အခန်း (၅၀၇-၅၀၈)
Vol. 51 Ch. 507-508
အခန်း (၅၀၇) - အပြတ်အသတ် ဖိနှိပ်ခြင်း ၊ အရှက်ရနေသော အဆင့်မြင့်ပညာရှင်ကြီး ၊ ဖီတီရတနာပုတီး၏ အသုံးဝင်ပုံ
ပညာရှိသခင်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
၎င်းတို့ကဲ့သို့ အဆင့်အတန်းရှိသော ပုဂ္ဂိုလ်များမှာ အဆင့်တူ ကျင့်ကြံသူ အဖိုးကြီးများနှင့် ရင်ဆိုင်ရလျှင် တိုက်ပွဲကြား၌ တစ်ယောက်ကိုတစ်ယောက် ဆဲဆိုကဲ့ရဲ့လေ့ ရှိကြသော်လည်း၊ ယခုကဲ့သို့ နို့နံ့မစင်သေးသည့် နောက်ပေါက်လေးတစ်ယောက်က မိမိကို အားမနာတမ်း လှောင်ပြောင်လိုက်ခြင်းမှာ သူ့မျက်နှာကို အိုးမည်းသုတ်လိုက်သည့်အလား အလွန်ပင် အရှက်ရစေသည်။
"မောက်မာလှချည်လား"
ပညာရှိသခင်မှာ အကြီးအကျယ် ဒေါသထွက်သွားပြီး သူ၏မျက်ခုံးအလယ်တွင် တံဆိပ်တစ်ခု ပေါ်ထွက်လာကာ တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာ ရူးသွပ်စွာ မြင့်တက်လာတော့သည်။
ယခုတစ်ကြိမ်တွင် သူသည် အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ရောက်ရှိလာခြင်းမဟုတ်ဘဲ စွမ်းအားအရိပ် သို့မဟုတ် ကိုယ်ပွားအဖြစ်သာ ရောက်ရှိလာခြင်းဖြစ်ရာ ထုတ်ဖော်နိုင်သည့် စွမ်းအားမှာ အကန့်အသတ်ရှိသည်။
သို့သော် ပညာရှိသခင် အလွန်အမင်း ဒေါသထွက်သွားပြီးနောက် သူ၏ မူလစွမ်းအင် တစ်စိတ်တစ်ပိုင်းကိုပါ ဆွဲထုတ်လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးထွားလာပြီး ခြောက်လံခန့် မြင့်မားသော ကြီးမားလှသည့် အရိပ်ကြီးတစ်ခု ဖြစ်သွားသည်။
၎င်း၏ အရှိန်အဝါမှာ ကြမ်းတမ်းခန့်ညားလွန်းသဖြင့် လူတို့အား တည့်တည့်ပင် မကြည့်ဝံ့စေပေ။
သို့သော် သူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီမှာပင် သူ၏ရှေ့မှ မီးနတ်ဘုရား ကိုယ်ပွားမှာလည်း ရုတ်တရက် တောင်တန်းကြီးတစ်ခုအလား ကြီးမားလာပြန်သည်။
နှိုင်းယှဉ်ကြည့်လိုက်လျှင် ပညာရှိသခင်၏ ပုံရိပ်မှာ ယခုအခါ သေးငယ်သွားသလိုပင်။
မီးနတ်ဘုရားက သူ၏ကိုယ်ပေါ်သို့ ပြင်းထန်လှသော ခြေလှမ်းတစ်ချက်ဖြင့် နင်းချလိုက်တော့သည်။
ဘုန်း
"..." ပညာရှိသခင်
ဘုန်း သူရှိနေသည့် နေရာမှာ နက်ရှိုင်းလှသော တွင်းကြီးတစ်ခုအဖြစ် နင်းခြေခြင်း ခံလိုက်ရပြီး သူသည် ခန္ဓာကိုယ်ကို ထိန်းကျောင်းကာ နောက်သို့ အတင်းရှောင်တိမ်းလိုက်ရသည်။
တောင်တန်းကြီးအလား ကြီးမားလှသော မီးနတ်ဘုရား ကိုယ်ပွားက အေးစက်စွာ ပြောလိုက်သည်။
"ပိုးစုန်းကြူးရဲ့ အလင်းရောင်ကများ... နေနဲ့လရဲ့ အလင်းကို ပြိုင်ချင်နေတာလား "
ပညာရှိသခင်မှာ ဒေါသသွေးများ ရင်ဘတ်ထဲတွင် ဆို့တက်သွားတော့သည်။
နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော စိတ်ကိုချုပ်တည်းနိုင်စွမ်း မှာ ယခုတော့ ပျက်စီးတော့မည့် အလားအလာရှိနေပြီ။
ဒီလူငယ်တာအိုဆရာရဲ့ ပါးစပ်က... တကယ့်ကို အဆိပ်ပြင်းလွန်းလှသည်။
သူသည် ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို စုစည်းကာ စကားလုံးတစ်လုံးကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
"နှိမ်နင်းစမ်း "
ကောင်းကင်နှင့် မြေကြီးကြားတွင် မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခု စုစည်းလာပြီး ကြီးမားလှသော အကျဉ်းအိမ် တစ်ခုအသွင်ဖြင့် မီးနတ်ဘုရား ကိုယ်ပွားပေါ်သို့ ကျရောက်သွားသည်။
၎င်းမှာ ထိုရှေးဟောင်းနတ်ဘုရားကို ပိတ်လှောင်ထားရန် ကြိုးစားနေခြင်းပင်။
မီးနတ်ဘုရား၏ ပတ်ဝန်းကျင်တွင် နတ်ဘုရားမီးလျှံများ ဖုံးလွှမ်းနေပြီး၊ ခြေထောက်အောက်ရှိ မီးနဂါးမှာလည်း ထိုကြီးမားလှသော ကျဉ်းအိမ်ဆီသို့ ကြောက်မက်ဖွယ်ကောင်းစွာ ခုန်အုပ်လိုက်တော့သည်။
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ထိုကျဉ်းအိမ်မှာ ရိုက်ခွဲခြင်း ခံလိုက်ရသည်။
ပညာရှိသခင်သည် ထွင်းထုဓား၏ စွမ်းအားကို အသုံးပြုကာ စာသားတစ်ခုကို ခပ်တိုးတိုး ရွတ်ဆိုလိုက်ပြန်သည်။
၎င်းမှာ ခုနက နှိမ်နင်း ဆိုသည့် စကားလုံးလောက် ကြောက်စရာမကောင်းသော်လည်း ထိုစာသားများ ပေါ်ထွက်လာချိန်တွင် ထွက်ပေါ်လာသော စွမ်းအားမှာ လူကို ပို၍ တုန်လှုပ်ခြောက်ခြားစေသည်။
"ဒါက ပညာရှိသခင်ရဲ့ စာသားတွေ လား နှုတ်ဖြင့် ပြစ်တင်ခြင်း လား "
အစိမ်းရောင်ဝတ် မိန်းကလေး၏ စိတ်ထဲမှ ထိတ်လန့်မှုကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခဲယဉ်းလှသည်။
သူမသည် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျလှသော အင်အားစုတစ်ခုမှဖြစ်ပြီး သူမ ဖိတ်ကြားထားသူမှာ ချွန်းချိုးလင်၏ တည်ထောင်သူ ဘိုးဘေးပင် ဖြစ်သည်။
သူမသည် ထိုကဲ့သို့ ကောင်းကင်လှုပ် မြေဟီးစေမည့် မဟာတာအိုအတတ်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး
"ဘိုးဘေးကတော့ ဘိုးဘေးပါပဲ... ဒီလူငယ်တာအိုဆရာလေးကတော့ ဘာမှတတ်နိုင်မှာ မဟုတ်တော့ဘူး"
အစိမ်းရောင်ဝတ် မိန်းကလေးမှာ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
ပညာရှိသခင်သည် လီယန်ချူကို တစ်ချက် ကြည့်လိုက်သည်။
ရုတ်တရက် သူ၏ သူငယ်အိမ်မှာ ကျုံ့သွားပြီး တစ်ကိုယ်လုံး မှင်သက်သွားတော့သည်။
အကြောင်းမှာ မီးနတ်ဘုရား ကိုယ်ပွားပေါ်တွင်လည်း လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျလှသော စာသားတစ်ခု ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
၎င်းမှာ ပညာရှိသခင် ကိုယ်ပေါ်မှ စာသားများနှင့် ထိပ်တိုက် တိုးမိသွားကြရာ ကြယ်တံခွန်ချင်း တိုက်မိသည့်အလား....
ဝုန်း... ဝုန်း...
ပညာရှိသခင် ကိုယ်ပေါ်မှ စာသားများမှာ တဖြည်းဖြည်းနှင့် အက်ကွဲကာ မှိန်ဖျော့သွားတော့သည်။
"ဒါက မီးနတ်ဘုရားဂါထာတော် လား"
ပညာရှိသခင်မှာ ရုတ်တရက် နားလည်သွားသည်။
ဒီလူငယ်တာအိုဆရာက လူသားခန္ဓာကိုယ်နဲ့ မီးနတ်ဘုရား ကိုယ်ပွားကို ဘာလို့ ဖိတ်ကြားနိုင်တာလဲဆိုတာ မဆန်းတော့ပေ။
ဒီ မီးနတ်ဘုရားဂါထာတော်ရှိနေခြင်းဟာ မီးနတ်ဘုရားက သူ့ကို မိသားစုဝင်အဖြစ် သတ်မှတ်ထားခြင်း သို့မဟုတ် ဒါဟာ အဆင့်အတန်း အထောက်အထားတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
ဒီစာသားမရှိရင် မီးနတ်ဘုရားရဲ့ အမိန့်ပေးအဆောင် ရှိနေရင်တောင်မှ စွမ်းအားမရှိတဲ့ အရိပ်တစ်ခုကိုပဲ ဖိတ်နိုင်မှာဖြစ်ပြီး၊ အခုလို စွမ်းအားမျိုးနဲ့တော့ လုံးဝ နှိုင်းယှဉ်လို့ ရမှာမဟုတ်ဘူး။
သူသည် လီယန်ချူကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
သူသည် ပါရမီထူးချွန်လှသော နောက်မျိုးဆက်များစွာကို မြင်ဖူးသော်လည်း ထိုကဲ့သို့သော သူမျိုးကိုမူ သာမန်လူငယ်တစ်ယောက်အဖြစ် သတ်မှတ်ရန် မဝံ့တော့ပေ။
"မင်းက ဘယ်ကျင့်ကြံသူ အဖိုးကြီးရဲ့ လူဝင်စားလဲ"
ပညာရှိသခင်က မေးလိုက်သည်။
"ငါက မင်းအဖေပဲ "
လီယန်ချူ၏ အသံမှာ ကမ္ဘာလောကတစ်ခုလုံးကို တုန်ခါသွားစေသည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ ကျောက်ရုပ်တစ်ခုအလား မှင်သက်သွားတော့သည်။
ဆိုင်ရှင်မကမူ သဘောကျစွာ ပြုံးလိုက်သည်။
အလွန်ပင် အားရကျေနပ်စရာ ကောင်းလှသည်ဟု သူမ ခံစားရသည်။
ပညာရှိသခင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်ဝန်းထဲတွင် ဒေါသမီးများ ပေါက်ကွဲထွက်လာတော့သည်။
သူ အလွန်ပင် အရှက်ရနေသည်ဟု ခံစားရသည်။
အကယ်၍ သူသာ အစစ်အမှန် ခန္ဓာကိုယ်ဖြင့် ရောက်လာနိုင်လျှင် ဤလူငယ်တာအိုဆရာကို ချက်ချင်း နှိမ်နင်းနိုင်မည်မှာ သေချာသည်။
ယခုကဲ့သို့ လူငယ်တစ်ယောက်၏ အဖိနှိပ်ခံနေရသည့် အခြေအနေမျိုး အဘယ်မှာ ရောက်ပါမည်နည်း။
ဘုန်း
ကောင်းကင်ယံမှ မီးလျှံများက သူ့ကို တစ်ဖန် ပြန်လည် ဝါးမြိုသွားပြန်ပြီး၊ ကျန့်ကျောင်းဓားက အခွင့်ကောင်းယူကာ ပညာရှိသခင်၏ လက်တစ်ဖက်ကို ဖြတ်ချလိုက်တော့သည်။
"အား " သူသည် နာကျင်စွာ အော်ဟစ်လိုက်မိသည်။
ဒီဓားက ဒီလောက်တောင် ကောက်ကျစ် မယ်လို့ သူ မထင်ထားခဲ့ဘူး သူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး ထိုပြတ်သွားသော လက်မောင်းကို ပြန်လည် ဆက်ရန် ကြိုးစားသော်လည်း ထိုဓားက ပေးလိုက်သော ဒဏ်ရာမှာ ပြန်လည် မပျောက်ကင်းနိုင်သည်ကို သူ တွေ့လိုက်ရသည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
မိမိတို့၏ ဘိုးဘေး လက်တစ်ဖက် ပြတ်သွားပြီ
နောက်တစ်ကွက်မှာ သူမကို ပို၍ပင် တုန်လှုပ်သွားစေသည်။
မီးနတ်ဘုရား ကိုယ်ပွားမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ဘိုးဘေးကို ခြေထောက်ဖြင့် တစ်ချက်တည်း ကန်ချလိုက်တော့သည်။
မီးလျှံဓားမှာ ဘိုးဘေး၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ စိုက်ဝင်သွားသည်။
"အား"
ပညာရှိသခင်မှာ ဤကဲ့သို့သော ဒဏ်ရာမျိုး မရရှိခဲ့သည်မှာ နှစ်ပေါင်းမည်မျှရှိပြီလဲ သူကိုယ်တိုင်ပင် မသိတော့ပေ။
ထို့အပြင် ဤသည်မှာ အလွန်ပင် အရှက်ရစေသော တိုက်ခိုက်မှုမျိုး ဖြစ်သည်။
မီးနတ်ဘုရား ကိုယ်ပွားမှာ ကျောက်ထျန်းတံဆိပ်ကို မြှောက်လိုက်ပြီး နတ်ဘုရားမီးလျှံများကို မသုံးဘဲ ထိုတံဆိပ်ဖြင့်ပင် ပြင်းထန်စွာ ထုချလိုက်တော့သည်။
ဘုန်း
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာသည်။
ပညာရှိသခင်၏ ခေါင်းမှ သွေးများ တစစ စီးကျလာပြီး တစ်ကိုယ်လုံးမှာ ကြည့်မကောင်းအောင် စုတ်ပြတ်သတ်သွားတော့သည်။
သူ၏လက်ထဲရှိ ထွင်းထုဓားမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့ကို မီးနတ်ဘုရား၏ ဖိနှိပ်မှုအောက်မှ ဆွဲထုတ်လိုက်သည်။
"မိပြီ "
မီးနတ်ဘုရား ကိုယ်ပွားက အေးစက်စွာ ပြောလိုက်သည်။
ပညာရှိသခင်မှာ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကိုပင် ပြန်လည် မစုစည်းရသေးမီမှာပင် တစ်စုံတစ်ယောက်က လည်ပင်းကို ညှစ်ကာ ပြန်လည် ဆွဲခေါ်ခြင်း ခံလိုက်ရပြန်သည်။
နဂါးငါးကောင် စက်ဝိုင်းနှင့် မီးကျီးကန်းတစ်သောင်းအိုးတို့မှာ သူ၏ခေါင်းပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။
ပညာရှိသခင်မှာ ထိုကြမ်းတမ်းလှသော စွမ်းအားအောက်တွင် အားကိုးရာမဲ့နေပုံ ရသည်။
သူ၏လက်ထဲရှိ ထွင်းထုဓားမှ ပြင်းထန်လှသော စွမ်းအားတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး လီယန်ချူ၏ တိုက်ခိုက်မှု အကွာအဝေးအတွင်းမှ နောက်သို့ ဆုတ်ခွာသွားပြန်သည်။
ပညာရှိသခင်သည် အသက်ကို ပြင်းပြင်းရှူကာ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင်
ဖုန်း
သူ၏ နောက်စေ့ဆီမှ ပြင်းထန်လှသော နာကျင်မှုတစ်ခု ပေါ်ထွက်လာသည်။
တစ်ကိုယ်လုံး ယိမ်းထိုးသွားရသည်။
ဖီတီရတနာပုတီး
၎င်းမှာ လီယန်ချူက ကျင်းကွမ်းကျောင်းတိုက်တွင် ချင်းဟွမ်ဂိုဏ်းချုပ်ထံမှ လုယူခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဤပုတီးမှာ နှစ်ပေါင်းထောင်ချီ နဂါး၏ တံဆိပ်ခတ်နှိပ်မှုကိုပင် ဖြိုခွဲလုနီးပါး ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် လီယန်ချူသည် ထိုရတနာပုတီးကို အသုံးပြုနိုင်အောင် ကျင့်ကြံခဲ့ပြီး ထိုပုတီး၏ အသုံးချပုံမှာ နဂါးကျားရွှေအမြုတေ နှင့် အတူတူပင်ဖြစ်ကြောင်း သူ သိရှိခဲ့သည်။
အဲဒါကတော့ လူကို ထုဖို့အတွက် သုံးတာပါပဲ
သူ့မှာ သုံးဖို့ အခွင့်အရေး မရခဲ့သော်လည်း ဒီနေ့မှာတော့ ဒီပညာရှိသခင်ကို ဆုံးမဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့သည်။
ပညာရှိသခင်မှာ ခေါင်းတရိပ်ရိပ် မူးလာသဖြင့် အတင်းရုန်းထကာ ထရပ်လိုက်သော်လည်း
နောက်စေ့ဆီမှ ပြင်းထန်လှသော စွမ်းအားတစ်ခု ထပ်မံ ကျရောက်လာပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ရတနာပုတီးက သူ၏နောက်စေ့ကို တိုက်ရိုက်ပင် ရိုက်ခွဲလိုက်တော့သည်။
မီးနတ်ဘုရားက သူ့ကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး လက်ဝါးအတွင်းမှ ပြင်းထန်လှသော နတ်ဘုရားမီးလျှံများ ထွက်ပေါ်လာကာ သူ့ကို တိုက်ရိုက်ပင် လောင်ကျွမ်းဖျက်ဆီးပစ်လိုက်တော့သည်။
ချွန်းချိုးလင် ဘိုးဘေး၏ ထိုကိုယ်ပွားမှာ ဤကဲ့သို့ အရှက်တကွဲဖြင့် သေဆုံးသွားခဲ့ရလေသည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ ကြောက်ရွံ့လွန်းသဖြင့် အသက်ပင် မရှူရဲတော့ဘဲ မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
ချွန်းချိုးလင်
ခြောက်ကပ်နေသော ခန်းမကြီးတစ်ခုအတွင်း၊
ဆံပင်ဖြူဖြူနှင့် မျက်နှာပေါ်တွင် အသက်ကြီးမှ ပေါ်တတ်သော အစက်အပြောက်များဖြင့် သေခါနီးအလား ဖြစ်နေသည့် ပညာရှိအဖိုးကြီး သုံးဦးမှာ တင်ပျဉ်ခွေ ထိုင်နေကြသည်။
သို့သော် သူတို့၏ မျက်နှာနှင့် မျက်ဝန်းထဲတွင်မူ လောကကို အုပ်စိုးမည့် ဖြောင့်မတ်သော အရှိန်အဝါ များ ရှိနေသည်။
၎င်းတို့မှာ လောက၏ ပညာရှိသုခမိန်ကြီးများ နှင့်ပင် တူလှသည်။
အကယ်၍ အရှိန်ဝါကြည့်တတ်သော သို့မဟုတ် တာအိုမျက်စိ ရှိသော ကျင့်ကြံသူတစ်ဦးသာ ထိုနေရာတွင် ရှိနေလျှင် ဤအဖိုးကြီး သုံးဦး၏ ကိုယ်ပေါ်မှ ပညာရှိအရှိန်အဝါများမှာ ကောင်းကင်သို့ ထိုးတက်နေပြီး ဝမ်ချွီကြယ် လောကသို့ ဆင်းသက်လာသည့်အလား မြင်တွေ့ရပေမည်။
တောက်ပလှသော စာသားများမှာ သူတို့၏ ဝိညာဉ် ထဲတွင် တဖျပ်ဖျပ် တောက်ပနေကြသည်။
သို့သော် အတက်ရှိလျှင် အဆင်းရှိစမြဲဖြစ်ရာ သူတို့၏ ခန္ဓာကိုယ်များမှာ ဆွေးမြည့်ပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဟွန်း"
ထိုအချိန်တွင် သူတို့၏ ကျောနောက်ဘက်ရှိ သစ်သားအိမ်လေးအတွင်းမှ လူကို တုန်လှုပ်ခြောက်ခြားစေမည့် ကြီးမားလှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အခန်း (၅၀၈) - နတ်လူအသွင် ၊ သုတ်သင်ခြင်း ၊ဝိညာဉ်ဆင့်ခေါ်အတတ်၏ စစ်မှန်သော အသုံးချပုံ
ထိုအရှိန်အဝါမှာ ကောင်းကင်နှင့် မြေကြီး၏ ဒေါသအလား ပြင်းထန်လှပြီး လေထုတစ်ခုလုံးကို အရောင်ပြောင်းသွားစေတော့သည်။
"ဘိုးဘေး ဘာဖြစ်တာလဲ "
"ဒါ... စိတ်ဝိညာဉ် နှောက်ယှက်တဲ့ ကံကြမ္မာဆိုး ကို ကြုံနေရတာလား "
"မဖြစ်နိုင်တာ၊ ဘိုးဘေးက စိတ်ဝိညာဉ်နှောင်ကြိုးတွေကို ဖြတ်တောက်ပစ်ခဲ့တာ ကြာလှပြီ၊ ပြီးတော့ အစီရင်စုထဲမှာ ကောင်းကင်ဘုံရဲ့ အာရုံကနေလည်း ဖုံးကွယ်ထားတာပဲ၊ ကျင့်ကြံခြင်းမှာ ဘယ်လိုလုပ် ပြဿနာတက်နိုင်မှာလဲ "
သူတို့သည် ထိုကြီးမားလှသော စိတ်ဆန္ဒအတွင်းရှိ မကျေနပ်မှုနှင့် ဒေါသအငွေ့အသက်များကို ခံစားမိကြသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာဖြစ်မှန်းမသိ ဖြစ်နေကြသည်။
ထိုစဉ် မျက်လုံးရှည်သွယ်သော အဖိုးကြီးက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး
"ဘိုးဘေးရဲ့ အရှိန်အဝါက... ကျင့်စဉ်ကျိုးပေါက်ပြီး အပြင်ထွက်လာတော့မယ့် ပုံစံမျိုးပဲ "
အခြား တည်ငြိမ်သောအမူအရာရှိသည့် အဖိုးကြီးက မျက်မှောင်ကြုတ်လိုက်ကာ
"တစ်ခါပဲ ကျင့်စဉ်ကျိုးပေါက်တာနဲ့ အရင်က အားထုတ်ခဲ့သမျှ အချည်းနှီး ဖြစ်သွားလိမ့်မယ်၊ ငါတို့ ချွန်းချိုးလင်ရဲ့ နှစ်ပေါင်းများစွာ စီမံကိန်းတွေလည်း အားလုံး ပျက်စီးကုန်မှာပေါ့"
သူတို့သုံးဦးမှာ စိုးရိမ်တကြီးဖြင့် တောင်နောက်ဘက်ရှိ သစ်သားအိမ်လေးကို ကြည့်နေကြစဉ်
ကံကောင်းထောက်မစွာဖြင့် ထိုပေါက်ကွဲတော့မည့် အရှိန်အဝါမှာ ပိုင်ရှင်ဖြစ်သူ၏ ပြင်းပြင်းထန်ထန် ထိန်းချုပ်မှုကြောင့် ပြန်လည် ငြိမ်သက်သွားတော့သည်။
ကျင့်စဉ်ကျိုးပေါက်ရမည့် တန်ဖိုးမှာ အလွန်ပင် ကြီးမားလွန်းလှပေသည်။
ထိုအရှိန်အဝါ၏ ပိုင်ရှင်မှာ နောက်ဆုံးမိနစ်တွင် မိမိ၏ ဒေါသကို အတင်းအကျပ် ဖိနှိပ်နိုင်ခဲ့သည်။
နောက်ဆုံးတွင် အရာအားလုံး ငြိမ်သက်သွားသဖြင့် အဖိုးကြီးသုံးဦးမှာလည်း သက်ပြင်းချနိုင်တော့သည်။
"ဘိုးဘေးကို ဒီလောက်တောင် ဒေါသထွက်အောင် ဘယ်အရာက လုပ်နိုင်ခဲ့တာလဲ "
သူတို့တစ်ဦးကိုတစ်ဦး ကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။
ဘိုးဘေး၏ ကျင့်ကြံခြင်း အဆင့်အတန်းအရဆိုလျှင် ယနေ့ခေတ်ကာလတွင် သူ့ကို တုန်လှုပ်စေမည့်အရာ မရှိသလောက်ပင်။
သူတို့သည် ကြောက်ရွံ့ရိုသေစွာဖြင့် အရိုအသေပေးလိုက်ကြသည်။
မျက်လုံးရှည်သွယ်သော အဖိုးကြီးက စိုးရိမ်တကြီးဖြင့်
"အပြင်မှာ နတ်ဘုရားတွေ၊ တောစောင့်နတ်တွေကို ဖမ်းဆီးနေတဲ့ ရှောင်အော် ဆီမှာ ပြဿနာ တစ်ခုခု တက်လို့လား မသိဘူး"
ချွန်းချိုးလင်တွင် သူတို့၏ အဆင့်အတန်းမှာ အမြင့်ဆုံးဖြစ်သော်လည်း ဘိုးဘေးကိုမူ အလွယ်တကူ ဝင်ရောက်တွေ့ဆုံခွင့် မရှိကြပေ။
"ရှောင်အော်က နတ်လူအသွင် ပိုင်ရှင်လေ၊ ဆန်းကြယ်တဲ့ နတ်ဘုရားအတတ်တွေ အများကြီး တတ်ထားတာ၊ ဘိုးဘေးကလည်း ကိုယ်စောင့် ရတနာတွေ ပေးထားတာပဲ၊ သူမဘက်က ပြဿနာတက်ဖို့ မရှိပါဘူး"
အရင်က စကားမပြောဘဲ နေခဲ့သော အဖိုးကြီးကလည်း ခေါင်းညိတ်ကာ
"ဟုတ်တယ်၊ ဆောင်းဦးရေပြင်ဓား ဆိုတာ ရှားပါးတဲ့ နတ်ဘုရားလက်နက်ပဲ၊ ဝါဂွမ်းလေးကလည်း ရှေးဟောင်း သတ္တဝါဆန်း သွေးမျိုးဆက်လေ၊ ကြားရသလောက်တော့ ဘိုးဘေးက သူမကို ကျောက်စိမ်းပြားတစ်ခုတောင် ပေးထားသေးတယ်၊ အရေးကြုံရင် ဘိုးဘေးကိုယ်တိုင် ကူညီပေးနိုင်တဲ့ အခွင့်အရေးမျိုးပေါ့... ငါတို့တောင် မရဖူးတဲ့ ဒီလို ဂုဏ်ထူးဆောင် အခွင့်အရေးမျိုး ရှိနေတာ၊ ရှောင်အော် ဘယ်လိုလုပ် ပြဿနာတက်မှာလဲ"
ကျန်နှစ်ဦးမှာ စဉ်းစားကြည့်ရာ အလွန်ပင် ယုတ္တိရှိသည်ဟု ထင်မြင်ကြသော်လည်း၊ ရှောင်အော် ကြောင့် မဟုတ်လျှင် အဘယ်အရာက ဘိုးဘေးကို ဤမျှ ဒေါသထွက်စေသနည်းဆိုသည်မှာ အလွန်ပင် ထူးဆန်းနေတော့သည်။
ဝေမြို့တောင်တန်းအတွင်း
ပညာရှိသခင်၏ ပုံရိပ်မှာ ရိုက်ခွဲခြင်းခံရပြီး နတ်ဘုရားမီးလျှံများဖြင့် လောင်ကျွမ်းဖျက်ဆီးခံလိုက်ရသည်ကို ကြည့်ကာ အစိမ်းရောင်ဝတ် မိန်းကလေးမှာ ကျောက်ရုပ်တစ်ခုအလား မှင်သက်နေတော့သည်။
ထိုမြင်ကွင်းမှာ သူမအတွက် သူမ ကိုးကွယ်ယုံကြည်မှုကြီး ပြိုလဲသွားသည့်အလားပင်။
"ပြေးရမယ် "
သူမ သတိဝင်လာသည်နှင့် ပထမဆုံး ပေါ်လာသော အတွေးမှာ ထွက်ပြေးရန်ပင်။
ချွင် ချွင်
အနီရောင် ဓားအလင်းတန်း နှစ်ခုမှာ ကောင်းကင်ယံမှ ပျံသန်းလာပြီး စိတ်ဓာတ်ကျဆင်းနေသော အစိမ်းရောင်ဝတ် မိန်းကလေးကို မြေပြင်ပေါ်သို့ ရိုက်နှက်ကာ ကပ်ထားလိုက်တော့သည်။
ဖောက်
၎င်းမှာ သူမ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ဖောက်ထွက်သွားသည်။
"မလုပ်ပါနဲ့ "
အစိမ်းရောင်ဝတ် မိန်းကလေးမှာ အော်ဟစ်လိုက်သော်လည်း နောက်တစ်ခဏတွင် မီးလျှံရေတံခွန်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အစအနပင် မကျန်တော့ဘဲ လောင်ကျွမ်း ပျောက်ကွယ်သွားတော့သည်။
လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း အမူအရာမှာ အေးစက်လွန်းလှသည်။
ဝေမြို့သို့ ပြန်လာစဉ်က လီယန်ချူသည် တောင်တန်းအတွင်းမှ ပြင်းထန်သော အရှိန်အဝါ နှစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားမိသဖြင့် ရှစ်ခွင်မှန်ကို အသုံးပြုကာ နေရာကို သော့ခတ်ပြီး သူတစ်ဦးတည်း အပြေးလာခဲ့ခြင်း ဖြစ်သည်။
ရောက်လာချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရခြင်းပင်။
ဆိုင်ရှင်မကို သတ်ရန် ကြိုးစားနေသူကို သူ ဘယ်သောအခါမှ ညှာတာမည် မဟုတ်ပေ။
"ဒါတွေက ဘာဖြစ်တာလဲ"
တိုက်ပွဲအပြီးတွင် လီယန်ချူက မေးလိုက်သည်။
"ခုနက သတင်းလာပို့တဲ့ အဲဒီလူက အလောင်းထိန်းချုပ်အတတ် နဲ့ အသုံးချခံရပြီး ဆိုင်မှာ လာသောင်းကျန်းတာ၊ နောက်ကွယ်မှာ ဘယ်သူရှိလဲ သိချင်လို့ ငါ လိုက်လာတာပဲ"
ဆိုင်ရှင်မက ရှင်းပြသည်။
"တစ်ခုခု သိလိုက်ရလား"
လီယန်ချူက မေးသည်။
ဆိုင်ရှင်မက ခေါင်းခါလိုက်ပြီး
"မမေးရသေးဘူး၊ ရှင်က သတ်ပစ်လိုက်ပြီလေ"
လီယန်ချူ - "..."
သူတို့နှစ်ဦးမှာ ထိုကိစ္စကို အချိန်အကြာကြီး မစဉ်းစားတော့ဘဲ ဆိုင်ရှင်မက လီယန်ချူ၏ ရင်ခွင်ထဲသို့ ချစ်ခင်စွာ မှီတွယ်လိုက်ပြီး
"ဒီနေ့တော့ ရှင့်ကြောင့်ပဲ၊ မဟုတ်ရင် အဲဒီပညာရှိသခင်ရဲ့ အဆင့်အတန်းက အရမ်းမြင့်လွန်းတော့ ငါ အရှုံးပေးလိုက်ရနိုင်တယ်"
ဆိုင်ရှင်မ၏ အသံမှာ နူးညံ့နေပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ဆွဲဆောင်မှုရှိသော အမူအရာလေး တစ်ခု ပေါ်နေသည်။
"ကဲ... အရင်ပြန်ကြစို့"
လီယန်ချူက ဆိုင်ရှင်မကို အများကြီး ထပ်မမေးတော့ပေ။
သူတို့နှစ်ဦးမှာ ဝေမြို့သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။
တခြားသူများအမြင်တွင်မူ ဘာမှ မဖြစ်ခဲ့သလိုပင်။
ဝေမြို့က လူထုမှာလည်း တောင်ထဲမှ ပေါက်ကွဲသံကြီးများကို ကြားရသော်လည်း ယခုအခါ ကျင့်သားရနေကြပြီ ဖြစ်သည်။
ထူးဆန်းသော အဖြစ်အပျက်များ မကြာခဏ ဖြစ်ပျက်လာသောအခါ လူတို့မှာ အဆန်းမထင်တော့ပေ။
သို့သော် ဝေမြို့ရှိ ကျင့်ကြံသူများမှာမူ ထိတ်လန့်တုန်လှုပ်နေကြသည်။
သူတို့၏ ပထမဆုံးအတွေးမှာ
"နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား "
ဤတစ်ကြိမ်တွင်မူ ကျင့်ကြံသူ အနည်းငယ်သာ ထိုတိုက်ပွဲကို အဝေးမှ လှမ်းမြင်လိုက်ရခြင်း ဖြစ်သည်။
သို့သော် သူတို့အား တခြားသူများက မေးမြန်းသည့်အခါတွင်မူ အားလုံးက နှုတ်ပိတ်နေကြပြီး စကားတစ်ခွန်းမှ မဟကြပေ။
ထိုအရှိန်အဝါကို အဝေးမှ လှမ်းကြည့်ရုံဖြင့်ပင် လူကို တုန်လှုပ်ခြောက်ခြားစေပြီး၊ အထူးသဖြင့် ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် နတ်ဘုရားပုံရိပ်ကြီးကို မြင်လိုက်ရခြင်းမှာ လူ့လောကသို့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလားပင်။
ထိုတိုက်ပွဲမှာ အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုတွင် ရှိနေသဖြင့် သူတို့မှာ စကားပြောရန်ပင် ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
ယွန်နျန်းမှာ ဆိုင်ရှင်မဆီမှ ခွင့်တစ်ဝက် ရရှိထားသဖြင့် မီးဖိုချောင်အလုပ်များ သိပ်မလုပ်ရတော့ပေ။
လျူကျွင်းမှာမူ လီယန်ချူ ပြန်လာသည်ကို မြင်သောအခါ အလွန်ပင် စိတ်လှုပ်ရှားနေသည်။
သို့သော် လီယန်ချူက သူမကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး
"မင်း ခေါင်းက ဘာဖြစ်တာလဲ "
လျူကျွင်း၏ ခေါင်းပေါ်တွင် အဖြူရောင် ပတ်တီးများ ပတ်ထားသည်ကို တွေ့ရသည်။
"မသိပါဘူးရှင်၊ ဒီနေ့မှ အရမ်းကံဆိုးနေတာ၊ ခုနက လမ်းထဲမှာ မြင်းတစ်ကောင် လန့်ပြီး ပြေးလာတာ၊ လူတွေအများကြီးထဲမှာမှ ကျမတစ်ယောက်တည်း တိုက်မိပြီး ဒဏ်ရာရတယ်လေ"
လျူကျွင်းက စိတ်ညစ်ညစ်ဖြင့် ပြောသည်။
"..." လီယန်ချူ၏ နှုတ်ခမ်းမှာ တစ်ချက် တွန့်သွားပြီး ခေါင်းညိတ်လိုက်ကာ ထိုကိစ္စကို အလေးမထားတော့ပေ။
ရှောင်ရန်ကမူ လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် အနားတိုးလာပြီး ပြောလိုက်သည်။
"လီတာအိုဆရာ၊ ခုနက မြို့ပြင်မှာ ထူးဆန်းတဲ့ အရှိန်အဝါတွေ ပေါ်လာတာ ရှင့်လက်ချက် မဟုတ်လား"
လီယန်ချူက ခေါင်းခါလိုက်ပြီး
"ငါ မဟုတ်ဘူး၊ ငါ မသိဘူး၊ မသေချာဘူး"
ရှောင်ရန်က လုံးဝ မယုံဘဲ
"ညာနေတာ၊ ခုနက သိသိသာသာကြီး မီးနတ်ဘုရားရဲ့ အရှိန်အဝါတွေပဲဟာ"
လီယန်ချူလည်း ထပ်ပြီး ရှင်းမပြတော့ပေ။
သူသည် လူမြင်ကွင်းတွင် ကြွားဝါရခြင်းကို မကြိုက်သလို "ခုနက ငါ အပြင်မှာ လူသတ်ပွဲကြီး ကျင်းပခဲ့တယ်၊ အဆင့်အရမ်းမြင့်တဲ့ ပညာရှိသခင်ရဲ့ ကိုယ်ပွားကိုတောင် သတ်ပစ်ခဲ့တယ်" လို့လည်း လိုက်မပြောချင်ပေ။
သို့သော် လီယန်ချူမှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး
"မင်း ချွန်းချိုးလင် အကြောင်း ကြားဖူးလား "
ရှောင်ရန်မှာ ခဏတာ မှင်သက်သွားပြီး
"ကြားဖူးတယ်၊ ဘာလဲ... ခုနက ချွန်းချိုးလင်က လူတွေနဲ့ တိုက်ခဲ့တာလား "
လီယန်ချူက ခေါင်းညိတ်ပြလိုက်ပြီး
"အဲဒါက ဘယ်လိုနေရာမျိုးလဲ နာမည်ကတော့ စာပေဆန်လှချည်လား"
"ဒီလောကမှာ ဗုဒ္ဓဘာသာနဲ့ တာအိုဂိုဏ်းတွေအပြင် အမှောင်ထုထဲမှာ ဖုံးကွယ်နေတဲ့ ဂိုဏ်းဟောင်းတွေ ရှိသေးတယ်၊ ဒီ ချွန်းချိုးလင် ဆိုတာကလည်း ရှေးကျတဲ့ အင်အားစုတစ်ခုပဲ၊ ကျမလည်း စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ၊ သူတို့ကိုယ်သူတို့ စာပေပညာရှင်မျိုးနွယ် လို့ ပြောကြပြီး ရုက္ခစိုး လမ်းစဉ်ကို လျှောက်တယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ သူတို့ သုံးတဲ့ နည်းလမ်းတွေက အရမ်းကို ရှုပ်ထွေးတယ်"
ဟု ရှောင်ရန်က ရှင်းပြသည်။
"မိစ္ဆာဂိုဏ်းလား " လီယန်ချူက မေးသည်။
"ဟုတ်တယ်၊ ချွန်းချိုးလင်က ကျင့်ကြံသူတွေက လုပ်ချင်ရာကို ဘာမှ ဂရုမစိုက်ဘဲ လုပ်တတ်ကြတယ်၊ လူ့အသက်ကိုလည်း တန်ဖိုးထားတဲ့သူတွေ မဟုတ်ဘူး"
ရှောင်ရန်က ပြောသည်။
လီယန်ချူသည် ရှောင်ရန်အား ချွန်းချိုးလင်နှင့် ပတ်သက်သမျှကို ထပ်မံ မေးမြန်းရာ၊ ရှောင်ရန်မှာ လီတာအိုဆရာနှင့် စကားပြောခွင့် ရသဖြင့် အလွန်ပင် ပျော်ရွှင်နေပြီး မိမိ သိသမျှ၊ ကြားဖူးသမျှ အားလုံးကို အကုန်အစင် ပြောပြတော့သည်။
ထိုမှတစ်ဆင့် လီယန်ချူသည် ချွန်းချိုးလင်၏ ထူးခြားသော အတတ်ပညာ တစ်ခုကို သိရှိလိုက်ရသည်။
"ဝိညာဉ်ဆင့်ခေါ်အတတ် က တာအိုပညာရပ် မဟုတ်ဘူးလား "
လီယန်ချူက မေးလိုက်သည်။
"ကျမ ဖတ်ဖူးတာတော့... ဒီ ချွန်းချိုးလင်ရဲ့ ဝိညာဉ်ဆင့်ခေါ်အတတ်က တာအိုဂိုဏ်းရဲ့ ဝိညာဉ်စေခိုင်းတဲ့ အတတ်နဲ့ မတူဘူး၊ သူတို့က နတ်ဘုရားတွေကိုပါ ဖမ်းဆီးစေခိုင်းနိုင်တာ လို့ ဆိုတယ်၊ ဒါပေမဲ့ အသေးစိတ်တော့ ကျမလည်း မသိဘူး၊ သူတို့နဲ့ တစ်ခါမှ မဆုံဖူးလို့လေ"
ဟု ရှောင်ရန်က ဖြေသည်။
"နတ်ဘုရားတွေကို ဖမ်းဆီးစေခိုင်းတာလား "
လီယန်ချူ၏ မျက်ဝန်းထဲတွင် တစ်စုံတစ်ခုကို စဉ်းစားနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။