အခန်း (၄၂၅-၄၂၆)
Vol. 43 Ch. 425-426
အခန်း(425)
မနက်(11)နာရီခန့်တွင် မြို့နယ်အတွင်း လှည့်လည်သွားလာနေကြသော အဖွဲ့သားများက ပြန်လည်ရောက်ရှိလာကြလေသည်။
လင်းရန်နှင့် အဘွားလင်းသည်လည်း နှစ်သစ်ကူး အကြိုညစာအတွက် စတင် ပြင်ဆင်နေကြချေပြီ။
သူတို့သည်က မွန်းလွန်းပိုင်းအတွက်ကိုတော့ အဆင်ပြေသည့်အစားအသောက်ကိုသာ စားသောက်ရန် စီစဉ်ထားပြီး၊ ကောင်းမွန်သော ဟင်းလျာအားလုံးကိုတော့ ညနေပိုင်းတွင်မှ ပြင်ဆင်ကျွေးမွေးရန် ကြံစည်ထားကြလေသည်။
လင်းကျန်းဖူနှင့် တခြားသူများ ပြန်ရောက်လာသည့်အချိန်တွင် လူတိုင်း ဝိုင်းဝန်း ကူညီခဲ့ကြ၏။
လူတစ်စုက စကားပြောဆို၍ အလုပ်ရှုပ်နေကြသောကြောင့် အိမ်အတွင်းမှ ရယ်မောသံများမှာ မကြာမီမှာပင် ပျံ့လွင့်သွားခဲ့လေသည်။
ထိုအသံကို ကြားရချိန်တွင် အနီးနားရှိ အိမ်နီးနားချင်းများမှာလည်း သူတို့၏ ကောင်းမွန်သော စိတ်ခံစားမှုများ ကူးစက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။
ထို့နောက် သူတို့၏ အိမ်ကို ပြန်ကြည့်လိုက်ရာတွင်လည်း ယခုနှစ်မှာ သီးနှံများ အထွက်ကောင်းခဲ့သောကြောင့် နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်တော့မည်ဖြစ်ကြောင်း ခံစားမိကြသည်။
ဤနေ့ရက်များမှာ အလွန်ပိုမို စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့လေပြီ။
နှစ်သစ်ကူးအကြိုညတွင် စစ်တပ်ထဲရောက်နေ၍ ပြန်မလာနိုင်သော လင်းကွမ်ချင်းမှလွဲ၍ လင်းမိသားစုဝင်အားလုံး စုံစုံလင်လင် ရှိနေကြလေသည်။ လူတိုင်းကလည်း ကောင်းမွန်လွန်းသော ဟင်းလျာများကို သုံးဆောင်ရင်း နှစ်သစ်အတွက် ဆုတောင်းကိုယ်စီ ရှိနေကြလေ၏။
“ဒီနှစ် ငါတို့မိသားစုထဲမှာ အတော်လေး အပြောင်းအလဲဖြစ်ခဲ့တယ်၊ ခြုံပြောရရင်တော့ အားလုံးက ကောင်းတဲ့အပြောင်းအလဲတွေချည်းပါပဲ!”
“ရန်ရန်လည်း ပြန်ရောက်လာပြီ၊ စတုတ္ထသမီးလည်း အတိတ်ကအညစ်အကြေးတွေ ဆေးကြောနိုင်ခဲ့ပြီ၊ ဒုတိယသားလည်း စီးပွားရေးလေး စလုပ်နိုင်နေပြီ၊ အကြီးဆုံးချွေးမလည်း အလုပ်တစ်ခုရထားပြီ၊ ငါတို့ဘဝတွေက တဖြည်းဖြည်းနဲ့ ပိုကောင်းလာနေပြီ!”
“နောက်နှစ်မှာ ငါတို့ရဲ့ဘဝတွေ ဒီထက်မက ပိုကောင်းလာမယ်လို့ ငါယုံကြည်တယ်! မင်းတို့အားလုံး ငါ့အတွက် ပိုကြိုးစားပေးကြဦး၊ ငါ့လို အဘွားကြီးကတော့ ကောင်းချီးတွေကို ခံစားဖို့ပဲ စောင့်နေတော့မယ်!”
အဘွားလင်းက မိသားစုအကြီးအကဲအဖြစ် ပထမဆုံး အမှာစကားပြောကြားပြီးနောက် အရက်ခွက်လေးကို မြှောက်ကာ တစ်ငုံမျှ အရသာခံသောက်လိုက်လေ၏။
ပြင်းရှလွန်းသော အရက်ကြောင့် မျက်မှောင်ကြုတ်သွားသော်လည်း သူမ၏မျက်နှာထက်မှ အပြုံးကတော့ ပျောက်ကွယ်မသွားပါချေ။
ကျန်ရှိသော မိသားစုဝင်များမှာလည်း သူမ၏ပျော်ရွှင်မှုများ ကူးစက်သွားခဲ့ကြသည်။ အလုပ်ကိစ္စ မပြေလည်သေးသော ယင်းဖန်ပင်လျှင် ပြုံးရွှင်စွာဖြင့် ခွက်ချင်းတိုက်ကာ လူတိုင်းနှင့်အတူ စကားပြောနေခဲ့လေသည်။
“ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေ!”
ယခုခေတ်ကာလတွင် ဗြောက်အိုးယမ်းပေါက်သံများ၊ မီးရှူးမီးပန်းများ မရှိသော်လည်း လင်းမိသားစုအတွက်တော့ အပျော်ရွှင်ဆုံးနှင့် အပြည့်စုံဆုံးသော နှစ်တစ်နှစ် ဖြစ်ခဲ့ပေသည်။
သူတို့က ည (12)နာရီကျော်သည်အထိ စကားပြောနေကြပြီးမှ အိပ်ရာဝင်ခဲ့ကြ၏။
နောက်တစ်နေ့နံနက်တွင်တော့ လင်းရန်တို့ စောစောထခဲ့ကြလေသည်။ သူတို့က ကလေးနှစ်ယောက်ကို အိတ်နီများ အရင်ပေးပြီးနောက် ကွမ်ကျိုးသို့ သွားရန် အချိန်မီ ပြင်ဆင်ခဲ့ကြတော့၏။
လင်းမိသားစုဝင်များက ရွာထိပ်အထိ လိုက်လံပို့ဆောင်ကြပြီး ကားလေး ထွက်ခွာသွားသည်ကို ကြည့်ပြီးမှ အိမ်သို့ ဖြည်းဖြည်းချင်း ပြန်လာခဲ့ကြလေသည်။
နှစ်ဆန်းတစ်ရက်နေ့မနက်တွင် လူတိုင်း လမ်းလျှောက်ထွက်နေကြချိန်၌ လင်းရန်တို့ အစောကြီး ကားမောင်းထွက်သွားသည်ကို မြင်လိုက်ရည့်အတွက် ရွာသားများမှာ အဘွားလင်းအနားသို့ ချဉ်းကပ်ကာ အခြေအနေကို မေးမြန်းကြတော့၏။
စုန့်မိသားစုထံသို့ သွားခြင်းက ရှက်စရာကိစ္စမဟုတ်သောကြောင့် အဘွားလင်းက သူတို့သွားမည့်နေရာကို ပြောပြလိုက်လေသည်။
“ဒါနဲ့ ရှင်တို့ရဲ့ စတုတ္ထသမီးရော၊ သူမလည်း လိုက်သွားတာ မြင်လိုက်တယု”
တချို့လူများမှာ ကျိုးကျယ်ပင်း၏ နောက်ခံအကြောင်းအရင်းကို သေချာမသိကြသေးပေ။ မည်သို့ပင်ဆိုစေ ကျိုးကျယ်ပင်း ရောက်လာသည်မှာ တစ်ရက်သာ ရှိသေးသည်မဟုတ်ပါလား။
သူသည်က လင်းကျန်းဖူ၏ လက်တွဲဖော်အသစ်ဖြစ်ကြောင်း သိကြသော်လည်း သူ၏အခြေအနေကိုတော့ မသိကြချေ။
ထို့ကြောင့် လူတိုင်းက ကျိုးကျယ်ပင်းအပေါ် အလွန်စပ်စုနေကြခြင်း ဖြစ်၏။ အဘွားလင်းကတော့ လူစုလူဝေးကြီး ဖြစ်လာသည်ကို မြင်ချိန်တွင် မေးစေ့ကို အသာပင့်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်လေသည်။
“ရှောင်ကျိုးကတော့ ထူးထူးခြားခြား နောက်ခံကြီး ရှိတာမျိုး မဟုတ်ပါဘူး၊ သူ့မိဘတွေနဲ့ ရှောင်စုန့်ရဲ့ မိဘတွေက လုပ်ဖော်ကိုင်ဖက်တွေလေ၊ နှစ်မိသားလုံးက ဝင်းတစ်ခုတည်းမှာ အတူနေကြတာ!”
“အိုး!”
“တကယ့် လူချမ်းသာတွေပဲ!”
စုန့်ရှီးယန်တို့နှင့် မြို့တူရုံတင်မကဘဲ ဝင်းတစ်ခုတည်းမှာ နေထိုင်ကြသည်လား။ သို့ဆိုလျှင် ကျိုးကျယ်ပင်းသည်လည်း အရာရှိမိသားစုမှ ပေါက်ဖွားလာသူ ဖြစ်ရမည်ပင်။
အရေးကြီးဆုံးမှာ သူက မိသားစုနောက်ခံကောင်းသည့်အပြင် အရပ်ရှည်၊ ရုပ်ချောပြီး ဒေါက်တာတစ်ဦး လည်း ဖြစ်နေသေးသည်။
ဒေါက်တာတစ်ဦးဖြစ်နေခြင်းကပင် လူတိုင်းအား မနာလိုဖြစ်စေရန် လုံလောက်နေပြီဖြစ်၍ ယခုအချိန်တွင် ကျိုးကျယ်ပင်း၏ မိသားစုအခြေအနေမှာလည်း အလွန်ကောင်းမွန်ကြောင်း သိလိုက်ရသောကြောင့် လူတိုင်းက ရေရွက်မိကြလေ၏။
“အိုး... တကယ်ပါပဲ၊ လင်းမိသားစုက သမီးတွေကျမှ ဘယ်လိုဖြစ်ပြီး အခြေအနေကောင်းတဲ့ သမက်တွေနဲ့ပဲ တွေ့နေရတာလဲ!”
လူတိုင်းမှာ မနာလိုဖြစ်လွန်းသောကြောင့် အဘွားလင်းအား ၎င်းတို့၏သမီးများအတွက်ပါ လက်တွဲဖော် မိတ်ဆက်ပေးရန် ရှက်ရွံ့ခြင်းမရှိဘဲ တောင်းဆိုကြတော့၏။
ထိုအချိန် အဘွားလင်းက တင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။
“ငါ့မှာ အဲဒီလို အစွမ်းအစရှိတယ်လို့ မင်းတို့ ထင်နေတာလား.. ရန်ရန်နဲ့ စတုတ္ထသမီးတို့က သူတို့ဘာသာသူတို့ ရှာကြတာ၊ ငါ့မှာသာ အဲဒီလို အရည်အချင်းရှိရင် ရှောင်စုန့်နဲ့ ရှောင်ကျိုးကို အရင်ကတည်းက ဒီကို ခေါ်လာမှာပေါ့၊ အခုထိ စောင့်နေပါ့မလား!”
အဓိပ္ပာယ်မှာ ထိုကဲ့သို့သော သားမက်မျိုး လိုချင်လျှင် သူတို့ဘာသာ ကြိုးစားရှာဖွေကြရန်သာ ဖြစ်ပေသည်။ ရွာသားများက ပြန်စဉ်းစားကြည့်ချိန်တွင်လည်း ထိုအချက်မှာ မှန်ကန်နေသောကြောင့် ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားကြရ၏။
“ငါတို့သမီးတွေကျမှ ဘာလို့ အဲဒီလောက် ကံမကောင်းကြတာလဲ!”
သူတို့က တွေးတောရင်းဖြင့် သူတို့၏သမီးများကို ယခုနှစ် နှစ်သစ်ကူးမတိုင်မီ သမက်ကောင်းတစ်ယောက် ခေါ်လာနိုင်အောင် အိမ်သို့ပြန်ပြီး သေသေချာချာ စကားပြောရမည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။
…
လင်းရန်နှင့် လင်းကျန်းဖူတို့ကတော့ အဘွားလင်းက သူတို့အတွက် မနာလိုမှုများ ဖန်တီးပေးခဲ့သည်ကို မသိကြပါချေ။ စုန့်ရှီးယန်နှင့် ကျိုးကျယ်ပင်းတို့မှာ ကားကို အလှည့်ကျဖြင့် မနားတမ်းမောင်းခဲ့သောကြောင့် ည(10) နာရီဝန်းကျင်တွင် ကွမ်ကျိုးသို့ ရောက်ရှိလာခဲ့ကြလေသည်။
ကားလေးက စုန့်မိသားစုအိမ်ရှေ့တွင် ဆိုက်ရပ်လိုက်၏။ လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့က လက်မထပ်ရသေးသောကြောင့် လင်းကျန်းဖူအနေဖြင့် စုန့်မိသားစုအိမ်တွင်သာ တစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်လေသည်။
ချင်းယွင်ကျစ်မှာလည်း ဤအစီအစဉ်ကို ကြိုတင်သိရှိထားပြီး ဖြစ်ပေ၏။ သူမသည်က လီပြည်နယ်တွင် လင်းရန်နှင့်အတူ ရှိနေချိန်ကတည်းက လင်းကျန်းဖူနှင့် ရင်းနှီးခဲ့သောကြောင့် လင်းကျန်းဖူ လာလည်မည်ကို အလွန်ပင် မျှော်လင့်နေခဲ့၏။
ကျိုးကျယ်ပင်းသည်လည်း သူမအား ထပ်မံ၍ ဖျောင်းဖျမနေတော့ဘဲ မနက်ဖြန်နံနက်စောစောတွင် မိဘများကို ခေါ်လာပြီး လင်းကျန်းဖူနှင့် တွေ့ဆုံပေးရန်သာ တွေးထားလိုက်တော့သည်။
ကျိုးကျယ်ပင်းက လင်းတို့အိမ်တွင် ခေတ္တမျှ ထိုင်ပြီးနောက် သူ၏ အိမ်သို့ ပြန်သွားခဲ့လေ၏။ သူ ထွက်သွားသည်နှင့် ချင်းယွင်ကျစ်က လင်းရန်နှင့် လင်းကျန်းဖူတို့ကြားသို့ အမြန်ဝင်ကာ စကားများ စတင်ပြောလာတော့သည်။
လွန်ခဲ့သော လအနည်းငယ်က လီပြည်နယ်မှ ပြန်လာပြီးကတည်းက သူမ၏အိမ်မှာ အလွန်ခြောက်ကပ်နေသကဲ့သို့ ခံစားနေရသည်ပင်။
သူမ၏ညီမ ချင်းယွင်လျန်နှင့် နေ့တိုင်း စကားပြောနိုင်သော်လည်း ညီမဖြစ်သူမှာလည်း အလုပ်ရှိနေသောကြောင့် အမြဲတစေ သွားတွေ့နေရန်မှာ မဖြစ်နိုင်ပါချေ။
လီပြည်နယ်တွင် ရှိနေချိန် ဤအိမ်ထက် ပိုကောင်းသေးသည်ဟုသာ သူမ တွေးနေမိသည်။
လင်းရန်နှင့် လင်းကျန်းဖူတို့ အလုပ်သွားလျှင်ပင် သူမက စျေးဝယ်သူအဖြစ် ဆိုင်သို့ သွားနိုင်သည်မဟုတ်ပါလား။ ဝယ်သူရှိလျှင် မနှောင့်ယှက်ဘဲနေပြီး၊ လူရှင်းချိန်တွင် သူတို့နှင့် စကားပြောနိုင်သည့်အတွက် အလွန်ပင် ပျော်စရာကောင်းလွန်းပေ၏။
ထို့ကြောင့် ချင်းယွင်ကျစ်အနေဖြင့် လီပြည်နယ်သို့ ခေတ္တခဏ ပြန်သွားလည်ရန် စဉ်းစားနေခဲ့သည်။
အကယ်၍ လွန်ခဲ့သော နှစ်ဝက်ခန့်ကသာဖြစ်မည်ဆိုလျှင် သူမသည်က အထုပ်အပိုးပြင်ကာ ချက်ချင်း ထွက်ခွာသွားခဲ့လောက်ပေပြီ။ သို့သော် ယခုတွင်တော့ စုန့်ကျယ်၏ သဘောထားကို ထည့်သွင်းစဉ်းစားရတော့မည်ပင်။
ဆိုရလျှင် သူမ လီပြည်နယ်မှ ပြန်လာကတည်းက စုန့်ကျယ်၏ အကျင့်စရိုက်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ယခင်ကဆိုလျှင် စကားတစ်ခွန်းပြောရန်ပင် ခဲယဉ်းလွန်းသောသူမှာ ယခုအချိန်တွင် နေ့တိုင်း စကားပြောလာသည့်အပြင် အနားယူချိန်များတွင်လည်း သူမအား လမ်းလျှောက်ထွက်ရန် ဦးဆောင်၍ခေါ်တတ်လာခဲ့သည်။
ချင်းယွင်ကျစ်အနေဖြင့် သူ့ဘက်မှ စပြောလာသော အကြောင်းအရာများက ပျင်းစရာကောင်းသည်ဟု ပြောနေသော်လည်း စိတ်ထဲတွင်တော့ ချိုမြိန်မှုကို ခံစားနေရသည်။
ထို့ကြောင့် လွန်ခဲ့သော ခြောက်လအတွင်း သူတို့ဇနီးမောင်နှံ၏ ဆက်ဆံရေးမှာ များစွာ တိုးတက်လာခဲ့၏။ အကယ်၍ သူမ အပြင်သို့သွားလျှင် သူက အိပ်ရာပေါ်တွင် တစ်ယောက်တည်း ငိုနေလောက်မည်လာဟုပင် တွေးတော၍ ရယ်ချင်လာတတ်သည်။
ချင်းယွင်ကျစ် ထိုသို့တွေးတောရင်း စုန့်ကျယ်ရှိရာသို့ လှမ်းကြည့်လိုက်လျှင် စုန့်ကျယ်နှင့် စုန့်လူကြီးမင်းတို့က စုန့်ရှီးယန်နှင့် စကားပြောနေကြသည်ကို မြင်လိုက်ရ၏။
စုန့်ကျယ်က သူမ၏အကြည့်ကို သတိပြုမိကာ နားမလည်သကဲ့သို့ ပြန်ကြည့်လာသောကြောင့် ချင်းယွင်ကျစ်အနေဖြင့် ကလေးများရှေ့တွင် တစ်ဖက်လူက တစ်ခုခု မေးမြန်းလာမည်ကို စိုးရိမ်သည့်အတွက် လင်းရန်နှင့် လင်းကျန်းဖူတို့ကို အပေါ်ထပ်သို့ အမြန်ခေါ်သွားတော့သည်။
“မင်းတို့တွေ တစ်နေကုန် ခရီးပန်းလာကြပြီမလား၊ လာခဲ့လေ... စောစောအိပ်ပြီး အနားယူလိုက်ကြဦး၊ မနက်ဖြန်ကျရင် အလုပ်တွေ အများကြီး ရှိဦးမှာ!”
လင်းရန်နှင့် လင်းကျန်းဖူတို့မှာလည်း ချင်းယွင်ကျစ်က သူတို့နှင့် သီးသန့်စကားပြောလိုသည်ဟု ထင်မှတ်ကာ နားမလည်စွာဖြင့်ပင် လိုက်ပါသွားကြသည်။ သို့သော် အပေါ်ထပ်ရောက်ချိန်တွင် အမှန်တကယ် အိပ်ခိုင်းခြင်းဖြစ်ကြောင်း သိလိုက်ရသောကြောင့် ဤသို့သာ ဆုံးဖြတ်လိုက်ကြလေတော့သည်။
“ဒါဆိုလည်း အိပ်ကြတာပေါ့၊ မနက်ဖြန်မှပဲ ပြောစရာရှိတာ ပြောကြတော့မယ်”
နောက်တစ်နေ့တွင် လင်းရန်က ဒေါ်လေးနှင့် ကျိုးမိသားစုတို့ တွေ့ဆုံမည့်ကိစ္စကို စိုးရိမ်နေသောကြောင့် အိပ်ရာထဲတွင် ကြာကြာမနေဘဲ စောစောထခဲ့လေ၏။
သူမ မနက် (7)နာရီခန့်တွင် အောက်ထပ်သို့ ဆင်းလာချိန်၌ သူမကိုယ်သူမ စောလွန်းသည်ဟု ထင်ထားသော်လည်း ကျိုးကျယ်ပင်းက သူ၏မိဘများကို ခေါ်ကာ အိမ်သို့ စောစီးစွာ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရလေ၏။
*
အခန်း(426)
လင်းရန် : “!”
ဤသည်ကို မြင်ချိန်တွင် လင်းရန် ဒေါ်လေးအား နှိုးရန်အတွက် သူမ မနေ့ညက အိပ်ခဲ့သော အခန်းဆီသို့ လှည့်သွားရန် ပြင်လိုက်လေ၏။
သို့သော်လည်း သေသေချာချာ ကြည့်လိုက်သည့်အချိန်တွင်တော့ ဒေါ်လေးနှင့် ချင်းယွင်ကျစ်တို့ မီးဖိုချောင်ထဲမှ အတူ ထွက်လာကြသည်ကို တွေ့လိုက်ရလေသည်။
လင်းရန် : “...”
တကယ်တော့ သူမတစ်ယောက်တည်းသာ အိပ်ပုတ်ကြီးနေခဲ့တာပဲ။
“ဟေး... ရန်ရန်၊ ဘာလို့ ဒီလောက်စောစော နိုးလာတာလဲ၊ ဗိုက်ဆာနေပြီလား မင်းအဒေါ်က မနက်စာ ပြင်ဆင်ပြီးသွားပြီ၊ အခုပဲ မင်းကို လာခေါ်မလို့ လုပ်နေတာ!”
ချင်းယွင်ကျစ်၏ စူးရှသော မျက်လုံးများက လှေကားထိပ်တွင် ရပ်နေသော လင်းရန်ကို လှမ်းမြင်သွားပြီးနောက် ပြုံးရွှင်စွာဖြင့် ချက်ချင်း နှုတ်ဆက်လိုက်လေသည်။ လင်းရန်မှာ အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်နိုင်ပြီး လူတိုင်း၏ အကြည့်အောက်တွင် အောက်ထပ်သို့ သတ္တိမွေးကာ ဆင်းလာခဲ့ရတော့၏။
ဤသည်မှာ ကျိုးကျယ်ပင်း၏ မိဘများအနေဖြင့် လင်းရန်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်ပေသည်။
ပြီးခဲ့သည့်အကြိမ်က လင်းရန်နှင့် စုန့်ရှီးယန်တို့ အတူ ပြန်လာခဲ့ကြသော်လည်း ကျိုးမိဘများမှာ အလုပ်ကိစ္စကြောင့် ဝင်းအတွင်း၌ မရှိခဲ့ကြပါချေ။
နောက်ပိုင်းတွင်မှ စုန့်ရှီးယန်၌ လက်တွဲဖော် ရနေပြီဖြစ်ကြောင်း သူတစ်ပါးတို၏ ပြောစကားဖြင့် ကြားသိခဲ့ရသောကြောင့် သူတို့၏သားက ယခုထိ အဖော်မရှိသေးသည့်အပေါ် ပို၍ပင် စိုးရိမ်ပူပန်ခဲ့ကြရသည်။
ယခု ကိုယ်တိုင် မြင်တွေ့ရသည့်အချိန်တွင်တော့ လင်းရန်မှာ အလွန်ပင် ရုပ်ရည်ချောမောလှပပြီး အပြစ်ပြောစရာ မရှိကြောင်း တွေ့ရှိလိုက်ရ၏။
သို့မဟုတ်ပါက စုန့်ရှီးယန်ကဲ့သို့ အေးစက်ကြမ်းတမ်းသော လူတစ်ယောက်က သူမအပေါ် ဤမျှအထိ စွဲလမ်းနေလိမ့်မည် မဟုတ်ပါချေ။
သေချာပေ၏။ သူတို့၏ ကျန်းဖူမှာလည်း မဆိုးလှပါချေ။ သူမသည်လည်း လှပသော မိန်းကလေးတစ်ဦးပင်ဖြစ်နေသည် မဟုတ်ပါလား။
လင်းမိသားစုမှ မိန်းကလေးများ အားလုံးက ရုပ်ရည်ချောမောကြသည်ဟုသာ ဆိုရပေမည်။ ဤကဲ့သို့သော မိခင်မျိုးရှိလျှင် နောင်တစ်ချိန်တွင် မွေးဖွားလာမည့် ကလေးများသည်လည်း ရုပ်ဆိုးကြလိမ့်မည် မဟုတ်လောက်ပေ။
လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့၏ လက်ထပ်ပွဲမှာ တရားဝင် အစီအစဉ်ထဲ မပါဝင်သေးသော်လည်း၊ ကျိုးမိဘများကတော့ နောင်လာမည့် မြေးများအကြောင်းအထိပင် ကြိုတင်တွေးတောနေကြပြီ ပင်။
သူတို့နှစ်ဦး၏ကိစ္စအပေါ် အလွန်ပင် ကျေနပ်နေကြသည်။
လင်းရန်က အောက်ထပ်တွင် ခေတ္တမျှ ထိုင်နေပြီးနောက်၊ ကျိုးမိဘများက သူမအား လိမ္မာယဉ်ကျေးကြောင်း၊ အလုပ်အကိုင် ကျွမ်းကျင်ပြီး လှပကြောင်း အဆက်မပြတ် ချီးကျူးနေကြသည်ကို မြင်ချိန်တွင်မှသာ စိုးရိမ်စိတ်များ တဖြည်းဖြည်း လျော့ပါးသွားခဲ့ရလေသည်။
ကြည့်ရသည်မှာ ကျိုးကျယ်ပင်း၏ ယခင်ကတိစကားမှာ မှန်ကန်နေခဲ့ပုံရသည်။ သူ၏မိဘများမှာ လင်းကျန်းဖူအပေါ် အမှန်တကယ်ပင် စိတ်ကျေနပ်နေကြသည်ပင်။
မနက်ခင်းတစ်ခုလုံးတွင် မိသားစုနှစ်စုမှာ အိမ်၌ပင် ထိုင်၍ စကားပြောဆိုခဲ့ကြသည်။ မွန်းတည့်ချိန်တွင်တော့ လင်းရန်က ဦးဆောင်၍ လူတိုင်းအတွက် ဟင်းလျာများကို ချက်ပြုတ်ကျွေးမွေးခဲ့ပြီး မိသားစုစုံညီ ညစာစားပွဲတစ်ခုကဲ့သို့ စားသောက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ကျိုးမိခင်က ချင်းယွင်ကျစ်၊ လင်းကျန်းဖူနှင့် လင်းရန်တို့အား မြို့ထဲသို့ ဈေးဝယ်ထွက်ရန် ဖိတ်ခေါ်ခဲ့လေသည်။
လင်းရန်နှင့် ချင်းယွင်ကျစ်တို့နှစ်ဦးလုံးမှာ ယခုတစ်ခေါက် ဈေးဝယ်ထွက်ခြင်းမှာ မည်သူ့အတွက် ဖြစ်သည်ကိုကောင်းစွာ သိရှိထားကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးက လင်းကျန်းဖူကို တစ်ချက်ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်ကြ၏။
မွန်းလွဲပိုင်းတွင် အမျိုးသမီးလေးဦးလုံးက မြို့ထဲသို့ အတူ ထွက်ခွာခဲ့ကြသည်။ စုန့်ရှီးယန်နှင့် ကျိုးကျယ်ပင်းတို့နှစ်ယောက်လည်း အတူလိုက်သွားရန် ကြံစည်ခဲ့ကြသော်လည်း အမျိုးသမီးများ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရလေသည်။
“ငါတို့ အမျိုးသမီးတွေ ဈေးဝယ်ထွက်မှာကို မင်းတို့က ဘာလိုက်လုပ်မှာလဲ၊ မြန်မြန် ဖယ်ကြစမ်းပါ!”
ချင်းယွင်ကျစ်က စုန့်ရှီးယန်အား ရွံရှာဟန်ဖြင့် လက်ကာပြကာ မောင်းထုတ်လိုက်လေသည်။
စုန့်ရှီးယန် : ချွေးမရတော့ သားကို မေ့သွားတဲ့ အမေရင်းပဲ။
သို့သော်လည်း သူ၏ဘဝတွင် အရေးအကြီးဆုံး အမျိုးသမီးနှစ်ဦးမှာ ဤမျှအထိ အဆင်ပြေစွာ ဆက်ဆံနေကြသည်ကို မြင်ရချိန်တွင် သူ မပြုံးဘဲ မနေနိုင်ခဲ့ပါချေ။
“ကောင်းပါပြီ.. ဒါဆိုရင်လည်း ဂရုစိုက်ကြဦးနော်၊ နှစ်သစ်ကူးကာလဆိုတော့ အပြင်မှာ လူတွေ အများကြီးပဲ၊ ခါးပိုက်နှိုက်တွေကိုလည်း သတိထားကြဦး”
“သိပါတယ်.. သိပါတယ်၊ စကားများလိုက်တာ!”
ချင်းယွင်ကျစ်က လက်ကာပြလိုက်ပြီး လင်းရန်နှင့် တခြားသူများကို အမြန်ခေါ်၍ ထွက်ခွာသွားတော့သည်။
လမ်းအနည်းငယ် လျှောက်ပြီးနောက် ချင်းယွင်ကျစ်က လင်းရန်အား မမေးဘဲမနေနိုင်ခဲ့ပေ။
“ရန်ရန်.. မင်းရော မခံစားရဘူးလား၊ အဲဒီသားအဖနှစ်ယောက်က အခုနောက်ပိုင်း အတော်လေး စကားများလာသလိုပဲ
အရင်ကတော့ စကားတောင်မပြောတတ်လားဘူးလို့တောင် ထင်ခဲ့တာ၊ အခုကျတော့ တစ်နေ့ကို စကားနည်းနည်းလောက် လျှော့ပြောပါဦးလို့ ဆုတောင်းနေရတယ်!”
စုန့်ရှီးယန်က စကားများလာတာလား။ လင်းရန်မှာ ရှုပ်ထွေးစွာဖြင့် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားကာ ချင်းယွင်ကျစ်အား အဓိပ္ပာယ်အပြည့်ဖြင့် ပြုံးပြလိုက်လေသည်။
“အမေ.. အမေ ပြောချင်တာက စုန့်ရှီးယန်မဟုတ်ဘဲ အဖေ့ကို ပြောတာမလား”
ချင်းယွင်ကျစ် ကြောင်အသွားပြီးနောက် မျက်လုံးများက အနည်းငယ်လှုပ်ရှားသွားကာ စကားကို ဗလုံးဗထွေးဖြင့် ငြင်းဆိုလိုက်တော့သည်။
“မဟုတ်ပါဘူး.. မဟုတ်ပါဘူး၊ စုန့်ကျယ်က ဘယ်လောက်တောင် ပြောနိုင်မှာမို့လို့လဲ၊ သူက အရင်အတိုင်းပါပဲ”
“တကယ်လား.. ဒါဆိုရင် ရဲဘော်စုန့်တစ်ယောက် အားလပ်ချိန်တိုင်း ဘာလို့ ရှင်နှင့်အတူ လမ်းလျှောက်ထွက်နေတာကို အမြဲမြင်နေရတာလဲ”
ချင်းယွင်ကျစ်၏ စကားအပြီးမှာပင် ဘေးရှိ ကျိုးမိခင်က သူမ၏ လျှို့ဝှက်ချက်ကို ရက်ရက်စက်စက် ဖွင့်ချလိုက်သောကြောင့် ချင်းယွင်ကျစ်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားရလေသည်။
“အိုး.. နင် တစ်ယောက်တည်းပဲ စကားတွေ အများကြီးပြောနေတာပဲ! ကလေးတွေရှေ့မှာ ဘာတွေလာပြောနေတာလဲ!”
ချင်းယွင်ကျစ်က ပြောနေရင်းဖြင့် ကျိုးမိခင်အား ပြန်လည်စနောက်ရန် အနားသို့ တိုးသွားတော့၏။ ဘေးမှ လင်းရန်နှင့် လင်းကျန်းဖူတို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ တဟားဟား ရယ်မောမိကြသည်။
ဤမိခင်နှစ်ဦးမှာ အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလေသည်။
လင်းရန်အနေဖြင့် မူလက ဤဈေးဝယ်ခရီးစဉ်မှာ ရယ်မောသံများဖြင့်သာ ပြီးဆုံးသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ သူမ လုံးဝ မမျှော်လင့်ထားသော လူတစ်ဦးကို ကွမ်ကျိုးမြို့တွင် မြင်တွေ့လိုက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
ထိုသူမှာ တခြားလူမဟုတ်ဘဲ လွန်ခဲ့သော နှစ်ဝက်ကျော်ကတည်းက ပျောက်ကွယ်နေခဲ့သော စုန့်စစ်ယွီပင် ဖြစ်ပေသည်။
သို့သော်လည်း စုန့်စစ်ယွီအား ပထမဆုံး မြင်လိုက်ရသည့်ခဏတွင် လင်းရန်မှာ တစ်ဖက်လူက စုန့်စစ်ယွီ ဖြစ်ကြောင်းကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရ၏။
သူမ၏ ပုံပန်းသဏ္ဌာန်မှာ လီပြည်နယ်တွင် ရှိစဉ်ကနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့ချေပြီ။
သူမက ပို၍ လှပလာရုံသာမက သူမ၏ အဝတ်အစားနှင့် တခြားသော အသွင်အပြင်များမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူမသည်က ယခုအချိန်တွင် ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားရကြောင်း သိသာလေသည်။
ဘာတွေ ဖြစ်ပျက်နေတာလဲ။
သူမက ဘာလို့ ဒီကို ရောက်နေရတာလဲ။
သူမက အိမ်ကနေ ထွက်ပြေးလာပြီး ကွမ်ကျိုးသို့ ရောက်လာခဲ့တာလား။
ဒါပေမဲ့ နှစ်ဝက်လောက်ပဲရှိသေးတာလေ။
သူမအနေဖြင့် ထိုအချိန်က အလွန်အမင်းစိတ်ပျက်အားငယ်စွာ ထွက်ပြေးခဲ့ရသော်လည်း ယခုအလျိန်တွင် အလွန်ပြောင်းလဲသွားခဲ့ချေပြီ။
လင်းရန်တစ်ယောက် လူမှားသွားခြင်း ရှိ၊ မရှိ မသေချာသောကြောင့် လင်းကျန်းဖူကိုပင် ထိုဘက်သို့ သေသေချာချာ ကြည့်ခိုင်းလိုက်လေသည်။
နောက်ဆုံးတွင် လင်းကျန်းဖူ၏ အတည်ပြုချက်အရ ထိုသူမှာ စုန့်စစ်ယွီ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၏။
“သူမက ဘာလို့ ဒီမှာ ရှိနေတာလဲ၊ ဘယ်သူမှ သူမကို ရှာမတွေ့တော့ဘူးလို့ ပြောကြတာ မဟုတ်လား”
လင်းကျန်းဖူမှာလည်း လင်းရန်ထက် မလျော့သော အံ့ဩမှုကို ခံစားလိုက်ရသည်။ ဆိုရလျှင်လီရှို့လီသည်က နောက်ပိုင်းတွင် လင်းရန်ထံသို့သာမက သူမထံသို့လည်း လာရောက်ခဲ့ဖူးသောကြောင့် ဖြစ်၏။
လီရှို့လီမှာ မူလက လင်းမိသားစုတွင် လင်းကျန်းဖူမှာ စိတ်အပျော့ဆုံး မိန်းကလေးဖြစ်သောကြောင့် သူမကို ကူညီပြီး လင်းရန်အား နားချပေးလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း လင်းကျန်းဖူက သူမအား ငြင်းပယ်ခဲ့ရုံသာမက လှောင်ပြောင်စကားများပင်ပြောလိုက်သောကြောင့် လီရှို့လီတစ်ယောက် ဒေါသထွက်ကာ လင်းကျန်းဖူထံသို့ လာနေခြင်းကိုရပ်တန့်လိုက်လေ၏။
ထိုအကြိမ်များတွင်ပင် လင်းကျန်းဖူအနေဖြင့် လီရှို့လီထံမှတစ်ဆင့် အဖြစ်မှန်ကို သိရှိခဲ့ရခြင်း ဖြစ်၏။ စုန့်စစ်ယွီသည်က မိသားစု၏ ငွေအားလုံးကို သုံးဖြုန်းခဲ့ရုံသာမက စုန့်ဝေ့အား စက်ရုံမှ အလုပ်ထွက်ရအောင် လှည့်စားခဲ့ပြီး၊ နောက်ဆုံးတွင် သူမကိုယ်တိုင် ပြဿနာရှာမိသည့်အချိန်တွင် အပြစ်တင်ခံရမည်ကို ကြောက်သောကြောင့် တိတ်တဆိတ် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပေသည်။
သူမက ငွေအနည်းငယ်မျှသာ ပါသော မိန်းကလေးတစ်ဦး ဖြစ်၍ မည်သည့်နေရာသို့ သွားနိုင်ပါမည်နည်း။
လင်းရန်က ထိုအကြောင်းကို ကြားချိန်တွင် နားမလည်နိုင်စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။
“ကျွန်မလည်း မသိဘူး၊ သူမရဲ့ အသံကိုသာ ရင်းနှီးနေတယ်လို့ မထင်ရင် သူမကို သတိထားမိမှာတောင် မဟုတ်ဘူး”
“ဘာတွေ ကြည့်နေကြတာလဲ”
ကျိုးမိခင်နှင့် ချင်းယွင်ကျစ်တို့မှာလည်း လင်းရန်နှင့် လင်းကျန်းဖူတို့ တစ်နေရာရာသို့ စိုက်ကြည့်နေသည်ကို မြင်ချိန်တွင် စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြလေသည်။
“ဟေး... ဟိုက အမျိုးသမီးလေးကို ကြည့်နေတာလား”
ချင်းယွင်ကျစ်မှာ နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်ပြီးနောက် ဤသို့ ဆိုလိုက်၏။
“သူမ ဝတ်ထားတဲ့ အဝတ်အစားတွေက အတော်လေးလှတာပဲ၊ ဒါပေမဲ့ ငါတို့ မြို့ထဲမှာ အဲဒီလို အဝတ်အစားတွေ ရောင်းတာ တစ်ခါမှ မမြင်ဖူးဘူး၊ သူမဘာသာ ပိတ်စဝယ်ပြီး ချုပ်ထားတာလား မသိဘူး”
ချင်းယွင်ကျစ်၏ အာရုံမှာ စုန့်စစ်ယွီ၏ အဝတ်အစားများပေါ်သို့သာ လုံးဝ ရောက်ရှိနေခဲ့သည့်အတိက့ လင်းရန်နှင့် လင်းကျန်းဖူတို့မှာ ရယ်ရမလို၊ ငိုရမလိုပင် ဖြစ်သွားခဲ့ရလေသည်။
သို့သော်လည်း ကျိုးမိခင်က စုန့်စစ်ယွီ၏ အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် တွေဝေစွာဖြင့် ပြောလိုက်သည်။
“ဒီအဝတ်အစားတွေက မြို့တော်မှာတောင် ရနိုင်မှာ မဟုတ်လောက်ဘူး၊ ဒီလို ဒီဇိုင်းမျိုးက ဟောင်ကောင်မှာပဲ ရောင်းတာလို့ ကျွန်မ ထင်မိတယ်”
ကျိုးမိခင်မှာ အလုပ်ကိစ္စကြောင့် နေရာအနှံ့သို့ သွားရောက်ခဲ့ဖူးသူ ဖြစ်ပေသည်။ သူမသည်က မနှစ်ကပင် ဟောင်ကောင်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ဖူးသည်။
စုန့်စစ်ယွီ ဝတ်ဆင်ထားသော အဝတ်အစား ဒီဇိုင်းမျိုးကို ထိုနေရာတွင် မြင်တွေ့ခဲ့ရသောကြောင့်ာ သူမက သေသေချာချာပြောနိုင်ခြင်းဖြစ်လေ၏။