← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အပိုင်း (၇၃)

ကျောင်းမဖွင့်မီ တစ်ရက်အလိုတွင် ရှန်မော့အာတို့သည် တပ်ဖွဲ့ချုပ် မိသားစုအိမ်ရာသို့ ပြောင်းရွှေ့လာခဲ့ကြသည်။

တပ်ဖွဲ့ မိသားစုအိမ်ရာသည် ၃ထပ်တိုက် အဆောက်အအုံ အနည်းငယ်ဖြစ်ပြီး အခန်းတွဲငယ်များ ရှိသလို တစ်ခန်းတည်း သီးသန့်အခန်းများလည်း ရှိသည်။ အခန်းတွဲငယ်များကို နောက်ပိုင်းမှ ဆောက်လုပ်ထားခြင်းဖြစ်ပြီး သီးသန့် ရေချိုးခန်းနှင့် အိမ်သာများ ပါရှိသည်။ တစ်ခန်းတည်း သီးသန့်အခန်းရှိသော အဆောက်အအုံကတော့ အနည်းငယ် ဟောင်းနွမ်းပြီး အားလုံးက ဘုံသုံးရေချိုးခန်းများကိုသာ အသုံးပြုကြရသည်။

ယခုတစ်ကြိမ် တပ်ဖွဲ့က အထည်ချုပ်စက်ရုံကို ရရှိရန်အတွက် ရှန်မော့အာတို့ကို အခန်းတွဲငယ် ၃ ခန်း ဖယ်ပေးခဲ့၏။

ခေါင်းဆောင်တချို့က ကိုယ်တိုင် စံပြအဖြစ် တစ်ခန်းတည်း သီးသန့်အခန်းများသို့ ပြောင်းရွှေ့ပေးခဲ့မှသာ ထိုအခန်းများ လွတ်လာခဲ့သည်ဟု ဆိုကြသည်။ ၎င်းက ရာနှုန်းပြည့် စေတနာကို ပြသလိုက်ခြင်းပင်။

တပ်ဖွဲ့က ရိုးရှင်းသော ပရိဘောဂတချို့ကိုပင် စီစဉ်ပေးထားသေးသည်။ ကုတင် ၂ လုံး၊ ဗီရို ၂ လုံး၊ ထမင်းစားပွဲ ၁ လုံးနှင့် ခွေးခြေခုံ ၄ လုံး။

ကံကောင်းထောက်မစွာဖြင့် တပ်ဖွဲ့က ပရိဘောဂများကို စီစဉ်ပေးထား၍သာ တော်တော့သည်။ ထိုသို့မဟုတ်ပါက သည်လောက်တိုတောင်းသော အချိန်ကာလအတွင်း ပရိဘောဂတစ်စုံ ထပ်မံဝယ်ယူရန်မှာ ငွေမရှိသည်ကို အသာထား၊ ငွေရှိလျှင်ပင် အခက်အခဲ ရှိနိုင်လိမ့်မည်။

ဤကဲ့သို့သော ခေတ်ဟောင်းအဆောက်အအုံများသည် လှေကားကို ဘေးဘက်တွင် ထားရှိတတ်ကြသည်။ စင်္ကြံလမ်းတစ်ခုက အခန်းတွဲ ၄ ခန်းကို ဆက်သွယ်ထားပြီး ရှန်မော့အာတို့အိမ်မှာ ၃ ထပ်မြောက်၏ အတွင်းဆုံးအခန်း ဖြစ်သည်။

အပေါ်ဆုံးထပ်၏ ထောင့်ကျသောအခန်းဖြစ်သဖြင့် အားသာချက်မှာ တိတ်ဆိတ်ငြိမ်သက်သည်။ အားနည်းချက်ကတော့ နေ့စဉ် အတက်အဆင်းလုပ်တိုင်း တခြားသူများ၏ တံခါးဝမှ ဖြတ်သန်းသွားလာနေရခြင်းပင်။

၃ ထပ်မြောက်ရှိ ဤအခန်းတန်းတွင် ကျန်အိမ်ထောင်စု ၃ စုစလုံးမှာ တပ်ဖွဲ့အတွင်းမှ ခေါင်းဆောင်ငယ်များ ဖြစ်ကြသည်။ ရှန်မော့အာတို့အိမ်နှင့် ကပ်လျက်အခန်းမှာ ဒုတိယတပ်ဖွဲ့ခေါင်းဆောင် ကျိုးရှင်းဝမ့်၏ အိမ်ဖြစ်သည်။

ရှန်မော့အာတို့ ပစ္စည်းများကို အပေါ်ထပ်သို့ သယ်ယူပြီးသည်နှင့် ကျိုးရှင်းဝမ့်၏ ဇနီး လျိုကွေ့ကျစ်က အလည်ရောက်လာခဲ့၏။ လျိုကွေ့ကျစ်မှာ အနည်းငယ် ပြည့်ဖြိုးသော ရုပ်သွင်ရှိသည်။ တကယ်တမ်းတွင် သူမက သိပ်တော့မဝချေ။ သို့သော် ဤခေတ်ကာလရှိ လူအများစုမှာ ပိန်ချုံးနေတတ်ကြသဖြင့် သူမက အနည်းငယ် "ထင်ရှားပေါ်လွင်" နေခြင်းပင်။

သို့သော်လည်း မဆန်းပါချေ။ သူမသည် စားသောက်ကုန်ရုံတွင် အလုပ်လုပ်ကိုင်ပြီး အိမ်ရှိ ငွေကြေးနှင့် လက်မှတ်အားလုံးကို စားသောက်ခြင်း၌သာ အသုံးပြုပစ်သည်ဟု ဆိုကြသည်။

"ရှင်တို့ ဒါတွေကို အချိန်နည်းနည်းပေးပြီး ရှင်းလင်းရဦးမယ်၊ အချိန်လည်း မစောတော့ဘူး၊ နေ့လယ်စာကို ကျွန်မအိမ်မှာပဲ လာစားကြပါလား" လျိုကွေ့ကျစ်သည် လက်ထဲတွင် ကြက်သွန်မြိတ်တစ်ဆုပ်ကို ကိုင်ထားပြီး အရွက်ဝါများကို ဖယ်ရှားရင်း ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်သည်။ "ဒီနေ့ ကျွန်မ ဝက်အဆုတ်တစ်ခု လုဝယ်နိုင်ခဲ့တယ်၊ တို့ဖူးလေး နည်းနည်းလည်း ဝယ်ထားသေးတယ်၊ ဝက်အဆုတ်နဲ့ တို့ဖူးဟင်းချို ချက်လိုက်ရင် ပူပူနွေးနွေးနဲ့ မွှေးနေမှာပဲ၊ ခေါက်ဆွဲလေး နည်းနည်း ထပ်ပြုတ်လိုက်ရင် အားလုံး အဆင်ပြေသွားပြီ”

တကယ်ပင် စားသောက်ဖွယ်ရာများကို ဖန်တီးရသည်ကို နှစ်သက်သူတစ်ဦး ဖြစ်ပေသည်။ ထို့အပြင် ဤခေတ်ကာလတွင် သူတစ်ပါးကို ထမင်းစားဖိတ်ရာ၌ သည်လို ရိုးသားပွင့်လင်းစွာ ဖိတ်ခေါ်တတ်သူမှာ ရှားပါးလှသည်။ မိမိအိမ်တွင် မည်သည့်အရာများရှိပြီး ဧည့်သည်များကို မည်သို့ ဧည့်ခံမည်ကို ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သည်။

ရှန်မော့အာက ပြုံးလျက် ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မရယ်၊ ဒါပေမဲ့ မလိုတော့ပါဘူး၊ ကျွန်မတို့ အိမ်ကနေ ကျက်ပြီးသား မုန့်ပြားလေးတွေ ယူလာခဲ့ပါတယ်၊ နွှေးလိုက်တာနဲ့ စားလို့ရပြီဆိုတော့ အတော်လေး အဆင်ပြေပါတယ်”

လျိုကွေ့ကျစ်ကလည်း အတင်းအကျပ် မတိုက်တွန်းတော့ပေ။ တစ်ဖက်လူက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြားသိလိုက်ရသဖြင့် သူမက ပြောလိုက်သည်။ "ကောင်းပါပြီ၊ တစ်ခုခု လိုအပ်ရင် ကျွန်မအိမ်ကို လာယူလှည့်ပါ၊ ကျွန်မ ထမင်းသွားချက်လိုက်ဦးမယ်”

ရှန်မော့အာသည် လျိုကွေ့ကျစ်တစ်ယောက် ကြက်သွန်မြိတ်လေးများကို ကိုင်လျက် သူမ၏အိမ်သို့ ပြန်သွားသည်ကို ကြည့်ကာ အသံတိတ် ပြုံးလိုက်မိသည်။ အိမ်နီးချင်း၏ စိတ်သဘောထားက ပွင့်လင်းရိုးသားပြီး သဘောထားကြီးသဖြင့် ၎င်းမှာ သတင်းကောင်းတစ်ခုဟု ဆိုနိုင်ပေသည်။

ပစ္စည်းများမှာ သိပ်မများလှသဖြင့် တကယ်တမ်း ရှင်းလင်းရသည်မှာလည်း မြန်ဆန်လှသည်။ ဇနီးမောင်နှံနှစ်ဦး၏ အခန်းမှာ အလျင်အမြန်ပင် ရှင်းလင်းပြီးစီးသွား၏။ ရှန်ရှောက်ယွမ်ဘက်တွင်တော့ သေတ္တာများ၊ ဗူးများနှင့် စဉ့်အိုးများ အများအပြား ရှိနေသည်။

ဖုမင်ဇယ်က ပစ္စည်းများကို ကူညီသယ်မပေးရသည်တွင် သယ်လေလေ ပို၍ ထူးဆန်းလာလေလေ ဖြစ်လာသည်။ "အဖေ။ အဖေ့အခန်းထဲက ပစ္စည်းတွေ တော်တော်လေး များလာသလိုပဲနော်"

ဖုမင်ဇယ်သည် အမြဲတမ်း မှတ်ဉာဏ်ကောင်းမွန်သူဖြစ်သည်။ ယခင်က ရှန်ရှောက်ယွမ်၏ အခန်းထဲတွင် သေတ္တာတစ်လုံးတည်းသာ ရှိခဲ့သည်ကို သူ သေချာပေါက် မှတ်မိနေ၏။ ယခု ရုတ်တရက် နောက်ထပ်တစ်လုံး ပိုထွက်လာသည်။ ထို့အပြင် ထိုစဉ့်အိုးများနှင့် ဗူးများမှာလည်း ယခင်ကထက် ပိုများလာသယောင် ရှိနေသည်။

ရှန်ရှောက်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အင်း။ နှစ်မကူးခင်က ဝယ်ထားတာ၊ မင်းတို့ အကုန်လုံး အလုပ်များနေကြတယ် မဟုတ်လား၊ အဲဒါကြောင့် ငါလည်း မပြောဖြစ်တော့တာ၊ တိုလီမုတ်စ ပစ္စည်းတွေက အရမ်းများနေလို့လေ။ သတိထားဦး။ အဲဒီစဉ့်အိုးထဲမှာက အရက်တွေ၊ ဪ ဒါနဲ့။ သေတ္တာထဲမှာ လက်ဖက်ခြောက်တွေ ရှိတယ်၊ အရင်တစ်ခေါက်က မင်းရဲ့ မိဘတွေဆီ နည်းနည်း ပို့ပေးဖို့ ပြောထားတာလေ၊ မင်း နည်းနည်း ယူသွားလိုက်၊ နောက်မှ တခြားဟာလေးတွေ ထပ်ရှာပြီး အတူတူ ပို့လိုက်ပေါ့”

ရှန်ရှောက်ယွမ်က ပြောရင်းဆိုရင်း ကြိမ်ဖြင့်ယက်လုပ်ထားသော သေတ္တာတစ်လုံးကို ဖွင့်လိုက်သည်။ အတွင်း၌ ကတ်ထူစက္ကူအိတ် အတော်များများကို သေသပ်စွာ စီရီထားပြီး သံဖြူလက်ဖက်ခြောက်ဗူးဟောင်း တချို့လည်း ရှိနေသည်။ ရှန်ရှောက်ယွမ်သည် လက်ဖက်ခြောက်ဗူးတစ်ဗူးကို ထုတ်ယူလိုက်ပြီးနောက် ကတ်ထူစက္ကူအိတ်တစ်အိတ်ကို ထပ်ယူကာ ဖုမင်ဇယ်ကို ကမ်းပေးလိုက်၏။

"စက္ကူနဲ့ ထုပ်ထားတာက စန်းချီဆေးမြစ်တွေ၊ တခြားသူတွေ ပေးထားတာ၊ ငါကြည့်ရတာတော့ အရည်အသွေး မဆိုးလှပါဘူး။ ဗူးထဲမှာကတော့ ငါကိုယ်တိုင် လှော်ထားတဲ့ တောင်ပေါ်လက်ဖက်ခြောက်တွေ၊ ဒီသံဖြူဗူးကိုတောင် ရွှီဝေကော်ကို အကူအညီတောင်းပြီး ခေါင်းဆောင်ဆီကနေ သွားတောင်းခိုင်းထားရတာ။ အတော်ပဲ။ ဒီပစ္စည်းနှစ်မျိုးစလုံးက ထိခိုက်ပွန်းပဲ့မှာကို မကြောက်ရဘူး၊ မင်း ယူသွားလိုက်တော့”

ဖုမင်ဇယ်သည် စက္ကန့်ပိုင်းလောက် တွန့်ဆုတ်နေပြီးနောက် လှမ်းယူလိုက်၏။ "ကျေးဇူးတင်ပါတယ် အဖေ"

ယောက္ခထီးဖြစ်သူမှာ တပ်ဖွဲ့ထဲတွင် အတော်လေး ဝင်ဆံ့နေကြောင်း သူ စောစောကတည်းက ကြားဖူးထားသည်။ ယခုကြည့်ရသည်မှာ ထိုအရာက ဝင်ဆံ့ရုံမျှမက အတော်ကြီးကို ဩဇာညောင်းနေခြင်းပင်။

တခြားသူများမှာ ခေါင်းဆောင်များကို ကပ်ဖားကာ လက်ဆောင်များ ပေးနေကြရသော်လည်း သူကတော့ ခေါင်းဆောင်များ၏ လက်ထဲမှ ပစ္စည်းများကို တစ်နေကုန် နှိုက်ယူနေတတ်သည်။ ထိုမျှမက သူ၏ ရာထူးအဆင့်အတန်းမှာလည်း တရိပ်ရိပ်နှင့် တက်လာနေသေး၏။

ဖုမင်ဇယ်သည် မိမိ၏ ယောက္ခထီးမှာ အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိကြောင်း ထပ်ပြီး အံ့ဩချီးကျူးမိပြန်သည်။ ထို့အပြင် ယောက္ခထီးဖြစ်သူသည် ယခင်က ညီအစ်ကိုများ၏ အနိုင်ကျင့်လှည့်စားမှုကို ခံခဲ့ရသည့်ကိစ္စနှင့် ပတ်သက်၍လည်း ထပ်ပြီး သံသယဝင်သွားမိပြန်၏။

ဖုမင်ဇယ်က ထိုသားအဖနှစ်ဦးသည် ယခင်က ရှန်ရှန်းလိတို့၏ လက်ထဲတွင် အားနည်းချက်တစ်ခုခုများ ရှိနေခဲ့သလားဟုပင် သံသယဖြစ်မိသွား၏။

အတော်လေး ရှင်းလင်းလို့ ပြီးစီးသွားသောအခါ ယူဆောင်လာသော မုန့်ချပ်များကို နွှေးကာ ဖြစ်သလို စားသောက်လိုက်ကြသည်။ ထို့နောက် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် ကျောက်မီးသွေးမီးဖိုနှင့် ကျောက်မီးသွေးတုံးများ သွားဝယ်ရန် အတူတူ အပြင်ထွက်လာခဲ့ကြသည်။

မီးဖိုချောင်တွင် ထင်းမီးဖိုကို ဆောက်လုပ်ထားသော်လည်း ဤနေရာတွင် ထင်းစိုက်ရသည်မှာ ကျေးလက်ဒေသလောက် အဆင်မပြေလှပေ။ သာမန်မိသားစုတိုင်းသည် ကျောက်မီးသွေးမီးဖိုတစ်လုံး ထပ်မံပြုလုပ်ထားတတ်ကြသည်။

အထူးသဖြင့် သူတို့မိသားစုမှာ လူနည်းသဖြင့် ပုံမှန်အားဖြင့် ကျောက်မီးသွေးမီးဖိုပေါ်တွင် အိုးငယ်တစ်လုံး တင်ထားရုံဖြင့် လုံလောက်လေသည်။ ထို့အပြင် ကျောက်မီးသွေးမီးဖိုကို အသုံးပြုပြီး ရေနွေးကျိုရသည်မှာလည်း အဆင်ပြေလှသည်။

ပထမထပ်သို့ အဆင်းတွင် မောက်ကျန့်ရှင်း၊ ကျင်းချိုင်ဖေးတို့နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်ရသည်။ လူနှစ်ဦးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပြန်လာဟန်တူပြီး ဖုန်တလူးလူး ဖြစ်နေကြသည်။

မောက်ကျန့်ရှင်းက အရင်စပြီးနှုတ်ဆက်လိုက်သည်။ "ရဲဘော်ရှောင်ရှန်။ မင်း ပြောင်းလာပြီလား"

ရှန်မော့အာက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ "ဌာနမှူးမောက်။ ဒုဌာနမှူးကျင်း"

မောက်ကျန့်ရှင်းက ခပ်တိုးတိုး ရယ်မောလိုက်ကာ "ပစ္စည်းတွေ ရှင်းပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဘက်ကိုလည်း ဘယ်အချိန်လောက် လာကြည့်ဦးမလဲ၊ မင်းက နောက်ဆိုရင် တပ်ဖွဲ့ အလယ်တန်းကျောင်းရဲ့ ပန်းချီသင်တန်းကိုပါ တစ်နှစ် ပူးတွဲတာဝန်ယူရဦးမယ်လို့ ကြားတယ်၊ တကယ်ပဲ အရည်အချင်းရှိတဲ့သူက ပိုပြီး အလုပ်များရတာပါပဲလား"

ကျင်းချိုင်ဖေးကလည်း ပြုံးလျက် ဝင်ပြောသည်။ "ဟုတ်ပါ့။ တော်တဲ့သူတွေက တကယ်ပဲ ဘယ်နေရာရောက်ရောက် တောက်ပနိုင်တာပဲ။ ဒါပေမဲ့ မော့အာရေ။ မင်း စိတ်ချပါ၊ ကျွန်တော်တို့ရဲ့ အမှတ် (၉) အလုပ်ရုံ ဆောက်လုပ်ရေးက တအုန်းအုန်းနဲ့ မြန်မြန်ဆန်ဆန်ကို ဖြစ်နေတာ၊ အချိန်မီ သေချာပေါက် ပြီးစီးမှာပါ။ မင်းကတော့ စိတ်အေးချမ်းသာစွာနဲ့ ပညာရေးလုပ်ငန်းကိုသာ သေချာလုပ်ဆောင်ပါတော့"

ရှန်မော့အာက ပြုံးလိုက်ပြီး "ဒါဆိုရင်လည်း ရှင်တို့နှစ်ယောက် ပင်ပန်းရပြီပေါ့"

အပြန်အလှန် နှုတ်ဆက်ပြီးနောက် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ မိသားစုအိမ်ရာမှ ထွက်လာပြီးနောက် ဖုမင်ဇယ်သည် ခေါင်းကိုစောင်းကာ ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် နောက်ပြောင်လိုက်သည်။ "အဲဒီနှစ်ယောက်က မင်း စက်ရုံတည်ဆောက်ရေးမှာ ဝင်ပါလာမှာကို သေမတတ် ကြောက်နေကြတာပဲ။ ဒုဌာနမှူးရှန်။ မင်းရဲ့ နောက်ပိုင်းအလုပ်တွေက သိပ်ပြီး လုပ်ရကိုင်ရ လွယ်မှာမဟုတ်ဘူးနော်"

ရှန်မော့အာက နှာခေါင်းရှုံ့ကာ အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် ရင်ဆိုင်ရခက်ခဲမည့် ပုံစံမျိုးကို တမင်သက်သက် ဖန်တီးကာ ပြောလိုက်သည်။ "ကျွန်မက ဘယ်သူလဲ။ ကျွန်မက လျိုချောင်တပ်ဖွဲ့ရဲ့ မြေရှင်မလေးလေ။ သန်မာတဲ့ နဂါးက ဒေသခံမြွေကို မနိုင်ဘူးတဲ့။ သူတို့နှစ်ယောက်က နဂါးဖြစ်နေရင်တောင်မှ ကျွန်မရဲ့ ပိုင်နက်ကို ရောက်လာရင်တော့ ကျွန်မရှေ့မှာ လိမ္မာရေးခြားရှိစွာနဲ့ ဝပ်စင်းနေရမှာပဲ"

ဖုမင်ဇယ်သည် သူမ၏ ဤပုံစံလေးကို အလွန်အမင်း ချစ်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။ သူသည် မနေနိုင်ဘဲ လက်လှမ်းကာ သူမ၏ ဆံပင်များကို ပွတ်သပ်လိုက်မိ၏။ သို့သော် ရုတ်တရက် အနောက်ဘက်မှ ဂျိန်း ဟူသော အသံတစ်သံကို ကြားလိုက်ရသည်။

လူနှစ်ဦးစလုံး အနောက်သို့ လှည့်ကြည့်လိုက်သောအခါ အသက် ၁၅၊ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက် လူရော စက်ဘီးပါ မြေကြီးပေါ်သို့ လဲကျနေသည်ကို မြင်လိုက်ရသည်။ ရှန်မော့အာသည် မသိစိတ်က အလိုလို သွားရောက်တွဲထူပေးရန် ပြင်လိုက်၏။ ကောင်လေးမှာ ထိတ်လန့်တကြားဖြင့် မြေကြီးပေါ်မှ ချက်ချင်း ခုန်ထလိုက်ပြီး အဆက်မပြတ် အော်ဟစ်နေသည်။ "မလိုပါဘူး။ မလိုပါဘူး။ မြေရှင်မကြီးရေ၊ ကျွန်တော်မျိုး ကိုယ့်ဘာသာ လုပ်ပါ့မယ်"

ရှန်မော့အာ: "……"

ကောင်လေးသည် စက်ဘီးကို ထူလိုက်ပြီးနောက် တပ်ဖွဲ့ မိသားစုအိမ်ရာထဲသို့ ပြေးဝင်သွားလေတော့သည်။

ဖုမင်ဇယ်သည် ကလေးပေါက်စလေးက စက်ဘီးကိုစီးကာ ကပျာကယာ ထွက်ပြေးသွားသည်ကို ကြည့်နေ၏။ ထို့နောက် လှည့်ကြည့်ကာ မနေနိုင်ဘဲ တိုးတိုးရယ်မောလျက် နောက်ပြောင်လိုက်သည်။ "မြေရှင်မကြီးတဲ့"

ရှန်မော့အာက စကားမဆိုနိုင်စွာဖြင့် ညည်းညူလိုက်သည်။ "ဒါက ဘယ်အိမ်က အရူးလေးလဲ။ သူများတွေ နောက်ပြောင်နေတာကိုတောင် သူက နားမလည်ဘူးလား"

အဓိကအချက်မှာ သူသည်လည်း မိသားစုအိမ်ရာထဲတွင် နေထိုင်သူဖြစ်ဟန်တူသည်။

ဒီအရူးလေးက နောက်ဆိုရင် ငါ့ရဲ့ မြေရှင်မကြီးဆိုတဲ့ နာမည်ကို လိုက်ဖြန့်နေတော့မှာလားမသိဘူး။

ဖုမင်ဇယ်က နှစ်သိမ့်ပေးလိုက်သည်။ "ကိစ္စမရှိပါဘူး။ တခြားသူတွေက ကိုတို့ကို အနိုင်ကျင့်ရလွယ်တဲ့ လူပျော့တွေလို့ ထင်နေတာထက်စာရင်တော့ ပိုကောင်းပါတယ်"

ရှန်မော့အာမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။

လူနှစ်ဦးစလုံးသည်လည်း ဤကြားဖြတ်ကိစ္စလေးကို စိတ်ထဲမထားတော့ချေ။ အလျင်အမြန်ပင် ကုန်စုံဆိုင်သို့သွားကာ ကျောက်မီးသွေးမီးဖိုကို ဝယ်ယူခဲ့ပြီး ကျောက်မီးသွေးရုံသို့ သွားရောက်ကာ ကျောက်မီးသွေးတုံး တစ်ဂုန်နီအိတ်ကို ဝယ်ယူခဲ့ကြသည်။

ကျောက်မီးသွေးတုံးများကိုလည်း ပမာဏသတ်မှတ်ချက်ဖြင့် ရောင်းချခြင်း ဖြစ်သည်။ သို့သော် ယခုအခါ သူတို့ မိသားစုသုံးယောက်စလုံးတွင် ဝေစုရှိနေသဖြင့် သုံးစွဲရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။

လမ်းကြုံသဖြင့် စားသောက်ကုန်ရုံသို့လည်း ဝင်လိုက်သေးသည်။ ဟင်းသီးဟင်းရွက်များ ဝယ်ရန်မလိုပေ။ မည်သို့ဆိုစေ ဖုမင်ဇယ်က နေ့စဉ် ရွာသို့ အသွားအပြန် လုပ်ရမည်ဖြစ်သဖြင့် မိသားစုပိုင်မြေကွက်ထဲမှ တိုက်ရိုက်နုတ်ယူလာရုံဖြင့် အဆင်ပြေနေပြီဖြစ်သည်။ တခြားအရာများ ရှိ၊မရှိကိုသာ ကြည့်ရှုလိုက်ကြသည်။

နေ့လယ်ခင်း ကျော်လွန်နေပြီဖြစ်သဖြင့် စားသောက်ကုန်တန်းဘက်တွင်လည်း ပစ္စည်းကောင်းများ သိပ်မကျန်တော့ချေ။ လူနှစ်ဦးသည် နောက်ဆုံးတွင် တို့ဖူးတစ်တုံးနှင့် ရေညှိခြောက်တစ်စည်းကို ဝယ်ယူကာ ပစ္စည်းများကို ဆွဲလျက် မိသားစုအိမ်ရာသို့ ပြန်လာခဲ့ကြသည်။

ညစာအတွက် တောဝက်သားကို ပြုတ်ကာ အိမ်ချက်တို့ဖူးတစ်ခွက်ကို ချက်ပြုတ်လိုက်သည်။ ဂျူးပင်နှင့် ကြက်ဥကို ကြော်လိုက်ပြီး ဟင်းရွက်စိမ်း တစ်ပန်းကန်ကိုလည်း ကြော်လိုက်သေးသည်။

ထမင်းစားနေဆဲတွင် အပြင်ဘက်မှ လူတစ်ယောက်က တံခါးလာခေါက်၏။ ဖုမင်ဇယ် တံခါး သွားဖွင့်လိုက်သောအခါ ချန်ကျွမ်းကျွမ်းသည် တံခါးအပြင်ဘက်တွင် ရပ်လျက် ဟိုဟိုဒီဒီ ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။ "ဟေး။ တကယ်ပဲ ဒီအခန်းကိုး၊ ကျွန်တော်က အခန်းမှားရှာမိပြီလို့တောင် ထင်နေတာ"

ဖုမင်ဇယ်က လမ်းဖယ်ပေးလိုက်သည်။ "ဝင်လာခဲ့လေ"

ချန်ကျွမ်းကျွမ်းက တံခါးဝတွင် ရပ်လျက် ပြောသည်။ "ကျွန်တော် မဝင်တော့ပါဘူး။ ရွာကို မြန်မြန်ပြန်ရဦးမယ်၊ လူကို လိုက်ပို့ပြီးသွားလို့ ခင်ဗျားတို့ကို လာအသိပေးတာပါ" ညစာစားချိန်ဖြစ်ပြီး သူတို့ ထမင်းစားနေချိန်၌ သူက သတင်းပါးရုံသာ လာရောက်ခြင်းဖြစ်သဖြင့် အထဲသို့ ဝင်ရန် အားနာနေမိသည်။

ရှန်ရှောက်ယွမ်က အသံကို မြှင့်ကာ ပြောလိုက်သည်။ "ဘာလောနေတာလဲ။ အထဲဝင်ပြီး နည်းနည်းလောက် စားပြီးမှ ပြန်ပါ"

ရှန်မော့အာက မတ်တတ်ရပ်လိုက်သည်။ "ဟုတ်တယ်။ အစ်ကိုချန် ဝင်လာခဲ့ပါ၊ အတော်ပဲ ကျွန်မ အဒေါ်ချန် ပေးထားတဲ့ မန်ထိုတွေကို တစ်ပန်းကန်လုံး ပေါင်းထားတာ၊ ကျွန်မတို့ ထိုင်ပြီး စားရင်းသောက်ရင်း စကားပြောကြတာပေါ့၊ ရှင်လည်း ကျွန်မတို့ကို အခြေအနေတွေကို အသေးစိတ် ပြောပြလို့ရတာပေါ့" ပြောပြီးသည်နှင့် မီးဖိုချောင်သို့သွားကာ ပန်းကန်နှင့် တူများကို ယူလာခဲ့ပြီး အိုးထဲမှ မန်ထိုနှစ်လုံးကို ညှပ်ယူလာခဲ့သည်။

အဒေါ်ချန်၏ မန်ထိုပြုလုပ်သည့် လက်ရာမှာ အလွန်ကောင်းမွန်လှသည်။ သူတို့ အိမ်မပြောင်းမီ အချိန်မီအောင် မန်ထိုတစ်ပေါင်းအိုးလုံးကို ပြုလုပ်ကာ လာပို့ပေးခဲ့သည်။ သူတို့ မိသားစု ၃ ယောက်စလုံး အလုပ်များနေကြမည်ဖြစ်ကြောင်း၊ ယခု ရာသီဥတုက အေးမြသဖြင့် မန်ထိုများမှာလည်း မပျက်စီးနိုင်ကြောင်း၊ ဗိုက်ဆာသည့်အချိန် သို့မဟုတ် ထမင်းချက်ရန် အချိန်မမီသည့်အခါများတွင် နည်းနည်းလောက် ပေါင်းစားလိုက်လျှင် အဆင်ပြေကြောင်း သူမက ဆိုသည်။

ဒါက တကယ့် စားနပ်ရိက္ခာအစစ်ပင်။ ပြောင်းဖူးမှုန့်နှင့် ဂျုံမှုန့် အဖြူကို ရောစပ်ထားသည်ဆိုသော်ငြား အလွန် တန်ဖိုးကြီးမားသော အရာပင်။ ရှန်မော့အာက လက်မခံသော်လည်း အဒေါ်ချန်က အတင်းအကျပ် လာပို့ပေးခဲ့သည်။

သူမ၏ မောင်းမောင်လေး ခရိုင်မြို့တွင် ကျောင်းသွားတက်နိုင်ခြင်းမှာ ရှန်မော့အာ၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း၊ သူမတို့အိမ်အတွက် ငွေကြေးနှင့် ရိက္ခာ ဘယ်လောက် သက်သာသွားမှန်းပင် မသိနိုင်ကြောင်း၊ ဤမန်ထိုအနည်းငယ်မှာ ဘာမှမဟုတ်ကြောင်းကိုလည်း သူမက ပြောဆိုခဲ့သေးသည်။

ရှန်မော့အာသည် ငြင်းပယ်၍မရသဖြင့် လက်ခံလိုက်ရတော့သည်။

ဘယ်အချိန်လောက်များ ပစ္စည်းလေးနည်းနည်းနဲ့ လက်ဆောင်ပြန်ပေးရမလဲဆိုတာကို စဉ်းစားနေမိသည်။

မိသားစုနှစ်စုမှာ အသွားအလာ နီးကပ်ကြ၏။ ယခု မိုးလည်း ချုပ်နေပြီဖြစ်သဖြင့် ချန်ကျွမ်းကျွမ်းကို ဗိုက်ဆာဆာဖြင့် ရွာသို့ ပြန်မလွှတ်နိုင်သည်မှာလည်း သဘာဝကျပေသည်။

ရှန်မော့အာက ထိုသို့ပြောလိုက်သောအခါ ချန်ကျွမ်းကျွမ်းကလည်း ထပ်ငြင်းဆန်တော့ပေ။ သူသည် နှာခေါင်းကို ပွတ်သပ်ကာ အိမ်ထဲသို့ ဝင်လာပြီး ပြုံးလျက် ပြောလိုက်လေသည်။ "ဒါဆိုရင်လည်း ကျွန်တော်က တကယ်ပဲ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ထမင်းဝင်စားရတော့မှာပေါ့"

ရှန်မော့အာသည် ပန်းကန်နှင့် တူများကို သူ၏ ရှေ့တွင် ချပေးလိုက်သည်။ "ရှင်ပြောသလိုဆိုရင် ကျွန်မတို့ကလည်း အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး အဒေါ်ချန်ရဲ့ မန်ထိုတွေကို လက်ခံထားလိုက်သလို ဖြစ်သွားမှာပေါ့"

ချန်ကျွမ်းကျွမ်း: "ဟာ။ မန်ထိုနည်းနည်းပါးပါးက ဘာများ အရေးကြီးလို့လဲ၊ ကျွန်တော့်ရဲ့ ကံကိုသာ ကြည့်ပါဦး၊ သူများအိမ်မှာ ထမင်းလာစားတာကိုတောင် အသားပါ စားရသေးတယ်"

ချန်ကျွမ်းကျွမ်းသည်လည်း ဟန်ဆောင်တတ်သူ မဟုတ်ပေ။ ထို့အပြင် တစ်နေကုန် သွားလာလှုပ်ရှားနေရသဖြင့် သူသည် အမှန်တကယ်ပင် ဗိုက်ဆာနေပြီဖြစ်သည်။ တူကို ယူကာ စားသောက်ရင်း ပြောပြသည်။ "ကျွန်တော် မောင်းမောင်နဲ့ ကျိုးကျောက်တိတို့ကို ခေါ်ပြီး တုန်းဖန်းဟုန် မူလတန်းကျောင်းကို သွားခဲ့တယ်၊ တပ်ဖွဲ့ခေါင်းဆောင် ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို ကိုင်သွားတာပေါ့၊ အဲဒီက တာဝန်ခံရဲဘော်က ပြောတယ်၊ ခေါင်းဆောင်က စောစောကတည်းက မှာထားပြီးသားမို့လို့ မြန်မြန်ဆန်ဆန်ပဲ ဆောင်ရွက်ပေးလိုက်တယ်တဲ့၊ ပြီးတော့ ထမင်းစားဆောင်အတွက် ထမင်းစားလက်မှတ်တချို့ကိုလည်း ထုတ်ပေးလိုက်သေးတယ်။ အဲဒီရဲဘော်က ပြောတယ်၊ တကယ်တော့ သူတို့ကျောင်းက ကျောင်းသားတွေက ကျောင်းမှာ ထမင်းမစားကြဘူးတဲ့၊ အကုန်လုံးက အိမ်ပြန်စားကြတာ၊ ထမင်းစားဆောင်က ကျောင်းဝန်ထမ်းတွေအတွက် စီစဉ်ပေးထားတာမို့လို့ ပေးလိုက်တဲ့ ထမင်းစားလက်မှတ်ကလည်း ကျောင်းဝန်ထမ်းတွေရဲ့ သီးသန့် ထမင်းစားလက်မှတ်တွေပဲတဲ့"

ချန်ကျွမ်းကျွမ်းက ရွှင်မြူးစွာဖြင့် ပြောလေသည်။ "ကျောင်းသားတွေက အဆောင်မှာလည်း မနေကြဘူးလေ၊ ဒါကြောင့် စီစဉ်ပေးလိုက်တဲ့ အဆောင်ကလည်း ကျောင်းဝန်ထမ်းအဆောင် ဖြစ်နေတယ်။ တစ်ခန်းတည်း သီးသန့်အခန်းပါ၊ ကျောင်းကလည်း သေချာ ဂရုစိုက်ရှာပါတယ်၊ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာကို ထည့်သွင်းစဉ်းစားပြီး အရှေ့နဲ့ အနောက်ကို အပိုင်းပိုင်းပြီး ကန့်ပေးလိုက်တယ်၊ တစ်ယောက်ကို တစ်ဝက်စီ နေရတာပေါ့။ ကျွန်တော် သွားကြည့်ခဲ့ပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အိမ်ထက်တော့ ပိုကျယ်ဝန်းပါသေးတယ်။ ကျိုးကျောက်တိကတော့ ပိုပြီးတောင် ဝမ်းသာနေသေးတယ်၊ သူ အရင်နေခဲ့တဲ့ နေရာထက် အဆ၁၀၀လောက် ပိုကြီးတယ်တဲ့။ အခြေအနေတွေက တကယ်ကို မဆိုးပါဘူး၊ ဘေးခန်းမှာ နေတာက အတန်းပိုင်ဆရာမလေ၊ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့နဲ့လည်း ဆုံခဲ့တယ်၊ အတော်လေး သဘောကောင်းတဲ့ အမျိုးသမီးရဲဘော်ပါ၊ သူကလည်း ပြောရှာပါတယ်၊ သူ့အိမ်မှာလည်း အဲဒီအရွယ်လောက် ကလေးတစ်ယောက် ရှိတယ်တဲ့၊ သိုးတစ်ကောင်ကို ထိန်းရတာနဲ့ နှစ်ကောင်ကို ထိန်းရတာ အတူတူပဲမို့လို့ မနက်ရော ညပါ သူ့ကလေးနဲ့အတူ စာလုပ်ခိုင်းလိုက်မယ်တဲ့၊ အတော်ပဲ သူ့ကလေးကလည်း မောင်းမောင်တို့နဲ့အတူ ပန်းချီပညာကို ပိုပြီး လေ့လာလို့ရတာပေါ့တဲ့"

ဤခေတ်ကာလရှိ ကလေးများသည် အသက် ၅ နှစ် ၆ နှစ်အရွယ်မှစ၍ အိမ်အလုပ်များကို ကူညီလုပ်ကိုင်ပေးရသည်။ ကျေးလက်ရှိ ကလေးများသည် ကျောင်းတက်နောက်ကျကြ၏။ မောင်းမောင်နှင့် ကျိုးကျောက်တိတို့မှာ အသက် ၁၀ နှစ် အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ချန်ကျွမ်းကျွမ်း၏ အမြင်တွင် ၎င်းတို့မှာ လုပ်အားတစ်ဝက်ခန့် ရှိနေပြီဖြစ်သဖြင့် ကလေးနှစ်ယောက်အတွက် သူသည် နည်းနည်းလေးမှ မစိုးရိမ်တော့ချေ။

စိုးရိမ်စရာ ဘာများရှိပါမည်နည်း။ အစားကောင်း အသောက်ကောင်းများ စားရပြီး နေစရာလည်း ကောင်းမွန်သည်။ အခန်းထဲတွင် လျှပ်စစ်မီးသီးပင် ရှိသေး၏။ အလုပ်လုပ်ရန်လည်း မလိုဘဲ စာဖတ်ခြင်းနှင့် ပန်းချီဆွဲခြင်းကိုသာ လုပ်ဆောင်ရမည်ဆိုတော့ မြို့သို့သွားကာ သခင်လေး သခင်မလေးများ သွားလုပ်ရသည်နှင့် သိပ်မကွာခြားလှပေ။

ရှန်မော့အာက သတိပေးလိုက်သည်။ "ကျိုးရှောင်ရွှမ်းတို့ ရွာကို ပြန်ရောက်ရင်။ ရှင်တို့အိမ်ကို ပြဿနာ လာရှာလိမ့်မယ်"

ယန်တာ့နွီသည် စိတ်လှုပ်ရှားသွားသောကြောင့်လား။ သို့မဟုတ် မည်သို့ဖြစ်သွားသည် မသိပေ။ ထိုနေ့က ရှန်မော့အာတို့အိမ်မှ ထွက်လာသည်နှင့် ဗိုက်နာလာခဲ့ပြီးနောက် သွေးဆင်းသွားခဲ့သည်။ တပ်ဖွဲ့က လူကို တပ်ဖွဲ့ကျန်းမာရေးဌာနသို့ အလျင်အမြန် ကူညီပို့ဆောင်ပေးခဲ့သည်။ ကျန်းမာရေးဌာနမှ ဆရာဝန်သည် လမစေ့ဘဲ မွေးဖွားခြင်းဖြစ်သည်ကို မြင်သောအခါ လက်မခံရဲသဖြင့် သူတို့ကို ခရိုင်မြို့သို့ တိုက်ရိုက် ပို့ဆောင်ခိုင်းခဲ့သည်။

ခရိုင်ဆေးရုံသို့ ရောက်ရှိပြီးနောက်တွင် တစ်ညလုံး အတော်လေး ဒုက္ခရောက်ခဲ့ရသည်ဟု ကြားသိရသည်။ လမစေ့ဘဲ မွေးဖွားခြင်းအပြင် ကလေးမွေးဖွားရန် ခက်ခဲနေသဖြင့် မနည်း ကြိုးစား၍ ကလေးကို မွေးထုတ်လိုက်ရသည်။ ယန်တာ့နွီမှာ အသက်တစ်ဝက်ခန့် ပျောက်ဆုံးသွားခဲ့ပြီး ကလေးမှာလည်း သေးသွယ်အားနည်းလှ၏။ ဆရာဝန်သည် လူနာကို အိမ်သို့ ပြန်မလွှတ်ရဲသဖြင့် အနည်းဆုံး ၃ ရက် အပြည့် ဆေးရုံတွင် နေခိုင်းခဲ့၏။

ယန်တာ့နွီ ဆေးရုံတက်နေစဉ် ကျိုးရှောင်ရွှမ်းက စောင့်ရှောက်ပေးနေရသဖြင့် အိမ်တွင် အဘိုးကြီးကျိုး၊ ကျိုးကျောက်တိနှင့် ဝူကျားပေါင်တို့သာ ရှိနေသည်။

ကျိုးမန်ခန်းသည် ကိုယ်တိုင်ကိုယ်ကျ တစ်ခေါက်သွားရောက်ခဲ့ပြီး ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် အဘိုးကြီးကျိုးကို နားချနိုင်ခဲ့သည်။ ထို့နောက် ကျိုးကျောက်တိကို သူမကိုယ်တိုင် ပစ္စည်းများကို ရှင်းလင်းသိမ်းဆည်းခိုင်းကာ ချန်ယွီနှင့်အတူ ခရိုင်မြို့သို့ သွားရောက် သတင်းပို့ခိုင်းခဲ့၏။

ချန်ကျွမ်းကျွမ်းသည် ကလေးများကို ကျောင်းသွားပို့ပေးခဲ့ခြင်းပင်။ လူကိုတော့ လိုက်ပို့ပေးခဲ့ပြီးပြီဖြစ်သော်လည်း ယန်တာ့နွီနှင့် ကျိုးရှောင်ရွှမ်းတို့က မသိကြသေးပေ။ ယန်တာ့နွီသည် ယခုမှ ကလေးမွေးဖွားပြီးစဖြစ်သဖြင့် ပြုစုစောင့်ရှောက်မည့်သူ လိုအပ်နေချိန်ဖြစ်သည်။ အိမ်ပြန်ရောက်၍ ကျိုးကျောက်တိကို မတွေ့ရပါက ဒေါသပေါက်ကွဲတော့မည်ဟု ခန့်မှန်းရသည်။

ချန်ကျွမ်းကျွမ်းကတော့ ဂရုမစိုက်ပေ။ "ယန်တာ့နွီက မီးတွင်းထဲ နေရဦးမှာလေ။ ဘာပြဿနာမှ ကြီးကြီးမားမား မလုပ်နိုင်ပါဘူး။ ကျိုးရှောင်ရွှမ်းကလည်း သူ့အဖေလိုပဲ သတ္တိကြောင်တဲ့သူမို့လို့ ဘာမှ ကြောက်စရာမရှိပါဘူး"

ထို့အပြင် ယန်တာ့နွီက တကယ်ပဲ အိမ်တိုင်ရာရောက် ပြဿနာလာရှာလျှင်တောင်မှ သူ့အိမ်တွင် သူ့အမေအိုနှင့် သူ၏ဇနီးတို့ ရှိနေသေးသည်။ ယန်တာ့နွီသည် အမှန်တကယ်ပင် အသာစီးရမည် မဟုတ်ချေ။

ထိုမိသားစုတစ်စုလုံးမှာ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်သူများသာ ဖြစ်ကြသည်။

ထမင်းစားပြီးသောအခါ ရှန်ရှောက်ယွမ်သည် အခန်းထဲမှ လက်နှိပ်ဓာတ်မီးကို ယူကာ ချန်ကျွမ်းကျွမ်းကို ပေးလိုက်သည်။ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် သူ့ကို တံခါးဝအထိ လိုက်ပို့ပေးခဲ့ကြသည်။

ချန်ကျွမ်းကျွမ်းသည် ဝလင်စွာ စားသောက်ပြီးနောက် နောက်မှတွေ့မည်ဟု နှုတ်ဆက်ကာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားလေတော့သည်။

ရှန်မော့အာသည် သူ လှေကားပေါ်မှ ဆင်းသွားသည်ကို ကြည့်ပြီးနောက် ဖုမင်ဇယ်နှင့်အတူ လှည့်ကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။ လျိုကွေ့ကျစ်၏ အိမ်တံခါးဝသို့ ရောက်သောအခါ တိုက်တိုက်ဆိုင်ဆိုင် သူမအိမ်တံခါး ပွင့်လာခဲ့သည်။

လူတစ်ယောက်က လက်ကိုင်ရှည်ပါသော အမှိုက်ကျုံးဂေါ်ပြားကို ကိုင်လျက် ထွက်လာရာ ရှန်မော့အာ၏ ကိုယ်ပေါ်သို့ ဝင်တိုက်မိမတတ် ဖြစ်သွားသည်။ ရှန်မော့အာသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခြေနှစ်လှမ်းခန့် ဆုတ်လိုက်၏။ ထိုသူက ခေါင်းမော့ကြည့်လိုက်သည်တွင် မိမိ ဝင်တိုက်မိတော့မလို ဖြစ်သွားသူမှာ မည်သူဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ချက်ချင်းပင် အဆက်မပြတ် ပြောဆိုလိုက်သည်။ "တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ မြေရှင်မကြီးရေ၊ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး၊ တောင်းပန်ပါတယ်"

ရှန်မော့အာ: "……"

ဒီအရူးလေးက လျိုကွေ့ကျစ်အိမ်က ဖြစ်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့မိဘူး။ လျိုကွေ့ကျစ်ရဲ့ စိတ်သဘောထားက ပွင့်လင်းရိုးသားပြီး တက်ကြွနေပါလျက်နဲ့ သူ့သားကျမှ ဘာလို့များ ဒီလို ဖြစ်နေရတာလဲ။

သို့သော်လည်း ယခု ထပ်မံဆုံတွေ့လာပြီဖြစ်သဖြင့် ရှင်းပြသင့်သည်ဟု ရှန်မော့အာက တွေးလိုက်သည်။ "ကျွန်မက အသစ်ပြောင်းလာတဲ့ အိမ်နီးချင်းပါ။ ကျွန်မနာမည်က ရှန်မော့အာလို့ ခေါ်ပါတယ်။ ဒါကတော့ ကျွန်မရဲ့ ခင်ပွန်း ဖုမင်ဇယ်ပါ။ အရင်က ကျွန်မတို့ နောက်ပြောင်နေကြတာပါ၊ ရှင် အတည်မမှတ်ပါနဲ့"

ကောင်လေး၏ ဆံပင်အရှေ့ခြမ်းမှာ အနည်းငယ် ရှည်နေပြီး မျက်လုံးတစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထား၏။ သူ၏ မျက်ဝန်းများက သတိကြီးစွာ ထားနေပုံရသည်။ ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ အလေးအနက် ပြောလိုက်သည်။ "ကောင်းပါပြီ။ မြေရှင်မကြီး"

ရှန်မော့အာ: "……"

ကောင်းပြီလေ။ မြေရှင်မကြီးဆိုလည်း မြေရှင်မကြီးပေါ့။

...

အပိုင်း (၇၄)

တစ်နေကုန် အလုပ်များခဲ့ပြီးနောက် ညဘက် ကိုယ်လက်သန့်စင်ပြီးသည်နှင့် တစ်မိသားစုလုံး စောစောစီးစီး အိပ်ရာဝင်ခဲ့ကြသည်။ နောက်တစ်နေ့ မနက်စာစားပြီးနောက်တွင် ဖုမင်ဇယ်က မနင်းချင် နင်းချင်ဖြင့် စက်ဘီးနင်းကာ ယန်လျိုတပ်ဖွဲ့သို့ ပြန်သွားခဲ့ပြီး ရှန်ရှောက်ယွမ်နှင့် ရှန်မော့အာတို့ကတော့ လမ်းလျှောက်ရင်း အလုပ်သို့ သွားခဲ့ကြသည်။

ရာသီဥတုက ကောင်းမွန်နေသည်။ မနက်ခင်း နေရောင်ခြည်က နွေးထွေးနေပြီး ကိုယ်ပေါ်သို့ ကျရောက်လာချိန်တွင် နူးညံ့သိမ်မွေ့သော နွေးထွေးမှုကို ခံစားရစေသည်။

မနက်စောစော စက်ဘီးနင်းပြီး ခရီးနှင်စရာ မလိုသည့်အတွက် ရှန်ရှောက်ယွမ်တစ်ယောက် တက်ကြွပျော်ရွှင်နေသည်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။ လမ်းတစ်လျှောက် သိကျွမ်းသူများနှင့် ဆုံတွေ့ရတိုင်း ရှန်မော့အာကို ဝမ်းသာအားရ မိတ်ဆက်ပေးတတ်သည်။ ထိုအခါ တစ်ဖက်လူကလည်း ချီးကျူးအားကျသည့် မျက်နှာဖြင့် ပြောတတ်ကြသည်။ "ဒါက ပန်းချီလည်းဆွဲတတ်၊ ပန်းထိုးလည်းကျွမ်းကျင်တဲ့ ခင်ဗျားရဲ့သမီးလား။ တကယ့်ကို လှလည်းလှ၊ တော်လည်းတော်တာပဲ။ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကံကောင်းရတာလဲ"

ကြားလိုက်သည်နှင့် သူမ၏အဖေဖြစ်သူကတော့ ပုံမှန်အားဖြင့် ကြွားလုံးထုတ်လေ့ရှိကြောင်း သိသာလှသည်။

အမှန်ပင်။ ရှန်ရှောက်ယွမ်ကိုပါ အလိုက်တသိ မြှောက်ပင့်ပေးတတ်သူများလည်း ရှိသည်။ "ခင်ဗျားသမီးက တကယ်ကို ဒီလောက်ကြီးနေပြီပဲ။ ကျွန်တော်က ခင်ဗျား နောက်ပြောင်နေတယ်လို့တောင် ထင်နေတာ။ ခင်ဗျားကြည့်ရတာ အသက် ၃၀ ကျော်လောက်ပဲ ရှိဦးမယ့် အရွယ်တင်နေတဲ့ရုပ်နဲ့၊ သမီးက ဒီလောက်တောင် ကြီးနေပြီလား”

အလွန်အံ့သြသွားသည့် ပုံစံမျိုးဖြင့် ပြောဆိုတတ်ကြသည်။ ပုံမှန်အားဖြင့် ဤသို့ဆိုလျှင် ရဲဘော်ရှန်ရှောက်ယွမ်သည် ကျေနပ်ဂုဏ်ယူစွာ ရယ်မောတတ်ပြီး စိတ်ထဲတွင် ဘယ်လောက်တောင် ပျော်ရွှင်နေလိမ့်မည်ကို ခန့်မှန်းကြည့်၍ ရနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် ရှန်မော့အာကတော့ စောစောစီးစီးကတည်းက ကျင့်သားရနေပြီ ဖြစ်သည်။ ယခုအချိန်မှ မဟုတ်၊ အရင် သာ့လျန်မင်းဆက်တုန်းကလည်း သူမ၏အဖေသည် သွားလေရာတိုင်းတွင် သူမကို ချီးမွမ်းခန်းဖွင့်တတ်သည်။ ငယ်စဉ်ကတည်းက ချီးကျူးခဲ့ခြင်း ဖြစ်သည်။ သူမ၏အမေ သေဆုံးသွားပြီးနောက် သူသည် နောက်အိမ်ထောင် ထပ်မပြုခဲ့သလို၊ သူ့အတွက် သားတစ်ယောက် ထပ်မွေးပေးမည့်သူကိုလည်း ထပ်မရှာခဲ့ခြင်းကို မြို့တော်ရှိ လူတိုင်းက ထူးဆန်းသည်ဟု မထင်မှတ်ခဲ့ကြချေ။

မျက်နှာချင်းဆိုင် ချီးကျူးခံရခြင်းများ၊ အနည်းငယ် လွန်လွန်ကျွံကျွံ မြှောက်ပင့်ပြောဆိုမှုများ၊ သူမကို ချီးမွမ်းရင်း တစ်ဖက်မှလည်း အဖေဖြစ်သူကို ဖားယားခြင်းများ စသည်တို့ကို ရှန်မော့အာ အနေဖြင့် အများကြီး ကြုံတွေ့ဖူးပြီးသား။ အမှန်တကယ်ကို ရိုးအီနေအောင် မြင်တွေ့ခဲ့ဖူးသည်။

သို့ဆိုသော်ငြား တပ်ဖွဲ့အလယ်တန်းကျောင်း ဂိတ်ပေါက်ဝသို့ ရောက်ချိန်တွင်တော့ ရှန်မော့အာ သက်ပြင်းချနိုင်သွားသည်။

အဓိကအချက်မှာ သူမသည် နားရည်ဝနေပြီး မျက်နှာပြောင်တိုက်နိုင်သည့် အဆင့်ရောက်နေပြီ ဆိုသော်ငြား၊ ကြက်သီးများကတော့ အလိုအလျောက် ထလာတတ်သောကြောင့်ပင်။

နှစ်သစ်မကူးမီက တပ်ဖွဲ့အလယ်တန်းကျောင်းသို့ ရှန်မော့အာ တစ်ခေါက် ရောက်ဖူးသည်။ ယနေ့ ဝင်သွားချိန်တွင်တော့ နေရာအနှံ့ကို ရင်းနှီးကျွမ်းဝင်နေပြီဖြစ်ကာ ကျောင်းအုပ်ကြီးကို တန်းသွားရှာခဲ့သည်။ ကျောင်းအုပ်ကြီးသည် ခုန်းမျိုးရိုးဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းနှင့် တစ်နေကုန် ပြုံးနေတတ်သည်။ ကြည့်ရသည်မှာ ဘုရားရုပ်တုနှင့် တူပြီး အရှိန်အဝါ သိပ်မရှိသည့်ပုံ ပေါက်နေသည်။

ကျောင်းအုပ်ကြီးခုန်းက ပြုံးရွှင်စွာဖြင့် ကြိုဆိုကြောင်း စကားများကို တရစပ် ပြောဆိုခဲ့သည်။ ထို့နောက် ရှန်မော့အာကို ဆရာများ၏ ရုံးခန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားခဲ့သည်။

ကျောင်းတွင် စုစုပေါင်း ဆရာ ဆရာမ ၁၀ ကျော်ခန့်သာ ရှိသည်။ ရုံးခန်းမှာ အခန်းကျယ်ကြီး နှစ်ခန်း ဖြစ်သည်။ အခန်းတစ်ခန်းတွင် လူ ၇ ယောက်၊ ၈ ယောက်ခန့် ထိုင်ကြသည်။ ရုံးသုံးစားပွဲ နှစ်တန်းကို ပူးကပ်ထားပြီး မျက်နှာချင်းဆိုင် တစ်တန်းလျှင် လူ ၄ ယောက် ထိုင်ကြသည်။

လျိုချောင်တပ်ဖွဲ့ အလယ်တန်းကျောင်းတွင် ယခင်က ပန်းချီသင်ခန်းစာ မရှိခဲ့ဖူးချေ။ ရှန်မော့အာ ရုံးခန်းထဲသို့ ရောက်ရှိသွားသည်နှင့် ဆရာ၊ ဆရာမများ၏ စပ်စုချင်နေသော အကြည့်များကို ရရှိလိုက်သည်။

ကျောင်းအုပ်ကြီးခုန်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "ဒါကတော့ နာမည်ကြီးနေတဲ့ ကျွန်တော်တို့ရဲ့ ဆရာမရှန်မော့အာပဲ။ အားလုံး လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြပါဦး”

ဆရာ၊ ဆရာမများက မျက်နှာသာပေးသည့်အနေဖြင့် လက်ခုပ်များကို ကျိုးတိုးကျဲတဲ တီးပေးကြသည်။ ရှန်မော့အာက ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ "ဆရာ၊ ဆရာမတို့အားလုံး မင်္ဂလာပါရှင်”

မိတ်ဆက်ပေးပြီးနောက် ကျောင်းအုပ်ကြီးခုန်းက သူမကို လွတ်နေသော ရုံးသုံးစားပွဲတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။ "ဆရာမ ဒီမှာ ထိုင်လိုက်ပါ”

ဘေးနားက မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ဦးကိုလည်း လက်ညှိုးထိုးပြလိုက်သည်။ "ခုန်းမေကျွမ်း... မင်း ဆရာမရှန်ကို ဂရုစိုက်ပေးလိုက်ပါဦး”

ခုန်းမေကျွမ်းက ပြုံးရွှင်စွာဖြင့် အဖြေပေးလိုက်သည်။ ကျောင်းအုပ်ကြီးခုန်း ထွက်သွားသည်နှင့် သူမသည် ကုလားထိုင်ကို ဆွဲယူကာ ရှန်မော့အာ၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။ ရှန်မော့အာက လွယ်အိတ်ထဲမှ ပန်းချီစက္ကူအလွတ် အထပ်လိုက်နှင့် ပန်းချီဆွဲတံဘူးတစ်ဘူးကို ထုတ်ယူကာ အံဆွဲထဲ ထည့်နေသည်ကို မြင်သောအခါ သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဆရာမရှန်... ရှင့်မှာ သင်ခန်းစာ အစီအစဉ်ဆွဲထားတာ မရှိဘူးလား။ တုန်းဖန်းအလယ်တန်းကျောင်းရဲ့ ပန်းချီသင်ခန်းစာတွေမှာ ပြဋ္ဌာန်းစာအုပ် ရှိတယ်လို့ ကြားဖူးတယ်။ ရှင် သိတဲ့သူရှိရင် တစ်အုပ်လောက် သွားငှားဖို့ နည်းလမ်းရှာကြည့်သင့်တယ်။ အလယ်တန်းကျောင်းသားတွေက မူလတန်းကျောင်းသားတွေနဲ့ မတူဘူးလေ။ သူတို့က မသင်ဖူးဘူး ဆိုရင်တောင်မှ အရမ်းလွယ်လွန်းတာကို သင်ပေးရင် လက်ခံကြမှာ မဟုတ်ဘူး”

သူမက စေတနာဖြင့် သတိပေးနေခြင်းဖြစ်ကြောင်း ရှန်မော့အာ နားလည်လိုက်သည်။ ထို့ကြောင့် ပြုံးလိုက်ရင်း ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ကျွန်မက လက်တွေ့အသုံးကျတဲ့ ပန်းချီဆွဲနည်းတွေကို အဓိက သင်ပေးမှာပါ။ အချိန်ကျလာရင် စဉ်းစားမိတာကို ဆွဲပြလိုက်ရုံပါပဲ။ သူတို့ စိတ်ဝင်စားတယ်ဆိုရင် နောက်ပိုင်း တုန်းဖန်းအလယ်တန်းကျောင်းကို စာမေးပွဲဖြေဝင်ပြီး ဆက်သင်ကြလို့ ရတာပဲလေ"

အခြားတစ်ဖက်မှ မျက်မှန်တပ်ထားသော ဆရာမက ဝင်ပြောလိုက်သည်။ "သူများတွေက ကျွမ်းကျင်ပညာရှင်တွေလေ။ ရှင်က ရှင်တို့ ကျွန်မတို့လိုများ ထင်နေသလား။ အားလုံးက မတတ်နိုင်လို့ ဖြစ်သလို ဝင်လုပ်နေရတာတွေချည်းပါပဲ”

ထို့နောက် သူမက ပြုံးရင်း ရှင်းပြလိုက်သည်။ လျိုချောင်တပ်ဖွဲ့ အလယ်တန်းကျောင်းတွင် တရုတ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ အထွေထွေဗဟုသုတ စသည့် အဓိကဘာသာရပ်များအပြင် ဂီတနှင့် ကာယကဲ့သို့သော တွဲဖက်ဘာသာရပ်များလည်း ရှိသည်။ သို့သော် တွဲဖက်ဘာသာရပ်များအတွက် ကျွမ်းကျင်ဆရာ မရှိပေ။ အဓိကဘာသာရပ် ဆရာများကသာ ပူးတွဲသင်ကြားပေးရသည်။

ဥပမာအားဖြင့် အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းနှင့် သင်္ချာဆရာ ဆရာဝမ်ဆိုလျှင် "လွတ်မြောက်ရေးမတိုင်မီက မြေရှင်ကြီး ဟွမ်ပါးတောက်သည် ရေရှည်အလုပ်သမား ၁၀ ဦးကို ငှားရမ်းထားခဲ့ပြီး နှစ်စဉ် အလုပ်သမားများ ထုတ်လုပ်သော စပါး ကျင်း၅၀,၀၀၀ ကို ခေါင်းပုံဖြတ်ခဲ့သည်။ x နှစ်ကြာပြီးနောက် မြေရှင် ခေါင်းပုံဖြတ်ခဲ့သော စပါးစုစုပေါင်းကို y ကျင်းဟု သတ်မှတ်လျှင်..." ဟူသော သင်ခန်းစာများကို သင်ကြားရုံသာမက ကျောင်းသားများကို ပြေးခြင်း၊ အလျားခုန်ခြင်းနှင့် အမြင့်ခုန်ခြင်းတို့ကိုပါ ဦးဆောင်လေ့ကျင့်ပေးရသည်။

ဥပမာ- စကားဝင်ပြောခဲ့သော ဆရာမချွေ့၊ ချွေ့ယင်းတုန်းဆိုလျှင် တရုတ်စာဆရာမ ဖြစ်သည်။ သို့သော် သူမသည် လေမှုတ်တူရိယာလည်း တီးတတ်သည်။ ထို့ကြောင့် ဘယ်နေရာကနေ စွန့်ပစ်လိုက်မှန်းမသိသည့် ကျောင်းရှိ လေမှုတ်တူရိယာဖြင့် ကလေးများကို ဂီတသင်ခန်းစာ သင်ပေးရသည်။ တကယ်လို့ သူမ ခွင့်ယူသည့်အခါ သို့မဟုတ် အလုပ်မအားသည့် အခါမျိုးဆိုလျှင် တယောထိုးတတ်သော အထွေထွေဗဟုသုတပြ ဆရာတစ်ဦးက ဂီတသင်ခန်းစာကို အစားထိုး ဝင်သင်ပေးရသည်။

အချုပ်ဆိုရသော် ဆရာ၊ ဆရာမတိုင်း၏ အားသာချက်များကို အပြည့်အဝ အသုံးချနေခြင်းပင်။

ရှန်မော့အာမှာ ကြားပြီးနောက် အံ့အားသင့်ကာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရသည်။ ခုန်းမေကျွမ်းက တိုးတိုးလေး မေးလိုက်သည်။ "ဆရာမရှန်... ရှင်က ပန်းချီဆွဲတာအပြင် တခြား ထူးချွန်တဲ့ အရည်အချင်းတွေ ရှိသေးလား။ ဒါမှမဟုတ် ဘယ်ဘာသာရပ်ကို အထူးတလည် တော်သလဲဆိုတာမျိုးပေါ့”

ရှန်မော့အာသည် ခုန်းမေကျွမ်းကို ပြုံးစစဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဆရာမခုန်း... ရှင်နဲ့ ကျောင်းအုပ်ကြီးခုန်းက ဘယ်လိုပတ်သက်သလဲ။ ရှင်က ကိုယ့်ဟာကိုယ် သိချင်လို့ မေးတာလား။ ဒါမှမဟုတ် ကျောင်းအုပ်ကြီးခုန်း ကိုယ်စား မေးပေးတာလား”

ခုန်းမေကျွမ်းက ခေါင်းကို ကုတ်လိုက်ပြီး မချိပြုံး ပြုံးကာ ပြောလိုက်သည်။ "အဲဒီလောက်တောင် သိသာနေတာလား။ ကျွန်မက ကျောင်းအုပ်ကြီးရဲ့ တူမလေ။ ဟီးဟီး... တကယ်တော့ အရင်ကတည်းက ဦးလေးက ရှင့်ဆီကနေ စုံစမ်းဖို့ ခိုင်းထားတာပါ။ သူက ရှင့်ဆီမှာ ထုတ်သုံးလို့ရမယ့် တခြားစွမ်းရည်တွေ ရှိမလားဆိုပြီး သိချင်နေလို့လေ။ ဟီးဟီး...”

ဒီတော့ သူက ပြည်သူလူထုကြားထဲမှာ ကျောင်းအုပ်ကြီး ထည့်သွင်းထားတဲ့ သူလျှိုကိုး။

ချွေ့ယင်းတုန်းက ရယ်မောလိုက်သည်။ "မေကျွမ်းရယ်... နင်ကတော့လေ။ တစ်နေကုန် ကျောင်းအုပ်ကြီးခုန်းကို သတင်းပို့နေတော့တာပဲ။ နောက်ကျရင် ငါတို့တွေ နင့်ကို အပေါင်းအသင်း မလုပ်ဘဲ ဖယ်ကြဉ်ထားမှာကို သတိထားဦး”

မျက်နှာချင်းဆိုင်တွင် သင်္ချာသင်ပေးရုံသာမက ကာယသင်ခန်းစာပါ တာဝန်ယူရသည့် လော်မောက်ရှီကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်ပါ့။ ရဲဘော်မေကျွမ်း... ခင်ဗျား ဦးလေးလို မလုပ်ပါနဲ့။ သူ့လူက အရမ်းကို စည်းကမ်းမရှိတာ။ ကျွန်တော်က အရပ်နည်းနည်း ရှည်ပြီး ထွားတာလေးနဲ့ပဲ ကျွန်တော့်ကို ကာယအားကစားသမား ဖြစ်ရမယ်ဆိုပြီး အတင်းပြောတယ်။ ကာယသင်ခန်းစာက ကျွန်တော်နဲ့ပဲ တန်တယ်ဆိုပဲ။ ကျွန်တော် အလျားခုန်တာက အလယ်တန်း ပထမနှစ်က ကောင်လေးတွေလောက်တောင် မဝေးဘူး။ အမြင့်ခုန်တာဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။ အဲဒါကိုများ ကျွန်တော်က သူတို့ကို နည်းစနစ်တွေ သင်ပေးရဦးမယ်တဲ့။ ကျွန်တော့်မှာ ဘာနည်းစနစ်မှကို မရှိတာဗျာ”

လော်မောက်ရှီသည် အလွန် မကျေမနပ်ဖြစ်နေပြီး မနေနိုင်တော့ဘဲ ရိုင်းရိုင်းစိုင်းစိုင်း စကားများကိုပင် ပြောဆိုလိုက်မိသည်။

ရှန်မော့အာက မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။ တပ်ဖွဲ့အလယ်တန်းကျောင်း၏ ဤလေထုက တကယ်ကို ကောင်းမွန်လှသည်။ အနည်းဆုံးတော့ အတော်လေး ပေါ့ပါးလွတ်လပ်မှု ရှိသည်။

အမှန်တကယ်တော့ ဤအချိန်ကာလတွင် နေရာအတော်များများရှိ ကျောင်းများမှာ သိပ်ပြီး အေးချမ်းမှု မရှိလှချေ။ ဆရာ၊ ဆရာမများမှာ နည်းနည်းလောက် အမှားလုပ်မိသည်နှင့် "ဖြုတ်ချ" ရန် တိုင်ကြားခံရတတ်သည်။ သို့သော် ကျန်းပေခရိုင်ကတော့ အခြေအနေ အတော်လေး ကောင်းမွန်နေဆဲပင်။ ကျန်းပေခရိုင်တွင် တောင်တန်းများ ထူထပ်လွန်းပြီး သယ်ယူပို့ဆောင်ရေး အဆင်မပြေသောကြောင့် ဖြစ်နိုင်သည်။ ဤအရာက အမှန်တကယ်တော့ ကြီးမားသည့် အားနည်းချက်တစ်ခု ဖြစ်သည်ဆိုသော်ငြား အပြင်ဘက်မှ ပြင်းထန်သော စကားလုံးများနှင့် လှုပ်ရှားမှုများ လျင်မြန်စွာ ကူးစက်ပြန့်ပွားလာခြင်းကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်ခဲ့သည်။

ဟုတ်ပါသည်။ တခြားနေရာများနှင့် နှိုင်းယှဉ်လျှင်၊ အထူးသဖြင့် မြို့တော်နှင့် ရှန်ဟိုင်းမြို့ကဲ့သို့သော ဗဟိုမြို့ကြီးများနှင့် နှိုင်းယှဉ်လျှင် တောင်ပိုင်းပြည်နယ်တစ်ခုလုံး၏ အခြေအနေက အတော်လေး ပိုကောင်းမွန်သည်။ ပြည်နယ်အတွင်းတွင် တချို့နေရာများကဲ့သို့ ဖရိုဖရဲ ဖြစ်မနေခဲ့ပေ။ လုပ်ငန်းဆောင်တာ အသီးသီးကို စနစ်တကျ လည်ပတ်နေဆဲ ဖြစ်သည်။ အထွေထွေ ပတ်ဝန်းကျင် အခြေအနေက ပိုမိုကောင်းမွန်သဖြင့် ကျန်းပေခရိုင်သည်လည်း သဘာဝကျစွာပင် အဆင်ပြေနေခဲ့သည်။

ဂီတနှင့် ပန်းချီကဲ့သို့သော တွဲဖက်ဘာသာရပ်များကို မနက်စောစောအချိန်တွင် ထည့်သွင်းစီစဉ်ထားလေ့ မရှိပေ။ ထို့ကြောင့် ကျောင်းအုပ်ကြီးခုန်းက ခေါင်းလောင်းတစ်ခုကို ကိုင်ကာ စင်္ကြံလမ်းပေါ်တွင် ခေါက်နေချိန်၌ ရုံးခန်းထဲရှိ တခြားဆရာ၊ ဆရာမများအားလုံး ပြဋ္ဌာန်းစာအုပ်များကို ကိုင်ကာ ထွက်သွားကြသည်။ ရှန်မော့အာ တစ်ယောက်တည်းသာ ကျောင်းအုပ်ကြီးခုန်း ပေးထားသည့် အချိန်ဇယားကို တစ်ချက်ကြည့်လိုက်ပြီး မလှုပ်မယှက် ထိုင်နေခဲ့သည်။

မနက်ပိုင်းတွင် သင်ခန်းစာ တစ်ချိန်သာ ရှိသည်။ ထိုတစ်ချိန်ကလည်း နောက်ဆုံးအချိန် ဖြစ်နေသည်။

ရှန်မော့အာသည် ရေနွေးဗူး၊ မြေဖြူခဲနှင့် အခြားပစ္စည်းများ တင်ထားသည့် ဘေးဘက်စားပွဲဆီသို့ သွားကာ ရေတစ်ခွက် ငှဲ့လိုက်သည်။ ထို့နောက် ပြန်လာထိုင်ကာ ရေသောက်ရင်း အထက်တန်းကျောင်း ပြဋ္ဌာန်းစာအုပ်ကို ကြည့်နေလို့သည်။

ကံကောင်းလို့ ခုန်းမေကျွမ်း မရှိနေတာ။ အဲလိုမှမဟုတ်ရင် ငါ အထက်တန်းကျောင်း ရူပဗေဒစာအုပ် ဖတ်နေတာကိုမြင်ပြီး ငါက ရူပဗေဒကို အထူးတလည် တော်တယ်ဆိုပြီး ကျောင်းအုပ်ကြီးဆီ သွားပြီး သတင်းပို့လေမလားပဲ။

ရှန်မော့အာသည် နှုတ်ခမ်းစွန်းကို ကွေးညွတ်ကာ ပြုံးလိုက်ပြီး မကြာမီမှာပင် အလေးအနက် ဖတ်ရှုနေတော့သည်။

တစ်ချိန်စာ ဖတ်ပြီးသွားချိန်တွင် တခြားဆရာ၊ ဆရာမများ ရုံးခန်းထဲသို့ ပြန်ရောက်လာကြသည်။ ထိုအခါ ရှန်မော့အာသည် ထပြီး ခဏတဖြုတ် လမ်းလျှောက်လိုက်သည်။ တခြားဆရာ၊ ဆရာမများ သင်ခန်းစာ ပြန်ဝင်သွားချိန်တွင်တော့ သူမသည် ပြန်ထိုင်ကာ ဆက်ဖတ်နေခဲ့သည်။ ဤကဲ့သို့ နှစ်ချိန်ဆက်တိုက် ဖတ်ပြီးနောက် တတိယအချိန်ရောက်မှသာ ပန်းချီစက္ကူအလွတ် တစ်ရွက်ကို ထုတ်ယူလိုက်သည်။ သူမသည် ခဏစဉ်းစားပြီးနောက် စက္ကူပေါ်တွင် ပန်းပွင့်ပုံစံများနှင့် ဒီဇိုင်းအချို့ကို ရေးဆွဲလိုက်သည်။

တတိယအချိန် ပြီးဆုံးသွားသောအခါ ခုန်းမေကျွမ်းသည် စာအုပ်နှင့် ဗလာစာအုပ်များကို ပိုက်ကာ ပြန်ရောက်လာခဲ့သည်။ ရှန်မော့အာ ပန်းချီဆွဲနေသည်ကို လှမ်းမြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ခေါင်းပြူကြည့်လိုက်၏။ သူမက အာမေဋိတ်သံဖြင့် ပြောလိုက်လေသည်။ "ဆရာမရှန်... ရှင် တစ်မနက်လုံးနေမှ ဒီဒီဇိုင်းလေး နှစ်ခုသုံးခုပဲ ဆွဲရသေးတာလား။ ဒါ... ဒါက ကြည့်ရတာ တော်တော်လေး လွယ်မယ့်ပုံပဲနော်"

ရှန်မော့အာလည်း ကွက်တိပင် ဆွဲပြီးသွားသည်။ ဖောင်တိန်ကို သိမ်းဆည်းလိုက်ပြီး ပြုံးကာ ရှင်းပြလိုက်သည်။ "အင်း... ကြည့်ရတာတော့ လွယ်မယ့်ပုံပါပဲ။ ဒါပေမဲ့ အပ်ချည်တစ်မျှင်စာလောက်တောင် အမှားအယွင်းမရှိအောင် ဆွဲနိုင်ဖို့၊ ပြီးတော့ အသက်ဝင်ပြီး သဘာဝကျဖို့ဆိုတာက နည်းနည်းတော့ ခက်ခဲပါတယ်”

ခုန်းမေကျွမ်းက နားလည်သလိုလို နားမလည်သလိုလိုဖြင့် ခေါင်းညိတ်ပြလိုက်ကာ "သြော်... အဲဒါက တကယ်ကို အလုပ်မတူရင် တောင်တန်းခြားထားသလို ကွာခြားတယ် ဆိုတဲ့အတိုင်းပဲကိုး"

ကျောင်းအုပ်ကြီးခုန်းသည် ခေါင်းလောင်းကို ကိုင်ကာ စင်္ကြံလမ်းပေါ်တွင် နောက်တစ်ကြိမ် လာခေါက်ချိန်တွင်တော့ ရှန်မော့အာသည် ရေသောက်သည့် ကြွေခွက်နှင့် ရောင်စုံမြေဖြူခဲဘူးတစ်ဘူးကို ယူကာ အလယ်တန်းဒုတိယနှစ်၊ အခန်း(၃) သို့ ထွက်သွားခဲ့သည်။

အလယ်တန်းဒုတိယနှစ်၊ အခန်း(၃) မှ ကျောင်းသားများသည် သူတို့က ပန်းချီသင်ခန်းစာကို ပထမဆုံး သင်ယူရမည့် အတန်းဖြစ်ကြောင်း အစောကြီး ကတည်းက သိထားကြသည်။ အတန်းတက်ခေါင်းလောင်း ထိုးပြီးသွားသည်အထိ ကျောင်းသားများမှာ ဆူဆူညံညံဖြင့် ဆွေးနွေးနေကြဆဲပင်။ ရှန်မော့အာ စာသင်ခန်းထဲသို့ ဝင်လာချိန်မှသာ အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ တစ်ယောက်ချင်းစီက ရှန်မော့အာကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြသည်။ "ဆရာမအသစ်က တအားလှတာပဲ" ဟု အံ့သြတကြီး ရေရွတ်သူလည်း ရှိသလို "မြေရှင်မကြီး" ဟု အသံထွက်သွားသူလည်း ရှိလေသည်။

သိုင်းပညာ လေ့ကျင့်ဖူးသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ ရှန်မော့အာ၏ အကြားအာရုံက အတော်လေး ထက်မြက်သည်။ လှပလွန်း၍ အံ့သြတကြီး ချီးမွမ်းနေမှုများကို လျစ်လျူရှုလိုက်ပြီးနောက် ရှန်မော့အာသည် စာသင်ခန်းထောင့်မှ လျိုကွေ့ကျစ်၏သား ကျိုးဖျင်အန်း၏ ပုံရိပ်ကို အလျင်အမြန်ပင် ရှာတွေ့သွားခဲ့သည်။

ရှန်မော့အာတစ်ယောက် ကိုယ့်ဟာကို ပြန်စဉ်းစားလိုက်မိ၏။

တကယ်ဆိုးတာပဲ။ ငါ့ရဲ့ မြေရှင်မကြီးဆိုတဲ့ နာမည်က မိသားစုအိမ်ရာဝင်းထဲမှာတင် ပျံ့နှံ့သွားရုံသာမကဘဲ ကျောင်းထဲမှာပါ ပျံ့နှံ့သွားမယ့်ပုံပဲ။

ရှန်မော့အာသည် စာသင်ခုံပေါ်သို့ တက်သွားပြီး သင်ပုန်းပေါ်တွင် ရှန် ဟူသော စာလုံးကို အရင်ဆုံး ရေးလိုက်ပြီး သူမက ပြောလိုက်သည်။ "ဆရာမက မင်းတို့ရဲ့ ပန်းချီဆရာမပါ။ ဆရာမရဲ့ မျိုးရိုးက ရှန် ပါ။ ဆရာမက တပ်ဖွဲ့အလယ်တန်းကျောင်းမှာ တစ်နှစ်တိတိ အချိန်ပိုင်း လာသင်ပေးမှာပါ။ အဲဒီအချိန်အတွင်းမှာ မင်းတို့ကို လက်တွေ့အသုံးကျတဲ့ ပန်းချီဆွဲနည်းတွေကို အဓိက သင်ပေးသွားမယ်။ လက်တွေ့အသုံးကျတဲ့ ပန်းချီဆွဲနည်းဆိုတာ ဘာလဲ။ အဲဒါက ပုံဆွဲတာ၊ မြေထည်ပစ္စည်းတွေပေါ်မှာ ပန်းချီဆွဲတာကနေ ပုံနှိပ်ပန်းချီ ဆွဲတာအထိ အခြေခံကျတဲ့ နည်းပညာတွေပဲ။ ဒီနည်းပညာတွေကို သင်ယူထားလို့ မင်းတို့ ပန်းချီဆွဲတတ်သွားမယ်လို့တော့ မဆိုလိုဘူး။ ဒါပေမဲ့ နောင်တစ်ချိန်မှာ မင်းတို့က သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ အခွင့်အရေးရလာခဲ့မယ်ဆိုရင် ဒီအခြေခံနည်းပညာတွေကို တတ်ကျွမ်းထားခြင်းက အနည်းဆုံးတော့ တခြားသူတွေထက် ပိုပြီး မြန်မြန်ဆန်ဆန် သင်ယူနိုင်စေလိမ့်မယ်”

ခဏရပ်လိုက်ပြီးနောက် သူမက ဆက်ပြောသည်။ "သေချာတာပေါ့။ ပန်းချီပညာရဲ့ အဓိပ္ပာယ်က ဒီလောက်တင်ပဲ မဟုတ်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က လက်တွေ့အသုံးကျတဲ့ နည်းပညာတွေအပြင် တခြားအရာတွေကို သင်ယူချင်တယ်ဆိုရင် ကျောင်းဆင်းချိန်မှာ ဆရာမဆီကို လာရှာလို့ ရပါတယ်”

ပြောပြီးသည်နှင့် သူမ လှည့်လိုက်ပြီး ကျောက်သင်ပုန်းပေါ်တွင် ရွှတ်ခနဲ ရွှတ်ခနဲ အချက်အနည်းငယ် ဆွဲလိုက်ရုံဖြင့် အလွန်ချစ်စရာကောင်းသော ကြောင်ကလေးတစ်ကောင်ကို ပုံဖော်လိုက်သည်။

"ဝါး... အရမ်းကို အသက်ဝင်တာပဲ”

"ကြည့်ရတာ အရမ်းလွယ်မယ့်ပုံပဲနော်။ ဒါပေမဲ့ တကယ်တမ်း ကိုယ်တိုင်ဆွဲရရင်တော့ ခက်လောက်တယ်”

"ဒါက စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ငါ သင်ချင်တယ်။ ငါ သင်ချင်တယ်”

"မင်းတို့ သိကြလား။ အုတ်ဖုတ်စက်ရုံမှာ ဆရာတစ်ယောက်ရဲ့ ပုံနှိပ်ပန်းချီက တကယ့်ကို အသက်ဝင်တာ။ ဓာတ်ပုံရိုက်ထားတာနဲ့ သိပ်မကွာဘူး။ ဟီးဟီး... ငါ ခိုးပြီးတောင် သွားကြည့်ဖူးတယ်။ တကယ်ပြောတာ၊ အရမ်းဆွဲတတ်တာ။ ငါသာ အဲဒီလောက် ဆွဲတတ်ရင် ရုပ်ပြစာအုပ်တွေ သွားဆွဲမှာပဲ။ အချိန်ကျရင် ငါတို့အားလုံးကို ရုပ်ပြစာအုပ်ထဲ ထည့်ဆွဲပေးမယ်”

"ဒါဆိုရင် မင်း ငါ့အတွက် တစ်ပုံလောက် ဆွဲပေးလို့ရမလား။ ငါနဲ့ သူရဲကောင်းလေး ယွီလိုင်ကို အတူတူ ဆွဲပေးလေ”

......

ကျေးငှက်ကလေးများလို တစီစီ မြည်နေသော ဆွေးနွေးသံများကြားတွင် ရှန်မော့အာသည် ပန်းချီဆွဲနည်းကို စတင် ရှင်းပြလေတော့သည်။

ထောင့်တွင် ထိုင်နေသော ကျိုးဖျင်အန်း၏ အနည်းငယ်ရှည်လျားနေသော ဆံပင်အနားစများ နောက်ကွယ်ရှိ မျက်လုံးများက ရုတ်တရက် လင်းလက်သွားသည်ကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြချေ။

...

All Chapters