အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အပိုင်း (၅၇.၁)
ညစာစားပွဲကို စုစုပေါင်း ၅ ပွဲ ခင်းကျင်းထားသည်။ ရှန်လောင်တနှင့် ရှန်လောင်အာ့တို့က မြေးဖြစ်သူ အုတ်ခိုးသဖြင့် ရဲစခန်းရောက်ရသည့်ကိစ္စကို အငြိုးထားကြသဖြင့် ရှန်လောင်ချီမိသားစု အိမ်သစ်တက်သည်ဖြစ်စေ၊ သမီးပေးစားသည်ဖြစ်စေ သူတို့က လုံးဝမလာကြပေ။ သို့သော် ရှန်လောင်စန်းမိသားစုဘက်မှတော့ နောက်ဆုံးတွင် ရှန်ချွန်းဖန် တစ်ယောက် ရောက်လာခဲ့၏။
ရှန်ချွန်းဖန်းနှင့် ရှန်ချွန်းဖန်တို့သည် ညီအစ်မများဖြစ်ကြပြီး အသက် ၂၅ နှစ်အရွယ် ရှန်ချွန်းဖန်းက အနည်းငယ်ပိုကြီးကာ ယန်လျိုတပ်ဖွဲ့နှင့် ၁၀မိုင်ဝေးသော ရှန်းရွှီတပ်ဖွဲ့သို့ အိမ်ထောင်ကျသွားခဲ့သည်။ ရှန်ချွန်းဖန်ကတော့ ရှန်မော့အာထက် အသက် ၁ နှစ်ငယ်ပြီး အိမ်ထောင်မပြုရသေးချေ။
ချောင်မေက ပြီးခဲ့သည့်အကြိမ် ရိက္ခာလုသည့်ကိစ္စကြောင့် ထျန်းဖန်နှင့် အဆင်မပြေဖြစ်သွားခဲ့ပြီးနောက် ထျန်းဖန်၏ လှည့်စားမှုကို ထပ်မခံရတော့ပေ။ ယခုအခါ သူမသည် မိဘဆွေမျိုးရွာတူဖြစ်သော ကော်ကျူ့၏ ဇနီးနှင့် ပိုရင်းနှီးနေလေသည်။ ရှန်ကော်ကျူ့သည် ရှန်မျိုးနွယ်ဆွေမျိုးတစ်ဦးဖြစ်ပြီး အမှတ် ၇ အဖွဲ့ငယ်၏ ခေါင်းဆောင်လည်း ဖြစ်သည်။ အဓိကအားဖြင့် ထိုဇနီးမောင်နှံနှစ်ဦးစလုံးသည် အလုပ်လုပ်ရာတွင် စည်းကမ်းတကျရှိကြပြီး ယခုအကြိမ်တွင်လည်း ကော်ကျူ့၏ ဇနီးက ရှန်ချွန်းဖန်ကို ခေါ်လာခဲ့လေသည်။
ကော်ကျူ့၏ ဇနီးက ချောင်မေကို အကြံပေးဖူးသည်။ ရှန်လောင်ချီမိသားစုမှာ တိုးတက်လာသည်မှာ မြင်သာနေသည့်အပြင် ရှန်လောင်ချီကလည်း သဘောထားပြည့်ဝသူဖြစ်သည်။ ရှန်မော့အာကလည်း ဖော်ရွေသူဖြစ်သည်တွင် ဤကဲ့သို့သော ဆွေမျိုးမျိုးနှင့်သာ ရင်းနှီးစွာ သွားလာဆက်ဆံသင့်ကြောင်း ပြောခဲ့၏။
ချောင်မေက တခြားစကားများကို နားမဝင်သော်လည်း ရှန်လောင်ချီမိသားစု တိုးတက်လာပြီဟူသော စကားကိုတော့ နားထဲစွဲသွားခဲ့သည်။ သူမကိုယ်တိုင်ကတော့ မျက်နှာပူသဖြင့် ကော်ကျူ့၏ဇနီးကိုသာ ရှန်ချွန်းဖန်ကို ခေါ်သွားခိုင်းလိုက်လေသည်။
ရှန်မော့အာက ချောင်မေကို မနှစ်မြို့သည်မှာတော့ အမှန်ပင်။ အကြောင်းမှာ သူမက မူလပိုင်ရှင်၏ ရိက္ခာများကို လုယူသွားခဲ့သဖြင့် မူလပိုင်ရှင် သားအဖနှစ်ဦး၏ အသေဆိုးနှင့်သေဆုံးရမှုကို တိုက်ရိုက်ဖြစ်စေခဲ့သောကြောင့်ပင်။ သူမကိုယ်တိုင်က မူလပိုင်ရှင် မဟုတ်သော်ငြား မူလပိုင်ရှင်၏ နေရာတွင် အစားထိုးဝင်ရောက်လာသူဖြစ်ရာ ချောင်မေကို လုံးဝခွင့်လွှတ်မည်မဟုတ်ပေ။ သို့သော် ရှန်ချွန်းဖန်အပေါ်တွင်တော့ ဘာသဘောထားမှ မရှိခဲ့ချေ။
အကြောင်းမှာ ရှန်ချွန်းဖန်က ကြွက်တစ်ကောင်လို သတ္တိနည်းပြီး သူတစ်ပါးကို ဒုက္ခပေးရန် တစ်ခါမှမရဲသူဖြစ်ကြောင်း သူမ သိထားသောကြောင့်ပင်။ ထို့အပြင် တစ်ခါက လယ်ထဲတွင် မူလပိုင်ရှင် အဆာလွန်ပြီး ဗိုက်နာနေသည်ကို မြင်သောအခါ သူမက ပြောင်းဖူးတစ်ဖူးကို ခိုးကာ ပေးခဲ့ဖူးသေးသည်။
ထို့ကြောင့် ရှန်ချွန်းဖန်က ကော်ကျူ့၏ဇနီးနောက်သို့လိုက်ကာ မင်္ဂလာဆောင်လာစားသည်ကို ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့က ဘာမှမပြောကြဘဲ ဆွေမျိုးများထဲမှ နောက်ထပ်တစ်ယောက် ပိုလာသည်ဟုသာ သဘောထားလိုက်ကြ၏။
ရှန်ရှန့်ဟုန်မိသားစုမှလည်း လူတစ်ယောက် လာခဲ့ပြီး သူမ၏ အငယ်ဆုံးလေး လုရှောင်ချင် ဖြစ်သည်။ သူမ၏မိသားစုသည် ရှန်လောင်စန်းမိသားစုကဲ့သို့ပင် မောင်နှမ ၃ ယောက်ရှိကာ အစ်ကိုကြီးတစ်ယောက်နှင့် ညီမနှစ်ယောက် ရှိလေသည်။
လုရှောင်ချင်၏ အသက်က ရှန်ချွန်းဖန်ထက် ၁ နှစ်ငယ်သော်လည်း သူမ၏ အဘိုးအဘွားများက ချည်မျှင်နှင့်အထည်စက်ရုံ အလုပ်သမားများဖြစ်ကြပြီး သူမ၏ ဖခင်အရင်းကလည်း ထိုစက်ရုံမှ နေ့စားအလုပ်သမားဖြစ်သောကြောင့် သူမတို့မိသားစုအခြေအနေက ကျေးလက်ထက်စာလျှင် များစွာသာလွန်လေသည်။ အာဟာရပြည့်ဝသောကြောင့်လားမသိ၊ ကြည့်ရသည်မှာ ပိန်လှီနေသော ရှန်ချွန်းဖန်ထက်ပင် ပိုကြီးပုံပေါက်နေ၏။
ကျန်သောသူများမှာ ရှန်မျိုးနွယ် ဆွေမျိုးများနှင့် ရှန်ရှောက်ယွမ်တို့ သားအဖနှစ်ဦးနှင့် ရင်းနှီးသော ရွာခံမိသားစုများပင်။
ထို့အပြင် တပ်ဖွဲ့ချုပ်အတွင်းမှ ဧည့်သည်အချို့လည်း လာကြသေးသည်။ ရှန်ရှောက်ယွမ်၏ အုတ်ဖုတ်ဖိုမှ လုပ်ဖော်ကိုင်ဖက်များ၊ အလုပ်လုပ်ရင်း သိကျွမ်းခဲ့သော တခြားဌာနများမှ လူများ၊ တပ်ဖွဲ့မူလတန်းကျောင်းမှ ရှန်မော့အာနှင့်အတူ ပြည်နယ်မြို့တော်သို့ သွားခဲ့ဖူးသော ဆရာဟယ်မင်တာ အပြင် အစ်ကိုပေါင်နှင့် အစ်မချောင်တို့လည်း ပါဝင်သည်။
အစပိုင်းတွင် သူတို့အိမ်က စားပွဲ ၅ ဝိုင်းခင်းကျင်းထားသည်မှာ အနည်းငယ် များနေမည်လားဟု ထင်ကြေးပေးသူများ ရှိခဲ့သည်။ အရင်းနှီးဆုံး ဆွေမျိုးများပင် မလာကြသောကြောင့်ပင်။ သို့သော် နောက်ဆုံးတွင်တော့ အနည်းငယ်ပင် နေရာကျပ်သွားခဲ့၏။ အကြောင်းမှာ တပ်ဖွဲ့မှလာသော လူများက ရှန်ရှောက်ယွမ် ခန့်မှန်းထားသည်ထက် ပိုများနေသောကြောင့်ပင်။
တချို့သောသူများကို ရှန်ရှောက်ယွမ်က ယဉ်ကျေးမှုအရသာ ဖိတ်ကြားခဲ့သော်လည်း စက်ရုံမှ ဝါဒဖြန့်ချိရေးဌာနမှူးကဲ့သို့သောသူများမှာ မထင်မှတ်ဘဲ ရောက်လာခဲ့ကြလေသည်။
သို့သော်လည်း အလွန်အမင်း ကျပ်တည်းသွားခြင်းတော့မရှိဘဲ အနည်းငယ် တိုးဝှေ့ထိုင်လိုက်ရုံဖြင့် လုံလောက်သွားခဲ့၏။
ယန်လျိုတပ်ဖွဲ့မှ ရွာသူရွာသားများမှာ အံ့သြမှင်သက်သွားခဲ့ကြသည်။ သူတို့သည် နိုင်ငံပိုင်စက်ရုံများမှ ခေါင်းဆောင်များ၊ တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘယ်သောအခါကများ အတူတကွ စားသောက်ဖူးခဲ့ကြပါမည်နည်း။
ရှန်လောင်ချီတစ်ယောက် အုတ်ဖုတ်ဖိုတွင် အခြေအနေကောင်းနေသည်ဟု သူတို့ ကြားဖူးခဲ့ကြသော်လည်း ကြားရခြင်းနှင့် ကိုယ်တိုင်မျက်မြင်တွေ့ရခြင်းမှာ လုံးဝကို ကွာခြားလှပေသည်။ အုတ်ဖုတ်ဖို၏ ဒုတိယစက်ရုံမှူးနှင့် ဝါဒဖြန့်ချိရေးဌာနမှူးတို့က ရှန်လောင်ချီကို အဆက်မပြတ် ချီးကျူးနေကြပြီး သူ့ကို အဓိကကျသော လူစွမ်းကောင်းတစ်ယောက်အနေဖြင့် အမှန်တကယ်ပင် တန်ဖိုးထားနေကြလေသည်။
ထိုကိစ္စနှင့် ဆက်စပ်ပြီး ကျိုးမန်ခန်းနှင့် ကျိုးဖေ့ကျွင်းတို့ပါ ချီးကျူးခံလိုက်ရသဖြင့် သူတို့မှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြကာ အရက်ပင် ၂ ခွက်ခန့် ပိုသောက်ဖြစ်သွားကြသည်။
လိုရင်းကို ပြောရမည်ဆိုလျှင်ဖြင့် ရွာထဲရှိ မနာလိုဝန်တိုဖြစ်နေသူအချို့က ရှန်လောင်ချီမိသားစု၏ ပွဲတွင် လူအနည်းငယ်သာ လာမည်ဖြစ်ပြီး အခြေအနေမှာ သေချာပေါက် ကြည့်ကောင်းမည်မဟုတ်ဟု ကွယ်ရာတွင် တီးတိုးပြောဆိုနေခဲ့ကြသော်လည်း ထိုကဲ့သို့သောအခြေအနေမျိုး လုံးဝ ပေါ်ပေါက်မလာခဲ့ချေ။ သူတို့၏ပွဲမှာ အလွန်ပင် စည်ကားသိုက်မြိုက်ပြီး ဧည့်သည်ရော အိမ်ရှင်ပါ အလွန်တရာ ပျော်ရွှင်ခဲ့ကြလေသည်။
စားသောက်ပွဲ ပြီးဆုံးသွားသောအခါ လူငယ်အချို့က ကျန်ရစ်ခဲ့ကာ မင်္ဂလာဦးည အခမ်းအနားကို အနည်းငယ် ကျီစယ်နောက်ပြောင်ပြီးနောက် ပြန်သွားကြတော့သည်။
သူတို့အားလုံးက သတို့သမီးဘက်မှ ဆွေမျိုးမိတ်ဆွေများ ဖြစ်ကြသဖြင့် သတို့သမီးကို ပို၍ ငဲ့ညှာကြသည်မှာ သဘာဝပင်။ အချို့သော တပ်ဖွဲ့များတွင် မင်္ဂလာဦးည၌ အလွန်အကျွံ နောက်ပြောင်တတ်ကြသကဲ့သို့ မပြုမူကြချေ။
ရှန်ရှောက်ယွမ်က ယနေ့ညတွင် အရက်အနည်းငယ်များသွားခဲ့ပြီး ဧည့်သည်များ ပြန်သွားသည်နှင့် တစ်ပြိုင်နက် သူက မျက်နှာသစ်၊ ခြေလက်ဆေးကြောကာ ခြေညှပ်ဖိနပ်ကို စီးရင်း အခန်းထဲသို့ အိပ်ရန် ပြန်ဝင်သွားတော့သည်။
ဖုမင်ဇယ်လည်း အနည်းငယ် သောက်ထားရသော်လည်း အတွေ့အကြုံ ရင့်ကျက်လှသော အဒေါ််ချန်က သူ့အရက်ထဲသို့ ရေများစွာ ရောထည့်ပေးခဲ့သည်။ ထို့အပြင် လူတိုင်းကလည်း သတို့သားကို တကယ်ပင် မူးလဲသွားအောင် တိုက်မိမည်ကို စိုးရိမ်ကြသဖြင့် ယေဘုယျအားဖြင့် သူကတော့ အခြေအနေကောင်းသေးသည်။
ရှန်မော့အာကလည်း အနည်းငယ် သောက်ထားသော်လည်း ဖုမင်ဇယ်ထက်ပင် နည်းသဖြင့် ထည့်တွက်စရာပင် မလိုချေ။
ဇနီးမောင်နှံနှစ်ဦးက ယခုအခါ အသစ်ဆောက်ထားသော အခန်းတွင် နေထိုင်ကြသည်။ မူလက ထိုအခန်းမှာ အရှေ့နှင့်အနောက် အခန်းနှစ်ခန်းတွဲ ဖြစ်သော်လည်း ရှန်ရှောက်ယွမ်က လူငယ်နှစ်ဦးနှင့် ရှေ့နောက်တွဲလျက် နေထိုင်ရသည်မှာ အဆင်မပြေဟု ယူဆသဖြင့် မူလအခန်းတွင်သာ ဆက်လက်နေထိုင်ခဲ့သည်။ ခွဲနေခြင်းက လူတိုင်းအတွက် ပိုတိတ်ဆိတ်ငြိမ်သက်စေသည့်အပြင် ရတနာတိုက်ခန်းထဲသို့ဝင်ပြီး ပစ္စည်းယူသည်ဖြစ်စေ၊ အခန်းထဲတွင် တစ်ခုခုဖွက်ထားသည်ဖြစ်စေ ပိုအဆင်ပြေစေလေသည်။
ဖုမင်ဇယ်ကို သူစိမ်းတစ်ယောက်လို သဘောထားခြင်းတော့ မဟုတ်ပေ။ သို့သော် သူတို့သားအဖနှစ်ဦး၏ ဖြတ်သန်းမှု အတွေ့အကြုံများက တကယ်ကို ထူးဆန်းလွန်းနေသည်။ အထူးသဖြင့် ဤကမ္ဘာကြီးတွင် ပဒေသရာဇ် အယူသည်းမှုများကို မပြောဆိုရသည့်အပြင် “အဟောင်းလေးခု ပပျောက်ရေး” ကိုပါ ဆောင်ရွက်နေကြသည်။ သူတို့အခြေအနေက ပဒေသရာဇ် အယူသည်းမှုရော၊ အဟောင်းလေးခုပါ အတိအကျဖြစ်နေသဖြင့် ဖုံးကွယ်ထားနိုင်သမျှ ဖုံးကွယ်ထားခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။
ရှန်မော့အာက စာရေးစားပွဲရှေ့တွင်ထိုင်းပြီး မှန်ကိုကြည့်ကာ ဆံပင်ဖြီးနေသည်။ သူမ၏ ကိုယ်ပေါ်တွင် ရတနာတိုက်ခန်းထဲမှ ချည်ထည်ဖြင့် ချုပ်လုပ်ထားသော ညအိပ်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။ အဖြူရောင်ချည်ထည်ကို ဒေါနပင်များဖြင့် အစိပ်ပုပ်ရောင် ဆိုးဆေးသွင်းထားရာ အဝတ်စပေါ်တွင် မှင်ရည်များ ပက်ဖျန်းထားသည့်အလား ထင်မှတ်ရလေသည်။
ဖုမင်ဇယ်က ရေနွေးဗူးကို ကိုင်ကာ အခန်းတွင်းသို့ ဝင်လာပြီး ထောင့်တွင် ချထားလိုက်၏။ ခေါင်းမော့အကြည့်တွင် ရှန်မော့အာက ရှည်လျားနက်မှောင်သော ဆံနွယ်ကို ဖြန့်ချထားပြီး သူမ ဝတ်ဆင်ထားသော ညအိပ်ဝတ်စုံကလည်း ရေဆေးပန်းချီကားတစ်ချပ်နှင့် တူနေသည်ကို တွေ့လိုက်ရ၏။ ရုတ်တရက် သူ၏စိတ်ထဲတွင် တစ်ခဏမျှ ထင်ယောင်ထင်မှားဖြစ်သွားကာ မိမိ၏ ဇနီးသည်မှာ ရှေးဟောင်းဝတ္ထုများထဲမှ တော်ဝင်အမျိုးသမီးလေးတစ်ဦးနှင့် တူနေသည်ဟု ခံစားလိုက်ရပြီး ထိုနေရာတွင် ထိုင်နေပုံကပင် တည်ငြိမ်နူးညံ့သော အသွင်အပြင်ကို ဆောင်နေလေသည်။
ဤခံစားချက်က အကြောင်းပြချက်မရှိဘဲ ဖြစ်ပေါ်လာရာ ဖုမင်ဇယ်မှာ တစ်ခဏမျှ ငေးမောသွားတော့သည်။
ရှန်မော့အာက နောက်သို့လှည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်၏။
"ရှင် အဲဒီမှာ ဘာလို့ ငေးနေတာလဲ"
ဖုမင်ဇယ် သတိပြန်ဝင်လာပြီး
"ဘာမှမဟုတ်ပါဘူး"
သူက ကိုယ်ကိုလှည့်ကာ တံခါးကို ပိတ်လိုက်ပြီး ရှန်မော့အာ၏ လက်ထဲမှ ဘီးကို လှမ်းယူလိုက်သည်။
"ကို ဖြီးပေးမယ်"
ရှန်မော့အာ၏ ဆံပင်များက အလွန်နူးညံ့ပြေပြစ်ကာ နက်မှောင်တောက်ပနေသည်။ အမှန်တကယ်တော့ သူမ ဤကမ္ဘာသို့ စတင်ရောက်ရှိလာချိန်က ခန္ဓာကိုယ်တွင် အပြောင်းအလဲအချို့ ရှိခဲ့သည်။ ရုတ်တရက် အရိုးပေါ်အရေတင် ပိန်ချုံးသွားကာ ပါးရိုးများ ချောင်ကျပြီး ဆံပင်များလည်း ခြောက်သွေ့ဝါကြင်သွားသည့်အပြင် ငတ်သေတော့မည့် သနားစရာ ကလေးငယ်လေးတစ်ဦးနှင့် တစ်ပုံစံတည်းပင်။ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး အပြင်လူများ အမြင်တွင်တော့ သူတို့မိသားစု၏ အခြေအနေကောင်းမွန်လာပြီး ထမင်းဝဝစားရသဖြင့် တဖြည်းဖြည်း ဝဖြိုးလာသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်တော့ သူမ၏ မူလခန္ဓာကိုယ်ပုံစံအတိုင်း တဖြည်းဖြည်း ပြန်လည်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
သူမ၏ ဤဆံကေသာကို ယခင်ကတည်းက ကောင်းစွာ ထိန်းသိမ်းထားခဲ့သောကြေင့် ယခုအခါ မူလအခြေအနေနှင့် သိပ်မကွာခြားတော့ပေ။
ဖုမင်ဇယ်က သစ်သားဘီးကို ကိုင်ကာ သတိလေးနှင့် နှစ်ချက် သုံးချက်ခန့် ဖြီးချလိုက်သည်။ ဆံပင်များက အလွန်ချောမွေ့နေသဖြင့် ဘီးကို တစ်ချက်ဆွဲချလိုက်ရုံဖြင့် ဆံပင်အဖျားအထိ ရောက်သွားကာ ပိုးသားကဲ့သို့ နူးညံ့သောအထိအတွေ့နှင့်အတူ သင်းပျံ့သောရနံ့လေးကိုပါ သင်းသင်းလေးကို ရရှိနေလေသည်။
သူက မနေနိုင်ဘဲ ခေါင်းငုံ့ကာ သူမ၏ ဆံပင်ဖျားလေးကို တစ်ချက် နမ်းလိုက်၏။ ရှန်မော့အာက မှန်ထဲမှတစ်ဆင့် သူ့အပြုအမူကို မြင်လိုက်ရသောအခါ မျက်နှာလေးက ချက်ချင်းပင် နီရဲသွားတော့သည်။
ဖုမင်ဇယ်က မှန်ထဲမှနေ၍ သူမနှင့် အကြည့်ချင်းဆုံလိုက်ပြီးနောက် ဘီးကို စာရေးစားပွဲပေါ်သို့ ဖွဖွလေး တင်လိုက်သည်။ ခပ်တိုးတိုးအသံလေး ထွက်ပေါ်လာပြီး ရှန်မော့အာက အမှတ်တမဲ့ ဘေးသို့လှည့်ကြည့်လိုက်မိစဉ် ရုတ်တရက် မျက်စိရှေ့တွင် မှောင်သွားကာ သူသည် ကိုယ်ကိုကိုင်းညွတ်ကာ သူမကို အနမ်းခြွေလိုက်လေသည်။
စိတ်ရှည်သည်းခံကာ တိမ်းညွတ်စွဲလမ်းဖွယ်ကောင်းသော အနမ်းတစ်ခုဖြစ်ပြီး ပြတင်းပေါက်အပြင်ဘက်မှ ဖြာကျလာသော လရောင်ကဲ့သို့ ညင်သာနူးညံ့လှသည်။
ယောက်ျားဖြစ်သူက ဤမျှနှင့် မကျေနပ်နိုင်သည်မှာ ထင်ရှားလှပြီး တဖြည်းဖြည်းနှင့် အနမ်းများက ပိုနက်ရှိုင်းလာတော့သည်။
ရှန်မော့အာက အနောက်သို့ အနည်းငယ်လန်သွားပြီး ခန္ဓာကိုယ်အနေအထားမှာ အနည်းငယ် အဆင်မပြေဖြစ်သွားသဖြင့် သူမက မသိစိတ်ကအလိုလို လက်ဆန့်ကာ ဖုမင်ဇယ်၏ ပခုံးကို လှမ်းတွယ်ထားလိုက်မိသည်။ ထို့နောက်တွင် ဖုမင်ဇယ်က သူမ၏ခါးကို ဖက်ကာ တစ်ပါတည်း ပွေ့ချီလိုက်လေတော့သည်။
ယောက်ျားဖြစ်သူ၏ ပူနွေးသော လက်ဖဝါးက ပါးလျသော အဝတ်စကိုဖြတ်၍ ခါးပေါ်သို့ ကပ်လာသောအခါ ရှန်မော့အာ၏ တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်သွားပြီး နှုတ်ခမ်းထောင့်မှနေ အလိုလို ညည်းတွားသံတိုးတိုးလေး ထွက်ပေါ်လာတော့သည်။
ဖုမင်ဇယ်၏ အသက်ရှူသံများ ရပ်တန့်သွားကာ နှုတ်ခမ်းနှင့် သွားများကြားတွင် ပိုပူပြင်းပြင်းပြလာပြီး အတားအဆီးမဲ့စွာဖြင့် ပိုမိုပြင်းထန်စွာ တိုက်ခိုက်သိမ်းပိုက်လာတော့သည်။
ဆောင်းဦးည၏ အေးမြသောလေထုကပင် ရုတ်တရက် ပူလောင်လာသကဲ့သို့ ထင်မှတ်ရသည်။ ရှန်မော့အာ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားကာ နားထဲတွင်တော့ လေးလံပြင်းထန်သော နှလုံးခုန်သံများသာ ပြည့်နှက်နေ၏။ ၎င်းမှာ သူမကိုယ်တိုင်၏ နှလုံးခုန်သံဖြစ်ပြီး ပိုမိုလေးလံလာသော အသက်ရှူသံများကမူ ဖုမင်ဇယ်၏ အသံများပင်။
ပူနွေးသော အနမ်းများက နှုတ်ခမ်းထောင့်မှတစ်ဆင့် နားရွက်အဖျားအထိ လျှောဆင်းသွားပြီး ယားယံလွန်းသဖြင့် ခြေဖျားများပင် မသိစိတ်ဖြင့် ကွေးကောက်သွားတော့သည်။ ရှန်မော့အာသည် ယောက်ျားဖြစ်သူ၏ တိမ်ဝင်သော ဩရှရှအသံကို ကြားလိုက်ရသည်။
"ကုတင်ပေါ် သွားရအောင်"
ဝုန်းကနဲပင် နားရွက်များပါ ပူထူသွားတော့သည်။
ဖုမင်ဇယ်က သူမကို အလွယ်တကူ ပွေ့ချီကာ အနီရင့်ရောင် စောင်များခင်းထားသော ကုတင်ပေါ်သို့ တင်လိုက်၏။ နက်မှောင်သော ဆံကေသာများက အနီရောင် အိပ်ရာခင်းပေါ်တွင် ပြန့်ကျဲနေပြီး ဖြူဝင်းသော အသားအရေ၊ နီမြန်းနေသော နှုတ်ခမ်းများနှင့် ရီဝေဝေ မျက်ရည်စများ ရစ်သိုင်းနေသော မျက်ဝန်းများက ရင်သပ်ရှုမောဖွယ် အလှတရားတစ်ရပ်ကို ဖန်တီးနေလေသည်။
စူးရှစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုမင်ဇယ်က ခေါင်းငုံ့ကာ ထပ်မံ နမ်းရှိုက်လိုက်ပြန်သည်။
မကြာမီမှာပင် ရေဆေးပန်းချီကားနှင့်တူသော ညအိပ်ဝတ်စုံလေးက ကုတင်အောက်ခြေသို့ ပစ်ချခံလိုက်ရသည်။ မိန်းကလေး၏ ဖြူဝင်းသွယ်လျသော လက်မောင်းလေးများက ယောက်ျားဖြစ်သူ၏ ပခုံးပေါ်တွင် အားအင်မဲ့စွာ တင်ထားလျက် မျက်လုံးများကို အနည်းငယ်မှေးကာ ယောက်ျားဖြစ်သူ၏ ချောမောသန့်ပြန့်သော မျက်နှာထားနှင့် အချိုးအစားကျနလှပသော မေးရိုးများဆီမှ အဆက်မပြတ် ကျဆင်းနေသော ချွေးစက်များကို ကြည့်နေလေသည်။
"ဖုမင်ဇယ်"
သူမက မောဟိုက်စွာဖြင့် မျက်မှောင်လေးကို အနည်းငယ် ကြုတ်လိုက်၏။
"အင်း"
သူက လက်ဆန့်ကာ သူမကို ဆွဲတင်လိုက်ပြီး ချွေးများစိုရွှဲနေသော နဖူးဖြင့် သူမ၏ နဖူးကို ထိကပ်လိုက်ကာ သူမ၏ တိုးတိတ်သော ကန့်ကွက်သံလေးကြားမှပင် ကိုယ်ကိုကိုင်းညွတ်ပြီး ထပ်မံနမ်းရှိုက်လိုက်ပြန်လေတော့သည်။
ညဉ့်က တဖြည်းဖြည်း နက်ရှိုင်းလာသော်လည်း အခန်းတွင်းမှ မီးရောင်ကမူ အချိန်ကြာမြင့်စွာ ငြိမ်းသတ်ခြင်း မရှိသေးချေ။
နောက်တစ်နေ့တွင် ရှန်မော့အာ နိုးလာချိန်၌ မိုးလင်းနေပြီဖြစ်သည်။ သူမက မျက်တောင်လေးခတ်ကာ ကုတင်၏ တခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ လွတ်ဟာနေလေသည်။
ဖုမင်ဇယ်က မည်သည့်အချိန်ကတည်းက ထသွားမှန်း မသိချေ။
သတိတရားများ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာမှ ခေါင်းထဲတွင် မသိလိုက်မသိဘာသာဖြင့် ညက အဖြစ်အပျက်တချို့ ဖြတ်ပြေးသွားသဖြင့် ရှန်မော့အာတစ်ယောက် ချက်ချင်းပင် မျက်နှာပူထူလာတော့၏။ သူမက စောင်ကိုဆွဲယူကာ မိမိကိုယ်ကိုယ် လှည့်စားသကဲ့သို့ ခေါင်းကို ဆွဲခြုံထားလိုက်သော်လည်း မကြာမီမှာပင် စောင်ထဲမှ ခေါင်းလေး ပြန်ထွက်လာခဲ့သည်။
မွန်းကြပ်လိုက်တာ။
ကံကောင်းလို့ မျက်လုံးဖွင့်ဖွင့်ချင်း ဖုမင်ဇယ်နဲ့ မျက်နှာချင်းမဆိုင်လိုက်ရတာ။ မဟုတ်ရင် ငါ တကယ်ကို ရှက်လွန်းလို့ သေရပါလိမ့်မယ်။
မနေ့ညက သူမ၏နားနားကပ်ကာ ထူးဆန်းသော စကားတချို့ဖြင့် သူမကို ချော့မော့ပြောဆိုခဲ့သည်များကို တွေးမိသောအခါ ရှန်မော့အာက မနေနိုင်ဘဲ နှာဘူးကောင် ဟု တိတ်တဆိတ် ထပ်မံကျိန်ဆဲလိုက်မိသည်။
ခန္ဓာကိုယ်က အနည်းငယ် ညောင်းညာကိုက်ခဲနေသော်လည်း ရှန်မော့အာက မြန်မြန်ဆန်ဆန်ပင် ထလိုက်သည်။
သူမ ရှပ်အင်္ကျီဝတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဖုမင်ဇယ်က ဝင်လာခဲ့သည်။ သူမ ထနေပြီဖြစ်သည်ကို မြင်သောအခါ သူက အနည်းငယ် ကြောင်အမ်းသွားပြီး မေးလိုက်သည်။
"ဒီနေ့က တနင်္ဂနွေနေ့လေ။ ဘာလို့ နည်းနည်းလောက် ထပ်မအိပ်တာလဲ"
ရှန်မော့အာက ဘီးကိုကိုင်ကာ ဆံပင်ဖြီးရန် ပြင်ဆင်နေသည်ကို မြင်သောအခါ သူက အလွန်သဘာဝကျစွာဖြင့် ဘီးကို လှမ်းယူကာ ကူညီပေးလိုက်သည်။
"ကျစ်ဆံမြီး ကျစ်မလား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ ချထားမလား"
ရှန်မော့အာက မနေ့ညက အဖြစ်အပျက်များကို ထပ်မံတွေးမိသွားသဖြင့် မျက်နှာမှာ မီးလောင်နေသည့်အလား ပူထူသွားသည်။ သူမက သူ၏လက်ကို တစ်ချက်ပုတ်ကာ ဘီးကို ပြန်လုယူလိုက်သောအခါ ဖုမင်ဇယ်က မျက်ခုံးပင့်လိုက်ပြီး "ဘာဖြစ်လို့လဲ"
ရှန်မော့အာက ပြန်မေးလိုက်သည်။ "ရှင် ကျစ်ဆံမြီး ကျစ်တတ်လို့လား"
...
အပိုင်း (၅၇.၂)
ဖုမင်ဇယ်က "မတတ်ဘူး" ဟု ရိုးသားစွာ ဖြေလိုက်ပြီးနောက် ချက်ချင်းပင် ထပ်ပြောလိုက်သည်။ " သင်လို့ရပါတယ်"
ရှန်မော့အာက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး မျက်တောင်နှင့် မျက်ခုံးစွန်းလေးများတွင် ပန်းသွေးရောင်လေး သန်းနေလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဖုမင်ဇယ်၏ ရင်ထဲတွင် ယားကျိကျိဖြစ်လာကာ မနေနိုင်တော့ဘဲ အနားသို့တိုးကပ်ပြီး အနမ်းတစ်ပွင့်ကို ခိုးယူလိုက်တော့၏။
ဇနီးမောင်နှံနှစ်ဦးမှာ နောက်ထပ် ၁၀ မိနစ်ကျော်ခန့် ကျီစယ်နေကြပြီးမှသာ အခန်းပြင်သို့ ထွက်လာခဲ့ကြသည်။
ရှန်ရှောက်ယွမ်က အတော်လေးစောစော ထလေသည်။ ရှန်မော့အာ နိုးလာချိန်တွင် သူက နံနက်စာစားပြီးနေပြီဖြစ်ကာ အိမ်တွင် အချိန်သိပ်မကြာလိုက်ဘဲ အေးအေးလူလူ လမ်းလျှောက်ထွက်သွားခဲ့သည်။
သူက ယောက္ခထီးတစ်ယောက်အနေဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦး၏ ကြည်နူးနေမှုများကို ဆက်မကြည့်နိုင်တော့သဖြင့် အပြင်ထွက်ကာ အခြားသူများနှင့် စကားစမြည်ပြောရင်း ရှန်လောင်အာ့မိသားစု၏ အရှုပ်အထွေးသတင်းများကိုပါ နားထောင်ရန် အခွင့်ကောင်းယူလိုက်ခြင်းပင်။
ကြားသိရသည်မှာ သူ၏ ထိုတူမဖြစ်သူက ယမန်နေ့ညသန်းခေါင်ယံအချိန်တွင် တပ်ဖွဲ့ချုပ်မှနေ၍ စက်ဘီးကို ကိုယ်တိုင်စီးကာ ပြန်လာခဲ့သည်ဟူ၏။
အကြောင်းရင်းမှာ ယမန်နေ့က ရွာထိပ်တွင် အကြီးအကျယ် ဆူပူသောင်းကျန်းခဲ့သည်ကို ကျန်းမိသားစုဘက်မှ ဆွေမျိုးများက ပြန်သွားပြီး ကျန်းအမေကို ပြောပြခဲ့သောကြောင့်ဖြစ်သည်။ ကျန်းအမေက ထိုအချိန်က ဘာမှမပြောခဲ့သော်လည်း စားသောက်ပွဲ ပြီးဆုံးသွားချိန်တွင် ဇနီးမောင်နှံနှစ်ဦး၏ မင်္ဂလာဦးညကိုပင် ဂရုမစိုက်တော့ဘဲ လူကိုဆွဲခေါ်ကာ ညတစ်ဝက်နီးပါး ဆူပူကြိမ်းမောင်းခဲ့လေသည်။
ရှန်လင်းလင်းကလည်း အနှိမ်ခံမည့်သူမျိုးမဟုတ်သောကြောင့် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ကျန်းကျွင့်လျန်၏ စက်ဘီးကို တွန်းထုတ်ကာ ယန်လျိုတပ်ဖွဲ့သို့ ပြန်စီးလာခဲ့တော့သည်။ ကျန်းကျွင့်လျန်ကတော့ သူ့အမေလို စိတ်လွတ်ကိုယ်လွတ် မဖြစ်သေးချေ။ သန်းခေါင်ယံအချိန်တွင် ကြင်စဦးဇနီးသည် လမ်းခရီး၌ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် သူ့အစ်ကိုထံမှ စက်ဘီးကိုငှားကာ နောက်မှလိုက်လာခဲ့ရသည်။
ညဉ့်နက်သန်းခေါင်အချိန်တွင် ဤဇနီးမောင်နှံနှစ်ဦးက ရှေ့ဆင့်နောက်ဆင့် ရွာထဲသို့ ဝင်လာကြသဖြင့် ကင်းလှည့်နေသော ပြည်သူ့စစ်များက သူခိုးဟုထင်မှတ်ပြီး ဖမ်းဆီးတော့မလိုပင် ဖြစ်သွားခဲ့သေးသည်။ ထို့နောက် ရှန်လောင်အာ့၏ အိမ်ထဲသို့ ဝင်သွားသောအခါတွင်လည်း တစ်အိမ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်၏။
ရှန်လောင်အာ့ ဇနီးမောင်နှံနှစ်ဦးစလုံးက စကားပြောကောင်းသူများဖြစ်နေ၍သာ တော်တော့သည်။ သူတို့က သံယောဇဉ်ကိုအသုံးချကာ အကြောင်းအကျိုးကို ရှင်းပြချော့မော့လိုက်မှ နောက်ဆုံးတွင်တော့ ထိုနှစ်ဦးကို တားဆီးနိုင်ခဲ့လေသည်။
မူလကတည်းက ဇနီးမောင်နှံနှစ်ဦးက ယန်လျိုတပ်ဖွဲ့တွင်သာ နေထိုင်ကြမည်ဖြစ်ပြီး အခန်းများကလည်း အသင့်ရှိပြီးသားဖြစ်သည်။ အစောပိုင်းက မင်္ဂလာဦးညကို တပ်ဖွဲ့ချုပ်တွင် ဖြတ်သန်းရန် စီစဉ်ထားခဲ့သော်ငြား ယခုအခါတွင်တော့ ရှိပါစေတော့။ သန်းခေါင်ယံအချိန်ကြီးတွင် ဟိုဟိုဒီဒီ သွားလာနေရသည်မှာပင် ဗာဟီရများလှသဖြင့် ယန်လျိုတပ်ဖွဲ့တွင်သာ တိုက်ရိုက် အိပ်စက်လိုက်ကြတော့သည်။
နံနက်မိုးလင်းသောအခါ သူတို့သည် အစကတည်းက ညအိပ်ရန် ယန်လျိုတပ်ဖွဲ့သို့ ပြန်လာမည်ဟု သဘောတူထားပြီးသားဖြစ်ကြောင်း၊ တပ်ဖွဲ့ချုပ်ဘက်တွင် နေရာမလောက်ငှသောကြောင့်ဖြစ်ကြောင်း ထျန်းဖန်က ပြောဆိုကာ ဖုံးကွယ်ပေးနေသေး၏။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အိမ်ရှိ အဆော့သန်ကြသောကလေးများက နှုတ်မလုံကြချေ။ သကြားလုံး ၂ လုံးမျှပေးရုံဖြင့် အမှန်တရားကို ဖော်ထုတ်ခံလိုက်ရသည်တွင် ထိုကိစ္စမှာ ရွာထဲတွင် လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
"သူတို့မိသားစုက တကယ်ကို အခြေအနေမှန်ကို မသိတာပဲ။ မလုပ်သင့်မလုပ်ထိုက်တာကိုလေ။ မော့အာနဲ့ တစ်ရက်တည်းမှာပဲ မင်္ဂလာဆောင်ချင်ရတယ်လို့။ အဲဒါက တိတ်တဆိတ် အပြိုင်အဆိုင်လုပ်ချင်နေတာ မဟုတ်ဘူးလား။ အဲဒီလိုရက်မျိုးကိုသာ မရွေးခဲ့ဘူးဆိုရင် ရွာထိပ်မှာ နှစ်ဖက်လူတွေ ဘယ်လိုလုပ်ပြီး သွားဆုံကြမှာလဲ"
"ဒါနဲ့နေပါဦး၊ သူတို့အိမ်က ရှန်လင်းလင်းနဲ့ ပညာတတ်လူငယ်ကျန်းတို့က တကယ်ပဲ ဘယ်လိုတွေဖြစ်ကြတာလဲ။ ပညာတတ်လူငယ်ကျန်းက ပုံမှန်ဆို ကြည့်ရတာ အတော်လေး တည်ငြိမ်တဲ့လူတစ်ယောက်ပါပဲ။ အရက်မူးသွားတော့ ဒီလောက်တောင် ရိုင်းစိုင်းသွားရသလား။ အမယ်လေး... ပြောရဦးမယ်၊ ငါတို့က အဲဒီအချိန်တုန်းက လောင်ချီတို့အိမ်မှာ ရှိနေခဲ့ကြတာလေ၊ သိပ်လည်း မဝေးပါဘူး။ ဘာလို့များ သွားမကြည့်ဖြစ်ခဲ့ပါလိမ့်နော်"
"ငါတို့ဘက်မှာလည်း လူတွေက များနေတာကိုး။ အားလုံးက အလုပ်တစ်ဖက်လုပ်ရင်း စကားတွေပြောနေကြတော့ အပြင်ဘက်ကို သတိမထားမိလိုက်ကြဘူးလေ။ ကြားတာတော့ ကျန်းမိသားစုဘက်က သတို့သမီးလာကြိုတဲ့လူတွေကို ပညာတတ်လူငယ်ကျန်း တစ်ယောက်တည်းက ယုန်တွေလို ပြေးလွှားရတဲ့အထိ လိုက်လံနှင်ထုတ်ခဲ့တယ်ဆိုပဲ။ ဟူး... ကိုယ်တိုင် မမြင်လိုက်ရတာ တကယ် နှမြောစရာပဲ"
"ပညာတတ်လူငယ်ကျန်းက ရှန်လင်းလင်းကို သဘောကျနေတာကိုး။ ကြားတာတော့ မနေ့က ကျန်းမိသားစုဝင်တွေကို နှင်ထုတ်ပြီးတဲ့နောက် ပညာတတ်လူငယ်ကျန်းတစ်ယောက် ပညာတတ်လူငယ်များစခန်းကို ကြိုးတုပ်ပြီး ခေါ်သွားခံရတော့ သူက ငိုတော့တာပဲတဲ့။ ငိုလိုက်တာများ သနားစရာကောင်းလွန်းလို့ ကြားရတဲ့သူတိုင်း မျက်ရည်ကျပြီး မြင်ရတဲ့သူတိုင်း စိတ်မကောင်းဖြစ်ရတယ်တဲ့လေ။ ဟီးဟီး... ဒါက ငါပြောတာမဟုတ်ဘူးနော်၊ ပညာတတ်လူငယ်ကျိန့် ပြောတာ"
"နင်တို့ပြောကြည့်စမ်းပါဦး၊ ရှန်လင်းလင်းက ဘာရောဂါများ စွဲနေတာလဲ၊ သူက ကျန်း ဆိုတဲ့မျိုးရိုးရှိတဲ့လူတွေကိုမှ ရွေးပြီး ဖမ်းဆုပ်ချင်နေတာလား။ ကျန်းကျစ်ချန်၊ ကျန်းကျွင့်လျန် တဲ့။ မပြောနဲ့တော့၊ နာမည်တွေကတောင် နည်းနည်းဆင်တူနေသေးတယ်"
"အမယ်လေး... မပြောနဲ့တော့၊ တကယ်ပဲနော်။ ပြောရရင်တော့ ငါတို့ ယန်လျိုတပ်ဖွဲ့ကြီးက တကယ်ကို နာမည်ကြီးတော့မှာပဲ။ သတို့သားက သတို့သမီးလာကြိုတဲ့လမ်းမှာ တခြားလူရဲ့ လိုက်ရိုက်တာကို ခံရတယ်ဆိုတာ ဒီဆယ်မိုင်ပတ်လည် ရွာရှ၈ရွာမှာ ဒီလိုကိစ္စမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျွတ်... ငါတို့က ဒီလောက်နီးနီးလေးမှာရှိနေရက်နဲ့ မမြင်လိုက်ရဘူးလို့ စဉ်းစားသာကြည့်တော့"
ပြောရမည်ဆိုလျှင် ထိုမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့လိုက်ရခြင်းက အနှမြောစရာအကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
ရှန်ရှောက်ယွမ်က အဘိုးကြီးအဘွားကြီးတစ်စုကြားတွင် ရောနှောနေသော်လည်း မိမိ၏ တူမဖြစ်သူအကြောင်း အတင်းအဖျင်း ပြောနေကြသည်ကို နားထောင်ရခြင်းမှာ ဘာမှမဖြစ်သလိုပင် လုံးဝမခံစားရချေ။
ရှန်လောင်အာ့ မိသားစုတစ်စုလုံးတွင် လူကောင်းဟူ၍ တစ်ယောက်မှမရှိချေ။ သူတို့က လုပ်ရဲလျှင် ထိုက်တန်သော အကျိုးဆက်များကိုလည်း ခံစားရပေလိမ့်မည်။
ဥပမာအားဖြင့် ကျန်းကျစ်ချန်၏ ကိစ္စကိုပင် ကြည့်။ အကယ်၍ ရှန်လင်းလင်းကသာ ပုံမှန်အချိန်များတွင် သူ့ကို မျှော်လင့်ချက်ပေးကာ မဆွဲဆောင်ထားခဲ့လျှင် သူက အရက်အနည်းငယ် သောက်ရုံဖြင့် သည်လောက်အထိ ရူးသွပ်သွားစရာအကြောင်း ရှိပါမည်တဲ့လား။
အမျိုးသမီးများက မိမိတို့၏ အလှအပကို အသုံးချကာ အမျိုးသားများကို သွေးဆောင်ဖြားယောင်းပြီး ရည်ရွယ်ချက်တချို့ကို အကောင်အထည်ဖော်တတ်ကြသည့် ဤကဲ့သို့သော ကိစ္စမျိုးကို ရှန်ရှောက်ယွမ်က တကယ်ကို များပြားလှစွာ မြင်တွေ့ခဲ့ဖူးလေပြီ။
နန်းတော်အပြင်ရော အထဲတွင်ပါမက အထက်တန်းလွှာ အိမ်ကြီးရှင်များကြားတွင် ဤကဲ့သို့သောအရာများက အဆန်းတကြယ် မဟုတ်တော့ချေ။
သို့သော်လည်း သူတို့ခေတ်အခါက "ပဒေသရာဇ်ခေတ်" ဖြစ်ခဲ့ကာ အမျိုးသမီးအများစုမှာ အမျိုးသားများကို မှီခိုအားထား၍သာ အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြရပြီး တစ်ခါတစ်ရံတွင်လည်း မတတ်သာသောကြောင့်သာ ဖြစ်ခဲ့ကြရသည်။ ယခု ကမ္ဘာလောကကြီးတွင်လည်း ယောကျ်ားလေးများကို ပိုမိုအလေးပေးပြီး မိန်းကလေးများကို နှိမ်ချဆက်ဆံသူ အများအပြား ရှိနေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ ရှန်လင်းလင်းကဲ့သို့ ကိုယ်ပိုင်အလုပ်အကိုင်တစ်ခုရှိပြီး မိသားစုအခြေအနေကလည်း အတော်အသင့် ပြေလည်နေသူတစ်ယောက်က ဤကဲ့သို့သော လှည့်ကွက်များကို အဘယ်ကြောင့် လုပ်ဆောင်နေရသနည်းဆိုသည်ကို ရှန်ရှောက်ယွမ်အနေဖြင့် အလွန်ပင် နားလည်ရခက်နေလေတော့သည်။
နောက်ဆုံးတွင် ဤသို့ဖြစ်သွားရခြင်းမှာလည်း အမှန်တကယ်တော့ သူမကိုယ်တိုင် ဖန်တီးခဲ့သော ပြဿနာများသာ။
တစ်ဆင့်လျှော့ပြီး ပြောရမည်ဆိုလျှင် ယမန်နေ့က ရှန်လင်းလင်းနှင့် ကျန်းကျွင့်လျန်တို့သာ တမင်တကာ ရန်စရန် မရည်ရွယ်ဘဲ ရှန်မော့အာကို အနိုင်မယူချင်ခဲ့လျှင် နောက်ပိုင်းကိစ္စများလည်း ဖြစ်လာမည် မဟုတ်ချေ။
"ဟေး... တပ်ဖွဲ့ခေါင်းဆောင်က ဒီလောက်မြန်မြန် ပြန်ရောက်လာတာလား" လူတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
ဤလူတစ်စု စကားစမြည်ပြောဆိုနေကြသည့် နေရာမှာ ရွာထဲရှိ ညောင်ပင်ကြီးအောက်တွင် ဖြစ်သည်။ ရာသီဥတုက အေးမြလာပြီဖြစ်သောကြောင့် နေ့ခင်းဘက်တွင် အပြင်ထွက်ပြီး နေစာလှုံရသည်မှာ အတော်လေး သက်တောင့်သက်သာ ရှိလှလေသည်။
သူတို့အဖွဲ့မှာ ဤနေရာတွင် မနက်ခင်းတစ်ပိုင်းလုံး ထိုင်နေခဲ့ကြသည်။ ကျိုးမန်ခန်း စက်ဘီးစီးပြီး ထွက်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီး မကြာမီမှာပင် အဘယ်ကြောင့် ပြန်ရောက်လာရသနည်း။
"လောင်ချီ... မင်းအိမ်က မော့အာရော" ကျိုးမန်ခန်းက အဝေးမှနေ၍ အော်မေးလိုက်သည်။
ရှန်ရှောက်ယွမ် : "အိမ်မှာပါ"
တခြားဘယ်နေရာမှာ ရှိနိုင်ပါဦးမည်နည်း။ ဇနီးမောင်နှံနှစ်ဦးက အိပ်ရာထ၊ နံနက်စာစားပြီးသည်နှင့် ခြံဝင်းထဲတွင် နေဆာလှုံရင်း စာဖတ်နေကြလေသည်။ တစ်ယောက်ကိုတစ်ယောက် ရိုက်လိုက်၊ ဆိတ်လိုက်နှင့် မြင်ရသူအဖို့ စိတ်အနှောင့်အယှက်ဖြစ်စရာပင်။
ကျိုးမန်ခန်း : "ဒါဆိုလည်း သွားမယ်၊ မင်းအိမ်ကို သွားကြစို့"
ရှန်ရှောက်ယွမ်က ပျင်းရိပျင်းတွဲဖြင့် မတ်တတ်ရပ်လိုက်ပြီး "ခင်ဗျားက မော့အာကို ရှာတာဆိုရင် အိမ်ကို တိုက်ရိုက်သွားလိုက်ရင် ရနေတာပဲကို ဘာလို့ ရွာထဲကို တန်းတန်းမတ်မတ် ဝင်လာရတာလဲ"
ကျိုးမန်ခန်းက အောင့်သက်သက်ဖြင့် ပြန်ဖြေလိုက်၏။ "ငါက မင်းဒီမှာရှိနေတာကို အရင်တွေ့လိုက်လို့ပါ။ ကြင်စဦးဇနီးမောင်နှံကို သွားအနှောင့်အယှက်ပေးမိမှာ စိုးလို့လေ"
ရှန်ရှောက်ယွမ်က စုတ်တစ်ချက်သပ်လိုက်၏။
လူတစ်ယောက်က မနေနိုင်တော့ဘဲ စပ်စုလိုက်သည်။ "တပ်ဖွဲ့ခေါင်းဆောင်ကြီး... ခင်ဗျားကိုကြည့်ရတာ ပျော်နေသလိုပဲ၊ ဘာသတင်းကောင်းများ ရှိလို့လဲ"
ကျိုးမန်ခန်းက ပုံမှန်အားဖြင့် အနည်းငယ် တည်ကြည်လေးနက်သူဖြစ်သော်လည်း ယနေ့ သူ့အမူအရာကတော့ ပျော်ရွှင်လွန်းသဖြင့် နှုတ်ခမ်းထောင့်များကိုပင် မထိန်းချုပ်နိုင်တော့သည်မှာ ထင်ရှားလှသည်။ သို့သော် သူက မျက်နှာကိုတည်ထားကာ ဘာမှမပြောပြချေ။ "အရင်ဆုံး မော့အာကို သွားပြောပြရဦးမယ်။ ပြောပြီးမှပဲ အားလုံးကို အသိပေးတော့မယ်"
ထိုသို့ပြောရင်း အဝတ်အစားဖာထေးရင်း စကားပြောနေသော အဒေါ်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး "ခင်ဗျားတို့ သိချင်ကြတယ်ဆိုရင်လည်း လောင်ချီတို့အိမ်ကို အတူတူလိုက်သွားပြီး နားထောင်ကြတာပေါ့"
ကြည့်ရတာ တကယ်ပဲ သတင်းကောင်း ရှိနေသည်ထင်ပါရဲ့။
ဘာပဲဖြစ်ဖြစ် အားနေသည်က အားနေသည်ပင်ဖြစ်သောကြောင့် လူတော်တော်များများက ပစ္စည်းများကို သိမ်းဆည်းကာ နောက်မှ လိုက်သွားကြလေသည်။
လူတစ်စုက ရွာထိပ်သို့ လျှောက်သွားလိုက်ကြပြီး အလုပ်မရှိသဖြင့် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ပုရွက်ဆိတ်များ ပဲစေ့သယ်နေသည်ကို ကြည့်နေကြသော အဆော့သန်သည့် ကလေးတချို့ကလည်း ချက်ချင်းပင် လက်ခုပ်တီးကာ နောက်မှ လိုက်သွားကြတော့သည်။ လမ်းတွင် ရွာထဲမှ တခြားသူများနှင့် ဆုံတွေ့ကြပြီး လူတိုင်းက ပွဲကြည့်စရာရှိသည်ဟု ကြားသည်နှင့် ဘာပွဲမှန်း မသိသော်ငြား နောက်မှလိုက်လာသူ အများအပြား ရှိနေလေသည်။
ပွဲကြည့်ရမည်ဆိုလျှင် လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ အားလုံးက နှစ်သက်ကြသည် မဟုတ်ပါလား။
ထို့အပြင် အားနေကြသည့်အချိန်များလည်း ဖြစ်နေပေသည်။
ဖုမင်ဇယ် တံခါးဖွင့်လိုက်ချိန်တွင် များပြားလှသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် မှင်သက်သွားခဲ့သည်။ "တပ်ဖွဲ့ခေါင်းဆောင်ကြီး... ခင်ဗျားတို့က..."
ကျိုးမန်ခန်း : "ရှောင်ဖု... မော့အာ ရှိတယ်မလား"
ရွာသူရွာသားတစ်ယောက်နှင့် လက်ထပ်လိုက်ပြီဖြစ်သောကြောင့် သူက ယန်လျိုတပ်ဖွဲ့မှ လူတစ်ယောက်ဖြစ်သွားပြီဖြစ်၍ ပညာတတ်လူငယ်ဖုဟု သဘာဝကျစွာဖြင့် မခေါ်ဆိုတော့ချေ။ ကျိုးမန်ခန်းက ဖုမင်ဇယ်ကို အတော်လေး သဘောကျသူဖြစ်သောကြောင့် ရှောင်ဖု ဟု အလွန်ရင်းနှီးစွာ ခေါ်ဆိုလိုက်ခြင်းပင်။
"ရှိပါတယ်၊ အားလုံး အရင်ဝင်လာကြပါဦး" ဖုမင်ဇယ်က မျက်ခုံးပင့်လိုက်ပြီး အော်ခေါ်လိုက်သည်။ "မိန်းမရေ... တပ်ဖွဲ့ခေါင်းဆောင်ကြီးက မင်းကို ရှာနေတယ်"
အနောက်ဘက်တွင် အေးအေးလူလူ လျှောက်လာရင်း အိမ်ရှေ့သို့ အရောက်တွင် ဖုမင်ဇယ်က ဇနီးသည်ကို အလွန်ပင် ပြေပြေပျစ်ပျစ် ခေါ်လိုက်သည်ကို ကြားလိုက်ရသော ရှန်ရှောက်ယွမ်မှာ နှုတ်ခမ်းများပင် တွန့်သွားတော့သည်။
"တပ်ဖွဲ့ခေါင်းဆောင်ကြီး" ရှန်မော့အာက အခန်းထဲမှ ထွက်လာပြီး ခြံဝင်းထဲရှိ များပြားလှသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားတော့သည်။ "ဘာကိစ္စများ ရှိလို့လဲရှင်"
တစ်ချိန်လုံး တည်ငြိမ်ဟန်ဆောင်ကာ မနည်းအောင့်အည်းထားရသော ကျိုးမန်ခန်းက ရှန်မော့အာကို မြင်လိုက်သည်နှင့် ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားလာကာ အသံများပင် ရှစ်ဆခန့် ကျယ်လောင်သွားတော့သည်။ "မော့အာရေ... ပြည်နယ်မြို့တော် ပြိုင်ပွဲရဲ့ ရလဒ်တွေ ထွက်လာပြီ။ တစ်ပြည်နယ်လုံးမှာ ဒုတိယဆုတဲ့။ ငါတို့တပ်ဖွဲ့က နှစ်ယောက်စလုံး တစ်ပြည်နယ်လုံး ဒုတိယဆု ရကြတယ်ဟေ့"
"ဘယ်လို" ရှန်မော့အာ စကားပင်မပြောရသေးမီ ပွဲကြည့်ရန် လိုက်ပါလာသော အဒေါ်ချန်က ရုတ်တရက် ခုန်ထွက်လာခဲ့သည်။ "တပ်ဖွဲ့ခေါင်းဆောင်ကြီး... ရှင်ပြောတာ တစ်ပြည်နယ်လုံး ဒုတိယဆု နှစ်ယောက်ဆိုတော့ ကျွန်မတို့အိမ်က မောင်းမောင်လည်း ဒုတိယဆု ရတာလား"
ကျိုးမန်ခန်းက လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး "ဟုတ်တယ်၊ မောင်းမောင်က ဒုတိယဆု၊ ကျောက်တိလည်း ဒုတိယဆုပဲ။ ငါတို့တပ်ဖွဲ့မှာ ဒုတိယဆု နှစ်ဆုရှိတယ်။ တစ်ခရိုင်လုံး၊ မဟုတ်ဘူး... တစ်မြို့လုံးမှာ အမြင့်ဆုံးက ဒုတိယဆု နှစ်ဆုပဲ။ ငါတို့ ယန်လျိုတပ်ဖွဲ့ကတော့ ဒီတစ်ကြိမ် တကယ့်ကို ဂြိုဟ်တုလွှတ်တင်လိုက်နိုင်ပြီဟေ့"
"ဟယ်... မောင်းမောင်ရယ်... အမယ်လေး... အဘွားရဲ့ မြေးလိမ္မာလေး၊ မင်းက တကယ်ကို ထူးချွန်တာပဲ"
အဒေါ်ချန်က ပုံမှန်အားဖြင့် အတော်လေး တည်ငြိမ်သူဖြစ်သော်လည်း ယနေ့ကတော့ သာမန်အခြေအနေ မဟုတ်ပေ။ တစ်မြို့လုံးတွင် အမြင့်ဆုံးက ဒုတိယဆုဖြစ်သောကြောင့် ပျမ်းမျှတွက်ကြည့်လျှင် သူတို့အိမ်မှ မောင်းမောင်က တစ်မြို့လုံးတွင် အတော်ဆုံး ကလေးနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။
ဒါက တကယ်ကို ဘိုးဘေးတွေကို ဂုဏ်ဆောင်လိုက်တာပဲ။
လွန်ခဲ့သည့် မိနစ်အနည်းငယ်က မြေကြီးပေါ်တွင် ပုရွက်ဆိတ်များကို ကြည့်နေခဲ့သော မောင်းမောင်မှာ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ပြီး ရင်ကိုချီကာ ခါးထောက်လျက် တဟားဟား ရယ်မောလိုက်တော့သည်။ "သားစွမ်းဆောင်ရည် အရမ်းကောင်းခဲ့တယ်လို့ သားပြောသားပဲ။ သားက တကယ်ကို တော်တာ"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အဘွားရဲ့ မြေးလိမ္မာလေးက တကယ်ကို တော်တာပါ။ ဒါပေမဲ့ အတော်ဆုံးကတော့ မော့အာပဲလေ။ အမယ်လေး မော့အာရယ်... နင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တော်ရတာလဲ၊ အလိုလေး" အဒေါ်ချန်က ပုံမှန်ဆိုလျှင် ကလေးများကို အလိုလိုက်တတ်သူမဟုတ်သော်လည်း ယခုအချိန်တွင်တော့ မြေးဖြစ်သူ ဘာပြောပြော အကုန်ထောက်ခံနေလေသည်။
"ဒါက တကယ်ကို တော်လွန်းနေပြီ မဟုတ်လား၊ အလိုလေး။ ငါတို့တပ်ဖွဲ့ မူလတန်းကျောင်းက ကလေးတွေက ပြည်နယ်အဆင့် ဒုတိယဆုကိုတောင် ရနိုင်တယ်ဆိုတော့လေ။ ဒါဆိုရင် အဲဒီတပ်ဖွဲ့မူလတန်းကျောင်းတွေ၊ ခရိုင်ထဲက တုန်းဖန်းဟုန်မူလတန်းကျောင်းတွေ၊ ပြီးတော့ မြို့ပေါ်က မူလတန်းကျောင်းတွေတောင် ငါတို့လောက် မတော်ဘူးပေါ့နော်"
"အမယ်လေး... ငါတို့ ယန်လျိုတပ်ဖွဲ့ကြီးကတော့ ဒီတစ်ခါ တကယ်ကို နာမည်ကြီးတော့မှာပဲ။ သတို့သားက သတို့သမီးလာကြိုတဲ့လမ်းမှာ တခြားလူရဲ့ လိုက်ရိုက်တာကို ခံရတယ်ဆိုတာက အရှက်ရစရာကိစ္စတွေပါ။ ဒါကမှ တကယ့်ကို မျက်နှာပန်းလှတဲ့ ကိစ္စအစစ်အမှန်ပါပဲ"
"မပြောနဲ့တော့၊ ငါတို့ ပြီးခဲ့တဲ့အကြိမ်က မြို့နယ်အဆင့်ဆုရတုန်းကတောင် လူတွေအများကြီး သိသွားကြတာလေ။ ငါ့မိဘအိမ်က မရီးကတောင် ငါ့ကို လာမေးသေးတယ်။ ငါတို့တပ်ဖွဲ့ မူလတန်းကျောင်းက သူတို့တပ်ဖွဲ့ထက် ပိုကောင်းတယ်ဆိုတော့ ငါ့တူလေးကို ငါတို့တပ်ဖွဲ့မှာ ကျောင်းလာထားလို့ရမလားတဲ့လေ။ အမယ်လေး... သူက ပုံမှန်ဆို ငါတို့အိမ်ကို အထင်သေးတာနော်။ အခုတော့ ရှားရှားပါးပါး ငါ့ကို စကားကောင်းလာပြောနေတာပဲ"
အားလုံးက တစ်ယောက်တစ်ပေါက်နှင့် စကားများ ပြောဆိုလာကြတော့သည်။
ဤသည်က ကလေးနှစ်ယောက်၏ ဂုဏ်ကျက်သရေသာမက သူတို့တပ်ဖွဲ့၏ ဂုဏ်ကျက်သရေလည်းဖြစ်သောကြောင့် ရွာသူရွာသားတစ်ဦးစီတိုင်းနှင့်လည်း သက်ဆိုင်နေသည် မဟုတ်ပါလား။
ပြည်နယ်အဆင့်မှာ ဆုရတာဆိုတော့ အနည်းဆုံး ၃ နှစ်ခန့် ဆက်တိုက် ကြွားလုံးထုတ်နိုင်ပြီလေ။
အားလုံးက ဂုဏ်ယူဝင့်ကြွားကာ ဝမ်းသာအားရ ဖြစ်နေကြသည်။
ကျိုးမန်ခန်းကလည်း အလွန်ပျော်ရွှင်နေ၏။ သူ၏ မည်းနက်သော မျက်နှာကြီးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် နီမြန်းတောက်ပနေပြီး အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "ပြည်နယ်အဆင့်က ဂုဏ်ပြုမှတ်တမ်းလွှာတွေနဲ့ ဆုပစ္စည်းတွေက ခရိုင်အထိ ရောက်နေပြီတဲ့။ စောစောက ငါ တပ်ဖွဲ့ကိုသွားတော့ တပ်ဖွဲ့အတွင်းရေးမှူးကန်း ကိုယ်တိုင် ငါ့ကို ပြောပြတာ။ ငါတို့ခရိုင်က ဒီတစ်ကြိမ်မှာ အရမ်းကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့လို့ ခရိုင်ကနေ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုဆုချီးမြှင့်ပွဲတစ်ခု ကျင်းပပြီး ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် မောင်းမောင်၊ ကျောက်တိ၊ မော့အာနဲ့ ငါတို့တပ်ဖွဲ့ကို ဆုချီးမြှင့်မယ်တဲ့ဟေ့"
ဘုရားရေ... ဂုဏ်ပြုဆုချီးမြှင့်ပွဲကြီးတောင် ကျင်းပဦးမှာတဲ့လား။
ဒါက တကယ်ကို သူတို့ ယန်လျိုတပ်ဖွဲ့ကြီး တစ်ခရိုင်လုံးမှာ နာမည်ကြီးတော့မှာပါလား။
...
အပိုင်း (၅၈.၁)
ခရိုင်ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပမည့်နေ့တွင် တပ်ဖွဲ့မှ အတွင်းရေးမှူးကန်းက ဆုံးဖြတ်ချက်ချကာ ခရိုင်ပို့ဆောင်ရေးကုမ္ပဏီမှ ကုန်တင်ကားကြီးတစ်စီးကို တိုက်ရိုက်ငှားရမ်းခဲ့ပြီး ယန်လျိုတပ်ဖွဲ့မှ လူတစ်pk တပ်ဖွဲ့ဂုဏ်ပြုခံရမည့် ဂုဏ်ယူဖွယ်အချိန်အခါအား ကြည့်ရှုနိုင်ရန် ခရိုင်မြို့ပေါ်သို့ တင်ခေါ်သွားလေ၏။
မှန်ပေသည်။ ကလေး ၂ ယောက်နှင့် ကြီးကြပ်သူဆရာမဖြစ်သော ရှန်မော့အာတို့သာ ပြည်နယ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် မြို့နှင့်ခရိုင်မှ ဂုဏ်ပြုဆုများကို ရရှိမည်မဟုတ်ဘဲ ယန်လျိုတပ်ဖွဲ့ဟူသော အဖွဲ့အစည်းကလည်း ထူးချွန်ဂုဏ်ပြုဆုကို ရရှိမည်ဖြစ်သည်။
တကယ်တမ်းတွင် ခရိုင်က ဤကိစ္စတစ်ခုတည်းအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို သီးသန့်ကျင်းပခြင်းမဟုတ်ဘဲ တခြားသောကိစ္စရပ်များနှင့် ပေါင်းစပ်ကာ ကျင်းပခြင်းဖြစ်ကာ ပြည်နယ်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်းမှာ အစီအစဉ်များထဲမှ တစ်ခုသာဖြစ်၏။ သို့တိုင်အောင် ခရိုင်က အလေးအနက်ထားကြောင်း ပေါ်လွင်နေပေသည်။
ကျေးလက်တောရွာမှ လူများက ဤအထဲမှ အကြောင်းအရာများကို နားမလည်ကြသော်လည်း အချုပ်အားဖြင့် ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပြီး ခရိုင်ကလည်း အထူးတလည် ဂုဏ်ပြုပွဲကျင်းပပေးကာ တပ်ဖွဲ့ချုပ်ကပါ သူတို့ကို ဆုပေးပွဲကြည့်ရှုနိုင်ရန် ကားအထူးစီစဉ်ပေးခြင်းများမှာ တစ်ခါမှ မကြုံဖူးသေးသော ကိစ္စများပင်။
တပ်ဖွဲ့မူလတန်းကျောင်းမှ ကျောင်းသားများမှာ အခြေခံအားဖြင့် အားလုံးပါဝင်ကြပြီး အဒေါ်ချန်တို့မိသားစု၊ ကျိုးရှောင်ရွှမ်းတို့မိသားစုကဲ့သို့သော ဆုရရှိသည့် ပြိုင်ပွဲဝင်များ၏ မိသားစုများမှာလည်း သဘာဝကျစွာပင် တက်ရောက်ကြလိမ့်မည်။ ကုန်တင်ကားကြီးက လူမည်မျှဆံ့သည်ဖြစ်စေ ကန့်သတ်ချက်ရှိနေသေးသဖြင့် တခြားသူများ မြို့ထဲသို့ ဝင်ချင်ပါက တပ်ဖွဲ့အတွင်းမှ ရွေးချယ်စိစစ်ရသေးသည်။ ရုပ်ရည်သွင်ပြင် ကြည့်ကောင်းသူများနှင့် ပုံမှန်အလုပ်လုပ်ရာတွင် စွမ်းဆောင်ရည်ကောင်းသူများကို ဦးစားပေးရွေးချယ်ခဲ့ကြလေသည်။
မူလက ရှန်မိသားစုမှ တခြားအိမ်ထောင်စုများမှာလည်း ရှန်မော့အာနှင့် ပတ်သက်နေမှုကြောင့် ဦးစားပေးအဖြစ် ရွေးချယ်ခံရမည်ဖြစ်သော်လည်း ထိုမိသားစုများ၏ ဆက်ဆံရေးကို ရွာသူရွာသားများက မျက်မြင်ကိုယ်တွေ့ သိထားကြသဖြင့် နောက်ဆုံးတွင် တပ်ဖွဲ့က မြို့ထဲသွားမည့်သူများကို ရွေးချယ်ချိန်၌ ရှန်မိသားစုမှ တခြားသူများကို လုံးဝထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ဘဲ တပ်ဖွဲ့မူလတန်းကျောင်းမှ ဆရာမဖြစ်နေသော ရှန်လင်းလင်း တစ်ယောက်တည်းသာ ပါဝင်ခဲ့လေသည်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ကျန်းပေခရိုင် အလုပ်သမားကလပ်၏ ခန်းမကြီးထဲတွင် ကျင်းပခြင်းဖြစ်ပြီး တခြားရွေးချယ်စရာမရှိပေ။ ခရိုင်ကော်မတီဝင်းအတွင်းတွင် သည်လောက်ကျယ်ဝန်းသော နေရာမရှိသောကြောင့်ပင်။
ကျန်းပေခရိုင်သည် တောင်တန်းများပြားပြီး လွင်ပြင်နည်းပါးကာ ခန့်မှန်းခြေအားဖြင့် တောင် ၇ ပုံ၊ ရေ ၁ပုံနှင့် လယ်ယာမြေ ၂ ပုံခန့် ရှိလေသည်။ ယန်လျိုတပ်ဖွဲ့ကဲ့သို့ တပ်ဖွဲ့ရုံးစိုက်ရာနှင့် နီးကပ်သော ရွာများကသာ မြေယာပေါများသော ရွာများဖြစ်ကြပြီး တခြားရွာများစွာမှာ တောင်တန်းများကသာ အများစု နေရာယူထားကြ၏။
ထို့ကြောင့် ကျန်းပေခရိုင်ဟူသော နေရာသည် တကယ်တမ်းတွင် အတော်လေး ဆင်းရဲမွဲတေလှပြီး အလုပ်သမားကလပ်မှာ ခရိုင်၏ အထင်ကရ အဆောက်အအုံပင် ဖြစ်လေသည်။
ကုန်တင်ကားကြီးသည် လမ်းတစ်လျှောက် တုန်ခါယိမ်းထိုးလာပြီးနောက် အလုပ်သမားကလပ်၏ တံခါးဝသို့ လူများကို ပို့ဆောင်ပေးလိုက်သည်။
ဤခေတ်ကာလတွင် ပြည်နယ်လမ်းမကြီးများမှာလည်း မဖြောင့်ဖြူးဘဲ ရွှံ့ဝါရောင်မြေသားလမ်းများသာဖြစ်ကာ အမြဲလိုလို ချိုင့်ခွက်များ ရှိနေတတ်ပြီး ခရိုင်မြို့နှင့် နီးကပ်သောနေရာများတွင်သာ ကတ္တရာလမ်း အနည်းငယ် ခင်းထားပြီး လူများကို အတော်လေး သက်တောင့်သက်သာ ရှိသွားစေလေသည်။
နေရာသို့ ရောက်သည်နှင့်တပြိုင်နက် ကလေးများမှာ သွက်လက်စွာ ဆင်းသွားကြသော်လည်း အသက်အနည်းငယ်ကြီးသူများမှာမူ လူတွဲကူပေးရန် လိုအပ်လေသည်။ သူတို့စီးလာသည်က ကုန်တင်ကားကြီးဖြစ်နေသည် မဟုတ်ပါလား။
သို့သော် ကုန်တင်ကားဖြစ်နေသည်ကပင် ကံကောင်းသည်ဟု ဆိုရမည်။ အနောက်ဘက်တွင် မိုးကာစကို ဖွင့်ထားရာ အနည်းငယ်အေးသော်လည်း ကားမူးသူမရှိချေ။ ထိုသို့မဟုတ်ဘဲ သည်လောက် အများကြီးနှင့် ကျပ်ညပ်နေချိန်တွင် တစ်ယောက်ယောက် ကားမူးပြီး အန်ချလိုက်ပါက တကယ်ကို ဒုက္ခရောက်ရပေလိမ့်မည်။
ကျန်းပေခရိုင် အလုပ်သမားကလပ်သည် ၃ ထပ်အမြင့်ရှိ အဆောက်အအုံတစ်ခုဖြစ်ပြီး ၅၀ ပြည့်လွန်နှစ်များ၏ အဆောက်အအုံ လက္ခဏာများကို အထင်အရှား ဆောင်နေလေသည်။ ခေါင်မိုးချွန်ချွန်၊ ခိုင်ခံ့သော အုတ်နံရံများနှင့် ရှေ့မျက်နှာစာရှိ မြင့်မားသော ခေါင်မိုးပေါ်တွင် ဧရာမ ကြယ်နီ ၅ ပွင့်ပုံပါရှိကာ အောက်ဘက်တွင် အနီရောင်စာလုံးများဖြင့် “ကျန်းပေခရိုင် အလုပ်သမားကလပ်” ဟု ရေးသားထား၏။
ကလပ်၏ တံခါးဝတွင် “တစ်ခရိုင်လုံးရှိ လုပ်ငန်းနယ်ပယ်အသီးသီး ဂုဏ်ပြုဆုချီးမြှင့်ပွဲ” ဟူသော အနီရောင် စာတန်းရှည်ကြီးကို ချိတ်ဆွဲထားလေသည်။
"ဒါက တကယ့်ကို ခမ်းနားလိုက်တာ"
အားလုံးက အံ့ဩချီးကျူးနေကြပြီး အနည်းငယ် မျက်နှာငယ်သလို ဖြစ်သွားကြသော်လည်း မကြာမီမှာပင် ရင်ကိုကော့ကာ ခေါင်းမော့လိုက်ကြသည်။ သူတို့က ယန်လျိုတပ်ဖွဲ့၏ ထူးချွန်အဖွဲ့ဝင်များဖြစ်ပြီး ဂုဏ်ပြုဆုကို လက်ခံရယူရန် လာခဲ့ကြခြင်း ဖြစ်သည်လေ။
ထို့အပြင် ခရိုင်မှ ဝန်ထမ်းများက သူတို့ကို ယန်လျိုတပ်ဖွဲ့မှဖြစ်ကြောင်း သိသွားသောအခါ အလွန်ယဉ်ကျေးစွာဖြင့် အတွင်းသို့ လမ်းညွှန်ခေါ်ဆောင်သွားကာ နေရာချထားပေးခဲ့ကြသည်။ နေရာက အနည်းငယ် နောက်ကျနေသော်လည်း သူတို့လူဦးရေက များပြားနေသထြငါ့ မတ်တတ်ရပ်မနေခိုင်းသည်ကပင် တော်လှပြီ။
တပ်ဖွဲ့ဝင်များက ပျော်ရွှင်စွာဖြင့် ကလေးဆိုးတစ်သိုက်ကို ခေါ်ဆောင်ကာ နေရာများတွင် ထိုင်လိုက်ကြပြီး ထိုင်ခုံများကို အထူးအဆန်းသဖွယ် စမ်းသပ်ထိတွေ့ကာ ဟိုဟိုဒီဒီ ကြည့်ရှုနေကြသည်။ "ဒီအိမ်ကြီးကို ဘယ်လိုများ ဒီလောက်ကြီးအောင် ဆောက်ထားနိုင်ရတာပါလိမ့်"
ရှန်ရှောက်ယွမ်သည်လည်း အထူးတလည် တစ်ရက်ခွင့်ယူကာ အတူတကွ လိုက်ပါလာခဲ့သည်။
တကယ်တမ်းတွင် တပ်ဖွဲ့ချုပ်မူလတန်းကျောင်းမှ ကလေးတစ်ယောက်လည်း တတိယဆု ရရှိခဲ့ပြီး ကျောင်းဘက်မှ သူ့ကို ကြီးကြပ်သူဆရာအဖြစ် စာရင်းသွင်းပေးချင်သော်လည်း ရှန်ရှောက်ယွမ်က ငြင်းပယ်ခဲ့လေသည်။
သူက ထိုကလေး ၂ ယောက်ကို ဘာမှများများစားစား မသင်ပေးခဲ့ရဘဲ အလုပ်တစ်ဖက်လုပ်ရင်း အနည်းငယ် လမ်းညွှန်ပေးရုံသာဖြစ်ကြောင်း ကိုယ်တိုင်ခံစားမိသည်။ ထိုကလေး ၂ ယောက်မှာ အထက်တန်းအဆင့် ကျောင်းသားများဖြစ်ကြပြီး တစ်ယောက်က အဘွားဖြစ်သူ ကြွေထည်စက်ရုံတွင် အလုပ်လုပ်ဖူးသဖြင့် ပန်းချီအခြေခံ အနည်းငယ်ရှိကာ တခြားတစ်ယောက်မှာ အိမ်တွင် ရုပ်ပြစာအုပ်အချို့ သိမ်းဆည်းထားပြီး ရုပ်ပြများကို ကိုယ်တိုင်လေ့လာကူးယူရေးဆွဲဖူးသဖြင့် အခြေခံအနည်းငယ်စီ ရှိနေကြသူများ ဖြစ်သည်။ သူက အနည်းငယ် လမ်းညွှန်ပေးကာ လမ်းမှန်ပေါ်ရောက်အောင် ခေါ်ဆောင်ပေးရုံမျှသာ ရှိခဲ့၏။
ထို့အပြင် သူတို့ မြို့ပေါ်နှင့် ပြည်နယ်သို့ ပြိုင်ပွဲသွားပြိုင်ချိန်တွင်လည်း သူက ဦးဆောင်ခေါ်သွားခဲ့ခြင်း မဟုတ်သဖြင့် ကြီးကြပ်သူဆရာဟု သတ်မှတ်ရန် တကယ်ကို မသင့်တော်လှချေ။
ရှန်ရှောက်ယွမ်က ကလေးတစ်သိုက်နှင့်အတူ အေးဆေးတည်ငြိမ်စွာ ထိုင်နေလေသည်။
ဖုမင်ဇယ်လည်း ရောက်လာခဲ့သည်။ သူက အနောက်ဘက်တွင် ရပ်လျက် ရှန်မော့အာက မောင်းမောင်နှင့် ကျိုးကျောက်တိတို့ကို ရှေ့ဆုံးတန်းသို့ ခေါ်ဆောင်သွားကာ ထိုင်ခိုင်းသည်ကို ကြည့်နေပြီးနောက် ခန်းမပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်သောအခါ နောက်ဆုံးတန်း ထောင့်နားတွင် ဦးထုပ်ဆောင်းကာ အိတ်ကြီးတစ်လုံးကို ကိုင်ဆွဲထားသော လူတစ်ယောက်ကို တကယ်ပင် မြင်တွေ့လိုက်ရသဖြင့် ထိုနေရာသို့ လျှောက်သွားလိုက်သည်။
သွားရောက်မေးမြန်းကြည့်လိုက်မှ ထိုသူမှာ သူခန့်မှန်းထားသည့်အတိုင်း ခရိုင်မှ စီစဉ်ပေးထားသော ဓာတ်ပုံရိုက်မည့်သူ ဖြစ်နေလေသည်။
ဤကဲ့သို့သော လှုပ်ရှားမှုအကြီးစားမျိုးတွင် အမှတ်တရပုံရိပ်များကို သေချာပေါက် ချန်ထားရမည်ဖြစ်ပြီး ဝါဒဖြန့်ချိရေး လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကြည့်ရှုရန် အထက်အဆင့် သတင်းစာတိုက်များသို့ ဓာတ်ပုံများ ပေးပို့ကောင်း ပေးပို့နိုင်ပေလိမ့်မည်။
တကယ်တမ်းတွင် ကျန်းပေခရိုင်သည် ၅၀ ပြည့်လွန်နှစ်များကတည်းက သတင်းစာများ ရှိခဲ့သည်။ ၅၀ နှင့် ၆၀ ပြည့်လွန်နှစ်များတွင် မြို့ငယ်လေးများစွာက ခရိုင်ကော်မတီအဖွဲ့အစည်း၏ သတင်းစာများကို ထုတ်ဝေခဲ့ကြပြီး ခရိုင်ကော်မတီ အာဘော်အဖြစ်နှင့် သမိုင်းကို မှတ်တမ်းတင်ရန် အသုံးပြုခဲ့ကြသော်လည်း လွန်ခဲ့သောနှစ်အနည်းငယ်က လှုပ်ရှားမှုများ စတင်ပြီးနောက် ထိုသတင်းစာများ အားလုံး အစဉ်လိုက် ရပ်နားသွားခဲ့ကြလေသည်။
ထို့ကြောင့် ဤကဲ့သို့သော လှုပ်ရှားမှုအကြီးစားမျိုးတွင် ဝါဒဖြန့်ချိရေးဌာနမှ လူများ ကိုယ်တိုင်ဝင်လုပ်လျှင်လုပ် မဟုတ်လျှင် ရုံးအဖွဲ့မှ လူများက အပြင်မှ ဆရာများကို ဖိတ်ခေါ်ကာ ဓာတ်ပုံရိုက်ခိုင်းရသည်။
ဦးထုပ်ဆောင်းထားသော ဤရဲဘော်သည် ခရိုင်က နိုင်ငံပိုင်ဓာတ်ပုံစတူဒီယိုမှ ဖိတ်ခေါ်ထားသော ဓာတ်ပုံဆရာဖြစ်သည်။ တခြားရွေးချယ်စရာမရှိပေ။ ခရိုင်က အလွန်ဆင်းရဲလှသဖြင့် ဝါဒဖြန့်ချိရေးဌာနတွင် ဓာတ်ပုံကင်မရာပင် မရှိချေ။
ဒါက ဖုမင်ဇယ်အတွက် အတော်လေး အဆင်ပြေသွားစေသည်။
အကယ်၍ ခရိုင်ဝါဒဖြန့်ချိရေးဌာနမှ လူသာဆိုပါက တကယ်တမ်းတွင် စကားစရန် ခက်ခဲမည်ဖြစ်သော်လည်း နိုင်ငံပိုင်ဓာတ်ပုံစတူဒီယိုမှ ဓာတ်ပုံဆရာဖြစ်နေသောကြောင့် ဖုမင်ဇယ်က သူ့ကို ဓာတ်ပုံအနည်းငယ် ပိုရိုက်ပေးရန်နှင့် ဓာတ်ပုံစတူဒီယို၏ စျေးနှုန်းအတိုင်း ပြန်လည်ပေးချေမည်ဖြစ်ကြောင်း တိုင်ပင်ဆွေးနွေးလိုက်သောအခါ ထိုသူကလည်း လိုလိုလားလားပင် သဘောတူလိုက်လေသည်။
ဖုမင်ဇယ်သည် ဆွေးနွေးမှုအဆင်ပြေသွားပြီးမှ နေရာသို့ ပြန်လာကာ ရှန်ရှောက်ယွမ်၏ ဘေးတွင် ထိုင်လိုက်ပြီး ဓာတ်ပုံရိုက်မည့်ကိစ္စကိုပါ ရှန်ရှောက်ယွမ်အား အလွတ်သဘော ပြောပြလိုက်သည်။
ရှန်ရှောက်ယွမ်၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် တကယ်တမ်းဆိုရလျှင် အတွေ့အကြုံများပြားပြီး ဗဟုသုတကြွယ်ဝသူဟု ဆိုနိုင်သည်။ မည်သို့ပင်ဆိုစေ သူက မင်းသားတစ်ပါးဖြစ်ပြီး အလိုလိုက်ခံရသော အငယ်ဆုံးသားတော်လေးဖြစ်သဖြင့် ငယ်စဉ်မှ ကြီးပြင်းလာသည်အထိ မြင်တွေ့ခဲ့ရသော ရှားပါးရတနာများမှာ ရေတွက်၍ပင် မကုန်နိုင်ချေ။ အမျိုးမျိုးသော ပွဲတော်များနှင့် အခမ်းအနားကြီးများကိုလည်း မည်မျှများပြားစွာ တွေ့ကြုံခဲ့ဖူးမှန်း မသိတော့။ ယနေ့ကဲ့သို့သော အခမ်းအနားမျိုးမှာ သူ့အတွက် သာမန်အသေးအဖွဲမျှသာ ဖြစ်လေသည်။
သို့သော် သူက ဤကမ္ဘာလောကကြီး၏ "မူလဒေသခံ" မဟုတ်သောကြောင့် ဤလောက၏ ကိစ္စရပ်များကို တခြားသူများလောက် ရင်းနှီးကျွမ်းဝင်မှု မရှိချေ။ ယနေ့ကဲ့သို့သော အခမ်းအနားမျိုးတွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်သည်ကို သူ လုံးဝတွေးမမိခဲ့ပေ။
ယခင်က သမီးဖြစ်သူ လက်ထပ်စဉ်က သူတို့ ဓာတ်ပုံအချို့ ရိုက်ကူးခဲ့ကြပြီး လွန်ခဲ့သော ၂ ရက်က ဓာတ်ပုံများ ဆေးကြောပြီးစီးသွားခဲ့ပြီး ပြန်ယူလာခဲ့ရာ အတော်လေး ကြည့်ကောင်းသဖြင့် သူက အချိန်အတော်ကြာအောင် တယုတယ ကိုင်တွယ်ကြည့်ရှုနေခဲ့သော်လည်း ယနေ့ကဲ့သို့ အခြေအနေမျိုး ကြုံလာရချိန်တွင်တော့ ဓာတ်ပုံရိုက်ရန်ကိစ္စကို တွေးမမိခဲ့ချေ။
အဓိကအားဖြင့် ဤအလေ့အထမျိုး မရှိသောကြောင့် သဘာဝကျစွာပင် သတိမရခြင်း ဖြစ်လေသည်။
ဖုမင်ဇယ်၏ ဦးနှောက်ကမူ အတော်လေး လျင်မြန်လှပြီး ချက်ချင်းပင် တွေးမိသွားပြီး လူကိုပါ ချက်ချင်း ရှာတွေ့သွားခဲ့သည်။
ရှန်ရှောက်ယွမ်က သားမက်ဖြစ်သူ၏ ဉာဏ်ရည်ထက်မြက်မှုကို သဘောကျကျေနပ်သွား၏။ သူတို့သားအဖနှစ်ဦးစလုံးက ထိုင်းမှိုင်းတုံးအသူများ မဟုတ်ကြချေ။ သာ့လျန်မင်းဆက်တွင် ရှိနေစဉ်က သူသည် အာဏာမရှိသော အပျော်အပါးမင်းသားတစ်ပါးသာ ဖြစ်သော်လည်း သူတို့သားအဖနှစ်ဦးသည် လျင်မြန်ထက်မြက်သော ဦးနှောက်များကို အသုံးပြုကာ အတော်လေး အောင်မြင်ကြီးပွားစွာ နေထိုင်နိုင်ခဲ့ကြသည်။
ဤကမ္ဘာလောကသို့ ရောက်ရှိလာချိန်တွင် အစပိုင်းတွင် အလွန်ခက်ခဲကြမ်းတမ်းကာ အိမ်တွင် ရိက္ခာနည်းနည်းလေးမှ မရှိဘဲ လူက ငတ်သေလုနီးပါး ဖြစ်ခဲ့ရသော်လည်း သူတို့သားအဖနှစ်ဦးက အတူတကွ ပူးပေါင်းကာ ဘဝကို အောင်မြင်ချမ်းသာစွာ တည်ဆောက်နိုင်ခဲ့ကြသည်။
အားကိုးရသည်မှာ ဦးနှောက်ပင်။
သမီးဖြစ်သူက ရုပ်ရည်သွင်ပြင်ကို အလေးထားဆုံးဖြစ်သော်လည်း တကယ်တမ်းတွင် ရှန်ရှောက်ယွမ် ကိုယ်တိုင်ကတော့ ဦးနှောက်ဉာဏ်ရည်ကို ပိုအလေးထားလေသည်။
လူတစ်ယောက်က အလွန်အမင်း မိုက်မဲနေပါက တကယ်ကို ဒုက္ခရောက်တတ်သည်။ ရှန်လင်းလင်း၏ လှည့်စားခြင်းကို ခံရသည်အထိ မိုက်မဲသော ကျန်းကျစ်ချန်ကို ကြည့်လျှင် သိနိုင်၏။
ဖုမင်ဇယ်က ရုပ်ရည်လည်း ကြည့်ကောင်းပြီး ဦးနှောက်လည်း ထက်မြက်လှသဖြင့် ကျန်းကျစ်ချန်တို့ကဲ့သို့သော သူများနှင့် နှိုင်းယှဉ်လိုက်ပါက သူက တကယ်ကို ထူးချွန်ထက်မြက်သူတစ်ယောက်အဖြစ် ပေါ်လွင်နေတော့သည်။
အားလုံးက တခြားသူများ၏ အားဖြည့်ပေးမှုကြောင့်ပင်။
ရှန်ရှောက်ယွမ်က 'မဆိုးပါဘူးလေ' ဟု တွေးရင်း သားမက်ဖြစ်သူအတွက် အမှတ်ကို စိတ်ထဲတွင် မလိုလားစွာဖြင့် အနည်းငယ် တိုးပေးလိုက်လေသည်။
အဒေါ်ချန်က ဘေးတွင် ထိုင်နေရာ ထိုယောက္ခထီးနှင့် သားမက်တို့ နှစ်ယောက်သား စကားပြောနေသည်ကို ကြားသောအခါ အမြန်ပြောလိုက်သည်။ "ရှောင်ဖု... အဒေါ့်ကိုကူညီပြီး ဆရာ့ကို တစ်ချက်လောက် ပြောပေးပါဦး။ အဒေါ်တို့အိမ်က မောင်းမောင်ကိုလည်း ဓာတ်ပုံ ၂ ပုံလောက် ရိုက်ပေးပါလို့။ ဓာတ်ပုံစတူဒီယိုရဲ့ စျေးနှုန်းအတိုင်း ပိုက်ဆံပေးရမယ်ဆိုလည်း ပြဿနာမရှိပါဘူး"
သူမက ပုံမှန်အားဖြင့် စိတ်သဘောထားကောင်းသူဖြစ်ပြီး သူတို့နောက်တန်းတွင် ထိုင်နေသော ကျိုးရှောင်ရွှမ်းတို့ မိသားစုကို လှည့်ကြည့်ကာ "နင်တို့ ကျိုးကျောက်တိကိုရော ဓာတ်ပုံတစ်ပုံလောက် မရိုက်ပေးသင့်ဘူးလား။ ဒါက တကယ်ကို ရှားပါးတဲ့အခွင့်အရေးပဲ။ ဒီဓာတ်ပုံကို သိမ်းထားရင် တစ်သက်လုံး ကြည့်လို့ရတယ်လေ" ဟု ပြောလိုက်သည်။
ယန်တာ့နွီက နှုတ်ခမ်းတွန့်လိုက်ပြီး "မလိုပါဘူး။ မိန်းကလေးတစ်ယောက်က ဘာလို့ ဓာတ်ပုံရိုက်ဖို့ လိုမှာလဲ။ ကျွန်မပြောရရင် ဆုယူဖို့က ယောကျ်ားလေးတွေပဲ တက်ယူသင့်တာ။ မိန်းကလေးတွေ စင်ပေါ်တက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကျွန်မတို့အိမ်က ကျားပေါင်ကိုပဲ ဆုတက်ယူခိုင်းသင့်တာ။ ဓာတ်ပုံရိုက်ရင်လည်း ကျွန်မတို့ကျားပေါင်ကိုပဲ ရိုက်ပေးရမှာ"
ယန်တာ့နွီက ခရိုင်မှ ခေါင်းဆောင်များသည် တကယ်ကို အခြေအနေမှန်ကို နားမလည်ကြဟု ထင်နေသည်။ ဤကဲ့သို့ မျက်နှာပန်းလှသော ကိစ္စမျိုးတွင် ယောကျ်ားလေးများကိုသာ စင်ပေါ်သို့ တက်ခိုင်းရမည်မှာ သေချာလှသည်။ ကျိုးမိသားစုတွင် ယောကျ်ားလေးမရှိသော်လည်း သူမ အိမ်ထောင်ပြုဝင်လာချိန်တွင် ယခင်သေဆုံးသွားသော ခင်ပွန်းနှင့်ရခဲ့သည့် သားကို ခေါ်လာခဲ့သည်။ မိထွေးနှင့်ပါလာသော သားကလည်း သားပင်ဖြစ်သည်တွင် သူမ၏ ကျားပေါင်ကို စင်ပေါ်တက်ခိုင်းခြင်းက လုံးဝအပြစ်ပြောစရာမရှိဟု သူမက ယူဆနေ၏။
ယန်တာ့နွီက သူမ၏ စကားတွင် ပြဿနာရှိသည်ဟု လုံးဝမထင်ထားသော်လည်း ရှေ့နောက်ဝဲယာမှ ကြားလိုက်ရသူများအားလုံးကတော့ သူမကို အံ့သြမှင်သက်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။ ဤလူက မည်သို့များ ဤမျှလောက် ယုတ္တိမတန်သော စကားကို မျက်နှာပြောင်တိုက်ကာ ရဲတင်းစွာ ပြောထွက်ရသနည်း။
အဒေါ်ချန်မှာ လုံးဝစကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး ယန်တာ့နွီကို ဂရုမစိုက်တော့ဘဲ ကျိုးအဘိုးကြီးကို တိုက်ရိုက် မေးလိုက်သည်။ "လောင်ကျိုး... ရှင် ဘယ်လိုပြောမလဲ"
သူမက ကျိုးရှောင်ရွှမ်းကို မေးရန်ပင် မစဉ်းစားခဲ့ချေ။ သတ္တိကြောင်သော ကျိုးရှောင်ရွှမ်းက ယန်တာ့နွီ၏ ချုပ်ကိုင်မှုအောက်တွင် ပြားပြားဝပ်နေကြောင်းကို လူတိုင်းက သိထားကြသည် မဟုတ်ပါလား။
ကျိုးအဘိုးကြီးသည် ကျန်းမာရေး သိပ်မကောင်းဟုဆိုကာ ပုံမှန်အားဖြင့် အလုပ်ဆင်းလေ့မရှိဘဲ အိမ်ထဲတွင်သာ အမြဲတမ်း နေထိုင်လေ့ရှိသော်လည်း ယနေ့ကဲ့သို့သော နေ့မျိုးတွင် အခမဲ့စီးစရာ ကားရှိပြီး မြို့ထဲသို့ ဝင်ကာ ဗဟုသုတရှာနိုင်မည့်အပြင် သူတို့အိမ်မှ ကျိုးကျောက်တိ ဆုရရှိခဲ့သဖြင့် မျက်နှာပန်းလှနိုင်သောကြောင့် ကျိုးအဘိုးကြီးက ထူးခြားစွာဖြင့် အပြင်ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
ကျိုးအဘိုးကြီးက ယန်တာ့နွီ၏ ပေါင်ပေါ်တွင် ထိုင်နေသော ဝူကျားပေါင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တာ့နွီ ပြောတာ မှန်တယ်။ ဒီလိုကိစ္စမျိုးက ယောကျ်ားလေးတွေ စင်ပေါ်တက်သင့်တာ။ ကျားပေါင်သာ စင်ပေါ်တက်မယ်ဆိုရင် ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ရပါတယ်။ ကျောက်တိ ကတော့ ထားလိုက်ပါတော့"
ကျိုးရှောင်ရွှမ်းကလည်း ပြောလိုက်သည်။ "ဟုတ်တယ်လေ၊ မိန်းကလေးက ဘာလို့ ဓာတ်ပုံရိုက်ဖို့ လိုမှာလဲ။ ပိုက်ဆံဖြုန်းတာပဲ အဖတ်တင်မှာပေါ့"
အဒေါ်ချန် : "..."
တခြားသူများ : "..."
နေပါဦး။ ဝူကျားပေါင်က ဝူ မျိုးရိုးလေ ကျိုး မျိုးရိုးမှမဟုတ်။ ကျိုးကျောက်တိကပဲ ကျိုး မျိုးရိုးလေ။ 'ဒီသားအဖနှစ်ယောက်က တကယ်ပဲ ဘယ်လိုများ တွေးနေကြတာပါလိမ့်။ လူတိုင်းက တွေးလိုက်မိကြသည်။
နားမလည်နိုင်ဘူး။ တကယ်ကို လုံးဝ နားမလည်နိုင်တော့ဘူး။
ထိုင်နေသူများထဲတွင် ယောကျ်ားလေးကို ပိုမိုအလေးပေးသူများ မရှိသည်တော့ မဟုတ်ပေ။ ထိုသို့သောသူများပင်လျှင် ကျိုးမိသားစု သားအဖ၏ အတွေးကို နားမလည်နိုင်ကြချေ။ မည်သို့ဆိုစေ သူတို့သာဆိုလျှင် မိန်းကလေးများကို ဓာတ်ပုံမရိုက်ပေးခြင်းက ပြဿနာမရှိသော်လည်း ဇနီးသည်၏ ယခင်အိမ်ထောင်မှ ကလေးကိုတော့ သေချာပေါက် ရိုက်ပေးမည်မဟုတ်ပေ။
ထိုသူများ၏ စိတ်ထဲတွင် သမီးမိန်းကလေးကို အလေးမထားသော်လည်း မိမိ၏ သွေးသားရင်းဖြစ်သော သမီးက ပါလာသော ကလေးထက်တော့ ပိုအရေးကြီးသည် မဟုတ်ပါလား။
ကျိုးမိသားစု သားအဖနှစ်ဦးက ယန်တာ့နွီ၏ ယခင်အိမ်ထောင်မှ ဤသားကို ဘိုးဘေးတစ်ဆူကဲ့သို့ အလိုလိုက်ထားကြသည်ဟု လူတိုင်းက ပြောဆိုနေကြသည်မှာ ယခုကြည့်ရသည်က တကယ်ပင် မှန်ကန်နေလေသည်။
အားလုံးက ဝူကျားပေါင်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြ၏။ ထိုကလေးမှာ အသက် ၅ နှစ် ၆ နှစ်အရွယ်ခန့်သာ ရှိသေးသော်လည်း အတော်လေး ကျွေးမွေးပြုစုထားပုံရပြီး ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေး ဖြစ်နေ၏။ နေရာလုံလုံလောက်လောက် ရှိနေသည်ကိုပင် သူက မိခင်ဖြစ်သူ၏ ပေါင်ပေါ်တွင် မရမက ထိုင်ကာ သကြားလုံးစားရင်း ခြေထောက်ကို လှုပ်ယမ်းဆော့ကစားနေပြီး အလွန်ပင် ပျော်ရွှင်နေလေသည်။
ကျိုးရှောင်ရွှမ်း၏ တခြားသမီး ၂ ယောက်ကို တွေးကြည့်လိုက်လျှင် တစ်ယောက်က ဝူကျားပေါင်နှင့် အရွယ်တူခန့်ရှိပြီး တခြားတစ်ယောက်က ပိုငယ်သေးသည်။ သူတို့နှစ်ယောက်စလုံးမှာ မွေးဖွားပြီး မကြာမီမှာပင် တခြားမိသားစုများထံသို့ ကလေးသတို့သမီးအဖြစ် မွေးစားရန် ပေးအပ်ခံခဲ့ရပြီး ယခုအချိန်တွင် မည်သို့ နေထိုင်နေရမည်ကိုပင် မသိနိုင်တော့ချေ။
...
အပိုင်း (၅၈.၂)
တကယ်တော့ ယခုအချိန်သည် ခေတ်သစ်လူ့အဖွဲ့အစည်းဖြစ်ပြီး ကလေးသတို့သမီး မွေးစားခြင်းကို ခွင့်မပြုတော့ပေ။ သို့သော် ထိုအချိန်က ကျိုးမိသားစုက အိမ်တွင် မိန်းမသားမရှိသည့်အပြင် ကလေးကလည်း ငယ်လွန်းသဖြင့် တကယ်ကို မကျွေးမွေးနိုင်တော့သောကြောင့် ဆွေမျိုးများထံသို့ မွေးစားရန် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု အကြောင်းပြခဲ့ကြသည်။
ဤကဲ့သို့သော ကိစ္စရပ်များတွင် ကာယကံရှင်များက ထုတ်ဖော်မပြောသရွေ့ ပြင်ပလူများအနေဖြင့် ဘာမှဝင်ရောက်ပြောဆိုခွင့် မရှိပေ။
ထိုမွေးစားသွားသော မိသားစု ၂ စုမှာလည်း သိပ်မချမ်းသာကြသည့်အပြင် သူတို့အိမ်ရှိ ယောကျ်ားလေးများမှာလည်း ပြဿနာအနည်းငယ်စီ ရှိနေကြကြောင်း လူတိုင်းက ရင်ထဲတွင် သိထားကြသည်။ ဉာဏ်ရည်မပြည့်မီခြင်း မဟုတ်လျှင်ပင် ခြေလက်အင်္ဂါ ချို့ယွင်းနေတတ်ကြပြီး နောင်တစ်ချိန်တွင် မိန်းမရရန် အလွန်ခက်ခဲမည့် သူများဖြစ်ကြသည်။ ထို့ကြောင့် မိန်းကလေးတစ်ယောက်ကို မွေးစားသွားရခြင်း၏ ရည်ရွယ်ချက်မှာ အလွန်ပင် ထင်ရှားလှပေသည်။
ထို့ကြောင့် ကျိုးမိသားစု၏ လုပ်ရပ်မှာ တကယ်ကို နားမလည်နိုင်စရာပင်။
မိမိကိုယ်ပိုင်ကလေးကိုကျတော့ မကျွေးမွေးချင်ဘဲ သူတစ်ပါး၏ ကလေးကိုတော့ ရတနာတစ်ပါးကဲ့သို့ အလိုလိုက်ကာ ကျွေးမွေးနေကြသည် မဟုတ်ပါလား။
တကယ်ကို အဓိပ္ပာယ်မဲ့လွန်းလှသည်။
အဒေါ်ချန်က ချက်ချင်းပင် ခေါင်းကို လှည့်လိုက်ကာ စကားတစ်ခွန်းမှ ဆက်မပြောချင်တော့ချေ။ ဤမိသားစုမှာ ဦးနှောက်တွင် တစ်ခုခု ဖြစ်နေသည်ပင်။ သူတို့နှင့် စကားများများပြောမိလျှင် သူမဆီပါ ကူးစက်လာမည်ကိုပင် စိုးရိမ်မိသည်။
အဒေါ်ချန်သည် မိမိအနေဖြင့် မလိုဘဲ အပိုဝင်စွက်ဖက်မိသည်ကိုပင် အနည်းငယ် နောင်တရသွားပြီး ဖုမင်ဇယ်ကို လှည့်ပြောလိုက်သည်။ "သူတို့မရိုက်ရင် နေပါစေ။ အဒေါ်တို့အိမ်ကတော့ ရိုက်မှာနော်"
ဖုမင်ဇယ်က ကျိုးမိသားစုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။ "အားလုံးအတွက် ပါပါတယ်။ ကျွန်တော် ပြောပြီးပါပြီ"
အဒေါ်ချန်၏ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းတာပေါ့။ နင်က အရာရာကို အသေးစိတ် စဉ်းစားပေးတတ်တာပဲ။ နောက်မှ အဒေါ်တို့ ပိုက်ဆံပြန်ပေးပါ့မယ်"
ဖုမင်ဇယ်က အစပိုင်းတွင် ဘာမှမပြောခဲ့ခြင်းမှာ သူတို့ဆီမှ ပိုက်ဆံပြန်ယူရန် မရည်ရွယ်ထားသောကြောင့် ဖြစ်သည်မှာ သိသာသည်။ သို့သော် ဓာတ်ပုံရိုက်ရန်အတွက် ကုန်ကျစရိတ်မှာ မနည်းလှပေ။ ရှန်မော့အာက သူမ၏ မြေးဖြစ်သူကို ဆုရအောင် လမ်းညွှန်ပေးခဲ့ခြင်းအတွက် အဒေါ်ချန်၏ ရင်ထဲတွင် ဘယ်လောက် ကျေးဇူးတင်နေမိမှန်းပင် မသိတော့ချေ။ ယခုတစ်ဖန် သူတို့မိသားစုကိုပါ ဓာတ်ပုံရိုက်ရန် ပိုက်ဆံထပ်စိုက်ထုတ်ပေးမည်ဆိုလျှင်တော့ သူမက ထိုမျှလောက်အထိ မျက်နှာပြောင်မတိုက်ရဲတော့ပေ။
ကျိုးမိသားစုကတော့ သေချာပေါက် အားနာမည်မဟုတ်ကြောင်း သိသာလှသည်။ ထိုမျှမက သူတို့က သည်ပိုက်ဆံကို သုံးကာ ကျိုးကျောက်တိအတွက် ဓာတ်ပုံရိုက်ပေးမည့်အစား ဝူကျားပေါင်ကို ရိုက်ပေးခြင်းက ပိုကောင်းမည်ဟုပင် ပြောလာနိုင်သေးသည်။ ယန်တာ့နွီနှင့် ကျိုးမိသားစု သားအဖနှစ်ဦးသာဆိုလျှင် ထိုကဲ့သို့သော စကားမျိုးကို အမှန်တကယ်ပင် ပြောထွက်နိုင်ကြောင်း အဒေါ်ချန်က ခံစားမိသဖြင့် သူမက လုံးဝ ဝင်မပြောဘဲ နေလိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ ဖုမင်ဇယ်က ကျိုးမိသားစု၏ မျက်နှာကို ထောက်ထား၍ လုပ်ပေးခဲ့ခြင်း မဟုတ်တာ သေချာသည်။ အဒေါ်ချန်က ရင်ထဲတွင် တွေးတောနေရင်း နောက်ပိုင်းတွင် ဤကျေးဇူးကို မှတ်ထားသင့်ကြောင်း ကျိုးကျောက်တိကို သူမကိုယ်တိုင် သတိပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။
လူများက တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲသို့ ဝင်ရောက်လာကြပြီး ဧရာမ ခန်းမကြီးထဲတွင် လူများပင် ပြည့်လုနီးပါး ဖြစ်သွားလေသည်။
ရှန်မော့အာက မောင်းမောင်နှင့် ကျိုးကျောက်တိတို့ကို ခေါ်ဆောင်ကာ ရှေ့ဆုံးတန်း၏ ဒုတိယမြောက်အတန်းတွင် ထိုင်နေသည်။ သူတို့နှင့် အတူထိုင်နေသူများမှာ လျိုချောင်တပ်ဖွဲ့ မူလတန်းကျောင်းမှ ဆရာဟယ်မင်တာနှင့် တပ်ဖွဲ့ချုပ်မူလတန်းကျောင်းမှ ဆုရရှိသော ကျောင်းသား လျိုယုံကျွင်းတို့ ဖြစ်ကြပြီး တခြားတစ်ဖက်တွင်တော့ လုပ်ငန်းနယ်ပယ်အသီးသီးမှ ဂုဏ်ပြုခံရမည့် ဝန်ထမ်းများ ဖြစ်ကြသည်။ ထိုသူများမှာ အတော်လေး အသက်ကြီးသူများဖြစ်ကြပြီး တချို့ဆိုလျှင် ဆံပင်များပင် ဖြူနေကြပြီ။
တစ်တန်းလုံးတွင် ထိုင်နေသူများထဲ၌ သူတို့ ၅ ယောက်သာ အသက်အငယ်ဆုံးဖြစ်ကြပြီး လူငယ်လေးများနှင့် မူလတန်းကျောင်းသားလေးများ ပါဝင်နေသဖြင့် ကြည့်ရသည်မှာ တခြားသူများနှင့် လုံးဝကွဲထွက်နေကာ အတော်လေး အာရုံစိုက်ခံနေရလေသည်။
မကြာမီမှာပင် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို တရားဝင် စတင်လိုက်သည်။
အခမ်းအနား အစီအစဉ်များမှာ အလွန်ပင် ကျစ်လျစ်သိပ်သည်းလှသည်။ အခမ်းအနားမှူးဖြစ်စေ၊ မိန့်ခွန်းပြောကြားသော ခေါင်းဆောင်များဖြစ်စေ စကားပြောဆိုရာတွင် အလွန်ရှင်းလင်းပြတ်သားကာ အချိန်ဆွဲခြင်း လုံးဝမရှိဘဲ အစီအစဉ်တစ်ခုလုံးမှာ အလွန်လျင်မြန်စွာ ချိတ်ဆက်နေလေသည်။
"တစ်ပြည်နယ်လုံးဆိုင်ရာ 'မဟာအလံတော်ကို မြင့်မားစွာလွှင့်ထူ၍ အားသွန်ခွန်စိုက် ရှေ့သို့ချီကြစို့' ပန်းချီပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့ကြသော ချန်ယွီ၊ ကျိုးကျောက်တိနှင့် သူတို့၏ ကြီးကြပ်သူဆရာမ ရှန်မော့အာ တို့ကို ဆုလက်ခံရယူရန် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်အပ်ပါတယ်။ အားလုံးပဲ လက်ခုပ်တီးပြီး ဂုဏ်ပြုပေးကြပါခင်ဗျာ"
သိုက်မြိုက်လှသော လက်ခုပ်သံများကြားတွင် ရှန်မော့အာက လက်တစ်ဖက်ဖြင့် မောင်းမောင်ကိုဆွဲကာ တခြားလက်တစ်ဖက်ဖြင့် ကျိုးကျောက်တိကို ဆွဲလျက် စင်မြင့်ပေါ်သို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွားလိုက်သည်။
ခရိုင်အုပ်ချုပ်ရေးမှူး ကုယန်ပေါ်သည် အသက် ၃၀ ခန့်သာရှိသေးပြီး အလွန်နုပျိုလေသည်။ သူက လွတ်မြောက်ရေးတပ်မတော် ဝတ်စုံကို ဝတ်ဆင်ထားကာ ငွေရောင်မျက်မှန်ကို တပ်ဆင်ထားပြီး သူတို့ကို နူးညံ့စွာ ပြုံးကြည့်ရင်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်ကူပွန်များကို ကမ်းပေးလိုက်သည်။ "ကလေးနှစ်ယောက်ကို ဂုဏ်ပြုပါတယ်။ ပြီးတော့ ဆရာမရှန်ကိုလည်း ဂုဏ်ပြုပါတယ်"
သူက လက်ဆန့်ကာ ရှန်မော့အာနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ပင်ပန်းသွားပြီနော်"
ထို့နောက် မောင်းမောင်နှင့် ကျိုးကျောက်တိတို့ကိုလည်း လက်ဆွဲနှုတ်ဆက်လိုက်သည်။
မောင်းမောင်နှင့် ကျိုးကျောက်တိတို့မှာ မျက်နှာများပင် နီရဲသွားကြသော်လည်း အစောပိုင်းကတည်းက ရှန်မော့အာက သူတို့ကို ကြိုတင်သတိပေးထားသည့်အပြင် စင်ပေါ်မတက်မီကလည်း အားပေးစကားများ ပြောခဲ့သဖြင့် သူတို့နှစ်ဦးစလုံးမှာ တည်ငြိမ်စွာပင် ပြိုင်တူအော်ပြောလိုက်ကြသည်။ "ကျေးဇူးတင်ပါတယ် ခရိုင်အုပ်ချုပ်ရေးမှူးဦးလေး"
ကုယန်ပေါ်က ပြုံးကာ ပြောလိုက်သည်။ "ဦးလေးတို့ အတူတူ ဓာတ်ပုံတစ်ပုံလောက် ရိုက်ကြရအောင်"
အရှေ့တွင် ဆုလာယူသွားသူများကိုလည်း ဓာတ်ပုံရိုက်ပေးခဲ့သော်လည်း မိမိတို့အလှည့် ရောက်သောအခါ မောင်းမောင်နှင့် ကျိုးကျောက်တိတို့မှာ အလွန် ဝမ်းသာပျော်ရွှင်သွားကြပြီး နှစ်ယောက်စလုံးက ရှန်မော့အာကို မသိစိတ်ဖြင့် မော့ကြည့်လိုက်ကြရာ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။
ရှန်မော့အာက ကလေးနှစ်ယောက်၏ ခေါင်းလေးများကို ပွတ်သပ်ပေးကာ ပြုံးပြရန် အချက်ပြလိုက်သဖြင့် မောင်းမောင်နှင့် ကျိုးကျောက်တိတို့က ဓာတ်ပုံဆရာဘက်သို့ လှည့်ကြည့်လိုက်ပြီး အနည်းငယ် တောင့်တင်းနေသော်လည်း အတော်လေး ချစ်စရာကောင်းသော အပြုံးလေးများကို ဖန်တီးလိုက်ကြသည်။
ဓာတ်ပုံဆရာက အလွန်လျင်မြန်စွာဖြင့် ချလပ် ချလပ် ဟူသော အသံများနှင့်အတူ ဓာတ်ပုံများစွာကို ဆက်တိုက် ရိုက်ကူးလိုက်လေသည်။
ဓာတ်ပုံရိုက်ပြီးနောက် ရှန်မော့အာက ကလေးနှစ်ယောက်ကို ခေါ်ကာ စင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။
မောင်းမောင်နှင့် ကျိုးကျောက်တိတို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို စူးစမ်းကာ ကြည့်လိုက်၊ လက်ဆောင်ကူပွန်များကို အံ့သြတကြီး ကြည့်လိုက်နှင့် လုံးဝကို လက်မှမချချင်လောက်အောင် ဖြစ်နေကြသည်။
ဤတစ်ကြိမ်တွင် ဆုပစ္စည်းများ သယ်ဆောင်ရန် ခက်ခဲမည်ကို စိုးရိမ်သောကြောင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အစီအစဉ်တွင် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်ကူပွန်များကိုသာ ပေးအပ်ခဲ့ခြင်း ဖြစ်ပုံရသည်။ လက်ဆောင်ကူပွန်များပေါ်တွင် လက်ဆောင်ကုဒ်နံပါတ်များကို ရေးသားထားပြီး အခမ်းအနားကျင်းပရေး ကော်မတီတွင် လက်ဆောင်ပစ္စည်းများကို သွားရောက်ထုတ်ယူရန် မှတ်ချက်ရေးသားထားသည်။ အခမ်းအနားကျင်းပရေး ကော်မတီသည် ခန်းမ၏ အပြင်ဘက်တွင် စားပွဲ ၂ လုံးချကာ ဆိုင်းဘုတ်လေးများ ထောင်ထားသည်ကို အစောပိုင်းက ဝင်လာစဉ်ကတည်းက ရှန်မော့အာ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ပုံမှန်အားဖြင့် ဆုချီးမြှင့်ပွဲများတွင် ဆုပစ္စည်းများကို တိုက်ရိုက်ပေးအပ်လေ့ရှိပြီး ထိုသို့ပေးအပ်ခြင်းက ပိုကြည့်ကောင်းစေသော်လည်း ဤခရိုင်အုပ်ချုပ်ရေးမှူးကုမှာ လက်တွေ့ကျသူတစ်ဦးဖြစ်ပုံရပြီး ထိုကဲ့သို့သော အပေါ်ယံ ဟန်ဆောင်မှုများကို ဂရုမစိုက်သူဖြစ်ပေမည်။
မကြာမီမှာပင် ကျိုးမန်ခန်းကလည်း ယန်လျိုတပ်ဖွဲ့ကိုယ်စား စင်ပေါ်သို့တက်ကာ ဆုလက်ခံရယူခဲ့သည်။ သူ၏ မည်းနက်နေသော မျက်နှာကြီးမှာ နီရဲနေပြီး စင်ပေါ်တက်ချိန်တွင် ခြေလှမ်းများပင် မှားယွင်းနေခဲ့သဖြင့် မောင်းမောင်မှာ စင်အောက်တွင် ပါးစပ်ကိုအုပ်ပြီး အချိန်အတော်ကြာအောင် ရယ်မောနေခဲ့လေသည်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပြီးနောက် ရှန်မော့အာက ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ဆုပစ္စည်းများ သွားရောက်ထုတ်ယူခဲ့သည်။ ပြည်နယ်၊ မြို့နှင့် ခရိုင် ၃ ဆင့်လုံး၏ ဆုပစ္စည်းများကို တစ်ပေါင်းတည်း ထုတ်ပေးခြင်းဖြစ်သောကြောင့် ပစ္စည်းများမှာ တကယ်ပင် များပြားလှသည်။ ကြီးကြပ်သူဆရာနှင့် ဆုရကျောင်းသားတို့အတွက် ဆုပစ္စည်းများမှာ တူညီကြပြီး ရှန်မော့အာက ကျောင်းသား ၂ ယောက်ကို ကြီးကြပ်ပေးခဲ့ရသဖြင့် ဆုပစ္စည်း ၂ စု ရရှိခဲ့လေသည်။
ပစ္စည်း ၁ စုတွင် စောင် ၁ ထည်၊ ရေနွေးဗူး ၁ ဗူး၊ ခေါင်းအုံးစွပ် ၂ ခု၊ ထမင်းချိုင့် ၁ ခုနှင့် ဆပ်ပြာမွှေး ၁ ခဲ ပါဝင်သည်။
တခြား ၁ စုတွင်တွေင် စောင် ၁ ထည်၊ ရေနွေးဗူး ၁ ဗူး၊ လက်နှိပ်ဓာတ်မီး ၁ လက်နှင့် ထမင်းချိုင့် ၁ ခု ပါဝင်လေသည်။
ကလေးနှစ်ယောက်၏ ဆုပစ္စည်းများကိုပါ ပေါင်းထည့်လိုက်ပါက စုစုပေါင်း ဆုပစ္စည်း ၄ စုဖြစ်သွားပြီး ပစ္စည်းများမှာ အပုံကြီးပင် ဖြစ်နေတော့သည်။
ထိုအခါမှသာ ရှန်မော့အာက ခရိုင်အုပ်ချုပ်ရေးမှူးကု ဆုပစ္စည်းများကို စင်ပေါ်တွင် ချက်ချင်းမပေးခဲ့ရသည့် အကြောင်းအရင်းမှာ ဆုပစ္စည်းများက အသေးအဖွဲလေးများဖြစ်ပြီး အရေအတွက်များပြားနေခြင်းနှင့်လည်း သက်ဆိုင်နိုင်မည်ဟု ရုတ်တရက် တွေးမိသွားတော့သည်။
ပြန်ပြောရမည်ဆိုလျှင် ဤခေတ်ကာလတွင် ပစ္စည်းများပေးဝေရာ၌ လက်တွေ့အသုံးဝင်မှုကို အဓိကထားလေ့ရှိကြသည်။ ဤပစ္စည်းများကို ကြည့်လိုက်ပါ၊ အားလုံးက အိမ်တွင် အသုံးပြုနိုင်သည့် အရာများချည်းသာ ဖြစ်သည်။
စောင် ၂ ထည်ဆိုလျှင် ရာသီဥတုအေးလာချိန်၌ ချက်ချင်း အသုံးပြုနိုင်မည်။ ရေနွေးဗူးက အိမ်တွင် ၂ ဗူးရှိနေပြီ ဖြစ်သော်လည်း ဤပစ္စည်းမျိုးက ပိုနေသည်ဟု မရှိချေ။ အထူးသဖြင့် ဆောင်းရာသီတွင် ရေနွေးများများ ထည့်ထားပါက သောက်သုံးရန်နှင့် အသုံးပြုရန် အလွန်ပင် အဆင်ပြေလှသည်။ လက်နှိပ်ဓာတ်မီးနှင့် ထမင်းချိုင့်တို့မှာလည်း အလွန်အသုံးဝင်ပြီး ဆပ်ပြာမွှေးကိုတော့ ရှန်မော့အာက ပိုသဘောကျမိလေသည်။
ကျိုးမန်ခန်းသည်လည်း ဆုပစ္စည်းများ ထုတ်ယူခဲ့ပြီး ရေနွေးဗူး ၁ ဗူးနှင့် လက်နှိပ်ဓာတ်မီး ၂ လက် ရရှိခဲ့သည်။ ဤသည်မှာ တပ်ဖွဲ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပေးထားခြင်းဖြစ်ကြောင်း သိသာလှသည်။
ပစ္စည်းများ များပြားလှသော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့အဖွဲ့တွင် လူများပြီး ဖုမင်ဇယ်နှင့် ရှန်ရှောက်ယွမ်တို့က တစ်စိတ်တစ်ပိုင်းကို ကူညီသယ်ဆောင်ပေးခဲ့သဖြင့် ရှန်မော့အာ၏ လက်ထဲတွင် ခေါင်းအုံးစွပ် ၁ ခုနှင့် ဆပ်ပြာမွှေး ၁ ခဲသာ ချက်ချင်းပင် ကျန်ရစ်တော့သည်။
အဒေါ်ချန်တို့ မိသားစုမှ လူပိုများများ လာခဲ့ကြသဖြင့် တစ်ယောက်တစ်လှည့်စီ ပြုံးရွှင်စွာဖြင့် ပစ္စည်းများကို သယ်ဆောင်သွားကြလေသည်။
ကျိုးမိသားစုတွင်လည်း အခြေအနေက အတူတူပင်။ ယန်တာ့နွီက ဗိုက်ကြီးနှင့်ဖြစ်သော်လည်း ရေနွေးဗူး ၁ ဗူးကို အတင်းလုယူထား၏။ တကယ်တမ်းတွင် သူမက စောင်ကို ပိုယူချင်ခဲ့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ကျိုးအဘိုးကြီးက အရင်ဦးသွားခဲ့ခြင်းပင်။
ကျေးလက်ဒေသတွင် စောင်ဝယ်ယူနိုင်သူဟူ၍ မရှိသလောက်ပင်။ ဤပစ္စည်းမျိုးက ဈေးလည်းကြီးကာ ဝယ်ရန်လည်း ခက်ခဲလှသည်။ ဤစောင်တစ်ထည်ကိုသာ တင်တောင်းပစ္စည်းအဖြစ် အသုံးပြုပါက အတော်လေး မျက်နှာပန်းလှလိမ့်မည်။ ယန်တာ့နွီက သူမ၏ ကျားပေါင်လေး ငယ်လွန်းနေသေးသည်ကိုသာ နာကြည်းမိတော့သည်။ ထိုသို့မဟုတ်ပါက ဤစောင်ကို တင်တောင်းပစ္စည်းအဖြစ် အသုံးပြုကာ ဇနီးသည်တစ်ယောက် တရားဝင် သွားရောက်တောင်းရမ်းပေးနိုင်မည် မဟုတ်ပါလား။
တကယ်တမ်းတွင် ယန်တာ့နွီက ရှန်မော့အာကိုလည်း တိတ်တဆိတ် မနာလိုဖြစ်နေမိသည်။ သူမက ဖုမင်ဇယ်နှင့် ရှန်ရှောက်ယွမ်တို့၏ လက်ထဲမှ ပစ္စည်းများကို အကြိမ်ကြိမ် လှမ်းကြည့်နေမိပြီး ခရိုင်မှ ခေါင်းဆောင်များက တကယ်ကို အခြေအနေမှန်ကို နားမလည်ကြဟု ရင်ထဲတွင် ပိုလို့ပင် ခံစားလာရသည်။ မိန်းကလေးတစ်ယောက်ကို စင်ပေါ်တက်ခိုင်းသည်က ထားလိုက်ပါတော့။ ပြိုင်ပွဲမဝင်ရသော ရှန်မော့အာကိုပါ စင်ပေါ်တက်ခိုင်းပြီး ဆုပစ္စည်းများ ပေးအပ်ရုံသာမက ဆုပစ္စည်း ၂ စုတောင် ပေးအပ်ခဲ့သေးသည်။
ဒါက ပိုက်ဆံတွေ ပေါလွန်းနေလို့ လုပ်နေတာများလား။
ဒါကြောင့် သူတို့အိမ်မှာ စောင် ၂ ထည်၊ ရေနွေးဗူး၊ ခေါင်းအုံးစွပ်၊ ပြီးတော့ လက်နှိပ်ဓာတ်မီးတွေတောင် ရသွားတာပေါ့။ ဒါပေမဲ့ ငါတို့အိမ်မှာကျတော့ လက်နှိပ်ဓာတ်မီးတောင် မရှိဘူး။ ဒါက တကယ်ကို မတရားဘူး။
ယန်တာ့နွီက ရင်ထဲတွင် တီးတိုးရေရွတ်နေသော်လည်း မျက်နှာပေါ်တွင်တော့ မပြရဲချေ။
လူအုပ်ကြီးက အပြင်သို့ ထွက်လာခဲ့ပြီး လမ်းတွင် လျိုချောင်တပ်ဖွဲ့မှ အတွင်းရေးမှူး ကန်းလိမင် တို့နှင့် အမှတ်မထင် ဆုံတွေ့လိုက်ရသည်။
ကန်းလိမင်၏ စိတ်ခံစားချက်မှာ အလွန်ပင် ကောင်းမွန်နေပြီး "ကျားလို ဖခင်မှာ ခွေးလို သမီးမရှိဘူးဆိုတဲ့ စကားက မှန်တာပဲ။ ရှောက်ယွမ်... ခင်ဗျားတို့ သားအဖနှစ်ယောက်က တကယ်ကို စွမ်းဆောင်နိုင်ကြတာပဲနော်" ရှန်ရှောက်ယွမ်က တပ်ဖွဲ့ရှိ ဌာနအသီးသီးတွင် တစ်နေကုန် "ကူညီပေး" နေလေ့ရှိသောကြောင့် ကန်းလိမင်က သဘာဝကျစွာပင် သူ့ကို သိကျွမ်းနေလေသည်။
ရှန်ရှောက်ယွမ်က ပြုံးရွှင်စွာဖြင့် "ကျွန်တော့် သမီးလေးက တော်ပါတယ်"
သူက နည်းနည်းလေးမှပင် နှိမ့်ချမနေချေ။ သူ့အိမ်မှ မော့အာက အကောင်းဆုံးပင် ဖြစ်လေသည်။
ကန်းလိမင်က ခေါင်းယမ်းကာ ပြုံးလိုက်ပြီး စိတ်ဆိုးခြင်းတော့မရှိချေ။ သူက ရှန်ရှောက်ယွမ်နှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးပြီး သူ့၏ စရိုက်လက္ခဏာကို အတော်လေး နားလည်နေပြီဖြစ်သည်။ သူက ရှန်မော့အာဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ရဲဘော်ရှန်ရှောက်ယွမ် ပြောတာ မှန်ပါတယ်။ ရဲဘော်ရှောင်ရှန်က တကယ်ကို ထူးချွန်တဲ့ ရဲဘော်ကောင်းတစ်ယောက်ပါ။ ရဲဘော်ရှောင်ရှန်... မနက်ဖြန် တပ်ဖွဲ့ကို တစ်ခေါက်လောက် လာခဲ့ပါဦး"
ထိုသို့ပြောပြီးနောက် မူလတန်းကျောင်းသားလေးများကို အားပေးစကား အနည်းငယ် ထပ်ပြောကာ ကန်းလိမင်က တပ်ဖွဲ့မှ လူတချို့နှင့်အတူ အရင် ထွက်ခွာသွားလေသည်။
ထိုလူများ အဝေးသို့ ရောက်သွားသောအခါ အဒေါ်ချန်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ပြောလိုက်သည်။ "ဒီခေါင်းဆောင်ကြီးက ပြုံးရွှင်နေပေမယ့် သူ့ဘေးမှာ ရပ်နေရတာ နည်းနည်းတော့ စိတ်လှုပ်ရှားရသားပဲ"
ဘေးရှိ လူများကလည်း ထိုနည်းတူ ခံစားရကြောင်း ခေါင်းညိတ်ကာ ထောက်ခံကြလေသည်။
အဒေါ်ချန်က ကျိုးမန်ခန်းကို စပ်စုလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။ "ခေါင်းဆောင်ကြီးက မော့အာကို တပ်ဖွဲ့ကို လာခိုင်းတာ ဘာကိစ္စများလဲဟင်"
ရှန်မော့အာလည်း သိချင်မိသဖြင့် ကျိုးမန်ခန်းကို ကြည့်လိုက်သည်။ သူမကိုယ်တိုင်လည်း မသိပေ။
ဘာသတိပေးချက်မှမရှိဘဲ ရုတ်တရက်ကြီး တပ်ဖွဲ့သို့ လာခိုင်းပြီး ဘာကိစ္စမှန်းလည်း မပြောပြခဲ့သဖြင့် ရှန်မော့အာမှာ တကယ်ကို ဘာမှန်းမသိဘဲ အူကြောင်ကြောင် ဖြစ်နေမိလေသည်။
ကျိုးမန်ခန်းက ခပ်တိုးတိုး ရယ်မောလိုက်ကာ "သတင်းကောင်းပဲ"
ယနေ့ သူ အလွန်ပျော်ရွှင်နေသောကြောင့် ဖြစ်မည်။ ပုံမှန်အချိန်များတွင် အရာရာကို ဖုံးကွယ်ထားလေ့ရှိသော်လည်း ယခုမူ ထိုသို့မလုပ်တော့ဘဲ တိုက်ရိုက်ပင် ပြောချလိုက်သည်။ "ငါတို့အချင်းချင်းဆိုတော့ တိုးတိုးလေး ပြောပြလို့ ရလောက်ပါတယ်။ အတွင်းရေးမှူးကန်းက ခရိုင်အုပ်ချုပ်ရေးမှူးကုဆီမှာ ဒေသခံဆရာတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့ နေရာတစ်နေရာ ထပ်တောင်းထားပြီး မော့အာကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်ဟေ့"
အဒေါ်ချန် : "အမယ်လေး... ဒါက တကယ့် သတင်းကောင်းပဲ"
"မော့အာက ဒီလောက်မြန်မြန် အမြဲတမ်းဝန်ထမ်း ဖြစ်တော့မှာလား။ အမယ်လေး... ဒါက တကယ်ကို လုံးဝ မယုံနိုင်စရာပဲ"
တခြားသူများလည်း အလွန်အံ့သြသွားကြသော်လည်း ပြန်တွေးကြည့်လျှင်လည်း မဆန်းလှဟု ခံစားရပြန်သည်။ သူမက ကျောင်းသား ၂ ယောက်ကို ခေါ်ဆောင်ကာ တစ်ပြည်နယ်လုံး ဒုတိယဆုကို ရရှိခဲ့ပြီး သည်လိုကောင်းမွန်သော ရလဒ်များကို ရယူပေးနိုင်ခဲ့သည်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံရခြင်းမှာလည်း ထိုက်တန်သည် မဟုတ်ပါလား။
ဥပမာအားဖြင့် ချန်ထောင်ဆိုလျှင် တပ်ဖွဲ့မူလတန်းကျောင်း စတင်တည်ထောင်ကတည်းက အမြဲတမ်း ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ပြီး ပြီးခဲ့သော စာသင်နှစ်ကုန်ဆုံးချိန်တွင် တပ်ဖွဲ့က သူ့ကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် အထက်သို့ တင်ပြပေးခဲ့ပြီး ဖြစ်သည်။
ဤသို့ကြည့်လျှင် ရှန်မော့အာက ကောင်းမွန်သော ရလဒ်များ ရယူပေးနိုင်ခဲ့သဖြင့် တပ်ဖွဲ့က သူမကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် တင်ပြပေးခြင်းမှာ တကယ်တမ်းတွင် မဆန်းတော့ချေ။
သို့သော် ဤသို့ဆိုလျှင် တပ်ဖွဲ့မူလတန်းကျောင်းတွင် အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်အပ်ရသေးသူမှာ ရှန်လင်းလင်း တစ်ယောက်တည်းသာ ကျန်ရစ်တော့မည်။
တစ်စုံတစ်ယောက်က ရှန်လင်းလင်း၏ မျက်နှာအမူအရာကို တိတ်တဆိတ် လှမ်းကြည့်လိုက်သောအခါ တကယ်ပင် မျက်နှာမှာ အလွန်အမင်း ညိုမည်းနေသည်ကို တွေ့လိုက်ရ၏။
ထိုသူက ချက်ချင်းပင် ခေါင်းကို လွှဲဖယ်လိုက်ကာ ဘာမှမမြင်လိုက်သလိုသာ ဟန်ဆောင်နေလိုက်တော့သည်။
လူအုပ်ကြီးက စကားပြောရင်း ရှေ့သို့ ဆက်လျှောက်သွားကြပြီး စင်္ကြံလမ်းဘေးတွင် ညိုမည်းနေသော မျက်နှာတစ်ခုနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကိုတော့ ဘယ်သူမှ သတိမပြုမိလိုက်ကြချေ။ ထိုအမျိုးသမီးက ရှန်မော့အာ၏ ကျောပြင်ကို စိုက်ကြည့်နေပြီး သူမ၏ ခန္ဓာကိုယ်ကိုပင် အပေါက်ဖြစ်သွားစေချင်လောက်အောင် အမုန်းတရားများ ပြည့်နှက်နေလေတော့သည်။
...