← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အပိုင်း (၅၉.၁)

အမျိုးသမီးက ခေါင်းလှည့်ကာ ခန်းမဘေးရှိ အိမ်သာဘက်သို့ လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် အထဲမှ အမျိုးသမီးရဲဘော်တချို့ ထွက်လာကြပြီး တုန်းဖန်းဟုန် မူလတန်းကျောင်းမှ ဆရာမတုန်းနှင့် ရှင်းရှန်းတပ်ဖွဲ့မှ ဆရာမဟူ တို့လည်း ပါဝင်လေသည်။

ဆရာမတုန်းမှာ စိတ်ပျက်အားငယ်နေသော အမူအရာဖြင့် လက်ကို ပဝါဖြင့် သုတ်နေ၏။ ဆရာမဟူက သူမကို တစ်ချက်ကြည့်လိုက်ပြီး တုန်းဖန်းဟုန် မူလတန်းကျောင်းကသာ နာမည်ကြီးနေသော်လည်း တကယ်တမ်းတွင်တော့ သူတို့၏ ရှင်းရှန်းတပ်ဖွဲ့ မူလတန်းကျောင်းကဲ့သို့ပင် အားလုံးကို အညီအမျှခွဲဝေပေးသော နှစ်သိမ့်ဆုကိုသာ ရရှိခဲ့သည်ဟု ရင်ထဲတွင် တွေးလိုက်မိသော်လည်း နှုတ်မှတော့ ဖွင့်မပြောခဲ့ချေ။

"ဒီတစ်ခါ အကဲဖြတ်ဒိုင်တွေက ဘယ်လိုတွေ အကဲဖြတ်ကြမှန်းကို မသိပါဘူး။ ကျွန်မကြည့်ရတာတော့ သူတို့က အမြင်မရှိကြဘူးထင်တယ်။ ပြည်နယ်နဲ့ မြို့ပေါ်က ကျောင်းကောင်းတွေထဲက တချို့ ထူးထူးချွန်ချွန် ထွက်ပေါ်လာတာက မဆန်းပေမယ့် တပ်ဖွဲ့မူလတန်းကျောင်းက ကလေး ၂ ယောက်တောင် ဒုတိယဆု ရသွားတယ်ဆိုတာကတော့ တကယ်ကို ယုတ္တိမဲ့လွန်းအားကြီးတယ်။ ပြီးတော့ လျိုချောင်တပ်ဖွဲ့ မူလတန်းကျောင်းဆိုတာ သူတို့အဆင့်က ဘယ်လောက်ရှိလဲဆိုတာ ကျွန်မတို့ မသိတာကျလို့။ ရုတ်တရက်ကြီး ကြိုးစားလိုက်တဲ့ အဆင့်က ရှင်တို့ထက်တောင် သာသွားနိုင်သေးသလား"

ဆရာမတုန်း : "ကျွန်မ လူလွှတ်ပြီး စုံစမ်းကြည့်ပြီးပြီ။ လျိုချောင်တပ်ဖွဲ့က ကလေး ၃ ယောက်ဆွဲထားတဲ့ ပန်းချီကားတွေက တော်တော်လေး ဆန်းသစ်မှုရှိတယ်လို့ ပြောကြတယ်။ အကဲဖြတ်ဒိုင်တွေရဲ့ မှတ်ချက်က အခြေခံစွမ်းရည် နည်းနည်းလိုသေးပေမယ့် ပင်ကိုယ်ပါရမီတော့ မဆိုးဘူးတဲ့လေ"

တကယ်တမ်းတွင် သူမကိုယ်တိုင်လည်း လုံးဝကျေနပ်မှု မရှိချေ။ သူတို့၏ ခရိုင်အဆင့် မူလတန်းကျောင်းအနေဖြင့် ပြည်နယ်အဆင့် ပြိုင်ပွဲတွင် အဆင့်ကောင်းကောင်း မရရှိခြင်းမှာ မဆန်းလှသလို နှစ်သိမ့်ဆု ရရှိခြင်းကပင် အတော်လေး မျက်နှာပန်းလှနေပြီ ဖြစ်သည်။ သို့သော် တိုက်တိုက်ဆိုင်ဆိုင် ယခုနှစ်တွင် လျိုချောင်တပ်ဖွဲ့မှ ဒုတိယဆု ၂ ဆုနှင့် တတိယဆု ၁ ဆု ထွက်ပေါ်လာခဲ့ပြီး ယှဉ်ကြည့်လိုက်ပါက သူတို့၏ တုန်းဖန်းဟုန် မူလတန်းကျောင်းမှာ အလွန်ပင် ညံ့ဖျင်းနေသလို ဖြစ်သွားရလေသည်။

သတင်းထွက်ပေါ်လာကတည်းက ကျောင်းမှ ခေါင်းဆောင်များ၏ မျက်နှာများမှာ သိပ်မကောင်းကြတော့ချေ။

ဆရာမတုန်းက ကြီးကြပ်သူဆရာမတစ်ဦးအနေဖြင့် ဖိအားအလွန်ကြီးမားနေသည်မှာ သဘာဝပင်။ သူမ၏ ရင်ထဲတွင်လည်း ထိုအကဲဖြတ်ဒိုင်များကို အနည်းငယ် အပြစ်တင်မိနေသည်။ ပါရမီဆိုသည်မှာ မျက်စိဖြင့်မမြင်နိုင်၊ လက်ဖြင့်စမ်းသပ်၍မရသော အရာဖြစ်သည်။ ဆုချီးမြှင့်ရာတွင် အဓိကစဉ်းစားသင့်သည်မှာ ပန်းချီအခြေခံစွမ်းရည် မဟုတ်ပါလား။ သူမ သင်ကြားပေးထားသော ကလေးများမှာ အခြေခံစွမ်းရည် အလွန်ခိုင်မာကြသူများ ဖြစ်သည်။

ထို့အပြင် လျိုချောင်တပ်ဖွဲ့က သည်လောက် ထင်ပေါ်လာခြင်းမှာ သူတို့ တုန်းဖန်းဟုန် မူလတန်းကျောင်းကို တမင်သက်သက် အရှက်ခွဲနေခြင်း မဟုတ်ပါလား။

သို့သော် သူမက စိတ်ကို ထိန်းချုပ်နိုင်သူဖြစ်သဖြင့် ဆရာမဟူကဲ့သို့ စည်းလွတ်ဘောင်လွတ် ပြောဆိုမည်မဟုတ်ပေ။

ဆရာမတုန်းက စကားများများ မပြောချင်တော့သဖြင့် ကိစ္စရှိသည်ဟု အကြောင်းပြကာ အရင်ထွက်သွားတော့သည်။ တခြားသူများကလည်း ဤကဲ့သို့သော ထိလွယ်ရှလွယ် ကိစ္စများတွင် မပါဝင်ချင်ကြသဖြင့် အသီးသီး အမြန်ထွက်ခွာသွားကြလေသည်။

ထိုအခါမှသာ အမျိုးသမီးက ထောင့်နားမှ ထွက်လာခဲ့ပြီး "အစ်မ... အမြဲတမ်းဝန်ထမ်း ဖြစ်မယ့်ကိစ္စ..."

ဆရာမဟူက သူမကို ချက်ချင်း မျက်စောင်းထိုးလိုက်ပြီး "အိမ်ပြန်မှ ပြောမယ်"

သူမက စကားပြောရာတွင် သိပ်သတိမထားတတ်သော်လည်း ဒါက သာမန်ကိစ္စများတွင်သာ ဖြစ်သည်။ သူမက အရူးမှမဟုတ်ဘဲ။ ဤကဲ့သို့သော ကိစ္စမျိုးကို အပြင်ဘက်တွင် ပြောလို့ဖြစ်ပါမည်လား။

ဆရာမဟူ၏ အမည်မှာ ဟူချောင်တန့် ဖြစ်ပြီး ထိုအမျိုးသမီးမှာ သူမ၏ ညီမအရင်း ဟူချောင်ချင် ဖြစ်လေသည်။

ဟူချောင်ချင်က စိုးရိမ်တကြီး ပြောလိုက်သည်။ "အိမ်ပြန်ပြီး ဘာပြောရဦးမှာလဲ။ စောစောက ကျွန်မ ကြားလိုက်တယ်။ လျိုချောင်တပ်ဖွဲ့က လူတွေပြောနေတာ သူတို့တပ်ဖွဲ့အတွင်းရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးဆီကနေ အမြဲတမ်းဝန်ထမ်း ခန့်အပ်ခွင့် နေရာတစ်နေရာ ထပ်တောင်းထားပြီး အဲဒီ ရှန်မော့အာကို ခန့်ပေးမလို့တဲ့။ ခယ့်ဟုန်ဝမ် ပြောတုန်းက ဒီနှစ် တစ်ခရိုင်လုံးမှာ လစ်လပ်နေတဲ့ အမြဲတမ်းနေရာ တစ်နေရာပဲ ရှိတယ်ဆို။ အဲဒီနေရာကို သူ ယူသွားရင် ကျွန်မက ဘယ်လိုလုပ်ရမှာလဲ"

ဟူချောင်ချင်က ရှင်းရှန်းတပ်ဖွဲ့မှ ဒေသခံဆရာမတစ်ဦး ဖြစ်သည်။ သူမ၏ ဤဒေသခံဆရာမ အလုပ်ကို တကယ်တမ်းတွင် ဟူချောင်တန့်၏ ခင်ပွန်းဖြစ်သူက အကူအညီပေးကာ ဝင်ခိုင်းထားခြင်း ဖြစ်သည်။ ဟူချောင်ချင် ကိုယ်တိုင်က မူလကတည်းက ပညာရေးအဆင့်အတန်း မကောင်းသဖြင့် ကျောင်းသားများကို သင်ကြားရာတွင်လည်း မကောင်းနိုင်သည်မှာ သဘာဝပင်။ ကံကောင်းထောက်မစွာဖြင့် ဤခေတ်ကာလတွင် လူတိုင်းက ပညာရေးအဆင့်အတန်းကို သိပ်အလေးမထားကြသဖြင့် သူမက ကျောင်းတွင် အလုပ်ဆက်လုပ်နိုင်နေခြင်းဖြစ်သည်။

သို့သော် ဤကဲ့သို့ အလွယ်တကူ နေသွားကာ အမြဲတမ်းဝန်ထမ်း ဖြစ်လာရန်ကတော့ အနည်းငယ် ခက်ခဲလေသည်။

သို့သော် ဟူချောင်တန့်၏ ခင်ပွန်းက သူမကို ဒေသခံဆရာမဖြစ်အောင် အကူအညီပေးနိုင်ခဲ့သည်ဆိုလျှင် အမြဲတမ်းဝန်ထမ်းဖြစ်အောင်လည်း သေချာပေါက် နည်းလမ်းရှာပေးနိုင်လိမ့်မည်။

ဟူချောင်တန့်၏ ခင်ပွန်းအမည်မှာ ယင်းယုံဖေး ဖြစ်ပြီး သူက ဒေသခံဆရာများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရေးတာဝန်ယူထားသော ခယ့်ဟုန်ဝမ်နှင့် ရင်းနှီးလေသည်။ ခယ့်ဟုန်ဝမ်အတွက်တော့ အမြဲတမ်းနေရာ လုံလောက်မှုရှိပါက ဤကိစ္စကို ကူညီပေးရန် အမှန်တကယ် မခက်ခဲပေ။ သို့သော် ပြဿနာမှာ ယခုနှစ်ပိုင်းများတွင် ဒေသခံဆရာများ ပိုမိုများပြားလာပြီး အမြဲတမ်းနေရာများက ပိုမိုနည်းပါးလာကာ အရင်းအမြစ်များ ကန့်သတ်ချက်ရှိလာသဖြင့် ခယ့်ဟုန်ဝမ်အနေဖြင့်လည်း အလွယ်တကူ ကူညီလို့ မရနိုင်တော့ချေ။

ယခုနှစ်တွင် လစ်လပ်နေရာတစ်ခု ပိုလာသည်ဟု ပြောသဖြင့် ဟူညီအစ်မနှစ်ယောက်မှာ ရှေ့နောက် အကြိမ်မည်မျှပင် ပြေးလွှားပြီး လူရာဝင်အောင် လုပ်ခဲ့ရမှန်း မသိတော့ချေ။ ဤဘဲကင်ကြီးက သူတို့အိတ်ကပ်ထဲသို့ ကျလာတော့မည့်ဆဲဆဲတွင် လမ်းခုလတ်မှ ရှန်မော့အာဟူသော ခလုတ်ကန်သင်းတစ်ခု ထွက်ပေါ်လာမည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ဟူချောင်တန့်၏ အမူအရာမှာလည်း ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

ဟူချောင်ချင် အမြဲတမ်းဝန်ထမ်းဖြစ်ရေးအတွက် သူမက စိတ်အင်အား မည်မျှသုံးခဲ့ရသည်ကိုပင် မသိတော့ချေ။ ငွေကြေး၊ အချိန်နှင့် လူမှုရေးအကူအညီများစွာကို ရင်းနှီးခဲ့ရသည်။ ထိုသို့မဟုတ်လျှင် အစောပိုင်းက ပြည်နယ်မြို့တော်သို့ ပြိုင်ပွဲသွားပြိုင်ချိန်တွင် ခယ့်ဟုန်ဝမ်ကို ထိုမျှလောက်အထိ အလိုလိုက်အကြိုက်ဆောင်နေမည်မဟုတ်ဘဲ အခွင့်ကောင်းယူကာ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့ခြင်းသာ။

သို့သော် ကြားဖြတ်လုယူခံလိုက်ရမည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ကြားဖြတ်လုယူခံရရုံသာမက ရှန်မော့အာဟူသော ကောင်မလေးက လုယူသွားခြင်း ဖြစ်နေသည်။

ဟူချောင်ချင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ်ပင် ဖြစ်သွားရသည်။

အလုပ်လုပ်နေစဉ်အတွင်း စကားများအချေအတင် ဖြစ်ခဲ့ရုံမျှသာဆိုသော်လည်း ဟူချောင်ချင်က သူမ၏ခင်ပွန်း ခရိုင်ပညာရေးဗျူရိုတွင် အလုပ်လုပ်နေခြင်းကြောင့် အမြဲတမ်း သူမကိုယ်သူမ အထင်ကြီးကာ စကားပြောဆိုလုပ်ကိုင်ရာတွင် အတော်လေး မာနကြီးသူဖြစ်သည်။ အထူးသဖြင့် သူတို့၏ ရှင်းရှန်းတပ်ဖွဲ့ မူလတန်းကျောင်းတွင် ကျောင်းအုပ်ကြီးကပင် သူမကို မျက်နှာသာပေးရသဖြင့် ရှန်မော့အာက လူအများရှေ့တွင် သူမကို အကြိမ်ကြိမ် အရှက်ခွဲခဲ့ခြင်းအပေါ် သူမက အလွန်အမင်း အငြိုးထားနေခဲ့လေသည်။

အကြိမ်တိုင်းတွင် သူမက အရင်ဦးစွာ အကြောင်းမဲ့ ရန်စခဲ့ခြင်းဖြစ်ပြီး တစ်ဖက်လူက သူမ၏ အဓိပ္ပာယ်မဲ့သော တောင်းဆိုချက်များကို ပြန်လည်ချေပခဲ့ခြင်းမျှသာဖြစ်သည်ဟု လုံးဝမတွေးခဲ့ချေ။ သူမ၏အမြင်တွင် ရှန်မော့အာက သူမကို ပြန်လည်ချေပခြင်းမှာ သူမကို မျက်နှာမထောက်ခြင်းဖြစ်ပြီး တမင်သက်သက် ပြဿနာရှာခြင်းသာ ဖြစ်လေသည်။

သို့သော် ဟူချောင်တန့်က ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။ "တကယ်တမ်း ဘာတွေဖြစ်နေလဲဆိုတာ မသိရသေးပါဘူး။ ငါတို့ ခယ့်ဟုန်ဝမ်ဆီ သွားမေးကြည့်ရအောင်။ ငါတို့သုံးထားတဲ့ ပိုက်ဆံတွေက အလကားမှ မဟုတ်တာ။ အမြဲတမ်းနေရာ တစ်နေရာလုံးကို ဘယ်လိုလုပ် ချက်ချင်းကြီး ပျောက်သွားနိုင်မှာလဲ။ တခြားနေရာတစ်ခု ထပ်တိုးလာတာလည်း ဖြစ်နိုင်တာပဲ။ ခရိုင်အုပ်ချုပ်ရေးမှူးဆီ တောင်းတယ်ဆိုတော့ ခေါင်းဆောင်က အထူးခွင့်ပြုချက်နဲ့ တစ်နေရာ ထပ်ပေးလိုက်တာလည်း ဖြစ်နိုင်တာပဲလေ"

ညီအစ်မနှစ်ယောက်သည် သတင်းစုံစမ်းရန် သုတ်ခြေတင် ထွက်သွားကြလေသည်။

သူတို့က ခယ့်ဟုန်ဝမ် တစ်ယောက်တည်းကိုသာ ချဉ်းကပ်ခဲ့ခြင်းမဟုတ်ဘဲ တခြားသော အဆင့်မြင့် ခေါင်းဆောင်တချို့ကိုလည်း ချဉ်းကပ်ခဲ့ကြသည်။ ထိုလူများက ပစ္စည်းများကို လက်ခံရယူပြီးနောက် နှစ်ကုန်တွင် တခြားသူများနှင့်အတူ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးမည်ဟု ကတိပေးထားခဲ့ကြသည်။

ထို့ကြောင့် သူတို့တွင် မျှော်လင့်ချက်တချို့ ရှိနေသေးသည်။

သို့သော် ယခုတစ်ကြိမ် ထပ်မံသွားရောက်တွေ့ဆုံသောအခါ တစ်ဖက်လူ၏ စကားများမှာ ယခင်ကလောက် သေချာမှုမရှိတော့ဘဲ တတ်နိုင်သမျှ ကူညီပေးမည်ဟုသာ ပြောဆိုကာ ခယ့်ဟုန်ဝမ်ထံသို့ ထပ်မံလွှဲချလိုက်လေသည်။

ခယ့်ဟုန်ဝမ်ကတော့ သေချာသော အဖြေတစ်ခု ပေးခဲ့သည်။ သူက ဤလုပ်ငန်းစဉ်ကို တာဝန်ယူရသူဖြစ်သောကြောင့် ခရိုင်တွင် ထပ်တိုးနေရာ မရှိနိုင်ကြောင်း၊ ဤတစ်နေရာတည်းသာ ရှိကြောင်း အလွန်ရှင်းလင်းပြတ်သားစွာ ပြောပြခဲ့သည်။ ထို့အပြင် ခရိုင်ကော်မတီဝင်းဘက်မှ ဤကိစ္စနှင့်ပတ်သက်ပြီး သူတို့ရုံးသို့ အမှန်တကယ် အကြောင်းကြားလာခဲ့သော်လည်း ရုံးတွင်းတွင် ဆွေးနွေးနေဆဲဖြစ်ကြောင်းကိုလည်း သူက ပြောပြခဲ့လေသည်။

တကယ်တမ်းတွင် ဟူချောင်တန့်၏ ဆက်သွယ်မှုများက အသုံးဝင်ခဲ့သည်။ တစ်ဖက်လူက အမြဲတမ်းနေရာပေးရန် သဘောတူထားပြီးဖြစ်သော်လည်း ခရိုင်က ရုတ်တရက် ဤခွဲတမ်းကို တောင်းယူသွားမည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ထို့ကြောင့် သူတို့ရုံးတွင်းတွင် သဘာဝကျစွာပင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့လေသည်။

ခေါင်းဆောင်က ခရိုင်၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်လိုသော်လည်း တာဝန်ခံ လက်ထောက်ခေါင်းဆောင်ကတော့ သဘောမတူဘဲ ထပ်တိုးနေရာ မရှိတော့ကြောင်း အခိုင်အမာ ပြောဆိုနေသဖြင့် နှစ်ဖက်စလုံး အချေအတင် ဖြစ်နေကြဆဲပင်။

ခရိုင်က ဤအခြေအနေကို သေချာမသိချေ။ ခရိုင်ရုံးအစည်းအဝေးတွင် ဆွေးနွေးပြီးသွားသော ကိစ္စဖြစ်သည့်အပြင် ခရိုင်အတွက် ပြည်နယ်အဆင့် ဒုတိယဆု ၂ ဆုကို တစ်ပြိုင်နက်တည်း ရယူပေးနိုင်ခဲ့ခြင်းမှာ အမြဲတမ်းနေရာ တစ်နေရာပေးရန် တကယ်ပင် ထိုက်တန်သော ရလဒ်ကောင်းတစ်ခု ဖြစ်သည်။ ခံစားခွင့်များကို တိုးမြှင့်ပေးခြင်းဖြင့် ထူးချွန်သော လုပ်သားများကို ဆရာ၊ ဆရာမ အသိုင်းအဝိုင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့် အပြစ်ပြောစရာ မရှိပေ။

ထို့ကြောင့် ဤအချေအတင်ဖြစ်နေသော ကိစ္စမှာ ပညာရေးဗျူရိုအတွင်းတွင်သာ ဖုံးကွယ်ထားပြီး ခရိုင်က မသိရှိသေးချေ။ ခယ့်ဟုန်ဝမ်က ဤလုပ်ငန်းစဉ်ကို တာဝန်ယူရသူဖြစ်သောကြောင့်သာ ရှင်းရှင်းလင်းလင်း သိနေခြင်း ဖြစ်သည်။

ဟူချောင်တန့်မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်ထားလိုက်မိသည်။ တခြားသူတစ်ယောက်သာဆိုလျှင် သူမ သည်လောက် ဒေါသထွက်မည်မဟုတ်သော်လည်း ဤနေရာကို ရှန်မော့အာက ရရှိသွားခြင်းဖြစ်သောကြောင့် ပိုဒေါသထွက်နေရခြင်းပင်။ "မဖြစ်ဘူး။ ငါတို့ ဒီအတိုင်း လက်လျှော့လိုက်လို့ မဖြစ်ဘူး။ ဆက်သွယ်လို့ရမယ့်လူတွေကို ထပ်ရှာကြည့်ရအောင်"

တခြားတစ်ဖက်တွင်တော့ ရှန်မော့အာက ဤအဖြစ်အပျက်များကို လုံးဝမသိရှိချေ။ သူတို့အဖွဲ့မှာ တပ်ဖွဲ့က စီစဉ်ပေးသော ကုန်တင်ကားကြီးကို စီးကာ ယန်လျိုတပ်ဖွဲ့သို့ ပျော်ရွှင်စွာ ပြန်လာခဲ့ကြပြီး မြို့ထဲသို့ မသွားရသော ရွာသူရွာသားများ၏ အားကျချီးကျူးမှုများကို ခံယူခဲ့ကြရသည်။

ပြောရမည်ဆိုလျှင် ခရိုင်အစည်းအဝေးမှာ တကယ်ကို အချိန်တိုအတွင်း ကျစ်လျစ်စွာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ သူတို့ အစည်းအဝေးတက်၊ ဆုပစ္စည်းများထုတ်ယူပြီး အိမ်ပြန်ရောက်လာချိန်တွင် အချိန်မှာ ၁၂ နာရီပင် မထိုးသေးချေ။

"သမီးနဲ့ ရှောင်ဖုက ထမင်းဟင်းချက်လိုက်။ အဖေက ပစ္စည်းတွေကို သိမ်းပေးမယ်"

အိမ်ပေါက်ဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရှန်ရှောက်ယွမ်က အမိန့်ပေးလိုက်သည်။ ယခုအချိန်က ၁၂ နာရီပင် မထိုးသေးသော်လည်း မီးမွှေးပြီး ထမင်းဟင်းချက်မည်ဆိုလျှင် အချိန်လင့်သွားလိမ့်မည်။ လောကတွင် အစားအသောက်က အရေးကြီးဆုံးဖြစ်ပြီး ထမင်းစားရန်က ပထမဦးစားပေးကိစ္စပင်။

ကံကောင်းထောက်မစွာဖြင့် သူတို့က ကြိုတင်ပြင်ဆင်ထားခဲ့ပြီး နံနက်စောစောထကာ ကိုယ်ပိုင်စိုက်ခင်းမှ ဟင်းသီးဟင်းရွက်များကို ခူးထားခဲ့သည်။ ရှန်မော့အာက ဟင်းသီးဟင်းရွက်များကို ဆေးကြောလှီးဖြတ်ပြီး ဖုမင်ဇယ်က ရေခပ်ကာ မီးမွှေးပေးရင်း ဇနီးမောင်နှံနှစ်ဦးမှာ အပေးအယူမျှမျှ ပူးပေါင်းလုပ်ဆောင်နေကြလေသည်။

ရှန်ရှောက်ယွမ်က စောင် ၂ ထည်ကို ဖြန့်ကာ ခြံဝင်းထဲတွင် တိုက်ရိုက်လှန်းထားလိုက်သည်။ ဤအရာများက လျှော်ဖွတ်ရန် မလွယ်ကူသဖြင့် နေပူလှန်းရန်သာ တတ်နိုင်လေသည်။

ရှန်မော့အာနှင့် ဖုမင်ဇယ်တို့၏ မင်္ဂလာဆောင်ကို အကြောင်းပြုကာ သူတို့မိသားစုက ပစ္စည်းအတော်များများ တိုးတိုးတိတ်တိတ် ဝယ်ယူထားခဲ့သည်။ သိပ်မသိသာစေရန်အတွက် ရှန်ရှောက်ယွမ်က သူနှင့်ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်တချို့ထံမှ ငွေအနည်းငယ် ချေးငှားခဲ့သည်။ ဥပမာအားဖြင့် ရွှီဝေကော်ထံမှ ငွေ ၅၀ ယွမ်နှင့် ကူပွန်တချို့ ချေးငှားခဲ့ပြီး တခြားလုပ်ဖော်ကိုင်ဖက်များထံမှလည်း တစ်ယောက်လျှင် ၅ ယွမ်၊ ၁၀ ယွမ်စီ ချေးငှားခဲ့ရာ ရုတ်တရက်ဆိုသလို အိမ်သုံးပစ္စည်းအားလုံးကို ပြည့်စုံစွာ ဝယ်ယူနိုင်ခဲ့လေသည်။

သို့သော် ဝါဂွမ်းကတော့ တကယ်ကို ရှာရခက်လွန်းလှပြီး အစ်ကိုပေါင်၏ လက်ထဲတွင်ပင် မရှိချေ။ ထို့ကြောင့် သူတို့က အပေါ်ခြုံစောင် ၂ ထည်နှင့် အောက်ခံစောင် ၂ ထည်ကိုသာ ဝယ်ယူနိုင်ခဲ့သည်။ မူလက ရာသီဥတုအေးလာလျှင် စောင်မလောက်မှာကို စိုးရိမ်နေခဲ့သော်လည်း ယခုတော့ အဆင်ပြေသွားခဲ့စ်သည်။ စောင် ၂ ထည် ထပ်ပေါင်းထည့်လိုက်ပါက လုံးဝနွေးထွေးသွားမှာ သေချာလှသည်။

ရေနွေးဗူးအသစ်၊ ထမင်းချိုင့်အစရှိသည်တို့ကိုလည်း ရေနွေးဖြင့် ဆေးကြောရမည်ဖြစ်ပြီး တခြားပစ္စည်းများကိုလည်း နေရာချထားသင့်သည်ကို နေရာချ၊ ဖွင့်သင့်သည်ကို ဖွင့်ရမည်။

တချို့သော မိသားစုများဆိုလျှင် ဤကဲ့သို့သော ပစ္စည်းကောင်းများကို ရရှိလာပါက အရင်ဦးစွာ သိမ်းဆည်းထားတတ်ကြသည်။ ဥပမာအားဖြင့် ရေနွေးဗူးဆိုလျှင် မင်္ဂလာဆောင်များတွင် လက်ဖွဲ့ရန်အတွက် အလွန်သင့်တော်လေသည်။ သို့သော် သူတို့မိသားစုကတော့ ထိုသို့မဟုတ်ဘဲ လက်ထဲရောက်လာသည်နှင့် ချက်ချင်းပင် အသုံးပြုလိုက်ကြတော့သည်။

ရှန်မော့အာက ဝက်ပေါင်ခြောက်နှင့် ဟင်းသီးဟင်းရွက်တချို့ကို လှီးထည့်ကာ ခေါက်ဆွဲပြုတ် တစ်အိုး ပြုတ်လိုက်သည်။

ဝက်ပေါင်ခြောက်မှာ တကယ်တမ်းတွင် သူမ ယခင်က ရတနာတိုက်ခန်းထဲတွင် တွေ့ရှိခဲ့သော ဝက်ပေါင်ခြောက်ဖြစ်ပြီး အတုံးလေးများ လှီးကာ သိမ်းထားခဲ့ခြင်း ဖြစ်သည်။ ခေါက်ဆွဲမှာ မင်္ဂလာဆောင်အတွက် ပစ္စည်းများ ဝယ်ယူစဉ်က တစ်ပါတည်း ဝယ်လာခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မင်္ဂလာဆောင်သည့်ရက်များတွင် ပစ္စည်းပေါင်းများစွာ ဝယ်ယူခဲ့သည့်အပြင် မင်္ဂလာဆောင်လာစားသူများကလည်း ပစ္စည်းများစွာ လက်ဖွဲ့ခဲ့ကြပြီး ထိုပစ္စည်းများအားလုံးကို ရှန်ရှောက်ယွမ်၏ အခန်းထဲတွင် သိမ်းဆည်းထားသဖြင့် ဖုမင်ဇယ်အနေဖြင့် အတိအကျ မသိနိုင်ချေ။

ထို့အပြင် ဖုမင်ဇယ်က ယောက္ခထီးဖြစ်သူ အပြင်တွင် အကြွေးတင်နေသည်ကို သိထားပြီး သူတို့သားအဖနှစ်ဦးသည် ယခင်က ငတ်ပြတ်ခဲ့ဖူးသဖြင့် ယခုအခါ အကြွေးယူပြီးတော့ပင် ပစ္စည်းများ ဝယ်ယူနေကြသည်ဟုသာ ထင်မှတ်ထားလေသည်။

ခေါက်ဆွဲမှာ မကြာမီ ကျက်သွားပြီး မိသားစု ၃ ယောက် ထိုင်ကာ စားသောက်ကြသည်။ ခေါက်ဆွဲဟင်းရည်ထဲတွင် ဝက်ပေါင်ခြောက်၏ အနံ့မွှေးမွှေးလေး ပါဝင်နေသဖြင့် အလွန်ပင် စားချင်စဖွယ် ကောင်းနေလေသည်။

"ရှောင်ဖု... မင်း အိမ်ကို စာပြန်ရေးပြီးပြီလား" ရှန်ရှောက်ယွမ်က ခေါက်ဆွဲစားရင်း မေးလိုက်သည်။

မင်္ဂလာဆောင်သည်ဆိုသည်က ကြီးမားသော ကိစ္စဖြစ်သောကြောင့် အိမ်ကို အကြောင်းမကြားဘဲ နေလို့မဖြစ်ပေ။ ဖုမင်ဇယ် ကျေးလက်သို့ ဆင်းလာစဉ်က သူ၏ ကိုယ်ရေးမှတ်တမ်းကို ပြင်ဆင်ထားခဲ့သည်။ မိဘများမှာ မြို့တော်မှ သာမန်အလုပ်သမားများဖြစ်ကြပြီး မိခင်မှာ ကျန်းမာရေးမကောင်းသလို ဖခင်၏ လစာမှာလည်း မများလှချေ။ အထက်တွင်လည်း အမြဲဖျားနာနေတတ်သော အဘိုးအဘွားများ ရှိသည့်အပြင် အောက်တွင်လည်း အသက်မကြီးသေးသော ညီတစ်ယောက် ရှိသေးကြောင်း ကိုယ်ရေးမှတ်တမ်းကို ကြည့်ရုံဖြင့် သိနိုင်လေသည်။ ဤမိသားစုတွင် ပိုက်ဆံအနည်းငယ်ရှိလျှင်ပင် ဆေးရုံသို့ ပို့ရမည်မှာ သေချာလှသည်။

ဤအခြေအနေများကို တပ်ဖွဲ့က အနည်းငယ် သိထားပြီးဖြစ်သည်။ ဖုမင်ဇယ်နှင့် ရှန်မော့အာတို့ လက်ထပ်ရန် ပြင်ဆင်နေချိန်က ကျိုးမန်ခန်းကလည်း ရှန်ရှောက်ယွမ်ကို တိတ်တဆိတ် ပြောပြခဲ့ဖူးလေသည်။

တပ်ဖွဲ့က ရွာသူရွာသားများနှင့် ပညာတတ်လူငယ်များကို တန်းတူဆက်ဆံမည်ဟု ပြောဆိုထားသော်လည်း ကွယ်ရာတွင်တော့ ရွာသူရွာသားများဘက်သို့ ပိုမိုတိမ်းညွတ်မည်မှာ သေချာသည်။ ထို့ကြောင့် ကျိုးမန်ခန်းက ဖုမင်ဇယ်၏ မိသားစုအခြေအနေကို ရှန်ရှောက်ယွမ်အား ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့လေသည်။

ရှန်ရှောက်ယွမ်က သူ့မိသားစု ဆင်းရဲကြောင်းကို စောစောကတည်းက သိထားသဖြင့် ဂရုမစိုက်ခဲ့သလို သူ့မိသားစုထံမှ တင်တောင်းငွေ မည်မျှရမည်ကိုလည်း မျှော်လင့်မထားခဲ့ချေ။ ကျေးလက်သို့ ဆင်းလာစဉ်က မိန်းမယူရန်အတွက် ငွေ ၈၀ ပေးလိုက်သည်ဟု ပြောကြသည် မဟုတ်ပါလား။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ဖုမင်ဇယ်က သူ လက်ထပ်မည့်အကြောင်းကို အိမ်ကကြားသောအခါ ငွေနှင့် ကူပွန်များ ထပ်ပို့ပေးလိုက်ကြောင်း၊ ထိုငွေဖြင့် ရှန်မော့အာအတွက် နာရီတစ်လုံး ဝယ်ပေးခဲ့ကြောင်း ပြောပြခဲ့လေသည်။

ရှန်ရှောက်ယွမ်က ဖုမင်ဇယ်ကို အိမ်သို့ ကျေးဇူးတင်စာ ပြန်ရေးရန်နှင့် မိဘများတွင် အခက်အခဲ တစ်ခုခုရှိမရှိ တစ်ပါတည်း မေးမြန်းရန် ပြောခဲ့သည်။

ယခုအခါ သူတို့အိမ်တွင် အလုပ်လုပ်သူ ၂ ယောက်ရှိပြီး ကျေးလက်တွင် နေထိုင်နေကြသဖြင့် ပုံမှန်အသုံးစရိတ်မှာ အတော်လေး အဆင်ပြေနေပြီ။ ထို့အပြင် သူတို့တွင် ရတနာတိုက်ခန်းတစ်ခု ရှိနေသေးသောကြောင့် တကယ်လို့ အဆင်မပြေပါက ရွှေအနည်းငယ်ထုတ်ကာ ငွေသွားလဲလျှင်လည်း ရနိုင်သည်။

ဖုမင်ဇယ်နှင့် ရှန်မော့အာတို့ အိမ်ထောင်ကျသွားပြီဖြစ်သောကြောင့် ဆွေမျိုးများတွင် အခက်အခဲရှိပါက သူတို့တတ်နိုင်သလောက် ကူညီပေးလိုကြသည်။

အထူးသဖြင့် သူတို့မိသားစုက သည်လောက်အခက်အခဲဖြစ်နေပါလျက်နှင့် သားဖြစ်သူ လက်ထပ်ချိန်တွင် လုံးဝပစ်မထားဘဲ ငွေနှင့် ကူပွန်များကို အထူးတလည် ပို့ပေးခဲ့သည်ကို ကြည့်လျှင် မိသားစုဝင်များမှာ အလွန်သဘောကောင်းကြကြောင်း သိနိုင်လေသည်။

လူအချင်းချင်း ဆက်ဆံရာတွင် အပြန်အလှန် ရှိရမည်သာ။ သူတစ်ပါးက ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါက ရှန်ရှောက်ယွမ်အနေဖြင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်လိုသည်မှာ သဘာဝပင်။

ဖုမင်ဇယ်က တူကို ကိုင်ထားရင်း တစ်ခဏ ရပ်တန့်သွားကာ ခေါင်းယမ်းပြီး ပြောလိုက်သည်။ "မရေးရသေးဘူး"

ရှန်ရှောက်ယွမ်က ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ချေ။

ထမင်းစားပြီးနောက် နေ့လယ်ပိုင်းတွင် မိသားစု ၃ ယောက်က အသီးသီး ခွင့်ဖျက်ကာ အလုပ်သွားသူကသွား၊ လယ်ဆင်းသူက ဆင်းကြလေသည်။

ညနေပိုင်း အလုပ်ဆင်းချိန်တွင် ရှန်မော့အာက ထမင်းဟင်းချက်ရန် အိမ်သို့ သုတ်ခြေတင် ပြန်လာခဲ့ပြီး ဖုမင်ဇယ်ကတော့ ပေါက်တူးထမ်းကာ ကိုယ်ပိုင်စိုက်ခင်းသို့ သွားလေသည်။

သူတို့အိမ်၏ ကိုယ်ပိုင်စိုက်ခင်းကို ယခုအခါ ဖုမင်ဇယ်ကပင် ရှင်းလင်းစိုက်ပျိုးသည်။ ယခင်က သူတို့အိမ်၏ ကိုယ်ပိုင်စိုက်ခင်းမှာ အနီးတစ်ဝိုက်ရှိ စိုက်ခင်းများထဲတွင် အညံ့ဆုံးဖြစ်သော်လည်း ဖုမင်ဇယ် လွှဲပြောင်းယူပြီးနောက်တွင်တော့ နောက်မှလာသော်လည်း ရှေ့ရောက်သွားကာ တခြားသူများ၏ စိုက်ခင်းများထက်ပင် ပိုမိုဖြစ်ထွန်းလာတော့သည်။

ရွာသူရွာသားများအားလုံးက အံ့သြချီးကျူးနေကြသည်။ ဤပညာတတ်လူငယ်ဖုက ကျေးလက်သို့ စရောက်ခါစက လယ်မလုပ်တတ်သော်လည်း ယခု ၁ နှစ်ကျော်မျှသာ ရှိသေးချိန်တွင် သူ ရှင်းလင်းစိုက်ပျိုးထားသော ဟင်းခင်းများက ရွာထဲရှိ အတွေ့အကြုံရင့် လယ်သမားကြီးများ စိုက်ပျိုးထားသည်ထက်ပင် ပိုမိုကောင်းမွန်နေသဖြင့် ထူးဆန်းသည်ဟု ဆိုနိုင်သည် မဟုတ်ပါလား။

...

အပိုင်း (၅၉.၂)

ကျိုးမန်ခန်းက ပညာတတ်လူငယ်များစခန်းတွင် မြေဆွေးကန်တစ်ခု ပြုလုပ်ထားပြီး စမ်းသပ်စိုက်ခင်းတစ်ခုကိုလည်း ဖန်တီးနေသည်ဟု ပြောခဲ့၏။ မူလက ရွာသူရွာသားများမှာ ဤကိစ္စကို သိပ်အရေးမစိုက်ခဲ့ကြချေ။ တပ်ဖွဲ့မှ စိုက်ပျိုးရေးပညာရှင်များ ရွာသို့ဆင်းလာတိုင်း သိပ္ပံနည်းကျ စိုက်ပျိုးရေးကို လေ့လာကြရန် နှုတ်ဖျားမှ အမြဲပြောဆိုလေ့ရှိသော်လည်း တစ်သက်လုံး လယ်လုပ်လာခဲ့သော လယ်သမားကြီးများထဲတွင် ဘယ်သူကမှ နားထောင်မည် မဟုတ်ပေ။ ထိုကလေးများမှာ စာအုပ်ထဲကအတိုင်းသာ ပြောတတ်ကြပြီး သူတို့ကိုယ်တိုင်ကရော လယ်စိုက်ဖူးခဲ့ကြပါသည်တဲ့လား။

သို့သော် ရှန်လောင်ချီမိသားစု၏ ကိုယ်ပိုင်စိုက်ခင်းသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဖြစ်ထွန်းလာသည်ကို မြင်သောအခါ တချို့လူများမှာ တကယ်ပင် ငြိမ်မနေနိုင်တော့ချေ။

အိမ်ထောင်စုတိုင်းတွင် ကိုယ်ပိုင်စိုက်ခင်း အနည်းငယ်စီသာရှိပြီး တူညီသောမြေအကျယ်အဝန်းတွင် ဂေါ်ဖီထုပ်တူညီစွာ စိုက်ပျိုးပါလျက်နှင့် သူများအိမ်က ကျင်း ၅၀၀ ထွက်ပြီး မိမိတို့အိမ်က ကျင်း ၃၅၀ သာထွက်ပါက မိမိတို့အိမ်အနေဖြင့် ကျင်း ၁၅၀ ဆုံးရှုံးသွားသည်နှင့် တူနေသည်မဟုတ်လား။

ဤသည်မှာ ရိက္ခာနှင့်ပတ်သက်သော ကိစ္စဖြစ်သောကြောင့် လယ်သမားကြီးများအတွက်တော့ အသေးအဖွဲကိစ္စ လုံးဝမဟုတ်ချေ။

ထို့ကြောင့် လူတချို့က ဖုမင်ဇယ်ကို ဆွဲကာ အကြောင်းအရင်းကို မေးမြန်းကြလေသည်။ ဖုမင်ဇယ်ကလည်း ရိုးသားစွာပင် ဖြေကြားခဲ့၏။ သူ မြို့တော်မှ လာစဉ်က စိုက်ပျိုးရေးနည်းပညာနှင့် ပတ်သက်သော စာအုပ်တချို့ ယူဆောင်လာခဲ့ပြီး ထိုစာအုပ်များထဲမှ လေ့လာထားခြင်းဖြစ်ကြောင်း ပြောပြခဲ့လေသည်။

လူတချို့ကလည်း "မင်းမှာ စာအုပ်တွေရှိနေရက်နဲ့ ဘာလို့ အစောကတည်းက စမ်းသပ်စိုက်ခင်းတွေ မလုပ်ခဲ့တာလဲ" ဟု မေးလာသည်တွင် ဖုမင်ဇယ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "အရင်က စာအုပ်ဖတ်လို့မပြီးသေးတော့ ဘယ်လိုစိုက်ရမလဲဆိုတာ မသိသေးလို့ပါ"

တကယ်တမ်း အမှန်တရားမှာတော့ သူသည် ယခင်က ထိုစာအုပ်များကို လုံးဝပင် ထုတ်မကြည့်ခဲ့ဖူးခြင်းသာ ဖြစ်လေသည်။

ဤစာအုပ်များကို သူ ကျေးလက်သို့ဆင်းလာစဉ်က မိသားစုမှ လူကြီးများက ပြင်ဆင်ပေးလိုက်ခြင်းဖြစ်သည်။ လူကြီးများ၏ အတွေးမှာ ကျေးလက်သို့ဆင်းကာ လယ်အလုပ်လုပ်ရမည်ဆိုလျှင် မိမိလုပ်မည့်အလုပ်ကို သေချာနားလည်အောင် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ဗဟုသုတများကို သေချာစွာ လေ့လာသင့်သည်ဟု ယူဆထားကြခြင်းပင်။ စာအုပ်များကို အစုံအလင် ပြင်ဆင်ပေးလိုက်သည့်အပြင် သာမန်လူများ ရှာဖွေစုဆောင်းရန် ခက်ခဲသော အချက်အလက်တချို့နှင့် ပြည်တွင်းမှ ရှေ့တန်းကျသော သီအိုရီတချို့လည်း ပါဝင်လေသည်။

သို့သော် ဖုမင်ဇယ်သည် ယန်လျိုတပ်ဖွဲ့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် လူကြီးများ၏ စိတ်ကူးယဉ်ဆန်လွန်းသော အတွေးအမြင်များသာဖြစ်ကြောင်း သိလိုက်ရတော့သည်။ လက်တွေ့ လယ်လုပ်ခြင်းနှင့် စာအုပ်ထဲမှ သီအိုရီများကြားတွင် ကွာဟချက် အလွန်ကြီးမားလှပေသည်။ ထို့အပြင် ဆယ်စုနှစ်ပေါင်းများစွာ လယ်လုပ်လာခဲ့သော လယ်သမားကြီးများက လယ်တစ်ခါမှမလုပ်ဖူးသော ကလေးတစ်ယောက်၏ ညွှန်ကြားချက်များကို မည်သို့များ နားထောင်ကြပါမည်နည်း။

ထို့အပြင် ပညာတတ်လူငယ်များစခန်းတွင် လူစုံပါဝင်ပြီး အခြေအနေရှုပ်ထွေးလှသည်။ ဥပမာ ရှီဝေ။ ဤလူက ရိုးရှင်းသူမဟုတ်ကြောင်း အစကတည်းက ဖုမင်ဇယ် ရိပ်မိခဲ့သည်။ ယန်ချင်းချင်း ဆိုလျှင်လည်း အဘယ်ကြောင့်မှန်းမသိ သူ့ကို အမြဲတမ်း စောင့်ကြည့်နေတတ်လေသည်။ ဖုမင်ဇယ်က အေးအေးဆေးဆေး နေချင်သူဖြစ်သောကြောင့် ဤကဲ့သို့သော ကိစ္စမျိုးတွင် ထင်ပေါ်အောင် မလုပ်သင့်သည်မှာ သဘာဝပင်။

အကယ်၍ သူက အစကတည်းက ရွာသူရွာသားများကို ဦးဆောင်ကာ ရိက္ခာအထွက်နှုန်းတိုးအောင် လုပ်ချင်နေကြောင်း ပြသခဲ့လျှင် တခြားသူများကို မဆိုထားနှင့်၊ ကျန်းကျစ်ချန်ကပင် သူ့ကို မျက်စိစပါးမွှေးစူးစရာတစ်ခုအဖြစ် သတ်မှတ်လာမည်မှာ သေချာလှသည်။

နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ဖုမင်ဇယ်က ဤအပိုင်းနှင့်ပတ်သက်၍ တကယ်ကို ရည်မှန်းချက်ကြီးကြီးမားမား မရှိသောကြောင့်ပင်။

သူ့ပညာရေးအဆင့်အတန်းက မဆိုးလှဘဲ ရူပဗေဒနှင့် ဓာတုဗေဒပိုင်းကို စိတ်ဝင်စားမှုအနည်းငယ် ရှိသော်လည်း စိုက်ပျိုးရေးနှင့်ပတ်သက်လို့တော့ တကယ်တမ်း စိတ်ဝင်စားမှု ကြီးကြီးမားမား မရှိခဲ့ချေ။

နောက်ဆုံး ငယ်စဉ်မှကြီးပြင်းလာသည်အထိ ဤအပိုင်းနှင့် ထိတွေ့မှု အလွန်နည်းပါးခဲ့သည်။

ထို့ကြောင့် အစပိုင်းတွင် ဖုမင်ဇယ်က ထိုစာအုပ်နှင့် အချက်အလက်အထုပ်ကြီးကို တပ်ဖွဲ့ရုံးခန်းတွင် တိုက်ရိုက် သွားထားလိုက်သည်။

ထိုစဉ်က ကျိုးမန်ခန်းသည် ဖုမင်ဇယ် ကျေးလက်သို့ဆင်းလာရာတွင် စိုက်ပျိုးရေးနှင့်ပတ်သက်သော စာအုပ်နှင့် အချက်အလက်အထုပ်ကြီး ပါလာကြောင်း ကြားသောအခါ သူ့အပေါ် အမြင်တော်တော်လေး ကောင်းသွားခဲ့လေသည်။ ကျိုးမန်ခန်း ကိုယ်တိုင်က စာအနည်းငယ်သာ ဖတ်တတ်ရာပြီး စာအုပ်များကို ဖတ်ရှုနိုင်မည်မဟုတ်သော်လည်း ပညာတတ်များကိုတော့ လေးစားမှုရှိလေသည်။ သူက ထိုစာအုပ်များနှင့် အချက်အလက်များကို အထူးတလည် တန်ဖိုးထားကာ သေတ္တာတစ်လုံးရှာပြီး ထည့်သိမ်းပေးခဲ့ပြီး တပ်ဖွဲ့ရုံးခန်းရှိ ပုံမှန်အသုံးမပြုသော ပစ္စည်းဟောင်းများထားသည့် အခန်းတစ်ခန်းထဲတွင် သိမ်းဆည်းပေးထားခဲ့သည်။

တပ်ဖွဲ့ရုံးခန်းအဆောက်အအုံသည် မူလက မြေရှင်ကြီး၏အိမ်ဖြစ်သောကြောင့် နေရာကျယ်ဝန်းပြီး အခန်းငယ်လေးများစွာ ရှိသည်။ ဤပစ္စည်းဟောင်းများထားသော အခန်းမှာလည်း ထိုအခန်းငယ်များထဲမှ တစ်ခုဖြစ်ပြီး ပုံမှန်အသုံးမလိုသော်လည်း အရေးကြီးသည့်အရာများဖြစ်သော အထက်မှပေးပို့လာသည့် စာရွက်စာတမ်းများနှင့် မှတ်စုစာအုပ်များကဲ့သို့သော လျှို့ဝှက်ချက်မရှိသည့် ပစ္စည်းများကို သိမ်းဆည်းထားလေ့ရှိသည်။ ထို့ကြောင့် ကျိုးမန်ခန်းက ထိုအခန်း၏ သော့တစ်ချောင်းကို ဖုမင်ဇယ်အား ပေးထားခဲ့လေသည်။

သို့သော် ဖုမင်ဇယ်က ယခင်က ထိုသော့ကို အလွန်ပင် အသုံးပြုခဲလှသည်။ သူက "စိုက်ပျိုးရေးဆိုင်ရာ အပြည့်အစုံ" စာအုပ်ကို ယူကာ ကုတင်ခေါင်းရင်းတွင် ထားခဲ့သော်လည်း စာမျက်နှာ တစ်မျက်နှာလေးပင် မလှန်ကြည့်ခဲ့ဖူးချေ။

ဖုမင်ဇယ်က သော့ကိုအသုံးပြုခြင်းမှာ တကယ်တမ်းတွင် ငွေနှင့် ကူပွန်များ သွားယူရန်အတွက်သာ ပိုများသော်လည်း မကြာခဏတော့ မဟုတ်ချေ။

သူက ငွေနှင့် ကူပွန်တချို့ကို ဤအခန်းထဲတွင် ထားရှိသလို အစ်ကိုပေါင်ထံတွင်လည်း တချို့ကို အပ်နှံထားပြီး ဘဏ်တွင်လည်း တချို့ကို စုဆောင်းထားကာ ကိုယ်ပေါ်တွင်လည်း တချို့ကို ဖွက်ထားတတ်လေသည်။ မည်သို့ပင်ဆိုစေ ယုန်တွင် တွင်း၃ ပေါက်ရှိသကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် ခွဲဝေသိမ်းဆည်းထားခြင်းဖြစ်သောကြောင့် တစ်ခါတစ်ရံတွင် စာအုပ်ယူရန် အကြောင်းပြချက်ဖြင့် ထိုအခန်းထဲသို့ သွားရောက်ကာ ငွေနှင့် ကူပွန်များကို ထုတ်ယူလေ့ရှိသည်။

နောက်ပိုင်းတွင် သူ ရုတ်တရက် မြေဆွေးကန်နှင့် စမ်းသပ်စိုက်ခင်းများကို စတင်လုပ်ဆောင်လာရသည့် အကြောင်းရင်းမှာတော့ များပြားလှပေသည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ အတော်အသင့် နားလည်လာပြီဖြစ်သောကြောင့် သီအိုရီနှင့် လက်တွေ့ကို ပေါင်းစပ်ရန် စဉ်းစားနိုင်လာခြင်းက တစ်ကြောင်း၊ ရွာနှင့် ပညာတတ်လူငယ်များစခန်း၏ အခြေအနေများကို အပြည့်အဝ နားလည်သဘောပေါက်လာပြီဖြစ်သောကြောင့် ပြဿနာတစ်ခုခု ပေါ်လာပါကလည်း ဖြေရှင်းနိုင်စွမ်း ရှိလာပြီဖြစ်ခြင်းက တစ်ကြောင်းဖြစ်သည်။ သို့သော် အဓိကအကြောင်းရင်းကတော့ သဘောကျရသော မိန်းကလေးရှိလာပြီး ယန်လျိုတပ်ဖွဲ့တွင် အခြေချနေထိုင်ရန် ပြင်ဆင်လာခြင်းကြောင့်ပင်။ ထို့ကြောင့် တစ်ချိန်လုံး အေးအေးဆေးဆေးသာ ဆက်နေလို့ မဖြစ်တော့ဘဲ ဇနီးသည်နှင့် ယောက္ခထီးကိုသာ အမြဲတမ်း အားကိုးနေလို့ မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် နောက်ပိုင်းတွင် သူက အားလပ်ချိန်ရတိုင်း ထိုစာအုပ်များနှင့် အချက်အလက်များကို အသေးစိတ် ဖတ်ရှုလေ့လာခဲ့ပြီး အသုံးဝင်မည့်အချက်များကို ထုတ်နုတ်ကာ မိမိ၏ ကိုယ်ပိုင်စိုက်ခင်းတွင် ကိုယ်တိုင်စဉ်းစားရင်း စမ်းသပ်လုပ်ဆောင်ကြည့်ခဲ့လေသည်။

၁ နှစ်ကျော်ကြာ လယ်အလုပ်လုပ်ခဲ့သော အတွေ့အကြုံရှိလာပြီဖြစ်သောကြောင့် သီအိုရီနှင့် လက်တွေ့ကို ပေါင်းစပ်လိုက်သောအခါ သဘာဝကျစွာပင် အားစိုက်ရနည်းပြီး အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်လာခဲ့သည်။ အနည်းဆုံးတော့ မြေဩဇာကို သီးနှံများ ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်အောင် မြေဆွေးပြုလုပ်နည်း၊ မြေဆီလွှာကောင်းမွန်လာစေရန် မြေဩဇာနှင့် သီးလှည့်စိုက်ပျိုးခြင်းကို အသုံးပြုနည်း၊ ရေချွေတာနိုင်ပြီး သီးနှံများ ရေလုံလောက်စွာ ရရှိနိုင်စေရန် ရေသွင်းနည်း၊ တူညီသော မြေအကျယ်အဝန်းတွင် သီးနှံများပိုမိုစိုက်ပျိုးနိုင်ရန် စိုက်ပျိုးပင်သိပ်သည်းဆကို ချိန်ညှိနည်းစသည့် ပြဿနာများနှင့်ပတ်သက်၍ ဖုမင်ဇယ်တွင် အတိုင်းအတာတစ်ခုအထိ အကြံဉာဏ်များ ရှိလာခဲ့သည်။

ကျိုးမန်ခန်းက ပညာတတ်လူငယ်များစခန်းရှိ စမ်းသပ်စိုက်ခင်းကို လေ့လာကြည့်ရှုပြီးနောက် ရွာထဲတွင်လည်း မြေဆွေးကန်တစ်ခု ပြုလုပ်ကာ မြေကွက်ငယ်တစ်ခုကို စမ်းသပ်စိုက်ခင်းအဖြစ် သတ်မှတ်ပေးခဲ့သည်။ လက်ရှိအချိန်အထိ စမ်းသပ်စိုက်ခင်းမှာ အတော်လေး ဖြစ်ထွန်းနေပြီး လာမည့်နွေဦးစိုက်ပျိုးရာသီရောက်လျှင် စမ်းသပ်စိုက်ခင်းမှ ရရှိလာသော ထိရောက်သည့် အတွေ့အကြုံများကို တခြားလယ်ကွင်းများတွင်ပါ အသုံးပြုနိုင်မည်ဟု ခန့်မှန်းရလေသည်။

ဖုမင်ဇယ်မှာ ယခုအခါ အလွန်ပင် ဖိအားများနေသည်ဟု ခံစားနေရသည်။ ဇနီးဖြစ်သူကလည်း မကြာမီ အမြဲတမ်းဝန်ထမ်းဖြစ်တော့မည်ဖြစ်ပြီး ယောက္ခထီးဖြစ်သူကလည်း လစာရှိနေကာ သူတစ်ယောက်တည်းကသာ လုပ်အားခရမှတ်ဖြင့် အသက်မွေးနေရသည် မဟုတ်ပါလား။

ဤအတိုင်းသာ ဆက်သွားနေပါက နောင်တစ်ချိန် သူနှင့် မော့အာတို့ ကလေးရလာချိန်တွင် ဇနီးသည်နှင့် ကလေးအတွက် အာဟာရဖြည့်စွက်စာများ ဝယ်ပေးချင်လျှင်ပင် အကြောင်းပြစရာ ရှာမရဖြစ်နေတော့မည်။

ထို့အပြင် သူသည် ရွာတွင် ၁ နှစ်ကျော်ကြာ နေထိုင်ခဲ့ပြီး ဤနေရာတွင် အခြေချနေထိုင်ပြီဖြစ်သောကြောင့် ရွာကြီးကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေချင်ပြီး လူတိုင်း၏ဘဝများ ပိုမိုကောင်းမွန်လာစေရန် မျှော်လင့်မိလေသည်။

ဖုမင်ဇယ်က ကိုယ်ပိုင်စိုက်ခင်းကို အလျင်အမြန် ရှင်းလင်းပြီးနောက် ပေါက်တူးထမ်းကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ပေါက်ဝသို့ ရောက်ခါနီးတွင် တပ်ဖွဲ့မှ စက်ဘီးစီးကာ ပြန်လာသော ကျန်းကျွင့်လျန်နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်ရသည်။

ကျန်းကျွင့်လျန်က ဘရိတ်ကိုညှစ်ကာ ခြေတစ်ဖက်ချလိုက်ပြီး ဖုမင်ဇယ်ကို အကဲခတ်ကြည့်လိုက်ကာ ပြောလိုက်၏။ "ဒီလောက် ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတစ်ယောက်က မိန်းမနဲ့ ယောက္ခထီးကိုပဲ မှီခိုနေရတယ်ဆိုတာ သိပ်တော့ ကြည့်မကောင်းဘူးလေ။ ငါတို့က မယားညီအစ်ကိုတွေဆိုတော့ နောက်မှ ချည်မျှင်နဲ့အထည်စက်ရုံမှာ နေ့စားအလုပ်သမား ခေါ်ရင် မင်းကို ငါ အကြောင်းကြားပေးပါ့မယ်"

ဖုမင်ဇယ် ပြန်ပြောရန်ပင် မလိုလိုက်ချေ။ အနောက်မှ စက်ဘီးစီး ပြန်လာသော ရှန်ရှောက်ယွမ်က မိမိအိမ်ရှေ့တွင် အကြောင်းမဲ့ လာရောက် ကြွားလုံးထုတ်နေသော ထိုသူ၏စကားကို ကြားလိုက်ရသဖြင့် စက်ဘီးကို ရပ်လိုက်ကာ ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။ "မင်းက ငါ့အိမ်ရှေ့လာပြီး ဘာတွေ လာကြွားနေတာလဲ။ ချည်မျှင်နဲ့အထည်စက်ရုံက အလုပ်သမားခေါ်မယ်ဆိုရင် ငါက မသိဘဲနေပါ့မလား။ ငါက ယောက္ခထီးတစ်ယောက်အနေနဲ့ ကိုယ့်သားမက်အတွက် မစဉ်းစားတတ်ဘူးလို့ ထင်နေတာလား၊ မင်းက ဝင်စွက်ဖက်ဖို့ လိုလို့လား။ ပြီးတော့ ငါ့သားမက်က နေ့တိုင်း အလုပ်ဆင်းနေတာ မဟုတ်ဘူးလား။ မင်းအမြင်မှာ နေ့တိုင်း အလုပ်ဆင်းနေတာက မိန်းမနဲ့ ယောက္ခထီးကို မှီခိုနေတယ်လို့ ခေါ်တာလား။ မင်းရဲ့ ဒီလိုအတွေးအခေါ်မျိုးက မဖြစ်သေးဘူးနော်။ မင်းတို့ စက်ရုံက နိုင်ငံရေးနဲ့ စိတ်ဓာတ်ရေးရာ ပညာပေးလုပ်ငန်းတွေက ထိထိရောက်ရောက် မရှိသေးဘူးထင်တယ်"

ကြည့်ပါဦး။ သူက ယခုအခါ ဤကမ္ဘာလောကကြီးနှင့် အလွန်ပင် သဟဇာတဖြစ်နေပြီဖြစ်သောကြောင့် တခြားသူများကို ပြန်လည်ချေပရာတွင် ဤကမ္ဘာလောက၏ "ဒေသခံ" စကားလုံးများကိုပင် ကျွမ်းကျင်စွာ အသုံးပြုနိုင်နေလေပြီ။

တကယ်တမ်းဆိုရလျှင် ရှန်ရှောက်ယွမ်က သားမက်ဖြစ်သူ ရွာတွင် အလုပ်ဆင်းနေရခြင်းကို ဘာမှမဖြစ်ဟု ရိုးသားစွာ ခံစားမိသည်။ သူတို့သားအဖနှစ်ဦးက လစာရရှိပြီး သားမက်ဖြစ်သူက လုပ်အားခရမှတ်ရှာဖွေနေသဖြင့် ရွာတွင် ရိက္ခာဝေစု ရရှိနိုင်မည်။ နှစ်ကုန်၍ တပ်ဖွဲ့က ဝက်သားခွဲဝေသည်ဖြစ်စေ၊ တခြားမည်သည့်အရာကို ခွဲဝေသည်ဖြစ်စေ သူတို့အတွက်လည်း ဝေစုရရှိလိမ့်မည်။

မိသားစုဝင်အားလုံးက မိသားစုအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေသရွေ့ လုံလောက်သည်။ မည်သူက ပိုအကျိုးပြုသည်၊ မည်သူက နည်းသည်ဟု တွက်ချက်နေခြင်းက အဓိပ္ပာယ်မရှိချေ။

ရွာထဲမှ အတင်းပြောတတ်သော မိန်းမတချို့က ဖုမင်ဇယ်၏အကြောင်းကို ကွယ်ရာတွင် အတင်းအဖျင်း ပြောဆိုလေ့ရှိသော်လည်း ဘယ်သူကမှ သူတို့ရှေ့တည့်တည့်တွင် လာရောက်ပြောဆိုရဲခြင်း မရှိချေ။

ဤကျန်းကျွင့်လျန်ကတော့ တကယ်ကို ရဲတင်းလွန်းလှပြီး သူတို့အိမ်ပေါက်ဝအထိပင် လာရောက်ပြောဆိုနေလေသည်။ ဒါက သူတို့၏ သာယာချမ်းမြေ့သော မိသားစုဆက်ဆံရေးကို တမင်သက်သက် သွေးခွဲနေခြင်းဖြစ်သောကြောင့် ရှန်ရှောက်ယွမ်က သူ့ကို သေချာပေါက် အားနာနေမည် မဟုတ်ပေ။

ကျန်းကျွင့်လျန်၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားပြီး "ဦးလေး၇. ကျွန်တော်က စေတနာနဲ့ပြောတာကို ဦးလေးက ဒီလိုပြောတာတော့ လွန်လွန်းပါတယ်"

ရှန်ရှောက်ယွမ်က သူ့ကို စကားအများကြီး ဆက်မပြောချင်တော့သဖြင့် လက်ယမ်းပြလိုက်ကာ "မြန်မြန်ပြန်တော့။ မဟုတ်ရင် ငါက လူငယ်ကို အနိုင်ကျင့်တယ်လို့ ပြောနေဦးမယ်"

ကျန်းကျွင့်လျန်က ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင်တော့ ခြေနင်းကို နင်းကာ စက်ဘီးစီး ထွက်သွားလေတော့သည်။

ရှန်ရှောက်ယွမ်သည် တပ်ဖွဲ့တွင် အတော်လေး ပေါက်ရောက်သူဖြစ်သည်။ သူတို့၏ ချည်မျှင်နှင့်အထည်စက်ရုံမှ ဝါဒဖြန့်ချိရေးဌာနမှ လူများနှင့်ပင် ဆက်ဆံရေးကောင်းမွန်သောကြောင့် ကျန်းကျွင့်လျန်အနေဖြင့် သူ့ကို အလွယ်တကူ မစော်ကားရဲချေ။

ရှန်ရှောက်ယွမ်က ဖုမင်ဇယ်ကို တစ်ချက်ကြည့်လိုက်ပြီး စက်ဘီးကို တွန်းရင်း လျှောက်သွားကာ မေးလိုက်၏။ "မင်း တပ်ဖွဲ့ချုပ်မှာ အလုပ်သမား သွားလုပ်ချင်သလား"

ဤအချိန်အတောအတွင်း လေ့လာစောင့်ကြည့်မှုများအရ ရှန်ရှောက်ယွမ်က သားမက်ဖြစ်သူသည် တကယ်တမ်းတွင် အလွန်ထက်မြက်သူဖြစ်ကြောင်း ခံစားမိသည်။ သူသာ တကယ် အလုပ်သမားလုပ်ချင်ပါက စာမေးပွဲဖြေဆိုရန် အခွင့်အရေးရလျှင် အောင်မြင်နိုင်ခြေ ရှိလေသည်။ ကျေးလက်သို့ မဆင်းလာမီက အလုပ်သမားစာမေးပွဲ ဖြေဆိုခဲ့ဖူးခြင်း ရှိမရှိကိုတော့ မသိရပေ။ ကံမကောင်း၍ အခွင့်အရေးကောင်းနှင့် မကြုံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ရှန်ရှောက်ယွမ်က ခန့်မှန်းမိလေသည်။

ဖုမင်ဇယ်က အနည်းငယ် မျက်လွှာချလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်၏။ "လယ်လုပ်ရတာပဲ ကောင်းပါတယ်"

နိုင်ငံပိုင်စက်ရုံများတွင် အလုပ်သမားအဖြစ် ဖြေဆိုရန်အတွက် နိုင်ငံရေးနောက်ခံကို သေချာပေါက် စစ်ဆေးခံရမည်ဖြစ်ပြီး သူ၏ ကိုယ်ရေးမှတ်တမ်းမှာ အသေးစိတ်စစ်ဆေးမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ရှန်ရှောက်ယွမ်က ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မပြောတော့ချေ။

ဖုမင်ဇယ် စမ်းသပ်စိုက်ခင်း လုပ်နေသည်ကို သူ သိထားပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရနေပုံရသည်။ အကယ်၍ ဖုမင်ဇယ် ရွာတွင်ဆက်နေကာ ရွာ၏ အထွက်နှုန်းနှင့် ဝင်ငွေတိုးလာအောင် ကူညီပေးနိုင်ပါက သာမန်အလုပ်သမားလုပ်ခြင်းထက် ပိုအဓိပ္ပာယ်ရှိပေလိမ့်မည်။

ယောက္ခထီးနှင့် သားမက် နှစ်ဦးစလုံးက ဤကိစ္စကို ရင်ထဲတွင် မထားကြတော့ဘဲ ရှေ့ဆင့်နောက်ဆင့် အိမ်ထဲသို့ဝင်ကာ ထမင်းစားကြလေတော့သည်။

တခြားတစ်ဖက်တွင်တော့ ကျန်းကျွင့်လျန်က မျက်နှာ မည်းမှောင်စွာဖြင့် စက်ဘီးစီးကာ ယောက္ခမအိမ်သို့ ပြန်လာခဲ့သည်။ သူ စက်ဘီးကို ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ရှန်လင်းလင်းက အိမ်ထဲမှ ထွက်လာခဲ့ပြီး ပြောလိုက်သည်။ "ထမင်းစားဖို့ ကွက်တိပဲ၊ မြန်မြန် ဝင်လာခဲ့လေ"

ကျန်းကျွင့်လျန်က ဧည့်ခန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်တွင် ရှစ်ထောင့်စားပွဲဘေးတွင် လူများ ပြည့်ကျပ်စွာ ထိုင်နေကြသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး "ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ လောလောဆယ် ထမင်းမစားချင်သေးဘူး။ မင်းတို့ပဲ စားကြပါတော့"

ရှန်လင်းလင်းက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး သူ၏မျက်နှာထား တကယ်ပင် သိပ်မကောင်းသည်ကို မြင်သောအခါ အမြန်ပြောလိုက်သည်။ "ဒါဆိုလည်း ရှင် အရင်သွားနားလိုက်လေ။ ခဏနေမှ ကျွန်မ ရှင့်အတွက် ခေါက်ဆွဲပြုတ်ပေးမယ်"

ကျန်းကျွင့်လျန်က ခေါင်းညိတ်လိုက်ပြီး လှည့်ကာ သူတို့၏ ကိုယ်ပိုင်အခန်းထဲသို့ ဝင်သွားတော့သည်။

"ဘယ်လိုလဲ၊ ကျွင့်လျန် ထမင်းမစားဘူးလား" ရှန်လင်းလင်း ဧည့်ခန်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ထျန်းဖန်က မေးလိုက်သည်။

ရှန်လင်းလင်းက ခေါင်းညိတ်ပြပြီး "သူ အလုပ်အရမ်းပင်ပန်းလာလို့ အရင် နားချင်လို့တဲ့"

ထျန်းဖန်၏ မျက်နှာသည် အနည်းငယ် တောင့်တင်းသွားသော်လည်း ချက်ချင်းပင် ပြုံးလိုက်ကာ နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ "သူက စက်မှုကျွမ်းကျင်လုပ်သားဆိုတော့ အလုပ်က တခြားသူတွေထက် ပိုပင်ပန်းမှာ သေချာပါတယ်။ ဒါဆိုလည်း ငါတို့ပဲ စားကြတာပေါ့။ နောက်မှ သမီး သူ့အတွက် တစ်ခုခု လုပ်ပေးလိုက်ပေါ့"

ရှန်ကျန့်ရှဲ့၏ ဇနီးက မျက်လုံးလှန်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။ "နေ့တိုင်း သီးသန့်ဟင်းချက်စားနေတာ၊ စားစရိတ် ဘယ်လောက်ပဲပေးပေး ဒီလောက်ဖြုန်းနေရင် ဘယ်ခံနိုင်ပါ့မလဲ"

ကျန်းကျွင့်လျန်က အရင်နားမည်၊ ထမင်းမစားသေးဟု ပြောခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။ မကြာသေးမီက သူက နေ့တိုင်းနီးပါး ဒီလို ဖြစ်နေတတ်သည်။ သူနှင့် ရှန်လင်းလင်းက အိမ်သို့ စားစရိတ်များ ပေးထားသော်လည်း သည်လို နေ့စဉ်ရက်ဆက် သီးသန့်ဟင်းကောင်းများ ချက်စားနေပါက ထိုစားစရိတ်အနည်းငယ်ဖြင့် မည်သို့ လောက်ငှနိုင်ပါမည်နည်း။

ရှန်လင်းလင်းမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး ပြန်ပြောလိုက်သည်။ "ယောက်မ၂.. ရှင်က ဘာသဘောနဲ့ ပြောတာလဲ။ ကျွင့်လျန်က ဒီရက်ပိုင်း အလုပ်တွေ အရမ်းများနေလို့ ပင်ပန်းနေတာက မတတ်နိုင်တဲ့ကိစ္စပဲလေ။ ပြီးတော့ ကျွန်မတို့က စားစရိတ် အများကြီးပေးထားတာပဲ၊ ခေါက်ဆွဲပြုတ် နည်းနည်းပါးပါး စားတာ၊ ဆန်ပြုတ် နည်းနည်းပါးပါး သောက်တာက ဘာဖြစ်သွားမှာမို့လို့လဲ"

ထျန်းဖန်က ရှန်ယုံကျွင်းကို တစ်ချက်ကြည့်လိုက်သည်။ တကယ်တမ်းတွင် သူမကိုယ်တိုင်လည်း နှမြောနေမိသည်။ နေ့တိုင်း ခေါက်ဆွဲပြုတ် ပြုတ်ခြင်းမဟုတ်လျှင် ကြက်ဥဆန်ပြုတ် ကျိုနေရရာ ဤစားစရာများမှာ အဆင့်မြင့်ရိက္ခာများချည်းသာ ဖြစ်လေသည်။ သူမက စားစရိတ်ထဲမှ အနည်းငယ် အမြတ်ထုတ်ချင်ခဲ့သော်လည်း ဤအတိုင်းသာ ဆက်သွားနေပါက အမြတ်မရသည့်အပြင် ကိုယ်တိုင်ပင် စိုက်ထုတ်ရမည့်ကိန်း ဆိုက်နေပေပြီ။

ရှန်ယုံကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး "ကဲပါ.. တော်ကြတော့။ ကိုယ့်စကားကိုယ် ထိန်းပြောကြ။ ကျွင့်လျန် အလုပ်ဆင်းရတာ ပင်ပန်းရှာပါတယ်။ ဒါပေမဲ့ လင်းလင်း.. သမီးလည်း သူ့ကို နည်းနည်း ပြောပြလိုက်ပါ။ နောက်ဆိုရင် ထမင်းစားချိန်ရောက်ရင် အတူတူ ထမင်းစားဖို့ ကြိုးစားပါလို့။ ထမင်းအရင်စားပြီးမှ နားလည်း ရတာပဲကို"

ရှန်လင်းလင်းက မျက်နှာ မည်းမှောင်စွာဖြင့်သာ အင်း ဟု ပြန်ထူးလိုက်ရတော့သည်။

အတန်ကြာသောအခါ ရှန်လင်းလင်းက ခေါက်ဆွဲပြုတ် တစ်ပန်းကန် သီးသန့်ပြုတ်ကာ သူတို့၏ ကိုယ်ပိုင်အခန်းထဲသို့ ယူသွားလေသည်။ ကျန်းကျွင့်လျန်က ခေါက်ဆွဲစားနေစဉ် သူမက နောက်နောင်တွင် တတ်နိုင်သမျှ အတူတကွ ထမင်းစားကြရန် ကိစ္စကို ပြောပြလိုက်သောအခါ ကျန်းကျွင့်လျန်က ဘာမှမပြောဘဲ ခေါက်ဆွဲတစ်ပန်းကန်လုံးကို ကုန်စင်အောင် စားပြီးမှ ပြောလိုက်သည်။ "မိသားစုအကြီးကြီး အတူတူ ထမင်းစားရတာကို ငါ အသားမကျဘူး။ အဆင်မပြေရင် ငါတို့ဘာသာ သီးသန့် ထမင်းဟင်း ချက်စားကြမယ်"

ရှန်လင်းလင်းက သူ ထိုသို့ပြောလာသည်ကို ကြားသောအခါ ချက်ချင်းပင် အနည်းငယ် ဒေါသထွက်သွားပြီး မနေနိုင်ဘဲ ပြန်မေးလိုက်သည်။ "ရှင့်အိမ်ကလည်း မိသားစုအကြီးကြီး အတူတူ ထမင်းစားနေကြတာပဲ မဟုတ်ဘူးလား"

ကျန်းကျွင့်လျန်က အပြစ်ရှိသလို လုံးဝမခံစားရသည့်အပြင် အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ "ဒါဆိုလည်း တပ်ဖွဲ့ကို ပြန်ပြီး အိမ်ငှားနေမယ်။ ပိုက်ဆံရှိနေရင် အိမ်ငှားမရမှာ ပူနေရသေးလို့လား။ မင်း အိမ်မှာနေရတာ ပိုသက်တောင့်သက်သာရှိအောင်၊ ပြီးတော့ အလုပ်သွားရတာ နီးအောင်လို့ စဉ်းစားပေးလို့သာ မဟုတ်ရင် ငါက ဒီလို ကျေးလက်တောရွာမှာ လာနေစရာလား။ နေ့တိုင်း မိုးမလင်းခင်ထရ၊ ညမိုးချုပ်မှ ပြန်လာရနဲ့ စက်ဘီးစီးပြီး အလုပ်ဆင်းနေရတာလေ"

ရှန်လင်းလင်းမှာ ချက်ချင်းပင် ပြန်လည်ပျော့ပျောင်းသွားတော့သည်။ ကျန်းကျွင့်လျန် ပြောသည်မှာ မှန်နေပြီး ရွာတွင်နေထိုင်ခြင်းက သူမအတွက် အမှန်တကယ်ပင် အဆင်ပြေသည်ကို ခံစားမိသဖြင့် နူးညံ့သောအသံဖြင့် ပြန်လည်ချော့မော့ရတော့သည်။ အချိန်အတော်ကြာအောင် ချော့မော့ပြီးမှသာ ကျန်းကျွင့်လျန်က မလိုလားစွာဖြင့် သဘောတူလိုက်လေသည်။

တခြားတစ်ဖက်တွင် ရှန်လင်းလင်းက မိမိ၏ခင်ပွန်းကို နူးညံ့ချိုသာသော စကားများဖြင့် ချော့မော့နေချိန် ရွာထိပ်တွင်တော့ ဖုမင်ဇယ်က ရှန်မော့အာ ရေချိုးရန်အတွက် ရေနွေးခပ်ပေးနေလေသည်။

ရေနွေးဗူး ၄ ဗူးလုံးကို အပြည့်ထည့်ထားပြီး ရေချိုးခန်းထဲသို့ ယူသွားကာ ရေအေးဖြင့် ရောစပ်ပေးထားသဖြင့် ရှန်မော့အာမှာ သက်တောင့်သက်သာဖြင့် ရေနွေးနွေးလေး ချိုးလိုက်ရသည်။ သူမ ရေချိုးနေစဉ်အတွင်း ဖုမင်ဇယ်က နောက်ထပ် ရေနွေး ၂ အိုး ထပ်တည်လိုက်ပြီး သူကိုယ်တိုင်လည်း လျင်မြန်စွာ ရေချိုးလိုက်သည်။ ထို့နောက် ရေချိုးခန်းကို တစ်ပါတည်း ရှင်းလင်းဆေးကြောပြီးမှ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

"ရာသီဥတုက တကယ်ကို နည်းနည်းအေးလာပြီပဲ"

ရှန်မော့အာက စောင်ထဲသို့ စောစောကတည်းက ဝင်ခွေနေလေပြီ။ အနီရင့်ရောင် စောင်ထဲမှ ဖြူဝင်းသော မျက်နှာလေး ထွက်ပေါ်နေပြီး ကြည့်ရသည်မှာ လှပချစ်စရာကောင်းနေသည်တွင် ဖုမင်ဇယ်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ မီးကိုပိတ်ကာ စောင်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ နှုတ်ခမ်းကို တိကျစွာပင် ဖမ်းယူနမ်းရှိုက်လိုက်တော့သည်။

မကြာမီမှာပင် အမှောင်ထောင်ထဲတွင် တရှပ်ရှပ်မြည်သံများ ထွက်ပေါ်လာပြီး ကြားထဲတွင် ရှန်မော့အာ၏ ရှက်ရမ်းရမ်းကာ ဒေါသတကြီး အော်ဟစ်သံများပါ ရောနှောနေလေသည်။ "ရှင် ဖြည်းဖြည်းလုပ်လေ။ မနက်ဖြန် တပ်ဖွဲ့ကို သွားရဦးမှာနော်"

ဖုမင်ဇယ်က တိုးတိုးလေး ရယ်မောကာ နူးညံ့စွာ ချော့မော့လိုက်သည်။ "အင်းပါ.. မင်း သဘောတိုင်းပါပဲ"

ပါးစပ်ကတော့ နားထောင်ကောင်းအောင် ပြောနေသော်လည်း လက်တွေ့တွင်တော့... ဟွန့်...

...

အပိုင်း (၆၀.၁) ဆရာတို့ရဲ့စံပြ၊ ဆရာဖု ……

ရှန်မော့အာသည် မနက်အစောကြီးကတည်းက တပ်ဖွဲ့ရုံးဝင်းထဲသို့ ရောက်ရှိနေလေသည်။ အတော်အသင့် ကျယ်ဝန်းသော ခြံဝင်းကြီးထဲတွင် နှစ်ထပ်အုတ်တိုက်တန်းလျားတစ်ခု ရှိပြီး ကန်းလိမင်၏ ရုံးခန်းက ဒုတိယထပ်၏ အစွန်ဆုံးအခန်းတွင် ရှိလေသည်။

ရုံးအကူ ဖုန်းဝေက သူမကို ရုံးခန်းထဲသို့ လိုက်ပို့ပေးခဲ့သည်။ ကန်းလိမင်က ရေနွေးဘူးကို မကာ ရေတစ်ခွက်ငဲ့၍ လက်ဖက်ရည်ပွဲကျောက်စားပွဲပေါ်သို့ ချပေးရင်း ပြုံးကာ ပြောလိုက်သည်။ "ရဲဘော်လေး ရှန်၊ ထိုင်လေ"

ရှန်မော့အာက ကျေးဇူးတင်စကားပြောရင်း ဝင်ထိုင်လိုက်သည်။ ကန်းလိမင်သည် ရုံးစားပွဲနောက်သို့ ပြန်ထိုင်လိုက်ပြီး လိုရင်းကို တန်းပြောလိုက်သည်။ "လောင်ကျိုး မင်းကို ပြောပြပြီးလောက်ပြီထင်တယ်။ တပ်ဖွဲ့က ဒီတစ်ခေါက် မင်းတို့ ဆုရတာကို အသုံးချပြီး ခရိုင်ဆီကနေ အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြုပေးဖို့ နေရာတစ်နေရာ ပိုတောင်းထားတယ်။ မင်း ခဏနေ ရှောင်ဖုန်းဆီသွားပြီး လျှောက်လွှာဖောင် ဖြည့်လိုက်ဦး။ နှစ်သစ်မကူးခင် အမြဲတမ်းဝန်ထမ်း ဖြစ်မယ့်ကိစ္စ အဆင်ပြေသွားလိမ့်မယ်"

ရှန်မော့အာက ပြုံးရွှင်စွာ ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် ကန်းလိမင်က မေးသည်။ "မင်းအဖေ တပ်ဖွဲ့မှာ အလုပ်လုပ်တာ တော်တော်လေး ကောင်းတယ်။ အုတ်ဖိုကသာ လူမလွှတ်ပေးဘူးဆိုရင် ငါ သူ့ကို တပ်ဖွဲ့ဆီ ခေါ်ထားချင်တာ။ မင်းရော၊ တပ်ဖွဲ့မှာ လာလုပ်ချင်တဲ့ စိတ်ကူး ရှိလား"

ရှန်မော့အာသည် ယခင်က အံ့ဩနေခဲ့မိသေး၏။ အမြဲတမ်းဝန်ထမ်း အတည်ပြုပေးရုံလေးကို တပ်ဖွဲ့အတွင်းရေးမှူးက အထူးတလည် ခေါ်ယူစကားပြောနေသည် မဟုတ်ပါလား။ ယခု ကန်းလိမင် ပြောလိုက်သည်ကို ကြားလိုက်ရမှသာ သဘောပေါက်သွားတော့သည်။ တကယ်တော့ တပ်ဖွဲ့က သူမကို ရာထူးပြောင်းရွှေ့ပေးချင်နေခြင်းပင်...

ဤကိစ္စကို ကျိုးမန်ခန်း သိထားပုံမပေါ်ချေ။ ထိုသို့မဟုတ်လျှင် သူမကို သေချာပေါက် ပြောပြထားမည်သာ။ ထို့အပြင် ကျိုးမန်ခန်းသည် တပ်ဖွဲ့မူလတန်းကျောင်းအတွက် ပန်းချီသင်တန်းတစ်ခု ဖွင့်လှစ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းထားခဲ့ရသဖြင့် ဤသင်တန်းကို စာသင်နှစ် တစ်ဝက်ဖြင့်သာ ရပ်တန့်သွားစေရန် ဆန္ဒရှိမည်မဟုတ်ပေ။

တပ်ဖွဲ့သို့ လာရောက်အလုပ်လုပ်ချင်သလား ဆိုသည့် ကိစ္စနှင့်ပတ်သက်လို့တော့ ရှန်မော့အာတွင်လည်း စဉ်းစားထားသည့် အရာများ ရှိနေသေးသည်။

ရှန်မော့အာက မျက်တောင် တစ်ချက် ခတ်ပြီး မေးလိုက်၏။ "တပ်ဖွဲ့မူလတန်းကျောင်းက ဆရာတွေရဲ့ လစာက ယန်လျိုတပ်ဖွဲ့ မူလတန်းကျောင်းဆရာတွေထက် ပိုများလို့လား"

ကန်းလိမင်မှာ ကြက်သေသေသွားပြီး "အဲဒီလိုတော့ မဟုတ်ပါဘူး။ ဝန်ထမ်းအဆင့်အတန်း တူတယ်ဆိုရင် လစာကလည်း အတူတူပါပဲ"

ရှန်မော့အာက ပြုံးကာ ပြောလိုက်၏။ "ဒါဆိုရင်တော့ ကျွန်မ ယန်လျိုတပ်ဖွဲ့ မူလတန်းကျောင်းမှာပဲ ဆက်နေပါရစေ။ အတွင်းရေးမှူးကန်း ရှင်လည်း သိမှာပါ။ ကျွန်မ အိမ်ထောင်ကျတာ သိပ်မကြာသေးဘူးလေ။ ကျွန်မတို့အိမ်က ပညာတတ်လူငယ်ဖုကို ရွာထဲမှာ တစ်ယောက်တည်း ပစ်ထားခဲ့လို့မှ မဖြစ်တာ"

အင်း... တကယ်တော့ ဖုမင်ဇယ်ကို ရွာထဲတွင် တစ်ယောက်တည်း ပစ်မထားနိုင်ဘူးဆိုသည်မှာ ဆင်ခြေတစ်ခုသာ။ ဖုမင်ဇယ်ကတော့ ဤကိစ္စကို ဂရုစိုက်နေမည် မဟုတ်ချေ။ သို့သော် လစာတူတူပင်ဖြစ်ပါက ရှန်မော့အာအနေဖြင့် တပ်ဖွဲ့ရုံးသို့ အရောက်သွားပြီး အလုပ်လုပ်ရန် မလိုအပ်ဟု အမှန်တကယ် ခံစားရလေသည်။ အသွားအပြန်လုပ်ရသည်မှာ အချိန်လုနေရပြီး ရွာထဲတွင်နေရသည်က ပိုကောင်းမွန်သည်။ လူတိုင်းနှင့်လည်း ရင်းနှီးကျွမ်းဝင်ပြီး အလုပ်မရှိလျှင် လူများနှင့် စကားစမြည်ပြောဆိုရန်မှာ တပ်ဖွဲ့ရုံးထက် ပိုအဆင်ပြေလေသည်။

ရှန်မော့အာသည် တကယ်တမ်းတွင် ရည်မှန်းချက်ကြီးမားသူတစ်ယောက် မဟုတ်ပေ။ သူမသည် အလုပ်မရှိဘဲ အေးအေးလူလူနေတတ်သော မင်းသားတစ်ပါး၏ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသည့် မင်းသမီးငယ်လေးတစ်ပါးသာ ဖြစ်သည်။ အကယ်၍ သူမတွင်သာ ရည်မှန်းချက်များလွန်းပြီး ထီးနန်းကို ဆက်ခံရန်နှင့် ဘုရင်မ ဖြစ်လာရန် စိတ်ကူးယဉ်နေမည်ဆိုလျှင် သူတို့သားအဖနှစ်ယောက်သည် သူပုန်များ၏ သတ်ဖြတ်ခြင်းကို ခံရရန်ပင် လိုမည်မဟုတ်ဘဲ စောစောစီးစီး ခေါင်းပြတ်နေလောက်ပြီ။

သူတို့၏ အစဉ်အဆက် ရည်မှန်းချက်မှာ လွတ်လွတ်လပ်လပ်နှင့် သက်သောင့်သက်သာ နေထိုင်သွားရန်သာ။

သူတို့ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း အသီးသီး ကြိုးကြိုးစားစား အလုပ်လုပ်ကြပြီး အခွင့်အရေးမျိုးစုံကို တက်တက်ကြွကြွ ရှာဖွေနေကြသည်ကို ကြည့်ပြီး အထင်မလွဲလိုက်ပါနှင့်။ ယင်းမှာ မူလပိုင်ရှင် သားအဖနှစ်ယောက် ချန်ထားရစ်ခဲ့သည့် အခြေအနေက အလွန်ဆိုးရွားနေသောကြောင့်သာ။ သူတို့သာ နည်းနည်းလောက် တက်ကြွမနေလျှင် ငတ်သေသွားလောက်ပြီ။

သို့သော် ယခုကဲ့သို့သော အခြေအနေမျိုး၊ လစာက အတူတူပင်ဖြစ်ပြီး အလုပ်က ပိုပင်ပန်းရမည်ဆိုလျှင်တော့ ရှန်မော့အာက လုပ်မည်မဟုတ်ချေ။

သူမသည် အပျော်အပါးကို ခုံမင်ကျင့်သားရနေသည့် ပဒေသရာဇ် အကြွင်းအကျန် တစ်ယောက်ဖြစ်ပြီး ဤကမ္ဘာလောကရှိ လူများကဲ့သို့ စံပြယုံကြည်ချက်များအကြောင်း ပြောဆိုခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းအကြောင်း ပြောဆိုခြင်းတို့ကို အမှန်တကယ်ပင် မပြုလုပ်နိုင်ချေ။ နိုင်ငံနှင့် ပြည်သူအတွက် အားထုတ်ကြိုးပမ်းသင့်သည်ဆိုသော်လည်း ကနဦးလိုအပ်ချက်မှာ မိမိဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်ပင်။

မိသားစုဆိုတဲ့ အိမ်ဂေဟာလေး မရှိဘဲနဲ့ နိုင်ငံဆိုတဲ့ အိမ်ကြီးက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

ကန်းလိမင် : "……"

သူ၏ ဤရာထူးနေရာတွင် သာမန်လူများသည် သူ့ရှေ့မှောက်၌ ကြွေးကြော်သံများ ဟစ်ကြွေးကာ သဘောထားများကို ဖော်ပြတတ်ကြသည်။ မိမိတို့၏ သက်ဆိုင်ရာ တပ်ဖွဲ့များနှင့် အဖွဲ့ဝင်များအတွက် အကျိုးအမြတ်များ ရယူပေးရန်ဖြစ်လျှင်ပင် အလှဆင် ပြောဆိုတတ်ကြသည်။ ယခုကဲ့သို့ ပွင့်လင်းစွာ ပြောဆိုလာသူမျိုးကို မတွေ့ရသည်မှာ အတော်ပင် ကြာမြင့်နေပြီ။

ကန်းလိမင်က နားချရန် ကြိုးစားလေသည်။ "မင်းတို့တပ်ဖွဲ့က တပ်ဖွဲ့ရုံးနဲ့ သိပ်မဝေးပါဘူး။ ဒါက သူ့ကို ရွာထဲမှာ တစ်ယောက်တည်း ပစ်ထားခဲ့တာမျိုး မဟုတ်ပါဘူး။ အုတ်ဖိုဘက်က အိမ်ရာခွဲဝေပေးတဲ့ အမြန်နှုန်းက တော်တော်လေး မြန်တယ်။ မင်းရဲ့ ဝေစုကိုပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် မင်းတို့ သားအဖနှစ်ယောက် တော်တော်ကောင်းတဲ့ အိမ်တစ်လုံး ရနိုင်တယ်။ အဲဒီအချိန်ကျရင် မိသားစုတစ်စုလုံး တပ်ဖွဲ့ရုံးဝင်းထဲမှာ နေလို့ရတာပေါ့။ မင်းအမျိုးသားကိုတော့ စက်ဘီးစီးပြီး တပ်ဖွဲ့ကို အလုပ်သွားခိုင်းလိုက်ပေါ့။ ဒါမှမဟုတ် အုတ်ဖိုဘက်ကို ယာယီအလုပ်သမား နေရာလေး စီစဉ်ပေးလို့ ရမရ စဉ်းစားခိုင်းလို့ရတယ်။ ဒါတွေအားလုံးက ထည့်သွင်းစဉ်းစားလို့ရတဲ့ အရာတွေချည်းပါပဲ။ ပြီးတော့ မင်း အခုသင်နေတာက မူလတန်းကျောင်းလေ၊ ငါတို့က မင်းကို အလယ်တန်းကျောင်းဆီ ပြောင်းပြီး သင်ခိုင်းဖို့ စဉ်းစားထားတာ။ ငါတို့ ခရိုင်ထဲမှာ ကြွေထည်စက်ရုံ ရှိတယ်လေ။ တကယ်လို့ ကျောင်းသားတွေက အလယ်တန်းကျောင်းမပြီးခင် ပန်းချီဆွဲတဲ့ ကျွမ်းကျင်မှုတချို့ကို သင်ယူနိုင်မယ်ဆိုရင် ကြွေထည်စက်ရုံက အလုပ်ခေါ်တဲ့အခါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားသာချက် ပိုရှိသွားလိမ့်မယ်။ မင်း သေသေချာချာ စဉ်းစားပေးဖို့ ငါ မျှော်လင့်ပါတယ်"

တကယ်တမ်းတွင် ပန်းချီဆွဲသင်ယူရာ၌ မွေးရာပါပါရမီကိုလည်း အဓိကထားရသည်။ ခရိုင်အတွင်းရှိ တုန်းဖန်းဟုန်မူလတန်းကျောင်းနှင့် ချန်ကျင့်အလယ်တန်းကျောင်းတို့တွင် ပန်းချီသင်တန်းများ ရှိသော်လည်း အမှန်တကယ် ကောင်းမွန်စွာ တတ်မြောက်နိုင်သူမှာ ရှားပါးလှသည်။ ထို့ကြောင့် ကြွေထည်စက်ရုံမှ အလုပ်သမားခေါ်ယူမှု နည်းပါးသော်လည်း အမှန်တကယ် လက်ရာပြောင်မြောက်ပါက သူတို့က ကြိုဆိုဖို့ရန် စိတ်အားထက်သန်ကြလေသည်။

ယခင်က ကျိုးမန်ခန်းသည် နေ့စားဆရာနေရာကို တောင်းဆိုစဉ်က ဤအကြောင်းပြချက်ဖြင့်ပင် သူတို့ကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တပ်ဖွဲ့ရုံးဘက်မှလည်း အခွင့်အရေးတစ်ခုပေးကာ မျိုးစေ့ကောင်း တစ်ပင်၊ နှစ်ပင်ခန့် ထွက်ပေါ်လာနိုင်ခြေ ရှိမရှိ စောင့်ကြည့်လိုခဲ့သည်။ အမှန်တကယ် ကောင်းမွန်ပါက နောင်တွင် ချန်ကျင့်အလယ်တန်းကျောင်းသို့ ဆက်လက်ပညာသင်ကြားရန် ပို့ဆောင်ပေးနိုင်သည် မဟုတ်ပါလား။

ဤဆရာမလေးရှန်၏ အရည်အချင်းက သည်လောက် ကောင်းမွန်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ထို့ကြောင့် တပ်ဖွဲ့ရုံးမှ ခေါင်းဆောင်အချို့က တိုင်ပင်ဆွေးနွေးလိုက်ကြပြီး ဘာကြောင့် ချန်ကျင့်အလယ်တန်းကျောင်းသို့ ပို့ဆောင်ရမည်နည်း။ သူတို့တပ်ဖွဲ့တွင်လည်း အလယ်တန်းကျောင်း ရှိနေသည်ပဲဟု တွေးတောမိကြလေသည်။

ပြည်နယ်အဆင့်တွင်ပင် ဆုရရှိနိုင်သည်ဖြစ်သောကြောင့် သူမ၏ အရည်အချင်းမှာ ချန်ကျင့်အလယ်တန်းကျောင်းမှ ဆရာများထက် ညံ့ဖျင်းမည်မဟုတ်သည်မှာ သေချာလှသည်။ ချန်ကျင့်အလယ်တန်းကျောင်းသည် ပြည်နယ်အဆင့်တွင် တစ်ခါမှ ဆုမရရှိခဲ့ဖူးချေ။

သူတို့၏ တပ်ဖွဲ့အလယ်တန်းကျောင်းအနေဖြင့် ဤအခွင့်ကောင်းကို အသုံးချကာ အခြားသူများကို အမီလိုက်ပြီး ကျော်တက်သွားနိုင်သည် မဟုတ်ပါလား။

စိတ်ကူးကတော့ အလွန်ကောင်းမွန်လှသော်လည်း ရှန်မော့အာက တပ်ဖွဲ့ရုံးသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိခြင်းက ကန်းလိမင် လုံးဝ တွေးထင်မထားခဲ့သော အချက်ပင်။

တပ်ဖွဲ့ရုံးသည် ခရိုင်မြို့ပေါ် မဟုတ်သော်ငြားလည်း ပတ်ဝန်းကျင် အရပ်ဒေသများရှိ တပ်ဖွဲ့အသီးသီးမှ အဖွဲ့ဝင်များအနက် မည်သူကများ တပ်ဖွဲ့ရုံးသို့လာရောက်ကာ အလုပ်သမားဖြစ်ပြီး ရိက္ခာဝေစု စားသုံးချင်စိတ် မရှိဘဲ နေမည်နည်း။

ထင်မထားခဲ့ပေ။ အမှန်တကယ်ပင် ထင်မထားခဲ့ချေ။ ရှန်မော့အာသည် အမှန်တကယ်ပင် ဆန္ဒမရှိဖြစ်နေသည်။

ရှန်မော့အာကလည်း မငြင်းဆန်ခဲ့ပေ။ "ဒါဆိုလည်း ကောင်းပါပြီ။ ကျွန်မ အိမ်ပြန်ရောက်ရင် အဖေတို့နဲ့ တိုင်ပင်ကြည့်လိုက်ပါဦးမယ်"

ကန်းလိမင်မှာ ဘာမှမတတ်နိုင်တော့ဘဲ ဒီအတိုင်းသာ လက်ခံလိုက်ရပြီး နောက်မှ လူလွှတ်ကာ ရှန်ရှောက်ယွမ်ကိုပါ စည်းရုံးကြည့်ရမည်ဟု တွေးလိုက်သည်။

ရှန်မော့အာသည် ရုံးအကူဖုန်းထံသို့ အမြန်သွားရောက်ကာ အမြဲတမ်းဝန်ထမ်း လျှောက်လွှာဖောင်ကို ယူလိုက်ပြီး ချက်ချင်းပင် ဖြည့်စွက်ကာ တင်ပြလိုက်သည်။

တပ်ဖွဲ့ရုံးဝင်းထဲမှ ထွက်လာပြီးနောက် ရှန်မော့အာသည် အထည်အလိပ်စက်ရုံ အလုပ်သမားအဆောင်ဘက်သို့ လမ်းလျှောက်သွားခဲ့သည်။ အစ်မချောင်၏ အိမ်တံခါးမှာ ရှားရှားပါးပါး ပွင့်နေပြီး အစ်မချောင်က တံခါးဝတွင် ထိုင်ကာ အဝတ်အစား ချုပ်နေလေသည်။ ရှန်မော့အာကို မြင်သောအခါ သူမသည် လက်ထဲရှိ အလုပ်ကို ချထားလိုက်ပြီး လူကို အိမ်ထဲသို့ ဖိတ်ခေါ်ကာ တံခါးကို ချက်ချင်း ပိတ်လိုက်သည်။

"ပေါက်စီ မရောင်းတော့ဘူး။ ဒီမနက် ကျွန်မ ကိုယ်တိုင် မန်ထိုတချို့ လုပ်ထားတယ်။ ရှင့်ကို နှစ်လုံးလောက် ယူပေးရမလား" အစ်မချောင်က မေးလိုက်သည်။

မီးဖိုမှာ အလွတ်ဖြစ်နေပြီး ပုံမှန်အားဖြင့် မီးဖိုပေါ်တွင် ထပ်ထားလေ့ရှိသော ပေါင်းအိုးများကိုလည်း မတွေ့ရတော့ပေ။ ရှန်မော့အာက ခဏ စဉ်းစားလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "အိမ်နီးချင်းက ရှင့်ကို ပြဿနာရှာလို့လား"

အစ်မချောင်သည် ဗီရိုထဲမှ သကြားဗူးကို ထုတ်ယူလာပြီး ရှန်မော့အာအတွက် သကြားရည် တစ်ခွက် ဖျော်ပေးလိုက်သည်။ ထို့နောက် စားပွဲဘေးတွင် ထိုင်လိုက်ပြီးမှ ပြောသည်။ "ဟုတ်တာပေါ့။ လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်မကို တိုင်လိုက်ကြတာ။ ကံကောင်းလို့ အဲဒီအချိန်က ပေါက်စီလာဝယ်တဲ့သူတွေက စက်ရုံထဲက ကျွန်မတို့မိသားစုနဲ့ အရင်ကတည်းက ရင်းနှီးတဲ့သူတွေ ဖြစ်နေတာ။ ကျွန်မတို့က မိတ်ဆွေတွေအချင်းချင်း ပစ္စည်းချင်း ဖလှယ်ကြတာပါလို့ အသေအလဲ ငြင်းလိုက်တာပေါ့။ စက်ရုံက ခေါင်းဆောင်တွေကလည်း ရောက်လာပြီး ကူညီပြောပေးကြတယ်။ နောက်ဆုံးတော့ ကိစ္စက ပြီးသွားပေမဲ့ နောက်ဆိုရင်တော့ သေချာပေါက် ဆက်လုပ်လို့ မရတော့ဘူးပေါ့"

သူမက သရော်သလို ပြုံးလိုက်သည်။ "သူတို့မိသားစုက ကျွန်မ ဒီမှာ ဆက်နေလို့မရအောင် ဖိအားပေးပြီး သူတို့အတွက် အိမ်နေရာ ဖယ်ပေးအောင်လို့ လုပ်ချင်နေကြတာ။ တကယ်ကို တွေးရဲတာပဲ။ ကျွန်မကတော့ လုံးဝ မပြောင်းဘူး။ ကျွန်မကလေး နည်းနည်း ထပ်ကြီးလာရင် ဒီကိုပြန်လာပြီး ကျောင်းတက်ရဦးမှာ။ အဟက်... ကျွန်မက သူတို့နဲ့ အချိန်ဆွဲထားနိုင်ပါတယ်။ သူတို့မိသားစုက သားကသာ အချိန်အကြာကြီး ဆွဲထားပြီး အိမ်ထောင်မပြုဘဲ နေနိုင်မှာ မဟုတ်တာ"

အစ်မချောင်သည် ပုံမှန်အားဖြင့် စကားသိပ်များလေ့မရှိပေ။ ရှန်မော့အာ လာတိုင်း သူမသည် ခေါင်းငုံ့ကာ အလုပ်ကိုသာ ဖိလုပ်နေတတ်သည်။ သူမ၏ စရိုက်မှာ တကယ်တမ်းတွင် အနည်းငယ် နူးညံ့ပြီး အနေအေးသော်လည်း ကလေးများအကြောင်းကို ပြောလာလျှင်တော့ သူမ၏ မျက်ဝန်းများက အလွန်ပင် ပြတ်သားခိုင်မာသွားလေသည်။

သူမ၏ ယောက်ျား သေဆုံးသွားပြီးနောက် သူတို့ သားအမိတစ်စုမှာ တွေ့ကြုံရသည့် ကိစ္စရပ်များက အမှန်တကယ်ပင် မနည်းလှချေ။ အကယ်၍ သူမသာ အမြဲတမ်း ပျော့ညံ့နေမည်ဆိုပါက အသက်ကြီးသူများနှင့် ကလေးငယ်များပါဝင်သော ဤမိသားစုလေးမှာ အမှန်တကယ်ပင် ဆက်လက် အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်တော့ပေ။

ရှန်မော့အာသည် အစ်မချောင်နှင့် ခဏ စကားပြောလိုက်ပြီး သူမ၏ မန်ထိုများကိုလည်း မယူခဲ့ချေ။ ဤကဲ့သို့ အချိန်မျိုးတွင် သူမ၏အိမ်မှ ပစ္စည်းများကို ယူဆောင်ကာ အပြင်ထွက်ခြင်းမှာ သိပ်မသင့်တော်လှပေ။ အစ်မချောင်ကဲ့သို့ လူမျိုးကို တပ်ဖွဲ့မှ စက္ကူဘူးကပ်ခြင်းကဲ့သို့သော အသေးအမွှားအလုပ်တချို့ကို စီစဉ်ပေးတတ်သည်။ သူမကိုယ်တိုင် ဝမ်းရေးအတွက် ပြဿနာမရှိသော်လည်း အိမ်ရှိ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကိုပါ စောင့်ရှောက်ရမည်ဆိုပါက အနည်းငယ် အခက်အခဲ ရှိလေသည်။

အိမ်ရှေ့တွင် သလဲပင်ရှိသော အိမ်ရှေ့သို့ ရောက်သောအခါ ထိုအိမ်၏ တံခါးမှာ တစ်ဝက်ပွင့်နေပြီး မျက်သားဖြူဖြူ အမျိုးသမီးက တံခါးနောက်တွင် ပုန်းကာ ရှန်မော့အာကို စိုက်ကြည့်နေသည်။ ရှန်မော့အာက တိုက်ရိုက် လျှောက်သွားလိုက်သဖြင့် ထိုအမျိုးသမီးမှာ လန့်ဖျပ်သွားပြီး တံခါးကို ဒိုင်းခနဲ ပိတ်လိုက်တော့သည်။

"အို... ပေါက်စီ မစားရလို့လား မသိဘူး၊ ငါ့လက်တွေ ဘာလို့ ဒီလောက် ယားနေပါလိမ့်။ လူတစ်ယောက်လောက်ကို နှစ်ချက်လောက် တကယ် ထိုးကြိတ်ပစ်ချင်နေပြီ" ရှန်မော့အာက ထိုသူ၏ အိမ်တံခါးဝတွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ထိုအမျိုးသမီးက တံခါးဝတွင် ပုန်းကွယ်လျက် နှာသံကြီးဖြင့် ပြန်ပြောသည်။ "နင်... နင်... နင် ငါ့အိမ်ရှေ့မှာ လာရပ်ပြီး ဘာလုပ်နေတာလဲ။ သတိထားနော်၊ ရဲခေါ်ပြီး နင့်ကို ဖမ်းခိုင်းလိုက်မယ်"

ရှန်မော့အာက ပြုံးလိုက်သည်။ "အို... ရဲဆိုတော့ ကျွန်မလည်း တော်တော်လေး ကြောက်တာပေါ့။ ကိစ္စမရှိပါဘူးလေ၊ ဒါဆို ကျွန်မ ညဘက်ကျမှ ပြန်လာခဲ့မယ်"

ရှန်မော့အာက ပြောပြီးသည်နှင့် ထွက်သွားလေသည်။ အိမ်ထဲရှိ အမျိုးသမီးခမျာ အတော်ကြာသည်အထိ တံခါးကို ထပ်မဖွင့်ရဲတော့ဘဲ ညဘက် အိမ်သာသွားရန် အပြင်ထွက်ရာတွင်လည်း တကယ်ပဲ တစ်ယောက်ယောက်က သူမကို တုတ်ဖြင့် ရိုက်ချမည်ကို စိုးရိမ်ကာ ထိတ်ထိတ်ပျာပျာ ဖြစ်နေရတော့သည်။

ပေါက်စီဝယ်သူများက သူမကို မရိုက်လျှင်တောင်မှ အစ်မချောင်ကို သူမ ကြောက်ရွံ့နေသေးသည်။ ထို့အပြင် အစ်မချောင်၏ မိတ်ဆွေက ချုံခိုပြီး သူမကို ရိုက်နှက်မည်ကိုလည်း ကြောက်ရသေးသည် မဟုတ်ပါလား။

ထိုနေ့ အိမ်ပြန်ရောက်ပြီးနောက် ရှန်မော့အာသည် အတွင်းရေးမှူးကန်း၏ စကားများကို ဖုမင်ဇယ်နှင့် ရှန်ရှောက်ယွမ်တို့ကို ပြောပြလိုက်သည်။ ရှန်ရှောက်ယွမ်မှာ ဆွံ့အသွားပြီး "အုတ်ဖိုက အိမ်ရာခွဲဝေပေးတဲ့ အမြန်နှုန်းက မြန်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါက အထည်အလိပ်စက်ရုံနဲ့ ယှဉ်ရင် ပြောတာပါ။ တကယ်တမ်းကျတော့လည်း လုပ်သက်အပေါ် မူတည်ပြီး အလှည့်ကျ စောင့်ရတာပဲလေ။ ဒါက အမြဲတမ်းဝန်ထမ်း ဖြစ်တာတွေ၊ ရာထူးတိုးတာတွေနဲ့ မတူဘူး။ ဒီအိမ်ရာကိစ္စက တခြားကိစ္စတွေထက် ပိုပြီး အကဲဆတ်တယ်။ ဒါကြောင့် ကြားဖြတ်ဝင်ယူတဲ့ အခြေအနေမျိုးက အခြေခံအားဖြင့် မဖြစ်နိုင်ဘူး။ ငါ အုတ်ဖိုကို ရောက်တာ ဘယ်လောက်ကြာသေးလို့ အိမ်ရာရဖို့ အလှည့်ကျနိုင်မှာလဲ"

ရှန်ရှောက်ယွမ်က ခေါင်းခါလိုက်သည်။ "လုံးဝ သွားလို့မဖြစ်ဘူး။ လစာက အတူတူပဲကို ဘာမဟုတ်တာလေးနဲ့ ခွန်အားတွေ အများကြီး ပိုစိုက်ထုတ်ရဦးမယ်။ ပြီးတော့ ဆယ်ကျော်သက်အရွယ်တွေက ကလေးငယ်လေးတွေထက် စာသင်ရတာ အများကြီး ပိုခက်တယ်လေ"

ဖုမင်ဇယ်သည် ယောက္ခထီးဖြစ်သူကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်သည်။ ယောက္ခထီးဖြစ်သူက ဤသို့ ပြောထွက်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ အကြောင်းမှာ ဤခေတ်ကာလတွင် လူတိုင်းသည် ကိုယ်ကျိုးစွန့် အနစ်နာခံသည့် စိတ်ဓာတ်ကို အလွန် အလေးထားကြသည် မဟုတ်ပါလား။ တပ်ဖွဲ့မှ ကျောင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် ကြိုးပမ်းလိုသည်ဆိုလျှင် သာမန်လူတစ်ယောက်အနေဖြင့် မည်သို့ပင်ဖြစ်စေ သဘောတူကြမည်သာ။

သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် သာမန်လူများသည် တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ရုံးသို့ ပြောင်းရွှေ့ရမည်ကို ငြင်းဆန်ကြမည် မဟုတ်ပေ။

ရှန်မော့အာက ဖုမင်ဇယ်ကို တံတောင်ဖြင့် တွတ်လိုက်ပြီး မေးလိုက်သည်။ "ရှင့်ရဲ့ သဘောထားကရော"

ဖုမင်ဇယ်က သူမအတွက် ကြက်ဥကြော်တစ်ဖတ်ကို တူဖြင့် ညှပ်ထည့်ပေးလိုက်ပြီး ပြောသည်။ "ကျွန်တော်ကတော့ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်။ မင်း သဘောကျသလိုသာ လုပ်ပါ။ မင်း သွားချင်တယ်ဆိုရင်လည်း ကိုတို့ တပ်ဖွဲ့ရုံးနားမှာ အိမ်တစ်လုံးငှားဖို့ နည်းလမ်းရှာကြတာပေါ့။ ဒါဆို မင်းနဲ့ အဖေ အလုပ်သွားရတာလည်း ပိုနီးသွားတာပေါ့။ မင်း မသွားချင်ဘူးဆိုရင်လည်း နေပါ။ ကိုတို့ ဒီတပ်ဖွဲ့ခွဲမှာ နေရတာလည်း တော်တော်လေး ကောင်းပါတယ်။ အဖေ အသွားအပြန် ပင်ပန်းတာလေး တစ်ခုပါပဲ"

ရှန်ရှောက်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ဒီကောင်လေး စကားပြော ဘယ်လောက်တတ်လိုက်သလဲ ကြည့်စမ်း။ သူ့သမီးကို နေ့တိုင်း ပျော်ရွှင်နေအောင် ချော့ထားနိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး

ရှန်မော့အာက ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုလည်း ပြီးတာပဲ။ နောက်ကျရင် ကျွန်မ တပ်ဖွဲ့ရုံးကို သွားပြီး အကြောင်းပြန်လိုက်မယ်။ ကျွန်မ ဒီတပ်ဖွဲ့မှာပဲ ရှင်နဲ့အတူတူ ဆက်နေတော့မယ်"

ရှန်ရှောက်ယွမ် : စုတ်သပ်လိုက်သည်။

သို့သော် အမြဲတမ်းဝန်ထမ်း အတည်ပြုသည့်ကိစ္စက တကယ်တမ်းတွင် ထိုမျှလောက် မလွယ်ကူလှချေ။ ရှန်မော့အာ ရေးသားတင်ပြထားသော လျှောက်လွှာကို တင်ပြီးနောက် သီတင်းနှစ်ပတ်ခန့် အကြာတွင် တပ်ဖွဲ့ရုံးဘက်မှ အကြောင်းကြားစာတစ်ခု ရုတ်တရက် လက်ခံရရှိခဲ့သည်။ ယခုနှစ် နေ့စားခန့် ဆရာများ အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြုရေးလုပ်ငန်းစဉ်တွင် အပြောင်းအလဲသစ် ရှိလာခဲ့ကြောင်း၊ သက်ဆိုင်ရာ တပ်ဖွဲ့ရုံးများမှ တင်ပြရမည်မဟုတ်တော့ဘဲ သတ်မှတ်ချက်များနှင့် ကိုက်ညီသူအားလုံး အတူတကွ အတည်ပြုစာမေးပွဲ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကာ စာမေးပွဲရလဒ်အပေါ်မူတည်၍ နေရာများ ခွဲဝေချထားပေးမည်ဖြစ်ကြောင်း ပါရှိလေသည်။

ကန်းလိမင်က ဤကိစ္စတွင် တစ်ခုခု လွဲချော်နေသည်ဟု ခံစားရလေသည်။ ယခင်က ဤကဲ့သို့သော ပြောဆိုမှုမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။ သူတို့ဘက်မှ လျှောက်လွှာ တင်လိုက်သည်နှင့် ခရိုင်ဘက်မှ အဘယ်ကြောင့် စကားပြောင်းသွားရသနည်း။ သူသည် ခရိုင်ပညာရေးဗျူရိုသို့ အထူးတလည် သွားရောက်ကာ အကြောင်းစုံကို စုံစမ်းသိရှိပြီးနောက် ညွှန်ကြားရေးမှူးရုံးခန်းထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ စားပွဲကိုပုတ်ကာ ပြောလိုက်တော့သည်။ "အစကတည်းက ကြိုတင်သတ်မှတ်ထားတဲ့ နေရာကို ရှန်မော့အာကို ပေးတာက တရားနည်းလမ်းကျတယ် မဟုတ်ဘူးလား။ ပန်းချီပြိုင်ပွဲမှာ ဆုရတာက အကြီးမားဆုံး အကျိုးအမြတ်ရတာက ခင်ဗျားတို့ ပညာရေးဗျူရိုလေ။ ဒါ့အပြင် ဒီကိစ္စက ခရိုင်အုပ်ချုပ်ရေးမှူးကုကိုယ်တိုင် သဘောတူထားတာ။ ခင်ဗျားတို့ အတွင်းရေးအရ ညှိနှိုင်းလို့မရတာနဲ့ ခင်ဗျားတို့က ဒီလိုလုပ်လိုက်တာလား။ ကျွန်တော်တို့ဆီက ပန်းချီသင်တဲ့သူက ဘာဖြစ်လို့ တခြားသူတွေနဲ့အတူ ယဉ်ကျေးမှုဘာသာရပ်တွေကို ဖြေရမှာလဲ။ တာအိုဘုန်းကြီး ခေါ်ချင်တာကို ဗုဒ္ဓဘာသာကျမ်းစာတွေ စာမေးပွဲစစ်နေသလိုပဲ။ ခင်ဗျားတို့ လုပ်ရပ်က ကမောက်ကမ လုပ်နေတာ မဟုတ်ဘူးလား"

ပညာရေးဗျူရိုမှ ညွှန်ကြားရေးမှူးတုမှာလည်း အခက်ကြုံနေရလေသည်။ "လောင်ကန်း... ကျွန်တော်လည်း တကယ်ကို အခက်တွေ့နေရတာပါ။ အတွင်းရေး ညှိနှိုင်းလို့ မရရုံတင်မကဘူး။ ခရိုင်ထဲက ခေါင်းဆောင်တွေကပါ လှမ်းပြောနေကြတာ။ ကျွန်တော်တို့ အရင်ကလည်း ဒီနေရာကို ရှင်းရှန်းတပ်ဖွဲ့ကို ပေးဖို့ တကယ် စဉ်းစားခဲ့ဖူးတယ်။ အခု သူတို့က ခင်ဗျားတို့ စည်းမျဉ်းမလိုက်နာဘဲ ကြားဖြတ်လုတယ်လို့ ပြောနေတော့ ကျွန်တော်တို့ဘက်ကလည်း တော်တော်လေး ခက်ခဲနေတယ်ဗျာ"

အငြင်းပွားမှုများက အလွန်ပြင်းထန်လွန်းသောကြောင့် သူက ဟိုတွေးဒီတွေး စဉ်းစားပြီးနောက် တိုက်ရိုက်စာမေးပွဲစစ်လိုက်သည်က ပိုကောင်းမည်ဟု ဆင်ခြင်မိသည်။ အရည်အချင်းရှိသူက ကျန်ရစ်ပြီး အရည်အချင်းမရှိသူက ထွက်သွားရလိမ့်မည်။

ဒါကသာ အမျှတဆုံးပင်။

...

အပိုင်း (၆၀.၂)

ပန်းချီသင်သောသူများပါ ယဉ်ကျေးမှုဘာသာရပ်များ ဖြေဆိုရမည့်ကိစ္စနှင့် ပတ်သက်ပြီး သူတို့ ဆွေးနွေးတိုင်ပင်ကြစဉ်ကလည်း တစ်စုံတစ်ယောက်က ထောက်ပြခဲ့ဖူးလေသည်။ ပန်းချီသင်သည်ဖြစ်စေ၊ ဂီတသင်သည်ဖြစ်စေ ပြည်သူ့ဆရာတစ်ဦး ဖြစ်လာပြီဆိုမှတော့ အခြေခံယဉ်ကျေးမှုအသိပညာ ရှိသင့်သည်ဖြစ်သောကြောင့် အလွန်ဆုံး အပိုအမှတ် အနည်းငယ်မျှသာ ပေးသင့်သည်ဟု ဆိုကြလေသည်။

နောက်ဆုံးတွင် အပို ၅ မှတ် ပေးရန် သတ်မှတ်လိုက်ကြသည်။

"လောင်ကန်းရာ ပန်းချီနဲ့ ဂီတသင်တဲ့သူတွေကို အပို ၅ မှတ်ပေးမယ်လို့သာ ပြောတာပါ၊ တကယ်တမ်းကျတော့ ဒီတစ်ခေါက် ခရိုင်တစ်ခုလုံးမှာ စာမေးပွဲဖြေဆိုခွင့် ကိုက်ညီတဲ့ ပြည်သူပိုင်မဟုတ်တဲ့ ဆရာတွေထဲမှာ ရှန်မော့အာ တစ်ယောက်တည်းကပဲ အပိုမှတ် ရနိုင်တာလေ။ ကျွန်တော်က သူ့အတွက် အပို ၅ မှတ်ရအောင် ကူညီတောင်းဆိုပေးလိုက်တာနဲ့ အတူတူပါပဲ။ ကျွန်တော် တကယ်ကို အစွမ်းကုန် ကြိုးစားပေးခဲ့တာပါ"

ကန်းလိမင်က ဘာများ ထပ်ပြောနိုင်မည်နည်း။ လောင်တု၊ ခင်ဗျားက သတ္တိကြောင်တဲ့ကောင်၊ အကြီးအကဲတစ်ယောက် ဖြစ်နေပြီးတော့ ဒီလောက်ကိစ္စလေးကိုတောင် မဖြေရှင်းနိုင်ဘူးလား လို့ ပြောရမှာလား။

သူတို့ဗျူရိုရှိ ဒုတိယအကြီးအကဲမှာ အသက်မငယ်တော့ဘဲ ပညာရေးစနစ်တွင် ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ သူ၏ အဆက်အသွယ် ကွန်ရက်များမှာ အမြစ်တွယ်နေပြီး ရှုပ်ထွေးနက်နဲလှကာ လောင်တု၏ ညွှန်ကြားရေးမှူးရာထူးမှာလည်း အမှန်တကယ်ပင် လုပ်ကိုင်ရခက်ခဲလှပေသည်။

ကန်းလိမင်သည် ဒေါသများကို မြိုသိပ်ထားရင်း လျိုချောင်တပ်ဖွဲ့သို့ ပြန်လာခဲ့တော့သည်။

ညနေစောင်း အလုပ်ဆင်းချိန်တွင် ရှန်ရှောက်ယွမ်သည် အိမ်သို့ပြန်ရောက်သည်နှင့် ဤကိစ္စကို သမီးနှင့် သားမက်ဖြစ်သူကို ပြောပြလိုက်လေသည်။

သူ့ထံသို့ သတင်းလာပို့သူမှာ ရုံးအကူဖုန်း ဖြစ်သည်။ အစပိုင်းတွင် တရားဝင်စကားလုံးများ၊ လုပ်ရိုးလုပ်စဉ်စကားများစွာကို ပြောဆိုခဲ့သည်။ ခရိုင်အနေဖြင့် နေ့စားခန့် ဆရာများ အမြဲတမ်းဝန်ထမ်း အတည်ပြုရေး လုပ်ငန်းစဉ်ကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်၊ တရားမျှတစေရန်နှင့် မျက်နှာလိုက်မှုကင်းစေရန် ယခုနှစ်တွင် အထူးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း၊ ခရိုင်ပညာရေးဗျူရိုမှ အဓိကခေါင်းဆောင်များနှင့် အတွင်းရေးမှူးကန်းတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ရဲဘော်ရှန်မော့အာအတွက် အပို ၅ မှတ် အထူးတောင်းဆိုပေးနိုင်ခဲ့ကြောင်း၊ ရဲဘော်ရှန်မော့အာအနေဖြင့် အချိန်လုပြီး စာများပြန်လည်လေ့လာကာ အမှတ်ကောင်းကောင်းရအောင် ဖြေဆိုစေလိုကြောင်း စသည်ဖြင့် ရှည်လျားစွာ ပြောဆိုခဲ့သည်။ နောက်ဆုံးတွင်မှ နေရာအရေအတွက် ကန့်သတ်ချက်ရှိပြီး ပညာရေးဗျူရိုအနေဖြင့်လည်း ဤလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဖြစ်သည်ဟု အရိပ်အမြွက် ပြောသွားခဲ့သည်။

ရှန်ရှောက်ယွမ်က ဘာများ နားမလည်စရာ ရှိပါဦးမည်နည်း။

သူသည် အရာရှိလောကတွင် မပါဝင်ခဲ့ဖူးသော်ငြားလည်း မင်းသားတစ်ပါးဖြစ်သောကြောင့် သူ့ပတ်ဝန်းကျင်က အရာရှိလောကပင် ဖြစ်နေခဲ့သည်။ သူ နားလည်ပါ၏။ သူက ကောင်းကောင်းကို နားလည်နေလေသည်။

နေ့စားခန့် ဆရာများ အမြဲတမ်းဝန်ထမ်းအတည်ပြုရေး လုပ်ငန်းစဉ်ကို ပိုမိုပွင့်လင်းမျှတစေရန် ဆိုသည်မှာ ပွင့်လင်းမြင်သာမှုမရှိသော နည်းလမ်းဟောင်းကို ဆက်လက်ကျင့်သုံး၍ မရတော့ခြင်းပင်။ အတွင်းတွင် အငြင်းပွားမှုများရှိနေသဖြင့် လူသိရှင်ကြား စာမေးပွဲစစ်ရန်သာ တတ်နိုင်တော့သည်။

ပညာရေးဗျူရိုခေါင်းဆောင်များနှင့် အတွင်းရေးမှူးကန်းတို့က မော့အာအတွက် အပို ၅ မှတ်ရအောင် ကြိုးစားပေးခဲ့သည် ဆိုသည်မှာ တစ်စုံတစ်ယောက်က မော့အာကို အပိုမှတ် မပေးလိုခြင်း၊ သို့မဟုတ် တစ်စုံတစ်ယောက်က သူတို့၏ မော့အာကို တမင်သက်သက် ပစ်မှတ်ထားနေခြင်းပင်။

နေရာကန့်သတ်ချက်ရှိသည်ဆိုသည်မှာ ပိုလို့ပင် နားလည်လွယ်လှသည်။ သည်လောက်အထိ ပြဿနာကြီးသွားရခြင်းမှာ နေရာမလုံလောက်သောကြောင့်သာ ဖြစ်တန်ရာ၏။

သူတို့၏ မော့အာမှာ ဆုရရှိခဲ့ခြင်းကြောင့်သာ အမြဲတမ်းဝန်ထမ်းဖြစ်ရန် အခွင့်အရေး အပိုရရှိခဲ့ခြင်း ဖြစ်သည်။ ယခင်က တပ်ဖွဲ့မှ ခရိုင်အုပ်ချုပ်ရေးမှူးကုဘက်သို့ နေရာတစ်နေရာ အပိုထပ်တောင်းထားသည်ဟု ဆိုခဲ့သည်တွင် ယခုကြည့်ရသည်မှာ ထိုနေရာအတွက် ပြဿနာတက်သွားခြင်း ဖြစ်ပုံရလေသည်။

ထိုနေရာအတွက် ပြဿနာတက်သွားသည်ဆိုမှတော့ တစ်စုံတစ်ယောက်က သူတို့၏ မော့အာကို တမင်သက်သက် ပစ်မှတ်ထားနေသည်ဆိုခြင်းမှာလည်း အဓိပ္ပာယ်ရှိသွားလေပြီ။ ထိုနေရာကြောင့်ပင် ဖြစ်တန်ရာသည်။

လူတချို့က နေ့စားခန့် ဆရာတစ်ဦး အမြဲတမ်းဝန်ထမ်းဖြစ်မည့် နေရာလေးတစ်ခုအတွက်နှင့် သည်လောက်အထိ အုတ်အော်သောင်းနင်း ဖြစ်သွားရသလားဟု ထင်ကောင်းထင်ပေလိမ့်မည်။ သို့သော် ရှန်ရှောက်ယွမ်ကတော့ ထိုသို့ မထင်ချေ။ နန်းတော်တွင်း၌ အကျိုးအမြတ် အနည်းငယ်မျှအတွက်နှင့်ပင် သေရေးရှင်ရေး တိုက်ပွဲဝင်ကြသည့် သာဓကများကို သူက အများအပြား မြင်တွေ့ခဲ့ဖူးလေသည်။ အမြဲတမ်းဝန်ထမ်းနေရာတစ်ခုအတွက် ဤသို့ဖြစ်လာနိုင်သည်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေရှိလှသည်။

မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကတွင် အလုပ်အကိုင်ဆိုသည်မှာ အလွန် အရေးကြီးလှသည်။ အမြဲတမ်းဝန်ထမ်းဆရာတစ်ဦး၏ လစာမှာ နေ့စားခန့် ဆရာများထက် အများကြီး ပိုများပြားသည်ကို မဆိုထားနှင့်ဦး။ ဤကဲ့သို့သော အလုပ်တစ်ခု ရှိနေပါက အမျိုးသမီးဖြစ်လျှင် ပိုမိုကောင်းမွန်သော ယောက္ခမအိမ်ကို ရှာဖွေနိုင်မည်ဖြစ်ပြီး အမျိုးသားဖြစ်လျှင်လည်း အခြေအနေပိုကောင်းသော ဇနီးသည်ကို ရရှိနိုင်ပေလိမ့်မည်။ တချို့သော အခြေအနေများတွင် အလုပ်အကိုင်ကို သားသမီးများထံသို့ပင် လက်ဆင့်ကမ်း အမွေပေးနိုင်သေးသည်။ လူငယ်များအနေဖြင့် အလုပ်တစ်ခုရှိပါက ကျေးလက်သို့ဆင်းကာ အလုပ်လုပ်ရန်ပင် မလိုအပ်တော့ချေ…… တချို့နေရာများတွင် အလုပ်တစ်ခုအတွက်နှင့် သားအဖများ ရန်သူဖြစ်သွားကြပြီး ဆွေမျိုးများက အသက်အန္တရာယ်ကိုပင် လုပ်ကြံကြသည်များ ရှိသည်ဟု ကြားဖူးလေသည်။ ထို့ကြောင့် အမြဲတမ်းဝန်ထမ်းနေရာ တစ်ခုအတွက်နှင့် အုတ်အော်သောင်းနင်း ဖြစ်ရခြင်းမှာ အမှန်တကယ်တော့ အံ့သြစရာ မဟုတ်ချေ။

ရှန်ရှောက်ယွမ် တွေးမိသည်များကို ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ကလည်း သဘာဝကျကျ တွေးမိကြလေသည်။

ဖုမင်ဇယ်က ခရိုင်အနေဖြင့် စာမေးပွဲစစ်ရန် ရွေးချယ်လိုက်ခြင်းက တကယ်တမ်းတွင် ပိုကောင်းသည်ဟု ယူဆသည်။ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသလို အခြားသူများ၏ အတင်းအဖျင်းပြောဆိုခြင်းမှလည်း ကင်းဝေးစေသည်။ "မော့အာ စာမေးပွဲဖြေတာက သေချာပေါက် ပြဿနာမရှိနိုင်ပါဘူး"

နေ့စားခန့် ဆရာများမှာ အခြေခံအားဖြင့် မူလတန်းပြများသာ ဖြစ်ကြပြီး ယေဘုယျ ပညာအရည်အချင်းမှာ အလယ်တန်းအဆင့်သာ ရှိကြသည်။ သူ၏ဇနီးမှာ အလယ်တန်းအဆင့်တွင် အမှတ်ကောင်းမွန်ရုံသာမက အထက်တန်းအဆင့် သင်ခန်းစာများကိုလည်း အမြဲတမ်း ကိုယ်တိုင်လေ့လာနေသူ ဖြစ်သည်။ ဝိဇ္ဇာဘာသာရပ်များကို သူမကိုယ်တိုင် လေ့လာရာတွင် ပြဿနာမရှိသလို သင်္ချာနှင့် သိပ္ပံဘာသာရပ်များကိုလည်း သူကိုယ်တိုင် အမြဲတမ်း ကူညီသင်ပြပေးနေသဖြင့် သူမ၏ အရည်အချင်း ဘယ်လောက်ရှိသည်ကို ဖုမင်ဇယ်၏ စိတ်ထဲတွင် အလွန်ရှင်းလင်းစွာ သိထားလေသည်။

ရှန်ရှောက်ယွမ်ကလည်း မိမိသမီးအပေါ် အလွန် ယုံကြည်မှုရှိပေသည်။ "အင်း မော့အာက အမြဲတမ်း ဉာဏ်ရည်ထက်မြက်တဲ့သူဆိုတော့ သဘာဝကျကျပဲ ပြဿနာမရှိနိုင်ပါဘူး"

ရှန်မော့အာက ပြုံးလျက် ပြောလိုက်သည်။ "အဖေနဲ့ ရှင်က ဒီလောက်တောင် ယုံကြည်မှုရှိနေကြမှတော့ ကျွန်မလည်း သေချာပေါက် ယုံကြည်မှုအပြည့် ရှိနေမှ ရတော့မှာပေါ့"

သို့သော်လည်း ယုံကြည်မှုရှိခြင်းက တစ်ကဏ္ဍဖြစ်ပြီး အချိန်ကပ်မှ ကမန်းကတန်း စာကျက်ခြင်းကလည်း လိုအပ်သေးသည်ပင်။

ညဘက် ကိုယ်လက်သန့်စင်ပြီးနောက် ရှန်မော့အာသည် မီးထွန်းကာ ကုတင်ခေါင်းရင်းကို မှီပြီး ကျောင်းသုံးစာအုပ်ကို ဖတ်နေလေသည်။ ဖုမင်ဇယ်က စောင်ထဲသို့ ဝင်လာပြီး ဇနီးသည်ကို အကဲခတ်ကြည့်လိုက်သောအခါ သူမက စာကို အလွန် အာရုံစိုက်ဖတ်နေပြီး သူ့ဘက်သို့ မျက်လုံးတစ်ချက်ပင် မလှည့်လာသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် မနေနိုင်တော့ဘဲ သူမအနားသို့ တိုးသွားကာ နမ်းလိုက်ပြီး "အလင်းရောင်က အရမ်းမှိန်နေတယ်။ ဒီလိုစာဖတ်ရင် မျက်စိထိခိုက်လိမ့်မယ်"

ရှန်မော့အာက မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အမှန်တကယ်ပင် အနည်းငယ် ညောင်းညာနေသည်ကို ခံစားလိုက်ရသည်။ သူမက မတတ်နိုင်ဟန်ဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ အချိန်က အရမ်းကပ်နေပြီလေ။ ကျွန်မ ညဘက်မှ မကြည့်ရင် နေ့ဘက်ကျတော့လည်း အချိန်သိပ်မရှိတော့ဘူး။ အခုမှ ကမန်းကတန်း ပြန်မနွှေးထားရင် စိတ်ထဲမှာ သိပ်မသေချာဘူး ဖြစ်နေတယ်။ တကယ်လို့ စာမေးပွဲကျသွားရင် အရမ်းရှက်စရာကောင်းမှာ"

ဖုမင်ဇယ်က သူမလက်ထဲရှိ စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း ခဏလောက် နားလိုက်ဦး။ ခဏနေရင် ကို မင်းကို ရှင်းပြပေးမယ်"

သူ့ဇနီးသည်မှာ တရုတ်စာဘာသာရပ်တွင် အမှတ်ကောင်းပုံရပြီး တရုတ်စာအုပ် ဖတ်နေသည်ကို ဖုမင်ဇယ်က မမြင်ဖူးသလောက်ပင်။ သင်္ချာနှင့် သိပ္ပံဘာသာရပ်များအတွက်တော့ သူမက တကူးတက အချိန်ပေးပြီး လေ့လာတတ်လေသည်။

ရှန်မော့အာက စာအုပ်ကို ချထားလိုက်ပြီး ဖုမင်ဇယ်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ "ရှင်ပဲ ရှင်းပြတော့"

ဖုမင်ဇယ်က ကိုယ်ကိုကိုင်းကာ တစ်ချက်နမ်းလိုက်ပြီး မသဲမကွဲ ရေရွတ်လိုက်၏။ "အရင်ဆုံး ခဏလောက်နားပြီးမှ ရှင်းပြမယ်" ထိုသို့ပြောရင်း လက်တစ်ဖက်က သူမ၏ ဂုတ်ကို ကိုင်ထားကာ ကျန်လက်တစ်ဖက်က သူမ၏ ပါးပြင်ကို အုပ်ကိုင်လျက် နှေးကွေးညင်သာစွာဖြင့် အနမ်းများကို ပိုမိုနက်ရှိုင်းသွားစေသည်။

ရှန်မော့အာက အစပိုင်းတွင် သူ့ကို တွန်းဖယ်ကာ စာကျက်ရဦးမည်ဟု နူးညံ့စွာ ပြောဆိုနေသေးသော်လည်း သူက သူမ၏ လက်နှစ်ဖက်ကို ဖမ်းဆုပ်ကာ ခါးပေါ်သို့ ရစ်သိုင်းလိုက်သောအခါ သူမ၏ ခိုင်မာမှုမရှိသော စိတ်ဆန္ဒလေးမှာလည်း ပြိုလဲသွားရတော့သည်။ သူမ၏ လက်များက သူ့လည်ပင်းပေါ်သို့ အလိုအလျောက် ရောက်ရှိသွားလေသည်။

ရင်ဘတ်ဆီမှ အေးစိမ့်စိမ့် ခံစားမှုလေး ရလာသည်အထိပင်။ သူမက မနေနိုင်ဘဲ ချမ်းတုန်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ တစ်စုံတစ်ရာ ကျသွားသည့် ဖုတ်ခနဲ အသံကို ကြားလိုက်ရသည်။ ရီဝေနေသော ဦးနှောက်မှာ ချက်ချင်းပင် ရှင်းလင်းသွားပြီး သူမ၏ခင်ပွန်း ပညာတတ်လူငယ်ဖု၏ ဆံပင်များကို မနေနိုင်ဘဲ ခပ်နာနာလေး ဆွဲလိုက်မိသည်။ "ခဏလောက်နားပြီးရင် စာရှင်းပြမယ်ဆို"

ဖုမင်ဇယ်မှာ အတော်လေး နာသွားသဖြင့် ဒေါသထွက်သလို ရယ်မောကာ သူမကို တစ်ချက် ကိုက်လိုက်လေသည်။ ဖြူဖွေးနုနယ်နေသော အသားအရေပေါ်တွင် ချက်ချင်းပင် အနီရောင်အကွက်လေးတစ်ခု ကျန်ရစ်ခဲ့ပြီး ဆောင်းရာသီ နှင်းပြင်ထဲရှိ မက်မွန်ပွင့်လေးနှင့် တူနေတော့သည်။ ဖုမင်ဇယ်က မနေနိုင်ဘဲ နောက်တစ်ချက် ထပ်နမ်းလိုက်ပြီးမှ ပျင်းရိပျင်းတွဲဖြင့် ထိုင်လိုက်သည်။ "ကောင်းပြီလေ၊ စာရှင်းပြကြတာပေါ့"

သူက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ယခင်က မြင်ဖူးထားသည့် ကျောင်းသုံးစာအုပ်ထဲမှ အကြောင်းအရာများကို ပြန်လည်အမှတ်ရကာ ဥပမာပုစ္ဆာများကို စတင်ရှင်းပြလေတော့သည်။

ရှန်မော့အာက ထထိုင်ကာ ကုတင်အောက်သို့ ကျသွားသော စာအုပ်ကို ကောက်ယူပြီး တစ်ချက် ကြည့်လိုက်သည်။ ဖုမင်ဇယ် ရှင်းပြနေသည်မှာ သူမ ယခင်က ကြည့်ထားသည့် အပိုင်းများ အမှန်တကယ်ပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူ ရှင်းပြသည်မှာ ရှင်းလင်းပြတ်သားပြီး သူမကိုယ်တိုင် စာအုပ်ကိုကြည့်ကာ နားလည်အောင် တစ်စိမ့်စိမ့် ကြိုးစားနေရသည်ထက် အများကြီး ပိုမိုထိရောက်မှု ရှိနေလေသည်။

ရှန်မော့အာက ကိုယ်ကို စောင်းလိုက်ပြီး သူ့ရင်ခွင်ထဲသို့ ပြန်လည်မှီတွယ်ကာ သူ ရှင်းပြသည်ကို နားထောင်ရင်း သူ၏ သွယ်လျသော လက်ချောင်းများကို ကစားနေလိုက်သည်။

ဖုမင်ဇယ်က သူမကို စွေကြည့်လိုက်ပြီး "မင်း ဒီလိုလုပ်နေရင် ကိုက ဘယ်လိုလုပ် ဆက်ရှင်းပြလို့ ရတော့မှာလဲ"

ရှန်မော့အာက သူ့ကို တစ်ချက်ကြည့်ကာ ပြုံးစိစิဖြင့် ပြောလိုက်သည်။ "ဆရာတစ်ယောက်လိုပေါ့၊ ဆရာဖုရဲ့"

ဖုမင်ဇယ်က သူမ၏ မေးစေ့ကို ဆွဲကိုင်ကာ ခပ်ကြမ်းကြမ်း တစ်ချက် နမ်းလိုက်လေသည်။ ထို့နောက်တွင်တော့ ရှန်မော့အာ၏ ဆံပင်ဆွဲခြင်းကို ထပ်ခံလိုက်ရပြန်သဖြင့် စိတ်ကို ပြန်လည်တည်ငြိမ်အောင်ထားကာ အတွေးများကို ရှင်းလင်းပြီး ဆက်လက် ရှင်းပြရတော့သည်။ ဆံပင်များက အမှန်တကယ်ပင် အနည်းငယ် ရှည်နေပုံရသည်။ သူ့ဇနီးသည်က ဆွဲလိုက်တိုင်း အံဝင်ခွင်ကျပင် ဖြစ်နေတော့သည်။

စာရှင်းပြရသည့် ထိရောက်မှုမှာ အမှန်တကယ်ပင် သိပ်မမြင့်မားလှချေ။ မည်သို့ပင်ဆိုစေ ဆရာတို့၏စံပြ ဖြစ်နေသည့် ပညာတတ်လူငယ်ဖုမှာ တစ်ခါတစ်ရံ အာရုံလွင့်သွားတတ်လေသည်။ သို့သော်လည်း တော်သေးသည်မှာ ရှန်မော့အာ မူလက ကြည့်ချင်နေသည့် အပိုင်းများကိုတော့ အကုန်အစင် ရှင်းပြဖြစ်သွားခြင်းပင်။

စာရှင်းပြပြီးနောက်တွင် ပညာတတ်လူငယ်ဖုက ဇနီးဖြစ်သူထံမှ လုပ်အားခကို ပြတ်ပြတ်သားသား တောင်းခံလာသဖြင့် သူတို့နှစ်ဦးသားမှာ အတော်ကြာသည်အထိ အချစ်ကစားပွဲ ဆင်နွှဲဖြစ်သွားကြပြန်သည်။

နောက်တစ်နေ့ မနက်တွင်တော့ သူတို့နှစ်ယောက်စလုံး အိပ်ရာထနောက်ကျသွားကြသည်။ သူတို့ နိုးလာချိန်တွင် ရှန်ရှောက်ယွမ်က အလုပ်သွားနှင့်နေပြီ။ အိုးထဲတွင် ဆန်ပြုတ်ကို နွေးထားသော်လည်း တစ်ယောက်ယောက် စားထားသည့်ပုံ မပေါ်ချေ။ ရှန်ရှောက်ယွမ်က အိပ်ရာထပြီး ဆန်ပြုတ်ပြုတ်ခဲ့သော်လည်း စားဖို့အချိန်မရတော့ဘဲ ကမန်းကတန်း ထွက်သွားခြင်း ဖြစ်နိုင်ပေသည်။

ရှန်မော့အာက ဖုမင်ဇယ်ကို စူးရဲစွာ ကြည့်လိုက်ပြီး "ရှင့်ကြောင့်ချည်းပဲ"

ဖုမင်ဇယ်က ငါးခိုးစားထားသည့် ကြောင်တစ်ကောင်လို ပြုံးရွှင်နေပြီး သဘောထားကောင်းမွန်စွာဖြင့် ဆက်တိုက် ထောက်ခံလိုက်သည်။ "အင်း ကို့ကြောင့်ပါ။ ကို ခဏနေရင် တပ်ဖွဲ့ခေါင်းဆောင်ဆီ ခွင့်သွားတိုင်ပြီး တပ်ဖွဲ့ရုံးက အစ်မချောင်ဆီသွားကာ ပေါက်စီနဲ့ မန်ထိုနည်းနည်းလောက် လုပ်ခိုင်းလိုက်မယ်။ ဒါမှ အဖေ စောစောထပြီး ထမင်းမစားရတဲ့ ဒုက္ခကနေ သက်သာသွားမှာ"

ရှန်မော့အာ : "……"

အဖေက စောစောထတာများ ဟုတ်လို့လား၊ သူက အရမ်း သောင်းကျန်းလွန်းလို့ ကျွန်မ အိပ်ရာထနောက်ကျရတာကိုများ။

သို့သော် ရှန်မော့အာက ရှန်ရှောက်ယွမ် ဗိုက်ဆာနေမည်ကိုတော့ မစိုးရိမ်ချေ။ သူမအဖေ၏ အခန်းထဲတွင် ဘီစကစ်များ ထားရှိပြီး အပြင်မထွက်မီ သေချာပေါက် တစ်ခုခု စားသွားလိမ့်မည်။ ထို့အပြင် သူက တပ်ဖွဲ့ရုံးသို့ သွားသည်ဖြစ်သောကြောင့် ပြည်သူပိုင် စားသောက်ဆိုင်တွင် မနက်စာ သေချာပေါက် ဝယ်စားလိမ့်မည်။ သူမအဖေသည် ဗိုက်ဆာခံပြီး အလုပ်သွားမည့်သူမျိုး မဟုတ်ပါချေ။

ဇနီးမောင်နှံနှစ်ဦးမှာ ကမန်းကတန်း မနက်စာစားပြီးနောက် အသီးသီး အပြင်သို့ ထွက်လာခဲ့ကြသည်။

ရှန်မော့အာက ရွာထဲသို့ လမ်းလျှောက်သွားလိုက်ပြီး လမ်းတွင် ကျိုးမန်ခန်းနှင့် ဆုံလေသည်။ ကျိုးမန်ခန်းက မျက်မှောင်ကြုတ်ကာ မေးလာသည်။ "အမြဲတမ်းဝန်ထမ်း အတည်ပြုမယ့်ကိစ္စ ပြဿနာတက်သွားတယ်လို့ ကြားတယ်"

ရှန်မော့အာက အံ့ဩသွားပြီး "ဦးလေးက ဘယ်ကနေ ကြားလာတာလဲ"

သူမအဖေက တပ်ဖွဲ့ရုံးမှ သတင်းသယ်လာခြင်း ဖြစ်သော်လည်း ကျိုးမန်ခန်းကတော့ မနေ့က တပ်ဖွဲ့ရုံးသို့ မသွားခဲ့ချေ။ သည်လောက် မနက်အစောကြီးတွင် သတင်းက ဘယ်ကနေ ရောက်လာပါသနည်း။

ကျိုးမန်ခန်း၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှချေ။ "ကျန်းကျွင့်လျန် ယူလာတဲ့သတင်းလေ။ မင်းရဲ့ အဒေါ်၂က ဒီနေ့မနက် အစောကြီးကတည်းက ရွာထဲမှာ ပွစိပွစိလုပ်နေတာ။ ခရိုင်က တရားမျှတမှုရှိဖို့အတွက် စာမေးပွဲကနေတစ်ဆင့် ရွေးချယ်မယ်တဲ့။ သတ်မှတ်ထားတဲ့ လူတချို့အတွက် နောက်ပေါက်ဖွင့်ပေးမှာ မဟုတ်ဘူးတဲ့။ ပြီးတော့ သူတို့အိမ်က ရှန်လင်းလင်းလည်း စာမေးပွဲဖြေဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုပြီး ရှန်လင်းလင်းက မနက်အစောကြီး ကျန်းကျွင့်လျန်နဲ့အတူ တပ်ဖွဲ့ရုံးကို သွားကြပြီ"

ရှန်မော့အာက နားလည်သွားတော့သည်။ တပ်ဖွဲ့ခွဲနှင့် တပ်ဖွဲ့ရုံးကြား နေ့စဉ် အသွားအပြန်လုပ်နေသည့် ကျန်းကျွင့်လျန် ရှိနေသေးသည်ကို သူမက မေ့နေခဲ့ခြင်းပင်။ သူမက ပြန်ပြောလိုက်သည်။ "စာမေးပွဲစစ်ရမှာက အမှန်ပါပဲ။ ကိစ္စမရှိပါဘူး။ စာမေးပွဲစစ်တာလည်း ကောင်းပါတယ်။ အားလုံးက ကိုယ့်အရည်အချင်းနဲ့ကိုယ် ကြိုးစားကြတာပေါ့"

ကျိုးမန်ခန်းသည် သူမ၏ ယုံကြည်မှုအပြည့်ရှိနေသော ပုံစံကို မြင်လိုက်ရမှသာ စိတ်အေးသွားတော့သည်။ သို့သော်လည်း ခရိုင်၏ အစီအစဉ်အပေါ်တွင်တော့ အနည်းငယ် မကျေမနပ်ဖြစ်နေဆဲပင်။ "တခြားသူတွေကတော့ ထားလိုက်ပါတော့။ မင်းက ကလေးတွေကို ခေါ်သွားပြီး ဆုရလာခဲ့တာလေ။ ဒါက တခြားသူတွေနဲ့ ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာလဲ"

ရှန်မော့အာက နှစ်သိမ့်ပေးလိုက်သည်။ "စာမေးပွဲအောင်သွားရင် အတူတူပါပဲ"

သို့သော် တကယ်လို့များ စာမေးပွဲကျသွားခဲ့မည်ဆိုလျှင်တော့ ဆိုသည့် အခြေအနေတစ်ခု ရှိနေသေးသည် မဟုတ်ပါလား။ တရားဝင်ရရှိထားသော နေရာဖြစ်ပါလျက်နှင့် တကယ်လို့များ စာမေးပွဲကျသွားခဲ့ပါက ဘာမှ ကျန်တော့မည်မဟုတ်ချေ။

ကျိုးမန်ခန်းက အနည်းငယ် စိုးရိမ်နေဆဲဖြစ်သော်လည်း နောက်ဆုံးတွင်တော့ ရှန်မော့အာ၏ရှေ့တွင် စိတ်ဓာတ်ကျစရာ စကားများကို မပြောဖြစ်တော့ချေ။ မည်သို့ပင်ဖြစ်စေ ခရိုင်က ဆုံးဖြတ်ပြီးသွားပြီဖြသည်တွင် သူတို့တွင်လည်း ပြောင်းလဲရန် နည်းလမ်းမရှိတော့ပေ။ ယခုအချိန်တွင် ရှန်မော့အာ အမှတ်ကောင်းကောင်းရကာ အဆင်ပြေပြေ စာမေးပွဲအောင်မြင်ရန်သာ မျှော်လင့်ရတော့မည်။

"ဪ ဟုတ်သားပဲ။ မင်းဆီကို စာတစ်စောင် ရောက်နေတယ်။ မနေ့က အိတ်ကပ်ထဲ ထည့်ထားတာ မင်းကိုပေးဖို့ မေ့သွားတယ်" ကျိုးမန်ခန်းက အိတ်ကပ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်ပြီး "ပြည်နယ်မြို့တော်က ပို့လိုက်တာထင်တယ်"

ရှန်မော့အာက စာအိတ်ကို လှမ်းယူကာ တစ်ချက် ကြည့်လိုက်သည်။ စာအိတ်၏ ညာဘက်အောက်ထောင့်တွင် ပေးပို့သူ၏ အမည်ကို နန်ပြည်နယ် အထည်ချုပ်စက်ရုံ၊ အမှတ်(၁) အလုပ်ရုံ၊ ချန်ကျားဟွာ ဟု ရေးသားထားလေသည်။

....

All Chapters