အခန်း (၈၆၅-၈၆၇)
Vol. 58 Ch. 865-867
အခန်း ၈၆၅ - ကံစမ်းမဲနှိုက်မလား
"ဆရာသခင်.. ခင်ဗျားပြောတဲ့ စိန်အဆင့်ဗီအိုင်ပီဆိုတာက ဘာများလဲ"
"အဟမ်း... လူကြီးမင်းတို့ .. ကျေးဇူးပြုပြီး ကြည့်ပေးကြပါ"
ကျန်းမုန့်လောင်က ကြိုတင်ပြင်ဆင်ထားသော ကြော်ငြာဆိုင်းဘုတ်တစ်ခုကို ထုတ်လိုက်သည်။
"ဒါက စိန်အဆင့်ဗီအိုင်ပီကတ် မန်ဘာဝင်တွေရဲ့ အခွင့်အရေးပါပဲ"
စိန်အဆင့်ဗီအိုင်ပီ
ဈေးနှုန်း : အမှောင်ဒင်္ဂါး ၈၈၈ထရီလီယံ
၁။ နတ်စွမ်းအင်ဆေးလုံးတစ်လုံး အခမဲ့ရရှိမည်။
၂။ နတ်စွမ်းအင်ဆေးလုံးများကို အရေအတွက် အကန့်အသတ်မရှိ ဦးစားပေး ဝယ်ယူခွင့်ရှိမည်။
၃။ ကံစမ်းမဲဘူးတစ်ဘူး ဝယ်ယူခွင့်ရမည်။
မှတ်ချက် : စိန်အဆင့်ဗီအိုင်ပီသည် နှစ်ရက်သာ သက်တမ်းရှိပြီး နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်မှာ ကျွန်ုပ်ထံတွင်သာ ရှိသည်။
"ဝိုး"
ကြော်ငြာဆိုင်းဘုတ်သည် လူအုပ်ကြီးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
နတ်စွမ်းအင်ဆေးလုံးတစ်လုံး၏ တန်ဖိုးကပင် အမှောင်ဒင်္ဂါးတစ်ထရီလီယံသာ ရှိသည်။ ၈၈၈ထရီလီယံဟူသည့် အဆမတန်များပြားလှသော ဈေးနှုန်းကြောင့် လူအများစုမှာ ပါးစပ်အဟောင်းသားဖြင့် မော့ကြည့်နေမိကြသည်။
ဤလူသောင်းဂဏန်းထဲတွင် အမှောင်ဒင်္ဂါး ၈၈၈ထရီလီယံကို တတ်နိုင်မည့်လူမှာ လက်ချိုးရေတွက်၍ရသည်။ စောစောက အဆင့်ရှစ်သက်ရှိများပင် ထိုမျှအထိ မချမ်းသာကြပေ။ ဤပမာဏမှာ ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာကတည်းက စုဆောင်းထားခဲ့သည့် အမှောင်ဒင်္ဂါးများအားလုံးကို ကုန်စင်သွားစေနိုင်သည်။
"ဆရာသခင်... ဒီဈေးက နည်းနည်းများလွန်းမနေဘူးလား"
လူတော်တော်များများက အခက်တွေ့နေလေဟန် မျက်နှာထားများဖြင့် ပြောလာကြသည်။ တစ်ထရီလီယံဆိုလျှင် သူတို့ ခြစ်ကုတ်စုဆောင်း၍ ရနိုင်သော်လည်း အမှောင်ဒင်္ဂါး၈၈၈ထရီလီယံဆိုသည်မှာ သူတို့ထဲရှိ လူကိုးဆယ်ရာခိုင်နှုန်းကျော်၏ ဝယ်ယူနိုင်စွမ်းထက် ကျော်လွန်နေပေသည်။
"မင်းတို့ဈေးကြီးတယ်လို့ မထင်ရအောင် ငါ ရှင်းပြချင်တယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ပထမဆုံးမန်ဘာဝင်အခွင့်အရေးကိုတော့ ငါ ထပ်ရှင်းမပြတော့ဘူး။ ဒါကိုမှ နားမလည်ရင် တံခါးကနေ ညာဘက်ကိုသာကွေ့ပြီး ပြန်ထွက်သွားလိုက်တော့"
"ငါက ဒီမှာ နောက်ထပ်နှစ်ရက်ပဲ ဆက်နေတော့မှာဆိုပေမဲ့ စိန်အဆင့်ဗီအိုင်ပီဖောက်သည်တွေအနေနဲ့ ဆယ်ရာခိုင်နှုန်းစပေါ်ငွေချပြီး အခုချက်ချင်း အော်ဒါတင်ထားမယ်ဆိုရင် အဲဒီအော်ဒါက ဆယ်ရက်အထိ အကျုံးဝင်လိမ့်မယ်။ ငါဖော်စပ်တဲ့ နတ်စွမ်းအင်ဆေးလုံး အရေအတွက်က တစ်နေ့ကို ဆယ်လုံးဆိုပြီး ကန့်သတ်ထားတော့မှာ မဟုတ်ဘူး။ ပြီးတော့ အော်ဒါပြန်ဖျက်မယ်ဆိုရင်လည်း စပေါ်ငွေကို ပြန်အမ်းပေးဦးမှာ"
ဤအချက်က လူအများအပြားကို ဆွဲဆောင်နိုင်သွားသည်။
အချိန်အလုံအလောက်သာ ရှိမည်ဆိုလျှင် လူအများစုမှာ အမှောင်ဒင်္ဂါးများကို ပိုစုဆောင်းနိုင်ကြပေလိမ့်မည်။ ယနေ့တွင် သူတို့အနေနှင့် ကြိုတင်အော်ဒါတင်ထားနိုင်ပြီး ပိုက်ဆံအလုံအလောက်ရမှ အပြည့်ပေးချေနိုင်လေသည်။
"ဆရာသခင်.. ကံစမ်းမဲဘူးဆိုတာက ဘာကိုပြောချင်တာလဲ"
"ဟုတ်ပါတယ် ဆရာသခင်... အဲဒါက ဘယ်လို ရတနာမျိုးလဲ"
ကျန်းမုန့်လောင်ဖန်တီးသမျှ အရာတိုင်းက အရည်အသွေး အမြင့်မားဆုံးသာ ဖြစ်ရမည်ဖြစ်လေရာ "ကံစမ်းမဲဘူး" ဟူသော စကားလုံးကို မည်သူကမှ အထင်မသေးရဲကြပေ။
"နာမည်အတိုင်းပဲလေ။ ကံစမ်းမဲဘူးဆိုတာက အထဲမှာ ဘာပါလဲဆိုတာ မင်းတို့ မြင်ရမှာ မဟုတ်ဘူး။ ဘာရမလဲဆိုတာကတော့ မင်းတို့ရဲ့ ကံတရားအပေါ်ပဲ မူတည်တယ်"
ကျန်းမုန့်လောင်က ဟိုလိုဂရမ်မြင်ကွင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။
"ဒါတွေက ကံစမ်းမဲဘူးထဲကနေ မင်းတို့ရနိုင်ခြေရှိတဲ့ ပစ္စည်းတွေပဲ။ အားလုံးပဲ ကြည့်လိုက်ကြပါဦး"
ကံစမ်းမဲဘူးဟုခေါ်သော အရာထဲတွင် ဘာများပါနိုင်သလဲဟု သိချင်စိတ်ပြင်းပြနေသဖြင့် လူတိုင်း ရှေ့သို့ တိုးဝှေ့လာကြသည်။
၁။ ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ် (၁%)
၂။ အမှောင်ဒင်္ဂါး ၈၈၈ထရီလီယံ (၁၀%)
၃။ အဆင့်ရှစ်သိုင်းလက်နက် (၅%)
၄။ စွမ်းအင်ဆေးလုံး (၅%)
၅။ ကျပန်းသိုင်းကျမ်း (၁၀%)
...
စာရင်းထဲတွင် ပစ္စည်းတစ်ဒါဇင်ကျော်ပါဝင်ပြီး ပစ္စည်းတိုင်းလိုလိုက လူအများကို အသက်ရှူမှားသွားစေနိုင်သည်။
ဤအမှောင်ဒင်္ဂါး၈၈၈ထရီလီယံမှာ သူတို့၏ ကုန်ကျစရိတ်များကို ပြန်ကာမိစေရန် လုံလောက်ပြီး နတ်စွမ်းအင်ဆေးလုံးတစ်လုံးကိုပင် အခမဲ့ရလိုက်သလို ဖြစ်သွားနိုင်သည်။
အဆင့်ရှစ်သိုင်းလက်နက်ဆိုသည်မှာ အဆင့်ရှစ်သက်ရှိများအတွက် အိပ်မက်ဆန်သော ပစ္စည်းတစ်ခုဖြစ်ပြီး အခြေခံအားဖြင့် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။ အကယ်၍ တန်ဖိုးဖြတ်ရမည်ဆိုလျှင် အနည်းဆုံး ကြယ်ပေါင်းသန်းဆယ်ချီ သို့မဟုတ် သန်းရာချီတန်ကြေးရှိပြီး အမှောင်ဒင်္ဂါး၈၈၈ထရီလီယံဟူသည့် ဈေးနှုန်းကို အပြတ်အသတ်ကျော်လွန်နေမည်မှာ သေချာလှသည်။
စွမ်းအင်ဆေးလုံးနှင့်ပတ်သက်၍မူ ဆရာသခင်သည် စွမ်းအင်ဆေးလုံးနှင့် နတ်စွမ်းအင်ဆေးလုံးများကို ရောင်းချခဲ့ပြီးဖြစ်၏။ စွမ်းအင်ဆေးလုံးက အဆင့်ခြောက် သက်ရှိများအတွက် အကျိုးရှိပြီး နတ်စွမ်းအင်ဆေးလုံးက အဆင့်ခုနစ်သက်ရှိများအတွက် အကျိုးရှိပေသည်။ သို့ဆိုလျှင် ဤစွမ်းအင်ဆေးလုံးက အဆင့်ရှစ်သက်ရှိများအတွက် များစွာအကျိုးရှိနိုင်ပြီး နတ်စွမ်းအင်ဆေးလုံးကဲ့သို့ ကောင်းကင်ဘုံကို အာခံနိုင်သော အထောက်အကူပြုအာနိသင်များပင် ပါဝင်နိုင်ခြေရှိပေသည်။
ထိုကျပန်းသိုင်းကျမ်းဆိုသည်မှာ စကြဝဠာတစ်ခွင်ရှိ သန်စွမ်းသူများအတွက် အသက်သွေးကြောပင်။ အများပြည်သူအတွက် ထုတ်ပေးထားသော အရာတချို့မှလွဲ၍ ကျန်ရှိသမျှအားလုံးနီးပါးမှာ လူသိရှင်ကြားမဟုတ်သော လျှို့ဝှက်သိုင်းပညာရပ်များ ဖြစ်ကြသည်။ အစွမ်းထက်သိုင်းပညာရပ်များမှာ သက်ရှိအဆင့်များကိုပင် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်းရှိစေသည်။ ဆရာသခင်၏ သိုင်းကျမ်းကား မည်သည့်အဆင့်ရှိမည်ကို မသိရသေးရုံသာ။
တစ်ရာခိုင်နှုန်းသာပါသော "ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါသည်" ဟူသော အရာအတွက်မူ တစ်ရာခိုင်နှုန်းသော ထိုဖြစ်နိုင်ခြေကို မဲနှိုက်မိသည်အထိ သူတို့ကံဆိုးလိမ့်မည်ဟု မယုံကြည်ကြပေ။
ဤကံစမ်းမဲဘူးက ဆယ်ကြိမ်တွင် ကိုးကြိမ်လောက် သူတို့ကို ကြီးပွားချမ်းသာသွားစေနိုင်မည့် အခွင့်အရေးရှိသည်ဟု ဆိုနိုင်ပေသည်။
တစ်ဖက်တွင် များပြားလှသော ကုန်ကျစရိတ်များရှိပြီး အခြားတစ်ဖက်တွင်မူ မက်မောဖွယ်ကောင်းလှသော ဤကံစမ်းမဲဘူး ရှိနေချေသည်။ ထို့ကြောင့် လူတိုင်း အကျပ်ရိုက်နေသလို ခံစားနေကြရသည်။
"ဆရာသခင်... ကျွန်တော် အမှောင်ဒင်္ဂါး၈၈၈ထရီလီယံတန်တဲ့ စိန်အဆင့်ဗီအိုင်ပီဝယ်ချင်ပါတယ်"
ယခုလေးတင် နတ်စွမ်းအင်ဆေးလုံး တစ်လုံးကို ဝယ်ယူခဲ့သည့် အဆင့်ရှစ်သက်ရှိက စမ်းကြည့်လိုသော စိတ်ကူးဖြင့် ကျန်းမုန့်လောင်ထံသို့ လှမ်းလာခဲ့သည်။
"ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်"
ကျန်းမုန့်လောင်၏ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လှုပ်နေချေသည်။
ဒီနေ့ကတော့ လာဘ်ရွှင်မည့်နေ့ပဲ။
"ကျုပ်ကို ယုံစမ်းပါ။ ခင်ဗျား စိတ်မပျက်စေရဘူး"
"ဆရာသခင်.. ဒါက ကတ်အတွက် ပိုက်ဆံပါ"
ထိုအရှင်သခင်က ကျန်းမုန့်လောင်ထံသို့ ပိုက်ဆံကမ်းပေးလိုက်စဉ် သိသိသာသာ နွမ်းနယ်သွားသလို ဖြစ်သွားသည်။
"ကျွန်တော် နတ်စွမ်းအင်ဆေးလုံးအလုံးနှစ်ဆယ် ကြိုတင်အော်ဒါတင်ချင်လို့ပါ။ ရနိုင်မလား"
"ရတာပေါ့။ ဒါပေမဲ့ ပိုက်ဆံရမှ ပေးနိုင်မှာဆိုတော့ ခင်ဗျား ပိုက်ဆံလုံလောက်အောင် စုမိတဲ့အထိ စောင့်လိုက်။ ခင်ဗျားကို အော်ဒါတန်းစီတဲ့အထဲ ထည့်ပေးထားမယ်။ လောလောဆယ် စပေါ်ငွေအရင်ပေးထားလိုက်"
"ကျေးဇူးတင်ပါတယ် ဆရာသခင်"
တကယ်တော့ သူသည် အလွန်ပွင့်လင်းမြင်သာစွာ တွေးတောခဲ့ခြင်းပင်။
သိထားသည့်အတိုင်းပင် ဤနတ်စွမ်းအင်ဆေးလုံးများမှာ အလွန်တရာ အလိုရှိနေကြသော အရာများပင်။ လူအများအပြားမှာ အချိန်တိုအတွင်း အမှောင်ဒင်္ဂါး၁ထရီလီယံကို စုဆောင်း၍မရနိုင်သော်လည်း အချိန်နည်းနည်းသာ ထပ်ရမည်ဆိုလျှင် သူတို့ သေချာပေါက် စုဆောင်းနိုင်ကြပေမည်။
ဆယ်ရက်အတွင်း လူအများအပြားက ငွေများကို စုဆောင်းနိုင်ကြမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် သူ့ဘက်က ဈေးနည်းနည်းတင်ရောင်းလိုက်ရုံဖြင့် အမြတ်အစွန်းအမြောက်အများ ရရှိနိုင်ပေသည်။
ကံမကောင်းချင်တော့ သူ့လက်ရှိရန်ပုံငွေကလည်း အကန့်အသတ်ရှိနေချေသည်။ နတ်စွမ်းအင်ဆေးလုံး အလုံးနှစ်ဆယ်အတွက် စပေါ်ငွေကပင် အမှောင်ဒင်္ဂါး ၂၀၀ထရီလီယံ လိုအပ်ချေသည်။ ဤသည်မှာ သူ့အကန့်အသတ်ကို ရောက်နေပြီဖြစ်၏။သို့မဟုတ်ပါက သူ့အနေနှင့် အလုံးရှစ်ဆယ် သို့မဟုတ် တစ်ရာခန့် ယူလိုက်မည်ဖြစ်၏။
"ဆရာသခင်... ကျွန်တော် အခု ကံစမ်းမဲဘူး ဝယ်လို့ရပြီလား"
"ရတာပေါ့။ ကံစမ်းမဲဘူးက အမှောင်ဒင်္ဂါးတစ်ရာထရီလီယံ ကျတယ်"
"ဖူး..."
ထိုအဆင့်ရှစ်သက်ရှိမှာ သွေးအန်လုမတတ် ဖြစ်သွားချေသည်။ ဤကံစမ်းဘူးကလည်း ဤမျှစျေးကြီးလေသလား။ သူ့တွင် ငါးရာထရီလီယံသာ ကျန်တော့သည်။ ထိုငွေများကို ပြပွဲစတင်ပြီးနောက် အသုံးပြုရန်အတွက် ချန်ထားချင်သေးသည်။
သူသည် ကျန်းမုန့်လောင်၏ ကုန်သည်အကွက်ကို ကောင်းကောင်းသိမြင်ထားပြီးဖြစ်သော်လည်း ရွေးချယ်စရာမရှိပေ။ ဒေါသထွက်ချင်စရာကောင်းသော်လည်း ထိုလူမှာ တကယ့်အကောင်ကြီးတစ်ကောင် ဖြစ်နေပေသည်။
"ဆရာသခင်.. ကျွန်တော့်ကို တစ်ဘူးလောက် မဲနှိုက်ခွင့်ပြုပါ"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်က လင်းလုံဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။
"ဒါက ခင်ဗျားရဲ့မန်ဘာကတ်ဝင် လက်ဆောင်ပဲ။ ပြီးရင် ကံစမ်းမဲဘူးနှိုက်လို့ရပြီ"
လေထဲတွင် သပ်ရပ်စွာ စီစဉ်ထားသော သေတ္တာအလုံးနှစ်ရာ ပေါ်လာချေသည်။
"တစ်ဘူးနှိုက်လိုက်"
ဤသည်မှာ ကောထန်ဖန်တီးထားသော ပုံရိပ်ယောင်ပင်။ အကယ်၍ သက်ဆိုင်ရာပစ္စည်းကို မဲပေါက်သွားပါက တကယ့်အစစ်အမှန်နှင့် လာရောက်လဲလှယ်ရုံသာ။ ဖြစ်နိုင်ခြေ အခွင့်အရေးများနှင့် ပတ်သက်၍မူ..
ဟီးဟီး...
မာဟွားနှင့် တင်းဆန်ရှီတို့ကဲ့သို့သော ဂိမ်းလုပ်ငန်းရှင်ကြီးများ၏ အကျင့်ပျက်ခြစားမှုများအောက်တွင် ကျန်းမုန့်လောင်သည် သင်ခန်းစာကောင်းကောင်းရထားပြီးဖြစ်၏။
မာဟွားနှင့် တင်းဆန်ရှီတို့ ကုမ္ပဏီများတွင် အနိုင်ရရန် ၉၉ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိသည်ဟူသောစကားကို ယုံကြည်ခြင်းထက် ဝက်တစ်ကောင် သစ်ပင်တက်နိုင်သည်ဟူသော စကားကို ယုံကြည်လိုက်ခြင်းကမှ ပိုလွယ်ပေလိမ့်မည်။
အကယ်၍ သူတို့ဘက်က အဆင့်မြင့်ကိရိယာတန်ဆာပလာများ ရရှိရန် ၉၉ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိသည်ဟု ပြောလာလျှင် တကယ်တမ်း ၁ရာခိုင်နှုန်းလောက်သာ ဖြစ်နိုင်ခြေရှိပေမည်။ ဘာကြောင့်လဲဟု မမေးနှင့်။ ယခင်က ကျန်းမုန့်လောင်သည် ဤကိစ္စတွင် အလုံအလောက် ရှုံးခဲ့ပြီးဖြစ်၏။
"ကောထန်.. 'ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်'ဆိုတဲ့ ဖြစ်နိုင်ခြေကို ၉၀ရာခိုင်နှုန်းအထိ တင်လိုက်"
"ကျောင်းအုပ်ကြီး.. အဲဒါက နည်းနည်းလွန်လွန်းမနေဘူးလား"
ကောထန်ပင် မကြည့်ရက်တော့ပေ။
"ချီးကို လွန်ရမှာလား။ ၉၉ရာခိုင်နှုန်းအထိ မတင်လိုက်တာနဲ့တင် အရမ်းလူသားဆန်နေပြီ။ မာဟွာတို့လို လူတွေနဲ့ ယှဉ်လိုက်ရင် ငါက သဘောကောင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်ပါကွ"
"ခင်ဗျားက ကျောင်းအုပ်ကြီးပဲ။ ခင်ဗျားသဘောအတိုင်းပါပဲ"
ကောထန်က ကျန်းမုန့်လောင်၏အမိန့်ကို နာခံလိုက်သည်။
အဆင့်ရှစ်သက်ရှိက ကံစမ်းမဲဘူး အလုံးနှစ်ရာပေါ်တွင် အချိန်အတော်ကြာအောင် တဝဲလည်လည် ဖြစ်နေပြီးနောက် နောက်ဆုံးတွင် တစ်ဘူးကို ရွေးချယ်လိုက်သည်။
သူသည် ကံစမ်းမဲဘူးကို ဖွင့်လိုက်လေရာ အထဲတွင် အလွန်ရှေးကျသော စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ ထိုစာအုပ်ပေါ်တွင် "ကြီးမြတ်သော နေမင်းမိုးကြိုးခန္ဓာ" ဟူ၍ စာလုံးအနည်းငယ် ရေးသားထားသည်။
"သောက်ကျိုးနည်း... ဒီကောင်က ကံကောင်းတဲ့နိုင်ငံကများ လာတာလား"
ကျန်းမုန့်လောင် မျက်လုံးလှန်လိုက်သည်။ ပထမအကြိမ်မှာတင် ဆယ်ရာခိုင်နှုန်းသာ ဖြစ်နိုင်ခြေရှိသော ပစ္စည်းကို ပေါက်သွားသတဲ့လား။
"ထားလိုက်တော့။ မစွန့်စားဘဲ ဘာမှမရနိုင်ဘူးလေ"
ဤ"ကြီးမြတ်သော နေမင်းမိုးကြိုးခန္ဓာ"သည် "သိုင်းလောက" ထဲမှ ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာရပ်တစ်ခုဖြစ်ပြီး ကျန်းမုန့်လောင်အနေနှင့် ဆရာလင်းသုန်းထံမှ သင်ယူ၍ ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ထားခြင်းပင်။
ဤအသိပညာဖြင့် စိတ်ကူးယဉ်ဝတ္ထုများထဲတွင် ကျောက်စိမ်းပြားများဖြင့် သိမ်းဆည်းထားသော လျှို့ဝှက်ချက်မှတ်တမ်းများကဲ့သို့ တစ်ကြိမ်သာ အသုံးပြု၍ရသည့် ဒေတာအချက်အလက်တစ်ခုအဖြစ် ပြန်လည်တည်ဆောက်ခဲ့သည်။
"'ကြီးမြတ်သောနေမင်းမိုးကြိုးခန္ဓာ'သိုင်းကျမ်းကို မဲပေါက်တဲ့အတွက် ဂုဏ်ယူပါတယ်"
ကျန်းမုန့်လောင်က သိုင်းကျမ်းပါဝင်သည့် စွမ်းအင်သလင်းကျောက်တစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
"ဒါကို ခွဲလိုက်။ ပြီးရင် ဖြည်းဖြည်းချင်း နားလည်အောင် ကျင့်ကြံပေတော့"
အဆင့်ရှစ်သက်ရှိက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သလင်းကျောက်ကို ချက်ချင်းခွဲလိုက်လေရာ သတင်းအချက်အလက် အမြောက်အများက သူ့ဦးနှောက်ထဲသို့ ချက်ချင်းစီးဝင်သွားသည်။ ခဏကြာသည်အထိ သူ မှင်တက်သွားပြီးနောက် အရူးတစ်ယောက်အလား သွေးရူးသွေးတမ်း ရယ်မောလိုက်လေတော့သည်။
"ဒါက... ဒါက... ဟားဟားဟား... ဟားဟားဟား..."
************************
အခန်း ၈၆၆ - ခင်ဗျားတို့အနေနဲ့ အမြင့်ဆုံးအဆင့်ဗီအိုင်ပီအဖြစ် အဆင့်မြှင့်တင်ဖို့ ဆန္ဒမရှိသရွေ့တော့
"ဟားဟားဟား... လောကကြီးမှာ ဒီလောက် အစွမ်းထက်တဲ့ သိုင်းကျမ်းမျိုး ရှိနေလိမ့်မယ်လို့ ငါ လုံးဝထင်မထားခဲ့ဘူး။ ဟားဟားဟား... ဒါက တန်ဖိုးဖြတ်လို့မရတဲ့ အရာပဲ"
"အန်းဇယ်... မင်း ဘာများမဲပေါက်သွားတာလဲ"
ဝမ်းသာလုံးဆို့နေသော သူ့အမူအရာကို မြင်လိုက်ရသဖြင့် အခြားအဆင့်ရှစ်သက်ရှိတစ်ယောက်က မနေနိုင်ဘဲ လှမ်းမေးလိုက်သည်။
"ဒီသိုင်းကျမ်းက အနည်းဆုံးတော့ အဆင့်ရှစ် သိုင်းကျမ်းတစ်ခုပဲ"
ယခုအချိန်အထိပင် သူ့ခမျာ ယုံကြည်ရန် ခဲယဉ်းနေဆဲပင်။
သိုင်းကျမ်းဟုခေါ်သော ဤအရာသည် စကြဝဠာ၏ နည်းပညာမျိုးနွယ်စုနှင့် သိုင်းပညာမျိုးနွယ်စုတို့ ပေါင်းစပ်ထားခြင်းပင်။ ဤသည်မှာ လူသားစွမ်းအင်၏ အမြင့်ဆုံး အလားအလာကို ဖော်ထုတ်ရန် သိပ္ပံနည်းအကျဆုံး နည်းလမ်းများကို အသုံးပြုထားပြီး စကြဝဠာ၏ နိယာမတရားများကို နားလည်သဘောပေါက်မှုတချို့နှင့် ပေါင်းစပ်ကာ အဆုံးတွင် ပြီးပြည့်စုံသော သိုင်းကျမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲထားခြင်းပင်။
သိုင်းကျမ်းများကို ဖန်တီးသူများအနေနှင့် တရားဝင်ထုတ်ဖော်ပြသလေ့မရှိသောကြောင့် ဤအရာများမှာ အလွန်တရာ အဖိုးတန်လှသည်။ သိုင်းကျမ်းတစ်ခုက ပိုအစွမ်းထက်လေလေ ပိုရှားပါးလေလေဖြစ်ပြီး သူ့တန်ဖိုးကလည်း ထိုအချက်အပေါ် မူတည်၍ မြင့်တက်လာသည်။
စိတ်ကူးယဉ်ဝတ္ထုများ၏ကမ္ဘာနှင့် လက်တွေ့ကမ္ဘာတို့တွင် လုံးဝကွဲပြားခြားနားသော ကမ္ဘာ့အမြင်များ ရှိကြသည်။ ရိုးရိုးသားသားပြောရလျှင် "ကြီးမြတ်သော နေမင်းမိုးကြိုးခန္ဓာ" သိုင်းကျမ်းသည် ထိုကမ္ဘာ့အမြင်တွင် အဆင့်ခပ်မြင့်မြင့်မှာ မရှိသော်လည်း ဤလောကတွင်မူ အာနိသင်များမှာ အဆမတန် ကြီးမားကျယ်ပြန့်နေပေသည်။
သတင်းအချက်အလက်များကို စိစစ်ပြီးနောက် "ကြီးမြတ်သော နေမင်းမိုးကြိုးခန္ဓာ" မှာ အနည်းဆုံး အဆင့်ရှစ်သိုင်းကျမ်းတစ်ခုဖြစ်ကြောင်း သူ ကောက်ချက်ချလိုက်သည်။
"အဆင့်ရှစ်သိုင်းကျမ်း ဟုတ်လား"
အခြားအဆင့်ရှစ်သက်ရှိများမှာ မျက်လုံးအပြူးသား ဖြစ်သွားလေသည်။
ထိပ်တန်းသိုင်းပညာရှင်ကြီးများမှာ ဤအဆင့်ရှိသော သိုင်းကျမ်းများကို လုံးဝလက်ဆင့်ကမ်းလေ့မရှိကြဘဲ နှစ်ထောင်ပေါင်း သို့မဟုတ် သန်းဆယ်ချီကြာအောင် သန့်စင်ပြီးနောက် အယုံကြည်ရဆုံး တပည့်များကိုသာ သင်ကြားပေးလေ့ရှိသည်။
လူသိရှင်ကြား ရောင်းချခြင်းဆိုသည်မှာမူ အနည်းဆုံး နှစ်သန်းပေါင်းများစွာအတွင်း တစ်ခါမှမဖြစ်ခဲ့ဖူးပေ။
သူ့မှတ်ဉာဏ်ထဲတွင် အဆင့်ရှစ်သိုင်းကျမ်းတစ်ခု နောက်ဆုံးပေါ်ထွက်လာခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း၁၂သန်းခန့်က စကြဝဠာ ကုန်သွယ်ရေးဈေးကွက်မှ ကျင်းပသော လေလံပွဲတစ်ခုတွင် ဖြစ်ပေလိမ့်မည်။
ထိုသိုင်းကျမ်းကား လွန်ခဲ့သည့် နှစ်သန်းဆယ်ချီကတည်းက ပျက်စီးသွားခဲ့သော မျိုးနွယ်စုတစ်ခုထံမှ ဆင်းသက်လာခြင်းပင်။ ထိုအရာကို မျှော်စင်မြင့်တစ်ခုထဲတွင် ထားရစ်ခဲ့ပြီး ကျောက်စာတိုင်တစ်ခုပေါ်တွင် ရေးထိုးထားကာ မည်သည့်သတင်းအချက်အလက်ကိုမှ သိမ်းဆည်းထားခြင်းမရှိဘဲ မှေးမှိန်နေသော လက်သီးရာတစ်ခုသာ ပါရှိသည်။
သို့သော် ထိုလက်သီးရာကို ထိတွေ့လိုက်ရုံမျှဖြင့် ထိုမျိုးနွယ်စုအရှင်သခင်၏ အနိုင်ယူ၍မရနိုင်သော ပုံရိပ်နှင့် စကြဝဠာတစ်ခုလုံးကို အံ့မခန်းဖြစ်စေခဲ့သော လက်သီးချက်အကြောင်း မျက်မြင်တွေ့နိုင်ပေသည်။ ထိုလက်သီးချက်နှင့် ပတ်သက်သမျှ အရာအားလုံးကို ဤလက်သီးရာမှတစ်ဆင့် မှတ်တမ်းတင်ထားခြင်းပင်။
ဤကျောက်ပြားတစ်ခုတည်းကတစ်ဆင့် ၎င်းကို ထိတွေ့ခြင်းဖြင့် ထိုလက်သီးချက်အတွင်း ပါဝင်သော သိုင်းပညာရပ်များကို နားလည်သဘောပေါက်စေနိုင်သည်။
လေလံပွဲတွင် ထိုကျောက်ပြားကို ကြယ်ပေါင်း ငါးသန်းကျော်ဖြင့် ရောင်းချခဲ့ပြီး ၎င်းမှာ အဆင့်ငါးသိုင်းလက်နက်တစ်ခုနှင့် ယှဉ်နိုင်သော ဈေးနှုန်းပင်တည်း။
ထိုကျောက်ပြားပေါ်ရှိ သတင်းအချက်အလက်အားလုံးမှာ ကိုယ်တိုင်နားလည်သဘောပေါက်ရန် လိုအပ်သည်ဟု ဆိုကြပြီး ဝယ်ယူသူမှာ အခြေခံအဆင့်ကို နားလည်နိုင်ရန်အတွက်ပင် နှစ်သိန်းပေါင်းများစွာ အချိန်ယူခဲ့ရသည်ဟု ဆို၏။
သို့သော် ကျန်းမုန့်လောင် သူ့ကို ယခုတင် ပေးလိုက်သော သလင်းကျောက်ထဲတွင် မှတ်တမ်းတင်ထားသည့် သတင်းအချက်အလက်များမှာ အံ့မခန်းဖွယ်ကောင်းလောက်အောင် အသေးစိတ်ကျလှပြီး ဤသိုင်းကျမ်း၏ ကျင့်စဉ်နည်းလမ်းမှစ၍ နောက်ဆုံးအဆင့် အသုံးချပုံအထိ အသေးစိတ်ဖော်ပြထားသည်။ တစ်ဦးတစ်ယောက်၏ ပါရမီက အလွန်ညံ့ဖျင်းမနေသရွေ့ အနည်းငယ်ကြိုးစားအားထုတ်လိုက်ရုံဖြင့် ကျွမ်းကျင်ပိုင်နိုင်ရန် လုံလောက်ပေသည်။
အဆင့်ရှစ်သက်ရှိအဖြစ် တက်လှမ်းနိုင်ခဲ့သူ တစ်ဦးမှာ ပါရမီညံ့ဖျင်းနေနိုင်ပါ့မလား။
ဤအမှောင်ဒင်္ဂါး၈၈၈ထရီလီယံမှာ သူ့အတွက် မူလတန်ဖိုးထက် ဆယ်ဆမက သာလွန်သော အကျိုးအမြတ်များကို ယူဆောင်လာပေးသည်။
"ဆရာသခင်... ကျွန်တော် ကံစမ်းမဲဘူး နောက်တစ်ဘူး ထပ်ဝယ်လို့ရမလား"
အန်းဇယ်ဟုအမည်ရသော အရှင်သခင်က စိတ်အားထက်သန်စွာ မေးလိုက်သည်။ ယခုတစ်ကြိမ် ရရှိလိုက်သော အကျိုးအမြတ်မှာ သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေပြီး စကြဝဠာအတွင်း အကြီးဆုံးလေလံပွဲတွင်ပင် ဤမျှကြီးကျယ်ခမ်းနားသော လေလံပစ္စည်းမျိုး ပေါ်လာမည်မဟုတ်ပေ။
သူ့တွင် အမှောင်ဒင်္ဂါးလေးရာထရီလီယံ ကျန်နေသေးသည်။ အကယ်၍ သူသာ ကံကောင်းသွားလျှင်... ကျွတ် ကျွတ် ကျွတ်... မတွေးဝံ့စရာပင်။
"တောင်းပန်ပါတယ်။ စိန်အဆင့်ဗီအိုင်ပီတွေက ကံစမ်းမဲဘူးတစ်ဘူးပဲ မဲနှိုက်ခွင့်ရှိတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
သောက်ကျိုးနည်း.. ဒီကောင်က တော်တော်ကံကောင်းတဲ့ကောင်ပဲ။
ဤကဲ့သို့သောအရာများမှာ သူ့အတွက် များစွာတန်ဖိုးမရှိလှပေ။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ စာကြည့်တိုက်တွင် အများအပြား ရှိနေသော်လည်း ဤလူများကို အခွင့်အရေးမယူစေချင်ပေ။
"ဆရာသခင်.. ကံစမ်းမဲဘူးနှိုက်ဖို့ တခြားနည်းလမ်းရော မရှိတော့ဘူးလား"
အန်းဇယ်က လက်လျှော့ရန် ဆန္ဒမရှိသေးပေ။
"တစ်ခါကို နှစ်ရာထရီလီယံကျမယ်ဆိုရင်တောင် ရပါတယ်"
"ဒါက မူဝါဒနဲ့ဆိုင်တဲ့ ကိစ္စပဲ"
ကျန်းမုန့်လောင်က လေးနက်စွာ ပြောလိုက်သည်။
"စိန်အဆင့်ဗီအိုင်ပီကနေ အမြင့်ဆုံးအဆင့် ဗီအိုင်ပီအဖြစ် အဆင့်မြှင့်တင်ဖို့ အမှောင်ဒင်္ဂါး ၈၈၈၈၈ထရီလီယံသုံးဖို့ ဆန္ဒမရှိသရွေ့တော့ မရဘူး။ အဲဒီလို အဆင့်မြှင့်ပြီးသွားရင်တော့ ကံစမ်းမဲဘူးတွေကို အကန့်အသတ်မရှိ မဲနှိုက်ခွင့်ရလိမ့်မယ်"
"အဟွတ် အဟွတ်..."
အဆင့်ရှစ်သက်ရှိတစ်ဦးအတွက်ပင် မတန်တဆများပြားလှသော ဤပမာဏကို ကြားလိုက်ရချိန်ဝယ် သွေးအန်လုမတတ် ဖြစ်သွားရသည်။ ဤနေရာရှန လူသောင်းဂဏန်း၏ စုစုပေါင်းပိုင်ဆိုင်မှုများ ပေါင်းလိုက်လျှင်ပင် ဤပမာဏကို ရနိုင်မည်မဟုတ်ပေ။
ကျန်းမုန့်လောင်အနေနှင့် အရှုံးမခံနိုင်သည်မှာ သိသာလှသည်။ အကယ်၍ အရှုံးမခံနိုင်လျှင် ကံစမ်းမဲဘူးဂိမ်းကို ဘာကြောင့် ကစားနေသေးသလဲ။
သို့သော် ကျန်းမုန့်လောင်၏အကြည့်က သူ့ကို ဤသို့ပြောနေချေသည်။
"ငါက အရှုံးမခံနိုင်ဘူး။ ဒါပေမဲ့ မင်း သိပ်စွမ်းတယ်ဆိုရင် ငါ့ကို အနိုင်ယူကြည့်ပေါ့။ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်က ငါ့ဆီမှာပဲ ရှိတာဆိုတော့ မင်း ဘာတတ်နိုင်မှာလဲ"
"တော်တော်ကံမကောင်းတာပဲ"
အန်းဇယ် ခေါင်းခါယမ်းလိုက်လေသည်။ အနည်းငယ် စိတ်ပျက်သွားသော်လည်း ယခုတစ်ကြိမ်တွင် သူ သေချာပေါက် အမြတ်ထွက်လိုက်သည်။ ဤဖြစ်ရပ်က စကြဝဠာတစ်ခုလုံးကို မနာလိုဖြစ်သွားစေရန် လုံလောက်ပေသည်။
"ဆရာသခင်.. နောက်နောင် တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုသာ ဖုန်းဆက်လိုက်ပါ။ ကျွန်တော် ချက်ချင်းရောက်လာခဲ့မယ်။ လောလောဆယ်တော့ ကျွန်တော့်ကို ခွင့်ပြုပါဦး"
"ကောင်းပြီလေ။ နောက်တစ်ခါကျရင် ပိုက်ဆံပိုယူလာဖို့ မမေ့နဲ့ဦး"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"နောက်တစ်ခါကျရင် ငါ အထူးကံစမ်းမဲဘူးအစီအစဉ် လုပ်ချင်လုပ်ဖြစ်မှာ"
အန်းဇယ် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ထိုနေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
အဆင့်ရှစ်သိုင်းကျမ်းတဲ့လား။
ဘယ်လိုအနေအထားမျိုးနှင့်အိပ်မှ ဤအရာမျိုးကို အိပ်မက်မက်နိုင်မလဲ။
"ဆရာသခင်.. ကျွန်တော် စိန်အဆင့်ဗီအိုင်ပီကို အဆင့်မြှင့်ချင်တယ်"
"ဆရာသခင်... ကျွန်တော်လည်း အဆင့်မြှင့်ချင်တယ်"
ငွေအလုံအလောက်ရှိသူများက ရဲဝံ့စွာ ရှေ့ထွက်လာကြပြီး ငွေမရှိသူများမှာမူ အမှောင်ဒင်္ဂါးများကို ပိုမစုဆောင်းမိခဲ့သည့်အတွက် နောင်တရရုံသာ တတ်နိုင်ကြသည်။
"လောလောဆယ်တော့ ပြန်ကြပါဦး။ မနက်ဖြန်လည်း ရှိပါသေးတယ်"
"ဟုတ်တယ်။ အမှောင်ဒင်္ဂါး ၈၈၈ထရီလီယံ စုလာရမယ်။ ကံစမ်းမဲဘူးထဲကနေ ဘာပဲမဲပေါက်ပေါက် သေချာပေါက်မရှုံးဘူး"
...
ဤစကြဝဠာထဲတွင် လူချမ်းသာများ များပြားလှကြောင်း တွေ့လိုက်ရသဖြင့် ကျန်းမုန့်လောင်မှာ မအံ့သြဘဲ မနေနိုင်တော့ပေ။
ကြီးမားလှသော အရေအတွက်ကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် အမှောင်ဒင်္ဂါး၈၈၈ထရီလီယံမှာ ကြယ်ပေါင်း ၈၈၈၀၀ခန့်ရှိပြီး အဆင့်ငါးအခြေခံမျိုးနွယ်စုပေါင်းတစ်သောင်း၏ ပိုင်ဆိုင်မှုနီးနီး ရှိပေသည်။
ဤလူသောင်းဂဏန်းထဲတွင် ထိုမျှကြွယ်ဝသော ပိုင်ဆိုင်မှုများကို ပေးနိုင်သူကား အယောက်နှစ်ဆယ်ကျော် ရှိနေခဲ့သည်။
သူတို့၏ရန်ပုံငွေများအပေါ် အခြေခံ၍ သူတို့သည် တိုက်ပွဲဧကရာဇ်ဆေးလုံးများနှင့် လင်းလုံဆေးလုံးများ အမြောက်အများကို ကြိုတင်မှာယူခဲ့ကြသည်။ ယခုတစ်ခေါက် ခရီးစဉ်အတွက် သူတို့၏ အဓိကရည်မှန်းချက်ကလည်း ဤဆေးလုံးများထံမှ စိန်အဆင့်ဗီအိုင်ပီကံစမ်းမဲဘူး အခွင့်အရေးသို့ ပြောင်းလဲသွားခဲ့သည်။
"တောင်းပန်ပါတယ်။ ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
"အာ.. မင်း ဒီတလော အိမ်သာတက်ပြီး လက်မဆေးဘဲနေတာလား။ ၁ရာခိုင်နှုန်းပဲ ဖြစ်နိုင်ခြေရှိတာကို ပေါက်ရတယ်လို့"
"ကျွတ် ကျွတ် ကျွတ်... ညီအစ်ကိုရေ မင်း တော်တော်ကံဆိုးတာပဲ"
ကံကောင်းသူများဆိုသည်မှာ လူနည်းစုသာ။ ကျန်းမုန့်လောင်၏ ၉၀ရာခိုင်နှုန်းရှိသော 'ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်'ဟူသော ဖြစ်နိုင်ခြေအောက်တွင် ဤအယောက်နှစ်ဆယ်ကျော်ထဲမှ လူအများစုကား ကျန်းမုန့်လောင်၏ အမြတ်ထုတ်ခြင်းကို ခံလိုက်ရပြီး ကံကောင်းသူသုံးဦးသာလျှင် သိုင်းကျမ်းများကို မဲပေါက်သွားသည်။
ကျန်းမုန့်လောင်အတွက်တော့ ဤကဲ့သို့သောအရာများက ဈေးအပေါဆုံးပင်။ သူသည် အလားတူအဆင့်ရှိသော သိုင်းပညာရပ်သုံးခုကို ရှာဖွေပြီး ထုတ်ပေးလိုက်လေရာ သူတို့ခမျာ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးဖြီးသွားကြတော့သည်။
ကံဆိုးသူများမှာမူ မျက်နှာငယ်လေးဖြင့် ကျန်းမုန့်လောင်ကိုကြည့်ကာ ဘဝကို မေးခွန်းထုတ်စပြုလာကြသည်။
"ဆရာသခင်...ခင်ဗျားရဲ့ကံစမ်းမဲဘူးတွေက ဖြစ်နိုင်ခြေအပိုင်းမှာ တစ်ခုခုများ မှားနေတာလား"
"ဟုတ်တယ် ဆရာသခင်... အယောက်နှစ်ဆယ်ကျော်မှာ သုံးယောက်ပဲ မဲပေါက်တာဆိုတော့ 'ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်'ဆိုတာက ဘယ်လိုလုပ်ပြီး ၁ရာခိုင်နှုန်းပဲ ဖြစ်နိုင်မှာလဲ"
"မင်းတို့က ငါ တစ်ခုခုကြံစည်ထားတယ်လို့ သံသယဝင်နေကြတာလား"
ကျန်းမုန့်လောင်က မျက်နှာပြောင်တိုက်၍ ပြန်ဖြေလိုက်သည်။
ရင်ထဲတွင်မူ အားလုံးက ထိုသို့တွေးထင်နေကြသော်လည်း မည်သူကမှ ထုတ်မပြောရဲကြပေ။ အကယ်၍ ပြောလိုက်မိပါက တစ်သက်လုံး ကျန်းမုန့်လောင်ကို စော်ကားလိုက်သလို ဖြစ်သွားပေမည်။
ထို့ပြင် သူတို့အနေနှင့် ကံစမ်းမဲမပေါက်လျှင်ပင် ကြိုတင်မှာယူထားသော နတ်စွမ်းအင်ဆေးလုံးအသုတ်မှာ အရင်းကျေစေရန် လုံလောက်ပေသည်။
စကြဝဠာဒင်္ဂါးတစ်ရာထရီလီယံ တန်ဖိုးရှိသော နတ်စွမ်းအင်ဆေးလုံးများမှာ ဆရာသခင် ထွက်သွားပြီးနောက် အဆပေါင်းများစွာ တန်ဖိုးထိုးတက်သွားမည်ဖြစ်ရာ အချို့ဆိုလျှင် ဆယ်ဆဈေးနှုန်းဖြင့်ပင် ဝယ်ယူကောင်း ဝယ်ယူနိုင်ပေရာ ထိုအရာမှာ မဖြစ်နိုင်တာတော့ မဟုတ်ချေ။
"ဖြစ်နိုင်ခြေဆိုတာက ဒီလိုပဲ ဆန်းကြယ်တယ်လေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းနဲ့ ရေစက်ပါရင် မင်းအပိုင်ပဲ။ မင်းအပိုင် မဟုတ်ရင်လည်း အတင်းအကျပ်လုပ်ယူလို့ မရဘူး။ နားလည်လား"
...
နောက်တစ်နေ့တွင်လည်း အရောင်းအဝယ်က ကောင်းမွန်နေဆဲဖြစ်ပြီး ကျန်းမုန့်လောင်သည် ကံစမ်းမဲဘူးများ၏ ဆွဲဆောင်မှုကို အသုံးပြု၍ အမြတ်အစွန်းနောက်တစ်သုတ်ကို ထပ်မံရိတ်သိမ်းလိုက်ပြန်သည်။
"ကဲ အားလုံးပဲ... ငါက ဒီကို ဘဝအတွေ့အကြုံ ယူဖို့သက်သက် ရောက်လာခဲ့တာ။ မနက်ဖြန်ကစပြီး ငါ ဒီမှာ ဆိုင်လာဖွင့်တော့မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ဆိုင်သိမ်းလိုက်သည်။
"ဂရုထဲဝင်ဖို့ မမေ့ကြနဲ့ဦး။ အင်း... တတိယဂရုက ပြည့်သွားပြီဆိုတော့ စတုတ္ထဂရုကိုဝင်လို့ရတယ်။ နောက်ပိုင်းမှာ ဘာအစီအစဉ်တွေရှိလာမလဲဆိုတာ မင်းတို့အားလုံးကို ကြိုအသိပေးပါ့မယ်"
ကျန်းမုန့်လောင်က အာကာသကူးပြောင်းရေးဆုံမှတ်ကို အသုံးပြု၍ ကုန်သွယ်ရေးဈေးကွက်မှ ထွက်ခွာသွားချေသည်။ သူ ပြန်ပေါ်လာချိန်တွင်မူ ဝူယန်ဇူ၏မျက်နှာနှင့် ကွဲပြားခြားနားသော အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။
"ကောထန်.. ဒီတစ်ခါ ငါ ဘယ်လောက်ရခဲ့လဲဆိုတာ ကူတွက်ပေးပါဦး"
"ကျောင်းအုပ်ကြီး... ဒီတစ်ကြိမ် ခင်ဗျား စုစုပေါင်း အမှောင်ဒင်္ဂါး ၅၇ကွာဒရီလီယံလောက် ရလိုက်ပါတယ်။ စကြဝဠာထဲမှာ လည်ပတ်နေတဲ့ အမှောင်ဒင်္ဂါးအားလုံးရဲ့ သုံးဆယ်ရာခိုင်နှုန်းက ခင်ဗျားဆီမှာ ရောက်နေတာပါ"
"ဝူးဟူး"
************************
အခန်း ၈၆၇ - ရီထျန်းဂိုဏ်း၏ တတိယမျိုးဆက်တပည့်များ
"ဘယ်သူလဲ။ ထွက်လာခဲ့စမ်း"
ကုန်သွယ်ရေးဈေးကွက်မှ ထွက်လာကတည်းက သူ့နောက်သို့ တစ်စုံတစ်ယောက် လိုက်လာနေသည်ဟု ကျန်းမုန့်လောင် ခံစားခဲ့ရသည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် အာကာသကူးပြောင်းမှုအတွင်း သူ့အရှိန်အဝါနှင့် ရုပ်သွင်ကို ပြောင်းလဲခဲ့ပြီးဖြစ်လေရာ သူ့ကို မည်သူကမှ မှတ်မိစရာ အကြောင်းမရှိပေ။
"ထွက်မလာသေးဘူးလား"
ကျန်းမုန့်လောင်၏ လေသံမှာ အနည်းငယ် အေးစက်သွားသည်။ သူသည် အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ပတ်သက်လာလျှင် ဘယ်သောအခါမှ တွန့်ဆုတ်လေ့မရှိပေ။ သူသည် စကြဝဠာမြေအောက်ဈေးအတွင်း၌ ရှိနေသော်လည်း မည်သည့်အန္တရာယ်မျိုးကိုမဆို တစ်ခါတည်းရင်ဆိုင်ဖြေရှင်းရန် ခွန်အားအမှတ်များကို အသုံးပြုဖို့ အမြဲအသင့်ပြင်ထားပြီးဖြစ်၏။
ထိုအချိန်တွင် အရွယ်မရောက်သေးဟန်တူသည့် ကလေးတစ်ယောက်က ထောင့်တစ်နေရာမှ ထွက်လာခဲ့သည်။
"ကလေးလေးလား"
ကျန်းမုန့်လောင် အနည်းငယ် အံ့သြသွားသည်။
ဤစကြဝဠာမြေအောက်ဈေးသို့ လာရောက်သူများမှာ ဝင်ခွင့်လက်မှတ်အတွက် စကြဝဠာဒင်္ဂါး သောင်းချီပေးချေနိုင်စွမ်းရှိမရှိ စိစစ်ခံထားရပြီးဖြစ်ရာ အနည်းဆုံးတော့ အဆင့်နှစ်နှင့်အထက် မျိုးနွယ်စုများအဖြစ် သတ်မှတ်နိုင်သည်။ သူတို့သည် ဆင်းရဲနေလျှင်ပင် စကြဝဠာအတွင်းရှိ လူလတ်တန်းစားများအဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။
သို့သော် ဤကလေး၏ ဝတ်စားဆင်ယင်ပုံမှာ စုတ်ပြတ်သတ်နေသည်ဟုသာ ဆိုရပေမည်။ သူနှင့် ကမ္ဘာမြေသားများအကြား အနည်းငယ် ရုပ်သွင်ကွဲပြားသည်ကလွဲလျှင် သူ့ကို လမ်းပေါ်တွင် တွေ့ခဲ့မည်ဆိုပါက လေလွင့်နေသော ကလေးတစ်ယောက်ဟုပင် ထင်မှတ်နိုင်သည်။
ဤကဲ့သို့သော ကောင်လေးက သောင်းချီတန်သော လက်မှတ်တစ်စောင်ကို မည်သို့ ရရှိနိုင်မည်နည်း။ သူ ခိုးဝင်လာခဲ့ခြင်းများလား။
ထိုကဲ့သို့သော စစ်ဆေးရေးဂိတ်များကို မည်သူမှ ခိုးဝင်နိုင်လိမ့်မည်ဟု ကျန်းမုန့်လောင် မယုံကြည်ပေ။
"ဆရာသခင်.. ကျွန်တော် ခင်ဗျားဆီက ပညာသင်ချင်ပါတယ်။ ကျွန်တော် ဘယ်လို ဆင်းရဲဒုက္ခမျိုးကိုမဆို သည်းခံနိုင်ပါတယ်။ အရမ်းလည်း စကားနားထောင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခင်ဗျားနောက် လိုက်ခွင့်ပြုပါ"
ကျန်းမုန့်လောင် ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် ထိုကလေးက သူ့အရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
ပတ်ဝန်းကျင်ရှိ လူတချို့က သူတို့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြပြီဖြစ်ရာ ကျန်းမုန့်လောင်လည်း ကလေးကို ဆွဲထူလိုက်သည်။ အကယ်၍ သူ့ကို မှတ်မိသွားပါက ရုတ်ရုတ်သဲသဲ ထပ်ဖြစ်သွားနိုင်ပေသည်။
စကြဝဠာမြေအောက်ဈေးအတွင်းရှိ လူတိုင်းနီးပါးက လျှို့ဝှက်ဆန်းကြယ်သော ဤဆရာသခင်ကို ရှာဖွေနေကြသည်။ အချို့က သူ့ထံမှ ဆေးလုံးများနှင့် ကံစမ်းမဲဘူးများကို ဝယ်ယူရန် မျှော်လင့်နေကြပြီး အချို့ကမူ သူတို့၏ မျိုးနွယ်စုများသို့ ဖိတ်ခေါ်ချင်ကြသည်။ အချို့မှာမူ ရိုးသားမှုမရှိသော ရည်ရွယ်ချက်များ ရှိနေကြသည်။
မည်သို့ပင်ဆိုစေကာမူ အပြင်လူများ၏ အမြင်တွင် ကျန်းမုန့်လောင်သည် မည်မျှပင်အစွမ်းထက်နေပါစေ အဆင့်လေးသက်ရှိတစ်ဦးသာ ဖြစ်နေသေးသည်။ သူ့အဆက်အသွယ်များက ကျယ်ပြန့်နေလျှင်ပင် သူစွမ်းအားအစစ်အမှန်က အားနည်းနေသဖြင့် အခြားသူများကို အခွင့်အရေးပေးသလို ဖြစ်သွားနိုင်ပေသည်။
ထို့ပြင် သူသည် ငွေကြေးအမြောက်အများကို သယ်ဆောင်ထားသည်ဖြစ်ရာ တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေခြင်းက ပိုကောင်းပေသည်။
"ငါ့ကို မင်း ဘယ်လိုမှတ်မိတာလဲ"
ကျန်းမုန့်လောင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဆရာသခင်.. ခင်ဗျားရဲ့ရုပ်သွင်နဲ့ အရှိန်အဝါကို ပြောင်းလဲထားပေမဲ့ ခင်ဗျားဝိညာဉ်ရဲ့ အနံ့ကို ကျွန်တော်ရနေလို့ပါ"
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင်လည်း တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
"ငါ့ကို စိတ်လွန်ပညာအကြောင်း လာပြောနေတာလား"
"ကောထန်.. ဒီကလေးရဲ့နောက်ခံသမိုင်းကြောင်းကို နည်းနည်းလောက် စစ်ဆေးပေးစမ်း"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
အမည် : ဂါနေး
မျိုးနွယ် : မိုဟာမျိုးနွယ်စု
သက်ရှိအဆင့် : အဆင့်တစ်အဆင့်မြင့်
အလားအလာညွှန်းကိန်း : ၉၇
အကဲဖြတ်ချက် : ဤလူငယ်လေးတွင် ထူးကဲသော အရိုးတည်ဆောက်ပုံ ရှိသည်။ ရာစုနှစ်တစ်ခုအတွင်း တစ်ခါသာ ပေါ်ထွန်းနိုင်သော သိုင်းပါရမီရှင်တစ်ဦးဟု မြင်သည်။
"အလားအလာညွှန်းကိန်းက မြင့်လှချည်လား"
လက်ရှိအချိန်အထိ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆရာများကလွဲလျှင် ဂါနေးဟု အမည်ရသော ဤကလေးထက် ပိုမြင့်မားသည့် အလားအလာညွှန်းကိန်းပိုင်ရှင်ကို ကျန်းမုန့်လောင် တစ်ခါမှမတွေ့ဖူးပေ။ သူသိသော အဆင့်ရှစ်သက်ရှိများထဲတွင် အမြင့်ဆုံးညွှန်းကိန်းမှာ ၈၁သာ ရှိသည်။
မျိုးနွယ်စုတစ်ခု၏ အလားအလာညွှန်းကိန်း ရှစ်ဆယ်ကျော်အထိ မြင့်တက်လာရန်အတွက် အနည်းဆုံး နှစ်သန်းပေါင်းဆယ်ဂဏန်းကြာအောင် ဖွံ့ဖြိုးတိုးတက်မှုနှင့် မျိုးရိုးဗီဇ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် လိုအပ်ပေသည်။ ၉၇ဟူသည့် ကိန်းဂဏန်းမှာမူ အံ့မခန်း မြင့်မားလွန်းလှသည်။
"ထူးဆန်းလိုက်တာ။ အလားအလာညွှန်းကိန်း အမြင့်ကြီးရှိတာတောင် အဆင့်တစ်အဆင့်မြင့် သက်ရှိအဆင့်ပဲ ရှိနေတာလား"
ပုံမှန်အားဖြင့်ဆိုလျှင် အလားအလာညွှန်းကိန်းမြင့်မားသူများမှာ မွေးရာပါသက်ရှိအဆင့်လေး သို့မဟုတ် ငါးအထိ ပါရှိတတ်ကြသည်။
အလားအလာညွှန်းကိန်း၉၇ရှိသည့်တိုင် ဤသက်ရှိအဆင့်သာ ရှိနေခြင်းမှာ စင်စစ်ထူးဆန်းလှပေသည်။
"ကောထန်... မင်းဆီမှာ မိုဟာမျိုးနွယ်စုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုခုများ ရှိလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ကျွန်တော် ရှာကြည့်လိုက်မယ်"
ကောထန်က ပြော၏။
"ဒီမျိုးနွယ်စုက ကျွန်တော် ကမ္ဘာမြေကို မရောက်ခင်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်နိုင်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အချက်အလက်ကွန်ရက်ကို အဆင့်မြှင့်တင်ဖို့ လိုနေပြီ"
ခဏအကြာတွင် ကျန်းမုန့်လောင်လိုအပ်နေသော သတင်းအချက်အလက်ကို ကောထန် ရှာတွေ့လိုက်သည်။
"ဒီမျိုးနွယ်စုက တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်"
"ဘာကို ဆိုလိုတာလဲ"
"ဒီမျိုးနွယ်စုက အခြေခံအားဖြင့်တော့ မျိုးတုံးသွားပါပြီ"
ကောထန်က ဆို၏။
"စကြဝဠာမျိုးနွယ်စုတွေထဲက သက်ရှိအများစုက ကာဗွန်အခြေပြုထားတာပါ။ လူနည်းစုကတော့ ဆီလီကွန်နဲ့ တခြားဒြပ်စင်တွေကို အခြေပြုထားတယ်။ သူတို့မျိုးနွယ်စုကတော့ ကမ္ဘာမြေရဲ့ ဒြပ်စင်အလှည့်ကျဇယားမှာ မပါဝင်တဲ့ ကာဗွန်အိုင်ဆိုတုပ်အမျိုးအစားတစ်ခုနဲ့ ဖွဲ့စည်းထားတယ်"
"ဒစကြဝဠာထဲက ဒီသက်ရှိတွေက အံ့သြစရာတွေချည်းပဲ"
"သူတို့ကို မရေမတွက်နိုင်တဲ့ စကြဝဠာမျိုးနွယ်စုတွေထဲမှာ အထူးဆန်းဆုံးလို့ သတ်မှတ်သင့်တယ်"
ကောထန်က ပြောပြန်သည်။
"သူတို့တွေက မွေးရာပါအားနည်းကြပြီး သက်ရှိအဆင့်တွေကို ဆင့်ကဲပြောင်းလဲဖို့အတွက် သိုင်းပညာကျင့်ကြံဖို့ မလိုပါဘူး"
"ဒါဆို သူတို့က ဘာကိုအားကိုးကြတာလဲ"
"သတ္တုတွေကို မျိုချတာပါ"
"သောက်ကျိုးနည်း... 'ကြယ်စင်ကောင်းကင်ကို မျိုချခြင်း' ထဲက ရွှေချိုသားရဲတွေလိုမျိုး သတ္တုတွေကို မျိုချတာလား"
"အဲဒီလိုပါပဲ"
ကောထန်က ပြန်ဖြေသည်။
"သီအိုရီအရ သတ္တုအလုံအလောက်ရှိနေသရွေ့ သူတို့က အတားအဆီးမရှိဘဲ သက်ရှိအဆင့်တွေကို ချိုးဖြတ်နိုင်ပါတယ်"
"ဒါပေမဲ့ ဒါက သူတို့အတွက် ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်ချင်မှဖြစ်မယ်လို့ ငါထင်တယ်"
"အမှန်ပါပဲ"
ကောထန်က အချက်အလက်အချို့ကို ရှာတွေ့သွားသည်။
"သူတို့ ဂြိုဟ်တစ်လုံးလုံးပေါ်က သတ္တုဒြပ်စင်တွေအားလုံးကို မျိုချလိုက်မယ်ဆိုရင်တောင် အလွန်ဆုံး အဆင့်လေးသက်ရှိတစ်ယောက်အထိပဲ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ နည်းပညာအဆင့်အတန်းက အရမ်းနိမ့်ကျလွန်းတယ်။ ကမ္ဘာမြေထက်တောင် ဆုတ်ယုတ်သေးတယ်။ ပြီးတော့ သူတို့ကို စကြဝဠာနယ်ချဲ့သမားတစ်စုက ရှာတွေ့သွားခဲ့တယ်လေ"
"ဒါဆို သူတို့က ကျွန်ပြုခံထားရတဲ့ မျိုးနွယ်စုပေါ့"
ကျန်းမုန့်လောင် နားလည်သွားသည်။ ဂါနေးဟု အမည်ရသော ဤကလေးလေး ဤမျှစုတ်ပြတ်သတ်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
"သူတို့ရဲ့ပိုင်ရှင်တွေက ငွေကြေးအလုံအလောက်သုံးစွဲဖို့ ဆန္ဒရှိမယ်ဆိုရင် အရမ်းအစွမ်းထက်တဲ့ ကျွန်တစ်ယောက်ကို ပိုင်ဆိုင်နိုင်ပါတယ်။ ပြီးတော့ တချို့နည်းပညာစနစ်တွေကတစ်ဆင့် အဲဒီကျွန်တွေအနေနဲ့ ပုန်ကန်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ သူတို့က စကြဝဠာမျိုးနွယ်စုတွေကြားမှာ အရမ်းရေပန်းစားတဲ့ ကျွန်မျိုးနွယ်စုဖြစ်ပြီး အရမ်းအစွမ်းထက်တဲ့ အဆင့်ငါးမျိုးနွယ်စုတစ်ခုက မွေးမြူထားတာပါ"
"သဘောပေါက်ပြီ"
ကျန်းမုန့်လောင်က ဂါနေး၏ မျက်နှာပေါ်ရှိ ပြတ်သားမှုနှင့် ခိုင်မာသော စိတ်ဆန္ဒကို မြင်လိုက်ရပြီးနောက် ဘာဖြစ်နေသလဲဆိုသည်ကို နားလည်သွားသည်။
"မင်းနာမည်က ဂါနေးမဟုတ်လား"
ထိုကလေး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာတစ်ခု ပေါ်လာသည်။
"ဆရာသခင်... ကျွန်တော့်နာမည်က ဂါနေးဆိုတာ ဘယ်လိုလုပ်သိတာလဲ"
"မင်းနာမည် ဂါနေးမှန်း သိရုံတင်မကဘူး။ မင်းက မိုဟာမျိုးနွယ်စုကဆိုတာကိုလည်း ငါ သိတယ်"
သူ့မျိုးနွယ်စုအကြောင်း ဖော်ပြခံလိုက်ရသောအခါ ဂါနေးခမျာ အမြီးတက်နင်းခံလိုက်ရသော ကြောင်တစ်ကောင်အလား ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ချေသည်။ အကယ်၍ သူသာ မိုဟာမျိုးနွယ်စုဝင်တစ်ဦးဖြစ်ကြောင်း သိသွားပါက အကျိုးဆက်များမှာ ဆိုးရွားသွားနိုင်ပေသည်။
"ဒီလောက်စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။ ငါရှိရင် မင်းကို ဘယ်သူမှမထိရဲဘူး"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ငါ့နောက်ကို မင်းက ဘာလို့ လိုက်ချင်တာလဲ"
"ကျွန်တော် ဆရာ့ဆီက ပညာသင်ချင်တယ်။ ပြီးရင် ကျူးကျော်သူတွေကို မောင်းထုတ်ပြီး ကျွန်တော့်မိသားစုနဲ့ လူမျိုးတွေကို လွတ်မြောက်အောင် လုပ်ပေးချင်တယ်"
ဂါနေးက ခေါင်းမာစွာ ပြောလိုက်သည်။
"ငါက မင်းကို ကူညီပေးနိုင်မယ်လို့ ဘာလို့ထင်ရတာလဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ငါက မင်းကို မင်းရဲ့မျိုးနွယ်စုတွေလို သဘောထားပြီး ငါ့ကျွန်အဖြစ် ခိုင်းချင်ခိုင်းမှာပေါ့"
"ကျွန်တော်ကတော့ ဆန္ဒရှိနေဦးမှာပါပဲ"
ဂါနေးက ပြောသည်။
"ဆရာသခင်က အရမ်းချမ်းသာတယ်ဆိုတာ ကျွန်တော် သိတယ်။ တကယ်လို့ ကျွန်တော်သာ ဆရာသခင်ရဲ့ကျွန်ဖြစ်သွားရင် ကျွန်တော် အရမ်းအစွမ်းထက်လာနိုင်တယ်။ အဲဒီလိုဆိုရင် သူတို့ကိုအနိုင်ယူဖို့ အခွင့်အရေး ရလာမှာပဲ"
"စိတ်ဝင်စားစရာပဲ"
ကျန်းမုန့်လောင်မှာ ဤကလေးကို ပိုစိတ်ဝင်စားသွားသည်။
"မင်း ဒီကို ဘယ်လိုရောက်လာတာလဲ"
"ကျွန်တော့်လူမျိုးတွေက ပြောတယ်။ ကျွန်တော်က နှစ်ပေါင်းများစွာအတွင်း ကျွန်တော်တို့မျိုးနွယ်စုမှာ ပါရမီအထူးဆုံးတဲ့။ ပြီးတော့ သူတို့ ကျွန်ထိန်းချုပ်ရေး ကိရိယာတွေကို တပ်ဆင်နေတဲ့အချိန်မှာ သူတို့ရဲ့အသက်တွေကို စတေးပြီး ကျွန်တော့်ကို အပြင်ရောက်အောင် ပို့ပေးခဲ့ကြတယ်။ အဲဒီနောက် ကျွန်တော်တို့မျိုးနွယ်စုတစ်ခုလုံး ရှာထားသမျှအရာအားလုံးကို အသုံးချပြီး ကျွန်တော့်အတွက် လက်မှတ်တစ်စောင် ရအောင် လုပ်ပေးခဲ့ကြတယ်။ ဒီနေရာမှာ ကျွန်တော့်ကို ကူညီပေးချင်တဲ့လူ တစ်ယောက်ယောက်ကို တွေ့နိုင်တယ်တဲ့"
"မင်း တကယ်ကံကောင်းတာပဲ"
အကျဉ်းချုပ်မျှသာ ပြောခဲ့သော်လည်း ဤမျိုးနွယ်စုက သူတို့၏မျှော်လင့်ချက်များအားလုံးကို ဤကလေးအပေါ် ပုံအပ်ထားကြောင်း ကျန်းမုန့်လောင် ခံစားမိသည်။
"ငါနဲ့တွေ့တာက တကယ်တော့ မင်းရဲ့ကံတရားနဲ့ ငါတို့ရဲ့ရေစက်ကြောင့်ပဲ။ ဒါပေမဲ့ ငါက ကျွန်တွေလက်ခံဖို့ စိတ်ဝင်စားဘူး"
"ဘာကိုဆိုလိုချင်တာလဲ"
"မင်း ငါ့တပည့်လုပ်လို့ရတယ်"
စကြဝဠာမျိုးနွယ်စုများကြားတွင် တစ်ယောက်တည်း စွန့်စားသွားလာရခြင်းမှာ တကယ်တော့ အလွန်ဒုက္ခများလှကြောင်း ကျန်းမုန့်လောင် သိသည်။
"ရီထျန်းဂိုဏ်းရဲ့ တတိယမျိုးဆက်တပည့်တစ်ယောက်လုပ်ဖို့ မင်း ဆန္ဒရှိလား"