အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အပိုင်း (၈၉)
မောက်ကျန့်ရှင်းသည် လူရိုက်ခြင်း ခံလိုက်ရသဖြင့် ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့်တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့က သူ့တွင် ရန်ငြိုးရန်စ ရှိသူ ရှိ၊ မရှိ မေးမြန်းသည့်အခါ သူသည် အချိန်အတော်ကြာအောင် ဝေခွဲမရဖြစ်နေပြီးနောက် သူသည် နယ်ဝေးမှ လာသူဖြစ်ကြောင်း၊ လျိုချောင်တပ်ဖွဲ့တွင် လူအများအပြားနှင့် ရင်းနှီးမှု မရှိဘဲ အလုပ်ရုံအတွင်းရှိ လူများနှင့်သာ ထိတွေ့မှုရှိကြောင်း မရေမရာ ပြောဆိုခဲ့သည်။
အငြင်းပွားမှု ရှိခဲ့လျှင်ပင် ၎င်းမှာ အလုပ်ကိစ္စနှင့် ပတ်သက်သည့် အငြင်းပွားမှုသာ ဖြစ်လိမ့်မည်ဟု ဆိုကာ မကြာသေးမီက အလုပ်ခွင်အတွင်း ဖြစ်ပွားခဲ့သည့် အချင်းချင်း အချေအတင် ဖြစ်မှုတချို့ကို သာဓကအဖြစ် တင်ပြခဲ့သည်။
သူသည် ရှန်မော့အာ တစ်ယောက်တည်းကိုသာမက ကျင်းချိုင်ဖေးနှင့် သူ့ကို ပြန်လည်ပြောဆိုခဲ့ဖူးသည့် အုပ်စုခေါင်းဆောင် ၂ ဦးအကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း သူ၏ စကားအသွားအလာအရ ရှန်မော့အာနှင့် အလုပ်အပေါ် ထားရှိသည့် အယူအဆပိုင်းဆိုင်ရာ ပဋိပက္ခများမှာ ပိုမိုများပြားကြောင်းနှင့် ရှန်မော့အာ၏ တူဖြစ်သူသည် နိုင်ငံရေးနောက်ခံ စိစစ်ချက် မအောင်မြင်သဖြင့် အလုပ်ရုံမှ ထုတ်ပယ်ခံလိုက်ရသည့် ကိစ္စကိုပါ အလေးပေး တင်ပြခဲ့သည်။
မောက်ကျန့်ရှင်း၏ အဆိုအရ ဤကိစ္စသည် ရှန်မော့အာက သူမ၏ ဆွေမျိုးရင်းချာကို စက်ရုံ၏ ဂိုဒေါင်တာဝန်ခံအဖြစ် ခန့်ထားရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး၊ မိမိက နိုင်ငံရေးနောက်ခံ စိစစ်ချက်များ မမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် တရားမျှတစွာဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့ရာမှ ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အမှန်စင်စစ် ရှန်မင်ပင်းသည် အဓိက သံသယရှိသူ ဖြစ်သော်လည်း ရဲတပ်ဖွဲ့တွင် ခိုင်လုံသော သက်သေအထောက်အထား မရှိချေ။ ထို့ကြောင့် ယန်လျိုတပ်ဖွဲ့သို့ သွားရောက်ကာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ရှန်မင်ပင်းက ထိုကိစ္စကို လုံးဝ ဝန်မခံခဲ့ပေ။ အိမ်က မိသားစုဝင်များကလည်း ထိုနေ့က သူသည် တပ်ဖွဲ့ထဲတွင်သာ ရှိနေခဲ့ကြောင်း အာမခံချက် ပေးခဲ့ကြသည်။
ရဲစခန်းဘက်မှလည်း ခိုင်မာသော သက်သေကို ချက်ချင်း ရှာမတွေ့နိုင်သဖြင့် ဤအမှုကို ခေတ္တ ဆိုင်းငံ့ထားလိုက်ရလေသည်။
ရဲတပ်ဖွဲ့ဘက်မှ အမှုအား ဆိုင်းငံ့ထားသော်ငြားလည်း လျိုချောင်တပ်ဖွဲ့မှ အလုပ်ရုံတာဝန်ခံ မောက်ကျန့်ရှင်း တစ်ယောက် အကြောင်းပြချက် မရှိဘဲ ဂုံနီအိတ်စွတ် ခံရကာ မျက်နှာတစ်ခုလုံး ဖူးရောင်နေအောင် အရိုက်ခံလိုက်ရသည့် သတင်းမှာ နန်ပြည်နယ် ချည်ထိုးစက်ရုံသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ စက်ရုံအတွင်း၌ ကျန်းပေခရိုင်ကဲ့သို့ ဝေးလံလှသော နေရာတွင် အလုပ်ရုံခွဲတစ်ခု မတည်သင့်ကြောင်း ဝေဖန်သံများ ထွက်ပေါ်လာတော့သည်။
ဒေသခံ လူမိုက်တွေကိုတော့ အပြင်လူက နိုင်ဖို့ မလွယ်ဘူးပဲ။ အလုပ်ရုံကို ကျန်းပေခရိုင်မှာ တည်ထားပေမဲ့ အလုပ်ရုံတာဝန်ခံကတော့ ပြည်နယ်ကနေ ဆင်းသွားတဲ့သူ ဆိုတော့ ဒေသခံတွေက မကျေနပ်ကြတာ မဆန်းပါဘူး။
လူအတော်များများသည် မိမိတို့ကိုယ်တိုင် ထိုသို့ ကြုံတွေ့ရမှာကို စိုးရိမ်လာကြသည်။ ထိုစဉ်က အလုပ်ရုံတာဝန်ခံ ရာထူးအတွက် စက်ရုံအတွင်း ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိခဲ့ပြီးနောက် နောက်ဆုံးတွင် မောက်ကျန့်ရှင်းက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် အလုပ်စတင်သည်မှာ မကြာသေးမီမှာပင် မောက်ကျန့်ရှင်းမှာ အရိုက်ခံလိုက်ရလေပြီ။
အမှတ်(၉) အလုပ်ရုံ၏ ပန်းထိုးပုံစံများ ရွေးချယ်မှု မကောင်းကြောင်း ဝေဖန်သူများလည်း ရှိနေသည်။ ယခင်နှစ်များက ကွမ်ကျိုးကုန်စည်ပြပွဲတွင် ရောင်းမထွက်ခဲ့သော ပစ္စည်းများသည်ပင် ပြည်တွင်း၌ အလွန် လူကြိုက်များခဲ့ပြီး ရောင်းမထွက်မှာကို စိုးရိမ်စရာ မလိုခဲ့ပေ။ ယခုမူ အမှတ်(၉) အလုပ်ရုံ၏ ပန်းထိုးပုံစံများကိုသာ ကွမ်ကျိုးကုန်စည်ပြပွဲတွင် မရောင်းချနိုင်ခဲ့ပါက ပစ္စည်းများမှာ လက်ကျန်အဖြစ်သာ ပုံနေလိမ့်မည်။
ထို့အပြင် မောက်ကျန့်ရှင်းက နိုင်ငံရေးနောက်ခံ မအောင်မြင်သူ တစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့သဖြင့် ဒေသခံ အာဏာရှိသူ ဖြစ်သော ရှန်မော့အာ၏ အညှိုးအတေးဖြင့် လက်စားချေခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်ဟူသော ကောလာဟလများလည်း ပျံ့နှံ့နေခဲ့သည်။
မကြာမီမှာပင် အမှတ်(၉) အလုပ်ရုံ၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် စစ်ဆေးရန်အတွက် ပြည်နယ်မှ အလုပ်အဖွဲ့တစ်ခု ဆင်းလာခဲ့သည်။
လူ့စွမ်းအား အရင်းအမြစ်နှင့် ထုတ်လုပ်မှုအပိုင်းမှာ ရှန်မော့အာ တာဝန်ယူထားသည့် အပိုင်းဖြစ်သဖြင့် အမှန်စင်စစ် ဤစစ်ဆေးမှုမှာ ရှန်မော့အာကို ပစ်မှတ်ထားခြင်းသာ ဖြစ်သည်။
“ဒုအလုပ်ရုံမှူးရှန်၊ ဂိုဒေါင်ဘက်က ပြောတာကတော့ အလုပ်အဖွဲ့က ထုတ်လုပ်မှုကို ခေတ္တ ရပ်ဆိုင်းထားခိုင်းတယ်တဲ့။ အထည်စတွေပဲ ဖြစ်ဖြစ်၊ ပိုးချည်မျှင်တွေပဲ ဖြစ်ဖြစ် ၄ ပုံ ၁ ပုံပဲ ထုတ်ပေးတော့မယ်လို့ ပြောနေပါတယ်”
“အလုပ်အဖွဲ့က နေ့တိုင်း အလုပ်ရုံက အလုပ်သမားတွေကို ခေါ်ပြီး စကားပြောနေတာ ၁ နာရီလောက် ကြာတယ်။ ဒါက ကျွန်မတို့ရဲ့ အချိန်တွေကို ဖြုန်းတီးနေတာပဲ”
“ဒီအတိုင်းသာ ဆက်သွားရင် ၁၀ လပိုင်း မတိုင်ခင် ပစ္စည်းတွေ အများကြီး ထွက်လာဖို့ မလွယ်ဘူး”
“ဟုတ်ပါ့၊ အလုပ်တွေကို တကယ် နှောင့်နှေးစေတာပဲ”
ရုံးခန်းအတွင်း၌ လီရှင်းမေ၊ ရှင်းဖန်းကျဲ၊ တွမ့်ရှောင်ရွှမ်းနှင့် ထောင်ညန်ချင် အစရှိသည့် အုပ်စုခေါင်းဆောင်များက ရှန်မော့အာကို အခြေအနေများ လာရောက်တင်ပြနေကြသည်။ ရှန်မော့အာသည် နားထင်ကို အသာအယာ နှိပ်လိုက်ပြီး ခဏ စဉ်းစားကာ ပြောလိုက်၏။
“အစ်မရှင်းမေ၊ ပညာတတ်လူငယ်ရှင်း၊ ရှင်တို့ အုပ်စု ၂ စုက အခုလက်ရှိ ပန်းထိုးပစ္စည်းတွေကို အပြီးလုပ်လိုက်ပါ။ ပြီးရင်တော့ နောက်ထပ် ပန်းထိုးပုံစံ နမူနာတချို့ကိုပဲ တန်းထိုးလိုက်ကြတော့။ ကျန်တဲ့ အုပ်စု ၂ စုကတော့ ပထမအသုတ် ထုတ်လုပ်မှု အပိုင်းကိုပဲ ဆက်လုပ်ကြပါ”
၁၀ လပိုင်းတွင် ကျင်းပမည့် ကွမ်ကျိုးကုန်စည်ပြပွဲအတွက် ရှန်မော့အာက ပန်းထိုးပစ္စည်း ၆ မျိုးကို ပြသရန် ပြင်ဆင်ထားသည်။ ပုံမှန်အတိုင်းဆိုလျှင် အချိန်မီ ပြီးစီးနိုင်သော်လည်း ယခုအခါ ပြည်နယ်မှ အလုပ်အဖွဲ့၏ နှောင့်နှေးမှုများကြောင့် မူလအစီအစဉ်အတိုင်း လုပ်ဆောင်ရန် မဖြစ်နိုင်တော့ချေ။ နမူနာပစ္စည်းများ လုံလောက်စွာ ယူဆောင်သွားနိုင်ရန်အတွက် ပစ္စည်းတစ်ခုချင်းစီ၏ အရေအတွက်ကို လျှော့ချရန်သာ ဆုံးဖြတ်လိုက်ရလေသည်။
အမှန်တကယ်တွင် ရှန်မော့အာလည်း အနည်းငယ် စိတ်တိုနေခဲ့သည်။ အတွေးအခေါ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကြောင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ရပ်တန့်သွားခြင်းမှာ ဤခေတ်ကာလတွင် ပုံမှန်ကိစ္စပင် ဖြစ်သော်လည်း နန်ပြည်နယ် ချည်ထိုးစက်ရုံ၏ အတွင်းရေး အားပြိုင်မှုများမှာ သည်လောက်အထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤသို့သော အခြေအနေကြောင့်ပင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စက်ရုံမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မူလက နန်ပြည်နယ် ချည်ထိုးစက်ရုံမှ အလုပ်ရုံတာဝန်ခံနှင့် ဒုအလုပ်တာဝန်ခံများကို စေလွှတ်လိုက်သည့် ကိစ္စအပေါ် ရှန်မော့အာက သိပ်စိတ်မဝင်စားခဲ့ပေ။ မောက်ကျန့်ရှင်းနှင့် ကျင်းချိုင်ဖေးတို့က နေရာလုချင်ပြီး နာမည်ကောင်း ယူချင်နေကြခြင်းကိုလည်း သူမ ဂရုမစိုက်ခဲ့ချေ။ သို့သော် မောက်ကျန့်ရှင်းက တစ်ကြိမ်မဟုတ်ဘဲ အဖန်ဖန်တလဲလဲ ပြဿနာရှာလာသည့်အခါတွင်တော့ ရှန်မော့အာလည်း သည်းမခံနိုင်တော့ပေ။
မိမိ၏ နယ်မြေတွင် မိမိကိုယ်တိုင်သာ အမိန့်ပေး စီမံခွင့်ရှိသင့်သည် မဟုတ်ပါလား။
သို့သော်လည်း ဤကိစ္စကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရမည်။ သို့မဟုတ်ပါက မောက်ကျန့်ရှင်းကို မောင်းထုတ်ပြီးနောက်တွင် ကျန်းကျန့်ရှင်း သို့မဟုတ် လီကျန့်ရှင်း အစရှိသူများ ထပ်မံ ရောက်ရှိလာနိုင်သဖြင့် သူတစ်ပါးအတွက်သာ အကျိုးရှိသွားလိမ့်မည်။
သူတို့ ၅ ဦး ရုံးခန်းထဲတွင် စကားပြောနေစဉ် အပြင်ဘက်မှ မျက်မှန်တပ်ထားသည့် လူငယ်တစ်ဦး ရောက်ရှိလာသည်။ သူသည် တံခါးကို အသာအယာ ခေါက်လိုက်သော်လည်း ရှန်မော့အာက ပြန်မထူးမီမှာပင် တံခါးကို ဆွဲဖွင့်ကာ ဝင်လာခဲ့သည်။
ထိုသူမှာ ယင်းကျွင့် ဖြစ်ပြီး နန်ပြည်နယ် ချည်ထိုးစက်ရုံ အလုပ်သမားသမဂ္ဂမှ ဖြစ်သည်။ သူသည် မောက်ကျန့်ရှင်း၏ လက်အောက်ငယ်သား ဖြစ်သည်ဟု သိရပြီး မောက်ကျန့်ရှင်း ရာထူးတက်သွားသည့်အခါ သူသည်လည်း ဒုဌာနခွဲမှူး ရာထူးကို ရရှိခဲ့သူဖြစ်သည်။ ယခုတစ်ကြိမ် အလုပ်အဖွဲ့နှင့်အတူ လိုက်ပါလာသည့်အခါတွင် သူသည် အလွန်ပင် မောက်မာနေလေသည်။
ယင်းကျွင့်သည် ရုံးခန်းအတွင်းရှိ လူများကို ဝေ့ဝဲကြည့်လိုက်ပြီး စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။ တကယ့်ကို မခိုင်ခန့်တဲ့ အဖွဲ့အစည်းလေးပါလား။ ဒီမှာရှိနေတဲ့သူတွေကို ကြည့်စမ်းပါဦး၊ ပညာမရှိ၊ အမြင်မရှိတဲ့ မိန်းမတစ်စုပါပဲလား။
သူသည် အထင်သေး အကြည့်များဖြင့် ကြည့်လိုက်ပြီးနောက် ခပ်မြင့်မြင့် လေသံဖြင့် ပြောလိုက်သည်။
“ရှန်မော့အာ၊ အလုပ်အဖွဲ့က စကားပြောဖို့ ခေါ်နေတယ်”
ပြောပြီးသည်နှင့် သူသည် နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
လီရှင်းမေက ဒေါသတကြီးဖြင့် မြေပြင်သို့ တံတွေးထွေးလိုက်ကာ “ဘာလိုလိုနဲ့၊ ခွေးက သူ့သခင်အားကိုးနဲ့ ဟောင်နေတာပဲ”
ရှန်မော့အာက ရယ်မောလိုက်ပြီး “သူက ခွေးမှန်း သိနေရင် ခွေးကို ဘာလို့ ဒေါသထွက်နေမှာလဲ။ ကဲ... ရှင်တို့လည်း အမြန်ပြန်ပြီး ထုတ်လုပ်မှုပိုင်းကို သွားစီစဉ်လိုက်ကြတော့။ ကျွန်မ သွားကြည့်လိုက်ဦးမယ်”
လီရှင်းမေက သူမအတွက် မကျေမနပ် ဖြစ်နေရှာသည်။ “ရဲတွေတောင် ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ ကိစ္စကို အလုပ်အဖွဲ့က ဘာလို့ မောက်ကျန့်ရှင်း အရိုက်ခံရတာဟာ ရှင့်နဲ့ ပတ်သက်နေသလိုမျိုး လာလုပ်နေရတာလဲ။ သူတို့ကိုယ်သူတို့ မှန်ထဲမှာ ပြန်ကြည့်သင့်တယ်။ နေ့တိုင်း မေးစေ့ကို အပေါ်ထောင်ပြီး လူတွေကို နှိမ်ချင်နေတဲ့ သူတို့ရဲ့ ရုပ်ကိုက အမြင်ကတ်စရာကြီး။ ဘယ်သူမဆို လက်ယားပြီး တစ်ချက်လောက် ကျွေးချင်တာ မဆန်းပါဘူး”
အမြဲတမ်း တည်ငြိမ်လှသော ရှင်းဖန်းကျဲပင်လျှင် ထိုစကားကြောင့် မရယ်ဘဲ မနေနိုင်တော့ပေ။
တွမ့်ရှောင်ရွှမ်းမှာလည်း ပြတ်သားသည့် စရိုက်ရှိသူဖြစ်ရာ ထောက်ခံလိုက်သည်။ “ဟုတ်ပါ့၊ ဒီရက်ပိုင်း သူတို့ကို မြင်ရင် ကျွန်မတောင် လက်သီးနဲ့ တစ်ချက်လောက် ထိုးချင်နေတာ”
ထောင်ညန်ချင်ကတော့ ပိုပြီး အမြော်အမြင် ရှိသူဖြစ်သဖြင့် သူမကို အလုပ်ရုံဘက်သို့ တွန်းပို့လိုက်ပြီး “ကဲ... သွားကြစို့၊ ကျွန်မတို့ အလုပ်တွေ သွားလုပ်ကြရအောင်။ ကျွန်မတော့ မယုံဘူး၊ ကျွန်မတို့ ပိုးချည်မျှင်တွေ အကုန်သုံးပစ်လိုက်ရင် ဂိုဒေါင်ဘက်က ပစ္စည်းတွေ ထပ်မထုတ်ပေးဘဲ နေရဲမလားလို့”
ရှန်မော့အာသည် လူအုပ်နှင့် လမ်းခွဲလိုက်ပြီး အခြားတစ်ဖက်ရှိ အစည်းအဝေးခန်းငယ်ဆီသို့ လျှောက်လာခဲ့သည်။ မကြာသေးမီက အလုပ်အဖွဲ့၏ စုံစမ်းမေးမြန်းမှုများကို ထိုအခန်းထဲတွင်သာ ပြုလုပ်လေ့ရှိသည်။ တံခါးကို ခေါက်ကာ ဝင်လိုက်သည့်အခါ စားပွဲနောက်တွင် ထိုင်နေကြသော လူတချို့ကို သူမ ခေါင်းငြိမ့်ပြလိုက်သည်။
ယခုတစ်ကြိမ် နန်ပြည်နယ် ချည်ထိုးစက်ရုံမှ ဆင်းလာသည့် အလုပ်အဖွဲ့တွင် စုစုပေါင်း ၅ ဦး ပါဝင်ပြီး အဖွဲ့ခေါင်းဆောင်မှာ အတွေးအခေါ်ပိုင်းဆိုင်ရာ တည်ဆောက်မှုနှင့် ပတ်သက်၍ တာဝန်ခံရသော ဒုတိယစက်ရုံမှူး ကျိန့်ဟွေရူ ဖြစ်သည်။
ကျိန့်ဟွေရူက ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ထိုင်ရန် အချက်ပြလိုက်သည်။ ရှန်မော့အာသည် အစည်းအဝေးစားပွဲရှေ့က ကုလားထိုင်တွင် တည်ငြိမ်စွာပင် ထိုင်လိုက်၏။
တစ်ဖက်မှ လူတန်းကြီးနှင့် မျက်နှာချင်းဆိုင်ထိုင်နေရသည်မှာ အမှန်တကယ်ပင် စစ်ဆေးမေးမြန်းနေသည့် အသွင် ဆောင်နေလေသည်။
ကျိန့်ဟွေရူက ကိုယ်တိုင် စကားမစဘဲ ဘေးတွင်ရှိသော ယင်းကျွင့်ကို မေးမြန်းရန် အချက်ပြလိုက်သည်။
ယင်းကျွင့်က သူ့ရှပ်အင်္ကျီ ကော်လာကို ပြင်လိုက်ပြီး ရှန်မော့အာကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။ “ဒုအလုပ်ရုံမှူးရှန်၊ အလုပ်ထုတ်ခံလိုက်ရတဲ့ ဂိုဒေါင်တာဝန်ခံ ရှန်မင်ပင်းက မင်းရဲ့ တူတော်စပ်တယ် မဟုတ်လား။ ဒီလိုလူမျိုးကို ဂိုဒေါင်တာဝန်ခံအဖြစ် ခန့်ထားတာဟာ လုံးဝ မသင့်တော်ဘူးလို့ မင်း မထင်ဘူးလား”
ရှန်မော့အာက တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်၊ လုံးဝ မသင့်တော်ပါဘူး”
ယင်းကျွင့်မှာ သူမက တစ်ခွန်းမှ ပြန်မချေပဘဲ ဝန်ခံလိုက်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အခိုက်တန့် ကြောင်အသွားပြီး နောက်ထပ် ပြောမည့်စကားများ ပျောက်ဆုံးကုန်တော့သည်။
ရှန်မော့အာကတော့ သူမ၏ စကားကို အေးဆေးစွာပင် ဆက်လိုက်သည်။ “အလုပ်အဖွဲ့ ရောက်နေတာ ရက်အနည်းငယ် ရှိပြီဆိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလား။ ဂိုဒေါင်တာဝန်ခံဆိုတာ နောက်တန်းပိုင်း ဖြစ်သလို ကျွန်မက ခန့်အပ်ခဲ့တာ မဟုတ်ပါဘူး။ ရှန်မင်ပင်းကို ခန့်ထားတာကို ကျွန်မ ကြိုတင်မသိခဲ့ပါဘူး။ နောက်ပြီးတော့ နိုင်ငံရေးနောက်ခံကို ပြန်လည်စစ်ဆေးဖို့ အကြံပြုချက်ကိုလည်း ကျွန်မကိုယ်တိုင်ပဲ တင်ပြခဲ့တာပါ။ မသင့်တော်တဲ့ ကိစ္စကို ချက်ချင်း ပြန်လည်ပြင်ဆင်ခဲ့ပြီးသားပါ”
“လူ့စွမ်းအား အရင်းအမြစ် တာဝန်ခံ ဝေ့ရှင်းယွီ တစ်ယောက်တည်းနဲ့ အချိန်တိုအတွင်း အလုပ်သမား အားလုံးရဲ့ နိုင်ငံရေးနောက်ခံကို စိစစ်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ အလုပ်ဝင်ပြီးနောက်မှာ စိစစ်မှုတွေကို ဆက်လုပ်သွားပြီး ပြဿနာရှိရင် ၆ လ စမ်းသပ်ကာလအတွင်း အလုပ်ထုတ်တာဟာ ပုံမှန် လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကိစ္စမှာ ဘာမှ မှားယွင်းမှု မရှိဘူးလို့ ကျွန်မ ယူဆပါတယ်”
ရှန်မော့အာက ယင်းကျွင့်ကို စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။ “အလုပ်အဖွဲ့အနေနဲ့ ဒီကိစ္စမှာ ဘာပြဿနာ ရှိနေတယ်လို့ ထင်လို့လဲရှင်”
ယင်းကျွင့်က မျက်နှာပျက်သွားပြီး “လုပ်ငန်းစဉ်မှာ ပြဿနာ မရှိနိုင်ပေမဲ့ ဆိုးကျိုးတွေတော့ ဖြစ်လာခဲ့တယ်လေ။ အလုပ်ရုံမှူးမောက်က ဒီကိစ္စကြောင့်ပဲ...”
ရှန်မော့အာက သူ့စကားကို ဖြတ်ပြောလိုက်သည်။ “ဒုဌာနခွဲမှူး ယင်း၊ အလုပ်ရုံမှူးမောက် တိုက်ခိုက်ခံရတာဟာ ဒီကိစ္စနဲ့ ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာကိုတော့ ရဲတပ်ဖွဲ့ဘက်ကလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူးရှင်”
ယင်းကျွင့်မှာ နောက်တစ်ကြိမ် ဆွံ့အသွားပြန်သည်။ သူသည် ခဏ စဉ်းစားလိုက်ပြီး တခြားတစ်ဖက်မှ ပြန်တိုက်စစ်ဆင်လိုက်သည်။ “လက်ရှိ ဂိုဒေါင်တာဝန်ခံ ၂ ဦးထဲမှာ တစ်ယောက်က မင်းရဲ့ ဝမ်းကွဲအစ်ကို ဖြစ်နေသလို၊ နောက်တစ်ယောက်ကလည်း မင်းရဲ့ အဒေါ်နဲ့ ဆွေမျိုးတော်စပ်တယ်လို့ ကြားရတယ်...”
ရှန်မော့အာက ထပ်ပြီး ဖြတ်ပြောလိုက်ပြန်သည်။ “ဒုဌာနခွဲမှူးယင်းက ကျွန်မက ဂိုဒေါင်မှာ လူတွေ အုပ်စုဖွဲ့ထားတယ်လို့ ပြောချင်တာလား။ တကယ်လို့သာ အဲဒီလိုဆိုရင် အခုရက်ပိုင်း အလုပ်ရုံက ဂိုဒေါင်မှာ ပစ္စည်းသွားထုတ်တဲ့အခါ ဘာလို့ ဒီလောက်အထိ အခက်အခဲတွေ ဖြစ်နေရတာလဲရှင်”
ထို့အပြင် သူမ၏ အဒေါ်ဆိုသည်မှာလည်း မိသားစုနှင့် အဆင်မပြေသော အဒေါ်ကြီး ဖြစ်နေသေးသည်။
ယင်းကျွင့်မှာ စကားပြောတိုင်း ဖြတ်ပြောခံရပြီး သူမ၏ ပြန်လည်ချေပချက်များမှာလည်း လုံးဝ ငြင်းဆို၍ မရအောင် ခိုင်လုံနေသဖြင့် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာကာ မေးလိုက်သည်။ “ဒါဆိုရင် ထုတ်လုပ်မှု အပိုင်းကရော။ ဒုအလုပ်ရုံမှူးရှန် ကျင်းချိုင်ဖေးက မင်းကို လူထု ပိုမိုနှစ်သက်တဲ့ ပန်းထိုးပုံစံတွေကို သုံးဖို့ အကြံပေးခဲ့တာကို မင်းက ဘာလို့ တစ်ယူသန် ဆုံးဖြတ်ပြီး အဓိပ္ပာယ် မရှိတာတွေကို ထုတ်လုပ်နေရတာလဲ”
ရှန်မော့အာက ပြန်ဖြေလိုက်သည်။ “ထုတ်လုပ်မှု အပိုင်းက ပန်းထိုးပုံစံတွေကို ကျွန်မနဲ့ တာဝန်ခံ ချန်ကျားဟွာတို့ အတူတူ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြတာပါ။ ကျင်းချိုင်ဖေးထက်စာရင် ကျွန်မကတော့ ကျွမ်းကျင်သူရဲ့ အမြင်ကိုပဲ ပိုပြီး ယုံကြည်ပါတယ်”
“...”
ယင်းကျွင့်သည် ရှန်မော့အာနှင့် ယခင်က တစ်ခါမှ မဆုံဖူးချေ။ အလုပ်အဖွဲ့ ရောက်ရှိလာကတည်းက အလုပ်သမားများနှင့်သာ စကားပြောနေခဲ့သဖြင့် ရှန်မော့အာနှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။
သူသည် ရိုးသားပြီး လှည့်စားရလွယ်မည့် ကျေးလက်အမျိုးသမီး တစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တွင်တော့ သည်လောက်အထိ အတွေးအခေါ် ရှင်းလင်းပြီး စကားပြော ကျွမ်းကျင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူ သူမကို လုံးဝ မယှဉ်နိုင်ပါလား။
ယင်းကျွင့်သည် ရှက်လွန်းသဖြင့် တစ်ခုခု ထပ်ပြောရန် ပြင်နေစဉ်မှာပင် အခန်းတံခါးကို အလောတကြီး လာရောက် ခေါက်လိုက်သဖြင့် စကားစ ပြတ်သွားတော့သည်။ လုံခြုံရေးဌာနမှ တာဝန်ခံဝူက တံခါးကို ဆွဲဖွင့်ကာ ဝင်လာပြီး ပြောလိုက်လေတော့သည်။ “ရဲစခန်းဘက်က အကြောင်းကြားလာပါတယ်။ အလုပ်ရုံမှူးမောက် အရိုက်ခံရတဲ့ ကိစ္စက သဲလွန်စ ရနေပြီတဲ့။ ဒုအလုပ်ရုံမှူးရှန်ကို တစ်ချက်လောက် လာခဲ့ပေးဖို့ ပြောနေပါတယ်”
...
အပိုင်း (၉၀.၁)
စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ရှန်မော့အာသည် ရဲစခန်းသို့ အတူတူ သွားခဲ့ကြသည်။
လျိုချောင်ရဲစခန်း၏ စခန်းမှူးမှာ လျန်မျိုးနွယ် ဖြစ်သည်။ နန်ပြည်နယ် ပန်းထိုးစက်ရုံမှ ဒုတိယစက်ရုံမှူးတစ်ဦးပါ ရောက်ရှိလာကြောင်း ကြားသိရသောအခါ စခန်းမှူးလျန်သည် ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုလေသည်။ ကျိန့်ဟွေ့ရူနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် လူအုပ်ကြီးကို စခန်းမှူးရုံးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သူကိုယ်တိုင် လက်ဖက်ရည်ငှဲ့တိုက်ပြီးမှ အကြောင်းစုံကို ရှင်းပြလေတော့သည်။
"ယန်လျိုတပ်ဖွဲ့မှ မျက်မြင်သက်သေတစ်ဦးက ထွက်ဆိုပေးခဲ့ပါတယ်။ အဲဒီနေ့က ရှန်မင်ပင်းက တပ်ဖွဲ့ထဲမှာ တကယ်ပဲ မရှိနေခဲ့ပါဘူး။ နောက်ပိုင်း ကျွန်တော်တို့ သွားရောက်စုံစမ်းတဲ့အခါ တပ်ဖွဲ့မှာလည်း သက်သေကို ရှာတွေ့ခဲ့ပါတယ်။ ရှန်မင်ပင်းက ငြင်းလို့မရတော့တာကို မြင်တော့ ဝန်ခံသွားခဲ့ပါပြီ။ အလုပ်ထုတ်ခံရတဲ့အတွက် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လက်စားချေတာ ဖြစ်ပြီး လူရိုက်ခဲ့တာ သူကိုယ်တိုင်ပါပဲ"
ယင်းကျွင့်သည် ရှန်မော့အာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ချက်ချင်း မေးလိုက်သည်။ "ကြံရာပါတွေရော ရှိသေးလား။ လက်စားချေတာအပြင် နောက်ကွယ်ကနေ ခိုင်းစေတဲ့သူ ရှိမရှိဆိုတာရော"
စခန်းမှူးလျန်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကြံရာပါ ရှိပါတယ်"
ယင်းကျွင့်သည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားပြီး "ကြံရာပါက ဘယ်သူလဲ"
ထိုသို့ပြောရင်း သူ၏အကြည့်က တစ်ခုခုကို ရည်ညွှန်းနေသည့်အလား ရှန်မော့အာကို လှမ်းကြည့်လိုက်၏။
စခန်းမှူးလျန်သည် သူ့ကို အတွေးနက်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဤလူ ဘာကို ဆိုလိုချင်သလဲဆိုသည်ကို သူ့လို လုပ်သက်ရင့်သူတစ်ယောက်အနေဖြင့် မရိပ်မိဘဲ နေမည်လား။ သူက နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်ပြီး "ရှန်မင်ပင်းရဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်တဲ့ ဝမ်ကျင်းပေါင်ပါ"
သူသည်လည်း ထူးဆန်းသူတစ်ဦးပင်။ သူကိုယ်တိုင် ဝန်ခံချက်အရ ယမန်နှစ်က တပ်ဖွဲ့တွင် ထိုကဲ့သို့ အိတ်စွပ်ပြီး အရိုက်ခံခဲ့ရဖူးသည်။ သူ၏မိခင် ထျန်းချွေ့နှင့် အဒေါ်ဖြစ်သူ ထျန်းဖန်တို့မှာ ဆက်ဆံရေး မကောင်းကြတော့သော်လည်း ၎င်းတို့ ဝမ်းကွဲညီအစ်ကို နှစ်ဦးကတော့ ပုံမှန်အားဖြင့် အတူတကွ သွားလာလေ့ရှိကြသည်။ ရှန်မင်ပင်း အလုပ်ထုတ်ခံရကြောင်း ကြားသိရသောအခါ သူသည် ထိုတန်ဖိုးရှိလှသော အရိုက်ခံရသည့် အတွေ့အကြုံကို ချက်ချင်း မျှဝေပေးခဲ့သည်။ ထို့နောက် ရှန်မင်ပင်းနှင့်အတူ လက်တွေ့ အကောင်အထည်ဖော်ခဲ့ကြသည်။
ယင်းကျွင့်သည် သူကြားချင်သောအရာကို မကြားရသဖြင့် မနေနိုင်တော့ဘဲ ပိုပြီး ရှင်းလင်းအောင် ပြောလိုက်၏။ "ကျွန်တော်တို့ စက်ရုံဘက်ကရော၊ ကျွန်တော်တို့ စက်ရုံထဲမှာ သူ့ကို ကြံရာပါ လုပ်ပေးတဲ့သူ မရှိဘူးလား"
စခန်းမှူးလျန်က မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။ "ကြံရာပါ မရှိပါဘူး။ အစက သူတို့တွေက ဒုအလုပ်ရုံမှူးရှန်နဲ့ ရဲဘော် ဝေ့ရှင်းယွီတို့ကိုပါ ရိုက်နှက်ဖို့ ကြံစည်ခဲ့တာပါ။ အခွင့်အရေး မရခဲ့တာပဲ ရှိတာပါ"
ရှန်မော့အာသည် ပုံမှန်အားဖြင့် အချိန်မှန် ရုံးတက်ရသူ မဟုတ်ပေ။ ဝေ့ရှင်းယွီမှာလည်း အဆောင်တွင် နေထိုင်ပြီး ပုံမှန်သွားလာရာတွင် လူအများအပြားနှင့် အတူရှိနေတတ်သည်။ ရှန်မင်ပင်းတို့အုပ်စုမှာ အခွင့်အရေး လုံးဝ မရခဲ့ပေ။
ထို့အပြင် ရှန်မင်ပင်းသည် အမှန်တကယ်တွင် ကိစ္စပေါ်ပေါက်သွားပြီးနောက် ယန်လျိုတပ်ဖွဲ့၌ ဆက်လက်မနေနိုင်တော့မည်ကို စိုးရိမ်နေခဲ့သည်။
ပြည်နယ်မှ ဆုရရှိခဲ့ခြင်းမှသည် တပ်ဖွဲ့တွင် စက်ရုံတည်ဆောက်ခြင်းအထိတိုင် ရွာသူရွာသားများကို အလုပ်သမားများအဖြစ် ခေါ်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် ရှန်မော့အာ၏ အရှိန်အဝါမှာ ယန်လျိုတပ်ဖွဲ့တွင် အလွန်ကြီးမားနေလေပြီ။ သူမ၏ ပညာတတ်လူငယ် ခင်ပွန်းဖြစ်သူကလည်း သီးနှံအထွက်တိုးရေးကို စနစ်တကျ လုပ်ဆောင်နိုင်ခဲ့သဖြင့် ရွာရှိ လယ်သမားကြီးများကပါ အလွန်ယုံကြည်လေးစားနေကြသည်။ ယခုအခါ ၎င်းတို့ ဇနီးမောင်နှံသည် ကျိုးမန်ခန်းထက်ပင် လူချစ်လူခင် ပိုများနေကြသည်။
သူ လူရိုက်ခဲ့သည်ကိုသာ သူများတွေ သိသွားပါက နောက်နောင် ရွာထဲတွင် ညဘက် လမ်းလျှောက်ရဲမည်ပင် မဟုတ်တော့ချေ။
ရဲတပ်ဖွဲ့က ရှန်မော့အာကို ထွက်ဆိုချက် ယူပေးခဲ့သည်။ လူအုပ်ကြီးသည် ရဲစခန်းမှ ထွက်ခွာလာခဲ့ကြပြီး ဒုတိယနေ့တွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် ကျန်းပေခရိုင်မှ ထွက်ခွာသွားကြလေသည်။
ရက်အနည်းငယ်အကြာတွင် နန်ပြည်နယ် ပန်းထိုးစက်ရုံမှ အကြောင်းကြားစာ ကျလာခဲ့သည်။ မောက်ကျန့်ရှင်းကို ပြည်နယ်မြို့တော်သို့ ပြန်လည်ခေါ်ယူလိုက်ပြီး အလုပ်ရုံမှူး ရာထူးကို ခေတ္တ လစ်လပ်ထားခဲ့သည်။ ဒုအလုပ်ရုံမှူးဖြစ်သူ ရှန်မော့အာက လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ရမည်။ တစ်ချိန်တည်းမှာပင် ကွမ်ကျိုး ကုန်စည်ပြပွဲသို့ တက်ရောက်မည့် စာရင်းလည်း ကျလာခဲ့ပြီး ရှန်မော့အာနှင့် ကျင်းချိုင်ဖေး နှစ်ဦးစလုံး သွားရောက်ရမည်။
မောက်ကျန့်ရှင်းသည် ကျန်းပေခရိုင်တွင် တစ်နှစ်နီးပါး နေထိုင်ခဲ့ပြီး မူလက သည်နေရာတွင် အတွေ့အကြုံ အနည်းငယ် စုဆောင်းကာ အမှတ်(၉) အလုပ်ရုံကို ကုပ်အားအဖြစ် အသုံးပြုပြီး ပိုမိုမြင့်မားသော ရာထူးသို့ တက်လှမ်းရန် ရည်ရွယ်ထားခဲ့သည်။
ဟုတ်ပါသည်။ ယခုတစ်ကြိမ် သူ အရိုက်ခံရသည့်ကိစ္စကို အခွင့်ကောင်းယူ၍ ကြီးကျယ်အောင် လုပ်ခဲ့ခြင်းမှာ ရှန်မော့အာကို ဖယ်ရှားလိုသည့် သဘောလည်း ပါဝင်နေသည်။
သို့သော် လျိုချောင်တပ်ဖွဲ့တွင် စုံစမ်းစစ်ဆေးစဉ်က သာမန်ကာလျှံကာသာ နေခဲ့ပြီး သဘောထား မှတ်ချက် သိပ်မပေးခဲ့သော ကျိန့်ဟွေ့ရူသည် ပြည်နယ်မြို့တော်သို့ ပြန်ရောက်ပြီးနောက် စက်ရုံသို့ အလွန်ပြတ်သားပြင်းထန်သော အစီရင်ခံစာတစ်စောင် တင်သွင်းလိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။ ထိုအစီရင်ခံစာတွင် မောက်ကျန့်ရှင်းသည် အာဏာလုပွဲများတွင်သာ နစ်မွန်းနေပြီး အမှတ်(၉) အလုပ်ရုံ၏ တိုးတက်မှုကို လျစ်လျူရှုထားကြောင်း တိုက်ရိုက် ရည်ညွှန်းထားလေသည်။
ဤအစီရင်ခံစာသည် အမှတ်(၉) အလုပ်ရုံကို တာဝန်ယူရသော ဒုတိယစက်ရုံမှူး ချင်၏ ထောက်ခံမှုကို ရရှိခဲ့သည်။ စက်ရုံခေါင်းဆောင် နှစ်ဦး ပူးပေါင်းကာ သူ့ကို အလုပ်ရုံမှူး ရာထူးမှ တိုက်ရိုက် ဖယ်ရှားပစ်ခဲ့ကြသည်။
မောက်ကျန့်ရှင်းမှာ ပြစ်ဒဏ်ကျခံရရုံသာမက အလုပ်မများသော ဌာနတစ်ခုတွင် ဒုတိယဌာနခွဲမှူးအဖြစ် ရာထူးချထားခြင်း ခံခဲ့ရသည်။ ယင်းကျွင့်သည်လည်း ကောင်းကျိုးမခံစားရဘဲ ခေါင်းဆောင်များ၏ ဖယ်ကြဉ်ထားခြင်းကို ခံခဲ့ရသည်။
မောက်ကျန့်ရှင်းကတော့ သူ မ,ထားသည့် ကျောက်တုံးက သူ့ခြေထောက်ပေါ် ပြန်ကျသွားခြင်းသာ ဖြစ်တော့သည်။
ဤကိစ္စရပ်များအားလုံးကို ချန်ကျားဟွာက ဖုန်းဆက်သောအခါ ရှန်မော့အာကို ပြောပြခဲ့ခြင်း ဖြစ်သည်။ သူမက ဖုန်းထဲတွင် လှိုက်လှိုက်လှဲလှဲ ရယ်မောရင်း ပြောလိုက်သည်။ "ဒုတိယစက်ရုံမှူးကျိန့်က ဒီနှစ်မှ အသစ်ပြောင်းလာတာလေ။ စက်ရုံထဲက လူတွေက သူ့အကြောင်း သိပ်မသိကြဘူး။ ဒါပေမဲ့ သူက ပုံမှန်ဆိုရင် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ အတော်လေး နူးညံ့ပြီး ပြေပြစ်တယ်။ မောက်ကျန့်ရှင်းနဲ့ ယင်းကျွင့်တို့က စက်ရုံမှူးဆိုတဲ့ နောက်ခံကို အားကိုးပြီး သူ့ကို အရေးမစိုက်ခဲ့ကြဘူး ထင်ပါရဲ့။ တကယ်တမ်းကျတော့ သူက အတော်လေး ပြတ်သားတဲ့သူပဲ။ တကယ်ကို အသံတိတ်နေပေမဲ့ အသံထွက်လာရင် လူတိုင်း အံ့သြသွားရတာပဲ။ ကျွန်မ ကြည့်ရတာ စက်ရုံမှူးကတောင် သူ့ကို နည်းနည်း ရှောင်နေရတယ်။ နောက်ခံအင်အား တောင့်တင်းတဲ့သူ ဖြစ်လိမ့်မယ်"
မည်သို့ပင်ဆိုစေကာမူ ကျိန့်ဟွေ့ရူ၏ မိုးကြိုးပစ်ချသကဲ့သို့ ပြင်းထန်သော လုပ်ရပ်များက ရှန်မော့အာအတွက် အဟန့်အတားများကို တစ်ချက်တည်း ရှင်းလင်းပေးလိုက်သလို ဖြစ်သွားခဲ့သည်။
မောက်ကျန့်ရှင်းကို သူမ ရင်ဆိုင်မဖြေရှင်းနိုင်သည်တော့ မဟုတ်ပေ။ သို့သော် ကျိန့်ဟွေ့ရူသာ မရှိခဲ့လျှင် သူမက အားစိုက်ထုတ်နေရဦးမည်။
မောက်ကျန့်ရှင်း ထွက်ခွာသွားသည့်နေ့တွင် ရှန်မော့အာ၊ ကျင်းချိုင်ဖေးနှင့် ဌာနမှူး၊ အဖွဲ့ခေါင်းဆောင် တချို့တို့သည် ကားဂိတ်သို့ သွားရောက် ပို့ဆောင်ပေးခဲ့ကြသည်။
သူ့ကို အမြင့်ဆုံးသို့ တွန်းတင်ပေးမည့် နေရာဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင် သူ့ကို အကြီးအကျယ် လဲကျသွားစေမည့် နေရာဖြစ်လာလိမ့်မည်ဟု မည်သူက သိခဲ့မည်နည်း။
မောက်ကျန့်ရှင်း တစ်ယောက်မှာ ရုတ်တရက် အတော်လေး ညှိုးငယ်သွားခဲ့သည်။ လမ်းဘေးတွင် ရပ်ကာ တည်ငြိမ်အေးချမ်းနေသော မျက်နှာထားဖြင့် ရှန်မော့အာကို ကြည့်ရင်း လျိုချောင်တပ်ဖွဲ့တွင် နေထိုင်ခဲ့ရသော တစ်နှစ်နီးပါး အချိန်ကာလကို ပြန်လည် စဉ်းစားမိလိုက်သည်။ ရှင်းလင်းပြတ်သားပြီး ခိုင်မာသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ဤမိန်းကလေးသည် တကယ်တော့ သူ့ကို ဘယ်သောအခါမှ အရင်စတင် ရန်မစခဲ့ပေ။ သူကိုယ်တိုင်ကသာ စိုးရိမ်စိတ်ဖြင့် သူမကို နေရာတကာတွင် အခက်တွေ့အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ သူက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး "ရဲဘော် ရှန်မော့အာ၊ အမှတ်(၉) အလုပ်ရုံကြီး ပိုပိုပြီး တိုးတက်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်"
မည်သို့ဆိုစေ ၎င်းမှာ သူ ပင်ပန်းဆင်းရဲခံကာ တစ်စတစ်စ တည်ဆောက်ခဲ့ရသော စက်ရုံပင် မဟုတ်ပါလား။
သူ၏ ဤစကားမှာလည်း သေခါနီးလူ၏ စကားများသည် ကောင်းမွန်တတ်သည်ဟူသော ဆိုရိုးစကားနှင့် အကျုံးဝင်နေတော့သည်။
မောက်ကျန့်ရှင်း ထွက်သွားပြီးနောက် ကျင်းချိုင်ဖေးသည် အတော်လေး ငြိမ်သက်သွားခဲ့သည်။
အစက သူသည်လည်း ရှန်မော့အာကို ကျော်လွန်သွားချင်ခဲ့ခြင်း မဟုတ်ပေ။ "အဝေးကလာသော ဘုန်းကြီး" ဖြစ်သည့်အတွက် ဒေသခံများ၏ ဖယ်ကြဉ်ခံရမည်ကို အမြဲတမ်း စိုးရိမ်နေသဖြင့် မောက်ကျန့်ရှင်းနှင့် ပူးပေါင်းကာ ရှန်မော့အာကို ဖိနှိပ်ခဲ့ခြင်းသာ ဖြစ်သည်။
ယခုအခါ မောက်ကျန့်ရှင်း၏ သင်ခန်းစာက မျက်စိရှေ့တွင် ရှိနေလေပြီ။ သူ့မှာ ပြဿနာထပ်ရှာဖို့ရန်လည်း သတ္တိမရှိတော့ချေ။
ရှန်မော့အာသည် ပြည်နယ်တွင် မည်သို့ပင် ဖြစ်နေစေကာမူ ဂရုမစိုက်တော့ပေ။ ယခု အမှတ်(၉) အလုပ်ရုံတွင် ဘယ်သူမှ ပြဿနာ ထပ်မရှာကြတော့သဖြင့် ကြိုတင်သတ်မှတ်ထားသော ထုတ်လုပ်မှု တာဝန်များကို အလျင်အမြန်ပင် ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။
အမှတ်(၉) အလုပ်ရုံဘက်တွင် အရာရာ အဆင်ပြေချောမွေ့လာသော်လည်း ယန်လျိုတပ်ဖွဲ့ဘက်တွင်တော့ ထျန်းဖန်သည် အကြီးဆုံးမြေးက အလုပ်ထုတ်ခံရသည့်အပြင် လူရိုက်မှုကြောင့် ရဲစခန်းသို့ "ဒုတိယအကြိမ် ရောက်ရှိသွားသဖြင့်" ယခင်က စေ့စပ်ထားပြီးသား အိမ်ထောင်ရေးပါ ပျက်စီးသွားရသည့်အတွက် ဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် အပြင်တွင် ရှန်မော့အာသည် ရက်စက်ကြမ်းကြုတ်ပြီး ဆွေမျိုးများကို လမ်းမဖွင့်ပေးကြောင်း နေရာတကာတွင် လိုက်လံပြောဆိုနေတော့သည်။
ဤစကားကို ယန်လျိုတပ်ဖွဲ့တွင် တကယ်တမ်း ယုံကြည်သူ အနည်းငယ်သာ ရှိသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ရှန်မော့အာအပေါ် မကျေမနပ် ဖြစ်နေသူ တစ်စုတစ်စု ရှိနေသည်ကိုတော့ ငြင်းဆို၍ မရပေ။ ဥပမာအားဖြင့် ကျိုးကျောက်တိကို အိမ်ခွဲပေးလိုက်ရပြီးနောက် စိတ်ထဲတွင် အမြဲတမ်း မကျေမချမ်း ဖြစ်နေသော ယန်တာ့နွီနှင့် အမှတ်(၉) အလုပ်ရုံတွင် အလုပ်သွားလျှောက်သော်လည်း နောက်ဆုံးတွင် ကျသွားခဲ့သော ကလေးများ၏ မိသားစု အစရှိသူများ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ ထျန်းဖန်၏ စကားများကို နားထောင်သူ နည်းပါးသော်လည်း လုံးဝ ထောက်ခံသူ မရှိသည်တော့ မဟုတ်ပေ။
သို့ဖြစ်ရာ အမှတ်(၉) အလုပ်ရုံတွင် အလုပ်လုပ်နေဆဲဖြစ်သော ရှန်ကျန့်ရှဲ့မှာ အလွန်ပင် အနေရခက်သွားတော့သည်။
အိမ်တွင် သူ၏ ညီအစ်ကိုများနှင့် တူများက သူ့ကို မနာလို ဖြစ်နေကြသည်။ အကြောင်းမှာ ယခုအခါ မိသားစုတစ်ခုလုံးတွင် ရှန်လင်းလင်းတို့ ဇနီးမောင်နှံမှလွဲ၍ သူတစ်ယောက်တည်းသာ အလုပ်ရှိပြီး လစာရနေသောကြောင့် ဖြစ်သည်။
သူများတွေက စက်ရုံမှာ အလုပ်လုပ်ပြီး လစာယူနေရက်နဲ့ သူ့အမေက ရွာထဲမှာ ဒုအလုပ်ရုံမှူးရဲ့ ကောလာဟလတွေကို ဖြန့်နေတယ်၊ ဒါက သူများကျွေးတဲ့ ထမင်းကို စားပြီး သူများအမေကို ပြန်ဆဲနေတာနဲ့ မတူဘူးလား၊ ဒါက အရမ်းကို အရှက်မဲ့လွန်းတယ် ဟု ထင်မြင်နေကြသည်။
ရှန်ကျန့်ရှဲ့မှာ မျက်နှာငယ်လေးဖြင့်သာ နေရတော့သည်။
သို့သော် လဆန်းပိုင်း လစာထုတ်ရချိန်တွင်တော့ အလွန်ပင် ဝမ်းသာပျော်ရွှင်နေပြန်သည်။
တကယ့်ကို နာကျင်မှုနှင့် ပျော်ရွှင်မှု ရောယှက်နေခြင်းပင် ဖြစ်တော့သည်။
ဤကိစ္စကြောင့် ရှန်လောင်အာ့တို့ မိသားစုတွင်လည်း တကယ်တမ်း အလွန်မငြိမ်မသက် ဖြစ်နေခဲ့သည်။ ချွေးမနှစ်ယောက်မှာ မကြာခဏဆိုသလို ပွင့်လင်းစွာ တစ်မျိုး၊ တိတ်တဆိတ် တစ်ဖုံ ရန်ဖြစ်နေကြသည်။ ထျန်းဖန်မှာလည်း အပြင်တွင် ရှန်မော့အာကို အပြစ်တင်ပြောဆိုပြီးနောက် အိမ်ပြန်ရောက်လျှင် ချွေးမများကို တစ်ဝကြီး ဆူပူကြိမ်းမောင်းလေ့ရှိသည်။
သို့သော် ထျန်းဖန်သည် မကြာမီမှာပင် ရှန်မော့အာကို အပြစ်တင်ရန် ခွန်အားမရှိတော့ချေ။ အကြောင်းမှာ သူတို့ မိသားစုတွင် ပြဿနာကြီးတစ်ခု ပေါ်လာသောကြောင့်ပင်။
ဤကိစ္စမှာ လွန်ခဲ့သော လအနည်းငယ်က စတင်ခဲ့ခြင်း ဖြစ်သည်။ ရှန်လင်းလင်းသည်လည်း ဗိုက်ပို၍ ကြီးလာသည်နှင့်အမျှ ကိုယ်ဝန်ကို ဂရုစိုက်ရသည့် အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။ ကျောင်းမှ သင်ခန်းစာများကိုလည်း ချန်ထောင်နှင့် ဝမ်ချိုးထုန်တို့ထံသို့ နည်းနည်းချင်း လွှဲပြောင်းပေးခဲ့သည်။
ထိုအချိန်ကာလအတွင်းမှာပင် ကျန်းကျွင့်လျန်သည် စက်ရုံတွင် အချိန်ပိုဆင်းရသည်ဟု အကြောင်းပြကာ ညအိပ်မပြန်ဘဲ နေသည်က များလာခဲ့သည်။
တကယ်သာ အချိန်ပိုဆင်းရသည်ဆိုလျှင် ညအိပ်မပြန်ခြင်းက ကိစ္စမရှိပေ။ အထူးသဖြင့် ကျန်းကျွင့်လျန်၏ ကိုယ်ပိုင်အိမ်မှာ တပ်ဖွဲ့တွင် ရှိနေသဖြင့် နောက်ကျလျှင် အိမ်ပြန်ပြီး တစ်ညတာ အိပ်စက်ခြင်းမှာ အလွန်ပုံမှန်ကိစ္စသာ။
ထို့နောက် ယခု ရှန်ကျန့်ရှဲ့သည် အမှတ်(၉) အလုပ်ရုံတွင် အလုပ်ဆင်းနေပြီ မဟုတ်ပါလား။ တပ်ဖွဲ့ခေါင်းဆောင်များသည် ပန်းထိုးစက်ရုံနှင့် ရက်ကန်းစက်ရုံတို့အကြား ဆက်သွယ်မှု ပိုမိုအားကောင်းစေရန်အတွက် အမှတ်(၉) အလုပ်ရုံ တည်ဆောက်မည့် နေရာကို ရွေးချယ်ရာတွင် ရက်ကန်းစက်ရုံနှင့် မဝေးလှသော မြေရိုင်းတစ်ကွက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အမှတ်(၉) အလုပ်ရုံနှင့် ရက်ကန်းစက်ရုံမှာ တကယ်တမ်းတွင် သိပ်မဝေးလှပေ။
ကျန်းကျွင့်လျန် တစ်ယောက် ဆက်တိုက်ဆိုသလို ရက်အတော်ကြာ အိမ်မပြန်လာသောအခါ ရှန်လင်းလင်းသည် မိမိခင်ပွန်းကို စိတ်ပူသဖြင့် အချိန်ပိုဆင်းရာတွင် ဗိုက်ဆာလျှင် စားရန်အတွက် ပြုတ်ထားသော ကြက်ဥအနည်းငယ်၊ ဆန်မုန့်နှင့် ကန်စွန်းဥချောင်းများကို ရှန်ကျန့်ရှဲ့အား ကျန်းကျွင့်လျန်ထံသို့ သွားပို့ခိုင်းခဲ့သည်။ ရလဒ်အနေဖြင့် ရှန်ကျန့်ရှဲ့သည် ရက်ကန်းစက်ရုံ ဂိတ်တံခါးဝတွင် ကျန်းကျွင့်လျန် ထွက်လာမည့်အချိန်ကို စောင့်နေရင်း စက်ရုံလုံခြုံရေးခန်းမှ လူများနှင့် စကားလက်ဆုံ ကျသွားခဲ့သည်။
တစ်ဖက်လူက သူသည် အမှတ်(၉) အလုပ်ရုံမှ ဖြစ်ကြောင်း ကြားသိရသောအခါ စိတ်ထဲမှ အတင်းပြောချင်စိတ်များ တဟုန်းဟုန်း တောက်လောင်လာပြီး ယခင် အလုပ်ရုံမှူး အိတ်စွပ်ကာ မျက်နှာဗရပွဖြစ်အောင် အရိုက်ခံရသည့် ကိစ္စကို သူ့အား ဆွဲ၍ မေးမြန်းတော့သည်။
ရှန်ကျန့်ရှဲ့သည် အနည်းငယ် အနေရခက်သလို ခံစားရသော်လည်း တစ်ဖက်လူကို ဝေဝါးစွာဖြင့် ပြောပြခဲ့သည်။ ထို့နောက် ပြောရင်းဆိုရင်းနှင့် ရှန်ကျန့်ရှဲ့က ရက်ကန်းစက်ရုံတွင် မကြာသေးမီက အလုပ်များပြီး အချိန်ပို မကြာခဏ ဆင်းရသလား ဟု အမှတ်တမဲ့ မေးလိုက်သည်။
ရလဒ်အနေဖြင့် ဤအမေးက ပျားအုံကို တုတ်နှင့် ထိုးဆွလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
လုံခြုံရေးခန်းမှ လူများသည် စက်ရုံရှိ ဌာနအသီးသီးမှ မည်သည့်အချိန်တွင် အလုပ်ဆင်းသည်ကို အသိဆုံး ဖြစ်သည်။ သူက အံ့သြနေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။ "ကျွန်တော်တို့ စက်ရုံ အလုပ်ရုံဘက်ကတော့ တော်တော်လေး အလုပ်များပါတယ်။ ရက်ကန်းလုပ်ငန်းတာဝန်က ကြီးမားတယ်လေ။ နည်းပညာဌာနကတော့ အဆင်ပြေပါတယ်။ တာဝန်ကျတဲ့သူက ကျန်ခဲ့ပြီး စောင့်နေရုံပါပဲ။ တခြားလူတွေကတော့ ပုံမှန် အလုပ်ဆင်းကြတာပါပဲ။ ပြီးတော့ အလုပ်ရုံက အချိန်ပိုဆင်းရင်လည်း ၈ နာရီထက် နောက်မကျပါဘူး"
ရှန်ကျန့်ရှဲ့မှာ တုန်လှုပ်သွားခဲ့သည်။ ကျန်းကျွင့်လျန် အပြင်ထွက်လာပြီး ပစ္စည်းယူသည့်အချိန်အထိ သူသည် အတွေးများနေခဲ့၏။ ကျန်းကျွင့်လျန်ကတော့ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ သူသည် ဇနီးဖြစ်သူ၏ မိဘဆွေမျိုးများကို အမြဲတမ်း အရေးမစိုက်တတ်ချေ။ ယခုအခါ ရှန်ကျန့်ရှဲ့သည် အလုပ်သမားတစ်ဦး ဖြစ်လာလျှင်တောင်မှ သူက အထင်ကြီးလေးစားမည် မဟုတ်ပေ။
ဂိုဒေါင်ဝန်ထမ်း တစ်ယောက်၊ အလုပ်ရုံ အလုပ်သမားပင် မဟုတ်သည့်သူက သူ့လို ကျွမ်းကျင်အလုပ်သမားနှင့်ဆိုယှဉ်လျှင် မိုင်ပေါင်း သောင်းသိန်းချီ၍ ကွာခြားနေသေးသည် မဟုတ်ပါလား။
ထို့အပြင် ဤကိစ္စကို တကယ်တမ်း အသေးစိတ် စဉ်းစား၍ မရပေ။ အကယ်၍ အသေးစိတ် စဉ်းစားလိုက်မည်ဆိုပါက သူသည် ရှန်မော့အာကို တွေးမိရန် ရှောင်လွှဲ၍ မရနိုင်ချေ။
ယခုအခါ ရှန်ရှောက်ယွမ်သည် အုတ်ဖို ပြန်ကြားရေးဌာန၏ ဒုတိယဌာနမှူး ဖြစ်နေလေပြီ။ ရှန်မော့အာသည်လည်း ပန်းထိုးစက်ရုံ လက်အောက်ခံ အလုပ်ရုံ၏ ဒုအလုပ်ရုံမှူး ဖြစ်လာခဲ့သည်။ ထို့ထက်မက အလုပ်ရုံမှူး ဖြစ်လာရန်ပင် သိပ်မဝေးတော့သည့်ပုံ ပေါက်နေသည်။
အကယ်၍ အခြား မသက်ဆိုင်သူများသာ ဖြစ်ပါက ကျန်းကျွင့်လျန်သည် အားကျရုံသာ အားကျမိလိမ့်မည်။ သို့သော် ထိုသူမှာ ရှန်မော့အာ ဖြစ်နေခဲ့သည်။ သူတို့သည် ကြင်ဖက်တွေ့ခဲ့ဖူးပြီး လက်ထပ်ရန် နီးစပ်ခဲ့ကြသည်။ ကျန်းကျွင့်လျန်တစ်ယောက် ပြန်လည်တွေးမိတိုင်း ရွှေစင်သောင်းနှင့်ချီ၍ ဆုံးရှုံးလိုက်ရသကဲ့သို့ စိတ်ပျက်အားငယ်မှုနှင့် နာကျင်မှုများကို ခံစားရလေ့ရှိသည်။
တကယ်လို့... တကယ်လို့ ငါသာ အရင်တုန်းက ရှန်မော့အာကို လက်ထပ်ခဲ့မယ်ဆိုရင် အခုဆို ငါတို့ သုံးယောက်သား မိသားစုက အလုပ်သမားတွေ ဖြစ်နေကြမှာပဲ။ တပ်ဖွဲ့ မိသားစုအိမ်ရာက တိုက်ခန်းငယ်လေးမှာတောင် နေနိုင်မှာ။ ပြီးတော့ ငါလည်း နည်းပညာဌာန ဒုတိယဌာနမှူး၊ ဌာနမှူး ရာထူးတွေကို ယှဉ်ပြိုင်တဲ့အခါ စက်ရုံခေါင်းဆောင်တွေက ရှန်ရှောက်ယွမ်နဲ့ ရှန်မော့အာတို့ကို ငဲ့ပြီး မျက်နှာသာ နည်းနည်းပါးပါး ပေးကြမှာပဲ။
မည်သို့ပင်ဆိုစေ အသေးစိတ် စဉ်းစားလို့ မဖြစ်ပေ။ အသေးစိတ် စဉ်းစားလိုက်သည်နှင့် ကျန်းကျွင့်လျန်သည် သူ အချိန်မရွေး သွေးအန်တော့မလို ခံစားရလေသည်။
ထိုသို့ နှိုင်းယှဉ်ကြည့်လိုက်သောအခါ ရှန်လင်းလင်းနှင့် သူမ၏ မိသားစုမှာ တကယ်ကို မြင်ပြင်းကပ်စရာ ကောင်းလှကာ ရိုင်းစိုင်းပြီး ကပ်စေးနဲသော ကျေးလက်တောသား တစ်သိုက်သာ ဖြစ်တော့သည်။
...
အပိုင်း (၉၀.၂)
ကျန်းကျွင့်လျန်သည် စိတ်ထဲတွင် အထင်သေးနေသော်လည်း အပေါ်ယံတွင်တော့ ယဉ်ကျေးစွာဖြင့် ယောက်ဖဖြစ်သူကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် ပစ္စည်းများကို ဆွဲကာ စက်ရုံထဲသို့ ပြန်ဝင်သွားလေသည်။
ဪ... စကားမစပ်... သူသည် ရှန်လင်းလင်းအတွက် စကားပါးလိုက်သေးသည်။ စနေ၊ တနင်္ဂနွေမှသာ အိမ်ပြန်ရန် အချိန်ရမည် ဟူ၍။
ရှန်ကျန့်ရှဲ့သည် သံသယများ ပြည့်နှက်နေသော စိတ်ဖြင့် အလုပ်သွားခဲ့ပြီး တစ်နေ့လုံးလည်း စိတ်ရှုပ်ထွေးနေခဲ့သည်။ အလုပ်ဆင်းပြီး အိမ်ပြန်ရောက်သောအခါ သူ ကြားခဲ့ရသည်များကို ရှန်လင်းလင်းအား ပြောပြလိုက်သည်။
ရှန်လင်းလင်းကတော့ ကျန်းကျွင့်လျန်ကို ချက်ချင်း သံသယမဝင်ဘဲ ခင်ပွန်းဖြစ်သူဘက်မှ ကာကွယ်ပြောဆိုလိုက်သေးသည်။ "လုံခြုံရေးခန်းက လူတွေက ဘာသိမှာလဲ။ ဌာနမှ မတူတာကို"
ကာယကံရှင်ကိုယ်တိုင်က မယုံကြည်သဖြင့် ရှန်ကျန့်ရှဲ့မှာ ပြောင်းပြန်ပင် စိတ်သက်သာရာ ရသွားတော့သည်။ မယုံတာလည်း ကောင်းတာပါပဲလေ။ လုံခြုံရေးခန်းက လူတွေ အတင်းပြောတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရတော့မှာပဲ။
ရှန်လင်းလင်းသည် ပါးစပ်ကသာ မယုံဘူးဟု ပြောသော်လည်း တကယ်တမ်း စိတ်ထဲတွင်တော့ လွန်ခဲ့သော လအနည်းငယ်က ဖြစ်ရပ်များကို သေချာ ပြန်လည် စဉ်းစားကြည့်နေခဲ့သည်။ သူမ၏ စိတ်ထဲတွင် တစ်ခုခု လွဲချော်နေသလို ခံစားလိုက်ရသည်။
စိတ်ထဲတွင် သံသယမျိုးစေ့ ကျသွားသည်နှင့် အရင်က သတိမထားမိဘဲ လျစ်လျူရှုထားခဲ့သော အသေးစိတ် အချက်အလက်လေးများကိုပါ တဖြည်းဖြည်း သတိထားမိလာတော့သည်။ မကြာမီမှာပင် ရှန်လင်းလင်းသည် ကျန်းကျွင့်လျန်၏ အဝတ်အစားများတွင် တစ်ခါတစ်ရံ မရင်းနှီးသော ရနံ့များ ရနေတတ်ကြောင်း သတိထားမိလာသည်။ ဆပ်ပြာမွှေးနံ့လည်း ဖြစ်နိုင်သလို မျက်နှာလိမ်းခရင်မ်နံ့လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ သူမ အသုံးပြုသော ပစ္စည်းများထဲမှ ဘယ်ပစ္စည်းအနံ့နှင့်မှ မတူပေ။
ထို့နောက် ကျန်းကျွင့်လျန်သည် ဂရုစိုက်သော စကားများ ပြောဆိုနေသော်လည်း မျက်နှာအမူအရာမှာတော့ စိတ်မပါတပါ ဖြစ်နေတတ်သည်။ သို့မဟုတ်လျှင်လည်း သူမက ယခုလေးတင် ပြောလိုက်သော စကားကိုပင် သူက စိတ်လွင့်နေသကဲ့သို့ လုံးဝ နားမထောင်ဘဲ နေတတ်သည်။
မွေးဖွားလာမည့် ကလေးအတွက် အာဟာရမှုန့်နှင့် ပိတ်စများ ဝယ်ရန် ရှန်လင်းလင်းက ကျန်းကျွင့်လျန်ထံမှ ငွေနှင့် ကူပွန်များ တောင်းသောအခါ ကျန်းကျွင့်လျန်က ဤလအတွက် ငွေနှင့် ကူပွန်များကို လုပ်ဖော်ကိုင်ဖက်က ချေးသွားပြီဟု ပြောလေသည်။ ထိုအခါ ရှန်လင်းလင်းသည် ရေခဲရေတစ်ပုံးနှင့် အပက်ခံလိုက်ရသကဲ့သို့ ခေါင်းအစ ခြေအဆုံး အေးစက်သွားတော့သည်။
ရှန်လင်းလင်းသည် စိတ်သဘောထား ကောင်းမွန်သူ မဟုတ်ပေ။ သူမက ကျန်းကျွင့်လျန်ကို အလိုလိုက်အကြိုက်ဆောင်နေခြင်းမှာ စက်မှုကျွမ်းကျင် အလုပ်သမား ခင်ပွန်းတစ်ယောက် ရှိခြင်းက မျက်နှာပန်းလှသည်ဟု ထင်သောကြောင့်သာ။ ထို့အပြင် သူတို့ လက်ထပ်ပြီးနောက် ကျန်းကျွင့်လျန်က သူမအပေါ် အတော်လေး ကြင်နာယုယမှု ရှိခဲ့သောကြောင့်လည်း ပါသည်။
ယခုအခါ ကျန်းကျွင့်လျန် တစ်ယောက် အပြင်တွင် ဖောက်ပြန်နေနိုင်သည်ဟု သိလိုက်ရသောအခါ ရှန်လင်းလင်းသည် အိမ်ပြင်ထွက်လိုက်သည်နှင့် သူမကို ကြည့်လာသော လူတိုင်းက သူမကို လှောင်ပြောင်နေသလားဟုပင် သံသယဝင်လာတော့သည်။
ရှန်လင်းလင်းသည် ဤကဲ့သို့ မတရားခံရမှုကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။ ထို့ကြောင့် မိဘများကို အကြောင်းစုံ ပြောပြလိုက်သည်။ ထို့နောက် ရှန်ယုံကျွင်း ဇနီးမောင်နှံနှင့် ရှန်ကျန့်ယဲ့၊ ရှန်ကျန့်ရှဲ့ ညီအစ်ကို နှစ်ဦး အပါအဝင် တစ်မိသားစုလုံးသည် ကျန်းကျွင့်လျန်ကို စောင့်ကြည့်ထောက်လှမ်းကြတော့သည်။
၉ လပိုင်း ဆောင်းဦးလေအေးများ စတင်တိုက်ခတ်လာချိန်တွင်တော့ ကျန်းကျွင့်လျန် တစ်ယောက် လက်ပူးလက်ကျပ် မိသွားတော့သည်။
ပြောရလျှင် ရှန်လောင်အာ့တို့ တစ်မိသားစုလုံး ညသန်းခေါင်ကြီး ဖောက်ပြန်သူများကို ဖမ်းဆီးသည့် မြင်ကွင်းကို ရှန်မော့အာ ကိုယ်တိုင် မမြင်တွေ့ခဲ့ရပေ။ ဤကိစ္စကို သူမ သိရှိရခြင်းမှာ လျိုကွေ့ကျစ် ပြောပြလာသောကြောင့်သာ။
"တစ်မိသားစုလုံးက လမ်းကြားထဲမှာ စောစောစီးစီး နေရာယူထားကြတာလေ။ ကျန်းကျွင့်လျန် ခြံထဲဝင်သွားတော့ သူတို့က ချက်ချင်း မဝင်ဘဲ နောက်ထပ် ဆယ်မိနစ်လောက် စောင့်နေသေးတယ်။ ပြီးမှ တံခါးကို ကန်ဖွင့်ပြီး ခြံထဲကို ပြေးဝင်သွားကြတာ။ ကျန်းကျွင့်လျန်နဲ့ သူ့ကောင်မလေးက အဝတ်အစားတောင် မဝတ်ရသေးဘဲ အဖမ်းခံလိုက်ရတာပဲ" လျိုကွေ့ကျစ်က မျက်စပစ်ရင်း ပြောပြလေသည်။
ရှန်မော့အာက စဉ်းစားကြည့်ပြီး တစ်ခုခု မှားနေသည်ဟု ခံစားရကာ မေးလိုက်သည်။ "သူတို့မိသားစုက ဒီလောက်တောင် ဗြောင်ကျကျ သွားဖမ်းပြီး လမ်းကြားထဲမှာပါ လူတွေ အော်ခေါ်နေမှတော့ ကျန်းကျွင့်လျန်ရဲ့ အလုပ်ကို ထိခိုက်မှာ မကြောက်ကြဘူးလား"
ညဘက်ကြီး ဖြစ်နေသောကြောင့် သူတို့သာ လူမအော်လျှင် တစ်မြို့လုံး သိသွားစရာ အကြောင်းမရှိပေ။
ဦးလေး၂ ရှန်ယုံကျွင်းတို့ မိသားစုအကြောင်း သူမ သိထားသလောက်ဆိုလျှင် သူတို့သည် ဤကဲ့သို့ အကျိုးမရှိဘဲ အပင်ပန်းခံမည့် အလုပ်မျိုးကို လုပ်မည်မဟုတ်ပေ။ လူကို ဖမ်းမိပြီးနောက် ကျန်းကျွင့်လျန်ကို အကျပ်ကိုင်ခြင်းသာလျှင် ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်သည်။ ယခုကဲ့သို့ ပွက်လောညံသွားအောင် လုပ်ခြင်းက သူတို့ မိသားစုအတွက် အကျိုးကျေးဇူး သိပ်မရှိလှချေ။
ဒီခေတ်တွင် ယောကျ်ား ဖောက်ပြန်သောကြောင့် ကွာရှင်းသူကလည်း အလွန်ရှားပါးလှသည်။
ကွာရှင်းမည် မဟုတ်ပါက ကျန်းကျွင့်လျန်၏ အလုပ်ကို ထိခိုက်စေလိုမည် မဟုတ်ပေ။
လျိုကွေ့ကျစ်၏ နှုတ်ခမ်းများ တွန့်သွားပြီး ပြောလိုက်သည်။ "သူတို့မိသားစုက နည်းနည်းတော့ ကံဆိုးပါတယ်။ သူတို့ တစ်မိသားစုလုံးက ညကြီးမိုးချုပ် လမ်းကြားထဲမှာ ပုန်းကွယ်နေကြတာကို သူတို့ကိုယ်သူတို့တော့ သေချာ ပုန်းနေတယ်လို့ ထင်နေတာပေါ့။ တကယ်တော့ အနီးအနားက အိမ်နီးချင်းတွေက စောစောစီးစီးကတည်းက သတိထားမိနေကြတာ။ အိမ်နီးချင်းတွေက ဒီလူတွေက လူကောင်းတွေ မဟုတ်ဘူးလို့ သံသယဝင်ပြီး လူအုပ်ကြီးကို မြင်တော့ ရဲစခန်းကို တိတ်တဆိတ် သွားတိုင်လိုက်ကြတယ်။ ရလဒ်ကတော့ ရဲတွေ ရောက်လာတဲ့အချိန်မှာ သူတို့က အဲဒီခြံလေးထဲကို တံခါးကန်ဖွင့်ပြီး ဝင်သွားတာနဲ့ ကွက်တိ ဆုံသွားတာပဲ။ ရဲတွေက သူတို့ သူများအိမ်ကို အတင်းဝင်ရောက်တာကို မြင်တော့ ချက်ချင်း နောက်ကနေ လိုက်ဝင်သွားကြတယ်။ အဲဒီမှာ တစ်မိသားစုလုံးက အဝတ်မပါတဲ့ ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ယောက်ကို ဖမ်းချုပ်ထားတာကို မြင်လိုက်ရတော့ အားလုံးကို ရဲစခန်းဆီ ခေါ်သွားလိုက်တော့တာပဲ"
ရှန်မော့အာ: "..."
ဦးလေး၂၏ မိသားစုသည် ရဲစခန်းနှင့် အကြောင်းမဲ့သက်သက် ရေစက်ပါနေသလိုပဲဟု ရုတ်တရက် ခံစားလိုက်ရသည်။
စဉ်းစားကြည့်မည်ဆိုလျှင် ရှန်မင်ပင်းသည် အုတ်ခဲခိုးမှုဖြင့် ရဲစခန်း ရောက်ဖူးသည်။ မောက်ကျန့်ရှင်းကို ရိုက်နှက်မှုဖြင့် ရဲစခန်း ရောက်ပြန်သည်။ ဤသည်မှာ ဒုတိယအကြိမ် ရောက်ရှိခြင်းပင်။ ထို့နောက် ပြီးခဲ့သော အကြိမ်က ဝမ်ကျင်းပေါင် ရဲစခန်းရောက်စဉ်က ထျန်းဖန်တို့လည်း ရန်ဖြစ်မှုဖြင့် ရဲစခန်း ရောက်ခဲ့ကြသေးသည်။ ယခု ဖောက်ပြန်သူများကို ဖမ်းဆီးရာမှ တစ်မိသားစုလုံး ရဲစခန်းသို့ ရောက်သွားကြပြန်သည်။ ရဲစခန်းမှ ရဲဘော်များပင်လျှင် သူတို့ကို မှတ်မိနေလောက်ပြီ။
လျိုကွေ့ကျစ်က လျှို့ဝှက်သလိုဖြင့် မေးလိုက်သည်။ "အဲဒီ ကျန်းကျွင့်လျန်ရဲ့ ကောင်မလေးက ဘယ်သူလဲဆိုတာ နင် သိလား။ နင် လုံးဝ ထင်မှတ်ထားမှာ မဟုတ်ဘူး"
ရှန်မော့အာက ဒီလူ ဘယ်သူဆိုတာ ငါ မသိလောက်ပေမယ့် ငါ မြင်ဖူးတယ်လေ။ မနက်စောစော လမ်းမပေါ်မှာ ကျန်းကျွင့်လျန်နဲ့ ပွတ်သီးပွတ်သပ် လုပ်နေတာကို။ အဲဒီတုန်းက အဖေတောင် ပြောသေးတယ်၊ ဒီနှစ်ယောက် ဆက်ဆံရေးက မရိုးသားဘူးလို့ ဟု စိတ်ထဲမှ တွေးလိုက်သည်။
"ဘယ်သူလဲ"
လျိုကွေ့ကျစ်က ပိုလွန်းသည့်လေသံဖြင့် ပြောလိုက်၏။ "ကျန်းကျွင့်လျန်ရဲ့ ဝမ်းကွဲအစ်မလေ”
သူမက စကားမပြောနိုင်တော့သည့်အလား ခေါင်းခါပြရင်း ဆက်ပြောသည်။ "ဝမ်းကွဲ မောင်နှမ အချင်းချင်း လက်ထပ်ခွင့် မရှိဘူးလို့ နိုင်ငံတော် မူဝါဒက သတ်မှတ်ထားတာလေ။ သူတို့ကတော့ လက်ထပ်ခွင့် မရှိလို့ ဒီလို လုပ်ကြတာပေါ့။ သူ့ဝမ်းကွဲအစ်မက ခရိုင်မြို့ပေါ်မှာ အိမ်ထောင်ကျတာလို့ ကြားတယ်။ ဒါပေမဲ့ နှစ်မကူးခင်လေးကပဲ ကွာရှင်းပြီး သမီးလေး တစ်ယောက်နဲ့ အိမ်ပြန်လာတာတဲ့။ မိဘအိမ်က လူတွေနဲ့လည်း အဆင်မပြေတော့ သမီးလေးကို ခေါ်ပြီး အပြင်မှာ ထွက်နေတာ။ အဲဒီ ဖမ်းမိတဲ့ ခြံလေးက သူတို့ ငှားနေတာပေါ့။ တစ်လကို အိမ်လခ တော်တော်ပေးရတယ်။ အဲဒါတွေ အားလုံးကို ကျန်းကျွင့်လျန်ကပဲ ရှင်းပေးနေတာလို့ ကြားတယ်။ ကျန်းကျွင့်လျန်က အဲဒီခြံကို မကြာခဏ ဝင်ထွက်နေတာ။ အဲဒီနေရာက ရက်ကန်းစက်ရုံနဲ့ရော၊ အုတ်ဖိုနဲ့ရော နည်းနည်း လှမ်းတော့ ကျန်းကျွင့်လျန်ကို ဘယ်သူမှ မသိကြဘူး။ ပြဿနာ မတက်ခင်ကဆို အနီးအနားက အိမ်နီးချင်းတွေက သူတို့ သုံးယောက်ကို တစ်မိသားစုတည်းလို့တောင် ထင်နေကြတာ"
လျိုကွေ့ကျစ်က ရုတ်တရက် မေးလိုက်သည်။ "ဪ... ဟုတ်သားပဲ။ အဲဒီ ဖောက်ပြန်သူတွေကို သွားဖမ်းတဲ့ မိသားစုကလည်း ယန်လျိုတပ်ဖွဲ့ကပဲလေ။ နင် သိလောက်မှာပါနော်။ အဲဒီ ကျန်းကျွင့်လျန်က အိမ်ကျပ်လို့ မိန်းမအိမ်မှာ နေရတာဆိုတော့ ယန်လျိုတပ်ဖွဲ့မှာ နေတာပေါ့။ နင်လည်း မြင်ဖူးမှာပါ"
ရှန်မော့အာ၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာသည်။ သူမ ဝန်မခံချင်သော်လည်း ဝန်ခံရတော့မည်။ "ရှင်ပြောတဲ့ ဖမ်းတဲ့ မိသားစုက ကျွန်မရဲ့ ဦးလေး၂ မိသားစု ဖြစ်လောက်တယ်။ အဲဒီ ကျန်းကျွင့်လျန် ဆိုတာကလည်း ကျွန်မရဲ့ ဝမ်းကွဲအစ်မ ယောက်ျား ဖြစ်လောက်တယ်"
"........................"
လျိုကွေ့ကျစ်၏ မျက်နှာတစ်ခုလုံး အနေရခက်သွားပြီး အတင်းရယ်မောကာ "အာ... အဲဒီလိုလား"
ဘယ်လိုလုပ်ရမလဲ။ အတင်းပြောနေရင်းနဲ့ ရှန်မော့အာရဲ့ ဆွေမျိုးတွေအကြောင်း သွားပြောမိပြီ။
ရှန်မော့အာက ပြုံးလိုက်ပြီး "ကိစ္စမရှိပါဘူး။ ကျွန်မတို့မိသားစုနဲ့ သူတို့မိသားစုက သိပ်အဆင်မပြေပါဘူး။ သိပ်လည်း အသွားအလာ မရှိကြပါဘူး"
လျိုကွေ့ကျစ်က ချက်ချင်း စိတ်သက်သာရာ ရသွားပြီး "ငါလည်း တွေးမိသားပဲ။ ဆရာရှန်လို လူကောင်းတစ်ယောက်ဆီမှာ ဘယ်လိုလုပ်ပြီး ဒီလောက် တာဝန်မသိတဲ့ ညီအစ်ကိုတွေ ရှိနေမှာလဲလို့" ဤနေရာတွင် ဆရာရှန်ဆိုသည်မှာ ရှန်ရှောက်ယွမ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ သူမ၏ သား ကျိုးဖျင်အန်းက ရှန်ရှောက်ယွမ်ကို ဆရာတင်ပြီးကတည်းက လျိုကွေ့ကျစ်က ရှန်ရှောက်ယွမ်ကို ထိုသို့သာ ခေါ်ဝေါ်လေ့ရှိသည်။
လျိုကွေ့ကျစ်: "အို... ဒါဆိုရင် ဒေါသထွက်ပြီး လမစေ့ဘဲ ကလေးမွေးသွားတဲ့ ကျန်းကျွင့်လျန်ရဲ့ မိန်းမက နင့်ရဲ့ ဝမ်းကွဲအစ်မပေါ့နော်"
ထိုအခါမှသာ ရှန်မော့အာသည် ရှန်လင်းလင်း ဒေါသထွက်ပြီး လမစေ့ဘဲ မွေးသွားကြောင်း သိလိုက်ရသည်။ ထိုညကတည်းက သူမကို ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကလေးမွေးဖွားပြီးသွားပြီ ဖြစ်သည်။ ယောက်ျားလေး ဖြစ်ပြီး သားအမိနှစ်ယောက်စလုံး ယန်လျိုတပ်ဖွဲ့သို့ ပြန်ရောက်ကာ မီးတွင်းဝင်နေပြီ ဖြစ်သည်။
ကဲလေ... ပညာတတ်လူငယ်ဖုသည်လည်း မကြာသေးမီက အလွန်အလုပ်များနေခဲ့သည်။ တစ်နေ့လုံး ခရိုင်မြို့ပေါ် သွားလိုက်၊ တခြားတပ်ဖွဲ့တွေဆီ သွားလိုက်နှင့် အလုပ်များနေခဲ့သဖြင့် ယန်လျိုတပ်ဖွဲ့သို့ မပြန်ဖြစ်ခဲ့သည်မှာ အတော်ကြာနေပြီ။ ထို့အပြင် အမှတ်(၉) အလုပ်ရုံတွင်လည်း ကွမ်ကျိုး ကုန်စည်ပြပွဲအတွက် ပြပွဲဝင် ပစ္စည်းများကို အလျင်စလို ထုတ်လုပ်နေရသဖြင့် အားလုံးမှာ နားရက်ပင် မရှိဘဲ အလုပ်များနေကြသည်။ ထို့ကြောင့် ရှန်လင်းလင်း ကလေးမွေးသွားသည်ကို ဘယ်သူမှ မသိလိုက်ကြချေ။
ရှန်မော့အာက သူမလည်း ယန်လျိုတပ်ဖွဲ့သို့ မပြန်ဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်ကြောင်း တွေးမိလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဤစနေ၊ တနင်္ဂနွေတွင် အားလုံးကို အနားပေးရန် စီစဉ်ထားသဖြင့် ယန်လျိုတပ်ဖွဲ့သို့ ပြန်ကာ ရှန်လင်းလင်းကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် ဝမ်းကွဲညီအစ်မများ ဖြစ်ကြပြီး အလုပ်အတူတူ လုပ်ဖူးကြသည်။ ရှန်လင်းလင်း ကလေးမွေးသည်ဆိုတော့ ရှန်မော့အာအနေဖြင့် ပစ္စည်းအနည်းငယ် ဝယ်သွားပြီး သွားကြည့်ရန် ပြင်ဆင်လိုက်သည်။
ဟုတ်ပါသည်။ ဤအချိန်တွင် သူမ သွားကြည့်မည်ဆိုလျှင် ရှန်လင်းလင်း၏ စရိုက်အရ သူမကို လှောင်ပြောင်ရန် တမင်လာသည်ဟု ထင်ကောင်းထင်နိုင်သည်။
ရှန်မော့အာသည် ရှန်လင်းလင်း၏ အတွေးများကို ခန့်မှန်းနိုင်သော်လည်း ဂရုမစိုက်ပေ။ မကြာမီတွင် ကွမ်တုန်းပြည်နယ်သို့ သွားရတော့မည် ဖြစ်သောကြောင့် နောက်ပိုင်းတွင်လည်း အချိန်ရတော့မည် မဟုတ်ပေ။
ထို့ကြောင့် စနေ၊ တနင်္ဂနွေ ရောက်သောအခါ ရှန်မော့အာနှင့် ကျောက်ထင်ထင်တို့ ရွာသို့ ပြန်လာခဲ့ကြသည်။
ကျောက်ထင်ထင်သည်လည်း မိသားစုကိုယ်စား ရှန်လင်းလင်းကို သွားကြည့်ရန် ပြင်ဆင်ထားသည်။ သူတို့မိသားစုသည် ဦးလေးများနှင့် သိပ်အဆက်အသွယ် မရှိသော်လည်း ဆက်ဆံရေး လုံးဝ ဖြတ်တောက်ထားခြင်းတော့ မဟုတ်ပေ။ မင်္ဂလာဆောင်၊ အသုဘ၊ ကလေးမွေး စသည့် အရေးကြီး ကိစ္စများတွင်တော့ တစ်ဦးကိုတစ်ဦး လက်ဆောင်ပေးခြင်းများ ရှိကြသေးသည်။
သူတို့နှစ်ဦးသည် အရင်ဆုံး သမဝါယမဆိုင်တွင် ပစ္စည်းအချို့ ဝယ်ယူလိုက်ကြသည်။ ထို့နောက် ရှန်ရှောက်ယွမ်၏ စက်ဘီးကို အတူစီးကာ ယန်လျိုတပ်ဖွဲ့သို့ ပြန်လာခဲ့ကြသည်။
ရွာထဲသို့ ဝင်လာသောအခါ ရွာသူရွာသားများသည် ရှန်မော့အာကို မြင်သည်နှင့် နွေးထွေးစွာ နှုတ်ဆက်ကြလေသည်။ ထို့နောက် သူမက ရှန်လင်းလင်းကို သွားကြည့်မည်ဟု ကြားသောအခါ အားလုံးက တိုက်ဆိုင်စွာပင် ပြောရခက်သည့် မျက်နှာထားများ ဖြစ်သွားကြသည်။ ရှန်မော့အာက ဤအမူအရာများကို ဖောက်ပြန်မှု ဖမ်းဆီးခြင်းကြောင့်ဟု ထင်နေခဲ့သည်။ သို့သော် ရှန်လင်းလင်း၏ အိမ်နှင့် မဝေးသော နေရာတွင် ရှန်လင်းလင်းကို လာကြည့်မည့် ဝမ်ချိုးထုန်နှင့် ဆုံတွေ့သောအခါမှသာ အကြောင်းရင်းကို သိလိုက်ရတော့သည်။
မူလက ဝမ်ချိုးထုန်သည် ရှန်လင်းလင်းနှင့် သိပ်အဆက်အသွယ် မရှိပေ။ သို့သော် ယခုအခါ သူတို့သည် ကျောင်းတစ်ကျောင်းတည်းမှ လုပ်ဖော်ကိုင်ဖက်များ ဖြစ်နေကြသည်။ ကျောင်းတစ်ခုလုံးတွင် လုပ်ဖော်ကိုင်ဖက် ၃ ဦးသာ ရှိပြီး တစ်ဦးမှာ အမျိုးသား ဖြစ်နေသည်။ ထို့ကြောင့် ဝမ်ချိုးထုန်သည် အမျိုးသမီး လုပ်ဖော်ကိုင်ဖက် တစ်ဦးအနေဖြင့် မွေးကင်းစ မိခင်ဖြစ်သော လုပ်ဖော်ကိုင်ဖက်ကို သွားရောက် ကြည့်ရှုရမည့် တာဝန်ကို မျက်ကွယ်ပြုလို့ မရနိုင်တော့ပေ။
သို့သော် သူမက တကယ်ကို မသွားချင်ပေ။
မဟုတ်လျှင်လည်း ယခုအချိန်အထိ အချိန်ဆွဲနေမည် မဟုတ်ပေ။
ဝမ်ချိုးထုန်၏ မျက်နှာအမူအရာမှာလည်း ယခင် ရွာသူရွာသားများနည်းတူ ပြောရခက်နေလေသည်။ "အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်ရင်၊ ကျောင်းအုပ်ကြီး ချန်ကလည်း အမျိုးသားတစ်ယောက် မဟုတ်ရင်၊ ငါ တကယ်ကို မသွားချင်ပါဘူး"
ကျောက်ထင်ထင်က အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်၏။ "သွားကြည့်ရုံလေးပဲလေ၊ စကားနှစ်ခွန်းလောက် ပြောပြီးရင် ပြန်လာလို့ ရတာပဲ။ ဘာမှ မဖြစ်ပါဘူး"
ဝမ်ချိုးထုန်က သူမကို ရှုပ်ထွေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဤကလေးမလေးမှာ ဘာမှ မသိရှာဘူးဟု တွေးလိုက်မိသည်။ "ကြည့်ကို မကြည့်ချင်တာပါဆို"
အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း ရှန်မော့အာနှင့် ကျောက်ထင်ထင်တို့ ကြိုတင် ပြင်ဆင်ထားနိုင်စေရန် ဝမ်ချိုးထုန်က ရှင်းပြလိုက်သည်။ "ကျန်းကျွင့်လျန်ရဲ့ ဝမ်းကွဲအစ်မ၊ ဖန်းယွီဟွာ ဆိုတဲ့ မိန်းမကလည်း ရှန်လင်းလင်း အိမ်မှာ ရောက်နေတယ်လေ"
ကျောက်ထင်ထင်က မျက်လုံးပြူးသွားပြီး "အင်?!"
ဝမ်ချိုးထုန်က အခုမှ နင် ဘယ်လောက် အသိပညာ နည်းသေးလဲဆိုတာ သိပြီမလား ဟူသော မျက်နှာထားဖြင့် မတတ်သာသလို ပြောလိုက်တော့သည်။ "အခု အဲဒီမိန်းမက ရှန်လင်းလင်း အိမ်မှာ နေပြီး မီးတွင်းဝင်နေတဲ့ ရှန်လင်းလင်းကို ပြုစုပေးနေတာ"
ရှန်မော့အာ: "..."
ကျောက်ထင်ထင်: "..."
နေပါဦး၊ သူတို့က ဘယ်လိုတွေ လုပ်နေကြတာလဲ။
ရွာသူရွာသားတွေ အားလုံးက ပြောရခက်တဲ့ မျက်နှာထားတွေ ဖြစ်နေတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။
တကယ်ကို ဒီလိုကိစ္စမျိုးက ကြားတောင် မကြားဖူးဘူးလေ။
ဪ... မဟုတ်သေးဘူး၊ ရှန်မော့အာတော့ မြင်ဖူးတာပေါ့။ ဒါပေမဲ့ အဲဒါက သာ့လျန်မင်းဆက်မှာလေ။ ယောက်ျားက အစေခံမလေးတွေကို သိမ်းပိုက်တာ ဒါမှမဟုတ် မယားငယ် ယူတာမျိုး ဆိုရင် မနက်ရော ညပါ မယားကြီးကို ဂါရဝပြုရပြီး စားသောက်နေထိုင်ရေးကို ပြုစုပေးရတာ။
ဒါပေမဲ့ ပြဿနာက အခုက သာ့လျန်မင်းဆက် မဟုတ်ဘူးလေ။ ရှန်မော့အာလို "ပြင်ပလူ" တောင်မှ ဤကမ္ဘာ၏ စနစ်များကို တဖြည်းဖြည်း လက်ခံလာပြီး တစ်လင်တစ်မယားစနစ်၊ ကျားမ တန်းတူညီမျှရေး အစရှိသည့် စနစ်များကို အလွန်အမင်း ထောက်ခံအားပေးနေပြီ မဟုတ်ပါလား။
ရှန်လင်းလင်းလို ဤခေတ်တွင် မွေးဖွားကြီးပြင်းလာသော အထက်တန်းကျောင်းသူ တစ်ယောက်က သူမ၏ ခင်ပွန်း ဖောက်ပြန်ခဲ့သော မိန်းမကို အိမ်ထဲသို့ ဝင်ခွင့်ပြုပြီး နေထိုင်ခွင့် ပေးထားသည်တဲ့လား။
အင်း။ ဒါကတော့ တစ်ခုခုပဲ။
ဒီကိစ္စကို ဝေဖန်ဖို့ တော်တော်ခက်သွားပြီ။
...