အခန်း (၅၀၅-၅၀၆)
Vol. 51 Ch. 505-506
အခန်း (၅၀၅) - နတ်စစ်သည် နတ်စစ်သူကြီးတို့ တန်ခိုးပြခြင်း ၊ ဓားချင်းယှဉ်ပြိုင်ခြင်း ၊ ဘိုးဘေးအား အစွမ်းပြရန် ဖိတ်ကြားခြင်း ၊ ပညာရှိသခင်၏ အရှိန်အဝါ
"နတ်စစ်သည်တို့... အရေးပေါ် အမိန့်တော်အတိုင်း နာခံစေ "
"နတ်စစ်သည် နတ်စစ်သူကြီးတို့ တန်ခိုးတော် ပြသစေသတည်း "
အစိမ်းရောင်ဝတ် မိန်းကလေးသည် လက်ချောင်းများဖြင့် မန္တန်လက်ကွက်ကို လျင်မြန်စွာထုတ်ဖော်လိုက်ရာ၊ တစ်ကိုယ်လုံး နတ်ဘုရားအလင်းတန်းများ ဖုံးလွှမ်းနေသည့် နတ်စစ်သည် နတ်စစ်သူကြီးများ တစ်ပါးပြီးတစ်ပါး ပေါ်ထွက်လာတော့သည်။
ထိုအစိမ်းရောင်ဝတ် မိန်းကလေး၏ မန္တန်အတတ်မှာ အလွန်ပင် ဆန်းကြယ်လှပြီး လူတစ်ယောက်တည်းနှင့် စစ်တပ်တစ်ခုအလား ဖန်တီးနိုင်သည်ဟု ဆိုရပေမည်။
နတ်စစ်သည်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုသားရဲကြီးများကို ချက်ချင်းပင် ဖိနှိပ်ထားလိုက်တော့သည်။
နတ်စစ်သည်များ၏ လက်ထဲရှိ လက်နက်များမှာလည်း စွမ်းအားကြီးမားသော ရတနာများဖြစ်ကြပြီး၊ နတ်ဘုရားအလင်းတန်းများ တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်ကာ ရက်စက်သော သားရဲကြီး လေးကောင်ကို အောင်မြင်စွာ ဟန့်တားထားနိုင်ခဲ့သည်။
"သွားစမ်း "
ဆိုင်ရှင်မ၏ လက်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်သွားပြီး ရွှေချပ်ဝတ် နတ်မင်းတစ်ပါး ပေါ်ထွက်လာပြန်သည်။
၎င်းမှာ ကုသိုလ်မှတ်တစ်သိန်းတန် အဆင့်ရှိ ရတနာ
အစီရင်ဝတ်စုံ
ထို တာအိုနတ်စစ်သူကြီး ပေါ်လာသည်နှင့် သူ၏ အရှိန်အဝါမှာ သန့်စင်သော ယန်စွမ်းအင်များဖြင့် ပြင်းထန်လှကာ၊ သူတစ်ဦးတည်း၏ အရှိန်အဝါကပင် ဟိုဘက်မှ နတ်စစ်သည် နတ်စစ်သူကြီး အားလုံးကို လွှမ်းမိုးသွားတော့သည်။
"မင်း..."
အစိမ်းရောင်ဝတ် မိန်းကလေး၏ မျက်နှာ ပျက်သွားသည်။
သူမသည် လက်နှစ်ဖက်ကို လေထဲတွင် အလျင်အမြန် ဝေ့ယမ်းလိုက်ရာ၊ အလျား နှစ်လံခန့် မြင့်မားသော အဆောင်တစ်ခု ပေါ်ထွက်လာပြီး ဆိုင်ရှင်မထံသို့ ချက်ချင်းပင် ပစ်လွှတ်လိုက်တော့သည်။
သို့သော် ထိုရွှေချပ်ဝတ် နတ်မင်းမှာ မည်သည့်အချိန်က ဆိုင်ရှင်မ၏ ရှေ့သို့ ရောက်နေသည်မသိဘဲ၊ ထိုစိမ်းဖန့်ဖန့် နတ်အဆောင်ကို လက်ဗလာဖြင့်ပင် ရိုက်ခွဲပစ်လိုက်တော့သည်။
ဘုန်း
အစီရင်ဝတ်စုံမှာ မူလကတည်းက ခုခံကာကွယ်ရန်အတွက် ဖြစ်သော်လည်း၊ ယခုအခါ ကုသိုလ်မှတ်တစ်သိန်းတန် အဆင့်ရှိ ရတနာအဖြစ် အဆင့်မြင့်ထားသဖြင့် ကိုယ်ပိုင်အသိစိတ် ရှိနေပြီဖြစ်သည်။
တိုက်လည်းတိုက်နိုင်၊ ခံလည်းခံနိုင်သော အကောင်းဆုံး လက်ပါးစေ တစ်ယောက်ဟုပင် ဆိုနိုင်သည်။
အစီရင်ဝတ်စုံမှ အသွင်ပြောင်းထားသော ရွှေချပ်ဝတ် နတ်မင်းသည် အစိမ်းရောင်ဝတ် မိန်းကလေးထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ထိုအချိန်တွင် မိုးကြိုးပစ်ခံရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တူးခြစ်နေသော ဝါဂွမ်းရောင် ခွေးကြီးမှာလည်း မေ့မြောနေမှုမှ နိုးထလာကာ၊ ဟိန်းဟောက်သံနှင့်အတူ အတင်းခုန်အုပ်လိုက်တော့သည်။
ထိုမြင်ကွင်းမှာ မြေအောက်လောကမှ ယင်စစ်သည်များ၊ နတ်စစ်သည် နတ်စစ်သူကြီးများ၊ ပါးရှ၊ ချောင်ဖုန်း၊ ဆွန်းနီ အစရှိသည့် နတ်သားရဲကြီးများအပြင်၊ ရှေးဟောင်းမျိုးနွယ်စုဝင် ရွှေဝါရောင် နတ်ခွေးနှင့် ရွှေချပ်ဝတ် နတ်မင်းတို့ပင် ပါဝင်နေသည်။
အကြောင်းစုံ မသိသူများအဖို့မူ ဒဏ္ဍာရီထဲမှ နတ်ဘုရားများ စစ်ခင်းနေကြသည်ဟုပင် ထင်မှတ်မှားစရာ ဖြစ်သည်။
"မင်းက ငါရှာနေတဲ့သူဆိုရင် ဝေမြို့မှာပဲ အမြဲရှိနေရမှာလေ၊ ဘာလို့ ဒီလောက် အစွမ်းထက်တဲ့ ပစ္စည်းတွေ ရှိနေရတာလဲ "
အစိမ်းရောင်ဝတ် မိန်းကလေးက အံ့အားသင့်စွာ မေးလိုက်သည်။
ထိုအမျိုးသမီး၏ လက်ထဲရှိ ရတနာများမှာ အလွန်ပင် စွမ်းအားကြီးမားလွန်းနေသည်။
"ကလေးမလေး... မင်းမှာ မင်းကို ချစ်ပေးမယ့် ယောက်ျားမှ မရှိတာ၊ မင်း ဘာသိမှာလဲ "
ဆိုင်ရှင်မက ပြုံးလျက် ပြောလိုက်သည်။
ကလေးမလေးတဲ့
အစိမ်းရောင်ဝတ် မိန်းကလေး တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ၊ ဆွန်းနီ သားရဲကြီးမှာ နတ်စစ်သည်များ၏ ခုခံမှုကို ရုတ်တရက် ဖောက်ထွက်ကာ သူမ၏ ရှေ့သို့ ရောက်လာပြီး၊ ပါးစပ်ကြီးကို ဟကာ သူမကို ဝါးမြိုပစ်လိုက်တော့သည်။
သို့သော် နောက်တစ်ခဏတွင် ဆွန်းနီ၏ ဝမ်းဗိုက်မှာ ပေါက်ထွက်သွားပြီး အလင်းတန်းပေါင်း သောင်းခြောက်ထောင် ထွက်ပေါ်လာကာ၊ အစိမ်းရောင်ဝတ် မိန်းကလေးသည် မန္တန်လက်ကွက်ကို အသုံးပြုပြီး ဝမ်းဗိုက်ထဲမှ ပြေးထွက်လာခဲ့သည်။
သူမ၏ ဦးခေါင်းထက်တွင် သုံးလက်မခန့် ရှည်လျားသော ဓားငယ်လေးတစ်စင်းမှာ အဆက်မပြတ် ဝင်းလက်နေသည်။
"မင်းက အဲဒီလူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ... ဒီနေ့တော့ ငါ့ရဲ့ ချိုးရွှေ ဓားရဲ့ အစွမ်းကို ပြရတော့မှာပဲ "
သူမ၏ လက်ထဲရှိ ထိုဓားငယ်မှာ အလွန်ပင် အစွမ်းထက်လှသော ဓားပျံ တစ်စင်းဖြစ်ပြီး၊ ထက်မြက်လွန်းသလို မည်သည့်အရာကမျှ ဖျက်ဆီး၍ မရနိုင်ပေ။
သူမ၏ စိတ်အာရုံ စေခိုင်းမှုနှင့်အတူ ဓားငယ်မှာ လေထုကို ခွဲကာ ဆိုင်ရှင်မထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
နောက်တစ်ခဏတွင်၊ ရွှေချပ်ဝတ် နတ်မင်းက ဆိုင်ရှင်မ၏ ရှေ့တွင် ထပ်မံ ပိတ်ဆို့ထားပြန်သည်။
ဒေါင်
ကောင်းကင်နှင့် မြေကြီးကြားတွင် ကြေးစည်ကြီးကို တီးခတ်လိုက်သည့်အလား ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ထိုထက်မြက်လှသော ဓားငယ်မှာ အစီရင်ဝတ်စုံ၏ ခုခံမှုကို ခဏချင်းအတွင်း ဖောက်ထွက်နိုင်ခြင်း မရှိပေ။
သို့သော် ထိုအစိမ်းရောင်ဝတ် မိန်းကလေးမှာ ဆန်းကြယ်လှသော ဓားသိုင်းပညာကို တကယ်ပင် တတ်မြောက်ထားသူဖြစ်ရာ၊ ဓားငယ်မှာ ရုတ်တရက် အစင်းပေါင်း ထောင်သောင်းချီ ကွဲထွက်သွားပြီး၊ ရွှေချပ်ဝတ် နတ်မင်း တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီ ချိုးရွှေဓားမှာ ဆိုင်ရှင်မ၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။
တိန်
ကြည်လင်သော အသံတစ်ခုနှင့်အတူ ချိုးရွှေဓားမှာ မြေပြင်ပေါ်သို့ ရိုက်ချခြင်း ခံလိုက်ရပြီး၊ မျက်တောင်တစ်ခတ်အတွင်း အစိမ်းရောင်ဝတ် မိန်းကလေး၏ ဦးခေါင်းထက်သို့ ပြန်လည် ရောက်ရှိသွားသည်။
ဆိုင်ရှင်မ၏ လက်ထဲတွင် ရှေးဟောင်းဓားတစ်စင်းကို ဆုပ်ကိုင်ထားပြီး၊ ထိုဓားမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် စွမ်းအားကြီးမားလှသည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။
သူမ၏ ချိုးရွှေဓားပေါ်တွင် နတ်ဘုရားမီးလျှံများ ဖုံးလွှမ်းနေပြီး သူမကို အဆက်မပြတ် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။
"တောင်ပိုင်းမီးလျှံ ဓားလား"
အစိမ်းရောင်ဝတ် မိန်းကလေးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူမသည် ချိုးရွှေဓားကို အတင်းအကျပ် စေခိုင်းကာ ထိုနတ်ဘုရားမီးလျှံများကို ငြှိမ်းသတ်လိုက်မှသာ နာကျင်မှုများ ပျောက်ကွယ်သွားတော့သည်။
သူမသည် ရှေ့မှ ရင့်ကျက်လှပသော အမျိုးသမီးကို ကြည့်ရင်း စိတ်ထဲတွင် မတတ်သာသော အားငယ်စိတ်တစ်ခု ပေါ်ပေါက်လာတော့သည်။
ဆိုင်ရှင်မကမူ အသာအယာ ပြုံးလိုက်သည်။
ဤဓားမှာ လီယန်ချူက ချင်းလန်အား ပေးရန် သူမကို လွှဲအပ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမသည် ချင်းလန်ကို ရှာမတွေ့ခဲ့ပေ။
ထိုကောင်မလေး ဘယ်ဆီဘယ်ဝယ် သေနေမှန်း မသိသဖြင့်၊ ဆိုင်ရှင်မကပင် ညီမဖြစ်သူ၏ ဓားကို ခဏတဖြုတ် ယူသုံးနေခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... ငါ့ယောက်ျားကိုတောင် မင်းကို သုံးခွင့်ပေးထားတာပဲလေ။
အစိမ်းရောင်ဝတ် မိန်းကလေးမှာမူ ဆိုင်ရှင်မက စိတ်ထဲတွင် ဤမျှ ကလေးကလားဆန်သော အတွေးမျိုး တွေးနေသည်ကို မသိရှာပေ။
သူမသည် ချိုးရွှေဓားကို ထပ်မံ စေခိုင်းလိုက်သည်။
ဝူး
အလင်းတန်းတစ်ခု ပျံထွက်သွားပြီး၊ တောင်ပိုင်းမီးလျှံ ဓားနှင့် ချိုးရွှေဓားတို့မှာ ကောင်းကင်ယံတွင် ရစ်ပတ် တိုက်ခိုက်ကြတော့သည်။
ဒေါင်ဒေါင်ဒင်ဒင် အသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး တစ်စင်းနှင့်တစ်စင်း အပြိုင်အဆိုင် လိုက်လံ တိုက်ခိုက်နေကြသည်။
အမှန်တကယ် သေချာကြည့်မည်ဆိုလျှင် တောင်ပိုင်းမီးလျှံဓားက ချိုးရွှေဓားကို အသာစီးရကာ လိုက်လံ ရိုက်နှက်နေခြင်းသာ ဖြစ်သည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ ဒေါသကို အတင်းအကျပ် ထိန်းချုပ်ကာ ရှင်းပြလိုက်ရသည်။
"ဒီနေ့ကိစ္စက နားလည်မှုလွဲတာပါ။ ညီမလေးမှာ အစ်မတော်ကို စော်ကားလိုတဲ့ စိတ်မရှိပါဘူး၊ စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ "
"စမ်းသပ်ကြည့်ချင်ရုံ ဟုတ်လား "
"တကယ်လို့ သာမန်လူတစ်ယောက်ဆိုရင် မင်းလက်ထဲမှာ သေသွားပြီ မဟုတ်လား "
ဆိုင်ရှင်မ၏ အမူအရာမှာ အေးစက်သွားသည်။
ထိုမိန်းကလေးက မပြောလျှင် တော်သေး၏၊ ပြောလိုက်သည်နှင့် ဆိုင်ရှင်မက မိုးကြိုးလက်ဝါးဖြင့် တိုက်ရိုက် ပစ်ပေါက်လိုက်တော့သည်။
ဘုန်း
အစိမ်းရောင်ဝတ် မိန်းကလေးမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။
သူမ၏ ကိုယ်ပေါ်ရှိ အဖြူရောင် အလင်းတန်းတစ်ခုမှာ ကွဲအက်သွားသော်လည်း၊ သူမ ကိုယ်တိုင်မှာမူ ဒဏ်ရာရရှိခြင်း မရှိပေ။
"အစ်မတော်က ညီမလေးကို သတ်လို့မရပါဘူး၊ ညီမလေး သွားချင်ရင်လည်း အစ်မတော် တားနိုင်မှာ မဟုတ်ဘူး "
အစိမ်းရောင်ဝတ် မိန်းကလေးက မာန်တက်စွာ ပြောလိုက်သည်။
"ဟုတ်လား "
ဆိုင်ရှင်မက အေးစက်စွာ ပြုံးလိုက်သည်။
သူမသည် လက်ထဲရှိ ဓားကို စေခိုင်းလိုက်ရာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆွန်းနီနှင့် တိုက်ခိုက်နေသော ဝါဂွမ်းရောင် ခွေးကြီးကို မြေပြင်ပေါ်သို့ အသေအလဲ ဖိနှိပ် ချုပ်နှောင်လိုက်တော့သည်။
"ဒါဆိုရင်လည်း... မင်းရဲ့ ခွေးကို အရင် သတ်ပစ်ရမှာပေါ့ "
ဆိုင်ရှင်မ၏ အသံမှာ အေးစက်လှသည်။
"အား"
ဝါဂွမ်းရောင် ခွေးကြီးမှာ မမျှော်လင့်ဘဲ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
တောက်ပိုင်းမီးလျှံဓား၏ အလွန်အမင်း ပြင်းထန်လှသော စွမ်းအားမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ကာ ဖျက်ဆီးနေတော့သည်။
နောက်တစ်ခဏတွင်၊ ဆွန်းနီက ဝါဂွမ်းရောင် ခွေးကြီးကို တိုက်ရိုက် ကိုက်သတ်ကာ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်လိုက်တော့သည်။
"ဝါဂွမ်း"
အစိမ်းရောင်ဝတ် မိန်းကလေးမှာ အသံကုန် အော်ဟစ်လိုက်ပြီး မျက်ဝန်းအစုံမှာလည်း နီမြန်းလာတော့သည်။
သူမသည် ချိုးရွှေဓားကို ဆိုင်ရှင်မထံသို့ ဒေါသတကြီး စေခိုင်းလိုက်သော်လည်း၊ တောင်ပိုင်းမီးလျှံဓားမှာ လေထုကို ဖောက်ထွက်လာကာ ချိုးရွှေဓားကို တိုက်ရိုက် ထိမှန်လိုက်ပြန်သည်။
ကောင်းကင်တွင် အပြာနှင့် အနီရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး၊ ချိုးရွှေဓားမှာ တောင်ပိုင်းမီးလျှံ ဓားကို အဘယ်သို့မျှ မယှဉ်နိုင်ဘဲ ကောင်းကင်တွင် ထပ်မံ၍ လိုက်တမ်းပြေးတမ်း ကစားနေရပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အပြင်းအထန် တိုက်ခိုက်ခံထားရသဖြင့် ချိုးရွှေဓားမှာ တောင်ပိုင်းမီးလျှံဓား၏ ရိုက်နှက်မှုကို အဆက်မပြတ် ခံနေရတော့သည်။
"ငါ မင်းကို သတ်မယ် "
အစိမ်းရောင်ဝတ် မိန်းကလေး၏ အသံမှာ အေးစက် တုန်ယင်နေသည်။
သူမသည် မန္တန်တစ်ခုကို ရွတ်ဆိုကာ ခါးရှိ ကျောက်စိမ်းပြားတစ်ခုကို ချေဖျက်လိုက်တော့သည်။
"ချွန်းချိုးလင် မျိုးနွယ်စုရဲ့ မျိုးဆက် ရှီရှောင်အော် က... ဘိုးဘေးအား ကြွရောက်အစွမ်းပြရန် တောင်းပန်အပ်ပါသည် "
မိန်းကလေး၏ စကားအဆုံးတွင်၊ ကောင်းကင်နှင့် မြေကြီးကြား၌ ကြီးကျယ်ခမ်းနားလှသော နတ်ဘုရားဂီတသံများ ပေါ်ထွက်လာပြီး၊ ပညာရှိ သုခမိန်တစ်ဦး၏ ပုံရိပ်မှာ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
သူ၏ လက်ထဲတွင် ဓားတစ်စင်းနှင့် ဝါးစာလိပ် တစ်ခုကို ကိုင်ဆောင်ထား၏။
သူ၏ အရှိန်အဝါမှာ တောင်တန်းကြီးတစ်ခုအလား လေးလံလှပြီး၊ သူပေါ်လာသည်နှင့်တစ်ပြိုင်နက် ရက်စက်သော သားရဲကြီး လေးကောင်၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာလည်း ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
"ငါ့ကို ဘာကိစ္စ ခေါ်တာလဲ "
ပညာရှိသခင်က ဖြည်းညှင်းစွာ မေးလိုက်သည်။
သူ၏ အသံမှာ ကြေးစည်ကြီးကို တီးခတ်လိုက်သည့်အလား တစ်လောကလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
"ဒီအမျိုးသမီးဟာ ဘိုးဘေး ရှာဖွေနေတဲ့သူပဲ ဖြစ်ပါတယ်၊ ဘိုးဘေးကိုယ်တိုင် နှိမ်နင်းပေးဖို့ တောင်းပန်ပါတယ် "
အစိမ်းရောင်ဝတ် မိန်းကလေးက ရိုသေစွာ လျှောက်ထားလိုက်သည်။
ထိုပညာရှိသခင်သည် ဆိုင်ရှင်မကို တစ်ချက် ကြည့်လိုက်ရာ၊ ကောင်းကင်ယံတွင် မိုးကြိုးများ ပေါက်ကွဲသွားသည့်အလား အသံများ ထွက်ပေါ်လာသည်။
တစ်ချက်ကြည့်ရုံနှင့်ပင် ထွက်ပေါ်လာသော နတ်ဘုရား အရှိန်အဝါကြောင့် သားရဲကြီး လေးကောင်မှာ သစ်သားပြားများအတွင်းသို့ ချက်ချင်းပင် ပြန်ဝင်သွားကြပြီး၊ အစီရင်ဝတ်စုံ၏ ကိုယ်ပေါ်မှ အလင်းတန်းများမှာလည်း အဆမပြတ် လျော့ပါးသွားတော့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် အစီရင်ဝတ်စုံက ရှေ့မှ ပိတ်ဆို့ထားပေးသဖြင့် ထိုတစ်ချက်ကြည့်ရုံနှင့် ထွက်ပေါ်လာသော စွမ်းအားကို ဆိုင်ရှင်မ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
"မိတ်ဆွေဟောင်းရဲ့ ပစ္စည်းပဲ... ဒါပေမဲ့ သိပ်တော့ မတူဘူး "
ပညာရှိသခင်က တစ်ဦးတည်း ရေရွတ်လိုက်ပြီး၊ လက်ထဲရှိ ဝါးစာလိပ်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ၊ ကောင်းကင်ပြိုကာ မြေကြီးကျွံတော့မည့်အလား ကြီးမားလှသော စွမ်းအားတစ်ခုက ဖိနှိပ်ချလိုက်တော့သည်။
ဆိုင်ရှင်မ၏ မျက်မှောင်များ ကြုတ်သွားသည်။
ထိုဝါးစာလိပ်မှ ထွက်ပေါ်လာသော စွမ်းအားမှာ သူမကိုပင် ကြီးမားလှသော ဖိအားကို ပေးနေတော့သည်။
သူမသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းလှသော ကျင့်ကြံခြင်း စွမ်းအားများကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သော်လည်း၊ ဝါးစာလိပ်ကို ခဏတာသာ ဟန့်တားနိုင်ခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း သူမ၏ စွမ်းအားများမှာ ရိုက်ခွဲခြင်း ခံလိုက်ရတော့သည်။
အစိမ်းရောင်ဝတ် မိန်းကလေး၏ မျက်နှာပေါ်တွင် ကလဲ့စားချေနိုင်တော့မည့် ဝမ်းသာအားရ အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
သို့သော် နောက်တစ်ခဏတွင် သူမ၏ နားထဲ၌ ကြည်လင်ပြတ်သားသော အသံတစ်ခု ကြားလိုက်ရသည်။
ချွင်
တောက်ပလှသော ဓားအလင်းတန်းတစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ခုတ်ပိုင်းလိုက်သည်။
ဝုန်း
ဝါးစာလိပ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
လူငယ်တာအိုဆရာတစ်ဦး ပေါ်ထွက်လာပြီး၊ သူ၏ အမူအရာမှာ အေးစက်ငြိမ်သက်နေသည် သူ၏ သွေးကြောထဲရှိ စွမ်းအင်များမှာ ပင်လယ်ပြင်အလား တက်ကြွနေပြီး၊ မျက်ဝန်းအစုံမှာမူ အဆုံးမရှိသော မိုးကြိုးကန်ကြီး တစ်ခုကို ဖုံးကွယ်ထားသည့်အလားပင်။
အခန်း (၅၀၆) - မင်းကများ ငါနဲ့ယှဉ်ချင်တာလား ၊ တတိယအဆင့် ကျင့်ကြံသူတို့၏ တိုက်ပွဲ
ထိုခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် ပညာရှိသခင်မှာ မျက်မှောင်ကို အသာအယာ ကြုတ်လိုက်သည်။
"သိုင်းပညာရှင် ခန္ဓာကိုယ်လား "
"ဒီခေတ်ကြီးမှ ခန္ဓာကိုယ်လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့သူ ရှိသေးတာပဲ "
သူက နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်ပြီးနောက်၊ မျက်ဝန်းအစုံတွင် ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
ပတ်ဝန်းကျင်ရှိ လေထု၏ အပူချိန်မှာလည်း သိသိသာသာ ထိုးကျသွားသည်။
သူ၏လက်ထဲမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး၊ အပိုင်းပိုင်းပြတ်နေသော ဝါးစာလိပ်မှာ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာကာ တစ်ဖန်ပြန်၍ ဝေ့ယမ်းကာ ရိုက်ချလိုက်ပြန်သည်။
ဝိန်း
မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခုမှာ ရေလှိုင်းလေးများအလား ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။
၎င်းမှာ ထိုက်ရှန်းတောင်ကြီးက အပေါ်မှ ဖိချလိုက်သည့်အလား ပြင်းထန်လှပေသည်။
"လာစမ်း "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်လိုက်သည့်အလား ဟိန်းထွက်သွားသည်။
သူ၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ဆူပွက်နေပြီး၊ သွေးကြောထဲရှိ စွမ်းအင်အရှိန်အဝါ များမှာ မီးခိုးတန်းကြီးတစ်ခုအလား ကောင်းကင်သို့ ထိုးတက်သွားကာ ပင်လယ်ပြင်ကြီးတစ်ခုအသွင်ဖြင့် ကမ္ဘာမြေကို ဖုတ်ကင်နေတော့သည်။
နောက်တစ်စက္ကန့်တွင်၊ သူသည် ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်သည်ကို တွေ့လိုက်ရသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် တောက်ပသော အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားသည်။
တောင်များကို ဖြိုခွဲကာ တောင်တန်းများကို တုန်လှုပ်စေနိုင်သည့် အစွမ်းပင်
နားထဲတွင် ကွဲအက် သွားသည့် ကြည်လင်သော အသံတစ်ခု ကြားလိုက်ရသည့်အလား။
ပညာရှိသခင်၏ တောင်တန်းကြီးအလား လေးလံလှသော ကျင့်ကြံခြင်းစွမ်းအားများမှာ ရိုက်ခွဲခြင်း ခံလိုက်ရတော့သည်။
သူ၏လက်ထဲရှိ ဝါးစာလိပ်မှာလည်း ထပ်မံ၍ အပိုင်းပိုင်းပြတ်သွားပြီး၊ သူ၏ ရင်ဘတ်ပေါ်တွင်လည်း ဒဏ်ရာတစ်ခု ပေါ်ထွက်လာသည်။
ဒီတစ်ကြိမ်တွင်မူ ပညာရှိသခင်၏ မျက်ဝန်းထဲ၌ ဒေါသမီးများ တောက်လောင်လာပြီး၊ လက်ထဲရှိ ထွင်းထုဓားဖြင့် လီယန်ချူကို အတင်းအကျပ် ထိုးစိုက်လိုက်တော့သည်။
အလွန်အမင်း အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုက လီယန်ချူကို လွှမ်းခြုံသွားသည်။
လီယန်ချူ၏ ကျောနောက်တွင် မြင့်မားလှသော အရိပ်ကြီးနှစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
တစ်ခုမှာ သိုင်းပညာဆန္ဒ ပုံရိပ်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ရှေးကျလှသော နတ်ဘုရားပုံရိပ်ပင် ဖြစ်သည်။
သူသည် ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို ကျန့်ကျောင်း ဓား အတွင်းသို့ လောင်းထည့်လိုက်ရာ၊ တောက်ပလှသော အလင်းတန်းတစ်ခုနှင့် ထွင်းထုဓားတို့ ထိပ်တိုက် တိုးမိကြတော့သည်။
ဘုန်း
ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်း များမှာ အပြင်ဘက်သို့ ပြန့်ကားသွားပြီး၊ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မှိုပွင့်ပုံစံ တိမ်တိုက်ကြီးတစ်ခုအလား ထွက်ပေါ်လာသည်။
ဒိုင်း
ကျောက်ခဲများ လွင့်ထွက်ကာ ဖုန်မှုန့်များ တထောင်းထောင်း ထသွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပျက်စီးယိုယွင်းသွား၏။
ထိုပညာရှိသခင်မှာ နက်ရှိုင်းပြီး ခန့်မှန်းရခက်သော အစွမ်းရှိသူ ဖြစ်သည်။
လီယန်ချူ အရင်က ရင်ဆိုင်ခဲ့ဖူးသော တတိယအဆင့်သို့ အသစ်ဝင်ခါစ ကျင့်ကြံသူများ သို့မဟုတ် အထွတ်အထိပ်အဆင့်သို့ ပြန်မရောက်သေးသော ကျင့်ကြံသူများနှင့် လုံးဝ မတူပေ။
သူသည် လီယန်ချူက မိမိ၏ ထွင်းထုဓားကို တားဆီးနိုင်သည်ကို မြင်သော်လည်း လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
သူသည် ထွင်းထုဓားဖြင့် လေထဲတွင် တစ်ချက် ဝေ့ယမ်းလိုက်ရာ၊ အမည်းရောင် အက်ကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး နောက်တစ်ခဏတွင် လီယန်ချူ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။
ထက်မြက်လှသော စွမ်းအင်များက လီယန်ချူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် မွှန်းနှံနေတော့သည်။
ဝှီးး
လီယန်ချူသည် ဓားကို အလျားလိုက် ဝေ့ယမ်းကာ ခုခံလိုက်ရာ၊ ကျန့်ကျောင်းဓားပေါ်မှ ဆန်းကြယ်လှသော တုန်ခါမှုအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အပြင်သို့ ပြန့်ကားသွားသည်။
ထိုအခါမှသာ အမည်းရောင် အက်ကြောင်းများမှာ ပျောက်ကွယ်သွားတော့သည်။
ပညာရှိသခင်သည် တည်ငြိမ်သောအမူအရာဖြင့် အေးစက်စွာ ပြောလိုက်သည်။
"သိုင်းပညာလမ်းစဉ်က အောင်မြင်ဖို့ ခဲယဉ်းပေမဲ့၊ ငါကတော့ မင်းလို နောက်ပေါက်လေးကို ကြီးထွားလာအောင် ခွင့်မပြုနိုင်ဘူး "
လက်ထဲရှိ ထွင်းထုဓားကို ထပ်မံ ရှေ့သို့ တိုးလိုက်ပြီး လီယန်ချူ၏ မျက်ခုံးအလယ် သို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။
အလွန်အမင်း ထက်မြက်လှသော စွမ်းအားတစ်ခုက လီယန်ချူ၏ ကြမ်းတမ်းလှသော သိုင်းပညာရှင် ခန္ဓာကိုယ်ကို အတင်းအကျပ် ထိုးခွဲပစ်လိုက်တော့သည်။
လီယန်ချူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး၊ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်လမ်းကြောင်းများမှာလည်း ဆွဲဖြဲခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။
ဒါဟာ မကြာသေးမီကာလအတွင်း သူ ပထမဆုံးအကြိမ် ဒဏ်ရာရရှိခြင်းပင် ဖြစ်သည်။
ဤပညာရှိသခင်၏ စွမ်းအားမှာ စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် ကြီးမားလှသည်။
၎င်းမှာ သာမန် တတိယအဆင့် အစောပိုင်း ယန်ဝိညာဉ် တစ်ဦး ပိုင်ဆိုင်သည့် စွမ်းအားမျိုး လုံးဝ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်၊ ပညာရှိသခင်သည် နောက်ထပ် ဓားတစ်ချက်ကို ထိုးလိုက်ပြန်သည်။
ထက်မြက်လှသော စွမ်းအားက ဆိုင်ရှင်မကို ချက်ချင်းပင် လွှမ်းခြုံသွားပြီး၊ အရှိန်အဝါဖြင့် သော့ခတ်ထားသဖြင့် သူမအနေဖြင့် ရှောင်တိမ်း၍ မရနိုင်တော့ပေ။
ဒေါင်
အစီရင်ဝတ်စုံမှာ ရုတ်တရက် ပေါ်လာပြီး ဤဓားချက်ကို အတင်းအကျပ် တားဆီးပေးလိုက်သည်။
ပညာရှိသခင်မှာ ခဏတာ မှင်သက်သွားပြီး၊ ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကာ
"ဒီအစီရင်ဝတ်စုံက မင်းရဲ့ ရတနာ ဖြစ်ရမှာလေ၊ ကိုယ်တိုင်မသုံးဘဲ သူမဘေးမှာ ထားပေးထားတယ်ပေါ့... တကယ့်ကို အချစ်ကြီးတဲ့ကောင်ပဲ "
အကယ်၍သာ ထိုအစီရင်ဝတ်စုံက ရွှေချပ်ဝတ် နတ်မင်းအဖြစ် အသွင်ပြောင်းကာ ဆိုင်ရှင်မအတွက် ဤဓားချက်ကို တားမပေးခဲ့လျှင်၊ ပညာရှိသခင်အနေဖြင့် ထိုအမျိုးသမီးကို ဓားတစ်ချက်တည်းနှင့် အပြင်းအထန် ဒဏ်ရာရအောင် သို့မဟုတ် သတ်ပစ်နိုင်အောင် ယုံကြည်ချက် ရှိနေခဲ့သည်။
ထိုလူငယ်တာအိုဆရာမှာ မိမိ၏ ထွင်းထုဓားကို သိုင်းပညာရှင် ခန္ဓာကိုယ်ဖြင့်သာ တောင့်ခံနေပြီး အစီရင်ဝတ်စုံကို အသုံးမပြုခဲ့သည်မှာ မမျှော်လင့်ထားစရာပင်။
လီယန်ချူသည် ဤပညာရှိသခင်ကို တစ်ချက် ကြည့်လိုက်သည်။
ခုနက သူသည် ဘေးလွှဲတာအိုအတတ်ကို သုံးပြီး ဤပြင်းထန်လှသော တိုက်ခိုက်မှုကို တခြားနေရာသို့ လွှဲပြောင်းရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။
ပြီးတော့ ဒီပညာရှိသခင်က တကယ့်ကို စက်ဆုပ်ဖို့ ကောင်းလွန်းလှသည်။
လီယန်ချူ၏ မျက်ဝန်းထဲတွင် ဒေါသမီးများ ပြည့်နှက်နေသည်။
"မင်းက ဒီအမျိုးသမီးကို ဒီလောက်တောင် ဂရုစိုက်နေမှတော့... ငါက မင်းရဲ့ရှေ့မှာတင် သူမကို သတ်ပြရမှာပေါ့"
ပညာရှိသခင်က အေးစက်စွာ ပြုံးလိုက်သည်။
"မင်းလို ကောင်ကလား "
လီယန်ချူ၏ အသံမှာ မိုးကြိုးပေါက်ကွဲသည့်အလား ထွက်ပေါ်လာသည်။
"မိုးကြိုးငါးပါး သန့်စင်သောယန်၊ ကောင်းကင်မြေပြင် တရားဥပဒေ... သတ်စမ်း "
ဘုန်း
မိုးကြိုးများ ဝုန်းခနဲ ပစ်ချလိုက်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဖြူရောင်များသာ မြင်ရတော့ပြီး၊ မိုးကြိုးကန်ကြီးတစ်ခု ပေါ်ထွက်လာသည့်အလားပင် ပညာရှိသခင်၏ ကိုယ်ပေါ်တွင် အဖြူရောင်အလင်းတန်းတစ်ခု ဝင်းလက်သွားပြီး၊ ထိုမိုးကြိုးငါးပါးအဆောင်၏ ရိုက်ခတ်မှုကြောင့် ယိမ်းထိုးသွားသော်လည်း သူ၏ ကာကွယ်မှုကိုမူ မဖောက်နိုင်ခဲ့ပေ။
ဘုန်း ဘုန်း
နောက်ထပ် မိုးကြိုးနှစ်ချက် ထပ်မံ ပစ်ချလိုက်ပြန်သည်။
ကမ္ဘာလောက၏ အမြင့်မြတ်ဆုံး ယန်မိုးကြိုးပညာရပ်မှာ ပညာရှိသခင်၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ပညာရှိသခင်၏ ကိုယ်ပေါ်ရှိ အဖြူရောင်အလင်းတန်းမှာ ချက်ချင်းပင် မှိန်ဖျော့သွားသော်လည်း၊ သူ၏ အရှိန်အဝါမှာမူ အစွမ်းထက်မြဲပင်။
သူသည် လှောင်ပြောင်လိုသော အမူအရာဖြင့် တစ်စုံတစ်ခုကို ပြောရန် ကြံရွယ်လိုက်သည်။
ဤကဲ့သို့သော ပါရမီရှင် လူငယ်လေးများကို ဖျက်ဆီးရသည့် လုပ်ငန်းစဉ်ကို သူ အလွန်ပင် နှစ်သက်သဘောကျလှသည် သို့သော် ရုတ်တရက် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသော ရှေးဟောင်းအရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။
သူသည် ခေါင်းမော့ကြည့်လိုက်ရာ
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည် ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းလှသော မီးလျှံများ ဖုံးလွှမ်းနေပြီး ခြေထောက်အောက်တွင် မီးနဂါးကို နင်းထားသည်။
လက်ထဲတွင်လည်း ကျောက်ထျန်းတံဆိပ် ၊ နဂါးငါးကောင် စက်ဝိုင်း ၊ မီးကျီးကန်းတစ်သောင်းအိုး၊ ဝမ်လီချီယန် နှင့် တောင်ပိုင်းမီးလျှံ ဓား ဟူသော စွမ်းအားကြီးမားလှသည့် မီးဒြပ်စင် နတ်ဘုရားရတနာ ငါးပါးကို ကိုင်ဆောင်ထားသည်။
ထိုပြင်းထန်လှသော အရှိန်အဝါက လူကို တုန်လှုပ်ခြောက်ခြားစေ၏။
"မီးနတ်ဘုရား ရဲ့ နတ်ဘုရားကိုယ်ပွား "
ပညာရှိသခင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ပေါ်လာသည်။
ဒဏ္ဍာရီထဲမှ ထိုရှေးဟောင်းနတ်ဘုရားသည် လက်တစ်ချက် လှုပ်လိုက်သည်နှင့် နတ်ဘုရားမီးလျှံများမှာ ရေတံခွန်ကြီးတစ်ခုအလား ကျဆင်းလာပြီး၊ ထိုပညာရှိသခင်ကို တိုက်ရိုက်ပင် လွှမ်းခြုံသွားတော့သည်။
နေမင်းကမ္ဘာကို လောင်ကျွမ်းစေခြင်း
ပညာရှိသခင်၏ ကိုယ်ပေါ်မှ အဖြူရောင်အလင်းတန်းမှာ အလွန်ပင် စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိသွားပြီး နောက်တစ်ခဏတွင် ကွဲအက်တော့မည့်အလား ဖြစ်နေသည်။
ဘုန်း ဘုန်း ဘုန်း
နတ်ဘုရားမြားများက ပညာရှိသခင်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ပစ်ခတ်နေသလို၊ ဓားပျံများ၊ မီးကျီးကန်းများနှင့် မီးနဂါးများကလည်း ဝိုင်းရံတိုက်ခိုက်နေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားမီးလျှံများက အရာအားလုံးကို လောင်ကျွမ်းပစ်နေတော့သည်။
ပညာရှိသခင်သည် လက်ထဲရှိ ထွင်းထုဓားကို ဝေ့ယမ်းလိုက်သည်။
ချွင်
ပြင်းထန်လှသော စွမ်းအားတစ်ခုက မီးလျှံရေတံခွန်ကြီးကို နှစ်ပိုင်းခွဲပစ်လိုက်သော်လည်း၊ နောက်တစ်ခဏတွင် ထိုလောင်ကျွမ်းနေသော နတ်ဘုရားမီးလျှံများက ပညာရှိသခင်ကို ထပ်မံ၍ ဖုံးလွှမ်းသွားပြန်သည်။
ဤသည်မှာ ဝိညာဉ်အာရုံဖြင့် ဖန်တီးထားသော ပုံရိပ် မဟုတ်ဘဲ၊ စစ်မှန်သော မီးနတ်ဘုရား ၏ နတ်ဘုရားကိုယ်ပွားပင် ဖြစ်သည်။
၎င်း၏ စွမ်းပကားမှာ သာမန်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ၊ အထူးသဖြင့် ဒဏ္ဍာရီလာ မီးဒြပ်စင်လက်နက် ငါးပါး၏ အားဖြည့်မှုပင် ပါဝင်နေသေးသည်။
အစိမ်းရောင်ဝတ် မိန်းကလေး၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ပြည့်နှက်နေသည်။
"ဒီလူငယ်တာအိုဆရာက ဘယ်သူမို့လို့လဲ ဘာလို့ မီးနတ်ဘုရား ရဲ့ ကိုယ်ပွားကို ဖိတ်ကြားနိုင်ရတာလဲ"
ဘုန်း ဘုန်း
ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဘုရားစွမ်းအင်များ ပညာရှိသခင်၏ ရှေ့မှောက်တွင် ပေါက်ကွဲထွက်သွားပြီး၊ ကွဲအက် သံနှင့်အတူ အဖြူရောင်အလင်းတန်းမှာ ဝုန်းခနဲ ပျက်စီးသွားတော့သည်။
ပညာရှိသခင်၏ တစ်ကိုယ်လုံးမှာလည်း စုတ်ပြတ်သတ်သွားပြီး၊ အရင်ကရှိခဲ့သော အထက်တန်းစား ပညာရှိ အရှိန်အဝါကို မထိန်းသိမ်းနိုင်တော့ပေ။
"မဖြစ်နိုင်ဘူး... ငါက မင်းလို နို့နံ့တောင် မစင်သေးတဲ့ နောက်မျိုးဆက်လေးကို ရှုံးရမယ်လို့လား "
မီးနတ်ဘုရား ကိုယ်ပွား၏ ပြင်းထန်လှသော နတ်ဘုရားစွမ်းအင်များက ထိုပညာရှိသခင်ကို နတ်ဘုရားမီးလျှံများကြားတွင် ပိတ်လှောင်ထားလိုက်သည်။
ချွင်
ပညာရှိသခင်၏ လက်ထဲရှိ ထွင်းထုဓားမှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး၊ သူ့ကို ကာကွယ်ကာ အပြင်သို့ အတင်းတိုးထွက်လာစေသည်။
ထိုစဉ်မှာပင်
တောက်ပလှသော အလင်းတန်းတစ်ခု ပျံသန်းလာရာ၊ ပညာရှိသခင်သည် မသိစိတ်ဖြင့် ထွင်းထုဓားကို သုံးကာ ခုခံလိုက်သည်။
ဒေါင်
အပ်ဖျားနှင့် ဂျုံစေ့ ထိပ်တိုက်တွေ့သည့်အလား၊ ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာသည်။
သူသည် ငုံ့ကြည့်လိုက်ရာ၊ လက်ထဲရှိ ထွင်းထုဓားပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရ၏။ ထိုအခါမှသာ ခုနက အလင်းတန်းမှာ ဤလူငယ်တာအိုဆရာ၏ လက်ထဲရှိ ရှေးဟောင်းဓားရှည်ကြီး ဖြစ်ကြောင်း သူ သေချာမြင်လိုက်ရသည်။
ဓားရှည်ကြီးဆီမှ တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် ခံစားချက်မျိုး ပေးနေသည်။
"ကိုယ်ပိုင်အသိစိတ် ရှိနေတဲ့ ရတနာ.."
ပညာရှိသခင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာစဉ်မှာပင်၊ သူ၏ ကျောနောက်တွင် အဖြူရောင်အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားသည်။
၎င်းမှာ သူ၏ ကိုယ်ကာကွယ်သော စွမ်းအင်ဖြစ်ပြီး မည်သည့်တိုက်ခိုက်မှုကိုမဆို ကာကွယ်ပေးရန် ဖြစ်သည်။
ဘုန်း
သို့သော် ထိုအလင်းတန်းမှာ မျက်တောင်တစ်ခတ်အတွင်း ရိုက်ခွဲခြင်း ခံလိုက်ရပြီး၊ ပူပြင်းလှသော နတ်ဘုရားအလင်းတန်းတစ်ခု သူ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
သူ လှည့်ကြည့်လိုက်ရာ၊ ကောင်းကင်တွင် လွင့်ပျံနေသော ရှစ်ခွင်မှန် တစ်ချပ်က မိမိထံသို့ နတ်ဘုရားအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူ၏ ဦးနှောက်ထဲတွင် မူးဝေနောက်ကျိသည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
"နောက်ထပ် ရတနာတစ်ခုလား "
ပညာရှိသခင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ပြည့်နှက်သွားသည်။
ယခုအခါ ပြင်းထန်လှသော နတ်ဘုရားစွမ်းအင်များက သူ့ကို အဆက်မပြတ် တိုက်ခိုက်နေသဖြင့် သူ စဉ်းစားရန်ပင် အချိန်မရှိတော့ဘဲ ထွင်းထုဓားဖြင့်သာ အတင်းအကျပ် ပြန်လည်ခုခံနေရတော့သည်။
သူသည် လူသားခန္ဓာကိုယ်ဖြင့် အဘယ်ကြောင့် မီးနတ်ဘုရား ကိုယ်ပွားကို ဖိတ်ကြားနိုင်သနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ၊ ဒါဟာ လုံးဝ ပုံမှန်မဟုတ်ဘူး။
"လာလေ... ခုနကတော့ မင်းက တော်တော်လေး ဟန်ဆောင်ကောင်းနေခဲ့တာ မဟုတ်လား "
လီယန်ချူ၏ အသံမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေတော့သည်။