အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁) အရှင့်ရဲ့ပေါင်ကို ဖက်ထားရမယ်.... နတ်ဘုရားသားတော် ယန်ရန်
ကောင်းကင်နှင့်မြေပြင်အကြား၌ တိတ်ဆိတ်ငြိမ်သက်သွားသည်။
စားသောက်ပွဲသို့ လာရောက်ကြသော ကျင့်ကြံသူများဖြစ်စေ ပြပွဲကောင်းကြည့်ရန် လာကြသော ပါရမီရှင်များဖြစ်စေ...
သူတို့၏မျက်လုံးသူငယ်အိမ်များသည် အပ်တစ်ချောင်းစာမျှ ကျဉ်းမြောင်းသွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သူတို့အားလုံး သစ်သားရုပ်ထုများကဲ့သို့ မှင်သက်နေကြ၏။
စားသောက်ပွဲကို လက်ခံကျင်းပသူအနေဖြင့် တစ်ဖက်လူက သူတို့ကို လုံးလုံးလျားလျား လျစ်လျူရှုကာ ဤမျှထိ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော စကားမျိုးကို ပြောဆိုလာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
အထူးသဖြင့် မျိုးဆက်သစ်လူငယ်များကို ခေါ်ဆောင်လာခဲ့ကြသည့် သူတော်စင်နန်းတော်သခင် အများအပြားသည် ဒေါသထွက်လွန်းသဖြင့် သူတို့၏မျက်နှာများပင် နီရဲလာကြသည်။
သူတို့၏သူတော်စင် ဖိနှိပ်သတ်ဖြတ်ခြင်း ခံရသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသော သူတော်စင်နန်းတော်သခင်ကမူ အံ့တင်းတင်းကြိတ်ကာ ပို၍ပင် ဒေါသထွက်နေခဲ့သည်။
"ဒါကတော့ တရားလွန်သွားပြီ..."
သူက လေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်ပြီး တစ်ဖက်လူနှင့် ချက်ချင်းသွားရောက် အငြင်းပွားလိုစိတ်များ ပေါက်ဖွားလာသည်။
သို့ရာတွင် သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။
ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များက သူ့ထံသို့ စူးစိုက်၍ ကြည့်နေသည်ဟု ထင်မှတ်ရသည်။
သူ၏အကဲခတ်မှုအောက်တွင် သူ၏နတ်ဘုရားစိတ်ဝိညာဥ် အနက်ရှိုင်းဆုံးနေရာမှ သေစေနိုင်သော ခြိမ်းခြောက်မှုအရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။
အကယ်၍ သူသာ ထိုလူများကို ခေါင်းမာမာဖြင့် သွားရောက်၍ အငြင်းပွားရဲပါက နောက်တစ်စက္ကန့်တွင် သူ မည်သို့သေဆုံးသွားမည်ကိုပင် သိနိုင်မည် မဟုတ်ချေ။
သူတစ်ယောက်တည်းသာမက တခြားသူတော်စင်နန်းတော်သခင် အများအပြားလည်း အလားတူ ခံစားလိုက်ရသဖြင့် မည်သည့်အတွေးမျိုးကိုမျှ ဆက်လက်၍ မတွေးရဲကြတော့ပေ။
"အိုး... ဧကရာဇ်သမီးတော်ကျန်ယွဲ့က ဘာတွေပြောနေတာလဲ..."
မျက်နှာရိပ်မျက်နှာကဲ ဖတ်တတ်သော သူတော်စင်နန်းတော်သခင်တစ်ဦးက ဟန်လုပ်ထားသောအပြုံးဖြင့် ပြောဆိုသည်။
"ကျွန်တော်တို့က နတ်ဘုရားသားတော် ဝူတောက်နဲ့ တွေ့ဆုံဖို့အတွက် ဒီနေကို ရောက်လာခဲ့တာပါ..."
"အခု နတ်ဘုရားသားတော် ဝူတောက်ကိုတောင် မတွေ့ရသေးဘဲ ဒီလိုထွက်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဆန္ဒတွေကို မဖြည့်ဆည်းနိုင်ရာ ကျမနေဘူးလား..."
ဤမြှောက်ပင့်ပေးသော စကားများ ထွက်ပေါ်လာချိန်၌ စားသောက်ပွဲသို့ တက်ရောက်လာကြသော ကျင့်ကြံသူအများအပြားလည်း မှင်သက်နေရာမှ အသိစိတ်ပြန်ဝင်လာကြပြီး အလျင်အမြန်ပင် အလိုက်တသိ ထောက်ခံလိုက်ကြ၏။
"ဟုတ်တယ် ဟုတ်တယ်... နတ်ဘုရားသားတော် ဝူတောက်ရဲ့ ပါရမီက ပြိုင်ဘက်ကင်းပြီး လူတွေထဲက နဂါးတစ်ကောင်လိုပဲဆိုတာ ကျွန်တော်တို့ ကြားဖူးနေတာ ကြာပြီ..."
"တကယ်လို့ ဒီနေ့ နတ်ဘုရားသားတော်ရဲ့ လေးစားအပ်တဲ့ မျက်နှာကို မမြင်ရဘူးဆိုရင် တစ်သက်လုံး နောင်တရနေမှာ သေချာတယ်..."
"ဒီစားသောက်ပွဲကို အရှင်တို့က ကျင်းပတာဆိုတော့ အရှင်တို့ရဲ့စီစဉ်မှုအတိုင်း ကျွန်တော်တို့က သဘာဝကျကျ လိုက်နာရမှာပေါ့..."
"နတ်ဘုရားသားတော် တံခါးပိတ်ကျင့်ကြံတာ ဘယ်လောက်ကြာကြာ သူ ထွက်လာတဲ့အထိ ဒီနေရာကနေ စောင့်နေပါ့မယ်..."
"..."
စွမ်းအားကြီးမားသူများသည် အမြဲတစေ တခြားသူများ၏ရိုသေလေးစားမှုကို အလွယ်တကူ ရရှိတတ်သည်။
အစောပိုင်းက ခုံးကျန်ယွဲ့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မြင်တွေ့ပြီးနောက် စားသောက်ပွဲသို့ လာရောက်ကြသော ကျင့်ကြံသူ အမြောက်အများသည် ကြောက်ရွံ့သွားကြ၏။ သို့ရာတွင် သူတို့သည် အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် တွယ်ကပ်နေရန် ပို၍ပင် ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့ကြ၏။
မည်သို့ပင်ဆိုစေကာမူ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သမီးတော် တစ်ပါးမျှသာဖြစ်သော ခုံးကျန်ယွဲ့ကပင် သူတို့၏ စိတ်ကူးထက်ကျော်လွန်သော စွမ်းအားများကို ထုတ်လွှတ်နိုင်ခဲ့သည်။
ဒဏ္ဍာရီလာ နတ်ဘုရားသားတော်ဆိုလျှင် သူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်ပြီး ကြောက်မက်ဖွယ်ကောင်းနေမည်မှာ သေချာပေါက်ပင်။
ဉာဏ်ရည်ထက်မြက်သော မည်သူမဆို ထိုဧကရာဇ်သားတော်များနှင့် သမီးတော်များထက် များစွာသာလွန်သော စွမ်းအားသာ မရှိပါက ခုံးဝူတောက်သည် ထိုကဲ့သို့ တည်ရှိမှုများကို မည်သို့ ဖိနှိပ်နိုင်မည်နည်း ဆိုသည်ကို သိရှိကြပေလိမ့်မည်။
ထို့ကြောင့် အချိန်လေဟာနယ် တားမြစ်နယ်မြေက သူတို့ကို လုံးလုံးလျားလျား လျစ်လျူရှုထားလျှင်ပင် သူတို့သည် ကြီးမြတ်မှုဆီသို့ တက်လှမ်းရန် ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ချေ။
"ဒါက အချိန်လေဟာနယ် တားမြစ်နယ်မြေလား..."
အဝေးရှိ တောင်တန်းများပေါ်တွင် အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသော မုချင်းလီသည်လည်း အလွန်အမင်း တုန်လှုပ်ချောက်ချားသွားခဲ့သည်။
အလွန်ဝေးကွာသော နေရာမှပင် အစောပိုင်းက ပြသခဲ့သော ခုံးကျန်ယွဲ့၏ ကြောက်မက်ဖွယ် စွမ်းအားသည် သူမကို လုံးလုံးလျားလျား အံ့အားသင့်သွားစေဆဲပင်။
ဤသည်မှာ ယခင်က သူမ မြင်တွေ့ခဲ့ရသော ယသူတော်စင်ယန်ရန်နှင့်ပင် ယှဉ်ပြိုင်နိုင်ပေမည်။အကယ်၍ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ်သမီးတော် တစ်ပါးကပင် သူတော်စင်ယန်ရန်ထက် မနိမ့်ကျသော ကြောက်မက်ဖွယ် စွမ်းအားမျိုး ပိုင်ဆိုင်ထားမည်ဆိုပါက ခုံးဝူတောက်၏ အစစ်အမှန် စွမ်းအားသည် မည်မျှထိ ကြောက်မက်ဖွယ် ကောင်းမည်ကို သူမ စိတ်ကူးပင် မယဉ်ရဲတော့ချေ။
မုချင်းလီက အံ့အားသင့်တုန်လှုပ်နေရင်း သူမသည် နေရာမှန်သို့ ရောက်လာခဲ့သည့်အတွက် သူမ၏စိတ်နှလုံးသားထဲတွင် အတိုင်းမသိ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
အကယ်၍ သူမသာ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ သခင်တစ်ဦး၏ မျက်နှာသာပေးမှုကို ခံရပြီး အစေခံ သို့မဟုတ် အလုပ်အကျွေးဖြစ်လာရန် ကံကောင်းခဲ့မည်ဆိုပါက သူတော်စင်ယန်ရန်ထံမှ အကျပ်အတည်းများ ပြေလည်သွားပေလိမ့်မည်။
"နတ်ဘုရားသားတော် ဝူတောက်က ဘယ်လိုလူမျိုးလဲ..."
ကြီးကျယ်ခမ်းနားသော ခန်းမကြီးဆီသို့ ကြည့်နေသည့် မုချင်းလီ၏ လှပသော မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပို၍ပြင်းပြလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ တာအိုနယ်မြေ၏ အနောက်ပိုင်း သဲကန္တာရ နယ်စပ်တွင် ဧရာမလျှိုကွမ်းရတနာသင်္ဘောကြီးတစ်စင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာခုတ်မောင်းနေပေ၏။
လျှိုကွမ်းရတနာသင်္ဘောတစ်စင်းလုံးသည် တလက်လက် တောက်ပနေပြီး မျက်စိကျိန်းမတတ် အလင်းရောင်များကို ထုတ်လွှတ်ထားသည်။
ထိုသင်္ဘော၏မျက်နှာပြင်တွင် မရေမတွက်နိုင်သော ရှေးဟောင်းယောင်မျိုးနွယ်စာလုံးများအား ရှုပ်ထွေးစွာ ထွင်းထုထားပြီး ရင်တလှပ်လှပ်ဖွယ် တာအိုစည်းချက်ကို ထုတ်လွှတ်ထားသည်။
အထူးသဖြင့် သင်္ဘော၏အလယ်ဗဟိုတွင် အလွန်ထင်ရှားသော စာလုံးတချို့ကို ထွင်းထုထားပြီး ထိုစာလုံးများမှာ ရွှေကျီးကန်းနတ်ဘုရားတောင်ဟူ၍ပင်။
လျှိုကွမ်းရတနာသင်္ဘောကြီး၏ ခမ်းနားသော ခန်းမကြီးအတွင်း၌ လေထုသည် စူးရှပြီး ဆိုးရွားသော အနံ့အသက်များဖြင့် ပြည့်နှက်နေပေ၏။
ဝတ်လစ်စလစ်ဖြစ်နေသူတချို့နှင့် အဝတ်အစား ဖရိုဖရဲဖြစ်နေသူအချို့ အပါအဝင် အမျိုးသမီး အများအပြား မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
သူမတို့၏အဆီအနှစ်များ စုပ်ယူခံလိုက်ရသကဲ့သို့ သူမတို့၏ မျက်နှာအမူအရာများသည် အလွန်ပင်ပန်းနွမ်းနယ်နေပုံရ၏။
အမြင့်ဆုံးနေရာတွင် မကောင်းဆိုးဝါးဆန်သော အသွင်အပြင်ရှိပြီး အသားအရေ ဖြူဖျော့သည့် အနီရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦး ပလ္လင်ခွေထိုင်နေသည်။
သူ၏နံဘေးပတ်လည်ရှိ ဟင်းလင်းပြင်တွင် တောက်ပသော ကြက်သွေးရောင် နတ်ဘုရားမီးတောက်များ လွင့်မျောနေပေ၏။ ထိုကြောင့် ယခင်ကတည်းက ထူးခြားနေသော သူ၏ပုံစံကို တောက်လောင်နေသည့် ကြက်သွေးရောင် နတ်ဘုရားနေမင်းနှင့် တူညီသွားစေကာ ပို၍ပင် တောက်ပလာပြီး လူအများမှ တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်တော့ချေ။
ဤလူသည် လက်ရှိ ရွှေကျီးကန်းနတ်ဘုရားတောင်၏ ထိပ်တန်းလူငယ်ပါရမီရှင် ယန်ရန်ပင်။
ဘိုးဘေးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် သူသည် နတ်ဘုရားမီးတောက် စွမ်းအားဖြင့် မွေးဖွားလာခဲ့ပြီး ရွှေကျီးကန်းနတ်ဘုရားတောင်မှ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိသော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ယန်ရန်က ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ကြက်သွေးရောင် မျက်လုံးတစ်စုံကို ဖွင့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လောင်ကျွမ်းစေတတ်သော အပူလှိုင်းလုံးကြီးများက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး ဧရာမ သင်္ဘောကြီးကို တုန်ခါသွားစေကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုလည်း အဆက်မပြတ် တုန်ခါသွားစေတော့သည်။
"ဟား ဟား... ကောင်းကင်မီးတောက် သူတော်စင်နန်းတော်က ဒီဗာမီလီယန်ငှက်မလေးက တကယ့်ကို ရဲတင်းတာပဲ... သူက အသင်္ချေသူတော်စင်မြိုကို ပြေးဝင်သွားရဲတယ်..."
"ငါ့ကို ယှဉ်ပြိုင်ဖို့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ စွမ်းအားကို သူက အသုံးပြုချင်နေပုံရတယ်..."
ယန်ရန်၏ အေးစက်စက်အသံတွင် ရွံရှာဖွယ်ကောင်းသော ကျီစယ်တော့ကစားလိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။
သူ မျက်စိကျမိသည့် အရာတစ်ခုမျှ မရနိုင်သည်ဟူ၍ မရှိခဲ့သလို သူ၏ လက်တွင်းမှ လွတ်မြောက်နိုင်သည့်အရာဟူ၍လည်း မရှိခဲ့ပေ။
ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ရှိနေစဉ်အတွင်း သူသည် အထူးယောင်မျိုးနွယ် သွေးမျိုးဆက်များရှိသော သက်ရှိများစွာကို စုဆောင်းနေခဲ့သည်။
အထူးသဖြင့် အမျိုးသမီးများကို သူ ရှာဖွေခဲ့သည်။ အကြောင်းအရင်းမှာ သူသည် သူမတို့၏ မူလယင်စွမ်းအင်ကို စုပ်ယူနိုင်ရုံသာမက သူမတို့၏သွေးမျိုးဆက်ကို လုံးလုံးလျားလျား စုပ်ယူကာ သူ၏ကိုယ်ပိုင်အာဟာရအဖြစ် အသုံးပြုနိုင်သောကြောင့်ပင်။
မုချင်းလီ၏ ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက်ကို သူ စုပ်ယူပြီးစီးသွားသည်နှင့် သူ၏ ရွှေကျီးကန်း သွေးမျိုးဆက်သည် နောက်ထပ် တိုးတက်မှုနှင့် အသွင်ပြောင်းမှုကို ခံစားရပေလိမ့်မည်။
ထို့ကြောင့် သူသည် မည်သည့်အကြောင်းနှင့်မျှ မုချင်းလီကို အလွတ်ပေးမည် မဟုတ်ချေ။
"အချိန်လေဟာနယ် တားမြစ်နယ်မြေက နတ်ဘုရားသားတော်လား..."
"ဟား ဟား... နတ်ဘုရားသားတော်ဆိုတဲ့ စစ်မှန်တဲ့ဘွဲ့နဲ့ ဘယ်သူက ပိုပြီးထိုက်တန်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
ယန်ရန်သည် ခုံးဝူတောက်ကို သိပ်ပြီးဂရုမစိုက်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် ပျက်စီးခြင်းခေတ်တွင်သာ လွှမ်းမိုးနိုင်ခဲ့သည် မဟုတ်လော....
ပါရမီရှင်များ အုပ်စုလိုက် ထွက်ပေါ်လာသည့် ဤပြန်လည်နိုးထလာသောခေတ်တွင် ထိုလူထံတွင် ကြည့်စရာပင် များများစားစား ရှိမည်မဟုတ်ပေ။
"ဒါပေမဲ့ အခုချိန်မှာ ငါ လုပ်ရမယ့် ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်..."
"ကောင်းကင်ဘုံ တာအိုနယ်မြေရဲ့ အဆုံးမဲ့ မီးတောင်တွေမှာ ကောင်းကင်နှင့်မြေပြင် ဆန်းကြယ်မီးတောက်တစ်ခု ထွက်ပေါ်လာတယ်လို့ ငါ ကြားထားတယ်... တကယ်လို့ ငါသာ အဲ့ဒါကို လုံးဝ ဝါးမျိုပစ်နိုင်ရင် ငါ့ရဲ့စွမ်းအားတွေက ပိုပြီးတိုးတက်လာမှာပဲ... ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ငါးနဲ့ အထက်ကိုတောင် ချိုးဖျက်ဝင်ရောက်သွားနိုင်တယ်..."
"ဟိုဗာမီလီယန်ငှက်မလေး အတွက်ကတော့ ကျင်းယန်နဲ့ ကျင်းယွမ်ကို သွားခေါ်ခိုင်းလိုက်မယ်..."
သူ ပြောဆိုခဲ့သော ကျင်းယန်နှင့် ကျင်းယွမ်တို့သည် သူတို့၏ ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဧကရာဇ်သားတော်နှင့် သမီးတော်များဖြစ်ကြပြီး သူ၏ နောက်လိုက်များလည်း ဖြစ်ကြသည်။
သူတို့၏ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေလေပြီ။
မုချင်းလီကို ပြန်လည်ခေါ်ဆောင်လာခြင်းသည် သူတို့အတွက် ခက်ခဲသော အလုပ်တစ်ခု မဖြစ်သင့်ပေ။
ထို့ပြင် သူ၏ အဆင့်အတန်းနှင့် နောက်ခံသည် ခုံးဝူတောက်ထက် မနိမ့်ကျဟုလည်း သူ ခံစားခဲ့ရသည်။
အကယ်၍ ဤကိစ္စအတွက်သာ စားသောက်ပွဲသို့ သွားမည်ဆိုပါက ထိုအရာက သူ၏ ဂုဏ်သိက္ခာကို ကျဆင်းသွားစေမည် မဟုတ်လော။
သို့သော် သူ၏ မောက်မာသော လုပ်ရပ်များက သူ့ကို သေရေးရှင်ရေး အကျပ်အတည်းတစ်ခုမှ ယာယီကယ်တင်လိုက်သည်အား သူ အနည်းငယ်မျှ မသိခဲ့ချေ။
အခန်း (၁၀၂) အင်အားစုအသီးသီးက ထူးခြားတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်လာကြပြီး နတ်ဘုရားဘုရင်ရဲ့ချုပ်နှောင်မှုတွေ ကျိုးပျက်သွားတော့မယ်
ကောင်းကင်ဘုံ တာအိုနယ်မြေ၏ အရှေ့ပိုင်းဒေသ....
အပူအပင်မဲ့ ဓားသခင်သည် ဓားတောင်၏ထိပ်တွင် မတ်တတ်ရပ်နေသည်။
သူ၏နောက်တွင် မရေမတွက်နိုင်သော စွမ်းအားကြီးမားသည့် ဓားကျင့်ကြံသူများ ရှိနေကြ၏။
သူတော်စင်နန်းတော်သခင်များပင်လျှင် ကြည်ညိုလွန်းသော ယုံကြည်ကိုးကွယ်သူများအလား မြေပြင်ပေါ်တွင် ဝပ်တွားနေကြသည်။
ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ရှိနေစဉ်အတွင်း အပူအပင်မဲ့ ဓားသခင်သည် သူ၏ အထွတ်အထိပ် ဓားတာအို နတ်ဘုရားစွမ်းရည်ကို အားကိုးကာ ကောင်းကင်ဘုံ တာအိုနယ်မြေ၏ အရှေ့ပိုင်းဒေသကို လုံးလုံးလျားလျား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ကောင်းကင်ဘုံ တာအိုနယ်မြေတခွင်လုံးတွင် နာမည်ကြီးသော မရေမတွက်နိုင်သည့် ဓားကျင့်ကြံသူများသည် သူ၏ရှေ့တွင် ပေါင်းပင်များနှင့် တူညီနေသည်။ သူတို့သည် အရေးမပါကြဘဲ သူ၏ဓားချက်တစ်ချက်တည်းဖြင့် လုံးလုံးလျားလျား တိုက်ခိုက်ရှင်းလင်းခံလိုက်ရသည်။
ထိုက်တန်သော ပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံရန် ခက်ခဲသောကြောင့် အပူအပင်မဲ့ ဓားသခင်ကို အလွန်ငြီးငွေ့သွားစေခဲ့သည်။
အပူအပင်မဲ့ ဓားသခင်သည် ဟင်းလင်းပြင်တွင် မတ်တတ်ရပ်နေပြီး အသင်္ချေသူတော်စင်မြို့ရှိရာ အရပ်ဆီသို့ ငေးမောကြည့်နေပေ၏။
"ပါရမီရှင်စုဝေးစားသောက်ပွဲလား..."
"အချိန်လေဟာနယ် တားမြစ်နယ်မြေက နတ်ဘုရားသားတော်ဆိုတဲ့ သူက ငါ့ကို ပျော်ရွှင်မှုတချို့ ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ အစက ငါ ထင်ခဲ့တာ..."
"အခုတော့ သူက ငါ စောင့်နေတဲ့သူ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေပြီ..."
မူလက သူသည် ခုံးဝူတောက်အပေါ် မျှော်လင့်ချက်များ ထားရှိခဲ့သည်။
တစ်ဖက်လူကလည်း သူနှင့် တူညီလိမ့်မည်ဟု သူ ယုံကြည်ခဲ့ပေ၏။
ဤသည်မှာ ဒေသတစ်ခုလုံးကို လွှမ်းမိုးပြီး ပြိုင်ဘက်ကင်းသော နာမည်ဂုဏ်သတင်းကို ရရှိရန်အတွက်ပင်။
သို့ရာတွင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တစ်ဖက်လူသည် မည်သည့်လှုပ်ရှားမှုကိုမျှ မလုပ်ခဲ့ချေ။
သူက ပါရမီရှင်စုဝေးစားသောက်ပွဲ တစ်ခုကိုပင် တိုက်ရိုက်ကျင်းပလိုက်သည်။
ခုံးဝူတောက်၏ လုပ်ရပ်များသည် အရှိန်အဟုန် တည်ဆောက်ရန်အတွက် ဖြစ်သော်လည်း ဤအပြုအမူက သူ့ကို အကြီးအကျယ် စိတ်ပျက်သွားစေခဲ့ဆဲပင်။
"ဒီအပြုအမူကို ကြည့်တာနဲ့တင် သူ့ရဲ့စွမ်းအားက ဘာမှ ထူးခြားမှု မရှိဘူးဆိုတာ သိသာနေတယ်..."
"သူက ငါ့ရဲ့ ဓားတစ်ချက်ကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်..."
အပူအပင်မဲ့ ဓားသခင်၏ပုံရိပ်ကို ငေးကြည့်နေကြသော အောက်ဘက်ရှိ လှပသော အမျိုးသမီးများစွာ၏ အကြည့်များသည် ယစ်မူးနေကြပြီး ဤအထွတ်အထိပ် ဓားကျင့်ကြံသူ၏ ဖမ်းစားခြင်းကို ခံလိုက်ရပုံရသည်။
တောင်ပိုင်းဒေသ...
မိုးကောင်းကင်ယံတခွင်လုံး၌ တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။
ဧရာမ မြို့ကြီးတစ်မြို့အတွင်း၌ မရေမတွက်နိုင်သော လူများက လမ်းမများပေါ်တွင် ပလ္လင်ခွေ ထိုင်နေကြ၏။
သူတို့သည် သူတော်စင်နန်းတော်များ မျိုးနွယ်စုများမှဖြစ်စေ သို့မဟုတ် သာမန်တိုင်းသူပြည်သားများပင်ဖြစ်စေ သူတို့၏ မျက်နှာများသည် ရေကဲ့သို့ ငြိမ်သက်နေပြီး ခေါင်းငုံ့ကာ ပလ္လင်ခွေထိုင်နေကြသည်။
ထိုလူများ၏ရှေ့ဆုံးတွင် ငါးရောင်ခြယ်အလင်းတန်းများ စီးဆင်းနေပြီး လူများကို သေမျိုးလောကီ ပြဿနာများ မေ့ပျောက်သွားစေမည့် အရှိန်အဝါများ ထုတ်လွှတ်နေသော ကြာပန်းတစ်ပွင့်က ညင်သာစွာ ယိမ်းနွဲ့နေသည်။
တောက်ပသော အရောင်အသွေးစုံလင်သည့် အလင်းတန်းများသည် ကြာပန်းမှ ထွက်ပေါ်လာပြီး အောက်ဘက်ရှိ မရေမတွက်နိုင်သော လူများကို လွှမ်းခြုံထားပေ၏။
ထိုဧရာမကြာပန်းကြီး၏ အောက်တွင် နူးညံချောမွတ်သော အသားအရေရှိပြီး မျက်ခုံးများမှ ကရုဏာနှင့် နူးညံ့သိမ်မွေ့သော အရှိန်အဝါကို ထုတ်ဖော်ပြသနေသည့် ပြိုင်ဘက်ကင်း မိန်းကလေးတစ်ဦးက ပလ္လင်ခွေထိုင်နေသည်။
သူမ၏ ဖမ်းစားနိုင်သော အလှတရားသည် ရွှံ့ညွန်များမှ အညစ်အကြေးကင်းစင်စွာ ထွက်ပေါ်လာသော မြင့်မြတ်သည့် စိတ်နေသဘောထားနှင့် ပေါင်းစပ်လိုက်သောအခါ ထူးခြားသည့် အလှတရားတစ်ခုကို ပို၍ပေါ်လွင်စေခဲ့သည်။
ဤအမျိုးသမီးသည် ယခုမျိုးဆက် ဟုန်ချန်သီလရှင်ကျောင်း၏ ထိပ်တန်းဆက်ခံသူ ရှဲ့လင်းယွန်ပင်။
သူမ၏ဂိုဏ်းသည် အမျိုးသမီးများဖြင့်သာ ဖွဲ့စည်းထားပြီး သီလရှင်ဂိုဏ်းဟု ခေါ်ဆိုကြသော်လည်း ဟုန်ချန်သီလရှင်ကျောင်းမှ အမျိုးသမီး ကျင့်ကြံသူများသည် ကျင့်ကြံရန်အတွက် ခေါင်းတုံးတုံးလေ့ မရှိကြချေ။
မည်သို့ပင်ဆိုစေကာမူ သူမတို့ ကျင့်ကြံသော နည်းစနစ်များသည် ဗုဒ္ဓနည်းစနစ်များ မဟုတ်ပေ။
ထိုအစား သူမတို့သည် သေမျိုးလောကီထက် သာလွန်ထူးကဲသော နည်းစနစ်တစ်ခုကို ကျင့်ကြံကြသည်။
သေမျိုးလောကီ ကံတရားနှင့် စိတ်ခံစားမှုခုနစ်ပါး စိတ်ဆန္ဒခြောက်ပါးတို့ကို ဖြတ်တောက်ခြင်းဖြင့် သူမတို့သည် အတိတ်နှင့်ပစ္စုပ္ပန်ဘဝများ၏ ရည်မှန်းချက်များကို လုံးလုံးလျားလျား ဖြည့်ဆည်းပေးခဲ့ပြီး သူမတို့၏ ကျင့်ကြံခြင်းများကို ပို၍တိုးတက်လာစေရန် ခွင့်ပြုပေးခဲ့သည်။
ဟုန်ချန်သီလရှင်ကျောင်း၏ ထိပ်တန်းဆက်ခံသူအနေဖြင့် ရှဲ့လင်းယွန်သည် မိုးပြာကျောက်မျက် နတ်ဘုရားကျောက်စိမ်း ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် အလွန်သာလွန်ထူးကဲပေ၏။
သူမသည် သေမျိုးလောကီ၏ ချုပ်နှောင်မှုများကို ထပ်မံ၍ ချိုးဖျက်နိုင်ခဲ့သည်နှင့် တပြိုင်နက် သူမသည် အဆုံးမရှိသော ပါရမီဖြင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော သေမျိုးလောက နတ်ဘုရားရုပ်ခန္ဓာကိုယ်အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်သည်။
ရှဲ့လင်းယွန်၏ အသွင်ပြောင်းခြင်း အောင်မြင်စေရန် သေချာစေရန်အတွက် ဟုန်ချန်သီလရှင်ကျောင်းက ဤစမ်းသပ်မှုကို သူမအတွက် အထူးစီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းမဟာတာအို အမှတ်အသားသည် သူတို့အတွက် ဒုတိယဦးစားပေးသာ ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေကာမူ ထိပ်တန်းအင်အားစု အများအပြားသည် ဤတာအိုနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြလေပြီ။
အင်အားစုအသီးသီးက ဤအရာအတွက် ပြင်းထန်စွာ တိုက်ခိုက်ကြမည်မှာ မလွှဲမသွေပင်။
နောက်ဆုံးတွင် ဤကောင်းကင်ဘုံကို အာခံနိုင်သော အခွင့်အရေးသည် မည်သူ၏လက်ထဲသို့ ကျရောက်သွားမည်ကို လုံးလုံးလျားလျား မသိနိုင်ချေ။
ဟုန်ချန်သီလရှင်ကျောင်း၏ အဓိက ရည်မှန်းချက်မှာ ရှဲ့လင်းယွန်သည် ဤအတွေ့အကြုံမှတစ်ဆင့် သေမျိုးလောကီ စိတ်ခံစားမှု ခုနစ်ပါးနှင့် စိတ်ဆန္ဒခြောက်ပါးတို့ကို လုံးလုံးလျားလျား ဖြတ်တောက်ပြီး ပို၍မြင့်မားသော တာအိုတစ်ခုကို ရရှိရန်ပင်။
ဤအချိန်အခိုက်အတန့်တွင် ရှဲ့လင်းယွန်က ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရသည်။
သူမက ပြိုင်ဘက်ကင်းလှပသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
"အချိန်လေဟာနယ် တားမြစ်နယ်မြေ... ပါရမီရှင်စုဝေးစားသောက်ပွဲလား..."
ရှဲ့လင်းယွန်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ဒီခရီးစဉ်မှာ ငါက ကောင်းကင်ကပ်ဘေးဒုက္ခ တစ်ခုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဂိုဏ်းချုပ်က ပြောခဲ့တယ်... ပြီးတော့ အဲ့ဒါက အချိန်လေဟာနယ် တားမြစ်နယ်မြေက လူတစ်ယောက်နဲ့ သက်ဆိုင်နေဖို့ အရမ်းများတယ်..."
"ဒီပါရမီရှင်စုဝေးစားသောက်ပွဲက ပျော်ပွဲရွှင်ပွဲကို ငါ မသွားတာက ပိုကောင်းလိမ့်မယ်..."
မဟာနက်နဲသိမ်မွေ့ သူတော်စင်နန်းတော်....
ရက်အနည်းငယ်ကြာ အခြေချနေထိုင်ပြီးနောက် သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များမှ အကူအညီဖြင့် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ကျင့်ကြံခြင်းသည် ခရမ်းစံအိမ်နယ်ပယ်သို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။
သူသည် တာအိုနန်းတော်နယ်ပယ်၏ အစွန်းသို့ပင် ရောက်ရှိနေလေပြီ။
"မဆိုးဘူး... မဟာနက်နဲသိမ်မွေ့ သူတော်စင်နန်းတော်ရဲ့ များပြားတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေရဲ့ အကူအညီနဲ့ဆိုရင် တာအိုနန်းတော်နယ်ပယ်ကို ချိုးဖောက်ဖို့ ဒါမှမဟုတ် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ကို ရောက်ဖို့ဆိုတာ သိပ်မလိုတော့ဘူး..."
ဤရက်အနည်းငယ် ကျင့်ကြံနေစဉ်အတွင်း သူသည် ကျင့်ကြံခြင်းတွင် အဆင့်တက်သွားရုံသာမက သူ၏ ယခင်ဘဝမှ လျှို့ဝှက်နည်းစနစ်တချို့ကို အသုံးပြုရာတွင်လည်း ကျွမ်းကျင်လာခဲ့သည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ကို ချိုးဖောက်သွားတာနဲ့ နတ်ဘုရားဘုရင်နယ်ပယ်က ထိပ်တန်းကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရရင်တောင် ဘာမှ ကြောက်စရာ မရှိတော့ဘူး..."
"ခုံးဝူတောက်... အဲ့ဒီနေ့က အရှက်ခွဲခံရမှုအတွက် မင်းကို အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းမယ်..."
ခုံးဝူတောက်၏ အတင်းအကြပ် ဒူးထောက်ခိုင်းခြင်းကို ခံခဲ့ရသည့် အတွေးက သူ့ကို အဆုံးမရှိ ဒေါသထွက်စေခဲ့သည်။
ယခုအချိန်တွင် သူသည် ကျင့်ကြံခြင်းကို ပြန်လည်ရရှိရန် ကြိုးစားပမ်းစား ကျင့်ကြံနေချိန်တွင် တစ်ဖက်လူက ပါရမီရှင်စုဝေးစားသောက်ပွဲကို ကျင်းပကာ ပျော်ရွှင်နေသည်။
ဤသည်က တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ပို၍ပင် ဒေါသထွက်သွားစေပေ၏။
အားကောင်းသော အဆင့်အတန်းနှင့် နောက်ခံရှိသူများသည် မောက်မာပြီး အလွန်အမင်း ယုံကြည်မှုလွန်ကဲတတ်ကြသည်။
"ကောင်းကင်ဘုံ တာအိုနယ်မြေက ကောင်တွေက တကယ့်ကို ငတုံးတွေပဲ..."
"သူတို့က ကောင်းကင်ဘုံ တာအိုနယ်မြေကနေ တစ်ချိန်က ပေါ်ထွက်လာခဲ့တဲ့ ဒီဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်တဲ့ ငါ့ရဲ့နောက်ကို မလိုက်ဘဲနဲ့....သူ့ရဲ့ အဆင့်အတန်းနဲ့ နောက်ခံကို အားကိုးပြီးပြုမူနေတဲ့သူရဲ့နောက်ကို လိုက်နေကြတယ်..."
"ဟမ့်... ငါ့ရဲ့ ကျင့်ကြံခြင်းက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ကို ချိုးဖောက်သွားတာနဲ့ မင်းတို့ လိုအပြင်လူတွေ အားလုံးက ငါ့ရဲ့ နောက်ခံတွေ ဖြစ်လာလိမ့်မယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများတွင် နတ်ဘုရားမီးတောက်များ တလက်လက် တောက်ပနေသည်။
"ရှေးဟောင်းမဟာတာအို အမှတ်အသား ကလည်း သေချာပေါက် ငါ့ရဲ့အပိုင် ဖြစ်လာလိမ့်မယ်..."
သုံးရက်အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပေ၏။
ဤသုံးရက်တာ ကာလအတွင်း စားသောက်ပွဲသို့ လာရောက်ကြသော ကျင့်ကြံသူ အများအပြားမှာ မည်သည့်ညည်းညူမှုမျှ မရှိခဲ့ကြချေ။
မည်သူကမျှ ထိုနေရာမှ ထွက်မသွားကြဘဲ သူတို့အားလုံး နာခံမှုရှိစွာ စောင့်ဆိုင်းနေကြသည်။
သို့သော် နောက်ထပ်အချိန်တခဏတွင် လူတိုင်းက တစ်ခုခုကို ခံစားလိုက်ရပြီး သူတို့၏ မျက်လုံးများ အံ့အားသင့်တုန်လှုပ်စွာကြောင့် ပြူးကျယ်သွားသည်။
"အဲ့ဒါက..."
မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံး သတိထားမိသွားကြပြီး သူတို့၏အကြည့်များသည် ခမ်းနားကြီးကျယ်သော ဧရာမ မြို့တော်ကြီးရှိရာ အရပ်ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြ၏။
ဝုန်း...
နောက်ထပ်အချိန်တခဏတွင် ကောင်းကင် မြေကြီး နေနှင့် လတို့ကို ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ နတ်ဘုရားအလင်းတိုင်တစ်ခုသည် မြို့တော်ထဲမှ ပျံ့လွင့်သွားပြီး မိုးကောင်းကင်ယံကို ထိုးဖောက်သွားခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်သံက မိုးကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် ထွက်ပေါ်လာ၏။
တောက်လောင်နေသော အဖြူရောင် မိုးကြိုးသွားများသည် နဂါးများနှင့် မြွေများ ရူးသွပ်စွာ ကခုန်နေသကဲ့သို့ ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်သည်။
ထိုနေရာရှိ လူများအားလုံးကို ပို၍ပင် ထိတ်လန့်သွားစေခဲ့သည်မှာ သန်းရာနှင့်ချီသော ဝိုးတဝါးအလင်းတန်းများသည် ကြယ်မှုန်များအလား မိုးပြာရောင်တိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာမှ အောက်သို့ လွင့်မျောလာခြင်းပင်။
မိုးကြိုးပင်လယ်ကြီး ဟိန်းဟောက်သွားပြီး မင်္ဂလာရှိသော အလင်းတန်းများ မြင့်တက်လာကာ မိုင်ပေါင်းသန်းနှင့်ချီ ကျယ်ဝန်းသော ဧရိယာကို သဘာဝလွန်ဖြစ်စဉ် စွမ်းအားများဖြင့် ဖုံးလွှမ်းသွားပေ၏။
ကောင်းကင်ဘုံ တာအိုနယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများသည် ထိုကဲ့သို့ ခမ်းနားကြီးကျယ်လှသော သဘာဝလွန်ဖြစ်စဉ်များကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။
"အဲ့ဒါက... အသင်္ချေသူတော်စင်မြို့ ရှိနေတဲ့နေရာ ဖြစ်ပုံရတယ်..."
"အသင်္ချေသူတော်စင်မြို့မှာ နတ်ဘုရားသားတော် ခုံးဝူတောက်ရဲ့အမိန့်နဲ့ မကြာသေးခင်ရက်တွေက ပါရမီရှင်စုဝေးစားသောက်ပွဲကို ကျင်းပနေတယ်လို့ ငါ ကြားထားတယ်... ဘယ်လိုလုပ်ပြီးတော့ ဒီလိုသဘာဝလွန်ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်တာလဲ..."
"ဒါက သဘာဝလွန်ဖြစ်စဉ် တစ်ခုထက် ပိုနေပုံရတယ် မဟုတ်လား... ဘာလို့ ငါလည်း ပြင်းထန်တဲ့ ကောင်းကင်ကပ်ဘေးဒုက္ခ စွမ်းအားကို ခံစားနေရတာလဲ..."
"လူငယ် အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ယောက်က အခုချိန်မှာ အဆင့်ချိုးဖျက်တော့မယ့်ပုံပဲ..."
စကားသံများ ကျရောက်သွားသည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိပြီးသားဖြစ်သည့် ကျွမ်းကျင်သူအများအပြား၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။
ပါရမီရှင် ကျင့်ကြံသူအများအပြားသည် သူတို့၏ နယ်ပယ်ကို ချိုးဖောက်သောအခါ ကောင်းကင်ကပ်ဘေးဒုက္ခ ကျဆင်းလာမှုကို ဆွဲဆောင်နိုင်ကြသည်။
သို့ရာတွင် ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နေစဉ်တွင် ဤမျှထိ ခမ်းနားကြီးကျယ်သော သဘာဝလွန်ဖြစ်စဉ်ကိုလည်း ဖြစ်ပေါ်စေနိုင်သော မည်သူတစ်ဦးတစ်ယောက်အကြောင်းကိုမျှ သူတို့ မကြားဖူးခဲ့ကြချေ။
ဤကိစ္စသည် တရားလွန်လွန်းရုံသာမက မယုံနိုင်လောက်အောင်လည်း ဆန်းကြယ်နေသည်။
ကောင်းကင်ဘုံ တာအိုနယ်မြေမှ သက်ရှိများ ဤကိစ္စကြောင့် တုန်လှုပ်သွားကြသည်သာမက ကောင်းကင်တာအို ဟင်းလင်းပြင်တွင် ပုန်းအောင်းနေပြီး မရေမတွက်နိုင်သော ခေတ်ကာလများတစ်လျှောက် တိတ်ဆိတ်နေခဲ့သည့် ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ကောင်းကင်တာအိုပင်လျှင် ဤအချိန်အခိုက်အတန့်၌ အံ့အားသင့်သွားခဲ့သည်။
ကောင်းကင်တာအိုသည် အသင်္ချေသူတော်စင်မြို့ကို စုံစမ်းလိုသဖြင့် စိတ်ဆန္ဒတစွန်းတစကို တိတ်တဆိတ် စေလွှတ်လိုက်သည်။