← Chapters

အခန်း (၅၅၃-၅၅၄)

Vol. 28 Ch. 553-554

အခန်း (၅၅၃-၅၅၄)

Vol. 28 Ch. 553-554

အပိုင်း (၅၅၃) ထိုက်ယန်တောင်ကို စစ်တပ်က သိမ်းပိုက်လိုက်ပြီလား

"ဒီ... ဒီနေရာက အရမ်းမှောင်လွန်းတယ်"

"ဘာမှကို မမြင်ရဘူး"

"အရာရှိလီ... ဒီနေရာမှာ ကျွန်တော်တို့ ဘယ်လို နေထိုင်ရမှာလဲ"

"ဟုတ်တယ်... အရာရှိလီ... အလင်းရောင် တစ်စက်မှ မရှိတော့ ကျွန်တော်တို့ ထမင်းဟင်းချက်ဖို့တောင် အဆင်မပြေဘူး"

လူအုပ်ကြီးမှာ မနေနိုင်တော့ဘဲ ဝိုင်းဝန်းအော်ဟစ် ညည်းညူလာကြသည်။

အရာရှိလီကလည်း အရိပ်နဂါး ၏ ပတ်ဝန်းကျင်အခြေအနေကြောင့် အံ့အားသင့် မှင်တက်နေမိသည်။

ဤနေရာက အရမ်းမှောင်မည်းလွန်းလှပြီး အလင်းရောင် တစ်စက်မျှပင် မမြင်ရသော အမိုက်အမှောင်ကမ္ဘာကြီး ဖြစ်နေသည်။

ဒီနေရာမှာ ဘယ်လိုလုပ် သွားလာလှုပ်ရှားရမည်နည်း။

လီဟောင်က လင်းယွမ်ကို အလျင်အမြန် လိုက်ရှာရင်း လှမ်းခေါ်လိုက်သည်။ "ဆရာလင်း... ဆရာလင်း"

"ခင်ဗျား ဘေးနားမှာပဲ ရှိတယ်"

"ဟူး... ဆရာလင်း... ဒီနေရာမှာ အလင်းရောင်ရနိုင်မယ့် နေရာမျိုး မရှိဘူးလား... မီးမွှေးဖို့ပဲဖြစ်ဖြစ်လေ"

လင်းယွမ်က ပြန်ဖြေလိုက်သည်။ "မီးမွှေးလို့ရတယ်... ထမင်းဟင်းချက်ဖို့လည်း အဆင်ပြေတယ်... အလင်းရောင် မရှိရုံ သက်သက်ပဲ"

"ဒါပေမဲ့ ဒီကျွန်းပေါ်မှာ ကျွန်တော်ချန်ထားခဲ့တဲ့ အစွမ်းပိုင်ရှင်တစ်ယောက် ရှိတယ်... အနည်းဆုံးတော့ ပေချန်ကျွန်းကလူတွေ ဒီကိုလာပြီး ပြဿနာရှာရဲမှာ မဟုတ်ဘူး"

"ခင်ဗျားတို့ အခက်အခဲတွေကို ရင်ဆိုင်ပြီး ဒီမှာပဲ ဆက်နေမလား... ဒါမှမဟုတ် ဖန်းဆန်းကျွန်းကို ပြန်ပြီး သွားတိုက်ခိုက်မလားဆိုတာ ခင်ဗျားတို့ သဘောပဲ"

"ဒီနေရာကနေ ဖန်းဆန်းကျွန်းကို သိပ်မဝေးဘူး... အဲဒီကျွန်းက ရိက္ခာတွေကို ခင်ဗျားတို့ ဒီဘက်ကို သယ်လာလို့ရတယ်"

"ဒါပေမဲ့ ကျွန်တော် ကြိုပြောထားမယ်... ကျွန်တော့်နေရာမှာ မကောင်းတာတစ်ခုခု လုပ်ရဲတယ်ဆိုရင်တော့ ကျွန်တော်က ညှာနေမှာ မဟုတ်ဘူးနော်"

လင်းယွမ်က လူအုပ်ကြီးကို အေးစက်သော အသံဖြင့် သတိပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က နဲ့ရှင်း သားကောင်ပစ်ဖမ်းရာတွင် အလုခံရသည့် ကိစ္စကို သူ မြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

ယခုကဲ့သို့ မှောင်မည်းနေသော ပတ်ဝန်းကျင်မျိုးတွင် လူအချို့၏ စိတ်တွင်းမှ ယုတ်မာသော အတွေးအကြံများ ပေါ်ပေါက်လာနိုင်သည်မှာ ရှောင်လွှဲ၍မရနိုင်သော အချက်ပင်။

သူ့ကိုယ်ပိုင် နယ်မြေအတွင်း၌မူ ဤကဲ့သို့ ညစ်ညမ်းသော ကိစ္စရပ်များ ဖြစ်ပွားလာမည်ကို သူ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

လီဟောင်က အလျင်အမြန် ပြောလိုက်သည်။ "စိတ်ချပါ... ကျွန်တော် ရှိနေသရွေ့ အဲဒီလိုကိစ္စမျိုး လုံးဝ ဖြစ်လာစေရမှာ မဟုတ်ပါဘူး"

လင်းယွမ်က လမ်းတစ်လျှောက်တွင် သူ၏ နာမည်ကောင်းကို ကြားသိခဲ့ရပြီး ဤအရာရှိလီမှာ ဖြောင့်မတ်တည်ကြည်၍ ကိုယ်ကျိုးမဖက်သူ တစ်ဦးဖြစ်ကြောင်း သိထားသည်။

သူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး "အရာရှိလီ... ဒါဆိုလည်း ဒီလူတွေကို ခင်ဗျားပဲ ထိန်းချုပ်ထားလိုက်... ဖြေရှင်းလို့ မရတဲ့ ပြဿနာရှိလာရင် ကျွန်တော့်ကို ပြောပါ... ကျွန်တော်ပဲ ကိုင်တွယ်ပေးမယ်"

"ကျွန်တော် အခု အပြင်သွားစရာလေး ရှိတယ်... ခဏနေမှ ပြန်လာခဲ့မယ်... ခင်ဗျားတို့ ဒီမှာပဲ စိတ်အေးအေးထားပြီး နေကြပါ"

လီဟောင်က အမြန် ခေါင်းညိတ်ပြသည်။ "ဆရာ့ကိစ္စသာ သွားလုပ်ပါ... ကျွန်တော်တို့က ဒီလို ခိုလှုံစရာ နေရာလေး ရတာနဲ့တင် ကျေနပ်နေပါပြီ"

"ဒါနဲ့ ဆရာလင်း... တကယ်လို့ ဆရာ မရှိတဲ့အချိန် ပေချန်ကျွန်းက လူတွေများ ဒီအထိ လိုက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ" လီဟောင်က ထိုကိစ္စကို ရုတ်တရက် သတိရသွားပြီး အမြန်မေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်သည်။ "စိတ်ချပါ... ကျွန်တော့် ခွင့်ပြုချက်မရဘဲ ဝင်လာတဲ့သူတိုင်လုံးးအတွက် ရလဒ်က တစ်ခုပဲ ရှိတယ်"

မည်သို့သော ရလဒ်မျိုးဖြစ်မည်ကို သူ အတိအကျ မပြောခဲ့သော်လည်း လီဟောင်ကမူ သက်ပြင်းချကာ စိတ်အေးသွားလေသည်။

လင်းယွမ်က ပြောလိုက်သည်။ "ဒါဆိုလည်း ပြီးရော... ကျွန်တော် အရင်သွားလိုက်ဦးမယ်"

"ဆရာလင်း... ကျွန်မ... ကျွန်မရော ဆရာ့နောက်ကို လိုက်ခဲ့လို့ ရမလား"

အမှောင်ထုထဲမှ နဲ့ရှင်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

အမှန်တကယ်တော့ သူမက လင်းယွမ်၏ အနီးအနားတွင် အချိန်မရွေး ရှိနေခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်သည်လည်း သူမ ကပ်လာသည်ကို စောစောကတည်းက သတိထားမိပြီးသား ဖြစ်သည်။

သူမ၏ စကားကို ကြားလိုက်ရသောအခါ လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ "ငါက အခု ခရီးအမြန်နှင်ရမှာမို့... မင်းရဲ့ အလျင်နဲ့ဆို လိုက်မီမှာ မဟုတ်ဘူး"

နဲ့ရှင်း ချက်ချင်း အံ့သြသွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "ဆရာလင်း... ကျွန်မက လေဓာတ် အစွမ်းပိုင်ရှင်ပါ... ကျွန်မရဲ့ အလျင်က အလျင်အမျိုးအစား အစွမ်းပိုင်ရှင်တွေကို မမီဘူးဆိုပေမဲ့ တခြား အစွမ်းပိုင်ရှင်တွေထက်တော့ အများကြီး သာပါတယ်"

"ပြီးတော့ ကျွန်မက ပျံလည်း ပျံသန်းနိုင်တယ်လေ"

လင်းယွမ်က ရယ်မောလိုက်သည်။ "ငါက တစ်လမ်းလုံး ပျံသန်းပြီး သွားမှာ... မျိုးရိုးဗီဇမျိုးစေ့အဆင့် မရောက်သေးရင် မင်းရဲ့စွမ်းအင်တွေ ခံနိုင်မှာ မဟုတ်ဘူး"

"မင်း ဒီမှာပဲ နေခဲ့ပြီး ဒီနေရာကို ကူစောင့်ကြည့်ပေးပါ... တချို့ကိစ္စတွေက ယောကျ်ားလေးဖြစ်တဲ့ အရာရှိလီ ဝင်ပါဖို့ အဆင်ပြေမှာမဟုတ်ဘူး"

တစ်ချိန်တည်းမှာပင် လင်းယွမ်က လူအုပ်ကြီးကို အော်ပြောလိုက်သည်။ "အမျိုးသမီးတွေ အနေနဲ့ အဆင်မပြေတာ တစ်ခုခုရှိရင် နဲ့ရှင်းကို လာပြောလို့ရတယ်"

သူက လူအုပ်ကြီးကို နေရာချထားပေးပြီးနောက် အချိန်ဆက်မဆွဲတော့ဘဲ နဂါးနက်ကို ရှာကာ ဤလူများကို စောင့်ရှောက်ပေးရန် သတိပေးလိုက်ပြီး လင်ကျောင်းဘက်သို့ ချက်ချင်း ပျံသန်းသွားလေတော့သည်။

ပေါင်ရှန်းမြို့နှင့် လင်ကျောင်းမြို့မှာ မြစ်တစ်စင်းသာ ခြားသဖြင့် လင်းယွမ်သည် စိတ်စွမ်းအင်ဖြင့် ပျံသန်းကာ လင်ကျောင်းမြစ်ကို ဖြတ်ကျော်သွားရာ မိနစ် ၂၀ ပင် မပြည့်ခင် လင်ကျောင်းမြို့ နယ်နိမိတ်အတွင်းသို့ ရောက်ရှိသွားသည်။

သူက စက်မှုဇုန်ကို အရင်ဖြတ်သန်းသွားပြီးနောက် မြို့တွင်းကို ဖြတ်ကာ မြို့သစ်ဘက်သို့ အလျင်အမြန် ရောက်ရှိသွားသည်။

ခရီးစဉ်တစ်ခုလုံးမှာ သူ၏ အလျင်ဖြင့်ဆိုလျှင် တစ်နာရီပင် မကြာလိုက်ပေ။

လမ်းတစ်လျှောက်လုံး နှင်းပွင့်ကြီးများ တဝဲဝဲကျဆင်းနေပြီး မြေပြင်ကြီးမှာ ရေလွှမ်းမိုးထားသည့် ပုံစံမျိုး မဟုတ်တော့ဘဲ ဧရာမ နှင်းလွင်ပြင်ဖြူဖြူကြီးနှင့် တူနေသည်။

ရေခဲပြင်ပေါ်တွင် ဟိုတစ်လုံး ဒီတစ်လုံး မတ်မတ်ရပ်နေသော အထပ်မြင့် အဆောက်အအုံအချို့ကို သူ မြင်တွေ့လိုက်ရပြီး ထိုအဆောက်အအုံများမှာ အများအားဖြင့် မူလကတည်းက အလွန်မြင့်မားသော အမျိုးအစားများ ဖြစ်ကြသည်။

အများစုမှာ စက်မှုဇုန်နှင့် မြို့တွင်းပိုင်း၌ စုစည်းနေကြပြီး ယခင်က လူစည်ကားဆုံးဖြစ်ခဲ့သော စီးပွားရေးရပ်ကွက်အနီးတွင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုအဆောက်အအုံများအတွင်း၌ လူများ ပြည့်ကျပ်နေကြောင်းကိုလည်း လင်းယွမ် သတိပြုမိလိုက်သည်။

လူအတော်များများမှာ အစားအသောက်နှင့် နေထိုင်စရာ နေရာသစ်များ ရှာဖွေရန်အတွက် အပြင်သို့ပင် စတင်ထွက်ခွာနေကြပြီ ဖြစ်သည်။

ထို့ကြောင့် ဤခရီးတစ်လျှောက်တွင် နှင်းပြင်ပေါ်၌ အုပ်စုလိုက် ခရီးထွက်လာကြသော လူများကို လင်းယွမ် ဟိုတစ်စု ဒီတစ်စု တွေ့မြင်ခဲ့ရသည်။

အချို့မှာ အအေးဒဏ်ကြောင့် အေးခဲသေဆုံးနေပြီး နှင်းပြင်ပေါ်တွင် လဲကျကာ နောက်ဆုံး၌ နှင်းဖုံးလွှမ်းခြင်း ခံလိုက်ရသူများလည်း ရှိနေသည်။

ထိုမျှမကသေးဘဲ သန္ဓေပြောင်း သားရဲကြီးအချို့က နှင်းပြင်ပေါ်တွင် အပြေးအလွှား သွားလာနေကြပြီး ခရီးသွားနေသော လူများကို အမဲလိုက်နေကြသည်ကိုပါ လင်းယွမ် မြင်တွေ့လိုက်ရသေးသည်။

ကမ္ဘာကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ရေလွှမ်းမိုးသည့် ကပ်ဘေးကြီးမှ နှင်းရေခဲမြေရိုင်းလွင်ပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ဤအရာအားလုံးက လင်းယွမ်အား အိပ်မက်မက်နေသကဲ့သို့ ခံစားရစေသည်။

အမြူတေကို တံခါးပိတ် သန့်စင်နေခဲ့သည်မှာ တစ်လခွဲခန့်သာ ကြာမြင့်သေးသော်လည်း အပြင်ဘက်တွင်မူ ဤမျှ ကြီးမားလှသော အပြောင်းအလဲကြီး ဖြစ်ပေါ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အကယ်၍ အရိပ်နဂါး ရေပေါ်ကျွန်းသာ မရှိတော့ဘဲ ယခင်က သူစိုက်ပျိုးခဲ့ဖူးသော ကပ်ပါးမျိုးစေ့များ၏ အာရုံခံစားမှုများသာ မကျန်ရှိတော့ပါက လင်းယွမ်မှာ အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိသွားပြီဟုပင် ထင်မှတ်မိပေလိမ့်မည်။

"ဟင်... ဒါ ထိုက်ယန်တောင်လား"

မကြာမီ လင်းယွမ်သည် ထိုက်ယန်တောင် အနီးသို့ ရောက်ရှိသွားပြီး အဝေးမှ လှမ်းကြည့်လိုက်ရာ ဧရာမ နှင်းလွင်ပြင်ကြီးအထက်တွင် ဆက်စပ်နေသော တောင်ထိပ် သုံးခုကို မြင်တွေ့လိုက်ရသည်။

ယခင်က စိမ်းလန်းစိုပြည်ခဲ့သော တောင်တန်းများနှင့် နှိုင်းယှဉ်လျှင် ယခု မြင်နေရသော တောင်ထိပ် သုံးခုမှာ နှင်းများဖြင့် ဖြူဖွေးနေပြီ ဖြစ်သည်။

ထို့ပြင် တောင်ထိပ်တစ်ခုလုံးမှာ အတော်လေး နိမ့်ဆင်းသွားသကဲ့သို့ ဖြစ်နေသည်။

ရေကြီးပြီးနောက်ပိုင်း နေရာအတော်များများ ရေလွှမ်းမိုးခံလိုက်ရခြင်းကြောင့် ဖြစ်ကြောင်းကို လင်းယွမ် ကောင်းကောင်း နားလည်ထားသည်။

သို့သော် လင်းယွမ်၏ မျက်နှာကို ခပ်တည်တည် ဖြစ်သွားစေသည်မှာ ထိုက်ယန်တောင်၊ မိန်တောင်နှင့် လင်းယွင်တောင်စောင်းဟူသော တောင်သုံးလုံး၏ အပြင်ဘက် နှင်းပြင်ထဲတွင် ဧရာမ သင်္ဘောကြီးများက နှင်းတောထဲတွင် ရပ်နားထားခြင်းကြောင့် ဖြစ်သည်။

စစ်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်စုက နှင်းပြင်ပေါ်တွင် လျှောစီးကာ ကင်းလှည့်နေကြသည်။

ဤအရာက လင်းယွမ်၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလာရစေသည်။

"စစ်တပ်... ကွမ်ဖူက စစ်တပ်များလား... သူတို့က ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေရတာလဲ"

"ပြီးတော့ ဒီလူတွေရဲ့ ပုံစံကို ကြည့်ရတာ ကင်းလှည့်နေတာ အသေအချာပဲ"

လင်းယွမ်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ အကယ်၍ ကင်းလှည့်နေခြင်းသာ ဆိုလျှင် ထိုက်ယန်တောင်မှ လူများက အဘယ်ကြောင့် ကိုယ်တိုင်လုံး ကင်းမလှည့်ကြသနည်း။

ထိုက်ယန်တောင်မှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတာလဲ။

လင်းယွမ်၏ စိတ်အစဉ်က လျင်မြန်စွာ အလုပ်လုပ်သွားပြီး သူ့ရင်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်ထွက်လာသည်။

"စစ်တပ်က ထိုက်ယန်တောင်ကို သိမ်းပိုက်လိုက်တာလား"

လင်းယွမ်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ မျက်ဝန်းအိမ်တွင် ရက်စက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

အကယ်၍ ထိုအတိုင်လုံးးသာဆိုလျှင် သူ စစ်တပ်ကို အမြစ်ပြတ် ချေမှုန်းပစ်ရမည်သာ ဖြစ်သည်။

"ဝှစ်"

လင်းယွမ်၏ ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လေထဲတွင် အလျင်စလို ပျံသန်းကာ ထိုက်ယန်တောင်၏ အထက်ကောင်းကင်ယံသို့ တရှိန်ထိုး ချဉ်းကပ်သွားသည်။

"ဝီ... ဝီ"

လင်းယွမ် ထိုက်ယန်တောင် အထက်ကောင်းကင်ယံသို့ ချဉ်းကပ်သွားချိန်တွင် ရုတ်တရက် ထိုက်ယန်တောင်ပေါ်မှ နားကွဲမတတ် စူးရှသော သတိပေး ဥသြသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

သူသည် ပုံသဏ္ဍာန်မဲ့သော တုန်ခါမှု တစ်ခုခုကို ထိခိုက်မိသွားသကဲ့သို့ လင်းယွမ် သိသိသာသာ ခံစားလိုက်ရသည်။

"ဘယ်သူလဲ"

"ဝေဟင်ကနေ တိုက်ခိုက်လာနေတယ်"

ထိုက်ယန်တောင်ထိပ်ရှိ ကိုးဝူအဆောက်အအုံဆီမှ ကြမ်းတမ်းသော အော်ဟစ်သံတစ်သံ ချက်ချင်း ထွက်ပေါ်လာသည်။

ချက်ချင်းပင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော စစ်သားတစ်ယောက် ပြေးထွက်လာပြီး အမြောက်ပြောင်းပုံစံ ပစ္စည်းတစ်ခုကို ထောက်တင်ကာ လေထဲသို့ တိုက်ရိုက် ချိန်ရွယ်လိုက်သည်ကို မြင်လိုက်ရသည်။

ထိုအမြောက်ပြောင်းတွင် အလိုအလျောက် ပစ်မှတ်ရှာဖွေနိုင်စွမ်း ရှိပုံရပြီး အမြောက်ပြောင်းဝကို အလိုအလျောက် လှည့်ကာ လေထဲရှိ လင်းယွမ်ကို တိုက်ရိုက် ချိန်ရွယ်သွားလေသည်။

"မင်း ထိုက်ယန်တောင်ရဲ့ ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်လာပြီ... မင်းဘယ်သူလဲဆိုတာ ချက်ချင်းပြောပါ... မဟုတ်ရင် ငါတို့ ပစ်ခတ်ရလိမ့်မယ်"

"မင်း ထိုက်ယန်တောင်ရဲ့ ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်လာပြီ... မင်းဘယ်သူလဲဆိုတာ ချက်ချင်းပြောပါ... မဟုတ်ရင် ငါတို့ ပစ်ခတ်ရလိမ့်မယ်"

"မင်း ထိုက်ယန်တောင်ရဲ့ ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်လာပြီ... မင်းဘယ်သူလဲဆိုတာ ချက်ချင်းပြောပါ... မဟုတ်ရင် ငါတို့ ပစ်ခတ်ရလိမ့်မယ်"

အသံချဲ့စက်ထဲမှ ထွက်ပေါ်လာသော သတိပေးသံမှာ အလွန် အလျင်စလိုနှင့် ပြင်းထန်ပြီး သုံးကြိမ်ဆက်တိုက် ထွက်ပေါ်လာသည်။

လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး လေထဲတွင် ကိုယ်ထင်ပြကာ ကိုးဝူအဆောက်အအုံဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဝုန်း"

အောက်ဘက်ရှိ စစ်သားများက လင်းယွမ် မည်သူမည်ဝါဖြစ်ကြောင်း မပြောသဖြင့် နောက်ထပ်စကား ထပ်မပြောတော့ဘဲ အမြောက်ကို အားကုန် ပစ်လွှတ်လိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အမြောက်ပြောင်းဝမှ ပြင်းထန်လှသော စွမ်းအင်တိုင်လုံးကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး လင်းယွမ်ဆီသို့ တရှိန်ထိုး ဝင်ရောက်လာသည်။

လေထဲတွင် ရှိနေသော လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။

သူသည် ရှောင်တိမ်းခြင်း မရှိဘဲ စွမ်းအင်တိုင်လုံးကြီးဆီသို့ လက်နှစ်ဖက်ဖြင့် ပြင်းထန်စွာ ဖိချလိုက်သည်။

"ဝုန်း"

စွမ်းအင်တိုင်လုံးကြီးက လင်းယွမ်၏ လက်ဝါးနှစ်ဖက်ပေါ်သို့ ကျရောက်လာပြီး နောက်တစ်ခဏတွင် လင်းယွမ်၏ အားကောင်းလှသော စိတ်စွမ်းအင်ဖြင့် အနောက်သို့ အားကုန် တွန်းထုတ်ခြင်း ခံလိုက်ရသည်။

"အုန်း"

ပြင်းထန်သော ပေါက်ကွဲသံကြီးက ချက်ချင်း ထွက်ပေါ်လာသည်။

အလင်းတိုင်လုံးကြီးက နောက်သို့ ပြန်လှည့်သွားပြီး အောက်ဘက်ရှိ ကိုးဝူအဆောက်အအုံဆီသို့ တိုက်ရိုက် ဝင်တိုက်သွားလေသည်။

ကိုးဝူအဆောက်အအုံအတွင်းမှ လူရိပ်အချို့ ဆက်တိုက်ဆိုသလို လွင့်စင်ထွက်လာကြသည်။

"မြန်မြန် ရှောင်ကြ"

"သေစမ်း"

လူအချို့က အော်ဟစ်လိုက်ပြီး အရပ်လေးမျက်နှာသို့ အလျင်အမြန် ရှောင်တိမ်းသွားကြသည်။

တစ်ယောက်က လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်ရာ ရေစီးကြောင်းများ လှိုင်းထန်စွာ တက်လာပြီး လေထဲတွင် ဧရာမ ရေခဲတုံးကြီးများ ဖြစ်ပေါ်လာသည်။

အချို့ကလည်း ဓားမြှောင်များကို ဆွဲထုတ်ကာ လင်းယွမ်ဆီသို့ အားကုန် ပစ်လွှတ်လိုက်ကြသည်။

လင်းယွမ်က စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလက်နက်များ အားလုံး လေဟာပြင်ထဲတွင် ရပ်တန့်သွားကြလေသည်။

ပြင်းထန်သော ပေါက်ကွဲသံကြီးကြောင့် ထိုက်ယန်တောင်မှ လူအတော်များများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

"ဘယ်သူလဲ... စစ်တပ်ကိုတောင် ပြဿနာ လာရှာရဲလောက်အောင် သတ္တိကောင်းနေပါလား"

"ဝှစ်"

တောင်ခါးပန်းရှိ မီးဝါးတောဘက်မှ လူရိပ်တစ်ခုက ပြင်းထန်သောအလျင်ဖြင့် တရှိန်ထိုး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ချက်ချင်းပင် အခြားလူရိပ်အချို့ကလည်း သူ့နောက်မှ ကပ်ပါလာပြီး ကောင်းကင်ပေါ်သို့ ပျံတက်လာကြသည်။

လင်းယွမ်က တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ပထမဆုံး ပျံသန်းလာသောသူကို သူ မသိပေ။ ထိုသူမှာ စစ်ဝတ်စုံ ဝတ်ဆင်ထားသော မုတ်ဆိတ်မွေး ထူထူနှင့် လူသန်ကြီး တစ်ယောက်သာ ဖြစ်သည်။

ထိုသူက လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး လက်ကိုမြှောက်ကာ ထိုးချလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လက်သီးချက်ကြီးတစ်ခုက တရှိန်ထိုး ပစ်လွှတ်လာသည်။

လင်းယွမ်က လက်တစ်ဖက်ဖြင့် ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်သည်။

"ဝုန်း"

ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြိုကျသွားသကဲ့သို့ ထိုလက်ဝါးရိုက်ချက်ကြောင့် လေထုမှာ ချက်ချင်း လိမ်ကောက်သွားပြီး ပေါက်ကွဲထွက်သွားလေသည်။

ထိုစွမ်းအင်အလင်းလုံးကြီးမှာ လင်းယွမ်အနီးသို့ပင် မရောက်သေးခင်မှာ ရိုက်ခွဲခံလိုက်ရတော့သည်။

မုတ်ဆိတ်မွေး ထူထူနှင့် စစ်ဝတ်စုံ ဝတ်ဆင်ထားသော ထိုလူမှာလည်း လင်းယွမ်အနီးသို့ မချဉ်းကပ်နိုင်ခင်မှာပင် ဤလက်ဝါးရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ တိုက်ရိုက် လွင့်စင်ကျသွားလေတော့သည်။

သူ အနောက်သို့ လွင့်စင်သွားသော အလျင်မှာ အပေါ်သို့ ပျံတက်လာခဲ့စဉ်က အလျင်ထက် အဆပေါင်းများစွာ ပိုမြန်နေသေးသည်။

"ဝုန်း"

ထိုသူသည် ထိုက်ယန်တောင်၏ သစ်တောထဲသို့ ရိုက်ချခံလိုက်ရပြီး ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ နှင်းထုကြီးများ ပြိုကျသွားစေသည်။

သူ့နောက်မှ ကပ်ပါလာသော လူအချို့မှာ အလျင်အမြန် ရပ်တန့်လိုက်ကြပြီး လင်းယွမ်အား တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။

ခုနက မုတ်ဆိတ်မွေး ထူထူနှင့် စစ်သားမှာ အဓိက အရည်အသွေး (၆၈) မှတ်အထိ မြင့်မားသော အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။

သို့သော်လည်း တစ်ချက်လေး တွေ့လိုက်ရုံဖြင့် အနောက်သို့ လွင့်စင်သွားခဲ့ရသည်။

ဤအရာက သူတို့အချို့ကို မည်သို့လျှင် မတုန်လှုပ်စေဘဲ နေမည်နည်း။

"မင်းက ဘယ်သူလဲ"

"ငါတို့က ဘယ်သူတွေလဲဆိုတာ မင်း သိရဲ့လား... ငါတို့က ကွမ်ဖူစစ်တပ်က လူတွေကွ... မင်းက ငါတို့ကိုတောင် လက်ပါရဲတယ်ပေါ့... အသက်မရှင်ချင်တော့ဘူးလား"

လူအချို့ထဲမှ တစ်ယောက်က သူတို့၏ နောက်ခံအင်အားကို အလျင်အမြန် ထုတ်ဖော်ကာ လင်းယွမ်အား ခြိမ်းခြောက်လိုက်သည်။

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "ကွမ်ဖူစစ်တပ်... ကောင်းတယ်... အရမ်းကောင်းတယ်... မင်းတို့က ကွမ်ဖူမှာ မနေဘဲ ငါ့ပိုင်နက်ထဲကို ရောက်လာပြီး ဗိုလ်ကျနေကြတာပေါ့လေ"

"မင်းရဲ့ ပိုင်နက် ဟုတ်လား"

လူအချို့မှာ ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး ချက်ချင်းပင် တစ်ယောက်က သတိဝင်လာသည်။

"မင်းက ထိုက်ယန်တောင်က လူလား"

ထိုအချိန်တွင် တောအုပ်ထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေး ထူထူနှင့် စစ်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ကောင်းကင်ပေါ်သို့ ထပ်မံ ပျံတက်လာသည်။

သူ၏ မျက်နှာမှာ မှောင်မည်းပြီး မီးလောင်ထားသကဲ့သို့ ဖြစ်နေသော်လည်း သူ၏ မျက်လုံးထဲတွင်မူ လင်းယွမ်အပေါ် ကြောက်ရွံ့ထိတ်လန့်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် ဤဘက်မှ ဆူညံသံများက လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

လူရိပ်အချို့ လျင်မြန်သောအလျင်ဖြင့် ပျံသန်းလာကြသည်ကို မြင်လိုက်ရပြန်သည်။

ဦးဆောင်လာသူမှာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် အချိုးအစားရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

မူလက အေးစက်စက်နှင့် သတ်ဖြတ်လိုသော အမူအရာရှိနေသည့် သူမ၏ မျက်နှာမှာ လင်းယွမ်ကို သေချာမြင်လိုက်ရချိန်တွင် မယုံနိုင်လောက်အောင် ဝမ်းသာအားရ ဖြစ်သွားလေသည်။

"လင်းယွမ်"

"တကယ်ပဲ ရှင်လား... လင်းယွမ်"

လင်းယွမ်က ခေါင်းလှည့်ကြည့်လိုက်ရာ သူမကို မြင်လိုက်ရသဖြင့် ချက်ချင်း စိတ်အေးသွားပြီး "တင်းယန်" ဟု လှမ်းခေါ်လိုက်သည်။

ထိုရောက်လာသူမှာ တင်းယန်ပင် ဖြစ်သည်။

သူမနောက်မှ လိုက်ပါလာသူ နှစ်ဦးမှာ ကုဖုန်းနှင့် ကျန်းဖန်တို့ နှစ်ယောက်ဖြစ်သည်။

ထိုအချိန်တွင် သူတို့နှစ်ဦးသည်လည်း လင်းယွမ်ကို မြင်လိုက်ရသဖြင့် အတိုင်လုံးးမသိ ဝမ်းသာသွားကြသည်။

"ဆရာလင်း"

"ဆရာလင်း... တကယ်ပဲ ဆရာလား"

တင်းယန်မှာ လူအများကြီး ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ လင်းယွမ်ရှေ့သို့ အလျင်အမြန် ပြေးသွားလိုက်သည်။

သူမ၏ မျက်ဝန်းများ နီရဲလာပြီး "ရှင် ဘယ်တွေ သွားသေနေတာလဲ... ရှင် ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ သိရဲ့လား... ၄၆ ရက်တောင် ရှိနေပြီ... ကျွန်မ... ကျွန်မတို့ ရှင့်ကို ဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲ သိရဲ့လား" ဟု ပြောလိုက်သည်။

လင်းယွမ်က သူမ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသော်လည်း ရင်ထဲတွင်မူ နွေးထွေးသွားကာ သူမကို လက်လှမ်းဖက်လိုက်ပြီး "ရေပေါ်ကျွန်းရဲ့ အမြူတေကို သန့်စင်ရတာ ဒီလောက်ကြာသွားမယ်လို့ ငါ မထင်ထားခဲ့ဘူး... ဆောရီးပါ... နင်တို့ကို စိတ်ပူအောင်လုပ်မိပြီ" ဟု ပြန်ပြောလိုက်သည်။

"နင်တို့ အဆင်ပြေကြရဲ့လား... အမမေတို့ရော ဘယ်မှာလဲ"

သူ အဓိက စိတ်ပူနေသည်မှာ အမမေတို့အတွက်ပင် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် စစ်တပ်မှလူများကို အေးစက်သော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

ဆက်ရန်...

အပိုင်း(၅၅၄) ထိုက်ယန်တောင်မှ ပြောင်းလဲမှုများ

တင်းယန်က လင်းယွမ်၏ အကြည့်ကို သတိပြုမိသွားသည်။ သူမက လင်းယွမ်ကို သတိမပြုမိစေဘဲ လှမ်းဆွဲလိုက်ပြီး "အထဲရောက်မှပဲ ဆက်ပြောကြတာပေါ့" ဟု ဆိုလိုက်သည်။

လင်းယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဤကိစ္စနောက်ကွယ်တွင် တစ်ခုခုရှိနေကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

ထိုစဉ် မုတ်ဆိတ်မွေးအပြည့်နှင့် လူသန်ကြီး၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး လင်းယွမ်ကို ကြည့်ကာ "မင်းက ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင် လင်းယွမ်ဆိုတာလား" ဟု မေးလိုက်သည်။

လင်းယွမ်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး "ခင်ဗျားက ဘယ်သူလဲ"

မုတ်ဆိတ်ကြီး၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားပြီး "ကွမ်ဖူစစ်တပ်က ကျန်းတာ့ကျစ်... လက်ရှိ ကွမ်ဖူ ကင်းထောက်တပ်ရင်း တပ်ခွဲ(၃) ရဲ့ တပ်မှူးပဲ"

လင်းယွမ်က အေးစက်စွာပင် ပြန်မေးလိုက်သည်။ "ကွမ်ဖူစစ်တပ်ကလူတွေက ဘာလို့ ငါ့ပိုင်နက်ထဲ ရောက်နေရတာလဲ"

ကျန်းတာ့ကျစ်က ထိုစကားကို ကြားသောအခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "အဲဒါ မင်းလူတွေကိုပဲ သွားမေးကြည့်လိုက်လေ"

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် နားမလည်နိုင် ဖြစ်သွားသည်။

တင်းယန်က သူ့ကို လှမ်းဆွဲလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောပြသည်။ "ရှင်ထွက်သွားပြီးတဲ့နောက်... ဂိုဏ်းကြီးသုံးဂိုဏ်းက ထပ်ပြီး ပူးပေါင်းသွားကြတယ်... ပြီးတော့ တောင်ပေါ်အထိ လာပြီး ခြိမ်းခြောက်ကြတော့တာပဲ... လီချင်းဟွာက ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို အသုံးချပြီး ထိုက်ယန်တောင်ပေါ်က လူတွေကို အနိုင်နိုင် ကာကွယ်ပေးခဲ့ရတယ်"

"ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဆက်တိုက်ခြိမ်းခြောက်မှုတွေကနေ ကင်းဝေးအောင်လို့... ကျွန်မတို့ စစ်တပ်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်... ဒီလူတွေက ကျွန်မတို့ ဖိတ်ခေါ်ထားလို့ ရောက်လာကြတာပါ"

"အသေးစိတ်ကိုတော့ ပြန်ရောက်မှပဲ ပြောပြပါတော့မယ်"

လင်းယွမ် ကြားလိုက်ရချိန်တွင် သူ၏ရင်ထဲ၌ ဒေါသများ ပိုမို ပြင်းထန်လာတော့သည်။

သူက "ဂိုဏ်းကြီးသုံးဂိုဏ်း" ဟု ရေရွတ်လိုက်သည်။

သူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေပြီ ဖြစ်သည်။

သို့သော် လတ်တလော အခြေအနေက မည်သို့ရှိနေသည်ကို လင်းယွမ် ပြန်ရောက်မှ သေချာ စုံစမ်းရဦးမည်။

ထို့ကြောင့် သူက တင်းယန်ကို ခေါ်ကာ မီးဝါးတောဆီသို့ ပျံသန်းရန် ပြင်လိုက်သည်။

"နေဦး"

မုတ်ဆိတ်နှင့် လူသန်ကြီးက ရုတ်တရက် လှမ်းပြောလိုက်သည်။

လင်းယွမ်က သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်၏။

သို့သော် မုတ်ဆိတ်ကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး "ဆရာလင်းရဲ့ နာမည်ကြီးမှုကို ကျုပ် ကျန်းတာ့ကျစ် အစောကြီးကတည်းက ကြားဖူးပါတယ်" ဟု မေးလာသည်။

"ဆရာလင်းက လင်ကျောင်းမြစ်ဝမှာရှိတဲ့ ရေပေါ်ကျွန်းဆီ သွားပြီးတော့... ရေပေါ်ကျွန်းလုပွဲမှာ ပါဝင်ခဲ့တယ်လို့ ကြားတယ်"

"ကျုပ် ဆရာလင်းကို တစ်ခုလောက် မေးချင်လို့ပါ... စစ်တပ်ကလူတွေကိုရော တွေ့ခဲ့မိသေးလား"

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး "ဘာလဲ... ခင်ဗျားတို့ စစ်တပ်ကလူတွေ ပြန်မလာကြလို့လား" ဟု မေးလိုက်သည်။

ကျန်းတာ့ကျစ်က "ဆရာလင်း မသိဘူးလား... ဒီတစ်ခေါက် အမှောင်ဓာတ် ရေပေါ်ကျွန်းဆီ သွားတဲ့လူတွေထဲက ထက်ဝက်ကျော်လောက်က ပြန်မလာကြတော့ဘူး... အပြင်ဘက်မှာ ကျန်ရစ်ခဲ့တဲ့ သာမန် အစွမ်းပိုင်ရှင် တချို့လောက်ပဲ သတင်းလာပို့ဖို့ ပြန်ရောက်လာကြတာ" ဟု ရှင်းပြသည်။

"ဆရာလင်းလည်း အထဲကို ဝင်သွားခဲ့တယ်လို့ ကြားတယ်... ဆရာလင်းကို မေးပါရစေ... အထဲမှာ တိတိကျကျ ဘာတွေဖြစ်ခဲ့တာလဲ"

လင်းယွမ်က ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။ "ပြန်မထွက်လာနိုင်ဘူးဆိုမှတော့ သေသွားကြပြီပေါ့"

"ဘာ"

ကျန်းတာ့ကျစ်၏ မျက်နှာ ပျက်သွားပြီး ချက်ချင်း ထပ်မေးလိုက်သည်။ "ဘယ်လိုသေသွားကြတာလဲ"

"ငါ ဘယ်လိုလုပ် သိမှာလဲ"

လင်းယွမ်က သူ့ကို အရေးလုပ်မနေတော့ပေ။ ဤစကားကို ပြောပြီးသည်နှင့် တစ်ဖက်လူကို ဆက်လက် လျစ်လျူရှုလိုက်ကာ တင်းယန်၊ ကုဖုန်းနှင့် ကျန်းဖုန် တို့ကို ခေါ်၍ ထိုနေရာမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

မီးဝါးတောဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ...

မီးဝါးတော ပတ်ပတ်လည်တွင် စစ်ဝတ်စုံဝတ်ဆင်ထားသူ အမြောက်အမြား ကင်းလှည့်နေကြသည်ကို လင်းယွမ် သတိပြုမိလိုက်သည်။

အနက်ရောင် ယူနီဖောင်း ဆင်တူဝတ်ဆင်ထားသည့် အဖွဲ့အချို့လည်း ဂိတ်ပေါက်များကို စောင့်ကြပ်နေကြသည်။

တင်းယန်က အလျင်အမြန် ရှင်းပြသည်။ "ဒီအနက်ရောင် ဝတ်စုံတွေနဲ့လူတွေက ကျွန်မတို့လူတွေလေ... ဒီတစ်လခွဲအတွင်းမှာ ရှင် အရင်က ချမှတ်ခဲ့တဲ့ အစီအစဉ်အတိုင်း ကုန်ထုတ်လုပ်ရေး အပိုင်းတွေ အကုန်လုံးကို ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်ကို ရွှေ့ပြောင်းလိုက်ပြီ"

"ထိုက်ယန်တောင်ဘက်မှာတော့ သတ္တုတူးဖော်ရေးနဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် တိုက်ခိုက်ရေး တပ်ဖွဲ့တွေကို လေ့ကျင့်ပေးတဲ့ အပိုင်းကိုပဲ အဓိကထားတော့တယ်"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အားလုံး အဆင်ပြေကြရဲ့လား" ဟု မေးလိုက်သည်။

"သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေနဲ့ ကလေးတွေကို ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်ကို ရွှေ့ပြောင်းပေးထားတယ်... ပြီးခဲ့တဲ့တစ်ခေါက်က ဂိုဏ်းကြီးသုံးဂိုဏ်း ဝင်တိုက်တုန်းကတော့ လူအင်အား တော်တော်များများ ဆုံးရှုံးသွားရသေးတယ်"

"ကံကောင်းတာက ကျွန်မတို့နောက်ကို အစောဆုံး လိုက်လာခဲ့ကြတဲ့ လူဟောင်းတွေ အားလုံးတော့ ရှိနေကြသေးတယ်"

"ဒါ့အပြင် ရှင် ချန်ထားခဲ့တဲ့ မျိုးရိုးဗီဇမျိုးစေ့တွေ အများကြီး ရှိနေလို့ တော်သေးတာပေါ့... အဲဒီအထဲက ရေဓာတ်၊ စိတ်စွမ်းအင်ဓာတ်၊ မြေဓာတ်တွေမှာတော့ အဆင့်တက်သွားတဲ့သူတွေ ရှိနေပြီ"

"ကျောက်ခိုင်က အခုဆို ၇၃ မှတ်အထိ တက်သွားပြီ... မကြာခင် ၇၄ မှတ်ကို ရောက်တော့မယ်... ဒီလောက် အရည်အသွေးမျိုးက ကွမ်ဖူမှာဆိုရင်တောင် ထိပ်တန်းစာရင်းဝင်ပဲ"

"အတော်ဆုံးကတော့ လီချင်းဟွာပဲ... သူ ဘယ်လို ကျင့်ကြံထားလဲတော့ မသိဘူး... အခုဆိုရင် ၈၁ မှတ်အထိ တက်သွားပြီ... ကျွန်မတို့အထဲမှာတော့ သူက အတော်ဆုံးပဲ"

တင်းယန်သည် ဤအကြောင်းကို ပြောနေစဉ် သူမ၏ မျက်နှာတွင် အံ့မခန်းဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။

လီချင်းဟွာက ကျောက်ခိုင်ထက် မျိုးရိုးဗီဇမျိုးစေ့ ဖွဲ့စည်းတာ နောက်ကျသော်လည်း ကျင့်ကြံမှု အရှိန်ကတော့ သိသိသာသာကို မြန်ဆန်နေခဲ့သည်။

လင်းယွမ်ကတော့ ထိုအကြောင်းရင်းကို သဘောပေါက်ထားသဖြင့် ပြန်ပြောလိုက်သည်။ "လီချင်းဟွာရဲ့ အခြေအနေက ထူးခြားတယ်လေ... သူက ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ရဲ့ နှလုံးအမြူတေကို သန့်စင်ထားတော့... အဲဒီနှလုံးအမြူတေထဲက စွမ်းအင် အမြောက်အမြားကို လက်ခံရရှိထားတာကိုး"

"ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ရဲ့ တိုးတက်မှုက နှေးနေသေးတယ်လို့တောင် ဆိုလို့ရတယ်... သူ သန့်စင်ထားတဲ့ နှလုံးအမြူတေက ဟို ဓားမြီး ပင်လယ်မြွေ သန့်စင်ထားဖူးတဲ့ အရာဆိုတော့... မူလစွမ်းအင် တော်တော်များများ ကုန်ဆုံးသွားလို့ နေလိမ့်မယ်"

"တကယ်လို့သာ အစကတည်းက ဘယ်သူမှမသန့်စင်ရသေးတဲ့ နှလုံးအမြူတေဆိုရင် သူ့ရဲ့ တိုးတက်မှုက ဒီထက်တောင်မြန်ဦးမှာ"

လင်းယွမ် ကိုယ်တိုင်လည်း အရိပ်နဂါး ရေပေါ်ကျွန်း၏ နှလုံးအမြူတေ တစ်ခုကို သန့်စင်ထားဖူးသဖြင့် ၎င်းအတွင်း၌ မည်မျှ ကြီးမားသော စွမ်းအင်များ ပါဝင်နေသည်ကို ကောင်းကောင်း သိထားသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် အပြည့်အဝ မသန့်စင်ရသေးဘဲ ကျန်ရစ်နေသော စွမ်းအင် အမြောက်အမြားကို ယခုတိုင် ခံစားနေရဆဲ ဖြစ်သည်။

သူကိုယ်တိုင် မျိုးရိုးဗီဇကို အချိန်မီ ပြန်လည် မဖွဲ့စည်းရသေးဘဲ မျိုးရိုးဗီဇမြေပုံ အလယ်အလတ်အဆင့်ကို မချိုးဖျက်နိုင်သေးသဖြင့် ၁၀၀ မှတ်တွင် တစ်ဆို့နေခြင်း ဖြစ်သည်။

သူ့အတွက် မျိုးရိုးဗီဇမြေပုံကို ပြန်လည်ဖွဲ့စည်းရန် အချိန်အနည်းငယ်သာ ရလိုက်ပါက ၁၀၀ မှတ်ကို လျင်မြန်စွာ ချိုးဖျက်နိုင်ပြီး ဤနှလုံးအမြူတေ စွမ်းအင်များကို ထပ်မံ ချေဖျက်နိုင်မည် ဖြစ်သည်။

တင်းယန် ရုတ်တရက် သဘောပေါက်သွားပြီး လီချင်းဟွာ အဘယ်ကြောင့် ဤမျှ မြန်ဆန်စွာ တိုးတက်နေရသလဲ ဆိုသည်ကို နားလည်သွားတော့သည်။

သူမက ချက်ချင်း ဆက်မေးလိုက်သည်။ "ဒါဆို ကျောက်ခိုင်ကရော... သူက ဘာလို့ ဒီလောက် မြန်နေရတာလဲ"

"ငါ သူ့အတွက် ရေခဲဓာတ် သွေးသလင်းကျောက်တွေ အများကြီး ချန်ထားပေးခဲ့တာလေ... သူက သွေးသလင်းကျောက်တွေထဲက စွမ်းအင်ကို တိုက်ရိုက် စုပ်ယူသန့်စင်လိုက်တော့ တိုးတက်တဲ့ အရှိန်ကလည်း အလိုလိုကို မြန်ဆန်သွားတော့တာပေါ့"

"နင့်ရဲ့ အဓိက အရည်အသွေးက အခု ဘယ်လောက် ရောက်နေပြီလဲ"

တင်းယန် သက်ပြင်းတစ်ချက် ချလိုက်သည်။ "၆၄ မှတ်ပါ"

လင်းယွမ် မျက်ခုံးပင့်သွားသည်။ တင်းယန်သည် အစွမ်းကုန် ကြိုးစားထားပြီးပြီ ဆိုသည်ကို သူ သိထားသည်။

သို့သော် ထိုက်ယန်တောင်ပေါ်တွင် တင်းယန်ကို အလျင်အမြန် စုပ်ယူနိုင်စေမည့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သွေးသလင်းကျောက်များ မရှိပေ။

ထို့ကြောင့် သူမ မည်မျှပင် ကြိုးစားစေကာမူ တိုးတက်မှုနှုန်းက ကျောက်ခိုင်နှင့် လီချင်းဟွာတို့ကို အမီလိုက်နိုင်မည် မဟုတ်ပေ။

တစ်လခွဲ အချိန်အတွင်း သူမသည် ၅၀ မှတ်မှနေ၍ ၆၄ မှတ်အထိ ၁၄ မှတ် တိတိ တက်လာခဲ့ရာ အလွန် တော်နေပြီဟု ဆိုရမည် ဖြစ်သည်။

သူ ထွက်သွားသည့် ဤတစ်လခွဲအတွင်း အပြင်ဘက်မှ သတ်မှတ်ချက် ပြည့်မီပြီး အရင်းအမြစ် ရှိသော အစွမ်းပိုင်ရှင်များသည်လည်း စွမ်းရည်များ အလွန် လျင်မြန်စွာ တိုးတက်နေကြလောက်ပြီ ဖြစ်သည်။

ယခင်က သူ့လက်တွင် ခွေးတစ်ကောင်လို အရိုက်ခံခဲ့ရသော ဂိုဏ်းကြီးသုံးဂိုဏ်းတွင် ယခုအခါ ထိပ်တန်းအစွမ်းပိုင်ရှင် ဘယ်နှစ်ယောက်များ ထပ်ပေါ်လာပြီလဲ ဆိုသည်ကိုတော့ မသိရပေ။

လောကကြီးတွင် ရေပေါ်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို သန့်စင်နိုင်သူ ဆိုသည်မှာ အနည်းစုသာ ရှိနေဆဲ ဖြစ်သည်။

သို့သော် ဂိုဏ်းကြီးသုံးဂိုဏ်းအနက် ရေနတ်ဘုရားဂိုဏ်းနှင့် မြေမိခင်ဂိုဏ်းတို့သည် ရေပေါ်ကျွန်း အရင်းအမြစ်များကို လက်ဝယ်ပိုင်ဆိုင်ထားကြပြီး သွေးသလင်းကျောက် အမြောက်အမြား ရှိနေကြသည်။

ထို့ကြောင့် သူတို့၏ အထက်ပိုင်းခေါင်းဆောင်များအတွက် ကျင့်ကြံရန် အရင်းအမြစ်များ ပြတ်လပ်နေမည် မဟုတ်သည်မှာ သေချာသည်။

တိုးတက်မှု အရှိန်မှာလည်း နှေးကွေးနေမည် မဟုတ်ပေ။

သူ တိုးတက်နေသလို ရန်သူများကလည်း အလျင်အမြန် တိုးတက်နေကြသည်ပင်။

မီးဝါးတောသို့ ပြန်ရောက်လာချိန်တွင် လင်းယွမ် လှမ်းကြည့်လိုက်ရာ ဈေးဝယ်စင်တာကြီးမှာ လူများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။

နေရောင်ခြည်ခံ အခန်းဘက်တွင်လည်း လူအမြောက်အမြား စုဝေးနေကြသည်။

သူ အနားသို့ မရောက်ခင်မှာပင် နေရောင်ခြည်ခံ အခန်းဘက်မှ အချေအတင် ငြင်းခုံသံများကို ကြားလိုက်ရသည်။

"သောက်ကျိုးနည်း... မင်းက ဘာလို့ ကြားဖြတ်ဝင်လာရတာလဲ... ငါက အရင်လာတာကွ"

"ဟက်ဟက်... မင်းက အရင်လာတာ ဟုတ်လား... ငါက အပြင်ဘက်မှာ မင်းတို့ ထိုက်ယန်တောင်အတွက် နှစ်နာရီတိတိ ကင်းစောင့်ပေးခဲ့တာ... အထဲကို အရင်ဝင်ပြီး နေပူဆာ သွားလှုံလို့ မရဘူးလား"

"ခွေးမသားလေး... စစ်သားကို ဦးစားပေးရမယ် ဆိုတာ မင်း မသိဘူးလား"

လင်းယွမ် လှမ်းကြည့်လိုက်ရာ နေရောင်ခြည်ခံ အခန်းပေါက်ဝတွင် လူငယ်နှစ်ဦး ငြင်းခုံနေကြသည်ကို တွေ့လိုက်ရသည်။

တစ်ယောက်က အနက်ရောင် ဝတ်စုံကျပ်ကို ဝတ်ဆင်ထားပြီး အခြားတစ်ယောက်ကမူ ဆံပင်တိုတိုနှင့် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုအချိန်တွင် စစ်ဝတ်စုံနှင့် အမျိုးသားမှာ မျက်နှာပေါ်၌ လှောင်ပြုံးများဖြင့် ဆဲရေးတိုင်းထွာနေသည်။

သူ၏ဘေးတွင်လည်း အလားတူ စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် စစ်တပ်မှ လူအချို့ ရပ်နေကြပြီး အားလုံးက လက်နက်များ ကိုင်ဆောင်ကာ ဆက်တိုက် လှောင်ရယ်နေကြသည်။

အနက်ရောင်ဝတ် လူငယ်၏ ဘေးတွင်မူ အသက်အနည်းငယ် ကြီးပုံရသော လူလတ်ပိုင်းအချို့က သူ့ကို အလျင်အမြန် ဆွဲထားပြီး အဆက်မပြတ် ဖျောင်းဖျနေကြသည်။

"ထားလိုက်ပါ... ထားလိုက်ပါ ဟန်ထောင်ရယ်... ပြဿနာ မရှာပါနဲ့"

"ဟန်ထောင်... ပြန်လာခဲ့... အခု အခြေအနေက ဘယ်လိုလဲဆိုတာ မင်း မသိဘူးလား... သူတို့ကို သွားမစော်ကားပါနဲ့"

"ခေါင်းမာမနေနဲ့တော့... ပြန်လာခဲ့"

ဟန်ထောင်မှာ မျက်ရည်များ ဝဲနေပြီး မကျေနပ်သည့်ပုံစံ အထင်းသား ပေါ်လွင်နေကာ ရှိုက်ကြီးတငင် ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော့်အစ်ကိုက ဖျားနေပြီလေ... ဆေးဘက်ဆိုင်ရာဌာနကလည်း ပြောတယ်... သူ့ခန္ဓာကိုယ်ထဲက အအေးဓာတ်တွေ ထွက်သွားအောင် နေရောင်ခြည်ခံခန်းထဲကို မြန်မြန် ဝင်ပြီး နေပူဆာလှုံဖို့ လိုတယ်တဲ့"

"ဟူး... မင်း ငါ့ရှေ့ကနေ ဝင်စီလိုက်ပါ... ခဏနေကျရင် မင်းအစ်ကိုကို ခေါ်ပြီး အရင် ဝင်သွားလိုက်လေ... သူတို့နဲ့ သွားမငြင်းနေပါနဲ့တော့" ဘေးနားရှိ လူလတ်ပိုင်းတစ်ဦးက ပြောလိုက်သည်။

အနီးအနားတွင် ဝိုင်းကြည့်နေသော လူအုပ်ထဲမှ အချို့မှာ ဒေါသထွက်နေကြပြီး မနေနိုင်ဘဲ လေသံတိုးတိုးဖြင့် ဆဲဆိုလိုက်ကြသည်။ "တောက်... ဒါက ငါတို့အိမ်လေကွာ... ဘာလို့ ဒီစစ်သားယုတ်တွေ လာအနိုင်ကျင့်တာကို ခံနေရမှာလဲ"

"ဆရာလင်းသာ ရှိနေရင် ဒီခွေးကောင်တွေကို သေချာပေါက် ကောင်းကောင်း ပညာပေးမှာပဲ"

ထိုလူများမှာ တီးတိုး ရေရွတ်နေကြသော်လည်း ဤနေရာရှိ လူများအားလုံးမှာ အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် အသံ မည်မျှပင် တိုးစေကာမူ စစ်ဝတ်စုံဝတ် အမျိုးသားများကို လွတ်ကင်းအောင် မဖုံးကွယ်နိုင်ကြပေ။

ဆံပင်တိုတိုနှင့် စစ်ဝတ်စုံဝတ် လူငယ်က ရုတ်တရက် ခေါင်းလှည့်လာပြီး လူအုပ်ထဲသို့ စူးစိုက်ကြည့်ကာ ဆဲရေးလိုက်သည်။ "ငါ#မသားတွေ... သတ္တိရှိရင် ထွက်လာပြီး ပြောစမ်း"

"သောက်ခွေးကောင်တွေ... ငါတို့က မင်းတို့ရဲ့ ဒီစောက်စုတ်ပြတ်နေတဲ့ နေရာကို လာချင်တယ်လို့ ထင်နေလား... မင်းတို့လူတွေက ငါတို့ကို လာပြီး အကာအကွယ်ပေးပါလို့ တောင်းဆိုထားကြလို့ကွ"

"ငါတို့သာ မရှိရင် မင်းတို့ကို ဂိုဏ်းကြီးသုံးဂိုဏ်းက အရိုးတောင် မကျန်အောင် ဝါးမျိုသွားတာ ကြာလှပြီကွ"

"#ီးတဲ့မှပဲ... ကိုယ့်ကိုယ်ကိုယ်လည်း မှန်ပြန်ကြည့်ကြဦး... မင်းတို့လို အောက်တန်းစားတွေက ဒီအရင်းအမြစ်တွေကို ပိုင်ဆိုင်ဖို့ ထိုက်တန်လို့လား"

"ရေကြီးမှုကြီး မဖြစ်ခင်ကတည်းက ဒီနေရာက နိုင်ငံတော်ပိုင် သစ်တောဥယျာဉ်ကွ... နိုင်ငံတော်ပိုင်တာ... နားလည်လား"

"ငါ့ကိုယ်ပေါ်က ဝတ်စုံကို သေချာ ကြည့်ထား... ငါတို့ကမှ နိုင်ငံတော်ကို ကိုယ်စားပြုတာ... မင်းတို့က သောက်သုံးမကျတဲ့ တောသားတွေပဲ"

စစ်သားယုတ်က ဆဲရေးတိုင်းထွာနေပြီး အမှန်တကယ် မျက်နှာပြောင်တိုက်နေခြင်း ဖြစ်သည်။ ဤစကားများ ထွက်လာသောအခါ နေရာတွင် ရှိနေသူများအားလုံး မျက်နှာပျက်သွားကြသည်။

အထူးသဖြင့် ထိုက်ယန်တောင်ဘက်မှ လူများမှာ တစ်ယောက်ပြီးတစ်ယောက် ဒေါသထွက်လာကြသည်။

လူငယ် အများအပြားမှာ မနေနိုင်တော့ဘဲ ထွက်လာကာ အချေအတင် ပြောဆိုချင်လာကြသည်။

သို့သော် အသက်ကြီးသူများက ထိုလူငယ်များကို အလျင်အမြန် ပြန်ဆွဲထားကြသည်။

"နေဦး... မငြင်းကြနဲ့... သူတို့နဲ့ သွားမငြင်းကြနဲ့"

"ခေါင်းဆောင်ကျောက်တို့ကို ဒုက္ခများအောင် မလုပ်ကြနဲ့"

"ငါတို့ အခု သူတို့ကို လိုအပ်နေသေးတယ်... သည်းခံကြပါ... သည်းခံကြစမ်းပါ"

အသက်ကြီးသူ အများစုမှာ အခြေအနေအရပ်ရပ်ကို နားလည်သူများ ဖြစ်ကြသည်။

ဂိုဏ်းကြီးသုံးဂိုဏ်းက ထိုက်ယန်တောင်ကို အမြဲတမ်း မျက်စိကျနေကြပြီး... အကယ်၍ ဤအချိန်တွင် စစ်တပ်မှ လူများကိုပါ သွားရောက် စော်ကားမိပါက ထိုက်ယန်တောင်မှာ အမှန်တကယ်ပင် အထီးကျန် ကူရာမဲ့ ဖြစ်သွားမည်ကို သူတို့ ကောင်းကောင်း သိထားကြသည်။

လူငယ်များ၏ ရင်ထဲမှ သွေးဆူမှုများမှာ ဤကဲ့သို့ စော်ကားခံလိုက်ရသော်လည်း ပေါက်ကွဲထွက်ခွင့် မရသဖြင့် ဒေါသထွက်ကာ မျက်နှာများပင် ရှုံ့မဲ့သွားကြသည်။

ထိုက်ယန်တောင်မှ အနက်ရောင်ဝတ် လူငယ်များစွာမှာ စစ်သားယုတ်အချို့ကို စူးစိုက်ကြည့်နေရုံမှလွဲ၍ တစ်ယောက်မျှ လက်ပါခြင်း မရှိကြပေ။

ထိုက်ယန်တောင်၏ စည်းကမ်းချက်များသည် သူတို့၏ အရိုးထဲအထိ စိမ့်ဝင်နေခဲ့ပြီ ဖြစ်သည်။

ထိုက်ယန်တောင်သည် သူတို့၏ အိမ်ဖြစ်ပြီး သေရမည်ဆိုလျှင်တောင် ထိုက်ယန်တောင်ကို ပြဿနာ မရှာပေးနိုင်ပေ။

ဆံပင်တိုတိုနှင့် စစ်သားယုတ်က ထိုအခြေအနေကို မြင်သောအခါ ရုတ်တရက် လှောင်ရယ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

သူက ရှေ့သို့ တစ်လှမ်း တိုးလာပြီး မျက်ရည်ဝဲနေသော အနက်ရောင်ဝတ် လူငယ် ဟန်ထောင်ကို လက်ဖြင့် အကြမ်းပတမ်း တွန်းဖယ်လိုက်ကာ ဆဲရေးလိုက်သည်။ "ထွက်သွားစမ်း"

ထိုမျှမက သူက နောက်လှည့်ကာ စစ်ဝတ်စုံ ဝတ်ဆင်ထားသော လုပ်ဖော်ကိုင်ဖက်များကို လက်ယပ်ခေါ်လိုက်ပြီး ရယ်မောလျက် "လာ... အကုန်လုံး အထဲဝင်ကြမယ်" ဟု ပြောလိုက်သည်။

"ငါတို့က ကွမ်ဖူကနေ ဒီလောက်ဝေးတဲ့အထိ လာပြီး သူတို့အတွက် တောင်ကို စောင့်ရှောက် ကင်းလှည့်ပေးနေတာ... ဒီလောက်တော့ ခံစားခွင့် ရှိရမှာပေါ့... ဘာဖြစ်လဲ"

"ရဲဘော်တို့... သွားမယ်"

သူ၏ အနောက်ဘက်ရှိ စစ်ဝတ်စုံနှင့် စစ်သားများကလည်း ချက်ချင်း ရယ်မောလိုက်ကြပြီး ဆံပင်တိုနှင့် စစ်သား၏ အနောက်မှနေ၍ နေရောင်ခြည်ခံ အခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကြသည်။

သို့သော် ခြေနှစ်လှမ်းပင် မလှမ်းရသေးခင်မှာ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

"ထိုက်ယန်တောင်က လူတွေက ဘယ်အချိန်ကစပြီး ဒီလောက်တောင် သတ္တိကြောင်သွားကြတာလဲ"

ထိုအသံမှာ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သော်လည်း လူအများ၏ နားထဲသို့ ရောက်သွားချိန်တွင်မူ ဧရာမ ခေါင်းလောင်းကြီး ထိုးလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားပြီး အားလုံးမှာ လန့်ဖျပ်ကာ ရုတ်တရက် နောက်လှည့်ကြည့်လိုက်ကြသည်။

ဟန်ထောင်သည် ထိုအသံကို ကြားလိုက်ရချိန်တွင် ခဏချင်းမှာပင် ရင်တွေ တဒိန်းဒိန်း ခုန်လာပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားသည်။

သူ လှည့်ကြည့်လိုက်ပြီး လာနေသူကို မြင်လိုက်ရသောအခါ နဂိုကတည်းက နီရဲနေသော မျက်ဝန်းအစုံမှာ လုံးဝကို ထိန်းချုပ်မရတော့ပေ။

"ဆရာ... ဆရာလင်း"

သူသည် အပြင်ဘက်တွင် အနိုင်ကျင့်ခံရသော ကလေးတစ်ယောက်က မိဘကို ရုတ်တရက် ပြန်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ယခင်က တင်းခံထားသော မျက်နှာမှာ ယခုအချိန်တွင် ဆက်လက် ဟန်မဆောင်နိုင်တော့ပေ။

ပဲစေ့လုံးခန့်ရှိသော မျက်ရည်ပေါက်ကြီးများက တသွင်သွင် စီးကျလာတော့သည်။

"အီးဟီး... ဆရာလင်း... ဆရာလင်း"

ဟန်ထောင်က လင်းယွမ်ရှေ့သို့ "ဒုန်း" ခနဲ ဒူးထောက်ချလိုက်ပြီး အော်ဟစ် ငိုကြွေးတော့သည်။

လင်းယွမ်က သူ့ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ လှမ်းထူပေးလိုက်ပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။ "မငိုနဲ့... ထိုက်ယန်တောင်က ယောက်ျားတွေက သွေးပဲ ထွက်ရမယ်... မျက်ရည်မကျရဘူး"

"အီးဟီး... ဆရာလင်း... သူတို့က လူကို အနိုင်ကျင့်ကြတယ်... သူတို့က ကျွန်တော်တို့ကို အာဏာအားကိုးနဲ့ အနိုင်ကျင့်ကြတယ်ဗျာ"

ဆက်ရန်...

All Chapters