အခန်း (၆၆၇-၆၆၉)
Vol. 45 Ch. 667-669
Chapter 667: ငါ့နာမည်ပြောင်းထားတာပဲ… သူ မမှတ်မိလောက်ပါဘူး
ရှီထျန့်ဟောက်သည် ရှန်မိုကို မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုဖြင့် စိုက်ကြည့်နေသော်လည်း သူ၏ စိတ်ထဲတွင်မူ ပြင်းထန်သော လှိုင်းလုံးကြီးများ ဂယက်ထနေတော့သည်။ တောင်ပိုင်းကောင်းကင်ကျွန်းစုမှသည် အရှေ့ပြည်နယ်အထိ ဝေးကွာလှသော ခရီးကို လာခဲ့ပါလျက်နှင့် ရှန်မိုနှင့် ပြန်ဆုံရလိမ့်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေသည်။ ဤရှန်မိုသည် အဘယ်ကြောင့် သူ့နောက်သို့ အရိုးထဲအထိ တွယ်ကပ်နေသော လောက်ကောင်ကဲ့သို့ ခွာမရအောင် လိုက်နေရသနည်း။
"ငါ အရှေ့ပြည်နယ်ကို ရောက်ကတည်းက ရုပ်ရည်နဲ့ နာမည်ကို ပြောင်းထားတာ… အခု ငါက ရှီဟောက်ပဲ… သူ ငါ့ကို မှတ်မိနိုင်မှာ မဟုတ်ဘူး"
ရှီထျန့်ဟောက်မှာ ရှန်မိုကို တိတ်တဆိတ် အကဲခတ်လိုက်သည်။
ရှန်မို၏ မျက်နှာအမူအရာမှာ အပြောင်းအလဲမရှိ တည်ငြိမ်နေသည်ကို သူ သတိထားမိလိုက်၏။ သူ သူ့ကို မမှတ်မိနိုင်ပေ။ ထိုအခါမှသာ ရှီထျန့်ဟောက် စိတ်အေးသွားတော့သည်။
ရှန်မိုမှ သူ့ကို ရှီထျန့်ဟောက်မှန်း မသိသရွေ့ သူ အရိပ်ထဲတွင် ပုန်းကွယ်နေနိုင်မည် ဖြစ်သည်။ နောင်တွင် ရှန်မိုကို ရှင်းလင်းရန် အခွင့်အရေးများစွာ ရှိပါသေးသည်။
"လဲ့ကျီကျိန်းက ရှန်မိုကို သူ့ရဲ့ ကျေးဇူးရှင်လို့ ခေါ်နေတာပဲ"
"ရှန်မိုနဲ့ လဲ့ကျီကျိန်းကြားမှာ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ… ဒါကို စုံစမ်းဖို့ အခွင့်အရေး ရှာရမယ်"
"ငါ့ရဲ့ လူသားအဆင့် အထူးအကြီးအကဲ ရာထူးကို သုံးပြီး ရှန်မိုကို ဖိနှိပ်လို့ ရနိုင်မလား"
ရှီထျန့်ဟောက်သည် ရှန်မိုကို ကိုင်တွယ်ရန် နည်းဗျူဟာများ ကြံစည်ရင်း တိတ်တဆိတ် စီစဉ်နေတော့သည်။
"သခင်လေး… သူ့ကို ဘယ်ကို ခေါ်သွားမှာလဲ" ဟု
ရှီထျန့်ဟောက် မေးလိုက်သည်။
လဲ့ကျီကျိန်းမှ အလေးအနက်ဖြင့်
"ငါ့ရဲ့ ကျေးဇူးရှင်က အခု ငါတို့ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုရဲ့ ကောင်းကင်အဆင့် အထူးအကြီးအကဲ ဖြစ်သွားပြီ… သူ့ရဲ့ ခွန်အားက လုံလောက်တာထက်တောင် ပိုပါသေးတယ်… သူ့ကို ကိုးလွှာမြောက်ကို ခေါ်သွားမလို့လေ"
"ရှီဟောက် မင်း မိုးကြိုးသူတော်စင် မျှော်စင်ရဲ့ အဝင်ဝမှာ ငါ့ကို စောင့်နေပါ"
"ကျေးဇူးရှင်ကို ကိုးလွှာမြောက်အထိ ပို့ပေးပြီးရင် ငါတို့ ပြန်ဆုံကြတာပေါ့"
ရှီထျန့်ဟောက်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားသည်။
ကောင်းကင်အဆင့် အထူးအကြီးအကဲ ဟုတ်လား။
မိုးကြိုးသူတော်စင် မျှော်စင်ရဲ့ ကိုးလွှာမြောက်လား။
ယင်း၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ ရှန်မိုသည် တာအိုအမှတ်အသား ကိုးဆယ်ရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ ဖြစ်နေပြီ ဖြစ်သည်။
ရှီထျန့်ဟောက် ပါးစပ်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရ၏။
အချိန်အကြာကြီး မရှိသေးသော်လည်း ရှန်မို၏ ကျင့်ကြံမှုမှာ မယုံနိုင်လောက်အောင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ရှန်မို၏ ကိုယ်ပိုင်ခွန်အားကို ကျော်ဖြတ်ရန်မှာ မျှော်လင့်ချက် မရှိတော့ပေ။ စောစောကပင် သူသည် လူသားအဆင့် အထူးအကြီးအကဲ ရာထူးကို အသုံးချ၍ ရှန်မိုကို ဖိနှိပ်ရန် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ရှန်မိုသည် ကောင်းကင်အဆင့် အထူးအကြီးအကဲ ဖြစ်နေပြီဖြစ်ကြောင်း လဲ့ကျီကျိန်း ကိုယ်တိုင် အတည်ပြုလိုက်ပြီ ဖြစ်၏။
သူ့ကို ဘယ်လိုလုပ် ဖိနှိပ်နိုင်တော့မည်နည်း။
မည်သည့် လူသားအဆင့် အထူးအကြီးအကဲက ကောင်းကင်အဆင့် အထူးအကြီးအကဲကို ဖိနှိပ်နိုင်သည့် စွမ်းဆောင်ရည် ရှိသနည်း။
ရှီထျန့်ဟောက် သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချသော်လည်း လတ်တလောတွင် မည်သည့် တုံ့ပြန်မှုမှ မစဉ်းစားနိုင်ခဲ့ပေ။
ထို့နောက် သူ အမူအရာထိန်း၍
"ကောင်းပါပြီ သခင်လေး… ကျွန်တော် စောင့်နေပါ့မယ်"
ရှီထျန့်ဟောက် ထွက်ခွာသွားသည်နှင့် ရှန်မိုမှ ရုတ်တရက် ပြောလိုက်သည်။
"ကျီကျိန်း၊ ကိုးလွှာမြောက်ကို ငါ့ဘာသာငါ သွားလိုက်မယ်… လိုက်ပို့ပေးဖို့ မလိုပါဘူး"
လဲ့ကျီကျိန်း အမြန်ပင် ခေါင်းယမ်းလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်မှာလဲခင်ဗျာ… ခင်ဗျားက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပဲ… လိုက်ပို့ပေးဖို့က ကျွန်တော့်ရဲ့ တာဝန်ပါ"
ရှန်မို ရယ်မောလျက်
"ငါ့ကို သုံးနှစ်သား ကလေးလို့ ထင်နေတာလား… လမ်းတောင် မရှာတတ်ဘူးလို့ ထင်လို့လား"
လဲ့ကျီကျိန်း အားနာစွာဖြင့်
"မဟုတ်ပါဘူး… အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး..."
ရှန်မို လက်ကို ထပ်မံ ဝှေ့ယမ်းပြလိုက်သည်။
သူ ထိုမျှအထိ အတင်းအကျပ် ငြင်းဆိုနေသဖြင့် လဲ့ကျီကျိန်းလည်း လက်လျှော့လိုက်ရသည်။
"ကောင်းပါပြီ… ဒါဆိုရင် ကျွန်တော် မလိုက်တော့ပါဘူး" "တစ်ခုခု လိုအပ်တာ ရှိရင် ကျွန်တော့်ကို ဆက်သွယ်ဖို့ ဝန်မလေးပါနဲ့ဦး”
ရှန်မို ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါမှသာ လဲ့ကျီကျိန်း ထွက်ခွါသွားတော့၏။
သူ ရှီဟောက်နှင့် သွားရောက် တွေ့ဆုံရန် ဖြစ်သည်။
"လဲ့ကျီကျိန်းက အရမ်း ရိုးအလွန်းသေးတယ်… ရှီဟောက်ကို တကယ့် ညီအစ်ကိုရင်းလို သဘောထားနေပုံပဲ"
ရှန်မို အသာအယာ ခေါင်းယမ်းမိသည်။
ရှီဟောက်သည် မိတ်ဆွေဖွဲ့ရာတွင် အလွန်လွယ်ကူသူ ဖြစ်သည်။ သို့သော်လည်း ထိုမိတ်ဆွေများကို ပြန်လည် ရောင်းစားရန်လည်း ထိုမျှပင် လွယ်ကူလှသည်။ ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။
'သူက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း… ငါ့ရဲ့ ညီအစ်ကိုအရင်းကြီးပဲ... ဒါကြောင့် ပိုက်ဆံ ပိုပေးရမယ်' ဟုပင်။
ရှန်မိုသည် ကိုးလွှာမြောက်သို့ ချက်ချင်း တက်မသွားသေးပေ။ ယင်းအစား မိုးကြိုးသူတော်စင် မျှော်စင်၏ သုံးလွှာမြောက်တွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။ နောက်ဆုံးတွင် သူ ကျင့်ကြံခြင်း အခန်းတစ်ခု၏ ရှေ့တွင် သာမန်ကာလျှံကာ ရပ်တန့်လိုက်သည်။
ထို့နောက် သူသည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းမှာ ကောင်းကင်အဆင့် အထူးအကြီးအကဲ တံဆိပ်ပြား ဖြစ်သည်။ တံဆိပ်ပြား ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံခြင်း အခန်း၏ ကျောက်တံခါးမှာ ပွင့်သွားတော့သည်။ အတွင်း၌ ကျင့်ကြံနေသော အမျိုးသမီး ကျင့်ကြံသူတစ်ဦး ရှိနေသည်။ တံခါးမှာ ရုတ်တရက် ပွင့်သွားသဖြင့် သူ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သော်လည်း ကောင်းကင်အဆင့် အထူးအကြီးအကဲ တံဆိပ်ပြားကို မြင်လိုက်ရချိန်တွင်မူ ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး ရှန်မိုကို ရိုသေစွာ ကြိုဆိုလိုက်ရတော့သည်။ အနည်းငယ်မျှပင် မရိုမသေ မလုပ်ရဲပေ။
သို့သော် စိတ်ထဲတွင်မူ ညည်းညူနေမိသည်။ အဘယ်ကြောင့် ကောင်းကင်အဆင့် အထူးအကြီးအကဲ တစ်ယောက်သည် အထက်ပိုင်း ခုနစ်လွှာကျော်တွင် မကျင့်ကြံဘဲ သုံးလွှာမြောက်ရှိ ကျင့်ကြံခြင်း အခန်းကို လာရောက် သိမ်းပိုက်ရသနည်း။
ရှန်မိုသည် ကျင့်ကြံခြင်း အခန်းထဲသို့ လှမ်းဝင်လိုက်၏။ ကျောက်တံခါးကြီးမှာ သူ၏ နောက်ကွယ်တွင် လေးလံစွာ ပြန်ပိတ်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
ရှန်မို အခန်းအတွင်းကို ဝေ့ကြည့်လိုက်သည်။ အခန်း၏ ဖွဲ့စည်းပုံမှာ ရိုးရှင်းလှသည်။ ယင်းမှာ ပေသုံးဆယ်ခန့် ကျယ်ဝန်းသော စတုရန်းပုံစံ နေရာတစ်ခု ဖြစ်ပြီး အမြင့်မှာ ပေငါးဆယ်ခန့် ရှိသည်။ အတွင်း၌ ထိုင်ခုံပု တစ်လုံး၊ စားပွဲတစ်လုံးနှင့် ကုလားထိုင် တစ်လုံးသာ ရှိသည်။ အခြား ဘာမှ မရှိပေ။ ထိုင်ခုံပုမှာ အလွန် ခိုင်ခံ့သော ကိုးဆင့်မြောက် ပိုးကောင် နတ်ဆိုး၏ ပိုးချည်များဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ စားပွဲနှင့် ကုလားထိုင်မှာလည်း သဘာဝမဟုတ်လောက်အောင် မာကျောသော ကျောက်တုံးများဖြင့် ထွင်းထုထားခြင်း ဖြစ်သည်။ တာအိုအမှတ်အသား တစ်ရာရှိသော နိဗ္ဗာနနယ်ပယ် ကျင့်ကြံသူ တစ်ဦးပင်လျှင် ကျင့်ကြံဆင့် တက်လှမ်းချိန်တွင် ထိုထိုင်ခုံပု သို့မဟုတ် ပရိဘောဂများကို ပျက်စီးစေလောက်သော စွမ်းအားမျိုး ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။
ရှန်မို လက်ကို ဝှေ့ယမ်းလိုက်ရာ 'နဂါးနက် ကတ်ကြေး' မှာ သူ၏ လက်ထဲမှ ပျံထွက်လာသည်။
အမှောင်ထုကြားမှ ထိုက်အာမှာ သူ၏ ဘေးတွင် ပေါ်လာပြီး သူ၏ ရက်စက်သော စွယ်များကို ထုတ်ပြလိုက်သည်။
"သခင်… ဘယ်သူ့ကို သတ်ချင်လို့လဲ ထိုက်အာ ရှေ့ဆုံးကနေ ပြေးပြီး သတ်ပေးပါ့မယ်”
ရှန်မိုမှာ ထိုင်ခုံပုကို ညွှန်ပြလိုက်သည်။
"အဲဒါကို"
ထိုက်အာ မှင်တက်သွား၏။
ထိုင်ခုံပု တစ်ခုတည်းလား။
ဒါဟာ တကယ်ပဲ အလယ်အလတ်အဆင့် မြင့်မြတ်တဲ့ လက်နက်ဖြစ်တဲ့ နဂါးနက် ကတ်ကြေးနဲ့ ထိုက်တန်ရဲ့လား။
သို့သော်လည်း ကြက်သတ်ဖို့ ဓားမသုံးသင့်ဟု ခံစားရသော်လည်း ထိုက်အာမှာမူ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြရဲပေ။
အနက်ရောင် အလင်းတန်း နှစ်ခု ဖျတ်ခနဲ လက်သွားသည်။
ဂျွတ်။
ထိုင်ခုံပုမှာ နှစ်ပိုင်းတိတိ ပြတ်တောက်သွားတော့၏။ မည်မျှပင် ခိုင်ခံ့သော ပစ္စည်းဖြစ်ပါစေ အရာအားလုံးကို ဖောက်ထွင်းနိုင်သော နဂါးနက် ကတ်ကြေး၏ ရှေ့တွင်မူ စက္ကူကဲ့သို့ပင် ဖြစ်သွားတော့သည်။ အကြောင်းမှာ နဂါးနက် ကတ်ကြေး၏ အစွမ်းမှာ မိမိထက် အဆင့်နိမ့်သော ဝိညာဉ်လက်နက်များကို အလွယ်တကူ ဖြတ်တောက်နိုင်ခြင်းကြောင့် ဖြစ်သည်။ အလယ်အလတ်အဆင့် မြင့်မြတ်သော လက်နက်များကြားတွင်ပင် ပြိုင်ဘက်များကို အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။
တောက်။
အရာတစ်ခုမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုက်အာ ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ရှန်မိုအတွက် ကောက်ယူပေးလိုက်သည်။ ရှန်မို သေသေချာချာ ကြည့်လိုက်ရာ ယင်းမှာ သွေးရောင်ရှိသော ပုံဆောင်ခဲ တစ်ခုပင် ဖြစ်သည်။ သွေးရောင်ပုံဆောင်ခဲမှာ ကြည်လင်တောက်ပနေပြီး အတွင်း၌ တစ်ခုခုကို မြင်နေရသည်။
ယင်းမှာ လက်ချောင်းအရိုး တစ်ခုပင်။
အတိအကျ ပြောရလျှင် နဂါးဘိုးဘေး၏ ကြွင်းကျန်သော အစိတ်အပိုင်းပင် ဖြစ်တော့သည်။
အစောပိုင်းက ရှန်မိုသည် ရှီထျန့်ဟောက်၏ မကြာမီ ဖြစ်ပေါ်လာမည့် ကံကြမ္မာများကို ကြည့်လိုက်ချိန်တွင် ဤအခွင့်အရေးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သုံးရက်အကြာတွင် ရှီထျန့်ဟောက်သည် ဤကျင့်ကြံခြင်း အခန်းထဲသို့ ဝင်လာရန် ကံပါလာခဲ့သည်။ ထိုအချိန်တွင် ထိုင်ခုံပုမှာ အလိုအလျောက် ကွဲထွက်သွားမည်ဖြစ်ပြီး နဂါးဘိုးဘေး၏ အကြွင်းအကျန်များ ပါဝင်သော ဤသွေးရောင်ပုံဆောင်ခဲမှာ ထွက်ကျလာမည် ဖြစ်သည်။ ယင်းကို ရရှိခြင်းဖြင့် ရှီထျန့်ဟောက်၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးဘိုးဘေးအရိုးကို နိုးထစေမည်ဖြစ်ပြီး 'စစ်မှန်သော နဂါးအာဏာရှင် ကျမ်းစာ' ကို နားလည် သဘောပေါက်စေမည် ဖြစ်သည်။
ဤအရာသည် ကံကြမ္မာအရ ပေးအပ်သော လျော်ကြေးတစ်ခုပင် ဖြစ်သည်။ ရှီထျန့်ဟောက်၏ ယခင်ကံကြမ္မာအရ သူသည် မူလက 'အာဏာရှင် နဂါးလက်သီး'၊ 'မြရောင်နဂါးလက်သီး'၊ 'သွေးလောင်နဂါးလက်သီး'၊ 'မြေလှုပ်နဂါးလက်သီး' နှင့် 'ပလက်တီနမ်နဂါးလက်သီး' တို့ကို နားလည် သဘောပေါက်ရမည် ဖြစ်သည်။ ထိုငါးမျိုးလုံးကို ပေါင်းစပ်နိုင်မှသာ 'စစ်မှန်သော နဂါးတာအို ကျမ်းစာ' ကို နားလည်နိုင်မည် ဖြစ်သည်။ သို့သော် ယခုအခါ ထိုလက်သီးငါးမျိုးစလုံးကို ရှန်မိုက သိမ်းပိုက်ထားခဲ့သည်မှာ ကြာပြီဖြစ်ရာ ရှီထျန့်ဟောက်၌ စစ်မှန်သော နဂါးတာအို ကျမ်းစာကို နားလည်ရန် အရည်အချင်း မရှိတော့ပေ။ ဤနဂါးဘိုးဘေး၏ အရိုးအပိုင်းအစမှာ ကံကြမ္မာက သူ့ကို ပေးအပ်သော လျော်ကြေးတစ်ခုပင် ဖြစ်သည်။ ယင်းက သူ့ကို အဆင့်နိမ့်ဗားရှင်းဖြစ်သော 'စစ်မှန်သော နဂါးအာဏာရှင် ကျမ်းစာ' ကို နားလည်စေမည် ဖြစ်သည်။
ရှန်မိုသည် သွေးရောင်ပုံဆောင်ခဲကို သိမ်းလိုက်ပြီးနောက် ထိုင်ခုံပုကိုပါ ယူဆောင်ကာ အခန်းအတွင်းမှ ထွက်ခွာ၍ ကိုးလွှာမြောက်သို့ တက်လာခဲ့သည်။ မကြာမီမှာပင် အစောပိုင်းက အမျိုးသမီး ကျင့်ကြံသူသည် ထိုအခန်းထဲသို့ ပြန်ဝင်လာသည်။ သူသည် ဗလာဖြစ်နေသော ကြမ်းပြင်ကို ကြည့်ကာ ဘာလုပ်ရမှန်း မသိဘဲ မှင်တက်နေတော့၏။
ကောင်းကင်အဆင့် အထူးအကြီးအကဲတွေက တကယ်ပဲ ဒီလောက်တောင် ဆင်းရဲကြတာလား။
ပိုးချည်ထိုင်ခုံပုကိုတောင် သူက ယူသွားတာလား။
မိုးကြိုးသူတော်စင် မျှော်စင်၊ ကိုးလွှာမြောက်။
စုစုပေါင်း ကျင့်ကြံခြင်း အခန်း နှစ်ဆယ့်ခုနစ်ခန်းသာ ရှိသည်။ ရှန်မိုသည် လွတ်နေသော အခန်းတစ်ခုကို ရွေးချယ်ကာ ဝင်လိုက်၏။ ကိုးလွှာမြောက်ရှိ အခန်းများ၏ ဖွဲ့စည်းပုံမှာ သုံးလွှာမြောက်နှင့် အတူတူပင် ဖြစ်သည်။ သို့သော် မိုးကြိုးဝိညာဉ် စွမ်းအားများ၏ သိပ်သည်းမှုမှာမူ အဆတစ်ရာထက်မက ပိုမိုများပြားလှသည်။ လေထုထဲတွင်ပင် မြင်တွေ့နိုင်သော လျှပ်စီးပွင့်များဖြင့် တဖျတ်ဖျတ် တောက်နေသယောင် ရှိသည်။
ရှန်မို လက်ကို မြှောက်လိုက်ရာ ရွှေရောင်ရှိသော 'ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်' မှာ သူ၏ လက်ဖဝါးတွင် ပေါ်လာသည်။ ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်မှာ ဤပတ်ဝန်းကျင်ကို အလွန်နှစ်သက်ပုံရသည်။ ယင်းသည် ကြမ်းပြင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး မလှုပ်မယှက် နေနေတော့သည်။ ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအားများမှာ ယင်းထံသို့ ရေတံခွန်ကဲ့သို့ စီးဝင်သွားကြသည်။
ရှန်မိုမှာ ထိုင်ခုံပုပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး နဂါးဘိုးဘေး၏ အကြွင်းအကျန်များ ပါရှိသော သွေးရောင်ပုံဆောင်ခဲကို စိုက်ကြည့်နေမိသည်။ "စစ်မှန်သော နဂါးတာအို ကျမ်းစာ၊ စစ်မှန်သော နဂါး မြင့်မြတ်သော အတတ်ပညာ... ဒါက ဘယ်လောက်တောင် စွမ်းအားကြီးမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် တောက်လောင်နေတော့၏။
Chapter 668: ကောင်းကင်ဘုံ ရွေးချယ်မှု
ရှန်မိုသည် သွေးရောင်ပုံဆောင်ခဲကို သူ၏ ဇီဝစွမ်းအင်များဖြင့် လွှမ်းခြုံလိုက်သည်။ မကြာမီမှာပင် ပုံဆောင်ခဲမှာ စတင်အရည်ပျော်လာတော့၏။ စင်ကြယ်သော သွေးအဆီအနှစ် အမျှင်တန်းလေးများသည် ရှန်မို၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကြသည်။ သို့သော်လည်း ထိုလုပ်ငန်းစဉ်မှာ အလွန်အမင်း နှေးကွေးလှသည်။ ဤသွေးရောင်ပုံဆောင်ခဲမှာ ရှေးဟောင်း ရှားပါးသားရဲတစ်ကောင်၏ အဆီအနှစ်ဖြင့် ဖွဲ့စည်းထားပုံရသည်။ နှစ်ပေါင်း ထောင်သောင်းချီသော အချိန်နှင့် ပြောင်းလဲမှုများကြောင့် ယင်းမှာ အလွန်အမင်း မာကျောခိုင်မာနေပြီ ဖြစ်သည်။ သာမန် နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက်မူ နှစ်ပေါင်းတစ်ရာပင်လျှင် ယင်း၏ အစိတ်အပိုင်း အနည်းငယ်ကို အရည်ပျော်စေရန် မလုံလောက်ပေ။ သို့သော် ရှန်မိုသည် 'နတ်ဘုရားဆင်ပြောင် အကျဉ်းထောင်နှိမ်နင်းရေး စွမ်းအား' ကို ကျင့်ကြံထားသူဖြစ်ရာ အလွန်အမင်း အားကောင်းသော သွေးအဆီအနှစ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူ၌ 'ကောင်းကင်မြေပြင် မီးဖိုနည်းစနစ်' လည်း ရှိနေသေးသည်။ ဤနည်းစနစ်မှာ ကောင်းကင်အောက်ရှိ အရာအားလုံးကို သန့်စင်ရန်အတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ယင်းသည် သွေးရောင်ပုံဆောင်ခဲ အရည်ပျော်နှုန်းကိုလည်း မြန်ဆန်စေနိုင်သည်။
ရှန်မို ခဏမျှ စဉ်းစားပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အခြားပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ နက်မှောင်သော အပြာရောင်ရှိပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံများ ထွင်းထုထားသည့် အိုးကြီးတစ်လုံးပင်။
'မြရောင် သံသရာအိုး' ပင် ဖြစ်တော့သည်။ ဤရတနာသည် တာအိုအမှတ်အသားများ လောင်ကျွမ်းမှုကို မြန်ဆန်စေသည်။ ရှန်မိုအနေဖြင့် တာအိုအမှတ်အသား ၂၅၀ အထိ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းမှာ ဤအိုး၏ အကူအညီကြောင့်လည်း အများကြီး ပါဝင်သည်။ ယင်းတွင် အခြားအသုံးဝင်ပုံတစ်ခုလည်း ရှိသေးသည်မှာ ကောင်းကင်နှင့် မြေပြင်မှ ရတနာများကို သန့်စင်ပေးနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဆေးဖက်ဝင် အဆီအနှစ်များကို အညစ်အကြေးများနှင့် အဆိပ်အတောက်များမှ ခွဲထုတ်ပေးနိုင်သည်။ ရှုပ်ထွေးနေသော ဆေးစွမ်းအင်များကို စင်ကြယ်သော အရာများအဖြစ် ပြောင်းလဲပေးနိုင်သည်။ သွေးရောင်ပုံဆောင်ခဲကို သန့်စင်ရာတွင်လည်း ဤအိုးက ကူညီနိုင်လိမ့်မည်ဟု ရှန်မို တွေးလိုက်၏။
ထင်ထားသည့်အတိုင်းပင် သူသည် သွေးရောင်ပုံဆောင်ခဲကို မြရောင် သံသရာအိုးထဲသို့ ထည့်လိုက်သည့် ခဏ၌ပင် အရည်ပျော်နှုန်းမှာ သိသိသာသာ မြန်ဆန်လာတော့သည်။ ယခုမူ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော အရှိန်မျိုး ဖြစ်နေပြီ ဖြစ်သည်။
"ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ် ဆယ်နှစ်အတွင်းမှာ အကုန်လုံး အရည်ပျော်သွားလိမ့်မယ်"
"အတော်ပဲ…. ဒီသွေးရောင်ပုံဆောင်ခဲမှာ အလွန်စင်ကြယ်တဲ့ သွေးစွမ်းအင်တွေ ပါဝင်နေတယ်… ဒါက ငါ့ရဲ့ နတ်ဘုရားဆင်ပြောင် အကျဉ်းထောင်နှိမ်နင်းရေး စွမ်းအား ကျင့်ကြံမှုကိုလည်း အများကြီး အထောက်အကူပြုမှာပဲ"
ရှန်မို ပြုံးလိုက်သည်။
ဝူး... ဝူး... ဝူး...
သူ၏ ခန္ဓာကိုယ်အတွင်းမှ ရှေးဟောင်းဆင်ပြောင်ကြီးများ၏ နားကွဲလုမတတ် ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ စစ်ဆင်ပြောင် သန်းပေါင်း ရှစ်ရာ့လေးဆယ်မှာ ကြယ်တာရာ ကောင်းကင်ယံကို ဖြတ်ကျော်ကာ ဂြိုဟ်များကို နင်းခြေပြီး ဟင်းလင်းပြင်ကို ရိုက်ခွဲနေကြသည်။ ၎င်းတို့၏ မြေလှုပ်မတတ် ဟိန်းဟောက်သံများသည် သေးငယ်သော ကျင့်ကြံခြင်း အခန်းအတွင်း၌ ပဲ့တင်ထပ်နေတော့သည်။ သို့သော်လည်း အပြင်ဘက်သို့မူ အသံတစ်စက်ကလေးမျှ ထွက်မသွားပေ။
အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ သွေးရောင်ပုံဆောင်ခဲမှာ တဖြည်းဖြည်း အရည်ပျော်လာ၏။ ရှန်မို၏ ခန္ဓာကိုယ်အတွင်းရှိ ရှေးဟောင်း ခန့်ညားသော အရှိန်အဝါမှာလည်း အချိန်နှင့်အမျှ ပိုမိုအားကောင်းလာတော့သည်။
တစ်ချိန်တည်းမှာပင် အရှေ့ပြည်နယ်၊ တောင်ပိုင်းနယ်မြေ။ မှောင်မိုက်ပြီး ရှေးကျသော မြေအောက် အပျက်အစီးများ၏ အနက်ရှိုင်းဆုံးနေရာ။
နှစ်ပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်ကာ မှောင်အတိ ကျနေခဲ့သော နေရာတစ်ခု။
ဤနေရာတွင် ဟိန်းဟောက်သံများဖြင့် နယ်မြေကို တုန်ခါစေသော သားရဲများသာ အစိုးရကြသည်။
ရုတ်တရက် ရှေးကျပြီး ငြိမ်သက်နေသော အာကာသ ကူးပြောင်းခြင်း အစီအရင်မှာ စတင် တောက်ပလာတော့သည်။ မှောင်မည်းနေသော ထောင့်တစ်ခုမှ အနီရောင် အလင်းစက်ပေါင်း များစွာမှာ ပေါ်ထွက်လာပြီး အစီအရင်ဆီသို့ စိုက်ကြည့်နေကြသည်။ ခဏအကြာတွင် အစီအရင်အတွင်းမှ ပုံရိပ်တစ်ခုသည် လူသူကင်းမဲ့သော အပျက်အစီးများထဲသို့ လှမ်းဝင်လာသည်။ သူ၏ ရုပ်ရည်မှာ အေးစက်ပြီး ခန့်ညားလှကာ
ဓားကဲ့သို့သော မျက်ခုံးများနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်လုံးများ ရှိသည်။ သူကား ယဲ့ယန် ပင် ဖြစ်တော့သည်။
ယခင်က သူ တောင်ပိုင်းကောင်းကင်ကျွန်းစုသို့ ရောက်ရှိခဲ့ပြီး သွေးနေဓားဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဂိုဏ်းချုပ် ရှုန့်ထျန့်ရှင်း၏ တပည့်ဖြစ်လာခဲ့ပြီး မြရောင်လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ခဲ့သည်။ အထွတ်အထိပ် အလောင်းတော် အရှင်သခင်သည် အသေအချာ ပြန်လည် နိုးထလာမည်ဟု သူ ယုံကြည်ခဲ့သော်လည်း အစီအစဉ်မှာ လွဲချော်သွားခဲ့သည်။ သွေးနေဓားဂိုဏ်းနှင့် မိုးကြိုးငါးပါးတောင်ဂိုဏ်း နှစ်ခုလုံးမှာ ချေမှုန်းခံလိုက်ရသည်။ သူသည် ရှန်မိုနှင့်ပင် ဆုံတွေ့ခဲ့ပြီး အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရ၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ လျင်မြန်သော တုံ့ပြန်မှုကြောင့် အချိန်မီ ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက သူ ကျွန်းစုများ၏ ရေနက်ပိုင်းပင်လယ်တွင် 'စစ်မှန်သော ကိုယ်ခံပညာ ကောင်းကင်နှိမ်နင်းရေး တံဆိပ်' ကို ရရှိခဲ့သည်။ လင်းတုံထျန်း၏ လမ်းညွှန်မှုဖြင့် သူသည် မေ့လျော့ခြင်း ခံထားရသော အာကာသ ကူးပြောင်းခြင်း အစီအရင် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအစီအရင်၏ အခြားတစ်ဖက်မှာ ယခင်က 'ကိုယ်ခံပညာ ဘိုးဘေး' အသုံးပြုခဲ့သော လှိုဏ်ဂူတစ်ခုဆီသို့ ဦးတည်နေသည်။ လွန်ခဲ့သော အချိန်များစွာက ကိုယ်ခံပညာ ဘိုးဘေးသည် အရှေ့ပြည်နယ်ရှိ အင်အားစု ဒါဇင်ကျော်၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ဤလှိုဏ်ဂူအတွင်းမှာပင် သူ ဒဏ်ရာများ ကုသခဲ့ပြီး တာအိုအမှတ်အသား တစ်ရာနှင့်အတူ နိဗ္ဗာန်နယ်ပယ်သို့ တက်လှမ်းကာ သူ့ကို လိုက်လံ ဖမ်းဆီးသူများကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် အရှေ့ပြည်နယ်တစ်ခွင်တွင် ကျော်ကြားလာခဲ့သည်။
ယခုအခါ ကိုယ်ခံပညာ ဘိုးဘေး၏ လှိုဏ်ဂူဟောင်းကို ရောက်ရှိနေပြီဖြစ်ရာ ဤအခွင့်အရေးကို လက်လွှတ်ရန် အကြောင်းမရှိပေ။ သဘာဝကျစွာပင် ယဲ့ယန်သည် သူ၏ ကံကောင်းမှုများကို ရှာဖွေရန် ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော် သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အနီရောင် အလင်းစက်များမှာ သူ့ထံသို့ တိုးဝင်လာကြသည်။
"မင်းတို့လို တိရစ္ဆာန်တွေက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတာလား"
ယဲ့ယန် အသင့်ပြင်ထားပြီးသား ဖြစ်သည်။
သူ အေးစက်စွာ ရယ်မောလိုက်ပြီး လက်ဖဝါးကို လှန်လိုက်ရာ အာဏာစက်ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော တံဆိပ်တစ်ခု ကျဆင်းလာတော့သည်။ ယင်းကား စစ်မှန်သော ကိုယ်ခံပညာ ကောင်းကင်နှိမ်နင်းရေး တံဆိပ် ပင် ဖြစ်တော့သည်။
ဝုန်း!
ကြီးမားလှသော တံဆိပ်ကြီးမှာ အောက်သို့ ကျဆင်းလာသည်။ တောင်တစ်လုံးကဲ့သို့ လေးလံသော ယင်း၏ အလေးချိန်မှာ သားရဲကြီးကို ဖိချလိုက်၏။
ရှူး... !
သားရဲကြီးမှာ နာကျင်စွာ အော်ဟစ်ရင်း အမှောင်ထဲသို့ လွင့်စင်သွားသည်။ လေထဲတွင်ပင် သွေးများ ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ စင်ဟပ်သွားတော့သည်။
"ညစ်ပတ်တဲ့ သတ္တဝါ… အခုထိ ကိုယ့်ကိုယ်ကိုယ် မပြဘဲ အရှုံးမပေးသေးဘူးလား”
ယဲ့ယန် အေးစက်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ အသံမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။ တရှူးရှူးသံများမှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ထို့နောက် ကြီးမားလှသော မြွေကြီးတစ်ကောင်မှာ အမှောင်ထဲမှ တွားသွား ထွက်ပေါ်လာပြီး ယဲ့ယန်၏ ခြေရင်းတွင် ရိုသေစွာ ဝပ်စင်းလိုက်သည်။
အလိမ္မာဆုံး အစေခံတစ်ဦးကဲ့သို့ပင်။
၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမှာ စစ်မှန်သော ကိုယ်ခံပညာ ကောင်းကင်နှိမ်နင်းရေး တံဆိပ်ကြောင့် ကြေမွလုနီးပါး ဖြစ်နေသည်။ အကြေးခွံများ ကွဲအက်ကာ အရေပြားများ ပေါက်ပြဲနေပြီး သွေးများ စီးကျနေသည်။ သို့သော်လည်း ၎င်းသည် ဒေါသအရိပ်အယောင် အနည်းငယ်မျှပင် မပြရဲပေ။ စစ်မှန်သော ကိုယ်ခံပညာ ကောင်းကင်နှိမ်နင်းရေး တံဆိပ်၏ ကြောက်မက်ဖွယ် စွမ်းအားကို ၎င်းသည် မြွေဥဘဝကတည်းက ခံစားခဲ့ဖူးသည်။ ယခု ထိုတံဆိပ် ပြန်လည် ပေါ်ထွက်လာသည်ကို မြင်တွေ့ရချိန်တွင်မူ ၎င်းအနေဖြင့် ပြန်လည် တိုက်ခိုက်ရန် အကြံမရှိတော့ပေ။
ယဲ့ယန် ချက်ချင်းပင် သွေးတစ်စက်ဖြင့် ကတိကဝတ်ပြုကာ ထိုမြွေကြီးကို ယဉ်ပါးအောင် ပြုလုပ်လိုက်သည်။ ထိုအခါမှသာ သူ ကျေနပ်သော အပြုံးတစ်ခုကို ပြသလိုက်တော့သည်။ သူ၏ စိတ်ထဲတွင် လင်းတုံထျန်း၏ အသံ ထွက်ပေါ်လာသည်။
"ကောင်းတယ်… စစ်မှန်သော ကိုယ်ခံပညာ ကောင်းကင်နှိမ်နင်းရေး တံဆိပ်လည်း ရပြီ… သွေးရောင်မြွေရိုင်းကိုလည်း မင်း နိုင်လိုက်ပြီ”
လင်းတုံထျန်း အားရပါးရ ရယ်မောလိုက်သည်။
သွေးရောင်မြွေရိုင်းမှာ ကိုယ်ခံပညာ ဘိုးဘေးက ဤနေရာတွင် ထားခဲ့ခြင်း ဖြစ်ပြီး မူလက မြွေဥတစ်လုံးသာ ဖြစ်သည်။ သူသည် ၎င်းကို အဖော်သားရဲအဖြစ် မွေးမြူရန် ရည်ရွယ်ခဲ့သော်လည်း အလျင်စလို ထွက်ခွာသွားခဲ့ရသဖြင့် ပြန်မလာနိုင်ခဲ့ပေ။ ဥမှ ပေါက်ဖွားလာပြီးနောက် သွေးရောင်မြွေရိုင်းမှာ လှိုဏ်ဂူအတွင်း ပိတ်မိနေခဲ့ပြီး အပြင်သို့ မထွက်နိုင်ခဲ့ပေ။ ယခုမူ ယင်းမှာ ယဲ့ယန်၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့ပြီ။ ဤအရာအားလုံးကို ယဲ့ယန်တစ်ယောက် သွေးနေဓားဂိုဏ်းတွင် ရှိနေစဉ်ကတည်းက လင်းတုံထျန်း ပေးအပ်ခဲ့သော သတင်းအချက်အလက်များအရ သိရှိထားပြီးသား ဖြစ်သည်။
ရှောင်ဖန်မှ ခပ်တိုးတိုး ပြောလိုက်သည်။
"ဒီလှိုဏ်ဂူက ကိုယ်ခံပညာ ဘိုးဘေးရဲ့ နယ်မြေပဲ… အတွင်းမှာ နတ်ဘုရားဆေးလုံးတွေနဲ့ ရှားပါးဆေးဖက်ဝင် အပင်တွေ အများကြီး ရှိနေမှာ အသေအချာပဲ"
"မင်းရဲ့ နတ်ဘုရား ရုပ်သွင်တော်ကို နိုးထစေဖို့ လိုအပ်တဲ့ ရတနာတွေကိုလည်း ဒီမှာ ရှာတွေ့နိုင်ဖို့ များတယ်"
"ယဲ့ယန်… မင်း ဒီနေရာမှာပဲ နေပြီး လေ့ကျင့်တာ အကောင်းဆုံးပဲ… နိဗ္ဗာန်နယ်ပယ် တာအိုအမှတ်အသား သုံးဆယ် ဒါမှမဟုတ် လေးဆယ်လောက် ရောက်မှ အပြင်ထွက်ပါ"
ယဲ့ယန် အလေးအနက် ခေါင်းညိတ်လိုက်သည်။
"ငါလည်း အဲဒီလိုပဲ ရည်ရွယ်ထားတာပါ"
သူ၏ စိတ်ဓာတ်များမှာ မြင့်တက်နေပြီး သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုနှင့် ရည်မှန်းချက်များ အထင်အသား ပေါ်လွင်နေသည်။
"အခု ငါ ရှန်မိုကို ခါချနိုင်ခဲ့ပြီဆိုတော့ ငါ့ရဲ့ ကံကောင်းမှုတွေကို ဘယ်သူမှ လာတားနိုင်မှာ မဟုတ်တော့ဘူး”
"ငါ အပြင်ကို ပြန်ထွက်လာတဲ့အချိန်ကျရင် အရှေ့ပြည်နယ်ဟာ ငါ ယဲ့ယန်အတွက် နေရာဖယ်ပေးရလိမ့်မယ်”
ဆယ်နှစ် ကြာပြီးနောက် မိုးကြိုးသူတော်စင် မျှော်စင်။
ကိုးလွှာမြောက် ကျင့်ကြံခြင်း အခန်း ရှန်မို၏ ခန္ဓာကိုယ်အတွင်းမှ အဆုံးမရှိသော ရှေးဟောင်း စစ်ဆင်ပြောင်ကြီးများ၏ ဟိန်းဟောက်သံမှာ ရုတ်တရက် ငြိမ်သက်သွားသည်။
စစ်ဆင်ပြောင် သန်းပေါင်း ရှစ်ရာ့လေးဆယ်မှာ ဘုရင်တစ်ပါးကို ကြိုဆိုနေကြသကဲ့သို့ပင်။
ဝူး... !
အားကောင်းပြီး ခန့်ညားလှသော ဆင်ပြောင်ကြီးများ၏ ဟိန်းဟောက်သံ ဆယ်ကြိမ် ထွက်ပေါ်လာသည်။ ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားသည်။ ကောင်းကင်နှင့် မြေပြင်ကို ဆွဲဆုတ်လိုက်သကဲ့သို့ပင်။ အဆုံးမရှိသော စစ်ဆင်ပြောင်ကြီးများသည် တိတ်ဆိတ်သွားကြပြီး အသံတစ်ချက်မျှ မထွက်ရဲကြတော့ပေ။ ၎င်းတို့၏ ဘုရင် မွေးဖွားလာခြင်းကို ဒူးထောက် ဦးညွှတ် အလေးပြုနေကြသကဲ့သို့ပင်။
ထိုအချိန်တွင် ရှန်မို မျက်လုံးဖွင့်လိုက်သည်။ သူ၏ သွေးစွမ်းအင်များမှာ ပြင်းထန်သော ရေတံခွန်ကြီးတစ်ခုကဲ့သို့ အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး သူ့ကို ဝန်းရံထားသည်။
သူ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သွေးစွမ်းအင်များသည် အနက်ရောင်ရှိသော ရှေးဟောင်း မြင့်မြတ်သည့် လှံတော်ကြီးတစ်ခုအဖြစ် စုစည်းသွားတော့သည်။ ၎င်း၏ ပုံသဏ္ဌာန်နှင့် အရှိန်အဝါမှာ ယခင်က 'ငရဲကမ္ဘာ နတ်ဘုရားလှံ' နှင့် လုံးဝ ကွဲပြားခြားနားလှသည်။ အကယ်၍ ယခင်လှံမှာ ကောင်းကင်နှင့် ငရဲတစ်ခွင်ရှိ ရန်သူများကို သတ်ဖြတ်ရန် သွန်းလုပ်ထားသော နတ်ဘုရားလက်နက် ဖြစ်ခဲ့လျှင် ဤအနက်ရောင် မြင့်မြတ်လှံတော်မှာမူ ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး ရန်သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ အမြစ်ပြတ် ချေမှုန်းရန် သွန်းလုပ်ထားခြင်း ဖြစ်သည်။
လှံတော်ကို ဆုပ်ကိုင်ထားရင်း ရှန်မို မျက်လုံးမှိတ်လိုက်သည်။ ရုတ်တရက် သူ၏ ပတ်ဝန်းကျင်ရှိ အတားအဆီး အားလုံးမှာ အစအနပင် မကျန် ပျောက်ကွယ်သွားတော့သည်။ အရာအားလုံးမှာ ရှင်းလင်း ကြည်လင်သွားသည်။ သူသည် ဘေးအခန်းတွင် တိတ်ဆိတ်စွာ ကျင့်ကြံနေသော ကိုယ်လုံးကိုယ်ပေါက် လှပသည့် အမျိုးသမီး ကျင့်ကြံသူကို မြင်နေရသည်။ သူ၏ ဘေးတွင် လွင့်မျောနေသော ရှုပ်ထွေးသည့် ဟင်းလင်းပြင် စွမ်းအားလှိုင်းများကို မြင်နေရပြီး ဟင်းလင်းပြင် ပိုးကောင်အုပ်စုများမှာ သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလာရင်း သားရဲတစ်ကောင်ကို လိုက်လံ ဖမ်းဆီးနေကြသည်ကိုလည်း မြင်နေရသည်။
ရုတ်တရက် ရှန်မို အနက်ရောင် လှံတော်ကို ပစ်လွှတ်လိုက်သည်။
ရှပ်!
လှံတော်သည် ဟင်းလင်းပြင်ကို ဆွဲဖြတ်ကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။ ယင်း ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ လှံဖျားသည် ထူးဆန်းသော အနက်ရောင် သားရဲကြီး တစ်ကောင်ကို ဖောက်ထွင်းသွားခဲ့ပြီ ဖြစ်သည်။
ထိုသားရဲမှာ မျက်လုံးလေးလုံး၊ ခြေထောက် တစ်ဆယ့်နှစ်ချောင်းနှင့် ထက်မြက်သော မေးရိုးများ ရှိသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ ကြမ်းတမ်းသော အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ အလွန် စိတ်မသက်မသာ ဖြစ်စရာ ကောင်းလှ၏။ ဤသတ္တဝါမှာ ဟင်းလင်းပြင် ပိုးကောင် ဖြစ်ပြီး ၎င်းတို့မှာ အုပ်စုလိုက် သွားလာကာ အစာအာဟာရနယ်ပယ်မှ အစွမ်းထက်သော သားရဲများကို လိုက်လံ ဖမ်းဆီး စားသောက်လေ့ရှိသည်။
"ဟင်းလင်းပြင် ပျက်စီးခြင်း မြင့်မြတ်လှံ"
ရှန်မို စကားလုံးများကို ခပ်တိုးတိုး ရေရွတ်လိုက်ရာ သူ၏ နှုတ်ခမ်းတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
Chapter 669: နဂါးဘိုးဘေး အကြွင်းအကျန်
ဤလှံ၏ အကြီးမားဆုံးသော စွမ်းပကားမှာ ဟင်းလင်းပြင်ကို ဖောက်ထွင်းနိုင်ပြီး အာကာသကို ဖြတ်ကျော်ကာ ရန်သူများကို လိုက်လံ အမဲလိုက်နိုင်ခြင်းပင် ဖြစ်သည်။ ထိုဟင်းလင်းပြင် ပိုးကောင်မှာ သူ ခုနက မြင်တွေ့ခဲ့ရသည့် ကောင်းကင်ယံတစ်ခုလုံး ပျံ့နှံ့နေသော အုပ်စုကြီး၏ အဖွဲ့ဝင်ပေါင်းများစွာထဲမှ တစ်ကောင်သာ ဖြစ်၏။ "ဆယ်နှစ်တောင် ကြာသွားတာပဲ... နောက်ဆုံးတော့ ငါ နဂါးဆင်ပြောင် အမှုန်အမွှား ဆယ်ခုကို နိုးထစေနိုင်ခဲ့ပြီး နဂါးဆင်ပြောင် ကျမ်းစာရဲ့ ပထမအဆင့်ကို တတ်မြောက်သွားပြီ"
ရှန်မို ကျေနပ်စွာ ပြုံးလိုက်သည်။ သွေးရောင်ပုံဆောင်ခဲထဲမှာ ပါဝင်သည့် အားကောင်းပြီး ရှေးကျသော သွေးစွမ်းအင်များသာ မရှိခဲ့လျှင် သူ ဤနဂါးဆင်ပြောင် အမှုန်အမွှား ဆယ်ခုကို ဤမျှ လျင်မြန်စွာ နိုးထစေနိုင်လိမ့်မည် မဟုတ်ပေ။
ရှန်မို အောက်သို့ ပြန်ငုံ့ကြည့်လိုက်သည်။ နဂါးဘိုးဘေး၏ အရိုးအပိုင်းအစမှာ ယခုအခါ လေထဲတွင် လွင့်မျောနေသည်ကို သူ သတိပြုမိလိုက်၏။ ယင်းသည် သွေးရောင်ပုံဆောင်ခဲအတွင်း ပိတ်မိနေခြင်း မရှိတော့ပေ။ အားလုံးကို သန့်စင်ပြီး စုပ်ယူလိုက်နိုင်သည်မှာ ထင်ရှား၏။
ရှန်မို ထိုအရာကို အနီးကပ် စူးစမ်းကြည့်လိုက်သည်။ ထိုခဏ၌ပင် နဂါးဘိုးဘေး၏ အရိုးအကြွင်းအကျန်များထံမှ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး သူ၏ အသိစိတ်ထဲသို့ တိုက်ရိုက် ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာချိန်တွင်မူ ရှေးဟောင်း သမိုင်းခေတ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရပြီး ဖုန်မှုန့်လေးတစ်ခုကဲ့သို့ အသေးအဖွဲလေးသာ ဖြစ်နေတော့သည်။
အထက်ကောင်းကင်ယံ၌ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်သော အတောင်ပံများရှိသည့် ကြီးမားလှသော လင်းယုန်ကြီးတစ်ကောင် ပျံသန်းသွားသည်။ ထိုလင်းယုန် ရောက်ရှိရာ အရပ်တိုင်းတွင် မြေပြန့်ပြင်မှ မုန်တိုင်းများ တိုက်ခတ်လာတော့၏။ ရေတွက်မရနိုင်သော ကျောက်တုံးကြီးများနှင့် မြင့်မားသော သစ်ပင်ကြီးများ လေထဲသို့ လွင့်ပါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းများကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း ဟိန်းဟောက်သံတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်သွားရာ
လေဆင်နှာမောင်းများ ချက်ချင်းပင် ကွဲအက် ပျောက်ကွယ်သွားတော့သည်။ ကောင်းကင်ကို ဖုံးလွှမ်းထားသော လင်းယုန်ကြီးမှာလည်း အရိပ်အယောင်ပင် မကျန် ပျောက်ကွယ်သွား၏။
ရှန်မို အဝေးရှိ ကောင်းကင်ယံဆီသို့ အမြန် လှမ်းကြည့်လိုက်သည်။ ထိုအခါ ဝေးလံသော အရပ်မှ လေကိုစီး၍ လာနေသော နတ်ဘုရားနဂါးတစ်ကောင်ကို သူ မြင်လိုက်ရသည်။ ထိုနဂါး၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကျိုးပဲ့နေသော လက်နက်များစွာမှာလည်း စိုက်ဝင်နေသည်။ ယင်း၏ ဦးချိုများ ကျိုးပဲ့နေကာ အကြေးခွံများမှာလည်း ကွာကျနေသည်။ ညိုမှောင်သော သွေးများမှာ ယင်း၏ ဝမ်းဗိုက်မှတစ်ဆင့် မြေပြင်ပေါ်သို့ စီးကျနေ၏။ သို့သော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးမှာပင် ယင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရှေးဟောင်း အရှိန်အဝါမှာ အချိန်မြစ်ကို ဖြတ်ကျော်ကာ ရှန်မိုကို မှင်တက်သွားစေသည်။
ထိုအချိန်တွင် နတ်ဘုရားနဂါးမှ ရှန်မိုကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ ယင်းမှာ ခဏတာမျှ ကြည့်လိုက်ခြင်းသာ ဖြစ်သော်လည်း ရှန်မိုကို သတိပြန်ဝင်လာစေရန် လုံလောက်ခဲ့၏။
သူ ပြန်ကြည့်လိုက်သောအခါ ထိုရှေးဟောင်းမြေပြင်တွင် ရှိမနေတော့ပေ။ ကျင့်ကြံခြင်း အခန်းထဲတွင်သာ ထိုင်လျက် ရှိနေသေးသည်။ နဂါးဘိုးဘေး၏ အရိုးမှာလည်း အရင်အတိုင်းပင်။ မည်သည့် အပြောင်းအလဲမှ မရှိပေ။ "ဒါဟာ နဂါးဘိုးဘေးရဲ့ အရိုးဖြစ်နေတာ အံ့သြစရာ မဟုတ်တော့ဘူး..."
ရှန်မို၏ စိတ်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ စစ်မှန်သော နဂါးဘိုးဘေးသည် မည်မျှအထိ မြင့်မားသော ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိခဲ့သနည်း။ ထိုတစ်ချက် ကြည့်လိုက်ခြင်းမှာ တကယ်ပင် ထိတွေ့၍ ရနိုင်လောက်သည်အထိ ခံစားခဲ့ရသည်။ စကြဝဠာ၏ ဝေးလံသော ထောင့်တစ်နေရာမှနေ၍ နဂါးဘိုးဘေးသည် သူ့ကို တကယ်ပဲ လှမ်းကြည့်လိုက်သကဲ့သို့ပင်။
ထိုခဏ၌ ရှန်မိုသည် သူ၏ စိတ်ထဲတွင် ရွှေရောင် ကျမ်းစာအမျှင်တန်းလေးများ ဝဲပျံနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အမြန်ပင် စိတ်ကို တည်ငြိမ်အောင် ထားကာ စိတ်အာရုံကို အတွင်းသို့ လှည့်၍ ကျမ်းစာများကို စတင် လေ့လာတော့သည်။ ဤရွှေရောင် ကျမ်းစာများသည် လူသားဘာသာစကားဖြင့် ရေးသားထားခြင်း မဟုတ်ပေ။ ၎င်းတို့မှာ တွန့်လိမ်နေပြီး ခန့်ညားထည်ဝါမှုများဖြင့် ပြည့်နှက်နေ၏။ ဤသည်မှာ နဂါးမျိုးနွယ်စု၏ ဘာသာစကား ဖြစ်သည်။ သို့သော်လည်း ရှန်မိုသည် ယခင်က နဂါးမျိုးနွယ်စု၏ ကျောက်စာချပ်များနှင့် အထိမ်းအမှတ် အဆောက်အအုံများစွာကို လေ့လာခဲ့ဖူးရာ ထိုစာပေအပေါ်တွင် သိသိသာသာ နားလည်ထားပြီးသား ဖြစ်သည်။ ဤကျမ်းစာများမှာ ပို၍ ရှေးကျသော်လည်း အများစုကို နားလည်နိုင်ဆဲ ဖြစ်၏။ သူ မမှတ်မိသော စာလုံးများကိုမူ ရှေ့နောက် အကြောင်းအရာများအရ အဓိပ္ပာယ် ဖော်ဆောင်လိုက်သည်။
နောက်ထပ် ဆယ်ရက် ကုန်ဆုံးသွားသည်။ ရွှေရောင် ကျမ်းစာများမှာ သူ၏ စိတ်ထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူ့စိတ်ထဲတွင် တစ်ခါမှ ပေါ်မလာခဲ့ဖူးသကဲ့သို့ပင်။ ထိုခဏ၌ ရှန်မို မျက်လုံးဖွင့်လိုက်သည်။ မျက်လုံးထဲတွင် ရွှေရောင် နဂါးပုံစံများမှာ ဝဲပျံနေကြ၏။ သူ ကြည့်လိုက်ရာ အရပ်တိုင်းရှိ မာကျောသော ကြမ်းပြင်နှင့် နံရံများပေါ်တွင်ပင် နဂါးစာပေများမှာ ထင်ဟပ်နေသည်။ စက္ကန့် တစ်ရာခန့် ကြာပြီးနောက်တွင်မူ သူ၏ မျက်လုံးများထဲရှိ နဂါးပုံစံများမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ ရှန်မိုလည်း သတိပြန်ဝင်လာကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။
"စစ်မှန်သော နဂါးတာအို ကျမ်းစာ... စစ်မှန်သော နဂါး မြင့်မြတ်သော အတတ်ပညာ… ဒါက တကယ်ပဲ ထူးခြားတာပဲ”
ရှန်မို၏ မျက်လုံးများမှာ ဝမ်းသာအားရ ဖြစ်မှုများကြောင့် တောက်ပနေသည်။ စစ်မှန်သော နဂါးတာအို ကျမ်းစာ၏ စွမ်းအားမှာ သူ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေ၏။ ဤအတတ်ပညာကို လည်ပတ်စေလိုက်လျှင် နဂါးနှင့် ပတ်သက်သော နည်းစနစ်အားလုံးနှင့် ကိုယ်ခံပညာ စွမ်းရည်အားလုံးမှာ အဆပေါင်းများစွာ တိုးတက်လာမည် ဖြစ်သည်။ ဤအတတ်ပညာသည် နဂါးမျိုးနွယ်စုအား ခေတ်အဆက်ဆက် အလှုပ်အခတ် မရှိဘဲ တည်တံ့စေခဲ့သော အခြေခံ အုတ်မြစ်ပင် ဖြစ်လေသည်။
စစ်မှန်သော နဂါးတာအို ကျမ်းစာကို ခုနစ်ဆင့် ခွဲခြားထားသည်။ နဂါးမျိုးနွယ်စုသည် သဘာဝအလျောက်ပင် အစွမ်းထက်၏။ စစ်မှန်သော နဂါးတစ်ကောင်သည် မွေးဖွားလာသည့် အချိန်မှစ၍ အနည်းဆုံး နဂါးဘုရင် အဆင့် ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ ယင်းမှာ နတ်ဆိုးများကြားရှိ နတ်ဆိုးဘုရင် သို့မဟုတ် လူသားများကြားရှိ ဝိညာဉ်သန္ဓေ နယ်ပယ်နှင့် ညီမျှသည်။ စစ်မှန်သော နဂါးတာအို ကျမ်းစာကို စစ်မှန်သော နဂါးများအတွက်သာ သီးသန့် ဖန်တီးထားခြင်း ဖြစ်ရာ ယင်း၏ ပထမအဆင့်မှာ နဂါးဘုရင် အဆင့်နှင့် သက်ဆိုင်သည်။ ဒုတိယအဆင့်မှာ နဂါးဧကရာဇ်နှင့် သက်ဆိုင်ပြီး လူသားများ၏ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်နှင့် ညီမျှသည်။ တတိယအဆင့်မှာ နဂါးသခင်နှင့် သက်ဆိုင်ပြီး နတ်ဘုရားနန်းတော် နယ်ပယ်နှင့် ညီမျှသည်။ စတုတ္ထအဆင့်မှာ နဂါးအထူးကဲဆုံး ပုဂ္ဂိုလ်နှင့် ညီမျှသည်။ ပဉ္စမအဆင့်မှာ မဟာနဂါးအထူးကဲဆုံး ပုဂ္ဂိုလ်နှင့် သက်ဆိုင်ပြီး လူသားများ၏ နိဗ္ဗာန်နယ်ပယ်နှင့် ညီမျှသည်။
စစ်မှန်သော နဂါးတာအို ကျမ်းစာ၏ ပထမလေးဆင့်ကို တတ်မြောက်သွားလျှင် အသီးသီး ရရှိမည့် နည်းစနစ်များမှာ မြေလှုပ်နဂါးလက်သီး၊ မြရောင်နဂါးလက်သီး၊ သွေးလောင်နဂါးလက်သီးနှင့် ပလက်တီနမ်နဂါးလက်သီး တို့ ဖြစ်ကြသည်။ အာဏာရှင် နဂါးလက်သီးမှာမူ စစ်မှန်သော နဂါးတာအို ကျမ်းစာအတွက် ကြိုတင် လေ့ကျင့်ထားရမည့် နည်းစနစ်တစ်ခု ဖြစ်သည်။ ရှန်မိုသည် ထိုနည်းစနစ် အားလုံးကို တတ်မြောက်ထားပြီးသား ဖြစ်၏။ သို့သော် ၎င်းတို့ကို ဆက်လက် ကျင့်ကြံရန် လိုအပ်သေးသည်။ ပဉ္စမအဆင့်သို့ တစ်ကြိမ်တည်းဖြင့် တိုက်ရိုက် ခုန်တက်ရန်မှာ မဖြစ်နိုင်ပေ။ ပဉ္စမအဆင့်သို့ ရောက်ရှိလျှင်ပင် နည်းစနစ်မှာ ပလက်တီနမ်နဂါးလက်သီးသာ ဖြစ်နေဦးမည် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ယင်းမှာ ပလက်တီနမ်နဂါးလက်သီး၏ ပထမအဆင့် မြှင့်တင်မှု ဖြစ်သွားပေလိမ့်မည်။ ပိုမို မြန်ဆန်လာမည်။ ပိုမို အားကောင်းလာမည်။ ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့်များကိုမူ အဆင့်မြင့်ဆုံး နဂါးများသာ ကျင့်ကြံနိုင်ပြီး ၎င်းတို့မှာ ပလက်တီနမ်နဂါးလက်သီး၏ နောက်ထပ် မြှင့်တင်မှုများပင် ဖြစ်သည်။ ၎င်းတို့မှာ ဒုတိယအဆင့်နှင့် တတိယအဆင့် မြှင့်တင်မှုများ အသီးသီး ဖြစ်ကြ၏။
"ဒီလို ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ အမည်ပေးစနစ်မျိုးကတော့..."
"နဂါးဘိုးဘေးဟာ အမည်ပေးတဲ့နေရာမှာ သိပ်မတော်ဘူး ထင်တယ်"
ရှန်မို ခေါင်းကို ကုပ်လိုက်သည်။ ပလက်တီနမ်နဂါးလက်သီးမှာ မည်မျှ အစွမ်းထက်ကြောင်း သူ သိထားသည်မှာ ကြာပြီဖြစ်သည်။ ဤရွေ့လျားမှုမှာ အရှိန်အဟုန်၏ အထွတ်အထိပ်ပင်။ ဦးဆောင်မှုကို ရယူရန်ဖြစ်စေ သို့မဟုတ် ရန်သူက ပြန်လည် တုံ့ပြန်ရန် အတင်းအကျပ် လုပ်ဆောင်နေချိန်တွင် တိုက်ခိုက်ရန်ဖြစ်စေ ယင်းမှာ အမြဲတမ်း အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့၏။ အရေးကြီးသော အချိန်များစွာတွင် အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့သည်မှာ ပလက်တီနမ်နဂါးလက်သီးပင် ဖြစ်သည်။ သို့သော်လည်း ယင်း၏ ဖျက်ဆီးနိုင်စွမ်း စွမ်းအားမှာမူ အထူးတလည် မြင့်မားခြင်း မရှိပေ။
သို့သော် ယခု အဆင့်များစွာ မြှင့်တင်လိုက်မည်ဆိုရင်တော့... ပလက်တီနမ်နဂါးလက်သီးကို တိုက်စစ်အတွက်လည်း အသုံးပြုနိုင်တော့မည် ဖြစ်သည်။
ရုတ်တရက် တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် 'ဟင်းလင်းပြင် ပျက်စီးခြင်း မြင့်မြတ်လှံ' က သင့်တော်ပေလိမ့်မည်။ နတ်ဆိုးများကို နှိမ်နင်းရန်အတွက်မူ 'ဟင်းလင်းပြင် ရှေးဟောင်းဓား' ကို အသုံးပြုမည်။ ဦးဆောင်မှု ရယူရန် သို့မဟုတ် ထွက်ပြေးနေသော ရန်သူများကို လိုက်လံ ဖမ်းဆီးရန်အတွက်မူ ပလက်တီနမ်နဂါးလက်သီးမှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူ၏ ဘေးတွင် ထိုက်အာမှ 'နဂါးနက် ကတ်ကြေး အစီအရင်' ကို ထိန်းချုပ်မည်။ ကာကွယ်ရေးအတွက်မူ ဟေးယန်က 'ရွှေရောင် နဂါးအရှိန်အဝါ ဝတ်စုံ' ကို အသုံးပြုမည်။
ထိုအခါ အားနည်းချက်ဟူ၍ လုံးဝ မရှိတော့ပေ။
"အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် အစောကြီး ပွင့်လာဖို့အတွက် အချိန်အတော်လေး လိုသေးတာပဲ"
"ဒီအချိန်ကို သုံးပြီး စစ်မှန်သော နဂါးတာအို ကျမ်းစာကို ဆက်ပြီး ကျင့်ကြံတာ အကောင်းဆုံးပဲ… အကယ်၍ ပဉ္စမအဆင့်ကို ရောက်ပြီး ပလက်တီနမ်နဂါးလက်သီးရဲ့ ပထမအဆင့် မြှင့်တင်မှုကို ရမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မှာပဲ"
ရှန်မို သူ၏ စိတ်ကို တည်ငြိမ်အောင် ထားကာ ဆက်လက် ကျင့်ကြံနေတော့သည်။
...
မိုးကြိုးသူတော်စင် မြို့တော်၊ မြေအောက် ပေတစ်သောင်းခန့် အကွာ။
ကျယ်ဝန်းလှသော လိုဏ်ဂူကြီးတစ်ခုမှာ မြေအောက်တွင် ပုန်းကွယ်နေသော်လည်း မှောင်မည်းနေခြင်း မရှိပေ။ ယင်းအစား တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ အလယ်ဗဟိုသို့ နက်ရှိုင်းစွာ ရောက်လေလေ၊ အလင်းရောင်မှာ ပိုမို တောက်ပလာလေလေ ဖြစ်သည်။ အလယ်ဗဟိုတွင် ကြီးမားပြီး ရှေးကျသော အကျဉ်းထောင်တစ်ခု ရှိနေ၏။ ဤအကျဉ်းထောင်၏ သံတိုင်တိုင်းမှာ သံချေးတက်နေပြီး တဖျတ်ဖျတ် တောက်နေသော လျှပ်စီးများဖြင့် ဝန်းရံထားသည်။ အကျဉ်းထောင်အတွင်း၌ ဘာမှ မရှိသယောင် ထင်ရသော်လည်း အနီးကပ် ကြည့်လိုက်လျှင် တစ်ပေကျော်ခန့် မြင့်သော ကြီးမားသည့် စာအုပ်ကြီးတစ်အုပ်ကို မြင်တွေ့နိုင်သည်။ စာအုပ်၏ မျက်နှာဖုံးနှင့် ကျောရိုးမှာ အဖြူရောင် အရိုးများဖြင့် လုံးဝ သွန်းလုပ်ထားခြင်း ဖြစ်သည်။ ယင်းသည် အကျဉ်းထောင်အတွင်းတွင် လွင့်မျောနေပြီး စာမျက်နှာများမှာ ပွင့်လျက် ရှိနေသည်။ စာမျက်နှာ တစ်ခုစီတွင် သွေးကြောများနှင့် အကြောများစွာဖြင့် ထူထပ်စွာ ရက်လုပ်ထားသည်။ သေသေချာချာ ကြည့်လိုက်လျှင် စာမျက်နှာများကို လူသား၊ နတ်ဆိုးနှင့် နဂါးတို့၏ အရေပြားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
"ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ… သုံးသောင်းလား… ခုနစ်သောင်းလား… တစ်သိန်းလား… ငါ မေ့သွားပြီ"
"မင်း ငါ့ကို အကျဉ်းချထားလို့ ရမှာ မဟုတ်ဘူး..."
နားကွဲမတတ် စူးရှသောအသံတစ်ခုမှာ 'အရိုးစာအုပ်' အတွင်းမှ ထွက်ပေါ်လာသည်။ ယင်းမှာ သံပြားကို လက်သည်းဖြင့် ခြစ်လိုက်သည့် အသံနှင့် တူလှ၏။ အကျဉ်းထောင်မှာမူ တုံ့ပြန်နေသကဲ့သို့ တုန်ခါသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ဂျစ် ဂျစ် ဂျစ်..."
"မင်း စကားတောင် မပြောနိုင်တော့ဘူးပဲ"
"မင်းရဲ့ ဝိညာဉ်ဟာ ပျက်စီးလုနီးပါး ဖြစ်နေပြီ မဟုတ်လား"
"ဒါပေမဲ့ ငါကတော့ အသက်ရှင်နေတုန်းပဲ..."
အရိုးစာအုပ်မှ ထွက်ပေါ်လာသော အသံမှာ ပို၍ ကြမ်းတမ်းပြီး စူးရှလာတော့သည်။ ယင်းနှင့်အတူ တွန့်လိမ်နေသော ရူးသွပ်သည့် ရယ်မောသံလည်း ပါလာသည်။ အကျဉ်းထောင်မှာမူ နိမ့်ပါးသော အသံတစ်ခုဖြင့်သာ တုံ့ပြန်နိုင်တော့သည်။
"နတ်ဆိုး မိုးကြိုးသားရဲ... ငါ့ရဲ့ ချစ်လှစွာသော သားသမီးတို့... မြန်မြန်လာပြီး ငါ့ကို လွတ်မြောက်အောင် ကူညီကြစမ်း..."
အရိုးစာအုပ်မှ ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်သည်။ ထူးဆန်းသော စွမ်းအားလှိုင်းများမှာ အပြင်ဘက်သို့ စတင် ထွက်ပေါ်လာတော့သည်။ ထို့နောက် အကျဉ်းထောင်၏ အပြင်ဘက်သို့ ပျံ့နှံ့သွား၏။ ဤစွမ်းအား အများစုမှာ သံတိုင်များကို ဝန်းရံထားသော မိုးကြိုးအလင်းများကြောင့် လောင်ကျွမ်း ပျက်စီးသွားသော်လည်း အားနည်းသော စွမ်းအားအမျှင်တန်း အနည်းငယ်မှာမူ အကျဉ်းထောင်၏ အပြင်ဘက်သို့ လွတ်ထွက်သွားနိုင်ခဲ့သည်။
အရိုးစာအုပ်မှ အားရပါးရ ရယ်မောလိုက်ပြီး
"ငါ ထင်တာ မှန်တာပဲ… မင်းရဲ့ ဝိညာဉ်ဟာ တကယ်ပဲ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ"
"ငါ လွတ်မြောက်တော့မယ်"