← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အပိုင်း (၆၅.၁) ရှောင်မင် ညဘက်အိပ်မက်မက်ပြီး လန့်နိုးလာမှာတောင် စိုးရတယ်

"အစ်မဝမ်းကွဲ... အဲဒီမိန်းမကို တကယ်ပဲ အလုပ်ခန့်မှာလား။ ဘေးနားကလူတွေ ပြောတာ ကြားရသလောက်တော့ သူက စရိုက်ကြမ်းပြီး နာမည်လည်း မကောင်းဘူးဆို။ နောက်ကျရင် အစ်မအတွက် ပြဿနာတွေ ရှာလာမှာ မစိုးရိမ်ဘူးလား" အပြန်လမ်းတွင် ကျောက်ထင်ထင်က စိုးရိမ်တကြီး မေးလိုက်သည်။

ရှန်မော့အာက ပြုံးကာ ပြောလိုက်သည်။ "ပြဿနာ နည်းနည်းပါးပါးတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း သူ့အားသာချက်တွေ ရှိပါတယ်"

သူမကိုယ်တိုင်က တခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်သည်တွင် ဤကမ္ဘာ၏ အရာများစွာကို နားမလည်ပေ။ လျိုယင်းရွှမ်းကတော့ ထိုသို့မဟုတ်ဘဲ ဤကမ္ဘာ၏ အနာဂတ်တိုးတက်ပြောင်းလဲမှုများကို သိရှိထားသူ ဖြစ်သည်။ ထို့အပြင် သူမသည် စရိုက်ကြမ်းတမ်းသော်လည်း အဘိုးဖြစ်သူအပေါ် အလွန်သိတတ်ရိုသေကြောင်း မြင်တွေ့ရလေသည်။

လူတစ်ယောက်တွင် အားနည်းချက်တစ်ခုရှိနေပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် ငွေရှာကာ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည့် အခွင့်အရေးတစ်ခု ရလာပါက သူမအနေဖြင့် သေချာပေါက် ကြိုးစားပေလိမ့်မည်။

ဖုမင်ဇယ်က ဝယ်လာသော ပစ္စည်းများကို ကိုင်ဆောင်ကာ မြည်းလှည်းဆီသို့ အရင်သွားနှင့်ပြီး ရှန်မော့အာက ကျောက်ထင်ထင်ကို ခေါ်ကာ ကုန်စုံဆိုင်သို့ ထပ်သွားပြီး ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်၊ သကြားလုံးများနှင့် မုန့်များ ဝယ်ယူခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အသစ်ရောက်လာသော ကြက်ဥကိတ်မုန့်များ ရှိနေပြီး ဈေးကြီးသော်လည်း လက်မှတ်မလိုသဖြင့် ရှန်မော့အာက နှစ်ကျင်းခန့် ချိန်တွယ်ဝယ်ယူကာ ထိုနေရာမှာပင် ကျောက်ထင်ထင်နှင့် တစ်ယောက်တစ်ဝက် ခွဲဝေစားသောက်ကြလေသည်။

ကျောက်ထင်ထင်မှာ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမ၏အမေ ရှန်ယင်းယင်းက ဦးလေးငယ်၏မိသားစုမှာ အိမ်သစ်ဆောက်ခြင်း၊ မင်္ဂလာဆောင်ခြင်းတို့ ဆက်တိုက်လုပ်ခဲ့သဖြင့် အပြင်တွင် အကြွေးများ တင်နေကြောင်းနှင့် ဦးလေးငယ်အိမ်သို့ ရောက်လျှင် အကင်းပါးပါးနေရန် အမြဲသတိပေးခဲ့ဖူးသည်။

သို့သော် သူမ ဤနေရာသို့ ရောက်လာချိန်မှစ၍ ဦးလေးငယ်အိမ်၏ စားသောက်မှုအခြေအနေမှာ သာမန်မိသားစုများထက်ပင် ပိုကောင်းနေသည်ကို တွေ့ရလေသည်။ ဦးလေးငယ်ကတော့ ယခင်က သူတို့မိသားစု ရိက္ခာများ အလုခံရပြီးနောက် ငတ်သေလုနီးပါး ဖြစ်ခဲ့ရသဖြင့် ယခုအခါ တခြားအရာများကို ဘေးဖယ်ထားကာ စားသောက်မှုပိုင်းတွင် မိမိကိုယ်မိမိ အနစ်နာမခံတော့ဟု ပြောပြခဲ့ဖူးသည်။

ကျောက်ထင်ထင်က ဦးလေးငယ်အိမ်တွင် တစ်နေ့ထက်တစ်နေ့ ပိုမိုပြည့်စုံလာသော ပစ္စည်းများကို ကြည့်ကာ ခေါင်းကုတ်လိုက်ပြီး တစ်ခုခုတော့ လွဲမှားနေသည်ဟု ခံစားမိလေသည်။

သို့သော်လည်း ငတ်သေလုနီးပါး ဖြစ်ခဲ့ဖူးသဖြင့် အတွေးအခေါ် ပြောင်းလဲသွားခြင်းမှာလည်း မထူးဆန်းလှပေ။

သူမတို့နှစ်ဦး မြည်းလှည်းပေါ်သို့ ပြန်ရောက်ချိန်တွင် လူအများစုမှာလည်း ပြန်ရောက်နေကြပြီ ဖြစ်သည်။ လူတိုင်းတွင် အထုပ်ကြီးအထုပ်ငယ်များ ပါလာကြပြီး စာကလေးဈေး ဖျက်သိမ်းတော့မည့် သတင်းကို ကြားထားကြသဖြင့် နှစ်သစ်ကူးရန် အချိန်လိုသေးသော်လည်း တတ်နိုင်သမျှ ပိုမိုဝယ်ယူထားကြခြင်း ဖြစ်နိုင်လေသည်။

ဝမ်ချိုးထုန်နှင့် ကျိန့်ကျားမင်တို့လည်း ပြန်ရောက်လာကြပြီး ကျိန့်ကျားမင်၏ လက်ထဲတွင် အသားတုံးကြီးတစ်တုံး ပါလာသဖြင့် အလွန်ပင် မျက်စိကျစရာ ဖြစ်နေသည်။ သို့သော် ရွာသူရွာသားများအားလုံး သူ၏ မိသားစုအခြေအနေ ကောင်းမွန်ကြောင်း သိထားကြသဖြင့် မထူးဆန်းလှပေ။

လိုက်ပါလာသူများအားလုံး စုံလင်သွားသောအခါ ဦးလေးလျို က လှည်းမောင်းထွက်ရန် ပြင်လိုက်စဉ် အဝေးမှ စက်ဘီးတစ်စီး ရုတ်တရက် ရောက်လာခဲ့သည်။ "ဦးလေးလျို... ဦးလေးလျို... ကျွန်မကို စောင့်ပါဦး"

ရှန်လင်းလင်း ဖြစ်နေသည်။

ကျန်းကျွင့်လျန်က သူမကို ချထားပေးပြီးနောက် စက်ဘီးကို နင်းကာ ပြန်ထွက်သွားလေသည်။ ရှန်လင်းလင်းက အိတ်တစ်အိတ်ကို ကိုင်ကာ မြည်းလှည်းပေါ်သို့ တက်လာပြီး တမင်သက်သက်လား မတော်တဆလား မသိသော်လည်း ရှန်မော့အာနှင့် ကျောက်ထင်ထင်တို့ နှစ်ဦးကြားသို့ အတင်းတိုးဝင် ထိုင်လိုက်လေသည်။ "ထင်ထင်... ဘေးကို နည်းနည်း ထပ်တိုးပေးပါဦး။ အစ်မအတွက် နေရာနည်းနည်း ပိုပေးပါ"

သူမက သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်ပြီး ရှန်မော့အာကို မျက်စောင်းတစ်ချက် ထိုးကာ ပြောလိုက်သည်။ "အစ်မက ကိုယ်ဝန်ရှိနေတော့ အကျပ်ခံလို့ မဖြစ်ဘူးလေ"

ဒေသခံများ၏ အယူအဆအရ ကိုယ်ဝန် ၃ လအတွင်း အပြင်လူများကို မပြောသင့်ဟု ဆိုကြသော်လည်း ရှန်လင်းလင်းက ထို "ရှေးရိုးစွဲ အယူသီးမှုများ" ကို ဂရုမစိုက်၍လား မသိသော်လည်း ကိုယ်ဝန်ရှိမှန်း သိပြီး တစ်လကျော်မျှသာ ရှိသေးသော်လည်း ရှန်မော့အာထံသို့ ပြေးလာကာ ကြွားလုံးထုတ်ခဲ့လေသည်။

သူမ၏ စကားများမှာ မိန်းမတစ်ယောက်အနေဖြင့် ငွေများစွာရှာရန် မလိုကြောင်းနှင့် သားသမီးမွေးမြူခြင်းကသာ အဓိကတာဝန်ဖြစ်ကြောင်း ဆိုလိုနေသဖြင့် ရှန်မော့အာနှင့် ချန်ထောင်တို့ပင် ဆွံ့အသွားခဲ့ရသည်။

ဟုတ်ပါသည်။ သူမသည် သည်ကိစ္စကို ရွာမူလတန်းကျောင်း၏ ရုံးခန်းထဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ချန်ထောင်လည်း ထိုနေရာတွင် ရှိနေခဲ့လေသည်။

ရှန်မော့အာမှာ ရှန်လင်းလင်း၏ အထက်တန်းအောင်လက်မှတ်က အတုများလားဟုပင် သံသယဝင်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ဤကဲ့သို့သော အတွေးအခေါ်မျိုးမှာ သူမလို "ရှေးခေတ်လူ" ထက်ပင် ပိုပြီး "ရှေးရိုးစွဲ" နေသေးသည် မဟုတ်ပါလား။

ရှန်လင်းလင်း ဘာတွေတွေးနေသည်မသိသော်လည်း ကိုယ်ဝန်ရပြီးချိန်မှစ၍ သာလွန်မှုခံစားချက်များကို ပြန်လည်ရရှိသွားသကဲ့သို့ ရှန်မော့အာ၏ ရှေ့တွင် နေ့တိုင်း ရင်ကော့ကာ လမ်းလျှောက်နေတတ်ပြီး ကိုယ်ဝန်ရှိပြီလားဟု ခဏခဏ မေးတတ်လေသည်။ ရှန်မော့အာကတော့ ထိုကိစ္စကို လုံးဝဂရုမစိုက်သော်လည်း ဖုမင်ဇယ်က တစ်ခါတစ်ရံ ကြားမိတိုင်း မျက်နှာမည်းမှောင်သွားတတ်လေသည်။

သူတို့နှစ်ဦးမှာ ကလေးယူရန် အလျင်စလို မရှိကြပေ။ အထူးသဖြင့် အမှတ်(၉) စက်ရုံခွဲကို မဆောက်လုပ်ရသေးသလို ရှေ့နောက် ကိစ္စပေါင်းများစွာ ရှိနေသေးသောကြောင့်ပင်။ သို့သော် ရှန်လင်းလင်းက ဤသို့ နေ့တိုင်း လာမေးနေခြင်းမှာ ဖုမင်ဇယ်အတွက် အတော်လေး အနှောင့်အယှက် ဖြစ်စေပြီး ကြားရတိုင်း ညဘက်များတွင် ရှန်မော့အာကို သန်းခေါင်ယံအထိ အိပ်မရအောင် အနှောင့်အယှက် ပေးတတ်လေသည်။

ရှန်မော့အာက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ဖုမင်ဇယ်၏ဘက်သို့ အနည်းငယ် တိုးကပ်ကာ ပညာတတ်လူငယ်ဖုကို နှစ်သိမ့်သည့်အနေဖြင့် သူ၏ လက်ဖဝါးကို တိတ်တဆိတ် ကုတ်ခြစ်လိုက်သည်။

ပညာတတ်လူငယ်ဖုက သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ခေါင်းလှည့်ကာ ရှန်လင်းလင်းကို မမြင်သကဲ့သို့ နေလိုက်လေသည်။

ဘယ်သူမှ ထင်မှတ်မထားသည်မှာ ကျန်းကျစ်ချန်က ရုတ်တရက် အော်ဟစ်လိုက်ခြင်းပင်။ "ဦးလေးလျို... ခဏရပ်ပေးပါ။ ကျွန်တော် ဆင်းမယ်။ လမ်းလျှောက်ပြန်မယ်"

ဦးလေးလျို မှာ နားမလည်နိုင်စွာဖြင့် မြည်းကြိုးကို ဆွဲလိုက်ပြီး "ဟေ" ဟု အာမေဋိတ် ပြုလိုက်သည်။

လှည်း အရှိန်လျော့သွားသောအခါ ကျန်းကျစ်ချန်က မြည်းလှည်းပေါ်မှ တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ "ကျွန်တော် လမ်းလျှောက်ပြန်မယ်"

သူ ယနေ့ တပ်ဖွဲ့သို့ သွားခြင်းမှာ ပစ္စည်းဝယ်ရန် မဟုတ်ပေ။ ပြီးခဲ့သည့်ရက်ပိုင်းက ကံကောင်းစွာဖြင့် တောင်ပေါ်မှ တောယုန်နှစ်ကောင် ရရှိခဲ့သောကြောင့် ရွာထဲတွင် အကူအညီအပေးဆုံးဖြစ်သော အဒေါ်ချန်ကို အကူအညီတောင်းကာ တိတ်တဆိတ် သန့်စင်ပြီး အခြောက်လှန်းခိုင်းခဲ့သည်။ ယနေ့ သူလာခြင်းမှာ အိမ်သို့ ပို့ရန်အတွက် ဖြစ်သည်။

ထို့ကြောင့် တခြားသူများ ပြန်လာချိန်တွင် အထုပ်ကြီးအထုပ်ငယ်များ ပါလာကြသော်လည်း ကျန်းကျစ်ချန်မှာတော့ လက်ချည်းသက်သက် ဖြစ်နေသဖြင့် လမ်းလျှောက်ပြန်လျှင်လည်း ဘာမှ မပင်ပန်းလှပေ။

လှည်း အနည်းငယ် ရှေ့သို့ဆက်သွားသောအခါ တစ်စုံတစ်ယောက်က တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ "ဒီပညာတတ်လူငယ် ကျန်းက တကယ့်ကို သံယောဇဉ် ကြီးတာပဲ။ ဒီလိုအခြေအနေထိ ဖြစ်နေတာတောင် သူက ရှန်လင်းလင်းအတွက် နေရာဖယ်ပေးသေးတယ်"

ရှန်လင်းလင်းက ချက်ချင်းပင် ပြောလိုက်သည်။ "အဒေါ်ကွမ်း... လျှောက်မပြောပါနဲ့။ နောက်ကျရင် ကျွန်မယောက်ျား ကျွင့်လျန် ကြားသွားဦးမယ်"

အဒေါ်ကွမ်းက နှုတ်ခမ်းမဲ့ကာ ဆက်မပြောတော့ပေ။

ရှန်လင်းလင်းက ပါးစပ်မှ ထိုသို့ပြောလိုက်သော်လည်း ရင်ထဲတွင်တော့ ပီတိဖြစ်နေလေသည်။ သူမ အိမ်ထောင်ကျသွားလျှင်တောင်မှ သူမ၏ ဆွဲဆောင်မှုမှာ မလျော့ကျသွားသေးဘဲ ကျန်းကျစ်ချန်က ပါးစပ်မှ မပြောသော်လည်း ရင်ထဲတွင်တော့ သူမကို အမှတ်ရနေဆဲ ဖြစ်မည်မှာ သေချာလှသည်။

ရှန်လင်းလင်း မသိသောအရာမှာ ထိုနေ့ညက ကျိန့်ကျားမင်သည် ရှန်မော့အာ၏အိမ်တွင် အဝစားသောက်ပြီးနောက် ပညာတတ်လူငယ်များအဆောင်သို့ ပြန်ရောက်သောအခါ ကျန်းကျစ်ချန်ကို ရှန်လင်းလင်းအပေါ် သံယောဇဉ် မပြတ်သေးဘူးလားဟု အတင်းမေးမြန်းခဲ့ခြင်းပင်။

အဖြေမှာတော့ ကျန်းကျစ်ချန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး "ငါက အဲဒီလို ခံစားချက်မရှိ၊ သံယောဇဉ်မရှိတဲ့ မိန်းမမျိုးနဲ့ မြည်းလှည်းတစ်စီးတည်း အတူမစီးချင်လို့ကွ" ဟု ပြတ်ပြတ်သားသား ပြောလာခဲ့သည်။

ကျိန့်ကျားမင်မှာ အတော်ကြာသည်အထိ စိတ်လှုပ်ရှားသွားပြီး ကျန်းကျစ်ချန်တစ်ယောက် အမှန်တရားကို ရုတ်တရက် နားလည်သဘောပေါက်သွားပြီဟု တွေးမိလေသည်။

မကြာမီမှာပင် ကျောင်းများက ဆောင်းရာသီ ကျောင်းပိတ်ရက် စတင်ခဲ့သည်။ ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုမိုအေးလာသော်လည်း ကလေးများမှာ အချမ်းကို တစက်ကလေးမှ မမှုကြသည့်နှယ် ရွာထိပ်မှ ရွာအဆုံးထိ၊ ရွာအရှေ့မှ ရွာအနောက်ထိ တစ်နေကုန် ပြေးလွှားဆော့ကစားနေကြပြီး လူကြီးများမှာတော့ ပိုပြီး အလုပ်ရှုပ်နေကြလေသည်။

လယ်ထဲတွင် အလုပ်မများလှသော်လည်း နေ့စဉ် အချိန်အနည်းငယ်ပေးကာ သွားရောက် ရှင်းလင်းရသေးသည်။ ထို့အပြင် ဆောင်းတွင်းအတွက် ရိက္ခာ၊ ထင်းနှင့် အဝတ်အထည်များကိုပါ ပြင်ဆင်ရသေးသည်။ အိမ်တွင် ပန်းထိုးပညာ သင်ယူနေသူ ရှိပါက ပိုလို့ပင် အလုပ်ရှုပ်သေးသည်။ မည်သို့ပင်ဆိုစေ အဓိက လုပ်အားတစ်ခု လျော့နည်းသွားသဖြင့် တခြားသူများက တာဝန်ပိုယူရမည် မဟုတ်ပါလား။

နန်ပြည်နယ် ပန်းထိုးစက်ရုံ၏ အမှတ်(၉) စက်ရုံခွဲကိုလည်း စတင်တည်ဆောက်နေပြီ ဖြစ်သည်။ ခရိုင်မှ အထူးရန်ပုံငွေတစ်ရပ်ပင် ချထားပေးကာ နှစ်သစ်ကူးမတိုင်မီ လျိုချောင်တပ်ဖွဲ့မှ ခရိုင်မြို့သို့သွားသော လမ်းကိုပါ ပြင်ဆင်ပေးခဲ့သည်။ ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်း ခင်းပေးရန်မှာတော့ မဖြစ်နိုင်ပေ။ ခရိုင်တွင် ထိုမျှလောက် ငွေကြေးမရှိသဖြင့် မူလ မြေနီလမ်းပေါ်တွင် ကျောက်စရစ်ခဲများ ခင်းကာ ညီညာအောင် ပြုလုပ်ပေးရုံသာ ဖြစ်သည်။

သို့သော် ရှန်မော့အာမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ တစ်ခါမှ မသွားခဲ့ဖူးချေ။

အမှတ်(၉) အလုပ်ခွဲ၏ စက်ရုံမှူးအလောင်းအလျာ မောက်ကျန့်ရှင်းနှင့် တခြား ဒုတိယစက်ရုံမှူးတစ်ဦးဖြစ်သော ကျင်းချိုက်ဖေးတို့မှာ ရောက်ရှိနေကြပြီ ဖြစ်သည်။ ရှန်မော့အာက သူတို့နှင့် တွေ့ဆုံဖူးပြီး နှစ်ဦးစလုံးမှာ ယဉ်ကျေးပျူငှာကြသော်လည်း သူမကဲ့သို့သော "ဒေသခံခေါင်းဆောင်" အပေါ် သူတို့နှစ်ဦး၏ စိုးရိမ်စိတ်ကို ရှင်းလင်းစွာ ခံစားမိလေသည်။

ရှန်မော့အာက စက်ရုံဆောက်လုပ်ရေး အစီအစဉ်အကြောင်း တစ်ခွန်းမေးလိုက်လျှင် သူတို့က အထစ်ထစ်အငေါ့ငေါ့ဖြင့် တခြားအကြောင်းအရာများသို့ လွှဲပြောင်းပြောဆိုတတ်ကြသည်။ အချုပ်အားဖြင့်ဆိုရသော် စက်ရုံမှ အသေးစိတ် ပုံစံထုတ်ထားပြီးဖြစ်ကြောင်း၊ ကျန်းပေခရိုင်မှလည်း ကူညီဆောင်ရွက်ပေးမည့်သူများ ရှိကြောင်း၊ ရှန်မော့အာအနေဖြင့် ဘာမှပူပန်စရာမလိုဘဲ စက်ရုံဆောက်လုပ်ပြီးစီး၍ အလုပ်စတင်မည့်အချိန်ကိုသာ စောင့်ဆိုင်းရန် ပြောဆိုကြလေသည်။

ခရီးဝေးမှ ကျန်းပေခရိုင်သို့ လာရောက်အလုပ်လုပ်ကိုင်ကြပြီး နှစ်ဦးစလုံးမှာ အသက် ၃၀ ကျော် လူရွယ်များဖြစ်ကြပြီး သူတို့၏ အနာဂတ်အတွက် လာရောက်ကြခြင်းဖြစ်ကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်လေသည်။ ရှန်မော့အာ ခန့်မှန်းမိသည်မှာ ထိုနှစ်ဦးသည် သူမ၏ လက်အောက်တွင် အာဏာမရှိဘဲ ဖြစ်သွားမည်ကို စိုးရိမ်ကြသဖြင့် စက်ရုံဆောက်လုပ်ရေး အစပိုင်းကတည်းက အခွင့်အရေးကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုကြခြင်း ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင်။ သူမကိုယ်တိုင်ကလည်း ထိုကိစ္စများကို လုံးဝ စိတ်မဝင်စားပေ။

ရာသီဥတု အေးလာပြီးနောက်ပိုင်း သူမသည် အပြင်ထွက်ရသည်ကိုပင် မနှစ်သက်တော့ချေ။ သူမ၏ အဖေပင်လျှင် နေ့စဉ် မနက်အလုပ်မသွားမီ ညည်းတွားနေတတ်လေသည်။

စက်ဘီးရှိသည် ဆိုသော်ငြား ဆောင်းရာသီ၏ အနောက်မြောက်လေ တိုက်ခတ်မှုကြောင့် စက်ဘီးစီးရသည်မှာ လမ်းလျှောက်သည်ထက်ပင် ပိုအေးစက်လှသည်တွင် နေ့စဉ် အလုပ်အသွားအပြန်တွင် ရှန်ရှောက်ယွမ်မှာ အလွန်ပင် ဆင်းရဲဒုက္ခ ရောက်ရလေသည်။

ရှန်မော့အာမှာ သူမ၏အဖေကို အလွန်သနားမိသည်။ အဖေဖြစ်သူမှာ ငယ်စဉ်ကတည်းက ချမ်းသာကြွယ်ဝစွာ ကြီးပြင်းလာသူဖြစ်ပြီး ဤကဲ့သို့သော ဒုက္ခမျိုးကို ဘယ်တုန်းက ခံခဲ့ရဖူးပါသနည်။ အစပိုင်းတွင် လည်စည်းပဝါနှင့် လက်အိတ်များ မဝယ်ရသေးသဖြင့် နေ့တိုင်း အိမ်ပြန်ရောက်ချိန်တွင် လက်များ နီရဲနေတတ်ပြီး နောက်ပိုင်းတွင် လည်စည်းပဝါနှင့် လက်အိတ်များ ဝယ်ယူရရှိမှသာ အနည်းငယ် သက်သာသွားသော်လည်း အေးစက်နေဆဲပင်။

သနားမိသည့်အပြင် ရှန်မော့အာတစ်ယောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မသွားရန် ပိုလို့ပင် ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့သည်။ အကယ်၍ သူမ သွားလိုက်ပြီးနောက် နောက်ပိုင်းတွင် နေ့တိုင်း သွားခိုင်းနေလျှင် မည်သို့လုပ်မည်နည်း။

မောက်ကျန့်ရှင်းနှင့် ကျင်းချိုက်ဖေးတို့ နှစ်ဦး၏ အလုပ်လုပ်လိုစိတ် ပြင်းပြနေမှတော့ ဤကိစ္စကို သူတို့နှစ်ဦးထံ လုံးဝ လွှဲအပ်ထားလိုက်ရုံပင်။ မည်သို့ပင်ဆိုစေ သူမက လူသားအရင်းအမြစ်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ခံ ဖြစ်သည် မဟုတ်ပါလား။ သူမက အိမ်တွင် လူများကို သင်တန်းပေးနေရုံဖြင့် လုံလောက်ပြီ မဟုတ်ပါလား။

နှစ်လကျော်ကြာ စုစည်းလေ့ကျင့်ပြီးနောက် ယန်လျိုတပ်ဖွဲ့မှ ဤအဖွဲ့၏ သင်ယူမှု အရှိန်အဟုန်မှာလည်း သိသိသာသာ ကွာဟလာခဲ့သည်။ နှေးကွေးသူများမှာ အခြေခံမျှသာ ရရှိသေးသော်လည်း မြန်ဆန်သူများမှာတော့ ပုံစံတကျ သင်ယူတတ်မြောက်နေပြီ ဖြစ်သည်။

စကားမစပ် ဤကာလအတွင်း ပန်းထိုးပညာ လာရောက်သင်ယူသူ နှစ်ဦး ထပ်တိုးလာခဲ့သည်။

တစ်ဦးမှာ လျိုယင်းရွှမ်း ဖြစ်သည်။ သူမသည် ထိုနေ့က စာကလေးဈေးတွင် ရှန်မော့အာနှင့် ဆုံတွေ့ပြီးနောက် ဒုတိယနေ့တွင်ပင် ပြေးလာခဲ့သည်။ ရှန်မော့အာက သူမကို ပန်းထိုးပညာ သင်ယူကာ ပန်းထိုးသမားလုပ်ရန် ပြောသောအခါ ထိုစဉ်က သူမ၏ မျက်နှာအမူအရာမှာ သိပ်မကြည်ဖြူလှသော်လည်း နောက်ပိုင်းတွင်တော့ အံကြိတ်ကာ သဘောတူလိုက်လေသည်။

သူမ စတင်သင်ယူသောအခါမှသာ သိပ်မကြည်ဖြူခဲ့ရသည့် အကြောင်းအရင်းကို ရှန်မော့အာ နားလည်သွားတော့သည်။ အကြောင်းမှာ ဤလူသည် ဤကိစ္စတွင် လုံးဝ ပါရမီမပါသောကြောင့်ပင်။ အလွယ်ကူဆုံး အရာများကို တခြားသူများက တစ်ရက်တည်းဖြင့် သင်ယူတတ်မြောက်နိုင်သော်လည်း သူမမှာ သုံးရက်ကြာသည်အထိ အထစ်ထစ်အငေါ့ငေါ့ဖြင့် ၇၀-၈၀ ရာခိုင်နှုန်းခန့်သာ တတ်မြောက်ခဲ့လေသည်။

သို့သော် မည်မျှပင် ခက်ခဲစွာ သင်ယူရစေကာမူ လျိုယင်းရွှမ်းမှာ အံကြိတ်ကာ နေ့တိုင်း မနက်စောစော ယန်လျိုတပ်ဖွဲ့သို့ ပြေးလာတတ်လေသည်။

နောက်တစ်ဦးမှာ အစ်မချောင် ဖြစ်သည်။ ထိုနေ့က တပ်ဖွဲ့တွင် ရှန်မော့အာနှင့် ကျောက်ထင်ထင်တို့ ကုန်စုံဆိုင်သို့ သွားနေစဉ် ဖုမင်ဇယ်က ပစ္စည်းများကို မြည်းလှည်းပေါ်တွင် တင်ထားခဲ့ပြီး အထည်စက်ရုံ အဆောင်များဆီသို့ သွားခဲ့သည်။ သူသည် စာကလေးဈေးတွင် အစ်ကိုပေါင်ကို မတွေ့ရသဖြင့် အစ်မချောင်ထံ သွားရောက်ရှာဖွေကာ ရှန်မော့အာ ဝယ်လာသော ပစ္စည်းများကို အစ်ကိုပေါင်မှတစ်ဆင့် မိသားစုဝင်များထံ ပို့ပေးရန် အကူအညီတောင်းရန် ဖြစ်သည်။

သို့သော် အစ်မချောင်၏ အိမ်သို့ ရောက်သောအခါမှသာ အစ်ကိုပေါင်၏ ကျေးလက်ဒေသမှ ပစ္စည်းများ ဝယ်ယူစုဆောင်းသော လမ်းကြောင်းမှာ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရလေသည်။ တစ်စုံတစ်ယောက်က မနာလိုသဖြင့် တိုင်တန်းခဲ့ရာ လူများကို မဖမ်းမိသော်လည်း သူတို့ ဝယ်ယူထားသော ပစ္စည်းများအားလုံး အသိမ်းခံလိုက်ရသဖြင့် အရှုံးကြီးအရှုံးပေါ်ရုံသာမက ယခင်က အစ်ကိုပေါင်နှင့်အတူ အလုပ်လုပ်ခဲ့သူများလည်း အလွန်ထိတ်လန့်သွားကြပြီး ဆက်လက်မလုပ်ကိုင်ရဲကြတော့ချေ။

မိုးရွာနေစဉ် အိမ်မိုးပေါက်နေသည်နှင့် ကြုံရသကဲ့သို့ အစ်မချောင်ဘက်မှ အလုပ်လည်း မဖြစ်တော့သလို အစ်ကိုပေါင်၏ အရောင်းအဝယ်လည်း ရပ်တန့်သွားသဖြင့် နှစ်ဦးစလုံးမှာ အခက်တွေ့သွားကြလေသည်။

စုဆောင်းထားသော ငွေများ ရှိသည်မှာ သေချာသော်လည်း ထိုင်စားနေပါက ကုန်သွားမည်ဖြစ်ရာ နောက်ပိုင်းတွင် ဘဝရပ်တည်ရန် ခက်ခဲလာလိမ့်မည်။

ဖုမင်ဇယ်က ပြန်လာသောအခါ ရှန်မော့အာကို သည်ကိစ္စကို ပြောပြသောအခါ ရှန်မော့အာက အစ်မချောင်ကိုလည်း ယန်လျိုတပ်ဖွဲ့သို့ လာရောက်ပြီး ပန်းထိုးပညာ သင်ယူရန် အကြံပြုခဲ့သည်။ မည်သို့ပင်ဖြစ်စေ အရင်ဆုံး သင်ယူကြည့်ပြီး ပါရမီပါ၊ မပါ စမ်းသပ်ကြည့်ရန်နှင့် အကယ်၍ စက်ရုံတည်ဆောက်ပြီးစီးချိန်တွင် အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ပါက စက်ရုံသို့ဝင်ကာ အလုပ်သမားအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောပြခဲ့လေသည်။

...

အပိုင်း (၆၅.၂)

အစ်မချောင်ကတော့ လျိုယင်းရွှမ်းနှင့် ဆန့်ကျင်ဘက်ပင်။ သူမကိုယ်တိုင်က အပ်ချုပ်အလုပ်များကို ကျွမ်းကျင်ပြီး ရိုးရှင်းသော အဝတ်အစားများကိုလည်း ချုပ်တတ်သဖြင့် ပန်းထိုးပညာ သင်ယူရာတွင် အလွန်မြန်ဆန်လှသည်။

ရှန်မိသားစု၏ ခြံဝင်းငယ်လေးထဲတွင် နေ့စဉ်နေ့တိုင်း အမျိုးသမီးတစ်စုဖြင့် စည်ကားနေတတ်ပြီး အားလုံးက ပန်းထိုးပညာ သင်ယူရုံသာမက ရှန်မိသားစုတွင် အလုပ်ရှိသည်ကို မြင်ပါကလည်း ဝင်ရောက်ကူညီလုပ်ကိုင်ပေးတတ်ကြသည်။ ဥပမာ နှစ်သစ်ကူးအကြို အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ အဝတ်လျှော်၊ ပန်းကန်ဆေးခြင်းဟိုဟိုသည်သည် လုပ်ပေးတတ်ကြသည်။ ရှန်မော့အာမှာ အလုပ်နည်းနည်းလေး လုပ်လိုက်ရုံဖြင့် တခြားသူများက လုယူလုပ်ကိုင်သွားကြလေသည်။ ရှန်မော့အာက အားလုံးကို သည်လိုအားနာနေရန် မလိုကြောင်း ပြောသော်လည်း ထိုသူများက လက်မခံကြဘဲ ရှန်မော့အာက သည်လို လက်တွေ့သင်ကြားပေးနေသဖြင့် သူမမှာ သူတို့၏ ဆရာဖြစ်ကြောင်းနှင့် တပည့်များက ဆရာ့အိမ်တွင် အလုပ်လုပ်ပေးခြင်းမှာ သဘာဝကျကြောင်း ပြောဆိုကြလေသည်။

အလုပ်လုပ်ပေးရုံဖြင့် မလုံလောက်သေးဘဲ နှစ်သစ်ကူးမတိုင်မီ ဤကာလအတွင်း သူတို့သည် ရှန်မော့အာအိမ်သို့ ပစ္စည်းများ မကြာခဏ လာပို့တတ်ကြသေးသည်။ ကိုယ်တိုင်လုပ်သော တို့ဖူး၊ ကိုယ်တိုင်စိမ်ထားသော ကြက်သွန်ဖြူချဉ်၊ ကိုယ်တိုင်အခြောက်လှန်းထားသော မှိုခြောက်နှင့် မျှစ်ခြောက်၊ ကိုယ်တိုင်လုပ်သော ကန်စွန်းဥကြာဆံ စသည်ဖြင့် တစ်ယောက်တစ်လက် ယူလာပေးကြရာ စုပေါင်းလိုက်သောအခါ အရေအတွက်မှာ အတော်လေး များပြားလှပြီး ရှန်မိသားစု သုံးယောက်အတွက် နှစ်သစ်ကူးကာလကို ဖြတ်သန်းရန် လုံလောက်ရုံသာမက ပိုလျှံနေသေးသည်။

......

တစ်ချိန်တည်းတွင် အနောက်ဘက်ရှိ ပြည်နယ်တစ်ခု၏ ယင်းကျားရွာတွင် ဖြစ်သည်။

ဖုကျစ်ယွမ်သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မီးဖိုပေါက်ထဲသို့ အားကုန်ယပ်ခတ်နေသော်လည်း မီးဖိုပေါက်ထဲမှ မီးခိုးလုံးကြီးများသာ ဆက်တိုက်ထွက်ပေါ်နေသဖြင့် သူ့မှာ ချောင်းတွေဆိုးကာ မျက်မှန်ပေါ်တွင်လည်း ရေခိုးရေငွေ့များ ဖုံးလွှမ်းသွားလေသည်။

ယင်းရှို့ဝမ်က ကောက်ရိုးခင်းထားသော သစ်သားကုတင်ပေါ်မှ ထလာပြီး ကောက်ရိုးတစ်ဆုပ်ကို ဆွဲယူကာ အပြင်သို့ ထွက်လာခဲ့သည်။ သူမက ပါးစပ်ကိုအုပ်၍ ချောင်းဆိုးရင်း ပြောလိုက်သည်။ "တော်ပြီ... ရှင် ခဏနားလိုက်တော့။ ကျွန်မ မီးမွှေးလိုက်မယ်"

ဖုကျစ်ယွမ်က သူမ မီးညှပ်ဖြင့် ထင်းနှစ်ချောင်းကို ညှပ်ထုတ်လိုက်ပြီး ကောက်ရိုးအနည်းငယ်ကို ထည့်လိုက်သည်ကို ကြည့်နေစဉ် မီးဖိုပေါက်ထဲတွင် မီးရောင်များ ချက်ချင်းလင်းလက်လာပြီး မီးခိုးများလည်း ချက်ချင်းနည်းသွားသည်ကို မြင်သောအခါ မနေနိုင်ဘဲ ပြောလိုက်သည်။ "အဆိပ်သောက်ပြီး ရေငတ်ပြေအောင် လုပ်သလိုပဲ"

လွန်ခဲ့သည့်နှစ်ရက်က မိုးရွာထားသဖြင့် သက်ကယ်အိမ်အပြင်ဘက်တွင် ပုံထားသော ထင်းများ စိုစွတ်သွားပြီး ဤနှစ်ရက်အတွင်း မီးမွှေးတိုင်း မီးခိုးလုံးကြီးများ ထွက်ပေါ်နေလေသည်။

ကုတင်ခင်းရန်အတွက် သိမ်းထားသော ကောက်ရိုးများမှာ ခြောက်သွေ့နေသဖြင့် မီးမွှေးရန် အသုံးပြုနိုင်သော်လည်း သူတို့ထံတွင် ထိုကောက်ရိုးအနည်းငယ်သာ ရှိရာ အားလုံးကို မီးမွှေးရန် အသုံးပြုလိုက်ပါက ညဘက်တွင် သစ်သားကုတင်ပေါ်၌ တိုက်ရိုက် အိပ်ရမည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ချမ်းအေးလွန်း၍ သေသွားနိုင်သည်။

"အဲဒါဆိုလည်း လောလောဆယ် အခြေအနေကိုပဲ အရင်ဖြေရှင်းရမှာပေါ့" ယင်းရှို့ဝမ်က ပြောရင်း လှီးထားသော ကန်စွန်းဥတုံးများကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။

ထိုစဉ် သက်ကယ်အိမ်အပြင်ဘက်မှ လူတစ်ဦးက တိုးတိတ်စွာ ခေါ်လိုက်သည်။ "လောင်ဖု"

ဖုကျစ်ယွမ်က တံခါးဖွင့်လိုက်သောအခါ အသားမည်းမည်းနှင့် အမျိုးသားတစ်ဦးက အထုပ်တစ်ထုပ်ကို ပိုက်ကာ ဝင်လာသည်။ ဤသူမှာ ယင်းရှို့ဝမ်၏ မိဘအိမ်ဘက်မှ အဝေးဆွေမျိုးတစ်ဦးဖြစ်ပြီး ယင်းကျန့်လင်ဟု အမည်ရသည်။ သူဝင်လာသည်နှင့် တံခါးကို ချက်ချင်းပိတ်လိုက်ပြီး ပြောလိုက်သည်။ "နန်ပြည်နယ်က ပစ္စည်းရောက်လာတယ်"

ယင်းရှို့ဝမ်၏ မျက်လုံးများ အရောင်လဲ့သွားပြီး အင်္ကျီပေါ်တွင် လက်ကို ကပျာကယာ သုတ်ကာ အမြန်လှမ်းလာခဲ့သည်။ "စာ ပါလား"

ယင်းကျန့်လင်က ရယ်မောလိုက်သည်။ "ကိုယ်တိုင် ဖောက်ကြည့်မှ သိမှာပေါ့"

ယင်းရှို့ဝမ်က အထုပ်ကို ယူလိုက်ပြီး အပေါ်မှ လိပ်စာတွင် "နန်ပြည်နယ်၊ လင်ကျန်းမြို့၊ ကျန်းပေခရိုင်၊ လျိုချောင်တပ်ဖွဲ့၊ ချန်ကျင့်ပေါင်" ဟု ရေးထားသည်ကို မြင်သောအခါ ကုတင်အောက်မှ ကတ်ကြေးတစ်လက်ကို ယူကာ အထုပ်ကို သေချာစွာ ဖောက်ကြည့်လိုက်သည်။

ပစ္စည်းများ အတော်များပြားလှပြီး အဝတ်ဖိနပ် နှစ်ရံ၊ ဝါဂွမ်းဘောင်းဘီ နှစ်ထည်၊ ငါးခြောက်၊ မျှစ်ခြောက်၊ ကန်စွန်းဥခြောက် စသည်တို့ ပါဝင်သည်။ ယင်းရှို့ဝမ်က ပစ္စည်းများကို မွှေနှောက်ကြည့်ရာ အဝတ်ဖိနပ်တစ်ရံထဲမှ စာရွက်ပိုင်းလေးတစ်ခုကို တွေ့လိုက်ရသည်။ လက်ရေးမှာ သူမသား၏ လက်ရေးမဟုတ်ဘဲ ကောက်ကွေ့နေသဖြင့် ကျင့်ပေါင်က ရေးထားခြင်းဖြစ်မည်ဟု ခန့်မှန်းရသည်။

ပထမဦးစွာ သူတို့၏ အခြေအနေများကို မေးမြန်းထားပြီးနောက် ထိုဘက်တွင် ယခုနှစ် အထွက်နှုန်းကောင်းကြောင်း၊ အိမ်နီးချင်း ရှောင်မင် လက်ထပ်ပြီးနောက် အိမ်ထောင်ရေး သာယာနေကြောင်း၊ ယောက္ခထီးဖြစ်သူမှာ ဆင်းရဲသားမျိုးရိုးဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် တပ်ဖွဲ့ပိုင် အုတ်ဖုတ်စက်ရုံတွင် အရာရှိဖြစ်သွားကြောင်း၊ ချွေးမဖြစ်သူမှာ ပိုထူးချွန်ကာ ရွာမှ ကလေးများကို ပန်းချီသင်ပေးပြီး ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြောင်း၊ မကြာမီ နိုင်ငံပိုင်စက်ရုံသို့ ဝင်ရောက်အလုပ်လုပ်ရတော့မည်ဖြစ်ကြောင်း၊ သည်လောက် လှပထူးချွန်သော ချွေးမမျိုးကို ရထားသဖြင့် ရှောင်မင်မှာ ညဘက်အိပ်မက်မက်ပြီး လန့်နိုးလာမည်ကိုပင် စိုးရိမ်ရကြောင်း၊ မိမိကိုယ်တိုင်လည်း တွေးမိတိုင်း အလွန်အားကျမိကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ယင်းရှို့ဝမ်က ရယ်မောလိုက်ပြီး သေချာဖတ်ကြည့်ပြီးနောက် စာကို ဖုကျစ်ယွမ်ထံသို့ ကမ်းပေးလိုက်သည်။

ယင်းကျန့်လင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ခင်ဗျားတို့ရဲ့ မိတ်ဆွေက တကယ့်ကို သံယောဇဉ် ကြီးတာပဲ။ ဒီလိုအခြေအနေမျိုးမှာတောင် ပစ္စည်းပို့ရဲတယ်"

ယင်းရှို့ဝမ်၏ မျက်လုံးများ လှုပ်ရှားသွားပြီး ပြုံးကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်။ အသက်ကယ်ဖူးတဲ့ ကျေးဇူးရှိပေမယ့် ဒီလိုအခြေအနေမျိုးမှာတောင် သတိရပေးတာ ရှားပါတယ်။ ဥပမာ အစ်ကိုဝမ်းကွဲဆိုရင် ကျွန်မတို့ကို ကူညီပေးတာကလည်း အန္တရာယ်များပေမယ့် ကူညီပေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ အစ်ကိုဝမ်းကွဲတို့ရဲ့ အကူအညီသာ မရှိရင် ကျွန်မတို့ ဒီမှာ နေရတာ တကယ်ကို ခက်ခဲမှာ"

သူမက ပို့လိုက်သော ဖိနပ်များထဲတွင် စမ်းသပ်ကြည့်လိုက်သောအခါ ဖိနပ်တစ်ရံထဲမှ ခေါက်ထားသော ၅၀ ယွမ်တန် တစ်ရွက်ကို တွေ့လိုက်ရသည်။ သူမက ၅ ယွမ် ထုတ်ယူကာ ယင်းကျန့်လင်အား ကမ်းပေးလိုက်သည်။ "ကလေးတွေကို သကြားလုံး ဝယ်ကျွေးလိုက်ပါ"

ယင်းကျန့်လင်က ချက်ချင်းပင် လက်ခါပြလိုက်သည်။ "ဘယ်ဖြစ်ပါ့မလဲ။ ညည်းတို့လည်း အခက်အခဲရှိတာပဲ။ သူများပို့ပေးလိုက်တဲ့ ပိုက်ဆံလေးကို ကိုယ့်ဘာသာပဲ သုံးပါ"

ယင်းရှို့ဝမ်က ငွေကို သူ၏ အိတ်ကပ်ထဲသို့ အတင်းထည့်ပေးလိုက်သည်။ "နောက်ပိုင်းမှာ အစ်ကိုဝမ်းကွဲကို အကူအညီတောင်းရမယ့် ကိစ္စတွေ အများကြီး ရှိပါသေးတယ်။ ဒါက ကလေးတွေအတွက် ပေးတာပါ။ အစ်ကို့ကို ပေးတာ မဟုတ်ဘူး"

သူတို့နှစ်ဦး အပြန်အလှန် ငြင်းဆန်ကြပြီးနောက် ယင်းကျန့်လင်က လက်ခံလိုက်သည်။ ယင်းရှို့ဝမ်က ရရှိသော ငါးခြောက်များကိုလည်း အနည်းငယ် ခွဲဝေပေးသဖြင့် ယင်းကျန့်လင်မှာ ပိုအားနာသွားပြီး အပြန်တွင် ပြောသွားလေသည်။ "ငါ မနက်ဖြန် ကောက်ရိုးနည်းနည်း ခိုးယူလာခဲ့မယ်"

ယင်းရှို့ဝမ်မှာ နယ်နှင်ဒဏ်ပေးခံရပြီး ပြန်ရောက်လာခြင်းဖြစ်သဖြင့် ရွာထဲမှ လူအများစုက သူမကို ဆွေမျိုးများရှိကြောင်း သိထားကြသော်လည်း ဗြောင်ကျကျ ကူညီပေး၍ မရသလို ရွာထဲတွင်လည်း ဆင်းရဲသဖြင့် ကူညီနိုင်စွမ်း အကန့်အသတ် ရှိလေသည်။

ယင်းကျန့်လင် ထွက်သွားပြီးနောက် လင်မယားနှစ်ဦးမှာ သစ်သားကုတင်ပေါ်တွင် ထိုင်ကာ သက်ပြင်းချလိုက်ကြသည်။

သားငယ်နှင့် အဆက်အသွယ် ပြတ်တောက်နေသော်လည်း အဘိုးအဘွားများ၊ ဦးလေးငယ်တို့နှင့် အတူရှိနေသဖြင့် ပြဿနာရှိမည်မဟုတ်ဟု တွေးမိကြသည်။ သားကြီးထံမှမူ စာ ၃ စောင် ဆက်တိုက် ရောက်လာခဲ့သည်။ ယခင်စာတွင် လက်ထပ်တော့မည်ဟု ရေးသားထားသဖြင့် ဖုကျစ်ယွမ်နှင့် ယင်းရှို့ဝမ်တို့မှာ အလွန်လန့်ဖျပ်သွားခဲ့ရသည်။ မိမိသား၏ အကြောင်းကို မိမိကိုယ်တိုင် အသိဆုံးဖြစ်ရာ ဖုမင်ဇယ်၏ စရိုက်အရ မသွားမီက မိသားစုဝင်များက အခြေအနေကြည့်၍ ကျေးလက်တွင် အိမ်ထောင်ပြုရန် သေသေချာချာ မှာကြားခဲ့သော်လည်း သူက လေထဲတွင် လွင့်ပစ်လိုက်မည်ဟု ထင်မှတ်ထားခဲ့သည်။ သူသည် ၅ နှစ် သို့မဟုတ် ၁၀ နှစ်ကြာသည်အထိ လူပျိုကြီးအဖြစ်သာ နေသွားမည်ဟု ထင်ထားခဲ့ကြသည်။

သို့သော် ကျေးလက်သို့ ရောက်ရှိပြီး တစ်နှစ်အတွင်းမှာပင် လက်ထပ်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ထို့အပြင် ဤကလေးဆိုးမှာ စာရေးတိုင်း အလွန်တိုတောင်းလှသည်။ ယခင်စာတွင် လက်ထပ်တော့မည်ဟု တစ်ကြောင်းတည်းသာ ရေးထားပြီး တခြားဘာမှ မပါသဖြင့် ဖုကျစ်ယွမ်နှင့် ယင်းရှို့ဝမ်တို့မှာ သူသည် ရွာထဲတွင် သူတစ်ပါး၏ လှည့်စားခြင်းကို ခံရကာ အတင်းအကျပ် လက်ထပ်လိုက်ရခြင်းများလားဟုပင် သံသယဝင်ကာ စိုးရိမ်ပူပန်နေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ယခု ဒုတိယစာ ရောက်လာခဲ့သည်။

"ချွေးမက ချောမောပြီး ထူးချွန်ပုံရတယ်" ယင်းရှို့ဝမ်က စိတ်သက်သာရာရစွာ ပြောလိုက်သည်။

ဖုကျစ်ယွမ်က မျက်မှန်ကို ပင့်တင်လိုက်ပြီး သံသယဖြစ်ဖွယ် အမူအရာဖြင့် လှမ်းကြည့်လိုက်ကာ "ဖုမင်ဇယ်က သူ့ရုပ်ရည်လေးကို အားကိုးပြီး လျိုချောင်တပ်ဖွဲ့မှာ မိန်းမနား ခိုစားနေတာလား မသိဘူး။ တစ်ခုခုတော့ လွဲနေသလိုပဲ။ ယောက္ခထီးက တပ်ဖွဲ့ပိုင်စက်ရုံက အရာရှိ၊ ချွေးမက ဆရာမလုပ်နေပြီး နောက်ပိုင်း နိုင်ငံပိုင်စက်ရုံကို ဝင်မယ်ဆိုတော့ ဒါက ကျေးလက်မှာ အရမ်းကောင်းတဲ့ အခြေအနေပဲ"

သူတို့ကိုယ်တိုင်လည်း ယခု ကျေးလက်ဒေသတွင် နေထိုင်နေကြသဖြင့် ကျေးလက်၏ အခြေအနေကို အကြမ်းဖျင်း သိရှိထားကြသည်။ ဥပမာ ဤယင်းကျားရွာတွင် တပ်ဖွဲ့၌ အလုပ်လုပ်သူ ၄ ဦးသာရှိပြီး ၃ ဦးမှာ ယာယီဝန်ထမ်းများဖြစ်ကာ ၁ ဦးမှာ အမြဲတမ်းဝန်ထမ်းဖြစ်သော်လည်း ဆွေမျိုးများ၏ အကူအညီဖြင့် အလုပ်ရခဲ့ခြင်း ဖြစ်သည်။

တပ်ဖွဲ့တွင် အလုပ်သမားအဖြစ် ဝင်ရောက်နိုင်သူများမှာ အလယ်တန်းအထက် ပညာအရည်အချင်းရှိသော လူရွယ်များဖြစ်ကြပြီး များသောအားဖြင့် ယောက်ျားလေးများသာ ဖြစ်ကြကာ သားအဖနှစ်ယောက်စလုံး တပ်ဖွဲ့တွင် အလုပ်လုပ်နေသူမျိုး လုံးဝမတွေ့ဖူးချေ။

သားအဖနှစ်ယောက်စလုံး အလုပ်ရှိပါက တပ်ဖွဲ့ချုပ်တွင် နေထိုင်ရမည် မဟုတ်ပါလား။ ဖုမင်ဇယ်က သူတို့နှင့် မည်သို့များ ပတ်သက်သွားသနည်း။

ယင်းရှို့ဝမ်က မဖြစ်နိုင်ကြောင်းနှင့် သူမသားမှာ ထိုသို့သောလူစားမျိုး မဟုတ်ကြောင်း ပြောချင်သော်လည်း စာကို ထပ်ခါတလဲလဲ ဖတ်ကြည့်ပြီးနောက် ခင်ပွန်းဖြစ်သူ၏ သံသယမှာ အတော်လေး အဓိပ္ပာယ်ရှိနေကြောင်း ဝန်ခံရတော့သည်။

ဖုမင်ဇယ်သည် ဆင်းရဲချင်ယောင်ဆောင်ကာ ကျေးလက်သို့ သွားခဲ့ခြင်း မဟုတ်ပါလား။ ဆင်းရဲသော ပညာတတ်လူငယ်တစ်ဦးကို တစ်ဖက်လူက ဘာများ မျှော်လင့်ပြီး လက်ထပ်ပါမည်နည်း။

သူ၏ ရုပ်ရည်ကိုသာ မျှော်လင့်နိုင်ပေသည်။

ယင်းရှို့ဝမ်က စဉ်းစားကြည့်ပြီးနောက် သူ၏ ရုပ်ရည်ကြောင့် လက်ထပ်သည်ဆိုလျှင်လည်း ဖြစ်ပါစေတော့။ ရုပ်ရည်ကို အားကိုးကာ ချွေးမတစ်ယောက် ရလာနိုင်ခြင်းကိုပင် သူမကတော့ ကျေနပ်နေလေပြီ။ "ရှင် ကြည့်ပါဦး... ကံကောင်းလို့ ကျွန်မက သူ့ကို ချောချောမောမောလေး မွေးပေးထားတာ"

လင်မယားနှစ်ဦးမှာ တစ်ခဏ စကားပြောဆိုကြပြီးနောက် ဖုမင်ဇယ် ပို့လာသော ပစ္စည်းများကို သိမ်းဆည်းရန် ထလာခဲ့သည်။ သူတို့ သိမ်းဆည်းနေစဉ် ရင်ထဲတွင်မူ မိမိတို့လည်း သားနှင့်အတူ မိန်းမနား ခိုစားနေသလို ခံစားချက်မျိုး အနည်းငယ် ဖြစ်ပေါ်နေမိသည်။

........

မိုင်ထောင်ချီ ကွာဝေးသော နယ်စပ်ဒေသတွင် ဖြစ်သည်။

ဖုပေါ်ယွမ်သည် အထုပ်တစ်ထုပ်ကို ကိုင်ကာ ခြံထဲသို့ ဝင်လာစဉ် နေဆာလှုံနေသော အဘွားကြီးက မျက်လုံးများ ပင့်ကြည့်လိုက်သည်။ "အို... ဒါ ဘယ်က ပို့လာတာလဲ"

ဖုပေါ်ယွမ် အနီးသို့ရောက်မှ ပြောလိုက်သည်။ "နန်ပြည်နယ် လျိုချောင်တပ်ဖွဲ့က ပို့လာတာ"

အဘွားကြီးက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သားငယ်၏နောက်သို့ လိုက်ကာ အိမ်ထဲသို့ ဝင်သွားရင်း တတွတ်တွတ် ပြောနေလေသည်။ "မင်ဇယ်ပဲ ဖြစ်ရမယ်။ မင်ဇယ် ပို့လာတာလား။ ဒီကလေး... အရင်ကတည်းက စာတစ်စောင်လောက်တောင် မပို့ဘဲ အခုမှ ရုတ်တရက် အထုပ်ကြီး ပို့လာရတယ်လို့။ မြန်မြန်... မြန်မြန် ဖွင့်ကြည့်စမ်း... စာပါလားလို့"

အထုပ်ကို ဖောက်ကြည့်သောအခါ ယင်းကျားရွာသို့ ပို့သော ပစ္စည်းများနှင့် သိပ်မကွာခြားဘဲ စာမှာလည်း အစ်ကိုပေါင်ကပင် ရေးထားခြင်းဖြစ်သော်လည်း ယင်းကျားရွာသို့ ပို့သောစာထက် အနည်းငယ် ပိုရှည်သည်။ ဖုမင်ဇယ် လက်ထပ်သွားသည့်အကြောင်းကို အသေးစိတ် ရေးသားထားပြီး ရှန်မော့အာက ကျောင်းသားများကို ဦးဆောင်၍ ပြိုင်ပွဲဝင်ကာ ဆုရရှိခဲ့ခြင်းနှင့် နန်ပြည်နယ် ပန်းထိုးစက်ရုံကို လျိုချောင်တပ်ဖွဲ့၌ စက်ရုံခွဲလာရောက်တည်ဆောက်ရန် ဆွဲဆောင်နိုင်ခဲ့ခြင်းတို့ကိုပါ အသေးစိတ် ဖော်ပြထားရာ အချုပ်အားဖြင့်ဆိုရသော် ရှန်မော့အာကို အလွန်အမင်း ချီးကျူးထားခြင်းပင်။

အဘွားကြီးမှာ မြေးကြီး လက်ထပ်သွားသည့်ကိစ္စကို မသိသေးသဖြင့် အံ့အားသင့်သွားပြီး ဖုပေါ်ယွမ်ကို မေးလိုက်သည်။ "ဒီစာထဲက ရှောင်မင် ဆိုတာ မင်ဇယ်လား။ ကျင့်ပေါင်က ငါတို့ကို ပျော်အောင် လျှောက်ပြောနေတာတော့ မဟုတ်ပါဘူးနော်"

ဖုပေါ်ယွမ်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ "အဲဒီလောက်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီစာကတော့ တကယ်ကို ရယ်စရာကောင်းအောင် ရေးထားတာပဲ"

အဘွားကြီးက အော်ဟစ်လိုက်သည်။ "အဘိုးကြီး... အဘိုးကြီး... ဒီကိုလာခဲ့ပါဦး။ မင်ဇယ် လက်ထပ်သွားပြီတဲ့"

တခြားအခန်းတစ်ခန်းထဲတွင် မြေးသုံးယောက်ကို ပုံပြင်ပြောပြနေသော အဘိုးဖုက ခေါင်းကိုစောင်းကာ ခဏနားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ငါ့နားတွေ ပြဿနာဖြစ်နေပြီ ထင်တယ်။ နင်တို့အဘွားက မင်ဇယ် လက်ထပ်သွားပြီလို့ ပြောတာ ကြားနေရတယ်"

ကုလားထိုင်ပေါ်တွင် ထိုင်ကာ စာအုပ်ဖတ်နေသော ဖုမင်ကျိုးက အဘိုးဖြစ်သူကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အဘိုး... နားကြားလွဲတာ မဟုတ်ဘူး။ အဘွားပြောတာ အစ်ကိုကြီး လက်ထပ်သွားပြီတဲ့"

ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး "ကျွန်တော်တို့ သွားကြည့်ကြရအောင်"

အဘိုးဖု၏ ပထမဆုံး တုံ့ပြန်မှုမှာ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နင်တို့အဘွား အသက်ကြီးပြီး သတိမေ့နေတာ" ဟူ၍။

မိနစ်အနည်းငယ်ကြာပြီးနောက် အဘွားကြီးက အထုပ်ထဲမှ ရှာတွေ့လာသော ဓာတ်ပုံကို ကြည့်ကာ အဘိုးဖုက မျက်မှန်ကို ပင့်တင်ရင်း မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။ "တကယ်ပဲ လက်ထပ်သွားတာလား"

အဘွားကြီးက ပြုံးလိုက်ပြီး "မိန်းကလေးက ချောမောလှပပြီး ထူးချွန်တယ်။ ကျင့်ပေါင်တောင် အရမ်းအားကျနေတာ"

ဖုပေါ်ယွမ်က ဖြည့်ပြောလိုက်သည်။ "မိသားစုနောက်ခံကောင်းတယ်။ ဆင်းရဲသားမျိုးရိုးက လာတာ။ ယောက္ခမက စောစောဆုံးသွားတော့ သားအဖနှစ်ယောက်တည်း နေကြတာ။ ယောက္ခထီးက တပ်ဖွဲ့ပိုင်စက်ရုံက ပြန်ကြားရေးဌာန အရာရှိ။ သူ့မိန်းမက အစက ပညာရေးဝန်ထမ်းလုပ်ပြီး ပြည်နယ်မြို့တော်မှာ ပြိုင်ပွဲသွားပြိုင်ရင်း နန်ပြည်နယ် ပန်းထိုးစက်ရုံနဲ့ အဆက်အသွယ်ရခဲ့တယ်။ သူတို့က သူ့ရဲ့ လက်ရာကို သဘောကျလို့ လျိုချောင်တပ်ဖွဲ့မှာ စက်ရုံခွဲလာဆောက်တာ။ စက်ရုံပြီးသွားရင် သူ့မိန်းမက ဒုတိယစက်ရုံမှူး ဖြစ်လာမှာ"

"နန်ပြည်နယ် ပန်းထိုးစက်ရုံဆိုတာ နိုင်ငံခြားပို့ကုန်လုပ်ငန်း မဟုတ်လား။ နိုင်ငံတော်လက်ဆောင်ပစ္စည်း ထုတ်လုပ်တဲ့ နေရာလို့တောင် မှတ်မိသေးတယ်" အဘိုးဖုက မျက်မှောင်ကြုတ်ကာ စဉ်းစားရင်း ပြောလိုက်သည်။

ဖုပေါ်ယွမ်: "ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ တက္ကသိုလ်ကျောင်းသူဟောင်း တစ်ယောက်က အဲဒီစက်ရုံမှာ အလုပ်လုပ်တယ်။ နန်ပြည်နယ်ရဲ့ အဓိကလုပ်ငန်းကြီးပါ"

အဘိုးဖုက စုပ်သပ်လိုက်ပြီး မေးလိုက်သည်။ "ဒီမိန်းကလေးက ဖုမင်ဇယ်ရဲ့ ဘာကို သဘောကျတာလဲ"

အဘွားကြီးက ရယ်မောကာ ပြောလိုက်လေသည်။ "သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကို သဘောကျတာပေါ့။ ငါတို့ မင်ဇယ်က တခြားဟာတွေ မပြောနဲ့... ရုပ်ရည်ကတော့ တကယ်ကောင်းတာ။ သူ့ရုပ်ရည်လေးနဲ့တင် မိန်းမရနိုင်တယ်လို့ ငါပြောသားပဲ။ ကြည့်လေ... အခု ရလာပြီ မဟုတ်လား"

အဘိုးဖု: "..."

ဖုပေါ်ယွမ်က ရယ်မောလိုက်သည်။ "အမေ... မင်ဇယ်က ရုပ်ချောတာအပြင် အရမ်းထူးချွန်တဲ့ ကလေးတစ်ယောက်ပါ"

အဘွားကြီးမှာ ပျော်ရွှင်စွာဖြင့် ဖိနပ်များကို စမ်းစီးနေပြီး ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။ "ထူးချွန်ပါတယ်... ထူးချွန်ပါတယ်။ ငါတို့ မင်ဇယ်က ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတယ်။ ဉာဏ်လည်းကောင်း ရုပ်လည်းချောတော့ မိန်းမကိုတောင် ကိုယ့်ဘာသာ ရှာနိုင်သေးတာ။ မထူးချွန်ဘူးလို့ ပြောလို့ရမလား။ အို... ဒီဖိနပ်က စီးရတာ သက်တောင့်သက်သာရှိပြီး အရွယ်အစားကလည်း ကွက်တိပဲ။ တကယ်ကောင်းတာပဲ။ မြေးမွေးရတာ ဘာအသုံးကျလဲ... မြေးချွေးမလေးကမှ ပိုကောင်းသေးတယ်။ ဒီပစ္စည်းတွေက သေချာပေါက် မြေးချွေးမလေး ရွေးပေးလိုက်တာ ဖြစ်ရမယ်"

အဘိုးဖုက ဖိနပ်ကို ယူကာ တိတ်တဆိတ် စမ်းစီးကြည့်ပြီးနောက်... အင်း အရွယ်အစားကိုက်ညီပြီး စီးရသည်မှာလည်း သက်တောင့်သက်သာ ရှိသည်ဟု တွေးကာ သားငယ်ကို မှာကြားလိုက်သည်။ "နှစ်သစ်ကူးမတိုင်ခင် အဲဒီကလေးဆီ ပစ္စည်းတချို့ ပို့လိုက်ပါဦး"

ဖုပေါ်ယွမ်က ပြုံးကာ ပြောလိုက်လေသည်။ "ကောင်းပါပြီ"

အားလုံးက မြေးချွေးမလေးအပေါ် တော်တော်လေး သဘောကျနေတဲ့ပုံပဲ!

…

အပိုင်း (၆၆) နှစ်သစ်ကူးပြီနော်~

လပြက္ခဒိန် ၁၂ လပိုင်း< ၂၂ ရက်နေ့မှ စတင်၍ ရှန်မိသားစု၏ စာသင်ဝိုင်းလေးကို အနားပေးထားလိုက်သည်။

နှစ်သစ်ကူး အငွေ့အသက်များက အလွန်ပင် လွှမ်းခြုံနေလေပြီ။ ဤခေတ်ကာလတွင် လူတိုင်းသည် မချမ်းသာကြပေ။ ထိုအကြောင်းပြချက်ကြောင့်ပင် နှစ်သစ်ကူးပွဲတော်က ပိုအရေးပါလာလေသည်။ သာမန်အချိန်များ၌ အလွန် ချွေတာစေ့စပ်ကြသူများပင်လျှင် နှစ်သစ်ကူးချိန် ရောက်လာသောအခါ ဘယ်လောက် ဆင်းရဲသော မိသားစုဖြစ်ပါစေ၊ နေ့စဉ် မစားရက် မသောက်ရက်သည့် အစားအသောက်များကို နည်းလမ်းရှာပြီး ပြင်ဆင်ကြရသည်။

အခြေအနေ အနည်းငယ် သင့်တင့်သော မိသားစုများဆိုလျှင် စားစရာသောက်စရာများ ပြင်ဆင်ရုံသာမက အသုံးအဆောင် ပစ္စည်းများကိုပါ ဝယ်ယူကြပြီး အဝတ်အစားသစ် တစ်စုံနှစ်စုံခန့်ပင် ချုပ်လုပ်ဝတ်ဆင်ကြသည်။ လူတိုင်းက အဝတ်အစားသစ် ချုပ်ဝတ်ရန် မဖြစ်နိုင်သော်လည်း နှစ်စဉ် အလှည့်ကျဖြင့် တစ်စုံနှစ်စုံခန့် ချုပ်လုပ်ခြင်းကတော့ ဖြစ်နိုင်ပေသည်။

စပါးဝေစုများကို စောစောစီးစီးကပင် အပ်နှံပြီးဖြစ်သလို သတ်မှတ်ထားသော ဝက်များကိုလည်း ပေးသွင်းပြီး ဖြစ်သည်။ တပ်ဖွဲ့စာရင်းကိုင်သည် အစောကတည်းက တွက်ချက်ထားခဲ့ပြီး ဖြစ်၏။ ယခုနှစ်တွင် သူတို့ တပ်ဖွဲ့၏ ဆောင်းဦးရိတ်သိမ်းမှုက ကောင်းမွန်လှပြီး ဝက်များကိုလည်း ဆူဖြိုးအောင် မွေးမြူနိုင်ခဲ့သည်။ ထို့ကြောင့် လုပ်အားခရမှတ် တစ်မှတ်လျှင် ၅၂ဖန်း တန်ဖိုးရှိလေသည်။ ထိုပမာဏသည် ယခင်နှစ်က ရရှိခဲ့သော ၄၄ဖန်းထက် များစွာ ပိုမိုများပြားနေခဲ့သည်။

တပ်ဖွဲ့ကလည်း အချိန်ဆွဲမနေခဲ့ချေ။ လပြက္ခဒိန် ၂၃ ရက်နေ့တွင် ငွေများကို ခွဲဝေပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် ရိက္ခာများကိုလည်း အနည်းငယ် ခွဲဝေပေးခဲ့သည်။ ဆောင်းဦးရိတ်သိမ်းအပြီးတွင် ရိက္ခာများကို တစ်ကြိမ် ခွဲဝေပြီးဖြစ်သည်။ သို့သော် နှစ်သစ်ကူးအချိန်ဖြစ်သဖြင့် သေချာပေါက် ကွဲပြားခြားနားမှုတော့ ရှိလေသည်။ အနည်းငယ် ခွဲဝေပေးခြင်းကပင် ဝမ်းမြောက်စရာတစ်ခုကို တိုးပွားစေခြင်းပင်။

ရှန်မော့အာတို့ မိသားစုလည်း ခွဲဝေရရှိခဲ့သည်။ မူလပိုင်ရှင် သားအဖနှစ်ယောက်သည် နှစ်ဝက်ကျော်ခန့် အလုပ်လုပ်ခဲ့ကြပြီး ရှန်ရှောက်ယွမ်ကလည်း အချိန်အတန်ကြာ လုပ်ကိုင်ခဲ့သေးသည်။ ထို့အပြင် သူတို့မိသားစုတွင် တစ်နှစ်ပတ်လုံး အပြည့်အဝ လုပ်ကိုင်ခဲ့သော ပညာတတ်လူငယ်ဖု လည်း တိုးလာခဲ့သေးသည်။ လုပ်အားခရမှတ်များကို တွက်ချက်ကြည့်မည်ဆိုလျှင် ယွမ် ၂၀၀ ကျော် ရရှိနိုင်လိမ့်မည်။ သို့သော် အိမ်ဆောက်စဉ်ကနှင့် ရှန်မော့အာ မင်္ဂလာဆောင်စဉ်က ရှန်ရှောက်ယွမ်သည် တပ်ဖွဲ့ထံမှ ငွေကြိုထုတ်ထားခဲ့သဖြင့် အကြွေးများကို နုတ်ယူပြီးနောက် သူတို့မိသားစုသည် ၈၉ ယွမ်တိတိ ရရှိခဲ့လေသည်။

တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ပြီး နောက်ဆုံးတွင် ၈၉ ယွမ်သာ ကျန်ရှိတော့သည်။

သည်လောက်နှင့်ပင် ယန်လျိုတပ်ဖွဲ့ တစ်ခုလုံးတွင် များပြားလှပြီဟု ဆိုရမည်သာ။

တချို့မိသားစုများတွင် လုပ်နိုင်ကိုင်နိုင်သော လူငယ်များပြားပြီး လုပ်အားခရမှတ်များများ ရရှိကြသော်လည်း ထိုမိသားစုမျိုးတွင် ကလေးများလည်း များပြားတတ်သဖြင့် စားဝတ်နေရေး စရိတ်စကများ ပိုကြီးမားတတ်သည်။ သီးနှံအထွက်မကောင်းသော နှစ်များဆိုလျှင် တပ်ဖွဲ့ထံမှ ငွေထုတ်ယူရန်မဆိုထားနှင့် ရိက္ခာဖိုးပင် ပြန်လည်ပေးဆပ်ရတတ်သည်။ ယခုနှစ်ကဲ့သို့ အထွက်နှုန်းကောင်းသော နှစ်မျိုးတွင် ယွမ်ဂဏန်းအနည်းငယ် ရရှိခြင်းကပင် သူတို့ကို အလွန် ပျော်ရွှင်စေခဲ့သည်။

ငွေများ ခွဲဝေပြီးနောက် လူများသည် တပ်ဖွဲ့ချုပ်သို့ တဖွဲဖွဲ သွားရောက်ခဲ့ကြသည်။ အစောပိုင်းက စကလေးဈေးကို ပိတ်သိမ်းမည်ဟု သတင်းထွက်ခဲ့သော်လည်း နှစ်သစ်ကူးအချိန်ကို ထည့်သွင်းစဉ်းစားကာ ဆက်လက် ဖွင့်လှစ်ထားခဲ့ပုံရသည်။ ထို့အပြင် ၁၂လပိုင်း လကုန်ရက်များတွင် နေ့စဉ် ဈေးဖွင့်လှစ်ထားပြီး နှစ်သစ်ကူးပြီးနောက်မှသာ တရားဝင် ပိတ်သိမ်းလိမ့်မည်ဟု ဆိုကြလေသည်။

ရှန်မော့အာနှင့် ဖုမင်ဇယ်တို့လည်း နောက်ထပ်တစ်ကြိမ် သွားရောက်ခဲ့ကြသေးသည်။ သူတို့နှစ်ယောက်စလုံးသည် ပစ္စည်းများကို ကိုယ်စီ ခိုးကြောင်ခိုးဝှက် ဝယ်ယူခဲ့ကြသည်။ ထို့နောက် ၁၂လပိုင်း ၂၅ ရက်နေ့၊ တပ်ဖွဲ့မှ နှစ်သစ်ကူးဝက်ကို သတ်မည့်နေ့သို့ ရောက်ရှိလာခဲ့လေသည်။

ရှန်ရှောက်ယွမ်ကတော့ အလုပ်သွားရဦးမည်။ မနက်စောစော မနက်စာစားပြီးသည်နှင့် သူ ထွက်သွားခဲ့သည်။ ရှန်မော့အာက တံမြက်စည်းကိုင်ကာ အိမ်ရှေ့ကို တံမြက်လှည်းရန် ပြင်နေစဉ် မောင်းမောင်က ဆော့ကစားနေသော ကလေးတစ်သိုက်ကို ဦးဆောင်ကာ ခြံဝင်းတံခါးဝသို့ ပြေးဝင်လာပြီး အော်ဟစ်ပြောဆိုလိုက်သည်။ "အစ်မမော့အာ၊ ကျွန်တော့်အဘွားက ဝက်သွေးသွားခံဖို့ သံကြွေခွက် တစ်လုံး ယူခဲ့ပါတဲ့။ တစ်အိမ်ထောင်ကို ဝက်သွေးတစ်ပန်းကန် ရမယ်တဲ့။ ဝက်သွေးခဲက သိပ်စားကောင်းတာ၊ သိပ်ကို နူးညံ့တာပဲ"

ရှန်မော့အာသည် တံမြက်စည်းကို ချထားခဲ့ပြီး မီးဖိုချောင်ထဲသို့ ဝင်ကာ သံကြွေခွက် တစ်လုံးကို ယူလိုက်သည်။

ဤသို့သော အချိန်မျိုးတွင် သူတို့ကဲ့သို့ လူဦးရေနည်းသော မိသားစုများက အကျိုးအမြတ် ပိုရရှိလေသည်။ ဝက်သွေးမှာ အနည်းငယ်သာ ရှိသဖြင့် လူဦးရေအလိုက် ခွဲဝေပေးရန် မဖြစ်နိုင်သောကြောင့် အိမ်ထောင်စုအလိုက်သာ ခွဲဝေပေးရသည်။ ရွာထဲရှိ တချို့မိသားစုများသည် မျိုးဆက်ပေါင်းများစွာ အတူနေထိုင်ကြသဖြင့် လူဆယ်ဂဏန်းကျော် ရှိသော အိမ်ထောင်စုတစ်စုလျှင် ဝက်သွေးတစ်ပန်းကန်သာ ရရှိလေသည်။ လူတစ်ယောက်လျှင် တစ်တုံးစာလေးပင် ရရှိရန် ခက်ခဲလှသည်။ သူတို့မိသားစုတွင်တော့ စုစုပေါင်း ၃ ယောက်သာ ရှိသဖြင့် ဝက်သွေးတစ်ပန်းကန် ရရှိခြင်းက ဟင်းတစ်ခွက် အပြည့်အဝ တိုးလာခြင်းပင်။

ဖုမင်ဇယ်သည် တပ်ဖွဲ့ရုံးခန်းရှိ ရေတွင်းဘေးတွင် အဝတ်လျှော်နေလေသည်။ ရှန်မော့အာက လမ်းဆုံတွင် ရပ်ကာ လှမ်းအော်လိုက်၏။ "ပညာတတ်လူငယ်ဖု၊ ရှင် ဝက်သတ်တာကို သွားကြည့်မလား"

ဖုမင်ဇယ်သည် အပေါက်ငယ်တစ်ခု ပါရှိသော သိုးမွေးဆွယ်တာကို ဝတ်ဆင်ထားပြီး သံကြွေဇလုံထဲသို့ ရေလောင်းထည့်ရန် ပြင်နေသည်။ တသွင်သွင် စီးကျနေသော ရေသံကြားတွင် သူ ခေါင်းမော့ကြည့်လိုက်သောအခါ သံကြွေခွက်ကို ကိုင်ဆောင်ထားပြီး စိတ်လှုပ်ရှား တက်ကြွနေသည့် ရှန်မော့အာကို မြင်လိုက်ရသည်။ သူ မနေနိုင်ဘဲ ပြုံးလိုက်မိကာ "မင်း အရင်သွားနှင့်လိုက်ပါ။ ကို ခဏနေရင် ပြီးပြီ၊ ပြီးတာနဲ့ ချက်ချင်း လိုက်ခဲ့မယ်"

ရှန်မော့အာက ချက်ချင်းပင် "ကောင်းပြီလေ၊ ဒါဆို ကျွန်မ သူတို့နဲ့ အရင်သွားနှင့်မယ်၊ ရှင် မြန်မြန် လိုက်ခဲ့နော်"

သူမသည် မောင်းမောင်၏ လက်ကို ဆွဲကာ ပျော်ရွှင်စွာဖြင့် ထွက်သွားခဲ့လေသည်။

ကလေးတစ်သိုက်သည် "ဝက်သတ်တော့မယ်ဟေ့၊ ဝက်သတ်တော့မယ်" ဟု ကြွေးကြော်ကာ ရွှင်မြူးစွာဖြင့် ရှေ့သို့ ပြေးသွားကြသည်။ ရှန်မော့အာသည်လည်း ပြုံးရွှင်စွာဖြင့် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်သွားခဲ့သည်။

ဖုမင်ဇယ်ကတော့ စုပ်သပ်လိုက်သည်။ ပျော်ရွှင်နေတဲ့ပုံကို ကြည့်ပါဦး။ သူ့ကို တစ်ချက်တောင် လှည့်မကြည့်ဘူး။

သူသည် သံကြွေဇလုံထဲရှိ အေးစက်နေသော ရေထဲသို့ လက်ကိုနှိုက်ကာ အဝတ်အစားများကို မြန်မြန်ဆန်ဆန် ပွတ်လျှော်လိုက်သည်။ မကြာမီမှာပင် အဝတ်လျှော် ပြီးစီးသွားပြီး ခြံဝင်းထဲသို့ ပြန်ယူလာကာ ဝါးလုံးတန်းပေါ်တွင် လှန်းထားလိုက်သည်။

ဟိုဘက်တွင်တော့ ရှန်မော့အာသည် ကလေးတစ်သိုက်နှင့်အတူ ကောက်နယ်တလင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဝက်သတ်ခုံပေါ်တွင် တုပ်နှောင်ခံထားရသော ဝက်များက အော်ဟစ်ရုန်းကန်နေလေသည်။ ဝက်သတ်ခုံ၏ ဘေးပတ်လည်တွင် လူများက အထပ်ထပ် ဝိုင်းအုံကြည့်ရှုနေကြ၏။ ရှန်မော့အာက စိတ်ဝင်တစား ကြည့်ရှုနေသော်လည်း အနီးကပ်သွားလျှင် ညစ်ပေမည်ကို စိုးရိမ်သဖြင့် လူအုပ်၏ အပြင်ဘက်တွင်သာ ရပ်နေခဲ့သည်။ မောင်းမောင်ကတော့ ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူကာ သူမ၏ သံကြွေခွက်ကို ကိုင်ဆောင်လျက် လူအုပ်ထဲသို့ တိုးဝင်သွားခဲ့သည်။ မကြာမီမှာပင် ဝက်၏ အော်သံထက်ပင် မတိုးသော သူ၏ အသံကျယ်ကြီးကို ရှန်မော့အာ ကြားလိုက်ရလေသည်။ "အဘွား၊ အဘွား၊ ဒါက အစ်မမော့အာတို့ မိသားစုအတွက်ခွက်ပါ"

ကျိုးကျောက်တိသည် ရှန်မော့အာ၏ ဘေးတွင် ရပ်နေပြီး တီးတိုးရေရွတ်လိုက်သည်။ "မောင်းမောင်ရဲ့ အသံက တကယ့်ကို ကျယ်တာပဲ"

ရှန်မော့အာက ရယ်မောလိုက်ပြီး သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ မေးလိုက်သည်။ "ယန်တာ့နွီက ဒီရက်ပိုင်း သမီးကို အလုပ်မခိုင်းဘူးလား"

ကျိုးကျောက်တိက မော့ကြည့်ကာ ပြုံးလိုက်သည်။ ရှန်မော့အာက ဤသို့မေးလိုက်ခြင်းကြောင့် သူမ မကျေမနပ် မဖြစ်ခဲ့ချေ။ ဆရာမရှန်က သူမကို ဂရုစိုက်သောကြောင့် မေးလာမှန်း သူမ သိထားလေသည်။ သူမက အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "သမီး လုပ်ရမယ့် အလုပ်တွေကို အကုန်လုပ်ပြီးပြီလေ။ သူက သမီး ခိုးစားမှာကို ကြောက်လို့ မီးဖိုချောင်ထဲက အလုပ်တွေကို မခိုင်းတော့ဘူး။ ဒါကြောင့် အားနေတာ"

ဤကလေးမလေးသည် ယခင်က ကြောက်ရွံ့တွန့်ဆုတ်တတ်သော်လည်း နှစ်ဝက်အတွင်းတွင် ပိုပွင့်လင်းရဲတင်းလာခဲ့သည်။ ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့ခြင်းက သူမကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေခဲ့သလား၊ သို့တည်းမဟုတ် တစ်ချိန်လုံး ဆော့ကစားနေတတ်သော မောင်းမောင်နှင့်အတူ အမြဲတမ်း တွဲကစားရင်း ပိုသွက်လက်လာခြင်းလား မသိရချေ။ နှစ်ခုစလုံးလည်း ဖြစ်နိုင်ပေသည်။

ယန်တာ့နွီ၏ ဗိုက်မှာ အတော်ပင် ကြီးနေပြီ ဖြစ်သည်။ ကလေးမမွေးမီ သူမတွင် ဂရုစိုက်ရန် ခွန်အားရှိလိမ့်မည် မဟုတ်ပေ။ သို့သော် နောက်နှစ် နွေဦးပေါက်တွင် သူမ ကလေးမွေးဖွားပြီးသောအခါ အိမ်မှုကိစ္စများကို ကျိုးရှောင်ရွှမ်း သားအဖနှစ်ယောက်ထံ အားကိုးလို့ ရမည်မဟုတ်ပေ။ ထိုအခါ ကလေးငယ်နှစ်ယောက်စလုံးကို ကျိုးကျောက်တိကပင် ထိန်းကျောင်းရဖွယ် ရှိလေသည်။

ရှန်မော့အာက မျက်မှောင်ကြုတ်လိုက်၏။ ဤကလေးမလေးသည် ပန်းချီပညာတွင် အလွန် ပါရမီပါသူ ဖြစ်သည်။ လာမည့်နှစ်တွင် သူမက ပညာကို ဆက်လက် လေ့လာနိုင်ရန် နည်းလမ်းတစ်ခု စဉ်းစားရပေမည်။

လူအုပ်ကြားမှ ရုတ်တရက် ရှုပ်ထွေးသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ဝက်၏ စူးရှသော အော်သံများနှင့် လူများ၏ ပျော်ရွှင်စွာ ကြွေးကြော်သံများ ရောနှောကာ တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ဆူညံသွားလေသည်။

ဝက်နှစ်ကောင်ကို ဆက်တိုက် သတ်ပြီးနောက် မကြာမီမှာပင် မောင်းမောင်က သံကြွေခွက်ကို သတိလေးနှင့် ကိုင်ဆောင်ကာ လူအုပ်ကြားမှ တိုးထွက်လာခဲ့သည်။ "အစ်မမော့အာ၊ အစ်မမော့အာ၊ အစ်မတို့အိမ်အတွက် ဝက်သွေးရပြီ"

အငွေ့တထောင်းထောင်း ထနေသော ဝက်သွေးများကို ရှန်မော့အာ၏ ရှေ့သို့ ကမ်းပေးလိုက်သောအခါ ရှန်မော့အာမှာ ဆွံ့အသွားတော့သည်။

အမှန်အတိုင်း ပြောရလျှင် ရှန်မော့အာသည် ဝက်သွေးကို တစ်ခါမှ မစားဖူးခဲ့ချေ။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင်တော့ ဝက်သွေးခဲကို စားဖူးသည့် အတွေ့အကြုံ ရှိခဲ့သည်။ ထိုမှတ်ဉာဏ်များအရ ဝက်သွေးခဲသည် သူမ တောင့်တခဲ့ရသော ရှားပါးလှသည့် အရသာရှိသော အစားအစာတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ရှန်မော့အာသည်လည်း အနည်းငယ် သိချင်စိတ် ပြင်းပြနေပြီး ဝက်သွေး၏ အရသာကို မြည်းစမ်းကြည့်ချင်ခဲ့သည်။

သို့သော် ထိုအရာက သူမအနေဖြင့် အငွေ့တထောင်းထောင်း ထနေသော သည်လောက်များပြားကာ သွေးလွှမ်းနေသော အရာကြီးကို ရင်ဆိုင်ချင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

"ငါ့ကို ပေးပါ"

နောက်ကျောဘက်မှ လက်တစ်ဖက် ဆန့်ထွက်လာပြီး ဖြူဖွေးသွယ်လျသော လက်ချောင်းများက သံကြွေခွက်၏ အနားသတ်ကို ကိုင်ဆုပ်လိုက်သည်။ ရှန်မော့အာက နောက်လှည့်ကြည့်လိုက်သောအခါ ဖုမင်ဇယ်၏ အကြည့်နှင့် ဆုံသွားလေသည်။ ဖုမင်ဇယ်က သူမ၏ မကြည့်ရက်မမြင်ရက် ဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ရယ်မောလိုက်ကာ "ဘာလို့ အဖုံးပါတဲ့ တစ်လုံးကို မယူလာတာလဲ"

အိမ်တွင် သံကြွေခွက် နှစ်လုံး ရှိသည်။ အဟောင်းတစ်လုံးက အဖုံးမပါဘဲ ဆေးသားကွာနေပြီး အသစ်တစ်လုံးက အဖုံးပါသည်။ အသစ်မှာ ရှန်မော့အာ နောက်ပိုင်းမှ ဝယ်ထားခြင်းတည်း။ ဝက်သွေးများက ညစ်ပေနေမည်ဟု သူမ တွေးမိသဖြင့် အဟောင်းကို ယူလာခဲ့ခြင်း ဖြစ်သည်။ သို့သော် အဖုံးမပါလျှင် သူမကိုယ်တိုင် ထိုသွေးလွှမ်းနေသော အရာကြီးကို တိုက်ရိုက် ရင်ဆိုင်ရမည်ဆိုသည်ကိုတော့ ထည့်မတွက်မိခဲ့ချေ။

တကယ်တော့ အမှားကြီး မှားသွားခြင်းပင်။

သွေးများ ညစ်ပေနေလျှင်လည်း အိမ်ပြန်ရောက်မှ ဆေးကြောလိုက်လျှင် ရသည် မဟုတ်ပါလား။

ဖုမင်ဇယ်က နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်ပြီး "ရပါပြီ၊ ကိုပဲ ကိုင်ထားလိုက်မယ်၊ မင်း မကြည့်နဲ့တော့"

ကံကောင်းထောက်မစွာဖြင့် အိမ်ထောင်စုတစ်စုလျှင် ဝက်သွေးတစ်ပန်းကန်သာ ရရှိသဖြင့် သံကြွေခွက်ထဲသို့ လောင်းထည့်လိုက်သောအခါ တစ်ဝက်ပင် မပြည့်သဖြင့် ဖိတ်စင်ကျမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

ဝက်သွေး ခွဲဝေပြီးနောက် ဝက်သား စတင် ခွဲဝေလေသည်။

အလုပ်လုပ်နေသူများအားလုံးသည် ရွာထဲရှိ ဝက်သတ်ရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြပြီး ဝက်ကို ခုတ်ထစ်ပိုင်းဖြတ်ရာတွင်လည်း အလွန် ကျွမ်းကျင်ကြသည်။ ဝက်နှစ်ကောင်ကို မြန်မြန်ဆန်ဆန်ပင် ခွဲဝေလိုက်ကြသည်။ ဝက်ကလီစာများကို သစ်သားဇလုံကြီး နှစ်လုံးထဲသို့ ထည့်ထားပြီး ဝက်ခြေထောက်များနှင့် နံရိုးများကို တစ်ပုံစီ ပုံထားလိုက်ကြသည်။ ထို့နောက် အကောင်းဆုံးနှင့် အရိုးအနည်းဆုံး အစိတ်အပိုင်းများ၊ အထူးသဖြင့် ထူထဲသော အဆီပိုများဖြစ်သည့် ဖြူဖွေးနေသော အဆီအလွှာများက နေရောင်အောက်တွင် တောက်ပနေလေသည်။

ဝက်သားခွဲဝေခြင်းကို အိမ်ထောင်စုတစ်စုချင်းစီ၏ လုပ်အားခရမှတ် ပမာဏအပေါ် မူတည်၍ ခွဲဝေပေးခြင်း ဖြစ်၏။ ဤအချိန်မျိုးတွင် လူဦးရေများသော မိသားစုများ၏ အားသာချက်က ပိုထင်ရှားလာသည်။ မျိုးဆက်လေးဆက် အတူနေထိုင်သော ကျိုးကန်းချိုက်တို့ မိသားစုကဲ့သို့ လုပ်နိုင်ကိုင်နိုင်သူများပြားပြီး လူဦးရေများသော မိသားစုများသည် အခြားသူများထက် အပြတ်အသတ် သာလွန်နေသည်။ ထို့ကြောင့် ပထမဆုံး ခွဲဝေခွင့်ရရှိသော အိမ်ထောင်စု ဖြစ်လာခဲ့ပြီး အဆီအများဆုံး အသားတစ်တုံးကို ပျော်ရွှင်စွာဖြင့် ရွေးချယ်သွားခဲ့ကြသည်။

လူအုပ်ကြားထဲမှ အားကျမနာလိုသော သက်ပြင်းချသံများ ချက်ချင်း ထွက်ပေါ်လာ၏။ "အို... သူတို့အိမ်က အသားတုံး အကြီးကြီး ရသွားတာပဲ။ ကြည့်စမ်း... အဲဒီအသားက တကယ့်ကို အဆီများတာပဲနော်"

ရှန်မော့အာတို့ မိသားစု၏ လုပ်အားခရမှတ်မှာ နောက်ဆုံးတွင် ရှိနေသဖြင့် သဘာဝကျကျပင် နောက်ဆုံးမှ တန်းစီရလေသည်။ သို့သော် သူမနှင့် ဖုမင်ဇယ်ကတော့ မလောကြချေ။ ရှန်မော့အာသည် နှစ်သစ်ကူးဝက်သတ်ခြင်းနှင့် ဝက်သားခွဲဝေခြင်းကို တစ်ခါမှ မမြင်ဖူးသလို၊ ဖုမင်ဇယ်သည်လည်း အလားတူပင်။ သူသည် ပြီးခဲ့သည့်နှစ်က ကျေးလက်သို့ ရောက်ရှိလာစဉ် ရွာသားများနှင့် မရင်းနှီးသေးသဖြင့် ရွာထဲတွင် ဝက်သတ်သောအခါ ပညာတတ်လူငယ် အများအပြား သွားရောက်ကြည့်ရှုကြသော်လည်း သူကတော့ မသွားခဲ့ချေ။ ထို့ကြောင့် သူသည်လည်း နှစ်သစ်ကူးဝက်သတ်ခြင်းနှင့် ဝက်သားခွဲဝေခြင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်၏။

သူတို့နှစ်ဦးစလုံးသည် ဆန်းသစ်နေသည်ဟု ခံစားရပြီး အလွန် စိတ်ဝင်တစား ကြည့်ရှုနေကြလေသည်။

ရှန်မိသားစု ညီအစ်ကိုများထဲတွင် ရှန်အစ်ကိုကြီးတို့ မိသားစုက လူဦးရေအများဆုံး ဖြစ်သဖြင့် အစောဆုံး ခွဲဝေခွင့်ရရှိခဲ့ပြီး အဆီများသော အသားတစ်တုံးကို ရွေးချယ်နိုင်ခဲ့သည်။ ရှန်လောင်စန်းတို့ မိသားစုကတော့ လူဦးရေအနည်းဆုံး ဖြစ်သည်။ သားအမိနှစ်ယောက်၊ မြေးနှစ်ယောက်နှင့် အိမ်ထောင်မကျသေးသော သမီးငယ် ရှန်ချွန်းဖန် တို့သာ ရှိသဖြင့် ခွဲဝေခွင့်ရရှိချိန်တွင် အဆီများသော အသားများ သိပ်မကျန်တော့ချေ။ ချောင်မေသည် အဆီတစ်ဝက် အသားတစ်ဝက် ပါသော အသားတုံးကိုသာ ရွေးချယ်နိုင်ခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာသလိုနှင့် မကျေမနပ်ဖြစ်နေသည့် အမူအရာများ ရောယှက်နေလေသည်။

သို့သော် ချောင်မေသည် တန်းစီနေသော ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ကို မြင်လိုက်ရသောအခါ အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်သွားခဲ့သည်။ သူမက တန်းစီနေသော လူအုပ်ဘေးသို့ တမင်တကာ သွားရောက်ကာ ရယ်မောလျက် ပြောလိုက်သည်။ "အို... ကျွန်မတို့အိမ်က အသားတုံးက အဆီနည်းလွန်းတယ်ဟေ့။ ဒီလောက်လေးပဲ ပါတာ။ ဒါပေမဲ့ ကျန်နေတဲ့ အရိုးတွေထက်စာရင်တော့ အများကြီး ကောင်းပါသေးတယ်။ အရိုးက နည်းနည်းပိုပေးရင်တောင် အသားနဲ့တော့ ဘယ်လိုလုပ် ယှဉ်လို့ရပါ့မလဲ"

ရှန်မော့အာက စကားပြောရန် မလိုဘဲ အရှေ့အနောက်တွင် တန်းစီနေသူများက ဝင်ရောက် တုံ့ပြန်လိုက်ကြသည်။

"ချောင်မေ... ရှင် အသာနေစမ်းပါ။ ကျွန်မတို့က အိမ်ခွဲနေလို့သာပေါ့။ တကယ်လို့ အိမ်မခွဲရသေးရင် ရှင့်အိမ်ထက်စောပြီး တန်းစီရမှာလေ။ ရှင်က ဆင်းရဲပြီးတော့ ဘာတွေများ လေလုံးထွားနေတာလဲ။ အသားလေး နည်းနည်းရတာကိုပဲ မြောက်ကြွမြောက်ကြွ ဖြစ်နေလိုက်တာ"

"ဟုတ်ပါ့... ကျွန်မတို့ ဘာရရ ရှင်နဲ့ ဘာဆိုင်လို့လဲ။ တကယ့်ကို သူများကိစ္စ ဝင်ပါတာပဲ။ တောက်... နှစ်သစ်ကူးကြီးမှာ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေတယ်။ တကယ့်ကို အောက်တန်းကျတာပဲ"

"ရှန်မော့အာတို့ မိသားစုက အသားကောင်းကောင်း မရဘူးလို့ ပြောချင်နေတာ မဟုတ်လား။ ဒါပေမဲ့ ချောင်မေ... ရှင် မေ့နေပြီလား။ သူတို့မိသားစုမှာ အလုပ်သမား နှစ်ယောက်တောင် ရှိတာနော်။ လစဉ် အသားဝယ်ခွင့် လက်မှတ်တွေ ပုံမှန်ရနေတာ။ အို... ကျွန်မတော့ တကယ် လက်မြှောက်တယ်။ သူတို့ အသားစားနေတဲ့အချိန်မှာ ရှင်က ဖွဲနုစားပြီး ရေဆာနေရတာကို"

"ဦးနှောက်ရှိရင် သူများသွေးထိုးတာခံပြီး ရိက္ခာတွေ လုယူမှာ မဟုတ်ဘူးလေ။ သွား သွား သွား... အသားရပြီဆိုရင်လည်း မြန်မြန်မသွားဘဲ ဘာလုပ်နေတာလဲ"

ရှန်မော့အာက မောင်းမောင်တို့ကို ခေါ်၍ ပြည်နယ်မြို့တော်သို့သွားကာ ဆုရရှိခဲ့ပြီးနောက်ပိုင်းတွင် ရွာသားများက ရှန်မော့အာသည် ယန်လျိုတပ်ဖွဲ့အတွက် ဂုဏ်ဆောင်ပေးသူဟု ယူဆလာကြပြီး သူမအပေါ် ကြည်ညိုလေးစားမှုများ မြင့်တက်လာခဲ့သည်။ နောက်ပိုင်း ပန်းထိုးစက်ရုံ ကိစ္စပေါ်ပေါက်လာသောအခါ တပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင်ကပင် ရှန်မော့အာသည် တပ်ဖွဲ့အတွက် နေရာအများဆုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် သူမက လူတိုင်းကို လက်တွေ့ သင်ကြားပြသပေးခဲ့သည်။ ထို့ကြောင့် တပ်ဖွဲ့အတွက် လူတစ်ဒါဇင်ကျော် အလုပ်သမားဖြစ်လာမည့် အခွင့်အရေးကို ဖန်တီးပေးခဲ့ခြင်းပင်။ ယခုအခါ ရွာသားများက ရှန်မော့အာကို သူတို့တပ်ဖွဲ့၏ ကံကောင်းခြင်းသင်္ကေတအဖြစ် မှတ်ယူနေကြလေပြီ။

ကံကောင်းခြင်းသင်္ကေတ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

ပြိုင်ပွဲတွင် ဆုရရှိခဲ့ခြင်းနှင့် ပန်းထိုးစက်ရုံ ကိစ္စများကြောင့် ယန်လျိုတပ်ဖွဲ့သည် ယခုအခါ ပတ်ဝန်းကျင် ရွာများကြားတွင် နာမည်ကြီးနေသည်။ နှစ်သစ်ကူးမတိုင်မီ ရွာရှိ လူငယ်လေးများနှင့် မိန်းမပျိုလေးများ အိမ်ထောင်ဖက် ရွေးချယ်ရာတွင် မျက်နှာပန်း ပိုလှလာခဲ့သည်။ လူအများစုက သူတို့တပ်ဖွဲ့နှင့် အမျိုးစပ်ပါက နောင်တွင် အလုပ်သမားဖြစ်လာမည့် အခွင့်အရေးများ ရရှိနိုင်လိမ့်မည်ဟု တွေးတောလာကြသည်။

ထို့ကြောင့် ချောင်မေ၏ စကားအနည်းငယ်က လူအများကို စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု မဆိုထားနှင့်။ အသားခွဲဝေပြီးသွားသူများပင် လမ်းကြုံ ကြားလိုက်ရပါက ရှန်မော့အာဘက်မှ ဝင်ရောက်ပြောဆိုပေးချင်ကြသည်။

ချောင်မေတစ်ဘောက် ဒေါသထွက်လွန်းသဖြင့် မနေနိုင်တော့ချေ။ "ကျွန်မ ဘာပြောမိလို့လဲ။ နာမည်တပ်ပြီး ပြောလိုက်လို့လား။ ကျွန်မအိမ်က အသား သိပ်မကောင်းဘူးလို့ ဒီအတိုင်း ပြောလိုက်တာလေ။ အဲဒါလေးတောင် ပြောလို့မရဘူးလား"

"ရှင့်အိမ်က အသား မကောင်းရင် လွှင့်ပစ်လိုက်ပေါ့။ ဟားဟားဟား"

"အမလေး... ဦးလေးလောင်တင်းရေ၊ ချောင်မေက ဦးလေး ခွဲပေးတဲ့ အသား မကောင်းဘူးလို့ အပြစ်တင်နေတယ်ဗျို့"

"သောက်ကျိုးနည်း... ကျွန်မကို ရူးနေတယ် ထင်နေလား။ ခွဲပေးတဲ့ အသားကို လွှင့်ပစ်ရအောင်။ ရှင့်အိမ်က အသားကိုရော ဘာလို့ မလွှင့်ပစ်တာလဲ" ချောင်မေသည် တစ်ခွန်းပြန်ပြောပြီးနောက် အသားကိုဆွဲကာ အမြန်လှည့်ထွက်သွားတော့သည်။ အကယ်၍ ဆက်ပြောနေပါက အသားခွဲဝေပေးသော လောင်တင်းကို အမှန်တကယ် ဒေါသထွက်စေလိမ့်မည်။ ထိုအခါ နောက်နှစ်တွင် သူမကို ပိုဆိုးရွားသော အသားများ ပေးလာနိုင်လေသည်။

မလှမ်းမကမ်းတွင် ထျန်းဖန်သည် ခွဲဝေရရှိထားသော အသားကို ကိုင်ဆောင်လျက် အရှက်တကွဲ ထွက်ပြေးသွားသော ချောင်မေ၏ ကျောပြင်ကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်၏။

ချောင်မေရဲ့ ဦးနှောက်ထဲမှာ ဘာတွေ ထည့်ထားမှန်း မသိဘူး။ အခုလက်ရှိ ရှန်မော့အာရဲ့ ရွာတွင်း လူမှုဆက်ဆံရေး အခြေအနေအရဆိုရင် သူက လူအများရှေ့မှာ ရှန်မော့အာကို ပေါ်ပေါ်ထင်ထင် သွားပြီး စောင်းမြောင်းပြောဆိုတာဟာ အဆဲခံရဖို့ သက်သက်ပဲ မဟုတ်လား။

ဒီလူတွေဟာ စိတ်ထဲမှာ ရှန်မော့အာကို မနှစ်မြို့ရင်တောင်မှ အပြင်ပန်းမှာတော့ သူ့ကို မြှောက်ပင့်ပေးနေရမှာပဲလေ။ ပြည်နယ်ပန်းထိုးစက်ရုံရဲ့ အလုပ်သမားဆိုတာ ကောင်းကင်ဘုံကို ခြေလှမ်းတစ်လှမ်းတည်းနဲ့ ရောက်သွားတာနဲ့ ဘာမှမကွာခြားဘူးလေ။

ထျန်းဖန်၏ မျက်နှာအမူအရာသည် မည်းမှောင်နေပြီး ဤသားအဖနှစ်ယောက် ဘယ်လိုကံကောင်းခြင်းမျိုးနှင့် ကြုံတွေ့ခဲ့ရသလဲ မသိချေ။

ပြိုင်ပွဲမှာ ဆုရခဲ့သူက ဘာလို့များ ငါ့သမီး ရှန်လင်းလင်း မဖြစ်ရတာလဲ။ ပန်းထိုးစက်ရုံက မျက်စိကျခဲ့သူက ဘာလို့ ငါ့သမီး ရှန်လင်းလင်း မဖြစ်ရတာလဲ။ တကယ်လို့ ငါ့သမီးသာ ဖြစ်ခဲ့ရင် ငါ့သား၊ ချွေးမနဲ့ မြေးတွေပါ အလုပ်သမား ဖြစ်လာနိုင်မှာ မဟုတ်လား။

ထျန်းဖန်၏ မျက်ဝန်းများက လက်ကနဲ ဖြစ်သွားပြီး အကြံအစည်တချို့ ပေါ်လွင်နေလေသည်။

ရှန်မော့အာကတော့ ထျန်းဖန်ကို သတိမထားမိခဲ့ချေ။ သူမသည် အချိန်အတော်ကြာ တန်းစီပြီးနောက် နောက်ဆုံးတွင် သူမအလှည့်သို့ ရောက်ရှိလာခဲ့သည်။

ဝက်သားခွဲဝေပေးသူမှာ စာရင်းကိုင် တင်းရှိုချန်၏ အစ်ကို တင်းတယ်ဝမ့် ဖြစ်သည်။ ရွယ်တူများက လောင်တင်းဟု ခေါ်ကြပြီး ရှန်မော့အာတို့အရွယ်များက ဦးလေးလောင်တင်း ဟု ခေါ်ကြသည်။

ဦးလေးလောင်တင်းသည် ကျန်ရှိနေသော အသားများကို လက်ညှိုးထိုးပြကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "ကျန်တဲ့အသားတွေကတော့ အရိုးနည်းနည်း ပါမယ်။ ဝက်ခြေထောက်တွေကတော့ မဆိုးပါဘူး။ အဆီပိုများတယ်။ နံရိုးတွေလည်း ရပါတယ်။ အသားနည်းပေမဲ့ သေချာချက်ရင်တော့ တကယ့်ကို မွှေးနေတာပဲ"

ရှန်မော့အာက ခဏစဉ်းစားလိုက်ပြီး ဝက်ခြေထောက်နှင့် နံရိုး အနည်းငယ်စီ ယူလိုက်သည်။ ထို့နောက် နှစ်သစ်ကူးတွင် ဟင်းရည်ချက်ရန်အတွက် အရိုးတစ်ချောင်းကိုပါ တောင်းယူလိုက်သည်။ သူတို့မိသားစုတွင် လူနည်းသဖြင့် တစ်မျိုးစီ အနည်းငယ်စီ ယူလိုက်လျှင် အားလုံးကို မြည်းစမ်းကြည့်နိုင်လိမ့်မည်။

ဦးလေးလောင်တင်းက အမြန်ခုတ်ထစ်ပေးလိုက်ပြီး ကောက်ရိုးကြိုးဖြင့် ချည်နှောင်ကာ ဘေးသို့ ပစ်ချပေးလိုက်သည်။ ကျိုးဖေ့ကျွင်းက ချိန်ခွင်ဖြင့် ချိန်တွယ်ပေးပြီး တင်းရှိုချန်က စာရင်းမှတ်သားလိုက်သည်။ ထို့နောက် ကျိုးဖေ့ကျွင်းက အသားများကို လှမ်းပေးလိုက်လေသည်။

ရှန်မော့အာက ကျေးဇူးတင်စကား ဆိုလိုက်ပြီး ဖုမင်ဇယ်က ကောက်ရိုးကြိုးကို လှမ်းဆွဲကိုင်လိုက်သည်။ ထိုနောက်တွင်တော့ သူတို့နှစ်ဦးစလုံး ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။

နှစ်သစ်ကူးဝက်ကို ခွဲဝေပြီးနောက် နှစ်သစ်ကူးရန် အချိန်နီးကပ်လာပြီဟု ခံစားရလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်သစ်ကူးအကြိုနေ့သို့ ရောက်ရှိလာခဲ့လေသည်။

မိသားစုဝင် သုံးဦးသည် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီးနောက် ငါး၊ အသားများနှင့် ဖောင်းကားမွှေးကြိုင်နေသော ဖက်ထုပ်များပါဝင်သည့် ခမ်းနားသော နှစ်သစ်ကူးညစာကို ပြင်ဆင်လိုက်ကြသည်။

ရှန်ရှောက်ယွမ်သည် သူ့အခန်းထဲမှ ဖန်ပုလင်းတစ်လုံးကို ဆွဲထုတ်လာပြီး "နှစ်သစ်ကူးညမှာ ငါတို့အားလုံး အရက်နည်းနည်းလောက် သောက်ကြရအောင်"

ဖုမင်ဇယ်က တစ်ချက်ကြည့်လိုက်ပြီး ဤပုလင်းမှာ ကျန်းပေခရိုင် ဒေသခံအရက်စက်ရုံမှ ရောင်းချသော အရက်ဖြူပုလင်း ဖြစ်နေသည်။ အရည်အသွေး ကောင်းမွန်လှသည်ဟု မဆိုနိုင်သော်လည်း ကျေးလက်ဒေသရှိ လူများသည် ပုံမှန်အားဖြင့် ကိုယ်ပိုင်ပုလင်းများဖြင့် ဝယ်ယူလာသော အရက်များကိုသာ သောက်သုံးလေ့ရှိကြသည်။ ထို့ကြောင့် ဤသို့သော ပုလင်းပါ အရက်မျိုးက အတော်လေး ကောင်းမွန်နေလေပြီ။ သူနှင့် ရှန်မော့အာတို့ မင်္ဂလာဆောင်နေ့ကလည်း ဒီအရက်မျိုးကိုပင် သောက်ခဲ့ကြသည်။ သို့သော် ထိုနေ့က ဝယ်ထားသော အရက်များ အားလုံးကုန်သွားပြီဟု ဖုမင်ဇယ် မှတ်မိနေပြီး နောက်ပိုင်းတွင် ရှန်ရှောက်ယွမ် အရက်ထပ်ဝယ်သည်ကို သူ မတွေ့ခဲ့ရချေ။

ရှန်ရှောက်ယွမ်က အရက်ငှဲ့ပြီး သူ့ထံ ကမ်းပေးလိုက်သောအခါ ဖုမင်ဇယ်သည် ညင်သာစွာ အနံ့ခံကြည့်လိုက်သည်။ အရက်နံ့မှာ ကြည်လင်အေးမြပြီး ချိုမြိန်နေသဖြင့် ဒေသဈေးကွက်တွင် ရောင်းချသော အရက်ဖြူများနှင့် အမှန်တကယ်ပင် ကွာခြားနေလေသည်။ သူက တစ်ငုံမျှ မြည်းစမ်းကြည့်လိုက်ရာ အရသာမှာ နူးညံ့ပြည့်ဝပြီး ခံတွင်းထဲတွင် အချိန်အတော်ကြာ မွှေးပျံ့နေသဖြင့် ဖုမင်ဇယ်မှာ အနည်းငယ် အံ့သြသွားခဲ့ရသည်။

ယခင် စေ့စပ်ပွဲ ညစာစားပွဲတုန်းကလည်း ယောက္ခထီး ပြင်ဆင်ထားသော အရက်မှာ ကောင်းမွန်ကြောင်း သူ သတိထားမိခဲ့သည်။ သို့သော် ထိုနေ့က အရက်နှင့် ယနေ့အရက်မှာ လုံးဝ ယှဉ်မရနိုင်ပေ။ ယနေ့အရက်သည် ဈေးကွက်ရှိ အကောင်းဆုံးအရက်များနှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်ဟု ခံစားရလေသည်။

"ဒါက ဘာအရက်လဲ အဖေ" ဖုမင်ဇယ်က မနေနိုင်ဘဲ မေးလိုက်သည်။

အရက်ခွက်ကို ကိုင်ထားသော ရှန်ရှောက်ယွမ်၏ လက်က အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် မျက်နှာထား မပြောင်းလဲဘဲ ပြောလိုက်၏။ "ဒါက ငါကိုယ်တိုင် ချက်ထားတဲ့ အရက်ပါ"

ဖုမင်ဇယ် : "???"

...

All Chapters