← Chapters

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း ၈၆၈ : ကျွန်တော် မြည်းကြည့်လို့ရမလား

"ရီထျန်းဂိုဏ်းလား"

ထိုစကားလုံးသုံးလုံးကား ဟိန်းခနဲမြည်ဟည်းသွားပြီး ဂါနေးခမျာ ခပ်တိုးတိုး ထပ်ခါတလဲလဲ ရွတ်ဆိုနေသည်။

"ဆရာသခင်... ဒါက..."

"မင်းက ငါ့ကို ဆရာသခင်လို့ ခေါ်နေတုန်းပဲလား"

ကျန်းမုန့်လောင်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

"ဆရာ"

"ဖြောင်း"

ကျန်းမုန့်လောင်က ဂါနေး၏ခေါင်းကို ရိုက်ချလိုက်သည်။

"ငါ့ကို အစ်ကိုကြီးလို့ခေါ်စမ်း"

"အစ်ကို... အစ်ကိုကြီးလား"

"အေး... ဟုတ်ပြီ"

ကျန်းမုန့်လောင်က ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်ပြလိုက်သည်။

"အရင်ဆုံး ငါတို့ရီထျန်းဂိုဏ်းအကြောင်း မိတ်ဆက်ပေးမယ်။ ငါက ရီထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ ဒီမှာတော့ ငါက အကြီးဆုံးပေါ့။ ငါပြောသမျှစကားက အတည်ပဲ။ ဂိုဏ်းထဲမှာ နတ်သားရဲတစ်ကောင်နဲ့ တပည့်ပေါင်းထောင်ချီရှိတယ်"

"ငါတို့ဂိုဏ်းရဲ့ လမ်းညွှန်ချက်ကတော့ စကားတစ်လုံးတည်းပဲ။ အဲဒါကတော့ 'ဟိတ်ဟန်ကြီးရမယ်' ဆိုတာပဲ။ ဟိတ်ဟန်မထုတ်တဲ့ ရီထျန်းဂိုဏ်းသားက ငပျင်းနဲ့ပဲ တူလိမ့်မယ်။ ငါတို့က ရန်သူတွေကို ကြောက်လန့်တုန်ယင်သွားစေရမယ်။ ငါတို့နာမည်ကို ကြားတာနဲ့တင် တခြားလူတွေ တုန်လှုပ်နေစေရမယ်"

"ရန်ပွဲမှာ မနိုင်ရင် ထွက်ပြေးလို့ရတယ်။ ဒါပေမဲ့ အားအင်တွေ ပြန်ပြည့်လာပြီဆိုရင်တော့ ပြန်လာပြီးပြန်ချရမယ်။ အဲဒါ ငါတို့ရီထျန်းဂိုဏ်းရဲ့ အခြေခံစည်းမျဉ်းပဲ။ နားလည်လား"

"နားလည်ပါပြီ"

ကျန်းမုန့်လောင်အပေါ်ထားသော ဂါနေး၏ ကြည်ညိုလေးစားမှုမှာ ရူးသွပ်လုနီးပါး အဆင့်သို့ ရောက်ရှိသွားသည်။ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်က လူတစ်ယောက်ကို ဤမျှလေးစားနှိမ့်ချစွာ ဆက်ဆံနေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"ခင်ဗျားတို့ အဖွဲ့အစည်းက အရမ်းအစွမ်းထက်မှာ သေချာတယ်"

"သေချာတာပေါ့"

ကျန်းမုန့်လောင်က ကြွားလုံးထုတ်လိုက်သည်။

"ငါတို့ဂိုဏ်းကို စထောင်ကတည်းက အရုဏ်ဦးဂိုဏ်းကို ဖြိုခွဲခဲ့တယ်။ ပြီးတော့ စွမ်းအားရှင်တွေကို တိုက်ခိုက်ပြီး မြက်ခင်းပြင်တွေနဲ့ အလင်းပြည်ထောင်ကို စိုးမိုးခဲ့တယ်။ နောက်ဆုံးမှာတော့ ကမ္ဘာသစ်ရဲ့ဘုရင်တွေ ဖြစ်လာခဲ့တာပေါ့"

ဂါနေးက မေးထောက်ပြီး ကျန်းမုန့်လောင် လျှောက်ပြောသမျှကို နားထောင်ရင်း မျက်လုံးထဲတွင် ကြယ်ပွင့်များပွင့်မတတ် တောက်ပနေတော့သည်။

"ဒီကလေးက နည်းနည်းကြောင်တောင်တောင်နိုင်တာများလား"

ကျန်းမုန့်လောင်က ဂါနေးသည် သူ့ကြွားလုံးများကို ယုံကြည်နေကြောင်း မြင်လိုက်ရပြီးနောက် ထင်သလောက်လည်း မထက်မြက်ကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။

သို့သော် ကောထန်ကိုယ်တိုင်က ဂါနေးကို အမှတ်ကောင်းကောင်း ပေးထားသဖြင့် ကျန်းမုန့်လောင်အနေနှင့် ဤကဲ့သို့သော မျိုးစေ့ကောင်းလေးကို အလဟဿအဖြစ်ခံမည်မဟုတ်ပေ။

"ဒီနေ့ကစပြီး ငါ့နောက်လိုက်ခဲ့။ မင်း ကောင်းကောင်းမွန်မွန် နေစေရမယ်"

ဂါနေး၏မျက်လုံးများ လင်းလက်သွားသည်။ သူ့မျိုးနွယ်စုတစ်ခုလုံးမှာ ကျွန်ပြုခံထားရပြီး သူ လူမှန်း သိတတ်ခါစကတည်းက ကောင်းကောင်းမွန်မွန် စားသောက်ရဖို့ထက် ဝဝလင်လင်စားရလျှင်ပင် ကံကောင်းသည်ဟု မှတ်ယူခဲ့ရသည်။

ကျန်းမုန့်လောင်က ဂါနေးကို အထက်အောက် စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။ စုတ်ပြတ်နေသော သူ့အဝတ်အစားများက အလွန်မျက်နှာပျက်စရာ ကောင်းလှသည်။

"ငါ မင်းကို အဝတ်အစားအသစ်တွေ အရင်ဝယ်ပေးမယ်။ ပြီးမှ ပညာတွေသင်ပေးမယ်"

နာရီအနည်းငယ်အကြာတွင် ကျန်းမုန့်လောင်နှင့် ဂါနေးတို့နှစ်ယောက်သား ကမ္ဘာပေါ်ရှိ အဆင့်မြင့်ကုန်တံဆိပ်များနှင့် တူညီသော စကြဝဠာအဆင့်မြင့် အဝတ်အထည်ဆိုင်တစ်ခုမှ ထွက်လာကြသည်။ ထိုအဝတ်အစားများမှာ အဖိုးတန်ပစ္စည်းများ၊ စကြဝဠာသတ္တဝါများ၏ သားမွေးများ သို့မဟုတ် ထူးခြားသော အင်္ဂါအစိတ်အပိုင်းများဖြင့် ပြုလုပ်ထားခြင်းပင်။

ဆိုင်ထဲက ထွက်လာချိန်တွင် သူတို့၏ရုပ်ရည်သွင်ပြင်မှာ လုံးဝပြောင်းလဲသွားလေသည်။ ကျန်းမုန့်လောင်က သူ့ကို ခမ်းနားလှသော စားသောက်ပွဲကြီးတစ်ခုသို့ ခေါ်သွားခဲ့သည်။

"ဘယ်လိုလဲ... စားလို့ကောင်းလား"

ကျန်းမုန့်လောင်က ဗိုက်ပြည့်သွားသဖြင့် ကျေနပ်နေသော ဂါနေးကိုကြည့်၍ မေးလိုက်သည်။

"အစ်ကိုကြီး... အရမ်းအရသာရှိတာပဲ။ ကျွန်တော် တစ်ခါမှ ဒီလိုမျိုးမစားဖူးဘူး"

ဂါနေးက သူ့ဗိုက်ကိုပွတ်ရင်း ကျေနပ်အားရစွာ ပြောလိုက်လေသည်။

ရုတ်ခြည်းပင် သူ တစ်ခုခုကို သတိရသွားဟန်တူသည်။ ပတ်ဝန်းကျင်က ဘေးကင်းပြီး ဆိတ်ငြိမ်သည်ဟု အတည်ပြုပြီးနောက် ကျန်းမုန့်လောင်ကို လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"အစ်ကိုကြီး... ဒီပြပွဲမှာလုပ်မယ့် လေလံပွဲမှာ အရမ်းအရေးကြီးတဲ့ အရာတစ်ခု ပါလာမယ်လို့ ကျွန်တော်သတင်းရထားတယ်"

"ဟုတ်လား"

ကျန်းမုန့်လောင် စိတ်ဝင်စားသွားသည်။

"အဲဒါက ဘာလဲ။ မင်းက ဘယ်လိုလုပ်သိတာလဲ"

လက်ရှိအချိန်အထိ လေလံပစ္စည်းများနှင့် ပတ်သက်၍ မည်သည့်သတင်းအချက်အလက်မှ ထွက်မလာသေးပေ။ ပုံမှန်အားဖြင့် လေလံတင်ခါနီးမှသာ ပစ္စည်းများကို ထုတ်ပြန်လေ့ရှိသည်။

"ကျွန်တော့်မျိုးနွယ်စုဝင်တွေဆီက ကြားခဲ့တာပါ"

ဂါနေးက ဆိုလေသည်။

"ကျွန်တော်တို့ဂြိုဟ်ပေါ်မှာ မျိုးနွယ်စုရဲ့မွေးဖွားမှုအတွက် အရေးပါတဲ့ 'မြင့်မြတ်ကျောက်တုံး' ထားတဲ့ မြင့်မြတ်နယ်မြေတစ်ခု ရှိတယ်။ ကျွန်တော်တို့လူမျိုးတွေ သေဆုံးသွားရင် အဲဒီမှာ မြှုပ်နှံကြတယ်။ သူတို့ရဲ့အရိုးတွေနဲ့ အသားတွေက အဲဒီကျောက်တုံးကြီးထဲကို ပြန်လည်ပေါင်းစည်းသွားကြတာ"

"သြော်... ထူးဆန်းလိုက်တာ"

သူတို့သည် ထူးခြားဒြပ်စင်အခြေပြု သက်ရှိများဖြစ်ကြောင်း ကျန်းမုန့်လောင် သိထားလေရာ ထို"မြင့်မြတ်ကျောက်တုံး"သည် သူတို့မျိုးနွယ်စု၏ ပါရမီနှင့် ဆက်စပ်နေနိုင်ကြောင်း ခန့်မှန်းလိုက်သည်။

"ကျောင်းအုပ်ကြီး... ဒီကျောက်တုံးက အရမ်းထူးခြားပါတယ်"

ကောထန်က ပြောလိုက်လေသည်။

"မိုဟာမျိုးနွယ်စုက မျိုးဆက်ပေါင်းများစွာရဲ့ အနှစ်သာရတွေ ပေါင်းစပ်နေတာဆိုတော့ ဒီကျောက်တုံးက အရမ်းထူးခြားတဲ့ရတနာတစ်ခုဖြစ်မှာ သေချာတယ်"

"ကျွန်တော်တို့မျိုးနွယ်စုကို ကျူးကျော်ပြီးတဲ့နောက် သူတို့က မြင့်မြတ်နယ်မြေနဲ့ မြင့်မြတ်ကျောက်တုံးကို သိမ်းပိုက်သွားကြတယ်လေ။ အဲဒါက ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးပစ္စည်းလို့ သူတို့ ယူဆထားကြတာမို့ ဒီလေလံပွဲမှာ ရောင်းချကြမှာ"

"ကျောင်းအုပ်ကြီး... တကယ်လို့ ဒီအရာကိုသာ လက်နက်အဖြစ် သွန်းလုပ်နိုင်မယ်ဆိုရင် အရမ်းအစွမ်းထက်မှာ။ ဆင့်ကဲတိုးတက်နိုင်တဲ့ အလားအလာလည်း ရှိတယ်။ ကျွန်တော်တို့ ဒါကိုဝယ်သင့်တယ်ထင်တယ်"

"ဝယ်ရမယ် ဟုတ်လား"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ဘာလို့ဝယ်ရမှာလဲ။ ဂါနေးက အခု ငါ့တပည့် ဖြစ်နေပြီလေ။ သူက ရီထျန်းဂိုဏ်းသားပဲ။ မိုဟာမျိုးနွယ်စုကလည်း ငါတို့ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိတယ်။ ငါတို့စောင့်ရှောက်မှုအောက်မှာ ရှိနေမှတော့ သူတို့ပစ္စည်းက ငါတို့ ပစ္စည်းပဲပေါ့"

"အတိုချုပ်ပြောရရင် အဲဒီကျောက်တုံးက ငါ့ဟာပဲ။ ငါ့ပစ္စည်းကို ငါက ဘာလို့ ပိုက်ဆံပေးပြီးဝယ်ရမှာလဲ"

"ကျောင်းအုပ်ကြီး.. ကျွန်တော်က လူမဟုတ်ပေမဲ့ ခင်ဗျားကတော့ တကယ်လည်လွန်းတဲ့ ခွေးပဲ"

"ဟီးဟီး"

ကျန်းမုန့်လောင်က တဟားဟားရယ်မောလိုက်သည်။

"အစ်ကိုကြီး... ခင်ဗျားရယ်တာက ကြောက်စရာကြီး"

"စားစမ်းပါ"

ကျန်းမုန့်လောင်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"လူချောတွေရဲ့ကိစ္စကို မင်း ဝင်မပါနဲ့"

...

စားသောက်ပြီးနောက် ကျန်းမုန့်လောင်သည် ဂါနေးနှင့်အတူ နေထိုင်ရန် စကြဝဠာမြေအောက်ပြပွဲ၏ တည်းခိုခန်းဧရိယာတွင် ဇိမ်ခံအခန်းတစ်ခန်း ငှားလိုက်သည်။ ပြပွဲမှာ နောက်ထပ်ရက်အနည်းငယ်အကြာတွင် တရားဝင် စတင်တော့မည်ဖြစ်၏။

ဤနေရာရှိ တည်းခိုခများမှာ မိုးပျံနေအောင် ဈေးကြီးလှသည်။ အသက်သာဆုံးဟိုတယ်ခန်း၏ တစ်ညတာဈေးနှုန်းကပင် သက်ရှိဂြိုဟ်တစ်လုံး ဝယ်နိုင်လောက်သည့်ပမာဏ ရှိပေသည်။

သို့သော် ဤနေရာသို့ လာနိုင်သူမှန်သမျှမှာ ထိုမျှငွေကြေးပမာဏကို သုံးစွဲနိုင်သူများသာ။

သို့သော် ကျန်းမုန့်လောင်မှာမူ စိတ်ပျက်စရာကောင်းသော အချက်တစ်ခုကို ရှာတွေ့ခဲ့သည်။ ဂါနေး၏ သိုင်းပညာနားလည်သဘောပေါက်နိုင်စွမ်းမှာ အလွန်ညံ့ဖျင်းလှသည်။ ကမ္ဘာမြေသားများနှင့်ယှဉ်လျှင်ပင် ပိုဆိုးနေချေသည်။ ဘုရားသခင်က သူ့အတွက် ပြတင်းပေါက်တစ်ခု ဖွင့်ပေးထားသော်လည်း တံခါးတစ်ချပ်ကိုတော့ ပိတ်ထားဟန်တူသည်။

"ကျောင်းအုပ်ကြီး... မိုဟာမျိုးနွယ်စုတွေ သန်မာလာဖို့အတွက် ငွေပဲလိုပါတယ်"

ကောထန်က အကြံပြုသည်။

"ပြပွဲစတာနဲ့ သူ့ကိုကျွေးဖို့ သတ္တုတန်နဲ့ချီပြီး ဝယ်ပေးလိုက်လို့ရပါတယ်။ သတ္တု အလုံအလောက်ရှိနေသရွေ့ သူ့ရဲ့သက်ရှိအဆင့်တွေက ဒုံးပျံလို တက်လာပါလိမ့်မယ်။ ပြီးတော့ စိတ်ကူးယဉ်ကမ္ဘာတွေထဲက ခန္ဓာသန့်စင်တဲ့ ကျင့်စဉ်တချို့နဲ့ ပေါင်းစပ်လိုက်ရင် သူက စကြဝဠာမဟာမိတ်အဖွဲ့နဲ့ စကြဝဠာ သိုင်းလောကအဖွဲ့ချုပ်ကိုပါ လူပုံအလယ်မှာ နင်းချေပစ်နိုင်ပါလိမ့်မယ်"

"ကောင်းသားပဲ"

ကျန်းမုန့်လောင်တွင် ငွေမရှားပေ။ သတ္တုအချို့ဝယ်ပေးခြင်းမှာ သူ့အတွက် ဘာမှမပြောပလောက်ပေ။

နေ့ရက်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပြပွဲ တရားဝင်စတင်ချိန်တွင် ယခင်က ပိတ်ထားသော နေရာအများအပြားကို ကြယ်စုတန်းအသီးသီးမှ လာရောက်သူများအတွက် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်၏။

"ရှားပါးစကြဝဠာသက်ရှိနယ်မြေ၊ လက်နက်နှင့်ကိရိယာနယ်မြေ၊ ကျွန်နယ်မြေ၊ အရင်းအမြစ်နယ်မြေ... အရင်းအမြစ်နယ်မြေမှာတော့ ရှားပါးသတ္တုတွေအများကြီး ရှိမှာပဲ မဟုတ်လား"

ကျန်းမုန့်လောင် နားလည်ထားသလောက်ဆိုလျှင် မိုဟာမျိုးနွယ်စုသည် သတ္တုကို စားသုံးကြပြီး သတ္တုအရည်အသွေးကောင်းလေလေ သူတို့၏သက်ရှိအဆင့်ကလည်း ပိုမိုမြန်ဆန်စွာ တိုးတက်လေလေပင်။ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အဆင့်တူအချင်းချင်းထက် ပိုသန်မာမည်ဖြစ်၏။ သူ ဝယ်ပေးမည်ဆိုလျှင်တော့ အကောင်းဆုံးသတ္တုများကိုသာ ရွေးဝယ်မည်။

စကြဝဠာမြေအောက်ပြပွဲ၏ အရောင်းဆိုင်ခန်းများမှာ အလွန်ဝယ်လိုအားမြင့်မားသည်။ ပွဲစီစဉ်သူများမှာ အရေအတွက်ကို တင်းကျပ်စွာ ကန့်သတ်ထားသဖြင့် ဤနေရာတွင် ဆိုင်ခန်းဖွင့်နိုင်သူများမှာ ချမ်းသာရုံသာမက အဆက်အသွယ်လည်း အလွန်ကောင်းကြသည်။

ဤဂြိုဟ်တစ်ခုလုံးမှာ အိုဖာသတ္တုတူးဖော်ရေးလုပ်ငန်းစုဟုခေါ်သော ကုမ္ပဏီတစ်ခု၏ အရောင်းဆိုင်ခန်းပင်။ ထိုကုမ္ပဏီသည် စကြဝဠာအတွင်း အကြီးဆုံးသတ္တုအရင်းအမြစ်ရှာဖွေရေးနှင့် ဖြန့်ဖြူးရေး ကုမ္ပဏီဖြစ်ပြီး အဆင့်ရှစ်သက်ရှိများ နေထိုင်သော စကြဝဠာအင်ပါယာခြောက်ခုက ကျောထောက်နောက်ခံ ပေးထားသည်။

အမှန်စင်စစ်တွင် တရားဝင်သတ္တုနှင့် သတ္တုရိုင်းအရင်းအမြစ်အများအပြားကို အိုဖာသတ္တုတူးဖော်ရေးလုပ်ငန်းစုက လက်ဝါးကြီးအုပ်ထားခြင်းပင်။

"သေစမ်း... သန့်စင်တဲ့သတ္တုမှ ရမှာလား။ သတ္တုစပ်တွေကို စားလို့မရဘူးတဲ့လား"

ကျန်းမုန့်လောင်က ရေရွတ်လိုက်သည်။

"တော်တော်အစားရွေးတာပဲ"

ကျန်းမုန့်လောင်မှာ ဂါနေးနှင့်အတူ ထိုဂြိုဟ်ထဲသို့ ဝင်လာခဲ့ပြီးနောက် သတ္တုအဆင့်အတန်း ခွဲခြားမှုများကို လေ့လာခဲ့သည်။ အနိမ့်ဆုံး E1အဆင့်မှ အမြင့်ဆုံးS9အဆင့်အထိ ရှိပြီး အဆင့်တစ်ခုချင်းစီတွင် ထပ်မံခွဲခြားထားသော အဆင့်ခွဲကိုးခုစီ ရှိ၏။ ဈေးနှုန်းများကလည်း ကွာခြားချက် အလွန်ကြီးမားလှသည်။

"မင်္ဂလာပါ လူကြီးမင်း"

ပြုံးရွှင်နေသော အရောင်းဝန်ထမ်းတစ်ဦးက ကျန်းမုန့်လောင်ထံသို့ ချဉ်းကပ်လာသည်။

"သတ္တုတွေဝယ်ချင်လို့လား"

"ဟုတ်တယ်"

ကျန်းမုန့်လောင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ငါ့ကို S9အဆင့် သတ္တုတွေ လိုက်ပြပေးပါ"

အရောင်းဝန်ထမ်း၏ မျက်လုံးအစုံကား ဝင်းလက်သွားသည်။

ဝယ်သူအကြီးစားပဲ။

"ဒီဘက်ကိုကြွပါ"

အရောင်းဆိုင်ခန်းအတွင်းတွင် သတ္တုအားလုံးကို နမူနာများအဖြစ် ပြသထားသည်။ S9အဆင့်ရှိသော သတ္တု၉၇မျိုးရှိပြီး တစ်ခုချင်းစီ၏ဈေးနှုန်းမှာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားလှသည်။

သို့သော် ရွေးချယ်ရခက်တတ်သော ကျန်းမုန့်လောင်အတွက် မည်သည့်နေရာကစရမှန်း မသိချေ။

သူလည်း ဂါနေးကို တစ်ချက်ကြည့်လိုက်ပြီးမှ အရောင်းဝန်ထမ်းကို မေးလိုက်သည်။

"တစ်ခုလောက်မေးပါရစေ။ နမူနာမြည်းကြည့်လို့ရမလား"

*********************

အခန်း ၈၆၉ - စီးပွားရေးလုပ်တဲ့အခါ အကြွားမသန်ပါနဲ့

"မြည်း... မြည်းကြည့်မယ် ဟုတ်လား"

အရောင်းဝန်ထမ်းအမျိုးသမီးခမျာ ဆွံ့အသွားလေသည်။ သူ(မ)တစ်သက်တွင် ဤမျှဆွံ့ပသွားရသည့် အဖြစ်မျိုး တစ်ခါမှမကြုံဖူးပေ။

သတ္တုတွေကို တကယ်စားလို့ရလို့လား။

ပုံမှန်အားဖြင့် ဤကဲ့သို့သော အဆင့်မြင့်သတ္တုများကို ဝယ်ယူခြင်းမှာ သိုင်းလက်နက်များ သွန်းလုပ်ရန် သို့မဟုတ် အာကာသယာဉ်များ တည်ဆောက်ရန်အတွက်သာ။ ဤအရာကား သတ္တုပင်။ အစားအသောက်မဟုတ်ချေ။ ဘာကြောင့်များ ဤသို့ ထူးထူးဆန်းဆန်းမေးခွန်းမျိုး မေးရလေသလဲ။

"လူကြီးမင်း... လူကြီးမင်းရဲ့ တောင်းဆိုချက်ကို ကျွန်မ သိပ်နားမလည်လို့ပါ"

"အင်း... ဒါဆိုရင် တစ်မျိုးပြောင်းမေးမယ်။ ဒီနမူနာပစ္စည်းတွေကို ရောင်းလား"

"စိတ်မရှိပါနဲ့ လူကြီးမင်း။ ကျွန်မတို့ရဲ့ နမူနာပစ္စည်းတွေက ဧည့်သည်တွေ အရည်အသွေးနဲ့ စွမ်းဆောင်ရည်စမ်းသပ်ဖို့အတွက်ပဲ ထားတာပါ။ အပြင်ကို သီးသန့်ရောင်းချပေးတာမျိုး မရှိပါဘူး"

"ဒါဆိုရင် လက်ကျန်ပစ္စည်းရော ရှိလား"

ကျန်းမုန့်လောင်က ဇွဲမလျှော့ဘဲ ဆက်မေးလိုက်သည်။

"လူကြီးမင်း... ဒီအဆင့်ကိုးသတ္တုတွေက အရမ်းတန်ဖိုးကြီးပါတယ်။ ကျွန်မတို့ဆိုင်ခန်းမှာတော့ အကန့်အသတ်နဲ့ပဲ ရှိပါတယ်။ တကယ်လို့ လူကြီးမင်းက အများကြီးလိုချင်တယ်ဆိုရင်တော့ ကျွန်မတို့ဂိုဒေါင်ကနေ အမြန်ဆုံးထုတ်ယူပြီး လူကြီးမင်းဆီကို ပို့ဆောင်ပေးမှာပါ"

"ဒါဆိုရင် တစ်မျိုးကို တစ်ရာဂရမ်စီ ပေးပါ"

ကျန်းမုန့်လောင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

"တစ်မျိုးကို တစ်ရာဂရမ်စီ ဟုတ်လား"

အရောင်းဝန်ထမ်းမလေးခမျာ အံ့သြသွားလေသည်။

"လူကြီးမင်း သေချာရဲ့လား"

စုစုပေါင်း သတ္တု၉၇မျိုးရှိသည်ဖြစ်ရာ တစ်မျိုးလျှင် တစ်ရာဂရမ်စီဆိုလျှင် ၉၇၀၀ဂရမ် ဖြစ်ပေမည်။

အလေးချိန်ဖြင့်ကြည့်လျှင် သိပ်မများလှသော်လည်း ဤသတ္တုများ၏ ထိတ်လန့်ဖွယ်ကောင်းသော ဈေးနှုန်းနှင့် တွက်ချက်လိုက်လျှင်မူ စင်စစ်များပြားလှသည်။

ဤသတ္တု၉၇မျိုးလုံးမှာ အဆင့်ကိုးအောက်သာ ရှိသော်လည်း အဆင့်တူသဖြင့် ဈေးနှုန်းတူမည်ဟု မဆိုလိုပေ။ အဆင့်ဆိုသည်မှာ ထိုအရာများ၏ မာကျောမှု၊ ကြံ့ခိုင်မှုနှင့် အခြားအချက်အလက်များကိုသာ ဆိုလိုခြင်းပင်။ သတ္တုတစ်မျိုးစီတွင် မတူညီသော ဂုဏ်သတ္တိများရှိသည်ဖြစ်ရာ ဈေးနှုန်းကလည်း အဆမတန်ကွာခြားလှသည်။

အချိုသာဆုံး အဆင့်ကိုးသတ္တုပင် တစ်ဂရမ်လျှင် စကြဝဠာဒင်္ဂါး၇၆၅၂၀ကျသင့်သည်။ ထို့ကြောင့် အနည်းဆုံးနှုန်းထားနှင့် တွက်လျှင်ပင် ဒင်္ဂါးသန်းခုနစ်ကျော် ကျသင့်မည်ဖြစ်ရာ အမှောင်ဒင်္ဂါးပြား ၇၀၀၀၀ကျော်နှင့် ညီမျှပေသည်။

အမှန်စင်စစ် ဤပြပွဲတွင် အမှောင်ဒင်္ဂါး ၇၀၀၀၀ကျော်ကို တစ်ခါတည်းသုံးစွဲခြင်းမှာ အကြီးစားအရောင်းအဝယ်ဟု မသတ်မှတ်နိုင်သော်လည်း ကျန်းမုန့်လောင်၏ပုံစံအရ သူသည် ဤသတ္တုများ၏ ဂုဏ်သတ္တိကို စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်ဟန်တူသည်။

စမ်းသပ်ရုံသက်သက်ဆိုလျှင် နမူနာ အနည်းငယ်မျှဖြင့် လုံလောက်နေပြီဖြစ်ရာ ဤမျှအထိ ငွေအမြောက်အမြားသုံးပြီး ဝယ်ယူနေစရာမလိုပေ။

"တော်တော်လက်ဖွာတဲ့သူဌေးပဲ"

အရောင်းဝန်ထမ်းမလေးက ကျန်းမုန့်လောင်ကို စိတ်ထဲတွင် ထိုသို့ မှတ်ချက်ပြုလိုက်သည်။

"လူကြီးမင်း... ဗီအိုင်ပီအခန်းမှာ ခဏလောက် စောင့်ပေးပါ။ ကျွန်မတို့ နမူနာတွေကို အမြန်ဆုံးယူလာပေးပါ့မယ်"

"ကျေးဇူးပဲ"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"လူကြီးမင်း... စမ်းသပ်တဲ့ ကိရိယာတွေရော လိုသေးလား။ ကြံ့ခိုင်မှုနဲ့ အရည်ပျော်မှတ်တွေ စစ်ဆေးဖို့အတွက် ကျွန်မတို့ရဲ့ စမ်းသပ်ရေးကိရိယာတွေကို အခမဲ့အသုံးပြုနိုင်ပါတယ်"

"မလိုဘူး။ အဆင်ပြေတယ်"

ဝန်ထမ်းများမှာ အလွန်သွက်လက်ကြသည်။ မကြာခင်မှာပင် သူတို့သည် အနုစိတ်လှပသော သေတ္တာတစ်လုံးကို ဗီအိုင်ပီအခန်းထဲသို့ ယူလာခဲ့ကြသည်။

ဤသတ္တုများကို လုံးဝန်းသော အလုံးလေးများအဖြစ် ပြုလုပ်ထားသည်။ သိပ်သည်းဆ မတူညီကြသဖြင့် အချို့မှာ ပဲစေ့ခန့်သာ ရှိသော်လည်း အချို့မှာမူ ပရုတ်လုံးအရွယ်ခန့် ရှိကြသည်။

"မြည်းကြည့်မလား"

ဝန်ထမ်းများ ဗီအိုင်ပီအခန်းထဲက ထွက်သွားသည်နှင့် ကျန်းမုန့်လောင်က ဂါနေးကို ချက်ချင်းမေးလိုက်သည်။

"ဒါကို တကယ်စားလို့ရတာလား"

သတ္တုဆိုသည်မှာ မိုဟာမျိုးနွယ်စုသက်ရှိများအတွက် မတွန်းလှန်နိုင်သော ဆွဲဆောင်မှုတစ်ခုပင်။

သူတို့၏ မိခင်ဂြိုဟ်ပေါ်တွင် သတ္တုအားလုံးကို တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် လုံးဝထိတွေ့ခွင့်မရပေ။ ကျွန်ပြုခံရစဉ်က အသုံးပြုခဲ့သော ကိရိယာအများစုမှာပင် အခြားကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

သာမန်သတ္တုဆိုလျှင် ဂါနေးက အောင့်အည်းနိုင်သော်လည်း ဤအဆင့်မြင့်သတ္တုကမူ သူ့ကို ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားစေသည်။

"စားလို့ရတာပေါ့"

ဂါနေးတစ်ယောက် တံတွေးမြိုချနေသည်ကို ကျန်းမုန့်လောင် ကြည့်နေမိသည်။ မိုဟာမျိုးနွယ်စုဝင်များက သတ္တုကို ဘယ်လိုဝါးစားကြသလဲဆိုသည်ကို သူ သိချင်မိသည်။

သွားနဲ့ပဲ ကိုက်စားကြတာလား။

ဤသတ္တုများမှာ အဆင့်ရှစ်သိုင်းလက်နက်များကိုပင် သွန်းလုပ်နိုင်သည်အထိ မာကျောလှသည်။ ဤမျှမာကျောလှသော အရာကို ကိုက်လိုက်လျှင် သွားမကျိုးပေဘူးလား။

အကယ်၍ ထိုသို့သာဆိုလျှင် သူသည် မိုဟာမျိုးနွယ်စုတွင် သွားဆေးခန်းတစ်ခုဖွင့်ပြီး စီးပွားရှာရပေတော့မည်။

သို့သော် နောက်တစ်စက္ကန့်တွင် ကျန်းမုန့်လောင်၏ လောကအမြင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားရသည်။

ဂါနေး၏ပါးစပ်ထဲတွင် ထူးဆန်းသော စွမ်းအင်တစ်ခု ပေါ်ပေါက်လာသည်။ ထိုစွမ်းအင်မှာ သေးငယ်သော်ငြား အလွန်အစွမ်းထက်ပြီး အသေးစား 'တွင်းနက်' တစ်ခုနှင့် တူလှသည်။

ဂါနေးက သတ္တုလုံးလေးတစ်လုံးကို ကောက်ယူပြီး အောက်ခြေမရှိသော ထိုတွင်းနက်ထဲသို့ ထည့်လိုက်သည်။

"သောက်ကျိုးနည်း... မင်းက သားရဲလားကွ"

ကျန်းမုန့်လောင်ခမျာ မနေနိုင်ဘဲ မှတ်ချက်ချလိုက်မိသည်။

တစ်ချိန်တည်းမှာပင် ဂါနေး၏ သက်ရှိစွမ်းအင်အဆင့်မှာ သိသိသာသာ မြင့်တက်လာကြောင်း သူ တွေ့လိုက်ရသည်။

ယခင်က သူသည် ကမ္ဘာပေါ်ရှိ အဆင့်ခုနစ် စိတ်စွမ်းအားရှင်အဆင့်၌ ရှိခဲ့သော်လည်း လက်သည်းခွံခန့်ရှိသော အဆင့်ကိုးသတ္တုတစ်စကြောင့် ချက်ချင်းဆိုသလို အဆင့်ရှစ် စိတ်စွမ်းအားရှင်အဖြစ် ထိုးတက်သွားခဲ့သည်။

"စား... ဆက်စားလေ"

ကျန်းမုန့်လောင်က ဂါနေး၏ခေါင်းကို ဖိထားပြီး သတ္တုလုံးများကို သူ့ပါးစပ်ထဲသို့ အတင်းထိုးထည့်ပေးနေတော့သည်။

ထိုသတ္တုများက ဂါနေး၏ သက်ရှိအဆင့်ကို အဆင့်နှစ်အဆင့်မြင့်သက်ရှိတစ်ဦးအဖြစ် တွန်းတင်ပေးလိုက်သည်။

"ဝါး... ဒါက သက်သက်လှည့်စားတာပဲ"

ကျန်းမုန့်လောင် အော်လိုက်မိသည်။

သူသည် သာမန်လူတစ်ယောက်မှ ဒဏ္ဍာရီလာအဆင့်အထွတ်အထိပ်နှင့်တူညီသော အဆင့်နှစ်အဆင့်မြင့်သက်ရှိအဖြစ်သို့ ရောက်ရန် တစ်နှစ်နီးပါး အချိန်ပေးခဲ့ရသည်။

သို့သော် ဂါနေးကတော့ သတ္တုစလေးများကို စားရုံဖြင့် ဤအဆင့်ကို ရောက်သွားခဲ့သည်။ တကယ်ဒေါသထွက်စရာပင်။

"ဘယ်လိုနေလဲ"

"ဗိုက်ပြည့်သွားပြီ"

ဂါနေးက လေချဉ်တက်ရင်း ပြောလိုက်သည်။ သူစားသုံးနိုင်သော သတ္တုပမာဏမှာ အကန့်အသတ်ရှိဟန်တူသည်။ ၎င်းမှာ သူ့သက်ရှိအဆင့်နှင့် ဆက်စပ်နေပေလိမ့်မည်။

"အရသာကရော ဘယ်လိုလဲ။ မင်းအကြိုက်ဆုံးက ဘယ်တစ်ခုလဲ"

ကျန်းမုန့်လောင်က ဆက်မေးလိုက်သည်။

"ဒီဟာပါ"

ဂါနေးက yh1908ဟု အမည်တပ်ထားသော သတ္တုကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါက အရသာအရှိဆုံးပဲ။ ပြီးတော့ ကျွန်တော့်အပေါ် သက်ရောက်မှုအရှိဆုံးပဲ"

"ကောင်းပြီ။ အကုန်သိမ်းလိုက်တော့"

ကျန်းမုန့်လောင်က ဝန်ဆောင်မှုခလုတ်ကို နှိပ်လိုက်သည်။

"လူကြီးမင်း... ကျွန်မ ဘာများထပ်ကူညီပေးရဦးမလဲ"

အရောင်းဝန်ထမ်းမလေးခမျာ ဟာလာဟင်းလင်းဖြစ်နေသော သေတ္တာကိုကြည့်ပြီး ကြောင်အသွားသည်။ တစ်ဆယ်ကီလိုဂရမ်နီးပါးရှိသော သတ္တုများကိုဖျောက်ဖို့ မလွယ်ကူလှသည်ဖြစ်ရာ မည်သို့နှယ် ဤမျှမြန်မြန် ပျောက်သွားရသလဲ။

"ငါ yh1908လို့ နာမည်တပ်ထားတဲ့ သတ္တုတစ်သုတ်လောက် မှာချင်တယ်"

"လူကြီးမင်း... ဒီသတ္တုက တစ်ဂရမ်ကို အမှောင်ဒင်္ဂါး ၃၇၂ပြား ကျပါတယ်။ ဘယ်လောက်လောက် လိုချင်လဲရှင့်"

အရောင်းဝန်ထမ်းမလေးမှာ ဝမ်းသာသွားသည်။ အကြောင်းမှာ yh1908သတ္တုသည် သူတို့ရောင်းသမျှထဲတွင် တတိယမြောက် ဈေးအကြီးဆုံးဖြစ်သောကြောင့်ပင်။

၎င်းမှာ ဈေးအကြီးဆုံး 'မူလသတ္တုစပ်' ထက်ပင် ပိုတန်ဖိုးကြီးသည်။

ဤသတ္တုကို အဆင့်ကိုးသိုင်းလက်နက်များအတွက် အခြေခံကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုနိုင်သော်လည်း အလွန်အစွမ်းထက်သောသက်ရှိများ နေထိုင်ရာဒေသတစ်ခုတွင်သာ တွေ့ရသည်။ ထို့ကြောင့် တူးဖော်ရန် အလွန်ခက်ခဲပြီး ဘေးကင်းလုံခြုံမှုအတွက် အဆင့်ခုနစ်သက်ရှိများကို လိုအပ်ပေသည်။

ထို့ကြောင့်လည်း ဈေးနှုန်းမှာ အလွန်မြင့်မားနေခြင်းပင်။

"လူကြီးမင်း... ဘယ်လောက်လိုပါသလဲရှင့်။ တကယ်လို့ တစ်ရာကီလိုဂရမ် အောက်ဆိုရင်တော့ ချက်ချင်းပေးနိုင်ပါတယ်။ အဲဒီထက်ပိုရင်တော့ သယ်ယူပို့ဆောင်ရေး စီစဉ်ရမှာပါ"

"မင်းတို့ဆီမှာ လက်ကျန်ဘယ်လောက်ရှိလဲ"

ကျန်းမုန့်လောင်က ပြန်မေးလိုက်သည်။

"ငါ့စိတ်ထင်တော့ မင်းတို့ဆီမှာ အလုံအလောက်ရှိမှာ မဟုတ်ဘူး"

"ဟားဟားဟား... လူကြီးမင်းက အရမ်းနောက်တာပဲ။ ကျွန်မတို့ကုမ္ပဏီက စကြဝဠာထဲမှာ အကြီးဆုံးသတ္တုတူးဖော်ရေးလုပ်ငန်းပါ။ လူကြီးမင်း ဘယ်လောက်ပဲလိုလို ကျွန်မတို့ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကျွန်မတို့ရဲ့ လက်ကျန်ပစ္စည်းကိုတော့ မသံသယဖြစ်ပါနဲ့ရှင်"

"ကောင်းပြီလေ။ အစဆိုတော့ တန်ချိန်တစ်ဘီလီယံပေးပါ"

ကျန်းမုန့်လောင်က ဂါနေးအတွက် ခဏလောက်တော့ စားဖို့လုံလောက်မည်ဟု တွေးကာ ပြန်ဖြေလိုက်သည်။

"ဘယ်လောက်လို့ ပြောလိုက်တာလဲရှင့်"

အရောင်းဝန်ထမ်းမလေး၏ မျက်နှာကား ချက်ချင်းဆိုသလို တောင့်ခဲသွားတော့သည်။

တန်ချိန်တစ်ဘီလီယံ ဟုတ်လား။ yh1908သတ္တုသည် အထွက်နှုန်းအလွန်နည်းပါးပြီး အသန့်စင်ဆုံးဖြစ်ရန်အတွက်လည်း တင်းကျပ်သော သန့်စင်မှုလုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် လိုအပ်သည်။ တစ်နှစ်လျှင် တန်ချိန်ဆယ်ဂဏန်းခန့်သာ ထုတ်လုပ်နိုင်သည်။

ထိုသတ္တုကို စတင်တွေ့ရှိခဲ့ချိန်မှစ၍ နှစ်ပေါင်း ခုနစ်သန်းကျော် တူးဖော်ခဲ့ရာတွင် စုစုပေါင်းမှ တန်ချိန်တစ်ဘီလီယံကျော်သာ ရှိပြီး လက်ရှိ လက်ဝယ်တွင် တန်ချိန်၂၃သန်းသာ ရှိ၏။

"လူကြီးမင်း... ကျွန်မတို့ဆီမှာ အဲဒီလောက်အများကြီးမရှိပါဘူး"

"တွေ့လား"

ကျန်းမုန့်လောင်က ကူကယ်ရာမဲ့လေဟန်ဖြင့် လက်ဖြန့်ပြလိုက်သည်။

"ငါ ခုနက ဘာပြောလဲ။ စီးပွားရေးလုပ်တဲ့အခါ အကြွားမသန်စမ်းပါနဲ့"

********************

အခန်း ၈၇၀ - ငါ ပိုက်ဆံမရှင်းနိုင်ဘူးလို့ မင်းထင်နေတာလား

"လူကြီးမင်း... လူကြီးမင်းက ပြဿနာလာရှာတာလား"

အရောင်းဝန်ထမ်းမလေး၏ မျက်နှာမှာ ရုတ်ခြည်းပျက်ယွင်းသွားသည်။ သူ(မ) အစောကပြောလိုက်သော စကားများမှာ လွန်သွားသည်ဟု သူ(မ) မထင်ထားပေ။

S9အဆင့်သတ္တု၏ ဈေးနှုန်းမှာ မြင့်မားပြီး စွမ်းဆောင်ရည်ကလည်း အလွန်အစွမ်းထက်သော်ငြား လက်တွေ့အသုံးပြုရာတွင် လိုအပ်သော ပမာဏမှာ သိပ်မများလှပေ။

အကြောင်းမှာ ဤသတ္တုများသည် အလွန်သန့်စင်သော သတ္တုစစ်စစ်များ ဖြစ်သောကြောင့်ပင်။ သတ္တုစစ်စစ်များ၏ စွမ်းဆောင်ရည်မှာ အသန်မာဆုံးမဟုတ်ကြောင်း အမှန်တကယ်တော့ လူတိုင်း သိထားကြသည်။

ကမ္ဘာပေါ်တွင် ရွှေသည် ရှားပါးပြီး ဈေးကြီးသော သတ္တုတစ်မျိုးဖြစ်၏။ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်သော်လည်း ရွှေသည် အလွန်ပျော့ပျောင်းပြီး ကိုက်လိုက်လျှင်ပင် သွားရာအနက်ကြီး ကျန်ခဲ့နိုင်ကြောင်း လူတိုင်းသိကြသည်။

ယေဘုယျအားဖြင့်ပြောရလျှင် လူအများမှာ ဘက်စုံစွမ်းဆောင်ရည် ပိုမိုအားကောင်းသော သတ္တုစပ်များကိုသာ ပိုအသုံးပြုချင်ကြသည်။

ဤသတ္တုများလည်း ထိုနည်းတူပင်။ သို့သော် S9အဆင့် သတ္တုများကို သိုင်းလက်နက်များ သွန်းလုပ်ရန်နှင့် အာကာသယာဉ်များအတွက် အဆင့်မြင့်ကုန်ကြမ်းပစ္စည်းများ တည်ဆောက်ရာတွင် အသုံးပြုကြသည်။

အာကာသယာဉ်များ၏ အလေးချိန်သည် တန်ချိန်ဘီလီယံနှင့်ချီ၍ ရှိနိုင်သည်။ ဤသည်မှာ သဘာဝပင်။ သို့သော် အာကာသယာဉ်များ တည်ဆောက်ရာတွင် S9အဆင့် သတ္တုများကို သီးသန့်အသုံးပြုရန် မဖြစ်နိုင်ပေ။ ပထမအချက်အနေနှင့် ထိုသတ္တုများ၏ ကြီးမားလှသော သိပ်သည်းဆကြောင့် အာကာသယာဉ်ကို အလွန်လေးလံသွားစေလိမ့်မည်။ ဒုတိယအချက်မှာ သန့်စင်သော S9အဆင့်သတ္တုများမှာ မာကျောသော်လည်း ကြွပ်ဆပ်သည်။

ယေဘုယျအားဖြင့် ဧရာမအာကာသယာဉ်ကြီးများ တည်ဆောက်ရာတွင်ပင် အခွံပိုင်းပစ္စည်းများ၌ S9အဆင့် သတ္တုစပ်များကို ထည့်သွင်းအသုံးပြုခြင်းမှာ ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်နေချေပြီ။ ထို့ပြင် ဤသတ္တုစပ်မှာ အာကာသယာဉ်၏ ဘက်စုံစွမ်းဆောင်ရည်ကို အကောင်းဆုံးအခြေအနေသို့ ရောက်ရှိအောင် ညှိနှိုင်းပေးနိုင်သည်။

သိုင်းလက်နက်များအတွက်မူ ကီလိုဂရမ် အနည်းငယ် ထည့်သွင်းခြင်းဖြင့် လုံလောက်နေပြီဖြစ်၏။

အမြင့်ဆုံးအဆင့် သတ္တုဖြစ်သည့်အားလျော်စွာ S9အဆင့် သတ္တုများမှာ ဈေးကြီးပြီး လူတိုင်း မဝယ်နိုင်ကြပေ။ ၁ဂရမ်၏ ဈေးနှုန်းကပင် စကြဝဠာဒင်္ဂါး သန်းနှင့်ချီ၍ ရှိသောကြောင့် သူတို့ကုမ္ပဏီ၏ သတ္တုတွင်းများမှ ထုတ်လုပ်သော သတ္တုများမှာ စျေးကွက်လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်စွမ်းရှိ၏။

ပုံမှန်အခြေအနေများတွင် yh1908အမျိုးအစား သန့်စင်သောသတ္တု၏ နှစ်စဉ်ထုတ်လုပ်မှုမှာ တန်သုံးဆယ်မှ လေးဆယ်ခန့် ရှိသော်ငြား စျေးကွက်လိုအပ်ချက်မှာ အမှန်တကယ်တွင်မူ တန်နှစ်ဆယ်ခန့်သာ ရှိသည်။

လက်ရှိအချိန်အထိ သူတို့ ကြုံတွေ့ဖူးသမျှ အကြီးဆုံးဖောက်သည်ကပင် yh1908အမျိုးအစားသတ္တုကို တစ်ကြိမ်လျှင် တန်ချိန်ငါးထောင်သာ ဝယ်ယူဖူးသည်။

ထိုတန်ချိန်ငါးသောင်းလား။ ထိုပမာဏမှာ စကြဝဠာဒင်္ဂါး ၁.၈၆ထရီလီယံ၊ ကြယ်စနစ်နှစ်ဆယ်နီးပါး တန်ဖိုးရှိ၏။ မည်မျှကြီးမားလှသော အမှာစာလေလဲ။

ထို့ကြောင့် သူ(မ)၏အမြင်တွင် သူတို့၏ လက်ကျန် တန်ချိန်၂၃သန်းမှာ လုံးဝလုံလောက်သည်ဟု ထင်ထားခြင်းပင်။ ထို့ကြောင့်လည်း သူတို့၏ လက်ကျန်စာရင်းကို သံသယဖြစ်ရန်မလိုကြောင်း သူ(မ) ရဲရဲဝံ့ဝံ့ ပြောခဲ့ခြင်းဖြစ်၏။

သို့သော် ကျန်းမုန့်လောင်ဘက်က တန်ချိန်သန်းတစ်ရာ လိုချင်သည်ဟု ပြောလိုက်ခြင်းမှာ ယုတ္တိမတန်လွန်းပေဘူးလား။ ထိုမျှများပြားသော ပစ္စည်းရှိမရှိ သို့မဟုတ် S9 အဆင့် သတ္တုအများကြီးကို ဘာကြောင့် လိုအပ်သလဲဆိုသည်ကို မဆိုထားနှင့်။ ထိုငွေပမာဏကို သူ ထုတ်ပေးနိုင်ပါမည်လော။

ထိုသို့ဆိုလျှင် စကြဝဠာဒင်္ဂါးလေးသောင်း၊ အမှောင်ဒင်္ဂါးနှင့်ဆိုလျှင် လေးထရီလီယံနီးပါး ရှိပေလိမ့်မည်။ လက်ရှိအချိန်အထိ စကြဝဠာတစ်ခုလုံးတွင် လည်ပတ်နေသော အမှောင်ဒင်္ဂါးစုစုပေါင်းမှာ ထရီလီယံ ရာဂဏန်းအနည်းငယ်ခန့်သာ ရှိသည်။

ထိုငွေများမှာ သိုင်းပညာမျိုးနွယ်စုတွေအကြား ပြန့်ကျဲနေသော ငွေများပင်။ လူတစ်ယောက်တည်းက အမှောင်ဒင်္ဂါး ၄ထရီလီယံကို ပိုင်ဆိုင်ထားနိုင်မည်လော။

လာနောက်နေတာလား။ ပြဿနာလာရှာတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား။

"ပြဿနာလာရှာတာ ဟုတ်လား"

ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်သည်။

"အဆင့်မြင့်မျိုးနွယ်စုက လူတွေဆီမှာ ဒီလောက်မိုက်မဲတဲ့ ဝန်ထမ်းမျိုး မရှိလောက်ဘူးလို့ ထင်ထားတာ။ တကယ်တော့ ငါ မင်းကို အထင်ကြီးမိသွားတာပဲ"

"တကယ်ကြီး ပြဿနာလာရှာတာပဲ"

ကျန်းမုန့်လောင်၏ သရော်စကားကြောင့် အရောင်းဝန်ထမ်းမလေး၏ မျက်နှာကား ဒေါသကြောင့် နီရဲသွားသည်။

"S9အဆင့် သတ္တုတန်ချိန် သန်းတစ်ရာဆိုတာ အမှောင်ဒင်္ဂါး ၄ထရီလီယံနီးပါး ရှိတယ်။ စကြဝဠာရဲ့ အချမ်းသာဆုံးလူတောင် အဲဒီလောက်အထိ ထုတ်ပေးနိုင်မှာ မဟုတ်ဘူး။ အဲဒါကို ပြဿနာလာရှာတာ မဟုတ်ဘူးတဲ့လား"

"ကောထန်... သူတို့ကုမ္ပဏီရဲ့ အမှောင်ဒင်္ဂါး ငွေလွှဲအကောင့်ကို စစ်ပေးစမ်းပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

အကောင့်တစ်ခုကို စစ်ဆေးရုံမျှသာဖြစ်လေရာ အလွန်အမင်း လျှို့ဝှက်ထားသော ကိစ္စလည်းမဟုတ်ပေ။ ခဏအကြာတွင် ကောထန်သည် သူတို့၏ အကောင့်အချက်အလက်ကို ရှာတွေ့သွားသည်။

"yh1908အမျိုးအစား သတ္တုတန်ချိန်သန်းတစ်ရာစာအတွက် ငွေလွှဲလိုက်တော့"

"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"

အမှောင်ဒင်္ဂါးဆိုသည်မှာ ဘလော့ချိန်းနှင့် ဆင်တူသော ငွေကြေးတစ်မျိုးပင်။ သို့သော်လည်း ဘလော့ချိန်းကုတ်ဝှက်နည်းပညာနှင့် နှိုင်းယှဉ်လျှင် ဤနည်းပညာမှာ အဆမတန် ပိုမိုအစွမ်းထက်ပေသည်။ ၎င်းမှာ အမှောင်ဒင်္ဂါးထုတ်ဝေသော အဖွဲ့အစည်းက တည်ထောင်ထားသည့် စီးပွားရေးစနစ်တစ်ခုဖြစ်ပြီး စကြဝဠာဘဏ်ကတစ်ဆင့် သွားစရာမလိုဘဲ အကောင့်တစ်ခုရှိရုံဖြင့် ငွေကို တိုက်ရိုက်လွှဲပြောင်းနိုင်ပေသည်။

...

"ကောင်းပါပြီ လူကြီးမင်း။ လူကြီးမင်းရဲ့ သတ္တုတန်ချိန်၁၂တန် အမှာစာကို စကြဝဠာရက် သုံးရက်အတွင်း စီစဉ်ပေးပါ့မယ်။ လူကြီးမင်းပေးထားတဲ့ လိပ်စာအတိုင်း သတ်မှတ်ထားတဲ့နေရာကို စကြဝဠာရက် ၁၅ ရက်အတွင်း ပို့ဆောင်ပေးပါမယ်ရှင့်"

"ကျေးဇူးပါပဲ"

"ဒါက ကျွန်တော်တို့ရဲ့တာဝန်ပါ"

ဤပြပွဲရှိ အော်ဖီလီယာသတ္တုတူးဖော်ရေး ကော်ပိုရေးရှင်း၏ တာဝန်ခံသည် S9အဆင့် သတ္တု၁၂တန် အရောင်းအဝယ်ကို ယခုလေးတင် လုပ်ဆောင်ပြီးမြောက်ခဲ့သည်။ သူသည် ရုံးခန်းသို့ ပြန်လာပြီးနောက် ရေတစ်ငုံသောက်ကာ ယနေ့အထိ စုစုပေါင်း အရောင်းအဝယ်ပမာဏကို စစ်ဆေးရန် ပြင်လိုက်သည်။

သို့သော် အံ့ဖွယ်လုလု ပမာဏကို မြင်လိုက်ရချိန်တွင် သောက်လက်စ ရေများကိုပင် ပန်းထုတ်လိုက်မိတော့သည်။

"အမှောင်ဒင်္ဂါး ၃၇၂၀ထရီလီယံ ဟုတ်လား"

"မဖြစ်နိုင်တာ"

"အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံတဲ့လား။ ဒါက..."

အော်ဖီလီယာသတ္တုတူးဖော်ရေး ကော်ပိုရေးရှင်း၏ ထောင်စုနှစ်ပေါင်းများစွာ ဝင်ငွေကပင် ဤမျှအထိ မများပြားနိုင်ပေ။ ဤအရာက သာမန်ပမာဏတစ်ခု မဟုတ်ပေ။

"စနစ်ချို့ယွင်းသွားတာများလား"

ထိုကဲ့သို့သော ကိန်းဂဏန်းမှာ သူ့အတွက် ယုံကြည်ရန် ခက်ခဲနေသည်။ စနစ်ချွတ်ယွင်းသွားခြင်း သို့မဟုတ် သူ အမြင်မှားနေခြင်းပင် ဖြစ်ရမည်။

သို့ဖြစ်လေရာ ကုမ္ပဏီရုံးချုပ်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

"ဆစ်ဒီရာ... ကုမ္ပဏီရဲ့အမှောင်ဒင်္ဂါးအကောင့်ကို စစ်ပေးပါဦး"

"ခဏလေး... ဒီနေ့ ဘာလို့ ဒီလောက်လောနေရတာလဲ။ ပြပွဲပထမဆုံးနေ့ပဲ ရှိသေးတာလေ။ ဘာတွေစစ်စရာရှိလို့လဲ။ ပြီးတော့ နေ့စဉ်ဝင်ငွေကို မင်းဘာသာ ကြည့်လို့ရနေတာပဲ မဟုတ်ဘူးလား"

ရုံးချုပ်ရှိ ဘဏ္ဍာရေးမှူးက အကောင့်ကိုဖွင့်ရင်း ပြောလိုက်သည်။

"ဒီနေ့ အရောင်းအဝယ်ကြီးကြီး ရလိုက်လို့ ကြွားချင်နေတာလား။ ငါ ခန့်မှန်းကြည့်မယ်။ ဒီနေ့ အရောင်းအဝယ်ပမာဏက အမှောင်ဒင်္ဂါးဘီလီယံဆယ်ဂဏန်းလောက် ရောက်သွားပြီလား။ အဲဒီလိုဆိုရင်တော့ သူဌေးက အရမ်း... ၃.၇၂ထရီလီယံ...ဘာတွေဖြစ်နေတာလဲ"

"ငါလည်း ဘာတွေဖြစ်နေမှန်း မသိတော့ဘူး။ ငါ အခုလေးတင် S9အဆင့် သတ္တုဆယ်ဂဏန်းလောက်ပဲ အရောင်းအဝယ် လုပ်ရသေးတာ။ ဒီလောက်များတဲ့ ပမာဏဆိုရင် အဆင့်မြင့်သတ္တုတန်ချိန် သန်းတစ်ရာကျော်ဖိုးလောက် ရှိတယ်..."

"အဲဒါ ဘယ်ဖောက်သည်ရဲ့ အမှာစာလဲဆိုတာ မင်း မြန်မြန်စစ်ကြည့်တာ ကောင်းမယ်နော်။ ဘာလို့လဲဆိုတော့ စကြဝဠာတစ်ခုလုံးမှာ ဒီလောက်များတဲ့ ရန်ပုံငွေကို ထုတ်သုံးနိုင်တဲ့လူက အများကြီးမရှိဘူးလေ။ ဒီလိုဖောက်သည်မျိုးကို လုံးဝအပြစ်လုပ်မိလို့ မဖြစ်ဘူး"

"ဟုတ်တယ်။ ဟုတ်တယ်။ ငါ အခုချက်ချင်း စစ်လိုက်မယ်"

...

"ကဲ.. မင်းက လက်ကျန်ပစ္စည်းလုံလောက်တယ်လို့ ပြောထားတယ်နော်။ ငါလည်း ငွေရှင်းပြီးသွားပြီ။ တကယ်လို့ မင်းဘက်က ပစ္စည်းမပေးနိုင်ဘူးဆိုရင် စကြဝဠာ မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေအရ ဖောက်သည်ကို လိမ်လည်လှည့်ဖြားတဲ့ ဘယ်လုပ်ရပ်မဆို ပမာဏရဲ့ဆယ်ဆ လျော်ကြေးပေးရမယ်... ဟုတ်တယ်မလား"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"ဟုတ်သားပဲ။ အမှောင်ဒင်္ဂါးအရောင်းအဝယ်တွေက စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ ဥပဒေအောက်မှာ မရှိဘူးဆိုတာ ငါ မေ့သွားတယ်။ ဆိုတော့ ဒါကိုဖြေရှင်းဖို့ ငါ့ကိုယ်ပိုင်နည်းလမ်းတွေကို သုံးလို့ရမယ်ထင်တယ်"

"ရှင်က ငွေရှင်းပြီးပြီလို့ ပြောလိုက်တာလား။ ဟားဟား... အမှောင်ဒင်္ဂါးတွေကို ရှင့်ဘာသာ ထုတ်လုပ်နေတာများလား"

ထိုအချိန်တွင် အရောင်းဝန်ထမ်းမလေးကမူ လှောင်ပြောင်လိုစိတ်ကို ဖုံးကွယ်မထားတော့ပေ။ အမှောင်ဒင်္ဂါး ထရီလီယံပမာဏမှာ စကြဝဠာထဲရှိ အချမ်းသာဆုံးလူပင် ထုတ်ပေးနိုင်မည်လော။

"အားလုံးပဲ အာရုံစိုက်ကြပါ"

ထိုစဉ် အရောင်းဝန်ထမ်းမလေး၏ နားထဲရှိ ဆက်သွယ်ရေးကိရိယာကတစ်ဆင့် မန်နေဂျာ၏အသံ ထွက်ပေါ်လာသည်။

"အခုလေးတင် ဖောက်သည်တစ်ယောက်က အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံတန်ဖိုးရှိတဲ့ အမှာစာတစ်ခု တင်လိုက်တယ်။ အဲဒါ ဘယ်သူ့ဖောက်သည်လဲဆိုတာ ငါ့ကို အခုချက်ချင်း သတင်းပို့ကြ"

"အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံ ဟုတ်လား"

ဤသတင်းကို ကြားသောအခါ ကုမ္ပဏီတစ်ခုလုံးရှိ လူများမှာ အသက်ရှူမှားသွားကြသည်။ တစ်နှစ်တာကြာမြင့်မည့် ပြပွဲတစ်ခုအတွက် သူတို့၏ နောက်ဆုံးရည်မှန်းချက်မှာ အမှောင်ဒင်္ဂါး ဘီလီယံထောင်ဂဏန်းခန့် ရှာဖွေရမည်သာ။ ဤသည်မှာ အလွန်အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ဤမျှများပြားသော ပမာဏမျိုးကို သူတို့ လုံးဝမတွေးဖူးပေ။

ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤအရောင်းအဝယ်ကို လုပ်နိုင်ခဲ့ပါက သူတို့ ကုမ္ပဏီ၏ ကော်မရှင်စနစ်အရ ထိုလူသည် ချက်ချင်းဆိုသလို ချမ်းသာသွားနိုင်ပေသည်။

"အဲဒီအရောင်းအဝယ်ကို ဘယ်သူလုပ်လိုက်တာလဲ မသိဘူးနော်"

"ဒီလောက်အများကြီး ဝယ်နိုင်တဲ့သူဆိုတာ သာမန်နောက်ခံမျိုးတော့ မဖြစ်နိုင်ဘူးနော်။ ဟုတ်တယ်မလား"

"အားကျလိုက်တာ"

အရောင်းဝန်ထမ်းမလေးမှာမူ ကြက်သေသေလျက် အကြောင်သားရပ်နေမိသည်။

အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံ ဟုတ်လား။

တိတိကျကျပြောရလျှင် yh1908အမျိုးအစား သတ္တုတန်ချိန် သန်းတစ်ရာဖိုး မဟုတ်လော။

အစောကပင် ဤလူက ငွေရှင်းပြီးပြီဟု ဆိုထားသည်။ ဧကန္တ....

ထိုအချက်ကို တွေးမိလိုက်သောအခါ သူ(မ)၏စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့် ခံစားချက်မှာ အကြောက်တရားပင်တည်း။

ဤကဲ့သို့သော ဖောက်သည်မျိုးကို စော်ကားမိခြင်း၏ အကျိုးဆက်များကို ထည့်မပြောနှင့်ဦး။ ကျန်းမုန့်လောင်က အကယ်၍ ပစ္စည်း မပေးနိုင်ပါက ကုမ္ပဏီတစ်ခုလုံး ကံဆိုးမိုးမှောင်ကျသွားနိုင်ကြောင်း ပြောထားသည်။

အကယ်၍ သူ့ဘက်က ထိုငွေများကို တကယ်ထုတ်ပေးနိုင်ခဲ့သည်ဆိုပါက ထိုစကား၏ မှန်ကန်မှုကို သံသယဖြစ်နေစရာ မလိုတော့ပေ။

"ငါ မျက်နှာပျက်မှာစိုးလို့ ဒီလိုဖောက်သည်မျိုးကို စော်ကားမိသွားတာပဲ"

သူ(မ)၏အမူအရာမှာ စိတ်ပျက်အားငယ်မှုကြောင့် အနည်းငယ်ပင် ပျက်ယွင်းသွားသည်။ အကယ်၍ သူ(မ)သာ အကြွားမသန်ခဲ့လျှင် သို့မဟုတ် သူ(မ)၏ ချဲ့ကားပြောဆိုမှုအတွက် ကျန်းမုန့်လောင်ကို တောင်းပန်ခဲ့ပါက ယခုအချိန်တွင် ဧရာမအရောင်းအဝယ်ကြီးတစ်ခုကို သူ(မ) ရနေလောက်ပြီဖြစ်၏။

"လူကြီးမင်း... လူကြီးမင်း... ဒါက..."

"အခု ငါ မင်းနဲ့ စကားမပြောချင်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါက ပိုက်ဆံမရှင်းနိုင်ဘူးဆို။ ဒီနေရာက တာဝန်ရှိတဲ့လူကို သွားခေါ်ချေ"

All Chapters