← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅) ငါ့ဆီကနေ သင်ယူချင်တာလား... မင်းတို့က အသက်သုံးရှိုက်စာ ခံနိုင်ရင် နိုင်ပြီ

ပါရမီရှင်စုဝေးစားသောက်ပွဲကို တရားဝင် စတင်လိုက်သည်နှင့် စားသောက်ပွဲသို့ လာရောက်ကြသော ပါရမီရှင်အများအပြားသည် သူတို့၏ နေရာများတွင် ထိုင်လိုက်ကြ၏။

သို့ရာတွင် ပါရမီရှင် ရာဂဏန်းအနည်းငယ်သာလျှင် ပါရမီရှင်စုဝေးစားသောက်ပွဲသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်။

ခုံးဝူတောက် ယခင်က သတ်မှတ်ထားခဲ့သော စည်းကမ်းချက်များမှာ အလွန်တင်းကြပ်လှသည်။

အသက် နှစ်ဆယ့်ရှစ်နှစ်အတွင်း တာအိုနန်းတော်နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သော ပါရမီရှင်များသည် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးတွင်ပင် အလွန်ရှားပါးပေ၏။

ဤရာဂဏန်းမျှရှိသော လူများထဲတွင် တချို့သည် တခြားတာအိုနယ်မြေများမှ ပါရမီရှင်များက တမင်သက်သက် ထည့်သွင်းထားသော သူလျှိုများ ဖြစ်ကြသည်။

ခုံးဝူတောက်သည် ဤကိစ္စကို ဂရုမစိုက်ခဲ့ချေ။

သူတို့သည် အသုံးမကျသော လူအုပ်စုတစ်စုသာ ဖြစ်ပေ၏။

အကယ်၍ သူသာ အလိုရှိပါက သူ၏လက်တစ်ဖက်ကို လှန်လိုက်ရုံဖြင့် သူတို့အားလုံးကို ဖိနှိပ်နိုင်သည်။

["ဒင်... စနစ်က လက်ခံသူရဲ့ အနီးအနားမှာ ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီးကို ထောက်လှမ်းတွေ့ရှိခဲ့ပြီးတော့ လက်ခံသူ စစ်ဆေးဖို့အတွက် အမှတ်အသား ပြုလုပ်ထားပါတယ်..."]

ဤအသံကို ကြားလိုက်ရချိန်၌ ခုံးဝူတောက်က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်၏။

ယခုတစ်ကြိမ် သူ ကျင်းပသော ပါရမီရှင်များစုဝေးစားသောက်ပွဲက ကောင်းကင်ကံကြမ္မာ သမီးတော်တစ်ဦးကို အမှန်တကယ် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ဤသည်မှာ သူ မထင်မှတ်ထားသော အခွင့်အရေးတစ်ခုပင်။

ခုံးဝူတောက်၏အကြည့်သည် လူအုပ်ထဲသို့ ဝေ့ဝိုက်၍ ကျရောက်သွားပေ၏။

မကြာမီမှာပင် သူသည် ထိုလူများထဲမှ အမျိုးသမီးတစ်ဦးထံသို့ ရောက်ရှိချိန်၌ သူ၏အကြည့် ရပ်တန့်သွားခဲ့သည်။

အနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ထိုအမျိုးသမီးသည် လူအုပ်ထဲတွင် ထူးခြားစွာ ပေါ်လွင်ထင်ရှားနေသည်။

သူမ၏ အသားအရေသည် ထောပတ်ကဲ့သို့ ဖြူဝင်းနေပြီး မျက်နှာအသွင်အပြင်သည် အပြစ်အနာအဆာကင်းမဲ့နေ၏။ သူမသည် မီးတောက်ကဲ့သို့ နီမြန်းသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏အပြုအမူများအားလုံးက ဖြူစင်သန့်ရှင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

သူမ၏ ကျော့ရှင်းလှပသော အသွင်အပြင်နှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် လောကကြီးနှင့် ကင်းကွာနေသော ပြိုင်ဘက်ကင်း အလှပဂေးတစ်ဦး အမှန်တကယ်ပင် ဖြစ်ပေ၏။

[အမည် ....မုချင်းလီ

အဆင့်အတန်း....ကောင်းကင်မီးတောက် သူတော်စင်နန်းတော်၏ သူတော်စင်မိန်းမပျို... ပြောင်းပြန်စီးဆင်းခြင်း ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး

နယ်ပယ်... တာအိုနန်းတော်နယ်ပယ် အဆင့်ခြောက်

ရုပ်ခန္ဓာကိုယ် ...ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက် (မနိုးထသေး) ဗာမီလီယန်ငှက် နတ်ဘုရားမျက်လုံးများ (မနိုးထသေး) ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက် ကို အောင်မြင်စွာ နိုးထလာခြင်းက ရှေးဟောင်း ဗာမီလီယန်ငှက်၏ မူလအမွေအနှစ်ကို ရရှိစေမည်ဖြစ်ပြီး လောကရှိ အရာအားလုံးကို လောင်ကျွမ်းစေရန် ဖီးနစ် နတ်ဘုရားမီးတောက် ကို အသုံးပြုနိုင်သော ရှေးဟောင်း ဗာမီလီယန်ငှက်၏ ဆက်ခံသူ ဖြစ်လာစေမည်

ကျင့်စဉ် ...ကောင်းကင်မီးတောက် သူတော်စင်ကျင့်စဉ် ကောင်းကင်လောင်ကျွမ်းခြင်းကျင့်စဉ်

ရတနာ - ဗာမီလီယန်ငှက် နတ်ဆိုးအမြုတေ (ကွဲကြေနေသည်)

ကောင်းကင်ကံကြမ္မာအမှတ် - ၁၅၀၀၀]

"ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက်..."

ရှေးဟောင်း မှတ်တမ်းများအရ ရှေးဟောင်း ဗာမီလီယန်ငှက်သည် ဒဏ္ဍာရီလာ နတ်ဘုရားသားရဲငါးကောင်အနက်မှ တစ်ကောင်ပင်။

ထိုသားရဲ၏ နောက်ဆုံးထွက်ပေါ်လာမှုမှာ မဟာထောင်ပေါင်းများစွာ တောက်ပသောခေတ်တွင် ဖြစ်ပေ၏။

ရှေးဟောင်း ဗာမီလီယန်ငှက် မွေးဖွားလာသည့် အစစ်အမှန် ခေတ်ကာလမှာ ထိုထက်ပင် ပို၍ရှေးကျသည်ဟူသော ကောလာဟလများ ရှိနေသည်။

ကောင်းကင်ဘုံ တာအိုနယ်မြေကဲ့သို့ ဝေးလံခေါင်သီသည့် နေရာမျိုးတွင် ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက် ပိုင်ရှင်တစ်ဦး ထွက်ပေါ်လာလိမ့်မည်ဟု သူ အမှန်တကယ်ကို မျှော်လင့်မထားခဲ့ချေ။

သူမ၏နံဘေးပတ်လည်တွင် ရှိနေသည့် မရေမတွက်နိုင်သော အမျိုးသားများနှင့် အမျိုးသမီးများက သူမကို တိတ်တဆိတ် ငေးကြည့်နေကြသည်။

အမျိုးသားများ၏ မျက်လုံးများတွင် လေးစားအားကျမှုများ ပြည့်နှက်နေပြီး အမျိုးသမီးများ၏ မျက်လုံးများတွင်မူ မနာလို ဝန်တိုမှုများဖြင့် ပြည့်နှက်နေပေ၏။ မုချင်းလီသည် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက်အဖြစ်သို့ ရှင်းလင်းစွာ ရောက်ရှိနေသည်။

"ဒီ ကောင်းကင်ဘုံ တာအိုနယ်မြေက တကယ်ကို မျက်နှာသာပေးခံရတဲ့ နယ်မြေတစ်ခု ဖြစ်ပုံရတယ်..."

"ဒီနေရာမှာ ရှေးဟောင်းမဟာတာအို အမှတ်အသား ထွက်ပေါ်လာရုံတင် မကဘူး... ထိပ်တန်း ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီးနှစ်ယောက်တောင် ထွက်ပေါ်လာတယ်..."

ခုံးဝူတောက်သည် မုချင်းလီကို မည်သို့ သိမ်းသွင်းရမည်ကို စဉ်းစားလိုက်၏။

"နတ်ဘုရားသားတော်... အစေခံတွေ ရွေးချယ်မယ့် လုပ်ငန်းစဉ်က ဘာလဲဆိုတာ သိချင်လို့ပါ..."

ပါရမီရှင်တစ်ဦးက ရုတ်တရက် ပြောဆိုသည်။

"အခုလာမယ့် ရွေးချယ်မှုက အရည်အချင်းပြည့်မီတဲ့သူတွေကို ရွေးချယ်ဖို့အတွက် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒနဲ့ ပါရမီကို ယှဉ်ပြိုင်ရမှာလား..."

ထိုပါရမီရှင် စကားပြောလိုက်သည်နှင့် မရေမတွက်နိုင်သော အကြည့်များသည် ခေါင်းဆောင်နေရာတွင် ထိုင်နေသော ခုံးဝူတောက်ထံသို့ အလိုအလျောက် ရောက်ရှိသွားကြပြီး သူတို့၏ မျက်လုံးသူငယ်အိမ်များတွင် တိုက်ခိုက်လိုစိတ် များ တလိမ့်လိမ့်ထနေသည်။

သူတို့ ဤနေရာသို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စားသောက်ပွဲသို့ တက်ရောက်ရန် မဟုတ်ချေ။

ထိုအစား သူတို့သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ မျက်နှာသာပေးမှုကို ခံရပြီး အစေခံများ ဖြစ်လာရန်နှင့် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း အခွင့်အရေးကို ရရှိရန် ကံကောင်းမည်ဟု မျှော်လင့်နေကြခြင်းပင်။

ခုံးကျန်ယွဲ့ကို လွတ်နေသော လက်ဖက်ရည်ပန်းကန်ထဲသို့ လက်ဖက်ရည် ထပ်ဖြည့်ရန် အချက်ပြပြီးနောက်....

ခုံးဝူတောက်သည် တစ်ငုံမျှ သောက်လိုက်ပြီး သူ၏လေသံမှာ အနည်းငယ် နောက်ပြောင်လိုသည့်ဟန် ရောယှက်နေပေ၏။

"ပါရမီနဲ့ တိုက်ခိုက်လိုစိတ်ကို ယှဉ်ပြိုင်မှာလား..."

"ဟဲဟဲ... ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ငါတို့ရဲ့လုံခြုံရေးကို ကာကွယ်ဖို့အတွက် အစေခံတွေ ခေါ်နေတယ်လို့ မင်း ထင်နေတာလား..."

သူ ဤသို့ ပြောဆိုလိုက်စဉ်တွင်...

ခုံးဝူတောက်၏ နံဘေးတွင် မတ်တတ်ရပ်နေကြသော ခုံးကျန်ယွဲ့နှင့် ခုံးရွှမ်ယန်တို့၏ နှုတ်ခမ်းများတွင် သရော်တော်တော် အရိပ်အယောင်တစ်ရပ် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။

သူတို့၏နတ်ဘုရားသားတော် ပိုင်ဆိုင်ထားသော စွမ်းအားနှင့်ဆိုလျှင် သူ့ကို ကာကွယ်ရန် ဤအစေခံဆိုသူများကို မည်သို့ လိုအပ်မည်နည်း။

အန္တရာယ်ကြုံတွေ့ရချိန်များတွင် သူတို့ကသာ ဤအစေခံများကို ကာကွယ်ပေးရန် လိုအပ်ပေလိမ့်မည်။

ထို့ပြင် ခုံးဝူတောက်၏ အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်မည်အား မစိုးရိမ်ရပါက...

သူတို့ လေးယောက်တည်းနှင့်ပင် တခြားတာအိုနယ်မြေများမှ မရေမတွက်နိုင်သော ပါရမီရှင်များကို တိုက်ခိုက်ရှင်းလင်းရန် လုံလောက်နေလေပြီ။

"မင်းတို့ရဲ့ တစ်ခုတည်းသော တန်ဖိုးက ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ရှေးဟောင်းမဟာတာအို အမှတ်အသားရဲ့ သဲလွန်စတွေကို ရှာဖွေဖို့အတွက် ငါ့ကို ကူညီပေးဖို့ပဲ..."

"ပြီးတော့ အားလပ်ချိန်တွေမှာ လက်ဖက်ရည်ငှဲ့တာ ရေခပ်တာ တံခါးဖွင့်တာနဲ့ ရထားလုံးမောင်းတဲ့ သူတွေအဖြစ် လုပ်ဆောင်ဖို့ပဲ..."

ကောင်းကင်ဘုံ တာအိုနယ်မြေသည် အလွန် ကျယ်ဝန်းလှ၏။

ယခုတစ်ကြိမ်တွင် ခုံးဝူတောက်သည် ခုံးကျန်ယွဲ့နှင့် တခြား ဧကရာဇ်သားတော် သမီးတော်လေးပါးကိုသာ ခေါ်ဆောင်လာခဲ့သည်။

သူတို့နှင့်အတူ အချိန်လေဟာနယ် တားမြစ်နယ်မြေ မှ ထိပ်တန်းပါရမီရှင် ဆယ်ဦးကျော်လည်း ပါဝင်သည်။

ဤမျှ ကျယ်ဝန်းလှသော နယ်မြေတွင်ဆယ်ယောက်ကျော်မျှသာရှိသော လူအင်အားဖြင့် ရှေးဟောင်းမဟာတာအို အမှတ်အသား၏ သဲလွန်စများကို ရှာဖွေရန် ကြိုးစားခြင်းသည် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည့်အလားပင်။

ထို့ကြောင့် ဤပါရမီရှင်စုဝေးစားသောက်ပွဲ ကို ကျင်းပခြင်းဖြင့် သူသည် ယုံကြည်စိတ်ချရသော လူသားကိရိယာတချို့ကို ရှာဖွေလိုခြင်း ဖြစ်ပေ၏။

"ဘာ... ဘာပြောလိုက်တာလဲ..."

စားသောက်ပွဲသို့ လာရောက်ကြသော ပါရမီရှင် အများအပြား ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားကြပြီး နေရာတွင် ကြက်သေသေသွားကြသည်။

သူတို့အနက်မှ အများစုသည် မျက်နှာများပင် နီမြန်းသွားသည်။

သူတို့သည် သူတော်စင်နန်းတော်များမှ သူတော်စင်များ သူတော်စင်မိန်းမပျိုများ သို့မဟုတ် ထိပ်သီးမိသားစုများမှ ထိပ်တန်းဆက်ခံသူများ ဖြစ်ကြသည်။

အတိတ်က ကောင်းကင်ဘုံ တာအိုနယ်မြေတွင် သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အလွန်အမင်း ရိုသေလေးစားခြင်းကို ခံရပေမည်။

ယခုအချိန်၌ ခုံးဝူတောက်၏ စကားများအရ...

သူတို့သည် သင့်တင့်လျောက်ပတ်သော သက်တော်စောင့်များအဖြစ်ပင် အမှုမထမ်းနိုင်ကြချေ။

သူတို့က တံခါးစောင့်များနှင့် ရေခပ်သူများအဖြစ်သာ လုပ်ဆောင်နိုင်သလော...

ဤသည်မှာ သူတို့ကို လုံးလုံးလျားလျား အထင်သေးလွန်းရာ ကျနေသည်။

"နတ်ဘုရားသားတော် ခုံးဝူတောက်... စွမ်းအားနဲ့ နောက်ခံအရ ကျွန်တော်တို့က အရှင်လောက် မကောင်းနိုင်ပေမယ့် ကျွန်တော်တို့အနေနဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေ မှာ ဂုဏ်သတင်းတစ်ခုတော့ ရှိနေသေးတယ်..."

ပါရမီရှင် တစ်ဦးက ဒေါသတကြီး မတ်တတ်ထရပ်လိုက်၏။

" နတ်ဘုရားသားတော် ခုံးဝူတောက်က ကျွန်တော်တို့ကို ဒီလောက်တောင် အထင်သေးနေမှတော့... ဒီပါရမီရှင်စုဝေးစားသောက်ပွဲ ကနေ ကျွန်တော်ကို အရင်ဆုံး ထွက်သွားခွင့်ပြုပါ..."

"ဟမ့်... ဖီးနစ်တစ်ကောင်ရဲ့ အမြှီးဖြစ်ရတာထက် ကြက်တစ်ကောင်ရဲ့ ခေါင်းဖြစ်ရတာက ပိုကောင်းတယ်..."

ခုံးဝူတောက်၏ အစောပိုင်း စကားများသည် သူတို့၏ နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာကို အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးလိုက်သည်မှာ သေချာပေါက်ပင်။

ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး၏မျက်နှာအမူအရာများ ပျက်ယွင်းနေကြပြီး ခုံးဝူတောက်ကို စော်ကားမိမည်ကိုပင် သူတို့ ဂရုမစိုက်တော့ချေ။

အောက်ဘက်ရှိ ပါရမီရှင် အများအပြား၏ မနှစ်မြို့သော မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ ခုံးဝူတောက်က ရယ်မောလိုက်သည်။

"ဘာလဲ... မင်းတို့က သိပ်ပြီးမကျေနပ်သေးတဲ့ ပုံပဲ..."

"မင်းတို့ရဲ့ နိမ့်ပါးတဲ့ ကျင့်ကြံခြင်းနဲ့ဆိုရင် ငါ့ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် အစေခံအဖြစ် အမှုထမ်းဖို့တောင် အရည်အချင်း မပြည့်မီသေးဘူး..."

ဤစကားများက လူတိုင်း၏မျက်နှာအမူအရာများကို ပို၍ပင် ပျက်ယွင်းသွားစေပြီး သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ပို၍ပင် မကျေမနပ် ဖြစ်လာကြ၏။

ပုန်းကွယ်ကခုန်ခြင်းမိသားစု၏ သခင်လေးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"နတ်ဘုရားသားတော် ခုံးဝူတောက်... အရှင်ရဲ့ စွမ်းအားက ကြီးမားပြီးတော့ ဒီနေရာမှာရှိတဲ့ လူတိုင်းက အရှင်အတွက် ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်..."

"ဒါပေမဲ့ ဒါက ကျွန်တော်တို့က အရှင့်ကိုမှီဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ..."

"ကျွန်တော်တို့မှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ဒါမှမဟုတ် ကြီးမားတဲ့ အခွင့်အရေးတွေ ပိုရှိနေသရွေ့ နတ်ဘုရားသားတော်ကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး..."

သူ၏နံဘေးပတ်လည်ရှိ တခြားပါရမီရှင်များက အသံထွက်၍ သဘောတူညီမှု မပြကြသော်လည်း....

သူတို့၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့ထံတွင် အလားတူအတွေးများ ရှိနေပုံရသည်။

ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နောက်ခံဖြင့် ကောင်းမွန်သော ဘဝမျိုးတွင် မွေးဖွားလာခဲ့သည်ဟု သူတို့ အမြဲတစေ ခံစားခဲ့ရ၏။

သူသည် မရေမတွက်နိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များဖြင့် မွေးဖွားလာရုံသာမက သူ၏ မွေးရာပါ သွေးမျိုးဆက် ပါရမီကလည်း သူတို့ ယှဉ်ပြိုင်နိုင်သည့်အရာထက် များစွာ သာလွန်နေသည်။

အကယ်၍ သူတို့သာ ပို၍ကြီးမားသော အခွင့်အရေးများနှင့် ပို၍များပြားသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိနိုင်မည်ဆိုပါက သူ့ကို တိုက်ခိုက်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။

"အဲ့ဒီလိုလား..."

ခုံးဝူတောက်သည် သူ၏လက်ဖက်ရည်ပန်းကန်ကို ချထားပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။

သူက အောက်ဘက်ရှိ မရေမတွက်နိုင်သော ပါရမီရှင်များကို ငုံ့ကြည့်လိုက်သည်။

"အဲ့ဒီလိုဆိုမှတော့ ငါက မင်းတို့ကို အခွင့်အရေး တစ်ခု ပေးမယ်..."

အောက်ဘက်ရှိ ပါရမီရှင်အများအပြားသည် ပထမဆုံး အံ့အားသင့်သွားကြပြီးနောက် သူတို့၏မျက်လုံးများ တောက်ပလာကြသည်။

ခုံးဝူတောက်သည် သူတို့အား သူတို့ကိုယ်သူတို့ သက်သေပြရန်အတွက် အခွင့်အရေးတစ်ခု ပေးတော့မည့်ပုံပင်။

"နတ်ဘုရားသားတော်ရဲ့စွမ်းအားကို အရင်ဆုံး တွေ့ကြုံခံစားခွင့် ပြုပါ..."

ပုန်းကွယ်ကခုန်ခြင်းမိသားစု၏ သခင်လေးသည် သူ၏လက်များကို ပူးဆုပ်ကာ လူအုပ်ထဲမှ ရှေ့ထွက်လာရန် ရည်ရွယ်လိုက်သည်။

သို့သော် မကြာမီမှာပင် သူ၏ ခြေလှမ်းများသည် ခုံးဝူတောက်၏ အသံကြောင့် ရပ်တန့်သွားပေ၏။

"တွေ့ကြုံခံစားမယ်..."

"မင်းတစ်ယောက်တည်းကတော့ အရည်အချင်း ပြည့်မီဖို့ အဝေးကြီး လိုသေးတယ်..."

"ငါ ဆိုလိုတာက..."

"တကယ်လို့ မင်းတို့အားလုံးက ငါ့ရဲ့ ဖိအားအရှိန်အဝါကို အသက်သုံးရှိုက်စာလောက် ခံနိုင်ရည်ရှိမယ်ဆိုရင် အစောပိုင်းက ငါပြောခဲ့တဲ့ စကားတွေကို ပြန်ရုတ်သိမ်းပေးမယ်..."

အခန်း (၁၀၆) တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအား....အသက်တစ်ရှိုက်စာအတွင်း ဖိနှိပ်ခြင်း

သူ၏စကားသံများ ကျဆင်းသွားသည့် အခိုက်အတန့်တွင်....

မမြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ရပ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပေ၏။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

မရေမတွက်နိုင်သော ပါရမီရှင်များသည် သူတို့၏ စိတ်ဝိညာဉ်များ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ နေရာတွင်ပင် အေးခဲတောင့်တင်းကာ ကြက်သေသေသွားကြသည်။

အသက်ရှူချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက်မှသာ ရုတ်တရက် ဆူညံသွားတော့သည်။

"ဘာ... ဘာပြောတယ်..."

"ဒီမှာ ငါတို့တွေက လူရာနဲ့ချီ ရှိနေတာ... နတ်ဘုရားသားတော်ခုံးဝူတောက်က ဒီလိုမျိုး တောင်းဆိုရဲသေးတယ်ပေါ့..."

ခုံးဝူတောက်၏စကားသံသည် ခန်းမ၏ပြင်ပသို့ပင် ရောက်ရှိသွားခဲ့သည်။

အပြင်ဘက်တွင် စောင့်ဆိုင်းကာ ကြည့်ရှုနေကြသော မရေမတွက်နိုင်သည့် သူတော်စင်နန်းတော်သခင်များ သို့မဟုတ် ပျော်ပွဲရွှင်ပွဲကို ပါဝင်ဆင်နွှဲနေကြသော တခြားကျင့်ကြံသူများအားလုံးထံတွင် တုန်လှုပ်မှုများ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားကြ၏။

ဘာလဲ....

သူတို့ ခုဏက အကြားအာရုံ ချို့ယွင်းသွားတာလား...

စားသောက်ပွဲကို ပါဝင်တက်ရောက်နေသော ပါရမီရှင်များက သူ၏ဖိအားအရှိန်အဝါကို အသက်သုံးရှိုက်စာ ခံနိုင်ရည်ရှိပါက သူတို့ အနိုင်ရမည်ဟု ခုံးဝူတောက်က အမှန်တကယ် ကြေညာလိုက်သလော....

လူအများ၏မျက်နှာအမူအရာများ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက်....

ခုံးဝူတောက်၏ အဆင့်အတန်းကြောင့် လူတိုင်းက သူ့ကို လှောင်ပြောင်ခြင်းမှ ရှောင်ကြဉ်ခဲ့ကြသည်။

သို့သော် သူတို့အချင်းချင်း အပြန်အလှန် ဖလှယ်လိုက်သော အကြည့်များက တူညီသော အတွေးတစ်ခုကို ဖော်ပြနေ၏။ ဤသည်မှာ ခုံးဝူတောက်သည် အလွန်မောက်မာနေခြင်းပင်။

ပင်မခန်းမကြီး၏အတွင်း၌....

ပါရမီရှင်အများအပြား သတိပြန်ဝင်လာပြီးနောက် သူတို့၏မျက်နှာပေါ်ရှိ အာခံလိုစိတ်များက ပို၍ပြင်းထန်လာခဲ့သည်။

"နတ်ဘုရားသားတော်...အရှင်က ကျွန်တော်တို့ကို အရမ်းအထင်သေးလွန်းနေပြီ..."

"ဒီနေရာမှာ ကျွန်တော်တို့က လူရာနဲ့ချီပြီး ရှိတယ်... အသက်သုံးရှိုက်စာ မပြောနဲ့ အမွှေးတိုင် နည်းနည်းလောက် လောင်ကျွမ်းပြီးတဲ့ အချိန်အထိတောင် ခံနိုင်ရည်ရှိတယ်..."

ထို ပါရမီရှင်၏စကားသံများ ကျရောက်သွားသည့် အချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီများ ဆူပွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က သူ့ထံမှ ပေါက်ကွဲထွက်လာခဲ့သည်။

တခြားပါရမီရှင်များကလည်း စကားများကို ပြောဆိုပြီး ဆက်လက်၍ အချိန်ဖြုန်းမနေကြတော့ချေ။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သူတို့၏ကျင့်ကြံခြင်းကို အသက်သွင်းလိုက်ကြရာ သူတို့၏အရှိန်အဝါများသည် အထွတ်အထိပ်သို့ မြင့်တက်သွားပြီး မရေမတွက်နိုင်သော ဥပဒေသအက္ခရာများက နေရာအနှံ့အပြား၌ ပြည့်နှက်သွားပေ၏။

ကောင်းကင်မီးတောက် သူတော်စင်နန်းတော်၏ သူတော်စင်မိန်းမပျို ဖြစ်သော မုချင်းလီသည် စကားများများစားစား မပြောဘဲ သူမ၏ အရှိန်အဝါကို ထုတ်လွှတ်ရန် ရွေးချယ်လိုက်သည်။

သူမသည် လက်ရှိ အကျပ်အတည်းကို ချိုးဖျက်ရန်အတွက် နည်းလမ်းရှာဖွေရန် ဤနေရာသို့ လာခဲ့သော်လည်း....

ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအနေဖြင့် သူမတွင်လည်း ကိုယ်ပိုင်မာန်မာနများရှိသည်။

ခုံးဝူတောက်၏ ဤကဲ့သို့ အထင်သေးခြင်းကို ခံရရန် သူမ ဆန္ဒမရှိခဲ့ချေ။

မုချင်းလီ၏အရှိန်အဝါ မြင့်တက်လာသည်နှင့်အမျှ မြင့်မားသော အပူချိန်ရှိသည့် မီးတောက် အပိုင်းအစများက သူမကို လွှမ်းခြုံသွားပေ၏။

သူမ၏ တာအိုနန်းတော်နယ်ပယ် အဆင့်ခြောက် ကျင့်ကြံခြင်းသည် မရေမတွက်နိုင်သော ပါရမီရှင်များအကြားတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရသည်။

"မင်းတို့အားလုံး အဆင်သင့်ဖြစ်နေပြီလို့ ငါ ထင်တယ်..."

ပင်မခန်းမကြီး၏အထက်တွင် ခုံးဝူတောက်သည် သူတို့၏ကျင့်ကြံခြင်းကို ထုတ်လွှတ်ထားကြသော အောက်ဘက်ရှိ ပါရမီရှင်များကိုကြည့်ကာ ရယ်မောပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ထို့နောက် သူက သူ၏ဘယ်ဘက်လက်ကို နောက်သို့ပစ်ထားပြီး သူ၏ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးတစ်ချောင်းကို ဆန့်တန်းလိုက်သည်။

သူ၏နှုတ်မှ ညင်သာစွာ ထုတ်ဖော်လိုက်သော တာအိုအသံသည် မိုးခြိမ်းသံအလား မြည်ဟီးသွားသည်။

"ဖိနှိပ်စမ်း..."

ထိုစကားလုံး ကျဆင်းသွားသည့် အချိန်အခိုက်အတန့်တွင်....

ဝုန်း...

ခုံးဝူတောက်သည် နှစ်သောင်းချီကြာအောင် အိပ်စက်နေခဲ့သော မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေပြီး ဤအချိန်အခိုက်အတန့်တွင် ဧရာမဖိအားလှိုင်းလုံးကြီးတစ်ခု ပွင့်အံ့ထွက်လာခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် ခန်းမထဲတွင် မိုးခြိမ်းသံများ ပေါက်ကွဲသွားပေ၏။

ထိုနောက်မှနေ၍ အနီးကပ် လိုက်ပါလာသည်မှာ ကောင်းကင်ဘုံ၏ ခမ်းနားကြီးကျယ်သော စွမ်းအားကဲ့သို့ ဥပဒေသ မုန်တိုင်းတစ်ခုက ဤနေရာသို့ ရုတ်တရက် ကျဆင်းလာခြင်းပင်။

အောက်ဘက်ရှိ မရေမတွက်နိုင်သော ပါရမီရှင်များ၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

လူအများစုသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ် ဖိအားလှိုင်းလုံးကြီး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။

သူတို့၏ အမြင်အာရုံများ ချက်ချင်းအမည်းရောင်ပြောင်းသွားသည်ကို ခံစားလိုက်ရပြီး မည်သည့်အရာ ဖြစ်ပျက်သွားမှန်းကိုပင် နားမလည်လိုက်ဘဲ သတိလစ်မေ့မြောသွားကြ၏။

ဤဖိအားလှိုင်းလုံးကို ခံနိုင်ရည်ရှိသော ကျင့်ကြံသူများအတွက်မူ သူတို့၏မျက်နှာများမှာလည်း အလွန်ရှုံမဲ့နေကြသည်။

သူတို့၏အာရုံခံစားမှုတွင် အဆုံးမရှိ ကြီးမားသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက လေဟာနယ်ကို ချိုးဖျက်ကာ သူတို့၏အထက်မှနေ၍ ရိုက်ချလိုက်သည့်အလားပင်။

ဤသည်က ကောင်းကင်မြစ်တစ်ခု ကမ်းပါးများ ကျိုးပေါက်သွားပြီး တန်ချိန်သန်းရာထောင်ချီသော လှိုင်းလုံးများကို လှုပ်ခတ်သွားစေသကဲ့သို့ ဖြစ်နေပေ၏။

ဝုန်း...

ဒုတိယမြောက် ကြောက်မက်ဖွယ် ဖိအားလှိုင်းလုံးက ရောက်ရှိလာလေပြီ။

ပါရမီရှင်အများအပြားမှ သူတို့၏ စွမ်းအားကုန်ဖြင့် အသက်သွင်းထားသော ဥပဒေသ အတားအဆီးများသည် စက္ကူစများကဲ့သို့ ကျိုးပဲ့လွယ်နေပြီး ချက်ချင်းဆိုသလိုပင် ပြန့်ကျဲနေသော အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။

ကြွင်းကျန်သော ပါရမီရှင်များအားလုံးသည် သူတို့၏လည်ချောင်းထဲတွင် ချိုမြိန်သော အရသာတစ်ခုကို ခံစားလိုက်ရပြီး 'ဖူး' ခနဲ အသံနှင့်အတူ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကြသည်။

ခုံးဝူတောက်သည် မည်သည့် ကရုဏာမှ မပြခဲ့သလို အမျိုးသမီးများကိုလည်း သနားညှာတာမှု မရှိခဲ့ချေ။

ကျား မ မရွေး လူတိုင်းသည် အလွန်သနားစရာကောင်းသော အခြေအနေတွင် ရှိနေကြ၏။

သူတို့သည် မမြင်ရသော လက်ကြီးတစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိချခံလိုက်ရသကဲ့သို့ လုံးလုံးလျားလျား ဖိနှိပ်ခြင်းခံလိုက်ရသည်။

အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသော ပါရမီရှင်များက သူတို့၏ အသက်ဝိညာဉ်ရတနာ ကို ဆင့်ခေါ်ကာ ခုံးဝူတောက်၏ ဖိအားကို ခုခံရန် မျှော်လင့်နေကြဆဲပင်။

သို့ရာတွင် သူတို့ ဆင့်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ အသက်ဝိညာဉ်ရတနာ များသည် တည်ငြိမ်မှုမရှိဘဲ တဖျတ်ဖျတ်တောက်ပလာကာ နှလုံးကွဲကြေဖွယ် ညည်းတွားသံများကို ထုတ်လွှတ်လိုက်ကြသည်။

'ဝုန်း' ခနဲ အသံနှင့်အတူ ထိုအရာများသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကြေမွှပျက်စီးသွားတော့သည်။

အသက်တစ်ရှိုက်စာအချိန် ကုန်ဆုံးသွားသည်နှင့်...

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ပါရမီရှင်များ ရာနှင့်ချီ၍ရှိနေသည့်အနက် တစ်ယောက်မျှ မတ်တတ်ရပ်နေနိုင်ခြင်း မရှိတော့ချေ။

သူတို့အားလုံးမှာ ခုံးဝူတောက်၏ ကြောက်မက်ဖွယ် ဖိအားကြောင့် မြေပြင်ပေါ်သို့ လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရပြီး အလွန် သနားစရာကောင်းသော ညည်းတွားသံများနှင့် ငိုကြွေးသံများကို ထုတ်လွှတ်နေကြ၏။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤအရာအားလုံးကို မျက်မြင်တွေ့ရှိခဲ့ကြသော ဧကရာဇ်သားတော် သမီးတော် လေးပါးသည် သူတို့၏ခေါင်းများ ထူပူသွားသည်ကို ခံစားမိလေ၏။

သူတို့၏မျက်လုံးသူငယ်အိမ်များသည် အပ်တစ်ချောင်းစာမျှ ကျဉ်းမြောင်းသွားပြီး ဤအချိန်အခိုက်အတန့်တွင် သူတို့၏ လောကအမြင်တစ်ခုလုံး ပြောင်းပြန်လှန်ခြင်း ခံလိုက်ရသည့်အလားပင်။

သူတို့၏နတ်ဘုရားသားတော် အစွမ်းထက်ကြောင်းကို သူတို့ အမြဲတစေ သိထားခဲ့ကြသည်။

သို့သော် သူ ဤမျှထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ကြချေ။

ခန်းမကြီးအတွင်း၌...

ကောင်းမွန်သောပါရမီရှိသည်ဟု သတ်မှတ်နိုင်သော လူအနည်းငယ်သည် ခုံးဝူတောက်၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် လုံးလုံးလျားလျား သတိလစ်မေ့မြောသွားခြင်း မရှိသေးချေ။

သို့ရာတွင် သူတို့၏လက်ရှိအခြေအနေမှာလည်း အလွန်ဆိုးရွားနေပေ၏။

သူတို့၏ခန္ဓာကိုယ်များသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား မရှိတော့ချေ။

သူတို့၏ ကြွက်သားများကို မည်မျှပင် တင်းကြပ်ထားစေကာမူ သို့မဟုတ် သူတို့၏ မရီဒါန်းများကို မည်မျှပင် ထိန်းချုပ်ထားစေကာမူ သူတို့၏ခန္ဓာကိုယ်များကို လက်မဝက်မျှပင် မလှုပ်ရှားနိုင်သေးချေ။

သူတို့သည် အမှန်တကယ်ကို တစ်ဖက်လူထံမှ အရှိန်အဝါ တစ်ခုတည်းဖြင့် တိုက်ရိုက်ဖိနှိပ်ခံလိုက်ရခြင်းပင်။

သူတို့ တစ်ယောက်ချင်းစီသည် ကိုယ်ပိုင်ဂုဏ်ယူဝင့်ကြွားမှုများ ရှိကြသော ကောင်းကင်ဘုံ တာအိုနယ်မြေမှ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြ၏။

သို့ရာတွင် ယနေ့၌ သူတို့၏စိတ်နှလုံးသားထဲရှိ ဂုဏ်ယူဝင့်ကြွားမှုများမှာ ခုံးဝူတောက်၏ လုံးလုံးလျားလျား ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

သူတို့ထံတွင် လုံလောက်သော ကျင့်ကြံခြင်း အရင်းအမြစ်များ ရှိနေသရွေ့ သူတို့နှင့် ခုံးဝူတောက်အကြားတွင် ကြီးမားသော ကွာဟချက် ရှိမည်မဟုတ်ဟု သူတို့ ယခင်က အမြဲတစေယုံကြည်ခဲ့ကြသည်။

သို့သော် ယခုအချိန်၌ သူတို့၏ ယခင် အတွေးများက မည်မျှထိ ရယ်စရာကောင်းကြောင်း ပေါ်လွင်နေလေပြီ။

ဤသည်မှာ ပိုးစုန်းကြူး တစ်ကောင်နှင့် ကောင်းကင်ကိုးထပ်မှ တောက်ပသော လမင်းကြီးအကြား ကွာခြားချက်အလားပင်။

ပိုးစုန်းကြူးတစ်ကောင်သည် စွမ်းအားကုန်သုံး၍ တစ်သက်တာ အလင်းရောင်ကို လောင်ကျွမ်းစေလျှင်ပင် ကောင်းကင်ကိုးထပ်မှ တောက်ပသော လမင်းကြီးကို မယှဉ်ပြိုင်နိုင်ချေ။

ထိုလရောင်သည် အနည်းငယ်မျှ ဖြစ်နေလျှင်ပင် ပိုးစုန်းကြူးတစ်ကောင်မှ ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

ခုံးဝူတောက်သည် သူ၏ဖိအားကို ပြန်လည်၍ မရုတ်သိမ်းဘဲ ဆက်လက်၍ ထုတ်လွှတ်ထားဆဲပင်။

သတိမလစ်သေးသော ပါရမီရှင်များထဲတွင် အများစုသည် သူတို့၏တာအို နှလုံးသား ပြိုလဲသွာပြီး မျှော်လင့်ချက်မဲ့သွားသကဲ့သို့ ခံစားနေကြရလေပြီ။

သူတို့သည် တဖြည်းဖြည်းနှင့် ရုန်းကန်ခြင်းကို လက်လျှော့လိုက်ကြ၏။

သို့ရာတွင် ဆက်လက်၍ တင်းခံနေဆဲဖြစ်သော လူတချို့ ကျန်ရှိနေဆဲပင်။

သူတို့သည် ခုံးဝူတောက်ထံမှ ဖိအားကို ခုခံရန်အတွက် သူတို့၏နတ်ဘုရားစိတ်အာရုံကို အသက်သွင်း၍ ရုန်းကန်နေကြသည်။

"ဒါက... ပုန်းကွယ်ကခုန်ခြင်းမိသားစုရဲ့ သခင်လေးလား..."

"သူ့ဆီမှာ အရည်အချင်းတချို့တော့ ရှိတယ်... ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး..."

ခုံးဝူတောက်က သူ၏အကြည့်များကို ရုတ်သိမ်းလိုက်ပြီး တခြားပုံရိပ်တစ်ခုဆီသို့ ကြည့်လိုက်၏။

"ဒီကောင်မလေးက သတိမလစ်သေးဘူးလား..."

ဤအရာကို မြင်သောအခါ သူ၏မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး သူ အနည်းငယ် အံ့အားသင့်သွားသည်။

ကျွံ့ဝင်နေသော မြေပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် မုချင်းလီသည် အလွန်အမင်း ဖရိုဖရဲဖြစ်နေသော အခြေအနေဖြင့် မှောက်လျက်လဲကျနေ၏။

ဖြစ်နိုင်သည်မှာ အစောပိုင်းက သူမ အလွန် ရုန်းကန်ခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

သူမ၏ အဝတ်အစားမှ နေရာအများစုသည် စုတ်ပြဲနေပြီဖြစ်ကာ ဖြူဝင်းသော အသားအရေများ ကျယ်ပြန့်စွာ ပေါ်လွင်နေသည်။

သူ အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည်မှာ သူမ၏ ဖြူဝင်းပြီး နူးညံချောမွတ်သော လက်များပေါ်တွင် အမွှေးအတောင်ကဲ့သို့ အရာများ ရှိနေပြီး ဤသည်က အလွန်မကောင်းဆိုးဝါးဆန်သည့်ပုံ ပေါက်နေခြင်ပင်။

သွေးများသည် သူမ၏နှုတ်ခမ်းထောင့်များမှ အဆက်မပြတ် ယိုစီးကျနေပြီး ဤသည်က သူမ၏ အသွင်အပြင်ကို ဝမ်းနည်းဖွယ်ကောင်းပြီး လှပသောမြင်ကွင်းတစ်ခု ဖြစ်စေခဲ့သည်။

ခုံးဝူတောက်၏အကြည့်သည် သူမအပေါ်တွင် အချိန်အကြာကြီး မနေခဲ့ဘဲ တခြားသူများဆီသို့ လျင်မြန်စွာ ရောက်ရှိသွားပေ၏။

သူ၏ အေးစက်စက်အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

"ငါ ပြောခဲ့တဲ့ စကားတွေအပေါ် မင်းတို့ ကန့်ကွက်စရာ ရှိသေးလား..."

"မင်းတို့ရဲ့ တစ်ခုတည်းသော တန်ဖိုးက ရှေးဟောင်းမဟာတာအို အမှတ်အသားကို ရှာဖွေဖို့အတွက် ငါ့ရဲ့လူသားကိရိယာတွေ ဖြစ်လာဖို့ ဒါမှမဟုတ် လက်ဖက်ရည်ငှဲ့ဖို့နဲ့ တံခါးစောင့်ဖို့ပဲ..."

"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ရဲ့ အကြီးမားဆုံး တန်ဖိုးက အဲ့ဒီနေရာမှာတင် ကန့်သတ်ချက် ရှိနေတယ်..."

All Chapters