← Chapters

အခန်း (၈၆၂-၈၆၄)

Vol. 58 Ch. 862-864

အခန်း (၈၆၂-၈၆၄)

Vol. 58 Ch. 862-864

အခန်း ၈၆၂ - ဆရာသခင်... ကျွန်တော် ကတ်တစ်ခု လုပ်ချင်တယ်

စကြဝဠာအင်ပါယာအသီးသီးမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသာမက ဤကုန်သွယ်ရေးဈေးကွက်အတွင်းရှိ ဆိုင်ခန်းပိုင်ရှင်များနှင့် ဖောက်သည်များအားလုံးပါ အံ့သြမှင်တက်သွားကြသည်။

စကြဝဠာနိယာမတရားများဆိုသည်မှာ အဘယ်နည်း။ ထိုအရာများမှာ စကြဝဠာစတင်ဖြစ်တည်စဉ်ကတည်းက ပေါ်ပေါက်လာခဲ့သော အလွန်ရှေးကျသည့် အရာများဖြစ်ပြီး ဤစကြဝဠာ၏ အနက်နဲဆုံးသော စည်းမျဉ်းများလည်း ပါဝင်နေသည်။ ထိုအရာများကို အနည်းငယ် နားလည်သဘောပေါက်ရုံဖြင့် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည့် အင်အားတစ်ရပ် ဖြစ်လာပေလိမ့်မည်။

စကြဝဠာနိယာမတရားများကို ကျွမ်းကျင်ပိုင်နိုင်သော သိုင်းပညာရှင်တစ်ဦးက သူတို့၏ ဗီဇဆင့်ကဲပြောင်းလဲမှုနှုန်းကို ပိုမိုမြန်ဆန်စွာ မြှင့်တင်နိုင်ရုံသာမက တူညီသော သက်ရှိအဆင့်သိုင်းပညာရှင်များထက် များစွာသာလွန်သော ခွန်အားဖြင့်လည်း တိုက်ခိုက်နိုင်သည်။ ထို့ပြင် သူတို့သည် အစွမ်းထက်သိုင်းပညာရပ်အမျိုးမျိုးကိုပင် ဖန်တီးနိုင်စွမ်း ရှိကြပေသည်။

ယနေ့အချိန်အထိ စကြဝဠာမျိုးနွယ်စုများ၏ မှတ်တမ်းများအရ စကြဝဠာနိယာမများကို နားလည်သဘောပေါက်ထားသည့် အသက်အငယ်ဆုံးလူမှာ အဆင့်ခုနစ် သက်ရှိတစ်ယောက်ဖြစ်ပြီး ထိုလူသည် အဆင့်ရှစ်သက်ရှိတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် သရေကျခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ ဤအဖြစ်မှာ စကြဝဠာနိယာမအကြောင်း နားလည်ထားသော သိုင်းပညာရှင်များ မည်မျှအစွမ်းထက်ကြောင်း သက်သေပြနေချေသည်။

သို့သော် စကြဝဠာနိယာမများမှာ နက်နဲခက်ခဲလှသောကြောင့် အလွန်ထူးချွန်သော ပါရမီရှင်များသာ အရိပ်အယောင်မျှ နားလည်သဘောပေါက်နိုင်မည့် အခွင့်အရေးအနည်းငယ် ရတတ်ကြသည်။ သက်ရှိတစ်ယောက် အဆင့်ခြောက်သို့ ရောက်ရှိရန်ဆိုသည်မှာ ဘီလီယံနှင့်ချီသော သက်ရှိများထဲတွင် တစ်ဦးသာရှိနိုင်ပြီး သာမန်လူများအဖို့ ပါရမီရှင်များအနက် ပါရမီရှင်တစ်ဦးဟုပင် ဆိုရမည်ဖြစ်၏။

သို့သော် စကြဝဠာနိယာမများကို နားလည်သဘောပေါက်ရန်ဆိုသည်မှာ အဆင့်ခုနစ်နှင့် အဆင့်ရှစ်သက်ရှိများကြားမှာပင် ကောက်ရိုးပုံထဲ အပ်ရှာရသလို ခက်ခဲလှပေသည်။

"ဒါ တကယ်ကြီးတော့ မဟုတ်လောက်ပါဘူးနော်။ ကြယ်ရောင်စဉ်စကြဝဠာအင်ပါယာရဲ့ မင်းသားက အဆင့်ငါးသက်ရှိအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား"

"ငါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်။ အဆင့်ငါး သက်ရှိတစ်ယောက်က ဟင်းလင်းပြင်ထဲမှာ ဘယ်လိုလုပ်ပြီး ဖြတ်သွားနိုင်မှာလဲ။ ဒါက ဟင်းလင်းပြင်နိယာမကို နားလည်ထားတဲ့လူတွေပဲ လုပ်နိုင်တဲ့အရာလေ"

"ဟင်းလင်းပြင်နဲ့ အချိန်ဆိုတာ စကြဝဠာထဲမှာ အနက်နဲဆုံး နိယာမနှစ်ခုပဲ။ ကြယ်ရောင်စဉ်မျိုးနွယ်စုက ဒီမင်းသားရဲ့ အောင်မြင်မှုတွေကတော့ ခန့်မှန်းလို့တောင် ရမှာမဟုတ်တော့ဘူး"

"ငတုံးတွေ.. အဲ့ဒါက အဓိကအချက် ဟုတ်လို့လား။ ဆရာသခင် ဖော်စပ်ထားတဲ့ နတ်ဘုရားစွမ်းအင်ဆေးလုံးက လူတွေကို စကြဝဠာနိယာမတရားတွေ နားလည်လာအောင် လုပ်ပေးနိုင်တာလေ။ ဒါက သဘာဝတရားရဲ့ စည်းမျဉ်းတွေကို လုံးဝချိုးဖောက်နေတာပဲ"

"ဒါက ဘီလီယံနဲ့ချီတဲ့ နှစ်ပေါင်းများစွာအတွင်း စကြဝဠာကြီးတစ်ခုလုံးမှာ အကြီးမားဆုံး သတင်းပဲ။ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မကြုံရဘူးဆိုရင် ဘယ်သူမှ ဒီလိုကိစ္စမျိုးကို ယုံကြည်မှာ မဟုတ်ဘူး"

"အမှောင်ဒင်္ဂါးတစ်ထရီလီယံလောက်ကတော့ ပြောမနေနဲ့တော့။ ဈေးနှုန်းက အဆတစ်ရာလောက် ပိုများနေရင်တောင် လူတွေက အသည်းအသန် လုဝယ်ကြဦးမှာပဲ"

"ဒီနေရာမှာ အခြေအနေတွေက ချက်ချင်းပြောင်းလဲသွားနိုင်တယ်"

...

ယခုမူ ကတ်လုပ်ရမလား၊ မလုပ်ရဘူးလားဟု တွေဝေနေခဲ့သူများမှာ အရူးအမူးဖြစ်ကုန်ကြသည်။ ဤအရာကို စားသုံးလိုက်သည်နှင့် စကြဝဠာနိယာမများကို နားလည်သဘောပေါက်စေနိုင်သည်ဆိုခြင်းမှာ လုံးဝအံ့မခန်းပင်။

"ဆရာသခင်... ကျွန်တော် ကတ်တစ်ခု လုပ်ချင်တယ်။ ကျွန်တော် ကတ်လုပ်ချင်တယ်ဗျ"

"ဆရာသခင်... ဒီမှာ အမှောင်ဒင်္ဂါး တစ်ထရီလီယံပါ။ မြန်မြန်လေး ယူထားလိုက်ပါဗျ။ ကျွန်တော် ပလက်တီနမ်အသင်းဝင်ကတ်တစ်ခု လိုချင်တယ်"

"သေစမ်း... မတွန်းကြပါနဲ့။ အရင်လာတဲ့လူ အရင်ရမယ်ဆိုတဲ့ စည်းကမ်းကို မသိကြဘူးလား"

"ကိုယ့်လူ... ငါတို့က နှစ်သန်းပေါင်းများစွာ ခင်လာခဲ့ကြတဲ့ သူငယ်ချင်းတွေလေ။ ငါ့ကို အရင်ပေးလုပ်ပါလား"

"ထွက်သွားစမ်း။ မင်းရဲ့ နှစ်သန်းပေါင်းများစွာ ခင်မင်မှုဆိုတာတွေကို ဂရုစိုက်မနေဘူး။ တခြားကိစ္စတွေအကုန်လုံး ညှိနှိုင်းလို့ရတယ်။ မင်း ငါ့မိန်းမကို တောင်းရင်တောင် ငါ စဉ်းစားပေးဦးမယ်။ ဒါပေမဲ့ ငါ့ဆီကနေ ကတ်ကိုလုဖို့ ကြိုးစားရင်တော့ ဘယ်တော့မှမရဘူးမှတ်"

ရာပေါင်းများစွာသော အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိများမှာ ပြုစားခံထားရသူများပမာ ကတ်များကို အသည်းအသန်လုယက်နေကြပြီး အချို့ဆိုလျှင် ရန်ဖြစ်နေကြလေပြီ။ အကယ်၍ ဤကုန်သွယ်ရေးဈေးကွက်ကို စကြဝဠာ မြေအောက်ပြပွဲမှ ကြီးမှူးကျင်းပခြင်း မဟုတ်ပါက သွေးရူးသွေးတန်းဖြစ်နေသော ဤလူများ၏ လက်ချက်ဖြင့် တစ်စစီ ကြေမွသွားလောက်ပြီဖြစ်၏။

ဆိုင်ခန်းပိုင်ရှင်များနှင့် ဖောက်သည်များမှာ အဆင့်နိမ့်သက်ရှိများအဖို့ အဝေးကလှမ်းကြည့်ရန်ပင် ခက်ခဲလှသော မောက်မာထောင်လွှားလှသည့် ဤပုဂ္ဂိုလ်ကြီးများ ယခုလို ရူးခါသွားကြလိမ့်မည်ဟု မထင်မှတ်ထားကြပေ။ သူတို့သည် အဆင့်ငါးမျိုးနွယ်စု၏ အကြီးအကဲများ မဟုတ်လော။ တချို့ဆိုလျှင် မျိုးနွယ်စုကုမ္ပဏီကြီးများ၏ သူဌေးများပင် မဟုတ်လော။ သူတို့အနေနှင့် နည်းနည်းပါးပါးလောက်တော့ ထိန်းသိမ်းသင့်သည် မဟုတ်လား။

သို့သော် မည်သူကမှ သူတို့၏ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပေ။ စကြဝဠာနိယာမတရားများကို နားမလည်သေးသော အဆင့်ရှစ်သက်ရှိများပင် ဤအရာအတွက် ရူးသွပ်သွားကြမည်သာ။

အကြောင်းမှာ ဤစကြဝဠာ၏ အမြင့်ဆုံးသက်ရှိဖြစ်သည့် အဆင့်ကိုးသက်ရှိတစ်ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက် စကြဝဠာနိယာမတစ်ခုကို နားလည်သဘောပေါက်ခြင်းကား အခြေခံအကျဆုံး အချက်ဖြစ်သောကြောင့်ပင်တည်း။

"ကဲပါ ကဲပါ.. အားလုံးပဲ ပိုက်ဆံရှင်းဖို့ တန်းစီကြပါ။ မလုကြပါနဲ့။ အားလုံးအတွက် လောက်ပါတယ်။ ပြဿနာရှာတဲ့လူကို ပလက်တီနမ်အသင်းဝင်ခွင့်ကို ရုပ်သိမ်းပစ်မယ်"

ကျန်းမုန့်လောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ ဤသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းက လိမ္မာကျိုးနွံသော ကလေးများအလား ချက်ချင်းငြိမ်ကျသွားကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့် ဤလူ့ကို အပြစ်မပြုရဲကြပေ။

သူ့ကို သူတို့၏ဖခင်တစ်ဦးနှယ်ပင် ဆက်ဆံရမည်ဖြစ်၏။ တစ်စုံတစ်ယောက်က ကျန်းမုန့်လောင် အပေါ် မကောင်းကြံချင်သည်ဆိုလျှင်ပင် ဤနေရာရှိ အခြားလူများက သဘောတူမလားဆိုသည်ကို အရင်မေးရပေလိမ့်မည်။

ဤလူအယောက်ငါးရာခြောက်ရာအနက် လူတစ်ရာကျော်မှာ ပလက်တီနမ် အသင်းဝင်ကတ်များကို ရရှိသွားကြပြီး ကျန်းမုန့်လောင်လည်း ခဏအတွင်းမှာပင် အဆင့်ငါးအခြေခံမျိုးနွယ်စုတစ်သောင်း၏ ပိုင်ဆိုင်မှုပမာဏနှင့် ညီမျှသော အမှောင်ဒင်္ဂါး တစ်ရာထရီလီယံကို ရရှိလိုက်သဖြင့် မြောက်များလှစွာသော ဓနဥစ္စာကို ပိုင်ဆိုင်သွားလေတော့သည်။

"ဆရာသခင်... အခု ကျွန်တော်တို့က ပလက်တီနမ် အသင်းဝင်တွေ ဖြစ်သွားပြီဆိုတော့ ထူးကဲစွမ်းအင်ဆေးလုံးကို စမ်းသုံးကြည့်လို့ ရပြီလား"

ထိပ်သီးပုဂ္ဂိုလ်တစ်စုက စိတ်လှုပ်ရှားစွာဖြင့် လက်ဖဝါးများကို ပွတ်သပ်ရင်း အလွန်စိတ်အားထက်သန်နေဟန်ပင်။

"ပလက်တီနမ်အသင်းဝင်ခံစားခွင့်က အရင်သတ်မှတ်ချက်အတိုင်းပါပဲ။ ဒါပေမဲ့ အခုတော့ ကွာသွားပြီ"

ကျန်းမုန့်လောင်သည် "နောက်ဆုံးပေါ် ထုတ်ကုန်ကို တစ်ကြိမ်အခမဲ့ စမ်းသပ်နိုင်သည်" ဟူသော ကြော်ငြာစာသားကို ဖျက်ပစ်လိုက်၏။

"ဒီနတ်စွမ်းအင်ဆေးလုံးကို လိုချင်ရင်တော့ အပိုထပ်ပေးရမယ်။ ဒါက ပလက်တီနမ်အသင်းဝင်တွေ သီးသန့်ရမယ့် ခံစားခွင့်ပဲ"

"ဆရာသခင်... ခုနလေးတင် အခမဲ့အခွင့်အရေးရှိတယ်လို့ ရေးထားတာလေ။ ဘာလို့..."

လူအများအပြားမှာ ရုတ်တရက်ဆိုသလို စိုးရိမ်သွားကြသည်။ အကြောင်းမှာ သူတို့သည် နတ်စွမ်းအင်ဆေးလုံး၏ တန်ဖိုးကို ကောင်းကောင်းသိထားကြသောကြောင့်ပင်။ ၎င်းမှာ အမှောင်ဒင်္ဂါး တစ်ထရီလီယံမျှဖြင့် ခံစားနိုင်သည့်အရာမျိုး လုံးဝမဟုတ်ဘဲ လေလံပွဲတစ်ခု၌ပင် နောက်ဆုံးခေါင်းစီးပစ္စည်းအဖြစ် သတ်မှတ်ခံရမည့် အရာဖြစ်နေသောကြောင့်တည်း။

"သေချာကြည့်စမ်းပါဦး"

ကျန်းမုန့်လောင်က မှန်ဘီလူးဖြင့် ဖတ်မှရသည့် အောက်ခြေရှိ စာလုံးသေးသေးလေးများကို လက်ညှိုးထိုးပြလိုက်၏။

"တွေ့လား။ ပလက်တီနမ်အသင်းဝင်ခံစားခွင့်တွေနဲ့ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်က ငါ့ဆီမှာပဲ ရှိတယ်။ ငါက အခမဲ့မဟုတ်တော့ဘူးလို့ ပြောရင် အခမဲ့မဟုတ်တော့ဘူးပေါ့"

"ဆရာသခင်... ဒါဆိုရင် ဒီနတ်စွမ်းအင်ဆေးလုံးက ဘယ်လောက်ကျမလဲ"

ကြယ်ရောင်စဉ်မျိုးနွယ်စု၏ မင်းသားက နောက်တစ်ကြိမ် ထပ်မံချဉ်းကပ်လာပြန်သည်။

မူလက သူ့အဖေသည် သူ့ကို စွမ်းအင်ဆေးလုံး အလုံးတစ်ရာသာ ပြန်ယူလာစေချင်ခဲ့သော်လည်း နတ်စွမ်းအင်ဆေးလုံး၏ အာနိသင်များကို ကြားသိလိုက်ရပြီးနောက်တွင်မူ တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။

ကြယ်ရောင်စဉ်မျိုးနွယ်စုသည် အချမ်းသာဆုံးမျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သော်လည်း သူတို့၏ မျိုးနွယ်စုအဆင့်မှာ သိပ်မမြင့်လှသလို အခြေခံကလည်း အလွန်အားနည်းလှသည်။ သူတို့၏ အရှင်သခင်မှာ မကြာသေးခင်ကမှ အဆင့်ခုနစ်သက်ရှိအဆင့်သို့ ခြေချနိုင်ခဲ့သည်။

ဤအဆင့်ရှိ သိုင်းပညာရှင်များအနက် စကြဝဠာနိယာမတရားများကို နားလည်နိုင်သူ အရေအတွက်ကို လက်ချိုးရေတွက်၍ပင် ရနိုင်သည်။ အကယ်၍ သူတို့သာ နတ်စွမ်းအင်ဆေးလုံးကဲ့သို့ ထူးကဲသောအရာမျိုးကို ရရှိနိုင်မည်ဆိုပါက သူတို့မျိုးနွယ်စု၏ စုပေါင်းအင်အားမှာ အချိန်တိုအတွင်း လုံးဝပြောင်းလဲသွားနိုင်ပေသည်။

"ဈေးပေါပါတယ်။ တစ်လုံးကို အမှောင်ဒင်္ဂါးတစ်ရာထရီလီယံပါ"

ကျန်းမုန့်လောင်သည် ပလက်တီနမ်အသင်းဝင်ကတ်ထက် အဆတစ်ရာပိုများသော ဈေးနှုန်းကို ပြောချလိုက်သည်။

သို့သော် မည်သူကမှ ဤဈေးနှုန်းကို အလွန်များလှသည်ဟု မထင်ကြပေ။ အနည်းဆုံးတော့ ဦးနှောက်ရှိသူတိုင်းက နတ်စွမ်းအင်ဆေးလုံးသည် ထိုဈေးနှုန်းနှင့် တန်ကြောင်း သေချာပေါက်နားလည်ကြသည်။

"ဆရာသခင်... ကျန်တဲ့နှစ်လုံးကို ကျွန်တော် ယူမယ်"

ဈေးကြီးသော်လည်း ၎င်းမှာ သူတတ်နိုင်သော အတိုင်းအတာအတွင်း ရှိနေဆဲပင်။ ကြယ်ရောင်စဉ်မျိုးနွယ်စုတွင် ငွေရှိသည်ဖြစ်ရာ စိတ်ကူးပေါက်သလို သုံးတတ်ကြသည် မဟုတ်ပါလော။

"ကောင်းပြီလေ"

ကျန်းမုန့်လောင်က ဝမ်းသာအားရ ငွေသိမ်းလိုက်၏။

"မင်းကံကောင်းတယ်။ ငါ့ရဲ့လက်ရှိစွမ်းရည်နဲ့ဆိုရင် တစ်နေ့ကို နတ်စွမ်းအင်ဆေးလုံးဆယ်လုံးပဲ ဖော်စပ်နိုင်တာ"

"ဘာ.. ဆရာသခင်က တစ်နေ့ကို ဆယ်လုံးပဲလုပ်နိုင်တာလား"

"ဒါဆို ဒီနေ့အတွက် ခုနစ်လုံးပဲ ထပ်လုပ်လို့ရတော့မယ်ဆိုတဲ့ သဘောလား"

"ဆရာသခင်က ဒီမှာ သုံးရက်ပဲနေမယ်လို့ ပြောခဲ့တယ်မလား။ ဒါဆို ၂၇လုံးပဲ ကျန်တော့တာပေါ့"

ထိုစကားကို ကြားလိုက်ရသောအခါ ထိုထိပ်သီးပုဂ္ဂိုလ်များမှာ ဆက်မတည်ငြိမ်နိုင်ကြတော့ပေ။ သို့သော် လူတိုင်းက ရှင်းရီလောက် မချမ်းသာကြပေ။ ပလက်တီနမ်အသင်းဝင်အဖြစ် အဆင့်မြှင့်တင်ရန် အမှောင်ဒင်္ဂါးတစ်ထရီလီယံ ပေးလိုက်ရခြင်းကပင် အဆင့်ငါး အလယ်အလတ်မျိုးနွယ်စု ခေါင်းဆောင်ပေါင်းများစွာ၏ အိတ်ကပ်များကို ပြောင်သလင်းခါသွားစေသည်။ ထို့ကြောင့် တစ်ရာထရီလီယံကို စုဆောင်းနိုင်ရန်မှာ ထိုနေရာရှိ ရာဂဏန်းခန့်ရှိသော လူများထဲတွင် တတ်နိုင်သူ အနည်းငယ်မျှသာ ရှိပေသည်။

"ဆရာသခင်.. ခဏစောင့်ပါဦး"

ရှင်းရီက ကမန်းကတန်း ပြောလိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အဖေနဲ့ အခုလေးတင် စကားပြောထားသေးတယ်။ သူ ငွေစီစဉ်နေပါပြီ။ ကျွန်တော်တို့ ကြယ်ရောင်စဉ်မျိုးနွယ်စုက ဒီနေ့အတွက် ဆရာသခင့်ဆီမှာ ကျန်နေသေးတဲ့ နတ်စွမ်းအင်ဆေးလုံး၇လုံးစလုံးကို ယူပါ့မယ်"

"ဟားဟားဟား ကောင်းပြီလေ။ ဒါဆို ငါ မင်းကို စောင့်နေမယ်"

ထိုအခြေအနေကို မြင်သောအခါ ကျန်းမုန့်လောင်လည်း ယနေ့အတွက် ဆိုင်သိမ်းရန် အသင့်ပြင်လိုက်သည်။

ဆေးလုံးတွေလား။ သူ့လက်ရှိစွမ်းရည်ဖြင့် တစ်နေ့တည်းတွင် အများအပြားမလုပ်နိုင်သော်လည်း ရှစ်ဆယ်မှ တစ်ရာခန့်လုပ်ရန်မှာမူ မုန့်စားသလို လွယ်ကူလှသည်။ သို့သော် ငွေရှာချင်သည်ဆိုလျှင် ရှားပါးမှုဖြင့် ဈေးကွက်ဆွဲဆောင်သည့် နည်းဗျူဟာကို လေ့လာထားရမည် မဟုတ်ပါလော။

တစ်ညအတွင်း သတင်းများ ပျံ့နှံ့သွားပြီးနောက် မနက်ဖြန်မနက် ရောက်သည့်အခါ မရေမတွက်နိုင်သော သူဌေးကြီးများက ဤနေရာတွင် သူ့ကို စောင့်နေကြလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ထိုအချိန်ကား သူ့အနေနှင့် အမြတ်အစွန်းများကို ရိတ်သိမ်းရမည့်အချိန်ပင်။

***********************

အခန်း ၈၆၃ - စောစောရိတ်သိမ်းလိုက်တာ အကောင်းဆုံးပဲ

ထိုညတွင်မူ စကြဝဠာမြေအောက်ပြပွဲကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။

အဆင့်ငါးမှ အဆင့်ခြောက်သက်ရှိအဖြစ်သို့ အဆင့်ကူးပြောင်းရန် စွမ်းအင်ဆေးလုံးကို ဝယ်ယူသွားခြင်းကပင် အလွန်အံ့အားသင့်စရာကောင်းနေချေပြီ။ သိုင်းပညာရှင်များကို စကြဝဠာနိယာမများ နားလည်သဘောပေါက်စေရန် ကူညီပေးနိုင်သည့် နတ်စွမ်းအင်ဆေးလုံးမှာ မရေမတွက်နိုင်သော စွမ်းအားရှင်များကို ရူးသွပ်သွားစေခဲ့သည်။

ကြယ်ရောင်စဉ်မျိုးနွယ်စု၏ အဋ္ဌမမင်းသားပင် သူ့အတွေ့အကြုံကို အွန်လိုင်းတွင် တင်ခဲ့သေးသည်။ အစပိုင်းတွင်မူ မည်သည့်အံ့ဖွယ်ဆေးရည်ကမှ စကြဝဠာ၏ အနှစ်သာရကို ရုတ်တရက် နားလည်လာအောင် ကူညီပေးနိုင်မည်မဟုတ်ဟု ယုံကြည်ထားကြသောကြောင့် လှောင်ပြောင်ခံခဲ့ရသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် အဆင့်ခြောက်နှင့်အထက်ရှိသူများက ဤကိစ္စကို လူသိရှင်ကြား မဖြစ်စေချင်ကြပေ။ ကျန်နှစ်ရက်အတွင်း ကျန်းမုန့်လောင်အနေနှင့် နတ်စွမ်းအင်ဆေးလုံး အလုံးနှစ်ဆယ်ထက်ပိုပြီး မဖော်စပ်နိုင်ပေ။ လူတစ်ယောက် ပိုသိသွားလေလေ ပြိုင်ဘက်တစ်ယောက် ပိုတိုးလာလေလေပင်။

အမှောင်ဒင်္ဂါးတစ်ရာထရီလီယံ ဟူသည့် ဈေးနှုန်းမှာ လူအများစုအတွက် ရှိသမျှအကုန် ပုံအောရောင်းချမှသာ စုဆောင်းနိုင်မည့် ပမာဏမျိုးပင်။ သူတို့သည် ညတွင်းချင်း ငွေစုဆောင်း၍ နောက်နေ့မနက်အစောထပြီး တန်းစီနိုင်ရန် မျှော်လင့်ထားကြသည်။

သို့သော် ဤကိစ္စကို လျှို့ဝှက်ထား၍မရနိုင်ကြောင်း သူတို့ အလျင်အမြန် သိလိုက်ရသည်။ မရေမတွက်နိုင်သော ဆိုင်ခန်းပိုင်ရှင်များနှင့် ဖောက်သည်များမှာ ဤကိစ္စ၏ စစ်မှန်မှုကို နည်းလမ်းမျိုးစုံဖြင့် အတည်ပြုခဲ့ကြပြီး အချို့ဆိုလျှင် ဗီဒီယိုများတင်၍ အချို့ကမူ ဓာတ်ပုံများ တင်ခဲ့ကြသည်။

နောက်ဆုံးတွင် နှစ်ထောင်ပေါင်းများစွာကြာသည်အထိ ပေါ်ထွက်မလာခဲ့သော ရှေးဟောင်းစွမ်းအားရှင်ကြီးများပင် အံ့အားသင့်သွားကြပြီး ထိုနေရာတွင် ရှိခဲ့သော အဆင့်ခြောက်သက်ရှိတချို့ကို စုံစမ်းမေးမြန်းလေတော့သည်။

သူတို့အနေနှင့် အခြားသူများကို လျစ်လျူရှုထားနိုင်သော်လည်း ထိုစွမ်းအားရှင်ကြီးများကိုမူ မည်သို့ လျစ်လျူရှုရဲမည်နည်း။ နောက်ဆုံးတွင်မူ နတ်စွမ်းအင်ဆေးလုံး၏ အာနိသင်အကြောင်း အတည်ပြုနိုင်လိုက်သည်။

ဤသည်မှာ အဆင့်ခြောက်အထက် သက်ရှိရာပေါင်းများစွာက ကျန်းမုန့်လောင်အား ထောက်ခံပေးလိုက်သည်နှင့် အတူတူပင်။ အဆင့်ခြောက် သက်ရှိတစ်ဦး၏ စကားက သာမန်သက်ရှိပေါင်းများစွာ၏ စကားထက် ပိုပြီးယုံကြည်လက်ခံနိုင်ဖွယ် ရှိပေသည်။

"အရေးမပါတဲ့ ကိစ္စတွေအတွက် ငါ့ကို လာမနှောင့်ယှက်နဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား"

အဆင့်ခုနစ်သက်ရှိတစ်ယောက်က ကျင့်ကြံဆဲအခြေအနေမှ နိုးထလာခဲ့သည်။

စကြဝဠာနိယာမများကို နားလည်သဘောပေါက်စေရန်နှင့် အဆင့်ကိုးသက်ရှိအဖြစ်သို့ တက်လှမ်းနိုင်မည့် အနာဂတ်အလားအလာကို ရှာဖွေနိုင်ရန်အတွက် သူသည် စကြဝဠာ၏ အစွန်းအဖျားနေရာများတွင် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှုများကို ပြုလုပ်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူသည် ဤနေရာလေးမှာပင် နှစ်တစ်သိန်းကျော်ကြာအောင် နေထိုင်ခဲ့သည်။

"ဆရာ.. ဒီတစ်ခါတော့ အရမ်းအရေးကြီးတဲ့ သတင်းတစ်ခုရထားလို့ ဆရာ့ကို အနှောင့်အယှက်ပေးလိုက်ရတာပါ"

အဆင့်ငါးသက်ရှိတစ်ယောက်က မြေပြင်ပေါ်တွင် အလွန်တရာ ရိုသေလေးစားဟန်ဖြင့် ဒူးထောက်လျက် ပြောလိုက်သည်။

"ဘာကိစ္စလဲ"

အဆင့်ခုနစ်သက်ရှိတစ်ယောက်အနေနှင့် သူသည် ဘဝတွင် အရာရာတိုင်းကို တွေ့ကြုံဖူးပြီးဖြစ်၏။

"မင်းပြောတဲ့စကားက ငါ့ကို မကျေနပ်စေဘူးဆိုရင် အကျိုးဆက်က ဘာဖြစ်မလဲဆိုတာ မင်းသိတယ်မလား"

ထိုသို့သော ခက်ခဲပင်ပန်းလှသည့် ကျင့်ကြံမှုမျိုးမှာ တစ်ခါတစ်ရံတွင် ချက်ချင်းဆိုသလို ဉာဏ်ပွင့်လာတတ်လေရာ ယခုလို နှောင့်ယှက်ခံလိုက်ရခြင်းကား အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းလှပေသည်။

"ဆရာသိတဲ့အတိုင်း တလောတုန်းက စကြဝဠာမြေအောက်ပြပွဲ ကျင်းပတယ်လေ။ အခုလေးတင် သတင်းတစ်ခု ထွက်လာတယ်။ ပြပွဲမှာ တော်တော်ငယ်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက် ပေါ်လာပြီး စွမ်းအင်ဆေးလုံးနဲ့ နတ်စွမ်းအင်ဆေးလုံးဆိုတဲ့ ဆေးတွေကို ဖော်စပ်ရောင်းချနေတယ်တဲ့"

"ဟွန့်... ဒီနာမည်တွေက ကြားလိုက်တာနဲ့တင် လိမ်ညာလှည့်စားထားမှန်း သိသာတယ်။ ဘာအာနိသင်များ ရှိမှာမို့လို့လဲ"

အဆင့်ခုနစ်သက်ရှိက လှောင်ပြောင်လိုက်သည်။

"စွမ်းအင်ဆေးလုံးက အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်ကို အဆင့်ခြောက်အထိ တက်လှမ်းနိုင်အောင် လုပ်ပေးနိုင်ပါတယ်။ အဆင့်ခြောက်သက်ရှိတွေအတွက်တောင် ဗီဇဆင့်ကဲပြောင်းလဲမှုအဆင့်တွေကို မြှင့်တင်ပေးနိုင်ပြီး ထပ်ခါတလဲလဲ သုံးလို့ရတယ်တဲ့"

"နတ်စွမ်းအင်ဆေးလုံးကတော့ အဆင့်ငါး သက်ရှိတစ်ယောက်ကို စကြဝဠာနိယာမတွေအကြောင်း နားလည်သဘောပေါက်သွားအောင် လုပ်ပေးနိုင်စွမ်းရှိတယ်တဲ့"

ပထမစကားတစ်ဝက်ကြောင့် အဆင့်ခုနစ် သက်ရှိခမျာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ချေသည်။ အာနိသင်က ကောင်းကင်ဘုံကို အာခံနိုင်လောက်သည်အထိ အစွမ်းထက်လှသော်လည်း သူ့လို လူမျိုးအတွက်မူ သိပ်အရေးပါလှသည်တော့ မဟုတ်ပေ။

သို့သော် နတ်စွမ်းအင်ဆေးလုံး၏ အာနိသင်အကြောင်း ကြားလိုက်ရချိန်တွင်မူ ချက်ချင်းဆိုသလို ငြိမ်သက်မနေနိုင်တော့ပေ။

"ပြန်ပြောစမ်းပါဦး"

"ဆရာ.. ဆရာက နိယာမတရားတွေကို နားလည်သဘောပေါက်ဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အခုလိုရတနာမျိုး ပေါ်လာချိန်မှာ ဝင်မလုဘူးဆိုရင် အရမ်း နှမြောစရာ ကောင်းနေလိမ့်မယ်"

"ဒါ တကယ်ပဲလား"

"လုံးဝအမှန်ပါပဲ။ အဆင့်ခြောက်သက်ရှိရာဂဏန်းလောက် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြတာပါ။ သက်သေအထောက်အထား အမျိုးမျိုးလည်း ရှိပါတယ်"

"စကြဝဠာမြေအောက်ပြပွဲအတွက် လက်မှတ်တစ်စောင် သွားရှာပေးစမ်း။ ငါကိုယ်တိုင် သွားမယ်"

...

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ မရေမတွက်နိုင်သော နေရာအနှံ့အပြားတွင် ဖြစ်ပွားခဲ့ပြီး နှစ်သန်းပေါင်းများစွာ သို့မဟုတ် နှစ်ဆယ်သန်းပေါင်းများစွာ သက်တမ်းရှိပြီဖြစ်သော သက်ရှိများအားလုံးပင် ထွက်ပေါ်လာကြတော့သည်။

သူတို့အနေနှင့် နောက်ထပ် နှစ်သန်းပေါင်းများစွာ ဆက်လက်ကျင့်ကြံနေဦးမည်ဆိုလျှင်ပင် စကြဝဠာနိယာမများကို နားလည်နိုင်မည့် အခွင့်အရေးမျိုး ရနိုင်မည်မဟုတ်ပေ။ ယခုမူ အမှောင်ဒင်္ဂါးတစ်ရာထရီလီယံကို သုံးစွဲလိုက်ရုံဖြင့် စကြဝဠာနိယာမများကို နားလည်သဘောပေါက်နိုင်မည်ဖြစ်ရာ မည်သူကများ လက်လွတ်ခံချင်ပါမည်နည်း။

"အရှင်.. ဒီအမှောင်ဒင်္ဂါးသန်းတစ်ရာကို ကျွန်တော်တို့မျိုးနွယ်စုရဲ့ အ​ခြေခံအင်အားလေးနဲ့ စုဆောင်းဖို့ ခက်လိမ့်မယ်ထင်တယ်"

"မစုဆောင်းနိုင်ရင် ပစ္စည်းတွေ ရောင်းလိုက်။ ရောင်းလို့ရသမျှ အကုန်ရောင်း။ အကုန်လုံးကို ဈေးကွက်ပေါက်ဈေးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းနဲ့ရောင်းပြီး အချိန်တိုအတွင်း ရောင်းထွက်အောင်လုပ်လိုက်"

"အရှင်... စကြဝဠာမြေအောက်ပြပွဲလက်မှတ်တွေ ဈေးတက်သွားပါပြီ"

"ဈေးတက်ရုံတင်ပဲလေ။ ဘယ်လောက်တောင် တက်သွားမှာမို့လို့လဲ"

စကြဝဠာမြေအောက်ပြပွဲလက်မှတ်တစ်စောင်သည် စကြဝဠာဒင်္ဂါးငါးသိန်းသာရှိပြီး တရားဝင်ရောင်းချသော လက်မှတ်များ ကုန်သွားသည်မှာ ကြာပြီဖြစ်သော်လည်း မှောင်ခိုသမားများထံတွင် အများအပြား ကျန်နေသေးသည်။ ပုံမှန်အခြေအနေတွင်မူ ဈေးနှုန်း၏ နှစ်ဆသုံးဆခန့် ပေးလိုက်ရုံဖြင့် လုံလောက်ပေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဈေးနှုန်း ဆယ်ဆတက်သွားလျှင်ပင် ကြယ်ပေါင်းတစ်သောင်းနှင့် ညီမျှသော အမှောင်ဒင်္ဂါးတစ်ရာထရီလီယံကို စုဆောင်းနိုင်သူများအဖို့ စကြဝဠာဒင်္ဂါးသန်းအနည်းငယ်မျှကို ဂရုစိုက်နေပါဦးမည်လော။

"အရှင်.. လက်မှတ်ဈေးတွေက ကြယ်ဆယ်လုံးအထိတောင် ထိုးတက်သွားပြီ။ နောက်နှစ်ရက်နေလို့ ပြန်ရောင်းရင် အမှောင်ဒင်္ဂါးသန်းနှစ်ရာလောက် ပြန်ရနိုင်တယ်"

"မင်း ဘာပြောလိုက်တယ်"

သေစမ်း...ဒါက ဆယ်ဆ အဆတစ်ရာလောက် ဈေးတက်သွားတဲ့ ပြဿနာမျိုး မဟုတ်ဘူး။ ဘီလီယံနဲ့ချီပြီး ထိုးတက်သွားတာပဲ။

စကြဝဠာ မြေအောက်ပြပွဲကို နှစ်တစ်သိန်းမှာ တစ်ကြိမ်သာ ကျင်းပလေ့ရှိပြီး ယခုအချိန်အထိ ဘယ်နှကြိမ်ကျင်းပခဲ့သလဲပင် မသိရချေ။ အပြင်းထန်ဆုံးဈေးတက်ဖူးသည်ကပင် အဆနှစ်ရာလောက်သာ ရှိခဲ့ဖူးသည်။

ယခုမူ ဝင်ခွင့်ရရန်သက်သက်အတွက် သာမန် မျိုးနွယ်စုဆယ်ခုစာလောက် အဖိုးအခပေးရမည်ဆိုခြင်းမှာ လုံးဝရူးချင်စရာကောင်းလွန်းလှသည်။

ထိုမှောင်ခိုသမားများမှာ စီးပွားရေးအမြင် အလွန်ထက်မြက်ကြသည်။ ဆရာသခင်က ကုန်သွယ်ရေးဈေးကွက်တွင် သုံးရက်သာ နေမည်ဖြစ်ကြောင်းကိုပင် သူတို့ သိထားကြလေရာ ကျန်နှစ်ရက်သည် သူဌေးကြီးများအကြား စစ်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

"အရှင်... ကျွန်တော်တို့ ဒီပြပွဲကို သွားဦးမှာလား"

"သွားရမှာပေါ့။ ကြယ်ဆယ်လုံးတည်းပဲကို။ နတ်စွမ်းအင်ဆေးလုံးတစ်လုံးသာ ရနိုင်မယ်ဆိုရင် ကြယ်ပွင့်တစ်ရာပေးရမယ်ဆိုရင်တောင် ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး"

...

ညအချိန်တွင် မရေမတွက်နိုင်သော လူများမှာ စကြဝဠာမြေအောက်ပြပွဲအတွင်းသို့ အလုံးအရင်း ဝင်ရောက်လာကြသည်။ သူတို့အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး အဆင့်ခြောက်သက်ရှိအောက် နိမ့်ကျသူတစ်ဦးမျှပင် မပါဝင်ချေ။

စကြဝဠာမြေအောက်ပြပွဲကုန်သွယ်ရေးဈေးကွက်ထဲရှိ ဆိုင်ခန်းအားလုံးနီးပါးကို ဖယ်ရှားလိုက်ကြပြီဖြစ်၏။ အကြောင်းမှာ မနက်ဖြန် ဤနေရာတွင် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားမည်ကို လူတိုင်း သိထားကြသောကြောင့်ပင်။

ကျယ်ဝန်းလှသော ကုန်သွယ်ရေးဈေးကွက်ကြီးထဲတွင် ရွက်ဖျင်တဲအသေးလေးတစ်လုံးသာ ကျန်တော့သည်။ အပြင်ဘက်ကကြည့်လျှင် သေးငယ်ပုံပေါက်သော်လည်း ဟယ်ရီပေါ်တာဇာတ်ကားထဲက ရွက်ဖျင်တဲများအလား အတွင်းဘက်တွင်မူ ဧရာမနေရာလွတ်ကြီး ရှိနေလေသည်။

"အစ်ကိုကျန်း.. အစ်ကို နောက်ထပ်လုပ်ချလိုက်ပြန်ပြီဆို"

ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့ ဗီဒီယိုကောဖြင့် စကားပြောနေကြသည်။

"ဒါတွေက အခြေခံလုပ်ရိုးလုပ်စဉ်တွေပါ။ အေးဆေးပေါ့"

"အစ်ကိုကျန်းက လူတွေကို အံ့သြအောင် တကယ်လုပ်တတ်တာပဲ။ ဒီတစ်ခါ စကြဝဠာ အင်ပါယာက ဘိုးဘေးတွေတောင် အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီတဲ့။ စကြဝဠာကုန်သွယ်ရေးဈေးကွက်ထဲမှာ ပိုင်ဆိုင်မှုတွေကို ဈေးနှိမ်ပြီး အသည်းအသန်ရောင်းချနေကြတယ်လို့ ကြားတယ် ဟုတ်လား"

"တကယ်ကြီးလား"

ကျန်းမုန့်လောင်ခမျာ သူ့ပေါင်သူ ရိုက်ချလိုက်သည်။

ဟုတ်သားပဲ။ လူတိုင်း ငွေစုဆောင်းနေကြတာဆိုတော့ ဒါက ရိတ်သိမ်းဖို့ အခွင့်အရေးပဲ မဟုတ်ဘူးလား။ အဲ့ဒါတွေကိုဝယ်ပြီးမှ ငါက ပြန်လှည့်ရောင်းလိုက်ရင် မိုက်သွားပြီပေါ့။

"ကဲ... အချိန်လည်းလင့်နေပြီ။ မင်းလည်း အနားယူတော့လေ။ ငါ ပိုက်ဆံသွားရှာလိုက်ဦးမယ်။ နောက်မှထပ်ပြောကြတာပေါ့"

"ဟင်.. နားတော့ဆိုတာက ဘာကိုဆိုလိုတာလဲ။ အစ်ကိုကျန်းကတော့လေ..."

...

ကျန်းမုန့်လောင်သည် စကြဝဠာကုန်သွယ်ရေးဈေးကွက်ကို ကမန်းကတန်း ဖွင့်ကြည့်လိုက်သည်။ အဆင့်တစ်မျိုးနွယ်စုများအားလုံးကို သူ ဝယ်ယူထားပြီးဖြစ်သော်လည်း ယခုမူ စာရင်းဝင်နေသော အဆင့်တစ်မျိုးနွယ်စု အရေအတွက်က မူလအရေအတွက်ထက် သုံးဆကျော် ပိုများနေပြီး အမြင့်ဆုံးဈေးနှုန်းမှာ ပုံမှန်ဈေး၏ ရှစ်ဆယ်ရာခိုင်နှုန်းအောက်ပင် လျော့နည်းနေသည်။

လူတော်တော်များများမှာ ငွေစုဆောင်းရန်အတွက် အရူးအမူးဖြစ်ကုန်ကြသည်။

"ဝိုး... အဆင့်ငါးမျိုးနွယ်စုတစ်ခုကို စကြဝဠာဒင်္ဂါးငါးဆယ်ထရီလီယံတည်းလား။ တစ်ဝက်ဈေးနဲ့ ရောင်းနေတာဆိုတော့ မိုက်လှချည်လား"

"အမလေး.. ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးကိုတောင် ရောင်းနေတာလား။ ဒီလောက်ဈေးပေါပေါနဲ့လေ"

"ဒီသတ္တုတွင်းက မဆိုးဘူးပဲ"

ကျန်းမုန့်လောင်လည်း အပိုင်းတစ်ခုချင်းစီကို ဆက်လက်ကြည့်ရှု၍ သူ သဘောကျသမျှ အရာအားလုံးကို လိုက်လံဝယ်ယူနေတော့သည်။

ဤကဲ့သို့သော ဈေးနှုန်းမျိုးမှာ အလွန်ဆုံးမှ တစ်ရက်ကျော်ကျော်သာ ရှိမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိထားသည်။ ထို့ကြောင့် ခပ်စောစောရိတ်သိမ်းထားလိုက်သည်မှာ အကောင်းဆုံးပင်။

********************

အခန်း ၈၆၄ - စိန်အဆင့်ဗီအိုင်ပီအကြောင်း သိချင်ကြလား

နောက်တစ်နေ့မနက်တွင်မူ ကုန်သွယ်ရေးဈေးကွက်တစ်ခုလုံး လူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေပြီး အနည်းဆုံး လူသောင်းဂဏန်းက ကျန်းမုန့်လောင်၏ တဲငယ်လေးကို ဝန်းရံထားသည်။

ထိုလူများထဲတွင် အားအနည်းဆုံး သက်ရှိများမှာ အနည်းဆုံး အဆင့်ငါးဖြစ်ပြီး ထိုလူအားလုံးကလည်း သူတို့နောက်ကွယ်ရှိ အရှင်သခင်များ၏ အမိန့်အရ လာရောက်ကြခြင်းပင်။

နတ်စွမ်းအင်ဆေးလုံး အလုံးနှစ်ဆယ်သာ ရနိုင်တော့မည်ဖြစ်ရာ ယခုအချိန်တွင် လူသောင်းဂဏန်းက လုယူချင်နေကြသည်။ လူတိုင်းက သူတို့အချင်းချင်း ပြိုင်ဘက်များဖြစ်သွားကြောင်း သိထားကြသည့်အတွက် တစ်ယောက်ကိုတစ်ယောက် အလွန်သတိထား၍ စောင့်ကြည့်နေကြသည်။

"ဒီလိုအံ့ဖွယ်အရာတွေကို ဖော်စပ်နိုင်တဲ့ အဂ္ဂိရတ်ပညာရှင်တွေ ဒီလောကမှာ တကယ်ရှိလိမ့်မယ်လို့ ငါ ထင်မထားဘူး"

"ဟုတ်တယ်။ စကြဝဠာနိယာမတွေကိုတောင် နားလည်သဘောပေါက်စေနိုင်တာတဲ့။ ပြီးတော့ မနေ့ညက ကြယ်ရောင်စဉ်မျိုးနွယ်စုရဲ့ အဋ္ဌမ​မင်းသားက ကျန်နေသေးတဲ့ နတ်စွမ်းအင်ဆေးလုံးတွေကို ယူသွားတယ်လို့ ကြားတယ်။ ဒါပေမဲ့ ဆေးအာနိသင်က အဲဒီထက်ပိုတယ်တဲ့"

"သြော်... ဘယ်လိုမျိုးလဲ"

"ပထမဆုံးနတ်စွမ်းအင်ဆေးလုံးက ကြယ်ရောင်စဉ်မျိုးနွယ်စုရဲ့ အရှင်သခင်ကို အဆင့်ခုနစ် အငယ်တန်းသက်ရှိအဆင့်ကနေ အဆင့်ခုနစ်အလယ်အလတ်တန်း သက်ရှိအဆင့်ကို ဗီဇအဆင့်ကျော်လွှားမှု ပြီးမြောက်သွားစေခဲ့တယ်လို့ ကြားတယ်"

"ဒါဆို နတ်စွမ်းအင်ဆေးလုံးက အဆင့်ခုနစ် သက်ရှိတစ်ယောက်ကို ဗီဇအဆင့် မြင့်တက်လာအောင် ကူညီပေးနိုင်တာပေါ့"

"ဟုတ်တယ်။ နတ်စွမ်းအင်ဆေးလုံး နှစ်မျိုးရှိတယ်။ အနီရောင်က ဗီဇအဆင့်မြှင့်တင်ဖို့။ ခရမ်းရောင်က စကြဝဠာနိယာမတွေကို နားလည်သဘောပေါက်အောင် ကူညီပေးတာတဲ့"

"ဒုတိယဆေးလုံးကျတော့ ခွန်အားနိယာမကို နားလည်သဘောပေါက်စေတယ်တဲ့"

"နောက်ပိုင်းကျတော့ သူ နောက်ထပ်သုံးလုံး ထပ်စမ်းကြည့်သေးတယ်။ အနီရောင်နတ်စွမ်းအင်ဆေးလုံးက အာနိသင်ရှိနေတုန်းပဲဆိုပေမဲ့ အများကြီးလျော့ကျသွားတယ်။ ဒုတိယမြောက် ခရမ်းရောင်နတ်စွမ်းအင်ဆေးလုံးကျတော့ သူ့ကို ဒုတိယမြောက် စကြဝဠာနိယာမကို နားလည်သွားစေတယ်တဲ့။ တတိယမြောက်တစ်လုံးက ဘာအာနိသင်မှ မပြတော့တဲ့အတွက် နိယာမနှစ်ခုကိုပဲ နားလည်သဘောပေါက်စေပုံရတယ်"

"ဒီဆေးက လူတစ်ယောက်ကို နိယာမနှစ်ခုတောင် နားလည်သွားစေနိုင်တာလား"

စင်စစ်အံ့အားသင့်တုန်လှုပ်ဖွယ်ရာ ဖွင့်ဟချက်ပင်။

စကြဝဠာနိယာမတစ်ခုတည်းကို နားလည်သဘောပေါက်ဖို့ဆိုသည်ကပင် ကောင်းကင်ဘုံရှိ အဆုံးအမများကို နာယူရသည့်နှယ် ခက်ခဲလှသည်။ သို့သော် ဒုတိယမြောက်နိယာမကို နားလည်သဘောပေါက်ဖို့ဆိုသည်မှာ အဆင့်ရှစ်သက်ရှိများအကြားမှာပင် မကြားဖူးသလောက် ရှားပါးလှပေသည်။

ဤသို့ဆိုလျှင် နတ်စွမ်းအင်ဆေးလုံး၏ အာနိသင်က သူတို့ ထင်ထားသည်ထက် ကျော်လွန်နေချေပြီ။

လူအုပ်ကြီးက ကျန်းမုန့်လောင် ဆိုင်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းရင်း သူ့မူလဇာစ်မြစ်နှင့် နတ်စွမ်းအင်ဆေးလုံး၏ အံ့ဖွယ်ဖြစ်ရပ်များအကြောင်း အားတက်သရော ဆွေးနွေးနေကြသည်။

မကြာခင်မှာပင် စကြဝဠာအချိန်နာရီ အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။ ဆည်းဆာမျဉ်းပေါ်တွင် ရှိနေသောကြောင့် ဤနေရာတွင် နေ့နှင့်ည ပြောင်းလဲမှုမရှိသော်လည်း စကြဝဠာစံတော်ချိန်အရ နေ့ခင်းဘက်သို့ ရောက်ရှိနေပြီဖြစ်၏။ သို့သော် ကျန်းမုန့်လောင်၏ ရွက်ဖျင်တဲလေးမှာမူ တိတ်ဆိတ်လျက်သာ ရှိနေသေးသည်။

"ဆရာသခင်က ဘာလို့ မနိုးသေးတာလဲ"

"ဟုတ်တယ်။ ပုံမှန်ဆိုရင် ဒီအချိန်က ဈေးထဲမှာ အစည်ကားဆုံးအချိန်ပဲဟာကို"

"ဆရာသခင်ကိုများ သွားခေါ်ကြည့်ရမလား"

"မင်းသွားချင်သွားလေ။ ငါတော့ မသွားဘူး။ ဆရာသခင် အိပ်ရေးမဝဘဲ ထလာရရင် ငါတို့ နတ်စွမ်းအင်ဆေးလုံး ဝယ်လို့ရမှာတောင် မဟုတ်တော့ဘူး"

"ဒါလည်း ဟုတ်တာပဲ။ ဆရာသခင်ကို အသံမထွက်ဘဲ ငြိမ်ငြိမ်လေး ဆက်စောင့်ကြတာပေါ့"

"အေးလေ။ ကျားယွမ်မျိုးနွယ်စုရဲ့ အရှင်သခင်တောင် ဒီမှာ လာစောင့်နေတာပဲ"

"တကယ်ကြီးလား။ သူက အဆင့်ရှစ်သက်ရှိလေ။ သူကိုယ်တိုင် ရောက်လာတာလား"

"အဆင့်ရှစ်သက်ရှိက တစ်ယောက်တည်းလို့ ထင်နေတာလား။ ခုနကတင် ဘရီမစ်မျိုးနွယ်စုရဲ့ အရှင်သခင်ကို ငါ တွေ့လိုက်သေးတယ်။ ဒီနေ့ အဆင့်ရှစ်သက်ရှိ အနည်းဆုံးတစ်ဒါဇင်လောက် ရောက်နေတာကွ"

"သောက်ကျိုးနည်း... ငါတို့ ဝင်လုသင့်ရဲ့လား။ သူတို့ကို ပြစ်မှားမိလို့တော့ မဖြစ်ဘူးနော်"

"ပစ္စည်းလာဝယ်တာပဲ။ ပိုက်ဆံရှိတဲ့လူ ရမှာပေါ့။ အဆင့်ရှစ်သက်ရှိဖြစ်နေရင်တောင် ရမ်းကားရဲမှာ မဟုတ်ပါဘူး။ ပြီးတော့ သူတို့က ငါတို့ထက် ပိုက်ဆံပိုပါချင်မှပါမှာ"

...

နေ့တစ်ဝက်နီးပါး ကုန်ဆုံးသွားပြီးနောက်မှသာ ကျန်းမုန့်လောင်၏ ရွက်ဖျင်တဲအတွင်းမှ လှုပ်ရှားသံတစ်သံ ပေါ်လာခဲ့သည်။

သူသည် သွားတိုက်ပြီးနောက် ဒိုင်နိုဆောညအိပ်ဝတ်စုံကို ဝတ်ဆင်လျက် ရွက်ဖျင်တဲအပြင်သို့ ထွက်လာခဲ့သည်။

"အဲဒါ အဂ္ဂိရတ်ပညာရှင်လား"

"ဒါက... ငါ တွေးထားတာနဲ့ နည်းနည်းတော့မတူသလိုပဲ"

"အရမ်းငယ်လွန်းတယ်။ လူတွေအများကြီး အာမခံပေးထားတာ မဟုတ်ဘူးဆိုရင် ငါတော့ သံသယဝင်မိမှာ"

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင်သည် သူ့အမြင်အာရုံကို ရှင်းလင်းအောင် လုပ်ပြီးနောက် ရွက်ဖျင်တဲအပြင်ဘက်ရှိ လူအုပ်ကြီးကို မြင်လိုက်ရချိန်ဝယ် လန့်ဖျပ်သွားခဲ့သည်။

"လူတွေအများကြီးပါပဲလား"

"ဆရာသခင်... နောက်ဆုံးတော့ နိုးလာပြီပေါ့"

"ဆရာသခင်.. ကျွန်တော်တို့ ဆရာသခင်ကို စောင့်နေတာ ကြာလှပါပြီ။ ဘယ်အချိန် ဆိုင်ဖွင့်မှာလဲ"

"ဘာတွေလောနေကြတာလဲ"

ကျန်းမုန့်လောင် က ညည်းတွားလိုက်သည်။

"ငါကပဲ နောက်ကျမှ ထချင်လို့များ ထတယ်မှတ်နေလား။ မနေ့ညက မင်းတို့တွေ အပြင်မှာ အိမ်ဖြိုနေတဲ့အတိုင်း ဆူညံပွက်လောရိုက်အောင် လုပ်နေကြလို့ အိပ်ရေးမဝတာလေ"

ဤအထင်ကရ ပုဂ္ဂိုလ်ကြီးများအားလုံးမှာ ပုံမှန်ဆိုလျှင် ကြောက်ရွံ့ဖွယ်ကောင်းသူများ ဖြစ်ကြသော်လည်း ကျန်းမုန့်လောင်၏ အပြစ်တင်စကားအောက်တွင်မူ မည်သူမှ ပြန်မပြောရဲကြပေ။ အဆင့်ခုနစ်သိုင်းလက်နက်များကို သွန်းလုပ်နိုင်ပြီး စွမ်းအင်ဆေးလုံးနှင့် နတ်စွမ်းအင်ဆေးလုံးများကို ဖော်စပ်နိုင်သည့် အဂ္ဂိရတ်ပညာရှင်တစ်ဦးကို မည်သူက သွားစမ်းရဲပါမည်နည်း။

"ဆရာသခင်.. ကျွန်တော်တို့အမှားပါ။ စိတ်ထဲ မထားပါနဲ့"

"ဟုတ်ပါတယ် ဆရာသခင်။ ဆရာသခင် ဘာမှ မစားရသေးဘူးမလား"

အဆင့်ငါးမျိုးနွယ်စုတစ်ခုမှ အရှင်သခင်တစ်ယောက်က အလွန်အရသာရှိဟန်တူသော အစားအစာအချို့ကို ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော်တို့မျိုးနွယ်စုရဲ့ ဒေသထွက်အစားအစာလေးပါ။ မြည်းကြည့်ပါဦး"

"ဝိုး... မင်းက တော်တော်သိတတ်တာပဲ"

ကျန်းမုန့်လောင်က ထိုအရာကို လက်ခံယူလိုက်ပြီး သပ်ရပ်လှပသော အပူထိန်းဘူးလေးကို ဖွင့်လိုက်သည်။

၎င်းမှာ သူ တစ်ခါမှ မမြင်ဖူးသော အစားအစာတစ်မျိုးဖြစ်ပြီး ရေနေသတ္တဝါတစ်မျိုးမျိုး၏ အသားနှင့်တူချေသည်။ တစ်ကိုက် ကိုက်စားကြည့်လိုက်လေရာ အရသာမှာ စင်စစ်ကောင်းမွန်လှပေသည်။

"ဆရာသခင်.. အရသာ ဘယ်လိုနေလဲ"

"မဆိုးပါဘူး။ မနက်စာအတွက် ကျေးဇူးပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ခင်ဗျားက စွမ်းအင်ဆေးလုံး ဝယ်ချင်တာလား။ နတ်စွမ်းအင်ဆေးလုံး ဝယ်ချင်တာလား"

"ဆရာသခင်.. ကျွန်တော် စွမ်းအင်ဆေးလုံးအလုံးတစ်ရာနဲ့ နတ်စွမ်းအင်ဆေးလုံးတစ်လုံး ဝယ်ချင်ပါတယ်"

ထိုအရှင်၏ မျက်နှာထက်တွင် ဝမ်းသာပီတိဖြစ်ဟန် အရိပ်အယောင်များ လင်းလက်သွားသည်။ မနက်စာလေးတစ်နပ်ဖြင့် ကျန်းမုန့်လောင်၏ မျက်နှာသာပေးမှုကို ရရှိလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

"သောက်ကျိုးနည်း... ကောက်ကျစ်လိုက်တဲ့ကောင်"

"ထမင်းတစ်နပ်တည်းနဲ့ ဆရာသခင်ကို လာဘ်ထိုးသွားတာပဲ"

"တောက်... ငါ ဘာလို့ အဲဒီလိုမတွေးမိခဲ့တာပါလိမ့်"

"ပိုက်ဆံ အသင့်ပါလာလား"

ကျန်းမုန့်လောင်က ပျင်းရိပျင်းတွဲမေးလိုက်သည်။

"ခင်ဗျားက သဘောကောင်းတယ်လို့ ကျုပ် ထင်တယ်။ ဒီနေ့ လူတွေအရမ်းများနေတာဆိုတော့ ခင်ဗျားကို အကန့်အသတ်ထုတ်မန်ဘာကတ်တစ်ခုပေးပြီး ဦးစားပေးဝယ်ယူခွင့် ပေးလိုက်မယ်"

"ကျေးဇူးတင်ပါတယ် ဆရာသခင်"

သူလည်း တစ်ညလုံး အချိန်ယူစုဆောင်းထားခဲ့သော အမှောင်ဒင်္ဂါးများကို ချက်ချင်း ထုတ်ပေးလိုက်သည်။

"ဒီမှာ အမှောင်ဒင်္ဂါး၁.၁ထရီလီယံပါ။ ပလက်တီနမ်မန်ဘာကတ်နဲ့ ခရမ်းရောင်နတ်စွမ်းအင်ဆေးလုံးတစ်လုံး ယူပါ့မယ်"

"ကောင်းပြီ"

မနေ့ညက ကျန်းမုန့်လောင်သည် ထိုလူများ ပေးထားခဲ့သော ကုန်ကြမ်းပစ္စည်းများအားလုံးကို သန့်စင်ဖော်စပ်ပြီးပြီဖြစ်ရာ ယခု သူ့လက်ထဲတွင် သိုင်းဝိညာဉ်ဆေးလုံး ၁၂၀၀၀ကျော်၊ တိုက်ပွဲဧကရာဇ်ဆေးလုံး အလုံးနှစ်ဆယ်နှင့် လင်းလုံဆေးလုံး အလုံးနှစ်ဆယ်ရှိနေပြီဖြစ်၏။

"ကျေးဇူးပဲ သူဌေး။ အချိန်မရွေး ပြန်လာခဲ့နော်"

ငွေနှင့် ပစ္စည်းကို ဖလှယ်ပြီးသည်နှင့် ထိုအရှင်သခင်သည် လင်းလုံဆေးလုံးကို ရရချင်း ချက်ချင်းမျိုချလိုက်တော့သည်။ ဤနေရာတွင် သူ့ကို မည်သူကမှ တစ်ခုခုလုပ်ရန် မဝံ့ရဲသော်လည်း ပြပွဲအပြင်ဘက်တွင်မူ မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပေ။

"ဆရာသခင်.. ကျွန်တော်လည်း မန်ဘာဝင်ချင်တယ်"

"ဆရာသခင်.. ကျွန်တော် အရင်ရောက်တာပါ"

"သွားစမ်းပါ။ မနေ့ညကတည်းက ငါက အရင်ဆုံးရောက်နေတာကွ"

နတ်စွမ်းအင်ဆေးလုံး နောက်တစ်လုံး ထပ်ပါသွားသည်ကို မြင်လိုက်ရသောအခါ အရှင်သခင်များမှာ စိုးရိမ်တကြီးဖြစ်ကုန်ကြပြီး ကျန်းမုန့်လောင်၏အိတ်ကပ်ထဲသို့ ငွေများ အလုအယက် ထည့်ပေးချင်လာကြတော့သည်။

"ဒါက..."

ကျန်းမုန့်လောင်က ပြည့်ကျပ်နေသော လူအုပ်ကြီးကို ကြည့်လိုက်သည်။

"မင်းတို့တွေက ငါ့ကို ကိုင်တွယ်ရခက်အောင် လုပ်နေကြတာပဲ"

"ဆရာသခင်.. ကျွန်တော်က ကျားယွမ်မျိုးနွယ်စုရဲ့ အရှင်သခင်ပါ။ ကျွန်တော့်ကို အရင်ဆုံး တစ်လုံးရောင်းပေးမယ်ဆိုရင် ဆရာသခင်ရဲ့ကျေးဇူးကို သေချာပေါက်ဆပ်ပါ့မယ်"

ကျားယွမ်မျိုးနွယ်စု၏ အရှင်သခင်က သူ့ဘေးနားရှိ လူများကို တွန်းဖယ်လိုက်သည်။

"ဝိုး... အဆင့်ရှစ်သက်ရှိလား"

ဤသည်မှာ ကျန်းမုန့်လောင် ပထမဆုံးတွေ့ဖူးသည့် အဆင့်ရှစ်သက်ရှိပင်။

"လာ လာ... ကျွန်တော့်ကို ဝီချက်... အဲလေ... မက်ခရိုမက်ဆင်ဂျာမှာ အပ်လိုက်။ ခင်ဗျားကို မိတ်ဆွေနေရာတစ်နေရာ ပေးထားမယ်။ နောက်ပိုင်း ဆေးဖော်စပ်တာ ဒါမှမဟုတ် လက်နက်သွန်းလုပ်တာတွေ လိုအပ်ရင် လျှော့ဈေးပေးမယ်လေ"

"ကျေးဇူးတင်ပါတယ် ဆရာသခင်"

ကျားယွမ်မျိုးနွယ်စု၏ အရှင်သခင်က အလွန်တရာ ဂုဏ်ယူဝမ်းမြောက်သွားဟန်ပင်။

"ဆရာသခင်... ဒီမှာ အမှောင်ဒင်္ဂါးတစ်ထရီလီယံနဲ့ တစ်ရာဘီလီယံပါ။ ကျွန်တော်က နတ်စွမ်းအင်ဆေးလုံးတစ်လုံးပဲ လိုချင်တာပါ"

"ပိုက်ဆံအကြောင်းပြောရတာ ခံစားချက်တွေကို ထိခိုက်စေတယ်။ အဲဒီအစွန်းထွက်လေးကို ဖျက်ပေးလိုက်မယ်။ အမှောင်ဒင်္ဂါးတစ်ထရီလီယံတည်းနဲ့ ရပြီ။ အဲဒီလောက်ကြီး မလိုပါဘူး"

ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။

"အဆင့်ရှစ်သက်ရှိတွေ ထပ်ရှိသေးလား။ အဆက်အသွယ် အရင်ဖလှယ်ကြတာပေါ့။ ဒါပေမဲ့ တစ်ယောက်ကို တစ်လုံးပဲ ရမယ်ဆိုတဲ့ ကန့်သတ်ချက်တော့ ရှိတယ်နော်"

"ဆရာသခင်.. ကျွန်တော်တို့ရဲ့ အရှင်သခင်က မလာနိုင်ဘူးဗျ။ ဒါပေမဲ့ သူကလည်း အဆင့်ရှစ်သက်ရှိပါပဲ။ ဆရာသခင်အနေနဲ့ မျက်နှာသာလေး ပေးမယ်လို့ မျှော်လင့်ပါတယ်"

"သွားစမ်းပါ"

ကျန်းမုန့်လောင်က အားမနာဘဲ ပြောလိုက်သည်။

"ဒီလူတွေကို ကြည့်စမ်း။ သူတို့က လူကိုယ်တိုင်လာပြီး ငါ့ကို အပြည့်အဝလေးစားမှုပြကြတယ်။ မင်းတို့ရဲ့ အရှင်သခင်ကတော့ မင်းတို့ကိုပဲ လွှတ်လိုက်တယ်ပေါ့။ အဲဒါက ဘာသဘောလဲ။ ငါ့ကို အထင်သေးတာလား။ သွား... အနောက်မှာ သွားတန်းစီချေ"

"ဆရာသခင်... ဒီမှာ ကျွန်တော့်ပိုက်ဆံပါ"

ကျန်ရှိနေသော အဆင့်ရှစ်သက်ရှိများအားလုံး အရှေ့သို့ ထွက်လာကြသည်။ ဤနေရာရှိ လူသောင်းချီထဲတွင် အဆင့်ရှစ်သက်ရှိ၁၂ဦး ပါဝင်လေသည်။ သူတို့သည် လူကိုယ်တိုင် လာရောက်မိသည့်အတွက် ကံကောင်းသည်ဟု ခံစားနေကြရသည်။ အကယ်၍သာ လက်အောက်ငယ်သားများကို လွှတ်လိုက်မိမည်ဆိုလျှင် ရလဒ်က ဤမျှ အဆင်ပြေမည်မဟုတ်ဟု သူတို့ စိုးရိမ်နေကြသည်။

မကြာခင်မှာပင် ဆေးလုံးအလုံးနှစ်ဆယ်အနက် ရှစ်လုံးသာ ကျန်တော့သည်။ ဆရာသခင်က အဆင့်ရှစ်သက်ရှိများကို ဦးစားပေးခဲ့သည့်အတွက် သူတို့အနေနှင့် ပြောစရာမရှိသော်လည်း ကျန်ဆေးလုံးများကိုမူ အပြိုင်အဆိုင်လုယူနိုင်ရန် မျှော်လင့်နေကြဆဲပင်။

"ဆရာသခင်.. ကျန်တဲ့ဆေးတွေကို ဘယ်လိုခွဲပေးမှာလဲ"

"ဆရာသခင်... ကျွန်တော်တို့အားလုံး ပိုက်ဆံ အလုံအလောက် ယူလာခဲ့ကြပါတယ်။ ဆရာသခင်ရဲ့ သဘောအတိုင်းပါ"

"သြော်... မင်းတို့တွေက ပိုက်ဆံအလုံအလောက် ယူလာကြတယ်ပေါ့"

ကျန်းမုန့်လောင်က ကောက်ကျစ်လှသော ကုန်သည်တစ်ယောက်၏ အပြုံးမျိုးကို ထုတ်ဖော်ပြသလိုက်ပြန်သည်။

"ငါ့ရဲ့ စိန်အဆင့်ဗီအိုင်ပီအစီအစဉ်အကြောင်း သိချင်တဲ့လူရှိလား"

All Chapters