← Chapters

အခန်း (၁၄၉၃-၁၄၉၄)

Vol. 150 Ch. 1493-1494

အခန်း (၁၄၉၃-၁၄၉၄)

Vol. 150 Ch. 1493-1494

အခန်း (၁၄၉၃) - ဗုဒ္ဓတိုင်းပြည်

ကျိကန်းနှင့် အခြားသူများသည်လည်း နဂါးနက်လှေပေါ်မှ ဆင်းကာ ကိုယ်ပိုင်ခရီးစဉ်ဖြင့် စူးစမ်းရှာဖွေရန် ထွက်ခွာသွားကြရာ၊ ခန့်ညားထည်ဝါလှသော နဂါးနက်လှေကြီးပေါ်တွင် ဖန့်ချန်နှင့် ဟောက်ကာ အိပ်မောကျနေသော ရှဥ့်ပျံလေးတစ်ကောင်သာ ကျန်ရစ်တော့သည်။

"ဖန့်မိတ်ဆွေ... ကျမတို့ အတူတူသွားကြရအောင်၊ ဒါမှ ကျမတို့ရဲ့ ပတ်သက်မှုကို အတည်ပြုပြီးသားဖြစ်သွားပြီး စီနီယာအစ်မသုံးက ရှင့်အပေါ် ထပ်ပြီး ကြံစည်လို့မရတော့မှာ"

ကြာနီနတ်မိမယ်သည် သူမ၏ နဂါးနက်လှေကို သိမ်းဆည်းကာ ဖန့်ချန်ရှိရာသို့ လျှောက်လာခဲ့သည်။

သူမက ဖန့်ချန်၏ ဝတ်ရုံအိတ်ကပ်ထဲမှ ရှဥ့်ပျံလေးကို အသာအယာနှိုက်ယူကာ သူမ၏ ရင်ဘတ်အိတ်ကပ်ထဲသို့ ပြောင်းထည့်လိုက်သည်။

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်

"ကောင်းတာပေါ့"

တကယ်တော့ ကြာနီနတ်မိမယ်က သူ့ထံ လာမရှာလျှင်ပင် သူက သူမကို သွားရှာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ရှောင်ကွမ်းယင်သည် ကြာနီနတ်မိမယ်၏ တည်ရှိမှုကို သိပါသလား၊ သိခဲ့လျှင် တစ်စုံတစ်ရာသော အရာဝတ္ထုများကို သူမထံ သွယ်ဝိုက်သောနည်းဖြင့် ပေးအပ်ရန် ချန်ထားခဲ့နိုင်ပါသလား ဆိုသည်ကို အရင်အတည်ပြုရန် လိုအပ်ပေသည်။

"ဖန့်ညီလေး... ဟုန်ညီမလေး... နင်တို့ဘာသာ သီးသန့်မသွားကြနဲ့တော့၊ ငါနဲ့အတူ လိုက်ခဲ့"

အဝေးတစ်နေရာမှ ရှဲ့အာမန်က သူတို့နှစ်ဦးကို လက်ယပ်ခေါ်လိုက်သည်။

နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ရှဲ့အာမန်၏ ရှေ့သို့ ပျံသန်းသွားကာ အရိုအသေပေးလိုက်ကြသည်။

အနီးနားရှိ အခြားအမာခံတပည့်များသည်လည်း အစ်မကြီးက သူတို့ကို မခေါ်သဖြင့် ပါးနပ်စွာဖြင့်ပင် အသီးသီး ထွက်ခွာသွားကြတော့သည်။

"ရှောင်ကွမ်းယင်က ဒီတစ်ခေါက် နယ်မြေလုပွဲကို ဘာလို့ ဒီလောက်အထိ အလေးအနက်ထားတယ်ဆိုတာ နင်တို့ သိကြလား"

အစ်မကြီးက သူတို့နှစ်ဦးကို ပြုံးကြည့်ရင်း မေးလိုက်သည်။

ကြာနီနတ်မိမယ်မှာ အနည်းငယ် ကြောင်အမ်းသွားကာ

"ဒီပွဲကို နိုင်လိုက်တာနဲ့ တာ့လေယင်ကို နှစ်ပေါင်းတစ်သောင်း စောင့်ရှောက်ခွင့်ရမှာမို့လို့ မဟုတ်ဘူးလား"

"ချင်းမင် လောကကြီးထဲမှာ ရှေးဟောင်းတားမြစ်နယ်မြေတွေ အများကြီး ရှိပါတယ်။ တားမြစ်နယ်မြေတစ်ခုရဲ့ နှစ်သောင်းချီ စောင့်ရှောက်ခွင့်အတွက်တင်ဆိုရင် ရှောင်ကွမ်းယင်က ဘာလို့ သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးပြီး အသိပေးမှာလဲ "

အစ်မကြီးက ရယ်မောလျက် ဆိုသည်။

ဖန့်ချန် စိတ်ထဲမှ လှုပ်ရှားသွားသည်။

အစ်မကြီး ပြောသော ဝှက်ဖဲဆိုသည်မှာ ထို မိစ္ဆာဝင်ခြင်း နည်းလမ်းကို ဆိုလိုခြင်း ဖြစ်နိုင်ပါသလားအကယ်၍ ထိုနည်းလမ်းမှာ သူတို့၏ ဇာတိရပ်ရွာမှ လာသော နည်းလမ်းဖြစ်လျှင် ပုံမှန်အခြေအနေအရ တားမြစ်နယ်မြေတစ်ခုအတွက်နှင့် သူတို့ ထိုမျှအထိ အစွမ်းပြမည် မဟုတ်ချေ။

အကြောင်းမှာ နယ်မြေကိုးခု သည် လူသားမျိုးနွယ်၏ လက်ထဲ၌ ရှိနေသေးသလို၊ သူတို့သည်လည်း ထို သော့ ကို ရှာမတွေ့သေးသောကြောင့်ပင်။

"ဒါဆို တာ့လေယင်ထက် ပိုပြီး အရေးကြီးတဲ့ အရာတစ်ခုခု ရှိနေလို့လား "

ဖန့်ချန်က မေးလိုက်သည်။

အစ်မကြီးက အသာအယာ ခေါင်းညိတ်ပြသည်

"ကိုးဆယ့်ခုနစ်ခုမြောက် ရှေးဟောင်းတားမြစ်နယ်မြေကို စတင်တွေ့ရှိစဉ်ကတည်းက၊ အစောဆုံး ရောက်ခဲ့တဲ့ လူအနည်းငယ်ဟာ ဒီနေရာမှာ ဗုဒ္ဓတိုင်းပြည် တစ်ခု ရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်"

"ဗုဒ္ဓတိုင်းပြည်"

ကြာနီနတ်မိမယ်က အံ့အားသင့်သွားကာ

"ဒီအပေါ်မှာ လူတွေ ရှိနေသေးတာလား "

ရှေးဟောင်းတားမြစ်နယ်မြေ အများစုတွင် လူများ ရှိနေရန် မဖြစ်နိုင်သလောက်ပင်။

ရှိလျှင်လည်း အန္တရာယ်အမျိုးမျိုးသာ ရှိတတ်ကြသည်။

"လူလား၊ မဟုတ်ဘူးလားဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် လူတော့ ဖြစ်မှာမဟုတ်ဘူး၊ ရှေးဟောင်းခေတ်တုန်းက တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ အရာတွေပဲ ဖြစ်လိမ့်မယ်"

အစ်မကြီးက ပြုံးလျက် ဆိုသည်

"ရုလိုင်ဘုရားကျောင်းက တာ့လေယင်ပေါ်မှာ ဗုဒ္ဓတိုင်းပြည်ရဲ့ အစအနကို ရှာနေတာ နှစ်ပေါင်းတစ်ထောင်ကျော်နေပြီ၊ ဒါပေမဲ့ ရှာမတွေ့သေးဘူး။ သူတို့က ဒီကိစ္စကို လက်မလွှတ်ချင်လို့ပဲ အခုလို အပြင်းအထန် တုံ့ပြန်နေကြတာ"

"အစ်မကြီး... အစ်မကြီးက အဲ့ဒီ ဗုဒ္ဓတိုင်းပြည် ဘယ်မှာလဲဆိုတာ သိနေလို့လား"

ဖန့်ချန်က မေးလိုက်သည်။

အစ်မကြီးက တိုက်ရိုက် အဖြေမပေးဘဲ အသာအယာ ပြုံးလိုက်သည်။

"ဒီနေရာကို စတွေ့ခဲ့တဲ့ ကျင့်ကြံသူတွေ အကုန်လုံး ပျောက်ဆုံးကုန်ကြပြီ။ ရုလိုင်ဘုရားကျောင်းက ဖမ်းသွားတာလို့ ငါ သံသယရှိတယ်။ ဒါပေမဲ့ အဲ့ဒီကျင့်ကြံသူတွေထဲက တစ်ယောက်က သူ မပျောက်ဆုံးခင်မှာ အရာတစ်ခုကို ဝှက်ထားခဲ့တယ်"

"ငါကတော့ နည်းလမ်းတချို့ သုံးပြီး အဲ့ဒီပစ္စည်းကို ရခဲ့တာပေါ့"

အစ်မကြီးသည် ပုတီးစေ့တစ်ကုံးကို ထုတ်လိုက်သည်။

၎င်းသည် ပုံမှန်အတိုင်းပင် ထူးခြားမှု တစ်စုံတစ်ရာ မရှိလှချေ။

"နင်တို့ ယူကြည့်လိုက်ဦး"

သူမက ကမ်းပေးလိုက်သည်။

ကြာနီနတ်မိမယ်က ပုတီးကို လှမ်းယူလိုက်စဉ် သူမ၏ မျက်နှာထားမှာ ရုတ်တရက် ထူးဆန်းသွားကာ ခဏအကြာမှ ဖန့်ချန်ထံသို့ လွှဲပေးလိုက်သည်။

ဖန့်ချန်က ပုတီးကို လှမ်းယူလိုက်သည်နှင့် သူ၏ နားထဲသို့ ဗုဒ္ဓတရားသံများ ပဲ့တင်ထပ်ကာ ရောက်ရှိလာတော့သည်။

ထိုတရားသံများ လာရာလမ်းကြောင်းမှာလည်း ခြေရာခံ၍ ရနိုင်ပုံ ပေါ်နေသည်။

သူသည် မသိစိတ်ဖြင့် အစ်မကြီး၏ ကျောဘက်သို့ လှမ်းကြည့်လိုက်မိသည်။

"ဗုဒ္ဓတရားသံတွေ ကြားနေရတယ်။ အဲ့ဒီဘက်က လာနေသလိုပဲ၊ ဒီပုတီးက တစ်စုံတစ်ရာဆီကို လမ်းညွှန်ပေးနေတာ ဖြစ်နိုင်တယ်"

ဖန့်ချန်က ပုတီးကို အစ်မကြီးထံ ပြန်ပေးလိုက်ပြီး သူမပြောသော ဗုဒ္ဓတိုင်းပြည် ကို စိတ်ဝင်စားသွားမိသည်။

ထိုဗုဒ္ဓတိုင်းပြည်ဆိုသည်မှာ... ဝိညာဉ်တိုင်းပြည်များ ဖြစ်နေမလား

မရဏလမ်းကြောင်း ပိတ်ဆို့ခံထားရသဖြင့်၊ ရှေးခေတ်က သက်ရှိများ သေဆုံးပြီးနောက် သွားစရာမရှိဘဲ သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်း ကဲ့သို့ပင် ဤနေရာတွင် ထူးခြားသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာခြင်းမျိုးလား။

အကယ်၍ ထိုသို့သာ မှန်ကန်ပါက သူ သွားကြည့်ရန် လိုအပ်ပေသည်။

ထိုဝိညာဉ်များသည် စင်စစ် လူသားမျိုးနွယ်များသာ ဖြစ်ကြပေလိမ့်မည်၊ သူတို့ကို ကယ်ထုတ်ရန် နည်းလမ်းရှာရပေမည်။

"ငါလည်း သေချာမသိဘူး၊ ဒါကြောင့် ဒီတစ်ခါ နင်တို့နှစ်ယောက်ကို လမ်းကြောင်းစမ်းဖို့ ခေါ်လာတာ။ ဘာမှ ရှာမတွေ့ရင်လည်း လည်ပတ်တာပေါ့။ ဒီတစ်ခေါက် နယ်မြေလုပွဲက ရတဲ့ ဂုဏ်ထူးမှတ်တွေက နင်တို့ရဲ့ ကုန်ကျစရိတ်တွေအတွက် လုံလောက်ရုံတင်မကဘဲ အမြတ်တောင် ထွက်ဦးမှာ"

အစ်မကြီးက ပြုံးလျက် မေးလိုက်သည်

"ဘယ်လိုလဲ၊ အတူတူ လိုက်မလား"

ကြာနီနတ်မိမယ်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ရာ ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြသဖြင့်

"ဒါဆိုရင် အတူတူ လိုက်ခဲ့ပါ့မယ်"

ဟု ဆိုလိုက်သည်။

အစ်မကြီးက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ချက်ချင်းပင် နှစ်ဦးသားကို ခေါ်ကာ နဂါးနက်လှေကို မောင်းနှင်၍ မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။

ထွက်ခွာမသွားဘဲ အချိန်ဆွဲနေခဲ့သော ကျိထျန်းကျွင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏ မျက်ဝန်းထဲတွင် မနာလိုစိတ် အနည်းငယ်နှင့် ကျေနပ်အားရမှု အနည်းငယ်တို့ ရောယှက်စွာ ပေါ်ပေါက်နေတော့သည်။

မိုင်ပေါင်း သောင်းနှင့်ချီ၍ ပျံသန်းလာပြီးနောက် အစ်မကြီးက ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဗုဒ္ဓတရားသံတွေက ပိုပြီး ကျယ်လာသလိုပဲ"

မသေမျိုးလှေ၏ အောက်ဘက်တွင် အဆုံးမရှိသော ပင်လယ်ပြင်ကြီး ရှိနေသည်။

ကောင်းကင်ယံရှိ တောက်ပသော ဗုဒ္ဓအလင်း ကာရံကြီးမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

စတင်ထွက်ခွာလာချိန်မှ ယခုအထိ နှစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ။

ဤနှစ်နှစ်အတွင်း သူတို့ သုံးဦးစလုံး တစ်ခဏမျှပင် မနားဘဲ ဗုဒ္ဓတရားသံနောက်သို့သာ လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။

ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့သည် အစ်မကြီးထံမှ ပုတီးကို လှမ်းယူကာ တစ်လှည့်စီ နားထောင်ကြည့်ကြပြီးနောက် ခေါင်းညိတ်ပြလိုက်ကြသည်။

"ဗုဒ္ဓတရားသံက တကယ်ကို ပိုကျယ်လာတာပဲ၊ အနားကို ရောက်နေပြီလို့ ခံစားရတယ်"

ကြာနီနတ်မိမယ်က ဆိုသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမ၏ မျက်နှာတွင် သံသယအရိပ်အယောင်များ ပေါ်လာသည်။

"အစ်မကြီး... ဒါက တစ်ဖက်က ဆင်ထားတဲ့ အကွက်များ ဖြစ်နေမလားလို့ မစိုးရိမ်ဘူးလား "

"တကယ်လို့ အကွက်ဆင်ထားတာဆိုရင်တောင် အဆင့် ၈ မသေမျိုးတစ်ယောက်ကို ထောင်ချောက်ဆင်နိုင်ပါ့မလား"

အစ်မကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

"ရုလိုင်ဘုရားကျောင်းက သူတို့ရဲ့ ဗုဒ္ဓလမ်းစဉ်က ချို့ယွင်းချက်တွေကို ဖြည့်ဆည်းဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ရှာဖွေနေကြတာလို့ ငါ သံသယရှိတယ်။ ဒီ တာ့လေယင်ဟာ သူတို့ရဲ့ မျှော်လင့်ချက်တွေထဲက တစ်ခုပဲ။ ရှောင်ကွမ်းယင် ဒီနေရာကို ဆုံးရှုံးလိုက်ရတော့ ပြန်ရောက်ရင် အဆူအဆဲ ခံရမှာ သေချာတယ်"

"ဗုဒ္ဓလမ်းစဉ်..."

ဖန့်ချန်က စပ်စုလိုက်သည်

"အစ်မကြီး... ရုလိုင်ဘုရားကျောင်းက ဘယ်လို မသေမျိုးလမ်းစဉ်ကို လိုက်စားတာလဲ "

"မသိဘူး၊ လောကကြီးထဲက အဆင့် ၉ မသေမျိုး တွေ ဘယ်လမ်းစဉ်ကို လိုက်သလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်၊ ရုလိုင်ဘုရားကျောင်းက အဲ့ဒီ အဆင့် ၉ မသေမျိုးဟာ စစ်မှန်တဲ့ ဗုဒ္ဓလမ်းစဉ်ကို လိုက်တာ မဟုတ်တာတော့ အမှန်ပဲ"

အစ်မကြီးက ရယ်မောလျက် ဆက်ပြောသည်

"ဗုဒ္ဓလမ်းစဉ်ဆိုတာ ဟိုးရှေးရှေးတုန်းကကတည်းက ပျက်စီးယိုယွင်းနေပြီဆိုတဲ့ မှတ်တမ်းအချို့ ရှိခဲ့တယ်။ အဲ့ဒီတုန်းက မသေမျိုးလမ်းစဉ် ရဲ့ နှိပ်ကွပ်ခြင်းကို ခံခဲ့ရတာ ထင်တယ်။ အဲ့ဒီတုန်းက အဆင့် ၉ လမ်းစဉ်ကို သိတဲ့လူတွေရဲ့ မှတ်ဉာဏ်တွေ အကုန်လုံး အဖျက်ဆီးခံလိုက်ရတယ်"

မှတ်ဉာဏ် အဖျက်ဆီးခံရတယ်

ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့သည် တစ်စုံတစ်ခုကို တစ်ပြိုင်နက်တည်း တွေးမိသွားကြသည်။

"ဒါဟာ အဲ့ဒီ လောကသုံးပါးစစ်ပွဲ နဲ့ ပတ်သက်နေတာများလား "

ကြာနီနတ်မိမယ်က ရုတ်တရက် မေးလိုက်သည်။

"ငါတို့က အဲ့ဒီခေတ်က လူတွေ မဟုတ်တော့ အခြေအနေအရပ်ရပ်ကို အပြည့်အဝ မသိနိုင်ဘူး။ ဒါပေမဲ့ ကျန်ရစ်တဲ့ မှတ်တမ်းအနည်းငယ်အရဆိုရင်တော့ ပတ်သက်မှု ရှိနိုင်တယ်။ အဲ့ဒီတုန်းက ဗုဒ္ဓလမ်းစဉ်ဟာ ပြင်ပရန်သူတွေနဲ့ ပူးပေါင်းခဲ့လို့ လောကအသီးသီးက အားကောင်းတဲ့သူတွေက ပြင်ပရန်သူတွေနဲ့အတူ သူတို့ကိုပါ နှိမ်နင်းခဲ့ကြတာလို့ ဆိုတယ်"

အစ်မကြီးက ရှင်းပြသည်။

ကြာနီနတ်မိမယ်မှာ ခေတ္တမျှ ဆွံ့အသွားသည်။

ဖန့်ချန်မှာမူ ဤစကားများကြောင့် ဝမ်ချုံစန်းတစ်ခါက သူ့ကို ပြောခဲ့သော စကားများကို သတိရသွားသည်။

ယခုအချိန်တွင် လူသားကျင့်ကြံသူများက နယ်မြေက်ုးခု ကို သစ္စာဖောက်ရန် ကြိုးစားနေခြင်း မဟုတ်ဘဲ၊ ဟိုးယခင်ကတည်းက သစ္စာဖောက် တွေ ရှိနေခဲ့တာလား။

"ဒါဆိုရင် မိစ္ဆာ တွေဟာ ငါ ထင်သလောက် မစွမ်းတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲ့ဒီတုန်းက လောကသုံးပါး အဖျက်ဆီးခံလိုက်ရတာက... အသေးစိတ် အချက်အလက်တွေက တကယ်ကို ရှုပ်ထွေးလွန်းမှာပဲ။ ဒါကြောင့်လည်း နောက်ပိုင်းမှာ ယန်နတ်ဘုရား တွေ ထွက်လာပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ရင်ဆိုင်နိုင်ခဲ့တာပေါ့..."

ဘယ်သူက လူသားလဲ၊ ဘယ်သူက မိစ္ဆာလဲ

ဖန့်ချန် အတွေးနက်သွားမိသည်။

ထိုအချိန်မှာပင် အစ်မကြီး၏ ဝမ်းသာအားရ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ရောက်ပြီ ဒီပုတီးက တကယ့်ကို တံခါးခေါက်တဲ့ ကျောက်ခဲ ပဲ။ ရှောင်ကွမ်းယင်တို့ နှစ်ပေါင်းတစ်ထောင်ကျော် ရှာခဲ့တဲ့ ဗုဒ္ဓတိုင်းပြည်ကို ဒါရှိမှပဲ ရှာတွေ့နိုင်မှာ "

အခန်း (၁၄၉၄) - သတ်သတ်နဲ့ သေမှာပေါ့

ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ လှမ်းကြည့်လိုက်ကြရာ ပင်လယ်ပြင်၏ အဆုံးသတ်တွင် အထပ်ထပ်အခဲအခဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို အမှန်တကယ်ပင် မြင်လိုက်ရသည်။

ဘာမျှမရှိသော ပင်လယ်ပြင်ကျယ်ကြီးထဲတွင်လည်း ဟိုတစ်စ ဒီတစ်စ တံငါလှေအချို့ ပေါ်ပေါက်လာသည်။

တံငါသည်အချို့မှာ နဂါးနက်လှေကြီးကို မြင်သောအခါ အံ့အားသင့်တုန်လှုပ်သွားကြပြီး လှေပေါ်တွင် ဒူးထောက်ကာ တရစပ် ဦးချနေကြတော့သည်။

နတ်ဘုရားများ ဆင်းသက်လာသည်ဟု ထင်မှတ်နေပုံရသည်။

သူတို့ သုံးဦးသည် ထိုတံငါသည်များကို အကဲခတ်ကြည့်လိုက်ကြသည်။

စီနီယာအစ်မကြီးက စဉ်းစားဟန်ဖြင့်

"ဝိညာဉ်တွေပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ငါ့မှာ ယင်ယန်မျက်စိ မရှိဘဲနဲ့ ဒီဝိညာဉ်တွေကို မြင်နေရတာကတော့ ထူးဆန်းတယ်"

ဟု ဆိုသည်။

"ကျမမှာလည်း မရှိဘူး"

ဟု ကြာနီနတ်မိမယ်က ဆို၏။

"ဒါတွေက တကယ့်ကို ဝိညာဉ်တွေပဲ"

ဖန့်ချန်က သေချာဂရုတစိုက် ကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည်။

ထိုတံငါသည်များ၏ ပုံရိပ်မှာ လူရှင်များနှင့် အလွန်တူသော်လည်း သူတို့ဆီတွင် သက်ရှိအငွေ့အသက် လုံးဝမရှိဘဲ ယင် အငွေ့အသက် များသာ ပြည့်နှက်နေသည်။

အစ်မကြီးနှင့် ကြာနီနတ်မိမယ်တို့ လူ့လောကထဲတွင် ဝိညာဉ်များကို မြင်နေရသည်မှာ ထိုနယ်မြေသည် အလွန်ထူးခြားနေကြောင်း သက်သေပြနေခြင်းပင်။

"ကျနော် သူတို့နဲ့ စကားသွားပြောကြည့်ဦးမယ်"

ဖန့်ချန်က ပြောပြောဆိုဆိုဖြင့် တံငါလှေတစ်စင်းပေါ်သို့ ပျံသန်းဆင်းသက်လိုက်သည်။

"နတ်မင်းကြီး... နတ်မင်းကြီးပါလား"

ထိုလှေပေါ်တွင် အသက်ကြီးသူ၊ ငယ်သူ စုစုပေါင်း တံငါသည် ဆယ်ဂဏန်းခန့် ရှိပြီး အားလုံးက မြေပြင်တွင် ဒူးထောက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

"ထကြပါဦး" ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

တံငါသည်များမှာ တုန်တုန်ရင်ရင်ဖြင့် ထရပ်ကြသော်လည်း ဖန့်ချန်ကို ခိုးကြည့်ရုံသာ ရဲကြသည်။

"အစ်ကိုကြီး... ဒီအနားက ဘယ်နေရာလဲ "

ဖန့်ချန်က ခေါင်းဆောင်ဖြစ်ပုံရသည့် သန်မာထွားကျိုင်းသော တံငါသည်ကို ကြည့်ကာ လေသံအေးအေးဖြင့် မေးလိုက်သည်။

တစ်ဖက်လူမှာ နတ်မင်းကြီးက သူ့ကို အစ်ကိုကြီး ဟု ခေါ်လိုက်သဖြင့် ခြေဖျားလက်ဖျားများပင် ပျော့ခွေလုမတတ် ဖြစ်သွားရသည်။

သူသည် ရိုသေကြောက်လန့်စိတ်ကို အတင်းဖိသိပ်ကာ တုန်ရီနေသော အသံဖြင့် ပြန်ဖြေသည်။

"နတ်မင်းကြီးခင်ဗျာ... ဒီနေရာက ဖုဟိုင် လို့ ခေါ်ပါတယ်။ ကျနော်တို့က ဟွမ် မိသားစုကျေးရွာက တံငါသည်တွေပါ"

"ဖုဟိုင် "

ဖန့်ချန် စဉ်းစားနေမိပြီးနောက် ထိုဗုဒ္ဓတိုင်းပြည်၏ အခြေအနေကို သိရှိနိုင်ရန် မေးခွန်းအချို့ ထပ်မေးလိုက်သည်။

သို့သော် နှမြောစရာကောင်းသည်မှာ ထိုတံငါသည်များမှာ များများစားစား မသိကြချေ။

ထိုနေရာတွင် ဖန့်ချန်ကဲ့သို့သော နတ်ဘုရားများ ရှိ၊ မရှိ သူတို့ မသိသလို၊ ဤနေရာကို ဗုဒ္ဓတိုင်းပြည် ဟု ခေါ်၊ မခေါ် မေးသည့်အခါတွင်လည်း ကြောင်အမ်းအမ်းသာ ဖြစ်နေကြသည်။

သူတို့သည် လူ့ဘဝတုန်းကလည်း သာမန်တံငါသည်များသာ ဖြစ်ခဲ့ကြသဖြင့် အသိအမြင် နည်းပါးပုံရသည်။

နဂါးနက်လှေပေါ် ပြန်ရောက်သောအခါ ဖန့်ချန်က ခပ်ဖွဖွ ခေါင်းခါပြလိုက်သည်။

"ဒီတံငါသည်တွေက ဒီနေရာအကြောင်း သိပ်မသိကြဘူး"

"ကိစ္စမရှိပါဘူး၊ ငါတို့ဘာသာ ငါတို့ လှည့်ပတ်ကြည့်ကြတာပေါ့။ တကယ်လို့ ဒီမှာ ရှေးခေတ်က ဗုဒ္ဓလမ်းစဉ် ပညာရှင်ကြီးတွေ ရှိနေမယ်ဆိုရင် သူတို့ဆီကနေ ဗုဒ္ဓလမ်းစဉ် အကြောင်း မေးမြန်းလို့ ရနိုင်မှာပါ"

အစ်မကြီးက ပြုံးလျက် နဂါးနက်လှေကို မောင်းနှင်ထွက်ခွာသွားရာ အောက်ဘက်မှ တံငါသည်များ၏ ဦးချသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

ဤသို့ဖြင့် နှစ်အနည်းငယ်ကြာအောင် ပျံသန်းခဲ့ကြသည်။

နဂါးနက်လှေ၏ အရှိန်ဖြင့်ဆိုလျှင် နှစ်အနည်းငယ်အတွင်း ချင်းမင်လောက၏ အဆုံးမရှိသော အကွာအဝေးကို ဖြတ်ကျော်နိုင်သော်လည်း ဤနေရာတွင်မူ အဆုံးသတ်ကို မမြင်ရသေးချေ။

"တွေ့သမျှလူတွေက သာမန်ဝိညာဉ်တွေချည်းပဲ၊ ကျင့်ကြံသူတစ်ယောက်မှ မပါဘူး။ ဘုရားကျောင်းတွေကလည်း တွေ့ရခဲတယ်၊ ရှိပြန်ရင်လည်း ပျက်စီးနေတဲ့ ဘုရားကျောင်းအစုတ်လေးတွေပဲ။ တစ်ခါတလေ တွေ့ရတဲ့ ဘုန်းကြီးကြီးတွေကလည်း ဘာကျင့်ကြံမှုမှ မရှိကြဘူး။ ဒါကို ဗုဒ္ဓတိုင်းပြည်လို့ ခေါ်ဖို့ကတော့ နည်းနည်းတော့ လွဲနေသလိုပဲ"

တစ်နေ့တွင် နဂါးနက်လှေသည် စည်ကားလှသော မြို့တော်တစ်ခု၏ ကောင်းကင်ယံတွင် ရပ်နားလိုက်သည်။

အောက်ဘက်တွင် ရဟန်းနှစ်ပါးသည် ဗုဒ္ဓတရားတော်များကို အပြန်အလှန် ယှဉ်ပြိုင်ဆွေးနွေးနေကြ ပြီး လူအုပ်ကြီးက ဝိုင်းအုံကြည့်ရှုနေကြသည်။

သူတို့ သုံးဦးလည်း ခေတ္တကြည့်ရှုပြီးနောက် ခေါင်းခါလိုက်ကြသည်။

"သာမန်ရဟန်းတွေပါပဲ၊ ဟောပြောတဲ့ တရားတွေက စိတ်ဝင်စားစရာ ကောင်းရုံကလွဲလို့ ဘာမှ ထူးခြားမှု မရှိဘူး"

အစ်မကြီးက ခပ်အေးအေးပင် ဆိုသည်။

သူတို့ သုံးဦး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်၊ တရားပြိုင်ပွဲ၌ ရှုံးနိမ့်သွားသော ရဟန်းသည် ရုတ်တရက် နာကျင်သော အမူအရာ ပေါ်လာပြီး အနက်ရောင် အခိုးအငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

အနီးနားရှိ လူထုကြီးမှာ ဤမြင်ကွင်းကို မြင်သော်လည်း အံ့ဩခြင်းမရှိဘဲ နိုင်သွားသော ရဟန်းကိုသာ ဝိုင်းဝန်းဦးချနေကြသည်။

"ဟင် "

သူတို့ သုံးဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

"စိတ်ဝင်စားစရာပဲ၊ သာမန်ဝိညာဉ်ဖြစ်နေပါလျက်နဲ့ တရားပြိုင်ပွဲမှာ ရှုံးတာနဲ့ ဝိညာဉ်လွင့်စင် သွားတာလား "

အစ်မကြီးက ပြုံးလိုက်ရင်း

"ဒီလူတွေကလည်း ဒါကို ရိုးအီနေတဲ့ မြင်ကွင်းတစ်ခုလို သဘောထားနေကြတာပဲ။ ကိုယ့်ကိုယ်ကိုယ် သေနေပြီဆိုတာကိုတောင် သတိမထားမိကြသေးဘူးထင်တယ်"

"အစ်မကြီး... ကျနော်တို့ ဒီမှာ ခဏလောက် နေထိုင်ပြီး အကဲခတ်ကြည့်ကြရင် ဘယ်လိုလဲ "

ဖန့်ချန်က အကြံပြုလိုက်သည်။

"ကောင်းပြီလေ၊ ဒီဝိညာဉ်တွေ အိုမင်းသွားကြသလားဆိုတာ ကြည့်ရတာပေါ့။ တကယ်လို့ အိုမင်းသွားကြမယ်ဆိုရင် ဒီနေရာက ဟိုးကတည်းက လူသူကင်းမဲ့နေရမှာ"

အစ်မကြီးက ခေါင်းညိတ်သဘောတူလိုက်သည်။

သူတို့ သုံးဦး ထိုမြို့တော်ထဲတွင် အခြေချ နေထိုင်လိုက်ကြသည်။

ဖန့်ချန်သည် အမျိုးသမီးနှစ်ဦးကို ခေါ်၍ လမ်းထဲမှ ထွက်လာတိုင်း အိမ်နီးနားချင်းများက ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြသည်။

လမ်းဘေးက လူလေလူလွင့်အချို့ကမူ သူတို့ကို မနှစ်မြို့ဖွယ် အကြည့်များဖြင့် ကြည့်ကာ တိုးတိုးတိတ်တိတ် ရယ်မောနေတတ်ကြသေးသည်။

"ငါတို့ ဒီမှာ နေတာ ငါးနှစ်ရှိပြီ ထင်တယ် "

အစ်မကြီးက လမ်းမပေါ်က စည်ကားနေသော မြင်ကွင်းကို ကြည့်ကာ ပြောသည်။

"ငါးနှစ်အတွင်းမှာ ဘယ်သူမှ အိုမင်းမသွားဘူး။ တကယ်တော့ ဝိညာဉ်တွေမှာလည်း လူတွေလိုပဲ ယင်သက်တမ်း ဆိုတာ ရှိပြီး အိုခြင်း၊ သေခြင်းကို ရင်ဆိုင်ရတာပဲ မဟုတ်လား"

"ဒီက ဝိညာဉ်တွေက ယင်သက်တမ်း မလိုဘဲ မအိုမသေ နေနိုင်တာကတော့ တကယ်ကို ထူးခြားတာပဲ။ ဒီနေရာမှာ ဗုဒ္ဓလမ်းစဉ်ရဲ့ အဖိုးတန်ရတနာတစ်ခုခုက စောင့်ရှောက်နေလို့ ဖြစ်နိုင်တယ်"

ကြာနီနတ်မိမယ်က ဆိုသည်။

"အဲ့ဒီ ကံထူးမှုကို ရှာဖွေဖို့က ငါတို့ရဲ့ ရည်မှန်းချက်ပဲ။ အဲ့ဒီကံထူးမှုက သေးမှာ မဟုတ်ဘူး။ တကယ်လို့ အချိန်အကြာကြီး ပေးရမယ်ဆိုရင် ငါတို့ သုံးယောက် နောက်တစ်ကြိမ် နယ်မြေလုပွဲအထိ ဒီမှာ နေရလိမ့်မယ်"

အစ်မကြီးက ပြောသည်။

နောက်တစ်ကြိမ် နယ်မြေလုပွဲ

သူတို့ သုံးဦး အချိန်တွက်ချက်ကြည့်လိုက်ရာ နောက်ထပ် နှစ်ပေါင်း ကိုးဆယ်ခန့်သာ လိုတော့သည်။

ဒီတစ်ခါ ရုလိုင်ဘုရားကျောင်းက ဘယ်လိုနည်းလမ်းနဲ့ ဒီနေရာကို ပြန်လုမလဲ၊ အသွေးသားနန်းတော် တို့လို အင်အားစုတွေကရော ကြားဝင်ဦးမှာလား။

"ဟိုက ကောင်လေး"

"ဟုတ်တယ်၊ မင်းပဲ... ဟိုကြည့်ဒီကြည့် မလုပ်နဲ့၊ ဒီကို လာခဲ့ဦး"

လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

ဖန့်ချန် လှမ်းကြည့်လိုက်ရာ ဖရိုဖရဲ ဝတ်ဆင်ထားသော တာအို လူအိုကြီးတစ်ယောက်က သူ့ကို လက်ယပ်ခေါ်နေသည်ကို တွေ့လိုက်ရသည်။

တာအိုဆရာတစ်ယောက်လား

အစ်မကြီးက ကြာနီနတ်မိမယ်ကို ခေါ်ပြီး ထိုလူဆီသို့ အရင်ဆုံး လျှောက်သွားလိုက်သည်။

သူတို့ ဤနေရာသို့ ရောက်လာသည့် နှစ်များအတွင်း တာအိုဆရာတစ်ယောက်မှ မတွေ့ခဲ့ရဖူးချေ။

ရုတ်တရက် တာအိုဆရာတစ်ယောက် ပေါ်လာသည်မှာ ထူးဆန်းနေပေသည်။

အစ်မကြီးက ထိုလူအိုကြီး၏ ရှေ့တွင် ရဲတင်းစွာ ထိုင်ချလိုက်ပြီး တစ်ဖက်လူကို အပေါ်အောက် အကဲခတ်ကာ အေးစက်စွာ မေးလိုက်သည်။

"ဘယ်သူ့ကို ကောင်လေး လို့ ခေါ်တာလဲ "

"မိန်းကလေး... ငါခေါ်တာ နင့်ကို မဟုတ်ဘူး"

ထိုလူအိုကြီးက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ဖန့်ချန်ကို စေ့စေ့ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့် လုပ်နေတော့သည်။

"ဒီအငွေ့အသက်ပဲ... မင်းက ယွမ်ဟယ် ဆိုတဲ့ ယုန်သူငယ်အိုကြီးရဲ့ တပည့်ပဲ"

ယွမ်ဟယ်

အစ်မကြီးနှင့် ကြာနီနတ်မိမယ်တို့မှာ ကြောင်အမ်းသွားပြီး ဖန့်ချန်ကို လှည့်ကြည့်လိုက်ကြသည်။

ဖန့်ချန်က တည်ငြိမ်စွာဖြင့် သူတို့နှစ်ဦးကို ပြုံးပြလိုက်သည်။

"ကျနော့်ရဲ့ အောက်ပိုင်းလောက က တာအိုပညာ အမွေအနှစ်တွေက ဆရာသခင် ယွမ်ဟယ်ဆီက ရခဲ့တာပါ"

ဖန့်ချန်သည် တာအိုပညာရပ်များတွင် ကျွမ်းကျင်ကြောင်း သူတို့ သိထားပြီးဖြစ်သဖြင့် အလွန်အမင်း သံသယမဖြစ်ဘဲ ရှေ့က ထိုလူအိုကြီးကိုသာ စိတ်ဝင်တစား ကြည့်နေကြသည်။

"ရှင် ဒီလိုပြောနိုင်တာကို ကြည့်ရင် ရှင်က ဒီကလူ မဟုတ်ဘူးပဲ။ ဒါပေမဲ့ တာ့လေယင်ဟာ ကျမတို့ ကျွယ်မင်နန်းတော်က စောင့်ရှောက်ထားတဲ့ တားမြစ်နယ်မြေပဲ၊ ရှင် ဘယ်လိုလုပ်ပြီး ခိုးဝင်လာတာလဲ "

အစ်မကြီးက ပြုံးလျက် ဆိုသည်

"ရှင် ရှင်းရှင်းလင်းလင်း ပြောပြရမယ်နော်။ တကယ်လို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေမယ်ဆိုရင် ဒီနေ့ ရှင့်ကို သတ်ပစ်ရလိမ့်မယ်"

"မိန်းကလေးငယ်လေးက ဘာလို့ ဒီလောက် ဒေါသကြီးနေရတာလဲ "

လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီးမှ အေးအေးဆေးဆေးပင် ဆိုသည်။

"ငါကတော့ တာ့လေယင်ဆိုတာ ဘာမှန်းမသိဘူး။ ငါ ဒီမှာ နေလာတာ ကြာလှပြီ၊ နင်တို့ကမှ နောက်မှ ရောက်လာတဲ့သူတွေ"

"ဒီမှာ နေတာ ကြာပြီလား ရုလိုင်ဘုရားကျောင်းက ရှင့်ကို ဖိတ်ခေါ်ထားတာလား "

အစ်မကြီး စိတ်လှုပ်ရှားသွားသည်။

"ရုလိုင်ဘုရားကျောင်း မသိဘူး"

လူအိုကြီးက ခေါင်းခါလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ယုန်သူငယ်လေး... အဲ့ဒီ ယုန်သူငယ်အိုကြီးကရော ဘယ်လိုနေသေးလဲ "

"ကျနော့်ဆရာကို ထပ်ပြီး စော်ကားဦးမယ်ဆိုရင် အစ်မကြီးက ခင်ဗျားကို သတ်ပစ်လိမ့်မယ်"

ဖန့်ချန်၏ မျက်နှာမှာ တည်သွားသည်။

အစ်မကြီးက ခေါင်းညိတ်လိုက်သည်

"မှန်တယ်၊ ဖန့်မောင်လေးကိုယ်စား ရှင့်ကို သတ်ပစ်မယ်"

"သတ်မယ်... သတ်မယ်နဲ့၊ သတ်သတ်နဲ့ သေမှာပေါ့။ နင်တို့အားလုံး သေနေကြပြီဆိုတာကို မသိကြသေးဘူးလား ဝိညာဉ်တွေ ဖြစ်နေပြီးမှ ဘာလို့ ဒီလောက် ဇယားရှုပ်နေကြတာလဲ။ သတိထားဦး၊ ငါ နင်တို့ကို ရိုက်လွှတ်လိုက်မယ်"

လူအိုကြီးက လှောင်ပြုံးဖြင့် ဆိုသည်။

အားလုံး သေနေပြီ

သူတို့ သုံးဦးစလုံး ကြောင်အမ်းသွားပြီးနောက် ရယ်ချင်စိတ်ကို မအောင့်နိုင်ဘဲ ရယ်မောလိုက်ကြတော့သည်။

တစ်ချိန်တည်းမှာပင်...

နန်မင်ရုယွဲ့၏ နဂါးနက်လှေသည် နယ်မြေတစ်ခုကို ဖြတ်သန်းသွားစဉ် ရုတ်တရက် ရပ်တန့်သွားသည်။

"ဟိုရှေ့က ပုံရိပ်သုံးခုက... အစ်မကြီး၊ ဖန့်ညီလေးနဲ့ ဟုန်ညီမလေး မဟုတ်လား "

သူသည် မိမိမျက်စိကို မိမိမယုံနိုင်သဖြင့် ဘေးကလူကို မေးလိုက်လေတော့သည်။

All Chapters