အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
🫧 Chapter 105
"ကောင်းပြီ မင်းကို အမှတ် (၁၈) အဖွဲ့ရဲ့ အဖြူရောင်ဝိညာဉ်တမန်တော် အဖွဲ့ခေါင်းဆောင် အဖြစ် ခန့်အပ်မယ်၊ မင်း သဘောတူရဲ့လား"
"..."
ယန်လော် စကားကို ကြားသော်လည်း ကျန်းလင်သည် ချက်ချင်း အဖြေမပေးသေးပေ။
သူသည် မိမိ၏လွန်ခဲ့သော နှစ်များအတွင်း အလုပ်လုပ် ဆောင်ခဲ့မှုများကို ပြန်လည်သုံးသပ်ကြည့်လိုက်သည်။
သို့သော်သူသည် ငရဲပြည်တွင် ထူးထူးခြားခြားပြောင်မြောက်သည့် စွမ်းဆောင်ရည်မျိုး သို့မဟုတ် ကြီးမားသည့် အကျိုး ပြုမှုမျိုး မရှိခဲ့ဖူးပေ။
တတိယတန်းစားမှ ဒုတိယတန်းစား ဝိညာဉ်တမန်တော်အဖြစ် တိုးမြှင့်ခံရခြင်းမှာ သူ၏ အစွမ်းအစတက်လာခြင်းနှင့် အလုပ်များကို ကောင်းမွန်စွာပြီးမြောက်အောင်ဆောင် ရွက်နိုင်ခြင်းကြောင့်ဟု ဆိုနိုင်သည်။
ထို့အပြင် မုန့်ပေါ်နှင့် ပတ်သက်သည့် ကြီးမားသော တာဝန်တစ်ခုကိုလည်း ပြီးမြောက်ခဲ့သည်။
ဒါကိုတော့ နားလည်ပေး၍ ရသည်ပင်...
သို့သော် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရမည် ဆိုပါက...
မိမိ၏လုပ်သက်နှင့် အတွေ့အကြုံမှာ မိမိ၏လက်ရှိအဖွဲ့ခေါင်းဆောင်ကို မမီနိုင်သေးကြောင်း သူကိုယ်တိုင် သိနေ သည်။
သူသည် အစွမ်းအစသာ တိုးတက်လာခြင်းဖြစ်ပြီး အတွေ့အ ကြုံပိုင်းမှာမူ လိုအပ်ချက်များစွာ ရှိနေသေးသည်။
"မင်းက တော်တော်လေး တည်ငြိမ်တာပဲ"
သူ့စိတ်ထဲက သံသယကို ရိပ်မိသွားသဖြင့် ယန်လော်၏ နှုတ်ခမ်းအစုံမှာ ကွေးညွှတ်သွားသည်။
"မင်းလည်း ကြားဖူးမှာပါ၊ အလုပ်သင် ဝိညာဉ်တမန်တော် အသစ်တွေက မကြာခင် အမြဲတမ်းဝန်ထမ်းဖြစ်တော့မယ်၊ ငရဲပြည်မှာ လူအင်အား လိုအပ်နေတဲ့ အချိန်ပဲ"
"ဒါကြောင့် မင်းရဲ့အထက်လူကြီး၊ အမှတ် (၉) အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်က မင်းကို ထောက်ခံပေးခဲ့တယ်"
"..."
'အဖွဲ့ခေါင်းဆောင်က သူ့ကို ထောက်ခံပေးခဲ့တာလား'
ကျန်းလင် ခေါင်းမော့ကြည့်လိုက်မိပြီး အံ့ဩသွားမိ၏။
"မင်းရဲ့ အရင်က အလုပ်မှတ်တမ်းတွေကို ငါကြည့်ပြီးပြီ၊ မင်း တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်ခဲ့တယ်"
"သံသရာဌာနရဲ့ မှတ်တမ်းအရဆိုရင် မကြာသေးမီ နှစ်တွေအတွင်း မင်းခေါ်ဆောင်လာတဲ့ ဝိညာဉ်တွေဟာ အခြေခံအားဖြင့် သံသရာထဲကို အဆင်ပြေပြေ ဝင်ရောက်နိုင်ခဲ့ကြတယ်"
ယန်လော် အေးအေးဆေးဆေးပင် ပြောပြနေ၏။
သူမ၏ ဤဆုံးဖြတ်ချက်မှာ စုံစမ်းစစ်ဆေးမှုများစွာ ပြုလုပ်ပြီးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အချို့သော ဝိညာဉ်များသည် ငရဲပြည်သို့ ရောက်လာပြီးနောက် အမျိုးမျိုးသော စွဲလမ်းမှုများ သို့မဟုတ် မတော်တဆမှုများကြောင့် သံသရာလမ်းကြောင်းမှ လွတ်ထွက်သွားတတ်ကြသည်။
ကျန်းလင်၏စွမ်းဆောင်ရည်မှာ ထိပ်တန်းအဆင့်ဟု မဆိုနိုင်သော်လည်း တော်တော်လေး ကောင်းမွန်သည့် အဆင့်မှာ ရှိနေသည်။
"အတွေ့အကြုံဆိုတာ ဖြည်းဖြည်းချင်း စုဆောင်းယူလို့ ရပါတယ်၊ အစပိုင်းမှာ မင်းကို ဝိညာဉ်တမန်တော် အယောက်နှစ်ဆယ် ခွဲဝေပေးမယ်၊ အရင်ဆုံး ကျင့်သားရအောင်လုပ်ကြည့်ပေါ့"
"ဒါက မင်းအတွက် အခွင့်အရေးတစ်ခုပဲ"
"ယမမင်းကြီးကို အထူးကျေးဇူးတင်ရှိပါတယ်"
ခဏမျှ စဉ်းစားပြီးနောက် ကျန်းလင်၏ အသံမှာ နန်းဆောင်အတွင်း ဟိန်းထွက်သွားသည်။
အတွေ့အကြုံမရှိသေးသည့် ဝိညာဉ်တမန်တော် အသစ်များနှင့် ထိတွေ့ရမည်မှာ ရှောင်လွှဲ၍မရသော်လည်း ဤအရာမှာ သူ့အတွက် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်မှာ အမှန်ပင်။
အစပိုင်းတွင် ဝိညာဉ်တမန်တော် အယောက်နှစ်ဆယ်သာ ရှိမည်ဆိုပါက သူသည် အတွေ့အကြုံ စုဆောင်းရင်း စီမံခန့်ခွဲမှုပိုင်းကိုပါ တစ်ပါတည်းလေ့လာနိုင်မည်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ...
အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီးနောက် ခံစားခွင့်များသာမက ရရှိမည့် တာဝန်များမှာလည်း အဆပေါင်းများစွာ တိုးလာမည်ဖြစ်သည်လေ။
ထိုအရာက သူ့ကို ပထမတန်းစား ဝိညာဉ်တမန်တော် ဖြစ်လာဖို့ ပိုပြီးမြန်ဆန်စေမှာ အသေအချာပင်။
"ကောင်းပြီ"
ပြောပြီးသည်နှင့် ယန်လော်က လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ကျန်းလင်၏ ခါးတွင် ချိတ်ထားသော အလုပ်ကတ်ပြား မှာ သူမဆီသို့ ပျံတက်သွားတော့သည်။
ဤအလုပ်ကတ်မှာ အမှန်စင်စစ် ကျောက်စိမ်းပြား တစ်ခုဖြစ်ပြီး ကျောဘက်တွင် ငရဲပြည်၏အမှတ်အသားပါရှိကာ ရှေ့ဘက်တွင် သက်ဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ဘယ်အတန်းစား ဝိညာဉ်တမန်တော်လဲ၊ ဘယ်အဖွဲ့ကလဲ စသည်ဖြင့်ပေါ့....
ယန်လော်သည် ထိုကျောက်စိမ်းပြားအပေါ် လက်ဖြင့်အုပ်ကာ အောက်သို့ ဖြည်းဖြည်းချင်း ဆွဲချလိုက်ရာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
ထိုအရာမှာ အချက်အလက်များကို ပြင်ဆင်လိုက်ခြင်းပင်။
ထို့နောက်'တစ်ဆယ့်ရှစ်' ဟူသော စာလုံးမှာ ရွှေရောင်အလင်းနှင့်အတူ အလုပ်ကတ်ပေါ်တွင် ပေါ်လာကာ တစ်ချိန်တည်းမှာပင် ကျန်းလင်၏ ရင်ဘတ်ထဲမှ အလုပ်စာအုပ်မှာလည်း အလိုအလျောက် ပျံထွက်လာသည်။
မူလက လက်ဖဝါးခန့်သာရှိသော စာအုပ်မှာ ၂ စင်တီမီတာခန့် ထူသော 'စာအုပ်ကြီး' တစ်အုပ်ဖြစ်သွား၏။
ထိုစာအုပ်မျက်နှာဖုံးတွင်လည်း 'ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်း - အမှတ် (၁၈) အဖွဲ့' ဟု ရေးသားထားကာ ညာဘက်အောက်ထောင့်တွင် တံဆိပ်နှစ်ခု ပါရှိ၏
တစ်ခုမှာ 'အဖြူရောင်ဝိညာဉ်တမန်တော်' အမှတ်အသားဖြစ်ပြီး ကျန်တစ်ခုမှာ ငရဲပြည်၏တရားဝင် အသိအမှတ်ပြု တံဆိပ်ဖြစ်သည်။
ယခုမှစ၍ ကျန်းလင်သည် 'အဖြူရောင်ဝိညာဉ်တမန်တော် အမှတ် (၉) အဖွဲ့' မှ ခွဲထွက်ကာ 'အဖြူရောင်ဝိညာဉ်တမန်တော် အမှတ် (၁၈) အဖွဲ့ ၏ အဖွဲ့ခေါင်းဆောင်' ဖြစ်လာခဲ့ပြီလေ။
"ပြီးပြီ"
ယန်လော် လက်ဝေ့ယမ်းလိုက်ပြန်ရာ အလုပ်ကတ်မှာ ကျန်းလင်၏ ခါးဆီသို့ ပြန်ရောက်လာ၏။
"ခဏနေရင် ဝိညာဉ်ကလေးငယ်ကို မင်းရဲ့ နန်းဆောင် ၁၈ ဆီ လိုက်ပို့ခိုင်းလိုက်မယ်၊ မနက်ဖြန်ကစပြီး အဲဒီမှာ သတင်းပို့ပါ မင်းရဲ့ အဖွဲ့ဝင်တွေလည်း အဲဒီမှာ ရှိနေလိမ့်မယ်"
"အလုပ်ကို ကြိုးစားလုပ်ပါ၊ ငါ့ကို စိတ်မပျက်စေနဲ့ဦး"
"ဟုတ်ကဲ့ပါ ယမမင်းကြီး"
ကျန်းလင်သည် လက်သီးဆုပ်လျက်နှုတ်ဆက်ကာ မိမိ၏ ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းကို သိမ်းဆည်းပြီး ယမမင်းနန်းဆောင် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
သူအပြင်သို့ ရောက်သည်နှင့် အမြောက်ဆံကဲ့သို့ ပြေးဝင်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ခဏအကြာတွင် အနီရောင်ဗိုက်စည်းလေး ဝတ်ထားပြီး ခေါင်းပေါ်မှာ ဆံပင်နှစ်စု စည်းထားသည့် ခေါင်းကြီးကြီးနှင့် ဝိညာဉ်ကလေးငယ်မှာ ရှေ့တွင် ပေါ်လာသည်။
စောစောက ကျန်းလင်ကို လာခေါ်သည့် ကလေးငယ်နှင့် မတူသော်လည်း အရှိန်ကတော့ အတူတူပင် မြန်လှသည်။
"ကျန်းဝူချန် အဖွဲ့ခေါင်းဆောင်လား၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ"
"ကောင်းပြီလေ"
...
"..."
ထွက်ခွာသွားသော ကျန်းလင်၏ကျောပြင်ကို ကြည့်ရင်း ယန်လော်သည် မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကျန်လက်တစ်ဖက်က စားပွဲပေါ်ကို စည်းချက်ကျကျ ခေါက်နေမိသည်။
တကယ်တော့ ကျန်းလင်၏ ဝိညာဉ်ခေါ်ယူခြင်း မှတ်တမ်းတင်မကဘဲ သူ တာဝန်ဌာနမှာ လုပ်ခဲ့သမျှ တာဝန်အားလုံးကိုလည်း သူမ စစ်ဆေးကြည့်ပြီးပြီ ဖြစ်သည်။
တာဝန်ဌာန၏စည်းကမ်းတစ်ခုမှာ တာဝန်ပြီးဆုံးကြောင်း တင်ပြသည့်အခါ ပုံစံတစ်ခု ဖြည့်စွက်ရခြင်း ဖြစ်သည်။
သရဲတစ္ဆေ ဖြစ်ရသည့် အကြောင်းရင်း၊ လူ့ပြည်မှာ ကျန်ရစ်နေရသည့် အကြောင်းရင်း...
နောက်ပြီး အကျိုးဆက်နှင့် ရလဒ်များကိုပါ ရေးသားရသဖြင့် တာဝန်တစ်ခုလုံးကို ပြည့်စုံစွာ မှတ်တမ်းတင်နိုင်ခြင်း ဖြစ်သည်။
ဤစည်းကမ်းမှာ သူမကိုယ်တိုင် ထုတ်ပြန်ထားခြင်းဖြစ် သည်။
တာဝန်ထမ်းဆောင်စဉ်အတွင်း အမျိုးမျိုးသော မတော်တဆမှုများ ရှိနိုင်သည်ကို သူမ သိ၏။
ဥပမာ - သရဲက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တာမျိုး၊ ဒါမှမဟုတ် တွေ့တာနဲ့ တိုက်ခိုက်ပြီး အသိဉာဏ် ပျောက်ဆုံးသွားတာမျိုးပင်။
ထိုသို့ဆိုလျှင် အကြောင်းရင်းများကို သိရှိရန် ခက်ခဲသဖြင့် မှတ်တမ်းကို သေသေချာချာ မဖြည့်နိုင်ကြပေ။
အချို့သော ဝိညာဉ်တမန်တော်များမှာ ပျင်းရိသဖြင့် ပေါ့ပေါ့ တန်တန်သာ ဖြည့်စွက်တတ်ကြသည်။
သို့သော် ထိုမှတ်တမ်းများစွာထဲတွင် သေသေသပ်သပ်နှင့် အားစိုက်ပြီး ဖြည့်ထားသူများ အမြဲရှိတတ်သည်။
ဥပမာ - အမှတ် (၉) အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်နှင့် ကျန်းလင် ကဲ့သို့သော လူမျိုးတို့ဖြစ်၏။
သူတို့သည် တာဝန်တစ်ခုကို စနစ်တကျ စုံစမ်းစစ်ဆေးပြီးမှ လုပ်ဆောင်ကြသည်ကို တွေ့နိုင်သည်။
ယန်လော်ကို ပိုပြီးစိတ်ဝင်စားစေသည့် အချက်မှာ...
ကျန်းလင်သည် သရဲတစ္ဆေများ၏ အာဃာတများကို ဖြေရှင်းသည့် နေရာတွင် အတော်လေးလက်စွမ်းပြနိုင်ခြင်းပင်။
ကျန်းလင်နှင့် ထိတွေ့ခဲ့ရသည့် သရဲတစ္ဆေ အများစုမှာ နောက် ဆုံးတွင် ကောင်းမွန်သည့် ရလဒ်တစ်ခုစီရရှိသွားကြသည်။
အလုပ်သင် ဝိညာဉ်တမန်တော် ဖြစ်ချင်သည့် 'ချီယောင် ယောင်' ဖြစ်စေ....
သရဲဈေးမှာ အလုပ်ကြိုးစားနေသည့် 'ဖန်လီလီ' ဖြစ်စေ .....
နောက်ပြီး သံသရာထဲကိုအဆင်ပြေပြေ ဝင်သွားကြတဲ့ ဝိညာဉ်တွေ...
အမေကိုကာကွယ်ရင်း သေဆုံးသွားတဲ့ မိန်းကလေး....
ကြွယ်ဝတဲ့ပစ္စည်းဥစ္စာတွေ ချန်ထားခဲ့ပြီး မတော်တဆ သေဆုံးသွားတဲ့ အဖိုးကြီး...
သူတစ်ပါးကို ကာကွယ်ဖို့ သားမယားကို ခွဲခွာခဲ့ရတဲ့ ရဲအရာရှိ....
သေမှာကို ကြောက်တဲ့ စာရေးဆရာ...
သူတို့ ထွက်ခွာသွားချိန်မှာ သူတို့ဆီမှာ အာဃာတတွေမရှိတော့သလို စွဲလမ်းမှုတွေလည်း သိပ်မကျန်တော့ပေ။
ဤအရာမှာ ကံကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်သော် လည်း တစ်ခါတရံမှာ ကံကောင်းခြင်းဆိုသည်မှာ အရည် အချင်း၏ အစိတ်အပိုင်းတစ်ခုပင်။
ထို့အပြင် ကံကောင်းခြင်းထက် ကျန်းလင်ကိုယ်တိုင်တစ်ခုခု လုပ်ဆောင်ခဲ့သည်ဟု သူမ ပိုပြီးယုံကြည်သည်။
ထိုအရာကလည်း ကျန်းလင်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းတစ်ခု ဖြစ်သည်။
ယခုအခါ ကျန်းလင်သည် ဝိညာဉ်ဘုရင်အဆင့်ကို လျင်မြန်စွာ ရောက်ရှိခဲ့ပြီး သရဲတွေရဲ့ အာဃာတကိုလည်း ကျွမ်းကျင်စွာ ဖြေရှင်းနိုင်မည်ပင်ဖြစ်သည်။
'ဒါက အစွမ်းအစလား ဒါမှမဟုတ် တိုက်ဆိုင်မှုလား'
"မင်း ဘာတွေ ဆက်လုပ်မလဲ၊ ဘယ်အဆင့်အထိ ရောက်နိုင်မလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်..."
ထိုသို့တွေးတောပြီးနောက်ယန်လော်က ပြုံးလိုက်ပြီး ကိုယ်ကို မတ်မတ်ထိုင်ကာ အကြောဆန့်လိုက်တော့သည်။
...
တခြားတစ်ဘက်မှာတော့ ကျန်းလင်ဟာ ဝိညာဉ်ကလေးငယ်နောက်ကို လိုက်ပြီး သူ့ရဲ့ အနာဂတ် ရုံးခန်းကို သွားကြည့် လိုက်သည်။
သူတို့ ရောက်သွားတဲ့ အချိန်တွင် သရဲလေးများမှာတံခါးဝမှာ ဆိုင်းဘုတ် ချိတ်နေကြသည်။
ဆိုင်းဘုတ်မှာ 'အမှတ် (၁၈) အဖွဲ့' ဟု ရေးထားပြီး ညာဘက်အောက်ထောင့်တွင် တံဆိပ်နှစ်ခုပါရှိ၏။
ထိုသည်ကိုမြင်သောအခါ ကျန်းလင်က ရောက်တုန်းရောက်ခိုက် အထဲကို ဝင်ကြည့်ချင်လာသည်။
'နောက်ပိုင်း ရုံးထိုင်ရမည့် နေရာကို ကြိုတင်ကျင့်သားရ အောင်ပေါ့'
အထဲကို ဝင်လိုက်သည်နှင့် ကျန်းလင်မှာ အံ့ဩသွားတော့ သည်။
"..."
အထဲမှာ ရုံးခန်းအပြင် အနားယူဖို့နေရာလည်းရှိနေသည်။
ပိုပြီးအတွင်းကို ဝင်လိုက်ရာ ကျောက်တောင်အတုတွေ၊ ရေကန်များပင် ရှိသေးသည်...
အရေးကြီးဆုံးအချက်မှာ ဤနေရာရှိ ယင်စွမ်းအင်အလွန်သိပ်သည်းလှသဖြင့် ဤနေရာမှာတင် ကျင့်ကြံနိုင်ခြင်းပင်။
'ဒါ...'
'ဒါက သူ အမြဲတမ်းလိုချင်နေခဲ့တဲ့ အိမ်ကြီးအိမ်ကောင်း မဟုတ်လား'
သူ အရင်က စိတ်ကူးခဲ့တာနဲ့ နည်းနည်း ကွဲပြားပေမယ့် လုံလောက်တာထက်တောင် ပိုနေပါသေးသည်။
ကျန်းလင်ဟာ အိမ်အပြင်ရော အထဲရော အကြိမ်ပေါင်းများစွာ ပတ်ကြည့်နေမိ၏။
သူလေ့လာမိသမျှကတော့ အိမ်ရဲ့ အပြင်အဆင်က အလွန်ကောင်းမွန်ပြီး အသေးစိတ် နေရာလေးတွေကအစ ပြည့်စုံလှသည်။
ဥပမာ - ပြတင်းပေါက်က ပန်းကွက်ဖော်ထားတဲ့ ပုံစံများ၊ တိုင်လုံးများပေါ်က ပန်းပုလက်ရာများစသည်တို့ဖြစ်သည်။
အထဲမှာ ခုတင်၊ စာပွဲ၊ စုတ်တံနဲ့ မှင် စတဲ့ လိုအပ်တဲ့ အသုံးအ ဆောင်တွေကလည်း အသင့်ပင်။
'ချက်ချင်း ဝင်နေလို့တောင် ရနေပြီ'
ကျန်းလင် စိတ်ထဲမှာ အလွန်ဝမ်းသာသွားပြီး နောက်ပိုင်း ဒီမှာပဲ နေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
'အလုပ်လည်း လုပ်လို့ရတယ်၊ အနားယူလို့လည်း ရတယ်၊ ကျင့်ကြံလို့လည်း ရသေးတယ်'
'အရေးကြီးဆုံးကတော့ အိတ်ထဲက ပိုက်ဆံ တစ်ပြားမှ မကုန်တာပဲ'
...
(Original စာရေးသူ၏ မှတ်ချက် - အားပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျန်းဝူချန်ကတော့ အိမ် ရသွားပါပြီ။
စကားမစပ် ရှင်းပြချင်တာက - ပထမတန်းစား ဝိညာဉ်တမန်တော်ဆိုတာက အဆင့်အတန်းတစ်ခုဖြစ်ပြီး အဖွဲ့ခေါင်း ဆောင် ဆိုတဲ့ ရာထူးနဲ့တော့ မတူပါဘူး။
ဒီဝတ္ထုရဲ့ နောက်ခံက ငရဲပြည်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုပြီး ယမမင်း လေးပါးရှိတယ်၊ သူတို့က နယ်မြေတစ်ခုစီကို အုပ်ချုပ်ပြီး အထက်ဆုံးမှာတော့ မရဏမင်းကြီး ရှိပါတယ်။
အဖြူရောင်ဝိညာဉ်တမန်တော်(ပိုင်ဝူချန်)၊ ဟေးဝူချန် ၊ နွားခေါင်း၊ မြင်းမျက်နှာ၊ မုန့်ပေါ် ဆိုတာတွေက ရာထူးအမည်တွေပါ~ တစ်ဦးတစ်ယောက်တည်းကို ရည်ညွှန်းတာ မဟုတ်ပါဘူး)
🫧 Chapter 106
လမ်းပြပေးသည့် ဝိညာဉ်ကလေးငယ်သည် ကျန်းလင်ကို နန်းဆောင်သို့ ပို့ဆောင်ပေးပြီးနောက် ထွက်ခွာသွားသည်။
သို့သော် မထွက်ခွာမီ ကျန်းလင်အား အနီရောင်ကျောက်ခဲလေး တစ်လုံး ပေးခဲ့၏။
"ကျန်းဝူချန် အဖွဲ့ခေါင်းဆောင်ကြီး... နောက်ပိုင်း တခြားသရဲတွေကို ပစ္စည်းပို့ချင်တာဖြစ်ဖြစ်၊ တစ်ခုခု ခိုင်းချင်တာဖြစ်ဖြစ် ကျွန်တော့်ကို ရှာလို့ရပါတယ်နော်"
"အဲဒီအချိန်ကျရင် ဒီကျောက်ခဲလေးကို ညှစ်ခွဲလိုက်ရုံပါပဲ၊ ကျွန်တော် ချက်ချင်းရောက်လာပါ့မယ်"
ပြောရင်းနှင့် ဆံပင်နှစ်စုစည်းထားသည့် ထိုကလေးငယ်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး
"ဒါပေမဲ့ အခကြေးငွေတော့ ယူပါတယ်နော်"
"ကောင်းပြီလေ"
ကျန်းလင်လည်း ငြင်းမနေတော့ဘဲ ထိုကျောက်ခဲလေးကို သိမ်းဆည်းလိုက်သည်။
သူကိုယ်တိုင် ဘေးထွက်အလုပ်အနေနှင့် အိပ်မက်ပေးသည့်အလုပ် လုပ်သကဲ့သို့ပင်၊ ဤကလေးငယ်သည်လည်း မိမိ၏ ကိုယ်ပိုင်စီးပွားရေးကို ကြိုးစားချဲ့ထွင်နေခြင်းဖြစ်သည်။
အမှန်စင်စစ် ဤဝိညာဉ်ကလေးငယ်များ၏ အရှိန်မှာ အလွန်မြန်လှသည်။
သူတို့သည် ကျင့်ကြံမှုအားလုံးကို အရှိန်တစ်ခုတည်းပေါ်မှာပဲ ပုံအောထားသကဲ့သို့ပင် အဆင့်တူ ဝိညာဉ်များထဲတွင် သူတို့၏အရှိန်ကို မည်သည့်သရဲမျှ မမီနိုင်ပေ။
သတင်းများအရ သူတို့၏အလုပ်ကျွမ်းကျင်မှုမှာ အလွန်ကောင်းမွန်သည်ဟု ဆိုကြသည်။
မိမိကိုယ်တိုင် ပျက်စီးသွားလျှင်တောင်မှ ပစ္စည်းရောက်အောင်ပို့၊ သတင်းစကားပါးအောင် လုပ်ဆောင်ကြသူများ ဖြစ်သည်။
သို့သော် ဤဝိညာဉ်ကလေးငယ်များတွင် တူညီသော စရိုက်တစ်ခု ရှိတတ်ကြသည်။
၎င်းမှာ 'မာနကြီးခြင်း' ပင်။
သူတို့၏ အချက်ပေးကျောက်ခဲကို ပေးသည့်နေရာတွင် 'မပေးသည့် သုံးမျိုး' ရှိသည်။
၁။ ကျင့်ကြံမှုအဆင့် နိမ့်ပါးသော သရဲများကို မပေး။
၂။ ရာထူးအဆင့်အတန်း နိမ့်ပါးသော သရဲများကို မပေး။
၃။ သူတို့ ကြည့်မရသော သရဲများကို အလျှင်းမပေးပေ။
သို့သော် သူတို့၏အခကြေးငွေမှာလည်း သိပ်တော့ နည်းမည်မထင်ပါ။
ကျန်းလင်သည်လည်း ဤကလေးငယ်များဆီမှ အချက်ပေးကျောက်ခဲရဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
နောင်တွင် သုံးဖြစ်၊ မသုံးဖြစ် မသိသေးသော်လည်း လောလောဆယ် သိမ်းထားလိုက်သည်။
နန်းဆောင် ၁၈ ကို ကြည့်ရှုပြီးနောက် ကျန်းလင်သည် အမှတ် (၉) အဖွဲ့ ရုံးခန်းသို့ သွားရန် ပြင်ဆင်လိုက်သည်။
အဖွဲ့ခေါင်းဆောင်ဟောင်းကို သွားတွေ့ရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် သိလိုသော မေးခွန်းအချို့နှင့် အကြံဉာဏ် တောင်းခံချင်သည့် အချက်အချို့ ရှိနေသောကြောင့်ပင်။
အမှတ် (၉) အဖွဲ့ ရုံးခန်း
တံခါးဝတွင် စောင့်နေသော 'သရဲမျက်လုံး' အစောင့်၏ မျက်ကွင်းညိုများမှာ ပိုထူလာသည်။
ဝင်ထွက်သွားလာနေသော ဝိညာဉ်တမန်တော်များကို ကြည့်ရင်း သူါ မျက်နှာမှာ ထုံထိုင်းနေကာ မျက်လုံးများမှာလည်း အသက်မပါတော့ပေ။
ဖြစ်နေသည့်ပုံစံမှာ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်နေသည့် ပုံစံမျိုးပင်။
ကျန်းလင် ရောက်သွားချိန်တွင် ဝိညာဉ်တမန်တော် အချို့ ရုံးခန်းထဲမှ ထွက်လာကြပြီးနောက်သူတို့က ကျန်းလင်ကို မြင်သောအခါ အလွန်အံ့ဩသွားကြ၏။
"ကျန်းဝူချန်"
"အမှတ် (၁၈) အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ကြီးလား"
အဖြူရောင်ဝိညာဉ်တမန်တော်တစ်စုမှာ ကျန်းလင်ကို ကြည့်ရင်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်များပင် မစိနိုင်တော့ပေ။
သူတို့ထဲမှ အများစုမှာ ကျန်းလင်နှင့်တစ်သုတ်တည်း အမြဲတမ်းဝန်ထမ်း ဖြစ်လာသူများ ဖြစ်ကြသည်။
အလုပ်ခွင်တွင်လည်း ထိတွေ့မှုရှိခဲ့သလို တစ်ဦးနှင့်တစ်ဦးလည်း ရင်းနှီးကြသည်။
'သို့သော်... အခုက ဘယ်လိုအခြေအနေကြီးလဲ'
'ရက်ပိုင်းလောက် မတွေ့ရရုံနဲ့ မင်းက တိတ်တဆိတ် ရာထူးတက်သွားတာလား'
ဒီခံစားချက်က... အားလုံးက ဆင်းရဲသားသူငယ်ချင်းတွေအဖြစ်နေကြဖို့ ကတိပြုထားကြပြီးမှ၊ တစ်ယောက်တည်း တိတ်တဆိတ် သူဌေးဖြစ်သွားပြီး ချောမောလှပတဲ့ ဇနီးသည်ကိုပါရယူကာ ဘဝရဲ့ ထိပ်ဆုံးကို မျက်စိတစ်မှိတ်အတွင်း ရောက်သွားသလိုမျိုးပင်။
"ဒါ... ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ"
"ဒီရက်ပိုင်း အတွင်းမှာတင် ဖြစ်သွားတာပါ" ဟု ကျန်းလင်ကနှိမ့်ချသည့်လေသံဖြင့် ပြန်ဖြေလိုက်၏။
"အဖွဲ့ခေါင်းဆောင်ကြီး... တကယ်အစွမ်းထက်တာပဲ"
"ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်"
ဝိညာဉ်တမန်တော်များမှာ ကျန်းလင်ကိုကြည့်ရင်း တအံ့တဩ ချီးကျူးနေကြသည်။
"ဒီအတွက် တစ်နပ်လောက် ကျွေးရမယ်နော် အောင်ပွဲခံရအောင်လေ"
ကျန်းလင် ပြုံးလိုက်ပြီး "နောက်တစ်ခါမှပေါ့၊ အခု အဖွဲ့ခေါင်းဆောင်နဲ့ တွေ့စရာ ကိစ္စလေး ရှိနေလို့ပါ"
"ဒါဆိုလည်း မင်းအလုပ် အရင်လုပ်ပါ၊ အခွင့်ကြုံရင် ပြန်ဆုံကြတာပေါ့"
"ဟီး... ငါတော့ တကယ်အားကျတာပဲ၊ ငါလည်း မင်းနဲ့အတူတူ အလုပ်ဝင်တာကို၊ ငါက အခုထိ အောက်ခြေဝန် ထမ်းလေးပဲ ရှိသေးတယ်၊ မင်းကတော့ စီမံခန့်ခွဲသူ ဖြစ်သွားပြီ..."
ကျန်းလင် ကိစ္စရှိသည်ဟု ပြောသဖြင့် သူတို့လည်း ဆက်မတားတော့ပေ။
ကျန်းလင်ကို ကြည့်ရင်း အားကျသူ၊ လေးစားသူနှင့် ဝမ်း နည်းသူ အမျိုးမျိုး ရှိနေကြသည်။
အကြီးမားဆုံးသော ရိုက်ခတ်မှုမှာ အစကတည်းက တော်နေသည့်သူက တော်သွားခြင်း မဟုတ်ဘဲ၊ အားလုံးတစ်ပြိုင် တည်း စတင်ခဲ့ကြပြီးမှ ဘေးနားကလူက မျက်စိတစ်မှိတ်အတွင်း မိမိလှမ်းမမီနိုင်သော နေရာသို့ ရောက်သွားခြင်းပင် ဖြစ်သည်။
"ငါတို့လည်း အောက်ခြေဝန်ထမ်းလေးတွေပါပဲလေ... ဟူး"
"ငါလည်း အစွမ်းထက်ချင်တယ်၊ ပြီးတော့ ရာထူးတိုး၊ လစာတိုးချင်တယ်..."
"တကယ်ပဲ... သရဲတစ်ကောင်နဲ့ တစ်ကောင်ကြားမှာလည်း ကွာခြားချက်က ရှိတာပဲနော်"
"စီနီယာက တကယ်ကို စိတ်ဓာတ်တက်ကြွဖို့ ကောင်းတယ်၊ ငါလည်း ကြိုးစားရမယ်"
ဝိညာဉ်တမန်တော် အဟောင်းရော အသစ်ပါ စကားပြောရင်း ဝေးရာသို့ ထွက်သွားကြသည်။
လူဟောင်းများမှာ စိတ်ပျက်အားငယ်မှု အနည်းငယ် ခံစားလိုက်ရသော်လည်း၊ လူသစ်များမှာမူ ဤ 'ကြက်စွပ်ပြုတ်' ( အားပေးစကား) ကို သောက်လိုက်ရသဖြင့် စိတ်အားတက်ကြွကာ ရည်မှန်းချက်ကြီးကြီး ထားလိုက်ကြသည်။
ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ရှိတယ်.....
ဝိညာဉ်တမန်တော်လေး ဖြစ်နေရင်တောင်မှ ကြီးကျယ်တဲ့ အလုပ်တစ်ခုကို ဖန်တီးပြရမယ်....
တက်ကြွစမ်း...
ကျန်းလင်သည် တခြားသတင်းပို့မည့် ဝိညာဉ်တမန်တော်များ ထွက်သွားမှ အမှတ် (၉) အဖွဲ့ ရုံးခန်းထဲသို့ ဝင်သွားသည်။
ဝင်သွားလျှင်သွားချင်း အဖွဲ့ခေါင်းဆောင် ဘယ်မှာလဲဆိုတာကို ရှာမတွေ့လုနီးပါးပင်။
သေချာကြည့်လိုက်မှပင် မြင့်မားလှသော ဖိုင်တွဲပုံကြီးများကြားတွင် ခေါင်းမဖော်တမ်း အလုပ်လုပ်နေသော အဖွဲ့ခေါင်းဆောင်ကို တွေ့လိုက်ရသည်။
အခြားအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သွားပြီ ဆိုသော်လည်း ကျန်းလင် စိတ်ထဲတွင်မူ ဤအဖွဲ့ခေါင်းဆောင်သည် လေးစားထိုက်သူတစ်ဦးအဖြစ် ရှိနေဆဲပင်။
အလုပ်အပေါ် ထားရှိသည့် သူ့အလေးအနက်ထားသော သဘောထားကို ထားလိုက်ပါဦး၊ ကျန်းလင်အပေါ် သူ၏ မြှင့်တင်ပေးမှု တစ်ခုတည်းနှင့်တင် လေးစားမှုပေးရန်လုံ လောက်နေပြီ ဖြစ်သည်။
ထို့အပြင်... သူ့ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသည်။
တစ်ဖက်လူ အလုပ်ရှုပ်နေသဖြင့် ကျန်းလင်လည်း အနှောင့် အယှက် မပေးတော့ဘဲ ဘေးနားတွင် နေရာရှာကာ ထိုင်စောင့်နေလိုက်၏။
ထိုအတောအတွင်း သူသည် အခန်းကို တစ်ချက် လှည့်ပတ်ကြည့်မိသည်။
အခန်းထဲတွင် စာအုပ်စင်များနှင့် ဗီဒိုများစွာ ရှိနေပြီး ၎င်းတို့ထဲတွင် အမျိုးမျိုးသော စာအုပ်များနှင့် ဖိုင်တွဲများ ပြည့်နှက်နေသည်။
ထို့အပြင် ထိုစာအုပ်များ၏ ဘေးပတ်ပတ်လည်တွင် မှတ်စုတိုလေးများစွာ ကပ်ထားသည်ကို မြင်ရ၏။
ဖိုင်တွဲများပေါ်တွင်လည်း စာသားများ ရေးထားသည့် စက္ကူလေးများ ကပ်ထားသည်။
၎င်းကို ကြည့်ခြင်းဖြင့် ပိုင်ရှင်၏အလုပ်အပေါ် ထားရှိသည့် စေတနာကို သိနိုင်သည်။
ကျန်းလင် ကြည့်နေစဉ်မှာပင် ဘေးနားမှ အသံတစ်သံ ထွက်လာ၏။
"အမှတ် (၁၈) အဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်ကြီးလား ဂုဏ်ယူပါတယ်"
စားပွဲရှေ့တွင် အမှတ် (၉) အဖွဲ့ခေါင်းဆောင်သည် ဘယ်အချိန်က ခေါင်းမော့လိုက်သည် မသိ၊ ပြုံးလျက် ကြည့်နေသည်။
"ကျန့်အန်းမင်းသား ရဲ့ ကူညီစောင့်ရှောက်မှုအတွက် ကျေးဇူး တင်ပါတယ်ခင်ဗျာ"
ကျန်းလင်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။
သို့သော် ဤကျေးဇူးတင်စကားသည် အမှတ် (၉) အဖွဲ့ အဖွဲ့ခေါင်းဆောင်ကိုသာမက၊ မှတ်ဉာဏ်ထဲမှ ထို 'ကျန့်အန်းမင်းသား' ကိုပါ ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။
ဆန်ပြုတ်တိုက်ပြီး ကုသိုလ်ပြုခဲ့သူ၊ အရေးကြုံချိန်တွင် မထွက်ပြေးဘဲ မြို့သူမြို့သားများကို ဦးဆောင်ကာ ရန်သူကို ခုခံရင်း အသက်ပေးသွားခဲ့သည့် ထို 'ကျန့်အန်းမင်းသား' ပင်။
အမှတ် (၉) အဖွဲ့ခေါင်းဆောင်သည် ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောပေ။
ငြင်းဆိုခြင်းလည်း မရှိသလို၊ ဝန်ခံခြင်းလည်း မပြုပေ။
"မှတ်ဉာဏ်တွေက ဘယ်တုန်းက ပြန်ရတာလဲ"
"ဒီရက်ပိုင်းမှာတင်ပါ" ဟု ကျန်းလင်က ဖြေလိုက်၏။
အစပိုင်းတွင် သူ မသေချာခဲ့သော်လည်း ယမမင်းဆီမှ ထွက်လာပြီးနောက်မှသာ သူ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
အမှတ် (၉) အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကျန့်အန်းဝမ်၏ အကြည့်က ကျန်းလင်ဘေးတွင် ချထားသော ပစ္စည်းပေါ်သို့ ကျရောက်သွားကာ မေးလိုက်သည်။
"ဂန္ဓာရီလက်ဖက်ရည်တောင် ပါလာတာလား"
"ဟုတ်ကဲ့"
ကျန်းလင် မှတ်ဉာဏ်ထဲတွင် ကျန့်အန်းမင်းသားအကြိုက်ဆုံးမှာ ဤလက်ဖက်ရည် ဖြစ်သည်။
သို့သော် ထိုစဉ်က ရိက္ခာများပြတ်လပ်နေသဖြင့် နောက်ဆုံးတွင် ဗူးထဲ၌ လက်ဖက်ခြောက် အနည်းငယ်သာ ကျန်တော့ သည်အထိ နှမြောတွန့်တိုစွာ သောက်ခဲ့ရသည်။
တစ်ယောက်က နန်းတော်ထဲမှာ သွားရှာဖို့ အကြံပြုသော် လည်း ကျန့်အန်းဝမ်က ငြင်းပယ်ခဲ့သည်။
အကြောင်းမှာ ထိုအချိန်တွင် လက်ဖက်ရည်ရှာမည့်အစား အစားအစာနှင့် လက်နက်များရှာဖွေခြင်းက ပိုအကျိုးရှိသောကြောင့်ပင်။
"ဒါတွေအားလုံးက အတိတ်က ကိစ္စတွေ ဖြစ်သွားပါပြီ"
ကျန့်အန်းမင်းသား ခပ်အေးအေးပင် ပြုံးလျက် ပြောလိုက်သည်။
ဤသည်မှာ လက်ဖက်ရည်ကို ပြောခြင်းလော သို့မဟုတ် အတိတ်က ကိစ္စများကို ပြောခြင်းလော ဆိုသည်မှာ မသိနိုင်ပေ။
သူသည် ထိုင်ခုံမှထကာ စားပွဲပုလေးတစ်လုံးကို ရှင်းလင်းပြီး လက်ဖက်ရည် အသုံးအဆောင်များကို ချကာမေးလိုက်၏
"တစ်ခွက်လောက် သောက်မလား"
"ကောင်းပါပြီ"
နှစ်ယောက်သား ထိုင်လိုက်ကြပြီး ကျန့်အန်းမင်းသား ၏ လက်ထဲတွင် ရေနွေးအိုးတစ်လုံး ပေါ်လာကာ လက်ဖက်ရည်ကို စတင် ဖျော်စပ်တော့သည်။
ခဏအကြာတွင် အခန်းထဲ၌ လက်ဖက်ရည်နံ့ သင်းသင်းလေးမှာ ပျံ့လွင့်လာပြီး စိတ်ကို ကြည်လင်စေနေတော့၏
"ဘာကိစ္စများ ရှိလို့လဲ" ဟု ကျန့်အန်းမင်းသား က မေးလိုက်သောအခါမှ ကျန်းလင်က လာရင်းအကြောင်းကို ပြောပြလိုက်သည် "အဖွဲ့ခေါင်းဆောင်ရဲ့ ဒီရာထူးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေးတွေကို မေးမြန်းချင်လို့ပါ"
"အဖွဲ့ခေါင်းဆောင် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ဟန်ပန်တွေ ရှိကြပါတယ်၊ ငါ့ရဲ့ အတွေ့အကြုံက မင်းအတွက် မှီငြမ်းရုံလောက်ပဲ အသုံးဝင်မှာပါ"
ကျန့်အန်းမင်းသား က ပြောရင်းနှင့် ဖြည်းဖြည်းချင်း ရှင်းပြပေးတော့သည်။
အဖွဲ့ခေါင်းဆောင်များကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုး ခွဲခြားနိုင်သည်။
တစ်မျိုးမှာ 'လက်တွေ့လှုပ်ရှားမှု အမျိုးအစား' ဖြစ်ပြီး ရှေ့တန်းသို့ ခဏခဏ သွားရောက်ကာ ကိစ္စများကို ဖြေရှင်းတတ်ကြသည်။
နောက်တစ်မျိုးမှာ 'နောက်ကွယ်မှ စီမံမှု အမျိုးအစား' ဖြစ်ပြီး အချိန်အများစုတွင် နောက်ကွယ်မှနေ၍ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းတတ်ကြသည်။
သူကိုယ်တိုင်မှာမူ နောက်ကွယ်မှ စီမံသူ ဖြစ်သည်။
သူသည် အဖွဲ့ဝင်များကို အလွန်အကျွံ ထိန်းချုပ်ခြင်း မပြုဘဲ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကိုင်တွယ်ခြင်းတို့တွင်သာ အချိန်ပိုပေးတတ်သည်။
"ပထမဆုံးအနေနဲ့ ငါက ငါ့ရဲ့ အဖွဲ့ဝင်တွေကို စောင့်ကြည့်တယ်၊ လေ့လာတယ်၊ သူတို့ရဲ့ အစွမ်းအစနဲ့ အရေးပေါ် အခြေအနေတွေကို ဖြေရှင်းနိုင်စွမ်းကို သိအောင်လုပ်တယ်"
"ဒုတိယအချက်အနေနဲ့ မြို့အသီးသီးရဲ့ အချက်အလက်တွေနဲ့ သရဲတစ္ဆေ ဖြစ်ရပ်တွေ ဖြစ်ပွားတတ်တဲ့ အကြိမ်ရေကို စုဆောင်းတယ်။ အဲဒါကို ကြည့်ပြီး အဲ့ဒီမြို့ရဲ့ အန္တရာယ်ရှိမှု အဆင့်ကို ခန့်မှန်းတယ်"
"ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းပေါ်မှာ ဝိညာဉ်သတင်းအချက် အလက် ပေါ်လာတိုင်း သူတို့ ဘယ်လိုသေလဲနဲ့ ဘယ်နေရာမှာလဲ ဆိုတာကို ငါ စစ်ဆေးတယ်"
"အဲဒီနောက်မှ မြို့ရဲ့ အန္တရာယ်ရှိမှုအပေါ်မူတည်ပြီး သင့် တော်တဲ့ အဖွဲ့ဝင်ကို တာဝန်ခွဲဝေပေးတယ်"
"..."
ထို့နောက် ကျန့်အန်းမင်းသားသည် ပုံမှန်အားဖြင့် သတိထားရမည့် အချက်များကို ပြောပြပြီး နောက်ဆုံးတွင် နိဂုံးချုပ်လိုက်သည်။
"ကျန်တဲ့ အချက်တွေကိုတော့ ငါ အများကြီး ပြောမနေတော့ဘူး၊ မင်းကိုယ်တိုင် လက်တွေ့လုပ်ဆောင်ရင်း မင်းနဲ့ သင့် တော်မယ့် ဟန်ပန်ကိုရှာဖွေရမှာပဲ"
"ကျေးဇူးတင်ပါတယ် အဖွဲ့ခေါင်းဆောင်"
အမှတ် (၉) အဖွဲ့ ရုံးခန်းမှ ထွက်လာပြီးနောက် ကျန်းလင်သည် အတွေးများစွာ ဝင်နေမိသည်။
အဖွဲ့ခေါင်းဆောင်များ၏အလုပ်တာဝန်များကို ယခုမှ သူ ပထမဆုံးအကြိမ် သိရှိရခြင်း ဖြစ်သည်။
ယနေ့ အဖွဲ့ခေါင်းဆောင် ပြောပြလိုက်သည့် အချက်များ သည် နောက်ပိုင်း သူ နန်းဆောင် ၁၈ တွင် တာဝန်ယူသည့်အခါ များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်သည်။
'မအံ့ဩပါဘူး... အဖွဲ့ခေါင်းဆောင်ရဲ့ အခန်းထဲမှာ အချက် အလက်တွေနဲ့ မှတ်သားချက်တွေ ပြည့်နေတာ'
'မအံ့ဩပါဘူး... သူလာတိုင်း အဖွဲ့ခေါင်းဆောင်က အမြဲတမ်း အလုပ်ရှုပ်နေတာကို'
အဖွဲ့ခေါင်းဆောင်အတွက်တော့ ဤအဖွဲ့ဝင်များသည် သူ့လက်အောက်သို့ ရောက်လာခြင်းမှာ သူတို့၏ အသက်ကိုပါ သူ့လက်ထဲ ထည့်ပေးလိုက်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
"အဖွဲ့ခေါင်းဆောင်က တကယ်ပဲ တစ်စက်ကလေးမှ မပြောင်းလဲသွားဘူးပဲ..."
ကျန်းလင်သည် နောက်ဘက်မှ အမှတ် (၉) အဖွဲ့ ရုံးခန်းကို တစ်ချက် ပြန်ကြည့်လိုက်ရာ၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျန့်အန်းမင်းသား စံအိမ်တော်၏အရိပ်အယောင်ကို ပြန်လည် မြင်ယောင်လာမိတော့သည်။