အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အပိုင်း (၅၃)
နောက်တစ်နေ့တွင် ရှန်မော့အာသည် ကျောင်းသို့ အလုပ်တက်ရန် သွားခဲ့သည်။ ရုံးခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရှန်လင်းလင်းက သူမအား လိမ္မော်သီး ၂ လုံး ရက်ရက်ရောရော ပေးလိုက်ပြီး မသိမသာဖြင့် ကြွားဝါလိုသော လေသံဖြင့် ပြောလိုက်၏။
"အဒေါ်ကြီးက ကျွန်မကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်လေ။ တွေ့ကြည့်ပြီးတော့ နှစ်ယောက်သား သဘောထားချင်း တိုက်ဆိုင်တာနဲ့ အခု စေ့စပ်လိုက်ပြီ။ သူက ချည်မျှင်နှင့် အထည်စက်ရုံက စက်မှုဝန်ထမ်းလေ၊ ဒီလိမ္မော်သီးက သူပေးတာ”
လိမ္မော်သီးများမှာ ကြည့်ကောင်းလှသဖြင့် ရှန်မော့အာသည် လက်ခံလိုက်ပြီး ဘေးနားတွင် သင်ခန်းစာပြင်ချင်ယောင်ဆောင်ကာ အခြေအနေကို အကဲခတ်နေသော ချန်ထောင်ကို တစ်လုံးခွဲပေးလိုက်သည်။ ချန်ထောင်က လက်ကာပြရင်း "ဆရာမရှန်လင်းလင်းက မနေ့ကလည်း ကျွန်တော့်ကို ပေးပါသေးတယ်"
ရှန်မော့အာက "အဲဒါက မနေ့ကဟာပဲလေ" ဟု ပြောကာ သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှန်မော့အာသည် လိမ္မော်သီးကို ခွဲလိုက်ပြီး မြိန်ယှက်စွာ စားရင်း ပြောလိုက်သည်။ "အင်း... တော်တော်ချိုတာပဲ"
ဤတုံ့ပြန်မှုက ရှန်လင်းလင်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။ ရှန်လင်းလင်းက ရှန်မော့အာကို ခိုးကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြန်သည်။ "ကျွန်မရဲ့ အိမ်ထောင်ဖက်က အထည်စက်ရုံက စက်မှုဝန်ထမ်းလေ။ သူတို့မိသားစုထဲမှာ အုတ်စက်ရုံက ဝါဒဖြန့်ချိရေးဌာနမှူး ရွှီနဲ့ သိတဲ့သူလည်း ရှိတယ်တဲ့”
ရှန်မော့အာသည် မျက်ခုံးပင့်လိုက်မိပြီး အခြေအနေကို နားလည်သွားခဲ့၏။ ရှန်လင်းလင်းက ငါနဲ့ ကျန်းကျွင့်လျန်တို့ တွေ့ခဲ့ဖူးတာကို သိနေတာပဲ။ ဒါကြောင့်လည်း ငါနဲ့ ဖုမင်ဇယ် တွဲတုန်းက သူက ဘေးကနေ လူကောင်းယောင်ဆောင်ပြီး လေလုံးထွားနေတာကိုး။ အဲဒီတုန်းကတည်းက သူက ကျန်းကျွင့်လျန်နဲ့ တွေ့ဖို့ ပြင်ဆင်နေတာ ဖြစ်ရမယ်။
ရှန်မော့အာသည် စိတ်ရင်းမှန်ဖြင့်ပင် ဆုတောင်းပေးလိုက်သည်။ "ဒါဆိုရင်တော့ ရှင်တို့နှစ်ယောက် ရာသက်ပန် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ရှန်လင်းလင်းမှာ ပြောစရာ စကားလုံး ပျောက်ရှသွားခဲ့သည်။ သူမသည် အားနှင့် ပစ်သွင်းလိုက်သော လက်သီးချက်က ဂွမ်းပုံပေါ်သို့ ကျရောက်သွားသလို ခံစားလိုက်ရ၏။
ရှန်လင်းလင်းနှင့် ကျန်းကျွင့်လျန်တို့ တွေ့ဆုံစဉ်က လူကြီးချင်း ပါဝင်ခဲ့ကြသည်။ သူမဘက်မှ အဒေါ်ကြီး ရှန်ရှန့်ဟုန် လိုက်ပါခဲ့ပြီး ကျန်းကျွင့်လျန်ဘက်မှ သူ၏မိခင် ပါဝင်ခဲ့သည်။ ထိုစဉ်ကပင် ကျန်းကျွင့်လျန်က ရှန်မော့အာနှင့် တွေ့ခဲ့ဖူးသည့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီး သူ့မိခင်ကလည်း ရှန်မော့အာကို သူတို့မိသားစုက သဘောမကျခဲ့ကြောင်း ဗြောင်ကျကျ ပြောဆိုခဲ့လေသည်။
ထိုစဉ်က ကျန်းကျွင့်လျန်၏ မျက်နှာထားမှာ တစ်ခုခု ပြောချင်သော်လည်း ထိန်းထားသည့်ပုံစံ ဖြစ်နေခဲ့သည်။ ရှန်လင်းလင်းကတော့ ကျန်းကျွင့်လျန်ကဲ့သို့ ပညာတတ်ပြီး ယဉ်ကျေးသူတစ်ယောက်မှာ ရှန်မော့အာကို သဘောမကျကြောင်း တိုက်ရိုက်ပြောရမှာကို အားနာနေခြင်းဖြစ်လိမ့်မည်ဟု ထင်မှတ်နေခဲ့သည်။
ရှန်မော့အာဘက်က ကျန်းကျွင့်လျန်ကို ငြင်းခဲ့သည်ဟူသော အချက်ကိုတော့ သူမ လုံးဝ ထည့်မစဉ်းစားခဲ့ချေ။ အကြောင်းမှာ ကျန်းကျွင့်လျန်သည် ရုပ်ရည်ချောမောပြီး စိတ်သဘောထား နူးညံ့ကာ အဓိကမှာ စက်ရုံ၏ စက်မှုဝန်ထမ်း ဖြစ်နေခြင်းကြောင့်ပင်။ ဤကဲ့သို့သော အခြေအနေမျိုးနှင့် လူတစ်ယောက်မှာ အစိုးရဝန်ထမ်း သို့မဟုတ် အဆင့်မြင့် အရာရှိမိသားစုမှ အမျိုးသမီးများကိုပင် ရှာဖွေနိုင်စွမ်း ရှိလေသည်။
ရှန်လင်းလင်းသည် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကြည့်ရာတွင် ဤကဲ့သို့သော အိမ်ထောင်ဖက်မျိုး ရရှိခြင်းမှာ သူမအတွက် ကံထူးခြင်းဟုပင် ယူဆခဲ့သည်။ သို့သော် ကျန်းကျွင့်လျန်ကတော့ သူသည် အမျိုးသမီး၏ အလုပ်အကိုင် သို့မဟုတ် ဂုဏ်ဒြပ်ကို ဂရုမစိုက်ဘဲ စိတ်သဘောထားကိုသာ ကြည့်ကြောင်း၊ သူမ၏ နူးညံ့သိမ်မွေ့သော စိတ်ထားကို သဘောကျကြောင်း ပြောဆိုခဲ့လေသည်။
ရှန်လင်းလင်းသည် ရှန်မော့အာကို အကဲခတ်ကြည့်ရင်း ရှန်မော့အာက ဟန်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးတောနေခဲ့သည်။ စက်ရုံက စက်မှုဝန်ထမ်းက သူ့ကို ငြင်းခဲ့တာဆိုတော့ သူ နောက်ဆုံးမှာ ဆင်းရဲတဲ့ ပညာတတ်လူငယ်တစ်ယောက်ကိုပဲ ရွေးခဲ့ရတာပေါ့။ ဒီလို အရှက်ရစရာ ကိစ္စမျိုးကို သူ သူများသိအောင် ဘယ်ပြောချင်ပါ့မလဲ။
ရှန်မော့အာကတော့ ရှန်လင်းလင်းကို ဂရုမစိုက်တော့ဘဲ သူမ၏ အိတ်ထဲမှ မြို့ပေါ်မှ ဝယ်လာခဲ့သော မုန့်ထုပ်ငယ် ၂ ထုပ်ကို ထုတ်ယူကာ ချန်ထောင်နှင့် ရှန်လင်းလင်းအား ခွဲဝေပေးလိုက်သည်။ ထို့နောက် ချန်ထောင်နှင့်အတူ မြို့ပေါ်တွင် ကျင်းပခဲ့သော ပြိုင်ပွဲအကြောင်းကိုသာ ဆွေးနွေးနေတော့သည်။
တစ်ပြည်နယ်လုံးမှ ပြိုင်ပွဲဝင် ကျောင်းသား ရာနှင့်ချီရှိကြောင်း ကြားသိရသောအခါ ချန်ထောင်က ရှန်မော့အာကို အားပေးစကား ဆိုလိုက်သည်။ "မြို့နယ်အဆင့်မှာ ဆု ၂ ခု ရထားတာတောင် အတော်လေး ဝမ်းသာစရာကောင်းနေပါပြီ။ ပြည်နယ်အဆင့်မှာ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ ဆုရခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့”
ချန်ထောင်မှာ စေတနာဖြင့် ပြောခြင်းဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်သဖြင့် ဆုမရခဲ့ပါက ရှန်မော့အာ စိတ်ပျက်သွားမှာကို စိုးရိမ်နေခြင်းပင်။ ရှန်မော့အာက ပြုံးလိုက်ပြီး "အင်း၊ ကျွန်မ နားလည်ပါတယ်"
သူမသည် အတွေ့အကြုံ ရယူရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပြီး မောင်းမောင်နှင့် ကျိုးကျောက်တိတို့မှာ ပန်းချီသင်ယူသည်မှာ လပိုင်းသာ ရှိသေးသဖြင့် ပြည်နယ်အဆင့်တွင် ဆုမရခဲ့လျှင်လည်း ပုံမှန်သာ ဖြစ်လိမ့်မည်။ ရှန်မော့အာ၏ စိတ်ထားမှာ အေးဆေးတည်ငြိမ်ပြီး ဆုရရန်ကိုလည်း အတင်းအကျပ် မရည်ရွယ်ထားပေ။
ထို့အပြင် ပြိုင်ပွဲဝင်သူတိုင်းအား အားပေးဆုတစ်ခုခု ပေးလိမ့်မည်ဟု တာဝန်ရှိသူများက အရိပ်အမြွက် ပြောထားပြီးသား ဖြစ်သည်။
ထိုသို့ ဆုရရှိခြင်းကပင် မောင်းမောင်နှင့် ကျိုးကျောက်တိအတွက် အလွန်ဝမ်းသာစရာ ဖြစ်လိမ့်မည်။ အကြောင်းမှာ ကလေးငယ်များအတွက် ထိုဆု၏ တန်ဖိုးကို နားလည်ရန် မလိုအပ်သောကြောင့်ပင်။
သူတို့၏ သင်ယူလိုစိတ်ကို မထိခိုက်စေလျှင် ရှန်မော့အာအတွက် လုံလောက်လေပြီ။
ချန်ထောင်က သူမနှင့် ဖုမင်ဇယ်တို့၏ မင်္ဂလာပွဲကိုလည်း ဆက်လက်မေးမြန်းခဲ့သည်။ လုပ်ဖော်ကိုင်ဖက် ဖြစ်သည့်အပြင် ပညာတတ်လူငယ်ချင်းလည်း ဖြစ်သဖြင့် သူ သေချာပေါက် လာရောက်ရမည် မဟုတ်ပါလား။ ရှန်မော့အာသည် သူမနှင့် ဖုမင်ဇယ်တို့ တိုင်ပင်ထားသော အစီအစဉ်များကို ပြောပြလိုက်၏။
ထိုအချိန်အတောအတွင်း ရှန်လင်းလင်းမှာ စာပြင်ချင်ယောင်ဆောင်ရင်း နားစွင့်နေခဲ့ပြီး ရှန်မော့အာ လှည့်ကြည့်လိုက်သည့်အခါမှသာ အလုပ်များနေသည့်ပုံစံသို့ အမြန်ပြောင်းလိုက်သည်။
မနက်ခင်း ကျောင်းဆင်းသောအခါ ရှန်မော့အာသည် ကျိုးကျောက်တိကို တွေ့သဖြင့် လှမ်းခေါ်ကာ သူမ၏ အိမ်အခြေအနေကို မေးမြန်းလိုက်သည်။
"သမီးကို မရိုက်တော့ပါဘူး၊ ဆူရုံပဲ ဆူတာပါ။ အရင်တစ်ခါ တပ်ဖွဲ့ခေါင်းဆောင်က သမီးတို့ အိမ်ကိုလာပြီး အဘိုးကို ပြောသွားတယ်လေ။ နောက်တစ်ခါ ကလေးကို ရိုက်နှက်တာ ကြားရင် လုပ်အားခရမှတ်တွေ ဖြတ်ပစ်မယ်ဆိုတော့ သူတို့ မရိုက်ရဲတော့ဘူး။ ဆူတာကတော့ ကိစ္စမရှိပါဘူး၊ အသားပါသွားတာမှ မဟုတ်တာ။ အလုပ်ပိုလုပ်ရလည်း ရပါတယ်၊ သမီးကို ကျောင်းတက်ခွင့်နဲ့ ပန်းချီဆွဲခွင့်ပေးရင် ကျန်တာ အကုန်လုပ်ပေးနိုင်တယ်"
ကျိုးကျောက်တိက မျက်လုံးလေးများ တောက်ပလျက် မေးလိုက်သည်။ "ဆရာမရှန်၊ သမီးသာ ကြိုးစားပြီး စာသင်ရင်၊ ပန်းချီဆွဲရင် နောက်ဆို ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ရမှာ မဟုတ်လားဟင်”
ရှန်မော့အာက ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး အားပေးလိုက်သည်။ "အင်း၊ သေချာပေါက် ဖြစ်လာမှာပါ”
ဆရာတပည့် ၂ယောက် စကားပြောရင်း ကျောင်းပြင်သို့ ထွက်လာသည့်အခါ ကျောင်းထဲတွင် လူမရှိတော့ချေ။ ကျိုးကျောက်တိကို အိမ်အထိ လိုက်ပို့ပေးရာ လမ်းခုလတ်တွင် ကလေးမလေးက ရှန်မော့အာကို မထင်မရှားသော ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားခဲ့သည်။
ကျိုးကျောက်တိက အသံကိုနှိမ့်ကာ တိုးတိုးလေး ပြောလိုက်၏။ "ဆရာမရှန်၊ ဟိုမှာ ဆရာမရှန်လင်းလင်း!"
ရှန်မော့အာက ဇဝေဇဝါဖြင့် "အင်း?" ဟု မေးလိုက်စဉ် ကျိုးကျောက်တိက ဆက်ပြောသည်။ "ပြီးတော့ ကျန်းကျစ်ချန်လည်း ရှိနေတယ်"
ရှန်မော့အာသည် ကျန်းကျစ်ချန်ဆိုသူမှာ ပညာတတ်လူငယ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်ကြောင်း သတိရလိုက်သည်။ ကျန်းကျစ်ချန်မှာ အာဏာပြလိုစိတ် အတော်လေး ရှိပုံရလေသည်။ ပညာတတ်လူငယ်များအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ အဓိကတာဝန်မှာ အချိတ်အဆက် ပြုလုပ်ပေးရန်သာ ဖြစ်သော်လည်း သူကတော့ အဖွဲ့ခေါင်းဆောင်ဆိုသည့် သူ၏ ရာထူးကို အမြဲတမ်း အမွှမ်းတင် ပြောဆိုလေ့ ရှိသည်။ မူလတန်းကျောင်းသားလေးများပင် ထိုအကြောင်းကို ကောင်းကောင်း သိနေကြသည်။
သူမသည် အပြင်သို့ ချောင်းကြည့်လိုက်ရာ ပိန္နဲပင်အောက်တွင် ရှန်လင်းလင်းနှင့် ကျန်းကျစ်ချန်တို့ ထိပ်တိုက်တွေ့နေသည်ကို မြင်လိုက်ရသည်။ ကျန်းကျစ်ချန်၏ မျက်နှာမှာ နီမြန်းနေပြီး အတော်လေး စိတ်လှုပ်ရှားနေပုံ ရသည်။
"... ကျွန်တော်တို့ကြားမှာ ဘာမှ မရှိခဲ့ဘူးဆိုပေမဲ့ နားလည်မှုတစ်ခု ရှိနေတယ်လို့ ကျွန်တော် ထင်ခဲ့တာလေ။ ကျွန်တော် မင်းအတွက် အလုပ်တွေ ကူလုပ်ပေးခဲ့တယ်၊ ပစ္စည်းတွေ အများကြီး ပေးခဲ့တယ်။ ကျွန်တော် မင်းကို ပိုးပန်းနေခဲ့တာ မင်း သိသားနဲ့။ မင်းကလည်း မငြင်းခဲ့ဘူးလေ။ မင်း ကျွန်တော့်ကို စမ်းသပ်နေတာလို့ပဲ ကျွန်တော် ထင်ခဲ့တာ။ မင်း ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်နိုင်ရတာလဲ!" ကျန်းကျစ်ချန်၏ အသံမှာ တုန်ရီနေခဲ့သည်။
"မဟုတ်ဘူးနော် ရဲဘော်ကျန်း၊ ရှင်က ကျွန်မကို စိတ်ထားကောင်းပြီး သတ္တိရှိတဲ့သူလို့ ချီးကျူးခဲ့ဖူးတယ်၊ ကျွန်မကလည်း ရှင့်ကို ကြင်နာတတ်ပြီး သဘောထားကြီတယ်လို့ ထင်ခဲ့တာ။ ကျွန်မတို့က တော်လှန်ရေးရဲဘော်တွေပဲလေ။ ရှင် ကျွန်မကို ကူညီခဲ့တာတွေက ရဲဘော်အချင်းချင်း ကူညီတာလို့ပဲ ကျွန်မ ထင်ခဲ့တာ။ ပြီးတော့ ကျွန်မလည်း ရှင့်ကို လက်ဆောင်တွေ ပြန်ပေးခဲ့သားပဲ။ ဒါကို ဘာလို့ ချစ်သူဖြစ်ဖို့ နားလည်မှုလို့ ပြောနိုင်ရတာလဲ။ ကျွန်မတို့အိမ်က ကျွန်မကို ပညာတတ်လူငယ်တစ်ယောက်နဲ့ လက်ထပ်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး" ရှန်လင်းလင်းက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"မင်း... မင်း ပြန်ပေးခဲ့တာတွေက..."
ကျန်းကျစ်ချန်မှာ အခိုက်တန့် စကားပင် ထစ်သွားတော့သည်။ သူက ရှန်လင်းလင်းကို လက်ဆောင်များစွာ ပေးခဲ့ဖူးသော်လည်း ရှန်လင်းလင်းကတော့ သူမ၏ ခြံထွက် သခွားသီး ၂ လုံးသာ ပြန်ပေးခဲ့ဖူးသည်။ တန်ဖိုးချင်းက ယှဉ်၍မရသော်လည်း ကျန်းကျစ်ချန်မှာ သိက္ခာကို ငဲ့ကွက်သူဖြစ်သဖြင့် ထိုအချက်ကို ထုတ်မပြောနိုင်ခဲ့ချေ။
"ပညာတတ်လူငယ်နဲ့ လက်ထပ်ခွင့် မပြုဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ။ ဒါက ခွဲခြားဆက်ဆံတာပဲ!" သူက အားတင်းကာ ပြောလိုက်ပြီးနောက် မျှော်လင့်ချက် အနည်းငယ်ဖြင့် ထပ်မေးလိုက်သည်။ "ရဲဘော်လင်းလင်း၊ မင်းအိမ်က မင်းကို အတင်းအကျပ် ခိုင်းစေတာ မဟုတ်လား။ ဒါကြောင့်ပဲ မင်း အထည်စက်ရုံက တစ်ယောက်ကို ရွေးလိုက်တာ မဟုတ်လား"
ရှန်လင်းလင်းက နူးညံ့သော လေသံဖြင့် ပြန်ပြောလိုက်၏။ "ရဲဘော်ကျန်းရယ်၊ ရှင်ကိုယ်တိုင်ပဲ ပြောတယ်လေ၊ ကျွန်မရဲ့ အခုဒီလူက စက်ရုံက စက်မှုပညာရှင်လေ။ တော်လှန်ရေးရဲဘော်တစ်ယောက်အနေနဲ့ ကျွန်မအတွက် ရှင် ဝမ်းသာပေးသင့်တာပေါ့”
ကျန်းကျစ်ချန်: “…”
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျန်းကျစ်ချန်သည် ရုတ်တရက် စိတ်ပေါက်ကွဲသွားကာ အော်ဟစ်လိုက်၏။ "မဖြစ်နိုင်ဘူး၊ ကျွန်တော် ဝမ်းမသာနိုင်ဘူး!" ထို့နောက် သူသည် လှည့်ကာ ထွက်ပြေးသွားတော့သည်။
ရှန်လင်းလင်းသည် သူ ထွက်ပြေးသွားသည်ကို ကြည့်ကာ "ရူးနေတာလား" ဟု နှာခေါင်းရှုံ့လျက် အခြားတစ်ဖက်သို့ လျှောက်သွားလေသည်။
ရှန်လင်းလင်းပါ ထွက်ခွာသွားသည်ကို မြင်သောအခါ ကျိုးကျောက်တိက သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်ပြီး ရေရွတ်လိုက်သည်။ "ခေါင်းဆောင်ကျန်းကတော့ တကယ်ပဲ သနားစရာကောင်းလိုက်တာ"
ရှန်မော့အာ: "..."
နင်က မူလတန်းကျောင်းသူလေးပဲရှိသေးတာ၊ ဒီလိုရှုပ်ထွေးတဲ့ကိစ္စတွေကို ခိုးကြည့်ရုံတင်မကဘူး၊ ဝေဖန်ဖို့တောင် စိတ်ကူးရှိနေသေးတာလား။
"ကျန်းကျစ်ချန်ကတော့ ကိုယ့်ဘာသာ အထင်ကြီးပြီး အရှုံးနဲ့ ရင်ဆိုင်လိုက်ရပြီ၊ တကယ်ကို သနားစရာပဲ" ဝမ်ချိုးထုန်က လမ်းတစ်ဖက်ရှိ ပျက်စီးနေသော အိုးခြမ်းပဲ့ကြီး နောက်ကွယ်မှ ရုတ်တရက် ထွက်လာကာ ရှန်မော့အာရှိရာသို့ ဝမ်းသာအားရ ပြေးလာရင်း ပြောလိုက်လေသည်။ "မော့အာ၊ နင် ပြန်လာပြီပဲ၊ တော်သေးတာပေါ့"
ရှန်မော့အာသည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "နင်က ဘာလို့ အဲဒီကနေ ထွက်လာတာလဲ"
ဝမ်ချိုးထုန်က ရယ်မောလျက် အသံကိုနှိမ့်ကာ တိုးတိုးလေး ပြောပြလေသည်။ "မနေ့ကတည်းက ကျန်းကျစ်ချန်ရဲ့ မျက်နှာက မကောင်းတာနဲ့ တစ်ခုခုဖြစ်တော့မယ်လို့ ထင်ပြီး လိုက်ကြည့်နေတာလေ။ ဒီရက်ပိုင်းမှာ သူက ပေါက်ကွဲခါနီး ဗုံးတစ်လုံးလို ဖြစ်နေတာ။ သူ ရှန်လင်းလင်းဆီကို ဒေါသတကြီး သွားနေတာ မြင်တာနဲ့ ငါလည်း တိတ်တဆိတ် နောက်က လိုက်လာခဲ့တာပေါ့"
ဝမ်ချိုးထုန်သည် သူမကို အံ့ဩတကြီး ကြည့်နေသော ကျိုးကျောက်တိကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းပေါ် လက်တင်ကာ နှုတ်ပိတ်လိုက်၏။ "ဒါကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းပေးနော်၊ ဟုတ်ပြီလား"
ကျိုးကျောက်တိသည်လည်း သူမ၏ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီး ပြုံးလျက် ခေါင်းညိတ်ပြရှာသည်။ ဝမ်ချိုးထုန်က သူမ၏ အိတ်ထဲမှ သကြားလုံး ၂ လုံးကို ထုတ်ယူကာ ကျိုးကျောက်တိ၏ အိတ်ထဲသို့ ထည့်ပေးလိုက်ပြီး "လိမ္မာတဲ့ ကလေးလေးပဲ"
ဝမ်ချိုးထုန်၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်ကို မြင်သောအခါ ရှန်မော့အာက ‘နင်ကတော့ တကယ်ပဲ ပြဿနာရှာနေတာပဲ။ ဒါသာ သာ့လျန်မင်းဆက်မှာဆိုရင် နင့်သင်္ချိုင်းက မြက်တွေတောင် ၃ တောင်လောက် ရှိနေလောက်ပြီ’ ဟု သူမအား သတိပေးလိုသော စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် နောက်ဆုံးတွင် ရှန်မော့အာက ပြောလိုက်တော့သည်။ "သွားကြစို့၊ အရင်ဆုံး ကျိုးကျောက်တိကို အိမ်လိုက်ပို့ပေးမယ်။ ငါ ပြည်နယ်မြို့တော်က မုန့်တွေ ယူလာတယ်၊ နင်လည်း ငါနဲ့အတူ လိုက်ယူလိုက်လေ"
ဝမ်ချိုးထုန်သည်လည်း အလွန်ဝမ်းသာသွားတော့၏။ "မော့အာ၊ နင်ကတော့ အကောင်းဆုံးပဲ"
မင်္ဂလာပွဲ ကျင်းပတော့မည် ဖြစ်သဖြင့် ရှန်ရှောက်ယွမ်သည် အိမ်သစ်တက်မည့်ရက်ကို ရွှေ့ဆိုင်းလိုက်ပြီး ရှန်မော့အာတို့ မင်္ဂလာဆောင်သည့် ရက်နှင့် တစ်ရက်တည်း ပြုလုပ်ရန် ဆုံးဖြတ်လိုက်ရာ ၎င်းမှာ မင်္ဂလာ ၂ ထပ်ကွန်း ဖြစ်ပေလိမ့်မည်။
ထိုနေ့မတိုင်မီတွင် မိသားစုအတွက် လိုအပ်သော ပစ္စည်းများကို ဝယ်ယူစုဆောင်းရဦးမည်။
မူလကတော့ ဆက်ပြီး ဆင်းရဲသားအသွင် ဟန်ဆောင်နိုင်ရန်အတွက် အရင်က သုံးနေသော ကုတင်ဟောင်းကိုသာ ပြောင်းရွှေ့ရန် ရည်ရွယ်ခဲ့သော်လည်း မင်္ဂလာဆောင်သည့်အခါ ကုတင်အသစ်က သေချာပေါက် လိုအပ်သည် မဟုတ်ပါလား။ ကုတင်တစ်လုံး ပြုလုပ်လျှင် ၂ လုံးလည်း ပြုလုပ်နိုင်သည်ဖြစ်၍ နောက်ဆုံးတွင် ကုတင် ၂ လုံးကိုသာ ပြုလုပ်လိုက်ကြတော့သည်။ ရှန်ရှောက်ယွမ်သည် သမီးဖြစ်သူအတွက် မှန်တင်ခုံ ပြုလုပ်ပေးလိုသော်လည်း လက်ရှိ ဆင်းရဲမွဲတေမှု အခြေအနေအရ မှန်တင်ခုံကဲ့သို့သော ပစ္စည်းမှာ မသင့်တော်သဖြင့် လက်တွေ့ကျသော ၅ ထပ်အံဆွဲဗီရိုတစ်လုံးကိုသာ ပြုလုပ်ပေးခဲ့ရလေသည်။
ထို့အပြင် စားပွဲ၊ ထိုင်ခုံရှည်၊ ထိုင်ခုံပု၊ မီးဖိုချောင်သုံး ဗီရိုနှင့် မျက်နှာသစ်ဖလားတင်စင် စသည့် ပစ္စည်းအသေးအဖွဲများကို ပြုလုပ်လိုက်သဖြင့် သူတို့၏ သစ်သားလိုအပ်ချက်မှာ အကုန်အစင် ကုန်ဆုံးသွားခဲ့ပြီး တပ်ဖွဲ့ထံသို့ပင် အကြွေးတင်သွားခဲ့ရသည်။
သို့သော်လည်း မင်္ဂလာပွဲကို အကြောင်းပြကာ လိုအပ်သော ပရိဘောဂများကို တစ်ခါတည်း စုံလင်အောင် ပြင်ဆင်နိုင်ခဲ့ခြင်းမှာ အားသာချက်တစ်ခုပင်။ မင်္ဂလာပွဲအတွက်ဆိုလျှင် ချွေတာစုဆောင်းကာ ပရိဘောဂ ပြုလုပ်တတ်ကြသည်မှာလည်း ဓမ္မတာပင်။
ထို့နောက်တွင် စောင်၊ စောင်စွပ်၊ မျက်နှာသစ်ဖလား၊ ရေနွေးအိုး၊ ပန်းကန်ခွက်ယောက်၊ သွားတိုက်တံ၊ ဆပ်ပြာ စသည့် နေ့စဉ်သုံး ပစ္စည်းများကိုလည်း စုဆောင်းခဲ့ကြသည်။ ဤပစ္စည်းအများစုကို ဖုမင်ဇယ်ကပင် ရှာဖွေပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ရှန်မော့အာ မဝယ်ယူမီမှာပင် သူက ကျိန့်ကျားမင်နှင့် အစ်ကိုပေါင်တို့ထံမှ ငွေနှင့် ကူပွန်များ ချေးငှားကာ ဝယ်ယူခဲ့ခြင်း ဖြစ်လေသည်။
ရှန်မော့အာက ငွေပြန်ပေးသော်လည်း သူက လက်မခံဘဲ ကိုယ်တိုင် ပြန်ဆပ်မည်ဟု အခိုင်အမာ ပြောဆိုခဲ့သဖြင့် ရှန်မော့အာလည်း လက်လျှော့လိုက်ရတော့သည်။ နောက်ဆုံး လက်ထပ်ပြီးလျှင် အကြွေးကို အတူတူဆပ်လိုက်ရုံပင်။
မင်္ဂလာပွဲအတွက် ပြင်ဆင်နေသည့်ကြားမှ ရှန်မော့အာသည် ချောင်ဖေး အကြိုက်ဆုံးဖြစ်သော ပျိုနီပန်းချီပုံစံကို ပိုးစပေါ်တွင် ချည်ထိုးကာ ပေးပို့လိုက်သေးသည်။ သူမသည် အလုပ်၊ ချည်ထိုးခြင်းနှင့် မင်္ဂလာပွဲ ပြင်ဆင်ခြင်းတို့ကြောင့် အလွန်ပင် အလုပ်များနေခဲ့ရသည်။
ဖုမင်ဇယ်သည်လည်း လယ်ထဲ၌ အလုပ်လုပ်ခြင်း၊ စမ်းသပ်ကွက်များတွင် ကူညီခြင်းနှင့် မင်္ဂလာပွဲ ပစ္စည်းများ စုဆောင်းခြင်းတို့ကြောင့် အလွန်ပင် အလုပ်များနေခဲ့သည်။ ထို့ကြောင့်ပင် ရွာတစ်ရွာတည်းတွင် နေထိုင်ကြသော်လည်း သူတို့နှစ်ဦးမှာ တွေ့ဆုံချိန်ပင် မရှိသလောက် ဖြစ်နေခဲ့ရသည်။
ရှန်မော့အာ၏ ချွေတာသော ပြင်ဆင်မှုများနှင့် ယှဉ်လျှင်တော့ ရှန်လင်းလင်း၏ ပြင်ဆင်မှုများကတော့ တစ်ရွာလုံး သိအောင်ပင် ခမ်းနားလှလေသည်။ ကျန်းမိသားစုက ပစ္စည်းတစ်ခု ပို့တိုင်း သူတို့က တစ်ရွာလုံး သိအောင် အုတ်အော်သောင်းနင်း ပြုလုပ်တတ်ကြသည်။ ကျန်းကျွင့်လျန်၏ အိမ်တွင် နေရာကျဉ်းသဖြင့် မင်္ဂလာဆောင်ပြီးလျှင် ယန်လျိုတပ်ဖွဲ့ရှိ ရှန်လင်းလင်းတို့ အိမ်တွင်ပင် လိုက်လံ နေထိုင်ရန် သဘောတူခဲ့ကြသည်။
ရှန်လောင်အာ့တို့ ဇနီးမောင်နှံမှာ အလွန်ပင် ပါးနပ်သူများ ဖြစ်ကြသည်။ သမီးဖြစ်သူ လက်ထပ်သည့်အခါ အိမ်တစ်ဝက်ကို အလကား ပေးစရာ အကြောင်းမရှိသဖြင့် ငှားရမ်းခြင်းဟု အမည်တပ်ကာ တစ်နှစ်လျှင် ၁၀ ယွမ်နှုန်းဖြင့် ငွေတောင်းခံခဲ့ကြသည်။
ထို့အပြင် စက်မှုဝန်ထမ်း သားမက်နှင့် အတူနေခြင်းဖြင့် အစားအသောက်နှင့် အခြား အခွင့်အရေးများ ရရှိနိုင်ရန်လည်း မျှော်လင့်နေကြသေးသည်။ တစ်လလျှင် လစာ အများအပြား ရရှိသော သားမက်ဖြစ်သူက သူတို့ကိုလည်း တစ်နည်းနည်းဖြင့် ထောက်ပံ့ပေးလိမ့်မည်ဟု သူတို့က တွက်ချက်ထားကြလေသည်။
လူငယ်စုံတွဲက ယန်လျိုတပ်ဖွဲ့တွင် လာနေမည်ဖြစ်သောကြောင့် ကျန်းမိသားစုက ပို့ပေးသော ပရိဘောဂများမှာလည်း ရှန်လင်းလင်း၏ အခန်းထဲသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
အမှန်တွင်တော့ ကြီးကြီးကျယ်ကျယ် ပြောစရာ ပစ္စည်းကြီးကြီးမားမား မရှိချေ။ ရှန်လင်းလင်း၏အိမ်တွင် ကုတင်နှင့် စားပွဲများ ရှိပြီးသား ဖြစ်သည်။ ကျန်းမိသားစုက ၅ ထပ်အံဆွဲဗီရို၊ ကြိမ်သေတ္တာ ၂ လုံးနှင့် ရေနွေးဓာတ်ဘူး၊ ထွေးခံ စသည်တို့ကို ပို့ပေးခဲ့ကြသည်။
အထူးခြားဆုံးမှာ အသစ်နီးနီး ဖြစ်သော ရေဒီယိုကြီးပင်။
ကျန်းကျွင့်လျန်တွင် စက်ဘီးတစ်စီး ရှိသေးသည်။ သူနှင့် ရှန်လင်းလင်းတို့ စေ့ခဲ့စဉ်က သူသည် သူမကို လက်ပတ်နာရီတစ်လုံး ပေးခဲ့ပြီး ယခု သည်ရေဒီယိုနှင့် ပေါင်းလိုက်လျှင် သူတို့တွင် “သုံးမျိုးထဲ နှစ်မျိုး” ပိုင်ဆိုင်ထားပြီဖြစ်သည်။
အသစ်စက်စက် မဟုတ်လျှင်တောင်မှ ရှန်လောင်အာ့တို့ ဇနီးမောင်နှံမှာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရွှင်နေကြလေသည်။
ရွာထဲက ဘယ်မိန်းကလေးကများ လက်ထပ်တဲ့အခါ ဒီလောက် များပြားသော ပစ္စည်းအများကြီး ရခဲ့ဖူးလို့လဲ။ ရှန်မော့အာကိုပံ ကြည့်လေ။ သူတို့မိသားစုမှာ တစ်ပတ်ရစ် စက်ဘီးတစ်စီး ရှိပေမဲ့ ဒါက ရှန်လောင်ချီ ကိုယ်တိုင် ဝယ်ထားခဲ့ဟာလေ။
ဖုမင်ဇယ်လို ဆင်းရဲသားလေးကလား။ မျက်နှာသုတ်ပုဝါ နည်းနည်းပါးပါး ဝယ်လိုက်တာနဲ့ အကြွေးနွံနစ်သွားလိမ့်မယ်။ သူ့ဆီက 'လည်ပတ်တဲ့ ပစ္စည်း ၃ မျိုးနဲ့ အသံထွက်တဲ့ ပစ္စည်း ၁ မျိုး' ကို တယ်ပေးဖို့ မျှော်လင့်နေတလား။ နောင်ဘဝမှပဲ ရလိမ့်မယ်။
ထို့အပြင် ရှန်လောင်အာ့တို့ ဇနီးမောင်နှံတွင် တိတ်တဆိတ် ရည်ရွယ်ထားသော အကြံအစည်တစ်ခုလည်း ရှိနေသေး၏။
ရှန်လင်းလင်းနှင့် သူမ၏ ခင်ပွန်းတို့သည် ယန်လျိုရွာတွင် တစ်သက်လုံး ဆက်လက် နေထိုင်သွားနိုင်စရာ အကြောင်းမရှိပေ။ ကျန်းကျွင့်လျန်က အလုပ်မှ အိမ်ရာခွဲဝေရရှိလာသည့်အခါတွင် သူတို့ ပြောင်းရွှေ့သွားကြမည်မှာ သေချာလှ၏။ အိမ်သစ်သို့ ပြောင်းရွှေ့သွားကြသည့်အခါ ထိုပစ္စည်းများ အားလုံးကို တပါတည်း ယူဆောင်သွားကြမည် မဟုတ်ပေ။ ထိုအခါ ပစ္စည်းအများစုမှာ ရှန်မိသားစုလက်ထဲသို့ အလိုအလျောက် ရောက်ရှိလာလိမ့်မည်။
ထို့ကြောင့် ရှန်လောင်အာ့တို့ မိသားစုက စက်ရုံအလုပ်သမား သားမက်နှင့် သမီးဖြစ်သူကို အိမ်တွင် ခေါ်ယူထားရှိရေးအပေါ် ဘာပြဿနာမှ မရှိဟု ယူဆထားကြသည်။ ပြဿနာမရှိသည်သာမက ထိုကိစ္စအတွက်ပင် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလေသည်။
ကျန်းမိသားစုက လက်တွေ့တွင် မည်သို့ တွေးထင်နေမည်ဆိုသည်ကိုလည်း သူတို့ လုံးဝ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိချေ။
အချိန်များ ကုန်လွန်သွားပြီး ရှန်မော့အာ၏ ၁၈ နှစ်ပြည့် မွေးနေ့သို့ ရောက်ရှိလာခဲ့သည်။
ကြီးကျယ်သော ပွဲမျိုး မဟုတ်ဘဲ ဖုမင်ဇယ်နှင့်အတူ မိသားစု ၃ ဦးသား ဆုံဆုံလင်လင်ဖြင့် ညစာစားခဲ့ကြသည်။ ရှန်ရှောက်ယွမ်က ကြက်ဥကြော်ပေးပြီး ဖုမင်ဇယ်ကတော့ ရှန်မော့အာအတွက် သက်ရှည်ခေါက်ဆွဲကို ကိုယ်တိုင် ချက်ပြုတ်ပေးခဲ့လေသည်။
ယခင်နှစ်များတုန်းက ရှန်ရှောက်ယွမ်ကိုယ်တိုင် သက်ရှည်ခေါက်ဆွဲ လုပ်ပေးခဲ့သော်လည်း သည်တစ်ကြိမ်မှစပြီး သူသည် မီးဖိုဘေး ရပ်ကာ ဖုမင်ဇယ်ကို ညွှန်ကြားနေပြီး သက်ရှည်ခေါက်ဆွဲချက်ပြုတ်မည့်တာဝန်ကို ဖုမင်ဇယ်အား လွှဲပေးလိုက်တော့သည်။
မွေးနေ့အပြီးတွင် ရှန်မော့အာသည် တရားဝင် လက်ထပ်နိုင်သော အသက်အရွယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နံနက်စောစောတွင် ဖုမင်ဇယ်သည် ရှန်မော့အာတို့ အိမ်တံခါးသို့ ရောက်ရှိလာခဲ့သည်။ ရှန်ရှောက်ယွမ်သည် မျက်နှာစူပုတ်လျက် တံခါးဖွင့်ပေးလိုက်ပြီး သူ့ကို စိုက်ကြည့်ကာ "မင်း ဘာလို့ ဒီလောက်စောစော လာတာလဲ"
ဖုမင်ဇယ်က နွေဦးလေပြေကဲ့သို့ နူးညံ့စွာ ပြုံးလိုက်ပြီး "ဒီနေ့ လက်ထပ်စာချုပ် စာရင်းသွားသွင်းရမှာလေ၊ အစောကြီးသွားမှ ကံကောင်းမှာ"
ရှန်ရှောက်ယွမ် “…”
တရားဝင်သားမက် ဖြစ်လာတော့မယ်ဆိုပေမဲ့ ဒီအပြောချိုနေပုံကတော့ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။
...
အပိုင်း (၅၄.၁) ဒီလောက်ချောမောပြီး ဒီလောက်လိုက်ဖက်ညီတာ
ဆောင်းဦးကောက်ရိတ်သိမ်းပြီးချိန်မှ နှစ်သစ်ကူးမတိုင်မီကာလသည် ရွာအသီးသီးရှိ လူငယ်များ ဖူးစာရှင်ရှာဖွေခြင်းနှင့် မင်္ဂလာပွဲဆင်နွှဲခြင်းတို့အတွက် အလုပ်အများဆုံး အချိန်အခါပင်။ သို့သော်ငြားလည်း ယခုလိုခေတ်ကာလတွင် လူအများသည် မင်္ဂလာအခမ်းအနားကိုသာ ပို၍ အလေးထားကြ၏။ ကျေးလက်နေပြည်သူများအတွက်မူ လက်ထပ်မှတ်ပုံတင် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရေးမကြီးလှဘဲ မင်္ဂလာဧည့်ခံပွဲကသာ အရေးအကြီးဆုံး ဖြစ်လေသည်။ ထို့ကြောင့် တပ်ဖွဲ့၏ လက်ထပ်မှတ်ပုံတင် ထုတ်ပေးရေးရုံးခန်းထဲတွင် လူသိပ်မများလှချေ။
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် မနက်အစောကြီးကတည်းက ရောက်ရှိနေကြပြီး လက်ထပ်မှတ်ပုံတင် လာရောက်ထုတ်ယူသည့် ပထမဆုံး စုံတွဲဖြစ်လေသည်။
လက်ထပ်မှတ်ပုံတင် ရေးပေးရသည့် ဝန်ထမ်းမှာ အသက် (၄၀) ကျော်အရွယ် အစ်မကြီးတစ်ဦးဖြစ်ပြီး သူမ၏ လက်ရေးမှာ အလွန်လှပသေသပ်လှ၏။ သူမက စာရေးနေရင်း ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်ကို နောက်ပြောင်ကာ ပြောလိုက်သည်။
"ဒီနေ့တော့ အဖွင့်လှတာပဲ။ ပထမဆုံးစုံတွဲက ဒီလောက်ချောမောပြီး ဒီလောက်လိုက်ဖက်ညီနေကြတာ"
လုပ်ဖော်ကိုင်ဖက်ဖြစ်သူက သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလျက် ပြောလေသည်။
"ဟုတ်ပါ့ဟယ်။ ဒီနေ့မှ မဟုတ်ပါဘူး၊ တစ်နှစ်လုံးနေလို့တောင် ဒီလောက်ရုပ်ရည်ချောမောပြေပြစ်တဲ့ စုံတွဲမျိုး မမြင်ဖူးသေးဘူး"
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် ရှက်တတ်သူများ မဟုတ်ကြသော်ငြားလည်း ဤအချိန်တွင်တော့ အနည်းငယ် ရှက်သွေးဖြာသွားကြလေသည်။
ဖုမင်ဇယ်၏ နားရွက်ဖျားလေးများမှာ အနည်းငယ် နီမြန်းသွား၏။ သို့သော် သူ၏ အားသာချက်တစ်ခုမှာ မျက်နှာပေါ်တွင် ဘာခံစားချက်ကိုမှ ဖော်ပြလေ့မရှိခြင်းပင်။ ရုတ်တရက်ကြည့်လိုက်လျှင် လူကို ဟန်လုပ်ကာလှည့်စားနိုင်စွမ်း ရှိလေသည်။ သူသည် တည်ငြိမ်ဟန်ဖြင့် လွယ်အိတ်ထဲမှ သကြားလုံးတစ်ဆုပ်ကို နှိုက်ယူလိုက်ပြီး ရုံးခန်းထဲရှိ ဝန်ထမ်းများကို ဝေငှပေးလိုက်သည်။
ဝန်ထမ်းများသည် အစက ဤလူငယ်လေးမှာ ချောမောသော်လည်း အနည်းငယ် အေးစက်စက်နိုင်သည်ဟု ထင်ထားခဲ့ကြ၏။ သို့သော် သူက သည်လိုရက်ရောစွာ သကြားလုံးတစ်ဆုပ်ကြီး ဝေငှပေးမည်ဟု မည်သူက ထင်ထားပါမည်နည်း။ ထို့အပြင် ထိုသကြားလုံးများမှာ တန်ဖိုးကြီး နို့သကြားလုံးများ ဖြစ်နေသဖြင့် အားလုံးက ကျေးဇူးတင်စကား ဆိုကြပြီး မင်္ဂလာရှိသော ဆုမွန်ကောင်းများကိုပါ တစ်ဆက်တည်း ပြောကြားပေးကြလေသည်။
ဝန်ထမ်းများကို ဝေငှပြီးနောက် ဖုမင်ဇယ်သည် အလှည့်စောင့်နေသော အခြားစုံတွဲနှစ်တွဲကိုပါ သကြားလုံးများ ဝေငှပေးလိုက်ရာ ထိုနေရာတွင် ရှိနေသူ တစ်ယောက်မကျန် ရရှိသွားကြလေသည်။
လက်မှတ်ရေးပေးသည့် အစ်မကြီးသည် လက်ထပ်မှတ်ပုံတင်နှစ်စောင်ပေါ်ရှိ စာသားများကို ရေးသားပြီးစီးသွားသောအခါ တံဆိပ်တုံးကို ခပ်ပြင်းပြင်း ဖိနှိပ်လိုက်ပြီး ရှန်မော့အာကို ကမ်းပေးလိုက်သည်။
"လူငယ်လေးတွေ အတူတကွ တိုးတက်ကြပါစေ။ ဆိုရှယ်လစ်တည်ဆောက်ရေးအတွက် အတူတူ ကြိုးစားအားထုတ်ကြပါ"
ရှန်မော့အာက ပြုံးလျက် လှမ်းယူလိုက်၏။
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်ရှင်"
သူမသည် လက်ထပ်မှတ်ပုံတင်ကို ကိုင်ထားရင်း အဆန်းတကြယ် ကြည့်ရှုနေမိသည်။ ဤအရာသည် သာ့လျန်မင်းဆက်တွင် မရှိခဲ့သော အရာပင်။ သူတို့ သာ့လျန်မင်းဆက်တွင် အမျိုးသားနှင့် အမျိုးသမီးတို့ လက်ထပ်ခြင်း၏ အထောက်အထားမှာ မင်္ဂလာစာချုပ် တစ်ရွက်သာ ဖြစ်လေသည်။ တရားဝင် လက်ထပ်ခြင်း မဟုတ်သူများဆိုလျှင် မင်္ဂလာစာချုပ်ပင် မရှိကြချေ။
ဤလက်ထပ်မှတ်ပုံတင်မှာ အနီရောင်စာအုပ်ငယ်လေး နှစ်အုပ်ဖြစ်၏။ ဖွင့်ကြည့်လိုက်လျှင် စာမျက်နှာတစ်ဖက်တွင် "အမြင့်ဆုံးလမ်းညွှန်ချက်" ကို ရိုက်နှိပ်ထားပြီး အခြားတစ်ဖက်တွင် ဇနီးမောင်နှံ၏ အမည်များ ရှိလေသည်။ ၎င်း၏အောက်တွင် "... မိမိတို့သဘောဆန္ဒအလျောက် လက်ထပ်ကြသည်။ စိစစ်ပြီးနောက် ဟွာကော် နိုင်ငံ၏ အိမ်ထောင်ရေးဥပဒေ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသဖြင့် ဤလက်မှတ်ကို ထုတ်ပေးလိုက်သည်" ဟု ပါရှိပြီး အောက်ခြေတွင် လက်မှတ်ထုတ်ပေးသည့် ရက်စွဲနှင့် အပေါ်ဘက်တွင် လျိုချောင်တပ်ဖွဲ့ တော်လှန်ရေးကော်မတီ၏ တံဆိပ်တုံးကို ရိုက်နှိပ်ထားလေသည်။
ဖုမင်ဇယ်သည် သူမ၏ အနောက်တွင် ရပ်လျက် အနည်းငယ် ကြည့်ရှုလိုက်ပြီးနောက် လက်လှမ်းကာ စာအုပ်နှစ်စလုံးကို ယူလိုက်လေသည်။ သူသည် မျက်လွှာချကာ သေချာစွာ ကြည့်ရှုပြီးနောက် လွယ်အိတ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်၏။
ရှန်မော့အာက မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
"တစ်အုပ်က ကျွန်မဟာလေ"
ဖုမင်ဇယ်က သူမကို စူးရှစွာ ကြည့်လိုက်ပြီး သူ၏ ချောမောသော မျက်နှာပေါ်တွင် အလွန်လေးနက်သည့် အမူအရာများ ပေါ်လွင်နေလေသည်။
"မင်း ပျောက်သွားမှာ စိုးလို့ပါ"
ရှန်မော့အာသည် ရုံးခန်းထဲရှိ ဝန်ထမ်းများနှင့် တန်းစီစောင့်ဆိုင်းနေသော စုံတွဲနှစ်တွဲလုံးက ပြုံးစိစိဖြစ်နေသည်ကို လှမ်းမြင်လိုက်ရသဖြင့် သူမ၏ မျက်နှာတစ်ခုလုံး ရုတ်တရက် ပူထူသွားတော့သည်။
လက်မှတ်ရေးပေးသည့် အစ်မကြီးက ရယ်မောကာ နောက်ပြောင်လိုက်သေး၏။
"အို... ဒီလောက်ချောတဲ့ မိန်းမကို သေချာစောင့်ကြည့်ထားရမှာပေါ့"
ထို့နောက် လူအားလုံးက သဘောကျစွာ ဝိုင်းဝန်းရယ်မောလိုက်ကြလေသည်။
"မော့အာ တိုက်ဆိုင်လိုက်တာ၊ ရှင်တို့လည်း လက်ထပ်မှတ်ပုံတင် လာလုပ်တာလား"
ထိုစဉ် အပြင်ဘက်မှ နောက်ထပ် စုံတွဲတစ်တွဲ ဝင်ရောက်လာရာ သူတို့မှာ ရှန်လင်းလင်းနှင့် ကျန်းကျွင့်လျန်တို့ ဖြစ်နေလေသည်။
ရှန်လင်းလင်းသည် သေချာစွာ ပြင်ဆင်ခြယ်သထားသည်မှာ ထင်ရှားလှ၏။ ရာသီဥတုက အနည်းငယ် အေးစိမ့်နေပြီ ဖြစ်သော်ငြားလည်း သူမက အပြာရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး ခြေထောက်တွင်လည်း သားရေဖိနပ်အသစ်စက်စက်လေးကို စီးထားလေသည်။ မျက်နှာပေါ်တွင်လည်း မိတ်ကပ်အနည်းငယ် လိမ်းထားပုံရကာ ပုံမှန်ထက် ပိုပြီး ဖြူဝင်းနေလေသည်။
သူမဘေးရှိ ကျန်းကျွင့်လျန်ကတော့ အလုပ်သမားဝတ်စုံ အသစ်စက်စက်ကို ဝတ်ဆင်ထား၏။ ကျွမ်းကျင်လုပ်သားများ၏ ဝတ်စုံသည် သာမန်အလုပ်သမားများနှင့် မတူညီဘဲ ကြည့်ရသည်မှာ ပို၍ ခန့်ညားလှသည်။ ယခုလို ခေတ်ကာလတွင် ဤကဲ့သို့ ဝတ်ဆင်ခြင်းသည် မိမိ၏ အဆင့်အတန်းကို ကောင်းစွာ ဖော်ပြနိုင်သော အသွင်အပြင်ပင် ဖြစ်လေသည်။
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ကို မြင်လိုက်ရသောအခါ ကျန်းကျွင့်လျန်၏ မျက်နှာထားမှာ သိပ်မကောင်းလှချေ။ သူက တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ဆက်မကြည့်တော့သလို စကားလည်း မပြောတော့ပေ။
"အင်း၊ ကျွန်မတို့ လုပ်ပြီးပြီ"
ရှန်မော့အာက ခပ်အေးအေးပင် ပြန်ပြောလိုက်ပြီး ကျန်းကျွင့်လျန်ကို မမြင်ဟန်ဆောင်နေလိုက်လေသည်။
ရှန်လင်းလင်းက တိတ်တဆိတ် အကဲခတ်နေလိုက်ပြီး ကျန်းကျွင့်လျန်က ရှန်မော့အာ မျက်နှာပျက်မှာစိုးလို့ မသိချင်ယောင် ဆောင်နေတာ သေချာတယ်။ ဒါပေမဲ့ ရှန်မော့အာရဲ့ ပုံစံကတော့ ကျန်းကျွင့်လျန်ကို အငြိုးထားနေတဲ့ ပုံပဲ ဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။
ဒါလည်း ဟုတ်တာပဲလေ၊ ဖူးစာရှင်ရွေးပွဲမှာ သူ့ကို သဘောမကျခဲ့ဘဲ နောက်လှည့်ကြည့်တော့ သူရဲ့ ဝမ်းကွဲအစ်မနဲ့ လက်ထပ်သွားတာဆိုတော့ ငါသာဆိုရင်လည်း အငြိုးထားမိမှာပဲ ဟု ရှန်လင်းလင်းက ဆက်တွေးလိုက်မိ၏။
ဤကာလတစ်လျှောက်လုံး နေရာတိုင်းတွင် အရှုံးပေးခဲ့ရသည်ဟု ရှန်လင်းလင်းက ခံစားနေရသည်။ ယခုအခါတွင်တော့ အိမ်ထောင်ရေးကိစ္စ၌ သူမက အသာစီးရသွားပြီဖြစ်ကာ ယခင်က အရှက်ရခဲ့မှုများကို ချေဖျက်နိုင်ခဲ့ပြီ။ ထို့ကြောင့် သူမသည် ရှန်မော့အာ၏ အေးတိအေးစက်နိုင်မှုနှင့် ခပ်ခွာခွာနေလိုမှုကို မသိဟန်ဆောင်လိုက်ပြီး ရှန်မော့အာ၏ လက်ကို ဖမ်းဆုပ်ကာ ပြောလိုက်လေသည်။
"ဒါဆို ရှင် ကျွန်မကို ခဏစောင့်ပါဦး။ ကျွန်မတို့ အလှည့်ရောက်တော့မှာမို့ လုပ်ပြီးတာနဲ့ အတူတူ ဓာတ်ပုံသွားရိုက်ကြမလား"
ထိုသို့ပြောပြီးသည်နှင့် ရှန်လင်းလင်းက မတော်တဆ စကားမှားသွားသယောင်ဖြင့် သူမ၏ ပါးစပ်ကို အလျင်အမြန် ပြန်အုပ်လိုက်၏။
"အို... ရှင်တို့ကို အရင်မေးဖို့ မေ့သွားတယ်။ ရှင်တို့ ဓာတ်ပုံရိုက်မှာလား။ ကျွန်မတို့ ကျွင့်လျန်က ပြောတယ်၊ အခုခေတ် တပ်ဖွဲ့က လူငယ်တွေက မင်္ဂလာဆောင်တဲ့နေ့မှာ အမှတ်တရအနေနဲ့ ဓာတ်ပုံဆိုင်သွားပြီး တွဲရိုက်ရတာကို သဘောကျကြတယ်တဲ့။ ဒါပေမဲ့ ဒါကလည်း ကိုယ့်ရဲ့ စီးပွားရေးအခြေအနေပေါ် မူတည်တာပေါ့လေ။ ငွေကြေးကျပ်တည်းနေရင်လည်း မလိုပါဘူး။ ပညာတတ်လူငယ်ဖု... ရှင်လည်း အဲဒီလိုပဲ ထင်တယ်မလား"
ရှန်မော့အာက လုံးဝ အားနာမနေတော့ဘဲ သူမ၏ လက်ကို ရုတ်တရက် ပြန်ရုပ်လိုက်သည်။
"ကျွန်မတို့က အဲဒီလောက် မရင်းနှီးပါဘူး။ လက်ဖယ်ပေးပါ"
ထိုသို့ပြောပြီးသည်နှင့် သူမက ဖုမင်ဇယ်ကို ဆွဲခေါ်ကာ ထွက်သွားလေတော့သည်။
ရှန်လင်းလင်းက သူမ ခြေထောက်ရှိ သားရေဖိနပ်ဖြင့် ကြမ်းပြင်ကို ဆောင့်နင်းလိုက်ရာ အသံများပင် ထွက်ပေါ်လာ၏။
"ကျွင့်လျန်... ရှင် သူကို ကြည့်လိုက်စမ်း။ ကျွန်မက စေတနာနဲ့ ပြောတာကို။ ဟူး... ကျွန်မရဲ့ ညီမဝမ်းကွဲက အခုတလော ဒေါသတွေ တအားကြီးလာတာပဲ"
တကယ်တမ်းတွင် ကျန်းကျွင့်လျန်က အနည်းငယ် အရှက်ရသလို ခံစားနေရသည်။ ဓာတ်ပုံဆိုင်သွားပြီး အမှတ်တရ ဓာတ်ပုံရိုက်ရုံလေးကိုများကွာ။ တစ်ယွမ်၊ နှစ်ယွမ်လောက် ကုန်မယ့် ကိစ္စလေးကို ကြွားနေစရာ အကြောင်းမှ မရှိတာ ဟု သူက တွေးမိလေသည်။
အထူးသဖြင့် ရုံးခန်းတစ်ခုလုံးရှိ လူအားလုံးက သူတို့ကို ခိုးကြည့်နေကြသည်ဟု ခံစားရသဖြင့် သူ၏ စိတ်အတွင်းထဲတွင် မသိမသာ စိတ်အနှောင့်အယှက် ဖြစ်လာရတော့သည်။
အရှေ့မှ စုံတွဲနှစ်တွဲ ပြီးစီးသွားချိန်နှင့် အံကိုက်ဖြစ်နေသဖြင့် သူသည် လက်ဆွဲအိတ်ထဲမှ သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများကို ထုတ်ယူလိုက်ပြီး လက်ထပ်မှတ်ပုံတင် ပြုလုပ်ပေးသည့် အစ်မကြီးထံသို့ ကမ်းပေးလိုက်လေသည်။
ထိုအချိန်တွင် ခုလေးတင် လက်မှတ်လုပ်ပြီးသွားသော ရှေ့မှစုံတွဲက လူတိုင်းကို မင်္ဂလာသကြားလုံးများ ဝေငှပေးနေကြရာ အမျိုးသမီးဖြစ်သူက အာမေဋိတ်သံ ပြုလိုက်ပြီး ပြောလေသည်။
"အို... ခုနက ရဲဘော်နှစ်ယောက်ကို သကြားလုံးပေးဖို့ မေ့သွားတယ်။ တကယ့်ကို အားနာစရာပဲ။ ကျွန်မတို့ကပဲ အချောင်နှိုက်လိုက်သလို ဖြစ်သွားပြီ"
အမျိုးသားဖြစ်သူက ရယ်မောကာ ပြောလိုက်၏။
"ခုနက သူတို့ အဖေကိုခေါ်ပြီး အတူတူ ဓာတ်ပုံရိုက်မယ်လို့ တိုင်ပင်နေကြတာ ကျွန်တော် ကြားလိုက်တယ်။ ကျွန်တော်တို့ ဓာတ်ပုံဆိုင်ကို သွားကြည့်ရအောင်။ သူတို့ အဲဒီမှာ ရှိချင်ရှိနေဦးမှာ"
အမျိုးသားဖြစ်သူက ပြောရင်းဆိုရင်း ကျန်းကျွင့်လျန်နှင့် ရှန်လင်းလင်းတို့ကိုပါ သကြားလုံး နှစ်လုံးစီ ဝေငှပေးလိုက်လေသည်။
ရှန်လင်းလင်းသည် ထိုသို့မြင်သည်နှင့် လွယ်အိတ်ထဲမှ သကြားလုံး နှစ်လုံးကို အလျင်အမြန် ထုတ်ယူကာ ပြန်လည်ပေးအပ်လိုက်ပြီး တစ်ဦးကိုတစ်ဦး ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။
အမျိုးသမီးဖြစ်သူက အမျိုးသားဖြစ်သူကို အနည်းငယ် လှမ်းဆွဲလိုက်ပြီး နှစ်ဦးသား အပြင်ဘက်သို့ လျှောက်သွားရင်း တိုးတိုးလေး ပြောလိုက်ကြ၏။
"ဟွန်း... ရှင်က သူတို့ကို ဘာလို့ သကြားလုံး သွားပေးနေတာလဲ။ မာနကလည်း ခေါင်ခိုက်နေတာပဲ။ ဓာတ်ပုံတစ်ပုံ ရိုက်ရုံလေးကိုများ ကောင်းကင်ဘုံကို သွားရမယ့်အတိုင်း ပြောနေကြတယ်။ သူများတွေ ဝေသွားတဲ့ သကြားလုံးက တန်ဖိုးကြီး နို့သကြားလုံးတွေနော်။ သူတို့ဟာက အညံ့စား သကြားလုံးအခဲတွေပဲကို၊ သူများတွေ ပိုက်ဆံမရှိဘူးလို့ လှောင်ရဲသေးတယ်။ ဘာတွေမှန်းကို မသိဘူး"
"အို... မိန်းမရယ် တိုးတိုးလေး ပြောပါ။ မင်္ဂလာရှိတဲ့နေ့ကြီးမှာ ကိုယ် သူများနဲ့ ရန်ဖြစ်တာကို မင်း မမြင်ချင်ဘူး မဟုတ်လား"
ထိုစုံတွဲမှာ တဖြည်းဖြည်း ဝေးကွာသွားလေပြီ။ ရှန်လင်းလင်း၏ မျက်နှာမှာမူ နီမြန်းလိုက် ဖြူဖပ်သွားလိုက် ဖြစ်နေပြီး ကျန်းကျွင့်လျန်၏ မျက်နှာမှာလည်း ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ လက်မှတ်ရေးပေးသည့် အစ်မကြီးက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး တာဝန်အရ လက်ထပ်မှတ်ပုံတင်နှစ်စောင်ကို ကမ်းပေးလိုက်လေသည်။
"လူငယ်လေးတွေ အတူတကွ လေ့လာသင်ယူပြီး အတူတကွ တိုးတက်ကြပါစေ"
ဆိုရှယ်လစ်တည်ဆောက်ရေးကို ဘေးဖယ်ထားလိုက်ပါဦး၊ ဒီနှစ်ယောက်ကတော့ ကိုယ့်ဘဝကိုတောင် ဖြောင့်ဖြောင့်တန်းတန်း ရှင်သန်နိုင်မယ် မထင်ဘူး ဟု အစ်မကြီးက တွေးလိုက်မိသည်။
"နောက်တစ်တွဲ လာပါ"
ရှန်မော့အာကတော့ တပ်ဖွဲ့ရုံးခန်းထဲတွင် ဆက်လက်ဖြစ်ပွားခဲ့သော ကိစ္စများကို မသိရှိခဲ့ချေ။ ပျော်ရွှင်စရာကောင်းသော ဤနေ့လေးတွင် ရှန်လင်းလင်းနှင့် ကျန်းကျွင့်လျန်ဟူသော အရူးနှစ်ယောက်ကို သူမက ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်မှာ ကြာလှပြီ ဖြစ်လေသည်။
သူတို့သည် အုတ်ဖုတ်စက်ရုံသို့ အရင်ဆုံး သွားရောက်ခဲ့ကြပြီး တံခါးဝတွင် ရပ်လျက် လုံခြုံရေးရုံးခန်းမှ ရဲဘော်နှစ်ဦးအား မင်္ဂလာသကြားလုံးများ ဝေငှပေးလိုက်ပြီး လုံခြုံရေးရဲဘော်များက စက်ရုံထဲသို့ဝင်ကာ ရှန်ရှောက်ယွမ်ကို သွားရောက်ခေါ်ဆောင်ပေးလေသည်။
"အရာရှိရှန်... ခင်ဗျားရဲ့ သမီးလေးက ဒီလောက်တောင် အရွယ်ရောက်နေပြီဆိုတာ တကယ်ကို မသိသာဘူးဗျာ။ အို... စုံတွဲလေးက လိုက်ဖက်ညီပြီး တကယ်ကို ချောမောကြတာပဲ" လုံခြုံရေးရဲဘော်က ရယ်မောလျက် ပြောလိုက်သည်။
ရှန်ရှောက်ယွမ်သည် တံခါးဝတွင် ရပ်နေသော သမီးနှင့် သမက်ဖြစ်သူတို့ကို တစ်ချက်ကြည့်လိုက်၏။ ငါ့သမီးလေးက လှပချောမောတာ သေချာပေမယ့် သမက်ကတော့ ဖြစ်သလိုပါပဲလေ ဟု သူက တွေးလိုက်မိသည်။
ထို့နောက် မိသားစုဝင် သုံးဦးသားသည် ဓာတ်ပုံဆိုင်ဆီသို့ လျှောက်လှမ်းသွားကြလေသည်။
"အဖေ... ဟိုရဲဘော်က အဖေ့ကို ဘာလို့ အရာရှိရှန်လို့ ခေါ်တာလဲ" ရှန်မော့အာက သိလိုစိတ်ဖြင့် မေးလိုက်သည်။ ယခင်တစ်ခေါက် သူမ လာစဉ်က စက်ရုံမှလူများက နာမည်ကိုသာ ခေါ်ခဲ့ကြသည် မဟုတ်ပါလား။
ရှန်ရှောက်ယွမ်က နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးလိုက်၏။
"အဖေ ရာထူးအတည်ပြုခံလိုက်ရပြီလေ။ ရာထူးအတည်ပြုစာက ဒီမနက်တင် ထွက်လာတာ"
ရှန်မော့အာက ချက်ချင်းပင် အံ့သြဝမ်းသာစွာဖြင့် အာမေဋိတ် ပြုလိုက်သည်။
"ဟယ်... အဖေ၊ အဖေက တကယ်ကို တော်တာပဲ"
ဖုမင်ဇယ်က ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ခုလေးတင် လက်ထပ်မှတ်ပုံတင် ရတုန်းကတောင် သူမ သည်လောက် ပျော်ရွှင်နေသည်ကို မတွေ့ရပါလားဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။ ထို့နောက် သူ၏ အကြည့်တို့က ရှန်ရှောက်ယွမ်၏ အကြည့်များနှင့် မရည်ရွယ်ဘဲ ဆုံမိသွားရာ ဖုမင်ဇယ်မှာ အနည်းငယ် တုန်လှုပ်သွားပြီး ချက်ချင်းပင် လိုက်ပြောလိုက်တော့သည်။
"အဖေက တကယ်ကို တော်တာပဲ"
ရှန်ရှောက်ယွမ် : "..."
သူတို့သည် အုတ်ဖုတ်စက်ရုံသို့ ဝင်ခဲ့သဖြင့် လမ်းအနည်းငယ် ကွေ့ဝိုက်သွားခဲ့ရသည်။ ဓာတ်ပုံဆိုင်သို့ ရောက်ရှိချိန်တွင် ယခင်စုံတွဲမှာ ဓာတ်ပုံရိုက်နေကြပြီ ဖြစ်လေသည်။ ဓာတ်ပုံဆရာကြီးက "သတို့သားနဲ့ သတို့သမီး ပြုံးပါဦး" ဟု ပြောလိုက်စဉ် အမျိုးသမီးဖြစ်သူက ဝင်လာသော ရှန်မော့အာတို့ကို အံကိုက် မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြုံးသွားတော့သည်။
"မဆိုးဘူး၊ အပြုံးက တော်တော်လေး သဘာဝကျတယ်" ဓာတ်ပုံဆရာကြီးက သဘောကျစွာ မှတ်ချက်ချလိုက်ပြီး ကောင်တာရှေ့သို့ သွားကာ ဘောက်ချာတစ်ခု ရေးပေးလိုက်သည်။
"ဒီဘောက်ချာလေးနဲ့ ၅ ရက်နေရင် ဓာတ်ပုံလာယူပါ"
အမျိုးသမီးက ကျေးဇူးတင်စကား ဆိုလိုက်ပြီး အမျိုးသား၏ လွယ်အိတ်ထဲမှ သကြားလုံး အနည်းငယ်ကို နှိုက်ယူကာ ရှန်မော့အာ၏ ရှေ့သို့ စိတ်လှုပ်ရှားစွာ လျှောက်လာခဲ့သည်။
"ရဲဘော်... ခုနက ရှင်တို့ဆီက မင်္ဂလာသကြားလုံးတွေ ယူထားပြီး ရှင်တို့ကို ပြန်မဝေရသေးဘူးလေ"
ရှန်မော့အာသည် ထိုအမျိုးသမီးမှာ ယခင်က တန်းစီစောင့်ဆိုင်းနေခဲ့သည့် သတို့သမီးမှန်း မှတ်မိသွားသဖြင့် ပြုံးကာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်။ ရှင်တို့နှစ်ယောက် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
အမျိုးသမီးဖြစ်သူက ပြုံးလျက် ပြန်ပြောလိုက်သည်။
"အင်း၊ ရှင်တို့လည်း ထပ်တူပါပဲ"
ထို့နောက် သူမသည် အမျိုးသားဖြစ်သူကို ဆွဲကာ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားလေတော့သည်။
ဓာတ်ပုံဆရာကြီးက နောက်သို့ လှည့်ကြည့်လိုက်ပြီး မေးလိုက်၏။
"မင်းတို့လည်း မင်္ဂလာဓာတ်ပုံ လာရိုက်ကြတာလား"
ရှန်မော့အာက ခေါင်းငြိမ့်ပြလိုက်သည်။
"မင်္ဂလာဓာတ်ပုံပါ။ ပြီးတော့ ကျွန်မတို့နှစ်ယောက်နဲ့ အဖေနဲ့တွဲပြီး တစ်ပုံရိုက်မယ်။ ကျွန်မရယ် အဖေရယ် သီးသန့် နောက်တစ်ပုံ ထပ်ရိုက်ပါမယ်"
ဖုမင်ဇယ်က ချက်ချင်း ပြောလိုက်၏။
"မင်းနဲ့ အဖေ အရင်ရိုက်လိုက်လေ"
"ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့ အရင်ရိုက်မယ်"
ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့သည် ကင်မရာရှေ့သို့ သွားရပ်လိုက်ကြရာ ဓာတ်ပုံဆရာကြီးက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလေသည်။
"မင်းတို့ တစ်ယောက်က မတ်တတ်ရပ်ပြီး တစ်ယောက်က ထိုင်လိုက်ပါ"
အဖေဖြစ်သူက အလွန်ငယ်ရွယ်နုပျိုနေသဖြင့် အတူတကွ ထိုင်နေလျှင် မင်္ဂလာဓာတ်ပုံ ရိုက်နေသည်နှင့် တူနေမည်စိုးရသည်။
ရှန်ရှောက်ယွမ်မှာ ရှားရှားပါးပါး အနည်းငယ် စိတ်လှုပ်ရှားနေပြီး ခွေးခြေခုံပေါ်တွင် ထိုင်လျက် မသိစိတ်၏ စေခိုင်းမှုအရ အင်္ကျီလက်ဖျားများကို ပြင်ဆင်လိုက်မိသည်။ တကယ်တမ်းတွင် ရှန်မော့အာသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ ဤအရာသည် သူတို့ သားအဖနှစ်ဦး ဘဝတစ်သက်တာတွင် ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ဖူးခြင်း မဟုတ်ပါလား။ သူမသည် တိတ်တဆိတ် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ လက်ကို ဖခင်ဖြစ်သူ၏ ပခုံးပေါ်သို့ တင်ထားလိုက်လေသည်။
"ပြုံးပါဦး"
ချလပ်... မြင်ကွင်းလေးမှာ ပုံရိပ်ထင်ကျန်ရစ်သွားတော့သည်။
ထိုကိုယ်ဟန်အတိုင်းပင် ဖုမင်ဇယ်က ကင်မရာရှေ့သို့ ဝင်လာပြီး ရှန်မော့အာ၏ ဘေးတွင် ရပ်လိုက်လေသည်။ ရှန်မော့အာက ခေါင်းစောင်းကာ သူကို ပြုံးပြလိုက်သောအခါ ဖုမင်ဇယ်၏ နက်မှောင်သော မျက်ဝန်းများထဲတွင်လည်း အပြုံးရိပ်များ ယှက်သန်းသွားတော့သည်။
"ကင်မရာကို ကြည့်ပြီး ပြုံးပါဦး"
ချလပ်... မြင်ကွင်းလေးမှာ တစ်ဖန် ပုံရိပ်ထင်ကျန်ရစ်သွားပြန်လေသည်။
နောက်ဆုံးတစ်ပုံမှာမူ ဇနီးမောင်နှံနှစ်ဦး၏ တွဲဖက်ဓာတ်ပုံလေးပင်။
"ခင်ဗျားတို့ မိသားစု သုံးယောက်လုံး ရုပ်ရည်သန့်ပြန့်ကြတယ်။ ကျုပ် ဓာတ်ပုံရိုက်လာတာ ဒီလောက်ကြာပြီ၊ စုံတွဲနှစ်ယောက်လုံး ဒီလောက်ရုပ်ရည်ချောမောတာမျိုး ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဓာတ်ပုံက သေချာပေါက်ကို လှနေမှာ" ဓာတ်ပုံဆရာကြီးက ဘေးတွင် ကင်မရာကို စပ်စုကာ ကြည့်နေသော ရှန်ရှောက်ယွမ်အား စကားစမြည် ပြောလိုက်လေသည်။
ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်၏။
"နည်းနည်းလောက် ထပ်ကပ်လိုက်ပါဦး၊ အင်း... နှစ်ယောက်လုံး ပြုံးပါဦး"
ချလပ်...
"ကောင်းတယ်၊ တော်တော်လေး ကောင်းတယ်"
ဓာတ်ပုံဆရာကြီးက ရယ်မောလျက် ကောင်တာရှေ့သို့ သွားကာ ဘောက်ချာ ရေးပေးလေသည်။ မင်္ဂလာအမှတ်တရ ဓာတ်ပုံလာရိုက်သူ အတော်များများ ရှိသော်ငြားလည်း ယေဘုယျအားဖြင့် တစ်ပုံတည်းသာ ရိုက်လေ့ရှိကြ၏။ ယခုကဲ့သို့ ဖခင်ဖြစ်သူကို ခေါ်လာပြီး တစ်ကြိမ်တည်းနှင့် သုံးပုံဆက်တိုက် ရိုက်သူများမှာမူ ရှားပါးလှသည်။ ဓာတ်ပုံတစ်ပုံ ရိုက်လျှင် တစ်ယွမ် ကုန်ကျမည်ဖြစ်ပြီး အပိုဆေးချင်ပါကလည်း ထပ်မံ ငွေပေးချေရမည် မဟုတ်ပါလား။
သို့သော်ငြားလည်း ဧည့်သည်များ ဓာတ်ပုံများများ ရိုက်လေ သူက သဘောကျလေပင်။ ဤကဲ့သို့သော ဧည့်သည်မျိုးသာ များများလာပါက ဖလင်တစ်လိပ်ကို အမြန်ဆုံး ရိုက်လို့ကုန်မည်ဖြစ်ပြီး ဓာတ်ပုံများကိုလည်း စောစောစီးစီး ဆေးနိုင်လိမ့်မည်။
...
အပိုင်း (၅၄.၂)
ဓာတ်ပုံဖလင်မှတစ်ဆင့် ကြည်လင်ပြတ်သားသော ဓာတ်ပုံများ ထွက်ပေါ်လာသည်ကို ကြည့်ရခြင်းက ဓာတ်ပုံဆရာကြီး၏ အလုပ်တွင် အကြီးမားဆုံးသော ပျော်ရွှင်မှုပင်။
"ဦးလေး၇... ဦးလေးလည်း ဒီမှာရှိနေတာလား"
ဝင်လာသူများမှာ အခြားသူများမဟုတ်ဘဲ ရှန်လင်းလင်းနှင့် ကျန်းကျွင့်လျန်တို့ပင်။ အစောပိုင်းက စုံတွဲ ပြောသွားသည့်စကားကို ရှန်လင်းလင်း ကြားလိုက်ရသဖြင့် ဓာတ်ပုံဆိုင်တွင် ရှန်မော့အာနှင့် ဆုံတွေ့ရနိုင်သည်ဟု သူမက ကြိုတင်၍ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။
တကယ်တမ်းတွင်တော့ သူမက ရှန်မော့အာနှင့် မဆုံချင်ခဲ့ပေ။ ထို့ကြောင့်ပင် ကျန်းကျွင့်လျန်ကို ဆွဲခေါ်ကာ ကုန်စုံဆိုင်တွင် အတန်ကြာ လျှောက်ကြည့်နေခဲ့သေးသည်။ သို့သော် ဓာတ်ပုံဆိုင်သို့ ရောက်လာချိန်တွင် မမျှော်လင့်ဘဲ ဆုံဖြစ်သွားလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။
ရှန်ရှောက်ယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေးပင် ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း"
သူက လူကြီးတစ်ယောက်ဖြစ်သဖြင့် ကလေးများနှင့် အဆင့်အတန်းတူ ပြဿနာရှာနေမည် မဟုတ်ပေ။
ရှန်လင်းလင်းက အင်တင်တင်ဖြင့် မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကျွန်မရဲ့ ခင်ပွန်း ကျန်းကျွင့်လျန်ပါ"
ဤတစ်ကြိမ်တွင်တော့ ရှန်ရှောက်ယွမ်က မျက်ခုံးပင် ပင့်မကြည့်တော့ဘဲ သူသိကြောင်း ပြသသည့်အနေဖြင့် ခေါင်းသာ ငြိမ့်ပြလိုက်လေသည်။
ယခင်ကသာဆိုလျှင် ရှန်လင်းလင်းက ဤဦးလေး၇ကို ဂရုစိုက်မည် မဟုတ်ချေ။ ရိုးအကာ မြေကြီးကိုသာ အာရုံစိုက်တူးဆွတတ်သည့် လယ်သမားအိုကြီးဟုသာ သတ်မှတ်ထားလိမ့်မည်။ သို့သော် ယခုအခါတွင်တော့ မတူတော့ပေ။ သူသည် ရှန်မိသားစုတစ်ခုလုံးတွင် အလုပ်သမားဖြစ်လာသည့် တစ်ဦးတည်းသောသူ ဖြစ်လေသည်။ အုတ်ဖုတ်စက်ရုံတွင်လည်း မျက်နှာပန်းလှသည်ဟု ကြားရသည်။ ဤကဲ့သို့သော ဦးလေးအရင်းတစ်ယောက် ရှိနေခြင်းက ယောက္ခမအိမ်တွင် သူမ၏ ဂုဏ်သိက္ခာကို ပိုတက်စေလိမ့်မည်ဟု ရှန်လင်းလင်းက ယုံကြည်ထားလေသည်။
တကယ်တော့ အဒေါ်ကြီး ရှန်ရှန့်ဟုန်၏ ခင်ပွန်းသည်လည်း အထည်ချုပ်စက်ရုံမှ နေ့စားအလုပ်သမားတစ်ဦး ဖြစ်သည်။ သို့သော် သူက အလုပ်ရုံထဲတွင်သာ အလုပ်လုပ်ရသဖြင့် စက်ရုံတွင် မျက်နှာပန်း သိပ်မလှချေ။ ထို့အပြင် အပြင်လူများ၏ အမြင်တွင် ဦးလေးဝမ်းကွဲဆိုသည်မှာ တစ်ဆင့်ခြားနေသေးသဖြင့် ဦးလေးအရင်းလောက် ဘယ်လိုလုပ်ပြီး ရင်းနှီးနိုင်ပါမည်နည်း။
ဤအချိန်တွင် ရှန်လင်းလင်းသည် ကျန်းကျွင့်လျန်နှင့် ရှန်မော့အာတို့ ကြင်ဖက် တွေ့ဆုံခဲ့ဖူးသည်ဟူသော အချက်ကို ရွေးချယ်ကာ မေ့ပစ်လိုက်ပြီး ရှန်ရှောက်ယွမ်နှင့် ရင်းနှီးအောင် စကားပြောရန်သာ ကြိုးစားနေတော့သည်။ "ဦးလေး၇က မော့အာကို တအားအလိုလိုက်တာပဲ။ သူတို့ ဓာတ်ပုံရိုက်တာလေးကိုတောင် ဦးလေးက လာစောင့်ကြည့်ပေးနေတာ..."
ထိုအချိန်တွင် ဓာတ်ပုံဆရာကြီးက ဘောက်ချာရေးပြီး၍ ရှန်ရှောက်ယွမ်ထံသို့ ကမ်းပေးလိုက်စဉ် ထိုစကားကို ကြားသွားသဖြင့် ဝင်ပြောလိုက်လေသည်။ "သူတို့က မိသားစု သုံးယောက် တွဲရိုက်ကြတာ။ မင်းတို့က မင်္ဂလာဓာတ်ပုံ လာရိုက်တာမလား။ လာခဲ့ကြ"
ရှန်လင်းလင်း၏ မျက်နှာမှာ ချက်ချင်းပင် ရှက်သွေးဖြာကာ နီမြန်းသွားပြီး မူလကတည်းက သိပ်မကောင်းလှသော ကျန်းကျွင့်လျန်၏ မျက်နှာထားမှာလည်း ပိုဆိုးရွားသွားတော့သည်။
ရှန်မော့အာတို့က ဘောက်ချာယူကာ ထွက်သွားကြလေသည်။ ကျန်းကျွင့်လျန်က ထိုနေရာတွင် ရပ်လျက် ရှန်မော့အာ၏ ကျောပြင်ကို ကြည့်နေရင်း သူ၏ မျက်ဝန်းထဲတွင် အရှက်ရမှု၊ နောင်တရမှုနှင့် နာကြည်းမှုတို့ ရောယှက်နေလေသည်။ အဲဒီ ပညာတတ်လူငယ်က ဘာတွေများ ကောင်းနေလို့လဲ။ မွဲတေနေတယ်လို့ ကြားရတာပဲ။ ရုပ်လေး ကြည့်ကောင်းရုံလောက်ပါပဲ ဟု သူက တွေးလိုက်မိသည်။
ရှန်မော့အာအနေဖြင့် ဘာမှ အသုံးမကျသည့် ဤလူချောလေးကို ဘာကြောင့်များ သဘောကျရသနည်းဆိုသည်ကို ကျန်းကျွင့်လျန်က တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
သူသည် အနောက်သို့ လှည့်ကာ သူ့ကို တောင်းပန်သလို နူးညံ့စွာ ကြည့်နေသော ရှန်လင်းလင်းကို ကြည့်လိုက်ပြီး သူ၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားလေသည်။ ရှန်လင်းလင်းသည် အနည်းငယ် သဘောထားသေးသိမ်သော်ငြားလည်း အနည်းဆုံးတော့ သူမက သိမ်မွေ့ပြီး ကိုယ်ကျင့်တရား ကောင်းမွန်သည်။ ထို့အပြင် သူမသည် အထက်တန်းကျောင်းသူတစ်ဦး ဖြစ်သဖြင့် အနာဂတ်တွင် နိုင်ငံတော်ပိုင် စက်ရုံများတွင် အမြဲတမ်းအလုပ်သမား သို့မဟုတ် အရာရှိအဖြစ်ပင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အရေး အပြည့်အဝ ရှိနေလေသည်။
အလယ်တန်းအဆင့်သာ ရှိသော ရှန်မော့အာနှင့်တော့ မတူပေ။ သူမက အလုပ်ခေါ်စာများ၏ သတ်မှတ်ချက်ကိုပင် ပြည့်မီနိုင်မည် မဟုတ်ချေ။ ဤသို့ တွေးလိုက်မိသောအခါ ကျန်းကျွင့်လျန်သည် သူ၏ စိတ်ထဲတွင် အတော်လေး သက်သာရာ ရသွားလေသည်။
ရှန်မော့အာတို့သည် ဓာတ်ပုံဆိုင်မှ ထွက်လာပြီးနောက် ကုန်စုံဆိုင်သို့ ဆက်လက်သွားရောက်ကာ အသေးအမွှား ပစ္စည်းလေးများကို ဝယ်ယူလိုက်ကြသည်။ အချိန်အတော်လေး ကုန်သွားသောအခါ သူတို့သည် နိုင်ငံတော်ပိုင် စားသောက်ဆိုင်သို့ အတူတကွ သွားကြလေသည်။ လက်ထပ်မှတ်ပုံတင် ထုတ်ယူသည့် ဤကဲ့သို့သော မင်္ဂလာရှိသော နေ့မျိုးတွင် စားသောက်ဆိုင်သို့ သွားရောက်ကာ အောင်ပွဲခံရမည်မှာ သဘာဝပင်။
သူတို့က ဆင်းရဲသည်ဆိုသော်ငြား...
သူတို့ သုံးယောက်စလုံးမှာ မွေးရာပါ ချွေတာတတ်သည့် အကျင့်စရိုက် မရှိကြပေ။ တစ်ယောက်က ဝက်သားနီချက်ကို မှာလိုက်၊ နောက်တစ်ယောက်က ငါးနီချက်ကို မှာလိုက်ဖြင့် ချက်ချင်းပင် ဟင်းငါးပွဲတိတိ မှာလိုက်ကြလေသည်။ စားပွဲထိုးလေးက ဤမိသားစုဝင် အားလုံးမှာ ရုပ်ရည်သန့်ပြန့်ကြသည်ကို မြင်သောအခါ စေတနာဖြင့် သတိပေးလိုက်၏။
"ရှင်တို့ သုံးယောက်အတွက် ဟင်းသုံးပွဲဆိုရင် လောက်ပါပြီ"
ယခုလို ခေတ်ကာလတွင် နိုင်ငံတော်ပိုင် စားသောက်ဆိုင်များ၏ ဈေးနှုန်းမှာ ကြီးမြင့်သော်လည်း အစားအသောက်များမှာ အရည်အသွေးကောင်းပြီး ပမာဏလည်း များပြားလှသည်။ လူသုံးယောက်အတွက် ဟင်းသုံးပွဲဆိုသည်မှာ မပြောနှင့်၊ တကယ်တမ်းတွင် ဟင်းနှစ်ပွဲနှင့်ပင် လုံလောက်လေသည်။ အနည်းငယ် ကပ်စေးနှဲသူများဆိုလျှင် ဟင်းတစ်ပွဲတည်းသာ မှာယူသူများလည်း ရှိကြလေသည်။
"ဒါဆိုလည်း ဟင်းသုံးပွဲပဲ မှာတော့မယ်။ ဝက်သားနီချက်ရယ်၊ ငါးနီချက်ရယ်၊ နောက်ပြီး ဟင်းရွက်ကြော်တစ်ပွဲ ထပ်ချပေးပါ။ ပြီးတော့ ဂျုံဖြူမန်ထို ငါးလုံးပေးပါ" ရှန်မော့အာက ပြောရင်းဆိုရင်း အိတ်ကပ်ထဲမှ အသားကူပွန်၊ ရိက္ခာကူပွန်နှင့် ငွေများကို ထုတ်ယူလိုက်လေသည်။
ဖုမင်ဇယ်ကလည်း အိတ်ကပ်ထဲမှ ငွေနှင့် ကူပွန်များကို အလျင်အမြန် ထုတ်ယူလိုက်၏။ "ကို ရှင်းပါ့မယ်။ ကို့မှာ ငွေနဲ့ ကူပွန်တွေ ပါပါတယ်"
ရှန်မော့အာက သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။ "ရှင့်မှာ ငွေနဲ့ ကူပွန်တွေ ဘယ်ကနေ ရလာတာလဲ"
ဤကာလတစ်လျှောက်လုံး ဖုမင်ဇယ်သည် ပစ္စည်းများစွာကို တောက်လျှောက် ဝယ်ယူခဲ့သည်။ သူ့မိသားစုက စုဆောင်းပေးလိုက်သည့် မင်္ဂလာစရိတ်ဟု ရှန်မော့အာက ခန့်မှန်းထားခဲ့သော်လည်း ဘယ်လိုပဲ တွက်တွက် ထိုမင်္ဂလာစရိတ်မှာ ကုန်သွားသင့်ပြီ မဟုတ်ပါလား။
ဖုမင်ဇယ်မှာ ဆွံ့အသွားပြီး စက္ကန့်ဝက်ခန့် တုံ့ဆိုင်းသွားကာ ပြန်ဖြေလိုက်၏။ "အစ်ကိုပေါင်ဆီက နည်းနည်း ချေးထားတာပါ"
ရှန်မော့အာက ချက်ချင်းပင် ပြောလိုက်သည်။ "ဒါဆို ရှင် နောက်ကျရင် သူ့ကို ပြန်ဆပ်လိုက်ပါနော်"
ဖုမင်ဇယ်၏ မျက်နှာထားမှာ အနည်းငယ် တောင့်တင်းသွားပြီး အတန်ကြာမှ ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။ "ကောင်းပါပြီ"
ထို့နောက် သူက အလျင်အမြန် ဆက်ပြောလိုက်၏။ "ဒါဆိုရင် ကိုတို့ ဟင်းနှစ်ပွဲပဲ စားကြမလား။ ဝက်သားနီချက်နဲ့ ဟင်းရွက်ကြော်ဆိုရင် ရပါပြီ။ မင်းနဲ့ အဖေလည်း ဒီရက်ပိုင်း ပိုက်ဆံတွေ အများကြီး သုံးထားရတာဆိုတော့ ကိုတို့ နည်းနည်း ချွေတာကြတာပေါ့"
ရှန်မော့အာ၏ ငွေနှင့် ကူပွန်များကို ကမ်းပေးနေသည့် လက်မှာ အနည်းငယ် တောင့်တင်းသွားပြီး သူမ၏ ဖခင်ဖြစ်သူနှင့် မသိမသာ အကြည့်ချင်း ဖလှယ်လိုက်လေသည်။ ရှန်ရှောက်ယွမ်က ချောင်းဟန့်လိုက်ပြီး ပြောလိုက်၏။
"ကိစ္စမရှိပါဘူး။ အဖေက အမြဲတမ်း ဝန်ထမ်း ဖြစ်သွားပြီပဲ။ အဲဒီ အကြွေးလေးတွေက မကြာခင် ပြန်ဆပ်နိုင်မှာပါ"
"ဟုတ်တယ်။ အဖေ ပြောတဲ့အတိုင်းပဲ လုပ်မယ်" ရှန်မော့အာက ငွေနှင့် ကူပွန်များကို စားပွဲထိုးလေး၏ လက်ထဲသို့ အမြန်ထည့်ပေးလိုက်လေသည်။
စားပွဲထိုးလေးက ငွေနှင့် ကူပွန်များကို သိမ်းယူလိုက်ပြီး သက်ဆိုင်ရာ ဝါးချောင်းကတ်ပြားလေးများကို ရှန်မော့အာထံသို့ ကမ်းပေးလိုက်သည်။ သူမက ထိုသုံးယောက်ကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး ဒီမိသားစု သုံးယောက်က ဘယ်လိုကြီးမှန်း မသိဘူး၊ ထူးဆန်းလိုက်တာ ဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။
ထမင်းစားပြီး၍ နိုင်ငံတော်ပိုင် စားသောက်ဆိုင်မှ ထွက်လာကြသောအခါ ရှန်ရှောက်ယွမ်က အလုပ်ပြန်ဝင်ရမည် ဖြစ်သည်။ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့က တစ်ရက် ခွင့်ယူထားသဖြင့် အထည်ချုပ်စက်ရုံ အဆောင်ဘက်သို့ သွားကာ အစ်ကိုပေါင်ကို သွားရောက်ရှာဖွေရန် ပြင်ဆင်လိုက်ကြလေသည်။ မည်သို့ပင်ဖြစ်စေ သူတို့က တပ်ဖွဲ့ထဲတွင် ရောက်နေပြီဖြစ်သဖြင့် ဖုမင်ဇယ်က အစ်ကိုပေါင်ထံမှ ချေးငှားထားသော ငွေနှင့် ကူပွန်များကို ယနေ့တွင်ပင် ပြန်ဆပ်လိုက်ရန် ရှန်မော့အာက ဆုံးဖြတ်လိုက်သည်။ သူတို့ ဝယ်ယူစရာရှိသည်များကိုလည်း အားလုံးနီးပါး ဝယ်ယူပြီးစီးနေပြီဖြစ်သလို မင်္ဂလာဧည့်ခံပွဲအတွက် ငွေနှင့် ကူပွန်များကိုလည်း ချန်လှပ်ထားပြီး ဖြစ်သည်။ နောက်ပိုင်းတွင် အခြားငွေကြေးများ အသုံးပြုစရာ မလိုလောက်တော့ပေ။
ဖုမင်ဇယ် ခမျာလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့် သဘောတူလိုက်ရတော့သည်။
သို့သော် ယနေ့တွင် သူတို့သည် ရှန်လင်းလင်းနှင့် ကျန်းကျွင့်လျန်တို့နှင့် တကယ့်ကို ရေစက်ဆုံနေပုံရသည်။ နိုင်ငံတော်ပိုင် စားသောက်ဆိုင်မှ ထွက်လာသည်နှင့် စက်ဘီးတွန်းလာသော ကျန်းကျွင့်လျန်၊ သူ၏ဘေးတွင် မျက်လွှာချကာ လိုက်ပါလာသော ရှန်လင်းလင်းနှင့် ဝါးခြင်းတောင်းကို ဆွဲကာ မာနထောင်လွှားနေသည့် အမူအရာဖြင့် လိုက်ပါလာသော ကျန်းအမေတို့နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်ရလေသည်။
"ငါတို့ မိသားစုရဲ့ ကျွင့်လျန်မို့လို့ပေါ့။ ဒါမှမဟုတ်ရင် ဘယ်သူက ဒီလောက် သဘောကောင်းပြီးတော့ နင့်ကို ရွာပြန်ပို့ဖို့ စက်ဘီးနဲ့ သက်သက် လိုက်ပို့ပေးမှာလဲ။ ကျွတ်... ကံကောင်းလို့ နင်တို့ တပ်ဖွဲ့က စက်ရုံနဲ့ အနီးဆုံး ဖြစ်နေလို့ပေါ့။ အဲဒီလိုမှ မဟုတ်ရင် ဒီလို အသွားအပြန် လုပ်နေရတာနဲ့တင် စက်ဘီးက ခံမှာ မဟုတ်ဘူး"
ကျန်းအမေက ပြောရင်းဆိုရင်း မျက်လုံးကို ပင့်ကြည့်လိုက်သည်တွင် မလှမ်းမကမ်းတွင် ရှိနေသော ရှန်မော့အာတို့ သုံးယောက်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် တံတွေးထွေးကာ အာမေဋိတ် ပြုလိုက်လေသည်။
"အို... အပြင်ထွက်တာနဲ့ မွဲတေနေတဲ့ သူတောင်းစားတွေနဲ့ တွေ့ရတယ်။ ကျက်သရေကို မရှိဘူး!"
ရှန်လင်းလင်းမှာ ချက်ချင်းပင် အနေခက်သွားရသည်။ မည်သို့ပင်ဖြစ်စေ သူတို့က သူမ၏ ဆွေမျိုးများ ဖြစ်နေသည် မဟုတ်ပါလား။ ကျန်းအမေက သူမ၏ မျက်နှာရှေ့တွင်ပင် ဤကဲ့သို့ ဆဲဆိုနေခြင်းက သူမကို အမှန်တကယ် အရှက်ရစေလေသည်။
ကျန်းကျွင့်လျန်ကလည်း မျက်မှောင်ကြုတ်လိုက်၏။ "အမေ... အပြင်ရောက်နေရင် လျှောက်မပြောပါနဲ့။ ဘာပဲဖြစ်ဖြစ် သူတို့က လင်းလင်းရဲ့ ဆွေမျိုးတွေလေ"
ကျန်းအမေက နှုတ်ခမ်းမဲ့လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါက အမှန်တရားကို ပြောတာပါ"
ရှန်မော့အာတို့ကတော့ ကျန်းအမေ၏ စကားကို မကြားလိုက်ကြချေ။ သူတို့အကြားတွင် အကွာအဝေး အနည်းငယ် ရှိနေသေးသလို ဘေးနားမှ ရှန်ရှောက်ယွမ်၏ အုတ်ဖုတ်စက်ရုံမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး ရောက်လာပြီး သူတို့ကို နွေးထွေးစွာ နှုတ်ဆက်နေသောကြောင့် ဖြစ်လေသည်။
"အရာရှိရှန်... မင်္ဂလာနှစ်ထပ်ကွမ်းပါပဲဗျာ။ လုံခြုံရေးရုံးခန်းက လောင်ယွီ ပြောတာတော့ ဒီနေ့ ခင်ဗျားရဲ့ သမီးနဲ့ သမက်တို့ လက်ထပ်မှတ်ပုံတင် သွားလုပ်ကြတယ်ဆို။ ဒီနှစ်ယောက်က ဟုတ်တယ်မလား။ တကယ်ကို လိုက်ဖက်ညီတာပဲ"
"အရာရှိရှန်... ခင်ဗျားနဲ့ အတော်ပဲ ဆုံသွားတယ်။ တကယ်တော့ ခင်ဗျားကို အကူအညီ တောင်းချင်တာလေး တစ်ခု ရှိလို့ပါ။ အရင်တုန်းက ခင်ဗျား ဂိုဒေါင်က လောင်ချန်အတွက် နှစ်သစ်ကူး ကလေးပုံလေးတစ်ပုံ ဆွဲပေးခဲ့တယ်လို့ ကြားတယ်။ သူ့သမီးက အဲဒီပုံလေးကို တံခါးမှာ ကပ်ထားပြီး နေ့တိုင်း ကြည့်တာတဲ့။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ သားယောကျ်ားလေး ပြည့်ပြည့်ဖြိုးဖြိုးလေးတစ်ယောက် မွေးလာတယ်။ ရုပ်လေးက နှစ်သစ်ကူး ကလေးပုံလေးနဲ့ တထေရာတည်းပဲတဲ့ဗျာ။ အခု ကျွန်တော့်သမီးလည်း ကိုယ်ဝန်ရှိနေပြီဆိုတော့ အဲဒါလေ... ရနိုင်မလားလို့ပါ"
ရှန်ရှောက်ယွမ်: "လောင်ချန်ရဲ့ မြေးလေး ရုပ်ချောတာက သူ့သမက် ရုပ်ဖြောင့်လို့ပါ။ ပန်းချီကားနဲ့ မဆိုင်ပါဘူးဗျာ။ နောက်ပြီး အဲဒီပန်းချီကားက ကျွန်တော် ဆွဲပေးခဲ့တာ မဟုတ်ဘူး။ ကျွန်တော့်သမီးက ကျောင်းသားတွေကို ဦးဆောင်ပြီး ဆွဲပေးခဲ့တာပါ"
တိတိကျကျ ပြောရလျှင် ထိုအရာက ပုံမှန် လေ့ကျင့်ရေး ပန်းချီကားတစ်ချပ်မျှသာ ဖြစ်လေသည်။
လုပ်ဖော်ကိုင်ဖက်က အံ့သြသွား၏။ "ရပါတယ်၊ ကိစ္စမရှိပါဘူး။ ကျွန်တော်ကတော့ အဲဒီပုံလေးကို ကပ်ထားရင် သူကြည့်ရတာ စိတ်ချမ်းသာမယ်လို့ တွေးမိလို့ပါ။ သြော်... တူမလေး ဆွဲပေးခဲ့တာကိုး။ ဟုတ်တာပေါ့၊ အရာရှိရှန်က ဒီလောက် တော်နေမှတော့ ကျားသေကို ကြောင်မဖြစ်နိုင်ဘူးဆိုသလို တူမလေးကလည်း တော်မှာပေါ့။ ဒါနဲ့ တူမလေး ဆွဲပေးနိုင်မလား မသိဘူးနော်"
သူက ရှန်မော့အာကို ကြည့်လိုက်လေသည်။
ရှန်မော့အာက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "အချိန် သိပ်မလောဘူးဆိုရင်တော့ ရပါတယ်"
ယခင်တစ်ခေါက်က ပန်းချီကားအတွက် တစ်ဖက်လူက ကြက်ဥ အတော်များများ ပေးခဲ့သည်။ သူမက ထိုကြက်ဥများကို ယူလာပြီး မောင်းမောင်နှင့် ကျိုးကျောက်တိတို့ကို ခွဲဝေပေးခဲ့သည်။ ပန်းချီဆွဲခြင်းဖြင့် ကြက်ဥများ လဲလှယ်နိုင်ခြင်းက သူတို့အတွက် ခွန်အားတစ်ရပ် ဖြစ်စေလိမ့်မည်ဟု သူမ ယုံကြည်ထားလေသည်။
လုပ်ဖော်ကိုင်ဖက်က အလျင်အမြန် ပြောလိုက်သည်။ "မလောပါဘူး၊ မလောပါဘူး။ မင်းတို့ နောက်ပိုင်း မင်္ဂလာဧည့်ခံပွဲ လုပ်ရဦးမှာမလား။ ဦးလေး နားလည်ပါတယ်။ သေချာပေါက် အလုပ်များနေဦးမှာပဲ။ အားတဲ့အချိန်ကျမှ ဆွဲပေးရင် ရပါတယ်”
တိုက်ဆိုင်စွာပင် သူ၏ သမီးဖြစ်သူ၏ ကိုယ်ဝန်မှာလည်း နုသေးသဖြင့် အနည်းငယ် ကြီးလာမှ ကပ်လျှင်လည်း ကိစ္စမရှိချေ။
"ဒါဆိုလည်း ကောင်းပါပြီ။ အရာရှိရှန်တို့ ဖြည်းဖြည်းသွားကြပါဦး။ ကျွန်တော် အရင် သွားနှင့်ပါဦးမယ်" သေချာသော အဖြေကို ရရှိသွားသဖြင့် လုပ်ဖော်ကိုင်ဖက်မှာ အတော်လေး ပျော်ရွှင်သွားပြီး ကောင်းသော စကားများကိုလည်း အလွယ်တကူပင် ပြောဆိုလိုက်လေသည်။ "အရာရှိရှန်... စောစော အမြဲတမ်းဝန်ထမ်း ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။ တူမလေးတို့ ဇနီးမောင်နှံလည်း ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်"
ရှန်မော့အာက ဖုမင်ဇယ်ကို အလျင်အမြန် တွန်းလိုက်ရာ ဖုမင်ဇယ်လည်း သတိဝင်လာပြီး ခြေလှမ်းအနည်းငယ် လိုက်သွားကာ ထိုလူ၏ လက်ထဲသို့ မင်္ဂလာသကြားလုံး နှစ်လုံး ထည့်ပေးလိုက်လေသည်။ ထိုလူက ရယ်မောလျက် ပြောလိုက်၏။ "အို... ကျေးဇူးတင်ပါတယ် တူသမက်လေးရေ"
ဖုမင်ဇယ်: "..."
ဤလူမှာ တကယ့်ကို ရင်းနှီးလွယ်သူပင်။ သို့သော် သူက အနောက်သို့ လှည့်ကာ ပန်းပွင့်လေးတစ်ပွင့်လို ပြုံးရွှင်နေသော တူမလေး ကို ကြည့်လိုက်မိသောအခါ သူလည်း မနေနိုင်ဘဲ ပြုံးလိုက်မိလေတော့သည်။
သူတို့ သုံးယောက်သားမှာ ပျော်ရွှင်စွာဖြင့် ရှေ့သို့ ဆက်လျှောက်သွားကြလေသည်။ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် ရှန်ရှောက်ယွမ်ကို အုတ်ဖုတ်စက်ရုံသို့ ပြန်လည်ပို့ဆောင်ပေးပြီးမှသာ စက်ဘီးစီးကာ အစ်မချောင်တို့ဘက်သို့ လှည့်ထွက်လာခဲ့ကြသည်။ တကယ်တော့ သူတို့က ရှန်လင်းလင်းတို့ သုံးယောက်ကို မြင်လိုက်ကြသည်။ သို့သော် သူတို့အားလုံးက တစ်သဘောတည်းပင် ထပ်မံနှုတ်ဆက်ရန် မလိုအပ်တော့ဟု ခံစားရသဖြင့် တိုက်ရိုက်ပင် လျစ်လျူရှုခဲ့လိုက်ကြသည်။ ယောက္ခမဟန်ဖမ်းကာ ဤမွဲတေနေသူများက မိမိတို့ထံသို့ လာရောက်နှုတ်ဆက်လိမ့်မည်ဟု ထင်ထားခဲ့သော ကျန်းအမေမှာမူ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်သွားရလေတော့သည်။
ဒေါသထွက်နေသည်နှင့် တစ်ချိန်တည်းမှာပင် ကျန်းအမေက သံသယ ဝင်သွားမိ၏။ "ခုနက လူက အချိန်မတိုင်ခင် အမြဲတမ်းဝန်ထမ်း ဖြစ်သွားတယ်လို့ ပြောလိုက်သလားလို့။ ဘယ်သူက အမြဲတမ်းဝန်ထမ်း ဖြစ်သွားတာလဲ"
ကျန်းကျွင့်လျန်၏ စိတ်ထဲတွင်တော့ ခပ်ရေးရေး ခန့်မှန်းမိနေသော်လည်း သူက ခေါင်းခါပြလိုက်သည်။ "မသိဘူး"
ရှန်လင်းလင်း၏ မျက်နှာထားမှာလည်း သိပ်မကောင်းလှချေ။ ရှန်မော့အာတို့က သူမ၏ မျက်နှာကို မထောက်ထားခဲ့ခြင်းက တစ်ကြောင်း၊ နောက်တစ်ကြောင်းမှာ သူမ၏ ယောက္ခမဖြစ်သူသည် ကြင်ဖက်တွေ့ဆုံစဉ်က ပြသခဲ့သလိုမျိုး နားလည်မှုရှိပြီး သဘောကောင်းသူ မဟုတ်ကြောင်း ရုတ်တရက် သတိပြုမိသွားသောကြောင့် ဖြစ်လေသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အပေါင်းအသင်း လုပ်ရန် အတော်လေး ခက်ခဲမည့်ပုံ ပေါ်နေလေသည်။
ကံကောင်းလို့ ငါတို့ လက်ထပ်ပြီးရင် ယန်လျိုတပ်ဖွဲ့မှာပဲ နေရမှာ။ တကယ်လို့ ကျန်းမိသားစုအိမ်မှာသာ နေရမယ်ဆိုရင် ငါ့ဘဝက သိပ်လွယ်ကူမှာ မဟုတ်ဘူး။ သူမက ကြိတ်ပြီး ဝမ်းသာမိသွားလေသည်။
သူတို့ သုံးယောက်သားမှာ မတူညီသော မျက်နှာအမူအရာများနှင့် အတွေးအသီးသီး ရှိနေကြသည်။ ကျန်းအမေက သားနှင့် ချွေးမဖြစ်သူတို့၏ မျက်နှာအမူအရာများကို သတိမထားမိဘဲ သူတို့ကို အိမ်ပြန်ရန် အလျင်စလို တိုက်တွန်းပြီးနောက် သူမကိုယ်တိုင်ကတော့ အုတ်ဖုတ်စက်ရုံရှိ မိသားစုများနေထိုင်ရာ အဆောင်ဘက်သို့ လှည့်ထွက်သွားလေသည်။ သူမသည် ရွှီဝေကော်၏ ဇနီးနှင့် ဆက်ဆံရေးကောင်းမွန်သော သူမ၏ ဆွေမျိုးတစ်ဦးကို သွားရောက်ရှာဖွေကာ အခြေအနေများကို စုံစမ်းမေးမြန်းလိုက်မှ သူမကို နောင်တအကြီးအကျယ် ရစေပြီး မိဘသေဆုံးသွားသကဲ့သို့ ခံစားရစေမည့် သတင်းတစ်ခုကို ကြားသိလိုက်ရတော့သည်။ ရှန်ရှောက်ယွမ်က စောစောစီးစီး အမြဲတမ်းဝန်ထမ်း ဖြစ်သွားပြီတဲ့လား။
အမြဲတမ်းဝန်ထမ်း... ရှန်ရှောက်ယွမ်က တကယ်ကြီး အမြဲတမ်းဝန်ထမ်း ဖြစ်သွားတာလား။ မဟုတ်သေးဘူး၊ သူက ဝါဒဖြန့်ချိရေးဌာနကဆိုတော့ အရာရှိအဆင့်ပဲ။ သူက တကယ်ကြီး အရာရှိအဖြစ် အတည်ပြုခံလိုက်ရတာလား။
တကယ်ဆိုလျှင် ဤရှန်ရှောက်ယွမ်က သူတို့မိသားစုမှ ကျွင့်လျန်၏ ယောက္ခထီး ဖြစ်လာသင့်သည် မဟုတ်ပါလား။ ဤအရာရှိအလုပ်ကလည်း တကယ်ဆို သူတို့ ကျန်းမိသားစုနှင့် သက်ဆိုင်သင့်သည် မဟုတ်ပါလား။
ကျန်းအမေသည် အော်ဟစ်ငိုကြွေးကာ ဆွေမျိုးဖြစ်သူ၏ အိမ်ကြမ်းပြင်ပေါ်တွင် တိုက်ရိုက်ပင် ထိုင်ချလိုက်လေတော့သည်။ ဖခင်ဖြစ်သူ အမြဲတမ်းဝန်ထမ်း ဖြစ်သွားသည့်ကိစ္စကြောင့် ကျန်းအမေတစ်ယောက် အသက်ရှူရပ်မတတ် ငိုကြွေးနေသည်ကို ရှန်မော့အာက မသိရှိခဲ့ချေ။ သို့သော် သူမ သိခဲ့လျှင်ပင် ကျန်းအမေက အလွန်အကျွံ တွေးနေခြင်းသာဖြစ်သည်ဟု သူမက ပြောမည်မှာ သေချာသည်။ သူမက အစကတည်းက ကျန်းကျွင့်လျန်ကို မျက်စိကျခဲ့ဖူးခြင်း မရှိပါဘဲလျက် ဖခင်ဖြစ်သူက ဘယ်လိုလုပ်ပြီး ကျန်းကျွင့်လျန်၏ ယောက္ခထီး ဖြစ်လာနိုင်ပါမည်နည်း။
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် ဤအချိန်တွင် အထည်ချုပ်စက်ရုံရှိ အလုပ်သမားအဆောင်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ တိုက်ဆိုင်စွာပင် အစ်ကိုပေါင်လည်း ရှိနေသဖြင့် ရှန်မော့အာက ဖုမင်ဇယ် ထုတ်ပေးထားသော အသားကူပွန် တစ်ကျင်း၊ ရိက္ခာကူပွန် နှစ်ကျင်းနှင့် ငွေဆယ်ယွမ်တို့ကို အစ်ကိုပေါင်ထံသို့ ပြန်ပေးလိုက်လေသည်။
"ကျေးဇူးပါပဲ အစ်ကိုပေါင်ရယ်။ လောလောဆယ် မလိုသေးလို့ အရင်ပြန်ဆပ်လိုက်ပါမယ်။ နောက်ကျမှ ငွေကြေးကျပ်တည်းလာရင် ထပ်ချေးပါ့မယ်"
မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများ ထူလပျစ်နေသော အစ်ကိုပေါင်က ဖုမင်ဇယ်ကို သံသယနှင့် ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်လေသည်။ ဒါ ဘာအခြေအနေလဲ။
ဖုမင်ဇယ်က သူ့ကို ကြည့်လိုက်ပြီး သူ၏ မျက်နှာတစ်ခုလုံးတွင် မရိုးသားသော ကျေးဇူးတင်မှုများ အပြည့်အဝ ဖော်ပြနေလေသည်။ "ကျွန်တော့် မိန်းမက သူ့ဆီမှာ ပိုက်ဆံနည်းနည်း ကျန်သေးတယ်တဲ့။ ကျွန်တော်တို့ မင်္ဂလာဆောင်အတွက် ဝယ်စရာရှိတာတွေလည်း အားလုံးဝယ်ပြီးသွားပြီဆိုတော့ ဒီငွေနဲ့ ကူပွန်တွေကို သုံးစရာ မလိုတော့ဘူးလေ။ အဲဒါကြောင့် အစ်ကို့ကို အရင်လာပြန်ဆပ်တာပါ"
သူက မျက်နှာသေဖြင့် သူ၏ လက်ထဲတွင် ဆွဲလာသော လိမ္မော်သီးအိတ်ကို အစ်ကိုပေါင်ထံသို့ ကမ်းပေးလိုက်၏။ "အစ်ကို့ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီလိမ္မော်သီးလေးတွေ အစ်ကိုနဲ့ အစ်မချောင်တို့ စားဖို့ ချန်ထားလိုက်ပါ"
အစ်ကိုပေါင်: "....."
ကောင်းပြီလေ၊ ဖုမင်ဇယ်... မင်းက တကယ်ကို တော်တာပဲ။
အစ်ကိုပေါင်က မျက်နှာသေဖြင့် နေလိုက်သည်။ အို... တကယ်တော့ သူ မျက်နှာအမူအရာ လုပ်ပြလျှင်လည်း မြင်ရမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူ၏ မျက်နှာအမူအရာအားလုံးက မုတ်ဆိတ်မွေးများနောက်တွင် ပုန်းကွယ်နေသည် မဟုတ်ပါလား။ အချုပ်အားဖြင့်ဆိုရလျှင် သူသည် လိမ္မော်သီးများကို အလွန်တောင့်တင်းစွာ လှမ်းယူလိုက်ပြီးနောက် အလွန်တောင့်တင်းစွာပင် ပြောလိုက်လေသည်။ "ညီအစ်ကိုတွေပဲဟာ၊ ဒီလောက် အားနာနေစရာ မလိုပါဘူး။ နောက်ပိုင်း လိုအပ်တာရှိရင် အချိန်မရွေး လာရှာလို့ ရပါတယ်"
ရှန်မော့အာက ဒီတစ်ယောက်ကို ကြည့်လိုက်၊ ဟိုတစ်ယောက်ကို ကြည့်လိုက် လုပ်နေမိသည်။
ဒါက မဟုတ်သေးပါဘူး။ ရှင်တို့နှစ်ယောက်က ကြည့်ရတာ ဘယ်လိုကြီးမှန်း မသိဘူး၊ ထူးဆန်းနေသလိုပဲ။
...