← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အပိုင်း (၅၁.၁) လူကို သေချာပေါက် ရှာရမယ်

အပြင်သို့ ထွက်လာကြသောအခါ ရှန်မော့အာတို့သည် စင်္ကြံတွင် လျိုချောင်တပ်ဖွဲ့ မူလတန်းကျောင်းမှ ဆရာဟယ်နှင့် ဆုံမိကြလေသည်။

ဆရာဟယ်သည်လည်း ကျောင်းသား ၂ ဦးကို ခေါ်ဆောင်ပြီး အပြင်သို့ ထွက်ရန် ပြင်နေခြင်း ဖြစ်၏။ ရှန်မော့အာတို့က အနီးအနားသို့ လမ်းလျှောက်ထွက်မည်ဟု ဆိုသည်ကို ကြားသောအခါ သူသည် ချက်ချင်း ရယ်မောလိုက်တော့သည်။

“သူရဲကောင်းချင်း စိတ်တူတယ်ဆိုတာ ဒါမျိုးပဲ ဆရာမရှန်။ ကျွန်တော်တို့လို အရပ်ဒေသလေးတွေက လာတဲ့သူတွေအဖို့ ပြည်နယ်မြို့တော်ကို ရောက်ခဲတာဆိုတော့၊ ကျွန်တော်လည်း သူတို့ကို အမြင်ကျယ်သွားအောင် အပြင်ခေါ်သွားမလို့ ကြံနေတာပါ”

ပြည်နယ်မြို့တော်နှင့် ပတ်သက်လျှင် ဘာမှမသိဘဲ ကလေး ၂ ဦးကို ခေါ်ကာ ဦးတည်ချက်မရှိ လျှောက်သွားရန် ပြင်နေသော ရှန်မော့အာနှင့် ယှဉ်လျှင် ဆရာဟယ်က ပိုပြီးပြင်ဆင်မှု အားကောင်းလေသည်။

“ဧည့်ကြိုရဲဘော်နဲ့ ဧည့်ရိပ်သာကလူတွေကို ကျွန်တော် စုံစမ်းပြီးပါပြီ။ ပြိုင်ပွဲလုပ်မယ့် ပြည်နယ် အလုပ်သမား၊ လယ်သမားနှင့် စစ်သား မူလတန်းကျောင်းက ဒီကနေ လမ်းတစ်လမ်းပဲ ဝေးတာပါ။ အဲဒီကနေ အရှေ့ဘက်ကို လမ်းဆုံ ၂ ခုလောက် ထပ်သွားရင် ပြည်နယ်တက္ကသိုလ် ဝင်းကြီး ရှိတယ်။ ပြည်နယ်တက္ကသိုလ် ကျော်သွားရင်တော့ ကုန်တိုက်ကြီး တစ်ခုရှိတယ်”

သူတို့သည် ပြိုင်ပွဲကျင်းပမည့် ကျောင်းသို့ အရင်သွား၍ ပတ်ဝန်းကျင်နှင့် အသားကျအောင် လုပ်ကြပြီးနောက် ပြည်နယ်တက္ကသိုလ်၏ အဆင့်မြင့် ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကို သွားရောက် ခံစားကြမည်။ နောက်ဆုံးတွင်တော့ ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ အမြင်ကျယ်စေရန် ပြည်နယ်မြို့တော်ရှိ ကုန်တိုက်ကြီးသို့ သွားရောက် လည်ပတ်ကြမည်။

လမ်းတစ်လျှောက်တွင် ကလေး ၄ ဦးမှာ တစာစာ စကားပြောနေကြပြီး မကြာမီမှာပင် ရင်းနှီးသွားကြလေသည်။ လျိုချောင်ကျောင်းမှ ကလေး ၂ ဦးက ကျိုးကို တော်ကြောင်း ချီးကျူးနေသည်ကို ရှန်မော့အာ ကြားလိုက်ရ၏။ ကျိုးကျောက်တိသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းခါနေသော်လည်း သူမ၏ မျက်နှာထက်ရှိ အပြုံးမှာတော့ မည်သည့်အချိန်ကထက်မဆို ပိုပြီး တောက်ပနေလေသည်။

“ပြည်နယ်မြို့တော်ဆိုတာ တကယ်ကို မတူပါလား။ လမ်းတွေကလည်း ကျွန်တော်တို့ တပ်ဖွဲ့ထက် မရေမတွက်နိုင်အောင် ကျယ်တာပဲ။ သစ်ပင်တွေကလည်း ကောင်းကင်ကြီးကို ဖုံးနေတာပဲ။ အိမ်တွေကလည်း အင်္ဂတေအိမ်တွေချည်းပဲ။ ဒါကို ကြည့်ရင်တင် သူတို့ဘဝတွေက ကျွန်တော်တို့ထက် ဘယ်လောက် ပိုကောင်းမလဲဆိုတာ သိသာနေတာပဲ”

ဆရာဟယ်က သက်ပြင်းချကာ “ကံကောင်းလို့သာ အခုလို အမြင်ကျယ်ဖို့ အခွင့်အရေး ရတာပါ။ နောက်တစ်ခါ ဒီကို ဘယ်တော့များမှ ထပ်လာခွင့် ရပါဦးမလဲ”

လမ်းမများ ကျယ်ပြောလှသည်ဆိုသော်ငြား ရှန်မော့အာမှာ သာ့လျန်မင်းဆက်၏ မြို့တော်ကြီးတွင် ကြီးပြင်းလာခဲ့ပြီး နန်းတော်မြို့တော်နှင့် မှူးမတ်အိမ်တော်များသို့ အမြဲ ဝင်ထွက်သွားလာခဲ့သူ ဖြစ်သဖြင့် ပြည်နယ် မြို့တော်၏ လမ်းမများမှာ သူမအတွက်တော့ အလွန်အမင်း ကျယ်ပြောသည်ဟု မခံစားရပေ။ သို့သော် မြင်ကွင်းထဲတွင် ရှိနေသော အင်္ဂတေအိမ်များ၊ တချို့မှာ ၄ ထပ်၊ ၅ ထပ်ရှိသော တိုက်အိမ်များ၊ နေရာအနှံ့ တွေ့ရသော စက်ဘီးများ၊ ရံဖန်ရံခါ ဖြတ်သွားတတ်သော ကားငယ်လေးများ၊ ထို့ပြင် ဧည့်ရိပ်သာတွင် တွေ့ခဲ့ရသော လျှပ်စစ်မီးနှင့် ဘုံဘိုင်ရေများ... ဤသည်ကို ကြည့်ခြင်းအားဖြင့် ပြည်နယ်မြို့တော်ရှိ ပြည်သူများ၏ ဘဝမှာ အောက်ခြေ တပ်ဖွဲ့များရှိ လူများထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သိသာလှသည်။

“အလို... ဒီလမ်းကြားထဲမှာ ရှေးဟောင်း ခေါက်ဆွဲဆိုင်လေး တစ်ဆိုင် ရှိတယ်။ တို့တွေ တစ်ခုခု သွားစားကြမလား” ဆရာဟယ်က လမ်းကြားဟောင်းလေး တစ်ခုကို ညွှန်ပြကာ ပြောလိုက်၏။

သူတို့သည် နေ့လယ်စာကို ကားပေါ်တွင် အိမ်မှ ယူလာသော ရိက္ခာခြောက်များသာ စားခဲ့ကြသဖြင့် ယခုအချိန်တွင် ညစာစားချိန် မရောက်သေးသော်လည်း အားလုံး၏ ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေကြပြီ။ စောစောကတည်းက ဆရာဟယ် တစ်ယောက် ဟိုကြည့်ဒီကြည့် လုပ်နေသည်မှာ ပြည်နယ်မြို့တော်၏ လမ်းမများကို စူးစမ်းနေသည်ဟု ရှန်မော့အာ ထင်နေခဲ့သော်လည်း တကယ်တမ်းတွင်တော့ သူ စုံစမ်းထားသော ဒီခေါက်ဆွဲဆိုင်ကို လိုက်ရှာနေခြင်းပင်။

ခေါက်ဆွဲဆိုင်မှာ လမ်းကြားဝမှ မီတာ ၁၀၀ခန့် အကွာတွင် ရှိပြီး သစ်သားဆိုင်းဘုတ်ပေါ်တွင် ‘လျိုလမ်းကြား နိုင်ငံပိုင် ခေါက်ဆွဲဆိုင်’ ဟု ရေးထိုးထားလေသည်။ ဆိုင်ခန်း ၃ ခန်းခန့် ကျယ်ဝန်းသော ဆိုင်ကြီးဖြစ်သော်လည်း အချိန်စောနေသေးသဖြင့် ဆိုင်ထဲတွင် ဝယ်သူ မရှိသေးချေ။ အဖြူရောင် ဝတ်စုံဝတ်ထားသော ဝန်ထမ်းများမှာ စားပွဲတွင် ပျင်းရိစွာ ထိုင်နေကြသည်။

သူတို့ ဝင်သွားသောအခါ တံခါးဝရှိ ဝန်ထမ်းက ဆိုင်ဖွင့်ချိန် မရောက်သေးကြောင်း တားမြစ်လေသည်။ ဆရာဟယ်မှာ စကားပြော ကောင်းသူ ဖြစ်သဖြင့် သူတို့မှာ ပြိုင်ပွဲဝင်ရန် လာခြင်း ဖြစ်ကြောင်း၊ လမ်းခရီးတွင် ထမင်းမစားခဲ့ရကြောင်း ရှင်းပြလိုက်၏။ ဝန်ထမ်းသည် ကျုံ့ကျုံ့လေး ထိုင်နေကြသော မူလတန်း ကျောင်းသားလေးများကို ကြည့်ကာ ထပ်မတားတော့ပေ။ ဆရာဟယ်က ပိုက်ဆံနှင့် ရိက္ခာကူပွန်များ ထုတ်၍ ဧည့်ခံမည်ဟု ဆိုသော်လည်း ရှန်မော့အာက သူ့ကို အကုန်အကျ မခံစေလိုသဖြင့် နောက်ဆုံးတွင် နှစ်ယောက်စပ်၍ ခေါက်ဆွဲ ၆ ပန်းကန်နှင့် အသားစုံပြုတ် ၁ ပွဲ မှာလိုက်ကြသည်။

ခေါက်ဆွဲဆိုင်မှ စားဖိုမှူး၏ လက်ရာမှာ တကယ်ပင် မဆိုးလှပေ။ ခေါက်ဆွဲများ ရောက်လာသည်နှင့် ကလေးများမှာ “အရမ်းမွှေးတာပဲ” ဟု အံ့ဩတကြီး အော်လိုက်ကြပြီးနောက် ခေါက်ဆွဲပန်းကန်ကြီးများကို ကိုင်ကာ တရှူးရှူး တရှဲရှဲဖြင့် အငမ်းမရ စားကြလေတော့သည်။ စကား တစ်ခွန်းမှ မပြောနိုင်ကြတော့ပေ။ နောက်ဆုံးတွင် ရှန်မော့အာ၏ ပန်းကန်ထဲ၌ ခေါက်ဆွဲ တစ်ဝက်ခန့် ကျန်နေသေးချိန်တွင် ပိန်ပိန်ပါးပါး ကျိုးကျောက်တိ အပါအဝင် အားလုံးမှာ ခေါက်ဆွဲနှင့် အသားများကို အကုန်စားလိုက်ကြပြီး ခေါက်ဆွဲရည်ကိုပင် တစ်စက်မကျန် သောက်လိုက်ကြလေသည်။

“...”

ရှန်မော့အာသည်လည်း သူမ၏ အရှိန်ကို အမြန် မြှင့်လိုက်ရတော့သည်။

စားသောက်ပြီးနောက် ဆိုင်ထဲမှ ထွက်လာသောအခါ ရှန်မော့အာသည် ကလေးများ ဗိုက်ပြည့်လွန်း၍ နေမကောင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် သေချာ ကြည့်လိုက်မိ၏။ သို့သော် ကလေးများမှာမူ သူတို့၏ ဗိုက်လေးများကို ပွတ်ကာ ကျေနပ်နေကြပြီး “နေ့တိုင်း အခုလို ခေါက်ဆွဲပန်းကန်ကြီး စားရရင် ဘယ်လောက်ကောင်းမလဲ။ ကျွန်တော် ဗိုက်ဝအောင် မစားရတာ ကြာလှပြီ”

အေးဆေးလှသော ကျိုးကျောက်တိကပင် ခေါင်းငြိမ့်ကာ ထောက်ခံလေသည်။

“သမီးလည်း အတူတူပဲ။ ပြိုင်ပွဲဝင်ရတာ တကယ်ကောင်းတာပဲ။ ပြီးခဲ့တဲ့အကြိမ် မြို့ပေါ်မှာ ပြိုင်တုန်းကလည်း ဗိုက်ဝခဲ့တယ်။ ဒီတစ်ခါက ပိုတောင် စားလို့ကောင်းသေးတယ်။ နေ့တိုင်း ပြိုင်ပွဲတွေ ရှိနေရင် သိပ်ကောင်းမှာပဲ”

ဆရာဟယ်မှာ သူတို့ကြောင့် ရယ်မောနေတော့သည်။ ရှန်မော့အာ၏ စိုးရိမ်မှုကို သူက ရိပ်မိပုံရကာ “စိတ်မပူပါနဲ့၊ ဘာမှ မဖြစ်ပါဘူး။ ဒီလောက် ခေါက်ဆွဲတစ်ပန်းကန်ဆိုတာ သူတို့တင် မကဘူး၊ ကျွန်တော့်ရဲ့ ကျောင်းမတက်ရသေးတဲ့ တူမလေးတောင် အကုန်စားနိုင်တယ်။ ဒီခေတ်ကြီးမှာ ဗိုက်ဝအောင် စားရဖို့ဆိုတာ မလွယ်ဘူးလေ”

ရှန်မော့အာလည်း တွေးကြည့်မှ မှန်သည်ဟု ထင်လိုက်မိသည်။ ဤခေတ်ကာလတွင် လူများသည် ဤသို့ပင်။ ပုံမှန်ဆိုလျှင် ဝအောင် မစားရဘဲ၊ ဝအောင် စားရသည့် အချိန်တွင်တော့ သူတို့၏ ဗိုက်များမှာ အဆုံးမရှိသော တွင်းကြီးများကဲ့သို့ ဘယ်လောက် ထည့်ထည့် မပြည့်နိုင်ကြပေ။ ကလေးများ ဘာမှမဖြစ်သည်ကို တွေ့ရသဖြင့် သူမလည်း စိတ်အေးသွားသည်။

“အစ်မမော့အာ... ဟိုမှာ အစ်မတစ်ယောက် ငိုနေတယ်” မောင်းမောင်သည် ရှန်မော့အာ၏ အင်္ကျီစကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။

အဆော့သန်လှသည့် သည်ကလေးက တကယ်ပင် ပါးနပ်လှသည်။ သူ မပြောလျှင် ရှန်မော့အာ သတိထားမိမည် မဟုတ်ပေ။ ခေါက်ဆွဲဆိုင်၏ မျက်စောင်းထိုးတွင် ရှိသော ခြံဝင်းတံခါး အပြင်ဘက်ရှိ အဖြူရောင် နံရံနားတွင် အသက် ၁၈၊ ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ကျုံ့ကျုံ့လေး ထိုင်နေပြီး တစ်ခုခုကို ဆုပ်ကိုင်ထားကာ ပခုံးလေးများ သိမ့်သိမ့်တုန်အောင် ငိုကြွေးနေလေသည်။

ရှန်မော့အာ သတိထားမိသည်မှာ ထိုခြံဝင်းတံခါးတွင် သစ်သားဆိုင်းဘုတ်လေး တစ်ခု ချိတ်ဆွဲထားပြီး ‘နန်ပြည်နယ် ပန်းထိုးအင်္ကျီစက်ရုံ’ ဟု ရေးထားခြင်းပင် ဖြစ်သည်။ ဤဆိုင်းဘုတ်မှာ အနည်းငယ် ထူးဆန်းနေသည်။ ယေဘုယျအားဖြင့် ဆိုင်းဘုတ်များကို ဌာနဆိုင်ရာများ သို့မဟုတ် စီးပွားရေး လုပ်ငန်းစုကြီးများတွင်သာ ချိတ်ဆွဲလေ့ ရှိကြသည်။ နိုင်ငံပိုင် စက်ရုံ တံခါးဝတွင် ဆိုင်းဘုတ်ချိတ်ခြင်းမှာ မထူးဆန်းသော်လည်း လုပ်ငန်းခွင်တစ်ခု၏ တံခါးဝတွင် ဆိုင်းဘုတ်ချိတ်ခြင်းမှာတော့ အနည်းငယ် ထူးခြားနေ၏။ အထူးသဖြင့် ဤကဲ့သို့ စည်ကားသော လူနေရပ်ကွက် လမ်းကြားထဲတွင် ရှိနေခြင်းက ပိုထူးဆန်းနေလေသည်။

မူလက ရှန်မော့အာသည် သူတစ်ပါးကိစ္စတွင် ဝင်ပါတတ်သော ဝါသနာ မရှိပေ။ အထူးသဖြင့် ထိုမိန်းကလေးမှာ သူမထက်ပင် ၁ နှစ်၊ ၂ နှစ်ခန့် ပိုကြီးပုံရပြီး အိမ်ထောင်ပြုနိုင်သော အရွယ်သို့ ရောက်နေပြီ ဖြစ်သဖြင့် ဘာကိစ္စပင် ကြုံရသည်ဖြစ်စေ နောက်ဆုံးတွင် သူမဘာသာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆသည်။ သို့သော် ထိုမိန်းကလေး၏ လက်ထဲရှိ ပစ္စည်းကို သေချာ မြင်လိုက်ရသောအခါ ရှန်မော့အာမှာ မနေနိုင်ဘဲ လျှောက်သွားလိုက်မိတော့သည်။

“ရဲဘော်... ရှင့်လက်ထဲက ပန်းထိုးထည်လေးကို ကျွန်မကို ပြလို့ ရမလားရှင်”

အနားသို့ ရောက်သွားသောအခါ ရှိုက်သံက ပိုရှင်းလင်းလာသည်။ ရှန်မော့အာ၏ အသံကြောင့် ထိုမိန်းကလေးမှာ လန့်သွားပုံရပြီး ရှိုက်သံမှာ ချက်ချင်း ရပ်တန့်သွား၏။ သူမသည် သူမ၏ အင်္ကျီလက်ဖြင့် မျက်နှာကို အသာအယာ သုတ်လိုက်ပြီး ရှန်မော့အာကို မော့ကြည့်လေသည်။ သူမသိသော သူစိမ်းတစ်ယောက် ဖြစ်နေသည်ကို မြင်သောအခါ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ်ဖြင့် သူမလက်ထဲမှ ပစ္စည်းကို မြှောက်ပြလိုက်၏။

“ပျက်စီးသွားတဲ့ ပစ္စည်းတစ်ခုပဲ၊ ဘာကြည့်စရာ ရှိလို့လဲ။ ကြည့်ချင်ရင်လည်း ကြည့်လေ”

သူမ၏ သဘောထားက မကောင်းလှသော်လည်း ရှန်မော့အာက ဂရုမစိုက်ပေ။ သူမ၏ စကားအရဆိုလျှင် ပန်းထိုးထားသည့်အရာ ပျက်စီးသွားသဖြင့် စိတ်ညစ်ပြီး ငိုနေခြင်း ဖြစ်ကြောင်း သိသာလှသည်။ ရှန်မော့အာသည် ထိုပစ္စည်းကို ဂရုတစိုက် လှမ်းယူလိုက်၏။ ၎င်းမှာ ‘ပျိုနီ’ ပန်းပုံ တစ်ခု ဖြစ်သည်။ ရှန်မော့အာ၏ အမြင်အရဆိုလျှင် အရောင်မှာ အနည်းငယ် တောက်လွန်းသော်လည်း ပန်းထိုးနည်းစနစ်မှာတော့ မဆိုးလှပေ။ သို့သော် တစ်နေရာတွင် အမှားအယွင်း တစ်ခု ရှိနေပြီး ထိုးသည့်သူမှာ အကုန်ပြီးမှ သိလိုက်ရပုံ ရကာ ယခုအချိန်တွင် ပြန်ပြင်ရန်မှာလည်း အလွန် ခက်ခဲနေပြီ ဖြစ်သည်။

ဤပန်းထိုးထည်ကို သူမ သတိထားမိရခြင်းမှာ ဤပျိုနီပုံစံမှာ သာ့လျန်မင်းဆက် နန်းတော်ထဲရှိ ကြင်ယာတော် ချောင်ဖေး အနှစ်သက်ဆုံး ပုံစံနှင့် အလွန်တူနေသောကြောင့်ပင်။ သူမနှင့် သူမ၏ အဖေသည် ကြင်ယာတော် ချောင်ဖေးနှင့် အမြဲတမ်း တစ်ဖက်နှင့်တစ်ဖက် အဆင်မပြေခဲ့ကြသဖြင့် သူမနှင့် သက်ဆိုင်သောအရာများကို တွေ့လျှင် မတော်တဆ အန္တရာယ် မကြုံရလေအောင် အမြဲတမ်း သတိထားကြည့်လေ့ ရှိကြသည်။ ယခု သေသေချာချာ ကြည့်လိုက်သောအခါတွင်တော့ ကွဲပြားမှုများစွာ ရှိနေလေသည်။

ရှန်မော့အာသည် ထိုမိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး ကုသိုလ်တစ်ခု လုပ်ပေးလိုက်မည်ဟု တွေးလိုက်မိ၏။

“တကယ်တော့ ဒါက လုံးဝ ပျက်စီးသွားတာ မဟုတ်ပါဘူး။ ပြင်ချင်ရင် ပြင်လို့ ရပါသေးတယ်”

ထို့နောက်တွင် သူမသည် ကြင်ယာတော် ချောင်ဖေး အနှစ်သက်ဆုံး ပုံစံရှိ ပန်းထိုးနည်းစနစ်များအတိုင်း အနည်းငယ် ရှင်းပြပေးလိုက်သည်။ ထိုမိန်းကလေးမှာ အစပိုင်းတွင် ဂရုမစိုက်သော်လည်း နောက်ပိုင်းတွင် ရှန်မော့အာ ပြောသည့် စကားများမှာ အချက်ကျနေပြီး ပန်းထိုးနည်းစနစ် အမျိုးမျိုးကိုလည်း ကျွမ်းကျင်စွာ ပြောနိုင်သည်ကို တွေ့သောအခါ ပိုပြီး အာရုံစိုက် နားထောင်လာလေတော့သည်။ ရှန်မော့အာသည် သူမ၏ လွယ်အိတ်ထဲမှ စက္ကူနှင့် ဖောင်တိန်ကို ထုတ်ယူကာ ပုံစံလေးကို ရေးဆွဲပေးလိုက်သောအခါ ထိုမိန်းကလေးမှာ အံ့အားသင့်သွားပြီး သူမ၏ မှတ်စုစာအုပ်မှ ဆုတ်ယူထားသော စက္ကူလေးကို ရတနာတစ်ခုကဲ့သို့ ဆုပ်ကိုင်ထားလေတော့သည်။

သူမက ပုံစံကို စိုက်ကြည့်ပြီး မှင်သက်နေသည်ကို မြင်သောအခါ ရှန်မော့အာလည်း ဘာမှ ဆက်မပြောတော့ဘဲ ဘေးတွင် ချောင်းကြည့်နေသော မောင်းမောင်တို့ကို ခေါ်ဆောင်ကာ ထွက်ခွာလာခဲ့လေသည်။

ဆရာဟယ်က အံ့ဩတကြီး ပြောလိုက်၏။

“ဆရာမရှန်... မင်းက ပန်းထိုးပညာကိုလည်း ဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး”

ရှန်မော့အာမှာ အခိုက်တန့် ဆွံ့အသွားပြီးမှ ပြန်ပြောလိုက်သည်။

“ဒါတွေက ကျွန်မအမေဆီက သင်ထားတာပါ။ လေ့ကျင့်ဖို့ အခွင့်အရေး သိပ်မရှိတာမို့ စာတွေ့လောက်ပဲ တတ်တာပါ”

ဆရာဟယ်က ဆက်ပြော၏။

“ဒါတောင် တော်တော်လေး တော်နေပါပြီ။ ပြီးတော့ မင်း ပြီးခဲ့တဲ့အကြိမ်က ပြောတုန်းက မင်းတို့ အဖေနဲ့ ယှဉ်ရင် မင်းက အပေါ်ယံလောက်ပဲ တတ်တာဆို။ ဟင်း... အခုလေးတင် ကျွန်တော် မြင်လိုက်ရတဲ့ မင်းရဲ့ ပန်းချီအခြေခံကသာ အပေါ်ယံဆိုရင် ဆရာမတုန်းတို့ကတော့ စာရွက်မှာ လျှောက်ခြစ်တာလောက် ရှိတော့မှာပါပဲ”

ရှန်မော့အာမှာ သူ့ စကားကြောင့် ရယ်မောမိသွားသည်။

“ရှင်က ဆရာမတုန်း ပုံဆွဲတာကို မြင်ဖူးလို့လား။ အခုလို ပြောနေတာကို ဆရာမတုန်း သိသွားမှာ မကြောက်ဘူးလား”

ဆရာဟယ်က ပြန်ပြောလိုက်သည်။

“အရင်က ခရိုင်မှာ အစည်းအဝေးသွားတုန်းက တိုက်တိုက်ဆိုင်ဆိုင် မြင်ခဲ့ဖူးတာပါ။ ကျွန်တော်က အမှန်အတိုင်း ပြောတာပဲ။ ပြီးတော့ ဆရာမတုန်းက ဘယ်လိုလုပ် သိမှာလဲ၊ မင်းက သွားပြောမှပဲ သိမှာပေါ့”

မောင်းမောင်က ချက်ချင်းပင် အနားသို့ ကပ်လာပြီး လက်ကလေးကို မြှောက်ကာ ပြောလေသည်။

“ကျွန်တော်လည်း ရှိသေးတယ်နော်!”

ဆရာဟယ်: “...”

ရှန်မော့အာတို့ လမ်းကြားထဲမှ ထွက်ခွာသွားပြီး မိနစ် ၂၀ ခန့်အကြာတွင် မျက်မှန်တပ်ထားပြီး နားရွက်အထိ ဆံပင်အတို ညှပ်ထားသော၊ မီးခိုးပြာရောင် ကေဒါဝတ်စုံကို ဝတ်ဆင်ထားသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ရဲဘော်တစ်ဦးသည် ပန်းထိုးအလုပ်ရုံ ခြံဝင်းထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။ သူမသည် လမ်းကြား၏ အရှေ့အနောက်ကို အပူတပြင်း ကြည့်ရှုပြီးနောက် အနောက်မှ လိုက်လာသည့် စောစောက ငိုနေသော မိန်းကလေးကို မေးလိုက်၏။

“ရှောက်လီ... လူက ဘယ်မှာလဲ!”

နျိုရှောက်လီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ဖြေသည်။

“ဒီလောက် အချိန်အကြာကြီး ရှိသွားပြီဆိုတော့ အဝေးကို ရောက်သွားလောက်ပါပြီ”

သူမက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ “ညွှန်ကြားရေးမှူးချန်... ဒီပုံစံက အဲဒီလောက်တောင် ကောင်းလို့လားရှင်”

ချန်ကျားဟွာက မျက်မှောင်ကြုတ်လိုက်ပြီဂ “လမ်းဆုံကို သွားကြည့်ရအောင်”

သူမသည် လမ်းဆုံဘက်သို့ အမြန်လျှောက်သွားရင်း ရေရွက်နေလေ၏။ “ရေးဆွဲထားတာက ပန်းပွင့်ဖတ် အစိတ်အပိုင်းလေး တစ်ခုပဲ ဆိုပေမဲ့ ‘အပေါက်ကလေးကနေ ကြည့်ရုံနဲ့ တစ်ခုလုံးကို သိနိုင်တယ်’ ဆိုသလိုပဲ၊ ဒီပုံစံတစ်ခုလုံးက အရမ်းကို ဂန္ထဝင်ဆန်ပြီး ယဉ်ကျေးသိမ်မွေ့လွန်းတယ်။ အဓိကအချက်ကတော့ ဒီလူက ပန်းထိုးနည်းစနစ်တွေကို အသုံးချတတ်ပုံက နတ်ဘုရားတစ်ပါးလိုကို ကျွမ်းကျင်တာပဲ။ ဒီလို လူတော်မျိုးကိုသာ ငါတို့ ပထမအလုပ်ရုံထဲကို သိမ်းသွင်းနိုင်ရင် ငါတို့ရဲ့ ပစ္စည်းတင်ပို့မှု ပမာဏ တိုးမလာမှာကို စိတ်ပူနေစရာ မလိုတော့ဘူး”

နျိုရှောက်လီကတော့ နှာခေါင်းရှုံ့ကာ အထင်မကြီးဟန်ဖြင့် ကျန်ရစ်ခဲ့လေတော့သည်။

...

အပိုင်း (၅၁.၂)

ချန်ကျားဟွာသည် လမ်းဆုံသို့ ရောက်ရှိလာသော်လည်း ကားများနှင့် လူများသာ ရှုပ်ထွေးနေပြီး ကလေး ၄ ဦးကို ခေါ်ဆောင်လာသည့် မိန်းကလေးနှင့် လူငယ်ကိုတော့ မတွေ့ရတော့ပေ။ သူတို့မှာ နောက်ကျသွားသဖြင့် ထိုသူများမှာ အဝေးသို့ ရောက်ရှိသွားပုံ ရသည်။

ချန်ကျားဟွာသည် အလွန်ပင် စိတ်ပျက်သွားပြီး အတန်ကြာမှ သက်ပြင်းတစ်ချက် ချကာ လမ်းကြားထဲသို့ ပြန်လှည့်လာရင်း မကျေမနပ် ရေရွတ်နေမိလေသည်။ “ဘာလို့ လူကြီး ၂ ယောက်က ကလေး ၄ ယောက်တောင် ခေါ်လာရတာလဲ”

သူမသည် မော့ကြည့်လိုက်သောအခါ လျိုလမ်းကြား နိုင်ငံပိုင် ခေါက်ဆွဲဆိုင် ဆိုင်းဘုတ်ကို မြင်လိုက်ရသဖြင့် စိတ်ကူးတစ်ခု ရကာ ဆိုင်ထဲသို့ အမြန်ဝင်သွားလိုက်၏။ သူတို့၏ အသွင်အပြင်မှာ ထူးခြားလှသဖြင့် ဝန်ထမ်းကို မေးလိုက်သည်နှင့် ချက်ချင်းပင် မှတ်မိသွားသည်။

“ကလေး ၄ ယောက်နဲ့ လူငယ် ၂ ယောက်လား၊ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ ဆိုင်မှာ ခေါက်ဆွဲ လာစားကြတာလေ။ ကလေးတွေဆိုရင် တစ်ယောက်ကို ပန်းကန်ကြီး တစ်လုံးစီတောင် ကုန်အောင် စားသွားတာ။ သူတို့က အောက်ခြေ တပ်ဖွဲ့ကနေ ပန်းချီပြိုင်ပွဲ လာဖြေတာတဲ့၊ လူကြီး ၂ ယောက်က ဆရာတွေလို့ ပြောတယ်”

“ဘယ်တပ်ဖွဲ့ကလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူးဗျ။ ဒါပေမဲ့ အနီးနားက ဧည့်ရိပ်သာ တစ်ခုခုမှာ တည်းနေကြတာ ဖြစ်မယ်။ ဧည့်ရိပ်သာ ဝန်ထမ်းက ကျွန်တော်တို့ ဆိုင်ကို ညွှန်းလိုက်လို့ တကူးတက လာစားတာလို့ ပြောသွားကြတယ်။ ညွှန်ကြားရေးမှူးချန်က သူတို့ကို ကိစ္စရှိလို့ ရှာနေတာလား”

နောက်ထပ် ထိရောက်သော သတင်းအချက်အလက်များကို ထပ်မံ မသိရှိရတော့သဖြင့် ချန်ကျားဟွာသည် အကြောင်းပြချက် တစ်ခုပေးကာ ဝန်ထမ်းကို ကျေးဇူးတင်စကား ဆိုပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။

နျိုရှောက်လီသည် သူမ၏ မျက်နှာအမူအရာ တည်တင်းနေသည်ကို မြင်သောအခါ သတင်းမရရှိဟု ထင်မှတ်ကာ ပြောလိုက်၏။ “ညွှန်ကြားရေးမှူး... တကယ်တော့ ဒါက ပုံကြမ်းတစ်ဝက်ပဲ ရှိတာဆိုတော့ အသုံးဝင်၊ မဝင်လည်း မသိနိုင်ပါဘူး”

အမှန်တကယ်တွင်တော့ နျိုရှောက်လီကိုယ်တိုင်ပင် ထိုပုံစံကို ကြားသိရပြီးနောက် အလွန် စိတ်လှုပ်ရှားခဲ့သဖြင့် ချန်ကျားဟွာထံသို့ တိုက်ရိုက် သွားရောက် အစီရင်ခံခဲ့ခြင်းပင်။ သို့သော် ချန်ကျားဟွာက သည်လောက်အထိ အလေးထားနေသည်ကို တွေ့ရသောအခါ သူမ၏ စိတ်ထဲတွင် အနည်းငယ် မနာလို ဖြစ်လာမိလေသည်။

ချန်ကျားဟွာသည် နျိုရှောက်လီ ပြောသည်ကို သတိပင် မထားမိဘဲ မျက်မှောင်ကြုတ်ကာ စဉ်းစားပြီး “ရှောက်လီ... တို့တွေ အနီးနားက ဧည့်ရိပ်သာတွေကို ခွဲပြီး လိုက်ရှာကြရအောင်။ လူကို သေချာပေါက် ရှာတွေ့အောင် ရှာရမယ်”

နျိုရှောက်လီ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

ရှန်မော့အာမှာမူ လျိုလမ်းကြားတွင် ဖြစ်ပျက်နေသည်များကို ဘာမှ မသိရှိဘဲ ပြည်နယ် အလုပ်သမား၊ လယ်သမားနှင့် စစ်သား မူလတန်းကျောင်းနှင့် ပြည်နယ်တက္ကသိုလ် ဝင်းကြီးအတွင်းသို့ လိုက်လံ ကြည့်ရှုနေကြသည်။ သူတို့မှာ အပြင်ဘက်မှသာ လှမ်းကြည့်ကြခြင်း ဖြစ်သော်လည်း မူလတန်း ကျောင်းသားလေးများမှာ အံ့ဪတကြီး ဖြစ်နေကြ၏။ အထူးသဖြင့် ပြည်နယ်တက္ကသိုလ်ကြီးမှာ ကျောင်းတံခါးဝကပင် ခမ်းနားလှပြီး တက္ကသိုလ် တံတိုင်းကြီးအတိုင်း အကြာကြီး လျှောက်လာခဲ့ကြသဖြင့် ကလေးများမှာ ပြည်နယ်တက္ကသိုလ်ကြီးမှာ တပ်ဖွဲ့တစ်ခုလုံးထက်ပင် ပိုကျယ်ဝန်းသည်ဟု မှတ်ချက်ပေးနေကြလေသည်။

ကုန်တိုက်ကြီးသို့ ရောက်သောအခါတွင်တော့ ပိုလို့ပင် ထူးခြားသွားတော့သည်။ တပ်ဖွဲ့ရှိ သမဝါယမဆိုင်နှင့် ပြည်နယ်မြို့တော်မှ ကုန်တိုက်ကြီးကို နှိုင်းယှဉ်လျှင် မင်းသမီးနှင့် အစေခံမလေးကဲ့သို့ပင် ကွာခြားလှသည်။ ကုန်တိုက်ကြီးမှာ မြင့်မားကျယ်ဝန်းလှရုံသာမက ကုန်ပစ္စည်းများမှာလည်း စုံလင်လှသဖြင့် ရွာမှလာသော သူတို့အတွက် တစ်ခါမှ မမြင်ဖူးသော အရာများပင် ရှိနေသည်။ ရှန်မော့အာသည် အရေးတကြီး လိုအပ်သော နေ့စဉ်သုံး ပစ္စည်းတချို့နှင့် တပ်ဖွဲ့တွင် မရှိသော အစားအစာ တချို့ကို ဝယ်ယူခဲ့ပြီး ဆရာဟယ်ကတော့ မုန့်ထုပ်ကြီး တစ်ထုပ်ကို ဝယ်ယူခဲ့သည်။ သူတို့သည် ကျောင်းသားများကို မုန့်များ ဝေငှပေးလိုက်သောအခါ ကလေးများမှာ ခေါက်ဆွဲကောင်းကောင်း စားရရုံတင်မကဘဲ ယခုကဲ့သို့ မုန့်များပါ ထပ်မံ စားရသဖြင့် မျက်နှာလေးများမှာ ပျော်ရွှင်မှုကြောင့် နီမြန်းနေကြတော့သည်။

ကုန်တိုက်ကြီးမှ ထွက်လာချိန်တွင် အလုပ်ဆင်းချိန် ဖြစ်သဖြင့် လမ်းမပေါ်၌ စက်ဘီးများမှာ စီတန်းနေကာ ကျောင်းသားလေးများသာမက ရှန်မော့အာနှင့် ဆရာဟယ်တို့ပင် အံ့အားသင့်သွားကြသည်။ တပ်ဖွဲ့တစ်ခုလုံးတွင် တစ်စီး သို့မဟုတ် နှစ်စီးသာ ရှိတတ်ပြီး ရှန်ရှောက်ယွမ်ကဲ့သို့ စက်ဘီးအဟောင်း တစ်စီး ရရှိထားလျှင်ပင် အားလုံးက အားကျနေကြရသော စက်ဘီးများမှာ ပြည်နယ်မြို့တော်တွင်တော့ အလကားရသကဲ့သို့ နေရာအနှံ့ တွေ့နေရသည်။ ဧည့်ရိပ်သာသို့ ပြန်ရောက်သည့်တိုင်အောင် ကလေးများမှာ လမ်းတလျှောက် မြင်တွေ့ခဲ့ရသည်များကို တတွတ်တွတ် ပြောဆိုနေကြဆဲပင်။

အပေါ်ထပ်သို့ တက်လာစဉ် ဆရာမဟူနှင့် ဒုဌာနမှူး ခယ့်ဟုန်ဝမ်တို့နှင့် မျက်နှာချင်းဆိုင် တိုးမိလေသည်။ ဆရာမဟူမှာ ဆက်ဆံရေး ပျက်ပြားသွားပြီ ဖြစ်သဖြင့် ဟန်မဆောင်တော့ဘဲ သူတို့ရှေ့တွင်ပင် ပေါ်ပေါ်ထင်ထင် ဝေဖန်တော့သည်။

“ဟင်း... အမြင်မကျယ်တဲ့ လူတွေဆိုတော့လည်း ဒီလိုပါပဲ။ ဒီလောက် အရေးကြီးတဲ့ အချိန်မှာတောင် အပူတပြင်း လေ့ကျင့်ဖို့ မစဉ်းစားဘဲ ကျောင်းသားတွေကို ခေါ်ပြီး လမ်းလျှောက်ထွက်နေကြသေးတယ်။ လောင်ခယ့်... ကြည့်စမ်းပါဦး။ ကျွန်မက သူတို့ကို အစွဲရှိလို့ ပြောနေတာ မဟုတ်ပါဘူး။ ဒီလို သဘောထားမျိုးနဲ့ တစ်ခါတော့ ကံကောင်းပြီး ဆုရချင် ရမယ်၊ အမြဲတမ်းတော့ ကံကောင်းနေပါ့မလား”

ဒုဌာနမှူး ခယ့်ဟုန်ဝမ်သည် မျက်မှောင်ကြုတ်ကာ ရှန်မော့အာတို့ကို ကြည့်လိုက်သဖြင့် စောစောကမှ စကားပြောနေကြသော ကလေးများမှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး ခေါင်းငုံ့ကာ သူ့ကို ခိုးကြည့်နေကြတော့သည်။

“ပြိုင်ပွဲက အရေးအကြီးဆုံးပဲ။ ဆရာဟယ်၊ ဆရာမရှန်... ပြိုင်ပွဲနဲ့ မဆိုင်တဲ့ ကိစ္စတွေကို တတ်နိုင်သမျှ မလုပ်ကြပါနဲ့” အတန်ကြာမှ ဒုဌာနမှူးက ပြောလိုက်၏။

သူ့စကားလုံးများက မရေမရာသော်လည်း အဓိပ္ပါယ်က ရှင်းနေသည်။ __ရှန်မော့အာနှင့် ဆရာဟယ်တို့၏ လုပ်ရပ်များကို သူ မထောက်ခံ။ ပြောပြီးသည်နှင့် သူသည် ခေါင်းညိတ်ပြကာ ထွက်သွားတော့သည်။

ဆရာမဟူမှာ အောင်ပွဲခံသည့် ကြက်ဖကြီးကဲ့သို့ ခေါင်းကို မော့ကာ သူ့နောက်မှ လိုက်သွားတော့သည်။ ကလေးများသည် သူတို့၏ ဆရာများကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။ ဆရာဟယ်မှာ စိတ်ပျက်နေသော်လည်း ရှန်မော့အာကတော့ ပြုံးကာ ပြောလိုက်၏။

“တို့တွေ လုပ်တဲ့ကိစ္စတွေက ပြိုင်ပွဲနဲ့ မဆိုင်တာ မဟုတ်ပါဘူး။ မနက်ဖြန် ပြိုင်မယ့် နေရာကို ကြိုသွားကြည့်ထားတော့ မနက်ဖြန် ရောက်ရင် အကျွမ်းတဝင် ရှိပြီး မကြောက်တော့ဘူး မဟုတ်လား။ နောက်ပြီး အရသာရှိတဲ့ ခေါက်ဆွဲ စားခဲ့ကြရတော့ ဒီနေ့ည ဗိုက်မဆာဘဲ အိပ်ပျော်မယ်၊ မနက်ဖြန်ကျရင် ပိုပြီး အားရှိမှာပေါ့။ လမ်းမှာ မြင်ခဲ့တွေ့ခဲ့ရတာတွေ အားလုံးကလည်း အရင်က တစ်ခါမှ မမြင်ဖူးတာတွေဆိုတော့ ပုံဆွဲဖို့အတွက် စိတ်ကူးသစ်တွေ ပိုရတာပေါ့၊ မဟုတ်ဘူးလား”

မောင်းမောင်သည် ချက်ချင်းပင် ရင်ကို မော့ကာ ခါးကို ထောက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “နောက်ဆိုရင် ကျွန်တော် ကုန်တိုက်ကြီးကို ဆွဲတတ်ပြီ၊ ဦးထုပ်ဆောင်းထားတဲ့ ဝန်ထမ်း အစ်မကြီးတွေကို ဆွဲတတ်ပြီ၊ ပြီးတော့ အကြီးကြီး ဖြစ်နေတဲ့ ကျောင်းကြီးတွေကိုလည်း ဆွဲတတ်ပြီ... ဒါတွေ အရင်က ကျွန်တော် မဆွဲတတ်ဘူး၊ အခုတော့ ဆွဲတတ်သွားပြီ!”

ယခုအချိန်တွင် သူသည် နှုတ်အားဖြင့် အနိုင်ယူနိုင်သည်ဖြစ်သော်ငြား သူ့ယုံကြည်မှုကတော့ ကောင်းသည့်ကိစ္စပင်။ ရှန်မော့အာက မောင်းမောင်၏ ခေါင်းကို ပွတ်သပ်ကာ ချီးကျူးလိုက်လေသည်။ “ရဲဘော်လေး ချန်ယွီ ပြောတာ မှန်တယ်။ ဆရာမက သားတို့ကို ယုံကြည်တယ်။ ဒီနေ့ လေ့လာခဲ့တာတွေကြောင့် မနက်ဖြန် ပြိုင်ပွဲမှာ ပိုပြီး စွမ်းဆောင်နိုင်လိမ့်မယ်”

ကလေးများမှာ စိုးရိမ်စိတ်မှသည် ယုံကြည်မှုရှိသော မျက်နှာအမူအရာများသို့ ပြောင်းလဲသွားကြပြီး တဖြည်းဖြည်းနှင့် ယုံကြည်မှုအသွင် ပြောင်းလဲသွားခဲ့သည်။ သိပ်မကြာခင်မှာပင် သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် တဖန် စကားပြောကြပြန်သည်။

ဆရာဟယ်ကတော့ ရှန်မော့အာကို လက်မထောင်ပြကာ ချီးကျူးလိုက်မိလေသည်။

သူတို့၆ယောက်သည် အခန်းအသီးသီးသို့ ဝင်သွားကြစဉ် လမ်းချိုးတစ်နေရာမှ ဤမြင်ကွင်းကို မြင်လိုက်ရသော လျိုယာတန့်သည် ဘေးရှိ စာရေးမလေး ရှောင်ချွေ့ကို မေးလိုက်၏။

“အခုနက ကျန်းပေခရိုင်က ခယ့်ဟုန်ဝမ် မဟုတ်လား။ အဲဒီ လူငယ်ဆရာ ၂ ယောက်က ဘယ်သူတွေလဲ သိလား”

စာရေးမလေး ရှောင်ချွေ့မှာ လင်ကျန်းမြို့ ပညာရေးဗျူရိုမှ ဖြစ်ပြီး ပြိုင်ပွဲဝင်များကို စီစဉ်ပေးရသူ ဖြစ်သဖြင့် ကျောင်းသား ဆရာအားလုံးကို သိရှိထားသူ ဖြစ်သည်။ အထူးသဖြင့် လျိုချောင်တပ်ဖွဲ့က မြို့နယ်အဆင့် ဒုတိယဆု ရရှိထားသူ ရှိသဖြင့် သူမ ပိုသတိထားမိခဲ့သည်။ သူမက ချက်ချင်းပင် ဖြေလိုက်၏။

“ဌာနမှူးလျို... သူတို့က ကျန်းပေခရိုင် လျိုချောင်တပ်ဖွဲ့ကပါ။ အမျိုးသားက ဆရာဟယ်မင်တာ၊ အမျိုးသမီးက ယန်လျိုတပ်ဖွဲ့ ကျောင်းက ဆရာမ ရှန်မော့အာပါ”

လျိုယာတန့်က ခေါင်းညိတ်လိုက်ပြီး “မြို့နယ်အဆင့်မှာ ဒုတိယဆု ရခဲ့တဲ့သူက အဲဒီကလား”

ရှောင်ချွေ့ကတော့ အင်းဟု ထောက်ခံလိုက်သော်လည်း ဘာမှ ထပ်မပြောလိုက်ချေ။

နောက်တစ်နေ့တွင် ပြိုင်ပွဲဝင်မည့် ကျောင်းသူ ကျောင်းသားများသည် မိမိတို့၏ဆရာများ ဦးဆောင်မှုအောက်တွင် နန်ပြည်နယ် အလုပ်သမား၊ လယ်သမားနှင့် စစ်သည် မူလတန်းကျောင်းသို့ ရောက်ရှိလာကြသည်။ လင်ကျန်းမြို့က ကျောင်းသားများကိုလည်း တခန်းထဲတွင် စီစဉ်ပေးထားခဲ့သည်။

ထိုအခါကျမှ ကျန်းပေခရိုင်မှ ပြိုင်ပွဲဝင် ဦးရေမှာ အများဆုံး ဖြစ်နေသည်ကို ရှန်မော့အာ သတိထားလိုက်မိသည်။ တခြားခရိုင်များမှာ ကျောင်းသား ၃-၄ယောက်သာရှိပြီး မြို့ကျောင်းတစ်ခုမှ အများဆုံးအရေအတွက်မှာ ၅ယောက်သာ ရှိသည်။ ယှဉ်ကြည့်မည်ဆိုလျှင် လျိုချောင်တပ်ဖွဲ့က ခရိုင်တစ်ခုလုံးတွင် ပြိုင်ပွဲဝင် အများဆုံး ဖြစ်နေသည်။

ထို့ပြင် တခြားကျောင်းများမှ ကျောင်းသားများသည် စိုးရိမ်ပူပန်ပြီး တင်းမာနေပုံရကာ ညတစ်ရေးမှ မအိပ်ရသေးသည့်အလား မျက်ကွင်းညိုကာ ပင်ပန်းနွမ်းနယ်နေကြ၏။ လျိုချောင်တပ်ဖွဲ့မှ တက်ကြွလှုပ်ရှားနေသော ကလေး ၄ ယောက်သာလျှင် "နံနက် ၈ နာရီ သို့မဟုတ် ၉ နာရီ အချိန်ရှိ နေမင်းကြီး" ကဲ့သို့ ခွန်အားများ ပြည့်ဝနေကြလေသည်။

အမြဲတမ်း ရယ်စရာပြောတတ်သည့် ဆရာဟယ်က ကျောင်းသားများ ခန်းမထဲသို့ ဝင်သွားသည်နှင့် ရှန်မော့အာအနားသို့ ကပ်လာကာ တီးတိုးပြောလိုက်လေသည်။ "ကျွန်တော်တို့တော့ သေချာနေပြီဗျ။ အနည်းဆုံးတော့ ကျွန်တော်တို့တပ်ဖွဲ့က ကလေး ၄ ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အပြတ်အသတ်ကို သာနေတာ"

"ကျွန်တော်တို့ ခရိုင်က တခြား ၃ ယောက်က ဘာဖြစ်နေတာလဲ။ ညက မအိပ်ရသေးတဲ့ပုံပဲ။ အဲဒီပုံစံနဲ့ ပြိုင်ပွဲမှာ ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပါ့မလား"

"..."

ရှန်မော့အာသည် အကြောင်းရင်းကို အတိအကျ သိနေလေသည်။ သူမသည် တုန်းဖန်ဟုန် မူလတန်းကျောင်းမှ ဆရာ၊ ကျောင်းသားများနှင့် အခန်းတူတူ ကျနေသောကြောင့်ပင်။ အပြင်ထွက်လည်ပြီးနောက် သူတို့သည် အလွန်ပင်ပန်းနေသဖြင့် ရေမိုးချိုးပြီးသည်နှင့် အိပ်ရာဝင်ခဲ့ကြသည်။ သို့သော်ငြားလည်း တုန်းဖန်ဟုန် မူလတန်းကျောင်းမှ ဆရာများနှင့် ကျောင်းသားများသည် ညဉ့်နက်သည်အထိ စာလုပ်နေခဲ့ကြလေသည်။ ညသန်းခေါင်ယံတွင် ရှန်မော့အာသည် ရေဆာသဖြင့် နိုးလာသောအခါ ထို ၃ ယောက်လုံးက နိုးနေကြဆဲဖြစ်ပြီး ပန်းချီဆွဲနေကြသည်ကို တွေ့လိုက်ရ၏။

ကျောင်းသားများ ပြိုင်ပွဲဝင်နေချိန်တွင် ဆရာများသည် ဘာလုပ်ရမှန်းမသိဘဲ အချိန်ဖြုန်းနေရလေသည်။ ကံကောင်းထောက်မစွာဖြင့် နန်ပြည်နယ် အလုပ်သမား၊ လယ်သမားနှင့် စစ်သည် မူလတန်းကျောင်းသည် အတော်လေး ဧည့်ဝတ်ကျေပွန်ပြီး သူတို့ ထိုင်ပြီး စကားပြောနိုင်ရန် စာသင်ခန်း အများအပြားကို စီစဉ်ပေးထားလေသည်။ အကယ်၍ သူတို့ ကျောင်းဝင်းထဲတွင် လမ်းလျှောက်ချင်ပါက ကျောင်းက ပြိုင်ပွဲမရှိသော နေရာများသို့ လိုက်ပြပေးရန် လူတစ်ယောက်ကိုလည်း စီစဉ်ပေးထားသေး၏။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ခေါင်းလောင်းသံ မြည်လာသောအခါ လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်သော်လည်း ရလဒ်များနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကတော့ ကျန်ရှိနေဆဲပင်။

မောင်းမောင်က စာသင်ခန်းထဲမှ ပထမဆုံး ပြေးထွက်လာပြီး ရှန်မော့အာကို မြင်သည်နှင့် အော်ပြောလိုက်လေသည်။ "အစ်မ မော့အာ... ကျွန်တော် ပန်းချီ တော်တော်လေး ကောင်းကောင်း ဆွဲနိုင်ခဲ့တယ်ဗျ"

ကျိုးကျောက်တိနှင့် တပ်ဖွဲ့မူလတန်းကျောင်းမှ ကျောင်းသား ၂ ယောက်က သူ့နောက်မှ ကပ်လျက် လိုက်ပါလာပြီး သူတို့၏ မျက်နှာများသည် ပြေလျော့ကာ ပြုံးရွှင်နေကြ၏။

"အားလုံး ကောင်းကောင်း လုပ်နိုင်ခဲ့တဲ့ပုံပဲ" ဆရာဟယ်က ပြုံးကာ ပြောလိုက်လေသည်။

ထို့နောက်တွင်တော့ တခြားကျောင်းများမှ ဆရာများသည် သူတို့၏ ကိုယ်ပိုင်ကျောင်းသားများ စာသင်ခန်းထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်ကို မြင်လိုက်ရပြီး သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။

"..."

ဘာ အားလုံးလဲ။ ခင်ဗျားတို့ပဲ မဟုတ်ဘူးလား။

...

အပိုင်း (၅၂.၁) နေ့လယ်စာဆုလာဒ်နှင့် ရည်မှန်းချက်အတွက် သင်ခန်းစာ

မွန်းလွဲစာကို လင်ကျန်းမြို့ ပညာရေးဗျူရိုမှ တာဝန်ရှိသူများက စီစဉ်ပေးခဲ့ကြသည်။ အနီးအနားရှိ ပြည်သူပိုင်စားသောက်ဆိုင်တွင် စားပွဲဝိုင်း တချို့ကို ကြိုတင်မှာယူထားခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်ရောက်ခဲ့ကြသည့် ခရိုင်အသီးသီးမှ သူများကို ကျွေးမွေးပြုစုခြင်းပင် ဖြစ်လေသည်။ ကျန်းပေခရိုင်မှ လူဦးရေမှာ အများဆုံး ဖြစ်သဖြင့် စားပွဲဝိုင်း တစ်ဝိုင်းစာ အပြည့် နေရာယူထားကြ၏။

ကလေးများမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။ အိမ်တွင် ဖြစ်စေ၊ ဧည့်သည်လာ၍ ကျွေးမွေးသည့် အခါ သို့မဟုတ် ပွဲလမ်းသဘင်များတွင် ဖြစ်စေ သူတို့ကဲ့သို့ ကလေးငယ်များမှာ စားပွဲဝိုင်းတွင် စနစ်တကျ ထိုင်ကာ စားသောက်ခွင့် ရခဲလှသည်။ စားပွဲဝိုင်း၏ ထောင့်တစ်နေရာတွင် ကပ်ထိုင်ကာ တစ်ခုခုကို လုယက်စားသောက်ရရုံဖြင့်ပင် မဆိုးလှဟု ဆိုရမည်။

သို့သော် ယနေ့တွင်မူ သူတို့သည် ပြည်နယ်မြို့တော်ရှိ ပြည်သူပိုင်စားသောက်ဆိုင်တွင် စားသောက်ခွင့် ရသည့်အပြင် လူကြီးများကဲ့သို့ပင် စားပွဲဝိုင်းတွင် သီးသန့်နေရာ တစ်ခုစီဖြင့် ထိုင်နေကြရသည်။

ဒါက သူတို့ရဲ့ အဖေ၊ အမေ၊ အဘိုး၊ အဘွားတွေတောင် တစ်ခါမှ မခံစားဖူးတဲ့ အခွင့်အရေးပဲ။

ကလေးများ၏ မျက်လုံးများမှာ တောက်ပနေကြပြီး ပါးစပ်များတွင်လည်း ဆီများ ပေကျံနေအောင် စားသောက်နေကြသည်။ ရှန်မော့အာ၏ ဘေးတွင် ထိုင်နေသော ကျိုးကျောက်တိက သူမကို တိုးတိုးလေး ပြောလိုက်၏။ "ဆရာမရှန်၊ ပန်းချီသင်ရတာ တကယ်ကောင်းတာပဲ။ ပန်းချီသင်ရင် ပြိုင်ပွဲလည်း ဝင်ရတယ်၊ အသားလည်း စားရတယ်!"

ရှန်မော့အာမှာ ထိုစကားကြောင့် ရုတ်တရက် ရယ်မောလိုက်မိပြီး ပြောလိုက်လေသည်။ "ဒါဆိုရင်လည်း သမီး နောက်ကို ဆက်ပြီးတော့ ကြိုးစားသင်ယူရမှာပေါ့”

ကျိုးကျောက်တိက ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "ဟုတ်ကဲ့”

ကျိုးကျောက်တိ၏ တခြားတစ်ဖက်တွင် ရှင်းရှင်းတပ်ဖွဲ့ မူလတန်းကျောင်းမှ ဆရာမဟူ ထိုင်နေလေသည်။ တခြားသူများက ကျိုးကျောက်တိ၏ စကားကို မကြားနိုင်သော်လည်း သူမကတော့ အတိုင်းသား ကြားနေရသဖြင့် မျက်လုံးကို စွေကြည့်ကာ ပြောလိုက်၏။ "ပန်းချီသင်တာက အသားစားဖို့အတွက်တဲ့လား၊ တကယ့်ကို ကြီးမားတဲ့ ရည်မှန်းချက်ပါပဲလား”

ကျိုးကျောက်တိမှာ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရှာသည်။

ရှန်မော့အာက သူမ၏ တူကို စားပွဲပေါ်သို့ "ဖတ်" ကနဲ အသံထွက်အောင် ချလိုက်သဖြင့် စားပွဲဝိုင်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ရှန်မော့အာက ဆရာမဟူဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။ "ဒီက ရှင်းရှန်းတပ်ဖွဲ့က ရဲဘော်၊ ရှင်က ဆရာမတစ်ယောက် ဟုတ်ရဲ့လား"

ဒါက သိလျက်နဲ့ မေးနေတာပဲ။ ဒီမှာ အဖွဲ့လိုက်ပါလာတဲ့ သူတွေထဲမှာ ဆရာမဟုတ်တဲ့သူ ဘယ်သူရှိလို့လဲ။

ဆရာမဟူ ပြန်မဖြေနိုင်ခင်မှာပင် ရှန်မော့အာက ဆက်ပြောလိုက်သည်။ "ဆရာမတစ်ယောက် ဖြစ်နေမှတော့ ဒီလိုစကားမျိုး မပြောသင့်ဘူး။ ကျွန်မတို့နိုင်ငံ တည်ထောင်ခဲ့တာ နှစ်၂၀ ကျော်ပဲ ရှိသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ တုန်းက ကျွန်မတို့တွေ ကျူးကျော်မှုတွေ၊ စစ်မီးတွေ ခံစားနေရတုန်းပဲ။ အခု နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြည်သူပိုင်စားသောက်ဆိုင်မှာ ထိုင်ပြီး စားသောက်နေနိုင်ကြပြီ။ ဒါက တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စပဲ။ ဒါပေမဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းက မြင့်မားမလာသေးဘူး ဆိုတာကိုတော့ ကျွန်မတို့ ငြင်းလို့မရဘူး။ တစ်နှစ်ပတ်လုံးမှာ အသားကို ဝဝလင်လင် မစားရတာကလည်း လက်တွေ့အခြေအနေပဲလေ။ ဒါကြောင့် ကလေးတွေက ကြိုးစားစာသင်ရင် အသားစားရမယ်ဆိုတဲ့ ရိုးသားတဲ့ ဆန္ဒလေး ရှိနေတာကို ကျွန်မကတော့ ဘာမှ မမှားဘူးလို့ ထင်တယ်”

ဆရာမဟူက နှာခေါင်းရှုံ့လိုက်ပြီး အသံကို မြှင့်ကာ ပြောလိုက်၏။ "ဒုဌာနမှူး ခယ့်၊ ကြည့်ပါဦး။ တပ်မဟာ မူလတန်းကျောင်းက ဆရာမတွေရဲ့ အသိတရားက ဒီလောက်ပါပဲ။ ထားပါတော့လေ၊ ကျွန်မပဲ စကားလျှော့ပြောလိုက်ပါ့မယ်။ မဟုတ်ရင် ကျွန်မတို့ ကျန်းပေခရိုင်ရဲ့ မျက်နှာကတော့ မြို့တစ်ခုလုံး ရှေ့မှာ အရှက်ကွဲတော့မှာပဲ”

ခယ့်ဟုန်ဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး "အားလုံး တော်ကြတော့။ ဆရာမရှန်၊ ကျောင်းသားတွေကို ပညာသင်ပေးတဲ့နေရာမှာ ပိုပြီး မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ ရှိလာအောင် လမ်းပြပေးရမယ်လေ”

ရှန်မော့အာက ခယ့်ဟုန်ဝမ်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။ "ဒုဌာနမှူး ခယ့်၊ ကျွန်မကတော့ သူတို့အရွယ် ကလေးတွေမှာ ကြိုးစားစာသင်ရင် အသားစားရမယ်ဆိုတဲ့ ဆန္ဒရှိနေတာကို အမှားလို့ မမြင်ပါဘူး။ ဆန္ဒဆိုတာ သစ်ပင်ကြီး မဟုတ်ပါဘူး၊ မျိုးစေ့လေး တစ်စေ့ပါ။ ကလေးတွေမှာ အရင်ဆုံး သေးငယ်တဲ့ ဆန္ဒလေးတွေ ရှိမှသာ ကြီးမားတဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို တဖြည်းဖြည်း မွေးမြူနိုင်မှာပါ။ အခု သူတို့က အသားစားချင်လို့ ကြိုးစားစာသင်ကြမယ်၊ နောင်ကျရင်တော့ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့၊ ပိုကောင်းတဲ့ မိခင်နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့အတွက် ကြိုးစားအားထုတ်လာကြလိမ့်မယ်။ ကျွန်မတို့ ပညာရေးလုပ်ငန်းရဲ့ အဓိပ္ပာယ်ကလည်း အဲဒါပဲလို့ ကျွန်မ ထင်ပါတယ်။ မဟုတ်ရင်တော့ ဆရာမဟူ ပြောသလို ကျောင်းသားတွေက မွေးကတည်းက ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေမယ်ဆိုရင် ကျွန်မတို့ ဆရာတွေက ဘာလုပ်ဖို့ လိုတော့မှာလဲ!"

ရှန်မော့အာ၏ စကားက အနည်းငယ် ရိုင်းသလို ဖြစ်သွားသဖြင့် ခယ့်ဟုန်ဝမ်၏ မျက်မှောင်က ပိုကြုတ်လာသည်။ ဆရာမဟူကတော့ ဘေးမှနေ၍ ဝမ်းသာအားရ ပြုံးနေလေတော့သည်။

ခယ့်ဟုန်ဝမ်က လူကြီးဆန်ပြီး မျက်နှာကို အလွန်အမင်း အရေးစိုက်တတ်သလို အငြိုးလည်း ကြီးတတ်တယ်။ အခု တခြားဆရာ၊ ကျောင်းသားတွေ ရှေ့မှာ သူ့ကို ဒီလိုပြန်ချေပလိုက်တာ ဆိုတော့ ယန်လျိုတပ်မဟာက ဒီလူငယ်လေးကတော့ သူ့ကို သေအောင် စော်ကားလိုက်တာပဲ။

ဆရာမဟူ၏ ခင်ပွန်းနှင့် ဒုဌာနမှူးခယ့်က လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသဖြင့် ဒုဌာနမှူးခယ့်၏ အကျင့်စရိုက်ကို သူမက အနည်းငယ် သိထားသည်။ သူမက ဒုဌာနမှူးခယ့် ဒေါသထွက်လာမည့် အရေးကို စောင့်ကြည့်နေစဉ်မှာပင် နောက်ဘက်မှ လက်ခုပ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ဆရာမရှန် ပြောတာ အရမ်းမှန်ပါတယ်။ ကလေးတွေဆိုတာ မျိုးစေ့တွေပါ၊ သစ်ပင်ကြီးတွေ မဟုတ်သေးပါဘူး။ ပညာရေးလုပ်ငန်းရဲ့ အဓိပ္ပာယ်က အဲဒီမျိုးစေ့လေးတွေကို သစ်ပင်ကြီးတွေ ဖြစ်လာအောင် လုပ်ပေးဖို့ပါပဲ” လျိုယာတန့်က ဘယ်အချိန်က ရောက်နေမှန်း မသိဘဲ လျှောက်လာခဲ့သည်။ သူမက ရှန်မော့အာကို ကြည့်ကာ ပြုံးလျက် လက်ထဲမှ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး "ကျွန်မကတော့ လက်ဖက်ရည်နဲ့ပဲ ဂုဏ်ပြုပါရစေ။ ကျန်းပေခရိုင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မတို့ရဲ့ ချစ်စရာကောင်းတဲ့ ကျောင်းသားလေးတွေကို ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ပင်ပန်းသွားကြပါပြီ”

ခယ့်ဟုန်ဝမ်သည်လည်း သူ့ခွက်ကို အမြန်ကိုင်ကာ ထရပ်လိုက်၏။ "ဌာနမှူးလျိုကလည်း အားနာစရာကြီး။ ဒီတစ်ခါ မြို့ကနေ အားလုံးကို အကောင်းဆုံး စီစဉ်ပေးတာမို့ ကျွန်တော်တို့ကပဲ ကျေးဇူးတင်ရမှာပါ”

ကျန်းပေခရိုင်မှ ဆရာ၊ ကျောင်းသား အားလုံး ထရပ်လိုက်ကြပြီး သူတို့ခွက်များဖြင့် ပြန်လည် ဂုဏ်ပြုကြသည်။ မောင်းမောင်ကတော့ လျိုယာတန့်နှင့် အနီးဆုံးနေရာတွင် ရှိနေသဖြင့် မြို့တော်ပညာရေးဗျူရိုက ဒီအမျိုးသမီး အရာရှိနှင့် ခွက်ချင်း တိုက်လိုက်သေးသည်။

မြို့တော်ပညာရေးဗျူရိုက လူတွေကတောင် ရှန်မော့အာ ပြောတာကို ချီးကျူးနေမှတော့ ခယ့်ဟုန်ဝမ်ကလည်း ဘာမှ ဆက်မပြောတော့ချေ။ ထမင်းစားပွဲပေါ်တွင် လေထုက အနည်းငယ် ထိုင်းမှိုင်းသွားသော်လည်း ဒီခေတ်ကာလတွင် မည်သူကမှ ဗိုက်ကိုတော့ အဆာခံမည် မဟုတ်သဖြင့် ဟင်း ၆ မျိုးလုံးကို ပြောင်စင်အောင် စားလိုက်ကြလေသည်။

ဧည့်ရိပ်သာသို့ ပြန်ရောက်ပြီး ပစ္စည်းများ သိမ်းဆည်းကာ အခန်းအပ်ပြီးနောက် ရှန်မော့အာသည် ကလေးနှစ်ယောက်ကို ခေါ်ကာ တံခါးဝတွင် ကားစောင့်နေလိုက်သည်။

သူမက ပစ္စည်းများကို ကြိုတင် သိမ်းဆည်းထားပြီး ဖြစ်သည့်အပြင် မောင်းမောင်နှင့် ကျိုးကျောက်တိတို့မှာလည်း လူကြီးများကို ဒုက္ခမပေးကြသဖြင့် သူတို့သည် အစောဆုံးဆင်းလာနိုင်ခဲ့ကြသည်။

မကြာမီမှာပင် ဆရာဟယ်ကလည်း ကျောင်းသား နှစ်ယောက်ကို ခေါ်ပြီး ဆင်းလာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တခြားသူများ မရှိသေးသည်ကို မြင်သောအခါ ရှန်မော့အာကို တိုးတိုးလေး ပြောလိုက်၏။ "အဲဒီ ဒုဌာနမှူးခယ့် ဆိုတဲ့လူက 'ကြက်အသည်း ကြက်နှလုံး' လောက်ပဲ စိတ်သဘောထား သေးသိမ်တာ။ မင်း သူ့ကို ဒီနေ့တော့ ပြစ်မှားမိပြီ ထင်တယ်”

ရှန်မော့အာက ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ရှင် သတင်းကြားတာ တကယ်ကို မြန်တာပဲ။ သတိပေးတာကို ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကျွန်မက သာမန် တပ်မဟာ မူလတန်းကျောင်းက ဆရာမတစ်ယောက်ပဲလေ။ ခရိုင်ပညာရေးဗျူရိုနဲ့ ထိတွေ့စရာ သိပ်မရှိပါဘူး”

ဆရာဟယ်က ထပ်မံ သတိပေးလိုက်၏။ "မင်းက စာချုပ်နဲ့ဆရာမ မဟုတ်လား။ ဒီတစ်ခါ မောင်းမောင်နဲ့ ကျောက်တိတို့သာ ပြည်နယ်အဆင့် ပြိုင်ပွဲမှာ ဆုရခဲ့မယ်ဆိုရင် ဒီရလဒ်နဲ့ မင်းက အမြဲတမ်းဆရာမ ဖြစ်လာနိုင်တဲ့အပြင် တပ်ဖွဲ့ ဒါမှမဟုတ် ခရိုင်မူလတန်းကျောင်းတွေဆီကိုတောင် ရာထူးတိုး ပြောင်းရွှေ့နိုင်မှာလေ”

သူက ခဏရပ်ပြီး ရှန်မော့အာကို သနားသလို ကြည့်ကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ စာချုပ်နဲ့ဆရာမတွေကို အမြဲတမ်း ဝန်ထမ်းအဖြစ် ပြောင်းလဲပေးတဲ့ အလုပ်ကို ဒီဒုဌာနမှူးခယ့်ကပဲ တာဝန်ယူထားတာ”

ရှန်မော့အာ: "..."

တကယ်လို့ အမြဲတမ်းဝန်ထမ်း ဖြစ်လာဖို့ အခွင့်အရေး ရှိမယ်ဆိုရင်တော့ သူမလည်း အလိုရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် လခက တော်တော်လေး ကွာတာကိုး။

ဒါပေမဲ့ ထမင်းစားပွဲမှာ ခယ့်ဟုန်ဝမ်ကို ပြန်ချေပလိုက်တာကိုတော့ သူမ နောင်တမရပါဘူး။ အဲဒီမှာ ကလေးတွေ အများကြီး ရှိနေတာလေ။ သူမသာ ပြန်မပြောခဲ့ရင် ကလေးတွေက အဲဒီမှားယွင်းနေတဲ့ အယူအဆတွေကို အမှန်လို့ ထင်သွားကြမှာပေါ့။

"ဒါတွေက အဝေးကြီး လိုပါသေးတယ်။ လမ်းဆုံးရင် လှေဆိပ်ရောက်မှာပါလေ” ရှန်မော့အာက ပြောလိုက်သည်။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် မျက်မှန်တပ်ထားသော အမျိုးသမီး တစ်ဦးက အနားသို့ အမြန်လျှောက်လာခဲ့သည်။ ထိုအမျိုးသမီးက ရှန်မော့အာနှင့် ဆရာဟယ်ကို ကြည့်ကာ ယဉ်ကျေးစွာ မေးလိုက်၏။ "ကျန်းပေခရိုင်၊ လျိုချောင်တပ်ဖွဲ့က ရဲဘော်တွေလားရှင်"

ဆရာဟယ်က သူ့ကို လာရှာသည်ဟု ထင်သဖြင့် အမြန်ပြောလိုက်သည်။ "ဟုတ်ကဲ့။ ကျွန်တော်က လျိုချောင်တပ်ဖွဲ့ မူလတန်းကျောင်းက ဟယ်မင်တာ ပါ။ ရဲဘော်က ဘယ်သူပါလဲ"

အမျိုးသမီးက ရှန်မော့အာဘက်သို့ လှည့်ကြည့်လိုက်ပြီး "ဒါဆိုရင် ဒီရဲဘော်က ယန်လျိုတပ်မဟာက ရှန်မော့အာ ပေါ့။ ရဲဘော်ရှန်၊ ရဲဘော်ဟယ်၊ ကျွန်မက နန်ပြည်နယ် ပန်းထိုးစက်ရုံ၊ ပထမအလုပ်ရုံရဲ့ အလုပ်ရုံမှူး ချန်ကျားဟွာ ပါ။ မနေ့က ကျွန်မတို့ အလုပ်ရုံက နျိုရှောက်လီက ပန်းထိုးပစ္စည်း တစ်ခုကို မှားယွင်းပြီး ထိုးမိသွားခဲ့တယ်။ အဲဒါကို ရဲဘော်ရှန်က ပြုပြင်ဖို့ နည်းလမ်းပေးခဲ့တယ်လို့ ကြားရပါတယ်"

ရှန်မော့အာက အံ့သြသွားပြီး မေးလိုက်၏။ "ရှင်ပြောတာ ပျိုနီပန်းပုံကို ပြောတာဆိုရင်တော့ ကျွန်မ နည်းနည်းပါးပါး အကြံပေးခဲ့တာ ရှိပါတယ်။ အဲဒီပုံက တစ်ခုခု ပြဿနာရှိလို့လားရှင်"

ချန်ကျားဟွာက အမြန် ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး၊ ပြဿနာရှိလို့ မဟုတ်ပါဘူး။ အဲဒီပုံက အရမ်းကောင်းပါတယ်။ ရဲဘော်ရှန်ရဲ့ ပန်းချီအခြေခံက တကယ်ကို ကောင်းသလို ပြုပြင်တဲ့ နည်းလမ်းကလည်း အရမ်းကို ထူးခြားပါတယ်။ ကျွန်မ ဒီနေ့ လာတာက ရဲဘော်ရှန်ပြောတဲ့ အဲဒီ ပန်းထိုးနည်းစနစ်တွေကို ရဲဘော်ကိုယ်တိုင် တတ်တာလား၊ ဒါမှမဟုတ် မိသားစုထဲက တစ်ယောက်ယောက် တတ်တာလား ဆိုတာကို သိချင်လို့ပါ”

ရှန်မော့အာက ကြည့်ရတာ အရမ်းငယ်လွန်းနေသဖြင့် သူမ၏ မိသားစုထဲက လူကြီးတစ်ယောက်ယောက်က ပန်းထိုးကျွမ်းကျင်သူ ဖြစ်လိမ့်မည်ဟု ချန်ကျားဟွာက ခန့်မှန်းထားခြင်း ဖြစ်လေသည်။

ရှန်မော့အာက ခဏလောက် စဉ်းစားလိုက်ပြီး ဝေဝါးစွာ ပြောလိုက်၏။ "ဘာမှ ပြဿနာမရှိရင်တော့ ကောင်းတာပေါ့။ ကျွန်မ နည်းနည်းပါးပါးတော့ သိပါတယ်။ ဒါပေမဲ့ ဒါက စာတွေ့လောက်ပါပဲ။ ကျွန်မတို့ အခု ကားဂိတ်ကို သွားရတော့မှာမို့လို့ အလုပ်ရုံမှူးချန်နဲ့ အသေးစိတ် စကားပြောဖို့ အချိန်မရှိတော့ဘူး ထင်တယ်”

သူမက ထိုနျိုရှောက်လီကို ကူညီခဲ့ခြင်းက စိတ်ကူးပေါက်လို့ လုပ်ခဲ့တာဖြစ်ပြီး ဘာပြဿနာမှတော့ မဖြစ်ချင်ပေ။

နောက်ပြီး မြို့က စီစဉ်ပေးသည့် ကားကလည်း ရောက်တော့မှာ ဖြစ်သလို ခရိုင်အသီးသီးက ဆရာ၊ ကျောင်းသားတွေလည်း ဆင်းလာနေကြပြီ ဖြစ်သဖြင့် သူတို့လည်း ကားပေါ် တက်ရတော့မည်။

လူကို ခက်ခက်ခဲခဲ ရှာတွေ့ထားတာကို ဒီအတိုင်း လွှတ်ပေးလို့ ဘယ်ဖြစ်ပါ့မလဲ။

ချန်ကျားဟွာက နံနက်ပိုင်းကတည်းက ဧည့်ရိပ်သာသို့ လာရောက် စုံစမ်းခဲ့ခြင်း ဖြစ်ပြီး လင်ကျန်းမြို့က လူတွေ မွန်းလွဲပိုင်းတွင် ပြန်ကြမည်ကို သိထားသည်။ အချိန်ရရန်အတွက် သူမသည် ပန်းထိုးစက်ရုံသို့ အပြေးအလွှား သွားကာ စက်ရုံမှ ကားတစ်စီးကို ခေတ္တ ငှားရမ်းခဲ့လေသည်။

"ရဲဘော်ရှန်၊ ရှင့်တို့တွေ ကားဂိတ်ကို သွားမှာ မဟုတ်လား။ ကျွန်မတို့ စက်ရုံက ကားက အပြင်မှာ ရှိပါတယ်။ ကျွန်မ ရှင့်တို့ကို လိုက်ပို့ပေးပါ့မယ်။ လမ်းမှာပဲ စကားပြောကြရအောင်၊ ဘယ်လိုလဲရှင်"

"..."

တစ်ဖက်လူက ဒီလောက်အထိ ဇွဲကောင်းနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် မြေပြင်အနေအထား မသိသည့် နေရာတွင် သူစိမ်းတစ်ယောက်၏ ကားကို လိုက်စီးဖို့ကလည်း ရှန်မော့အာဘက်က စိုးရိမ်မိသည်။

သူမ၏ စိုးရိမ်မှုကို ရိပ်မိပုံရသဖြင့် ချန်ကျားဟွာက ချက်ချင်း ဆက်ပြောလိုက်၏။ "ကျွန်မတို့ စက်ရုံက ကားက တော်တော်လေး ကျယ်ပါတယ်။ ဒီက ဆရာဟယ်နဲ့ ကလေးတွေကိုပါ တစ်ခါတည်း တင်သွားလို့ ရပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်မတို့ ကားဆရာက ပြည်နယ်မြို့တော်ရဲ့ လမ်းတွေကို ကျွမ်းကျင်သလို ကားဂိတ်မှာလည်း သိသူတွေ အများကြီး ရှိပါတယ်။ ရှင်တို့ကို အချိန်မီ ပို့ပေးနိုင်တဲ့အပြင် လက်မှတ်ဝယ်ဖို့လည်း ကူညီပေးနိုင်ပါလိမ့်မယ်”

ဆရာဟယ်က စူးစမ်းလိုစိတ်ဖြင့် အပြင်သို့ ထွက်ကြည့်လိုက်သောအခါ လမ်းဘေးတွင် ဘတ်စ်ကားတစ်စီး ရပ်ထားလေသည်။ ထိုကားက သူတို့ကို ကားဂိတ်သို့ ပို့ဆောင်ပေးရန် မြို့က စီစဉ်ပေးထားသည့် ကား ဖြစ်ရပေမည်။ ထိုကားနှင့် မလှမ်းမကမ်းတွင်တော့ ခန့်ညားသော ဂျစ်ကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရ၏။

ဆရာဟယ်မှာ ခရိုင်မြို့တွင်သာ ထိုကဲ့သို့သော ကားမျိုးကို တစ်ခါတစ်ရံ တွေ့ဖူးခြင်း ဖြစ်သည်။ ထိုအချိန်က ထိုကားမှာ တကယ်ကို ခန့်ညားလှသည်ဟု သူ ထင်ခဲ့ဖူးပြီး ဘယ်အချိန်မှာများ တစ်ခါလောက် စီးရပါ့မလဲဟု တွေးခဲ့ဖူးလေသည်။ အခွင့်အရေးက ဒီလောက် မြန်မြန် ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ချေ။

သူသည် ချက်ချင်းပင် "ရန်သူ့ဘက်" သို့ ကူးပြောင်းသွားပြီး ချန်ကျားဟွာနှင့်အတူ ရှန်မော့အာကို ဝိုင်းဝန်း တိုက်တွန်းတော့သည်။ "ဆရာမရှန်၊ ဒီအလုပ်ရုံမှူးချန်က တကယ် ကိစ္စရှိလို့ မင်းကို ရှာနေတာပဲ။ ဒီလောက်တောင်မှ အတင်းခေါ်နေတာကို ငြင်းဖို့က ခက်ခဲပါတယ်။ သူတို့ကိုပဲ အနှောင့်အယှက် ပေးလိုက်ကြမလား"

တစ်ဖက်လူက ဒီလောက်အထိ ပြင်ဆင်လာပြီး လက်မှတ်ဝယ်ဖို့တောင် ကူညီပေးမည်ဟု ပြောနေမှတော့ ရှန်မော့အာလည်း ငြင်းဖို့ ခက်သွားသဖြင့် ခေါင်းငြိမ့် သဘောတူလိုက်ရတော့သည်။

ဆရာဟယ်က မြို့က စီစဉ်ပေးသည့် ကားဆီသို့ ချက်ချင်း ပြေးသွားကာ အခြေအနေကို ရှင်းပြလိုက်ပြီးနောက် လူတစ်စုသည် ဂျစ်ကားပေါ်သို့ တိုးဝှေ့ တက်လိုက်ကြလေသည်။

ဆရာဟယ်က အမျိုးသား ဖြစ်သဖြင့် နေရာပိုယူနိုင်သည့် အခွင့်အရေးကို သုံးကာ ရှေ့ခန်းတွင် နေရာယူလိုက်သည်။ ရှန်မော့အာနှင့် ချန်ကျားဟွာတို့က ကလေးတစ်ယောက်စီကို ပွေ့ချီကာ နောက်ခန်းတွင် ထိုင်ကြပြီး ကျန်သည့် ကလေးနှစ်ယောက်က နောက်ခန်းရှိ ကျန်နေသော နေရာတစ်ခုတွင် အတူတူ ထိုင်လိုက်ကြသည်။

နောက်နှစ်ပေါင်း ၄၀၊ ၅၀ ကြာလျှင်တော့ ဒီလိုထိုင်တာက ယာဉ်စည်းကမ်း ချိုးဖောက်ရာ ရောက်သလို ဘေးကင်းမှုလည်း မရှိပေ။ သို့သော် ဤခေတ်ကာလတွင်တော့ လူပိုတင်ခြင်းက ပုံမှန်ကိစ္စ တစ်ခုပင်။ လူများလျှင် တိုးဝှေ့ထိုင်လိုက်ရုံသာ ဖြစ်ပြီး ကားက ရွေ့နိုင်သရွေ့တော့ ဘာမှ ပြဿနာ မဟုတ်!

ရှေ့ခန်းမှ ဆရာဟယ် ဖြစ်စေ၊ နောက်ခန်းမှ ကလေးများ ဖြစ်စေ ကားပေါ်ရောက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ဟိုကြည့် ဒီကြည့် လုပ်နေကြတော့သည်။

ချန်ကျားဟွာကတော့ အချိန်ကို အမိအရ သုံးကာ နန်ပြည်နယ် ပန်းထိုးစက်ရုံ၊ ပထမအလုပ်ရုံ၏ အခြေအနေကို ရှန်မော့အာအား ရှင်းပြနေလေသည်။

လိုရင်းကို ပြောရလျှင် နန်ပြည်နယ် ပန်းထိုးစက်ရုံသည် အဓိကအားဖြင့် ပန်းထိုးထည်များကို ထုတ်လုပ်သည့် ပြည်သူပိုင်စက်ရုံ တစ်ခု ဖြစ်သည်။ သူတို့၏ ထုတ်လုပ်မှုက ကဏ္ဍ နှစ်ခု ရှိလေသည်။ ပထမတစ်ခုက "နိုင်ငံ့ဂုဏ်ဆောင် လက်ဆောင်မွန်" အဖြစ် သုံးစွဲသည့် အဆင့်မြင့် ပန်းထိုးထည်များ ဖြစ်ပြီး ဒုတိယတစ်ခုက ပြည်ပသို့ တင်ပို့သည့် ပန်းထိုးထည်များ ဖြစ်သည်။ တစ်နည်းအားဖြင့် သူတို့၏ ထုတ်ကုန်များကို ပြည်တွင်းတွင် ရောင်းချခြင်း မရှိသလောက်ပင်။

ပထမအလုပ်ရုံ၏ တာဝန်ကလည်း နှစ်မျိုး ရှိသည်။ အဆင့်မြင့် ပန်းထိုးထည်များ ထုတ်လုပ်ရန်နှင့် တခြား အလုပ်ရုံများအတွက် "ပုံစံထုတ်" ပေးရန် ဖြစ်လေသည်။

ဆိုလိုတာက ပထမအလုပ်ရုံဟာ နန်ပြည်နယ် ပန်းထိုးစက်ရုံရဲ့ နည်းပညာ အချက်အချာ ဌာနပဲပေါ့။

သို့သော် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံတွင်း အခြေအနေများကြောင့် ပထမအလုပ်ရုံမှ အခြေခံမကောင်းသော ဝန်ထမ်းဟောင်း အများအပြားမှာ အလုပ်ကြမ်းစခန်းများသို့ အပို့ခံခဲ့ကြရသည်။ အသစ်ဝင်လာသူများမှာ တခြား အလုပ်ရုံများမှ ပြောင်းရွှေ့လာသူများ သို့မဟုတ် အမျိုးမျိုးသော အဆက်အသွယ်များဖြင့် ဝင်လာသူများသာ ဖြစ်သဖြင့် ပန်းထိုးကျွမ်းကျင်မှုမှာ အလွန်ပင် နိမ့်ကျသွားခဲ့ရသည်။

နည်းပညာပိုင်း ကျဆင်းလာသည့်အပြင် ပန်းထိုးဒီဇိုင်းများကလည်း တစ်ပုံစံတည်း ဖြစ်နေကာ အသစ်အဆန်းများ မရှိတော့သဖြင့် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကုန်စည်ပြပွဲများတွင် နန်ပြည်နယ် ပန်းထိုးစက်ရုံ၏ အရောင်းရလဒ်မှာလည်း ထိုးဆင်းသွားခဲ့သည်။ စက်ရုံခေါင်းဆောင်များသာမက ပထမအလုပ်ရုံမှ အလုပ်ရုံမှူး ချန်ကျားဟွာလည်း ဖိအားများစွာ ခံစားနေရသည်။

ထို့ကြောင့်လည်း နျိုရှောက်လီ ယူလာသည့် ပြုပြင်ထားသော ပန်းထိုးပုံကို မြင်သောအခါ ချန်ကျားဟွာက အလွန် စိတ်လှုပ်ရှားသွားရခြင်းပင်။

...

အပိုင်း (၅၂.၂)

"ရဲဘော်ရှန်လည်း ပန်းထိုးတတ်မယ်လို့ ကျွန်မ ထင်ပါတယ်။ ရဲဘော်သာ စိတ်ဝင်စားမယ်ဆိုရင် ပြန်ရောက်တဲ့အခါ လက်ရာတစ်ခုခု ချုပ်ပြီး ပို့ပေးပါ။ ကျွန်မတို့ စက်ရုံရဲ့ အမြဲတမ်း ဝန်ထမ်းအဖြစ် တိုက်ရိုက် ခန့်အပ်နိုင်ဖို့ ကျွန်မ စက်ရုံဘက်ကို တင်ပြပေးပါ့မယ်” ချန်ကျားဟွာက ပြောလိုက်သည်။

သူမသည် ရှန်မော့အာ၏ မျက်နှာကို အကဲခတ်ကြည့်လိုက်ပြီး သူမ၏ ကမ်းလှမ်းချက်ကြောင့် ရှန်မော့အာဘက်မှ မည်သည့် စိတ်လှုပ်ရှားမှုမှ မရှိသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

တခြားသူသာဆိုရင် ပြည်နယ်မြို့တော်က ပြည်သူပိုင်စက်ရုံရဲ့ အမြဲတမ်း ဝန်ထမ်းဖြစ်မယ်ဆိုတဲ့ စကားကို ကြားတာနဲ့ အနည်းဆုံးတော့ အံ့သြသွားမှာပဲ မဟုတ်လား။

ရှေ့ခန်းမှာ ထိုင်နေတဲ့ ရဲဘော်ဟယ်ကို ကြည့်ပါဦး။ ချန်ကျားဟွာ၏ အမြင်အရဆိုလျှင် သူသည် အံ့သြလွန်းသဖြင့် ပါးစပ်တောင် မပိတ်နိုင်တော့ချေ။

အမှန်တကယ်တော့ ရှန်မော့အာလည်း အနည်းငယ် အံ့သြမိသည်။ သို့သော် ပြည်နယ်မြို့တော်က စက်ရုံဝန်ထမ်း ဆိုတာက သူမအတွက်တော့ သိပ်ပြီး ဆွဲဆောင်မှု မရှိလှပေ။

ဘာပဲဖြစ်ဖြစ် သူမရဲ့ အဖေနဲ့ ချစ်သူက လျိုချောင်တပ်ဖွဲ့မှာ ရှိနေတာလေ။ သူမ တစ်ယောက်တည်း ပြည်နယ်မြို့တော်ကို လာပြီး အလုပ်လုပ်ဖို့ ဘာအကြောင်းရှိမှာလဲ။

ထို့ကြောင့် သူမက ချက်ချင်းပင် ငြင်းပယ်လိုက်၏။ "ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူးချန်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျွန်မ ပြည်နယ်မြို့တော်မှာ အလုပ်လုပ်ဖို့ စိတ်ကူးမရှိသေးပါဘူး”

ထင်သားပဲ။

ချန်ကျားဟွာက စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း ထပ်မံ ကြိုးစားကြည့်လိုက်သေးသည်။ "အခု မရှိသေးလည်း နောင်ကျရင် စိတ်ကူးရှိလာမယ်ဆိုရင် ကျွန်မကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင်”

သူမသည် စိတ်ထဲမှ အသေအချာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "ကျွန်မမှာ အားနာနာနဲ့ တောင်းဆိုစရာတစ်ခု ရှိပါသေးတယ်။ ရဲဘော်ရှန်ရဲ့ လက်ထဲမှာ ကောင်းမွန်တဲ့ ပန်းထိုးဒီဇိုင်းတွေ ရှိနေမယ်လို့ ကျွန်မ ထင်ပါတယ်။ အဲဒီ ဒီဇိုင်းတွေကို ကျွန်မတို့ စက်ရုံက ဝယ်ယူမယ်ဆိုရင်ရော ရဲဘော်ဘက်က သဘောတူနိုင်မလား”

ရှန်မော့အာက မျက်ခုံးလေး ပင့်လိုက်၏။ ရှေ့တွင် ချန်ကျားဟွာက သူတို့ စက်ရုံအခြေအနေကို ရှင်းပြစဉ်က ဗြောင်မပြောခဲ့သော်လည်း ရှန်မော့အာကတော့ ရိပ်မိလိုက်သည်။ သူတို့ စက်ရုံမှာ အခု နည်းပညာကျွမ်းကျင်တဲ့ ပန်းထိုးသမားတွေနဲ့ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းတွေ တကယ်ကို လိုအပ်နေတာပဲ။

ချန်ကျားဟွာ သည်လို ပြောလာသဖြင့် သူတို့ စက်ရုံ၏ အခြေအနေမှာ သူမ ထင်ထားသည်ထက် ပိုဆိုးရွားနေနိုင်သည်ဟု ရှန်မော့အာ ခံစားလိုက်ရသည်။

ရှန်မော့အာသည် သူမ၏ ပေါင်ပေါ်တွင် ထိုင်နေသော ကျိုးကျောက်တိ၏ ဗိုက်လေးကို အမှတ်မထင် ပွတ်သပ်လိုက်မိသည်။ ကြမ်းတမ်းသော အဝတ်စနှင့် အပေါ်မှ ဖာထေးထားသော အနားသတ်များကို သူမ၏ လက်ချောင်းများက ထိတွေ့မိသွားသည်။ သူမ၏ အကြည့်များက ပြတင်းပေါက် အပြင်ဘက်ရှိ ကျယ်ပြန့်သော လမ်းမကြီးများ၊ မြင့်မားသော သစ်ပင်များ၊ စက်ဘီးစီးနေသူများနှင့် လမ်းဘေးဝဲယာရှိ အနိမ့်အမြင့် ဖြစ်နေသော ကွန်ကရစ်အဆောက်အဦးများဆီသို့ ရောက်ရှိသွားလေသည်။

ခဏအကြာတွင် ရှန်မော့အာက ပြန်မေးလိုက်၏။ "ညွှန်ကြားရေးမှူးချန်၊ ရှင်တို့ စက်ရုံအနေနဲ့ ကျွန်မတို့ လျိုချောင်တပ်ဖွဲ့မှာ ဌာနခွဲစက်ရုံတစ်ခု ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရှင်တို့ ပထမအလုပ်ရုံရဲ့ ဌာနခွဲတစ်ခုဖြစ်ဖြစ် တည်ထောင်ဖို့ အစီအစဉ် ရှိပါသလား”

*

ကားဂိတ်သို့ ရောက်သောအခါ ချန်ကျားဟွာက ကားဆရာကို ရှန်မော့အာတို့အတွက် လက်မှတ်ဝယ်ခိုင်းလိုက်ပြီး သူမကိုယ်တိုင်လည်း ကားပေါ်အထိ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။ ထို့အပြင် သစ်သီးများ၊ စည်သွပ်ဗူးများနှင့် ပြည်နယ်မြို့တော်၏ နာမည်ကြီး မုန့်များ ပါဝင်သော အိတ်တစ်အိတ်ကိုလည်း လက်ဆောင်အဖြစ် ပေးခဲ့လေသည်။

ချန်ကျားဟွာ ထွက်ခွာသွားသည်အထိ ဆရာဟယ်မှာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်သေးချေ။

ဒါက အံ့သြစရာ မဟုတ်ဘဲ နေပါ့မလား။

တစ်ယောက်က ပြည်နယ်မြို့တော်က ပြည်သူပိုင်စက်ရုံရဲ့ အမြဲတမ်း ဝန်ထမ်းရာထူးကို အလွယ်တကူ ကမ်းလှမ်းခဲ့ပြီး နောက်တစ်ယောက်ကလည်း အလွယ်တကူပဲ ငြင်းပယ်ခဲ့တယ်လေ။

တစ်ယောက်က ဒီဇိုင်းတွေကို ပိုက်ဆံနဲ့ ဝယ်မယ်လို့ ပြောခဲ့ပြီး နောက်တစ်ယောက်ကတော့ သူတို့ဆီမှာ ဌာနခွဲစက်ရုံ ဒါမှမဟုတ် ဌာနခွဲအလုပ်ရုံ ဆောက်ဖို့ကို ဗြောင်မေးခဲ့တယ်။

အရေးကြီးဆုံးအချက်က အဲဒီအလုပ်ရုံမှူးချန်က ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာ စက်ရုံခေါင်းဆောင်တွေနဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးမယ်လို့ ပြောပြီး သဘောတူသွားတာပဲ။

ဒါပေမဲ့ အခြေအနေတစ်ခုကတော့ ရှန်မော့အာက သူတို့ဆီကို ပန်းထိုးလက်ရာတစ်ခု အရင် ပို့ပေးရမှာတဲ့။

ရှန်မော့အာ ပို့ပေးမဲ့ လက်ရာကို ကြည့်ပြီးမှသာ သဘောကျရင် ဒီကိစ္စက ဆက်ဖြစ်မှာပေါ့။ သဘောမကျရင်တော့ ပျက်ပြယ်သွားမှာပဲ။ ဒါပေမဲ့ အလုပ်ရုံမှူးချန်ရဲ့ အရည်အချင်းရှိသူကို လိုလားတောင့်တနေတဲ့ ပုံစံကို ကြည့်ရတာတော့ သူက ဒီကိစ္စကို ဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလိမ့်မယ်။ ဆရာဟယ်ကတော့ ထိုသို့ ထင်မိသည်။

ဘာလို့လဲဆိုတော့ ဒီဇိုင်းဝယ်ယူဖို့ ကိစ္စကို ရှန်မော့အာက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သလို ပြည်နယ်မြို့တော်ကို လာဖို့ကိုလည်း ငြင်းခဲ့တာကိုး။ နန်ပြည်နယ် ပန်းထိုးစက်ရုံအနေနဲ့ ရှန်မော့အာရဲ့ လက်ရာကို လိုချင်တယ်ဆိုရင်တော့ လျိုချောင်တပ်ဖွဲ့မှာ ဌာနခွဲ ဆောက်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့သလိုပဲ။

ဆရာဟယ်မှာ နေရာတွင် ခေတ္တ ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် ရှန်မော့အာကို လက်မထောင်ပြလိုက်သည်။

မြို့က လာကြိုသည့်ကားဖြင့် ရောက်လာကြသော တခြားကျောင်းများမှ ဆရာ၊ ကျောင်းသားများ ကားပေါ်သို့ တက်လာကြသည်။ ခယ့်ဟုန်ဝမ်က အရှေ့ဆုံးမှ တက်လာရာ ဆရာဟယ်က အကဲခတ်တတ်စွာဖြင့် နှုတ်ဆက်လိုက်သဖြင့် ရှန်မော့အာသည်လည်း ပြုံးပြလိုက်၏။ ခယ့်ဟုန်ဝမ်က အေးစက်စက် မျက်နှာဖြင့် ခေါင်းငြိမ့်ပြကာ နောက်တန်းဆီသို့ တိုက်ရိုက် လျှောက်သွားလေသည်။

ရှန်မော့အာတို့မှာ ပန်းထိုးစက်ရုံ၏ ဂျစ်ကားဖြင့် လာခဲ့ကြသဖြင့် ချန်ကျားဟွာ ပြောခဲ့သလိုပင် ကားဂိတ်သို့ အတော်လေး စောစော ရောက်ရှိခဲ့သည်။ ထို့ကြောင့် သူတို့ဝယ်ထားသော လက်မှတ်များမှာ အရှေ့တန်းတွင် ဖြစ်ပြီး မြို့က ကားနှင့် လိုက်လာသူများမှာ နောက်ကျမှ ရောက်လာကြသဖြင့် နောက်တန်းတွင်သာ နေရာရကြတော့သည်။

ခယ့်ဟုန်ဝမ်၏ နောက်မှ လိုက်ပါလာသော ဆရာမဟူက မျက်လုံးကို စွေကြည့်ကာ တိုးတိုးလေး ရေရွတ်ကာ နှာခေါင်းကို ပင့်လျက် လျှောက်သွားတော့သည်။ "လူပါးဝလိုက်တာ၊ နောက်ကျလို့ အမြဲတမ်းဝန်ထမ်း မဖြစ်လာတဲ့အခါကျမှ ငိုနေရမယ်"

လူအုပ်ကြီး အားလုံး ဖြတ်သွားပြီးမှသာ ဆရာဟယ်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ဟဲဟဲ၊ အမြဲတမ်းဝန်ထမ်း ဖြစ်တာက ဘာပြောစရာ ရှိလို့လဲ။ ဆရာမရှန်၊ ကျွန်တော် ကြည့်ရတာတော့ မင်းဟာ မကြာခင်မှာပဲ နန်ပြည်နယ် ပန်းထိုးစက်ရုံရဲ့ အရာရှိတစ်ယောက် ဖြစ်လာတော့မှာပဲ!"

ဌာနခွဲစက်ရုံပဲ ဖြစ်ဖြစ်၊ ဌာနခွဲအလုပ်ရုံပဲ ဖြစ်ဖြစ် တည်ထောင်ခဲ့မယ်ဆိုရင် ပန်းထိုးစက်ရုံဘက်က ရှန်မော့အာရဲ့ အရည်အချင်းကို အားကိုးနေရတာ ဖြစ်လို့ သူမကို စီမံခန့်ခွဲသူ နေရာတစ်ခုတော့ ပေးမှာ သေချာတယ်။

စာချုပ်နဲ့ဆရာမကနေ အမြဲတမ်းဆရာမ ဖြစ်တာက ကောင်းပါတယ်။ ဒါပေမဲ့ ပြည်နယ်အဆင့် ပြည်သူပိုင်စက်ရုံရဲ့ စီမံခန့်ခွဲသူ တစ်ယောက်နဲ့ ယှဉ်လိုက်ရင်တော့ ဘာမှ မဟုတ်တော့ဘူး။

အရင်ဆုံး လစာချင်းကိုက တော်တော်လေး ကွာသွားပြီလေ။

ရှန်မော့အာက ရယ်မောလိုက်ပြီး သတိပေးလိုက်၏။ "ဆရာဟယ်၊ ကျွန်မရဲ့ ပန်းထိုးလက်ရာက အရိပ်တောင် မမြင်ရသေးဘူးလေ။ နောက်ပြီး တစ်ဖက်က ပို့လိုက်လို့ မကျေနပ်ရင်ရော ဘယ်လိုလုပ်မလဲ”

"ဘယ်လိုလုပ်ပြီး မကျေနပ်ဘဲ နေမှာလဲ။ မနေ့ကတည်းက ကျွန်တော် သိလိုက်ပါတယ်။ မင်းရဲ့ အရည်အချင်းက ဟိုထောင့်မှာ ထိုင်ငိုနေတဲ့ ကောင်မလေးထက် အဆပေါင်းများစွာ သာပါတယ်ဗျာ” ဆရာဟယ်က ပြောလိုက်သည်။ သူသည် သူ့၏ ဆွေမျိုးသားချင်းတွေထဲမှာ ပန်းထိုးတတ်သူ ရှိမရှိကိုတောင် စိတ်ထဲမှ စဉ်းစားနေမိသည်။ ဘာပဲဖြစ်ဖြစ် ဒီဌာနခွဲသာ အမှန်တကယ် ဆောက်ဖြစ်ခဲ့ရင် ရှန်မော့အာ တစ်ယောက်တည်းနဲ့တော့ မပြီးနိုင်ဘူးလေ။ နောက်ကျရင် လူတွေ ခေါ်ရမှာပဲ မဟုတ်လား။

ပြည်နယ်အဆင့် ပြည်သူပိုင်စက်ရုံရဲ့ အလုပ်သမားတဲ့လေ။ ကျွတ် ကျွတ်၊ စဉ်းစားကြည့်တာနဲ့တင် ရင်ခုန်စရာကြီး။

ကားက ခရိုင်မြို့သို့ ရောက်ရှိချိန်၌ မှောင်နေလေပြီ။ ကံကောင်းထောက်မစွာဖြင့် တပ်ဖွဲ့မှ တစ်ပတ်လျှင် သုံးကြိမ် သုံးစွဲခွင့်ရသည့် ဘတ်စ်ကားမှာ ကားဂိတ်တွင် သူတို့ကို စောင့်နေသဖြင့် ကားပေါ်မှ ဆင်းသည်နှင့် ကားပြောင်းကာ ခရီးဆက်နိုင်ခဲ့သည်။ တပ်ဖွဲ့၏ ကားရပ်နားရာ နေရာတွင် ဆရာဟယ်နှင့် ကျောင်းသား နှစ်ယောက်ကို ချထားပေးပြီးနောက် ကားသည် ရှေ့သို့ ဆက်လက် မောင်းနှင်သွားကာ ရှန်မော့အာတို့ကို ယန်လျိုတပ်မဟာသို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့လေသည်။

ကားရပ်လိုက်သည်နှင့် ရှန်မိသားစု၏ ခြံတံခါးမှာ ပွင့်သွားပြီး လူအုပ်ကြီး တစ်အုပ် ထွက်လာခဲ့ကြသည်။

လူများကို ချထားပေးပြီးနောက် ကားသည် ထိုနေရာမှာတင် လှည့်ပြန်သွားတော့သည်။ မောင်းမောင်က ကားပေါ်မှ ဆင်းသည်နှင့် ဝမ်းသာအားရ အော်ဟစ်ကာ သူ့အမေ၏ ရင်ခွင်ထဲသို့ တိုးဝင်သွား၏။ ကျိုးကျောက်တိ၏ လက်ကို ဆွဲထားသော ရှန်မော့အာကိုလည်း အားလုံးက ဝိုင်းအုံ လာကြတော့သည်။

ရှန်ရှောက်ယွမ်သည် သူ၏ အဖိုးတန် သမီးလေးကို အပေါ်အောက် အကဲခတ်ကြည့်ရှုလိုက်ပြီး ပထမဆုံး စကားကတော့ "ငါ့သမီးလေးတော့ ဒီနှစ်ရက်အတွင်း ဒုက္ခရောက်ရှာပြီ။ မေးစေ့လေးတွေတောင် ချွန်သွားလိုက်တာ” ဟု ဆိုခြင်းပင်။

အခြားသူများ: "..."

အဒေါ်ချန်က သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်၏။ "ဒီနှစ်ရက်အတွင်းမှာ ဘယ်လိုလုပ်ပြီး မေးစေ့တွေ ချွန်သွားနိုင်မှာလဲ။ ကျွန်မ ကြည့်ရတာတော့ ဒီကလေးနှစ်ယောက်က မျက်နှာလေးတွေတောင် ပိုပြီး ပြည့်လာသလိုပဲ”

ရှန်ရှောက်ယွမ်က ခိုင်လုံသော အကြောင်းပြချက် ပေးလိုက်သည်။ "ကလေးတွေက မျက်နှာ ပြည့်လာတယ် ဆိုရင်တောင်မှ မော့အာရဲ့ မျက်နှာ ချွန်သွားတာကိုလည်း မြင်နိုင်တာပဲ။ သူက ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ခေါ်သွားရတာ ဆိုတော့ စိုးရိမ်စရာတွေ အများကြီး ရှိမှာပေါ့။ မပိန်ဘဲ နေပါ့မလား”

မောင်းမောင်က သူ့အမေ၏ ရင်ခွင်ထဲမှ ခေါင်းပြူထွက်လာကာ "ကျွန်တော်တို့တွေ အရမ်းကောင်းတဲ့ ခေါက်ဆွဲတွေ စားခဲ့ရတယ်။ ပြီးတော့ အရမ်းကောင်းတဲ့ စားသောက်ပွဲမှာလည်း စားခဲ့ရသေးတယ်။ ဝက်သားနီချက်ရယ်၊ ငါးရယ်၊ အသားဟင်းရည်ရယ်၊ အကုန်လုံးက အရမ်းစားလို့ ကောင်းတာပဲ။ ကားပေါ်မှာလည်း မုန့်တွေ စားခဲ့ရသေးတယ်။ တကယ်ကို အရသာ ရှိတာပဲ!"

"ကဲပါ ကဲပါ၊ မင်း အကောင်းတွေ စားခဲ့ရမှန်း သိပါပြီ”

လီရှင်းမေက သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ရှန်မော့အာ ဆွဲထားသော ကျိုးကျောက်တိကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့တွေ အဝေးကြီးကနေ ပြန်လာရတာ ဆိုတော့ ပင်ပန်းနေကြပြီ။ မော့အာလည်း ပင်ပန်းသွားပြီ၊ စောစော နားလိုက်ပါဦး။ ကျောက်တိကတော့ တို့တွေနဲ့အတူ လိုက်ခဲ့။ ငါနဲ့ မောင်းမောင်က သူ့ကို အိမ်အထိ လိုက်ပို့ပေးလိုက်မယ်”

မောင်းမောင်တို့ ဒီည ပြန်ရောက်လာမည့် ကိစ္စကို မသွားခင်ကတည်းက ပြောထားခြင်း ဖြစ်သည်။ သူတို့က ရှန်မိသားစုအိမ်မှာ လာစောင့်နေစဉ် ချန်ကျွမ်းကျွမ်းက ကျိုးမိသားစုဆီသို့ သွားရောက် အကြောင်းကြားခဲ့သေးသည်။ ယန်တာ့နွီက မိထွေး ဖြစ်သော်လည်း ကျိုးရှောင်ရွှမ်းကတော့ အဖေအရင်း ဖြစ်သည် မဟုတ်ပါလား။ ယန်တာ့နွီက ထိုသတင်းကို ကြားလိုက်ရသောအခါ အကြီးအကျယ် ဆဲဆိုနေတော့သည်။ "အလကား သမီးက ရက်ပေါင်းများစွာ အိမ်မပြန်ဘဲ အိမ်ကို အရှုပ်အထွေးတွေ ဖြစ်အောင် လုပ်တယ်" ကျိုးရှောင်ရွှမ်းမှာတော့ ကလေးကို လာကြိုဖို့နေနေသာသာ စကားတစ်ခွန်းတောင် မဟရဲရှာပေ။

အဒေါ်ချန်က ကျိုးကျောက်တိ၏ လက်ကို တိုက်ရိုက် ဆွဲလိုက်၏။ "ကလေး၊ လာ၊ တို့တွေ အတူတူ လိုက်ပို့ပေးမယ်”

ကျိုးကျောက်တိက သူမ၏ စုတ်ပြတ်နေသော အထုပ်လေးကို တင်းတင်းပွေ့ထားပြီး ရှန်မော့အာကို မော့ကြည့်ကာ ပြုံးပြလိုက်သည်။ "ဆရာမရှန်၊ ဒါဆိုရင် သမီး မောင်းမောင်ရဲ့ အဘွားနဲ့အတူ ပြန်လိုက်သွားပါ့မယ်”

ရှန်မော့အာက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ "အင်း၊ စောစော နားလိုက်နော်”

ချန်မိသားစုဝင်များ အားလုံး ထွက်သွားကြပြီးနောက် ရှန်ရှောက်ယွမ်က အိမ်ထဲသို့ လှည့်ဝင်သွားရင်း ပြောလိုက်သည်။ "မနက်ဖြန်လည်း အလုပ်ဆင်းရဦးမှာမို့ အဖေ အရင်သွားနားတော့မယ်။ သမီး တစ်ခုခု စားပြီးရင် စောစော နားလိုက်ဦး”

ရှန်မော့အာက နှာခေါင်းလေးကို ပွတ်ကာ အသာအယာ ထူးလိုက်သည်။ ရှန်ရှောက်ယွမ် ထွက်သွားသည်ကို ကြည့်ပြီး ဘေးတွင် ရပ်နေသော ဖုမင်ဇယ်၏ လက်ထဲသို့ သူမ၏ ခရီးဆောင်အိတ်ကို အတင်းထိုးထည့်ပေးလိုက်ကာ တိုးတိုးလေး ပြောလိုက်၏။ "အထဲကို လိုက်ခဲ့ပါဦး၊ ကျွန်မ စားတာကို အဖော်လုပ်ပေးဦး”

လမ်းတွင် မုန့်စားခဲ့သော်လည်း ကားပေါ်မှာ စားရသဖြင့် သိပ်ပြီး အားမရလှပေ။ အခုမှ ရှန်မော့အာတစ်ယောက် တကယ် ဗိုက်ဆာလာတော့သည်။

အိုးထဲတွင် ဝမ်ထန် ပန်းကန်လုံးကြီး တစ်ပန်းကန်ကို နွေးထားပေးလေသည်။ ဒါကတော့ ရှန်ရှောက်ယွမ် လုပ်ထားတာ မဟုတ်ဘဲ တပ်ဖွဲ့က ပြည်သူပိုင်စားသောက်ဆိုင်မှာ ဝယ်လာတာ ဖြစ်ရပေမည်။

ညဘက် အများကြီး စားလျှင် အိပ်မပျော်မှာ စိုးလို့လား မသိပေ။ ရှန်ရှောက်ယွမ် ချန်ထားပေးတာက ဖုမင်ဇယ်အတွက်ပါ ပါပုံရသည်။ ရှန်မော့အာက ပန်းကန်တစ်ခု ယူကာ တစ်ဝက်ကို ဖုမင်ဇယ်အား ပေးလိုက်ပြီး နှစ်ယောက်သား ခုံပုလေး တစ်လုံးစီဖြင့် မီးဖိုချောင်ထဲတွင် ထိုင်စားလိုက်ကြသည်။

ရှန်မော့အာက ဒီနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို နန်ပြည်နယ် ပန်းထိုးစက်ရုံ အကြောင်း အပါအဝင် အကျဉ်းချုပ် ရှင်းပြလိုက်၏။

ဖုမင်ဇယ်သည် နန်ပြည်နယ် ပန်းထိုးစက်ရုံအကြောင်း ကြားဖူးလေသည်။ ဘာပဲဖြစ်ဖြစ် "နိုင်ငံတော်ဂုဏ်ဆောင် လက်ဆောင်မွန်" တွေကို ထုတ်လုပ်ပေးနေတဲ့ ဌာန မဟုတ်ပါလား။ သူတို့၏ ထုတ်ကုန်များကို ပြည်တွင်းမှာ မရောင်းချသော်ငြား တကယ်တော့ မြို့တော်က မိသားစု တချို့ကတော့ အထူးလမ်းကြောင်းကနေတစ်ဆင့် ရရှိနိုင်ကြလေသည်။

သို့သော် သူက ထိုအကြောင်းကို ထည့်မပြောဘဲ သူတို့၏ ပန်းထိုးထည်များက လွန်ခဲ့သော နှစ်အနည်းငယ်က မြို့တော်တွင် အတော်လေး နာမည်ကြီးခဲ့ကြောင်း၊ အခုတော့ အခြေအနေများကြောင့် လူတော်များ ရှားပါးသွားခြင်း ဖြစ်နိုင်ကြောင်းသာ မှတ်ချက်ပေးလိုက်သည်။

"မင်းက ရွာကလူတွေကို ပန်းထိုးသင်ပေးဖို့ စဉ်းစားနေတာလား” ဖုမင်ဇယ်က မေးလိုက်သည်။

ရှန်မော့အာမှာ ထိုကဲ့သို့သော အကြံရှိသည်မှာ အမှန်ပင်။ အဒေါ်ချန်၊ အဒေါ်ချောင် တို့ကဲ့သို့သော သူများသည် အခြေခံအားဖြင့် ရိုးရှင်းသော ပန်းထိုးအတတ်ကို သိကြသည်ကို သူမ သိသည်။ ရွာထဲတွင်လည်း ပန်းထိုးနည်းနည်းပါးပါး တတ်သည့် ဇနီးသည် ငယ်ငယ်လေးတွေ အများကြီး ရှိသည်။ တကယ်လို့ သင်ပေးမည့်သူ ရှိမယ်ဆိုရင် သူတို့ရဲ့ ကျွမ်းကျင်မှုက တိုးတက်လာမှာ သေချာသည်။ အနည်းဆုံးတော့ ဟို ငိုနေသည့် နျိုရှောက်လီ အဆင့်ကို ရောက်ဖို့က မခက်ခဲလှပေ။

တကယ်လို့ လျိုချောင်တပ်ဖွဲ့ တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ ထူးချွန်ပြီး ပါရမီပါတဲ့သူ အချို့ကို ရွေးထုတ်ဖို့က မခက်ခဲပါဘူးလေ။

ပန်းထိုးကျွမ်းကျင်သူတွေ ရှားပါးနေရတဲ့ အကြောင်းရင်းကတော့ ဒီအတတ်ပညာက လူနည်းစုရဲ့ လက်ထဲမှာပဲ ရှိနေခဲ့ပြီး သာမန်လူတွေက သင်ယူဖို့ အခွင့်အလမ်း မရှိခဲ့လို့ပဲ။ တကယ်လို့ သင်ယူခွင့်သာ ရခဲ့မယ်ဆိုရင် ပန်းထိုးသမား အချို့ကို မွေးထုတ်ပေးဖို့က သိပ်ပြီး ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူးလေ။

နန်ပြည်နယ် ပန်းထိုးစက်ရုံရဲ့ အခြေအနေကတော့ ပထမတစ်ချက်က ဆရာကြီးတွေက လူသစ်တွေကို သင်ပေးဖို့ စိတ်မပါတာ ဖြစ်နိုင်သလို၊ ဒုတိယတစ်ချက်က ပန်းထိုးသင်တန်းသား အဖြစ် ဝင်လာသူတွေဟာ ဒီဘက်မှာ ပါရမီပါတဲ့သူတွေ မဟုတ်တာမျိုး ဖြစ်နိုင်တယ်။ စည်းမျဉ်းစည်းကမ်းတွေက တင်းကျပ်လွန်းနေမှတော့ ဘယ်လိုလုပ်ပြီး လူတော်တွေ ထွက်လာမှာလဲ။

"အရင်ဆုံး စမ်းကြည့်ရမှာပေါ့၊ အောင်မြင်မလား ဆိုတာကတော့ ပြောဖို့ စောပါသေးတယ်” ရှန်မော့အာက ပြောလိုက်သည်။

ဖုမင်ဇယ်က ခေါင်းငြိမ့်လိုက်ပြီး ထပ်မမေးတော့ဘဲ အခြားကိစ္စတစ်ခုကို ပြောလိုက်၏။ "မင်း ပြည်နယ်မြို့တော်ကို သွားနေတဲ့ ဒီနှစ်ရက်အတွင်းမှာ ရွာထဲမှာ ကိစ္စတစ်ခု ဖြစ်ခဲ့သေးတယ်”

သူက ရှန်မော့အာကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

ရှန်မော့အာက ဇဝေဇဝါ ဖြစ်သွားပြီး "အင်း၊ ဒါက ကျွန်မနဲ့ ဆက်စပ်နေလို့လား”

ဖုမင်ဇယ်က အသာအယာ ရယ်မောလိုက်ပြီး "ပါဝင်ပတ်သက်သူတွေ အားလုံးက မင်းနဲ့ နည်းနည်းတော့ ဆက်စပ်နေတယ်လို့ ဆိုရမှာပဲ”

ရှန်မော့အာ: "ဟင်”

ဖုမင်ဇယ်က ပြောလိုက်၏။ "မင်းရဲ့ ဝမ်းကွဲအစ်မ ရှန်လင်းလင်းနဲ့ အထည်စက်ရုံက ကျန်းကျွင့်လျန်တို့ ကြင်ဖက်တွေ့ခဲ့ကြပြီး အဆင်ပြေခဲ့ကြတယ်တဲ့။ တို့တွေထက် အရင် လက်ထပ်ပွဲလုပ်ဖို့ ပြင်နေကြတယ်လို့ ကြားတယ်”

ရှန်မော့အာ: "..."

...

All Chapters