← Chapters

အခန်း (၅၅၅-၅၅၆)

Vol. 28 Ch. 555-556

အခန်း (၅၅၅-၅၅၆)

Vol. 28 Ch. 555-556

အပိုင်း (၅၅၅) ပဋိပက္ခ

လင်းယွမ်က နှစ်သိမ့်သည့်အနေဖြင့် သူ၏ပခုံးကို ပုတ်ပေးလိုက်၏။

ဟန်ထောင်က ကလေးတစ်ယောက်လို ငိုကြွေးနေပြီး ရင်ထဲတွင်လည်း နာကြည်းဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

သူ သေရမှာကို မကြောက်သလို သွေးထွက်သံယိုဖြစ်မှာကိုလည်း မကြောက်ပေ... ထိုစစ်သားယုတ်နှင့် အသေအကြေ ရင်ဆိုင်ရမည်ကိုလည်း သူ မကြောက်ရွံ့ပါ။

သို့သော် ထိုက်ယန်တောင်အတွက် ပြဿနာများ ဖြစ်လာမည်ကို သူ စိုးရိမ်နေမိသည်။ အထူးသဖြင့် ခေါင်းဆောင် ကျောက်ခိုင်နှင့် ခေါင်းဆောင် လီချင်းဟွာတို့အတွက် အခက်အခဲ ဖြစ်သွားမည်ကို သူ ကြောက်ရွံ့နေခြင်း ဖြစ်သည်။

သူက အရင်လာပြီး တန်းစီနေခဲ့တာ ဖြစ်သလို သူ၏အစ်ကိုဖြစ်သူကလည်း နေရောင်ခြည်ကို အမြန်ဆုံး ခံယူဖို့ လိုအပ်နေတာ သေချာနေခဲ့သည်။

သို့ပါလျက်နှင့် ဤစစ်သားယုတ်တစ်စုက ကြားဖြတ်တန်းစီပြီး သူ့ကို အနိုင်ကျင့် ဗိုလ်ကျနေကြခြင်း ဖြစ်သည်။

သူ တကယ်ကို မခံမရပ်နိုင်အောင် နာကြည်းနေမိပြီ။

ထိုအချိန်တွင် ဆံပင်တိုတိုနှင့် စစ်သားယုတ်က ခေါင်းလှည့်လာပြီး လင်းယွမ်ကို မြင်လိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

သူက လင်းယွမ်ကို မသိသော်လည်း လင်းယွမ်နောက်တွင် ရပ်နေသော တင်းယန်နှင့် အခြားလူများကိုမူ မှတ်မိနေသည်။

စစ်သားယုတ်က တင်းယန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် လောဘတကြီး လိုချင်တပ်မက်မှုများ ပေါ်လွင်နေပြီး တင်းယန်၏ မို့မောက်နေသော ရင်သားများပေါ်တွင် အကြည့်က ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။

ထို့နောက်မှ သူက စကားစလိုက်သည်။ "ခေါင်းဆောင်တင်း... သူက ဘယ်သူလဲ"

တင်းယန်က သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ "ကျောက်လျန်... နင် အခု ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ... မဟုတ်ရင် နင့်ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"

ထိုဆံပင်တိုတိုနှင့် စစ်သားယုတ်၏ အမည်မှာ ကျောက်လျန် ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

အကယ်၍ ဤစကားကို အခြားလူတစ်ယောက်က ပြောခဲ့လျှင် သူ သိပ်ပြီး ဂရုစိုက်နေမည် မဟုတ်ပေ။

သို့သော် ယခုစကားက သူ ကြာမြင့်စွာကတည်းက တပ်မက်ခဲ့ရသော မိန်းမတစ်ယောက်ထံမှ ထွက်ပေါ်လာခြင်းဖြစ်ရာ သူ အလွန်အမင်း စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။

ကျောက်လျန်က လင်းယွမ်ဘက်သို့ ချက်ချင်း လှည့်ကာ အေးစက်စက် ရယ်မောလိုက်သည်။ "ဟေ့ကောင်... မင်းက ခေါင်းဆောင်တင်းကို ကပ်ဖားထားလို့ ငါတို့ကို ဒီလိုမျိုး ရဲရဲတင်းတင်း ပြောရဲတာပေါ့လေ"

"မင်းတို့တစ်စုလုံး... ထိုက်ယန်တောင်ကို ဘယ်သူက ကာကွယ်ပေးထားပြီး ဘာသာရေးဂိုဏ်းကြီး သုံးခုလက်ထဲကနေ ဘယ်သူက ကယ်တင်ပေးခဲ့တာလဲ ဆိုတာကို မေ့သွားကြပြီလား... ငါတို့စစ်တပ်မရှိရင် မင်းတို့ဘာဖြစ်သွားမလဲဆိုတာသိလား"

"မင်းတို့ရဲ့ ခေါင်းဆောင် လီချင်းဟွာဆိုတဲ့ကောင်က... ငါတို့စစ်တပ်စခန်းအပြင်ဘက်မှာ မိုးသည်းကြီးမဲကြီးထဲ နှစ်နာရီလောက် ကြိတ်မှိတ်စောင့်ခဲ့ရတာ... ငါ သွားပြောပေးလို့သာ သူက ငါတို့စစ်ဒေသဗိုလ်ချုပ်ကို ဝင်တွေ့ခွင့်ရခဲ့တာ"

"အခု မင်းတို့က လိုအင်ဆန္ဒပြည့်ဝသွားလို့ ကျေးဇူးကန်းချင်နေကြပြီလား... ဟားဟားဟား... ကျေးဇူးကန်းတာ နည်းနည်းစောလွန်းနေပြီ မဟုတ်ဘူးလား"

"ငါတို့တွေ အခုချက်ချင်း ထိုက်ယန်တောင်ကနေ ဆုတ်ခွာသွားလိုက်ရင်... မနက်ဖြန်ဆိုတာနဲ့ ဘာသာရေးဂိုဏ်းကြီး သုံးခုက မင်းတို့ကို အပြတ်ရှင်းပစ်လိမ့်မယ်ဆိုတာ ယုံလား"

လင်းယွမ်က ဟန်ထောင်ကို တွဲထူပေးလိုက်ပြီးနောက် မည်သည့်ခံစားချက်မှ မပေါ်လွင်သော မျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။

တင်းယန်လည်း ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိပြီး အပိုစကားများကို ဆက်မပြောချင်တော့ပေ။

ဘေးနားရှိ ကျန်းဖန်က လင်းယွမ်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။ "ဆရာလင်းယွမ်... ကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "ပြဿနာကို ကြီးအောင်သာ လုပ်လိုက်"

လူအားလုံး ကြောင်အမ်းသွားကြသော်လည်း ချက်ချင်းပင် ကျန်းဖန်၏ မျက်လုံးများထဲတွင် စူးရှသော အရောင်များ တောက်ပလာပြီးနောက် ဟားတိုက်ရယ်မောလိုက်သည်။ "နားလည်ပါပြီ"

"မင်း... မင်း ဘာလုပ်မလို့လဲ" ကျောက်လျန်က ရက်စက်စွာ ပြုံးနေသော ကျန်းဖန်ကို ကြည့်ကာ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားသည်။

သူက မသိစိတ်၏ စေ့ဆော်မှုအရ လက်ထဲရှိ သန္ဓေပြောင်းစွမ်းအင် သေနတ်ကို မြှောက်ကာ ကျန်းဖန်ဆီသို့ ချိန်ရွယ်လိုက်ပြီး ပြင်းထန်စွာ သတိပေးလိုက်သည်။

"အဲဒီမှာ ရပ်လိုက်စမ်း... ငါ့ကို သေနတ်ပစ်ရအောင် မလုပ်နဲ့"

"မင်းတို့က တိုက်ပွဲစဖို့ ရဲတင်းနေတယ်ဆိုတော့... ငါတို့စစ်တပ်က ဒီကနေ ချက်ချင်း ထွက်သွားမှာကို မကြောက်ဘူးပေါ့လေ"

ကျောက်လျန်၏ နောက်ကျောရှိ အပေါင်းအပါများကလည်း အသီးသီး ဝင်ရောက် ခြိမ်းခြောက်လာကြသည်။

ကျန်းဖန်က ရက်စက်စွာ ပြုံးလိုက်သည်။ "ဟက်ဟက်... မင်းတို့ကောင်တွေ အခုချက်ချင်း ဆုတ်သွားတာ အကောင်းဆုံးပဲ... ငါက မင်းတို့လို အောက်ခြေလွတ်နေတဲ့ ကောင်တွေကို ကြည့်မရဖြစ်နေတာ ကြာပြီ"

"ဝုန်း"

သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ရုတ်တရက် အပြင်းအထန် ပေါက်ကွဲထွက်လာပြီး တစ်ကိုယ်လုံးတွင် အကြေးခွံများ ပြည့်နှက်သွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းသွားပြီး ပါးစပ်တစ်ခုလုံးတွင်လည်း သွားချွန်များ ထွက်ပေါ်လာလေသည်။

ရေလူသား အသွင်ပြောင်းခြင်း။

ကျန်းဖန်က ထိပ်တိုက်တွေ့ဆုံလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အစွမ်းအထက်ဆုံး အသွင်သဏ္ဌာန်သို့ ချက်ချင်း ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

သူ၏ ဤလှုပ်ရှားမှုကြောင့် မျက်နှာချင်းဆိုင်ရှိ စစ်ဝတ်စုံဝတ် စစ်သားများမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကျောက်လျန်က တုံဆိုင်းနေခြင်း မရှိဘဲ သေနတ်မောင်းတံကို ချက်ချင်း ဆွဲချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "တောက်... ပစ်ကြ"

"ရွှစ်"

သူ၏ လက်ထဲရှိ သေနတ်က ကျန်းဖန်ကို ချိန်ရွယ်ထားပြီး အပြင်းအထန် ပစ်ခတ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လေဆာစွမ်းအင်တန်းတစ်ခု အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။

သို့သော်လည်း ကျန်းဖန်က လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ တုန်ခါသွားကာ ဤလေဆာတန်းကို အတင်းကာရော ခုခံရင်း ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးချလိုက်သည်။

"ဝုန်း" ဟူသော အသံနှင့်အတူ လေဟာနယ်အတွင်း လေလှိုင်းများ ထပ်ဆင့်ဖြစ်ပေါ်လာပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းစွမ်းအားများ တိုက်ခတ်သွားပြီး ထိုလေဆာတန်းမှာ လက်သီးချက်ကြောင့် အနောက်သို့ပင် ပြန်လည် ရိုက်ဟပ်သွားလုမတတ် ဖြစ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်လျန်အပါအဝင် သုံးယောက်သားမှာ လေဆာသေနတ်၏ ပေါက်ကွဲမှု ဂယက်ကြောင့် လွင့်စင်ထွက်သွားကြလေသည်။

ကျန်းဖန်က ခြေလှမ်းများကို ရပ်တန့်မပစ်ဘဲ အပေါ်သို့ ခုန်တက်လိုက်ရာ ချက်ချင်းပင် အနီးသို့ ရောက်ရှိသွားပြီး ကျောက်လျန်၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်သည်။

နောက်တစ်ခဏတွင် ကျန်းဖန်က ညာဘက်လက်မောင်းကို မြှောက်ကာ အားကုန်သုံး၍ ပါးရိုက်ချလိုက်တော့သည်။

"ဖြောင်း"

ဆက်တိုက်ဆိုသလို ပြင်းထန်သော ပါးရိုက်ချက် သုံးချက်က ကျောက်လျန်၏ မျက်နှာပေါ်သို့ အသံမြည်အောင် ကျရောက်သွားသည်။

သူ၏ လက်ဝါးပြင်ပေါ်ရှိ အကြေးခွံများက ကျောက်လျန်၏ မျက်နှာပေါ်မှ အရေခွံတစ်လွှာကိုပင် တိုက်ရိုက် ခွာချပစ်လိုက်လေသည်။

"အား... ခွေးမသား... မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့"

ကျောက်လျန်က စူးစူးဝါးဝါး အော်ဟစ်ကာ ဒေါသတကြီး ဆဲဆိုလိုက်သော်လည်း သူက ကိစ္စရပ်၏ ပြင်းထန်မှုကို နားလည်သဘောပေါက်သေးပုံ မရပေ။

ကျန်းဖန်က သူ၏ မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး ရက်စက်စွာ ပြောလိုက်သည်။ "ဆဲလေ... ဆက်ဆဲစမ်းပါ... ငါ မင်းရဲ့လျှာကို ဖြတ်ပစ်လိုက်မယ်... မင်း ဆက်ပြီး ဆဲနိုင်သေးလား ဆိုတာ ကြည့်ကြသေးတာပေါ့"

ထိုသို့ပြောရင်း သူက ကျောက်လျန်၏ ပါးပြင်ကို ညှစ်ကာ ပါးစပ်ကို အတင်း ဟခိုင်းလိုက်သည်။

ကျောက်လျန်၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ချက်ချင်း ပေါ်လာပြီး မယုံကြည်နိုင်သော အရိပ်အယောင်များလည်း စွန်းထင်းသွားသည်။

"ဝူး... မင်း... မင်း လုပ်ရဲလား... ငါတို့က စစ်သားတွေကွ"

"ဗျိ"

ကျန်းဖန်၏ လက်ညှိုးနှင့် လက်မက သူ၏ ပါးစပ်ထဲရှိ လျှာကို တိုက်ရိုက် ဆွဲညှစ်လိုက်သည်ကို တွေ့လိုက်ရသည်။

ကျောက်လျန် တစ်ခုခု တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ပါးစပ်ထဲမှ ပြင်းထန်သော နာကျင်မှုတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

သူ၏ လျှာကို ကျန်းဖန်၏ ထက်မြက်သော လက်သည်းများက အရှင်လတ်လတ် ဆွဲနှုတ်ပစ်လိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပါးစပ်တစ်ပြင်လုံးမှ သွေးများ ပန်းထွက်လာပြီး အလွန်အမင်း နာကျင်မှုက သူ၏ ဦးနှောက်အာရုံကြောများအထိ ရိုက်ခတ်သွားတော့သည်။

"ဝူး... အား..."

ကျောက်လျန်သည် သူ၏ ဘဝတစ်လျှောက်လုံးတွင် အသနားကရုဏာအဖြစ်ဆုံးသော စူးစူးဝါးဝါး အော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်ရသည်။

ဘေးနားရှိ မြေပြင်ပေါ်တွင် လဲကျနေသော စစ်သားနှစ်ယောက်မှာမူ ကြောက်လန့်လွန်း၍ ကြောင်အမ်းနေကြပြီ ဖြစ်သည်။

တစ်လခွဲခန့် ကြောက်ရွံ့တုန်လှုပ်နေခဲ့သော ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူများက ချက်ချင်းဆိုသလို ဤမျှ သတ္တိရှိလာလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ။

ကျန်းဖန်က လက်ကို မရပ်တန့်ဘဲ သူ၏ ခေါင်းကို ဆွဲမလိုက်ပြီး အော်ခေါ်လိုက်သည်။ "ဟန်ထောင်... လာခဲ့"

မျက်လုံးများ နီရဲနေသော ထိုလူငယ်က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ပြေးလာခဲ့သည်။ "ခေါင်းဆောင်ကျန်း... ကျွန်တော် ရောက်ပါပြီ"

"သွား... သူ့အဝတ်အစားတွေ အကုန်လုံးကို ချွတ်ပစ်လိုက်ပြီး မှန်လုံအိမ် တံခါးပေါက်မှာ ဆွဲကြိုးဆွဲထားလိုက်... ဒီစစ်သားယုတ်က နေရောင်ခြည်ခံရတာကို သဘောကျနေတာ မဟုတ်လား... သူ့ကို ဝအောင်သာ နေပူခံခိုင်းလိုက်စမ်း"

ဟန်ထောင်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားသော အမူအရာကို ပြသလိုက်သည်။ "ကျွန်တော့်တာဝန်လိုက်ပါ ခေါင်းဆောင်ကျန်း"

ဟန်ထောင်သည် အလွန်အမင်း ဝမ်းသာအားရဖြစ်သွားကာ ကြိုးတစ်ချောင်းကို ချက်ချင်း ရှာဖွေလာပြီး ကျောက်လျန်ကို တိုက်ရိုက် တုပ်နှောင်လိုက်သည်။

လူအများ၏ မျက်မှောက်တွင်ပင် ကျောက်လျန်၏ အဝတ်အစားများ အချွတ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အပေါ်သို့ ဆွဲချိတ်ခံလိုက်ရလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်းက မျက်လုံးများ ပြူးကျယ်သွားကြသည်။

ထိုက်ယန်တောင်မှ လူများမှာ အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသော အသက်ရှူကျပ်မှုများကို ဤအချိန်တွင် အားရပါးရ မှုတ်ထုတ်လိုက်နိုင်သကဲ့သို့ ခံစားလိုက်ကြရသည်။

လူအားလုံး၏ မျက်လုံးများ အရောင်လင်းလက်သွားကြပြီး လူအတော်များများက လင်းယွမ်ကို လေးစားအားကျသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

တီးတိုးပြောဆိုနေသော အသံများက အလျင်အမြန် ပျံ့နှံ့သွားလေသည်။

"ဆရာလင်းယွမ်သာ ပြန်ရောက်လာရင် ငါတို့တွေ ချက်ချင်း လွတ်မြောက်တော့မယ် ဆိုတာ ငါ သိတယ်"

"တောက်... ဒီစစ်သားယုတ်တွေကို ငါ ကြည့်မရဖြစ်နေတာ ကြာလှပြီ"

"သေနာကောင်တွေ... သူတို့တွေက စစ်ဝတ်စုံဝတ်ပြီး လူမိုက်ပုံစံ ဖမ်းနေကြတာ... အရင်တုန်းက တကယ့် စစ်သားတွေ ဟုတ်မဟုတ်ဆိုတာ ဘယ်သူက သိမှာလဲ"

"ရေကြီးပြီးတဲ့နောက် ကွမ်ဖူစစ်တပ်က လူတွေကို အများကြီး ထပ်စုဆောင်းခဲ့တယ်လို့ ငါ ကြားထားတယ်... ဒီလူတွေက အရင်တုန်းက တကယ့် စစ်သားတွေ လုံးဝ မဟုတ်လောက်ဘူး"

"အဲဒါက သေချာပေါက် မဖြစ်နိုင်တာပဲလေ... ရေမကြီးခင်တုန်းက စစ်ထဲဝင်ဖို့ ဘယ်လောက်ခက်ခဲလဲ... အသိအကျွမ်းရှာရင်တောင် ဝင်လို့ရချင်မှ ရတာ"

"တောက်... စစ်တပ်ဆိုတဲ့ နာမည်ခံပြီး ငါတို့ကို လာအနိုင်ကျင့်နေသေးတယ်... ဟက်... သူတို့က ထိုက်တန်လို့လား"

"ဆရာလင်းယွမ်က တကယ်ကို မိုက်လွန်းတယ်... ဆရာလင်းယွမ် ပြန်လာရင် ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်"

"ဒီစစ်သားတွေနဲ့ တကယ်ပဲ မျက်နှာပျက်သွားပြီဆိုတော့ ဆရာလင်းယွမ် ဘယ်လို ဆက်လုပ်မလဲ မသိဘူး"

"ဘာကို ကြောက်နေရမှာလဲ... ဆရာလင်းယွမ်က ဒီလောက်စွမ်းတာ... အရင်တုန်းက ဘာသာရေးဂိုဏ်းကြီး သုံးခုက ငါတို့ကို ရောဂါပိုးနဲ့ တိုက်ခိုက်တုန်းကတောင် ငါတို့ နောက်မဆုတ်ခဲ့ဘူးလေ... အခု ဆရာလင်းယွမ် ပြန်ရောက်နေပြီဆိုတော့ ငါတို့က ကြောက်နေရဦးမှာလား"

"သေနာကောင်တွေ... အဆိုးဆုံးဖြစ်လာရင် အသေခံတိုက်လိုက်ရုံပေါ့"

"ဟုတ်တယ်"

...

ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူများ၏ စိတ်ဓာတ်ခွန်အားများက ဤအချိန်တွင် အလုံးစုံ ပြန်လည်ရောက်ရှိလာသကဲ့သို့ ဖြစ်သွားသည်။

လူအားလုံးမှာ တက်ကြွလန်းဆန်းလာကြပြီး မျက်လုံးများထဲတွင်လည်း စိတ်လှုပ်ရှား ဝမ်းသာနေသော အရိပ်အယောင်များ ပါရှိနေသည်။

ဤအရာက အစမျှသာ ဖြစ်ကြောင်း သူတို့ သိထားကြသည်။

ဆရာလင်းယွမ် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုက်ယန်တောင်၏ အခြေအနေများမှာ သေချာပေါက် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

မြေပြင်ပေါ်ရှိ စစ်ဝတ်စုံဝတ် စစ်သားနှစ်ယောက်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူဖျော့သွားကြပြီး ပါးစပ်မှလည်း မနေနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။ "မင်းတို့... မင်းတို့... ဘယ်လိုလုပ်ပြီး ရဲတင်းနေရတာလဲ"

"မင်းတို့ စောင့်နေကြ... စောင့်နေ... ငါ အခုချက်ချင်း ငါတို့ခေါင်းဆောင်ကို သွားပြောလိုက်မယ်"

ထိုနှစ်ယောက်က အလျင်စလို ကုန်းထလာကြပြီး ဝါးတောရှိရာဘက်သို့ ကမန်းကတန်း ပြေးထွက်သွားကြသည်။

ကျန်းဖန်က အေးစက်စက် ပြုံးလိုက်ပြီး လင်းယွမ်ကို လှမ်းကြည့်ကာ တားလိုက်ရမည်လားဟု အကြည့်ဖြင့် မေးမြန်းလိုက်သည်။

လင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဂရုစိုက်စရာ မလိုဘူး... စစ်တပ်ကလူတွေ သတ္တိရှိရင် ခေါင်းဆောင်စံအိမ်ကို လာရှာခိုင်းလိုက်"

ပြောပြီးသည်နှင့် သူက တင်းယန်ကို ခေါ်ကာ ခေါင်းဆောင်စံအိမ်ရှိရာသို့ တိုက်ရိုက် လျှောက်သွားလေသည်။

လမ်းတစ်လျှောက်တွင် ထိုက်ယန်တောင်မှ လူအတော်များများက လင်းယွမ်ကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် အံ့သြဝမ်းသာသော အမူအရာများ ထွက်ပေါ်လာကြသည်။

"ဆရာလင်းယွမ်"

"မင်္ဂလာပါ ဆရာလင်းယွမ်"

"ဆရာလင်းယွမ် ပြန်ရောက်လာပြီဟေ့"

မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းယွမ် ပြန်ရောက်လာပြီဟူသော သတင်းက အတောင်ပံတပ်ထားသကဲ့သို့ ထိုက်ယန်တောင်၏ နေရာအနှံ့အပြားသို့ အလျင်အမြန် ပျံ့နှံ့သွားလေသည်။

ထိုက်ယန်တောင် တစ်ခုလုံး တုန်လှုပ်သွားပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူတိုင်းမှာ အလွန်အမင်း ပျော်ရွှင် စိတ်လှုပ်ရှားသွားကြသည်။

ခေါင်းဆောင်စံအိမ်။

ရန်ဆန်းမင်၊ ဟန်ရှန်းမန်၊ ထူလုံနှင့် အခြားလူများအားလုံး ရှိနေကြသည်။

"စစ်တပ်ကလူတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး လွန်လာပြီ" ထူလုံက မှုန်ကုပ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"ဒီနေ့ မနက်ပိုင်းမှာတင် စစ်တပ်ကလူတွေက ငါတို့ ထိုက်ယန်တောင်ရဲ့ စည်းကမ်းတွေကို လူသိရှင်ကြား ချိုးဖောက်တဲ့ ကိစ္စသုံးခု ဆက်တိုက် ဖြစ်သွားတယ်"

"စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သက်ဆိုင်ရာ လူတွေကို ဖမ်းဆီးပြီး အရေးယူချင်ပေမယ့် အဲဒီလူတွေက စစ်တပ်စခန်းထဲကို ပုန်းဝင်သွားပြီး တံခါးပိတ်ထားလို့ ငါတို့ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လုံးဝ ဝင်လို့မရဘူး ဖြစ်နေတယ်"

ထူလုံ ပြောပြီးသွားသောအခါ ဘေးနားရှိ ဟန်ရှန်းမန်၏ မျက်နှာမှာလည်း အလွန်အမင်း မှုန်ကုပ်နေပြီး သူမက ဝင်ပြောလိုက်သည်။ "ကျန်းတာ့ကျစ်ရဲ့ လူတွေက ဒီနေ့ ရေတပ်ဘက်ကို ထပ်လာပြီး ကင်းအလှည့်ကျ ချဖို့ တောင်းဆိုနေတယ်"

"ဒီကောင်တွေရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်ကို ဘယ်သူက မမြင်ဘဲ နေမှာလဲ... ရေတပ်က သင်္ဘောတွေမှာ ငါတို့ သုတေသနဌာနရဲ့ အဓိက နည်းပညာ လျှို့ဝှက်ချက်တွေ ပါနေတာ... သူတို့ကိုသာ ကင်းချခွင့်ပေးလိုက်ရင် သေချာပေါက် ပေါက်ကြားသွားလိမ့်မယ်"

"ပါမောက္ခလီ ခက်ခက်ခဲခဲ သုတေသနလုပ်ထားတဲ့ အကာအကွယ်ကွန်ရက် စနစ်ကိုလည်း သူတို့က အတင်းအဓမ္မ တောင်းယူသွားပြီးပြီလေ... အခုထိ မကျေနပ်သေးဘဲ ငါတို့ရဲ့ နည်းပညာတွေကို ထပ်ပြီး ခိုးယူချင်နေကြသေးတယ်"

ရှီဟိုင်ကျူးကလည်း လေးနက်စွာ ပြောလိုက်သည်။ "ဒေါက်တာရန်... စစ်တပ်ကလူတွေက တစ်ဖြည်းဖြည်းနဲ့ ပိုပိုပြီး လွန်ကျူးလာကြတယ်... သူတို့ရဲ့ သာမန်စစ်သားလေးတွေကအစ ပိုပြီး မောက်မာရိုင်းစိုင်းလာကြပြီ... ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး"

ထိုအချိန်တွင် အချိန်အတော်ကြာ စကားမပြောဘဲ နေခဲ့သော ဦးလေးမာကလည်း မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ "ဟူး... အစတုန်းက စစ်တပ်နဲ့ ပူးပေါင်းတာက အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းလိုက်သလိုမျိုး ခံစားခဲ့ရတာ... အခု ကြည့်ရတာတော့ တကယ်ကို ဖြစ်လာပြီပဲ"

ရန်ဆန်းမင်က ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "အဲဒီတုန်းက အခြေအနေကို ခင်ဗျားတို့ မသိတာမှ မဟုတ်တာ"

"ချင်းဟွာမှာ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် ရှိနေပေမယ့် ငါတို့က ထိုက်ယန်တောင်ကို လုံးဝ စွန့်လွှတ်ပြီး ဟင်းလင်းပြင်ထဲကို အတူတူ ပြောင်းမသွားသရွေ့... ထိုက်ယန်တောင်ဆိုတဲ့ နယ်မြေကို လိုချင်နေသေးရင်တော့ ဘာသာရေးဂိုဏ်းကြီး သုံးခုရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ရမှာပဲလေ"

"အဲဒီအချိန်တုန်းက အကူအညီရဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ... အများကြီး ဘယ်လိုလုပ် တွေးနိုင်မှာလဲ"

"လောလောဆယ်တော့ ငါတို့ရဲ့ အရေးကြီးတဲ့ ဌာနတွေအားလုံးကို ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်ကို ရွှေ့ပြောင်းပြီးသွားပြီ... ကျန်နေတာကတော့ အစွမ်းကုန် ကြိုးစားပြီး ထိုက်ယန်တောင်နယ်မြေရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းထားဖို့ပဲ"

"အဲဒီစစ်သားတွေက ကျန်းတာ့ကျစ်လို အထက်လူကြီးတွေရဲ့ အရိပ်အမြွက်ပြတာကို ရထားပြီး ငါတို့ရဲ့ သည်းခံနိုင်စွမ်းကို တမင်သက်သက် စမ်းသပ်နေကြတာ ဖြစ်လောက်တယ်"

ထူလုံက မျက်မှောင်ကြုတ်သွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "တောက်... ဒီအတိုင်း ဆက်သွားနေရင် ငါတို့လူတွေ စိတ်ဓာတ်ကျကုန်မှာကို စိုးရိမ်ရတယ်"

ဦးလေးမာကလည်း သက်ပြင်းချလိုက်သည်။ "အခုလည်း တခြားနည်းလမ်းမှ မရှိတာ... အချိန်ဆွဲထားဖို့ပဲ ရတော့မယ်"

"ငါတို့ဘက်က မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တွေ ပိုပိုများလာပြီး အလုံးစုံ စွမ်းအား မြင့်တက်လာတဲ့အထိ စောင့်မှပဲ ရမယ်"

"မဟုတ်ရင် ငါတို့မှာ စစ်တပ်ကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအား မရှိဘူးလေ"

ဟန်ရှန်းမန်ကလည်း သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "ကိုလင်းယွမ်သာ ရှိနေရင် ကောင်းမှာပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ လူအားလုံးက ကိုယ်စီ သက်ပြင်းချလိုက်ကြသည်။

လင်းယွမ် မရှိသော ထိုက်ယန်တောင်မှာ အမှန်တကယ်ပင် ရှေ့တစ်လှမ်းတိုးရန် ခက်ခဲလွန်းလှသည်။

အမှန်အတိုင်း ပြောရလျှင် သူတို့၏ တိုးတက်မှုနှုန်းက နှေးကွေးလွန်းနေခြင်း ဖြစ်သည်။

ယခု လက်ရှိ အခမ်းအနားတွင် ရှိနေသော သူများထဲတွင် ထူလုံ၊ ဦးလေးမာ၊ ဟန်ရှန်းမန်နှင့် ရှီဟိုင်ကျူး အစရှိသူများက မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို ကျော်လွန်သွားကြပြီ ဖြစ်သော်လည်း။

သူတို့က အသစ်တက်လာသော မျိုးရိုးဗီဇ အစွမ်းပိုင်ရှင်များ ဖြစ်သည့်အတွက် အဓိက အရည်အသွေးများ မြင့်တက်လာမှုမှာ မမြန်ဆန်လှပေ။

သူတို့၏ မျိုးရိုးဗီဇမျိုးစေ့များမှာ အစောပိုင်းက လင်းယွမ်နှင့် ဝမ်လင်းအာတို့ အရောင်းအဝယ် လုပ်ရာမှ ရရှိခဲ့သော အသုတ်များသာ ဖြစ်သည်။

ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်မှဖြစ်စေ၊ လင်းယွမ်က မြူခိုးမြို့တော်မှ ယူဆောင်လာခဲ့သော ရေခဲဓာတ် သွေးသလင်းကျောက်များမှဖြစ်စေ... ထုတ်ယူရရှိနိုင်သည်မှာ ဟင်းလင်းပြင် အမျိုးအစားနှင့် ရေခဲဓာတ် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ နှစ်မျိုးသာ ရှိသည်။

ထိုက်ယန်တောင် တစ်ခုလုံးတွင် ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ဆို၍ လီချင်းဟွာ တစ်ယောက်တည်းသာ ရှိသည်။

ရေခဲဓာတ်တွင် ကျောက်ခိုင်မှလွဲ၍ အသစ်ပေါ်လာသော အစွမ်းပိုင်ရှင် အချို့ ရှိလာသော်လည်း သူတို့က အစွမ်းနိုးထလာမှု နောက်ကျလွန်းသလို မည်သည့် ကြီးမားသော တာဝန်ကိုမျှ မထမ်းဆောင်ရသေးသဖြင့် မျိုးရိုးဗီဇမျိုးစေ့ နိုးထလာမည့် အဆင့်သို့ လုံးဝ မရောက်ရှိသေးပေ။

အတိုချုပ် ပြောရလျှင် ထိုက်ယန်တောင်တွင် မျိုးရိုးဗီဇ အဆင့်မြင့် အစွမ်းပိုင်ရှင်များ လိုအပ်နေဆဲဖြစ်ရာ ထို့ကြောင့်သာ ယခုလို အကျပ်အတည်းမျိုး ကြုံတွေ့နေရခြင်း ဖြစ်သည်။

လူအချို့မှာ မျက်နှာငယ်များဖြင့် စိတ်ညစ်နေကြပြီး ခေါင်းဆောင်စံအိမ်အတွင်းတွင် တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ ဆူညံပွက်လောရိုက်နေသော အသံများ ထွက်ပေါ်လာပြီး ခေါင်းဆောင်စံအိမ်အတွင်းသို့ပင် ပျံ့လွင့်လာသည်။

ရန်ဆန်းမင်က မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ"

"တောက်... စစ်တပ်ကလူတွေ ပြဿနာ လာရှာပြန်ပြီလား မသိဘူး" ထူလုံက မနေနိုင်ဘဲ ဆဲဆိုလိုက်သည်။

"ငါ ထွက်ကြည့်လိုက်မယ်" ဦးလေးမာက မတ်တတ်ထရပ်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

ရုတ်တရက် တံခါးပေါက်မှ လူတစ်စု ဝင်လာသည်ကို မြင်လိုက်ရပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ဦးလေးမာ၏ မျက်လုံးများ ပြူးကျယ်သွားကာ စိတ်လှုပ်ရှား ဝမ်းသာနေသော အမူအရာများ ပေါ်လာသည်။

"လင်းယွမ်"

ဤအော်ခေါ်သံကြောင့် မျက်နှာမသာမယာ ဖြစ်နေကြသော ရန်ဆန်းမင်နှင့် အခြားသူများမှာ ချက်ချင်း ခေါင်းမော့ကြည့်လိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လူအားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် အံ့သြဝမ်းသာနေသော အရိပ်အယောင်များ ပေါက်ကွဲထွက်လာလေသည်။

"ဆရာလင်း" ရန်ဆန်းမင်က အံ့သြဝမ်းသာစွာဖြင့် အော်ခေါ်လိုက်သည်။

ရှီဟိုင်ကျူးကလည်း မျက်နှာတစ်ခုလုံး ဝမ်းသာပီတိဖြစ်သွားပြီး အော်ပြောလိုက်သည်။ "ဆရာလင်းယွမ်... တကယ်ပဲ ခင်ဗျားလား"

ထူလုံကလည်း အံ့အားသင့် ဝမ်းသာစွာဖြင့် အော်လိုက်သည်။ "ဆရာလင်း... ခင်ဗျား ပြန်လာပြီပဲ"

ဟန်ရှန်းမန်၏ မျက်လုံးများထဲတွင် မျက်ရည်စများ ဝဲတက်လာသကဲ့သို့ ဖြစ်သွားပြီး လင်းယွမ်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းများ အနည်းငယ် ဟသွားကာ မျက်နှာတစ်ခုလုံးတွင်လည်း ပျော်ရွှင်ကြည်နူးမှုများ ပြည့်နှက်နေသည်။

သူမက မနေနိုင်ဘဲ ရှေ့သို့ ခြေနှစ်လှမ်းခန့် တိုးသွားမိသော်လည်း ချက်ချင်းပင် တစ်စုံတစ်ခုကို သတိထားမိသွားပြီး သူမ၏ စိတ်အခြေအနေကို အတင်းအကျပ် ထိန်းချုပ်လိုက်ကာ နှုတ်မှသာ ခေါ်လိုက်လေသည်။ "ကို... ကိုလင်းယွမ်"

လင်းယွမ်က လူအားလုံးကို ကြည့်ကာ ပြုံးလိုက်သည်။ "အားလုံးပဲ... မတွေ့ရတာ ကြာပြီနော်"

ဆက်ရန်...

အပိုင်း(၅၅၆) အခြေအနေ

"မတွေ့တာ ကြာပြီပဲ"

ဦးလေးမာက ပထမဆုံး သတိဝင်လာပြီး မနေနိုင်ဘဲ အော်ပြောလိုက်သည်။ "လင်းယွမ်... မင်း ဘယ်တွေများ သွားနေတာလဲ... တစ်လခွဲတောင် ရှိနေပြီကို သတင်းအစအနလေးတောင် မကြားရဘူး... အားလုံးက မင်းအတွက် စိတ်ပူနေကြတာ"

ရန်ဆန်းမင်ကလည်း လူအုပ်ကြီးကို ခေါ်ကာ ချက်ချင်း ရောက်လာပြီး လင်းယွမ်ကို ရှေ့တိုး၍ ဖက်လိုက်ရင်း ပြောလေသည်။ "မင်း ပြန်ရောက်လာတာပဲ တော်ပါသေးတယ်... ဒီထက်သာ နည်းနည်း ထပ်နောက်ကျမယ်ဆိုရင် ငါတို့ ဆက်ပြီး တောင့်ခံထားနိုင်ပါ့မလား မသိတော့ဘူး"

လင်းယွမ်က သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး "ခင်ဗျားတို့ လုပ်တာ ကောင်းပါတယ်... ခဏတာ ငြိမ်းချမ်းရေး ရဖို့အတွက် ယာယီ သည်းခံတာက ပြဿနာမရှိပါဘူး" ဟု ပြောလိုက်သည်။

"နောက်ဆက်တွဲ ကိစ္စတွေကိုတော့ ကျွန်တော့်တာဝန်ထားလိုက်တော့"

ထိုသို့ ပြောပြီးနောက် သူက ထူလုံကို ရုတ်တရက် လှမ်းကြည့်ကာ "ထူလုံ... ခင်ဗျားနဲ့ နို့ဖြူလေး ဘယ်တွေရောက်နေတာလဲ... ဘယ်တုန်းက ပြန်ရောက်လာကြတာလဲ" ဟု မေးလိုက်သည်။

ပြီးခဲ့သည့်အကြိမ် သူ အပြင်ထွက်ခဲ့စဉ်က မူလရည်ရွယ်ချက်မှာ အရိပ်နဂါး ရေပေါ်ကျွန်းအတွက် မဟုတ်ခဲ့ပေ။

သူ၏ မူလရည်ရွယ်ချက်က ထူလုံနှင့် နို့ဖြူလေးတို့ နှစ်ယောက်ကို ရှာဖွေရန်သာ ဖြစ်သည်။

သို့သော် သူ ကိုယ်တိုင် အပြင်ထွက်ရှာတာတောင် သူတို့နှစ်ယောက်ကို ရှာမတွေ့ခဲ့ဘဲ ထူလုံက သူ့ဘာသာသူ ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထူလုံက ထိုစကားကို ကြားသောအခါ အလျင်အမြန် ရှင်းပြလိုက်သည်။ "ဆရာလင်း... ဆရာက ကျွန်တော်တို့ကို သွားရှာနေတာလား"

"လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက ကျွန်တော်တို့ မြို့တော်ကုန်သွယ်ရေးစင်တာမှာ ဆရာ့ကို အမြဲတမ်း စောင့်နေခဲ့တာပါ"

"နောက်တော့ ဘယ်လောက်စောင့်စောင့် ဆရာ ပေါ်မလာဘဲ ရေနတ်ဘုရားဂိုဏ်းက လူတွေရဲ့ တိုက်ခိုက်တာကိုပဲ ခံလိုက်ရတယ်"

"ကျွန်တော်လည်း ဆရာ မှာထားတဲ့အတိုင်း နို့ဖြူလေးကို ခေါ်ပြီး ချက်ချင်း ထွက်ပြေးခဲ့တယ်"

"ဒါပေမဲ့ ဟွမ်ကွမ်းဇူကတော့ ကံဆိုးသွားတယ်... သူက ရေနတ်ဘုရားဂိုဏ်းက လူတွေရဲ့ ဖမ်းဆီးတာကို တန်းခံလိုက်ရတာ"

"နောက်တော့ ရေနတ်ဘုရားဂိုဏ်းက လူတွေရဲ့ လိုက်လံသတ်ဖြတ်တာကို ရှောင်တိမ်းဖို့ ကျွန်တော် နို့ဖြူလေးကို ခေါ်ပြီး ကွမ်ဖူဘက်အထိ တစ်လျှောက်လုံး ပြေးခဲ့ရတာ... အဲဒီဘက်မှာ တစ်ပတ်လောက် ကွေ့ပတ်ပြီးမှ ပြန်လာခဲ့တာပါ"

လင်းယွမ်က "ခင်ဗျားတို့ လင်းယွီကျွန်းက လူတွေနဲ့ရော မဆုံခဲ့ဘူးလား" ဟု မေးလိုက်သည်။

ထူလုံက ခေါင်းခါပြလိုက်သည်။ "မဆုံခဲ့ပါဘူး"

ဝမ်လင်းအာတို့ လူစု ဘယ်တွေများ ရောက်သွားပါလိမ့်ဟု လင်းယွမ် သံသယဖြစ်သွားမိသည်။

သူတို့တွေက အရိပ်နဂါး ရေပေါ်ကျွန်း အနီးအနားကိုလည်း ရောက်မလာသလို မြို့တော်ကုန်သွယ်ရေးစင်တာကိုရော မသွားခဲ့ကြဘူးလား။

စဉ်းစားကြည့်လျှင် အစက ဝမ်လင်းအာ တစ်ယောက် ထိုက်ယန်တောင်မှ ထွက်ခွာသွားရသည့် အကြောင်းရင်းမှာ အရိပ်နဂါး ရေပေါ်ကျွန်းကို သွားရှာရန်ပင် ဖြစ်သည်။

ဘာကြောင့်များ သူတို့က အဲဒီဘက်ကို ရောက်မလာခဲ့ကြတာလဲ။

လင်းယွမ်က စိတ်ထဲမှ သံသယများကို ဖိနှိပ်ထားလိုက်ပြီး "ဟွမ်ကွမ်းဇူရော... သူ ပြန်မရောက်လာသေးဘူးလား" ဟု မေးလိုက်သည်။

လင်းယွမ်သည် ထိုက်ယန်တောင်တွင် ဟွမ်ကွမ်းဇူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးရိုးဗီဇမျိုးစေ့ အငွေ့အသက်ကို မခံစားမိသဖြင့် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိနေသည်။

ထူလုံက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဟွမ်ကွမ်းဇူလား... သူက ရေနတ်ဘုရားဂိုဏ်းက လူတွေ ဖမ်းသွားတာ ခံလိုက်ရပြီလေ"

လင်းယွမ် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ကြည့်ရသည်မှာ ဟွမ်ကွမ်းဇူ တကယ်ကို ပြန်မရောက်လာသေးသည့်ပုံပင်။

ဟွမ်ကွမ်းဇူက လင်ကျန်းမြစ် အောက်ဘက်ပိုင်းမှာပဲ စောင့်နေသေးတာများလား။

သို့သော် သူ ကိုယ်တိုင် အရိပ်နဂါး ရေပေါ်ကျွန်းကို ခေါ်ဆောင်ကာ ရေဆန်အတိုင်း အထက်သို့ တစ်လျှောက်လုံး ဆန်တက်လာပြီး မူလနေရာများကို ဖြတ်သန်းလာခဲ့သော်လည်း သူ့ကို ဘာကြောင့် မတွေ့ခဲ့ရတာလဲ။

အရိပ်နဂါးကဲ့သို့ ဧရာမ ပစ်မှတ်ကြီးကို ဟွမ်ကွမ်းဇူသာ အနီးအနားတွင် ရှိနေခဲ့ပါက မမြင်တွေ့ရစရာ အကြောင်းမရှိပေ။

"ထားလိုက်ပါတော့... ထိုက်ယန်တောင်က ကိစ္စတွေကို အရင် ရှင်းပြီးမှ လင်းယွီကျွန်းနဲ့ ဟွမ်ကွမ်းဇူကို အချိန်ရရင် သွားရှာတာပေါ့"

လင်းယွမ်က စိတ်ထဲတွင် ကြံဆတွေးတောလိုက်ပြီးနောက် လူအုပ်ကြီးကို လှမ်းကြည့်ကာ မေးလိုက်သည်။ "ကျွန်တော်က အခုမှ ပြန်ရောက်တာဆိုတော့ လက်ရှိ အခြေအနေကို နားမလည်သေးဘူး"

"ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ထိုက်ယန်တောင်ရဲ့ အခု အခြေအနေက ဘယ်လိုရှိနေလဲ ဆိုတာကို ပြောပြပါဦး"

သူ့နောက်တွင် ရှိနေသော တင်းယန်၊ ကျန်းဖန်၊ ကုဖုန်းတို့ အားလုံး အထဲသို့ ဝင်ရောက်လာကြပြီဖြစ်ပြီး မသက်ဆိုင်သူများကိုလည်း အပြင်သို့ ထွက်သွားရန် စေခိုင်းလိုက်ကြသည်။

ရန်ဆန်းမင်၊ တင်းယန်တို့ လူတစ်စုက ထိုက်ယန်တောင်တွင် ဤတစ်လခွဲတာ ကာလအတွင်း ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များကို လင်းယွမ်အား စတင် ပြောပြကြတော့သည်။

လင်းယွမ် ထွက်ခွာသွားပြီးနောက် ထိုက်ယန်တောင်သည် သူ၏ ကြိုတင်စီစဉ်ထားမှုများအရ လုပ်ငန်းများကို စနစ်တကျ ပြောင်းရွှေ့ရန် စတင်ခဲ့ကြသည်။

မွေးမြူရေး၊ သားသတ်လုပ်ငန်း၊ စိုက်ပျိုးရေး စသည့် စီမံကိန်းများကို ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်သို့ တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ခဲ့ကြသည်။

ထို့အပြင် ထိုက်ယန်တောင်ရှိ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုပါ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်သို့ ပြောင်းရွှေ့ပေးခဲ့ကြသည်။

ဆောက်လုပ်ရေးဌာနဘက်မှလည်း ရှောင်မောင်းတောင်ပေါ်တွင် အိမ်ရာများ စတင် ဆောက်လုပ်ရန် လူလွှတ်ခဲ့ပြီး၊ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲရှိ ရေမမြုပ်သေးသော အဆောက်အအုံ များစွာကိုလည်း ပြန်လည် မွမ်းမံ အသုံးပြုခဲ့ကြသည်။

ထိုက်ယန်တောင်၊ မိန်တောင်နှင့် လင်းယွင်တောင်စောင်းဟူသော နေရာသုံးခုကိုမူ စစ်ရေးအခြေစိုက်စခန်းများအဖြစ် လုံးဝ ပြောင်းလဲလိုက်ပြီး ကျွမ်းကျင် စစ်သည်များကို လေ့ကျင့်မွေးထုတ်ပေးသည့် စခန်းများအဖြစ် အသုံးပြုခဲ့ကြသည်။

ထိုအထဲတွင် ထိုက်ယန်တောင်သည် ရေတပ်သင်္ဘောအုပ်စု လေ့ကျင့်ရေးကို အဓိကထားပြီး၊ မိန်တောင်ရှိ ယွင်ချွမ်ဘုရားကျောင်းဘက်တွင်မူ နည်းဗျူဟာ အထူးတပ်ဖွဲ့များ ဖွဲ့စည်းရေးကို အဓိက လေ့ကျင့်ပေးခဲ့သည်။

လင်းယွင်တောင်စောင်းဘက်တွင်မူ ထောက်လှမ်းရေးအဖွဲ့အစည်းများကို လေ့ကျင့်သင်ကြားပေးခဲ့သည်။

အရာအားလုံးက လင်းယွမ်တို့ ချမှတ်ထားသည့် အစီအစဉ်အတိုင်း အဆင်ပြေချောမွေ့စွာ လည်ပတ်နေစဉ်မှာပင် ထိုက်ယန်တောင် အနီးအနား၌ ဂိုဏ်းကြီးသုံးဂိုဏ်းမှ သူလျှို အမြောက်အမြား ရုတ်တရက် ပေါ်လာခဲ့သည်။

ထို့နောက်တွင်တော့ မပြတ်တမ်း အနှောင့်အယှက်ပေးခြင်း၊ တိုက်ခိုက်ခြင်းနှင့် အကဲစမ်းခြင်းများကို ဆက်တိုက် ပြုလုပ်လာကြတော့သည်။

ရေပြင် ဒေသအချို့တွင် အသေးစား တိုက်ပွဲများ အကြိမ်အနည်းငယ် ဖြစ်ပွားပြီးနောက် လီချင်းဟွာနှင့် ရန်ဆန်းမင်တို့သည် ဂိုဏ်းကြီးသုံးဂိုဏ်းက တစ်ကျော့ပြန်လာနိုင်ချေ ရှိသည်ဟု ခံစားမိလာကြသည်။

ထို့ကြောင့် အမာခံခေါင်းဆောင်များက အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပြင်ပအကူအညီကို ရှာဖွေမှသာ ရမည်ဖြစ်ကြောင်း အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ကွမ်ဖူဘက်တွင် ဂိုဏ်းကြီးသုံးဂိုဏ်းကို နှိမ်နင်းနိုင်စွမ်းရှိသည့် တစ်ခုတည်းသော အင်အားစုမှာ စစ်တပ်မှလွဲ၍ အခြားမရှိကြောင်းကို သူတို့ တွေးမိသွားကြသည်။

ထို့ကြောင့် လီချင်းဟွာက ကိုယ်တိုင် ကွမ်ဖူသို့ သွားရောက်ကာ စစ်တပ်ဘက်မှ လူများနှင့် မဟာမိတ်ဖွဲ့ရန် အဆိုပြုခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်ကျန်းမြစ် အောက်ဘက်ပိုင်းသို့ လင်းယွမ်ကို သွားရှာရန် လူလွှတ်ခဲ့သည်။

သို့သော် ထိုအချိန်တွင် လင်းယွမ်တို့က ရေပေါ်ကျွန်းထဲသို့ ဝင်ရောက်သွားပြီဖြစ်ကာ ရေပေါ်ကျွန်းမှာ လင်ကျန်းမြစ်ထဲမှပင် လွင့်မျောထွက်ခွာသွားပြီ ဖြစ်သည်။

ထို့ကြောင့် သွားရှာသူများမှာ သဘာဝကျကျပင် လက်ဗလာဖြင့် ပြန်လာခဲ့ရပြီး အားလုံးက ထိုက်ယန်တောင်၏ အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ကို စစ်တပ်နှင့် ပူးပေါင်းရေးအပေါ်တွင်သာ ပုံအပ်လိုက်ကြတော့သည်။

နောက်ဆုံးတွင် လီချင်းဟွာက ဟင်းလင်းပြင်အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ အခုငါးဆယ်တိတိကို အလဲအလှယ်အဖြစ် ပေးအပ်ခဲ့မှသာ စစ်တပ်ဘက်မှ မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ပြီး ထိုက်ယန်တောင်တွင် တပ်စွဲရန် စစ်တပ်ကို စေလွှတ်ပေးခဲ့သည်။

လီချင်းဟွာတွင် ရေပေါ်ကျွန်းတစ်ကျွန်း ပိုင်ဆိုင်ထားခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ရာ စစ်တပ်ဘက်မှ သူ့အပေါ်ကို အတော်လေး အလေးထားသည့်ပုံ ပြသခဲ့သည်။

ထို့ကြောင့် အကူအညီပေးရန် တပ်ခွဲနှစ်ခုကို စေလွှတ်ပေးခဲ့သည်။

ယခုအခါ ထိုတပ်ခွဲနှစ်ခုအနက် တစ်ခုမှာ ထိုက်ယန်တောင်တွင် တပ်စွဲထားပြီး ကျန်တပ်ခွဲတစ်ခုကိုမူ စစ်တပ်ဘက်မှ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်သို့ သွားရောက် တပ်စွဲရန် မူလက စီစဉ်ထားခဲ့သည်။

သို့သော် လီချင်းဟွာက အလွန် သတိကြီးသူဖြစ်ရာ ဤကဲ့သို့ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တပ်ဖွဲ့တစ်ခုကို ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲသို့ မည်သို့လျှင် ဝင်ရောက်ခွင့် ပြုရဲမည်နည်း။

ထို့ကြောင့် သူက ထိုအစီအစဉ်ကို ငြင်းပယ်ခဲ့ပြီး ထိုတပ်ဖွဲ့ကို မိန်တောင်တွင်သာ တပ်စွဲစေခဲ့သည်။

အစပိုင်းတွင်တော့ ဤတပ်ဖွဲ့နှစ်ခုက ထိုက်ယန်တောင် အနီးအနားတွင် တပ်စွဲထားခြင်းကြောင့် တကယ်ကိုပဲ ခြိမ်းခြောက်နိုင်သည့် အာနိသင်ကို ဖြစ်ပေါ်စေခဲ့သည်။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ သူလျှိုများမှာ သိသိသာသာ လျော့နည်းသွားပြီး လှုပ်ရှားမှုများလည်း အတော်လေး ကျဆင်းသွားခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ စစ်တပ်မှလူများက ထိုက်ယန်တောင်တွင် စွမ်းအင်ကျောက်တုံး အမြောက်အမြား သိုမှီးထားကြောင်းကို သတိထားမိလာကြသည်။

ထို့အပြင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူများမှာ ပစ္စည်းရိက္ခာများ ပေါများကြွယ်ဝနေပုံရပြီး မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်များလည်း သိပ်မများလှပေ။

ထို့ကြောင့် သူတို့၏ အပြုအမူများမှာ အနည်းငယ် ပေါ့ဆရိုင်းစိုင်းလာကြတော့သည်။

ထိုက်ယန်တောင်မှ လူများကမူ ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် တတ်နိုင်သမျှ မိမိတို့၏ လက်အောက်ငယ်သားများကို ထိန်းသိမ်းပြီး စစ်တပ်မှ လူများနှင့် ပဋိပက္ခ မဖြစ်ပွားစေရန် တားမြစ်ထားခဲ့ကြသည်။

ဤလုပ်ငန်းစဉ်များအတွင်း နစ်နာရသူများမှာ သဘာဝကျကျပင် ထိုက်ယန်တောင်မှ သာမန်လူများသာ ဖြစ်လေသည်။

သို့သော် ဤလုပ်ရပ်က စစ်တပ်က ပြည်သူများကို ကျေးဇူးတင်စေမည့်အစား သူတို့ကို ပို၍ပင် အတင့်ရဲလာစေရန် တွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ဤစစ်တပ်မှ လူများက ထိုက်ယန်တောင်မှ လူများကို အားနည်းပြီး အနိုင်ကျင့်၍ရသည်ဟု စတင် ယူဆလာကြသဖြင့် အလုပ်လုပ်ရာတွင် တစ်နေ့ထက်တစ်နေ့ ပို၍ လွန်ကျူးလာကြတော့သည်။

"ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စမျိုးဆိုရင် သက်သာတယ်လို့တောင် ပြောလို့ရသေးတယ်" ကုဖုန်းက ဘေးမှနေ၍ မနေနိုင်ဘဲ ဒေါသတကြီး ဝင်ပြောလိုက်သည်။

လင်းယွမ်၏ မျက်နှာမှာ မည်းမှောင်သွားပြီး "မိန်တောင်ဘက်မှာက အခု ကျောက်ခိုင် စောင့်နေတာလား" ဟု မေးလိုက်သည်။

ရန်ဆန်းမင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... ကျောက်ခိုင်ရဲ့ လက်ရှိ အစွမ်းကလည်း မညံ့တော့ဘူးလေ... အခုက ဆောင်းရာသီလည်း ဖြစ်နေတော့ သူ့ရဲ့ အစွမ်းက ဒီလို ပတ်ဝန်းကျင်မျိုးမှာ အရမ်းကို အားသာချက် ရှိနေတယ်... စစ်တပ်က လူတွေလည်း သူ့ဘက်မှာတော့ သိပ်ပြီး အတင့်မရဲဝံ့ကြဘူး" ဟု ဖြေလေသည်။

ဦးလေးမာက သက်ပြင်းချရင်း "လင်းယွမ်... အခု မင်း ပြန်ရောက်လာပြီဆိုတော့ ငါတို့ သူတို့ကို ပြန်လွှတ်လိုက်လို့ ရပြီမလား" ဟု မေးလိုက်သည်။

"ဒီလူတွေက ဒီမှာနေပြီး ငါတို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပုံစံမျိုးဆိုပေမဲ့ သူတို့ စားဖို့သောက်ဖို့ အားလုံးကို ငါတို့က ထောက်ပံ့ပေးနေရတာ... ပြီးတော့ ဒီ စစ်ဗိုလ်ဆိုးတွေက လက်ဆော့ခြေဆော့လည်း အရမ်းလုပ်ကြတယ်"

"ငါ ကြားတာတော့ သူတို့က ငါတို့ မွေးမြူထားတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ခိုးဖမ်းကြသတဲ့... လင်းယွင်တောင်စောင်းဘက်က ပိုးစာပင်တောဆိုရင် သူတို့ ခိုးတာကို အကြိမ်ကြိမ် ခံရပြီးပြီ"

"တုံယန်ကသာ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို မထိန်းချုပ်ထားခဲ့ဘူးဆိုရင် ပြီးခဲ့တဲ့အကြိမ်က စစ်ဗိုလ်ဆိုးတွေ မနည်းသေကုန်လောက်ပြီ... အဲဒီလိုသာဆို ပြဿနာက ကြီးသွားလိမ့်မယ်"

လင်းယွမ်က စားပွဲခုံကို ဖြည်းညင်းစွာ ခေါက်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ "ဒီစစ်သားတွေက စစ်တပ်ထဲက သိမ်းငှက်အုပ်စုက လူတွေလား... ဒါမှမဟုတ် ချိုးငှက်အုပ်စုက လူတွေလား"

ရန်ဆန်းမင်က ထိုစကားကို ကြားသောအခါ ချက်ချင်း ကြောင်အမ်းသွားပြီး "ဘာ သိမ်းငှက်အုပ်စု၊ ချိုးငှက်အုပ်စုလဲ... စစ်တပ်ထဲမှာတောင် အဲဒီလို ခွဲထားသေးတာလား" ဟု သံသယဖြင့် မေးလိုက်သည်။

သူ့စကားကို ကြားလိုက်ရသဖြင့် ရန်ဆန်းမင်တို့က စစ်တပ်၏ အတွင်းရေးအခြေအနေကို လုံးဝ နားမလည်ကြကြောင်းကို လင်းယွမ် ချက်ချင်း သိလိုက်သည်။

ထို့ကြောင့် သူက ဝူမုန့် ပြောပြခဲ့ဖူးသော စစ်တပ်၏ အတွင်းရေး အခြေအနေများကို အကျဉ်းချုံး၍ ပြောပြလိုက်သည်။

"ခင်ဗျားတို့ ပြောပြတဲ့ အခြေအနေတွေအရ ကြည့်ရရင်တော့ ဒီလူတွေမှာ စစ်သားတစ်ယောက်ရဲ့ အမူအကျင့်မျိုး လုံးဝမရှိဘူး... ဒါကြောင့် သိမ်းငှက်အုပ်စုက လူတွေ ဖြစ်ဖို့ များတယ်"

လင်းယွမ်က ဆက်လက် ခန့်မှန်းပြောဆိုလေသည်။ သိမ်းငှက်အုပ်စုမှ လူများသည် အလုပ်လုပ်ရာတွင် နည်းလမ်းမရွေးတတ်ကြဘဲ သူတို့၏ လုပ်ဟန်မှာလည်း ချိုးငှက်အုပ်စုမှ လူများထက် ပို၍ ကြမ်းတမ်း ရက်စက်ကြသည်။

ဤ စစ်ဗိုလ်ဆိုးများကို ကြည့်ရသည်မှာ စစ်သားတစ်ယောက်၏ ဖြောင့်မတ်တည်ကြည်သော အသွင်အပြင်မျိုး မရှိသဖြင့် ချိုးငှက်အုပ်စု၏ လုပ်ဟန်နှင့် သိပ်မတူညီလှပေ။

"လင်းယွမ်... တကယ်လို့ သူတို့ကသာ သိမ်းငှက်အုပ်စုက လူတွေ ဖြစ်နေခဲ့ရင် ငါတို့ သူတို့ကို နှင်ထုတ်ချင်ရင်တောင် လွယ်တော့မှာ မဟုတ်ဘူး" ဦးလေးမာက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

ရန်ဆန်းမင်ကလည်း သက်ပြင်းချကာ ဝင်ပြောသည်။ "နတ်ပင့်ရတာက လွယ်ပြီး နတ်ပြန်ပို့ရတာက ခက်တယ်ဆိုသလိုပဲ... ဒီလူတွေက ထွက်သွားဖို့ သဘောတူမှာ မဟုတ်ဘူး"

ရှီဟိုင်ကျူးက ချက်ချင်း ဝင်ပြောသည်။ "ဆရာလင်းလည်း ပြန်ရောက်နေပြီပဲ... သူတို့က သဘောမတူရင်လည်း ငါတို့ အတင်း နှင်ထုတ်ပစ်ရုံပေါ့"

ဟန်ရှန်းမန်ကလည်း အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။ "ငါတို့က သူတို့ရဲ့ ရိက္ခာကို ဖြတ်ပစ်လိုက်မယ်... သူတို့ မထွက်သွားဘဲ နေနိုင်မလား ကြည့်ကြတာပေါ့"

လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက်ဖြင့် အကြံဉာဏ်များ အသီးသီး ပေးလာကြသည်။

လင်းယွမ်က သူတို့၏ စကားများကို နားထောင်ရင်း အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။

"ဟင်းလင်းပြင်အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ အခုငါးဆယ်တောင်ပေးလိုက်တာကို ကြည့်ရင် ချင်းဟွာဆိုတဲ့ကောင်က ကိုယ့်ပစ္စည်းကို သူများမြင်အောင် မပြရဘူးဆိုတဲ့ သဘောတရားကို နားမလည်သေးဘူးပဲ"

"ငါသာ သိမ်းငှက်အုပ်စုက ဒီစစ်ဗိုလ်ဆိုးတွေဆိုရင်လည်း ဒီလို အခွင့်ကောင်းကို လက်လွတ်ခံမှာ မဟုတ်ဘူး"

လင်းယွမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ဒီလူတွေက အဲဒီလောက် အလွယ်တကူနဲ့ ထွက်သွားကြမှာ မဟုတ်ဘူး... ဒါပေမဲ့ ကိစ္စမရှိပါဘူး... သူတို့ သဘောနဲ့သူတို့ မသွားဘူးဆိုရင် ကျွန်တော်က အတင်း ထွက်သွားအောင် လုပ်ပေးလိုက်မယ်" ဟု ပြောလိုက်သည်။

"ခင်ဗျားတို့ထဲက တစ်ယောက်ယောက်လောက် သွားပြီး ကျောက်ခိုင်နဲ့ လီချင်းဟွာကို ဒီကို ခဏလာခဲ့ဖို့ အကြောင်းကြားပေးပါဦး"

ကျန်းဖန်က ချက်ချင်း မတ်တတ်ထရပ်ကာ "ကျွန်တော် ခေါင်းဆောင်ကျောက်ကို သွားပြောလိုက်မယ်" ဟု ပြောလိုက်သည်။

တင်းယန်က "ကျွန်မ လီချင်းဟွာကို သွားခေါ်လိုက်မယ်" ဟု ပြောသည်။

လင်းယွမ်က ခေါင်းခါပြလိုက်ပြီး "နင်က နေခဲ့ဦး... ငါ နင့်ကို မေးစရာ ကိစ္စ ရှိသေးတယ်... ကုဖုန်း... မင်းပဲ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို တစ်ခေါက်လောက် သွားလိုက်ပါ"

ကုဖုန်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာလင်း"

"ဆရာလင်း... ဒါဆို ကျွန်တော်တို့ကရော နောက်ဆက်တွဲ ဘာလုပ်ရမလဲ" ရှီဟိုင်ကျူးက မနေနိုင်ဘဲ ဝင်မေးလိုက်သည်။

လင်းယွမ်က တံခါးပေါက်ဆီသို့ အကြည့်ပို့လိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "သူတို့ရဲ့ ကင်းလှည့်စောင့်ကြပ်တဲ့ နေရာတွေအားလုံးကို သွားပြီး အစားထိုးလိုက်ကြ"

"ထိုက်ယန်တောင်ရဲ့ အရေးကြီးတဲ့ နေရာတွေက ငါတို့ ကိုယ်ပိုင် လက်ထဲမှာပဲ ရှိနေရမယ်"

"ကိုးဝူမျှော်စင်ဘက်ကိုလည်း လူလွှတ်ပြီး ပြန်လွှဲယူလိုက်"

"နောက်ပြီး တရားစီရင်ရေးအဖွဲ့ကို အကြောင်းကြားလိုက်... အရင်က ထိုက်ယန်တောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ဖူးတဲ့ စစ်ဗိုလ်ဆိုး မှန်သမျှကို ငါ့ဆီ အကုန် ဖမ်းခေါ်လာခဲ့"

"တကယ်လို့များ ဝင်တားတဲ့သူ ရှိခဲ့ရင် သေချာဆုံးမလိုက်"

ရှီဟိုင်ကျူး၊ ဟန်ရှန်းမန်နှင့် အခြားသူများအားလုံး ချက်ချင်း စိတ်ဓာတ်တက်ကြွသွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာသည်။

လင်းယွမ် တစ်ယောက် လက်စွမ်းပြတော့မည်ကို သူတို့ အားလုံး ရှင်းလင်းစွာ သိလိုက်ကြပြီ ဖြစ်သည်။

ရန်ဆန်းမင်က မနေနိုင်ဘဲ "တပ်ဖွဲ့ကြီးတွေက အဖွဲ့မှူးတွေကိုရော အဆင်သင့် ပြင်ထားဖို့ အကြောင်းကြားပေးရမလား" ဟု ဝင်မေးလိုက်သည်။

ရန်ဆန်းမင် ပြောသည့် အဆင်သင့် ပြင်ထားဖို့ ဆိုသည်က မည်သည့်အရာကို ဆိုလိုကြောင်း လင်းယွမ် သဘာဝကျကျပင် နားလည်လေသည်။

ရန်ဆန်းမင်က အတွေ့အကြုံရင့်ကျက်သူ တစ်ယောက်ဖြစ်ရာ ထိုစစ်တပ်မှ လူများက မျက်နှာပြောင်တိုက်ပြီး အကြမ်းဖက်လာမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

ထိုက်ယန်တောင်ဘက်မှ စောစီးစွာ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ပေသည်။

လင်းယွမ်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး "ခင်ဗျားပဲ သွားစီစဉ်လိုက်ပါ... အောက်ခြေက လူတွေ ဘယ်လောက်ပဲ တိုက်ခိုက်နေပါစေ... နောက်ဆုံး အခြေအနေကိုတော့ အဆုံးအဖြတ် ပေးနိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

"ဒါပေမဲ့လည်း သတိထားတာကတော့ အမြဲတမ်း အကောင်းဆုံးပါပဲ"

တစ်ဦးချင်းစီ၏ ကိုယ်ပိုင် စွမ်းအားကိုသာ အဓိကထားသည့် ခေတ်ကာလတွင် တိုက်ပွဲ၏ အခြေအနေကို အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်သူများမှာ များသောအားဖြင့် အဆင့်မြင့် အစွမ်းပိုင်ရှင်များသာ ဖြစ်ကြသည်။

အစက လင်းယွမ် တစ်ယောက်တည်းဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းကို အပြတ်အသတ် နှိမ်နင်းနိုင်ခဲ့သည့် အခြေအနေမျိုးနှင့် အတူတူပင် ဖြစ်သည်။

လင်းယွမ်၏ အမိန့်များ တစ်ခုပြီးတစ်ခု ချမှတ်စီစဉ်လိုက်သည်နှင့်အမျှ ထိုက်ယန်တောင် တစ်ခုလုံးမှာ တစ်ခဏအတွင်း အသက်ဝင် လှုပ်ရှားလာသကဲ့သို့ ဖြစ်သွားလေသည်။

လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား တက်ကြွနေသော ခံစားချက်များ အသီးသီး ပေါ်လွင်နေကြသည်။

ထိုအချိန်မှာပင် စစ်တပ်၏ တပ်မကြီးထဲတွင် ကျန်းတာ့ကျစ်၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း တည်တင်းနေလေသည်။

ယနေ့မှ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာပင် လင်းယွမ်၏ လက်တစ်ဖက်တည်းဖြင့် နှိမ်နင်းခြင်းကို ခံလိုက်ရသဖြင့် ဤထိုက်ယန်တောင်၏ ခေါင်းဆောင်ဆိုသူက မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သူ့အား နားလည် သဘောပေါက်သွားစေခဲ့သည်။

ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ အလွန် စိုးရိမ်ပူပန်နေပြီး စစ်တပ်၏ မူလအစီအစဉ်ကို ပြောင်းလဲပစ်ရတော့မည့် အခြေအနေ ဖြစ်နေပြီဟု တွေးမိနေသည်။

သူက တပ်စခန်း တဲအိမ်အတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေစဉ် ထိုအချိန်၌ပင် အပြင်ဘက်မှ သတင်းပို့သံတစ်ခု ထွက်ပေါ်လာသည်။

"တပ်မှူး... ဒုတိယတပ်ခွဲက တပ်မှူးကော ရောက်နေပါတယ်"

"အမြန် ခေါ်လာခဲ့"

ကျန်းတာ့ကျစ်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း အော်ပြောလိုက်သည်။

တဲအိမ်၏ တံခါးခန်းဆီး ပွင့်သွားပြီး စစ်ဝတ်စုံကို ဝတ်ဆင်ထားကာ ခေါင်းလောင်းကဲ့သို့ မျက်လုံးပြူးပြူးနှင့် အလွန် တောင့်တင်းခိုင်မာသော လူထွားကြီးတစ်ယောက်က မျက်နှာထား တင်းမာစွာဖြင့် ဝင်ရောက်လာသည်။

သူက အထဲသို့ ဝင်လာသည်နှင့် ချက်ချင်း စကားစလိုက်သည်။ "လောင်ကျန်း... မင်းက ထိုက်ယန်တောင်က အကောင်ပေါက်လေးတွေရဲ့ ရိုက်တာ ခံလိုက်ရတယ်ဆို... သောက်ခွေးမသားတွေ... ဒီအသုံးမကျတဲ့ ကောင်တွေက ကျားအသည်းများ စားထားကြလို့လား"

ဆက်ရန်...

All Chapters