← Chapters

အခန်း (၅၅၉-၅၆၀)

Vol. 28 Ch. 559-560

အခန်း (၅၅၉-၅၆၀)

Vol. 28 Ch. 559-560

အပိုင်း (၅၅၉) ကျောက်ခိုင် ကိုယ်တိုင် ပါဝင်လာခြင်း

ကောလန်ကန်းမှာ ချက်ချင်းပင် ဒေါသသူပုန် ထသွားတော့သည်။

ဤလူစုက သူ့ကို တိုက်ရိုက် မရင်ဆိုင်နိုင်သော်လည်း နည်းလမ်းမျိုးစုံ သုံးကာ သူကာကွယ်ပေးချင်ခဲ့သော ကျောက်လျန်ကို သတ်ပစ်ခဲ့ကြလေသည်။

ယင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထိုခဏတွင် ကောလန်ကန်းသည် သူ့ရင်ထဲမှ ဒေါသမီးတောက်များ ပေါက်ကွဲထွက်လာတော့မယောင် ခံစားလိုက်ရသည်။

သူက ဒီလို လူအုပ်စုတစ်စု၏ လှည့်စားခြင်းကို ခံလိုက်ရသည်တဲ့လား။

"ဝုန်း"

ကောလန်ကန်း၏ စိတ်စွမ်းအင်များသည် ဒီရေလှိုင်းကြီးအလား ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး မရေမတွက်နိုင်သော စိတ်စွမ်းအင် ဓားသွားများအဖြစ် ပြောင်းလဲကာ ထုလုံတို့အဖွဲ့ဆီသို့ ရူးသွပ်စွာ ခုတ်ပိုင်းဝင်ရောက်သွားတော့သည်။

"စိတ်စွမ်းအင် ခုတ်ပိုင်းခြင်း"

ပုံသဏ္ဍာန်မဲ့ ဒြပ်မဲ့ဖြစ်သော စိတ်စွမ်းအင် ဓားသွားများက လေခွင်းသံများပေးလျက် ပစ်မှတ်ဆီသို့ တရှိန်ထိုး ပြေးဝင်သွားသည်။

ထုလုံ၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး မြေပြင်ပေါ်တွင် ကမန်းကတန်း လိမ့်ချလိုက်သည်။ ထိုခဏ၌ပင် သူ၏နောက်ကျောမှ အရိုးခေါင်းလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာကာ တစ်ချိန်တည်းမှာပင် အရိုးခေါင်းတစ်ခုလည်း ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြီးမားလှသော စိတ်စွမ်းအင် အကာအကွယ်တံတိုင်းကြီးကို ချက်ချင်း ဖန်တီးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက သူ့ကိုယ်ပေါ်ရှိ လိပ်ခွံအကာအကွယ် သင်္ကေတကျောက်တုံးကိုလည်း အသက်သွင်းလိုက်လေသည်။

နှစ်ထပ်ကွမ်း စိတ်စွမ်းအင် အကာအကွယ်ကို ဖွင့်လှစ်ပြီးနောက် သူက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ "ကောလန်ကန်း... ခင်ဗျားက သတ္တိကောင်းနေတာပဲ"

"အားလုံး နားထောင်... ကောလန်ကန်းကို ချိန်ထား" ရှီဟိုင်ကျူးကလည်း ချက်ချင်း အော်ဟစ် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် ထိုက်ယန်တောင်မှ လူများအားလုံး သေနတ်ပြောင်းဝများကို မြှောက်ကာ ကောလန်ကန်းရှိရာဘက်သို့ ချိန်ရွယ်လိုက်ကြသည်။

ကောလန်ကန်း၏ မျက်နှာအနည်းငယ် ပျက်သွားပြီး ဒေါသထွက်နေသော စိတ်အခြေအနေမှာလည်း တစ်ခဏတာ ရပ်တန့်သွားသည်။

သူ၏ အဓိက အရည်အသွေးမှတ် မြင့်မားသော်လည်း လူရာချီ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို လျစ်လျူရှုနိုင်သည့် အဆင့်ထိတော့ မရောက်သေးပေ။

အထူးသဖြင့် ဤလူများ၏ လက်ထဲရှိ လက်နက်များက သန္ဓေပြောင်းစွမ်းအင်သုံး လက်နက်များ၊ စွမ်းအင်သုံး သေနတ်များ ဖြစ်နေကြသည်။

စွမ်းအင်သုံး သေနတ် တစ်လက်စ၊ နှစ်လက်စလောက် ပစ်ခတ်လာပါက ဘာမှ မဟုတ်လှပေ။

သို့သော် သေနတ်ရာချီက သူ့ကို ချိန်ရွယ်ထားပါက သူ၏ စိတ်စွမ်းအင် အကာအကွယ် မည်မျှပင် ကောင်းမွန်နေပါစေ တားဆီးနိုင်မည် မဟုတ်ချေ။

ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ကောလန်ကန်းမှာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်ပြီး ကျန်းတာ့ကျစ် ရှိရာဘက်သို့ ရှောင်ထွက်သွားသည်။

ဤအချိန်တွင် ကျန်းတာ့ကျစ်၏ မျက်နှာမှာလည်း အလွန်တရာ ဆိုးရွားနေပြီး တစ်ချိန်တည်းမှာပင် သူ့ဘေးရှိ စစ်သားများကလည်း သေနတ်များကို အသီးသီး ကိုင်မြှောက်ကာ ထိုက်ယန်တောင်ဘက်မှ လူများကို ပြန်လည် ချိန်ရွယ်လိုက်ကြသည်။

နှစ်ဖက်စလုံး ချက်ချင်းပင် တင်းမာမှု အထွတ်အထိပ်သို့ ရောက်သွားပြီး တစ်ယောက်ယောက်က ပထမဆုံး သေနတ်တစ်ချက် ပစ်လိုက်သည်နှင့် ချက်ချင်း သွေးထွက်သံယို ဖြစ်တော့မည့် အခြေအနေပင်။

တစ်ခဏအတွင်း ကောင်းကင်ယံမှ ငန်းမွေးကဲ့သို့ နှင်းပွင့်ကြီးများ ကျဆင်းလာပြီး နှစ်ဖက်စလုံး အချေအတင် ဖြစ်နေကာ အခြေအနေမှာ အလွန်တရာ တင်းမာလာတော့သည်။

ထိုအချိန်မှာပင် လူရိပ်တစ်ခုက ကောင်းကင်ယံမှ လမ်းလျှောက်၍ ဆင်းသက်လာသည်။

ထိုသူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခြေအောက်တွင် လေထဲ၌ ပေါလောပေါ်နေသော ရေခဲတုံးများ စုစည်းဖြစ်ပေါ်လာပြီး ဆက်တိုက် ပြန့်နှံ့သွားလေသည်။

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး နှစ်ဖက်လူအုပ်၏ အလယ်တည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်ကို တွေ့လိုက်ရသည်။

"ဒိုင်း"

ကြောက်မက်ဖွယ်ကောင်းသော နှင်းရေခဲများ အလိပ်လိုက် တက်လာကာ များပြားလှသော ရေခဲတုံးများ လျင်မြန်စွာ စုစည်းသွားပြီး ကြီးမားသော ရေခဲတံတိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ နှစ်ဖက်လူအုပ်ကြားတွင် ကန့်လန့်ဖြတ် ပိတ်ဆို့သွားလေသည်။

လူအားလုံး ခေါင်းမော့ကြည့်လိုက်ကြပြီး ထိုက်ယန်တောင်မှ လူများ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာသည်။

"အဖွဲ့ခေါင်းဆောင် ကျောက်ခိုင်"

"အဖွဲ့ခေါင်းဆောင် ကျောက်ခိုင် ရောက်လာပြီ"

ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့ကလည်း တစ်ချိန်တည်းမှာပင် ခေါင်းမော့ကာ ထိုသူ့ကို လှမ်းကြည့်လိုက်ကြသည်။

ရောက်လာသူမှာ ရေခဲပြာရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ရွှေရောင်ခေါင်းဆောင်းကို ဆင်မြန်းထားကာ ပြာလဲ့နေသော ဆံပင်များက နှင်းပွင့်များနှင့်အတူ လွင့်ဝဲနေပြီး သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ရေခဲချွန်များ ဝဲပျံနေသည်ကို မြင်လိုက်ရသည်။

"ကျောက်ခိုင်"

ကျန်းတာ့ကျစ်၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး လေးနက်သော အမူအရာ ပေါ်လာသည်။

ကောလန်ကန်းကလည်း မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။

ထိုက်ယန်တောင် တစ်ခုလုံးတွင် သူတို့ကို ထိတ်လန့်စေနိုင်သူ နှစ်ယောက်သာ ရှိပြီး ယင်းတို့မှာ ယခု သူတို့ရှေ့မှ ကျောက်ခိုင်နှင့် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်တွင် အထိုင်ချနေသော လီချင်းဟွာတို့ပင် ဖြစ်သည်။

ဘာသာရေးဂိုဏ်းကြီး သုံးခုက အခွင့်အရေးကို ချောင်းမြောင်းနေသည့်အတွက် လီချင်းဟွာသည် ပုံမှန်အားဖြင့် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်မှ အလွယ်တကူ ထွက်ခွာလေ့မရှိပေ။

ထို့ကြောင့် ထိုက်ယန်တောင်ဘက်ရှိ ကိစ္စရပ်များကို ကျောက်ခိုင်ကသာ အမြဲ တာဝန်ယူ ကိုင်တွယ်လေ့ရှိသည်။

ယခုအခါ ကျောက်ခိုင်၏ အဓိက အရည်အသွေးမှတ်မှာလည်း ၇၄ မှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူသည် သန္ဓေပြောင်းသတ္တဝါများ၏ အသားများကို စားသုံးလေ့ သိပ်မရှိသဖြင့် သူ့ခန္ဓာကိုယ်တွင်းရှိ အခြားမျိုးရိုးဗီဇ အရောအနှောများ အလွန်နည်းပါးရာ သူ၏ သန္ဓေပြောင်းစွမ်းအင် သန့်စင်မှုမှာ အလွန်မြင့်မားပြီး စိတ်စွမ်းအင် သန့်စင်မှုကလည်း အလွန် အားကောင်းလှသည်။

သူ၏ အဓိက အရည်အသွေးမှတ်က ၇၄ မှတ်သာ ရှိသေးသော်လည်း သူ၏ တကယ့် တိုက်ခိုက်ရေးစွမ်းရည်မှာ အမှတ် ၈၀ ဝန်းကျင်ရှိသော မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်များထက် လုံးဝ နိမ့်ကျခြင်း မရှိပေ။

ကျောက်ခိုင်က တစ်ချက် ခုန်ပျံလိုက်ပြီး ရေခဲတံတိုင်းပေါ်သို့ ဆင်းသက်လိုက်သည်။ သူ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေပြီး ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့ နှစ်ဦးကို အေးတိအေးစက် အကြည့်များဖြင့် ကြည့်လိုက်သည်။

"မင်းတို့က သေချင်နေကြတာလား"

သူ စကားစလိုက်သည်နှင့် လူကို တုန်ချမ်းသွားစေမတတ် အေးစက်လွန်းလှသည်။

မျက်နှာချင်းဆိုင်ရှိ ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့၏ မျက်နှာများ တစ်ပြိုင်နက် ပျက်ယွင်းသွားကြသည်။

ကောလန်ကန်းက အေးစက်စက် ရယ်မောလိုက်သည်။ "ကျောက်ခိုင်... မင်းက တော်တော် ဟုတ်နေပါလား... အတောင်အလက် စုံနေပြီပေါ့လေ... ငါတို့ကိုတောင် ဒီလိုစကားမျိုး ပြောရဲနေပြီပဲ"

ကျန်းတာ့ကျစ်ကလည်း အသံကို နှိမ့်ချကာ ပြောလိုက်သည်။ "ကျောက်ခိုင်... မင်းလူတွေက ငါ့စစ်သားကို သတ်လိုက်တယ်... ဒီနေ့ ဒီကိစ္စအတွက် မင်း ဖြေရှင်းချက် မပေးဘူးဆိုရင် ငါ လုံးဝ လက်မလျှော့ဘူး"

"ဖြေရှင်းချက် ဟုတ်လား... ဟက်... ကျန်းတာ့ကျစ်... မင်းက ငါ့ဆီက ဖြေရှင်းချက် တောင်းနေတာလား"

ကျောက်ခိုင်၏ မျက်နှာတစ်ခုလုံး အေးစက်သော အပြုံးများ ဖုံးလွှမ်းသွားပြီး သူ၏ လက်ထဲမှ ဖိုင်တွဲတစ်ခုကို ထုတ်ကာ ပေါ့ပေါ့ပါးပါးပင် လှမ်းပစ်ပေးလိုက်သည်။

ချက်ချင်းပင် ထိုဖိုင်တွဲက ကျန်းတာ့ကျစ်ထံသို့ တရှိန်ထိုး လွင့်စင်သွားသည်။

ကျန်းတာ့ကျစ်၏ အကြည့်များ စူးရှသွားပြီး လက်လှမ်းဖမ်းလိုက်ရာ "ဖျပ်" ခနဲ အသံနှင့်အတူ ဖိုင်တွဲကို သူ ဖမ်းမိသွားလေသည်။

ကျောက်ခိုင်က ဆက်ပြောလိုက်သည်။ "ဒါဆို မင်းပြောစမ်း... အဲဒီအပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ကိစ္စတွေအတွက် ငါက ဘယ်သူ့ဆီက ဖြေရှင်းချက် တောင်းရမလဲ"

ကျန်းတာ့ကျစ် မျက်မှောင်ကြုတ်သွားပြီး ဖိုင်တွဲကို ဖွင့်ကြည့်လိုက်ရာ သူ့မျက်နှာအမူအရာ ချက်ချင်း အနည်းငယ် ပျက်သွားသည်။

ထိုစာရွက်စာတမ်းများပေါ်တွင် ပြီးခဲ့သည့် တစ်လခွဲကာလအတွင်း ထိုက်ယန်တောင်ကျွန်းပေါ်၌ စစ်တပ်မှ လူများ ကျူးလွန်ခဲ့သော ပြစ်မှုအမျိုးမျိုးကို အသေးစိတ် မှတ်တမ်းတင်ထားလေသည်။

၎င်းတို့ထဲတွင် ထိုက်ယန်တောင်၏ အစားအစာများကို အတင်းအဓမ္မ လုယူခြင်း၊ ထိုက်ယန်တောင်မှ မွေးမြူထားသော သန္ဓေပြောင်း သားရဲများကို ခိုးယူဖမ်းဆီးခြင်း၊ ကိုယ်ပိုင် တွင်းများ တူးဖော်ခြင်းနှင့် စွမ်းအင်ကျောက်တုံးတွင်းများကို ခိုးယူတူးဖော်ခြင်း စသည့် ပြစ်မှုများ ပါဝင်နေသည်။

ကိစ္စရပ်တစ်ခုချင်းစီတိုင်းအတွက် အသေးစိတ် မှတ်တမ်းများ ရှိနေပြီး အတိအကျ နေ့စွဲများပင် ပါဝင်နေသေးသည်။

ယခုအချိန်ရောက်မှသာ ကျန်းတာ့ကျစ် တစ်ယောက် လန့်ဖြတ်သွားပြီး ဤရက်ပိုင်းအတွင်း ထိုက်ယန်တောင်၌ သူတို့စစ်တပ်၏ လုပ်ရပ်များကို ကျောက်ခိုင်က လူလွှတ်ကာ အမြဲတမ်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြောင်း သဘောပေါက်သွားတော့သည်။

အမှန်တော့ ထိုက်ယန်တောင်မှ လူများက မသိလောက်အောင် တုံးအနေခြင်း မဟုတ်ဘဲ အံကြိတ်သည်းခံနေခဲ့ခြင်းသာ ဖြစ်သည်။

အခု လင်း ဆိုတဲ့လူ ပြန်ရောက်လာမှသာ သူတို့က ဒီအရာအားလုံးကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်။

ကျန်းတာ့ကျစ်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

ဒီ လင်း ဆိုတဲ့လူမှာ ဘယ်လို မှော်အတတ်တွေများ ရှိနေလို့ ဒီလို ပျော့ညံ့တဲ့လူတွေကို ရုတ်တရက်ကြီး ဒီလောက် သတ္တိတွေ ရှိလာစေတာလဲ။

သူက ကျောက်ခိုင်ကို အေးစက်စွာ ကြည့်လိုက်ပြီး လက်ထဲရှိ ဖိုင်တွဲကို အသာလေး ဆုပ်ချေလိုက်သည်။

"ဖောင်း"

သူ၏ လက်ဝါးထဲမှ စွမ်းအင်အလင်းတန်းတစ်ခု ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် စာရွက်စာတမ်းအားလုံး ပြာအဖြစ်သို့ လွင့်စဉ်ပေါက်ကွဲသွားတော့သည်။

ကျန်းတာ့ကျစ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ... ကျောက်ခိုင်... မင်းက ဒီစာရွက်အပိုင်းအစလေးတွေနဲ့ ငါတို့ကို ဉာဏ်ဆင်လို့ ရမယ် ထင်နေတာလား"

"မင်း မေ့မနေနဲ့ဦး... အစတုန်းက ဘယ်သူက ကွမ်ဖူကို သွားပြီး ဘာသာရေးဂိုဏ်းကြီး သုံးခုကို ရင်ဆိုင်ဖို့ ငါတို့ကို အကူအညီလာ တောင်းခဲ့တာလဲ"

"ဘာလဲ... အခု ဘာသာရေးဂိုဏ်းကြီး သုံးခုက ငါတို့ကို ကြောက်ပြီး ထွက်မလာရဲတော့တာနဲ့ မင်းတို့ကိုယ်မင်းတို့ တကယ် လုံခြုံသွားပြီလို့ ထင်နေတာလား... အခု ကူးတို့ဆိပ်ရောက်မှ လှေကို ဖျက်ချင်နေပြီပေါ့လေ"

"ဟက်ဟက်... သိပ်များ လောမနေဘူးလား"

ကျန်းတာ့ကျစ်က စာရွက်ပေါ်တွင် မှတ်တမ်းတင်ထားသော ပြဿနာများကို လုံးဝ ဝန်မခံသည့်အပြင် ပြောင်းပြန်လှန်ကာ ထိုက်ယန်တောင်မှ လူများက ကူးတို့ဆိပ်ရောက်မှ လှေဖျက်သည်ဟုပင် စွပ်စွဲလိုက်သေးသည်။

ကျောက်ခိုင်၏ မျက်နှာမှာ အေးစက်လျက်ပင်။ "ကျန်းတာ့ကျစ်... ငါ့ဆီမှာ မိတ္တူတွေ ရှိသေးတယ်... မင်း ဘယ်လောက်ပဲ ဆုတ်ဖြဲချင်ဖြဲချင် ရတယ်"

"ဒါပေမဲ့ မင်း ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ... ငါ့လူတွေက ဒီကိစ္စတွေကို ကျူးလွန်ထားတဲ့ လူတွေကို ဖမ်းဆီးဖို့ စတင် လှုပ်ရှားနေကြပြီ"

"မင်းတို့ရဲ့ ကိုယ်ပိုင် တွင်းတွေကိုလည်း ဒီနေ့ပဲ ပိတ်သိမ်းပစ်မှာ... ခိုးယူထားတဲ့ စွမ်းအင်ကျောက်တုံးတွေကိုလည်း သိမ်းဆည်းမယ်"

"ဘာသာရေးဂိုဏ်းကြီး သုံးခုကို အကြောင်းပြချက် လာမပေးနဲ့... မင်းတို့ လာကူညီနိုင်ခဲ့တာက ချင်းဟွာက ဟင်းလင်းပြင်အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ ငါးဆယ်ကို အပေးအယူအနေနဲ့ ထုတ်ပေးခဲ့လို့ မင်းတို့ ပါဝင်ပေးခဲ့တာ"

"ငါတို့ကြားမှာ အငှားချထားတဲ့ ဆက်ဆံရေးပဲ ရှိတယ်... မင်းတို့ စစ်တပ်က ငါတို့ရဲ့ ကျေးဇူးရှင် မိဘတွေလိုလို လာမပြောနဲ့"

"ဒီ ဟင်းလင်းပြင်အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ ငါးဆယ်ကို ထုတ်ပေးရင် ဘယ်အဖွဲ့အစည်းကိုမဆို ငါတို့ အကူအညီ တောင်းလို့ရတယ် ဆိုတာကို မင်း ယုံလား"

"ပြီးတော့... မင်းတို့က တကယ်ပဲ ကူညီဖို့ လာခဲ့တာလား"

"ဘာသာရေးဂိုဏ်းကြီး သုံးခုက တစ်ကြိမ်တောင် တရားဝင် တိုက်ခိုက်တာ မရှိခဲ့ဘူး... မင်းတို့က ငါတို့ ထိုက်ယန်တောင်မှာ တစ်လကျော်လောက် အလကား လာစား၊ အလကား လာနေခဲ့ကြတာ... ငါတို့ဆီက စားသောက်ရုံတင်မကဘူး၊ ငါတို့ရဲ့ သယံဇာတတွေကိုပါ ခိုးယူနေကြသေးတယ်"

"ဒါတွေကို ငါတို့က တကယ်ပဲ မမြင်ဘူးလို့ မင်း ထင်နေတာလား"

"မင်းတို့က ငါတို့ ထိုက်ယန်တောင်က လူတွေရဲ့ သည်းခံနိုင်စွမ်းကို အမြဲတမ်း ထပ်တလဲလဲ စမ်းသပ်နေခဲ့တာ... ထိုက်ယန်တောင်ရဲ့ စည်းမျဉ်းတွေကို တစ်ကြိမ်ပြီး တစ်ကြိမ် စိန်ခေါ်နေတာ... တကယ်တော့ ဘာရည်ရွယ်ချက်လဲ ဆိုတာကို ငါတို့ နားမလည်ဘူးလို့ မင်းက တကယ်ပဲ ထင်နေတာလား"

ကျောက်ခိုင်၏ အေးစက်စက် အော်ဟစ်လိုက်သော စကားလုံး တစ်ခွန်းချင်းစီတိုင်းက စစ်တပ်မှ လူအားလုံး၏ နားထဲတွင် ပေါက်ကွဲထွက်သွားလေသည်။

ကျန်းတာ့ကျစ်နှင့် ကောလန်ကန်းတို့ နှစ်ဦးစလုံး၏ မျက်နှာများမှာ အလွန်တရာ ဆိုးရွားသွားတော့သည်။

ကျောက်ခိုင်က လူပုံအလယ်တွင် မျက်နှာချင်းဆိုင် အရှက်ခွဲလိုက်သည်မှာ သူတို့ စစ်တပ်နှင့် လုံးဝ အဆက်အသွယ် ဖြတ်ချင်နေတာလား။

သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက် သတ္တိရှိနေရတာလဲ။

ကျန်းတာ့ကျစ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ကျောက်ခိုင်... မင်းက ငါတို့ စစ်တပ်နဲ့ လုံးဝကို အဆက်အသွယ် ဖြတ်ချင်နေတာလား"

"မင်း မေ့မနေနဲ့ဦး... ဘာသာရေးဂိုဏ်းကြီး သုံးခုက အမြဲတမ်း စောင့်ကြည့်နေတာနော်"

ကောလန်ကန်းက ကျိန်ဆဲလိုက်သည်။ "ကျေးဇူးကန်းတဲ့ ကောင်တွေ... အစ်ကိုကျန်း... ငါတို့ အခုပဲ တပ်ဆုတ်ကြမယ်... ဒီတောသားအရိုင်းကောင်တွေက ဘာသာရေးဂိုဏ်းကြီး သုံးခုကို ဘာနဲ့များ ကာကွယ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"

ကျန်းတာ့ကျစ်က ဘာမှ မပြောဘဲ ကျောက်ခိုင်ကိုသာ အေးစက်စွာ ကြည့်ရင်း သူ့အဖြေကို စောင့်နေသည်။

ကျောက်ခိုင်၏ အမူအရာမှာ အေးစက်နေဆဲပင်။ "တပ်ဆုတ်မယ်ဆိုရင် အခုပဲ ထွက်သွားကြ... မှတ်ထား... ငါတို့ ထိုက်ယန်တောင်က အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်တောင် ယူမသွားနဲ့"

"ပစ္စည်းတစ်ခုခု ပိုယူရဲရင်တော့ ငါ့ကိုအဆိုးမဆိုနဲ့"

ကျန်းတာ့ကျစ်၏ အမူအရာ တုံ့ဆိုင်းသွားပြီး မျက်နှာပေါ်တွင် ဆိုးရွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

တကယ်ကြီး သူတို့ကို တပ်ဆုတ်ခိုင်းရဲတာလား။

အရင်တုန်းကဆိုလျှင် သူက ဤနိုင်ကွက်ကို ထုတ်ပြလိုက်သည်နှင့် ကျောက်ခိုင်ဖြစ်စေ၊ လီချင်းဟွာဖြစ်စေ အားလုံးက လိမ္မာရေးခြားရှိစွာ နောက်ဆုတ်ပေးရပြီး ဟင့်အင်း ဆိုသည့် စကားတစ်ခွန်းပင် မပြောရဲကြပေ။

ဒီတစ်ကြိမ်တော့ ဒီလူတွေ ရူးသွားကြတာလား။

တကယ်ကြီး သူတို့ကို တပ်ဆုတ်ခိုင်းနေတာလား။

သောက်ကျိုးနည်း... ဟို လင်း ဆိုတဲ့လူ ပြန်ရောက်လာလို့လား။

သူတို့က လင်း ဆိုတဲ့လူ တစ်ယောက်တည်းနဲ့တင် ဘာသာရေးဂိုဏ်းကြီး သုံးခုရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို တားဆီးနိုင်မယ်လို့များ ထင်နေကြတာလား။

ကျန်းတာ့ကျစ်သည် သတ္တိပြကာ တကယ်တမ်း ဆုတ်ခွာသွားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် စစ်တပ်မှ အထက်လူကြီးများက သူ့ကို ထိုက်ယန်တောင်သို့ လွှတ်လိုက်ခြင်းမှာ တကယ်တမ်း ကူညီပေးရန် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။

အကယ်၍ သူသာ ဤသို့ အရှက်တကွဲဖြင့် ပြန်သွားရပါက အပြန်တွင် ကောင်းကျိုး ခံစားရမည် မဟုတ်ကြောင်း သေချာလှသည်။

ကျန်းတာ့ကျစ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ကျောက်ခိုင်... မင်းက အသက်ငယ်သေးလို့ မင်းနဲ့ ငါ အပြိုင်မလုပ်ချင်ဘူး... လီချင်းဟွာကို သွားခေါ်ခဲ့... ငါ သူ့ကို ပြောစရာရှိတယ်"

"အစတုန်းက ငါတို့ကို လာခေါ်တာက သူပဲ... အခု ငါတို့ကို ထွက်သွားစေချင်ရင်လည်း သူကိုယ်တိုင် ထွက်လာပြီး ပြောရမယ်... မင်းက... ငါနဲ့ စကားပြောဖို့ အရည်အချင်း မမီသေးဘူး"

ကျောက်ခိုင် နှုတ်ခမ်းမဲ့လိုက်ပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ဟက်ဟက်... အားတော့နာပါတယ်... ငါက အဲဒီ အရည်အချင်း တကယ် ရှိနေတယ်ကွ"

"ထိုက်ယန်တောင်ရဲ့ အစစ်အမှန် သခင်က ပြန်ရောက်နေပြီ... အရည်အချင်း ရှိ၊ မရှိ ဆိုတာကို သူက ဆုံးဖြတ်မှာ... မင်း မဟုတ်ဘူး"

"ငါ နောက်တစ်ခေါက် ထပ်ပြောမယ်... မင်းတို့ ဆက်နေချင်တယ်၊ ငါတို့အတွက် တံခါးစောင့်ပေးချင်တယ် ဆိုရင်တော့ ရတယ်... ဥပဒေချိုးဖောက်ထားတဲ့ စစ်သားဆိုးတွေ အကုန်လုံးကို ထုတ်ပေးရမယ်"

"တကယ်လို့ ထုတ်မပေးဘူးဆိုရင် ငါတို့ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးမှာပဲ... အဲဒီအချိန်ကျလို့ ချကြပြီဆိုရင်တော့ ကြည့်ရဆိုးသွားလိမ့်မယ်"

"ငါတို့ ထိုက်ယန်တောင်က စစ်တပ်ကို မျက်နှာမထောက်ဘူးလို့တော့ လုံးဝ လာမပြောနဲ့"

"မင်း..." ကျန်းတာ့ကျစ် ချက်ချင်း ဒေါသထွက်သွားပြီး ရင်ထဲတွင် အလုံးကြီးတစ်လုံး ဆို့တက်သွားသလို ခံစားလိုက်ရသည်။

ကောလန်ကန်းမှာ စောစောကတည်းက သည်းမခံနိုင်တော့ဘဲ ကျိန်ဆဲလိုက်သည်။ "ခွေးမသား... ကျောက်ခိုင်... မင်းက ဘာကောင်မို့လို့ ငါတို့ကို ဒီလို လာပြောရဲတာလဲ"

"စစ်တပ်ထဲမှာသာဆိုရင် မင်းကို သေတဲ့အထိ ပညာပေးလိုက်လို့ရတယ် ဆိုတာ မင်း ယုံလား"

ကျောက်ခိုင်က အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "မကျေနပ်ဘူးလား... လာလေ... ချကြည့်ကြတာပေါ့"

"သောက်ကျိုးနည်း... အစ်ကိုကျန်း... ခင်ဗျား ကြားတယ်မလား... ဒီခွေးကောင်က သူ့ဘာသာ လာအထိုးခံနေတာ... ကျုပ်ကိုတော့ လာအပြစ်မတင်နဲ့"

"ဝှစ်"

နောက်တစ်ခဏတွင် ကောလန်ကန်းက တရှိန်ထိုး ခုန်ထွက်သွားလေသည်။

လေထဲတွင် စိတ်စွမ်းအင်ဖြင့် ပျံသန်းနေရင်း သူ၏ ကိုယ်ပေါ်ရှိ ခြုံလွှာကို အားကုန် လွှဲယမ်းလိုက်သည်။

"ရွှပ်... ရွှပ်... ရွှပ်"

များပြားလှသော ဓားမြှောင်များက ရူးသွပ်စွာ ပစ်ခတ်ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး ငွေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ လေခွင်းသံများပေးလျက် လည်ပတ်ကာ ရူးသွပ်စွာ ခုတ်ပိုင်းဝင်ရောက်သွားတော့သည်။

ဤကောင်းကင်ယံရှိ ငွေရောင်ဓားအလင်းတန်းများကြားတွင် များပြားလှသော စိတ်စွမ်းအင် ခုတ်ပိုင်းမှုများလည်း ရောနှော ပါဝင်နေသေးသည်။

အစစ်အမှန်နှင့် စိတ်ကူးယဉ် ရောယှက်နေသဖြင့် ခန့်မှန်းရ ခက်ခဲလှသည်ဟု ဆိုရပေမည်။

ကောလန်ကန်းက လက်စွမ်းပြလိုက်သည်နှင့် အစွမ်းကုန် အသုံးပြုလိုက်ခြင်းပင်။

ရေခဲတံတိုင်းပေါ်တွင် ရပ်နေသော ကျောက်ခိုင်သည် ဤမြင်ကွင်းကို မြင်သောအခါ အေးစက်စက် တစ်ချက်သာ ရယ်မောလိုက်သည်။

"ကလေးကလား အကွက်တွေ... ဓားမြှောင်ပစ်တာလား... ငါလည်း တတ်တာပေါ့"

သူက လက်တစ်ချက်ကို အားကုန် ဝှေ့ယမ်းလိုက်ရာ "ရွှပ်... ရွှပ်... ရွှပ်"

ပတ်ဝန်းကျင်ရှိ ရေခဲချွန်များက ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံအနှံ့ အဖြူရောင် အရိပ်များအဖြစ် ပြောင်းလဲကာ လေခွင်းသံများပေးလျက် တရှိန်ထိုး ပြေးဝင်သွားကြသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ကြီးမားလှသော လိပ်ခွံပုံစံ ရေခဲချပ်ဝတ်တန်ဆာတစ်ခု ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို အင်အားကြီးမားသော အကာအကွယ်ဖြင့် ကာကွယ်ပေးလိုက်သည်။

"သုညဒီဂရီ ချပ်ဝတ်"

ဤအချိန်တွင် သုညဒီဂရီ ချပ်ဝတ်မှာ ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်နေပြီ ဖြစ်ရာ သူ့ခန္ဓာကိုယ်ကိုသာ ဖုံးလွှမ်းထားခြင်း မဟုတ်တော့ဘဲ အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ကြီးမားလာနိုင်ပြီး သတ်မှတ်ထားသော နယ်ပယ်တစ်ခုကို ဖုံးလွှမ်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

"ချွင်... ချွင်... ချွင်"

ပြင်းထန်သော ငွေရောင် ဓားအလင်းတန်းများနှင့် ရေခဲဓားများ ထိခိုက်မိပြီး မိုးကြိုးပစ်သကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ရေခဲစများ ပေါက်ကွဲထွက်သွားပြီး ငွေရောင် ဓားသွားများလည်း ကွဲအက်သွားလေသည်။

တစ်ချိန်တည်းမှာပင် စိတ်စွမ်းအင် ခုတ်ပိုင်းမှုများက ကျောက်ခိုင်၏ ခန္ဓာကိုယ် ပတ်လည်ရှိ ရေခဲပြာရောင် လိပ်ခွံဆီသို့ လျင်မြန်စွာ ကျဆင်းလာသည်။

"ဒိုင်း... ဒိုင်း... ဒိုင်း"

ရေခဲပြာရောင် လိပ်ခွံကြီးထံမှ တုန်ခါသံများ ထွက်ပေါ်လာပြီး ဤစိတ်စွမ်းအင် ခုတ်ပိုင်းမှုများကို တိုက်ရိုက်ပင် ကာကွယ်တားဆီးနိုင်ခဲ့လေသည်။

"ဒါက ဘယ်လို ချပ်ဝတ်မျိုးလဲ... ငါ့ရဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုကိုတောင် ကာကွယ်နိုင်တယ်ပေါ့" ကောလန်ကန်း တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားတော့သည်။

ဆက်ရန်...

အပိုင်း (၅၆၀) စစ်တပ်ကို နောက်ဆုတ်စေခြင်း

ကျောက်ခိုင်၏ အစွမ်းများ မြင့်တက်လာမှုက အလွန်မြန်ဆန်လှပြီး အာ့ခ်စ် အသူရာရေခဲလိပ် မျိုးရိုးဗီဇမျိုးစေ့အဆင့်ကလည်း စွမ်းရည်အသစ်တစ်ခုကို ဆင့်ကဲပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

ဤသုညဒီဂရီ ဝတ်စုံက စိတ်စွမ်းအင် တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်သည့် အဆင့်အထိ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း ဖြစ်၏။

သို့သော် ကောလန်ကန်းကလည်း မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ သူ့တွင် သေချာပေါက် ဝှက်ဖဲများ ရှိနေသေးသည်။

သူက အနည်းငယ်မျှ ပြာယာခတ်သွားခြင်း မရှိဘဲ မျက်လုံးများအတွင်းမှ စူးရှသော အလင်းရောင်တစ်ခု ရုတ်တရက် လက်သွားသည်ကို တွေ့လိုက်ရ၏။

သူ၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် ထိုငွေရောင်ဓားသွားများက ငွေရောင်ရေစီးကြောင်းကြီးတစ်ခုအဖြစ် အလွန်လျင်မြန်စွာ စုစည်းသွားပြီးနောက် ကျောက်ခိုင်၏ သုညဒီဂရီ ဝတ်စုံပေါ်ရှိ နေရာတစ်ခုတည်းကိုသာ ရူးသွပ်စွာ စုပြုံတိုက်ခိုက်တော့သည်။

"ဝုန်း"

ပြင်းထန်သော ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

ကျောက်ခိုင်က မျက်လုံးများကို ချက်ချင်း မှေးကျဉ်းလိုက်ပြီး စိတ်ထဲမှ တစ်ချက် တွေးလိုက်သည်။

ထိုခဏမှာပင် လိပ်ခွံစွမ်းအင်အကာအကွယ်က လျင်မြန်စွာ လည်ပတ်သွားပြီး အဆက်မပြတ် တိုက်ခိုက်ခံနေရသော နေရာကို လွှဲဖယ်လိုက်သည်။

သို့သော် ဤခြေလှမ်းက အနည်းငယ် နောက်ကျသွားပုံရကာ ငွေရောင်ရေစီးကြောင်းက သုညဒီဂရီ ဝတ်စုံကို အနည်းငယ် ဖောက်ထွင်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့နောက် စိတ်စွမ်းအင် အမျှင်တန်းတစ်ခုက ထိုအက်ကွဲကြောင်းအတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်သွားလေ၏။

ခေါင်းဆောင်စံအိမ်၏ အပေါ်ဆုံးထပ် ပြတင်းပေါက်တွင် ရပ်နေကြသော လင်းယွမ်နှင့် တင်းယန်တို့က ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြသည်။

တင်းယန် မျက်နှာပျက်သွားပြီး "ဒုက္ခပဲ... ကျောက်ခိုင် အန္တရာယ်ရှိနေပြီ" ဟု ပြောလိုက်သည်။

ထိုသို့ပြောရင်း သူမက အောက်သို့ ပြေးဆင်းသွားရန် အလိုအလျောက် ပြင်လိုက်မိ၏။

သို့သော် လင်းယွမ်က သူမ၏ ခါးသိမ်သိမ်လေးကို လှမ်းဖက်လိုက်ပြီး "ကျောက်ခိုင့်ကို အထင်မသေးပါနဲ့... သူ့အစွမ်းတွေက အများကြီး တိုးတက်နေပြီ... စောင့်ကြည့်နေလိုက်ပါ" ဟု ပြုံးလျက် ပြောလိုက်သည်။

အက်ကွဲကြောင်း ပွင့်ဟသွားသည်နှင့် ကောလန်ကန်း၏ စိတ်စွမ်းအင်များ စိမ့်ဝင်လာပြီး နောက်တစ်ခဏတွင် သူက "သေလိုက်စမ်း" ဟု ခက်ထန်စွာ ရယ်မောလိုက်လေသည်။

ထိုစိတ်စွမ်းအင် အမျှင်တန်းက ရုတ်တရက် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကျောက်ခိုင်ကို စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်း မဟုတ်ဘဲ မီးခိုးငွေ့များအလား ရှေ့ရှိ ကျောက်ခိုင်ထံသို့ ရစ်ပတ်သွားလေသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် ကောလန်ကန်း၏ စိတ်စွမ်းအင်များက ကျောက်ခိုင်၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်တက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုသို့ ထိတွေ့လိုက်ရသည်နှင့် ကောလန်ကန်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။

"တစ်ခုခုတော့ မှားနေပြီ"

သူ၏ စိတ်စွမ်းအင်များက ကျောက်ခိုင် ကို ထိတွေ့လိုက်ရချိန်တွင် အရိုးထဲထိ စိမ့်ဝင်သွားလောက်အောင် အေးစက်လှသော ခံစားချက်ကိုသာ ရရှိလိုက်ပြီး အသက်ရှင်နေသော လူတစ်ယောက်နှင့် လုံးဝ မတူညီပေ။

နောက်တစ်ခဏတွင် အောက်ဘက် မြေပြင်ဆီမှ ကြောက်မက်ဖွယ်ကောင်းသော ရေခဲလှိုင်းလုံးကြီးတစ်ခု ရစ်ပတ်တိုက်ခတ်လာသည်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျန်းတာ့ကျစ်က "အစ်ကိုကန်း... သတိထား အောက်မှာ" ဟု အကျယ်ကြီး အော်ဟစ်သတိပေးလိုက်သည်။

ကောလန်ကန်းမှာ အများကြီး စဉ်းစားနေချိန် မရလိုက်ဘဲ လေထဲတွင် ခြေစုံကန်ကာ ဘေးဘက်သို့ အသည်းအသန် ရှောင်တိမ်းလိုက်ရသည်။

"ရွှပ်"

ရေခဲများဖြင့် ဖွဲ့စည်းထားသော ဓားသန်လျက်တစ်ခုက သူ၏ ဘယ်ဘက်ခြေထောက်ကို ဖြတ်ခုတ်သွားလေသည်။

ခဏချင်းမှာပင် သူ၏ ဘယ်ဘက်ခြေထောက်တွင် ပြတ်ရှဒဏ်ရာတစ်ခု ဖြစ်ပေါ်သွား၏။

ထိုဒဏ်ရာမှ သွေးများ စီးကျမလာဘဲ အရိုးကွဲမတတ် အေးစက်လှသော အအေးဓာတ်က ရုတ်တရက် အထက်သို့ စိမ့်တက်လာကာ သူ၏ ခန္ဓာကိုယ်တစ်ခြမ်းလုံးကို ထုံကျင်သွားစေသည်။

"ဘယ်လိုဖြစ်တာလဲ... ဘယ်တုန်းကလဲ"

ကောလန်ကန်း၏ ရင်ထဲတွင် ထိတ်လန့်ဒေါသထွက်သွားပြီး လုံးဝ မယုံကြည်နိုင်ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ နောက်ဆုတ်သွားပြီး ခန္ဓာကိုယ်တစ်ခြမ်း ထုံကျင်နေသည့် အခြေအနေတွင် စိတ်စွမ်းအင်ကိုသာ အားပြု၍ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ကျောက်ခိုင်၏ အဆက်မပြတ် လိုက်လံတိုက်ခိုက်မှုများကို အတင်းအဓမ္မ ရှောင်တိမ်းနေရသည်။

ကံကောင်းသည်မှာ ထိုအချိန်တွင် ကျန်းတာ့ကျစ်ကလည်း လျင်မြန်စွာ လိုက်ပါလာပြီး ကျောက်ခိုင်ထံသို့ လက်သီးတစ်ချက် ထိုးချလိုက်ခြင်းပင်။

သူ၏ လက်သီးပေါ်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး "ဝုန်း" ဟူသော အသံနှင့်အတူ လေဆာအမြောက်ကြီးတစ်ခုအလား ကျောက်ခိုင်ထံသို့ ရူးသွပ်စွာ ပစ်လွှတ်လိုက်သည်။

လျင်မြန်စွာ ရွေ့လျားနေသော ကျောက်ခိုင်၏ ခန္ဓာကိုယ်က ချက်ချင်း ရပ်တန့်သွားပြီး မျက်မှောင် အနည်းငယ် ကြုတ်ကာ လှည့်၍ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ပတ်ဝန်းကျင်တွင် ရေခဲတုံး အမြောက်အမြား ပေါ်လာပြီး ရေခဲဒိုင်းကာတစ်ခုအဖြစ် ဖွဲ့စည်းသွား၏။

"ဒိုင်း"

စွမ်းအင်ရောင်ခြည်တန်းနှင့် ရေခဲဒိုင်းကာတို့ ပြင်းထန်စွာ ဝင်တိုက်မိပြီး ပေါက်ကွဲထွက်သွားလေသည်။

ကျောက်ခိုင်၏ ခန္ဓာကိုယ်က အမြန် နောက်ဆုတ်သွားပြီး တစ်ချက် ခုန်ပျံကာ ရေခဲတံတိုင်းပေါ်သို့ ပြန်ရောက်သွားသည်။

သူ၏ ဘေးနားရှိ မူလ သုညဒီဂရီ ဝတ်စုံက ပြန့်ကျဲသွားပြီး အတွင်းမှ ရေခဲရုပ်တုတစ်ခု ပေါ်ထွက်လာ၏။

ထိုရေခဲရုပ်တု၏ ပုံစံက သူ၏ ကိုယ်ပိုင်ပုံစံနှင့် တစ်ပုံစံတည်းပင် ဖြစ်နေသည်။

တကယ်တော့ သူ အစောပိုင်းကတည်းက မိမိနေရာတွင် အစားထိုးရန် ရေခဲရုပ်တုတစ်ခုကို ဖန်တီးခဲ့ပြီး ကောလန်ကန်း၏ အာရုံကို ဆွဲဆောင်ရန် ကိုယ်ပွားအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။

သူကိုယ်တိုင်ကမူ အသံတိတ် ထွက်ပြေးသွားပြီး ကောလန်ကန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

အကယ်၍ ကျန်းတာ့ကျစ်သာ ဝင်ရောက် တားဆီးခြင်း မပြုခဲ့ပါက ကောလန်ကန်း သေချာပေါက် ဒဏ်ရာအပြင်းအထန်ရသွားမည် ဖြစ်သည်။

သို့တိုင်အောင် သူက ကောလန်ကန်းကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီး သူ၏ ရေခဲဒဏ်ရာက အလွယ်တကူ ဖယ်ရှားနိုင်သည့် အရာမျိုး မဟုတ်ပေ။

ရေခဲတံတိုင်းပေါ်သို့ ပြန်ရောက်သောအခါ ကျောက်ခိုင်က အေးစက်စက် ပြုံးလိုက်ပြီး "နှစ်ယောက် တစ်ယောက်လား... ကျန်းတာ့ကျစ်... ကောလန်ကန်း... မင်းတို့ နှစ်ယောက်လုံး တူတူလာခဲ့ကြစမ်း... ငါ ကျောက်ခိုင်က မင်းတို့ကို ကြောက်မကြောက် ကြည့်ရသေးတာပေါ့" ဟု ပြောလိုက်သည်။

ကျန်းတာ့ကျစ်က မျက်မှောင် တင်းတင်းကြုတ်လိုက်ပြီး မလှမ်းမကမ်းရှိ ကောလန်ကန်းကို အရင်ကြည့်လိုက်ကာ ရင်ထဲတွင် တိတ်တဆိတ် တုန်လှုပ်သွား၏။

ဤကျောက်ခိုင်၏ အဓိက အရည်အသွေးက ၇၄ မှတ်သာ ရှိသော်လည်း သူ၏ တကယ့် တိုက်ခိုက်ရေးစွမ်းရည်က သာမန် ၇၄ မှတ်ရှိ အစွမ်းပိုင်ရှင်များကို သိသိသာသာ ကျော်လွန်နေပြီ ဖြစ်သည်။

၎င်းက အဓိက အရည်အသွေး မည်မျှရှိသည်နှင့် မသက်ဆိုင်ဘဲ တိုက်ခိုက်ရေး ပါရမီနှင့်သာ သက်ဆိုင်လေသည်။

ကျန်းတာ့ကျစ်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး "ကျောက်ခိုင်... ဒီနေ့ကိစ္စကို တပ်ရင်းမှူး တင်း တို့ဆီ ငါ အမှန်အတိုင်း တင်ပြလိုက်မယ်... အဲဒီအချိန်ကျရင် မင်းတို့တွေ စောင့်သာကြည့်နေကြ" ဟု လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက လှည့်ကာ ကောလန်ကန်းကို တွဲလိုက်ပြီး တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ စစ်ဝတ်စုံဝတ် စစ်သားများအားလုံးကို "ဆုတ်မယ်" ဟု အော်ဟစ် အမိန့်ပေးလိုက်သည်။

အောက်ဘက်ရှိ စစ်သားများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် တပ်ခွဲမှူးနှစ်ယောက် နောက်မှ တိတ်ဆိတ်စွာ လိုက်ပါကာ မီးဝါးတောထဲမှ ထွက်ခွာသွားကြသည်။

ထိုက်ယန်တောင် အဆောက်အအုံဘက်ရှိ ထိုက်ယန်တောင်မှ လူများအားလုံးက ချက်ချင်းပင် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြ၏။

"ဟားဟား... ကျေနပ်စရာကြီးကွာ"

"ခေါင်းဆောင်ကျောက် က ပြိုင်ဘက်ကင်းပဲ"

"ခေါင်းဆောင်ကျောက် က အရမ်းတော်တာပဲ... စစ်တပ်က မျိုးရိုးဗီဇမျိုးစေ့အဆင့်ပိုင်ရှင် ခေါင်းဆောင်နှစ်ယောက် ပူးပေါင်းတာတောင် ခေါင်းဆောင်ကျောက် ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

"အရင်တုန်းက ခေါင်းဆောင်ကျောက် က လုံးဝ ဝင်မပါတော့... တစ်ဖက်လူကို ကြောက်နေတယ်လို့ ထင်နေတာ... တကယ်တော့ ငါ အထင်လွဲနေခဲ့တာပဲ... ခေါင်းဆောင်ကျောက် က ဒီလောက်တောင် စွမ်းတာကိုး"

"ခေါင်းဆောင်ကျောက် က တကယ်တော့ အများအကျိုးအတွက် အမြဲတမ်း သည်းခံနေခဲ့တာ"

"ယောက်ျားကောင်းဆိုတာ အခြေအနေအရ ကွေးနိုင်ဆန့်နိုင်မှ သူရဲကောင်း အစစ်လို့ ခေါ်တာကွ... ဒါကြောင့်လည်း ခေါင်းဆောင်ကျောက် ကို ဆရာလင်း က ဒီလောက်တောင် အလေးထားတာကိုး"

"..."

လူအားလုံးက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး အဆက်မပြတ် အံ့သြချီးကျူးနေကြသည်။

ကျောက်ခိုင်က ဝေးကွာသွားသော စစ်တပ်မှ လူများကို စိုက်ကြည့်ရင်း အေးစက်စက် ပြုံးလိုက်သည်။ ထို့နောက် အကြည့်ကို ရုပ်သိမ်းကာ ခေါင်းဆောင်စံအိမ်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်လာ၏။

"ဝှစ်"

သူ၏ ခန္ဓာကိုယ်က တစ်ချက် လက်သွားပြီး ခေါင်းဆောင်စံအိမ်သို့ လျင်မြန်စွာ ထွက်ခွာသွားသည်။

ခေါင်းဆောင်စံအိမ်၏ (၄) လွှာတွင် လင်းယွမ်က ပြုံးကာ "သွားရအောင်... အောက်ဆင်းပြီး ကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။

တင်းယန်က "ကျောက်ခိုင် ရဲ့ တိုးတက် နှုန်းက တကယ်မြန်တာပဲ... အခုချိန်မှာ ဒီလောက်တောင် အစွမ်းထက်နေလိမ့်မယ်လို့ မထင်ထားမိဘူး" ဟု သက်ပြင်းချရင်း ပြောလိုက်သည်။

အစပိုင်းတုန်းက ကျောက်ခိုင် လက်တစ်ဖက် ပြတ်သွားချိန်တွင် သူမကိုယ်တိုင် နေ့စဉ် တံခါးဝ၌ နေကာ (၃၂) လွှာ စင်္ကြံလမ်းကို သူနှင့်အတူ ဝိုင်းစောင့်ပေးခဲ့ရသည်ကို သူမ မှတ်မိနေဆဲပင်။

ယခုအခါ ကျောက်ခိုင်က ထိုက်ယန်တောင် ၏ အဓိက မဏ္ဍိုင်ကြီး တစ်ခုအဖြစ် ကြီးထွားလာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ထိုအကြောင်း တွေးမိသောအခါ သူမ၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်လာမိပြီး သူမ၏ ကိုယ်ပိုင် လေ့ကျင့်မှု တိုးတက်နှုန်းက အလွန် နှေးကွေးနေသည်ဟု ခံစားလိုက်ရသည်။

လင်းယွမ်က သူမ၏ အတွေးများကို ခံစားမိသွားပုံရပြီး "နောက်ကျရင် ကိုယ် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သွေးသလင်းကျောက်တွေ... ဒါမှမဟုတ် မိစ္ဆာကောင်တွေရဲ့ သွေးဆီအနှစ်တွေကို ပိုရှာဖို့ နည်းလမ်းရှာကြည့်ပါ့မယ်... နင် လေ့ကျင့်ဖို့အတွက် ပိုပြီး သန့်စင်တဲ့ စွမ်းအင်တွေ ထုတ်ယူနိုင်ဖို့ နည်းလမ်းရှာပေးမယ်" ဟု ပြုံးလျက် ပြောလိုက်သည်။

"အဲဒီအချိန်ကျရင် နင့်ရဲ့ လေ့ကျင့်နှုန်းကလည်း အလျင်အမြန် တိုးတက်လာမှာပါ"

တင်းယန်က ထိုစကားကို ကြားသောအခါ ချက်ချင်း ပြုံးသွားပြီး "ဒီလောက် အလုပ်ရှုပ်ခံစရာ မလိုပါဘူး... ကျွန်မဘာသာ လေ့ကျင့်နိုင်ပါတယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ ယခုအခါ သူ၏ အစွမ်းများက ၁၀၀ မှတ် အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပြီး အရိပ်နဂါး ရေပေါ်ကျွန်းကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

အနာဂတ်တွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သွေးသလင်းကျောက် အချို့ကို လဲလှယ်ရယူရန် ခက်ခဲမည် မဟုတ်ပေ။

အခြားလူများကို သူ ဂရုမစိုက်လျှင် ရသော်လည်း သူ၏ အမျိုးသမီးများကိုမူ သေချာပေါက် ဦးစားပေး ပျိုးထောင်ပေးရမည် ဖြစ်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အောက်ထပ်သို့ ရောက်ရှိသွားကြသည်။

ကျောက်ခိုင်ကလည်း ခြေတစ်လှမ်း အရင် ရောက်နှင့်နေပြီ ဖြစ်၏။

လင်းယွမ်ကို မြင်သောအခါ ကျောက်ခိုင်၏ အေးစက်နေသော မျက်နှာပေါ်တွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"အစ်ကိုလင်း"

လင်းယွမ်က ပြုံးလိုက်ပြီး သူ့ရှေ့သို့ လျှောက်သွားကာ သူ၏ ရေခဲပြာရောင် ချပ်ဝတ်ကို အထက်အောက် အကဲခတ်လိုက်ပြီး "မဆိုးဘူးပဲ... အခုဆို ခေါင်းဆောင်အဆင့် လူတစ်ယောက်နဲ့ တူနေပြီ" ဟု ရယ်မောလျက် ပြောလိုက်သည်။

ကျောက်ခိုင်က ချက်ချင်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး "မဟုတ်တာ... မဟုတ်ပါဘူး... ကျွန်တော်က အစ်ကို့ စကားကို နားထောင်ပြီး ခုတလော သွေးသလင်းကျောက်တွေကို ကြိုးစားသန့်စင်ပြီး အစွမ်းတွေ မြှင့်တင်နေခဲ့တာပါ" ဟု ပြန်ပြောသည်။

ထိုသို့ပြောပြီးနောက် သူက စိတ်လှုပ်ရှားစွာဖြင့် "အစ်ကိုလင်း... အခု ကျွန်တော့်ရဲ့ အဓိက အရည်အသွေးက ၇၄ မှတ် အထိကို ကျော်လွန်သွားပြီဗျ" ဟု ဆက်ပြောသည်။

လင်းယွမ်က ပြုံးလျက် "တော်တယ်... မင်းမှာ ပါရမီရှိတယ်လို့ ငါ ပြောခဲ့သားပဲ... အရင်တုန်းက အဲဒီ သန္ဓေပြောင်းအသီးကို မင်းကို ပေးခဲ့တာ မှန်သွားတာပေါ့" ဟု ပြောလိုက်သည်။

ထိုအကြောင်းကို ပြောလိုက်သောအခါ ကျောက်ခိုင်၏ အပြုံးများက ပို၍ တောက်ပသွားသည်။

အစ်ကိုလင်း၏ ကျေးဇူးများကို သူ အမြဲတမ်း မှတ်သားထားခဲ့သည်။

အစပိုင်းတုန်းက အစွမ်းများ နိုးထလာခြင်းက မည်မျှ အန္တရာယ်များသည့် ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သနည်း။

သူ၏ လက်တစ်ဖက် ပြတ်သွားခဲ့ပြီး ထိုစဉ်က အခြေအနေအရ သာမန် အဖွဲ့တစ်ဖွဲ့သာ ဆိုပါက သူ့ကို အဖွဲ့ထဲမှ မောင်းထုတ်သွားလောက်ပြီ ဖြစ်သည်။

သို့သော် အစ်ကိုလင်းက ထိုသို့ မလုပ်ခဲ့ပေ။ သူ့ကို အဖွဲ့ထဲတွင် ဆက်လက် နေခွင့်ပြုခဲ့ရုံသာမက သူ့အတွက် သန္ဓေပြောင်းအသီး တစ်လုံးကိုပင် ရှာဖွေပေးခဲ့သေးသည်။

ထို သန္ဓေပြောင်းအသီးကြောင့်သာလျှင် ယနေ့ သူ ဖြစ်တည်လာခဲ့ခြင်း ဖြစ်၏။

လင်းယွမ်၏ မိန်းမများမှလွဲ၍ ထိုက်ယန်တောင် ရှိ လူအားလုံးထဲတွင် လင်းယွမ်အပေါ် အသစ္စာအရှိဆုံးသူမှာ ကျောက်ခိုင် ပင် ဖြစ်သည်ဟု ဆိုနိုင်လေသည်။

သူတို့နှစ်ဦး ထိုင်ချလိုက်ကြပြီး လွန်ခဲ့သော တစ်လကျော်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို အပြန်အလှန် စကားစမြည် ပြောဆိုလိုက်ကြသည်။

လင်းယွမ်က အမှောင်ဓာတ် အမျိုးအစား ရေပေါ်ကျွန်း နောက်တစ်ကျွန်းကို သန့်စင်နိုင်ခဲ့ကြောင်း သိလိုက်ရသောအခါ ကျောက်ခိုင်မှာ ချက်ချင်းပင် အလွန် စိတ်လှုပ်ရှားသွားလေသည်။

"အရိပ်နဂါး ရေပေါ်ကျွန်း... အမှောင်ဓာတ် အမျိုးအစား ရေပေါ်ကျွန်းတစ်ခု... အစ်ကိုလင်း... ဒါဆို ကျွန်တော်တို့ရဲ့ နယ်မြေက ထပ်ကျယ်သွားပြန်ပြီပေါ့"

"ပြီးတော့ အမှောင်ဓာတ်က ဝူယင် ကို မျိုးရိုးဗီဇမျိုးစေ့အဆင့် တက်ဖို့အတွက် လုံးဝသင့်တော်တာပဲ"

"ဒါ့အပြင် ကျွန်တော်တို့ ထိုက်ယန်တောင် မှာ ဒီတစ်လကျော်အတွင်း ထူးချွန်တဲ့သူ အများကြီး ထပ်ရှာတွေ့ခဲ့သေးတယ်... အဲဒီအထဲမှာ အမှောင်ဓာတ်ပိုင်ရှင် နှစ်ယောက် သုံးယောက် ပါတယ်"

"အခု အဲဒီလူတွေကို ဝူယင် က သူ့လက်အောက်ကို ခေါ်သွင်းလိုက်ပြီး သူတို့ရဲ့ စုံစမ်းစစ်ဆေးရေးဌာနထဲ ဝင်သွားကြပြီ"

လင်းယွမ်က ပြုံးလျက် "နောက်ကျရင် ဝူယင် ကို ငါ့ဆီ လွှတ်လိုက်ပါ... သူကလည်း ငါတို့နဲ့ အစောဆုံး လိုက်လာတဲ့သူတွေထဲက တစ်ယောက်ဆိုတော့ သူ့ကိုလည်း မျိုးရိုးဗီဇမျိုးစေ့အဆင့် တက်ခွင့်ပေးသင့်နေပါပြီ" ဟု ပြောလိုက်သည်။

ကျောက်ခိုင်က ရယ်မောရင်း "ဒီသတင်းကိုသာ သူ သိလိုက်ရရင် စိတ်လှုပ်ရှားလွန်းလို့ အိပ်တောင် ပျော်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

"စစ်တပ်ကိစ္စ ပြောပြပါဦး" လင်းယွမ်က ပြုံးလိုက်ပြီး စစ်တပ်၏ ကိစ္စရပ်များကို စတင် မေးမြန်းလိုက်သည်။

စစ်တပ်ကို ထိုက်ယန်တောင် သို့ မည်သို့ ဖိတ်ခေါ်ခဲ့ရကြောင်းနှင့် စစ်တပ်က ထိုက်ယန်တောင် သို့ ဝင်ရောက်လာပြီးနောက် တဖြည်းဖြည်း ပေါ်လွင်လာသော သူတို့၏ လောဘရမ္မက်များကိုပါ ကျောက်ခိုင်က တစ်ခုချင်း ရှင်းပြလိုက်သည်။

သူ သိထားသော သတင်းအချက်အလက်များက ထူလုံ၊ တင်းယန်တို့ သိထားသည်ထက် ပို၍ အသေးစိတ်ကျလေသည်။

လင်းယွမ်အနေဖြင့် ထူလုံနှင့် တင်းယန်တို့ထံမှ သက်ဆိုင်ရာ သတင်းအချက်အလက်များကို ရရှိထားပြီး ဖြစ်သော်ငြားလည်း။

သို့သော် စစ်တပ်မှ လူများက သတ္တုတွင်းများကို တိတ်တဆိတ် တည်ဆောက်ကာ ထိုက်ယန်တောင် ၏ တွင်းထွက်အရင်းအမြစ်များကို ခိုးယူနေကြသည်ဟူသော ကိစ္စရပ်များကို သူ သိလိုက်ရချိန်တွင် သူ၏ မျက်နှာက ချက်ချင်း မှောင်မိုက်သွားရသည်။

ကျောက်ခိုင်က "အစ်ကိုလင်း... ကျန်းဖန် ကျွန်တော့်ကို လာရှာတုန်းက အစ်ကိုက ဒီကိစ္စကို ပြဿနာ ကြီးသွားအောင် လုပ်ချင်နေတယ်ဆို" ဟု မေးလိုက်သည်။

"အစ်ကိုက သူတို့ကို မောင်းထုတ်တော့မလို့လား"

ကျောက်ခိုင်က အရင်တုန်းကလို အတွေ့အကြုံမရှိသူ တစ်ယောက် မဟုတ်တော့ပေ။ ရာထူးမြင့်မြင့်တွင် နေရသဖြင့် ခေါင်းဆောင်တစ်ဦး၏ ရှုထောင့်မှနေ၍ ပြဿနာများကို စဉ်းစားတတ်လာခဲ့ပြီ ဖြစ်သည်။

လင်းယွမ်၏ အမိန့်များထဲမှ လင်းယွမ်၏ ရည်ရွယ်ချက်ကို သူ ခန့်မှန်းမိသွားခြင်း ဖြစ်၏။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "စစ်တပ်ကလူတွေ လောဘကြီးတာကို ဘယ်သူမဆို မြင်နိုင်တာပဲ... သူတို့ကို ဘာလုပ်ဖို့ ဆက်ထားရဦးမှာလဲ" ဟု ပြောလိုက်သည်။

"အကြောင်းပြချက် တစ်ခုခုရှာပြီး သူတို့ကို မောင်းထုတ်လိုက်ရုံပဲ"

ကျောက်ခိုင်က ခဏတာ တုံ့ဆိုင်းသွားပြီး "ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် စစ်တပ်ကို ရန်စသလို ဖြစ်မသွားဘူးလား" ဟု မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ချက်ချင်း ရယ်မောလိုက်ပြီး "ရန်စမိတော့ရော ဘာဖြစ်လဲ"

"စစ်တပ်ရဲ့ နယ်မြေက ကွမ်ဖူ မှာလေ... သူတို့က ဒီအထိ လာတိုက်ရဲမှာ မို့လို့လား"

"သူတို့ဘာသာ ကွမ်ဖူ မှာတောင် ဂိုဏ်းကြီးသုံးဂိုဏ်း ကို မနှိမ်နင်းနိုင်တာ... အဝေးကြီးကနေ ထိုက်ယန်တောင် အထိလာပြီး ငါတို့ကို ရင်ဆိုင်ဖို့ သူတို့မှာ အစွမ်းအစရှိမယ်လို့ မင်းထင်နေတာလား"

ကျောက်ခိုင် ချက်ချင်း သဘောပေါက်သွားသည်။ အစ်ကိုလင်း ၏ ခွဲခြမ်းစိတ်ဖြာမှုက အလွန် ယုတ္တိတန်လှပေသည်။

လင်းယွမ်၏ ရင်ထဲတွင် မပြောရသေးသော စကားတစ်ခွန်း ရှိနေသေးသည်။ ၎င်းမှာ အကယ်၍ စစ်တပ်က တကယ် လာရဲခဲ့လျှင်ပင် စစ်တပ်တွင် မည်မျှ အစွမ်းရှိသည်ကို သူ တကယ် စမ်းသပ်ကြည့်ချင်သေးသည်ဟူ၍ပင်။

အရည်အသွေးအားလုံး ၁၀၀ မှတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သော သူသည် သူအစွမ်းကုန် ထုတ်သုံးရမည့် တိုက်ပွဲမျိုးကို မကြုံရသေးပေ။

"ဟားဟား... ဘာပဲဖြစ်ဖြစ် အစ်ကိုလင်း ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်တို့လည်း လုံးဝ စိတ်အေးသွားရပြီ"

"ဘာ ဂိုဏ်းကြီးသုံးဂိုဏ်း လဲ... ဘာ စစ်တပ်လဲ... အကုန်လုံးက အမှိုက်တွေချည်းပဲ"

ကျောက်ခိုင်၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းရောင်များ ထွက်ပေါ်လာပြီး "အစ်ကိုလင်း... စစ်တပ်ကလူတွေ ဆုတ်သွားတာနဲ့တပြိုင်နက် ဂိုဏ်းကြီးသုံးဂိုဏ်း ကလူတွေ အခွင့်ကောင်းယူပြီး ဝင်လာဖို့ နည်းလမ်းရှာလောက်တယ်" ဟု ပြောလိုက်သည်။

"ကျွန်တော်တို့ စောစောစီးစီး ပြင်ဆင်ထားမှ ရလိမ့်မယ်"

လင်းယွမ်၏ နှုတ်ခမ်းစွန်းများ တွန့်ကွေးသွားပြီး "သူတို့ကို လာခိုင်းလိုက်ပါ... အဟောင်းရော အသစ်ရော ရန်ကြွေးတွေ အကုန်လုံးကို တစ်ခါတည်း ရှင်းလို့ရတာပေါ့" ဟု ပြောလိုက်သည်။

"သူတို့ မလာရင်တောင် ကွမ်ဖူ ကို သွားပြီး ငါကိုယ်တိုင် သူတို့နဲ့ သွားတွေ့ဦးမှာ"

"ပြီးခဲ့တဲ့တစ်ခေါက် ထိုက်ယန်တောင် ကို ခိုးကြောင်ခိုးဝှက် လာတိုက်တဲ့ စာရင်းက မရှင်းရသေးဘူး... ဒီတစ်ခေါက် ထပ်လာရဲသေးရင်တော့ ဘယ်သူ့ကို လာစမ်းနေလဲဆိုတာ သူတို့ကို သိအောင် ပြရမှာပေါ့"

"မင်း အခု လူလွှတ်ပြီး ထိုက်ယန်တောင် ကို ပိတ်ဆို့ထားလိုက်... စစ်တပ်ကလူတွေ အကုန်လုံး ထွက်သွားမယ်ဆိုရင် သူတို့ရဲ့ အထုပ်အပိုးတွေကို စစ်ဆေးရမယ်"

"တကယ်လို့ ပြန်ပြီး ခုခံရဲရင် တစ်ခါထဲ ရှင်းပစ်လိုက်"

ဆက်ရန်...

နောက်တစ်အုပ်မှာ စစ်တပ်ရဲ့အကြံအစီက ဘာလဲ၊ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ဘယ်လိုပတ်သတ်လဲ၊ ဂိုဏ်းကြီးသုံးဂိုဏ်းက ဝိုင်းတိုက်တာကိုရော လင်းယွမ်တို့ရင်ဆိုင်နိုင်ပါ့မလား၊ စစ်တပ်ရဲ့ချိုးငှက်အဖွဲ့ရဲ့သဘောထားကရော၊ သိန်းငှက်အဖွဲ့က ဆိုးရွားတဲ့သူတွေဆိုပေမယ့် ချိုးငှက်အဖွဲ့ကရော တကယ်လူကောင်းတွေဟုတ်ပါ့မလား၊ ရေပြင်ကြီးခဲသွားပြီဆိုတော့ လင်းယွမ်ဘာတွေ ထပ်ကြုံရဦးမလဲ၊ လင်းယွမ်နောက်တစ်ဆင့်ကိုရော တက်သွားမလား စတာတွေကို နောက်တစ်အုပ်မှာ ဆက်ပြီးစောင့်မျှော်အားပေးကြပါဦးနော်။

All Chapters