပ်သည့် အထူးကိစ္စမျိုး မရှိပါက သူတို့အတွက် စွမ်းအင်ဆေးလုံးက သိပ်အရေးပါမည် မဟုတ်ချေ။
သို့သော် အဆင့်မြင့်မျိုးနွယ်စုခေါင်းဆောင်အများစုမှာ ပါရမီထူးချွန်သော မျိုးဆက်များ ရှိချင်မှရှိမည်ဖြစ်ပြီး လူတော်တော်များများကလည်း သူတို့ဘဝတစ်လျှောက် အဆင့်ခြောက်သက်ရှိအဖြစ်သို့ ဘယ်တော့မှ ရောက်နိုင်မည်မဟုတ်ချေ။
သူတို့ချန်ရစ်ခဲ့မည့် မြောက်များလှသော ပိုင်ဆိုင်မှုများအတွက် ဆက်ခံသူ လိုအပ်သည်မဟုတ်လော။ ဤအချိန်မှာ စွမ်းအင်ဆေးလုံး ပေါ်ထွက်လာခြင်းကား သူတို့အတွက်တော့ ကယ်တင်ရှင်ပေါ်လာသည့်အလားပင်။ ချမ်းသာကြွယ်ဝသော အချို့မျိုးနွယ်စုများဆိုရင် အဆင့်ခြောက်သက်ရှိများကို အမြောက်အများဖန်တီးလာနိုင်သည်။ ဤသည်မှာ မျိုးနွယ်စုတစ်ခု၏ အလုံးစုံစွမ်းအားကို ခန့်မှန်း၍မရနိုင်လောက်အောင် မြှင့်တင်ပေးလိုက်ခြင်းပင်။
"ညီလေး.. ငါ နောက်တစ်လုံး ထပ်ယူမယ်"
ဤကုန်သွယ်ရေးဈေးကွက်၏ ကြီးကြပ်သူက အတန်ကြာအောင် စဉ်းစားပြီးနောက် ပညာရှိရှိ ဆုံးဖြတ်လိုက်၏။
ဤစွမ်းအင်ဆေးလုံး၏ တန်ဖိုးမှာ အမှောင်ဒင်္ဂါးပြား တစ်ရာဘီလီယံထက် အများကြီး ပိုသာချေသည်။ အာနိသင်ကိုသိသူတိုင်း ငြင်းဆန်နိုင်မည် မဟုတ်ပါချေ။ လေလံသာတင်လိုက်လျှင် သူ့တန်ဖိုးက ဆယ်ဆ သို့မဟုတ် ထိုထက်မက မြင့်တက်သွားနိုင်သည်။
သူကိုယ်တိုင် ချက်ချင်းအသုံးမပြုသေးလျှင်ပင် နောက်မှ ပြန်ရောင်းလိုက်ပါက ငွေအမြောက်အများ ရလာမည်မှာ သေချာပေါက်ပင်။
ဤသတင်းသာ ပြန့်သွားလျှင် ဝယ်လိုအားများပြီး ရောင်းလိုအား မလောက်မငှဖြစ်လာမည့် အခြေအနေမျိုး ရောက်လာလိမ့်မည်ဟု ယုံကြည်သောကြောင့် သူ့အနေနှင့် အဆက်အသွယ်များအားလုံးကို ချက်ချင်းအသုံးချပြီး နောက်ထပ်အမှောင်ဒင်္ဂါးပြား တစ်ရာဘီလီယံကို ချေးငှားလိုက်၏။
"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင်က အမှောင်ဒင်္ဂါးပြား တစ်ရာဘီလီယံကို ဝမ်းသာအားရ လက်ခံလိုက်ပြီး သိုင်းဝိညာဉ်ဆေးလုံးကို ကမ်းပေးလိုက်၏။
"ဒီဟာက ပထမဆုံးအကြိမ် သောက်တဲ့အခါ သိသာထင်ရှားတဲ့ အာနိသင်ရှိတယ်။ အကြိမ်များများ သောက်ရင်တော့ အာနိသင်က အများကြီး လျော့ကျသွားလိမ့်မယ်။ အဆင့်ခုနစ်သက်ရှိဖြစ်ချင်တယ်ဆိုရင်တော့ ခင်ဗျား ဒီလိုဆေးလုံးမျိုး အလုံးရာနဲ့ချီပြီး သောက်ဖို့လိုလိမ့်မယ်"
"မင်း ဘာပြောလိုက်တယ်။ အကြိမ်ပေါင်းများစွာ သောက်ရင်တောင် အာနိသင်ရှိသေးတယ် ဟုတ်လား"
ကြီးကြပ်သူ၏ လက်က ရုတ်တရက် တုန်ယင်သွားသည်။
စကြဝဠာမျိုးနွယ်စုရှိ ဆေးဖော်စပ်သူများမှာ အဆင့်မြင့်သက်ရှိများ၏ အဆင့်များကို သိသိသာသာ မြှင့်တင်ပေးနိုင်သည့် ဆေးဝါးများကို ဖန်တီးနိုင်သည်မှာ မှန်သော်ငြား ထိုဆေးများအတွက်လည်း ကန့်သတ်ချက်တစ်ခု အမြဲရှိ၏။ ထိုကန့်သတ်ချက်မှာ ထိုဆေးများကို တစ်ကြိမ်သာ အသုံးပြုနိုင်ခြင်းပင်။ ဒုတိယအကြိမ်မှာတော့ လုံးဝ အာနိသင်မရှိတော့ပေ။
သို့သော် ကျန်းမုန့်လောင်ကတော့ ဤဆေးသည် အာနိသင် သိသိသာသာ လျော့ကျသွားရုံမျှသာဟု ပြောနေချေသည်။
အာနိသင်လျော့ကျသွားခြင်းနှင့် အာနိသင်လုံးဝမရှိတော့ခြင်းမှာ သိပ်မကွာခြားဘူးဟု ထင်ရသော်လည်း လက်တွေ့တွင်မူ မိုးနှင့်မြေလို ကွာခြားလှသည်။
အဆင့်ခြောက်သက်ရှိအဆင့်သို့ ယခုမှ တက်လှမ်းလာသူတစ်ယောက်အတွက် ဆေးအမျိုးအစား နှစ်မျိုးစလုံးက အတွေ့အကြုံနှစ်ဆယ်ရာခိုင်နှုန်းကို မြှင့်တင်ပေးနိုင်သည်။ သို့သော် အခြားအဂ္ဂိရတ်ပညာရှင်များ ဖန်တီးထားသော ဆေးများကို သောက်မည်ဆိုလျှင် ကျန်ရှစ်ဆယ်ရာခိုင်နှုန်းအတွက်မူ ပြင်းထန်သော ကျင့်ကြံအားထုတ်မှုကတစ်ဆင့် အချိန်ကြာမြင့်စွာ စုဆောင်းရန် လိုအပ်နေဆဲသာ။
စကြဝဠာ၏ ပျမ်းမျှစာရင်းများအရ အခွင့်အရေးကြီးကြီးမားမားမရှိဘဲ အဆင့်ခြောက်မှ အဆင့်ခုနစ်သက်ရှိအဖြစ် တက်လှမ်းဖို့ဆိုလျှင် အနည်းဆုံး နှစ်သန်းပေါင်းဆယ်ဂဏန်းလောက် ကြာပေသည်။
သို့သော် ကျန်းမုန့်လောင်၏ စွမ်းအင်ဆေးလုံးကိုသာ သောက်သုံးမည်ဆိုလျှင် ဆေးအလုံးရေရာဂဏန်းဝယ်နိုင်သည့် ငွေကြေးအင်အားရှိနေသရွေ့ ဤနှစ်သန်းပေါင်းများစွာကို ချွေတာနိုင်ပြီး အဆင့်ခုနစ်သက်ရှိအဖြစ်သို့ တိုက်ရိုက်ရောက်ရှိသွားနိုင်သည်။
ဤသည်မှာ မည်သည့်အဆင့်ခြောက်သက်ရှိကမှ ငြင်းဆန်နိုင်စွမ်းမရှိသော အရာပင်။
ပိုက်ဆံရှိသရွေ့ ပိုသန်မာလာနိုင်သည်။ ဤသည်မှာ ငွေသုံးပြီး အစွမ်းထက်လာသူများ၏ လုပ်ရပ်ပင် မဟုတ်လော။ ခွန်အားက အံ့ဖွယ်ဖြစ်ရပ်များကို စင်စစ်ဖန်တီးပေးချေသည်။
ထို့ကြောင့် ဤသတင်းကို ကြားလိုက်ရချိန်ဝယ် ကြီးကြပ်သူလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။
"အာ.. မတတ်နိုင်ဘူးလေ"
ကျန်းမုန့်လောင်က သက်ပြင်းချလိုက်၏။
"ဒီစွမ်းအင်ဆေးလုံးကို အကောင်းဆုံးဖြစ်အောင် ပြုပြင်နေတုန်းပါ။ ပြီးတော့ ဒီဆေးယဉ်ပါးသွားတဲ့ ပြဿနာက ဖြေရှင်းလို့မရသေးဘူး"
ကြီးကြပ်သူ၏ မျက်ခွံများ တုန်လှုပ်သွားသည်။ ဤအရာက အကောင်းဆုံးဖြစ်အောင် ပြုပြင်၍ ရနိုင်သေးသလား။ ထိုသို့ဆိုလျှင် စကြဝဠာထဲရှိ အဆင့်မြင့်သက်ရှိများသည် နေရာတိုင်းတွင် ပြည့်နှက်သွားပြီး အဆင့်ခြောက်သက်ရှိများလည်း ခွေးများနှယ် ပေါများသွားမည်မဟုတ်လော။
"မြတ်တာပဲ။ တကယ်အမြတ်ထွက်တာပဲ"
ထိုအချိန်တွင် လူအမြောက်အများမှာ သူ့ဆီက ဤစွမ်းအင်ဆေးလုံးကို လာဝယ်ချင်ကြလိမ့်မည်ဟု ကြီးကြပ်သူက ယုံကြည်နေပေသည်။
"ကျောင်းအုပ်ကြီး.. အဆင့်မြင့်သက်ရှိတွေ အများကြီး ထပ်လာနေကြပြန်ပြီ"
ကောထန်က သတိပေးလိုက်သည်။
"ဝူးဟူး.. ဧည့်သည်တွေ လာနေပြီဟေ့"
ကျန်းမုန့်လောင်က စိတ်လှုပ်ရှားလေဟန်ဖြင့် သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။
"မဖြစ်ဘူး"
ကျန်းမုန့်လောင်လည်း ရုတ်ခြည်းပင် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ရှားပါးလေလေ တန်ဖိုးတက်လေလေပင်။ သူသည် သိုင်းဝိညာဉ်ဆေးလုံးများကို အမြောက်အမြားထုတ်လုပ်နိုင်သော်ငြား ထိုသို့လုပ်ရန် မလိုအပ်ပေ။
ရှေးခေတ်ကတည်းက စစ်မှန်သော ခံစားချက်များက ဘယ်တော့မှ မတည်မြဲပါဘဲ လှည့်စားမှုများကသာ လူ့နှလုံးသားကို အနိုင်ယူနိုင်ပေသည်။ ငွေရှာရာတွင် ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်ရွှင်ရွှင်သာ လုပ်ရပေမည်။
ခဏအကြာတွင် နေရာပြောင်းရွှေ့ရေးဂိတ်မှ လူတစ်ယောက် ထွက်လာသည်။ ထိုလူသည် ယခင်က သူမြင်ခဲ့ဖူးသော မိုးကြိုးနှင့် လျှပ်စီးနိယာမများကို နားလည်သဘောပေါက်ထားသည့် အဆင့်ခုနစ်သက်ရှိပင်။
သူ့နာမည်က လဲ့ယာဆိုလား ဘာဆိုလား။
ဤသည်မှာ မျိုးနွယ်စုပေါင်း ၃၂၀၀ကို အုပ်ချုပ်နေသော ကြွယ်ဝချမ်းသာလှသည့် လူကုံထံတစ်ယောက်ဖြစ်၏။ ထိုမျိုးနွယ်စုအားလုံးကလည်း အလွန်ချမ်းသာကြပြီး ကြယ်ပေါင်းသောင်းနှင့်ချီသော ပိုင်ဆိုင်မှုများကို ကြွားဝါနိုင်ကြပေသည်။
"ဆရာသခင်.. ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော်"
လဲ့ယာက အလွန်ယဉ်ကျေးလေဟန်ဖြင့် ဆိုလာလေသည်။ အဆင့်ခုနစ်သိုင်းလက်နက်များကို ဖန်တီးနိုင်စွမ်းရှိရုံမျှဖြင့် ကျန်းမုန့်လောင်သည် သူ့လေးစားမှုကို ရရှိခဲ့သည်။ ယခုမူ သိုင်းဝိညာဉ်ဆေးလုံးကိုပါ ဖန်တီးနိုင်သောကြောင့် အရိုအသေပေးခံရဖို့ပင် ထိုက်တန်နေလေပြီ။
သို့သော် ကျန်းမုန့်လောင်ကတော့ သူ့ကို ဂရုမစိုက်ပါဘဲ သိုင်းဝိညာဉ်ဆေးလုံးတစ်သုတ် ဖော်စပ်ရာတွင် အာရုံစိုက်နေလေသည်။ လဲ့ယာကလည်း သူ့ကို အနှောင့်အယှက်မပေးဘဲ ဆေးကျိုအိုးကိုသာ စိတ်ဝင်တစား ကြည့်နေချေသည်။
လဲ့ယာ၏ မျိုးနွယ်စုက အလွန်ထူးခြားပြီး ဘဝတစ်သက်တာမှာ သားသမီးတစ်ယောက်သာ ရရှိနိုင်သည်။ သို့သော် သူ့သားက သူ့ပါရမီကို မဆက်ခံနိုင်ခဲ့ဘဲ အဆင့်ငါးသက်ရှိအဖြစ်သာ ရှိနေသေးသည်။ ထို့ပြင် သူ့သား၏သက်တမ်းကလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေချေပြီ။ အခြားမျိုးဆက်များ၏ ပါရမီကလည်း သာမန်အဆင့်မျှသာ။
သူ့ခမျာ ဤကိစ္စအတွက် အလွန်စိုးရိမ်ပူပန်နေပြီး မရေတွက်နိုင်သော အရင်းအမြစ်များကို အကုန်အကျခံခဲ့သော်ငြား သူတို့ကို အဆင့်ခြောက်သက်ရှိဖြစ်လာအောင် မြှင့်တင်ပေးရာတွင် မအောင်မြင်ခဲ့ပေ။
ဤသတင်းကို ကြားလိုက်ရချိန်တွင်မူ သူ့အဖို့ အမှောင်ထဲက အရုဏ်ဦးနှယ် ဖြစ်သွားရသည်။ သူသည် စွမ်းအင်ဆေးလုံးတစ်လုံးရနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် လျှပ်စီးလိုအမြန်နှုန်းနှင့် အပြေးအလွှား ရောက်လာခဲ့ခြင်းပင်။
ဤအသုတ်တွင်မူ ကျန်းမုန့်လောင်က ပါဝင်ပစ္စည်းများကို အလုံအလောက် ထည့်ထားသောကြောင့် လေထဲတွင် ဆေးခုနစ်လုံး လွင့်မျောနေပြီး ဘေးနားတွင် ကြည့်နေသူများမှာ အလွန်တရာ မနာလိုဖြစ်သွားရသည်။ စွမ်းအင်ဆေးလုံးတစ်လုံးစီမှာ အဆင့်ခြောက်သက်ရှိတစ်ယောက် မွေးဖွားလာခြင်းကို ကိုယ်စားပြုနေပေသည်။
မကြာခင်မှာပင် ဆေးခုနစ်လုံး အကောင်အထည် ပေါ်လာချေသည်။ ကျန်းမုန့်လောင်က ထိုဆေးများကို သေတ္တာများထဲတွင်ထုပ်ပိုးပြီး ဆိုင်ခန်း၏ ခုံပေါ်တွင် တင်ထားလိုက်သည်။ ထို့ပြင် ကမ္ဘာခြားက သခင်တစ်ယောက်နှယ် တိတ်ဆိတ်စွာ ထိုင်နေလိုက်၏။
"ဆရာသခင်.. ဒီစွမ်းအင်ဆေးလုံးက ရောင်းဖို့ကျန်သေးလား"
လဲ့ယာက သတိကြီးကြီးထား၍ မေးလိုက်ချေသည်။
"ရောင်းတာပေါ့။ ဒါတွေရောင်းဖို့ ငါ ဒီကိုလာတာလေ"
"ဆရာသခင်.. ဒီမှာ အမှောင်ဒင်္ဂါးနှစ်ရာဘီလီယံပါ။ ကျွန်တော် နှစ်လုံးလောက် ဝယ်ချင်ပါတယ်"
"ဆရာသခင်.. ကျွန်တော်လည်း တစ်လုံးလိုချင်တယ်"
"ဆရာသခင်.. ကျွန်တော်လည်း လိုချင်တယ်"
လဲ့ယာ၏ စကားအဆုံးမှာပင် သတင်းကြိုရထားသော စကြဝဠာအင်ပါယာခေါင်းဆောင်များကလည်း ထပ်ချပ်မကွာ လိုက်ပါလာကြသည်။
အသက်တစ်ရှူတစ်ရှိုက်စာအတွင်းမှာပင် အသစ်စက်စက် ဆေးခုနစ်လုံးထဲက တစ်လုံးသာ ကျန်တော့သည်။
သို့သော် ယခုအချိန်တွင် လူက ပိုများလာပြီး အယောက်ခြောက်ဆယ်ခုနစ်ဆယ်လောက်က နီရဲနေသော မျက်နှာများဖြင့် ကျန်နေသေးသည့် သိုင်းဝိညာဉ်ဆေးလုံးတစ်လုံးတည်းကို မျက်စိကျနေကြသည်။ ဆေးကို ဝယ်သွားနိုင်သူများကတော့ အလွန်ကျေနပ်နေဟန်တူသည်။
"ဆရာသခင်.. နောက်ဆုံးတစ်လုံးကို ကျွန်တော့်ကို ရောင်းပေးပါ"
"မင်းကို ဘာလို့ ရောင်းရမှာလဲ။ ငါအရင်ရောက်တာ အသိသာကြီးကို"
"ငါက ငါ့ဟာလို့ပြောရင် ငါ့ဟာပဲ။ မကျေနပ်ဘူးလား"
...
"အားလုံးပဲ။ ရန်မဖြစ်ကြပါနဲ့ဗျာ"
ကျန်းမုန့်လောင်က လူကောင်းတစ်ယောက်၏ ပုံစံအတိုင်း ပြောလိုက်လေသည်။
"ကျွန်တော်တို့ အေးအေးဆေးဆေးထိုင်ပြီး ဒီကိစ္စကို ဖြေရှင်းဖို့အတွက် တစ်ယောက်ကိုတစ်ယောက် ဓားနဲ့ ညင်ညင်သာသာလေး နှစ်ချက်လောက်ထိုးပြီး ဖြေရှင်းလို့မရဘူးလား"
***********************
အခန်း ၈၆၀ - ခင်ဗျားအခြေအနေအရဆိုရင်တော့ ကတ်တစ်ခုလုပ်ရလိမ့်မယ်
"ဆရာသခင်ပြောတာ မှန်တယ်။ ရတနာဆိုတာ စွမ်းဆောင်နိုင်တဲ့လူပဲ ရမှာပေါ့။ ပိုသန်မာတဲ့လူက ပိုင်ရမှာပဲ။ မကျေနပ်ဘူးဆိုရင် အပြင်ထွက်ပြီး သိုင်းကွက်နည်းနည်းလောက် ဖလှယ်ကြည့်ကြမလား"
"ဟေး ဟေး ဟေး.. ငါက အဲဒီလိုသဘောမျိုး ပြောတာမဟုတ်ဘူး"
အခြေအနေ တင်းမာလာသည်ကို မြင်သော် ကျန်းမုန့်လောင်လည်း အလျင်အမြန် ကြားဝင်လိုက်ရသည်။ သူ့ရည်ရွယ်ချက်မှာ ပိုက်ဆံရှာဖို့ သက်သက်ပင်။ ဤလူတစ်သိုက် အသေအလဲတိုက်ခိုက်နေသည်ကို ကြည့်ချင်၍ မဟုတ်ပါချေ။
"တကယ်တော့ ဒါက ဖြေရှင်းရလွယ်ပါတယ်။ စီးပွားရေးလောကမှာဆိုရင်တော့ ပိုက်ဆံအများဆုံး ပေးနိုင်တဲ့လူက ရမှာပေါ့"
"မှန်လိုက်လေ။ ဆရာသခင်ပြောတာ သိပ်မှန်တာပဲ"
"ပိုက်ဆံမရှိရင် အမြန်လစ်လိုက်တော့။ မဝယ်နိုင်ဘဲနဲ့ ဒီမှာလာပြီး အချိန်ဖြုန်းမနေကြနဲ့"
"ဆရာသခင် ကျွန်တော် ပိုများတဲ့ဈေး ပေးပါ့မယ်"
...
"ခင်ဗျားတို့ ဒီစကားပြောလာမယ့်အချိန်ကိုပဲ စောင့်နေတာ"
ကျန်းမုန့်လောင်က စိတ်လှုပ်ရှားစွာဖြင့် ဘယ်ကရောက်လာမှန်းမသိသည့် တူတစ်ချောင်းကို ဆွဲထုတ်လိုက်၏။
"ကဲ ဒီစွမ်းအင်ဆေးလုံးကို လေလံတင်ရောင်းပါ့မယ်။ ကျွန်တော်က စီးပွားရေးကျင့်ဝတ်ကို လေးစားတဲ့အတွက် လေလံကြမ်းခင်းဈေးကို အမှောင်ဒင်္ဂါးပြား တစ်ရာဘီလီယံက စမယ်"
"ဒီလေလံပွဲမှာ အမှောင်ဒင်္ဂါးပြားတစ်ရာဘီလီယံထက် ကျော်လွန်သွားတဲ့ ပမာဏအားလုံးကို စကြဝဠာလူမှုဖူလုံရေးအဖွဲ့အစည်းကို အပြည့်အဝ လှူဒါန်းသွားမှာဖြစ်ပြီး ကျွန်တော့်အိတ်ကပ်ထဲကို တစ်ပြားမှရောက်လာမှာမဟုတ်ဘူးလို့ ဒီကလူအားလုံးကို အာမခံပါတယ်"
ကျန်းမုန့်လောင်က ဖြောင့်မတ်မှန်ကန်လေဟန်ဖြင့် ကြေညာလိုက်၏။
"ဆရာသခင်ကို ထောက်ခံပါတယ်။ ကျွန်တော် အမှောင်ဒင်္ဂါးပြား ၁၀၅ဘီလီယံနဲ့ စလိုက်မယ်"
"ကျွန်တော် အမှောင်ဒင်္ဂါးပြား ၁၁၀ဘီလီယံပေးမယ်"
"ဒီလောက်ကောင်းတဲ့ ရတနာမျိုးအတွက် အဲဒီဈေးနှုန်းက သူ့တန်ဖိုးကို စော်ကားလိုက်တာပဲ။ ကျွန်တော် ၁၂၀ဘီလီယံပေးမယ်"
"မင်းတို့ကောင်တွေ ပိုကောင်းတဲ့ဈေးနှုန်းမျိုး ခေါ်နိုင်မယ်ထင်နေတာ။ ဒီလောက်ပဲ ရှိတာကိုး။ ငါက ၁၅၀ဘီလီယံပေးမယ်"
...
ဤသိုင်းဝိညာဉ်ဆေးလုံး၏ တန်ဖိုးကို သူ အထင်သေးမိသွားကြောင်း ကျန်းမုန့်လောင် သဘောပေါက်သွားသည်။
အမှန်တကယ်တော့ သက်ရှိတစ်ယောက်သည် အဆင့်တစ်သက်ရှိကတစ်ဆင့် သိုင်းပညာလမ်းစဉ်ကို စတင်ကျင့်ကြံပြီး အဆင့်ခြောက်သက်ရှိအဖြစ် ရောက်ရှိလာရန်အတွက် အသုံးပြုရသည့် အချိန်များအပြင် မပြည့်စုံသော စာရင်းအင်းများအရ အဆင့်ခြောက်သက်ရှိတစ်ယောက် မွေးဖွားလာရန်ဆိုလျှင် သာမန်အဆင့်ငါးမျိုးနွယ်စု ၃၄စုစာနှင့်ညီမျှသော အရင်းအမြစ်များကို သုံးစွဲရသည်။
ထို့ပြင် အဆင့်ငါးမှ အဆင့်ခြောက်သက်ရှိအဖြစ်ကို အဆင့်တက်ရာတွင် အရင်းအမြစ်ကိုးဆယ်ရာခိုင်နှုန်းနီးပါးကို သုံးစွဲပစ်လိုက်ရသည်ဖြစ်ရာ ဤသိုင်းဝိညာဉ်ဆေးလုံး၏ တန်ဖိုးက ကြယ်ပေါင်း ၃၄လုံးထက် အများကြီးပိုသည်။
"ကျွန်တော် ၂၈၀ဘီလီယံပေးမယ်"
"၃၀၀ဘီလီယံပေးမယ်။ ဘယ်သူ ပိုပေးချင်သေးလဲ"
အဆင့်ခုနစ်သက်ရှိတစ်ယောက်က လူအုပ်ကြီးကို အကဲခတ်လိုက်လေသည်။
"သေစမ်း.. သူ့မှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံတွေ ဒီလောက်များနေရတာလဲ"
"ဒါဆို နောက်ပိုင်းလုပ်မယ့် စကြဝဠာမြေအောက်ကုန်သွယ်ရေးလေလံပွဲမှာ သူ မပါတော့ဘူးဆိုတဲ့ သဘောလား"
အမှောင်ဒင်္ဂါးပြား ၃၀၀ဘီလီယံဟူသော ဈေးနှုန်းက သိုင်းဝိညာဉ်ဆေးလုံး၏ တန်ဖိုးအစစ်ကို မမီသေးသော်ငြား အလွန်များပြားလှသော ပမာဏဖြစ်ပြီး ငွေအများကြီး သုံးလိုက်ရသောကြောင့် သူတို့၏ အစီအစဉ်များကိုပင် ထိခိုက်သွားစေနိုင်သည်ဖြစ်ရာ လူအများစု၏စိတ်ထဲတွင် တွေးတောပူပန်နေကြလေသည်။
ကောလာဟလများအရ ဤတစ်ကြိမ် စကြဝဠာ မြေအောက်ကုန်သွယ်ရေးလေလံပွဲတွင် လူတော်တော်များများ တကူးတက လာရောက်ကြသည့် အလွန်တန်ဖိုးကြီးမားလှသော ရတနာတစ်ခု ပါဝင်လာမည်ဟု သိရသည်။
"သုံးရာဘီလီယံ တစ်ကြိမ်"
"သုံးရာဘီလီယံ နှစ်ကြိမ်"
"ရောင်းလိုက်ပါပြီ"
တူထုလိုက်သည်ကိုမြင်မှသာ ထိုအဆင့်ခုနစ်သက်ရှိလည်း သက်ပြင်းချနိုင်တော့သည်။ အကယ်၍ တစ်ယောက်ယောက်ကများ ပိုများသည့် ဈေးနှုန်းဖြင့် လေလံဆွဲလိုက်မည်ဆိုလျှင် သူလည်း ဆက်ကမ်းလှမ်းတော့မည် မဟုတ်ဘဲ လက်လျှော့လိုက်ရမည်သာ။
ကျန်းမုန့်လောင်က ပိုက်ဆံကို ဝမ်းသာအားရ ယူလိုက်သည်။ ယခုအချိန်တွင် သူ့လက်ထဲဝယ် အမှောင်ဒင်္ဂါးပြား စုစုပေါင်းပမာဏက ကြယ်ပေါင်းတစ်ရာထက်ပင် ကျော်လွန်သွားလေပြီ။
သို့သော် ကြယ်ပွင့်တစ်ရာဟူသော ပမာဏလေးက သူ့စိတ်ကူးထဲရှိ တန်ဖိုးနှင့်ယှဉ်လျှင် အများကြီးလိုနေသေးသည်။ ဤပမာဏက အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုတစ်ခုအတွက် စံချိန်မီ အာကာသယာဉ်စုတစ်ခု ဖွဲ့စည်းဖို့ပင် မလုံလောက်ပါချေ။
သိုင်းဝိညာဉ်ဆေးလုံးများအားလုံး ရောင်းထွက်သွားပြီဖြစ်သော်ငြား ရောက်လာကြသူများကတော့ ပြန်သွားဖို့ အစီအစဉ်မရှိကြပေ။ ထိုအစား လူပိုများလာပြီး ယခုဆိုလျှင် လူအုပ်ကြီးက အယောက်လေးငါးရာအထိ တိုးပွားလာနေချေပြီ။
သူတို့အားလုံးမှာ ကျန်းမုန့်လောင်သည် အဆင့်ခြောက်သက်ရှိအဖြစ် ရောက်ရှိစေနိုင်သော ဆေးလုံးများကို ဖော်စပ်နိုင်သည်ဟူသော သတင်းကို ကြားသောကြောင့် လာခဲ့ကြခြင်းပင်။ တချို့ဆိုလျှင် အမှောင်ဒင်္ဂါးအမြောက်အမြား စုဆောင်းနိုင်ဖို့အတွက် သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးကိုပင် ပေါင်နှံလာခဲ့ကြသော်ငြား ဆေးလုံးများ ကုန်သွားပြီဖြစ်ကြောင်း သိလိုက်ရချိန်ဝယ် အသည်းကွဲကုန်ကြသည်။
အခွင့်အရေးဆိုသည်မှာ ခဏသာရသည်။ ယနေ့သာ လွဲချော်သွားခဲ့လျှင် ဤသို့သော အမတဆေးလုံးမျိုးကို ဝယ်ယူရန် ဘယ်တော့များမှ အခွင့်အရေးရဦးမလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း။
ဤသည်မှာ သူတို့ကိုယ်တိုင်အတွက်သာမက သူတို့၏ မျိုးဆက်များအတွက်ပါ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး အဆင့်ခြောက်သက်ရှိများ ဖြစ်လာစေနိုင်သည့် အခွင့်အရေးလည်း ဆုံးရှုံးသွားမည်ဖြစ်လေရာ အဆင့်ခုနစ်သက်ရှိဖြစ်ရန်ဟူသော သူတို့၏ခြေလှမ်းများကလည်း ဝေးကွာသွားပြီဟု ဆိုလိုလေသည်။
"ဆရာသခင်.. ခင်ဗျားဆီမှာ ပါဝင်ပစ္စည်းတွေ အများကြီး ရှိသေးတယ်မလား။ ခုနက ကျွန်တော် မြင်လိုက်တယ်။ နောက်ထပ် နည်းနည်းလောက် ထပ်လုပ်ပေးလို့ မရဘူးလား"
"ဟုတ်ပါတယ် ဆရာသခင်။ ကျွန်တော်တို့က အဝေးကြီးကနေ လာခဲ့ကြတာပါ။ ကျွန်တော့်နာမည်အောက်မှာရှိတဲ့ မျိုးနွယ်စုဆယ်ဂဏန်းလောက်ကိုတောင် ပေါင်နှံခဲ့ရတာပါ။ ကျေးဇူးပြုပြီး နောက်ထပ်နည်းနည်းလောက် ထပ်ဖော်စပ်ပေးပါဗျာ။ ကျွန်တော်တို့ ဈေးမဆစ်ပါဘူး"
"ဆရာသခင်.. ကျွန်တော်တို့ဘာသာ ပါဝင်ပစ္စည်းတွေ ယူလာပေးလို့လည်း ရပါတယ်။ ဘာတွေလိုအပ်လဲဆိုတာသာ ပြောပါ။ ကျွန်တော်တို့ ချက်ချင်းသွားရှာပေးပါ့မယ်"
"ဟုတ်တယ်။ ဟုတ်တယ်"
ရာနှင့်ချီသော အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိများမှာ ကျန်းမုန့်လောင်ကို လမင်းအနား ကြယ်စင်များ ဝန်းရံနေသည့်နှယ် ဝိုင်းနေကြသည်။
"ပါဝင်ပစ္စည်းတွေယူလာမယ် ဟုတ်လား"
ကျန်းမုန့်လောင်၏ မျက်လုံးများမှာ အရောင်လက်သွားချေသည်။ သို့ဆိုပါက သူ့အနေနှင့် ဆေးဖော်စပ်သည့် အလုပ်ကိုသာ လုပ်ပေးရတော့မည်မဟုတ်လား။ ဤသည်မှာ အလကားရသော အခွင့်အရေးပင်။
ရိုးရိုးသားသားပြောရလျှင် အဂ္ဂိရတ်ပညာရှင်၏ စွမ်းရည်အပြည့်အဝကို ပိုင်ဆိုင်ထားသည့်အတွက် သူသည် အဆင့်ကိုးဆေးလုံးများကိုပင် ဖော်စပ်နိုင်သည်။ အဆင့်ခြောက်ဆေးလုံးလေးများကိုမူ သူ့လက်ရှိစွမ်းရည်နှင့်ဆိုလျှင် ဆယ်မိနစ်အတွင်းမှာပင် တစ်သုတ်ဖော်စပ်နိုင်ပြီး တစ်သုတ်ကို ဆေးလုံးဆယ်ဂဏန်းလောက် ရနိုင်သည်။
ပရော်ဖက်ရှင်နယ်ဆိုသည်မှာ ဘာကိုခေါ်သလဲ။ ဤအရာမျိုးကို ပရော်ဖက်ရှင်နယ်ဟု ခေါ်ပေသည်။
"ဒါဆိုလည်း ခင်ဗျားတို့အတွက် နောက်ထပ်တစ်သုတ်လောက် အားနာနာနဲ့ လုပ်ပေးလိုက်ပါ့မယ်"
ကျန်းမုန့်လောင်က စဉ်းစားချင်ဟန်ဆောင်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်...ကျေးဇူးတင်ပါတယ်ဗျာ"
"ပိုက်ဆံရှာဟေ့။ ပိုက်ဆံ မြန်မြန်ရှာကြ"
"မြန်မြန်လုပ်။ ငါ့နာမည်အောက်က ဂြိုဟ်တွေအကုန်လုံးကို ရောင်းပြီး အမှောင်ဒင်္ဂါးပြားတွေ အမြန်ဆုံးရအောင် ရှာခဲ့"
"သား.. မင်း သေစရာမလိုတော့ဘူး။ မင်းကို အဆင့်ခြောက်သက်ရှိဖြစ်အောင် လုပ်ပေးနိုင်မယ့်နည်းလမ်း အဖေ့မှာရှိနေပြီ"
ပါဝင်ပစ္စည်း အလုံအလောက်ရှိနေပြီဖြစ်ရာ ကျန်းမုန့်လောင်လည်း တုံ့ဆိုင်းမနေတော့ပါချေ။ သူသည် ကျန်နေသေးသော ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်၏။ အဆင့်မြင့်သက်ရှိများကလည်း ကျန်းမုန့်လောင်၏ လိုအပ်ချက်အတိုင်း ပါဝင်ပစ္စည်းများကို စတင်စုဆောင်းကြသည်။
ဆယ်မိနစ်ကျော်အတွင်းမှာပင် နောက်ထပ်ဆေးတစ်သုတ် အသင့်ဖြစ်သွားချေပြီ။
"Master, give me one!"
"ဆရာသခင်... ကျွန်တော့်ကို တစ်လုံးပေးပါ"
"မတိုးကြနဲ့လေ။ တန်းစီကြ"
"ဆရာသခင်.. ကျွန်တော် နှစ်လုံးလိုချင်တယ်"
"သောက်ကျိုးနည်း.. ဒီအသုတ်မှာမှ ဆယ်ဂဏန်းလောက်ပဲ ပါတာ။ အနောက်မှာ လူပေါင်းရာချီ ကျန်သေးတယ်။ မင်းက တစ်ကိုယ်ကောင်းဆန်လွန်းတယ်"
"ဒါက..."
ကျန်းမုန့်လောင်လည်း ထက်မြက်လှသော အကြံတစ်ခုကို ရလိုက်သည်။
"ကျွန်တော် အဲဒီလိုတော့ လုပ်ပေးလို့ အဆင်မပြေလောက်ဘူး"
"ခင်ဗျားနောက်မှာလည်း လူတွေအများကြီး ကျန်သေးတယ်လေ။ ကျွန်တော်က အမြဲတမ်း တရားမျှတအောင် လုပ်ပေးတတ်တယ်။ ခင်ဗျားကို နှစ်လုံးရောင်းပြီး သူ့ကို သုံးလုံးရောင်းလိုက်ရင် နောက်ကလူတွေ အကြာကြီးစောင့်နေရမှာပေါ့။ ခင်ဗျားဆီမှာပဲ ပိုက်ဆံရှိတာမှ မဟုတ်တာ။ လိုချင်တဲ့လူတွေက အများကြီးပဲ"
ကျန်းမုန့်လောင်၏ စကားက နောက်မှာကျန်နေသည့် လူအုပ်ကြီး၏ရင်ကို တည့်တည့်ထိမှန်လေသည်။
"ဆရာသခင့်ကို ထောက်ခံပါတယ်"
"တစ်ယောက် တစ်လုံးပဲ။ နောက်တစ်လုံး လိုချင်ရင် အနောက်သွားပြီး ပြန်တန်းစီ"
"ဒါပေမဲ့ ဆရာသခင်..ကျွန်တော်က တကယ်လိုအပ်နေလို့ပါ"
ထိုအရှင်သခင်က ကျန်းမုန့်လောင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ခြွင်းချက်လေး လုပ်ပေးလို့ မရဘူးလား"
"အင်း..."
ကျန်းမုန့်လောင် တွေဝေသွားသည်။
"ခင်ဗျားအခြေအနေက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျား အသင်းဝင်ကတ်တစ်ခု လုပ်ရလိမ့်မယ်"
"အသင်းဝင်ကတ်လား"
ထိုအဆင့်ခြောက်သက်ရှိသာမက အနောက်ရှိ လူအုပ်ကြီးပါ တိတ်ဆိတ်သွားပြီး ဤ "အသင်းဝင်ကတ်" ဆိုသည်မှာ ဘာကိုဆိုလိုကြောင်းမသိသဖြင့် နားစွင့်နေကြသည်။
"အမှောင်ဒင်္ဂါးပြား တစ်ထရီလီယံ အကုန်ခံပြီး ပလက်တီနမ်အသင်းဝင်ကတ်တစ်ခု လုပ်မယ်ဆိုရင် အောက်ပါ အသင်းဝင်အခွင့်အရေးတွေကို ရရှိနိုင်ပါတယ်"
"အမှောင်ဒင်္ဂါးပြား တစ်ထရီလီယံ ဟုတ်လား။ အဲဒါက ကြယ်ပွင့်တစ်ရာနဲ့ ညီမျှတယ် မဟုတ်ဘူးလား"
"အဲဒါက ဘယ်လိုအသင်းဝင်ကတ်မျိုးလဲ။ ဆရာသခင်က တကယ့်ကို... တစ်ခုခုပဲနော်"
ကတ်တစ်ခုလုပ်ရန်အတွက် အဆင့်ငါးမျိုးနွယ်စုတစ်ရာစာနှင့် ညီမျှသော တန်ဖိုးကို အကုန်အကျခံရမည်ဖြစ်ရာ လူတော်တော်များများအတွက် လက်ခံရန် ခက်ခဲလှသည်။
သူတို့၏တုံ့ပြန်မှုကို ကျန်းမုန့်လောင်က ကြိုတင်ခန့်မှန်းထားပြီးဖြစ်လေရာ တန်ပြန်ဖြေရှင်းနိုင်မည့် နည်းလမ်းရှိ၏။ အကျိုးခံစားခွင့်များက လုံလောက်နေသရွေ့ မည်သူကမှ ပလက်တီနမ်ကတ်ကို ငြင်းဆန်နိုင်မည်မဟုတ်ပါချေ။
ကျန်းမုန့်လောင်က အသင့်ပြင်ထားသည့် ကြော်ငြာဆိုင်းဘုတ်တစ်ခုကို ထုတ်ပြလိုက်ပြီး စာသားများကို ပြသရန်အတွက် ကောထန်ကို အချက်ပြလိုက်လေသည်။
ပလက်တီနမ်အသင်းဝင် အကျိုးခံစားခွင့်များ :
၁။ ပလက်တီနမ်အသင်းဝင်များသည် ဦးစားပေးဝယ်ယူခွင့်ကို ရရှိမည်ဖြစ်ပြီး ပလက်တီနမ်အသင်းဝင်များအကြားတွင် အသင်းဝင်အမှတ်စဉ်အလိုက် ဦးစားပေးမည်ဖြစ်၏။
၂။ မည်သည့်ဆေးလုံးဝယ်ယူမှုအတွက်မဆို တစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေး ရရှိမည်။
၃။ တစ်ဦးလျှင် "စွမ်းအင်ဆေးလုံး" တစ်ရက်လျှင် အများဆုံးဆယ်လုံးအထိ ဝယ်ယူနိုင်သည်။
၄။ ပလက်တီနမ်အသင်းဝင်များသည် ထုတ်ကုန်အသစ်များကို တစ်ကြိမ်အခမဲ့စမ်းသပ်ခွင့်ရှိသည်။
၅။ ပလက်တီနမ်အသင်းဝင်များသည် နောက်ဆုံးပေါ် ထုတ်ကုန်များကို နေ့တိုင်း တစ်ကြိမ်ဝယ်ယူနိုင်သည်။
မှတ်ချက် : ပလက်တီနမ်အသင်းဝင် အကျိုးခံစားခွင့်များနှင့်ပတ်သက်၍ နောက်ဆုံးအဆုံးအဖြတ်မှာ ကျွန်ုပ်တွင်သာ ရှိသည်။
*********************
အခန်း ၈၆၁ - နတ်စွမ်းအင်ဆေးလုံး
လူတိုင်းက ပလက်တီနမ်အသင်းဝင်၏ အကျိုးခံစားခွင့်များကို သေသေချာချာ ဖတ်ကြည့်လိုက်ကြသည်။
ဦးစားပေးဝယ်ယူခွင့်နှင့် ဆယ်ရာခိုင်နှုန်း လျှော့ဈေးက ဆွဲဆောင်မှုရှိသော်ငြား အမှောင်ဒင်္ဂါးပြား တစ်ထရီလီယံဟူသော အသင်းဝင်ကြေးနှင့် ယှဉ်လိုက်လျှင်မူ နှမြောစရာကောင်းနေဆဲပင်။
သို့သော် ဤ"ထုတ်ကုန်အသစ်"မှာ သူတို့၏စူးစမ်းချင်စိတ်ကို နှိုးဆွပေးနေပေသည်။
"ဆရာသခင်.. ခင်ဗျားပြောတဲ့ ထုတ်ကုန်အသစ်ဆိုတာ ဘာကိုပြောတာလဲ"
တစ်စုံတစ်ယောက်က တိုက်ရိုက်မေးချလိုက်၏။
"မေးခွန်းကောင်းပဲ။ ဒါပေမဲ့ နောက်တစ်ခါ ထပ်မမေးနဲ့နော်"
ရိုးရိုးသားသားပြောရလျှင် ကျန်းမုန့်လောင်ကိုယ်တိုင်လည်း ဘာဖန်တီးနိုင်မလဲဆိုသည်ကို သေချာမသိပေ။ သူ့ဆီမှာရှိသော ပါဝင်ပစ္စည်းများမှာ "တိုက်ပွဲဧကရာဇ်ဆေးလုံး" နှင့် "လင်းလုံဆေးလုံး" တို့ကိုသာ ဖော်စပ်နိုင်သည်။
"တိုက်ပွဲဧကရာဇ်ဆေးလုံး"က တိုက်ပွဲဧကရာဇ်တစ်ယောက်၏ စွမ်းအားကို ကြယ်တစ်ပွင့်မှ နှစ်ပွင့်အထိ တိုးမြှင့်ပေးနိုင်ကြောင်း ကျန်းမုန့်လောင် သိထားသော်ငြား လင်းလုံဆေးလုံးကတော့ "ကောင်းကင်ယံကို ဖြတ်သန်းတိုက်ခိုက်ခြင်း"ဇာတ်လမ်းကမ္ဘာမှာ မပါဝင်သည့်အတွက် ဘာအကျိုးသက်ရောက်မှု ရှိလဲဆိုသည်ကို ကျန်းမုန့်လောင် သေချာမသိပေ။
သိုင်းဝိညာဉ်ဆေးလုံးက အဆင့်ငါးသက်ရှိများကို အဆင့်ခြောက်သို့ တက်လှမ်းရန် ကူညီပေးနိုင်သလို အဆင့်ခြောက်သက်ရှိများ၏ မျိုးရိုးဗီဇအကူးအပြောင်းအဆင့်ကိုပါ မြှင့်တင်ပေးနိုင်သောကြောင့် တိုက်ပွဲဧကရာဇ်ဆေးလုံးကလည်း အဆင့်ခုနစ်သက်ရှိများအတွက် အထောက်အကူ ဖြစ်နိုင်ချေများသည်။ မည်သို့ပင်ဖြစ်စေ ဤဆေးက သိုင်းဝိညာဉ်ဆေးလုံးထက် ပိုအစွမ်းထက်သည်မှာ သေချာပေါက်ပင်။
"ဒီထုတ်ကုန်အသစ်ကို 'နတ်စွမ်းအင်ဆေးလုံး'လို့ ခေါ်ပါတယ်။ စွမ်းအင်ဆေးလုံးရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းပါ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကြီးမားတဲ့ စွမ်းအားတွေက အံ့ဖွယ်ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေနိုင်ပြီး နတ်စွမ်းအင်ကတစ်ဆင့် နတ်ဘုရားတွေလို အံ့မခန်းစွမ်းရည်တွေကို ရရှိစေနိုင်ပါတယ်။ တကယ်လို့ ခင်ဗျားတို့ဘက်က ငွေကြေးတတ်နိုင်တယ်ဆိုရင် စမ်းကြည့်သင့်တယ်နော်"
"ဒါက..."
ဘယ်သူမှ မစမ်းသပ်ဖူးသေးသော အရာတစ်ခုအတွက် မည်သူကမှ ဤမျှများပြားသော ကုန်ကျစရိတ်ကို အလွယ်တကူ စွန့်စားပြီး မသုံးရဲကြပါချေ။
"ဟုတ်သားပဲ။ အားလုံးကို အသိပေးချင်တာက ကျွန်တော့်လို အဂ္ဂိရတ်ပညာရှင်တစ်ယောက်က တော်တော်အလုပ်များသလို ပိုက်ဆံလည်း မရှားဘူးဆိုတာ ခင်ဗျားတို့ သိထားသင့်တယ်။ ကျွန်တော်က ဘဝအတွေ့အကြုံရအောင် ဒီကို ခဏလာတာပါ။ အများဆုံးမှ သုံးရက်လောက်ပဲ ဆိုင်ဖွင့်မှာမို့ အချိန်နဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချကြပါ"
"ငါတို့ စမ်းကြည့်ရမလား။ ဆရာသခင်လုပ်ထားတဲ့ဟာဆိုတော့ သေချာပေါက် ယုံကြည်စိတ်ချရမှာပဲ။ ငါ့မှာသာ ပိုက်ဆံအဲဒီလောက်ရှိရင် သေချာပေါက် ကတ်လုပ်လိုက်ပြီ"
"ဒါပေမဲ့ အရမ်းဈေးကြီးလွန်းတယ်။ တကယ်လို့ ဒီနတ်စွမ်းအင်ဆေးလုံးက အလုပ်မဖြစ်ရင် အများကြီးရှုံးသွားမှာပေါ့"
အမှောင်ဒင်္ဂါးပြားတစ်ထရီလီယံဆိုသည်မှာ မည်သူ့အတွက်မဆို နည်းလှသည့်ပမာဏ မဟုတ်သောကြောင့် ဈေးနှုန်းကြီးမားမှုနှင့် ရင်ဆိုင်ရချိန်မှာ လူတော်တော်များများ ဝေခွဲမရဖြစ်နေကြသည်။
"ဆရာသခင်... ကျွန်တော် ပလက်တီနမ်ကတ် တစ်ခုလုပ်ချင်တယ်"
ထိုအချိန်မှာပင် လူအုပ်ထဲက လူတစ်ယောက် ထွက်လာသည်။ သူ့စွမ်းအင်အရှိန်အဝါက အဆင့်ငါးသက်ရှိအဆင့်မှာသာ ရှိနေသော်ငြား သူ့ဆီတွင် ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေပေသည်။
ထိုဆွဲဆောင်မှုကို ဖော်ပြရမည်ဆိုလျှင် လူချမ်းသာတစ်ယောက်၏ အငွေ့အသက်ဟု ဆိုရပေမည်။
"ကြယ်ရောင်စဉ်မျိုးနွယ်စုက လူတစ်ယောက်ပဲ"
"ကြယ်ရောင်စဉ်မျိုးနွယ်စု ဟုတ်လား။ စကြဝဠာရဲ့ အချမ်းသာဆုံးမျိုးနွယ်စု ထိပ်တန်းစာရင်းမှာ အဆင့်၆ချိတ်ထားတဲ့ အဲဒီမျိုးနွယ်စုလား"
"အဲဒီမျိုးနွယ်စုကို ငါသိတယ်။ သူတို့က အခြေခံ အဆင့်ငါးမျိုးနွယ်စုဆိုပေမဲ့ အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုရဲ့ စံချိန်မီအာကာသစစ်ယာဉ်တန်းနှစ်ထောင်တောင် ပိုင်ဆိုင်ထားတာလေ"
"အဆင့်ငါးအထွတ်အထိပ်စံချိန်မီယာဉ်တန်းနှစ်ထောင် ဟုတ်လား။ သူတို့က ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင် ချမ်းသာနေရတာလဲ"
"မင်း မသိဘူးလား။ သူတို့မျိုးနွယ်စုက အရမ်းထူးခြားတဲ့နေရာမှာ ရှိတာလေ။ သူတို့ဆီက လူသူမဲ့ဂြိုဟ်တွေရဲ့ ၉၀ရာခိုင်နှုန်းကျော်မှာ အရင်းအမြစ်တွေ ပေါမှပေါ။ အထူးသဖြင့် သတ္တုအရင်းအမြစ်တွေလည်း ပါတယ်။ ပြီးတော့ စကြဝဠာထဲက မူလသတ္တုစပ်၈၀ရာခိုင်နှုန်းကို ကြယ်ရောင်စဉ်မျိုးနွယ်စုကပဲ ထုတ်လုပ်တာလေ"
"ဝိုး.. အဲဒါက စကြဝဠာမှာ အဖိုးတန်ဆုံးသတ္တုမလား။ သူတို့ ချမ်းသာနေတာလည်း မဆန်းပါဘူး"
"ပြီးတော့ အဖိုးတန်ဆုံး သတ္တုတွင်းထွက်ဖြစ်တဲ့ ကြယ်ရောင်စဉ်ကျောက်မျက်ရဲ့ ၅၅ရာခိုင်နှုန်းကိုလည်း သူတို့မျိုးနွယ်စုကပဲ ထုတ်လုပ်တာ။ သူတို့မျိုးနွယ်စုခေါင်းဆောင်က စကြဝဠာဘဏ်ရဲ့ ကြယ်ငါးပွင့်အသင်းဝင်လို့တောင် ကြားဖူးတယ်"
"ကျွတ် ကျွတ် ကျွတ်..."
"ဝူးဟူး.. ကြယ်ငါးပွင့်အသင်းဝင် ဟုတ်လား"
ကျန်းမုန့်လောင်လည်း ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
ဒါကမှ တကယ့်ဖောက်သည်အကြီးစားပဲ။
သူ့ကြွယ်ဝချမ်းသာမှုက ကျန်းမုန့်လောင်ကို မကျော်နိုင်ဘူးဆိုလျှင်ပင် နှစ်ကာလများစွာ စုဆောင်းလာခဲ့သည့် သူတို့၏ အမှောင်ဒင်္ဂါးပမာဏကတော့ သေချာပေါက် သူ့ထက် အများကြီး သာလွန်နေမည်သာ။
"လူချောလေး.. နာမည်ဘယ်လိုခေါ်လဲ သိခွင့်ရမလား"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ဆရာသခင်.. ကျွန်တော်က ကြယ်ရောင်စဉ်မျိုးနွယ်စုက လာတာပါ။ ကျွန်တော့်နာမည်က ရှင်းရီရှီလိတ်ပါ။ ဒါပေမဲ့ ရှင်းရီလို့ပဲ ခေါ်လို့ရပါတယ်။ ကျွန်တော်က ကြယ်ရောင်စဉ်မျိုးနွယ်စုရဲ့ အဋ္ဌမမင်းသားပါ"
"သြော်.. သူက အရမ်းချမ်းသာတဲ့ မျိုးနွယ်စုက မင်းသားကိုး။ သူ့မျက်နှာပေါ်မှာ 'ချမ်းသာတယ်' ဆိုတဲ့ စာလုံးကို ရေးဆွဲထားသလိုမျိုး မြင့်မြတ်တဲ့အငွေ့အသက်တွေ ထွက်နေတာလည်း မဆန်းပါဘူးလေ"
ကျန်းမုန့်လောင်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
"ဒါပေမဲ့ ကျွန်တော် စွမ်းအင်ဆေးလုံး အလုံးတစ်ရာ ဝယ်ချင်ပါတယ်။ ဒီမှာ အမှောင်ဒင်္ဂါးပြားတစ်ဆယ်ထရီလီယံပါ။ ကိုယ်တိုင်ပဲ ရေတွက်ကြည့်လိုက်ပါ"
ရှင်းရီအနေနှင့် အခြားလူများကို လေးစားရန် မလိုအပ်သော်ငြား ကြီးကျယ်ခမ်းနားလှသော ဤအဂ္ဂိရတ်ပညာရှင်ကိုတော့ ပေါ့ပြက်ပြက်မဆက်ဆံရဲချေ။
"ပြဿနာမရှိပါဘူး"
ကျန်းမုန့်လောင်က ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
"ဒီမှာ ခင်ဗျားရဲ့ ပလက်တီနမ်အသင်းဝင်ကတ်ပါ။ ပလက်တီနမ် အသင်းဝင်တစ်ယောက်အနေနဲ့ မင်းမှာ ဦးစားပေးဝယ်ယူခွင့်ရှိတယ်။ စွမ်းအင်ဆေးလုံးတွေကို ခင်ဗျားအတွက် အရင်ဖော်စပ်ပေးမယ်။"
ခိုင်မာသော ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ရှိသည့် ကျန်းမုန့်လောင်က ငွေလက်ခံရရှိပြီးသည်နှင့် သူ့ကတိအတိုင်း လုပ်ဆောင်ပေးရန် စတင်လိုက်သည်။ သူသည် လက်နှစ်ဖက်စလုံးတွင် မီးတောက်များကို ဖန်တီးပြီး ဆေးနှစ်သုတ်ကို တစ်ပြိုင်နက်တည်း ဖော်စပ်ပါတော့သည်။
"ဆရာသခင်က တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီးကို ခွဲလုပ်နိုင်တာပဲ"
"ဒီလောက်အံ့သြဖို့ကောင်းတဲ့ အဂ္ဂိရတ်ပညာရှင်မျိုးကို အရင်က တစ်ခါမှမမြင်ဖူးဘူး။ ဆရာသခင်လေးက တကယ့်ပါရမီရှင်ပဲ"
"အတော်ဆုံးဆိုတဲ့ အဂ္ဂိရတ်ပညာရှင်တွေတောင် ဆရာသခင်ရဲ့အဆင့်ကို မမီနိုင်လောက်ဘူးနော်"
"မင်းက သာမန်ဆေးဆရာတွေကို ဆရာသခင်နဲ့ သွားယှဉ်နေတာလား။ အဲဒါက ဆရာသခင်ကို စော်ကားလိုက်တာမဟုတ်ဘူးလားကွ"
...
ဆေးနှစ်သုတ်က ပြီးပြည့်စုံစွာ အောင်မြင်သွားပြန်သည်။ ကျန်းမုန့်လောင်၏ ဘယ်ဘက်လက်က သိုင်းဝိညာဉ်ဆေးလုံးကို ဖော်စပ်ရန် မီးတောက်ကို စတင်ထိန်းချုပ်နေချိန်မှာ ညာဘက်လက်ကတော့ "လင်းလုံဆေးလုံး" ဟုခေါ်သော အခြားပါဝင်ပစ္စည်းတစ်ခုနှင့် အလုပ်လုပ်နေချေသည်။
"ဟိုမှာကြည့်... ဆရာသခင်က တခြားတစ်ခုကိုပါ စလုပ်နေပြီ"
"အဲဒါ ဆရာသခင်ပြောတဲ့ ထူးကဲစွမ်းအင်ဆေးလုံးများလား"
"တော်တော်မိုက်မဲ့ပုံပဲ"
လင်းလုံဆေးလုံးဖော်စပ်ရသည့် ခက်ခဲမှုက သိုင်းဝိညာဉ်ဆေးလုံးထက် ပိုမြင့်မားလေသည်။ တတိယအသုတ် သိုင်းဝိညာဉ်ဆေးလုံးများကို ဖော်စပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ကျန်းမုန့်လောင်မှာ သူ့အာရုံအလုံးစုံကို လင်းလုံဆေးလုံး အသွင်ပေါ်လာရန် ထိန်းချုပ်ရာတွင်သာ အပြည့်အဝ စူးစိုက်ထားလိုက်သည်။
"မင်းတို့ အနံ့ရလား"
"အရမ်းမွှေးတာပဲ။ ဒါ ဆရာသခင်ရဲ့ လင်းလုံဆေးလုံးလား"
"မင်းတို့ အံ့ဩစရာကောင်းတဲ့ တစ်ခုခုကို မခံစားမိဘူးလား"
"ဟုတ်တယ်။ ဒါပေမဲ့ ငါ ဘယ်လိုပြောရမှန်း မသိဘူး။ အရမ်းမှော်ဆန်လွန်းတယ်"
...
"ဖျတ်"
ရွှေရောင်မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် လေထဲတွင် လွင့်မျောနေသော လင်းလုံဆေးလုံးသုံးလုံး ကျန်ရစ်ခဲ့သည်။
"စွမ်းအင်ဆေးလုံး အလုံးတစ်ရာနဲ့ နတ်စွမ်းအင်ဆေးလုံးတစ်လုံး"
ကျန်းမုန့်လောင်က ပစ္စည်းများကို ရှင်းရီရှီလိတ်ဆီသို့ ကမ်းပေးလိုက်၏။
တစ်ဖက်လူကလည်း သိုင်းဝိညာဉ်ဆေးလုံးများအားလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ သူ့အဖေကိုယ်တိုင် မလာသော်ငြား သတင်းအချက်အလက်များကိုတော့ ကောင်းကောင်းသိထားပြီးသားပင်။ စွမ်းအင်ဆေးလုံးအလုံးတစ်ရာဝယ်ခြင်းမှာ သူ့အဖေရဲ့အမိန့်ကြောင့်ဖြစ်ပြီး နတ်စွမ်းအင်ဆေးလုံးကတော့ အပိုရလာသည့် အမြတ်တစ်ခုသက်သက်ပင်။
"ဆရာသခင်... ဒီနတ်စွမ်းအင်ဆေးလုံးက ဘာအတွက် အသုံးဝင်တာလဲ"
"ကိုယ်တိုင် စမ်းသောက်ကြည့်လိုက်လေ"
ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်လှသော အပြုံးဖြင့် ပြောလိုက်သော်လည်း အမှန်တကယ်တော့ သူကိုယ်တိုင်လည်း ထိုဆေးက ဘာအတွက်ကောင်းလဲဆိုသည်ကို နည်းနည်းမှမသိပါချေ။
"ဆရာသခင်ရဲ့စွမ်းရည်ကို ကျွန်တော် ယုံကြည်ပါတယ်"
ရှင်းရီရှီလိတ်က ဆေးလုံးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ ခဏအတွင်းမှာပင် အဖြူရောင်အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
"မင်းသားရှင်းရီ"
"မင်းသား.. ဒီဆေးရဲ့ အကျိုးသက်ရောက်မှုက ဘာများလဲ"
လူတိုင်းက သူ့ကို မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေကြသော်လည်း ရှင်းရီကတော့ သူ့ပတ်ဝန်းကျင်ရှိ ဘယ်လိုအနှောင့်အယှက်မျိုးကိုမှ ဂရုမစိုက်ပါဘဲ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ရောက်သွားလေဟန်ပင်။
ထိုအချိန်မှာ ရှင်းရီသည် နှစ်ပေါင်းဘီလီယံနှင့်ချီ၍ ဖြတ်သန်းသွားသည့်နှယ် စကြဝဠာ၏ အစပထမဆီသို့ ရောက်ရှိသွားပြီး မျိုးနွယ်စုများ၏ မွေးဖွားမှုနှင့် ပျက်သုဉ်းမှုများကို မျက်မြင်တွေ့လိုက်ရပြီး ဤမြင်ကွင်းများထဲက အခြေခံအကျဆုံး အမှန်တရားများကို သိမြင်သွားသည့်နှယ်။
သူသည် ရုတ်ခြည်းတုန်လှုပ်သွားပြီး ခေါင်းထဲတွင် ကြယ်ပေါင်းဘီလီယံချီပြီး ပေါက်ကွဲသွားသလို ခံစားလိုက်ရသောကြောင့် ကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။
"ကျွန်တော်..."
ရှင်းရီက သူ့လက်နှစ်ဖက်ကို မျက်လုံးရှေ့သို့ ဆန့်ထုတ်လိုက်သောအခါ ထူးဆန်းစွာပင် သူ့လက်နှစ်ဖက်ဟာ အခြားဟင်းလင်းပြင်တစ်ခုဆီသို့ ရောက်သွားသည့်နှယ် ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားသည်။
ထို့နောက် ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မူလနေရာက ချက်ချင်းပျောက်ကွယ်သွားချေသည်။
"မင်းသား ..."
မီတာဆယ်ချီဝေးသောနေရာက အဆင့်ခြောက်သက်ရှိတစ်ယောက်က ရှင်းရီကို အံ့အားသင့်စွာ စိုက်ကြည့်နေပေသည်။
သူသည် တစ်ချက်တည်းနှင့် မီတာဆယ်ဂဏန်းခန့် လှမ်းလိုက်ခြင်းပင်။ ဤသည်မှာ အမြန်နှုန်းကြောင့်ဖြစ်သော အမြင်အာရုံလှည့်စားမှုမျိုး မဟုတ်ပါဘဲ ချက်ချင်း နေရာရွှေ့ပြောင်းသွားခြင်းမျိုးပင်။
"ဟင်းလင်းပြင်နိယာမ"
ရာနှင့်ချီသော အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိများအားလုံး တအံ့တသြဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
လူသိများသည့်အတိုင်း နိယာမဆိုသည်မှာ စကြဝဠာ၏ အခြေခံအကျဆုံးအရာများဖြစ်၏။ အဆင့်ခြောက်သက်ရှိများသာ လက်လှမ်းမီနိုင်ပြီး ထူးကဲလှသော ပါရမီရှိသည့် သိုင်းပညာရှင်များသာ နှစ်သန်းပေါင်းများစွာ နားလည်သဘောပေါက်အောင် ကြိုးစားပြီးမှ ဤအဆင့်ကို မီရုံလေး မီနိုင်သည်။
သို့သော် ရှင်းရီရှီလိတ်ကမူ အဆင့်ငါးမျှသာ ရှိသေးသည်။
"ဒီ... ဒီနတ်စွမ်းအင်ဆေးလုံးက စကြဝဠာနိယာမတွေကို နားလည်အောင် လုပ်ပေးနိုင်တာပဲ"