← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အပိုင်း (၆၇)

ဖုမင်ဇယ်သည် အရက်ခွက်ထဲရှိ ခပ်တိမ်တိမ် အရက်ကို တစ်ချက်ကြည့်လိုက်ပြီး ရှန်ရှောက်ယွမ်ကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဒီအရက်က အဖေကိုယ်တိုင် ချက်ထားတာလား"

သူ့ယောက္ခထီးက တကယ်တော့ အလွန် ထက်မြက်သူဖြစ်ကြောင်း သူစောစောကတည်းက ရိပ်မိပြီးသားပင်။ အရေးကြီးသည့် ကိစ္စများအပြင် အခြားသော နယ်ပယ်များတွင်လည်း တစ်စုံတစ်ခုကို လေ့လာပါက အလွန်မြန်ဆန်စွာ တတ်မြောက်ကြောင်း သူ သိထားသည်။ သို့သော် အရက်ချက်သည်တဲ့လား။

ဟုတ်ပါသည်။ ရွာထဲတွင် အရက်ချက်တတ်သူများ ရှိလေသည်။ သို့သော် အခြေခံအားဖြင့် လူတိုင်းက ကိုယ့်အိမ်တွင် သောက်ရန်အတွက် ဆန်အရက် အနည်းငယ်ကိုသာ ချက်လုပ်တတ်ကြ၏။ ထို့အပြင် ဤနှစ်များအတွင်း ရိက္ခာရှားပါးမှုကြောင့် အရက်ချက်သူ အလွန် နည်းပါးလှသည်။

ထို့အပြင် ဤအရက်သည် တောင်သူလယ်သမားများ ဖြစ်သလို ချက်လုပ်နိုင်သော ဆန်အရက်မျိုး မဟုတ်မှန်း သိသာထင်ရှားနေသည်။ ဤအရက်ကို သာမန် အရက်ချက်ဆရာများပင် ချက်လုပ်နိုင်လိမ့်မည် မဟုတ်ဟု ထင်ရ၏။

ရှန်ရှောက်ယွမ်သည် မျက်နှာပြောင်တိုက်ကာ စာဖွဲ့လေတော့သည်။ "ဒီအရက်ကို ချက်ထားတာ အတော်ကြာပြီကွ။ မော့အာ ငယ်ငယ်လေးတုန်းက ငါနဲ့ သူ့အမေ အတူတူ ချက်ထားခဲ့တာလေ။ ငါတောင် ဒီကိစ္စကို မေ့နေလုနီးပါးပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ရုတ်တရက် သတိရလာလို့ ငါ ဖော်လိုက်တာ။ မော့အာရဲ့ အမေက တကယ့်ကို အရညအချင်း ရှိတာကွ။ ဒီအရက်က တော်တော်လေး ကောင်းတယ်။ ပထမဆုံးအကြိမ် ဖွင့်လိုက်တုန်းက ငါ အနံ့ခံကြည့်တာနဲ့တင် ရီဝေဝေလေး ဖြစ်တော့မလို့"

ရှန်မော့အာသည် သူ့ကို တိတ်ဆိတ်စွာ တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် ပြောလိုက်မိ၏။

အနံ့ခံရုံနဲ့ မူးသွားမလို ဖြစ်တာ မဟုတ်ဘူးလား။ ဒါက သာ့လျန်မင်းဆက်ရဲ့ နာမည်ကြီးအရက် ဟွာရှားမြန်လေ။ အရက်အိုးကို ဖွင့်လိုက်တဲ့အချိန်မှာ အရက်နံ့က အမွှေးဆုံးနဲ့ အပြည့်ဝဆုံးပဲ။ အရက်သောက်နိုင်စွမ်း နည်းတဲ့သူတွေဆိုရင် တကယ်ပဲ အနံ့ခံရုံနဲ့တင် မူးသွားနိုင်တယ်

ယခင် မင်းသားစံအိမ်တွင် အရက်ချက်တတ်သော အိမ်တော်ထိန်းကြီး တစ်ယောက် ရှိခဲ့ဖူးသည်။ သူမ၏အဖေက အားလပ်ပြီး ပျင်းရိနေချိန်များတွင် သူနှင့်အတူ အကြိမ်အနည်းငယ်မျှ လိုက်လံလုပ်ဆောင်ဖူးပြီး သာမန် ဆန်အရက် အနည်းငယ်ကိုတော့ ချက်လုပ်နိုင်ပေလိမ့်မည်။ သို့သော် ဟွာရှားမြန်ကဲ့သို့သော အရက်မျိုးကို ချက်လုပ်နိုင်သည်ဟု ဆိုလာလျှင်တော့ ဒါက လုံးဝကို လျှောက်ပြောနေခြင်းသာ။ ပညာတတ်လူငယ်ဖု အခြေအနေကို နားမလည်သည်ကို အခွင့်ကောင်းယူကာ အနိုင်ကျင့်နေခြင်းပင်။

ဖုမင်ဇယ်သည် တစ်ခုခုတော့ မှားယွင်းနေသည်ဟု ခံစားရသော်လည်း မည်သည့်နေရာတွင် မှားယွင်းနေမှန်း အတိအကျ မပြောနိုင်ချေ။ သူ့ယောက္ခထီးသည် မကြာသေးမီက အရက်မဝယ်ခဲ့သည်မှာ အမှန်ပင်။ ဤအရက်ကို အိမ်တွင် မြှုပ်နှံထားပြီးမှ ယခုလေးတင် တူးဖော်လာသည်ဟု ဆိုပါက အကြောင်းအရာက ကိုက်ညီနေလေသည်။ တစ်ခုတည်းသော ကိစ္စမှာ အရက်က အလွန်အမင်း ကောင်းမွန်နေခြင်းပင်။

ဖုမင်ဇယ်က ရိုးသားစွာ ပြောလိုက်။ "ဒီအရက်ချက်တဲ့ လက်ရာကို သာမန်အရက်စက်ရုံက ဆရာတွေတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး"

ရှန်ရှောက်ယွမ်က ညင်သာစွာ သက်ပြင်းချလိုက်သည်။ "ငါတစ်ယောက်တည်း ချက်တာ မဟုတ်ပါဘူး။ အဓိကကတော့ မော့အာရဲ့ အမေ ကျေးဇူးပေါ့။ ငါတစ်ယောက်တည်းဆိုရင် ချက်နိုင်မှာ မဟုတ်ဘူး"

ဖုမင်ဇယ်က ရှန်ရှောက်ယွမ်၏ ဝမ်းနည်းဖွယ် ကိစ္စများကို ပြန်လည်မဆွပေးချင်တော့ပေ။ သူသည် ပုလင်းကို ယူကာ အားလုံးအတွက် ခွက်အပြည့် ငှဲ့ပေးလိုက်ပြီး ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ "အဖေ.. ကျွန်တော် တစ်ခွက်လောက် တိုက်ပါရစေ"

ရှန်ရှောက်ယွမ်က ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ"

ရှန်မော့အာသည် ဖုမင်ဇယ်ကို သနားကြင်နာစွာဖြင့် တစ်ချက် ကြည့်လိုက်၏။ ပညာတတ်လူငယ်ဖုသည် ပုံမှန်အားဖြင့် အလွန် ထက်မြက်ပြီး ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။ သို့သော် ယောက္ခထီးအပေါ် သတိမထားသောကြောင့် သူမ၏အဖေ လိမ်ညာပြောဆိုသည်ကို အူကြောင်ကြောင်ဖြင့် ယုံကြည်သွားပုံရသည်။

သို့သော် ဤသည်မှာလည်း မဆန်းပါချေ။ သူမအဖေ၏ ဤလူလည် လုပ်နိုင်စွမ်းသည် ကမ္ဘာပေါ်တွင် အထက်မြက်ဆုံး လူများထံမှ လေ့ကျင့်သင်ကြားထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သည်လို လွယ်ကူစွာ ဖော်ထုတ်ခံရမည်ဆိုပါက သူ၏ အသက်က စောစောစီးစီး ပျောက်ဆုံးသွားလောက်ပြီ။

ရှန်မော့အာသည် တွေးတောနေရင်း ဖုမင်ဇယ်ကို တူဖြင့် ငါးဟင်းတစ်ဖတ် ခပ်ထည့်ပေးလိုက်သည်။ "ငါးများများ စားလေ"

ငါးလေး ဘာလေးစားပြီး ဦးနှောက်ကို အားဖြည့်ထားမှ...

ထို့နောက် ရှန်ရှောက်ယွမ်ကိုလည်း ကြက်ဥကြော် တစ်ဖတ် ခပ်ထည့်ပေးလိုက်ပြန်သည်။ "ကြက်ဥများများ စားပါဦး"

အစာများများစားပြီး လူတွေကို လိမ်တာ လျှော့ပါဦး။

နှစ်သစ်ကူးညစာကို တစ်ဝက်ခန့် စားပြီးချိန်တွင် အပြင်ဘက်၌ ဗျောက်အိုးဖောက်သံများ ထွက်ပေါ်လာသည်။ ရှန်မော့အာက ခွက်ကို မြှောက်လိုက်ပြီး ဆုတောင်းလိုက်သည်။ "လာမယ့်နှစ်မှာ အစစအရာရာ အဆင်ပြေချောမွေ့ပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ"

ရှန်ရှောက်ယွမ်က ရယ်မောလိုက်သည်။ "ပျော်ရွှင်ချမ်းမြေ့ပါစေ"

ဖုမင်ဇယ်ကလည်း ပြောလိုက်သည်။ "ပျော်ရွှင်ချမ်းမြေ့ပါစေ"

ဒိုင်း ကနဲ ကျယ်လောင်သော ဗျောက်အိုးသံကြီး တစ်ချက် ထွက်ပေါ်လာရာ ရှန်ရှောက်ယွမ်မှာ လန့်ဖျပ်သွားခဲ့သည်။ "အို... ဘယ်သူ့အိမ်က ဒီလောက်ကျယ်တဲ့ ဗျောက်အိုးကို ဝယ်လာတာလဲ။ ကဲ... ငါတို့ မြန်မြန်စားကြစို့။ မြန်မြန်သွားပြီး ဗျောက်အိုး သွားဖောက်ရမယ်။ သူတို့အောက်တော့ အရှုံးပေးလို့ မဖြစ်ဘူး"

စားသောက်ပြီးသွားသောအခါ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့က ပန်းကန်ခွက်ယောက်များကို ရှင်းလင်းသိမ်းဆည်းကြသည်။ ရှန်ရှောက်ယွမ်ကတော့ ကြိုတင်ချန်ထားခဲ့သော အသားများနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သည့် ထမင်းဘူးတစ်ခုကို ယူလိုက်သည်။ ရှန်ရှောက်ယွမ်သည် ထိုအထဲသို့ မန်ထို တစ်လုံးကို ထပ်မံထည့်လိုက်ပြီး အမှောင်ထုကို အကာအကွယ်ယူကာ အပြင်သို့ ထွက်သွားခဲ့လေသည်။

သူ နွားတင်းကုပ်ထဲရှိ လောင်ဝမ်ထံ စားစရာသွားပို့ခြင်းဖြစ်မှန်း ရှန်မော့အာ သိထားသည်။ သူသည် အတန်ကြာ စကားစမြည်ပြောပြီးမှ ပြန်လာလိမ့်မည်ဟု ခန့်မှန်းရသဖြင့် ပန်းကန်ဆေးပြီးသည်နှင့် ဖုမင်ဇယ်ကို ဆွဲခေါ်ကာ ဗျောက်အိုးဖောက်ရန် ထွက်လာခဲ့လေသည်။

ပုံမှန် သည်အချိန်ဆိုလျှင် ရွာထဲတွင် အစောကတည်းက မှောင်မိုက်တိတ်ဆိတ်နေတတ်ပြီ ဖြစ်သည်။ ယနေ့ကတော့ မတူညီချေ။ သူတို့ ရွာအဝင်ဝတွင် ရှိနေလျှင်ပင် ရွာထဲတွင် ဆက်တိုက် လင်းလက်နေသော မီးရောင်များကို မြင်တွေ့နိုင်ပြီး ရယ်မောဆော့ကစားသံများကိုလည်း ခပ်သဲ့သဲ့ ကြားနေရသည်။

ဗျောက်အိုးများကို တံခါးဝတွင် အစောကတည်းက ချိတ်ဆွဲထားလိုက်သည်။ ဖုမင်ဇယ်က မီးခြစ်ဖြင့် စနက်ကြိုးကို မီးညှိလိုက်ပြီးနောက် ရှန်မော့အာကို ဆွဲကာ အိမ်ထဲသို့ အမြန်ပြေးဝင်လာခဲ့သည်။ ဗျောက်အိုးများသည် သူတို့၏ နောက်ကျောဘက်တွင် တဖောင်းဖောင်း မြည်ဟည်းကာ ပေါက်ကွဲသွားလေသည်။ ရှန်မော့အာသည် စူးရှစွာ အော်ဟစ်လိုက်ပြီး ရယ်မောလျက် ဖုမင်ဇယ်၏ နောက်ကျောဘက်သို့ ပုန်းကွယ်သွားခဲ့သည်။ ဖုမင်ဇယ်က လက်လှမ်းကာ သူမကို ဆွဲယူလိုက်ပြီး ရင်ခွင်ထဲသို့ ထည့်သွင်းထားလိုက်သည်။

ဆောင်းတွင်းည၏ အေးစက်သော လေထုသည် ချက်ချင်းဆိုသလို အပြင်ဘက်တွင် ဖယ်ကြဉ်သွားခဲ့လေသည်။ ရှန်မော့အာသည် ခြံဝင်းတံခါးကို တစ်ချက်ကြည့်လိုက်ပြီး ဖုမင်ဇယ်၏ သွယ်လျကြံ့ခိုင်သော ခါးကို ဖက်တွယ်ထားလိုက်သည်။

ဖုမင်ဇယ်က ခေါင်းငုံ့ကာ အနမ်းတစ်ပွင့် ပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "ရဲဘော်ရှန်မော့အာ... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"

ရှန်မော့အာက ရယ်မောလျက် ပြန်ပြောလိုက်သည်။ "ပညာတတ်လူငယ်ဖု... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"

သူမ၏အဖေ နောက်ပိုင်း ဘယ်အချိန် ပြန်ရောက်လာမှန်း ရှန်မော့အာ မသိတော့ချေ။ အလွန်အမင်း အိပ်ချင်နေပြီဖြစ်သော်လည်း ပညာတတ်လူငယ်ဖု က "နှစ်သစ်ကူးစောင့်ကြိုခြင်း" ဟုဆိုကာ သူမကို ဖမ်းဆွဲထားသည်ကိုသာ သိတော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ နှစ်သစ်ကူးစောင့်ကြိုသည့် နည်းလမ်းက အလွန် ညှဉ်းပန်းနှိပ်စက်လွန်းလှသည်။ သူမမှာ အလွန်အမင်း အနှောင့်အယှက်ပေးခံရသဖြင့် လည်ချောင်းများပင် နာလာခဲ့ပြီး သူမ၏ လက်ချောင်းများကလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် အကြိမ်မည်မျှ ကုတ်ခြစ်မိခဲ့မှန်း မသိတော့ချေ။

သူတစ်ယောက် စကားမတည်သည်ကိုလည်း သူမ ဒေါသထွက်မိ၏။ ချက်ချင်း အိပ်တော့မည်ဟု သေသေချာချာ ပြောထားသော်လည်း ချက်ချင်းဆိုသည့် အချိန်က တစ်ဝက်ခန့် ကြာသွားသည့်တိုင်အောင် သူက လွှတ်ပေးမည့်ပုံ မပေါ်ချေ။ သူမ၏ ခွန်အားက ကြီးမားလွန်းသဖြင့် သူ့ကို အမှန်တကယ် ကုတ်ခြစ်မိပြီး ဒဏ်ရာရသွားမည်ကိုလည်း စိုးရိမ်မိပြန်သည်။ ဝေဝေဝါးဝါး အခြေအနေဖြင့်ပင် သူက သံကြွေဇလုံတစ်လုံးထဲ ရေနွေးထည့်ယူလာပြီး သူမကို သန့်စင်ပေးသည့်အချိန်အထိ ရောက်ရှိသွားခဲ့သည်။ သူမသည် မျက်လုံးကို မှေးကာ အချိန်ကို ကြည့်လိုက်ရာ မနက် ၂ နာရီကျော်နေပြီ။

မှိန်ပျပျ မီးရောင်အောက်တွင် ဖုမင်ဇယ်၏ မျက်နှာအမူအရာက ကျေနပ်အားရနေပုံရသည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် အနည်းငယ် ရဲတက်နေပြီး လူတစ်ကိုယ်လုံးသည် ပုံမှန်အချိန်များနှင့် ကွဲပြားစွာ ပျင်းရိနေဟန် ရှိလေသည်။

သူသည် ခါးကိုကိုင်းညွတ်ကာ ရှန်မော့အာ၏ နှုတ်ခမ်းဖူးဖူးလေးကို နမ်းရှိုက်လိုက်ပြီး တိုးညှင်းစွာ ချော့မြှူလိုက်သည်။ "အိပ်တော့လေ"

ရှန်မော့အာက သူ့ကို မျက်စောင်းထိုးချင်သော်လည်း သူမ၏ အကြည့်များတွင် နည်းနည်းကလေးပင် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ဘဲ နူးညံ့ကာ အနည်းငယ် ဆွဲဆောင်မှုပင် ရှိနေလေသည်။ ဖုမင်ဇယ်က သက်ပြင်းချလိုက်ပြီး သူမ၏ မျက်လုံးများကို လက်ဖြင့်အုပ်ကာ ထပ်ပြောလိုက်သည်။ "အိပ်တော့နော်"

ရှန်မော့အာသည် ချက်ချင်းပင် အိပ်မောကျသွားခဲ့သည်။ သူမ တစ်ဖန် ပြန်လည်နိုးထလာသောအခါ နေမင်းကြီးက ကောင်းကင်အလယ်တွင် မြင့်မားစွာ သာနေလေပြီ။ အချိန်ကို ကြည့်လိုက်တော့ ၁၀ နာရီပင် ထိုးတော့မည်။

တံခါးအပြင်ဘက်မှ လူတစ်ချို့ စကားပြောနေသံကို သဲ့သဲ့ကြားနေရသည်။ ရှန်မော့အာက အာရုံစိုက်ပြီး ခဏ နားထောင်လိုက်သောအခါ မောင်းမောင်တို့ အဆော့သန်သည့် ကလေးတစ်သိုက် ဖြစ်ကြောင်း သိလိုက်ရသည်။ မောင်းမောင်၏ အသံက အကျယ်ဆုံးဖြစ်ပြီး ထိုကလေးက အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။ "အစ်မမော့အာက ဘာလို့ မထသေးတာလဲ။ နေဖင်ထိုးတော့မှာကို"

ရှန်မော့အာ : "..."

ထို့နောက် ဖုမင်ဇယ်၏ တည်ကြည်လေးနက်သော အသံကို သူမ ကြားလိုက်ရသည်။ "ဒီသကြားလုံးတွေက မင်းတို့ရဲ့ အစ်မမော့အာ ပြင်ဆင်ထားတာတွေပဲ။ ယူပြီး သွားစားကြတော့။ သူ မနေ့ညက နှစ်သစ်ကူးစောင့်ကြိုနေလို့ အတော်နောက်ကျမှ အိပ်ရတာ။ မင်းတို့ မနက်ဖြန်မှ သူ့ကို လာခေါ်ပြီး ကစားကြတော့နော်"

"ဒါပေမဲ့ ကျွန်တော် မနက်ဖြန် အဘွားအိမ်ကို သွားရမှာလေ"

"ဒါဆိုရင်လည်း အဘွားအိမ်က ပြန်လာမှပေါ့"

ဖုမင်ဇယ်က ကလေးတစ်သိုက်ကို အသံမထွက်စေဘဲ ချော့မော့ကာ ပြန်လွှတ်လိုက်၏။ အပြင်ဘက်တွင် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်ကို ကြားလိုက်ရသောအခါ ရှန်မော့အာသည် စောင်ကိုဆွဲယူကာ သူမ၏ မျက်နှာကို ဖုံးအုပ်ထားလိုက်သည်။

နှာဘူးကောင်... လူလိမ်ကြီး။

တစ်ရေးအိပ်လိုက်သည်မှာ တစ်မနက်ခင်းလုံး ကုန်ဆုံးသွားပြီး ထလာသည်နှင့် စားသောက်ရုံသာ ရှိတော့သည်။ နှစ်သစ်ကူးပထမနေ့သည် ဤသို့သော အေးအေးဆေးဆေးနှင့် လွတ်လပ်ပေါ့ပါးသော အငွေ့အသက်များထဲတွင် ကုန်ဆုံးသွားခဲ့လေသည်။

နှစ်သစ်ကူး ဒုတိယနေ့ မနက်စောစောတွင် ရှန်ယင်းယင်းတို့ မိသားစု ရောက်ရှိလာခဲ့ကြသည်။

ဒုတိယနေ့သည် အမျိုးသမီးများ မိဘအိမ်သို့ ပြန်ရသောနေ့ ဖြစ်သည်။ ရှန်ယင်းယင်း၏ ကလေး ၃ ယောက်စလုံး အိမ်ထောင်မကျသေးသဖြင့် ချွေးမဖြစ်သူက သူမ၏ မိဘအိမ်သို့ ပြန်ရန် ဂရုစိုက်နေစရာ မလိုတော့ချေ။ ထို့ကြောင့် သူတို့မိသားစုတစ်ခုလုံး လူစုံတက်စုံ လာခဲ့သည်။

လူအများကို အံ့အားသင့်စေသည်က ရှန်ယင်းယင်းတို့ မိသားစု ရောက်ရှိလာပြီး မကြာမီမှာပင် ရှန်အစ်ကိုကြီး ရှန်ရှန်းလိ က သူ၏ မြေးငယ်လေးကို စေလွှတ်ကာ ရှန်ယင်းယင်းကို သူ့အိမ်သို့ လာရောက်စားသောက်ရန် ခေါ်ခိုင်းခဲ့ခြင်းပင်။ ထို့အပြင် "အစ်ကိုကြီးဆိုတာ အဖေနဲ့ တူတယ်။ မိဘတွေ မရှိတော့တဲ့အခါကျရင် အစ်ကိုကြီးလုပ်တဲ့သူက ညီမတွေရဲ့ မိဘအိမ်ပဲ" ဟု စကားပါးလိုက်သေးသည်။

ရှန်ယင်းယင်းမှာ ကြားလိုက်ရချိန်တွင် အူကြောင်ကြောင် ဖြစ်သွားခဲ့သည်။

ဒီနေ့ နေက အနောက်ဘက်ကများ ထွက်လာတာလား ဟု သူမ စိတ်ထဲတွင် ပြောလိုက်မိ၏။

ယခင်နှစ်များက သူမ ယန်လျိုတပ်ဖွဲ့သို့ ပြန်လာသည့်အခါ ရှန်ရှောက်ယွမ်၏ အိမ်တွင် ထမင်းတစ်နပ် စားရုံမှလွဲ၍ ကျန်မောင်နှမများက လုံးဝ ဂရုမစိုက်ကြဘဲ သူမ ရောက်လာမှန်းပင် မသိချင်ယောင် ဆောင်နေတတ်ကြသည်။

ရှန်ယင်းယင်းသည် ရှန်ရှန်းလိနှင့် သံယောဇဉ် သိပ်မရှိလှသဖြင့် မသွားချင်ပေ။ ထို့ကြောင့် ရှန်ရှောက်ယွမ်ဘက်တွင် ထမင်းဟင်းများ ပြင်ဆင်ထားပြီးဖြစ်ကြောင်း အကြောင်းပြကာ ငြင်းဆိုလိုက်သည်။ ရှန်အစ်ကိုကြီး၏ မြေးငယ်လေးက ပြန်လည်ဖြေကြားရန် အပြေးပြန်သွားခဲ့သည်။ မကြာမီမှာပင် ထပ်မံရောက်ရှိလာပြီး သူ့အဘိုးက ပြောလိုက်ကြောင်း၊ နေ့လယ်စာကို အဘိုး ၇ အိမ်တွင် စားမည်ဆိုလျှင် ညစာကို သူတို့အိမ်တွင် လာစားရန်၊ ညဘက် ပြန်မရမည်ကို မစိုးရိမ်ရန်၊ ထိုအချိန်ကျလျှင် အိမ်တွင်သာ ညအိပ်ရန်နှင့် အားလုံး စုပြီးအိပ်ကြမည်ဖြစ်ကြောင်း ပြောလေသည်။

ထို့အပြင် အဘိုး ၇ ကိုလည်း အဒေါ်နှင့် ဦးလေးတို့ကိုပါ တစ်ပါတည်း ခေါ်လာရန်နှင့် မိသားစုတစ်စုလုံး ပြန်လည်ဆုံစည်းသည့် ညစာစားပွဲကို အတူစားကြမည်ဟုလည်း ဆိုသေးသည်။

ရှန်အစ်ကိုကြီး၏ မြေးငယ်လေး ထွက်သွားပြီးနောက် ရှန်ယင်းယင်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "အစ်ကိုကြီးက ရူးသွားပြီလား"

သူမက စိတ်သဘောထား သေးသိမ်လွန်းသည် မဟုတ်ပါချေ။ တကယ်တော့ ညီမတစ်ယောက်အနေဖြင့် ရှန်ရှန်းလိ၏ အကျင့်စရိုက်ကို အသိဆုံး ဖြစ်ပေသည်။ ထိုသူသည် အကျိုးအမြတ် မရှိဘဲ စောစောထတတ်သူမျိုး မဟုတ်ပေ။ သူက အစ်ကိုကြီးဖြစ်နေသည်ကိုသာ ကြည့်မနေနှင့်။ အငယ်များကို တစ်ခါမှ ကူညီဖေးမဖူးခြင်း မရှိသည့်အပြင် အငယ်များထံမှ အခွင့်အရေးရယူရန် အမြဲတမ်း အကြံအစည် ထုတ်နေတတ်သူ ဖြစ်သည်။

လွန်ခဲ့သောနှစ်များက ရှန်ယင်းယင်း မင်္ဂလာဆောင်ချိန်တွင် ရှန်ရှန်းလိသည် အိမ်ထောင်ကျကာ အခြေတကျ ဖြစ်နေပြီ ဖြစ်သည်။ အိမ်ခွဲ၍ သီးသန့်နေထိုင်နေသော အစ်ကိုကြီး ဖြစ်နေပါလျက်နှင့် သူသည် ရှန်ယင်းယင်း၏ တင်တောင်းငွေကို တွက်ချက်လိုချင်နေသေးသည်။ ထိုအချိန်က အဘိုးကြီးသည် ဦးနှောက်ကြည်လင်နေသေးသဖြင့် သားဖြစ်သူက မည်သို့ပင်ပြောစေကာမူ တင်တောင်းငွေကို သမီးဖြစ်သူအတွက် အမွေအဖြစ် ပြန်ပေးရန် အခိုင်အမာ တောင်းဆိုခဲ့သောကြောင့်သာ တော်တော့သည်။ ထိုသို့မဟုတ်ပါက ထိုငွေများကို သူက အမှန်တကယ်ပင် တွက်ချက်ရယူသွားနိုင်လေသည်။

ရှန်ရှောက်ယွမ်က မဲ့ပြုံး ပြုံးလိုက်ကာ "သူ့သားတွေ မြေးတွေအတွက် ထွက်ပေါက်ရှာပေးချင်လို့ နေမှာပေါ့"

အရင်က မြေးဖြစ်သူ အုတ်ခိုးသဖြင့် ရဲစခန်းရောက်ခဲ့ရသည့် ကိစ္စကြောင့် သူတို့မိသားစုကို အငြိုးထားနေသေးသည်။ ရှန်မော့အာ၏ မင်္ဂလာဆောင်ကိုပင် မလာရောက်ခဲ့သည့်အပြင် နောင်တွင် အဆက်အသွယ် မလုပ်တော့ဟုပင် ပြင်းပြင်းထန်ထန် ပြောဆိုထားခဲ့သေးသည်။ ယခု ရုတ်တရက် သဘောထား ပြောင်းလဲသွားခြင်းမှာ စဉ်းစားကြည့်ရုံနှင့် သိနိုင်သည်။ အဓိကအားဖြင့် တည်ဆောက်ဆဲဖြစ်သော အမှတ်(၉) ပန်းထိုးစက်ရုံကြောင့်သာ ဖြစ်ပေလိမ့်မည်။

ရှန်ယင်းယင်းက တံတွေးထွေးလိုက်သည်။ "သူ တော်တော်တွေးတတ်တာပဲ"

သို့သော် သူမကလည်း ရှန်ရှန်းလိ မျက်နှာပျက်မည်ကို အားနာမနေချေ။ သူမက သူ့မြေးငယ်လေးကို စကားတစ်ခွန်း ပြန်ပါးလိုက်သည်။ "အရင်နှစ်တွေကလည်း ဒီလိုထုံးစံ မရှိခဲ့ဘူး။ ဒီနှစ်လည်း ပိုပြီးတော့ ဒုက္ခခံစရာ မလိုပါဘူး"

ရှန်ရှန်းလိ ဘယ်လို တွေးနေပါစေ၊ သူမကတော့ တိုက်ရိုက်ပင် လှောင်ပြောင်၍ ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

တကယ်တော့ ရှန်ရှောက်ယွမ် ခန့်မှန်းသည်မှာ မမှားချေ။ ရှန်ရှန်းလိသည် အမှန်တကယ်ပင် ထိုသို့ တွေးတောနေခဲ့လေသည်။

သူ့တွင် စုစုပေါင်း သား ၃ ယောက်ရှိပြီး အောက်တွင် အရွယ်ရောက်နေသော မြေးယောကျာ်းလေး မိန်းကလေးများလည်း အများအပြား ရှိလေသည်။ ရှန်မော့အာက နိုင်ငံပိုင်စက်ရုံ၏ အလုပ်ရုံ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်လာမည်ဖြစ်ပြီး စက်ရုံတွင်းသို့ လူများ ဝင်ရောက်နိုင်ရန် စီစဉ်ပေးနိုင်ကြောင်း သိလိုက်ရပြီးနောက် သူသည် အမှန်တကယ်ပင် နောင်တရလွန်း၍ အူတွေပင် ပြတ်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။ ရှန်မော့အာ မင်္ဂလာဆောင်ချိန်သို့ ပြန်သွားနိုင်မည်ဆိုလျှင် သူသည် လက်ဆောင်ကြီးကြီးမားမား ပြင်ဆင်ကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ချင်မိသည်အထိပင်။

နိုင်ငံပိုင်စက်ရုံ၏ အလုပ်သမားဆိုပါလား။ သူ့အိမ်တွင် ခွန်အားကြီးသော လူငယ်များစွာ ရှိလေသည်။ တစ်ယောက် နှစ်ယောက်လောက် အလုပ်သမား ဖြစ်လာလျှင်တောင် သူတို့မိသားစု၏ အဆင့်အတန်းက ခြားနားသွားပေလိမ့်မည်။

အရင်က ရှန်ရှောက်ယွမ်နှင့် ပြဿနာတက်ခဲ့သည်မှာ အလွန် ကြည့်ရဆိုးခဲ့ပြီး ဤကာလအတွင်း ရှန်ရှန်းလိသည် နောင်တရလို့ မဆုံးနိုင်အောင် ဖြစ်နေတော့၏။ ယခု နောက်ဆုံးတွင် ထိုကဲ့သို့ အကြောင်းပြချက်ကောင်းတစ်ခုကို ရှာတွေ့သွားပြီး ရှန်ရှောက်ယွမ်တို့ မိသားစုနှင့် ဆက်ဆံရေးကို အခွင့်ကောင်းယူ၍ ပြေလည်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု တွေးတောနေခဲ့သည်။

ရှန်ယင်းယင်းက လုံးဝ လက်မခံခဲ့ချေ။ ရှန်ရှန်းလိသည် မြေးဖြစ်သူ သယ်ဆောင်လာသော စကားကို ကြားလိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် အိမ်က သံကြွေခွက် တစ်ခွက်ကို ရိုက်ခွဲလိုက်လေသည်။

ရှန်မိသားစုမှ စတုတ္ထသမီး ရှန်ရှန့်ဟုန် သည်လည်း ရှန်ရှန်းလိ၏ အိမ်တွင် ရောက်ရှိနေသည်။ သူမ၏ ယောက္ခမအိမ်မှာ တပ်ဖွဲ့ချုပ်တွင် ရှိပြီး အမျိုးသားဖြစ်သူမှာ အလုပ်သမားဖြစ်သဖြင့် သူမ၏ မိဘအိမ်တွင် အတော်လေး မျက်နှာပန်းလှသူ ဖြစ်သည်။ နှစ်စဉ် နှစ်သစ်ကူး ဒုတိယနေ့တိုင်း သူမသည် ရှန်ရှန်းလိ၏ အိမ်တွင်သာ ထမင်းစားလေ့ရှိသည်။

ရှန်ရှန့်ဟုန်သည် ကြမ်းပြင်ပေါ်တွင် လိမ့်နေသော သံကြွေခွက်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးကို ကစားလိုက်ကာ ပြောလိုက်၏။ "အစ်ကိုကြီး.. အစ်ကိုကြီးလည်း ဒေါသမထွက်ပါနဲ့တော့။ ယင်းယင်းရဲ့ ဒီခေါင်းမာတဲ့ အကျင့်ကို အစ်ကိုကြီး မသိတာမှ မဟုတ်တာ။ ဘယ်လောက်တောင် ကြာနေပြီလဲ ဒီအတိုင်းပဲဟာကို။ သူနဲ့ ဒေါသထွက်နေရတာ တကယ်ပဲ မတန်ပါဘူး။ အချိန်ကလည်း စောပါသေးတယ်။ ကျွန်မတို့ ရွာထဲ သွားလည်လိုက်ဦးမယ်။ အစ်ကိုကြီးလည်း အနားယူလိုက်ဦးလေ"

သူမသည် မျက်ရိပ်ပြကာ အမျိုးသားဖြစ်သူ လုယိဖိန် နှင့် သမီးဖြစ်သူ လုရှောင်ချင် တို့ကို အပြင်သို့ ခေါ်ထုတ်သွားခဲ့လေသည်။

ရှန်ရှန်းလိ၏ အိမ်မှ ထွက်လာပြီးနောက် လုရှောင်ချင်က နှုတ်ခမ်းဆူကာ ညည်းညူလိုက်သည်။ "ရွာထဲမှာ ဘာတွေများ လည်စရာရှိလို့လဲ။ အေးစက်နေတာပဲ"

လုယိဖိန်က ပြောလိုက်၏။ "ငါတို့ အိမ်ထဲမှာနေရင်လည်း အနေရခက်တာပဲလေ။ အပြင်ထွက်ပြီး ရှောင်နေတာလည်း ကောင်းပါတယ်"

ရှန်ရှန့်ဟုန်က ကျေနပ်ဂုဏ်ယူနေသော အပြုံးတစ်ခုကို ပြသလိုက်သည်။ "ရှင်တို့ကလည်းလေ... ဒီနေ့က ဘာနေ့လဲဆိုတာ မစဉ်းစားကြည့်ကြဘူး။ နှစ်သစ်ကူး ဒုတိယနေ့ဆိုတာ အမျိုးသမီးတွေ မိဘအိမ်ကို ပြန်ရတဲ့နေ့လေ။ ကျွန်မရဲ့ မိဘတွေက မရှိတော့ဘူးဆိုတော့ ပြန်ရမှာက မောင်နှမတွေရဲ့ အိမ်ပဲ မဟုတ်လား။ ကျွန်မမှာ အစ်ကိုမောင် ၄ ယောက်တောင် ရှိတာလေ။ အစ်ကိုကြီးအိမ်က မိဘအိမ်ဆိုရင် မောင်လေးအိမ်ကရော မိဘအိမ် မဟုတ်တော့ဘူးလား။ ရှန်ယင်းယင်းက လောင်ချီ အိမ်ကို သွားနိုင်ရင် ကျွန်မတို့ကရော ဘာလို့ မသွားနိုင်ရမှာလဲ။ ကျွန်မတို့ လောင်ချီတို့အိမ်ကို သွားကြမယ်"

လုရှောင်ချင်က မသွားချင်ပေ။ သူမသည် ငယ်စဉ်ကတည်းက ရှန်မော့အာနှင့် သိပ်မဆက်ဆံဖူးခဲ့ချေ။ ယခင်က ရှန်မော့အာကို အထင်သေးခဲ့သော်လည်း ယခုအခါ ယခင်က သူမ အထင်မကြီးခဲ့သူက ရုတ်တရက် တိုးတက်ကြီးပွားလာသောကြောင့် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေလေသည်။

ရှန်ရှန့်ဟုန်က မေးလိုက်သည်။ "သမီး အလုပ်သမား မဖြစ်ချင်ဘူးလား"

လုရှောင်ချင်၏ မျက်လုံးများက အရောင်လက်သွားလေတော့သည်။

...

အပိုင်း (၆၈)

ရှန်ယင်းယင်းသည် ဟင်းချက်လက်ရာ ကောင်းမွန်သဖြင့် လက်တစ်ချောင်း ဝှေ့ယမ်းကာ ထမင်းဟင်းချက်ပြုတ်မည့် တာဝန်ကို ယူလိုက်သည်။ တစ်ဆက်တည်းမှာပင် သူမ၏ မိသားစုဝင်များကိုလည်း အလုပ်ကိုယ်စီ ခွဲဝေပေးလိုက်သည်။ ကျောက်ကျိန့်ယန် က ထင်းခွဲရပြီး၊ ကျောက်ကျိန့်ဟွေး က ရေခပ်ရသည်။ ကျောက်ထင်ထင် က ဟင်းသီးဟင်းရွက်များကို ဆေးကြောရပြီး ကျောက်ရှင်းကော် ကတော့ အဆိုးရွားဆုံး ဖြစ်သည်။ ပေါက်ပြားတစ်လက်ကို ပေးအပ်ခံရပြီး နှစ်သစ်ကူး ဒုတိယနေ့ကြီးတွင် ကိုယ်ပိုင်စိုက်ခင်းကို သွားရောက်ရှင်းလင်းရလေသည်။

အိမ်ရှင်ဖြစ်သော ရှန်မော့အာတို့ကတော့ မည်သည့်အလုပ်မှ လုပ်စရာမလိုဘဲ ထိုင်ပြီး ထမင်းစားရန် စောင့်နေရုံသာ ဖြစ်၏။

မူလက ရှန်မော့အာသည် ကျောက်ထင်ထင် နှင့်အတူ ဟင်းသီးဟင်းရွက်များ သွားဆေးမည်ဟု ပြောခဲ့သေးသည်။ သို့သော် ကျောက်ထင်ထင် က သူမကို ပြန်လွှတ်လိုက်ပြီး သူမကဲ့သို့ အလုပ်သင်လေးက နှစ်သစ်ကူးအချိန်တွင် ဆရာမအိမ်၌ အလုပ်လုပ်ပေးရမည်မှာ သဘာဝကျကြောင်း ပြောဆိုကာ ရှန်မော့အာကို ကူညီခွင့် လုံးဝမပေးခဲ့ချေ။

ဖုမင်ဇယ်ဆိုလျှင် ပိုလို့ပင် ဝင်ကူညီခွင့် မရတော့ချေ။ ကျောက်ကျိန့်ယန် နှင့် ကျောက်ကျိန့်ဟွေး တို့သည် ညီအစ်ကိုအရင်းပီပီ စကားတစ်ခွန်းတည်းကိုသာ ပြောကြသည်။ "ဟား... စာပေလေ့လာတဲ့နေရာမှာ ကျွန်တော်တို့က ဆရာ့ကို မမီပေမယ့် အလုပ်လုပ်တဲ့နေရာမှာတော့ ဆရာက ကျွန်တော်တို့ကို မမီပါဘူး။ သွား သွား သွား.. သွားနားနေပါ"

ရှန်ရှောက်ယွမ်သည် သူ့အခန်းထဲမှ လက်ဖက်ခြောက် အနည်းငယ်ကို ယူလာပြီး သံကြွေခွက်ဖြင့် လက်ဖက်ရည် တစ်ခွက် ဖျော်လိုက်သည်။ ထို့နောက် ရှန်မော့အာ ပုံမှန်ထိုင်လေ့ရှိသော ပက်လက်ကုလားထိုင်တွင် ထိုင်ကာ နေပူဆာလှုံရင်း လက်ဖက်ရည် သောက်နေလေသည်။

သူက ရှန်မော့အာနှင့် ဖုမင်ဇယ်အတွက်လည်း တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။ ရှန်မော့အာသည် သံကြွေခွက်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဖုမင်ဇယ်ကို မသိမသာ တစ်ချက် ကြည့်လိုက်၏။ ဖုမင်ဇယ်သည် ရပ်လျက်ပင် တစ်ငုံသောက်လိုက်ပြီးနောက် ခဏ တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။ "ဒီလက်ဖက်ရည်က... မဆိုးဘူးနော်"

သံကြွေခွက်ကို ကိုင်ထားသော ရှန်ရှောက်ယွမ်၏ လက်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။ "ဒါက အရင်က တောင်ပေါ်မှာ ငါရှာ တွေ့ခဲ့တဲ့ တောလက်ဖက်ပင် တစ်ပင်ကလေ။ ချင်းမင်မတိုင်ခင် အထူးတလည် သွားခူးလာခဲ့တာ။ ချင်းမင်မတိုင်ခင် လက်ဖက်ဆိုတော့ ထိပ်တန်းဖြစ်တာ သဘာဝကျပါတယ်"

ရှန်မော့အာ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားလေသည်။ ဤသည်မှာ ချင်းမင်မတိုင်မီ လက်ဖက်ဖြစ်သည်ကတော့ ဟုတ်ပါသည်။ သို့သော် ဤလက်ဖက်ခြောက်မှာ သာ့လျန်မင်းဆက်၊ ယွင်ခိုင်ခရိုင်မှ ဆက်သသော လက်ဖက်ခြောက် ဖြစ်လေသည်။

သူမ ရတနာတိုက်ခန်းထဲမှ ငှက်သိုက်၊ ပင်လယ်မျှော့၊ ငါးစီဖောင်းနှင့် ဝက်ပေါင်ခြောက်တို့ကို ရှာတွေ့ပြီးကတည်းက သူမ၏အဖေသည်လည်း ရတနာရှာဖွေခြင်းကို ဝါသနာပါလာခဲ့သည်။ အထူးသဖြင့် ယခုအခါ သူမက ရတနာတိုက်ခန်းထဲသို့ ဝင်ရောက်ရန် အဆင်မပြေဖြစ်နေချိန်တွင် သူမ၏အဖေက ပိုအဆင်ပြေနေလေသည်။ ညဘက် အားလပ်ချိန်များတွင် ရတနာတိုက်ခန်းထဲတွင် အမြဲလိုလို မွှေနှောက်ရှာဖွေလေ့ရှိပြီး ပစ္စည်းအတော်များများကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤလက်ဖက်ခြောက်များကိုလည်း သူကိုယ်တိုင် ရှာတွေ့ခဲ့ခြင်းပင်။

ပုံမှန်အားဖြင့် သူသည် ကိုယ်တိုင် ဝှက်ထားပြီး ခိုးကြောင်ခိုးဝှက် သောက်လေ့ရှိသည်။ ယနေ့တော့ ခဏတာ ပျော်ရွှင်မှုကြောင့် မေ့သွားပြီး သားမက်ဖြစ်သူကိုပါ ငှဲ့တိုက်မိခြင်း ဖြစ်ပေလိမ့်မည်။

ဖုမင်ဇယ် : "... အဖေက လက်ဖက်ခြောက်လည်း လှော်တတ်တာလား"

ရှန်ရှောက်ယွမ်တစ်ယောက်ကတော့ မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ဖြေလိုက်၏။ "ဒါက ဘာများခက်လို့လဲ။ ဒီအတိုင်း လှော်လိုက်ရုံပဲဟာကို။ ကိုယ့်မိသားစု သောက်ဖို့ပဲဟာ မီးအပူချိန်ကို သိပ်ဂရုစိုက်စရာ မလိုပါဘူး။ အဆင်ပြေရင် ရပါပြီ။ ဒါပေမဲ့ ဒီလက်ဖက်ရည်က ဒီလောက် မွှေးနေမယ်လို့ ငါလည်း မထင်ထားဘူး။ တောလက်ဖက်ပင်က အပင်ပေါက်တာ ကောင်းလို့ ဖြစ်မယ်။ အေးလေ... အဲဒီနေ့က ကမန်းကတန်းနဲ့ဆိုတော့ လမ်းလည်း သေချာ မမှတ်မိခဲ့ဘူး။ နောက်တစ်ခါ ပြန်ရှာတွေ့နိုင်မလား မသိဘူး။ တကယ်လို့ ပြန်ရှာတွေ့ရင်တော့ နွေဦးပေါက်ရင် နည်းနည်းလောက် သွားခူးကြတာပေါ့"

ဖုမင်ဇယ်သည် ချိုမြိန်ကြည်လင်သော လက်ဖက်ရည်ကို နောက်ထပ် တစ်ငုံသောက်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ "တကယ်ပါပဲ။ ဒီလက်ဖက်ပင်က တကယ့်ကို ကောင်းတာပဲ"

တကယ်တော့ ဤကိစ္စသည် အလွန် တိုက်ဆိုင်လွန်းသည်ဟု သူ မသိမသာ ခံစားနေရသည်။ သို့သော် ရှန်ရှောက်ယွမ်က အလွန် သဘာဝကျကျ ပြောဆိုနေပြီး ကိုယ်တိုင် ခူးဆွတ်ပြီး လှော်ထားခြင်း မဟုတ်ပါက သည်လောက် အရည်အသွေးကောင်းမွန်သော လက်ဖက်ခြောက်မျိုးကို ရှန်ရှောက်ယွမ် ဝယ်ယူနိုင်လိမ့်မည် မဟုတ်သည်ကလည်း အမှန်ပင်။ ထို့ကြောင့် စဉ်းစားဆင်ခြင်ပြီးနောက် ဖုမင်ဇယ်သည် ရှန်ရှောက်ယွမ်၏ စကားကို လက်ခံလိုက်လေသည်။

ယခင်က ရှန်ရှောက်ယွမ် ထုတ်မပြခဲ့ခြင်းမှာလည်း မဆန်းပါချေ။ ဤခေတ်ကာလတွင် ရိက္ခာရှားပါးသလို သရေစာများက ပိုလို့ပင် ရှားပါးလှသည်။ လက်ဖက်ခြောက်ကဲ့သို့သော အရာမျိုးမှာ ဗိုက်မဝနိုင်သဖြင့် သာမန်လူများ ဝယ်ယူလေ့မရှိကြချေ။ ဒုတိယအချက်မှာ အထွက်နှုန်း အလွန်နည်းပါးသဖြင့် ဝယ်ချင်လျှင်ပင် ဝယ်ရန် ခက်ခဲလှသည်။ ရှန်ရှောက်ယွမ်တွင် သည်လောက် ကောင်းမွန်သော လက်ဖက်ခြောက်များ ရှိနေသော်လည်း ပုံမှန်အားဖြင့် ထုတ်မသောက်ရက်ခြင်းမှာ အလွန် သဘာဝကျလေသည်။

ရှန်ရှောက်ယွမ်သည် ဖုမင်ဇယ်ကို တစ်ချက်ကြည့်လိုက်ပြီး အလွန်နှမြောသော်လည်း အောင့်အီးကာ စွန့်လွှတ်လိုက်ရသည့် အမူအရာဖြင့် "ငါ့ဆီမှာ နည်းနည်းကျန်သေးတယ်။ နောက်ကျရင် မင်းကို နည်းနည်း ပေးမယ်"

ခဏ စဉ်းစားပြီးနောက် သူက ထပ်ပြောလိုက်၏။ "ပြီးရင် မင်းရဲ့ မိဘတွေဆီကိုလည်း နည်းနည်းလောက် ပို့ပေးလိုက်ပေါ့"

သူ အမှန်တကယ်ပင် နှမြောမိပါသည်။ သာ့လျန်မင်းဆက်မှ ယူဆောင်လာသော သည်ပစ္စည်းများသည် စားလေ လျော့လေ ဖြစ်နေသည် မဟုတ်ပါလား။

သို့သော် လူသိရှင်ကြား ဖြစ်သွားပြီဆိုမှတော့ ခမည်းခမက်များထံ အနည်းငယ် ပို့ပေးသင့်သည်ကလည်း သဘာဝကျလေသည်။

ဖုမင်ဇယ် : "... ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အဖေ"

အဖေ တကယ်နှမြောနေမှန်း သိသာနေတာပဲ။

ရှန်မော့အာသည် လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း ဖုမင်ဇယ်ကို တစ်ချက်ကြည့်လိုက်၊ နောက်တစ်ချက် ထပ်ကြည့်လိုက်နှင့် တိတ်တဆိတ် သက်ပြင်းချနေမိသည်။

ငါတို့အိမ်က ပညာတတ်လူငယ်ဖုက ယောက္ခထီးအပေါ် လုံးဝကို သတိမထားမိတာပဲ။

"အို... လောင်ချီ၊ အားလုံး ရောက်နေကြတာလား" ရှန်ရှန့်ဟုန် ဝင်လာရင်း အော်ပြောလိုက်သည်။

ရှန်ရှောက်ယွမ်သည် ဒီ၄ယောက်မြောက်အစ်မကို ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။ "ဟုတ်တာပေါ့။ နှစ်သစ်ကူးကြီးမှာ ဘယ်သွားရမှာလဲ"

ရှန်ရှန့်ဟုန်သည် ခြံဝင်းထဲသို့ ဝင်လာပြီး ဟိုဟိုဒီဒီ ကြည့်ရှုလိုက်၏။ ရှန်လောင်ချီကတော့ တကယ်ပဲ ကြီးပွားနေပြီပဲ။ အပြာရောင် အုတ်ကြွပ်မိုးအိမ်ကြီးနဲ့တောင် နေနေရပြီ ဟု စိတ်ထဲတွင် ပြောလိုက်မိပြီး အပြင်ပန်းတွင်တော့ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် မော့အာ မင်္ဂလာဆောင်တုန်းက လင်းလင်း ကိစ္စနဲ့ တိုက်ဆိုင်သွားတယ်လေ။ အစ်ကို ၂ နဲ့ မရီး ၂ တို့ရဲ့ စရိုက်ကို နင်လည်း သိသားပဲ။ အရှက်ကို သိပ်ဂရုစိုက်ပြီး ကပ်စေးလည်း နည်းတာကိုး။ နင်နဲ့ မော့အာတို့က သဘောထားကြီးတော့ ဒီလိုကိစ္စတွေကို အာရုံစိုက်နေမှာ မဟုတ်ဘူးဆိုပြီး ငါ ဟိုဘက်မှာပဲ နေလိုက်တာ။ ငါတို့အိမ်က ရှောင်ချင်ကတော့ မင်္ဂလာပွဲကို လာစားသွားပါတယ်။ အိမ်ပြန်ရောက်တော့ လောင်ချီတို့အိမ်က ဟင်းတွေ တော်တော်ကောင်းတယ်ဆိုပြီး အမြဲတမ်း ပြောနေတာလေ"

ထိုအချိန်က လုရှောင်ချင် ကို မင်္ဂလာပွဲစားရန် လွှတ်လိုက်မိသည်မှာ ကံကောင်းသည်ဟု ရှန်ရှန့်ဟုန် တွေးမိကာ ဝမ်းသာနေမိသည်။ ထိုသို့မဟုတ်ပါက ရှန်ရှန်းလိတို့ မိသားစုကဲ့သို့ သူတစ်ပါးကို အသေအလဲ စော်ကားမိသလို ဖြစ်သွားပြီး ယခု ပြန်လည်စကားပြောဆိုရန်ပင် ခက်ခဲနေပေလိမ့်မည်။

လုရှောင်ချင်ကတော့ နေမထိထိုင်မသာဖြစ်စွာဖြင့် နှုတ်ခမ်းကို တွန့်လိုက်၏။

ဟင်းတွေ ကောင်းတာတော့ မှန်ပါတယ်။ မင်္ဂလာပွဲမှာ တပ်ဖွဲ့ချုပ်က ခေါင်းဆောင်တချို့တောင် ပါလာသေးတာဆိုတော့ တပ်ဖွဲ့ချုပ်ထဲမှာ လူတိုင်း မင်္ဂလာဆောင်လုပ်တာနဲ့ သိပ်မကွာပါဘူး။ ဒါပေမဲ့ မင်္ဂလာပွဲလုပ်တဲ့သူက ရှန်မော့အာ ဖြစ်နေတယ်ဆိုတာ တွေးကြည့်လိုက်ရင်ကို စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာပဲ။

အပြုံးမျက်နှာဖြင့် လာသူကို လက်မပါရ ဟု ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။ ရှန်ရှောက်ယွမ်သည် ရှန်ရှန့်ဟုန်ကို စူးစိုက်ကြည့်လိုက်ပြီး မေးစေ့ကို ပင့်ပြကာ "ထိုင်လေ"

ရှန်ရှန့်ဟုန်က လုရှောင်ချင်ကို ဆွဲကာ ထိုင်လိုက်ပြီး ပြောလိုက်သည်။ "မော့အာက တကယ်ပဲ တော်တာပဲ။ ဘယ်သူမှ စိတ်ပူစရာ မလိုဘူး။ ငါတို့အိမ်က ရှောင်ချင်နဲ့တော့ မတူပါဘူး။ အင်း... အလုပ်တစ်ခုတောင် မရှိဘဲ အိမ်မှာ အချောင်စားနေရတာလေ"

လုရှောင်ချင်သည် အနေရခက်စွာဖြင့် တင်ပါးကို ရွှေ့လိုက်သည်။ သူမ အလုပ်တစ်ခု ရချင်သည်မှာ အမှန်ပင်။ သို့သော် အလုပ်တစ်ခုအတွက် သူမ အထင်သေးခဲ့ဖူးသူကို တောင်းပန်ရမည်ဆိုပါက စိတ်ထဲတွင် အတော်လေး နေရခက်နေလေသည်။

ရှန်ရှောက်ယွမ်က ဘာမှမပြောဘဲ ဖုမင်ဇယ်ကို သူတို့သားအမိနှစ်ယောက်အတွက် ရေနွေးကြမ်း တစ်ခွက်စီ ငှဲ့ခိုင်းလိုက်သည်။ ဖုမင်ဇယ်သည် ယောက္ခထီး၏ လက်နားရှိ သံကြွေခွက်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ မသိမသာ ကွေးတက်သွားလေသည်။

ဒါက သူတို့ကို လက်ဖက်ရည် မတိုက်ရက်တာ အသိသာကြီးပဲ။

ဘာမှမသိသော ရှန်ရှန့်ဟုန်ကတော့ အတော်လေး ပျော်ရွှင်နေလေသည်။ သားမက်ဖြစ်သူကို သူတို့အတွက် ရေနွေးကြမ်း ငှဲ့ခိုင်းခြင်းသည် သူတို့ကို ဧည့်သည်များအဖြစ် တရားဝင် သတ်မှတ်ထားခြင်းပင် ဖြစ်သည်ဟု သူမ ထင်မှတ်နေ၏။ အစောက သူမ ပြောခဲ့သော စကားများကို ရှန်ရှောက်ယွမ်က ပြန်လည်မတုံ့ပြန်ခဲ့သော်လည်း သူမက ဆင်ခြင်တုံတရားဖြင့် ခံစားချက်များကို နားလည်အောင် ပြောပြနိုင်ပါက ရှန်ရှောက်ယွမ်သည် တူ၊ တူမများကို အလုပ်ခန့်ထားပေးရန် နောက်ဆုံးတွင် သဘောတူလိမ့်မည်ဟု ယုံကြည်ထားလေသည်။

အလုပ်ခန့်ထားပေးနိုင်သူမှာ ရှန်မော့အာ ဖြစ်သော်လည်း မိန်းကလေးတစ်ယောက်က ဘာတွေများ နားလည်နိုင်မည်နည်းဟု ရှန်ရှန့်ဟုန်က ထင်မြင်နေသည်။ နောက်ဆုံးတွင် သူမ၏အဖေကို အကြံဉာဏ်တောင်းရမည်သာ။

ထို့အပြင် ရှန်မော့အာသည် လူငယ်ဖြစ်သဖြင့် သူမက အငယ်တစ်ယောက်ကို ဖွင့်ဟပြီး တောင်းဆိုရမည်ဆိုလျှင် အနည်းငယ် အနေရခက်သည်ဟု ခံစားရသည်။ သို့သော် ရှန်ရှောက်ယွမ်ကို ပြောရမည်ဆိုပါက အခွင့်အရေးရှိလေသည်။

အားလုံးက ကိုယ့်သွေးသားအရင်း တူ၊ တူမတွေပဲဟာ တစ်ခါလောက် ကူညီပေးတာ ဘာဖြစ်သွားမှာမို့လို့လဲလေ။

သို့သော် မကြာမီမှာပင် ရှန်ရှန့်ဟုန်သည် သူမ အပျော်စောသွားခဲ့မှန်း သိလိုက်ရ၏။ အကြောင်းမှာ သူမက မည်သို့ပင်ပြောစေကာမူ၊ သမီးဖြစ်သူထံသို့ အကြောင်းအရာကို နည်းမျိုးစုံဖြင့် ဆွဲသွင်းရန် ကြိုးစားသော်လည်း ရှန်ရှောက်ယွမ်က လုံးဝ လက်မခံဘဲ ထိုက်ချိကစားသကဲ့သို့ ရှောင်တိမ်းကာ အကြောင်းအရာကို လွှဲပြောင်းသွားခဲ့လေသည်။ သူမသည် အကြောင်းအရာများကို ထပ်ခါတလဲလဲ ရှာဖွေပြောဆိုခဲ့သော်လည်း အချည်းနှီးပင်။ ရှန်ရှောက်ယွမ်က စကားအနည်းငယ်ဖြင့် လွယ်ကူစွာ လွှဲပြောင်းရှောင်တိမ်းသွားခဲ့သည်။

နေ့လယ်စာစားချိန် နီးကပ်လာသောအခါ ရှန်ရှောက်ယွမ်က တိုက်ရိုက်ပင် ပြောလိုက်သည်။ "အစ်ကိုကြီးတို့အိမ်မှာ ထမင်းဟင်းတွေ ကျက်လောက်ပြီနော်။ နင် သွားမစားသေးဘူးလား။ လူတွေကို စောင့်ခိုင်းထားတာ သိပ်မကောင်းဘူးထင်တယ်"

ဤစကားမှာ ဧည့်သည်ကို ပေါ်ပေါ်ထင်ထင် နှင်လွှတ်နေခြင်းပင်။ ရှန်ရှန့်ဟုန်က ဒေါသကို မြိုသိပ်ထားပြီး ဟန်လုပ်ရယ်မောကာ "အားလုံးက မောင်နှမတွေပဲဟာ.. အစ်ကိုကြီးအိမ်မှာ စားစား၊ နင့်အိမ်မှာ စားစား အတူတူပါပဲ။ နင့်ယောက်ဖကို အစ်ကိုကြီးအိမ်မှာ သွားစားခိုင်းလိုက်မယ်။ ငါနဲ့ ရှောင်ချင်က နင့်အိမ်မှာပဲ ကပ်စားတော့မယ်။ လောင်ချီရယ်... နင်ကတော့ နှမြောနေမှာ မဟုတ်ပါဘူးနော်"

စကားက ဤအခြေအနေအထိ ရောက်နေပြီဖြစ်သည်တွင် သာမန်လူများဆိုလျှင် အခြေအနေအရ လက်ခံလိုက်ပေမည်။ သို့သော် ရှန်ရှောက်ယွမ်သည် သာမန်လူ မဟုတ်ပါချေ။ သူသည် အားနာမှုကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ အမြင်ကြောင့်ဖြစ်စေ ကိုယ်မလုပ်ချင်သောအရာကို လုပ်ရန် ဘယ်သောအခါမှ ဖိအားပေးမည် မဟုတ်ပေ။ သူ အလုပ်တစ်ခုလုပ်ရာတွင် ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ်နှင့် ပျော်ရွှင်မှုကိုသာ အဓိကထားလေသည်။

ထို့ကြောင့် သူသည် လုံးဝ အားနာခြင်းမရှိဘဲ အလွန် ရိုးသားပွင့်လင်းစွာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ငါတို့က ပုံမှန်ဆိုရင် သိပ်အဆက်အသွယ်မှ မရှိတာ။ နင် လာစားမယ်လို့ ငါ မထင်ထားဘူးလေ။ ငါတို့အိမ်မှာ နင်တို့အတွက် ထမင်းဟင်းတွေ မချက်ထားဘူး"

ရှန်ရှန့်ဟုန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းကာ တုန်ရီသွားပြီး ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ လုရှောင်ချင်သည်လည်း ရှန်ရှောက်ယွမ်ကို မျက်စောင်းထိုးကာ အမြန် လိုက်သွားခဲ့သည်။

ရှန်ရှန့်ဟုန် သားအမိနှစ်ယောက် ဒေါသတကြီး ထွက်သွားပြီးနောက် ရှန်ယင်းယင်းက မီးဖိုချောင်ထဲမှနေ၍ "ထမင်းစားရအောင်" ဟု လှမ်းအော်လိုက်သည်။ သူမသည် ဟင်းပန်းကန်နှစ်ချပ်ကို ကိုင်ဆောင်ကာ ထွက်လာရင်း "ရှန်ရှန့်ဟုန် က တကယ် ရယ်ရတာပဲ။ သူ့မျက်နှာက ရှန်ရှန်းလိ ထက်တောင် ကြီးတယ်လို့ ထင်နေတာလား မသိဘူး"

ကျောက်ရှင်းကော်သည် ရှန်ယင်းယင်းနှင့် လင်မယား ပီသလှသည်။ ထမင်းစားချိန် အတိအကျတွင် အိမ်ထဲသို့ ဝင်လာကာ ပေါက်ပြားကို ခြံစည်းရိုးတွင် မှီထားလိုက်ပြီး ရေခပ် လက်ဆေးရင်း ပြောလိုက်လေသည်။ "လုယိဖိန် တစ်ယောက်တည်း အပြင်မှာ လမ်းလျှောက်ပြီး လေညင်းခံနေတာကို ငါ တွေ့ခဲ့တယ်။ သူ အေးလွန်းလို့ နှာချေနေတာတောင် တွေ့သေးတယ်"

ရှန်ယင်းယင်းက အေးစက်စွာ ရယ်မောလိုက်သည်။ "မာနခံနေပြီးတော့ သူတစ်ပါးကို ခေါင်းငုံ့ မတောင်းဆိုချင်လို့ပေါ့"

ရှန်မော့အာက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "အဒေါ်ကြီး က ကျွန်မကို ဘာမှ မမေးခဲ့ပါဘူး။ တကယ်လို့ သူ တိုက်ရိုက်သာ မေးခဲ့ရင် အလုပ်သမား ရွေးချယ်မှုက ပြည့်သွားပြီလို့ ကျွန်မ ပြောပြလိုက်မှာပါ"

ရှန်ယင်းယင်းက ဟားဟားဟားဟား ရယ်မောလိုက်သည်။ "သူတို့ သားအမိနှစ်ယောက်က မျက်လုံးတွေ ခေါင်းပေါ်ရောက်နေတာလေ။ နင့်အဖေဆီ လာပြီး တစ်ခွန်းမေးတာကိုက သူတို့ကိုယ်သူတို့ အဆင့်နှိမ့်ချလိုက်တယ်လို့ ထင်နေတာ"

နေ့လယ်စာသည် အတော်လေး စုံလင်လှသည်။ ရှန်ယင်းယင်းတို့က ဝက်ပေါင်ခြောက် တစ်တုံးနှင့် ဆောင်းမျှစ် အနည်းငယ် ယူလာခဲ့သဖြင့် ဝက်ပေါင်ခြောက် ဆောင်းမျှစ်ကြော် တစ်ခွက် လုပ်လိုက်ကြသည်။ ဆောင်းမျှစ်က လတ်ဆတ်နူးညံ့ပြီး ဝက်ပေါင်ခြောက်က ဆားနယ်ထားသဖြင့် မွှေးပျံ့ကာ စားချင်စရာ ကောင်းလှသည်။ ဤဟင်းတစ်ခွက်တည်းနှင့်ပင် လူတိုင်း ထမင်းတစ်ပန်းကန် အပြည့် စားနိုင်လေသည်။ ထို့အပြင် ရှန်မော့အာတို့ ကြိုတင်ပြင်ဆင်ထားသော ကြက်သားတစ်ဝက်နှင့် ငါးတစ်ကောင်လည်း ရှိသေးသည်။ ကြက်သားကို တောမှိုများဖြင့် ပြုတ်ထားပြီး ငါးကို ပဲငံပြာရည်ဖြင့် ချက်ထားသည်။ ထို့နောက် ကြက်သွန်မြိတ်နှင့် ကြက်ဥကြော် တစ်ခွက်၊ နှင်းရိုက်ထားသော ဆောင်းရာသီ၏ အလတ်ဆတ်ဆုံး ဟင်းနုနွယ်ရွက်ကြော် တစ်ခွက်တို့ကိုပါ ထည့်သွင်းလိုက်သောအခါ မိသားစုနှစ်စုလုံး ဗိုက်ကားသည်အထိ စားသောက်ခဲ့ကြလေသည်။

စားသောက်ပြီးနောက် အားလပ်နေသဖြင့် ကျောက်ကျိန့်ယန် က တောင်နောက်ဘက်သို့ လမ်းလျှောက်ထွက်ရန် အကြံပြုလာသည်။ လူငယ်တစ်သိုက်က ချက်ချင်း ထောက်ခံလိုက်ကြသည်။ ရှန်ရှောက်ယွမ်ကလည်း အိမ်မှာနေလျှင် ရှန်ရှန့်ဟုန် ကဲ့သို့သော လူမျိုးများကို ရင်ဆိုင်ရနိုင်သည်ဟု တွေးမိသဖြင့် အားလုံး အတူတူ သွားကြရန် ပြောလိုက်သည်။

မိသားစုနှစ်စု အိမ်မှထွက်လာချိန်တွင် လမ်းမပေါ်၌ ဝမ်ချိုးထုန် နှင့် ကျိန့်ကျားမင် တို့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။ ဤနှစ်ယောက်သည် လွန်ခဲ့သော တစ်စက္ကန့်က တစ်ခုခုကို ငြင်းခုံနေကြသော်လည်း နောက်တစ်စက္ကန့်တွင် တောင်ပေါ်သို့ သွားမည်ဟု ကြားလိုက်ရသည်နှင့် ချက်ချင်း ငြင်းခုံခြင်းကို ရပ်တန့်လိုက်ကြ၏။ တစ်ယောက်က ရှန်မော့အာကို ဆွဲထားပြီး အခြားတစ်ယောက်က ဖုမင်ဇယ်ကို ဆွဲထားကာ မျက်နှာပြောင်ပြောင်ဖြင့်သာ လိုက်ပါလာခဲ့ကြသည်။

အဖွဲ့ထဲတွင် လူဆယ်ယောက် အတိအကျ ရှိသွားပြီး ရွာကိုဖြတ်ကာ တောင်နောက်ဘက်သို့ ဦးတည်သွားကြသည်။ အဖွဲ့ကြီးမှာ အတော်လေး ကြီးမားခမ်းနားပုံ ပေါက်နေလေသည်။ သို့သော် နှစ်သစ်ကူးကာလ ဖြစ်သဖြင့် ဆွေမျိုးများထံ လည်ပတ်သူ များပြားသလို ဆွေမျိုးမိတ်ဆွေများ စုပေါင်း ဆော့ကစားကြသည်မှာလည်း များပြားသဖြင့် အထူးအဆန်းတော့ မဟုတ်ပေ။

"ပညာတတ်လူငယ်ကျိန့်.. ရှင်တို့တွေ ဘယ်သွားမလို့လဲ" တောင်နောက်ဘက်နှင့် နီးသော ရွာရှိ အိမ်တစ်ချို့အနီးသို့ ရောက်ရှိလာချိန်တွင် အဝတ်အစား ဇလုံတစ်လုံးကို ပိုက်ထားသော မိန်းကလေးတစ်ဦးနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်ရသည်။ ဤမိန်းကလေးမှာ နုနယ်သိမ်မွေ့ပုံရပြီး လူများကို မော့ကြည့်လိုက်ချိန်တွင် သူမ၏ ပါးပြင်များက အနည်းငယ် နီမြန်းနေကာ ရှက်ရွံ့နေသည့် အမူအရာလေး ရှိနေလေသည်။

ကျိန့်ကျားမင်က ပုံမှန်အတိုင်း ပြောလိုက်သည်။ "ရဲဘော်ရွှီဝေ.. ကျွန်တော်တို့ အားနေလို့ တောင်နောက်ဘက်ကို လမ်းလျှောက်ထွက်မလို့"

ရွှီဝေက ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး၊ ရှန်ရှောက်ယွမ်ကို ထပ်မံကြည့်ရှုကာ အားနာနာဖြင့် မေးလိုက်သည်။ "တိုက်တိုက်ဆိုင်ဆိုင် ကျွန်မလည်း အားနေလို့ပါ။ ရှင်တို့နဲ့ အတူတူ လိုက်ခဲ့လို့ ရမလား"

ဝမ်ချိုးထုန် က ရှန်မော့အာ၏ လက်မောင်းကို ဆွဲထားရင်း နှုတ်ခမ်းကို မဲ့ကာ တီးတိုးညည်းညူလိုက်သည်။ "အခုလေးတင် အဝတ်လျှော်ထားတာ မဟုတ်ဘူးလား။ အဝတ်သွားလှန်းဖို့ မလိုတော့ဘူးလား။ ဘယ်လိုလုပ် ရုတ်တရက် အားသွားရတာလဲ"

သူမ၏ အသံမှာ မကျယ်လောင်သော်လည်း အခြားသူများ မကြားနိုင်လောက်အောင်လည်း တိုးမနေချေ။ ရွှီဝေ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းကို ငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ.. ကျွန်မ အဝတ်လှန်းပြီးရင် အားပြီလို့ ထင်လို့ပါ။ တကယ်လို့.. တကယ်လို့ အနှောင့်အယှက်ဖြစ်မယ်ဆိုရင်လည်း ထားလိုက်ပါတော့"

ကျိန့်ကျားမင် က သူမ၏ ငိုတော့မည့် အမူအရာကို မြင်လိုက်ရသောအခါ ချက်ချင်း ပြောလိုက်သည်။ "ရဲဘော်ရွှီ.. မင်း စိတ်မကောင်း မဖြစ်ပါနဲ့။ ဝမ်ချိုးထုန် က ဒီအတိုင်း ပြောလိုက်တာပါ။ သူက ပွင့်လင်းပေမယ့် တခြားရည်ရွယ်ချက် မရှိပါဘူး။ မင်း အတူတူလိုက်ချင်ရင် အမြန်သွားပြီး အဝတ်လှန်းလိုက်လေ။ ငါတို့ ဒီမှာ.. မဟုတ်ဘူး၊ ငါနဲ့ ဖုမင်ဇယ်က မင်းကို ဒီမှာ စောင့်နေမယ်"

ဖုမင်ဇယ်က သူ့ကို လှမ်းဆွဲလိုက်ပြီး မျက်ခုံးကို အနည်းငယ်ပင့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက ငါ့မိန်းမနဲ့ အတူတူ သွားရမှာပေါ့"

...

All Chapters