အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အပိုင်း (၅၅.၁)
အစ်ကိုပေါင်က ရှန်မော့အာကို နှုတ်ဆက်စကားဆိုပြီးနောက် ဖုမင်ဇယ်ကို အိမ်အပြင်ဘက်သို့ ဆွဲထုတ်သွားလေ၏။ အနောက်ပေါက်အပြင်ဘက်တွင် မြေရိုင်းကွက်တစ်ခုရှိနေပြီး ပတ်ပတ်လည်တွင်လည်း အိမ်များမရှိသဖြင့် စကားပြောဆိုရာတွင် အခြားသူများ ကြားသွားမည်ကို စိုးရိမ်စရာမလိုချေ။
အစ်ကိုပေါင်သည် ဘယ်ညာသို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီး အနီးအနားတွင် လူမရှိမှန်း သိနေသော်လည်း အသံကို တတ်နိုင်သမျှ နှိမ့်ချကာ ပြောလိုက်၏ "နေပါဦး၊ မင်းက မင်းမိန်းမကို အမှန်တိုင်း မပြောရသေးဘူးလား။ မင်းတို့က လက်တောင်ထပ်ပြီးပြီကို ဖုံးကွယ်ထားတုန်းပဲလား။ မင်းက မင်းမိန်းမကို တစ်သက်လုံး ဖုံးကွယ်ထားဖို့ စီစဉ်ထားတာတော့ မဟုတ်ပါဘူးနော်"
ဖုမင်ဇယ်က စကားမပြောသည်ကို မြင်သောအခါ အစ်ကိုပေါင်က ခဏလောက် စဉ်းစားလိုက်ပြီး ထပ်ပြောလေ၏။ "ဒါပေမဲ့ မင်း ဖုံးကွယ်ထားတာလည်း မှန်ပါတယ်။ ဒီခေတ်ဒီအခါမှာ သားက အဖေကို တိုင်တောတာ၊ မိန်းမက ကိုယ့်ယောကျ်ားကို ပြန်တိုင်တောတာတွေက အများကြီးပဲလေ။ ရှေးလူကြီးတွေ ပြောသလို လူကိုသိပေမယ့် စိတ်ကိုသိဖို့ ခက်တယ်တဲ့။ ဘယ်နေ့ အိပ်ရာကနိုးလာပြီး တော်လှန်ရေးကော်မတီက ဖမ်းခေါ်သွားမလဲဆိုတာထက်စာရင် ဖုံးကွယ်ထားတာက ပိုကောင်းပါတယ်"
ဖုမင်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "မော့အာက အဲဒီလိုလူမျိုး မဟုတ်ဘူး"
အစ်ကိုပေါင်မှာ ဆွံ့အသွားပြီး ပြန်မေးလိုက်၏။ "ဒါဆိုရင် မင်းက သူကို ဘာလို့ ဖုံးကွယ်ထားရတာလဲ"
ပိုက်ဆံရှိလျက်နှင့် ပိုက်ဆံမရှိချင်ယောင်ဆောင်နေကာ သူ့ထံသို့ အသားကူပွန် ၁ ကျင်း၊ ရိက္ခာကူပွန် ၂ ကျင်းနှင့် ငွေ ၁၀ ယွမ်တို့ကို လာရောက်ပို့ဆောင်ပေးနေသေးရာ ဘယ်သူ့ကို သက်သက်မဲ့ အရှက်ခွဲနေမှန်းပင် မသိတော့ချေ။
တကယ်တမ်းတွင် ဖုမင်ဇယ်က သည်လောက် မြန်မြန်ဆန်ဆန် လက်ထပ်လိမ့်မည်ဟု အစ်ကိုပေါင်လည်း ထင်မှတ်မထားခဲ့ပေ။ ကျေးလက်သို့ဆင်းလာသော ပညာတတ်လူငယ်များသည် ဒဏ်မခံနိုင်သဖြင့် ဒေသခံများနှင့် လက်ထပ်သွားကြသူ အများအပြားရှိသော်လည်း ဖုမင်ဇယ် ရောက်ရှိလာသည်မှာ ၁ နှစ်ပင် မပြည့်သေးချေ။ ထို့အပြင် သူသည် ယောကျ်ားရင့်မာကြီး တစ်ယောက်ဖြစ်ပြီး လယ်ထဲတွင် အလုပ်လုပ်ရသည်မှာ ပင်ပန်းသည်ဆိုဦးတော့ အဆင်ပြေအောင်တော့ လုပ်ကိုင်နိုင်စွမ်း ရှိလေသည်။ ယန်လျိုတပ်ဖွဲ့သည် ပတ်ဝန်းကျင် ကျေးရွာများအကြားတွင် အခြေအနေမဆိုးလှဘဲ ရွာအရာရှိများမှာလည်း တရားမျှတမှုရှိကာ ပညာတတ်လူငယ်များကို လုပ်ရကိုင်ရခက်ခဲသော အလုပ်များ တမင်တကာ ခွဲဝေပေးလေ့ မရှိကြပေ။
ထို့ကြောင့် သူက ထိုမိန်းကလေးကို တကယ်သဘောကျသွားခြင်းသာ ဖြစ်ရပေမည်။
ယခင်တစ်ခေါက်က ဖုမင်ဇယ်သည် ဝမ်ကျင်းပေါင်ကို ဂုန်နီအိတ်စွပ်ကာ ရိုက်နှက်ရန်အတွက် တပ်ဖွဲ့သို့ တကူးတက သွားရောက်ခဲ့သည်ကို တွေးကြည့်လိုက်လျှင် ထိုအချိန်ကတည်းက အစ်ကိုပေါင်သည် အကြောင်းစုံကို အတော်လေး ရိပ်မိနေခဲ့ပြီး ဖြစ်လေသည်။
ထိုမိန်းကလေးမှာလည်း တကယ်ကို ထူးချွန်ထက်မြက်သူ ဖြစ်၏။ ရုပ်ရည်ချောမောလှပသည့်အပြင် ကလေးများကိုခေါ်ဆောင်ကာ ပြည်နယ်မြို့တော်သို့သွားပြီး ပြိုင်ပွဲတစ်ခုခု ဝင်ပြိုင်ခဲ့သည်ဟုလည်း ကြားခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ အလွန်တော်သူတစ်ယောက်ပင်။
တကယ်ချစ်မြတ်နိုးရသည့် မိန်းကလေးဖြစ်နေပါလျက်နှင့် ဇနီးမောင်နှံဖြစ်နေကြပြီကို ကိစ္စရှိလျှင် ဘာကြောင့် ဖုံးကွယ်ထားရသနည်းဆိုသည်ကို အစ်ကိုပေါင်က နားမလည်နိုင်အောင် ဖြစ်နေရလေသည်။
အစ်ကိုပေါင်သည် ဖုမင်ဇယ်ကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး သံသယဖြင့် ပြောလိုက်သည်။ "ဒီ ၂ နှစ် ၃ နှစ်အတွင်းမှာ မြို့ကို ပြန်သွားတဲ့ ပညာတတ်လူငယ်တွေလည်း ရှိတယ်။ မိသားစုက လက်ခံမယ့်အဖွဲ့အစည်း ရှာပေးတာမျိုး၊ ဒါမှမဟုတ် ဆေးကုဖို့ဆိုပြီး ခန္ဓာကိုယ်ကို တမင်တကာ ဖျက်ဆီးပြီး မြို့ပြန်သွားတာမျိုးတွေလည်း ရှိတယ်။ ငါကြားတာတော့ တချို့လူတွေက ကျေးလက်မှာ ချစ်သူရည်းစား ရှိနေပေမယ့် အားလုံးကို ဖုံးကွယ်ထားကြတယ်။ မြို့ပြန်တဲ့အခါကျရင်လည်း ချစ်သူကို မြို့ခေါ်ဖို့ နည်းလမ်းရှာပေးမယ်ဆိုပြီး လိမ်ပြောသွားကြတာပဲ။ နောက်ဆုံးတော့ လူလည်းထွက်သွားရော အဆက်အသွယ်ပါ ပြတ်သွားတော့တာပဲ။ မင်းလည်း အဲဒီလို ယုတ်မာတဲ့ အကြံမျိုးတွေ တွေးနေတာတော့ မဟုတ်ပါဘူးနော်။ ကိုယ့်အတွက်ကိုယ် အကွက်ချန်ထားပြီး အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ ဆင်းရဲတုန်းက ပေါင်းသင်းခဲ့တဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချန်ရှစ်မေ လုပ်ဖို့များ စဉ်းစားနေတာလား"
ဖုမင်ဇယ် : "..."
ထို့နောက် ဖုမင်ဇယ်က ရိုးသားဖြူစင်စွာဖြင့် အကြံပြုလိုက်၏။ "မင်းရဲ့ ဘိုးလေး ပြောပြတဲ့ ဇာတ်လမ်းတွေက တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ မင်းကို နည်းနည်းပဲ နားထောင်ဖို့ အကြံပေးချင်တယ်"
အစ်ကိုပေါင်၏ ဘိုးလေးသည် ယခင်က ပုံပြင်ပြောသူ တစ်ဦးဖြစ်၏။ ယခုအခါတွင် ဤအလုပ်ကို လုပ်ကိုင်၍ မရတော့သဖြင့် ရွာထဲတွင်ပုန်းအောင်းကာ မိသားစုဝင်များကိုသာ ပြောပြလေ့ရှိသည်။ ဖုမင်ဇယ်သည် တစ်ကြိမ်လောက် နားထောင်ဖူးရုံဖြင့် တကယ်ကို ကောင်းမွန်လှသည်ဟု ဆိုရမည်။ သို့သော် အစ်ကိုပေါင်နှင့်တော့ သင့်တော်မည် မထင်ပေ။ ထိုသို့မဟုတ်လျှင် သူ့ဦးနှောက်မှာ နားထောင်ရင်းနှင့်ပင် ပျက်စီးသွားတော့မည်ဟု ခံစားရလေသည်။
ဖုမင်ဇယ်က ခဏလောက်စဉ်းစားလိုက်ပြီးနောက် ရှင်းပြလိုက်သည်။ "ကျွန်တော့်မိန်းမက နည်းနည်း ဆင်းရဲတဲ့သူကို ရှာချင်နေတာ။ ပြဿနာတွေ ထပ်တက်လာမှာကို ကျွန်တော်က စိုးရိမ်တယ်။ ပြီးတော့ သူသိသွားရင် စိတ်ဖိစီးမှုတွေများပြီး တစ်နေကုန် စိုးရိမ်ကြောင့်ကြနေရမှာကိုလည်း စိုးရိမ်မိတယ်။ အဲဒါကြောင့် ဘာမှမသိတာက ပိုကောင်းပါတယ်"
ရှန်မော့အာက ဆင်းရဲသောသူကို ရွေးချယ်ချင်သည်ဟူသော ကိစ္စကို အစ်ကိုပေါင်က နားမလည်နိုင်သော်ငြားလည်း မိသားစုနောက်ခံ မကောင်းသဖြင့် တစ်နေကုန် စိုးရိမ်ထိတ်လန့်နေရသည်ဟူသော ကိစ္စကတော့ အမှန်တကယ်ပင် ဖြစ်လေသည်။ သူသည် တစ်နှစ်ပတ်လုံး ရွာအသီးသီးသို့ လှည့်လည်သွားလာနေလေ့ရှိပြီး တစ်ခါတစ်ရံတွင် ကျေးလက်သို့ အပို့ခံရသူများနှင့်လည်း အရောင်းအဝယ် လုပ်လေ့ရှိရာ ကျေးလက်သို့ မပို့ခံရမီက နေ့ရက်များမှာ မလွယ်ကူလှကြောင်း၊ နေ့စဉ်ရက်ဆက် ဖော်ထုတ်ခံရမည်ကို စိုးရိမ်နေရသဖြင့် နှစ်ဝက်ခန့် ကောင်းကောင်း အိပ်မပျော်ခဲ့ရကြောင်း လူတချို့ ပြောဆိုသည်ကို ကြားခဲ့ဖူးလေသည်။
ဖုမင်ဇယ်၏ အခြေအနေမျိုးတွင် သူ့ဇနီးသည်က မသိခြင်းမှာလည်း တစ်နည်းအားဖြင့် ကောင်းမွန်လှသည်။ သက်သက်မဲ့ လိုက်လံစိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။
သူတို့သည် စကားအနည်းငယ် ပြောဆိုပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာကြလေသည်။ ရှန်မော့အာက အစ်မချောင်ထံမှ ပေါက်စီအနည်းငယ် ဝယ်ယူလိုက်ပြီး ဆီစိမ်စက္ကူဖြင့် ထုပ်ကာ အပြင်ဘက်မှ မြက်ကြိုးဖြင့် ချည်နှောင်ထားလိုက်၏။ ဖုမင်ဇယ်က လှမ်းယူလိုက်ပြီး အစ်ကိုပေါင်ဘက်သို့ လှည့်ကာ မျက်နှာသေဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ပြီး သူ့နှင့် အစ်မချောင်တို့ကို ယန်လျိုတပ်ဖွဲ့သို့ မင်္ဂလာဧည့်ခံပွဲလာရန် ဖိတ်ကြားလိုက်လေသည်။
အစ်ကိုပေါင်က နှုတ်ခမ်းကိုမဲ့လိုက်ပြီး ပြောလိုက်၏။ "ကောင်းပြီလေ၊ အဲဒီအချိန်ကျရင် သေချာပေါက် လာခဲ့မယ်"
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် စက်ဘီးကိုတွန်းကာ အစ်မချောင်၏ အိမ်မှ ထွက်လာကြလေသည်။ ခြေလှမ်းနည်းနည်းလေးမှပင် မလှမ်းရသေးမီ မျက်ကွင်းဟောက်ပက်ဖြင့် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက တံခါးဝတွင် သလဲပင်စိုက်ထားသော မြေစိုက်အိမ်ငယ်လေးရှေ့၌ ရပ်လျက် သူတို့ကို အကဲခတ်နေသည်ကို မြင်လိုက်ရ၏။ ရှန်မော့အာက ထိုသူကို မျက်မှန်းတန်းမိသလို ခံစားနေရစဉ်မှာပင် ထိုအမျိုးသမီးက တံတွေးထွေးကာ ဆဲဆိုလိုက်လေသည်။ "နျိုချောင်ချောင်ရဲ့အိမ်ကို ပေါက်စီသွားဝယ်တာ မဟုတ်ဘူးလို့ ငြင်းနေသေးတယ်။ မှောင်ခိုကူးပြီး ဆိုရှယ်လစ်စနစ်ရဲ့ အုတ်မြစ်ကို ဖြိုဖျက်နေကြတာ၊ တစ်ယောက်မှ အကောင်းတွေ မဟုတ်ဘူး"
ထိုအခါမှ ရှန်မော့အာ သတိရသွားတော့သည်။ ဤသူမှာ ယခင်တစ်ခေါက်က သူမနှင့် ရှန်ယင်းယင်းတို့ ပေါက်စီလာဝယ်စဉ်က တွေ့ဆုံခဲ့ဖူးသော အမျိုးသမီးပင် မဟုတ်ပါလား။ ထိုနေ့က ထိုသူမှာ သူမ၏ ကန်ကျောက်ခြင်းကို ခံခဲ့ရသဖြင့် အငြိုးထားနေပုံရကာ သည်လောက်ကြာသည့်တိုင်အောင် မှတ်မိနေသေးသည်ကိုး။
"ကျွန်မတို့က ဒီနေ့ လက်ထပ်မှတ်ပုံတင်လုပ်ပြီးတော့ သူငယ်ချင်းကို မင်္ဂလာသကြားလုံး လာပေးတာပါ။ အဒေါ်ကြီးက ဘယ်သူမို့လို့ အကြောင်းမဲ့သက်သက် မှောင်ခိုကူးတယ်လို့ စွပ်စွဲရတာလဲ။ လာ... လာ၊ ကျွန်မတို့ အတူတူ တော်လှန်ရေးကော်မတီကို သွားပြီး ဖြေရှင်းကြမယ်"
ရှန်မော့အာက အင်္ကျီလက်ကိုပင့်တင်လိုက်ပြီး လူကိုဖမ်းဆွဲမည့် ဟန်ပြင်လိုက်လေသည်။ ထိုအမျိုးသမီးမှာ ယခင်တစ်ခေါက်ကတည်းက သူမ၏ လက်ချက်ဖြင့် အထိနာထားဖူးသဖြင့် ဤတစ်ကြိမ်တွင်တော့ တုံ့ပြန်မှုက အလွန်မြန်ဆန်လှ၏။ "ငါက ဒီအတိုင်း လျှောက်ပြောတာပါ။ နင့်ကို ပြောတာမှ မဟုတ်တာ။ နင်... နင်... နင် လျှောက်မလုပ်နဲ့နော်"
ထိုသို့ပြောပြီးသည်နှင့် မြေစိုက်အိမ်ငယ်လေး၏ အနောက်သို့ အလျင်အမြန် ပုန်းကွယ်သွားပြီး တံခါးကို ဒိုင်းကနဲ ပိတ်ချလိုက်လေတော့သည်။
ကြောက်ရွံ့သွားပုံက တကယ့်ကို မြန်ဆန်လွန်းလှသည်။
ရှန်မော့အာကလည်း သူမ၏ အင်္ကျီလက်ကို ပြန်ချလိုက်လေသည်။
ဖုမင်ဇယ်က ထိုမြေစိုက်အိမ်ငယ်လေးကို အတွေးနက်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။ "မင်းလည်း ဒီလူကို သိတာလား"
ရှန်မော့အာက ယခင်တစ်ခေါက်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြောပြလိုက်ပြီး သံသယဖြင့် မေးလိုက်လေသည်။ "ဒီလူက အစ်မချောင်နဲ့ ရန်ငြိုးများ ရှိနေလို့လား"
ဖုမင်ဇယ်က အစ်မချောင်၏ ကိစ္စကို အကြမ်းဖျင်း ပြောပြဖူးလေသည်။ အစ်မချောင်၏ ခင်ပွန်းသည် ယခင်က အထည်ချုပ်စက်ရုံ၏ လုံခြုံရေးဌာနတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။ ညဘက် ကင်းစောင့်နေစဉ် စက်ရုံတွင် မီးလောင်မှုဖြစ်ပွားရာ စက်ပစ္စည်းများကို ကာကွယ်ရန် မီးငြှိမ်းသတ်ရင်း သေဆုံးသွားခဲ့သဖြင့် မိဘမဲ့ကလေးများနှင့် မုဆိုးမတစ်အိမ်ထောင်လုံးကို ချန်ရစ်ခဲ့ရလေသည်။
မူလက အလုပ်တစ်ခု ရှိသေးသော်ငြားလည်း အစ်မချောင်၏ ခင်ပွန်းသည် ရုတ်တရက် သေဆုံးသွားခဲ့သဖြင့် အိမ်ရှိ သက်ကြီးရွယ်အို နှစ်ဦးမှာ စိတ်ဒဏ်ရာကို မခံနိုင်ဘဲ အပြင်းအထန် ဖျားနာခဲ့ကြသည်။ အိမ်ရှိ ကလေးများမှာလည်း ငယ်ရွယ်သေးပြီး ကူညီဖေးမပေးမည့်သူ တစ်ယောက်မှ မရှိသဖြင့် အစ်မချောင်မှာ အလုပ်ကိုရောင်းချကာ သက်ကြီးရွယ်အိုများကို အရင်ဆုံး ဆေးကုသပေးခဲ့ရလေသည်။ နောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားသော်လည်း ငွေကြေးအမြောက်အမြား ကုန်ကျခဲ့သဖြင့် တစ်မိသားစုလုံးမှာ စက်ရုံမှပေးသော ထောက်ပံ့ကြေး အနည်းငယ်ကိုသာ မှီခိုကာ နေထိုင်စားသောက်နေကြရသည်။
စက်ရုံဘက်မှ သူတို့မိသားစု၏ အခက်အခဲကို နားလည်စာနာသဖြင့် ခွဲဝေပေးထားသော အိမ်ကို ပြန်လည်ရုပ်သိမ်းခြင်း မပြုခဲ့ပေ။ သို့သော် တပ်ဖွဲ့တွင် နေထိုင်ရသည်မှာ ကြက်သွန်မြိတ် တစ်ပင်၊ ကြက်သွန်ဖြူ တစ်မွှာမှစ၍ ငွေပေးဝယ်ရသဖြင့် တစ်မိသားစုလုံး အမှန်တကယ်ပင် ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲလာတော့သည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများက ကလေး ၃ ယောက်ကိုခေါ်ကာ ကျေးလက်ရှိ ဇာတိရွာသို့ ပြန်သွားကြပြီး အစ်မချောင် တစ်ယောက်တည်းသာ တပ်ဖွဲ့တွင် ကျန်ရစ်ကာ အသေးအမွှား အလုပ်လေးများလုပ်ရင်း ငွေအနည်းငယ် ရှာဖွေနေခဲ့ရလေသည်။
သို့သော် အိမ်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ရှိနေသဖြင့် ကျေးလက်တွင် အသုံးစရိတ်နည်းပြီး ကိုယ်ပိုင်မြေကွက်တွင် ဟင်းသီးဟင်းရွက် အနည်းငယ် စိုက်ပျိုးနိုင်သည်ဆိုစေကာမူ လုပ်အားခရမှတ် အနည်းငယ်သာရှိသဖြင့် စားနပ်ရိက္ခာမှာ လုံးဝမလုံလောက်ချေ။
ထို့ကြောင့် အစ်မချောင်သည် ရွာထဲမှ ကြက်ဥ၊ ဟင်းသီးဟင်းရွက်ခြောက်၊ ဝါဂွမ်းစသည်တို့ကို သိုသိုသိပ်သိပ် ဝယ်ယူကာ တပ်ဖွဲ့သို့သွားရောက် ရောင်းချခဲ့ရသည်။ ဤလုပ်ငန်းစဉ်အတွင်းမှာပင် အစ်ကိုပေါင်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ခြင်း ဖြစ်လေသည်။
အစ်ကိုပေါင်က ဂျုံမှုန့်နှင့် အသားများကို ရှာဖွေပေးနိုင်ပြီး တိုက်ဆိုင်စွာပင် အစ်မချောင်၌ အထည်ချုပ်စက်ရုံ အဆောင်တွင် အခန်းတစ်ခန်း ရှိနေသဖြင့် အစ်မချောင်က ကြက်ဥနှင့် အခြားပစ္စည်းများကိုပါ ဝယ်ယူကာ ပေါက်စီ တိုက်ရိုက်လုပ်ရောင်းခဲ့လေသည်။
တကယ်တမ်းတွင် အစ်မချောင် ပေါက်စီရောင်းသည့် ကိစ္စကို အထည်ချုပ်စက်ရုံ ပတ်ဝန်းကျင်ရှိ လူအတော်များများ သိရှိကြလေသည်။ သို့သော် သူမ၏ ခင်ပွန်းသည်က စက်ရုံ၏ စက်ပစ္စည်းများကို ကာကွယ်ရင်း သေဆုံးခဲ့ရသောကြောင့် တစ်မိသားစုလုံးရှိ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် အပိုငွေ နည်းနည်းလေးမှ မရှာဖွေပါက မည်သို့ ဆက်လက်ရှင်သန်နိုင်ပါမည်နည်း။ ထို့အပြင် သူမ၏ ခင်ပွန်းသည်သာ မီးငြှိမ်းသတ်ပြီး စက်ရုံ၏ စက်ပစ္စည်းများကို မကာကွယ်ခဲ့ပါက သူတို့၏ စက်ရုံ ဆက်လက်လည်ပတ်နိုင်မည်၊ မလည်ပတ်နိုင်မည်ကိုပင် မသိနိုင်ချေ။ ထို့ကြောင့် ယေဘုယျအားဖြင့် အားလုံးက မျက်ကွယ်ပြုထားပေးလိုက်ကြသည်။
ထို့အပြင် အစ်မချောင်၏ လက်ရာမှာလည်း မဆိုးလှဘဲ ပေါက်စီများမှာ တကယ့်ကို အဆီအနှစ်များနှင့် ပြည့်နှက်နေသဖြင့် လူအတော်များများက ဤအရသာကို အလွန်နှစ်သက်ကြလေသည်။ သူမက ငွေကြေးတစ်ခုတည်းကိုသာ လက်ခံခြင်းမဟုတ်ဘဲ ကြက်ဥ၊ အဝတ်အစားနှင့် နေ့စဉ်သုံးပစ္စည်းများဖြင့်လည်း လဲလှယ်၍ ရလေသည်။
အိမ်တွင် ပေါက်စီအနည်းငယ် ပြုလုပ်ပြီး ဆွေမျိုးသူငယ်ချင်းများနှင့် အသေးအမွှား ပစ္စည်းလေးများ လဲလှယ်ခြင်းက တိတိကျကျ ပြောရလျှင် ယခင်က သူမ ရွာထဲမှ ကြက်ဥ၊ ဝါဂွမ်း စသည်တို့ကို ဝယ်ယူရောင်းချခြင်းလောက် ပြစ်မှုမကြီးမားလှချေ။
ဤအိမ်နီးချင်းက သူမကို အဘယ်ကြောင့် အမြဲတမ်း စောင့်ကြည့်နေရသနည်း ဆိုလျှင်တော့... ဖုမင်ဇယ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလေသည်။ "ဒီမိသားစုရဲ့ သားကလည်း လွန်ခဲ့တဲ့ ၂ နှစ်က အထည်ချုပ်စက်ရုံမှာ အလုပ်ရခဲ့တယ်။ ကြားရတာတော့ အိမ်မှာ လူများလွန်းလို့ နေစရာမလောက်တဲ့အတွက် သားဖြစ်သူ မိန်းမယူနိုင်ဖို့ စက်ရုံက အခန်းချပေးမယ့်အချိန်ကို အမြဲတမ်း စောင့်နေခဲ့တာတဲ့။ စက်ရုံမှာလည်း လောလောဆယ် လွတ်နေတဲ့ အခန်းမရှိတော့ အစ်မချောင်ရဲ့ ဒီအခန်းကို မျက်စိကျနေကြတာပဲ"
ဤမိသားစုက စက်ရုံသို့ အကြိမ်ကြိမ် တိုင်ကြားခဲ့ကြပြီး အစ်မချောင်တို့ မိသားစုတစ်ခုလုံးမှာ အထည်ချုပ်စက်ရုံ၏ ဝန်ထမ်းများ မဟုတ်ကြတော့သဖြင့် အထည်ချုပ်စက်ရုံ၏ အိမ်တွင် ဆက်လက်နေထိုင်ခွင့် မရှိတော့ကြောင်း ဆိုလိုခြင်း ဖြစ်လေသည်။
သို့သော် ဤအိမ်ကို အစကတည်းက အလုပ်သမားသမဂ္ဂနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က အစ်မချောင်တို့ မိသားစုအတွက် ကြိုးပမ်းပေးခဲ့ခြင်းဖြစ်ပြီး စက်ရုံမှလည်း ပထမဆုံးကလေး အသက် ၁၈ နှစ်ပြည့်သည်အထိ နေထိုင်ခွင့်ပြုကြောင်း အစည်းအဝေးမှတ်တမ်းကို စာရွက်ပေါ်တွင် တရားဝင် ရေးသားချန်ရစ်ခဲ့လေသည်။ ယခုအခါတွင် အစ်မချောင်၏ သားအကြီးဆုံးမှာ အသက် ၁၀ နှစ်သာ ရှိသေးသည်။
အစိုးရမှ သတ်မှတ်ထားသော ကိစ္စရပ်များကို သဘာဝကျစွာပင် အလွယ်တကူ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဤမိသားစုသည် အစ်မချောင်အား မှောင်ခိုကူးသည်ဟု တိုင်ကြားရန် အခြားနည်းလမ်းကို စတင်ရှာဖွေလာကြတော့သည်။ သို့သော် အစ်မချောင်နှင့် သူတို့မိသားစုအကြားတွင် ယခင်ကတည်းက ဆက်ဆံရေး သိပ်မကောင်းလှသဖြင့် သူမက သူတို့မိသားစုထံသို့ ပေါက်စီရောင်းချမည် မဟုတ်သည်မှာ သဘာဝပင်။ သူတို့အနေဖြင့် မည်သည့်သက်သေအထောက်အထားမှ ရှာတွေ့နိုင်မသဖြင့် နေ့တိုင်း မျက်စိဒေါက်ထောက်ကာ စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ရှန်မော့အာက မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလိုမျိုး တစ်နေကုန် သူများစောင့်ကြည့်တာ ခံနေရတာက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"
ပြောသူက ရိုးရိုးလေးပြောသော်လည်း ကြားရသူ၏ စိတ်ထဲတွင်တော့ တစ်မျိုးတစ်ဖုံ တွေးမိသွားလေသည်။ ဖုမင်ဇယ်က မျက်လွှာကို အနည်းငယ်ချလိုက်၏။ အစ်မချောင်က အိမ်နီးချင်းများ၏ စောင့်ကြည့်ခြင်းကို ခံရသည်ထက်စာလျှင် တကယ်တမ်း သူတို့မိသားစုကို မြို့တော်မှ စောင့်ကြည့်နေသူများက ပို၍ များပြားလှပေသည်။
ထားလိုက်ပါတော့၊ မပြောတာပဲ ကောင်းပါတယ်။
မြို့တော်ရှိ ထိုလူများ၏ လက်တံက ထိုမျှလောက် မရှည်လျားလှသဖြင့် ဤကဲ့သို့သော ဆင်းရဲနွမ်းပါးသည့် ခေါင်ဖျားဒေသအထိတော့ လှမ်းနိုင်မည် မဟုတ်ချေ။ သို့သော် မည်သို့ဆိုစေ လူကို စိုးရိမ်ပူပန်မှုများတော့ ဖြစ်စေနိုင်ဆဲပင်။
ဖုမင်ဇယ်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှန်မော့အာ၏ လက်ကို ဆွဲကိုင်ကာ အလွန်အေးစက်ပြတ်သားစွာဖြင့် ပြောလိုက်လေသည်။ "သူတို့အတွက် စိတ်ပူမနေပါနဲ့။ ဒီကိစ္စတွေကို အစ်ကိုပေါင်က စိတ်ပူပေးပါလိမ့်မယ်"
ရှန်မော့အာက သူ့ကို စွေကြည့်လိုက်ပြီး သူမ၏ လက်ချောင်းလေးများဖြင့် သူ၏ လက်ဖဝါးထဲသို့ ဖွဖွလေး ပွတ်သပ်လိုက်ကာ ပြုံးလျက် တိုးတိုးလေး သတိပေးလိုက်၏။ "အပြင်ဘက်မှာနော်"
လက်ဖဝါးထဲမှ ယားကျိကျိခံစားမှုကြောင့် ဖုမင်ဇယ်၏ နားရွက်ဖျားများမှာ အနည်းငယ် နီမြန်းသွားသော်လည်း မျက်နှာပေါ်တွင်တော့ နည်းနည်းလေးမှ ပေါ်လွင်ခြင်း မရှိချေ။ သူသည် တည်ငြိမ်အေးဆေးစွာဖြင့် ရင်ဘတ်ရှေ့ရှိ လွယ်အိတ်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်လေသည်။ "ကိုတို့မှာ လက်ထပ်မှတ်ပုံတင် ရှိနေတာပဲ။ တရားဝင် လင်မယားတွေဖြစ်နေပြီကို ဘာကြောက်စရာ ရှိလို့လဲ"
ထိုသို့ ပြောဆိုနေစဉ်မှာပင် လမ်းကြား၏ အခြားတစ်ဖက်မှ အနီရောင်လက်ပတ် ပတ်ထားသော ခြေသေးအဘွားအိုတစ်ဦး ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ထံသို့ လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။ "နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။ လူပုံအလယ်မှာ လူမိုက်စရိုက်တွေ လုပ်နေတာလား"
ဖုမင်ဇယ်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ရှန်မော့အာကတော့ ခိုးရယ်လိုက်ကာ သူမ၏ လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်လေသည်။ ဖုမင်ဇယ်သည် စက်ဘီးပေါ်သို့ ခုန်တက်ကာ လီဗာကို နင်းလိုက်၏။ "မြန်မြန် တက်"
ရှန်မော့အာက ရယ်မောရင်း စက်ဘီးပေါ်သို့ ခုန်တက်လိုက်သည်နှင့် စက်ဘီးမှာ လျှပ်စီးလက်သကဲ့သို့ အရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားလေတော့သည်။
"ဟေး ဟေး ဟေး... နင်တို့ ရပ်လိုက်စမ်း" ခြေသေးအဘွားအိုက အနောက်မှ ပြေးလိုက်လာလေသည်။ "နင်တို့ ရပ်လိုက်စမ်း။ သေချာ ရှင်းပြပြီး ပညာပေးခံယူကြစမ်း"
လန်းဆန်းသော ဆောင်းဦးလေပြေကို ရင်ဆိုင်ရင်း ရှန်မော့အာက ရယ်မောကာ အော်ပြောလိုက်၏။ "အဒေါ်ကြီး... ကျွန်မတို့က ဒီနေ့မှ လက်ထပ်မှတ်ပုံတင် ရထားတာပါ"
"လက်မှတ်ရထားရင်လည်း လမ်းမကြီးပေါ်မှာ လက်လွတ်စပယ် မလုပ်ရဘူးလေ..." ခြေသေးအဘွားအိုက အော်ဟစ်လိုက်ပြီး ခြေလှမ်းအနည်းငယ် ထပ်မံပြေးလိုက်လာသော်လည်း နောက်ဆုံးတွင်တော့ အရှိန်လျှော့ကာ ဆက်မလိုက်တော့ချေ။
ရှန်မော့အာမှာ အူတက်မတတ် ရယ်မောနေပြီး ဖုမင်ဇယ်၏ အင်္ကျီစကို ဆွဲကာ မေးလိုက်လေသည်။ "လက်ထပ်မှတ်ပုံတင်ရှိတယ်၊ တရားဝင် လင်မယားတွေဖြစ်နေပြီကို ဘာကြောက်စရာ ရှိလို့လဲဆို"
ဖုမင်ဇယ်မှာ ရှက်ရမ်းရမ်းကာ စကားကြီးစကားကျယ်များ စတင်ပြောဆိုလာတော့သည်။ "ဟုတ်တယ်၊ တရားဝင် လင်မယားတွေပဲ၊ ဘာကြောက်စရာ ရှိလို့လဲ။ နောက်တစ်ခေါက်ကျရင် ဟောဒီလမ်းကြားထဲမှာ မင်းကို နမ်းပစ်မယ်"
ဤတစ်ကြိမ်တွင်တော့ ရှန်မော့အာက ရှက်ရမ်းရမ်းသွားရပြီ။ သူမက ဖုမင်ဇယ်၏ ကျောပြင်ကို တစ်ချက်ပုတ်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်လေ၏။ "လူယုတ်မာ"
နာကျင်မှုလည်းမရှိ၊ ယားယံမှုလည်းမရှိဘဲ... အို... မဟုတ်သေးဘူး၊ နူးညံ့သော ငှက်မွေးလေးတစ်ခုက နှလုံးသားထိပ်ဖျားကို တိတ်တဆိတ် ကလိလိုက်သလို ခံစားလိုက်ရပြီး ရင်ထဲတွင် ယားကျိကျိ ဖြစ်သွားရသည်။ ဖုမင်ဇယ်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ထိုအမည်နာမကို လက်ခံလိုက်လေသည်။ "အင်း... ကိုက လူယုတ်မာ၊ မင်းက မိန်းမချောလေး။ ကျွန်တော်တို့ လက်ထပ်ပြီးပြီပဲ"
ရှန်မော့အာက သူ၏ ကျောပြင်ကို မှီလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "အင်းပါ လူယုတ်မာကြီးရယ်၊ ကျွန်မတို့ လက်ထပ်ပြီးပါပြီ"
မျက်စိတစ်မှိတ်အတွင်းမှာပင် လူယုတ်မာကြီးနှင့် မိန်းမချောလေးတို့၏ မင်္ဂလာဆောင်ရက်သို့ ရောက်ရှိလာခဲ့လေပြီ။
မိုးလင်းစ အာရုဏ်တက်ချိန်မှာပင် အဒေါ်ကြီးချန်နှင့် အဒေါ်ကြီးချိုက်တို့သည် အိမ်ရှိ ချွေးမများနှင့် သမီးများကို ခေါ်ဆောင်လာကြလေသည်။ လူတစ်စုက ယနေ့တစ်နေ့တာလုံးအတွက် စားသောက်ဖွယ်ရာများကို တက်ကြွစွာ စတင်ပြင်ဆင်နေကြပြီး အခြားတစ်စုကတော့ ရှန်မော့အာကို စောင်ပုံထဲမှ ဆွဲထုတ်ကာ ခေါင်းဖြီးပေးရန် ပြင်ဆင်နေကြတော့သည်။
ရှန်မော့အာက အိပ်မှုန်စုံမွှားဖြင့် မေးလိုက်လေသည်။ "ရှင်တို့က ဘာလို့ ဒီလောက် စောစောစီးစီး ရောက်လာကြတာလဲ"
သူတို့ သာ့လျန်မင်းဆက်ကဲ့သို့ မင်္ဂလာအခမ်းအနား၏ လုပ်ငန်းစဉ်များနှင့် ထုံးတမ်းစဉ်လာများက အလွန်ရှုပ်ထွေးနေသည်မှ မဟုတ်ဘဲလေ။ အထူးသဖြင့် တော်ဝင်ဆွေမျိုးများဖြစ်ပါက မနက်စောစောစီးစီး ဘိုးဘွားကျောင်းတော်သို့ သွားရောက်ကာ ဘိုးဘွားများကို ပူဇော်ပသ၍ အကြောင်းကြားရပြီး နန်းတော်ထဲသို့ ဝင်ကာ ဧကရာဇ်မင်းအား ဒူးထောက်ကျေးဇူးတင်ရသေးသည်။ စည်းမျဉ်းစည်းကမ်းများကလည်း အလွန်များပြားလှသည်။ ဤကမ္ဘာလောကတွင် ချွေတာရေးကို အားပေးအားမြှောက်ပြုကြောင်း ရှန်မော့အာ သိထားလေသည်။ လက်ထပ်ရာတွင်လည်း လွယ်ကူရိုးရှင်းအောင် အတတ်နိုင်ဆုံး လွယ်ကူရိုးရှင်းအောင် ပြုလုပ်ကြသည် မဟုတ်ပါလား။
အဒေါ်ကြီးချန်က ပြုံးရွှင်စွာဖြင့် ဘီးကိုယူကာ ရှန်မော့အာ၏ ဆံပင်များကို ဂရုတစိုက် ဖြီးသင်ပေးရင်း ပြောလိုက်၏။ "မစောတော့ပါဘူးအေ။ အလှပြင်ဖို့ အချိန်နည်းနည်းတော့ ယူရမှာပေါ့။ ခဏနေရင် ဧည့်သည်တွေ ရောက်လာတော့မှာ။ သတို့သမီးဘက်က ဧည့်သည်တွေကို နင်က ဧည့်ခံရဦးမယ်လေ။ နေ့လယ်ကျရင် နင်တို့က တပ်ဖွဲ့ကို သွားရဦးမှာဆိုတော့ မနက်ခင်းလောက်တော့ အိမ်ကနေ ထွက်ရတော့မယ်လေ။ အို... အချိန်က တော်တော်လေး ကပ်နေပြီ"
ကျန်းပေခရိုင်၏ ဓလေ့ထုံးစံအရ မင်္ဂလာဧည့်ခံပွဲကို သတို့သမီးဘက်က နေ့လယ်တွင် ကျင်းပလေ့ရှိပြီး သတို့သားဘက်က ညနေပိုင်းတွင် ကျင်းပလေ့ရှိသည်။ သို့သော် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့၏ အခြေအနေမှာ အနည်းငယ် ထူးခြားနေလေသည်။ ဖုမင်ဇယ်ဘက်မှ လာမည့်ဆွေမျိုးများ မရှိဘဲ သူငယ်ချင်း အနည်းငယ်သာ ရှိသဖြင့် နိုင်ငံတော်ပိုင် စားသောက်ဆိုင်တွင် စားပွဲနှစ်ဝိုင်းသာ ခင်းကျင်းရန် ပြင်ဆင်ထားလေသည်။
ဤစားပွဲဝိုင်းများကို ညဘက်တွင် ခင်းကျင်းရန်မှာ သေချာပေါက် မသင့်တော်လှချေ။ ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးက တိုင်ပင်ဆွေးနွေးပြီးနောက် မနက်ပိုင်းတွင် ဖုမင်ဇယ်က လူခေါ်ကာ သတို့သမီးလာကြိုပြီး တပ်ဖွဲ့သို့ တိုက်ရိုက် ခေါ်ဆောင်သွားမည်။ ထို့နောက် သတို့သမီးလိုက်ပို့မည့်သူများနှင့် လာကြိုမည့်သူများအားလုံးက တပ်ဖွဲ့၏ နိုင်ငံတော်ပိုင် စားသောက်ဆိုင်တွင် စားသောက်ကြပြီးစီးပါက လူများကို ရှန်မိသားစုခြံဝင်းထဲသို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်သည်။
တစ်ပတ်ပတ်ပြီးနောက် သတို့သမီးမှာ အိမ်သို့သာ ပြန်လည်ပို့ဆောင်ခံရမည် ဖြစ်သော်ငြားလည်း အနည်းဆုံးတော့ အခမ်းအနားတစ်ခု ဖြစ်မြောက်သွားလိမ့်မည်။ ထို့အပြင် လူတစ်စုက ယန်လျိုတပ်ဖွဲ့မှ တပ်ဖွဲ့ရုံးချုပ်သို့၊ ထိုမှတစ်ဖန် တပ်ဖွဲ့ရုံးချုပ်မှ ယန်လျိုတပ်ဖွဲ့သို့ အသွားအပြန် လုပ်ရသဖြင့် စည်ကားသိုက်မြိုက်မှုနှင့် ခမ်းနားမှုလည်း ရှိသွားလိမ့်မည်
မည်သို့ဆိုစေ ပညာတတ်လူငယ်များ၏ နေရာသို့ သွားကြိုပြီးမှ ပြန်ပို့ရသည်ထက်စာလျှင်တော့ ပိုအဓိပ္ပာယ်ရှိလှပေသေးသည်။
...
အပိုင်း (၅၅.၂)
အဒေါ်ကြီးချိုက်က ဝင်ပြောလိုက်၏။ "ဟုတ်ပါ့အေ။ ငါ အိမ်ကထွက်လာတော့ ရှန်လောင်အာ့တို့အိမ်က လူတွေတောင် ထနေကြပြီဟ။ ငါတို့က သူတို့ထက် နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူးလေ။ သူတို့မိသားစုက ဘာတွေတွေးနေလဲတော့ မသိဘူး။ အရင်က နင့်ထက်စောပြီး မင်္ဂလာဆောင်မယ်လို့ ပြောထားပြီးတော့မှ တကယ်တမ်းကျတော့ နောက်ဆုတ်သွားပြီး နင်နဲ့ တစ်ရက်တည်း လုပ်လိုက်ကြတယ်။ ညီအစ်မဝမ်းကွဲတွေ တစ်ရက်တည်း မင်္ဂလာဧည့်ခံပွဲ လုပ်တယ်ဆိုတာမျိုး ပတ်ဝန်းကျင် ရွာတွေမှာ တစ်ခါမှ မကြားဖူးပါဘူး။ အို... ဒီလိုလုပ်တော့ ဆွေမျိုးတွေက ဘယ်အိမ်ကို သွားစားရမလဲ"
အဒေါ်ကြီးချန်က ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး သူမက ဂရုမစိုက်သည့်ပုံစံ ပေါက်နေသဖြင့် ဆက်ပြောလိုက်လေသည်။ "ဘာတွေတွေးနေရမှာလဲ၊ ပြိုင်ဆိုင်ချင်လို့ပေါ့"
ဆွေမျိုးတွေအကြောင်း ပြောရမည်ဆိုလျှင် ရှန်မိသားစုတွင် သက်ရှိထင်ရှား ကျန်ရစ်သော မောင်နှမ ၆ ယောက်ရှိသည်။ သို့သော် ရှန်လောင်ချီနှင့် အဖေတူအမေတူ မောင်နှမအရင်းဟူ၍ ရှန်ယင်းယင်း တစ်ယောက်သာ ရှိလေသည်။ ကျန်သည့် မောင်နှမများကတော့ အချင်းချင်း စည်းလုံးကြသဖြင့် ရွေးချယ်ရမည်ဆိုလျှင် ရှန်လောင်အာ့တို့အိမ်ကိုသာ ရွေးချယ်ကြမည်မှာ သေချာသည်။
သတို့သားများအကြောင်း ပြောရမည်ဆိုလျှင် ဖုမင်ဇယ်က သာမန် ပညာတတ်လူငယ်လေး တစ်ယောက်သာဖြစ်ပြီး ရှန်လောင်အာ့၏ သမက်ကတော့ အထည်ချုပ်စက်ရုံမှ ကျွမ်းကျင်လုပ်သားတစ်ဦး ဖြစ်လေသည်။ သူတို့အားလုံးက ပညာတတ်လူငယ်ဖုကို သဘောကျကြပြီး ရုပ်ရည်ချောမောကာ ပညာတတ်ဖြစ်သလို မိန်းမမောင်နှံနှစ်ဦးမှာလည်း ချစ်ခင်ကြင်နာမှု ရှိကြသည်ဟု ထင်မြင်ကြသော်လည်း အပြင်လူများ၏ အမြင်တွင်တော့ ရှန်မော့အာက ရှန်လင်းလင်းလောက် နေရာကောင်းမရဟုသာ ထင်မြင်ကြလိမ့်မည်။ တစ်ရက်တည်း မင်္ဂလာမဆောင်လျှင် တော်သေးသည်။ ယခုလို တစ်ရက်တည်း မင်္ဂလာဆောင်သည့်အခါ နှိုင်းယှဉ်ခံရမည်မှာ ရှောင်လွှဲ၍မရပေ။
အဒေါ်ကြီးချန်မှာ ရှန်ယုံကျွင်းနှင့် ထျန်းဖန် မိန်းမမောင်နှံကို တကယ်ကို အထင်မကြီးလှချေ။ ယခင်ကတည်းက ထျန်းဖန်ကို ဟန်ဆောင်ကောင်းသူဟု ထင်မြင်ခဲ့ပြီး ယခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စများက ဤမိသားစု၏ အကျင့်စရိုက်ကို ပိုပေါ်လွင်စေခဲ့လေသည်။
"ဘာကိုများ ပြိုင်ဆိုင်ချင်နေတာလဲမသိဘူး။ သူတို့သမက်က ကျွမ်းကျင်လုပ်သားဆိုပေမယ့် လောင်ချီကလည်း အရာရှိပဲလေ။ နောက်ပိုင်း လောင်ချီ အငြိမ်းစားယူခါနီးရင် သူ့အလုပ်ကို ရှောင်ဖုကို ပေးလိုက်လို့ရတာပဲ၊ အဲဒီအခါကျရင် ရှောင်ဖုကလည်း အရာရှိ ဖြစ်သွားမှာပဲ မဟုတ်လား"
ထိုအချိန်တွင် သမီးဖြစ်သူ၏ အလှပြင်ဆင်မှု အခြေအနေကို လာရောက်ကြည့်ရှုသော ရှန်ရှောက်ယွမ် : "..."
ပြောလိုက်သည့်စကားက သူ အသက်အတော်ကြီးနေပြီဟု ထင်ရလောက်အောင်ပင်။
အဒေါ်ကြီးချိုက်က သူမ၏ စကားတွင် အမှားပါသွားသည်ဟု နည်းနည်းလေးမှ မထင်မှတ်ဘဲ မေးလိုက်၏။ "လောင်ချီ... နင် ပြောကြည့်လေ။ ဟုတ်တယ်မလား"
ရှန်ရှောက်ယွမ်က မပွင့်တပွင့် အသံပြုလိုက်ပြီး အဒေါ်ကြီးချန် ထုံးဖွဲ့ပေးထားသော ရှန်မော့အာ၏ ဆံထုံးကို သေချာစွာ ကြည့်ရှုပြီးနောက် အပြင်သို့ ထွက်သွားလေတော့သည်။
ယခင်က သာ့လျန်မင်းဆက်တွင် ရှိစဉ်က သမီးဖြစ်သူ လက်ထပ်သည့်အခါ မြို့တော်တွင် အကြီးကျယ်အခမ်းနားဆုံးသော မင်္ဂလာပွဲကြီးကို ဆင်နွှဲပေးမည်။ မိုင်ဆယ်ချီ ရှည်လျားသော တင်တောင်းပစ္စည်းများဖြင့် ဂုဏ်သိက္ခာရှိရှိ လက်ထပ်ပေးမည်ဟု သူက တွေးတောခဲ့ဖူးသည်။ သို့သော် တကယ်တမ်း ဒီနေ့သို့ ရောက်ရှိလာသောအခါ သမီးဖြစ်သူမှာ ရိုးရှင်းသော ဆံထုံးလေးတစ်ခုကိုသာ ထုံးဖွဲ့ထားပြီး အနီရောင် ကတ္တီပါအင်္ကျီလေး တစ်ထည်ကိုသာ ဝတ်ဆင်ကာ လက်ထပ်ရမည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။
ရှန်ရှောက်ယွမ်၏ စိတ်ထဲတွင် အနည်းငယ် လွမ်းဆွတ်ဝမ်းနည်းသွားမိလေသည်။
ရှန်မော့အာ အလှပြင်ဆင်ပြီးစီးသွားချိန်တွင် လီရှင်းမေ ကူညီချက်ပြုတ်ပေးထားသော နံနက်စာကို အနည်းငယ် စားသောက်ပြီးသည်နှင့် ရှန်ယင်းယင်းတို့ မိသားစု ရောက်ရှိလာလေသည်။ ဤတစ်ကြိမ်တွင် ရှန်ယင်းယင်းနှင့် သားနှစ်ယောက်သာမက ရှန်ယင်းယင်း၏ ခင်ပွန်းဖြစ်သူ ကျောက်ရှင်းကော်နှင့် သမီးဖြစ်သူ ကျောက်ထင်ထင်တို့ပါ လိုက်ပါလာကြလေသည်။
ကျောက်ကျိန့်ယန်၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ သူ၏ ဖခင်နှင့် တစ်ပုံစံတည်းပင် ဖြစ်လေသည်။ ရုပ်ရည်ချင်း ဆင်တူသော ကျောက်ရှင်းကော်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ သားအဖသုံးယောက် ယှဉ်ရပ်လိုက်လျှင် အသက်အရွယ်မတူညီသော ခွန်အားကြီးမားသည့် အမျိုးသားသုံးဦးကို မြင်တွေ့နေရသလိုပင်။
ကံကောင်းထောက်မစွာဖြင့် ကျောက်ထင်ထင်မှာ ရှန်ယင်းယင်းနှင့် ရုပ်ရည်ဆင်တူလေသည်။ အသားအရည် အနည်းငယ် ညိုသော်လည်း မျက်ခုံးမျက်လုံးများမှာ ကြည်လင်ပြတ်သားပြီး လှပကာ ပွင့်လင်းမြင်သာသော မိန်းကလေးတစ်ဦး ဖြစ်လေသည်။
တကယ်တမ်းတွင် ယခုလို ခေတ်ကာလ၌ ဧည့်ခံပွဲလာစားလျှင် တစ်မိသားစုလုံး အကုန်လာလေ့ မရှိကြချေ။ သို့သော် ယခင်က ရှန်ရှောက်ယွမ် လူကြုံပါးလိုက်စဉ်က တစ်မိသားစုလုံး လာခဲ့ရန် တကူးတက မှာကြားခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ရှန်လောင်အာ့တို့အိမ်ကလည်း တစ်ရက်တည်း မင်္ဂလာဧည့်ခံပွဲ လုပ်မည်ဖြစ်သောကြောင့် ရှန်မိသားစုဘက်မှ လာမည့်သူ သိပ်များမည်မဟုတ်ဟု ခန့်မှန်းရသဖြင့် ရှန်ယင်းယင်းတို့ မိသားစုအတွက် နေရာလွတ်များ ရှိနေမည်မှာ သေချာလေသည်။
ရှန်လောင်အာ့တို့အိမ်ကလည်း တစ်ရက်တည်း မင်္ဂလာဧည့်ခံပွဲ လုပ်မည်ဟု ကြားသိရသောအခါ ဤသည်မှာ တမင်တကာ ပြိုင်ဆိုင်ပြီး ပြဿနာရှာခြင်းဖြစ်ကြောင်း ရှန်ယင်းယင်းက ချက်ချင်း ရိပ်မိလိုက်လေသည်။ ထို့အပြင် ရှန်ရှောက်ယွမ်က သူ အမြဲတမ်းဝန်ထမ်း ဖြစ်သွားပြီဖြစ်သဖြင့် သူတို့မိသားစုအတွက် ဧည့်ခံပွဲစရိတ်ကို မပူရန် လူကြုံပါးလိုက်သေးရာ ရှန်ယင်းယင်းက ပေါင်ကိုပုတ်ကာ ဤမင်္ဂလာပွဲသို့ တစ်မိသားစုလုံး သွားရောက်ပြီး မောင်ဖြစ်သူနှင့် တူမဖြစ်သူအတွက် မျက်နှာပန်းလှအောင် လုပ်ပေးရမည်ဟု ဆုံးဖြတ်လိုက်လေသည်။
မောင်ဖြစ်သူက အုတ်ဖုတ်စက်ရုံမှ အရာရှိတစ်ဦးပင် ဖြစ်နေလေပြီ။ မောင်ဖြစ်သူအား သေချာပေါက် သွားရောက်ဂုဏ်ပြုရမည်။
သို့နှင့်... မိသားစုတစ်စုလုံး တောဝက်ပေါင်တစ်ခုကို ထမ်းကာ ရောက်ရှိလာကြလေတော့သည်။
"အစ်မဝမ်းကွဲ... အစ်မက တကယ်ကို လှတာပဲ" ကျောက်ထင်ထင်က ရှန်မော့အာ၏ ဘေးသို့ ကပ်လာပြီး သူမ၏ မျက်လုံးများက အရောင်တလက်လက် တောက်ပနေလေသည်။
မူလပိုင်ရှင်နှင့် ကျောက်ထင်ထင်တို့၏ ဆက်ဆံရေးမှာ မဆိုးလှချေ။ မည်သို့ပင်ဖြစ်စေ သွေးသားတော်စပ်မှု အနီးစပ်ဆုံးသော ညီမဝမ်းကွဲဖြစ်ပြီး ကျောက်ထင်ထင်၏ အကျင့်စရိုက်မှာ ပွင့်လင်းသော်လည်း ဆူညံပွက်လောရိုက်တတ်သူ မဟုတ်ပေ။ ထို့အပြင် အဒေါ်ကြီး ရှန်ရှန့်ဟုန်၏ အိမ်မှ ညီအစ်မဝမ်းကွဲ နှစ်ယောက်ကဲ့သို့ လူကို အထက်စီးမှ ကြည့်တတ်သူမျိုးလည်း မဟုတ်ချေ။
သို့သော် ရွာနှစ်ရွာမှာ ဝေးကွာသဖြင့် ပုံမှန်အားဖြင့် ပွဲတော်ရက်များတွင်သာ တစ်ခါတစ်ရံ ဆုံတွေ့ဖြစ်ကြသည်တွင် မည်မျှရင်းနှီးသနည်းဟု မေးလျှင်တော့ သိပ်မရင်းနှီးလှဟုသာ ဖြေရမည်။
ရှန်မော့အာက ကျောက်ထင်ထင်၏ ဤကဲ့သို့သော ရိုးသားပွင့်လင်းသည့် အကျင့်စရိုက်မျိုးကို အတော်လေး သဘောကျသဖြင့် ပြုံးရွှင်စွာဖြင့် သကြားလုံးတစ်ဆုပ်ကို နှိုက်ယူကာ ကျောက်ထင်ထင်အား ပေးလိုက်လေသည်။ ကျောက်ထင်ထင်က အံ့သြသွားကာ မျက်လုံးပြူးသွားပြီး အလျင်အမြန် လက်ကာပြလိုက်၏။ "မလိုပါဘူး၊ မလိုပါဘူး အစ်မဝမ်းကွဲရဲ့။ ညီမက နောက်နှစ်ဆို ၁၆ နှစ်ပြည့်ပြီ၊ ကလေးမဟုတ်တော့ဘူး၊ သကြားလုံး မစားတော့ပါဘူး"
နောက်နှစ်ဆိုလျှင် ၁၆ နှစ်ပြည့်ပြီဖြစ်သဖြင့် စေ့စပ်ကြောင်းလမ်းရန်ပင် အရွယ်ရောက်နေပြီဖြစ်သဖြင့် တကယ့်ကို ကလေးမဟုတ်တော့ချေ။
"ဒါက မင်္ဂလာသကြားလုံးလေ၊ နင် နောက်နှစ် ဘယ်နှစ်နှစ်ပြည့်မှာနဲ့ ဘာဆိုင်လို့လဲ"
ကျောက်ထင်ထင်မှာ ရှန်မော့အာ၏ စကားကို အလွယ်တကူပင် လက်ခံသွားပြီး ဝမ်းသာအားရဖြင့် သကြားလုံးများကို ယူကာ အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။ အစပိုင်းတွင် အားလုံးကို အိတ်ကပ်ထဲသို့ ထည့်လိုက်သော်လည်း မကြာမီမှာပင် တစ်လုံးကို တိတ်တဆိတ် ပြန်ထုတ်ယူကာ သကြားလုံးခွံကို ခွာ၍ ပါးစပ်ထဲသို့ ငုံလိုက်ပြီး ချက်ချင်းပင် မျက်နှာပေါ်တွင် အပြုံးများ ပွင့်လန်းလာတော့သည်။
ဤသည်မှာ တန်ဖိုးကြီး နို့သကြားလုံးများ မဟုတ်ပါလား။ လွန်ခဲ့သော နှစ်အနည်းငယ်က မတော်တဆ တစ်ဝက်လောက် စားဖူးခဲ့ပြီးနောက် နောက်တစ်ကြိမ် ဘယ်တော့များမှ တစ်ဝက်လောက် ထပ်စားရမလဲဟု တွေးတောနေခဲ့မိသည်။ ယနေ့တွင်တော့ တစ်လုံးလုံးကို စားရုံသာမက အိတ်ကပ်ထဲတွင်လည်း အများကြီး ရှိနေသေးသည်။
ကျောက်ထင်ထင် တစ်ယောက် အတိုင်းမသိ ပျော်ရွှင်နေမိလေသည်။
ရှန်မော့အာက ကြွက်ကလေး ဆီခိုးစားရသလို ပျော်ရွှင်နေသော သူမ၏ ပုံစံကိုကြည့်ကာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ ကလေးမဟုတ်တော့ဘူးဟုသာ ပြောနေသည်။ နို့သကြားလုံး စားရချိန်တွင် မောင်းမောင်တို့လို ကလေးများနှင့် မျက်နှာအမူအရာက တစ်ပုံစံတည်းပင်။
သတို့သမီး လိုက်ပို့မည့် ဧည့်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြလေပြီ။ ရှန်လောင်ချီနှင့် အမျိုးတော်စပ်သော ရှန်မိသားစုဝင်များအပြင် ရှန်မော့အာတို့ သားအဖနှင့် အတော်လေး ရင်းနှီးသော ကျိုးမန်ခန်း အစရှိသည့် တပ်ဖွဲ့အရာရှိ အနည်းငယ်နှင့် ရှန်မော့အာ သင်ကြားပေးခဲ့ဖူးသော ကျောင်းသားမိဘ တချို့လည်း ပါဝင်လေသည်။ အထူးသဖြင့် မြို့တော်သို့ ပြိုင်ပွဲသွားပြိုင်ခဲ့သော ကျောင်းသားမိဘ တချို့လည်း ပါဝင်ပြီး ကျိုးကျောက်တိ၏ မိသားစုမှလွဲ၍ ကျန်မိသားစုများမှာ အတော်လေး တန်ဖိုးကြီးသော လက်ဖွဲ့ပစ္စည်းများကို ယူဆောင်လာခဲ့ကြလေသည်။
ရှန်ယင်းယင်းတို့ မိသားစုက ဧည့်သည်များကို ကူညီဧည့်ခံပေးပြီး ရှန်မော့အာနှင့် ရင်းနှီးသော အဒေါ်ကြီးချန်၊ အဒေါ်ကြီးချိုက်တို့ မိသားစုများကလည်း လက်ဖက်ရည်ငှဲ့ပေးခြင်း၊ ဖရဲစေ့နှင့် သကြားလုံးများ ဝေငှပေးခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ကူညီလုပ်ဆောင်ပေးကြသည်တွင် ခြံဝင်းငယ်လေးမှာ ချက်ချင်းပင် စည်ကားသိုက်မြိုက်သွားတော့သည်။
ရွာထဲက ရှန်မိသားစု၏ အုတ်ကြွပ်မိုးအိမ်ကြီးထဲတွင်။
ထျန်းဖန်က ချွေးမနှစ်ယောက်ကို ဦးဆောင်ကာ ဧည့်သည်များကို ဧည့်ခံနေလေသည်။ ထုံးစံအရဆိုလျှင် သတို့သမီးလိုက်ပို့မည့် ဧည့်သည်များ ဝင်လာပါက ဖရဲစေ့နှင့် သကြားလုံးများ အနည်းငယ် ဝေငှပေးရမည် ဖြစ်သည်။ ပြဿနာမှာ ကျန်းမိသားစုက သကြားလုံး နှစ်ကျင်းသာ ပို့ပေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း ဧည့်ခံပွဲတွင်လည်း သကြားလုံးများ ဝေငှရဦးမည်ဖြစ်ကာ ဤပမာဏမှာ လုံးဝ မလုံလောက်သည်မှာ ထင်ရှားလေသည်။ ထျန်းဖန်ကလည်း သကြားလုံးဝယ်ရန် သူမ၏ ကိုယ်ပိုင်ငွေကို ထပ်မံမထုတ်လိုသဖြင့် ဖရဲစေ့ အနည်းငယ်ကိုသာ ချိန်တွယ်ကာ ပန်းကန်ပြားတစ်ခုထဲတွင် ထည့်၍ ဧည့်ခန်းထဲတွင် ချထားလိုက်ပြီး သကြားရည် တစ်ခွက်စီသာ တိုက်လိုက်လေတော့သည်။
သကြားရည်ဟုဆိုသော်လည်း တကယ်တမ်းတွင် သကြားဖြူ အနည်းငယ်မျှသာ ထည့်ထားသဖြင့် ရိုးရိုးရေနှင့် သိပ်မကွာလှချေ။
ဒုတိယသား ရှန်ကျန့်ရှဲ့၏ မိန်းမက မီးဖိုချောင်ထဲတွင် ရေနွေးတည်ရင်း အစ်ကိုကြီး ရှန်ကျန့်ယဲ့၏ မိန်းမကို တိုးတိုးလေး ပြောလိုက်၏။ "လင်းလင်းရဲ့ အမျိုးသားက အထည်ချုပ်စက်ရုံက ကျွမ်းကျင်လုပ်သား မဟုတ်ဘူးလား။ လစာက အဲဒီလောက်များနေတာကို ဘာလို့များ ဒီလောက် ကပ်စေးနှဲရတာလဲ"
ရှန်ကျန့်ယဲ့၏ မိန်းမမှာ ရိုးသားသူတစ်ယောက်ဖြစ်သဖြင့် အမှန်အတိုင်းသာ ပြန်ပြောလိုက်လေသည်။ "ယောက်ျားလေးဘက်က ပုံမှန်ဆိုရင် သကြားလုံး နှစ်ကျင်း ပို့လေ့ရှိတာပဲလေ"
သူမ၏ သားအကြီးဆုံး ရှန်မင်ပင်းမှာလည်း အသက် ၁၇ နှစ် ရှိနေပြီဖြစ်သည်။ ယခင်က ရှန်လောင်ချီတို့အိမ်မှ အုတ်ခဲများ ခိုးယူမှုဖြင့် အချိန်အတော်ကြာ အကျဉ်းချခံခဲ့ရသည်မှလွဲလျှင် ဤဆောင်းဦးပေါက်တွင် စေ့စပ်ကြောင်းလမ်းရန် အချိန်ကျရောက်နေပြီ ဖြစ်လေသည်။ ဤဓလေ့ထုံးစံများကို ရှန်ကျန့်ယဲ့၏ မိန်းမက စောစောစီးစီးကတည်းက စုံစမ်းထားပြီးဖြစ်သည်။ မင်္ဂလာဆောင်သည့်အခါ ယောက်ျားလေးဘက်မှ သကြားလုံး နှစ်ကျင်း ပို့ခြင်းမှာ အတော်လေး ပုံမှန်ဖြစ်ပြီး အများအားဖြင့် အားလုံးက ထိုသို့ပင် လုပ်လေ့ရှိကြသည်။ သူမ၏ သားဖြစ်သူ မင်ပင်း လက်ထပ်သည့်အခါတွင်လည်း သူမက ထိုသို့ပင် ပေးမည်မှာ သေချာလေသည်။
ရှန်ကျန့်ရှဲ့၏ မိန်းမက မျက်စောင်းထိုးလုမတတ် ဖြစ်သွားသည်။ "အဲဒါက ကျွန်မတို့လို သာမန် ရွာသားတွေလေ၊ အထည်ချုပ်စက်ရုံက ကျွမ်းကျင်လုပ်သားဆိုတာ သာမန်လူ ဖြစ်နိုင်ပါ့မလား"
ရှန်ကျန့်ယဲ့၏ မိန်းမမှာ ကြက်သေသေသွားပြီး ရေနွေးငှဲ့နေသည့် လက်မှာလည်း ရပ်တန့်သွားလေသည်။ ထိုသို့ပြောရမည်ဆိုလျှင်လည်း ဟုတ်တော့ဟုတ်ပေသည်။
ရှန်ကျန့်ရှဲ့၏ မိန်းမက ဆက်ပြောလေသည်။ "နောက်ပြီးတော့ သူက အထည်ချုပ်စက်ရုံက ကျွမ်းကျင်လုပ်သား တစ်ယောက်ဖြစ်ပြီးတော့ လက်ထပ်ပြီးရင် ကျွန်မတို့အိမ်မှာ လာနေမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အိမ်တက်သမက်လည်း မဟုတ်ဘူး၊ ပညာတတ်လူငယ်နဲ့ လက်ထပ်တာလည်း မဟုတ်ဘူး။ သူတို့ ကျန်းမိသားစုက အိမ်လေး နည်းနည်းကျဉ်းတယ်ဆိုဦးတော့ သားလက်ထပ်ပြီးတာနဲ့ အိမ်ကနေ နှင်ချလိုက်တဲ့ ထုံးစံမှ မရှိတာ။ ကျွန်မတို့အိမ်မှာလည်း အိမ်ခန်းတွေက အများကြီး ရှိတာမဟုတ်ဘူး။ နင့်သား မင်ပင်းက မကြာခင် မိန်းမယူတော့မှာလေ။ အစက ညီမလေး ပြောင်းသွားရင် ကျွန်မတို့ နည်းနည်းကျယ်ကျယ်ဝန်းဝန်း နေရမယ်လို့ ထင်ထားတာ။ အခုကျတော့ မင်ပင်း လက်ထပ်ရင် အခန်းတစ်ဝက်လောက်ပဲ နေရတော့မယ်။ ယောကျ်ားရသွားတဲ့ အဒေါ်ကကျတော့ အခန်းကြီးကို အပြည့်ယူထားတယ်"
ရှန်ကျန့်ယဲ့၏ မိန်းမ၏ မျက်နှာထားမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ ဤကိစ္စကို သူမ၏ စိတ်ထဲတွင် စောစောကတည်းက တွေးတောနေခဲ့သည်။ ပြဿနာမှာ ဤကိစ္စကို ယောက္ခမများနှင့် ယောက်မဖြစ်သူတို့က တိုက်ရိုက် တိုင်ပင်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး သူတို့ သမီးယောက်မများအနေဖြင့် ထင်မြင်ချက်ပေးရန် အခွင့်အရေးပင် မရရှိခဲ့ကြချေ။
"ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် အိမ်လခ ငွေနည်းနည်းရသေးတာပဲ" ရှန်ကျန့်ယဲ့၏ မိန်းမကသာ ပြောနိုင်တော့သည်။
ရှန်ကျန့်ရှဲ့၏ မိန်းမက ပြန်ပြောလိုက်သည်။ "အဲဒီပိုက်ဆံလေး နည်းနည်းနဲ့ ဘာလုပ်ရမှာလဲ"
တကယ်တမ်း ကျေးလက်ဒေသအတွက်ဆိုလျှင်တော့ မနည်းလှချေ။ မည်သို့ပင်ဖြစ်စေ ကျေးလက်ဒေသရှိ အိမ်များကို မည်သူကများ ငှားရမ်းနေထိုင်လေ့ ရှိပါသနည်း။ သို့သော် တစ်ဖက်လူ၏ အဆင့်အတန်းဖြစ်သော နိုင်ငံတော်ပိုင် စက်ရုံမှ ကျွမ်းကျင်လုပ်သား တစ်ယောက်အနေဖြင့် ယောက္ခမအိမ်တွင် လာရောက်နေထိုင်ရာ၌ ဤမျှလောက်သာ ပေးနိုင်ခြင်းကို တွေးကြည့်မည်ဆိုလျှင်တော့ သူမ၏ ယောက္ခမများမှာ တကယ့်ကို အမြင်ကျဉ်းလွန်းသည်ဟု ရှန်ကျန့်ရှဲ့၏ မိန်းမက တွေးလိုက်မိလေသည်။
"အမေ... အမေ... သား သကြားလုံး လိုချင်တယ်၊ သား မင်္ဂလာသကြားလုံး လိုချင်တယ်!"
"သမီးလည်း လိုချင်တယ်၊ အမေ... သမီးလည်း မင်္ဂလာသကြားလုံး လိုချင်တယ်!"
အစ်ကိုကြီး ရှန်ကျန့်ယဲ့၏ အိမ်မှ သားအငယ်ဆုံး ရှန်မင်တာနှင့် ဒုတိယသား ရှန်ကျန့်ဟွေး၏ အိမ်မှ သမီးအကြီးဆုံး ရှန်လန်လန်တို့ ပြေးဝင်လာကြလေသည်။
ခေါင်းမာသော ကလေးများက သကြားလုံး တောင်းနေသည်ကို ကြားသောအခါ ရှန်ကျန့်ရှဲ့၏ မိန်းမမှာ ခေါင်းကိုက်သွားပြီး သူမ၏ သမီးကို ဆူပူလိုက်လေသည်။ "ဘာသကြားလုံးလဲ၊ နင့်အမေ အလုပ်များနေတာ မမြင်ဘူးလား။ နောက်ပြီး နင် မင်္ဂလာသကြားလုံး လိုချင်ရင် နင့်အဘွားဆီ သွားတောင်းလေ၊ နင့်အဒေါ်ဆီ သွားတောင်းလေ၊ ငါ့ဆီလာပြီး ဘာလုပ်ရမှာလဲ!"
ရှန်မင်တာက ပြောလေသည်။ "အဘွားနဲ့ အဒေါ်လေးက မရှိဘူးလို့ ပြောတယ်။ ဒါပေမဲ့ မောင်းမောင်က ပြောတယ်၊ အဘိုး၇တို့ အိမ်မှာ သကြားလုံး ဝေနေတယ်တဲ့၊ အဲဒါက အရမ်းအရမ်းကို အရသာရှိတဲ့ နို့သကြားလုံးတဲ့။ အမေ... သားလည်း နို့သကြားလုံး စားချင်တယ်"
ရှန်လန်လန်ကလည်း ခေါင်းငြိမ့်ထောက်ခံလေသည်။ "ဟုတ်တယ်၊ ရှောင်ယဲ့ဇီနဲ့ မိန်မိန်းတို့လည်း သကြားလုံး ရကြတယ်။ သူတို့က သမီးတို့မှာ စားစရာ သကြားလုံး မရှိဘူးဆိုပြီး လှောင်ကြတယ်။ အမေ... သမီးတို့ အဘိုး၇တို့ အိမ်ကိုသွားပြီး မင်္ဂလာသကြားလုံး တောင်းလို့ရမလား"
ရှန်ကျန့်ယဲ့၏ မိန်းမ : "..."
ရှန်ကျန့်ရှဲ့၏ မိန်းမ : "..."
ဒါ ဘယ်လို စကားမျိုးလဲ!
ရှန်ကျန့်ရှဲ့၏ မိန်းမက ရှန်လန်လန်ကို စူးစူးရဲရဲ ကြည့်လိုက်၏။ "နင် အဘိုး၇တို့ အိမ်ကိုသွားပြီး မင်္ဂလာသကြားလုံး တောင်းရဲတောင်းကြည့်၊ နင့်အဘွား နင့်ကို ရိုက်သတ်လိမ့်မယ်!"
ခဏလောက် စဉ်းစားပြီးနောက် သူမက ရှန်လန်လန်ကို သူမ၏ ဘေးသို့ဆွဲခေါ်ကာ ပြောလိုက်လေသည်။ "နင့်အဘွားဆီ သွားပြီး အဘိုး၇တို့အိမ်မှာ သကြားလုံးဝေတဲ့အကြောင်း သွားပြောလိုက်။ နင် အဘိုး၇တို့ အိမ်ကိုသွားပြီး မင်္ဂလာသကြားလုံး တောင်းချင်တယ်လို့တော့ မပြောနဲ့နော်။ ရှောင်ယဲ့ဇီတို့က နင့်ကို လှောင်တယ်၊ နင်လည်း သကြားလုံးစားချင်တယ်လို့ပဲ ပြော"
ရှန်လန်လန်က မျက်လုံးလေး ကလယ်ကလယ် လုပ်လိုက်ပြီး နားလည်သွားလေသည်။ "ဟုတ်ကဲ့၊ သမီး အရင်ဆုံး အဘွားဆီ သွားမယ်၊ ပြီးတော့မှ အဒေါ်လေးဆီ သွားပြီး တစ်ခေါက် ထပ်ပြောမယ်" ထိုသို့ပြောပြီးသည်နှင့် သူမက လေပွေလိုပင် ပြေးထွက်သွားလေတော့သည်။
ရှန်မင်တာကလည်း အလျင်အမြန် လိုက်သွားလေသည်။
ရှန်ကျန့်ရှဲ့၏ မိန်းမက နှုတ်ခမ်းမဲ့လိုက်၏။ "သူတို့က ဘာတွေတွေးနေလဲ မသိပါဘူး၊ ရှန်မော့အာနဲ့ တစ်ရက်တည်း မင်္ဂလာဧည့်ခံပွဲ လုပ်ရမယ်လို့ ဇွတ်တောင်းဆိုနေကြတာ။ ပြိုင်ဆိုင်ချင်တယ်ဆိုရင်တောင် ရှန်လောင်ချီက ဘယ်လိုလူမျိုးလဲဆိုတာ တွေးမကြည့်ကြဘူးလား။ သူ့သမီးကို ငတ်အောင်ထားရဲရင် သူက ကြိုးနဲ့ လူကို လည်ပင်းညှစ်သတ်ရဲတဲ့လူမျိုးလေ။ အခု သူ့သမီး မင်္ဂလာဧည့်ခံပွဲ လုပ်တာကို အိုးခွက်ပန်းကန်တွေ ရောင်းပြီးတော့ဖြစ်ဖြစ် ခမ်းနားအောင် လုပ်မှာပေါ့။ သူက အုတ်ဖုတ်စက်ရုံရဲ့ အရာရှိတောင် ဖြစ်နေပြီပဲ၊ အကြွေးတွေ အများကြီး တင်နေတယ်ဆိုရင်တောင် ဘာဖြစ်လဲ၊ လအနည်းငယ်အတွင်း ပြန်ဆပ်နိုင်မှာပဲ။ ကျွန်မ ကြည့်ရတာတော့ ဒီနေ့ ပြိုင်ဆိုင်လို့နိုင်မှာ မဟုတ်တဲ့အပြင် ဟာသတောင် ဖြစ်သွားနိုင်သေးတယ်"
ရှန်ကျန့်ယဲ့၏ မိန်းမက သတိပေးလိုက်လေသည်။ "ရှင် စကားနည်းနည်း လျှော့ပြောပါ၊ သူများတွေ ကြားသွားဦးမယ်"
ရှန်ကျန့်ရှဲ့၏ မိန်းမက ပြန်ပြောလေသည်။ "မယုံရင် စောင့်ကြည့်နေလိုက်"
ဟိုဘက်တွင်တော့ ရှန်လန်လန်က ရှန်ကျန့်ရှဲ့၏ မိန်းမ သင်ပေးထားသော စကားများအတိုင်း ထျန်းဖန်ကို ကြက်တူရွေးနှုတ်တိုက် ပြန်ပြောပြလိုက်ရာ ထျန်းဖန်မှာ ချက်ချင်းဆိုသလို ဒေါသထွက်သွားတော့သည်။ "သူတို့က တကယ့်ကို ကြွားချင်နေကြတာပဲ၊ မွဲတေနေတဲ့ ကြွားလုံးထုတ်မှုကြီး!"
တကယ်တော့ အိမ်တွင် ယခင်က ချန်ထားခဲ့သော သကြားလုံးကျင်း တစ်ဝက်ခန့် ရှိနေသေးသည်။ ထျန်းဖန်က ခဏစဉ်းစားလိုက်ပြီး အံကြိတ်ကာ ပြောလိုက်လေသည်။ "နင်တို့ အဒေါ်လေးဆီ သွားတောင်းကြ။ အဘွားက သကြားလုံးကျင်း တစ်ဝက်လောက် ထုတ်ပြီး ဝေခိုင်းလိုက်တယ်လို့ သွားပြော"
ထို့ကြောင့် ခေါင်းမာသော ကလေးနှစ်ယောက်သည် ခြေသံတဖောင်းဖောင်းဖြင့် ရှန်လင်းလင်း၏ အခန်းထဲသို့ ပြေးဝင်သွားကြလေသည်။
သတို့သမီး၏ အခန်းထဲတွင် အခြားသူများလည်း ရှိနေသည်မှာ သေချာလေသည်။ ရှန်လန်လန်မှာ ပါးနပ်သော ကလေးတစ်ယောက်ဖြစ်သဖြင့် ပြေးသွားကာ ရှန်လင်းလင်း၏ နားနားသို့ ကပ်၍ ရှန်ကျန့်ရှဲ့၏ မိန်းမနှင့် ထျန်းဖန်တို့ ပြောခဲ့သော စကားအားလုံးကို ပြန်ပြောပြလိုက်လေသည်။ မူလက ပြုံးရွှင်နေသော ရှန်လင်းလင်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။ သူမမှာ အလွန်ဒေါသထွက်နေသော်လည်း မျက်နှာအမူအရာကို ထိန်းချုပ်ကာ တောင့်တင်းသော အပြုံးတစ်ခုကိုသာ ဖန်တီးထားရလေသည်။
ရှန်လောင်စန်း (ရှန်ကျန့်ရှဲ့)၏ အိမ်မှ သမီးအကြီးဆုံး ရှန်ချွန်းဖန်းက ရှန်လင်းလင်းကို တစ်ချက်ကြည့်လိုက်ပြီး တမင်တကာ မေးလိုက်၏။ "လင်းလင်း... နင်တို့ တူဝရီးနှစ်ယောက် ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြတာလဲ"
ရှန်ချွန်းဖန်း လက်ထပ်ထားသည်မှာ သာမန်သာဖြစ်ပြီး လျိုချောင်တပ်ဖွဲ့မှ သာမန်တပ်ဖွဲ့ဝင် မိသားစုတစ်ခုသာ ဖြစ်သည်။ စောစောက ရှန်လင်းလင်းက ကျန်းကျွင့်လျန်ကို တခုတ်တရ ချီးကျူးနေသည်ကို ကြားရသောအခါ သူမမှာ အတော်လေး ရွံရှာသွားမိသည်။ ယခု ရှန်လင်းလင်း၏ မျက်နှာထား သိပ်မကောင်းသည်ကို မြင်သောအခါ ရှန်ချွန်းဖန်းမှာ အတော်လေး စပ်စုချင်စိတ် ဖြစ်ပေါ်လာလေတော့သည်။
ရှန်လင်းလင်းက အတင်းအကျပ် ပြုံးပြလိုက်ပြီး ဘေးနားရှိ လွယ်အိတ်ထဲမှ စက္ကူအိတ်တစ်ခုကို ထုတ်ယူကာ ပြောလိုက်လေသည်။ "ကျွန်မအမေက လန်လန်ကို လွှတ်ပြီး အားလုံးကို မင်္ဂလာသကြားလုံး နည်းနည်းဝေပေးဖို့ သတိပေးခိုင်းလိုက်တာပါ"
တူနှင့် တူမဖြစ်သူတို့က စူးစူးရဲရဲ ကြည့်နေကြသဖြင့် ရှန်လင်းလင်းမှာ သကြားလုံး နှစ်လုံးကို အရင်ယူကာ သူတို့ကို ကမ်းပေးလိုက်ရလေသည်။ သို့သော် ထိုကလေးနှစ်ယောက်က သူမလက်ထဲရှိ သကြားလုံးကို မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် ရွံရှာသော အမူအရာများ ပေါ်လွင်လာပြီး ရှန်မင်တာကမူ သကြားလုံးကို တိုက်ရိုက် ပုတ်ချလိုက်ကာ မြေကြီးပေါ်တွင် ဖင်ထိုင်ချပြီး စတင်ငိုယိုတော့လေသည်။
ရှန်မိသားစု အိမ်အပြင်ဘက် မလှမ်းမကမ်းရှိ ခြုံပုတ်နားတွင်။
မောင်းမောင်၊ ရွှင့်အာ၊ ကျိုးကျောက်တိ၊ ရှောင်ယဲ့ဇီ၊ မိန်မိန်း အစရှိသော မူလတန်းကျောင်းသား တစ်စုက ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်ကာ မလှမ်းမကမ်းရှိ ရှန်လောင်အာ့တို့၏ အိမ်ကို စောင့်ကြည့်နေကြလေသည်။ အိမ်ထဲမှ "ငါ နို့သကြားလုံးပဲ လိုချင်တယ်၊ ဒီအစုတ်ပလုတ် သကြားလုံးကို မလိုချင်ဘူး" ဟူသော ငိုသံကြီး ထွက်ပေါ်လာချိန်အထိ စောင့်ကြည့်နေကြပြီးနောက် ကလေးတစ်စုလုံး ချက်ချင်းပင် ရယ်မောလိုက်ကြလေသည်။
မောင်းမောင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "ရှန်မင်တာနဲ့ ရှန်လန်လန်တို့ ပြန်သွားပြီး ပြဿနာရှာမယ်ဆိုတာ ငါ သိသားပဲ၊ ဟီးဟီး"
ရွှင့်အာက ပါးစပ်ထဲမှ နို့သကြားလုံးကို လျက်လိုက်ပြီး သူ၏ သူငယ်ချင်းကောင်းကို လက်မထောင်ပြလိုက်ကာ ဇဝေဇဝါ မေးလိုက်လေသည်။ "ဆရာမလင်းလင်းက အရမ်းတော်တဲ့ အလုပ်သမားတစ်ယောက်နဲ့ လက်ထပ်ရတာဆို။ သူတို့အိမ်မှာ ဘာလို့ သကြားလုံးတောင် မရှိရတာလဲ"
မောင်းမောင်က လူကြီးတစ်ယောက်လို ဝင်ပြောလိုက်၏။ "ကပ်စေးနှဲလို့ပေါ့ကွ။ ငါ့အဘွားက ပြောတယ်၊ ရှန်ဒုတိယအဘွားက တကယ်ကို ကပ်စေးနှဲတာတဲ့။ ဆရာမလင်းလင်းရဲ့ အမျိုးသားဘက်ကလည်း အလွယ်တကူ ကိုင်တွယ်လို့ရတဲ့ လူစားမျိုးတွေ မဟုတ်ဘူးတဲ့။ ပြီးတော့ သူတို့က အစ်မမော့အာနဲ့ တစ်ရက်တည်း မင်္ဂလာဧည့်ခံပွဲ လုပ်တာက ရည်ရွယ်ချက် မကောင်းလို့တဲ့။ ငါတို့ ဒီနေ့ အစ်မမော့အာကို သေချာကာကွယ်ပေးရမယ်!"
မူလတန်းကျောင်းသား တစ်စုလုံးက ချက်ချင်းပင် ရင်ကော့လိုက်ကြပြီး အော်ဟစ်လိုက်ကြလေတော့သည်။ "အစ်မမော့အာ/ဆရာမကို သေချာကာကွယ်ပေးကြမယ်!"
...
အပိုင်း (၅၆.၁) "သတို့သမီးကို သွားကြိုကြမယ်___ "
"သတို့သမီးကို သွားကြိုကြမယ်___ "
ကျိန့်ကျားမင်က ရှေ့ဆုံးမှ ပြေးထွက်သွားပြီး ဝမ်ချိုးထုန်က နောက်မှ အနီးကပ် လိုက်ပါလာလေသည်။ ထို့နောက်တွင် ပညာတတ်လူငယ် လျိုကျိန့်ဟောင်၊ လူယွမ်ကျီး၊ ကော်တန်းတန်း အစရှိသူများ လိုက်ပါလာကြပြီး ဖုမင်ဇယ်ကတော့ အလယ်တွင် အညပ်ခံနေရကာ သူ၏=့မျက်ဝန်းများထဲတွင် ကူကယ်ရာမဲ့မှုများ အနည်းငယ် ပေါ်လွင်နေလေသည်။
ပုံမှန်အားဖြင့် ရွာထဲတွင် မင်္ဂလာပွဲရှိလျှင် ပညာတတ်လူငယ်များကို ဖိတ်လေ့ဖိတ်ထ မရှိသဖြင့် ဤကဲ့သို့သော အခွင့်အရေးမျိုး ရခဲသောကြောင့်ဖြစ်မည်။ ပညာတတ်လူငယ် တစ်ယောက်ချင်းစီမှာ ဖုမင်ဇယ်ထက်ပင် ပိုစိတ်လှုပ်ရှားနေကြပြီး အထူးသဖြင့် ကျိန့်ကျားမင်ဆိုလျှင် ကျောက်ကျိန့်ယန် ညီအစ်ကိုနှစ်ယောက်ကသာ မတားဆီးထားပါက သတို့သမီးအခန်းထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ သတို့သမီးကို လုယူသွားနိုင်သည်ဟု ဖုမင်ဇယ်က သံသယဝင်မိသည်အထိပင်။
ဤလူတစ်စုက အရှေ့မှနေ၍ ပစ်မှတ်ကို အာရုံလွှဲပေးထားသဖြင့် သတို့သားဖြစ်သူ ဖုမင်ဇယ်မှာ အတော်လေး သက်သာရာရသွားလေသည်။ ကျောက်ကျိန့်ယန်တို့နှင့် ကျိန့်ကျားမင်တို့ အပြန်အလှန် စကားများနေချိန်တွင် အဒေါ်ကြီးချန်တို့က လမ်းဖယ်ပေးလိုက်သဖြင့် သူသည် ခံစစ်မျဉ်းကို အလွယ်တကူ ကျော်ဖြတ်ကာ သတို့သမီးအခန်းထဲသို့ ဝင်ရောက်နိုင်ခဲ့လေသည်။
သတို့သမီးအခန်းထဲတွင် ဖုမင်ဇယ်ကို တစ်ခါမှ မမြင်ဖူးသေးသော ကျောက်ထင်ထင် တစ်ယောက်သာ ကျန်ရှိတော့သည်။ ကောင်မလေးသည် ဖုမင်ဇယ်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် မျက်နှာနီမြန်းသွားတော့သည်။ “ခဲအိုက အရမ်းချောတာပဲ!"
အိမ်း... ချက်ချင်းပင် "ရန်သူ့ဘက်သို့ ကူးပြောင်း" သွားပြီး သတို့သမီး၏ ဖိနပ်ကို အလိုအလျောက် ရှာဖွေကာ ဖုမင်ဇယ်ထံသို့ ကမ်းပေးလိုက်လေတော့သည်။
အပြင်ဘက်မှ လူများ သတိဝင်လာပြီး အခန်းထဲသို့ ပြေးဝင်လာချိန်တွင် သတို့သားမှာ ကုတင်ရှေ့၌ ဆောင့်ကြောင့်ထိုင်လျက် သတို့သမီးကို ဖိနပ်စီးပေးနေပြီ ဖြစ်လေသည်။
"စစ်ဆင်ရေး အောင်မြင်တယ်၊ သတို့သမီးကို မြန်မြန်ခေါ်သွား!"
သတို့သမီးအခန်းဝမှ ကျိန့်ကျားမင်၏ အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်ရှိ လူအားလုံး လန့်သွားကြလေသည်။ ဖုမင်ဇယ်က ရှန်မော့အာ၏ လက်ကိုဆွဲကာ ပြေးထွက်သွားပြီး ရှန်မော့အာကလည်း အလိုက်သင့်လေး လိုက်ပါသွားလေသည်။ ပညာတတ်လူငယ်များက ကျိန့်ကျားမင်၏ ဦးဆောင်မှုဖြင့် ကာကွယ်ရေး အနေအထားကို ယူလိုက်ကြသည်တွင် မင်္ဂလာဆောင် သတို့သမီးသွားကြိုသည့်ပွဲမှနေ၍ ရဲဘော်ရဲဘက်များ ဆုတ်ခွာရာတွင် အကာအကွယ်ပေးသည့် အငွေ့အသက်မျိုး ဖြစ်သွားလေတော့သည်။
လူတစ်စုမှ ခြံဝင်းငယ်လေးထဲမှ ပြေးထွက်သွားကြပြီး စက်ဘီးအသီးသီးပေါ်သို့ တက်ကာ ပျော်ရွှင်စွာဖြင့် တပ်ဖွဲ့ရုံးချုပ်ဆီသို့ ထွက်ခွာသွားကြချိန်မှသာ ကျောက်ကျိန့်ယန်တို့ လူစုက ရုတ်တရက် သတိဝင်လာကြတော့သည်။ "ငါတို့က သတို့သမီးလိုက်ပို့မယ့်သူတွေလေ၊ သူတို့က ဘာလို့ ငါတို့နဲ့ အတူတူ မသွားကြတာလဲ!"
ရှန်ယင်းယင်းက ပေါင်ကိုပုတ်ကာ အူတက်မတတ် ရယ်မောလေသည်။ "ဒီလူငယ်လေးတွေက တကယ့်ကို ရယ်ရတာပဲ"
ထို့နောက် သားဖြစ်သူကို တွန်းလိုက်၏။ "ဘာကြောင်ကြည့်နေတာလဲ၊ မြန်မြန် လိုက်သွားကြလေ!"
ကျောက်မိသားစု မောင်နှမသုံးယောက်နှင့် ကြိုတင်သဘောတူညီထားသော သတို့သမီးလိုက်ပို့မည့် လူငယ်အချို့က အလျင်အမြန် လိုက်သွားကြလေတော့သည်။
လမ်းတစ်လျှောက်လုံး လေတိုက်နှုန်းအတိုင်း လျင်မြန်စွာ စီးနင်းလာခဲ့ကြသဖြင့် ဖုမင်ဇယ်သည် အားသိပ်မစိုက်ရသေးဟု ခံစားရချိန်မှာပင် တပ်ဖွဲ့ရုံးချုပ်သို့ ရောက်ရှိသွားလေပြီ။ ဘယ်ညာသို့ ကြည့်လိုက်ပြီးနောက် တခြားမည်သူ့ကိုမျှ မမြင်ရသဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုလူများမှာ အဝေးကြီးတွင် ကျန်ရစ်နေသေးပြီး အလွန်သေးငယ်သော လူရိပ်လေးများကိုသာ မြင်ရလေသည်။
"..."
ဒီလူတွေက သိပ်ကို နှေးလွန်းတာပဲ။
ရှန်မော့အာက စက်ဘီးနောက်ခုံမှ ခုန်ဆင်းလိုက်ပြီး သန့်ရှင်းသော လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူကာ ပြုံးလျက် ဖုမင်ဇယ်ထံသို့ ကမ်းပေးလိုက်လေသည်။ "ချွေးသုတ်လိုက်ဦး"
၁၁ လပိုင်းသို့ ရောက်တော့မည်ဖြစ်သဖြင့် ရာသီဥတုက အနည်းငယ် အေးစိမ့်နေပြီဖြစ်သော်လည်း ဤလူကတော့ ခေါင်းတစ်ခုလုံး ချွေးတွေရွှဲနေအောင် စက်ဘီးနင်းလာခဲ့သည်ကိုး။
ဖုမင်ဇယ်က လက်ကိုင်ပုဝါကို လှမ်းယူကာ နဖူးမှချွေးများကို သုတ်လိုက်ပြီး လက်ကိုင်ပုဝါကို သူ့အိတ်ကပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်လေသည်။ လက်ကိုင်ပုဝါလေးက မွှေးကြိုင်နေဆဲဖြစ်သော်လည်း ချွေးများပေကျံသွားပြီဖြစ်သဖြင့် နောက်မှ လျှော်ဖွပ်ပြီးမှသာ ဇနီးဖြစ်သူကို ပြန်ပေးရမည်။
မကြာမီမှာပင် ကျိန့်ကျားမင်တို့ လူစုလည်း မောကြီးပန်းကြီးဖြင့် ရောက်ရှိလာကြလေသည်။ ကျိန့်ကျားမင်က ဖုမင်ဇယ်ကို လက်မထောင်ပြလိုက်၏။ "သတို့သားဆိုတဲ့အတိုင်းပဲ၊ တကယ်ကို အားသန်တာပဲ"
လူတစ်စုမှာ ပျော်ရွှင်စွာ ရယ်မောဆူညံလျက် နိုင်ငံတော်ပိုင် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားကြလေသည်။ နိုင်ငံတော်ပိုင် စားသောက်ဆိုင်သို့ ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကာ ငွေနှင့် ကူပွန်များကိုလည်း ကြိုတင်ပေးချေထားပြီး ဖြစ်သည်။ ဤအရာများကို ယခင်အသုံးစရိတ်များတွင် ထည့်သွင်းတွက်ချက်ထားပြီး ဖုမင်ဇယ် ယခင်က ချေးငှားထားသော အကြွေးများတွင် ပါဝင်လေသည်။
လူအားလုံး ထိုင်လိုက်ကြသောအခါ ရှန်မော့အာက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ "ကျွန်မရဲ့ အစ်ကိုဝမ်းကွဲတို့ကော"
ကျိန့်ကျားမင်က နဖူးကို ရိုက်လိုက်၏။ "ဒုက္ခပဲ၊ သတို့သမီးလိုက်ပို့မယ့်သူတွေကို မေ့ခဲ့ပြီ!"
ရှန်မော့အာ : "..."
ဖုမင်ဇယ်က မတ်တတ်ရပ်လိုက်သည်။ "ကို တံခါးဝမှာ သွားစောင့်လိုက်မယ်"
ထိုလူများက ယောက်ဖကြီး၊ ယောက်ဖလေးနှင့် ခယ်မလေးတို့ ဖြစ်ကြသည် မဟုတ်ပါလား။
ကံကောင်းထောက်မစွာဖြင့် ယန်လျိုတပ်ဖွဲ့က တပ်ဖွဲ့ရုံးချုပ်နှင့် မဝေးလှသလို ကျောက်ကျိန့်ယန်တို့ကလည်း လူငယ်များဖြစ်ကြသဖြင့် အချိန်သိပ်မစောင့်လိုက်ရဘဲ သူတို့လည်း ရောက်ရှိလာကြလေသည်။
လူစုံသွားသောအခါ ကျိန့်ကျားမင်က ခေါင်ဆောင်ကြီး၏ အဆိုအမိန့် စာအုပ်ငယ်လေးကို အလေးအနက်ထားကာ ထုတ်ယူလိုက်ပြီး သတို့သားနှင့် သတို့သမီးအား အမြင့်ဆုံးလမ်းညွှန်ချက် တစ်ပိုဒ်ကို ရွတ်ဆိုခိုင်းကာ ရိုးရှင်းသော အခမ်းအနားတစ်ခုကို ကျင်းပပေးလိုက်လေသည်။ ထို့နောက် စာအုပ်ငယ်လေးကို ပြန်လည်သိမ်းဆည်းလိုက်သည်နှင့် အားလုံး မျှော်လင့်စောင့်စားနေကြသော "ကောင်းကောင်းစား ကောင်းကောင်းသောက်" အစီအစဉ်သို့ ရောက်ရှိသွားလေတော့သည်။
စားပွဲပေါ်တွင် ဒေသထွက် ဆန်အရက်အချို့ကိုလည်း ပြင်ဆင်ထားပြီး လူတိုင်းကို အရက်ခွက်ငယ်လေး တစ်ခွက်စီ ဝေငှပေးထားပြီး မင်္ဂလာရှိသော အငွေ့အသက်ကို ခံစားရစေရန်အတွက် အားလုံး ရရှိကြလေသည်။ အရက်တစ်ခွက် သောက်ပြီးသည်နှင့် အားလုံးက မင်္ဂလာရှိသော ဆုမွန်ကောင်းများကို ယဉ်ကျေးပျူငှာစွာဖြင့် ပြောဆိုကြပြီး ကျမ်းဂန်များကို ကိုးကား၍ ပြောဆိုနေကြရင်းမှ တဖြည်းဖြည်းနှင့် ခေါင်းဆောင်ကြီး၏ အဆိုအမိန့်များကို ရွတ်ဆိုလာကြတော့သည်။ ထိုအထဲတွင် လျိုကျိန့်ဟောင်က အမြန်ဆုံး ရွတ်ဆိုနိုင်သဖြင့် တခြားစားပွဲဝိုင်းများမှ ဧည့်သည်များပင် မနေနိုင်ဘဲ သူ့ကို လက်ခုပ်တီး အားပေးကြလေသည်။
နောက်ပိုင်းတွင် ဘယ်လိုဖြစ်သွားသည်မသိဘဲ တော်လှန်ရေးသီချင်းများကို စတင်သီဆိုလာကြပြီး ဝမ်ချိုးထုန်နှင့် ကျိန့်ကျားမင်တို့မှာ သီချင်းဆိုရင်း ရန်ဖြစ်လုမတတ် ဖြစ်သွားကြလေသည်။ တစ်ယောက်က အသံမကောင်းဘဲ ဇွတ်ဆိုချင်နေပြီး တခြားတစ်ယောက်ကလည်း နားငြီးသဖြင့် လုံးဝပေးမဆိုချေ။ နောက်ဆုံးတွင် ချန်ထောင်၏ ဇနီး ရှင်းဖန်းကျဲက "မွေးရပ်မြေကို လွမ်းဆွတ်ခြင်း" သီချင်းကို ကိုယ်တိုင် တောင်းဆိုသီဆိုလိုက်ရာ သူမ၏ အသံမှာ ကြည်လင်ပြတ်သားပြီး နားထောင်ကောင်းသဖြင့် အလွန်ကောင်းမွန်လှလေသည်။
"ငါ့အိပ်မက်ထဲက အိမ်ကလေးကို ဘယ်တော့များမှ ပြန်ရောက်နိုင်မှာလဲ..." ဟူသော စာသားကို ကြားလိုက်ရချိန်တွင် ပညာတတ်လူငယ် တစ်စုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြလေတော့သည်။
ရှင်းဖန်းကျဲကလည်း သီချင်းဆိုရပ်လိုက်ပြီး ရှန်မော့အာကို တောင်းပန်လိုက်၏။ "ရဲဘော်ရှန်မော့အာ... အားနာပါတယ်။ ဒီနေ့က ပျော်ရွှင်စရာကောင်းတဲ့နေ့ဆိုတော့ ကျွန်မ ပျော်စရာကောင်းတဲ့ သီချင်းတစ်ပုဒ် ပြောင်းဆိုလိုက်ပါမယ်"
ဘုန်း!
ဘေးနားရှိ ကျန်းကျစ်ချန်က ရုတ်တရက် စားပွဲကို ခပ်ပြင်းပြင်း တစ်ချက်ပုတ်လိုက်ပြီး အော်ဟစ်လိုက်လေသည်။ "ဘာလို့ ပျော်ရွှင်ရမှာလဲ။ ဒီနေ့က နာကျင်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပဲ။ ငါက ဘာလို့ ပျော်ရွှင်ရမှာလဲ။ ငါမပျော်ချင်ဘူး။ ငါ့ရဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေကို တစ်ကမ္ဘာလုံးကို ပြောပြချင်တယ်!"
သူ့ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေသော ကျိန့်ကျားမင်နှင့် လူယွမ်ကျီးတို့မှာ လန့်သွားကြပြီး ကျိန့်ကျားမင်က ချက်ချင်း မတ်တတ်ရပ်လိုက်၏။ "နေပါဦး၊ ကျန်းကျစ်ချန်... မင်းက လူလိုမပြောတတ်ဘူးလား။ ဒီနေ့ မင်းက တမင်သက်သက် ပြဿနာလာရှာတာလား!"
ကျန်းကျစ်ချန်က သူ့ကို လုံးဝ ဂရုမစိုက်ဘဲ စားပွဲကိုသာ ဆက်တိုက်ပုတ်နေရင်း အော်ဟစ်နေလေသည်။ "ဒီလောကကြီးက သိပ်ကို ရက်စက်လွန်းတယ်။ ငါတို့လို စံပြရည်မှန်းချက်တွေ၊ ယုံကြည်ချက်တွေရှိတဲ့ လူငယ်တွေအပေါ်မှာ သိပ်ကို ရက်စက်လွန်းတယ်။ အမျိုးသမီးရဲဘော်တွေက ချစ်သူရှာရင် လူ့ကျင့်ဝတ်ကို မကြည့်ဘူး၊ အလုပ်ကိုကြည့်တယ်၊ အခြေအနေကိုကြည့်တယ်၊ ပိုဆိုးတာက ရုပ်ရည်ကိုကြည့်တယ်!"
လူယွမ်ကျီးကလည်း မတ်တတ်ရပ်လိုက်သော်လည်း သူ၏ ခြေဖျားက တစ်စုံတစ်ခုနှင့် တိုက်မိသွားသဖြင့် ကုန်းကောက်ကြည့်လိုက်ရာ အလွတ်ဖြစ်နေသော အရက်ပုလင်းတစ်ပုလင်း ဖြစ်နေလေသည်။ သူက ထပ်မံကုန်းကြည့်လိုက်ရာ ဒုက္ခပါပဲ... ကျန်းကျစ်ချန်၏ ခြေရင်းတွင် နောက်ထပ် အရက်ပုလင်း အလွတ်တစ်ပုလင်း ရှိနေသေးသည်။
"ဒီအရက်ပုလင်း နှစ်ပုလင်းက စောစောကတည်းက ကုန်နေတာလား"
ဖုမင်ဇယ်က အော်ဟစ်နေဆဲဖြစ်သော ကျန်းကျစ်ချန်ကို ကူကယ်ရာမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်၏။ "စောစောကတော့ တစ်ပုလင်းကို တစ်ဝက်စီလောက် ရှိနေသေးတယ်"
လူယွမ်ကျီး : "!!!"
အဖြေပေါ်သွားလေပြီ။ ကျန်းကျစ်ချန်က အရက်မူးနေတာ သေချာသည်။
သူတစ်ယောက်တည်း အရက်ပုလင်း တစ်ဝက်ကျော်ကို သောက်လိုက်တာပဲ!
ဒါက ဒေသခံ တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ချက်ထားတဲ့ ဆန်အရက်ဖြစ်ပေမယ့် ပြင်းအားက မနည်းဘူးလေ။ အနည်းဆုံး ၃၀၊ ၄၀ လောက်ရှိမယ်လို့ ကြားဖူးတယ်။ ဒါကို တစ်ဝက်ကျော်လောက် တစ်ပြိုင်တည်း သောက်လိုက်တာတောင် ချက်ချင်းမလဲကျဘဲ ဒီမှာ အရက်မူးရူးပြီး သောင်းကျန်းနေနိုင်သေးတယ်ဆိုတော့... ကျန်းကျစ်ချန်ရဲ့ အရက်သောက်နိုင်စွမ်းက မဆိုးဘူးပဲ!
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့က သူများမင်္ဂလာဧည့်ခံပွဲ လုပ်တဲ့နေ့လေ။ စားပွဲကိုပုတ်ပြီး အရက်မူးရူးသောင်းကျန်းတာက ထားလိုက်ပါတော့၊ ဒီနေ့က နာကျင်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါလို့ အော်ဟစ်နေသေးတယ်။ နာကျင်ဝမ်းနည်းတယ်လို့ အော်ဟစ်တာက ထားလိုက်ပါတော့။ သတို့သားက ရုပ်ရည်လေးချောလို့ မိန်းမရတာပါဆိုပြီး ခနဲ့နေသေးတယ်။ ဒါကတော့ အရမ်းလွန်လွန်းနေပြီ မဟုတ်လား!
"သူ အရက်မူးနေတာ၊ အရက်ပုလင်း တစ်ဝက်ကျော်လောက် သောက်ထားတော့ အရက်မူးရူးပြီး သောင်းကျန်းနေတာပါ!" လူယွမ်ကျီးက အလျင်အမြန် ပြောလိုက်လေသည်။
တကယ်တော့ အားလုံးက အနည်းအကျဉ်းတော့ ရိပ်မိနေကြသည်။ ပုံမှန်အားဖြင့် ကျန်းကျစ်ချန်က စကားကို ခနဲ့တဲ့တဲ့ ပြောတတ်သော်လည်း ဤမျှလောက် အရူးအမူးတော့ မဖြစ်ဖူးချေ။ ယခု လူယွမ်ကျီးက အရက်ပုလင်း နှစ်ပုလင်းကို မြှောက်ပြလိုက်သောအခါ အားလုံး၏ စိတ်ထဲတွင် "ဪ... အဲဒီလိုကိုး" ဟု တွေးမိသွားကြလေသည်။
ကျန်းကျစ်ချန်က စတင်ငိုယိုလေတော့သည်။ "ဘာလို့ အချစ်စစ်က အမြဲတမ်း နင်းခြေခံရတာလဲ၊ ဘာလို့ စေတနာအမှန်က အမြဲတမ်း ဥပေက္ခာပြုခံရတာလဲ၊ ဘာလို့လဲ!"
ပညာတတ်လူငယ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကော်တန်းတန်းက မနေနိုင်ဘဲ မေးလိုက်၏။ "အဖွဲ့ခေါင်းဆောင်က ဘာဖြစ်သွားတာလဲ"
နံရံနောက်တွင် ပုန်းကွယ်ကာ အဖြစ်အပျက်ကို အတူတကွ စောင့်ကြည့်ခဲ့ဖူးပြီး အမှန်တရားကို သိရှိနေကြသော ရှန်မော့အာနှင့် ဝမ်ချိုးထုန်တို့က "နင်သိတယ်၊ ငါသိတယ်" ဟူသော အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
သူတို့ဘက်တွင်က ဧည့်ခံပွဲဖြစ်သဖြင့် စားသောက်ကြ၊ ဆူညံကြဖြင့် အချိန်အတော်ကြာမြင့်လေသည်။ တခြားစားပွဲဝိုင်းများမှ ဧည့်သည်များ၊ အထူးသဖြင့် ခေါက်ဆွဲစား၊ ဖက်ထုပ်စားသူများမှာ မြန်မြန်ဆန်ဆန် ပြီးသွားကြသည်။ ဤအချိန်တွင် လူအတော်များများက စားသောက်ပြီး၍ ထွက်ခွာတော့မည်ဖြစ်သော်လည်း ကျန်းကျစ်ချန် သည်လိုသောင်းကျန်းနေသည်ကို မြင်သောအခါ လူအတော်များများက တူကို ကိုင်ကာ နေရာတွင် ပြန်ထိုင်လိုက်ကြလေသည်။
ပန်းကန်ထဲတွင် အလွတ်ဖြစ်နေလျှင်ကော ဘာဖြစ်လဲ၊ တူကိုသာ ကိုင်ထားပါက မစားရသေးသယောင် ဟန်ဆောင်၍ ရသည် မဟုတ်ပါလား။
အရက်မူးရူးသောင်းကျန်းသည်ကို မြင်ဖူးသော်လည်း ဤကဲ့သို့ သောင်းကျန်းသည်ကိုတော့ တကယ်ကို မမြင်ဖူးကြချေ။
ယောက်ျားရင့်မာကြီးက အသည်းအသန် ငိုကြွေးနေပြီး အချစ်စစ်က အမြဲတမ်း နင်းခြေခံရတယ်၊ စေတနာအမှန်က အမြဲတမ်း ဥပေက္ခာပြုခံရတယ်လို့ အော်ဟစ်နေသေးတယ်ဆိုတော့ ဒီနောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ် ရှိနေတာ သေချာတယ်!
စပ်စုလိုသော မျက်လုံးများစွာက ကျန်းကျစ်ချန်ထံသို့ စူးစိုက်ကြည့်ရှုနေကြလေသည်။
ကျန်းကျစ်ချန်က သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ကော်တန်းတန်းကို စိုက်ကြည့်ကာ အသံကုန်ဟစ် ပြောလိုက်လေသည်။ "ငါ ဘာဖြစ်တာလဲလို့ နင် မေးတယ်ပေါ့လေ၊ ငါ ချစ်တဲ့ ကောင်မလေးက ဒီနေ့ လက်__ "
ဖုမင်ဇယ်က သူ၏ အနောက်သို့ ဘယ်အချိန်က ရောက်သွားမှန်းမသိဘဲ သူ၏ ပါးစပ်ကို လှမ်းပိတ်လိုက်ပြီး ကျိန့်ကျားမင်ကို မေးငေါ့ပြလိုက်၏။ "လက်ကိုင်ပုဝါ ပေး"
ထို့နောက် လူယွမ်ကျီးကို တစ်ချက်ကြည့်လိုက်သည်။ "စားပွဲထိုးဆီကနေ လျှော်ကြိုးတစ်ချောင်း သွားငှားလိုက်"
ကျိန့်ကျားမင်က လက်ကိုင်ပုဝါကို သွက်လက်စွာ ထုတ်ပေးလိုက်ပြီး လူယွမ်ကျီးကလည်း စားပွဲထိုးထံမှ လျှော်ကြိုးတစ်ချောင်း သွားငှားလာခဲ့လေသည်။ ကျန်းကျစ်ချန်က အစွမ်းကုန် ရုန်းကန်နေသော်လည်း ကျောက်ကျိန့်ယန်နှင့် ကျောက်ကျိန့်ဟွေး ညီအစ်ကိုနှစ်ယောက်က ဝင်ရောက်ကူညီပေးလိုက်ကြလေသည်။ သူတို့နှစ်ယောက်က ကျွမ်းကျင်သူများဖြစ်ကြပြီး တောဝက်ကိုပင် အလွယ်တကူ တုပ်နှောင်နိုင်သူများဖြစ်သဖြင့် ကျန်းကျစ်ချန် တစ်ယောက်လောက်ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။
သုံးမိနစ် မပြည့်ခင်မှာပင် ကျန်းကျစ်ချန်မှာ တင်းကြပ်စွာ တုပ်နှောင်ခံလိုက်ရပြီး သူ၏ ပါးစပ်ထဲတွင်လည်း ကျိန့်ကျားမင်၏ လက်ကိုင်ပုဝါကို ဆို့ခံထားရလေသည်။ သူက "ဝူး ဝူး ဝူး" ဟု အသံပြုကာ ဖုမင်ဇယ်ကို စူးစူးရဲရဲ ကြည့်နေသော်လည်း ဖုမင်ဇယ်က အေးစက်စက် မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။ "အစ်ကိုဝမ်းကွဲ... ဒီလူကို ခင်ဗျားတို့ကိုပဲ အပ်လိုက်တော့မယ်"
တိုက်ဆိုင်စွာပင် အားလုံးလည်း စားသောက်ပြီးစီးလုနီးပါး ဖြစ်နေပြီး ဟင်းအနည်းငယ်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် ကော်တန်းတန်းနှင့် ကဲယာ အမည်ရှိ တခြား အမျိုးသမီးပညာတတ်လူငယ် တစ်ဦးတို့က ထမင်းချိုင့်များ ယူလာသဖြင့် ကျန်ရှိနေသော ဟင်းများကို အားလုံး ထည့်ယူသွားကြလေသည်။
လူတစ်စုက ပစ္စည်းများကို သိမ်းဆည်းကာ ပြန်ရန် ပြင်ဆင်နေကြစဉ် စောင့်ကြည့်နေသော တခြားစားပွဲဝိုင်းမှ ဧည့်သည်များမှာ အားမရသေးသဖြင့် တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်လေသည်။ "မင်းတို့ ဒီလိုပဲ ပြန်တော့မလို့လား"
ကျိန့်ကျားမင်က ရယ်မောလျက် ပြန်ဖြေလိုက်၏။ "ဒါမှမဟုတ်ရင် ဦးလေးက ကျွန်တော်တို့ကို နောက်တစ်ဝိုင်း ထပ်ကျွေးမလို့လား"
ထိုလူက အောင့်သက်သက်ဖြင့် ပြန်ဖြေလိုက်သည်။ "ဟီးဟီး... ငါ့မှာ အဲဒီလောက် ပိုက်ဆံ ဘယ်ရှိပါ့မလဲ"
သူက ကျန်းကျစ်ချန်ကို တစ်ချက်ကြည့်လိုက်၏။ "မင်းတို့ သူ့ကို ဒီလိုကြီး တုပ်ထားတာ သိပ်မကောင်းဘူးထင်တယ်"
ဒီလူငယ်လေးရဲ့ ပါးစပ်ထဲက လက်ကိုင်ပုဝါလေး ကျလာရင် သိပ်ကောင်းမှာပဲ။ ခုနက ဒီလူပြောတာ အရေးကြီးတဲ့ အချက်ကို ရောက်နေပြီလေ။ သူချစ်တဲ့ ကောင်မလေးက ဒီနေ့ ဘာဖြစ်လဲ... မသိလိုက်ရဘူး။
ဒါက တကယ်ကို သိချင်စိတ်ကို ဆွပေးတာပဲ။
စောင့်ကြည့်နေသူများ အားလုံးကလည်း အတူတူပင်။ ဇာတ်လမ်းက အရေးကြီးခန်းရောက် နေပြီဖြစ်သည်တွင် ရုတ်တရက် ရပ်သွားသဖြင့် ဘယ်လိုလုပ်ပြီး မသိချင်ဘဲ နေနိုင်ပါမည်နည်း။
သို့သော်ငြား ဘယ်သူကမှ ဂရုမစိုက်ကြချေ။ သတို့သမီးကြိုပို့အဖွဲ့ကတော့ ရယ်ရယ်မောမောနှင့် ထွက်သွားကြလေပြီ။
ကျန်းကျစ်ချန်ဟူသော ကြားဖြတ်ဇာတ်လမ်းလေး တစ်ခု ရှိခဲ့သော်လည်း သက်ရောက်မှု သိပ်မရှိခဲ့ချေ။ မည်သို့ဆိုစေ ယနေ့သည် ပျော်ရွှင်စရာနေ့လေးတစ်ခု ဖြစ်ခဲ့လေသည်။ ခုလေးတင် ကောင်းကောင်း စားသောက်ခဲ့ရပြီး ငါး၊ အသား၊ အရက် စုံလို့ပင်။ ဟင်း ၈ ပွဲ ပါသဖြင့် ဒီဧည့်ခံပွဲက တော်တော်လေးကို ကြီးကျယ်ခမ်းနားခဲ့သည်။ နိုင်ငံတော်ပိုင် စားသောက်ဆိုင်က စားဖိုမှူးကြီး ကိုယ်တိုင် ချက်ပေးခဲ့ပြီး သာမန်လူများကပင် သူ့ကို ငှားရခက်သည်ဟု ဆိုကြသည်။အားလုံးက ပျော်ပျော်ပါးပါး စားသောက်ခဲ့ရပြီး မကြာခဏဆိုသလို ဝဝလင်လင် စားခဲ့ရသည့် ဗိုက်လေးများကို ပွတ်သပ်ရင်း တဖန် တက်ကြွလာကြပြန်သည်။
တိုးတိုးတိတ်တိတ် ပြောဆိုနေကြသူများလည်း ရှိသည်။ ဥပမာ ကော်တန်းတန်းနှင့် ကဲယာတို့ဆိုလျှင် ကျန်းကျစ်ချန် ပြောသွားသည့် စကား၏ဆိုလိုရင်းကို ခန့်မှန်းကြည့်နေကြသည်။
"အဖွဲ့ခေါင်းဆောင် ပြောချင်တာက သူချစ်တဲ့ ကောင်မလေးက ဒီနေ့ လက်ထပ်သွားတယ်လို့များလား" ကဲယာက ခန့်မှန်းပြောဆိုလိုက်လေသည်။
"အာ... အဖွဲ့ခေါင်းဆောင်က ရဲဘော်ရှန်မော့အာကို သဘောကျနေတာများလား!" ကော်တန်းတန်းက အံ့သြစွာဖြင့် ပါးစပ်ကို အလျင်အမြန် အုပ်လိုက်လေသည်။
"မဖြစ်နိုင်တာ၊ ဒါဆို အရင်က သူ ပညာတတ်လူငယ်ဖုကို အမြဲတမ်း ပြဿနာရှာနေတာ ရဲဘော်ရှန်ကြောင့်ပေါ့!" ကဲယာကလည်း သူမ၏ ပါးစပ်ကို အုပ်လိုက်လေသည်။
"နေပါဦး၊ နင်တို့တွေ နည်းနည်းလောက် စဉ်းစားကြည့်ကြပါလား" ဝမ်ချိုးထုန်က နောက်မှနေ၍ ကော်တန်းတန်းနှင့် ကဲယာတို့၏ အရှေ့သို့ ရုတ်တရက် ခုန်ထွက်လာခဲ့လေသည်။ "နင်တို့ ခန့်မှန်းတာ တစ်ဝက်မှန်တယ်။ ကျန်းကျစ်ချန်ဆိုတဲ့ အရူးက ခုနက ပြောချင်တာက သူချစ်တဲ့ ကောင်မလေး ဒီနေ့ လက်ထပ်သွားတယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် အဲဒီ ရဲဘော်ရှန်ဆိုတာက ဒီ ရဲဘော်ရှန် မဟုတ်ဘူး။ ဒီနေ့ လက်ထပ်တာ တစ်ယောက်တည်းမှ မဟုတ်တာ"
သူမက ကော်တန်းတန်းနှင့် ကဲယာတို့ကို မျက်ခုံးပင့်ပြလိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိလေသည်။ ပညာတတ်လူငယ်အဖွဲ့က လူတွေက ကိစ္စတွေကို သေချာ နားမလည်ကြဘူးပဲ။ ဒီလောက် သိသာထင်ရှားနေတဲ့ ကိစ္စကိုတောင် မှားပြီး ခန့်မှန်းနေကြသေးတယ်။
ကော်တန်းတန်းနှင့် ကဲယာတို့ ချက်ချင်း နားလည်သွားကြလေသည်။
ရဲဘော်ရှန်လင်းလင်းလည်း ဒီနေ့ လက်ထပ်တာပဲလေ။
ဟုတ်တာပေါ့၊ ကျန်းကျစ်ချန်က အမြဲတမ်း ရှန်လင်းလင်းကို ချီးကျူးလေ့ရှိတယ်။ နေ့တိုင်း နည်းလမ်းမျိုးစုံနဲ့ ရှန်လင်းလင်းကို ချီးကျူးနေတာပဲ။ တကယ်တော့ အရင်က တခြား အမျိုးသားပညာတတ်လူငယ်တွေလည်း ချီးကျူးဖူးပါတယ်။ ဥပမာ- လျိုကျိန့်ဟောက်၊ လူယွမ်ကျီးတို့ဆိုရင် တစ်ချိန်က ရှန်လင်းလင်းကို အားပေးထောက်ခံသူတွေ ဖြစ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် ကျန်းကျစ်ချန်လောက်တော့ မချီးကျူးကြဘူးလေ။
သူတို့လည်း အမြင်ကျဉ်းသွားတာပါ။ နိုင်ငံတော်ပိုင် စားသောက်ဆိုင်မှာ ဧည့်ခံပွဲ လာစားရတော့ ပထမဆုံး စိတ်ကူးထဲ ရောက်လာတာက ရှန်မော့အာပဲလေ။ ရှန်လင်းလင်းဆိုတဲ့ နောက်တစ်ယောက် ရှိသေးတယ်ဆိုတာကို မေ့သွားကြတာကိုး။
ဒီလိုဆိုရင် ခုနက ဖုမင်ဇယ်က ကျန်းကျစ်ချန်ရဲ့ ပါးစပ်ကို ပိတ်လိုက်တာ တော်တော် ကံကောင်းသွားတာပေါ့။ မဟုတ်ရင် သူက နိုင်ငံတော်ပိုင် စားသောက်ဆိုင်ထဲမှာ အော်ဟစ်နေရင် တကယ်ကို အထင်လွဲခံရဖို့ လွယ်တယ်။ သူချစ်တဲ့ ကောင်မလေးက ရှန်မော့အာလို့ ထင်သွားကြလိမ့်မယ်။ အဲဒီလိုဆိုရင် ဧည့်ခံပွဲ လာစားတဲ့သူက အရက်မူးပြီး သတို့သမီးကို သဘောကျတယ်လို့ အော်ဟစ်နေတယ်ဆိုတဲ့ သတင်းက ပျံ့နှံ့သွားရင် ရှန်မော့အာရဲ့ နာမည်ပျက်ရုံတင်မကဘူး၊ တကယ်ကို ရွံစရာကောင်းတဲ့ ကိစ္စကြီး ဖြစ်သွားမှာ။
ကော်တန်းတန်းနှင့် ကဲယာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ပြောရမည်ဆိုလျှင် ပညာတတ်လူငယ်ဖုက တကယ်ကို တော်တာပဲ။ ဒီလို တုံ့ပြန်နိုင်စွမ်းက သူတို့ဆို အခုချိန်ထိ စဉ်းစားလို့တောင် မရသေးဘူး။ သူကတော့ အဲဒီအချိန်ကတည်းက ချက်ချင်း သဘောပေါက်ပြီး အရေးယူဆောင်ရွက်နိုင်ခဲ့တယ်လေ။
အရင်က ဘယ်သူကမှ သူ့ကို တော်တယ်လို့ မထင်ခဲ့ကြဘူးလေ။
...
အပိုင်း (၅၆.၂)
ဖုမင်ဇယ်သည် အမြဲတမ်းလိုလို လူများနှင့် စကားပြောဆိုဆက်ဆံရသည်ကို သိပ်မနှစ်သက်လှချေ။ ကျိန့်ကျားမင်မှလွဲ၍ တခြားပညာတတ်လူငယ်များနှင့် ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးသလို ရွာထဲမှ တပ်ဖွဲ့ဝင်များနှင့်လည်း သိပ်မဆက်ဆံတတ်ချေ။ ထို့အပြင် သူက အလွန်ဆင်းရဲနွမ်းပါးသူဖြစ်သောကြောင့် ရုပ်ရည်အလွန်ချောမောနေသည်ဆိုစေကာမူ သူ၏ တည်ရှိမှုက သိပ်မသိသာလှချေ။
သို့သော် ရှီဝေ၏ ကိစ္စနှင့် ရှန်မော့အာနှင့် လက်ထပ်သည့် ကိစ္စများကြောင့် ပညာတတ်လူငယ်အဖွဲ့မှ လူများက ဖုမင်ဇယ်သည် တကယ်တော့ အတော်လေး တော်သူတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားကြလေသည်။
ရှီဝေနှင့် ယန်ချင်းချင်းတို့က သူ့ကို ဒုက္ခပေးရန် တမင်တကာ ထောင်ချောက်ဆင်ခဲ့သည်မှာ သိသာထင်ရှားလှသည်။ သို့သော် သူက ထောင်ချောက်ထဲသို့ မကျရောက်သွားသည့်အပြင် ရှီဝေနှင့် ယန်ချင်းချင်းတို့ကိုပါ တော်လှန်ရေးကော်မတီသို့ ရောက်သွားအောင် တဖန်ပြန်လုပ်နိုင်ခဲ့မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။ ထို့နောက် သိပ်မကြာမီမှာပင် အခြေအနေကောင်းမွန်လှသော ရှန်မော့အာနှင့် တိုးတိုးတိတ်တိတ် လက်ထပ်သွားခဲ့လေသည်။
တကယ့်ကို အသံမထွက်ဘဲ နေနိုင်သော်လည်း အသံထွက်လာပါက လူတိုင်းကို အံ့သြသွားစေနိုင်သူပင်။
ကောတန်းတန်းနှင့် ကဲယာတို့ကဲ့သို့ "အတွင်းသိ" နှစ်ယောက် ရှိနေသဖြင့် တခြားပညာတတ်လူငယ်များလည်း ကျန်းကျစ်ချန်၏ "အစစ်အမှန် ရည်ရွယ်ချက်" ကို အလျင်အမြန် နားလည်သွားကြလေသည်။ အထူးသဖြင့် တစ်ယောက်ယောက်က "ဪ... ရှန်လင်းလင်းကိုး" ဟု မတော်တဆ အော်ပြောလိုက်မိသည်ကို ကျန်းကျစ်ချန် ကြားသွားသောအခါ သူက အသည်းအသန် ပိုရုန်းကန်လာခြင်းက ဤအချက်ကို ပိုမိုခိုင်လုံသွားစေလေသည်။
ကျောက်ကျိန့်ယန်တို့ လူစုပင်လျှင် မတော်တဆ ကြားသွားကြသဖြင့် ကျန်းကျစ်ချန်ကို ကြည့်သော သူတို့၏ အကြည့်များတွင် သနားဂရုဏာသက်မှုများနှင့် သံသယများ ပြည့်နှက်နေတော့သည်။ တခြားသူများ မသိလျှင်နေမည်။ ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ကြသော ဤညီအစ်ကိုမောင်နှမ ဝမ်းကွဲများက မသိဘဲ နေပါမည်လား။ ရှန်လင်းလင်းက သူမ၏ မိခင်ကဲ့သို့ပင် အပြောသာရှိပြီး အလုပ်မပါသူ တစ်ယောက်ပင်။
ဒီလူ့အကြိုက်က ဘယ်လိုများပါလိမ့်။ ညီမဝမ်းကွဲ မော့အာကို သဘောကျသည်ဆိုလျှင် မထူးဆန်းသော်လည်း ရှန်လင်းလင်းကို သဘောကျနေသည်တဲ့လား။
ဗိုက်အပြည့် စားသောက်ခဲ့ရရုံသာမက သတင်းထူးများကိုပါ ဗိုက်အပြည့် စားသုံးခဲ့ရသည့် လူတစ်စုမှာ ယန်လျိုတပ်ဖွဲ့သို့ ဖြည်းဖြည်းမှန်မှန် ပြန်လာခဲ့ကြလေသည်။
တကယ်တမ်းတွင် သူတို့၌ စက်ဘီးအလုံအလောက် ရှိလေသည်။ အဖိုးတန်သမီးလေး လက်ထပ်ရာတွင် မိုင်ဆယ်ချီ ရှည်လျားသော တင်တောင်းပစ္စည်းများဖြင့် မလုပ်ပေးနိုင်သော်လည်း သတို့သမီးသွားကြို၊ လိုက်ပို့ရန်အတွက် စက်ဘီးအပိုတချို့ကို ငှားရမ်းပေးရန်မှာ ရှန်ရှောက်ယွမ်အတွက် ဖြစ်နိုင်သေးသည်။ မည်သို့ပင်ဖြစ်စေ သူက ယခုအခါ ဝါဒဖြန့်ချိရေးဌာနတွင် အလုပ်လုပ်နေသူဖြစ်သောကြောင့် ဤဌာနက လူအများအပြားနှင့် ရင်းနှီးကျွမ်းဝင်မှုကို အလေးထားလေသည်။ ရှန်ရှောက်ယွမ် ကိုယ်တိုင်ကလည်း အကျင့်စရိုက် ကောင်းမွန်သူဖြစ်သဖြင့် တပ်ဖွဲ့တွင် သူ၏ လူမှုဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်လှသည်။
သို့သော် တပ်ဖွဲ့ရုံးချုပ်မှ အပြန်လမ်းဆိုသည်မှာ သတို့သမီးကို မင်္ဂလာဦးခန်းထဲသို့ ပို့ဆောင်ရမည့် အချိန်ပင်။ အချိန်ကလည်း စောနေသေးသဖြင့် အားလုံးက စားသောက်ထားသမျှ အစာကြေစေရန် ရည်ရွယ်ပြီး စက်ဘီးများကို တမင်တကာ တွန်းကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြလေသည်။
ပြောရမည်ဆိုလျှင် သည်လောက်ကြီးမားသော စက်ဘီးအုပ်စုကြီး၊ အထူးသဖြင့် ဘယ်သူကမှ စက်ဘီးမစီးကြဘဲ အားလုံးက စက်ဘီးများကို တွန်းကာ လမ်းလျှောက်လာကြခြင်းမှာ တကယ့်ကို မျက်စိကျစရာ မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။
လမ်းတစ်လျှောက်တွင် လယ်ထဲ၌ အလုပ်လုပ်နေကြသော ရွာသားများကပင် ခေါင်းကိုမော့ကာ တစ်ချက်နှစ်ချက်လောက် လှမ်းကြည့်ကြရလေသည်။
သူတို့က ဖြည်းဖြည်းချင်း လျှောက်လာကြသဖြင့် ရွာထိပ်သို့ရောက်သောအခါ သတို့သမီးကို ကြိုပြီး ရွာထဲမှ ထွက်လာသော ကျန်းကျွင့်လျန်တို့ အဖွဲ့နှင့် အံကိုက်ပင် ဆုံတွေ့သွားကြလေသည်။
ကျဉ်းမြောင်းသော လမ်းတွင် မျက်နှာချင်းဆိုင် ဆုံတွေ့သွားကြခြင်းပင်။
တကယ်တော့ လမ်းက သိပ်မကျဉ်းလှသော်လည်း နှစ်ဖက်စလုံးက လူရော၊ စက်ဘီးများပါ ပြည့်ကျပ်နေသဖြင့် လမ်းက အနည်းငယ် ကျဉ်းမြောင်းသွားသယောင် ထင်ရခြင်း ဖြစ်လေသည်။
အထူးသဖြင့် ကျန်းမိသားစုဘက်မှ လူများက အသိတရား လုံးဝမရှိကြချေ။ ဘေးတစ်ဖက်သို့ ကပ်လျှောက်ရန်လည်း မပြောကြဘဲ အားလုံးက လမ်းပေါ်တွင် ပြန့်ကျဲကာ လမ်းတစ်ခွင်လုံးကို နေရာယူထားကြလေသည်။
မူလကတော့ လမ်းကြီးက ကျယ်ဝန်းသဖြင့် ကိုယ့်လမ်းကို လျှောက်ကြရုံသာ။ အားလုံးက ညာဘက်ကို ကပ်လျှောက်ကြမည်ဆိုလျှင် အဆင်ပြေသည်။ ဥပမာ- ရှန်မော့အာတို့ဆိုလျှင် လမ်း၏ တစ်ဖက်ကိုသာ ကပ်လျှောက်လာကြသဖြင့် လမ်း၏ သုံးပုံတစ်ပုံကိုသာ နေရာယူထားကြလေသည်။ သို့မဟုတ် ဆုံတွေ့သွားကြလျှင်လည်း အနည်းငယ် လမ်းဖယ်ပေးကာ ရှောင်ကွင်းသွားလိုက်လျှင် အဆင်ပြေသည်။ သို့သော် ကျန်းမိသားစုကမူ ထိုသို့မဟုတ်ချေ။ လူတွေ့လျှင်လည်း လမ်းဖယ်မပေးကြပေ။
ကျိန့်ကျားမင်က ပထမဆုံး ပေါက်ကွဲသွားတော့သည်။ သူက လမ်းကြားလေးများထဲတွင် ကြီးပြင်းလာသူ ဖြစ်သည်။ ရှန်ဟိုင်းမြို့မှ ထိုကဲ့သို့သော လမ်းကြားလေးများဆိုလျှင် ဤရွာလမ်းထက်ပင် ပိုကျဉ်းမြောင်းသေးသည်။ ပဒေသရာဇ် အယူသည်းမှုများကို ပပျောက်အောင် လုပ်မည်ဟု ပြောနေကြသော်လည်း တကယ်တမ်းတွင် သာမန်ပြည်သူများက မင်္ဂလာပွဲ၊ အသုဘပွဲများအတွက် နေ့ကောင်းရက်မြတ်ကို တိတ်တဆိတ် တွက်ချက်ခိုင်းလေ့ ရှိကြသေးသည်။ နေ့ကောင်းရက်မြတ်များက အများအားဖြင့် တိုက်ဆိုင်နေတတ်ပြီး ကျဉ်းမြောင်းသော လမ်းကြားလေးများထဲတွင် မင်္ဂလာဆောင်နှင့် အသုဘ ဆုံတွေ့သွားပါက အကြောင်းပြချက် ပေးတတ်သူများနှင့် တွေ့လျှင် တော်သေးသည်။ အကြောင်းပြချက် မပေးတတ်သူများနှင့် တွေ့ပါက ရန်ဖြစ်ကြရတော့သည်သာ။
ဤမြင်ကွင်းမျိုးကို ကျိန့်ကျားမင်က တကယ့်ကို ရင်းနှီးကျွမ်းဝင်လွန်းလှသည်။ သူ၏ အဘိုးလေး ကွယ်လွန်စဉ်ကလည်း ဤကဲ့သို့ ပြဿနာတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် တခြားသူများ သတိမဝင်လာကြမီမှာပင် ကျိန့်ကျားမင်က စက်ဘီးကိုတွန်းကာ လမ်းအလယ်သို့ တိုက်ရိုက် ထွက်လာခဲ့လေသည်။
ထို့နောက် သတိဝင်လာကြသူများမှာ ကျောက်မိသားစု မောင်နှမသုံးယောက် ဖြစ်သည်။ တောင်ပေါ်သားများမှာ ရိုးသားဖြောင့်မတ်ပြီး မင်္ဂလာပွဲနှင့် အသုဘပွဲများ၏ ဓလေ့ထုံးစံများကိုလည်း ပိုအလေးထားကြသည်။ မင်္ဂလာဆောင်သည့် ဤကဲ့သို့သော နေ့ကြီးရက်ကြီးတွင် သူတစ်ပါး၏ ဖိနှိပ်မှုကိုတော့ ခံမည်မဟုတ်ချေ။ နောက်ပိုင်းတွင် ကံကောင်းခြင်းများ ဖိနှိပ်ခံရပြီး ပျောက်ကွယ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
တစ်ဖက်လူမှာလည်း ညီမဝမ်းကွဲ ဖြစ်သည်ဆိုသော်ငြားလည်း ညီမဝမ်းကွဲတွင်လည်း ရင်းနှီးမှု အနီးအဝေး ရှိသေးသည်။ ထို့အပြင် သူတို့က အရင်ဆုံး အကြောင်းပြချက်မရှိဘဲ လုပ်ဆောင်လာခြင်း မဟုတ်ပါလား။
သတို့သမီးလိုက်ပို့သည့် အဖွဲ့မှ တခြားလူငယ်တချို့ကလည်း အလျင်အမြန် လိုက်ပါလာကြပြီး ကျန်ရှိနေသော ပညာတတ်လူငယ်များကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လမ်းအလယ်သို့ တိတ်တဆိတ် တိုးကပ်လာကြလေသည်။
"မင်းတို့က ဘယ်သူတွေလဲကွ။ ငါတို့ ဒီမှာ သတို့သမီး လာကြိုနေတာ မမြင်ဘူးလား။ လမ်းဘေးနည်းနည်း ကပ်ပေးဖို့ မသိဘူးလား" ကျန်းမိသားစု အဖွဲ့၏ ရှေ့ဆုံးက ကျောက်ပေါက်မာများ ပြည့်နေသော လူငယ်တစ်ဦးက သူ့ရှေ့ရှိလူများကို မျက်လုံးမှေးကာ တစ်ချက်နှစ်ချက်ခန့် ကြည့်လိုက်ပြီး အထင်သေးသော အမူအရာဖြင့် ပြောလိုက်လေသည်။
သူသည် ကျန်းကျွင့်လျန်၏ ညီဝမ်းကွဲ မာယင်းချိုက် ဖြစ်လေသည်။
ဒီနေ့ ဒီရွာမှာ နောက်ထပ် မင်္ဂလာဆောင်မယ့် မိသားစုတစ်စု ရှိသေးတယ်ဆိုတာ သူ အစောကြီးကတည်းက သူ့အဒေါ်ကြီးဆီက ကြားထားပြီးသားပါ။ ပြဿနာအိုး ကောင်မလေးတစ်ယောက်က ဆင်းရဲတဲ့ ပညာတတ်လူငယ်လေး တစ်ယောက်နဲ့ လက်ထပ်မှာတဲ့။ သူ့အဒေါ်ကြီးက အဲဒီလူကို ဘာမှမဟုတ်သလိုမျိုး နှိမ့်ချပြောဆိုခဲ့တာကိုး။ သူက အစကတည်းက တောသူတောင်သား မိန်းကလေးတွေကို သိပ်အထင်မကြီးတာဆိုတော့ ဒီလိုကြားလိုက်ရတဲ့အခါ ပိုပြီးတော့တောင် အထင်သေးသွားသေးတယ်။
ကျိန့်ကျားမင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြန်မေးလိုက်၏။ "မင်းတို့ကကော ဘယ်သူတွေလဲကွ။ ငါတို့ ဒီမှာ သတို့သမီး လိုက်ပို့နေတာ မမြင်ဘူးလား။ လမ်းဘေးနည်းနည်း ကပ်ပေးဖို့ မသိဘူးလား"
တစ်ပုံစံတည်း တူညီသော စကားလုံးများဖြင့် ပြန်လည်တုံ့ပြန်လိုက်ခြင်းပင်။
မာယင်းချိုက်မှာ ချက်ချင်းပင် ဒေါသထွက်သွားလေတော့သည်။ "မင်းက တမင်သက်သက် ပြဿနာလာရှာတာလားကွ!"
ထိုသို့ပြောရင်း စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး လက်မောင်းကို ဝှေ့ယမ်းကာ ကျိန့်ကျားမင်ဆီသို့ ပြေးဝင်လာလေတော့သည်။
ကျောက်ကျိန့်ယန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တူညီသော စကားတစ်ခွန်းဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ "မင်းက တမင်သက်သက် ပြဿနာလာရှာတာလားကွ!"
မာယင်းချိုက်က အရပ်မပုသော်လည်း ပဲပင်ပေါက်လေးလို သေးသွယ်လေသည်။ ကျောက်ကျိန့်ယန်က သူ့ထက် ခေါင်းတစ်ဝက်ခန့် ပိုရှည်ပြီး ခန္ဓာကိုယ် တောင့်တင်းသန်မာသူဖြစ်သည်တွင် မာယင်းချိုက်သည် အနီးသို့ပင် မရောက်သေးမီ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ အကယ်၍ သူ အနားသွားလိုက်မှ ဒီလူက သူ့ကို ချက်ချင်း လက်သီးနှင့် ထိုလာလျှင် သူကတော့ ပြန်ချနိုင်မှာ မဟုတ်ချေ။
သို့သော် သတို့သမီးလာကြိုရာတွင် လိုက်ပါလာသော တခြားသူများက ဤအခြေအနေကို မြင်သောအခါ သူတို့လည်း ဝိုင်းအုံလာကြလေသည်။
လူဦးရေအရဆိုလျှင် နှစ်ဖက်စလုံးက အတူတူလောက်ပင်။ သို့သော် တစ်ဖက်တွင် အမျိုးသမီး ရဲဘော်များ နည်းပါးပြီး အများစုမှာ အမျိုးသား ရဲဘော်များ ဖြစ်ကြသည်။ တကယ်တမ်း ရန်ဖြစ်ကြမည်ဆိုလျှင် မိမိတို့ဘက်က အနည်းငယ် အထိနာနိုင်သည်မှာ ထင်ရှားလေသည်။
သို့သော် ကျိန့်ကျားမင်က နည်းနည်းလေးမှ မကြောက်ရွံ့ဘဲ ကျောက်ကျိန့်ယန်၏ အနောက်တွင် ပုန်းကွယ်ကာ ပါးစပ်ဖြင့်သာ ဆက်တိုက် တိုက်ခိုက်နေလေသည်။ "မင်းတို့က တကယ် သတို့သမီး လာကြိုတာလား၊ ဒါမှမဟုတ် သတို့သမီး လာလုတာလား။ တစ်ယောက်ချင်းစီရဲ့ ရုပ်တွေက ကြောက်စရာကောင်းလိုက်တာ၊ မသိတဲ့သူတွေဆိုရင် ဘယ်ကရောက်လာတဲ့ ဓားပြတွေလဲလို့တောင် ထင်သွားမယ်! ဒီနေရာက ယန်လျိုတပ်ဖွဲ့နော်။ မင်းတို့က ယန်လျိုတပ်ဖွဲ့ရဲ့ မြေပေါ်မှာ ရပ်နေပြီးတော့ ယန်လျိုတပ်ဖွဲ့က လူတွေကို မာန်မာနထောင်လွှားပြီး လမ်းဖယ်ခိုင်းနေတာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် အရေးပါတယ်လို့ ထင်နေတာလဲ။ ဘာလဲ၊ တစ်တပ်ဖွဲ့လုံးရဲ့ အရှိန်အဝါကို မင်းတို့က ငှားလာတာလား။ မင်းတို့ လူများတယ်ဆိုပြီး အထင်မကြီးနဲ့နော်။ တောင်းပန်ပါတယ်။ ခြေလှမ်းအနည်းငယ် လျှောက်လိုက်တာနဲ့ သတို့သမီးအိမ်ကို ရောက်ပြီ။ ငါတို့ တစ်ချက်လောက် အော်လိုက်တာနဲ့တင် ဒီနေ့ မင်းတို့တွေ အကုန်လုံး အဝိုင်းခံရပြီး အရိုက်ခံရဖို့သာ ပြင်ထားလိုက်တော့!"
ကျန်းမိသားစုဘက်မှ လူများမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားကြလေသည်။ စိတ်လိုက်မာပါလုပ်တတ်သူ တချို့က လက်သီးဆုပ်ကာ ဝင်လုံးရန်ပင် ပြင်နေကြပြီ။ ထိုအချိန်မှသာ ကျန်းကျွင့်လျန်က လူအုပ်ထဲမှနေ၍ အလျင်အမြန် တိုးထွက်လာလေသည်။
"ဒါတွေ ဘာလုပ်နေကြတာလဲ။ အားလုံးက ဆွေမျိုးတွေချည်းပဲဟာ၊ ဘာကိစ္စရှိရှိ ကောင်းကောင်းမွန်မွန် ပြောလို့မရဘူးလား။ ရဲဘော်ကျိန့်... ဒီနေရာက ယန်လျိုတပ်ဖွဲ့ဆိုပေမယ့် ငါလက်ထပ်တာလည်း ယန်လျိုတပ်ဖွဲ့က မိန်းကလေးပဲလေ။ မင်း ဒီလိုပြောတာက သိပ်ပြီး မဆီလျော်ဘူးနော်”
ထို့နောက် သူက နားလည်မှုရှိပြီး တရားမျှတသည့် အသွင်အပြင်ကို ဖန်တီးကာ ဆက်ပြောလေသည်။ "မင်းတို့ ဒီလို လမ်းပိတ်ထားတော့ အားလုံး သွားလို့မရဘူးလေ၊ အချိန်တွေ နှောင့်နှေးကုန်တာ မဟုတ်ဘူးလား။ ဒီလမ်းက ဒီလောက်ကျယ်တာ၊ အားလုံးက ကိုယ့်လမ်းကိုယ် သွားရင် ရနေတာပဲကို၊ လူဆိုတာ ဒီလိုမျိုး နိုင်ထက်စီးနင်း မလုပ်သင့်ဘူးလေ"
ကျိန့်ကျားမင် : "..."
တခြားသူများ : "..."
ဒီလူက မျက်လုံးပြူးပြီး လိမ်ပြောနေတာပဲ။ ရှေ့တင်မှာပဲ အပြစ်ကို ကိုယ့်ဘက် ပြန်လှည့်ချနေတာပဲ!
ရှန်လင်းလင်းကလည်း လူအုပ်ထဲမှ ထွက်လာပြီး ကျန်းကျွင့်လျန်၏ ဘေးသို့ လျှောက်သွားကာ သူ့ကို နူးညံ့စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိန့်ကျားမင်ကို သဘောမတူသည့် လေသံဖြင့် ပြောလိုက်လေသည်။ "ရဲဘော်ကျိန့်... ရှင်က အသိပညာ ဗဟုသုတရှိတဲ့ လူတစ်ယောက်ဖြစ်ပြီးတော့ ဘာလို့ ဒီလောက်တောင် ကျိုးကြောင်းဆင်ခြင်မဲ့ရတာလဲ"
ကျိန့်ကျားမင် : "..."
အရင်တုန်းက ရဲဘော်ရှန်လင်းလင်းကို လှပတယ်။ နူးညံ့သိမ်မွေ့တယ်။ သဘောထားကြီးတယ်လို့ သူ ထင်ခဲ့မိတာ တကယ်ကို ရှုံးတာပဲ။ သောက်ကျိုးနည်း... သူရဲ့ နူးညံ့သိမ်မွေ့တယ်ဆိုတာက ဒီလိုမျိုးကိုး။
ကျိန့်ကျားမင်မှာ ထိုဇနီးမောင်နှံနှစ်ဦး၏ စကားကြောင့် ဆွံ့အသွားပြီး အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ချေ။
မတတ်နိုင်တော့ဘူး။ ဒီလူနှစ်ယောက်က အမှန်တရားကို လုံးဝ လျစ်လျူရှုထားတာဆိုတော့ သူက ဘယ်လိုလုပ်ပြီး အကြောင်းပြချက် ပေးလို့ရတော့မှာလဲ။
သူသည် မသိစိတ်က အလိုလို ဖုမင်ဇယ်ကို လှည့်ကြည့်လိုက်သည်တွင် သူ့ကို အလွန်အံ့အားသင့်စေမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေတော့သည်။
တစ်ချက်အကြည့်တွင် ကျိန့်ကျားမင်သည် အနောက်သို့ လှည့်ကာ သူ့ရှေ့တွင် ဟန်ဆောင်နေသော ကျန်းကျွင့်လျန်နှင့် ရှန်လင်းလင်းတို့ကို ကြည့်ရင်း မနေနိုင်ဘဲ သနားဂရုဏာသက်သည့် အကြည့်များဖြင့် ကြည့်လိုက်မိလေတော့သည်။
မင်းတို့နှစ်ယောက် ပြဿနာရှာစရာ လူရှားလို့လား။ ဘာလို့ အဲဒီလူနှစ်ယောက်ကို သွားရှာရတာလဲ။
ကျန်းကျွင့်လျန်က ဆက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနေဆဲပင်။ "ထားလိုက်ပါတော့၊ ငါနဲ့ လင်းလင်းက အလုပ်သမား အစ်ကိုကြီးတွေနဲ့ ပြည်သူ့ဆရာမတွေဆိုတော့ ဒီလောက်တော့ အသိတရား ရှိပါတယ်။ မင်းတို့ကို နည်းနည်းလောက် လမ်းဖယ်ပေးလိုက်လို့လည်း ဘာမှမဖြစ်ပါဘူး..."
ထိုသို့ ပြောဆိုနေစဉ်မှာပင် လူရိပ်တစ်ခုက ဒုံးပျံတစ်စင်းလို အနောက်မှ ပြေးထွက်လာပြီး ကျန်းကျွင့်လျန်၏ ရှေ့သို့ တိုက်ရိုက်ရောက်ရှိလာကာ ဖြန်းဖြန်းဖြန်းဖြန်း ဟူသောအသံနှင့်အတူ သူ၏ မျက်နှာကို ပါးချည်း ဆက်တိုက် ရိုက်ချလိုက်လေတော့သည်။
"ဟန်ဆောင်ကောင်းတဲ့ကောင်၊ မင်းက ဟန်ဆောင်ကောင်းတဲ့ကောင်ပဲ။ မင်းက ဘာလို့ ငါ့အိပ်မက်ထဲမှာ လာပေါ်နေရတာလဲ။ မင်းရဲ့ မျက်နှာကို ကြည့်စမ်း၊ အိပ်မက်ထဲမှာတောင် ဒီလောက် ရွံစရာကောင်းနေတာ။ ငါ မင်းကို ရိုက်သတ်ပစ်မယ်၊ မင်းပဲ၊ မင်းကြောင့်ပဲ ငါ့ရဲ့ ဖြူစင်လှပတဲ့ အချစ်တွေ ပျက်စီးသွားရတာ!"
ကျန်းကျစ်ချန်၏ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး သတိလွတ်နေကာ ကျန်းကျွင့်လျန်ကိုသာ ဆက်တိုက် ရိုက်နှက်နေလေတော့သည်။
"ကျန်းကျစ်ချန်... ရှင် ဘာလုပ်နေတာလဲ။ ရှင်... ရှင်... ရှင် ရူးသွားပြီလား။ ကျွန်မ ယောကျ်ားကို မြန်မြန်လွှတ်!" ရှန်လင်းလင်းက စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
ကျန်းကျစ်ချန်က ရှန်လင်းလင်းဘက်သို့ တောင့်တင်းစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာမှာ ဒေါသထွက်နေရာမှ ချက်ချင်းပင် ဝမ်းနည်းကြေကွဲမှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ "ရဲဘော်လင်းလင်း... ကိုယ် မင်းကို အိပ်မက်မက်ပြန်ပြီ။ မင်း လက်ထပ်တော့မလို့လား၊ လက်မထပ်ပါနဲ့လို့ ကိုယ့်ကို ကတိပေးပါလား"
ကျန်းမိသားစုမှ သတို့သမီးလာကြိုသူများက ကျန်းကျစ်ချန်ကို ဖမ်းချုပ်ပြီး ရိုက်နှက်ရန် ပြေးလာနေကြပြီ ဖြစ်သော်လည်း ကျန်းကျစ်ချန်၏ ဤစကားကို ကြားလိုက်ရသောအခါ တစ်ယောက်ချင်းစီမှာ မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြလေတော့သည်။
ဘာအဓိပ္ပာယ်လဲ။
ဒီလူက သတို့သမီးကို လာလုတာလား!
ရှန်လင်းလင်းမှာ ရူးသွပ်လုမတတ် ဖြစ်သွားရလေသည်။ "ကျန်းကျစ်ချန်... ရှင် ဘာတွေ လျှောက်ပြောနေတာလဲ။ ရှင်... ရှင်... ရှင်က ကောလာဟလတွေ လွှင့်ပြီး အသရေဖျက်နေတာပဲ!"
ကျန်းကျစ်ချန်က ခေါင်းကို ကိုင်ကာ အော်ဟစ်လိုက်လေသည်။ "အား... ဘာလို့လဲ၊ ဘာလို့ မင်းက အိပ်မက်ထဲမှာတောင် ဒီလောက် ရက်စက်ရတာလဲ။ ငါက မင်းနဲ့ အရင်တွေ့ခဲ့တာလေ၊ ဘာလို့ မင်းက ဒီလို ဟန်ဆောင်ကောင်းတဲ့ကောင်ကို လက်ထပ်ရတာလဲ၊ ဘာလို့လဲ! မဟုတ်ဘူး၊ ဒီလို မဖြစ်ရဘူး။ သူတို့ မင်းကို အတင်းအကျပ် ခိုင်းတာ သေချာတယ်။ မင်းမိသားစုက မင်းကို ဒီလူနဲ့ အတင်းလက်ထပ်ခိုင်းတာ၊ ဒီလူက မင်းကို သူ့ကို လက်ထပ်ဖို့ အတင်းအကျပ် ခိုင်းတာဟုတ်တယ်မလား။ ငါ သူ့ကို သတ်မယ်၊ ငါ သူ့ကို သတ်ပစ်မယ် ___ "
ဤအရာအားလုံးမှာ အိပ်မက်သာဖြစ်သည်ဟု ကျန်းကျစ်ချန်က အခိုင်အမာ ယုံကြည်နေသဖြင့် ဘာကိုမှ ဂရုမစိုက်တော့ဘဲ မြေကြီးပေါ်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ကျန်းကျွင့်လျန်ကို ထုရန် ပြင်လိုက်လေတော့သည်။
ကျန်းကျွင့်လျန်မှာ ပါးအကြိမ်ကြိမ် ရိုက်ခံလိုက်ရသဖြင့် မူလက ပြန်လည်ခုခံရန် စဉ်းစားထားခဲ့သော်လည်း ဤလူမှာ ရူးနေသူတစ်ယောက်နှင့် ပိုတူလာသည်ကို မြင်လိုက်ရသည့်အပြင် တစ်ဖက်လူ ပြောဆိုသော စကားများမှ ထွက်ပေါ်လာသော အချက်အလက်များက သူ့ကို အလွန်အံ့အားသင့်စေသဖြင့် သူသည် အမှတ်တမဲ့ နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး မှုန်ကုပ်သော မျက်နှာထားဖြင့် ကျန်းကျစ်ချန်နှင့် ရှန်လင်းလင်းတို့ကို အကဲခတ်နေလေသည်။
ကျန်းကျစ်ချန်က သူ့ကို ကျောက်ခဲဖြင့် ထုသတ်ရန်ပင် ကြံရွယ်နေလိမ့်မည်ဟု ကျန်းကျွင့်လျန် လုံးဝ ထင်မှတ်မထားခဲ့သဖြင့် လန့်ဖျပ်သွားပြီး ခြေကုန်သုတ်ကာ ပြေးလေတော့သည်။
ထိုသို့မြင်သည်နှင့် ကျန်းကျစ်ချန်ကလည်း အပြေးလိုက်သွားကာ ပြေးရင်းနှင့်လည်း ဆက်တိုက် ရေရွတ်နေလေသည်။ "မင်းတို့ကို ထုသတ်မယ်၊ မင်းတို့ကို ထုသတ်မယ်!"
ကောင်းပြီလေ... သူ ဖြတ်သွားသမျှ နေရာတိုင်းတွင် ကျန်းမိသားစု၏ သတို့သမီးလာကြိုသောအဖွဲ့မှာ ဝက်များ၊ ခွေးများလို ထွက်ပြေးကြရလေတော့သည်။
သိကျွမ်းနေသောကြောင့် ဖြစ်မည်ထင်သည်။ ကျန်းကျစ်ချန်က ပညာတတ်လူငယ်များနှင့် ယန်လျိုတပ်ဖွဲ့မှ လူများကိုတော့ ဝင်မတိုက်ခိုက်ချေ။ သို့သော် အားလုံးက မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ဘေးသို့ ရှောင်ဖယ်လိုက်ကြရာ လမ်းမှာ ချက်ချင်းပင် ရှင်းလင်းသွားတော့သည်။
ကျန်းမိသားစုမှ သတို့သမီးလာကြိုသော သူများကလည်း ထိုအခြေအနေကို မြင်သောအခါ အလျင်အမြန် စက်ဘီးပေါ်တက်ကာ လေပွေလို စက်ဘီးကိုနင်းပြီး ထွက်ပြေးသွားကြလေတော့သည်။
ကျန်းကျွင့်လျန်ကလည်း ဘယ်အချိန်က သူ၏ စက်ဘီးကို တွန်းလာမှန်းမသိဘဲ အေးစက်သော မျက်နှာထားဖြင့် စက်ဘီးပေါ်တက်ကာ နင်းထွက်သွားလေသည်။ ရှန်လင်းလင်းမှာ ကျန်းကျစ်ချန်၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရဆဲဖြစ်ပြီး ကျန်းကျွင့်လျန် စက်ဘီးစီးကာ ထွက်သွားသည်ကို မြင်သောအခါ အလျင်အမြန် လိုက်ပြေးလေတော့သည်။ "ကျွင့်လျန်... ကျွင့်လျန် __ "
ကျန်းကျွင့်လျန်က နည်းနည်းလေးမှ အရှိန်လျှော့မည့် အရိပ်အယောင် မပြချေ။ ယနေ့တွင် သည်လို အရှက်ရခဲ့သည့်အပြင် ကျန်းကျစ်ချန်၏ စကားများကြောင့်လည်း ကျန်းကျွင့်လျန်မှာ သေချာပေါက် ဒေါသထွက်နေမည်ဖြစ်ကြောင်း ရှန်လင်းလင်းက ကောင်းစွာ သိရှိထားလေသည်။ ဤအချိန်တွင်သာ သူ စက်ဘီးစီးပြီး ထွက်သွားပါစေဟု လွှတ်ထားလိုက်ပါက သူမ၏ မင်္ဂလာပွဲမှာ ပျက်စီးသွားနိုင်လေသည်။
သူမက အံကြိတ်ကာ အစွမ်းကုန် ကြိုးစားပြေးလိုက်ရာ နောက်ဆုံးတွင် စက်ဘီး၏ နောက်ခုံကို မှီသွားလေသည်။ စက်ဘီးမှာ အနည်းငယ် တန့်သွားချိန်တွင် သူမက အလျင်အမြန် ခုန်တက်လိုက်ပြီး ငိုသံပါကြီးဖြင့် ကာကွယ်ပြောဆိုလိုက်လေသည်။ "ကျွင့်လျန်... သူက အရူးတစ်ယောက်ပါ၊ ရှင်က ဘာလို့ အရူးစကားကို နားယောင်နေရတာလဲ!"
ကျန်းကျွင့်လျန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူမကို စက်ဘီးပေါ်မှ နှင်မချတော့ချေ။
သတို့သမီးလာကြိုသော အဖွဲ့တစ်ဖွဲ့လုံးမှာ ဤကဲ့သို့ အံ့ဖွယ်ကောင်းသော ပုံစံဖြင့် တပ်ဖွဲ့ရုံးချုပ်ဆီသို့ ထွက်ခွာသွားကြလေတော့သည်။ အရှေ့ဆုံးတွင် အမြန်ဆုံး စီးနိုင်သော လူငယ်တချို့ရှိပြီး လူရိပ်ပင် မမြင်ရလောက်အောင် ဝေးကွာသွားကြပြီ ဖြစ်သည်။ သူတို့၏ နောက်တွင်တော့ ကိုယ်ပိုင်ခွန်အားကိုအားကိုးရင်း လူတစ်စုပြီးတစ်စု နောက်ကောက်ကျန်ကာ တန်းစီလိုက်ပါလာကြပြီး အစီအစဉ်တကျ မရှိဘဲ ရှုပ်ယှက်ခတ်နေလေသည်။ မည်သို့ပင်ဆိုစေကာမူ အားလုံးက အသက်လုပြေးနေကြသည် မဟုတ်ပါလား။ ထို့နောက် နောက်ဆုံးတွင်မှ သတို့သားနှင့် သတို့သမီး ဖြစ်လေသည်။
ဘယ်သူကမှလည်း နောက်လှည့်မကြည့်ရဲဘဲ အသက်လုကာ ရှေ့သို့သာ နင်းနေကြ၏။ တကယ်တမ်းတွင် သူတို့သာ တစ်ချက်လောက် နောက်လှည့်ကြည့်လိုက်မည်ဆိုလျှင် ရှန်မော့အာက ကျန်းကျစ်ချန်ကို စောစောကတည်းက ထိန်းချုပ်ထားပြီးဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ မထိန်းချုပ်လို့လဲ မဖြစ်တော့ချေ။ "ရန်သူ" မရှိတော့သဖြင့် သူက တိုက်ခိုက်မည့် ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီး ပထမဆုံး ပစ်မှတ်မှာ ဖုမင်ဇယ် ဖြစ်သွားသောကြောင့်ပင်။
ဒီလူက အရက်မူးပြီး သောင်းကျန်းတာ တကယ်ကို ကြောက်စရာကောင်းတာပဲ။
ဟုတ်ပါသည်။ ဒါကလည်း ခြိမ်းခြောက်ရုံသက်သက်ပင်။ တကယ်တမ်းတော့ သူက ခြေသလုံးအင်အားလည်း မရှိ၊ လက်မောင်းအင်အားလည်း မရှိချေ။ လူများကို မီးသွားရန် မဆိုထားနှင့်။ မီသွားလျှင်ပင် ဘယ်သူ့ကိုမှ ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ချေ။ သူ့အင်အားများကို အစပိုင်းက ကျန်းကျွင့်လျန်အား ပါးရိုက်ရန် အကုန်သုံးပစ်တာ ဖြစ်နိုင်သည်။ သို့မဟုတ်လျှင် သူ ကျောက်ခဲကောက်ပြီး လူကို ထုရန် လုပ်ကတည်းက ရှန်မော့အာက သူ့ကို တားထားပြီးလောက်သည်။
ကျန်းမိသားစုက လူများကလည်း ကြောက်တတ်လွန်းခြင်းပင်။ အကယ်၍ တစ်ယောက်ယောက်ကများ နည်းနည်းလောက် ရဲရင့်ခဲ့မည်ဆိုလျှင် တစ်ယောက်တည်း မထိန်းချုပ်နိုင်လျှင်ပင် နှစ်ယောက်ဆိုရင်တော့ ကျန်းကျစ်ချန်ကို ထိန်းချုပ်နိုင်မှာ သေချာသည်။
ကျိန့်ကျားမင်က အူတက်မတတ် ရယ်မောလေသည်။ "အမလေးဟ... ငါတို့ အဖွဲ့ခေါင်းဆောင်ကတော့ သူ့အတွက်သူ ဒေါသဖြေလိုက်ရပြီပေါ့လေ!"
သူ အမူးပြေသွားတဲ့အခါ သူ့ရဲ့ "သူရဲကောင်းဆန်တဲ့ လုပ်ရပ်" ကို သိသွားရင်များ တခြားနေရာကို ပြောင်းပြီး အခြေချချင်စိတ် ပေါက်သွားမလားတော့ မသိဘူးနော်။
"ကဲပါ... ပြန်ကြစို့"
ဖုမင်ဇယ်က စက်ဘီးပေါ်တက်ကာ ခေါင်းကို အနည်းငယ် စောင်းလိုက်၏။ "မိန်းမ... ကိုယ်တို့ အိမ်ပြန်ကြစို့"
ရှန်မော့အာက စက်ဘီးပေါ်သို့ ခုန်တက်ကာ ပြုံးလျက် ပြန်ပြောလိုက်လေသည်။ "ကောင်းပြီလေ... ကျွန်မတို့ အိမ်ပြန်ကြစို့"
"ဟေး... မင်္ဂလာဦးခန်းထဲကို ပို့ကြစို့ဟေ့__ "
ကျိန့်ကျားမင်က ရယ်မောကာ အော်ဟစ်လိုက်သည်တွင် တခြားသူများကလည်း ချက်ချင်းပင် လိုက်ပါအော်ဟစ်ကြလေတော့သည်။ "မင်္ဂလာဦးခန်းထဲကို ပို့ကြစို့ဟေ့"
....