အခန်း (၅၅၇-၅၅၈)
Vol. 28 Ch. 557-558
အပိုင်း (၅၅၇) ကောလန်ကန်း ထွက်ပေါ်လာခြင်း
ကောလန်ကန်းက တဲအတွင်းသို့ ဝင်လာသည်နှင့် သူ၏ လေးထောင့်စပ်စပ် မျက်နှာကြီးပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လွင်နေ၏။
သူက သာမန်စစ်သားတစ်ယောက် မဟုတ်ပေ။ ရေကြီးမှုကြီး မဖြစ်ပွားမီကတည်းက ကွမ်ဖူစစ်ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဒေါသကြီးသော စရိုက်ကြောင့် စစ်စည်းကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီး ပြစ်ဒဏ်ပေးခံခဲ့ရဖူး၏။
မူလက ဒီနှစ်ထဲတွင် စစ်မှုထမ်းသက် ပြည့်တော့မည်ဖြစ်ရာ ထိုကိစ္စအတွက် သူ တစ်ချိန်က စိတ်ပူခဲ့ရသေးသည်။
အဘယ်ကြောင့်ဆိုသော် စစ်တပ်မှ ထွက်သွားပြီးနောက် ယခုကဲ့သို့ သက်သောင့်သက်သာ နေရတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့အပြင် သူ့မွေးရပ်မြေတွင်လည်း အားကိုးရမည့် အဆက်အသွယ် ကြီးကြီးမားမား မရှိသဖြင့် အနားယူပြီးပါက မည်သည့်နေရာတွင် တာဝန်ချထားခံရမည်ကိုလည်း မသိနိုင်ပေ။
ထို့ကြောင့် စစ်မှုထမ်းသက် ပြည့်ခါနီးအချိန်တွင် စိတ်အခြေအနေ မကောင်းသဖြင့် စည်းကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့မိခြင်း ဖြစ်သည်။
သို့သော် မထင်မှတ်ဘဲ ရေဘေးကြီး ရောက်လာသောအခါ သူ စစ်တပ်မှ ထွက်စရာ မလိုတော့သည့်အပြင် ရက်စက်ကြမ်းကြုတ်သော စရိုက်ကြောင့် သိမ်းငှက်အုပ်စုမှ အထက်လူကြီးများ၏ အသိအမှတ်ပြုခြင်းကို ခံရကာ တပ်ခွဲမှူးအဖြစ်ပင် ရာထူးတိုးမြှင့်ခံလိုက်ရသည်။
သို့ရာတွင် သူ အုပ်ချုပ်ရသော သူများမှာ ရေဘေးကြီး ဖြစ်ပြီးနောက် စစ်တပ်မှ စုဆောင်းထားသော စစ်သားသစ်များသာ ဖြစ်ကြ၏။
ဤတပ်သားသစ်များသည် ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ အမိန့်နာခံမှု၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတို့တွင် ဝါရင့်စစ်သားများနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
သို့သော်လည်း ကောလန်ကန်းက ကျေနပ်နေခဲ့သည်။ ရေကြီးပြီးနောက်ပိုင်း သိမ်းငှက်အုပ်စုမှ အောက်ခြေတပ်သားများကို အုပ်ချုပ်ရာတွင် ယခင်ကလို စိတ်ဓာတ်ရေးရာ ပညာပေးသည့် နည်းလမ်းများကို အသုံးမပြုတော့ချေ။
ထိုအစား ကိုယ်ထိလက်ရောက် အပြစ်ပေးသည့် စည်းမျဉ်းများကို ပိုမိုတင်းကျပ်လိုက်ပြီး တပ်သားသစ်များကို အကြမ်းဖက်သည့် နည်းလမ်းများဖြင့် တိုက်ရိုက် အုပ်ချုပ်တော့သည်။
ထိုကဲ့သို့သော အုပ်ချုပ်မှုနည်းလမ်းက တပ်သားသစ်များ၏ အမိန့်နာခံမှုနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို အလျင်အမြန် တိုးတက်လာစေခဲ့သည်။
သို့သော် စိတ်ဓာတ်ရေးရာ ပညာပေးမှု မရှိသဖြင့် သူတို့၏ ကိုယ်ရည်ကိုယ်သွေးများမှာမူ တိုးတက်လာခြင်း မရှိပေ။
အချို့သောသူများ၏ ရက်စက်ကြမ်းကြုတ်လိုသည့် စိတ်ဓာတ်များကိုပင် ပိုမို ကြီးထွားလာစေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ယခုလို စစ်သားဆိုးများ သောင်းကျန်းသည့် အခြေအနေသို့ ရောက်ရှိလာတော့သည်။
ကောလန်ကန်း၏ စကားကြောင့် ကျန်းတာ့ကျစ်၏ မျက်နှာက မှုန်ကုပ်သွားသည်။
ကောလန်ကန်း၏ ဒေါသကြီးတတ်သော စရိုက်ကို သူ သိထားသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ့ကို ပြန်လည် မငြင်းခုံတော့ဘဲ မျက်နှာထား တင်းမာစွာဖြင့် "အစ်ကိုကန်း... ပြဿနာတက်ပြီ"
ကောလန်ကန်းက သူ၏ ပုံစံကို မြင်သောအခါ မျက်ခုံးပင့်လိုက်ပြီး "ဘာဖြစ်တာလဲ"
"လင်း ဆိုတဲ့လူ ပြန်ရောက်လာပြီ"
ထိုစကားကို ကြားလိုက်ရသဖြင့် ကောလန်ကန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ "လင်း ဆိုတဲ့လူ... လင်းယွမ်လား"
"အင်း"
"သူ မသေသေးဘူးလား... လင်း ဆိုတဲ့လူက အမှောင်ဓာတ် ရေပေါ်ကျွန်းမှာ ပိတ်မိနေတယ်လို့ တပ်ရင်းမှူးတင်းက ပြောခဲ့တယ် မဟုတ်လား... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ" ကောလန်ကန်းက မနေနိုင်ဘဲ မေးလိုက်သည်။
"မသိဘူး... ရေပေါ်ကျွန်းမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်သွားတာ နေမယ်... ငါတို့ ကွမ်ဖူဘက်ကို အမြန် ဆက်သွယ်မှ ရတော့မယ်"
"ထိုက်ယန်တောင်နဲ့ပတ်သတ်တဲ့ အစီအစဉ်တွေကို ပြောင်းလဲရတော့မယ် ထင်တယ်"
ကောလန်ကန်းက မျက်မှောင်ကြုတ်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်ပြန်သည်။ "ငါတို့ အကွက်ချလာတာ အတော်ကြာနေပြီ... အခု ပိုက်ကွန်သိမ်းတော့မယ့် အချိန်ရောက်မှ လင်း ဆိုတဲ့လူ တစ်ယောက်တည်းအတွက်နဲ့ အစီအစဉ်ကို ပြောင်းရတော့မလို့လား"
"ဒီ လင်း ဆိုတဲ့လူက တကယ်ပဲ အဲ့ဒီလောက်တောင် အစွမ်းထက်နေလို့လား"
ကျန်းတာ့ကျစ်၏ မျက်နှာထားက လေးနက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ "အရမ်း အစွမ်းတယ်... သူ့ကို ငါ အကဲခတ်လို့ မရဘူး... သူ့ရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် ငါ မခုခံနိုင်ခဲ့ဘူး"
"ဟင်... မင်းတို့ တိုက်ခိုက်ပြီးသွားပြီလား... နေပါဦး... ဒီနေ့ မင်းကို ထိုက်ယန်တောင်က လူတွေ ဝိုင်းရိုက်ကြတယ်လို့ တပည့်တွေ ပြောနေကြတာ... သေစမ်း... အဲ့ဒါ ဒီ လင်း ဆိုတဲ့လူများလား" ကောလန်ကန်းက မေးလိုက်သည်။
ကျန်းတာ့ကျစ်က စကားစမရ ဖြစ်သွားသည်။ သတင်းက ဤမျှ မြန်မြန် ပျံ့နှံ့သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဟုတ်တယ်... စောစောကလေးတင် သူနဲ့ ငါ တိုက်ခိုက်ခဲ့တာ"
"တကယ်ကြီး အဲ့ဒီလောက် စွမ်းနေတာလား"
"အရမ်းကို စွမ်းတယ်"
"သူ့ရဲ့ အဓိက အရည်အသွေးကို မင်း ကြည့်လိုက်မိလား... ဘယ်လောက်တောင် ရှိလဲ"
"မကြည့်လိုက်ရဘူး... ဒါပေမဲ့ သေချာပေါက် အမှတ် ၈၀ ထက်တော့ ကျော်နေပြီ... မင်းလည်း သိတဲ့အတိုင်းပဲ... ငါ့ရဲ့ အဓိက အရည်အသွေးက ၇၄ မှတ်အထိ ရောက်နေပြီလေ... တစ်ဖက်လူက ငါ့ကို တစ်ကွက်တည်းနဲ့ လှဲနိုင်တာကို ကြည့်ရင် သေချာပေါက် အမှတ် ၈၀ ကျော်နေပြီ"
ကောလန်ကန်း မျက်မှောင်ကြုတ်သွားသည်။ "အမှတ် ၈၀... အဲ့ဒါဆိုရင်တော့ မလွယ်ဘူး"
"ငါတောင် အခုထိ ၇၅ မှတ်ပဲ ရှိသေးတာ... ဒါပေမဲ့ အစ်ကိုကျန်း မင်း အရမ်းကြီး စိတ်ပူမနေပါနဲ့... မင်းနဲ့ငါ ပူးပေါင်းပြီး တိုက်မယ်ဆိုရင် သေချာပေါက် ရှုံးမှာမဟုတ်ပါဘူး"
"ငါးမှတ် ခြောက်မှတ်လောက်ပဲ ကွာတာပါ... တစ်ခုတည်း စိုးရိမ်စရာရှိတာက ဒီကောင်က ထိုက်ယန်တောင်မှာ သြဇာအရမ်းညောင်းနေတာပဲ... အဲ့ဒီအချိန်ကျရင် ဟို ကျောက်ခိုင်နဲ့ လီချင်းဟွာတို့ပါ ဝင်ပါလာမယ်ဆိုရင်တော့ ပြဿနာပဲ"
ကောလန်ကန်းက သူပြောသည့် စကားကို နားမလည်ဟု ကျန်းတာ့ကျစ်က ခံစားလိုက်ရပြီး မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဒီ လင်း ဆိုတဲ့လူရဲ့ အဓိက အရည်အသွေးက အနည်းဆုံး ၈၀ မှတ်ထက် ကျော်မယ်လို့ ငါပြောတာက အဲ့ဒါ အနည်းဆုံးကို ခန့်မှန်းထားတာ... အများဆုံးကို ပြောတာ မဟုတ်ဘူး"
"ဒီလူ့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ထက်မြက်လဲဆိုတာ တပ်ရင်းမှူးတင်းက သေချာ မပြောပြခဲ့ပေမဲ့ တပ်ရင်းမှူးတင်းကိုယ်တိုင်က ဒီလူ အရမ်းအစွမ်းထက်တယ်လို့ ပြောခဲ့ကတည်းက သာမန်တော့ သေချာပေါက် မဟုတ်နိုင်တော့ဘူး... အမှတ် ၈၀ဆိုတာ ငါ အနည်းဆုံး ခန့်မှန်းထားတာပဲ... သူ့ရဲ့ အစွမ်းက အမှတ် ၈၀ ထက် အများကြီး ပိုနိုင်တယ်"
ကောလန်ကန်းက မယုံကြည်နိုင်သေးဘဲ ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။ "တကယ် အဲ့ဒီလောက် အစွမ်းထက်လား မထက်ဘူးလားဆိုတာ တိုက်ကြည့်မှပဲ သိမှာပေါ့"
"ဒါပေမဲ့ ကြိုတင် ကာကွယ်တဲ့အနေနဲ့တော့ ငါတို့ တပ်ရင်းမှူးတင်းဘက်ကို အခြေအနေတွေ အမြန်ဆုံး သတင်းပို့ထားမှ ရမယ်"
ထိုစကားကို ကြားသောအခါ ကျန်းတာ့ကျစ်က ခေါင်းညိတ်လိုက်သည်။ ကောလန်ကန်းက မာနကြီးသော်လည်း တုံးအသူတော့ မဟုတ်ပေ။ အနည်းဆုံးတော့ ကွမ်ဖူဘက်သို့ ချက်ချင်း သတင်းပို့ရမည်ကို သိထားသေး၏။
"လောလောဆယ် တပ်သားတွေကို နည်းနည်း ငြိမ်ငြိမ်နေခိုင်းထားဦး... ကွမ်ဖူဘက်က ညွှန်ကြားချက် ရလာမှ ငါတို့ နောက်ထပ် ခြေလှမ်းကို ဆက်လှမ်းကြတာပေါ့"
ကောလန်ကန်းက ခေါင်းညိတ်ပြလိုက်သည်။ "ရတယ်"
သူတို့နှစ်ဦး စကားပြောနေစဉ် အပြင်ဘက်မှ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။
ကျန်းတာ့ကျစ် မျက်မှောင်ကြုတ်သွားပြီး အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။ "လာကြစမ်း... အပြင်မှာ ဘာဖြစ်နေတာလဲ"
ချက်ချင်းပင် စစ်သားတစ်ဦးက အလောတကြီး ပြေးဝင်လာပြီး ထိတ်လန့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "တပ်ခွဲမှူး... ဒုက္ခပါပဲ... ထိုက်ယန်တောင်က လူတွေက ကျောက်လျန်ကို ဖမ်းသွားပြီး အဝတ်အစားတွေ အကုန်ချွတ်... လျှာကိုပါ ဖြတ်ပြီး နေရောင်ခြည်ခန်း အပြင်ဘက်မှာ ချိတ်ဆွဲထားတယ်"
"အခု အဲ့ဒီဘက်မှာ လူတွေအများကြီး ဝိုင်းကြည့်ပြီး ကျွန်တော်တို့ကို လှောင်ပြောင်နေကြတယ်"
"ဘာ" ကျန်းတာ့ကျစ်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ မေးလိုက်သည်။ "ဘယ်သူ လုပ်တာလဲ... သေစမ်း... တရားခံကို ဖမ်းမိပြီလား"
ဘေးနားရှိ ကောလန်ကန်းမှာလည်း မျက်နှာပျက်သွားပြီး ကျိန်ဆဲလိုက်သည်။ "ခွေမသား... မင်းတို့က ဘာတွေလုပ်နေတာလဲ... လူသွားမဖမ်းဘဲ ဘာရပ်လုပ်နေတာလဲ"
ထိုစစ်သား၏ မျက်နှာမှာ ဖြူရော်သွားပြီး ပြန်ဖြေသည်။ "ထိုက်ယန်တောင်က လူတွေက ပေးမဖမ်းဘူး... အဲ့ဒီလူတွေက နေရောင်ခြည်ခန်း အပြင်ဘက်မှာ ဝိုင်းထားပြီး ကျွန်တော်တို့ကို အနားအကပ်မခံဘူး"
"တောက်"
ကောလန်ကန်းမှာ ဒေါသထွက်လွန်းသဖြင့် ထိုင်ခုံကို ခြေထောက်ဖြင့် ကန်လှဲလိုက်ပြီး ကျိန်ဆဲလိုက်၏။ "မင်းတို့ကောင်တွေ တုံးလှချည်လား... သူတို့က အကပ်မခံရင် မင်းတို့က ဝင်မချဘူးလား... ငါတို့ စစ်တပ်ကလူတွေကို အနိုင်ကျင့်လို့ လွယ်တယ်များ မှတ်နေလား"
သို့သော် ကျန်းတာ့ကျစ်က တစ်ခုခု ပုံမှန်မဟုတ်ကြောင်း ရိပ်မိသွားသဖြင့် ကောလန်ကန်းကို လှမ်းဆွဲထားလိုက်ပြီး စစ်သားကို မေးလိုက်သည်။ "မင်းပြောတာ ထိုက်ယန်တောင်က လူတွေက မင်းတို့ကို တားထားတယ်ဆိုတဲ့ သဘောလား"
"မင်းတို့ လက်ပါသေးလား"
"မပါဘူး... အရင်က တပ်ခွဲမှူးက ကျွန်တော်တို့ကို ရမ်းကားချင်သလောက် ရမ်းကားလို့ရပေမဲ့ တတ်နိုင်သမျှတော့ လက်မပါဖို့ မှာထားခဲ့တယ်လေ"
ကျန်းတာ့ကျစ်၏ မျက်နှာမှာ လေးနက်သွားပြီး ပြောလိုက်သည်။ "တစ်ခုခုတော့ လွဲနေပြီ... ပုံမှန်မဟုတ်ဘူး"
ကောလန်ကန်းက ဆဲရေးတိုင်းထွာလိုက်သည်။ "ခွေးကောင်တွေ... သူတို့က မင်းတို့ရဲ့ ရဲဘော်ရဲဘက်ကို ကြိုးဆွဲချထားတာတောင် မင်းတို့က ဝင်မချသေးဘူးလား... ငါ မင်းတို့ကို ပြောမထားဘူးလား... သူတို့ လက်ရဲလာတာနဲ့ သေတဲ့အထိသာ ရိုက်ဆိုတာ... မင်းတို့က ငါ့စကားကို လေလို သဘောထားနေကြတာလား"
ထိုစစ်သားမှာ ဘာမှ ပြန်မပြောရဲတော့ချေ။
ကျန်းတာ့ကျစ်က ကောလန်ကန်းကို ဆွဲထားလိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "ခဏနေဦး အစ်ကိုကန်း... တစ်ခုခု မှားနေပြီ... ဒီကိစ္စက ပုံမှန်မဟုတ်ဘူး"
"ဘာမဟုတ်တာလဲ... ဒီ ထိုက်ယန်တောင်က ကောင်တွေက ဆုံးမဖို့ လိုနေပြီ... ငါက လူတွေခေါ်လာပြီး သူတို့ကို လုံခြုံရေး ယူပေးနေတာကို အခု ငါ့တပည့်တွေကိုတောင် ပြန်ရိုက်ရဲတယ်... သေစမ်း... ဒါပုန်ကန်တာပဲ"
"အစ်ကိုကျန်း... ဒီကိစ္စကို မင်း ဝင်မပါနဲ့... ငါ သွားရှင်းမယ်"
ထိုသို့ပြောပြီးနောက် ကောလန်ကန်းက သူ့လက်ကို ခါရမ်းလိုက်ကာ ကျန်းတာ့ကျစ်၏ လက်ကို ဖယ်ရှားလိုက်ပြီး တဲအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။
ကျန်းတာ့ကျစ်မှာ တား၍ မရလိုက်သဖြင့် မျက်နှာပျက်သွားသည်။ သူ၏ ခေါင်းထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ "ဒီ ထိုက်ယန်တောင်က လူတွေက ပြီးခဲ့တဲ့ တစ်လခွဲလုံးလုံး ဘာမှ မလုပ်ရဲဘဲ ငါတို့ အနိုင်ကျင့်သမျှကို ခံနေတာ... ဘာလို့ ဒီနေ့မှ ရုတ်တရက်ကြီး ခေါင်းမာလာကြတာလဲ"
"လင်း ဆိုတဲ့လူ ပြန်ရောက်လာလို့များလား"
ကျန်းတာ့ကျစ်က အခြေအနေ မဟန်တော့ကြောင်း သဘောပေါက်လိုက်သည်။ ဤကိစ္စက ပိုဆိုးလာပြီး နောက်ဆုံးတွင် နှစ်ဖက် အမှန်တကယ် တိုက်ပွဲဖြစ်လာမလား။
အကယ်၍ တကယ်တမ်း အဲ့ဒီလို ဖြစ်လာခဲ့လျှင် မိမိတို့ဘက်တွင် လူအင်အား စုစည်းဖို့ အချိန်မရလိုက်သလို ကွမ်ဖူဘက်က တပ်ဖွဲ့တွေကိုလည်း အကြောင်းကြားဖို့ အချိန်မမီတော့ပေ။
ချက်ချင်းသာ တိုက်ပွဲဖြစ်သွားလျှင် ထိုက်ယန်တောင်ကို သိမ်းပိုက်မည့် အစီအစဉ်က ပျက်စီးသွားလိမ့်မည်။
ထိုအချက်ကို တွေးမိသည်နှင့် ကျန်းတာ့ကျစ်က သူ့ရှေ့ရှိ စစ်သားအား ချက်ချင်း အမိန့်ပေးလိုက်သည်။ အလောတကြီးဖြင့် "မြန်မြန်... အလျင်စွမ်းရည် ရှိတဲ့ စစ်သားတွေကို သွားရှာပြီး ကွမ်ဖူကို အခုချက်ချင်း သတင်းသွားပို့ခိုင်း... ထိုက်ယန်တောင်မှာ အခြေအနေ ပြောင်းလဲသွားပြီလို့... တပ်ရင်းမှူးတင်းကို လူတွေခေါ်ပြီး အခုချက်ချင်း လာခဲ့ပါလို့ ပြော... အချိန်ဆွဲနေရင် အခြေအနေတွေ ပိုဆိုးသွားလိမ့်မယ်... မြန်မြန်သွား"
"ဟုတ်ကဲ့ပါ တပ်ခွဲမှူး"
စစ်သားက အမိန့်ကို နာခံပြီး အလျင်အမြန် ထွက်ခွာသွားသည်။
ကျန်းတာ့ကျစ်က ကောလန်ကန်းဘက်ကို စိတ်မချသဖြင့် အခြေအနေကို သွားရောက် အကဲခတ်ရန် ချက်ချင်း အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
သို့သော် သူ အပြင်မထွက်ရသေးခင်မှာပင် အပြင်ဘက်မှ စစ်သားသုံးယောက် အလောတကြီး ပြေးဝင်လာကြသည်။
ထိုစစ်သားသုံးယောက်မှာ ထိတ်လန့်နေသော မျက်နှာများဖြင့် ကျန်းတာ့ကျစ်ကို မြင်သည်နှင့် အမြန် အော်ပြောလိုက်ကြသည်။ "တပ်ခွဲမှူး... တပ်ခွဲမှူး... ဒုက္ခပါပဲ"
၎င်းတို့ထဲမှ တစ်ယောက်က "တပ်ခွဲမှူး... စောစောက ထိုက်ယန်တောင်က လူတွေက ကိုးဝူစံအိမ်ကို ရောက်လာပြီး ဘာစကားမှမပြောဘဲ ကိုးဝူစံအိမ်ကနေ ကျွန်တော်တို့ကို ချက်ချင်း ထွက်သွားဖို့ တောင်းဆိုနေကြတယ်... သူတို့က ကိုးဝူစံအိမ်ရဲ့ ဝေဟင်ကာကွယ်ရေး စနစ်ကို လွှဲပြောင်းယူမလို့တဲ့"
"တပ်ခွဲမှူး... ထိုက်ယန်တောင်က ရေပေါ်တံတား ဆိပ်ကမ်းဘက်ကိုလည်း ထိုက်ယန်တောင်က လူတစ်စု ရောက်လာပြီး ကျွန်တော်တို့ကို ချက်ချင်း ပြန်ဖို့ တောင်းဆိုနေတယ်... သူတို့က ကင်းအလှည့်ကျကို အစားထိုး ဝင်ယူမလို့တဲ့"
"တပ်ခွဲမှူး... သတ္တုတွင်းဘက်ကလည်း သတင်းလာပို့တယ်... ထိုက်ယန်တောင်က လူတစ်စုက အဲ့ဒီကို ရောက်လာပြီး ကျွန်တော်တို့ လူတွေကို နှင်ထုတ်နေကြတယ်"
ဆက်တိုက် ရောက်လာသော သတင်းများကြောင့် ကျန်းတာ့ကျစ်၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားတော့သည်။
"ဒီ လင်း ဆိုတဲ့လူက တော်တော် အကွက်ကျတာပဲ... သူ ပြန်ရောက်လာတာနဲ့ ငါတို့ ခဲခဲယဉ်းယဉ်း တည်ဆောက်ထားတဲ့ အခြေအနေကို ချက်ချင်း ဝင်စွက်ဖက်တော့တာပဲ"
"ဒီ ထိုက်ယန်တောင်က လူတွေက သူ့ကို တကယ် မျက်ကန်းယုံကြည်နေကြတဲ့ ပုံပဲ"
"ဒီကောင်က ငါတို့နဲ့ မျက်နှာပျက်ရမှာကိုတောင် မကြောက်ဘူးပေါ့"
ကျန်းတာ့ကျစ်မှာ စိတ်ပူပန်လာပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ "အကုန်လုံးကို အကြောင်းကြားလိုက်... အားလုံး အသင့်ပြင်ပြီး လက်နက်တွေ ကိုင်ထားကြ... တံခါးပေါက်မှာ အသင့်စောင့်နေ"
"ဟုတ်ကဲ့ပါ"
ကျန်းတာ့ကျစ်၏ အမိန့်ပေးသံ အဆုံးတွင် စစ်သားများက အခြားသူများကို အကြောင်းကြားရန် ချက်ချင်း ပြေးထွက်သွားကြသည်။
သူ၏ မျက်နှာထားမှာ အုံ့မှိုင်းသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒီလောက်တောင် ပြဿနာကြီးလာမှတော့ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ဆွဲထားမှ ရမယ်... တပ်ရင်းမှူးတင်း လူတွေခေါ်လာတဲ့ အချိန်အထိ စောင့်ကြည့်ရမှာပဲ"
ကျန်းတာ့ကျစ်က အရေးပေါ် တပ်ဖွဲ့များကို စုစည်းနေချိန်တွင် ကောလန်ကန်းကမူ ထိုကဲ့သို့ အသေးစိတ် စဉ်းစားမနေတော့ပေ။
သူသည် ယုံကြည်ရသော တပည့် သုံးလေးယောက်ကို ခေါ်ဆောင်ကာ နေရောင်ခြည်ခန်းရှိရာသို့ အလျင်အမြန် ထွက်ခွာသွားလေသည်။
ထိုက်ယန်တောင်၏ နေရောင်ခြည်ခန်းမှာ ခေါင်းဆောင်စံအိမ် အနီးတွင် တည်ရှိသည်။
မူလကတည်းက တောင်ကိုမှီ၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး တစ်ဝက်မှာ လိုဏ်ဂူထဲတွင် ရှိကာ ကျန်တစ်ဝက်မှာ အပြင်ဘက်၌ ဝါးများဖြင့် တည်ဆောက်ထားသော အဆောက်အအုံ ဖြစ်သည်။
ဆောင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ နေရောင်ခြည်ခန်း၏ ဧရိယာကို အရေးပေါ်အဖြစ် အဆပေါင်းများစွာ ထပ်မံ တိုးချဲ့ခဲ့ရသည်။
ယခင်က ထိုက်ယန်တောင် စုပေါင်းအဆောက်အအုံ အပြင်ဘက်ရှိ ကွင်းပြင်သည်လည်း ယခုအခါ ဝါးတဲများ ထိုးကာ နေရောင်ခြည်ခန်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အပေါ်ဘက်တွင် ထူထဲသော ဆီးနှင်းများ ဖုံးလွှမ်းနေပြီး အပြင်ဘက်တွင် အေးခဲနေသော်လည်း အတွင်းဘက်တွင်မူ များပြားလှသော သန္ဓေပြောင်း နေကြာပန်းများကြောင့် နွေဦးပေါက်ရာသီကဲ့သို့ နွေးထွေးနေသည်။
မှတ်သားစရာကောင်းသည်မှာ ယခုအခါ စုပေါင်းအဆောက်အအုံ၏ ဈေးဝယ်စင်တာမှာ အရွယ်အစား သိသိသာသာ လျော့ကျသွားသော်လည်း စားသောက်ဆိုင်မှာမူ ပို၍ပင် စည်ကားလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုအခါ ထိုက်ယန်တောင်တွင် ကျန်ရှိနေသူ အများစုမှာ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် အမျိုးသားများသာ ဖြစ်နေသောကြောင့်တည်း။
ထို့ကြောင့် ဈေးဝယ်ခြင်းကဲ့သို့သော အရာများက သဘာဝကျကျပင် နည်းပါးသွားခဲ့ပြီး လူတိုင်းက အိမ်တွင် ထမင်းမချက်ကြတော့ဘဲ စားသောက်ဆိုင်သို့သာ လာရောက် စားသောက်ကြတော့သည်။
(၄) လွှာရှိ ဖျော်ဖြေရေး အဆောက်အအုံများသာ အချို့ကျန်ရှိနေသေးသော်လည်း ၎င်းတို့ကိုလည်း အောက်ထပ်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။
ပစ္စည်းအများစုကိုတော့ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲသို့ သယ်ဆောင်သွားခဲ့ကြပြီ ဖြစ်သည်။
ယခုအခါ စုပေါင်းအဆောက်အအုံတွင် တန်ဖိုးအရှိဆုံးဆိုလို့ လင်းယွမ် မြေအောက်ထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့သော မြို့နယ်အဆင့် လျှပ်စစ်မီးစက်ကြီးသာ ကျန်ရှိတော့သည်။
ဤလျှပ်စစ်မီးစက်ကြီးသည် ယခုအခါ ထိုက်ယန်တောင်၏ လျှပ်စစ်သုံးစွဲမှုကိုသာမက အနီးအနားရှိ လင်းယွင်တောင်စောင်းနှင့် မိန်တောင်တို့ကိုပါ လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းယွမ်သည် ယခင်က ဝါယာကြိုးနှင့် ကေဘယ်ကြိုး အမြောက်အများကို အထူးတလည် လဲလှယ်ထားခဲ့သေးသည်။
ယခုအချိန်တွင် နေရောင်ခြည်ခန်း အပြင်ဘက်၌ လူအုပ်ကြီး စုဝေးနေကြသည်။
တစ်ဖက်တွင် အနက်ရောင် ယူနီဖောင်းများကို တူညီစွာ ဝတ်ဆင်ထားကြပြီး ထိုသူများမှာ ထိုက်ယန်တောင်မှ လူများ ဖြစ်ကြသည်။
မျက်နှာချင်းဆိုင်တွင်မူ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော စစ်တပ်မှ လူ ဒါဇင်ပေါင်းများစွာ ရှိနေသည်။
နေရောင်ခြည်ခန်း အပြင်ဘက်ရှိ အလံတိုင်ပေါ်တွင်မူ ကျောက်လျန် အမည်ရှိသော ထိုစစ်သားဆိုးကြီးမှာ ကြိုးဆွဲချခံထားရသည်။ အလွန်အေးခဲနေသော ရာသီဥတုတွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကို တစ်ထည်မကျန် ချွတ်ပစ်ခံထားရသည်။
ငန်းမွေးကဲ့သို့ ကြီးမားသော ဆီးနှင်းပွင့်ကြီးများ ကျဆင်းနေပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဆီးနှင်းများ ထူထပ်စွာ စုပုံနေပြီ ဖြစ်သည်။
ယခုအချိန်တွင် သူသည် နှစ်သစ်ကူးပွဲတော်၌ သတ်ရန် အသင့်ပြင်ထားသော ဝက်နှင့် သိုးများကဲ့သို့ အလံတိုင်တွင် တွဲလောင်းချခံထားရပြီး မလှုပ်မယှက် ရှိနေသည်။ သူ၏ နှာခေါင်းမှ ထွက်ပေါ်နေသော အခိုးအငွေ့များကို ကြည့်ခြင်းအားဖြင့်သာ သူ မသေသေးကြောင်း သိနိုင်တော့သည်။
စစ်တပ်ဘက်မှ ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော လူထွားကြီး အချို့မှာမူ ဒေါသတကြီးဖြင့် အံကြိတ်ကာ သူတို့ရှေ့ရှိ ထိုက်ယန်တောင်မှ လူများကို စိုက်ကြည့်နေကြသည်။
ဆံပင်တိုတိုနှင့် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော လူထွားကြီး တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခွေးမသားတွေ... ကျေးဇူးကန်းတဲ့ ကောင်တွေ... ငါတို့ စစ်သားတွေကို မင်းတို့ ကိုယ်တိုင် ဖိတ်ခေါ်ထားတာလေ"
"ငါတို့သာ မရှိရင် မင်းတို့ကောင်တွေ အစောကြီးကတည်းက ဘာသာရေး ဂိုဏ်းကြီး သုံးခုရဲ့ သတ်ပစ်တာကို ခံနေရလောက်ပြီ"
"မင်းတို့က အခုကျတော့ တံတားကူးပြီး ဖောင်ဖျက်တဲ့အပြင် ငါတို့ရဲ့ ရဲဘော်ရဲဘက်ကိုပါ ဒီလို စော်ကားရဲသေးတယ်ပေါ့လေ... မင်းတို့က ငါတို့ စစ်တပ်နဲ့ စစ်ခင်းချင်နေတာလား... ဟမ်"
"ငါတို့လူကို ပြန်လွှတ်ပေးစမ်း"
"ငါတို့လူကိုလွှတ်"
စစ်တပ်ဘက်မှ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော စစ်သားများက အသီးသီး ဒေါသတကြီး အော်ဟစ်လိုက်ကြရာ သူတို့၏ အသံများမှာ အလွန် ကျယ်လောင်လှသည်။
တစ်ဖက်တွင်မူ ထိုက်ယန်တောင်ဘက်မှ လူများအားလုံးက ဟားတိုက် ရယ်မောနေကြသည်။
မလှမ်းမကမ်းရှိ ဝါးတဲပေါ်တွင် ရပ်နေသော ကုဖုန်းက ရယ်မောရင်း ပြောလိုက်သည်။ "ကြောက်လိုက်တာဗျာ... ခင်ဗျားတို့လို အောက်ခြေစစ်သားလေးတွေက ဘယ်သူ့ကို လာခြောက်နေတာလဲ"
"ဒီ တစ်လကျော်လောက် အတွင်းမှာ ခင်ဗျားတို့က ကျွန်တော်တို့ နယ်မြေမှာ ဗိုလ်ကျနေခဲ့တာလေ... ကျွန်တော်တို့က ကျွေးမွေးပြုစုထားတာကို ခင်ဗျားတို့က ဘာတွေများ လုပ်ပေးခဲ့လို့လဲ"
"ကျွန်တော်တို့ ထိုက်ယန်တောင်မှာလည်း ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်... ခင်ဗျားတို့ လူတွေက ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ပြီး ရန်စနေခဲ့တာ... ခင်ဗျားတို့ ဘာလုပ်ချင်နေလဲဆိုတာ ကျွန်တော်တို့ မသိဘူးများ မှတ်နေလား"
"ကျွန်တော်တို့က မျက်နှာပြောင်တိုက်ရဲလား မတိုက်ရဲဘူးလားဆိုတာကို စမ်းသပ်ချင်နေတာ မဟုတ်လား... ဟားဟား... အခု ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲလေ... ကျွန်တော်တို့က မျက်နှာပြောင်တိုက်ရဲရုံတင် မကဘူး... လက်ပါရဲသေးတယ်"
"အော်မနေနဲ့... သတ္တိရှိရင် ဝင်ချကြည့်လိုက်လေ"
"ကျွန်တော်တို့ ထိုက်ယန်တောင်က လူများလား... ခင်ဗျားတို့လို အောက်ခြေစစ်သားတွေက လူများလားဆိုတာ ကြည့်လိုက်လေ"
ကုဖုန်း၏ စကားသံကြောင့် ထိုက်ယန်တောင်မှ လူအုပ်ကြီးထံမှ သြဘာပေး အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။
"လာလေကွာ... ငါတို့က မင်းတို့လို စစ်သားတွေကို ကြောက်ရမှာလား"
"ခွေးစစ်သားတွေ... မင်းတို့ ဝင်ချကြည့်လိုက်လေ"
"ဟေ့... အရင်တုန်းက မင်းတို့ကို အလျော့ပေးခဲ့တာက ဒေါက်တာရန်၊ တပ်ခွဲမှူးလီနဲ့ တပ်ခွဲမှူးကျောက်တို့ရဲ့ မျက်နှာကြောင့် ငါတို့က ပြဿနာ မရှာခဲ့တာ"
"အခု ဆရာလင်း ပြန်ရောက်လာပြီ... ဆရာလင်းက မင်းတို့ကို သည်းခံနေဦးမလားဆိုတာ ကြည့်လိုက်လေ"
"စစ်သားလေးတွေ... မြန်မြန် ထွက်သွားကြတော့... ငါတို့ ထိုက်ယန်တောင်မှာ မနေချင်ရင် ထွက်သွားကြလေ"
ရယ်မောသံများနှင့် လှောင်ပြောင် ဆဲရေးသံများက ထိုက်ယန်တောင် လူအုပ်ကြီးထံမှ ဆက်တိုက် ထွက်ပေါ်လာသည်။
ထိုစစ်သားများ၏ မျက်နှာမှာ အလွန် ပျက်ယွင်းသွားပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။
ဒီ ထိုက်ယန်တောင်က အသုံးမကျတဲ့ ကောင်တွေက ပြီးခဲ့တဲ့ တစ်လခွဲလောက် အတွင်းမှာ အနိုင်ကျင့်ဖို့ အရမ်းလွယ်ကူတဲ့ သူတွေဖြစ်ကြောင်း သူတို့ အစောကြီးကတည်းက ရိပ်မိထားပြီး ဖြစ်သည်။
သို့သော် ဘယ်က ဆရာလင်း ဆိုတဲ့လူ ပြန်ရောက်လာတာနဲ့ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်တောင် ခေါင်းမာလာကြရတာလဲ။
အဲ့ဒီ ဆရာလင်း ဆိုတဲ့လူက တကယ်ပဲ ဘယ်လောက်တောင် အစွမ်းထက်တဲ့သူ ဖြစ်နေလို့လဲ။
စစ်သားများမှာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ သို့သော် ယခုအချိန်တွင် ထိုက်ယန်တောင်ဘက်၌ လူအများအပြား ရှိနေပြီး အချို့မှာ လက်သီးလက်မောင်း တန်းကာ ချက်ချင်း လက်ပါချင်နေသည့် ပုံပေါက်နေသည်။
ထိုမြင်ကွင်းကြောင့် စစ်သားများမှာ အလွန် စိုးရိမ်လာကြပြီး မျက်နှာများမှာ ပို၍ပင် ပျက်ယွင်းသွားတော့သည်။
အကယ်၍ တကယ်တမ်း တိုက်ခိုက်ဖြစ်ကြလျှင် သူတို့၏ လူ ဒါဇင်အနည်းငယ်မှာ သေချာပေါက် မြေပြင်ပေါ်တွင် ဖိချေခံရမည်ကို မည်သူမဆို မြင်နိုင်သောကြောင့် ဖြစ်သည်။
လက်ရှိ အခြေအနေက သူတို့အတွက် အလွန် အဆင်မပြေ ဖြစ်နေချေပြီ။
စစ်သားများမှာ မျက်နှာပျက်နေကြပြီး ယခုအခြေအနေကို မည်သို့ ဖြေရှင်းရမည်ကို မသိဖြစ်နေချိန်တွင်...
မီးဝါးတောဘက်မှ ပြင်းထန်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ထိုက်ယန်တောင်က ကျေးဇူးကန်းတဲ့ ကောင်တွေ... မင်းတို့က ငါတို့ကို လာဖို့ တောင်းဆိုခဲ့ပြီး အခုကျတော့ ထွက်သွားခိုင်းနေတယ်ပေါ့... ငါ့တပည့်တွေကို ရွှံ့နဲ့ လုပ်ထားတယ်များ မှတ်နေလား"
"မင်းတို့က ချချင်နေတာ မဟုတ်လား... မင်းလို ခွေးကောင်က ငါ့ရှေ့မှာ လာဟောင်ရဲအောင် ဘာအစွမ်းတွေများ ရှိနေလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော ကောလန်ကန်းကို တွေ့လိုက်ရသည်။ သူသည် လေထဲတွင် ပျံဝဲလာပြီး သူ၏ စိတ်စွမ်းအင် လှိုင်းလုံးကြီးများက အရပ်လေးမျက်နှာလုံးသို့ လွှမ်းခြုံသွားလေသည်။
ထို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် လူတိုင်း အသက်ရှု မှားသွားကြလေသည်။
ကုဖုန်းကိုယ်တိုင်ပင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရသည်။
"ကောလန်ကန်း"
ကုဖုန်း၏ မျက်နှာထား ချက်ချင်း လေးနက်သွားပြီး ဝါးတဲပေါ်မှ မတ်တတ်ရပ်လိုက်သည်။
ဤလူက စစ်တပ် တပ်ဖွဲ့နှစ်ခု၏ ဒုတိယမြောက် တပ်ခွဲမှူး ဖြစ်သော်လည်း သူ၏ စွမ်းဆောင်ရည်မှာ ယခု စစ်တပ်အဖွဲ့ထဲတွင် အစွမ်းအထက်ဆုံးဟု ဆိုနိုင်သည်။
လီချင်းဟွာ တစ်ယောက်သာ သူ့ကို အသေအချာ အနိုင်ယူနိုင်စွမ်းရှိပြီး ထိုက်ယန်တောင် တစ်တောင်လုံးတွင် သူ့ကို အနိုင်ယူနိုင်သည်ဟု ပြောရဲသူ မည်သူမျှ မရှိချေ။
ဆက်ရန်...
အပိုင်း(၅၅၈) ဒေါသတကြီး ဖြစ်နေသော ကောလန်ကန်း
ကောလန်ကန်းက လေတိုးသံများနှင့်အတူ အဝေးမှနေ၍ တစ်ဟုန်ထိုး ခုန်ပျံလာသည်။
"ဘုန်း"
သူ၏ ခြေနှစ်ဖက် မြေပြင်ပေါ်သို့ ကျရောက်သွားသည့် ခဏမှာပင် ပြင်းထန်သော လေစီးကြောင်းက သူ၏ခြေအောက်မှ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားသည်။
နှင်းပွင့်များ လေထဲတွင် လွင့်စင်သွားပြီး ရှေ့ဘက်ရှိ ထိုက်ယန်တောင်မှ လူများမှာ သူ၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားကာ အလိုအလျောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြသည်။
သို့သော် ချက်ချင်းပင် ထိုလူများက သတိပြန်ဝင်လာကြပြီး ခါးကို မတ်မတ်ထားကာ အံကြိတ်လျက် မူလနေရာသို့ ပြန်လည် ရပ်တန့်လိုက်ကြသည်။
ကောလန်ကန်းက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်ဝန်းအောက်ခြေတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရုတ်တရက် ပေါ်ထွက်လာသည်။
ဒီ ထိုက်ယန်တောင်က ခွေးမသားတွေက သူ့မျက်နှာရှေ့မှာတောင် ပြန်လည်ခုခံချင်တဲ့ စိတ်ဓာတ်ကို ရဲရဲတင်းတင်း ပြသရဲနေကြပါလား။
ထိုအချက်က သူ့စိတ်ထဲတွင် အလွန်တရာ အလိုမကျ ဖြစ်သွားစေသည်။
ကောလန်ကန်းက အေးစက်စူးရှသော အကြည့်ဖြင့် တစ်ကွင်းလုံးကို ဝေ့ကြည့်လိုက်သည်။ အစွမ်းထက်လှသော စိတ်စွမ်းအင်များက သူ၏ မျက်ဝန်းထဲတွင် ပေါင်းစပ်ပါဝင်နေသဖြင့် သူ၏ အကြည့်က လူများကို မျက်စိကျိန်းမတတ် စူးရှထက်မြက်သော ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
သူနှင့် အကြည့်ချင်း ဆုံမိသူတိုင်းက အလိုအလျောက် မျက်လွှာချကာ အကြည့်လွှဲသွားကြသည်။
ကောလန်ကန်း၏ အကြည့်က နောက်ဆုံးတွင် အလံတိုင်ပေါ်၌ ချည်နှောင်ခံထားရသော ကျောက်လျန်ထံသို့ ရောက်ရှိသွားသည်။
ကျောက်လျန်၏ သနားစရာကောင်းလှသော အခြေအနေကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲမှ ဒေါသမီးတောက်များက တဟုန်းဟုန်း တောက်လောင်လာတော့သည်။
"တောက်"
သူက လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတန်းတစ်ခုက မျက်တောင်တစ်ခတ်အတွင်း ပစ်လွှတ်ထွက်ခွာသွားသည်။
"ရွှစ်" ဟူသော အသံနှင့်အတူ ငွေရောင်အလင်းတန်းက ကျောက်လျန်ကို ဆွဲချည်ထားသော ကြိုးကို ဖြတ်တောက်သွားသည်။
ထိုခဏမှာပင် ကျောက်လျန် တစ်ကိုယ်လုံး အောက်သို့ ပြုတ်ကျသွားသည်။
သို့သော် လေထဲတွင် တစ်ဝက်ခန့် ပြုတ်ကျနေစဉ်မှာပင် သူ့ကို အစွမ်းထက်လှသော စိတ်စွမ်းအင်ဖြင့် ဖမ်းဆွဲလိုက်ပြီး လေထဲမှနေ၍ ဆွဲယူလိုက်သည်။
ကျောက်လျန်က လှုပ်ရှားမှုကို ခံစားလိုက်ရသဖြင့် အားနည်းစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ကောလန်ကန်းကို မြင်လိုက်ရသည့် ခဏမှာပင် မူလက အားနည်းနေသော သူ၏ မျက်လုံးများက ချက်ချင်း နီရဲသွားသည်။
"အူး... ဝူးအူး"
သူက ပါးစပ်ဟကာ တစ်ခုခု ပြောချင်နေသော်လည်း လျှာကို ကျန်းဖန် ဖြတ်ထားသဖြင့် "အူး... အူး" ဟူသော ထူးဆန်းသည့် အသံများကိုသာ ပြုလုပ်နိုင်ရှာသည်။
ကောလန်ကန်းက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်သွားပြီး ရုတ်တရက် ခေါင်းမော့ကာ ထိုက်ယန်တောင်မှ လူအုပ်ကြီးကို ကြည့်လျက် အော်ဟစ်ဆဲဆိုလိုက်သည်။ "ခွေးမသားတွေ... ဘယ်သူလုပ်တာလဲ"
သူ၏ ဒေါသတကြီး အော်ဟစ်သံတွင် ရိုင်းစိုင်းကြမ်းတမ်းသော စိတ်စွမ်းအင်များ ပါဝင်နေသဖြင့် လူအုပ်ကြီး၏ ခေါင်းထဲတွင် အူထွက်သွားစေသည်။
ချက်ချင်းဆိုသလိုပင် လူအားလုံး အသက်ရှူမှားသွားကြသည်။
ကောလန်ကန်းက ဆက်လက် ဆဲဆိုလိုက်သည်။ "အသုံးမကျတဲ့ကောင်တွေ... လုပ်တော့လုပ်ရဲပြီး တာဝန်မယူရဲဘူးလား... သတ္တိရှိရင် ထွက်ခဲ့စမ်း"
သူ၏ အကြည့်က ဝေ့ဝဲသွားပြီးနောက် တဲအမိုးပေါ်ရှိ ကုဖုန်းဆီသို့ ရုတ်တရက် လှမ်းကြည့်ကာ ဆဲဆိုလိုက်သည်။ "ခွေးမသား... မင်း လုပ်တာလား"
ကုဖုန်းက ပါးစပ်ဟလိုက်ရာ ဖြူဖွေးသော မီးခိုးငွေ့တန်းများက အလျင်အမြန် ပျံ့နှံ့ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ဤမီးခိုးဖြူများက တစ်ဖက်လူ၏ စိတ်စွမ်းအင် ဖိနှိပ်မှုကို ကာကွယ်ဟန့်တားပေးနိုင်သည်။
မီးခိုးဖြူများကြားမှ ကုဖုန်း၏ အသံ ထွက်ပေါ်လာပြီး အေးစက်စက် ရယ်မောလိုက်သည်။ "ငါလုပ်တာဆိုရင်ရော ဘာဖြစ်လဲ... သူက မီးဝါးတောထဲမှာ ပြဿနာလာရှာရဲမှတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"
"ငါတို့ ထိုက်ယန်တောင်မှာ စခန်းချမယ်ဆိုရင် ဒီက စည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာ မင်းတို့လူတွေကို ငါတို့ အစောကြီးကတည်းက ပြောပြီးသားပဲ... မင်းတို့လူတွေက..."
"ဟားဟားဟား"
ကုဖုန်း၏ စကားမဆုံးခင်မှာပင် ကောလန်ကန်းက ရုတ်တရက် ရူးသွပ်စွာ ဟားတိုက်ရယ်မောလိုက်သည်။
သူက အကြိမ်အနည်းငယ် ဟားတိုက်ရယ်မောပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်ကာ မီးခိုးငွေ့များကြားရှိ ကုဖုန်းကို လက်ညှိုးထိုး၍ ဆဲဆိုလိုက်သည်။ "ခွေးမသား... မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား... ဒါမှမဟုတ် တကယ်ပဲ ငတုံးတစ်ကောင်လား"
"မင်းတို့ ကွမ်ဖူမှာ ငါတို့ကို အကူအညီ လာတောင်းတုန်းက ဟို လီချင်းဟွာဆိုတဲ့ကောင်က ငါတို့ စခန်းဂိတ်ပေါက်ဝမှာ ဒူးမထောက်ရုံတမယ်ပဲ... အခုကျမှ လာပြီး မင်းတို့ စည်းကမ်းတွေကို လိုက်နာရမယ်လို့ ပြောနေတာလား"
"လာ... လာ... လာခဲ့... ငါ့မျက်နှာရှေ့ လာပြီး ပြောစမ်း"
"အမှိုက်ကောင်တွေ... မင်းတို့ကများ ငါတို့ကို စည်းကမ်းလာသတ်မှတ်ဖို့ ထိုက်တန်လို့လား"
ကုဖုန်း၏ ပတ်လည်ရှိ မီးခိုးငွေ့များက ပြင်းထန်စွာ လှုပ်ရှားလူးလွန့်လာပြီး သူ၏ ရင်တွင်းမှ ပြင်းထန်သော ဒေါသကို ဖော်ပြနေသည်။
သို့သော် ထိုအချိန်မှာပင် ထိုက်ယန်တောင်မှ လူအုပ်ကြီးကြားတွင် ရုတ်တရက် လမ်းတစ်လမ်း ပွင့်သွားသည်။
အရပ်ရှည်ရှည်နှင့် မိန်းမတစ်ယောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး သူမက ရယ်မောလျက် ပြောလိုက်သည်။ "ကောလန်ကန်း... ကလေးတစ်ယောက်ကို အနိုင်ကျင့်ပြီး ဘာတွေဂုဏ်ယူပြနေတာလဲ"
"ရှင်တို့ စစ်သားအုပ်စုက ကျွန်မတို့ ထိုက်ယန်တောင်ကို အလကား လာပေးတာလား... ကျွန်မတို့ ထိုက်ယန်တောင်က ရှင်တို့ကို အခကြေးငွေ မပေးထားဘူးလား"
"ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ အထင်ကြီးနေကြတာလား... ရှင်တို့ ဒီမှာရှိနေတာက ကျွန်မတို့ ငှားထားလို့ပဲ... လူမိုက်လာလုပ်ဖို့ ငှားထားတာ... ကျွန်မတို့ ထိုက်ယန်တောင်က လူတွေရဲ့ ခေါင်းပေါ်မှာ လာပြီး ရမ်းကားဖို့ မဟုတ်ဘူး"
"ကျွန်မလည်း ရှင်တို့ကို သည်းခံနေတာ ကြာလှပြီ"
လူအုပ်ကြီးက ဘေးသို့ ဝေ့ကြည့်လိုက်ကြပြီး အများအပြားက ထိုရောက်လာသူကို မှတ်မိသွားကြသဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"အမကော"
"အဖွဲ့ခေါင်းဆောင်ကော"
"အဖွဲ့ခေါင်းဆောင်ကော... အပြောကောင်းတယ်ဗျာ"
ကောလန်ကန်းလည်း ထိုမိန်းမကို ကြည့်လိုက်ရာ သူ၏ မျက်နှာက ချက်ချင်း မှောင်မည်းသွားသည်။
"ကောကျဲ"
ရောက်လာသူမှာ ကောပိုင်ကျွမ်း၏ ရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးဖြစ်ပြီး ယခင်က သိုင်းဘုရင်ဂေဟာ၏ စိတ်စွမ်းအင် လှည့်စားမှု အစွမ်းပိုင်ရှင် ကောကျဲ ပင် ဖြစ်သည်။
ယခု သူမ၏ အရှိန်အဝါကို ကြည့်ရခြင်းအားဖြင့် သူမသည်လည်း မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းနိုင်သွားပြီ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ကောကျဲက စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်ပြီး စိတ်စွမ်းအင် လှည့်စားမှု စွမ်းရည်ကို ကျွမ်းကျင်သူ ဖြစ်သည်။
ထိုက်ယန်တောင်ရှိ စိတ်စွမ်းအင် မျိုးရိုးဗီဇမျိုးစေ့ အများစုမှာ လင်းယွမ်က ဝမ်လင်းအာ ထံမှ အရောင်းအဝယ် လုပ်၍ ရယူထားခြင်း ဖြစ်သည်။
သို့သော် လီချင်းဟွာက ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို သန့်စင်လိုက်ပြီးနောက် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်၏ ဦးနှောက်အမြူတေကို ဆုံးရှုံးသွားခဲ့သော်လည်း သူသည် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်၏ ဦးနှောက်ကန်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအထဲတွင် စိတ်စွမ်းအင်များ ပါဝင်နေသော သွေးသလင်းကျောက် အများအပြားကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့် စိတ်စွမ်းအင် မျိုးရိုးဗီဇမျိုးစေ့ အမြောက်အမြားကို သန့်စင် ထုတ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ကောကျဲ၊ ကျွမ်းရှုယွမ်၊ နို့ဖြူလေး အစရှိသူတို့က အမှတ် အများအပြား အကုန်အကျခံပြီးမှ တစ်လုံးကို လဲလှယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤ တစ်လခွဲကာလအတွင်း ထိုက်ယန်တောင်တွင် အစွမ်းပိုင်ရှင် အများအပြား ပေါ်ထွက်လာခဲ့ပြီး မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ ဝင်ရောက်လာသော အစွမ်းပိုင်ရှင်များလည်း အလွန် များပြားနေပြီ ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ ထိပ်တန်း အဆင့်မြင့် အစွမ်းပိုင်ရှင်များ နည်းပါးနေသေးခြင်းပင် ဖြစ်သည်။
သူတို့ မည်မျှပင် ကြိုးစားလေ့ကျင့်နေပါစေ၊ အချိန်တိုအတွင်း သူတို့၏ စွမ်းရည်များကို အဆင့်မြှင့်တင်ရန် မဖြစ်နိုင်သေးပေ။
ကောကျဲ ထွက်ပေါ်လာသည်နှင့်အတူ မလှမ်းမကမ်းရှိ လူအုပ်ကြီးထဲမှ နောက်ထပ် လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှီဟိုင်ကျူးက ရွှေရောင် ခမောက်ကို ဆောင်းထားပြီး သူ၏ တစ်ကိုယ်လုံးရှိ အသားအရေများမှာ ကျောက်တုံးအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ သူက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ကောလန်ကန်း... ဒီလူက ထိုက်ယန်တောင်ရဲ့ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ကျုပ်တို့ ထိုက်ယန်တောင်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ထားတယ်... အခု ခင်ဗျား သူ့ကို ကယ်တင်လိုက်တာကလည်း ကျုပ်တို့ရဲ့ စည်းကမ်းတွေကို ချိုးဖောက်လိုက်တာပဲ"
"အခု ခင်ဗျားကို ကျွန်တော် အမိန့်ပေးတယ်... သူ့ကို ချက်ချင်း ပြန်အပ်လိုက်စမ်း"
ကောလန်ကန်း၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး ရှီဟိုင်ကျူးကို အေးစက်စွာ ကြည့်လိုက်သည်။ "ငါ့ကို အမိန့်ပေးတာလား... မင်းကများ အဲ့ဒီလောက် ထိုက်တန်လို့လား"
"မင်းတို့ လူများတိုင်း မင်းတို့ကိုယ်မင်းတို့ အထင်ကြီးနေကြတာလား"
"အစွမ်းပိုင်ရှင်တွေကြားက ကွာဟချက်က လူများတာနဲ့ ဖြည့်ဆည်းလို့ ရတာမျိုး မဟုတ်ဘူးကွ"
"သတ္တိရှိရင် မင်း လာပြီး ငါ့လက်ထဲကနေ သူ့ကို လုယူလိုက်စမ်း"
ကောလန်ကန်းက ကျောက်လျန်ကို လက်ထဲတွင် ဖမ်းဆွဲထားရင်း သူ၏ စိတ်စွမ်းအင်များကို ဖြန့်ကျက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ အဆမတန် မြင့်တက်လာသည်။
ငွေရောင် ဓားသွားလေးများက သူ၏ ကိုယ်ပတ်လည်တွင် ပျံဝဲလာကြသည်။
စိတ်အဝေးထိန်းအစွမ်း ပင်။
ကောလန်ကန်းသည် စိတ်အဝေးထိန်းအစွမ်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားပြီး ရှီဟိုင်ကျူးကို ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးကာ စိုက်ကြည့်နေသည်။
ရှီဟိုင်ကျူးနှင့် ကောကျဲတို့ နှစ်ယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူတို့ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်မည်ဟု သူ ယုံကြည်မှု ရှိနေသည်။
အကြောင်းမှာ ထိုနှစ်ယောက်သည် မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း သူတို့၏ အဓိက အရည်အသွေး အမှတ်များက ၆၀ မှတ်ထက် မကျော်လွန်သေးသောကြောင့် ဖြစ်သည်။
သူ၏ အဓိက အရည်အသွေးဖြစ်သော စိတ်စွမ်းအင် အမှတ် ၇၅ အထိ ရှိနေသော အစွမ်းပိုင်ရှင် တစ်ယောက်ရှေ့တွင်မူ သူတို့က ကြက်ပေါက်လေးများကဲ့သို့ အားနည်းလွန်းနေသည်။
ထို့ကြောင့် သူက ဤလူနှစ်ယောက်ကို အဖက်လုပ်၍ပင် မစဉ်းစားထားပေ။
သူ့ကို အမှန်တကယ် စိုးရိမ်ထိတ်လန့်စေသည်မှာ ထိုနှစ်ယောက်၏ သဘောထားပင် ဖြစ်သည်။
ဤလူနှစ်ယောက်၏ သဘောထားကို ကြည့်ခြင်းအားဖြင့် ထိုက်ယန်တောင်မှ လူများသည် သူတို့ စစ်တပ်မှ လူများအပေါ် ထားရှိသည့် သဘောထား အခြေခံအရ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။
ရှီဟိုင်ကျူး၏ မျက်နှာက မှောင်မည်းသွားပြီး ကောကျဲနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
သူတို့ နှစ်ယောက် အတူတူ ဝင်တိုက်လျှင်ပင် တစ်ဖက်လူ၏ ပြိုင်ဘက် ဖြစ်လာနိုင်ချေ မရှိကြောင်း သူတို့ နှစ်ယောက်စလုံး ကောင်းကောင်း သိထားကြသည်။
သို့သော် အခြေအနေက ဤအဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ရာ ယနေ့ မည်သို့ပင် ဖြစ်ပါစေ ကောလန်ကန်းကို ထိုလူအား ခေါ်ဆောင်သွားခွင့် ပြုမည် မဟုတ်ပေ။
သို့မဟုတ်ပါက ထိုက်ယန်တောင်မှ လူအုပ်ကြီး၏ စိတ်ဓာတ်ခွန်အားများ ချက်ချင်း ပျောက်ကွယ်သွားမည် မဟုတ်ပါလော။
နှစ်ဖက်စလုံး၏ အခြေအနေက တစ်ခဏအတွင်းမှာပင် အလွန်တရာ တင်းမာသွားလေသည်။
ထိုအချိန်မှာပင် မီးဝါးတော အပြင်ဘက်မှ ကျန်းတာ့ကျစ်က စစ်တပ်မှ စစ်သားတစ်စုကို ခေါ်ဆောင်ကာ အလျင်စလို ရောက်ရှိလာသည်။
ရာနှင့်ချီသော စစ်သားများက လက်နက်အပြည့်အစုံဖြင့် ချီတက်လာကြပြီး လက်ထဲတွင် သေနတ်များကို ကိုင်ဆောင်ကာ ကျောပေါ်တွင် လက်နက်နှင့် ဒိုင်းလွှားများကို သယ်ဆောင်လာကြသည်။
ဤမြင်ကွင်းကြောင့် ထိုက်ယန်တောင်ဘက်မှ လူများအားလုံး ချက်ချင်း မျက်နှာပျက်သွားကြသည်။
ကောလန်ကန်းက လှည့်ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း ဟားတိုက် ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... ကျန်းတာ့ကျစ်... မင်းလာတာ အတော်ပဲ... ဒီ ထိုက်ယန်တောင်က ငတုံးတွေက ငါ့ကို လာပြီး စည်းကမ်း သတ်မှတ်နေကြတယ်ကွ"
သူက ခေါင်းလှည့်ကာ ရှီဟိုင်ကျူးနှင့် ကောကျဲတို့ နှစ်ယောက်ကို ကြည့်လျက် ဆဲဆိုလိုက်သည်။ "ရှီဟိုင်ကျူး၊ ကောကျဲ... ဒီနေ့ ဒီလူကို ငါ သေချာပေါက် ခေါ်သွားမယ်"
"သတ္တိရှိရင် မင်းတို့ လာတားကြည့်လိုက်စမ်း"
ထိုသို့ပြောရင်း သူက ကျောက်လျန်ကို ဆွဲကိုင်လိုက်ကာ ရှီဟိုင်ကျူးနှင့် ကောကျဲတို့၏ အကြည့်ရှေ့တွင်ပင် အေးစက်စွာ ပြုံးပြလျက် လူအုပ်ကြီးထဲသို့ နောက်ဆုတ်သွားသည်။
ထိုအချိန်မှာပင် သူ၏ ခြေအောက်မှ ရုတ်တရက် နိမ့်ကျသွားသည်။
ကြမ်းပြင်အနှံ့ ပြည့်နှက်နေသော နှင်းပွင့်များက ယခုအချိန်တွင် ရုတ်တရက် ပြိုကျသွားသည်ကို မြင်လိုက်ရသည်။
ကောလန်ကန်း၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှပြီး သူက မြေပြင်ကို အားကုန်ကန်လိုက်ရာ တစ်ကိုယ်လုံး လေထဲသို့ မြောက်တက်သွားသည်။
တစ်ချိန်တည်းမှာပင် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
"ရွှစ်... ရွှစ်... ရွှစ်"
မရေမတွက်နိုင်သော ငွေရောင် အလင်းတန်းများက နှင်းပြင်ထဲသို့ ပြင်းထန်စွာ ပစ်ခတ်သွားသည်။
သို့သော် ထိုအချိန်မှာပင် သူ၏ ကျောဘက် အရိပ်ထဲမှ လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ထက်မြက်လှသော အရိုးဓားတစ်လက်က သူ၏ လည်ချောင်းဆီသို့ အပြင်းအထန် ခုတ်ပိုင်းလာသည်။
ဤ ရုတ်တရက် ခြုံခိုတိုက်ခိုက်မှုကြောင့် ကောလန်ကန်းပင်လျှင် အနည်းငယ် ကြောင်အမ်းသွားပြီး ကာကွယ်ရန် အချိန်မမီလိုက်ပေ။
သို့သော် သူက စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်သည့်အတွက် တုံ့ပြန်မှု အလွန် လျင်မြန်လှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် အစွမ်းထက်လှသော စိတ်စွမ်းအင် နံရံတစ်ခုကို ဖွဲ့စည်းလိုက်သည်။
"ဘုန်း"
ထို အရိုးဓားက စိတ်စွမ်းအင် နံရံပေါ်သို့ ခုတ်ပိုင်းမိသွားပြီး ပြင်းထန်သော ပဲ့တင်သံကြီး ထွက်ပေါ်လာသည်။
ဝူယင်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ကျုံ့လိုက်ကာ မြေပြင်ဆီသို့ အလွန် လျင်မြန်သော အလျင်ဖြင့် ပုန်းလျှိုးသွားသည်။
လူရိပ်တစ်ချက် လှုပ်ရှားသွားပြီးနောက် အရိပ်ထဲသို့ ပုန်းအောင်းသွားကာ ကောလန်ကန်းကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မပေးချေ။
ဤသို့ ကြန့်ကြာသွားသည့် ခဏမှာပင် ကောကျဲ၏ မျက်လုံးများထဲတွင် အလင်းရောင်များ ချက်ချင်း တောက်ပလာသည်။
စိတ်စွမ်းအင် လှည့်စားမှုတစ်ခုက ကောလန်ကန်း၏ စိတ်ပင်လယ်ဆီသို့ တိုက်ရိုက် ရိုက်ခတ်သွားသည်။
ကောလန်ကန်းက ချက်ချင်း ကြောက်မက်ဖွယ် ပြုံးလိုက်သည်။ "သေချင်နေတာပဲ"
သူ၏ စိတ်စွမ်းအင်သည် သူ၏ အဓိက အရည်အသွေး ဖြစ်ပြီး ၇၅ မှတ် အထိ မြင့်မားနေရာ ကောကျဲက သူ့ကို စိတ်စွမ်းအင် လှည့်စားမှု အသုံးပြုရဲခြင်းမှာ မိကျောင်းမင်း ရေကင်းပြနေသကဲ့သို့ပင် ဖြစ်သည်။
ကောကျဲ၏ စိတ်စွမ်းအင် လှည့်စားမှု ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ကောလန်ကန်း၏ အစွမ်းထက်လှသော စိတ်စွမ်းအင်၏ ဖျက်ဆီးခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ကောကျဲ၏ နှာခေါင်းမှ သွေးများ ချက်ချင်း စီးကျလာပြီး စိတ်စွမ်းအင် ပြန်ကန်မှုကို ခံလိုက်ရသဖြင့် ကိုယ်ဟန် ယိမ်းယိုင်သွားကာ နောက်သို့ တစ်လှမ်း ဆုတ်သွားသည်။
သို့သော် သူမ၏ နှုတ်ခမ်းထောင့်တွင်မူ အကြံအောင်သွားသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ကောလန်ကန်းက တစ်စုံတစ်ခုကို ရိပ်မိသွားပြီး သူ၏ လက်ထဲရှိ ကျောက်လျန်ကို ရုတ်တရက် ငုံ့ကြည့်လိုက်သည်။
ယခုအချိန်တွင် ကျောက်လျန်က သူ့ကို အမုန်းတရားများ ပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပြီး ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ ကောလန်ကန်း၏ လည်ပင်းဆီသို့ အလွန် လျင်မြန်သော အလျင်ဖြင့် ထိုးစိုက်လာသည်။
ကောလန်ကန်း ချက်ချင်း ထိတ်လန့်သွားပြီး လက်ဖဝါးကို ရုတ်တရက် ဖြေလျှော့လိုက်ကာ တစ်ချိန်တည်းမှာပင် သဘောပေါက်သွားသည်။ "စိတ်လှည့်စားထားတာပဲ"
အမှန်တော့ ခုနက ကောကျဲ၏ လှည့်စားမှုမှာ ကောလန်ကန်းကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ကျောက်လျန်၏ အပေါ်သို့ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
မူလကတည်းက ဒဏ်ရာပြင်းထန်နေသော ကျောက်လျန်က ချက်ချင်း ထောင်ချောက်ထဲ သက်ဆင်းသွားပြီး ကောလန်ကန်းကို တစ်သက်တာ ရန်သူတော်ကြီးအဖြစ် သတ်မှတ်ကာ အသေအကြေ ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။
ကောလန်ကန်း၏ မျက်နှာက မှောင်မည်းသွားပြီး ပြောလိုက်သည်။ "ဒီလို ကလေးကလား ပညာမျိုးနဲ့များ ငါ့ကို လာစမ်းရဲသေးတယ်... ဟမ့်"
သူ၏ စိတ်စွမ်းအင်များ အဆမတန် မြင့်တက်လာပြီး ကျောက်လျန်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်ကာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သည်။ "သတိထားစမ်း"
ကျောက်လျန် ချက်ချင်း သတိဝင်လာပြီး မျက်လုံးများတွင် တွေဝေသွားသော အရိပ်အယောင်များ ပေါ်လာသော်လည်း သူ၏ တစ်ကိုယ်လုံးမှာ လေထဲတွင် ရှိနေဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လူအုပ်ကြီးထဲမှ လူရိပ်တစ်ခုက ရုတ်တရက် လှုပ်ရှားလိုက်သည်။
ရေမြှားတစ်စင်းက မျက်တောင်တစ်ခတ်အတွင်း လေဟာနယ်ကို ဖောက်ထွက်သွားသည်ကို မြင်လိုက်ရသည်။
ထို ရေမြှား၏ ရှေ့တွင် သင်္ကေတကျောက်တုံး တစ်တုံးကိုလည်း တင်ဆောင်ထားသေးသည်။
ကောလန်ကန်းက ဘာမှ ထပ်မပြောတော့ဘဲ စိတ်စွမ်းအင်ကို အလျင်အမြန် စုစည်းကာ အကာအကွယ်တစ်ခု ဖွဲ့စည်းလိုက်ပြီး ကျောက်လျန်၏ ရှေ့တွင် ကာကွယ်လိုက်သည်။
အကြောင်းမှာ ထိုမြှားတံက သူ့ဆီသို့ ပစ်လွှတ်လိုက်ခြင်း မဟုတ်ဘဲ ကျောက်လျန်ဆီသို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်သောကြောင့်တည်း။
ဒီ ထိုက်ယန်တောင်က ကောက်ကျစ်စဉ်းလဲတဲ့ လူတွေက သူ့ကို တိုက်ခိုက်လျှင် အနိုင်ရဖို့ မဖြစ်နိုင်မှန်း သိသည့်အတွက် အချင်းချင်း ပူးပေါင်းကာ သူ့မျက်နှာရှေ့တွင်ပင် ကျောက်လျန်ကို သတ်ဖြတ်ရန် ကြံရွယ်နေကြခြင်း ဖြစ်သည်။
သူက ဒီလူတွေရဲ့ ဆန္ဒကို ပြည့်ဝခွင့် ပေးပါ့မလား။
ကောလန်ကန်း၏ စိတ်စွမ်းအင်များက ပြင်းထန်စွာ လှုပ်ရှားလာပြီး အစွမ်းထက်လှသော စိတ်စွမ်းအင် အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲကာ ကျောက်လျန်၏ ရှေ့တွင် တားဆီးလိုက်သည်။
"ဝုန်း"
ရေမြှားက စိတ်စွမ်းအင် အကာအကွယ်ကို ပြင်းထန်စွာ ထိမှန်သွားပြီး နောက်တစ်ခဏတွင် ပြင်းထန်သော ပဲ့တင်သံကြီး ထွက်ပေါ်လာသည်။
ထို သင်္ကေတကျောက်တုံးက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အနီရောင် သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စိတ်စွမ်းအင် အကာအကွယ်နှင့် ရေမြှားတို့က တစ်ပြိုင်နက်တည်း လွင့်စဉ်ပျောက်ကွယ်သွားကြသည်။
ကောလန်ကန်းက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်နှာပျက်သွားသည်။ "စွမ်းအင်ချိတ်ပိတ် သင်္ကေတပါလား"
"ဝှစ်"
ထိုအချိန်မှာပင် လေဟာနယ်ကို ခွဲဖြတ်သွားသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ဝါးမြှားတစ်စင်းက လေဟာနယ်ကို ဖောက်ထွင်းသွားပြီး စူးရှသော အသံကို ထုတ်လွှတ်လျက် ရှိနေသည်ကို မြင်လိုက်ရသည်။
"ဖောက်"
ထို ဝါးမြှားက ကျောက်လျန်၏ လည်ချောင်းကို ပြင်းထန်စွာ ထိမှန်သွားပြီး သူ၏ သွေးလွှတ်ကြောကို အရှင်လတ်လတ် ဖောက်ထွင်းသွားလေသည်။
မျက်တောင်တစ်ခတ်အတွင်း သွေးများ ပန်းထွက်လာသည်။
ကျောက်လျန်က မျက်လုံးအပြူးသားဖြင့် မကျေနပ်မှုများ အပြည့်နှင့် ကောလန်ကန်းကို ကြည့်နေရှာသည်။
ကောလန်ကန်းက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကိုယ်ဟန် တစ်ချက် လှုပ်ရှားသွားကာ ကျောက်လျန်၏ ခန္ဓာကိုယ်ကို ဖမ်းဆွဲလိုက်သည်။
သို့သော် သွေးများ ပန်းထွက်နေမှုနှင့်အတူ မူလကတည်းက နည်းပါးလှသော ကျောက်လျန်၏ အသက်စွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
"အား..."
ကောလန်ကန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရုတ်တရက် ခေါင်းမော့ကာ မီးဝါးတောရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ထူလုံက အေးစက်သောအပြုံးဖြင့် လေးနှင့်မြှားကို ကိုင်ဆောင်ကာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူက အစွမ်းကို အသုံးမပြုခဲ့ဘဲ သူ၏ ကြီးမားသော ခွန်အားကို အားပြုကာ အလစ်အငိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ ပြုလုပ်မှသာ စွမ်းအင်ချိတ်ပိတ် သင်္ကေတ၏ တားဆီးပိတ်လှောင်မှုကို ကျော်လွန်ပြီး ကျောက်လျန်ကို ပစ်သတ်နိုင်မည် ဖြစ်သည်။
"ထူလုံ"
ကောလန်ကန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထူလုံက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး အေးစက်စက် ပြုံးလျက် ပြောလိုက်သည်။ "ကောလန်ကန်း... ငါ့ရဲ့ ထိုက်ယန်တောင်မှာ ရှိနေသရွေ့ ငါ့ ထိုက်ယန်တောင်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်"
"မင်း သူ့ကို ခေါ်သွားချင်ရင် သူ့ရဲ့ အလောင်းကိုပဲ ခေါ်သွားလို့ရမယ်"
ကောလန်ကန်း၏ ဒေါသများက ထိန်းမရသိမ်းမရ ဖြစ်သွားပြီး သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ပြင်းထန်စွာ လှုပ်ရှားသွားကာ ဟိန်းဟောက်လိုက်သည်။ "မင်းတို့အားလုံး သေချင်နေကြတာပဲ"
ဆက်ရန်...