အခန်း (၆၇၀-၆၇၂)
Vol. 45 Ch. 670-672
Chapter 670: ဆူပူအုံကြွခြင်း
မိုးကြိုးသူတော်စင် မြို့တော်။
မျိုးနွယ်စုခေါင်းဆောင်၏ နေအိမ်။
လဲ့ကျန့်ဟယ်တစ်ယောက် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။
ခဏအကြာတွင် လဲ့ချွမ်းသည် အဓိကခန်းမဆောင်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာ၏။ သူ လေသံနှိမ့်၍ ပြောလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ကို သတင်းပို့ပါတယ်… အထွတ်အထိပ် အကြီးအကဲဟောင်းက ကျွန်တော့်ကို ပြန်လွှတ်လိုက်တာပါ"
လဲ့ကျန့်ဟယ်မှ ချက်ချင်းပင်
"မြန်မြန်ပြောစမ်း… အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ရဲ့ အခြေအနေက ဘယ်လိုလဲ"
လဲ့ချွမ်းမှ တည်ငြိမ်စွာဖြင့်
"သိပ်တော့ မကောင်းလှဘူးခင်ဗျ"
"အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်မှာ ဆူပူအုံကြွမှုတွေ ဖြစ်ပြီးတဲ့နောက် အထွတ်အထိပ် အကြီးအကဲ သုံးယောက်က ချက်ချင်း ဝင်ရောက်သွားပြီး နတ်ဆိုး မိုးကြိုးသားရဲတွေရဲ့ ပထမလှိုင်းကို မနည်းနှိမ်နင်းခဲ့ရတယ်"
"အဲဒီ နတ်ဆိုး မိုးကြိုးသားရဲတွေဟာ အကျဉ်းထောင်ရဲ့ ထောင့်အသီးသီးမှာ ပုန်းကွယ်နေခဲ့ကြတာပါ… ပုံမှန်ဆိုရင်တော့ အကျဉ်းထောင်ပွင့်တဲ့ နှစ်တစ်ထောင်ပြည့်တဲ့အခါ အထွတ်အထိပ် အကြီးအကဲတွေက ရှာဖွေပြီး ခြေမှုန်းပစ်ရမှာ ဖြစ်ပါတယ်"
"ကျွန်တော်တို့ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုဟာ ဒီအလုပ်ကို အမှားအယွင်းမရှိ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးပါတယ်"
"ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ သူတို့တွေဟာ ရုတ်တရက် အချက်ပြချက်တစ်ခု ရလိုက်သလိုပဲ… ရူးသွပ်သွားပြီး ကပ်ဘေးပေါင်းစုံ မိုးကြိုးအကျဉ်းထောင်ကို ဝင်ရောက်စီးနင်းဖို့ ကြိုးစားနေကြတယ်"
လဲ့ကျန့်ဟယ် မျက်မှောင်ကြုတ်လျက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"အခုကော ဘယ်လိုလဲ… အထွတ်အထိပ် အကြီးအကဲ သုံးယောက်က ဘာပြောလဲ"
လဲ့ချွမ်းမှ တိုးညှင်းသော အသံဖြင့် ပြောသည်။
"အထွတ်အထိပ် အကြီးအကဲဟောင်း ပြောတာကတော့ နတ်ဆိုး မိုးကြိုးသားရဲတွေဟာ အဆုံးမရှိဘူးတဲ့… သတ်လိုက်ရင်တောင် ပြန်လည် နိုးထလာကြတယ်… အဓိကကတော့ နတ်ဆိုး မိုးကြိုးသားရဲ မျိုးစေ့တွေ ရှိနေလို့ပဲတဲ့"
"အကယ်၍ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် တစ်ခွင်မှာ ပျံ့နှံ့နေတဲ့ နတ်ဆိုး မိုးကြိုးသားရဲ မျိုးစေ့တွေကို ရှာဖွေ ဖျက်ဆီးနိုင်မယ်ဆိုရင် မိုးကြိုးသားရဲတွေဟာ သူတို့ရဲ့ စွမ်းအားအရင်းအမြစ် ဆုံးရှုံးသွားပြီး ပြန်လည် မနိုးထနိုင်တော့ဘူး"
"အဲဒီအချိန်ကျမှပဲ အထွတ်အထိပ် အကြီးအကဲ သုံးယောက်က အကျဉ်းထောင်ထဲကနေ ပြန်ထွက်လာနိုင်လိမ့်မယ်"
လဲ့ကျန့်ဟယ် လေးလံစွာ သက်ပြင်းချမိသည်။ နတ်ဆိုး မိုးကြိုးသားရဲ မျိုးစေ့များသည် အကျဉ်းထောင်၏ မှောင်မိုက်သော ထောင့်တိုင်းတွင် ပေါက်ရောက်နေကြသည်။ ၎င်းတို့သည် မြေပြင်ပေါ်ရှိ ပေါင်းပင်များကဲ့သို့ ပေါက်ရောက်နေနိုင်သလို နတ်ဆိုး သားရဲများတွင် တွယ်ကပ်နေခြင်း သို့မဟုတ် လေထဲတွင်ပင် မမြင်နိုင်ဘဲ လွင့်မျောနေနိုင်ကြသည်။ နတ်ဆိုး မိုးကြိုးသားရဲ မျိုးစေ့များကို အမြစ်ပြတ် သုတ်သင်ရန်အတွက် ကျင့်ကြံသူ တစ်သောင်းမက လိုအပ်ပေလိမ့်မည်။ ထို့ပြင် သူတို့ အားလုံးသည် အနည်းဆုံး တာအိုအမှတ်အသား လေးဆယ်ရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြရပေလိမ့်မည်။
လဲ့ကျန့်ဟယ်မှ အလေးအနက် မေးလိုက်သည်။
"အထွတ်အထိပ် အကြီးအကဲဟောင်းရဲ့ အခြေအနေက ဘယ်လိုလဲ"
လဲ့ချွမ်း မျက်လုံးများမှာ အနည်းငယ် နီမြန်းလာသည်။
"သူ ဒဏ်ရာ အပြင်းအထန် ရထားတယ်ခင်ဗျ"
"အထွတ်အထိပ် အကြီးအကဲဟောင်းက ရှေ့တန်းမှာ တစ်ယောက်တည်း ခုခံနေတာပါ… သူက ပြောတယ်… သူ့ရဲ့ သက်တမ်းဟာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီမို့လို့ နောက်မျိုးဆက်တွေက သူတို့ရဲ့ ခွန်အားကို ထိန်းသိမ်းထားသင့်တယ်တဲ့"
"မျိုးနွယ်စုခေါင်းဆောင်… အခြေအနေက တကယ် စိုးရိမ်ရပါတယ်… ကျွန်တော်တို့ အကူအညီ တောင်းရပါမယ်"
"အခုထက် ပိုပြီး နှောင့်နှေးနေမယ်ဆိုရင် အထွတ်အထိပ် အကြီးအကဲဟောင်းက..."
သူသည် 'ကျဆုံး' ဟူသော စကားလုံးကို ထုတ်မပြောခဲ့ပေ။ ယင်းမှာ အထွတ်အထိပ် အကြီးအကဲဟောင်းအပေါ် အလွန် ရိုသေမှု ကင်းမဲ့ရာ ရောက်မည် ဖြစ်သောကြောင့်ပင်။
လဲ့ကျန့်ဟယ် သူ၏ မေးရိုးကို တင်းတင်းစေ့လိုက်သည်။
အကူအညီ တောင်းရန်။
ရိုးရှင်းသော စကားလုံးများ ဖြစ်သော်လည်း မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ ဂုဏ်သိက္ခာ တစ်ခုလုံးကို ထမ်းပိုးထားရသည်။ သူတို့သာ အကူအညီ တောင်းလိုက်လျှင် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုတွင် မည်သည့်မျက်နှာ ကျန်ပါတော့မည်နည်း။ အရှေ့ပြည်နယ်၏ ကြီးမားသော အင်အားစု ငါးခုထဲတွင် ညစ်ညမ်းသော လမ်းစဉ် တာအိုလက်နက် တစ်ခုကို မနှိမ်နင်းထားသော အင်အားစုဟူ၍ မရှိပေ။ သို့သော်လည်း ယခုအခါ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ 'အရိုးယင် ကျိန်စာ နတ်ဆိုးကျမ်းစာ' က ဆူပူအုံကြွမှု ဖြစ်နေခဲ့ပြီ။
သူတို့ အခြားသော အင်အားစု လေးခုထံမှ စစ်ကူတောင်းရတော့မည်။
ဒါဟာ ဘယ်လောက်တောင် အရှက်ရဖို့ ကောင်းသလဲ။
နောင်တစ်ချိန်တွင် အခြားအင်အားစုများ နှိမ်နင်းထားသော တာအိုလက်နက်များပါ ဆူပူလာခဲ့လျှင်ကော ဘာဆက်ဖြစ်မည်နည်း။
သို့သော်လည်း နောက်ဆုံးတွင်မူ လဲ့ကျန့်ဟယ်သည် အကူအညီ တောင်းရန် ဆုံးဖြတ်လိုက်သည်။
ဂုဏ်သိက္ခာမှာ အရေးကြီးသည်။ သို့သော် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ အထွတ်အထိပ် အကြီးအကဲများက ပို၍ အရေးကြီးသည်။ အကယ်၍ အထွတ်အထိပ် အကြီးအကဲ တစ်ဦး ကျဆုံးသွားခဲ့လျှင် မျိုးနွယ်စု၏ အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအားမှာ အဆင့်များစွာ ကျဆင်းသွားပေလိမ့်မည်။ နောင်တစ်ချိန်တွင် တာအိုလက်နက် ဆူပူမှု ထပ်မံ ဖြစ်ပွားလာလျှင်လည်း သူတို့ အကူအညီ တောင်းရဦးမည်သာ ဖြစ်သည်။ နောက်ကျမှ တောင်းမည့်အစား စောစောတောင်းခြင်းက ပိုကောင်းပေသည်။ အရေးကြုံချိန်တွင် တုံ့ဆိုင်းနေခြင်းမှာ ဘေးဒုက္ခကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်သည်။
"လဲ့ချွမ်း… မျိုးနွယ်စု လက်အောက်မှာ ရှိတဲ့ တာအိုအမှတ်အသား လေးဆယ်နဲ့ အထက် နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတွေ အားလုံးကို ဆင့်ခေါ်လိုက်ပါ"
"ငါ ကိုယ်တိုင်ပဲ အကူအညီ တောင်းခံစာ ပို့လိုက်မယ်"
လဲ့ကျန့်ဟယ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့"
လဲ့ချွမ်း၏ မျက်နှာအမူအရာမှာ တင်းမာသွားတော့သည်။
တစ်နာရီ အကြာတွင်။
မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ တာအိုအမှတ်အသား လေးဆယ်နှင့် အထက်ရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ အားလုံးမှာ သူတို့၏ အမှတ်အသား တံဆိပ်ပြားများ တုန်ခါလာသည်ကို ခံစားလိုက်ရသည်။
ရှန်မို၏ တံဆိပ်ပြားလည်း ထိုနည်းတူပင်။
သူ၏ ကောင်းကင်အဆင့် အထူးအကြီးအကဲ တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။ အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ရာ တည်ကြည်သော အသံတစ်ခုမှာ အတွင်းမှ ချက်ချင်း ထွက်ပေါ်လာသည်။
"အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် အချိန်မတိုင်မီ ပွင့်သွားပြီ… တာအိုအမှတ်အသား လေးဆယ်နဲ့ အထက်ရှိတဲ့ နိဗ္ဗာနနယ်ပယ် ကျင့်ကြံသူတွေ အားလုံး မိုးကြိုးသူတော်စင် မြို့တော်က စစ်ရေးလေ့ကျင့်ရေး ကွင်းပြင်ကို လာရောက် စုဝေးကြပါ"
"နောက်ဆုံး သတ်မှတ်ရက်က သုံးရက်ပါ… လာရောက် သတင်းပို့ဖို့ ပျက်ကွက်သူတွေရဲ့ ရာထူး အဆင့်အတန်း အားလုံးကို လုံးဝ ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်"
ထိုစကားများကို ကြားလိုက်ရချိန်တွင် ရှန်မို၏ မျက်လုံးများ တောက်ပသွားသည်။
ရောက်လာပြီ။
တကယ်ပဲ ဖြစ်လာပြီ။
အရိုးယငိ ကျိန်စာ နတ်ဆိုးကျမ်းစာ ထကြွလာပြီ။
အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို သတ်မှတ်ချိန်ထက် စောပြီး ဖွင့်လိုက်ရပြီ။ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှ အကူအညီ တောင်းခံလိုက်ပြီ။
ဤအရာအားလုံးကို ရှန်မိုသည် လဲ့ကျီကျိန်း၏ ဘဝမှတ်တမ်းတွင် ကြိုတင် မြင်တွေ့ခဲ့ရပြီးသား ဖြစ်၏။ ယခုမူ အရာအားလုံး ဖြစ်ပျက်လာခဲ့ပြီ။
"ကပ်ဘေးပေါင်းစုံ မိုးကြိုးအကျဉ်းထောင်နဲ့ အရိုးယင် ကျိန်စာ နတ်ဆိုးကျမ်းစာ… အဲဒီ နှစ်ခုလုံးက တာအိုလက်နက်တွေပဲ"
ရှန်မို အံ့သြချီးကျူးစွာ သက်ပြင်းချမိသည်။ တာအိုလက်နက်များမှာ သူတော်စင်နယ်ပယ် ကျင့်ကြံသူများသာ ကိုင်တွယ်နိုင်သည့် အထွတ်အထိပ် ရတနာများ ဖြစ်ကြသည်။ အကယ်၍ သူတော်စင်နယ်ပယ်အောက်ရှိ မည်သည့်ကျင့်ကြံသူမဆို ယင်းကို ထိတွေ့ရန် ကြိုးစားခဲ့လျှင် အတွင်း၌ ပါရှိသော ကောင်းကင်နှင့် မြေပြင်၏ အမှန်တရားများကို မခံနိုင်ဘဲ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
ရှန်မိုသည် ထိုတာအိုလက်နက် နှစ်ခုလုံးကို ပိုင်ဆိုင်ရန် ရည်ရွယ်ချက် မရှိပေ။ ရှီထျန့်ဟောက်၏ အခွင့်အရေးမှာပင် ကပ်ဘေးပေါင်းစုံ မိုးကြိုးအကျဉ်းထောင်နှင့် အရိုးယင် ကျိန်စာ နတ်ဆိုးကျမ်းစာတို့ထံမှ စွမ်းအား အပိုင်းအစ အနည်းငယ်ကိုသာ ခိုးယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ရှန်မို ရုတ်တရက် ထရပ်လိုက်ရာ သူ၏ ဘေးတွင် စိတ်ဝိညာဉ်စွမ်းအင်များ အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။ သူ ရှေ့ရှိ လေထုကို ကြည့်ကာ ရုတ်တရက် လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဝုန်း!
အရာအားလုံး တန့်သွားသယောင် ရှိ၏။ အချိန်မှာ အလွန်အမင်း နှေးကွေးသွားတော့သည်။
ဝုန်း!
ရှန်မို သူ၏ လက်သီးကို ပြန်ရုပ်သိမ်းလိုက်သည်။ အချိန်မှာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်သွား၏။ ယင်းကား ပလက်တီနမ်နဂါးလက်သီး ပင် ဖြစ်တော့သည်။ သဘာဝကျစွာပင် ပလက်တီနမ်နဂါးလက်သီး၌ အချိန်ကို ရပ်တန့်နိုင်သော စွမ်းအား မရှိပေ။ ပထမအဆင့် မြှင့်တင်မှုအပြီးမှာပင် မရှိသေးပေ။ ယင်းမှာ တိုက်ခိုက်မှု၏ အရှိန်အဟုန် အလွန်အမင်း မြန်ဆန်လှသဖြင့် အချိန်များ နှေးကွေးသွားသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခြင်းသာ ဖြစ်သည်။
"တစ်လှမ်းတော့ လိုသေးတာပဲ… ငါ ပဉ္စမအဆင့်ကို မပြီးပြတ်ခဲ့သလို ပထမအဆင့် မြှင့်တင်ထားတဲ့ ပလက်တီနမ်နဂါးလက်သီးကိုလည်း မတတ်မြောက်ခဲ့ဘူး… နှမြောစရာပဲ"
"အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ထဲ ရောက်သွားရင်တော့ ဆက်ပြီး ကျင့်ကြံဖို့ အချိန်ရနိုင်ပါသေးတယ်"
ရှန်မို သူ၏ လက်မောင်းများကို ပုတ်ကာ ယုံကြည်မှု အပြည့်ဖြင့် ကျင့်ကြံခြင်း အခန်းထဲမှ လှမ်းထွက်လာခဲ့သည်။
ကျွီ— ကျွီ—
ကိုးလွှာမြောက်ရှိ ကျင့်ကြံခြင်း အခန်း နှစ်ဆယ့်ခုနစ်ခန်းလုံးမှာ တစ်ခုပြီးတစ်ခု ပွင့်လာတော့သည်။ ကောင်းကင်အဆင့် အထူးအကြီးအကဲများနှင့် မျိုးနွယ်စု၏ အမာခံ အဖွဲ့ဝင်များ ထွက်ပေါ်လာကြပြီး စစ်ရေးလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ဦးတည်သွားကြသည်။ သူတို့ကြားတွင် ရှန်မို၏ မရင်းနှီးသော မျက်နှာကို မြင်တွေ့ရသော်လည်း မည်သူမှ သိပ်ပြီး အာရုံမစိုက်ကြပေ။ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှာ အလွန်ကြီးမားလှ၍ မျက်နှာသစ် အနည်းငယ် မြင်တွေ့ရခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
မိုးကြိုးသူတော်စင် မြို့တော်၏ စစ်ရေးလေ့ကျင့်ရေး ကွင်းပြင်သို့ ရှန်မို ရောက်ရှိသွားချိန်တွင် ကွင်းပြင်၌ လူပေါင်း တစ်ထောင်နီးပါး စုဝေးနေကြသည်ကို မြင်တွေ့ရသည်။ ကြည့်လိုက်ရုံနှင့်ပင် သူတို့ အားလုံးသည် တာအိုအမှတ်အသား လေးဆယ်နှင့် အထက်ရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြ၏။ ရှန်မို နေရာမယူရသေးမီမှာပင် လူအုပ်ကြားထဲမှ ပုံရိပ်နှစ်ခုမှာ သူ့ထံသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ထိုသူများမှာ လဲ့ကျီကျိန်းနှင့် ရှီဟောက် တို့ပင် ဖြစ်ကြသည်။
"ကျေးဇူးရှင်… ခင်ဗျား တော်တော် မြန်မြန် ရောက်လာတာပဲ"
လဲ့ကျီကျိန်း ပြုံးလျက် ပြောလိုက်သည်။
ရှန်မိုမှာ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်၏။ "ကျေးဇူးရှင်… ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ… အရှေ့ထွက်ခွာ အင်ပါယာက လူတွေ မရောက်သေးဘူး… ခဏတော့ စောင့်ရဦးမယ်"
လဲ့ကျီကျိန်းမှ ခပ်တိုးတိုး ပြောလိုက်သည်။ "ကောင်းပါပြီ"
ခဏအကြာတွင် သူတို့ သုံးယောက်သား စစ်ရေးလေ့ကျင့်ရေး ကွင်းပြင်၏ ဘေးရှိ အဆောင်တစ်ခုအတွင်း၌ ထိုင်နေကြသည်။ သွယ်လျသော မိန်းကလေးငယ်တစ်ဦးမှာ သူတို့ကို မွှေးပျံ့သော လက်ဖက်ရည်များဖြင့် ဧည့်ခံနေသည်။ သခင်လေး တစ်ယောက်အနေဖြင့် လဲ့ကျီကျိန်းသည် အထူးအခွင့်အရေး အမျိုးမျိုးကို ခံစားခွင့် ရှိ၏။ သူတို့၏ ထိုင်ခုံများမှာ ပြတင်းပေါက်၏ ဘေးတွင် ရှိနေသဖြင့် အောက်ဘက်ရှိ လူအုပ်ကြီးဖြင့် ပြည့်နှက်နေသော ကွင်းပြင်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ အထက်ကောင်ကင်ယံ၌ အရပ်မျက်နှာ အသီးသီးမှ အလင်းတန်းများမှာလည်း အဆက်မပြတ် ရောက်ရှိလာနေကြသည်။
ရှီထျန့်ဟောက်သည် ရှန်မိုကို လှမ်းကြည့်လိုက်ရာ သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း ရှန်မို၏ ကျင့်ကြံမှုမှာ ပိုမို တိုးတက်လာခဲ့သည်ဟု သူ ခံစားလိုက်ရသည်။ ယင်းမှာ သူ၏ ထင်ယောင်ထင်မှား ဖြစ်မဖြစ် မသေချာသော်လည်း၊ သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေသော်လည်း မျက်နှာပေါ်တွင်မူ အနည်းငယ်မျှပင် အရိပ်အယောင် မပြပေ။ ထိုအချက်ကြောင့်ပင် သူ ရှန်မို၏ ရှေ့မှောက်တွင် မထိတ်မလန့်ဘဲ နာမည်အသစ်ဖြင့် ရဲရဲဝံ့ဝံ့ ပြန်လည် ပေါ်ထွက်လာဝံ့ခြင်း ဖြစ်သည်။ သူ ကြောက်ရွံ့မှုများကို ကျော်လွှားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ သူတို့၏ ဟန်ဆောင် မိတ်ဆွေဖွဲ့မှုကို အသုံးချ၍ ရှန်မိုနှင့် ပတ်သက်သမျှ အရာအားလုံးကို သူ စုံစမ်းသွားမည် ဖြစ်သည်။
ရှီထျန့်ဟောက်က လေသံနှိမ့်၍ မေးလိုက်သည်။ "သခင်လေး… တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ… အထပ်တစ်ေ မိုးကြိုးအကျဉ်းထောင်ကိုတောင် အချိန်မတိုင်ခင် ဖွင့်လိုက်ရတယ်ဆိုတော့။" လဲ့ကျီကျိန်းက သူ၏ အသံကို ပို၍ နှိမ့်လိုက်ကာ "ကျေးဇူးရှင်၊ ရှီဟောက်၊ ဒါကို ခင်ဗျားတို့ နှစ်ယောက်ကိုပဲ ပြောပြတာနော်"
သူ ဘေးပတ်ပတ်လည်ကို ကြည့်ကာ မည်သူမှ သတိမထားမိကြောင်း သေချာစေပြီးမှ ခပ်တိုးတိုး ပြောလိုက်သည်။
"ကျွန်တော့် အဖိုး ပြောတာကတော့ ကျွန်တော်တို့ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုက နှိမ်နင်းထားတဲ့ နတ်ဆိုး တာအိုလက်နက်က ဆူပူအုံကြွနေတယ်တဲ့"
"အဲဒါကြောင့် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို အချိန်မတိုင်ခင် ဖွင့်လိုက်ရတာ"
"အခု အစွမ်းထက်တဲ့ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတွေဟာ အကျဉ်းထောင်ထဲကို ဝင်ပြီး နတ်ဆိုးမျိုးစေ့တွေကို သုတ်သင်ရမှာတဲ့"
"အသေးစိတ်ကိုတော့ ကျွန်တော်လည်း အကုန် မသိသေးဘူး"
"နောက်သုံးရက်နေရင် လူစုံပြီဆိုတာနဲ့ ကျွန်တော့် အဖိုးက တရားဝင် ကြေညာပေးလိမ့်မယ်"
Chapter 671: မိုးကြိုးအကျဉ်းထောင်ထဲမှ အန္တရာယ် (၃) ခု
ရှီထျန်းဟောက်သည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်း မည်သို့သော အခြေအနေများ ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ပေ။ ယခုအခါ လဲ့ကျီကျိန်းထံမှ တိုက်ရိုက်သတင်းစကားကို ကြားလိုက်ရချိန်တွင် သူ အလွန်အမင်း တုန်လှုပ်သွားရသည်။ သို့သော်လည်း ဘေးအန္တရာယ်နှင့် အခွင့်အရေးဟူသည် အမြဲတမ်း ဒွန်တွဲနေတတ်ကြောင်းကို သူ ကောင်းကောင်း နားလည်ထား၏။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်သည် မဟာတာအို နတ်ဘုရားလက်နက်ဖြစ်သော ကပ်ဘေးပေါင်းစုံ မိုးကြိုးအကျဉ်းထောင်နှင့် အရိုးဖြူရင်ကျိန်စာ နတ်ဆိုးကျမ်းစာတို့၏ ပြင်းထန်သော ပဋိပက္ခများမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူ သိထားသည်မှာ ကြာပြီဖြစ်သည်။ ယင်း၏အတွင်း၌ ရေတွက်မရနိုင်သော ကံကောင်းမှုများ ပုန်းကွယ်နေကြသည်။ ယခုအခါ မိုးကြိုးအကျဉ်းထောင်မှာ ဆူပူနေပြီဖြစ်ရာ မြေအောက်တွင် မြှုပ်နှံထားသော ရတနာများစွာကို မလွဲမသွေ ပြန်လည် ပေါ်ထွက်လာစေပေလိမ့်မည်။
လဲ့ကျီကျိန်း၏ ပြောပြချက်များကို ကြားပြီးနောက်တွင်လည်း ရှန်မို၏ မျက်နှာအမူအရာမှာ တည်ငြိမ်လျက်ရှိနေသည်။
သူ မိုးကြိုးအကျဉ်းထောင်အတွင်း ဆူပူမှုများ ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ရှီထျန်းဟောက်မှ လေသံနှိမ့်၍ မေးလိုက်၏။
"သခင်လေး… အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အကြောင်းကို ဘယ်လောက်အထိ သိထားလဲ"
လဲ့ကျီကျိန်း အနည်းငယ် ပြုံးလိုက်သည်။
"ဒါဆိုရင်တော့ ခင်ဗျား လူမှန်ကို မေးလိုက်တာပဲ"
"ကျွန်တော်ကလည်း ခင်ဗျားတို့ နှစ်ယောက်ကို အကျဉ်းထောင်အကြောင်း အသေးစိတ် ပြောပြဖို့ အစီအစဉ် ရှိပြီးသားပါ"
သူ အသံကို နှိမ့်လိုက်သည်။
"အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ထဲမှာ ဘေးအန္တရာယ် သုံးမျိုး ရှိတယ်"
"ပထမဆုံး အန္တရာယ်ကတော့ နတ်ဆိုး မိုးကြိုးမျိုးစေ့ပဲ… အဲဒီအရာတွေက လောက်ကောင်တွေနဲ့ တူပြီး အကျဉ်းထောင်ထဲက ဘယ်နေရာမှာမဆို ပေါ်လာနိုင်တယ်"
"သူတို့က မြေပြင်မှာ အမြစ်တွယ်နေတဲ့ ပေါင်းပင်တွေအဖြစ် ပုံစံပြောင်းနေနိုင်တယ်"
"ဒါမှမဟုတ် နတ်ဆိုးသားရဲတွေရဲ့ ကိုယ်ပေါ်မှာ ကပ်ပါးကောင်တွေအနေနဲ့ တွယ်ကပ်နေနိုင်တယ်"
"ဒါမှမဟုတ်ရင်လည်း ဘာမှမသိဘဲ အနားကပ်လာမယ့်သူကို စောင့်နေရင်း လေထဲမှာ လွင့်မျောနေနိုင်တယ်"
"ဒုတိယအန္တရာယ်ကတော့ နတ်ဆိုး မိုးကြိုးသားရဲတွေပဲ… ဒီသတ္တဝါတွေက မူလက မြေအောက် သားရဲတွေ ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကပ်ဘေးပေါင်းစုံ မိုးကြိုးအကျဉ်းထောင်နဲ့ အရိုးဖြူရင်ကျိန်စာ နတ်ဆိုးကျမ်းစာတို့ရဲ့ လွှမ်းမိုးမှုအောက်မှာ နတ်ဆိုးအသွင် ပြောင်းလဲသွားကြတာ"
"နှစ်ပေါင်း ထောင်သောင်းချီ ကြာပြီးတဲ့နောက်မှာ သူတို့ဟာ မိုးကြိုးအကျဉ်းထောင်ရဲ့ ပတ်ဝန်းကျင်နဲ့ အပြည့်အဝ အသားကျသွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ကြောက်မက်ဖွယ်ကောင်းအောင် အသွင်ပြောင်းသွားကြတယ်"
"သူတို့က ဟိန်းဟောက်သံ တစ်ချက်တည်းနဲ့ နတ်ဆိုးမိုးကြိုးတွေကို ထွေးထုတ်နိုင်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေကိုလည်း လျှပ်စီးတွေက ဝန်းရံထားတယ်… သာမန် ကိုယ်ခံပညာ နည်းစနစ်တွေက သူတို့အပေါ်မှာ အလုပ်မဖြစ်သလောက်ပဲ… အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းလောက် အာနိသင် လျော့နည်းသွားတယ်… ဒါပေမဲ့ ခန္ဓာကိုယ်ကို ကျော်ဖြတ်ပြီး ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်တဲ့ နည်းစနစ်တွေကတော့ သူတို့ကို ပိုပြီး ထိရောက်တဲ့ ဒဏ်ရာတွေ ပေးနိုင်တယ်"
"တတိယအန္တရာယ်ကတော့ နတ်ဆိုး မိုးကြိုးနတ်ဘုရားတွေပဲ… သူတို့က သားရဲတွေ မဟုတ်ဘဲ နတ်ဆိုးမိုးကြိုးတွေ စုစည်းရာကနေ ဖြစ်ပေါ်လာတဲ့ နတ်ဆိုးတွေပဲ”
"ကျွန်တော် ကြားဖူးတာကတော့ အရိုးဖြူယင်ကျိန်စာ နတ်ဆိုးကျမ်းစာရဲ့ စွမ်းအားဟာ သက်ရှိသတ္တဝါ အားလုံးကို ဖျက်ဆီးပြီး ကျမ်းစာနဲ့ ပေါင်းစည်းပစ်နိုင်စွမ်း ရှိတယ်ဆိုတာပဲ"
"ဒီနတ်ဆိုး မိုးကြိုးနတ်ဘုရားတွေဟာ ကျမ်းစာထဲက နတ်ဆိုးတွေဖြစ်ပြီး အခုတော့ လွတ်မြောက်လာကြတာပေါ့… သူတို့ကလည်း နတ်ဆိုးမိုးကြိုး ပတ်ဝန်းကျင်နဲ့ အသားကျနေတဲ့အတွက် ပိုပြီး ကြောက်စရာ ကောင်းလာကြတယ်"
လဲ့ကျီကျိန်း၏ အသံမှာ ပို၍ တိုးသွားသည်။
"ဒါပေမဲ့ ကျွန်တော်တို့ကတော့ နတ်ဆိုး မိုးကြိုးနတ်ဘုရားတွေနဲ့ ဆုံဖို့ အခွင့်အလမ်း သိပ်မရှိပါဘူး"
"ကျွန်တော့်အဖိုး ပြောတာကတော့ ကျွန်တော်တို့ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုက အထွတ်အထိပ် အကြီးအကဲ သုံးယောက်ဟာ အခု အကျဉ်းထောင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှိနေပြီး နတ်ဆိုး မိုးကြိုးနတ်ဘုရားတွေကို ဟန့်တားထားတယ်တဲ့"
"အဲဒါအပြင် သူတို့ကို နှိမ်နင်းဖို့အတွက် တခြား အင်အားစုတွေဆီက အထွတ်အထိပ် အကြီးအကဲတွေကိုလည်း အကူအညီ တောင်းထားပြီးသားပါ"
ရှီထျန်းဟောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
"ဒီနတ်ဆိုး မိုးကြိုးနတ်ဘုရားတွေက... အထွတ်အထိပ် အကြီးအကဲတွေကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တာလား"
လဲ့ကျီကျိန်း ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်… သူတို့ထဲက အားအနည်းဆုံး တစ်ကောင်တောင်မှ တာအိုအမှတ်အသား တစ်ရာရှိတဲ့ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်နိုင်ပြီး သူတို့က အုပ်စုလိုက် သွားလာတတ်ကြတယ်" "အကယ်၍ သူတို့နဲ့ ဆုံခဲ့ရင် တိုက်ဖို့ လုံးဝ မစဉ်းစားပါနဲ့… ရှောင်သွားတာက အကောင်းဆုံးပဲ"
ရှီထျန်းဟောက်မ အပြည့်အဝ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ရှန်မိုကလည်း အရာအားလုံးကို သူ၏ စိတ်ထဲတွင် အသေအချာ မှတ်သားထားလိုက်၏။
သူတို့ သုံးယောက် စကားများကို ဆက်လက် ပြောဆိုနေကြသည်။
လဲ့ကျီကျိန်းသည် သူ သိထားသမျှ အရာအားလုံးကို အသေးစိတ် ရှင်းပြပေးနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်လုံးထဲတွင် ရှန်မိုမှာ အသက်ကယ် ကျေးဇူးရှင်ဖြစ်ပြီး ရှီထျန်းဟောက်မှာ ယုံကြည်ရသော သူငယ်ချင်း ဖြစ်နေသောကြောင့်ပင်။ သူတို့ နှစ်ယောက်လုံးမှာ သူ မချန်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်သူများ ဖြစ်ကြ၏။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မကြာမီမှာပင် တစ်ရက် တိတိ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ လဲ့ကျီကျိန်း စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ အမြင်အာရုံအစွန်း၌ အလင်းတန်းတစ်ခုကို ဖျတ်ခနဲ မြင်တွေ့လိုက်ရသည်။ ဝေးလံသော အရပ်မှ အလွန်အားကောင်းသော အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်ကျော်၍ လျင်မြန်စွာ ပျံသန်းလာနေသည်။ "ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းက လူတွေ ရောက်လာပြီ"
သူ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
ရှန်မိုနှင့် ရှီထျန်းဟောက်တို့မှာ ထိုအရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်ကြ၏။
အမှန်ပင်။
ကြီးမားလှသော လင်းယုန်ကြီးတစ်ကောင်မှာ လေထဲတွင် ဝဲပျံနေသည်။ ယင်း၏ ကျောပေါ်တွင် ကျင့်ကြံသူ ရာပေါင်းများစွာ ရပ်နေကြသည်။ တစ်ဦးချင်းစီမှာ အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြရာ ၎င်းတို့မှာ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ ထိပ်တန်း အမာခံများဖြစ်ကြောင်း ထင်ရှားလှသည်။
လဲ့ကျန့်ဟယ် အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်သည်။
"လဲ့ကျန့်ဟယ်ကနေ အထွတ်အထိပ် အကြီးအကဲ ပိုင် ကို နှုတ်ဆက်ပါတယ်… ကျွန်တော်တို့ကို ကူညီဖို့အတွက် ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းက ရောက်လာပေးတာကို အထူးပဲ ကျေးဇူးတင်ပါတယ်"
လင်းယုန်ကြီး၏ ခေါင်းပေါ်မှ ကြားနေကျ အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းအသံမှာ အသက်အရွယ်ကို ခန့်မှန်း၍ မရနိုင်ပေ။
"နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ဖို့ဆိုတာ ကျင့်ကြံသူ အားလုံးရဲ့ တာဝန်ပဲ… ကျေးဇူးတင်နေဖို့ မလိုပါဘူး"
ရာပေါင်းများစွာသော ပုံရိပ်များသည် ကြီးမားလှသော လင်းယုန်ကြီးပေါ်မှ ခုန်ချလာကြပြီး အဆင်ပြေချောမွေ့စွာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ဦးဆောင်လာသူမှာ တစ်ကိုယ်လုံး အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်၏။မျက်ခုံးဖြူ၊ ဆံပင်ဖြူ၊ ဝတ်ရုံဖြူ၊ ဖိနပ်ဖြူ။
သို့သော်လည်း လူငယ်လေးတစ်ဦး၏ မျက်နှာကို ပိုင်ဆိုင်ထားသည်။ သူ၏ အရှိန်အဝါမှာ အောက်ခြေမမြင်ရသော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် သူ၏ အဆင့်အတန်းကို ခန့်မှန်းရန်မှာ မဖြစ်နိုင်ပေ။ ဤသူကား ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်း၏ အထွတ်အထိပ် ဘိုးဘေးပင် ဖြစ်တော့သည်။ သူသည် စွန်းထင်းမှုမရှိသော စင်ကြယ်သည့် အဖြူရောင်များကိုသာ ဝတ်ဆင်လေ့ရှိသောကြောင့် "အထွတ်အထိပ် အကြီးအကဲ ပိုင်" ဟု အမည်တွင်ခြင်း ဖြစ်သည်။
အထွတ်အထိပ် အကြီးအကဲ ပိုင် မှ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့ကို အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ဆီ ခေါ်သွားပါ"
လဲ့ကျန့်ဟယ်မှ ရိုသေစွာဖြင့်
"ဟုတ်ကဲ့ပါ ဆရာကြီး"
တစ်ချိန်တည်းမှာပင် လဲ့ချွမ်းအား ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ ကျင့်ကြံသူများကို အနားယူရန် လမ်းညွှန်ပေးဖို့ တာဝန်ပေးလိုက်သည်။
ရှန်မို၏ အကြည့်မှာ စုဝေးနေသော ကျင့်ကြံသူများထံသို့ ရောက်ရှိသွားသည်။ မကြာမီမှာပင် ထူးခြားသော အမျိုးသမီးတစ်ဦးကို သူ သတိပြုမိလိုက်သည်။
သူ့ကို သတိမထားမိဘဲ နေရန်မှာ မဖြစ်နိုင်ပေ။ ထိုအမျိုးသမီးသည် မြရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့ မျက်နှာမှာ အေးစက်ပြီး ဆွဲဆောင်မှုရှိလှကာ အရပ်အမောင်းမှာလည်း မြင့်မားပြီး ခန့်ညားလှသည်။ သူသည် အိမ်ထဲမှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုမျိုး ဖြစ်နေသည်။
"သူ့ နာမည်က ချောင်ချင်းဝမ် တဲ့… ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းရဲ့ နတ်မိမယ်လေးပေါ့"
"ကျွန်တော် စပြီး လေ့ကျင့်ဖို့ အိမ်က ထွက်လာတုန်းက ကျွန်တော့်ရဲ့ ပထမဆုံး တိုက်ပွဲမှာ ချောင်ချင်းဝမ်ကို စိန်ခေါ်ဖို့ မူလက စီစဉ်ထားတာ"
လဲ့ကျီကျိန်း ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်သည်။ "ဒါပေမဲ့ ကျွန်တော်က အနောက်ပိုင်းနယ်မြေကိုတောင် မကျော်နိုင်ခဲ့ပါဘူး… ကျောက်နက်တောင်ကို ရောက်တာနဲ့ ကျေးဇူးရှင်က ကျွန်တော့်ကို အလွယ်တကူပဲ အနိုင်ယူလိုက်တာပဲ"
"ကျွန်တော်လည်း အိမ်ပြန်ပြီး နောက်ထပ် နှစ်ပေါင်း ရာချီလောက် ထပ်ပြီး လေ့ကျင့်တာ ပိုကောင်းမယ် ထင်တယ်"
ရှန်မို ခပ်ပါးပါး ပြုံးလိုက်သည်။ လဲ့ကျီကျိန်းမှာ အမှန်တကယ်ပင် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သို့သော် အကာအကွယ်ပေးထားသော ပတ်ဝန်းကျင်တွင် နှစ်ပေါင်းငါးရာတိုင်တိုင် ကျင့်ကြံခဲ့ခြင်းက သူ့ကို စမ်းသပ်မှုများ မရှိစေခဲ့ပေ။ မိမိကိုယ်ကို ထုဆစ်ရန်အတွက် အိမ်မှ ထွက်ခွာခြင်းမှာ သဘာဝကျလှသည်။ သို့သော်... သူ ပထမဆုံး ဆုံတွေ့ခဲ့ရသူမှာ ရှန်မို ဖြစ်နေခြင်းက စိတ်မကောင်းစရာပင်။
သူ့ ကံတရားမှာ သိပ်မကောင်းလှပေ။
ရှီထျန်းဟောက်သည် မည်သည့် ခံစားချက်မှ မပြဘဲ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ယခုအချိန်တွင် သူ ကိစ္စအားလုံးကို အသေအချာ စုံစမ်းပြီးသား ဖြစ်သည်။ ရှန်မိုနှင့် လဲ့ကျီကျိန်းတို့ မည်သို့ ဆုံတွေ့ခဲ့ပြီး မိတ်ဆွေဖြစ်ခဲ့ကြသည်ကိုလည်း အပါအဝင်ပင်။ သူ မရှင်းလင်းသေးသည့် တစ်ခုတည်းသော အချက်မှာ အဘယ်ကြောင့် လဲ့ကျီကျိန်းတစ်ယောက် ရှန်မိုကို ကျေးဇူးရှင်ဟု ခေါ်နေရခြင်းပင် ဖြစ်သည်။ ရှီထျန်းဟောက်မှာ အကြိမ်ပေါင်းများစွာ စုံစမ်းရန် ကြိုးစားခဲ့သော်လည်း လဲ့ကျီကျိန်း ထိုမေးခွန်းကို အမြဲတမ်း ရှောင်လွှဲခဲ့ပြီး ရှင်းလင်းသော အဖြေကို တစ်ခါမှ မပေးခဲ့ပေ။ ရွေးချယ်စရာ မရှိတော့သဖြင့် သူ ထိုကိစ္စကို လက်လျှော့လိုက်ရတော့၏။
"နတ်ဘုရား မီးလျှံဂိုဏ်းနဲ့ သံသရာ မြင့်မြတ်တဲ့နယ်မြေက လူတွေလည်း ရောက်လာကြပြီ"
လဲ့ကျီကျိန်း ကောင်းကင်ယံကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ နတ်ဘုရား မီးလျှံဂိုဏ်းမှ လူများသည် ပေတစ်ထောင်ကျော် ရှည်လျားသော ကြီးမားသည့် အနီရောင် ကင်းခြေများကြီးပေါ်တွင် စီးနင်းလိုက်ပါလာကြသည်။ သံသရာ မြင့်မြတ်တဲ့နယ်မြေမှ လူများမှာမူ ခန့်ညားထည်ဝါပြီး စည်းစိမ်ကြီးသော တိမ်တိုက်သင်္ဘောကြီးပေါ်တွင် ရောက်ရှိလာကြသည်။ ထိုအဖွဲ့ နှစ်ဖွဲ့လုံးမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။ လဲ့ကျန့်ဟယ်သည် အထွတ်အထိပ် အကြီးအကဲ နှစ်ယောက်ကို တစ်ထောင်သော မိုးကြိုးအကျဉ်းထောင်အတွင်းသို့ အမြန် ဦးဆောင် ခေါ်သွားလိုက်သည်။
ရှန်မိုသည် ရောက်ရှိလာသော ကျင့်ကြံသူများကို လှမ်းကြည့်လိုက်ရာ ထိုအဖွဲ့ နှစ်ခုကြားရှိ ထင်ရှားသော ကွဲပြားမှုကို ချက်ချင်း သတိပြုမိလိုက်သည်။ နတ်ဘုရား မီးလျှံဂိုဏ်းမှ ကျင့်ကြံသူများမှာ အနီရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်လုံးများမှာ ပြင်းထန်လှပြီး သတ်ဖြတ်လိုသော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့မှာ အလောင်းပုံများနှင့် သွေးပင်လယ်များကြားမှ ရုန်းထွက်လာခဲ့သော တိုက်ပွဲဝင် ထိပ်တန်း အမာခံများ ဖြစ်ကြောင်း ထင်ရှားလှသည်။ ယင်းနှင့် ဆန့်ကျင်ဘက်မှာမူ သံသရာ မြင့်မြတ်သောနယ်မြေမှ ကျင့်ကြံသူများသည် အဖြူနှင့် အမည်း ရောစပ်ထားသော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်လုံးများမှာ ဗလာကျင်းနေပြီး အိပ်မက်ဆန်နေကာ သူတို့၏ အရှိန်အဝါများမှာလည်း အားနည်းပြီး ဖမ်းဆုပ်၍ မရနိုင်သကဲ့သို့ ဖြစ်နေသည်။ ရှန်မို သတိပြုမိသည်မှာ သူတို့ထဲမှ အချို့၏ စွမ်းအားများမှာ သိသိသာသာ အတက်အကျ ဖြစ်နေခြင်းပင်။ တစ်ခဏ၌ တာအိုအမှတ်အသား တစ်ရာရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများ၏ စွမ်းအားမျိုး ရှိနေသော်လည်း နောက်တစ်ခဏတွင်မူ နိဗ္ဗာနနယ်ပယ် အဆင့်သို့ပင် မနည်း ရောက်အောင် ထိန်းထားရသကဲ့သို့ ဖြစ်နေသည်။
"ဒါက သံသရာ မဟာအတတ်ပညာရဲ့ ထူးခြားချက်ပဲ" "အစောပိုင်း အဆင့်တွေမှာ စွမ်းအားတွေက ခဏခဏ အတက်အကျ ဖြစ်နေတတ်တယ်"
"နက်နဲတဲ့ အဆင့်ကို ရောက်မှသာ သူတို့ရဲ့ ကျင့်ကြံမှုကို အပြည့်အဝ ထိန်းချုပ်နိုင်မှာလေ"
ရှန်မို၏ အကြည့်ကို မြင်လိုက်သည်နှင့် လဲ့ကျီကျိန်း ချက်ချင်း ရှင်းပြလိုက်သည်။ ရှန်မိုလည်း ခေါင်းညိတ်ပြ၏။
လဲ့ကျီကျိန်းမှ ဆက်၍
"ကြည့်ဦး… အနီရောင် ဝတ်ရုံနဲ့ အဲဒီ မိန်းကလေးက နတ်ဘုရား မီးလျှံဂိုဏ်းရဲ့ သူတော်စင်မလေး လီယွမ်လုံ တဲ့"
ရှန်မို လှည့်ကြည့်လိုက်သည်။ စစ်ရေးလေ့ကျင့်ရေး ကွင်းပြင်အတွင်း ဟိုဟိုဒီဒီ ပြေးလွှားရင်း ထောင့်တိုင်းကို စပ်စု စူးစမ်းနေသော သေးငယ်သည့် မိန်းကလေးငယ်တစ်ဦးကို သူ ချက်ချင်း မြင်လိုက်ရသည်။ နတ်ဘုရား မီးလျှံဂိုဏ်းမှ ကျင့်ကြံသူများသည် သူ့ကို ဖမ်းရန် ကြိုးစားနေကြသော်လည်း ငါးရှဉ့်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ လွတ်ထွက်သွားပြီး သူတို့ကို အလွယ်တကူ ရှောင်တိမ်းနေသည်။
ရှန်မို၏ အကြည့်ကို ခံစားမိလိုက်သော ထိုမိန်းကလေးမှာ အဆောင်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
"အို… ငါ့ကို ခိုးကြည့်နေကြတာလား”
လီယွမ်လုံသည် လက်နှစ်ဖက်ကို ခါးထောက်လိုက်ပြီး သူတို့ သုံးယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ရှိရာဆီသို့ တန်းတန်းမတ်မတ် ပြေးလာတော့သည်။
ထို့နောက် မဆိုင်းမတွပင် သူတို့၏ ရှေ့တွင် ဝင်ထိုင်လိုက်ကာ လက်ဖက်ရည်ခွက်ကို ဆွဲယူပြီး သူငယ်ချင်းဟောင်း တစ်ယောက်ကဲ့သို့ပင် တကျိုက်တည်း သောက်လိုက်တော့၏။
Chapter 672: သူတော်စင်အမြွှာ
ထိုမြင်ကွင်းတစ်ခုလုံးကြောင့် ရှန်မိုနှင့် ကျန်နှစ်ယောက်မှာ အတော်လေး မှင်တက်သွားကြသည်။
ဘုရားရေ။
ဤမျှအထိ အရှက်အကြောက်မရှိဘဲ ရင်းနှီးလွန်းလှသောသူမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးကြချေ။
ဤမိန်းကလေးငယ်မှာ နတ်ဘုရား မီးလျှံဂိုဏ်း၏ သူတော်စင်မလေး မဟုတ်ပါလော။
အဘယ်ကြောင့် အနည်းငယ်မျှပင် ထိန်းသိမ်းစောင့်စည်းမှု မရှိရသနည်း။
ဂတ်~
လီယွမ်လုံသည် လေတစ်ချက် တက်လိုက်ပြီး ပြားချပ်သော ရင်ဘတ်ကို ပုတ်ကာ ထူးဆန်းသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
"ငါ့ကိုကြည့်ရတာ သူတော်စင်မနဲ့ မတူဘူးလို့ ထင်နေတာလား"
"သူတော်စင်မဆိုတာ အရပ်ရှည်ရှည်၊ လှလှပပ၊ ရင်သားကြီးကြီးနဲ့ ခြေတံရှည်ရှည်ရှိရမယ်လို့ ဘယ်သူက ပြောလဲ"
သူ နှာခေါင်းရှုံ့ကာ
"ပုံသေကားချပ် အတွေးတွေပဲ"
လဲ့ကျီကျိန်းနှင့် ရှီထျန်းဟောက်တို့မှာ ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ကြသည်။
ရှန်မိုကမူ မည်သို့မျှ မခံစားရသကဲ့သို့ တည်ငြိမ်နေဆဲပင်။
လီယွမ်လုံသည် ရှန်မိုကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်ရာ သူ့အပေါ် အတော်လေး စိတ်ဝင်စားပုံရသည်။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် နတ်ဘုရား မီးလျှံဂိုဏ်းမှ ကျင့်ကြံသူ အချို့မှာ အဆောင်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
"သူတော်စင်မလေး… ကျေးဇူးပြုပြီး ပြန်ခဲ့ပါတော့"
"သူတော်စင်မလေး… ဂိုဏ်းချုပ်ကြီး စိတ်ဆိုးနေပါပြီ"
"သူတော်စင်မလေး..."
ကျင့်ကြံသူများမှာ သိသိသာသာပင် အကူအညီမဲ့နေကြသော်လည်း လေသံပျော့ပျော့ဖြင့်သာ အသနားခံ ပြောဆိုနေကြရသည်။
လီယွမ်လုံ နှုတ်ခမ်းဆူလျက်
"အေးပါ… အေးပါ… သွားပါ့မယ်"
သူ လဲ့ကျီကျိန်းဘက်သို့ လှည့်လိုက်သည်။
"ဟေ့… လဲ့မျိုးနွယ်စုက ကောင်လေး… ငါတို့ နတ်ဘုရား မီးလျှံဂိုဏ်းက ကူညီဖို့ ဒီအဝေးကြီးကနေ လာခဲ့တာ… နင်တို့ ငါတို့ကို ဘယ်လို ပြန်ပေးဆပ်ဖို့ စီစဉ်ထားလဲ"
လဲ့ကျီကျိန်းမှာ အနေခက်သော အပြုံးဖြင့်သာ ပြန်တုံ့ပြန်နိုင်တော့သည်။
ရှီထျန်းဟောက် တည်ငြိမ်စွာ ပြောလိုက်၏။
"ကျီကျိန်းက သခင်လေး တစ်ယောက်ပဲ ဖြစ်တာကြောင့် လျော်ကြေးကိစ္စတွေကို ဆွေးနွေးဖို့ အာဏာမရှိပါဘူး" "ပြီးတော့ မင်းကလည်း နတ်ဘုရား မီးလျှံဂိုဏ်းရဲ့ သူတော်စင်မ ဖြစ်ပေမဲ့ ဂိုဏ်းချုပ်တော့ မဟုတ်ဘူးလေ"
လီယွမ်လုံ သူ့ကို စိုက်ကြည့်ကာ နှာတစ်ချက် မှုတ်လိုက်သည်။
"နင့်ကို ငါမကြိုက်ဘူး… စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"
ထိုသို့ပြောပြီးနောက် သူ နတ်ဘုရား မီးလျှံဂိုဏ်းမှ ကျင့်ကြံသူများ ဝန်းရံလျက် ထွက်ခွာသွားတော့သည်။ လဲ့ကျီကျိန်းမှာ ကျေးဇူးတင်သော အကြည့်ဖြင့်
"ကျေးဇူးတင်ပါတယ် ထျန်းဟောက်"
ရှီထျန်းဟောက် ပြုံးလျက်
"ငါတို့က သူငယ်ချင်းတွေပဲလေ… ဒါက ငါလုပ်သင့်တဲ့ အလုပ်ပါ"
လဲ့ကျီကျိန်းမှာ သူ၏ စကားကြောင့် ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။
ရှန်မိုသည် ထိုအဖြစ်အပျက် အားလုံးကို မည်သည့် ခံစားချက်မှ မပြဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ယင်းမှာ ရှီထျန်းဟောက်၏ နည်းဗျူဟာများထဲမှ တစ်ခုသာ ဖြစ်၏။
လီယွမ်လုံကို စိတ်ဆိုးအောင် လုပ်ခဲ့သော်လည်း သူသည် လဲ့ကျီကျိန်း၏ ခိုင်မာသော ချစ်ကြည်ရေးကို ရရှိခဲ့သည်။ ဤပတ်သက်မှုမှာ နောင်အနာဂတ်တွင် အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးပေလိမ့်မည်။
ခေတ္တမျှ ရပ်နားပြီးနောက် လဲ့ကျီကျိန်း အဝေးမှ ပုံရိပ်နှစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ကြည့်လိုက်… အဲဒီ အရပ်ရှည်ရှည် လူငယ်နှစ်ယောက်က သံသရာ မြင့်မြတ်တဲ့နယ်မြေရဲ့ သူတော်စင် သားတော် အမြွှာနှစ်ယောက်ပဲ" "အစ်ကိုဖြစ်သူက စီခုန်းလျဲ့ ဖြစ်ပြီး ညီဖြစ်သူကတော့ စီခုန်းယန် တဲ့… သူတို့က အမြွှာတွေလေ"
ရှန်မို သူတို့ကို ခဏမျှ ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှု လျော့နည်းသွားသည်။ ထိုနှစ်ယောက်သည်လည်း ရှန်မိုတို့အဖွဲ့ထံမှ အကြည့်ကို ခံစားမိသဖြင့် အနည်းငယ် စိတ်ဝင်စားပုံဖြင့် ပြန်ကြည့်လာသော်လည်း ကြာကြာ စိုက်မကြည့်ခဲ့ကြပေ။
"အရှေ့ထွက်ခွာ အင်ပါယာက လူတွေကော ဘယ်မှာလဲ… သူတို့ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
ရှီထျန်းဟောက် စပ်စုစွာ မေးလိုက်သည်။
လဲ့ကျီကျိန်း လေသံနှိမ့်၍
"အရှေ့ထွက်ခွာ အင်ပါယာဟာ အရှေ့ပြည်နယ်ရဲ့ အမည်ခံ အုပ်ချုပ်သူပဲလေ… ဒါကြောင့် သူတို့က နောက်ဆုံးမှ ရောက်လာမှာပေါ့"
"သူတို့ရဲ့ ဓားမင်းသား လီကျန့်ဖုန်းက အရှေ့ပြည်နယ် ပါရမီရှင်တွေ အားလုံးထဲမှာ အစွမ်းအထက်ဆုံးလို့လည်း သိကြတယ်"
ရှီထျန်းဟောက် စဉ်းစားတွေးတောဟန်ဖြင့်
"သူ့အကြောင်း မင်း ဘယ်လောက်အထိ သိလဲ"
လဲ့ကျီကျိန်းမှာ ခါးသီးသော အပြုံးဖြင့်
"သိပ်မသိပါဘူး"
"သူ နိဗ္ဗာန်နယ်ပယ်ကို ရောက်ပြီးတာနဲ့ အရှေ့ထွက်ခွာ အထွတ်အထိပ် အကြီးအကဲ တစ်ယောက်က သူ့ကို လေ့ကျင့်ပေးဖို့အတွက် ရှုပ်ထွေးခြင်း ဟင်းလင်းပြင်ထဲ ခေါ်သွားတယ်လို့ ကြားတယ်"
"သူ အဲဒီ ဟင်းလင်းပြင်ထဲမှာ အကြိမ်ပေါင်းများစွာ သေလုနီးပါး ဖြစ်ခဲ့ဖူးတယ်"
"ဒါပေမဲ့ အဲဒီလို လေ့ကျင့်ခဲ့လို့လည်း သူ့ရဲ့ ခွန်အားဟာ ပြိုင်ဘက်မရှိလောက်အောင် ဖြစ်နေတာပေါ့" လဲ့ကျီကျိန်း သက်ပြင်းချလိုက်သည်။ "ငါသာဆိုရင်တော့ ရှုပ်ထွေးခြင်း ဟင်းလင်းပြင်ထဲကို ခြေလှမ်းတစ်လှမ်းတောင် လှမ်းဝံ့မှာ မဟုတ်ဘူး" ရှီထျန်းဟောက်ကမူ မိမိဘာသာ ခပ်ပါးပါး ပြုံးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ရှုပ်ထွေးခြင်း ဟင်းလင်းပြင်ထဲတွင် အချိန်အတော်ကြာ လှည့်လည်သွားလာခဲ့ဖူးပြီး အန္တရာယ်များစွာမှလည်း အသက်ရှင် လွတ်မြောက်ခဲ့သူ ဖြစ်သည်။ အရှေ့ပြည်နယ်သို့ ရောက်လာခဲ့ခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်၏။ ထိုအတွေ့အကြုံ တစ်ခုတည်းကို ကြည့်ရုံဖြင့်ပင် သူသည် ဓားမင်းသားနှင့် တန်းတူလောက် ဖြစ်နိုင်ပေလိမ့်မည်။
ဝုန်း... ဝုန်း... ဝုန်း!
ထိုစဉ်မှာပင် ရှန်မိုသည် အဆောင်၏ နံရံတွင် ချိတ်ဆွဲထားသော အလှပြ လက်နက်များမှာ တုန်ခါလာသည်ကို သတိပြုမိလိုက်သည်။ သာမန် လက်နက်များသည်ပင် အထူးကဲဆုံး ပုဂ္ဂိုလ်တစ်ဦး၏ တည်ရှိမှုကို ခံစားမိလိုက်သကဲ့သို့ပင်။
ရှန်မို၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။ လဲ့ကျီကျိန်းနှင့် ရှီထျန်းဟောက်တို့သည်လည်း ခဏအကြာတွင် ထူးခြားမှုကို ခံစားမိလိုက်ကြပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ခန့်ညားထည်ဝါပြီး တောက်ပလှသော ရွှေရောင် ဓားမကြီးတစ်လက်မှာ ကောင်းကင်ယံကို ဖြတ်ကျော် ပျံသန်းလာသည်။ ယင်း၏ ကျောပေါ်တွင် အရှေ့ထွက်ခွာ အင်ပါယာမှ ကျင့်ကြံသူ ရာပေါင်းများစွာ ရပ်နေကြသည်။
ရှန်မို ဝတ်ရုံနက်ဝတ် လူငယ်ကျင့်ကြံသူကို ချက်ချင်းပင် မြင်လိုက်ရသည်။ သူသည် ကောင်းကင်ယံကို ထိုးဖောက်တော့မည့် အိမ်ထဲမှ ဆွဲထုတ်လိုက်သော ဓားတစ်လက်နှင့် တူလှသည်။ သူ့ထံမှ ထွက်ပေါ်လာသော စူးရှလှသည့် အရှိန်အဝါနှင့် တော်ဝင်နွယ်ဖွားတို့၏ ခန့်ညားသော အမူအရာတို့ပေါင်းစပ်ကာ လူတိုင်း၏ အကြည့်ကို သဘာဝအလျောက် ဆွဲဆောင်နေတော့သည်။ လူတိုင်း သူ့ကို အားကျကြသည်၊ နှစ်သက်သဘောကျကြသည်။ ထို့ပြင် သူ၏ ဆွဲဆောင်မှုအောက်သို့ မသိစိတ်မှ ရောက်ရှိသွားကြသည်။
ရှန်မို ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အမျိုးသမီး ကျင့်ကြံသူ အများအပြားမှာ ဝတ်ရုံနက်ဝတ် လူငယ်ဆီသို့ အကြည့်များ ရောက်နေသည်အား သတိပြုမိလိုက်သည်။ ဘာကြောင့်လဲဆိုတာကို နားလည်ရန် မခက်ခဲပေ။ ဤသူကား အရှေ့ထွက်ခွာ အင်ပါယာ၏ ဓားမင်းသားပင်။ လက်ရှိတွင် အရှေ့ထွက်ခွာ ဧကရာဇ်၌ မင်းသားပေါင်း တစ်ထောင်ကျော် ရှိပြီး အချို့မှာ ပါရမီမရှိခြင်း သို့မဟုတ် အသက်အရွယ် ကြီးရင့်ခြင်းတို့ကြောင့် ခမည်းတော်ထက်ပင် အရင် သေဆုံးသွားကြသည်။ အကြီးဆုံး မင်းသားမှာ အသက် ရှစ်ထောင်ကျော် ရှိနေပြီ ဖြစ်ကာ ဆံပင်ဖြူများဖြင့် အိုမင်းနေပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် အငယ်ဆုံး မင်းသားမှာ မွေးဖွားခါစသာ ရှိသေးပြီး စကားပင် မပြောတတ်သေးချေ။ သို့သော်လည်း ဤမင်းသား တစ်ထောင်ကျော်ကြားတွင် လီကျန့်ဖုန်း၏ နေရာမှာ မလှုပ်မယှက် တည်ရှိနေသည်။ ဓားမင်းသားဟူသော သူ၏ ကျော်ကြားမှုကို မည်သူမျှ မယှဉ်နိုင်ပေ။ မမျှော်လင့်ထားသော ကိစ္စများ မဖြစ်ခဲ့လျှင် လီကျန့်ဖုန်းသည် ထီးနန်းကို ဆက်ခံပြီး နောက်ထပ် အရှေ့ထွက်ခွာ ဧကရာဇ် ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့သော တော်ဝင်သွေးသားမျိုးနှင့် လူတိုင်း သဘာဝကျစွာပင် ရင်းနှီးလိုကြသည်။
လီကျန့်ဖုန်း သူ၏ လက်ချောင်းများကြားမှ သာမန်ကာလျှံကာ ပေးကမ်းလိုက်သည့် အရာလေးတစ်ခုသည်ပင် သာမန် ကျင့်ကြံသူများအတွက် ကြီးမားလှသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည်။ သို့သော်လည်း လီကျန့်ဖုန်းသည် မိမိကိုယ်ကို အလွန် တန်ဖိုးထားသူ ဖြစ်ကြောင်း ထင်ရှားလှသည်။ သာမန် ကျင့်ကြံသူများမှာ သူ၏ အာရုံစိုက်မှုကို ရရှိရန် အခွင့်အရေး မရှိပေ။ ပါရမီနှင့် ဂုဏ်သတင်း အဆင့်အတန်း တူညီသူများသာလျှင် သူ၏ အကြည့်အနည်းငယ်ကို ရရှိနိုင်ပေလိမ့်မည်။ သို့သော်လည်း အကြည့်အနည်းငယ်ထက် မပိုပေ။ အရှေ့ပြည်နယ်၏ ထိပ်တန်း ပါရမီရှင် တစ်ယောက်အနေဖြင့် လီကျန့်ဖုန်းမှာ သူ၏ ရွယ်တူများအပေါ် အထင်သေးခွင့် ရှိနေပေသည်။
"ဟင်… နောက်ထပ် ရောက်လာကြသေးတာလား"
လဲ့ကျီကျိန်း ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။ သူ နောက်ထပ် အလင်းတန်း နှစ်ခုကို ရုတ်တရက် သတိပြုမိလိုက်၏။ ထိုအလင်းတန်းများမှာ အရှေ့ထွက်ခွာ အင်ပါယာ သို့မဟုတ် ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းတို့ထက်ပင် များစွာ ပိုမို မြန်ဆန်နေကြသည်။ တစ်ခဏ၌ သူတို့ မိုင်ပေါင်း သောင်းချီ ဝေးကွာနေသေးသော်လည်း နောက်တစ်ခဏတွင်မူ မိုးကြိုးသူတော်စင် မြို့တော်၏ အပေါ်တည့်တည့်သို့ ရောက်ရှိလာကြသည်။
ကြီးမားလှသော ဆင်ဖြူတော်ကြီး တစ်ကောင်။
ကြီးမားလှသော ခရမ်းရောင် မြေခွေးကြီး တစ်ကောင်။
ထိုသားရဲ နှစ်ကောင်မှာ အလွန် ကြီးမားလှသဖြင့် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသယောင် ရှိသည်။ ကျင့်ကြံသူများမှာ မှင်တက်သွားကြ၏။ ထိုနှစ်ကောင်မှာ ကျယ်ပြောပြီး အတိုင်းအဆမရှိသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြရာ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများ မဟုတ်သည်မှာ ထင်ရှားလှသည်။ ၎င်းတို့မှာ အထွတ်အထိပ် အကြီးအကဲများ ဖြစ်ကြရပေလိမ့်မည်။ သို့သော်လည်း လူတိုင်း သိထားသရွေ့ အရှေ့ပြည်နယ်တွင် အထွတ်အထိပ် အဆင့်ရှိသော သားရဲမျိုးနွယ်စုများ မရှိပေ။
လဲ့ကျန့်ဟယ်လည်း အံ့သြသွားရပြီး သူတို့ကို ကြိုဆိုရန် ထွက်လာခဲ့သည်။
"စီနီယာကြီး နှစ်ယောက်က ဘယ်သူများပါလဲလို့ မေးပါရစေ..."
ခရမ်းရောင် မြေခွေးကြီး တည်ငြိမ်စွာ ပြန်ဖြေ၏။
"သွေးနတ်ဘုရား သားရဲနန်းတော်က ဟူချင်း ပါ"
ဆင်ဖြူတော်ကြီး၏ အသံမှာမူ ဟိန်းထွက်လာသည်။
"ဆင်တစ်သောင်း ဘေးမဲ့ဂေဟာက ရှန့်ကူး ပါ"
"ကျွန်တော်တို့ အရှေ့ပြည်နယ်ကို ဖြတ်ကျော် ခရီးသွားနေရင်း မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှာ အခက်အခဲ ကြုံနေရတယ်လို့ ကြားတာနဲ့ ကူညီပေးဖို့ ရောက်လာခဲ့တာပါ"
ထိုစကားကြောင့် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ အရှေ့ပြည်နယ်တွင် အကျပ်အတည်း ကြုံလာသောအခါ တောင်ပိုင်း ကောင်းကင်ယံက တုံ့ပြန်လာခဲ့ပြီ။ မြင့်မြတ်သော နယ်မြေတစ်ခုပီသပါပေ၏။
လဲ့ကျန့်ဟယ် ရိုရိုသေသေဖြင့် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"အထွတ်အထိပ် အကြီးအကဲ ရှန့်ကူး နဲ့ အထွတ်အထိပ် အကြီးအကဲ ဟူချင်း တို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်"
"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ" "ကောင်းပါပြီ"
ရှန့်ကူး၏ ပုံရိပ်မှာ ဝဲပျံသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဟူချင်း တည်ငြိမ်စွာဖြင့်
"ကျွန်မမှာ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုကို အပ်နှံချင်တဲ့ မျိုးဆက်သစ် တစ်ယောက် ရှိပါတယ်… တစ်ထောင်သော မိုးကြိုးအကျဉ်းထောင် ပွင့်တဲ့အခါ သူ့ကို အထဲဝင်ပြီး လေ့ကျင့်ခွင့် ပေးလိုက်ပါ" လဲ့ကျန့်ဟယ် အလေးအနက် ခေါင်းညိတ်ပြလိုက်၏။
"နားလည်ပါပြီ"
နောက်တစ်ခဏတွင် ဆံပင်ဖြူနှင့် မိန်းကလေးငယ်တစ်ဦးမှာ စစ်ရေးလေ့ကျင့်ရေး ကွင်းပြင်တွင် ပေါ်လာတော့သည်။ ချက်ချင်းပင် ကျင့်ကြံသူ အများအပြားမှာ သူ့ကို အာရုံစိုက်လိုက်ကြ၏။ ဆံပင်ဖြူနှင့် မိန်းကလေးမှာ ခေါင်းပေါ်သို့ ဦးထုပ်ကို အမြန် ဆွဲတင်လိုက်ပြီး သူ့ ဆံပင်၊ နားရွက်နှင့် မျက်နှာတို့ကို ဖုံးအုပ်လိုက်သည်။ အဆောင်အတွင်း၌မူ လဲ့ကျီကျိန်းမှာ အံ့သြစွာ ကြည့်နေသည်။
ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။ ဤအထွတ်အထိပ် သားရဲ ရှန့်ကူး မှာ တောင်ပိုင်းကျွန်းစုများရှိ ဆင်တစ်သောင်း ဘေးမဲ့ဂေဟာမှ ဖြစ်သည်။ အထွတ်အထိပ် အကြီးအကဲ ဟူချင်း မှာမူ သွေးနတ်ဘုရား သားရဲနန်းတော်မှ လာခြင်း ဖြစ်သည်။ ပြီးတော့ ထိုဆံပင်ဖြူနှင့် မိန်းကလေးကို သူ ချက်ချင်း မှတ်မိလိုက်သည်။ ယခင်က သူ အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့ဖူးသော ဟူရှင်းယွဲ့ ပင် ဖြစ်တော့သည်။
"စိတ်ဝင်စားစရာပဲ"
ရှန်မို ခပ်ပါးပါး ပြုံးလျက် ရေရွတ်လိုက်သည်။ ဝေးလံလှသော တောင်ပိုင်း ကောင်းကင်ယံမှ တစ်စုံတစ်ဦးနှင့် ဤအရှေ့ပြည်နယ်တွင် ဆုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော်... အထွတ်အထိပ် အကြီးအကဲများသာလျှင် ဤမျှ ဝေးကွာလှသော ခရီးကို အလွယ်တကူ ဖြတ်ကျော်နိုင်ကြသည် မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ သူတို့သည် ရှုပ်ထွေးခြင်း ဟင်းလင်းပြင်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်ကြသူများ ဖြစ်ကြလေသည်။