အခန်း (၆၆၁-၆၆၃)
Vol. 45 Ch. 661-663
Chapter 661: မိစ္ဆာမိုးကြိုး
ရှန်မိုသည် သူ၏ နတ်ဘုရားအာရုံကို အဝေးကြီးအထိ ဖြန့်ကျက်ထားပြီးသား ဖြစ်သည်။ ဤလူ အနားသို့ ချဉ်းကပ်လာသည်နှင့် သူ ချက်ချင်းပင် သတိရှိသွား၏။ ထို့နောက် မျက်လုံးကို ဖွင့်ကာ ရောက်ရှိလာသူဘက်သို့ ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆင်မင်းကြီး၏ ဟိန်းဟောက်သံမှာ ရုတ်ချည်း ရပ်တန့်သွားပြီး အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
ချဉ်းကပ်လာသော လူငယ်မှာ ချောမောလှပပြီး အလွန်အမင်း နုပျိုကာ မျက်နှာပေါ်တွင် ကလေးဆန်ဆန် အငွေ့အသက် အနည်းငယ် ကျန်ရှိနေသေးသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် ဖန်လုံအိမ်ထဲ၌ ကြီးပြင်းလာသည့် ပန်းတစ်ပွင့် ဖြစ်ကြောင်း ထင်ရှားလှသည်။ နှစ်ပေါင်း ရာနှင့်ချီ၍ တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး ယခုမှ လောကအပြင်ဘက်သို့ ထွက်ပေါ်လာသူ တစ်ဦးပင်။
ရှန်မို ထိုလူငယ်၏ ကံကြမ္မာစနစ်ကို တစ်ချက် ကြည့်လိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင်။
"ငါ ကျင့်ကြံနေတာလေ… မင်း ဘာလို့ အနားကို ချဉ်းကပ်လာတာလဲ"
ရှန်မိုမှ တည်ငြိမ်စွာ မေးလိုက်သည်။
လူငယ် ရယ်မောလိုက်ပြီး
"မိတ်ဆွေက ကျွမ်းကျင်သူတစ်ယောက်နဲ့ တူတယ်… ကျွန်တော်နဲ့ ယှဉ်ပြိုင်ကြည့်ဖို့ ဝံ့ရဲလား" ပြောပြောဆိုဆိုဖြင့် သူသည် ဝတ်စုံအတွင်းမှ စိတ်ဝိညာဉ်လက်နက်တစ်ခုကို တိုက်ရိုက် ထုတ်ယူကာ လေထဲသို့ မြှောက်တင်လိုက်သည်။
"ဒါက အဆင့်မြင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် တစ်ခုပဲ"
"အကယ်၍ မင်း ကျွန်တော့်ကို အနိုင်ယူနိုင်ရင် ဒါက မင်းအပိုင်ပဲ"
ရှန်မို ခပ်ပါးပါး ပြုံးလိုက်၏။
တကယ့်ကို ရက်ရောတဲ့ အမူအရာပဲ။
အဆင့်မြင့် ကောင်းကင်အဆင့် လက်နက်တစ်ခုကို ဘာမှမဟုတ်သလိုမျိုး ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သည်။
"စိတ်မဝင်စားဘူး"
ရှန်မို ခေါင်းယမ်းလိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ရန် ပြင်လိုက်သည်။
ထိုလူငယ်မှာ ဤကဲ့သို့ ကောင်းမွန်သော တိုက်ပွဲဝင်မည့် အခွင့်အရေးကို လက်လွှတ်မခံလိုပေ။
သူ ရုတ်တရက် သူ၏ ရုပ်သွင်တော်ကို ဆင့်ခေါ်လိုက်သည်။
ဝုန်း...
ဧရာမ ငှက်ကြီးတစ်ကောင် လေထဲတွင် ပေါ်လာသည်။ ၎င်း၏ ကြီးမားလှသော အတောင်ပံများ ခတ်လိုက်တိုင်း လေပြင်းနှင့် မိုးကြိုးများကို သယ်ဆောင်လာသည်။ ၎င်း၏ အကြည့်မှာ အေးစက်ပြီး မောက်မာလှရာ မိုးကြိုးနှင့် လျှပ်စီးများကို အုပ်စိုးသည့် တစ်ဦးတည်းသော ဘုရင်ကဲ့သို့ပင်။
ရှန်မို၏ မျက်ခုံးများ ပင့်တက်သွား၏။
မိုးကြိုးဟိန်းဟောက် လွမ်ငှက်။
ရှေးဟောင်း မျိုးစိတ်တစ်ခု။
ကောင်းကင်ဖုံး ချွဲငှက်နှင့် အဆင့်အတန်း တူညီသည်။ ဤလူငယ်မှာ သာမန် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။
"လဲ့ကျီကျိန်း… မိတ်ဆွေဆီကနေ လမ်းညွှန်မှုကို တောင်းခံပါတယ်"
လူငယ် အော်ဟစ်လိုက်ပြီး ကောင်းကင်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
မိုးကြိုးဟိန်းဟောက် လွမ်ငှက်သည် ရှည်လျားစွာ အော်မြည်လိုက်ပြီး လေပြင်းနှင့် မိုးကြိုးများကို သယ်ဆောင်ကာ ရှေ့သို့ ထိုးစစ်ဆင်လာတော့သည်။ ယင်းမှာ မုန်တိုင်းနှင့် လျှပ်စီးများဖြင့် ဖွဲ့စည်းထားသော ဧရာမ လှံကြီးတစ်စင်းကဲ့သို့ပင်။
ရှန်မို အသာအယာ ခေါင်းညိတ်လိုက်၏။
"လေပြင်းနဲ့ မိုးကြိုးကတော့ မဆိုးပါဘူး… ဒါပေမဲ့ သန့်စင်မှုအပိုင်းမှာ နည်းနည်း လိုနေသေးတယ်"
သူ မြေပြင်ကို အသာအယာ နင်းလိုက်သည်။ ရှေးဦးဆင်ဖြူတော် ရုပ်သွင်တော် ရုတ်တရက် ပေါ်လာ၏။ ၎င်း၏ ရှည်လျားသော နှာမောင်းမှာ ကောင်းကင်ကို ခွင်းသွားသည့် ဧရာမ နှင်တံကြီးတစ်ခုကဲ့သို့ အထက်သို့ ဝှေ့ယမ်းလိုက်သည်။ ၎င်း၏ အစွယ်များမှာလည်း မည်သည့် ကာကွယ်မှုကိုမဆို ထိုးဖောက်နိုင်မည့်အလား မတ်မတ် တည်ရှိနေသည်။
လဲ့ကျီကျိန်း မှင်တက်သွား၏။
သူသည် ဤရုပ်သွင်တော်ကို မသိပေ။ သို့သော် ၎င်းထံမှ ထွက်ပေါ်လာသော ရှေးကျပြီး ကျယ်ပြောလှသော အငွေ့အသက်ကို သူ အထင်အရှား ခံစားနေရသည်။ ယင်းမှာ သူ၏ မိုးကြိုးဟိန်းဟောက် လွမ်ငှက်ထက် ပို၍ ရှေးကျပြီး ပို၍ မူလကျသည်မှာ သေချာလှသည်။ ရှေးဟောင်း မျိုးစိတ်များထက်ပင် သာလွန်သော ရှေးဦး သားရဲကြီး တစ်ကောင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း လဲ့ကျီကျိန်းမှာ ကြောက်ရွံ့ခြင်း မရှိပေ။ ယင်းအစား သူ၏ တိုက်ပွဲဝင်လိုစိတ်မှာ ပို၍ မြင့်တက်လာသည်။
သူ မွေးဖွားလာသည့် အချိန်မှစ၍ သူသည် မိခင်၏ ရင်ခွင်ထဲတွင် ကြီးပြင်းခဲ့ရခြင်း မဟုတ်ဘဲ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ မြေအောက် နက်ရှိုင်းသော နေရာတွင် ကြီးပြင်းခဲ့ရခြင်း ဖြစ်၏။ အထူးကဲဆုံး ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် သင်ကြားပြသပေးခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း ငါးရာမျှသော အချိန်တိုအတွင်းမှာပင် သူသည် နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိခဲ့သည်။ တာအိုအမှတ်အသား ခုနစ်ဆယ်အထိ ရရှိပြီးနောက်မှသာ အထူးကဲဆုံး ပုဂ္ဂိုလ်ကြီး သူ့ကို မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှ ထွက်ခွာစေပြီး လောကအပြင်ဘက်သို့ လှည့်လည်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ထွက်ခွာချိန်တွင်လည်း အပျော်အပါး လည်ပတ်ရန် မဟုတ်ဘဲ လောကရှိ အတော်ဆုံးသူများကို စိန်ခေါ်ရန် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
ယင်းက လဲ့ကျီကျိန်းအတွက် အဆင်ပြေလှသည်။ သူသည် တိုက်ခိုက်ရသည်ကို နှစ်သက်၏။ နှစ်ပေါင်း ငါးရာတိုင်တိုင် ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ပြီးနောက် လောကရှိ မရေမတွက်နိုင်သော ပါရမီရှင်များကြားတွင် သူသည် မည်သည့် အဆင့်၌ ရှိနေသည်ကို သိလိုနေသည်။ နတ်ဘုရားအလိုတော် ဂိုဏ်းတွင် ပြိုင်ဘက်ကင်းသော "နတ်သမီး" တစ်ဦး ပေါ်ထွက်နေကြောင်း သူ ကြားသိထားသည်။
သူ ထိုနေရာသို့ သွားရောက်ကာ သူမနှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်း ဖြစ်၏။ သို့သော် မမျှော်လင့်ဘဲ ဤတောင်ကို ဖြတ်ကျော်စဉ်တွင် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သဘာဝကျစွာပင် သူ ဒီအတိုင်း ထွက်မသွားနိုင်ဘဲ တိုက်ခိုက်ရပေလိမ့်မည်။
"မိုးကြိုးဟိန်းဟောက် လှံ!"
လဲ့ကျီကျိန်း အသံနှိမ့်ကာ အော်ဟစ်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအားများမှာ အရူးအမူး တိုးပွားလာသည်။ မိုးကြိုးဟိန်းဟောက် လွမ်ငှက်မှာ မြန်နှုန်းကို မြှင့်လိုက်ပြီး ဧရာမ လျှပ်စီးလှံကြီးအဖြစ် အမှန်တကယ် ပြောင်းလဲသွားကာ ရှေ့သို့ ပြေးဝင်သွားတော့၏။
ဒိုင်း!
မိုးကြိုးဟိန်းဟောက် လွမ်ငှက်သည် ရှေးဦးဆင်ဖြူတော်နှင့် တိုက်မိသွားသည်။ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ကျောက်နက်တောင်၏ မာကျောလှသော မြေပြင်မှာ လက်မအနည်းငယ်မျှ အက်ကွဲသွားသည်။ ဂျုံမှုန့်ထက်ပင် သေးငယ်သော အမှုန့်များအဖြစ် ကြေမွသွားတော့သည်။
မိုးကြိုးဟိန်းဟောက် လွမ်ငှက်သည် နာကျင်စွာ အော်မြည်လိုက်ပြီး လဲ့ကျီကျိန်း၏ ပတ်ဝန်းကျင်သို့ ပြန်လည် မရောက်ရှိမီ ကောင်းကင်တစ်ခုလုံး လျှပ်စီးများအဖြစ် ပေါက်ကွဲထွက်သွားသည်။ လဲ့ကျီကျိန်းသည်လည်း အော်ဟစ်လိုက်ပြီး သွေးများ အမြောက်အမြား အန်ထုတ်လိုက်ရသည်။ သူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး ရှန်မိုကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
လဲ့ကျီကျိန်း အထင်အရှား မြင်လိုက်ရသည်မှာ ရှန်မိုသည် တစ်ချက်မျှ ဒဏ်ရာမရရှိသည့်အပြင် နောက်သို့ တစ်လှမ်းမျှပင် ဆုတ်မသွားခြင်းပင်။ သူ၏ ဦးခေါင်းအထက်ရှိ ရှေးဦးဆင်ဖြူတော် ရုပ်သွင်တော်မှာ တောင်ကြီးတစ်လုံးကဲ့သို့ မတ်မတ် တည်ရှိနေပြီး လုံးဝ မလှုပ်မယှက် ရှိနေသည်။ ထိုမျက်လုံးလေးများမှာ သူ့ကို အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်နေသယောင် ရှိသည်။
လဲ့ကျီကျိန်း၏ မျက်နှာ နီမြန်းသွားသည်။
သူ တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေသည်။
"ကျွန်တော် လောကရဲ့ ပါရမီရှင်တွေကို အထင်သေးခဲ့မိတာပဲ"
သူ အံကို တင်းတင်းကြိတ်လိုက်သည်။
ထို့နောက် စိတ်ဝိညာဉ်လက်နက်ကို ရှန်မိုဘက်သို့ ပစ်ပေးလိုက်၏။
"ကျွန်တော် လဲ့ကျီကျိန်းဟာ အမြဲတမ်း ကတိတည်သူပါ… ဒီရတနာက မင်းအပိုင်ပဲ"
ရှန်မို ၎င်းကို တစ်ချက်မျှ လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။
"စိတ်မဝင်စားဘူး"
လဲ့ကျီကျိန်း၏ မျက်နှာမှာ ဖြူလျော့ရာမှ ပြန်လည် နီမြန်းသွားပြန်သည်။ သို့သော် သူ ရန်ငြိုးမထားပေ။ ယင်းအစား ရှန်မိုကို အစစ်အမှန် လေးစားမှု ခံစားလိုက်ရသည်။
ကျွမ်းကျင်သူအစစ်အမှန်ပင်။ အထူးသဖြင့် မိမိထက် အစွမ်းထက်သူမှာ လေးစားမှုနှင့် ထိုက်တန်လှသည်။
"မိတ်ဆွေရဲ့ နာမည်ကို သိခွင့်ရှိမလား"
လဲ့ကျီကျိန်းက ရိုသေစွာ အလေးပြုကာ စိတ်ရင်းမှန်ဖြင့် မေးမြန်းလိုက်သည်။
ရှန်မို မျက်ခုံးပင့်လိုက်ပြီး ခပ်ပါးပါး ပြုံး၏။ ဤလူငယ်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ပြီး နှစ်ပေါင်း ငါးရာတိုင်တိုင် တံခါးပိတ် ကျင့်ကြံခဲ့သော်လည်း သူသည် မောက်မာရိုင်းစိုင်းသော စရိုက်မျိုး မရှိပေ။ ယင်းအစား အစွမ်းထက်သူများအပေါ်တွင် လေးစားမှုကို ပြသနေဆဲ ဖြစ်သည်။ သူ၏ ကံကြမ္မာစနစ်တွင် သူသည် နောင်တစ်ချိန်တွင် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ အကြီးအကဲ ဖြစ်လာပြီး သူတော်စင်တစ်ပိုင်း နယ်ပယ်သို့ တက်လှမ်းမည့်သူအဖြစ် ဖော်ပြနေခြင်းမှာ မဆန်းပေ။
"ရှန်မို ပါ"
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော့်ကိုယ်ကျွန်တော် သေသေချာချာ မိတ်ဆက်ပါရစေ… ကျွန်တော်က မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုက လဲ့ကျီကျိန်း ပါ… မိတ်ဆွေ ရှန်ကို တွေ့ရတာ ဝမ်းသာပါတယ်"
လဲ့ကျီကျိန်းက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
ရှန်မိုမှာ ခေါင်းညိတ်ရုံမျှသာ ပြု၏။
သို့သော် သူ၏ အကြည့်မှာ ဝေးကွာသော ကောင်းကင်ယံ၏ တစ်နေရာသို့ မသိမသာ ရောက်ရှိသွားသည်။
ထိုကောင်းကင်ယံတွင် မျက်လုံးတစ်စုံမှာ သူ့ကို အဝေးမှနေ၍ သံသယများ၊ စိုးရိမ်မှုများဖြင့် ကြည့်ရှုနေသည်။
"သူ ငါ့ကို သတိထားမိသွားတာလား"
တိမ်တိုက်များကြားတွင် ဖုံးကွယ်နေသူမှာ ဆံပင်များ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော်လည်း စိတ်အားထက်သန်မှု ရှိနေဆဲ ဖြစ်သော သက်ကြီးရွယ်အို ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူ၏ နာမည်မှာ ‘လဲ့ချွမ်း’ ဖြစ်ပြီး မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ အကြီးအကဲ တစ်ဦး ဖြစ်သည်။ အထူးကဲဆုံး ပုဂ္ဂိုလ်ကြီး၏ အမိန့်အရ သူသည် လဲ့ကျီကျိန်း၏ ခရီးစဉ်ကို လျှို့ဝှက်စွာ စောင့်ကြပ်ပေးနေခြင်း ဖြစ်သည်။ သူ၏ အစွမ်းမှာ တာအိုအမှတ်အသား ကိုးဆယ့်ကိုးခုအထိ ရောက်ရှိထားသည်။
"ဒီလူက သာမန် မဟုတ်ဘူး… သခင်လေးကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တာ... သူ့ရဲ့ အစွမ်းက ငါနဲ့ အဆင့်တူလောက် ရှိရမယ်"
"ပြီးတော့ အဲဒီရုပ်သွင်တော်က... ရှေးကျပြီး ကျယ်ပြောလှတာပဲ… ဒါဟာ ရှေးဦးကမ္ဘာဦးခေတ်က သားရဲကြီးဆီကနေ ရယူထားတာ ဖြစ်ရမယ်" "ဒီအဆင့်ရှိတဲ့သူက ဘာလို့ ပြင်ပလောကမှာ လှည့်လည်နေရတာလဲ"
"သူဟာ ဟို တုန်းရွှမ်ဂိုဏ်းလို ဂိုဏ်းငယ်လေးက တပည့်တစ်ယောက်တော့ မဖြစ်နိုင်တာ သေချာတယ်"
လဲ့ချွမ်း မျက်မှောင်ကြုတ်လိုက်ပြီး ရှန်မို မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းရန် သူ၏ လက်အောက်ခံများအား ဆက်သွယ်ရေးကျောက်စိမ်းကို အသုံးပြုကာ ချက်ချင်း အမိန့်ပေးလိုက်သည်။
ကျောက်နက်တောင်ပေါ်တွင်မူ လဲ့ကျီကျိန်းသည် ရှန်မိုကို အလွန်အမင်း လေးစားစွာဖြင့် ကြည့်နေသည်။
သူ လမ်းညွှန်မှုအချို့ တောင်းခံတော့မည့် အချိန်မှာပင် သူ၏ မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွား၏။ သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အသားအရေများမှာ ပြုတ်ထားသော ပုစွန်တစ်ကောင်ကဲ့သို့ နီမြန်းလာတော့သည်။ သူ၏ အောက်ရှိ ကျောက်နက်တောင်၏ မာကျောလှသော ကျောက်ဆောင်များမှာ ပြင်းထန်သော အပူရှိန်ကြောင့် စတင် အရည်ပျော်လာသည်။ ထို့နောက် ဖန်သားကဲ့သို့ ကြည်လင်သော အလွှာတစ်ခု ပေါ်ထွက်လာသည်။
ရှန်မို၏ အမူအရာမှာမူ ပြောင်းလဲခြင်း မရှိပေ။ သူသည် လဲ့ကျီကျိန်း၏ ကံကြမ္မာစနစ်ကို အစောပိုင်း ကြည့်လိုက်စဉ်ကတည်းက ဤပြဿနာကို မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။
ထို့ကြောင့် သူ အံ့သြခြင်း လုံးဝ မရှိပေ။
ရှပ်!
ပုံရိပ်တစ်ခု လေထဲမှ ပျံသန်းလာပြီး လဲ့ကျီကျိန်း၏ ဘေးနားသို့ ချက်ချင်း ဆင်းသက်လိုက်သည်။
သူ လဲ့ကျီကျိန်းကို ထိတွေ့ရန် လက်လှမ်းလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်သော အပူရှိန်ကြောင့် ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ရသည်။ ငုံ့ကြည့်လိုက်ရာ သူ၏ လက်များမှာ ခဏချင်းအတွင်းမှာပင် လောင်ကျွမ်းသွားသည်ကို တွေ့လိုက်ရ၏။
လဲ့ချွမ်းမှာ နာကျင်စွာဖြင့် အံကို တင်းတင်းကြိတ်လိုက်ပြီး စိတ်ထဲမှ ထိတ်လန့်သွားသည်။
"မိစ္ဆာမိုးကြိုးကို ချိပ်ပိတ်ထားပြီးသား မဟုတ်လား… ဘာလို့ အခုလို အရေးကြီးတဲ့ အချိန်မှ ရုတ်တရက် ပြန်ပေါက်ကွဲလာရတာလဲ"
သူ အသည်းအသန်ဖြင့် ခေါင်းကို ကုတ်နေမိသည်။ မိစ္ဆာမိုးကြိုးမှာ လဲ့ကျီကျိန်း မွေးဖွားလာစဉ်ကတည်းက ပါလာသော မွေးရာပါ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လဲ့ကျီကျိန်းအတွက် ယင်းမှာ အဆိပ်ဖြစ်သလို ဆေးလည်း ဖြစ်သည်။ ဤမိစ္ဆာမိုးကြိုးကြောင့်သာ လဲ့ကျီကျိန်းမှာ ဤမျှ မြန်ဆန်သော မြန်နှုန်းဖြင့် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။ လဲ့ကျီကျိန်း အသက် နှစ်ရာအရွယ်တွင် အထူးကဲဆုံး ပုဂ္ဂိုလ်ကြီးက အခြားသော အထူးကဲဆုံး ပုဂ္ဂိုလ် သုံးဦးကို ဖိတ်ခေါ်ကာ ဤမိစ္ဆာမိုးကြိုးကို နှိမ်နင်းရန် ကူညီပေးခဲ့သည်။ သို့သော် ယခုအခါ ယင်းမှာ ဘာကြောင့်မှန်းမသိဘဲ ထပ်မံ ပေါက်ကွဲလာခြင်း ဖြစ်လေသည်။
ယခုအချိန်တွင် ဘယ်သူမှ လဲ့ကျီကျိန်းကို မထိဝံ့ကြပေ။ လဲ့ချွမ်းအနေဖြင့် သူ့တစ်ယောက်တည်း လဲ့ကျီကျိန်းကို မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုထံသို့ ပြန်ခေါ်သွားရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ယခုအခါ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေတော့သည်။
Chapter 662: မင်း ယုံယုံ မယုံယုံ ငါ ကယ်နိုင်တယ်
လဲ့ချွမ်းအနေဖြင့် ဂိုဏ်းချုပ်ကြီး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး သူ့ကို ကယ်တင်နိုင်ရန် ဂိုဏ်းထံ သတင်းပို့ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။ သို့သော် ဝေးရာက အကူအညီသည် နီးရာက မီးကို မငြိမ်းနိုင်ပေ။ ဂိုဏ်းချုပ်ကြီး အချိန်မီ ရောက်လာနိုင်ပါ့မလားဆိုသည်မှာလည်း မသေချာလှချေ။ လဲ့ကျီကျိန်းမှာ မေ့မြောလုနီးပါး ဖြစ်နေချေပြီ။ မိစ္ဆာမိုးကြိုး၏ နှိပ်စက်မှုကို ခံနေရသော သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပိန်လိမ်ခြောက်ကပ်သွားပြီး ရေဓာတ်များစွာ ဆုံးရှုံးသွားခဲ့၏။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သူ၏ အခြေခံအုတ်မြစ်ပင်လျှင် ထိခိုက်ပျက်စီးသွားပေလိမ့်မည်။ ဂိုဏ်းချုပ်ကြီး မရောက်လာမီ လဲ့ကျီကျိန်း တောင့်ခံနိုင်ပါ့မလားဆိုသည်ကို လဲ့ချွမ်း အလွန်စိုးရိမ်နေမိသည်။
ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ သူ့ကို ကယ်နိုင်တယ်"
လဲ့ချွမ်း ရှန်မိုကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
"မင်းက ကယ်နိုင်တယ် ဟုတ်လား"
"မဖြစ်နိုင်တာ… အဲဒီတုန်းက ဂိုဏ်းချုပ်ကြီးနဲ့ တခြား အထူးကဲဆုံး ပုဂ္ဂိုလ် သုံးယောက် ပူးပေါင်းပြီးတော့တောင် ဒီမိစ္ဆာမိုးကြိုးကို မနည်း နှိမ်နင်းခဲ့ရတာ"
ရှန်မို အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"မင်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ… ငါ ကယ်နိုင်တယ်"
လဲ့ချွမ်းသည် သူ့ကို အံ့အားသင့်မှု၊ သံသယများဖြင့် စိုက်ကြည့်နေမိသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ ထပ်မေးလိုက်သည်။
"မင်း ဘာလိုချင်လို့လဲ"
ရှန်မိုမှာ ခပ်ပါးပါး ပြုံးလိုက်ပြီး
"မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှာ 'ကပ်ဘေးတစ်သောင်း မိုးကြိုးအကျဉ်းထောင်' လို့ ခေါ်တဲ့ အထွတ်အထိပ် ရတနာတစ်ခု ရှိတယ်လို့ ငါ ကြားဖူးတယ်"
"ကပ်ဘေးတစ်သောင်း မိုးကြိုးအကျဉ်းထောင်ကို ဖောက်ပြန်သောတာအို သူတော်စင်လက်နက် ဖြစ်တဲ့ 'အရိုးဖြူ ယင်မိစ္ဆာ ကျမ်းစာ' ကို နှိမ်နင်းဖို့ အသုံးပြုထားပြီး မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုရဲ့ အနက်ရှိုင်းဆုံး မြေအောက်အလွှာမှာ ချိပ်ပိတ်ထားတယ် မဟုတ်လား"
လဲ့ချွမ်း၏ မျက်ခုံးများ လှုပ်ခတ်သွားသည်။
"မှန်တယ်"
ရှန်မိုမှ ဆက်၍
"ကပ်ဘေးတစ်သောင်း မိုးကြိုးအကျဉ်းထောင်နဲ့ အရိုးဖြူ ယင်မိစ္ဆာ ကျမ်းစာတို့ အပြန်အလှန် တိုက်ခိုက်နေကြတာကနေ အန္တရာယ်များပြီး ထူးဆန်းတဲ့ နယ်မြေတစ်ခု ဖြစ်လာတယ်"
"မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုက အဲဒါကို 'တစ်ထောင်ထပ် မိုးကြိုးအကျဉ်းထောင်' လို့ ခေါ်ကြတယ်"
“အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ထဲကို ဝင်ဖို့အတွက် အဆောင်လက်ဖွဲ့တစ်ခု… သူတော်စင် ဝိညာဉ်ကျောက်ခဲ ဆယ်တုံး လိုအပ်တယ်"
"ငါ အဲဒီထဲဝင်ဖို့ နေရာတစ်ခု လိုချင်တယ်"
သူသည် လဲ့ကျီကျိန်း၏ ကံကြမ္မာစနစ်ကို ကြည့်ရှုပြီးနောက် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုအကြောင်းကို ပိုမိုနက်ရှိုင်းစွာ သိရှိထားပြီးဖြစ်သည်။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်း၌ ရှားပါးလှသော အခွင့်အရေးများ ရှိနေသလို အရှေ့ပြည်နယ်သို့ ရောက်ရှိနေသည့် ရှီထျန့်ဟောက်နှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးလည်း ရှိနေနိုင်သည်။ ထိုအရာကို သူ လက်လွတ်မခံနိုင်ပေ။
လဲ့ချွမ်းသည် ရှန်မိုကို မယုံကြည်နိုင်သလို ကြည့်လိုက်ပြီး ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။ "အထပ်တစ်ထောသ် မိုးကြိုးအကျဉ်းထောင်က အနှစ်သုံးထောင်မှာ တစ်ကြိမ်ပဲ ဖွင့်တာ… ဝင်ခွင့်နေရာကလည်း အခု တစ်ထောင်ပဲ ရှိတာ"
"နေရာတိုင်းဟာ ငါတို့ မျိုးနွယ်စုအတွက် အရမ်း အဖိုးတန်တယ်"
"ငါက မျိုးနွယ်စုရဲ့ အကြီးအကဲ တစ်ယောက်ပဲ… မင်းကို အဲဒီနေရာပေးဖို့ ငါ့မှာ လုပ်ပိုင်ခွင့် မရှိဘူး"
ရှန်မို တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ "ဒါဆိုရင်လည်း လဲ့ကျီကျိန်း သေတာကိုပဲ ထိုင်ကြည့်နေလိုက်တော့"
ပြောပြီးသည်နှင့် သူသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အပူရှိန်ကြောင့် ပြုတ်ထားသလို ဖြစ်နေသော လဲ့ကျီကျိန်းကို လုံးဝ ဂရုမစိုက်တော့ပေ။
သူသည် လဲ့ကျီကျိန်းအပေါ် အမြင်ကောင်းရှိသော်လည်း အမြင်ကောင်းရုံမျှသာ ဖြစ်သည်။ လုံးဝ သူစိမ်းဖြစ်သူတစ်ယောက်ကို ကယ်တင်ရန် သူ အဘယ်ကြောင့် အားစိုက်ထုတ်ရမည်နည်း။
ရှန်မိုသည် မိမိကိုယ်ကိုယ် လောကကြီးကို ကယ်တင်မည့် ကရုဏာရှင်အဖြစ် မသတ်မှတ်ထားပေ။
လဲ့ချွမ်းမှာ မှင်တက်သွားပြီး သံသယများဖြင့် ပြည့်နှက်နေ၏။ လဲ့ကျီကျိန်း၏ တဖြည်းဖြည်း အားနည်းလာသော ညည်းတွားသံများက သူ့ကို ပို၍ ပျာယာခတ်စေသည်။ ယခုအချိန်တွင် လဲ့ကျီကျိန်း၏ အခြေအနေကို သက်သာစေမည့် နည်းလမ်း လုံးဝမရှိသလောက်ပင်။ သူ လောင်းကြေးထပ်ရုံမှတစ်ပါး အခြားမရှိတော့ပုံရသည်။
"မင်းကို အဲဒီနေရာပေးမယ်လို့ ကတိပေးဖို့ ငါ့မှာ အခွင့်အာဏာ မရှိပေမဲ့ ငါ့မှာ သူတော်စင် စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံး ရှိတယ်… ကျန်တာကို ငါ ချေးငှားပေးမယ်"
"မင်းသာ သခင်လေးရဲ့ အခြေအနေကို ပျောက်ကင်းအောင် ဒါမှမဟုတ် သက်သာအောင်ပဲ ဖြစ်ဖြစ် လုပ်ပေးနိုင်ရင် အဲဒီ သူတော်စင် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးက မင်းအပိုင်ပဲ"
လဲ့ချွမ်း ရှန်မိုကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ ရှန်မို အသာအယာ ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ… ငါ သူ့ကို ကယ်မယ်"
"ဒါပေမဲ့ ငါ့မှာ နောက်ထပ် ကတိတစ်ခု ရှိသေးတယ်"
"ပြော"
လဲ့ချွမ်း၏ နဖူးမှ အကြောများမှာ ဖောင်းတက်နေသည်။
"မင်း ကျောက်နက်တောင်ပေါ်ကနေ ထွက်သွားရမယ်… ငါ သူ့ကို ဘယ်လိုကယ်မလဲဆိုတာ မင်း ကြည့်လို့မရဘူး"
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
လဲ့ချွမ်းလည်း အံ့အားသင့်ကာ ဒေါသထွက်သွား၏။
"ဘာ… အကယ်၍ မင်း သခင်လေးကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ"
ရှန်မိုက သူ့ကို စကားတစ်ခွန်းမျှ မပြောဘဲ စိုက်ကြည့်နေသည်။
လဲ့ချွမ်းတစ်ယောက် သက်ပြင်းပြင်းတစ်ချက် ချလိုက်ပြီးနောက် ချက်ချင်းပင် နောက်သို့ ဆုတ်ခွါသွားတော့၏။ သူ၏ အစောပိုင်းက စကားမှာ စိုးရိမ်စိတ်ကြောင့် လွှတ်ခနဲ ပြောလိုက်မိခြင်းသာ ဖြစ်သည်။ သူလည်း သိသည်။
အကယ်၍ ရှန်မိုသာ လဲ့ကျီကျိန်းကို ဒုက္ခပေးချင်ပါက အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ နေရာကို တောင်းဆိုနေလိမ့်မည် မဟုတ်ပေ။
လဲ့ချွမ်း ထွက်သွားသည်နှင့် ရှန်မို လက်ဟန်တစ်ခု လုပ်လိုက်ရာ ကြီးမားလှသော အစီအရင်တစ်ခုမှာ ကျောက်နက်တောင်ပေါ်ကို လွှမ်းခြုံသွားသည်။ အစီအရင်အတွင်းမှ အရာအားလုံးကို ပြင်ပကမ္ဘာမှ လုံးဝ မမြင်နိုင်တော့ပေ။
ထို့နောက်မှသာ ရှန်မို သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လက်ဖဝါးပေါ်တွင် အေးစက်လှသော အဖြူရောင် မီးလျှံတစ်ခု တောက်လောင်နေသည်။ ယင်းမှာ 'ကိုးဘုံငရဲ ရေခဲမီးလျှံ' ဖြစ်၏။
ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ရှိသည့် ထာဝရမီးလျှံ ကိုးဘုံငရဲ ရေခဲမီးလျှံမှာ နတ်ဆိုးစွမ်းအားအားလုံး၏ ရန်သူတော် ဖြစ်သည်။ သဘာဝကျစွာပင် သူသည် ဤကဲ့သို့သော လျှို့ဝှက်လက်နက်ကို အခြားသူများရှေ့တွင် ထုတ်မပြပေ။ အကယ်၍ ဤသတင်းသာ ပြန့်သွားပါက လောကရှိ နတ်ဆိုးမျိုးနွယ်စုအားလုံးနှင့် ၎င်းတို့၏ လျှို့ဝှက်အေးဂျင့်များမှာ သူ့ကို အသေသတ်ရန် နည်းမျိုးစုံဖြင့် လိုက်လံရှာဖွေကြပေလိမ့်မည်။
ရှန်မိုသည် လဲ့ကျီကျိန်း၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာမိုးကြိုး ဘာလဲဆိုသည်ကို အတိအကျ သိသည်။ ဖောက်ပြန်သောတာအို သူတော်စင်လက်နက် အရိုးဖြူ ယင်မိစ္ဆာ ကျမ်းစာကို နှိမ်နင်းရန်အတွက် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုသည် ၎င်းတို့၏ ကိုယ်ပိုင် သူတော်စင်လက်နက် ကပ်ဘေးတစ်သောင်း မိုးကြိုးအကျဉ်းထောင်ကို အသုံးပြုကာ အရင်းအနှီး ကြီးကြီးမားမား စိုက်ထုတ်ခဲ့ရ၏။ တစ်ခုချင်းစီ အလဲအထပ် လုပ်ခဲ့ခြင်းပင်။ သို့သော် အရင်းအနှီးမှာ အလွန်ကြီးမားလှသည်။ ကပ်ဘေးတစ်သောင်း မိုးကြိုးအကျဉ်းထောင်ကို ထပ်မံ အသုံးပြု၍ မရတော့ပေ။ အကြောင်းမှာ သူတော်စင်လက်နက်များသည် ကောင်းကင်နှင့် မြေကြီး၏ အမှန်တရားများကို ကိုယ်စားပြုသောကြောင့် ယင်းလက်နက်နှစ်ခု အပြန်အလှန် ထိပ်တိုက်တွေ့ကာ ရောယှက်သွားချိန်တွင် ကြီးမားလှသော စွမ်းအားလှိုင်းများကို ထုတ်လွှတ်သည်။ ထိုစွမ်းအားတွင် အရိုးဖြူ ယင်မိစ္ဆာ ကျမ်းစာ၏ ယုတ်မာသော မိစ္ဆာအငွေ့အသက်များသာမက ကပ်ဘေးတစ်သောင်း မိုးကြိုးအကျဉ်းထောင်၏ ကျယ်ပြောလှသော မိုးကြိုးစွမ်းအားများလည်း ပါဝင်နေသည်။ ထို့ကြောင့် ပြင်ပလူများက ယင်းကို 'မိစ္ဆာမိုးကြိုး' ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
နှစ်ပေါင်း သောင်းနှင့်ချီသော အချိန်အတောအတွင်း မိစ္ဆာမိုးကြိုးများမှာ စုစည်းလိုက်၊ ကွဲပြားသွားလိုက်နှင့် သံသရာလည်နေခဲ့သည်။ ယင်းက အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ဟု ခေါ်သော အန္တရာယ်ရှိ နယ်မြေကို ဖြစ်ပေါ်စေခဲ့သည်။ ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို နားလည်နိုင်သော သူတော်စင်များနှင့် ယင်းကို စတင်ထိတွေ့နိုင်စွမ်းရှိသော အထူးကဲဆုံး ပုဂ္ဂိုလ်များမှအပ ကျန်ရှိသော မည်သည့် ကျင့်ကြံသူမဆို ဤစွမ်းအားနှင့် ထိတွေ့မိပါက ချက်ချင်း သေဆုံးပေလိမ့်မည်။ သို့သော် ကံကောင်းလှသော လူအနည်းငယ်မှာမူ အသက်ရှင်ရုံတင်မကဘဲ ဤဘေးဒုက္ခမှတစ်ဆင့် ကောင်းချီးများကို ရရှိတတ်ကြသည်။
လဲ့ကျီကျိန်းမှာ ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။ ကံကြမ္မာစနစ်အရ ရှန်မို သိလိုက်ရသည်မှာ လဲ့ကျီကျိန်း၏ မိခင်မှာ ကိုယ်ဝန်ရှိနေသည်ကို မသိဘဲ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်း ကျင့်ကြံခဲ့မိသည်။ အမိဝမ်းအတွင်းမှာပင် လဲ့ကျီကျိန်းသည် မိစ္ဆာမိုးကြိုးများကို စုပ်ယူခဲ့ပြီးဖြစ်၏။ သူ၏ မိခင်မှာ အထူးကဲဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သော ပါရမီရှိသော်လည်း မိစ္ဆာမိုးကြိုးကြောင့်ပင် အသက်ငယ်ငယ်နှင့် ကွယ်လွန်ခဲ့ရသည်။
ကျင့်ကြံသူ အများစုအတွက် မိစ္ဆာမိုးကြိုးကို ဖြေရှင်းရန်မှာ အင်အားသုံး၍ နှိမ်နင်းခြင်း တစ်ခုတည်းသာ ရှိသည်။ လဲ့ချွမ်း ပြောခဲ့သလိုပင် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ ဂိုဏ်းချုပ်ကြီးနှင့် အခြားသော အထူးကဲဆုံး ပုဂ္ဂိုလ်များစွာ ပူးပေါင်းပြီးမှသာ ယင်းကို မနည်း နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ ယင်းမှာ ပြန်လည် နိုးထလာခဲ့လေပြီ။ သို့သော် ရှန်မိုအတွက်မူ မိစ္ဆာမိုးကြိုးကို ဖြေရှင်းရန်မှာ ရယ်စရာကောင်းလောက်အောင် လွယ်ကူလှသည်။ ကိုးဘုံငရဲ ရေခဲမီးလျှံမှာ နတ်ဆိုးစွမ်းအားများကို တန်ပြန်ရန် မွေးဖွားလာခြင်း မဟုတ်ပါလား။
ရှန်မို လက်လှမ်းလိုက်ပြီး လဲ့ကျီကျိန်းကို အသာအယာ ထိတွေ့လိုက်သည်။ ကိုးဘုံငရဲ ရေခဲမီးလျှံမှာ သူ၏ လက်ထိပ်မှတစ်ဆင့် စီးဆင်းသွားပြီး လဲ့ကျီကျိန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။ မေ့မြောလုနီးပါး ဖြစ်နေသော လဲ့ကျီကျိန်းမှာ ဘာဖြစ်နေသည်ကို မသိပေ။ သို့သော် သူ ထိတွေ့ခံရသော နေရာမှစ၍ အေးမြလာသည်ကို ခံစားလိုက်ရသည်။ မိစ္ဆာမိုးကြိုးကြောင့် ဖြစ်ပေါ်နေသော ပြင်းထန်သော အပူရှိန်နှင့် နာကျင်မှုများမှာ တမဟုတ်ချင်း ပျောက်ကွယ်သွားတော့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကိုးဘုံငရဲ ရေခဲမီးလျှံမှာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သေလုနီးပါး ဖြစ်နေပြီး ခပ်တိုးတိုးသာ ညည်းတွားနိုင်သော လဲ့ကျီကျိန်းမှာ အသက်ရှူသံ ဆယ်ကြိမ်ခန့်အတွင်းမှာပင် ပုံမှန်အတိုင်း အသက်ပြန်ရှူလာနိုင်သည်။ အသက်ရှူသံ အကြိမ်တစ်ရာအတွင်းမှာ ကိုးထပ်ငရဲ ရေခဲမီးလျှံမှာ လဲ့ကျီကျိန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ရောက်ရှိသွားပြီး မိစ္ဆာမိုးကြိုးများကို အစအနပင် မကျန်တော့ဘဲ ဝါးမြိုလိုက်တော့သည်။ ထို့နောက်မှသာ ယင်းမှာ ရှန်မို၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး သူ၏ ဝိညာဉ်နန်းတော်အတွင်းသို့ ပြန်ဝင်ကာ ငြိမ်သက်သွားတော့၏။
အခြားတစ်နေရာတွင်မူ အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံကို ခွင်းကာ ကျောက်နက်တောင်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
ရှပ်။
ပုံရိပ်တစ်ခုသည် စိုးရိမ်နေသော လဲ့ချွမ်း၏ ဘေးနားသို့ ချက်ချင်း ဆင်းသက်လိုက်သည်။
ဤပုဂ္ဂိုလ်မှာ တည်ငြိမ်အေးဆေးပုံရပြီး နက်ရှိုင်းသော ရေပြင်ကဲ့သို့ ငြိမ်သက်လှသည်။ သူ၏ အရှိန်အဝါမှာ လဲ့ချွမ်းထက်ပင် များစွာ သာလွန်လှသည်။
လဲ့ချွမ်းသည် လူလတ်ပိုင်း ကျင့်ကြံသူကို မြင်လိုက်ရသောအခါ အံ့အားသင့်သွား၏။ "မျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင် ကြွလာတာလား"
လဲ့ကျန့်ဟယ်မှာ လက်နှစ်ဖက်ဖြင့် အနက်ရောင် ဝါယာဂွမ်း ဝတ်ရုံတစ်ခုကို ကိုင်ထားသော်လည်း ဘာမှ မပြောဘဲ ပတ်ဝန်းကျင်ကိုသာ စူးစမ်းလိုက်သည်။ "ကျီကျိန်း ဘယ်မှာလဲ"
"ဂိုဏ်းချုပ်ကြီးက တံခါးပိတ် ကျင့်ကြံနေလို့ ထွက်မလာနိုင်ဘူး… ဒါကြောင့် သူကိုယ်တိုင် သန့်စင်ထားတဲ့ ဒီ 'မိုးကြိုးဒဏ်ခံ ဝတ်ရုံ' ကို ငါ ယူလာခဲ့တယ်… အနည်းဆုံးတော့ ဒါက ကျီကျိန်းရဲ့ အခြေအနေ ပိုမဆိုးအောင် ဆွဲထားပေးနိုင်လိမ့်မယ်"
လဲ့ချွမ်း ကျောက်နက်တောင်ထိပ်ကို ညွှန်ပြလိုက်သည်။ "သခင်လေးက ဟိုမှာပါ"
လဲ့ကျန့်ဟယ် မျက်မှောင်ကြုတ်လိုက်ပြီး
"အစီအရင်လား… မင်း ဘာလို့ ကျီကျိန်းကို တစ်ယောက်တည်း ထားခဲ့တာလဲ"
ဘာမှ ထပ်မပြောဘဲ သူ တောင်ထိပ်ဆီသို့ အပြင်းနှင်သွားတော့သည်။
လဲ့ချွမ်းလည်း စိတ်မကောင်းစွာ ပြုံးလိုက်ပြီး သူ့နောက်သို့ အမီလိုက်ကာ ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန် ရှင်းပြလိုက်ရသည်။
လဲ့ကျန့်ဟယ်၏ မျက်နှာ မည်းမှောင်သွားသည်။
ထို့နောက် အေးစက်စွာ အော်ဟစ်လိုက်သည်။
"ငတုံး… လဲ့ချွမ်း… မင်းက မျိုးနွယ်စုရဲ့ အကြီးအကဲ တစ်ယောက်လို့ ငါ ထင်ထားတာ… ဘယ်လိုတောင် ဒီလောက် ပေါ့ဆရတာလဲ"
"အထူးကဲဆုံး ပုဂ္ဂိုလ် လေးယောက် ပူးပေါင်းတာတောင် မိစ္ဆာမိုးကြိုးကို မနည်း နှိမ်နင်းခဲ့ရတာလေ… အခုတော့ မင်းက နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ကျီကျိန်းရဲ့ ကိုယ်ထဲကဟာကို နှိမ်နင်းပေးနိုင်မယ်လို့ ယုံကြည်လိုက်တာလား"
"မင်းဟာ အသက်ကြီးလာလေ ပိုပြီး ရူးနှမ်းလာလေပဲ"
သူ၏ စကားလုံးများမှာ ပြင်းထန်ပြီး ထိုးနှက်ချက် ပြင်းလှသည်။ လဲ့ချွမ်း၏ မျက်နှာမှာ အားကိုးရာမဲ့ ဖြစ်နေ၏။ စိတ်ထဲမှသာ ရေရွတ်နေမိသည်။
အကယ်၍ မင်းသာ ငါ့နေရာမှာဆိုရင်လည်း ဒီလောက် စိုးရိမ်နေတဲ့အချိန်မှာ လောင်းကြေးထပ်မိမှာပဲ မဟုတ်လား။
လဲ့ကျန့်ဟယ်သည် အစီအရင်၏ အပြင်ဘက်အစွန်းသို့ ရောက်ရှိသွားသည်။ ထို့နောက် သူ ဘာမှ မပြောဘဲ ကိုယ်ခံပညာ နည်းစနစ်တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်ကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။
Chapter 663: ကျေးဇူးရှင်ကို ဒီလိုပဲ ဆက်ဆံတာလား
မိုးကြိုးအလင်းတန်းများမှာ သည်းထန်စွာရွာသွန်းသော မိုးစက်များကဲ့သို့ပင် ဟိန်းဟောက်ကာ ကျဆင်းလာတော့သည်။ လောကရှိ သက်ရှိအားလုံးကို အမြစ်ပြတ်ချေမှုန်းတော့မည့်အလားပင်။ ကျောက်နက်တောင်ထိပ်ကို ဖုံးအုပ်ထားသော ရွှေရောင်အစီအရင်မှာ တုန်ခါမှုလှိုင်းများ အထပ်ထပ် ဖြစ်ပေါ်သွားသည်။ ထိုတုန်ခါမှုလှိုင်းများကြားမှပင် လဲ့ကျန့်ဟယ် အစီအရင်အတွင်းရှိ ပုံရိပ်ကို ဝေဝါးစွာ မြင်လိုက်ရသည်။ ယင်းမှာ သူ့ကို ကျောခိုင်း၍ ရပ်နေသော လူတစ်ယောက်ပင် ဖြစ်၏။ မြေပြင်ပေါ်တွင်မူ လဲ့ကျီကျိန်းမှာ သတိမရဘဲ လဲလျောင်းနေဆဲ ဖြစ်သည်။
"ကွဲထွက်သွားစမ်း"
လဲ့ကျန့်ဟယ် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ အစစ်အမှန်ပုံစံကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။ သူ၏ ရုပ်သွင်တော်မှာ စောင်းထွက်နေပြီး ထူးဆန်းသောပုံသဏ္ဌာန်ရှိသည့် ကျောက်တုံးကြီးတစ်ခု ဖြစ်သည်။ ထိုကျောက်တုံး၏ ပတ်ဝန်းကျင်တွင် လေပြင်းနှင့် မိုးကြိုးများမှာ အဆက်မပြတ် ဝဲပျံနေ၏။ မုန်တိုင်းနှင့် လျှပ်စီးတို့၏ အဆီအနှစ်အားလုံးမှာ ထိုကျောက်တုံးအတွင်း၌ ကိန်းဝပ်နေသယောင် ရှိသည်။ ယင်းမှာ ‘မြည်ဟီးမိုးကြိုးကျောက်’ ဟု လူသိများသော ရှေးဟောင်း လျှို့ဝှက်ကျောက်တုံး ဖြစ်သည်။ မြည်ဟီးမိုးကြိုးကျောက်မှ အသံထွက်ပေါ်လာပါက လောကတစ်ခွင်တွင် မုန်တိုင်းနှင့် လျှပ်စီးများ ထွက်ပေါ်လာတတ်သည်။ ရှန်မို၏ ထာဝရမြစ် ရုပ်သွင်တော်ကဲ့သို့ပင် သက်မဲ့အရာဝတ္ထုတစ်ခုကို ရုပ်သွင်တော်အဖြစ် ဖော်ဆောင်ရန်မှာ အခက်ခဲဆုံး အလုပ်များထဲတွင် ပါဝင်သည်။
မြည်ဟီးမိုးကြိုးကျောက် ရုပ်သွင်တော်ထံမှ စူးရှသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ထူထပ်လှသော လျှပ်စီးများမှာ ပေငါးရာခန့် အချင်းရှိသည့် အလင်းတိုင်ကြီးများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံကို ခွင်းလျက် အစီအရင်ဆီသို့ တိုက်ရိုက် ကျရောက်လာတော့သည်။
ဒိုင်း!
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုစူးရှသော အလင်းတန်းများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ နေ့ခင်းကြောင်တောင်ကဲ့သို့ လင်းထိန်သွားသည်။
ရွှမ်လိပ်ကန်နှင့် ၎င်း၏ ပတ်ဝန်းကျင် မိုင်ထောင်ပေါင်းများစွာအတွင်းရှိ ကျင့်ကြံသူအားလုံးမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤကဲ့သို့သော ကောင်းကင်ဘုံစွမ်းအားမျိုးမှာ သာမန်ကျင့်ကြံသူများ ထုတ်ဖော်နိုင်သည့်အရာ မဟုတ်သည်မှာ ထင်ရှားလှသည်။ အနည်းဆုံး တာအိုအမှတ်အသား ရှစ်ဆယ်ရှိရမည်။ ကိုးဆယ် သို့မဟုတ် တစ်ရာ အပြည့်ပင် ဖြစ်နေနိုင်ပေသည်။
ဝူး ဝူး ဝူး။
ပုံရိပ် ဆယ်ခုကျော်မှာ လေထဲသို့ ပျံတက်လာကြပြီး ကျောက်နက်တောင်ဘက်သို့ လှမ်းကြည့်နေကြသည်။ ရှေ့ဆုံးတွင် ရှိနေသူမှာ တုန်းရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ် ရှီဖျင် ဖြစ်သည်။ သူ့နောက်တွင် တုန်းရွှမ်ဂိုဏ်း၏ အကြီးအကဲများ ပါလာကြ၏။ သို့သော် ၎င်းတို့ ရပ်နေပုံကို ကြည့်ရုံဖြင့်ပင် အကြီးအကဲများမှာ အုပ်စုနှစ်စု ကွဲနေကြောင်း အထင်အရှား မြင်နိုင်သည်။ တစ်ဖက်တွင် ရှီဖျင်၏ ဘေးနားတွင် စုဝေးနေသော လူသုံးဦးသာ ရှိသည်။ အခြားတစ်ဖက်တွင်မူ အကြီးအကဲချုပ် ‘ချီဟန်’ ဦးဆောင်သော လူအများအပြား ရှိနေ၏။
“ကျောက်နက်တောင်ပေါ်မှာ အစွမ်းထက်သူတွေ တိုက်ခိုက်နေကြပုံပဲ"
"ဒီလောက် ဆူညံနေတာဆိုတော့ တာအိုအမှတ်အသား တစ်ရာရှိတဲ့ ကျင့်ကြံသူ ဖြစ်နေမလား" "အဲဒီနည်းစနစ်ကို ငါ အရင်က မြင်ဖူးတယ်… မှားစရာမရှိဘူး… အဲဒါ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုရဲ့ အကြီးအကဲ လဲ့ကျန့်ဟယ်ပဲ… တာအိုအမှတ်အသား တစ်ရာရှိတဲ့ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူပဲ"
"ဘာ”
အကြီးအကဲများ အံ့သြသွားသလို သံသယလည်း ဖြစ်နေကြသည်။
ဂိုဏ်းချုပ် ရှီဖျင်မှ လေးနက်သော အသံဖြင့်
"အားလုံး ဒီမှာပဲ နေခဲ့ကြ… ငါကိုယ်တိုင် သွားပြီး မျိုးနွယ်စုခေါင်းဆောင် လဲ့ကို နှုတ်ဆက်လိုက်မယ်"
သို့သော် အကြီးအကဲချုပ် ချီဟန်မှ တစ်လှမ်းဦးအောင် ကောင်းကင်သို့ ပျံတက်သွားသည်။ "မျိုးနွယ်စုခေါင်းဆောင် လဲ့ ရောက်နေတာပဲ… ငါတို့က ဘယ်လိုလုပ် ပေါ့ပေါ့ဆဆ နေလို့ ရမလဲ… အကြီးအကဲအားလုံး အတူတူ သွားသင့်တာပေါ့”
ပြောပြောဆိုဆိုဖြင့် အကြီးအကဲချုပ်ဘက်မှ အကြီးအကဲများမှာ ရှီဖျင်၏ အမိန့်ကို လုံးဝ လျစ်လျူရှုကာ ချက်ချင်းပင် လိုက်ပါသွားကြတော့သည်။
ရှီဖျင်နှာ ထွက်ခွာသွားသော ၎င်းတို့၏ ကျောပြင်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေမိ၏။ "ငါတို့လည်း သွားကြမယ်"
သူ တိုးတိုးလေးသာ ပြောလိုက်သည်။
ခဏအကြာတွင် အကြီးအကဲအားလုံးမှာ ကျောက်နက် တောင်အပြင်ဘက်တွင် စုဝေးမိသွားကြသည်။ အကြီးအကဲချုပ် ချီဟန်မှာ လဲ့ချွမ်းကို ချက်ချင်း မှတ်မိသွား၏။
သူသည် ရိုသေသော လေသံဖြင့် အမြန်ပင် ရှေ့သို့ တိုးသွားကာ
"အကြီးအကဲ လဲ့ချွမ်း… ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာတာလဲ… ဟိုဘက်မှာ ရှိနေတာက မျိုးနွယ်စုခေါင်းဆောင် လဲ့ကျန့်ဟယ် မဟုတ်လား"
လဲ့ချွမ်း သူ့ကို တစ်ချက်ကြည့်ကာ
"စကားမပြောနဲ့ဦး"
ချီဟန်လည်း အမြန်ပင် ခေါင်းညိတ်ကာ ပါးစပ်ပိတ်နေလိုက်တော့သည်။
ထိုအချိန်မှာပင် စူးရှသော အလင်းတန်းများ ပျောက်ကွယ်သွား၏။ လဲ့ကျန့်ဟယ်သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ကျောက်နက်တောင်ထိပ်ကို ဖုံးအုပ်ထားသော ရွှေရောင်အစီအရင်မှာ အနည်းငယ်မျှပင် အားနည်းသွားခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားသည်။
သူ၏ အစွမ်းကုန် တိုက်ခိုက်မှုမှာ ဘာမှ မထူးခြားခဲ့ပေ။
လဲ့ကျန့်ဟယ် ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။ သူသည် တာအိုအမှတ်အသား တစ်ရာရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ ဖြစ်ပြီး မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ အကြီးအကဲ ဖြစ်သည်။ သူ၏ ခွန်အားမှာ နှိုင်းယှဉ်၍ မရလောက်အောင် အစွမ်းထက်လှ၏။ တာအိုအမှတ်အသား ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်ရှိသော မည်သည့် ကျင့်ကြံသူမဆို ဤတိုက်ခိုက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားပေလိမ့်မည်။
သို့သော် ဤအစီအရင်မှာမူ ဘယ်အဆင့်ရှိသနည်း။ အနည်းငယ်မျှသာ တုန်ခါသွားခဲ့ခြင်း ဖြစ်သည်။
ရှီဖျင်၊ ချီဟန်နှင့် ကျန်သူအားလုံး၏ မျက်နှာတွင်လည်း မယုံကြည်နိုင်သော အမူအရာများ ပေါ်ပေါက်လာသည်။ အကယ်၍ လဲ့ကျန့်ဟယ်တောင်မှ ဤအစီအရင်ကို မလှုပ်ခါနိုင်ပါက... မည်ကဲ့သို့သော အစီအရင်ပညာရှင်ကြီးက ဤသည်ကို ဖန်တီးခဲ့သနည်း။
ထိုအချိန်တွင် အစီအရင်အတွင်းမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါက မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုက သူတို့ရဲ့ ကျေးဇူးရှင်အပေါ် ဆက်ဆံတဲ့ ပုံစံလား"
ချက်ချင်းပင် ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွား၏။
ရှန်မိုသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တစ်ယောက်တည်း ငြိမ်သက်စွာ ရပ်နေသည်။ သူ၏ ဘေးတွင်မူ လဲ့ကျီကျိန်းမှာ နိုးနေပြီဖြစ်သော်လည်း မျက်နှာမှာ ဖြူလျော့နေသည်။
လဲ့ချွမ်း၏ မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားသည်။
သူ နိုးလာပြီလား။
လဲ့ကျီကျိန်း သက်သာသွားပြီလား။
ရှီဖျင်သည် ရှန်မို၏ မျက်နှာကို သေသေချာချာ မြင်လိုက်ရချိန်တွင် ချက်ချင်းပင် လန့်သွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။
ချီဟန်နှင့် ကျန်သူများမှာမူ ထိုလူကို မမှတ်မိကြသဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။ အကြီးအကဲ တစ်ဦးသာလျှင် ရှန်မိုကို မှတ်မိသွားသဖြင့် မျက်နှာမှာ ရုတ်တရက် ဖြူလျော့သွားသည်။
သူသည် ရွှမ်လိပ်ကန်အောက်ရှိ ကျင့်ကြံခြင်းခန်းမမှ ဖယ်ပေးရန် ရှန်မိုကို တောင်းဆိုခဲ့သူပင် ဖြစ်သည်။
လဲ့ကျီကျိန်း စိတ်မကောင်းစွာ ရယ်မောလိုက်ပြီး လဲ့ကျန့်ဟယ်နှင့် ရှန်မိုတို့ကြားသို့ အမြန်ပင် ဝင်ရပ်လိုက်သည်။
"အဖိုး… မဟာမိတ်တွေကို မတိုက်ခိုက်ပါနဲ့ဦး… ဒီကျေးဇူးရှင်က ကျွန်တော့်အသက်ကို ကယ်ခဲ့တာပါ"
ဤစကားကို ပြောလိုက်သည်နှင့် အားလုံး တိတ်ဆိတ်သွားတော့သည်။
လဲ့ချွမ်း အလွန်ဝမ်းသာသွား၏။
"သခင်လေး… တကယ်ပဲ အဆင်ပြေသွားတာလား"
လဲ့ကျန့်ဟယ်သည် တောင်ပေါ်သို့ ချက်ချင်း ဆင်းသက်လိုက်ပြီး လဲ့ကျီကျိန်း၏ အခြေအနေကို စစ်ဆေးရန် စိတ်ဝိညာဉ်စွမ်းအားများကို ထည့်သွင်းလိုက်သည်။
အမှန်တကယ်ပင်။
လဲ့ကျီကျိန်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရှိနေသော်လည်း အသက်အန္တရာယ်ရှိသော ဒဏ်ရာ တစ်ခုမျှ မရှိပေ။ ထိုမျှမက သူသည် လျှို့ဝှက်ဆန်းပြားသော စွမ်းအားတစ်ခုဖြင့် သန့်စင်ခြင်း ခံထားရပုံရသည်။ သူ၏ သွေးများမှာ ပြဒါးကဲ့သို့ စီးဆင်းနေပြီး ကြွက်သား အကြောများမှာ လေးကြိုးများကဲ့သို့ တင်းမာနေကာ အရိုးများမှာလည်း ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။
သူသည် အိမ်မှ မထွက်ခွာမီက အခြေအနေထက်ပင် များစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။
"တကယ့်ကို ဘာဖြစ်ခဲ့တာလဲ"
လဲ့ကျန့်ဟယ်မှာ အံ့သြသလို ဇဝေဇဝါလည်း ဖြစ်နေသည်။
လဲ့ကျီကျိန်းမှ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည် ရှင်းပြလိုက်သည်။
ထို့နောက် သူ လေးနက်စွာဖြင့်
"အဖိုး… မိတ်ဆွေ ရှန်က ကျွန်တော့်ကို ကာကွယ်ဖို့အတွက် အစီအရင်ကို မြှင့်တင်ခဲ့တာပါ" သူသည် ရှန်မိုဘက်သို့ လှည့်ကာ အနည်းငယ် အရိုအသေပြုလိုက်သည်။
"ကျေးဇူးရှင်… ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျာ။ အဖိုးက ကျွန်တော့်ကို ကယ်ချင်ဇောနဲ့ အစီအရင်ကို အတင်းအဓမ္မ ဖျက်ဆီးဖို့ ကြိုးစားခဲ့မိလို့ ကျေးဇူးရှင်အတွက် ဒုက္ခဖြစ်သွားရပါပြီ"
လဲ့ကျန့်ဟယ်မှာ အစွမ်းထက်သော်လည်း အကျိုးအကြောင်း မသိသူ မဟုတ်ပေ။
လဲ့ကျီကျိန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူ မည်မျှအထိ ပေါ့ဆခဲ့ကြောင်း ချက်ချင်း နားလည်သွားသည်။
ကျေးဇူးရှင်က မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင်ကို ကယ်တင်နေစဉ်မှာပင် သူ အပြင်မှနေ၍ အစီအရင်ကို တိုက်ခိုက်နေမိသည် မဟုတ်ပါလား။
တကယ့်ကို ရူးသွပ်စရာပင်။
လဲ့ကျန့်ဟယ်သည် အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူဘက်သို့ လှည့်ကာ ရှန်မိုကို လက်အုပ်ချီ၍ အလေးအနက် အရိုအသေပြုလိုက်သည်။ "သခင်လေးရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် မိတ်ဆွေ”
"ကျွန်တော် လဲ့ကျန့်ဟယ်ဟာ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု ကိုယ်စား ဒီကျေးဇူးကို ထာဝရ မှတ်ထားပါ့မယ်"
"စောစောက ကျွန်တော့်ရဲ့ လုပ်ရပ်တွေက ပေါ့ဆခဲ့မိပါတယ်… ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့"
သူ၏ စကားလုံးများမှာ စိတ်ရင်းမှန်လှပြီး လေသံမှာလည်း ရိုသေမှု ရှိလှသည်။ ထိပ်တန်း မျိုးနွယ်စုကြီး တစ်ခု၏ ခေါင်းဆောင်ထံမှ တွေ့ရတတ်သည့် မောက်မာမှုမျိုး လုံးဝ မရှိပေ။
ရှန်မို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ အရှေ့ပြည်နယ်ရှိ အထွတ်အထိပ် အင်အားကြီး ငါးခုထဲမှ တစ်ခု၏ ခေါင်းဆောင်ဆိုသည့်အတိုင်းပင်။ ဤကဲ့သို့သော အမူအရာမှာ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ အမည်နှင့် ထိုက်တန်လှပေသည်။
"ရပါတယ်… စိုးရိမ်စိတ်ကြောင့် လုပ်မိတာကို ငါ နားလည်ပါတယ်"
ရှန်မို လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။
လဲ့ကျန့်ဟယ်လည်း စိတ်အားထက်သန်စွာဖြင့်
"မိတ်ဆွေက ငါတို့ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုရဲ့ ဂုဏ်ဆောင်ကို ကယ်တင်ပေးခဲ့တဲ့သူဆိုတော့ ဧည့်သည်တော်အနေနဲ့ အကောင်းဆုံး ဧည့်ခံကျွေးမွေးရမှာ ငါတို့ တာဝန်ပဲ"
"ငါတို့ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုဆီကို အလည်လာဖို့ ဆန္ဒရှိပါသလား"
သို့သော် ရှန်မို ချက်ချင်း မလက်ခံသေးပေ။
ယင်းအစား သူသည် အဝေးရှိ ရှီဖျင့်ကို လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းချုပ် ရှီ… ချန်နန်ရွှမ်က ခင်ဗျားကို သွားရှာတာလေ… သူ ဘယ်မှာလဲ"
လဲ့ကျန့်ဟယ် အံ့သြသွားပြီး ရှန်မို ကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် တစ်ခုခု မှားယွင်းနေကြောင်း သူ သိလိုက်ရသည်။ ချီဟန်နှင့် အုပ်စုမှာ စိတ်ထဲတွင် ထိတ်လန့်သွားကြ၏။
ရှီဖျင်မှာ ရှန်မိုထံသို့ အမြန် လျှောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
"နှုတ်ဆက်ပါတယ် အထူးအကြီးအကဲ ရှန်"
သူ လေးနက်စွာ ဆက်ပြောသည်။
"ကျွန်တော် ဒီနေ့ ချန်နန်ရွှမ်ကို မတွေ့ရသေးပါဘူး"
လဲ့ကျန့်ဟယ် အကျိုးအကြောင်း စဉ်းစားဟန်ဖြင့် လဲ့ချွမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။ လဲ့ချွမ်းကလည်း ချီဟန်ကို စူးစူးဝါးဝါး လှမ်းကြည့်လိုက်၏။
ချီဟန်၏ နဖူးတွင် ချွေးများ ထွက်လာပြီး အလျင်အမြန် ပြောလိုက်သည်။
"အထူးအကြီးအကဲ ရှန်… ကျွန်တော်လည်း ချန်နန်ရွှမ် ဘယ်ရောက်နေလဲဆိုတာ မသိပါဘူး… သူ့ကို ရှာဖို့ လူတွေကို အခုချက်ချင်း လွှတ်လိုက်ပါ့မယ်”
အကြီးအကဲ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်မှာ ချန်နန်ရွှမ်ကို ရှာဖွေရန် ချက်ချင်းပင် လူစုခွဲ ထွက်သွားကြတော့သည်။ စက္ကန့် (၁၀၀) မပြည့်မီမှာပင် ချန်နန်ရွှမ်ကို ရှန်မို၏ ရှေ့သို့ ခေါ်ဆောင်လာကြသည်။ ဤချောမောသော လူငယ်မှာ သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားသော်လည်း သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် ဖြူလျော့နေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ ဒဏ်ရာမရထားဟု ထင်ရသော်လည်း ရှန်မို၏ ကျင့်ကြံမှု အဆင့်ဖြင့်ဆိုလျှင် ချန်နန်ရွှမ်မှာ ပြင်းထန်စွာ ရိုက်နှက်ခံထားရကြောင်း ချက်ချင်း သိလိုက်သည်။ ရှင်းနေသည်မှာ သူ အစောပိုင်းက ပျောက်ကွယ်သွားရခြင်းမှာ ချီဟန် အုပ်စု၏ လက်ချက်ပင် ဖြစ်သည်။
ချန်နန်ရွှမ်သည် ဤမျှ ကြီးကျယ်သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။
သူ တစ်ခုသာ သိသည်။
သူ ယခု အသက်ရှင်နေရခြင်းမှာ ရှန်မိုကြောင့်သာ ဖြစ်သည်။
"နှုတ်ဆက်ပါတယ် အထူးအကြီးအကဲ ရှန်"
သူ မျက်ရည်များကို ထိန်းကာ ပြောလိုက်သည်။
ရှန်မို အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး လဲ့ကျန့်ဟယ်ဘက်သို့ လှည့်လိုက်၏။
"မျိုးနွယ်စုခေါင်းဆောင် လဲ့… သွားကြစို့"
လဲ့ကျန့်ဟယ် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ”
"လဲ့ချွမ်း… ဒီနေရာကို မင်းပဲ တာဝန်ယူလိုက်တော့" "ဟုတ်ကဲ့ပါ"
လဲ့ချွမ်း ရိုသေစွာ ပြန်ထူးလိုက်သည်။