← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အပိုင်း (၈၅)

ရှန်မော့အာသည် ယခင်က ယန်လျိုတပ်ဖွဲ့တွင် စွန်းယောက်ဇူကို တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ ထိုနေ့က ဘေးတိုက်မြင်ကွင်းကို မြင်လိုက်ရပြီး ရင်းနှီးနေသည်ဟုသာ ခံစားခဲ့ရကာ ထိုသူနှင့် စွန်းယောက်ဇူကို ချက်ချင်း ဆက်စပ်မတွေးမိခဲ့ပေ။ ယခု သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ ထိုသူ၏ ဘေးတိုက်မျက်နှာနှင့် ခန္ဓာကိုယ်အချိုးအစားသည် စွန်းယောက်ဇူနှင့် ၈ ပုံ ၉ ပုံခန့် တူညီနေသည်။

ထို့အပြင် အကယ်၍ စွန်းယောက်ဇူသာဆိုလျှင် ကျိုးဖျင်အန်းက သူ့နာမည်ကို မပြောလိုခြင်းမှာလည်း မထူးဆန်းတော့ပေ။ မည်သို့ပင်ဆိုစေ ဤခေတ်ကာလတွင် ဘယ်သူမှ တော်လှန်ရေးကော်မတီနှင့် မပတ်သက်ချင်ကြပေ။

ဖေးလင်က စွန်းယောက်ဇူနှင့် မည်သို့ ပတ်သက်သွားသည်ကို မသိရခြင်းသာ။

ညစာစားချိန်တွင် ရှန်မော့အာက ဤကိစ္စကို ရှန်ရှောက်ယွမ်နှင့် ဖုမင်ဇယ်တို့ကို ပြောပြလိုက်သည်။

ရှန်ရှောက်ယွမ်က မျက်မှောင်ကြုတ်ကာ ကိစ္စတစ်ခုကို ပြောပြလာသည်။ "ချည်မျှင်နှင့်အထည်စက်ရုံက ကျွမ်းကျင်လုပ်သားကြီးတစ်ယောက်ရဲ့ အိမ်ကို နေ့လယ်က တော်လှန်ရေးကော်မတီက ဝင်ရောက်ရှာဖွေ သိမ်းဆည်းသွားတယ်။ အရင်က ခရိုင်မှာ နာမည်ကြီးတဲ့ အရင်းရှင် ချောင်မိသားစုနဲ့ ပတ်သက်နေတယ်လို့ ကြားရတယ်"

"သူတို့မိသားစုက ချောင်မိသားစုရဲ့ အမျိုးဝေး ဆွေမျိုးတွေလေ။ အရင်က ချောင်မိသားစုရဲ့ ဆိုင်မှာ အလုပ်သမားလုပ်ခဲ့ဖူးတော့ ဖိနှိပ်ခေါင်းပုံဖြတ်ခံရတဲ့ အလုပ်သမားလူတန်းစားလို့ သတ်မှတ်လို့ရတယ်။ အဲဒါကြောင့် လူတန်းစားခွဲခြားသတ်မှတ်ချိန်မှာ သူတို့ကို မြေရှင်၊ သူဌေး၊ လူဆိုး စာရင်းထဲ မထည့်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူတို့အိမ်မှာ ချောင်မိသားစု ချန်ထားခဲ့တဲ့ ပစ္စည်းအများကြီးကို ဖွက်ထားတယ်၊ ချောင်မိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုပြီး တစ်ယောက်ယောက်က တိုင်တောလိုက်တာပဲ"

ရှန်ရှောက်ယွမ်သည် ပြောရင်းဖြင့် ရှန်မော့အာနှင့် အကြည့်ချင်း ဆုံလိုက်ကြသည်။ သားအဖနှစ်ဦးစလုံး အနည်းငယ် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ယခင်က သူတို့မိသားစု ဆင်းရဲမွဲတေမှုကို လူတိုင်းသိရှိထားခြင်းက ပြဿနာများစွာကို ရှောင်လွှဲနိုင်ခဲ့သည်။

တကယ်တမ်းတွင် ရှန်ရှောက်ယွမ် ပန်းချီဆွဲတတ်ခြင်းနှင့် ရှန်မော့အာ ပန်းထိုးတတ်ခြင်း ကိစ္စများမှာ သေချာပေါက် စဉ်းစားစရာပင်။ ရည်ရွယ်ချက်ရှိသူ တစ်စုံတစ်ယောက်ကသာ အပြစ်ရှာလိုပါက ပြောစရာအကြောင်းပြချက်များ ထုတ်ဖော်လာနိုင်ပေသည်။

သို့သော် ကံကောင်းသည်မှာ ရှန်မိသားစုသည် မျိုးဆက် ၃ ဆက်တိုင်တိုင် ဆင်းရဲသော လယ်သမားများ ဖြစ်ခဲ့ကြသည်။ မူလပိုင်ရှင်၏ မိခင်မှာလည်း စောစီးစွာ ကွယ်လွန်သွားခဲ့သည်။ မူလပိုင်ရှင်၏ မိခင် ဇာတိနောက်ခံမှာ သိပ်မကောင်းလှကြောင်း လူတိုင်း ခန့်မှန်းမိနိုင်သော်လည်း ဘေးလွတ်ရာ ထွက်ပြေးလာသော၊ ဇာစ်မြစ်မသေချာသော အမျိုးသမီးတစ်ဦးဖြစ်သည်တွင် စုံစမ်းလိုသူရှိလျှင်ပင် ဘာမှစုံစမ်းနိုင်မည် မဟုတ်ပေ။

သူတို့သည် ရောက်လာခါစကတည်းက အမြဲတမ်း သတိထားနေခဲ့ပြီး ချမ်းသာကြွယ်ဝမှုကို မပြသခဲ့ခြင်းကလည်း ကံကောင်းခဲ့သည်။

ရှန်မော့အာသည် ဖုမင်ဇယ်ကို တစ်ချက်အကြည့်တွင် ဖုမင်ဇယ်မှာ မျက်လွှာချကာ အတွေးလွန်နေသည်ကို တွေ့လိုက်ရသည်။ သူမက ဖုမင်ဇယ်၏ ပန်းကန်ထဲသို့ ဟင်းတစ်ဖတ် ထည့်ပေးလိုက်ရင်း မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

ဖုမင်ဇယ် သတိဝင်လာပြီး ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ "မင်း စွန်းယောက်ဇူနဲ့ တွေ့တုန်းက အရေးကြီးကိစ္စ ရှိတယ်လို့ သူပြောတာ ဒီကိစ္စ ဖြစ်နိုင်တယ်။ ဒီကိစ္စက မင်းတို့ကျောင်းက ဆရာဖေးနဲ့ ပတ်သက်မှု ရှိမရှိ ဆိုတာတော့ မသိရသေးဘူး"

နောက်တစ်နေ့ ရှန်မော့အာ ကျောင်းသို့ ရောက်ရှိချိန်တွင် ရုံးခန်းထဲရှိ တခြားဆရာတချို့သည် ချည်မျှင်နှင့်အထည်စက်ရုံမှ ကျွမ်းကျင်လုပ်သားကြီး၏ ကိစ္စကို ပြောဆိုနေကြသည်။ တစ်ညတာ အချိန်ကုန်လွန်သွားပြီးနောက် ပျံ့နှံ့လာသော သတင်းများ ပိုမိုများပြားလာခဲ့သည်။ တော်လှန်ရေးကော်မတီသည် သူ့အိမ်တွင် ပစ္စည်းတချို့ကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့ပြီး ယခုအခါ ထိုမိသားစု တစ်စုလုံး အဖမ်းခံထားရကြောင်း ကြားသိရသည်။

"သူတို့မိသားစုက ချောင်မိသားစုနဲ့ ဆွေမျိုးတော်စပ်နေလိမ့်မယ်လို့ မထင်ထားဘူး။ အရင်ကတော့ မကြားဖူးပါဘူး"

"ချောင်မိသားစုက အရင်တုန်းက လူတော်တော်များများကို သေစေခဲ့တာ။ နှစ်တိုင်း ကျောင်းသားတွေကို သင်္ချိုင်းမှာ ဂါရဝပြုဖို့ ငါတို့ ခေါ်သွားတဲ့ အာဇာနည်ကုန်းထဲမှာ ချောင်မိသားစုကြောင့် သေဆုံးခဲ့ရသူ တော်တော်များများ ရှိတယ်။ ချောင်မိသားစုနဲ့ ပတ်သက်နေတယ်ဆိုရင်တော့ တကယ်ကို သေသင့်တာပေါ့"

"သူတို့မိသားစုက ချောင်မိသားစုရဲ့ သားအငယ်ဆုံး ဇနီးနဲ့ နည်းနည်း ပတ်သက်တယ်လို့ ကျွန်မ ကြားထားတယ်။ ချောင်မိသားစုမှာ ဆိုးသွမ်းတာက အရှေ့က သားနှစ်ယောက်လေ။ အဲဒီ သားအငယ်ဆုံးက စာဂျပိုးလို့ ပြောကြတယ်။ တစ်နေ့လုံး ကျောင်းမှာပဲ နေတာတဲ့"

"အဲဒါလည်း အရင်းရှင်ရဲ့ မျိုးဆက်ပဲလေ။ သူတို့ကို မြေကြီးပေါ် လဲကျသွားအောင် ရိုက်ချပြီး ခြေထောက်တစ်သောင်းလောက်နဲ့ နင်းပစ်သင့်တာ"

……

ရှန်မော့အာ ရေငှဲ့နေစဉ် ဖေးလင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် ဆွေးနွေးမှုတွင် ပါဝင်ခြင်း မရှိသော်လည်း ထူးခြားသော အမူအရာလည်း မရှိဘဲ မိမိဘာသာ သင်ခန်းစာမှတ်စုများကိုသာ ရေးနေလေသည်။

ထိုစဉ် ခုန်းမေကျွမ်းက ရုတ်တရက် ပုံဆွဲစက္ကူတစ်ရွက်ကို ယူလာပြီး မေးလိုက်သည်။ "ဆရာမရှန်၊ ဒါက ရှင့်ဟာ မဟုတ်လား"

ရှန်မော့အာက လှမ်းယူကြည့်လိုက်ပြီး အနည်းငယ် ထူးဆန်းစွာဖြင့် ပြောလိုက်သည်။ "ကျွန်မဟာပါ။ ဒါက အရင်က ကျွန်မ ပန်းထိုးပုံစံ ဆွဲထားတဲ့ အကြမ်းထည်ပါ။ နေရာနှစ်ခုလောက် မှားနေလို့ စက္ကူစုတ်ပုံထဲ ပစ်လိုက်တာ။ ဘယ်လိုလုပ်ပြီး ရှင် ပြန်ရှာတွေ့သွားတာလဲ"

ခုန်းမေကျွမ်းကလည်း အံ့သြသွားသည်။ "အာ... အကြမ်းထည်လား။ ဒီလောက် လှအောင် ဆွဲထားတာကို မှားနေတာတဲ့လား။ ဒါပေမဲ့ ကျွန်မက ကြမ်းပြင်ပေါ်ကနေ ကောက်ရတာပါ။ ရုံးစားပွဲ ကြားထဲမှာ ညပ်နေတာ"

သူမက သူမ၏ ရုံးစားပွဲရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ရှန်မော့အာ ခေါင်းလှည့်ကြည့်လိုက်ရာ ဖေးလင် လှမ်းကြည့်နေသည့် အကြည့်နှင့် ကွက်တိဆုံသွားသည်။ ဖေးလင် အနည်းငယ် ကြောင်အသွားပြီးနောက် ချက်ချင်းပင် သူမကို ပြုံးပြလိုက်ကာ ခေါင်းငုံ့ပြီး စာဆက်ရေးနေလေသည်။

ရှန်မော့အာတွင် ပထမအချိန် အတန်းမရှိပေ။ တခြားဆရာများအားလုံး စာသင်ခန်းသို့ သွားကြပြီးနောက် သူမသည် ရုံးခန်းထောင့်ရှိ စက္ကူစုတ်များ ထားရာနေရာသို့ သွားရောက်ရှာဖွေကြည့်လိုက်ပြီး ယခင်က သူမ ပစ်ထားခဲ့သော အကြမ်းထည်များအားလုံး ပျောက်ဆုံးနေကြောင်း တွေ့ရှိရလေသည်။

ရုံးခန်းထဲတွင် အားလုံးအသုံးပြုပြီးသော စက္ကူများကို လွှင့်ပစ်လေ့မရှိဘဲ ဤနေရာတွင် စုပုံထားကာ ပမာဏတစ်ခုအထိ ရောက်ရှိသွားပါက အဟောင်းဝယ်သည့်နေရာသို့ ပို့ဆောင်လေ့ရှိသည်။

ပုံမှန်အားဖြင့် ၆ လလျှင် တစ်ကြိမ်သာ ပို့လေ့ရှိပြီး ယခုနှစ်ဆန်းပိုင်းမှစ၍ တစ်ခါမှ မပို့ရသေးသဖြင့် ဤနေရာတွင် စက္ကူများ အပုံလိုက်ကြီး ရှိနေသည်။

သို့သော် ပုံဆွဲစက္ကူသည် တခြားစက္ကူများနှင့် သိပ်မတူသဖြင့် ခွဲခြားသိမြင်ရန် အလွန်လွယ်ကူလှသည်။

သူမ မှားယွင်းစွာ ဆွဲထားသော အကြမ်းထည်များကို တခြားသူများက ယူပြီး ဘာလုပ်မည်ကို ရှန်မော့အာ နားမလည်နိုင်အောင် ဖြစ်နေသည်။ ထို့အပြင် ခုန်းမေကျွမ်း ပုံဆွဲစက္ကူကို ကောက်ရသည့် နေရာသည် ဖေးလင်၏ နေရာနှင့် အလွန်နီးကပ်နေသဖြင့် ထိုသူမှာ ဖေးလင် ဖြစ်နိုင်မလားဟု သူမ သံသယဝင်မိလေသည်။

သို့သော် ဤကိစ္စကို စုံစမ်းရန် သိပ်မလွယ်ကူပေ။ မည်သို့ပင်ဆိုစေ စက္ကူစုတ်များကို ထိုနေရာတွင် စုပုံထားခြင်းမှာ အားလုံး အလွယ်တကူ ယူငင်အသုံးပြုနိုင်ရန် ဖြစ်သည်။ တစ်ခါတစ်ရံ လူတချို့က နံရံနှင့် ပြတင်းပေါက်များကို ကပ်ရန် ယူသွားတတ်ကြပြီး မီးမွှေးရန်ပင် အိမ်သို့ အနည်းငယ် ယူသွားတတ်ကြသည်။ အများကြီး မယူသရွေ့ ဘယ်သူမှ ဘာမှပြောမည် မဟုတ်ပေ။

ရှန်မော့အာ ချက်ချင်း အဖြေမရှာနိုင်သဖြင့် ဤကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်၏။ သူမ တပ်ဖွဲ့အလယ်တန်းကျောင်းမှ ထွက်ခွာသွားချိန်အထိ ဤကိစ္စအတွက် အဖြေတစ်ခု ရရှိနိုင်မည်မဟုတ်ဟု သူမ စိတ်ထဲတွင် ထင်မှတ်ထားခဲ့သော်လည်း ရက်ပိုင်းလေးအတွင်းမှာပင် အခြေအနေများ ရှင်းလင်းပေါ်လွင်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ဦးစွာ စနေနေ့ညတွင် ရှန်ရှောက်ယွမ် အချိန်ပိုဆင်းပြီး ပြန်လာသောအခါ တပ်ဖွဲ့ရဲစခန်းမှ ရဲအင်အားအပြည့်ဖြင့် လူတစ်ယောက်ကို ဖမ်းဆီးသွားကြောင်း ပြောပြသည်။ လမ်းမပေါ်တွင် ဆူညံပွက်လောရိုက်သွားပြီး တပ်ဖွဲ့တော်လှန်ရေးကော်မတီမှ လူတချို့လည်း ပါဝင်ပတ်သက်နေပုံရသည်။

နောက်တစ်နေ့ ရှန်မော့အာ နိုးလာချိန်တွင် တနင်္ဂနွေနေ့ ဖြစ်နေသည်။ အိမ်ရာဝင်းအတွင်းရှိ အိမ်ထောင်စုတိုင်း အိမ်တွင် ရှိနေကြပြီး သတင်းများက ပွက်လောရိုက်အောင် ပျံ့နှံ့နေလေပြီ။

လျိုကွေ့ကျစ်က ကျိုးဖျင်အန်းကို ခေါ်ကာ အိမ်သို့ ရောက်လာချိန်တွင်မှ ရှန်မော့အာအား အကျိုးအကြောင်း အသေးစိတ်ကို ပြောပြခဲ့သည်။

ရဲစခန်းသို့ အမည်မဖော်လိုသူ တစ်ဦးက တိုင်ကြားစာ ပို့ခဲ့သည်ဟု ကြားရသည်။ တော်လှန်ရေးကော်မတီ ဒုညွှန်ကြားရေးမှူး စွန်းယောက်ဇူသည် သိမ်းဆည်းလာသော ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကို တိတ်တဆိတ် ဖွက်ထားပြီး တောင်ဘက်သို့ ခိုးရောင်းရန် ပြင်ဆင်နေကြောင်း ပါရှိသည်။ တိုင်ကြားသူသည် နှစ်ဖက် အရောင်းအဝယ် ပြုလုပ်မည့် အချိန်နှင့် နေရာကိုပင် တိုင်ကြားစာထဲတွင် ရှင်းလင်းပြတ်သားစွာ ရေးသားထားလေသည်။

ထို့နောက် ရဲစခန်းမှ လူများက စွန်းယောက်ဇူကို ဖမ်းဆီးရန် နေရာယူနေချိန်တွင် တော်လှန်ရေးကော်မတီ၏ နောက်ထပ်ဒုညွှန်ကြားရေးမှူးဖြစ်သော ဝူချုံးသည်လည်း တစ်ထေရာတည်းတူညီသော တိုင်ကြားစာတစ်စောင်ကို ရရှိခဲ့သည်။ ဝူချုံးသည် စွန်းယောက်ဇူနှင့် အပြင်ပန်းတွင် အဆင်ပြေသယောင်ရှိသော်လည်း စိတ်ထဲတွင် အမြဲတမ်း မသင့်မြတ်သူ ဖြစ်သည်။ သို့သော် တော်လှန်ရေးကော်မတီ အတွင်းရေးကိစ္စများ ဖြစ်နေသဖြင့် မည်သို့ ကိုင်တွယ်ရမည်ကို ဝူချုံး ချက်ချင်း မဆုံးဖြတ်နိုင်ဘဲ မိမိ၏ ယုံကြည်ရသူ တချို့ကို ခေါ်ဆောင်ကာ အခင်းဖြစ်ပွားရာ နေရာသို့ အပြေးအလွှား သွားရောက်ခဲ့သည်။

သူတို့ ရောက်ရှိသွားချိန်တွင် ရဲစခန်းမှ လူများသည် အရောင်းအဝယ် ပြုလုပ်နေသူ နှစ်ဦးစလုံးကို သက်သေခံပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိနေပြီ ဖြစ်သည်။ ဝူချုံးသည် ထိုအခြေအနေကို မြင်သည်နှင့် မိမိကိုယ်တိုင်လည်း တိုင်ကြားစာရရှိသဖြင့် လာဖမ်းခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အဖွဲ့နှစ်ဖွဲ့သည် သံသယရှိသူ နှစ်ဦးအား မည်သူက ဖမ်းဆီးထိန်းသိမ်းခွင့်ရှိသည်နှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားရာ နေရာတွင် အတန်ကြာ အခြေအတင် ဖြစ်ခဲ့ကြသည်။ နောက်ဆုံးတွင် ဝူချုံးက အလျှော့ပေးလိုက်လေသည်။

ထိုရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကို ဝယ်ယူသူသည် တောင်ဘက်မှ ရန်သူ့သူလျှိုများနှင့် ပတ်သက်မှုရှိသည်ဟု သံသယရှိခြင်းကြောင့်ဟု ကြားသိရသည်။ ရန်သူ့သူလျှို ပြဿနာနှင့် ပတ်သက်နေသဖြင့် တော်လှန်ရေးကော်မတီက ကိုင်တွယ်ခြင်းထက် ရဲစခန်းက ကိုင်တွယ်ခြင်းက ပိုမို တရားဝင်ပြီး သင့်လျော်ပေမည်။

သို့သော် ဝူချုံးသည် အခြေအနေကို အခွင့်ကောင်းယူကာ စွန်းယောက်ဇူကို ရဲစခန်းသို့ တမင်သက်သက် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပြီး စွန်းယောက်ဇူကို ပြန်လည် နာလန်မထူနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း လူတချို့က ထင်မြင်ကြသည်။ မည်သို့ပင်ဆိုစေ စွန်းယောက်ဇူသည် အခွင့်အရေးရှာရာတွင် အတော်လေး ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် ခရိုင်တော်လှန်ရေးကော်မတီနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်သည်။ ယခု တပ်ဖွဲ့တော်လှန်ရေးကော်မတီ ဥက္ကဋ္ဌမှာ အကြံအစည် ကြီးမားပြီး နောက်ခံတောင့်တင်းသူ မဟုတ်ပါက စွန်းယောက်ဇူ၏ နေရာလုခြင်းကို စောစောကတည်းက ခံရလောက်ပြီ ဖြစ်သည်။

အကယ်၍ စွန်းယောက်ဇူသာ တော်လှန်ရေးကော်မတီ၏ လက်ထဲတွင် ရှိနေသေးပါက အလွတ်ရုန်းထွက်နိုင်ရန် နည်းလမ်းတစ်ခုတော့ ရှာတွေ့လောက်သည်။

သို့သော် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ လက်ထဲသို့ ရောက်သွားခြင်းကတော့ မတူညီတော့ပေ။ ပြည်သူ့လုံခြုံရေးစနစ်သည် သည်နှစ်များအတွင်း တော်လှန်ရေးကော်မတီ၏ တိုက်ခိုက်မှုကြောင့် လူအများအပြား ဆုံးရှုံးခဲ့ရသည်။ နှစ်ဖက်ကြားတွင် ရန်ငြိုးဟောင်းများ ရှိနေကြရာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဘက်မှ စွန်းယောက်ဇူအပေါ် ညှာတာပေးမည် မဟုတ်ပေ။

ရန်သူ့သူလျှို ပြဿနာနှင့် ပတ်သက်လာပါက နိုင်ငံတော်သစ္စာဖောက်နှင့် အတူတူပင်။ ဤသည်မှာ လူတိုင်းက ရိုက်နှက်လိုသော ကိစ္စဖြစ်ပြီး စွန်းယောက်ဇူအတွက် ပြန်လည် ခေါင်းထောင်ထလာရန် အလွန်ခက်ခဲသွားလိမ့်မည်။

လျိုကွေ့ကျစ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ပေါ်လွင်နေသည်။ "စွန်းယောက်ဇူနဲ့ အရောင်းအဝယ် လုပ်တဲ့ ရန်သူ့သူလျှိုက ဘယ်သူလဲဆိုတာ နင် လုံးဝ ခန့်မှန်းမိမှာ မဟုတ်ဘူး။ ငါ ပြောပြမယ်။ အဲဒါ နင် သိတဲ့သူပဲ"

ရှန်မော့အာသည် ဘေးတွင် နှုတ်ဆိတ်ရပ်နေသော ကျိုးဖျင်အန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ စိတ်ထဲတွင်တော့ တွေးလိုက်၏။ စွန်းယောက်ဇူနဲ့ အရောင်းအဝယ် လုပ်တဲ့ ရန်သူ့သူလျှိုက ဖေးလင်ဆိုတာ ကျွန်မ သိရုံတင် မကဘူး၊ အမည်မဖော်ဘဲ တိုင်ကြားစာ ရေးလိုက်တာလည်း အများအားဖြင့် အစ်မရဲ့ သားလိမ္မာလေး ကျိုးဖျင်အန်းပဲ ဆိုတာလည်း သိထားသေးတယ်

ဒီကောင်လေး တော်တော် ရဲတာပဲ။

ရှန်မော့အာသည် ယခုရက်ပိုင်းအတွင်း အလွန်အလုပ်များနေသဖြင့် ကျိုးဖျင်အန်းကို အချိန်တိုင်း စောင့်ကြည့်မနေနိုင်ခဲ့ပေ။ သို့သော် ပုံမှန်အားဖြင့် ကျောင်းတွင်တော့ သူမ အနည်းငယ် သတိထားကြည့်လေ့ရှိသည်။ မကြာသေးမီက ကျိုးဖျင်အန်းထံတွင် ထူးခြားချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ ထို့အပြင် ဤကလေး တစ်ကိုယ်လုံး စိုရွှဲပြီး ပြန်လာသည်ဟု လျိုကွေ့ကျစ် ထပ်ပြောသည်ကိုလည်း သူမ မကြားရတော့ပေ။ ကြည့်ရသည်မှာ ပြီးခဲ့သည့်အကြိမ်က သူမ မိသွားပြီးနောက် ဤကလေး ပိုမို သတိထားသွားပုံရသည်။

ရှန်မော့အာက ပြုံးလိုက်သည်။ "ဒါဆို ကျွန်မ ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ။ ကျွန်မတို့ အိမ်ရာဝင်းထဲက လူလား။ ကျွန်မတို့ ဘေးနားမှာ ရန်သူ့သူလျှို ရှိနေတာလား"

လျိုကွေ့ကျစ်က ချဲ့ကားကာ ပြောလိုက်၏။ "နင် သေချာပေါက် ခန့်မှန်းမိမှာ မဟုတ်ဘူးလို့ ငါ ပြောသားပဲ။ ဖေးလင်လေ။ နင်တို့ တပ်ဖွဲ့အလယ်တန်းကျောင်းက ဆရာဖေးပဲ။ အမလေး... ကြောက်စရာ မကောင်းဘူးလား နင် စဉ်းစားကြည့်။ ကျောင်းဆရာက ရန်သူ့သူလျှို ဖြစ်နေတာတဲ့"

ရှန်မော့အာက အံ့သြသွားသည့် အမူအရာဖြင့် အလိုက်သင့် တုံ့ပြန်လိုက်သည်။ "ဘာ... ဆရာဖေး ဟုတ်လား။ မဖြစ်နိုင်ပါဘူး"

ကျိုးဖျင်အန်းသည် ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။

လျိုကွေ့ကျစ်က သူမ စုံစမ်းသိရှိလာသော သတင်းများကို ရှန်မော့အာအား မျှဝေလိုက်သည်။ "ဟုတ်ပါ့။ သူနဲ့ စွန်းယောက်ဇူတို့ မိသားစုက အိမ်နီးချင်းတွေတဲ့။ စွန်းယောက်ဇူရဲ့ အဒေါ်အငယ်ဆုံးနဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့တာ။ နောက်ပိုင်း အိမ်က ဆင်းရဲတော့ အပြင်ထွက်ပြီး ပညာသင်ယူခဲ့တယ်။ ဇာတ်သဘင်အဖွဲ့ကြီးတစ်ခုမှာ လူတွေကို တယောထိုးပေးရင်း အဲဒီ ဇာတ်သဘင်အဖွဲ့ထဲမှာ ရန်သူ့သူလျှိုတွေနဲ့ အဆက်အသွယ် ရသွားတာတဲ့။ လွတ်မြောက်ရေးရပြီးတဲ့နောက် သူက ဘယ်လိုဖြစ်ပြီး ဆရာဖြစ်လာမှန်းမသိဘူး။ ပြီးတော့ ဘယ်လိုဖြစ်ပြီး စွန်းယောက်ဇူနဲ့ အဆက်အသွယ် ပြန်ရသွားမှန်းလည်း မသိဘူး။ သူတို့နှစ်ယောက် ပူးပေါင်းပြီး စွန်းယောက်ဇူက သူ့အတွက် ပစ္စည်းတွေ၊ သတင်းအချက်အလက်တွေ ရှာပေးတယ်။ သူက ပစ္စည်းတွေကို အပြင်ကို ထုတ်ရောင်းပြီး ပိုက်ဆံရှာပေးတာတဲ့"

သူမက မယုံကြည်နိုင်သည့်အပြင် အနည်းငယ် အားကျနေသည့် လေသံဖြင့် ပြောလိုက်သည်။ "ဒီမနက် ရဲစခန်းက လူတွေက စွန်းယောက်ဇူရဲ့ အိမ်အတော်များများကို ဝင်ရောက်ရှာဖွေခဲ့ကြတယ်။ ရွှေချောင်း တွေ အပြည့်ပါတဲ့ သေတ္တာတစ်လုံးကို ရှာတွေ့ခဲ့တယ်တဲ့။ အမလေး... စဉ်းစားကြည့်ပါဦး။ ဒါက ပိုက်ဆံဘယ်လောက်တောင် ဖြစ်မလဲ။ ငါတို့လို နေရာသေးသေးလေးမှာတောင် သူတို့က ဒီလောက် ပိုက်ဆံအများကြီး ရအောင် လုပ်နိုင်ကြတာပဲ"

ရှန်မော့အာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ရွှေချောင်း ဆိုသည်မှာ ဘာလဲဆိုတာ သူမ သိသည်။ သို့သော် သူမ၏ ရတနာတိုက်ခန်းထဲတွင် တစ်သေတ္တာ၊ နှစ်သေတ္တာမက ရှိနေသဖြင့် ရွှေချောင်း တစ်သေတ္တာဆိုသည်မှာ အထူးအဆန်းမဟုတ်ဟု ခံစားရသည်။ ဘယ်လောက်ပဲ များများ ရတနာတိုက်ခန်းထဲမှာ ဖုန်တက်ခံပြီး ဖွက်ထားရုံပဲ မဟုတ်လား။ အပြင်ထုတ်ပြီး ပိုက်ဆံနဲ့ လဲလို့ရမှာတဲ့လား။

သူတို့နှစ်ဦး အရောင်းအဝယ် ပြုလုပ်ခဲ့သော ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကိုတော့ သူမ အနည်းငယ် စိတ်ဝင်စားမိသည်။ ဤကမ္ဘာလောက၏ "ရှေးဟောင်း" ပစ္စည်းများကို သူမ မမြင်ဖူးသေးပေ။ သူတို့၏ သာ့လျန်မင်းဆက်နှင့် ကွာခြားချက် ရှိမရှိ ဆိုသည်ကိုလည်း သူမ မသိပေ။

ရှန်ရှောက်ယွမ်သည်လည်း ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကို ပိုမို စိတ်ဝင်စားနေပုံရပြီး မေးလိုက်သည်။ "ခေတ်ဟောင်းအကြွင်းအကျန် ၄ ခုကို ဖျက်ဆီးပစ်ရမယ်ဆိုပြီး ဒီပစ္စည်းတွေကို အကုန် ဖျက်ဆီးပစ်ရမယ်လို့ ပြောကြတာ မဟုတ်ဘူးလား။ ဒီပစ္စည်းတွေက ပိုက်ဆံနဲ့ လဲလို့ရသေးတာလား"

ဤသည်မှာ "ပြင်ပမှ ရောက်ရှိလာသူ" များ၏ အားနည်းချက်ပင်။ ဤကမ္ဘာလောက၏ စည်းမျဉ်းများကို သိရှိထားသော်လည်း စည်းမျဉ်းများနှင့် လက်တွေ့အခြေအနေများမှာ မကြာခဏဆိုသလို ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်ဟု အမြဲတမ်း ခံစားရလေသည်။

ဤကိစ္စကိုတော့ လျိုကွေ့ကျစ် မသိပေ။ သူမက ထိုရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကို မည်သို့ ဂရုစိုက်မည်နည်း။ သူမက ထို ရွှေချောင်း သေတ္တာကိုသာ စိတ်ဝင်စားခြင်း ဖြစ်သည်။

သို့သော် ကျိုးဖျင်အန်းက ဝင်ရောက် ရှင်းပြလိုက်သည်။ "ပြည်တွင်းမှာတော့ တန်ဖိုးမရှိပါဘူး။ တချို့လူတွေက ဘေးအန္တရာယ်ကနေ ရှောင်လွှဲဖို့ အပြင်ကို ထုတ်ပစ်ကြတာမျိုးတောင် ရှိတယ်။ ဒါပေမဲ့ သူတို့က တောင်ဘက်ကို ပို့ပြီး ပြည်ပကို ထုတ်လိုက်ရင် အပြင်ဘက်မှာတော့ တန်ဖိုးရှိတယ်။ တစ်ဖက်ကမ်းနဲ့ ဟောင်ကောင်မြို့မှာ ဒီပစ္စည်းတွေကို ပိုက်ဆံပေးပြီး ဝယ်ချင်တဲ့သူတွေ ရှိတယ်လို့ ကြားရတယ်"

ရှန်ရှောက်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "မင်းက အသက်ငယ်ငယ်လေးနဲ့ သိတာတွေတော့ မနည်းဘူးပဲ"

ကျိုးဖျင်အန်း မျက်လွှာချလိုက်သည်။ "ကျွန်တော်က ကျောင်းက သူငယ်ချင်းတွေ စကားစမြည် ပြောကြတုန်းက ကြားဖူးရုံပါ"

ရှန်မော့အာမှာ မျက်စောင်းထိုးမိတော့မလို ဖြစ်သွားတော့သည်။ သူက ကျောင်းမှာ တစ်ယောက်တည်း သွားလာနေတာလေ။ ဘယ်သူငယ်ချင်းက သူ့ကို လာပြီး စကားစမြည် ပြောမှာလဲ။ ပြီးတော့ သူ့သူငယ်ချင်းတွေအကြောင်း ငါ မသိတာကျလို့။ တစ်ယောက်ချင်းစီရဲ့ မျက်လုံးတွေထဲမှာ လူငယ်တွေမှာပဲ ရှိတတ်တဲ့ အသိဉာဏ်မဲ့မှုနဲ့ တုံးအမှုတွေက ပေါ်လွင်နေတာ။ ဒီလိုကိစ္စတွေကို သိမယ့်ပုံစံများ ပေါက်နေလို့လား။

သို့သော် ရှန်မော့အာကို ပိုပြီး အံ့အားသင့်စေသည်မှာ ကျိုးဖျင်အန်းက ဆက်လက်ပြောဆိုလာခြင်းပင်။ "တကယ်တော့ အဲဒီပစ္စည်းတွေကလည်း အသုံးမဝင်တာတော့ မဟုတ်ပါဘူး။ ပန်းထိုးပုံစံ တချို့က ရှေးဟောင်းပန်းချီကားတွေကနေ ဆင်းသက်လာတာလို့ ကျွန်တော် ကြားဖူးတယ်။ ပြီးတော့ ဦးလေးရှန် ပုံမှန်ဆွဲနေတဲ့ ဝါဒဖြန့်ချိရေး ပိုစတာတွေမှာလည်း တကယ်တမ်းကျတော့ ရှေးဟောင်းပန်းချီကားတွေရဲ့ အရိပ်အငွေ့တွေ ပါဝင်နေတယ်"

သူသည် ရှန်မော့အာကို ဆရာမရှန်ဟု ခေါ်သော်လည်း ရှန်ရှောက်ယွမ်ကိုတော့ ဦးလေးရှန်ဟု ခေါ်လေသည်။

အဓိကအားဖြင့် ရှန်ရှောက်ယွမ်သည် မိမိကိုယ်ကို အသက်ငယ်ရွယ်သေးသည်ဟု ခံစားရသဖြင့် ရွာထဲတွင် သွေးသားတော်စပ်သော မျိုးဆက်သစ် ကလေးများကို အဘိုးဟု အခေါ်ခံရသည်ကို ထားလိုက်တော့။ အပြင်ဘက်တွင်တော့ တစ်စုံတစ်ယောက်က သူ့ကို အဘိုးဟု ခေါ်သည်ကို လုံးဝ မကြားလိုတော့ပေ။

အထူးသဖြင့် ကျိုးဖျင်အန်းကဲ့သို့ သူ၏ သမီးနှင့် အသက် သိပ်မကွာလှသော လူပျိုပေါက်လေးက ခေါ်မည်ဆိုလျှင် ပိုဆိုးပေသည်။

လျိုကွေ့ကျစ်သည် အစပိုင်းတွင် သားဖြစ်သူ ယခုတစ်ကြိမ် အသိတရား ဝင်လာပြီ၊ ရှန်မိသားစုနှင့် စကားများများပြောကာ ဆက်ဆံရေး ပိုမိုနီးကပ်လာအောင် လုပ်တတ်နေပြီဟု တွေးထင်ခဲ့မိသည်။ သို့သော် သူ၏ စကားအဆုံးတွင် မျက်နှာမှာ ချက်ချင်းပင် စိမ်းဖျော့သွားတော့သည်။ "နေပါဦး... နင်က ကလေးလေးပဲ ရှိသေးတာကို ဘယ်လိုဖြစ်လို့ ဘာစကားမဆို ပြောရဲနေရတာလဲ။ အဲဒါက ခေတ်ဟောင်းအကြွင်းအကျန် ၄ ခုလေ။ အသုံးမဝင်တာ မဟုတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဲဒါက လုံးဝ အသုံးမဝင်တဲ့ အရာတွေမို့လို့ ဝေဖန်မှု ခံယူရမှာပဲ"

ကျိုးဖျင်အန်းသည် မိခင်ဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို စေ့ထားကာ စကားမပြောတော့ပေ။

ရှန်ရှောက်ယွမ်က အတွေးတစ်ခုခု ရသွားဟန်ဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "မင်းက ငါဆွဲထားတဲ့ ဝါဒဖြန့်ချိရေး ပိုစတာကို မြင်ဖူးလို့လား"

ကျိုးဖျင်အန်းက ခေါင်းကို ဆတ်ကနဲ ညိတ်ပြလိုက်သည်။ "မြင်ဖူးပါတယ်။ ပထမဆုံး မြင်ဖူးတာက အဲဒီ မီးဖိုထဲက မီးတောက် ပန်းချီကားပါ။ အဲဒီ မီးရောင်က အသက်ဝင်နေသလိုပဲ။ လူတွေကလည်း အသက်ရှင်နေတဲ့အတိုင်းပဲ"

ရှန်ရှောက်ယွမ်က ခေါင်းညိတ်လိုက်သည်။ ထိုပန်းချီကားမှာ သူ အုတ်ဖုတ်စက်ရုံသို့ ဝင်ရောက်ပြီးနောက် ရေးဆွဲခဲ့သော ပထမဆုံး ဝါဒဖြန့်ချိရေး ပိုစတာ ဖြစ်ပြီး "မီးဖိုထဲက မီးတောက်" ဟု အမည်ပေးထားသည်။ တကယ်တမ်းတွင် တောက်လောင်နေသော မီးတောက်များအပြင် ကြိုးစားပမ်းစား လုပ်ကိုင်နေကြသော အုတ်ဖုတ်စက်ရုံ အလုပ်သမားများလည်း ပါဝင်လေသည်။

ကျိုးဖျင်အန်းသည် သူ၏ ပန်းချီကားကို အစောကြီးကတည်းက မြင်တွေ့ခဲ့ဖူးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျိုးဖျင်အန်းက စိတ်အားထက်သန်စွာဖြင့် ဆက်ပြောနေသည်။ "ဒါပေမဲ့ ကျွန်တော် အကြိုက်ဆုံးကတော့ ဦးလေးက တပ်ဖွဲ့အတွက် ဆွဲပေးခဲ့တဲ့ ကောက်ရိတ်သိမ်းချိန် ပန်းချီကားပါပဲ။ အဲဒီပန်းချီကားကို ကြည့်လိုက်တာနဲ့ လေတိုက်လို့ လွင့်လာတဲ့ စပါးပွင့်ရနံ့ကို ချက်ချင်း သတိရသွားစေတယ်။ ကြည့်လိုက်ရင် အနာဂတ်က မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပြီး ပြီးပြည့်စုံနေသလို ခံစားရစေတယ်"

"ဒါပေါ့၊ အဲဒီ ပညာသင်ကြားရေး ပန်းချီကားကလည်း အရမ်းကောင်းပါတယ်။ ကလေးတွေအားလုံး ကျောင်းလွယ်အိတ်လေးတွေ လွယ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းသွားကြတယ်။ လူတိုင်းက တက်ကြွလန်းဆန်းနေကြတယ်။ ခေါင်းဆောင်ကြီး ပြောခဲ့သလိုပေါ့။ အားလုံးက မနက် ၈ နာရီ၊ ၉ နာရီလောက်က နေမင်းကြီးတွေနဲ့ တူတယ်"

ကျိုးဖျင်အန်း၏ မျက်လုံးများမှာ တောက်ပနေလေသည်။

ရှန်ရှောက်ယွမ်က သူ့ကို ကြည့်ရင်း ရုတ်တရက် မေးလိုက်၏။ "ဒါဆို မင်း ငါ့ဆီမှာ ပန်းချီ လာသင်ချင်လား"

...

အပိုင်း (၈၆)

ကျိုးဖျင်အန်းသည် ရုတ်တရက် သီးသွားပြီးနောက် အဆက်မပြတ် ချောင်းဆိုးတော့သည်။ မျက်နှာတစ်ခုလုံး နီရဲလာသည်အထိ ချောင်းဆိုးရင်း အထပ်ထပ် ပြောလေသည်။ "ကျွန်တော်... အဟွတ် အဟွတ်... ကျွန်တော် လိုချင်... အဟွတ် အဟွတ်... ကျွန်တော် လိုချင်ပါတယ်"

လျိုကွေ့ကျစ် အနည်းငယ် ကြောင်အသွားပြီး သားဖြစ်သူ၏ ကျောကို ပုတ်ပေးရင်း ပြောလိုက်သည်။ "နင်က ဘာကို အလောတကြီး ဖြစ်နေတာလဲ။ အသက်ရှူမှန်အောင် အရင်လုပ်ပြီးမှ ပြောလေ"

ကျိုးဖျင်အန်းက အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ပြီး လည်ချောင်းထဲမှ ယားယံမှုကို မြိုသိပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ဦးလေးရှန်... ကျွန်တော် လိုချင်ပါတယ်။ ကျွန်တော် ဦးလေးဆီမှာ ပန်းချီ လာသင်ချင်ပါတယ်"

လျိုကွေ့ကျစ်က ရှန်မော့အာကို မည်သို့လုပ်ရမည်မသိသော အမူအရာဖြင့် ကြည့်လိုက်သည်။ အရင်က သားဖြစ်သူကို ပန်းထိုးစက်ရုံတွင် အလုပ်သင်အဖြစ် ဝင်လုပ်နိုင်ရန် ရှန်မော့အာကို အကူအညီတောင်းထားခဲ့သည်။ ထို့အပြင် သားဖြစ်သူကို ပန်းချီသင်ပေးရန်လည်း ရှန်မော့အာနှင့် သဘောတူညီထားပြီး ဖြစ်သည်။

ယခု သားဖြစ်သူက ရုတ်တရက် ရှန်ရှောက်ယွမ်ထံတွင် ပန်းချီသင်ချင်သည်ဟု ပြောလာသောအခါ ၎င်းမှာ သမီးဖြစ်သူ၏ အရည်အချင်းကို မယုံကြည်ဘဲ အဖေဖြစ်သူထံတွင် ပညာသင်ယူကာ မျက်နှာသာပေးခံရရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။

ရှန်မော့အာကတော့ စိတ်ထဲ မထည့်ပေ။ သူမ၏ အဖေသည် အရေးကြီးသော ကိစ္စများတွင် များစွာ အောင်မြင်မှု မရှိသော်လည်း ဂီတ၊ စစ်တုရင်၊ စာပေ၊ ပန်းချီ စသည့် အပန်းဖြေစရာ ကိစ္စများတွင်တော့ အလွန်ပါရမီ ပါလေသည်။ ထို့အပြင် မွေးဖွားရာ ဇာတ်မြင့်မားသဖြင့် ငယ်စဉ်ကတည်းက ပညာသင်ကြားပေးခဲ့သူများမှာ ထင်ရှားသော ပညာရှင်များ သို့မဟုတ် စာပေနှင့် ပန်းချီအနုပညာရှင်ကြီးများသာ ဖြစ်ကြသည်။ အရွယ်ရောက်လာသောအခါတွင်လည်း စာပေနှင့် ပန်းချီနယ်ပယ်တွင် အထူးအောင်မြင်မှု ရရှိထားသော ပညာရှင်များနှင့်သာ ဆက်ဆံခဲ့သည်။ သူ၏ ကိုယ်ပိုင်အရည်အချင်းမှာလည်း ထိုသူများနှင့် နှိုင်းယှဉ်ပါက နည်းနည်းမှ မလျော့နည်းသည်ကတော့ သေချာသည်။

သို့သော် သူသည် မင်းသားတစ်ပါး၏ ဂုဏ်ပုဒ်ကို ဆောင်ထားခြင်း၊ အစ်ကိုတော် ဧကရာဇ်၏ ခြေသလုံးကို ဖက်ထားလေ့ရှိခြင်းနှင့် မိမိကိုယ်ကို အထင်ကြီးလွန်းသော တချို့က သူ၏ အမူအကျင့်များကို မနှစ်သက်ခြင်းတို့ကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် စာပေနှင့် ပန်းချီပညာရပ် တစ်ခုတည်းကိုသာ ပြောရမည်ဆိုပါက သူမ၏ အဖေသည် သာ့လျန်မင်းဆက်တွင် အနုပညာရှင်ကြီး တစ်ဦးဟုပင် ဆိုနိုင်ပေသည်။

သာ့လျန်မင်းဆက်တွင် ရှိစဉ်က သူ့ထံတွင် တပည့်ခံလိုသူ အများအပြား ရှိခဲ့သော်လည်း သူမ၏ အဖေက တစ်ကြိမ်မှ လက်မခံခဲ့ဖူးပေ။ သူ့ပါးစပ်ဖျားတွင် အမြဲပြောလေ့ရှိသော စကားမှာ သူတို့ကဲ့သို့သော တော်ဝင်ဆွေမျိုးများသည် ရှုပ်ထွေးသော လူမှုဆက်ဆံရေးများကို အကြောက်ဆုံး ဖြစ်သည်ဟူ၍သာ။

သူတို့ သားအဖနှစ်ဦး ဧကရာဇ်၏ မျက်နှာသာပေးမှုကို အမြဲတမ်း ရရှိခဲ့ခြင်းမှာ သူတို့၏ လူမှုဆက်ဆံရေး အလွန်ရိုးရှင်းခြင်းနှင့်လည်း များစွာ သက်ဆိုင်ပေသည်။

မင်းသားနှင့် မင်းသမီးတို့ ဖြစ်ကြသော်လည်း မယ်တော်မှာ စောစီးစွာ ကွယ်လွန်သွားသဖြင့် မိခင်ဘက်မှ ဆွေမျိုးများနှင့်လည်း သိပ်မရင်းနှီးကြပေ။ အရင်းနှီးဆုံး ဆက်ဆံရေးရှိသူမှာ ဧကရာဇ်ကိုယ်တိုင်သာ ဖြစ်သည်တွင် ဤကဲ့သို့သော သူများအပေါ် ဧကရာဇ်က မည်သို့သော သံသယမျိုး ဝင်နိုင်မည်နည်း။

တပည့်ခံလိုသူများမှာလည်း ပန်းချီသင်ယူရန် လာခြင်းလား၊ သို့မဟုတ် ရှန်ရှောက်ယွမ်၏ ဂုဏ်ပုဒ်ကို အသုံးချရန် လာခြင်းလားဆိုတာ ဘယ်သူက သိနိုင်မည်နည်း။

ရှန်ရှောက်ယွမ်က တစ်ခါမှ မပြောခဲ့ဖူးသဖြင့် ရှန်မော့အာကလည်း သူ တပည့်လက်မခံလိုဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူမ၏ အဖေက ကျိုးဖျင်အန်းကို သဘောကျသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရှန်မော့အာ သေချာစွာ စဉ်းစားကြည့်ပြီး ကျိုးဖျင်အန်းသည် သူမ၏ အဖေထံတွင် ပန်းချီသင်ယူရန် ပိုမို သင့်လျော်ကြောင်း တွေ့ရသည်။ သူမ တတ်ကျွမ်းသည်များမှာ ပန်းချီရေးဆွဲခြင်း နည်းစနစ်များသာ ဖြစ်ပြီး ပုံသဏ္ဌာန်သာရှိ၍ အသက်ဝင်မှု မရှိပေ။ ပန်းချီအခြေခံမရှိသော ကလေးများကို ပန်းထိုးပုံစံများ ရေးဆွဲရန် သင်ကြားပေးခြင်းမှာ ပြဿနာမရှိသော်လည်း ဤပညာရပ်ကို အမှန်တကယ် ကျွမ်းကျင်လိုပါက သူမ သင်ကြားပေးနိုင်မည် မဟုတ်ပေ။

ကျိုးဖျင်အန်းသည် ပန်းချီဆွဲခြင်းကို အမှန်တကယ် နှစ်သက်ကြောင်း ထင်ရှားနေသဖြင့် ရှန်ရှောက်ယွမ်ထံတွင် သင်ယူခြင်းက အကောင်းဆုံး ဖြစ်ပေမည်။

ရှန်မော့အာက လျိုကွေ့ကျစ်၏ ပခုံးကို ပုတ်လိုက်သည်။ "ကျွန်မအဖေဆီမှာ သင်တာ တကယ်ကောင်းပါတယ်။ ကျွန်မအဖေဆီမှာ သင်မှ အစစ်အမှန်ကို သင်ယူနိုင်မှာပါ"

ကျိုးဖျင်အန်းက သူ့ထံတွင် သင်ယူရန် သင့်လျော်သည်ဟု ဆိုရခြင်းမှာ သူသည် သူမအဖေ၏ အရည်အချင်းကို အမှန်တကယ် သိမြင်နိုင်စွမ်း ရှိသောကြောင့်ပင်။

လျိုကွေ့ကျစ်က စကားပြောချင်သော်လည်း မျိုချလိုက်ရသည်။ ရှန်ရှောက်ယွမ်ထံတွင် ပန်းချီသင်ယူခြင်းက သေချာပေါက် ကောင်းမွန်ပါသည်။ အမှန်တကယ်တွင် လျိုကွေ့ကျစ်၏ အမြင်အရ ကလေးက နှစ်သက်ပါက မည်သူ့ထံတွင် သင်သင် အဆင်ပြေသည်။

သို့သော် ရှန်မော့အာက ကျိုးဖျင်အန်းကို အလုပ်သင်အဖြစ် စာမေးပွဲဖြေဆိုရန် အခွင့်အရေး ပေးမည်ဟု ကတိပြုထားခဲ့သည်။ ယခု ရှန်ရှောက်ယွမ်ထံတွင် သင်ယူမည်ဆိုပါက နောက်ပိုင်းတွင် အလုပ်မရခဲ့လျှင် ကျေးလက်သို့ ဆင်းရဦးမည် မဟုတ်ပါလား။

ရှန်ရှောက်ယွမ်က လျိုကွေ့ကျစ်၏ အတွေးများကို ဘယ်လိုလုပ် မမြင်ဘဲ နေမည်နည်း။ "ကျွန်တော်တို့ စက်ရုံက ကျွန်တော့်ကို အလုပ်သင် နေရာတစ်ခု ပေးမယ်လို့ ကတိပြုထားတယ်။ လူကို ကျွန်တော့်ဘာသာ ရွေးချယ်ခွင့်ရှိတယ်။ စက်ရုံက တခြားအလုပ်သင်တွေလိုပဲ လစာနဲ့ ခံစားခွင့်တွေ အတူတူရမယ်။ တစ်နှစ်ပြည့်ရင် ယာယီအလုပ်သမားအဖြစ် ပြောင်းလို့ရတယ်။ နောက်ပိုင်း ပုံမှန်အလုပ်သမား ဖြစ်လာနိုင်မလား ဆိုတာကတော့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တယ်"

လျိုကွေ့ကျစ်က သူမ၏ပေါင်ကို ပြန်ရိုက်လိုက်ကာ "အဲဒါဆို အရမ်းကောင်းတာပေါ့"

အလုပ်သင်ပဲဖြစ်ဖြစ်၊ ယာယီအလုပ်သမားပဲဖြစ်ဖြစ်၊ ပုံမှန်အလုပ်သမားပဲဖြစ်ဖြစ် သူတို့မိသားစုသည် ကျိုးဖျင်အန်း၏ လစာလေးကို မလိုအပ်ပေ။ သူ အလုပ်တစ်ခု ရရှိပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ကာ ကျေးလက်သို့ ဆင်းစရာ မလိုတော့ပါက လျိုကွေ့ကျစ်အတွက် အလွန်ပင် ကျေနပ်ဖွယ်ရာ ဖြစ်နေပြီ။

ရှန်ရှောက်ယွမ် : "ကောင်းပြီ။ ရက်ရွေးနေမယ့်အစား ဒီနေ့ပဲ လုပ်လိုက်ကြတာပေါ့။ ဒီညပဲ ကလေးကို ခေါ်လာပြီး တပည့်ခံလိုက်ပါတော့"

တစ်သက်တာတွင် ပထမဆုံးအကြိမ် တပည့်လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သောကြောင့် ရှန်ရှောက်ယွမ်သည် သေချာပေါက် ပေါ့ပေါ့တန်တန် လုပ်မည်မဟုတ်ပေ။ အကယ်၍ သာ့လျန်မင်းဆက်တွင်သာဆိုပါက သူ၏ ဂုဏ်ပုဒ်ဖြင့် တရားဝင် တပည့်လက်ခံရာတွင် အလွန်ရှုပ်ထွေးပြီး ခမ်းနားသော အခမ်းအနားများ ရှိပေလိမ့်မည်။ ယခုတော့ ဤကမ္ဘာသို့ ရောက်ရှိနေသဖြင့် အရာအားလုံးကို ရိုးရှင်းစွာ လုပ်ဆောင်ရမည် ဖြစ်သော်လည်း လိုအပ်သော အဆင့်များကိုတော့ ကျော်လွန်၍ မရပေ။

ထို့ကြောင့် ထိုနေ့ညတွင်ပင် ကျိုးဖျင်အန်းသည် လျိုကွေ့ကျစ် အလောတကြီး ပြင်ဆင်ပေးလိုက်သော လက်ဆောင် ၄ မျိုးကို ကိုင်ဆောင်ကာ လျိုကွေ့ကျစ်က ဝေခွဲမရဖြစ်နေသော ကျိုးရှင်းဝမ့်ကို ဆွဲခေါ်လျက် ရှန်မိသားစုထံသို့ တပည့်ခံရန် ရောက်ရှိလာခဲ့ကြသည်။

ရှန်ရှောက်ယွမ်သည် လက်ဖက်ရည် ကြိုတင်ဖျော်ထားပြီး ဖြစ်သည်။ ရှန်မော့အာက ကျိုးဖျင်အန်းအား လက်ဖက်ရည် ဆက်သရန် သင်ကြားပေးလိုက်သည်။ ရှန်ရှောက်ယွမ်က လက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် ကျိုးဖျင်အန်းအား သစ်သားသေတ္တာရှည်လေး တစ်လုံးကို ကမ်းပေးလိုက်သည်။ "တကယ်တော့ ဝါဒဖြန့်ချိရေး ပိုစတာတွေက ငါ ကျွမ်းကျင်တဲ့ အရာတွေ မဟုတ်ဘူး။ ငါက ရိုးရာပန်းချီရေးဆွဲနည်းကို ပိုကျွမ်းကျင်တယ်။ စုတ်တံနဲ့ ပန်းချီဆွဲတာမျိုးပေါ့။ ဒါက စုတ်တံတစ်ချောင်းပဲ။ သေချာသိမ်းထားပါ။ နောက်ပိုင်း ပညာတတ်မြောက်သွားတဲ့အခါ ဒီစုတ်တံနဲ့ ပန်းချီဆွဲလို့ ရတယ်"

ခဏရပ်ပြီးနောက် ရှန်ရှောက်ယွမ်က အနည်းငယ် နှိမ်သည့် လေသံဖြင့် ဆက်ပြောသည်။ "ပညာမတတ်မြောက်ခင်တော့ သမဝါယမ အရောင်းဆိုင်ကနေ တစ်ချောင်းလောက် ဝယ်ပြီး သုံးလိုက်ပါ"

ကျိုးဖျင်အန်းသည် သည်စုတ်တံမှာ သာမန်မဟုတ်ကြောင်း ရိပ်မိသဖြင့် သစ်သားသေတ္တာကို သတိထား ကိုင်ဆောင်ကာ "ဟုတ်ကဲ့" ဟု လေးနက်စွာ ဖြေကြားလိုက်သည်။

စိတ်ထဲတွင်တော့ တွေးနေမိသည်။ အပြင်က ဝါဒဖြန့်ချိရေး ပိုစတာတွေတောင် ဆရာ မကျွမ်းကျင်ဘူးတဲ့လား။ မကျွမ်းကျင်ဘဲနဲ့တောင် ဝါဒဖြန့်ချိရေး ပိုစတာတွေကို ဒီလောက်ကောင်းအောင် ဆွဲနိုင်တယ်ဆိုရင် သူ ကျွမ်းကျင်တဲ့ ပန်းချီကားတွေဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ရှန်ရှောက်ယွမ်က ဆက်ပြောသည်။ "ငါ့စရိုက်က သိပ်မကောင်းဘူး။ တပည့်အပေါ်မှာလည်း တခြားတောင်းဆိုချက် ဘာမှမရှိဘူး။ တစ်ခုတည်းသော တောင်းဆိုချက်က စကားနားထောင်ဖို့ပဲ"

ကျိုးဖျင်အန်းက ချက်ချင်းပင် ခေါင်းကို ဆတ်ကနဲ ညိတ်ပြလိုက်သည်။ "ဆရာ၊ ကျွန်တော် အရမ်း စကားနားထောင်ပါတယ်"

ဤမြင်ကွင်းကို ဘေးမှရပ်ကြည့်နေသော ကျိုးရှင်းဝမ့်၏ စိတ်ထဲတွင် အလွန်ပင် ရှုပ်ထွေးနေမိသည်။ သူ၏ သားသည် ငယ်စဉ်ကတည်းက ဒုက္ခများစွာ ခံစားခဲ့ရသဖြင့် သူတို့ ဇနီးမောင်နှံနှစ်ဦးစလုံးက ကလေးအပေါ် တာဝန်မကျေခဲ့ဟု ခံစားရကာ အမြဲတမ်း အလိုလိုက်ထားခဲ့ကြသည်။

ဤကလေးသည် လိမ္မာသော်လည်း လုံးဝ စကားနားထောင်သူမျိုးတော့ မဟုတ်ပေ။

သူ မလုပ်ချင်ပါက အဖေဖြစ်သူက စကားသုံးခွန်း ပြောလျှင်ပင် တစ်ခွန်းမှ မကြားသလို ဟန်ဆောင်နေနိုင်သူ ဖြစ်သည်။

ငယ်စဉ်ကတည်းက ဤကလေးသည် ကျိုးရှင်းဝမ့်၏ ရှေ့တွင် သည်လောက် ရိုကျိုးစွာ တစ်ခါမှ မနေခဲ့ဖူးပေ။

သို့သော် ပြန်လည်တွေးတောကြည့်လိုက်သောအခါ ကျိုးရှင်းဝမ့်တစ်ယောက် အမြန်ပင် သက်သာရာရသွားသည်။ မည်သို့ပင်ဆိုစေ သူ့ကို ထိန်းချုပ်နိုင်သူ တစ်ယောက်ရှိလာပြီဖြစ်သောကြောင့် ဤသည်မှာ ကောင်းသောကိစ္စပင်။

ကျိုးရှင်းဝမ့်သည် ရှန်ရှောက်ယွမ်ကို လေးနက်စွာ ကျေးဇူးတင်စကား ပြောကြားလိုက်သည်။ "အစ်ကိုရှောက်ယွမ်... တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ သားဆိုးလေးကို ပညာသင်ပေးဖို့ လက်ခံတဲ့အပြင် အလုပ်တစ်ခုပါ ရှာပေးလို့ပါ"

ရှန်ရှောက်ယွမ်က ပြုံးလိုက်၏။ "သူက အရမ်း စကားနားထောင်ပါတယ်လို့ မပြောခဲ့ဘူးလား။ စိတ်ချပါ။ သူ စကားနားမထောင်ရင် ငါ သင်ပေးမှာ မဟုတ်ဘူး။ အလုပ်နဲ့ ပတ်သက်လို့ကလည်း အဆင်ပြေပြေ လုပ်နိုင်မလုပ်နိုင် ဆိုတာက သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ်မှာပဲ မူတည်တာပါ။ ဒါကြောင့် ဘယ်လောက်အထိ သင်ယူနိုင်မလဲ၊ ဒီအလုပ်ကို ရနိုင်မလား ဆိုတာတွေ အားလုံးက သူ့အပေါ်မှာပဲ မူတည်ပါတယ်"

ရှန်ရှောက်ယွမ် ဤသို့ ပြောလိမ့်မည်ဟု ကျိုးရှင်းဝမ့် မထင်ထားခဲ့သဖြင့် အနည်းငယ် ကြောင်အသွားပြီးနောက် ခေါင်းခါကာ ရယ်မောလိုက်သည်။ "ကောင်းပါပြီ။ သူ စကားနားမထောင်ရင် အစ်ကို မသင်ပေးနဲ့တော့။ အကုန်လုံး သူ့ဘာသာသူပဲ ကြည့်လုပ်ပါစေ"

ကျိုးဖျင်အန်းတစ်ယောက် အိမ်ပြန်ရောက်မှသာ ထိုသစ်သားသေတ္တာရှည်လေးကို သတိလေးနှင့် ဖွင့်ကြည့်လေသည်။ ဤသေတ္တာလေးကို အတော်လေး သပ်ရပ်စွာ ပြုလုပ်ထားသော်လည်း သစ်သားကတော့ သာမန်သာ ဖြစ်သည်။ သို့သော် အတွင်းရှိ စုတ်တံမှာ သမဝါယမ အရောင်းဆိုင်တွင် သားရေကွင်းဖြင့် စည်းထားသော စုတ်တံများနှင့် အမှန်တကယ် မတူညီကြောင်း တွေ့ရသည်။

သို့သော် ကျိုးဖျင်အန်းသည် စုတ်တံအများအပြားကို မမြင်ဖူးခဲ့သဖြင့် ဤစုတ်တံ၏ ထူးခြားချက်ကို မခွဲခြားတတ်ပေ။

ကျိုးရှင်းဝမ့်နှင့် လျိုကွေ့ကျစ်တို့က ပိုလို့ပင် မသိကြပေ။

အသားကောင်းမကောင်း၊ ငါးလတ်ဆတ်မှု ရှိမရှိ ဆိုသည်ကိုတော့ လျိုကွေ့ကျစ်က အသေးစိတ် ပြောပြနိုင်သော်လည်း စုတ်တံကောင်းမကောင်း ဆိုလျှင်တော့ "ရေးလို့ရရင် ပြီးတာပဲလေ။ ကြည့်ရတာ အကုန် အတူတူပါပဲ" ဟုသာ ပြောတတ်လေသည်။

ကျိုးရှင်းဝမ့်ကတော့ ဖောင်တိန်များတွင် အကောင်းအဆိုး ရှိကြောင်း သိသည်။ ဥပမာအားဖြင့် မတူညီသော တံဆိပ်များ၏ ဖောင်တိန်များကို အသုံးပြုရသည်မှာ မတူညီပေ။ သို့သော် စုတ်တံနှင့် ပတ်သက်လို့တော့ သူသည် စုတ်တံဖြင့် စာရေးခြင်းကိုပင် သိပ်မကျွမ်းကျင်ရာ စုတ်တံကောင်းမကောင်း ဆိုသည်ကို လုံးဝ မသိပေ။

နောက်ဆုံးတွင် လင်မယားနှစ်ယောက်က တူညီသော ဆုံးဖြတ်ချက်ကို ချလိုက်ကြသည်။ "ဘယ်လိုပဲဖြစ်ဖြစ် နင့်ဆရာက ပညာမတတ်မြောက်ခင် မသုံးနဲ့လို့ ပြောထားမှတော့ နင် သေချာ သိမ်းထားလိုက်ပါ"

လျိုကွေ့ကျစ်က ၁၀ ယွမ် ကို တိုက်ရိုက်ထုတ်ယူကာ ကျိုးဖျင်အန်းအား ပေးလိုက်ပြီး သမဝါယမ အရောင်းဆိုင်တွင် စုတ်တံ၊ မင်နှင့် ပုံဆွဲစက္ကူများ ကိုယ်တိုင်သွားဝယ်ရန် ပြောလိုက်သည်။

ကလေး ကျောင်းမပြီးမီ အလုပ်ပြဿနာ ဖြေရှင်းနိုင်သွားသဖြင့် လျိုကွေ့ကျစ်၏ စိတ်ထဲတွင် အလွန်ပင် ပျော်ရွှင်နေသည်။ နောင်တွင် သားဖြစ်သူ ကိုယ်တိုင် လစာရှာနိုင်လာပါက သူမထံမှ ငွေတောင်းစရာ မလိုတော့ဘူးဟု တွေးကာ ယခုတစ်ကြိမ် ငွေပေးရာတွင် အလွန်အမင်း ပျော်ရွှင်ကြည်ဖြူစွာဖြင့် ပေးလိုက်လေသည်။

ရှန်ရှောက်ယွမ်သည် လက်ဖက်ရည် တစ်ခွက်သောက်ပြီး စုတ်တံတစ်ချောင်း ပေးကာ တပည့်တစ်ယောက် လက်ခံပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ သူ၏ ရုပ်ပြစာအုပ်ကို ဆက်လက် ဖတ်ရှုနေလေသည်။

မကြာသေးမီက သူသည် ရုပ်ပြစာအုပ်များ ဖတ်ခြင်းကို အလွန်စွဲလမ်းနေသည်။ "နံပါတ်၈ သူရဲကောင်းလေး"၊ "ကြက်မွေးစာတိုက်"၊ "မီးရထားပြောက်ကျားများ" အစရှိသော စာအုပ်များစွာကို ရွှီဝေကော်၏ အငယ်ဆုံးသား ရွှီချန်းထံမှ ယူဆောင်လာခြင်း ဖြစ်သည်။

ထိုကလေးသည် သူ့အဖေကဲ့သို့ပင် ရက်ရောသော စရိုက်ရှိသည်။ တစ်ကြိမ်တွင် ရုပ်ပြစာအုပ်များ ယူဆောင်လာကာ အုတ်ဖုတ်စက်ရုံ၏ ဝါဒဖြန့်ချိရေးဌာန ရုံးခန်းသို့ ရောက်လာခဲ့ပြီး ရှန်ရှောက်ယွမ်က ရုပ်ပြစာအုပ်များကို သဘောကျသွားသည်ကို မြင်သောအခါ သူ အမြတ်တနိုး သိမ်းဆည်းထားသော ရုပ်ပြစာအုပ်များ အားလုံးကို ရှန်ရှောက်ယွမ်ထံ "ငှား" ပေးလိုက်လေသည်။

ဖုမင်ဇယ်သည်လည်း ယခုအခါ အသားကျနေပြီ ဖြစ်သည်။ ယခင်က ဆာလောင်မွတ်သိပ်လုနီးပါး ဆင်းရဲခဲ့ဖူးသော်လည်း ယခုအခါ ဤယောက္ခထီး၏ ကိုယ်ပေါ်တွင် အခြေအနေနှင့် လိုက်လျောညီထွေ နေထိုင်တတ်သော သဘောထားမျိုးကို တကယ်ကို တွေ့မြင်နေရသည်။ အရာအားလုံးကို ဂရုမစိုက်သလို... မဟုတ်ပေ။ တိတိကျကျ ပြောရလျှင် သူ၏ ချစ်လှစွာသော သမီးမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ခြင်းသာ။

တပည့်တစ်ယောက် လက်ခံလိုက်လျှင်ပင် သူပြောခဲ့သည့်အတိုင်း ကောင်းစွာ သင်ယူနိုင်သည် မသင်ယူနိုင်သည်က တပည့်၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်ပြီး သူက နည်းနည်းလေးမှ ပူပန်မည် မဟုတ်ပေ။

ဤအချက်နှင့် ပတ်သက်ပြီး သူ့ဇနီးသည်မှာလည်း နောက်ကောက်ကျမနေပေ။ နေ့စဉ်နှင့်အမျှ အလုပ်များနေသော်လည်း ဖုမင်ဇယ်က အမြဲတမ်း ခံစားနေရသည်မှာ သူမသည် သူမအတွက် တိုက်ပွဲဝင်ပေးမည့် စစ်သားများကို ဖန်တီးနေသကဲ့သို့ ဖြစ်သည်။ ထိုစစ်သားများ ဖန်တီးပြီးသွားပါက သူမသည် သက်သောင့်သက်သာဖြင့် နေထိုင်နိုင်တော့မည်။

ဖုမင်ဇယ်သည် သိသော်လည်း ဖွင့်မပြောတတ်သော သဘောတရားကို ကောင်းစွာ နားလည်သူဖြစ်ရာ ဤပြဿနာနှင့် ပတ်သက်ပြီး ရှန်မော့အာနှင့် တစ်ခါမှ မဆွေးနွေးခဲ့ဖူးပေ။

ဖုမင်ဇယ်၏ အတွေးများကို ရှန်မော့အာ မသိပေ။ သူမ၏ အဖေသည် အမြဲတမ်း မိမိပျော်ရွှင်သလိုသာ လုပ်ဆောင်တတ်ပြီး သူမကလည်း ထိုကိစ္စများကို ဘယ်သောအခါမှ ဝင်မစွက်ဖက်ခဲ့ပေ။

တနင်္လာနေ့တွင် ရှန်မော့အာ ကျောင်းသို့ သွားသောအခါ ကျောင်းအတွင်း နေရာတိုင်းလိုလိုတွင် ဆရာဖေးလင်အကြောင်းကိုသာ ပြောဆိုနေကြသည်။ ရုံးခန်းသို့ အသွားလမ်းတွင် ကျောင်းသားအချို့က ဆရာဖေးလင်မှာ အလွန်ဖော်ရွေပြီး ခင်မင်စရာကောင်းပါလျက်နှင့် အဘယ်ကြောင့် ရန်သူ့သူလျှို ဖြစ်နေရသနည်းဟု အံ့သြတကြီး ပြောဆိုနေကြသည်ကို ရှန်မော့အာ ကြားလိုက်ရသည်။

ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက နေ့စဉ်နှင့်အမျှ အတူရှိနေသော ရုံးခန်းတစ်ခုတည်းမှ ဆရာများက ပိုလို့ပင် အံ့အားသင့်နေကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် မယုံနိုင်သည့် အမူအရာများ ပေါ်လွင်နေသည်။

ခုန်းမေကျွမ်းသည် ရှန်မော့အာကို ဆွဲကာ စိတ်နှလုံးကြေကွဲစွာဖြင့် အော်ဟစ်လိုက်သည်။ "ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ။ ဆရာဖေးက ဘယ်လိုလုပ်ပြီး ရန်သူ့သူလျှို ဖြစ်နေရတာလဲ"

ရှန်မော့အာ ဝင်ပြောခွင့် မရမီမှာပင် သူမက မိမိဘာသာ ဆက်ပြောလေသည်။ "ရှင် သိလား။ ချည်မျှင်နှင့်အထည်စက်ရုံက အဲဒီ ကျွမ်းကျင်လုပ်သားကြီးကို သူက တိုင်တောခဲ့တာတဲ့။ သူက ဇာတ်သဘင်အဖွဲ့ထဲမှာ ဆရာကြီးတစ်ယောက်ဆီကနေ တယောထိုး သင်ခဲ့တယ်။ အဲဒီ ဆရာကြီးရဲ့ ဇနီးညီမက ချည်မျှင်နှင့်အထည်စက်ရုံက ကျွမ်းကျင်လုပ်သားကြီးရဲ့ စောစောကွယ်လွန်သွားတဲ့ ဇနီးတဲ့။ အဲဒီဆက်စပ်မှုကနေတစ်ဆင့် ကျွမ်းကျင်လုပ်သားကြီးနဲ့ ချောင်မိသားစုရဲ့ ပတ်သက်မှုကို သူ သိသွားတာ။ ပြီးတော့ ချောင်မိသားစု ချန်ထားခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေ အားလုံးက ဒီမိသားစုဆီမှာ ရှိနေတာကို မတော်တဆ သိသွားတော့ သူက စွန်းယောက်ဇူကို သွားပြီး အိမ်ကို ရှာဖွေသိမ်းဆည်းခိုင်းတာတဲ့"

"အဲဒီမိသားစုက ချောင်မိသားစုရဲ့ သားအငယ်ဆုံး ဇနီးနဲ့ ဆွေမျိုးတော်စပ်တယ်။ ချောင်မိသားစု ပြည်ပကို ထွက်ပြေးတုန်းက စာရွက်စာတမ်းတွေ၊ ပန်းချီကားတွေ ဘာမှ ယူမသွားနိုင်တော့ ချောင်မိသားစုရဲ့ ချွေးမအငယ်ဆုံးက ဒီမိသားစုကို ရိုးသားတယ်လို့ ထင်ပြီး ပစ္စည်းတွေကို အပ်ထားခဲ့တာတဲ့"

အဖြစ်မှန်က ဤသို့ဖြစ်နေလိမ့်မည်ဟု ရှန်မော့အာ မထင်ထားခဲ့ပေ။ ထိုမိသားစုသည်လည်း သူတစ်ပါး၏ ယုံကြည်အပ်နှံမှုကို သစ္စာရှိစွာ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သော်လည်း ဤကိစ္စကြောင့် မမျှော်လင့်ဘဲ ဘေးဒုက္ခ ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် တပ်ဖွဲ့ရဲစခန်းနှင့် တော်လှန်ရေးကော်မတီတို့၏ လျှို့ဝှက်ချက် ထိန်းသိမ်းမှုက တကယ့်ကို ညံ့ဖျင်းလှသည်။ လူဖမ်းသွားပြီး ၂ ရက်မျှပင် မရှိသေးမီအတွင်း အသေးစိတ် အချက်အလက်များကို အပြင်ဘက်တွင် ထင်ထင်ရှားရှား ပျံ့နှံ့နေပြီ မဟုတ်ပါလား။

ခုန်းမေကျွမ်းက ရှန်မော့အာကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ပြီးတော့လေ... ဟိုနေ့က ရှင့်ရဲ့ စက္ကူစုတ်တစ်ရွက်ကို ကျွန်မ ကောက်ရတယ် မဟုတ်လား။ တကယ်တော့ အဲဒါက ရှင်ကျထားတာ မဟုတ်ဘူး။ အဲဒါက ဆရာဖေး၊ အာ မဟုတ်ဘူး... ဖေးလင် ကျထားတာ"

"ရှင် လွှင့်ပစ်လိုက်တဲ့ စက္ကူစုတ်တွေ အကုန်လုံးကို သူ ကောက်သွားတာတဲ့။ သူက အရင်က ဇာတ်သဘင်အဖွဲ့ထဲမှာ ဇာတ်မင်းသားတွေရဲ့ ဇာတ်ဝတ်စုံတွေကို မြင်ဖူးတော့ အဲဒီပန်းထိုးတွေက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ သိတယ်။ ဒီလို အစဉ်အလာရှိတဲ့ ပစ္စည်းတွေကို အပြင်ဘက်က လူတွေက အရမ်းကြိုက်ကြတယ်တဲ့။ သူက ရှင့်ရဲ့ စက္ကူစုတ်တွေကို ခိုးပြီး သွားရောင်းဖို့ ပြင်ဆင်နေတာ"

ရှန်မော့အာ အမှန်တကယ်ပင် အံ့အားသင့်သွားသည်။ "အဲဒီ စက္ကူစုတ်တွေကလည်း ရောင်းလို့ရတာလား"

ဒီ အပြင်ဘက်က လူတွေက ကောင်းတဲ့ပစ္စည်းတွေ ဘယ်လောက်တောင် မမြင်ဖူးလို့လဲ။

ခုန်းမေကျွမ်း : "ရလို့နေမှာပေါ့။ မဟုတ်ရင် သူက ဘာလို့ ခိုးမှာလဲ။ ဒါပေမဲ့ သူက အစပိုင်းမှာတော့ ရှင့်ရဲ့ ပုံအချောတွေကို ခိုးချင်ခဲ့တာတဲ့။ ဒါပေမဲ့ ရှင်က နေ့တိုင်း လွယ်အိတ်ကို ကိုယ်က မခွာဘဲ ပုံဆွဲစက္ကူတွေကို အမြဲ သယ်သွားနေတော့ သူ လုံးဝ အခွင့်အရေး မရလို့ စက္ကူစုတ်တွေကနေပဲ စခဲ့ရတာတဲ့"

"ဟူး... ဆရာဖေးက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး"

ရှန်မော့အာ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရိုးသားစွာပင် ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ရဲ့ သတင်းစုံစမ်းနိုင်စွမ်းကတော့ တကယ့်ကို နာမည်နဲ့ လိုက်ဖက်ပါတယ်"

ခုန်းမေကျွမ်း : "..."

...

All Chapters