← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

🫧 Chapter 109

မုန့်ပေါ်က ကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအားများကို ပြန်လည်ရုပ်သိမ်းကာ‌ ပြောလိုက်၏

"ရှာတွေ့ပြီ"

ကျူးရင် ၊ ခင်ပွန်းဖြစ်သူမှာ ချင်ယန့် ....

သူမသည် အသက် ၁၅ နှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ၁၇ နှစ်တွင် သားတစ်ယောက် ထွန်းကားခဲ့သည်။

သူမ အသက် ၃၂ နှစ်အရွယ်တွင် သားဖြစ်သူမှာ လောင်းကစားနှင့် ပျော်ပါးခြင်းများ၌ နစ်မွန်းနေခဲ့သည်။

ခင်ပွန်းဖြစ်သူက ဆုံးမရန် ပြင်တိုင်း သူမက အမြဲတမ်း ကြားကနေ တားဆီးပေးခဲ့၏။

သူမ အသက် ၃၄ နှစ်အရွယ်သို့ ရောက်သောအခါ တစ်ဦးတည်းသောသားဖြစ်သူမှာ သူတစ်ပါးထံမှ ငွေကြေးများကို လုယက်ကာ လောင်းကစားသွားလုပ်ခဲ့သည်။

လုယက်မှုဖြစ်ပွားစဉ်အတွင်း လူတစ်ယောက် သေဆုံးသွားခဲ့ရာ သူမက ထိုအလောင်းကို ဖုံးကွယ်ထားပေးခဲ့သည်။

ခင်ပွန်းဖြစ်သူ သိသွားသောအခါ သားဖြစ်သူကို အာဏာပိုင်များထံ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့၏။

ထိုအခါ သူမသည် တားဆီးရင်းနှင့်ပင် နံရံကို ခေါင်းနှင့်တိုက်ကာ အဆုံးစီရင်သွားခဲ့သည်။

သူမ၏ဘဝတွင် ဤသားတစ်ယောက်တည်းသာ ရှိခဲ့သည်မဟုတ်လော။

...

မုန့်ပေါ်: "နောက်ထပ် ၁၀၀ ထပ်ပေးရင် ငါ ချင်ယန့် အကြောင်းကိုပါ ရှာပေးမယ်"

ကျန်းလင် ခေါင်းညိတ်ပြလိုက်ပြီးနောက် မုန့်ပေါ်က စာအုပ်ထဲတွင် ချင်ယန့်၏ အတိတ်ဘဝကို ထပ်မံရှာဖွေလိုက်သည်။

ချင်ယန့်သည် ရိုးသားဖြောင့်မတ်ကာ မိဘအပေါ် သိတတ်သူတစ်ဦးဖြစ်သည်။

မိဘသဘောတူမှုဖြင့် လက်ထပ်ခဲ့သော်လည်း အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသော ဇနီးသည်နှင့် ဆုံတွေ့ခဲ့ရလေသည်။

သူ၏ ဇနီးသည် သေဆုံးသွားပြီးနောက် သူသည် သားဖြစ်သူကို အာဏာပိုင်များထံ အပ်နှံခဲ့သည်။

မကြာမီမှာပင် သားဖြစ်သူမှာ ထောင်ထဲ၌ သေဆုံးသွားခဲ့၏။

ထို့နောက်သူ့ဘဝမှာ ဇနီးရော သားပါ ဆုံးရှုံးသွားပြီး အိမ်ထောင်စုကြီး ပျက်စီးသွားခဲ့သည်။

ဤကိစ္စတွင် မိမိ၌လည်း အမှားရှိသည်ဟု သူယူဆခဲ့သည်။

ထို့ကြောင့် အိမ်ရှိ ပိုင်ဆိုင်မှုအားလုံးကို နစ်နာသူမိသားစုထံ ပေးအပ်ခဲ့ပြီးနောက် သူသည် ထိုအရပ်မှ ထွက်ခွာသွားခဲ့သည်။

ထိုအချိန်မှစ၍ သူသည် တစ်ဘဝလုံး တောင်းစားကာ ဖြတ်သန်းခဲ့ပြီး နောက်ပိုင်းတွင် တောင်းစားသည့် ကလေးငယ်တစ်ဦးကို မွေးစားခဲ့၏။

သူသေဆုံးသွားသောအခါ ထိုကလေးငယ်ကပင် သူ့ကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့လေသည်။

"သူ အဲဒီနောက်ပိုင်း ၁၀ ကြိမ်ထက်မက လူပြန်ဝင်စားခဲ့ပြီးပြီ၊ နောက်ဆုံးတစ်ကြိမ်ကတော့ လွန်ခဲ့တဲ့ ၅ နှစ်ကပဲ"

မုန့်ပေါ်က ကျန်းလင်ကို ကြည့်ကာ "သူ့ရဲ့ အရင်ဘဝ အခြေအနေတွေအရ ဒီတစ်ဘဝမှာတော့ သူ ကောင်းကျိုးခံစားရမှာပါ မင်းရှာချင်တယ်ဆိုရင် လူ့ပြည် မှာ သွားကြည့်လို့ရတယ်"

"ကျေးဇူးတင်ပါတယ်"

သိချင်သည့် သတင်းအချက်အလက်များ ရရှိပြီးနောက် ကျန်းလင်က ငရဲငွေစက္ကူများကို ထုတ်ပေးလိုက်သည်။

[ဒင်.... လျှော့စျေးကတ် အသုံးပြုနိုင်သော အရောင်းအဝယ်ကို စစ်ဆေးတွေ့ရှိရပါသည်၊ အသုံးပြုမည်လား]

"အသုံးပြုမယ်"

"ခဏလေး..."

စနစ်မှ အသံထွက်လာပြီးသည်နှင့်ချက်ချင်း ရှေ့မှ မုန့်ပေါ်သည် ခေတ္တမျှ ကြောင်အသွားကာ ရုတ်တရက် ပြောလိုက်သည်

"ငါ မင်းကို နည်းနည်း လျှော့ပေးလိုက်မယ်၊ နောက်ခါလည်း ဒီလို အော်ဒါအကြီးကြီးတွေရှိရင် ငါ့ဆီပဲ လာခဲ့နော်"

နောက်ဆုံးတွင် ကျန်းလင်သည် ငရဲငွေ ၁၉၂၀ သာ ပေးဆောင်ခဲ့ရပြီး ၅၀၀ နီးပါး သက်သာသွားခဲ့သည်။

လျှော့စျေးကတ်မှာ မည်သည့် အရောင်းအဝယ်တွင်မဆို ၂၀ ရာခိုင်နှုန်း လျှော့စျေးရရှိသည့် လူ့ပြည်က Member Card နှင့် ဆင်တူလှသည်လေ။

...

နိုင့်ဟယ်တံတားမှ ထွက်ခွာလာပြီးနောက် ကျန်းလင်သည် လူ့ပြည်လမ်းသို့ သွားခဲ့သည်။

ထိုနေရာတွင် အဖိုးကြီး၏ လက်ရှိဘဝကို သူ မြင်တွေ့လိုက်ရ၏။

ခြံစည်းရိုးခတ်ထားသည့် ခြံဝန်းလေးတစ်ခုဖြစ်ကာ အတွင်း၌ အဖြူရောင်၊ အဝါရောင် ပန်းများစွာ စိုက်ပျိုးထားပြီး ခြံထဲတွင် ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံလေးများ ရှိနေ၏။

မျက်နှာအမူအရာ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးသည် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်အတူ ကျောက်စားပွဲတွင် လက်မှုပစ္စည်းလေးများ လုပ်နေသည်။

မကြာမီမှာပင် အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးလည်း အိမ်ထဲမှ ထွက်လာကာ ၎င်းတို့နှစ်ဦးနှင့်အတူ စွန်လုပ်ရာတွင် ပါဝင်ကူညီပေးနေသည်။

နေရောင်ခြည်မှာ ခြံပြင်ရှိ ကံ့ကော်ပင်တန်းကို ဖြတ်ကျော်ကာ ၎င်းတို့အပေါ်သို့ ဖြာကျနေ၏။

ခြံဝန်းလေးအတွင်း၌ စကားပြောသံတိုးတိုးနှင့် ကလေးငယ်၏ ရယ်မောသံများမှာ အခါအားလျော်စွာ ထွက်ပေါ်‌နေပြီး ကြည့်ရသည်မှာ အလွန်ပင် နွေးထွေးလှပနေသည်ပင်။

...

ဤတစ်ဘဝတွင် အဖိုးကြီးသည် ကောင်းမွန်စွာ ဖြတ်သန်းရပေတော့မည်။

မိသားစုပြည့်စုံကာ ဇနီးမယားနှင့် သင့်မြတ်ပြီး သားသမီးများ၏ လေးစားမှုကိုလည်း ရရှိပေလိမ့်မည်။

[Host က တစ်ခုခုကို တိတ်တဆိတ် လုပ်နေသလိုပဲလို့ ခံစားရတယ်]

Live လွှင့်ခန်းထဲမှ Viewer များသည် ဟာသများပြောနေရာမှ သတိဝင်လာကြသည်။

[စောစောက လူရှာနေတာ မဟုတ်လား၊ ရှာတွေ့ပြီလား]

[ဒါနဲ့ ခုနကတည်းက Host ရဲ့ မျက်နှာကို မမြင်ရဘူး...]

ပြောနေစဉ်မှာပင် ကင်မရာမှာ ကျန်းလင်ဘက်သို့ လှည့်လာသည်။

လူလည်း ရှာတွေ့ပြီဖြစ်ကာ Live အချိန်လည်း ပြည့်တော့မည်ဖြစ်သဖြင့် ကျန်းလင် Live ပိတ်ရန် ပြင်လိုက်၏။

"လူရှာတွေ့ပါပြီ"

မနက်ဖြန်တွင် ရောက်ရှိလာမည့် ကိစ္စရပ်များကို သတိရကာ သူက ပြုံးလျက်ဆက်ပြောလိုက်၏

"မင်းတို့ကို တစ်ခုပြောစရာရှိတယ်၊ ငါ ရာထူးတက်သွားပြီ။ မနက်ဖြန်ကစပြီး ငါက 'အဖြူရောင်ဝိညာဥ်တမန်‌တော်အဖွဲ့ခေါင်းဆောင် ဖြစ်သွားပါပြီ"

"မနက်ဖြန် မနက် ၇ နာရီမှာ Live လွှင့်မယ်၊ အဲဒီအချိန်ကျရင် လာကြည့်လို့ ရပါတယ်"

ကျန်းလင်အနေဖြင့် သူ အဖွဲ့ခေါင်းဆောင်ဖြစ်လာခြင်းမှာ Viewer များ၏ အားပေးမှုကြောင့်လည်း ပါဝင်သည်ဟု ယူဆခဲ့သည်။

ထို့အပြင် နောက်ပိုင်းတွင် အလုပ်တာဝန်များ ပြောင်းလဲသွားမည်ဖြစ်သဖြင့် ကြိုတင်မျှဝေပေးခြင်း ဖြစ်သည်။

ရုံးခန်းအသစ်ကို တွေးမိသောအခါလည်း ကျန်းလင်၏ စိတ်မှာ မသိမသာ တက်ကြွနေမိ၏။

[ Host ပြုံးတာကို ငါ မြင်လိုက်ရတယ်! ဒါက သမိုင်းဝင် ဖြစ်ရပ်ပဲ]

[ဟာ! Host က နောက်တစ်ခါ Live လွှင့်မယ့်အချိန်ကို ကြိုပြောတယ်! တကယ် ဝမ်းသာလွန်းလို့ (p≧w≦q)]

[အဖွဲ့ခေါင်းဆောင် ငါတော့ မလှုပ်ရဲတော့ဘူး]

[Host ရာထူးတက်သွားပြီ ပျော်စရာကြီး (≧▽≦)]

[ဖန်းရှောက်ယိုက မိုးမျှော်တိုက် ၁ လုံး လက်ဆောင်ပေးပြီး ပြောကြားလိုက်သည်။ ၈၂ ခုနှစ်ထုတ် လာဖီဝိုင်တစ်ပုလင်းဖောက်ပြီး ဂုဏ်ပြုလိုက်ကြရအောင်]

[လီရှန်းက မီးပုံးပျံ ၅ လုံး လက်ဆောင်ပေးပြီး ပြောကြား လိုက်သည်။ ဂုဏ်ယူပါတယ် Host ပန်းတွေ ကြဲလိုက်ပြီ]

ထိုခဏချင်းမှာပင် Live လွှင့်ခန်းအတွင်း Comment များစွာ လွင့်ပျံသွားတော့သည်။

အံ့သြသူများ၊ ပျော်ရွှင်သူများနှင့် စိတ်လှုပ်ရှားသူများစွာ ရှိနေကြ၏။

၎င်းတို့မှာ Host က Live အချိန်ကို ကြိုပြောသဖြင့် အံ့သြနေကြသလို၊ ရာထူးတက်သဖြင့်လည်း ပျော်ရွှင်နေကြသည်။

အထူးသဖြင့် Host က ၎င်းတို့နှင့် အောင်မြင်မှုကို မျှဝေသည့်အတွက် တကယ်ကို စိတ်လှုပ်ရှားနေကြခြင်းဖြစ် သည်။

[မနက်ဖြန် မနက် ကျိန်းသေ လာကြည့်မယ်]

[ငါ ဆုံးဖြတ်လိုက်ပြီ၊ မနက်ဖြန် မနက် ငါ့ရဲ့အိပ်ရာနဲ့ စောင်ကို သစ္စာဖောက်လိုက်တော့မယ်]

[မနက် ၇ နာရီဆိုတာ ဘာမှမဟုတ်ပါဘူး ငါ အရောက်ထနိုင်တယ်]

...

Live ပိတ်ပြီးနောက် ကျန်းလင်သည် မိမိ၏ သစ်သားအိမ်လေးသို့ ပြန်လာခဲ့သည်။

ထို့နောက်အထဲမှ ပစ္စည်းများကို သိမ်းဆည်းကာ အိမ်ပြောင်းရန် ပြင်ဆင်တော့သည်။

'အခုဆိုလျှင် သူသည် အိမ်ကြီးအိမ်ကောင်းနှင့် နေရမည့် ဝိညာဉ်ဖြစ်သွားပြီလေ'

...

လူ့ပြည်တွင်မူ...

ထိုနေ့တွင် ကလေးများကို စောစောအိပ်၊ စောစောထရန် တိုက်တွန်းလေ့ရှိသော မိဘများမှာ ကြောင်အသွားကြသည်။

သူတို့ တိုက်တွန်းစရာပင် မလိုဘဲ ကလေးများမှာ အိပ်ရာပေါ်သို့ ကိုယ်တိုင် တက်သွားကြသည်မဟုတ်‌လော။

မအိပ်မီမှာပင် "သား/သမီး အိပ်တော့မယ်၊ အသံတိုးတိုးလုပ်ပေးပါ" ဟု မှာကြားသွားကြသေးသည်။

"နေက အနောက်ဘက်က ထွက်လာတာလား"

မိဘများမှာ ထူးဆန်းနေကြ၏။

'ဒါ သူတို့အိမ်က ညဥ့်ငှက်လေးတွေ တကယ်ပဲလား'

နောက်တစ်နေ့ မနက်

နေထွက်လာချိန်တွင် မိဘအချို့မှာ ပြတင်းပေါက်နားသို့ သွားကာ နေက တခြားဘက်က ထွက်လာသလားဟု အကဲ ခတ်နေကြသည်။

' နှိုးစက်လည်း မမြည်သေး၊ နေရောင်လည်း မထိသေး၊ သူတို့လည်း ဝင်မနှိုးရသေးဘဲနှင့်... ဒီကလေး ဘယ်လိုလုပ် ထလာတာလဲ'

"အိမ်သာ သွားချင်လို့လား"

"အိမ်စာ မပြီးသေးလို့လား? အခုမှ လုပ်ရင် အချိန်မီပါ့မလား"

"မနက်စောစော တီဗီ မကြည့်နဲ့နော်"

စောစောထလာသော ကလေးများကို မိဘများက ဝိုင်းမေးကြသော်လည်း ရရှိလာသော အဖြေများက သူတို့ကို ပို ကြောင်သွားစေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ၊ သား/သမီးက အဲဒီလိုလူမျိုးလား"

"တီဗီက ဘာကြည့်စရာရှိလို့လဲ မကြည့်ပါဘူး"

"အိမ်စာတွေက အစောကြီးကတည်းက ပြီးသွားပြီ"

မိဘများကို ဖြေကြားပြီးနောက် ၎င်းတို့သည် အခန်းထဲသို့ အမြန်ဝင်ကာ ဖုန်းများကို ဖွင့်လိုက်ကြကာ Live လွှင့်ခန်းထဲသို့ ဝင်လိုက်ကြ၏။

သူတို့၏ မျက်လုံးများမှာ တောက်ပနေကာ ကျောင်းတက်တုန်းကထက်ပင် ပိုတက်ကြွနေကြသည်။

[Check-in]

[Check-in +1]

[ပထမဆုံးအကြိမ်အဖြစ် စောင်ထဲမှာနေရတာထက် ပိုပျော်စရာကောင်းတာ ရှာတွေ့သွားပြီ]

[မနက် ၇ နာရီဆိုတာ ဘာမှမဟုတ်ပါဘူး ငါ့လက်အောက်မှာ အကုန် ငြိမ်ဝပ်ပိပြားသွားပြီ ╭(╯^╰)╮]

...

"မင်္ဂလာနံနက်ခင်းပါ"

လူ့ပြည်၏ မနက် ၇ နာရီတိတိတွင် "မရဏလောကမှ အံ့ဖွယ်နေ့ရက်များ" Live မှာ အချိန်ကိုက် စတင်လိုက်‌လေသည်။

ကျန်းလင်မှာမူ ဝတ်စုံဖြူကို ဝတ်ဆင်ကာ ခေါင်းတွင် ဦးထုပ်အမြင့်ကို ဆောင်းပြီး ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

သူ၏နောက်ကွယ်တွင်မူ "နန်းဆောင် ၁၈ " ဟု ရေးထွင်းထားသော ဆိုင်းဘုတ်ပါသည့် ရုံးခန်းကြီး ရှိနေ၏။

ကျန်းလင်က Live ကို ကြည့်ကာ ပြောလိုက်သည်

"ဒီနေ့မှာ ဝိညာဉ်တမန်တော် ၂၀ ဦး ဒီနေရာမှာ လာရောက် သတင်းပို့ကြပါလိမ့်မယ်"

မနက်စောစော ၇ နာရီ ဖြစ်သော်လည်း Live လွှင့်ခန်းအတွင်း လူဦးရေမှာ လျှင်မြန်စွာ မြင့်တက်လာပြီး ခြောက်ဂဏန်းအထိ ရောက်ရှိသွားတော့သည်။

ပရိသတ်များစွာလည်း ဆက်တိုက် ဝင်ရောက်လာနေကြသည်။

[ငရဲပြည်ရဲ့အဖွဲ့ခေါင်းဆောင်က ဘာတွေလုပ်ရတာလဲ....]

[ ဘာတွေ တာဝန်ယူရသလဲ....]

သူတို့အားလုံး အရမ်းကို သိချင်နေကြပါပြီ။

[ဝိညာဉ်တမန်တော် ၂၀ တောင်လား ဘယ်လိုလူတွေ ဖြစ်မလဲ]

…

🫧 Chapter 110

[အားကျလိုက်တာ၊ ဒီရုံးခန်းက တကယ်ကြီးတာပဲ]

[အလုပ်လည်းလုပ်လို့ရ၊ နားလည်းနားလို့ရ၊ ကျောက်တောင်အတုနဲ့ ရေကန်တောင် ပါသေးတယ်! ငါလည်း တစ်ခုလောက် လိုချင်တယ်]

[နားလည်ပြီ၊ အခုပဲ ဒါကို သူဌေးဆီ Forward လုပ်လိုက်မယ်၊ သူဌေးက သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ]

ဝိညာဉ်တမန်တော်တွေ သတင်းပို့ဖို့ မရောက်လာခင်မှာ ကျန်းလင်က Live လွှင့်ခန်းက Viewer တွေကို အရင်ဆုံး ရုံးခန်းအသစ်ထဲမှာ လိုက်လံပြသပေးခဲ့သည်။

ဝိညာဉ်တမန်တော်တွေရဲ့ အဆောက်အဦးတွေကလည်း ငရဲပြည်နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လော။

ဒီရုံးခန်းကို အပိုင်းသုံးပိုင်း ခွဲထားသည်။ အလုပ်လုပ်ဆောင်ရာဇုန်၊ အနားယူရာဇုန် နှင့် ရှုခင်းကြည့်ဇုန် တို့ ဖြစ်သည်။

အတွင်းခန်းထဲတွင် စုတ်တံ၊ မင်၊ ပေတံ၊ စက္ကူ စသည့် အသုံးအဆောင်များ ပြည့်စုံစွာရှိပြီး သစ်သားစစ်စစ်ဖြင့် ပြုလုပ်ထားသော စားပွဲကုလားထိုင်များနှင့် စာအုပ်စင်များ ရှိသည်။

တံခါးနှင့် ပြတင်းပေါက်များပေါ်ရှိ ပန်းပုလက်ရာများမှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းပြီး အသေးစိတ်ကျလှသည်။

ရှုခင်းကြည့်ဇုန်ရှိ ကျောက်တောင်အတု ရေကန်ထဲတွင် ကြာပန်းများ စိုက်ပျိုးထားသည်။

စိမ်းလန်းသော ကြာရွက်များကလည်း ရေကန်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီး ကြာပန်းလေးများမှာ ပွင့်အာနေသည်လည်းရှိ၊ ငုံနေသည်လည်းရှိနှင့် အလှဆင်ထားသည်။

ရေစီးသံလေးများက တသွင်သွင်မြည်နေပြီး ငရဲဝိညာဉ်စွမ်းအား များမှာ မြူနှင်းများကဲ့သို့ ပတ်ဝန်းကျင်၌ ဝေ့ဝဲနေ၏။

ဗီလာအိမ်အသေးစားလေးနှင့်တူသော ဤရုံးခန်းကို မြင်သောအခါ Viewer များမှာ အားကျမဆုံး ဖြစ်နေကြသည်။

သူတို့လည်း ဒီလိုရုံးခန်းမျိုး လိုချင်ကြသည်လေ။

ရှုခင်းလည်းကြည့်လို့ရ၊ အချိန်မရွေးလည်း ဝင်နေလို့ရသည့် နေရာမျိုးပင်။

သိပ်အကြီးကြီး မဟုတ်ရင်တောင် အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနဲ့ အိမ်သာတစ်ခန်းပါရင်ကို ကျေနပ်ကြပြီဖြစ်သည်။

ထိုသို့တွေးတောရင်း Viewer အတော်များများမှာ Live ကို ကုမ္ပဏီ Group ထဲသို့ လျှို့ဝှက်စွာ မျှဝေလိုက်ကြသည်။

ပြီးနောက် စာလေးတစ်စောင် ထည့်ရေးလိုက်၏ ။

[ဒီရုံးခန်းက ကြီးလို့ ပြောတာမဟုတ်ပါဘူးနော်၊ အလှဆင်ထားတဲ့ Style လေးက အရမ်းလှလို့ပါ]

မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးမှ နောက်ထပ်စာတစ်စောင် ထပ်ပို့လိုက်သည်

[အလို... မှားပို့မိတာ၊ အားလုံးပဲ ဂရုမစိုက်ကြပါနဲ့နော်]

အချို့ကလည်း Facebook ပေါ်သို့ မျှဝေကာ [ပွင့်လင်းတဲ့သူ‌တွေက စကားကို ကွယ်ဝှက်မပြောဘူး၊ ဒီလို အိမ်ကြီးအိမ် ကောင်းမျိုး ရဖို့ ငါ့မှာ အခွင့်အရေးရှိသေးလား] ဟု ရေးသားကြသည်။

[ဘယ်လိုအလုပ်မျိုးက အိမ်ပါ ပေးတာလဲ သိချင်လို့ပါ (ငရဲပြည်က အလုပ်ကလွဲရင်ပေါ့)]

...

ပညာရှင်အချို့မှာမူ နန်းဆောင် ၁၈ ကို တစ်ပတ်ကြည့်ပြီးသည်နှင့် စတင်အလုပ်လုပ်ကြတော့သည်။

ကိရိယာများကို ထုတ်ယူကာ ဤအဆောက်အဦးကို ပုံဆွဲရန် ပြင်ဆင်ကြသည်။

ဗိသုကာပညာ ကျောင်းသားများကမူ အဆောက်အဦး တည်ဆောက်ပုံကို လေ့လာကာ မော်ဒယ်အသေးစားလေး လုပ်နိုင်မလားဟု ဆန်းစစ်နေကြသည်။

အိမ်မှာ ငွေအိတ်ကြီး ရှိသူများကမူ ဤကဲ့သို့ ရှေးဟောင်းစတိုင် အဆောက်အဦးမျိုးဆောက်သင့်သလားဟု စတင်စဉ်းစားနေကြပြီ ဖြစ်သည်။

အရင်ကတော့ သတိမထားမိသော်လည်း ယခုကြည့်ရသည် မှာ ရှေးဟောင်းအဆောက်အဦးများမှာ အတော်လေး ရသမြောက်လှသည်။

အင်တာနက်ပေါ်တွင်လည်း "Ancient Architecture" ဟူသော စကားလုံးမှာ ရှာဖွေမှု အများဆုံး ဖြစ်လာခဲ့သည်။

[အရင်ကတော့ ဥရောပစတိုင် အိမ်တွေပဲ ဝယ်ချင်ခဲ့တာ၊ အခုတော့ ရှေးဟောင်းစတိုင်ကလည်း တကယ် မိုက်တယ်လို့ ခံစားရတယ်]

[ရှေးဟောင်းအဆောက်အဦးတွေရဲ့ အလှက တကယ်တော့ အသေးစိတ်လက်ရာတွေမှာ ရှိတာ၊ လက်မှုပညာရှင်တွေရဲ့ စေတနာနဲ့ ကျွမ်းကျင်မှုက အထင်အရှားပဲ]

[လူကြီးမင်းတို့: ဒီအဆောက်အဦးတွေက ရှေးလူကြီးတွေရဲ့ ဉာဏ်ပညာကို ပုံဖော်ထားပြီး ခေတ်ကာလအသီးသီးကို... (စာသားအပြည့်အစုံကိုဝင်ဖတ်ရန်)]

[ တကယ် မိုက်တယ်! တကယ် လှတယ်]

Viewer များမှာ အံ့သြနေကြစဉ်မှာပင် နန်းဆောင်၁၈ အတွင်းရှိ ကျန်းလင်၏ ခြေလှမ်းများမှာ ရပ်တန့်သွား၏။

ထို့နောက်သူသည် တစ်ခုခုကို သတိပြုမိသွားသကဲ့သို့ သူသည် အလုပ်လုပ်ဆောင်ရာဇုန်သို့ ပြန်လှည့်လာခဲ့သည်။

လေထဲတွင် ဝေ့ဝဲနေသော Live ကင်မရာများသည်လည်း ကျန်းလင်၏ ဘေးနားသို့ ပြန်ရောက်လာကြ၏။

သူ ထိုင်ခုံတွင် ထိုင်ပြီး မကြာမီမှာပင် အရပ်ရှည်ရှည်နှင့် လူရိပ်တစ်ခု တံခါးမှ ဝင်လာသည်။

"လက်အောက်ငယ်သား လီရှောင်း ၊ သတင်းပို့ဖို့ ရောက်လာပါပြီ"

လီရှောင်းက အခန်းအလယ်သို့ လျှောက်လာပြီး ကျန်းလင်ကို လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။

သူသည် ပိုင်ဝူချန် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ တည်‌နေကာအေးစက်လှ၏။

သို့သော် ကျန်းလင် ရှေ့တွင်မူ အလွန်ပင် လေးလေးစားစားနှင့် တည်တည်ငြိမ်ငြိမ် ရှိလှသည်။

"အင်း"

ကျန်းလင်က ခေါင်းညိတ်ပြလိုက်သည်။

"မင်းက ပထမဆုံး ရောက်လာတဲ့သူပဲ၊ အရင် နားနေပါဦး၊ တခြား ဝိညာဉ်တမန်တော်တွေကို စောင့်ကြတာပေါ့"

ကျန်းလင် သူက ဘယ်သူလဲဆိုတာ သိသည်။

သူ၏အဖွဲ့ခေါင်းဆောင်ဗားရှင်း ဝိညာဉ်ခေါ်ယူခြင်းမှတ် တမ်းတွင် ဤဝိညာဉ်တမန်တော် ၂၀ ဦးလုံး၏ အချက်အ လက်များ ရှိနေပြီဖြစ်သည်။

ထို့ကြောင့်သူသည် အလုပ်လုပ်နေချိန်တွင်လည်း တိုက်ရိုက် တာဝန်ခွဲဝေပေး၍ ရသည်။

လီရှောင်းသည် အစမ်းခန့်ကာလ ပြီးဆုံးကာစ ဖြစ်သည်။

အစမ်းခန့်ကာလအတွင်း သူ၏ စွမ်းဆောင်ရည်မှာ ထူးချွန်ပြီး အလုပ်အပေါ် စိတ်အားထက်သန်မှုမြင့်မားသည်။

အစမ်းခန့် ဝိညာဉ်တမန်တော်များထဲတွင် သူ့အစွမ်းမှာလည်း မဆိုးပေ။

လက်ရှိတွင် လေလွင့်ဝိညာဉ်အဆင့်ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အစမ်းခန့်ကာလတွင် အရင်းအမြစ် သိပ်မရှိဘဲ ဤအဆင့်သို့ ရောက်လာခြင်းမှာ တကယ်ကို ချီးကျူးစရာပင်။

"ဟုတ်ကဲ့ပါ၊ အဖွဲ့ခေါင်းဆောင်"

ကျန်းလင်၏စကားကိုကြားသော် လီရှောင်း ပြန်ထူးပြီး ဘေးနားတွင် မတ်မတ်ရပ်နေသည်။

အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေသည့် ကင်းစောင့်တစ်ယောက်ကဲ့သို့ပင်။

သူ့ ပုံစံကို မြင်သောအခါ ကျန်းလင်က စကားစလိုက်သည်။

"အစမ်းခန့်ကာလတုန်းက ဘယ်လို ခံစားရလဲ"

"အဖွဲ့ခေါင်းဆောင်ကို တင်ပြရရင်၊ အရမ်းကို အဓိပ္ပာယ်ရှိပါတယ်! အများကြီးလည်း သင်ယူခဲ့ရပါတယ်"

"အမြဲတမ်း ဝိညာဉ်တမန်တော် ဖြစ်သွားပြီဆိုတော့ ဘာတွေ တွေးထားလဲ"

"အလုပ်ကို ကြိုးကြိုးစားစားလုပ်ပါ့မယ် အဖွဲ့ခေါင်းဆောင်ရဲ့ မျှော်လင့်ချက်တွေကို အလဟဿ အဖြစ်မခံပါဘူး"

"..."

ကျန်းလင်ကတော့ ပေါ့ပေါ့ပါးပါး စကားပြောပြီး သူ့ကို စိတ်လျှော့စေချင်သော်လည်း လက်ရှိတွင်တော့ ထိုသို့လုပ်ရန် မလွယ်ကူသေးပေ။

သို့သော် မဆိုးပါဘူး၊ စည်းကမ်းရှိပြီး တည်ကြည်တဲ့သူဆိုတော့ အသင်းသားကောင်းတစ်ယောက် ဖြစ်လာမှာပါ။

[ငါ အစမ်းခန့် အလုပ်စဝင်တုန်းက ပုံစံနဲ့ တထေရာတည်းပဲ ဟားဟားဟား]

[ပထမဆုံး ရောက်လာတဲ့သူက အမြဲတမ်း အထက်လူကြီးကို အမှတ်ကောင်းကောင်း ပေးနိုင်တယ်]

[တည်ကြည်ပြီး အေးစက်နေတာပဲ အလုပ်လုပ်ရင်တော့ တိုက်တွန်းနေစရာ မလိုတဲ့ အမျိုးအစားပဲ]

Live လွှင့်ခန်းထဲရှိ Viewer များသည်လည်း ဂရုတစိုက် ကြည့်နေကြသည်။

ဤဝိညာဉ်တမန်တော်များသည် နောင်တွင် Host ရဲ့ လက် အောက်မှာ အလုပ်လုပ်ကြမည့်သူတွေ ဖြစ်သောကြောင့် သူတို့ဘက်ကလူတွေ ဖြစ်သွားပြီလေ။

နောင်တွင်လည်း မကြာခဏ မြင်ရဖို့ ရှိသောကြောင့် ကြိုတင် မျက်မှန်းတန်းထားကြခြင်းဖြစ်သည်။

"ဟော"

ထိုအချိန်တွင် ကုန်းကုန်းကုန်းကုန်းနှင့် လူရိပ်တစ်ခု နန်းဆောင်ဘက်သို့ လျှောက်လာ၏။

ထို ဝိညာဉ်မှာ ဆံပင်ဖြူဖြူ၊ မျက်လုံးထောင့်တွင် အရေးအကြောင်းများရှိကာ လက်ထဲတွင် တောင်ဝှေးတစ်ချောင်း ကိုင်ထားသော အဖွားအိုတစ်ဦး ဖြစ်သည်။

"ဖူကျား ၊ သတင်းပို့ဖို့ ရောက်လာပါပြီ"

"အင်း"

ကျန်းလင်က ခေါင်းညိတ်ပြကာ သူမကို အနားယူရန်နှင့် တခြားသူများကို စောင့်ရန် ပြောလိုက်သည်။

ဖူကျားသည် အမြဲတမ်း ဝိညာဉ်တမန်တော် ဖြစ်သည်မှာ ကြာပြီဖြစ်သည်။

အစက အဖွဲ့ ၁၆ တွင် ရှိသော်လည်း ထိုအဖွဲ့ခေါင်းဆောင် ကိစ္စဖြစ်ပြီးနောက် တခြားအဖွဲ့သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

အခုတော့ ကျန်းလင်ဆီသို့ ရောက်လာခြင်းဖြစ်သည်။

ငရဲပြည်တွင် အပြင်ပန်းကို ကြည့်၍မရပေ။

ဖူကျားသည် အိုမင်းနေသကဲ့သို့ ထင်ရသော်လည်း သူမ၏ စွမ်းဆောင်ရည်မှာ ကောင်းမွန်ပြီး အစွမ်းမှာလည်း မသေးပေ။

သူမ အဆင့်သည်လည်း တစ္ဆေစစ်သူကြီး အလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင်... သူမ ကိုင်ထားသည့် တောင်ဝှေးမှာလည်း သာမန်ပစ္စည်း မဟုတ်ကြောင်း ကျန်းလင် သတိပြုမိလိုက်သည်။

ထို့နောက် ကျန်ရှိသော ဝိညာဉ်တမန်တော်များလည်း တဖွဲဖွဲနှင့် ရောက်ရှိလာကြသည်။

ကျား၊ မ၊ ကြီး၊ ငယ် အမျိုးမျိုးပါဝင်ကာ တစ်ယောက်စီတွင် ကိုယ်ပိုင်ဟန်များ ရှိကြ၏။

Viewer များမှာလည်း အစေ့အဆန်လေးတွေ စားရင်း အကဲ ခတ်နေကြသည်။

[အလယ်က အမလေးကတော့ တော်တော်လေး စိတ်လှုပ်ရှားနေတဲ့ပုံပဲ]

[ခန့်မှန်းချက်ဘုရင်: ဟိုအဖွားကြီးနဲ့ မျက်နှာသိပ်မမြင်ရတဲ့ ဝိညာဉ်တမန်တော်ကတော့ မရိုးရှင်းဘူးလို့ ငါခံစားရတယ်]

[ငါကတော့ ပထမဆုံး ရောက်လာတဲ့ လီရှောင်းကိုပဲ အားပေးတယ်]

ယခုအခါ နန်းဆောင်အတွင်း ဝိညာဉ်တမန်တော် ၁၉ ဦး ရောက်ရှိနေပြီ ဖြစ်ကာ တစ်ဦးတည်းသာ ကျန်တော့သည်။

ကျန်းလင် အချိန်ကို ကြည့်လိုက်ပြီး တံခါးဝက လူကို အပြင်ထွက်ကြည့်ခိုင်းရမလားဟု တွေးနေစဉ်...

သန်မာထွားကြိုင်းသော လူရိပ်တစ်ခု လေပြင်းတိုက်သလို ပြေးဝင်လာ၏။

သူသည် အသက် ၃၀၊ ၄၀ ခန့်ရှိမည့် ပုံစံဖြစ်ပြီး ခန္ဓာကိုယ်မှာ ထွားကြိုင်းလှသည်။

"နျဲ့... နျဲ့ကျို ၊ သတင်းပို့ဖို့ ရောက်လာပါပြီ"

အားလုံး ရောက်နေသည်ကို မြင်သောအခါ သူက ရှက်ပြုံး ပြုံးရင်း ဗြောင်ကျကျ ပြောလိုက်သည်

"အားနာပါတယ်၊ အားနာပါတယ်၊ ပထမဆုံးအကြိမ်ဆိုတော့ လမ်းသိပ်မကျွမ်းလို့ပါ"

"..."

ကျန်းလင်၏ စိတ်ထဲတွင်တော့ ဤလူနှင့် သူ့ဒေတာကို တိုက်ဆိုင်စစ်ဆေးလိုက်သည်။

နျဲ့ကျို၊ အမြဲတမ်း ဝိညာဉ်တမန်တော် ဖြစ်သည်မှာ ကြာပြီဖြစ်သည်။

ဤ ၂၀ ဦးထဲတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး တစ္ဆေစစ်သူကြီးအဆင့် ထိပ်ဆုံးသို့ ရောက်နေသည်။

သို့သော် သူ့ စွမ်းဆောင်ရည် မှတ်တမ်းအရဆိုလျှင်တော့ အောက်ဆုံးနားမှာ ရှိနေတတ်သည်။

ထိုအခါမှသာ ကျန်းလင် ထိုင်ရာမှထကာ စာရေးစားပွဲရှေ့သို့ လျှောက်လာခဲ့သည်။

သူ့ အကြည့်မှာ ရှေ့ရှိ ဝိညာဉ်တမန်တော် ၂၀ ဦးလုံးကို ဖြတ်သန်းသွားကာ‌ စကားစပြောလိုက်၏။

"အားလုံး စုံပြီဆိုရင်တော့ စကြတာပေါ့"

"ငါ့နာမည်က ကျန်းလင်၊ ၁၈ အဖွဲ့ရဲ အဖွဲ့ခေါင်းဆောင်ပဲ ငါ့ကို အဖွဲ့ခေါင်းဆောင်ကျန်း ဒါမှမဟုတ် အဖွဲ့ခေါင်းဆောင်လို့ ခေါ်လို့ရတယ်"

ကျန်းလင် စကားပြောလိုက်ချိန်တွင် ဝိညာဉ်တမန်တော်အားလုံးကလည်း သူ့ကို ကြည့်လာကြသည်။

ထိုအခါကျန်းလင် ဩဝါဒဆက်ခြွေလိုက်၏။

"အဖွဲ့ ၁၈ မှာ ငါ မင်းတို့ဆီက တောင်းဆိုချင်တာ အချက်နှစ်ချက်ပဲ ရှိတယ်"

.....

All Chapters