အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
🫧 Chapter 107
မနက်ဖြန် ၁၈ နန်းဆောင်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်မထမ်းဆောင်မီအထိ ကျန်းလင်၏ ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းတွင် ဝိညာဉ်သတင်းအချက်အလက်အသစ်များ ပေါ်လာမည်မဟုတ်ပေ။
သူသည် လူဘဝတုန်းက သူ့ကိုကူညီခဲ့သည့် တောင်းစားသည့်အဖိုးကြီး ယခုဘယ်လိုနေသလဲဆိုသည်ကို သွားကြည့်ရန် ပြင်ဆင်လိုက်၏။
ထိုအဖိုးကြီးသည် ထိုစဉ်က အပြစ်ပေးဆပ်နေခြင်းဖြစ်စေ၊ မဟုတ်စေ ကျန်းလင်အတွက်တော့ ကျေးဇူးရှင်ပင် ဖြစ်သည်။
ဆရာတစ်ဦးကဲ့သို့လည်းကောင်း၊ ဖခင်တစ်ဦးကဲ့သို့လည်းကောင်း လေးစားထိုက်သူပင်။
ခရီးစတင်ရန် ပြင်ဆင်နေစဉ်မှာပင် ယနေ့အတွက် Live လွှင့်ရမည့် အချိန်အနည်းငယ် လိုနေသေးသည်ကို သတိရသွားသဖြင့် Live လွှင့်ခန်းကို ဖွင့်လိုက်သည်။
သူသည် ဝိညာဉ်ဘုရင်အဆင့် သို့ ရောက်ရှိပြီးနောက် နေ့စဉ်တာဝန်တစ်ခု ပြီးမြောက်တိုင်း အမှတ် ၅၀၀ ရရှိလေသည်။
ထိုအခွင့်အရေးကို သူ အလကား အဆုံးရှုံးမခံနိုင်ပေ။
ထိပ်တန်း ဝိညာဉ်တမန်တော်တစ်ဦး ဖြစ်ချင်လျှင် အစွမ်း အစက မြင့်မားလေ ကောင်းလေပင်။
အမှတ်နှင့် ပိုက်ဆံမှာလည်းများလေ ကောင်းလေ ဖြစ်သည်။
Live လွှင့်ခန်းထဲတွင် ပရိသတ်များမှာ ဖန်သားပြင်အမည်းကြီးကို ကြည့်ရင်း ဆူညံနေကြသည်။
[အခုလေးတင် ကျောင်းဆင်းတယ်၊ ခေါက်ဆွဲခြောက်တစ်ထုပ် ထပ်စားပြီးပြီ၊ Host က ဘာလို့ အခုထိ မလာသေးတာလဲ]
[Host က သူ့မှာ Live လွှင့်ခန်းရှိတာကို မေ့သွားတာလား မသိဘူး o_o..]
[စောင်ထဲမှာ ပုန်းပြီး Host လာမှာကို တိတ်တဆိတ် စောင့်နေတယ်]
[ငရဲပြည် Live ဆိုတာ ဘယ်ရောက်နေတာလဲ၊ Host... မြန်မြန် မင်းရဲ့ ငရဲပြည်နေ့စဉ်ဘဝကို ပြစမ်း (Host ကို ခေါ်ယူခြင်းဂါထာ.jpg)]
ထို Comment တက်လာပြီး နောက်တစ်စက္ကန့်မှာပင် Live လွှင့်ခန်းမှာ လင်းထိန်သွားကာHost ၏ ခန့်ညားသော မျက်နှာနှင့် ရင်းနှီးနေသော ဝိညာဉ်တမန်တော် ဝတ်စုံမှာ ဖန်သားပြင်ပေါ်တွင် ချက်ချင်း ပေါ်လာတော့သည်။
[ဟာ တကယ်ကြီး ခေါ်ယူလို့ ရသွားတာလား]
'ခေါ်ယူခြင်းဂါထာ' ရေးလိုက်သည့် ပရိသတ်မှာ ချက်ချင်း ကိုယ်ကိုမတ်လိုက်ပြီး ကြောက်ကြောက်လန့်လန့်နှင့် ဘေးဘယ်ညာကို ကြည့်လိုက်မိသည်။
'သူ ခေါ်ယူလိုက်တာ အားပါသွားပြီး Host ကြီး သူ့ဘေးကို ရောက်လာတာတော့ မဟုတ်ပါဘူးနော်'
သူ ခဏစဉ်းစားပြီး Live လွှင့်ခန်းထဲတွင် လက်ဆောင်ပေးလိုက်သည်။
[တစ်ယောက်သောသူက ပြိုင်ကား ၁ စီး လက်ဆောင်ပေးပြီး ပြောကြားသည် Host... ကျွန်တော် ခေါ်ယူခြင်းဂါထာကို အခု ပြန်ဖျက်ရင် အချိန်မီဦးမလား]
[ဟားဟားဟား ညီလေး... မမီတော့ဘူး၊ Host က ထွက်လာပြီ]
[Host: ဒါဆို ငါပြန်သွားရမလား]
[ဈေးဆိုင်ဖွင့်ပြီဗျို့၊ သီဟိုဠ်အစေ့တွေ၊ ရေသန့်တွေ၊ ကိုကာကိုလာတွေ အကုန်ရှိတယ်၊ လိုချင်တာ ယူကြတော့]
Live လွှင့်ခန်း လင်းလာသည်နှင့် ဖန်သားပြင်ရှေ့က ပရိသတ်များမှာ ကိုယ်ကို မတ်လိုက်ကြပြီး မျက်လုံးများလည်း ကြည်လင်သွားကာ စိတ်ဓာတ်များလည်း တက်ကြွလာကြ၏။
ခဏချင်းမှာပင် Comment များမှာ လျှင်မြန်စွာ လွင့်ပျံသွားတော့သည်။
မရဏလောကမှ အံ့ဖွယ်နေ့ရက်များနေ့စဉ် Live ကို ကြည့်တာ ကျင့်သားရသွားပြီးနောက် တခြား Live တွေ သွားကြည့်လျှင် ဘာမှ မခံစားရတော့ပေ။
အရသာတစ်ခုခု လိုနေသလိုပင် ခံစားရသည်။
အခုဆိုလျှင် တစ်ရက်မကြည့်ရလျှင် တစ်ခုခု မပြည့်စုံသလိုနှင့် အိပ်မပျော်နိုင်ကြတော့ပေ။
တစ်ဖက်တွင် ရဲဌာနက လူများမှာလည်း Live လွှင့်တာကို မြင်ချင်သလို၊ မမြင်ချင်သလို ဖြစ်နေကြသည်။
ပြီးခဲ့သည့်အကြိမ်က Live ထဲတွင် ကိုယ့်ကိုယ်ကိုယ် ဖွင့်ပြောသွားသည့် လူကို ရှာတွေ့ခဲ့ပြီး သူတို့အဖွဲ့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။
အမှုကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သလို လူများစွာကိုလည်း ကယ်တင်နိုင်ခဲ့သည်။
သို့သော် သူတို့ စိတ်ထဲတွင် ဘယ်လိုပဲ ဝေခွဲမရဖြစ်နေပါစေ၊ Live လွှင့်၊ မလွှင့်မှာ Host ၏ ဆန္ဒအပေါ်တွင်သာ မူတည်သည်။
ကျန်းလင်သည် Live လွှင့်ခန်းက Comment များကို ကြည့်ရင်း ပရိသတ်များ ဤမျှ စိတ်လှုပ်ရှားကြလိမ့်မည်ဟု မထင်ထားပေ။
ဖန်သားပြင်ကို ဖြတ်ကျော်ပြီး သူတို့၏ ပျော်ရွှင်မှုကို ခံစားနေရသည်။
' သူ Live လွှင့်တာက သူတို့အတွက် ဤမျှ အရေးကြီးသလား'
ကျန်းလင် ခဏစဉ်းစားပြီးမှ ယနေ့ Live ပြမည့် အကြောင်း အရာကို ပြောလိုက်သည်။
"အခု ကျွန်တော် မုန့်ပေါ် ဆီကို သွားမလို့ပါ၊ ပရိတ်သတ်တို့လည်း အဲဒီဘက်က ရှုခင်းတွေနဲ့ ငရဲပြည်ရဲ့ နေ့စဉ်ဘဝကို ကြည့်နိုင်ပါတယ်"
ပြောပြီးသည်နှင့် သူသည် အဝါရောင်ရေပန်းလမ်းဘက်သို့ လွင့်ပျံသွားတော့သည်။
မုန့်ပေါ်ဟင်းရည် သောက်ပြီးသွားသည့် ဝိညာဉ်တိုင်းသည် မုန့်ပေါ်ထံတွင် မှတ်တမ်းကျန်ခဲ့သည်။
ထိုမှတ်တမ်းအရ ထိုအဖိုးကြီးသည် အရှေ့နန်းဆောင်မှာပဲ လူပြန်ဝင်စားခဲ့သလား၊ လူပြန်ဖြစ်ပြီလား ဆိုသည်ကို ကျန်းလင် အရင်ဆုံး အတည်ပြုချင်သောကြောင့် ဖြစ်သည်။
[ကျွန်တော်ကတော့ ရှုခင်းကြည့်ရတာ အကြိုက်ဆုံးပဲ ၊ ငရဲပြည်ရှုခင်းပုံ ၁၀ ပုံ စုထားပြီးပြီ]
[ဟူး... ကျွန်တော်ကတော့ အရင် မုန့်ပေါ်မလေးကို လွမ်းနေတုန်းပဲ အီးဟီး]
[နည်းပညာအဖွဲ့ကို မေးကြည့်ချင်တယ်၊ ရှာတွေ့ကြပြီလား]
[နည်းပညာအဖွဲ့- ဆေးရုံက လူတွေဆီမှာ အဆက်အသွယ်ရှိတဲ့သူတွေကို မေးကြည့်ပါဦး၊ ရှာတွေ့ပြီလား]
[အဆက်အသွယ်အဖွဲ့- ဒီတာဝန်ကို ကျွန်တော်တို့ ခေါင်းပေါ် လာမပုံနဲ့နော်]
ပရိသတ်များမှာ အစေ့အဆန်လေးတွေ စားရင်း Live ထဲတွင် စကားပြောနေကြ၏။
ကျန်းလင် အရင်က ဝိညာဉ်တွေ ခေါ်သွားတုန်းက လက်ရှိ မုန့်ပေါ်ကို အဝေးကနေ မြင်ဖူးကြသည်။
သို့သော် အရင်က ခန့်ညားပြီး လှပသည့် 'ရှရှောင်ချင်း' မုန့်ပေါ်ကိုပဲ လွမ်းနေကြဆဲပင်။
အခုထိ လူအများအပြားက သူမ၏ ပုံလေးတွေကို ဖုန်း Screen ပေါ်မှာ ထားနေကြတုန်းပင်။
ဒါကို သူတို့ စွဲစွဲမြဲမြဲ မှတ်မိနေကြသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ထိုတာဝန်တွင် သူတို့ ကိုယ်တိုင် ပါဝင်ခဲ့ရသောကြောင့်လည်း ဖြစ်နိုင်သည်။
ထိုစဉ်က အနယ်နယ်အရပ်ရပ်က ပညာရှင်တွေ စုပေါင်းပြီး၊ ဖုံးကွယ်ထားတဲ့ လူတော်တွေလည်း ထွက်လာကြကာ တာဝန်တစ်ခုတည်းကို အတူတူ လုပ်ဆောင်ခဲ့ကြသည်။
' ဘယ်လောက်တောင် တက်ကြွပြီး ရင်ခုန်ဖို့ ကောင်းခဲ့သလဲ'
ဒါပေမဲ့ နှမြောစရာ ကောင်းတာက ရှရှောင်ချင်းရဲ့ လူပြန်ဝင်စားမှုက ဘယ်မှာလဲဆိုတာကို အခုထိ ဘယ်သူမှ မသိကြသေးတာပဲ။
[ဟူး] ပရိသတ်များက သက်ပြင်းချလိုက်ကြသည်။
Live ဖန်သားပြင်ထဲတွင် ကျန်းလင်သည် နိုင့်ဟယ်တံတား သို့ ရောက်ရှိသွားပြီး လက်ရှိ မုန့်ပေါ်ကို တွေ့လိုက်ရသည်။
လက်ရှိ မုန့်ပေါ်သည် လက်စွပ်နှင့် လည်ပင်းနားတွင် အဖြူရောင်အနားသတ်ပါသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဖွဖွကလေးစုစည်းထား၏။
သူမမျက်နှာမှာ မိတ်ကပ် မပါဘဲ မျက်နှာက ရိုးရှင်းသော် လည်း ကြည့်ကောင်းလှသည်။
ထိုအချိန်တွင် သူမသည် အိုးကြီးထဲ၌ ဟင်းရည်တစ်အိုးကို ကြိုချက်နေ၏။
သူမ၏ အရှေ့ဘက် နိုင့်ဟယ် တံတားပေါ်တွင် မုန့်ပေါ်ဟင်းရည် သောက်ရန် စောင့်နေသည့် ဝိညာဉ်များစွာ ရှိနေကြကာ သူတို့အားလုံးသည် လူ့ဘဝမှ ထွက်ခွာလာစဉ်က ဝတ်စုံများကို ဝတ်ထားကြသည်။
အချို့မှာ တံတားပေါ်တွင် လမ်းလျှောက်ရင်းနှင့် သူတို့၏ အဝတ်အစားများမှာ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိသည့် အသုဘဝတ်စုံ များအဖြစ် ရုတ်တရက် ပြောင်းလဲသွားတတ်သည်။
မျက်နှာပေါ်တွင်လည်း မိတ်ကပ်အချို့ ပေါ်လာတတ်၏။
မိမိကိုယ်ပေါ်က အပြောင်းအလဲကို မြင်သောအခါ အချို့သော ဝမ်းနည်းနေသည့် ဝိညာဉ်များမှာ သူတို့၏ အဝတ် အစားကို ကိုင်ကြည့်ပြီး မျက်နှာများမှာ ကြည်လင်လာကာ စိတ်သက်သာရာရသည့် ပုံစံများ ပေါ်လာကြသည်။
သို့သော် အချို့သော ဝိညာဉ်များမှာမူ သူတို့၏ အဝတ်အစားနှင့် ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်လုံးများမှာ အသက်မပါဘဲ ရှေ့ကိုသာ ငေးကြည့်နေကြသည်။
ထိုအချိန်တွင် လူငယ် ဝိညာဉ်မလေးတစ်ဦးသည် မုန့်ပေါ်၏ အရှေ့သို့ ရောက်လာသည်။
ထိုအခါ မုန့်ပေါ် ကမ်းပေးသည့် ဟင်းရည်ပန်းကန်ကို သူမ လှမ်းမယူပေ။
ထိုအစား ဝမ်းနည်းပက်လက်နှင့် စတင် ငိုကြွေးတော့သည်။
"သမီး မသေချင်သေးဘူး... အခုမှ အရမ်းငယ်သေးတာကို အီးဟီး"
"သမီး အရမ်းပင်ပန်းခဲ့တာ၊ နှစ်ပေါင်းများစွာ ကြိုးစားပြီး အလုပ်လုပ်ခဲ့ရတာ၊ အိမ်ကြီးဝယ်ပြီးတာနဲ့ သေသွားရတယ်လို့ အီးဟီး..."
"မသောက်ချင်ဘူး၊ အိမ်ကြီးထဲမှာ ပြန်နေချင်သေးတယ် အီးဟီး..."
သူမသည် ငိုလေလေ ပိုပြီး ဝမ်းနည်းလေလေ ဖြစ်လာသည်။
"ချောချောလေးတွေနဲ့ တွဲဖို့တောင် အချိန်မရသေးဘူး၊ ဘဝရည်မှန်းချက်တွေလည်း မအောင်မြင်သေးဘူး... မသွားချင်ဘူး..."
ထိုငိုသံများနှင့် အော်ဟစ်သံများကြောင့် နောက်က တန်းစီနေသည့် ဝိညာဉ်များမှာလည်း လိုက်ပြီး ဝမ်းနည်းပူဆွေးလာကြသည်။
သူတို့၏ ကိုယ်ပိုင် ဝမ်းနည်းစရာများကို ပြန်လည် သတိရလာကြ၏။
[အီးဟီး... ကျွန်မလည်း မသေချင်ဘူး၊ သမီးလေးက ငယ်ငယ်လေး ရှိသေးတာ...]
[ကျွန်တော် ပိုက်ဆံတွေ အများကြီး ရှာရဦးမယ်၊ ပြန်သွားချင်တယ်...]
[အလုပ် မလုပ်ချင်တော့ဘူး! အလုပ် မလုပ်ချင်တော့ဘူး နောက်ဘဝကျရင် အလုပ် လုံးဝ မလုပ်တော့ဘူး]
[ဘာလို့ သေသွားမှန်း မေ့နေပေမယ့် ရုတ်တရက်ကြီး အရမ်းဝမ်းနည်းလာတာပဲ အီးဟီး...]
ဤအခြေအနေကို မြင်သောအခါ ကျန်းလင်လည်းစိတ်ထဲတွင် 'မကောင်းတော့ဘူး' ဟု ရေရွတ်နေမိသည်။
ဤသည်မှာ စွဲလမ်းမှုများ မြင့်တက်လာပြီး အာဃာတများ ဖြစ်ပေါ်လာတော့မည့် အလားအလာပင်။
သူ ဝင်ကူညီရမလားဟု စဉ်းစားနေစဉ်မှာပင်...
နောက်တစ်စက္ကန့်မှာပဲ ရှေ့ဆုံးက မုန့်ပေါ်က လှုပ်ရှားလိုက်တာကို သူ မြင်လိုက်ရတော့သည်။
🫧 Chapter 108
ကျန်းလင် တစ်ယောက် အခြေအနေမဟန်တော့ဟု တွေးကာ ဝင်ကူညီရန် ပြင်လိုက်စဉ်မှာပင်...
နိုင့်ဟယ်တံတား ရှေ့မှ မုန့်ပေါ်က စတင်လှုပ်ရှားလိုက်သည်။
"ဘာလို့ ငိုနေတာလဲ၊ မသောက်ချင်ရင် အောက်ကိုဆင်းပြီး သွားနေလိုက်"
ဟူ၍ မုန့်ပေါ်က မျက်လုံးပြူးကာ ငေါက်လိုက်၏။
ထို့နောက်လက်ထဲမှ ဟင်းရည်မှာဇွန်းမှာ 'ဒေါက်' ခနဲ အသံနှင့်အတူ အိုးထဲသို့ ပြန်ကျသွားသည်။
ထိုအခါ ဝိညာဉ်မလေးမှာ လေပြင်းတစ်ချက် တိုက်ခတ်သွားသလို ခံစားလိုက်ရပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူမအား မုန့်ပေါ်မှ မ,ကာတံတား အပေါ်တွင် ဆွဲထားသည်ကို တွေ့လိုက်ရသည်။
သူမ အောက်သို့ ငုံ့ကြည့်လိုက်မိရာ... သွေးရောင်လွှမ်းနေသော မြစ်ရေပြင်အတွင်း၌...
ရေတွက်၍မရသော ဝိညာဉ်များမှာ လူးလိမ့်ကာ ငိုကြွေးအော်ဟစ်နေကြပြီး အသံများမှာ နားမခံသာအောင် စူးရှနေလှ၏။
ဝိညာဉ်များကြားရှိ အက်ကြောင်းများထဲတွင် ပိုးမွှားနှင့် မြွေများ ပြည့်နှက်နေကာ ထိုဝိညာဉ်များပေါ်တွင် တက်သွားလိုက်၊ ကိုယ်ထဲသို့ တိုးဝင်လိုက်၊ ပြန်ထွက်လာလိုက်နှင့် ရှိနေကြသည်။
ညှော်နံ့နံသော လေပြင်းများကလည်း မျက်နှာကို ရိုက်ခတ်လာပြီး အရေပြားကို ဘရပ်ရှ်နှင့် ပွတ်တိုက်နေသကဲ့သို့ နာကျင်လှသည်။
ထို့ကြောင့်သူမ၏ ငိုသံမှာ ချက်ချင်း ရပ်တန့်သွားတော့သည်
မုန့်ပေါ်: "အောက်ကိုဆင်းပြီး ဟင်းရည် သောက်မလား"
လူငယ်ဝိညာဉ်မလေးမှာ ရှိုက်ကြီးတငင်နှင့် "သောက်ပါ့မယ် အီး... ကျွန်မ ဟင်းရည်သောက်ပါ့မယ်"
"ကျေးဇူးပြုပြီး ကျွန်မကို ဟင်းရည်သောက်ခွင့်ပေးပါ"
"..."
ထိုအခါမှ မုန့်ပေါ်၏ ပုံရိပ်မှာ လျှပ်တစ်ပြက် ဝင်းခနဲဖြစ်သွားပြီး ထိုဝိညာဉ်ကို ဟင်းရည်အိုးရှေ့သို့ ပြန်ခေါ်လာခဲ့သည်။
ထိုဝိညာဉ်မလေး ဟင်းရည်သောက်ပြီး လိမ်လိမ်မာမာ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် မုန့်ပေါ်၏အကြည့်က နိုင့်ဟယ်တံတားပေါ်ရှိ ကြောင်၍ကြည့်နေကြသော ဝိညာဉ်များဆီသို့ ရောက်သွားသည်။
သူမကလည်း လက်ကို ဆန့်ထုတ်လိုက်ရာ လက်ထဲတွင် ဝိညာဉ်စွမ်းအား များ စုစည်းလာပြီး ဝတ်စုံစအနားများမှာ လေမတိုက်ဘဲ လွင့်ပျံလာသည်။
ထို့နောက် ဧရာမ တူကြီးတစ်ချောင်းမှာ လေထဲတွင် ပေါ်လာပြီးနောက် သူမက ထိုတူကြီးကို ကိုင်ကာ မြေပြင်သို့ ဆောင့်ချလိုက်သောအခါ 'ဝုန်း' ခနဲ အသံကြီးတစ်ခုက မြည်ဟည်းသွား၏။
ထိုတူကြီး၏ လက်ကိုင်တံမှာ ၃ မီတာခန့် ရှည်လျားပြီး တူခေါင်းမှာ ၂ မီတာခန့် ရှည်ကာ အကျယ်မှာ မီတာဝက်ခန့် ရှိကာ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ချိန်တွင် မြေပြင်တစ်ခုလုံး တုန်ခါသွားတော့၏။
မုန့်ပေါ်က ထိုတူကြီးပေါ်တွင် ထိုင်ကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ပိုက်ထားလိုက်တော့သည်။
နိုင့်ဟယ်တံတားပေါ်မှ ဝိညာဉ်များကို ကြည့်နေသည့် သူမ၏ အကြည့်မှာ စူးရှလှကာ မျက်နှာမှာလည်း အေးစက်လှကာ မေးခွန်းတစ်ခုကို မေးလိုက်တော့သည်
"ဘယ်သူက ဒီတူကြီးရဲ့ စွမ်းအားကို စမ်းကြည့်ချင်သလဲ၊ ရှေ့ကို တက်လာခဲ့စမ်း"
"..."
ခဏချင်းမှာပင် နိုင့်ဟယ်တံတားပေါ်၌ တိတ်ဆိတ်သွားကာ လိုက်ငိုရန် ပြင်နေကြသော ဝိညာဉ်များမှာလည်း ထိုဧရာမတူကြီးကို ကြည့်ကာ ကိုယ်လေးများ တုန်ရီလာကြ၏။
'မငိုတော့ဘူး၊ မငိုတော့ဘူး'
'မဆူတော့ဘူး၊ မဆူတော့ဘူး'
'လိမ်လိမ်မာမာ ဟင်းရည်သောက်ပြီး လူပြန်ဝင်စားဖို့ကသာ အဓိကပဲ'
မုန့်ပေါ်: "တစ်ယောက်ချင်းစီ တက်လာခဲ့၊ တစ်ယောက်ကို တစ်ခွက်ပဲ၊ ဘယ်သူကများ ခိုးပြီး မသောက်တာ ဖြစ်ဖြစ်၊ နှစ်ခွက် ခိုးသောက်တာဖြစ်ဖြစ် လုပ်ခဲ့ရင်..."
သူမ မျက်မှောင်ကြုတ်လိုက်ပြီး "ငါ ကိုယ်တိုင် သတ်ပစ်မယ်"
"...."
ထိုစကားကြောင့် နိုင့်ဟယ်တံတားပေါ်မှ ဝိညာဉ်များမှာလည်း အသက်ရှူမှားကုန်ကြပြီး ကိုယ်ကို နောက်သို့ လန်သွားကြသည်။
[ဟာ....]
[ဒီမုန့်ပေါ်ကလည်း အရမ်းရက်စက်ကြမ်းကြုတ်တာပဲ....]
[အင်တာနက်ပေါ်မှာတော့ မုန့်ပေါ်ဆိုတာ အဖွားကြီးလို့ ပြောကြတယ်၊ တချို့ကလည်း အလှလေးလို့ ပြောကြတယ်]
[ဒါပေမဲ့ ဘယ်သူကမှ ဒီလောက် ဒေါသကြီးပြီး ကြမ်းမယ်လို့ မပြောခဲ့ကြဘူးလေ]
[ပုံမှန်ဆိုရင် အေးအေးဆေးဆေး ချော့မော့ပြီးမှ ဟင်းရည်သောက်ခိုင်းရမှာ မဟုတ်ဘူးလား]
[ဒါ... ဒါက...ဝိညာဉ်တွေကို အရမ်းခြောက်လှန့်လွန်းရာ ရောက်နေပြီ]
[ဟားဟားဟား၊ ဒီမုန့်ပေါ်က တကယ် ဒေါသကြီးတာပဲ၊ စကားပြောမနေဘဲ တန်းချတာ ငါကြိုက်တယ်]
[ဝိညာဉ်တွေ: ကြောက်လန့်ကုန်ပြီ၊ ဘာလို့ ဒီလောက် ကြမ်းတာလဲ၊ ငါတို့က နည်းနည်းလေးတောင် မချွဲရတော့ဘူးလား]
[မုန့်ပေါ်: ဟင်းရည်တိုက်တာကို မသောက်ဘဲ အကြမ်းနည်း သုံးခိုင်းနေတာကိုး]
အရင်အပိုင်းတွေကို ပြန်ပြောပြီး စကားကောင်းနေကြသော Viewer များမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပါးစပ်ထဲမှ သွားရည်စာများပင် လွင့်ထွက်ကုန်ကြ၏။
'ဒီမုန့်ပေါ်အသစ်က အရမ်းအစွမ်းထက်လွန်းနေတာ မဟုတ်ဘူးလား'
'တကယ်ပဲ ဝိညာဉ်တွေ ကြောက်ပြီး သေးပါကုန်ရင် ဘယ်လိုလုပ်မလဲ'
'ဒါက ရင်းနှီးဖော်ရွေမှု ရှိရဲ့လား'
[ဒီတူကြီးကတော့ တကယ်ကို ရှိန်ဖို့ကောင်းတယ်]
[တူကြီးက သရုပ်ဆောင်တာ ကောင်းတယ်၊ ငါကြောက်သွားတာ မဟုတ်ပါဘူးနော်၊ ငါက တူကြီးကို အကဲခတ်နေတာပါ]
[တူကြီး: မင်းက ယဉ်ကျေးရဲ့လား]
လေထဲတွင် လက်တစ်ဖက် မြှောက်ထားသောကျန်းလင်သည်လည်း လက်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်၏။
ကြည့်ရသည်မှာ ဤမုန့်ပေါ်အသစ်သည် အရင်တစ်ယောက်လောက် အစွမ်းမထက်သော်လည်း တကယ်ကို အကြမ်းစားပင်။
ဤကဲ့သို့ အကြမ်းနည်းကို သုံးပြီး သူမသည် ဝိညာဉ်တွေကို လွှမ်းမိုးထားနိုင်သဖြင့် ဘယ်သူ့အကူအညီမှ မလိုပေ။
[ဟားဟားဟား၊ Host က ငါလက်မလှုပ်ရတော့ဘူးဆိုတော့ ကြည့်ပဲကြည့်တော့မယ်တဲ့]
[Host: ဒီလက်ကို ဘယ်နား သွားထားရမှန်း မသိတော့ဘူး...]
[ငါ ခုနကပဲ မင်းကွတ်သီးကို တံဆိပ်တုံးနဲ့ ထုလိုက်တာ၊ ဘယ်သူက Host ရဲ့ လက်ထဲကို ဖရဲသီးစိတ်လေး လာထည့်ပေးမလဲ ]
ကျန်းလင်သည် အောက်ဘက်မှ အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြင်သောအခါ အနားသို့ ကပ်သွားခဲ့သည်။
ပြီးနောက် မုန့်ပေါ်ကို သူလာရသည့် အကြောင်းရင်းကို ရှင်းပြလိုက်၏။
"လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက လူတစ်ယောက်လား"
မုန့်ပေါ်က လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ပိုက်ပြီး ကြည့်လိုက်ကာ ခဏစဉ်းစားလိုက်၏။
ခဏအကြာတွင် သူမ ရှေ့တွင် အနီရောင်မျက်နှာဖုံးနှင့် 'စာအုပ်' တစ်အုပ် ပေါ်လာသည်။
ဤစာအုပ်သည် ကျန်းလင်၏ ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းထက်ပင် ပိုကြီးပြီး ပိုထူသည်ပင်။
ဤနေရာတွင် မုန့်ပေါ်ဟင်းရည် သောက်ဖူးသမျှ ဝိညာဉ်တိုင်း၏ မှတ်တမ်းများ ဤစာအုပ်ပေါ်တွင် ရှိနေ၏။
မျိုးဆက်အလိုက် မုန့်ပေါ်များ တာဝန်လွှဲပြောင်းရာတွင် အဓိကအကျဆုံးမှာ ဤအနီရောင်စာအုပ်ပင် ဖြစ်သည်။
စာရွက်များ လှန်လိုက်သံမှာ 'တရှဲရှဲ' နှင့် ကျယ်လောင်နေလှကာ စာရွက်လှန်နေစဉ်မှာပင် သူကမေးခွန်းတစ်ခုကို မေးလိုက်၏
"နာမည်က ဘယ်သူလဲ"
"... ကျူးရင် "
အဖိုးကြီးက သူကိုယ်တိုင်မှာ အပြစ်သားဖြစ်သဖြင့် နာမည်နှင့် မထိုက်တန်ဟု အမြဲပြောလေ့ရှိသည်။
သူ့ရဲ့ အတိတ်အကြောင်းကိုလည်း ဘယ်တော့မှ မပြောခဲ့ဖူးပေ။
ကျန်းလင်သည်လည်း သူ၏နာမည်ကို မသိခဲ့ပေ။
ဤနာမည်မှာ တစ်ခါက အဖိုးကြီး မြေပြင်ပေါ်တွင် မတော်တဆ ရေးမိသွားသည်ကို သူ မြင်လိုက်ရခြင်းသာ ဖြစ်သည်။
ထိုနာမည်ကိုသိရသော် မုန့်ပေါ်က စာအုပ်အပေါ်တွင် လက်တင်လိုက်ရာ လက်ထဲတွင် ဝိညာဉ်စွမ်းအားများ တဖျတ်ဖျတ် ထွက်လာကာ သတင်းအချက်အလက်များစွာမှာ သူမ၏ မျက်လုံးရှေ့တွင် လျှင်မြန်စွာ ဖြတ်ပြေးသွားတော့သည်။
ခဏအကြာတွင် သူမ ရပ်တန့်လိုက်၏။
"အဲဒီအချိန်တုန်းက ဒီနာမည်နဲ့ လူပေါင်း ၂၃ ယောက် ရှိခဲ့တယ်၊ ရှင်ရှာနေတာ ဘယ်သူလဲ"
သူတို့ စကားပြောနေစဉ် Live ကင်မရာမှာ အောက်ဘက်ရှိ နိုင့်ဟယ်တံတားနှင့် ဝမ်ချွမ်းမြစ်ဆီသို့ အလိုအလျောက် လှည့်သွားသည်။
ဝမ်းနည်းနေကြသော၊ ကြောင်နေကြသော ဝိညာဉ်များကို ပြသနေရင်းနှင့် တစ်ခါတရံ ဝိညာဉ်တစ်ဦးက ချက်ချင်း အဝတ်အစားလဲကာ လှလှပပ ပြင်ဆင်လိုက်သည်ကို တွေ့ရသည်။
ထို့ကြောင့် Viewer အများစု၏ အာရုံမှာ ထိုဘက်သို့ ရောက်သွားကြ၏။
[တစ်စက္ကန့်အတွင်း အဝတ်အစားလဲတာက တကယ်ကြီးပါလား]
[သေပြီ၊ ငါ့မှာ သတ္တိရှိတဲ့ အကြံတစ်ခု ရှိတယ်... သူတို့အတွက် မိတ်ကပ်တွေ ဒီဇိုင်းဆွဲပေးချင်လာပြီ]
[အပေါ်ကလူ၊ ငါအကြံပေးချင်တာကတော့ မင်း အလောင်းတွေနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်ကို သွားသင်ယူလိုက်ပါ ]
Viewer များ သတိမထားမိခင်မှာပင် ကျန်းလင်က ဝိညာဉ်စွမ်းအားဖြင့် မှန်တစ်ချပ် ဖန်တီးလိုက်သည်။
ထိုအခါ မှန်မျက်နှာပြင် တုန်ခါသွားပြီးနောက်အဖိုးကြီး၏ ရုပ်ပုံလွှာက ပေါ်ပေါက်လာခဲ့သည်။
"မုန့်ပေါ်ကို အကူအညီတောင်းချင်တာက၊ ဒီလူတွေထဲမှာ ဘယ်သူ့ရဲ့ အတိတ်မှတ်တမ်းက ဒီအဖိုးကြီးနဲ့ ပတ်သက်မှု ရှိခဲ့သလဲဆိုတာ ကြည့်ပေးပါဦး"
'လူ့ပြည်နှင့် ငရဲကမတူကွဲပြားသော်လည်း နိုင့်ဟယ်တံတားနားက မုန့်ပေါ်ဟင်းရည်ကိုမူ မမေ့နိုင်ပါ....
ဝိညာဉ်တို့... မုန့်ပေါ်ဟင်းရည် တစ်ခွက် သောက်လိုက်စမ်းပါ....
လူ့လောကက အရာအားလုံးက အိပ်မက်တစ်ခုသာ သာပဲ...
မုန့်ပေါ်ဟင်းရည် သောက်ခဲ့သူတိုင်းက ကိုယ့်နာမည်ကို ထားရစ်ခဲ့သလို၊ ကိုယ့်အတိတ်ဘဝ အရာအားလုံးကိုလည်း ထားရစ်ခဲ့ကြတယ်....
တစ်သက်တာ အမှတ်တရအားလုံးကလည်း မုန့်ပေါ်၏ စာအုပ်ထဲမှာ ရှိနေတယ်လေ' ဟူသောကဗျာနှင့်အတူတူပင် ဤစာအုပ်ထဲတွင် လူ့လောက၏ လှပမှုအားလုံး စုစည်းနေသလို၊ ဝမ်းနည်းမှုနှင့် မတတ်သာမှု အားလုံးကလည်း ရှိနေသည်။
ကိလေသာ ခုနစ်ပါးနှင့် ရာဂ ခြောက်ပါးတို့သည် လူသားတို့၏ တိုတောင်းလှသော ဘဝထဲတွင် လျှင်မြန်စွာ ဖြတ်သန်းသွားကြခြင်းဖြစ်၏။
ထို့ကြောင့် ရှေးယခင် မုန့်ပေါ်များက ချော့မော့၍ ပြောလေ့ရှိသည်
"ဝိညာဉ်တို့... မုန့်ပေါ်ဟင်းရည် တစ်ခွက် သောက်လိုက်စမ်းပါ"
သို့သော် ဘယ်အချိန်ကစ၍လဲ မသိ၊ မျိုးဆက်သစ် မုန့်ပေါ်များမှာ တစ်ယောက်ထက် တစ်ယောက် ပိုအကြမ်းစား ဖြစ်လာကြသည်။
အစွမ်းထက်ရုံသာမက စိတ်ဓာတ်ကလည်း အကြမ်းစားပင်။
"အားလုံးကို ကြည့်ရမှာလား"
မုန့်ပေါ်က ကျန်းလင်ကို ကြည့်လိုက်ပြီး "ပိုက်ဆံ ထပ်ပေးရမယ်နော်"
"ရပါတယ်၊ တစ်ယောက်ကို ၁၀၀ စီ ပေးမယ်"
"အပေးအယူ တည့်ပြီ"
ခဏချင်း မုန့်ပေါ်၏ ကိုယ်ပေါ်၌ ဝိညာဉ်စွမ်းအားများ ပေါ်လာကာ ဆံပင်များ လွင့်ပျံလာကာ စာရွက်များ လှန်လိုက်သံမှာ 'ရှဲရှဲ' ဟု မြည်လာသည်။
ပုံရိပ်များစွာမှာ သူမ၏ မျက်လုံးထဲတွင် လျှင်မြန်စွာ ဖြတ်သန်းသွားပြီးနောက် လူ ၂၃ ယောက်၊ဘဝ ၂၃ ခုက သူ့မျက်လုံးတွင်ပေါ်ပေါက်လာ၏။
မုန့်ပေါ်၏ ဝိညာဉ်စွမ်းအားများ ပြန်ငြိမ်သက်သွားသောအခါမှ သူမ ပြန်ဖြေလိုက်တော့သည်။
"ရှာတွေ့ပြီ"