← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အပိုင်း (၆၉.၁)

ကျန်းပေခရိုင်သည် ဆောင်းရာသီတွင် နှင်းကျလေ့မရှိသလောက် ရှားပါးပြီး တစ်နှစ်ပတ်လုံး အအေးဆုံးအချိန်တွင်သာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ကျတတ်လေသည်။ ထို့ကြောင့် ဆောင်းရာသီသည် အေးချမ်းသော်လည်း တောင်ပေါ်တွင် တချို့ကို တွေ့မြင်နိုင်သေးသည်။

ဆောင်းမျှစ်များကိုတော့ ပြောနေစရာပင် မလိုတော့ချေ။ တူးဖော်ရန် ခက်ခဲသော်လည်း အရသာမှာ အလွန်ကောင်းမွန်လှသည်။ တောဟင်းရွက်များနှင့် မှိုများလည်း အတော်များများ ရှိပြီး တစ်ခါတစ်ရံတွင် ဝဥ သို့မဟုတ် ထျန်းမာ (ဆေးဘက်ဝင်အပင်တစ်မျိုး) ကိုပင် တူးဖော်ရရှိနိုင်လေသည်။

လူအုပ်ကြီးသည် ရယ်မောပြောဆိုလျက် တောင်ပေါ်တောအုပ်ထဲသို့ ဝင်ရောက်လာကြသည်။ ကျောက်ကျိန့်ယန် ညီအစ်ကိုနှစ်ဦးက အရှေ့ဆုံးမှ လျှောက်သွားပြီး အလယ်တွင် လူကြီးတချို့ ရှိနေကာ ရှန်မော့အာတို့ကတော့ နောက်ဆုံးမှ လိုက်ပါလာကြသည်။

ဝမ်ချိုးထုန်က လမ်းတစ်လျှောက်လုံး ရှန်မော့အာကို ဆွဲကာ တတွတ်တွတ် ပြောဆိုလာခဲ့သဖြင့် မကြာသေးမီက သူမနှင့် ကျိန့်ကျားမင် တို့ ဘာကြောင့် စကားများခဲ့ကြသည်ကို ရှန်မော့အာ သိလိုက်ရသည်။

ထို ရွှီဝေ ဆိုသူမှာ တိတိကျကျ ပြောရလျှင် ယန်လျိုတပ်ဖွဲ့မှ လူ မဟုတ်ချေ။ သူမသည် တုန်းရှန်းတပ်ဖွဲ့မှ ဖြစ်ပြီး သူမ၏အမေ ကျိုးချွန်းထောင် မှာ ယန်လျိုတပ်ဖွဲ့မှ တုန်းရှန်းတပ်ဖွဲ့သို့ အိမ်ထောင်ကျသွားသူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကျိုးချွန်းထောင်၏ ခင်ပွန်းသည် ရောဂါဖြင့် သေဆုံးသွားခဲ့သဖြင့် မုဆိုးမ သားအမိသုံးယောက်သာ ကျန်ရစ်ခဲ့လေသည်။ ကျိုးချွန်းထောင်သည် ခင်ပွန်းသည်၏ ရောဂါကုသစရိတ်အတွက် ငွေအများအပြား သုံးစွဲခဲ့ရပြီး အိမ်ကိုပင် ခဲအို၊ မတ်များထံ ပေါင်နှံထားခဲ့ရသည်။ လူသေဆုံးသွားသည်နှင့် ထိုဆွေမျိုးများက ကျိုးချွန်းထောင် သားအမိသုံးယောက်ကို ချက်ချင်းပင် နှင်ထုတ်ခဲ့ကြသည်။

ကျိုးချွန်းထောင် သည် တခြားနည်းလမ်းမရှိသဖြင့် အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ ရွှီဝေ နှင့် ၉ နှစ်အရွယ် သားဖြစ်သူ ရွှီချီ တို့ကို ခေါ်ဆောင်ကာ မိဘအိမ်သို့ ပြန်လာခဲ့ရသည်။

ကျိုးချွန်းထောင် ၏ မိဘအိမ်တွင် အစ်ကိုနှစ်ယောက် ရှိသည်။ တစ်ယောက်မှာ ပြည်သူ့စစ်ခေါင်းဆောင် ကျိုးချင်းကော် ဖြစ်ပြီး နောက်တစ်ယောက်မှာ ကျိုးဝေကော် ဟု ခေါ်သည်။ သူတို့နှစ်ဦးစလုံးမှာ စိတ်သဘောထား ပြည့်ဝသူများဖြစ်ပြီး သားအမိသုံးယောက် နေထိုင်ရန် အခန်းတစ်ခန်းကို ဖယ်ပေးခဲ့ကြသည်။ ကျိုးချင်းကော်က သားအမိသုံးယောက်၏ အိမ်ထောင်စုစာရင်းကို ယန်လျိုတပ်ဖွဲ့သို့ ပြန်လည်ပြောင်းရွှေ့နိုင်ရန်ပင် နည်းလမ်းရှာပေးခဲ့သေးသည်။

ဘာတတ်နိုင်မည်နည်း။ တုန်းရှန်းတပ်ဖွဲ့တွင် သူတို့နေထိုင်စရာ နေရာလေးတစ်ကွက်ပင် မရှိတော့ချေ။ သို့သော် ယန်လျိုတပ်ဖွဲ့တွင် နေထိုင်မည်ဆိုပါက အိမ်ထောင်စုစာရင်း မပြောင်းရွှေ့လျှင် အလုပ်လုပ်ပြီး လုပ်အားခရမှတ်ရှာကာ ထမင်းစားနိုင်မည် မဟုတ်ပေ။

နှစ်ဖက်စလုံးမှ တပ်ဖွဲ့ခေါင်းဆောင်များကလည်း သားအမိသုံးယောက် ငတ်သေသွားမည်ကို မကြည့်ရက်နိုင်သဖြင့် စာရွက်စာတမ်း ကိစ္စများကို ကူညီလုပ်ဆောင်ပေးခဲ့ကြသည်။

သားအမိသုံးယောက်သည် ဆောင်းဦးရိတ်သိမ်းအပြီးတွင် ပြောင်းရွှေ့လာခဲ့ကြသည်။ တုန်းရှန်းတပ်ဖွဲ့တွင် ရိက္ခာများ ခွဲဝေရရှိခဲ့ပြီး ယန်လျိုတပ်ဖွဲ့သို့ ရောက်ရှိလာသောအခါတွင်လည်း ထောက်ပံ့မှု အနည်းငယ် ရရှိခဲ့သည်။ ထို့အပြင် မိဘအိမ်မှ အစ်ကိုများ၏ ကူညီစောင့်ရှောက်မှုကြောင့် အချိန်တိုအတွင်းမှာပင် အခြေတကျ ဖြစ်သွားခဲ့ကြသည်။

သူတို့သည် ပြင်ပမှ ပြောင်းရွှေ့လာသူများ ဖြစ်သဖြင့် အမှတ် ၁၂ ထုတ်လုပ်ရေးအဖွဲ့သို့ ခွဲဝေပေးခံရပြီး ပညာတတ်လူငယ်များနှင့် အတူတူ နေထိုင်ရလေသည်။

ကျိန့်ကျားမင်မှာ မူလကတည်းက လူတိုင်းနှင့် အလွယ်တကူ ရင်းနှီးတတ်သူဖြစ်ရာ မကြာမီမှာပင် ထိုသားအမိနှင့် ရင်းနှီးသွားခဲ့သည်။ ဆောင်းရာသီသို့ ဝင်ရောက်လာပြီးနောက် ထိုသားအမိသည် ကျိန့်ကျားမင် ထံမှ ငွေနှင့် လက်မှတ်များကို "ချေးငှား" လာကြသည်။ ပမာဏ များများစားစားတော့ မဟုတ်ပေ။ ယနေ့ ၂ ဖန်း၊ မနက်ဖြန် ၅ ဖန်း။ ယနေ့ ဆပ်ပြာလက်မှတ် တစ်စောင်၊ မနက်ဖြန် သကြားညို လက်မှတ် တစ်ဝက်။ "ချေးငှားသည်" ဟု ဆိုသော်လည်း တကယ်တမ်းတွင် ကျိန့်ကျားမင် သည် ထိုအရာများကို ပြန်လည်တောင်းခံရန် အားနာနေခဲ့လေသည်။

ထို့အပြင် သူတို့မိသားစုက ဆင်းရဲမွဲတေနေရာ ဘယ်ငွေ၊ ဘယ်လက်မှတ်များဖြင့် ပြန်ဆပ်နိုင်မည်နည်း။

ဒါတင်မကသေး။ ရွှီဝေ ဆိုသည့် ထိုမိန်းကလေးသည် ကျိန့်ကျားမင် အနားသို့ အမြဲလိုလို ကပ်လာတတ်သည်။ ဝမ်ချိုးထုန် သည် ပညာတတ်လူငယ်တချို့က သူတို့နှစ်ဦး ရည်းစားဖြစ်နေကြပြီလားဟု ကွယ်ရာတွင် အတင်းပြောနေကြသည်ကို ကြားခဲ့ဖူးသည်။ အကြိမ်အနည်းငယ်တွင် ဝမ်ချိုးထုန် ကိုယ်တိုင် သူတို့နှစ်ဦး ခေါင်းချင်းဆိုင်ကာ စကားပြောနေကြသည်ကို မြင်တွေ့ခဲ့ရပြီး ခေါင်းချင်းပင် ထိလုမတတ် ဖြစ်နေခဲ့လေသည်။

ဝမ်ချိုးထုန် သည် စိတ်ထဲတွင် စကားကို မြိုသိပ်ထားနိုင်သူ မဟုတ်ပေ။ တစ်ကြိမ်တွင် သူမက မနေနိုင်ဘဲ ကျိန့်ကျားမင်ကို တိုက်ရိုက် သွားပြောခဲ့သည်။ "သူနဲ့ တကယ် ရည်းစားဖြစ်ချင်တယ်ဆိုရင်လည်း သေချာလေး တွဲပြီး ပေါ်ပေါ်ထင်ထင် ဆက်ဆံရေးကို သတ်မှတ်လိုက်။ ရည်းစားမဖြစ်ချင်ဘူးဆိုရင်တော့ ပုံမှန်အချိန်တွေမှာ သတိထားနေ။ လူတွေ အထင်လွဲပြီး ဖောက်ပြန်နေတယ်လို့ တိုင်ကြားခံရတာမျိုး မဖြစ်စေနဲ့"

ထိုသို့ မဖြစ်နိုင်ဟု မဆိုနိုင်ပေ။ တခြားအရာများကို မပြောဘဲနေလျှင်တောင် ယန်ချင်းချင်း သည် တပ်ဖွဲ့သို့ ပြန်ရောက်လာကတည်းက တစ်ခုခု ထူးဆန်းနေပြီး တစ်ခါတစ်ရံတွင် လူများကို စိုက်ကြည့်နေသည့် အကြည့်များက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကျိန့်ကျားမင် သည် ဖုမင်ဇယ်နှင့် ရင်းနှီးသော်လည်း ယန်ချင်းချင်း သည် ဖုမင်ဇယ်ကို စောင့်ကြည့်လို့ မရသဖြင့် ကျိန့်ကျားမင် ကို အများဆုံး စောင့်ကြည့်နေတတ်သည်။ အကယ်၍ သူမသာ အပြစ်တစ်ခုခုကို ရှာတွေ့သွားပါက ကျိန့်ကျားမင် ကို ပထမဆုံး တိုင်ကြားမည့်သူမှာ ယန်ချင်းချင်း ပင် ဖြစ်လိမ့်မည်ဟု ဝမ်ချိုးထုန် ပြောရဲလေသည်။

ထို့အပြင် ဆိုရိုးစကား ရှိသည့်အတိုင်းပင်။ "အရေးပေါ်ကိစ္စကို ကယ်တင်ပေမဲ့ ဆင်းရဲတာကိုတော့ မကယ်တင်နိုင်ဘူး" တဲ့။ တစ်ခါတလေ ကူညီပေးတာက ပြဿနာမရှိပေမယ့် လူအသုံးချခံတော့ မဖြစ်စေနဲ့ပေါ့။

ဝမ်ချိုးထုန် က စေတနာသက်သက်ဖြင့် ပြောခဲ့ခြင်း ဖြစ်သော်လည်း ကျိန့်ကျားမင်က ထိုစကားကို ကြားလိုက်သောအခါ ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ဒေါသတကြီးဖြင့် ပြန်လည်ပြောဆိုလာမည်ကို ဘယ်သူက ထင်ပါမည်နည်း။ သူက ဝမ်ချိုးထုန်သည် လူများကို အထင်အမြင်သေးစွာ ကြည့်တတ်ကြောင်း၊ သူနှင့် ရွှီဝေ သည် အလွန် ဖြူစင်သော တော်လှန်ရေး ရဲဘော်ရဲဘက် ဆက်ဆံရေးမျှသာ ဖြစ်ကြောင်းနှင့် ရွှီဝေသည် ငယ်ရွယ်ဖြူစင်သည့် မိန်းကလေးဖြစ်ကြောင်း၊ လောကကြီးအကြောင်း နားမလည်သေးသော မိန်းကလေးတစ်ယောက်ကို ဤသို့ မပြောသင့်ကြောင်း ပြန်လည်ပြောဆိုခဲ့လေသည်။

ကူညီထောက်ပံ့ပေးခဲ့သော ငွေနှင့် လက်မှတ်များနှင့် ပတ်သက်လို့တော့ ထိုသားအမိကို သနားသဖြင့် ပေးလိုက်ခြင်းသာ ဖြစ်ပြီး ပြန်လည်ရရှိရန် မျှော်လင့်မထားခဲ့ကြောင်း၊ ထို့ကြောင့် သူတို့က မိမိကို အသုံးချနေသည်ဟု ဘယ်လိုများ ပြောနိုင်မည်နည်းဟု ဆိုလေသည်။

ဝမ်ချိုးထုန် သည် အပြင်းအထန် တုံ့ပြန်ခံလိုက်ရသဖြင့် ဒေါသထွက်လွန်းသဖြင့် "စေတနာကို စော်ကားတယ်" ဟူသော စကားတစ်ခွန်းသာ ချန်ထားခဲ့ပြီး ထိုအချိန်မှစ၍ ကျိန့်ကျားမင် ကို လုံးဝ ဂရုမစိုက်တော့ချေ။

ကျိန့်ကျားမင် က နောက်နေ့တွင်ပင် သူမနှင့် ပြန်လည်ပြေလည်အောင် ကြိုးစားခဲ့သော်လည်း ဝမ်ချိုးထုန် က သူ့ကို အကောင်းအဆိုး နားမလည်သူဟု ယူဆကာ လုံးဝ ဂရုမစိုက်တော့ချေ။

ဤကာလအတွင်း ဝမ်ချိုးထုန်လည်း ရိပ်မိလာခဲ့သည်။ ကျိန့်ကျားမင် သည် ရွှီဝေကို သနားသောကြောင့် သူမအပေါ် အပြစ်မယူခြင်း ဖြစ်နိုင်ပြီး ရွှီဝေသည် အသက် ၁၆ နှစ်သာ ရှိသေးသော မိန်းကလေးငယ်တစ်ဦး ဖြစ်သည်ဟု ထင်မြင်ကာ သူမနှင့် ဆက်ဆံရာတွင် ရှောင်ကြဉ်ခြင်း မရှိခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ရွှီဝေကတော့ ထိုသို့ တွေးမည်ဟု မသေချာပေ။ ထိုမိန်းကလေး၏ အကြည့်များသည် ဘာမှနားမလည်သော ဖြူစင်သည့် မိန်းကလေးငယ်တစ်ဦး၏ အကြည့်မျိုး မဟုတ်ဟု ဝမ်ချိုးထုန် အမြဲတမ်း ခံစားနေရသည်။

ထို့ကြောင့် ဤအရူး ကျိန့်ကျားမင် ကို သေချင်သေပါစေဟု စိတ်ထဲတွင် ဆုံးဖြတ်ထားသော်လည်း အမြဲတမ်းလိုလို စကားအနည်းငယ်တော့ ဝင်ပြောမိနေဆဲ ဖြစ်၏။

ဝမ်ချိုးထုန် က တိုးတိုးလေး ပြောလိုက်သည်။ "ဒီအရူးက သူများလှည့်စားတာကို အူလည်လည်နဲ့ ခံနေရပြီးတော့ နေ့တိုင်း အဲဒီလူတွေကို သနားနေသေးတယ်။ တကယ်ကို ရယ်ရတယ်" သူမက ဆက်ပြောလိုက်၏။ "ပညာတတ်လူငယ်ဖု ကိုပါ အတူတူစောင့်ဖို့ ခေါ်ချင်နေသေးတယ်။ ပညာတတ်လူငယ်ဖု က သူလိုပဲ ဦးနှောက်မရှိဘူးလို့ ထင်နေတာလား မသိဘူး"

ရှန်မော့အာသည် ခဏလောက် စဉ်းစားကြည့်လိုက်၏။ ထို ရွှီဝေ ဆိုသူမှာ အမှန်တကယ်ပင် ဖြူစင်သော မိန်းကလေးငယ်တစ်ဦးနှင့် မတူပေ။ သူမ၏ ရှက်ရွံ့နေဟန်က ရင့်ကျက်သော မိန်းမတစ်ဦး၏ ဆွဲဆောင်မှုမျိုး အနည်းငယ် ပါဝင်နေလေသည်။

သို့သော် ဝမ်ချိုးထုန် ၏ ဒေါသထွက်ကာ မခံချိမခံသာ ဖြစ်နေသော အမူအရာကို ကြည့်ပြီး ရှန်မော့အာမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ "လှည့်စားခံရတော့လည်း လှည့်စားခံရတယ်ပေါ့။ တစ်ခါ အမှားလုပ်မိရင် တစ်ခါ ဉာဏ်ပိုပွင့်လာမှာပါ။ အရှုံးပေါ်ဖူးမှ သိလာလိမ့်မယ်" သူမက ပြောလိုက်သည်။

ဝမ်ချိုးထုန် က နှုတ်ခမ်းမဲ့ကာ "သူ အဲဒီသားအမိရဲ့ ချောက်ချတာ ခံရမှာကိုပဲ စိုးရိမ်တာပါ"

သူမတို့နှစ်ယောက် ထိုကိစ္စကို တီးတိုးပြောဆိုနေချိန်တွင် အနောက်ဘက် မလှမ်းမကမ်း၌ ကျိန့်ကျားမင် ကလည်း ဖုမင်ဇယ်ကို တတွတ်တွတ် ပြောဆိုနေလေသည်။ "ဝမ်ချိုးထုန် က လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ သူက အရမ်းပွင့်လင်းပြီး စကားပြောတာ အရမ်းတိုက်ရိုက်ကျလွန်းတယ်။ အဲဒါကြောင့် မိန်းကလေးတွေကို အမြဲတမ်း မျက်နှာပူရစေတယ်။ ရဲဘော်ရွှီဝေ ရဲ့ ဘဝက အတော်လေး ခက်ခဲနေပြီလေ။ ငါက ကိုယ်တတ်နိုင်သလောက်လေး ကူညီပေးရုံပါ။ ဒါပေမဲ့ ဝမ်ချိုးထုန် က ငါတော့ လှည့်စားခံနေရတယ်လို့ ပြောတယ်။ ပြီးတော့ ငါ သူတို့ရဲ့ ချောက်ချတာ ခံရလိမ့်မယ်လို့လည်း ပြောသေးတယ်။ အားလုံးက တပ်ဖွဲ့တစ်ခုတည်းက ရဲဘော်တွေပဲဟာကို ဘာလို့များ ဒီလို မကောင်းတဲ့ဘက်ကနေ ခန့်မှန်းရတာလဲ။ ငါက စကားနည်းနည်း ပြန်ပြောလိုက်ရုံပဲ ရှိသေးတယ်။ သူက စိတ်ဆိုးသွားပြီး ဒီရက်ပိုင်း ငါ့ကို စကားမပြောတော့ဘူး။ ပြီးတော့ ငါ့ကို အရူးလို့တောင် ဆဲသေးတယ်"

ကျိန့်ကျားမင် သည် အမှန်တကယ် မတရားခံသည့်ရုပ် ဖြစ်နေပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။ "ငါ... ငါက ရဲဘော်ရွှီ နဲ့ ဘယ်လိုလုပ် ရည်းစားဖြစ်နိုင်မှာလဲဗျာ။ တကယ်ပါပဲ"

ဖုမင်ဇယ်က သူ့ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ မေးလိုက်သည်။ "မင်းက သူနဲ့ ရည်းစားမဖြစ်ချင်ဘူးဆိုရင် သူ့ကို ငွေနဲ့ လက်မှတ်တွေ ပေးပြီး နေ့တိုင်း ဘာလို့ သွားသွားပတ်သက်နေတာလဲ"

ကျိန့်ကျားမင် : "... သိပ်တော့လည်း မပတ်သက်ပါဘူး။ ငွေနဲ့ လက်မှတ်တွေကလည်း အများကြီး မဟုတ်ပါဘူး။ သူက ငါ့ဆီက ချေးတာပါ။ သူတို့မိသားစုက တကယ် အခက်အခဲ ဖြစ်နေတယ်လို့ ထင်လို့ ငါ ချေးပေးလိုက်တာပါ"

ဖုမင်ဇယ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ "ဪ... ဒါဆို သူတို့ ပြန်ဆပ်ပြီးပြီလား"

ကျိန့်ကျားမင် : "... သူတို့မှာလည်း ဘာဝင်ငွေမှ မရှိတော့ ဘယ်လိုလုပ် ပြန်ဆပ်နိုင်မှာလဲ။ ပြီးတော့ တကယ်လည်း အများကြီး မဟုတ်ပါဘူး။ ငါကလည်း သူတို့ ပြန်ဆပ်နိုင်မယ်လို့ မမျှော်လင့်ထားပါဘူး"

ဖုမင်ဇယ် : "ဒါဆို ဝမ်ချိုးထုန် က မင်းကို အသုံးချခံရတယ်လို့ ပြောတာ ဘာမှားနေလို့လဲ"

ကျိန့်ကျားမင် : "..."

သူသည် ခဏလောက် စကားပြောရန် ခက်ခဲနေပြီးမှ တစ်ခွန်း ပြောထွက်လာသည်။ "ငါက ကူညီရတာ ဝါသနာပါတာကရော အမှားလား"

ထို့နောက် သူက မကျေမနပ်ဖြင့် ဆက်လက် ရှင်းပြလေသည်။ "သူက မိန်းမငယ်လေးလေ။ ဘယ်လိုလုပ် အများကြီး တွေးနိုင်မှာလဲ။ တကယ် တခြားနည်းလမ်း မရှိတော့လို့ ငါ့ကို မျက်နှာပြောင်တိုက်ပြီး အကူအညီ တောင်းရတာပါ။ ဒီနေ့ ငါတို့ တောင်ပေါ်တက်တာကို သူ မြင်တော့ သူလည်း လိုက်ချင်နေတာလေ။ မိသားစု တာဝန်တွေကြောင့် ဖိစီးနေရပေမယ့် သူ့ရဲ့ အမူအရာက ကလေးဆန်နေတုန်းပါပဲ။ ကစားရတာကို သဘောကျတဲ့ အရွယ်လေ။ မင်းက ငါနဲ့အတူ သူ့ကို မစောင့်ချင်လို့သာ မဟုတ်ရင် အခုဆို သူ ငါတို့နဲ့အတူ တောင်ပေါ် ရောက်နေလောက်ပြီ။ မင်းတို့ သူ့ကို သေချာ နားလည်အောင် ပေါင်းကြည့်ရင် သူ ဘယ်လောက် ဖြူစင်တယ်ဆိုတာ သိလာပါလိမ့်မယ်။ အဲဒီအခါကျရင် လူတွေကို ဒီလို အထင်အမြင်သေးတဲ့ မျက်လုံးမျိုးနဲ့ ကြည့်တော့မှာ မဟုတ်ဘူး"

ကျိန့်ကျားမင် က မိမိကိုယ်မိမိ သူတစ်ပါးကို ကူညီတတ်သူအဖြစ် ခံယူထားပြီး သည်လောက်အထိ ထက်သန်နေလိမ့်မည်ဟု ဖုမင်ဇယ် မထင်ထားခဲ့ချေ။ "သေမယ့်သူကို စကားကောင်းနဲ့ ဖျောင်းဖျဖို့ ခက်တယ်" ဟူသော စကားအတိုင်းပင်။ သူသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "အင်း... မင်းသဘောပါပဲ"

ကျိန့်ကျားမင်သည် ပြောစရာ စကားလုံးပေါင်း ထောင်သောင်းမက လည်ချောင်းထဲတွင် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းရှည်ကြီး ချကာ "မင်းတို့ နားမလည်လည်း ကိစ္စမရှိပါဘူး။ ကျွငါကတော့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်ပါတယ်"

ဖုမင်ဇယ် : "..."

အရင်က အတော်လေး ထက်မြက်တဲ့သူ တစ်ယောက်ပါ၊ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက် တုံးအသွားရတာလဲ။

ကျောက်မိသားစု မောင်နှမသုံးယောက်သည် တောင်ပေါ်တွင် အမြဲလိုလို ပြေးလွှားဆော့ကစားနေသူများဖြစ်သဖြင့် ရှန်မော့အာတို့ စကားပြောနေသည့် အချိန်လေးအတွင်းမှာပင် ကျောက်ထင်ထင် သည် တောဟင်းရွက် တစ်ပုံကြီးကို တူးဖော်ရရှိခဲ့ပြီး မှိုတစ်ဆုပ်ကိုလည်း ခူးဆွတ်ခဲ့သည်။ ကျောက်ကျိန့်ယန် ဆိုလျှင် တောရိုင်း ယုန်တစ်ကောင်ကိုပင် ဖမ်းမိခဲ့လေသည်။

ကျောက်ထင်ထင်သည် ရှန်မော့အာအနားသို့ ပျော်ရွှင်စွာ ပြေးလာပြီး အဖိုးတန်ရတနာတစ်ခုကို ဆက်သသည့်အလား နီရဲနေသော မှိုတချို့ကို ကမ်းပေးလိုက်၏။ "အစ်မဝမ်းကွဲ... မြန်မြန်ကြည့်ပါဦး၊ ကျွန်မ မှိုနီကြီး တချို့ကို ရှာတွေ့ခဲ့တယ်။ ဒါကို ချက်စားရင် အရမ်းမွှေးတာ။ ဒါပေမဲ့ ရှားပါးတယ်။ ကျွန်မ အရင်တစ်ခေါက် ရှာတွေ့ခဲ့တာ နှစ်တောင်တော်တော်ကြာနေပြီ"

ဝမ်ချိုးထုန် က အံ့သြသွားပြီး "ဒီမှိုက နီရဲနေတာပဲ၊ တကယ်ကို လှတာပဲ"

ရှန်မော့အာသည် သာမန် မှိုတချို့ကိုသာ သိရှိပြီး ဤမှိုနီကြီးများကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမက တွန့်ဆုတ်နေမိကာ "ဒါ တကယ် စားလို့ရတာလား"

ကျောက်ထင်ထင်က ပြတ်ပြတ်သားသား ခေါင်းငြိမ့်ပြလိုက်သည်။ "သေချာပေါက် စားလို့ရတာပေါ့။ မယုံရင် ကျွန်မအမေကို မေးကြည့်လိုက်။ အရမ်း စားလို့ကောင်းတာ"

ရှန်မော့အာ : "ကောင်းပြီ၊ ဒါဆို ငါတို့ ထပ်သွားရှာကြည့်ရအောင်"

သူတို့သုံးယောက်သည် မှိုရှာရန် ပျော်ရွှင်စွာ ပြေးထွက်သွားကြလေသည်။

ကျိန့်ကျားမင်သည်လည်း သူ၏ နစ်နာမှုများကို ခေတ္တမေ့လျော့သွားပြီး ကျောက်ကျိန့်ယန် အနားသို့ ပြေးသွားကာ "အစ်ကိုယန်၊ အစ်ကိုယန်၊ ကျွန်တော့်ကို ပြပါဦး။ ဒီယုန်က တကယ် ဆူဖြိုးတာပဲ"

ဖုမင်ဇယ်လည်း သွားရောက်ကြည့်ရှုလိုက်၏။ အမှန်တကယ်ပင်။ ယုန်သည် အတော်လေး ဆူဖြိုးနေလေသည်။ အေးစက်သော ဆောင်းရာသီတွင် သူ့ကိုယ်သူ အတော်လေး ကောင်းမွန်စွာ ကျွေးမွေးထားပုံရသည်။

ရှန်ယင်းယင်းက ဤလူငယ်တစ်သိုက်ကို ကြည့်ကာ ပြုံးရွှင်ကာ ပြောလိုက်သည်။ "အို... ဘာကိုမြင်မြင် အဆန်းတကြယ် ဖြစ်နေကြတဲ့ လူငယ်လေးတွေပဲ"

ရှန်ရှောက်ယွမ်က ပြုံးလိုက်ပြီး အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ အံ့သြသွားသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ကျောက်တုံးကြီးတစ်ခုဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

သူသည်လည်း သူ စိတ်ဝင်စားသော အရာတစ်ခုကို တွေ့ရှိသွားခဲ့သည်။ သစ်ခွပင် တစ်ပင်ဖြစ်ပြီး အရွက်များမှာ သေးသွယ်ကျော့ရှင်းကာ အလယ်ရှိ ပါးလွှာသော ပင်စည်ပေါ်တွင် သေးငယ်သော ပန်းဖူးလေးတချို့ ရှိနေပြီး ဖူးပွင့်ရန် အသင့်ဖြစ်နေလေသည်။

ရှန်ယင်းယင်းက အနားသို့ ကပ်လာပြီး "အို... ဒီဆောင်းတွင်းကြီးမှာ ပန်းပွင့်တော့မလို့လား"

ရှန်ရှောက်ယွမ် : "ဒါက ဆောင်းသစ်ခွလေ။ ပန်းပွင့်ချိန်က ဆောင်းရာသီမှာပဲ ရှိတာ။ နှမြောစရာကောင်းတာက ပန်းပွင့်ဖို့ ရက်နည်းနည်းလောက် ထပ်စောင့်ရဦးမယ်"

ရှန်ယင်းယင်းက ဆောင်းသစ်ခွ ဟုတ်သည်၊ မဟုတ်သည်ကို နားမလည်ချေ။ "နင် သဘောကျရင် တူးပြီး အိမ်ပြန်စိုက်ထားလိုက်ပေါ့" ဟုသာ ပြောလိုက်သည်။

ဤအရာများသည် စားစရာသောက်စရာ မဟုတ်သဖြင့် စိုက်ပျိုးထားရန် အသုံးမဝင်ဟု သူမ ထင်မြင်သော်လည်း လောင်ချီ သဘောကျနေသည်ကို မြင်သောအခါ ရှန်ယင်းယင်းသည် အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး အပင်ကို အမြစ်ရော မြေကြီးပါ ပါအောင် ချက်ချင်း တူးထုတ်ပေးလိုက်လေသည်။

ရှန်ရှောက်ယွမ်ပင် သတိမထားမိလိုက်မီမှာ သစ်ခွပင်သည် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

လက်ထဲရှိ သစ်ခွပင်ကို ကြည့်ကာ ရှန်ရှောက်ယွမ်က စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီး ပြောလိုက်၏။ "ပတ်ဝန်းကျင်က မြေကြီးတွေကို နည်းနည်းလောက် ထပ်တူးပြီး အိမ်ပြန်သယ်သွားရအောင်"

ရှန်ယင်းယင်း : "ရပါတယ်"

သူတို့ဘက်တွင် တစ်ခုခု ရရှိနေချိန်တွင် ဟိုဘက်တွင် ကျောက်ထင်ထင် ထံမှ ရုတ်တရက် ရွှင်လန်းသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ "တောငှက်ဥတွေဟေ့"

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံးက အမြန် လျှောက်သွားကြပြီး ရှန်မော့အာတို့ မှိုခူးနေသော နေရာတွင် တောငှက်ဥ ၇ လုံး ၈ လုံးခန့်ကို အမှန်တကယ် တွေ့လိုက်ရသည်။

"ဟေး... တကယ်ပဲ" ကျောက်ကျိန့်ယန် က ရယ်မောလျက် ပြောလိုက်သည်။ "တော်လိုက်တာ။ တောငှက်ဥတွေကိုတောင် မင်းတို့ ရှာတွေ့သွားတယ်"

...

အပိုင်း (၆၉.၂)

ကျောက်ကျိန့်ဟွေး က ခေါင်းပြူကြည့်လိုက်ပြီး ကျောက်ကျိန့်ယန် ကို ပုတ်ကာ "အစ်ကိုယန်.. ကျွန်တော်တို့ တောကြက်တွေ ထပ်ရှာကြည့်ရအောင်"

ညီအစ်ကိုနှစ်ယောက်သည် အနီးတစ်ဝိုက်တွင် အမြန် ရှာဖွေကြလေသည်။

ဒီတစ်ကြိမ် တောင်ပေါ်တက်လာသူ များပြားသဖြင့် မသိမသာဖြင့်ပင် တောင်အတော်လေး နက်သည့်နေရာသို့ ရောက်ရှိလာခဲ့ကြသည်။ သည်တောင်ပေါ်တောအုပ်မှာ ရှန်မော့အာတို့ ပုံမှန်အားဖြင့် ရောက်လေ့မရှိသော နေရာဖြစ်သည်။ ရွာသားများလည်း ပုံမှန်အားဖြင့် လာလေ့မရှိသဖြင့် ဒီနေရာတစ်ဝိုက်တွင် ကောင်းမွန်သော တောင်ထွက်ပစ္စည်းများစွာကို ရှာတွေ့နိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါက ဤကဲ့သို့ အေးစက်သော ဆောင်းရာသီတွင် တောရိုင်းယုန်တစ်ကောင်ကို အလွယ်တကူ ဖမ်းမိနိုင်မည် မဟုတ်ချေ။

ကျောက်ကျိန့်ယန်တို့ ညီအစ်ကိုနှစ်ဦးသည် ခဏလောက် ရှာဖွေပြီးနောက် တောအုပ်၏ ပို၍နက်ရှိုင်းသော နေရာသို့ ထပ်မံဝင်ရောက်သွားကြသည်။ ရှန်မော့အာတို့လည်း ငှက်ဥများ ကောက်ယူပြီးနောက် သူတို့နောက်သို့ ဖြည်းဖြည်းချင်း လိုက်ပါသွားကြသည်။

ရုတ်တရက် တောအုပ်ထဲမှ ထူးဆန်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ရှန်မော့အာ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး အော်ပြောလိုက်သည်။ "မကောင်းတော့ဘူး.. တောဝက် ရှိနေတယ်"

ရှန်ရှောက်ယွမ် လည်း ထိုအသံကို ခွဲခြားသိရှိလိုက်သည်။

သူသည် အားနည်းသော စာပေပညာရှင်တစ်ဦးသာ ဖြစ်သော်လည်း သာ့လျန်မင်းဆက်တွင် ရှိစဉ်က နှစ်စဉ် ဆောင်းဦးအမဲလိုက်ပွဲများတွင် ပါဝင်လေ့ရှိခဲ့သည်။ တကယ်တော့ ဆောင်းဦးအမဲလိုက်ပွဲတွင် တောဝက်များကို သိပ်မတွေ့ရတတ်သော်လည်း အကြိမ်များစွာ ပါဝင်ခဲ့ဖူးသဖြင့် တောဝက်များကို မြင်တွေ့ဖူးလေသည်။

ဟုတ်ပါသည်။ သူ အမဲလိုက်ပွဲတွင် ပါဝင်ခြင်းက ပျော်ရွှင်မှု သက်သက်သာ ဖြစ်သည်။ မိမိကိုယ်တိုင် ယုန်တစ်ကောင်ကို ပစ်ခတ်နိုင်လျှင်ပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်၏။ တခြားသော သားကောင်များနှင့် အမှန်တကယ် ကြုံတွေ့ရပါက သက်တော်စောင့်များကသာ ကိုင်တွယ်ဖြေရှင်းကြသည်။ သက်ရှိထင်ရှား တောဝက်ကို သူ မြင်ဖူးသော်လည်း များသောအားဖြင့် ထွက်ပေါ်လာပြီး မကြာမီမှာပင် ဖြူကောင်ကြီးတစ်ကောင်ကဲ့သို့ မြားများ အစိုက်ခံရကာ သေဆုံးသွားတတ်လေသည်။

တောဝက်၏ အရေခွံသည် အလွန်မာကျောပြီး ပစ်ခတ်သတ်ဖြတ်ရန် ခက်ခဲသော်လည်း သူ၏ဘေးတွင် သက်တော်စောင့် များပြားသဖြင့် တစ်ယောက်တစ်ချက် ပစ်ခတ်လိုက်ရုံဖြင့် ဖြူကောင်ကဲ့သို့ ဖြစ်သွားတတ်လေသည်။

ယနေ့ သူတို့အဖွဲ့တွင် လူများသော်လည်း ဘယ်သူကမှ တိုက်ခိုက်နိုင်စွမ်း မရှိကြချေ။ ရှန်ရှောက်ယွမ်က ချက်ချင်းပင် အော်လိုက်၏။ "နောက်လှည့်ပြန်ပြေးကြ"

သူက ရှန်ယင်းယင်း နှင့် ကျောက်ထင်ထင် တို့ကို ချက်ချင်း ဆွဲယူလိုက်ပြီး ပြေးရင်းလွှားရင်း အော်ပြောလိုက်သည်။ "မင်ဇယ်.. ပညာတတ်လူငယ်ကျိန့်နဲ့ ပညာတတ်လူငယ်ဝမ် တို့ကို ခေါ်ပြီး ပြေး"

ထိုအချိန်မှာပင် ရှန်မော့အာသည် ကျောက်ကျိန့်ယန် ညီအစ်ကိုနှစ်ဦး ထွက်သွားသော လမ်းကြောင်းဆီသို့ အမြန် ပြေးသွားနှင့်လေပြီ။ သူမ၏နောက်တွင် ပေါက်ပြားကို ကိုင်ဆောင်ထားသော ကျောက်ရှင်းကော် လိုက်ပါသွားခဲ့သည်။

ဖုမင်ဇယ်သည် စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွားခဲ့သည်။ သူသည် ရှန်မော့အာနောက်သို့ လိုက်သွားချင်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ယောက္ခထီးဖြစ်သူက သူ့ကို သီးသန့် အော်ခေါ်ရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ယောက္ခထီးက သမီးဖြစ်သူတွင် မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းရှိသည်ကို သိထားသဖြင့် ကျိန့်ကျားမင် နှင့် ဝမ်ချိုးထုန်း တို့ကို ခေါ်ဆောင်၍ ပြေးရန် သူ့ကို အထူးတလည် သတိပေးလိုက်ခြင်း ဖြစ်၏။

ရှန်မော့အာ ထွက်သွားသော လမ်းကြောင်းဆီသို့ တစ်ချက်ကြည့်လိုက်ပြီး ဖုမင်ဇယ်သည် အံကြိတ်ကာ "ဝမ်ချိုးထုန်း ကို လုံခြုံတဲ့ နေရာကို အရင်ခေါ်သွားရမယ်"

သူတို့ သည်နေရာတွင် ကျန်ရစ်နေပါက အနှောင့်အယှက်သာ ဖြစ်စေလိမ့်မည်။

တခြားတစ်ဖက်တွင်တော့ ရှန်မော့အာသည် ကျောက်ကျိန့်ယန် နှင့် ကျောက်ကျိန့်ဟွေး တို့ကို ရှာတွေ့သွားခဲ့သည်။

ညီအစ်ကိုနှစ်ဦးသည် ချွန်ထက်သော အစွယ်များရှိပြီး တစ်ကိုယ်လုံး မည်းနက်နေသော တောဝက်တစ်ကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ညီအစ်ကိုနှစ်ဦးအနက် တစ်ယောက်က ပေါက်ပြားကို ဝှေ့ယမ်းနေပြီး နောက်တစ်ယောက်က ဓားမကြီးကို လွှဲယမ်းကာ လေတဝီးဝီး မြည်အောင် တိုက်ခိုက်နေကြသော်လည်း တောဝက်၏ အရေခွံက ထူထဲမာကျောလွန်းသဖြင့် များများစားစား ထိခိုက်ဒဏ်ရာ မရရှိစေခဲ့ချေ။

ကျောက်ရှင်းကော် လည်း ရောက်ရှိလာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချွေးစေးများ ချက်ချင်း ထွက်လာခဲ့သည်။ "ဒီအရူးနှစ်ကောင်.. မနိုင်ရင် မပြေးတတ်ဘူးလား။ အသက်က အရေးကြီးသလား၊ အသားစားရဖို့က အရေးကြီးသလား"

ကျောက်ကျိန့်ယန် ညီအစ်ကိုနှစ်ဦးသည် သားကောင်ကိုမြင်ပြီး စိတ်အားထက်သန်ကာ အသားစားရန်အတွက် တောဝက်ကို သတ်ဖြတ်ချင်နေသည်ဟု သူက ထင်သွားခဲ့သည်။ သို့သော် ရှန်မော့အာကတော့ အခြေအနေကို ရိပ်မိသွားခဲ့သည်။ "ကျိန့်ဟွေး ခြေထောက် ခေါက်သွားတာပဲ"

ကျောက်ကျိန့်ဟွေး သည် ထိုနေရာတွင် ရပ်နေပြီး မြန်မြန် မရွေ့လျားနိုင်ချေ။ ကျောက်ကျိန့်ယန်ကတော့ တောဝက်၏ အားနည်းချက်ကို ရှာဖွေရန် နေရာအမြဲပြောင်းလဲနေသော်လည်း တောဝက်က ကျောက်ကျိန့်ဟွေး ကို တိုက်ခိုက်မည့် အချိန်တိုင်းတွင် သူက နောက်ဆုတ်၍ ကာကွယ်ပေးနေရလေသည်။

ကျောက်ရှင်းကော်သည် ကြည့်နေရင်းဖြင့် အလွန် ကြောက်ရွံ့တုန်လှုပ်လာပြီး ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဦးကြီး သွားကူညီလိုက်မယ်။ မော့အာ.. သမီး အမြန်ပြေးတော့"

ပြောပြီးသည်နှင့် ပေါက်ပြားကို မြှောက်ကာ ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း ရှန်မော့အာက လက်လှမ်းဆွဲကာ ပြန်လည်ဆွဲယူလိုက်သည်။ "မလောပါနဲ့။ ကျွန်မတို့ အမှောင်ထဲမှာ အရင်ပုန်းနေပြီး အချိန်ကောင်းကို ရှာပြီး တစ်ချက်တည်းနဲ့ သေချာအောင် လုပ်ရမယ်"

ကျောက်ရှင်းကော် က ဘာအချိန်ကောင်းကို ရှာရဦးမှာလဲ၊ ဒီနေ့ ငါတို့ သားအဖသုံးယောက် ဒီနေရာမှာ အသက်စွန့်ရတော့မယ် ထင်တယ် ဟု ပြောချင်သော်လည်း ရှန်မော့အာကိုတော့ ဒုက္ခမပေးနိုင်ဟု တွေးလိုက်သည်။ သူ ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း ရှန်မော့အာ၏ ဆုပ်ကိုင်ထားမှုမှ မရုန်းထွက်နိုင်ကြောင်း တွေ့လိုက်ရလေသည်။

ရှန်မော့အာက သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ဦးကြီး.. ကျွန်မ စကားကို နားထောင်ပါ"

ပြောပြီးနောက် ကျောက်ရှင်းကော် ကို လွှတ်ပေးလိုက်ပြီး ဝါးခြင်းတောင်းထဲမှ သူမ ကိုယ်တိုင် ပြုလုပ်ထားသော လေးနှင့်မြားကို ထုတ်ယူကာ ညင်သာစွာ ချဉ်းကပ်သွားလေသည်။

ကျောက်ရှင်းကော်သည် ကြောင်တောင်တောင်ဖြင့် သူ၏ပခုံးကို ပွတ်သပ်လိုက်ပြီးမှ နောက်ကျမှ သတိပြုမိသွားသည်။ တူမလေးရဲ့ လက်ခွန်အားက ငါ့ထက်တောင် အများကြီး ပိုများနေပါလား။

ဟိုဘက်တွင် ကျောက်ကျိန့်ယန် နှင့် ကျောက်ကျိန့်ဟွေး တို့သည် လက်ကိုင်ရှည် ပေါက်ပြားတစ်လက်ကိုသာ အားကိုး၍ တောဝက် အနားကပ်မလာနိုင်အောင် တားဆီးထားရသည်။ သို့သော် အေးစက်သော ဆောင်းရာသီတွင်ပင် သူတို့နှစ်ဦးစလုံး ချွေးများ ရွှဲနစ်နေပြီး အသက်ကို ပြင်းပြင်းရှူကာ အလွန်အမင်း မောပန်းနေကြပြီ ဖြစ်သဖြင့် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်မှန်း သိသာလှသည်။

ကျောက်ကျိန့်ဟွေး က အသက်ပြင်းပြင်းရှူရင်း "အစ်ကိုယန်.. အစ်ကို ထွက်သွားပါတော့။ ငါတို့ ညီအစ်ကိုနှစ်ယောက်စလုံး ဒီမှာ အသေခံလို့ မဖြစ်ဘူးလေ"

ကျောက်ကျိန့်ယန် သည် မျက်နှာစိမ်းစိမ်းနှင့် အစွယ်ချွန်ချွန် တောဝက်ကို စူးစိုက်ကြည့်နေရင်း ပြန်ပြောလိုက်သည်။ "မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ ထွက်သွားပြီး မင်းကို ဒီမှာ သေဖို့ ထားခဲ့ရမှာလား"

သူက ခဏ‌လောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ငါ သူ့ကို တားထားမယ်။ မင်း သစ်ပင်ပေါ်ကို အမြန်တက်သွား။ မင်း တက်သွားပြီးတာနဲ့ ငါလည်း ပြေးဖို့ နည်းလမ်းရှာပြီး နောက်မှ လူသွားခေါ်ပြီး မင်းကို လာကယ်မယ်"

သူတို့နှစ်ဦး စကားပြောနေစဉ် လက်လှုပ်ရှားမှုများ မသိမသာ နှေးကွေးသွားခဲ့သည်။ တောဝက်သည်လည်း အလွန် ကောက်ကျစ်စဉ်းလဲလှသည်။ သူတို့နှစ်ဦး အနည်းငယ် လျော့ရဲသွားသည်ကို မြင်သည်နှင့် တဝူးဝူး အော်ဟစ်ကာ ထပ်မံ ပြေးဝင်လာလေသည်။ ၎င်း၏ရှေ့တွင် ဝှေ့ယမ်းနေသော ပေါက်ပြားကိုပင် ဂရုမစိုက်တော့ဘဲ ဒဏ်ရာရမည်ကို အမှုမထားဘဲ အရှေ့က လူကို အရင်ဆုံး သတ်ဖြတ်ရန် ရည်ရွယ်ထားပုံရသည်။

တောဝက်သည် ကျောက်ကျိန့်ယန် ကို ဝင်တိုက်တော့မည့် အချိန်လေးမှာပင် ရုတ်တရက် ရွှီး ကနဲ မြားတစ်စင်းက လေကိုခွဲကာ ထွက်ပေါ်လာပြီး တောဝက်၏ မျက်လုံးတစ်ဖက်ကို တည့်မတ်စွာ စိုက်ဝင်သွားလေသည်။

တောဝက်ထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ကျောက်ကျိန့်ယန် လည်း ညီဖြစ်သူကို ဆွဲကာ အမြန်ပြေးလေသည်။ တောဝက်က ထပ်မံ လိုက်လံရန် ပြင်လိုက်သော်လည်း နောက်ထပ် မြားတစ်စင်းက ရွှီး ကနဲ ထပ်မံထွက်ပေါ်လာပြီး ၎င်း၏ အခြားမျက်လုံးတစ်ဖက်ကိုပါ စိုက်ဝင်သွားပြန်သည်။ မျက်လုံးနှစ်ဖက်စလုံး ကန်းသွားသဖြင့် တောဝက်သည် ခေါင်းမပါသော ယင်ကောင်ကဲ့သို့ ဒေါသတကြီး အော်ဟစ်ကာ ဟိုဟိုဒီဒီ ဝင်တိုက်နေပြီး ဘေးပတ်လည်ရှိ သစ်ပင်များကို တဒုန်းဒုန်း အသံမြည်အောင် ဝင်တိုက်နေလေသည်။ ထို့နောက် နောက်ထပ် မြားတစ်စင်းက ၎င်း၏ နဖူးပေါ်ရှိ အားအနည်းဆုံး နေရာကို တိုက်ရိုက် ဖောက်ထွင်းသွားသည်တွင် တောဝက်သည် သနားစဖွယ် အော်ဟစ်လိုက်ပြီး မြေကြီးပေါ်သို့ ဝုန်း ကနဲ လဲကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် ကျောက်ရှင်းကော် သည် ဘေးဘက်ရှိ ခြုံပုတ်ထဲမှ ခုန်ထွက်လာပြီး ပေါက်ပြားကို မြှောက်ကာ တောဝက်၏ ခေါင်းကို အချက်ပေါင်းများစွာ ထုရိုက်လိုက်သည်။ အသက်ငင်နေပြီဖြစ်သော တောဝက်သည် ချက်ချင်းပင် အသက်ထွက်သွားလေတော့သည်။

ကျောက်ကျိန့်ယန် နှင့် ကျောက်ကျိန့်ဟွေး တို့မှာ ကြက်သေသေသွားကြတော့သည်။

ရှန်မော့အာသည် သစ်ပင်ကြီးတစ်ပင်၏ အနောက်မှ ထွက်လာပြီး ကျောက်ကျိန့်ယန် ကို လှမ်းခေါ်လိုက်၏။ "အစ်ကိုယန်.. အဖေတို့ကို သွားခေါ်ချေ။ တောဝက်ကို ဝိုင်းထမ်းဖို့ ပြန်လာခဲ့ကြလို့"

ကျောက်ကျိန့်ယန်သည် ရှန်မော့အာကို အူကြောင်ကြောင်ဖြင့် ကြည့်နေမိပြီး ကျောက်ရှင်းကော်က "မြန်မြန်သွားလေ" ဟု ထပ်မံတိုက်တွန်းလိုက်မှသာ ခြေကုန်သုတ်ကာ ပြေးသွားတော့သည်။

မိနစ် ၂၀ အကြာတွင် လူတစ်စုသည် သွေးအလိမ်းလိမ်းဖြင့် သေဆုံးနေသော တောဝက်၏ ဘေးတွင် ဝိုင်းအုံနေကြသည်။

ကျိန့်ကျားမင် က အံ့သြတကြီးဖြင့် ပြောလိုက်၏။ "ဒါ.. ဒါ.. ဒါက.. ရဲဘော်မော့အာ၊ မင်း အရမ်း တော်လွန်းနေပြီ"

ဝမ်ချိုးထုန်း လည်း အလားတူ အံ့အားသင့်နေပြီး "တောဝက်က ဒီလောက် သတ်ရလွယ်တာလား။ ဒါဆို စောစောက ငါတို့ ဘာလို့ ပြေးနေတာလဲ"

သူတို့ အံ့သြနေသည်က မဆန်းသော်လည်း တကယ်တမ်းတွင် ကျောက် မိသားစုဝင်များလည်း အံ့သြနေကြလေသည်။

သူတို့သည် တောင်ပေါ်ဒေသခံများ ဖြစ်ကြသဖြင့် တောဝက်များနှင့် တွေ့ဆုံရမည့် အခွင့်အရေးမှာ တခြားသူများထက် များစွာ ပိုများလေသည်။ နှစ်စဉ်နှစ်တိုင်းပင် တပ်ဖွဲ့မှ လူများကို စုစည်းကာ တောင်ပေါ်သို့ တောဝက်သွားပစ်လေ့ရှိကြသည်။ သို့သော် သူတို့ တောင်ပေါ်သို့ တောဝက်သွားပစ်ရာတွင် "လက်နက်များ" ပါရှိပြီး များသောအားဖြင့် ခွန်အားကြီးမားသော ယောက်ျားကြီးများ တစ်အုပ်လုံး ပါဝင်လေ့ရှိသည်။ သေနတ်သုံးရန် မဆိုထားနှင့်၊ ဓားမကြီးများဖြင့် တစ်ယောက်တစ်ချက် ခုတ်လျှင်ပင် တောဝက်ကို အသက်ရှင်လျက် သေအောင် ခုတ်သတ်နိုင်လေသည်။

သို့သော် ယနေ့လို လူသုံးလေးယောက်က လက်ဗလာဖြင့် တောဝက်ကို ရိုက်သတ်ခြင်းမျိုးက... အို.. မဟုတ်သေးဘူး၊ တိတိကျကျ ပြောရလျှင် တောဝက်ကို ရှန်မော့အာ တစ်ယောက်တည်းက မြားဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်သည်။ ကျောက်ရှင်းကော် မှာမူ နောက်ပိုင်းမှ ဝင်ရောက်ကာ နှစ်ချက်မျှသာ ဝင်ရိုက်လိုက်ခြင်းဖြစ်ပြီး တောဝက်ကို ပိုမိုမြန်ဆန်စွာ သေဆုံးသွားစေရန်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ တစ်ကိုယ်တော် တောဝက်ကို သတ်ဖြတ်နိုင်သူမျိုး သူတို့၏ ပေရှန်းအောက် ရွာတွင်ပင် မရှိခဲ့ချေ။

တောဝက်က သတ်ရလွယ်ကူခြင်း မဟုတ်ဘဲ ရှန်မော့အာ၏ မြားပစ်စွမ်းရည်က အလွန် ထူးချွန်လွန်းနေခြင်းသာ။

ထိုနေရာတွင် အတည်ငြိမ်ဆုံးသူမှာ ရှန်ရှောက်ယွမ် ပင် ဖြစ်သည်။ သူက သတိပေးလိုက်၏။ "အပိုစကားတွေ မပြောကြနဲ့ဦး။ ဒီကောင်ကြီးကို တောင်အောက်ကို အရင်ထမ်းချရအောင်။ ဒီမှာ သွေးနံ့က အရမ်းပြင်းနေတယ်။ တခြားအကောင်တွေ ရောက်လာဦးမယ်"

ကျောက်ရှင်းကော် လည်း သူ၏ သတိပေးမှုကြောင့် ရုတ်တရက် လန့်ဖြတ်သွားပြီး ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်။ လောင်ချီ ပြောတာ မှန်တယ်။ တခြားအရာတွေကို ဂရုမစိုက်နဲ့ဦး။ ဒီအကောင်ကို အရင်သယ်သွားပြီး လူတွေလည်း မြန်မြန် ထွက်သွားကြစို့"

သူသည် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ရှန်ရှောက်ယွမ်ကို မေးလိုက်၏။ "ဒီအကောင်ကို တပ်ဖွဲ့ရုံးခန်းဆီကို သယ်သွားရမလား ဒါမှမဟုတ်..."

ရှန်ရှောက်ယွမ်က ကျိန့်ကျားမင် နှင့် ဝမ်ချိုးထုန်း တို့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။ "ရွာအဝင်ဝဘက်က လမ်းသွယ်လေးအတိုင်း သယ်သွားကြတာပေါ့။ အားလုံးလည်း လန့်သွားကြတာဆိုတော့ အသားလေး ဘာလေး စွပ်ပြုတ်လုပ်သောက်ပြီး စိတ်ပြေလက်ပျောက် ဖြစ်အောင် လုပ်ကြတာပေါ့"

ပုံမှန်အားဖြင့် သည်လောက် ကြီးမားသော တောဝက်ကို အများပိုင်အဖြစ် အပ်နှံရမည် ဖြစ်သော်လည်း ယနေ့ ထိုနေရာတွင် ကျိန့်ကျားမင် နှင့် ဝမ်ချိုးထုန်း တို့မှလွဲ၍ အားလုံးမှာ ကိုယ့်မိသားစုဝင်များချည်းသာ ဖြစ်ပြီး တခြားသူများ မမြင်တွေ့ခဲ့သဖြင့် အိမ်သို့ တိုက်ရိုက်သယ်ဆောင်သွားခြင်းက ပြဿနာမရှိနိုင်ပေ။

တကယ်တော့ ရှန်မော့အာက ချက်ချင်းပင် ကျောက်ကျိန့်ယန် ကို လူသွားခေါ်ခိုင်းလိုက်ခြင်းမှာလည်း ဤရည်ရွယ်ချက်ကြောင့်ပင်။ တကယ်လို့ သူတို့ တောင်အောက်ဆင်းပြီး ရွာသားတွေကို သွားခေါ်ခဲ့မည်ဆိုပါက ထိုအချိန်ကျလျှင် သေချာပေါက် အများပိုင်အဖြစ် အပ်နှံရတော့မည်။

ကျောက်ရှင်းကော်လည်း သဘောပေါက်သွားပြီး ချက်ချင်း ပြောလိုက်၏။ "ကောင်းပြီလေ။ ငါနဲ့ ကျိန့်ယန် က ရွာအဝင်ဝဘက်ကို သယ်သွားမယ်။ မင်းတို့က လာလမ်းအတိုင်း ပြန်ကြ"

သူတို့ လူအုပ်ကြီး တောင်ပေါ်တက်လာခဲ့ပြီး ပြန်ဆင်းမလာသည်ကို မြင်လျှင် တောင်ခြေရှိ လူများက သတိထားမိပါက ထူးဆန်းသည်ဟု ထင်ကြပေလိမ့်မည်။

ကျိန့်ကျားမင် က တောဝက်ကို အတူတူ ထမ်းရန် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုလိုက်၏။ ကျောက်ကျိန့်ယန် က သူ၏ သေးသွယ်သော လက်မောင်းနှင့် ခြေထောက်များကို အနည်းငယ် အထင်သေးစွာ ကြည့်လိုက်သော်လည်း မငြင်းဆန်ခဲ့ချေ။ "မင်းက အရှေ့ကနေ လမ်းပြပေးလေ"

လမ်းသွယ်လေးက သွားရလာရ သိပ်မလွယ်ကူပေ။ ပုံမှန်အားဖြင့် လူသွားလူလာ နည်းပါးသော်လည်း မမျှော်လင့်နိုင်သော အရာများ ရှိနိုင်သဖြင့် တစ်စုံတစ်ယောက်က လမ်းပြပေးပါက တစ်ခုခု ကြုံတွေ့လာလျှင် ချက်ချင်း တုံ့ပြန်နိုင်ပေမည်။

ကျိန့်ကျားမင် လည်း ဝမ်းသာအားရဖြင့် လိုက်ပါသွားလေသည်။

ကျန်လူများက ထိုနေရာကို အနည်းငယ် ရှင်းလင်းလိုက်ကြသည်။ ပေါက်ပြားက အသင့်ရှိနေသဖြင့် မြေကြီးများကို တူးကာ သွေးကွက်များကို ဖုံးအုပ်လိုက်ကြပြီးမှ လာလမ်းအတိုင်း ပြန်လာခဲ့ကြသည်။

ရှန်မော့အာနှင့် ဖုမင်ဇယ်တို့က နောက်ဆုံးတွင် ကျန်ရစ်ခဲ့သည်။ ဖုမင်ဇယ်၏ မျက်နှာအမူအရာက သိပ်မကောင်းလှချေ။ လမ်းတစ်လျှောက်လုံး ရှန်မော့အာ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ ဝမ်ချိုးထုန်း က မြင်လိုက်သောအခါ အလိုက်တသိဖြင့် ကျောက်ထင်ထင် နှင့် အတူတူ လျှောက်သွားလိုက်သည်။

"ကျွန်မ သေချာသိပြီးသားပါ"

ရှန်မော့အာက ဖုမင်ဇယ်၏ လက်ဖဝါးကို ကုတ်ခြစ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

ကျောက်ကျိန့်ယန် က လူသွားခေါ်ရန် ပြန်လာချိန်တွင် လမ်းတစ်ဝက်၌ ပထမဆုံး တွေ့လိုက်ရသူမှာ ဖုမင်ဇယ် ပင်။ ဖုမင်ဇယ်သည် တောဝက် လိုက်မလာကြောင်း သတိပြုမိသွားသဖြင့် ကျိန့်ကျားမင် နှင့် ဝမ်ချိုးထုန်း တို့ကို ပုန်းအောင်းနေရန် ပြောခဲ့ပြီး သူကိုယ်တိုင် လှည့်ပြန်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ဘာမှမပြောခဲ့သော်လည်း မျက်နှာအမူအရာက သိပ်မကောင်းလှချေ။ သူမ၏ လက်ကို ဆုပ်ကိုင်ထားရင်း အနည်းငယ် တုန်ယင်နေသည်တွင် ရှန်မော့အာ၏ စိတ်ထဲတွင် လုံးဝ ပျော့ပျောင်းသွားခဲ့လေသည်။ ဖုမင်ဇယ် သည် သူမတွင် သေချာပေါက် နိုင်နိုင်မည်ဟု ယုံကြည်မှုရှိကြောင်း မသိဘဲမနေပေ။ သို့သော် သိခြင်းက တစ်ပိုင်းဖြစ်ပြီး စိုးရိမ်ပူပန်ခြင်းက နောက်တစ်ပိုင်းသာ။

ဖုမင်ဇယ်၏ ခြေလှမ်းများက အနည်းငယ် ရပ်တန့်သွားပြီး ရှန်မော့အာကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ သူမ၏ လည်ပင်းတွင် မျက်နှာအပ်လျက် တိုးညှင်းစွာ အင်း ဟု ပြန်ဖြေလိုက်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ချိုးထုန်း က နောက်လှည့်ကြည့်မိသည်တွင် ကြက်ဥတစ်လုံး ဝင်ဆံ့လောက်အောင် ပါးစပ်ဟသွားသည်အထိ အံ့အားသင့်သွားခဲ့သည်။ ရှန်မော့အာက ချက်ချင်းပင် လက်ညှိုးတစ်ချောင်း ထောင်ပြကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

ဝမ်ချိုးထုန်းခမျာ ရှုပ်ထွေးသော အမူအရာဖြင့် နှုတ်ခမ်းကို လှမ်းဆွဲပိတ်လိုက်သည့် အမူအရာကို တိတ်တဆိတ် ပြုလုပ်လိုက်သည်။

သူမသည် စိတ်ထဲတွင်တော့ တွေးလိုက်မိလေသည်။ ပညာတတ်လူငယ်ဖု က အေးစက်စက်နဲ့ နေတတ်ပေမယ့် မိန်းမကို ဒီလောက်တောင် ကပ်ချွဲတတ်လိမ့်မယ်လို့ တကယ် မထင်ထားဘူး။

...

အပိုင်း (၇၀)

ကျောက်ရှင်းကော် ခန့်မှန်းခဲ့သည်မှာ အမှန်ပင်။ သူတို့ လူအုပ်ကြီး တောင်အောက်သို့ ဆင်းလာချိန်တွင် တောင်ခြေအနီးရှိ အိမ်များဘက်က လမ်းဘေးတွင် ရွှီဝေ ကို တိုက်တိုက်ဆိုင်ဆိုင် ထပ်တွေ့ခဲ့ရသည်။

တကယ်တော့ တိုက်တိုက်ဆိုင်ဆိုင် တွေ့သည်တော့ဟု မဆိုနိုင်ပေ။ အကြောင်းမှာ တစ်ဖက်လူသည် ထိုနေရာတွင် တမင်တကာ စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

သစ်ငုတ်တိုကို စောင့်၍ ယုန်ဖမ်းသကဲ့သို့ သူတို့ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

ရွှီဝေသည် အကြိမ်အနည်းငယ် ခေါင်းပြူကြည့်လိုက်သော်လည်း ကျိန့်ကျားမင် ကို မတွေ့ရသဖြင့် သူမ၏ မျက်နှာအမူအရာတွင် အနည်းငယ် စိတ်ပျက်သွားဟန် ပေါ်လွင်သွားပြီး ဖြတ်လျှောက်လာသော ရှန်မော့အာကို မေးလိုက်သည်။ "အစ်မမော့အာ.. ပညာတတ်လူငယ်ကျိန့်ကို ဘာလို့ မတွေ့ရတာလဲ"

ရှန်မော့အာက မျက်နှာအမူအရာ မပြောင်းလဲဘဲ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ "ကျိန့်ကျားမင် က ဗိုက်နာတယ်ဆိုပြီး လမ်းတစ်ဝက်ကနေ ပြန်ဆင်းသွားတယ်လေ။ ဘာလဲ... နင် သူ့ကို မတွေ့လိုက်ဘူးလား"

ကျောက်ထင်ထင် က မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ဘေးရှိ ဝမ်ချိုးထုန် နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ဝမ်ချိုးထုန် က မျက်လုံးကို ကစားလိုက်ပြီး တမင်တကာပင် ပြောလိုက်သည်။ "ဟုတ်တယ်၊ သူ လမ်းတစ်ဝက်ကနေ ပြန်ဆင်းသွားတာ။ နင့်ကို တောင်ပေါ် ခေါ်သွားဖို့ ပြန်ဆင်းသွားတာလို့တောင် ငါ ထင်နေတာ"

ရွှီဝေက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းခါပြကာ "မဟုတ်ပါဘူး။ ပညာတတ်လူငယ်ကျိန့် က တကယ်ပဲ နေမကောင်းဖြစ်လို့ နေမှာပါ"

သူမ အိမ်ပြန်၍ အဝတ်လှန်းပြီးနောက် ထိုလူအုပ်ကြီးသည် အလွယ်တကူ တောင်အောက်ဆင်းလာမည် မဟုတ်ဟု တွေးကာ အိမ်တွင် အလုပ်အနည်းငယ် ဆက်လုပ်နေခဲ့ပြီးမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကျိန့်ကျားမင် နှင့် လွဲချော်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သို့သော် ကျိန့်ကျားမင် နှင့် တွေ့လျှင်လည်း အလကားပင် ဖြစ်လိမ့်မည်။ သူသည် လမ်းတစ်ဝက်မှ တောင်အောက်ဆင်းလာခဲ့ခြင်းဖြစ်ရာ သေချာပေါက် ဘာမှရလာမည် မဟုတ်ပေ။ ထိုလူများ တစ်ခုခု ရလာပါက သူမ အကျိုးအမြတ် အနည်းငယ် ရနိုင်မလားဟူသည့်အတွေးဖြင့် သူမက ဤနေရာတွင် စောင့်နေခြင်းဖြစ်လေသည်။

ထိုသို့တွေးမိသောအခါ ရွှီဝေသည် ရှန်မော့အာကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ "အစ်မမော့အာ.. ရှင်တို့ တောင်ပေါ်တက်သွားတာ တော်တော်ကြာပြီဆိုတော့ အများကြီး ရလာမှာပဲနော်"

သူမသည် ဘာမှနားမလည်သော ဖြူစင်သည့် အမူအရာ၊ မျက်လုံးပြူးကြီးများဖြင့် ရှန်မော့အာကို ကြည့်ကာ အမှန်တကယ်ပင် သိချင်၍ တွေးတောခြင်းမရှိဘဲ မေးလိုက်သည့်ဟန် ပေါက်နေလေသည်။

ရှန်မော့အာလည်း စိတ်ထဲတွင် တွေးလိုက်မိသည်။ ပုံမှန်ဆိုရင် တော်တော်လေး ထက်မြက်တဲ့ ကျိန့်ကျားမင် က သူ့ရဲ့ လှည့်စားတာကို ဘာလို့ ခံရတာလဲဆိုတာ နားလည်သွားပြီ။ ဒီလူက သူ့ရဲ့ အားသာချက်ကို တကယ်ကို ရှင်းရှင်းလင်းလင်း သိနေတာပဲ။ သူ့အသက်ကလည်း မကြီးသေးသလို အားနည်းတဲ့ပုံစံလေး ရှိနေတော့ တကယ်ပဲ ဘာမှနားမလည်တဲ့ ကောင်မလေးတစ်ယောက်လို ဖြစ်နေတာ။ သာမန်လူတွေက ဒီလောက် ဖြူစင်ပုံပေါက်တဲ့ ကောင်မလေးတစ်ယောက်ဆီမှာ ရှုပ်ထွေးတဲ့ စိတ်ကူးတွေ ရှိလိမ့်မယ်လို့ ထင်မှာမဟုတ်ဘူး။ ဘာမှနားမလည်သေးဘူးလို့ပဲ ထင်ကြမှာ။

ရှန်မော့အာက ပြုံးလိုက်ပြီး "တောဟင်းရွက်နဲ့ မှိုနည်းနည်းလောက်ပဲ ရတာပါ။ နင် အိမ်မှာ အားနေရင်လည်း တောင်ပေါ် သွားကြည့်လို့ ရတာပဲ။ အများကြီးရှိတယ်။ အဝေးကြီး သွားစရာ မလိုပါဘူး။ ရွယ်တူ ကလေးတချို့ ခေါ်ပြီး အတူတူ သွားလို့ရပါတယ်"

ရွှီဝေ ၏ မျက်လုံးများက အရောင်လက်သွားပြီး သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်မက အိမ်မှာ အမေနဲ့ မောင်လေးကို ပြုစုရဦးမယ်လေ။ အမေကလည်း ကျန်းမာရေး သိပ်မကောင်းဘူး၊ မောင်လေးကလည်း ငယ်သေးတယ်။ အိမ်မှာကလည်း ဘာဝင်ငွေမှ မရှိဘူးဆိုတော့ ကျွန်မတို့ မိသားစုက တကယ်ကို ခက်ခဲနေတာပါ"

သူမက ရုတ်တရက် ရှန်ရှောက်ယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ဦးလေး ၇.. အမေ ပြောတာတော့ ဦးလေးတို့တွေက အသက်အရွယ်လည်း သိပ်မကွာဘူး၊ အတူတူ ကြီးပြင်းလာခဲ့ကြတာ၊ ငယ်ငယ်တုန်းက သံယောဇဉ်လည်း ရှိကြတယ်တဲ့။ နှမြောစရာကောင်းတာက အမေ တုန်းရှန်းတပ်ဖွဲ့ကို အိမ်ထောင်ကျသွားတော့ အားလုံးနဲ့ တော်တော်ကြာ မတွေ့ဖြစ်ဘဲ ရုတ်တရက်ကြီး ဝေးကွာသွားခဲ့ရတာတဲ့။ အမေက အစကတော့ နှစ်သစ်ကူးပထမနေ့မှာ ငယ်သူငယ်ချင်းတချို့ကို ရှာပြီး အတူတူ စုဆုံကြမလို့ စဉ်းစားထားတာတဲ့။ နှမြောစရာကောင်းတာက နေမကောင်းဖြစ်သွားလို့ ဒီရက်ပိုင်း အိပ်ရာထဲကနေ မထနိုင်ဘူးဖြစ်နေတာ။ အင်း... ကျွန်မ အသုံးမကျလို့ပါ။ ကျွန်မတို့ အိမ်က လေတွေ မိုးတွေ ယိုစိမ့်နေတာကိုလည်း ကျွန်မ မပြင်တတ်ဘူး"

ထိုနေရာရှိ လူအားလုံး၏ အကြည့်များသည် ရှန်ရှောက်ယွမ်ထံသို့ ချက်ချင်း ကျရောက်သွားကြသည်။

ရှန်ရှောက်ယွမ် : "..."

ဘာ ငယ်သူငယ်ချင်းတွေလဲ။ ပထမအချက် ငါက မူလ ရှန်လောင်ချီ မဟုတ်ဘူး။ ဒုတိယအချက် မူလ ရှန်လောင်ချီနဲ့ ကျိုးချွန်းထောင် ဆက်ဆံရေးကလည်း သာမန်ပဲ မဟုတ်ဘူးလား

ခဏနေပါဦး... ရှန်ရှောက်ယွမ်၏ မျက်နှာအမူအရာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။ အကြောင်းမှာ ထိုအချိန်လေးအတွင်းမှာပင် သူ၏ ဦးနှောက်ထဲတွင် မှတ်ဉာဏ်တချို့ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ မူလ ရှန်လောင်ချီသည် အိမ်ထောင်မကျမီက ကျိုးချွန်းထောင် ကို တိတ်တဆိတ် သဘောကျခဲ့ဖူးသည်ကတော့ အမှန်ပင် ဖြစ်ပုံရသည်။

ထိုအချိန်က ရှန်လောင်ချီသည် မိဘမဲ့ လူငယ်တစ်ဦးဖြစ်ပြီး အထက်မှ ညီအစ်ကိုများ၏ ဖိနှိပ်ခိုင်းစေခြင်းကို အမြဲလိုလို ခံခဲ့ရသည်။ အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်လာသော်လည်း ဘယ်သူကမှ သူ့အတွက် စီစဉ်ပေးခြင်း မရှိခဲ့ချေ။

သူသည် အခြားသူများ၏ အေးစက်သော အကြည့်များကို မကြာခဏ ခံခဲ့ရပြီး ကျိုးချွန်းထောင် တစ်ဦးတည်းသာ သူ့အပေါ် ဖော်ရွေစွာ ဆက်ဆံပြီး နူးညံ့စွာ စကားပြောဆိုခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ရှန်လောင်ချီသည် စိတ်ထဲတွင် ကျိုးချွန်းထောင် ကဲ့သို့သော ဇနီးတစ်ဦး ရရှိရန်နှင့် ကိုယ်ပိုင် မိသားစုတစ်ခု တည်ထောင်ရန် အလွန် မျှော်လင့်ခဲ့မိသည်။

ကျိုးချွန်းထောင် ကို ချစ်မြတ်နိုးသည်ဟုတော့ မဆိုနိုင်ပေ။ သို့သော် ထိုကဲ့သို့သော ဇနီးတစ်ဦး ရရှိရန်နှင့် ကိုယ်ပိုင် မိသားစုတစ်ခု တည်ထောင်ရန် မျှော်လင့်ခဲ့ခြင်းသာ ဖြစ်သည်။

ဟုတ်ပါသည်။ ကျိုးချွန်းထောင် သည် သူ့ကို သဘောကျရန် မဖြစ်နိုင်ပေ။ မကြာမီမှာပင် သူမသည် တုန်းရှန်းတပ်ဖွဲ့ရှိ ချမ်းသာသော မိသားစုတစ်စုသို့ အိမ်ထောင်ကျသွားခဲ့သည်။ ကျိုးချွန်းထောင် အိမ်ထောင်ကျသွားပြီးနောက် ရှန်လောင်ချီသည် အချိန်အတော်ကြာအောင် ဝမ်းနည်းပူဆွေးနေခဲ့လေသည်။

ရှန်ရှောက်ယွမ်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး အတန်ကြာမှ ခေါင်းကိုက်သလိုဖြင့် နဖူးကို ပွတ်သပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "ဒါဆိုလည်း မင်းအမေ အမြန်ဆုံး ကျန်းမာလာပါစေလို့ ဆုတောင်းပေးပါတယ်။ ဪ၊ နောက်ပြီး မင်းလည်း အိမ်ပြင်တာကို အမြန်ဆုံး သင်ယူတတ်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်"

ရွှီဝေ : "..."

သူမ သနားစရာကောင်းအောင် ပြောဆိုနေချိန်တွင် ဤကဲ့သို့ ပြန်လည်တုံ့ပြန်မှုမျိုးကို သူမ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။ ပုံမှန်အားဖြင့် သူမကဲ့သို့ ပန်းငုံဖူးလေးပမာ မိန်းကလေးငယ်တစ်ဦးက မိသားစုကို ပိုမိုကောင်းမွန်စွာ မစောင့်ရှောက်နိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေချိန်တွင် တစ်ဖက်လူက သူမကို နှစ်သိမ့်ပေးပြီး ပစ္စည်းတစ်ခုခု ထုတ်ပေးရမည် မဟုတ်ပါလား။

သူမ၏ အိမ်က လေတွေ မိုးတွေ ယိုစိမ့်နေပြီး သူမ မပြင်တတ်ကြောင်း သူမက အလွန် ရှင်းလင်းစွာ ပြောပြခဲ့ပြီးပြီ မဟုတ်ပါလား။ သူက သူမကို အိမ်ပြင်ပေးရန် စိတ်အားထက်သန်စွာဖြင့် ကူညီပေးမည်ဟု ပြောရမည် မဟုတ်ပါလား။ ထို့အပြင် သူမတို့ မိသားစုတွင် ဝင်ငွေမရှိဘဲ ဘဝက ခက်ခဲနေသည်ဟု ပြောခဲ့သဖြင့် သူက ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခြင်း သို့မဟုတ် ငွေကြေးအနည်းငယ် "ချေးငှား" ပေးခြင်း၊ သို့မဟုတ် အလုပ်တစ်ခု စီစဉ်ပေးရန် နည်းလမ်းရှာပေးခြင်းတို့ ပြုလုပ်ရမည် မဟုတ်ပါလား။

ထို့အပြင် သူမ၏အမေက ရှန်လောင်ချီသည် ယခင်က သူမ၏အမေကို အလွန် သဘောကျခဲ့ကြောင်း ပြောခဲ့ဖူးသည်။ သူမ၏အမေကသာ သူ့ကို သဘောမကျခဲ့ခြင်းသာ။ အကြောင်းမှာ ထိုအချိန်က သူသည် ဘာမှမရှိဘဲ အလွန် ဆင်းရဲမွဲတေနေသောကြောင့်ပင်။ ယခုအခါ သူ၏ ဇနီးသေဆုံးသွားပြီး သူမ၏အမေသည်လည်း ယန်လျိုတပ်ဖွဲ့သို့ ပြန်ရောက်လာပြီဖြစ်ရာ သူသည် ယခင်ဆက်ဆံရေးကို ပြန်လည်ဆက်စပ်ရန် အလွန် စိတ်အားထက်သန်နေရမည် မဟုတ်ပါလား။

သူမက သူမ၏အမေကိုပင် အကြောင်းပြလိုက်ပြီဖြစ်ရာ သူက ဘာကြောင့် ဤကဲ့သို့ အမူအရာမျိုး ဖြစ်နေရသနည်း။

အသက်ငယ်သေးသဖြင့် ရွှီဝေ သည် ရှန်ရှောက်ယွမ်၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကြောင့် ရုတ်တရက် အရှိုက်ထိသွားပြီး မည်သို့ တုံ့ပြန်ရမည်ကို လုံးဝ မသိတော့ချေ။ သူမ သတိပြန်ဝင်လာချိန်တွင် ရှန်ရှောက်ယွမ်သည် အဝေးသို့ ရောက်ရှိသွားလေပြီ။

ရွှီဝေ သည် စိတ်ဓာတ်ကျစွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ ကျဉ်းမြောင်းသော အခန်းငယ်လေးထဲတွင် ကုတင်တစ်လုံးတည်းသာ ရှိပြီး သူမ၏အမေ ကျိုးချွန်းထောင် က ကုတင်ပေါ်တွင် လှဲနေလေသည်။ မောင်ဖြစ်သူမှာ မရှိဘဲ ဘယ်နေရာသို့ သွားဆော့နေမှန်း မသိရချေ။

ကျိုးချွန်းထောင် ၏ အသားအရေသည် အနည်းငယ် မည်းနက်သော်လည်း မျက်နှာပေါက်မှာ အတော်လေး လှပလေသည်။ ရွှီဝေ ၏ မျက်လုံးများသည် သူမနှင့် တူညီပြီး အသက်အရွယ်ရလာသော်လည်း သနားကရုဏာ သက်ဖွယ်ကောင်းသော နူးညံ့သိမ်မွေ့မှုမျိုး ရှိနေဆဲ။ အထူးသဖြင့် ဤရက်ပိုင်းတွင် ဖျားနာနေသဖြင့် လူတစ်ကိုယ်လုံးမှာ ပိုလို့ပင် အားနည်းနွမ်းနယ်နေပုံ ပေါက်နေလေသည်။

ရွှီဝေ ဝင်လာသည်ကို မြင်သောအခါ ကျိုးချွန်းထောင် က ချက်ချင်း မေးလိုက်သည်။ "ဘယ်လိုလဲ"

ရွှီဝေ က ခေါင်းခါပြလိုက်သည်။ "ပညာတတ်လူငယ်ကျိန့် ကို မတွေ့ခဲ့ဘူး။ ရှန်မော့အာ နဲ့ ဦးလေး ၇ ရှန် တို့ကလည်း ဘာမှ မပြောကြဘူး"

သူမသည် ခဏတုံ့ဆိုင်းသွားပြီးနောက် ရှန်မော့အာနှင့် ရှန်ရှောက်ယွမ် ပြောခဲ့သော စကားအားလုံးကို ကျိုးချွန်းထောင်အား တစ်လုံးမကျန် ပြန်လည်ပြောပြလိုက်သည်။ ကျိုးချွန်းထောင်က ကြားလိုက်ရသောအခါ သိပ်မယုံကြည်ချေ။ "မဖြစ်နိုင်ဘူး။ ရှန်လောင်ချီ က ဘယ်လိုလုပ် ဒီလိုပြောမှာလဲ"

ရွှီဝေသည် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေတော့၏။ "ဒါပေမဲ့ သူပြောတဲ့ မူရင်းစကားက ဒီအတိုင်းပဲလေ"

ကျိုးချွန်းထောင် က ခေါင်းခါလိုက်သည်။ "အဲဒီမှာ လူတွေ အများကြီး ရှိနေလို့ ဖြစ်မယ်။ ပြီးတော့ သူ့ရဲ့ သမီးနဲ့ သားမက်လည်း ရှိနေတယ်လေ။ လူအများကြီးရှေ့မှာ ဘာမှ မပြောရဲလို့ ဖြစ်မှာပေါ့။ နင်လည်း ဒီလိုစကားမျိုးကို လူမရှိတဲ့အချိန်မှာမှ သူ့ကို ပြောသင့်တာ"

"ဒါပေမဲ့..."

ရွှီဝေ က သူမကိုယ်သူမ ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း ကျိုးချွန်းထောင် က လက်ကာပြလိုက်သည်။ "ထားလိုက်ပါတော့။ နင်က အသက်ငယ်သေးတော့ အတွေ့အကြုံ နည်းသေးတယ်။ တစ်ခါတလေ အမှားလုပ်မိတာလည်း မဆန်းပါဘူး။ နောက်ဆို ပိုသတိထားပေါ့။ ငါတို့ သားအမိတွေက အားကိုးရာမဲ့နေတာဆိုတော့ ဆက်ပြီး အသက်ရှင်ရပ်တည်ဖို့နဲ့ နင့်မောင်လေးကို ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ဖို့က အရမ်းကို ခက်ခဲလွန်းတယ်။ ကူညီမယ့်သူ မရှိရင် မဖြစ်ဘူး။ ရှန်လောင်ချီ က လက်ရှိမှာတော့ အကောင်းဆုံး ရွေးချယ်မှုပဲ။ သူက မုဆိုးဖို တစ်ယောက်၊ သားတစ်ယောက်တောင် မရှိဘူး။ တကယ်လို့ ငါသာ သူနဲ့ လက်ထပ်လိုက်ရင် သူက သားတစ်ယောက် အလကားရလိုက်သလို ဖြစ်သွားမှာပေါ့။ ပြီးတော့ ငါက သူ့ကို သဘောကျတယ်ဆိုမှတော့ သူက ဘာတွေများ ရွေးချယ်နေစရာ ရှိဦးမှာလဲ။ အခု သူက အလုပ်သမား ဖြစ်နေပြီး သူ့သမီးကလည်း တခြားသူတွေကို အလုပ်စီစဉ်ပေးနိုင်လို့သာ မဟုတ်ရင် ငါက သူ့ကို မျက်လုံးထဲတောင် ထည့်မှာမဟုတ်ဘူး"

ကျိုးချွန်းထောင် က ပြုံးပြီး ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ငါ နေကောင်းသွားရင် ငါကိုယ်တိုင် သူ့ကို သွားတွေ့မယ်။ သူ သေချာပေါက် ဒီလောက် အေးစက်နေမှာ မဟုတ်ဘူး"

သူမက ရွှီဝေ ကို တစ်ချက်ကြည့်လိုက်ပြီး သမီးဖြစ်သူမှာ အလွန်နုနယ်သေးပြီး သူမနှင့် ယှဉ်လျှင် အများကြီး လိုသေးသည်ဟု နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ နုနယ်လွန်းသော ပညာတတ်လူငယ်လေး တစ်ယောက်ကိုပင် မကိုင်တွယ်နိုင်ချေ။

"အဲဒီ ကျိန့်ကျားမင် ကို နင် ဆက်ပြီး ကြိုးစားကြည့်ဦး။ သူ့မိသားစုမှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲဆိုတာ စုံစမ်းကြည့်။ တကယ်လို့ အခြေအနေကောင်းရင် နင် သူနဲ့ လက်ထပ်လိုက်လည်း မနစ်နာပါဘူး။ သာမန်လောက်ပဲဆိုရင်တော့ သူ့ကို ဆွဲထားပြီး ငွေနဲ့ လက်မှတ်တွေ များများရအောင် ယူထားပေါ့။ နောက်မှ အိမ်ထောင်ဘက် ကောင်းကောင်း ထပ်ရှာတာပေါ့"

အခြားတစ်ဖက်တွင်တော့ ရှန်မော့အာတို့သည် ရှန်မိသားစု ခြံဝင်းလေးသို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သည်။

ရှန်ယင်းယင်းသည် လမ်းတစ်လျှောက်လုံး ရှန်ရှောက်ယွမ်ကို နောက်ပြောင်လာခဲ့သည်။ ယခင်က ရှန်လောင်ချီ သည် ကျိုးချွန်းထောင် အပေါ် ကောင်းမွန်ခဲ့သည်ကို သူမလည်း သိထားလေသည်။

မောင်ဖြစ်သူမှာ အသက်ငယ်သေးသဖြင့် သူမ အိမ်ထောင်ကျသွားလျှင်ပင် တစ်ခါတစ်ရံ ပြန်လာကြည့်လေ့ရှိပြီး ရင်းနှီးသော ညီအစ်မတချို့ကို အကူအညီတောင်းကာ သူ့အတွက် အိမ်ထောင်ဘက် ရှာဖွေပေးရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ဖူးသည်။ သို့သော် မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီဖြစ်ပြီး ရှန်မိသားစု၏ ပစ္စည်းများကို သူ တစ်စက်လေးမျှပင် ရနိုင်မည် မဟုတ်ကြောင်း မည်သူမဆို သိထားကြသဖြင့် အိမ်ထောင်ဘက် ရှာဖွေရန်မှာ အလွန် ခက်ခဲလှသည်။

ကျိုးချွန်းထောင် ဆိုလျှင် ပိုလို့ပင် မဖြစ်နိုင်တော့ချေ။ ရှန်လောင်ချီ က ကျိုးချွန်းထောင်၏ စိတ်သဘောထား ကောင်းမွန်သည်ဟုသာ ထင်နေခဲ့သော်လည်း ရှန်ယင်းယင်း ကတော့ အသိဆုံး ဖြစ်သည်။ ကျိုးချွန်းထောင် ၏ အမြင်က အတော်လေး မြင့်မားသဖြင့် မိဘမဲ့ ဆင်းရဲသား ကောင်လေးတစ်ယောက်ကို ဘယ်လိုများ မျက်စိကျနိုင်ပါမည်နည်း။

သို့သော် အချိန်တွေ ပြောင်းလဲသွားပြီး နှစ်ပေါင်း ၂၀ နီးပါး ကြာပြီးနောက် သူတို့နှစ်ဦး ထပ်မံဆုံတွေ့ကြလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

တစ်ယောက်က ဇနီးသေဆုံးသွားပြီး နောက်တစ်ယောက်က ခင်ပွန်းသေဆုံးသွားသည်။ အပြင်ပန်းကြည့်လျှင် အတော်လေး လိုက်ဖက်နေသည်ဟု ဆိုရမည်။

သို့သော်လည်း ကိုယ့်မောင်အရင်း ဖြစ်နေသဖြင့် ရှန်ယင်းယင်း သည် စကားပြောလိုက်ပါက လူများကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်မှန်း သိသော်လည်း အောင့်အည်းကာ သတိပေးလိုက်သည်။ "ကျိုးချွန်းထောင် က သာမန်လူ မဟုတ်ဘူးနော်။ နင် တကယ် နောက်တစ်ယောက် ထပ်ရှာချင်ရင်တောင် သူ့ကိုတော့ မရှာနဲ့"

ရှန်ရှောက်ယွမ် မှာ လုံးဝ မတတ်နိုင်တော့ချေ။ "ငါ နောက်တစ်ယောက် ထပ်မရှာချင်ပါဘူး။ ကျိုးချွန်းထောင် ကိုလည်း မျက်စိမကျပါဘူး"

ရှန်ယင်းယင်း က သူ့ကို စူးစိုက်ကြည့်လိုက်သည်။ "နင်ပြောတာ အမှန်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"

ထိုသို့မဟုတ်ဘဲ ကျိုးချွန်းထောင် နှင့် အမှန်တကယ် ပတ်သက်မိပါက နောင်တွင် နေ့စဉ် ပရမ်းပတာ ဖြစ်နေတော့မည်သာ။

ရှန်ရှောက်ယွမ် : "..."

ရှန်ယင်းယင်း သာမက လူငယ်တချို့ပင်လျှင် သူ့ကို သိချင်စိတ်ဖြင့် မကြာခဏ ခိုးကြည့်နေကြသဖြင့် ရှန်ရှောက်ယွမ် သည် တစ်ကိုယ်လုံး ပါးစပ်တွေ ရှိနေလျှင်တောင် ရှင်းပြလို့ ရနိုင်မည် မဟုတ်ဟု ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် မကြာမီမှာပင် ကျောက်ရှင်းကော် တို့ ပြန်ရောက်လာကြသည်။

အချိန်က ညနေစောင်းနေလေပြီ။ ညနေခင်းတွင် ရာသီဥတုက မှုန်မှိုင်းလာပြီး ကောင်းကင်ယံမှာလည်း အနည်းငယ် မှောင်မိုက်လာခဲ့သည်။ ထို့အပြင် ကျောက်ရှင်းကော် တို့သည် လမ်းတစ်လျှောက်တွင် ထင်းတချို့ကို ခုတ်လာခဲ့ပြီး တောဝက်၏ အပြင်ဘက်တွင် ထင်းများကို စည်းနှောင်ကာ ဖုံးကွယ်လာခဲ့ကြသည်။ ထင်းစည်းကြီး တစ်စည်းကို ထမ်းလာသည့်ဟန်ဖြင့် ပြုလုပ်လာခဲ့ကြသဖြင့် လမ်းတစ်လျှောက် အန္တရာယ်ကင်းစွာဖြင့် ရှန်မိသားစု ခြံဝင်းလေးသို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။

ရှန်မိသားစုသည် ရွာအဝင်ဝတွင် နေထိုင်သဖြင့် ဤဘက်တွင် လူနေအိမ်များ မရှိခြင်းနှင့် နှစ်သစ်ကူးကာလ ဖြစ်သဖြင့် လယ်ကွင်းထဲတွင် လူမရှိခြင်းတို့ကြောင့်သာ သူတို့သည် ပစ္စည်းများကို ချောမွေ့စွာ သယ်ဆောင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ လမ်းတွင် လူအနည်းငယ်နှင့်သာ တွေ့ဆုံခဲ့ပါက ပေါ်ပေါက်သွားနိုင်လေသည်။

တောဝက်များသည် ယေဘုယျအားဖြင့် အိမ်မွေးဝက်များလောက် မဆူဖြိုးကြသော်လည်း တောဝက်တစ်ကောင်လျှင် ကျင်း ၁၀၀ ကျော် ရှိလေသည်။ ကျောက်ရှင်းကော် သည် ကျွမ်းကျင်သူဖြစ်ပြီး တောဝက်ကို မြန်မြန်ဆန်ဆန်ပင် ခွဲစိတ်ပိုင်းဖြတ်လိုက်သည်။ အခြားသူများလည်း ဝိုင်းအုံကာ ရေခပ်သူကခပ်၊ ရေနွေးတည်သူကတည်ဖြင့် အလုပ်များနေကြလေသည်။

ရှန်မိသားစု၏ ဤအိမ်သည် တိတ်တဆိတ် စားသောက်စရာများ ပြုလုပ်ရန် အလွန် အဆင်ပြေလှသည်ဟု ဆိုရမည်။ ဝက်သတ်ရန်လည်း အဆင်ပြေသည်။ ခြံစည်းရိုး ကာရံထားပြီး တံခါးကို ပိတ်ထားလိုက်ပါက အပြင်မှ ဘာမှမမြင်ရချေ။ ရေခပ်ရန်လည်း အဆင်ပြေသည်။ ရေမည်မျှပင် ခပ်စေကာမူ မည်သူကမျှ ထူးဆန်းသည်ဟု ထင်မည်မဟုတ်ပေ။ အသားချက်ရန်လည်း အဆင်ပြေသည်။ မည်မျှပင် မွှေးပျံ့နေစေကာမူ မည်သူကမျှ အနံ့မရနိုင်ချေ။

စားမည့်သူ များပြားသဖြင့် ရှန်ရှောက်ယွမ်က ကျောက်ရှင်းကော် ကို အသားပါသော အရှေ့ခြေထောက် တစ်ချောင်းလုံးကို တိုက်ရိုက် ခုတ်ယူခိုင်းလိုက်သည်။ ဆောင်းမျှစ်၊ မှိုနှင့် တောဝက်သားများကို အိုးကြီးတစ်လုံး အပြည့် ချက်ပြုတ်လိုက်ပြီး အခြားဟင်းများ ထပ်မံလုပ်ရန် မလိုတော့ချေ။ နှစ်သစ်ကူးမတိုင်မီက ပြုလုပ်ထားသော ဂျုံပြောင်းဖူးမှုန့်ရော မန်ထို ဇလုံကြီးတစ်ဇလုံကိုပါ ထပ်မံထည့်လိုက်ရာ လူတိုင်း ပါးစပ်တွင် ဆီများပေကျံသည်အထိ စားသောက်ခဲ့ကြလေသည်။

ကျိန့်ကျားမင် က ဝမ်ချိုးထုန် ၏ အနားသို့ ကပ်သွားပြီး သူမကို ဟင်းများ ခပ်ထည့်ပေးကာ မျက်နှာချိုသွေးလေသည်။ "လာ လာ လာ.. အသားစား၊ အသားစား။ ပြီးတော့ ဒီဆောင်းမျှစ်ကလည်း အရမ်းစားလို့ ကောင်းတယ်။ ရဲဘော်ဝမ်ချိုးထုန်.. ကျွန်တော်တို့ ဒီနေ့ အတူတူ သေမယ့်ဘေးက လွတ်လာခဲ့ကြတာဆိုတော့ အရင်က ကျွန်တော် ပြောတာ မှားခဲ့ရင်တောင် ကျွန်တော်တို့ အပြုံးလေးနဲ့ပဲ ကျေအေးလိုက်ကြရအောင်။ ဘယ်လိုလဲ"

ဝမ်ချိုးထုန် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တမင်တကာ ပြောလိုက်၏။ "ကျွန်မတို့ စောစောက တောင်အောက်ဆင်းလာတော့ ရွှီဝေ နဲ့ တွေ့ခဲ့တယ်လေ။ အို... ဟုတ်သားပဲ။ သူမ အမေက နေမကောင်းဖြစ်ပြီး အိပ်ရာထဲကနေ မထနိုင်ဘူးတဲ့။ အိမ်ကလည်း လေတွေ မိုးတွေ ယိုစိမ့်နေပြီး အိမ်မှာ စားစရာလည်း ဘာမှမရှိဘူးတဲ့။ စောစောက ဦးလေး ၇ ပြောတာ ကျန်နေတဲ့ ဝက်သားတွေကို အားလုံးကို ခွဲဝေပေးမယ်ဆိုတော့ ရှင့်အစုကို သူ့ကို သွားပေးလိုက်မလား"

ကျိန့်ကျားမင် က အံ့သြသွားပြီး ချက်ချင်းပင် ခေါင်းခါပြလိုက်သည်။ "ဘယ်လိုလုပ် ဖြစ်မှာလဲ။ ကျွန်တော်တို့ ခိုးပြီး တောဝက်သား စားနေတာကို သူ့ကို ပေးလိုက်ရင် သတင်းထွက်သွားမှာပေါ့။ မပေးပါဘူး"

ဝမ်ချိုးထုန် ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေသည်။ လုံးဝကြီး တုံးအမနေသေးဘူးပဲ။

စောစောက တောင်ပေါ်တွင် ဖုမင်ဇယ် သည် ရှန်မော့အာကို ရှာဖွေရန် ပြန်သွားချိန်တွင် ဤလူသည် ဖုမင်ဇယ် ထွက်သွားပြီးနောက် သူသည်လည်း ယောက်ျားတစ်ယောက်ဖြစ်ရာ ကူညီနိုင်မလားဆိုပြီး ပြန်သွားကြည့်မည်ဟု ပြောခဲ့သည်။ သူမကို သစ်ပင်ပေါ် အရင်တက်ခိုင်းပြီးမှ သူက ထွက်သွားမည်ဟု အတင်းအကြပ် ပြောဆိုခဲ့လေသည်။

ဝမ်ချိုးထုန် သည် သစ်ပင်ပေါ်တွင် ပုန်းအောင်းနေရင်း သူက သစ်ပင်အောက်မှနေ၍ စိုးရိမ်တကြီး မော့ကြည့်ကာ ဘာဖြစ်ဖြစ် အောက်သို့ မဆင်းရန်နှင့် ဘေးကင်းကြောင်း သေချာမှသာ သစ်ပင်ပေါ်မှ ဆင်းရန် ထပ်ခါတလဲလဲ သတိပေးနေခဲ့သည်ကို ကြည့်နေခဲ့သည်။

ထိုအချိန်လေးမှာပင် ဝမ်ချိုးထုန် ၏ ဤရက်ပိုင်းအတွင်း ဖြစ်ပေါ်နေခဲ့သော နာကြည်းမှုများမှာ ရုတ်တရက် လွင့်စင်ပျောက်ကွယ်သွားခဲ့လေသည်။

လူတွေရဲ့ လှည့်စားတာကို ခံရတယ်ဆိုတာ ဒီလူရဲ့ မွေးရာပါ စိတ်ထားကောင်းမွန်ပြီး အားနည်းသူတွေကို သနားတတ်လို့ မဟုတ်ဘူးလား။

ယန်ချင်းချင်း ကဲ့သို့သော လူမျိုးသာဆိုလျှင် သူတစ်ပါး၏ လှည့်စားသော စကားတစ်ခွန်းကိုပင် နားထောင်မည် မဟုတ်ပေ။ ရွှီဝေ ၏ ရုပ်ရည်က အလွန် မျက်စိလှည့်စားနိုင်လွန်းနေသည်။ အသက် ၁၆ နှစ် ရှိပြီဖြစ်သော်လည်း အပြင်ပန်းကြည့်လျှင် ၁၄၊ ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် တူနေပြီး အမြဲတမ်း ဘဝက သနားစရာကောင်းနေသည့် ပုံစံမျိုး ဖမ်းထားတတ်လေသည်။

အင်းပါ။ ထားလိုက်ပါတော့။

ဝမ်ချိုးထုန်က စိတ်ထဲတွင် စဉ်းစားလိုက်လေသည်။ စောင့်ကြည့်ရသေးတာပေါ့။ သူ တကယ် ချောက်ချခံရတဲ့အခါကျရင် သိလာလိမ့်မယ်။

...

All Chapters