← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 43 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 43 Ch. 423-424

အခန်း(423)

အိမ်ထဲမှ လူများ ထွက်သွားသည်ကို မြင်ချိန်တွင် လင်းရန်က မည်သည့်အကြောင်းများကို ပြောနေကြခြင်းဖြစ်ကြောင်း အဘွားလင်းအား မေးလိုက်လေ၏။

အဘွားလင်းက လူတိုင်းမှ ပြောလာခဲ့သော လင်းရန်၏ အရည်အချင်းနှင့် အမြင်စူးရှမှုကို ချီးကျူးခဲ့ကြသည့် စကားများကို ပြန်လည်ပြောပြလာသောကြောင့် လင်းရန်တစ်ယောက် မျက်နှာပင် နီရဲသွားခဲ့ရသည်။

“ဒါနဲ့ အဘွား.. သူတို့ရော အိမ်မှာ မရှိကြဘူးလား”

လင်းရန်က သူမနှင့် အဘွားမှလွဲ၍ ကျန်ရှိသော လင်းမိသားစုဝင်များကို မေးမြန်းလိုက်ခြင်းဖြစ်လေသည်။

ဆိုရလျှင် လူအုပ်စုကြီး ထွက်သွားပြီးနောက် ခြံဝင်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။ တခြားအခန်းများတွင်လည်း လှုပ်ရှားသံဟူ၍ တစ်စုံတစ်ရာကိုမှ မကြားရသည်ကို သူမ သတိပြုမိလိုက်လေသည်။

ဒါဆို ကျန်တဲ့လူတွေ အကုန်လုံးက ဘယ်ကိုရောက်သွားကြတာလဲ။

“အိုး... သူတို့အားလုံး မြို့ထဲကို ဈေးဝယ်ထွက်သွားကြတယ်လေ၊ ရှောင်စုန့်ကြောင့် အဆင်ပြေသွားတာလို့ပြောရမယ်၊ အခု သူ့မှာ ကားပါလာတာဆိုတော့ တစ်နေရာရာကို ဈေးဝယ်သွားချင်ရင် သူလည်း လိုက်ပို့ပေးနိုင်တာကိုး”

“ဒါဆို မြို့ထဲကို လူတိုင်းလိုက်သွားကြတာလား”

“ဟုတ်တယ်.. ငါတို့တွေကလွဲရင် ကားစီးဖူးတဲ့သူတွေမရှိတော့ လိုက်ချင်ကြတာလေ.. အိုက်ယား.. ဒီလူတွေကတော့ တကယ့်ကို အလေးအနက်ကြီး လုပ်နေကြတာပဲ၊ ကားစီးရတာ ဘာများ ထူးဆန်းလို့လဲ၊ ငါတို့က နောင်ကျရင် ကားကြီးတွေတောင် စီးနိုင်ဦးမှာ!”

အဘွားလင်းက စကားပြောနေရင်းနှင့် တစ်ခုခု မှားနေသကဲ့သို့ ခံစားလိုက်ရပြန်သည်။

ကားကြီးဆိုသည်မှာ ဘတ်စ်ကားကို ဆိုလိုခြင်း မဟုတ်ပါလား။

ဘတ်စ်ကားမှာ စောက်လည်းစောက်ကာ လူလည်း ကျပ်လွန်းသောကြောင့် ကားလေးကို စီးရသည့် ခံစားချက်ကို မည်သို့မျှ မယှဉ်နိုင်ပါချေ။

“အိုး... ဘာပဲဖြစ်ဖြစ် ငါပြောချင်တာက သူတို့က အသိအမြင်နည်းပြီး တည်တည်ငြိမ်ငြိမ် မနေနိုင်ကြဘူး၊ နောက်ကျ ပိုကောင်းတဲ့အရာတွေနဲ့ ထပ်တွေ့ရင် ဘယ်လောက်တောင် အရှက်ရစရာ ကောင်းလိုက်မလဲ မသိဘူး!”

အဘွားလင်းက ရွံရှာဟန် ပြသနေသော်လည်း သူမ၏ မျက်ဝန်းထဲမှ ပျော်ရွှင်မှုကိုတော့ ဖုံးကွယ်၍ မရနိုင်ပါချေ။

လင်းရန် ခေတ္တမျှ စဉ်းစားလိုက်မိသည်။ စုန့်ရှီးယန်က ကိုယ်တိုင်ဦးဆောင်ပြီး ကမ်းလှမ်းခဲ့ခြင်းဖြစ်သောကြောင့် သူ့ကို ယာဥ်မောင်းအဖြစ်ခိုင်းစေခြင်းကလည်း ကိစစမရှိပေ။

မည်သို့ပင်ဖြစ်စေ သူမက ပင်ပန်းရမည့်သူ မဟုတ်ပါချေ။

ဒါပေမဲ့...

“အဘွား... အခု ကျွန်မတို့တွေက မြေကြီးပေါ်မှာထိုင်ပြီး သွားနေကြတာဆိုပေမဲ့ နောက်ပိုင်းကျရင် ကောင်းကင်ပေါ်မှာ ထိုင်ပြီး ပျံသန်းနိုင်ရင် ပျံသန်းနိုင်မှာပေါ့”

အဘွားလင်း ကြောင်အသွားရ၏။

သူမက မျက်မှောင်ကြုတ်ကာ အကြာကြီး စဉ်းစားပြီးနောက်မှ စကားလုံးတစ်လုံးကို ဖော်ထုတ်နိုင်ခဲ့လေသည်။

“အဲဒါ ဟို... စက်ပျံ(လေယာဉ်) လား၊ အရင် စစ်ဖြစ်တုန်းကတော့ ကောင်းကင်မှာ မြင်ဖူးပါတယ်၊ ဒါပေမဲ့ ငါတို့လို သာမန်လူတွေက အဲဒီအပေါ်မှာ ထိုင်လို့ရပါ့မလား”

စစ်ဖြစ်တဲ့အချိန်မှ ပျံသန်းတာ မဟုတ်ဘူးလား။

လင်းရန်မှာ အဘွားလင်း၏ “စက်ပျံ” ဆိုသော အခေါ်အဝေါ်ကြောင့် အူလှိုက်သည်းလှိုက် ရယ်မောမိတော့၏။

“ဟုတ်တယ် အဘွား... အဲဒီ လေယာဉ်ပျံကြီးပေါ့.. အခုလောလောဆယ် ကျွန်မတို့လို သာမန်လူတွေ မစီးနိုင်သေးပေမဲ့ နောင်ကျရင် စီးနိုင်လာတာပဲလေ၊

အဘွား မယုံရင် ကြည့်လေ... ကျွန်မအဖေတောင် ဒီနှစ် ဇွန်လ၊ ဇူလိုင်လလောက်အထိ လယ်ထဲမှာ အလုပ်လုပ်နေတုန်းပဲ မဟုတ်လား၊ အခုကျတော့ ခေါင်းဆောင်လေးတစ်ယောက်တောင် ဖြစ်နေပြီ! ဘာမဆို ဖြစ်လာနိုင်တာပဲ”

ထို့ကြောင့် အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူက အတတ်ပြောနိုင်ပါမည်နည်း။

အဘွားလင်းက ပြန်လည်စဉ်းစားကြည့်ပြီး ထိုအချက်က မှန်ကန်နေသည်ဟု ထင်သောကြောင့် ရုတ်တရက် ပျော်ရွှင်သွားလေတော့သည်။

“ကောင်းပြီ... ဒါဆိုရင်တော့ ငါ့မြေးပြောသလို လေယာဉ်ပျံကြီး စီးနိုင်ဖို့အတွက် ငါ့ရဲ့ကျန်းမာရေးကို အခုကတည်းက သေသေချာချာ ဂရုစိုက်ရတော့မှာပဲ!”

လင်းရန်ကလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်... အဘွားက ကျွန်မအနားမှာ နှစ်တွေ အကြာကြီး နေပေးရဦးမှာနော်!”

သူတို့မြေးအဘွားနှစ်ဦးမှာ စကားပြောရင်း တဟားဟား ရယ်မောနေလိုက်လေသည်။

ထိုအချိန်တွင် မြို့ပေါ်၌...

လင်းကျန်းအန်းက သိကျွမ်းဖူးသော ခေါင်းဆောင်တချို့ကို နှစ်သစ်ကူးနှုတ်ဆက်ရန် သွားရောက်နေခဲ့လေ၏။ သူမှလွဲ၍ ကျန်ရှိသော လင်းမိသားစုဝင်များအားလုံးမှာတေု့ မြို့ထဲတွင် လှည့်လည်ကြည့်ရှုနေကြ၏။

နှစ်ကုန်ပိုင်း နှစ်သစ်ကူးကာလသို့ ရောက်မှသာ သူတို့အနေဖြင့် အေးအေးဆေးဆေး အပန်းဖြေနိုင်ကြသည်ပင်။ ထို့အပြင် ယနေ့တွင် ကားဖြင့် လာရောက်ခြင်းဖြစ်၍ တခြားသူများ သူတို့ကားဖြင့်လာသည်ကို မသိမည်စိုး၍ ခေါင်းကို အစွမ်းကုန် မော့ထားကြလေသည်။

စုန့်ရှီးယန်မှာ ထိုမြင်ကွင်းကို မြင်ချိန်တွင် အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်မိပြီး လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့ကတော့ တစ်ဦးကိုတစ်ဦး ကြည့်ကာ တိတ်တဆိတ် ရယ်မောနေခဲ့ကြ၏။

တကယ်တမ်းတွင် မြို့ထဲတွင် လှည့်လည်ကြည့်ရှုရုံသာမက လူတိုင်းတွင် အရေးကြီးသော အလုပ်တစ်ခု ရှိနေသေးသည်။

နှစ်သစ်ကူး အသုံးအဆောင်များ ဝယ်ယူရန်ပင် ဖြစ်ပေ၏။

လင်းကျန်းဖူနှင့် လင်းရန်တို့က ယမန်နေ့က ပစ္စည်းများစွာ ယူဆောင်လာခဲ့သော်လည်း သူတို့ကိုယ်တိုင် လက်ဖြင့် ဝယ်ယူပြင်ဆင်ရခြင်းက ခံစားချက်ချင်း ကွဲပြားခြားနားလေသည်။

ဥပမာအားဖြင့် ကလေးနှစ်ဦးက ငွေတချို့ကို စုဆောင်းထားကြသည့်အတွက် သူတို့ဘာသာ ငွေသုံးရသည့် အရသာကို ခံစားကြည့်ချင်နေကြသည်။

ထို့ကြောင့် လူတိုင်း၏ ရည်မှန်းချက်က ရှင်းလင်းလေသည်။၊

“သမဝါယမ အရောင်းဆိုင်”

ယနေ့တွင် သမဝါယမဆိုင်၌ လူများမှာ ကြိတ်ကြိတ်တိုး စည်ကားနေပြီး တစ်ဦး၏ ခြေဖနောင့်ကို တစ်ဦး နင်းမိလုမတတ်ပင်။

လင်းကျန်းဖူအနေဖြင့် မူလက အတွင်းသို့ဝင်ကာ လူတိုးမခံလိုသော်လည်း၊ မကြာမီ ကျိုးကျယ်ပင်း၏ အိမ်သို့လည်း သွားရတော့မည်ဖြစ်၍ သူမ၏ ဇာတိမြေမှ အမှတ်တရ ပစ္စည်းလေးအချို့ကို ဝယ်ယူသွားချင်နေမိသည်။

ထို့ကြောင့် သူမ ခဏမျှ တွေဝေနေပြီးမှ ယင်းဖန်တို့နှင့်အတူ ဆိုင်ထဲသို့ တိုးဝင်သွားခဲ့တော့၏။ ကျိုးကျယ်ပင်းကိုတော့ သူမက အပြင်ဘက်တွင်သာ စောင့်ခိုင်းထားခဲ့လေသည်။

ဆိုင်ထဲသို့ ရောက်ချိန်တွင် လူအလွန်များလွန်းသောကြောင့် လင်းကျန်းဖူတစ်ယောက် တန်းစီသည့် နေရာတွင် ခေတ္တစောင့်ဆိုင်းပြီးမှသာ ကောင်တာရှေ့သို့ ရောက်ရှိသွားခဲ့သည်။

သူမအနေဖြင့် ဤနေရာတွင် ယခင်က အလုပ်လုပ်ခဲ့ဖူးသောကြောင့် ဤသမဝါယမဆိုင်ငယ်လေးအတွင်းရှိ ပစ္စည်းများ ထားရှိရာနေရာကို ကောင်းစွာ သိရှိထားပေသည်။

သူမက ကုန်ခြောက်ပစ္စည်းများ ရောင်းချရာနေရာသို့ တိုက်ရိုက်သွားကာ သူမ ယူဆောင်သွားချင်သည့် ပစ္စည်းအသေးအမွှားလေးအချို့ကို ဝယ်ယူရန် ပြင်လိုက်၏။

သူမက ဝယ်ယူလိုသည်များကို ပြောလိုက်သည်နှင့် အရောင်းဝန်ထမ်း အမျိုးသမီးက အသံကို ရင်းနှီးနေသောကြောင့် မော့ကြည့်လိုက်ရာ လင်းကျန်းဖူ ဖြစ်နေကြောင်း ချက်ချင်း သိရှိသွားလေတော့သည်။

“အိုး ... လင်းကျန်းဖူ၊ မင်း ပြန်ရောက်နေတာလား”

တစ်ဖက်လူက သူမကို မှတ်မိသွားသည်ကို မြင်ချိန်တွင် လင်းကျန်းဖူက ချက်ချင်းပင် ပြုံးပြလိုက်ပြီးပြန်ပြောလိုက်၏။

“အင်း... ကျွန်မ အားလပ်ရက် ရလို့ နှစ်သစ်ကူးဖို့ ပြန်လာတာ”

“မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ။ ကြည့်ရတာ အပြင်မှာ အဆင်ပြေပြေ နေထိုင်နေရပုံရတယ်၊ ရုပ်ရည်က ပိုလှလာပြီး အသားအရည်တောင် ပိုပြီး စိုပြည်လာတယ်”

လင်းကျန်းဖူက ပြုံးရုံသာ ပြုံးပြပြီး ငြင်းဆိုခြင်း မပြုခဲ့ပေ။ သို့သော် ထိုအမျိုးသမီးမှာ စကားစဖြတ်ရန် ရည်ရွယ်ချက် မရှိသေးပါချေ။

သူမက အဓိပ္ပာယ်အပြည့်ရှိသော မျက်နှာအမူအရာဖြင့် လင်းကျန်းဖူ၏အနားသို့ တိုးကပ်ကာ လျှို့ဝှက်သကဲ့သို့ ပြောလိုက်၏။

“ဒါနဲ့... မင်း သိပြီးပြီလား၊ ငါတို့ သမဝါယမဆိုင်က မန်နေဂျာ အသစ်လဲသွားပြီနော်!”

သမဝါယမဆိုင် မန်နေဂျာ ဟုတ်လား။

လင်းကျန်းဖူ ခေတ္တမျှ ကြောင်အသွားပြီးမှ ဤနေရာရှိ ယခင်မန်နေဂျာက မည်သူဖြစ်ကြောင်း သတိရသွားတော့သည်။

သူမ၏ ယခင် ယောက္ခမဟောင်း၊ လော်ပင်း၏ ဖခင်ပင် မဟုတ်ပါလား။

ဤကာလအတွင်း သူမ၏ မြို့ပေါ်ရှိ ဘဝမှာ အလွန် ပြည့်စုံလွန်းနေသောကြောင့် အတိတ်က အကြောင်းများကို တွေးတောရန် အချိန်မရှုသကဲ့သို့ စိတ်လည်းမပါခဲ့ပါချေ။

ဆိုရလျှင် ဆေးရုံတွင် သူမကို နှိပ်စက်ခဲ့သော လော်မိသားစုဝင်များနှင့် တွေ့ဆုံပြီးကတည်းက သူတို့၏ အကြောင်းကို သူမ တစ်ခါမျှ ပြန်လည်မတွေးတောမိသကဲ့သို့၊သူတို့၏ လက်ရှိအခြေအနေကိုလည်း စုံစမ်းခြင်း မရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူတို့၏ ရှေ့ရေးမှာ သူမနှင့် သက်ဆိုင်ခြင်းမရှိတော့ပါချေ။

သို့သော် လင်းကျန်းဖူက ထိုလျှို့ဝှက်ချက်များကို မသိချင်ကြောင်း မပြောပြမီမှာပင် သူမ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းမှာ ထိုအကြောင်းများကို ပြောပြရန် မစောင့်နိုင်တော့ဘဲ တက်ကြွစွာ ပြောလာခဲ့သည်။

“အိုး... မင်းနဲ့ လော်ပင်း ကလေးမရနိုင်တာက မင်းပြဿနာ မဟုတ်ဘဲ၊ လော်ပင်းက ယောကျာ်းမဟုတ်လို့ ဆိုတာကို ငါတို့ အခုမှ သိရတာ!”

ဤ “ယောကျာ်းမဟုတ်ခြင်း” ဆိုသည်မှာ လော်ပင်းက အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ရအောင် မစွမ်းဆောင်နိုင်ခြင်းကြောင့် လူတိုင်းက သူ့ကို အမျိုးသားမဟုတ်ဟု သတ်မှတ်လိုက်ကြခြင်းပင် ဖြစ်၏။

ခြုံပြောရလျှင် ဤသည်မှာ အလွန်ပင် ရှက်စရာ ကောင်းလေသည်။

တကယ်တမ်းတွင် ဤကိစ္စမှာ သူ၏ဖခင် သမဝါယမဆိုင် မန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်မှုကို မထိခိုက်စေနိုင်ပါချေ။

သို့သော် အဓိကအချက်မှာ တုန်လိလိက အဆက်အသွယ်တချို့ကို အသုံးပြုကာ လော်ပင်း၏ ဖခင်အကြောင်းကို ခရိုင်သို့ တိုက်ရိုက်သွားရောက် တိုင်ကြားခဲ့သည်။

တုန်လိလိက ထိုသူ မန်နေဂျာအဖြစ် တာဝန်ယူချိန်အတွင်း သူ၏ ကိုယ်ကျိုးနှင့် ဆွေမျိုးသားချင်းများအတွက် ရာထူးကို အလွဲသုံးစားလုပ်ခဲ့သည့် ကိစ္စများကို ဖွင့်ချလိုက်လေတော့သည်။

ဤကိစ္စနှင့် ပတ်သက်သော ခေါင်းဆောင်များသည်လည်း ထိုအကြောင်းကို ကြားသိရချိန်တွင် သေချာပေါက် အကြီးအကျယ် ဒေါသထွက်သွားကြပြီး ချက်ချင်းပင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ချွေးမဟောင်းဖြစ်သူ တုန်လိလိကိုယ်တိုင်က သက်သေထွက်ဆိုခဲ့သောကြောင့် ကိစ္စရပ်များမှာ လျင်မြန်စွာ ပေါ်ပေါက်သွားခဲ့၏။

ထို့ကြောင့် နောက်ဆုံးတွင် လော်ပင်း၏ဖခင်မှာ ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီး သူ၏ မိသားစုတစ်ခုလုံးမှာလည်း လက်ရှိ နေထိုင်နေသော အစိုးရပိုင် ဝန်ထမ်းအိမ်ရာမှ မောင်းထုတ်ခြင်း ခံလိုက်ရလေသည်။

ထို့နောက် သူတို့သည်က လင်းကျန်းဖူနှင့် လော်ပင်းတို့၏ မင်္ဂလာဆောင်အိမ်လေးသို့သာ သွားရောက် စုပြုံနေထိုင်ကြရတော့၏။

လော်ပင်း၏ အခြေအနေလား။

သူ၏ မြုံနေသည့်ကိစ္စ ပေါက်ကြားသွားပြီးနောက် သူသည်က လူကြားထဲသို့ ထွက်ရန်ပင် မဝံ့ရဲတော့ပါချေ။

သူ အပြင်ထွက်သည်နှင့် လူတိုင်းက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာခဲ့ကြသည်ပင်။

လော်ပင်းမှာ ဤကဲ့သို့သော အကြည့်များ၏ ဖိအားကို မခံနိုင်သောကြောင့် အလုပ်ပင် မဆင်းတော့ဘဲ အိမ်ထဲ၌သာ နေ့တိုင်း အောင်းနေခဲ့ပြီး လူရုပ်ပင် မပေါက်တော့ပါချေ။

လော်မိသားစု ဇနီးမောင်နှံမှာလည်း သားဖြစ်သူ၏ လက်ရှိအခြေအနေအတွက် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ မတတ်နိုင်ခဲ့ကြချေ။

သူတို့က သူ့ကို အားပေးလိုကြသော်လည်း အပြင်သို့ထွက်လျှင် အကျင့်မကောင်းသည့် လူများနှင့်တွေ့ကာ သားဖြစ်သူကို ထပ်မံ ရန်စမိမည်ကိုလည်း စိုးရိမ်နေကြရသည်။

အကယ်၍ လူတစ်ယောက်က စိတ်ရူးပေါက်သွားပါက ပြဿနာအကြီးအကျယ် တက်လာနိုင်သည် မဟုတ်ပါလား။

သေချာပေ၏။ လော်မိသားစု၏ ကလဲ့စားချေတတ်သော စရိုက်အရ တုန်မိသားစုက သူတို့ကို ဤကဲ့သို့ နှိပ်ကွပ်ခဲ့သောကြောင့် လက်တုံ့ပြန်ချင်ခဲ့ကြသည်။

သို့သော် သူတို့ မည်သို့ လုပ်ဆောင်ခဲ့ကြသည်ကိုတော့ ထိုလုပ်ဖော်ကိုင်ဖက်က မသိရှိပါချေ။

သူမ သိရှိသည်မှာ တုန်လိလိနှင့် သူမ၏ မိဘများက လော်မိသားစုအိမ်သို့ အကြိမ်ပေါင်းများစွာ ရောက်လာခဲ့ကြပြီး အကြိမ်တိုင်းတွင် လည်း မျက်နှာပျက်စရာကိစ္စများဖြစ်ခဲ့ခဲ့ကြောင်းကိုသာ သိရလေသည်။

မည်သို့ပင်ဖြစ်စေ ထိုမိသားစုနှစ်စုမှာ အကြီးအကျယ် ပြဿနာတက်နေကြချေပြီ။

*

အခန်း(424)

လင်းကျန်းဖူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူမှာ သူမ ထိုစကားများကိုပြောပြီးချိန်တွင် လင်းကျန်းဖူအနေဖြင့် ပျော်ရွှင်သော အမူအရာ ပြလိမ့်မည်ဟု ထင်မှတ်ခဲ့လေ၏။

သို့သော်လည်း လင်းကျန်းဖူက နူးညံ့စွာသာ ပြုံးလိုက်ပြီး ဤသို့ ပြောခဲ့လေသည် ။

“တကယ်တော့ ကျွန်မ သူတို့နဲ့ ဘာပတ်သက်မှုမှ မရှိတော့ပါဘူး၊ နောက်ပိုင်းမှာ သူတို့ ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ မဆိုင်တော့ဘူးလေ”

“ဒါပေမဲ့ ဒီအကြောင်းတွေကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ပြီးရင် ကျွန်မ ဝယ်မယ့် ပစ္စည်းလေးတွေကို အိတ်ထဲ ထည့်ပေးပါဦး၊ ဝယ်ပြီးရင် အိမ်ပြန်ရဦးမှာမို့လို့ပါ”

ထိုသို့ ပြောပြီးနောက် လင်းကျန်းဖူက သူမဝယ်ယူလိုသည့် ပစ္စည်းများကို လုပ်ဖော်ကိုင်ဖက်ဟောင်းထံ ပေးလိုက်လေ၏။

ထိုအမျိုးသမီးမှာ လင်းကျန်းဖူ၏ တုံ့ပြန်မှုက ဤမျှအထိ တည်ငြိမ်အေးဆေးနေလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပါချေ။

လင်းကျန်းဖူသည်က ဒေါသထွက်ပုံလည်းမရသကဲ့သို့ လော်မိသားစု၏အရေးကိုလည်း စိုးစဉ်းမျှပင် ဂရုစိုက်ပုံမပေါ်တော့ချေ။

“ဒါဆို... ငါ ပစ္စည်းတွေ ထည့်ပေးလိုက်ရမလား”

လုပ်ဖော်ကိုင်ဖက်ဟောင်းက တွေဝေစွာဖြင့်သာ မေးနိုင်တော့၏။

“အင်း... ကူညီပေးပါဦး”

မကြာမီမှာပင် သူမက လင်းကျန်းဖူအတွက် ပစ္စည်းများကို ထုတ်ပိုးပေးလိုက်လေ၏။ လင်းကျန်းဖူက ငွေနှင့် ပစ္စည်းလက်မှတ်များကို ထုတ်ပေးကာ သမဝါယမဆိုင်ထဲမှ လှည့်ထွက်လာခဲ့သည်။

ဆိုင်ထဲတွင် လူများမှာ ယခင်ကထက် နည်းပါးသွားပြီဖြစ်၍ လင်းကျန်းဖူ၏ ပုံရိပ်က ဝယ်ယူသူများကြားတွင် သိသိသာသာ ထင်ရှားနေခဲ့၏။

မည်သို့ပင်ဖြစ်စေ သူမသည်က အရပ်မြင့်ကာ ခြေတံရှည်သူဖြစ်ရုံမျှမက အဆင့်အတန်းမြင့်သော အထည်အလိပ်ဖြင့် ချုပ်လုပ်ထားသည့် အဝတ်အစားများကိုလည်း ဝတ်ဆင်ထားပေသည်။

လမ်းပေါ်တွင် ဤသို့သွားလာနေချိန်တွင် မြင်ရသူတိုင်းက သူမအား အသက်သုံးဆယ်နားသို့ နီးကပ်နေပြီဟု မည်သူမျှ မထင်မှတ်နိုင်လောက်ပါချေ။ ငယ်ရွယ်နုပျိုသည့် မိန်းကလေးတစ်ဦးဟုသာ ထင်မှတ်ကြပေလိမ့်မည်။

ကြည့်ရသည်မှာ လင်းကျန်းဖူက မြို့ပေါ်သို့ ရောက်ရှိသွားချိန်တွင် အမှန်တကယ်ပကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားရပုံရသည်။

သို့မဟုတ်ပါက လော်မိသားစု၏ ကိစ္စရပ်များအပေါ် ဤမျှအထိ လျစ်လျူရှုနိုင်မည် မဟုတ်ပါချေ။

လုပ်ဖော်ကိုင်ဖက်ဟောင်းမှာ စိတ်ထဲမှ ရေရွတ်နေရင်း လင်းကျန်းဖူ၏ နောက်ကျောကို လှမ်းကြည့်နေမိသည်။ သို့သော် သူမ အကြည့်လွှဲလိုက်ခါနီး တစ်စက္ကန့်အလိုမှာပင် အရပ်ရှည်၍ ချောမောခန့်ညားသော လူငယ်တစ်ဦးက လင်းကျန်းဖူ၏ ရှေ့သို့ လျှောက်သွားသည်ကို ရုတ်တရက် မြင်လိုက်ရ၏။

ထိုလူငယ်က အပြုံးရိပ်များဖြင့် လင်းကျန်းဖူ၏ လက်ထဲမှ ပစ္စည်းများကို ကူညီသယ်ဆောင်ပေးလိုက်လေသည်။

လင်းကျန်းဖူကလည်း သူ့ကို မော့ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် စကားပြောဆိုး၍ ထွက်သွားကြတော့သည်။

လုပ်ဖော်ကိုင်ဖက်ဟောင်းမှာ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင်မှ အရာအားလုံးကို သဘောပေါက်သွားခဲ့လေ၏

လင်းကျန်းဖူအနေဖြင့် လော်မိသားစု၏ အရေးကိစ္စများကို စိတ်မဝင်စားတော့သည်က မဆန်းတော့ပါချေ။ ယခုအချိန်တွင် သူမတွင် ဤမျှအထိ ကောင်းမွန်သော လက်တွဲဖော် ရှိနေပြီဖြစ်၍ လော်ပင်း၏ အောက်တန်းကျသော ကိစ္စရပ်များကို အဘယ်ကြောင့် အာရုံစိုက်နေရဦးမည်နည်း။

အိုး.. ဒီလိုကံကောင်းမှုကြီးကတော့ တကယ်ကို မနာလိုစရာ ကောင်းတာပဲ!

လုပ်ဖော်ကိုင်ဖက်ဟောင်းက သက်ပြင်းအနည်းငယ်ချကာ ရေရွတ်ပြီးနောက် သူမ၏ အလုပ်ခွင်သို့သာ ရိုးသားစွာပြန်သွားလေသည်။

လမ်းမပေါ်တွင်ရှိနေသော လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့က သူတို့နှစ်ယောက်ကို လုပ်ဖော်ကိုင်ဖက်ဟောင်း မြင်တွေ့သွားသည်ကို မသိရှိကြပါချေ။

ပစ္စည်းများ ဝယ်ယူပြီးနောက်တွင် ကျိုးကျယ်ပင်းက လင်းကျန်းဖူအား သူမ ပညာသင်ကြားခဲ့ဖူးသည့် မြို့နယ်အလယ်တန်းကျောင်းသို့ လိုက်လံပို့ဆောင်ပေးခိုင်းခဲ့လေ၏။ သူက ထိုနေရာကို ကြည့်ရှုလိုကြောင်း ပြောလာခဲ့သည်။

“ကျွန်မတို့လို မြို့နယ်လေးက အလယ်တန်းကျောင်းက ရှင့်တို့ရဲ့မြို့က ကျောင်းတွေနဲ့ ယှဉ်လို့မရဘူး.. မြင်လိုက်ရပြီးမှ စိတ်မပျက်သွားနဲ့နော်”

လင်းကျန်းဖူက ထိုကျောင်းမှာ အလွန်သေးငယ်ကြောင်း ကျိုးကျယ်ပင်းအား ကြိုတင်၍ အသိပေးထားခဲ့၏။

အတန်းတစ်တန်းစီတွင် အတန်းခွဲ တစ်ခုတည်းသာ ရှိပြီး ကျောင်းတစ်ကျောင်းလုံးရှိ ဆရာ၊ ဆရာမ အရေအတွက်မှာလည်း လက်ချိုးရေတွက်၍ ရနိုင်ပေသည်။

တခြားသော ပစ္စည်းကိရိယာများနှင့် အဆောက်အဦးပိုင်းမှာလည်း လုံးဝ ခေတ်မမီတော့ပါချေ။

သို့သော်လည်း အခြေအနေများက မည်မျှပင် ဆိုးရွားပါစေ၊ လင်းကျန်းဖူအနေဖြင့် သူမအား ပညာသင်ကြားပေးခဲ့သော မြို့နယ်ကျောင်းနှင့် ဆရာ၊ ဆရာမများကို ယနေ့တိုင် ကျေးဇူးတင်နေဆဲပင်။

သူတို့သာ မရှိခဲ့လျှင် သူမသည်က ယခုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိလာမည် မဟုတ်ပါချေ။

မြို့ပေါ်သို့ ရောက်ရှိပြီး လူပေါင်းစုံနှင့် အဖြစ်အပျက်ပေါင်းစုံကို မြင်တွေ့ခဲ့ရချိန်တွင်မှ ပညာတတ်ခြင်းနှင့် ပညာမတတ်ခြင်းက လုံးဝ ကွဲပြားခြားနားသော အရာနှစ်ခုဖြစ်ကြောင်း သူမ အလေးအနက် သဘောပေါက်ခဲ့ရသည်။

သူမ၏ ပညာအရည်အချင်းမှာ မမြင့်မားလှသော်လည်း၊ ကျောင်းရှိ ဗဟုသုတများအပြင် ဆရာများထံမှ “လေ့လာသင်ယူနည်း”၊ တခြားသူများနှင့် မည်သို့ ဆက်ဆံရမည်နှင့် မည်သို့ ပြုမူနေထိုင်ရမည် ဆိုသည်တို့ကို သင်ယူခွင့် ရရှိခဲ့လေသည်။

ထို့ကြောင့်လည်း လင်းကျန်းဖူက မြို့နယ်ကျောင်းနှင့် ဆရာများအပေါ် သံယောဇဉ် ကြီးမားနေခြင်း ဖြစ်၏။

သို့သော်လည်း သူမ၏ မြို့နယ်အတွင်း ဖြတ်သန်းခဲ့သော နေ့ရက်များမှာ ပျော်ရွှင်စရာ ကောင်းသော အမှတ်တရများချည်းသာ မဟုတ်ခဲ့ပါချေ။

ဆိုရလျှင် လော်ပင်းနှင့် ပတ်သက်မှုများကြောင့် သူမ၏ ဘဝထဲတွင် ဖုန်မှုန့်တချို့ စွန်းထင်းခဲ့ရသည်မဟုတ်ပါလား။

သို့သော် ယခုအချိန်တွင် ကျိုးကျယ်ပင်းက သူမနှင့်အတူ ကျောင်းဝင်းအတွင်း တစ်ပတ် လှည့်ပတ်လမ်းလျှောက်ပေးခြင်းဖြင့် ထိုဆိုးရွားသော အထင်အမြင်များကို ဆေးကြောပေးနိုင်လိမ့်မည်ဟု သူမ ယုံကြည်မိသည်။

သူတို့နှစ်ဦး ကျောင်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။ ယနေ့သည်က နှစ်သစ်ကူး အကြိုနေ့ ဖြစ်သောကြောင့် ကျောင်းပိတ်ထားခဲ့လေ၏။

ကျောင်းတံခါးဝရှိ တစ်ဦးတည်းသော အစောင့်အဘိုးကြီးပင်လျှင် မွန်းတည့်ချိန်အထိသာ စောင့်ပြီးနောက် အိမ်သို့ ပြန်သွားရန်ပြင်ဆင်နေပြီ ဖြစ်သည်။

ထို့ကြောင့် လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့က အချိန်မီ ရောက်ရှိလာခဲ့ကြသောကြောင့် အထဲဘက်သို့ ခေတ္တမျှ ဝင်ရောက် လမ်းလျှောက်နိုင်ခဲ့ကြ၏။

လင်းကျန်းဖူ တံခါးဝသို့ ဝင်လာချိန်မှာပင် ကျောင်းစောင့်အဘိုးကြီးက မှတ်မိသွားခဲ့သည်။

“ မင်းပဲ.. မင်းရဲ့ မျိုးရိုးနာမည်က လင်း၊ ဟုတ်တယ်မလား၊ မင်း မြို့ပေါ်ကို ရောက်သွားပြီး နှစ်သစ်ကူးဖို့ ပြန်လာတယ်လို့တော့ ကြားထားတယ်”

ထိုအဘိုးကြီးမှာ ကျောင်းစောင့်တစ်ဦးမျှသာ ဖြစ်သော်လည်း သတင်းများကိုတော့ အလွန်ပင် စုံစမ်းသိရှိထားသူ ဖြစ်ပေသည်။

အထူးသဖြင့် ဤမြို့နယ်လေးမှာ မူလကတည်းက ကြီးမားလွန်းခြင်းမရှိသောကြောင့် လွန်ခဲ့သည့် ရက်များအတွင်း လော်ပင်းနှင့် တုန်လိလိတို့ကြားတွင် ဖြစ်ပွားခဲ့သော ကိစ္စတို့က လူတိုင်း သိရှိထားသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

မြို့နယ်အတွင်း နေထိုင်သူ မည်သူမဆို ဤကိစ္စကို မသိဘဲမနေပါချေ။

သေချာပေ၏။ လူတိုင်းက လော်ပင်း၏ ဇနီးဟောင်း လင်းကျန်းဖူအကြောင်းကိုလည်း ပြောဆိုနေကြသောကြောင့် ထိုအဘိုးကြီးသည်လည်း သူမကို မှတ်မိနေခြင်း ဖြစ်၏။

လင်းကျန်းဖူက အဘိုးအိုအား ပြုံးပြလိုက်ပြီးနောက် သူမ၏ သူငယ်ချင်းကို အထဲသို့ ခေါ်ဆောင်ကာ လမ်းလျှောက်ကြည့်ရှုခွင့် ရနိုင်မလားဟု မေးမြန်းလိုက်လေသည်။

“သူငယ်ချင်း ဟုတ်လား၊ ဒါက မင်းရဲ့ လက်တွဲဖော် ဖြစ်ရမယ် ဟုတ်တယ်မလား”

အဘိုးအို၏ မျက်စိမှာ မမှုန်သေးဘဲ ချက်ချင်းပင် အပြုံဖြင့် စနောက်လိုက်လေတော့၏။

“ ဘာဖြစ်စရာရှိမှာလဲ၊ အထဲကိုဝင်ပြီး မင်း အရင်က ကျောင်းတက်ခဲ့တဲ့ နေရာတွေကို မင်းရဲ့ လက်တွဲဖော်ကို လိုက်ပြလိုက်ပါဦး၊ ဟားဟား!”

အဘိုးအို၏ စကားကြောင့် လင်းကျန်းဖူမှာ အနည်းငယ် ရှက်ရွံ့သွားရသည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် ကျိုးကျယ်ပင်းက သူမကို အပြုံးရိပ်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

“ကောင်းပြီလေ... မြန်မြန် ဝင်ရအောင်!”

လင်းကျန်းဖူက ထိုသို့ပြောပြီးနောက် ကျိုးကျယ်ပင်းအား အတွင်းသို့ အမြန်ပင် တွန်းပို့လိုက်လေသည်။

ထို့နောက် သူတို့နှစ်ဦးက အလယ်တန်းကျောင်းအတွင်းသို့ ဝင်ကာ တစ်ပတ်ပတ်ကြည့်ပြီးမှ ပြန်ထွက်လာခဲ့ကြလေ၏။

မြို့နယ်ထဲမှ ထွက်ခွာလာချိန်တွင်တော့ သူတို့နှစ်ဦးက ကျောင်းစောင့်အဘိုးကြီးထံမှ ဆုတောင်းစကားတစ်တို့ ရရှိခဲ့ကြသည်။

“မင်း တို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲဆိုတာ ငါ မြင်မိတယ်၊ နောက်ပိုင်းကျရင် ကောင်းမွန်တဲ့ ဘဝလေးကို ပိုင်ဆိုင်ကြပါစေ!”

မည်သို့ပင် ကြည့်ပါစေ၊ ဤလူငယ်လေးမှာ လက်ရှိ လော်ပင်းထက် များစွာ သာလွန်ကောင်းမွန်လွန်းပေ၏။ သူတို့နှစ်ဦးသာအတူရှိနေလျှင် ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြလိမ့်မည် မဟုတ်ပါလား။

လင်းကျန်းဖူ မတုံ့ပြန်မီမှာပင် ကျိုးကျယ်ပင်းက အဘိုးအိုကို ပြုံးပြကာ ကျေးဇူးတင်စွာ ပြန်လည်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အဘိုး၊ ကျွန်တော်တို့ အကောင်းဆုံး နေထိုင်သွားပါ့မယ်!”

ထိုသို့ပြောပြီးနောက် သူက လင်းကျန်းဖူအား အဓိပ္ပာယ်အပြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး သူမနှင့်အတူ မြို့နယ်ကျောင်းလေးထဲမှ ထွက်ခွာလာခဲ့လေသည်။

သူတို့ မသိရှိခဲ့သည်မှာ သူတို့ မြို့နယ်အလယ်တန်းကျောင်းထဲမှ ထွက်ခွာလာချိန်မှာပင် လွန်ခဲ့သော နှစ်လအတွင်း အိမ်ထဲမှပင် အပြင်မထွက်ခဲ့သော လော်ပင်းက ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းကိုပင်။

ယနေ့တွင် သူ၏စိတ်ထဲတွင် မည်သည့်အရာများရှိနေသည်ကို သူကိုယ်တိုင်ပင် မသိပါချေ။

ရုတ်တရက် သူသည်က အိမ်ထဲ၌ မနေလိုတော့ဘဲ မြို့နယ်အလယ်တန်းကျောင်းထဲသို့ သွားရောက်လည်ပတ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့၏။

အိမ်ထဲတွင် နေကာ တခြားသူများ၏ အကြည့်နှင့် အတင်းအဖျင်း စကားများကို ရှောင်တိမ်းနေချိန်အတွင်း သူသည်က တွေဝေငေးမောရင်း သူ၏ အပျော်ရွှင်ဆုံး အချိန်များမှာ လင်းကျန်းဖူနှင့် မကွာရှင်းမီ အချိန်များသာ ဖြစ်ခဲ့ကြောင်းကို တွေးတောမိခဲ့လေသည်။

သူ ကျောင်းတက်ခဲ့ချိန်၊ အိမ်ထောင်ကျစဉ်နှင့် အိမ်ထောင်ကျပြီးနောက်ပိုင်း နှစ်များတွင် သူသည်က ပျော်ရွှင်သော မိသားစု ဘဝကို ပိုင်ဆိုင်ခဲ့ရကာ သူ၏ မိဘများနှင့် သူ၏ အလုပ်အကိုင်များမှာလည်း အဆင်ပြေချောမွေ့နေခဲ့သည်။

အရာအားလုံးက အလွန်ပင် ပျော်ရွှင်ကျေနပ်ဖွယ် ကောင်းလေသည်။

ထိုနေ့ရက်များကို လွမ်းဆွတ်တမ်းတနေမိသောကြောင့် လော်ပင်းတွင် လက်တွေ့မကျသော စိတ်ကူးယဉ်မှုတချို့ ရှိနေခဲ့လာခဲ့၏။

ယနေ့သည်က နှစ်သစ်ကူး အကြိုနေ့ ဖြစ်သည်။ အကယ်၍ လင်းကျန်းဖူသာ ပြန်လာခဲ့ပါက သူမ မြို့နယ်အလယ်တန်းကျောင်းလေးသို့ လာရောက်ကြည့်ရှုလိမ့်မည်ဟု သူက ထင်မှတ်နေခဲ့သည်။

အကယ်၍ ယနေ့ သူ မြို့နယ်အလယ်တန်းကျောင်းထဲကို သွားပြီး သူမနဲ့ တွေ့ဆုံခဲ့မည်ဆိုပါက သူနှင့် သူမ၏ကြားတွင် ကံတရားများ ကျန်ရှိနေသေးသည်ကို သက်သေပြခြင်းပင် မဟုတ်လား။

သို့ဆိုပါက သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်နိုင်လောက်သည်။

ထို့ကြောင့် လော်ပင်းမှာ လော်မိသားစုဝင်များနှင့် လူကြီးမိဘများ၏ အံ့အားသင့်သော အကြည့်များအောက်တွင် အိမ်ထဲမှ ပြေးထွက်လာခဲ့ကာ မြို့နယ်အလယ်တန်းကျောင်းလေးရှိရာသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင်တော့ သူက လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့ အတူတကွ ထွက်ခွာသွားကြသော နောက်ကျောများကို မြင်တွေ့လိုက်ရလေတော့၏။

ထိုအချိန်တွင် သူ၏ ဘေးနားမှ တိုက်ခတ်လာသော အေးစက်သော လေပြေသည်ပင်လျှင် လော်ပင်း၏ နှလုံးသားလောက် မအေးစက်နိုင်ပါချေ။

သူ့အနေဖြင့် ရေခဲတိုက်ထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည်က ထိုနေရာတွင် ငေးမောစွာ ရပ်နေရင်း လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့၏ နောက်ကျောများကို ကြည့်ရှုနေခဲ့ပြီး နောက်ဆုံးတွင် အဖြစ်မှန်တစ်ခုကို လက်ခံလိုက်ရတော့သည်။

သူနှင့် လင်းကျန်းဖူတို့ကြားတွင် ပြန်လည် ပေါင်းစည်းရန် လုံးဝ မဖြစ်နိုင်တော့ပေ။

သူမက သူ့ကို စွန့်ခွာသွားခဲ့ချေပြီ။

မဟုတ်သေးပေ။ ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် သူကိုယ်တိုင်ကသာ သူမအား သူ၏ လက်ဖြင့် တွန်းထုတ်ခဲ့ခြင်း ဖြစ်ပေသည်။

သူမက မည်သည့်အချိန်တွင်မျှ ပြန်လာတော့မည် မဟုတ်ပါချေ။

All Chapters