← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အပိုင်း (၇၁)

တိုတောင်းလှသော နွေဦးပွဲတော် အားလပ်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး ရှန်ရှောက်ယွမ်သည်လည်း အလုပ်ပြန်ဆင်းရတော့မည်။ နေ့စဉ် လေဒဏ်၊ မိုးဒဏ်ကို ကြံ့ကြံ့ခံကာ စက်ဘီးဖြင့် တပ်ဖွဲ့ချုပ်နှင့် ရွာအကြား အသွားအပြန် လုပ်ရသည်မှာ အလွန်ပင် ပင်ပန်းဆင်းရဲလှသည်။

ကံကောင်းထောက်မစွာဖြင့် နှစ်သစ်ကူးပြီးနောက် ရှန်မော့အာလည်း တပ်ဖွဲ့ချုပ်သို့ သွားရလိမ့်မည်။ အမှတ်(၉) အလုပ်ရုံ သည် ချက်ချင်း အလုပ်မစသေးသော်လည်း ရှန်မော့အာနှင့် ကန်လိမင် တို့သည် တပ်ဖွဲ့ချုပ် အလယ်တန်းကျောင်းတွင် တစ်နှစ်တာ ပန်းချီသင်တန်းဖွင့်ကာ ပန်းချီဆွဲရန် ပါရမီပါသော ကလေးများကို ရွေးချယ်ရန် တိုင်ပင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် တပ်ဖွဲ့ချုပ် အလယ်တန်းကျောင်း ဖွင့်လှစ်ချိန်တွင် သူမသည်လည်း တပ်ဖွဲ့ချုပ်သို့ အလုပ်သွားဆင်းရတော့မည်။

တပ်ဖွဲ့ချုပ်မှ အမှတ်(၉) အလုပ်ရုံ ၏ စီမံခန့်ခွဲသူ ၃ ဦးအတွက် ဝန်ထမ်းအိမ်ရာတွင် အိမ်ခန်းများ စီစဉ်ပေးထားသည်။ အားလုံးမှာ အိပ်ခန်း ၂ ခန်းနှင့် ဧည့်ခန်း ၁ ခန်းပါသော တိုက်ခန်းငယ်များ ဖြစ်ကြသည်။ အလုပ်ရုံမှူး မောက်ကျန့်ရှင်း နှင့် ဒုတိယအလုပ်ရုံမှူး ကျင်းချိုင်ဖေး တို့သည် အစောကတည်းက ပြောင်းရွှေ့နေထိုင်နေကြပြီ ဖြစ်သည်။ ရှန်မော့အာကတော့ သော့ကို ရယူပြီးနောက် ကိုယ်တိုင် သွားရောက်မကြည့်ရှုတော့ဘဲ ရှန်ရှောက်ယွမ်ကို တိုက်ရိုက် ပေးအပ်လိုက်လေသည်။

ရှန်ရှောက်ယွမ်သည် အလုပ်ဆင်းရင်းနှင့် တစ်ဆက်တည်း လူငှားကာ အိမ်ကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်သည်။

အုတ်ဖုတ်စက်ရုံတွင် အလုပ်သင် အရေအတွက်များပြီး လစာနည်းပါးသဖြင့် သူတို့သည် လျှို့ဝှက်စွာဖြင့် အသေးအဖွဲ အလုပ်များကို လက်ခံလုပ်ကိုင်လေ့ ရှိကြသည်။ များသောအားဖြင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကူညီသည်ဟူသော အမည်ခံဖြင့် ပြုလုပ်လေ့ရှိသော်လည်း တကယ်တမ်းတွင် နားလည်သူတိုင်း နားလည်ကြသည်။ အိမ်သန့်ရှင်းရေး လုပ်ခြင်းကဲ့သို့သော အလုပ်မျိုးသည် ပေါ့ပါးသော အလုပ်တစ်ခု ဖြစ်သည်။ ရှန်ရှောက်ယွမ်ကလည်း လုပ်အားခ ကောင်းကောင်း ပေးသဖြင့် သူတို့မှာ အလွယ်တကူ ငွေရှာနိုင်သောကြောင့် အလွန်ဝမ်းသာနေကြသည်။ ဤသည်မှာ နှစ်ဦးနှစ်ဖက်စလုံး ပျော်ရွှင်ရသော ကိစ္စပင်။

ရှန်ရှောက်ယွမ်သည် ဤကဲ့သို့သော အလုပ်များကို အမှန်တကယ် မကျွမ်းကျင်ချေ။ သို့သော် နှစ်သစ်ကူးပြီးနောက် သူတို့၏ ပြန်ကြားရေးဌာနတွင် အလုပ်များနေသဖြင့် သူသည် မိသားစုဝင်များ အလုပ်များနေသည်ကို အကြောင်းပြကာ လူငှားပြီး အလုပ်လုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

တခြားသူများကလည်း နားလည်ပေးကြသည်။ ရှန်ရှောက်ယွမ်သည် အုတ်ဖုတ်စက်ရုံသို့ ရောက်ရှိလာသည်မှာ အချိန်တိုအတွင်း ဖြစ်သော်လည်း နေ့စားအလုပ်သမားဘဝမှ အမြဲတမ်းအလုပ်သမား၊ ထို့နောက် ဒုတိယဌာနမှူးအဖြစ်သို့ ဒုံးပျံစီးသကဲ့သို့ မြန်ဆန်စွာ တိုးတက်လာခဲ့ခြင်းမှာ သူ အမှန်တကယ် အလုပ်များသောကြောင့်ပင်။ ပြန်ကြားရေးဌာန၏ အလုပ်အားလုံးနီးပါးကို သူတစ်ဦးတည်း တာဝန်ယူထားရပြီး တခြားနှစ်ဦးဖြစ်သည့် ဌာနမှူး ရွှီဝေကော် နှင့် စာရေး တင်းလိရှင်း တို့မှာ သူ့ကို ကူညီပေးရုံသာ လုပ်နိုင်ကြသည်။

ရှန်ရှောက်ယွမ် ရောက်ရှိလာပြီးနောက်ပိုင်း သူတို့ စက်ရုံ၏ ပြန်ကြားရေးလုပ်ငန်းများကို အထက်ဌာနများမှ အကြိမ်များစွာ ချီးကျူးခံခဲ့ရသည်။ တခြားဌာန တော်တော်များများကလည်း အကြောင်းပြချက် အမျိုးမျိုးဖြင့် လူလာငှားကြသလို အလစ်သုတ်ကာ ခေါ်ယူချင်သူများလည်း အများအပြား ရှိလေသည်။ ထို့ကြောင့် အုတ်ဖုတ်စက်ရုံ ခေါင်းဆောင်များသည် သူ့ကို ထိန်းထားနိုင်ရန် အဓိက ရည်ရွယ်ပြီး အရေးတကြီး ရာထူးတိုးပေးခဲ့ခြင်း ဖြစ်၏။

ရှန်ရှောက်ယွမ်သည် စကားနည်းသူ မဟုတ်ဘဲ အတော်လေး စကားပြောကောင်းသူ ဖြစ်သည်။ သူ့သမီးဖြစ်သူအကြောင်းကိုလည်း မကြာခဏ ကြွားလုံးထုတ်လေ့ ရှိသဖြင့် အုတ်ဖုတ်စက်ရုံမှ လူများက သူတို့မိသားစုတွင် သမီးတစ်ယောက်တည်းသာ ရှိသော်လည်း ထိုသမီးမှာ အလွန်စွမ်းဆောင်နိုင်သူ ဖြစ်ကြောင်း သိထားကြသည်။ ဆရာမလုပ်စဉ်က ကလေးငယ်နှစ်ဦးကို ခေါ်ဆောင်ကာ ပြည်နယ်အဆင့် ဒုတိယဆုကို ရရှိခဲ့သည်။ ထို့အပြင် တစ်မြို့လုံးတွင် သူတို့သာ ဒုတိယဆု ရရှိခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပြည်နယ်မြို့တော်ရှိ ပန်းထိုးစက်ရုံနှင့် အဆက်အသွယ်ရခဲ့ပြီး သူမ၏ ပန်းထိုးပညာအတွက် စက်ရုံက သူတို့ တပ်ဖွဲ့ချုပ်တွင် အလုပ်ရုံတစ်ခုကို တိုက်ရိုက် လာရောက်တည်ဆောက်ခဲ့သည်။ ဒါက ပိုလို့ပင် အံ့မခန်း ဖြစ်သွားစေသည်။

ကြည့်ပါဦး... ရှန်ရှောက်ယွမ်တောင် အိမ်ခန်း မရသေးဘူး။ တပ်ဖွဲ့ချုပ်က သူ့သမီးကို အိမ်ခန်း ခွဲဝေပေးလိုက်ပြီ မဟုတ်လား။ လူတိုင်းက အားကျနေကြသည့်အပြင် သူ့သမီးမှာ သည်‌လောက် စွမ်းဆောင်နိုင်သူဖြစ်ရာ ပုံမှန်အားဖြင့် အလွန် အလုပ်များနေမည်မှာ သေချာသည်ဟု တွေးမိကြသည်။

ရှန်ရှောက်ယွမ်၏ သားမက်မှာလည်း အလွန် စွမ်းဆောင်နိုင်သူဖြစ်ပြီး သီးနှံအထွက်နှုန်း တိုးမြှင့်ရေး စမ်းသပ်မှုတစ်ခုကို ပြုလုပ်နေကြောင်း ကြားသိရသည်။ နွေဦးပေါက်ချိန်တွင် အလုပ်များ သေချာပေါက် များပြားနေလိမ့်မည်။

ထို့ကြောင့် ရှန်ရှောက်ယွမ်က အိမ်သန့်ရှင်းရေးလုပ်ရန် လူငှားသည်ကို ဘယ်သူကမှ ထူးဆန်းသည်ဟု မထင်ကြချေ။ တချို့က ကိုယ်တိုင်ပင် ကူညီပေးရန် ကမ်းလှမ်းခဲ့ကြသေးသည်။ သို့သော် ရှန်ရှောက်ယွမ်က တခြားသူများကို အနှောင့်အယှက် မပေးဘဲ အလုပ်သင်များကိုသာ ငှားရမ်းကာ သန့်ရှင်းရေး လုပ်ခိုင်းခဲ့သည်။

အိမ်သန့်ရှင်းရေး ပြီးစီးသွားသောအခါ ရှန်ရှောက်ယွမ်သည် တပ်ဖွဲ့ချုပ်သို့ ပစ္စည်းများကို အခါအားလျော်စွာ သယ်ဆောင်လာတော့သည်။ ၁လပိုင်း ၁၂ ရက်နေ့တွင် ပြောင်းရွှေ့ရန် သတ်မှတ်ထားသော်လည်း အသေးအဖွဲ ပစ္စည်းများကို ကြိုတင် သယ်ဆောင်ထားနိုင်လေသည်။

တစ်နေ့တွင် ရှန်ရှောက်ယွမ် အလုပ်ဆင်းပြီး အိမ်အပြန် လမ်း၌ စက်ဘီးကို ခပ်သွက်သွက် နင်းလာခဲ့သည်။ ရွာအဝင်ဝသို့ ရောက်ခါနီးတွင် လမ်းဘေးမှ လူတစ်ယောက် ရုတ်တရက် ထွက်လာရာ ဝင်တိုက်မိတော့မည့် ဆဲဆဲတွင် ရှန်ရှောက်ယွမ်က ချက်ချင်း ဘရိတ်အုပ်လိုက်ပြီး ခြေထောက်ကို မြေကြီးပေါ် ထောက်လိုက်သည်။ အလွန်ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်သဖြင့် စက်ဘီးမှာ ထိုသူ၏ အရှေ့တည့်တည့်တွင် ရပ်တန့်သွားလေသည်။

ရှန်ရှောက်ယွမ်က မျက်မှောင်ကြုတ်ကာ ထိုသူကို ကြည့်လိုက်သောအခါ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်နေသည်။ အသက်အရွယ် မငယ်တော့သော်လည်း ကျစ်ဆံမြီး နှစ်ခွ ကျစ်ထားပြီး အနီရောင် ဂွမ်းထည်အင်္ကျီကို ဝတ်ဆင်ထားသည်။ မျက်နှာကို မကြည့်ပါက ၁၇၊ ၁၈ နှစ်အရွယ် မိန်းမပျိုလေးတစ်ဦးနှင့် တူနေသည်။ ထိုအမျိုးသမီး၏ ရုပ်ရည်မှာ အတော်လေး ကြည့်ကောင်းပြီး အထူးသဖြင့် မျက်လုံးပြူးပြူးကြီးများမှာ ကြည်လင်တောက်ပနေကာ လူများကို ကြည့်လိုက်ချိန်တွင် သနားစဖွယ် အမူအရာမျိုး အနည်းငယ် ပါဝင်နေလေသည်။

လူစိမ်းတစ်ယောက် ဖြစ်သော်လည်း မျက်နှာပေါက်မှာ အကြောင်းပြချက် မရှိဘဲ အနည်းငယ် ရင်းနှီးနေသလို ခံစားရသဖြင့် ရှန်ရှောက်ယွမ် ခဏလောက် စဉ်းစားလိုက်ပြီးမှ သဘောပေါက်သွားလေသည်။

ကျိုးချွန်းထောင်

ဒီလူ၏ ရုပ်ရည်မှာ ရှန်လောင်ချီ၏ မှတ်ဉာဏ်ထဲရှိ ပုံပန်းသဏ္ဍာန်နှင့် အတော်လေး ကွာခြားနေသည်။ ကျိုးချွန်းထောင် အိမ်ထောင်ကျသွားပြီးနောက်ပိုင်း ရှန်လောင်ချီ သူမကို ပြန်မတွေ့ခဲ့ရတော့သဖြင့် သူ၏ မှတ်ဉာဏ်ထဲတွင် ကျိုးချွန်းထောင် သည် ၁၇၊ ၁၈ နှစ်အရွယ် မိန်းမပျိုလေးတစ်ဦး၏ ပုံပန်းသဏ္ဍာန်အဖြစ်သာ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ရှန်ရှောက်ယွမ်သည် အစပိုင်းတွင် အမှန်တကယ်ပင် မမှတ်မိခဲ့ချေ။

"ရှောက်ယွမ်"

ကျိုးချွန်းထောင် က ရှန်ရှောက်ယွမ်ကို ချစ်ခင်ကြင်နာစွာဖြင့် ကြည့်ကာ ခေါ်လိုက်သည်။

ရှန်ရှောက်ယွမ်၏ မျက်ခုံးများ တုန်ယင်သွားသည်။ ဘယ်လိုပြောရမလဲ။ ယန်လျိုတပ်ဖွဲ့မှ လူများသည် ပုံမှန်အားဖြင့် ရှန်လောင်ချီ၊ လောင်ချီ ဟု ခေါ်လေ့ရှိပြီး သို့မဟုတ် အသက်အရွယ်နှင့် ဆွေမျိုးစပ်ကာ အစ်ကို ၇၊ ဦးလေး ၇၊ အဘိုး ၇ ဟု ခေါ်လေ့ရှိကြသည်။ ရှန်ရှောက်ယွမ်သည် ရွာထဲတွင် သူ၏ နာမည်ရင်းကို ခေါ်သည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သဖြင့် ပြောမပြတတ်အောင် အနေရခက်သွားလေသည်။

ရှန်ရှောက်ယွမ်က အေးစက်စက်ဖြင့် "အစ်မကြီးကျိုး.. လမ်းလျှောက်ရင် သတိထားရမယ်လေ။ ကြည့်စမ်း... စောစောကသာ ငါ မြန်မြန် မတုံ့ပြန်လိုက်ရင် ခင်ဗျားကို ဝင်တိုက်မိပြီ။ ကံကောင်းလို့ ငါ ချက်ချင်း ဘရိတ်အုပ်လိုက်နိုင်လို့ ခင်ဗျားကို မတိုက်မိတာ။ ငါ့စက်ဘီးလည်း ဘာမှ မပျက်စီးသွားဘူး။ ဒါပေမဲ့..."

ကျိုးချွန်းထောင် မှာ ဆို့နင့်သွားသည်။ သူမက ရှန်လောင်ချီထက် လအနည်းငယ် ကြီးသော်လည်း ရှန်လောင်ချီက သူမကို အစ်မကြီးကျိုး ဟု ခေါ်စရာ မလိုပါချေ။ ထိုသို့ ခေါ်လိုက်ခြင်းက သူမ၏ အသက်မည်မျှ ကြီးနေပြီကို ထင်ရှားစေသလို ဖြစ်နေလေသည်။

သို့သော် ယခုအချိန်သည် ဤကိစ္စကို ငြင်းခုံနေရမည့် အချိန်မဟုတ်ချေ။ သူမက ဝမ်းနည်းပူဆွေးနေသည့် အမူအရာဖြင့် ရှန်ရှောက်ယွမ်ကို သနားစဖွယ် ကြည့်ကာ "ရှောက်ယွမ်... ငါတို့က ငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြတာဆိုတော့ ငယ်သူငယ်ချင်းတွေလို့ ပြောလို့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်တွေမှာ ငါတို့ သိပ်မဆက်သွယ်ဖြစ်ခဲ့ကြပေမယ့် ငါ့စိတ်ထဲမှာတော့ ငါတို့ရဲ့ ဒီသံယောဇဉ်က အချိန်ဘယ်လောက်ကြာကြာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီနှစ်တွေမှာ အရင်တုန်းက ငါတို့ရဲ့ အမှတ်တရတွေကို ငါ ခဏခဏ ပြန်တွေးမိတယ်။ အရင်တုန်းက ငါတို့ အတူတူ ထင်းကောက်ခဲ့ကြတယ်၊ အတူတူ အလုပ်လုပ်ခဲ့ကြတယ်၊ ငါတို့..."

ရှန်ရှောက်ယွမ်က သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ "အစ်မကြီးကျိုး.. အချိန်လည်း မစောတော့ဘူး။ ကျုပ်သမီးက အိမ်မှာ ထမင်းစားဖို့ စောင့်နေတယ်။ ခင်ဗျားလည်း ကျုပ်နဲ့ ရင်းနှီးအောင် လုပ်ဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ဝင်မတိုက်မိခဲ့ဘူးလေ။ ကျုပ်စက်ဘီးလည်း မပျက်စီးသွားဘူး။ ခင်ဗျား စိတ်ချပါ... ခင်ဗျားဆီက လျော်ကြေး တောင်းမှာ မဟုတ်ပါဘူး"

ကျိုးချွန်းထောင် မှာ ထပ်ပြီး ဆို့နင့်သွားပြန်သည်။

သောက်ကျိုးနည်း.. ဘယ်သူက နင့်စက်ဘီးကို လျော်ပေးမယ်လို့ ပြောလို့လဲ။ နင့်ရဲ့ ဒီတစ်ပတ်ရစ် စက်ဘီးစုတ်ကြီးကိုလေ။

သူမ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ချစ်ခင်ကြင်နာနေသည့် အမူအရာကို ဆက်လက်ထိန်းသိမ်းထားရန်ပင် ခက်ခဲလုမတတ် ဖြစ်သွားခဲ့သည်။ စိတ်ကို မနည်းပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် အနည်းငယ် တုန်ယင်နေသော အသံဖြင့် ထပ်ပြောလိုက်၏။ "ရှောက်ယွမ်... ငါ သိပါတယ်။ ဒီနှစ်တွေမှာ နင် ငါ့ကို အမြဲတမ်း အပြစ်တင်နေမယ်ဆိုတာ။ အရင်တုန်းက နင့်ကို အဖြေမပေးခဲ့တဲ့အတွက် နင် ငါ့ကို အပြစ်တင်နေတာပေါ့။ တကယ်တော့ အဲဒီတုန်းက နင် ဘာမှ မပြောခဲ့ပေမယ့် ငါ့စိတ်ထဲမှာတော့ ရှင်းရှင်းလင်းလင်း သိနေခဲ့ပါတယ်။ နင် ငါ့အပေါ် တိတ်တဆိတ် ဂရုစိုက်ပေးတာတွေ၊ ကြင်နာပေးတာတွေအတွက် ငါ အရမ်း ကျေးဇူးတင်ခဲ့ရပါတယ်။ ဒါပေမဲ့ နင်လည်း သိတဲ့အတိုင်းပဲလေ။ ငါ့မိဘတွေက... အင်း... လူသေသွားပြီဆိုတော့ သူတို့အကြောင်း ငါ ထပ်မပြောသင့်တော့ပါဘူး။ ဒါပေမဲ့... ဒါပေမဲ့ သူတို့က ဆင်းရဲတာကို မုန်းပြီး ချမ်းသာတာကို သဘောကျလို့ ငါ လူကောင်းတစ်ယောက်ကို လက်လွတ်ဆုံးရှုံးခဲ့ရတာ။ ဒီနှစ်တွေမှာ ငါ့စိတ်ထဲမှာ သူတို့ကို နည်းနည်းတော့တော့ အပြစ်တင်မိခဲ့ပါတယ်။ ဒါပေမဲ့... သူတို့က ငါ့မိဘတွေလေ။ ငါက အမြဲတမ်း သူတို့ကို ရိုသေလေးစားပြီး လုပ်ကျွေးပြုစုခဲ့တာ။ ပြီးတော့ အဲဒီတုန်းက ငါလည်း ငယ်သေးတော့ သူတို့ကို ဆန့်ကျင်ဖို့ မရဲခဲ့ဘူး။ ဒါကြောင့်မို့လို့..."

ရှန်ရှောက်ယွမ်က ကျိုးချွန်းထောင် ဆုပ်ကိုင်ထားသော စက်ဘီးလက်ကိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ကိုယ့်ဟာကို စဉ်းစားလိုက်၏။ ဟန်ဆောင်တာပဲ မဟုတ်ဘူးလား၊ ငါ ရှန်ရှောက်ယွမ် ကများ ခင်ဗျားကို ကြောက်ရမှာလား။

သူ ရုတ်တရက် သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။ "အစ်မကြီးကျိုး.. ကျုပ် သိပါတယ်။ အရင်တုန်းက ခင်ဗျား ဝမ်တာ့နျို အပေါ် အရမ်း ချစ်ခဲ့ပေမယ့် ခင်ဗျား မိဘတွေရဲ့ ခွဲခွာခြင်းကို ခံခဲ့ရတာလေ။ ဒါပေမဲ့ နှစ်တွေ ဒီလောက်ကြာသွားတာတောင် ခင်ဗျား သူ့ကို သတိရနေသေးတယ်ဆိုတာ ကျုပ် မထင်ထားခဲ့ဘူး။ အခုပြန်တွေးကြည့်တော့ ခင်ဗျားတို့ နှစ်ယောက်က တော်တော်လေး ရေစက်ပါတာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်က သူ့မိန်းမ ထွက်ပြေးသွားတယ်။ မနှစ်က ခင်ဗျား ယောက်ျား သေသွားတယ်။ အခု ခင်ဗျားတို့ နှစ်ယောက်စလုံး လူပျို၊ အပျို ပြန်ဖြစ်သွားကြပြီလေ။ ဒီနေ့ ခင်ဗျား ကျုပ်ကို ဒါတွေ လာပြောတာက ကျုပ်ကို ခင်ဗျားတို့ နှစ်ယောက်ကြားမှာ အောင်သွယ်ပေးစေချင်လို့ မဟုတ်လား။ ခင်ဗျားပြောတာ မှန်ပါတယ်။ ကျုပ်တို့တွေက ငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြတာဆိုတော့ ကျုပ် ခင်ဗျားကို ဒီအကူအညီ ပေးသင့်ပါတယ်။ ကိစ္စမရှိပါဘူး။ ခင်ဗျား စိတ်ချပါ။ မနက်ဖြန်ကျရင် ကျုပ် တာ့နျို ဆီကို သွားပြောပေးမယ်။ ဒီလိုကိစ္စမျိုးကို မိန်းမတစ်ယောက်က အရင် စပြောဖို့ဆိုတာ သိပ်မကောင်းဘူးလေ။ ကျုပ် သူ့ကို သွားပြောပြီး သူ့ကို အရင် စတင်ခိုင်းလိုက်မယ်"

ကျိုးချွန်းထောင် : "???"

သောက်ကျိုးနည်း... နင် ဘာတွေ လျှောက်ပြောနေတာလဲ

ဘယ်သူက ဝမ်တာ့နျို ကို မျက်စိကျနေလို့လဲ။ သောက်ရမ်းဆင်းရဲတဲ့ကောင်။ သူ့အိမ်က မိန်းမတောင် ဆင်းရဲဒဏ် မခံနိုင်လို့ ထွက်ပြေးသွားတာလေ။ ကလေး ၃ ယောက်ကိုတောင် သူ့ဆီ ပစ်ထားခဲ့တာ။ နှစ်တိုင်း တပ်ဖွဲ့ဆီကနေ ရိက္ခာတွေ၊ ငွေတွေ ချေးနေရတဲ့ အခက်အခဲရှိတဲ့ မိသားစုလေ။ ဘယ်သူကများ သူနဲ့ ရေစက်ပါချင်မှာလဲ။

ကျိုးချွန်းထောင် မှာ ရူးမတတ်ပင် ဖြစ်သွားခဲ့သည်။

သူမက ရှန်ရှောက်ယွမ်ကို အတော်လေး နားလည်သည်ဟု သူမကိုယ်သူမ ယူဆထားသည်။ ဤလူသည် ငယ်စဉ်ကတည်းက ရိုးသားပြီး ငြင်းဆန်တတ်သူ မဟုတ်ပေ။ ထိုသို့မဟုတ်ပါက သူ၏ဖခင်က သူ့အတွက် အပင်ပန်းခံ စီစဉ်ပေးခဲ့ပြီး အပြာရောင် အုတ်ကြွပ်မိုးအိမ်ကြီး နှစ်ခန်းကို သူ့အတွက် ချန်ထားရစ်ခဲ့သော်လည်း သူ၏ အထက်ရှိ ညီအစ်ကိုနှစ်ယောက်၏ လှည့်စားခြင်းကို ခံခဲ့ရမည် မဟုတ်ပေ။

ထို့အပြင် ယခင်က ရှန်ရှောက်ယွမ် သူမကို မျက်စိကျခဲ့ဖူးကြောင်းကိုလည်း သူမ သေချာပေါက် သိထားလေသည်။ ထို့ကြောင့် ယနေ့ ရှန်ရှောက်ယွမ်ကို မတားဆီးမီက ကျိုးချွန်းထောင် သည် အလွန် ယုံကြည်မှု ရှိနေခဲ့ပြီး ရှန်ရှောက်ယွမ်ကို ဖျားယောင်းသွေးဆောင်ရန်မှာ လက်တစ်ဖက်တည်းဖြင့်ပင် လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။

ထို့အပြင် ကျိုးချွန်းထောင် က ကိုယ်တိုင် အချစ်ရေးကို အရင်ထုတ်ဖော်ပြောဆိုကာ လူကို မြှူဆွယ်ထားပြီးမှ ရှန်ရှောက်ယွမ် သူမကို လက်ထပ်ရန် လာရောက်တောင်းဆိုမည့်အချိန်ကို စောင့်ဆိုင်းနေရန်ပင် စဉ်းစားထားခဲ့သေးသည်။ ထိုအချိန်ကျလျှင် သူမက ချက်ချင်း လက်မခံဘဲ သူနှင့် သေချာ ဆွေးနွေးပြီး စည်းကမ်းချက်များ သတ်မှတ်မည်ဟု တွေးထားခဲ့သည်။

သူ့သမီးဖြစ်သူက တပ်ဖွဲ့ချုပ်တွင် အိမ်ခန်းရထားသည်ဟု ကြားသိထားပြီး ယန်လျိုတပ်ဖွဲ့ရှိ ဤအိမ်ခန်း နှစ်ခန်းကို သူမ၏သား ရွှီချီ အတွက် ချန်ထားပေးရမည်။ ရွှီချီ သည် ယောက်ျားလေးဖြစ်သောကြောင့် နောင်တွင် အိမ်ထောင်ဦးစီး ဖြစ်လာမည့်သူ ဖြစ်သည်။ သူမက တပ်ဖွဲ့ချုပ်ရှိ အိမ်ခန်းကို မတောင်းဆိုခြင်းမှာ အလွန် ယဉ်ကျေးနေခြင်းပင်။

နောက်ထပ်တစ်ခုက သူ့သမီးဖြစ်သူကို ရွှီဝေ အတွက် အလုပ်တစ်ခု စီစဉ်ပေးရန် ပြောရမည်။ သူ့သမီးဖြစ်သူက ထိုအမှတ်(၉) အလုပ်ရုံ ၏ ဒုတိယ အလုပ်ရုံမှူး မဟုတ်ပါလား။ ရွှီဝေ ကို အဖွဲ့ခေါင်းဆောင် တစ်နေရာလောက် စီစဉ်ပေးခြင်းက မလွန်ကျူးနိုင်ပေ။ ဤကဲ့သို့သော နေရာကောင်းမျိုးကို မိသားစုဝင်များကိုသာ ပေးသင့်သည်။ သို့မှသာ မိသားစုဝင်များက သူမကို အစွမ်းကုန် ကူညီပေးနိုင်မည် မဟုတ်ပါလား။ ထိုသို့မဟုတ်ပါက သူမကဲ့သို့ မိန်းကလေးငယ်တစ်ဦး ရုတ်တရက် ခေါင်းဆောင်ဖြစ်လာပါက လူများကို မည်သို့လျှင် အုပ်ချုပ်နိုင်မည်နည်း။

အို... ဟုတ်သားပဲ။ သူမကိုယ်တိုင်အတွက်လည်း အလုပ်နေရာတစ်ခု စီစဉ်ပေးရန် သူ့သမီးဖြစ်သူကို ပြောရမည်။ ဤမျှကြီးမားသော အလုပ်ရုံကြီးတွင် ထောက်ပံ့ရေးဌာန သေချာပေါက် ရှိမည်သာ။ ငွေကြေးနှင့် ပစ္စည်းများကို ကိုင်တွယ်ရသော ဌာနများကဲ့သို့သော နေရာများတွင် မိသားစုဝင်များကိုသာ ကူညီစောင့်ကြည့်ခိုင်းသင့်သည်။

သူမ၏သား ရွှီချီ သည် ယခုအခါ ငယ်သေးသော်လည်း ကြီးလာပါက သူ့သမီးဖြစ်သူ၏ နေရာကို ဆက်ခံနိုင်လိမ့်မည်။ ထိုအချိန်ကျလျှင် ဒုတိယ အလုပ်ရုံမှူးဆိုသည်ကို ထားလိုက်ပါတော့၊ အလုပ်ရုံမှူး၊ စက်ရုံမှူး နေရာများကိုပင် ရရှိနိုင်ပေလိမ့်မည်။

ကျိုးချွန်းထောင် ၏ အတွေးများက အလွန် လှပနေပြီး လာမည့် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်း အနာဂတ်အတွက်ကိုပင် စိတ်ကူးယဉ်ထားပြီး ဖြစ်သည်။ အသေချာဆုံးဖြစ်သော ပထမခြေလှမ်းတွင်ပင် ဤသို့ တန့်သွားလိမ့်မည်ဟု မည်သို့လျှင် ထင်မှတ်ထားခဲ့မည်နည်း။

သူမ အံ့အားသင့်သွားပြီး ရှန်ရှောက်ယွမ်ပြောသော စကားများသည် စေတနာနှင့် ပြောခြင်းလား၊ သို့မဟုတ် ဒေါသထွက်၍ ပြောခြင်းလား ဆိုသည်ကိုပင် အခိုက်တန့် မခွဲခြားနိုင်တော့ချေ။

ကျိုးချွန်းထောင်သည် ခဏ စဉ်းစားပြီးနောက် ရှန်ရှောက်ယွမ်က တမင်တကာ ပြောနေခြင်းဖြစ်သည်ဟုသာ ကောက်ချက်ချလိုက်သည်။ သူ သေချာပေါက် ဒေါသထွက်၍ ပြောနေခြင်း ဖြစ်မည်။ အရင်က သူ့ကို မရွေးချယ်ခဲ့သည့်အတွက် သူက ဒေါသထွက်နေသဖြင့် ယခု ထိုအသုံးမကျသော ဝမ်တာ့နျို ကို တမင်တကာ ထုတ်ဖော်ပြောဆိုကာ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေရန် လုပ်ဆောင်နေခြင်း ဖြစ်ပေမည်။

ဟုတ်သည်။ သေချာပေါက် ဤသို့သာ ဖြစ်ရမည်။

ကျိုးချွန်းထောင် သည် သူမကိုယ်သူမ စိတ်ဓာတ်ခွန်အား ထပ်မံပေးလိုက်ပြီး မျက်နှာပေါ်ရှိ တောင့်တင်းနေသော ကြွက်သားများကို အားယူကာ လှုပ်ရှားစေလျက် ငိုတော့မည့် အမူအရာကို ပြုလုပ်လိုက်သည်။ "ရှောက်ယွမ်... နင် ငါ့ကို စိတ်ဆိုးနေတယ်ဆိုတာ ငါ သိပါတယ်..."

"အဖေ... ဒါ ဘယ်သူလဲ"

အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။

ကျိုးချွန်းထောင် သည် အချိန်အတော်ကြာ ကြိုတင်ပြင်ဆင်ထားပြီး မနည်းဖန်တီးထားရသော ခံစားချက်များမှာ ထပ်မံ၍ အနှောင့်အယှက် ပေးခံလိုက်ရပြန်သည်။

ရှန်မော့အာ လျှောက်လာပြီး ကျိုးချွန်းထောင် ကို တစ်ချက်ကြည့်လိုက်သည်။ ကျိုးချွန်းထောင် ၏ ရုပ်ရည်ကို သေချာမြင်လိုက်ရသောအခါ သူမ မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး အခြေအနေကို နားမလည်သည့်ဟန်ဖြင့် မေးလိုက်၏။ "ရှင်တို့ ဘာဖြစ်နေတာလဲ။ အဖေ... ဒီအဒေါ်ကြီးကို ဝင်တိုက်မိလို့လား။ ဘာလို့ သူက အဖေ့ရဲ့ စက်ဘီးလက်ကိုင်ကို ဆွဲထားပြီး မလွှတ်ပေးတာလဲ"

ရှန်ရှောက်ယွမ်က အလွန် အကူအညီမဲ့နေသည့် မျက်နှာထားဖြင့် "ဝင်မတိုက်မိပါဘူး။ နည်းနည်းလေး လိုသွားတာ။ သမီး စိတ်ချပါ၊ အဖေတို့ရဲ့ စက်ဘီး ဘာမှ မပျက်စီးသွားပါဘူး။ ဒါကြောင့် အဖေလည်း ဒီအစ်မကြီးကျိုး ဆီကနေ လျော်ကြေး တောင်းမှာ မဟုတ်ဘူးလို့ ပြောထားပြီးပါပြီ။ သူက အဖေ့ရဲ့ စက်ဘီးလက်ကိုင်ကို မလွှတ်ဘဲ ဆွဲထားတာက တကယ်တော့... အင်း... သူနဲ့ သမီးရဲ့ ဦးလေး တာ့နျို တို့က ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်နေကြတာလေ။ ဒါကြောင့် အဖေ့ကို အောင်သွယ်ပေးဖို့ အကူအညီ လာတောင်းတာပါ။ ဒါက ကိစ္စသေးသေးလေးပါ။ အစ်မကြီးကျိုး စိတ်ချပါ။ ကျုပ် သေချာပေါက် အစွမ်းကုန် ကူညီပေးပါ့မယ်။ ဒါကြောင့် ခင်ဗျား ကျုပ်ရဲ့ စက်ဘီးကို ဆွဲမထားပါနဲ့တော့။ ကျုပ်ရဲ့ သိက္ခာကို ခင်ဗျား ယုံကြည်သင့်ပါတယ်"

ကျိုးချွန်းထောင် သည် သူမကိုယ်သူမ ဖြူကောင်ကို ကိုက်မိသော ခွေးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရပြီး မည်သည့်နေရာမှ စတင် ကိုက်ရမည်ကို မသိတော့ချေ။ သူမက ပြန်လည် ငြင်းဆိုလိုက်သည်။ "မဟုတ်ပါဘူး ရှောက်ယွမ်၊ နင် ဒေါသထွက်ပြီး လျှောက်မပြောပါနဲ့။ ငါက ဝမ်တာ့နျို နဲ့ လက်ထပ်မှာ မဟုတ်ဘူး။ ငါနဲ့ သူနဲ့ ဘာပတ်သက်မှုမှ မရှိဘူး။ ငါနဲ့ နင်နဲ့က..."

ရှန်မော့အာ၏ မျက်လုံးများက အရောင်လက်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှေ့သို့ တိုးသွားပြီး ကျိုးချွန်းထောင် ၏ လက်ကို ပုတ်လိုက်လျက် စကားဖြတ်ပြောလိုက်သည်။ "အဒေါ်ကြီး... စိတ်မပူပါနဲ့။ ကြည့်ပါဦး၊ ကျွန်မ အဖေက အစွမ်းကုန် ကူညီပေးမယ်လို့ ပြောထားပြီးပြီပဲ။ ရှင် စိတ်ချလက်ချသာ နေလိုက်ပါ။ ကျွန်မ အဖေက အချိန်မရှိရင်တောင် ကျွန်မက တပ်ဖွဲ့မှာ ရှိနေသေးတာပဲ။ ကျွန်မလည်း ကူညီပေးလို့ ရပါတယ်။ ကျွန်မတို့ မိသားစုက အဖေ ထမင်းစားဖို့ စောင့်နေတာဆိုတော့ ရှင့်ကို အကြာကြီး စကားမပြောနိုင်တော့ဘူးနော်"

ကျိုးချွန်းထောင် သည် သူမ၏ ပုတ်ခြင်းကို ခံလိုက်ရသဖြင့် လက်မောင်းများပင် ရုတ်တရက် ထုံကျင်သွားပြီး မသိမသာပင် လက်ကို လွှတ်လိုက်မိလေသည်။

ရှန်ရှောက်ယွမ်က အခွင့်ကောင်းယူကာ စက်ဘီးပေါ်တက်ပြီး ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။

ရှန်မော့အာက ဖြည်းဖြည်းချင်း ကျိုးချွန်းထောင် ကို လွှတ်ပေးလိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "အဒေါ်ကြီးကျိုး... ရှင် စိတ်ချလိုက်ပါ။ ဒီကိစ္စကို ကျွန်မတို့ သားအဖ တာဝန်ထားလိုက်ပါ"

ကျိုးချွန်းထောင် သည် နောက်ဆုံးတွင် အခြေအနေကို အနည်းငယ် ရိပ်မိသွားပြီး ရှန်မော့အာကို ချက်ချင်း လှမ်းဆွဲလိုက်သည်။ "မဟုတ်ပါဘူး မော့အာ။ နင့်အဖေ အထင်လွဲနေတာပါ။ ငါနဲ့ ဝမ်တာ့နျို နဲ့ ဘာမှ မပတ်သက်ဘူး။ ငါက..."

ရှန်မော့အာက အပြစ်ကင်းစင်သော အပြုံးလေးဖြင့် "အဒေါ်ကြီးကျိုး... ရှင်နဲ့ ဦးလေး တာ့နျို နဲ့ ဘာမှ မပတ်သက်ဘူးဆိုရင်လည်း နောက်ဆို ကျွန်မ အဖေ့ရှေ့မှာ သိပ်မပေါ်လာပါနဲ့။ မဟုတ်ရင် ကျွန်မ သေချာပေါက် ဦးလေး တာ့နျို ဆီကို သွားပြီး မေးကြည့်ရလိမ့်မယ်။ ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး ချစ်ကြိုက်နေကြတယ်ဆိုရင် ဘာလို့ ပြန်လည် ပေါင်းဖက်ဖို့ နည်းလမ်း မရှာကြတာလဲလို့"

"သွားပါဦးမယ် အဒေါ်ကြီးကျိုး"

ရှန်မော့အာ ပြောပြီးသည်နှင့် ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ အိမ်သို့ ပြန်သွားလေသည်။

ကျိုးချွန်းထောင် တစ်ယောက်တည်း နေရာတွင် ကျန်ရစ်ခဲ့ပြီး မျက်နှာမှာ ဖြူတလှည့် စိမ်းတလှည်း ဖြစ်နေလေသည်။ ဤအချိန်တွင် သူတို့ သားအဖ ဘာကိုဆိုလိုသည်ကို သူမ နားမလည်သေးပါက သူမ အမှန်တကယ်ပင် တုံးအလွန်းလို့ပင်။

အစပိုင်းက ရှန်ရှောက်ယွမ်၏ သူမအပေါ် ထားရှိသော သံယောဇဉ်ကို သူမ အလွန်အမင်း ယုံကြည်လွန်းနေခဲ့သဖြင့် ရှန်ရှောက်ယွမ်က သဘောမတူနိုင်သည့် အကြောင်းပြချက်ကို လုံးဝ မစဉ်းစားမိခဲ့ချေ။ ယခု သတိပြန်ဝင်လာပြီး စဉ်းစားကြည့်လိုက်သောအခါ... သောက်ကျိုးနည်း... ရှန်ရှောက်ယွမ်က အစကတည်းက ဝမ်တာ့နျို အကြောင်းကို တမင်တကာ လျှောက်ပြောနေခဲ့တာပဲ။

ရှန်မော့အာ၏ နောက်ဆုံးစကားများသည် တိုက်ရိုက် ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ ယနေ့မှစ၍ ရှန်ရှောက်ယွမ်၏ ရှေ့တွင် လာမပေါ်လာရန်၊ ထိုသို့မဟုတ်ပါက သူမနှင့် ဝမ်တာ့နျို ကို အတင်းအကြပ် တွဲပေးရန် နည်းလမ်းရှာမည် ဟူသောအဓိပ္ပာယ်ပင်။

ဒီ အကြံများတဲ့ ကောင်မလေးကတော့နော်။

...

အပိုင်း (၇၂)

ကျိုးချွန်းထောင်သည် ပွစိပွစိ ဆဲဆိုရင်း အိမ်သို့ပြန်လာ၏။ ရွှီဝေက ထမင်းဟင်းချက်ပြုတ်ပြီး အိမ်တွင် စောင့်ဆိုင်းနေသည်။ သူမသည် ကျိုးချွန်းထောင် ဝင်လာသည်ကို မြင်သောအခါ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ "အမေ၊ ဘယ်လိုနေလဲ"

ရွှီချီသည် ထမင်းစားပွဲငယ်ဘေးတွင် ထိုင်ကာ အငမ်းမရ စားသောက်နေ၏။ ကျိုးချွန်းထောင်ကို မြင်သည်နှင့် အကျယ်ကြီး အော်လိုက်လေသည်။ "အသားမပါဘူး၊ အမေ၊ သား အသားစားချင်တယ်"

သူ့အမေ အပြင်မထွက်မီက ပြောခဲ့၏။ အပြင်တွင် ကိစ္စတစ်ခု သွားလုပ်မည်။ ထိုကိစ္စ အောင်မြင်သွားပါက နောင်တွင် သူတို့သည် ကျယ်ဝန်းသော အိမ်ကြီးတွင် နေရရုံသာမက နေ့စဉ် ထမင်းဖြူကို စားရလိမ့်မည်။ ထို့အပြင် အသားကိုလည်း မကြာခဏ စားရလိမ့်မည်တဲ့။

ကျိုးချွန်းထောင်၏ မျက်နှာအမူအရာက သိပ်မကောင်းလှပေ။ သို့သော် သူမသည် ပထမဆုံးအနေဖြင့် သားဖြစ်သူကို နှစ်သိမ့်လိုက်၏။ "ရမှာပါ၊ နောက်ဆို သေချာပေါက် ရမှာပါ၊ လိမ္မာတယ်နော်၊ ခဏလေး ထပ်စောင့်လိုက်ဦး"

ရွှီချီက နှာခေါင်းရှုံ့လိုက်ပြီး ကြက်ဥပေါင်းတစ်ပန်းကန်လုံးကို သူ့ပန်းကန်ထဲသို့ အကုန်လောင်းထည့်လိုက်သည်။ ထို့နောက် မွှေနှောက်ကာ ဆက်လက်စားသောက်နေသည်။ ဘေးရှိ ဂေါ်ဖီထုပ်ပန်းကန်ကို တစ်ချက်ပင် လှည့်မကြည့်ချေ။

ကျိုးချွန်းထောင်သည် သားဖြစ်သူ ထမင်းစားနေသည်ကိုသာ ဂရုစိုက်ကြည့်နေ၏။ ထို့နောက် ရွှီဝေကို ဘေးသို့ ဆွဲခေါ်သွားလိုက်သည်။ "ရှန်မိသားစုက အဲဒီကောင်မစုတ်လေးက ကိုင်တွယ်ရ သိပ်ခက်တာပဲ၊ ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တယ်၊ ကြည့်ရတာ ရှန်ရှောက်ယွမ်ဘက်က ဒီလောက်မလွယ်လှဘူး ထင်တယ်၊ ရှောင်ဝေရေ၊ လောလောဆယ်တော့ အိမ်အတွက် နင့်ကိုပဲ အားကိုးနေရဦးမယ်။ ကြည့်စမ်း ဒီနှစ်သစ်ကူးပွဲတော်ရက်တွေမှာတောင် နင့်မောင်က နှစ်သစ်ကူးအကြိုညလေးပဲ အသားစားရရှာတာ၊ ဒီရက်ပိုင်း ဘာအကောင်းမှ မစားရဘူး၊ သူက ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်ရောက်နေပြီ၊ ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်ဘူး။ နင် မနက်ဖြန် ပညာတတ်လူငယ်ကျိန့်ဆီ သွားလိုက်၊ သူ့ဆီက အသားလက်မှတ်လေး ဘာလေး သွားချေးချေ"

ရွှီဝေက အခိုက်တန့် တွန့်ဆုတ်သွားလေသည်။ "အသားလက်မှတ်ကတော့ ရဖို့ခက်မယ်ထင်တယ်……"

ကျိုးချွန်းထောင်: "နင်က အသားလက်မှတ် ချေးချင်တယ်လို့ တိုက်ရိုက် သွားမပြောနဲ့လေ၊ ငါနဲ့ နင့်မောင် ကျန်းမာရေး သိပ်မကောင်းဘူးလို့သာ ပြောလိုက်"

ရွှီဝေသည် အံကြိတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "အင်း"

အခြားတစ်ဖက်တွင် ဖုမင်ဇယ်သည် ဟင်းပန်းကန်များကို ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာ၏။ ထိုအချိန်တွင် ရှန်ရှောက်ယွမ်သည် အနောက်မှ ခွေးလိုက်ကိုက်ခံရသကဲ့သို့ စက်ဘီးကို အပြင်းအထန် နင်းကာ ခြံဝင်းထဲသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။

"……"

ဖုမင်ဇယ်သည် ရှန်ရှောက်ယွမ်၏ အနောက်ဘက်သို့ ကြည့်လိုက်၏။ ရှန်မော့အာကို မတွေ့ရပေ။ ထို့ကြောင့် သူက မေးလိုက်သည်။ "အဖေ၊ မော့အာရော၊ သူ အဖေ့ကို သွားရှာတာ မဟုတ်ဘူးလား"

ရှန်ရှောက်ယွမ်က စက်ဘီးကို သေချာရပ်လိုက်ပြီး ပြောသည်။ "သူ အနောက်မှာ ကျန်ခဲ့တယ်"

ဖုမင်ဇယ်က စက်ဘီးစီးလာတာတောင် ဘာလို့ သူ့ကို ခေါ်မလာတာလဲ ဟု မေးချင်ခဲ့သည်။ သို့သော် စဉ်းစားကြည့်ပြီးနောက် စကားကို ပြန်မျိုချလိုက်၏။ မီးဖိုချောင်ထဲသို့ ဝင်ကာ ရှန်ရှောက်ယွမ်အတွက် ရေနွေးတစ်ဇလုံ ခပ်ပေးလိုက်သည်။ "အရင်ဆုံး မျက်နှာသစ်လိုက်ပါဦး"

မကြာမီ ရှန်မော့အာ ပြန်ရောက်လာ၏။ မိသားစု သုံးယောက် ထမင်းစားရန် ထိုင်လိုက်ကြသည်။ ထိုအခါမှ ယောက္ခထီးဖြစ်သူ ပြန်လာချိန်၌ ခွေးလိုက်ခံရသလို ဖြစ်နေရသည့် အကြောင်းအရင်းကို ဖုမင်ဇယ် သိလိုက်ရတော့သည်။

ယောက္ခထီးဖြစ်သူမှာ မုဆိုးမတစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံရမလို ဖြစ်သွားသည့်ကိစ္စကို ရုတ်တရက် ကြားလိုက်ရချိန်တွင် မယုံနိုင်စရာ ကောင်းနေလေသည်။ သို့သော် သေချာစွာ ပြန်လည်စဉ်းစားကြည့်ပါက အတော်လေး သဘာဝကျနေသည်ဟု ခံစားရ၏။

မူလက ရှန်လောင်ချီမှာ လုံးဝကို အဖက်လုပ်ခံရသူ မဟုတ်။ ရိုးသားပြီး အလုပ်လုပ်ရာတွင် သာမန်သာရှိ၏။ အိမ်တွင် သားအဖနှစ်ယောက်တည်းသာ ရှိသော်လည်း သူတို့၏ နေထိုင်မှုအဆင့်အတန်းမှာ ရွာထဲတွင် အတော်လေး ဆင်းရဲသည့်အထဲတွင် ပါဝင်သည်။ အစ်ကိုများနှင့် မရီးတို့၏ လှည့်စားမှုကို မကြာခဏ ခံရသောကြောင့်ဖြစ်သည်။ ရုပ်ရည်သွင်ပြင်က မဆိုးလှသော်လည်း မကြာခဏ အစားအစာ လုံလောက်စွာ မစားရသဖြင့် အလွန်အမင်း ပိန်ချုံးနေ၏။ ထို့ကြောင့် ရုပ်ရည်က ထင်ရှားပေါ်လွင်မနေပေ။ ထို့အပြင် ကျေးလက်ဒေသတွင် ယောကျ်ားများ၏ ရုပ်ရည်ကို အရေးမစိုက်ကြချေ။

သို့သော် ယခု ရှန်ရှောက်ယွမ်သည် အစားအသောက် အမြဲကောင်းမွန်သောကြောင့် ရှန်မော့အာကဲ့သို့ပင် မူလပိုင်ရှင်နှင့် ဆင်တူအောင် အတင်းအကျပ် ပြောင်းလဲခံထားရသော ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် နဂိုပုံစံသို့ ပြန်လည်ရောက်ရှိလာသည်။ ထို့အပြင် ရှန်ရှောက်ယွမ်၏ ကိုယ်ပိုင် ပညာအရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေးတို့ ပေါင်းစပ်သွားသောအခါ တမင်သက်သက် ထုတ်ဖော်မပြသော်လည်း ယေဘုယျအားဖြင့် သာမန် လယ်သမားများနှင့် အလွန် ကွာခြားနေ၏။

ဟုတ်ပါသည်။ ရွာသူရွာသားများကတော့ ရှန်ရှောက်ယွမ် အလုပ်သမားဖြစ်သွားသောကြောင့် မတူတော့ဘူးဟု ထင်နေကြသည်။

ပိုအရေးကြီးသည်က သူသည် ယခုအခါ အလုပ်အကိုင်ရှိနေပြီး ဖြစ်သည့်အပြင် အရာရှိတစ်ဦးလည်း ဖြစ်နေ၏။

ရုပ်ရည်ကလည်း မဆိုး၊ အသက်ကလည်း မကြီးလှသေး၊ အလုပ်အကိုင်ရှိပြီး အိမ်တွင် သမီးတစ်ယောက်တည်းသာ ရှိသည်။ သူ၏ ဤကဲ့သို့သော အခြေအနေမျိုးရှိသည့် မုဆိုးဖို လူလွတ်တစ်ဦးကို ယန်လျိုတပ်ဖွဲ့တွင်မဆိုထားနှင့်၊ လျိုချောင်တပ်ဖွဲ့တွင်ပင် သူ့ကို လက်ထပ်ချင်သူ အများအပြား ရှိနေလိမ့်မည်။

ဖုမင်ဇယ်သည် ယခင်က ဤအချက်ကို တစ်ခါမှ မစဉ်းစားမိခဲ့ပေ။ ယခု စဉ်းစားကြည့်လိုက်သောအခါ ယောက္ခထီးဖြစ်သူသည် အမှန်တကယ်ပင် ဒုတိယအိမ်ထောင်ပြုရန် အခွင့်အရေး အပြည့်အဝ ရှိနေ၏။

ညဘက် လူနှစ်ယောက်တည်း ရှိနေချိန်တွင် ဖုမင်ဇယ်သည် မနေနိုင်ဘဲ ရှန်မော့အာကို မေးလိုက်သည်။ "အဖေက နောက်တစ်ယောက် ထပ်ရှာချင်နေမလား"

ယောက္ခထီးမှာ အသက် ၄၀ ဝန်းကျင်သာ ရှိသေးသဖြင့် နောက်တစ်ယောက် ထပ်ရှာသည်မှာလည်း ပုံမှန်ပင်။ သို့သော် အကယ်၍ ကျိုးချွန်းထောင်ကဲ့သို့ လူမျိုးကို တကယ်ရှာမိပါက အိမ်တွင်းရေးမသာယာမှာကိုတော့ စိုးရိမ်ရသည်။

ယခု ရှန်ရှောက်ယွမ်သည် အတော်လေး ပါးနပ်သည်ဟု ထင်ရသဖြင့် သာမန်အားဖြင့် လှည့်စားခံရလွယ်မည် မဟုတ်ပေ။ သို့သော် အတိတ်က ထိုသားအဖနှစ်ယောက်သည် အခြားသူများ၏ လှည့်စားမှုကို ခံရကာ ငတ်သေမတတ် ဖြစ်ခဲ့ရသည်ကို ပြန်လည်စဉ်းစားမိသောအခါ ဖုမင်ဇယ်သည် သိပ်မသေချာတော့ဟု ခံစားရပြန်၏။

ရှန်မော့အာသည် သူ့ ရင်ခွင်ထဲသို့ တိုးဝင်ကာ ခေါင်းကို သူ့ ရင်ဘတ်ပေါ်တွင် ပွတ်သပ်လိုက်၏။ ထို့နောက် အိပ်ချင်မူးတူးဖြင့် ပြောသည်။ "ကျွန်မအဖေက နောက်ထပ် မရှာချင်ပါဘူး၊ သူက ကျွန်မအမေအပေါ်မှာ ချစ်ခြင်းမေတ္တာတွေက ပင်လယ်လို နက်ရှိုင်းပြီး ရွှေထက်တောင် ခိုင်မြဲတယ်လို့ ပြောဖူးတယ်…… ဒါပေမဲ့ ကျွန်မ ကြည့်ရတာ သူက တကယ်တော့ အလုပ်ရှုပ်ခံရမှာကို စိတ်ညစ်နေတာပါ"

ယခုကိစ္စက ဘာများ အရေးပါလို့လဲ။ ယခင်က သာ့လျန်မင်းဆက်တွင် ရှိစဉ်က သူသည် ဧကရာဇ်မင်း၏ မျက်နှာသာပေးမှုကို အများဆုံးရရှိထားသည့် အေးဆေးတည်ငြိမ်သော မင်းသားတစ်ပါးဖြစ်၏။ ဧကရာဇ်မင်း၏ အရင်းနှီးဆုံး ညီတော်ဖြစ်သဖြင့် မိန်းမလှလေးများစွာက သူ့အပေါ်သို့ ခုန်အုပ်ချင်ခဲ့ကြသည်။ သို့သော် သူသည် ထိုမိန်းမလှလေးများကို သူ့လက်ဖြင့်ပင် တစ်ချက်တည်း ရိုက်ချပစ်ခဲ့သည်။

သူမ၏ အဖေက စောစောကတည်းက ပြောဖူးသည်။ သူမ၏အမေက သူ့ကို ထိန်းချုပ်ထားချိန်တွင် သူသည် လိုလိုလားလားနှင့် ကြည်ဖြူခဲ့၏။ သူမ၏အမေ ကွယ်လွန်သွားပြီးနောက်တွင်တော့ သူသည် ဘယ်သူ့ထိန်းချုပ်မှုကိုမှ မခံချင်တော့ပေ။ မုဆိုးဖိုတစ်ဦးအဖြစ် လွတ်လပ်ပေါ့ပါးစွာ နေထိုင်ရသည်မှာ ကောင်းလေစွဟုပင် ခံယူနေသေးသည်။

ဖုမင်ဇယ်: "……"

ကောင်းပြီလေ။

ရှန်မော့အာ အလုပ်မသွားရသေးခင် တပ်ဖွဲ့ထဲသို့ တပ်ဖွဲ့ခွဲမှ လူတစ်စု အရင်ရောက်လာခဲ့သည်။ အစပိုင်းတွင် ကျိုးမန်ခန်းက တပ်ဖွဲ့ခွဲမှ လူများသည် ရှန်မော့အာကို လာရှာသည်ဟု ထင်ခဲ့၏။ သို့သော် ပြောရင်းဆိုရင်းနှင့် တစ်ဖက်လူများက ဖုမင်ဇယ်ကို လာရှာနေကြသည်။

သူတို့ တပ်ဖွဲ့သည် ယခင်က ဖုမင်ဇယ် စဉ်းစားတွေးတောထားသည့် နည်းလမ်းအတိုင်း စမ်းသပ်စိုက်ခင်း လုပ်ဆောင်နေခြင်း မဟုတ်ပါလား။ အများကြီးတော့ မဟုတ်ပေ။ မြေ ဧကဝက်ခန့်သာရှိပြီး အာလူးများကို စိုက်ပျိုးထား၏။ နှစ်ကုန် ရိတ်သိမ်းချိန်တွင် အခြားမြေကွက်များထက် အထွက်နှုန်း ၂၀ ရာခိုင်နှုန်း ပိုထွက်ခဲ့သည်။ တပ်ဖွဲ့ခွဲက တပ်ဖွဲ့အသီးသီးကို နှစ်ကုန်လုပ်ငန်း အစီရင်ခံစာ တင်ပြခိုင်းချိန်တွင် ကျိုးမန်ခန်းက ဤကိစ္စကိုပါ အစီရင်ခံစာတွင် ထည့်သွင်းတင်ပြခဲ့သည်။ ထို့နောက် တပ်ဖွဲ့ခွဲမှ အရာရှိတစ်ဦးက အသေးစိတ် အခြေအနေများကို သူ့အား အထူးတလည် မေးမြန်းလေ့လာခဲ့သည်။

ကျိုးမန်ခန်းက မြေ ဧကဝက်သာရှိသဖြင့် ဘာပြဿနာကိုမှ ရှင်းပြနိုင်မည် မဟုတ်ဟု တွေးခဲ့၏။ နွေဦးစိုက်ပျိုးရာသီ ရောက်လျှင် စမ်းသပ်စိုက်ခင်းကို အနည်းငယ် ထပ်ချဲ့ကာ ၃ ဧက၊ ၅ ဧကခန့် လုပ်ဆောင်မည်။ ထိုအချိန်တွင် အထွက်နှုန်း တိုးလာပါက တပ်ဖွဲ့ခွဲမှ ခေါင်းဆောင်များကို သွားရောက်ပြောဆိုမည်ဟု စဉ်းစားထားခဲ့သည်။

နှစ်စပိုင်းတွင်ပင် တပ်ဖွဲ့ခွဲက လူလွှတ်လိုက်လိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။

စိုက်ပျိုးရေးကို တာဝန်ယူရသည့် တပ်ဖွဲ့ခွဲ ဒုတိယအကြီးအကဲ ကိုယ်တိုင် ဦးဆောင်လာ၏။ အရာရှိ အနည်းငယ်နှင့် စိုက်ပျိုးရေးနည်းပညာဌာနမှ နည်းပညာရှင်များလည်း ပါဝင်သည်။ လူတစ်စုသည် စမ်းသပ်စိုက်ခင်းသို့ သွားရောက်ပြီး လက်တွေ့လေ့လာခဲ့ကြသည်။ ဖုမင်ဇယ်ကို စမ်းသပ်စိုက်ခင်းဘေးတွင် သူတို့အား ရှင်းပြခိုင်းခဲ့သည်။ ထို့နောက် မြေဆီလွှာနှင့် စိုက်ခင်းထဲတွင် စိုက်ပျိုးထားသည့် တရုတ်နံနံများကို ယူဆောင်ကာ ပြန်သွားကြသည်။

ရက်အနည်းငယ်အကြာတွင် ကျိုးမန်ခန်းနှင့် ဖုမင်ဇယ်တို့သည် တပ်ဖွဲ့ခွဲသို့ ဆင့်ခေါ်ခံရသည်။

ဖုမင်ဇယ်သည် တပ်ဖွဲ့ခွဲတွင် တစ်နေကုန် နေခဲ့ရပြီး ပြန်ရောက်သောအခါ တပ်ဖွဲ့ခွဲက သီးနှံအထွက်နှုန်းတိုးရေး လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်းနှင့် သူ့ကို အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ကြောင်း ရှန်မော့အာကို ပြောပြလေသည်။ ရာထူးမရှိ၊ ဝန်ထမ်းအင်အားစာရင်းတွင်လည်း မပါဝင်ပေ။ သို့သော် တပ်ဖွဲ့ခွဲက သူ့ကို စိုက်ပျိုးရေးနည်းပညာရှင်များ၏ စံနှုန်းအတိုင်း လစဉ် လစာနှင့် ထောက်ပံ့ကြေးများ ပေးလိမ့်မည်။

ပညာတတ်လူငယ်ဖုသည် သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် နိုင်ငံရေး နောက်ခံစစ်ဆေးရန် မလိုသော ပြင်ပအလုပ်တစ်ခုကို ရရှိခဲ့၏။ နောက်ဆုံးတွင် တရားဝင် ငွေရှာနိုင်မည့် လမ်းကြောင်းတစ်ခုကို ရရှိသွားခဲ့သည်။

ထို့အပြင် ဤအလုပ်တွင် အားသာချက်တစ်ခုလည်း ရှိသေး၏။ တပ်ဖွဲ့အသီးသီးသို့ မကြာခဏ သွားရောက်ကာ စုံစမ်းလေ့လာမှုများ ပြုလုပ်ရမည်။ ထောက်ပံ့ကြေး ရရှိရုံသာမက တပ်ဖွဲ့အသီးသီး၏ ပစ္စည်းများကိုပါ လဲလှယ်ရောင်းဝယ်ခွင့် ရရှိမည်။ ဤအချက်က ဖုမင်ဇယ်ကို ပိုမို အဆင်ပြေချောမွေ့စေသည်။

မိသားစု၏ စုစုပေါင်း ဝင်ငွေ သိသိသာသာ တိုးတက်လာသဖြင့် ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့သည်လည်း သဘာဝကျစွာပင် အလွန်ဝမ်းသာနေကြ၏။ ထိုနေ့တွင်ပင် တောဝက်သားတစ်တုံးကို လှီးဖြတ်ကာ မျှစ်နု၊ မှိုတို့နှင့် ပေါင်းပြီး ကောင်းမွန်စွာ စားသောက်ခဲ့ကြသည်။

နောက်တစ်နေ့သည် တနင်္ဂနွေနေ့ ဖြစ်သဖြင့် တစ်မိသားစုလုံး အိပ်ရာထနောက်ကျခဲ့ကြသည်။

မတတ်နိုင်။ ဆောင်းရာသီတွင် အေးမြသဖြင့် စောင်ပုံထဲတွင် နေရသည်မှာ သဘာဝအလျောက် ဆွဲဆောင်မှုရှိနေ၏။ ရှန်မော့အာ အိပ်ရာမှ မထနိုင်ပေ။ ဖုမင်ဇယ်ကလည်း ဇနီးဖြစ်သူက ဖက်ထားသဖြင့် ထချင်သော်လည်း ထလို့မရပေ။ ရှန်ရှောက်ယွမ်မှာလည်း နေ့စဉ် အစောကြီးထကာ မိုးချုပ်မှ အိမ်ပြန်လာရသူဖြစ်သဖြင့် ခဲယဉ်းစွာ အနားယူရသည့် တစ်နေ့တွင် သဘာဝကျစွာပင် အိပ်ရာမှ မထချင်ပေ။

ဖြစ်ချင်တော့ လူတစ်ယောက်က သူတို့အိမ်၏ ခြံတံခါးကို ဒိုင်းဒိုင်းမြည်အောင် ထုရိုက်နေသည်။ ဖုမင်ဇယ်သည် ခဏလောက် နားထောင်နေသော်လည်း တံခါးအပြင်ဘက်မှလူက ရပ်တန့်သွားသည်ကို မတွေ့ရသဖြင့် ဇနီးဖြစ်သူ၏ လက်ကို ကိုင်ကာ သူ့ခေါင်းအုံးပေါ်သို့ ပြန်တင်ပေးလိုက်ရင်း ပြောသည်။ "ကို ထသွားကြည့်လိုက်ဦးမယ်"

ဖုမင်ဇယ် အိပ်ရာမှ ထလိုက်သည်နှင့် စောင်ပုံထဲတွင် အပူချိန် အလျင်အမြန် ကျဆင်းသွား၏။ ရှန်မော့အာသည် ကိုယ်ကို ကျုံ့လိုက်ပြီး ထပ်အိပ်ချင်သေးသည်။ သို့သော် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် မတတ်နိုင်ဘဲ အိပ်ရာမှ ထလာခဲ့သည်။

ဂွမ်းအင်္ကျီကို ဝတ်ဆင်ကာ ဂွမ်းဖိနပ်ကို စွပ်လိုက်၏။ ရှန်မော့အာသည် ဘီးကိုယူပြီးဆံပင်ကို ဖြစ်သလို ဖြီးလိုက်သည်။ ထို့နောက် ဆံပင်းစည်းကြိုးတစ်ချောင်းကို ယူကာ ဖြစ်သလို စည်းနှောင်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ခြံဝင်းထဲတွင် ကိုယ်ဝန်ရင့်မာနှင့် ယန်တာ့နွီက ရပ်နေသည်။ ကျိုးရှောင်ရွှမ်းက သူမ၏ လက်မောင်းကို ဂရုတစိုက် တွဲပေးထား၏။ ဘေးတွင်တော့ ဒေါသထွက်နေသော မျက်နှာအမူအရာဖြင့် ကျိုးကျောက်တိ ရှိနေသည်။

ယန်တာ့နွီသည် ဖုမင်ဇယ်ကို ကြည့်ကာ ဆဲဆိုပွစိတက်နေသည်။ "နင် ပြောစမ်း ရှန်မော့အာက ဝင်ပါတာလွန်နေတာ မဟုတ်ဘူးလား၊ ငါတို့က တပ်ဖွဲ့မှာ ကျောင်းတက်နေတာ အကောင်းကြီးကို၊ ဘာလို့ ခရိုင်မြို့မှာ သွားတက်ရမှာလဲ။ အဆောင်စီစဉ်ပေးတာတို့၊ ထမင်းစားဖို့ စီစဉ်ပေးတာတို့ဆိုတာ ငါတို့ မက်မောပါဘူး။ တစ်နေကုန် အိမ်မကပ်ရင် ငါ့အိမ်က အလုပ်တွေကို ဘယ်သူလုပ်မလဲ။ ဆုချတယ်ဆိုရင်လည်း ငါတို့က တပ်ဖွဲ့မှာပဲ ကျောင်းတက်မယ်၊ ရိက္ခာကို ငါတို့ကို တိုက်ရိုက်ပေးလိုက်ရင် မရဘူးလား"

ဖုမင်ဇယ်က အေးတိအေးစက် ပြောသည်။ "ဒါက ခရိုင်က ဆုံးဖြတ်တဲ့ကိစ္စလေ၊ ခင်ဗျားက ကျွန်တော်တို့အိမ်လာပြီး ဘာလာရှုပ်နေတာလဲ"

ယန်တာ့နွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ကျိုးမန်ခန်းကတော့ ပြောတယ်၊ ဒါက ရှန်မော့အာက ကလေးနှစ်ယောက်အတွက် ကြိုးစားပေးတာတဲ့၊ ဖွီး၊ သူ ဝင်ပါနေစရာ မလိုဘူး"

ကျိုးရှောင်ရွှမ်းက ဝင်ထောက်ခံသည်။ "ဟုတ်တယ်၊ ကျုပ်တို့ မလိုချင်ဘူး"

ကျိုးကျောက်တိ၏ မျက်လုံးများပင် နီရဲနေ၏။

ရှန်မော့အာက သူ့ကို ပြောဖူးသည်။ ခရိုင်မြို့ရှိ သင်ကြားရေး အခြေအနေက ပိုမိုကောင်းမွန်၏။ သူမက တုန်းဖန်းဟုန် မူလတန်းကျောင်းသို့ ပြောင်းရွှေ့ပါက ပိုမိုကောင်းမွန်သော ပညာရေးကို သင်ယူနိုင်မည်ဖြစ်ပြီး ပန်းချီပညာကိုလည်း ဆက်လက် သင်ယူနိုင်မည်။ ဟိုဘက်ကလည်း ကတိပေးထားသည်။ ကျောင်းလခ ပေးစရာ မလိုရုံသာမက ထောက်ပံ့ကြေးပါ ပေးလိမ့်မည်။ သူမက ပန်းချီပညာကို သေချာသင်ယူနေသရွေ့ ဆက်လက်သင်ယူနိုင်ပြီး နောင်တွင် ချန်ကျင့် အလယ်တန်းကျောင်းသို့ပင် တက်ရောက်နိုင်မည်ဖြစ်သည်။

တပ်ဖွဲ့ခေါင်းဆောင်က မနေ့ညက လာရောက်ပြောပြခဲံခြင်းဖြစ်၏။ သူမ၏ အိမ်ကို သူမအား ကျောင်းသွားပို့ရန် ပြင်ဆင်ခိုင်းခဲ့သည်။ ယန်တာ့နွီသည် အစပိုင်းတွင် သဘောမပေါက်ခဲ့ပေ။ သူတို့အိမ်ကို ထောက်ပံ့ကြေး လာပေးမည်ဟု ထင်ကာ အတော်လေး ဝမ်းသာနေခဲ့သည်။ သူမက ခရိုင်မြို့သို့ ကျောင်းပြောင်းရမည်ကို သဘောပေါက်သွားသောအခါ ချက်ချင်းပင် သဘောမတူတော့ချေ။

မနေ့ညက ယန်တာ့နွီသည် အိမ်တွင် တစ်ညလုံး ဆဲဆိုနေခဲ့၏။ မနက်မိုးလင်းသောအခါ သူမကို အိမ်အလုပ်များ အားလုံးပြီးအောင် အတင်းခိုင်းစေခဲ့သည်။ ထို့နောက် သူမကို ဆွဲခေါ်လာကာ ရှန်မော့အာအား ခရိုင်မြို့သို့ ကျောင်းသွားမတက်ချင်ကြောင်း သူမကို ကိုယ်တိုင် ပြောခိုင်းတော့သည်

သို့သော် သူမကတော့ သွားချင်သည်လေ။

ကျိုးကျောက်တိသည် မနေနိုင်ဘဲ ငိုချလိုက်သည်။ "ဘာလို့ သမီးကို သွားခွင့်မပေးရတာလဲ၊ သမီး သွားချင်တယ်၊ သမီး သွားချင်တယ်"

ရှန်မော့အာသည် တံခါးဝမှနေ၍ နှစ်ကြိမ်ခန့် လှမ်းကြည့်လိုက်၏။ အစကတော့ မျက်နှာမသစ်ရသေးသဖြင့် လူလုံးမထွက်ပြချင်ခဲ့ပေ။ သို့သော် ကျိုးကျောက်တိမှာ ရှိုက်ကြီးတငင် ငိုကြွေးနေသဖြင့် မတတ်နိုင်ဘဲ အပြင်သို့ ထွက်လာခဲ့သည်။ "ရှင်တို့ ကျွန်မဆီ လာဆူပူနေလည်း အလကားပဲ၊ ခရိုင်က ကျောင်းသားစာရင်းကို ပြောင်းရွှေ့ပြီးသွားပြီ။ ဒါက အထက်လူကြီးတွေက အထူးအရည်အချင်းရှိတဲ့သူတွေကို ပျိုးထောင်ဖို့ ချမှတ်လိုက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပဲ။ တပ်မတော်က စစ်သားစုဆောင်းသလိုမျိုးပေါ့၊ ရွေးချယ်ခံရပြီဆိုရင် မဖြစ်မနေ သွားရမယ်။ ဒါတွေအားလုံးက တိုင်းပြည်တည်ဆောက်ရေးကို ပိုကောင်းအောင် လုပ်ဖို့အတွက်ပဲ။ ရှင်တို့ ဒီလို လာဆူပူနေတာက ခရိုင်ရဲ့ ဆိုရှယ်လစ် တိုင်းပြည်တည်ဆောက်ရေးကို တမင်သက်သက် နှောင့်ယှက်နေတာလား"

ယန်တာ့နွီသည် ကြားလိုက်ရသောအခါ ကြောင်အမ်းအမ်း ဖြစ်သွား၏။ ကောင်မလေးတစ်ယောက် ကျောင်းတက်ရုံလေးက ခရိုင်၏ ဆိုရှယ်လစ် တိုင်းပြည်တည်ဆောက်ရေးနှင့် မည်သို့ သွားပတ်သက်နေမှန်း နားမလည်နိုင်ချေ။ "နင် ငါ့ကို လာမလှည့်စားနဲ့၊ ငါ မယုံဘူး"

သို့သော် စဉ်းစားကြည့်ပါက အမှန်တကယ်ပင်။ သာမန်လူများ ကျောင်းတက်လျှင် ကျောင်းလခ ပေးရ၏။ ကျောင်းလခ ကင်းလွတ်ခွင့်ရရုံသာမက ထောက်ပံ့ကြေးပါ ပေးသေးသည်ဆိုသော ဤကဲ့သို့သော ကိစ္စကောင်းမျိုးကို ဘယ်နေရာတွင် ကြားဖူးခဲ့မည်နည်း။

ရှန်မော့အာက နှုတ်ခမ်းကို တွန့်ကွေးထားလိုက်သည်။ "ကျွန်မက ရှင့်ကို လိမ်ပြီး ဘာလုပ်ရမှာလဲ၊ ဒါမှမဟုတ် ကျွန်မက လူတစ်ယောက်ကို ဖြစ်သလို လိုက်ပြောလိုက်ရုံနဲ့ ခရိုင်က ကျောင်းလခ လွတ်ငြိမ်းခွင့်ပေးပြီး ထောက်ပံ့ကြေးပေးမယ်လို့ ရှင် ထင်နေတာလား၊ ကျွန်မမှာ အဲဒီလောက် ကြီးမားတဲ့ စွမ်းဆောင်ရည် ရှိနေလို့လား"

ယန်တာ့နွီသည် ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေပြီး အပြင်ပန်းတွင် ဟန်လုပ်ကာ ပြောလိုက်၏။ "ဒါ၊ ဒါဆို ငါတို့ မိဘတွေက ကလေးတွေအတွက် ဆုံးဖြတ်ခွင့် မရှိတော့ဘူးလား"

ရှန်မော့အာ: "အဲဒါကတော့ တကယ်ကို ဆုံးဖြတ်ခွင့် မရှိတာပဲ၊ ရှင် တပ်ထဲဝင်သွားတဲ့ စစ်သားတစ်ယောက် မိဘတွေရဲ့ အမိန့်ကို နာခံတာ မြင်ဖူးလား၊ သေချာပေါက် တပ်မတော်ရဲ့ အမိန့်ကိုပဲ နာခံရမှာပေါ့"

ယန်တာ့နွီက တွန့်ဆုတ်စွာ ပြောလိုက်၏။ "တိုင်းပြည်တည်ဆောက်ရေး လုပ်မယ်ဆိုရင်လည်း ကျွန်မတို့အိမ်က ဝူကျားပေါင်ကို သွားခိုင်းလို့ မရဘူးလား၊ ကောင်မလေးတစ်ယောက်က ဘာတည်ဆောက်ရေး သွားလုပ်မှာလဲ"

ရှန်မော့အာက တည်ငြိမ်စွာ ပြောသည်။ "ရှင် ထပ်ပြီး ရစ်နေမယ်ဆိုရင် ကျွန်မ ပြည်သူ့စစ်တွေကို ခေါ်ပြီး ရှင့်ကို ရဲစခန်းဆီ ပို့ခိုင်းလိုက်မယ်"

ယန်တာ့နွီက အိမ်တိုင်ရာရောက် လာဆူပူရဲသည်ကို အထင်မကြီးလေနှင့်။ အမှန်တကယ်တော့ သူသည် ရှန်မော့အာ၏ လက်ထဲတွင် အကြိမ်တိုင်း အရေးနိမ့်ခဲ့ရသဖြင့် စိတ်ထဲတွင် ရှန်မော့အာကို အတော်လေး ကြောက်ရွံ့နေ၏။ ဆူပူနေခြင်းမှာလည်း အပြင်ပန်းတွင် ဟန်လုပ်နေခြင်းသာ။ ရှန်မော့အာ ထွက်မလာသေးချိန်တွင် သူသည် အားရပါးရ ဆဲဆိုနေခဲ့သည်။ ရှန်မော့အာ ထွက်လာသည်နှင့် သူမ၏ အားအင်များ ချက်ချင်း လျော့ကျသွားသည်။ ယခု ရှန်မော့အာက သူမကို ရဲစခန်းသို့ ပို့မည်ဟု ပြောလိုက်သည်ကို ကြားသောအခါ သူမသည် ပိုလို့ပင် မြန်ဆန်စွာ ငြိမ်ကျသွားတော့သည်။

ပါးစပ်ကသာ ထပ်တလဲလဲ ရေရွတ်နေသည်။ "ကောင်မလေးက ဘာတည်ဆောက်ရေး လုပ်မှာလဲ၊ ငါတို့အိမ်က ကျားပေါင် သွားဖို့ ထိုက်တန်တာ"

ခဏလောက် အချိန်ဆွဲနေပြီးနောက် ရှန်မော့အာက သူ့ကို အဖက်မလုပ်တော့ဘဲ ကိုယ့်ဘာသာ မျက်နှာသွားသစ်နေသည်ကို မြင်သောအခါ နောက်ဆုံးတွင် မကျေမနပ်ဖြင့် ထွက်ခွာသွားရတော့သည်။

ယန်တာ့နွီလည်း သိနေ၏။ ရှန်မော့အာက ရဲစခန်းပို့မည်ဟု ပြောခြင်းမှာ ပါးစပ်က ပြောရုံသက်သက် မဟုတ်ပေ။ ရှန်မော့အာသည် ရှန်မိသားစုမှ လူတချို့ကိုပင် ရဲစခန်းသို့ ပို့ရဲသေးသည်။ သူတို့ဆိုလျှင် ပိုလို့ပင် ပြောစရာ မလိုတော့ချေ။ သူမ ထပ်ပြီး အချိန်ဆွဲနေပါက တကယ် ဒေါသထွက်သွားလျှင် သူမအတွက် အကျိုးဆက် ကောင်းမည် မဟုတ်ပေ။

"အမယ်လေး၊ ငါ့ကံက ဘာလို့ ဒီလောက်ဆိုးရတာလဲ၊ ငါက အခု ချက်ချင်း မွေးတော့မယ့်ဟာကို၊ အဲဒီအချိန်ကျရင် သေးခံလျှော်ဖို့ ကူပေးမယ့်သူ တစ်ယောက်တောင် မရှိတော့ဘူး" ရှန်မိသားစုအိမ်မှ ထွက်လာသည်နှင့် ယန်တာ့နွီသည် ချက်ချင်းပင် အော်ဟစ်ငိုကြွေးတော့သည်။

တစ်ဝက်ခန့် ငိုကြွေးပြီးနောက် သူမသည် ရုတ်တရက် ဗိုက်ကို ဖိကိုင်လိုက်ကာ "အမယ်လေး၊ အမယ်လေး၊ ငါ ဗိုက်နာလာပြီ__"

...

All Chapters