အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
🫧 Chapter 103
အခြေခံကျင့်ကြံရေးခန်းမအတွင်း၌ဘကျန်းလင်သည် အပေါက်ကြီးဖြစ်သွားသော မျက်နှာကြက်ကို တစ်ချက်ကြည့်လိုက်ပြီး၊ မိမိ၏ ကျင့်ကြံရေးခန်းမထဲသို့ ဖင်ထိုင်လျက်သား ပြုတ်ကျလာသော အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်ကိုလည်း တစ်ချက်ကြည့်လိုက်သည်။
ထိုသူ၏မျက်နှာမှာလည်း ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းလင် အံ့ဩသွားပြီးမှ ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားသည်။
"တော်လိုက်တာ အစ်ကိုရာ တစ္ဆေစစ်သူကြီးအဆင့်ကို တက်ရုံနဲ့တင် ဒီလောက်ထိ သောင်းကျန်းနိုင်တယ်ပေါ့"
ထိုအရာက သူနှင့်တော့ မတူပေ။ သူ အဆင့်တက်တိုင်း တိတ်တိတ်ဆိတ်ဆိတ်သာ ဖြစ်ပေါ်လေ့ရှိသည်။
ရှူး ခနဲ တစ်ချက်အတွင်းမှာပင် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ အဆင့်တက်သွားလေ့ရှိသည်။
ဤမျှလောက်အထိ ပြင်းထန်တဲ့ ရိုက်ခတ်မှုမျိုး ဘယ်တုန်းကမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
'ဒီလိုဖြစ်ဖို့ဆိုရင် ဘယ်လောက်တောင် အားကောင်းတဲ့ ယင်စွမ်းအင် တွေ လိုအပ်မှာလဲ'
ကျန်းလင်၏ စကားကို ကြားမှပင် ထိုဝိညာဉ်တမန်တော်မှာ ကျန်းလင်ရှိနေသည်ကို သတိထားမိတော့သည်။
သူက ပြုတ်ကျလာရုံတင်မကဘဲ အခြား ဝိညာဉ်တမန်တစ်ယောက်၏ ကျင့်ကြံရေးခန်းမထဲအထိ ကျူးကျော်ဝင်ရောက်မိသွားခြင်း ဖြစ်၏။
ထို့နောက် ကျန်းလင်၏ အံ့ဩနေသော မျက်နှာကို ကြည့်ပြီးနောက် ထိုဝိညာဉ်တမန်တော်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။
"ဘယ်ကလာတာလဲဗျာ၊ အဆင့်တက်တုန်းက မထိန်းနိုင်ဘဲ အားနည်းနည်း လွန်သွားလို့ နေမှာပါ"
"ခင်ဗျား ကျင့်ကြံနေတာကို နှောင့်ယှက်မိသွားသလား နောက်မှ ကျွန်တော် ကျင့်ကြံရေးကတ် နှစ်ကတ် ပြန်လျော်ပေးပါ့မယ်"
ကျန်းလင်က ခေါင်းငြိမ့်ပြလိုက်ပြီး "ရပါတယ်၊ နောက်ခါ သတိထားပေါ့။ ဒါပေမယ့်..."
သူက အပေါ်ဘက်မှ အပေါက်ကြီးကို လှမ်းကြည့်ကာ "ဒါက ပြန်ပြင်ရမှာ မဟုတ်လား"
"အဲဒါတော့ ဟုတ်မှာပေါ့..."
အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်မှာ အနည်းငယ် စိတ်ရှုပ်သွား၏။
မူလက အဆင့်တက်ရသည်မှာ ဝမ်းသာစရာ ကိစ္စဖြစ်သော်လည်း ကျင့်ကြံရေးခန်းမကို ကျင့်ကြံရင်းနဲ့ ပျက်စီးသွားအောင် လုပ်မိတဲ့သူ ရှိတယ်လို့ သူတစ်ခါမှ မကြားဖူးပါချေ။
သူက ကင်းလှည့်ရတဲ့ ဝိညာဉ်တစ်ယောက်သာဖြစ်ပြီး ပုံမှန်အားဖြင့် တာဝန်တွေ အများကြီး မလုပ်ရသဖြင့် အခုဆိုရင် သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေ အကုန်လုံး ပြန်ပြင်စရိတ်နဲ့တင် ပြောင်တော့မည်။
သူဝမ်းနည်းနေစဉ်မှာပင် ကျန်းလင်က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရင်း "အစ်ကို... ဝိညာဉ်စစ်သူကြီးအဆင့်နဲ့တင် ဒီလောက် စွမ်းနေပြီဆိုတော့ အနာဂတ်ကတော့ အကန့်အသတ်မရှိပဲ"
ထိုဝိညာဉ်တမန်မှာ ခေတ္တမျှ ကြောင်သွားပြီးမှ သဘော ပေါက်သွားသည်။
ဟုတ်သားပဲ....
'ကျင့်ကြံရေးခန်းမကို ပျက်စီးအောင် လုပ်နိုင်တဲ့သူ မရှိခဲ့ဖူးဘူး၊ သူက ပထမဆုံးလူ ဖြစ်သွားတာလေ'
'ဒါက ဘာကို ဆိုလိုတာလဲ'
'သူ့ရဲ့ အလားအလာ က အင်မတန် မြင့်မားတယ်ဆိုတာပဲ'
စစ်သူကြီးအဆင့်မှာတင် ဒီလောက် စွမ်းနေပြီဆိုမှတော့ နောက်ပိုင်း စစ်သေနာပတိအဆင့်၊ ဝိညာဉ်ဘုရင်အဆင့်....
ဒါထက် မြင့်တဲ့ အဆင့်တွေအထိတောင်....
မဖြစ်နိုင်တာ မဟုတ်ဘူး.....
အဲဒီကျရင် ကျင့်ကြံရေးခန်းမ ပြန်ပြင်စရိတ်တင်မကဘဲ ကျင့်ကြံရေးခန်းမလို အိမ်မျိုးတောင် ဝယ်ပစ်လိုက်ဖို့ဆိုတာ ကိစ္စသေးသေးလေးပဲ....
ထိုသို့တွေးမိသော်အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော် ၏မျက်လုံးများမှာ လင်းလက်သွားပြီး စိတ်ညစ်နေသည်များက အကုန်ပျောက်သွားတော့သည်။
ထိုမျှမက စိတ်တောင် နည်းနည်း လှုပ်ရှားလာသေးသည်။
'ရှေ့မှာ စောင့်ကြိုနေတဲ့ အနာဂတ်က အင်မတန်ကြီးကျယ်ခမ်းနားလွန်းနေပြီ'
"ဝူချန်အစ်ကို ပြောတာ မှန်တယ် ဒီနေ့က နေ့ကောင်းရက်ပဲ၊ ခဏနေရင် ကျွန်တော်တို့ အတူတူ သွားစားကြမယ်၊ ကျွန်တော် ဒကာခံပါ့မယ်"
'ထမင်းတောင် အလကား စားရဦးမှာလား'
ကျန်းလင် "ဒါဆိုရင်တော့ အစ်ကို့ဆီက ကံကောင်းခြင်းတွေကို နည်းနည်း မျှဝေယူရမှာပေါ့၊ နောက်ခါကျရင် ကျွန်တော်လည်း ပေါက်ကွဲထွက်ပြီး အဆင့်တက်နိုင်အောင်လို့"
"ဒါ... ကံကောင်းခြင်း မျှဝေတာက ပြဿနာမရှိပေမယ့်..."
အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော် က ကျန်းလင်ကို အပေါ်အောက် ခဏမျှ ဝေခွဲမရစွာ ကြည့်လိုက်ပြီးပြောနေရင်း
"ပါရမီ ဆိုတာက ပြင်ချင်တိုင်း ပြင်လို့ရတာ... ဟင်"
သူ ရုတ်တရက် ရပ်သွား၏။
ထိုသူက ကျန်းလင်ကို သေသေချာချာ ထပ်မံ ကြည့်ရှုစစ်ဆေးပြီးနောက် မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသည် "အစ်ကို... ခင်ဗျား ကျင့်ကြံရေး လမ်းစဉ်ထဲကို မဝင်ရသေးဘူးလား"
ခုနက သူ အဆင့်တက်တဲ့ကိစ္စနဲ့ အခန်းပျက်တဲ့ကိစ္စကိုပဲ အာရုံရောက်နေတာကြောင့် အခုမှ သတိထားမိခြင်းဖြစ် သည်။
'ဒီအစ်ကို့ဆီမှာ ဘာလို့ ယင်စွမ်းအင် လှုပ်ရှားမှု မရှိနေတာလဲ'
"မဖြစ်နိုင်တာ၊ ကျင့်ကြံမှု မရှိဘဲနဲ့ ဝိညာဉ်တမန်တော် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဪ... အဲဒါက..."
ကျန်းလင် ရှင်းပြရန် ပြင်လိုက်၏။
သို့သော် အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်က တစ်ခုခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် စကားဖြတ်လိုက်သည်
"သိပြီ အစ်ကို ဘာမှ မပြောနဲ့တော့၊ ကျွန်တော် အားလုံး နားလည်သွားပြီ"
ထိုစကားများပြောပြီးနောက်ထို ဝိညာဉ်တမန်တော်က ရှေ့သို့တိုးလာပြီး ကျန်းလင်ရဲ့ ပုခုံးကို ပုတ်ကာ သနားကရုဏာ သက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝိညာဉ်တမန် ဖြစ်နေပါလျက်နဲ့ ကျင့်ကြံမှု မရှိဘူးဆိုရင်တော့ တစ်ခုပဲ ရှိတော့သည်...
မတော်တဆမှု တစ်ခုခုကြောင့် ကျင့်ကြံမှုတွေ ဆုံးရှုံးသွားခဲ့တာ နေမှာပေါ့....
အိုး... သနားစရာ ကောင်းလိုက်တာ....
ကျန်းလင် "..."
'ငါ ဘာမှ မပြောရသေးခင်မှာပဲ မင်းက နားလည်သွားပြီလား'
'ဒါက လူသားတွေ ပြောလေ့ရှိတဲ့ ယောက်ျားအချင်းချင်းကြားက နားလည်မှုဆိုတာလား'
"ကျွန်တော်တို့ လုပ်ငန်းက လုပ်ရတာ မလွယ်ဘူးဗျ၊ ဘေးအန္တရာယ်က များတယ်"
အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော် က သက်ပြင်းချရင်း ဖေးမကူညီသော စကားဖြင့် အားပေးရှာသည်။
"ဒါကြောင့် အစ်ကို၊ ကျွန်တော်တို့ လုပ်နိုင်တာကတော့ လက်ရှိဘဝကို အကောင်းဆုံး ဖြတ်သန်းဖို့နဲ့ ရှေ့မှာ ရှိနေတဲ့ အရာရာကို တန်ဖိုးထားဖို့ပဲ"
ကျန်းလင်က ခေါင်းငြိမ့်ပြရင်းတွေးလိုက်လိုက်သည်။
"...အဲလိုပါပဲ"
'ဘာလို့ ရုတ်တရက်ကြီး ဒါတွေ ပြောနေတာလဲ'
"အစ်ကို အခု တခြားကိစ္စ မရှိဘူး မဟုတ်လား"
ထိုအခါ ကျန်းလင်က အလုပ်စာအုပ်ကို ကြည့်လိုက်ပြီး
"အင်း... မရှိပါဘူး"
"ဒါဆို သွားမယ်၊ အခုပဲ သွားစားကြစို့"
"ကောင်းပြီလေ"
ထို့နောက် ဝိညာဉ်နှစ်ဦးသည် ကျင့်ကြံရေးခန်းမ တံခါးကို ဖွင့်လိုက်ကြသည်။
အပြင်သို့ ထွက်လိုက်သည်နှင့် ဘေးနားတွင် စောင့်ဆိုင်းနေသော ကျင့်ကြံရေးခန်းမ ဝန်ထမ်းများနှင့် မျက်နှာချင်းဆိုင် တိုးတော့သည်။
ထိုဝန်ထမ်းများမှာ အဖြူရောင် ဝတ်စုံများ ဝတ်ဆင်ထားကြပြီး ရင်ဘတ်ဘယ်ဘက်တွင် 'အခြေခံ' ဟူသော စာလုံး အမည်းရောင်ဖြင့် တံဆိပ်ကိုရိုက်နှိပ်ထား၏။
၎င်းသည် အခြေခံကျင့်ကြံရေးခန်းမကို ကိုယ်စားပြုခြင်းဖြစ်သည်။
ကျင့်ကြံရေးခန်းမထဲသို့ ကျင့်ကြံရေးကတ်ရှိမှသာ ဝင်နိုင်သဖြင့် တစ်စုံတစ်ယောက်က အတင်းအကျပ် ဝင်လာမှာကို စိုးရိမ်စရာ မလိုပေ။
ထို့ကြောင့် ဤနေရာရှိ ဝန်ထမ်းအများစုမှာ ကျင့်ကြံမှုအဆင့် မမြင့်ကြပေ။
တာဝန်ခံမှာ ဝိညာဉ်တမန်တော် ဖြစ်သော်လည်း၊ ကျန်သော ဝန်ထမ်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ငရဲပြည်တွင် လာရောက် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။
သို့မဟုတ် ဤနေရာရှိ တာဝန်ခံ၏ လက်အောက်ခံ ဝိညာဉ်တပ်သား များ ဖြစ်ကြသည်။
သူတို့၏ နေ့စဉ်အလုပ်မှာ ဧည့်သည်များကို လမ်းပြခြင်း သို့မဟုတ် ကျင့်ကြံရေးခန်းမများကို သန့်ရှင်းရေးလုပ်ခြင်း စသည်တို့ဖြစ်၏။
ကျန်းလင်တို့နှစ်ဦးကို မြင်သောအခါ ဝန်ထမ်းနှစ်ဦးက အလျင်အမြန် ပြောလိုက်သည်။
"လူကြီးမင်းတို့ ခေတ္တခဏလောက် စောင့်ပေးပါဦး"
အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော် ကတော့ စိတ်ပြင်ဆင်ထားပြီးသားဖြစ်သည်။
"ကျင့်ကြံရေးခန်းမ ပျက်စီးသွားတဲ့ ကိစ္စအတွက် မဟုတ်လား"
"ဟုတ်ပါတယ်၊ 'ဟွေ' လူကြီးမင်း အခုပဲ ရောက်လာပါလိမ့်မယ်။"
ဝန်ထမ်းများပြောသော ဟွေလူကြီးမင်း ဆိုသည်မှာ ဤနေရာ၏ တာဝန်ခံဖြစ်၏။
ကျန်းလင်ကတော့ ကျင့်ကြံရေးခန်းမ တံခါးဝသို့ လှမ်းကြည့်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော်ယင်စွမ်းအင်တစ်ခု နီးကပ်လာနေသည်ကို သူ ခံစားမိသောကြောင့်ဖြစ်၏။
ခဏအကြာတွင် ပုံရိပ်တစ်ခု ကျင့်ကြံရေးခန်းမအတွင်း ပေါ်လာတော့သည်။
"လာပြီ၊ လာပြီ"
ထို လူကြီးမင်းသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းပြားတစ်ခု ဆွဲထားကာ ဝတ်စားဆင်ယင်မှုမှာ သပ်ရပ်ပြီး မျက်နှာမှာလည်း အင်မတန် ကြည်လင်သန့်ရှင်းသည်။
သူက ဝန်ထမ်းများ တားဆီးထားသော ဝိညာဉ်တမန်နှစ်ဦးကို ကြည့်ပြီး မေးလိုက်သည်။
"မင်းတို့က ကျင့်ကြံရေးခန်းမကို ပျက်စီးအောင် လုပ်လိုက်တာလား"
ထိုသူ့မျက်နှာတွင် အလောတကြီး ဖြစ်နေသည့် အရိပ်အ ယောင် မတွေ့ရပေ "ဘာဖြစ်တာလဲဆိုတာ အရင်ကြည့်ပါဦးမယ်"
အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော် မှာ ထိုလူ၏ပြင်းထန်သော ယင်စွမ်းအင်ကို ခံစားမိပြီး ခဏမျှ စကားပင် မပြောနိုင်ဘဲ ခေါင်းငြိမ့်ပြရန်သာ သိတော့သည်။
ဟွေသည် ကျင့်ကြံရေးခန်းမအတွင်းသို့ ဝင်သွားကာ အပေါ်နှင့်အောက် ခန်းမနှစ်ခုလုံးကို ကြည့်ရှုစစ်ဆေးပြီး အပေါက်ကြီး ဖြစ်နေသော နေရာကို သေချာလေ့လာလိုက်သည်။
ထို့နောက် သူ့မျက်နှာမှာ အနည်းငယ် ထူးဆန်းသွား၏။
'သူက ကျင့်ကြံရေးခန်းမကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတာလား၊ ဒါမှမဟုတ် ချို့ယွင်းချက် တစ်ခုခု ရှိနေတာလားလို့ ထင်နေခဲ့တာ'
သို့သော် အထက်ပါ အကြောင်းရင်း နှစ်ခုစလုံး မဟုတ်သည်ကို သူ တွေ့လိုက်ရသည်။
" ဟွေ လူကြီးမင်း..."
အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော် က သတိပြန်ဝင်လာပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ဒါက ကျွန်တော် ခုနက အဆင့်တက်တုန်းက အားနည်းနည်း လွန်သွားလို့ ပျက်စီးသွားတာ ထင်ပါတယ်"
ဟွေ : "မင်း အဆင့်တက်တာလား"
"ဟုတ်ကဲ့၊ ကျွန်တော် အခုလေးတင် ဝိညာဉ်စစ်သူကြီးအဆင့်ကို ရောက်သွားတာပါ"
သူ ကြောက်နေသော်လည်း သူ့ရဲ့ အလားအလာကို တွေးမိပြီး စိတ်ထဲမှာတော့ နည်းနည်း ဝမ်းသာနေမိသည်။
'ဒီကိစ္စကြောင့် လူကြီးမင်းတစ်ယောက်ယောက်ရဲ့ မျက်စိကျခြင်းကို ခံရပြီး ရာထူးတိုးတာမျိုး ဖြစ်နိုင်တာပဲလေ'
"..."
ဟွေသည် အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်ကို အပေါ်အောက် တစ်ချက်ကြည့်လိုက်ပြီး ဇဝေဇဝါဖြင့်ပြောလိုက် ၏။
"မင်းရဲ့ ဝိညာဉ်စစ်သူကြီးအဆင့်က ဒီကျင့်ကြံရေးခန်းမကို ပျက်စီးအောင် လုပ်နိုင်စွမ်းမရှိသေးဘူး"
ထိုနောက်တစ်စုံတစ်ခုကိုသတိရသွားကာ သူက ဘေးနားတွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျန်းလင်ကို လှည့်ကြည့်လိုက်သည်။
"အားမနာတမ်း မေးပါရစေ၊ လူကြီးမင်းက အခု ဘယ်အဆင့်ကို ရောက်နေတာလဲ"
ထမင်းသွားစားဖို့ စောင့်နေတဲ့ ကျန်းလင် - "......"
"ကျွန်တော်လား...အခုလေးတင် ဝိညာဉ်ဘုရင်အဆင့်ကို တက်သွားတာပါ၊ အစောပိုင်းအဆင့်ပဲ ရှိပါသေးတယ်"
"လူကြီးမင်း... ဒါက သူနဲ့ မဆိုင်ပါဘူး၊ ကျွန်တော်က... ဗျာ ဘာပြောလိုက်တာလဲ"
ရှင်းပြဖို့ပြင်နေတဲ့ အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်မှာ စကားစပင် ပြတ်သွားပြီး ကြောင်အမ်းအမ်းပင်ဖြစ်သွားတော့သည်။
ဝိညာဉ်ဘုရင်အဆင့်...
ဘယ်သူလဲ...
'သူ့ဘေးက ကျင့်ကြံမှု မရှိတော့ဘူးလို့ သူထင်ထားတဲ့ ဒီ 'ပိုင်ဝူချန်' အစ်ကိုက ဝိညာဉ်ဘုရင်အဆင့်တဲ့လား'
အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော် က ကျန်းလင်ကို တစ်ချက်ကြည့်လိုက်၊ အကြည့်လွှဲလိုက်၊ နောက်ထပ် တစ်ခါ ထပ်ကြည့်လိုက်နဲ့ ဦးနှောက်က အလုပ်မလုပ်နိုင်တော့ပေ....
"ဒါဆိုရင်တော့ ဟုတ်သွားပြီ"
ထိုအခါမှသာ ဟွေကခေါင်းငြိမ့်ပြလိုက်သည်၊ ဤကျင့်ကြံရေးခန်းမ ခံစားလိုက်ရသော ရိုက်ခတ်မှု အတိုင်းအတာအရ ဆိုလျှင် ဤကဲ့သို့ အဆင့်မျိုးမှသာလျှင် ကျိုးကြောင်းဆီလျော်ပေမည်။
"အပေါ်က ကျင့်ကြံရေးခန်းမရဲ့ ရိုက်ခတ်မှုကိုလည်း ခံလိုက်ရပေမယ့်၊ အဲဒီဒဏ်က လျစ်လျူရှုထားလို့ရတဲ့ အဆင့်ပဲ ရှိပါတယ်၊ ပျက်စီးသွားရတဲ့ အဓိက အကြောင်းရင်းကတော့ အောက်က ဒီအခန်းကြောင့်ပါပဲ"
ယင်စွမ်းအင်နဲ့ အခြေခံကျင့်ကြံရေးခန်းမကို ဖောက်ထွက်နိုင်တဲ့သူက အင်မတန် ရှားပါးလှသည်။
သို့သော် ဝိညာဉ်ဘုရင်အဆင့် ရောက်နေပါလျက်နဲ့ အခြေခံကျင့်ကြံရေးခန်းမမှာ လာပြီး ကျင့်ကြံနေတဲ့သူကိုတော့ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ခဏတာစဉ်းစားပြီးနောက် ဟွေသည် အလတ်တန်းစား ကျင့်ကြံရေးကတ် ၅ ကတ်ကို ထုတ်ယူကာ ယင်စွမ်းအင်ဖြင့် မပြီး ကျန်းလင်ထံ ကမ်းပေးလိုက်၏
"လူကြီးမင်း နောက်တစ်ကြိမ်ကျရင် အလတ်တန်းစား ဒါမှမဟုတ် အဆင့်မြင့် ကျင့်ကြံရေးခန်းမတွေမှာ သွားပြီး ကျင့်ကြံဖို့ မျှော်လင့်ပါတယ်။ ဒီကျင့်ကြံရေးကတ်တွေကိုတော့ လူကြီးမင်း ဝိညာဉ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် မှတ်ယူပေးပါ”
🫧 Chapter 104
"...ကျေးဇူးပါပဲဗျာ"
ကျန်းလင်သည် ဟွေလူကြီးမင်း ကမ်းပေးသော အလတ်တန်းစား ကျင့်ကြံရေးကတ်များကို လှမ်းယူလိုက်သော်လည်း သူ့စိတ်ထဲတွင်မူ ဇဝေဇဝါ ဖြစ်နေဆဲပင်။
တကယ်တော့ သူကပဲ ဖောက်ထွက်အောင် လုပ်မိတာကိုး...
သူလည်း ဝိညာဉ်ဘုရင်အဆင့်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ အတွေ့အကြုံ မရှိသေးဘူးလေ...
နောက်တစ်ကြိမ်ဆိုရင်တော့ အတွေ့အကြုံရှိသွားပြီပေါ့.....
တကယ်တော့ သူ့မှာ အလတ်တန်းစားနဲ့ အဆင့်မြင့် ကျင့်ကြံရေးကတ်တွေ ရှိပြီးသားပါ။
အရင် မုန့်ပေါ် ချန်ထားခဲ့သည့် သိုလှောင်အိတ်ထဲမှာ ရှိနေတာဖြစ်၏။
သို့သော် ဆင်းရဲတာ ကြာလာလို့ထင်ပါရဲ့၊ အခြေခံကတ်တွေကို အရင်သုံးပစ်ပြီး ကောင်းတဲ့ကတ်တွေကို နောက်မှသုံးမယ်လို့ အမြဲတွေးမိနေတာဖြစ်သည်။
"လူကြီးမင်း... နောက်ကိစ္စကတော့..."
ဟွေ က ပြုံးလျက် "လျော်ကြေးကိစ္စကို ဆက်ပြောကြရ အောင်"ဟုပြုံးလျှက်ပြောလိုက်၏။
ကျန်းလင် : "..."
'ဒီကိစ္စကို မေ့တော့မလို့'
ထိုအခိုက်အတန့်မှာပင် ကျန်းလင်သည် ကောလဟာလတစ်ခုကို သတိရသွားသည်။
၎င်းမှာ ဝိညာဉ်တမန်တော် နှစ်ယောက်တိုက်ပွဲဖြစ်ရင်း ဝိညာဉ်တမန်တော် အိမ်ရာတွေကို မှောက်ခုံလှန်ပစ်ခဲ့လို့...
နောက်ဆုံးမှာ ယမမင်းကြီးက အတင်းအဓမ္မ အလုပ်ကြမ်း စေခိုင်းခြင်းခံခဲ့ရတဲ့ စီနီယာနှစ်ယောက် အကြောင်းပင်။
'မဖြစ်နိုင်တာ... ငါ့ကိုတော့ အဲလို မလုပ်လောက်ပါဘူး...'
ဟွေ သည် ကျင့်ကြံရေးခန်းမတစ်ခုလုံးကို အကဲခတ်လိုက်ပြီး "တခြားနေရာတွေကတော့ ရိုက်ခတ်မှု သိပ်မရှိပါဘူး၊ အဓိကကတော့ အပေါ်က အပေါက်ကြီးပါပဲ၊ ပြန်ပြင်ဖို့ လိုပါလိမ့်မယ်"
"ကျွန်တော် တွက်ချက်ကြည့်ရသလောက်တော့ ငွေစက္ကူ တစ်သိန်းနဲ့ ဝိညာဉ်ကျောက်တုံး ငါးရာပဲ လိုအပ်မှာပါ"
"..."
ဘေးနားက အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်မှာ အသက်ရှူမှားသွားပြီး မျက်လုံးအပြူးသား ဖြစ်သွား၏။
'ဒီလောက်တောင် ဈေးကြီးတာလား'
'သူ့ကိုယ်သူ ရောင်းစားရင်တောင် ဒီလောက် တန်ဖိုးရှိမှာ မဟုတ်ဘူး'
'ကျန်းလင်လည်း အသက်ရှူမှားသွားသည်၊ ဒီလောက်အထိ များလိမ့်မယ်လို့ မထင်ထားဘူး'
'တော်သေးတာက သူ့မှာ ရှိနေလို့ပဲ'
'မဟုတ်ရင်တော့ အလုပ်ကြမ်း သွားလုပ်ရတော့မှာ'
ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ လက်နက်ကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းဖြစ်သည်။
ကျင့်ကြံရေးခန်းမကို လူကြီးမင်းတစ်ယောက်က လက်နက် ပြုလုပ်သလို ဖန်တီးထားတာလို့ သူအရင်က ကြားဖူးသဖြင့် အခုကြည့်ရတာတော့ အဲဒီအတိုင်းပဲ ဖြစ်ဖို့များသည်။
သူ အရင်က တာဝန်တွေလုပ်လို့ ရထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ သိပ်မများပေမယ့် မုန့်ပေါ်၏ သိုလှောင်အိတ်ထဲမှာတော့ အလုံအလောက် ရှိလောက်ပါသည်။
သူအရင်က ကြည့်ဖူးသလောက်ဆိုရင် အပုံလိုက်ကြီး ရှိနေတာဖြစ်ကာ ထိုဝိညာဉ်ကျောက်များမှာအမှိုက်ပုံသလိုကဲ့သို့ အိတ်ထောင့်လေးမှာ ပုံထားခြင်းပင်။
ငွေစက္ကူ ကတော့ သူ Live လွှင့်လို့ ရထားတာတွေနဲ့တင် လုံလောက်နေပါပြီ။
ဒါတောင်မှ...
ငွေပေးချေတဲ့အချိန်မှာ ကျန်းလင် ရင်ထဲမှာတော့ နည်းနည်း နှမြောမိသေးသည်။
'ရှုံးတာပဲ'
'အရှုံးကြီးရှုံးတာပဲ'
ဒီလိုမှန်းသိရင် အလတ်တန်းစား ကျင့်ကြံရေးခန်းမမှာပဲ သွားကျင့်ကြံပါတယ်။
ထိုစဥ်မှာပင် ရုတ်တရက် စနစ်ဆီမှအသံထွက်လာ၏။
[ဒင် လျှော့ဈေးဖြင့် အရောင်းအဝယ်လုပ်နိုင်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ လျှော့ဈေးကတ် ကို အသုံးပြုမလား]
ထို့ကြောင့်ကျန်းလင် ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်၏။
"အသုံးပြုမယ်"
"အောင်မြင်စွာ အသုံးပြုပြီးပါပြီ"
"လူကြီးမင်း... နေပါဦး"
ကျန်းလင် လျှော့ဈေးကတ် သုံးပြီး နောက်တစ်စက္ကန့်မှာပင်....
ရှေ့က ဟွေလူကြီးမင်းက တစ်ခုခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် ပြောလိုက်သည်။
"ကျွန်တော် ခုနက ထပ်ပြီး တွက်ချက်ကြည့်လိုက်တာ၊ ဒီကျင့်ကြံရေးခန်းမက သုံးလာတာလည်းကြာပြီဆိုတော့..."
"လူကြီးမင်းအနေနဲ့ ငွေစက္ကူ ရှစ်သောင်းနဲ့ ဝိညာဉ်ကျောက်တုံး လေးရာပဲပေးရင် ရပါပြီ"
"ကောင်းပါပြီ"
ကျန်းလင်သည် ပိုထုတ်ထားသော ငွေစက္ကူနှင့် ဝိညာဉ်ကျောက်တုံးများကို တိတ်တဆိတ် ပြန်သိမ်းလိုက်သည်။
စိတ်ထဲမှာတော့ ဒီလျှော့ဈေးကတ်ကို သေချာပြန်ကြည့်ရမယ်လို့ တွေးနေမိ၏။
'ဒါက တကယ်ပဲ ပိုက်ဆံကုန်သက်သာတာပဲ'
"..."
အနက်ဝတ်တမန်တော်မှာမူ ထိုငွေပုံကြီးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကြည့်ရင်း ဆွံ့အကျန်ခဲ့သည်။
ဝိညာဉ်ကလေးငယ် တစ်ယောက်က အဝေးကနေ အမြောက်ဆံလို တစ်ဟုန်ထိုး ပြေးဝင်လာကာ ပြောလိုက်၏။
"ကျန်းဝူချန် ယမမင်းကြီးက ခင်ဗျားကို ယမမင်းနန်းဆောင် ကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်"
ဒီလို ဝိညာဉ်ကလေးငယ်တွေက သာမန်ထက် ခေါင်းပိုကြီးပြီး၊ အနီရောင် ဗိုက်စည်းလေးတွေ ဝတ်ထားကာ ခေါင်းပေါ်မှာ ဆံပင်တစ်စုကို အပေါ်ထောင်ပြီး စည်းထားလေ့ရှိ၏။
သူတို့က အင်မတန်မြန်သဖြင့် သတင်းစကားပါးရန် သို့မဟုတ် ပစ္စည်းပို့ရန်အတွက် အပြေးသမားအဖြစ် အသုံးပြုခံရလေ့ရှိသည်။
ကျန်းလင် "အခုပဲ သွားလိုက်ပါ့မယ်"
"မြန်မြန်လာနော်၊ ယမမင်းကြီးကို အကြာကြီးမစောင့်ခိုင်းနဲ့ဦး"
ပြောရင်းနဲ့ပင် ထိုကလေးငယ်ရဲ့ ပုံရိပ်က ဆယ်မီတာလောက် အကွာကို ရောက်သွားပြီး အသံကလည်း ဝေးသွားတော့ သည်။
ကျန်းလင်က ဘေးနားက အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်ကို ပုတ်ကာ "အစ်ကို... အားနာလိုက်တာဗျာ၊ ကျွန်တော် အရင်သွားလိုက်ဦးမယ်၊ ထမင်းကတော့ နောက်မှပဲ စားကြတာပေါ့"
"..."
ကျန်းလင် မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ကွယ်သွားတာကို ကြည့်ပြီး အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်မှာ ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့သည်။
'ထိုပိုင်ဝူချန်က ဝိညာဉ်ဘုရင်အဆင့်တဲ့'
'ကျင့်ကြံရေးခန်းမ ပျက်စီးတာကလည်း မိမိနဲ့ မဆိုင်တော့ဘူး'
'လျော်ကြေးပေးစရာမလိုတာက ဝမ်းသာစရာဆိုပေမယ့် ဘာလို့ ဝမ်းနည်းသလို ခံစားနေရတာလဲ'
ထို့ကြောင့်အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်သည် ကျင့်ကြံရေးခန်းမ တံခါးဝတွင်ထိုင်ချလိုက်ပြီး မေးစေ့ကို လက်နဲ့ထောက်ကာ ၄၅ ဒီဂရီ စောင်းလျက် ငရဲပြည်ရဲ့ ကောင်းကင်ကြီးကို လှမ်းကြည့်နေမိသည်။
ကောင်းကင်ကြီးက မှုန်မှိုင်းနေကာ မှောင်အတိ ကျနေသည်။
'ထိုသည်မှာ သူ့ရဲ့ စိတ်ခံစားချက်အတိုင်းပင်'
'ဘာတွေလဲ... အလားအလာ အကန့်အသတ်မရှိတာတွေ၊ ဝိညာဉ်ဘုရင်အဆင့်တွေ၊ အိမ်ကြီးအိမ်ကောင်းတွေ...'
'အဲဒီတောက်ပတဲ့ အနာဂတ်တွေက သူနဲ့ ဘာဆိုင်လို့လဲ'
"တစ်ဆယ့်သုံး "
ကျင့်ကြံရေးခန်းမထဲဝင်ဖို့ ပြင်နေတဲ့ ဝိညာဉ်တမန်တော် တစ်ယောက်က ခြေလှမ်းတန့်သွားပြီး နောက်ဆုတ်ကာ ကြည့်လိုက်သည်။
"မင်းပါလား၊ ဒီမှာ ဘာလုပ်နေတာလဲ"
'တစ်ဆယ့်သုံး' လို့ ခေါ်ခံရတဲ့ အင်္ကျီအနက်ဝတ် ဝိညာဉ်တမန်တော်က ခေါင်းမော့ကြည့်လိုက်ပြီးမှ အကြည့်ပြန်လွှဲလိုက်သည်။
"အေးလေ... ငါ ဒီမှာ ဘာလုပ်နေတာလဲ"
ဟိုတစ်ယောက်ကလည်း ကင်းလှည့်ရတဲ့ ဝိညာဉ်တမန်တော် ဖြစ်တာကြောင့် သူ့ကိုကြည့်ပြီး စပ်စုချင်လာသည်။
"မင်း ဝိညာဉ်စစ်သူကြီးအဆင့်ကို တစ်ခါတည်း တက်မယ်ဆို၊ အဆင့်မတက်လို့လား"
"တက်သွားပြီ"
"တော်လိုက်တာ! အောင်မြင်သွားတာပဲ မဟုတ်လား ဒါကို ဘာလို့ မျက်နှာကြီးက ရှုံ့မဲ့နေတာလဲ"
ထိုဝိညာဉ်တမန်တော်က တစ်ဆယ့်သုံးရဲ့ ကျောကို ပုတ်ကာပြောလိုက်သည်။
"လာ... သွားစားကြမလား"
"..."
တစ်ဆယ့်သုံးက သက်ပြင်းချလိုက်ပြီး အားမရှိသလို ပြောရှာသည်။
"အေးလေ... ငါ ဘာလို့ မပျော်နိုင်ရတာလဲ..."
"ဒါက... ဆင်းရဲတဲ့ သရဲတွေရဲ့ဝမ်းနည်းစရာပဲ ထင်ပါရဲ့"
လုပ်ဖော်ကိုင်ဖက် ဝိညာဉ်တမန်တော် : "..."
'စကားကတော့ မမှားပါဘူး၊ ဒါပေမယ့် ငါ ဘာလို့ နားမလည်တာလဲ'
'ဘယ်သူကမှ မဆင်းရဲတာ ကျလို့'
'ဒါက အရင်ကတည်းက သိပြီးသား အမှန်တရားပဲဥစ္စာ၊ ဘာလို့ အခုမှ ဝမ်းနည်းနေတာလဲ'
'တုန့်ပြန်မှု နှေးတယ်ဆိုရင်တောင် ဒီလောက်ထိတော့ မဖြစ်သင့်ဘူးလေ'
...
ဒီဘက်မှာတော့ ကျန်းလင်က တစ်ဆယ့်သုံးရဲ့ စိတ်ညစ်မှုကို မသိဘဲ ယမမင်းနန်းဆောင် ရှေ့ကို မြန်မြန်ရောက်လာခဲ့သည်။
ထိုယမမင်းနန်းဆောင်ကိုလည်း ရှေးဟောင်းစတိုင်အတိုင်း တည်ဆောက်ထားခြင်းဖြစ်သည်။
အမိုးက ထီးတစ်ချောင်း ဖြန့်ထားသလို ပုံစံမျိုးဖြစ်ပြီး တံခါးဝက လှေကားထစ်တွေက အထစ်တစ်ရာကျော်အထိ ရှည်လျားလှသည်။
ထို့အပြင် တံခါးအပေါ်မှာ ဆိုင်းဘုတ်တစ်ခု ရှိ၏။
ထိုမရာက အလျား ၆ မီတာ၊ အနံ ၂ မီတာရှိပြီးအဝေးကနေတင် ရွှေရောင်စာလုံးကြီး သုံးလုံးကို မြင်နိုင်သည်။
'ယမမင်းနန်းဆောင်' (閻王殿)
ထိုဆိုင်းဘုတ်သည် ခန့်ညားထည်ဝါပြီး တည်ကြည်လှကာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ကိန်းအောင်းနေသကဲ့သို့ တလက်လက်ထနေ၏။
ကြည့်လိုက်ရုံနဲ့တင် ရိုသေခန့်ညားစိတ်တွေ ပေါ်လာစေပြီး တခြား မကောင်းတဲ့ စိတ်ကူးတွေ မရှိရဲတော့ပေ။
ကျန်းလင် စိတ်ထဲမှာလည်း အနည်းငယ် တုန်လှုပ်လာမိ၏။
ထိုနန်းတော်တွင် သူလာမှာကို သိနေသလိုမျိုး လမ်းတစ် လျှောက်လုံးမှာ တားဆီးမယ့် ဝိညာဉ်တမန်တော် တစ်ယောက်မှ မရှိပေ။
"ယမမင်းကြီးကို ဂါရဝပြုပါတယ်" ကျန်းလင်က နန်းဆောင်အလယ်မှာ ရပ်ပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ ကျန်းလင်ဟာ သူ့အပေါ် ကျရောက် လာတဲ့ အကြည့်တစ်ခုကို ခံစားလိုက်ရသည်၊ တစ်ခုခုကို အကဲခတ်နေသလိုမျိုးပင်။
"ဂုဏ်ယူပါတယ်၊ ဝိညာဉ်ဘုရင်အဆင့် ပေါ့"
ယမမင်းယန်လော်သည် အမြင့်ဆုံးမှ ပလ္လင်ပေါ်မှာ ထိုင်ရင်း မေးစေ့ကိုလက်နဲ့ထောက်ကာ သူ့ကို စိုက်ကြည့်နေသည်။
"မင်း ဒါကို ဘယ်လို လုပ်နိုင်ခဲ့တာလဲဆိုတာ ငါ တော်တော် စိတ်ဝင်စားမိတယ်..."
ကျန်းလင် ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသော်လည်း ယန်လော် က ဆက်ပြောလာသည်။
"ဒါပေမယ့် စဉ်းစားကြည့်ရင် ဒါက မင်းရဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်မှာပါ မင်း ဘာမှ လျှောက်မလုပ်သရွေ့ ငါလည်း ဝင်မစွက်ဖက်ပါဘူး"
"အနည်းဆုံးတော့ အခုအချိန်အထိ မင်းက ယုံကြည်ထိုက်သူ ဖြစ်နေတုန်းပဲ ဒါကြောင့် စိတ်အေးအေးထားလို့ရပါတယ်"
ပြောရင်းနဲ့ ယမမင်းမက အကြည့်လွှဲလိုက်ပြီး ရှေ့က ဖိုင်တွဲတွေကို တစ်ချက်ချင်း လှန်ကြည့်နေသည်။
ကျန်းလင် ဘယ်လိုလုပ်နိုင်ခဲ့လဲဆိုတာ သူမ မသိပေမယ့် ကံကောင်းခြင်း ဒါမှမဟုတ် အခွင့်အရေး တစ်ခုခုကြောင့် ဖြစ်နိုင်တယ်လို့ သူမ တွေးသည်။
'ဒီလိုလူမျိုးက ရှေးယခင်ကတည်းက သိပ်မများပေမယ့် မရှိတာတော့ မဟုတ်ဘူး'
'ဘာမှ လျှောက်မလုပ်သရွေ့ ငရဲပြည်အတွက်တော့ ဒါက ကောင်းတဲ့ကိစ္စပဲ'
'တကယ်လို့ နှိုင်းယှဉ်ရမယ်ဆိုရင် သူတို့လို ယမမင်းတွေရဲ့ ကံကောင်းခြင်းကလည်း မသေးဘူးလေ'
'အထူးသဖြင့် တောင်ဘက်ကလူကြီးမင်းပေါ့ ပါရမီရော ကံကောင်းခြင်းရော အကုန်သိမ်းကျုံး ရထားတာ'
'အဲဒါကို တွေးမိတိုင်း ယမမင်းမမှာ အားကျမနာလို ဖြစ်မိပေမယ့်လည်း ဘာမှမတတ်နိုင်ပေ'
"..."
အောက်ဘက်မှာတော့ ကျန်းလင် ရင်ထဲကနေ သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
ခုနက ယမမင်းမ ပြောလိုက်တဲ့ စကားတွေကြောင့် ကျောမှာ ချွေးအေးတွေတောင် ထွက်လာမတတ်ဖြစ်သွားခဲ့ရသည်လေ။
"စည်းကမ်းအရဆိုရင် ဝိညာဉ်ဘုရင်အဆင့်က ကိုယ်ပိုင်နယ်မြေ တစ်ခု ရပိုင်ခွင့်ရှိတယ်၊ မင်းက ငရဲပြည်ထဲမှာပဲ နေမလား၊ ဒါမှမဟုတ် အပြင်မှာ နေမလား" ယမမင်းမက မေးလိုက်သည်။
အရင် မုန့်ဖော် ရှာခဲ့တဲ့ ထို 'စစ်ဗိုလ်ချုပ်' ဆိုလျှင်ငရဲပြည်အပြင်ဘက်မှာ နယ်မြေတစ်ခု သတ်မှတ်ပြီး စစ်ဗိုလ်ချုပ် အိမ်တော်ဆောက်ကာ ပျော်ပျော်ပါးပါး နေထိုင်ခဲ့ခြင်းဖြစ် သည်။
သို့သော် ငရဲပြည်အတွက်တော့ အလုပ်လုပ်ပေးရဆဲပင်။
ကျန်းလင် ခဏမျှ စဉ်းစားပြီး ဆုံးဖြတ်လိုက်သည်။
"ကျွန်တော် ငရဲပြည်ထဲမှာပဲ နေပါ့မယ်"
'သူက ပထမတန်းစား ဝိညာဉ်တမန်တော် ဖြစ်ချင်တဲ့သူလေ၊ ဟို စစ်ဗိုလ်ချုပ်နဲ့ ရည်မှန်းချက် မတူဘူး'
ပထမတန်းစား ဝိညာဉ်တမန်တော်က တာဝန်တွေ ခဏခဏ လုပ်ရမှာဆိုတော့ ငရဲပြည်ထဲမှာ နေတာက ပိုပြီးအဆင်ပြေမှာ အသေအချာပင်။
"အင်း...အနောက်ဘက်မှာ ခုလေးတင် နန်းဆောင်တစ်ခု ဆောက်ပြီးသွားတယ်၊ မင်း အဲဒီကို သွားလို့ရတယ်"
ယမမင်းမက ဖိုင်တွေကို ကြည့်ရင်း တစ်ခါတရံမှာ တစ်ခုခုကို လက်မှတ်ထိုးနေ၏။
"ကောင်းပြီ မင်းကို အမှတ် (၁၈) အဖွဲ့ရဲ့ 'အဖြူရောင်ဝိညာဉ်တမန်တော် အဖွဲ့ခေါင်းဆောင်' အဖြစ်ခန့်အပ်မယ်၊ မင်း သဘောတူရဲ့လား"
ယန်လော် ခေါင်းမော့လိုက်ပြီး အောက်ကကျန်းလင်ကို လှမ်းကြည့်ကာ မေးလိုက်တော့သည်။