← Chapters

အခန်း (၅၅၁-၅၅၂)

Vol. 28 Ch. 551-552

အခန်း (၅၅၁-၅၅၂)

Vol. 28 Ch. 551-552

အပိုင်း (၅၅၁) ဖန်ဆန်းကျွန်း

ဤတောင်ထွတ်က သိပ်မမြင့်လှဘဲ ရေမျက်နှာပြင်အထက် ပေါ်နေသော အပိုင်းကို ခန့်မှန်းကြည့်လျှင် အမြင့်ပေ ၃၃၀ ခန့်သာ ရှိမည်ဖြစ်သည်။

တောင်ထွတ်တစ်ခုဟု ဆိုခြင်းထက် ယခုမြင်တွေ့နေရသည့် အနေအထားအရ ကျွန်းငယ်လေးတစ်ခုဟု ဆိုလျှင် ပိုမှန်ပေမည်။

အလွန်သေးငယ်သော ကျွန်းလေးတစ်ကျွန်းဆိုလျှင်ပင် မမှားပေ။

လင်းယွမ် အရိပ်နဂါး ရေပေါ်ကျွန်းဆီသို့ ဝင်ရောက်သွားခဲ့သည့် တစ်လခွဲကာလအတွင်း ရေကြီးမှုက အဆောက်အအုံ အများစုကို ရေလွှမ်းမိုးသွားသည့် အခြေအနေထိ ရောက်ရှိနေပြီဖြစ်ကြောင်း အလွန်ပင် သိသာလှသည်။

ဤကဲ့သို့သော တောင်ကုန်းပုလေးများပင် ယခုအချိန်၌ ပို၍ သေးငယ်သွားသယောင် ရှိနေသည်။

လင်းယွမ်က ဤလမ်းတစ်လျှောက် လာခဲ့စဉ်က မည်သည့် အထပ်မြင့်တိုက်ကြီးကိုမျှ မတွေ့ခဲ့ရချေ။

အထပ်မြင့်တိုက်ကြီးများ တကယ်မရှိတော့ခြင်း မဟုတ်ဘဲ အဆောက်အအုံ အများစုမှာ ရေအောက်သို့ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။

ရေလွှမ်းမိုးနေသော ကမ္ဘာကြီးက လုံးဝကို ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

လူသားတို့၏ ခေတ်မီ အဆောက်အအုံနှင့် အသုံးအဆောင်များမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။

"ဘုတ်"

နှင်းဖုံးနေသော တောင်တန်းများကြားတွင် စူးရှသော လေခွင်းသံတစ်ချက် ထွက်ပေါ်လာသည်။

သစ်ပင်ထိပ်ဖျားဆီမှ အဖြူရောင် ရှဉ့်ပျံတစ်ကောင် ပြုတ်ကျလာ၏။

ရဲရဲနီသော သွေးများက ဖြူဖွေးနေသော မြေပြင်ကို ချက်ချင်းပင် နီရဲသွားစေသည်။

တောအုပ်ထဲမှ မိန်းကလေးတစ်ဦး လျင်မြန်စွာ ပြေးထွက်လာပြီး မြေပြင်ပေါ်ရှိ ရှဉ့်ပျံကို ကောက်ကိုင်လိုက်သည်။

သူမက အထူစား သားမွေးအင်္ကျီကို ဝတ်ဆင်ထားပြီး အရပ် ၅ ပေ ၇ လက်မခန့် ရှိကာ ချောမောလှပသော မျက်နှာပေါက်နှင့် သွက်လက်သော မျက်လုံးအစုံကို ပိုင်ဆိုင်ထားသည်။

နက်မှောင်သော ဆံပင်များကို မြင်းမြီးပုံစံ စည်းနှောင်ထားပြီး လက်ထဲတွင် အနက်ရောင် လေးကြိုးတစ်ချောင်းကို ကိုင်ဆောင်ထား၏။

သို့သော် ထူးဆန်းသည်မှာ သူမတွင် မြှားတံများ မပါရှိပေ။

သူမ၏ လှုပ်ရှားမှုများက လေပြေအလား လျင်မြန်သွက်လက်နေပြီး ရှဉ့်ပျံအနီးသို့ ရောက်လာသောအခါ သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်နေသော အရိပ်အယောင်များ ပေါ်လာသည်။

"ဒီရက်ပိုင်းတော့ စားစရာ ရပြီ"

"ရွှတ်"

ရုတ်တရက် တောအုပ်ထဲမှ လူအချို့ ထွက်ပေါ်လာပြီး ထိုအထဲမှ တစ်ယောက်က လျှပ်တစ်ပြက်အတွင်း မြေအောက်သို့ လျှိုးဝင်သွားကာ ပြန်ပေါ်လာချိန်တွင် ရှဉ့်ပျံကို မြေအောက်သို့ ဆွဲချသွားပြီး ပျောက်ကွယ်သွားလေတော့သည်။

မိန်းကလေးမှာ ချက်ချင်း မျက်နှာပျက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ရပ်လိုက်စမ်း... အဲ့ဒါ ငါပစ်ထားတဲ့ သားကောင်"

တောအုပ်ထဲရှိ လူကောင်ထွားထွားကြီး အချို့က ချက်ချင်း လှောင်ပြောင် ရယ်မောလိုက်ကြ၏။

"နဲ့ရှင်း... ဒီရှဉ့်ပျံကို ငါတို့ စောင့်ကြည့်နေတာ ရက်တော်တော်ကြာနေပြီ... ဟက်ဟက်... တကယ်တမ်း ဘယ်သူက ဘယ်သူ့သားကောင်ကို လုတာလဲဆိုတာ သေချာရှင်းဖို့ လိုနေပြီ"

"အပိုတွေလာပြောမနေနဲ့တိ... ဒီရှဉ့်ပျံကို ပြီးခဲ့တဲ့ရက်တွေကတည်းက ငါ စောင့်ကြည့်နေတာ... တခြားလူ စောင့်ကြည့်နေစရာ အကြောင်းမရှိဘူး... ငါ့ကို ပြန်ပေး"

"ရယ်ရတယ်... မင်းမှာ အရည်အချင်းမရှိလို့ ငါတို့ ဒီရှဉ့်ပျံကို စောင့်ကြည့်နေတာကို မသိတာလေ... အခုမှ လာပြောနေတယ်... ဒီဖန်ဆန်းတောင်ပေါ်မှာ ငါတို့က မင်းကို မထိရဲဘူးလို့များ ထင်နေတာလား"

တိ ဟုအမည်ရသော လူထွားကြီးက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး ဘေးနားရှိ အခြား အမျိုးသားများကလည်း ရှေ့သို့ တစ်လှမ်းတိုးလာကာ ခြိမ်းခြောက်သည့် အမူအရာများကို ပြသလိုက်ကြသည်။

နဲ့ရှင်းဆိုသော မိန်းကလေးမှာ မျက်နှာမည်းမှောင်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ "နင်တို့က ငါ့ကို ထိရဲလို့လား... ရဲအရာရှိလီကို နင်တို့ မကြောက်ဘူးလား"

ရဲအရာရှိလီကို ပြောလိုက်သည်နှင့် တိဟူတို့အဖွဲ့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

တိဟူက ရုတ်တရက် လှောင်ပြောင် ရယ်မောလိုက်ပြန်သည်။ "လူတိုင်း ဖန်ဆန်းတောင်ပေါ်မှာ စုဝေးနေကြတာကလည်း ဘေးလွတ်ရာ ရှောင်ချင်လို့လေ... အစတုန်းက ရဲအရာရှိလီဆီမှာ သေနတ်ရှိနေလို့သာ လူတိုင်းက သူ့စကားကို နားထောင်ခဲ့ကြတာ"

"အခုက ဘယ်အချိန် ရောက်နေပြီလဲ... အားလုံးက သန္ဓေပြောင်းအစွမ်းတွေ နိုးထလာကြပြီ... သေနတ်က ဘာလုပ်လို့ရဦးမှာလဲ"

"သူ့နာမည်သုံးပြီး ငါ့ကို လာမခြောက်နဲ့... ငါ တိဟူက ကြောက်တတ်တဲ့ကောင်မဟုတ်ဘူး... မင်း သူ့ဆီသွားတိုင်ရင်တောင် ငါက ကြောက်မလား စောင့်ကြည့်လိုက်"

ဘေးနားရှိ ကတုံးနှင့်လူကလည်း အေးစက်စက် ပြုံးကာ ဝင်ပြောသည်။ "နဲ့ရှင်း... မင်း ဖန်ဆန်းကျွန်းပေါ်မှာပဲ တစ်သက်လုံး နေရပါစေလို့ ဆုတောင်းနေလိုက်... အပြင်ကို မထွက်နဲ့"

ဘေးနားရှိ အခြားသူများကလည်း ချက်ချင်း ဟားတိုက် ရယ်မောလိုက်ကြပြီး သူတို့၏ အမူအရာများတွင် တစ်စုံတစ်ခုကို ကြံစည်နေသော အရိပ်အယောင်များ ပါဝင်နေသည်။

နဲ့ရှင်းကို ကြည့်နေသော သူတို့၏ မျက်လုံးများထဲတွင်လည်း မကောင်းသော ရည်ရွယ်ချက်များ ကိန်းအောင်းနေ၏။

ထိုအရာက နဲ့ရှင်း၏ ရင်ထဲကို ကျောချမ်းသွားစေသည်။

"မဖြစ်ဘူး... ဒီဖန်ဆန်းကျွန်းပေါ်မှာ ဆက်နေလို့ မရတော့ဘူး... ဒီလူတွေ အကုန် ရူးကုန်ပြီ... ရဲအရာရှိလီလည်း အနှေးနဲ့အမြန် ဒီက အခြေအနေတွေကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး"

နဲ့ရှင်းက စိတ်ထဲမှ တွေးလိုက်မိသည်။ ရေကြီးပြီးနောက်ပိုင်း ရဲအရာရှိလီသည် သူ၏ လက်နက်ကို အားကိုးကာ လူအများကို ခေါ်ဆောင်၍ တောင်ပေါ်တွင် စခန်းချခဲ့သည်။

ထို့နောက် လူအများစုမှာ သန္ဓေပြောင်းအစွမ်းများ အသီးသီး နိုးထလာကြပြီး ထိုအထဲမှ အစွမ်းပိုင်ရှင်အချို့က ရဲအရာရှိလီ၏ အုပ်ချုပ်ပုံကို စတင် မကျေမနပ် ဖြစ်လာကြသည်။

သို့သော် ရဲအရာရှိလီထံတွင် သေနတ်ရှိနေသေးသဖြင့် အစွမ်းနိုးထစ သူတို့အနေဖြင့် မရိုင်းစိုင်းရဲကြပေ။

နောက်ပိုင်းတွင် ရဲအရာရှိလီသည်လည်း အစွမ်းနိုးထလာခဲ့သော်လည်း သာမန် ခွန်အားအမျိုးအစား အစွမ်းသာ ဖြစ်ခဲ့သည်။ သေနတ်ရှိနေသေးသော်လည်း အချို့သော ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင်များက ရဲအရာရှိလီကို အနည်းငယ် အထင်သေးလာကြပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် သေနတ်များကို ရင်ဆိုင်နိုင်စွမ်း တဖြည်းဖြည်း ရှိလာကြသောကြောင့်ပင်။

ရဲအရာရှိလီက ဖန်ဆန်းကျွန်း၏ ခေါင်းဆောင်အဖြစ် အချိန်အတန်ကြာ ဩဇာလွှမ်းမိုးထားနိုင်ခဲ့၍သာ မဟုတ်လျှင် တစ်စုံတစ်ယောက်က စောစောစီးစီး ပုန်ကန်နေလောက်ပြီ ဖြစ်သည်။

"အဖေနဲ့ အမေကို ဒီကနေ ခေါ်သွားဖို့ ငါ မြန်မြန် နည်းလမ်းရှာရမယ်... အပြင်ဘက်မှာလည်း ရေခဲနေပြီဆိုတော့ သွားလို့ရလောက်မှာပါ"

"ဒီမှာ ဆက်နေရင် အနှေးနဲ့အမြန် ပြဿနာတက်တော့မှာ"

နဲ့ရှင်းသည် ထိုလူများ သူမ၏ သားကောင်ကို လုယူသွားသည်ကို မျက်ဝါးထင်ထင် ကြည့်နေရပြီး စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။

တစ်ဖက်လူများက အင်အားများပြားသည့်အပြင် အားလုံးကလည်း အစွမ်းပိုင်ရှင်များ ဖြစ်နေကြသည်။

သူမ၏ သားကောင် လုယူခံရခြင်းက ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

ဆောင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ ရေပြင်များ ခဲသွားကာ နှင်းများ ထူထပ်လာသဖြင့် လူများ ရေအောက်မှ အစားအစာ ရှာဖွေနိုင်သည့် အခွင့်အရေးမှာ ပိုမို နည်းပါးလာခဲ့သည်။

ထို့ကြောင့် လူအများစုမှာ အသက်ရှင်သန်ရန် တောတောင်များထဲတွင် အမဲလိုက်ခြင်းကိုသာ အားထားနေရသည်။

သို့သော် တောထဲရှိ သန္ဓေပြောင်း သားရဲများမှာလည်း အစာရေစာ ရှားပါးနေသဖြင့် ၎င်းတို့သည်လည်း ပို၍ ကြမ်းကြုတ် ရက်စက်လာကြသည်။

မည်သို့ပင်ဆိုစေ ဆောင်းရာသီတစ်ခုလုံးက အစာရေစာနှင့် အသားများ ရှားပါးသည့် အချိန်ကာလပင် ဖြစ်သည်။

ဤအခြေအနေမျိုးတွင် ဖန်ဆန်းကျွန်းပေါ်ရှိ လုံခြုံရေးမှာ သဘာဝကျကျပင် အန္တရာယ် များလာခဲ့လေသည်။

"ညီမလေး... ဒီနေရာက ဖန်ဆန်းတောင်လား"

ရုတ်တရက် အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် နဲ့ရှင်းတစ်ယောက် လန့်ဖျပ်သွားသည်။

သူမက မသိစိတ်၏ စေ့ဆော်မှုဖြင့် အနောက်သို့ ရုတ်တရက် လှည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေပြင်းတစ်ချက်က အနောက်ဘက်သို့ ခုတ်ပိုင်းသွားလေသည်။

သို့သော် အနောက်ဘက်ရှိ လူက ရှောင်တိမ်းခြင်း မရှိဘဲ ထိုလေဓားက "ဖောင်း" ခနဲ အသံနှင့်အတူ ထိုလူ၏ ရှေ့တွင် ပေါက်ကွဲသွားကာ မျက်မြင်မရသော နံရံတစ်ခုကို ခုတ်ပိုင်းလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "လေဓာတ် အစွမ်းပိုင်ရှင်... တော်တော် ရှားတာပဲ" ဟု ပြောလိုက်သည်။

"ရှင်က ဘယ်သူလဲ" နဲ့ရှင်း အလွန် အံ့အားသင့်သွားပြီး အနောက်သို့ သုံးလှမ်းခန့် အမြန်ဆုတ်ကာ လင်းယွမ်နှင့် အကွာအဝေး တစ်ခု ခြားလိုက်သည်။

သူမ ခုနက ကမန်းကတန်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း လေဓားခုတ်ချက်က သူမ၏ အပြင်းထန်ဆုံး အစွမ်းတစ်ခု ဖြစ်သည်။

သို့သော် သူမ၏ ဤအစွမ်းက တစ်ဖက်လူ၏ အင်္ကျီစွန်းကိုပင် မထိခိုက်နိုင်ခဲ့ပေ။

လာသူမှာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ကြောင်း သူမ ချက်ချင်း သဘောပေါက်လိုက်သည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "မလန့်ပါနဲ့... ကျွန်တော်က ဒီနားကနေ ဖြတ်သွားတဲ့ ခရီးသွားပါ... လမ်းပျောက်နေလို့ ဒီနေရာက ဘယ်နေရာလဲဆိုတာ မေးချင်လို့ပါ" ဟု ရှင်းပြလိုက်သည်။

နဲ့ရှင်းက မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "လမ်းပျောက်တာ... ရှင် ဘယ်ကလာတာလဲ... အပြင်မှာ ဒီလောက် နှင်းတွေကျနေတာကို ရှင် ဘယ်လိုရောက်လာတာလဲ"

ဤလူ၏ စကားကို သူမ သိပ်မယုံကြည်ပေ။ အဓိကအကြောင်းရင်းမှာ ကျွန်းပေါ်တွင် ကင်းလှည့်အဖွဲ့များ ရှိနေပြီး သာမန်လူများအနေဖြင့် တောင်ပေါ်သို့ တက်လာရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

လင်းယွမ်က ပြုံးပြလိုက်သည်။ "ကျွန်တော်က လင်ကျောင်းမြို့က လာတာပါ... နာမည်က လင်းယွမ် လို့ခေါ်တယ်... ကိုလင်းယွမ် လို့ ခေါ်လို့ရပါတယ်"

"ဘယ်လို ရောက်လာလဲဆိုရင်တော့... ဒီလို ရောက်လာတာပေါ့"

သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း မြောက်တက်လာပြီး လေဟာနယ်ထဲတွင် ရပ်တန့်နေလိုက်သည်။

နဲ့ရှင်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ ကောင်းကင်မှာ ပျံသန်းနေတာပဲ။

ဒီလူက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ပဲ။

နဲ့ရှင်းက ရိုသေလေးစားသော အမူအရာကို ချက်ချင်း ပြသလိုက်ပြီး "ဒါက စိတ်စွမ်းအင်နဲ့ ပျံသန်းတာလားဟင်" ဟု မေးလိုက်သည်။

"ဟဟ... ဟုတ်တယ်"

"တော်တော် အစွမ်းထက်တာပဲ... ညီမနာမည်က နဲ့ရှင်း ပါ"

"ဪ... မနဲ့ရှင်း ကိုး"

"မ,ထည့်မခေါ်ပါနဲ့... နာမည်ကိုပဲ ခေါ်ပါ" နဲ့ရှင်းက အလျင်အမြန် ပြောလိုက်သည်။

လင်းယွမ်မှာ မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး "ကောင်းပါပြီ... ညီမလေး နဲ့ရှင်း... ဒီနေရာက ဘယ်နေရာလဲ သိလား" ဟု မေးလိုက်သည်။

"ဖန်ဆန်းပါ... ဒီနေရာက ဖန်ဆန်းလေ... ဪ... ရေမကြီးခင်တုန်းကတော့ တောင်ပေါ့... အခုတော့ ကျွန်းဖြစ်သွားပြီဆိုတော့ ဖန်ဆန်းကျွန်းလို့ ခေါ်ကြတယ်"

"ရှင် တကယ် လင်ကျောင်းက လာတာလား... လင်ကျောင်းနဲ့ ဒီနေရာက အနည်းဆုံး မိုင် ၆၀ ကျော်လောက် ဝေးတာနော်"

လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်လိုက်သည်။ "မိုင် ၆၀ ကျော် ဝေးတယ်ဆိုတော့... ဒီနေရာက ပေါင်ရှန်းမြို့လား"

"ဟုတ်တယ်လေ... ပေါင်ရှန်းမြို့ပေါ့"

ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်မှာ အလိုအလျောက် ပြုံးမိသွားသည်။

ပေါင်ရှန်းမြို့နှင့် လင်ကျောင်းမြို့သည် လင်ကျောင်းမြစ်ဖြင့် ပိုင်းခြားထားသော်လည်း ပထဝီဝင်အနေအထားအရ ပေါင်ရှန်းမြို့မှာ လင်ကျောင်းမြစ်၏ အောက်ဘက်တွင် တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။

ကံကောင်းသည်မှာ လဝက်ခန့် လွင့်မျောပြီးနောက် အရိပ်နဂါး က လင်ကျောင်းမြို့နှင့် အတော်လေး နီးကပ်လာခဲ့ပြီ ဖြစ်သည်။

"တော်တော် တိုက်ဆိုင်တာပဲ"

လင်းယွမ် ပြုံးလိုက်သည်။ ရွှီဟောင်ယန် ဆိုသည်မှာ ပေါင်ရှန်းမြို့ အသက်ရှင်ကျန်ရစ်သူများ စခန်း၏ အဖွဲ့ခေါင်းဆောင် မဟုတ်ပါလား။

လင်းယွမ်က ချက်ချင်း မေးလိုက်သည်။ "ပေါင်ရှန်းမြို့မှာ အသက်ရှင်ကျန်ရစ်သူတွေ စုဝေးတဲ့နေရာတွေ များလား"

နဲ့ရှင်းက ခေါင်းယမ်းလိုက်သည်။ "ပေါင်ရှန်းမြို့က လင်ကျောင်းမြို့ထက် မြေမျက်နှာပြင် ပိုနိမ့်တယ်လေ... ပြီးတော့ လင်ကျောင်းရဲ့ အောက်ဘက်မှာဆိုတော့ ရေကြီးတဲ့အချိန်မှာ အထက်ပိုင်းက ရေတွေနဲ့ ပထမဆုံး နစ်မြုပ်သွားတာ"

"အခုဆို တောင်ထွတ်တချို့ကလွဲရင် ခြေချစရာ နေရာဆိုလို့ သိပ်မရှိတော့ဘူး"

လင်းယွမ်က ထပ်မေးလိုက်သည်။ "ဒါဆို ပေါင်ရှန်းမြို့ရဲ့ အကြီးဆုံး ခိုလှုံရေးစခန်းက ဘယ်နေရာမှာလဲ"

"အကြီးဆုံး ခိုလှုံရေးစခန်းက ရန်ပေါင်ရှန်း တောင်ပေါ်မှာလို့ လူတွေပြောတာ ကြားဖူးတယ်"

"ရန်ပေါင်ရှန်း"

"ရှင် မသိဘူးလား... ရန်ပေါင်ရှန်းက ကျွန်မတို့ ပေါင်ရှန်းမြို့ရဲ့ အကြီးဆုံး တောင်ထွတ်လေ... ပြီးတော့ ကျွန်မတို့ ပေါင်ရှန်းမြို့ နာမည်ရဲ့ အရင်းအမြစ်လည်း ဖြစ်တယ်"

"ရှေးခေတ်တုန်းက ရန်ပေါင်ရှန်းဆိုတာ စစ်သူကြီးတစ်ယောက်တဲ့... သူက မြို့ကို ကာကွယ်ဖို့ အမိန့်ရထားတော့ ကိုယ်ကျိုးစွန့်ပြီး နောက်ဆုံးအချိန်ထိ နောက်မဆုတ်ဘဲ တိုက်ပွဲဝင်သွားတာ... အဲ့ဒီလိုနဲ့ တစ်မြို့လုံးက ပြည်သူတွေကို ကာကွယ်နိုင်ခဲ့တာလို့ ကြားဖူးတယ်"

"ပြည်သူတွေက သူ့ကို ဒီဒေသရဲ့ အမြင့်ဆုံးတောင်ပေါ်မှာ သင်္ဂြိုဟ်ပြီး ဘုရားကျောင်းတွေ တည်ဆောက်၊ အမွှေးတိုင်တွေနဲ့ ပူဇော်ခဲ့ကြတာ... အဲ့ဒီတောင်က ရန်ပေါင်ရှန်း ဖြစ်လာတာပေါ့"

"ရန်ပေါင်ရှန်းက ကျွန်မတို့ဆီမှာ နာမည်ကြီး အထင်ကရနေရာ တစ်ခုလေ... ရှင် မသိဘူးလား"

လင်းယွမ် ခေါင်းယမ်းလိုက်သည်။ သူက လင်ကျောင်းမြို့ရှိ အထင်ကရနေရာများကိုပင် သေချာ မလည်ပတ်ဖူးရာ မြစ်အောက်ပိုင်း မြို့တစ်မြို့၏ အထင်ကရနေရာများကို မည်သို့ သိနိုင်မည်နည်း။

"ကြည့်ရတာ ရွှီဟောင်ယန်က ရန်ပေါင်ရှန်း ခိုလှုံရေးစခန်းက ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် ဖြစ်ရမယ်"

လင်းယွမ်သည် ရွှီဟောင်ယန်၏ ခန္ဓာကိုယ်ထဲတွင် ချန်ထားခဲ့သော ကပ်ပါးမျိုးစေ့၏ တည်နေရာကို အနည်းငယ် အာရုံခံကြည့်လိုက်ရုံဖြင့် ၎င်း၏ တည်နေရာ အကြမ်းဖျင်းကို သိရှိနေပြီ ဖြစ်သည်။

သို့သော် သူက တစ်ဖက်လူကို သွားရောက် ရှာဖွေလိုသော ရည်ရွယ်ချက် မရှိပေ။ လက်ရှိ အရေးအကြီးဆုံးက ထိုက်ယန်တောင်သို့ အရင် ပြန်ရန်ဖြစ်သည်။

"ဝုန်း"

လင်းယွမ် ထပ်မေးရန် ပြင်လိုက်စဉ် ရုတ်တရက် အဝေးရှိ တောင်တောအုပ်ထဲမှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လင်းယွမ်နှင့် နဲ့ရှင်းတို့ နှစ်ဦးစလုံး အလိုအလျောက် မော့ကြည့်လိုက်ကြသည်။

အဝေးမှ မီးခိုးလုံးကြီးများ လိမ့်တက်လာပြီး နာကျင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။

နဲ့ရှင်း မျက်နှာပျက်သွားသည်။ "ဘာဖြစ်တာလဲ"

လင်းယွမ်လည်း အနည်းငယ် အံ့သြသွားသည်။ သို့သော် နဲ့ရှင်းက လျှပ်တစ်ပြက် လှုပ်ရှားလိုက်ပြီး သူမ၏ ခြေဖဝါးအောက်တွင် လေပြင်းများ စုစည်းကာ မီးခိုးထွက်ရာအရပ်သို့ အလျင်အမြန် ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း ခဏစဉ်းစားပြီးနောက် သူမနောက်သို့ လိုက်သွားလိုက်သည်။

သူတို့နှစ်ဦး၏ အလျင်က အလွန်မြန်ဆန်သဖြင့် အချိန်တိုအတွင်းမှာပင် တောအုပ်ကို ဖြတ်ကျော်ကာ ရွာလေးတစ်ရွာသို့ ရောက်ရှိသွားကြသည်။

ထိုနေရာရှိ အဆောက်အအုံများ ပြိုကျနေပြီး မီးတောက်များ အများအပြား လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။

လိမ့်တက်လာသော မီးခိုးငွေ့များကြားတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာက ကြောက်လန့်တကြား အော်ဟစ်နေကြ၏။

သားမွေးအင်္ကျီများကို ဝတ်ဆင်ထားသော လူထွားကြီး တစ်စုက သန္ဓေပြောင်း လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ကာ ပြေးဝင်လာပြီး ချောမောသော အမျိုးသမီးများကို မြင်သည်နှင့် တန်း၍ ပခုံးပေါ်ထမ်းကာ ခေါ်ဆောင်သွားကြသည်။

ကလေးများကိုလည်း လက်တစ်ဖက်တည်းဖြင့် ဆွဲမလိုက်ပြီး ဟားတိုက် ရယ်မောနေကြသည်။

အခြား လူတစ်စုကမူ ထိုလူထွားကြီးများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ထိုနေရာတွင် လူရာပေါင်းများစွာ ရှိနေပြီး ရှုပ်ထွေးပွေလီနေသည်။

အာရုံအဖမ်းစားနိုင်ဆုံးမှာ လေထဲတွင် ရှိနေသော အမျိုးသား အချို့ပင် ဖြစ်သည်။

သူတို့က လေပေါ်တွင် ပျံသန်းရပ်တန့်နေကြပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကာ ပြုံးနေကြသည်။

"တိရစ္ဆာန်တွေ... မင်းတို့ တိရစ္ဆာန်ကောင်တွေ"

တောအုပ်ထဲမှ အထူစား သားမွေးအင်္ကျီ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ပြေးထွက်လာသည်။

သူ့တစ်ကိုယ်လုံးတွင် နှင်းများ ဖုံးလွှမ်းနေပြီး လက်ထဲရှိ သေနတ်ဖြင့် လေထဲသို့ ချိန်ရွယ်ကာ တိုက်ရိုက် ပစ်ခတ်လိုက်လေသည်။

"ဒိုင်း... ဒိုင်း... ဒိုင်း"

ကျည်ဆန်အချို့ လေကိုခွဲထွက်သွားပြီး လေထဲရှိ အမျိုးသား သုံးဦးက ဤမြင်ကွင်းကို မြင်လိုက်သောအခါ အေးစက်စက် ရယ်မောလိုက်ကြသည်။

ထိုအထဲမှ တစ်ယောက်က "ငါ ရှင်းလိုက်မယ်" ဟု ပြောလိုက်သည်။

သူက လက်တစ်ဖက်ဖြင့် လေဟာနယ်ကို ဖိနှိပ်လိုက်ရာ ခဏချင်းမှာပင် လေဟာနယ်ထဲတွင် စိတ်စွမ်းအင် နံရံတစ်ခု ဖြစ်ပေါ်လာသည်။

ထိုကျည်ဆန်များက စိတ်စွမ်းအင် နံရံထဲသို့ တိုးဝင်သွားပြီး လေဟာနယ်ထဲတွင် အလိုအလျောက် ရပ်တန့်သွားကြသည်။

"မျိုးရိုးဗီဇမျိုးစေ့အဆင့်တောင် မရှိတဲ့ အစွမ်းပိုင်ရှင် တစ်စုကများ ငါတို့ကို လာယှဉ်ရဲသေးတယ်... ရယ်စရာပဲ"

"ဟားဟားဟား... အကုန်လုံးကို ဖမ်းသွား... ယောက်ျားတွေကို သတ်... မိန်းမတွေကို ညီအစ်ကိုတွေ ဝေဖို့ ပြန်ခေါ်သွားကြ"

အောက်ဘက်ရှိ ဓားပြများက ချက်ချင်းပင် အောင်ပွဲခံ အော်ဟစ်လိုက်ကြပြီး သူတို့၏ တိုက်ခိုက်မှုများက ပိုမို ရက်စက်ကြမ်းကြုတ်လာသည်။

ထိုအချိန်အတွင်း ပတ်ဝန်းကျင်မှ ညည်းတွားအော်ဟစ်သံများက နားမဆံ့အောင် ထွက်ပေါ်နေတော့သည်။

နဲ့ရှင်း လူအုပ်ထဲသို့ ပြေးဝင်သွားပြီး ပြိုကျနေသော သစ်သားအိမ်တစ်လုံးကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်ရည်ဝဲသွားသည်။

"အဖေ... အမေ"

ပြိုကျနေသော အိမ်ထဲတွင် သက်ကြီးရွယ်အို နှစ်ဦး၏ အလောင်းများက မြေပြင်ပေါ်၌ လဲကျနေပြီး အသက်ငွေ့ငွေ့မျှပင် မရှိတော့ပေ။

နဲ့ရှင်းက ဒေါသတကြီး မော့ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ "တိရစ္ဆာန်တွေ... နင်တို့ တိရစ္ဆာန်တွေ... နင်တို့ကို ငါ သတ်ပစ်မယ်" ဟု အော်ဟစ်လိုက်သည်။

သူမက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေဓားများစွာ လျင်မြန်စွာ ထွက်ပေါ်လာသည်။

"ရွှတ်... ရွှတ်... ရွှတ်"

ရှေ့မှ အစွမ်းပိုင်ရှင် တစ်ယောက်က လှုပ်ရှားလိုက်ပြီး လေဓားများကို ချက်ချင်း ရှောင်တိမ်းလိုက်ကာ လှည့်ကြည့်လိုက်သောအခါ နဲ့ရှင်းကို မြင်တွေ့သွားပြီး မျက်လုံးများ အရောင်လက်သွားသည်။

"တော်တော် လှတဲ့ ကောင်မလေးပဲ... ဟားဟားဟား... ဒါ ငါ့အပိုင်ပဲ"

သူက တစ်ချက်ခုန်လိုက်ရာ လျှပ်စီးအလား မြန်ဆန်လွန်းပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နဲ့ရှင်းရှေ့သို့ ရောက်လာသည်။

နဲ့ရှင်း မျက်နှာပျက်သွားပြီး ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသော်လည်း တစ်ဖက်လူ၏ အလျင်က အလွန်မြန်ဆန်လွန်းသဖြင့် သူမအနေဖြင့် မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

တစ်ချက် ထိပ်တိုက်တွေ့လိုက်သည်နှင့် ထိုအမျိုးသားက သူမ၏ လည်ပင်းကို ချက်ချင်း ညှစ်ကာ အပေါ်သို့ ဆွဲတင်လိုက်လေသည်။

နဲ့ရှင်း၏ မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး ဒေါသထွက်နေသော မျက်လုံးများဖြင့် ထိုအမျိုးသားကို စိုက်ကြည့်နေသည်။

ထိုအမျိုးသားက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး လက်ကို မြှောက်ကာ နဲ့ရှင်းအား သတိလစ်သွားစေရန် ရိုက်ချလိုက်တော့သည်။

ထိုအချိန်မှာပင် သူ၏ အနောက်တွင် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ခွပ်"

လင်းယွမ်က လက်ညှိုးတစ်ချောင်းဖြင့် ပေါ့ပေါ့ပါးပါး ထိုးနှက်လိုက်ရာ ထိုလူ၏ ဦးခေါင်းကြီးမှာ ချက်ချင်း ပေါက်ကွဲထွက်သွားလေတော့သည်။

ဤမြင်ကွင်းက ပတ်ဝန်းကျင်ရှိ လူအများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားပြီး အားလုံးက လှည့်ကြည့်လာကြသည်။

ဆက်ရန်...

အပိုင်း (၅၅၂) လူဦးရေ စုဆောင်းခြင်း

လင်းယွမ်က ဤမြင်ကွင်းမျိုးကို စောစောကတည်းက ခန့်မှန်းမိပြီးသား ဖြစ်သည်။

ဆောင်းရာသီ ရောက်ရှိလာပြီး ရေခဲနှင်းများ ဖုံးလွှမ်းကာ ရေပြင်ကြီး အေးခဲသွားသည်နှင့်... လူများက ရေဘေးမှ လွတ်ကင်းပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်သည့် အချိန်ရောက်လျှင် စစ်မီးက စတင်တောက်လောင်တော့မည်သာ ဖြစ်သည်။

သူ့မျက်စိရှေ့ရှိ ဖန်ဆန်းကျွန်းဟု ခေါ်သော ဤလူစုလူဝေး အသေးစားလေးတွင် မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် တစ်ယောက်မျှပင် မရှိဘဲနှင့် ဤကဲ့သို့ တောင်ကုန်းတစ်ခုကို နေရာယူထားကြသည်။

တောင်ကုန်းတစ်ခုကို ပိုင်ဆိုင်ထားခြင်းက သစ်ပင်များ... ကုန်းနေ မျိုးရိုးဗီဇ သတ္တဝါများနှင့် မြေယာအရင်းအမြစ်များ ရှိနေသည်ဟု အဓိပ္ပာယ်ရကြောင်း သိထားရမည်။

ဤအရာများ အားလုံးက ကမ္ဘာပျက်ကပ် ရေဘေးကြီးအပြီးတွင် အလွန်ရှားပါးသော အရင်းအမြစ်များ ဖြစ်ကြသည်။

ဒီလူတွေ အရင်က ဒီတောင်ကုန်းကို ကာကွယ်နိုင်ခဲ့ခြင်းမှာ ရေကြီးနေသဖြင့် အခြားသူများ အပြင်မထွက်နိုင်သောကြောင့်သာ ဖြစ်သည်။

ယခုအခါ ရေပြင်ကြီး အေးခဲသွားပြီး လူသားများ ခရီးသွားလာနိုင်ပြီ ဖြစ်ရာ... ဤကဲ့သို့သော တောင်ကုန်းမျိုးတွင် အစွမ်းထက်သူများ အထိုင်ချမထားပါက အခြားသူများ လာရောက်တိုက်ခိုက် လုယက်မည်ဆိုသည်မှာ မြင်သာသော ကိစ္စပင်။

လင်းယွမ်က ထိုက်ယန်တောင်ကို သတိရသွားသည်။ ထိုက်ယန်တောင်၏ ခရိုင်သစ်ရှိ နာမည်ကြီးမှုကြောင့် ရေများ အေးခဲသွားပြီးနောက် အစားအစာ လာရောက်ရှာဖွေမည့်သူများ ပို၍ပင် များပြားလာမည်ကို သူ စိုးရိမ်မိသည်။

လင်းယွမ်က လက်ချောင်းများကို ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်သော မျက်နှာအမူအရာဖြင့် မေ့လဲလုနီးပါး ဖြစ်နေသော နဲ့ရှင်းကို တွဲထူလိုက်သည်။

"ဟမ်... အစွမ်းပိုင်ရှင် ရှိနေသေးတာလား"

"ဖန်ဆန်းလို နေရာသေးသေးလေးမှာတောင် မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် ရှိနေတာပဲ"

ကောင်းကင်ထက်ရှိ လူသုံးယောက်က အံ့သြတကြီး လှမ်းကြည့်လာကြသည်။

ထိုအထဲမှ တစ်ယောက်က ရုတ်တရက် လက်မြှောက်ကာ လက်ချောင်းကို ကွေး၍ ခတ်ထုတ်လိုက်သည်။

"ဝှစ်"

လေထုကို ခွဲထွက်လာသော အသံတစ်သံက လင်းယွမ်၏ ကျောဘက်မှ ရုတ်တရက် ဝင်ရောက်လာသည်။

ကျိုးပဲ့နေသော ဓားသွားတစ်ချောင်းက လင်းယွမ်၏ နောက်စေ့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် တည့်တည့်မတ်မတ် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ဒါက စိတ်စွမ်းအင်နဲ့ ပစ္စည်းတွေကို ထိန်းချုပ်တာပဲ။

"သတိထား"

နဲ့ရှင်းက ချက်ချင်း အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လေတံတိုင်းကို စုစည်းကာ ထိုကျိုးပဲ့နေသော ဓားသွားကို ကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော် သူမ၏ အစွမ်းက အလွန် အားနည်းလွန်းလှသည်။ ဓားသွားက လေတံတိုင်းကို အတားအဆီးမရှိ ဆွဲဖြဲကာ လင်းယွမ်ထံသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပစ်ဝင်လာသည်။

လင်းယွမ်က အသာအယာ တစ်ချက် လှမ်းကြည့်လိုက်ရုံမျှဖြင့်... ချက်ချင်းပင် လေဟာနယ် တစ်ခုလုံး ရပ်တန့်သွားပြီး ဟင်းလင်းပြင်ကြီး အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။

ထို ကျိုးပဲ့နေသော ဓားသွားမှာလည်း လေဟာနယ်ထဲတွင် ချက်ချင်း ရပ်တန့်သွားတော့သည်။

လေထဲတွင် ဓားသွားကို ထိန်းချုပ်နေသော စိတ်စွမ်းအင် အစွမ်းပိုင်ရှင်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

သူက စိတ်စွမ်းအင်များကို ရူးသွပ်စွာ အတင်းအဓမ္မ ထုတ်လွှတ်ပြီး ဓားသွားကို ဆက်လက် ထိန်းချုပ်ရန် ကြိုးစားလေသည်။

သို့သော် သူ မည်မျှပင် အစွမ်းကို ညှစ်ထုတ်နေပါစေ... နဖူးတွင် သွေးကြောများပင် ထောင်ထလာသည့်တိုင် ဓားသွားကမူ အနည်းငယ်မျှပင် မလှုပ်ရှားတော့ပေ။

"သေစမ်း... သူက စိတ်စွမ်းအင် မျိုးရိုးဗီဇမျိုးစေ့အဆင့် ပညာရှင်ပဲ"

"သတိထား"

ဘေးနားရှိ လူနှစ်ယောက်မှာလည်း ချက်ချင်း ထိတ်လန့်သွားကြပြီး တစ်ပြိုင်နက်တည်း အလျင်အမြန် ဝင်ရောက် တိုက်ခိုက်ကြသည်။

စိတ်စွမ်းအင် တိုက်ခိုက်မှု နှစ်ခုက လင်းယွမ်ထံသို့ ချက်ချင်း ပြေးဝင်လာသည်။

"အုန်း" "အုန်း"

စိတ်စွမ်းအင်၏ တုန်ခါသံများက အနီးအနားရှိ လူတိုင်း၏ ဦးနှောက်ထဲတွင် မြည်ဟည်းသွားသည်။

ချက်ချင်းပင် လူအများအပြားမှာ ခေါင်းကို ကိုင်ထားရပြီး ခေါင်းကွဲမတတ် နာကျင်လာသဖြင့် မြေပြင်ပေါ်တွင် လဲကျကာ လူးလှိမ့်နေကြတော့သည်။

ဤဖန်ဆန်းကျွန်းမှာ လူစုလူဝေး အသေးစားလေးသာ ဖြစ်သဖြင့် အစွမ်းနည်းပညာများ မရှိပေ။ စိတ်စွမ်းအင်ကို ရွှေသတ္တုများဖြင့် ကာကွယ်နိုင်သည်ကိုလည်း သူတို့ လုံးဝ မသိကြချေ။

ထို့ကြောင့် ဤနေရာရှိ လူများထဲတွင် စိတ်စွမ်းအင် တိုက်ခိုက်မှုကို ခုခံနိုင်သူ ဟူ၍ တစ်ယောက်မျှ မရှိသလောက်ပင်။

လေထဲတွင် ပျံဝဲနေသော ဤစိတ်စွမ်းအင် ပညာရှင် သုံးယောက်စလုံးက မျိုးရိုးဗီဇမျိုးစေ့ နိုးထလာသည့် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။

သူတို့သုံးယောက် ပူးပေါင်းလိုက်သောအခါ ဖန်ဆန်းကျွန်းပေါ်တွင် မည်သူမျှ တောင့်ခံနိုင်စွမ်း မရှိကြပေ။

နဲ့ရှင်းပင်လျှင် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ် ညည်းတွားနေရှာသည်။

လင်းယွမ်က ထိုအခြေအနေကို မြင်သောအခါ ထိုသူသုံးယောက်ကို မော့ကြည့်လိုက်ပြီး "မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် သုံးယောက်တောင် ဆိုတော့... မင်းတို့ နောက်က အဖွဲ့အစည်းက အင်အား မသေးဘူးပဲ"

လင်းယွမ် စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက်... သူ၏ စိတ်စွမ်းအင်များက အဟုန်ပြင်းစွာဖြင့် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

အလွန် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် အမှတ် (၁၀၀) ၏ အင်အားက လျှပ်တစ်ပြက် အတွင်းမှာပင် လွှမ်းခြုံသွားလေတော့သည်။

လေထဲရှိ လူသုံးယောက်လုံး၏ မျက်နှာများက တစ်ပြိုင်နက်တည်းမှာပင် ဆိုးရွားစွာ ပျက်ယွင်းသွားကြသည်။

"ဒုက္ခပဲ"

"မြန်မြန်ပြေး"

"ခွပ်"

ကျန်ရစ်သူ တစ်ယောက်မှာ စကားပင် ဆက်မပြောနိုင်လိုက်ခင် သူ့ခေါင်းကြီးမှာ ပေါက်ကွဲထွက်သွားလေသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုလူက ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး "ဖုန်း" ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ အသားစိုင်များအဖြစ် အိကျသွားတော့သည်။

အခြား လူနှစ်ယောက်မှာလည်း တစ်ပြိုင်နက်တည်းမှာပင် နှာခေါင်းသွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ လေထဲမှ ပြုတ်ကျလာကြသည်။

လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုလူနှစ်ယောက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျ သေဆုံးသွားခြင်း မရှိတော့ဘဲ သူ၏ အစွမ်းထက်သော စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ကာ ဆွဲယူခြင်း ခံလိုက်ရသည်။

ထိုသူနှစ်ဦးမှာ ယခုအခါ မျက်နှာ ဒွါယခုနစ်ပေါက်လုံးမှ သွေးများ ယိုစီးကျနေပြီး စိတ်စွမ်းအင် ပြန်ကန်မှု ဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း သိသာလှသည်။

လင်းယွမ်က စိတ်စွမ်းအင်ကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး သူတို့နှစ်ဦးကို ကြည့်ကာ "မင်းတို့က ဘယ်သူတွေလဲ" ဟု မေးလိုက်သည်။

ဘယ်ဘက်ရှိ လူငယ်လေးက သွေးများ အန်ထုတ်ရင်း အားနည်းစွာဖြင့် "ချမ်း... ချမ်းသာပေးပါ"

အခြားတစ်ယောက်ကလည်း တဆတ်ဆတ် တုန်ရီစွာဖြင့် "ကျွန်... ကျွန်တော်တို့က ပေချန်ကျွန်းကပါ"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "ပေချန်ကျွန်း ဟုတ်လား... အဲ့ဒါက ဘယ်နေရာလဲ"

"ပေချန်ကျွန်းဆိုတာ ပေါင်ရှန်းမြို့မှာ ဒုတိယ အမြင့်ဆုံး ကျွန်းပဲ အစ်ကိုလင်း... ဒီ တိရစ္ဆာန်တွေက နာမည်ကြီး ဓားပြတွေလေ... သူတို့က နေရာအနှံ့ လူတွေနဲ့ အစားအစာတွေကို လုယက်ကြတာ... ပေါင်ရှန်းတောင် ကို မလုရဲတာကလွဲရင် ပေါင်ရှန်းမြို့မှာ သူတို့ မလုရဲတာ ဘာမှမရှိဘူး"

နဲ့ရှင်း၏ မျက်လုံးများ နီရဲနေပြီး မုန်းတီးမှုများ ပြည့်နှက်နေသော အကြည့်ဖြင့် ထိုစိတ်စွမ်းအင် အစွမ်းပိုင်ရှင် နှစ်ယောက်ကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။

"ဓားပြတွေ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါ့လေ"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "ဒီလို အဖွဲ့အစည်းမျိုးတောင် တိုးတက်လာနိုင်သေးတယ်... ပေါင်ရှန်းတောင်ပေါ်က ခိုလှုံရေးစခန်းက ဘယ်သူမှ ဝင်မထိန်းကြဘူးလား" ဟု မေးလိုက်သည်။

နဲ့ရှင်းက ခေါင်းခါလိုက်ပြီး "ကျွန်မလည်း မသိဘူး"

အကယ်၍ ထိုက်ယန်တောင် အနီးအနားတွင် ဤကဲ့သို့သော ဓားပြအဖွဲ့ ရှိနေပါက သူ သေချာပေါက် အိပ်ရေးဝမည် မဟုတ်ဘဲ တစ်ဖက်လူကို ရှင်းလင်းပစ်ရန် နည်းလမ်းရှာမည်ဟု လင်းယွမ် တွေးမိလိုက်သည်။

ကွမ်ဖူရှိ ဘာသာရေးဂိုဏ်းကြီး သုံးခုကဲ့သို့ပင် ဖြစ်သည်။ ဤဂိုဏ်းကြီး သုံးခုက ထိုက်ယန်တောင်ကို ဆိုးရွားစွာ ခြိမ်းခြောက်နေပြီ ဖြစ်သည်။

လင်းယွမ် ဤတစ်ကြိမ် ပြန်ရောက်ပါက ကွမ်ဖူသို့ ကိုယ်တိုင် သွားရောက် ရှင်းလင်းရမည်မှာ သေချာသည်။

"မင်းဆီ အပ်လိုက်ပြီ... မင်း လူသတ်ရဲလား" လင်းယွမ်က နဲ့ရှင်းကို ကြည့်ကာ မေးလိုက်သည်။

နဲ့ရှင်းက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ လက်နှစ်ဖက်ကို အားကုန် ရိုက်ထုတ်လိုက်ရာ လေပြင်းနှစ်ခုက ဟိန်းဟောက်ကာ ဖြတ်တောက်သွားလေသည်။

"ရွှပ်"

"ရွှပ်"

စိတ်စွမ်းအင် မျိုးရိုးဗီဇ အစွမ်းပိုင်ရှင် နှစ်ယောက်၏ ခေါင်းများက ချက်ချင်းပင် ပြတ်ကျသွားတော့သည်။

ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ ပေချန်ကျွန်းမှ ဓားပြများ အားလုံး၏ မျက်နှာများ ဆိုးရွားစွာ ပျက်ယွင်းသွားကြပြီး ချက်ချင်း သတိဝင်လာကာ လက်နက်များကို လွှင့်ပစ်၍ နောက်လှည့် ထွက်ပြေးကြတော့သည်။

လင်းယွမ်က ထိုလူများကို လိုက်မဖမ်းတော့ပေ။

သူ့အတွက်တော့ ဤနေရာက ဖြတ်သွားဖြတ်လာ လမ်းကြုံသည့် နေရာတစ်ခုသာ ဖြစ်သည်။

လင်းယွမ်က လှည့်ထွက်ရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် နဲ့ရှင်းက ရုတ်တရက် မတ်တတ်ထရပ်ကာ "အစ်ကိုလင်း" ဟု လှမ်းခေါ်လိုက်သည်။

လင်းယွမ်က ခြေလှမ်း ရပ်တန့်သွားပြီး သူမကို လှည့်ကြည့်ကာ "ဟမ်" ဟု တုံ့ပြန်လိုက်သည်။

"အစ်ကို... အစ်ကိုက ဘယ်ကို သွားမလို့လဲ"

"ဘာဖြစ်လို့လဲ" လင်းယွမ်က အဖြေမပေးဘဲ သူမကို သံသယဖြင့် ကြည့်လိုက်သည်။

နဲ့ရှင်းက နှုတ်ခမ်းကိုက်ထားရင်း "ကျွန်မ အစ်ကိုနောက် လိုက်ချင်လို့ပါ"

ကမ္ဘာပျက်ကပ်ကြီး အောက်တွင် အစွမ်းထက်သော ပညာရှင် တစ်ယောက်နောက်သို့ လိုက်ပါမှသာ အမှန်တကယ် အသက်ရှင်သန်နိုင်မည် ဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်ထားသည်။

နဲ့ရှင်း၏ လုပ်ရပ်ကြောင့် လူအများအပြားက ချက်ချင်း လှမ်းကြည့်လာကြသည်။

ထိုအချိန်တွင် အစောပိုင်းက သေနတ်ကိုင်ထားသော အမျိုးသားက လျှောက်လာပြီး အနည်းငယ် လေးနက်သော အမူအရာဖြင့် "ဆရာ... ခဏလောက် ရပ်ပေးပါဦး" ဟု လှမ်းပြောလိုက်သည်။

လင်းယွမ်က သူ့ကို ကြည့်လိုက်ပြီး "ကိစ္စရှိလို့လား"

"ဆရာ့ကို ဘယ်လို ခေါ်ရမလဲ မသိဘူး... ကျွန်တော်က ဒီက ခေါင်းဆောင် လီဟောင် ပါ... ရေဘေးကြီး မဖြစ်ခင်က ကျွန်တော်က ရဲတစ်ယောက်ပါ... ဒီသေနတ်က ကျွန်တော့်ရဲ့ ရဲသေနတ်ပါ"

သူက လင်းယွမ် အထင်လွဲမည်ကို စိုးရိမ်ပုံရကာ သူ၏ လက်ထဲရှိ သေနတ်နှင့် ပတ်သက်၍ အလျင်အမြန် ရှင်းပြလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ကျွန်တော့်နာမည် လင်းယွမ်ပါ... ကျွန်တော့်ကို ကိုလင်းယွမ် လို့ပဲ ခေါ်ပါ... ခင်ဗျား ဘာကိစ္စ ရှိလို့လဲ"

"ကိုလင်းယွမ်.. ကျွန်တော် ဆက်ပြောမယ့် တောင်းဆိုမှုက နည်းနည်းတော့ ရိုင်းသွားနိုင်မှန်း သိပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ တကယ်ကို တခြား နည်းလမ်းမရှိတော့လို့ပါ"

"ဒီဘေးဆိုးကြီးကနေ လွတ်မြောက်အောင် ကျွန်တော်တို့ကို ကူညီပေးဖို့ ကိုလင်းယွမ်ကို တောင်းဆိုချင်လို့ပါ"

"ကိုလင်းယွမ်က မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်ဆိုတာ ကျွန်တော် သိပါတယ်... အဲ့ဒီ ပေချန်ကျွန်းက လူတွေက ကျွန်တော်တို့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး"

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးပါ"

ထိုသို့ပြောရင်း "ဒုန်း" ဟူသော အသံနှင့်အတူ ဤလူလတ်ပိုင်းအရွယ် ရဲအရာရှိကြီးက လင်းယွမ်ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး ဘေးသို့ ရှောင်လိုက်ကာ "ခင်ဗျား ဘာလုပ်တာလဲ" ဟု မေးလိုက်သည်။

"ကိုလင်းယွမ်... ဒီကိစ္စက ကိုလင်းယွမ်အတွက် အခက်တွေ့စေမှန်း သိပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ တခြား နည်းလမ်း တကယ် မရှိတော့လို့ပါ"

"တောင်းပန်ပါတယ်... ဒီက သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီး၊ ကလေးတွေကို ကယ်တင်ပေးတယ်လို့ သဘောထားပြီး ကူညီပေးပါ"

လီဟောင်က သူ့အနောက်တွင် စစ်မီးကို ယခုလေးတင် ဖြတ်သန်းခဲ့ရသော အမျိုးသမီးများနှင့် ကလေးများကို လက်ညှိုးထိုးပြလိုက်သည်။

မြေပြင်ပေါ်တွင်လည်း လူငယ်လူရွယ် အမျိုးသား အများအပြား လဲကျနေဆဲ ဖြစ်သည်။

ထိုပေချန်ကျွန်းမှ ဓားပြများသည် ယောက်ျားများကိုသာ သတ်ဖြတ်ပြီး မိန်းမများနှင့် ကလေးများကို လုယက်လေ့ရှိကြသည်။

ထို့ကြောင့် ယခုအခါ ဖန်ဆန်းကျွန်းပေါ်တွင် အသက်ရှင်ကျန်ရစ်သူ အများစုမှာ မိန်းမများနှင့် ကလေးများသာ ဖြစ်ပြီး သက်ကြီးရွယ်အို အများအပြားလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လင်းယွမ်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီးနောက် စဉ်းစားကာ ရုတ်တရက် မေးလိုက်သည်။ "ခင်ဗျားတို့ အမှောင်ကို ကြောက်လား"

"ဗျာ"

လီဟောင် ကြောင်သွားပြီး အခြေအနေကို နားမလည်နိုင် ဖြစ်သွားသည်။

လင်းယွမ်က "ကျွန်တော် ခင်ဗျားတို့ကို ကူညီပေးလို့ ရပါတယ်... ဒါပေမဲ့ ကန့်သတ်ချက် တစ်ခုတော့ ရှိတယ်... ခင်ဗျားတို့ အမှောင်ကို ကြောက်သလား၊ မကြောက်ဘူးလား ဆိုတာပဲ... အမှောင်ကို မကြောက်ဘူး ဆိုရင်တော့ ကျွန်တော် ကူညီပေးနိုင်တယ်"

သူက အရိပ်နဂါး ရေပေါ်ကျွန်းကို သတိရသွားခြင်း ဖြစ်သည်။

ယခုအခါ ရေပြင်များ အေးခဲသွားသဖြင့် အရိပ်နဂါး ရေပေါ်ကျွန်းမှာ ဆက်လက် မျောပါနိုင်ခြင်း မရှိတော့ဘဲ ဤနေရာတွင် ပိတ်မိနေရန် သေချာသွားပြီ ဖြစ်သည်။

ကံကောင်းသည်မှာ အရိပ်နဂါးက ဤဖန်ဆန်းကျွန်းနှင့် သိပ်မဝေးလှသဖြင့် ဤလူအုပ်ကို ရေပေါ်ကျွန်းသို့ ပြောင်းရွှေ့ပေးနိုင်ကောင်း ပြောင်းရွှေ့ပေးနိုင်မည်။

ကျွန်းပေါ်တွင် အလင်းရောင် မရှိသော်လည်း မီးမွှေး၍ ထမင်းဟင်း ချက်ပြုတ်၍ မရဟုတော့ မဆိုလိုပေ။

ဒီလူအုပ်ကို ထိုနေရာတွင် နေထိုင်ခိုင်းပြီး သူ့အတွက် ရေပေါ်ကျွန်းကို စောင့်ရှောက်ခိုင်းထားနိုင်သည်။

အရိပ်နဂါး ရေပေါ်ကျွန်းကို အသုံးပြုရန်အတွက်လည်း လင်းယွမ်တွင် အစီအစဉ်အချို့ ရှိနှင့်ပြီး ဖြစ်သည်။

သို့သော် အစီအစဉ် အားလုံးကို အကောင်အထည်ဖော်ရန် လူများ လိုအပ်သည်။

လူဦးရေကသာလျှင် အဓိက အရေးအပါဆုံး ကုန်ထုတ်စွမ်းအား ဖြစ်သည်။

"မကြောက်ပါဘူး... ကျွန်တော်တို့က ရေဘေးကြီးကိုတောင် ဖြတ်သန်းလာခဲ့တာပဲ... အမှောင်ကို ဘယ်ကြောက်ပါ့မလဲ" လီဟောင်က ချက်ချင်း အော်ပြောလိုက်သည်။

အခြားသူများကလည်း လင်းယွမ်ကို တောင်းပန်သော အကြည့်များဖြင့် ဝိုင်းကြည့်လာကြသည်။

လင်းယွမ် ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ဒါဆိုလည်း ကောင်းပြီလေ... ခင်ဗျားတို့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ကျွန်တော့်နောက် လိုက်ခဲ့ကြ"

"ကိုလင်းယွမ်... ကျွန်တော်တို့ ဘယ်ကို သွားကြမလို့လဲ"

"နောက်က လိုက်ခဲ့ရင် သိမှာပါ"

လူအုပ်ကြီးက ထိုစကားကို ကြားသောအခါ ကိုယ့်ပစ္စည်းများကို အသီးသီး သိမ်းဆည်းကြပြီး အလောင်းများကို ရှင်းလင်းကြလေသည်။

အမျိုးသမီး အများအပြားမှာ မျက်ရည်များကို သုတ်ရင်း ငိုကြွေးနေကြရှာသည်။

သူတို့သည် ရေဘေးကြီး၏ အခက်ခဲဆုံး အချိန်များကို ဖြတ်သန်းခဲ့ရပြီး ယခု ရေများ အေးခဲသွားချိန်တွင် ဤတောင်ပေါ်၌ မနည်း အခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။

လူတွေ ထပ်သေရဦးမည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြပေ။

ဝမ်းနည်းပူဆွေးမှု လေထုက ဖန်ဆန်းကျွန်းပေါ်တွင် ပျံ့နှံ့နေသည်။

လင်းယွမ်က လီဟောင်နှင့် နဲ့ရှင်းကို ပြောလိုက်သည်။ "ဒီဖန်ဆန်းကျွန်းကို နောက်မှ ပြန်လာလို့ ရပါတယ်... လောလောဆယ် ဒီနေရာက ခင်ဗျားတို့ အစားအစာ ရနိုင်တဲ့ တစ်ခုတည်းသော နေရာမလား"

လီဟောင်က "ကျွန်တော်တို့ ရေခဲကို ဖောက်ပြီး ငါးမျှားလို့ ရပါသေးတယ်... ဒါပေမဲ့ ရေခဲလွှာက အရမ်းထူတော့ အခြေခံအားဖြင့် ခွဲထားတဲ့ ရေခဲပေါက် ပြန်မခဲသွားအောင် တစ်ယောက်ယောက်က အမြဲ စောင့်ကြည့်နေဖို့တော့ လိုတယ်" ဟု ပြန်ဖြေသည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "အဲ့ဒါလည်း မဆိုးပါဘူး... ဘာပဲဖြစ်ဖြစ် ရေထဲကနေ အစားအစာ ရနိုင်မယ့် နည်းလမ်း ရှိသေးတာပဲ"

"နောက်ဆိုရင် ဒီဖန်ဆန်းကျွန်းပေါ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့ နည်းလမ်းရှာပြီး အေးတဲ့ရာသီဥတုမှာ ရှင်သန်နိုင်မယ့် မျိုးရိုးဗီဇ သတ္တဝါတချို့ကို မွေးမြူထားကြတာပေါ့"

လီဟောင်က မနေနိုင်ဘဲ "မွေးလို့ မရဘူးလေ... စောင့်ကြည့်မယ့်သူ မရှိရင် တခြားသူတွေ လာခိုးသွားကြမှာပေါ့" ဟု ပြောလိုက်သည်။

"တစ်ဆင့်ချင်းစီ သွားတာပေါ့... ခင်ဗျားတို့ကို နေရာချပေးပြီးရင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖွဲ့ရလိမ့်မယ်"

လင်းယွမ်က အမှတ်တမဲ့ ပြောလိုက်သည်။ "ဒါနဲ့... ကျွန်တော့်နောက် လိုက်မယ်ဆိုရင် နောက်ပိုင်း ကျွန်တော့်အမိန့်ကို နာခံရမယ်နော်... စည်းကမ်းတွေကို ခင်ဗျားတို့ သိတယ်မလား"

လီဟောင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် နားလည်ပါတယ်"

ကမ္ဘာပျက်တာ ဤမျှ ကြာနေပြီဖြစ်ရာ အားကြီးသူကသာ အနိုင်ယူ ဗိုလ်ကျတတ်သည့် သဘောတရားကို သူ စောစောကတည်းက သိထားပြီး ဖြစ်သည်။

တစ်ရက်တာ အချိန် ကုန်ဆုံးသွားပြီး လင်းယွမ် ဖန်ဆန်းကျွန်းတွင် တစ်ည အိပ်ခဲ့သည်။

ဤနေရာရှိ လူများက ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လင်းယွမ်နောက်သို့ အသီးသီး လိုက်ပါလာကြသည်။

ရေခဲပြင်ပေါ်တွင် နှင်းများ အလွန် ထူထပ်စွာ ကျဆင်းနေသဖြင့် တိုက်ရိုက် လမ်းလျှောက်ရန် မဖြစ်နိုင်ပေ။

ကံကောင်းသည်မှာ ဖန်ဆန်းကျွန်းမှ လူများက စောစောကတည်းက အကျင့်ရနေပြီး သူတို့၏ ကိုယ်ပိုင် သွားလာရေး နည်းလမ်းများကို တီထွင်ထားကြခြင်း ဖြစ်သည်။

သူတို့ တစ်ယောက်ချင်းစီ၏ ခြေထောက်အောက်တွင် အရှည်ကြီးဖြစ်သော နှင်းလျှောစီး ဖိနပ်ပြားများကို ချည်နှောင်ထားကြသည်။ ထိုသို့ပြုလုပ်ထားသဖြင့် ထူထဲသော နှင်းလွှာများထဲသို့ ကျွံကျသွားမည် မဟုတ်တော့ပေ။

ထို့အပြင် နှင်းလျှောစီး ဖိနပ်များ ပါရှိသဖြင့် လှုပ်ရှားသွားလာရာတွင်လည်း များစွာ မြန်ဆန်သွားလေသည်။

သို့သော် လူဦးရေက အလွန်များပြားပြီး သယ်ဆောင်လာသော ပစ္စည်းများကလည်း များပြားလွန်းလှသည်။

အရိပ်နဂါး သို့ ရောက်ရှိချိန်တွင် မွန်းလွဲပိုင်း အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့ရှေ့ရှိ ဧရာမ တွင်းနက်ကြီးနှင့် တူသော အရိပ်နဂါး ကို ကြည့်ပြီး လီဟောင်နှင့် နဲ့ရှင်းတို့ နှစ်ယောက်မှာ အံ့သြမှင်တက်သွားကြသည်။

"ဒါ... ဒါက ဘယ်နေရာကြီးလဲ"

"ကိုလင်းယွမ်... ဒါက..."

လင်းယွမ်က "ရေပေါ်ကျွန်းဆိုတာ ကြားဖူးလား" ဟု မေးလိုက်သည်။

နဲ့ရှင်းနှင့် လီဟောင်တို့မှာ ချက်ချင်း ကြောင်အမ်းသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အားလုံးက ခေါင်းခါပြကြသည်။

ဒီလူအုပ်မှာ သတင်းအချက်အလက် တကယ် ပြတ်တောက်နေကြောင်း လင်းယွမ် သဘောပေါက်လိုက်သည်။

ရေပေါ်ကျွန်း ကဲ့သို့သော သတင်းမျိုးမှာ ကွမ်ဖူဘက်တွင် စောစောကတည်းက ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

ဤ ဖန်ဆန်းကျွန်း သေးသေးလေးမှ နေထိုင်သူများကမူ လုံးဝ မသိကြပေ။

သူတို့က လင်းယွမ်နှင့် လာဆုံမိ၍သာ တော်သေးသည်။ သို့မဟုတ်ပါက ဖန်ဆန်းကျွန်းပေါ်ရှိ လူများ၏ ဇာတ်သိမ်းမှာ မည်သို့ ဖြစ်သွားမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။

ဖန်ဆန်းကျွန်းကဲ့သို့သော ကျွန်းမျိုး ယခုအချိန်တွင် အများအပြား ရှိနေနိုင်သေးကြောင်း လင်းယွမ် ခန့်မှန်းမိသည်။

ဤလူများသည် ပြင်ပကမ္ဘာနှင့် ထိတွေ့မှု မရှိဘဲ သတင်းအချက်အလက်များ နောက်ကျနေကြသည်။ အကယ်၍ ဤအတိုင်းသာ ကိုယ့်နေရာလေးမှာပဲ အောင်းနေပြီး အပြင်မထွက်ကြပါက ပေချန်ကျွန်းကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းများ၏ ဝါးမျိုခြင်းကို ခံရရန် ရာခိုင်နှုန်း အလွန်များပြားလှသည်။

ဆောင်းရာသီ မရောက်လာမီ ကတည်းက ဂိုဏ်းကြီးသုံးခု၏ သင်္ဘောများသည် နေရာအနှံ့သို့ နယ်မြေချဲ့ထွင် ကျူးကျော်ကာ လူဦးရေများကို လုယက်နေခဲ့ကြပြီ ဖြစ်သည်။

ယခု ရေပြင်များ အေးခဲသွားချိန်တွင် ဂိုဏ်းကြီးသုံးခုမှာ ပို၍ ဝေးကွာသော နေရာများအထိ နယ်မြေချဲ့ထွင်နေလောက်ပြီ ဖြစ်သည်။

ထိုက်ယန်တောင်ရော ယခု ဘယ်လို အခြေအနေ ရှိနေပြီလဲ မသိတော့ပေ။

သူ အမြန် ပြန်သွားမှ ဖြစ်တော့မည်။

လင်းယွမ်က သူတို့နှစ်ဦးကို ပြောလိုက်သည်။ "ဒါက ရေပေါ်ကျွန်း တစ်ကျွန်းပဲ... ဒီနေ့ကစပြီး ခင်ဗျားတို့ ဒီကျွန်းပေါ်မှာ နေထိုင်ကြရမယ်"

"ဒီနေရာမှာ အမှောင်ဓာတ် စွမ်းအင်တွေ ပြည့်နှက်နေတာမလို့ အလင်းရောင်က အထဲကို ဖြတ်သန်းသွားနိုင်မှာ မဟုတ်ဘူး"

"ခင်ဗျားတို့ ဒီမှာ လောလောဆယ် နေကြပါ... ဒီမှာ နေမယ်ဆိုရင် အနည်းဆုံးတော့ ပေချန်ကျွန်းက လူတွေ လာရဲမှာ မဟုတ်တာ သေချာတယ်"

လူအုပ်ကြီးမှာ အံ့သြမှင်တက်နေသော အမူအရာများဖြင့် လင်းယွမ်နောက်သို့ လိုက်ပါကာ အရိပ်နဂါး ရေပေါ်ကျွန်းထဲသို့ ဝင်ရောက်သွားကြတော့သည်။

ဆက်ရန်...

All Chapters