အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အပိုင်း (၇၅)
မောက်ကျန့်ရှင်းနှင့် ကျင်းချိုင်ဖေးတို့ မလိုလားသော်လည်း ရှန်မော့အာကတော့ အချိန်လုပြီး တည်ဆောက်ဆဲ စက်ရုံဆီသို့ သွားရောက်ကြည့်ရှုခဲ့သည်။ တပ်ဖွဲ့သည် ပန်းထိုးစက်ရုံအတွက် ချည်မျှင်နှင့်အထည်စက်ရုံအပြင်ဘက်ရှိ မြေကွက်ကို ခွဲဝေပေးခဲ့သည်။ လက်ရှိတည်ဆောက်နေသော စက်ရုံအပြင် အနီးအနားတွင် အလုပ်သမားအဆောင်များဆောက်ရန် မြေကွက်တစ်ကွက်ကိုလည်း ချန်ထားခဲ့သည်။
မောက်ကျန့်ရှင်းသည် ရှန်မော့အာ ဝင်ရောက်စွက်ဖက်ကာ အကြံပေးမည်ကို စိုးရိမ်နေပုံရပြီး တစ်ချိန်လုံး မျက်နှာထား တင်းမာနေခဲ့သည်။ သို့သော် ရှန်မော့အာသည် အကြမ်းဖျင်းသာ ကြည့်ရှုခဲ့ပြီး ဘာမှမပြောဘဲ ပြန်လှည့်လာခဲ့သည်။
တကယ်တမ်းတွင်တော့ မောက်ကျန့်ရှင်းနှင့် ကျင်းချိုင်ဖေးတို့ ဘာကိုစိုးရိမ်နေကြမှန်း ရှန်မော့အာလည်း နားမလည်ခဲ့ပေ။ စက်ရုံတည်ဆောက်ခြင်းသည် ကြီးမားသော ဂုဏ်သတင်းတစ်ခု ဖြစ်သော်လည်း စက်ရုံတည်ဆောက်ခြင်း ရည်ရွယ်ချက်က ထုတ်လုပ်မှုအတွက် ဖြစ်သည်။ ထုတ်လုပ်မှုကို ကောင်းမွန်စွာ မလုပ်နိုင်ပါက စက်ရုံဘယ်လောက်ပင် ကောင်းနေစေကာမူ ဘာအသုံးကျမည်နည်း။
သူတို့သည် နေ့စဉ်နှင့်အမျှ ကြိုးစားပမ်းစားဖြင့် ဖုန်တလူးလူးနှင့် စက်ရုံတည်ဆောက်မှုကို ကြီးကြပ်လိုပါက ရှန်မော့အာကလည်း သဘောတူပေလိမ့်မည်။ ထိုသူနှစ်ဦးသည် တကယ့်ကို ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ဆန္ဒရှိနေပြီး အလွန်ပင် ဂရုတစိုက် ကြီးကြပ်နေကြောင်းလည်း မြင်သာသည်။
ရှန်မော့အာသည် ကြည့်ရှုပြီးနောက် ဝင်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်၏။ အကြောင်းမှာ သူမကိုယ်တိုင်လည်း အလွန်အလုပ်များနေသောကြောင့်ပင်။
စာသင်ရုံသာမက ယခင်က သူမထံတွင် ပန်းထိုးပညာသင်ယူခဲ့သော ယန်လျိုတပ်ဖွဲ့မှ လူများကို တခြားတပ်ဖွဲ့များသို့ "လက်ဆင့်ကမ်း သင်ကြားပေးရန်" စီစဉ်ရသေးသည်။ ထို့နောက် စနေ၊ တနင်္ဂနွေနေ့များတွင် ယန်လျိုတပ်ဖွဲ့သို့ ပြန်ကာ သူတို့၏ မေးခွန်းများကို ဖြေကြားပေးပြီး အရည်အသွေး တိုးတက်စေရန် ကူညီပေးရသည်။ ပုံမှန်အချိန်များတွင်လည်း သူမကိုယ်တိုင် အချိန်လုကာ စက်ရုံအတွက် ပထမဆုံး ထုတ်ကုန်ဒီဇိုင်းများကို ရေးဆွဲရသေးသည်။
အချုပ်ဆိုရသော် နေ့စဉ်နှင့်အမျှ အလုပ်များနေခဲ့သည်။
ဖုမင်ဇယ်သည်လည်း ထိုနည်းတူပင် အလုပ်များနေခဲ့သည်။ ယန်လျိုတပ်ဖွဲ့၏ စမ်းသပ်စိုက်ခင်းသည် ပမာဏပိုမိုကျယ်ပြန့်လာခဲ့သည်။ ကျိုးမန်ခန်း မူလက ရည်ရွယ်ထားသော ၃ ဧက၊ ၅ ဧက မဟုတ်တော့ဘဲ တပ်ဖွဲ့၏ တောင်းဆိုချက်အရ ဧက ၃၀ အထိ တိုးချဲ့ခဲ့ရသည်။ ယခုအခါ ကျိုးမန်ခန်းသည် ထို ဧက ၃၀ လယ်ကွင်းများ တစ်ခုခုဖြစ်သွားမည်ကို အလွန်စိုးရိမ်နေသဖြင့် နေ့စဉ်နှင့်အမျှ ဖုမင်ဇယ်ကိုသာ ဖက်တွယ်ထားတော့သည်။
ဖုမင်ဇယ်သည် ယခုအခါ စိုက်ပျိုးရေးပညာရှင်များနှင့်အတူ ဓာတ်မြေသြဇာနှင့် ရေပေးဝေမှုအကြောင်း လေ့လာရုံသာမက မျိုးစေ့များကိုပါ နေရာအနှံ့ ရွေးချယ်ရသေးသည်။ မကြာခဏဆိုသလို မနက်မိုးမလင်းမီ ထွက်သွားပြီး ညမိုးချုပ်မှသာ ပြန်ရောက်လာတတ်သည်။
ထိုသို့ နှိုင်းယှဉ်ကြည့်လိုက်ပါက အိမ်ရှိ လူ ၃ ယောက်ထဲတွင် ရှန်ရှောက်ယွမ်သည် အအားလပ်ဆုံး ဖြစ်နေတော့သည်။
အလုပ်များသော အချိန်များသည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရုတ်တရက်ဆိုသလို ရာသီဥတုက ပူနွေးလာပြီး ထူထဲသော ဝါဂွမ်းအင်္ကျီများကို သိမ်းဆည်းလိုက်ကြရသည်။ အိမ်ထောင်စုတိုင်းသည် နွေရာသီအဝတ်အစားများ ပြုလုပ်ရန် စဉ်းစားလာကြသည်။ မကြာသေးမီက သမဝါယမအရောင်းဆိုင်သို့ 'တက်ထရွန်' အထည်များ ရောက်ရှိလာသည်ဟု ကြားသိရပြီး လူအများ လုယက်ဝယ်ယူနေကြသည်။
လျိုချောင်တပ်ဖွဲ့တွင် ချည်မျှင်နှင့်အထည်စက်ရုံ ရှိသောကြောင့် တပ်ဖွဲ့ရှိ အဖွဲ့အစည်းအသီးသီးမှ ဝေငှသော အထည်လက်မှတ်များမှာ လုံလောက်မှုရှိသည်။ ရှန်မော့အာတို့ မိသားစု ၃ ယောက် စုဆောင်းထားသော အထည်လက်မှတ်များသည် လူတစ်ဦးစီအတွက် 'တက်ထရွန်' ရှပ်အင်္ကျီ တစ်ထည်စီ ချုပ်ရန် အံကိုက်ဖြစ်နေသည်။
လွန်ခဲ့သောရက်အနည်းငယ်က ရှန်မော့အာသည် ပန်းထိုးစက်ရုံဘက်သို့ အပ်ချုပ်စက်လက်မှတ်တစ်စောင် လျှောက်ထားခဲ့၏။ ပန်းထိုးစက်ရုံသည် လုပ်ငန်းလိုအပ်ချက်အရ အပ်ချုပ်စက်စက်ရုံနှင့် နီးကပ်စွာ ဆက်သွယ်မှုရှိသဖြင့် အပ်ချုပ်စက်လက်မှတ်တစ်စောင် ရရှိရန်မှာ လွယ်ကူလှသည်။ ရှန်မော့အာသည် လက်မှတ်ရရှိပြီးနောက် လအနည်းငယ်ကြာ စုဆောင်းထားသော လစာငွေများဖြင့် အပ်ချုပ်စက်တစ်လုံး သွားရောက်ဝယ်ယူခဲ့သည်။
အပ်ချုပ်စက်သည်လည်း အဓိကပစ္စည်း ၃ မျိုးတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အပ်ချုပ်စက်တစ်လုံးသည် လက်မှတ်အပြင် ယွမ် ၂၀၀ နီးပါး ကျသင့်သည်။ အကောင်းစားဆိုလျှင် ယွမ် ၃၀၀ နီးပါးပင် ရှိသည်။ ရှန်မော့အာက နှိုင်းယှဉ်ကြည့်ပြီးနောက် ယွမ် ၁၈၀ တန် အလယ်အလတ်အဆင့် အပ်ချုပ်စက်တစ်လုံးကို ဝယ်ယူခဲ့လိုက်သည်။
အပ်ချုပ်စက် ဝယ်လာပြီးနောက် ရှန်မော့အာသည် မိသားစုအိမ်ရာဝင်းအတွင်းမှ အပ်ချုပ်စက်နင်းတတ်သော အစ်မများထံတွင် သင်ယူခဲ့ပြီး မကြာမီပင် တတ်မြောက်သွားခဲ့သည်။
ထို့နောက် တစ်စုံတစ်ရာ ချုပ်လုပ်ရန် လွယ်ကူသွားခဲ့သည်။ 'တက်ထရွန်' ရှပ်အင်္ကျီ ၃ ထည်ကို ရက်အနည်းငယ်အတွင်း ချုပ်လုပ်ပြီးစီးသွားသည်။
ရာသီဥတုက ပူလာပြီဖြစ်သော်လည်း လက်တိုရှပ်အင်္ကျီများ ဝတ်ဆင်ရမည့်အချိန်သို့ မရောက်သေးပေ။ ရှန်မော့အာသည် ဖုမင်ဇယ်နှင့် ရှန်ရှောက်ယွမ်တို့ကို စမ်းဝတ်ကြည့်ခိုင်းလိုက်ပြီး အရွယ်အစား ကွက်တိဖြစ်နေသဖြင့် သိမ်းဆည်းထားရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် အလည်လာသော လျိုကွေ့ကျစ်က မြင်တွေ့သွားသည်။ ရိုးရှင်းသော ရှပ်အင်္ကျီများဖြစ်သော်လည်း ရှန်မော့အာ ချုပ်လုပ်ထားသော အင်္ကျီများ၏ ပုံစံသည် အလွန်ကောင်းမွန်ပြီး ဝတ်ဆင်သူကို ပိုမို ကြည့်ကောင်းစေသည်ဟု သူမ ခံစားလိုက်ရသည်။
ထိုသူတို့၏ ရုပ်ရည်သွင်ပြင် ကောင်းမွန်ခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်သည်မှာ သေချာသော်လည်း အင်္ကျီပုံစံကလည်း တကယ့်ကို ကောင်းမွန်လှသည်။ အရှည်အတိုနှင့် အရွယ်အစားမှာ အလွန်ပင် အံကိုက်ဖြစ်နေသည်။
နောက်တစ်နေ့တွင် လျိုကွေ့ကျစ်သည် ဝက်နားရွက်တစ်ဖက် ဆွဲကာ ရောက်လာခဲ့ပြီး သူတို့အိမ်မှ လောင်ကျိုးအတွက် အထည်ညှပ်ပေးရန် ရှန်မော့အာကို တောင်းဆိုတော့သည်။ ရှန်မော့အာ အလုပ်များနေမှန်း သိသဖြင့် ချုပ်ပေးရန်တော့ မတောင်းဆိုဝံ့ပေ။ မည်သို့ပင်ဆိုစေ အင်္ကျီပုံစံ ကောင်းမကောင်းမှာ ဖြတ်ညှပ်ခြင်းအပေါ်တွင်သာ အဓိက မူတည်သည် မဟုတ်ပါလား။
ယခုရက်ပိုင်းအတွင်း ရှန်မော့အာသည် လျိုကွေ့ကျစ်နှင့် ဆက်ဆံရေး အတော်လေး အဆင်ပြေနေခဲ့သည်။ လျိုကွေ့ကျစ်ကို အကူအညီများ မကြာခဏ တောင်းခံရသဖြင့် သူမက ချက်ချင်းပင် သဘောတူလိုက်သည်။ သူတို့နှစ်ဦး အပြန်အလှန် ငြင်းဆန်နေကြပြီးနောက် ရှန်မော့အာသည် ဝက်နားရွက်ကို လက်ခံလိုက်ရပြီး ဆားနယ်ထားသော တောဝက်သားတစ်ချပ်ကို လက်ဆောင်ပြန်ပေးလိုက်သည်။
ထို့ကြောင့် ကျိုးရှင်းဝမ့် အချိန်ပိုဆင်းပြီး အိမ်အပြန်တွင် လျိုကွေ့ကျစ်က သူ့ကို ဆွဲခေါ်ကာ ရှန်မော့အာ၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။
ကျိုးရှင်းဝမ့်သည် တပ်ဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာ ဒုခေါင်းဆောင် ဖြစ်သည်။ အိမ်ထဲဝင်ဝင်ချင်း ဖုမင်ဇယ်ကို မြင်သည်နှင့် အလိုအလျောက် အလုပ်အကြောင်း စတင်ပြောဆိုတော့သည်။
"ပညာတတ်လူငယ်ဖု၊ မင်းတို့ရွာက စမ်းသပ်စိုက်ခင်းထဲက ဂျုံပင်တွေ အခြေအနေ ဘယ်လိုရှိလဲ။ အထွက်တိုးဖို့ ယုံကြည်မှုရှိလား"
လျိုကွေ့ကျစ်က မျက်စောင်းထိုးလိုက်ပြီး သူ့ပခုံးကို ဖြတ်ရိုက်ကာ ပြောလိုက်သည်။
"လက်ကို ဖြန့်ထားစမ်း၊ ရှင့်ကို ကိုယ်တိုင်း ယူပေးမလို့။ ဂျုံပင်၊ ဂျုံပင်နဲ့... ဂျုံပင်တွေက ရိတ်သိမ်းရမယ့်အချိန်တောင် မရောက်သေးဘူးလေ။ အထွက်တိုးမတိုး ပညာတတ်လူငယ်ဖုက ဘယ်လိုလုပ် သိမှာလဲ။ အလုပ်ချိန်မှာ အလုပ်ကို သေချာလုပ်ပါ။ အလုပ်ဆင်းရင်တော့ အလုပ်အကြောင်း မပြောနဲ့တော့"
ကျိုးရှင်းဝမ့်က ပြန်ပြောသည်။
"ဒီကျားမကြီးတော့! ကောင်းပြီ၊ ကောင်းပြီ။ ပညာတတ်လူငယ်ဖု... ငါတို့ ပုံမှန်အစည်းအဝေးကျမှပဲ ဆက်ပြောကြတာပေါ့"
ကျိုးရှင်းဝမ့်က လိမ္မာစွာဖြင့် လက်ကို ဖြန့်ထားလိုက်သည်။ လျိုကွေ့ကျစ်က ပေကြိုးဖြင့် တစ်ပတ်ပတ်လိုက်ပြီး ဘေးတွင်ရပ်နေသော ရှန်မော့အာကို မေးလိုက်သည်။
"ဒီလိုမျိုးလား"
ရှန်မော့အာက ခေါင်းညိတ်ထောက်ခံလိုက်ပြီး လျိုကွေ့ကျစ်က ကိန်းဂဏန်းများ ခေါ်ပေးသည်ကို စာအုပ်ထဲတွင် မှတ်သားထားလိုက်သည်။
လျိုကွေ့ကျစ်သည် မည်သို့ပင်ဖြစ်စေ အကူအညီတောင်းရမည် ဖြစ်သဖြင့် အံကြိတ်ကာ အထည်လက်မှတ် အနည်းငယ် ထပ်မံစုဆောင်းပြီး ကျိုးရှင်းဝမ့်အတွက် ဘောင်းဘီတစ်ထည် ထပ်ချုပ်ပေးရန် ပြင်ဆင်လိုက်သည်။ ထိုအခါ တစ်စုံကွက်တိ ဖြစ်သွားပေမည်။ ထို့ကြောင့် တင်အရွယ်အစားနှင့် ဘောင်းဘီအရှည်တို့ကိုပါ တိုင်းတာလိုက်သည်။ ရှန်မော့အာက အသေးစိတ် မှတ်သားထားပြီး ၃ ရက်အတွင်း အထည်ဖြတ်ညှပ်ပေးမည်ဟု လျိုကွေ့ကျစ်နှင့် သဘောတူညီလိုက်သည်။
ကိုယ်တိုင်းယူပြီးနောက် လျိုကွေ့ကျစ်နှင့် ကျိုးရှင်းဝမ့်တို့ အိမ်ပြန်လာခဲ့ကြသည်။ ကျိုးရှင်းဝမ့် အိမ်ထဲဝင်လာချိန်တွင် သားဖြစ်သူ ကျိုးဖျင်အန်း စာအုပ်ဖတ်နေသည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်သည်။
"တကယ်တော့ ငါ့မှာ အင်္ကျီတွေ ရှိပါတယ်။ မင်းနဲ့ ဖျင်အန်းအတွက် အသစ်ချုပ်သင့်တာပါ"
လျိုကွေ့ကျစ်က ဂရုမစိုက်ပေ။ "ရှင်က အရာရှိတစ်ယောက်လေ။ အရောင်ကျွတ်နေတဲ့ ရှပ်အင်္ကျီကို နေ့တိုင်း ဝတ်နေလို့ ဘယ်ဖြစ်မလဲ။ ကျွန်မက အရောင်းဆိုင်မှာဆိုတော့ ဘယ်လိုဝတ်ဝတ် အဆင်ပြေပါတယ်။ ဖျင်အန်းကိုတော့ တစ်ထည် ချုပ်ပေးချင်လို့ ဘေးအိမ်ကို သွားခိုင်းတာ သူက မသွားဘူးလေ။ အရင်အင်္ကျီအတိုင်းပဲ ချုပ်ပေးဖို့ တဇွတ်ထိုး ပြောနေတာ"
ကျိုးဖျင်အန်းက ခြေထောက်ကို ရွှေ့လိုက်ပြီး လျိုကွေ့ကျစ်ကို မော့ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။
လျိုကွေ့ကျစ်သည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသော်လည်း နှုတ်မှမူ စကားဆိုလိုက်သည်။
"ရပါတယ်။ ကလေးတွေက ဘယ်လိုဝတ်ဝတ် အဆင်ပြေပါတယ်။ အင်္ကျီအသစ် ရတာပဲ တော်လှပြီပေါ့"
တခြားတစ်ဖက်တွင် ရှန်မော့အာသည် စာအုပ်နှင့် လျိုကွေ့ကျစ် ပေးထားသော အထည်စများကို သိမ်းဆည်းကာ ဘေးတွင်ထားလိုက်ပြီး ထမင်းစားစားပွဲနားတွင် စာရေးနေသော ရှန်ရှောက်ယွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အဖေ မနက်ဖြန် တပ်ဖွဲ့ကို သွားမှာလား"
တပ်ဖွဲ့သို့ ပြောင်းရွှေ့နေထိုင်ပြီးကတည်းက ဤနေရာရှိ လူတိုင်းက မြို့ပေါ်သို့ တက်ချင်ကြသည့် အကြောင်းအရင်းကို ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ နက်နက်ရှိုင်းရှိုင်း ခံစားသိရှိခဲ့ရသည်။ တပ်ဖွဲ့သည် အမှန်တကယ် မြို့တစ်မြို့ မဟုတ်သေးသော်လည်း ရွာထက် များစွာ ပိုမို အဆင်ပြေလှသည်။
ပထမအချက်မှာ တပ်ဖွဲ့တွင် လျှပ်စစ်မီး ရရှိသည်။ လျှပ်စစ်မီးဆိုသည့် အရာကို သာ့လျန်မင်းဆက်တွင် မရှိခဲ့ပေ။ ယခင်က ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့သည် ခရီးသွားစဉ် သို့မဟုတ် အလုပ်လုပ်စဉ် လျှပ်စစ်မီး၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရဖူးသော်လည်း ဤသို့ တစ်နေ့လုံး၊ အထူးသဖြင့် အိမ်တွင် လျှပ်စစ်မီး သုံးစွဲနိုင်သော နေ့ရက်များသည် တပ်ဖွဲ့သို့ ပြောင်းရွှေ့လာမှသာ ရရှိခြင်းဖြစ်သည်။
ထို့နောက်တွင် ရေပိုက်လိုင်းနှင့် အိမ်သာများ ရှိလာသဖြင့် ဘဝနေထိုင်မှုမှာ ဘယ်လောက် ပိုမို အဆင်ပြေလာကြောင်း မပြောပြနိုင်လောက်အောင်ပင်။ ထို့ကြောင့် ယခုအခါ ရှန်ရှောက်ယွမ်သည် ရွာသို့ သိပ်မပြန်ဖြစ်တော့ချေ။
"သွားမှာပေါ့။ ငါ ရွှီဝေကော်ဆီက စက်ဘီးတစ်စီး ငှားလိုက်မယ်။ ငါတို့ ညဘက်မှ ပြန်လာကြတာပေါ့။ ငါ အချိန်ရရင် လောင်ဝမ်နဲ့ စကားသွားပြောလို့ ရသေးတယ်လေ"
ထို့ကြောင့် နောက်တစ်နေ့တွင် မိသားစု ၃ ယောက်သည် စက်ဘီး ၂ စီးကို စီးကာ ရွာသို့ ပြန်လာခဲ့ကြသည်။
ဖုမင်ဇယ်သည် နေ့လယ်စာကို ရွာတွင်သာ စားလေ့ရှိပြီး တစ်ခါတစ်ရံ အလုပ်များပါက ညစာကိုပါ ရွာတွင် စားလေ့ရှိသည်။ ပုံမှန်အားဖြင့် အမြဲတမ်း သန့်ရှင်းရေး လုပ်နေသဖြင့် အိမ်တွင် အချိန်ကြာမြင့်စွာ မနေထိုင်သောကြောင့် ဖုန်ထူနေမည့် အခြေအနေမျိုးတော့ မရှိပေ။
အိမ်ထဲသို့ ဝင်ပြီး မကြာမီမှာပင် လီရှင်းမေတို့ ရောက်လာကြသည်။ အမျိုးသမီးတစ်သိုက်သည် အားလုံး တက်ကြွလန်းဆန်းနေပုံရသည်။
ထို "တပည့်အရင်း" အဖွဲ့သည် နှစ်ဆန်းပိုင်းမှစ၍ တခြားတပ်ဖွဲ့များမှ ရွေးချယ်ခံရသူများကို အစဉ်တစိုက် သင်တန်းပေးနေခဲ့ကြသည်။ ၎င်းသည် ဆရာအဆင့်သို့ တက်လှမ်းသွားခြင်းနှင့် အတူတူပင်။ တခြားသူများ၏ လေးစားမှုနှင့် မိမိတို့၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခံရခြင်းက သူတို့ကို ယခင်က တစ်ခါမှ မရှိဖူးသော ယုံကြည်မှုမျိုး ရရှိစေခဲ့သည်။
ပုံမှန်အားဖြင့် အိမ်တွင် အသံတိုးတိုးနှင့် နူးညံ့စွာ စကားပြောတတ်သော ရှင်းဖန်ကျဲပင်လျှင် ယခုအခါ အသံကျယ်ကျယ်ဖြင့် စကားပြောလာသည်ဟု ဆိုကြသည်။ ချန်ထောင်က ရှန်မော့အာနှင့် တစ်ကြိမ်ဆုံတွေ့စဉ် ရှင်းဖန်ကျဲသည် သူမ၏ "လက်အောက်" သို့ ရောက်ရှိသွားပြီးကတည်းက ယခုအခါ တစ်နေ့ထက်တစ်နေ့ ဒေါသပိုကြီးလာကြောင်း ရယ်မောကာ ညည်းတွားခဲ့ဖူးသည်။
လီရှင်းမေတို့သည် ရှန်မော့အာကို ဆွဲကာ မေးခွန်းများ မေးမြန်းနေကြပြီး ဝမ်ချိုးထုန်ကတော့ ရှန်ရှောက်ယွမ်ကို ဖက်တွယ်ကာ ပညာသင်ယူနေတော့သည်။
ဝမ်ချိုးထုန်သည် ယခုအခါ တပ်ဖွဲ့မူလတန်းကျောင်း၏ နေ့စားဆရာမတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူမသည် ရှန်မော့အာ၏ ယခင်နေရာကို အစားထိုးဝင်ရောက်ခြင်း ဖြစ်သော်လည်း အနုပညာဘာသာရပ်ကို သင်ကြားရုံသာမက အဓိကဘာသာရပ် တစ်စိတ်တစ်ပိုင်းကိုပါ ပူးတွဲသင်ကြားရသည်။
အဓိကအားဖြင့် တပ်ဖွဲ့သည် နောက်စာသင်နှစ်တွင် ကျောင်း၌ အတန်း ၄ တန်း ရှိလာမည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း ဖြစ်သည်။ အတန်းများ များပြားလာသဖြင့် သင်ကြားရမည့် အချိန်ဇယားများလည်း သဘာဝကျကျ ပိုမို များပြားလာလိမ့်မည်။ ထို့အပြင် နောက်ထပ် တစ်နှစ်အကြာတွင် အတန်း ၅ တန်းလုံး ပြည့်သွားမည် ဖြစ်သောကြောင့် ထိုအချိန်တွင် အချိန်ဇယားများ ပိုမိုများပြားလာပေလိမ့်မည်။ ချန်ထောင်နှင့် ရှန်လင်းလင်း ၂ ဦးတည်း အဓိကဘာသာရပ်များကို သင်ကြားပါက အနည်းငယ် အလုပ်များလွန်းပေမည်။
နောက်တစ်ချက်မှာ ရှန်လင်းလင်း ကိုယ်ဝန်ရှိနေခြင်းကြောင့်ပင်။ သူမကိုယ်တိုင်လည်း တပ်ဖွဲ့ခေါင်းဆောင်နှင့် ချန်ထောင်တို့ထံ သွားရောက်ကာ သူမ၏ ခန္ဓာကိုယ် အားနည်းကြောင်း၊ ကိုယ်ဝန်ရှိလာပြီးနောက် အချိန်ပြည့် စာမသင်နိုင်တော့ကြောင်း ပြောဆိုကာ အလုပ်တာဝန် လျှော့ချပေးရန် တောင်းဆိုခဲ့သည်။
ကျိုးမန်ခန်းနှင့် ချန်ထောင်တို့သည် ဝမ်ချိုးထုန်နှင့် သွားရောက်တိုင်ပင်ခဲ့ကြသည်။ ဝမ်ချိုးထုန်က သဘာဝကျကျပင် သဘောတူခဲ့သည်။ မူလတန်းကျောင်းတွင် ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့်ရခြင်းသည် ညဘက် အိပ်မက်မက်လျှင်ပင် ရယ်မောနိုးထလာနိုင်သည့် အရာဖြစ်သည်။ အတန်းအနည်းငယ် ပိုသင်ရခြင်းက ဘာအရေးကြီးမည်နည်း။
ဝမ်ချိုးထုန်သည် အမှန်တကယ် ကျောင်းတက်စဉ်က အမှတ်များ သာမန်သာ ရှိခဲ့သော်လည်း မူလတန်းကျောင်းသားများကို သင်ကြားရန်တော့ အပြည့်အဝ အရည်အချင်းရှိလေသည်။ သူမသည် ဘာသာစကားနှင့် သင်္ချာကို သိပ်မစိတ်ဝင်စားသော်လည်း ပန်းချီဆွဲခြင်းကို အချိန်အတန်ကြာ သင်ယူခဲ့သည်။ ထို့ကြောင့် ပန်းချီအပေါ် အတော်လေး စိတ်ဝင်စားမှု ရှိလာခဲ့သည်။ သူမကိုယ်တိုင် ပိုမိုကောင်းမွန်အောင် သင်ယူပြီး ကလေးများကို ပိုမိုကောင်းမွန်အောင် ပြန်လည်သင်ကြားပေးမည်ဟု တွေးတောနေသည်။ နောက်ထပ် ပြိုင်ပွဲများ ရှိလာပါက ဆုတစ်ခုခု ရနိုင်မည်ဟုပင် ရည်မှန်းထားသေးသည်။
မည်သို့ပင်ဆိုစေ ရှန်ရှောက်ယွမ်သည်လည်း အားလပ်နေသဖြင့် သူမကို သင်ကြားပေးရန် ဝမ်းသာအားရ သဘောတူခဲ့သည်။
သူသည် ခေါင်းထဲတွင် တွက်ချက်မှုများဖြင့် ပြည့်နှက်နေသော မိန်းမများကို မနှစ်သက်ပေ။ ဝမ်ချိုးထုန်ကဲ့သို့ ရိုးရှင်းပြီး ပွင့်လင်းသော စရိုက်ရှိသူသည် သူ့သဘောထားနှင့် အတော်လေး ကိုက်ညီသည်။ ထို့အပြင် ဝမ်ချိုးထုန်သည် ရှန်မော့အာနှင့် ဆက်ဆံရေး ကောင်းမွန်သည်။ ရှန်ရှောက်ယွမ်၏ အမြင်တွင် ဤသည်မှာ သမီးဖြစ်သူ၏ သူငယ်ချင်းလေးပင် ဖြစ်သည်။ သမီး၏ သူငယ်ချင်းက သူ့ထံတွင် ပညာသင်ယူခြင်းက ဘာပြဿနာ ရှိမည်နည်း။
နှစ်ဖက်စလုံးက အလွန်တက်ကြွစွာ သင်ယူနေကြသည်။ ဖုမင်ဇယ်သည် လူအများ ဝိုင်းရံထားသော ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့သည်။
ဖုမင်ဇယ်သည် စမ်းသပ်စိုက်ခင်း အနီးသို့ လျှောက်လာခဲ့ရာ ကျိန့်ကျားမင် ခေါင်းငိုက်စိုက်ကျကာ လယ်ကန်သင်းပေါ်တွင် ထိုင်နေသည်ကို အဝေးကပင် မြင်နေရ၏။ အနားသို့ ရောက်သွားသောအခါ သူသည် လယ်ကန်သင်းဘေးရှိ ပေါင်းပင်များကို အဆက်မပြတ် နုတ်နေသည်ကို တွေ့လိုက်ရသည်။ ဘေးနားရှိ မြေပြင်ပေါ်တွင် သူနုတ်ထားသော ပေါင်းပင်များက အစုလိုက် ကလေးတစ်ခု ဖြစ်နေလေပြီ။
ဖုမင်ဇယ်က မနေနိုင်ဘဲ ပြောလိုက်သည်။
"မင်း ပေါင်းနုတ်ချင်ရင် လယ်ထဲဆင်းပြီး နုတ်လေ"
လယ်ကန်သင်း အပြင်ဘက်က ပေါင်းပင်တွေကို ဘာလို့ နုတ်နေရတာလဲ။ အဲဒီအပင်တွေက လမ်းဘေးမှာ ကောင်းကောင်းမွန်မွန် ပေါက်နေတာပဲ။ လယ်ထဲကို ဝင်ပြီး ဂျုံပင်တွေနဲ့ ရေနဲ့ မြေသြဇာကို လုမသောက်ကြပါဘူး။
ကျိန့်ကျားမင်သည် မြေပြင်ပေါ်ရှိ ပေါင်းပင်များကို ကြည့်ကာ ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။
"ဟုတ်သားပဲ။ ငါ အပြင်ဘက်က ပေါင်းတွေကို ဘာလို့ နုတ်နေရတာလဲ။ ဒါပေမဲ့ လယ်ထဲမှာလည်း ပေါင်းပင်မှ မရှိတာ။ ကျန်းကျစ်ချန် ဦးဆောင်တဲ့ စမ်းသပ်စိုက်ခင်း စောင့်ရှောက်ရေး အဖွဲ့ငယ်က နေ့တိုင်း မနက်စောစောကနေ ညမိုးချုပ်အထိ ပေါင်းနုတ်နေကြတာလေ။ ပေါင်းပင်တွေက ဂျုံပင်တွေအတွက် အဖိုးတန်တဲ့ မြေသြဇာတွေကို နည်းနည်းလေးတောင် လုယူသွားမှာကို သူတို့က အရမ်းစိုးရိမ်နေကြတာ။ ဒီလယ်ထဲမှာ ဘယ်ပေါင်းပင်မှ မရှိတော့ဘူး"
ဖုမင်ဇယ်က သဘောတူခြင်း၊ မတူခြင်း တစ်စုံတစ်ရာ မပြဘဲ လယ်ကန်သင်းအတိုင်း အပြင်ဘက်မှ တစ်ပတ်ပတ်ကာ မြေကွက်အသီးသီးရှိ ဂျုံပင်များ၏ ကြီးထွားမှု အခြေအနေကို အသေးစိတ် လေ့လာစောင့်ကြည့်လိုက်သည်။ ထို့နောက် ကျိန့်ကျားမင် အနားသို့ ပြန်လျှောက်လာပြီး မေးလိုက်သည်။
"မင်းမှာ ဘာကိစ္စ ရှိလို့လဲ"
ကျိန့်ကျားမင်က ခေါင်းကို ကုတ်လိုက်ပြီး မျက်နှာကို ပွတ်သပ်ကာ အချိန်အတန်ကြာမှ ပြောလိုက်သည်။
"ကျွငါ့အိမ်က စာပို့လာတယ်။ အဖေ ချော်လဲပြီး ဆေးရုံတက်နေရတယ်တဲ့။ ပြီးတော့ မရီးကလည်း ကိုယ်ဝန်ရှိနေတော့ နောက်လအနည်းငယ်အတွင်းမှာ ငါ့ဆီကို ငွေနဲ့ လက်မှတ်တွေ သိပ်မပို့နိုင်တော့ဘူးတဲ့"
ဖုမင်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"အရင်က မင်းအိမ်က ပို့ပေးတာ မနည်းပါဘူး။ မင်း နည်းနည်းမှ မစုထားဘူးလား"
တကယ်လို့ တခြားလူသာဆိုလျှင် ကျိန့်ကျားမင်က သေချာပေါက် ပြောမည်မဟုတ်ပေ။ ဖုမင်ဇယ်က မေးလာသဖြင့် သူ အနည်းငယ် တွေဝေသွားသော်လည်း ပြောပြလိုက်သည်။
"ငါ အရင်က စုထားတဲ့ ငွေနဲ့ လက်မှတ်တွေကို ရွှီဝေက နည်းနည်း ချေးသွားလို့ပါ"
ဖုမင်ဇယ်က စောစောကတည်းက ခန့်မှန်းမိပြီးသား ဖြစ်သဖြင့် မေးလိုက်သည်။
"ဘယ်လောက်တောင် ချေးသွားတာလဲ"
ကျိန့်ကျားမင်က မျက်နှာကို ထပ်မံပွတ်သပ်လိုက်ပြီး အချိန်အတန်ကြာမှ လေးလံသော အသံဖြင့် ပြောလိုက်သည်။
"လက်မှတ်တွေကတော့ အသေးအမွှားတွေဆိုတော့ တွက်လို့မရတော့ဘူး။ ငွေကတော့ အစအဆုံး ပေါင်းလိုက်ရင် ယွမ် တစ်ရာကျော်လောက်တော့ ရှိမယ်"
တကယ်တမ်းတွင် အစပိုင်း၌ ရွှီဝေ ချေးငှားသွားသော တစ်ယွမ်၊ နှစ်ယွမ် စသည်တို့ကို ကျိန့်ကျားမင်သည် လုံးဝ စာရင်းမမှတ်ထားခဲ့သလို ပြန်ဆပ်ရန်လည်း မတွေးခဲ့ပေ။ နောက်ပိုင်း တစ်ကြိမ်တွင် ကျိုးချွန်းထောင် အပြင်းအထန် ဖျားနာသဖြင့် ခရိုင်ဆေးရုံသို့ သွားပြရမည်ဟု ပြောလာသည်။ သူမ အလွန်စိုးရိမ်ပူပန်နေသည်ကို မြင်သောအခါ ကျိန့်ကျားမင်သည် တစ်ကြိမ်တည်းနှင့် ယွမ် ၃၀ ပေးလိုက်သည်။ ထို့နောက် မကြာမီမှာပင် ရွှီချီ ခြေထောက်ကျိုးသွားပြီး ခရိုင်ဆေးရုံသို့ သွားပြရပြန်ရာ ကျိန့်ကျားမင်က နောက်ထပ် ယွမ် ၃၀ ထပ်ပေးလိုက်သည်။ အဓိက ပမာဏအများဆုံးမှာ ထိုနှစ်ကြိမ်ပင် ဖြစ်သည်။ နောက်ပိုင်းတွင် ဆီဝယ်ရန်၊ ပဲငံပြာရည်ဝယ်ရန်၊ ရေနံဆီဝယ်ရန်၊ ဆန်ကြိတ်ရန် စသည်ဖြင့် အသေးအမွှား ကိစ္စများအတွက် နှစ်ယွမ် သုံးယွမ်ခန့်ကို မကြာခဏ "ချေးငှား" ခဲ့သေးသည်။
ကျိန့်ကျားမင်သည်လည်း တုံးအသူ မဟုတ်သဖြင့် မကြာမီမှာပင် အခြေအနေကို ရိပ်မိလာခဲ့သည်။ အကြိမ်များစွာ သူသည် ပိုက်ဆံမရှိဟု ဆင်ခြေပေးခဲ့သော်လည်း ရွှီဝေက ငိုယိုကာ အင်္ကျီလက်ကို ပင့်တင်ပြပြီး သူမလက်မောင်းပေါ်ရှိ အညိုအမည်းစွဲနေသော ဒဏ်ရာများကို ပြသတတ်သည်။ သူမ၏အမေက သူမကို အသုံးမကျဟု အပြစ်တင်ကာ ငွေ "မချေး" နိုင်ပါက အိမ်အပြန်တွင် အရိုက်ခံရမည်ဟု ပြောဆိုတတ်သည်။
ကျိန့်ကျားမင်သည် ထိုအရာများကို မြင်တွေ့ရသောအခါ သနားမိသွားသည်။ ကျိုးချွန်းထောင် သည်လောက် ရက်စက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ချေးငွေပမာဏလည်း သိပ်မများလှသဖြင့် သူ ဆက်လက် ပေးခဲ့မိသည်။
သို့သော် ထိုအရာများအားလုံးကို သူ စာရင်းမှတ်ထားခဲ့သည်။
နောက်ပိုင်း တစ်ကြိမ်တွင် ရွှီဝေက သူမ၏ မောင်လေး နေမကောင်းဟု ဆိုကာ ရောက်လာသော်လည်း ကျိန့်ကျားမင်က ထပ်မပေးတော့ပေ။
မူလက မိသားစုသည် သူ့ထံသို့ လစဉ်လတိုင်း ငွေနှင့် လက်မှတ်များ ပို့ပေးလေ့ရှိသည်။ ကျိန့်ကျားမင်သည် သူ၏ဘဝက ထိုမိဘမဲ့ သားအမိများထက် ပိုမိုကောင်းမွန်နေသေးသည်ဟု တွေးကာ သူတို့ထံမှ ငွေပြန်တောင်းရန် မရည်ရွယ်ခဲ့ပေ။ ယခုအခါ မိသားစုထံမှ စာရောက်လာပြီး ယခင်က ပို့ထားသည်များထဲမှ သူ့တွင် ပိုလျှံနေသေးသည်ဟု တွက်ဆကာ လာမည့် လအနည်းငယ်အတွင်း ငွေမပို့နိုင်တော့ကြောင်း အကြောင်းကြားလာခဲ့သည်။
သို့သော် ကျိန့်ကျားမင်၏ လက်ထဲတွင် ဘယ်မှာ အပိုငွေ ရှိတော့မည်နည်း။
မိသားစုက မည်သည့်အချိန်ကျမှ ငွေနှင့် လက်မှတ်များ ထပ်မံပို့ပေးမည်ကို သူ မသိပေ။ ယခင်ကလို လွတ်လွတ်လပ်လပ် သုံးစွဲရန် မဆိုထားနှင့် နေ့စဉ်သုံး ဆပ်ပြာတစ်တုံး သို့မဟုတ် ခြေအိတ်တစ်ရံ ဝယ်ရန်ပင် ငွေလိုအပ်သည်။ သူ့လက်ထဲရှိ ယွမ်အနည်းငယ်က လုံးဝ လောက်ငှမည် မဟုတ်ပေ။
ရုတ်တရက် တစ်ပြားမှမရှိသော လူဆင်းရဲတစ်ယောက် ဖြစ်သွားခြင်းက အမြဲတမ်း ငွေကြေးပြည့်စုံနေတတ်သော ကျိန့်ကျားမင်ကို အလွန်ပင် စိုးရိမ်ပူပန်စေခဲ့သည်။ သူ့ကို စောင့်ကြိုနေသည်မှာ ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေသော လအနည်းငယ်၊ သို့မဟုတ် ထို့ထက်ပင် ပိုမိုကြာရှည်နိုင်သည်ဟု သူ ခံစားနေရသည်။
ဖုမင်ဇယ်သည် သူ၏ မျက်နှာငယ်လေးဖြင့် ပူပန်နေပုံကို နားမလည်နိုင်သလို ဖြစ်သွားပြီး ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ မင်း ရွှီဝေဆီ သွားပြီး မင်း ချေးထားတဲ့ ငွေတွေကို ပြန်တောင်းလိုက်ရင် ပြီးရောမဟုတ်လား"
လက်မှတ်များ ပြန်ရရန် ဖြစ်နိုင်ခြေ မရှိသလောက်ပင်။ ထိုမိသားစုတွင် လက်မှတ်ရရှိနိုင်သော လမ်းကြောင်း မရှိပေ။ သို့သော် ငွေပြန်တောင်းရန်ကတော့ မခက်ခဲလှပေ။ ယွမ် တစ်ရာကျော်ကို သူတို့ အားလုံး သုံးစွဲပစ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ အမှန်တကယ် ဖျားနာခဲ့လျှင်ပင် ခရိုင်ဆေးရုံ၌ ဆေးကုသစရိတ်မှာ အများဆုံး ၁၀ ယွမ် သာ ကုန်ကျမည် ဖြစ်ပြီး ယွမ် ၃၀ တွင် သုံးပုံနှစ်ပုံခန့် ကျန်ရှိနေသေးမည်။ ထို့အပြင် ဖုမင်ဇယ်၏ အမြင်တွင် ထိုဖျားနာမှုများမှာ အများစုမှာ ချဲ့ကားပြောဆိုမှုများသာ ဖြစ်သည်။ အမှန်တကယ် ဖျားနာကောင်း ဖျားနာနိုင်သော်လည်း သူတို့ပြောသလောက် ပြင်းထန်မည် မဟုတ်ပေ။
မိဘမဲ့ သားအမိ တစ်စုဖြစ်သဖြင့် လုံးဝ အစီအစဉ်မရှိဘဲ နေမည်မဟုတ်ပေ။ လှည့်စားပြီး ရလာသော ယွမ်တစ်ရာကျော်ကို ချက်ချင်း သုံးစွဲပစ်မည် မဟုတ်ဘဲ အများစုကို စုဆောင်းထားလောက်ပေမည်။
အဆိုးဆုံး အခြေအနေကို တွေးကြည့်လျှင်ပင် ကျိုးချွန်းထောင်က ငွေပြန်မဆပ်နိုင်ပါက သူမတွင် ညီအစ်ကိုများ ရှိသေးသည် မဟုတ်ပါလား။ ကျိုးချင်းကော်နှင့် ကျိုးဝေကော်တို့သည် အကြောင်းအကျိုး မနားလည်သူများ မဟုတ်ကြပေ။
ကျိန့်ကျားမင်က ပြန်ဖြေလိုက်သည်။
"တကယ်တော့ ငါ သူ့ဆီက ပြန်တောင်းဖူးပါတယ်"
တကယ်တော့ မနေ့က သူ ရွှီဝေထံသို့ ငွေသွားတောင်းခဲ့သည်။ အများကြီး တောင်းခဲ့ခြင်း မဟုတ်ဘဲ ယွမ် ၃၀ သို့မဟုတ် ယွမ် ၅၀ ခန့် ပြန်ဆပ်ရန်သာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ရွှီဝေက သူ၏ရှေ့တွင် ငိုယိုကာ သူမတို့အိမ်တွင် တကယ် ပိုက်ဆံမရှိတော့ကြောင်း၊ ပိုက်ဆံရှိပါက ကျိုးချွန်းထောင် ရိုက်သတ်သည်ကို ခံရပါစေဟု ကောင်းကင်ကို တိုင်တည်ကာ ကျိန်တွယ်ခဲ့သည်။ နောက်ဆုံးတွင် သူမက မီးခြစ်ဆံ ဘူးအနည်းငယ် ဝယ်ရန် သူ့ထံမှ ၂ ယွမ်ခန့် ချေးနိုင်မလားဟုပင် မေးခဲ့သေးသည်။ ကျိန့်ကျားမင်မှာ စကားမပြောနိုင်ဖြစ်သွားရုံသာမက မိမိငွေကို ပြန်လည်ရရှိရန် မဖြစ်နိုင်တော့ကြောင်းကိုပါ လက်ခံလိုက်ရသည်။
ဝမ်ချိုးထုန်က သူ့ကို အသုံးချခံ ငတုံး ဟု ပြောခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အမှန်တကယ်တွင် သူသည် ရွှီဝေကို ကြည့်ကာ မိမိ၏ ညီမငယ်လေးကို သတိရသွားခြင်း ဖြစ်သည်။
သူတို့မိသားစုတွင် မောင်နှမ ၃ ယောက် ရှိသည်။ အစ်ကိုကြီးမှာ အသက်အနည်းငယ် ကြီးပြီး အိမ်ထောင်ကျနေပြီ ဖြစ်သည်။ ကျိန့်ကျားမင်မှာ ဒုတိယသား ဖြစ်ပြီး ညီမငယ်လေးမှာ ရွှီဝေနှင့် အသက်အရွယ် တူညီသည်။
အစပိုင်းတွင် ပညာတတ်လူငယ်ရုံးမှ နေ့တိုင်း အိမ်သို့လာကာ ကျေးလက်သို့ သွားရန် တိုက်တွန်းခဲ့သည်။ သူ့အဖေမှာ အဆင့် ၈ အလုပ်သမားဖြစ်သဖြင့် အလုပ်ကို တခြားသူအား လွှဲပြောင်းပေး၍ မရနိုင်ပေ။ သူ့အမေ၏ အလုပ်တစ်ခုတည်းကို လူနှစ်ဦးအား ခွဲဝေပေး၍ မရသဖြင့် သူတို့နှစ်ဦးထဲမှ တစ်ဦးမှာ သေချာပေါက် ကျေးလက်သို့ ဆင်းရလိမ့်မည်။
ကျိန့်ကျားမင်သည် ကျေးလက်သို့ ဆင်းရန် စောစောကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် ညီမငယ်လေးက ပညာတတ်လူငယ်ရုံးသို့ တိတ်တဆိတ် သွားရောက်ကာ ကျေးလက်ဆင်းရန် စာရင်းသွင်းခဲ့သည်။ အိမ်နီးချင်းတစ်ဦးက မတော်တဆ မြင်တွေ့သွားခြင်း မရှိခဲ့ပါက ထိုကောင်မလေးသည် အမှန်တကယ် ကျေးလက်သို့ ဆင်းသွားရလောက်ပေမည်။
သူ ကျေးလက်သို့ ဆင်းလာချိန်တွင် ကောင်မလေးသည် သူ့ကို ဖက်ကာ ငိုယိုနေခဲ့ပြီး ဒုတိယအစ်ကိုသည် သူမကိုယ်စား ဒုက္ခခံရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ တကယ်တမ်းတွင် ကျိန့်ကျားမင်ကသာ သူမကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုမျှ နူးညံ့သော စရိုက်ရှိသည့် ကောင်မလေးသည် အလုပ်ခွင်တွင် အနိုင်ကျင့်ခံရခြင်း ရှိမရှိ သူ မသိနိုင်ပေ။
ဖုမင်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ပြန်မရသေးဘူး မဟုတ်လား။ အချိန်ကောင်းကို ရွေးနေမယ့်အစား ကြုံတဲ့နေ့ကိုပဲ ရွေးလိုက်တာ ပိုကောင်းတယ်။ ဒီနေ့ပဲ ထပ်သွားတောင်းလိုက်ကြတာပေါ့"
ထိုသို့ပြောရင်း လှည့်ကာ ရွာဘက်သို့ လျှောက်သွားတော့သည်။
ကျိန့်ကျားမင်သည် စက္ကန့်အနည်းငယ်ခန့် ကြောင်အသွားပြီးနောက် မတ်တပ်ထကာ နောက်မှ လိုက်သွားလေတော့သည်။
...
အပိုင်း (၇၆)
ဖုမင်ဇယ်က ကျိန့်ကျားမင်ကို ပညာတတ်လူငယ်များအဆောင်သို့သွားကာ စာရင်းစာအုပ် သွားယူခိုင်းလိုက်သည်။ သူကိုယ်တိုင်ကတော့ ရွာထိပ်သို့ လျှောက်သွားလိုက်သည်။ လမ်းတွင် ကလေးတစ်ယောက်ကို ခေါ်ကာ ၅ ဖန်း ပေးလိုက်သည်။ ထို့နောက် တောင်ခြေဘက်ရှိ ကျိုးချွန်းထောင်နှင့် ရွှီဝေတို့ကို တပ်ဖွဲ့ရုံးသို့ သွားခေါ်ခိုင်းလိုက်သည်။
တပ်ဖွဲ့ရုံးခန်းထဲတွင် လူတော်တော်များများ ရှိနေသည်။ တပ်ဖွဲ့ခေါင်းဆောင် ကျိုးမန်ခန်း၊ စာရင်းကိုင် တင်းရှိုချန်နှင့် ပြည်သူ့စစ်ခေါင်းဆောင် ကျိုးချင်းကော်တို့ အားလုံးရှိနေကြ၏။ သိပ်မပေါ်လာတတ်သော အမျိုးသမီးရေးရာမှူး ရှန်ဟယ်ဟွာပင် ရှိနေသေးသည်။
ကျိုးမန်ခန်းသည် ယခုအခါ ဖုမင်ဇယ်ကို မြင်သည်နှင့် သွားလေးပေါ်အောင် ပြုံးပြတတ်နေပြီ။ "လယ်ထဲ သွားကြည့်ပြီးပြီလား။ ဂျုံပင်တွေ တော်တော်ဖြစ်ထွန်းနေတယ်။ တခြားလယ်တွေက အပင်တွေထက် အများကြီး ပိုသန်မာနေတာကို သတိထားမိတယ်။ ဒီကာလအတွင်း အားလုံး ပင်ပန်းခဲ့ကြပြီ။ နောက်ပိုင်းဆိုရင်တော့ နည်းနည်း ပိုအဆင်ပြေသွားလောက်မယ်။ အနားယူပြီး ဂျုံပင်တွေ မှည့်လာချိန်၊ ရိတ်သိမ်းချိန်ကို ဖြည်းဖြည်းချင်း စောင့်လို့ရပါပြီ"
တင်းရှိုချန်က ရယ်မောရင်း ပြောလိုက်သည်။ "ပင်ပန်းရုံတင် မကဘူးဗျ။ ပညာတတ်လူငယ်ဖု ဒီရက်ပိုင်း နေလောင်ပြီး မည်းသွားတာကို ကျွန်တော် သတိထားမိတယ်"
ကျိုးချင်းကော်က သူ၏ ချစ်စရာကောင်းသော ကလေးငယ် ချုံးချုံးလေးကို ချီထားသည်။ ချုံးချုံးလေး၏ လက်ထဲတွင် လုပန်းသစ်သားဆက်ကစားစရာတစ်ခုကို ကိုင်ထားပြီး တံတွေးများကျကာ ကစားနေ၏။ ကစားစရာက မကြာခဏဆိုသလို မြေကြီးပေါ်သို့ ပြုတ်ကျသွားတတ်သည်။ ကျိုးချင်းကော်က ပြန်ကောက်ယူကာ သမီးဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြန်ထည့်ပေးရင်း ပြောလိုက်သည်။ "ယောကျ်ားရင့်မကြီးတွေပဲ နေလောင်ရင်လည်း လောင်ပါစေပေါ့။ ပညာတတ်လူငယ်ဖု အခုပုံစံက တော်တော်လေး ကြည့်ကောင်းတယ်လို့ ကျွန်တော် မြင်တယ်"
ယခင်က ဖုမင်ဇယ်သည် ဖြူလွန်းပြီး နုဖတ်နေသော လူငယ်လေးတစ်ဦးနှင့် တူသဖြင့် ယောက်ျားပီသသော အသွင်အပြင် လုံးဝမရှိဟု ကျိုးချင်းကော် ထင်ထားခဲ့သည်။
ရှန်ဟယ်ဟွာသည် အသက်ကြီးလာပြီဟု ဆင်ခြေပေးကာ တစ်နေ့လုံး ရုံးခန်းထဲတွင် ထိုင်နေရသဖြင့် ခါးနာကြောင်း ပြောဆိုလေ့ရှိသည်။ ထို့အပြင် အမျိုးသမီးရေးရာ အလုပ်ဆိုသည်မှာ ရုံးခန်းထဲတွင် ထိုင်နေရုံဖြင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ ပြည်သူလူထုကြားသို့ ဝင်ရောက်ကာ လေ့လာစုံစမ်းရမည်ဟု ဆို၏။ ထို့ကြောင့် ပုံမှန်အားဖြင့် သူမသည် တပ်ဖွဲ့ရုံးသို့ သိပ်မလာတတ်ပေ။ သို့သော် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း ဖုမင်ဇယ် ၁၀ ကြိမ်လာလျှင် ၇ ကြိမ်၊ ၈ ကြိမ်ခန့် သူမ ရှိနေတတ်သည်။
တင်းရှိုချန်က ကျိုးမန်ခန်းနှင့် ကွယ်ရာတွင် သူမအကြောင်း အတင်းပြောခဲ့ဖူးသည်။ မကြာသေးမီက သူမ ဘာဖြစ်သွားမှန်း မသိဘဲ ရုတ်တရက် စရိုက်ပြောင်းသွားသည်ဟု စဉ်းစားနေကြသည်။
ရှန်ဟယ်ဟွာသည် ကျိုးမန်ခန်းထက် အသက်အနည်းငယ် ပိုကြီးသည်။ ဆံပင်ကို သပ်ရပ်သေချာစွာ ဖြီးသင်ထားပြီး အဝတ်အစားများကလည်း သန့်ရှင်းသပ်ရပ်နေသဖြင့် အမှန်တကယ် အသက်ထက် ပိုမို နုပျိုပုံပေါ်သည်။ သူမသည် ဖော်ရွေဟန်ရှိပြီး ပြုံးရွှင်စွာဖြင့် ဝင်ပြောလိုက်သည်။ "ပညာတတ်လူငယ်ဖုက ရုပ်ရည်ကောင်းတယ်။ မည်းသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ ချောမောနေတာပါပဲ။ သူတို့ ဇနီးမောင်နှံက ကျွန်မတို့ တပ်ဖွဲ့မှာ အချောမောဆုံး စုံတွဲလို့တောင် ပြောလို့ရတယ်"
သူမက ဤသို့ ပြောလိုက်သည်နှင့် ကျိုးမန်ခန်းနှင့် တင်းရှိုချန်တို့က မနေနိုင်ဘဲ သူမကို တစ်ချက် လှမ်းကြည့်လိုက်မိကြသည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက် သိကျွမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ ဘယ်သူက ဘယ်လိုလူဆိုတာ မသိဘဲ နေပါမည်တဲ့လား။ ရှန်ဟယ်ဟွာ၏ စရိုက်ကို စကားလုံးအနည်းငယ်ဖြင့် အကျဉ်းချုံးရလျှင် အကျိုးမရှိဘဲ အစောကြီးမထ ဟူ၍သာ။
ထို့အပြင် ရှန်ဟယ်ဟွာသည် အကျိုးအမြတ်မရှိဘဲ အလုပ်မလုပ်ရုံသာမက၊ အကျိုးမရှိပါက လူကိုပင် အဖက်လုပ်ကာ စကားပြောဆိုလေ့မရှိပေ။ ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းနှင့် တက်တက်ကြွကြွ ချီးကျူးကာ သဘောကောင်းဟန်ပြခြင်းမှာ အလွန်ရှားပါးလှသည်။ နည်းနည်းပါးပါး ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ဤစကားကို တခြားသူများက ပြောဆိုလျှင် သာမန်မြှောက်ပင့်ခြင်းသာ ဖြစ်လိမ့်မည်။ သို့သော် ရှန်ဟယ်ဟွာက ဤသို့ ပြောဆိုလာခြင်းက အချီးကျူးခံရသူသည် ရှန်ဟယ်ဟွာအတွက် အကျိုးအမြတ် တစ်ခုခု ရှိနေကြောင်း သို့မဟုတ် သူမက အထူးတလည် အလေးထားရမည့်သူဟု ယူဆထားကြောင်း ဖော်ပြနေလေသည်။
သို့သော် ကျိုးမန်ခန်းတို့က မကြာမီမှာပင် သဘောပေါက်သွားကြသည်။ ဖုမင်ဇယ်သည် စမ်းသပ်စိုက်ခင်းကို အောင်မြင်စွာ လုပ်ဆောင်နေနိုင်သဖြင့် ရှန်ဟယ်ဟွာက သူ့ကို အထင်ကြီးလေးစားနေခြင်းမှာ ပုံမှန်ပင်။
စကားပြောနေကြစဉ်မှာပင် ကျိန့်ကျားမင် ဝင်လာခဲ့သည်။ သူက တပ်ဖွဲ့မှ တာဝန်ရှိသူများကို နှုတ်ဆက်လိုက်ပြီး သူ့ လက်ထဲက စာအုပ်ကို ဖုမင်ဇယ်ထံသို့ ကမ်းပေးလိုက်သည်။
ဖုမင်ဇယ်က လှန်လှောကာ အနည်းငယ် ကြည့်လိုက်သည်။ ကျိုးချွန်းထောင် နေမကောင်းဟု အကြောင်းပြကာ ရွှီဝေ ပထမဆုံးအကြိမ် ယွမ် ၃၀ ချေးငှားသွားသည့် အချိန်မှစ၍ မှတ်သားထားခြင်း ဖြစ်သည်။ အချိန်၊ နေရာ၊ တစ်ဖက်လူက မည်သည့်အကြောင်းပြချက်ဖြင့် ချေးငှားသည်၊ မည်မျှချေးငှားသည်တို့ကို ရှင်းလင်းပြတ်သားစွာ ရေးမှတ်ထားသည်။
ယခုအခါ ဖုမင်ဇယ်သည် တပ်ဖွဲ့ရုံးတွင် တင်းရှိုချန်၏ ဘေး၌ နေရာတစ်ခု ရရှိနေပြီဖြစ်၏။ သူက ဘေးမှ ခုံတစ်လုံးကို ယူကာ ကျိန့်ကျားမင်ကို ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် ရုံးစားပွဲရှေ့တွင် ထိုင်ကာ စောင့်နေလိုက်ကြသည်။
တင်းရှိုချန်က သူတို့တွင် ဆွေးနွေးစရာ ကိစ္စတစ်ခုခု ရှိနေသည်ဟု ထင်ထားခဲ့သည်။ သူတို့ ထိုင်ချလိုက်ပြီးနောက် တစ်ယောက်က ကုလားထိုင်ကို မှီထားကာ အခြားတစ်ယောက်က ခေါင်းငိုက်စိုက်ကျနေပြီး နှစ်ဦးစလုံး စကားမပြောကြသည်ကို မြင်သောအခါ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရ၏။ ထို့နောက် သူ ခေါင်းမော့ကြည့်လိုက်သောအခါ ကျိုးချွန်းထောင်နှင့် ရွှီဝေတို့ ဝင်လာသည်ကို မြင်လိုက်ရသည်။
ကျိုးချွန်းထောင်က ပြုံးရွှင်စွာဖြင့် ကျိုးမန်ခန်းကို မေးလိုက်သည်။ "တပ်ဖွဲ့ခေါင်းဆောင်ကြီး... ကျွန်မနဲ့ ရှောင်ဝေကို ဘာကိစ္စများ ရှိလို့ ခေါ်လိုက်တာလဲရှင်"
လွန်ခဲ့သောရက်အနည်းငယ်က သူမသည် ကျိုးမန်ခန်းထံသို့ သွားရောက်ကာ နေထိုင်ရခက်ခဲကြောင်း ငိုယိုပြောဆိုခဲ့ပြီး ရွှီဝေကိုလည်း တပ်ဖွဲ့မူလတန်းကျောင်းတွင် အလုပ်ရရန် စီစဉ်ပေးဖို့ တောင်းဆိုခဲ့သည်။ ကျိုးမန်ခန်းက ငြင်းဆန်ခဲ့သော်လည်း လုံးဝ ပြတ်ပြတ်သားသား မပြောခဲ့ပေ။ သူတို့ သားအမိ ၃ ယောက်၏ အခက်အခဲကို သိရှိကြောင်းနှင့် နောင်တွင် ပေါ့ပါးသော အလုပ်တစ်ခုခု ရှိလာပါက သူတို့ကို ဦးစားပေး စဉ်းစားပေးမည်ဟု ပြောခဲ့သည်။
အားလုံးက မျိုးနွယ်တူ ဆွေမျိုးများ ဖြစ်ကြသည့်အပြင် သူမ၏ မောင်ဖြစ်သူ ကျိုးချင်းကော်ကလည်း ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်နေသဖြင့် ကျိုးမန်ခန်းသည် သူတို့ကို မျက်နှာလိုက်ကာ စောင့်ရှောက်ပေးလိမ့်မည်ဟု ကျိုးချွန်းထောင် ယုံကြည်ထားခဲ့သည်။ ထို့ကြောင့် စောစောက ကလေးတစ်ယောက် လာခေါ်သည်နှင့် သူမက ရွှီဝေကို ခေါ်ကာ ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကျိုးမန်ခန်းက သံသယဖြင့် ပြောလိုက်သည်။ "ငါ နင့်တို့ကို မခေါ်ပါဘူး"
ဖုမင်ဇယ် မတ်တပ်ထလိုက်သည်။ "တပ်ဖွဲ့ခေါင်းဆောင်ကြီး... ရဲဘော်ကျိုးနဲ့ ရဲဘော်ရွှီကို ကျွန်တော်တို့ ခေါ်ခိုင်းလိုက်တာပါ"
ကျိုးချွန်းထောင်သည် ဖုမင်ဇယ်၏ ဘေးတွင်ရှိနေသော ကျိန့်ကျားမင်ကို မြင်လိုက်ရချိန်တွင် မျက်နှာပေါ်ရှိ အပြုံးများ အနည်းငယ် မှေးမှိန်သွားခဲ့သည်။ သို့သော် သူမက ဆက်လက် မေးလိုက်၏။ "ပညာတတ်လူငယ်ဖု... ကျွန်မတို့ကို ဘာကိစ္စများ ရှိလို့လဲရှင်"
ဖုမင်ဇယ်က ခေါင်းညိတ်လိုက်ပြီး ကျိုးချွန်းထောင်ကို ကြည့်လိုက်သည်။ "ရဲဘော်ကျိုး... ဘာကိစ္စလဲဆိုတာ ခင်ဗျား သိလောက်မှာပါ။ ခြံဝင်းထဲ သွားပြောကြမလား"
အကယ်၍ တစ်ဖက်လူက ငွေကို ချက်ချင်း ပြန်ဆပ်နိုင်မည်ဆိုပါက ဖုမင်ဇယ်အနေဖြင့် တပ်ဖွဲ့ရုံးတွင် ဖြေရှင်းရန် တင်းမာနေမည် မဟုတ်ပေ။ သူ ဤသို့ မေးလိုက်ခြင်းမှာ တစ်ဖက်လူ၏ မျက်နှာကို ထောက်ထားပေးလုက်ခြင်း ဖြစ်သည်။
သို့သော် ကျိုးချွန်းထောင်က ထိုသို့မတွေးသည်မှာ ထင်ရှားလှသည်။ သူမ၏ မျက်လုံးများက ကလယ်ကလယ် ဖြစ်သွားပြီး အေးစက်စွာ ရယ်မောလိုက်ကာ ပြောလိုက်၏။ "သူများတွေ မကြားနိုင်တဲ့ ကိစ္စဆိုလို့ ဘာများရှိလို့လဲ။ ကျွန်မတို့ ရှောင်ဝေက ပညာတတ်လူငယ်ကျိန့်ဆီက ပိုက်ဆံနည်းနည်း ယူထားတဲ့ ကိစ္စပဲ မဟုတ်လား။ လူငယ် သမီးရည်းစားတွေ ကြားမှာ ယောကျ်ားလေးက မိန်းကလေးအတွက် ပိုက်ဆံသုံးတာ သဘာဝကျတဲ့ ကိစ္စပဲ မဟုတ်လား။ ဘာဖြစ်လို့လဲ။ ပညာတတ်လူငယ်ကျိန့်က အခုမှ နောင်တရပြီး ကျွန်မတို့ဆီက ပိုက်ဆံ ပြန်တောင်းချင်နေတာလား။ ကျွန်မတို့ကတောင် ရှင်နဲ့ စာရင်းမရှင်းရသေးဘူး။ ရှင်ကပဲ ကျွန်မတို့နဲ့ စာရင်းလာရှင်းရဲသေးတယ်ပေါ့"
သူမက တုံ့ပြန်မှု မြန်ဆန်လှပြီး လူဆိုးက အရင်တိုင်ဆိုသလို အပြစ်ကို တိုက်ရိုက် လွှဲချလိုက်လေသည်။
ကျိန့်ကျားမင် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ ကျိုးချွန်းထောင်က မျက်နှာချင်းဆိုင်တွင်ပင် လိမ်ညာပြောဆိုပြီး ကောလာဟလ လွှင့်နေသည်ကို သူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး ငြင်းခုံလိုက်သည်။ "ကျွန်တော် ရဲဘော်ရွှီနဲ့ သမီးရည်းစား မဖြစ်ခဲ့ပါဘူး။ ရဲဘော်ကျိုး... ခင်ဗျား ဘယ်လိုလုပ်ပြီး အခြေအမြစ်မရှိ လျှောက်ပြောနိုင်ရတာလဲ။ ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းပါပဲ။ ရဲဘော်ရွှီက သူ့အိမ်မှာ အခက်အခဲရှိတယ်ဆိုပြီး ကျွန်တော့်ဆီက ပိုက်ဆံလာချေးခဲ့တာပါ။ ကျွန်တော် အခုလောလောဆယ် ငွေလိုနေလို့ ပြန်တောင်းတာပါ"
ရွှီဝေက သူမ၏ မိခင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ရည်ဝဲကာ ပြန်မေးလိုက်သည်။ "အစ်ကိုကျိန့်... သမီးရည်းစားသာ မဟုတ်ခဲ့ရင် ကျွန်မက ဘယ်လိုလုပ်ပြီး ရှင့်ပိုက်ဆံကို ယူရဲမှာလဲ"
ကျိန့်ကျားမင်က အံ့အားသင့်စွာဖြင့် သူမကို ကြည့်လိုက်သည်။ ယနေ့မှသာ သူမကို ပထမဆုံးအကြိမ် သိကျွမ်းလိုက်ရသကဲ့သို့ပင်။ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် သူ ပြောလိုက်သည်။ "မင်းက ရွှီမိသားစုက မင်းတို့ကို ဘာပစ္စည်းမှ ယူခွင့်မပေးခဲ့ဘူးလို့ ပြောခဲ့တယ်။ အိမ်မှာ ဆားဝယ်ဖို့တောင် ပိုက်ဆံမရှိဘူးလို့ ပြောခဲ့တယ်။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေရတာကို တွေးပြီး ငါ မင်းကို ပိုက်ဆံချေးပေးခဲ့တာပါ။ နောက်တော့ မင်းအမေ နေမကောင်းဖြစ်တယ်၊ မင်းမောင်လေး ချော်လဲပြီး ဒဏ်ရာရတယ်၊ ဆေးကုဖို့ ပိုက်ဆံမရှိဘူးလို့ မင်း ပြောခဲ့တယ်။ ပြီးတော့ ပိုက်ဆံမချေးနိုင်ရင် မင်းအမေက မင်းကို ရိုက်လိမ့်မယ်လို့လည်း ပြောခဲ့သေးတယ်။ ငါက မင်းကို သနားလို့ ပိုက်ဆံချေးပေးခဲ့တာပါ။ ငါ မင်းနဲ့ သမီးရည်းစားဖြစ်ချင်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးဘူး"
သူက စာရင်းစာအုပ်ကို ဆွဲယူလိုက်သည်။ "မင်းအမေ ဆေးကုတုန်းက စပြီး ငါ အကုန်လုံးကို စာရင်းမှတ်ထားခဲ့တယ်။ မင်း ပိုက်ဆံချေးတဲ့ အကြောင်းပြချက်တွေကိုလည်း ငါ မှတ်ထားခဲ့တယ်။ တကယ်လို့ ငါသာ မင်းနဲ့ သမီးရည်းစားဖြစ်ခဲ့ရင် ဒါတွေကို ငါ ဘာလို့ မှတ်ထားရမှာလဲ"
သူ စာရင်းမှတ်ထားသည်ကို ကြားလိုက်ရသောအခါ ရွှီဝေ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် သူမက အမြန်ပင် တည်ငြိမ်သွားအောင် ထိန်းလိုက်ပြီး ပြောလိုက်သည်။ "တချို့လူတွေက သမီးရည်းစားဖြစ်နေရင်လည်း ကုန်ကျစရိတ်တွေကို တစ်ခုချင်းစီ မှတ်ထားတတ်ကြပါတယ်။ ရှင်လည်း အဲဒီလိုလူမျိုး ဖြစ်နေမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး"
ကျိန့်ကျားမင်သည် စကားအထစ်အငေါ့ မပြောတတ်သူ တစ်ယောက် မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူ အမှန်တကယ် စကားများ ဆွံ့အသွားခဲ့ရသည်။
သူသည် ရွှီဝေ၏ မတရားခံရပြီး ဝမ်းနည်းနေသည့် ပုံစံကို ကြည့်နေမိသည်။ အမြဲတမ်း ရိုးသားပြီး နူးညံ့သိမ်မွေ့ဟန် ပြတတ်သော ဤမိန်းကလေးငယ်သည် နောက်ဆုံးတွင် သူမ၏ မျက်နှာအစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်လေပြီ။ ကျိန့်ကျားမင်သည် သူစိမ်းတစ်ယောက်လို ခံစားရပြီး စိတ်ပျက်အားလျော့သွားတော့သည်။
ကျန်လူအနည်းငယ်သည် ယခုမှသာ ဘာဖြစ်နေသည်ကို အကြမ်းဖျင်း နားလည်သွားကြတော့သည်။ ကျိုးမန်ခန်းက ဖုမင်ဇယ် ကမ်းပေးသော စာရင်းစာအုပ်ကို လှမ်းယူလိုက်ပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။
စာရင်းစာအုပ်တွင် မည်သည့်အချိန်က မည်သည့်အကြောင်းပြချက်ဖြင့် မည်မျှ ချေးငှားခဲ့သည်ကို ရှင်းလင်းစွာ ရေးမှတ်ထားသည်။ ကျိုးမန်ခန်းက စိတ်ထဲမှ တွက်ချက်ကြည့်လိုက်ရာ စုစုပေါင်း ၁၂၃ ယွမ် ၆ ကျောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကျိန့်ကျားမင်၏ ပြောစကားအရ ယခင်က စာရင်းမမှတ်ထားခဲ့သည်များလည်း ရှိသေးသည်ဟု ဆိုသည်။ ကျိုးမန်ခန်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ သမီးရည်းစား ဖြစ်နေလျှင်တောင်မှ ဤမျှများပြားသော ငွေပမာဏက အနည်းငယ် လန့်စရာကောင်းနေသည်။
သူတို့ ကျေးလက်ဒေသရှိ လူများ သမီးရည်းစားထားပါက ယောကျ်ားလေးဘက်မှ ဘီစကွတ်မုန့်၊ သရေစာမုန့်များနှင့် ဆံပင်စည်း ကြိုးနီလေးတစ်ချောင်း ဝယ်ပေးခြင်းကပင် လက်ဖွာသည်ဟု ဆိုရမည်။ မြို့ပေါ်ရှိ လူများကမူ ရုပ်ရှင်ကြည့်ခြင်း၊ ထမင်းစားခြင်း စသည်တို့ကို လုပ်လေ့ရှိသည်ဟု ကြားဖူးသော်လည်း ထိုသို့ဖြစ်လျှင်တောင်မှ မင်္ဂလာမဆောင်မီ အများဆုံး ယွမ် ၁၀၊ ၂၀ ခန့်သာ သုံးစွဲလေ့ရှိကြသည်။
ကျိုးမန်ခန်းက ခေါင်းမော့ကာ ကျိုးချွန်းထောင် သားအမိကို လေးနက်စွာ တစ်ချက် ကြည့်လိုက်သည်။ မုန့်ဝယ်ကျွေးခြင်း၊ ရုပ်ရှင်လိုက်ပြခြင်းကိုမှ သမီးရည်းစားထားသည်ဟု ခေါ်ဆိုနိုင်ပြီး ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်များ ဝယ်ပေးခြင်းနှင့် မိခင်နှင့် မောင်လေးတို့ကို ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမှာ သမီးရည်းစားထားရာတွင် သုံးစွဲသင့်သော ငွေမျိုး မဟုတ်ပေ။
သူက စာရင်းစာအုပ်ကို တခြားသူများထံ ကမ်းပေးလိုက်သည်။ တင်းရှိုချန်က နှစ်ချက်ခန့် ကြည့်လိုက်ပြီး မျက်လုံးများ အရောင်လက်သွားကာ ကျိုးချင်းကော်ထံသို့ ကမ်းပေးလိုက်သည်။ ကျိုးချင်းကော်က စာရင်းစာအုပ်ကို လုယူချင်နေသော သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားရင်း အသေးစိတ် သေချာစွာ ကြည့်ရှုလိုက်ရာ သူ၏ မျက်နှာထားက သိပ်မကောင်းလှတော့ပေ။
သူတို့ ၃ ယောက်လုံး ကြည့်ပြီးနောက် စကားမပြောကြပေ။ ရှန်ဟယ်ဟွာက လှမ်းယူကြည့်လိုက်ပြီး ပြောလိုက်သည်။ "တကယ်တော့ ရှောင်ဝေပြောတာ မမှားဘူးလို့ ကျွန်မ ထင်တယ်။ သမီးရည်းစားသာ မဟုတ်ရင် ပညာတတ်လူငယ်ကျိန့်... ရှင်က ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ပိုက်ဆံတွေကို ထုတ်ပေးရက်မှာလဲ။ သမီးရည်းစား မထားချင်တော့လို့ ပိုက်ဆံတွေ ပြန်တောင်းချင်တယ်ဆိုတာ ယောကျ်ားလေးတစ်ယောက်အနေနဲ့ သိပ်မကောင်းပါဘူး။ ခေါင်းဆောင်ကြီးက ပြောခဲ့ဖူးတယ်။ အိမ်ထောင်မပြုချင်ဘဲ သမီးရည်းစားထားတာဟာ လူဆိုးလူမိုက် အလုပ်ပဲတဲ့။ ရှင်က အိမ်ထောင်မပြုချင်ဘူးဆိုတာ သေချာနေတာပဲလေ။ ဒါက လူဆိုးလူမိုက် အလုပ်လုပ်တာ မဟုတ်ဘူးလား။ လူဆိုးလူမိုက် အလုပ်လုပ်ပြီး အရင်က ပေးထားတဲ့ ပိုက်ဆံတွေကို ပြန်တောင်းချင်သေးတယ်ဆိုတော့ ပညာတတ်လူငယ်ကျိန့်... ရှင် အခုလို လုပ်တာ မမှန်ဘူးလေ"
သူမက ရိုးသားပွင့်လင်းဟန်ဖြင့် ဆက်ပြောသည်။ "ကျွန်မက အမျိုးသမီးရေးရာမှူးဆိုတော့ ကျွန်မတို့ တပ်ဖွဲ့က အမျိုးသမီးရဲဘော်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရမယ်။ ကျွန်မ အမြင်ကို ပြောရရင် ရှောင်ဝေက ရုပ်ရည်လည်း ကောင်းတယ်၊ သဘောထားလည်း ကောင်းပြီး နူးညံ့သိမ်မွေ့တယ်။ ရှင်တို့ကြားမှာ ပြဿနာကြီးကြီးမားမား မရှိရင် လက်ထပ်လိုက်ကြပါလား။ လက်ထပ်ပြီးသွားရင် ရှင့်ပိုက်ဆံ၊ သူ့ပိုက်ဆံ ဆိုတာ ရှင်တို့ မိသားစုရဲ့ ပိုက်ဆံပဲ မဟုတ်လား။ တကယ်လို့ ရှင် အိမ်ထောင်မပြုချင်ဘူးဆိုရင်တော့ ဒီပိုက်ဆံတွေကို အမျိုးသမီးရဲဘော်အတွက် လျော်ကြေးပေးလိုက်တယ်လို့ သဘောထားလိုက်ပါ။ မဟုတ်ရင် သူတို့က ရှင့်ကို လူဆိုးလူမိုက်အလုပ် လုပ်ပါတယ်ဆိုပြီး တိုင်တောလိုက်ရင် ရှင်လည်း အဆင်ပြေမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"
ကျိန့်ကျားမင်က ခေါင်းခါလိုက်သည်။ "သမီးရည်းစား မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို မကြိုက်ဘူး။ သူ့ကို လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ရှန်ဟယ်ဟွာက ပြုံးလိုက်သည်။ "အိမ်ထောင်မပြုချင်တာ သေချာနေတာပဲ။ ဒါဆိုလည်း ပိုက်ဆံကိစ္စကို ထားလိုက်ပါတော့။ သူတို့ မိဘမဲ့ သားအမိတွေက နေထိုင်ရတာ တကယ်ပဲ ခက်ခဲပါတယ်။ သူတို့ကို ကူညီလိုက်တယ်လို့ သဘောထားလိုက်ပါ။ သူတစ်ပါးကို ကူညီရတာ ပျော်စရာပဲလေ။ အဲဒီလို လုပ်လိုက်ရင် မကောင်းဘူးလား"
ကျိုးချင်းကော်က မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။ "ဒေါ်ဒေါ်ဟယ်ဟွာ... ဒေါ်ဒေါ် အဲဒီလိုပြောတာကို ကျွန်တော် သဘောမတူဘူး။ သမီးရည်းစားကိစ္စက သမီးရည်းစားကိစ္စ၊ ပိုက်ဆံကိစ္စက ပိုက်ဆံကိစ္စပဲ။ သူတို့ သမီးရည်းစားဖြစ်ပြီး ရှောင်ဝေ အနိုင်ကျင့်ခံရတယ်ဆိုရင် ကျွန်တော်က ဦးလေးတစ်ယောက်အနေနဲ့ သေချာပေါက် တရားမျှတမှု ရှာပေးမှာပါ။ ဒါပေမဲ့ သမီးရည်းစား ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူများဆီက ယွမ် တစ်ရာကျော် ယူထားတာကတော့ သေချာပေါက် မသင့်တော်ပါဘူး"
သူက ကျိုးချွန်းထောင်ကို ကြည့်လိုက်သည်။ "အစ်မ... ပိုက်ဆံတွေ စုထားသေးတယ် မဟုတ်လား။ ပညာတတ်လူငယ်ကျိန့်ကို ပြန်ပေးလိုက်ပါ"
ကိုယ့်မိသားစုဝင်က ကိုယ့်ဘက်ကနေ ကူမပြောပေးသည့်အပြင် သူမကိုပါ ငွေပြန်ထုတ်ပေးရန် ပြောနေသဖြင့် ကျိုးချွန်းထောင်သည် အမြဲတမ်း ဖြောင့်မတ်ဟန်ဆောင်တတ်သော ဤမောင်ဖြစ်သူကို အံကြိတ်ကာ မုန်းတီးသွားပြီး အရှက်မဲ့စွာ ငြင်းဆန်လိုက်သည်။ "မရှိတော့ဘူး။ နေမကောင်းလို့ ဆေးသောက်ရတာနဲ့ အကုန်ကုန်သွားပြီ"
သူမက ကျိုးချင်းကော်ကို ကြည့်ကာ ရှိုက်ငိုရင်း မေးခွန်းထုတ်လိုက်သည်။ "နင်က ဦးလေးဖြစ်ပြီး တူမလေးကို မကူညီတာကို ထားလိုက်တော့။ အပြင်လူကိုပါ ကူညီပေးနေတာလား။ ဒီနေ့ ရှောင်ဝေ အနိုင်ကျင့်ခံရတာ။ တကယ်လို့ ချုံးချုံးလေး အနိုင်ကျင့်ခံရတယ်ဆိုရင်ကော နင်က ဒီလိုပုံစံပဲ လုပ်မှာလား"
ချုံးချုံးလေးက ခေါင်းမော့ကာ နားမလည်နိုင်စွာဖြင့် "အာ..." ဟု အသံပြုလိုက်သည်။
ကျိုးချင်းကော်သည် မိမိ၏ ချစ်စရာကောင်းသော သမီးငယ်လေးကို ကြည့်ကာ ရုတ်တရက် စကားမပြောနိုင် ဖြစ်သွားရသည်။
တကယ်လို့ ချုံးချုံးလေးသာ အနိုင်ကျင့်ခံရမယ်ဆိုရင် ငါက အခြေအနေ မကြည့်ဘဲ တစ်ဖက်လူကို အရင်ဆုံး ထိုးကြိတ်မိမှာ သေချာတယ်။
အသိဉာဏ်အရဆိုလျှင် ယနေ့ကိစ္စတွင် ကျိုးချွန်းထောင် သားအမိနှစ်ယောက် ပြောစကားများမှာ ခိုင်လုံမှုမရှိကြောင်း ကျိုးချင်းကော် သိထားသည်။ သို့သော် ခံစားချက်အရဆိုလျှင် တူမဖြစ်သူမှာ အမြဲတမ်း လိမ္မာရေးခြားရှိပြီး ထိုသားအမိနှစ်ယောက်မှာ ကံတရား၏ ဖေးမမှု မရရှိဘဲ ဘဝက ခက်ခဲကြမ်းတမ်းနေပြီဖြစ်ရာ ကျိုးချင်းကော်သည် သူတို့ကို အမှန်တကယ် မသင်္ကာစိတ် မထားချင်ပေ။
ထို့အပြင် သမီးရည်းစား ဖြစ်မဖြစ်ဆိုသည့် ကိစ္စကို ဘယ်သူက ရှင်းရှင်းလင်းလင်း ပြောနိုင်မည်နည်း။
ရုံးခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားပြီး ရွှီဝေ၏ တိုးညင်းသော ရှိုက်ငိုသံလေးများသာ ရံဖန်ရံခါ ထွက်ပေါ်နေသည်။
ဖုမင်ဇယ်က တံခါးအပြင်ဘက်ရှိ ခြံဝင်းကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ "သမီးရည်းစား ဖြစ်ခဲ့သလား၊ ပိုက်ဆံချေးခဲ့သလား ဆိုတာကို ခင်ဗျားတို့က တစ်ယောက်တစ်ပေါက်နဲ့ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် ပြောနေကြတယ်ဆိုမှတော့ တတိယလူတစ်ယောက်ကို ပြောခိုင်းလိုက်တာက ပိုမကောင်းဘူးလား"
ကျိုးချွန်းထောင်က လှောင်ရယ် ရယ်လိုက်သည်။ "သမီးရည်းစား ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာ သူတို့ကိုယ်တိုင် မသိဘဲ တခြားလူက ပိုသိနေမယ်လို့ ရှင်က ပြောချင်တာလား"
ဖုမင်ဇယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "မဖြစ်နိုင်ဘူးလို့ မပြောနဲ့လေ။ ဘေးလူက ပိုမြင်ရတယ်တဲ့။ တခြားတစ်ယောက်ယောက်က ပိုသိနေနိုင်တယ် မဟုတ်လား"
...