အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အပိုင်း (၆၃.၁)
နန်ပြည်နယ် ပန်းထိုးစက်ရုံမှ လုပ်ငန်းအဖွဲ့သည် ချန်ကျားဟွာ၏ စာထဲတွင်ပါသော အချိန်ထက် တစ်ပတ်ခန့် နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်။ သူတို့ ရောက်လာချိန်တွင် ကျန်းပေခရိုင်ကော်မတီရုံးဝင်းထဲရှိ ဂင်ဂိုသစ်ပင်မှ အရွက်များသည် ရွှေရောင်အဆင်းသို့ ပြောင်းလဲနေလေပြီ။
ကုယန်ပေါ်သည် သူ၏ ပုံမှန် ရှင်းလင်းပြတ်သားသော လုပ်ဟန်အတိုင်း ပန်းထိုးစက်ရုံမှ လူများ ကျန်းပေခရိုင်သို့ ရောက်ရှိလာသည့် နေ့လယ်ခင်းမှာပင် အချိန်ဖယ်ထုတ်ကာ လုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။ ခရိုင်တွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လျိုချောင်တပ်ဖွဲ့မှ အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူးတို့အပြင် ရှန်မော့အာလည်း ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ကျန်းကျိန့်ရှန်သည် ကန်းလိမင် ကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့သော အခြေခံအဆင့် ကေဒါတစ်ဦးဖြစ်ပြီး အသက် ၄၀ ပင် မပြည့်သေးသဖြင့် အတွင်းရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးများကြားတွင် အတော်လေး ငယ်ရွယ်သူဟု ဆိုရပေမည်။ သူသည် ပုံမှန်အားဖြင့် အနေအေးသူဖြစ်ပြီး လျိုချောင်တပ်ဖွဲ့၏ လုပ်ငန်းအဝဝကို ကန်းလိမင်က အဓိက ဦးဆောင်ဆုံးဖြတ်ကာ သူက လက်တွေ့ အကောင်အထည်ဖော်ရသဖြင့် သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ အတော်လေး အချိတ်အဆက် မိလှသည်။
ယနေ့ အခြေအနေအရ ခရိုင်မှ သူတို့ကို ခေါ်ယူရုံသာမက ခရိုင်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုပါ ခေါ်ယူထားသဖြင့် ကန်းလိမင်နှင့် ကျန်းကျိန့်ရှန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပြီး အခြေအနေ မဟန်တော့ကြောင်း ချက်ချင်း ခံစားလိုက်ရလေသည်။
ကျန်းကျိန့်ရှန်နှင့် ရှန်မော့အာတို့သည် ဘေးချင်းကပ်လျက် ထိုင်ကြသည်။ ပန်းထိုးစက်ရုံမှ လူများက အခြေအနေကို ရှင်းပြနေစဉ်အတွင်း သူက အသံကိုနှိမ့်ကာ ပြောလိုက်သည်။ "ရဲဘော်ရှန်... ခဏနေရင် ခရိုင်ဘက်က ဘယ်လိုပဲပြောပြော မင်းက ရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး ကျွန်တော်တို့ တပ်ဖွဲ့ဘက်ကနေ ရပ်တည်ပေးရမယ်နော်"
ထင်ထားသည့်အတိုင်းပင်။ စီးပွားရေးညွှန်းကိန်းများနှင့် အခွန်အခ ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် ပန်းထိုးစက်ရုံက အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာအတွက် တောင်းဆိုချက်တချို့ကို တင်ပြလာခဲ့သည်။ ခရိုင်အုပ်ချုပ်ရေးမှူးကုက ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တက်ရောက်လာကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကန်းလိမင်တို့ကို ဆွေးနွေးခိုင်းလိုက်သည်။ ကန်းလိမင်မှာ ထိုနေရာမှာတင် စားပွဲကို ထုရိုက်မိမတတ်ပင်။ သူသည် ပြီးခဲ့သည့်ရက်ပိုင်းက ခရိုင်ရုံးသို့ အခေါက်ခေါက်အခါခါ သွားရောက်ကာ အာပေါက်မတတ် ဆင်းရဲဒုက္ခရောက်ကြောင်း ငိုယိုပြောဆိုခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးကုထံမှ "ပန်းထိုးစက်ရုံဘက်က သဘောတူရင် ခရိုင်ဘက်ကလည်း သေချာပေါက် သဘောတူပါတယ်" ဟူသော ကတိစကားကို ရယူနိုင်ခဲ့သည်။ ယခုကြည့်ရသည်မှာ ထိုစကားက သူ့ကို လှည့်စားထားခြင်းသာ ဖြစ်နေလေသည်။
ခရိုင်ရှိ ရပ်ကွက်များက မြေနေရာရွေးချယ်မှုတွင် ပါဝင်လာမည်ဆိုလျှင် ပန်းထိုးစက်ရုံအနေဖြင့် သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေချောမွေ့သော ခရိုင်မြို့ပေါ်ကို မရွေးချယ်ဘဲ သူတို့လို တပ်ဖွဲ့ငယ်လေးကို အဘယ်ကြောင့် ရွေးချယ်ပါမည်နည်း။ ထို့အပြင် ဤအုပ်ချုပ်ရေးမှူးများနှင့် ကန်းလိမင်ကလည်း ရင်းနှီးပြီးသားဖြစ်ကာ ထိုသူတစ်ယောက်စီတိုင်းသည် အရင်းအမြစ်များကို လုယူရာတွင် အမြဲတမ်း မျက်နှာပြောင်တိုက်လေ့ ရှိကြသည်။
ထင်ထားသည့်အတိုင်းပင်။ အုပ်ချုပ်ရေးမှူးတချို့က မိမိတို့ ရပ်ကွက်၏ အားသာချက်များကို ပေါင်းစပ်ကာ အဆင်ပြေချောမွေ့စေမည့် အခြေအနေများနှင့် အစီအမံများစွာကို တင်ပြရုံသာမက ရှန်မော့အာကိုပါ တိတ်တဆိတ် သွေးဆောင်စည်းရုံးလာကြသည်။
ခရိုင်ကြွေထည်စက်ရုံ တည်ရှိရာ ကွမ်းမင်ရပ်ကွက်က အဓိက ဝန်ထမ်းများ၏ မိသားစုဝင်များအတွက် အလုပ်အကိုင်ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ကြောင်း၊ ဥပမာအားဖြင့် ရဲဘော်ရှန်၏ ဖခင်ဆိုလျှင် အနုပညာအခြေခံကောင်းသည်ဟု ကြားသိရသဖြင့် ကြွေထည်စက်ရုံသို့ တိုက်ရိုက် ပြောင်းရွှေ့ပေးနိုင်ကြောင်း ပြောဆိုလာသည်။
ချန်ကျင့် အလယ်တန်းကျောင်း တည်ရှိရာ ရှန်ယန်ရပ်ကွက်ကလည်း ချန်ကျင့်ကျောင်းအနေဖြင့် သက်ဆိုင်ရာ အရည်အချင်းရှိသူများကို အလွန်လိုအပ်နေကြောင်းနှင့် ရဲဘော်ရှန်၏ ခင်ပွန်းမှာ အထက်တန်းကျောင်းသားဖြစ်ပြီး သင်္ချာနှင့် သိပ္ပံဘာသာရပ်များတွင် ထူးချွန်သည်ဟု ကြားသိရသဖြင့် ဆရာများအဖွဲ့ထဲသို့ ခေါ်ယူရန် စဉ်းစားပေးနိုင်ကြောင်း ပြောဆိုလေသည်။
တုန်းဖန်းဟုန်မူလတန်းကျောင်း တည်ရှိရာ ချစ်ချန်ရပ်ကွက်ကမူ မူလတန်းကျောင်းသားလေးများအပေါ်သို့ပင် အကြံအစည် ရောက်ရှိသွားကာ ယန်လျိုတပ်ဖွဲ့မှ ထူးချွန်ကျောင်းသားများကို တုန်းဖန်းဟုန်ကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားနိုင်ရန် နေရာတချို့ ဖွင့်ပေးနိုင်ကြောင်းနှင့် ကျောင်းလခ၊ စားစရိတ် ထောက်ပံ့ကြေးများကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုလာကြသည်။
......
ပန်းထိုးရုံကို မည်သည့်နေရာတွင် တည်ဆောက်မည်ဆိုခြင်းက ရှန်မော့အာအပေါ်တွင်သာ မူတည်နေကြောင်း ဤလူများ သိရှိထားရုံသာမက ရှန်မော့အာ၏ အခြေအနေများကိုပါ စုံစမ်းထားပြီးဖြစ်ကာ သူမ၏ ပတ်ဝန်းကျင်မှ လူများကိုအသုံးပြုပြီး ရှန်မော့အာကို သွေးဆောင်ရန် လှည့်ကွက်သုံးနေကြသည်မှာ ထင်ရှားလှသည်။
မည်သို့ပင်ဆိုစေ သူကိုယ်တိုင် ပြည်နယ်မြို့တော်သို့သွားရန် မရွေးချယ်ဘဲ ပန်းထိုးစက်ရုံကို ကျန်းပေခရိုင်သို့လာရောက်ကာ စက်ရုံတည်ဆောက်ရန် ခက်ခက်ခဲခဲ နားချခဲ့ခြင်းမှာ သူမ၏ မွေးရပ်မြေကို မခွဲခွာရက်သလို ဆွေမျိုးမိတ်ဆွေများကိုပါ သံယောဇဉ်မပြတ်နိုင်သောကြောင့် ဖြစ်သည်ကို မည်သူမဆို သိမြင်နိုင်ပေသည်။ တစ်နည်းအားဖြင့်ဆိုရသော် သူမသည် ကိုယ့်ဆွေမျိုးမိတ်ဆွေများကို ဘဝရှေ့ရေး ကောင်းမွန်စေရန် ကူညီထောက်ပံ့ပေးချင်နေခြင်းပင်။
ရှန်မော့အာကို မဆိုထားနှင့်။ ကန်းလိမင်ပင် ထိုစကားများကို ကြားရသောအခါ စိတ်လှုပ်ရှားမိသွားသည်။ သို့သော် ပို၍လည်း ဒေါသထွက်မိလေသည်။
ရှန်ရှောက်ယွမ်ကို ကြွေထည်စက်ရုံသို့ ပြောင်းပေးမည်တဲ့လား။ အုတ်ဖုတ်စက်ရုံကသာ လူမလွှတ်ပေးဘူးဆိုလျှင် သူကိုယ်တိုင်ပင် ထိုလူကို တပ်ဖွဲ့ဆီသို့ စောစောစီးစီး ခေါ်ယူထားပြီးလောက်ပြီ။ ဒါက အဓိကဝန်ထမ်းများ၏ မိသားစုဝင်များအတွက် အလုပ်အကိုင်ပြဿနာကို ဖြေရှင်းပေးခြင်း မဟုတ်ဘဲ သူ့လူကို လာရောက်လုယူရန် ပေါက်တူးကိုင်ပြီး အုတ်မြစ်တူးနေခြင်းသာ ဖြစ်ပေသည်။ ဤလူအိုကြီးများသည် တကယ့်ကို ဉာဏ်နီဉာဏ်နက်များ ထုတ်သုံးနေကြခြင်းပင်။ ရှန်မော့အာ၏ ခင်ပွန်းက အထက်တန်းကျောင်းသားဖြစ်ပြီး သင်္ချာနှင့် သိပ္ပံဘာသာရပ်များတွင် အမှတ်ကောင်းကြောင်းကိုပင် သိထားကြသေးသည်။ သူတို့က တော်တော်လေး စွမ်းဆောင်နိုင်ကြပါပေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ လျိုချောင်တပ်ဖွဲ့တွင်လည်း အားသာချက်များ မရှိသည်တော့ မဟုတ်ပေ။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး ပြောဆိုပြီးစီးသွားသောအခါ ကန်းလိမင်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ တပ်ဖွဲ့ရဲ့ အခြေအနေကလည်း သိပ်မကွာပါဘူး။ မြေနေရာကတော့ သေချာပေါက် ရှိပါတယ်။ စက်ရုံ စတင်လည်ပတ်ချိန်မှာ အဆင်ပြေစေဖို့ သင့်လျော်တဲ့ ဝန်ထမ်းအဆောင်တချို့ကိုလည်း ယာယီ ဖယ်ထားပေးလို့ ရပါတယ်။ ရဲဘော် ရှန်မော့အာရဲ့ မိသားစုဝင်တွေအတွက် အလုပ်အကိုင်နဲ့ နေထိုင်ရေးကိစ္စကိုတော့ ကျွန်တော်တို့က အစောကြီးကတည်းက စဉ်းစားထားပြီးသားပါ"
"ဥပမာ ရဲဘော်ဖု ဆိုရင် သူကိုယ်တိုင် ဆန္ဒရှိမယ်ဆိုရင် သူ့ကို တပ်ဖွဲ့ပိုင်စက်ရုံ ဒါမှမဟုတ် တပ်ဖွဲ့အလယ်တန်းကျောင်းမှာ အလုပ်စီစဉ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် သိထားသလောက်ဆိုရင် ရဲဘော်ဖုက ရည်မှန်းချက်ကြီးမားတဲ့ ပညာတတ်လူငယ်တစ်ဦးပါ။ သူက လက်ရှိမှာ ယန်လျိုတပ်ဖွဲ့က အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး သီးနှံအထွက်နှုန်းတိုးဖို့ သဘာဝမြေသြဇာ စမ်းသပ်ထုတ်လုပ်တဲ့နေရာမှာ အစွမ်းကုန် ကြိုးပမ်းနေတာမလို့ ဒီလို ကျယ်ပြန့်တဲ့ ကျေးလက်ဒေသကနေ ထွက်ခွာသွားဖို့ အစီအစဉ် မရှိသေးပါဘူး။ နောက်ပြီး ရဲဘော် ရှန်ရှောက်ယွမ်ဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျွန်တော်တို့ တပ်ဖွဲ့ အုတ်ဖုတ်စက်ရုံရဲ့ ပြန်ကြားရေးဌာနခွဲ ဒုတိယဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခံထားရတာမလို့ သူကလည်း လတ်တလောမှာ ကျွန်တော်တို့ လျိုချောင်တပ်ဖွဲ့ အုတ်ဖုတ်စက်ရုံကနေ ထွက်ခွာသွားလိမ့်မယ် မထင်ပါဘူး"
ဟေး.. ထင်မထားဘူး မဟုတ်လား။ သူတို့ မိသားစုဝင်တွေကလည်း အရမ်းထူးချွန်ကြပြီး သူတို့တပ်ဖွဲ့မှာ အလုပ်အကိုင်တွေ အောင်မြင်နေကြတာပဲလေ။
ကန်းလိမင်က စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒါ့အပြင် နောက်တစ်ချက်က ကျွန်တော်တို့က အစောပိုင်း ကွင်းဆင်းလေ့လာမှုတွေအရ ပန်းထိုးပညာ အခြေခံရှိတဲ့ ရဲဘော် ၃၀ ကို ကနဦး ရွေးချယ်ထားပြီးပါပြီ။ ဒီရဲဘော်တွေက သူတို့ရဲ့ ပန်းထိုးကျွမ်းကျင်မှုကို တိုးတက်အောင် ကြိုးစားနေကြပါပြီ။ စက်ရုံ ဆောက်လုပ်ပြီးစီးတာနဲ့ သူတို့တွေ ချက်ချင်း အလုပ်စတင်နိုင်မှာပါ"
ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး : "..."
ဘာသွားလုနေစရာ လိုတော့မှာလဲ။ သူတို့က လူတောင် ရှာပြီးနေပြီပဲကို။
ကုယန်ပေါ်က ရယ်မောလိုက်ပြီး "ကြည့်ရတာ လျိုချောင်တပ်ဖွဲ့က ပြင်ဆင်မှုတွေ ပြည့်ပြည့်စုံစုံ လုပ်ထားပြီးသားပဲ။ ရဲဘော် ရှန်မော့အာကရော ဘယ်လိုမြင်လဲ"
ရှန်မော့အာက ပြုံးကာ ပြောလိုက်သည်။ "ခရိုင်ခေါင်းဆောင်ကြီးနဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ဂရုစိုက်ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ အားလုံးက အမှတ်(၉) စက်ရုံခွဲကို ပိုကောင်းအောင် တည်ဆောက်ချင်ကြတာမလို့ ပန်းထိုးစက်ရုံက ခေါင်းဆောင်တွေအနေနဲ့လည်း ကျွန်မတို့ ကျန်းပေခရိုင်ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ စေတနာကို မြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အတွင်းရေးမှူးကန်းက အသေးစိတ် ရှင်းပြသွားပြီးပြီဆိုတော့ ကျွန်မ ထပ်မပြောတော့ပါဘူး"
ကုယန်ပေါ်က အပြီးသတ် ဆုံးဖြတ်ချက်ချလိုက်သည်။ "ကောင်းပြီ။ ဒါဆိုရင် ရဲဘော် ကန်းလိမင်နဲ့ ရဲဘော် ကျန်းကျိန့်ရှန်တို့... အမှတ်(၉) စက်ရုံခွဲ တည်ဆောက်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ပြည်နယ်ပန်းထိုးစက်ရုံနဲ့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးကြပါ"
.....
ရာသီဥတုက ရုတ်တရက် အေးစက်သွားခဲ့သည်။ နေထွက်လာသည်နှင့် ရှန်မိသားစု၏ ခြံဝင်းငယ်လေးထဲတွင် လူများ ပြည့်နှက်နေပြီး အားလုံးက ကိုယ်ပိုင် ဝါးကုလားထိုင်များ၊ ခုံပုလေးများနှင့် အပ်ချည်ကြိုးများ၊ ပန်းထိုးကွင်းများကို ယူဆောင်လာခဲ့ကြသည်။
စာသင်နှစ်ဝက် ကုန်ဆုံးခါနီးဖြစ်သောကြောင့် ကျောင်းသားများသည် စာမေးပွဲအတွက် စတင်ပြန်လည်လေ့လာနေကြပြီဖြစ်ကာ အနုပညာသင်ခန်းစာ အချိန်များမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ ရှန်မော့အာသည် စာသင်ချိန်မှလွဲ၍ ကျန်အချိန်များတွင် သူမ၏ အိမ်ခြံဝင်းထဲ၌ "လုပ်ငန်းခွင်မဝင်မီ သင်တန်း" ကို ဖွင့်လှစ်ပေးနေလေသည်။
လုပ်ငန်းခွင်မဝင်မီ သင်တန်းဟူသော စကားလုံးများကို ဖုမင်ဇယ်က သူမကို သင်ပေးခဲ့ခြင်းဖြစ်သည်။ မြို့တော်ရှိ နိုင်ငံပိုင် စက်ရုံကြီးများတွင် အလုပ်သမားများကို ခေါ်ယူပြီးနောက် သင်တန်းများ ပေးလေ့ရှိကြောင်းနှင့် ရာထူးဆက်ခံသူများအနေဖြင့် ဆရာကြီးများထံတွင် ပညာသင်ယူရန်အတွက် အလုပ်သင်အဖြစ် တစ်နှစ်ခန့် အရင်လုပ်ကိုင်ရကြောင်း သူက ပြောပြခဲ့သည်။
သူတို့၏ ဤပန်းထိုးစက်ရုံခွဲတွင် ရှန်မော့အာမှလွဲပြီး ကျန်ပန်းထိုးသမားများအားလုံးကို လျိုချောင်တပ်ဖွဲ့ရှိ အဖွဲ့ခွဲအသီးသီးမှ ရွေးချယ်ထားခြင်းဖြစ်ကာ သူတို့၏ ကျွမ်းကျင်မှုအဆင့်ကလည်း မတူကြချေ။ အကယ်၍ အချိန်အတိုင်းအတာတစ်ခုအထိ သင်တန်းအရင်မပေးထားပါက အလုပ်စတင်ချိန်တွင် အလွယ်တကူ လုပ်ကိုင်နိုင်မည်မဟုတ်မှာ စိုးရိမ်ရလေသည်။
တခြားအဖွဲ့ခွဲများမှ လူများကိုတော့ သူတို့ဘာသာသူတို့ နည်းလမ်းရှာခိုင်းထားသော်လည်း ယန်လျိုတပ်ဖွဲ့မှ လူများကတော့ အနီးကပ်ရှိနေသည့် အခွင့်အရေးကို ရယူကာ ရှန်မော့အာထံတွင် အလွယ်တကူ ပညာသင်ယူနိုင်ကြသည်။
ယန်လျိုတပ်ဖွဲ့မှ လူများကို ရှန်မော့အာ ကိုယ်တိုင် တစ်ယောက်ချင်းစီ ရွေးချယ်ထားခြင်း ဖြစ်သည်။ သူမသည် အချိန်အနည်းငယ်ယူကာ ထိုလူများကို အရင်ဆုံး သင်ကြားပေးရန် ရည်ရွယ်ထားပြီး နောက်ပိုင်းတွင် ၎င်းတို့က တစ်ဆင့် တခြားသူများကို ပြန်လည်သင်ကြားပေးနိုင်စေရန် စီစဉ်ထားလေသည်။
"စက်ရုံက ဘယ်တော့များမှ ဆောက်လို့ပြီးမလဲ မသိဘူး။ အဲဒီအချိန်ကျရင် ရှင်တို့ ကျွန်မတို့အားလုံး တပ်ဖွဲ့ဆီ သွားပြီး အလုပ်ဆင်းရတော့မယ်"
လီရှင်းမေက ရယ်မောကာ ပြောလိုက်၏။ သူမ၏ အဘွားဖြစ်သူက ပန်းထိုးတတ်သဖြင့် အိမ်ရှိ ညီအစ်မများအားလုံး အနည်းအကျဉ်း သင်ယူထားကြကာ သူမက အတော်လေး သင်ယူတတ်မြောက်ထားသူဖြစ်သဖြင့် သည်တစ်ကြိမ်တွင် ရှန်မော့အာ၏ ပထမဆုံး ရွေးချယ်ခြင်းကို ခံခဲ့ရသည်။ သူမ၏ ယောက္ခမအိမ်ကလည်း သူမကို ထောက်ခံအားပေးကြပြီး အဒေါ်ချန်ဆိုလျှင် မကြာသေးမီက အိမ်အလုပ်များအားလုံးကို ဒိုင်ခံလုပ်ပေးထားကာ သူမ အလုပ်သမားဖြစ်လာမည့်ကိစ္စကို အဟန့်အတား မဖြစ်စေရဟု ဆိုထားလေသည်။
"အဆောင်တွေလည်း ရှိသေးတယ်လေ။ အဲဒီအချိန်ကျရင် ရှင်နဲ့ ကျွန်မတို့ အတူတူ နေလို့ရတာပေါ့" ကျောက်ထင်ထင်က ပြုံးရွှင်စွာ ပြောလိုက်သည်။
သူမသည် အမှန်တကယ်တော့ ယခင်က ပန်းထိုးပညာကို သင်ယူဖူးခြင်း မရှိပေ။ သို့သော် ကံကောင်းစွာဖြင့် အပ်ချုပ်အလုပ်များကို တတ်ကျွမ်းပြီး လက်ရာလည်း သပ်ရပ်သဖြင့် ရှန်မော့အာက သူမကို အတူတူ လာရောက်သင်ယူခိုင်းခြင်း ဖြစ်သည်။ သူမသည် ရှန်မော့အာ၏ ညီမဝမ်းကွဲအရင်း ဖြစ်သည်။ ပန်းထိုးခြင်းကဲ့သို့သော လက်မှုပညာမျိုးကို ယခင်ခေတ်ကဆိုလျှင် သာမန်အားဖြင့် ပြင်ပလူများကို သင်ပေးလေ့မရှိကြပေ။ တခြားသူများကလည်း ရှန်မော့အာက သူတို့ကို သင်ပေးလိုခြင်းမှာပင် အလွန်တရာ သဘောထားကြီးလွန်းလှပြီဟု ယူဆထားကြသဖြင့် သူမ၏ ညီမဝမ်းကွဲကို သင်ပေးမည်ဆိုသည်ကို ဘယ်သူကမှ ကန့်ကွက်စရာ အကြောင်းမရှိကြချေ။
ကျောက်ထင်ထင်သည် အသက်ငယ်သေးပြီး အလယ်တန်းကျောင်းမှ ယခုမှ လက်မှတ်ရကာစ ဖြစ်သည်။ ရှန်မော့အာက သူမကို ဆက်လက်ပညာသင်ကြားရန် တိုက်တွန်းချင်သော်လည်း သူမကိုယ်တိုင်ကပင် အထက်တန်း မတက်ချင်၍မဟုတ်ဘဲ အမှတ်များလွန်းသဖြင့် တက်ရောက်နိုင်မည် မဟုတ်ကြောင်း၊ စာသင်ရန် ပါရမီမပါကြောင်း ပြောထားခဲ့သည်။ အစကတော့ သူမသည် အိမ်တွင်နေရင်း လယ်လုပ်ကာ နှစ်နှစ်ခန့်အကြာ အရွယ်ရောက်လာလျှင် အိမ်ထောင်ပြုရတော့မည်ဟု ထင်ထားခဲ့သော်လည်း ရှန်မော့အာက ရုတ်တရက် စာရေး၍ သူမကို လက်မှုပညာ လာရောက်သင်ယူရန်နှင့် နောင်တွင် စက်ရုံသို့ဝင်ကာ အလုပ်သင်အဖြစ် တစ်နှစ်လုပ်ကိုင်ပြီးနောက် စွမ်းဆောင်ရည်ကောင်းမွန်ပါက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံရနိုင်ကြောင်း အကြောင်းကြားလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သူမကို မဆိုထားနှင့်။ သူမ၏ အစ်ကိုနှစ်ယောက်ဖြစ်သော ကျောက်ကျိန့်ယန်နှင့် ကျောက်ကျိန့်ဟွေးတို့ပင်လျှင် အားကျလွန်း၍ မနေနိုင်ကြတော့ဘဲ မိမိတို့ကိုယ်တိုင် မိန်းကလေး မဖြစ်ရလေခြင်းနှင့် အပ်ကိုင်ချည်ကိုင်နိုင်စွမ်း မရှိရလေခြင်းအတွက်သာ နှမြောတသ ဖြစ်နေကြတော့သည်။
အမှန်တော့ ၎င်းတို့ကြားတွင် ကြားဖြတ်ဇာတ်လမ်းလေး တစ်ခု ရှိသေးသည်။ ကျောက်ကျိန့်ယန်သည် ယခုနှစ်တွင် အသက် ၂၀ ရှိပြီဖြစ်ပြီး အိမ်ထောင်ဖက် ရှာဖွေနေချိန် ဖြစ်သည်။ ယခင်က အောင်သွယ်တော်က သူ့အား အနီးအနားတပ်ဖွဲ့မှ မိန်းကလေးတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သော်လည်း ထိုမိန်းကလေးက သူတို့ရွာ ဝေးလံခေါင်ဖျားသည်ကိုလည်းကောင်း၊ သူတို့မိသားစု ဆင်းရဲကာ မိသားစုကြီးတစ်ခုလုံး ရွှံ့အိမ်၃ခန်းထဲတွင် စုပြုံနေထိုင်ရသည်ကိုလည်းကောင်း အပြစ်တင်ခဲ့သဖြင့် စေ့စပ်ပွဲ မအောင်မြင်ခဲ့ပေ။
မူလက ဒီကိစ္စသည် ပြီးခဲ့သည်မှာ လနှင့်ချီ ရှိနေပြီဖြစ်ပြီး ကျောက်ကျိန့်ယန်လည်း ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။ သို့သော် မကြာသေးမီက တစ်ဖက်လူသည် သူ၏ ညီမဝမ်းကွဲက တပ်ဖွဲ့ပိုင်စက်ရုံ၏ ဒုတိယစက်ရုံမှူး ဖြစ်လာတော့မည်ဆိုသည့်သတင်းနှင့် ကျောက်ထင်ထင်ကိုပါ အလုပ်သမားဖြစ်အောင် လုပ်ပေးလိုက်သည်ဆိုသည့် သတင်းကို မည်သည့်နေရာမှ ကြားသိသွားသည်မသိ။ အောင်သွယ်တော်ကို ထပ်မံစေလွှတ်ကာ စေ့စပ်ရန် လာရောက်ပြောဆိုလာခဲ့သည်။ သူတို့၏ ဆိုလိုရင်းမှာ ကျောက်မိသားစုအနေဖြင့် သူမနှင့် သူမ၏အစ်ကိုအတွက် အလုပ်အကိုင်ပြဿနာကို ဖြေရှင်းပေးမည်ဆိုလျှင် ဤမင်္ဂလာကိစ္စကို လက်ခံမည်ဟူ၍။
ကျေးလက်နေပြည်သူများမှာ စက်ရုံခွဲဆိုသည်ကို သေချာနားမလည်ကြဘဲ လျိုချောင်တပ်ဖွဲ့က ပန်းထိုးစက်ရုံ တည်ထောင်မည်ဖြစ်ကြောင်း၊ ကျောက်ကျိန့်ယန်၏ ညီမဝမ်းကွဲမှာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောက်မိသားစု၏ သမီးငယ်လေးကို အလုပ်သမားဖြစ်အောင် လုပ်ပေးလိုက်ကြောင်းကိုသာ သိထားကြသည်။
ကျောက်မိသားစုမှာ လုံးဝကို အူကြောင်ကြောင် ဖြစ်သွားရပြီး ထိုနေရာမှာတင် အောင်သွယ်တော်ကို ပြန်လွှတ်လိုက်လေသည်။ သူတို့မိသားစုအနေဖြင့် သူတို့၏ အလုပ်အကိုင်ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်း လုံးဝမရှိသည်ကို မဆိုထားနှင့်။ ထိုသို့ဖြေရှင်းပေးနိုင်စွမ်း ရှိခဲ့လျှင်တောင်မှ သည်လို မျက်နှာပြောင်တိုက်လွန်းသော မိသားစုမျိုးနှင့်တော့ အမျိုးမစပ်ချင်ပါချေ။
ပါးစပ်ဟလိုက်သည်နှင့် အလုပ်အကိုင် ဖြေရှင်းပေးရန် ပြောဆိုလာပြီး တစ်ယောက်တည်း ဖြေရှင်းပေးရုံဖြင့် မလုံလောက်သေးဘဲ သူမ၏ အစ်ကိုအတွက်ပါ ဖြေရှင်းပေးရဦးမည်တဲ့လား။ သူတို့မှာ အမှန်တကယ်ပင် ထိုသို့သော အရည်အချင်းမျိုး ရှိနေခဲ့လျှင် မည်သည့်အကြောင်းကြောင့် သူမနှင့် အိမ်ထောင်ပြုရမည်ကို စဉ်းပါတော့မည်နည်း။
သူမကိုယ်သူမ နတ်သမီးလေးလို့များ ထင်နေသလားပဲ။
ထိုကဲ့သို့ အခြေအနေကို နားမလည်သော လူများကလည်း အမြဲတမ်း ရှိနေတတ်သည်။ အမှန်တော့ ကျောက်မိသားစုဘက်တွင်သာမက ယန်လျိုတပ်ဖွဲ့ဘက်တွင်လည်း အလားတူပင်။ တချို့သော မိသားစုများသည် အခြေအနေကို နည်းနည်းလေးမှ နားမလည်ကြဘဲ သင့်မြတ်မှန်ကန်သည်ဟု ယူဆကာ ရဲတင်းနေကြသည်။ ဥပမာအားဖြင့် ရှန်မိသားစုကြီးမှ တခြားအိမ်ထောင်စုများရှိ သမီးများနှင့် ချွေးမများ၊ ကျိုးကျောက်တိ၏ မိထွေးဖြစ်သူ ယန်တာ့နွီနှင့် ရွာထဲရှိ တချို့လူများ စသည်တို့မှာ အလွန်အမင်း ဆူပူသောင်းကျန်းနေကြသည်။ မိမိတို့မှာ ဘာတစ်ခုမှ မတတ်ကျွမ်းကြသည်မှာ ထင်ရှားနေသော်လည်း အလုပ်သမားဖြစ်မည့် အခွင့်အရေးရှိလာလျှင် မိမိတို့အမည် သေချာပေါက် ပါဝင်ရမည်ဟု တရားသေ ယုံကြည်နေကြလေသည်။
သို့သော် ဤလူများသည် ရှန်မော့အာ၏ ရှေ့မှောက်သို့ ရောက်သည်အထိတော့ ဆူပူသောင်းကျန်းနိုင်မည် မဟုတ်ပေ။ ကျိုးမန်ခန်းသည်လည်း အလွယ်တကူ အနိုင်ကျင့်လို့ရမည့်သူ မဟုတ်ချေ။ သည်အကြိမ်တွင် တစ်တပ်ဖွဲ့လုံးမှ လူ ၃၀ ကိုသာ ကနဦး ရွေးချယ်ထားပြီး သူတို့၏ အဖွဲ့ခွဲမှ ၁၀ ဦး ပါဝင်နေကြောင်းကို သူ သိထားသည်။ ရှန်မော့အာကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် သည်လို အခွင့်အရေးမျိုး ရနိုင်ပါမည်တဲ့လား။
ရွာထဲမှ အလုပ်သမား ၁၀ ဦး ထွက်ပေါ်လာနိုင်ခြင်းသည် မိသားစု ၁၀ စု၏ ဘဝကို ချမ်းသာကြွယ်ဝလာစေရန် တွန်းအားပေးနိုင်လိမ့်မည်။ ထို့အပြင် စက်ရုံ တကယ်ဆောက်လုပ်ပြီးစီးကာ ကုန်ထုတ်လုပ်မှု စတင်ချိန်တွင် အလုပ်သမားများ ထပ်မံခေါ်ယူရဦးမည်ဖြစ်ကြောင်းကိုလည်း ရှန်မော့အာက သူ့ကို အသိပေးထားပြီး ဖြစ်လေသည်။
ထို့အပြင် ပန်းထိုးသမားများကိုသာမက နောက်တန်း အထောက်အကူပြု ဝန်ထမ်းများကိုလည်း သေချာပေါက် ခေါ်ယူရဦးမည်။
ဤကိစ္စသည် အဖွဲ့ဝင်များ၏ အနာဂတ်နှင့် သက်ဆိုင်နေသော ကိစ္စကြီးဖြစ်သည်တွင် ထိုလူများက ဘယ်လိုပင် ဆူပူသောင်းကျန်းနေစေကာမူ ကျိုးမန်ခန်းကတော့ တစ်ခွန်းတည်းသာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ဘယ်သူ ထပ်ပြီး ဆူပူသောင်းကျန်းမလဲ။ ဆူပူတဲ့လူရဲ့ မိသားစုက လုပ်အားခရမှတ်ကို ဖြတ်ပစ်မယ်"
မကြာမီမှာပင် လူအားလုံးကို "ဖိနှိပ်" နိုင်ခဲ့လေသည်။
အပြင်လူများက ဘာပဲပြောပြော ယခုအချိန်တွင် ရှန်မိသားစု၏ ခြံဝင်းငယ်လေးထဲ၌ ပညာသင်ယူနေကြသူများမှာ အားလုံးက အလေးအနက်ထားကာ ကြိုးစားနေကြပြီး လေထုမှာလည်း သင့်မြတ်ညီညွတ်လျက် ရှိနေလေသည်။
ယခင်က ကျိုးမန်ခန်းသည် ရွာထဲရှိ လက်သမားကို လူတိုင်းအတွက် ပန်းထိုးကွင်းများ ပြုလုပ်ပေးရန် ခိုင်းစေခဲ့စဉ်က ရှန်မော့အာသည် အခွင့်ကောင်းယူကာ သူမအတွက် ပက်လက်ကုလားထိုင် တစ်လုံး ပြုလုပ်ပေးရန်ပါ အကူအညီတောင်းခဲ့သည်။ လက်သမားဆရာကြီး၏ အိမ်တွင် စုဆောင်းထားသော သစ်သားဟောင်းများနှင့် ဝါးများကို အသုံးပြုထားခြင်းဖြစ်ပြီး ငွေမကုန်ဘဲ ကြက်ဥများနှင့် ဘီစကွတ်မုန့်များဖြင့် လဲလှယ်နိုင်ခဲ့သည်။
ယခု ရာသီဥတု အေးလာချိန်တွင် ဤပက်လက်ကုလားထိုင်၏ အသုံးဝင်မှုက ပေါ်လွင်လာတော့သည်။ များသောအားဖြင့် လူတိုင်းကို ပန်းထိုးနည်းတစ်မျိုး သင်ပြပေးပြီးနောက် သူတို့ဘာသာသူတို့ လေ့ကျင့်ခိုင်းထားကာ ရှန်မော့အာကတော့ ပက်လက်ကုလားထိုင်ပေါ်တွင် မှီချလိုက်ပြီး နေဆာလှုံရင်း စာအုပ်ဖတ်နေတတ်ကာ အလွန်ပင် သက်တောင့်သက်သာ ရှိလှပေသည်။
မွန်းတည့်ချိန် နီးကပ်လာသည်တွင် ရှန်မော့အာက လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး အိမ်ပြန် ထမင်းဟင်းချက်ရန် အားလုံးကို သတိပေးလိုက်သည်။ မိန်းကလေးများနှင့် ချွေးမများက မတ်တတ်ရပ်လိုက်ကြသော်လည်း တချို့မှာတော့ ကျန်ရစ်ခဲ့ကြသည်။
လီရှင်းမေ; "ကျွန်မ ယောက္ခမက ကျွန်မကို ထမင်းဟင်းချက်စရာ မလိုဘူးတဲ့။ အချိန်နည်းနည်းလောက် ပိုသင်ယူပြီး ကျွမ်းကျင်မှု ပိုကောင်းလာအောင် လေ့ကျင့်ဖို့ ပြောလိုက်တယ်"
ချန်ထောင်၏ ဇနီးဖြစ်သူ ရှင်းဖန်းကျဲကလည်း ပြုံးကာ ပြောလိုက်လေသည်။ "ချန်ထောင်ကလည်း သူ ထမင်းဟင်း ချက်နိုင်တယ်တဲ့။ ကျွန်မတို့ သားအမိနှစ်ယောက်ကို နောက်ကျမှ ပြန်လာပြီး ထမင်း တန်းစားဖို့ ပြောလိုက်တယ်"
...
အပိုင်း (၆၃.၂)
သူမနှင့် ချန်ထောင်တို့သည် တစ်သုတ်တည်း ဆင်းလာခဲ့ကြသော ပညာတတ်လူငယ်များ ဖြစ်ကြပြီး လက်ထပ်ခဲ့သည်မှာ နှစ်အတန်ကြာပြီ ဖြစ်ကာ ယွင်တိုးအာ အမည်ရှိ အသက် ၃ နှစ်အရွယ် သမီးငယ်လေးတစ်ဦး ရှိလေသည်။ ကလေးငယ်လေးမှာ လိမ္မာရေးခြားရှိပြီး သဲအိတ်လေးတစ်လုံး ပေးထားရုံဖြင့် တစ်နေကုန် တစ်ယောက်တည်း ပျော်ရွှင်စွာ ဆော့ကစားနေတတ်သဖြင့် ရှင်းဖန်းကျဲ၏ ပန်းထိုးပညာ သင်ယူမှုကို နည်းနည်းလေးမှ အနှောင့်အယှက် မဖြစ်စေခဲ့ချေ။
ရှင်းဖန်းကျဲ ပြောလိုက်သည့် စကားကို ကြားသောအခါ ကလေးမလေးသည် ခုံပုလေးပေါ်တွင် ထိုင်လျက် ခေါင်းလေးမော့ကာ ရှက်ရွံ့စွာ ပြုံး၍ ပြောလိုက်သည်။ "ဖေဖေ ကောင်းတယ်"
ဝမ်ချိုးထုန်က မနေနိုင်ဘဲ ကလေးမလေး၏ ပါးပြင်လေးကို ညှစ်လိုက်သည်။ "ကျွန်မတို့ရဲ့ ယွင်တိုးအာလေးက တကယ့်ကို လိမ္မာတာပဲ"
ဝမ်ချိုးထုန်လည်း ထိုနေရာတွင် ရှိနေသော်လည်း သူမသည် ပန်းထိုးသင်ရန် လာခြင်းမဟုတ်ဘဲ ပန်းချီသင်ရန် လာခြင်း ဖြစ်ပေသည်။
ရှန်မော့အာသည် နောက်စာသင်နှစ်တွင် တပ်ဖွဲ့မူလတန်းကျောင်း၌ ဆက်လက်သင်ကြားပေးတော့မည် မဟုတ်သဖြင့် တပ်ဖွဲ့ခေါင်းဆောင်က သူမ၏နေရာတွင် အစားထိုးရန် ပန်းချီဆက်လက်သင်ကြားပေးမည့်သူကို ရှာဖွေချင်နေသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ရွာထဲတွင် ပန်းချီဆွဲတတ်သူ လုံးဝမရှိဘဲ ပညာတတ်လူငယ်များထဲတွင် အနည်းငယ်ဆွဲတတ်သူ ရှိသော်လည်း ကျောင်းတက်စဉ်က ပန်းချီသင်ခန်းစာ နည်းနည်းလေးသာ တက်ရောက်ဖူးသည့် အဆင့်သာရှိရာ ကျောင်းသားများကို သင်ကြားပေးရန်အတွက် လုံးဝမလုံလောက်ပေ။
ဝမ်ချိုးထုန်သည် ထိုသတင်းကို ကြားပြီးနောက် ရှန်မော့အာထံသို့ ပြေးလာကာ သူမကို သင်ကြားပေးရန် တောင်းဆိုလေတော့သည်။ သူမသည်လည်း ပန်းချီသင်ခန်းစာ နည်းနည်းလေးသာ တက်ရောက်ဖူးသူများထဲတွင် ပါဝင်ပြီး ထည့်သွင်းစဉ်းစားစရာမလိုလောက်သည့် အခြေခံနည်းနည်းလေးသာ ရှိသော်ငြား သူမအနေဖြင့် လယ်လုပ်သည့် ခွန်အား၏ ထက်ဝက်ခန့်ကို အသုံးပြုလိုက်ရုံဖြင့် ပန်းချီကို သေချာပေါက် တတ်မြောက်အောင် သင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။
လယ်လုပ်ရခြင်းမှာ တကယ့်ကို ပင်ပန်းလွန်းလှပေသည်။
ကျောက်ထင်ထင်က ပန်းထိုးကွင်းကို ချထားလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ "ကျွန်မ ထမင်းသွားချက်လိုက်ဦးမယ်"
ဝမ်ချိုးထုန်ကလည်း ချက်ချင်းပင် ထလိုက်သည်။ "ကျွန်မ ကူပေးမယ်"
ကျောက်ထင်ထင်သည် ယခုအခါ သူမမိခင်၏ သူငယ်ချင်းအိမ်တွင် တည်းခိုနေပြီး အပေါ်ယံတွင်တော့ ခေတ္တနေထိုင်သည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် အိမ်လခ အနည်းငယ် ပေးထားရလေသည်။ သို့သော် သူမသည် ထမင်း ၃ နပ်စလုံးကို ရှန်မော့အာ၏အိမ်တွင်သာ စားသောက်ပြီး သူမ၏ မိဘများက သူမကို လာပို့စဉ်က ရိက္ခာများ ထမ်းပိုးယူဆောင်လာခဲ့ကြသည်။
ဝမ်ချိုးထုန်ကလည်း ရိက္ခာလက်မှတ်များ ယူဆောင်လာကာ လာရောက်ပူးပေါင်းကာ စားသောက်လေသည်။ သူမသည် ရှန်မိသားစုတွင် ထမင်း ၂ နပ် စားသောက်ပြီး မွန်းတည့်ချိန်နှင့် ညဘက်များတွင် ပိုသင်ယူနိုင်လိမ့်မည်။
အထူးသဖြင့် ရှန်မော့အာက သူမအဖေ၏ အရည်အချင်းမှာ သူမထက် အများကြီးသာလွန်သည်ဟု ပြောဆိုခြင်းက နှိမ့်ချပြောဆိုခြင်း လုံးဝမဟုတ်ကြောင်းကို ဝမ်ချိုးထုန်က သိရှိသွားခဲ့သည်။ ယခုအခါ ဝမ်ချိုးထုန်သည် ညစာစားပြီးချိန်တိုင်း ရှန်ရှောက်ယွမ်ထံသို့ သွားရောက်ကာ ပညာသင်ယူလေ့ရှိပြီး ရှန်ရှောက်ယွမ်၏ တပည့်တစ်ပိုင်းပင် ဖြစ်နေလေပြီ။
ထမင်းလာရောက်စားသောက်ကြသူများ ဖြစ်သည့်အတွက် ကျောက်ထင်ထင်နှင့် ဝမ်ချိုးထုန်တို့ နှစ်ဦးစလုံးမှာ အလွန်သိတတ်ကြပြီး ထမင်းချက်၊ ပန်းကန်ဆေးသည့် အလုပ်များအားလုံးကို သူတို့သာ ဒိုင်ခံလုပ်ကိုင်ပေးကြလေသည်။ ထို့ကြောင့် ရှန်မော့အာသည် ဤကာလအတွင်း စာသင်ရသည့်အပြင် လူတိုင်းကို ပန်းထိုးနှင့် ပန်းချီသင်ပေးနေရသော်လည်း တကယ်တမ်းတွင်တော့ သိပ်မလုပ်ရှုပ်လှပေ။
အိမ်အလုပ်များ အတော်များများ လျော့နည်းသွားခဲ့သည်။
မီးဖိုချောင်ထဲမှ ဟင်းနံ့များ ထွက်ပေါ်လာချိန်တွင် လီရှင်းမေ၊ ရှင်းဖန်းကျဲနှင့် တခြားသူများလည်း ပစ္စည်းများကို ချထားကာ ပြန်သွားကြလေပြီ။ ယခုနေ မပြန်လျှင်လည်း အိမ်ရှင်များက ထမင်း စားကြတော့မည်။
ဖုမင်ဇယ် အပြင်မှ ဝင်လာချိန်တွင် ခြံဝင်းထဲ၌ တခြားမည်သူမျှ မရှိတော့ဘဲ ရှန်မော့အာ တစ်ယောက်တည်းသာ ပက်လက်ကုလားထိုင်ပေါ်တွင် မှီလျက် မျက်နှာပေါ်တွင် ဒုတိယနှစ် အထက်တန်း သင်္ချာစာအုပ်တစ်အုပ်ကို ဖုံးအုပ်ထားလေသည်။ သူက အနားသို့ လျှောက်သွားကာ စာအုပ်ကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သောအခါ ရှန်မော့အာ၏ မျက်တောင်များ လှုပ်ခတ်သွားသော်လည်း မျက်လုံးတော့ မဖွင့်လာချေ။ ဖုမင်ဇယ်က မနေနိုင်ဘဲ ကိုယ်ကိုကိုင်းညွတ်ကာ သူမ၏ နှုတ်ခမ်းကို တစ်ချက် နမ်းရှိုက်လိုက်သည်။
"အို!"
ကျောက်ထင်ထင်သည် ထမင်းစားရန် လူခေါ်မည်ဟု အပြင်သို့ထွက်လာစဉ် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် မိမိ၏မျက်လုံးများကို ကပျာကယာ ဖုံးအုပ်ကာ နောက်သို့ ပြန်ပြေးသွားတော့သည်။ သူမက ပြေးရင်း အော်ဟစ်လိုက်သည်။ "အစ်မ၊ ခဲအို... ထမင်းစားလို့ ရပြီနော်"
ရှန်မော့အာက ဖုမင်ဇယ်ကို စူးရဲစွာ တစ်ချက်ကြည့်လိုက်သည်။ "အိမ်မှာ လူတွေ ရှိနေတယ်ဆိုတာ ရှင် မေ့သွားပြီလား"
ဖုမင်ဇယ်မှာ မျက်နှာအမူအရာ လုံးဝမပြောင်းလဲဘဲ ရဲဝံ့စွာ ပြန်ပြောလိုက်သည်။ "ကိုက ကိုယ့်အိမ်မှာ ကိုယ့်မိန်းမကို နမ်းတာလေ"
ထိုသို့ပြောရင်း လက်လှမ်းကာ ရှန်မော့အာကို ဆွဲထူလိုက်သည်။ ရှန်မော့အာက မတ်တတ်ရပ်လိုက်ပြီးနောက် ရုတ်တရက် သတိရသွား၏။ "ရှင် ပြန်လာတာ လက်မဆေးရသေးဘူး မဟုတ်လား"
ဖုမင်ဇယ်က မျက်လွှာချကာ လက်နှစ်ဖက်ကို ကြည့်လိုက်ပြီး တိုးတိတ်စွာ ရယ်မောလိုက်သည်။ "ဟုတ်သားပဲ... ကို မေ့သွားတယ်"
သူတို့နှစ်ဦးသည် ရေပုံးကို အတူတကွ ဆွဲယူကာ ဘေးနားရှိ တပ်ဖွဲ့ရုံးဝင်းထဲသို့ သွားပြီး ရေခပ်ကာ လက်ဆေးလိုက်ကြသည်။
မီးဖိုချောင်ထဲတွင်တော့ ကျောက်ထင်ထင်က ထမင်းခူးရင်း တတွတ်တွတ် ပြောနေလေသည်။ "ကျွန်မအစ်မနဲ့ ခဲအိုက တကယ့်ကို သံယောဇဉ် ကြီးကြတာပဲ။ လက်ဆေးတာလေးကိုတောင် တွယ်ကပ်ပြီး အတူတူ သွားကြတယ်"
ဝမ်ချိုးထုန်က ရယ်မောလိုက်ပြီး မေးလိုက်သည်။ "ခုနတုန်းက လန့်ဖျပ်ပြီး ဘာတွေ အော်နေတာလဲ။ ဘာမြင်လိုက်လို့လဲ"
ကျောက်ထင်ထင်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြန်သည်။ ဝမ်ချိုးထုန်က ကောင်မလေးအနေဖြင့် ရှက်လွန်း၍ ပြောပြလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း ကျောက်ထင်ထင်က ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ကာ သူခိုးတစ်ယောက်လို အသံကိုနှိမ့်၍ ပြောလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ "ကျွန်မအစ်မ အဲဒီမှာ လှဲနေတုန်း ခဲအိုက ခိုးနမ်းနေတာလေ"
ဝမ်ချိုးထုန်က ရယ်ချလိုက်မိသည်။ "အို... သူတို့နှစ်ယောက်ကတော့ တကယ်ပါပဲ။ ကလေးတွေကို အကျင့်ပျက်အောင် လုပ်နေကြတယ်"
အမှန်တော့ ဝမ်ချိုးထုန်လည်း မြင်ဖူးလေသည်။ တစ်ခါက ရှန်မော့အာ အဝတ်လှန်းနေစဉ် ဖုမင်ဇယ်က သွားရောက်ကူညီရင်း ရှန်မော့အာကို တိတ်တဆိတ် တစ်ချက် နမ်းလိုက်ရာ သူမက မီးဖိုချောင်ထဲတွင် ရေငှဲ့နေရင်း တစ်ဝက်ပွင့်နေသော ပြတင်းပေါက်ကြားမှ ကွက်တိ မြင်လိုက်ရခြင်းပင်။
ကျွတ် ကျွတ်။
နေ့လယ်စာအဖြစ် ဆန်ကြမ်းထမင်းနှင့် ဟင်း ၃ မျိုးကို စားသောက်ကြသည်။ ဆောင်းရာသီမျှစ် ဝက်သားခြောက်ကြော် တစ်ပွဲ၊ မုန်လာဥနီဟင်း တစ်ပွဲနှင့် မုန်ညင်းကြော် တစ်ပွဲတို့ ဖြစ်သည်။
သည်တစ်ကြိမ်တွင် စားရသော ဝက်သားခြောက်မှာ ရှန်မော့အာက ရတနာတိုက်ခန်းထဲမှ ထုတ်ယူလာခြင်း မဟုတ်ပေ။ မည်သို့ဆိုစေ သူမအိမ်မှ ဝက်သားခြောက်များကလည်း အမြဲတမ်း စားမကုန်အောင် ရှိနေလို့ မဖြစ်နိုင်ပါချေ။ ဤဝက်သားခြောက်မှာ ရှန်ယင်းယင်း ဇနီးမောင်နှံက ကျောက်ထင်ထင်ကို လာပို့စဉ်က ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
"နင်တို့အိမ်မှာ ဒီလောက် အချိန်အကြာကြီး မျက်နှာပြောင်တိုက်ပြီး စားသောက်နေရတာ ကျွန်မ ကိုယ်လုံးတောင် နည်းနည်း ဝလာသလို ခံစားရတယ်" ဝမ်ချိုးထုန်က သူမ၏ ပါးကို ဆွဲလိမ်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ရက်က အိမ်ကနေ အသားဝယ်လက်မှတ်တွေ ပို့လိုက်တယ်။ နောက်နှစ်ရက်နေရင် စာကလေးဈေး ရှိတယ်လေ။ ကျွန်မတို့ တပ်ဖွဲ့ဆီ လမ်းလျှောက်သွားကြပြီး အသားနည်းနည်းနဲ့ တခြားပစ္စည်းတချို့ ဝယ်ကြရအောင်"
မြို့ပေါ်တွင်လည်း အသားစားရသည်မှာ မလွယ်ကူလှသောကြောင့် အိမ်မှ သူမထံသို့ အသားဝယ်လက်မှတ်များ ပို့ပေးခြင်းမှာ အလွန်ရှားပါးလှပေသည်။ ဝမ်ချိုးထုန်မှာ အတော်လေး ပျော်ရွှင်နေပြီး ထိုအချိန်ကျလျှင် လက်မှတ်မလိုသော ဝက်ကလီစာတချို့ကိုပါ ထပ်မံဝယ်ယူကာ ကျေးဇူးဆပ်သည့်အနေဖြင့် ကျောက်ထင်ထင်နှင့် ရှန်မိသားစုကို အသားဟင်း ကောင်းကောင်း တစ်နပ် ကျွေးမွေးရန် ပြင်ဆင်ထားလေသည်။
ဖုမင်ဇယ်က ပြောလိုက်သည်။ "မင်းနဲ့ ကျိန့်ကျားမင်ကတော့ အတွေးတူနေတာပဲ။ သူကလည်း အိမ်က အသားဝယ်လက်မှတ်တွေ ပို့လိုက်တယ်ဆိုပြီး နောက်နှစ်ရက်နေရင် ဝယ်ပြီး ဟင်းချက်စားမယ်လို့ ပြောနေတယ်"
ဝမ်ချိုးထုန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ "ဘယ်သူက သူ့လို တွေးချင်လို့လဲ"
ရှန်မော့အာက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ဖုမင်ဇယ်နှင့် အကြည့်ချင်း ဖလှယ်လိုက်၏။
ထမင်းစားပြီးသောအခါ ဝမ်ချိုးထုန်က တက်ကြွစွာဖြင့် ပန်းကန်သွားဆေးနေသဖြင့် ကျောက်ထင်ထင်ကလည်း ခြံဝင်းထဲတွင် သူမတစ်ယောက်တည်း လူပိုလို ဖြစ်နေသလို ခံစားရသဖြင့် ရေပုံးကို ဆွဲယူကာ ရေသွားခပ်ကူလေတော့သည်။ ရှန်မော့အာက ဖုမင်ဇယ်ကို မေးလိုက်၏။ "ဝမ်ချိုးထုန်နဲ့ ကျိန့်ကျားမင်တို့ ဘာဖြစ်ကြတာလဲ။ ပြဿနာတက်ထားလို့လား"
ဖုမင်ဇယ်က ခေါင်းခါလိုက်သည်။ "မသိဘူး။ ကျိန့်ကျားမင် ဘာမှမပြောပါဘူး"
ယခုအခါ သူသည် ပညာတတ်လူငယ်များအဆောင်တွင် မနေတော့သဖြင့် အဆောင်၏ အခြေအနေကို သိပ်မသိတော့သည်မှာ အမှန်ပင်။ သေချာသည်ကတော့ ယခင် အဆောင်တွင် နေထိုင်စဉ်ကတည်းက သူသည် တခြားသူများ၏ ကိစ္စများကို ဝင်မစွက်ဖက်တတ်ချေ။
စာကလေးဈေးနေ့ ရောက်လာသောအခါ ရှန်မိသားစု၏ အတန်းငယ်လေးကို ခေတ္တပိတ်ထားလိုက်ပြီး လဝက်ကျော်ကြာ ဆက်တိုက် သင်ယူနေခဲ့ကြသော မိန်းကလေးများနှင့် ချွေးမများအားလုံးက တပ်ဖွဲ့ချုပ်သို့ အတူတကွ ဈေးဝယ်ထွက်ကြလေသည်။
ပညာတတ်လူငယ်များအဆောင်မှ လူအချို့လည်း အတူပါလာကြရာ ကျိန့်ကျားမင်၊ ကျန်းကျစ်ချန်၊ ကော်တန်းတန်းနှင့် မကြာသေးမီကမှ အလုပ်ကြမ်းဖြင့် ပြုပြင်ပြောင်းလဲရေးစခန်းမှ ပြန်လွတ်လာသော ယန်ချင်းချင်းတို့ ဖြစ်ကြသည်။
ရှီဝေ ပြန်မလာသေးဘဲ ယန်ချင်းချင်း တစ်ယောက်သာ ပြန်လွတ်လာခြင်း ဖြစ်သည်။
အမှန်တော့ မူလက သူမသည် ရှီဝေကို သွေးထိုးလှုံ့ဆော်ကာ ဖုမင်ဇယ်ကို လုပ်ကြံစွပ်စွဲခိုင်းခဲ့ခြင်းမှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိသဖြင့် သဘောတရားအရဆိုလျှင် သည်လောက်အကြာကြီး အကျဉ်းချခံရမည် မဟုတ်ပေ။ သို့သော် ရှီဝေမှာ ဒေါသထွက်လွန်းသဖြင့် သူမ၏ ကွယ်ရာမှ ပြောဆိုခဲ့သော အဓိပ္ပာယ်မဲ့စကားများစွာကို ဖော်ထုတ်ခဲ့ခြင်းနှင့် ဤခေတ်ကာလတွင် တော်လှန်ရေးကော်မတီ၏ လုပ်ဆောင်ချက်များမှာလည်း ခိုင်လုံသော သက်သေအထောက်အထားကို သိပ်အလေးမထားခြင်းတို့ကြောင့် နောက်ဆုံးတွင် ယန်ချင်းချင်းမှာ အလုပ်ကြမ်းဖြင့် ပြုပြင်ပြောင်းလဲရေးစခန်းသို့ အပို့ခံလိုက်ရခြင်းပင်။
သေချာတွက်ကြည့်လျှင် ယန်ချင်းချင်း အလုပ်ကြမ်းစခန်းသို့ ရောက်ရှိသွားသည်မှာ လအနည်းငယ်သာ ကြာသေးသော်လည်း သူမ၏ ရုပ်သွင်မှာ လုံးဝကို ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် အသက်အတော်များများ ကြီးသွားသကဲ့သို့ မည်းနက်ကာ ပိန်လှီသွားလေသည်။ ထို့အပြင် စရိုက်လက္ခဏာလည်း အကြီးအကျယ် ပြောင်းလဲသွားကာ စကားပြောဆိုခြင်း မရှိသလောက်ဖြစ်ပြီး ထိုင်းမှိုင်းနေပုံ ပေါက်နေလေသည်။
ဦးလေးလျို၏ မြည်းလှည်းမှာ သည်လို လူအများကြီးကို မတင်ရသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် အားလုံးက ကျပ်ကျပ်တည်းတည်း ထိုင်နေကြရသည်။ လူအများစုမှာ ပန်းထိုးစက်ရုံ ဖွင့်မည့်အချိန်အကြောင်း ပျော်ရွှင်စွာ ဆွေးနွေးနေကြလေသည်။
ယန်ချင်းချင်းက အတူတူ မှီထိုင်နေကြသော ရှန်မော့အာနှင့် ဖုမင်ဇယ်ကို မည်းမှောင်နေသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ကျန်းကျစ်ချန်ကတော့ ရှန်မော့အာကို အားကျစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ ယခင်က သူသည် ဤမိန်းကလေးကို သိပ်အထင်မကြီးခဲ့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် ဤမိန်းကလေးကပင် ရွာမှ ကလေးများကို ဦးဆောင်ကာ ပြည်နယ်အဆင့် ပြိုင်ပွဲတွင် ဆုရရှိအောင် လုပ်ဆောင်နိုင်ခဲ့ရုံသာမက ပြည်နယ်မြို့တော်သို့ ပြိုင်ပွဲဝင်ရန် သွားရောက်ရုံနှင့် နန်ပြည်နယ် ပန်းထိုးစက်ရုံကို လျိုချောင်တပ်ဖွဲ့ကဲ့သို့သော ခေါင်ဖျားသည့် ဆင်းရဲသောဒေသတွင် စက်ရုံခွဲတည်ဆောက်ရန်ပင် နားချနိုင်ခဲ့လေသည်။
အလုပ်ရုံခွဲဟု ဆိုသော်လည်း သည်လိုဝေးလံခေါင်းဖျားသည့် နေရာတွင် တကယ်တမ်းတွင်တော့ သီးခြားစက်ရုံတစ်ရုံနှင့် ဘာမှမကွာခြားတော့ကြောင်းကို ကျန်းကျစ်ချန် သိထားလေသည်။
ကျေးလက်ဒေသကဲ့သို့သော ကျယ်ပြန့်သည့် နယ်မြေသို့လာရောက်ကာ ပညာတတ်လူငယ်တစ်ဦးအနေဖြင့် ထမ်းဆောင်သင့်သော တာဝန်များကို ထမ်းဆောင်ကာ မိခင်နိုင်ငံ၏ ဆိုရှယ်လစ်တည်ဆောက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီမည်ဟူသော ရည်မှန်းချက်မျိုးကို သူကိုယ်တိုင်လည်း ရင်ဝယ်ပိုက်ကာ ဆင်းရဲသောဒေသသို့ လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း သာမန်ရွာသားတစ်ဦးလောက်ပင် မစွမ်းဆောင်နိုင်ခဲ့သည်ကိုသာ တွေ့လိုက်ရသည်။
ကျန်းကျစ်ချန်၏ လေးထောင့်စပ်စပ် မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှု အနည်းငယ် ပေါ်လွင်နေလေသည်။
တပ်ဖွဲ့သို့ ရောက်ရှိပြီးနောက် မြည်းလှည်းပေါ်မှ လူများအားလုံး လူစုကွဲသွားကြသည်။ အမှန်တော့ လူစုကွဲသွားသည်ဟု ဆိုခြင်းထက် လူအများစုမှာ စာကလေးဈေးဘက်သို့ သွားကြခြင်းဖြစ်ပြီး မူလက ကျပ်ကျပ်တည်းတည်း ထိုင်ခဲ့ရသော်လည်း ယခုအခါတွင် လူခွဲလိုက်ကြခြင်းသာ။
ဝမ်ချိုးထုန်က ရှန်မော့အာ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။ "မော့အာ... ကျွန်မတို့ အတူတူ သွားကြမယ်"
ကျောက်ထင်ထင်က ရှန်မော့အာ၏ တခြားလက်မောင်းတစ်ဖက်ကို သွားရောက်ဆွဲကိုင်ရန် ပြင်လိုက်သော်လည်း ဘေးနားမှ ဖုမင်ဇယ်၏ အကြည့်ကို ခံစားလိုက်ရသဖြင့် တိတ်ဆိတ်စွာပင် ဘေးသို့ဆုတ်ခွာလိုက်ပြီး ဝမ်ချိုးထုန်၏ တခြားတစ်ဖက်သို့ သွားရောက်လိုက်လေသည်။
ကျိန့်ကျားမင်မှာ ဖုမင်ဇယ်၏ တခြားတစ်ဖက်တွင် လျှောက်လာပြီး ဝမ်ချိုးထုန်ကို ခဏခဏ လှည့်ကြည့်ကာ တစ်ခုခုပြောချင်သော်လည်း နှုတ်ဆိတ်နေခဲ့သည်။
ဖုမင်ဇယ်က သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ဂရုမစိုက်ဘဲ နေလိုက်သည်။
"ကြားပြီးကြပြီလား။ စာကလေးဈေးကိုပါ ဖျက်သိမ်းတော့မယ် ထင်တယ်။ တော်လှန်ရေးကော်မတီဘက်က သတင်းတွေ ထွက်နေပြီ"
"ဘာ... စာကလေးဈေးကိုပါ ဖျက်သိမ်းတော့မှာလား။ ဒါဆိုရင် ကျွန်တော်တို့ နောက်ပိုင်း လယ်ယာထွက်ကုန်လေးတွေ လိုချင်ရင် ဘယ်ကသွားရှာရမှာလဲ။ ဒါက ရမ်းကားတာပဲ မဟုတ်ဘူးလား"
"အို... မင်း အသက်မရှင်ချင်တော့ဘူးလား။ ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။ တကယ် ဖျက်သိမ်းလိုက်ရင်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အခု ရှိနေတုန်း ဝယ်လို့ရသလောက် ပိုဝယ်ထားလိုက်"
ထိုလူနှစ်ဦးသည် လမ်းလျှောက်ရင်း စာကလေးဈေးဘက်သို့ ခပ်သုတ်သုတ် သွားနေကြကာ ပိုဝယ်ထားမည်ဟု ပြောသောသူမှာ လက်ထဲတွင် ဂုန်နီအိတ်ကြီးတစ်အိတ်ကို ဆုပ်ကိုင်ထားလေသည်။
"ဒီလိုဆိုရင် ကျွန်မတို့လည်း မြန်မြန်သွားပြီး ပိုဝယ်ထားမှ ဖြစ်လိမ့်မယ်" ဝမ်ချိုးထုန်က ချက်ချင်း ပြောလိုက်သည်။ "ကျွန်မက အိမ်ကိုပို့ဖို့ တောထွက်ကုန် အခြောက်အခြမ်းလေးတွေ ဝယ်ချင်သေးတာ"
နေရာသို့ ရောက်ရှိသောအခါ ဝမ်ချိုးထုန်က ရှန်မော့အာကို ဆွဲမထားတော့ဘဲ "ခွဲပြီး သွားကြမယ်" ဟု တစ်ခွန်းပြောကာ လူအုပ်ထဲသို့ အလျင်အမြန် တိုးဝင်သွားပြီး ကျိန့်ကျားမင်ကလည်း ချက်ချင်းပင် အနောက်မှ ခပ်သုတ်သုတ် လိုက်သွားရင်း ပြောလိုက်လေသည်။ "ကျွန်တော်လည်း တောထွက်ကုန်လေးတွေ သွားဝယ်လိုက်ဦးမယ်"
ကျန်ရစ်ခဲ့သော ကျောက်ထင်ထင်မှာ ရှေ့တွင် လူအုပ်ထဲသို့ တိုးဝင်သွားကြသော ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ဘေးနားရှိ ရှန်မော့အာနှင့် ဖုမင်ဇယ်ကိုပါ တစ်ချက်ကြည့်ကာ ကျန်ရစ်ဖြစ်သွားသလို ခံစားလိုက်ရတော့သည်။
...
အပိုင်း (၆၄.၁) တ... တကယ်ပဲ အလုပ်ရပြီလား
နှစ်ကုန်ခါနီးဖြစ်သောကြောင့်လား။ သို့မဟုတ် စာကလေးဈေး ဖျက်သိမ်းတော့မည့် သတင်းကို လူတိုင်း ကြားထားသောကြောင့်လား မသိသော်လည်း ယနေ့ စာကလေးဈေးတွင် လူများ အထူးပင် စည်ကားနေပြီး လူအချင်းချင်း တိုးဝှေ့နေကြသဖြင့် သတိမထားပါက ဖိနပ်ပင် အနင်းခံရပြီး ကျွတ်ထွက်သွားနိုင်လေသည်။
ရှန်မော့အာက ကျောက်ထင်ထင်ကို တစ်ချက်ကြည့်လိုက်ပြီး သတိပေးလိုက်သည်။ "ကိုယ့်ပစ္စည်းကို သေချာဂရုစိုက်နော်"
ကျောက်မိသားစုက သမီးငယ်လေးကို ယန်လျိုတပ်ဖွဲ့တွင် တစ်ယောက်တည်း ထားရစ်ခဲ့ခြင်းဖြစ်သည်တွင် ငွေလည်း သေချာပေါက် ပေးထားမည်သာ။ ပမဏဘယ်လောက်ပင်ဖြစ်စေ သူခိုးခိုးခံရပါက ဤကောင်မလေး သေချာပေါက် ငိုယိုပေလိမ့်မည်။
ကျောက်ထင်ထင်က အလေးအနက် ခေါင်းညိတ်လိုက်သည်။ သူမထံတွင် ငွေ ၅ ယွမ် ရှိလေသည်။
သူမတစ်ဘဝလုံးတွင် သည်လောက်များပြားသောငွေကို ပထမဆုံးအကြိမ် ကိုင်ဖူးခြင်းပင်။ သူမ၏ အမေက ငွေပေးစဉ်က ဤငွေမှာ အရေးပေါ်သုံးရန် ချန်ထားခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် အနည်းငယ် သုံးစွဲနိုင်သော်လည်း လက်လွတ်စပယ် မသုံးစွဲရန် မှာကြားခဲ့လေသည်။
မူလက သူမသည် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ နောက်သို့ လိုက်ပါနေရခြင်းမှာ လူပိုတစ်ယောက်လို ခံစားရသဖြင့် သူမတစ်ယောက်တည်း လျှောက်သွားမည်ဟု ပြောရန် စဉ်းစားခဲ့သော်လည်း ယခု ပြန်တွေးကြည့်သောအခါ လူပို ဖြစ်ချင်လည်း ဖြစ်ပါစေတော့။ သူမတစ်ယောက်တည်း လျှောက်သွားနေစဉ် တစ်စုံတစ်ယောက်က ငွေလုသွားလျှင် မည်သို့လုပ်မည်နည်း။
ရှန်မော့အာက ကျောက်ထင်ထင် သူမဘေးတွင် လိမ္မာစွာ ကပ်လိုက်လာသည်ကို မြင်သောအခါ ထပ်မပြောတော့ဘဲ ဖုမင်ဇယ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "နှစ်သစ်ကူးဖို့ စောသေးတယ်ဆိုပေမယ့် နောက်ပိုင်း ရာသီဥတုအေးလာရင် ပစ္စည်းတွေ ဝယ်ရောင်းလုပ်ဖို့ ပိုခက်သွားလိမ့်မယ်။ စာကလေးဈေးသာ မရှိတော့ဘူးဆိုရင် ပစ္စည်းဝယ်ရောင်းလုပ်ချင်ရင်တောင် လုပ်စရာနေရာ မရှိတော့ဘူး။ ရှင့်အိမ်ဘက်ကိုရော ပစ္စည်းတချို့ ဝယ်ပို့ပေးဖို့ မလိုဘူးလား"
သူမ၏ အဖေသည် ပြီးခဲ့သည့်ရက်ပိုင်းက ခရိုင်သို့ နောက်တစ်ခေါက် သွားရောက်ခဲ့ပြီး သည်တစ်ကြိမ်တွင် ရွှေလက်ကောက်တစ်ကွင်း ရောင်းချခဲ့ကာ ငွေ ၇၀၀ ကျော် ရရှိခဲ့သဖြင့် မိသားစုမှာ လတ်တလော ငွေကြေး အခက်အခဲ မရှိတော့ချေ။
ဖုမင်ဇယ်၏ မိသားစုမှာ အခက်အခဲရှိနေသဖြင့် ငွေပို့ပေးရန်မှာ သေချာပေါက် အဆင်မပြေနိုင်သော်လည်း ပစ္စည်းများ ဝယ်ယူပို့ဆောင်ပေးဖို့ကတော့ ဖြစ်နိုင်လေသည်။ အထူးသဖြင့် ကျေးလက်ဒေသမှ ပစ္စည်းများမှာ ဈေးပေါသဖြင့် သူမတို့မိသားစု ငွေကို လက်လွတ်စပယ် သုံးစွဲနေသည်ဟု အခြားသူများကို ထင်ယောင်ထင်မှား ဖြစ်စေမည် မဟုတ်ပေ။
ဖုမင်ဇယ်က စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ကောင်းပြီ"
အမှန်တော့ သူ့မိဘများသည် နယ်နှင်ဒဏ်ပေးခံရပြီး ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသဖြင့် သူ့အဘွားဖြစ်သူ၏ မွေးရပ်မြေသို့ သွားရောက်ခဲ့ရခြင်း ဖြစ်သည်။ ယခင်က သူတစ်ပါးအကူအညီဖြင့် စာရေးအကြောင်းကြားလာရာတွင် လယ်အလုပ်များ အနည်းငယ် ပင်ပန်းသည်မှလွဲ၍ ရွာတွင် အစည်းအဝေးလုပ်ချိန်၌ အတွေးအခေါ်ဆိုင်ရာ အစီရင်ခံစာများ ဖတ်ပြရုံသာရှိပြီး ဆိုင်းဘုတ်ဆွဲကာ ဟင်းသီးဟင်းရွက်အပုပ်များဖြင့် ပစ်ပေါက်ခံရခြင်းမျိုး မရှိကြောင်း သိရလေသည်။
ညီဖြစ်သူ ဖုမင်ကျိုးကမူ အဘိုးအဘွားများနှင့်အတူ နယ်စပ်ဒေသသို့ လိုက်သွားခဲ့သည်။ သူ၏ ဦးလေးငယ်မှာ ထိုနေရာရှိ ရေနံစခန်းတွင် အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်နေပြီး နယ်စပ်ဒေသတွင် ဆူပူအုံကြွမှုများ သိပ်မပြင်းထန်လှပေ။ ထို့အပြင် ဦးလေးငယ်မှာ နည်းပညာကျွမ်းကျင်ပညာရှင်ဖြစ်ပြီး အထက်လူကြီးများ၏ အကာအကွယ်ပေးမှုလည်း ရှိသဖြင့် အခြေအနေမှာ အတော်လေး အဆင်ပြေလှသည်။
အဒေါ်ဖြစ်သူကတော့ ဦးလေးနှင့် ကွာရှင်းပြတ်စဲလိုက်သော်လည်း နည်းလမ်းရှာကာ ဦးလေးတို့ တပ်စွဲထားသော ကျွန်းနှင့်မဝေးသည့် ရွာလေးတစ်ရွာသို့ နယ်နှင်ဒဏ်ခံရရန် စီစဉ်နိုင်ခဲ့သည်။ “ခင်ပွန်းဟောင်း” ဖြစ်သူ ဦးလေးက တစ်ခါတစ်ရံ စောင့်ရှောက်ပေးနိုင်သဖြင့် လတ်တလော အခြေအနေမှာ ကောင်းမွန်နေဆဲ။
မိသားစုဝင်များအားလုံး အနယ်နယ်အရပ်ရပ်သို့ ကွဲကွာနေကြသော်လည်း အနည်းဆုံးတော့ မုန်တိုင်းဗဟိုချက်မှ လွတ်ကင်းကာ အားလုံး ဘေးကင်းလုံခြုံနေကြလေသည်။
တစ်နည်းအားဖြင့်ဆိုရသော် သူတို့မိသားစုထဲတွင် ယခုအခါ မြို့တော်၌ ဘယ်သူမှ မရှိတော့ပေ။
သို့သော်လည်း ကိစ္စမရှိပေ။ ပစ္စည်းများ ဝယ်ယူပြီးနောက် အနယ်နယ် အရပ်အရပ်သို့ ရောက်နေကြသော မိသားစုဝင်များအားလုံးထံသို့ အနည်းငယ်စီ ပို့ပေးလိုက်ရုံပင်။ သို့သော် ဤငွေအတွက်မူ... ဖုမင်ဇယ်က ယောက္ခထီးဖြစ်သူ ယခင်က ယူထားခဲ့သော အကြွေးများအားလုံး ပြန်ဆပ်ပြီးလောက်မည် မဟုတ်သေးဟု ခန့်မှန်းမိသဖြင့် နောက်မှ အကြောင်းပြချက်တစ်ခုရှာပြီး ငွေအနည်းငယ် ထုတ်ယူရမည်ဟု တွေးလိုက်လေသည်။
ယနေ့တွင် ဝယ်သူရော ရောင်းသူပါ များပြားလှရာ သူတို့သုံးဦးလည်း လမ်းတစ်လျှောက်တွင် ပစ္စည်းများစွာ ဝယ်ယူခဲ့ကြသည်။
အများစုမှာ မျှစ်ခြောက်၊ သစ်သီးခြောက်၊ ငါးခြောက်လေးများကဲ့သို့သော အခြောက်အခြမ်းများ ဖြစ်ကြသည်။ ထို့အပြင် တောင်ပေါ်မှခူးလာသော ရွှေငွေပန်းနှင့် ဂန္ဓမာပန်းလေးများကို အခြောက်လှန်း၍ ရောင်းချနေသူ တစ်ဦးထံမှလည်း ရှန်မော့အာက အိတ်ကြီးတစ်အိတ် ဝယ်ယူခဲ့သည်။
နောက်ပိုင်းတွင် ကိုယ်တိုင်ချုပ်ထားသော အဝတ်ဖိနပ်များ ရောင်းချနေသည့် ဈေးဆိုင်တစ်ခုကို တွေ့ခဲ့သည်။ ဖိနပ်အောက်ခံကို ဘူးသီးခြောက်ဖြင့် ပြုလုပ်ထားပြီး အပေါ်ပိုင်းကိုတော့ တောင်သူများ ကိုယ်တိုင်ယက်လုပ်ထားသော အကြမ်းထည်အဝတ်စဖြင့် ပြုလုပ်ထားရာ အနည်းငယ် ကြမ်းတမ်းပုံပေါက်သော်လည်း ဤသို့သော ဖိနပ်မျိုးမှာ စီးရသည်မှာ အလွန်သက်တောင့်သက်သာ ရှိလှပေသည်။ ရှန်မော့အာသည် ပန်းထိုးတတ်ပြီး အဝတ်အစားများ ချုပ်တတ်သော်လည်း ဖိနပ်ချုပ်ခြင်းကိုတော့ တကယ်ပင် မတတ်ကျွမ်းချေ။
ဤခေတ်ကာလတွင် အဝတ်အထည်များ ရရှိရန်မှာ ခက်ခဲပြီး ကိုယ်တိုင်ယက်လုပ်ထားသော အကြမ်းထည်ပိတ်စပင်ဖြစ်သည့်တိုင် သာမန်လူများအနေဖြင့် ထုတ်သုံးရန် နှမြောတတ်ကြသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ ရှားပါးလှသဖြင့် ရှန်မော့အာက မိသားစုဝင်တစ်ဦးစီအတွက် တစ်ရံစီ ဝယ်ယူရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ဖိနပ်ရောင်းသည့် အဒေါ်ကြီးမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားသည်။ "ကျွန်မအိမ်မှာ ကုန်စုံဆိုင်က ဆွေမျိုးတစ်ယောက် ရှိတယ်။ သူက ကုန်စုံဆိုင်မှာ ရောင်းတဲ့ ဖိနပ်တွေရဲ့ ပုံစံအတိုင်း ပုံစံထုတ်ပေးထားတာမလို့ ဆိုဒ်တွေက သေချာပေါက် ကွက်တိကျတယ်။ ကျွန်မက ဖိနပ်ချုပ်တာ အတော်ဆုံးပဲ။ ရွာထဲက လူအတော်များများကလည်း ကျွန်မကိုပဲ ချုပ်ခိုင်းကြတာ။ စီးရတာ သေချာပေါက် သက်တောင့်သက်သာ ဖြစ်စေရမယ်"
ရှန်မော့အာက ဖုမင်ဇယ်ကို ကြည့်လိုက်သည်။ "ရှင့်အဖေနဲ့အမေ၊ အဘိုးအဘွားနဲ့ ညီလေးရဲ့ ဖိနပ်ဆိုဒ်တွေကို သိလား"
ဖုမင်ဇယ်: "...သိတော့ သိတယ်။ ဒါပေမဲ့ ဒီလောက်အများကြီး ဝယ်ဖို့ ကိုတို့ဆီမှာ ဘယ်က ငွေရှိမှာလဲ"
ရှန်မော့အာက နင်သွားပြီး အူကြောင်ကြောင်လေး ပြုံးကာ ပြောလိုက်သည်။ "ဟီးဟီး... ဟုတ်တယ်။ ကျွန်မတို့မှာ ငွေမရှိဘူး။ ဒါပေမဲ့ ဒီစာကလေးဈေးက မကြာခင် ပိတ်တော့မှာလေ။ ဒီအခွင့်အရေးလွတ်သွားရင် နောက်ထပ် ဝယ်လို့ရမှာ မဟုတ်တော့ဘူး။ ကျွန်မတို့ ဒီတစ်ခါ ပိုဝယ်ထားလိုက်ရင် နောက်ပိုင်း ဘာမှ ထပ်ဝယ်စရာ မလိုတော့ဘူးပေါ့။ အဖေက ကျွန်မကို ငွေပေးထားပါတယ်။ စိတ်ချ... လောက်တယ်"
ဖုမင်ဇယ်က ပါးစပ်ဟလိုက်သော်လည်း "ကောင်းပြီလေ" ဟုသာ ပြောလိုက်သည်။
သူ့ယောက္ခထီးက ယခင်က ရွှီဝေကော်၏ ငွေကို အလျင်စလို ပြန်ဆပ်စရာမလိုဘဲ နောက်နှစ်မှ ပြန်ဆပ်လည်း ရသည်ဟု ပြောခဲ့ဖူးသည် ထင်သည်။ ထိုကြောင့်လည်း မကြာသေးမီက ရရှိထားသော လစာများကို လက်ထဲတွင် သိမ်းထားခြင်း ဖြစ်မည်။ သူ၏ ယောက္ခထီးသည် အုတ်ဖုတ်စက်ရုံတွင် အမှန်တကယ်ပင် အောင်မြင်နေပြီး အချိန်တိုအတွင်းမှာပင် အလုပ်ဝင်ခြင်း၊ အမြဲတမ်းဝန်ထမ်းဖြစ်ခြင်းနှင့် အရာရှိဖြစ်ခြင်း ဟူသော အဆင့်သုံးဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ သူတို့၏ ဌာနမှူးကလည်း တောင်းဆိုသမျှကို ဖြည့်ဆည်းပေးလေသည်။
နောက်ဆုံးတွင် ဖိနပ် ၇ ရံ ဝယ်ယူခဲ့ပြီး တစ်ရံလျှင် ၉၀ဖန်း ဖြင့် စုစုပေါင်း ၆ ယွမ်ကျော် ကုန်ကျခဲ့သည်။
ကလေးဖိနပ်ဆိုဒ် မရှိသလို ဖုမင်ကျိုးကလည်း အဝတ်ဖိနပ်များ စီးရသည်ကို နှစ်သက်မည်မဟုတ်ဟု ဖုမင်ဇယ်က ခန့်မှန်းမိသဖြင့် မဝယ်တော့ရန် ဆုံးဖြတ်လိုက်သည်။
မူလက ရှန်မော့အာက ကျောက်ထင်ထင်အတွက်လည်း တစ်ရံ ဝယ်ပေးမည်ဟု ပြောသော်လည်း ကျောက်ထင်ထင်က အသေအလဲ ငြင်းဆန်ခဲ့သည်။ သူမ၏ အဘွားက ဖိနပ်ချုပ်တတ်သဖြင့် နောက်မှ အဘွားကို နောက်ထပ် နှစ်ရံလောက် ချုပ်ပေးရန် ခိုင်းလို့ရသည်ဟု ပြောသဖြင့် ရှန်မော့အာလည်း ထပ်မပြောတော့ပေ။
ကျောက်ထင်ထင်က လိမ်ပြောနေခြင်း မဟုတ်ပေ။ သူမ၏ အဘွားမှာ တကယ်ပင် ဖိနပ်ချုပ်တတ်ပြီး ဤအဒေါ်ကြီး ရောင်းသော ဖိနပ်များထက် မညံ့ချေ။ သူတို့ရွာမှာ တောင်ပေါ်တွင်ရှိပြီး တပ်ဖွဲ့သို့ လာရောက်ရန် အခွင့်အရေး အလွန်ရှားပါးလှသဖြင့် အိမ်တွင်ချုပ်သော အဝတ်ဖိနပ်များကိုလည်း ရောင်းချနိုင်ကြောင်း သူမ တကယ်မသိခဲ့ပေ။ တစ်ရံလျှင် ၉၀ဖန်း ရမည်ဆိုပါက တစ်လလျှင် ၁၀ ရံ ချုပ်နိုင်လျှင် ၉ ယွမ် ရမည်မဟုတ်ပါလား။
သူမ၏ အဖေနှင့် အစ်ကိုတို့မှာ တစ်ခါတစ်ရံ တောကောင်လေးများ ရရှိ၍ တောင်အောက်သို့ ဆင်းရောင်းလျှင်ပင် ယွမ်အနည်းငယ်မျှသာ ရရှိတတ်သည်။
နှစ်သစ်ကူး၍ အိမ်ပြန်ရောက်လျှင် အဘွားကို ဖိနပ်ချုပ်နည်း သင်ပေးရန် ပူဆာမည်ဟု ကျောက်ထင်ထင်က တိတ်တဆိတ် ဆုံးဖြတ်လိုက်လေသည်။
"တကယ်ကို ကိုယ့်အခြေအနေကိုယ် မသိတာပဲ။ အိမ်မှာ မှန်မရှိရင် သေးပေါက်ပြီး ကြည့်ကြည့်လိုက်။ ရှင့်သားရဲ့ ရုပ်ဆိုးဆိုးပုံစံကို ဒီအစ်မကြီးက သဘောကျမယ်များ ထင်နေလား"
ရှေ့မှ ရင်းနှီးနေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ရှန်မော့အာက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ ထူးဆန်းသည်ဟု မဆိုနိုင်သော်လည်း ဤလျိုယင်းရွှမ်းမှာ တကယ်ပင် ဆန်းကြယ်လှသည်။ သူမနှင့် ဆုံတွေ့ရတိုင်း အမြဲတမ်း "မထင်မှတ်ထားသော ပြဿနာလေးများ" အမျိုးမျိုး ရှိနေတတ်လေသည်။
ဖုမင်ဇယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားပြီး "မင်းရဲ့ အလယ်တန်းကျောင်းက ကျောင်းသူဟောင်း ထင်တယ်"
ရှန်မော့အာက ရယ်မောလိုက်မိပြီး လျိုယင်းရွှမ်းတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသဖြင့် ဆေးရုံသို့သွားကာ သေချာစစ်ဆေးကုသမှု ခံယူသင့်သည်ဟု ဖုမင်ဇယ် ပြောခဲ့ဖူးသည်ကို သတိရသွားကာ ခေါင်းညိတ်လိုက်သည်။ "သူပဲ... ကျွန်မတို့ သွားကြည့်ရအောင်"
လျိုယင်းရွှမ်းသည် သူမ၏ အဘိုးဖြစ်သူနှင့် အတူတကွ ဈေးလာရောင်းခြင်း ဖြစ်သည်။ အဘိုးကြီးက ဝါးသေတ္တာအချို့နှင့် သပ်ရပ်လှပသော ဝါးခြင်းတောင်းလေးများကို ပြုလုပ်လာခဲ့ပြီး လျိုယင်းရွှမ်းက တောင်ပေါ်မှ တောတည်သီးအချို့ကို ခူးယူကာ တည်သီးခြောက်များ ပြုလုပ်လာခဲ့သည်။ မြေးအဘိုး နှစ်ဦးမှာ မနက်စောစောကတည်းက ရောက်ရှိနေကြပြီး ခြင်းတောင်းအချို့နှင့် တည်သီးခြောက် နှစ်ကျင်းခန့် ရောင်းချပြီးပြီ ဖြစ်သည်။
ထို့နောက် သူတို့၏ ဈေးဆိုင်မှာ လူအချို့၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ ထိုသူများမှာ သူတို့နှင့် ကပ်လျက်တပ်ဖွဲ့မှ ရှောက် ဟူသော မျိုးရိုးအမည်ရှိ မိသားစုတစ်စု ဖြစ်သည်။
ထိုမိသားစုတွင် သမီးလေးယောက် မွေးဖွားပြီးနောက်မှ နောက်ဆုံးတွင် သားတစ်ယောက် ရရှိခဲ့သော်လည်း ထိုတစ်ဦးတည်းသော သားမှာ စိတ်မနှံ့သူ ဖြစ်နေလေသည်။ သားဖြစ်သူမှာ အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ထိုမိသားစုက ပတ်ဝန်းကျင်ကျေးရွာများမှ ပုံမှန်မိန်းကလေးတစ်ဦးကို ချွေးမအဖြစ် ရှာဖွေချင်နေကြသည်။ ထိုသို့ဆိုလျှင် နောင်မွေးလာမည့် ကလေးများမှာ ပုံမှန်ဖြစ်နိုင်ခြေ ရှိလိမ့်မည်ဟု တွေးထားကြသည်။
သူတို့မိသားစုက တင်တောင်းငွေ ၂၀၀ ယွမ် ပေးမည်ဟု သတင်းလွှင့်ထားသည်။ ထိုခေတ်က ကျေးလက်ဒေသရှိ သာမန်မိသားစုများ၏ တင်တောင်းငွေမှာ ယွမ် ၂၀ မှ ၃၀ ခန့်သာ ရှိရာ ၂၀၀ ယွမ်ဆိုသည်မှာ "နတ်ဘုရားကပေးသောဂဏန်း" ပင်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထိုသို့ဖြစ်လင့်ကစား သင့်တော်သော မိန်းကလေးကို မတွေ့ရသေးချေ။ သူတို့က ငွေအများအပြားပေးရန် ဆန္ဒရှိနေသဖြင့် သဘာဝကျစွာပင် သေချာရွေးချယ်ချင်ကြသည်။ ရုပ်ရည်မလှပသူများ သို့မဟုတ် တုံးအအပုံစံပေါက်နေသူများကို လုံးဝထည့်သွင်းစဉ်းစားမည် မဟုတ်သဖြင့် ယခုတိုင် သင့်တော်သူကို မတွေ့ရသေးချေ။
ယခု လျိုယင်းရွှမ်း တစ်ကြိမ်ချော်လဲပြီးနောက် စရိုက်လက္ခဏာများ ကြီးကြီးမားမား ပြောင်းလဲသွားကာ သူမ၏ နာမည်ကောင်းကိုလည်း ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်သဖြင့် နာမည်ပို ဆိုးရွားလာချိန်နှင့် ကြုံကြိုက်သွားသည်။ ထိုမိသားစုက တိတ်တဆိတ် စောင့်ကြည့်ပြီးနောက် ဤမိန်းကလေးမှာ စရိုက်ကြမ်းတမ်းပြီး နာမည်မကောင်းသော်လည်း ရုပ်ရည်ချောမောကာ အဓိကမှာ ဉာဏ်ကောင်းပုံရသည်ဟု ယူဆသဖြင့် လျိုမိသားစုထံသို့ တိုက်ရိုက်ပင် လူလွှတ်ကာ စေ့စပ်တောင်းရမ်းခဲ့လေသည်။
လျိုယင်းရွှမ်း၏ အမေအရင်းမှာ စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး သူမ၏ အဖေက နောက်အိမ်ထောင်ပြုကာ ကလေး ၅ ယောက် ဆက်တိုက် မွေးဖွားခဲ့သဖြင့် မိသားစုဝန်ထုပ်ဝန်ပိုးမှာ အလွန်ကြီးမားလှသည်။ လျိုယင်းရွှမ်း အလယ်တန်းကျောင်းအထိ ပညာသင်ကြားနိုင်ခဲ့ခြင်းမှာ လျိုအဘိုးကြီးက ခြင်းတောင်းများရက်လုပ်ခြင်း၊ မှိုများရှာဖွေခြင်းတို့ဖြင့် ငွေရှာကာ ထောက်ပံ့ပေးခဲ့သောကြောင့်သာ။
အဘိုးကြီးမှာ သဘောထားပျော့ပျောင်းသူဖြစ်ပြီး လျိုယင်းရွှမ်း၏ အဖေမှာလည်း ပျော့ညံ့ကြောက်တတ်သူဖြစ်သဖြင့် လွန်ခဲ့သည့်နှစ်အနည်းငယ်က အဘွားအို ကွယ်လွန်သွားပြီးနောက် လျိုမိသားစုတွင် မိထွေးဖြစ်သူကသာ အဓိက ဆုံးဖြတ်သူ ဖြစ်လာခဲ့သည်။
လင်ပါသမီးကို အရူးတစ်ယောက်ထံသို့ ၂၀၀ ယွမ်ဖြင့် လက်ထပ်ပေးမည့်ကိစ္စမှာ သေချာပေါက် ပြောဆိုရခက်ခဲပြီး နားထောင်ရဆိုးလှသည်။ သို့သော် လျိုယင်းရွှမ်း၏ မိထွေးမှာလည်း သာမန်လူ မဟုတ်ချေ။ သူမက ရှောက်မိသားစုကို လျိုယင်းရွှမ်းအား တပ်ဖွဲ့တွင် ယာယီဝန်ထမ်းအဖြစ် အလုပ်ရအောင် လုပ်ပေးရန် တောင်းဆိုခဲ့သည်။ ရှောက်မိသားစု၏ အစောပိုင်း သားမက်တချို့မှာ တပ်ဖွဲ့တွင် အလုပ်လုပ်နေကြသဖြင့် ဤကိစ္စလေးကို သေချာပေါက် လုပ်ပေးနိုင်ပေသည်။
အလုပ်အကိုင်ပြဿနာကို ဖြေရှင်းပေးမည်ဟု ကြားသောအခါ မူလက ကန့်ကွက်နေခဲ့သော လျိုအဖေမှာလည်း တုံ့ဆိုင်းသွားခဲ့သည်။ ထို့အပြင် မိထွေးဖြစ်သူကလည်း တစ်နေကုန် နားချနေခဲ့သည်။ "ယောက်ျားရရင် ယောက်ျားလုပ်ကျွေးတာ စားရမှာပဲ။ ယောက်ျားက နည်းနည်း တုံးအပေမယ့် ယောက္ခမအိမ်က အခြေအနေကောင်းတယ်။ ကိုယ်တိုင်လည်း အလုပ်ရှိတယ်ဆိုတော့ ဘဝက တခြားဘယ်သူတွေထက်မဆို ပိုပြီး သာယာလိမ့်မယ်"
"သူက အစ်မကြီးဖြစ်နေတော့ အခြေအနေကောင်းရင် နောက်ပိုင်း ကလေး ၅ ယောက်ကိုလည်း ပိုပြီး ကူညီပေးနိုင်မှာပေါ့။ အခု အိမ်မှာနေတုန်း မောင်လေးတွေထက် ကြက်ဥတစ်လုံး ပိုစားမိတာနဲ့တောင် ငါနဲ့ ရန်ဖြစ်နေရတာ။ နောက်ပိုင်း ရှောက်မိသားစုဆီ ရောက်သွားရင် ကြက်ဥကို ဘယ်လောက်ပဲစားစား သူ့သဘောပဲပေါ့" ဟုလည်း ပြောဆိုခဲ့သေးသည်။ ထိုသို့ဖြင့် လျိုအဖေလည်း သဘောတူသွားတော့သည်။
တပ်ဖွဲ့က အိမ်ထောင်ရေး လွတ်လပ်ခွင့်နှင့် မိဘများအနေဖြင့် သားသမီးများ၏ အိမ်ထောင်ရေး လွတ်လပ်ခွင့်ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် တစ်နေကုန် ဝါဒဖြန့်နေသော်လည်း လက်တွေ့တွင်တော့ ကျေးလက်နေပြည်သူများ၏ စိတ်ထဲတွင် သားသမီးများ၏ အိမ်ထောင်ရေးကို မိဘများကသာ ဆုံးဖြတ်ရမည်ဟု ခံယူထားကြဆဲ။ လျိုအဖေတွင်လည်း ထိုကဲ့သို့သော အယူအဆမျိုး ရှိနေသဖြင့် လျိုယင်းရွှမ်းကိုပင် မပြောတော့ဘဲ ရှောက်မိသားစု၏ တောင်းရမ်းမှုကို သဘောတူလိုက်လေသည်။
လျိုယင်းရွှမ်းက သေချာပေါက် သဘောမတူပေ။
လျိုအဘိုးကြီးကလည်း သဘောမတူချေ။ မိသားစုအခြေအနေ မည်မျှပင်ကောင်းစေကာမူ အရူးတစ်ယောက်နှင့် လက်ထပ်ရလျှင် နောင်တွင် မည်သို့သော ဘဝကောင်းမျိုး ရနိုင်မည်နည်း။ ထို့အပြင် သူ၏ မြေးမလေးမှာ ချောမောလှပသူဖြစ်ရာ အဘယ်ကြောင့် အရူးတစ်ယောက်နှင့် လက်ထပ်ရမည်နည်း။
သို့သော် လျိုအဖေမှာ ပြုစားခံထားရသူတစ်ဦးကဲ့သို့ ဤမင်္ဂလာကိစ္စကို အသေအလဲ ဆုံးဖြတ်ထားပြီး အာဏာပြင်းသော မိထွေးပါ ရှိနေသဖြင့် မိသားစုမှာ ပိုလို့ပင် ဆူညံပွက်လောရိုက်လာခဲ့သည်။ နောက်ပိုင်းတွင် လျိုယင်းရွှမ်းမှာ အလွန်အမင်း ဖိအားပေးခံရသဖြင့် တပ်ဖွဲ့ဝင်တစ်ဦးထံမှ အိမ်ပျက်တစ်လုံးကို ငှားရမ်းကာ အထုတ်အပိုးများ သိမ်းဆည်းပြီး ထွက်လာခဲ့လေတော့သည်။
မကြာမီမှာပင် လျိုအဘိုးကြီးလည်း သားနှင့် ချွေးမကို သည်းမခံနိုင်တော့ပေ။ မြေးမလေး တစ်ယောက်တည်း အပြင်တွင် နေထိုင်ရမည်ကို စိတ်မချသဖြင့် လိုက်လာခဲ့တော့သည်။
မြေးအဘိုး နှစ်ဦးမှာ အပြင်တွင် နေထိုင်ကာ ကိုယ်ပိုင်အလုပ်မှတ်ရှာဖွေရင်း ဘဝကို ဖြတ်သန်းကြသည်။ ငွေအနည်းငယ်ရရန် နည်းလမ်းမျိုးစုံဖြင့် ဈေးရောင်းထွက်ကြရင်း ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ကြသည်။
အဖေအိုနှင့် သမီးအရင်းဖြစ်သူတို့ကို အပြင်သို့ ထွက်သွားရသည်အထိ ဖိအားပေးမိသဖြင့် လျိုအဖေက ဤကိစ္စကို လက်လျှော့လိုက်မည်ဟု ပြောဆိုချင်သော်လည်း လျိုယင်းရွှမ်း၏ မိထွေးကတော့ သဘောမတူချေ။ ၂၀၀ ယွမ် တင်တောင်းငွေကို မဆိုထားနှင့်၊ ဤအိမ်ထောင်ရေးကိုသာ ချိတ်ဆက်မိသွားပါက မိမိတို့အိမ်ရှိ ကလေးများအတွက် နောင်တွင် ကျောင်းတက်ရန်ဖြစ်စေ၊ အလုပ်ရှာရန်ဖြစ်စေ လမ်းကြောင်းတစ်ခု ပိုရလာလိမ့်မည်။
သို့သော် မိထွေးဖြစ်သူအနေဖြင့် သမီးပါကို ဗြောင်ကျကျ ဖိအားပေးရန်မှာ မသင့်တော်သဖြင့် ရှောက်မျိုးရိုး မိသားစုအား အကြံပေးကာ အဘိုးကြီးနှင့် ငွေမရှာနိုင်သော ကောင်မလေး၏ ဈေးရောင်းခြင်းကို အနှောင့်အယှက်ပေးရန် ခိုင်းစေခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့ မြေးအဘိုး နှစ်ဦးမှာ ဝင်ငွေမရှိတော့ဘဲ တပ်ဖွဲ့မှ ရရှိသော အလုပ်မှတ် အနည်းငယ်ဖြင့် အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်ပေ။
ငွေတစ်ပြားက သူရဲကောင်းတစ်ယောက်ကို ဒုက္ခရောက်စေနိုင်သည်ဟု ဆိုစကားအတိုင်း ထိုအချိန်ကျလျှင် အပြင်တွင် ဆက်လက်မနေထိုင်နိုင်တော့ဘဲ ဤမင်္ဂလာကိစ္စကို ကျိုးနွံစွာ သဘောတူရုံသာ ရှိတော့မည် မဟုတ်ပါလား။
ထို့ကြောင့် ဒီအကြိမ်သည် ရှောက်မိသားစုမှ အနှောင့်အယှက်ပေးရန် ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်ပေ။ ယခင် စာကလေးဈေးများတွင်လည်း အကြိမ်ကြိမ် လာရောက်ခဲ့ကြပြီး အကြိမ်တိုင်းတွင် လူအုပ်ကြီးဖြင့် လျိုယင်းရွှမ်းတို့၏ ဈေးဆိုင်ရှေ့တွင် ဝိုင်းရံကာ မင်္ဂလာကိစ္စကို သဘောတူရန် ယဉ်ကျေးစွာဖြင့် ဖျောင်းဖျနေပုံပေါက်သော်လည်း လက်တွေ့တွင်တော့ သူတို့၏ ဈေးရောင်းခြင်းကိုလည်း ဖျက်ဆီးသလို လျိုယင်းရွှမ်း၏ နာမည်ကောင်းကိုလည်း ပိုမိုဆိုးရွားသွားစေခဲ့လေသည်။
...
အပိုင်း (၆၄.၂)
လျိုယင်းရွှမ်း၏ နာမည်မှာ မူလကတည်းက သိပ်မကောင်းလှရာ ယခုကဲ့သို့ ဆူညံပွက်လောရိုက်သွားပြီးနောက် ပတ်ဝန်းကျင်ကျေးရွာများမှ ဘယ်သူကမှ သူမကို လက်ထပ်ရဲတော့မည် မဟုတ်ပေ။ သူမအနေဖြင့် ယခုအချိန်တွင် မင်္ဂလာကိစ္စကို လက်မခံလျှင်တောင်မှ နောက်ပိုင်း အပျိုကြီးဖားဖားဖြစ်ကာ ဘယ်သူမှ လာမတောင်းရမ်းသောအခါ ဤမင်္ဂလာကိစ္စကို လက်ခံရုံသာ ရှိတော့မည် မဟုတ်ပါလား။
ရှောက်မိသားစုမှ လူများက လျိုမိသားစုမှ မိန်းမကြီးမှာ သူတို့အတွက် အကြံကောင်းတစ်ခု ပေးခဲ့သည်ဟု ထင်မြင်နေကြသည်။ နောက်ပိုင်းတွင် လျိုယင်းရွှမ်းတစ်ယောက် နာမည်ပိုပျက်ကာ အိမ်ထောင်ပြုလို့ မရတော့ချိန်၌ သူတို့မိသားစုအနေဖြင့် တင်တောင်းငွေ ၂၀၀ ယွမ် ပေးစရာပင် လိုတော့မည် မဟုတ်ပေ။
ဟုတ်ပါသည်။ သူတို့၏ အတွေးကတော့ အလွန်ကောင်းမွန်လှသော်လည်း ဤလျိုယင်းရွှမ်းမှာ တကယ့်ကို ခေါင်းမာသူတစ်ဦး ဖြစ်နေလေသည်။
သူတို့ လာရောက်တိုင်း သူမ၏ အဆဲအဆိုကိုသာ ခံရပြီး တစ်ခါတစ်ရံတွင် ရိုက်ပွဲပင် ဖြစ်တော့မလို ဖြစ်သွားရသည်။
ရှောက်မိသားစုမှ အမျိုးသားများက မိမိတို့၏ သား၊ တူ၊ ညီများအတွက် ဤကဲ့သို့သော ချွေးမမျိုးကို ရယူပေးခြင်းမှာ နောင်တွင် အရှုံးပေါ်တော့မှာ မလားဟု တွေးမိကြသည်။
သို့သော် ရှောက်မိသားစုမှ အမျိုးသမီးများကတော့ ထိုသို့ မတွေးကြချေ။ သူတို့မိသားစုတစ်ခုလုံး၏ အခြေအနေမှာ အမျိုးသမီးများက ပို၍ ဩဇာတိက္ကမ ကြီးမားကြသည်တွင် ချွေးမက အနည်းငယ် စွာနေလျှင်လည်း ဘာကြောက်စရာ ရှိမည်နည်း။ ယောက္ခမနှင့် သမီးယောက်မများက စောင့်ကြည့်နေမည်ဖြစ်သည်တွင် သူမက ဘာများ တတ်နိုင်မည်နည်း။ ထို့အပြင် ယောက်ျားဖြစ်သူမှာ အရူးတစ်ယောက် ဖြစ်နေပြီးသားဖြစ်ရာ ချွေးမဖြစ်သူကပါ ပျော့ညံ့နေမည်ဆိုပါက အိမ်တွင်းရေးကို မဆိုထားနှင့်၊ နောင်တွင် အပြင်လူများ၏ အနိုင်ကျင့်ခြင်းကို ခံရမည် မဟုတ်ပါလား။
ယောက်ျားကို အနိုင်ကျင့်မှာလားဆိုသည့်ကိစ္စကတော့ လက်ထပ်ပြီး အတူနေကြပြီးနောက် မိန်းမက ငြိမ်မနေဘဲ ဘာတတ်နိုင်မည်နည်း။
ရှောက်အမေမှာလည်း အတွေ့အကြုံရှိသူဖြစ်သည်တွင် လျိုယင်းရွှမ်းက မည်မျှပင် ဆဲဆိုနေပါစေ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပြောလိုက်သည်။ "နင့်အဖေနဲ့အမေက နင့်ကို အကျင့်စရိုက်ဆိုးတယ်လို့ ပြောတာ တကယ်ပဲ နည်းနည်းလေးမှ မမှားဘူး။ နင့်ပုံစံကို နင်ပြန်ကြည့်လိုက်။ ဒီလိုလုပ်နေတာက နင့်နာမည်ကို ပိုပြီး ဆိုးရွားလာစေဖို့ပဲ ရှိတယ်။ ငါတို့ကလေးက နင့်ကို ရုပ်ရည်လေး သဘောကျလို့သာ မဟုတ်ရင် နင့်လို ချွေးမမျိုးကို ငါ သိပ်ဘဝင်ကျတာ မဟုတ်ဘူး။ မယုံရင် ပတ်ဝန်းကျင် ရွာတွေမှာ လိုက်မေးကြည့်လိုက်... ဘယ်သူက နင့်ကို ယူချင်လဲလို့။ ငါတို့မိသားစုက တင်တောင်းငွေ ၂၀၀ ယွမ် ပေးမယ့်အပြင် ယာယီဝန်ထမ်း အလုပ်တစ်ခုပါ စီစဉ်ပေးဦးမှာ။ နင် လူတွေကို မေးကြည့်လိုက်... ဒီလိုအခြေအနေမျိုးကို လိုချင်တဲ့လူတွေ အများကြီးပဲ"
လျိုယင်းရွှမ်းက မျက်စောင်းထိုးကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဒါဆိုရင်လည်း ယူချင်တဲ့လူတွေကို သွားရှာလေ။ ငါ့ဆိုင်ရှေ့ လာပိတ်ရပ်နေတာ ဘာလုပ်ဖို့လဲ။ သောက်ကျိုးနည်း... နင်တို့က ငါ့ဈေးရောင်းတာကို အကြိမ်ကြိမ် လာဖျက်ဆီးနေတာ ငါ့ကို အနိုင်ကျင့်လို့ လွယ်တယ်များ ထင်နေလား"
လျိုအဘိုးကြီးမှာ မျက်နှာမည်းမှောင်သွားပြီး လက်ချောင်းများ တဆတ်ဆတ် တုန်ယင်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ ဒီလိုမလုပ်ပါနဲ့။ ကလေးက ခင်ဗျားတို့အိမ်ကို မလိုက်ချင်ဘူးဆိုတော့ မြန်မြန် ထွက်သွားပေးကြပါ"
ရှောက်အမေက ခါးထောက်ကာ အထက်စီးမှ ပြောလိုက်သည်။ "အဘိုးကြီး... ရှင်က ကလေးရဲ့ မိဘ မဟုတ်ဘူး။ ဒီကိစ္စကို ရှင် ဆုံးဖြတ်လို့ မရဘူး။ သူ့အဖေနဲ့အမေက သဘောတူပြီးသား ကိစ္စကို ရှင်က ဘာလို့ ဒီလောက်တောင် လိုက်တားနေရတာလဲ။ မိဘတွေကတောင် ကလေးကို မချစ်ဘဲ ရှင် အဘိုးလုပ်တဲ့လူက ပိုချစ်နေလို့လား။ သူတို့ကလည်း ကလေးအတွက် သေချာစဉ်းစားပေးထားတာပါ။ ငါတို့မိသားစုက အခြေအနေကောင်းတယ်။ သားတစ်ယောက်တည်း ရှိတာ။ ဒီအိမ်ကို ရောက်လာရင် တကယ့်ကို ဇိမ်ကျမှာ။ ရှင်က အသက်ကြီးပြီး သတိမေ့နေလို့ ငါ အပြစ်မတင်ပါဘူး။ ရှင် သေချာ စဉ်းစားကြည့်ပါ... ငါပြောတာ ဟုတ်တယ် မဟုတ်လား"
လျိုအဘိုးကြီးမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ တစ်သက်လုံး သူတစ်ပါးအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး ရိုးသားဖြောင့်မတ်သော အဘိုးကြီးမှာ ပါးစပ်ဟလိုက် ပိတ်လိုက်ဖြင့် အတော်ကြာသည်အထိ ချေပစကား တစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။ သို့သော် ရင်ထဲတွင်မူ အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် မျက်နှာတစ်ပြင်လုံး နီရဲလာကာ အသက်ရှူသံများ ပြင်းထန်လာလေသည်။
လျိုယင်းရွှမ်းမှာ လန့်ဖျပ်သွားပြီး "အဘိုး... အဘိုး... ဘာမှမဖြစ်ဘူး မဟုတ်လား။ သမီးကို မခြောက်ပါနဲ့"
သူမက အဘိုးကြီး၏ ကျောကို သိုင်းဖက်ကာ အသက်ရှူဝအောင် လုပ်ပေးရင်း အဘိုးကြီး ဒေါသထွက်လွန်းပြီး တစ်ခုခုဖြစ်သွားမည်ကို အလွန်အမင်း စိုးရိမ်နေလေသည်။
အမှန်တော့ ရှောက်မိသားစု၏ ဤကိစ္စမှာ ယခင်ဘဝကလည်း ဖြစ်ပျက်ခဲ့ဖူးသည်။ ထိုစဉ်က သူမမှာ ကြောက်ရွံ့တုန်လှုပ်နေပြီး မဆန့်ကျင်ရဲသဖြင့် နေ့တိုင်း ရွာထိပ်ရှိ သစ်တောငယ်လေးထဲတွင် ပုန်းကွယ်ကာ ငိုကြွေးနေခဲ့ရသည်။ နောက်ပိုင်းတွင် မည်သို့ဖြစ်သွားသည်မသိဘဲ ရှောက်မိသားစုဘက်မှ လက်လျှော့သွားခဲ့ပြီး စကားပြောရာတွင်လည်း လှလှပပ ပြောဆိုသွားခဲ့သည်။ အိမ်ထောင်ပြုခြင်းမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိရမည်ဖြစ်ရာ သူမက မယူချင်လျှင်လည်း အတင်းအကျပ် မတိုက်တွန်းတော့ကြောင်း ပြောဆိုခဲ့ကြသည်။ မကြာမီမှာပင် ထိုမိသားစုမှာ အခြားရွာမှ မိသားစုတစ်စုနှင့် အမျိုးစပ်သွားခဲ့လေသည်။
ထို့ကြောင့် လျိုယင်းရွှမ်းမှာ ဆူပူသောင်းကျန်းနေသော်လည်း ရင်ထဲတွင်တော့ ရှောက်မိသားစုအနေဖြင့် မကြာမီတွင် အကြောင်းပြချက်တစ်ခုရှာ၍ သူမ၏ မိထွေးကို ငြင်းပယ်သွားလိမ့်မည်ဟု အမြဲတမ်း တွေးထင်ထားခဲ့သည်။
သို့သော် မည်သည့်အကြောင်းကြောင့်မှန်းမသိ ယခင်ဘဝက အချိန်ကာလကို ကျော်လွန်သွားခဲ့သော်လည်း ရှောက်မိသားစုမှာ သူမကို အနှောင့်အယှက် ပေးနေဆဲ ဖြစ်နေသည်။
လျိုယင်းရွှမ်းမှာ စိတ်အနှောင့်အယှက်ဖြစ်ကာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်စွာ ဆဲဆိုခဲ့သော်လည်း ရှောက်မိသားစုမှ လူများမှာ ဘာခံစားချက်မှ မရှိသကဲ့သို့ တခြားဘာမှမလုပ်ဘဲ သူမကို အနှောင့်အယှက်ပေးရုံသာ လုပ်နေကြသည်။
ဤတစ်ကြိမ်တွင် အဘိုးဖြစ်သူမှာ ဒေါသထွက်လွန်းသဖြင့် သတိလစ်လုနီးပါး ဖြစ်သွားသည်ကို မြင်သောအခါ လျိုယင်းရွှမ်းမှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဘေးနားရှိ ထမ်းပိုးကို ဆွဲယူကာ ရှောက်အမေ၏ ကိုယ်ပေါ်သို့ ရိုက်ချလိုက်တော့သည်။ "အကြောင်းမဲ့ သက်သက် လာရှုပ်နေတာ။ ထွက်သွား... နင်တို့အားလုံး ထွက်သွားကြ"
ရှောက်အမေ၏ ဘေးနားရှိ အမျိုးသားက ထမ်းပိုးကို ဖမ်းဆွဲလိုက်ပြီး ဟောက်လိုက်သည်။ "စကားပြောရင် စကားပြောလေ။ ဘာလို့ လက်ပါရတာလဲ။ လူတိုင်းက နင့်ကို အကျိုးအကြောင်း မသိဘူးလို့ ပြောကြတာ မဆန်းပါဘူး။ ငါတို့က စေတနာနဲ့ နင့်အိမ်ကို သွေးသောက်ဖွဲ့ချင်လို့ လူကြီးတွေ ကိုယ်တိုင် အခေါက်ခေါက်အခါခါ လာပြီး ဖျောင်းဖျနေတာကို နင့်ပုံစံကို ပြန်ကြည့်စမ်း... ဘယ်လိုလုပ်ပြီး လူကို ရိုက်ရဲရတာလဲ"
ဘေးနားမှ အဖြစ်မှန်ကို မသိသော သူများကလည်း မနေနိုင်ဘဲ ဝင်ဖျောင်းဖျကြသည်။ "အို... သူတို့က တင်တောင်းငွေ ၂၀၀ ယွမ် ပေးမယ့်အပြင် အလုပ်ပါ စီစဉ်ပေးဦးမှာလေ။ ဒီလောက်ကောင်းတဲ့ အခြေအနေကို အဖေနဲ့အမေကလည်း သဘောတူပြီးသားပဲ။ နင်က ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။ အဖေနဲ့အမေက နင့်ကို ဒုက္ခပေးပါ့မလား"
"ဒီရဲဘော်တွေက အကျိုးအကြောင်း သိပုံရပါတယ်။ သူတို့က အေးအေးဆေးဆေး အကျိုးအကြောင်း ရှင်းပြနေတာကို နင်က ဘာလို့ လက်ပါရတာလဲ။ အဘိုးကြီး... ကလေးကို မြန်မြန် ဖျောင်းဖျလိုက်ပါ။ လူကြီးဆိုတာ ကလေးရဲ့ စိတ်တိုင်းကျ အလိုလိုက်ထားလို့ မဖြစ်ဘူး။ ပြီးတော့ အသက်ကြီးလာရင် ခေါင်းမာတတ်တယ်။ သားနဲ့ ချွေးမစကားကို နားထောင်သင့်တယ်။ ကလေးကို ကူပြီး မိဘတွေကို ဒုက္ခမပေးသင့်ဘူး"
လျိုယင်းရွှမ်းကို သိသောသူတချို့ကလည်း လူအုပ်ထဲတွင် ရောနှောကာ တမင်တကာ မြှောက်ထိုးပင့်ကော် လုပ်ကြသည်။ "စုန်းရှုတပ်ဖွဲ့က လျိုယင်းရွှမ်းဆိုတာ ဘယ်သူက မသိဘဲ နေမလဲ။ ညီလေးက ကြက်ဥတစ်လုံး ပိုစားမိတာကို အိမ်မှာ ပြဿနာရှာတတ်တဲ့သူလေ။ တပ်ဖွဲ့က အလုပ်မှတ် တစ်မှတ် လျှော့မှတ်လိုက်တာကို တပ်ဖွဲ့ရုံးတံခါးကို ဖျက်မလို ဖြစ်ခဲ့တာ။ အို... ဒီလို ကျားမကြီးကိုတောင် တင်တောင်းငွေ ၂၀၀ ယွမ် ပေးပြီး ယူမယ့်သူ ရှိသေးတယ်။ အဒေါ်ကြီး... နောက်ကျရင် ခင်ဗျား နောင်တရလိမ့်မယ်နော်"
"ဘာ... လျိုယင်းရွှမ်းကို ယူဖို့ တင်တောင်းငွေ ၂၀၀ ယွမ် ပေးရမယ်တဲ့လား။ အမလေး... ပိုက်ဆံတွေ ပိုနေလို့များလား"
"ယူမယ့်သူ ရှိတာကိုပဲ ကျေးဇူးတင်သင့်နေပြီ။ လူကိုယ်တိုင် လာပြီး ဖျောင်းဖျနေတာတောင်မို့ ရောင့်ရဲတတ်ပါစေဦး"
...
တချို့ကလည်း ယခုခေတ်တွင် အိမ်ထောင်ရေး လွတ်လပ်ခွင့် ရှိပြီဖြစ်သည်တွင် မိန်းကလေးက မယူချင်လျှင် အဘယ်ကြောင့် သည်လောက် ဖိအားပေးနေရသနည်းဟု တွေးမိကြသည်။ သို့သော် ဤသူမှာ နာမည်ကျော် လျိုယင်းရွှမ်း ဖြစ်နေသည်ကို ထည့်တွက်ကာ ထိုသူများလည်း ဝင်မပြောရဲကြချေ။ ဤမိန်းကလေးမှာ လုံးဝ အကျိုးအကြောင်း မသိတတ်သူဟု ကြားဖူးထားရာ နောက်ပိုင်းတွင် ဝင်ကူပြောပေးမိပါက အပြစ်တင်ခံရနိုင်သည် မဟုတ်ပါလား။
ထို့အပြင် လူတိုင်းက ရှောက်မိသားစုဘက်မှ တစ်ဖက်သတ် ထောက်ခံနေကြရာ လူအများနှင့် လိုက်လျောရန်မှာ လွယ်ကူသော်လည်း သည်လို လူအများအပြားနှင့် ဆန့်ကျင်ဘက် လုပ်ရန်ကတော့ လူအများစုတွင် ထိုသတ္တိမျိုး မရှိကြသဖြင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ကာ "အိမ်ထောင်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သူများကိစ္စကို ငါတို့က ဘာလို့ ဝင်စွက်ဖက်နေရမှာလဲ" ဟုသာ တွေးလိုက်ကြသည်။
လျိုယင်းရွှမ်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ နီရဲနေသော်လည်း ရှောက်မိသားစုက ဘာမှ မလုပ်ထားသဖြင့် ရဲစခန်းသို့ သွားရောက်တိုင်ကြားလိုလျှင်ပင် အကြောင်းပြချက် မရှိချေ။
တကယ့်ကို "ခြေဖမိုးပေါ် ခုန်တက်လာတဲ့ ဖားပြုတ်လိုပါပဲ... မကိုက်ပေမယ့် ရွံစရာကောင်းတယ်"
"ဟုတ်ပါတယ်။ ယူမယ့်သူ ရှိတာကိုပဲ ကျေးဇူးတင်သင့်နေပြီ။ ဘာလို့ ဒီမိသားစုက ၂၀၀ ယွမ်လောက်တောင် များတဲ့ တင်တောင်းငွေကို ပေးချင်နေရတာလဲ။ အလုပ်ပါ စီစဉ်ပေးမယ်လို့ ကတိပေးသေးတယ်။ နတ်သမီးလေးကို ယူရင်တောင် ဒီလောက်ပဲ ရှိမှာပေါ့။ ဒီမိသားစုက လူတွေက အရူးတွေများ ဖြစ်နေလို့လား"
ဆူညံနေသော လူအုပ်ကြီးထဲမှ ကြည်လင်ပြတ်သားသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
မြှောက်ထိုးပင့်ကော် လုပ်နေသူများမှာ အံ့အားသင့်သွားကြပြီး ပြဿနာကြီးသွားမည်ကို မကြောက်သောသူတစ်ဦးက အော်ဟစ်လိုက်သည်။ "ဒါပေါ့... ခင်ဗျားတို့ မိသားစုက အရူးတွေလား။ ဒီလောက်ကောင်းတဲ့ အခြေအနေကို ကျွန်တော်တို့ တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးရမလား"
"ဒီရဲဘော်... မိတ်ဆက်ပေးဖို့ အလောတကြီး မလုပ်ပါနဲ့ဦး။ ဒီဦးလေးနဲ့ အဒေါ်ကြီးတွေက အရူးတွေနဲ့ တူလို့လား သေချာကြည့်ကြည့်ပါ။ သူတို့က မရူးပါဘူး။ ဒီလောက် ပိုက်ဆံအများကြီး ပေးချင်နေတာက သူတို့ရဲ့သားက အရူးတစ်ယောက် ဖြစ်နေလို့လေ။ ၂၀၀ ယွမ်နဲ့ အရူးတစ်ယောက်ကို ယူရမယ့် အရောင်းအဝယ်က တွက်ခြေမကိုက်ပါဘူး"
မြင်ကွင်းတစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားပြီး တစ်စုံတစ်ယောက်က တိုးတိတ်စွာ ပြောလိုက်သည်။ "အလုပ်ပါ ရမယ်ဆိုရင်တော့ တွက်ခြေကိုက်ပါတယ်"
ဤခေတ်ကာလတွင် အလုပ်အကိုင်က ငွေထက် ပို၍ အရေးကြီးသည်။ တစ်နည်းအားဖြင့်ဆိုရသော် အလုပ်အကိုင်က ဘာထက်မဆို ပိုအရေးကြီးလေသည်။
ရှောက်မိသားစုမှာ လူအများရှေ့တွင် သူတို့၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံလိုက်ရသဖြင့် အနည်းငယ် ဒေါသထွက်သွားသည်။ သူတို့သည် အမြဲတမ်း သူတို့၏သားက လျိုယင်းရွှမ်း၏ ရုပ်ရည်ကို သဘောကျနေသည်ဟုသာ မရေမရာ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။ လျိုယင်းရွှမ်းက သူတို့၏သားမှာ အရူးတစ်ယောက်ဟု ပြောလျှင်ပင် သူမက မယူချင်သဖြင့် တမင်သက်သက် စွပ်စွဲနေခြင်းဖြစ်သည်ဟု ပြန်လည်ချေပနိုင်လေသည်။ သူမ၏ နာမည်မှာ မကောင်းသဖြင့် လူအနည်းငယ်ကသာ သူမစကားကို ယုံကြည်ကြလိမ့်မည်။
သို့သော် အခြားသူများက ပြောလာလျှင်မူ မတူတော့ချေ။ အထူးသဖြင့် စကားပြောသူမှာ ချောမောလှပပြီး ပညာတတ်ပုံပေါက်သော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
သို့သော် ဘေးနားမှလူများ၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများကို ကြားရသောအခါ သူတို့မှာ သိပ်တော့ ဒေါသ မထွက်တော့ပေ။
သူတို့၏ ကလေးက အရူးဖြစ်နေလျှင်ရော ဘာဖြစ်သနည်း။ သူတို့မိသားစု အခြေအနေ ကောင်းသည်လေ။ ငွေလိုချင်လျှင် ငွေရှိပြီး အလုပ်လိုချင်လျှင် အလုပ်ရှိသည်။ အကောင်းဆုံးကို ရွေးချယ်ချင်၍သာ မဟုတ်လျှင် သူတို့မိသားစုထဲသို့ ဝင်ချင်နေသူများ ဒုနဲ့ဒေး ရှိလေသည်။
"အလုပ်ပါ ရမယ်ဆိုရင်တော့ ရှင်က တွက်ခြေကိုက်တယ်လို့ ထင်ကောင်း ထင်နိုင်တယ်။ ဒါပေမဲ့ ရဲဘော် လျိုယင်းရွှမ်းကတော့ တွက်ခြေကိုက်တယ်လို့ ထင်မှာ မဟုတ်ဘူး။ သူကိုယ်တိုင်က မကြာခင်မှာ အလုပ်သမားတစ်ယောက် ဖြစ်လာတော့မှာလေ။ ယာယီဝန်ထမ်းနေရာလောက်ကို သူက ဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ"
"ဘာ... လျိုယင်းရွှမ်းက မကြာခင် အလုပ်သမားတစ်ယောက် ဖြစ်တော့မှာလား"
လူအုပ်ကြီးမှာ ရုတ်တရက် ပေါက်ကွဲသွားသလို ဆူညံသွားလေသည်။
လူများအားလုံးက ရှောက်မိသားစုကို တွန်းဖယ်ကာ အနီးသို့ ချဉ်းကပ်လာပြီး မေးမြန်းကြသည်။ "ဘာအလုပ်လဲ။ ကျွန်တော်တို့ တပ်ဖွဲ့က မကြာသေးမီက အလုပ်သမား ခေါ်နေလို့လား။ အထည်ချုပ်စက်ရုံက အလုပ်သမား ခေါ်နေတာလား"
အတင်းအဖျင်းများထက် လူတိုင်းက အလုပ်သမားခေါ်ယူရေး သတင်းကို ပိုစိတ်ဝင်စားကြလေသည်။
လျိုယင်းရွှမ်းမှာ ကြောင်တောင်တောင် ဖြစ်သွားပြီး လူအုပ်ကြီး၏ အနောက်တွင် ရပ်နေသော ရှန်မော့အာကို ကြည့်ကာ ပါးစပ်ဟလိုက်သော်လည်း တစ်ခဏမျှ အသံထွက်မလာနိုင်ခဲ့ပေ။
ရှန်မော့အာက သူမကို အဘယ်ကြောင့် ကူညီပြောဆိုပေးရသနည်းဟု သူမ မေးချင်ခဲ့သည်။ သူမ အလုပ်သမား ဖြစ်တော့မည်ဟု ရှန်မော့အာ အဘယ်ကြောင့် ပြောခဲ့ရသနည်းဟု သူမ မေးချင်ခဲ့သည်။ သို့သော် လည်ချောင်းတွင် တစ်စုံတစ်ခု ဆို့နေသကဲ့သို့ အသံထွက်မလာခဲ့ချေ။
ရှောက်မိသားစုကို သူမက ဆဲဆိုကြိမ်းမောင်းနိုင်သော်လည်း သူမကို ကူညီပြောဆိုပေးသူကိုတော့ မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ ထိတ်လန့်တုန်လှုပ်နေမိသည်။
စကားပြောသူမှာ ရှန်မော့အာပင်။ သူမက ပြုံးလိုက်ပြီး အနီးသို့ လျှောက်သွားကာ အိတ်ကပ်ထဲမှ သကြားလုံး အနည်းငယ်ကို ထုတ်ယူပြီး လျိုယင်းရွှမ်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "ဟိုတစ်ခေါက်က နင့်ကို မင်္ဂလာဆောင်လာစားဖို့ လာခေါ်တုန်းက နင်မရှိလို့ နင့်အိမ်နီးချင်းကို သတင်းပါးခဲ့သေးတယ်။ နင် နောက်ပိုင်း ဘာလို့ မလာတာလဲ"
လျိုယင်းရွှမ်း ပါးစပ်ဟလိုက်သည်။ အိမ်နီးချင်းက သူမကို သတင်းပါးခဲ့သည်မှာ မှန်သော်လည်း သူမကိုယ်တိုင်က ရှောက်မိသားစု၏ ကိစ္စကြောင့် အလုပ်ရှုပ်နေခဲ့ပြီး သူမ၏ နာမည်မကောင်းသည်ကို သိသဖြင့် တခြားသူများကို ဒုက္ခမပေးလိုသောကြောင့် နောက်ဆုံးတွင် ယန်လျိုတပ်ဖွဲ့မှ မြည်းလှည်းမောင်းသော အဘိုးကြီးအား ရှန်မော့အာအတွက် လက်ဖွဲ့အဖြစ် ခေါင်းအုံးစွပ်တစ်စုံ ပါးလိုက်ခြင်း ဖြစ်သည်။
"မင်္ဂလာဆောင်တော့ မလာခဲ့ရဘူး။ ဒါက မင်္ဂလာသကြားလုံးတွေပါ" ရှန်မော့အာက ပြုံးကာ ပြောလိုက်သည်။ "နင် မနက်ဖြန် ငါ့အိမ်ကို တစ်ခေါက်လောက် လာခဲ့ပါလား။ အဲဒီကျရင် အလုပ်ကိစ္စကို ငါတို့ အသေးစိတ် ဆွေးနွေးကြတာပေါ့"
လျိုယင်းရွှမ်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
တ... တကယ်ပဲ အလုပ်ရသွားတာလား။
...