← Chapters

အခန်း (၅၄၅-၅၄၆)

Vol. 28 Ch. 545-546

အခန်း (၅၄၅-၅၄၆)

Vol. 28 Ch. 545-546

အပိုင်း (၅၄၅) အလစ်အငိုက် တိုက်ခိုက်ခြင်းနှင့် ထွက်ပြေးခြင်း

"ဘာသာရေးဂိုဏ်းကြီး သုံးခုက လူတွေပဲ"

လင်းယွမ်က ရောက်လာသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။

သူ အစောဆုံး ရင်ဆိုင်ခဲ့ရသည့် ချိတ်ပိတ် သင်္ကေတ အသုံးပြုသော ပြိုင်ဘက်က ရေနတ်ဘုရားဂိုဏ်းမှ လူများပင် ဖြစ်သည်။

ချိတ်ပိတ် သင်္ကေတသည် ကွမ်ဖူဒေသဘက်တွင် ပြန့်နှံ့နေခဲ့ပြီ ဖြစ်သည်။

အင်အားစု အများအပြားက ဤသင်္ကေတ နည်းပညာကို အသုံးပြုနေကြပြီ ဖြစ်သည်။

ယခု သူ့ရှေ့မှောက်ရှိ လူက ကွမ်ဖူမှလူ ဖြစ်ဖို့ ရာခိုင်နှုန်း များနေသည်။

ဘာသာရေးဂိုဏ်းကြီး သုံးခုအထဲတွင် အမှောင်ဓာတ် အစွမ်းပိုင်ရှင်တစ်ယောက် ဤနေရာ၌ ပုန်းအောင်းနေလိမ့်မည်ဟု လင်းယွမ် ထင်မထားခဲ့ပေ။

ထို့အပြင် တစ်ဖက်လူ၏ သည်းခံနိုင်စွမ်းက အလွန်ကောင်းမွန်လှရာ တီနဂါးနက်ကြီးက နှလုံးအမြူတေကို သန့်စင်နေသည်ကို မျက်ဝါးထင်ထင် မြင်နေရသည့်တိုင်အောင် လှုပ်ရှားခြင်း မရှိခဲ့ပေ။

သူ ကိုယ်တိုင် ထွက်ပေါ်လာပြီး နှလုံးအမြူတေကို လုယူမည့် အချိန်ရောက်မှသာ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာခြင်း ဖြစ်သည်။

ဤစောင့်ဆိုင်းနိုင်စွမ်း တစ်ခုတည်းကပင် ထိုသူသည် သာမန်မဟုတ်ကြောင်း သက်သေပြနေသည်။

လင်းယွမ်က ချိတ်ပိတ်မြှားကို ရှောင်တိမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်က ဘေးတစ်ဖက်သို့ လျှပ်တစ်ပြက် ရောက်ရှိသွားသည်။

သို့သော် ချိတ်ပိတ်မြှား ပေါက်ကွဲသွားပြီး အစွမ်းထက်သော ချိတ်ပိတ် သင်္ကေတများ လင်းလက်လာကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိပ်ကမ္ဘာကို အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။

နောက်တစ်ခဏတွင် လူရိပ်အချို့က အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ပြုကာ အရိပ်ကမ္ဘာထဲမှ လျှပ်တစ်ပြက် ထွက်ပြေးသွားကြသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ထိုအထဲမှ လူတစ်ယောက်က လှည့်ကာ အက်ကွဲနေသော နေရာဆီသို့ ချိတ်ပိတ် သင်္ကေတ တစ်ခုကို အားကုန် ပစ်ပေါက်လိုက်သည်။

"ဝုန်း"

ထို ချိတ်ပိတ် သင်္ကေတ ထပ်မံ ပေါက်ကွဲသွားရာ အက်ကွဲကြောင်းမှာ ပြန်မပိတ်သွားသည့်အပြင် ပို၍ပင် ကျယ်ဟသွားလေသည်။

ထိုနောက် အထဲမှနေ၍ လူအတော်များများ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ထွက်ပြေးလာကြသည်။

ထိုလူများ ထွက်လာပြီးနောက် အထဲမှ လူတစ်ယောက်က အော်ဟစ်လိုက်သည်။ "ဝူမုန့်... မင်းလုပ်တာ မဆိုးဘူး... နှလုံးအမြူတေကို အရင်လုကြ"

အစပိုင်းက ချိတ်ပိတ် သင်္ကေတကို ပစ်ပေါက်ခဲ့သူမှာ ဝူမုန့် ဖြစ်နေသည်။

အမှောင်ထဲတွင် ဝူမုန့်က အမိန့်ကို နာခံခြင်းမရှိဘဲ တုံ့ဆိုင်းမနေဘဲ လှည့်ကာ ထွက်ပြေးသွားလေသည်။

တီနဂါးနက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာကို သူ ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

သက်ရှိများကို အရိပ်ကမ္ဘာထဲသို့ တိုက်ရိုက် ဆွဲသွင်းနိုင်သော ထိုအစွမ်းမျိုးက သူ့ကို ကြက်သီးမွေးညင်း ထစေပြီး တစ်ခါမှပင် မကြားဖူးခဲ့ပေ။

သူ၏ အစွမ်းဖြစ်သော သွေးသားကြီးထွားခြင်းအစွမ်း က မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည်ကို လုံးဝမကြောက်ဘဲ မည်မျှပင် ပြင်းထန်သော ဒဏ်ရာရပါစေ ခံနိုင်ရည်ရှိသည်။

သို့သော် အရိပ်ကမ္ဘာထဲတွင်မူ သူ၏ အစွမ်းများအားလုံးကို အသုံးချ၍ မရနိုင်တော့ပေ။

အရိပ်ကမ္ဘာအတွင်း အမှောင်ဓာတ် စွမ်းအင်နှင့် စိတ်စွမ်းအင်ကိုသာ အသုံးပြုနိုင်ပြီး အခြား မည်သည့် စွမ်းအင်မျိုးကိုမှ အသုံးပြု၍ မရနိုင်ပေ။

စိတ်စွမ်းအင် ဆိုလျှင်ပင် စိတ်ပင်လယ်ထဲရှိ စွမ်းအင်သာ ဖြစ်ရာ တစ်ကြိမ် ကုန်ဆုံးသွားပါက ပြန်လည် ဖြည့်တင်းနိုင်စွမ်း မရှိတော့ချေ။

အသိစိတ်ဆိုသည်က သုံးဖက်မြင်ကမ္ဘာနှင့် မသက်ဆိုင်ဘဲ နှစ်ဖက်မြင်ကမ္ဘာတွင် ပုံဖော်နိုင်သောကြောင့်သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

သို့မဟုတ်ပါက စိတ်စွမ်းအင်ကိုပင် အသုံးပြုနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ဝူမုန့်၏ အစွမ်းက မည်သည့် ဒဏ်ရာမျိုးကိုမဆို မကြောက်ရွံ့ဘဲ အသက်အန္တရာယ်ရှိသော ဒဏ်ရာဆိုလျှင်ပင် သူ့ကို ချက်ချင်း သေဆုံးသွားအောင် မလုပ်နိုင်သရွေ့ အားအင် ကျန်ရှိနေသေးပါက ပြန်လည် ကောင်းမွန်လာနိုင်စွမ်း ရှိသည်။

သို့သော် အရိပ်ကမ္ဘာထဲတွင်မူ သူသည် အမြဲတမ်း ပိတ်မိပြီး သေဆုံးရပေလိမ့်မည်။

ဤကဲ့သို့သော နည်းလမ်းက သူ့ကို လုံးဝ ထိန်းချုပ်ထားနိုင်လေသည်။

ထို့ကြောင့် ဝူမုန့်က ဤနေရာတွင် ဆက်နေ၍ လုံးဝ မဖြစ်တော့ကြောင်း သဘောပေါက်သွားသည်။

သူက ဖန်ဟောင် ၏ အမိန့်ကို လုံးဝ ဂရုမစိုက်ဘဲ ရေခူပုံစံ ခမောက်ကို ဆောင်းကာ လမ်းကြောင်းကို ခွဲခြားသိမြင်ပြီး တစ်ဟုန်ထိုး ပြေးထွက်သွားလေတော့သည်။

"အဲဒီ နဂါးနက်ကြီးက အရည်အသွေး ၁၀၀ မှတ် အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါပဲ... ပြီးတော့ သူ့အစွမ်းက ငါ့ကို ရာခိုင်နှုန်းပြည့် ထိန်းချုပ်ထားနိုင်တယ်... ဒီမှာ ဆက်နေရင် ငါ့မှာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိတော့ဘူး"

"ဒီမှာ အသက်အန္တရာယ် ကြီးကြီးမားမားနဲ့ စွန့်စားနေမယ့်အစား အခုချက်ချင်း ဆုတ်ခွာပြီး လမ်းတစ်လျှောက်က အမှောင်ဓာတ် သွေးသလင်းကျောက် အများကြီးကို တူးဖော်ပြီး အကျိုးအမြတ် အများဆုံး ရအောင် ယူတာက ပိုကောင်းတယ်"

ဝူမုန့်၏ မျက်လုံးများအတွင်း စူးရှသော အလင်းတန်းများ လင်းလက်သွားပြီး ခြေလှမ်းများကို မရပ်တန့်ဘဲ ခြေဖဝါးအောက်ရှိ ဖိနပ်မှ အလင်းရောင်များ တဖျပ်ဖျပ် လင်းလက်လာကာ သူ၏ အလျင်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။

"ဝှစ်"

သူ၏ ခန္ဓာကိုယ်က သွေးကြောလမ်းကြောင်းဆီသို့ အလွန် လျင်မြန်သော အလျင်ဖြင့် ပြေးလွှားသွားသည်။

ပါးနပ်သူမှာ သူ တစ်ယောက်တည်း မဟုတ်ပေ။ ဤသွေးကြောလမ်းကြောင်းအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာပြီး ဤနေရာအထိ ရောက်လာနိုင်သူတိုင်းမှာ လူမိုက်များ မဟုတ်ကြပေ။

စောစောက အရိပ်ကမ္ဘာ၏ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို ဖြတ်သန်းခဲ့ရပြီးနောက် သူတို့ထဲမှ မည်သူမဆို ဤနေရာက မည်မျှ အန္တရာယ်ကြီးကြောင်း သိရှိသွားကြသည်။

အထူးသဖြင့် ထို မည်းနက်နေသော တီနဂါးနက်ကြီးပင် ဖြစ်သည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ အရိပ်ကောင်စီဥက္ကဋ္ဌ ကျန်းမိ က ချိတ်ပိတ်မြှားကို အသုံးပြု၍ လင်းယွမ်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး အရိပ်ကမ္ဘာကို မထင်မှတ်ဘဲ အက်ကွဲသွားစေခြင်း မရှိခဲ့ပါက။

ဤနေရာရှိ လူများမှာ ထိုအထဲတွင် ထာဝရ ပိတ်မိသွားနိုင်ချေ ရှိပေသည်။

ထို့ကြောင့် ဤနေရာရှိ အစွမ်းပိုင်ရှင် အများစုမှာ တည်ငြိမ်သွားကြပြီး မည်သူကမျှ ဤနေရာတွင် ဆက်လက် နေထိုင်ရဲခြင်း မရှိတော့ဘဲ လှည့်ကာ အသီးသီး အသက်လု၍ ထွက်ပြေးကြလေတော့သည်။

လူအုပ်ထဲတွင် လင်းယွမ်၏ ခန္ဓာကိုယ်သည်လည်း အဆက်မပြတ် လင်းလက် ပျောက်ကွယ်သွားပြီး သွေးကြောလမ်းကြောင်းဆီသို့ ပြေးဝင်သွားသည်။

ပတ်ဝန်းကျင်တွင် ရေခူခမောက် မရှိသူ အချို့က လမ်းကြောင်းကို ခွဲခြားမသိနိုင်တော့ဘဲ အသားနံရံများပေါ်သို့ တိုက်ရိုက် ဝင်တိုက်မိကြသည်။

ထို့နောက် တီနဂါးနက်ကြီးက ပြန်လည် ထွက်ပေါ်လာပြီး တွင်းနက်အရိပ်ကမ္ဘာကို ဖွင့်ကာ ထိုလူများကို အရိပ်ကမ္ဘာအတွင်းသို့ တိုက်ရိုက် ဆွဲသွင်းသွားသည်ကို တွေ့လိုက်ရသည်။

လူအုပ်ထဲတွင် ရှိနေသော တင်းဟွေယိ က စိတ်စွမ်းအင်ဖြင့် ဤမြင်ကွင်းကို အာရုံခံမိသွားပြီး ကျောချမ်းသွားလေသည်။

"ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး... အမြန်သွားကြစို့"

သူက လက်အောက်ရှိ စစ်သားများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လေဓာတ် အစွမ်း သင်္ကေတ ကျောက်တုံး တစ်တုံးကို ဆုပ်ကိုင်လိုက်ကာ သူ၏ ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက် ပြေးထွက်သွားလေသည်။

မြေမိခင်ဂိုဏ်း ဘက်တွင်မူ မြေရိုင်းစောင့်ကြည့်သူ ဖန်ဟောင် က နှလုံးအမြူတေကို ပြန်လည် လုယူချင်နေဆဲ ဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ လူများ အသက်လု ထွက်ပြေးနေကြသည်ကို မြင်လိုက်ရသည်။

သူလည်း နောက်ဆုံးတွင် အသိဝင်လာပြီး အမှောင်ထုထဲသို့ ထပ်မံ ဆွဲသွင်းခံရ၍ လုံးဝ မဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူက ဝူမုန့် တို့ကိုပင် ကျိန်ဆဲရန် အချိန်မရတော့ဘဲ ကိုယ်တိုင်လည်း အနောက်မှ အမြန် လိုက်ပါ ထွက်ပြေးလေတော့သည်။

ထိုလူများ၏ နောက်တွင် တီနဂါးနက်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ထိုလူများကို ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးတော့သည်။

တစ်ခဏချင်းမှာပင် ရှေ့မှ ထွက်ပြေးနေသူများမှာ ကြောက်လန့်တကြားဖြင့် အလျင်ကို အမြန် တိုးမြှင့်လိုက်ကြသည်။

သို့သော် တီနဂါးနက်ကြီး၏ ပစ်မှတ်က သူတို့ မဟုတ်ဘဲ ရှေ့မှ လင်းယွမ်ဆီသို့ လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်းကို သူတို့ မသိရှိကြပေ။

နှလုံးအမြူတေ နောက်ဆုံး ရှိနေသည့် နေရာက လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ကြောင်းကို ၎င်းက ခံစားသိရှိနေသည်။

လူများအားလုံးနှင့် နဂါးနက်ကြီးတို့ သွေးကြောလမ်းကြောင်းထဲမှ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းပြီးနောက်။

အမှောင်ထဲတွင် လူရိပ်သုံးခုက လျင်မြန်စွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

"ဟင်... ခင်ဗျားတို့ နှစ်ယောက်က ထွက်မပြေးကြဘူးပဲ" တိန့်ကျဲ က အံ့ဩသွားပြီး ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။

အမှောင်ထဲတွင် ရုတ်တရက် အလင်းရောင် တစ်ချက် လင်းလက်လာသည်။

ပတ်ဝန်းကျင်ရှိ အမှောင်ဓာတ် စွမ်းအင်များ လျင်မြန်စွာ ဆုတ်ခွာသွားသည်ကို တွေ့လိုက်ရသည်။

ပေါင်ရှန်းမြို့ စူးစမ်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ရွှီဟောင်ယန် က ပတ်ဝန်းကျင်ကို အလင်းရောင် ပေးလိုက်ပြီး ပတ်ဝန်းကျင်ရှိ အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့သွားသည်။

တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ လူနှစ်ယောက်ကိုလည်း အလင်းရောင် ကျရောက်သွားစေသည်။

ထိုလူနှစ်ယောက်ထဲတွင် ပေါင်ရှန်းမြို့မှ ရွှီဟောင်ယန် အပြင် အခြား လူတစ်ယောက်လည်း ရှိနေသေးသည်။ ထိုသူ၏ ခန္ဓာကိုယ်က အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ဖြစ်ပြီး ဆံပင်တိုတို၊ တီရှပ်အရှည်၊ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကာ အသက် သုံးဆယ်ကျော် အရွယ်ခန့် ရှိပုံရသည်။

ဤသူမှာ ဖူရုံတောင်ကြား ၏ ခေါင်းဆောင် မာကောင်းရွှမ် ပင် ဖြစ်သည်။

"ခင်ဗျားတို့ နှစ်ယောက်... နှလုံးအမြူတေက ဒီမှာ မရှိလောက်ဘူး... မဟုတ်ရင် အဲဒီနဂါးနက်ကြီးက အပြင်ကို ထွက်ပြီး လိုက်သွားမှာ မဟုတ်ဘူး... ခင်ဗျားတို့က နှလုံးအမြူတေကို ရှာဖို့ ဒီမှာ နေခဲ့တာဆိုရင်တော့ မှားသွားပြီး" တိန့်ကျဲ က ခပ်ဖွဖွ ရယ်မောလိုက်သည်။

ရွှီဟောင်ယန် က ခပ်အေးအေး ပင် ပြောလိုက်သည်။ "မိတ်ဆွေလည်း ကျန်နေခဲ့တာပဲ မဟုတ်လား"

တိန့်ကျဲ က ခပ်ဖွဖွ ရယ်မောရင်း ခေါင်းခါလိုက်သည်။ "ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သိတယ်... အဲဒီ နဂါးနက်ကြီးရဲ့ အဓိက အရည်အသွေးက ၁၀၀ မှတ်အထိ ရောက်နေတာ... ကျွန်တော် တစ်ခါမှ မကြုံဖူးသေးတဲ့ ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါပဲ"

"အပြင်ကို ထွက်ပြေးမယ့်အစား သူ့ဘာသာ တခြားလူတွေကို လိုက်ဖမ်းတဲ့အထိ စောင့်ပြီးမှ ကျွန်တော် ထွက်သွားတာက ပိုပြီး လုံခြုံတယ် မဟုတ်လား"

ရွှီဟောင်ယန် က လက်မထောင်ပြလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "အကြံကောင်းပဲ"

သူက ဘေးနားရှိ မာကောင်းရွှမ် ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။ "မိတ်ဆွေကရော"

မာကောင်းရွှမ် က ခပ်အေးအေးပင် ပြောလိုက်သည်။ "ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် သိပါတယ်... ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်းမှာ အဓိက အရည်အသွေး အမှတ် ၁၀၀ ထိ မြင့်တဲ့ အမှောင်ဓာတ် သန္ဓေပြောင်း သတ္တဝါကို ရင်ဆိုင်ရဖို့က... ကျွန်တော်ဘယ်လိုလုပ် သူ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

"ဒီလို ဖြစ်နေမှတော့ နှလုံးအမြူတေကိုလည်း ကျွန်တော် သွားမလုတော့ဘူး... အချိန်လေးလုပြီး သွေးသလင်းကျောက် နည်းနည်းပါးပါး တူးပြီး ပြန်သွားရင်တောင် အလကားလာရတာ မဖြစ်တော့ဘူးပေါ့"

ဖူရုံတောင်ကြားမှ ဤအစွမ်းထက်သူက အခြေအနေကို ပို၍ ချိန်ဆတတ်ကာ နှလုံးအမြူတေ လုယူခြင်းကို ပွင့်ပွင့်လင်းလင်းပင် လက်လျှော့လိုက်သည်။

ထို့နောက် ကြမ်းပြင်အပြည့် ရှိနေသော သွေးသလင်းကျောက်များကို လျင်မြန်စွာ စတင် သယ်ယူတော့သည်။

သူ၏ လက်ထဲတွင် အစိမ်းနုရောင် ဘူးသီးခြောက် တစ်လုံး ရှိနေပြီး သူ၏ အစွမ်း ထည့်ဝင်လိုက်မှုအောက်တွင် ဘူးသီးခြောက် အပေါက်မှ အစိမ်းနုရောင် အလင်းတန်းလေးများ တလက်လက် တောက်ပလာသည်ကို တွေ့လိုက်ရသည်။

ယခု အမှောင်ဓာတ် သွေးသလင်းကျောက်များမှာ တစ်တုံးထက် တစ်တုံး ပိုမို ကြီးမားနေပြီး အချို့ဆိုလျှင် လူတစ်ဝက်ခန့်ပင် ကျော်လွန်နေသေးသည်။

သို့သော် သူ၏ ဘူးသီးခြောက်အပေါက်ဖြင့် တစ်ချက် ထိလိုက်သည်နှင့် ထို သွေးသလင်းကျောက်များက ချက်ချင်း သေးငယ်သွားပြီး အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

ဤမြင်ကွင်းကို တွေ့လိုက်ရသဖြင့် ရွှီဟောင်ယန် ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ "ဟင်းလင်းပြင် အမျိုးအစား ပစ္စည်းလား"

သူ့စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းရှိ တိန့်ကျဲ ကလည်း ရယ်မောလိုက်သည်ကို တွေ့လိုက်ရသည်။ "ဒီ အစ်ကို က ပိုပြီး အမြော်အမြင် ရှိတာပဲ"

"ရေထဲကငါးထက် လက်ထဲက ငါးကင်က ပိုသေချာတယ် ဆိုသလိုပေါ့ဗျာ"

ထို့နောက် တိန့်ကျဲ ကလည်း အဝတ်အိတ် တစ်လုံးကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။ ထိုအဝတ်အိတ်မှာ တစ်စုံတစ်ရာသော သတ္တဝါ၏ အစာအိမ်အိတ် နှင့် တူနေလေသည်။

သူက အဝတ်အိတ်ကို တစ်ချက် ခါလိုက်ပြီးနောက် အိတ်ပေါက်ပွင့်သွားကာ အမှောင်ဓာတ် သွေးသလင်းကျောက်များကို လျင်မြန်စွာ စတင် ထည့်သွင်းနေပြန်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီဟောင်ယန် က မျက်ခုံးပင့်လိုက်သည်။ "နောက်ထပ် ဟင်းလင်းပြင် အမျိုးအစား ပစ္စည်း တစ်ခုပဲ... ခင်ဗျားတို့ နှစ်ယောက်က တကယ်ကို ကြိုတင် ပြင်ဆင်ထားကြတာပဲ"

တိန့်ကျဲ ဖြစ်စေ၊ မာကောင်းရွှမ် ဖြစ်စေ မည်သူမျှ စကားမပြောကြတော့ဘဲ အချိန်ကို အမိအရ ဆုပ်ကိုင်ကာ သွေးသလင်းကျောက်များကို စတင် ထည့်သွင်းကြလေသည်။

အဘယ်ကြောင့်ဆိုသော် နှလုံးအမြူတေက မည်သည့်နေရာတွင် ရှိနေမှန်း မသိသော်လည်း ထိုနဂါးနက်ကြီးက အနှေးနှင့်အမြန် ပြန်ရောက်လာမည်ကို သူတို့အားလုံး သိထားကြသောကြောင့် ဖြစ်သည်။

လတ်တလောတွင် သူတို့က ထိုနဂါးနက်ကြီး၏ ပြိုင်ဘက်များ မဟုတ်ကြသဖြင့် သွေးသလင်းကျောက်များကို အမြန်ထည့်ပြီး ထွက်ပြေးခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။

သူ့ကို သူတို့နှစ်ယောက် လျစ်လျူရှုထားသည်ကို ရွှီဟောင်ယန် က မြင်သောအခါ ချက်ချင်းပင် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

သူက အပိုစကားတွေ မပြောတော့ဘဲ ရင်ခွင်ထဲမှ အစိမ်းနုရောင် သင်္ကေတများ ပါရှိသော အရိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။

သူ၏ အစွမ်း ထည့်သွင်းလိုက်မှုနှင့်အတူ ထိုအရိုးပေါ်ရှိ သင်္ကေတများ ချက်ချင်း လင်းလက်လာသည်။

ရွှီဟောင်ယန် က အရိုးဖြင့် ကြမ်းပြင်ပေါ်ရှိ သွေးသလင်းကျောက်တုံးကို တစ်ချက် ထိလိုက်ရာ ချက်ချင်းပင် သွေးသလင်းကျောက်မှာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားလေတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မာကောင်းရွှမ် နှင့် တိန့်ကျဲ တို့ နှစ်ဦးစလုံးက ချက်ချင်းပင် စောင်းငဲ့ကြည့်လိုက်ကြသည်။

မာကောင်းရွှမ် က မေးလိုက်သည်။ "ဟင်းလင်းပြင် အမျိုးအစား သင်္ကေတ အရိုးလား"

တိန့်ကျဲ ကလည်း အံ့ဩတကြီးဖြင့် ပြောလိုက်သည်။ "မိတ်ဆွေမှာ ဒီလို သင်္ကေတ အရိုးမျိုး ရှိနေတယ် ဆိုတော့... ခင်ဗျားတို့ ခိုလှုံရေးစခန်းမှာ ဟင်းလင်းပြင် အမျိုးအစား ပစ္စည်းတွေက တော်တော် ပေါများနေပြီ ထင်တယ်"

ရွှီဟောင်ယန် က သူတို့နှစ်ဦးကို လုံးဝ ဂရုမစိုက်ပေ။

သူတို့ သုံးဦးစလုံးက နားလည်မှု ရှိစွာဖြင့် အလျင်ကို တိုးမြှင့်လိုက်ကြပြီး ကြမ်းပြင်ပေါ်ရှိ အရည်အသွေးမြင့် သွေးသလင်းကျောက်များကို လုယက် ယူငင်ကြလေတော့သည်။

အခြားတစ်ဖက်တွင်မူ လင်းယွမ်၏ အလျင် အရည်အသွေးမှာ ယခုအခါ ၉၄ မှတ်အထိ မြင့်တက်နေပြီ ဖြစ်သည်။

လူတိုင်း၏ အထဲတွင် သူတစ်ယောက်တည်းသာ သာလွန်ထူးကဲစွာ ပြေးလွှားနိုင်နေပြီ ဟု ဆိုနိုင်ပေသည်။

လျှပ်တစ်ပြက် အတွင်းမှာပင် အရှေ့ဆုံးမှ ဝူမုန့်ကို ကျော်တက်သွားခဲ့သည်။

ဝူမုန့်၏ အနီးမှ ဖြတ်သွားချိန်တွင် သူက အသံတိတ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဝူမုန့်... မင်း တကယ်ကို ပြောင်းလဲသွားပြီပဲ... အရင်က မင်းဆိုရင် ဒီလောက် ပါးနပ်မှာ မဟုတ်ဘူး"

ဝူမုန့်က ချက်ချင်းပင် ရင်ထိတ်သွားသည်။ "လင်းယွမ်"

သူက နှုတ်ဟ၍ မေးမြန်းရန် အချိန်ပင် မရလိုက်ဘဲ ခမောက်အောက်ရှိ မြင်ကွင်းထဲတွင် လင်းယွမ်၏ အရိပ်အယောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူက ချက်ချင်းပင် ရင်ထဲ၌ ထိတ်လန့်သွားလေသည်။ "ဘယ်လောက်တောင် မြန်တဲ့ အလျင်လဲ... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်နေရတာလဲ"

ဝူမုန့်က လင်းယွမ် မည်ကဲ့သို့ ပျောက်ကွယ်သွားကြောင်းကိုပင် သတိမထားမိလိုက်ပေ။

အကယ်၍ သူတို့ နှစ်ယောက်သာ တိုက်ခိုက်ဖြစ်မည် ဆိုလျှင် သူ့အနေဖြင့် အထိုးခံရဖို့သာ ရှိမည် မဟုတ်ပါလော။

ထိုအချက်ကို တွေးမိသောအခါ ဝူမုန့်၏ ရင်ထဲတွင် ချက်ချင်းပင် ပိုမို လေးလံသွားလေသည်။

လင်းယွမ်၏ စွမ်းဆောင်ရည်က ပိုမို၍ နားလည်ရ ခက်ခဲလာခဲ့ပြီ ဖြစ်သည်။

သူသည်လည်း လင်းယွမ်၏ နောက်ခံ အခြေအနေကို ပို၍ ကြည့်မမြင်နိုင် ဖြစ်လာခဲ့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ပတ်ဝန်းကျင်တွင် လူများက ဝူမုန့်ကို အဆက်မပြတ် လျင်မြန်စွာ ကျော်တက်သွားကြသည်။

အနောက်ဘက်မှလည်း ဟိန်းဟောက်သံများနှင့် သနားစရာကောင်းသော အော်ဟစ်သံများကို သဲ့သဲ့လေး ကြားနေရသည်။

ဤအရာများ အားလုံးက ဝူမုန့်ကို ချက်ချင်း အသိဝင်လာစေပြီး သူ၏ ခြေဖဝါးအောက်ရှိ အလျင် အမျိုးအစား သင်္ကေတ ဖိနပ်များကို အမြန် အစွမ်းကုန် အသုံးပြုလိုက်သည်။

ချက်ချင်းပင် သူ၏ အလျင်က နောက်တစ်ကြိမ် ထပ်မံ မြင့်တက်သွားပြီး ရုတ်တရက် ရှေ့တွင် သွေးကြောလမ်းကြောင်း လမ်းဆုံလမ်းခွ အချို့ ထွက်ပေါ်လာသည်။

ဝူမုန့်၏ စိတ်ထဲတွင် တစ်ချက် လှုပ်ရှားသွားပြီး အခြားလူများ အားလုံးက လာရာလမ်းဖြစ်သည့် ရှင်သန်နိုင်မည့် လမ်းကြောင်းဆီသို့ ပြေးလွှားသွားကြသည်ကို ကြည့်လိုက်သည်။

သူ၏ မျက်နှာအမူအရာက အပြောင်းအလဲများစွာ ဖြစ်ပေါ်သွားပြီး ရုတ်တရက် အံကြိတ်လိုက်ကာ လှည့်ပြီး တစ်ခါမှ မသွားဖူးသေးသော သွေးကြောလမ်းကြောင်း တစ်ခုထဲသို့ လျင်မြန်စွာ ပြေးဝင်သွားလေသည်။

သူ ထွက်သွားပြီး မကြာမီမှာပင် တီနဂါးနက်ကြီးက ထိုနေရာသို့ လိုက်လံ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

နဂါးနက်ကြီးက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ လူအများအပြား ရှိသော သွေးကြောလမ်းကြောင်းထဲသို့ ချက်ချင်း အနောက်မှ လိုက်ပါ ပြေးဝင်သွားလေသည်။

ဝူမုန့်အနေဖြင့် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့ပြီ ဟု ဆိုနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် လင်းယွမ်က သွေးကြောလမ်းကြောင်းထဲမှ ထွက်လာခဲ့ပြီး သူ လာခဲ့သည့် လမ်းကြောင်းကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

သူက ပုပ်သိုးနေသော အသားနံရံများကို လျင်မြန်စွာ ဖြတ်သန်းသွားပြီး ရှည်လျားသော သွေးကြောလမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားသည်။

ထို့နောက် သူက ခေတ္တမျှပင် မရပ်နားတော့ဘဲ လမ်းတစ်လျှောက် တစ်ဟုန်ထိုး ပြေးလွှားကာ အမြန်ဆုံး အလျင်ဖြင့် တောင်ကြားထဲသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။

လင်းယွမ်က တုံ့ဆိုင်းမနေဘဲ ကိုယ်ကို တစ်ချက် ခုန်ပျံလိုက်ကာ လေဟုန်စီး၍ အပေါ်သို့ တိုက်ရိုက် ပျံတက်သွားသည်။

သူ ကောင်းကင်ပေါ်သို့ ပျံတက်သွားချိန်မှာပင်။

ရုတ်တရက် အောက်ဘက်ရှိ တောင်ကုန်းကြီးက ကျယ်လောင်စွာ မြည်ဟည်းပြီး ပြင်းထန်စွာ တုန်ခါသွားကာ တစ်တောင်ကြားလုံးမှာ ငလျင်လှုပ်သွားသကဲ့သို့ ဖြစ်သွားသည်။

လင်းယွမ်၏ စိတ်ထဲတွင် တစ်ချက် ထိတ်သွားပြီး အောက်ဘက်သို့ ချက်ချင်း ငုံ့ကြည့်လိုက်သည်။

အမှောင်ဓာတ် မျိုးရိုးဗီဇမျိုးစေ့၏ အာရုံခံနိုင်စွမ်းအောက်တွင် မည်းနက်နေသော ဧရာမ တီကောင်ကြီး တစ်ကောင်က သွေးကြောလမ်းကြောင်း တစ်ခုကို အတင်းအဓမ္မ ဖောက်ထွင်းပြီး ထွက်လာသည်ကို တွေ့လိုက်ရသည်။

တရမ်းတမ်းတိုက် ဖောက်ထွက်လာပြီး တောင်ကုန်းကို ဖြိုခွင်းကာ "ဗွမ်း" ဟူသော အသံနှင့်အတူ ကျယ်ပြောလှသော ရေစီးကြောင်းကြီးထဲသို့ ကျဆင်းသွားလေသည်။

လင်းယွမ်က ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်၌ ရပ်တန့်နေပြီး ဤမြင်ကွင်းကို ကြည့်ကာ စိတ်ထဲတွင် ရယ်မောလိုက်သည်။

"ဒီ နဂါးနက်ကြီးကတော့ ဒေါသထွက်ပြီး ရူးတော့မှာပဲ... ဟားဟား... နှမြောစရာပဲ... ဒီ နှလုံးအမြူတေကို ငါ သေချာပေါက် သန့်စင်ပစ်မှာ"

"ဝှစ်"

လင်းယွမ်၏ ခန္ဓာကိုယ်က တစ်ချက် လင်းလက်သွားပြီး သုမာရု ဟင်းလင်းပြင် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

"ဒီကမ္ဘာပေါ်မှာ သုမာရု ဟင်းလင်းပြင် ကမှ အလုံခြုံဆုံး နေရာပဲ"

"ဒီ အမှောင်ဓာတ် ရေပေါ်ကျွန်း ရဲ့ နှလုံးအမြူတေကို သန့်စင်ပြီးရင် ငါ ဘာတွေ ရလာမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ဆက်ရန်...

အပိုင်း (၅၄၆) နှလုံးအမြူတေအား သန့်စင်ခြင်း

ဟာလာဟင်းလင်း ဖြစ်နေသော သုမာရု ဟင်းလင်းပြင်ထဲတွင် လင်းယွမ် စိုက်ပျိုးထားခဲ့သော သန္ဓေပြောင်း နေကြာပန်း အချို့က နေရာတစ်ခုလုံးကို လင်းထိန်နေစေသည်။

သူက တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ အနက်ရောင် နှလုံးအမြူတေ တစ်ခုကို ထုတ်ယူလိုက်၏။

ထိုအမြူတေမှာ ခုန်ပေါက်နေသော နှလုံးသားတစ်ခုနှင့် တူပြီး လူတစ်ဝက်ခန့် အရပ်အမြင့် ရှိလေသည်။

၎င်း၏ အပေါ်ယံတွင် သွေးကြောမျှင်များကဲ့သို့ ရှုပ်ထွေး သိပ်သည်းသော အစင်းရာများ ဖုံးလွှမ်းနေပြီး အဆင့်မြင့် မိုက်ခရိုချစ်ပ်ပြား တစ်ခုနှင့်ပင် တူနေသေး၏။

ကြည့်ရသည်မှာ သိပ်မကြီးမားသော်လည်း ၎င်းအတွင်း၌ ပါဝင်နေသော မျိုးရိုးဗီဇ အချက်အလက်များက တစ်ကျွန်းလုံးစာထက်ပင် ပိုမို များပြားနေနိုင်ချေ ရှိသည်။

လင်းယွမ်က အနက်ရောင် စွမ်းအင်များ ဖြာထွက်နေသည့် ဤမျိုးရိုးဗီဇမျိုးစေ့ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် စူးရှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဒါက နှလုံးအမြူတေ ဆိုတာလား"

ဤသည်မှာ လင်းယွမ် နှလုံးအမြူတေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။

နှလုံးအမြူတေက အလွန်ကြီးမားမည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်း လက်ဝယ်ရရှိလာချိန်တွင်မူ လူတစ်ဝက်စာခန့်သာ ရှိသည်ကို တွေ့လိုက်ရ၏။

စောစောက အမှောင်ထုထဲတွင် ဤနှလုံးအမြူတေမှာ ထိုနဂါးနက်ကြီး၏ ပါးစပ်ထဲ ရောက်သွားချိန်၌ အလွန် သေးငယ်သွားသယောင် ထင်ရသည်။

သို့သော် ၎င်းမှာ တီနဂါးနက်ကြီး၏ ခန္ဓာကိုယ်က အလွန် ကြီးမားလွန်းလှသောကြောင့် ဖြစ်ပေမည်။

"မြူခိုးမြို့တော်တုန်းက ချန်ယွင်တောက် တစ်ယောက် နှလုံးခန်းထဲ ပုန်းအောင်းပြီး ဒီနှလုံးအမြူတေကို သန့်စင်ဖို့ အချိန်အကြာကြီး ယူခဲ့ရတာ မဆန်းဘူး"

"ငါ ဒီနှလုံးအမြူတေကို သန့်စင်ဖို့ အချိန်ဘယ်လောက်တောင် ယူရမလဲ မသိဘူး"

လင်းယွမ်က အချိန်မဆိုင်းတော့ဘဲ မျက်လုံးများကို မှိတ်ကာ ဤနှလုံးအမြူတေအား အလျင်အမြန် စတင် သန့်စင်လိုက်တော့သည်။

သူ၏ စိတ်စွမ်းအင်များဖြင့် နှလုံးအမြူတေကို ရစ်ပတ်လိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို လှုံ့ဆော်ကာ ဤဧရာမ နှလုံးအမြူတေဆီသို့ အလျင်အမြန် စိမ့်ဝင်စေလိုက်၏။

သန္ဓေပြောင်းစွမ်းအင်နှင့် နှလုံးအမြူတေတို့ ထိတွေ့သွားသည့် ခဏ၌ပင် နှစ်ခုကြားတွင် ထူးဆန်းသော ချိတ်ဆက်မှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။

မိမိ၏ သန္ဓေပြောင်းစွမ်းအင်နှင့် စိတ်စွမ်းအင်များက နှလုံးအမြူတေအတွင်းရှိ စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနေကြောင်းကို လင်းယွမ်က သတိဝီရိယရှိစွာဖြင့် ခံစားလိုက်မိ၏။

ထိုအချိန်မှာပင် ကြီးမားလှသော မျိုးရိုးဗီဇ အချက်အလက်များ သူ၏ ဦးနှောက်ထဲသို့ ဒလဟော ဝင်ရောက်လာသည်ကိုလည်း ခံစားလိုက်ရသည်။

ထိုအရာများက ဤရေပေါ်ကျွန်းနှင့် သက်ဆိုင်သော အကြောင်းအရာများပင် ဖြစ်သည်။

မှုန်ဝါးဝါး အသိစိတ်များကြားတွင် လင်းယွမ်က သူ့ကိုယ်သူ ဧရာမ နဂါးနက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

ထိုနဂါးကြီး၏ ခန္ဓာကိုယ်တွင် အကြေးခွံများ မရှိဘဲ တစ်ကိုယ်လုံး အမှောင်အရိပ်များထဲတွင် နစ်မြုပ်နေသည်။

ထိုအချိန်၌ ၎င်းသည် အဆုံးအစမရှိသော မြေပြင်၏ အရိပ်များကြားတွင် လျင်မြန်စွာ ပြေးလွှားနေခဲ့သည်။

ရုတ်တရက် မြေပြင်ကြီးက ပြင်းထန်စွာ တုန်ခါလာ၏။

အရိပ်ထဲတွင် ရှိနေသော သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ထိုအခါ အဆုံးအစမရှိသော ကောင်းကင်ပြာပြာကြီးပေါ်တွင် ဧရာမ ရေပေါ်ကျွန်းကြီးများ တစ်ကျွန်းပြီးတစ်ကျွန်း ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ၎င်း တုံ့ပြန်ချိန်ပင် မရလိုက်ပေ။

ထိုရေပေါ်ကျွန်းကြီးများထက်တွင် ကြောက်မက်ဖွယ်ရာ အဖြူရောင် အလင်းတန်းများ ရုတ်တရက် လင်းလက်လာသည်ကိုသာ မြင်လိုက်ရ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကမ္ဘာကြီး တစ်ခုလုံးက မျက်စိကျိန်းမတတ် လင်းထိန်သော နေ့ခင်းဘက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားသည်။

၎င်းမှာ ထိတ်လန့်တကြားဖြင့် မြေအောက် အရိပ်များထဲသို့ ချက်ချင်း ပုန်းအောင်းလိုက်ပြီး နှစ်ဘက်မြင် (2D) အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

သို့သော် ၎င်းမှာ သတိပင် မဝင်လိုက်ခင် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် ပြိုကျပျက်စီးကာ ဆူညံသွားသည်ကို ခံစားလိုက်ရ၏။

ထို့နောက် မြေကမ္ဘာကြီး အလျင်အမြန် ပြိုကွဲသွားပြီး ၎င်းရှိနေသော မြေပြင်သည်လည်း အလွန် လျင်မြန်စွာ ကွဲအက်သွားကြောင်းကို ၎င်း၏ ခန္ဓာကိုယ်က သိရှိခံစားလိုက်ရသည်။

မြေအောက်မှ မီးတောက်များ ပန်းထွက်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

၎င်းမှာ ကြောက်လန့်တကြား အရိပ်ထဲတွင် ပုန်းအောင်းနေရင်း မိမိ၏ ဇာတိမြေ ပြိုကွဲပျက်စီးသွားသည်ကိုသာ ရပ်ကြည့်နေခဲ့ရ၏။

၎င်း၏ ခြေအောက်မှ မြေကြီးမှာ အစအနများအဖြစ် ကွဲထွက်သွားပြီး အာကာသထဲသို့ လွင့်စဉ်သွားလေသည်။

ဂြိုဟ်ကြီး၏ အပြင်ဘက် ကောင်းကင်ယံထက်တွင် ဧရာမ အဖြူရောင် အလင်းတန်းကြီး တစ်ခုက ကြယ်တာရာများကို ဖောက်ထွင်းသွားသည်ကို ၎င်း အဝေးမှ လှမ်းမြင်လိုက်ရသည်။

ထိုအလင်းတန်းကြီးထဲမှ မရေမတွက်နိုင်သော ရေပေါ်ကျွန်းကြီးများ ထွက်ပေါ်လာပြီး ဂြိုဟ်ကြီးကို ရူးသွပ်စွာ ဗုံးကြဲတိုက်ခိုက်နေကြ၏။

၎င်း၏ မိခင်ဂြိုဟ်ကြီးမှာ တိုက်ခိုက်ခံလိုက်ရပြီးနောက် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲကာ အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စဉ်ပျံ့နှံ့သွားလေတော့သည်။

၎င်း ရှိနေသော ဤဂြိုဟ်အပိုင်းအစလေးမှာ ကြောက်မက်ဖွယ် ကောင်းလှသော တိုက်ခိုက်မှု လှိုင်းဂယက်များကြားတွင် ကောင်းကင်ကို ဖြတ်သန်းကာ စကြာဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ အရှိန်ပြင်းစွာ ကျဆင်းသွားသည်။

၎င်းမှာ ထိတ်လန့်တကြား အရိပ်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး အချိန်မည်မျှ ကြာသွားမှန်းပင် မသိလိုက်ပေ။ မျက်စိရှေ့မှ မြင်ကွင်းများ ပြတ်တောက်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် ၎င်း တစ်ဖန် ပြန်လည် နိုးထလာခဲ့၏။

၎င်းကိုယ်တိုင်နှင့် အခြားသော ဂြိုဟ်အပိုင်းအစ များစွာသည် သူစိမ်းဆန်သော ဂြိုဟ်တစ်ခုပေါ်သို့ ကျရောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

လင်းယွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် ဧရာမ သားရဲကြီး တစ်ကောင် ထွက်ပြေးနေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။

ထိုသားရဲကြီးမှာ ပေ (၄၀)၊ (၅၀) ခန့် မြင့်မားပြီး ခြေထောက်နှစ်ဖက်ရှိ ကြွက်သားများမှာ အလွန် ဖွံ့ဖြိုးနေကာ သွားများက ဓားမြှောင်များကဲ့သို့ ထက်မြက်လှသည်။

လင်းယွမ် မြင်လိုက်ရချိန်တွင် အလွန် အံ့အားသင့်သွားသည်။ ဤအကောင်ကြီးက ဧရာမ တီရက်စ် ဒိုင်နိုဆောကြီး တစ်ကောင် ဖြစ်နေသည် မဟုတ်ပါလော။

သို့သော် တီရက်စ် ဒိုင်နိုဆော တစ်ကောင်က ဒီလောက်တောင် အရပ်မြင့်သလား။

ထို့ပြင် ဤတီရက်စ် ဒိုင်နိုဆောကြီးကို ကြည့်ရသည်မှာ အသက်လု၍ ထွက်ပြေးနေပုံ ပေါက်နေ၏။

ဒါက ဘယ်နေရာကြီးလဲ။

သမိုင်းမတင်မီခေတ်က ကမ္ဘာဂြိုဟ်ကြီးများလား။

လင်းယွမ် သံသယ ဝင်နေစဉ်မှာပင် မြေပြင်ကြီး ပြင်းထန်စွာ တုန်ခါလာပြီး ဆူညံသံများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဧရာမ သားရဲကြီး တစ်ကောင် ထွက်ပေါ်လာ၏။

ထိုသားရဲကြီး၏ တစ်ကိုယ်လုံးမှာ ရွှေစင်ဖြင့် သွန်းလုပ်ထားသကဲ့သို့ ဖြစ်နေပြီး တောင်တန်းကြီး တစ်ခုမျှ မားမားမတ်မတ် မြင့်မားလှသည်။

၎င်းက ထိုတီရက်စ် ဒိုင်နိုဆောကြီးဆီသို့ ပါးစပ် ဟလိုက်သည်နှင့် ရွှေရောင် အလင်းတန်းကြီး တစ်ခု ပန်းထွက်လာလေသည်။

"ရွှပ်" ဟူသော အသံနှင့်အတူ တီရက်စ် ဒိုင်နိုဆောကြီးမှာ ရွှေရောင် အလင်းတန်း၏ ဖြတ်တောက်မှုကြောင့် ချက်ချင်းပင် နှစ်ပိုင်း ပြတ်သွားတော့သည်။

ချက်ချင်းပင် သားရဲကြီးက လျှောက်လာပြီး ခေါင်းငုံ့ကာ ထိုတီရက်စ် ဒိုင်နိုဆောကြီးကို မျိုချလိုက်၏။

နှစ်ကြိမ်ခန့် ဝါးပြီးနောက် ၎င်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွားပြီး ဤဘက်သို့ လှည့်ကြည့်လာသည်။

လင်းယွမ် ရင်ထိတ်သွားသည်။ သို့သော် သူ သတိမဝင်လာခင်မှာပင် သူကိုယ်တိုင် အရိပ်ထဲမှ ထွက်လာခဲ့ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

ထို့နောက် သူနှင့် ရွှေရောင် သားရဲကြီးတို့ ပြင်းထန်စွာ တိုက်ခိုက်ကြလေရာ မြေပြင်ကြီးမှာ ဆူညံတုန်ခါသွားပြီး သစ်ပင်များ ပြိုကျကာ တောင်တန်းများပင် ပြိုလဲကုန်၏။

များပြားလှသော သားရဲများမှာလည်း ထိတ်လန့်တကြား ထွက်ပြေးကြလေတော့သည်။

လင်းယွမ်က တွင်းနက်အရိပ်ကမ္ဘာ အစွမ်း ကို အသုံးပြုကာ ဤရွှေရောင် သားရဲကြီးကို အရိပ်ကမ္ဘာထဲသို့ အတင်းအဓမ္မ ဆွဲသွင်းလိုက်သည်။

နောက်ဆုံးတွင်မူ ဤတိုက်ပွဲကို သူ အောင်ပွဲခံနိုင်ခဲ့၏။

မှတ်ဉာဏ်များက ဤနေရာတွင် ရုတ်တရက် ပြတ်တောက်သွားသည်။

လင်းယွမ် သတိပင် မဝင်လိုက်ခင် နောက်ထပ် မှတ်ဉာဏ်အသစ်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။

ဤတစ်ကြိမ်တွင် သူက အဆုံးအစမရှိသော နှင်းရေခဲကမ္ဘာထဲတွင် ရောက်ရှိနေပြီး ကောင်းကင်ယံမှ နှင်းပွင့်ကြီးများ ကျဆင်းနေကာ မြေပြင်ပေါ်တွင်လည်း နှင်းများက တောင်တန်းကြီး တစ်ခုလို ပုံနေလေသည်။

အဝေးမှ နှင်းတောင်ကြီး တစ်ခုက တဖြည်းဖြည်း ရွေ့လျားနေပြီး ရုတ်တရက် မြေပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားသည်။

ထိုနှင်းတောင်ကြီးမှာ သတိမထားမိလိုက်ဘဲ "ဝုန်း" ဟူသော အသံနှင့်အတူ အောက်သို့ ပြုတ်ကျသွားတော့သည်။

လင်းယွမ် အလျင်အမြန် လှမ်းကြည့်လိုက်ရာ ၎င်းက မြေပြင်မဟုတ်ဘဲ ရေခဲလွှာကြီး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

လင်းယွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ရန် ပြင်လိုက်စဉ် ကောင်းကင်ကြီး ရုတ်တရက် မှောင်မည်းသွားသည်။

သူ မော့ကြည့်လိုက်သောအခါ ဧရာမ ခြေသုံးချောင်းပါ ရွှေရောင် ငှက်ကြီးတစ်ကောင် အတောင်ပံ ခတ်ကာ ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။

၎င်း အဝေးသို့ မရောက်ခင်မှာပင် ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုထဲမှ ဧရာမ မြွေဆိုးကြီး တစ်ကောင် ထွက်ပေါ်လာပြီး ရွှေရောင် ငှက်ကြီးကို ဟင်းလင်းပြင်ထဲသို့ အတင်းအဓမ္မ ဆွဲသွင်းသွားလေသည်။

"ရွှပ်" ဟူသော အသံနှင့်အတူ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီး ပိတ်သွားပြီး ဤရွှေရောင် ငှက်ကြီးကို ထက်ပိုင်း ပိုင်းဖြတ်လိုက်တော့သည်။

ကိုယ်တစ်ပိုင်းပြတ်ကြီးက "ဝုန်း" ဟူသော အသံနှင့်အတူ နှင်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုကိုယ်တစ်ပိုင်းပြတ်ကြီးမှ ပြင်းထန်သော မီးတောက်များ ထတောက်လာပြီး "ဝုန်း" ဟူသော အသံနှင့်အတူ ပတ်ဝန်းကျင်ရှိ ရေခဲများကို ရူးသွပ်စွာ အရည်ပျော်စေတော့သည်။

မကြာမီမှာပင် "ဗွမ်း" ဟူသော အသံနှင့်အတူ ရေခဲပြင်ကြီး အရည်ပျော်သွားကာ ရေထဲသို့ လုံးဝ နစ်မြုပ်သွားလေသည်။

များပြားလှသော အဖြူရောင် ရေခိုးရေငွေ့များ အထက်သို့ ပျံတက်နေဆဲ ဖြစ်သော်လည်း ချက်ချင်းပင် ရေခဲအဖြစ် ပြန်လည် ပြောင်းလဲသွားကြ၏။

ဤနေရာ၏ အပူချိန်မှာ အလွန်တရာ အေးခဲလွန်းလှမည်ဟု လင်းယွမ် ခံစားမိသည်။

သို့သော် အရိပ်ကမ္ဘာထဲတွင် ရှိနေသော ၎င်းအနေဖြင့် အအေးဒဏ်ကို များများစားစား မခံစားရချေ။

၎င်းက မူလကတည်းက အအေးဒဏ်ကို ခံနိုင်ရည် ရှိနေခြင်းလား၊ သို့မဟုတ် အရိပ်ကမ္ဘာက အပူချိန်၏ သက်ရောက်မှုကို မခံရခြင်းလား ဆိုသည်ကိုတော့ မသိနိုင်ပေ။

မျိုးရိုးဗီဇမှတစ်ဆင့် လက်ဆင့်ကမ်းလာသော မှတ်ဉာဏ်များမှာ အဆက်မပြတ်ဘဲ ပြတ်တောင်းပြတ်တောင်း ဖြစ်နေ၏။

လင်းယွမ်မှာ မှုန်ဝါးဝါး ခံစားချက်ကို ရရှိနေပြီး များပြားလှသော အချက်အလက်များကြောင့် စိတ်ကို စူးစိုက်၍ မရတော့ဘဲ ဝင်ရောက်လာသမျှကိုသာ ငြိမ်ခံနေရတော့သည်။

ဆက်တိုက် ဝင်ရောက်လာသော မျိုးရိုးဗီဇ မှတ်ဉာဏ်များထဲတွင် ထူးဆန်းအံ့သြဖွယ်ရာ မြင်ကွင်းမျိုးစုံ ထွက်ပေါ်လာခဲ့သည်။

ဧရာမ တောင်တန်းကြီးများအလား ကြီးမားသော သားရဲကြီးများ လေထဲတွင် ပျံသန်းနေသည်ကို မြင်ရ၏။

စကြဝဠာထဲမှ ပျံသန်းလာသော ထူးဆန်းသည့် သတ္တဝါကြီးများက လေထုအလွှာကို ဖောက်ထွင်းဝင်ရောက်လာပြီး ဂြိုဟ်ကြီးကို ဖျက်ဆီးသတ်ဖြတ်နေကြသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် သမုဒ္ဒရာထဲတွင်လည်း ဧရာမ သတ္တဝါကြီးများ ရေအောက်မှ ကူးခတ်လာကာ ရေပေါ်ကျွန်းများကို မျိုချပစ်နေကြသည်။

အချိန် မည်မျှ ကြာသွားမှန်း မသိတော့ပေ။ ရုတ်တရက် လင်းယွမ်က ပြင်းထန်လှသော ထိတ်လန့်ကြောက်ရွံ့မှု တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။

ထိုကြောက်ရွံ့မှုက မျိုးရိုးဗီဇ၏ အနက်ရှိုင်းဆုံး အပိုင်းထိ စွဲထင်နေခဲ့ခြင်း ဖြစ်သည်။

သူ အလျင်အမြန် စိတ်ကို စူးစိုက်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းလှသော နတ်ဘုရား အလင်းတန်းကြီး တစ်ခုက နဂါးငွေ့တန်း ဂလက်ဆီကို ဖောက်ထွင်းလာပြီး ဤဂြိုဟ်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသည်ကို တွေ့လိုက်ရ၏။

နောက်တစ်ခဏတွင် ဂြိုဟ်ကြီး တစ်ခုလုံး အေးခဲသွားတော့သည်။

ဤကမ္ဘာမြေရှိ သက်ရှိအားလုံး၏ အသက်စွမ်းအင်များ ဤအခိုက်အတန့်လေးတွင် အေးခဲသွားကြောင်း လင်းယွမ် ခံစားလိုက်ရသည်။

ထို့နောက် သူ၏ မြင်ကွင်းက မှောင်မည်းသွားပြီး မှတ်ဉာဏ်များ လုံးဝ အဆုံးသတ်သွားလေတော့၏။

သူ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပြီး သူ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။

ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သောအခါ သူ အနည်းငယ် ကြောင်အမ်းသွား၏။

သူက သုမာရု ဟင်းလင်းပြင်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်ကလည်း နွေးထွေးနေဆဲ ဖြစ်ကာ နှင်းရေခဲကမ္ဘာ၏ အေးခဲနေသည့် ခံစားချက်မျိုး လုံးဝ မရှိတော့ပေ။

"ဒါက... မျိုးရိုးဗီဇ မှတ်ဉာဏ်လား"

လင်းယွမ် အနည်းငယ် တိတ်ဆိတ်သွားပြီး ဤအရာအားလုံးကို နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည်။

မျက်စိရှေ့မှ လူတစ်ဝက်စာခန့်ရှိသော နှလုံးအမြူတေမှာလည်း လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြည့်ရှံနေသော အားအင်များကို သူ ခံစားလိုက်ရ၏။

လင်းယွမ်က မိမိ၏ အရည်အသွေးမှတ် ဇယားကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

ထိုသို့ ကြည့်လိုက်သည်နှင့် သူ မျက်ခုံးပင့်သွားတော့၏။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၀၀

ခွန်အား - ၁၀၀

အလျင် - ၁၀၀

စိတ်စွမ်းအင် - ၁၀၀

ဘုံအရည်အသွေးမှတ်များ - ဝ

မျိုးရိုးဗီဇမျိုးစေ့ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၊ ရေခဲမြေရိုင်းဝက်ဝံ၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၊ တွင်းနက်အရိပ်နဂါး

မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (အခြေခံအဆင့်)၊ ရေခဲမြေရိုင်းဝက်ဝံ (အခြေခံအဆင့်)၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ် (အခြေခံအဆင့်)၊ တွင်းနက်အရိပ်နဂါး (အခြေခံအဆင့်)

ပင်ကိုယ်အစွမ်း - မျိုးရိုးဗီဇ အသွင်တစ်ရာ၊ သုမာရု ဟင်းလင်းပြင်၊ တွင်းနက်အရိပ်ကမ္ဘာ

အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း...

အမှတ် - ၃၅၄၉၂၁ မှတ်

လင်းယွမ် အလွန်တရာ အံ့အားသင့်သွားသည်။

"အရည်အသွေးမှတ် အားလုံးက ၁၀၀ အထိ ရောက်သွားတာလား"

"နေပါဦး... ဒီအမှတ်တွေကရော ဘယ်လိုဖြစ်တာလဲ"

လင်းယွမ် အကဲခတ်ကြည့်လိုက်ရာ သူ၏ အမှတ်များ ပြောင်းလဲသွားသည်ကို ရုတ်တရက် သတိပြုမိသွား၏။

ယခုအချိန်တွင် အမှတ်က သုံးသိန်းခွဲကျော် အထိပင် ရောက်ရှိနေပြီ ဖြစ်သည်။

လင်းယွမ် အံ့သြသွားသည်။ ဤနှလုံးအမြူတေ တစ်ခုတည်းက ဒီလောက်အထိ အမှတ်တွေ များနေတာလား။

"မဖြစ်နိုင်ဘူး... နှလုံးအမြူတေက သက်မဲ့ ပစ္စည်းတစ်ခုလေ... စနစ်က ဘယ်အချိန်တည်းက သက်မဲ့ ပစ္စည်းတွေအတွက်ပါ ငါ့ကို အမှတ်ပေးနေတာလဲ"

လင်းယွမ် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသော်လည်း ယခုအချိန်က ဤအကြောင်းကို တွေးနေရမည့် အချိန် မဟုတ်ပေ။

သူ အပြင်ထွက်ပြီး အခြေအနေကို အမြန် သွားကြည့်ရန် လိုအပ်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး သုမာရု ဟင်းလင်းပြင်ထဲမှ အလျင်အမြန် ထွက်ပေါ်လာခဲ့၏။

အပြင်သို့ ရောက်သည်နှင့် ဤရေပေါ်ကျွန်းကြီးနှင့် ချိတ်ဆက်မိနေကြောင်းကို လင်းယွမ် ချက်ချင်း ခံစားလိုက်ရသည်။

"အခု ငါက တွင်းနက်အရိပ်နဂါးရဲ့ နှလုံးအမြူတေကို သန့်စင်ပြီးသွားပြီဆိုတော့ ဒီရေပေါ်ကျွန်းပေါ်က ဘယ်နေရာကိုမဆို ငါ ထိန်းချုပ်လို့ ရနေပြီပဲ"

"တကယ်လို့ ဦးနှောက်အမြူတေကိုပါ သန့်စင်နိုင်မယ်ဆိုရင် ဒီကျွန်းပေါ်မှာရှိတဲ့ ဘယ်သတ္တဝါကိုမဆို အာရုံခံနိုင်တော့မှာ"

"ဟို တီနဂါးနက်ကို ရှာဖို့ နည်းလမ်းရှာပြီး အမြန် သန့်စင်ရမယ်"

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်ကြည့်လိုက်၏။

သူက ဤချောက်ကမ်းပါး၏ လေထုထဲတွင် ရှိနေဆဲ ဖြစ်သည်။

သို့သော် ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့ကာ တိတ်ဆိတ်နေပြီး ချောက်ကမ်းပါး၏ တစ်ဖက်တွင်မူ တောင်တန်းများ ပြိုကျနေကာ ကျောက်တုံးကျောက်ဆောင်များ ပုံလျက်သား ဖြစ်နေ၏။

လင်းယွမ်က ဂူပေါက်ဝဆီသို့ အလျင်အမြန် ပျံသန်းသွားပြီး အထဲသို့ ခပ်သွက်သွက် ဝင်သွားလေသည်။

ခြေလှမ်း အနည်းငယ်ပင် မလျှောက်ရသေးခင်မှာပင် ပြင်းထန်လှသော အမှောင်စွမ်းအင် လှိုင်းဂယက်ကို သူ ခံစားလိုက်ရ၏။

"ဟင်... ဒီအငွေ့အသက်က..."

"ဂါး"

လင်းယွမ် သေချာ အာရုံမခံရသေးခင်မှာပင် မြေအောက်မှ ဒေါသတကြီး ဟိန်းဟောက်သံကြီးကို ရုတ်တရက် ကြားလိုက်ရသည်။

ထို့နောက် "ဝုန်း" ဟူသော ကျယ်လောင်သည့် အသံကြီးများ ဆက်တိုက် ထွက်ပေါ်လာ၏။

မြေပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီး မည်းမှောင်နေသော ဧရာမ အရိပ်ကြီး တစ်ခုက မြေအောက်မှ တဟုန်ထိုး ထွက်ပေါ်လာလေသည်။

ထိုနဂါးနက်ကြီး၏ ပုံပန်းသဏ္ဌာန်မှာ လင်းယွမ်၏ မျိုးရိုးဗီဇ မှတ်ဉာဏ်ထဲမှ နဂါးနက်ကြီးနှင့် အသွင်အပြင် ရုပ်လုံးချင်း အတော်လေး ဆင်တူနေ၏။

"ကြည့်ရတာ ဒါက တကယ်ပဲ တွင်းနက်အရိပ်ကမ္ဘာ အစွမ်းကို ပိုင်ဆိုင်တဲ့ နဂါးနက်ကြီး အဖြစ် ဆင့်ကဲပြောင်းလဲလာတာပဲ"

ဤတီနဂါးနက်ကသာ အစစ်အမှန် အမွေဆက်ခံသူ ဖြစ်မည်ဟုပင် လင်းယွမ် ယောင်မှားသွားမိသေးသည်။

အသွင်အပြင်အရ ဖြစ်စေ၊ သန္ဓေပြောင်း အစွမ်းအရ ဖြစ်စေ ဤတီနဂါးနက်ကသာ ရေပေါ်ကျွန်း ပိုင်ရှင်နှင့် အမျိုးအစား တူညီပေလိမ့်မည်။

သို့သော် တီနဂါးနက်မှာ လုံးဝ ကြီးထွားမလာသေးသည်ကတော့ သိသာနေပြီး ၎င်း၏ အရွယ်အစားမှာ သေးငယ်လွန်းလှကာ ဤရေပေါ်ကျွန်း၏ အကျယ်အဝန်းကို မမီနိုင်သေးပေ။

"ဂါး"

ဟိန်းဟောက်သံနှင့်အတူ လင်းယွမ်ကို အာရုံခံမိသွားသော နဂါးနက်ကြီးက ၎င်း၏ ခန္ဓာကိုယ်ကို လိမ်ခေါက်ကာ တရှိန်ထိုး ခုန်အုပ်လာတော့သည်။

ရန်သူချင်း ဆုံတွေ့ကြလေရာ မျက်လုံးများ နီရဲနေပြီး ၎င်းက တွန့်ဆုတ်မနေတော့ဘဲ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းယွမ်ကို အသေအကြေ တိုက်ခိုက်တော့၏။

"ဝုန်း"

တီနဂါးနက်၏ ခန္ဓာကိုယ်ကြီးက ပြင်းထန်စွာ ဝင်တိုက်လာလေသည်။

၎င်းက အရိပ်အစွမ်းကိုပင် အသုံးမပြုတော့ဘဲ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ဝင်တိုက်ခြင်း ဖြစ်ရာ နှလုံးအမြူတေကို လုယူသွားသော လင်းယွမ်အပေါ် မည်မျှအထိ အမုန်းတရား ကြီးမားနေသလဲ ဆိုသည်ကို ခန့်မှန်းကြည့်နိုင်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က ပြုံးလိုက်မိ၏။

"ခွန်အားချင်း ယှဉ်မလို့လား... မင်း ခန္ဓာကိုယ်ကြီးတိုင်း ခွန်အားကြီးတာ မဟုတ်ဘူးကွ"

လေထဲတွင် ရှိနေသော သူက လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

"ဝုန်း"

ကျယ်လောင်သော ဆူညံသံကြီး ပေါက်ကွဲထွက်လာပြီး ပြင်းထန်စွာ တုန်ခါသွား၏။

လင်းယွမ်၏ ခန္ဓာကိုယ်လေးက တီနဂါးနက်ကြီး၏ ရှေ့တွင် နှမ်းစေ့လေး တစ်စေ့ပမာ သေးငယ်လွန်းလှသော်လည်း ထိတ်လန့် အံ့သြဖွယ် ကောင်းလှသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။

တီနဂါးနက်ကြီး၏ ခေါင်းပေါ်ရှိ ကြွက်သားများမှာ ချက်ချင်းပင် အိကျသွားပြီး ထိပ်ရှိ အသားစိုင်များမှာ ရေလှိုင်းများအလား တစ်လွှာပြီးတစ်လွှာ နောက်သို့ လန်ထွက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။

လင်းယွမ်၏ လက်သီးရှေ့မှ လေလှိုင်းများ ပေါက်ကွဲထွက်လာပြီး အဝိုင်းပုံစံ တိုက်ခိုက်မှု လှိုင်းဂယက်များက အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ ပျံ့နှံ့သွားလေသည်။

"ဝုန်း"

တီနဂါးနက်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ပြင်းထန်စွာ အရိုက်ခံလိုက်ရသဖြင့် နောက်သို့ လွင့်စဉ်သွားတော့၏။

ဧရာမ ခန္ဓာကိုယ်ကြီးက ချောက်ကမ်းပါး ကျောက်နံရံကြီးနှင့် ဝင်တိုက်မိသွားသည်။

ကျောက်နံရံကြီးမှာ ဆူညံသွားပြီး တောင်ကမ်းပါး ပြိုကျကာ ကွဲအက်ရာများ အမြောက်အမြား ထွက်ပေါ်လာလေသည်။

တီနဂါးနက်၏ မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ထွက်ပေါ်လာ၏။

၎င်းက ချက်ချင်း သတိဝင်လာပြီး ပါးစပ်ကို အလျင်အမြန် ဟလိုက်သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် အမှောင်အရိပ်များက အရပ်မျက်နှာ အနှံ့အပြားသို့ လွှမ်းခြုံသွားလေသည်။

တွင်းနက်အရိပ်ကမ္ဘာ အစွမ်း။

၎င်းက လင်းယွမ်ကို အရိပ်ကမ္ဘာထဲသို့ ဆွဲသွင်းချင်နေခြင်းပင်။

ဆက်ရန်...

All Chapters