အခန်း (၁၄၉၁-၁၄၉၂)
Vol. 150 Ch. 1491-1492
အခန်း (၁၄၉၁) - ဘယ်လိုပဲဖြစ်ဖြစ် ဓားတစ်ချက်တည်းပါပဲ
"ဖန့်အမာခံတပည့်က တကယ့်ကို မိစ္ဆာပဲ... အရင်က ဘာလို့ ဒါကို သတိမထားမိခဲ့ကြတာလဲ..."
"ငါ... ငါတို့ တကယ်ကြီး ဒီပွဲကို နိုင်သွားတာပဲ "
"မင်း ကြည့်ရတာ အိုသွားသလိုပဲ..."
"ဂရုမစိုက်ဘူး နည်းနည်း အိုသွားရုံနဲ့ သေသွားမှာမို့လို့လား ငါတို့ နိုင်သွားပြီဟ၊ ဟားဟားဟား "
"ရုလိုင်ဘုရားကျောင်းရဲ့ အမာခံတပည့် လေးယောက်ကို တစ်ကွက်တည်းနဲ့ သတ်ပစ်လိုက်တာ... ငါ တကယ်ကြီး အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော် "
ရှောင်ကွမ်းယင်၏ တွန်းထုတ်မှုကြောင့် နဂါးနက်အစီရင်မှာ နောက်သို့ ဆုတ်ခွာခဲ့ရသော်လည်း၊ အစီရင်ပေါ်ရှိ နယ်မြေသစ်ရှာဖွေရေးအဖွဲ့မှ ကျင့်ကြံသူများမှာမူ ယခုအချိန်တွင် ရင်ထဲ၌ ဒီရေကဲ့သို့ လှိုက်ဖိုလှုပ်ရှားနေကြပြီ ဖြစ်သည်။
အချို့မှာ အတိုင်းမသိ ဝမ်းသာအားရ ဖြစ်နေကြသလို၊ အချို့မှာမူ မျက်ရည်များပင် ဝှေ့သီနေကြသည်။
ဤတိုက်ပွဲသည် သူတို့ ကျင့်ကြံခြင်းသက်တမ်းတစ်လျှောက်တွင် အတောက်ပဆုံး၊ အပြောင်မြောက်ဆုံး တိုက်ပွဲပင် ဖြစ်သည်။
တစ်သက်တွင် တစ်ခါသာ ကြုံနိုင်မည့် တိုက်ပွဲမျိုး ဖြစ်ပေသည်။
ထိုမတိုင်မီက သူတို့ အနိုင်ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့ပါသနည်း စီနီယာအစ်မကြီးကိုယ်တိုင်ပင်လျှင် သူတို့ကို အရှုံးပေးရန် ရည်ရွယ်ထားခဲ့သည် မဟုတ်ပါလား။
"မောင်လေးကိုးက... တကယ်ကို မျှော်လင့်မထားတဲ့ အံ့ဩစရာတွေကို ပေးနိုင်တာပဲ"
စီနီယာအစ်မသုံးက လေးလေးနက်နက် ဆိုလိုက်သည်။
နန်မင်ရုယွဲ့၊ လီရှမ်းဇီနှင့် အခြားသူများ၏ စိတ်ခံစားချက်မှာလည်း သူမနှင့် ထပ်တူပင် ဖြစ်နေသည်။
ထိုနေရာရှိ အမာခံတပည့်များမှာ စိတ်လှုပ်ရှားနေကြသလို တစ်ဖက်ကလည်း တုန်လှုပ်ခြောက်ခြားနေကြသည်။
ဖန့်ချန်၏ နောက်ကြောင်းကို ပြန်တွေးကြည့်မိတိုင်း သူတို့မှာ မယုံနိုင်စရာကောင်းလှသည်ဟု ခံစားနေရသည်။
သူတို့၏ ဦးနှောက်ထဲတွင်လည်း ပြင်ပလူများကဲ့သို့ပင် အတွေးတစ်ခု ဝင်လာကြတော့သည်။
"ဒါမှမဟုတ် ဖန့်ညီလေးက အစောကြီးကတည်းက အမာခံတပည့် ဖြစ်နေခဲ့တာလား... အပြင်လူတွေကို လှည့်စားဖို့အတွက် သတင်းတွေကို တမင်ဝှက်ထားတာများလား"
တစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
လူတိုင်း၏ အကြည့်များမှာ စီနီယာအစ်မကြီးထံသို့ မသိစိတ်ဖြင့် ကျရောက်သွားကြသည်။
ထိုအရာအားလုံးမှာ စီနီယာအစ်မကြီး၏ လက်ချက်များ ဖြစ်နေမလားဟု သူတို့ သံသယဝင်နေကြသည်။
ဒုတိယ စီနီယာအစ်ကို၏ ကိစ္စတုန်းကကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
"အစ်မကြီး... ဖန့်ညီလေးက အစ်မကြီး အစောကြီးကတည်းက ချထားတဲ့ အကွက်များလား"
စီနီယာအစ်ကိုလေးက စပ်စုလိုက်သည်
"အဲ့ဒီတုန်းက အစ်မကြီးသာ ရှောင်ကွမ်းယင်ကို ဒုတိယအစ်ကိုအကြောင်း ပြောမပြခဲ့ရင်၊ ငါတို့တွေက ဒုတိယအစ်ကိုကို အစ်မကြီးက တကယ်ကြီး ကျွယ်မင်ယင်လောက ကို ပို့ပြီး အပြစ်ပေးထားတယ်လို့ ထင်နေကြတာ"
"ဒုတိယက တကယ်ပဲ ယင်လောကမှာ အမှားပြင်ဆင်နေတာပါ"
စီနီယာအစ်မကြီးက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
လူတိုင်းမှာ ဆွံ့အသွားကြသည်။
"ဒါဆို ငါတို့ စောင့်ရှောက်ရမယ့် ရှေးဟောင်းတားမြစ်နယ်မြေကရော..."
"သူတို့ကို ပေးလိုက်ရင်ရော ဘာဖြစ်လဲ သူတို့ စောင့်ရှောက်တာ နှစ်တစ်ရာပဲ ရှိသေးတာလေ။ သူတို့ ယူထားပစေဦး၊ နောက်နှစ်တစ်ရာနေရင် ငါတို့ သွားပြီး ပြန်လုယူမှာပေါ့"
စီနီယာအစ်မကြီးက ခပ်ပြုံးပြုံးဖြင့် ဆိုသည်
"ရှောင်ကွမ်းယင်ကို အရမ်းကြီး ပျော်မသွားအောင် လုပ်ရမယ်လေ၊ အခုဆိုရင် သူလည်း ဒီကိစ္စအတွက် စိတ်ပူနေလောက်ပြီ၊ ဟားဟား"
လူတိုင်းမှာ ဘာမှ ထပ်မပြောတော့ဘဲ တိတ်ဆိတ်သွားကြသည်။
"ဖန့်ညီလေးက အစီရင်မသေမျိုးအတတ် နှစ်မျိုးတောင် နားလည်ထားတာဆိုတော့၊ သူ့ရဲ့ အစွမ်းက ငါတို့ထဲက ဘယ်သူ့ထက်မဆို မနိမ့်တော့ဘူးလို့ ပြောလို့ရတယ်"
"ထိုက်ရွှီရှေးဟောင်းမသေမျိုးကတော့ တကယ်ကို အမြော်အမြင်ရှိတာပဲ။ သူ့တပည့် ကျိကန်းကို ဖန့်ညီလေးရဲ့ နယ်မြေကိုးခုအဖွဲ့ထဲကို ထည့်လိုက်တာ အကွက်ကွက်တိပဲ"
"အဆင့် ၆ မသေမျိုး တစ်ယောက်တည်းနဲ့တော့ မလောက်ဘူး ထင်တယ်။ နန်းတော်က နောက်ထပ် အဆင့် ၆ မသေမျိုး တစ်ယောက်လောက် ထပ်လွှတ်ပေးမှ နဂါးနက်အစီရင်ရဲ့ အစွမ်းကို အပြည့်အဝ ထုတ်သုံးနိုင်မှာ"
လူတိုင်းက တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းဆွေးနွေးနေကြစဉ်၊ စီနီယာအစ်မသုံးက ဖန့်ချန်ရှိရာဘက်သို့ စဉ်းစားဟန်ဖြင့် ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။
"ဖန့်မောင်လေးမှာ လက်တွဲဖော် ရှိလား "
"......."
"အစ်မသုံး... ဘာလို့ ဒါကို မေးတာလဲ စိတ်တွေ လှုပ်ရှားနေလို့လား နွားအိုက မြက်နုစားတာတော့ သိပ်မကောင်းဘူးနော်"
စီနီယာအစ်ကိုလေးက နောက်ပြောင်လိုက်သည်။
လူတိုင်းမှာ ရယ်ချင်စိတ်ကို အောင့်ထားကြရသည်။
သို့သော် စီနီယာအစ်မသုံးက ခပ်တည်တည်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒီလောက်အထိ ပါရမီပါတာကို မြင်ရတော့ တကယ်ပဲ ငါ့စိတ်တွေ လှုပ်ရှားသွားတာ အမှန်ပဲ။ တကယ်လို့ သူ့မှာ လက်တွဲဖော် မရှိဘူးဆိုရင် ငါတစ်ချက် စမ်းကြည့်မယ်"
"..."
လေထုမှာ ရုတ်တရက် ထူးထူးဆန်းဆန်း ဖြစ်သွားတော့သည်။
"ဖန့်မိတ်ဆွေက ကျင့်ကြံခြင်းကိုပဲ အဓိကထားတယ်လို့ ပြောဖူးတယ်။ ဒီလောက် အစောကြီး လက်တွဲဖော် ရှာဖို့ စိတ်မစောပါဘူး"
အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်ကြရာ ကြာနီနတ်မိမယ်က စီနီယာအစ်မသုံးကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဟုတ်လို့လား လက်တွဲဖော် ရှိမှ ကျင့်ကြံရတာ ပိုပြီး အားရှိမှာပေါ့။ ဖန့်မောင်လေးက ငယ်သေးလို့ ဒီအကြောင်းတွေကို နားမလည်သေးတာ ဖြစ်မှာပါ။ ငါက သူ့ကို သင်ပေးလို့ ရပါတယ်"
စီနီယာအစ်မသုံးက မဲ့ပြုံးလေးဖြင့် ဆိုလိုက်သည်။
ကြာနီနတ်မိမယ်မှာ မျက်မှောင်ကြုတ်သွားပြီး ဘာမှ ထပ်မပြောတော့ချေ။
တစ်ချိန်တည်းမှာပင်...
ဖန့်ချန် ရှိနေသော နဂါးနက်လှေပေါ်တွင်မူ မျက်နှာများ သိသိသာသာ အိုမင်းသွားကြသည့် ယွီထျန်းကော၊ နန်မင်ရှောက်ကျဲ၊ လင်းယွမ်၊ ယွီဝူရှီး၊ မုံ့ချင်းလင်နှင့် အခြားသူများမှာ ဖန့်ချန်ကို ဝိုင်းဝန်းဂုဏ်ပြုနေကြသည်။
သူတို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
မသေမျိုးလမ်းစဉ်သို့ စတင်ဝင်ရောက်စဉ်က၊ ကျင့်ကြံမှု အောင်မြင်စဉ်က၊ နောက်ဆုံး ကျွယ်မင်ကြယ်သို့ ရောက်ရှိလာစဉ်က စိတ်လှုပ်ရှားမှုများမှာ ယနေ့ စိတ်လှုပ်ရှားမှုလောက် မနီးစပ်ခဲ့ချေ။
"သိပ်ကို မိုက်တာပဲ၊ သိပ်မိုက်တာပဲ ဒီပွဲကို နိုင်လိုက်ရတာ နေရာမှာတင် သေသွားရင်တောင် တန်တယ်။ ယင်လောက ရောက်ရင်တောင် ငါ ကြွားလို့ ဝမှာ မဟုတ်ဘူး၊ ဟားဟားဟား "
လင်းယွမ်က အားရပါးရ အော်ဟစ်ရယ်မောနေသည်။
အကြီးအကဲ ချင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင်
"ဒီပွဲက အစပဲ ရှိသေးတယ်၊ အဆုံးသတ် မဟုတ်သေးဘူး။ ဂူမသေမျိုးလမ်းစဉ်ကို လိုက်စားတဲ့လူက ဒီလောက်တောင် စိတ်မရှည်နိုင်ဖြစ်ရလား "
ဟု ဆိုသည်။
လင်းယွမ်မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။
အကြောင်းမှာ အကြီးအကဲ ချင်သည် သူ့ကဲ့သို့ပင် ဂူမသေမျိုး လမ်းစဉ်က စီနီယာတစ်ဦး ဖြစ်ပြီး၊ သူ၏ ဂူမသေမျိုးဂိုဏ်းမှ အသန်မာဆုံးသူထက်ပင် ပို၍ အစွမ်းထက်နေသောကြောင့်ပင်။
"ဖန့်အမာခံတပည့်... ဒီတိုက်ပွဲကတော့ တကယ်ကို ပြောင်မြောက်လွန်းပါတယ်။ အခုထိ ငါ့စိတ်တွေ မငြိမ်သေးဘူး၊ ဟားဟားဟား "
အကြီးအကဲ ချင်က ဖန့်ချန်ဘက်သို့ လှည့်ကာ ပြုံးပျော်လျက် ဆိုပြန်သည်။
"အားလုံးပဲ... ခုနက တိုက်ကွက်က စွမ်းအားကုန်ဆုံးမှု တော်တော်များတယ်။ အားလုံးရဲ့ အခြေခံ ကိုများ ထိခိုက်သွားလား "
ဖန့်ချန်သည် နဂါးနက်အစီရင်ကို အဓိကတပ်ဖွဲ့ဆီသို့ ပြန်လည်မောင်းနှင်ရင်း မေးလိုက်သည်။
"ထိခိုက်မှု သိပ်မရှိပါဘူး။ ငါ့ရဲ့ သက်တမ်း နှစ်တစ်ရာကျော်လောက်ပဲ ကုန်သွားတာပါ"
ကျိကန်းက ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
လူတိုင်း၏ ထိခိုက်မှုမှာ သိပ်မပြင်းထန်လှပေ။
ကျင့်ကြံမှုအဆင့် နိမ့်လေ၊ ထိခိုက်မှု နည်းလေ ဖြစ်သည်။
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ရှစ်မျက်နှာအရပ် မသေမျိုးဓားကျမ်း ဆဌမမြောက် ဓားသွား ကို အသုံးပြုရာတွင် စွမ်းအားကုန်ဆုံးမှုမှာ မူလက အလွန်ကြီးမားလှသော်လည်း၊ အစီရင်ဗဟိုချက် ကို အသုံးပြု၍ ကုန်ဆုံးမှုများကို ကျင့်ကြံသူတိုင်းပေါ်သို့ ခွဲဝေချထားလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤဓားကွက်၏ အစွမ်းမှာ အဆမတန် ကြီးမားသွားသလို၊ ကုန်ဆုံးမှုမှာလည်း ထိန်းချုပ်နိုင်သော အတိုင်းအတာအတွင်း ရှိနေခဲ့ခြင်းပင်။
သို့သော်လည်း သူ ထုတ်နိုင်သည်မှာ ဓားတစ်ချက်တည်း သာ ရှိသည်။
နောက်ထပ် ဓားထပ်ထုတ်ရန်မှာ အလွန်ပင် ခက်ခဲလှသဖြင့်၊ နောက်ဆုံးကျန်ရှိနေသော ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့် နှစ်ယောက်ကို တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့်ပင် ဒေါသဆွသည့် နည်းလမ်းကို သုံး၍ သူတို့ကို တစ်ပြိုင်နက် တိုက်ခိုက်ရန် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဓားတစ်ချက်တည်းပါပဲ။
ဖန့်ချန်၏ နဂါးနက်အစီရင်မှာ နောက်ဆုံးတွင် အဓိကတပ်ဖွဲ့ကြီးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အားကျသည့် အကြည့်များ၊ အံ့ဩသည့် အကြည့်များမှာ သူနှင့် အဖွဲ့သားများအပေါ်သို့ စုပြုံကျရောက်လာသည်။
လူတိုင်း၏ ရင်ထဲတွင် စစ်မြေပြင်မှ အောင်ပွဲခံပြန်လာသည့် ဂုဏ်သိက္ခာနှင့် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေတော့သည်။
ကျွယ်မင်နန်းတော်ဘက်မှ ဆူညံလှသော ဟိန်းဟောက် အောင်ပွဲခံသံများမှာ ပင်လယ်လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာသည်။
ဆန့်ကျင်ဘက် ရုလိုင်ဘုရားကျောင်းဘက်တွင်မူ အမာခံတပည့်တိုင်းမှာ မျက်နှာမသာမယာ ဖြစ်နေကြသည်။
ရှေ့နောက် အမာခံတပည့် (၅) ဦး သေဆုံးခဲ့ပြီး၊ အစီရင်ဗဟိုချက် (၅) ခု ဆုံးရှုံးခဲ့ရခြင်းမှာ ရုလိုင်ဘုရားကျောင်းအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်တော့သည်။
"ဗုဒ္ဓသားတော်... ဒီကလဲ့စားကို မချေလို့ မဖြစ်ဘူး။ နယ်မြေလုပွဲမှာ အသေသတ်ခြင်း မပြုရဘူးဆိုတဲ့ စည်းကမ်း ရှိတယ် "
ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်တစ်ဦးက လေးနက်သော အသံဖြင့် ဆိုသည်။
"အဲ့ဒီစည်းကမ်း ရှိတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီစည်းကမ်းမှာ နောက်ထပ် စာတစ်ကြောင်း ရှိသေးတယ်... လက်မချန်နိုင်တဲ့ အခြေအနေမျိုးမှလွဲ၍ ဆိုတာပဲ"
ရှောင်ကွမ်းယင်က ဖန့်ချန်၏ အရိပ်အယောင်ကို ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။
"သူ့ရဲ့ အဲ့ဒီတိုက်ကွက်က ချန်ထားလို့ မရတဲ့ တိုက်ကွက်မျိုး ဖြစ်နေတာပဲ။ ဒါကြောင့်လည်း ငါတို့ကို အကွက်ဆင်ပြီး အတူတူ တိုက်ခိုက်လာအောင် ဆွဲဆောင်ခဲ့တာ။ ဒီတစ်ခါတော့... ရှဲ့အာမန်ကို ကိုင်တွယ်ဖို့ ပြင်ဆင်ထားပေမဲ့ နောက်ပေါက်လေး တစ်ယောက်ရဲ့ လက်ထဲမှာ ရှုံးနိမ့်ခဲ့ရပြီ။ တော်ပါပေတယ် ရှဲ့အာမန်၊ တော်ပါပေတယ် ကျွယ်မင်နန်းတော်ရဲ့ အကြီးအကဲ "
စကားအဆုံးတွင် သူက အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ပစ္စည်းတွေ သိမ်းကြ၊ ငါတို့ သွားမယ်"
ဖန့်ချန်သည် စီနီယာအစ်မကြီး ရှိနေသော နဂါးနက်လှေပေါ်သို့ ရောက်လာခဲ့သည်။
ကျန်ရှိသော အမာခံတပည့်များမှာ ထိုနေရာတွင် စုဝေးနေကြပြီး ဖန့်ချန်ကို တစ်ယောက်ပြီးတစ်ယောက် ဝိုင်းဝန်းဂုဏ်ပြုကြသည်။
သူတို့၏ သဘောထားမှာ ယခင်ကနှင့် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။
အလွန်အေးစက်လှသော အမာခံတပည့်များပင်လျှင် ယခုအချိန်တွင် မျက်နှာအပြည့် အပြုံးများဖြင့် ချီးကျူးစကား ဆိုနေကြတော့သည်။
"ညီလေးကိုး... မင်း လုပ်နိုင်မယ်ဆိုတာ ငါ သိပြီးသားပါ"
စီနီယာအစ်ကိုလေး က ပြုံးပျော်လျက် ဆိုသည်။
စီနီယာအစ်ကို ခြောက်နှင့် ခုနစ်တို့ကလည်း ဖန့်ချန်ကို ပြုံး၍ နှုတ်ဆက်ကြသည်။
"နင်က ဘာသိလို့လဲ၊ နင်လည်း အခုမှ သိတာ မဟုတ်လား"
စီနီယာအစ်မသုံးက စီနီယာအစ်ကိုလေးကို တွန်းထုတ်လိုက်ပြီး ဖန့်ချန်၏ ရှေ့သို့ လျှောက်လာခဲ့သည်။
သူမသည် ကိုယ်ဟန်မှာ မြင့်မားသွယ်လျပြီး ရုပ်ရည်မှာ အလွန်အမင်း လှပသူ ဖြစ်သည်။
ကျင့်ကြံမှုမှာလည်း စီနီယာအစ်မကြီးမှလွဲလျှင် ဤနေရာတွင် အမြင့်ဆုံး ဖြစ်ရာ၊ သူမ လျှောက်လာသည့် ခြေလှမ်းတိုင်းမှာ ပြင်းထန်သော ဖိအားကို ပေးစွမ်းနေသည်။
သူမ ပါးစပ်ဟ၍ စကားပြောရန် ပြင်လိုက်စဉ်မှာပင်... ကြာနီနတ်မိမယ်သည် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ ဖန့်ချန်၏ ဘေးနားတွင် ရပ်နေကာ သူမကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေတော့သည်။
အခန်း (၁၄၉၂) - ဖွင့်ဟဝန်ခံခြင်း
စီနီယာအစ်မသုံးသည် ကြာနီနတ်မိမယ်ကို လုံးဝဂရုမစိုက်ဘဲ ဖန့်ချန်ကိုသာ ပြုံးရွှင်သောမျက်နှာဖြင့် စိုက်ကြည့်နေသည်။
"မောင်လေးကိုး... မင်းမှာ လက်တွဲဖော်မရှိဘူးလို့ သူတို့ပြောတာ ငါကြားတယ်။ ငါ့လို စီနီယာအစ်မမျိုးကို မင်း ဘယ်လိုသဘောရလဲ "
ထိုစကားကြောင့် အမာခံတပည့်အများအပြား၏ မျက်ဝန်းထဲတွင် အားကျမနာလိုမှုများ ရိပ်ယောင်သွားကြသည်။
အချို့ဆိုလျှင် ဖန့်ချန်ကို ဝါးစားမတတ် အကြည့်မျိုးဖြင့် ကြည့်နေကြသော်လည်း မဖော်ပြရဲဘဲ တိတ်တဆိတ်သာ မျက်ရည်သုတ်နေကြရသည်။
"စီနီယာအစ်မသုံးက... ကျနော်ကို နောက်နေတာလား "
ဖန့်ချန် စိတ်လှုပ်ရှားသွားပြီး စီနီယာအစ်မကြီးရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ရှဲ့အာမန်ကမူ ဖန့်ချန်နှင့် အစ်မသုံးကို ကြည့်ကာ မဲ့ပြုံးလေး ပြုံးနေပြီး ဘာတစ်ခွန်းမှ မပြောချေ။
ဖန့်ချန် အရှက်ကွဲမည့်အရေးကို ကြည့်ချင်နေသည့်အလားပင်။
စီနီယာအစ်မသုံး၏ မျက်နှာမှာ ချက်ချင်း တည်သွားပြီး သူမ၏ ကြည်လင်သော မျက်ဝန်းအစုံက မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"ငါ ချန်အင်ရွှယ် ပြောတဲ့စကားမှာ နောက်ပြောင်တယ်ဆိုတာ မရှိဘူး။ ငါ အခုထိ ကျင့်ကြံလာတာမှာ လက်တွဲဖော်မရှိသေးတာက ကျွယ်မင်နန်းတော်ထဲက ဘယ်ယောက်ျားကိုမှ မျက်စိထဲ မဝင်လို့ပဲ။ ဒါပေမဲ့ ဒီနေ့တော့ မတူတော့ဘူး၊ မင်းကတော့ အဆင်ပြေတယ်လို့ ငါထင်တယ်။ ဘယ်လိုလဲ ငါတို့ နှစ်ယောက် လက်တွဲဖော်အဖြစ် ပေါင်းစည်းကြမလား နောင်ကျရင် လင်မယားနှစ်ယောက် စိတ်တူကိုယ်တူနဲ့ ငါပါ နန်းတော်အကြီးအကဲ နေရာကို လုကြည့်ရမလား "
"စီနီယာအစ်မသုံးကတော့ တကယ်ကို ချစ်ရင်ချစ်၊ မုန်းရင်မုန်း ပြတ်သားတာပဲ..."
နန်မင်ရုယွဲ့၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
လူတိုင်းလည်း ချန်အင်ရွှယ်သည် နောက်ပြောင်နေခြင်း မဟုတ်ဘဲ ဖန့်ချန်ကို တကယ် အလေးအနက် မေးနေခြင်းဖြစ်ကြောင်း အတည်ပြုနိုင်သွားကြသည်။
သို့သော် သူမပြောလိုက်သော စကားများက သူတို့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသလို၊ မကျေမနပ်လည်း ဖြစ်စေသည်။
သို့သော် ဘာမှတော့ မတတ်နိုင်ချေ။
"ဖန့်အမာခံတပည့်သာ ခေါင်းညိတ်လိုက်ရင် ဒီနေ့ပဲ သူတို့နှစ်ယောက် ကိစ္စပြီးသွားတော့မယ်..."
လူတိုင်း၏ အားကျမှုများမှာ မျက်ဝန်းထဲမှ လျှံထွက်လုမတတ် ဖြစ်နေသည်။
ထိုစီနီယာအစ်မသုံး၏ အစွမ်းမှာ အစ်မကြီးကို မမီသော်လည်း ကျွယ်မင်နန်းတော်၏ ထိပ်သီးများထဲမှ တစ်ဦး ဖြစ်ပေသည်။
ပုံမှန်ဆိုလျှင် သူမကို တိတ်တဆိတ် စွဲလမ်းနေကြသည့် အမာခံတပည့်နှင့် အပြင်စည်းကျင့်ကြံသူ မည်မျှရှိသနည်း။
ယခုမူ ထိုအဖိုးတန် ဂေါ်ဖီထုပ်ကြီးကို ဂျူနီယာလေးတစ်ယောက်က ခူးယူသွားတော့မည့်အရေးပင်။
"စီနီယာအစ်မသုံးက နောက်နေတာ မဟုတ်ဘူးဆိုရင်တော့... ဒီကိစ္စကို ဟုန်မိတ်ဆွေကို အရင်မေးရဦးမယ်။ သူက အိမ်ထောင်ဦးစီး ဇနီးကြီး ဖြစ်နေတာဆိုတော့၊ တကယ်လို့ သူက စီနီယာအစ်မသုံးကို မယားငယ် အဖြစ် လက်ခံမယ်ဆိုရင် ကျနော် ဘက်ကတော့ ဘာမှ ပြောစရာမရှိပါဘူး"
ဖန့်ချန်က ရယ်မောရင်း ဆိုလိုက်သည်။
"..."
"ဟုန်ညီမလေးနဲ့ ဖန့်ညီလေးက တကယ်ကြီး ပတ်သက်နေတာလား "
"ကြည့်ရတာ ကောလာဟလတွေက အမှန်ပဲ ထင်တယ်..."
လူတိုင်း၏ အမူအရာမှာ ထူးဆန်းသွားကြသည်။
အရင်က သူတို့နှစ်ယောက်အကြောင်း သတင်းအချို့ ကြားဖူးသော်လည်း အတည်မပြုနိုင်ခဲ့ချေ။
နှစ်ယောက်လုံးကလည်း သူတို့ပတ်သက်မှုကို တရားဝင် မကြေညာခဲ့ကြပေ။
ကြာနီနတ်မိမယ်မှာ ခဏမျှ ကြောင်အမ်းသွားပြီးနောက် လည်ပင်းမှစ၍ ပါးပြင်နှစ်ဖက်အထိ နီမြန်းသွားကာ သစ်ပင်ပေါ်မှ မှည့်နေသော ပန်းသီးတစ်လုံးအလား ဖြစ်သွားတော့သည်။
သို့သော် သူမက ချက်ချင်း တည်ငြိမ်အောင် ထိန်းလိုက်ပြီး စီနီယာအစ်မသုံးကို ပြောလိုက်သည်။
"စီနီယာအစ်မသုံးက မယားငယ်အဖြစ် နေချင်တယ်ဆိုရင်တော့ ဖန့်မိတ်ဆွေနဲ့ စီနီယာအစ်မ လက်တွဲဖော်ဖြစ်ဖို့ ကျမ ခွင့်ပြုနိုင်ပါတယ်"
"နင်တို့နှစ်ယောက်က တကယ်ကြီး လက်တွဲဖော်တွေ ဖြစ်နေကြတာလား "
ချန်အင်ရွှယ်၏ မျက်ဝန်းထဲတွင် သံသယများ ရိပ်ယောင်သွားပြီး နှစ်ယောက်လုံးကို အကဲခတ်ကြည့်နေသည်။
"အမှန်ပါပဲ"
ကြာနီနတ်မိမယ်က အလေးအနက် ခေါင်းညိတ်ပြသည်။
"ဒါဆိုရင်တော့ ထားလိုက်ပါတော့"
ချန်အင်ရွှယ်က စိတ်ပျက်လက်ပျက်ဖြင့် တစ်ခွန်းသာ ပြောပြီး လှည့်ထွက်သွားတော့သည်။
"ဖန့်မောင်လေးက တော်လှတာ မှန်ပေမဲ့ ငါ ချန်အင်ရွှယ် ကတော့ သူတစ်ပါးနဲ့ ယောက်ျားကို ဝေမျှသုံးစွဲမယ့် မိန်းမ မဟုတ်ဘူး"
"ဆော့လို့ ဝကြပြီလား "
ရှဲ့အာမန်က ထိုအခါမှ ရယ်မောသံ ထွက်ပေါ်လာသည်။
"ဆော့လို့ ဝပြီဆိုရင် အရေးကြီးတဲ့ကိစ္စ ပြောကြရအောင်"
သူမက ဖန့်ချန်ကို ကြည့်လိုက်သည်
"ဖန့်မောင်လေး... မင်း အခု အစီရင်မသေမျိုးအတတ် နှစ်မျိုးကို သုံးနိုင်ပြီလား "
ရှပ် ရှပ် ရှပ်
လူတိုင်း ဖန့်ချန်ကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
"သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ကျနော် ရုတ်တရက် အသိပွင့်သွားတာပါ။ နဂါးနက်အစီရင်က ကျနော် ဖြစ်သွားသလို၊ ကျနော် ကလည်း နဂါးနက်အစီရင် ဖြစ်သွားသလို ခံစားလိုက်ရပြီး စိတ်အာရုံ လှုပ်ရှားလိုက်တာနဲ့ အစီရင်မသေမျိုးအတတ်ကို သုံးနိုင်သွားတာပါ။ ဒါပေမဲ့ အခုတော့ နှစ်မျိုးပဲ သုံးနိုင်ပါသေးတယ်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။
ဤစကားမှာ တစ်ဝက်က အမှန်၊ တစ်ဝက်က အလိမ်ဖြစ်သည်။
အခြားအမာခံတပည့်များက အစီရင်ဗဟိုချက် နှင့် တစ်သားတည်းကျသွားချိန်တွင် မည်သို့သော အခြေအနေမျိုး ဖြစ်သလဲဆိုသည်ကို သူ မသိချေ။
မည်သို့ပင်ဖြစ်စေ သူ၏ အခြေအနေမှာ အလွန်ကောင်းမွန်လှပြီး မည်သည့်အတတ်ကိုမဆို အလိုရှိသလို အသုံးပြုနိုင်နေသည်။
တစ်မျိုးချင်းစီ လိုက်ပြီး နားလည်နေစရာ မလိုချေ။
ဒါဟာ သူ၏ ဝိညာဉ်စွမ်းအား နှင့် ပတ်သက်နေလိမ့်မည်ဟု ခန့်မှန်းရသည်။
"ဒီတစ်ခါ မင်းသာ အစီရင်မသေမျိုးအတတ်ကို ရုတ်တရက် နားမလည်ခဲ့ရင် ငါတို့ ကျွယ်မင်နန်းတော် ဆုံးရှုံးမှု အကြီးအကျယ် ဖြစ်သွားလိမ့်မယ်။ မင်းကို အကြီးကြီး ဂုဏ်ပြုရမယ်၊ ပြန်ရောက်တာနဲ့ ဂုဏ်ပြုဆုတွေ ထုတ်ယူလို့ ရပြီ"
ရှဲ့အာမန်က ပြုံးလျက် ခေါင်းညိတ်သည်။
အမာခံတပည့်တစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။
"အစ်မကြီး... ဖန့်ညီလေးက အစ်မကြီး ဝှက်ထားတဲ့ ဖဲတစ်ချပ် မဟုတ်ဘူးလား "
"ငါ့မှာ ဘယ်ကလာတဲ့ ဝှက်ဖဲတွေ အများကြီး ရှိမှာလဲ ဒီတစ်ခါ ဖန့်မောင်လေးကို ခေါ်လာတာက လောကကြီးကို ဗဟုသုတအနေနဲ့ လိုက်ကြည့်ခိုင်းတာပါ၊ ဘာမှ မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမဲ့ ဖန့်မောင်လေးက ငါတို့ကို အရမ်းကြီးမားတဲ့ အံ့ဩစရာတစ်ခု ပေးလိုက်တာပဲ၊ ကောင်းတယ်၊ သိပ်ကောင်းတယ်"
ရှဲ့အာမန်က ရယ်မောကာ ပြောသည်။
လူတိုင်း၏ မျက်နှာထားများမှာ ရှုပ်ထွေးသွားကြသည်။
အစီရင်မသေမျိုးအတတ်ကို ရုတ်တရက် နားလည်သွားတယ်၊ ပြီးတော့ နှစ်မျိုးတောင်လား ဒီလို အရည်အချင်းမျိုးကတော့...
"နှမြောစရာပဲ၊ သူသာ အစ်မကြီးမတိုင်ခင် ပေါ်လာခဲ့ရင် နောက်မျိုးဆက် နန်းတော်အကြီးအကဲက သူ ဖြစ်လာနိုင်တယ်။ အခုတော့ နောက် မျိုးဆက်အထိ စောင့်ရတော့မယ်၊ ဒါပေမဲ့ သက်တမ်း ရှည်ရှည်နေဖို့တော့ လိုလိမ့်မယ်"
ဟု လူအများအပြားက တိတ်တဆိတ် တွေးလိုက်ကြသည်။
ရုလိုင်ဘုရားကျောင်းမှ လူများ ပြန်လည်ဆုတ်ခွာသွားကြပြီးနောက် ယဲ့ချင်းချိုးနှင့် အဖွဲ့များက ဂုဏ်ပြုရန် ရောက်ရှိလာကြသည်။
"ရှဲ့အာမန်... နင့်လက်ကွက်တွေကတော့ တကယ့်ကို ကြောက်စရာပဲ"
ယဲ့ချင်းချိုးက ဖန့်ချန်ကို ပြုံးပြုံးလေး တစ်ချက် ကြည့်လိုက်သည်။
"အာမန်မမ... မမတို့ နိုင်မယ်ဆိုတာ ကျနော် သိပြီးသားပါ"
ရှန်းယွဲ့ကွမ်းက ဖော်လံဖားသည့် အမူအရာဖြင့် ဆိုသည်။
လင်ပုချိနှင့် အခြားသူများကလည်း ရှဲ့အာမန်၏ နည်းပရိယာယ်များကို ချီးကျူးကြသည်။
ခေတ္တမျှ စကားပြောဆိုပြီးနောက် ကျန်ရှိသော အင်အားစုများမှာလည်း သူတို့နှင့် မသက်ဆိုင်တော့သဖြင့် တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။
"သူတို့အားလုံးက ဒါဟာ နင့်ရဲ့ ဝှက်ဖဲလို့ ထင်နေကြပြီ"
ချန်အင်ရွှယ်က ရှဲ့အာမန်ကို မဲ့ပြုံးလေးဖြင့် ကြည့်ကာ ပြောသည်။
"သူတို့ ထင်သလိုပဲ ထားလိုက်ပါတော့"
ရှဲ့အာမန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူမ၏ အကြည့်မှာ တာ့လေယင် ရှိရာသို့ ကျရောက်သွားသည်။
"ကဲ သွားကြစမ်း၊ ဒီ ကိုးဆယ့်ခုနစ်ခုမြောက် ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ ဘာကောင်းတာတွေ ကျန်သေးလဲဆိုတာ ကြည့်ရအောင်"
နဂါးနက်အစီရင် အစင်းတစ်ရာသည် ဟိတ်ဟန်အပြည့်ဖြင့် တာ့လေယင် ဆီသို့ ဦးတည်ချီတက်သွားကြသည်။
နယ်မြေသစ်ရှာဖွေရေးအဖွဲ့မှ ကျင့်ကြံသူတိုင်းမှာ စိတ်လှုပ်ရှားနေကြသည်။
အဆုံးသတ်တွင်မူ သူတို့ ရသင့်ရထိုက်သော အကျိုးအမြတ်များကို ရရှိတော့မည် မဟုတ်ပါလား။
ကြာနီနတ်မိမယ်သည် ဖန့်ချန်နောက်သို့ လိုက်ကာ သူ၏ နဂါးနက်လှေပေါ်သို့ ပြန်လာခဲ့သည်။
စောစောက ဖြစ်ပျက်သွားသည်များကို ကျိကန်းတို့အဖွဲ့က မသိကြချေ။
သို့သော် ကြာနီနတ်မိမယ်နှင့် ဖန့်ချန်မှာ အလွန်ရင်းနှီးကြောင်း သိကြသဖြင့် သူမ ရောက်လာခြင်းကို အံ့ဩခြင်း မရှိကြပေ။
"ဟုန်မိတ်ဆွေ... နောင်ကျရင် ငါ မင်းကို ဘယ်လို ခေါ်ရမလဲ "
ဖန့်ချန်က ရယ်မောရင်း မေးလိုက်သည်။
"ရှင်ကတော့ ကျမက ရှင့်အတွက် ပြဿနာကို ကြားဖြတ်ဖြေရှင်းပေးတာကို သိသိကြီးနဲ့"
ကြာနီနတ်မိမယ်မှာ ဖန့်ချန်ကို မကြည့်ရဲဘဲ တည်ငြိမ်ဟန် ဆောင်ထားရသည်။
"စီနီယာအစ်မသုံးရဲ့ စရိုက်က အရမ်းကို အစွန်းရောက်လွန်းတယ်၊ ရှင့်အတွက် မသင့်တော်ဘူး။ သူမနဲ့သာ အတူရှိရင် ရှင့်ရဲ့ အရည်အချင်းတွေ အကုန်လုံး သူမရဲ့ အရှိန်အဝါအောက်မှာ နစ်မြုပ်သွားလိမ့်မယ်"
"ပြဿနာကို ဖြေရှင်းပေးတာ သက်သက်ပဲလား ဒါပေမဲ့ အခုကစပြီး သူတို့အားလုံးက မင်းကို ငါ့ရဲ့ လက်တွဲဖော်လို့ ထင်သွားကြတော့မှာ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ဒါဆိုရင်လည်း အဲ့ဒီအတိုင်းပဲ ထင်ပစေတော့"
ကြာနီနတ်မိမယ်က သူမ၏ ဆံနွယ်လေးကို ခပ်ဖွဖွ သပ်လိုက်ရင်း
"ကျမ ပြန်တော့မယ်"
ဟု ဆိုကာ ပျံသန်းထွက်ခွာသွားတော့သည်။
ဖန့်ချန်က သူမ၏ ကျောပြင်ကို ကြည့်ကာ ခေတ္တမျှ စဉ်းစားနေစဉ် မုံ့ချင်းလင်က အနားသို့ ကပ်လာပြီး ရှဥ့်ပျံ တစ်ကောင်ကို ကမ်းပေးလိုက်သည်။
"အဖွဲ့ခေါင်းဆောင်... စီနီယာ မီယွီက ကျမဆီမှာ အိပ်ပျော်နေတာ။ တစ်ခုခု ထူးဆန်းနေသလို ခံစားရလို့ ရှင့်ဆီပဲ ပြန်အပ်လိုက်ပါတော့မယ်"
သူမက ရှဥ့်ပျံလေးကို ထားခဲ့ပြီး ချက်ချင်း ပြေးထွက်သွားတော့သည်။
မီယွီမိတ်ဆွေမှာ ယခုအချိန်အထိ အလွန်အမင်း အိပ်ပျော်နေပြီး နိုးလာမည့် အရိပ်အယောင်ပင် မရှိချေ။
ဖန့်ချန်သည် သူမ နဂါးနက်အစီရင်သို့ မသေမျိုးစွမ်းအားများ ထည့်သွင်းပေးစဉ်က ကျိကန်းထက်ပင် မနိမ့်ကျသည်ကို ပြန်တွေးမိကာ ရုတ်တရက် သဘောပေါက်သွားသည်။
သူမသည် တစ်ချိန်လုံး ပိုးကောင်တွေ စားလိုက်၊ အိပ်လိုက် လုပ်နေခြင်းမှာ တစ်စုံတစ်ရာသော လျှို့ဝှက်အတတ် ဖြစ်ပေလိမ့်မည်။
ထိုနည်းလမ်းဖြင့် ခန္ဓာကိုယ်အတွင်း၌ သာမန်လူများ မခန့်မှန်းနိုင်သော မသေမျိုးစွမ်းအားများကို သိုလှောင်ထားခြင်း ဖြစ်နိုင်ပေသည်။
ရက်အနည်းငယ် ကြာပြီးနောက်...
လူတိုင်းသည် တောက်ပသော ဗုဒ္ဓအလင်းတန်းများကို ဖြတ်ကျော်ကာ အဆုံးသတ်တွင် တာ့လေယင်အတွင်းသို့ ရောက်ရှိလာကြသည်။
ထိုဗုဒ္ဓအလင်းမှာ တာ့လေယင်၏ မြေပြင်မှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အလင်းကာရံတစ်ခုကဲ့သို့ ဖုံးအုပ်ထားခြင်း ဖြစ်သည်။
"အားလုံးပဲ... အနှစ် (၃၀) ကြာအောင် စူးစမ်းရှာဖွေကြ။ အနှစ် (၃၀) ပြည့်ရင် ဒီနေရာမှာ ပြန်ဆုံမယ်"
ရှဲ့အာမန်၏ အသံ ထွက်ပေါ်လာသည်။
ချက်ချင်းပင် အမာခံတပည့်တိုင်းသည် မိမိတို့နောက်မှ နယ်မြေသစ်ရှာဖွေရေးအဖွဲ့များကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းရှာဖွေခွင့် ပြုလိုက်ကြသည်။
ဖန့်ချန်လည်း အမိန့်ပေးလိုက်ရာ နဂါးနက်အစီရင်မှာ ချက်ချင်း ပြန့်ကျဲသွားပြီး၊ မသေမျိုးလှေပေါ်မှ ကျင့်ကြံသူများမှာ ဖန့်ချန်ကို တစ်ပြိုင်နက် ဦးညွှတ်ဂုဏ်ပြုကာ တစ်ယောက်တည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားကြတော့သည်။
အနှစ် (၃၀) ဆိုသော အချိန်မှာ ထိုခရီးအတွက် ကုန်ကျစရိတ်များကို ပြန်လည်ဖြည့်တင်းရန်နှင့် အကျိုးအမြတ် အကြီးအကျယ် ရရှိရန်အတွက် လုံလောက်သော အချိန်ပင် ဖြစ်ပေတော့သည်။